အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃

ဘုရားသခင်၏ အခွင့်အာဏာ (၂)

ဒီနေ့ “အတုမရှိ ဘုရားသခင်ကိုယ်တိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိဿဟာရ ပြုလုပ်ခြင်းကို ဆက်သွားပါမယ်။ ဒီအကြောင်းအပေါ်မှာ မိဿဟာရပြုခြင်း နှစ်ခု ရှိနှင့်ပြီး ဖြစ်ပါတယ်။ ပထမတစ်ခုက ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ပတ်သက်ပြီး ဆိုတာနဲ့ ဒုတိယတစ်ခုက ဘုရားသခင်ရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီး ဆိုတာဖြစ်ပါတယ်။ ဒီမိဿဟာရပြုလုပ်ခြင်းကို နားထောင်ပြီးနောက်မှာ ဘုရားသခင်ရဲ့ ဝိသေသလက္ခဏာ၊ အဆင့်အတန်းနဲ့ အနှစ်သာရတို့နဲ့ ပတ်သက်ပြီး နားလည်မှု အသစ်တွေ ရရှိပါသလား။ ဒီနားလည်သိမြင်မှုတွေက ဘုရားသခင်တည်ရှိမှုရဲ့ အမှန်တရားနဲ့ပတ်သက်ပြီး ပိုပြီး အခြေအမြစ်ရှိတဲ့ အသိပညာနဲ့ သေချာမှုတွေရရှိဖို့ ကူညီပေးပါသလား။ ဒီနေ့ “ဘုရားသခင်ရဲ့ အခွင့်အာဏာ” ဆိုတဲ့ ခေါင်းစဉ်အပေါ်မှာ အသေးစိတ်ပြောဖို့ ငါစီစဉ်ထားပါတယ်။

ဘုရားသခင်ရဲ့ အခွင့်အာဏာကို ကျယ်ပြန့်တဲ့ရှုထောင့်နဲ့ အနုစိတ်ရှုထောင့်မှ နားလည်ခြင်း

ဘုရားသခင်ရဲ့ အခွင့်အာဏာဟာ အတုမရှိပါဘူး။ ဒါက ဘုရားသခင်ကိုယ်တိုင်ရဲ့ ထူးခြားတဲ့ ပင်ကို လက္ခဏာဆိုင်ရာ ဖော်ပြချက်၊ ထူးခြားတဲ့ အနှစ်သာရနဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်း မခံရတဲ့ ဘယ်အရာမှ ဒီလို ထူးခြားတဲ့ ပင်ကိုလက္ခဏာဆိုင်ရာ ဖော်ပြချက်နဲ့ ဒီလို ထူးခြားတဲ့ အနှစ်သာရတို့ မပိုင်ဆိုင်ပါဘူး။ ဖန်ဆင်းရှင်သာ ဒီလို အခွင့်အာဏာမျိုးကို ပိုင်ဆိုင်ပါတယ်။ ဆိုလိုတာကတော့ အတုမရှိတဲ့ ဘုရားသခင်၊ ဖန်ဆင်းရှင်သာလျှင် ဒီနည်းလမ်းနဲ့ ဖော်ပြပြီး ဒီအနှစ်သာရရှိပါတယ်။ ဘုရားသခင်ရဲ့ အခွင့်အာဏာအကြောင်းကို ဘာကြောင့်ပြောသလဲ။ ဘုရားသခင်ကိုယ်တိုင်ရဲ့ အခွင့်အာဏာက လူသားရဲ့ စိတ်ထဲမှာရှိတဲ့ အခွင့်အာဏာနဲ့ ဘယ်လို ကွာခြားတာလဲ။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေထူးခြားတာလဲ။ ဘာကြောင့်အဲဒီအကြောင်းကို ဒီမှာပြောဖို့ အထူးသဖြင့် အရေးပါတဲ့အရာ ဖြစ်နေတာလဲ။ သင်တို့ တစ်ယောက်ချင်းစီတိုင်းက ဒီကိစ္စကို သေချာဂရုစိုက်ပြီး စဉ်းစားသုံးသပ်ရပါမယ်။ လူအများစုအတွက်က “ဘုရားသခင်ရဲ့ အခွင့်အာဏာ” ဆိုတာ ဇဝေဇဝါဖြစ်တဲ့ အယူအဆပါ။ လူတစ်ယောက်နားလည်ဖို့ သိပ်ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပြီး ဒီအကြောင်း ဆွေးနွေးချက်တွေက မရေမရာဖြစ်ဖို့များပါတယ်။ ဒါကြောင့် လူသားက သိရှိနိုင်တဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာရဲ့ အကြောင်းအရာနဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာရဲ့ အနှစ်သာရကြားမှာ အမြဲတမ်း ကွာဟမှုတစ်ခုရှိနေပါမယ်။ ဒီကွာဟမှုကို ဆက်စပ်ဖို့ဆိုရင် လူသားက လက်လှမ်းမှီတဲ့၊ လူသားတို့ နားလည်နိုင်စွမ်းရှိတဲ့ တကယ့်လက်တွေ့ဘဝကလူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ သို့မဟုတ် ထူးခြားဖြစ်ရပ်တွေကနေတစ်ဆင့် တဖြည်းဖြည်းချင်း သိလာရပါမယ်။ “ဘုရားသခင်ရဲ့ အခွင့်အာဏာ”ဆိုတဲ့ စကားစုဟာ ဉာဏ်မမှီနိုင်ဘူးလို့ ထင်ရပေမဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာက ယေဘူယျသဘောတစ်ခု လုံးဝ မဟုတ်ပါဘူး။ ဘုရားသခင်ဟာ လူသားဘဝရဲ့ မိနစ်တိုင်းမှာ သူနဲ့အတူ ရှိနေပြီး နေ့စဉ် သူ့ကို ဦးဆောင်ပေးနေ ပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ ဘုရားသခင်ရဲ့ အခွင့်အာဏာရဲ့ ရှင်းလင်းမြင်သာတဲ့ အချက်ကို သူဟာ သေချာပေါက်မြင်ပြီး ကြုံတွေ့ရမှာပါ။ ဒီရှင်းလင်းမြင်သာမှုက ဘုရားသခင်ရဲ့ အခွင့်အာဏာ အမှန်တကယ် တည်ရှိတယ်ဆိုတာရဲ့ လုံလောက်တဲ့ သက်သေဖြစ်ပြီး၊ ဘုရားသခင်က ဒီအခွင့်အာဏာကို ပိုင်ဆိုင်တယ် ဆိုတဲ့အချက်ကို အပြည့်အဝ သိမြင်ပြီး နားလည်သဘောပေါက်စေပါတယ်။

ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပါတယ်။ ဖန်ဆင်းပြီးနောက်မှာ အရာအားလုံးအပေါ်မှာ အုပ်စိုးခဲ့တယ်။ အရာအားလုံးအပေါ် အုပ်စိုးခြင်းကို ထပ်ဖြည့်စွက်ရရင် သူဟာ အရာအားလုံးကို ထိန်းချုပ်ထား ပါတယ်။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားတယ်” ဆိုတဲ့ အယူအဆက ဘာကိုဆိုလိုတာလဲ။ ဘယ်လိုရှင်းပြလို့ရမလဲ။ လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချမှာလဲ။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားတယ်”ဆိုတဲ့ အချက်ကို နားလည်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ အခွင့်အာဏာကို သင်တို့ ဘယ်လိုသိမြင်လာမှာလဲ။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားတယ်” ဆိုတဲ့ စကားစုကနေ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုဟာ ဂြိုဟ်တွေရဲ့ အစိတ်အပိုင်းတစ်ခု၊ ဖန်ဆင်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခု၊ လူသားမျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခုတင်ဆိုတာက ပိုပြီးတော့တောင် မဟုတ်ဘဲ အရာအားလုံးအပေါ်မှာ ရှိတယ်ဆိုတာကို သိသင့်ပါတယ်။ အကြီးကြီးကနေ သေးသေးလေးအထိ၊ မြင်နိုင်တဲ့အရာတွေကနေ မမြင်နိုင်တဲ့အရာအထိ၊ စကြဝဠာထဲက ကြယ်တွေကနေ ကမ္ဘာမြေကြီးပေါ်က သက်ရှိတွေအထိ၊ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အဏုဇီဝရုပ်လေးတွေ သို့မဟုတ် တစ်ခြားပုံသဏ္ဌာန်နဲ့ ဖြစ်တည်နေတဲ့ သက်ရှိတွေဖြစ်ပါတယ်။ ဒါက ဘုရားသခင်က “ထိန်းချုပ်ထားတယ်” ဆိုတဲ့ “အရာအားလုံး” ဆိုတာရဲ့ တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပြီး ဘုရားသခင်က သူ့ရဲစိုးပိုင်မှုနဲ့ အုပ်စိုးမှုအတိုင်းအတာဖြစ်တဲ့ သူရဲ့အခွင့်အာဏာ ကိုင်ဆောင်တဲ့ နယ်ပယ်ဖြစ်ပါတယ်။

ဒီလူသားမျိုးနွယ် ဖြစ်မလာခင်မှာ စကြဝဠာ၊ ဂြိုဟ်အားလုံး၊ မိုးကောင်းကင်က ကြယ်တွေအားလုံးက တည်ရှိနှင့်ပြီးဖြစ်တယ်။ ကျယ်ပြန့်တဲ့ရှုထောင့်အဆင့်မှာ ဒီမိုးကောင်းကင်မှာရှိတဲ့ အစုအဝေးတွေဟာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ သူတို့ဖြစ်တည်နေတဲ့ တစ်လျှောက်လုံး ပုံမှန်လည်ပတ်နေပါတယ်။ ဘယ်ဂြိုဟ်က ဘယ်အချိန်မှာ ဘယ်ကိုသွားတယ်၊ ဘယ်ဂြိုဟ်က ဘာအလုပ်ကိုလုပ်တယ်၊ ပြီးတော့ ဘယ်အချိန်မှာ လုပ်တယ်၊ ဘယ်ဂြိုဟ်က ဘယ်ဂြိုဟ်ပတ်လမ်းကြောင်း တစ်လျှောက်မှာပတ်တယ်၊ ဘယ်အချိန်မှာ ပျောက်ကွယ်တယ် သို့မဟုတ် အစားထိုးခံရတယ်။ ဒါတွေအားလုံးက အမှားအယွင်းနည်းနည်းမှ မဖြစ်ဘဲ ဆက်သွားနေပါတယ်။ ဂြိုဟ်တွေရဲ့ တည်နေရာတွေနဲ့ သူတို့ကြားထဲက အကွာအဝေး အားလုံးက တိကျတဲ့ ပုံစံရှိတယ်။ အားလုံးက တိကျတဲ့အချက်အလက်နဲ့ ဖော်ပြလို့ရတယ်။ သူတို့သွားတဲ့ လမ်းကြောင်းတစ်လျှောက်၊ သူတို့ရဲ့ လည်ပတ်မှုရဲ့ မြန်နှုန်းနဲ့ ပုံစံ၊ တည်နေရာအမျိုးမျိုးမှာ သူတို့ရှိတဲ့အချိန်၊ ဒါတွေအားလုံးကို တိကျစွာတိုင်းတာနိုင်ပြီး အထူးနိယာမတွေနဲ့ ဖော်ပြနိုင်တယ်။ သိပ်ကြာမြင့်တဲ့ အချိန်အထိ ဂြိုဟ်တွေဟာ ဘယ်တော့မှ ယိမ်းယိုင်မသွားဘဲ ဒီနိယာမတွေအတိုင်း ပြုလုပ်တယ်။ ဘယ်တန်ခိုးအစွမ်းမှ သူတို့ရဲ့လှည့်ပတ်လမ်းကြောင်း သို့မဟုတ် သူတို့သွားလာတဲ့ ပုံစံကို မပြောင်းလဲနိုင်ဘူး သို့မဟုတ် မနှောင့်ယှက်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် သူတိုရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ အထူးနိယာမတွေနဲ့ သူတို့ကိုဖော်ပြတဲ့ တိကျတဲ့ အချက်အလက်တွေဟာ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာနဲ့ ကြိုတင်ပြဌာန်း သတ်မှတ်ပြီး ဖြစ်တဲ့အတွက်ပါ။ သူတို့ဟာ ဖန်ဆင်းရှင်ရဲ့ စိုးပိုင်မှုနဲ့ ထိန်းချုပ်မှုအောက်မှာ ဒီနိယာမတွေကို သူတို့ဖာသာ နာခံလိုက်လျှောက်ပါတယ်။ ကျယ်ပြန့်တဲ့ ရှုထောင့်ကနေကြည့်ရင် တစ်ချို့ပုံစံတွေ၊ တစ်ချို့ အချက်အလက်တွေ၊ တစ်ချို့ ထူးဆန်းပြီး ရှင်းပြလို့မရနိုင်တဲ့ နိယာမတွေ သို့မဟုတ် ထူးခြားဖြစ်ရပ်တွေကို လူသားတို့ ရှာဖွေဖော်ထုတ်ဖို့ မခက်ပါဘူး။ လူသားမျိုးနွယ်က ဘုရားသခင် တည်ရှိတယ်ဆိုတာကို ဝန်မခံပေမဲ့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးတယ်ဆိုတဲ့အချက်ကို လက်မခံပေမဲ့၊ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာ တည်ရှိမှုကို မသိမြင်ပေမဲ့၊ လူသား သိပ္ပံပညာရှင်တွေ၊ အာကာသ သိပ္ပံပညာရှင်တွေ၊ ရူပဗေဒပညာရှင်တွေဟာ စကြဝဠာမှာရှိတဲ့ အရာအားလုံးဖြစ်တည်မှု၊ သူတို့ရဲ့လှုပ်ရှားမှုတွေကို သတ်မှတ်တဲ့ အခြေခံစည်းမျဉ်းနဲ့ ပုံစံတွေအားလုံးဟာ ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်တဲ့ စွမ်းအင်နက်တစ်ခုက အုပ်စိုးပြီး ထိန်းချုပ်ထားတယ်ဆိုတာကို ပိုပိုပြီး ရှာဖွေတွေ့ရှိလာကြတယ်။ ဒီအချက်ဟာ ဒီလှုပ်ရှားမှုပုံစံတွေကြားထဲမှာ အရာအားလုံးကို ကိုင်တွယ်ညွှန်ကြားနေတဲ့ တန်ခိုးအစွမ်းရှိတဲ့သူတစ်ဦး ရှိနေတယ်ဆိုတာကို လူသားကို လက်ခံအသိအမှတ်ပြုစေတယ်။ သူ့ရဲ့တန်ခိုးအစွမ်းက ထူးခြားဆန်းကြယ်တယ်။ သူ့မျက်နှာကို ဘယ်သူမှ မမြင်နိုင်ပေမဲ့ သူဟာ အချိန်တိုင်းမှာ အရာရာတိုင်းကို အုပ်စိုးပြီး ထိန်းချုပ်တယ်။ ဘယ်လူသား သို့မဟုတ် အစွမ်းကမှ သူ့ရဲ့ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ဘူး။ ဒီအချက်ကို ကြည့်ပြီး အရာအားလုံးရဲ့ ဖြစ်တည်မှုကို အုပ်ချုပ်နေတဲ့ နိယာမတွေဟာ လူသားတို့က မထိန်းချုပ်နိုင်ဘူး၊ ဘယ်သူမှ မပြောင်းလဲနိုင်ဘူး ဆိုတာကို လူသားက သိမြင်ရပါမယ်။ နောက်ပြီး တစ်ချိန်တည်းမှာပဲ လူသားတွေဟာ ဒီနိယာမတွေကို အပြည့်အဝ နားမလည်နိုင်ဘူးဆိုတာကို ဝန်ခံရမယ်။ သူတို့ဟာ သဘာဝအလျောက် ပေါ်ပေါက်ခြင်းမဟုတ်ဘဲ အရှင်သခင်တစ်ယောက်က ထိန်းချုပ်ပါတယ်။ ဒီအရာအားလုံးက ကျယ်ပြန်တဲ့ရှုထောင့်ကနေ လူသားမျိုးနွယ် သတိပြုနိုင်တဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာ ဖော်ပြချက်တွေ ဖြစ်ပါတယ်။

အနုစိတ်ရှုထောင့်မှာ လူသားတို့ ကမ္ဘာမြေကြီးပေါ်မှာ မြင်တွေ့နိုင်တဲ့ တောင်တွေအားလုံး၊ မြစ်တွေ၊ ကန်တွေ၊ ပင်လယ်တွေနဲ့ ကုန်းမြေတွေ၊ သူတွေ့ကြုံရတဲ့ ရာသီဥတုအားလုံး၊ အပင်တွေ၊ တရိစ္ဆာန်တွေ၊ အဏုဇီဝရုပ်တွေနဲ့ လူသားတွေပါဝင်တဲ့ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအပေါ် သက်ရောက်မှုရှိပြီး ဘုရားသခင်က ထိန်းချုပ်ထားပါတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ထိန်းချုပ်မှုအောက်မှာ အရာအားလုံးဟာ သူ့ရဲ့ စိတ်ကူးနဲ့အညီ ဖြစ်ပေါ်လာတယ် သို့မဟုတ် ပျောက်ကွယ်ပါတယ်။ သူတို့ရဲ့အသက်တွေဟာ တစ်ချို့နိယာမအားဖြင့် လွှမ်းမိုးထားပြီး သူတို့ဟာ ဒီနိယာမတွေနဲ့အညီ ကြီးထွားပြီး ပွားများကြပါတယ်။ ဘယ်သူမှ သို့မဟုတ် ဘယ်အရာမှ ဒီနိယာမတွေရဲ့ အထက်မှာ မရှိပါဘူး။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ တစ်ခုတည်းသောအဖြေက ဘုရားသခင်ရဲ့ အခွင့်အာဏာကြောင့်ပါ။ သို့မဟုတ် တစ်ခြားနည်းနဲ့ပြောရင် ဘုရားသခင်ရဲ့ စိတ်ကူးနဲ့ ဘုရားသခင်ရဲ့ စကားတွေကြောင့်ပါ။ ဘုရားသခင်ကိုယ်တိုင် ဒီအရာအားလုံးကို ပြုလုပ်တဲ့အတွက်ပါ။ ဆိုလိုတာကတော့ ဒီနိယာမတွေကို ဖြစ်ပေါ်စေတာက ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ ဘုရားသခင်ရဲ့စိတ်ဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးနဲ့အညီ ဒီနိယာမတွေဟာ ရွှေ့ပြောင်းမှာဖြစ်ပြီး ဒီရွှေ့ပြောင်းမှုအားလုံးဟာ သူ့ရဲ့အစီအစဉ်အရ ဖြစ်ပေါ် သို့မဟုတ် ပျောက်ကွယ်ပါမယ်။ ဥပမာ ကူးစက်ရောဂါ ပြန့်ပွားခြင်းကို ကြည့်ကြည့်ပါ။ သူတို့ဟာ ရုတ်တရက်ဖြစ်ပေါ်တယ်။ ဘယ်သူမှ သူတို့ရဲ့ အရင်းအမြစ်ကို မသိဘူး။ သို့မဟုတ် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ တိကျတဲ့အကြောင်းပြချက်ကို မသိဘူး။ ကူးစက်ရောဂါပြန့်ပွားမှုက နေရာတစ်ခုကို ရောက်တဲ့အခါတိုင်း ကံဆိုးတဲ့သူတွေဟာ ဘေးဒုက္ခကနေ မလွတ်မြောက်နိုင်ကြဘူး။ လူသားတို့ရဲ့ သိပ္ပံပညာက ကြောက်စရာ ကောင်းတဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါနဲ့ သူတို့ရဲ့ ပျံ့ပွားနှုန်း၊ အတိုင်းအတာနဲ့ ကူးစက်ခြင်းနည်းလမ်းတွေကို လူသားတို့ရဲ့ သိပ္ပံပညာအားဖြင့် ကြိုတင်မခန်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်ဘူးဆိုတာကို နားလည်ပါတယ်။ လူသားမျိုးနွယ်ဟာ တတ်နိုင်သလောက် ခုခံပေမဲ့ ကူးစက်ရောဂါ ပျံ့ပွားတဲ့အခါမှာ ဘယ်လူ သို့မဟုတ် တိရစ္ဆာန်တွေဟာ မလွဲမရှောင်ကူးစက်တာတွေကို မထိန်းချုပ်နိုင်ဘူး။ လူသားတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ခုခံကာကွယ်ခြင်းနဲ့ သုတေသနလုပ်ခြင်းပါပဲ။ ဒါပေမဲ့ ကူးစက်ရောဂါ ပျံ့နှံခြင်းတစ်ခုစီတိုင်းရဲ့ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းလင်းစေတဲ့ အရင်းအမြစ် အကြောင်းအရာကို ဘယ်သူမှမသိဘူး။ ဘယ်သူမှ မထိန်းချုပ်နိုင်ပါဘူး။ ကူးစက်ရောဂါဖြစ်ပေါ် ပျံ့ပွားခြင်းကို ရင်ဆိုင်ရတဲ့အခါမှာ လူသားတို့လုပ်တဲ့ ပထမဆုံး လုပ်ဆောင်ချက်က ဖြေဆေးတစ်ခု ဖော်ထုတ်ခြင်းပါ။ ဒါပေမဲ့ မကြာခဏပဲ ဖြေဆေးက အဆင်သင့်မဖြစ်ခင်မှာ ကူးစက်ရောဂါပျံ့နှံ့ခြင်းက အဆုံးသတ်ပါတယ်။ ကူးစက်ရောဂါ ပျံ့ပွားခြင်းက ဘာကြောင့် အဆုံးသတ်တာလဲ။ တစ်ချို့က ရောဂါပိုးတွေကို ထိန်းချုပ်နိုင်လိုက်လို့ ဆိုပြီး ပြောကြတယ်။ တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားတယ်လို့ ပြောတယ်။ ဒီထင်ကြေး ပေးချက်တွေက အကျိုးအကြောင့်သင့်သည်ဖြစ်စေ မသင့်သည်ဖြစ်စေ၊ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်ဘူး။ တိကျတဲ့ အဖြေကို မပေးနိုင်ပါဘူး။ လူသားမျိုးနွယ် ရင်ဆိုင်ရတာက ဒီထင်ကြေးပေးချက်တွေ တင်မဟုတ်ဘဲ လူသားမျိုးနွယ်ရဲ့ နားလည်မှုနည်းပါးခြင်းနဲ့ ကူးစက်ရောဂါပျံ့ပွားမှုကို ကြောက်ရွံ့ခြင်းတို့ ဖြစ်ပါတယ်။ နောက်ဆုံး စစ်ဆေးလေ့လာပြီးနောက်မှာ ကူးစက်ရောဂါပျံ့ပွားခြင်းက ဘာကြောင့်ဖြစ်ပေါ်တယ် သို့မဟုတ် ဘာကြောင့် အဆုံးသတ်သွားတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဘာကြောင့်လဲဆိုရင် လူသားမျိုးနွယ်ဟာ သိပ္ပံကိုပဲ လုံးဝ အားထားပြီး သိပ္ပံမှာပဲ ယုံကြည်မှုရှိပြီးတော့ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို မသိမြင်တဲ့အတွက် သို့မဟုတ် သူ့ရဲ့ အချုပ်အခြာအာဏာကို လက်မခံတဲ့အတွက် ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှ အဖြေရမှာ မဟုတ်ပါဘူး။

ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ အရာအားလုံးဟာ သူ့ရဲ့အခွင့်အာဏာကြောင့်၊ သူ့ရဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်တည်ပြီး ပျောက်ပျက်ပါတယ်။ တစ်ချို့အရာတွေက တိတ်တဆိတ်ပေါ်လာပြီး ပျောက်ပျက်သွားတယ်။ လူသားဟာ သူတို့ ဘယ်ကလာတယ် ဆိုတာကို မပြောနိုင်ဘူး။ သို့မဟုတ် သူတို့ပြုမူတဲ့ စည်းမျဉ်းကို နားမလည်နိုင်ပါဘူး။ သူတို့ဘာကြောင့်လာတယ်၊ သွားတယ်ဆိုတဲ့ အကြောင်းပြချက်ကို နားလည်ဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ဘူး။ လူသားဟာ အရာအားလုံးကြားမှာ ဖြတ်သန်းသွားတဲ့ အရာအားလုံးကို မြင်တွေ့နိုင်၊ ကြားနိုင်၊ ကြုံတွေ့နိုင်ပေမဲ့၊ သူတို့အားလုံးဟာ လူသားနဲ့ ဆက်နွယ်မှုရှိပေမဲ့၊ လူသားဟာ တမူထူးခြားမှု၊ ပုံမှန်ဖြစ်ပေါ်မှု သို့မဟုတ် ထူးခြားဖြစ်ရပ် အမျိုးမျိုးတို့ရဲ့ ထူးဆန်းမှုကိုတောင် မသိစိတ်ကနေ ဖမ်းမိပေမဲ့ ဒီအရာတွေနောက်မှာတည်ရှိတဲ့ ဖန်ဆင်းရှင်ရဲ့ အလိုနဲ့ သူ့ရဲ့စိတ်နဲ့ပတ်သက်ပြီး ဘာမှမသိသေးပါဘူး။ ဒီအရာတွေနောက်မှာ အဖြစ်အပျက်များစွာ၊ ဖုန်းကွယ်ထားတဲ့ အမှန်တရားများစွာ ရှိပါတယ်။ လူသားဟာ ဖန်ဆင်းရှင်ရဲ့ အဝေးကို ထွက်သွားခဲ့တဲ့အတွက်၊ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာဟာ အရာအားလုံးကို အုပ်စိုးတယ် ဆိုတဲ့အချက်ကို လက်မခံတဲ့အတွက်၊ သူဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏာအောက်မှာ ဖြစ်ပျက်တဲ့ အရာရာတိုင်းကို ဘယ်တော့မှ သိမြင်ပြီး နားလည်သဘောပေါက်မှာ မဟုတ်ပါဘူး။ အများစုမှာ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုနဲ့ အချုပ်အခြာအာဏာဟာ လူသားကြံစည်တွေးတောခြင်း၊ လူသားရဲ့ အသိပညာ၊ လူသားရဲ့ နားလည်မှု၊ လူသားရဲ့ သိပ္ပံပညာက ရရှိနိုင်တဲ့ နယ်ပယ်ထက် ကျော်လွန်ပါတယ်။ ဖန်ဆင်းခံ လူသားမျိုးနွယ်ရဲ့ အစွမ်းက ဒီအရာတွေကို မယှဉ်နိုင်ပါဘူး။ တစ်ချို့လူတွေကပြောတယ်။ “ဘုရားရဲ့ အချုပ်အခြာ အာဏာကို သင်ကိုယ်တိုင် မမြင်တွေ့ရတဲ့အတွက် အရာရာတိုင်းက သူ့ရဲ့အခွင့်အာဏာအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို သင် ဘယ်လိုယုံမလဲ။” မြင်တွေ့ခြင်းက ယုံကြည်ခြင်းဆိုတာ အမြဲတမ်း မဟုတ်ပါဘူး။ မြင်တွေ့ခြင်းက သိမြင်ခြင်းနဲ့ နားလည်ခြင်း အမြဲတမ်း မဖြစ်ပါဘူး။ ဒါဆိုရင် ယုံကြည်မှုက ဘယ်ကနေ လာတာလဲ။ ဒါကို ငါသေချာပေါက် ပြောနိုင်ပါတယ်။ “ယုံကြည်ခြင်းက အကြောင်းအရာတွေရဲ့ ဖြစ်ပေါ်တဲ့ အရင်းအမြစ်နဲ့ အမှန်တရားအပေါ် လူတွေရဲ့ နားလည်မှု၊ တွေ့ကြုံမှုရဲ့ အဆင့်နဲ့ အတိမ်အနက်ကနေ လာပါတယ်။” သင်က ဘုရားသခင် တည်ရှိတယ်လို့ ယုံကြည်ပေမဲ့ သင်က အရာအားလုံးအပေါ်မှာ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုနဲ့ အချုပ်အခြာအာဏာကို သတိပြုမိဖို့ဆိုတာကို ထားလိုက်ပြီး မသိမြင်နိုင်ဘူးဆိုရင် သင့်ရဲ့ နှလုံးသားမှာ ဘုရားသခင်က ဒီလို အခွင့်အာဏာမျိုး ရှိတယ်ဆိုတာ၊ ဘုရားသခင်ရဲ့ အခွင့်အာဏာဟာ အတုမရှိဘူး ဆိုတာကို သင်ဘယ်တော့မှ ဝန်ခံမှာမဟုတ်ပါဘူး။ သင်က ဖန်ဆင်းရှင်ကို သင့်ရဲ့ သခင်၊ သင့်ရဲ့ဘုရားအဖြစ် ဘယ်တော့မှ အမှန်တကယ် လက်ခံမှာ မဟုတ်ပါဘူး။

လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ စကြဝဠာရဲ့ ကံကြမ္မာဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ ခွဲခြားလို့မရပါ

သင်တို့အားလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြတယ်။ သင်တို့ထဲက တစ်ချို့က လူလတ်ပိုင်း ဖြစ်တယ်။ တစ်ချို့က သက်ကြီးပိုင်းထဲကို ဝင်နေပြီ။ မယုံကြည်သူကနေ ယုံကြည်သူအထိ၊ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းကနေ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လက်ခံခြင်းနဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကို ကြုံတွေ့ခြင်းအထိမှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး သင်တို့မှာ အသိပညာ ဘယ်လောက် ရှိပါသလဲ။ လူသားကံကြမ္မာကို ဘယ်လို သိမြင်နားလည်မှု ရခဲ့သလဲ။ လူတစ်ယောက်က ဘဝမှာ သူဆန္ဒရှိသမျှ အားလုံးကို ရနိုင်ပါသလား။ သင်ဖြစ်တည်လာပြီး ဆယ်စုနှစ် အနည်းငယ်မှာ သင်ဆန္ဒရှိတဲ့အရာ ဘယ်နှစ်ခု ပြီးမြောက်ပါသလဲ။ ဘယ်နှစ်ခုက ထင်ထားသလို မဖြစ်ခဲ့ပါသလဲ။ ဘယ်နှစ်ခုက ကိုယ်ကြိုက်နှစ်သက်တဲ့ အံ့သြစရာအနေနဲ့ ရောက်လာပါသလဲ။ အချိန်ကောင်းကို မသိစိတ်ကနေ စောင့်နေရင်း၊ ကောင်းကင်ဘုံရဲ့ အလိုကို စောင့်နေရင်း အကျိုးရလဒ်ကောင်းတွေ ရဖို့အတွက် လူတွေ အကြောင်းအရာ ဘယ်နှစ်ခုစောင့်နေပါသလဲ။ အကြောင်းအရာဘယ်နှစ်ခုက လူတွေကို ပိတ်ပင်တားဆီးပြီး အကူအညီမဲ့သလို ခံစားစေခဲ့သလဲ။ လူတိုင်းက သူတို့ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နေပါတယ်။ သူတို့ဘဝမှာ အရာရာဟာ သူတို့ဆန္ဒရှိသလို ဖြစ်မယ်၊ အစားအစာ သို့မဟုတ် အဝတ်အစားအတွက် မလိုဘူး၊ သူတို့ရဲ့ စည်းစိမ်တွေဟာ သိပ်အံ့သြစရာကောင်းအောင် မြှင့်တက်လာမယ်လို့ မျှော်လင့်ကြတယ်။ ဆင်းရဲပြီး ဖိနှိပ်ခံရတဲ့ဘဝ၊ အခက်အခဲတွေနဲ့ ပြည့်နေတဲ့ဘဝ၊ ဘေးဒုက္ခတွေနဲ့ ဝန်းရံနေတဲ့ဘဝကို ဘယ်သူမှ မလိုချင်ဘူး။ ဒါပေမဲ့ လူတွေဟာ ဒီအရာတွေကို ကြိုမမြင်နိုင်ဘူး သို့မဟုတ် မထိန်းချုပ်နိုင်ဘူး။ တစ်ချို့အတွက်က အတိတ်ဆိုတာ အတွေ့အကြုံတွေ ရောထွေးနေခြင်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ဟာ ကောင်းကင်ဘုံရဲ့ အလိုက ဘာလဲဆိုတာကို ဘယ်တော့မှ မသိမြင်သလို ဂရုလည်းမစိုက်ပါဘူး။ သူတို့ရဲ့ဘဝတွေကို တိရစ္ဆာန်တွေလို မဆင်မခြင်နဲ့ တစ်နေ့ပြီးတစ်နေ့ အသက်ရှင်နေထိုင်ရင်း၊ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ဘာလဲဆိုတာ၊ လူသားတွေက ဘာကြောင့်အသက်ရှင်တယ် သို့မဟုတ် ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ဂရုမစိုက်ဘဲနေရင်း အသက်ရှင်ကြတယ်။ ဒီလူတွေဟာ လူသားရဲ့ကံကြမ္မာကို နားလည်ခြင်းမရှိဘဲ အသက်ကြီးလာကြတယ်။ သူတို့သေတဲ့အချိန်အထိ ဘဝဆိုတာ ဘာလဲဆိုတာကို ဘာမှမသိကြရဘူး။ ဒီလိုလူတွေက လူသေတွေပါ။ သူတို့ဟာ ဝိညာဉ်မပါတဲ့ သက်ရှိတွေဖြစ်တယ်။ သူတို့ဟာ သားရဲတိရစ္ဆာန်တွေ ဖြစ်တယ်။ အရာအားလုံးကြားမှာ အသက်ရှင်နေထိုင်ရင်း၊ ကမ္ဘာကြီးက သူတို့ရဲ့ ရုပ်ဝတ္ထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ နည်းလမ်းတွေကနေ လူတွေဟာ ပျော်ရွှင်မှုတွေကို ရရယူနိုင်ပေမဲ့၊ ဒီရုပ်ဝတ္ထုကမ္ဘာဟာ အစဥ်တစိုက် တိုးတက်နေတာကို သူတို့မြင်ရပေမဲ့ သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံ၊ သူတို့ရဲ့ နှလုံးသားနဲ့ ဝိညာဉ်က ခံစားပြီး ကြုံတွေ့ရတဲ့အရာတွေဟာ ရုပ်ဝတ္ထုတွေနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ဘယ်ရုပ်ဝတ္ထုပစ္စည်းမှ ဒီအရာအတွက် အစားထိုးမဖြစ်ပါဘူး။ ဒါဟာ နှလုံးသားထဲမှာရှိတဲ့ သိမြင်ခြင်းပါ။ ပကတိမျက်စိနဲ့ မြင်လို့မရနိုင်တဲ့ အရာပါ။ ဒီသိမြင်ခြင်းဟာ လူသားဘဝနဲ့ လူသားကံကြမ္မာအပေါ် သူ့ရဲ့နားလည်မှု၊ ခံစားမှုတို့ထဲမှာ တည်ရှိပါတယ်။ ဒီအရာဟာ မမြင်ရတဲ့ အရှင်သခင်တစ်ယောက်က အရာအားလုံးကို စီစဉ်နေတယ်၊ လူသားအတွက် အရာရာတိုင်းကို ကိုင်တွယ်ညွှန်ကြားနေတယ် ဆိုတဲ့အပေါ် နားလည်စေပါတယ်။ ဒီအရာတွေအားလုံးထဲမှာ လူတစ်ယောက်ဟာ ကံကြမ္မာရဲ့စီစဉ်မှုတွေနဲ့ ကိုင်တွယ်ညွှန်ကြားမှုတွေကို လက်ခံရုံပဲရှိပါတယ်။ ဖန်ဆင်းရှင်ချပေးတဲ့ လမ်း၊ သူ့ရဲ့ကံကြမ္မာအပေါ် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လက်ခံရုံပဲရှိပါတယ်။ ဒါက မငြင်းနိုင်တဲ့ အချက်တစ်ခုပါ။ ကံကြမ္မာနဲ့ပတ်သက်ပြီး ဘယ်လို ထိုးထွင်းသိမြင်မှုနဲ့ သဘောထားပဲရှိပါစေ ဒီအချက်ကို ဘယ်သူမှ မပြောင်းနိုင်ပါဘူး။

သင်နေ့တိုင်း ဘယ်ကိုသွားမယ်၊ ဘာလုပ်မယ်၊ ဘယ်သူ သို့မဟုတ် ဘာကို သင်ကြုံတွေ့မယ်၊ သင် ဘာပြောမယ်၊ သင့်ဆီမှာ ဘာတွေဖြစ်မယ်၊ ဒီအရာတွေအားလုံးကို ကြိုတင်ခန့်မှန်းလို့ ရပါသလား။ လူတွေက ဒီအဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပါဘူး။ ဒါတွေ ဘယ်လိုဖြစ်တယ်ဆိုတာကို ထိန်းချုပ်ဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ပါ။ ဘဝမှာ ဒီကြိုမမြင်နိုင်တဲ့ အဖြစ်အပျက်တွေက အချိန်ပြည့်ဖြစ်ပေါ်နေပြီး နေ့စဉ်ဖြစ်ပေါ်တဲ့ အရာတစ်ခုပါ။ ဒီနေ့စဥ် လောကဓံတရားတွေနဲ့ သူတို့ဖြစ်ပေါ်တဲ့ နည်းလမ်း သို့မဟုတ် ဖြစ်ပေါ်တဲ့ ပုံစံတွေဟာ ဘယ်အရာမှ ဖြစ်ချင်သလိုမဖြစ်ဘူး၊ ဒီအရာတွေရဲ့ ရှုပ်ထွေးမှုတွေ၊ ရှောင်လွှဲမရခြင်းတွေဟာ လူသားရဲ့ စိတ်အလိုနဲ့ မရွှေ့ပြောင်းနိုင်ဘူး ဆိုတာတွေဟာ လူသားမျိုးနွယ်ကို အစဥ်တစိုက် သတိပေးနေတဲ့ အရာတွေ ဖြစ်ပါတယ်။ အဖြစ်အပျက်တိုင်းက လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်ရဲ့ အသိပေးချက်တစ်ခု ပါဝင် ဆက်သွယ်နေပြီး လူသားမျိုးနွယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ အချက်ကို ဒီအရာက အသိပေးပို့နေပါတယ်။ တစ်ချိန်တည်းမှာပဲ အဖြစ်အပျက်တိုင်းက လူသားရဲ့ ကြမ်းတမ်းတဲ့ အချည်းနှီးဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ ကံကြမ္မာကို ကိုယ်တိုင်ရယူလိုချင်တဲ့ ဆန္ဒအတွက် ပြန်လည် ချေပချက်တွေပဲ ဖြစ်တယ်။ ဒီအရာတွေဟာ အဆုံးမှာ ဘယ်သူက သူတို့ရဲ့ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်နေတယ်ဆိုတာကို ပြန်လည် သုံးသပ်ဖို့ လူတွေကို တိုက်တွန်းနေရင်း လူသားမျိုးနွယ်ရဲ့ နားကို တစ်ဖက်ပြီးတစ်ဖက် လက်နဲ့ ရိုက်ချက်တွေလိုပါပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ လိုအင်ဆန္ဒတွေဟာ တစ်ခါပြီးတစ်ခါ ပိတ်ပင်တားဆီးခံရပြီး ပျက်စီးကြေမွသွားတဲ့အခါ လူသားတို့ဟာ မသိစိတ်ကနေ ကံစီမံသမျှကို လက်ခံခြင်း၊ အမှန်တရားကို လက်ခံခြင်း၊ ကောင်းကင်ဘုံနဲ့ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လက်ခံခြင်းကို သဘာဝအလျောက် ရောက်ရှိလာပါတယ်။ ဒီနေ့စဉ် လောကဓံတရားတွေကနေ လူသားတို့ဘဝတစ်ခုလုံးရဲ့ ကံကြမ္မာတွေအထိမှာ ဖန်ဆင်းရှင်ရဲ့ အစီအစဉ်နဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို ဖွင့်မပြတဲ့အရာ တစ်ခုမှမရှိပါဘူး။ “ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာဟာ သာလွန်ကြီးမြတ်တယ်” ဆိုတဲ့ ထာဝရအမှန်တရားကို မပြတဲ့ “ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို မကျော်လွန်နိုင်ဘူး”ဆိုတဲ့ အချက်ကို မပြတဲ့ အရာတစ်ခုမှ မရှိပါဘူး။

လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ စကြဝဠာဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ နီးစပ်စွာရစ်ပတ်နေပြီး ဖန်ဆင်းရှင်ရဲ့ စီစဥ်ညွှန်ကြားမှုမှာ ခွဲထွက်လို့မရအောင် ချည်နှောင်ထားပါတယ်။ အဆုံးမှာတော့ သူတို့ဟာ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကနေ ဆွဲခွာလို့မရပါဘူး။ အရာအားလုံးရဲ့ နိယာမတွေကနေတစ်ဆင့် လူသားဟာ ဖန်ဆင်းရှင်ရဲ့ စီစဥ်ညွှန်ကြားမှုနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို နားလည်လာတယ်။ ရှင်သန်ရပ်တည်နေရေး စည်းမျဉ်းတွေကနေတစ်ဆင့် သူဟာ ဖန်ဆင်းရှင်ရဲ့ အုပ်စိုးမှုကို သတိပြုမိလာတယ်။ အရာအားလုံးရဲ့ ကံကြမ္မာကနေ ဖန်ဆင်းရှင်က သူ့ရဲ့အခွင့်အာဏာကို အသုံးချပြီး သူတို့ကို ထိန်းချုပ်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သူကောက်ချက်ဆွဲတယ်။ အရာအားလုံးနဲ့ လူသားတို့ရဲ့ ဘဝစက်ဝန်းမှာ လူသားဟာ ဖန်ဆင်းရှင်ရဲ့ စီစဥ်ညွှန်ကြားမှုတွေနဲ့ အရာအားလုံးနဲ့ သက်ရှိအားလုံးတို့အတွက် အစီအစဉ်တွေကို အမှန်တကယ် တွေ့ကြုံရတယ်။ ဒီစီစဥ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေဟာ ကမ္ဘာမြေကြီးနဲ့ဆိုင်တဲ့ နိယာမတွေအားလုံး၊ စည်းမျဉ်းတွေ၊ အလေ့အထတွေ၊ တစ်ခြားတန်ခိုးအစွမ်းနဲ့ စွမ်းအင်တွေအားလုံးကို ဘယ်လို ဝင်ရောက် နေရာယူတယ်ဆိုတာကို အမှန်တကယ် မျက်မြင်တွေ့ရှိရတယ်။ ဒီအချက်ကြောင့် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏာဟာ ဘယ်ဖန်ဆင်းခံကမှ ချိုးဖောက်လို့မရဘူးဆိုတာ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အကြောင်းအရာတွေကို ဘယ်စွမ်းအားကမှ ဝင်ရောက်နှောင့်ယှက်လို့ မရဘူးဆိုတာကို လူသားမျိုးနွယ်ကို လက်ခံစေပါတယ်။ လူသားနဲ့ အရာအားလုံးဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွားကြတာက ဒီမြင့်မြတ်တဲ့ နိယာမတွေနဲ့ စည်းမျဉ်းတွေရဲ့ အောက်မှာဖြစ်ပါတယ်။ ဒါက ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာရဲ့ စစ်မှန်တဲ့ ပုံဆောင်ချက်တစ်ခုပဲ မဟုတ်ဘူးလား။ ဒီဓမ္မဓိဌာန်ကျတဲ့ နိယာမတွေမှာ အရာအားလုံးနဲ့ အဖြစ်အပျက်အားလုံးအတွက် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့ အမိန့်ချမှတ်မှုတွေကို လူသားက မြင်ပေမဲ့ စကြဝဠာအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရဲ့ အခြေခံ သဘောတရားတွေကို ဘယ်သူက နားလည်ဖမ်းဆုပ်နိုင်ပါသလဲ။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လိုက်လျှောက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအပေါ် စီစဉ်မှုကို အမှန်တကယ်သိနိုင်၊ အသိအမှတ်ပြုနိုင်၊ လက်ခံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ။ အရာအားလုံးအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်ကို ယုံကြည်ပြီး ဖန်ဆင်းရှင်က လူသားဘဝရဲ့ ကံကြမ္မာကို အမိန့်ပေးတယ်ဆိုတာကိုလည်း ဘယ်သူက အမှန်တကယ်ယုံကြည်ပြီး အသိအမှတ်ပြုပါသလဲ။ လူသားရဲ့ ကံကြမ္မာဟာ ဖန်ဆင်းရှင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတဲ့ အချက်ကို ဘယ်သူက အမှန်တကယ် နားလည်သဘောပေါက် ပါသလဲ။ ဖန်ဆင်းရှင်ဟာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်တယ်ဆိုတဲ့အချက်ကို ရင်ဆိုင်ပြီးတဲ့အခါမှာ၊ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာအပေါ် လူသားမျိုးနွယ်ဟာ ဘယ်လိုသဘောထားမျိုး ထားမလဲဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒီအချက်နဲ့ရင်ဆိုင်ပြီးတဲ့ လူသားတိုင်း သူတို့ကိုယ်တိုင်ပြုလုပ်ရမယ့် ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

လူသားဘဝတစ်ခုမှာရှိတဲ့ ဆုံမှတ်ခြောက်ခု

လူသားရဲ့ ဘဝလမ်းကြောင်းမှာ အရေးကြီးတဲ့ ဆုံမှတ်တွေကို လူတိုင်းရောက်ကြပါတယ်။ ဒီအရာတွေက အခြေခံအကျဆုံး၊ အရေးအကြီးဆုံး၊ ဘဝမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပိုင်းခြားသတ်မှတ်တဲ့ အဆင့်တွေဖြစ်ကြပါတယ်။ အောက်ပါအချက်တွေက လူတိုင်း သူ့ဘဝ သို့မဟုတ် သူမရဲ့ ဘဝလမ်းကြောင်းမှာ ဖြတ်သန်းရမယ့် ဘဝမှတ်တိုင်သုံးခုရဲ့ အကျဉ်းချုပ် အချက်အလက်တွေဖြစ်ပါတယ်။

မွေးဖွားခြင်း - ပထမဆုံမှတ်

လူတစ်ယောက် မွေးဖွားတဲ့အခါမှာ သူ သို့မဟုတ် သူမက ဘယ်မိသားစုကနေ မွေးတယ်၊ လိင်အမျိုးအစား၊ ပုံသဏ္ဌာန်၊ မွေးဖွားချိန်၊ ဒါတွေက လူတစ်ယောက်ဘဝရဲ့ ပထမဆုံမှတ်ရဲ့ အသေးစိတ် အချက်အလက်တွေ ဖြစ်ပါတယ်။

ဒီဆုံမှတ်မှာ ဘယ်သူမှ ဒီအပိုင်းတွေကို ရွေးချယ်ခွင့်မရှိပါဘူး။ ဒီအရာတွေ အားလုံးဟာ ဖန်ဆင်းရှင်အားဖြင့် ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒီအရာတွေဟာ ပြင်ပပတ်ဝန်းကျင်မှ ဘယ်နည်းလမ်းနဲ့မှ လွှမ်းမိုးခံရခြင်း မရှိဘူး။ ဖန်ဆင်းရှင်က ကြိုတင်ပိုင်းခြား သတ်မှတ်ပေးထားတဲ့ ဒီအချက်တွေကို လူသားပြုလုပ်ထားတဲ့ ဘယ်အချက်ကမှ မပြောင်းလဲနိုင်ပါဘူး။ လူတစ်ယောက် မွေးဖွားလာခြင်းက အဲဒီလူအတွက် ဖန်ဆင်းရှင် စီစဉ်ထားတဲ့ ကံကြမ္မာရဲ့ ပထမအဆင့် ပြီးပြည့်စုံပြီးဖြစ်တယ်လို့ ဆိုလိုပါတယ်။ သူဟာ ဒီအသေးစိတ် အချက်အလက် အားလုံးကို ရှေးကတည်းက ကြိုပြီး ပိုင်းခြားသတ်မှတ် ထားတာကြောင့် ဘယ်သူကမှ ဘယ်အချက်ကိုမှ ပြောင်းလဲနိုင်တဲ့ အစွမ်းမရှိပါဘူး။ လူတစ်ယောက်ရဲ့ နောက်ပိုင်းဖြစ်လာမယ့် ကံကြမ္မာတွေနဲ့ မသက်ဆိုင်ဘဲ သူ့ရဲ့မွေးဖွာခြင်း အခြေအနေများက ကြိုတင်သတ်မှတ် ထားပြီးဖြစ်ပြီး အဲဒီအတိုင်းပဲ ရှိပါတယ်။ ဒီအချက်တွေကို လူတစ်ယောက်ရဲ့ဘဝရဲ့ ကံကြမ္မာက ဘယ်နည်းလမ်းနဲ့မှ လွှမ်းမိုးမှုမရှိသလို ဒီကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို ဘယ်နည်းနဲ့မှ သက်ရောက်မှု မရှိပါဘူး။

၁။ ဖန်ဆင်းရှင်ရဲ့ အစီအစဉ်အားဖြင့် ဘဝသစ်တစ်ခု မွေးဖွားပါတယ်

လူတစ်ယောက်ရဲ့ မွေးဖွားရာနေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ မွေးဖွားတဲ့ အချိန်ဖြစ်တဲ့ ပထမဆုံမှတ်မှာ ဘယ်အသေးစိတ် အချက်အလက်ကို လူတစ်ယောက်ဟာ ရွေးချယ်နိုင်စွမ်း ရှိပါသလဲ။ သိသာပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားခြင်းက ကိုယ်တိုင်ပြုလုပ်လို့မရတဲ့ ဖြစ်ရပ်တစ်ခုပါ။ လူတစ်ယောက်ဟာ နေရာတစ်နေရာ၊ အချိန်တစ်ခု၊ မိသားစုတစ်စုမှာ၊ ရုပ်အသွင်အပြင်တစ်ခုနဲ့ ကိုယ့်သဘောနဲ့ မဟုတ်ဘဲ မွေးဖွားပါတယ်။ လူတစ်ယောက်ဟာ အိမ်ထောင်စုတစ်စုမှာ ကိုယ့်သဘောနဲ့မဟုတ်ဘဲ အဖွဲ့ဝင်ဖြစ်လာပြီး မိသားစုမျိုးဆက်တစ်ခုမှာ အမွေဆက်ခံပါတယ်။ လူတစ်ယောက်ဟာ ဒီပထမဆုံမှတ်မှာ ရွေးစရာလမ်းမရှိဘဲ ဖန်ဆင်းရှင်ရဲ့ အစီအစဉ်နဲ့အညီ သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခု၊ သတ်မှတ်ထားတဲ့ မိသားစုတစ်စု၊ သတ်မှတ်ထားတဲ့ လိင်အမျိုးအစားနဲ့ အသွင်အပြင်တစ်ခုနဲ့၊ သူ့ဘဝလမ်းကြောင်းနဲ့ နီးကပ်စွာ ဆက်သွယ်နေတဲ့ သတ်မှတ်ထားတဲ့ အချိန်မှာ မွေးဖွားပါတယ်။ သိပ်အရေးပါတဲ့ ဒီဆုံမှတ်မှာ လူတစ်ယောက်ဟာ ဘာလုပ်နိုင်ပါသလဲ။ အားလုံးပေါင်းလိုက်ရင်၊ လူတစ်ယောက်ဟာ သူ့ရဲ့ မွေးဖွားခြင်းနဲ့ ပတ်သက်ပြီးတော့ ဒီအသေးစိတ် အချက်အလက်တွေ တစ်ခုကိုမှ ရွေးချယ်လို့မရပါဘူး။ ဖန်ဆင်းရှင်ရဲ့ ကြိုတင်သတ်မှတ်ခြင်းနဲ့ သူ့ရဲ့လမ်းညွှန်မှုမရှိရင် ဒီကမ္ဘာမှာ အသစ်မွေးဖွားလာတဲ့ သက်ရှိတစ်ဦးဟာ ဘယ်ကိုသွားရမယ် သို့မဟုတ် ဘယ်မှာနေရမယ်ဆိုတာကို သိမှာမဟုတ်ဘူး။ ဆွေမျိုးရှိမှာမဟုတ်ဘူး။ ဘယ်နေရာကိုမှ မပိုင်ဆိုင်ဘဲ တကယ့်အိမ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်ရဲ့ စေ့စပ်သေချာတဲ့ အစီအစဉ်ကြောင့် နေစရာနေရာတစ်ခုနဲ့၊ မိဘတွေနဲ့၊ သူပိုင်ဆိုင်တဲ့နေရာနဲ့၊ ဆွေမျိုးတွေနဲ့ သူ့ရဲ့ဘဝခရီးကို စတင်ပါတယ်။ ဒီဖြစ်စဉ်တစ်လျှောက်မှာ ဒီဘဝသစ်တစ်ခု ပေါ်ထွက်မှုဟာ ဖန်ဆင်းရှင်ရဲ့ အစီအစဉ်နဲ့ ပိုင်းခြားသတ်မှတ်ပါတယ်။ သူပိုင်ဆိုင်လာမယ့် အရာအားလုံးကို ဖန်ဆင်းရှင်က ချပေးသနားပါလိမ့်မယ်။ ဘာအမည်မှမရှိသေးတဲ့ လွတ်လွတ်လပ်လပ် လွင့်မျောနေတဲ့ ကိုယ်ခန္ဓာတစ်ခုကနေ အသွေးနဲ့အသားနဲ့ ဖြစ်လာတယ်။ မြင်နိုင်လာတယ်။ ရှင်းလင်းပြတ်သားတဲ့ လူသားတစ်ယောက်ဖြစ်လာတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းတစ်ခုဖြစ်တဲ့၊ စဉ်းစားတတ်တဲ့၊ အသက်ရှူတဲ့၊ အပူနဲ့အအေးကို သိရှိခံစားနိုင်တဲ့၊ ရုပ်ဝတ္ထုကမ္ဘာမှာ ဖန်ဆင်းခံတစ်ယောက်ရဲ့ သာမန်လှုပ်ရှားမှုအားလုံးကို ပါဝင်လုပ်ဆောင်နိုင်တဲ့၊ ဖန်ဆင်းခံတစ်ယောက်က ဘဝမှာ ကြုံတွေ့ရမယ့် အရာအားလုံးကို ဖြတ်သန်းရမယ့် သူတစ်ယောက် ဖြစ်လာပါမယ်။ လူတစ်ယောက်ကို မွေးဖွားခြင်းမှာ ဖန်ဆင်းရှင်ရဲ့ ကြိုတင်ပိုင်းခြား သတ်မှတ်ခြင်းဟာ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်တဲ့ အရာအားလုံးကို ဒီလူကို ချပေးသနားလိမ့်မယ်လို့ ဆိုလိုပါတယ်။ လူတစ်ယောက်က ဒီလိုနဲ့ မွေးဖွားလာခြင်းဟာ သူသို့မဟုတ် သူမဟာ ဖန်ဆင်းရှင်ဆီကနေ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်တဲ့ အရာအားလုံးကို လက်ခံရရှိလိမ့်မယ်၊ ဒီအချိန်ကနေစပြီး ဖန်ဆင်းရှင်က ပံ့ပိုးပေးတဲ့ နောက်ပုံစံတစ်ခုနဲ့ သူသို့မဟုတ် သူမဟာ အသက်ရှင်နေထိုင်မယ်၊ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏာ သက်ရောက်မှုရှိမယ်လို့ ဆိုလိုပါတယ်။

၂။ ဘာကြောင့် မတူညီတဲ့ လူသားတွေဟာ မတူညီတဲ့ အခြေအနေတွေအောက်မှာ မွေးဖွားလာသလဲ

လူတွေဟာ နောက်တစ်ခါ မွေးဖွားလာရင် ဂုဏ်ရှိပြီး ကျော်ကြားတဲ့ မိသားစုမှာ မွေးမယ်လို့ ကြံစည် စဉ်းစားကြတယ်။ သူတို့က အမျိုးသမီးတွေဆိုရင် စနှိုးဝှိုက်နဲ့ တူပြီး အားလုံးက ချစ်ခင်ကြမယ်။ သူတို့က ယောင်္ကျားဆိုရင် ဘာကိုမှမလိုအပ်တဲ့၊ သူစေခိုင်းတာကိုလုပ်မယ့် တစ်ကမ္ဘာလုံးက လူတွေရှိတဲ့ ချောမောလှပတဲ့ မင်းသားလေးဖြစ်မယ်။ သူတို့ရဲ့မွေးနေ့နဲ့ပတ်သက်လို့ အမြင်မှားတဲ့သူတွေ အများကြီးရှိပြီး မကြာခဏပဲ မကျေမနပ်ဖြစ်ကြတယ်။ သူတို့မိသားစု၊ သူတို့ရဲ့ အသွင်အပြင်၊ သူတို့ရဲ့ လိင်အမျိုးအစား၊ သူတို့မွေးတဲ့ အချိန်ကိုတောင်မှ မကျေမနပ် ဖြစ်ကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ လူတွေက ဒီမိသားစုမှာ ဘာကြောင့် မွေးလာတယ် သို့မဟုတ် ဘာကြောင့် ဒီလိုပုံစံ ဖြစ်တယ်ဆိုတာကို လုံးဝ နားမလည်ကြဘူ။ သူတို့ဘယ်မှာ မွေးသည်ဖြစ်စေ၊ ဘယ်လိုပုံစံရှိသည်ဖြစ်စေ၊ သူတို့ဟာ ဖန်ဆင်းရှင်ရဲ့ စီမံခန့်ခွဲမှုမှာရှိတဲ့ မတူညီတဲ့ တာဝန်တွေကို ပြီးပြည့်စုံစေဖို့နဲ့ နေရာအမျိုးမျိုးတို့မှာ လှုပ်ရှားဖို့ဆိုတာကို သူတို့မသိကြဘူး။ ဒီရည်ရွယ်ချက်က ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဖန်ဆင်းရှင်ရဲ့အမြင်မှာ လူတစ်ယောက်မွေးဖွားတဲ့နေရာ၊ လိင်အမျိုးအစား၊ ရုပ်အသွင်အပြင်၊ ဒါတွေအားလုံးဟာ ယာယီတွေပဲဖြစ်ပါတယ်။ သူတို့ဟာ လူသားမျိုးနွယ် တစ်ခုလုံးအပေါ် ဖန်ဆင်းရှင်ရဲ့ စီမံခန့်ခွဲမှုရဲ့ ပြောင်းလဲမှုအဆင့် တစ်ခုစီမှာရှိတဲ့ သိပ်မှုန်မွှားတဲ့ အစက်အပြောက်လေးတွေ၊ သိပ်သေးငယ်တဲ့ သင်္ကေတလေးတွေ ဖြစ်ကြပါတယ်။ လူတစ်ယောက်ရဲ့ တကယ့်ပန်းတိုင်နဲ့ အဆုံးသတ်ဟာ သီးသန့်ပြောင်းလဲမှု အဆင့်တစ်ခုမှာရှိတဲ့ သူရဲ့ သို့မဟုတ် သူမရဲ့ မွေးဖွားခြင်းအားဖြင့် ပိုင်းခြားသတ်မှတ်တာ မဟုတ်ဘဲ ဘဝတိုင်းမှာ သူသို့မဟုတ် သူမ ပြီးမြောက်စေတဲ့ တာဝန်အားဖြင့်၊ ဖန်ဆင်းရှင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်တို့ ပြီးဆုံးတဲ့အခါမှာ သူတို့အပေါ်မှာ ဖန်ဆင်းရှင်ရဲ့ တရားစီရင်မှုအားဖြင့် ပိုင်းခြားဆုံးဖြတ်မှာဖြစ်ပါတယ်။

အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိပြီး အကြောင်းတရားမရှိတဲ့ အကျိုးဆိုတာမရှိဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ မွေးဖွားခြင်းဟာ သူ့ရဲ့လက်ရှိဘဝနဲ့ အရင်ဘဝနှစ်ခုလုံးနဲ့ သေချာပေါက် ဆက်သွယ်နေပါတယ်။ လူတစ်ယောက်ရဲ့ သေဆုံးခြင်းဟာ သူတို့ရဲ့လက်ရှိဘဝကို အဆုံးသတ်စေခဲ့ရင် လူတစ်ယောက်ရဲ့ မွေးဖွားခြင်းဟာ စက်ဝန်းအသစ်ရဲ့ အစတစ်ခုဖြစ်တယ်။ စက်ဝန်းအဟောင်းက လူတစ်ယောက်ရဲ့ အရင်ဘဝကို ကိုယ်စားပြုတယ်ဆိုရင် စက်ဝန်းအသစ်က အလိုအလျောက် သူတို့ရဲ့ လက်ရှိဘဝဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားခြင်းက သူ့ရဲ့အရင်ဘဝနဲ့ လက်ရှိဘဝကို ဆက်သွယ်နေတာကြောင့် သူ့ရဲ့မွေးဖွားမှုနဲ့ ဆက်စပ်နေတဲ့ တည်နေရာ၊ မိသားစု၊ လိင်အမျိုးအစား၊ အသွင်အပြင်နဲ့ တစ်ခြား အချက်အလက်တွေ အားလုံးဟာ သူတို့နဲ့ သေချာပေါက် ဆက်သွယ်နေပါတယ်။ ဒါက လူတစ်ယောက်ရဲ့ မွေးဖွားခြင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ အရင်ဘဝရဲ့ လွှမ်းမိုးမှု ရှိရုံတင်မကဘဲ လက်ရှိဘဝမှာ သူ့ရဲ့ပန်းတိုင်ကို ပိုင်းခြားသတ်မှတ်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါက လူတွေမွေးဖွားလာတဲ့ အခြေအနေအမျိုးမျိုးနဲ့ ဆက်စပ်နေတယ်။ တစ်ချို့လူတွေက ဆင်းရဲတဲ့ မိသားစုတွေမှာ မွေးဖွားကြတယ်။ တစ်ချို့က ချမ်းသာတဲ့ မိသားစုတွေမှာ မွေးဖွားတယ်။ တစ်ချို့က သာမန်လူတန်းစားကနေ လာပြီး၊ တစ်ချို့ကျတော့ ဂုဏ်ရှိပြီး ကျော်ကြားတဲ့ မျိုးရိုးတွေ ရှိကြတယ်။ တစ်ချို့က တောင်ပိုင်းမှာမွေးတယ်။ တစ်ချို့က မြောက်ပိုင်းမှာမွေးတယ်။ တစ်ချို့က သဲကန္တာရထဲမှာ မွေးတယ်။ တစ်ချို့က စိမ်းလန်းတဲ့ မြက်ပင်မြေတို့မှာ မွေးတယ်။ တစ်ချို့လူတွေရဲ့ မွေးဖွားခြင်းတွေက အသိအမှတ်ပြုမှု၊ ရယ်သံ၊ ပွဲကျင်းပမှုတွေနဲ့ အတူယှဉ်တွဲတယ်။ တစ်ချိုကတွေကတော့ မျက်ရည်၊ ဘေးဒုက္ခ၊ ဝမ်းနည်းစိတ်ညစ်ခြင်းတို့ သယ်ဆောင်လာတယ်။ တစ်ချို့က တန်ဖိုးအထားခံရဖို့ မွေးဖွားလာတယ်။ တစ်ချို့က မြက်ပင်တွေလို ဘေးကို အပစ်ခံရတယ်။ တစ်ချို့က ကောင်းမွန်တဲ့ ပုံသဏ္ဌာန်တွေနဲ့ မွေးဖွားတယ်။ တစ်ချို့က ပုံပန်းမကျတဲ့ အရာတွေနဲ့ မွေးတယ်။ တစ်ချို့က ကြည့်ရတာ ချစ်စရာသိပ်ကောင်းတယ်။ တစ်ချို့က ရုပ်ဆိုးတယ်။ တစ်ချို့က သန်းခေါင်းယံမှာမွေးတယ်။ တစ်ချို့က နေ့လည်နေရဲ့ တောက်လောင်မှုအောက်မှာ မွေးတယ်။ အမျိုးအစား အားလုံးမှာရှိတဲ့ လူတွေရဲ့ မွေးဖွားခြင်းတွေက ဖန်ဆင်းရှင် သူတို့အတွက် ပြင်ဆင်ထားတဲ့ ကံကြမ္မာအားဖြင့် ပိုင်းခြားသတ်မှတ် ထားပါတယ်။ သူတို့ရဲ့မွေးဖွားမှုဟာ လက်ရှိဘဝက သူတို့ရဲ့ကံကြမ္မာနဲ့ သူတို့လှုပ်ရှားရမယ့် နေရာတွေနဲ့ သူတို့ပြီးမြောက်ရမယ့် တာဝန်တွေကိုပါ သတ်မှတ်ပေးတယ်။ ဒီအရာအားလုံးဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရဲ့ သက်ရောက်မှုရှိတယ်။ သူက ကြိုတင်သတ်မှတ်ထားတယ်။ သူတို့ရဲ့ကြိုတင် သတ်မှတ်ထားတဲ့ ပန်းတိုင်ကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ သူတို့မွေးဖွားခြင်းရဲ့ အခြေအနေတွေကို[က] ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ဘယ်သူမှ မရွေးချယ်နိုင်ဘူး။

