အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၂)

ပြီးခဲ့သည့်အခေါက်က ဆွေးနွေးခဲ့သည့်အကြောင်းအရာကို ပြန်ဆက်ကြစို့။ ပြီးခဲ့သည့်အခေါက်က မည်သည့်အကြောင်းအရာအား ငါတို့ဆွေးနွေးခဲ့သည်ကို သင်မှတ်မိနိုင်သလော။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏။) “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏” သည် သင်တို့အတွက် အလွန်အလှမ်းဝေးလှသည်ဟုခံစားရသော အကြောင်းအရာတစ်ရပ်လော။ ၎င်းကို အပေါ်ယံနားလည်မှုအချို့ သင်တို့၌ရှိသလော။ ပြီးခဲ့သည့်အခေါက်က ငါတို့ဆွေးနွေးခဲ့သည့် ဤအကြောင်းအရာ၏ အဓိကအချက်ကို တစ်ယောက်ယောက် ငါ့အား ပြောပြနိုင်မည်လော။ (ဘုရားသခင်သည် အရာအားလုံးကို ပြုစုပျိုးထောင်ကာ လူသားမျိုးနွယ်အား ပြုစုပျိုးထောင်သည်ကို အရာအားလုံးကို ဘုရားသခင်၏ဖန်ဆင်းခြင်းမှတစ်ဆင့် ကျွန်ုပ်တွေ့ရပါ၏။ ဘုရားသခင်သည် လူသားကို ထောက်ပံ့ပေးသောအခါ သူသည် သူ၏ရွေးချယ်ခြင်းခံရသူတို့ကိုသာ သူ၏နှုတ်ကပတ်တော်ကို ထောက်ပံ့ပေးသည်ဟု အတိတ်က ကျွန်ုပ်အမြဲထင်ခဲ့၏၊ သို့သော်လည်း ဘုရားသခင်သည် လူသားမျိုးနွယ်အား ပြုစုပျိုးထောင်ပေးနေသည်ကို အရာခပ်သိမ်း၏ နိယာမများမှတစ်ဆင့် ကျွန်ုပ်မည်သည့်အခါမျှ မမြင်ခဲ့ပါ။ သမ္မာတရား၏ဤကဏ္ဍကို ဘုရားသခင်၏ဆွေးနွေးခြင်းအားဖြင့်သာ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး အရာခပ်သိမ်း၏အသက်ကို ဘုရားသခင်ထောက်ပံ့ပေးသည်ဟု ကျွန်ုပ်ခံစားခဲ့ရပါသည်၊ ဤနိယာမများကို ဘုရားသခင်ချုပ်ကိုင်ထားပြီး သူသည် အရာခပ်သိမ်းကို ပြုစုပျိုးထောင်ပေးသည်ဟု ကျွန်ုပ်ခံစားခဲ့ရပါသည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ဖန်ဆင်းခြင်းမှနေ၍ သူ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်မြင်ရပါ၏။) ပြီးခဲ့သည့်အခေါက်က အဓိကအားဖြင့် ဘုရားသခင်၏အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် ၎င်းတို့အတွက် နိယာမများနှင့် အခြေခံသဘောတရားများကို သူချမှတ်ခဲ့ပုံအား ငါတို့ဆွေးနွေးခဲ့ကြသည်။ ဤကဲ့သို့သောနိယာမများနှင့် ဤကဲ့သို့သော အခြေခံသဘောတရားများအောက်တွင် အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်နှင့် ဘုရားသခင်၏ရှေ့မှောက်တွင် လူသားနှင့်အတူ အသက်ရှင်နေထိုင်၍ သေဆုံးကြကာ၊ လူသားနှင့်အတူ ယှဉ်တွဲနေထိုင်ကြသည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်းအကြောင်းနှင့် ၎င်းတို့၏ကြီးထွားမှုနိယာမများအပြင် ၎င်းတို့၏ကြီးထွားမှုအတွက် လမ်းကြောင်းများနှင့် ပုံစံများကို သတ်မှတ်ရန် သူ၏ကိုယ်ပိုင်နည်းနာများကို အသုံးပြုခြင်းအကြောင်းတို့ကို ငါတို့ဦးစွာပြောဆိုခဲ့ကြသည်။ ဤမြေ၌ အရာခပ်သိမ်း ဆက်လက်ကြီးထွား၍ ပွားများကာ ရှင်သန်နိုင်ရေးအတွက် တစ်ဦးပေါ်တစ်ဦး မှီခိုရန်အလို့ငှာ ၎င်းတို့ဆက်လက်ရှင်သန်သည့် နည်းလမ်းများကိုလည်း သူချမှတ်ခဲ့၏။ ဤကဲ့သို့သော နည်းနာများနှင့် နိယာမများဖြင့် အရာခပ်သိမ်းသည် ဤမြေတွင် အောင်မြင်စွာနှင့် ငြိမ်းချမ်းစွာ တည်ရှိ၍ ကြီးထွားနိုင်ကြသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ် ရှိခြင်းအားဖြင့်သာ လူသား၌ တည်မြဲသောအိမ်နှင့် အသက်ရှင်နေထိုင်ရာ ပတ်ဝန်းကျင်ရှိနိုင်ကာ ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် ဆက်လက်ဖွံ့ဖြိုးပြီး ရှေ့သို့တက်လှမ်းနိုင်၏၊ ဖွံ့ဖြိုးကာ ရှေ့သို့တက်လှမ်းနိုင်၏။

ပြီးခဲ့သည့်အခေါက်က အရာခပ်သိမ်းကို ဘုရားသခင်ထောက်ပံ့ပေးခြင်းဟူသည့် အခြေခံအယူအဆကို ငါတို့ဆွေးနွေးခဲ့ကြသည်။ အရာခပ်သိမ်းသည် လူသားမျိုးနွယ်အတွက် တည်ရှိပြီး အသက်ရှင်စေရန် ဘုရားသခင်က အရာခပ်သိမ်းကို ဤနည်းဖြင့် ဦးစွာထောက်ပံ့ပေး၏။ တစ်နည်းအားဖြင့် ထိုကဲ့သို့သောပတ်ဝန်းကျင် တည်ရှိခြင်းမှာ ဘုရားသခင်ချမှတ်ခဲ့သော နိယာမများကြောင့်ဖြစ်၏။ ဘုရားသခင်က ဤကဲ့သို့သော နိယာမများကို ထိန်းသိမ်းကာ စီမံခန့်ခွဲခြင်းအားဖြင့်သာ လူသားမျိုးနွယ်၌ ၎င်းတို့ယခုရှိနေသည့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင် ရှိနေခြင်းဖြစ်သည်။ ပြီးခဲ့သည်အခေါက်က ငါတို့ပြောဆိုခဲ့ကြသည့်အရာမှာ ယခင်က ငါတို့ပြောခဲ့သည့် ဘုရားသခင်ကိုသိခြင်းမှ ရုတ်တရက်တိုးတက်မှုကြီးဖြစ်၏။ ထိုကဲ့သို့သော ရုတ်တရက်တိုးတက်မှု အဘယ်ကြောင့်ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အတိတ်က ဘုရားသခင်ကို သိကျွမ်းလာခြင်းအကြောင်း ငါတို့ပြောဆိုခဲ့ကြသည့်အခါ လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းခွင်အတွင်းမှ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ရွေးချယ်ခံရသူတို့အား ကယ်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းခွင်အတွင်းမှ ဘုရားသခင်ကိုသိခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ရည်မှန်းချက်များနှင့် သူ့အနေဖြင့် လူသားတို့ကို သမ္မာတရားနှင့် အသက်တို့ မည်သို့ထောက်ပံ့ပေးသည်ကို ငါတို့ဆွေးနွေးနေခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့်အခေါက်က ငါတို့ပြောခဲ့သည့် အကြောင်းအရာသည် သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ရွေးချယ်ခံလူတို့ကို သူကယ်တင်သည့် နယ်ပယ်အတွင်း၌သာ ကန့်သတ်ခံထားရခြင်း မရှိတော့ပေ။ စင်စစ်အားဖြင့် ၎င်းသည် ဘုရားသခင်ကိုယ်တော်တိုင်အကြောင်းကို ဆွေးနွေးရန် ဤနယ်ပယ်အတွင်းမှ၊ သမ္မာကျမ်းစာအတွင်းမှ၊ ထို့ပြင် ဘုရားသခင်က သူ၏ရွေးချယ်ခံလူတို့အပေါ် လုပ်ဆောင်သည့် အမှုအဆင့်သုံးဆင့်၏ ကန့်သတ်ချက်များအတွင်းမှ ခုန်ထွက်သွားခဲ့၏။ ထို့ကြောင့် ငါ့ဆွေးနွေးမှု၏ ဤအပိုင်းကို သင်တို့ကြားသည့်အခါ ဘုရားသခင်အပေါ် သင်တို့သိခြင်းကို သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်တွင်သာ ကန့်သတ်မထားနှင့်။ ယင်းအစား သင်တို့၏အမြင်ကို ဖွင့်ထားရမည်၊ အရာခပ်သိမ်းအကြား ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအပြင် အရာခပ်သိမ်းကို ဘုရားသခင်စိုးမိုးကာ စီမံခန့်ခွဲပုံကို သင်မြင်ရမည်။ ဤနည်းလမ်းအားဖြင့်၊ ထို့ပြင် ဤအခြေခံအပေါ်တွင် အရာခပ်သိမ်းကို ဘုရားသခင်မည်သို့ထောက်ပံ့သည်ကို သင်မြင်နိုင်၏။ ယင်းသည် ဘုရားသခင်မှာ အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ်အစစ်အမှန် ဖြစ်ကြောင်းနှင့် ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာဖြစ်ကြောင်းကို လူသားမျိုးနွယ်အား နားလည်စေ၏။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်း၊ သြဇာအာဏာနှင့် သူ၏အရာခပ်သိမ်းတို့သည် ယခုလက်ရှိ သူ့နောက်လိုက်သူများအပေါ်သာ ပစ်မှတ်ထားခဲ့ခြင်းမဟုတ်၊ ဤလူတစ်စုဖြစ်သည့် သင်တို့အပေါ်ကိုသာ ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ အရာခပ်သိမ်းအပေါ် ပစ်မှတ်ထားခဲ့ခြင်းဖြစ်၏။ ထိုအခါ အရာခပ်သိမ်း၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်၏။ ဘုရားသခင်စိုးမိုးထားသည့် အရာများသည် သင်တို့၏မျက်စိများဖြင့် မြင်နိုင်သည့်အရာများသာမကဘဲ လူအားလုံးမြင်နိုင်သည့် ရုပ်ဝတ္ထုလောကအပြင် ရုပ်ဝတ္ထုလောက၏ပြင်ပ လူ့မျက်စိများဖြင့် မမြင်နိုင်သော အခြားလောကသာမက လူသားမျိုးနွယ် ယခုလက်ရှိတည်ရှိသည့် နေရာ၏ပြင်ပ အာကာသနှင့် ဂြိုဟ်များပါ ပါဝင်ကြောင်းကို သင်တို့အား ငါပြောပြလိုသဖြင့် ဘုရားသခင်၏ အလုံးစုံအပေါ် အုပ်ချုပ်မှုနယ်ပယ်ကို ဖော်ပြရန် ငါသည် “အရာခပ်သိမ်း” ကို အသုံးပြုခြင်းဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနယ်ပယ်ဖြစ်၏။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှုနယ်ပယ်သည် အလွန်ကျယ်ပြန့်၏။ သင်တို့အတွက်မူ သင်တို့နားလည်သင့်သည့်အရာ၊ မြင်သင့်သည့်အရာနှင့် မည်သည့်အရာများမှ သင်တို့အသိပညာရရှိသင့်သည် စသည့်ဤအရာများသည် သင်တို့တစ်ဦးစီ နားလည်သင့်၊ မြင်သင့်၊ ရှင်းလင်းသင့်ပြီး နားလည်ရန်၊ မြင်ရန်နှင့် ရှင်းလင်းရန် လိုအပ်သည့် အရာများဖြစ်သည်။ ဤ “အရာခပ်သိမ်း” ၏ နယ်ပယ်သည် လွန်စွာကျယ်ပြန့်သော်လည်း သင်တို့လုံးဝမမြင်နိုင်သည့်၊ သို့မဟုတ် သင်တို့ထိတွေ့ဆက်ဆံနိုင်မည် မဟုတ်သည့် နယ်ပယ်အကြောင်း သင်တို့ကို ငါပြောမည်မဟုတ်ပေ။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ စစ်မှန်သောအဓိပ္ပာယ်ကို လူတိုင်းခံစားနိုင်ရန်အတွက် လူတို့ထိတွေ့ဆက်ဆံနိုင်မည့်၊ နားလည်နိုင်မည့်၊ သဘောပေါက်နိုင်မည့် နယ်ပယ်ကိုသာ သင်တို့ကို ငါပြောပြမည်။ ဤနည်းအားဖြင့် ငါသင်တို့ကိုပြောသော မည်သည့်အရာမဆို အနှစ်သာရမဲ့သော နှုတ်ကပတ်တော်များ ဖြစ်မည်မဟုတ်ပေ။

ပြီးခဲ့သည်အခေါက်က အရာခပ်သိမ်းအား ဘုရားသခင်မည်သို့ထောက်ပံ့သည်ကို သင်တို့အနေဖြင့် အခြေခံနားလည်နိုင်ရန် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော အကြောင်းအရာအပေါ် ရိုးရှင်းသည့် ခြုံငုံသုံးသပ်ချက်တစ်ရပ်ပေးရန် ပုံပြောသည့် နည်းလမ်းတစ်ခုကို ငါတို့အသုံးပြုခဲ့၏။ သင်တို့အထဲသို့ ဤအခြေခံအယူအဆကို သွတ်သွင်းပေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာကျမ်းစာနှင့် သူ့အမှုအဆင့်သုံးဆင့်၏ ပြင်ပတွင် ဘုရားသခင်သည် လူသားတို့ မမြင်နိုင်သည့်၊ မထိတွေ့မဆက်ဆံနိုင်သည့် အလုပ်ကို သာ၍ပင်လုပ်ကိုင်နေကြောင်း သင်တို့ကို အသိပေးရန်ဖြစ်၏။ ဤကဲ့သို့သောအမှုကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေခြင်းဖြစ်၏။ ဘုရားသခင်သည် သူ့စီမံခန့်ခွဲခြင်းအမှု၏ပြင်ပရှိ ဤအမှုမပါဘဲ သူ၏ရွေးချယ်ခံလူတို့ကို ရှေ့သို့ဆက်၍ ဦးဆောင်လမ်းပြခြင်းကိုသာ ပြုလုပ်နေပါက သင်တို့အားလုံးအပါအဝင် ဤလူ့လောကအနေဖြင့် ရှေ့ဆက်တက်လှမ်းရန် လွန်စွာခက်ခဲမည်ဖြစ်ပြီး ဤလူသားများနှင့် ဤကမ္ဘာလောကတို့သည် ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ယနေ့ သင်တို့ကို ငါပြောပြနေသည့် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစု၏ အရေးပါမှုဖြစ်သည်။

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော စကားစုနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ပါဝင်သည့်အကြောင်းအရာများ အများအပြားကို ငါတို့ဆွေးနွေးခဲ့ကြပြီ၊ သို့သော်လည်း ဘုရားသခင်သည် သင်တို့အား သူ၏နှုတ်ကပတ်တော်ကို ပံ့ပိုးပေး၍ သင်တို့အပေါ်၌ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခြင်းတို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့်အရာများ ပေးသနားသည်ကို သင်တို့၏စိတ်နှလုံများအတွင်း၌ သိသလော။ အချို့သူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနား၍ ဆုံးမပဲ့ပြင်မှု၊ ကိုယ်စိတ်ချမ်းသာမှု၊ စောင့်ရှောက်မှုနှင့် အကာအကွယ်တို့ကို နည်းလမ်းမျိုးစုံဖြင့် ပေးပါသည်” ဟု ပြောကောင်းပြောနိုင်၏။ အခြားသူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် နေ့စဉ်စားစရာ၊ သောက်စရာများပေးပါသည်” ဟုပြောမည်ဖြစ်ပြီး အချို့ကမူ “ဘုရားသခင်သည် ကျွန်ုပ်ကို အရာခပ်သိမ်း ပေးသနားပါ၏” ဟုပင် ပြောလိမ့်မည်။ မိမိတို့၏နေ့စဉ်အသက်တာများ၌ လူတို့ထိတွေ့ဆက်ဆံနိုင်သည့် ဤအရာများနှင့်ပတ်သက်၍ သင်တို့အားလုံး၌ သင်တို့ကိုယ်တိုင်၏ ရုပ်ခန္ဓာဘဝအတွေ့အကြုံနှင့်ဆက်နွှယ်သည့် အဖြေအချို့ရှိကောင်းရှိလိမ့်မည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် အရာများစွာပေးသနားသော်လည်း ဤနေရာ၌ ငါတို့ဆွေးနွေးနေသည့်အရာမှာ လူတို့၏နေ့စဉ်လိုအပ်ချက်များဆိုင်ရာ နယ်ပယ်၌သာ ကန့်သတ်ထားခြင်းမရှိဘဲ သင်တို့တစ်ဦးစီကို အလှမ်းဝေးဝေးကြည့်စေသည်။ ကျယ်ပြန့်သော ရှုထောင့်မှဆိုရလျှင် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်သောကြောင့် သူ့အနေဖြင့် အရာခပ်သိမ်း၏အသက်ကို မည်သို့ထိန်းသိမ်းသနည်း။ အရာခပ်သိမ်း ဆက်လက်တည်ရှိနိုင်ရေးအတွက် ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖြစ်တည်မှုကို ထိန်းသိမ်းရန်နှင့် ၎င်းတို့ဖြစ်တည်မှု၏ နိယာမများကို ထိန်းသိမ်းရန် ၎င်းတို့ထံ မည်သည့်အရာကို ယူဆောင်လာသနည်း။ ယင်းမှာ ငါတို့ယနေ့ဆွေးနွေးနေသည့်အရာ၏ အဓိကအချက်ဖြစ်သည်။ ငါပြောသွားသည့်အရာကို သင်တို့နားလည်သလော။ ဤအကြောင်းအရာသည် သင်တို့အတွက် အလွန်စိမ်းနေနိုင်သော်လည်း အလွန်လေးနက်သည့် အယူဝါဒများအကြောင်း ငါပြောမည် မဟုတ်ပေ။ သင်တို့အားလုံး နားထောင်ပြီးနောက်တွင် နားလည်သွားကြစေရန် ငါကြိုးပမ်းမည်။ သင်တို့အနေဖြင့် စိတ်ဖိစီးနေရန် မလိုပေ၊ ဂရုတစိုက်နားထောင်ရန်သာလိုသည်။ သို့ရာတွင် ငါသည် ယင်းကို အနည်းငယ် သာ၍အလေးပေးရဦးမည်ဖြစ်သည်၊ ငါအဘယ်အကြောင်းအရာကို ပြောနေသနည်း။ ငါ့ကိုပြောလော့။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ထိုသို့ဆိုပါက ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့ထောက်ပံ့ပေးသနည်း။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟုဆိုနိုင်ရန် အရာခပ်သိမ်းကို သူမည်သည့်အရာ ထောက်ပံ့ပေးသနည်း။ ဤအရာနှင့်ပတ်သက်၍ သင်တို့၌ အယူအဆများ၊ သို့မဟုတ် အတွေးအခေါ်များ ရှိသလော။ ငါပြောနေသည့် ဤအကြောင်းအရာသည် သင်တို့၏နှလုံးသားများနှင့် သင်တို့၏စိတ်များတွင် လုံးလုံးလျားလျားဘာမျှမရှိပုံရသည်။ သို့သော် သင်တို့သည် ဤအကြောင်းအရာနှင့် ငါပြောမည့်အရာများကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်တွေးနိုင်ကာ ထိုအရာကို မည်သည့်အသိပညာ၊ သို့တည်းမဟုတ် မည်သည့်လူ့ယဉ်ကျေးမှု၊ သို့မဟုတ် သုတေသနနှင့်မျှ ဆက်စပ်ကြည့်မည်မဟုတ်ဟု ငါမျှော်လင့်၏။ ငါသည် ဘုရားသခင်အကြောင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကိုသာ ပြောနေခြင်းဖြစ်၏။ ယင်းသည် သင်တို့အတွက် ငါ၏အကြံပြုချက်ဖြစ်၏။ နားလည်သည်မဟုတ်လော။