အရွယ်ရောက်လာခြင်း - ဒုတိယဆုံမှတ်

ဘယ်လိုမိသားစုမျိုးမှာ မွေးလာတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီး လူတွေဟာ မတူညီတဲ့အိမ် ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး သူတို့မိဘတွေဆီကနေ မတူညီတဲ့ သင်ခန်းစာတွေကို သင်ကြားကြတယ်။ ဒါက လူတစ်ယောက် ကြီးပြင်းလာတဲ့အောက်က အခြေအနေအပေါ်မှာ သတ်မှတ်ပြီး အရွယ်ရောက်ခြင်းက[ခ] လူတစ်ယောက်ဘဝရဲ့ ဒုတိယအရေးပါတဲ့ ဆုံမှတ်ကို ကိုယ်စားပြုတယ်။ ပြောပြစရာမလိုပါဘူး။ လူတွေက ဒီဆုံမှတ်မှာလည်း ရွေးစရာလမ်းမရှိပါဘူး။ ဒါကလည်း သတ်မှတ်ပြီးသား ကြိုတင်စီစဉ်ပြီးသားပါ။

၁။ လူတစ်ယောက် ကြီးပြင်းတဲ့ အခြေအနေတွေကို ဖန်ဆင်းရှင်က သတ်မှတ်တယ်

လူတစ်ယောက်ဟာ သူသို့မဟုတ် သူမကြီးပြင်းရမယ့် သွန်သင်ဆုံးမမှုနဲ့ လွှမ်းမိုးမှု ပြုလုပ်မယ့် လူ သို့မဟုတ် အချက်အလက်တွေကို မရွေးချယ်နိုင်ဘူး။ လူတစ်ယောက်ဟာ ဘာအသိပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သူရရှိမလဲဆိုတာ၊ ဘယ်လိုအကျင့်မျိုး ဖြစ်မယ်ဆိုတာကို မရွေးချယ်နိုင်ဘူး။ သူ့ရဲ့မိဘတွေနဲ့ အမျိုးတွေက ဘယ်သူဆိုတာ၊ ဘယ်လိုပတ်ဝန်းကျင်မှာ ကြီးပြင်းမယ်ဆိုတာကို မရွေးချယ်နိုင်ဘူး။ လူတစ်ယောက်ရဲ့ လူတွေနဲ့ ဆက်ဆံရေး၊ ဖြစ်ရပ်တွေ၊ သူ့ပတ်ဝန်းကျင်က အကြောင်းအရာတွေ၊ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုလွှမ်းမိုးတယ်ဆိုတာတွေ အားလုံးဟာ သူ့ထိန်းချုပ်မှုထက်ပိုပြီး ကျော်လွန်ပါတယ်။ ဒါဆိုရင် ဒါတွေကို ဘယ်သူက ဆုံးဖြတ်တာလဲ။ ဘယ်သူက စီစဉ်တာလဲ။ ဒီကိစ္စတွေမှာ လူတွေက ရွေးချယ်လို့မရတဲ့အတွက် ဒါတွေကို သူတို့ဖာသာ မဆုံးဖြတ်နိုင်တဲ့အတွက်၊ သူတို့ဟာ သိသာစွာနဲ့ပဲ ပုံသဏ္ဌာန်ကို သဘာဝအတိုင်း မလုပ်တဲ့အတွက်၊ ဒီအရာတွေအားလုံးရဲ့ ဖြစ်ပေါ်ပုံက ဖန်ဆင်းရှင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ ဖန်ဆင်းရှင်က လူတိုင်းရဲ့ မွေးဖွားမှုရဲ့ သီးသန့်အခြေအနေတွေကို စီစဉ်သလိုပဲ သူကြီးပြင်းမယ့် သီးသန့်အခြေအနေ တစ်ခုကိုလည်း စီစဉ်ပါတယ်။ ဒါက ပြောဖို့မလိုပါဘူး။ လူတစ်ယောက်ရဲ့ မွေးဖွားမှုက လူတွေ၊ ဖြစ်ရပ်တွေ၊ သူသို့မဟုတ် သူမဘေးပတ်လည်က အကြောင်းအရာတွေကို ပြောင်းလဲစေတယ်ဆိုရင် ဒီလူရဲ့ကြီးပြင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း သူတို့ကိုသေချာပေါက် သက်ရောက်မှု ရှိမှာပါ။ ဥပမာ တစ်ချို့လူတွေက ဆင်းရဲတဲ့ မိသားစုတွေမှာမွေးတယ်။ ဒါပေမဲ့ ချမ်းသာမှုတွေ ဝန်းရံပြီး ကြီးပြင်းတယ်။ တစ်ချို့က ချမ်းသာတဲ့မိသားစုမှာ မွေးတယ်။ ဒါပေမဲ့ သူတို့မိသားစုရဲ့ စည်းစိမ်ကို လျှော့နည်းသွားစေတယ်။ ဒီလိုနဲ့ သူတို့က ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းတယ်။ ဘယ်သူရဲ့ မွေးဖွားခြင်းကမှ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ အုပ်ချုပ်ခြင်းမရှိဘူး။ ဘယ်သူကမှ သတ်မှတ်ထားတဲ့ ရှောင်လွှဲလို့မရတဲ့ အခြေအနေအောက်မှာ မကြီးပြင်းဘူး။ ဒါတွေက လူတစ်ယောက် စဉ်းစားတွေးတောနိုင်တဲ့ သို့မဟုတ် ထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ဒီအရာတွေဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာရဲ့ ထုတ်ကုန်တွေဖြစ်ပြီး သူ့ကံကြမ္မာကို သတ်မှတ်တယ်။ သိသာပါတယ်။ အဓိကက ဒီအရာတွေဟာ ဖန်ဆင်းရှင်က လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ကြိုတင်သတ်မှတ်ထားပါတယ်။ ဒီအရာတွေဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏနဲ့ ဒီလူရဲ့ ကံကြမ္မာအတွက် သူ့ရဲ့ အစီအစဉ်တို့က ပိုင်းခြားသတ်မှတ်ထားပါတယ်။

၂။ လူတွေ အရွယ်ရောက်တဲ့ အခြေအနေအမျိုးမျိုးတို့က မတူညီတဲ့ အခန်းကဏ္ဍတွေကို ဖြစ်ပေါ်စေတယ်

လူတစ်ယောက် မွေးဖွားခြင်းရဲ့ အခြေအနေတွေဟာ အခြေခံအဆင့် တစ်ခုအပေါ်မှာ တည်ဆောက် ပါတယ်။ သူတို့ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေ၊ လူတစ်ယောက်ကြီးပြင်းတဲ့ အခြေအနေတွေဟာ သူ့ရဲ့ သို့မဟုတ် သူမရဲ့ မွေးဖွားမှု အခြေအနေတွေရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ဒီအချိန်မှာ ဘာသာစကားကို စပြီး သင်ယူလာတယ်။ အစဥ်တစိုက် ကြီးပြင်းလာနေတဲ့ ဖြစ်စဉ်မှာ သူ့ရဲ့စိတ်က အကြောင်းအရာအသစ်တွေ အများကြီးကို ကြုံတွေ့ပြီး နားလည်လက်ခံလာတယ်။ လူတစ်ယောက်က သူ့နားနဲ့ ကြားတဲ့အရာတွေ၊ သူ့မျက်လုံးနဲ့ မြင်တဲ့၊ သူ့စိတ်ထဲမှာ ခံယူတဲ့အရာတွေဟာ တဖြည်းဖြည်းနဲ့ ပေါများလာပြီး သူ့ရဲ့အတွင်းကမ္ဘာကို သက်ဝင်လှုပ်ရှားစေတယ်။ သူတွေ့ကြုံလာရတဲ့ လူတွေ၊ ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေ၊ သူသင်ယူတဲ့ အသိတရား၊ အသိပညာ၊ ကျွမ်းကျင်မှု၊ သူလွှမ်းမိုးခံရတဲ့၊ စွဲမြဲအောင်သင်ယူခံရတဲ့၊ သင်ကြားခဲ့ရတဲ့ စဉ်းစားပုံတို့အားလုံးဟာ လူတစ်ယောက်ရဲ့ဘဝမှာ သူ့ကံကြမ္မာနဲ့ လမ်းညွှန်ပြီး လွှမ်းမိုးပါလိမ့်မယ်။ သူကြီးလာတဲ့ အလျောက် သင်ယူတဲ့ ဘာသာစကားနဲ့ သူ့ရဲ့စဉ်းစားပုံနည်းလမ်းက သူ့ရဲ့ငယ်ဘဝမှာ အချိန်ကုန်ဆုံးခဲ့တဲ့ ပတ်ဝန်းကျင်ကနေ ခွဲခြားလို့မရပါဘူး။ အဲဒီ ပတ်ဝန်းကျင်မှာ မိဘတွေ၊ မွေးချင်းတွေ၊ တစ်ခြားလူတွေ၊ အဖြစ်အပျက်တွေ၊ သူသို့မဟုတ် သူမရဲ့ဘေးပတ်လည်က အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းရင်းက သူကြီးပြင်းတဲ့ ပတ်ဝန်းကျင်က သတ်မှတ်ပြီး လူတွေ၊ အဖြစ်အပျက်တွေ၊ ဒီအချိန်ကာလတွေမှာ သူကြုံတွေ့ရတဲ့ အကြောင်းအရာတွေပေါ်မှာလည်း မူတည်ပါတယ်။ လူတစ်ယောက် ကြီးပြင်းတဲ့ အခြေအနေတွေကို ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်အတွင်းမှာ သူနေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်း အလိုအလျောက် ကြိုတင်ပိုင်းခြားသတ်မှတ်ပြီး ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ရွေးချယ်မှုနဲ့ ကြိုက်နှစ်သက်မှုတွေအပေါ်မှာ သတ်မှတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်ရဲ့ အစီအစဉ်အားဖြင့် သတ်မှတ်တယ်။ ဖန်ဆင်းရှင်ရဲ့ ဂရုတစိုက် စီစဉ်မှု၊ လူတစ်ယောက်ရဲ့ဘဝမှာ သူ့ကံကြမ္မာအပေါ် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာအားဖြင့် သတ်မှတ်တယ်။ ဒါကြောင့် ဒီကြီးပြင်းမှု လမ်းကြောင်းမှာ လူတွေ ကြုံတွေ့ရတဲ့ လူတွေ၊ သူကြုံတွေရတဲ့ အကြောင်းအရာတွေ အားလုံးဟာ ဖန်ဆင်းရှင်ရဲ့ စီစဥ်ညွှန်ကြားမှုနဲ့ စီစဉ်မှုမှာ ရှောင်လွှဲလို့မရဘဲ တွယ်ဆက်နေပါတယ်။ လူတွေဟာ ဒီလို ရှုပ်ထွေးတဲ့ အပြန်အလှန် ဆက်ဆံရေးမျိုးကို ကြိုတင်မမြင်နိုင်သလို မထိန်းချုပ်နိုင် သို့မဟုတ် နားလည်သဘောပေါက်ခြင်း မရှိနိုင်ပါဘူး။ များပြားလှတဲ့ မတူညီတဲ့ အကြောင်းအရာတွေနဲ့ များပြားတဲ့ မတူညီတဲ့ လူတွေဟာ လူတစ်ယောက်ကြီးပြင်းတဲ့ ပတ်ဝန်းကျင်အပေါ်မှာ ဆက်နွယ်မှုရှိပြီး ဘယ်လူသားမှ ဒီလိုကျယ်ပြန့်တဲ့ ဆက်စပ်မှု ကွန်ယက်ကို စီစဉ်နိုင်တဲ့ ကိုင်တွယ်ညွှန်ကြားနိုင်တဲ့ အစွမ်းမရှိပါဘူး။ လူအမျိုးမျိုး၊ ဖြစ်ရပ်များနဲ့ အကြောင်းအရာများအားလုံးရဲ့ ပေါ်ပေါက်မှု၊ တည်ရှိမှုနဲ့ ကွယ်ပျောက်မှုတို့ကို ဖန်ဆင်းရှင်ကလွဲပီး ဘယ်လူ သို့မဟုတ် ဘယ်အရာမှ မထိန်းချုပ်နိုင်ပါဘူး။ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားသလို လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်တဲ့၊ လူတွေကြီးပြင်းတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကနေ ကျယ်ပြန့်တဲ့ ဆက်နွယ်မှု ကွန်ယက်မျိုးဖြစ်ပြီး လူတွေ သူတို့ရဲ့ တာဝန်တွေကို အောင်မြင်စွာ ပြီးမြောက်စေဖို့အတွက် ဖန်ဆင်းရှင်ရဲ့ စီမံခန့်ခွဲမှုအလုပ်၊ ချမှတ်ထားတဲ့ စိတ်ချရတဲ့ ခိုင်မာတဲ့အုတ်မြစ်အတွက် လိုအပ်တဲ့ တာဝန်နေရာအမျိုးမျိုးကို ဖန်တီးပါတယ်။

အမှီအခိုကင်းခြင်း - တတိယ ဆုံမှတ်

လူတစ်ယောက်က ကလေးဘဝ၊ ကြီးကောင်ဝင်ချိန်ကို ဖြတ်သန်းပြီး ရင့်ကျက်တဲ့အရွယ်ကို တဖြည်းဖြည်းနဲ့ ရှောင်လွှဲလို့မရဘဲ ရောက်လာတဲ့အခါမှာ နောက်တစ်ဆင့်က သူတို့အတွက် သူတို့ရဲ့ငယ်ရွယ်မှုကို လုံးဝနှုတ်ဆက်လိုက်ဖို့၊ သူတို့ရဲ့မိဘတွေကို နှုတ်ဆက်လိုက်ပြီး အမှီအခိုကင်းတဲ့ အရွယ်ရောက်ပြီး သူတစ်ယောက်အနေနဲ့ ရှေ့ကလမ်းကို ရင်ဆိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီအချိန်မှာ[ဂ] အရွယ်ရောက်ပြီးသူ တစ်ယောက် ကြုံတွေ့ရမယ့်၊ သူတို့ကံကြမ္မာကွင်းဆက်ရဲ့ အချိတ်အဆက်တွေအားလုံးကို ရင်ဆိုင်ရမယ့် လူတွေ၊ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေအားလုးကို သူတို့ရင်ဆိုင်ရပါမယ်။ ဒါက လူတစ်ယောက် ဖြတ်သန်းသွားရမယ့် တတိယဆုံမှတ်ပါ။

၁။ အမှီအခိုကင်းပြီးနောက်မှာ လူတစ်ယောက်ဟာ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို စတင်ကြုံတွေ့လာတယ်