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အရာများစွာကို ပေးသနားခဲ့၏။ လူတို့မြင်နိုင်သည့်အရာ၊ ဆိုလိုသည်မှာ လူတို့ခံစားနိုင်သည့်အရာအကြောင်းကို ပြော၍ ငါစတင်မည်။ ဤအရာများသည် လူတို့အတွင်း၌ နားလည်၍ လက်ခံနိုင်သည့် အရာများဖြစ်၏။ ဤတော့ကား ဘုရားသခင်သည် လူသားမျိုးနွယ်အား ထောက်ပံ့ပေးထားသည့်အရာကို ဆွေးနွေးရန် ရုပ်ဝတ္ထုလောကဖြင့် အစပြုကြစို့။

၁။ လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ ဤ “လေ” သည် လူသားတို့ စဉ်ဆက်မပြတ်ထိတွေ့နေသည့် နေ့စဉ်အသက်တာ၏ လေပင်ဖြစ်သည် မဟုတ်လော။ ဤလေသည် လူသားတို့ အိပ်စက်နေသည့်အခါ၌ပင်ဖြစ်စေ အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာပင် ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် အရေးကြီးပေသည်၊ ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းဖြစ်သည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤအရာသည် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ထွက်ခွာရန်ပြင်ဆင်သလော။ လေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လေ၏သိပ်သည်းမှုကို ထည့်သွင်းစဉ်းစားသလော။ လေတွင်ပါဝင်သည့်ပစ္စည်းများကို ဘုရားသခင်ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကိုဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း၊ ထို့အပြင် သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် လေကိုလိုအပ်၏၊ ထို့ပြင် အသက်ရှူရန်လည်း လိုအပ်၏။ ပထမဆုံးအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်နှင့် ကိုက်ညီရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ ယင်းသည် လူတို့သိရန်လိုသည့် အရာတစ်ခု မဟုတ်ပေ၊ ဤအရာကိုသိရန် မလိုအပ်။ လေ၏သိပ်သည်းမှုနှင့်ပတ်သက်၍ ကိန်းဂဏန်းအတိအကျကို ငါတို့မလိုအပ်၊ ယေဘုယျထင်မြင်ချက်တစ်ရပ်ရှိရုံမျှဖြင့် ရပြီဖြစ်သည်။ ဘုရားသခင်သည် လူသားတို့အသက်ရှူရန်အတွက် ၎င်းတို့၏အဆုတ်များနှင့် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသားတို့အနေဖြင့် အသက်ရှူကြသည့်အခါ သက်သောင့်သက်သာရှိပြီး ၎င်းတို့၏ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လေ၏သိပ်သည်းမှုနောက်ကွယ်မှ အကြံအစည်ဖြစ်သည်။ ၎င်းနောက်တွင် လေတွင်ပါဝင်သည့်ပစ္စည်းများအကြောင်း ငါတို့ပြောကြမည်။ ပထမအနေဖြင့် လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူတို့အတွက် အဆိပ်မရှိပေ၊ ထို့အတွက်ကြောင့် အဆုတ်နှင့် ကိုယ်ခန္ဓာကို ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ချောမောစွာ ဝင်ထွက်ရမည်ဖြစ်ကြောင်းကို ဘုရားသခင်က ထည့်တွက်ခဲ့ရ၏၊ ၎င်းနောက် လေတွင်ပါဝင်သည့် ပစ္စည်းများနှင့် ပမာဏတို့သည် ရှူသွင်းပြီးသည့်အခါတွင် သွေးအပါအဝင် အဆုတ်နှင့် ကိုယ်ခန္ဓာထဲရှိ လေအပိုမှာ သင့်တော်စွာ ခြေဖျက်ခံရလေအောင်၊ ထို့ပြင် ယင်းလေတွင် အဆိပ်ဖြစ်စေသည့် အစိတ်အပိုင်းများ မပါရလေအောင် ရှိနေသင့်သည်။ ဤစံနှစ်ရပ်နှင့်ပတ်သက်၍ ငါသည် သင်တို့ကို အသိပညာများစွာ မပေးလိုဘဲ ထိုအစား ဘုရားသခင်သည် အရာတစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့သည့်အခါက သူ၏စိတ်ထဲ၌ အကောင်းဆုံးဖြစ်သည့် တိကျသော တွေးတောမှုဖြစ်စဉ်တစ်ရပ် ရှိခဲ့ကြောင်းကိုသာ အသိပေးလို၏။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏအပါအဝင်၊ ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ လွင့်မျောလာသည့် ဖုန်မှုန့်တို့နှင့်ပတ်သက်၍ ဤအရာများကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်ဖြစ်သည့် အစီအစဉ်တစ်ရပ်လည်း ဘုရားသခင်၌ ရှိခဲ့သည်။ လေထဲ၌ ဖုန်မှုန့်အချို့ရှိသော်လည်း ကိုယ်ခန္ဓာနှင့် လူသား၏အသက်ရှူခြင်းအပေါ် အန္တရာယ်မပြုစေရန်နှင့် ဖုန်မှုန့်အပိုင်းအစများသည် ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစားဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင်ဖန်ဆင်းခြင်းသည် နက်နဲဆန်းကြယ်ခဲ့သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှလောက်သာ ရိုးရှင်းခဲ့သလော။ (မရိုးရှင်းခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင်ဖန်ဆင်းခြင်း၌ပင်လျှင် သူ၏နက်နဲမှု၊ သူ၏စိတ်များ၊ အတွေးများနှင့် ဉာဏ်ပညာတို့အားလုံးသည် ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ရိုးရှင်းသော အရာတစ်ခုကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစားနေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေဘဲ လူတို့အပေါ် အန္တရာယ်လည်းမဖြစ်စေနိုင်ပေ၊ ထို့အပြင် သိပ်သည်းမှုကိုလည်း လူတို့အသက်ရှူရန်အတွက် ချိန်ညှိထားသည်။ လူတို့ရှူသွင်းရှူထုတ်ပြုလုပ်သည့် လေသည် ၎င်းတို့၏ကိုယ်ခန္ဓာအတွက်၊ ၎င်းတို့၏အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အဟန့်အတားမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်၏။ ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာဖြစ်၍ လူတို့အသက်ရှူရန် မရှိမဖြစ်သောအရာဖြစ်၏။

၂။ အပူချိန်

ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ရပ်၌ ရှိနေရမည့် အရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဆိုကြပါစို့၊ အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်းအားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ၎င်းတို့အသက်ရှရသည်မှာ လွန်စွာခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်းကျဆင်းပြီး အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်သို့ ရောက်နေလျှင်ကော အသို့နည်း။ လူသားတို့သည် ၎င်းကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန်အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အခြေခံအားဖြင့် အနုတ် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်၏။ ယင်းသည် မြောက်မှတောင်အထိ အခြေခံအပူချိန်အတိုင်းအတာဖြစ်၏။ အေးသောဒေသများတွင် အပူချိန်များသည် အနုတ် ၅၀ မှ ၆၀ ဒီဂရီစင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသသည် ဘုရားသခင်က လူသားကို နေထိုင်အသက်ရှင်ခွင့် ပြုထားသော နေရာတစ်ခုမဟုတ်ပေ။ ထိုသို့အေးသောဒေသများ အဘယ်ကြောင့်ရှိနေသနည်း။ ဤအတွင်း၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်မပြုပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသောနေရာများကို ကာကွယ်ထား၏၊ ထိုနေရာများ၌ လူသားကို နေခွင့်ပြုရန် သူမပြင်ဆင်ထားဟု ဆိုလိုသည်။ ယင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ပေ။ သူ့အနေဖြင့် ထိုကဲ့သို့သောနေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ထိုနေရာများ၌ ရှင်သန်နေထိုင်ရန်၊ သို့မဟုတ် တည်ရှိရန် ခွင့်မပြုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ဘုရားသခင်၏ ဉာဏ်ပညာသည် ထိုနေရာ၌ရှိ၏။ တစ်နည်းအားဖြင့်ဆိုသော် လူသားအသက်ရှင်နေထိုင်ရန်အတွက် ပတ်ဝန်းကျင်၏ အခြေခံအပူချိန်ကိုလည်း ဘုရားသခင်က အတန်အသင့် ကိုက်ညှိခဲ့၏။ ဤနေရာ၌ နိယာမတစ်ရပ်လည်း ရှိပေသည်။ ထိုကဲ့သို့သော အပူချိန်တစ်ရပ်ကို ထိန်းသိမ်းထားရေးအတွက်၊ ဤအပူချိန်ကို ထိန်းချုပ်ရေးအတွက် အထောက်အကူပြုရန် ဘုရားသခင်သည် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ဤအပူချိန်ကို ထိန်းသိမ်းထားရန် မည်သည့်အရာများကို အသုံးပြုထားသနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ်ပေးနိုင်သည်၊ သို့သော် ပူနွေးလွန်းပါက လူတို့သည် ခံနိုင်ရည်ရှိမည်လော။ နေအနီးသို့ ချဉ်းကပ်ရဲသူ တစ်စုံတစ်ဦးရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ ပူလွန်းသောကြောင့်တည်း။ နေအနီးသို့ ချဉ်းကပ်သည့်အခါ ယင်းသည် အရည်ပျော်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ နေ၏အကွာအဝေးကို တိတိကျကျ တိုင်းတာချက်တစ်ရပ် ပြုလုပ်ခဲ့သည်၊ အထူးအမှုတစ်ရပ်ကို သူပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၌ ဤအကွာအဝေးအတွက် စံနှုန်းတစ်ရပ်ရှိသည်။ ကမ္ဘာ၏တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့လည်း ရှိသေး၏။ ထိုအရပ်၌ အားလုံးသည် ရေခဲမြစ်များဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်များပေါ်တွင် နေနိုင်သလော။ ယင်းသည် လူသားနေထိုင်ရန်အတွက် သင့်တော်သလော။ (မသင့်တော်ပါ။) မသင့်တော်၊ ထို့ကြောင့် လူတို့အနေဖြင့် ထိုနေရာသို့ မသွားပေ။ လူတို့က တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားသဖြင့် ရေခဲမြစ်များကို ထိန်းသိမ်းပြီးသား ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်းတည်းဟူသော ၎င်းတို့၏အခန်းကဏ္ဍကို ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိဘဲ နေသည်လည်း ကမ္ဘာပေါ်တွင် အစဉ်တောက်ပနေပါက ကမ္ဘာပေါ်ရှိ လူအားလုံးသည် အပူဒဏ်ကြောင့် သေဆုံးကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားအသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သောအပူချိန်တစ်ရပ်ကို ထိန်းထားရန် ဤအရာနှစ်ခုကိုသာ အသုံးပြုသလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ တောအုပ်များထဲ၌ ရှိကြကုန်သော သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် အပင်အမျိုးအစားအားလုံး စသည့်သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးရန် ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူ၍ နေ၏အပူစွမ်းအင်ကို ပေါင်းစပ်ဖန်တီး၏။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ၏ မျက်နှာပြင်ဧရိယာသည် မည်သူမဆို သတ်မှတ်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်၊ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လားရာ၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေနှင့် လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအပါအဝင် ဤရေအရင်းမြစ်အမျိုးမျိုးသည်လည်း လူတို့နေထိုင်သည့် အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ထို့အပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေအရပ်များကဲ့သို့ ပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုးလည်း ရှိသေး၏၊ ဤပထဝီဝင် ဖွဲ့စည်းမှုအမျိုးအစားအမျိုးမျိုး၊ ၎င်းတို့၏ မျက်နှာပြင်ဧရိယာများနှင့် အရွယ်အစားများသည် အပူချိန်ကို ထိန်းညှိပေးရာ၌ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ကြသည်။ ဥပမာ ဤတောင်သည် အချင်းဝက် ကီလိုမီတာ ၁၀ဝ ရှိပါက၊ ဤကီလိုမီတာ ၁၀ဝ တွင် ကီလိုမီတာ ၁၀ဝ အကျိုးသက်ရောက်မှုတစ်ရပ် ရှိလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင်ဖန်ဆင်းခဲ့သနည်းဟူသည်နှင့် ပတ်သက်၍မူ ယင်းသည် ဘုရားသခင်က သေသေချာချာ ဆင်ခြင်သုံးသပ်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်ရှိပြီး ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များလည်း ပါရှိသည်။ ဆိုကြပါစို့၊ ဥပမာအနေဖြင့် သစ်တောများနှင့် သဘာဝပေါက်ပင်အမျိုးမျိုး၊ ၎င်းတို့ပေါက်ရောက်သည့် မျက်နှာပြင်ဧရိယာနှင့် နေရာအရွယ်အစားကို မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ ဤအရာများအပေါ် မည်သည့်လူသားကမျှ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိပေ။ ၎င်းတို့ ရေမည်မျှစုပ်ယူသည်၊ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှစုပ်ယူသည်တို့ကိုလည်း မည်သည့်လူသားကမျှ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာအားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် ပိုင်နက်အတွင်းတွင် ရှိကြ၏။

ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာသော စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းနှင့် စီမံမှုများကြောင့်သာ လူသားသည် ဤကဲ့သို့ သင့်တော်သည့်အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ်တွင် နေနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် နေမင်း၊ လူတို့မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းအပြင် မြေပေါ်မြေအောက်နှင့် ရေထဲတွင်ရှိကြသော သက်ရှိအရာအမျိုးမျိုးအပါအဝင်၊ သစ်တောများနှင့် အခြားသောသဘာဝပေါက်ပင်များ၏ မျက်နှာပြင်ဧရိယာများ၊ ရေအရင်းအမြစ်များ၊ ရေအစုအဝေးအမျိုးမျိုး၊ ရေချိုရေငန်မည်မျှရှိသည်၊ ထို့အပြင် ပထဝီဝင်ပတ်ဝန်းကျင်အမျိုးမျိုးစသည့် လူသားအနေဖြင့် မိမိ၏မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်းကို လူသားအသက်ရှင်နေထိုင်နိုင်ရေးအတွက် သာမန်အပူချိန်များကို ထိန်းသိမ်းနိုင်ရန် ဘုရားသခင်အသုံးပြု၏။ ယင်းသည် အကြွင်းမဲ့ဖြစ်၏။ ဘုရားသခင်၌ ဤသို့သော ဆင်ခြင်သုံးသပ်မှုများရှိ၍သာ လူသားသည် ဤကဲ့သို့သော သင့်တော်သော အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် နေနိုင်ခြင်းဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရသကဲ့သို့ ပူလွန်း၍လည်း မရပေ၊ ပူလွန်းသောအရပ်များနှင့် လူ၏ကိုယ်ခန္ဓာမှ အလိုက်သင့်ညှိပြောင်းနိုင်သည့် အပူချိန်များထက် ကျော်လွန်သည့်နေရာများသည် သင့်အတွက် ဘုရားသခင်က ပြင်ဆင်ပေးထားခြင်း ဧကန်မဟုတ်ပေ။ အေးလွန်းသောနေရာများနှင့် အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားရောက်သည်နှင့် မိနစ်အနည်းငယ်အတွင်း ၎င်းတို့ကို အေးခဲစေလွန်းသဖြင့် ၎င်းတို့အနေနှင့် စကားပင်မပြောနိုင်၊ ဦးနှောက်များ အေးခဲသွားပြီး စဉ်းစားတွေးခေါ်၍မရဘဲ မကြာမီပင် အသက်ရှူကျပ်သွားမည့် နေရာများဖြစ်သည့် ထိုနေရာများသည်လည်း လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ထားသော နေရာများမဟုတ်ပေ။ လူတို့အနေဖြင့် မည်ကဲ့သို့သောသုတေသနကို ပြုလုပ်လိုသည်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့ဆန်းသစ်တီထွင်လိုသည်ဖြစ်စေ၊ သို့မဟုတ် ထိုသို့သောကန့်သတ်ချက်များကို ထိုးဖောက်ထွက်လိုသည်ဖြစ်စေ၊ လူတို့အနေဖြင့် မည်သည့်အရာကို စဉ်းစားတွေးဆသည်ဖြစ်စေ ၎င်းတို့သည် လူ့ခန္ဓာကိုယ်က အလိုက်သင့်ညှိပြောင်းနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သည့်အပြင် လူ့ခန္ဓာကိုယ်သည် မည်သည့်အပူချိန်များနှင့် အလိုက်သင့် ညှိပြောင်းနိုင်သည်ကို ဘုရားသခင်အသိဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားတို့ကိုယ်တိုင်ကမူ မသိကြပေ။ လူတို့က မသိကြဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာမျိုးများကို လူတို့က ပြုခဲ့ကြသနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို အစဉ်စိန်ခေါ်လိုသော လူအတော်များများရှိခဲ့သည် မဟုတ်လော။ ၎င်းတို့သည် ထိုနယ်မြေ၌ အခြေချ၍ ထိုနယ်မြေကို ဖွံ့ဖြိုးအောင် တည်ဆောက်ပြုပြင်နိုင်ရန်အတွက် ၎င်းကိုသိမ်းပိုက်ရန် အစဉ်သွားလိုကြသည်။ ယင်းမှာ မိမိကိုယ်ကိုဖျက်ဆီးသည့် လုပ်ရပ်တစ်ခုပင် မဟုတ်လော။ သင်သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့အကြောင်းကို စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီးပြီဟု ဆိုပါစို့။ သင်သည် ထိုကဲ့သို့သော အပူချိန်များနှင့် အလိုက်သင့်ညှိပြောင်းနိုင်၍ ထိုနေရာ၌နေနိုင်ကာ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ ရှင်သန်နေထိုင်မှုပတ်ဝန်းကျင်ကို “တိုးတက်ကောင်းမွန်” စေနိုင်သော်လည်း ယင်းသည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းရှိ ရေခဲအားလုံး အရည်ပျော်သွားပါက သင်ပျော်ရွှင်မည်လော။ ယင်းသည် မယုံနိုင်စရာကြီးပင်ဖြစ်သည်။ အဓိပ္ပာယ်မရှိသော လုပ်ရပ်တစ်ခုတည်း။ လူသားမျိုးနွယ်၌ ၎င်းတို့အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်ရှိ၏၊ သို့သော် ၎င်းတို့သည် ဤနေရာ၌ တိတ်ဆိတ်စွာနှင့် အသိစိတ်ရှိရှိ တာဝန်သိသိဖြင့် မနေနိုင်သည့်အပြင် ၎င်းတို့အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့်နေရာသို့ သွားကြရ၏။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ၎င်းတို့သည် သင့်တော်သော ဤအပူချိန်၌ နေထိုင်နေခြင်းကို ငြီးငွေ့၏။ ကောင်းချီးမင်္ဂလာများစွာကို ၎င်းတို့ခံစားထားကြရပြီးဖြစ်သည်။ ထို့အပြင် ဤပုံမှန်ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်သည် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို အတော်ပင်ခံခဲ့ရပြီးဖြစ်သဖြင့် ၎င်းတို့သည် နောက်ထပ်ဖျက်ဆီးခြင်းများ ပြုလုပ်ရန်၊ သို့မဟုတ် ၎င်းတို့သည် “ရှေ့ဆောင်သူ” တစ်မျိုးမျိုးဖြစ်နိုင်ရေးအတွက် “အရေးကိစ္စ” တစ်ခုခုတွင် ပါဝင်ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ သွားလိုက်သည်ကပင် ကောင်းမည်။ ယင်းသည် မမိုက်မဲပေဘူးလော။ တစ်နည်းအားဖြင့်ဆိုရလျှင် ၎င်းတို့၏ဘိုးဘေးဖြစ်သူ စာတန်၏ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မရှိသည့်အရာကို တစ်ခုပြီးတစ်ခု ဆက်၍လုပ်နေကာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းထားသည့် ဤလှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့သက်သက် ဖျက်ဆီးနေကြ၏။ ယင်းမှာ စာတန်ပြုခဲ့သည့်အရာဖြစ်၏။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ အသက်ရှင်မှုအပေါ် အန္တရာယ်အနည်းငယ်ကျလာသည်ကို မြင်သောအခါ လူအတော်များများသည် လပေါ်တွင် သွားရောက်နေထိုင်ရန် နည်းလမ်းများ ရှာလိုကြ၏၊ ထိုနေရာ၌ ၎င်းတို့နေထိုင်နိုင်ခြင်းရှိမရှိကို ကြည့်ခြင်းဖြင့် ထွက်ပေါက်ရှာလိုကြ၏။ အဆုံးမှာတော့ လပေါ်၌ အောက်စီဂျင်က ရှိမနေပေ။ လူတို့သည် အောက်စီဂျင်မရှိဘဲ အသက်ရှင်နိုင်သလော။ လသည် အောက်စီဂျင်ကင်းမဲ့သဖြင့် လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့တိုင်အောင် လူသားသည် ထိုနေရာသို့ သွားချင်လျက်သာ ရှိနေ၏။ ဤသည်မှာ အဘယ်နည်း။ မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြစ်သည်၊ ဟုတ်သလော။ ယင်းသည် လေမရှိသော နေရာတစ်ခုဖြစ်၏၊ ထို့အပြင် အပူချိန်သည် လူသားအသက်ရှင်ရန် မသင့်တော်ပေ၊ ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင်ပြင်ဆင်ပေးထားခြင်း မဟုတ်ပေ။

ငါတို့ခုလေးတင်ပြောခဲ့သည့် အပူချိန်သည် လူတို့အနေဖြင့် ၎င်းတို့၏နေ့စဉ်အသက်တာများတွင် ကြုံတွေ့နိုင်သည့် အရာတစ်ခုဖြစ်သည်။ “ယနေ့ ရာသီဥတုအတော်ကောင်းသည်၊ ၂၃ ဒီဂရီ စင်တီဂရိတ်ရှိ၏။ ရာသီဥတုကလည်း သာယာ၊ မိုးကောင်းကင်ကလည်း ကြည်လင်နေပြီး လေကလည်း လန်းဆန်းစေ၏။ လေကောင်းလေသန့်ကို ရှူသွင်းလိုက်ပါ။ နေသာနေသည်။ နေရောင်အောက်မှာ အကြောဆန့်လိုက်ပါဦး။ ငါစိတ်ကောင်းဝင်နေသည်။” သို့မဟုတ် “ယနေ့ရာသီဥတုက သိပ်အေးလှသည်။ သင့်လက်ကို ဆန့်ထုတ်ကြည့်လိုက်လျှင် ချက်ချင်းပင် အေးခဲသွားလိမ့်မည်။ အလွန့်အလွန်အေးသည်၊ ထို့ကြောင့် ဤမျှကြာအောင် အပြင်၌ မနေနှင့်။ မြန်မြန်ပြန်လာပါ၊ အေးခဲမသွားစေနှင့်။” အပူချိန်သည် လူ့ကိုယ်ခန္ဓာအားလုံးက အာရုံခံစားနိုင်သည့် အရာတစ်ခုဖြစ်သော်လည်း ဤအပူချိန် မည်သို့ဖြစ်ပေါ်လာသည်ကိုလည်းကောင်း၊ လူတို့နေထိုင်အသက်ရှင်မှုအတွက် သင့်တော်သည့် ဤအပူချိန်ကို မည်သူက တာဝန်ယူထားပြီး မည်သူက ထိန်းချုပ်ထားသည်ကို မည်သူကမျှ မစဉ်းစားကြပေ။ ဤသည်မှာ ငါတို့ယခု သိကျွမ်းလာနေသည့်အရာဖြစ်သည်။ ဤအရာအတွင်း၌ ဘုရားသခင်၏ဉာဏ်ပညာ ရှိသလော။ ဤအရာအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်ချက် ရှိသလော။ (ရှိပါသည်။) ဘုရားသခင်သည် လူတို့နေထိုင်အသက်ရှင်မှုအတွက် သင့်တော်သည့် အပူချိန်ရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့သည်ကို ထောက်ရှုကြည့်သော် ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်က ထောက်ပံ့ပေးသည့် နည်းလမ်းတစ်ရပ်ဟုတ်သလော။ (ဟုတ်ပါသည်။) ဟုတ်သည်။

၃။ အသံ

တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသားများအတွက် ပုံမှန်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်တွင် ရှိရမည့်အရာတစ်ခုဖြစ်၏။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူကိုင်တွယ်ဖြေရှင်းခဲ့ရသည့် အရာတစ်ခုလည်းဖြစ်၏။ ယင်းသည် ဘုရားသခင်အတွက်၊ ထို့ပြင် လူတိုင်းအတွက်လည်း အလွန်အရေးကြီးသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်ကသာ ယင်းကို ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိပါက ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်ရေးအတွက် ကြီးမားသော အတားအဆီးတစ်ရပ် ဖြစ်ခဲ့ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားမျိုးနွယ်အနေဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိသည့် အတိုင်းအတာအထိ ယင်းသည် လူသား၏ခန္ဓာကိုယ်နှင့် အသက်အပေါ် အလွန်ကြီးမားသည့် သက်ရောက်မှုတစ်ရပ် ရှိခဲ့ပေလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ဟုလည်း ပြောနိုင်သည်။ ဤတော့ကား ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းသည် အသံဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ နေထိုင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် လှုပ်ရှားသွားလာလျက် နေထိုင်နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီ၏ ဖြစ်တည်မှုသည် တန်ဖိုးရှိ၍ အဓိပ္ပာယ်ရှိ၏။ အတိအကျပြောရလျှင် ၎င်းတို့အားလုံးတွင် ၎င်းတို့၏ဖြစ်တည်မှုနောက်ကွယ်၌ မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ရှိ၏။ ဘုရားသခင်၏အမြင်တွင် အရာတစ်ခုစီတိုင်း၌ အသက်ရှိ၏၊ ယင်းတို့အားလုံးသည် အသက်ရှင်နေသောကြောင့် ၎င်းတို့သည် အသံများထွက်ကြပေမည်။ ဥပမာ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည်လည်း စဉ်ဆက်မပြတ် လည်နေ၏၊ ထို့အပြင် လသည်လည်း စဉ်ဆက်မပြတ် လည်နေပေသည်။ အရာခပ်သိမ်းတို့၏ မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းများနှင့် လှုပ်ရှားမှုများ၌ အသံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် လှုပ်ရှားလျက် ရှိကြသည်။ ဥပမာ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားလျက်နေခိုက် ပင်လယ်များ၏ နက်ရှိုင်းသောနေရာများ၌ သက်ရှိသတ္တဝါခပ်သိမ်းသည် လှုပ်ရှားနေလျက် ကူးခပ်နေကြ၏။ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိများသည်၊ အရာခပ်သိမ်းတို့သည် စဉ်ဆက်မပြတ် သာမန်အားဖြင့် ပုံမှန်ရွေ့လျားနေကြသည်။ ထို့သို့ဖြစ်လျှင် ဤအရာများ၏ ပုန်းလျှိုးကွယ်လျှိုး မျိုးပွားခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ရွေ့လျားမှုများက အဘယ်အရာတို့ကို ဖြစ်ပေါ်စေသနည်း။ အားကောင်းသော အသံများပင်ဖြစ်သည်။ ကမ္ဘာမြေကြီးအပြင် ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားနေကာ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ တစ်နည်းအားဖြင့်ဆိုသော် သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ တစ်ချိန်တည်းမှာပင် အသံများကိုလည်း ပြုလုပ်နေကြ၏။ ဘုရားသခင်သည် ဤအသံများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ဤအသံများအား ကိုင်တွယ်ဖြေရှင်းရသည့် အကြောင်းရင်းကို သင်တို့သိသင့်သည်၊ ဟုတ်သလော။ လေယာဉ်ပျံတစ်စင်းအနားသို့ သင်ကပ်သွားသောအခါ ထိုလေယာဉ်ပျံ၏ မြည်ဟိန်းနေသောအသံက သင့်ကိုမည်သို့ဖြစ်သွားစေမည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ သင့်နားများ ထိုင်းသွားလိမ့်မည်။ ယင်းကို သင်တို့၏နှလုံးသားများက တောင့်ခံနိုင်မည်လော။ နှလုံးပိုအားနည်းသူအချို့သည် ယင်းကို ခံနိုင်မည်မဟုတ်ပေ။ နှလုံးသန်မာသူများပင်လျှင် အလွန်ကြာမြင့်စွာ ဤသို့ဖြစ်ပါက ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ မှန်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နားများအပေါ်ဖြစ်စေ၊ နှလုံးအပေါ်ဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူတစ်ဦးစီတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသောအသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်း၍ ၎င်းတို့ ပုံမှန်စတင်လုပ်ကိုင်ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် ပြုပြင်စီရင်မှုတစ်ရပ်ကို ခံယူစေ၏။ ယင်းသည် လူသားမျိုးနွယ်အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင်ပြုခဲ့သည့် လိုအပ်သော ထည့်သွင်းစဉ်းစားချက်များထဲမှ တစ်ခုလည်းဖြစ်သည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်မှ လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ထို့အပြင် မြေဆီလွှာထဲရှိ ဟာကွက်များ၏ အရွယ်အစားသည်လည်း အသံကို ခြယ်လှယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတို့၏ ပေါင်းစပ်မှုရှိပြီး ယင်းသည်လည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားတို့အနေဖြင့် ၎င်းတို့၏နားများနှင့် နှလုံးသားများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် အသက်ရှင်နေထိုင်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကိုဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများသည် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုအပေါ် ကြီးမားသည့် အတားအဆီးဖြစ်လိမ့်မည်၊ ၎င်းတို့၏ဘဝများအပေါ် ကြီးမားသည့် ဒုက္ခဖြစ်စေလိမ့်မည်။ ယင်းသည် ၎င်းတို့အတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင်အမျိုးမျိုးကို ဖန်ဆင်းရာ၌ အလွန်အနုစိတ်ဂရုပြုခဲ့၏။ ယင်းတို့အားလုံး၌ ဘုရားသခင်၏ဉာဏ်ပညာ ပါဝင်နေသည်။ ဤအရာအပေါ် လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ။ ယင်းတို့အထဲတွင် ဘုရားသခင်၏လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်သာလို၏။ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် ဤအမှုသည် လိုအပ်ခဲ့သလော၊ ယခု သင်တို့ငါ့ကို ပြောလော့။ အတိအကျပြောရလျှင် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အလွန်တိကျစွာ လိုသလိုပုံသွင်းမှု ပြုလုပ်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှုသည် လိုအပ်ခဲ့ပါက ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ရန်အတွက် ဤကဲ့သို့သော နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့၏ဟု ဤရှုထောင့်မှနေ၍ ပြောနိုင်သလော။ လူ၏ကိုယ်ခန္ဓာသည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်၌ အနှောင့်အယှက်များ တစ်စုံတစ်ရာမရှိဘဲ သာမန်အတိုင်းပင် အသက်ရှင်နေနိုင်ရန်နှင့် လူသားမျိုးနွယ်အနေဖြင့် ပုံမှန်ဖြစ်တည်၍ အသက်ရှင်နေနိုင်ရန် ဘုရားသခင်သည် လူသားမျိုးနွယ်အား ဤကဲ့သို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ထောက်ပံ့ပေး၍ ဖန်ဆင်းပေးခဲ့၏။ ယင်းမှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့သည် နည်းလမ်းများအနက် တစ်ခုဟုတ်သလော။ ဘုရားသခင်ပြုလုပ်ခဲ့သော ယင်းအရာသည် အလွန်အရေးကြီးသလော။ (အရေးကြီးပါသည်။) ယင်းသည် အလွန်လိုအပ်ခဲ့၏။ ဤတော့ကား ယင်းကို သင်တို့ မည်သို့နားလည်သဘောပေါက်သနည်း။ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းကို သင်တို့မခံစားနိုင်ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင်မည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို သင်တို့မသိကြသော်လည်း ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်တို့ခံစား၍ ရသေးသလော။ ဘုရားသခင်၏ဉာဏ်ပညာ၊ သို့မဟုတ် သူမြှုပ်နှံခဲ့သည့် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်တို့ခံစား၍ရသလော။ (ခံစား၍ရပါသည်။) ယင်းကို ခံစား၍ရနေရုံသက်သက်သည်ပင် ကောင်း၏။ ယင်းသည် လုံလောက်၏။ လူတို့ မခံစားနိုင်၊ မမြင်နိုင်သော အရာအားလုံးအကြား ဘုရားသခင်ပြုလုပ်ခဲ့သည့် အရာများစွာရှိ၏။ ယင်းကို ဤနေရာ၌ ငါပြောနေခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့အား ဘုရားသခင်၏ လုပ်ဆောင်မှုများအကြောင်း အချက်အလက်အချို့ပေးရန်နှင့် သင်တို့အနေဖြင့် ဘုရားသခင်ကို သိလာနိုင်ရန်ဖြစ်၏။ ဤသဲလွန်စများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိစေပြီး နားလည်စေနိုင်သည်။

၄။ အလင်း

စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် ဆက်နွှယ်နေ၏၊ ယင်းမှာ အလင်းဖြစ်သည်။ ယင်းသည်လည်း အလွန်အရေးကြီး၏။ သင်သည် တောက်ပသော အလင်းတစ်ခုကိုမြင်ပြီး၊ ဤအလင်း၏တောက်ပမှုသည် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ သင်၏မျက်လုံးများ ကန်းသွားလိမ့်မည်။ အမှန်အားဖြင့် လူ့မျက်လုံးများသည် အသွေးအသား မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ထိခိုက်ပျက်စီးမှုမှ ကင်းလွတ်နိုင်ခြင်း မရှိပေ။ နေကို တိုက်ရိုက်ငေးစိုက်ကြည့်ရဲသူ တစ်စုံတစ်ဦးရှိသလော။ အချို့သူများ စမ်းကြည့်ဖူး၏။ နေကာမျက်မှန်တပ်ပြီး သင်ကြည့်၍ရသည်၊ ဟုတ်သလော။ ယင်းသည် ကိရိယာများ၏ အကူအညီကို လိုအပ်သည်။ ကိရိယာများမရှိဘဲ လူသား၏ပကတိမျက်လုံးများသည် နေကို တိုက်ရိုက်ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် လူသားမျိုးနွယ်ထံ တောက်ပသောအလင်းကို ယူဆောင်လာရန် ဘုရားသခင်သည် နေကိုဖန်ဆင်းခဲ့ပြီး ဤအလင်းကို ကိုင်တွယ်စီရင်ခြင်းလည်းပြုခဲ့၏။ နေကိုဖန်ဆင်းပြီးနောက် ဘုရားသခင်သည် ၎င်းကိုထားရစ်ခဲ့ပြီး လျစ်လျူရှုခြင်းသာပြုခဲ့သည် မဟုတ်ပေ။ “လူသား၏မျက်လုံးများက ယင်းကို ခံနိုင်လျှင်ကော မည်သူဂရုစိုက်သနည်း။” ဘုရားသခင်သည် အမှုအရာများကို ဤကဲ့သို့မပြုပေ။ သူသည် အမှုအရာများကို အလွန်လိမ္မာပါးနပ်စွာ လုပ်ဆောင်ပြီး ကဏ္ဍအားလုံးကို သုံးသပ်ဆင်ခြင်၏။ လူသားမျိုးနွယ်မြင်နိုင်ရန်အတွက် ဘုရားသခင်သည် ၎င်းတို့အား မျက်လုံးများပေးခဲ့သည်၊ သို့သော်လည်း ၎င်းတို့အနေဖြင့် မည်သည့်တောက်ပမှုအတိုင်းအတာအောက်၌ မြင်နိုင်သည်ကိုလည်း ဘုရားသခင်ပြင်ဆင်ခဲ့၏။ အလင်းအလုံအလောက်မရှိလျှင် အလုပ်ဖြစ်မည်မဟုတ်ပေ။ အလွန်မှောင်လွန်း၍ လူတို့သည် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏လက်ကို မမြင်နိုင်ပါက ၎င်းတို့မျက်လုံးများ၏ အသုံးဝင်မှုသည် ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး အချည်းနှီးဖြစ်သွားပေလိမ့်မည်။ တောက်ပလွန်းသည့် နေရာတစ်ခုသည် လူ့မျက်လုံးများအတွက် မခံမရပ်နိုင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူတို့အနေဖြင့် မည်သည့်အရာကိုမျှ မြင်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်တွင် လူ့မျက်လုံးများနှင့် သင့်တော်သည့် အလင်းပမဏကို ဘုရားသခင်က ပေးထားခဲ့ခြင်းဖြစ်၏။ ဤအလင်းသည် လူတို့၏မျက်လုံးများကို အနာတရဖြစ်စေခြင်း၊ သို့မဟုတ် ထိခိုက်ဖျက်ဆီးခြင်း ပြုလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ယင်းသည် လူတို့မျက်လုံးများ၏ အသုံးဝင်မှုကို ဆုံးရှုံးသွားအောင် ပြုလုပ်လိမ့်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် နေနှင့်ကမ္ဘာပတ်ပတ်လည်တွင် တိမ်တိုက်များကို ထည့်ထားခြင်းဖြစ်ပြီး လေ၏သိပ်သည်းမှုသည်လည်း လူတို့၏မျက်လုံးများ၊ သို့မဟုတ် အရေပြားတို့ကို အနာတရဖြစ်စေနိုင်သည့် အလင်းကို သာမန်အားဖြင့် စစ်ထုတ်လိုက်နိုင်သည်။ ယင်းသည် အပြန်အလှန် ဆက်စပ်နှီးနွှယ်နေသည်။ ထို့အပြင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အလင်းအမျိုးမျိုးကို ရောင်ပြန်ဟပ်၍ လူ၏မျက်လုံးများကို အနေရခက်စေသော အလင်းရှိတောက်ပမှုအပိုင်းကို ဖယ်ရှားပစ်၏။ ဤနည်းအားဖြင့် လူတို့သည် အပြင်တွင် ဟိုဟိုသည်သည် လျှောက်သွားနိုင်ရန်နှင့် ၎င်းတို့၏ဘဝများကို လုပ်ကိုင်နိုင်ရန် အလွန်မည်းနက်သော နေကာမျက်မှန်များကို အစဉ်တပ်ဆင်ထားရန် မလိုပေ။ သာမန်အခြေအနေများအောက်တွင် လူ့မျက်လုံးများသည် ၎င်းတို့၏မြင်ကွင်းအတွင်းမှ အရာများကိုမြင်နိုင်ပြီး အလင်း၏နှောင့်ယှက်ခြင်းကို ခံရမည်မဟုတ်ပေ။ အတိအကျဆိုလျှင် ဤအလင်းသည် လွန်စွာစူးရှလွန်းခြင်း၊ သို့မဟုတ် မှိန်လွန်းခြင်း ဖြစ်၍မရပေ၊ မှိန်လွန်းပါက လူတို့၏မျက်လုံးများသည် ထိခိုက်ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏မျက်လုံးများကို ကြာကြာသုံး၍ မရသေးမီတွင်ပင် ၎င်းတို့၏လုပ်ဆောင်မှုက ရပ်ဆိုင်းသွားပေလိမ့်မည်၊ လင်းလွန်းပါက လူတို့၏မျက်လုံးများသည် ခံနိုင်မည်မဟုတ်ဘဲ အနှစ် ၃၀၊ ၄၀ အတွင်း၊ သို့မဟုတ် အနှစ် ၄၀၊ ၅၀ အတွင်းတွင် ၎င်းတို့၏မျက်လုံးများက အသုံးပြု၍ ရတော့မည် မဟုတ်ချေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဤအလင်းသည် လူ့မျက်လုံးများအတွက် မြင်နိုင်ရန်သင့်တော်ပြီး၊ အလင်းအားဖြင့် လူ့မျက်လုံးထိခိုက်ခြင်းကို ဘုရားသခင်က နည်းလမ်းမျိုးစုံဖြင့် လျော့နည်းစေခဲ့သည်။ အလင်းသည် လူ့မျက်လုံးများကို အကျိုးပြုသည်ဖြစ်စေ၊ ချွတ်ယွင်းစေသည်ဖြစ်စေ ယင်းသည် လူတို့၏မျက်လုံးများကို ၎င်းတို့၏အသက်တာ ကုန်ဆုံးသည်အထိ တာရှည်ခံစေရန် လုံလောက်သည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် မာရ်နတ်ဖြစ်သည့် စာတန်သည် အမှုအရာများကို ပြုလုပ်သည့်အခါ ဤအရာတစ်ခုကိုမျှ မည်သည့်အခါမျှ ထည့်သွင်းစဉ်းစားခြင်း မပြုပေ။ အလင်းသည် လင်းလွန်းသည်၊ သို့မဟုတ် မှောင်လွန်းသည်။ ယင်းမှာ အမှုအရာများကို စာတန်လုပ်ဆောင်ပုံဖြစ်သည်။