လူတစ်ယောက်ရဲ့ မွေးဖွားခြင်းနဲ့ ကြီးပြင်းခြင်းဟာ သူ့ရဲ့ဘဝခရီးအတွက် “ကြိုတင်ပြင်ဆင်ခြင်း ကာလ” ဖြစ်ပြီး၊ လူတစ်ယောက်ရဲ့ ကံကြမ္မာရဲ့ အုတ်မြစ်ချခြင်း ဖြစ်ပါတယ်။ ပြီးနောက်မှာ လူတစ်ယောက်ရဲ့ အမှီအခို ကင်းခြင်းဟာ သူ့ဘဝကံကြမ္မာက ဖွင့်ပြလာတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားခြင်းနဲ့ ကြီးပြင်းခြင်းဟာ သူတို့ဘဝကံကြမ္မာအတွက် စုဆောင်းခဲ့တဲ့ ချမ်းသာမှုဖြစ်မယ်ဆိုရင်၊ လူတစ်ယောက်ရဲ့ အမှီအခိုကင်းခြင်းဟာ အဲ့ဒီချမ်းသာခြင်းကို သူတို့အသုံးချတဲ့အချိန် သို့မဟုတ် ဖြည့်စွက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မိဘတွေကို ထားခဲ့ပြီး ကိုယ်တိုင်ရပ်တည်သူ တစ်ယောက်ဖြစ်လာတဲ့အခါမှာ သူရင်ဆိုင်ရတဲ့ လူမှုရေးရာ အခြေအနေတွေ၊ သူရရှိနိုင်တဲ့ အလုပ်နဲ့ လုပ်ငန်းအမျိုးအစားနှစ်ခုလုံးဟာ ကံကြမ္မာရဲ့ စီရင်ထုံးဖွဲ့ခြင်းကို ခံရခြင်းဖြစ်ပြီး သူ့မိဘတွေနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိပါ။ တစ်ချို့လူတွေက မေဂျာ ကောင်းကောင်းကို ရွေးချယ်ပြီး ဘွဲ့ရပြီးနောက်မှာ ကျေနပ်စရာကောင်းတဲ့အလုပ်ကို ရှာဖွေတွေ့ရှိရင်း သူတို့ဘဝခရီးမှာ အောင်မြင်တဲ့ ပထမခြေလှမ်းကို လှမ်းရင်း အဆုံးသတ်ကြတယ်။ တစ်ချို့လူတွေက ပညာအမျိုးမျိုးကို သင်ယူပြီး ကျွမ်းကျင်ပေမဲ့ သူတို့နဲ့ သင့်တော်တဲ့ အလုပ် သို့မဟုတ် သူတို့ရဲ့ ရာထူးနေရာကို လုံးဝရှာမတွေ့ပါဘူး။ လုပ်ငန်းတစ်ခုရှိဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ဘူး။ သူတို့ရဲ့ ဘဝခရီးအစမှာ အလှည့်အပြောင်း တိုင်းမှာ ပိတ်ပင်တားဆီးခံရခြင်း၊ ပြဿနာတွေ ဝန်းရံလာခြင်း၊ သူတို့ရဲ့ရှေ့ရေးဟာ စိတ်ညစ်စရာဖြစ်လာပြီး သူတို့ရဲ့ဘဝတွေဟာ မသေချာပါဘူး။ တစ်ချို့လူတွေဟာ စာကို လုံ့လရှိရှိနဲ့ အသုံးချတယ်။ ဒါပေမဲ့ ပိုမြင့်တဲ့ ပညာရေးရဖို့ သူတို့ရဲ့ အခွင့်အရေးအားလုံး ကျဉ်းမြောင်းစွာနဲ့ လွဲချော်သွားခဲ့ပြီး အောင်မြင်မှုမရရှိတော့မှာ သေချာတဲ့ပုံစံဖြစ်သွားတယ်။ သူတို့ဘဝခရီးမှာ သူတို့ရဲ ပထမဆုံး စိတ်အားထက်သန်မှုဟာ လေထဲမှာ ပျောက်ကွယ်သွားပြီ။ ရှေ့မှာရှိတဲ့လမ်းက ချောမွေ့မလား သို့မဟုတ် ကြမ်းတမ်းမလားဆိုတာ မသိဘဲ[ဃ] လူသားရဲ့ ပန်းတိုင်အမျိုးမျိုးက ဘယ်လောက်ထိ များပြားနေလဲဆိုတာကို ပထမဆုံးအကြိမ် သူတို့ခံစားကြရပြီး ဘဝကို မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်းတို့နဲ့ မှတ်ယူကြတယ်။ တစ်ချို့လူတွေက ပညာသိပ်မတတ်ကြပေမဲ့ စာအုပ်တွေရေးပြီး အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ ရရှိကြတယ်။ တစ်ချို့ကတော့ လုံးဝ စာမတတ်ပေမဲ့ စီးပွားရေးနဲ့ ဝင်ငွေရှာပြီး ဒီနည်းနဲ့ သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်တယ်။ လူတစ်ယောက် ဘာအလုပ်အကိုင် ရွေးချယ်တယ်၊ ဘယ်လို အသက်မွေးဝမ်းကျောင်း ပြုလုပ်တယ်၊ လူတွေက ကောင်းမွန်တဲ့ ရွေးချယ်မှု သို့မဟုတ် မကောင်းတဲ့ ရွေးချယ်မှုလုပ်တဲ့အပေါ်မှာ ထိန်းချုပ်မှုရှိသလား။ လူတွေက သူတို့ရဲ့ဆန္ဒနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကိုက်ညီကြသလား။ လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြတယ်။ နေပူထဲ မိုးထဲမှာ မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ပြီး နေရာတိုင်းမှာ လင်းလက်တောက်ပနေဖို့၊ တစ်ခြားလူတွေထက် မြင့်ဖို့၊ သူတို့ရဲ့ ဘိုးဘေးတွေ ဂုဏ်ယူကြဖို့ ဆန္ဒရှိကြတယ်။ လူတွေရဲ့ ဆန္ဒဟာ သိပ်ကို ပြီးပြည့်စုံတယ်။ ဒါပေမဲ့ လူတွေက သူတို့ဘဝခရီးမှာ ပထမခြေလှမ်းကို စလှမ်းတဲ့အခါမှာ လူသားရဲ့ပန်းတိုင်က ဘယ်လောက်ထိ ပြည့်စုံမှုမရှိသလဲဆိုတာကို တဖြည်းဖြည်း သိမြင်လာကြပြီး လူတစ်ယောက်က သူ့ရဲ့အနာဂတ်အတွက် ခိုင်မာတဲ့ အစီအစဉ်တွေကို ချမှတ်နိုင်ပေမဲ့၊ လူတစ်ယောက်ဟာ ရဲတင်းတဲ့ စိတ်ကူးယဉ်ဆန်မှုတွေကို သိမ်းဆည်း ထားနိုင်ပေမဲ့၊ သူ့ရဲ့ သို့မဟုတ် သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘယ်သူမှ အရည်အချင်း သို့မဟုတ် အစွမ်းမရှိကြဘူး၊ ဘယ်သူကမှ သူ့ရဲ့ သို့မဟုတ် သူမရဲ့ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်တဲ့နေရာမှာ မရှိဘူးဆိုတဲ့အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် နားလည်လာကြတယ်။ လူတစ်ယောက်ရဲ့ အိပ်မက်နဲ့ အမှန်တရားကြားမှာ သူရင်ဆိုင်ရမယ့် အကွာအဝေးတစ်ချို့ အမြဲတမ်းရှိနေပါလိမ့်မယ်။ အကြောင်းအရာတွေ ဟာ လူတစ်ယောက် ဖြစ်စေချင်တဲ့အတိုင်း ဘယ်တော့မှမဖြစ်ဘူး။ ဒီလိုအမှန်တရားနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူတွေဟာ စိတ်ကျေနပ်မှု သို့မဟုတ် အားရကျေနပ်မှု ဘယ်တော့မှ မရရှိကြဘူး။ တစ်ချို့လူတွေဟာ စိတ်ကူးလို့ရသလောက် အတိုင်းအတာအထိတောင် သွားကြလိမ့်မယ်။ သူတို့ရဲ့ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ရည်ရွယ်ချက်နဲ့ သူတိုရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ အနာဂတ်အတွက် ကြီးမားတဲ့ အားစိုက်မှုတွေ ပြုလုပ်ပြီး ကြီးမားတဲ့ စွန့်လွတ်မှုတွေ ပြုလုပ်ကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုတွေနဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ရင်တောင်မှ သူတို့ရဲ့ ကံကြမ္မာတွေကို ဘယ်တော့မှ မပြောင်းလဲ နိုင်ပါဘူး။ ဘယ်လောက်ပဲ ဇွဲကြီးကြီးနဲ့ ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြား သတ်မှတ်ပေးတာထက် ဘယ်တော့မှ ကျော်လွန်နိုင်မှာမဟုတ်ဘူး။ အရည်အချင်း၊ အိုင်ကျူ၊ စိတ်ဓါတ်စွမ်းအား မတူညီမှုတွေနဲ့ မသက်ဆိုင်ဘဲ လူအားလုံးဟာ ကံကြမ္မာရဲ့ ရှေ့မှောက်မှာ ညီတူညီမျှဖြစ်ပြီး ကြီးမားခြင်းနဲ့ သေးငယ်ခြင်းကြားမှာ၊ အမြင့်နဲ့ အနိမ့်ကြားမှာ၊ ပီတိဖြစ်ခြင်းနဲ့ စိတ်တိုခြင်းကြားမှာ ခြားနားချက်မရှိပါဘူး။ လူတစ်ယောက်က ဘာအလုပ်အကိုင်ကို လုပ်ဖို့ကြိုးစားတယ်ဆိုတာ၊ စားဝတ်နေရေးအတွက် ဘာလုပ်တယ်ဆိုတာ၊ ဘဝမှာ ချမ်းသာမှုတွေ ဘယ်လောက်စုစည်းထားတယ် ဆိုတာတွေဟာ သူ့ရဲ့မိဘ၊ သူ့ရဲ့ ပါရမီ၊ အားစိုက်ထုတ်မှု သို့မဟုတ် ရည်ရွယ်ချက်တို့နဲ့ သတ်မှတ်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်မှ ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

၂။ မိဘတွေကို စွန့်ခွာပြီး ဘဝဇာတ်ခုံပေါ်မှာ ကပြဖို့အတွက် လေးနက်ခိုင်မာစွာ စတင်ခြင်း

လူတစ်ယောက်ဟာ အရွယ်ရောက်ပြီး ရင့်ကျက်လာတဲ့အခါမှာ မိဘတွေကို စွန့်ခွာပြီး ကိုယ်တိုင် ရပ်တည်လာနိုင်ပါတယ်။ ကိုယ့်တာဝန်ကိုယ်ယူဖို့ အမှန်တကယ် စတင်ပြုလုပ်တဲ့ အချိန်လည်းဖြစ်တယ်။ သူ့ရဲ့ ဘဝတာဝန်က ဝေဝါးမနေတော့ဘဲ တဖြည်းဖြည်း ရှင်းလင်းလာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိဘတွေနဲ့ အနည်းငယ်တော့ နီးကပ်စွာ နေထိုင်ပါသေးတယ်။ ဒါပေမဲ့ ဘဝမှာ သူ့ရဲ့တာဝန်နဲ့ အခန်းကဏ္ဍကို လုပ်ဆောင်ခြင်း က သူ့အမေနဲ့ အဖေနဲ့ ဘာမှမသက်ဆိုင်တဲ့အတွက်ကြောင့် အမှန်တကယ်တော့ လူတစ်ယောက်က တဖြည်းဖြည်း ကိုယ်ပိုင်ရပ်တည်လာနိုင်တာနဲ့အမျှ ဒီနီးစပ်နေတဲ့ ချည်နှောင်ကြိုးက တဖြည်းဖြည်းနဲ့ ပျက်ပြယ်လာပါတယ်။ မျိုးရိုးရှုထောင့်ကနေကြည့်ရင် လူတွေဟာ မိဘတွေအပေါ်ကို မသိစိတ်ကနေ မှီခိုမိနေပါသေးတယ်။ ဒါပေမဲ့ အရှိအတိုင်း ပြောရမယ်ဆိုရင် သူတို့တွေ အရွယ်ရောက်လာတာနဲ့ သူတို့ရဲ့ မိဘတွေနဲ့ လုံးဝခွဲထွက်သွားပြီး သူတို့ တာဝန်ယူထားတဲ့ အခန်းကဏ္ဍတွေကို အမှီအခိုကင်းစွာ ပြုလုပ် ဆောင်ရွက်ကြပါလိမ့်မယ်။ မွေးဖွားခြင်းနဲ့ ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်ရဲ့ဘဝမှာ မိဘရဲ့ တာဝန်ဝတ္တရားက သူကြီးပြင်းဖို့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့အတူ သူ့ကို သို့မဟုတ် သူမကို ပံ့ပိုးဖို့ဖြစ်ပါတယ်။ ဖန်ဆင်းရှင်ရဲ့ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်ရဲ့ ကံကြမ္မာပေါ် ဆက်နွယ်မှု မရှိလို့ပါ။ လူတစ်ယောက်က ဘယ်လိုအနာဂတ်မျိုး ရှိမယ်ဆိုတာကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါဘူး။ ရှေးကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေကတောင်မှ သူ့ရဲ့ကံကြမ္မာကို မပြောင်းလဲ နိုင်ပါဘူး။ ကံကြမ္မာက ဆက်စပ်နေသရွေ့ လူတိုင်းက အမှီအခိုကင်းပါတယ်။ လူတိုင်းက သူ့ရဲ့ သို့မဟုတ် သူမရဲ့ ကိုယ်ပိုင်ကံကြမ္မာရှိတယ်။ ဒါကြောင့် ဘယ်သူ့ရဲ့ မိဘကမှ ကလေးရဲ့ ဘဝကံကြမ္မာကို မပိတ်ပင်နိုင်ဘူး။ သို့မဟုတ် ဘဝမှာ သူပြုမှုလှုပ်ရှားတဲ့ အခန်းကဏ္ဍအပေါ်မှာ လွှမ်းမိုးမှုအနည်းငယ်တောင်မှ မသက်ရောက် နိုင်ဘူး။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားတဲ့ မိသားစု၊ သူကြီးပြင်းတဲ့ ပတ်ဝန်းကျင်၊ ဒါတွေဟာ သူ့ရဲ့ဘဝ တာဝန်တွေကို ပြီးမြောက်စေဖို့အတွက် ကြိုတင်သတ်မှတ်ချက်တွေ ဖြစ်တာထက် ဘာမှမပိုပါဘူး။ ဒီအရာတွေက လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက် သူ့ရဲ့ သို့မဟုတ် သူမရဲ့ တာဝန်ကို ပြီးမြောက်စေတဲ့ ပန်းတိုင်မျိုးကို ဘယ်နည်းနဲ့မှ သတ်မှတ်ခြင်းမရှိပါဘူး။ ဒါကြောင့် ဘယ်သူ့ရဲ့ မိဘကမှ ကလေးရဲ့ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီလို့မရပါဘူး။ သူ့ရဲ့တာဝန်ကို သူဘယ်လို ပြီးမြောက်အောင် ပြုလုပ်တယ်၊ သူ့ရဲ့အခန်းကဏ္ဍကို ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ ဆောင်ရွက်တယ် ဆိုတာတွေဟာ လုံးဝ သူ့ဘဝ ကံကြမ္မာအားဖြင့် သတ်မှတ်ပြီး ဖြစ်ပါတယ်။ တစ်ခြားနည်းနဲ့ပြောရရင် ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ တာဝန်ကို တစ်ခြား ဘယ်ဦးတည်ချက် အခြေအနေတွေကမှ မလွှမ်းမိုးနိုင်ဘူး။ လူအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာ ရင့်ကျက်လာကြပြီး တဖြည်းဖြည်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သူတို့ရဲ့ ကိုယ်ပိုင် ဘဝလမ်းမတွေပေါ်မှာ ခရီးစတင်လာကြတယ်။ ဖန်ဆင်းခံတွေအနေနဲ့ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာအတွက်၊ ဖန်ဆင်းရှင်ရဲ့ ကြိုတင်သတ်မှတ်ချက်အတွက် သူတို့ရဲ့ တာဝန် ဝတ္တရားတွေကို ပြီးမြောက်စေဖို့ စတင်လုပ်တဲ့နေရာဖြစ်တဲ့ လူသားမျိုးနွယ် ပင်လယ်ပြင်ကျယ်ကြီးထဲကို အလိုအလျောက်ဝင်လာပြီး ဘဝမှာသူတို့ရဲ့ ကိုယ်ပိုင်နေရာတွေကို ခန့်မှန်းယူဆရင်း ဖန်ဆင်းရှင်က သူတို့အတွက် စီစဉ်ထားတဲ့ ပန်းတိုင်တွေကို ပြီးမြောက်ဖို့ဆောင်ရွက်ကြတယ်။

အိမ်ထောင်ပြုခြင်း - စတုတ္ထဆုံမှတ်

လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာတဲ့အခါမှာ သူမွေးဖွားကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ သူ့မိဘတွေနဲ့ ပိုပြီးဝေးကွာလာတယ်။ သူ့ဘဝအတွက် ဦးတည်ချက်တစ်ခုကို စတင်ရှာဖွေလာပြီး သူ့မိဘတွေနဲ့ ကွဲပြားတဲ့ ဘဝပုံစံထဲမှာ သူ့ရဲ့ကိုယ်ပိုင် ဘဝပန်းတိုင်နောက်ကို လိုက်တယ်။ ဒီအချိန်တွေမှာ သူ့ရဲ့မိဘတွေကို မလိုအပ်တော့ဘူး။ ဒါပေမဲ့ သူ့ဘဝမှာ သူနဲ့အချိန်ကုန်ဆုံးစေမယ့် အဖော်တစ်ယောက် လိုအပ်လာတယ်။ သူ့ကံကြမ္မာနဲ့ နီးကပ်စွာ ချည်နှောင်ထားတဲ့ လူတစ်ယောက်ဖြစ်တဲ့ အိမ်ထောင်ဖက်ဖြစ်ပါတယ်။ ဒီလိုနဲ့ လွတ်လပ်ခြင်း နောက်ကလာတဲ့ သူရင်ဆိုင်ရမဲ့ ပထမဆုံး အဓိက ဖြစ်ရပ်ကတော့ အိမ်ထောင်ပြုခြင်း၊ သူ ဖြတ်သန်းရမယ့် စတုတ္ထဆုံမှတ်ပါ။

၁။ လူတစ်ယောက်ဟာ အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး ရွေးချယ်စရာမရှိပါ

အိမ်ထောင်ပြုခြင်းဟာ လူတိုင်းရဲ့ဘဝရဲ့ သိပ်အရေးကြီးတဲ့ ဖြစ်ရပ်ပါ။ တာဝန်ဝတ္တရား အမျိုးမျိုးတို့ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ စတင်ဖြစ်ပေါ်လာတဲ့ အချိန်၊ တာဝန်အမျိုးမျိုးကို ပြီးမြောက်စေဖို့ တဖြည်းဖြည်း စတင်လာတဲ့အချိန် ဖြစ်ပါတယ်။ လူတိုင်းက အိမ်ထောင်ပြုခြင်းကို သူတို့ကိုယ်တိုင် မကြုံရခင်မှာ အထင်မှားတွေ တွေးတောတတ်ကြတယ်။ ဒီအထင်မှားတွေအကုန်လုံးဟာ လှပတတ်တယ်။ အမျိုးသမီးတွေက သူတို့ရဲ့ အမျိုးသားက ချောမောလှပတဲ့ မင်းသားလေးဖြစ်မယ်လို့ စိတ်ကူးကြတယ်။ အမျိုးသားတွေက သူတို့ဟာ စနှိုးဝှိုက်ကို လက်ထပ်ကြမယ်လို့ စိတ်ကူးကြတယ်။ ဒီစိတ်ကူးယဉ်မှုတွေက လူတိုင်းမှာ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး သီးသန့်လိုအပ်ချက်တွေ၊ သူတို့ကိုယ်ပိုင် သတ်မှတ်ထားတဲ့ တောင်းဆိုချက်တွေ၊ စံသတ်မှတ်ချက်တွေ ရှိကြတယ်ဆိုတာကို ပြပါတယ်။ ဒီဆိုးယုတ်တဲ့ ခေတ်ကာလမှာ လူတွေဟာ အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့သတင်းတွေ တရစပ်ကြားနေရပြီး နောက်ထပ်ပိုများတဲ့ လိုအပ်ချက်တွေကို ဖန်တီးလာပြီး ဖြစ်ရပ်မျိုစုံနဲ့ တမူထူးတဲ့ စိတ်သဘောထားတွေကို လူတွေကို ပေးနေပေမဲ့ အိမ်ထောင်ပြုခြင်းကို အတွေ့အကြုံရှိတဲ့ဘယ်သူမဆို လူတစ်ယောက်က ဘယ်လောက်ပဲ ဒါကို နားလည်ပါစေ၊ ဒီအပေါ်မှာ ဘယ်လိုပဲ သဘောထားပါစေ၊ အိမ်ထောင်ပြုခြင်းက လူတစ်ယောက်ရဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုတာကို သိကြပါတယ်။

လူတစ်ယောက်ဟာ သူ့ဘဝမှာ လူတွေအများကြီး ကြုံတွေ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ အိမ်ထောင်ဖက်က ဘယ်သူဖြစ်မယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ လူတိုင်းက အိမ်ထောင်ပြုခြင်း အကြောင်းအရာအပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေ ရှိကြတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ အဖော်က နောက်ဆုံးမှာ ဘယ်သူဖြစ်မယ်ဆိုတာကို ဘယ်သူမှ ကြိုမမြင်နိုင်ဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အယူအဆက အနည်းငယ်ပဲ သက်ရောက်မှုရှိတယ်။ သင်ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ကို တွေ့ပြီးရင် အဲဒီလူကို ရဖို့ သင်ကြိုးစားလို့ရတယ်။ ဒါပေမဲ့ သူ သို့မဟုတ် သူမက သင့်ကို စိတ်ဝင်စားသလားဆိုတာ၊ သူ သို့မဟုတ် သူမက သင့်ရဲ့အဖော် ဖြစ်နိုင်မလားဆိုတာက သင်ဆုံးဖြတ်ဖို့ မဟုတ်ပါဘူး။ သင်နှစ်သက်တဲ့ အရာက သင့်ဘဝကို သူနဲ့အတူ ဝေမျှနိုင်မယ့်သူ ဖြစ်ရမှာမျိုး မဟုတ်ပါဘူး။ ဒီအချိန်မှာ သင်လုံးဝ မျှော်လင့်မထားတဲ့ သူတစ်ယောက်က သင့်ဘဝထဲကို တိတ်တဆိတ် ဝင်ရောက်လာပြီး သင့်ရဲ့လက်တွဲဖော် ဖြစ်လာတယ်။ သင့်ကံကြမ္မာအတွက် အရေးကြီးဆုံးအချက် ဖြစ်လာတယ်။ သင့်ကံကြမ္မာက ခွဲခြားလို့မရအောင် သတ်မှတ်ထားတဲ့ သင့်ရဲ့လက်တွဲဖော် ဖြစ်တယ်။ ဒါကြောင့် ကမ္ဘာမှာ အိမ်ထောင်ပြုခြင်းတွေ သန်းပေါင်းများစွာ ရှိပေမဲ့ လူတိုင်းက မတူညီကြဘူး။ အိမ်ထောင်ပြုခြင်း ဘယ်လောက်က မကျေမနပ်ဖြစ်ကြသလဲ၊ ဘယ်လောက်က ပျော်ရွှင်သလဲ၊ ဘယ်လောက်က အရှေ့နဲ့ အနောက်ထိ ကျယ်ပြောပြီး၊ ဘယ်လောက်က တောင်နဲ့ မြောက်ထိ ကျယ်ပြောသလဲ။ ဘယ်လောက်က လိုက်ဖက်ညီတဲ့ စုံတွဲလဲ၊ ဘယ်လောက်က အဆင့်အတန်းညီသလဲ။ ဘယ်လောက်က ပျော်ရွှင်ပြီး မျှတသလဲ၊ ဘယ်လောက်က နာကျင်ခံစားရပြီး ဝမ်းနည်းရသလဲ၊ ဘယ်လောက်က သူများတွေ မနာလိုဖြစ်ရသလဲ၊ ဘယ်လောက်က နားလည်မှုလွဲပြီး မကြိုက်နှစ်သက်ကြသလဲ၊ ဘယ်လောက်က ပျော်ရွှင်မှုတွေ ပြည့်နေကြသလဲ၊ ဘယ်လောက်က မျက်ရည်တွေပြည့်နေပြီး စိတ်အားငယ်မှုတွေ ဖြစ်နေကြသလဲ… ဒီများပြားလှတဲ့ အိမ်ထောင်တွေမှာ လူသားတို့ဟာ အိမ်ထောင်ပြုခြင်းမှာ သစ္စာရှိမှု၊ တစ်သက်လုံး ရင်းနှီးမြုပ်နှံမှု သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် အောင့်အည်းသည်းခံခြင်းနဲ့ နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်း တိုနဲ့ မုန်းခြင်းကိုတောင်မှ ဖွင့်ပြကြတယ်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်းသို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ လူတိုင်းက ဒါက ပြီးမြောက်စေရပါတယ်။ နောက်ပြီး အိမ်ထောင်တိုင်းရဲ့ နောက်ကွယ်မှာ တည်ရှိနေတဲ့ တစ်ဦးချင်းရဲ့ ကံကြမ္မာက မပြောင်းလဲပါဘူး။ ဖန်ဆင်းရှင်က ရှေးကတည်းက ကြိုတင် သတ်မှတ်ပြီး ဖြစ်ပါတယ်။

၂။ အိမ်ထောင်ဟာ လက်တွဲဖော်နှစ်ယောက်ရဲ့ ကံကြမ္မာမှ ပေါက်ဖွားတယ်

အိမ်ထောင်ပြုခြင်းဟာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးတဲ့ ဆုံမှတ်တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာရဲ့ ထုတ်ကုန်ဖြစ်တယ်။ သူ့ကံကြမ္မာမှာရှိတဲ့ သိပ်အရေးကြီးတဲ့ အချိတ်အဆက် တစ်ခုဖြစ်တယ်။ ဘယ်သူ့ရဲ့ စိတ်ဆန္ဒ သို့မဟုတ် ကြိုက်နှစ်သက်မှုနဲ့မှ တည်ဆောက်ထားခြင်းမဟုတ်ဘူး။ ပြင်ပအချက်အလက်တွေရဲ့ လွှမ်းမိုးမှု မရှိဘူး။ နှစ်ဦးနှစ်ဖက်ရဲ့ ကံကြမ္မာတွေအားဖြင့်၊ စုံတွဲရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ဖန်ဆင်းရှင်ရဲ့ စီစဉ်မှုနဲ့ ကြိုတင်သတ်မှတ်မှုအားဖြင့် လုံးဝ သတ်မှတ်ပါတယ်။ အပေါ်ယံမှာ အိမ်ထောင်ပြုခြင်းရဲ့ ရည်ရွယ်ချက်က လူသားမျိုးနွယ်ကို ဆက်လက်ဖြစ်ပေါ်စေဖို့ပါ။ ဒါပေမဲ့ အမှန်တကယ်မှာတော့ အိမ်ထောင်ပြုခြင်းဟာ လူတစ်ယောက်ရဲ့ တာဝန်ကို ပြီးဆုံးဖို့ ဆောင်ရွက်နေတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းရတဲ့ ဓလေ့တစ်ခု သက်သက်သာဖြစ်တယ်။ အိမ်ထောင်မှာ လူတွေ လှုပ်ရှားဆောင်ရွက်ရတဲ့ အခန်းကဏ္ဍဟာ နောက်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက်ရုံ သက်သက်မဟုတ်ပါဘူး။ ဒါတွေက သူတာဝန် ယူရမယ့် အခန်းကဏ္ဍအမျိုးမျိုးဖြစ်ပြီး အိမ်ထောင်တစ်ခုကို ထိန်းသိမ်းခြင်းလမ်းစဉ်မှာ သူပြီးမြောက်အောင် ပြုလုပ်ရမယ့် တာဝန်တွေဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားမှုက လူတွေ၊ ဖြစ်ရပ်တွေနဲ့ သူ့ပတ်ဝန်းကျင်က အရာတွေရဲ့ ပြောင်းလဲမှုအပေါ် လွှမ်းမိုးမှုရှိတဲ့အတွက် သူ့ရဲ့ အိမ်ထောင်ပြုခြင်းကလည်း ဒီအရာတွေကို မလွှဲမရှောင်နိုင် သက်ရောက်ဦးမှာဖြစ်ပြီး ဒီအရာတွေကို ပုံစံအမျိုးမျိုးအဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။

လူတစ်ယောက်က ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်လာနိုင်တဲ့အခါ သူ့ရဲ့အိမ်ထောင်နဲ့ ဆက်စပ်နေတဲ့ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေဆီကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာစေတဲ့ သူ့ရဲ့ကိုယ်ပိုင် ဘဝခရီးကို အစပြုပါတယ်။ နောက်ပြီး တစ်ချိန်တည်းမှာပဲ ဒီအိမ်ထောင်ကို ဖြစ်စေတဲ့ တစ်ခြားလူက ဒီတူညီတဲ့ လူတွေ၊ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေဆီကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လာတယ်။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏာအောက်မှာ ဆက်စပ်နေတဲ့ ကံကြမ္မာကို ဝေမျှခံယူကြတဲ့ မဆက်စပ်တဲ့ လူနှစ်ယောက်ဟာ အိမ်ထောင်တစ်ခုကို တဖြည်းဖြည်းဝင်ရောက်လာပြီး ဆန်းကြယ်စွာနဲ့ မိသားစုတစ်စု ဖြစ်လာပါတယ်။ “ကျိုင်းကောင်နှစ်ကောင် ကြိုးတစ်ချောင်းတည်းမှာ တွယ်ကပ်နေကြတယ်။” ဒါကြောင့် တစ်ယောက်က အိမ်ထောင်တစ်ခုကို ဝင်ရောက်တဲ့အခါမှာ သူ့ရဲ့ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီလိုပဲ လူတစ်ယောက်ရဲ့ အဖော်ရဲ့ ဘဝခရီးကလည်း တစ်ယောက်ရဲ့ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနဲ့ သက်ရောက်မှု ရှိပါလိမ့်မယ်။ တစ်နည်းပြောရရင် လူသားကံကြမ္မာတွေဟာ ဆက်စပ်နေကြတယ်။ ဘယ်သူကမှ သူများရဲ့ ဘဝတာဝန်တွေကို ပြီးဆုံးအောင် မပြုလုပ်နိုင်ဘူး သို့မဟုတ် သူ့အခန်းကဏ္ဍကို လုံးဝ အမှီအခိုကင်းစွာနဲ့ မဆောင်ရွက်နိုင်ဘူး။ လူတစ်ယောက်ရဲ့ မွေးဖွားခြင်းက ဆက်ဆံရေးတွေရဲ့ ကြီးမားတဲ့ ကွင်းဆက်တစ်ခုအပေါ်မှာ ဆက်နွယ်မှုရှိပါတယ်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးတွေရဲ့ ရှုပ်ထွေးတဲ့ ကွင်းဆက်တစ်ခု ပါဝင်ပါတယ်။ အလားတူပဲ အိမ်ထောင်ပြုခြင်း ကလည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ဒီအရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လူတိုင်းရဲ့ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှုရဲ့ ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိပါတယ်။ အိမ်ထောင်တစ်ခုဟာ နှစ်ယောက်စလုံးရဲ့ မိသားစုတွေရဲ့ ထုတ်ကုန်၊ သူတို့ကြီးပြင်းလာတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်တွေ၊ အသက်အရွယ်တွေ၊ အရည်အချင်းတွေ၊ ပါရမီတွေ၊ သို့မဟုတ် တစ်ခြားအချက်အလက်တွေ ကြောင့်မဟုတ်ဘဲ ဆက်စပ်နေတဲ့ကံကြမ္မာနဲ့ ဝေမျှပြီးယူထားတဲ့ တာဝန်တွေကနေ ဖြစ်ပေါ်လာပါတယ်။ ဒါဟာဖန်ဆင်းရှင်က ကိုင်တွယ်ညွှန်ကြားပြီး စီစဉ်ခဲ့တဲ့ လူသားကံကြမ္မာရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိမ်ထောင်ပြုခြင်းရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။

သားသမီး - ပဉ္စမဆုံမှတ်

လက်ထပ်ပြီးနောက်မှာ နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်ပြုလုပ်ပါတယ်။ လူတစ်ယောက်ဟာ သားသမီး ဘယ်လောက်များများ၊ ဘယ်လိုသားသမီးမျိုး ရှိတယ်ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ဒါကလည်းပဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာအားဖြင့် သတ်မှတ်ထား ပါတယ်။ ဒါက လူတစ်ယောက် ဖြတ်သန်းရမယ့် ပဉ္စမဆုံမှတ်ပါ။

လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ရဲ့ ကလေးရဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာတယ် ဆိုရင် သူဟာ တစ်ခြားသူရဲ့ မိဘရဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှု စောင့်ရှောက်ပါတယ်။ ဒီ အခန်းကဏ္ဍ ရွှေ့ပြောင်းခြင်းက လူတစ်ယောက်ကို မတူညီတဲ့ ရှုထောင့်တွေကနေ ဘဝရဲ့ မတူညီတဲ့ ပြောင်းလဲမှုအချိန်ကာလတွေကို ကြုံတွေ့စေပါတယ်။ ဒီအချက်ကလည်း ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ ဘယ်သူကမှ ဖန်ဆင်းရှင်ရဲ့ ကြိုတင်သတ်မှတ်ချက်ကို မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဘူးဆိုတဲ့ အချက်ကို သိလာစေတဲ့ မတူညီတဲ့ ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါတယ်။

၁။ လူတစ်ယောက်ဟာ သူ့သားသမီးတွေ ဘာဖြစ်လာမယ်ဆိုတဲ့အပေါ်မှာ ထိန်းချုပ်မှုမရှိပါ

မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း အားလုံးတို့ဟာ မတူညီတဲ့ စိတ်ပျက်စရာ အဆင့်တွေနဲ့ ပုံစံအမျိုးမျိုးတို့ကို ပေးအပ်တယ်။ တစ်ချို့လူတွေက သူတို့မိသားစု သို့မဟုတ် သူတို့ရဲ့ ရုပ်ရည် အသွင်အပြင်တို့နဲ့ ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြဘူး။ တစ်ချို့က သူတို့မိဘတွေကို မကြိုက်နှစ်သက်ကြဘူး။ တစ်ချို့က သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အပေါ်မှာ မကျေမနပ်ဖြစ်တယ် သို့မဟုတ် ပြောစရာ နာကျည်းချက်တွေ ရှိကြတယ်။ လူအများစုအတွက်က ဒီစိတ်ညစ်စရာတွေ အားလုံးထဲမှာ အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံးပဲ။ လူတစ်ယောက်က သူ့ရဲ့မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းအပေါ်မှာ ဘယ်လို မကျေမနပ်ဖြစ်နေပါစေ ဒီအရာတွေကို ဖြတ်သန်းပြီးတဲ့သူတိုင်းက သူ ဘယ်နေရာ၊ ဘယ်အချိန်မှာမွေးတယ်၊ ဘယ်လိုပုံစံရှိတယ်၊ မိဘတွေက ဘယ်သူတွေဖြစ်တယ်၊ အိမ်ထောင်ဖက်က ဘယ်သူဆိုတာတွေကို မရွေးချယ်နိုင်ဘဲ ကောင်းကင်ဘုံရဲ့ အလိုကို ရိုးရိုးပဲ လက်ခံရမယ် ဆိုတာကို သိကြတယ်။ ဒါပေမဲ့ လူတွေအတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ အချိန်ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ သားသမီးတွေဟာ သူတို့ဘဝ ပထမတစ်ဝက်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ညစ်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မယ်လို့ မျှော်လင့်ရင်း သူတို့ရဲ့ဘဝ ပထမတစ်ဝက်မှာရှိတဲ့ အကောင်အထည်မဖြစ်လာတဲ့ ဆန္ဒတွေအားလုံးကို သူတို့ရဲ့ မျိုးဆက်တွေဆီအပေါ် ထိုးအပ်လိုက်တယ်။ ဒါကြောင့် လူတွေက သူတို့ကလေးတွေနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်မှုမျိုးစုံနဲ့ နှစ်မြုပ်နေတယ်။ သူတို့သမီးတွေဟာ သိပ်ဆွဲဆောင်မှုရှိတဲ့ အလှပဂေးလေးတွေအဖြစ် ကြီးပြင်းလာမယ်၊ သူတို့ရဲ့သားတွေက စတိုင်ကျတဲ့ လူကြီးလူကောင်းတွေ ဖြစ်လာမယ်၊ သူတို့ရဲ့သမီးတွေဟာ ယဉ်ကျေးမှုနဲ့ညီပြီး ပါရမီတွေနဲ့ပြည့်ဝပြီး သူတို့ရဲ့သားတွေဟာ သိပ်တော်တဲ့ကျောင်းသား၊ အားကစားကြယ်ပွင့်တွေ ဖြစ်လာမယ်၊ သူတို့ရဲ့သမီးဟာ ယဉ်ကျေးမယ်၊ ကိုယ်ကျင့်သီလကောင်းမွန်မယ်၊ စဉ်းစားဆင်ခြင်တတ်ပြီး သူတို့ရဲ့သားတွေက ဉာဏ်ထက်မြက်မယ်၊ အောင်နိုင်စွမ်းရှိမယ်၊ ခံစားတတ်မယ် ဆိုတဲ့ စိတ်ကူးယဉ်မှုတွေပေါ့။ သမီး သို့မဟုတ် သားဖြစ်ပါစေ၊ သူတို့အထက်က အကြီးတွေကို လေးစားဖို့၊ သူတို့မိဘတွေကို ပြန်ပြီးကြည့်ရှုတတ်ဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ လူတွေက မျှော်လင့်ကြတယ်။ ဒီအချိန်မှာ ဘဝမျှော်လင့်ချက်က အသစ်ပေါက်ဖွားလာပြီး လူတွေရဲ့ နှလုံးသားထဲမှာ စိတ်အားထက်သန်မှုတွေနဲ့ တက်ကြွနေတယ်။ ဒီဘဝမှာ သူတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ၊ တစ်ခြားလူတွေထက် သာဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ၊ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာကိုပဲ လက်ခံဖို့ပဲ ရှိတော့တယ်ဆိုတာကို လူတွေ သိကြတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ သားသမီးတွေက သူတို့ရဲ့ အိပ်မက်တွေကို ရရှိဖို့၊ သူတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့၊ သူတို့ရဲ့ သားတွေ၊ သမီးတွေဟာ မိသားစုနာမည်အတွက် ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာဖို့၊ အရေးပါခြင်း၊ ချမ်းသာခြင်း သို့မဟုတ် ကျော်ကြားခြင်းတွေဖြစ်လာဖို့ မျှော်လင့်ရင်းနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ အကောင်အထည်မဖော်ခဲ့ရတဲ့ အလိုဆန္ဒတွေနဲ့ ပြည့်စုံမှုတွေအားလုံးကို နောက်မျိုးဆက်ဆီကို ထိုးအပ်လိုက်ကြတယ်။ အတိုချုပ် အနေနဲ့ဆိုရင် သူတို့ကလေးတွေရဲ့ ကံတွေ မြှင့်တက်လာတာကို သူတို့ မြင်ချင်ကြတယ်။ လူတွေရဲ့ အစီအစဉ်တွေနဲ့ စိတ်ကူးယဉ်မှုတွေက ပြည့်စုံတယ်။ သူတို့မှာရှိတဲ့ သားသမီးအရေအတွက်၊ သူတို့ကလေးတွေရဲ့ အသွင်အပြင်၊ အရည်အချင်းနဲ့ ဒီလိုအရာတွေကို သူတို့သတ်မှတ်လို့ မရဘူးဆိုတာ၊ သူတို့ကလေးတွေရဲ့ ကံကြမ္မာတွေက သူတို့လက်တွေထဲမှာ လုံးဝ ရှိမနေဘူးဆိုတာကို သူတို့မသိကြဘူးလား။ လူတွေက သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာတွေရဲ့ အရှင်သခင်တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ငယ်ရွယ်တဲ့ မျိုးဆက်တွေရဲ့ ကံကြမ္မာကို ပြောင်းဖို့ မျှော်လင့်ကြတယ်။ သူတို့ရဲ့ကံကြမ္မာကနေ လွတ်မြောက်ဖို့ အစွမ်းမရှိကြဘူး။ ဒါပေမဲ့ သူတို့ရဲ့ သားတွေ၊ သမီးတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ပိုပြီးမှန်းနေကြတာ မဟုတ်ဘူးလား။ ဒါဟာ လူသားရဲ့ မိုက်မဲခြင်းနဲ့ မသိမြင်ခြင်း မဟုတ်ဘူးလား။ လူတွေဟာ သူတို့ သားသမီးတွေအတွက် ဘယ်အတိုင်းအတာအထိမဆို သွားကြတယ်။ ဒါပေမဲ့အဆုံးမှာ ကလေး ဘယ်နှစ်ယောက် ရှိတယ်၊ ကလေးတွေက ဘယ်လိုပုံစံဖြစ်တယ် ဆိုတာက သူတို့ရဲ့ အစီအစဉ်တွေနဲ့ လိုအင်ဆန္ဒတွေကို ဖြေရှင်း မပေးပါဘူး။ တစ်ချို့လူတွေက ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ ကလေးတွေ အများကြီးမွေးတယ်။ တစ်ချို့လူတွေက ချမ်းသာတယ်။ ဒါပေမဲ့ ကလေးမရှိဘူး။ တစ်ချို့က သမီးလိုချင်တယ်။ ဒါပေမဲ့ အဲဒီဆန္ဒက ငြင်းပယ်ခံရတယ်။ တစ်ချို့က သားလိုချင်တယ်။ ဒါပေမဲ့ ယောင်္ကျားလေးမွေးဖို့ ဖြစ်မလာဘူး။ တစ်ချို့အတွက်က ကလေးတွေဟာ ကောင်းကြီးမင်္ဂလာတွေပဲ။ တစ်ချို့အတွက်ကတော့ သူတို့ဟာ ကျိန်စာပဲ။ တစ်ချိူ့စုံတွဲတွေက ထူးချွန်ကြတယ်။ ဒါပေမဲ့ နုံအ နှေးကွေးတဲ့ ကလေးတွေမွေးတယ်။ တစ်ချို့မိဘတွေက ရိုးသားပြီး ကြိုးစားတယ်။ ဒါပေမဲ့ သူတို့ ပြုစုပျိုးထောင်တဲ့ ကလေးတွေက ပျင်းရိတယ်။ တစ်ချို့ မိသားတွေက ကြင်နာပြီး ဖြောင့်မတ်တယ်။ ဒါပေမဲ့ ကောက်ကျစ်ပြီး ကြမ်းတမ်းတဲ့ ကလေးတွေရှိတယ်။ တစ်ချို့မိဘတွေက စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။ ဒါပေမဲ့ ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေးတွေမွေးလာတယ်။ တစ်ချို့မိဘတွေက သာမန်ပဲဖြစ်ပြီး မအောင်မြင်ပေမဲ့ မြင့်မားတဲ့အရာတွေ ရရှိတဲ့ ကလေးတွေရှိတယ်။ တစ်ချို့မိဘတွေက အခြေအနေ အဆင့်အတန်း နိမ့်ပေမဲ့ ထင်ပေါ်ကျော်ကြားတဲ့ ကလေးတွေရှိတယ်။…

၂။ နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီးနောက်မှာ လူတွေဟာ ကံကြမ္မာနဲ့ပတ်သက်ပြီး နားလည်မှုအသစ်တွေ ရရှိလာကြတယ်