ဘုရားသခင်သည် လူသားများ ပုံမှန်အသက်ရှင်၍ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုဆိုင်ရာ အလိုက်သင့်ပြောင်းလဲနိုင်မှု အမြင့်မားဆုံးဖြစ်စေရန် လူ့ကိုယ်ခန္ဓာ၏ ကဏ္ဍအမျိုးမျိုးဖြစ်သည့် အမြင်၊ အကြား၊ ရသာရုံ၊ အသက်ရှူခြင်း၊ ခံစားချက်များ၌ ဤအရာများကို လုပ်ဆောင်သည်။ တစ်နည်းဆိုလျှင် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤကဲ့သို့ တည်ရှိနေသော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်သည် လူသားမျိုးနွယ် အသက်ရှင်နေထိုင်ရေးအတွက် အသင့်တော်ဆုံးနှင့် အကျိုးအပြုဆုံးဖြစ်သည်။ အချို့က ယင်းသည် သိပ်လည်းမဟုတ်လှ၊ အလွန်သာမန်ကျရုံသာ ရှိသည်ဟု ထင်နိုင်၏။ အသံများ၊ အလင်းနှင့် လေတို့သည် မွေးရာပါများဖြစ်ပြီး မွေးသည့်အချိန်မှစ၍ ၎င်းတို့မွေ့လျော်နိုင်သောအရာများဟု လူတို့က ယူဆကြသည်။ သို့သော် ဤအရာများအပေါ် ၎င်းတို့၏မွေ့လျော်မှုနောက်ကွယ်၌ ဘုရားသခင်လုပ်ဆောင်သောအရာသည် ၎င်းတို့သိ၍နားလည်ရန် လိုအပ်သော အရာတစ်ခုဖြစ်သည်။ ဤအရာများကို သင်နားလည်ရန်လိုသည်၊ သို့မဟုတ် သိရန်လိုသည်ဟု သင်ယူဆသည်ဖြစ်စေ၊ မယူဆသည်ဖြစ်စေ အချုပ်ဆိုရလျှင် ဤအရာများကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ့အနေဖြင့် တွေးတောမှုပြုခဲ့ပြီး သူ၌ အစီအစဉ်တစ်ရပ် ရှိခဲ့ကာ စိတ်ကူးအချို့လည်း ရှိခဲ့၏။ သူသည် လူသားမျိုးနွယ်ကို ဤကဲ့သို့သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်၌ အလွယ်တကူ၊ သာမန်ကာလျှံကာ၊ သို့မဟုတ် မည်သည့်ဆင်ခြင်သုံးသပ်မှုမျှ မရှိဘဲ ထားခဲ့ခြင်း မဟုတ်ပေ။ ငါပြောခဲ့သော အကြောင်းအရာ တစ်ခုစီတိုင်းသည် အရေးမကြီးဟု သင်တို့ထင်ကောင်းထင်နိုင်သော်လည်း ငါ၏အမြင်တွင် လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့ပေးသည့် အရာတစ်ခုစီတိုင်းသည် လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ယင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိပေ၏။

၅။ လေစီးဆင်းမှု

ပဉ္စမအရာကား အဘယ်အရာနည်း။ ဤအရာသည် လူတိုင်း၏နေ့ရက်တိုင်းနှင့် များစွာဆက်နွှယ်နေပြီး ဤဆက်နွှယ်မှုသည် ခိုင်မာ၏။ ဤရုပ်ဝတ္ထုလောက၌ ယင်းမရှိဘဲ လူ၏ခန္ဓာကိုယ်က နေထိုင်နိုင်ခြင်းမရှိသော အရာတစ်ခုဖြစ်သည်။ ဤအရာသည် လေစီးဆင်းမှုဖြစ်သည်။ “လေစီးဆင်းမှု” သည် လူအားလုံးအနေဖြင့် နားလည်ကြောင်း သေချာသလောက်ရှိသည့် စကားတစ်လုံးဖြစ်သည်။ သို့ဖြစ်လျှင် လေစီးကြောင်းဆိုသည်မှာ အဘယ်နည်း။ လေ၏စီးဆင်းမှုကို “လေစီးဆင်းမှု” ဟုခေါ်သည်ဟု သင်ဆိုနိုင်သည်။ လေစီးဆင်းမှုသည် လူ့မျက်လုံးဖြင့် မမြင်နိုင်သည့် လေဖြစ်သည်။ ၎င်းသည် ဓာတ်ငွေ့ရွေ့လျားသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ဤနေရာ၌ ငါတို့အဓိကပြောနေသော လေစီးကြောင်းမှာ အဘယ်အရာဖြစ်သနည်း။ ငါပြောလိုက်သည်နှင့် သင်တို့နားလည်ကြလိမ့်မည်။ ကမ္ဘာမြေကြီးသည် လည်ပတ်နေစဉ်တွင် တောင်များ၊ ပင်လယ်များနှင့် အရာခပ်သိမ်းကို သယ်ဆောင်ထားပြီး ၎င်းလည်ပတ်သည့်အခါ၌ အလျင်အဟုန်ရှိသည်။ လည်ပတ်နေခြင်းကို စိုးစဉ်းမျှ သင်မခံစားနိုင်သော်လည်း ၎င်း၏လည်ပတ်မှုက အမှန်ပင် တည်ရှိနေသည်။ ၎င်း၏လည်ပတ်မှုကြောင့် မည်သည့်အရာပေါ်ပေါက်လာသနည်း။ သင်ပြေးသည့်အခါ သင့်နားရွက်များအနီး၌ လေရှိသလော။ သင်ပြေးသည့်အခါ လေကို ဖန်တီးနိုင်ပါက ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ လေစွမ်းအင်မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အရာခပ်သိမ်းသည် ရွေ့လျားနေ၏။ ကမ္ဘာမြေကြီးပေါ်ရှိ အရာများသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက် ဖွံ့ဖြိုးနေစဉ် ယင်းသည် အရှိန်တစ်ခုဖြင့် ရွေ့လျားလည်ပတ်နေ၏။ ထို့ကြောင့် အရှိန်တစ်ခု၌ ရွေ့လျားနေခြင်းသည် လေစီးဆင်းမှုကို ပေါ်ပေါက်စေမည်မှာ သဘာဝကျပေသည်။ လေစီးဆင်းမှုမှာ ဤကဲ့သို့ဖြစ်၏။ ဤလေစီးဆင်းမှုသည် လူ့ခန္ဓာကိုယ်အား အတိုင်းအတာတစ်ခုအထိ ထိခိုက်စေမည်လော။ တကယ်တော့ သာမန်လေမုန်တိုင်းများသည် ဤမျှအစွမ်းမထက်ပေ၊ သို့သော် ၎င်းတို့တိုက်ခတ်ပါက လူတို့သည် ငြိမ်သက်စွာ ရပ်မနေနိုင်ဘဲ လေထဲတွင် လမ်းလျှောက်ရန် အခက်တွေ့ကြလေသည်။ ခြေတစ်လှမ်း လှမ်းဖို့ရာပင် ခက်ခဲလေသည်။ ၎င်းသည် အလွန်ပြင်းထန်လွန်း၏၊ အချို့သူများသည် အခြားအရာတစ်ခုအပေါ်သို့ လေ၏တွန်းပို့ခြင်းကိုခံရပြီး လှုပ်ရှား၍မရကြပေ။ ယင်းသည် လူသားမျိုးနွယ်အပေါ် လေစီးဆင်းမှု၏ သက်ရောက်နိုင်ပုံ နည်းလမ်းတစ်ရပ်ဖြစ်သည်။ အကယ်၍ ကမ္ဘာမြေကြီးတစ်ခုလုံးသည် လွင်ပြင်များနှင့် ပြည့်နေပါက လူ့ခန္ဓာကိုယ်သည် ကမ္ဘာမြေကြီး၏လည်ပတ်မှုနှင့် အရာခပ်သိမ်း၏ အရှိန်နှုန်းတစ်ရပ်၌ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသည့် လေစီးဆင်းမှုကို ခံနိုင်ရန် လွန်စွာခက်ခဲပေလိမ့်မည်။ ယင်းကို ကိုင်တွယ်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။ ထိုသို့သာဖြစ်ခဲ့မည်ဆိုလျှင် ဤလေစီးဆင်းမှုသည် လူသားမျိုးနွယ်အပေါ် အန္တရာယ်ကျရောက်စေရုံတင်မကဘဲ ပျက်စီးခြင်းလည်း ကျရောက်စေမည်ဖြစ်သည်။ ယင်းကဲ့သို့သော ပတ်ဝန်းကျင်၌ မည်သူမျှ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က လေစီးဆင်းမှုတို့၏ ဦးတည်ရာ၊ အမြန်နှုန်းနှင့် ပြင်းအားတို့ကို ကွဲပြားသောပတ်ဝန်းကျင်များအားဖြင့် ပြောင်းလဲစေ၍ ဤကဲ့သို့သော လေစီးဆင်းမှုများကိုဖြေရှင်းရန်၊ ဤကဲ့သို့သော လေစီးဆင်းမှုကို အားပျော့စေရန် ကွဲပြားသည့် ပထဝီဝင်ပတ်ဝန်းကျင်များကို အသုံးပြုခြင်းဖြစ်သည်။ ထို့ကြောင့် လူတို့သည် တောင်များ၊ တောင်တန်းများ၊ လွင်ပြင်များ၊ တောင်ကုန်းများ၊ မြစ်ဝှမ်းများ၊ ချိုင့်ဝှမ်းများ၊ တောင်ကြားများ၊ ကုန်းပြင်မြင့်များနှင့် မြစ်များကဲ့သို့ ကွဲပြားသော ပထဝီဝင်ပတ်ဝန်းကျင်များကို တွေ့နိုင်ကြခြင်းဖြစ်သည်။ လေစီးဆင်းမှုတစ်ရပ်၏ အမြန်နှုန်း၊ ဦးတည်ရာနှင့် ပြင်းအားတို့ကို ပြောင်းလဲရန် ဘုရားသခင်သည် ဤကွဲပြားသော ပထဝီဝင်ပတ်ဝန်းကျင်များကို အသုံးပြု၏၊ လူတို့တွင် ပုံမှန်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ် ရှိနိုင်ရေးအတွက်၊ လေစီးဆင်းမှုကို သင့်တော်သည့် လေတိုက်နှုန်း၊ လေဦးတည်တိုက်ခတ်ရာအရပ်နှင့် လေပြင်းအားအဖြစ် လျှော့ချရေး၊ သို့မဟုတ် ခြယ်လှယ်ပြုပြင်ရေးအတွက် ဤကဲ့သို့သော နည်းလမ်းတစ်ရပ်ကို အသုံးပြုခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဤသို့သောအရာတစ်ခုကို လုပ်ဆောင်ခြင်းသည် လူတို့အတွက် ခက်ခဲပုံရသော်လည်း ဘုရားသခင်သည် အရာခပ်သိမ်းကို စောင့်ကြည့်လေ့လာသဖြင့် သူ့အတွက် လွယ်ကူပေသည်။ လူသားမျိုးနွယ်အတွက် သင့်တော်သော လေစီးဆင်းမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန်မှာ သူ့အတွက်မူ ရိုးရှင်းလွန်း၏၊ လွယ်ကူလွန်း၏။ ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းထားသည့် ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် အရာခပ်သိမ်းအကြားရှိ အရာတစ်ခုစီတိုင်းသည် မရှိမဖြစ်လိုအပ်၏။ ၎င်းတို့၏ဖြစ်တည်မှုအားလုံးတွင် တန်ဖိုးရှိ၍ မရှိမဖြစ် လိုအပ်မှုရှိ၏။ သို့ရာတွင် စာတန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤကဲ့သို့သော အတွေးအမြင်ကို နားမလည်ပေ။ ၎င်းတို့သည် တောင်များကို မြေပြန့်အဖြစ်ပြောင်းလဲရန် အချည်းနှီး စိတ်ကူးယဉ်လျက်၊ နက်ရှိုင်းသော ချောက်ကြီးများကို ဖြည့်လျက်နှင့် ကွန်ကရစ်တောကြီးမျက်မည်းများ ဖန်တီးရန် မြေပြန့်ပေါ်တွင် မိုးမျှော်တိုက်ကြီးများဆောက်လျက် ဖျက်ဆီးပြီးရင်း ဖျက်ဆီးကာ တည်ဆောက်ပြီးရင်း တည်ဆောက်ဆောက်နေကြ၏။ လူသားမျိုးနွယ်အနေဖြင့် ပျော်ရွှင်စွာနေထိုင်လျက် ပျော်ရွှင်စွာကြီးထွားဖွံ့ဖြိုးကာ ၎င်းတို့အတွက် သူပြင်ဆင်ပေးခဲ့သော အသင့်တော်ဆုံးပတ်ဝန်းကျင်၌ နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာနေထိုင်နိုင်ရန်မှာ ဘုရားသခင်၏ မျှော်လင့်ချက်ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်သည် မည်သည့်အခါမျှ အရေးမထားခဲ့ဖူးခြင်း မရှိပေ။ အပူချိန်မှ လေအထိ၊ အသံမှ အလင်းအထိ၊ ဘုရားသခင်သည် ရှုပ်ထွေးသော အစီအစဉ်များနှင့် အစီအမံများကို ပြုခဲ့၏၊ ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ ကိုယ်ခန္ဓာများနှင့် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တို့သည် သဘာဝအခြေအနေများ၏ နှောင့်ယှက်မှုတစ်စုံတစ်ရာမျှ မခံရဘဲ လူသားမျိုးနွယ်အနေဖြင့် ပုံမှန်အသက်ရှင်နေထိုင်ပြီး ပုံမှန်မျိုးပွားကာ အရာခပ်သိမ်းနှင့် သဟဇာတကျကျ အတူယှဉ်တွဲနေထိုင်နိုင်ရန်ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အပေါ် ထောက်ပံ့ပေးထား၏။

လူသားအသက်ရှင်သန်ရေးအတွက် ဤအခြေခံလိုအပ်ချက်ငါးခုကို ဘုရားသခင်ကိုယ်တွယ်ပုံမှ လူသားမျိုးနွယ်အပေါ် သူ၏ထောက်ပံ့ပေးမှုကို သင်မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) အတိအကျပြောရလျှင် ဘုရားသခင်သည် လူသားအသက်ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်ဆင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် ဤအရာများကို စီမံခန့်ခွဲနေ၍ ထိန်းချုပ်နေ၏၊ ထို့အပြင် နှစ်ထောင်ပေါင်းများစွာ လူတို့တည်ရှိနေပြီးနောက် ယခုတွင်ပင်လျှင် ဘုရားသခင်သည် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အဆက်မပြတ် ပြောင်းလဲပေးနေဆဲရှိပြီး ၎င်းတို့၏ဘဝများကို ပုံမှန်ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ လူသားမျိုးနွယ်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ထောက်ပံ့ပေးလျက်ရှိ၏။ ဤသည်ကို မည်သည့်အချိန်အခါအထိ ထိန်းသိမ်းထားမည်နည်း။ တစ်နည်းဆိုရလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်က မည်မျှကြာ ဆက်လက်ထောက်ပံ့ပေးနေမည်နည်း။ ဘုရားသခင်က သူ၏စီမံခန့်ခွဲသည့်အမှုကို လုံးလုံးလျားလျား စုံလင်စေသည့်အခါအထိ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ထိုပြောင်းလဲစေခြင်းမှာ ဤနည်းနာများအတိုင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ကွဲပြားသောနည်းနားများအားဖြင့် ဖြစ်နိုင်သည်၊ သို့ရာတွင် ယခု လူတို့ အမှန်တကယ် သိရန်လိုအပ်သည့်အရာမှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေ၍ လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲကာ လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည့်အကြောင်းကိုဖြစ်၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်ကြောင့် ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤကဲ့သို့ ပုံမှန်နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဤနည်းဖြင့် ဘုရားသခင်၏ ထောက်ပံ့ပေးမှုကြောင့် ဆက်၍ ရှေ့သို့သွားနေစဉ် အရာခပ်သိမ်းသည် ဘုရားသခင်၏အုပ်ချုပ်မှုကြောင့် ဆက်လက်တည်ရှိနေခြင်း ဖြစ်၏။

သင်တို့ကို ယခုလေးတင် ငါပြောခဲ့သည့် ဤအပိုင်းတွင် အတွေးအခေါ်သစ်များ ပါသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခုသင်တို့သိကြပြီလော။ အရာခပ်သိမ်း၏ သခင်မှာ မည်သူနည်း။ ၎င်းသည် လူသားလော။ (မဟုတ်ပါ။) သို့ဖြစ်ပါက ဘုရားသခင်နှင့် လူသားတို့၏ အရာခပ်သိမ်းကို ကိုင်တွယ်ဖြေရှင်းပုံအကြား ကွာခြားချက်မှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်၍ စီမံပြီး လူသားကမူ ထိုအရာအားလုံးကို မွေ့လျော်ခံစားပါ၏။) ထိုစကားများကို သင်တို့ သဘောတူသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်၍ အရာခပ်သိမ်းကို ထောက်ပံ့ခြင်းဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ပေးစဉ် လူသားမျိုးနွယ်က ၎င်းတို့ကို မွေ့လျော်ခံစား၏။ တစ်နည်းဆိုရလျှင် အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ အရာခပ်သိမ်းကို သူမွေ့လျော်ခံစားရသည်။ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အကျိုးဆက်များကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၍ ဘုရားသခင်ကမူ သခင်ဖြစ်ပေ၏။ သို့ဖြစ်ပါက အရာခပ်သိမ်း၏ရှုထောင့်မှနေပါက ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်အရာနည်း။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထင်ရှားစွာမြင်နိုင်ပြီး အရာခပ်သိမ်း၏ ဖွံ့ဖြိုးကြီးထွားမှုပုံစံကို ထိန်းချုပ်ကာ စိုးမိုးသည်။ အတိအကျဆိုရလျှင် အရာခပ်သိမ်းသည် ဘုရားသခင်၏ရှေ့မှောက်တွင်ရှိကြ၍ သူ၏စစ်ဆေးမှုနယ်ပယ်အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်သလော။ လူသားမြင်နိုင်သည့်အရာမှာ အနည်းအကျဉ်းသာရှိ၏၊ ၎င်းတို့၏ မျက်လုံးများအရှေ့တွင် မြင်သည့်အရာသာဖြစ်၏။ ဤတောင်ကို သင်တက်ပါက သင်မြင်သည့်အရာမှာ ဤတောင်ဖြစ်၏။ ဤတောင်၏အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ပင်လယ်ကမ်းခြေကို သွားပါက ပင်လယ်၏ ဤဘက်အခြမ်းကို သင်မြင်နိုင်၏၊ သို့သော် ပင်လယ်၏ အခြားတစ်ဘက်တွင် မည်သို့ရှိမည်ကို သင်မသိပေ။ သင်သည် ဤသစ်တောသို့ရောက်လျှင် သင့်မျက်လုံးများရှေ့နှင့် သင့်အနီးတစ်ဝိုက်ရှိ အပင်များကို သင်မြင်နိုင်၏၊ သို့သော် သာ၍ဝေးသောအရှေ့နေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူတို့သည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့မြင်သည်မှာ ၎င်းတို့၏မျက်လုံးများရှေ့၌ ရှိသည့်အရာနှင့် ၎င်းတို့၏မြင်ကွင်း တည့်တည့်အတွင်းရှိ အရာကိုသာဖြစ်သည်။ လူတို့အနေဖြင့် တစ်နှစ်တွင်ရှိသည့် လေးရာသီ၏ပုံစံနှင့် အရာခပ်သိမ်း၏ ကြီးထွားဖွံ့ဖြိုးမှုပုံစံကို သိသော်လည်း ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်ခြင်း၊ သို့မဟုတ် စိုးမိုးနိုင်ခြင်း မရှိပေ။ သို့သော်ငြားလည်း အရာခပ်သိမ်းကို ဘုရားသခင်မြင်ပုံမှာမူ သူကိုယ်တိုင်ကိုယ်ကျ တည်ဆောင်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့ဖြစ်သည်။ သူသည် အစိတ်အပိုင်းတစ်ခုစီကို အလွန်ကောင်းစွာ သိလိမ့်မည်။ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သို့ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သို့ဖြစ်သည်နှင့် ၎င်း၏ရည်ရွယ်ချက်က မည်သို့ဖြစ်သည်၊ ဤအရာအားလုံးကို ဘုရားသခင်သည် အလွယ်တကူ ရှင်းလင်းစွာသိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်နေခြင်းပင်ဖြစ်၏။ လူသားသည် သိပ္ပံပညာနှင့် အရာခပ်သိမ်းတို့၏ နိယာမများကို သုတေသနပြုပြီးရင်းပြုသော်လည်း ယင်းသည် အကန့်အသတ်ရှိသော အတိုင်းအတာအတွင်း၌သာဖြစ်၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေ၏။ လူသားအတွက်မူ ထိုအရာသည် အနန္တဖြစ်၏။ အကယ်၍ ဘုရားသခင်ပြုလုပ်ခဲ့သော အလွန်သေးငယ်သည့်အရာတစ်ခုကို လူသားက သုတေသနပြုသည်ဆိုလျှင် စစ်မှန်သည့် ရလဒ်တစ်ခုတလေမျှမရဘဲ ထိုအရာကို သုတေသနပြုရင်းဖြင့် ၎င်းတို့၏ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်၏။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန်အတွက် အသိဉာဏ်နှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်၊ သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို အသုံးပြုပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကိုကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိသည်ဟု တစ်နေ့တွင် သင်ဝန်ခံလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ဤကဲ့သို့သော အသိဉာဏ် သင်၌ရှိလေလေ ဘုရားသခင်အား အရာခပ်သိမ်း၏သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေလေဖြစ်မည်။ သင်အပါအဝင် အရာခပ်သိမ်းနှင့် အားလုံးသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကနှင့် ဤလူသားမျိုးနွယ်အကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် ထိုကဲ့သို့သော တန်ခိုးနှင့် ထိုကဲ့သို့သော အနှစ်သာရရှိနိုင်သူ မရှိကြောင်းကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤကဲ့သို့သော နားလည်မှုတစ်ရပ်ကို သင်ရရှိသည့်အခါ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်းကို သင်စစ်မှန်စွာ ဝန်ခံလိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံခဲ့ပြီး သူ့ကို သင်၏ဘုရားသခင်နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ် သင်၌ရှိပြီး သင်၏အသက်တာသည် ထိုကဲ့သို့သောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ဘုရားသခင်သည် သင့်ကို စမ်းသပ်ပြီး တရားစီရင်တော့မည်မဟုတ်ဘဲ သင့်အပေါ် သတ်မှတ်ချက်များလည်း ပြုမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို နားလည်၍ သူ၏စိတ်နှလုံးကိုသိကာ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ လက်ခံခဲ့ပြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စိုးမိုးမှုနှင့် စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ဤအကြောင်းအရာများကို ပြောဆိုရခြင်း၏ အရေးကြီးသော အကြောင်းရင်းတစ်ရပ်ဖြစ်၏။ ယင်းမှာ လူတို့အား ဉာဏ်ပညာနှင့် နားလည်မှုတို့ကို သာ၍ပေးရန်ဖြစ်သည်၊ သင့်ကို ဝန်ခံစေရုံသာ မဟုတ်ဘဲ သင့်အား လက်တွေ့ကျသည့် ဉာဏ်ပညာနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုများအပေါ် နားလည်မှုတို့ကို သာ၍ပေးရန်ဖြစ်၏။

လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးသော နေ့စဉ်အစားအသောက်

အထွေထွေပတ်ဝန်းကျင်အကြောင်း၊ တစ်နည်းအားဖြင့် လောကကို ဘုရားသခင်ဖန်ဆင်းကတည်းက လူသားမျိုးနွယ်အတွက် သူပြင်ဆင်ပေးခဲ့သည့် လူသားအသက်ရှင်နေထိုင်ရန် လိုအပ်သည့် အခြေအနေများအကြောင်းကို ငါတို့ ခုတင်ပြောခဲ့ကြပြီးဖြစ်သည်။ ငါတို့သည် အရာငါးခုအကြောင်းကို ပြောသွားခဲ့ပြီး၊ ဤအရာငါးခုသည် အထွေထွေပတ်ဝန်းကျင်ဖြစ်သည်။ နောက်ထပ် ငါတို့ပြောမည့် အကြောင်းအရာမှာ ဇာတိခန္ဓာထဲရှိ လူတိုင်း၏အသက်နှင့် နီးကပ်စွာဆက်နွှယ်နေ၏။ ယင်းသည် ဇာတိခန္ဓာထဲရှိ လူတစ်ဦး၏ဘဝနှင့် သာ၍ကိုက်ညီကာ သာ၍တစ်ပြေးညီရှိသော လိုအပ်သည့်အခြေအနေတစ်ရပ်ဖြစ်သည်။ ယင်းမှာ အစာဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး သင့်တော်သည့် ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်တွင် ထားပေးခဲ့၏။ ၎င်းနောက် လူသားသည် အစာနှင့် ရေကို လိုအပ်ခဲ့၏။ လူသား၌ ထိုကဲ့သို့သော လိုအပ်ချက်ရှိခဲ့သဖြင့် ဘုရားသခင်သည် ထိုကဲ့သို့သော ပြင်ဆင်မှုများကို လူသားအတွက် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီနှင့် သူပြုလုပ်သည့် အရာတစ်ခုစီသည် အနှစ်သာရမဲ့ စကားများမဟုတ်ဘဲ အမှန်စင်စစ် ဖော်ဆောင်ခြင်းခံရ၏။ အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိ၍မဖြစ်သော အရာတစ်ခုလော။ အစာသည် လေထက် သာ၍အရေးကြီးသလော။ ၎င်းတို့သည် တန်းတူအရေးကြီးကြ၏။ ၎င်းတို့နှစ်ခုစလုံးသည် လူသားမျိုးနွယ် အသက်ရှင်နေနိုင်ရေးနှင့် လူ့ဘဝ ဆက်လက်တည်ရှိမှုကို ထိန်းသိမ်းရေးအတွက် လိုအပ်သည့် အခြေအနေများနှင့် အရာများဖြစ်ကြသည်။ လေသည် သာ၍အရေးကြီးသလော၊ သို့မဟုတ် ရေသည် သာ၍အရေးကြီးသလော။ အပူချိန်က ပို၍အရေးကြီးသလော၊ သို့တည်းမဟုတ် အစာက ပို၍အရေးကြီးသလော။ ၎င်းတို့အားလုံး အရေးကြီးကြသည်။ လူတို့က မရွေးချယ်နိုင်ကြခြင်းမှာ ထိုအရာတစ်စုံတလေမရှိ၍ ၎င်းတို့မဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ တကယ့်ပြဿနာဖြစ်သည်၊ သင်ရွေးချယ်နိုင်သောအရာတစ်ခု မဟုတ်ပေ။ သင်မသိသော်လည်း ဘုရားသခင်သိ၏။ သင်သည် အစာတွေ့သောအခါ “အစာမရှိဘဲ ငါမနေနိုင်” ဟု ခံစားရမည်ဖြစ်သည်။ သို့ရာတွင် သင့်ကိုဖန်ဆင်းပြီးပြီးချင်း ထိုနေရာ၌ သင့်ကိုထားခဲ့ပါက သင့်အနေဖြင့် အစာကိုလိုအပ်ကြောင်း သိခဲ့လိမ့်မည်လော။ သင်သိခဲ့လိမ့်မည် မဟုတ်ပေ၊ သို့သော် ဘုရားသခင်သိ၏။ သင်သည် ဆာလောင်လာ၍ သင်စားရန်အဖို့ သစ်ပင်များအပေါ်၌ အသီးများရှိပြီး မြေကြီးပေါ်တွင် အစေ့အဆန်များ ရှိကြောင်းကို တွေ့သောအခါမှသာ အစာကိုလိုအပ်ကြောင်း သင်သိခြင်းဖြစ်သည်။ သင်ရေဆာသောအခါ သင့်ရှေ့တွင် စမ်းရေတစ်ခုကိုမြင်ပြီး ထိုရေကို သင်သောက်သောအခါမှသာ သင့်အနေဖြင့် ရေလိုအပ်ကြောင်းကို သိခြင်းဖြစ်သည်။ ရေကို ဘုရားသခင်က လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အစာနှင့်ပတ်သက်၍ သင့်အနေဖြင့် တစ်နေ့သုံးနပ်စားသည်ဖြစ်စေ၊ နှစ်နပ်စားသည်ဖြစ်စေ၊ ထိုထက်ပင်ပို၍စားသည်ဖြစ်စေ အရေးမကြီးပေ၊ အချုပ်အားဖြင့်ဆိုလျှင် အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိ၍မဖြစ်သော အရာတစ်ခုဖြစ်၏။ ယင်းသည် လူ့ကိုယ်ခန္ဓာ ပုံမှန်အသက်ရှင်သန်ကို ထိန်းသိမ်းရေးအတွက် လိုအပ်သောအရာတစ်ခုဖြစ်၏။ သို့ဖြစ်လျှင် အစာသည် အဓိကအားဖြင့် မည်သည့်နေရာမှ လာသနည်း။ ဦးစွာအနေဖြင့် ၎င်းသည် မြေကြီးမှလာ၏။ ဘုရားသခင်သည် မြေကြီးကို လူသားအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်၏။ မြေကြီးသည် သစ်ပင်များ၊ သို့မဟုတ် မြက်ပင်များအတွက်သာမဟုတ်ဘဲ အပင်အမျိုးမျိုးတို့၏ အသက်ရှင်သန်ရေးအတွက် သင့်တော်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အစေ့အဆန်အမျိုးမျိုးတို့၏ မျိုးစေ့များနှင့် အစာအမျိုးမျိုးအပြင် လူတို့စိုက်ပျိုးရန် သင့်တော်သည့် မြေဆီလွှာနှင့် မြေကြီးတို့ကို ပြင်ဆင်ပေးပြီး ဤနည်းအတိုင်း ၎င်းတို့ကို အစာပေး၏။ မည်ကဲ့သို့သော အစာအမျိုးအစားများရှိသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သင်တို့ရှင်းလင်းသင့်သည်၊ မှန်သလော။ ပထမအနေဖြင့် အစေ့အဆန်အမျိုးအစား အမျိုးမျိုးရှိ၏။ အစေ့အဆန်များတွင် မည်သည်တို့ပါသနည်း။ ဂျုံစေ့၊ လူး၊ ဆပ်၊ နှံစားပြောင်းကောက်နှံများနှင့် စပါးစသည့် အခွံပါသည့်အရာများပါ၏။ ကောက်နှံပင်များကို အမျိုးအစားများစွာလည်း ခွဲခြားထား၏။ ဘာလီ၊ ဂျုံ၊ အုတ်ဂျုံနှင့် ပန်းဂျုံအစရှိသော ကောက်နှံပင်များ တောင်ပိုင်းမှမြောက်ပိုင်းအထိ အမျိုးအစားများစွာရှိ၏။ ကွဲပြားသည့် မျိုးစိတ်များမှာ ကွဲပြားသည့်ဒေသများတွင် စိုက်ပျိုးရန် သင့်တော်၏။ စပါးအမျိုးမျိုးလည်း ရှိသေး၏။ တောင်ပိုင်း၌ ဆန်လုံးပိုရှည်ပြီး စေးကပ်လွန်းခြင်း မရှိသဖြင့် တောင်ပိုင်းသားများနှင့် သာ၍သင့်တော်သော ၎င်း၏ကိုယ်ပိုင်စပါး မျိုးကွဲများရှိ၏။ တောင်ပိုင်း၌ ရာသီဥတုပိုပူသဖြင့် ၎င်းတို့သည် အင်ဒိက (indica) ဆန်ကဲ့သို့ မျိုးကွဲများကို စားသုံးရ၏။ ထိုဆန်မျိုးကွဲမှာ စေးကပ်လွန်း၍ မရပေ၊ သို့မဟုတ်ပါက ၎င်းတို့က စားနိုင်ကြမည်မဟုတ်ဘဲ ခံတွင်းပျက်ကြပေလိမ့်မည်။ မြောက်ပိုင်းသားများ စားသည့်ဆန်မှာ ပိုစေးကပ်၏။ မြောက်ပိုင်းသည် အမြဲတမ်း ပိုအေးသဖြင့် ၎င်းတို့သည် စေးကပ်သည့်ဆန်ကို စားရ၏။ ထို့အပြင် ပဲအမျိုးမျိုးလည်းရှိ၏။ ၎င်းတို့ကို မြေပေါ်တွင် စိုက်ပျိုးကြ၏။ မြေအောက်တွင် စိုက်ပျိုးသည့် အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် အခြားအရာများစွာလည်း ရှိသေး၏။ အာလူးသည် မြောက်ပိုင်းတွင်ပေါက်၏။ မြောက်ပိုင်းမှ အာလူးများ၏အရည်အသွေးမှာ အလွန်ကောင်း၏။ လူတို့၌ စားစရာအစေ့အဆန်များ မရှိသည့်အခါ ၎င်းတို့ တစ်နေ့သုံးနပ်စားနေနိုင်ရန် အာလူးသည် ၎င်းတို့၏အစားအသောက်၌ အခြေခံစားကုန်ဖြစ်နိုင်သည်။ အာလူးသည်လည်း စားသောက်ကုန်ဖြစ်နိုင်၏။ ကန်စွန်းဥမှာ အရည်အသွေးအားဖြင့် အာလူးလောက် မကောင်းသော်လည်း ၎င်းတို့ တစ်နေ့အစာသုံးနပ်စားနေနိုင်ရန် ကန်စွန်းဥကို အခြေခံစားကုန်အဖြစ် အသုံးပြုနိုင်သေး၏။ အစေ့အဆန်များ မရနိုင်သေးသည့်အခါတွင် လူတို့သည် ၎င်းတို့၏ဝမ်းဖြည့်ရန် ကန်စွန်းဥကို အသုံးပြုနိုင်သည်။ တောင်ပိုင်းသားများ စားလေ့ရှိသည့် ပိန်းဥကိုလည်း ထိုနည်းတူပင် အသုံးပြုနိုင်ပြီး ယင်းသည်လည်း အခြေခံစားကုန်တစ်ခု ဖြစ်နိုင်သည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အစားအသောက်အတွက် လိုအပ်သည့်အရာတစ်ခုဖြစ်သော အစေ့အဆန် အမျိုးမျိုးဖြစ်၏။ လူတို့သည် အစေ့အဆန်အမျိုးမျိုးကို ခေါက်ဆွဲ၊ ပေါက်စီ၊ ထမင်းနှင့် ဆန်ခေါက်ဆွဲများပြုလုပ်ရန် အသုံးပြုကြ၏။ ဘုရားသခင်သည် ဤအစေ့အဆန်အမျိုးမျိုးကို လူသားမျိုးနွယ်အပေါ် အလျှံအပယ် ပေးသနားထား၏။ မျိုးကွဲပေါင်းမြောက်မြားစွာ အဘယ်ကြောင့် ရှိနေသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဤနေရာ၌ တွေ့နိုင်၏၊ တစ်ဘက်တွင် ယင်းမှာ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့ရှိ ကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများနှင့် သင့်တော်စေရန်ဖြစ်သည်၊ အခြားတစ်ဘက်တွင်မူ ဤအစေ့အဆန်များ၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများ အမျိုးမျိုးတို့သည် လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများနှင့် ပါဝင်ပစ္စည်းများတို့နှင့် ကိုက်ညီကြသည်။ လူတို့သည် ဤအစေ့အဆန်များကို စားခြင်းဖြင့်သာ ၎င်းတို့၏ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အာဟာရများနှင့် အစိတ်အပိုင်းအမျိုးမျိုးကို ထိန်းသိမ်းနိုင်ကြ၏။ မြောက်ပိုင်းအစာနှင့် တောင်ပိုင်းအစာတို့ ကွဲပြားကြသော်လည်း ၎င်းတို့၌ရှိသည့် တူညီချက်များမှာ ကွဲပြားချက်များထက် သာ၍များသည်။ ၎င်းအစာများသည် လူ့ခန္ဓာကိုယ်၏ သာမန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူ့ခန္ဓာကိုယ်၏ သာမန်အသက်ရှင်မှုကို ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် နေရာဒေသအမျိုးမျိုးတွင် ထုတ်လုပ်သည့် မျိုးစိတ်များ အလွန်များပြားရခြင်း အကြောင်းရင်းမှာ လူ့ခန္ဓာကိုယ်သည် ထိုကဲ့သို့သောအစာများက ထောက်ပံ့ပေးသည့်အရာကို လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ ပုံမှန်အသက်ရှင်နေထိုင်မှုကို ဆက်လက်ထိန်းသိမ်း၍ ပုံမှန်လူ့ဘဝကိုရရှိရန် မြေဆီလွှာ၌ စိုက်ပျိုးထားသော အစာအမျိုးမျိုးမှ ထောက်ပံ့ပေးသည့်အရာကို လိုအပ်ကြ၏။ အချုပ်အားဖြင့်ဆိုလျှင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အလွန်စာနာထောက်ထား၏။ လူတို့အပေါ် ဘုရားသခင်ချပေးသော အစာအမျိုးမျိုးသည် ငြီးငွေ့ဖွယ်မကောင်းပေ၊ ၎င်းတို့သည် လွန်စွာ ပြီးပြည့်စုံကြသည်။ လူတို့သည် ကောက်နှံကိုစားလိုပါက ကောက်နှံစားနိုင်၏။ အချို့သူများက ခေါက်ဆွဲစားရသည်ကို မနှစ်သက်ကြပေ၊ ထမင်းစားလိုကြ၏၊ ထိုအခါ ထမင်းစားနိုင်ကြသည်။ ဆန်လုံးရှည်၊ ဆန်လုံးတို စသည်ဖြင့် ဆန်အမျိုးအစား အမျိုးမျိုးရှိပြီး ၎င်းတို့အားလုံးသည် လူတို့၏အရသာများကို အာသာပြေစေနိုင်၏။ ထို့ကြောင့် လူတို့သည် ဤအစေ့အဆန်များကို စားပါက ၎င်းတို့သည် ၎င်းတို့၏အစာနှင့်ပတ်သက်၍ ဇီဇာမကြောင်လွန်းသရွေ့ အာဟာရချို့တဲ့မည်မဟုတ်ဘဲ အသက်အရွယ်အိုမင်းသည်အထိ ကျန်းမာစွာနေနိုင်ရန် သေချာသည်။ ယင်းမှာ လူသားမျိုးနွယ်အပေါ် အစာပေးသနားခဲ့စဉ်က ဘုရားသခင်၏စိတ်ထဲတွင်ရှိခဲ့သော မူလအကြံဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဤအရာများမရှိ၍ မရပေ၊ ၎င်းသည် လက်တွေ့အရှိတရားပင် မဟုတ်လော။ လူသားမျိုးနွယ်သည် ဤလက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း ဘုရားသခင်ကမူ ယင်းကို ပြင်ဆင်ခဲ့ပြီးဖြစ်ကာ သေချာစွာ စဉ်းစားဆင်ခြင်ခဲ့ပြီးဖြစ်၏။ လူသားအတွက် ဘုရားသခင်သည် ရှေးမဆွကတည်းက အမှုအရာများကို ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။