အိမ်ထောင်ပြုတဲ့ လူအများစုက အသက် ၃၀ ဝန်းကျင်မှာ ပြုကြတယ်။ ဘဝမှာ ဒီအချိန်မှာ လူတစ်ယောက်ဟာ လူသားရဲ့ကံကို နားလည်မှုမရှိဘူး။ ဒါပေမဲ့ ကလေးတွေကို စတင် ပြုစုပျိုးထောင်တဲ့ အချိန်မှာ၊ သူတို့ရဲ့သားသမီးတွေ ကြီးပြင်းလာတဲ့အချိန်မှာ မျိုးဆက်သစ်က အရင်မျိုးဆက်ရဲ့ ဘဝနဲ့ အတွေ့အကြုံအားလုံးကို ထပ်ပြီးကြုံတွေ့တာကို မြင်ရပြီး နောက်မျိုးဆက်ဆီမှာ သူတို့ရဲ့ ကိုယ်ပိုင်အတိတ်က ပြန်ထင်ဟပ်နေတာကို မြင်ရပြီး သူတို့လိုပဲ ငယ်ရွယ်တဲ့မျိုးဆက်တွေ လျှောက်တဲ့လမ်းဟာ စီစဉ်ပြီး ရွေးချယ်လို့ မရဘူးဆိုတာကို သူတို့ သိမြင်လာကြတယ်။ သူတို့ဟာ ဒီအချက်ကို ရင်ဆိုင်တွေ့ကြုံရပြီးတဲ့အခါ လူတိုင်းရဲ့ ကံကြမ္မာဟာ ကြိုတင်သတ်မှတ်ပြီး ဖြစ်တယ်ဆိုတာကို ဝန်ခံဖို့ကလွဲပြီး တစ်ခြားရွေးစရာ မရှိတော့ပါဘူး။ ဒီအချက်ကို သေချာ မသိမြင်သေးဘဲ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ကိုယ်ပိုင် လိုအင်ဆန္ဒတွေကို ဘေးချပြီး သူတို့နှလုံးသားထဲမှာရှိတဲ့ စိတ်အားထက်သန်မှုတွေဟာ မှေးမှိတ် ပျောက်ကွယ်သွားပါတယ်။ ဒီအချိန်ကာလ အတွင်းမှာ လူတစ်ယောက်ဟာ အစိတ်အပိုင်းအများစုမှာ ဘဝရဲ့ အရေးကြီးတဲ့ ဘဝမှတ်တိုင်တွေကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့ နားလည်မှု အသစ်တစ်ခုကို ရရှိခဲ့ပြီး စိတ်သဘောထား အသစ်ကို ခံယူခဲ့တယ်။ ဒီအသက်အရွယ်ရှိတဲ့ လူတစ်ယောက်ဟာ အနာဂတ်အတွက် ဘယ်လောက်မျှော်လင့်နိုင်မလဲ။ ဘာအလားအလာ တွေ ရှိမလဲ။ ဘယ် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ချောမောလှပတဲ့ မင်းသားကို အိပ်မက်မက်နေဆဲ ဖြစ်မှာလဲ။ ဘယ် အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ စနှိုးဝှိုက်ကို ရှာဖွေနေဆဲ ဖြစ်မလဲ။ ဘယ် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရုပ်ဆိုးတဲ့ ဘဲကနေ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားဖို့ မျှော်လင့်နေဆဲ ဖြစ်မှာလဲ။ အသက်ကြီးတဲ့ ယောင်္ကျားအများစုက လူငယ်ယောင်္ကျားတွေလို တူညီတဲ့ ရည်မှန်းထားတဲ့ အလုပ်ရှိပါသလား။ အနှစ်ချုပ်ကြည့်လိုက်ရင် လူတစ်ယောက်က ယောင်္ကျားဖြစ်ပါစေ၊ မိန်းမဖြစ်ပါစေ၊ ဒီအရွယ်ရောက်တဲ့သူတိုင်းက အိမ်ထောင်၊ မိသားစုနဲ့ သားသမီးတို့အပေါ်မှာ ဆက်စပ်မှုရှိတဲ့ အကျိုးအကြောင်းသင့်ပြီး လက်တွေ့ကျတဲ့ သဘောထားရှိဖို့ ပိုပြီးဖြစ်နိုင်ခြေရှိပါတယ်။ ဒီလိုလူတစ်ယောက်မှာ အထူးသဖြင့် ရွေးချယ်စရာမရှိတော့ဘူး။ ကံကြမ္မာကို စိန်ခေါ်ဖို့ ပြင်းပျတဲ့ ဆန္ဒမရှိတော့ဘူး။ လူသားရဲ့ အတွေ့အကြုံ ရှိသလောက်၊ လူတစ်ယောက်က ဒီအသက်အရွယ်ကို ရောက်လာတာနဲ့ ဒီသဘောထားက အလိုအလျောက် ဖြစ်ပေါ်လာတယ်။ “ကံကြမ္မာကို လက်ခံရမယ်။ သားသမီးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ကံတွေ ရှိတယ်။ လူသားကံကြမ္မာဟာ ကောင်းကင်ဘုံကနေ သတ်မှတ်ချပေးတယ်။” ဒီကမ္ဘာကြီးရဲ့ လောကဓံ လှိုင်းလုံးတွေ၊ ကျရှုံးမှုတွေ၊ အခက်အခဲတွေရဲ့ တိုက်စာခြင်းခံရပြီးနောက်မှာ၊ အမှန်တရားကို နားမလည်တဲ့ လူအများစုဟာ လူသားဘဝကို သူတို့ရဲ့ သိမြင်နိုင်တဲ့ဉာဏ်နဲ့ ဒီစကားလုံး နှစ်လုံးနဲ့ အနှစ်ချုပ်လိုက်တယ်။ “ကံပဲ”။ ဒီစကားစုက လူသားကံကြမ္မာနဲ့ ပတ်သက်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ လူတွေရဲ့ ကောက်ချက်ချခြင်းနဲ့ သိမြင်ခြင်းကို အတိုဆုံး အရှင်းဆုံး ဖော်ပြပေမဲ့၊ လူသားမျိုးနွယ်ရဲ့ အကူအညီမဲ့ခြင်းကို ဖော်ပြပြီး ထိရောက်ပြီး တိကျတယ်လို့ ဆိုနိုင်ပေမဲ့ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို နားလည်ခြင်းနဲ့ သိပ်ကွဲပြားပြီး ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို သိမြင်မှုအတွက် အစားထိုးလို့ မရပါဘူး။

၃။ ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိမြင်မှုအတွက် အစားထိုး မဟုတ်ပါ

နှစ်ပေါင်းများစွာကြာတဲ့အထိ ဘုရားသခင်ရဲ့ နောက်လိုက်ဖြစ်ခဲ့ပြီးနောက်မှာ ကံတရားအပေါ်မှာ သင်တို့ သိမြင်မှုနဲ့ လောကနဲ့ဆိုင်တဲ့သူတွေရဲ့ သိမြင်မှုကြားမှာ သိသာတဲ့ ကွာခြားချက်ရှိပါသလား။ ဖန်ဆင်းရှင်ရဲ့ ကြိုတင်သတ်မှတ်ခြင်းကို အမှန်တကယ်နားလည်ပြီး ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလား။ တစ်ချို့လူတွေက “ကံပဲ”ဆိုတဲ့ စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်တဲ့ နားလည်မှုမျိုး ရှိကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို နည်းနည်းလေးမှ မယုံကြဘူး။ လူသားရဲ့ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ကိုင်တွယ်ညွှန်ကြားတယ် ဆိုတာကို မယုံဘူး။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ ဆန္ဒမရှိကြဘူး။ ဒီလိုလူတွေက ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနဲ့အတူမျောပါရင်း လှိုင်းတွေရဲ့ ရိုက်ပုတ်တာကို ခံရရင်းနဲ့ မတုန်မလှုပ်နဲ့ စောင့်နေပြီး သူတို့ကိုယ်သူတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပါဘူး။ ဒါပေမဲ့လည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာက လူသားရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှုရှိတာကို သူတို့ မသိမြင်ကြဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိမလာနိုင်ပါဘူး။ ဒါကြောင့် ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို သိမြင်မှုကို ရရှိခြင်း၊ ဘုရားသခင်ရဲ့ ကိုင်တွယ်ညွှန်ကြားမှုနဲ့ စီစဉ်မှုကို လိုက်လျှောက်ခြင်း၊ ကံကြမ္မာကို ခုခံနေတာကို ရပ်ခြင်း၊ ဘုရားသခင်ရဲ့ ဂရုစိုက်မှု၊ ကာကွယ်မှုနဲ့ လမ်းညွှန်မှုအောက်မှာ နေထိုင်ခြင်းတို့ ဖြစ်မလာနိုင်ပါဘူး။ တစ်ခြားစကားနဲ့ပြောရရင် ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လိုက်လျှောက်ခြင်းနဲ့ မတူပါဘူး။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ မြင်တွေ့ခြင်း၊ သိရှိလာခြင်းတို့ကို မဆိုလိုပါ။ ကံကြမ္မာကို ယုံကြည်ခြင်းက ဒီအချက်အလက်နဲ့ ဒီပြင်ပ ဖြစ်ရပ်တွေကို သတိပြုမိခြင်းသာဖြစ်ပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ဘယ်လိုအုပ်စိုးတယ် ဆိုတာကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံးရဲ့ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအဖြစ် ဖြစ်တယ်ဆိုတာကို သိမြင်ခြင်း ဆိုတာတွေနဲ့ ကွဲပြားပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအတွက် ဖန်ဆင်းရှင်ရဲ့ ကိုင်တွယ်ညွှန်ကြားခြင်းနဲ့ စီစဉ်မှုအပေါ် လိုက်လျှောက်ခြင်းဆိုတာနဲ့ဆိုရင် ပိုပြီးတော့တောင် ကွဲပြားပါတယ်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည်ရင်၊ လေးလေးနက်နက် ခံစားတယ်ဆိုရင်တောင် ဒီအချက်ကြောင့် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိခြင်း၊ သတိပြုမိခြင်း၊ လိုက်လျှောက်ခြင်း၊ လက်ခံခြင်းတို့ ဖြစ်မလာနိုင်ပါဘူး။ ဒါဆိုရင် ဘယ်လိုပဲဖြစ်ပါစေ သူသို့မဟုတ် သူမရဲ့ ဘဝဟာ ကံဆိုးမိုးမှောင် ကျပါလိမ့်မယ်။ အလဟဿရှင်သန်တဲ့ ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပါလိမ့်မယ်။ သူ သို့မဟုတ် သူမဟာ ဖန်ဆင်းရှင်ရဲ့ အုပ်စိုးမှု သက်ရောက်မှုရှိဖို့၊ ဖန်ဆင်းခံလူသားဆိုတဲ့ စကားစုရဲ့ အမှန်ကန်ဆုံး သဘောတရားထဲက အတိုင်းဖြစ်ဖို့၊ ဖန်ဆင်းရှင်ရဲ့ လက်ခံအတည်ပြုမှုကို ခံစားရဖို့ မတတ်နိုင်သေးပါဘူး။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရတဲ့ လူတစ်ယောက်ဟာ တက်ကြွနေရမှာဖြစ်ပြီး မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီမဲ့နေခြင်း အခြေအနေ မဖြစ်ရပါဘူး။ တစ်ချိန်တည်းမှာပဲ အရာအားလုံးကို ကံက သတ်မှတ်ထားတယ်ဆိုတာကို လက်ခံရင်း သူသို့မဟုတ် သူမဟာ သက်ရှိတိုင်းအပေါ် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာ သက်ရောက်မှုရှိတယ်ဆိုတဲ့ ဘဝနဲ့ ကံကြမ္မာရဲ့ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်ရပါမယ်။ သူလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တဲ့အခါမှာ၊ သူ့ခရီးရဲ့ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည် စုဆောင်းတဲ့အခါမှာ သူ့ရဲ့လမ်းဟာ ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ့လမ်းကို ညွှန်ကြားပြသရင်း စီစဉ်နေတယ်ဆိုတာကို မြင်ရပါတယ်။ ဒါက သူကိုယ်တိုင်မသိဘဲလျှက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ စေ့စပ်သေချာတဲ့ စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ပါတယ်။ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို လက်ခံနိုင်စွမ်းရှိဖို့၊ သူ့ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ ဘယ်လောက် ကောင်းမွန်တဲ့ ကံလဲ။ ကံကြမ္မာအပေါ် လူတစ်ယောက်ရဲ့ သဘောထားဟာ မတုန်မလှုပ်ဖြစ်နေရင် ဒီအချက်က သူ သို့မဟုတ် သူမဟာ ဘုရားသခင်စီစဉ်ပေးတဲ့ အရာရာတိုင်းကို ခုခံနေတယ်ဆိုတာ၊ သူ သို့မဟုတ် သူမဟာ နာခံတဲ့ စိတ်သဘော မရှိဘူးဆိုတာကို သက်သေပြပါတယ်။ လူသားရဲ့ ကံကြမ္မာအပေါ်က ဘုရားသခင်ရဲ့ အချုပ်အခြာ အာဏာကို လူတစ်ယောက်ရဲ့သဘောထားက စိတ်တက်ကြွနေရင် သူ့ခရီးကို ပြန်ကြည့်တဲ့အခါမှာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ် ဖမ်းယူဆုပ်ကိုင်လာတဲ့အခါ၊ သူဟာ ဘုရားသခင်စီစဉ်ပေးတဲ့ အရာရာတိုင်းကို လိုက်လျှောက်ဖို့ ပိုမိုရိုးသားလေးနက်တဲ့ ဆန္ဒရှိလာမယ်။ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ခြင်းကို ရပ်ဖို့၊ သူ့ကံကြမ္မာကို ဘုရားသခင်ကို ကိုင်တွယ်ညွှန်ကြားစေဖို့ စိတ်ပိုင်းဖြတ်ချက်နဲ့ ယုံကြည်မှုတွေ ပိုပြီးရှိလာမယ်။ လူတစ်ယောက်က ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိတဲ့အခါ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိတဲ့အခါ၊ မြူတွေကို ဖြတ်သွားရင်း ဒယိမ်းဒယိုင်နဲ့ ကိုယ့်သဘောနဲ့ စမ်းတဝါးဝါးသွားတဲ့အခါမှာ ခရီးက သိပ်ခက်ခဲတယ်။ သိပ်စိတ်ဖိစီးစရာ ကောင်းပါတယ်။ ဒါကြောင့် လူတွေက လူသားရဲ့ ကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သတိပြုမိလာတဲ့အခါမှာ ပါးနပ်တဲ့သူတွေက သူတို့ရဲ့ ကိုယ်ပိုင်နည်းတွေနဲ့ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ဖို့နဲ့ သူတို့ရဲ့ ဘဝပန်းတိုင်လို့ သူတို့ခေါ်တဲ့ အရာတွေနောက်လိုက်ဖို့ ဆက်လက်ပြုလုပ်နေမယ့်အစား ဒီအချက်ကို သိဖို့၊ လက်ခံဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်လက်နှစ်ဖက်နဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားတဲ့အချိန်မှာ နာကျင်ရတဲ့ နေ့ရက်တွေကို နှုတ်ဆက်လိုက်ဖို့ ရွေးချယ်ကြတယ်။ လူတစ်ယောက်ဟာ ဘုရားသခင်မရှိတဲ့အခါ၊ သူ့ကို မမြင်နိုင်တဲ့အခါ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိမပြုမိတဲ့အခါ နေ့တိုင်းက အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲရှိရှိ၊ ဘာအလုပ်ပဲဖြစ်ပါစေ၊ လူရဲ့အသက်ရှင်ခြင်း အဓိပ္ပါယ်နဲ့ ပန်းတိုင်နောက်လိုက်ခြင်းက အဆုံးမရှိတဲ့ ဝမ်းနည်းကြေကွဲခြင်းနဲ့ သက်သာခြင်း မရှိတဲ့ ဒုက္ခခံစားမှုတွေပဲ သယ်ဆောင်လာပါတယ်။ ဒီလိုအရာမျိုးဟာ ပြန်လည်ကြည့်ရှုဖို့ ခံနိုင်ရည်မရှိပါဘူး။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လက်ခံတဲ့အခါမှသာ၊ သူ့ရဲ့ ကိုင်တွယ်ညွှန်ကြားမှုနဲ့ စီစဉ်မှုကို လိုက်လျှောက်ပြီး စစ်မှန်တဲ့ လူသားဘဝကို ရှာဖွေတဲ့အခါမှသာ ဘဝရဲ့ ဘာမှမဟုတ်တဲ့ အရာတွေအားလုံးကို ခါချပြီး ဝမ်းနည်းကြေကွဲခြင်းနဲ့ ဒုက္ခခံစားမှုအားလုံးကနေ တဖြည်းဖြည်း ချိုးဖောက် လွတ်မြောက်မှာသွားမှာပါ။

၄။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လိုက်လျှောက်သူတွေသာ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ရရှိနိုင်တယ်

လူတွေက ဘုရားသခင်ရဲ့ ကိုင်တွယ်ညွှန်ကြားမှုနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိတဲ့အတွက် ပုန်ကန်တဲ့ စိတ်သဘောနဲ့ သူတို့ဟာ ကံကြမ္မာကို ကလန်ကဆန်ပြုလျှက် ရင်ဆိုင်ကြပြီး သူတို့ရဲ့ လက်ရှိအခြေအနေတွေကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အလဟဿ မျှော်လင့်လျှက် ကံကြမ္မာက စီမံတဲ့အရာနဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ အချုပ်အခြာ အာဏာတို့ကို ဖယ်ပစ်ချင်ကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ သူတို့ဟာ လှုပ်ရှားမှုတိုင်းမှာ တားဆီးခံရတယ်။ လူတစ်ယောက်ရဲ့ ဝိညာဉ်အတွင်း နက်ရှိုင်းရာမှာဖြစ်တဲ့ ဒီရုန်းကန်လှုပ်ရှားမှုက နာကျင်စရာကောင်းပါတယ်။ နာကျင်မှုက မမေ့နိုင်ဘူး။ တစ်ချိန်လုံး သူ့ရဲ့ ဘဝကို ဖြုန်းတီးပစ်နေတယ်။ ဒီနာကျင်မှုကို ဘာက ဖြစ်ပွားစေတာလဲ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကြောင့်လား။ သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနဲ့ မွေးဖွားလာလို့လား။ သိသာစွာနဲ့ပဲ ဘယ်တစ်ခုမှ မမှန်ကန်ပါဘူး။ တကယ့်အကြောင်းရင်းက လူတွေ ယူဆောင်တဲ့လမ်း၊ သူတို့ဘဝတွေကို အသက်ရှင်နေထိုင်ဖို့ လူတွေ ရွေးချယ်တဲ့ နည်းလမ်းတွေကြောင့်ပါ။ တစ်ချို့လူတွေက ဒီအရာတွေကို သတိမပြုနိုင်ဘူး။ ဒါပေမဲ့ သင်တကယ် သိမြင်လာတဲ့အခါ၊ လူသားရဲ့ ကံကြမ္မာအပေါ်မှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိလာတဲ့အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားတဲ့ အရာရာတိုင်းက သိပ်ကောင်းတဲ့ အကျိုးအမြတ်တွေ၊ သိပ်ကောင်းတဲ့ ကာကွယ်မှုတွေ ဆိုတာကို သင်အမှန်တကယ် နားလည်လာတဲ့အခါ သင့်ရဲ့နာကျင်မှုက တဖြည်းဖြည်း ပေါ့ပါးလာတာ၊ သင့်တစ်ကိုယ်လုံးက ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်သွားသလို သင်ခံစားရမယ်။ လူအများစုရဲ့ ဖော်ပြချက်တွေကနေ အကဲဖြတ်ရရင် သူတို့ဟာ ကိုယ်ပိုင်အမြင်တွေအရ သူတို့အရင်က အသက်ရှင်နေထိုင်သလို ဆက်ပြီး မနေထိုင်ချင်ပေမဲ့၊ သူတို့ရဲ့နာကျင်မှုကို သက်သာချင်ပေမဲ့ အရှိအတိုင်းဆိုရင် သူတို့ဟာ လူသားတို့ရဲ့ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရဲ့ လက်တွေ့ကျတဲ့ တန်ဖိုးနဲ့ အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြဘူး။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး မလိုက်လျှောက်နိုင်ဘူး။ ဖန်ဆင်းရှင်ရဲ့ ကိုင်တွယ်ညွှန်ကြားမှုနဲ့ စီစဉ်မှုကို ရှာဖွေပြီး လက်ခံဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် လူတွေက လူသားရဲ့ အရာအားလုံးနဲ့ လူသားရဲ့ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာ ရှိတယ်ဆိုတဲ့ အချက်ကို အမှန်တကယ် သတိမပြုမိဘူးဆိုရင်၊ ဖန်ဆင်းရှင်ရဲ့ အုပ်စိုးမှုကို အမှန်တကယ် မလိုက်လျှောက်နိုင်ဘူးဆိုရင် သူတို့အတွက် “လူတစ်ယောက်ရဲ့ကံကြမ္မာက သူ့လက်ထဲမှာရှိတယ်” ဆိုတဲ့ အယူအဆအားဖြင့် မကန့်သတ်ထားစေဖို့၊ တွန်းအားမဖြစ်စေဖို့ ခက်ခဲပါလိမ့်မယ်။ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာနဲ့ ကံကြမ္မာကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်းရဲ့ နာကျင်မှုတွေကို ဖယ်ထုတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြောစရာမလိုပါဘူး။ သူတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်တဲ့လူတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ အရင်က အသက်ရှင်နေထိုင်တဲ့ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ အရင်က ဘဝပန်းတိုင်ကို နှုတ်ဆက်လိုက်ဖို့၊ အရင်က ဘဝနေမှုပုံစံ၊ အတွေးအခေါ်၊ အားထုတ်ချက်တွေ၊ အလိုဆန္ဒတွေ၊ စံသတ်မှတ်ချက်တွေကို အနှစ်ချုပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပြီး ဘုရားသခင်ရဲ့ အလိုနဲ့ လူသားအတွက် တောင်းဆိုချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ဘယ်အရာတွေက ဘုရားသခင်ရဲ့ အလိုနဲ့ တောင်းဆိုမှုတွေနဲ့ ကိုက်ညီသလဲဆိုတာ၊ ဘယ်အရာတွေက ဘဝရဲ့ မှန်ကန်တဲ့ တန်ဖိုးကိုပေးအပ်သလဲဆိုတာ၊ သမ္မာတရားကို ပိုပြီးနားလည်မှုဆီကို ဦးဆောင်သလဲဆိုတာ၊ လူသားမျိုးနွယ်နဲ့ လူသားနဲ့ဆင်တူစွာနေထိုင်စေဖို့ ဘယ်အရာတွေက အခွင့်ပေးသလဲဆိုတာကို ကြည့်ဖို့ဖြစ်တယ်။ လူတွေ ကြိုးစားအားထုတ်တဲ့ ဘဝပန်းတိုင် အမျိုးမျိုးကို သင် ခဏခဏ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းတဲ့ အချိန်တုန်းက သူ့ရဲ့ နဂိုမူရင်း ရည်ရွယ်ချက်နဲ့ ဘယ်သူကမှ ကိုက်ညီမှုမရှိဘူးဆိုတာ သင်တွေ့ရလိမ့်မယ်။ ဒီအရာတွေအားလုံးက ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ ဂရုစိုက်မှုရဲ့အဝေးကို လူတွေကို ဆွဲခေါ်သွားတယ်။ သူတို့အားလုံးဟာ လူသားမျိုးနွယ်သက်ဆင်းတဲ့ ငရဲကိုရောက်တဲ့ ကျင်းတွေ ဖြစ်တယ်။ သင်ဒါကို သိမြင်ပြီးနောက်မှာ သင့်ရဲ့ ဘဝအပေါ် အမြင်ဟောင်းကို ဘေးမှာထားပြီး၊ ထောင်ချောက် အမျိုးမျိုးရဲ့ အဝေးမှာနေပါ။ သင့်ရဲ့ဘဝကို ဘုရားသခင်ကို ဦးဆောင်စေပြီး သင့်အတွက် အစီအစဉ်တွေ ပြုလုပ်စေပါ။ ဘုရားသခင်ရဲ့ ကိုင်တွယ်ညွှန်ကြားမှုနဲ့ လမ်းညွှန်မှုကိုပဲ လိုက်လျှောက်ဖို့ ကြိုးစားပါ။ ရွေးချယ်စရာမရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်တဲ့လူတစ်ယောက် ဖြစ်လာဖို့ပါ။ လွယ်ကူတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လုပ်ဖို့ ခက်ခဲတဲ့အရာပါ။ တစ်ချို့လူတွေက ဒီအရာရဲ့ နာကျင်မှုကို ခံနိုင်တယ်။ တစ်ချို့က မခံနိုင်ဘူး။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိတယ်။ တစ်ချို့က မရှိဘူး။ ဆန္ဒမရှိတဲ့သူတွေက ဒီလိုလုပ်ဖို့ အလိုဆန္ဒနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်မရှိဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြုမိတယ်။ လူသားကံကြမ္မာကို သေချာစီစဉ်တာက ဘုရားသခင်ဆိုတာကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သူတို့ဟာ ကြိုးစား ရုန်းကန်နေတုန်းပဲ ဖြစ်ပြီး၊ သူတို့ဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ သူတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့ လက်မခံသေးတဲ့အပြင် ဘုရားသခင်ရဲ့ ကိုင်တွယ် ညွှန်ကြားမှုနဲ့ စီစဉ်မှုတို့ကို သူတို့ မကျေနပ်ပါဘူး။ ဒါကြောင့် သူတို့ဘာတွေ တတ်စွမ်းတယ်ဆိုတာကို သူတို့ကိုယ်သူတို့ ကြည့်ချင်တဲ့ လူတစ်ချို့ အမြဲတမ်း ရှိနေပါလိမ့်မယ်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်လက်နှစ်ဖက်နဲ့ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲချင်ကြတယ်။ သို့မဟုတ် သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ ပျော်ရွှင်မှုကို ရယူချင်တယ်၊ ဘုရားသခင်ရဲ့ အခွင့်အာဏာရဲ့ နယ်နိမိတ်စည်းတွေကို ကျော်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရဲ့ အထက်မှာ မြှင့်တက်နိုင်မလားဆိုတာကို ကြည့်ချင်ကြတယ်။ လူသားရဲ့ ဝမ်းနည်းစရာအချက်က လူသားက ပျော်ရွှင်တဲ့ဘဝကို ရှာခြင်းမဟုတ်ဘူး။ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူတွေကိုဖြတ်ရင်း သူ့ကိုယ်ပိုင် ကံကြမ္မာနဲ့ တိုက်ခိုက်တာ မဟုတ်ဘူး။ သူဟာ ဖန်ဆင်းရှင်ရဲ့ တည်ရှိမှုကို သိမြင်ပြီးနောက်မှာ၊ ဖန်ဆင်းရှင်က လူသားရဲ့ ကံကြမ္မာအပေါ်မှာ အချုပ်အခြာအာဏာရှိတယ်ဆိုတဲ့ အချက်ကို သိရှိလာပြီးနောက်မှာ သူ့ရဲ့ နည်းလမ်းတွေကို မပြောင်းလဲနိုင်သေးဘူး၊ သူ့ခြေထောက်တွေကို ရွှံ့ညွှန်တွေထဲကနေ ဆွဲမထုတ်နိုင်ဘဲ သူ့ရဲ့နှလုံးသားကို မာကျောစေပြီး သူ့ရဲ့အမှားတွေကို ဆက်လက်ပြုလုပ်ခြင်းတွေ ဖြစ်ပါတယ်။ သူဟာ နောင်တအနည်းငယ်မှ မရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို ခေါင်းမာစွာနဲ့ ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပဲ ဆက်ပြီး ယက်ကန်ယက်ကန် ဖြစ်နေဖို့ပြုလုပ်တယ်။ သူဟာ ကျိုးပဲ့လဲကျပြီး သွေးထွက်တဲ့အချိန်မှာသာ နောက်ဆုံးမှာ အရှုံးပေးပြီး နောက်ပြန်လှည့်ပါတယ်။ ဒါက စစ်မှန်တဲ့ လူသားရဲ့ ဝမ်းနည်းမှုပါ။ ဒါကြောင့် လိုက်လျှောက်ဖို့ ရွေးချယ်တဲ့သူတွေက အသိပညာရှိပြီး လွတ်မြောက်ဖို့ ကြိုးစားသူတွေက ခေါင်းမာသူတွေဖြစ်တယ်လို့ ငါဆိုတာပါ။