ဘုရားသခင်သည် လူသားမျိုးနွယ်အား ဤအရာများထက် သာ၍ပေးထား၏၊ ဟင်းသီးဟင်းရွက်များလည်း ရှိသေး၏။ သင်ထမင်းစားသည့်အခါ၊ သင်စားသမျှမှာ ထမင်းသာဖြစ်ပါက သင့်အနေဖြင့် အာဟာရချို့တဲ့နိုင်၏။ ထိုအခါ သင်သည် ထမင်းနှင့်အတူစားရန် ဟင်းပွဲငယ်တစ်ပွဲနှစ်ပွဲလောက် ကြော်လိုက်ပါက၊ သို့မဟုတ် အသုပ်တစ်ပွဲကို ရောသုပ်လိုက်ပါက ဟင်းသီးဟင်းရွက်များတွင်ရှိသည့် ဗီတာမင်များနှင့် အသက်ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော ဓာတုပစ္စည်းအမျိုးမျိုး၊ သို့မဟုတ် အခြားအာဟာရများသည် လူ့ခန္ဓာကိုယ်အတွက် လိုအပ်ချက်များကို လွန်စွာပုံမှန်ကျသောနည်းဖြင့် ထောက်ပံ့ပေးနိုင်ပေမည်။ လူတို့သည် အဓိကထမင်းနပ်များကို မစားပါက အသီးအနှံအချို့ကိုလည်း စားနိုင်သည်၊ မှန်သလော။ တစ်ခါတစ်ရံတွင် လူတို့သည် အရည်များ၊ သို့မဟုတ် အခြားအာဟာရများ၊ သို့မဟုတ် ကွဲပြားသည့် အရသာများ လိုအပ်သည့်အခါ ၎င်းတို့ကို ထောက်ပံ့ပေးရန် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်းရှိ၏။ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ရှိ မြေဆီလွှာများနှင့် ရာသီဥတုများသည် ကွဲပြားသည့်အတိုင်းပင် ၎င်းတို့တွင်လည်း ကွဲပြားသည့် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများလည်း ရှိကြ၏။ တောင်ပိုင်းရာသီဥတုသည် ပူလွန်းသဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများစုသည် လူတို့စားသည့်အခါ ၎င်းတို့၏ခန္ဓာကိုယ်၌ အပူနှင့်အအေးကို မျှစေနိုင်သော အေးစေသည့်အမျိုးအစားများဖြစ်ကြသည်။ သို့သော်လည်း မြောက်ပိုင်းတွင်မူ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံအမျိုးအစားများ ပိုနည်းပါး၏၊ သို့သော် မြောက်ပိုင်းသားတို့ မွေ့လျော်ရန် လုံလောက်သေး၏။ သို့ရာတွင် များမကြာမီနှစ်များက လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကြောင့်၊ လူမှုရေးတိုးတက်မှုများဟု ဆိုသည့်အရာများကြောင့်၊ ထို့အပြင် တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်မှုများကြောင့်၊ မြောက်ပိုင်းသားများသည်လည်း တောင်ဘက်မှ အသီးအနှံများ၊ ဒေသန္တရ အထူးထွက်ကုန်များ၊ သို့မဟုတ် ဟင်းသီးဟင်းရွက်များကိုလည်း တစ်နှစ်ပတ်လုံးပင် စားနိုင်ကြ၏။ လူတို့သည် ၎င်းတို့၏ စားချင်စိတ်များနှင့် ရုပ်ဝတ္ထုတပ်မက်မှုများကို ထိုနည်းဖြင့် ဖြည့်ဆည်းနိုင်သော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာများသည် ကွဲပြားသည့် ဘေးအန္တရာယ်အဆင့်များကို ခံရမှန်းမသိ ခံရ၏။ ယင်းမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော အစားအစာများထဲတွင် တောင်ပိုင်းသားတို့အတွက် သင့်တော်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များရှိသည့်အပြင် မြောက်ပိုင်းသားတို့အတွက် သင့်တော်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များလည်း ရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တောင်ပိုင်း၌မွေးပါက တောင်ပိုင်းမှအရာများကို စားခြင်းသည် သင့်အတွက် အလွန်သင့်တော်၏။ တောင်ပိုင်း၌ သီးခြားရာသီဥတုရှိသောကြောင့် ဘုရားသခင်က ထိုအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ထားခြင်းဖြစ်၏။ မြောက်ပိုင်း၌ မြောက်ပိုင်းသားတို့၏ ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အစားအစာရှိ၏။ သို့ရာတွင် လူတို့၌ အငမ်းမရ စားချင်သောက်ချင်စိတ်များ ရှိသောကြောင့် ၎င်းတို့သည် လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဒီရေ၏ လွှမ်းမိုးခြင်းကို ခံရမှန်းမသိခံရပြီး ထိုကဲ့သို့သော နိယာမများကို ချိုးဖောက်မှန်းမသိ ချိုးဖောက်မိနေကြ၏။ လူတို့အနေဖြင့် ၎င်းတို့၏ဘဝများသည် ယခုပိုကောင်းသည်ဟု ခံစားရသော်လည်း ထိုကဲ့သို့သော လူမှုအဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတစ်ရပ်သည် ပို၍များပြားသော လူတို့၏ကိုယ်ခန္ဓာများသို့ မြင်ရန်မလွယ်သော အန္တရာယ်တစ်ရပ်ကို ယူဆောင်လာသည်။ ယင်းမှာ ဘုရားသခင်မြင်လိုသောအရာ မဟုတ်၊ ထို့အပြင် လူသားမျိုးနွယ်ထံ အရာခပ်သိမ်းနှင့် ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ဆောင်ယူပေးခဲ့စဉ် သူမူလက ရည်ရွယ်ခဲ့သည့် အရာလည်းမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ချမှတ်ထားသော နိယာမများကို လူသားမျိုးနွယ်က ဖောက်ဖျက်ခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်ပေးသနားထားသောအရာသည် ကြွယ်ဝ၍ များပြား၏၊ နေရာတစ်ခုစီ၌ ၎င်းတို့၏ကိုယ်ပိုင် ဒေသန္တရအထူးထွက်ကုန်များ ရှိ၏။ ဥပမာ အချို့အရပ်များသည် (ဂျူဂျူဘီဟု လူအများသိကြသည့်) စွံပလွန်သီးအနီများ ပေါကြွယ်ပြီး အခြားအရပ်များသည် သစ်ကြားသီး၊ မြေပဲ၊ သို့မဟုတ် အခြားအခွံမာသီးအမျိုးမျိုး ပေါကြွယ်၏။ ဤရုပ်ဝတ္ထုပစ္စည်းများအားလုံးက လူ့ခန္ဓာကိုယ်လိုအပ်သည့် အာဟာရများကို ထောက်ပံ့ပေးသည်။ သို့သော် ဘုရားသခင်သည် ရာသီနှင့် အချိန်အခါအလိုက် လူသားမျိုးနွယ်ကို အမှုအရာများ ထောက်ပံ့ပေးပြီး သင့်တော်သည့်ပမာဏကို သင့်တော်သည့်အချိန်၌လည်း ချပေး၏။ လူသားမျိုးနွယ်သည် ကိုယ်ခန္ဓာပျော်ပါးမှုကို တပ်မက်ကာ အငမ်းမရဖြစ်ကြသဖြင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့ချိန်က လူကြီးထွားမှု ပုံမှန်နိယာမများကို ချိုးဖောက်၍ ထိခိုက်ပျက်စီးစေရန် လွယ်ကူ၏။ ဥပမာတစ်ရပ်အနေဖြင့် ချယ်ရီသီးများကို ကြည့်ကြစို့၊ ၎င်းတို့အကြောင်း လူတိုင်းသိကြသည်၊ ဟုတ်သလော။ ၎င်းတို့သည် ဇွန်လတွင် ရင့်မှည့်ကြသည်။ ပုံမှန်အခြေအနေများတွင် သြဂုတ်လ၌ ၎င်းတို့ကုန်သွားကြမည်ဖြစ်သည်။ ချယ်ရီသီးများသည် နှစ်လသာ လတ်ဆတ်၏၊ သို့သော် သိပ္ပံနည်းကျ နည်းလမ်းများအားဖြင့် လူတို့သည် ယခုအခါ ၎င်းကို ၁၂ လအထိ တိုးနိုင်ပြီး နောက်နှစ် ချယ်ရီရာသီအထိပင် တိုးနိုင်၏။ ယင်းက ချယ်ရီသီးများ တစ်နှစ်ပတ်လုံး ရှိသည်ဟု ဆိုလိုသည်။ ဤဖြစ်ရပ်မှာ မူမှန်သလော။ (မူမမှန်ပါ။) သို့ဖြစ်လျှင် ချယ်ရီသီးများကို စားသုံးရန် အကောင်းဆုံးရာသီသည် မည်သည့်အချိန်ဖြစ်သနည်း။ ဇွန်လမှ သြဂုတ်လအထိ ကာလဖြစ်၏။ ဤကန့်သတ်ချက်ထက် ကျော်လွန်လျှင် ၎င်းတို့ကို သင်မည်မျှပင် လတ်ဆတ်စွာ ထားစေကာမူ အရသာတူမည် မဟုတ်ပေ၊ လူ့ခန္ဓာကိုယ်မှ လိုအပ်သည့်အရာလည်း မဟုတ်ပေ။ ၎င်း၏သက်တမ်းကုန်သည့်ရက်စွဲ ကျော်လွန်သည်နှင့် သင့်အနေဖြင့် မည်သည့်ဓာတုပစ္စည်းများကို အသုံးပြုသည်ဖြစ်စေ သဘာဝအတိုင်း သင်စိုက်ပျိုးသည့်အခါရသည့် ၎င်း၏အနေအထားကို ရနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဓာတုပစ္စည်းများက လူတို့အပေါ် ကျရောက်စေသည့် ထိခိုက်မှုသည် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖယ်ရှားရန်၊ သို့မဟုတ် ပြောင်းလဲရန် တစ်စုံတစ်ရာလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် လက်ရှိဈေးကွက်စီးပွားရေးသည် လူတို့အတွက် မည်သည့်အရာ ဖြစ်ပေါ်စေသနည်း။ လူတို့၏ဘဝများ ပိုကောင်းလာပုံရသည်၊ အရပ်ရပ်သို့ သယ်ယူပို့ဆောင်ရေးသည် အမှန်တကယ်ပင် အဆင်ပြေလာခဲ့ပြီး လူတို့သည် တစ်နှစ်လေးရာသီ မည်သည့်အချိန်မဆို အသီးအနှံအမျိုးမျိုးကို စားနိုင်ကြ၏။ မြောက်ပိုင်းသားတို့သည် ငှက်ပျောသီးများနှင့် မည်သည့်အစားအစာမဆို၊ တောင်ပိုင်းမှ ဒေသန္တရအထူးထွက်ကုန်များ၊ သို့မဟုတ် သစ်သီးဝလံများကို စားနိုင်လေ့ရှိကြသည်။ သို့ရာတွင် ယင်းမှာ လူသားမျိုးနွယ်အား ဘုရားသခင်ပေးလိုသည့် ဘဝမဟုတ်ပေ။ ဤကဲ့သို့သော ဈေးကွက်စီးပွားရေးမျိုးသည် လူတို့၏ဘဝများကို အကျိုးကျေးဇူးအချို့ ဖြစ်စေသော်လည်း အန္တရာယ်အချို့လည်း ပြုနိုင်ပေသည်။ ဈေးထဲ၌ အလျှံအပယ်ပေါများမှုကြောင့် များစွာသောလူတို့သည် မည်သည့်အရာကိုမဆို စားကြ၏၊ မစဉ်းစားမဆင်ခြင်ဘဲ စားကြ၏။ ဤသည်က သဘာဝနိယာမများကို ချိုးဖောက်ပြီး ၎င်းတို့၏ကျန်းမာရေးကို ထိခိုက်၏။ ထို့ကြောင့် ဈေးကွက်စီးပွားရေးသည် လူတို့ကို စစ်မှန်သော ပျော်ရွှင်မှု မပေးနိုင်ပေ။ သင်နားလည်သည်၊ ဟုတ်သလော။ ကြည့်ပါ။ ဈေးထဲ၌ စပျစ်သီးများကို လေးရာသီစလုံး ရောင်းသည်မဟုတ်လော။ အကယ်စင်စစ် စပျစ်သီးများသည် ခူးဆွတ်ပြီးနောက် အချိန်ခဏလေးသာ လတ်ဆတ်နေ၏။ နောက်ဇွန်လအထိ ထားပါက ၎င်းတို့ကို စပျစ်သီးဟုခေါ်၍ ရသေးသလော။ အမှိုက်ဟု ခေါ်နိုင်သလော။ ၎င်းတို့၌ စပျစ်သီးတို့၏ နဂိုမူလပေါင်းစပ်ဖွဲ့စည်းပုံ မရှိတော့သည်သာမက ၎င်းတို့အပေါ်၌ ဓာတုပစ္စည်းများလည်း ပို၍ရှိနေပေသည်။ တစ်နှစ်ကြာပြီးနောက် ၎င်းတို့သည် မလတ်ဆတ်ရုံသာမက ၎င်းတို့၏ အာဟာရဓာတ်များသည်လည်း ကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်ပေသည်။ လူတို့သည် စပျစ်သီးစားသောအခါ- “ပျော်လိုက်လေခြင်း။ လွန်ခဲ့သည့်အနှစ် ၃၀ က ဤရာသီမှာ စပျစ်သီးစား၍ ရနိုင်ခဲ့ပါ့မည်လော။ စားချင်၍ပင် စား၍မရ။ ယခု အင်မတန်ကောင်းလိုက်သည့်ဘဝ” ဟု ခံစားရ၏။ ယင်းမှာ အကယ်ပင် ပျော်ရွှင်မှုလော။ သင်စိတ်ဝင်စားပါက ဓာတုပစ္စည်းများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့် စပျစ်သီးများကို သွားလေ့လာပြီး ၎င်းတို့၏ ပေါင်းစပ်ဖွဲ့စည်းပုံမှာ မည်သည့်အရာဖြစ်သည်ကို သွားကြည့်နိုင်ကာ ဤပေါင်းစပ်ဖွဲ့စည်းပုံသည် လူတို့ကို အကျိုးကျေးဇူးတစ်စုံတစ်ရာ ပေးနိုင်ခြင်းရှိမရှိကို သွားကြည့်နိုင်၏။ ပညတ်တော်ခေတ်၌ အဲဂုတ္တုပြည်မှ ထွက်ခွာပြီးနောက် ဣသရေလအမျိုးတို့ ခရီးသွားစဉ်က ဘုရားသခင်သည် ၎င်းတို့အား ငုံးငှက်နှင့် မန္နမုန့်တို့ကို ပေးခဲ့၏။ ဘုရားသခင်သည် ၎င်းတို့အား ထိုအရာများကို တာရှည်ခံအောင် လုပ်ခွင့်ပေးခဲ့သလော။ အချို့သူများက သဘောထားကျဉ်းမြောင်း၍ နောက်နေ့၌ နောက်ထပ်မရှိတော့မည်ကို စိုးရိမ်ကြသဖြင့် နောင်တွင် လိုအပ်ခဲ့သော် ရှိရန်အတွက် အချို့ကို သိမ်းထားခဲ့ကြ၏။ ထို့နောက် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ နောက်တစ်နေ့ရောက်သော် ယင်းသည် ပုပ်သွားလေ၏။ ဘုရားသခင်သည် ၎င်းတို့အား အရန်အဖြစ် ထားခွင့်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ငတ်မွတ်ခြင်းမရှိကြောင်း သေချာစေရန် ဘုရားသခင်သည် ပြင်ဆင်မှုအချို့ကို ပြုလုပ်ခဲ့ပြီးဖြစ်၍ဖြစ်သည်။ လူသားမျိုးနွယ်၌ ထိုစိတ်ချယုံကြည်မှု မရှိပေ၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် အစဉ်ပင် နောင်အတွက် အချို့ဖယ်ထားကြပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သည့်အရာ နောက်ကွယ်မှ ဂရုစိုက်မှုနှင့် စဉ်းစားဆင်ခြင်မှုကို မည်သည့်အခါမျှ မြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အစဉ်ပင် ယင်းကို ခံစားနိုင်ခြင်း လုံးဝမရှိပေ၊ အစဉ်ပင် ဘုရားသခင်ကို အယုံအကြည်ကင်းမဲ့ကာ အစဉ်ပင် “ဘုရားသခင်၏ လုပ်ဆောင်မှုများသည် စိတ်မချရပေ။ လူသားမျိုးနွယ်ကို ဘုရားသခင်က ထိုအရာပေးလိမ့်မည်၊ မပေးလိမ့်မည်၊ သို့မဟုတ် မည်သည့်အခါ ပေးမည်ကို မည်သူသိမည်နည်း။ ငါအလွန်ဆာလောင်သည့်အခါ ဘုရားသခင်က မပေးလျှင် ငါသည် ငတ်လိမ့်မည် မဟုတ်လော။ အာဟာရချို့တဲ့မည်မဟုတ်လော” ဟု စဉ်းစားကြသည်။ လူသား၏ စိတ်ချယုံကြည်မှု မည်မျှသေးနုပ်သည်ကို မြင်လော့။

အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးအမျိုးမျိုးတို့မှာ သက်သတ်လွတ်အစားအစာ အမျိုးအစားအားလုံး ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများဖြစ်ကြသော်လည်း ၎င်းတို့တွင် လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်သည့် အာဟာရဓာတ်များရှိ၏။ သို့ရာတွင် ဘုရားသခင်က “ယင်းတို့ကို လူသားမျိုးနွယ်အား ပေးခြင်းသည် လုံလောက်၏။ လူသားမျိုးနွယ်သည် ဤအရာများကိုသာ စား၍ရသည်” ဟုမပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌မရပ်ဘဲ ယင်းသို့ရပ်မည့်အစား လူသားမျိုးနွယ်အတွက် သာ၍အရသာရှိသော အရာများကို ပြင်ဆင်ပေးခဲ့၏။ ဤအရာများမှာ မည်သည်တို့နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ လူသားအတွက် ဘုရားသခင်ပြင်ဆင်ထားသော အသားငါးအမျိုးအစားများစွာရှိ၏။ ငါးအားလုံး ရေထဲ၌နေကြ၏၊ ၎င်းတို့အသား၏ ထိတွေ့ခံစားရသည့် အနေအထားသည် မြေကြီးပေါ်တွင်မွေးမြူသော အသားနှင့်ကွာခြားကာ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါး၏ ဂုဏ်သတ္တိများသည်လည်း လူ့ခန္ဓာကိုယ်များ၏ အပူနှင့်အအေးကို ညှိပေးနိုင်သဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန်အကျိုးရှိကြ၏။ သို့ရာတွင် အရသာကောင်းသောအရာကို လွန်ကဲစွာ မွေ့လျော်၍မရပေ။ ယင်းမှာ လူတို့သည် ဤအရာများကို အချိန်ရာသီနှင့်အညီ ပုံမှန်ကျကျနှင့် သင့်တော်စွာ ခံစားနိုင်ရေးအတွက် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သောပမာဏကို လူသားမျိုးနွယ်အား ပေးသနား၏ဟူသော တူညီသည့်ဆိုရိုးပင်ဖြစ်နေသေး၏။ ခြံမွေးကြက်ငှက်များတွင် မည်သည်တို့ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ပါဝင်သည်။ လူအများအပြားသည် ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားအမျိုးအစားများကို ပြင်ဆင်ခဲ့သော်လည်း ဘုရားသခင်၌ သူ၏ရွေးချယ်ခြင်း ခံရသူများအတွက် သတ်မှတ်ချက်အချို့ရှိပြီး ၎င်းကိုပညတ်တော်ခေတ်တွင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထား၏။ ဤအတိုင်းအတာကို တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်ပိုင်နားလည်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့်အာဟာရဓာတ်များပေးပြီး ၎င်းတို့က ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်၏၊ သွေးကို ကြွယ်ဝစေနိုင်ပြီး ကြွက်သားများနှင့် အရိုးများကို သန်မာစေလျက် အင်အားပိုမိုပေးနိုင်၏။ ၎င်းတို့ကို ချက်စားရန်အတွက် လူတို့အနေဖြင့် မည်သည့်နည်းနာများကို အသုံးပြုသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် ဤအရာတို့သည် တစ်ဘက်တွင် လူတို့၏အနံ့အရသာများနှင့် စားချင်စိတ်ကို ပိုမိုကောင်းမွန်စေပြီး အခြားတစ်ဘက်တွင် ၎င်းတို့၏ဝမ်းများကို ဖြည့်ဆည်းပေး၏။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် လူ့ခန္ဓာကိုယ်ကို နေ့စဉ်အာဟာရလိုချက်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ယင်းတို့မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က အစားအစာပြင်ဆင်ပေးသည့်အခါ သူထည့်သွင်းစဉ်းစားခဲ့သည့် အရာများဖြစ်သည်။ သက်သတ်လွတ်အစာများအပြင် အသားများလည်းရှိ၏၊ ယင်းသည် ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင်ပြင်ဆင်ခဲ့စဉ်က ဘုရားသခင်၏ မူလရည်ရွယ်ချက်များကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားတို့အနေဖြင့် ၎င်းရုပ်ဝတ္ထုအစားအစာများကို အလိုကြီးစွာ မွေ့လျော်ခံစားစေရန်လော။ လူသားတို့သည် ဤရုပ်ဝတ္ထုကျေနပ်မှုတွင် မိမိတို့ကိုယ်ကို အလိုလိုက်ပါက မည်သို့ဖြစ်မည်နည်း။ ၎င်းတို့သည် အာဟာရပိုလွန်းသွားမည် မဟုတ်လော။ အာဟာရပိုလွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို ဖျားနာမှုအမျိုးမျိုး ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဘုရားသခင်သည် သင့်တော်သောအချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေး၍ လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေခြင်းဖြစ်၏။ ဥပမာ အလွန်ပူပြင်းသော နွေရာသီကို ကျော်ဖြတ်ပြီးနောက် လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာအတွင်း အပူဓာတ်အတော်များများ၊ ရောဂါဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုအတော်များများကို စုဆောင်းမိလာကြပေမည်။ ဆောင်းဦးရာသီရောက်သည့်အခါ အသီးအနှံအမျိုးအစားများစွာ ရင့်မှည့်လာကြမည်ဖြစ်ပြီး လူတို့သည် အသီးအချို့ကို စားကြသောအခါ ၎င်းတို့၏ စိုထိုင်းမှုက ဖယ်ရှားခံရလိမ့်မည်။ တစ်ချိန်တည်းမှာပင် ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည် သန်မြန်သွားခဲ့မည်ဖြစ်သဖြင့် လူတို့သည် အာဟာရဓာတ်အဖြစ် အသားအချို့စားသင့်ပေသည်။ အသားအမျိုးမျိုးကို စားပြီးနောက်တွင် လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ခံနိုင်ရေးအတွက် အထောက်အကူပြုရန် စွမ်းအင်ရှိကြလိမ့်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်ကြမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် မည်သည့်အချိန်တွင် မည်သည့်အရာများကို ပြင်ဆင်ပြီး မည်သည့်အချိန်တွင် မည်သည့်အရာများကို ကြီးထွားစေ၍ အသီးသီးစေကာ ရင့်မှည့်စေရမည်ဟူသည့် ဤအရာအားလုံးကို ဘုရားသခင်က အလွန်ချင့်ချင့်ချိန်ချိန်ဖြင့် ကြီးကြပ်ကွပ်ကဲ၍ ထိန်းချုပ်ထားသည်။ ယင်းအကြောင်းအရာသည် “လူသား၏နေ့စဉ်နေထိုင်မှုအတွက် လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” အကြောင်းဖြစ်၏။ အစားအစာအမျိုးမျိုးအပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်နှင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက် လူတို့သည် ရေအနည်းငယ်သောက်ရ၏။ သစ်သီးဝလံကိုစားရုံနှင့် လုံလောက်သလော။ လူတို့သည် သစ်သီးဝလံသာစားခြင်းကို သည်းခံနိုင်မည်မဟုတ်ပေ၊ ထို့အပြင် အချို့ရာသီများတွင် သစ်သီးဝလံမရှိပေ။ ထိုသို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ရေကန်များ၊ မြစ်များနှင့် စမ်းများအပါအဝင် ရေအရင်းအမြစ်များစွာကို မြေပေါ်မြေအောက်၌ ဘုရားသခင်ပြင်ဆင်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ဤရေအရင်းအမြစ်များကို မည်သည့်ညစ်ညမ်းမှုမျှမရှိသော၊ သို့တည်းမဟုတ် လူသား၏စီမံပြုပြင်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းမရှိသော အခြေအနေများတွင် သောက်နိုင်ကြ၏။ တစ်နည်းဆိုရလျှင် လူသားမျိုးနွယ်၏ ရုပ်ခန္ဓာများဆိုင်ရာ အသက်တာများအတွက် အစာအရင်းအမြစ်များနှင့်ပတ်သက်၍ ဘုရားသခင်သည် အလွန်တိကျမှန်ကန်ကာ အလွန်သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏၊ ထိုသို့အားဖြင့် လူတို့၏ဘဝအသက်တာများသည် ကြွယ်ဝများပြား၍ မည်သည့်အရာ တစ်စုံတစ်ရာမျှ ချို့တဲ့နေခြင်း မရှိစေရန်ဖြစ်သည်။ ဤသည်မှာ လူတို့အနေဖြင့် ခံစားနိုင်၍ မြင်နိုင်သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းအကြား လူတို့၌ ဒဏ်ရာအနာတရများကို ပြုစုရန်၊ သို့မဟုတ် ဖျားနာမှုများကို ကုသရန် အထူးအသုံးဝင်သည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် မြက်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာ သင်သည် မီးပူလောင်ပါက၊ သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့ပြုလုပ်သနည်း။သင့်အနေဖြင့် ယင်းကို ရေနှင့်လောင်းချ၍ ရသလော။ တစ်နေရာရာ၌ အဝတ်စတစ်စရှာပြီး ယင်းကို ပတ်ထားလိုက်၍ ရနိုင်သလော။ ဤနည်းဖြင့် ပြည်တည်ခြင်း၊ သို့မဟုတ် ရောဂါပိုးမွှားဝင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဥပမာ သင်၌အဖျားရှိလျှင်၊ အအေးမိလျှင်၊ ကာယအလုပ်ကြောင့် ထိခိုက်မှုဖြစ်လျှင်၊ အစားမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့တည်းမဟုတ် အသက်ရှင်နေထိုင်မှု အလေ့အကျင့်များ၊ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါရောဂါများကဲ့သို့ ရောဂါအချို့ ဖြစ်ပေါ်လျှင် ၎င်းတို့အားလုံးကို ပျောက်ကင်းစေရန် လိုက်လျောညီထွေသည့် အပင်များရှိ၏။ သွေးတန့်မှုကို ဖယ်ရှားရန်၊ နာကျင်မှု သက်သာစေရန်၊ သွေးတိတ်စေရန်၊ မေ့ဆေးထုံဆေးပေးရန်၊ ပုံမှန်အသားအရေ ပြန်လည်ရရှိရေး အထောက်အကူပြုရန်၊ ကိုယ်ခန္ဓာအတွင်း သွေးနှေးခြင်းကို ဖယ်ရှားရန်နှင့် ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားရန် အပင်များရှိ၏။ တိုတိုပြောရလျှင် ၎င်းတို့အားလုံးကို နေ့စဉ်အသက်တာတွင် အသုံးပြုနိုင်၏။ ၎င်းတို့သည် လူတို့အတွက် အသုံးဝင်၍ လူတို့၏ကိုယ်ခန္ဓာ လိုအပ်သည့်အခါအတွက် ဘုရားသခင်က ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့ကို ဘုရားသခင်က လူသားအား မတော်တဆတွေ့ရှိစေခဲ့ပြီး အခြားအရာများကိုမူ အထူးသဘာဝဖြစ်စဉ်အချို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်က ပြင်ဆင်ထားသော လူအချို့မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီးနောက်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကာ ယင်းနောက် လူများစွာတို့က ၎င်းတို့အကြောင်း သိခဲ့ကြလိမ့်မည်။ ဤနည်းဖြင့် ဤအပင်များကို ဘုရားသခင်၏ဖန်ဆင်းခြင်း၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိပေ၏။ အတိုချုပ်အားဖြင့် ဤအရာများအားလုံးသည် ဘုရားသခင်ထံမှဖြစ်ပြီး လူသားမျိုးနွယ်အတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့စဉ်က ပြင်ဆင်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်၏။ ဤအရာအားလုံးမှာ အလွန်လိုအပ်ပေသည်။ ဘုရားသခင်၏ စဉ်းစားဆင်ခြင်မှုသည် လူသား၏ စဉ်းစားဆင်ခြင်မှုထက် သာ၍ကောင်းမွန်စွာ ချင့်ချင့်ချိန်ချိန်ရှိခဲ့သလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ သင်သည် ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို ခံစားနိုင်သလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့၏။ လူသားသည် ဤလောကသို့ မလာခဲ့သေးမီက၊ ဤလူသားမျိုးနွယ်နှင့် မထိတွေ့သေးမီက ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့ပြီးဖြစ်၏။ သူပြုလုပ်ခဲ့သမျှသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး ၎င်းတို့ အသက်ရှင်နေထိုင်မှုအတွက်ဖြစ်ကာ လူသားမျိုးနွယ်၏ဖြစ်တည်မှုကို စာနာထောက်ထားမှုသောအားဖြင့်ဖြစ်၏၊ ထိုသို့အားဖြင့် လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင်ထားသော ကြွယ်ဝ၍များပြားသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ၊ သို့မဟုတ် အဝတ်အစားအကြောင်း စိုးရိမ်စရာမလိုဘဲ၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲနှင့် ပျော်ရွှင်စွာနေထိုင်နိုင်ရန်ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်၌ ဆက်လက်၍ မျိုးပွားကာ အသက်ရှင်နေထိုင်ကြ၏။

ဘုရားသခင်ပြုလုပ်သည့်အရာများတွင် ကြီးသည်၊ ငယ်သည် ပဓာနမထားဘဲ တန်ဖိုးမရှိသော၊ သို့မဟုတ် အဓိပ္ပာယ်မရှိသောအရာ တစ်စုံတစ်ခုရှိသလော။ သူပြုလုပ်သမျှ၌ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိ၏။ ယင်းကို လူတို့ပြောလေ့ရှိသည့် မေးခွန်းတစ်ခုမှ ဆွေးနွေးကြစို့။ လူအများအပြားက မည်သည့်အရာ အရင်လာသနည်း၊ ကြက်လော၊ ကြက်ဥလောဟု အစဉ်မေးကြ၏။ (ကြက်ဖြစ်ပါသည်။) ဤသည်ကို မည်သို့ဖြေသနည်း။ ကြက်အရင်လာသည်မှာ သေချာ၏။ အဘယ်ကြောင့် ကြက်အရင်လာသနည်း။ အဘယ်ကြောင့် ကြက်ဥအရင်လာ၍ မရနိုင်သနည်း။ ကြက်သည် ကြက်ဥမှ ပေါက်သည်မဟုတ်လော။ ကြက်ဥများမှ ကြက်များပေါက်ပြီး ကြက်များသည် ကြက်ဥများကို ဝပ်သည်။ ကြက်ဥကို ၂၁ ရက်ကြာ ဝပ်ပြီးနောက် ကြက်ပေါက်၏။ ထို့နောက် ယင်းကြက်သည် ကြက်ဥများဥပြီး ထိုကြက်ဥများမှ ကြက်များ ပေါက်ပြန်၏။ ယင်းသို့ဆိုလျှင် ကြက်အရင်လာသလော၊ ကြက်ဥအရင်လာသလော။ သင်တို့သည် “ကြက်” ဟု တပ်အပ်သေချာဖြေကြ၏။ အဘယ်ကြောင့်နည်း။ (သမ္မာကျမ်းစာ၌ ဘုရားသခင်သည် ငှက်များနှင့် သားရဲများကို ဖန်ဆင်းခဲ့သည်ဟု ဆိုထားပါသည်။) ယင်းမှာ သမ္မာကျမ်းစာကို အခြေခံထားခြင်းဖြစ်သည်။ သင်တို့၌ ဘုရားသခင်၏လုပ်ဆောင်မှုများကို အမှန်တကယ်သိခြင်းရှိမရှိသိရန် သင်တို့ကိုယ်တိုင်၏ အသိပညာအကြောင်း ငါသင်တို့ကို ဆွေးနွေးစေလို၏။ သင်တို့၏အဖြေနှင့်ပတ်သက်၍ သင်တို့သေချာသလော၊ မသေချာသလော။ (ဘုရားသခင်သည် ကြက်ကို ဖန်ဆင်းခဲ့ပါသည်၊ ထို့နောက် ထိုကြက်အား ဥများဝပ်ရန်နှင့် အသက် ဆက်လက်ဖြစ်ပေါ်စေနိုင်သည့်အစွမ်းဖြစ်သည့် အသက်ကို မျိုးပွားနိုင်စွမ်းကို ပေးခဲ့၏။) ဤရှင်းပြချက်သည် အကြမ်းအားဖြင့် မှန်၏။ အခြားညီအစ်ကိုမောင်နှမများ၌ ထင်မြင်ယူဆချက်တစ်ရပ် ရှိသလော။ လွတ်လပ်စွာ ပြောဆိုလော့။ ဤအရပ်သည် ဘုရားသခင်၏အိမ်တော်ဖြစ်၏။ အသင်းတော်ဖြစ်သည်။ သင်တို့၌ ပြောစရာ တစ်စုံတစ်ရာရှိလျှင် ပြောလော့။ (ဤသို့ ကျွန်ုပ်ထင်ပါသည်၊ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ထို့အပြင် သူဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းသည် ကောင်းမွန်၍ စုံလင်ပါ၏။ ကြက်သည် ဇီဝကိုအခြေခံသော သတ္တဝါတစ်ကောင်ဖြစ်ပြီး သားပေါက်ခြင်းနှင့် ကြက်ဥများဝပ်ခြင်းဟူသည့် တာဝန်ရှိ၏။ ယင်းသည် စုံလင်ပါ၏။ ထို့ကြောင့် ကြက်အရင်လာပြီးနောက် ကြက်ဥလာပါသည်။ ယင်းမှာ ရှေ့နောက်အစဉ်ဖြစ်ပါသည်။) ကြက်အရင်လာသည်။ ဤသည်မှာ သေချာ၏။ ယင်းသည် အလွန်လေးနက်သော နက်နဲသည့်အရာတစ်ခု မဟုတ်သော်လည်း လောကလူတို့သည် ယင်းအား အလွန်လေးနက်သည်ဟု မြင်၍ ၎င်းတို့၏ တွေးခေါ်မြော်မြင်မှုအတွက် ဒဿနကို အသုံးပြုကြ၏။ အဆုံး၌ ၎င်းတို့တွင် ကောက်ချက်တစ်ရပ် မရှိသေးပေ။ ဤသည်မှာ ကြက်သည် ဘုရားသခင်၏ဖန်ဆင်းခြင်းခံရသည်ကို လူတို့မသိသကဲ့သို့ဖြစ်၏။ လူတို့သည် ဤအခြေခံသဘောတရားကိုလည်း မသိ၊ ကြက်ဥအရင်လာသင့်သည်၊ သို့မဟုတ် ကြက်အရင်လာသင့်သည်ကိုလည်း မရှင်းပေ။ ၎င်းတို့သည် မည်သည့်အရာ အရင်လာသင့်သည်ကို မသိသောကြောင့် အစဉ်ပင် အဖြေရှာမရနိုင်ဖြစ်ကြ၏။ ကြက်အရင်လာခဲ့သည်မှာ အလွန်ပင် ပုံမှန်ကျသည်။ ကြက်မလာမီ ကြက်ဥအရင်လာပါက ယင်းသည် ပုံမှန်မဟုတ်ဘဲ ဖြစ်လိမ့်မည်။ ကြက်သည် သေချာပေါက်ပင် အရင်လာ၏။ ယင်းသည် အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်။ သင့်အနေဖြင့် အလွန်နှံ့စပ်ရန်မလိုပေ။ ဤအရာအားလုံးကို ဘုရားသခင်ဖန်ဆင်းခဲ့၏။ သူ၏ကနဦးရည်ရွယ်ချက်မှာ ယင်းကို လူသားက မွေ့လျော်ရန်ဖြစ်၏။ ကြက်ရှိလျှင်ရှိချင်း ကြက်ဥက အလိုအလျောက်လာ၏။ ယင်းမှာ သိသာသည်မဟုတ်လော။ ကြက်ဥကို အရင်ဖန်ဆင်းခဲ့ပါက ယင်းကိုဝပ်ရန် ကြက်ကို လိုဦးမည်ဖြစ်သည်။ ကြက်ကို တိုက်ရိုက်ဖန်ဆင်းခြင်းက အလွန့်အလွန်လွယ်ကူ၏။ ကြက်သည် ဥဥနိုင်ပြီး ကြက်ပေါက်ကလေးများကိုလည်း ဝပ်နိုင်ကာ၊ လူသားသည်လည်း ကြက်ကိုစားနိုင်၏။ ယင်းသည် အလွန်ပင် အဆင်ပြေသည် မဟုတ်လော။ အမှုအရာများကို ဘုရားသခင်ပြုလုပ်သည့်နည်းလမ်းသည် လိုရင်းတိုရှင်းကျ၍ ဝန်မကျယ်ပေ။ ကြက်ဥသည် မည်သည့်နေရာမှ လာသနည်း။ ကြက်မှလာ၏။ ကြက်မရှိဘဲ ကြက်ဥမရှိပေ။ ဘုရားသခင်ဖန်ဆင်းခဲ့သည်မှာ အသက်ရှိသောအရာတစ်ခုဖြစ်၏။ လူသားမျိုးနွယ်သည် ကတ်သီးကတ်သတ်နိုင်၍ ရယ်ဖွယ်ဖြစ်၏၊ ဤရိုးရှင်းသောအရာများအတွင်း အစဉ်ပင် ရစ်ပတ်ရှုပ်ထွေးနေကာ အဆုံး၌ ရယ်ဖွယ်ကောင်းသော မှားယွင်းသည့်အထင်အမြင်များ တစ်ပုံတစ်ခေါင်းပင် စိတ်ကူးရကြ၏။ အလွန်ကလေးဆန်လေသည်တကား။ ကြက်ဥနှင့် ကြက်တို့အကြား ဆက်နွှယ်မှုသည် ရှင်း၏- ကြက်အရင်လာသည်။ ယင်းမှာ အမှန်ကန်ဆုံး ရှင်းပြချက်ဖြစ်ပြီး ယင်းကိုနားလည်ရန် အမှန်ကန်ဆုံးနည်းလမ်းနှင့် အမှန်ကန်ဆုံး အဖြေဖြစ်၏။ ဤသည်မှာ မှန်၏။

မည်သည့်အရာအကြောင်း ငါတို့ယခုလေးတင်ပြောခဲ့ကြသနည်း။ လူသား၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်နှင့် ဤပတ်ဝန်းကျင်အတွက် ဘုရားသခင်ပြုလုပ်၊ ပြင်ဆင်၍ ကိုင်တွယ်ဖြေရှင်းခဲ့သော အရာအပြင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော အရာခပ်သိမ်းအကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်အပေါ် အရာခပ်သိမ်းမှ အန္တရာယ်ဖြစ်စေမှုကိုကာကွယ်ရန် ဤဆက်နွှယ်မှုများကို ဘုရားသခင်ကိုင်တွယ်ပုံအကြောင်း အစပိုင်းတွင် ငါတို့ပြောခဲ့ကြ၏။ ဘုရားသခင်သည် အရာခပ်သိမ်းကြောင့် ဖြစ်ပေါ်သည့် သဘာဝအင်အားစုများကြောင့် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကိုလည်း ဖြေရှင်းခဲ့ကာ အရာခပ်သိမ်း၏အသုံးဝင်မှုကို အမြင့်မားဆုံးဖြစ်စေလျက်၊ လူသားမျိုးနွယ်ထံ ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်နှင့် အကျိုးရှိစေသည့် သဘာဝအင်အားစုများ ယူဆောင်လာ၍ လူသားမျိုးနွယ်အား ထိုကဲ့သို့သော ပတ်ဝန်းကျင်တစ်ရပ်နှင့် လိုက်လျောညီထွေရှိအောင် ပြုပေးပြီး မျိုးပွားခြင်းနှင့် ဘဝအသက်တာသံသရာကို ပုံမှန်ဆက်လက်ဖြစ်စေသည်။ နောက်တစ်ခုမှာ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ နေ့စဉ်အစားအသောက်အကြောင်းဖြစ်သည်။ ယင်းသည်လည်း လူသားမျိုးနွယ် ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့ခန္ဓာကိုယ်သည် အသက်ရှူနေရုံမျှဖြင့် မရှင်သန်နိုင်ပေ၊ နေရောင်ခြည်၊ သို့မဟုတ် လေဖြင့်သာ၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုပေသည်။ ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်အရာများကိုလည်း ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုံးလုံးလျားလျား ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်၊ ယင်းသည် လူသားမျိုးနွယ်၏အစာအတွက် အရင်းအမြစ်ဖြစ်သည်။ ကြွယ်ဝ၍ များပြားသော လူသားမျိုးနွယ်၏ အစားအသောက်၏အရင်းအမြစ်များဖြစ်သည့် ဤခြံထွက်ပစ္စည်းများကို မြင်ပြီးနောက် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းအတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က သစ်ပင်များနှင့် မြက်ကိုသာ ဖန်ဆင်းခဲ့ပါက၊ သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးကိုသာ ဖန်ဆင်းခဲ့ပါက၊ ယင်းသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များအားလုံးသည် ကျွဲနွားတိရစ္ဆာန်များနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက် ဖြစ်သော်လည်း (ဥပမာ ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားပြီး၊ ကျားများက သိုးသငယ်များနှင့် ဝက်များကို စားသည်) လူသားတို့စားရန် သင့်တော်သည့်အရာ တစ်စုံတစ်ခုမျှပင် မရှိပါက အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ ဖြစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် ဆက်လက်၍ အသက်ရှင်သန်နေနိုင်ခဲ့မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးအတွက် ပြင်ဆင်ခဲ့သော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက ရကောင်းရနိုင်သော်လည်း ရေရှည်ဆက်၍စားပါက လူ့အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်ဘဲ ၎င်းတို့သည် ကြာကြာခံမည်မဟုတ်ပေ။ ထို့အပြင် တိရစ္ဆာန်များစားနိုင်သောသော်လည်း ၎င်းတို့ကို လူတို့စားပါက အဆိပ်သင့်လိမ့်မည်ဖြစ်သော အရာအချို့ပင်ရှိ၏။ တိရစ္ဆာန်များအနေဖြင့် ထိခိုက်မှုမရှိဘဲ စားနိုင်သည့် အဆိပ်ဖြစ်စေသောအရာအချို့ ရှိသော်လည်း လူသားတို့မှာ ထိုနည်းအတိုင်း ပြု၍မရပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်က လူတို့ကိုဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများနှင့် တည်ဆောက်ထားပုံ၊ ထို့အပြင် လူတို့ လိုအပ်သည့်အရာတို့ကို ဘုရားသခင်အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ယင်း၏ပေါင်းစပ်ဖွဲ့စည်းမှုနှင့် ပါဝင်မှု၊ ၎င်းလိုအပ်သည့်အရာများအပြင် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လုပ်ကိုင်ပုံ၊ စုပ်ယူ၊ ဖယ်ရှား၍ ဇီဝတွင်း ဖြစ်ပျက်ပုံတို့ကို လုံးဝရှင်း၏။ လူတို့သည် ယင်းကိုမရှင်းဘဲ တစ်ခါတစ်ရံတွင် ဆင်ကန်းတောတိုး စားသောက်၍ ဖြည့်ဆည်း၏။ ၎င်းတို့သည် ဖြည့်ဆည်းလွန်းကာ အဆုံး၌ မညီမမျှ ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သော ဤအရာများကို ပုံမှန်စားသောက်၍ မွေ့လျော်ပါက သင်၌ အမှားအယွင်း တစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် ကသိကအောက်ဖြစ်နေပြီး သွေးနှေးနေသော်လည်း ကိစ္စမရှိပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကိုသာ စားရန်လိုပြီး သွေးနှေးနေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူသားမျိုးနွယ်သည် အခြားသက်ရှိများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအားလုံးအတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခဲ့ပြီး တိရစ္ဆာန်အမျိုးမျိုးအတွက် အစားအစာနှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်များကို ပြင်ဆင်ပေးခဲ့သော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်အပေါ် လူသားမျိုးနွယ်၏ သတ်မှတ်ချက်များသည်သာ အတင်းကျပ်ဆုံးဖြစ်၍ လျစ်လျူရှုထားခြင်းကို သည်းမခံနိုင်ဆုံးဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ပုံမှန်ဆက်လက်ကြီးထွားခြင်း၊ မျိုးပွားခြင်းနှင့် အသက်ရှင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤသည်ကို ဘုရားသခင်က သူ၏စိတ်နှလုံးတွင် အကောင်းဆုံးသိ၏။ ဤအရာကို ဘုရားသခင်ပြုလုပ်သောအခါ သူသည် ယင်းအပေါ်တွင် အခြားမည်သည့်အရာမဆိုထက် သာ၍အလေးထားခဲ့၏။ သင်မြင်ရ၍ မွေ့လျော်သော မဖြစ်စလောက်အရာတစ်ခု၏ အရေးပါမှု၊ သို့မဟုတ် သင်၏မွေးရာပါဖြစ်၍ သင်မွေ့လျော်နိုင်သည်ဟု သင်ခံစားရသော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် ခံစားနိုင်ခြင်းမရှိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တိတ်တဆိတ်အားဖြင့်၊ သို့မဟုတ် ရှေးမဆွကတည်းကလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဘုရားသခင်က သူ၏ဉာဏ်ပညာဖြင့် ထိုအရာကို သင့်အတွက် ပြင်ဆင်ထားခဲ့နှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဆိုးရွား၍ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေနိုင်သော အပျက်သဘောဆောင်သည့် အကြောင်းရင်းအားလုံးကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ဖယ်ရှား၍ ဖြေရှင်းခဲ့ပြီးဖြစ်၏။ ယင်းက မည်သည့်အရာကို ရှင်းလင်းစေသနည်း။ ယင်းက ယခုအကြိမ် လူသားမျိုးနွယ်ကိုဖန်ဆင်းခဲ့စဉ်က ၎င်းတို့အပေါ် သူ၏သဘောထားကို ရှင်းလင်းစေသလော။ ထိုသဘောထားမှာ မည်သို့ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏သဘောထားမှာ တင်းမာ၍ လေးနက်၏၊ ထို့အပြင် သူသည် မည်သည့်အကြောင်းရင်းများ၊ သို့မဟုတ် အခြေအနေများ၊ သို့မဟုတ် ဘုရားသခင်မှလွဲ၍ မည်သည့်ရန်သူအင်အားစု၏ နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူ၏သဘောထားနှင့် ယခုအကြိမ်တွင် လူသားမျိုးနွယ်ကို သူ၏စီမံခန့်ခွဲမှုတွင် သူ၏သဘောထားကို သင်မြင်နိုင်၏။ ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ်မွေ့လျော်သည့် နေထိုင်မှုနှင့် အသက်ရှင်သန်မှု ပတ်ဝန်းကျင်အပြင် ၎င်းတို့၏နေ့စဉ်အစားအသာက်များနှင့် နေ့စဉ်လိုအပ်ချက်များမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ကို ဖန်ဆင်းခဲ့သည့်အချိန်ကတည်းက လူသားမျိုးနွယ်အပေါ်ထားရှိသည့် တာဝန်အပေါ် ဘုရားသခင်၏သဘောထားကို ငါတို့တွေ့နိုင်သည့်အပြင် ဤအကြိမ်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စိတ်ပိုင်းဖြတ်မှုကိုလည်း ငါတို့တွေ့နိုင်၏။ ဤအရာများအားဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို ငါတို့မြင်နိုင်သလော။ ဘုရားသခင်၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ ဘုရားသခင်၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ ဘုရားသခင်၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် အရာခပ်သိမ်းကို ထောက်ပံ့ရန်အတွက် သူ၏အနန္တတန်ခိုးနှင့် သူ၏အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုရုံသာဖြစ်၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ များစွာငါပြောဆိုခဲ့ပြီးနောက်တွင် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ယင်းမှာသေချာ၏။ သင်တို့၌ သံသယတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ထောက်ပံ့မှုသည် ဘုရားသခင်မှာ အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်ကြောင်းကိုပြရန် လုံလောက်ပေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အရာခပ်သိမ်းတည်ရှိနေရန်၊ အသက်ရှင်နေရန်၊ မျိုးပွားရန်နှင့် ဆက်လက်ရှင်သန်နေရန် ထောက်ကူပေးသည့် ပံ့ပိုးမှုအရင်းအမြစ် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်မှတစ်ပါး အခြားမရှိပေ။ လူတို့၏ အခြေခံအကျဆုံး အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်ဖြစ်စေ၊ လူတို့နေ့စဉ် လိုအပ်သည့်အရာဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိညာဉ်များအပေါ် သမ္မာတရား အထောက်အပံ့ဖြစ်စေ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက်အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ပေး၏။ ရှုထောင့်ပေါင်းစုံမှနေ၍ ဘုရားသခင်၏ကိုယ်ပိုင်လက္ခဏာနှင့် လူသားမျိုးနွယ်အတွက် သူ၏အနေအထားနှင့်ပတ်သက်၍ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) တစ်နည်းဆိုရလျှင် ဘုရားသခင်သည် လူတို့အနေနှင့် ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်၍ ခံစားနိုင်သော ဤရုပ်ဝတ္ထုလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူဖြစ်၏။ လူသားမျိုးနွယ်အတွက် ယင်းသည် ဘုရားသခင်၏ကိုယ်ပိုင်လက္ခဏာ မဟုတ်လော။ ယင်းသည် လုံးဝမှန်ကန်၏။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို သင်တွေ့လျှင် ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများကို ဖန်ဆင်းခဲ့ကြောင်းကို သင်သိသင့်သည်။ သို့ရာတွင် ရေထဲ၌ကူးခပ်ကြသော သက်ရှိသတ္တဝါများစွာရှိပြီး ၎င်းတို့သည်လည်း ကွဲပြားသောနည်းများဖြင့် အသက်ရှင်နေထိုင်ကြ၏။ မြေကြီးထဲတွင် အသက်ရှင်ကြသည့် သစ်ပင်တို့နှင့် အပင်တို့သည် နွေဦးရာသီတွင် အစို့အညှောက်ထွက်ပြီး အသီးသီးကာ ဆောင်းဦးရာသီတွင် အရွက်များ ကြွေကြသည်၊ ထို့အပြင် ဆောင်းရာသီအရောက်တွင် အရွက်အားလုံး ကြွေကျကုန်ပြီး ဆောင်းကာလကို ဖြတ်သန်းကြ၏။ ယင်းမှာ ၎င်းတို့၏ အသက်ရှင်နေထိုင်ပုံ ဖြစ်၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး ယင်းတို့တစ်ခုစီသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသောနည်းလမ်းများအားဖြင့် အသက်ရှင်ကြကာ ၎င်း၏စွမ်းအင်နှင့် ဇီဝပုံစံတို့ကိုပြသရန် ကွဲပြားသည့် နည်းနာများကို အသုံးပြုကြ၏။ မည်သည့်နည်းနာပင်ဖြစ်စေ အားလုံးမှာ ဘုရားသခင်၏ အုပ်ချုပ်မှုအောက်တွင် ရှိ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိတို့အားလုံးအပေါ် ဘုရားသခင်အုပ်ချုပ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်မှုအတွက်လော။ (ဟုတ်ပါသည်။) သူသည် လူသားမျိုးနွယ် အသက်ရှင်သန်နေထိုင်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ယင်းက လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်ရေးသည် ဘုရားသခင်အတွက် မည်မျှအရေးကြီးသည်ကို ပြ၏။

လူသားမျိုးနွယ်အနေဖြင့် ပုံမှန်အသက်ရှင်သန်နေထိုင်နိုင်ခြင်းနှင့် ပုံမှန်မျိုးပွားနိုင်ခြင်းသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းကို စဉ်ဆက်မပြတ် ထောက်ပံ့ပေး၏။ သူသည် ကွဲပြားသောနည်းလမ်းများဖြင့် အရာခပ်သိမ်းကို ထောက်ပံ့ပေးပြီး အရာခပ်သိမ်း၏ အသက်ရှင်နေထိုင်မှုကို ထိန်းသိမ်းသည့် အခြေအနေများတွင် သူသည် လူသားမျိုးနွယ်အား လူသား၏ပုံမှန်ဖြစ်တည်မှုကို ထိန်းသိမ်းရေးအတွက် ဆက်လက်တက်လှမ်းရန် ထောက်ကူ၏။ ဤသည်တို့မှာ ငါတို့ ယနေ့ဆွေးနွေးသည့် ရှုထောင့်နှစ်မျိုးဖြစ်သည်။ ဤရှုထောင့်နှစ်မျိုးမှာ မည်သည်တို့ဖြစ်သနည်း။ (ပိုမိုကြီးမားသောရှုထောင့်မှကြည့်ပါက ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ဖန်ဆင်းခဲ့၏။ ယင်းသည် ပထမရှုထောင့်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်လိုအပ်ပြီး မြင်နိုင်၊ ထိတွေ့နိုင်သည့် ဤရုပ်ဝတ္ထုပစ္စည်းများကို ပြင်ဆင်ခဲ့၏။) ဤရှုထောင့်နှစ်မျိုးအားဖြင့် ငါတို့သည် ငါတို့၏အဓိကအကြောင်းအရာကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ငါတို့၏ အဓိကအကြောင်းအရာမှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ဤခေါင်းစဉ်အောက်၌ ယင်းကဲ့သို့သော အကြောင်းအရာကို ငါအဘယ်ကြောင့် ဆွေးနွေးခဲ့သည်ကို သင်တို့၌ နားလည်သဘောပေါက်မှုအချို့ ယခုရှိသင့်ပေပြီ။ အဓိကအကြောင်းအရာနှင့် ဆက်စပ်မှုမရှိသော ဆွေးနွေးမှုတစ်စုံတစ်ရာ ရှိခဲ့သလော။ တစ်ခုမျှမရှိ၊ ဟုတ်သလော။ ဤအရာတို့ကို ကြားပြီးနောက် သင်တို့ထဲမှ အချို့သည် နားလည်သဘောပေါက်မှု အချို့ရရှိပြီး ဤနှုတ်ကပတ်တော်များသည် အလွန်အရေးကြီးသည်ဟု ထင်ကောင်းထင်ကြသော်လည်း အခြားသူများကမူ တိုက်ရိုက်နားလည်သဘောပေါက်မှု အနည်းငယ်သာရှိပြီး ဤနှုတ်ကပတ်တော်တို့သည် အရေးမကြီးဟု ထင်ကောင်းထင်နိုင်သည်။ ယခုသင်တို့ ဤသည်ကို မည်သို့နားလည်သဘောပေါက်သည်ဖြစ်စေ သင်တို့၏အတွေ့အကြုံတစ်လျှောက်၌ သင်တို့၏နားလည်သဘောပေါက်မှုသည် အဆင့်တစ်ခုသို့ ရောက်သည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်၊ အတိအကျဆိုရလျှင် ဘုရားသခင်၏လုပ်ဆောင်မှုများနှင့် ဘုရားသခင်ကိုယ်တိုင်အပေါ် သင်တို့၏သိခြင်းသည် အဆင့်အတစ်ခုသို့ ရောက်သည့်အခါ သင်တို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများအပေါ် လေးနက်၍ စစ်မှန်သော သက်သေခံချက်တစ်ရပ်ပေးရန် သင်တို့ကိုယ်တိုင်၏ လက်တွေ့ကျသောစကားများကို အသုံးပြုကြလိမ့်မည်။

ယခု သင်တို့၏နားလည်သဘောပေါက်မှုသည် အတော်ပင်ရိုးရှင်း၍ တိုက်ရိုက်ဖြစ်သေးသည်ဟု ငါထင်၏၊ သို့သော် ဤရှုထောင့်နှစ်ရပ်အား ငါဆွေးနွေးသွားသည်ကို နားထောင်ပြီးနောက် ဘုရားသခင်က လူသားမျိုးနွယ်ကို ထောက်ပံ့ရန် မည်သည့်နည်းများ အသုံးပြုသည်၊ သို့မဟုတ် ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သည့်အရာများ ထောက်ပံ့သည်ကို အနည်းဆုံးအနေဖြင့် သင်တို့သိနိုင်ကြသလော။ သင်တို့၌ အခြေခံအယူအဆတစ်ရပ်အပြင် အခြေခံနားလည်သဘောပေါက်မှုတစ်ရပ် ရှိသလော။ (ရှိပါ၏။) သို့သော် ငါဆွေးနွေးခဲ့သည့် ဤရှုထောင့်နှစ်ရပ်သည် သမ္မာကျမ်းစာနှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ၎င်းတို့သည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ဆက်နွှယ်မှုရှိသလော။ (မရှိပါ။) ထိုသို့ဆိုလျှင် ငါသည် ဤရှုထောင့်နှစ်ရပ်ကို အဘယ်ကြောင့်ဆွေးနွေးခဲ့သနည်း။ ယင်းမှာ ဘုရားသခင်ကို သိရန်အတွက် ၎င်းတို့ကို လူတို့နားလည်ရမည်ဖြစ်သောကြောင့်လော။ (ဟုတ်ပါသည်။) ဤအရာတို့ကိုသိရန် အလွန်လိုအပ်ပြီး ၎င်းတို့ကို နားလည်သဘောပေါက်ရန်လည်း အလွန်လိုအပ်သည်။ ဘုရားသခင်အကြောင်း အရာခပ်သိမ်းကို နားလည်သဘောပေါက်ရန် သမ္မာကျမ်းစာ၌သာ ကန့်သတ်ထားမနေနှင့်၊ ထို့အပြင် လူသားကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၌သာ ကန်သတ်ထားမနေနှင့်။ ဤအရာကို ငါပြောခြင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကား မည်သည့်အရာနည်း။ ဘုရားသခင်သည် သူ့ရွေးချယ်ခံလူတို့၏ ဘုရားသခင်သာမဟုတ်ကြောင်း လူတို့ကို အသိပေးရန်ဖြစ်သည်။ သင်သည် လောလောဆယ် ဘုရားသခင်နောက်သို့ လိုက်သည့်အတွက် သူသည် သင်၏ဘုရားသခင်ဖြစ်၏၊ သို့သော် ဘုရားသခင်နောက်သို့ လိုက်သောသူတို့၏ ပြင်ပရှိလူတို့အတွက် ဘုရားသခင်သည် သူတို့၏ဘုရားသခင်ဖြစ်သလော။ ဘုရားသခင်သည် ဘုရားသခင်နောက်သို့ လိုက်သောသူတို့၏ ပြင်ပရှိလူအားလုံးတို့၏ ဘုရားသခင်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဘုရားသခင်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်၍ သူ့နောက်သို့ လိုက်သောသူတို့အပေါ်၌သာ သူ၏လုပ်ဆောင်မှုများကို ပြုလုပ်သလော။ (မဟုတ်ပါ။) ယင်း၏အတိုင်းအတာမှာ အဘယ်နည်း။ သေးငယ်သောရှုထောင့်မှဆိုပါက ၎င်း၏အတိုင်းအတာသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်နှင့် အရာခပ်သိမ်းအကြားဖြစ်၏။ ကြီးမားသောရှုထောင့်မှဆိုပါက ယင်းသည် စကြဝဠာတစ်ခုလုံးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ခပ်သိမ်းအကြားတွင် သူ၏အမှုကို ဆောင်ရွက်ပြီး သူ၏လုပ်ဆောင်မှုများကို ပြုလုပ်သည်ဟု ငါတို့ဆိုနိုင်၏။ ဘုရားသခင်ကိုယ်တော်တိုင်အကြောင်း အားလုံးကို လူတို့အား အသိပေးရန် ဤသည်မှာ လုံလောက်၏။ သင်သည် ဘုရားသခင်ကို သိလိုပြီး သူ့ကို စစ်မှန်စွာ သိကျွမ်းကာ နားလည်လိုပါက ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်ကိုသာ ကန့်သတ်မထားလေနှင့်၊ ထို့အပြင် တစ်ချိန်တစ်ခါက ဘုရားသခင်ပြုလုပ်ခဲ့သော အမှုအကြောင်း ဇာတ်လမ်းများကိုသာ ကန့်သတ်မထားလေနှင့်။ သင်သည် သူ့ကို ဤနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်တစ်ရပ်အထိ ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်အရေးမပါဟု မြင်နေခြင်းဖြစ်သည်။ ဤသို့သောအကျိုးဆက်များက သင့်ထံ မည်သည့်လွှမ်းမိုးမှုများ ယူဆောင်လာမည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် ကြီးစိုးမှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်ပေ၊ ထို့အပြင် သင်သည် ဘုရားသခင်၏တန်ခိုး၊ အနန္တတန်ခိုးနှင့် သူ့အာဏာ၏အတိုင်းအတာတို့ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်းကို အုပ်ချုပ်သူဟူသော သမ္မာတရားကို သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာနှင့် အနေအထားကို သင်၏သိခြင်းတို့အပေါ် သက်ရောက်မှုရှိလိမ့်မည်။ တစ်နည်းအားဖြင့် ဘုရားသခင်ကို သင်၏နားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိလျှင် သင်ရရှိနိုင်သည့်အရာသည်လည်း အကန့်အသတ်ရှိ၏။ ထို့ကြောင့် သင်သည် အတိုင်းအတာကို ချဲ့ထွင်၍ သင်၏နယ်ပယ်ကို ဖွင့်ရမည်။ ဘုရားသခင့်အမှု၏ အတိုင်းအတာဖြစ်စေ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဘုရားသခင်၏အုပ်ချုပ်မှုတို့၏ အတိုင်းအတာဖြစ်စေ၊ သို့တည်းမဟုတ် ဘုရားသခင်၏ အုပ်ချုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းခံရသော အရာခပ်သိမ်းတို့၏ အတိုင်းအတာဖြစ်စေ၊ သင်သည် အားလုံးကို သိလာရန်နှင့် ယင်း၌ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိလာရန် ဆောင်ရွက်သင့်သည်။ ဤကဲ့သို့သော နားလည်နည်းတစ်ရပ်အားဖြင့် ဘုရားသခင်သည် ၎င်းတို့အကြား အရာခပ်သိမ်းကို အုပ်ချုပ်နေသည်၊ စီမံခန့်ခွဲနေပြီး ထောက်ပံ့နေသည်ဟု သင်မရည်ရွယ်ဘဲ ခံစားရလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်းတစ်ရပ်နှင့် အရာခပ်သိမ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းကိုလည်း စစ်မှန်စွာခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးစဉ် သင်သည်လည်း ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် ထောက်ပံ့မှုကို လက်ခံသည်။ ယင်းသည် မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ အရာခပ်သိမ်းသည် ၎င်းတို့ကိုယ်တိုင်၏ နိယာမများကို လိုက်နာရ၏၊ ယင်းသည် ဘုရားသခင်၏ အုပ်ချုပ်မှုအောက်၌ရှိသည်ဖြစ်ပြီး အရာခပ်သိမ်း၌ ၎င်းတို့အသက်ရှင်နေထိုင်မှုအတွက် ကိုယ်ပိုင်စည်းကမ်းများရှိကြ၏၊ ယင်းသည်လည်း ဘုရားသခင်၏ အုပ်ချုပ်မှုအောက်၌ရှိနေစဉ် လူသားမျိုးနွယ်၏ကြမ္မာနှင့် ၎င်းတို့လိုအပ်သည့်အရာတို့သည်လည်း ဘုရားသခင်၏အုပ်ချုပ်မှုနှင့် သူ၏ထောက်ပံ့မှုတို့နှင့် နီးကပ်စွာ ဆက်နွှယ်လျက်ရှိ၏။ ထို့ကြောင့် ဘုရားသခင်၏အုပ်စိုးမှုနှင့် အုပ်ချုပ်မှုအောက်တွင် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့သည် အချင်းချင်းဆက်စပ်နေကာ အပြန်အလှန်မှီခိုနေပြီး ရောယှက်နေကြ၏။ ဤသည်မှာ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးဖြစ်၏။ ဤအရာကို ယခုနားလည်ပြီလော။ (နားလည်ပါပြီ။) နားလည်ပြီဆိုလျှင် ယနေ့ငါတို့ဆွေးနွေးမှုကို ဤနေရာ၌ အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။ (ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။)

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