သေခြင်း - ဆဌမဆုံမှတ်

များပြားလှတဲ့ ပျားပန်းခတ် အလုပ်များမှုတွေ၊ များပြားလှတဲ့ အလဟဿဖြစ်မှုတွေနဲ့ စိတ်ပျက်မှုတွေ ပြီးနောက်မှာ၊ များပြားလှတဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ လောကဓံအနိမ့်အမြင့်တွေ ပြီးနောက်မှာ၊ များပြားလှတဲ့ မမေ့နိုင်တဲ့ နှစ်တွေပြီးနောက်မှာ၊ ရာသီဥတုတွေ ခဏခဏ ပြောင်းလဲခြင်းကို ကြည့်ရှုပြီး နောက်မှာ၊ သတိမူမိလိုက်ဘဲ ဘဝမှာ အရေးကြီးတဲ့ ဘဝမှတ်တိုင်တွေကို ဖြတ်သန်းပါတယ်။ နောက်ပြီး အချိန်တိုအတွင်းမှာပဲ သူဟာ သတိပေးတဲ့ နှစ်တွေကို ရောက်လာတာ သူ့ကိုယ်သူ တွေ့လိုက်ရပါတယ်။ အချိန်ရဲ့ အမှတ်အသားတွေဟာ သူ့ကိုယ်ခန္ဓာ တစ်ကိုယ်လုံးမှာ တံဆိပ်ခပ်နှိပ်ထားပါတယ်။ သူဟာ တည့်မတ်စွာ မရပ်နိုင်တော့ပါဘူး။ မှောင်မဲတဲ့ ဆံပင်ရဲ့ခေါင်းက အဖြူရောင်ပြောင်းပြီ။ တောက်ပပြီး ကြည်လင်တဲ့ မျက်လုံးတွေဟာ မှေးမှိန်ပြီး ဝေဝါးသွားပြီ။ ချောမွေ့ပြီး ပျော့ပြောင်းတဲ့ အသားအရေဟာ တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာပါတယ်။ အကြားအာရုံက အားနည်းလာပြီ။ သွားတွေက လျော့ရဲပြီး ထွက်ကျလာတယ်။ သူ့ရဲ့ တုံ့ပြန်မှုက နှောင့်နှေးလာတယ်။ သူ့ရဲ့ လှုပ်ရှားမှုက နှေးကွေးလာတယ်။ ဒီအချိန်မှာ သူဟာ သူ့ရဲ့ငယ်ရွယ်တဲ့ စိတ်လှုပ်ရှားထက်သန်တဲ့ နှစ်တွေကို လုံးဝနှုတ်ဆက်လိုက်ပြီး ဘဝရဲ့ နေဝင်ဆည်းဆာကို ဝင်ရောက်လာပါပြီ။ အသက်အရွယ်ကြီးရင့်လာပြီ။ အဲဒီနောက်မှာ သူဟာ လူ့ဘဝရဲ့ နောက်ဆုံး ဆုံမှတ်ဖြစ်တဲ့ သေခြင်းကို ရင်ဆိုင်ရပါမယ်။

၁။ ဖန်ဆင်းရှင်သာလျှင် လူသားရဲ့ ရှင်ခြင်းနဲ့ သေခြင်းစွမ်းအင်ကို ကိုင်ဆောင်တယ်

လူတစ်ယောက်ရဲ့ မွေးဖွားခြင်းက တစ်ယောက်ရဲ့ အရင်ဘဝအားဖြင့် သတ်မှတ်ထားတယ်ဆိုရင် သူ့ရဲ့ သေခြင်းက အဲဒီကံတရားရဲ့ အဆုံးကို ညွှန်ပြပါတယ်။ တစ်ယောက်ရဲ့ မွေးဖွားခြင်းက ဒီဘဝမှာ တစ်ယောက်ရဲ့ တာဝန်အစဆိုရင် သူ့ရဲ့သေခြင်းက အဲဒီတာဝန်ရဲ့ အဆုံးကို ညွှန်ပြပါတယ်။ ဖန်ဆင်းရှင်ဟာ လူတစ်ယောက်ရဲ့ မွေးဖွားခြင်းအတွက် သတ်မှတ်ထားတဲ့ အခြေအနေတွေ သတ်မှတ်ပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ သေခြင်း အတွက်လည်း သတ်မှတ်ထားတဲ့ အခြေအနေတွေကို စီစဉ်ပြီးဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဘယ်သူမှ မတော်တဆ မွေးဖွားလာတာမဟုတ်ဘူး။ ဘယ်သူ့ရဲ့ သေခြင်းကမှ မမျှော်လင့်ပဲဖြစ်တာ မဟုတ်ဘူး။ မွေးဖွားခြင်းနဲ့ သေခြင်းနှစ်မျိုးလုံးက အရင်ဘဝနဲ့ လက်ရှိဘဝတွေနဲ့ သေချာပေါက် ဆက်စပ်နေပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဦးတည်ချက်၊ လူတစ်ယောက်ရဲ့ ကံကြမ္မာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မွေးဖွားမှုကို အများကြီးပြောနိုင်သလိုပဲ လူတိုင်းရဲ့ သေခြင်းဟာ ထူးခြားတဲ့ အခြေအနေ အမျိုးမျိုးအောက်မှာ ဖြစ်ပေါ်ပါလိမ့်မယ်။ ဒီလိုပဲ လူတွေရဲ့ မတူညီတဲ့ သက်တမ်းတွေနဲ့ မတူညီတဲ့ ပုံစံတွေ၊ သူတို့သေတဲ့ အချိန်တွေ ဖြစ်ပေါ်ပါတယ်။ တစ်ချို့လူတွေက ကျန်းမာ သန်စွမ်းပေမဲ့ စောစီးစွာ သေဆုံးကြတယ်။ တစ်ချို့က အားနည်းပြီး မကြာခဏဖျားနာပေမဲ့ အသက်ကြီးတဲ့အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေဆုံးကြတယ်။ တစ်ချို့က သဘာဝမဟုတ်တဲ့ အကြောင်းတွေကြောင့်သေပြီး တစ်ချို့က သဘာဝအလျောက်သေတယ်။ တစ်ချို့က မိမိအိမ်နဲ့ အဝေးကြီးမှာ သူတို့အသက်ကို အဆုံးသတ်တယ်။ တစ်ခြားလူတွေက သူတို့ဘေးမှာ သူတို့ချစ်ရသူတွေ နဲ့အတူ မျက်လုံးပိတ်ကြတယ်။ တစ်ချို့လူတွေက လေထဲမှာ သေဆုံးကြတယ်။ တစ်ခြားလူတွေကတော့ ကမ္ဘာမြေကြီးအောက်မှာ သေဆုံးကြတယ်။ တစ်ချို့က ရေအောက်မှာ နစ်မြုပ်တယ်။ တစ်ချို့က ကပ်ဘေးတွေထဲမှာ ပျောက်ကွယ်သွားကြတယ်။ တစ်ချို့က မနက်မှာသေတယ်။ တစ်ချို့က ညမှာသေတယ်။ လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြတယ်။ သိပ်ကောင်းတဲ့ ဘဝနဲ့ ကြီးကျယ်ခမ်းနားတဲ့ သေခြင်းမျိုးကို လိုချင်ကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူတို့ရဲ့ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ဘူး။ ဘယ်သူကမှ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကနေ မလွတ်မြောက်နိုင်ဘူး။ ဒါက လူသားရဲ့ ကံကြမ္မာပါ။ လူသားဟာ သူ့အနာဂတ်အတွက် အစီအစဉ်တွေ အမျိုးမျိုးချမှတ်နိုင်တယ်။ ဒါပေမဲ့ ဘယ်သူကမှ သူတို့ရဲ့ မွေးဖွားတဲ့ ပုံစံနဲ့အချိန်၊ လောကကြီးထဲကနေ ထွက်ခွာသွားခြင်းတို့ကို မစီစဉ်နိုင်ပါဘူး။ လူတွေက သေခြင်းကို ရှောင်ကြဉ်ပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ သူတို့မသိရဘဲ သေခြင်းဟာ တိတ်တဆိတ်နဲ့ နီးကပ်လာပါတယ်။ သူတို့ဘယ်အချိန်သေမယ်ဆိုတာ သို့မဟုတ် ဘယ်လိုသေမယ်ဆိုတာကို ဘယ်သူမှမသိဘူး။ ဘယ်မှာဖြစ်မယ်ဆိုတာ ပိုပြီးတော့ မသိပါဘူး။ သေခြင်းနဲ့ ရှင်ခြင်း စွမ်းအင်ကို ကိုင်ဆောင်တာက လူသားမျိုးနွယ် မဟုတ်ဘူး၊ သဘာဝလောကထဲက အရာမဟုတ်ဘဲ သူ့ရဲ့အခွင့်အာဏာဟာ အတုမရှိတဲ့ ဖန်ဆင်းရှင်ဆိုတာ သိသာပါတယ်။ လူသားမျိုးနွယ်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းဟာ သဘောဝလောကရဲ့ နိယာမတစ်ချို့ရဲ့ ထုတ်ကုန်မဟုတ်ပါဘူး။ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာရဲ့ အချုပ်အခြာအာဏာရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

၂။ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို မသိတဲ့သူဟာ သေခြင်းကိုကြောက်ရွံ့ခြင်းက ကပ်လိုက်နေမယ်

လူတစ်ယောက်ဟာ အသက်ကြီးပိုင်းထဲကို ရောက်လာတဲ့အခါမှာ သူရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက မိသားစုကို ထောက်ပံ့ခြင်း မဟုတ်ဘူး၊ သို့မဟုတ် ဘဝမှာ သူ့ရဲ့ကြီးကျယ်တဲ့ ရည်ရွယ်ချက်ကို တည်ဆောက်ခြင်း မဟုတ်ဘူး။ သူ့ရဲ့ဘဝကို ဘယ်လိုနှုတ်ဆက်မယ်ဆိုတာ၊ သူ့ရဲ့ဘဝ အဆုံးသတ်ကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာ၊ သူ့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုရဲ့ အဆုံးသတ်ကာလကို ဘယ်လိုလုပ်ရမလဲဆိုတာ ဖြစ်ပါတယ်။ အပေါ်ယံပိုင်းမှာ လူတွေက သေခြင်းကို သိပ်အာရုံမစိုက်ဘူးလို့ ထင်ရပေမဲ့ ဒီအကြောင်းအရာကို စူးစမ်းရှာဖွေခြင်းမပြုဘဲ ဘယ်သူမှ မနေနိုင်ပါဘူး။ သေခြင်းရဲ့ ဝေးကွာတဲ့တစ်ဖက်မှာ လူသားတို့ မသိရှိနိုင် သို့မဟုတ် မခံစားနိုင်တဲ့၊ သူတို့ လုံးဝမသိတဲ့ တစ်ခြားကမ္ဘာတစ်ခု တည်ရှိနေမလားဆိုတာကို ဘယ်သူမှ မသိတဲ့အတွက်ပါ။ ဒီအရာက လူတွေကို သေခြင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြောက်လန့်စေတယ်။ သူတို့မဖြစ်မနေ ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ရင်ဆိုင်ဖို့ ကြောက်ရွံ့ကြတယ်။ ဒီအရာကို ရှောင်ကြဉ်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်။ ဒါကြောင့် လူတိုင်းက သေခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေကြပြီး ဒီရှောင်ကွင်းလို့မရတဲ့ ဘဝရဲ့ အချက်အလက်တစ်ခုကို ပဟေဠိတွေ ဖြစ်ပေါ်လာပြီး လူတိုင်းရဲ့ နှလုံးသားမှာ အမြဲတမ်းတည်ရှိနေတဲ့ အရိပ်တစ်ခု ပေါ်ထွက်စေခဲ့တယ်။

လူတစ်ယောက်ဟာ သူ့ရဲ့ကိုယ်ခန္ဓာက ယိုယွင်းပျက်စီးလာတာကို ခံစားရတဲ့အခါ သေခြင်းနဲ့ နီးနေပြီ ဆိုတာကို သိမြင်ခံစားရတဲ့အခါမှာ မရောရာတဲ့ စိုးရိမ်ပူပန်မှု၊ ဖော်ပြလို့မရတဲ့ ကြောက်ရွံ့ခြင်းတို့ကို ခံစားရတယ်။ သေခြင်းကို ကြောက်ရွံ့မှုဟာ လူတစ်ယောက်ကို အထီးကျန်ပြီး အကူအညီမဲ့ခြင်းကို ခံစားရအောင် ပြုလုပ်တယ်။ ဒီအချိန်မှာ သူ့ကိုယ်သူမေးတယ်။ လူသားက ဘယ်ကလာတာလဲ။ လူသားဟာ ဘယ်ကိုသွားမှာလဲ။ သူ့ဘဝက လေပြေလေးလို သူ့ကိုကျော်ဖြတ်သွားရင်းနဲ့ ဒီပုံစံနဲ့ လူသားက သေမှာလား။ ဒါက လူသားရဲ့ ဘဝအဆုံးကို ညွှန်ပြတဲ့ ကာလလား။ အဆုံးမှာ ဘဝရဲ့ အဓိပ္ပါယ်ကဘာလဲ။ နောက်ဆုံးတော့ ဘဝက ဘယ်လောက်တန်ဖိုးရှိသလဲ။ ကျော်ကြားမှုနဲ့ စည်းစိမ်တွေနဲ့ ပတ်သက်တာလား။ မိသားစုကို ပြုစုပျိုးထောင် ရတာနဲ့ ပတ်သက်တာလား။ လူတစ်ယောက်က ဒီသီးသန့်မေးခွန်းတွေကို တွေးမိသလားဆိုတာနဲ့ မသက်ဆိုင်ဘဲ၊ လူတစ်ယောက်က သေခြင်းကို ဘယ်လောက် နက်နက်နဲနဲ ကြောက်တယ်ဆိုတာနဲ့ မသက်ဆိုင်ဘဲ လူတိုင်းရဲ့ နှလုံးသား နက်ရှိုင်းရာထဲမှာ ဘဝနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ခြင်းမရှိတဲ့ ခံစားချက်၊ ဒီအရာတွေနဲ့ ရောနှောပြီး လောကကြီးနဲ့ပတ်သက်ပြီး တွယ်တာမှု၊ ထွက်ခွာဖို့ ဆန္ဒမရှိမှုတွေဖြစ်တဲ့ ဒီပဟေဠိတွေကို စူးစမ်းစစ်ဆေးဖို့ ဆန္ဒတစ်ခု အမြဲတမ်းရှိနေမှာပါ။ လူသားက ကြောက်တဲ့အရာက ဘာလဲဆိုတာ၊ လူသားက စစ်ဆေးချင်တာက ဘာလဲဆိုတာ၊ သူတွယ်တာနေတာက ဘာလဲဆိုတာ၊ ထားခဲ့ဖို့ ဘာကို ဆန္ဒမရှိတယ်ဆိုတာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မရှင်းလင်းနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့ဟာ သေခြင်းကို ကြောက်ရွံ့တဲ့အတွက် လူတွေဟာ အလွန် စိုးရိမ်ပူပန်ကြတယ်။ သူတို့ဟာ သေခြင်းကို ကြောက်ရွံ့တဲ့အတွက် သူတို့ လက်မလွတ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ သူတို့ သေဖို့ဖြစ်လာတဲ့အခါမှာ ဟိုဟိုဒီဒီ စိုးရီမ်ပူပန်လာတယ်။ သူတို့ရဲ့ ကလေးတွေ၊ သူတို့ရဲ့ ချစ်ရသူတွေ၊ သူတို့ရဲ့ ချမ်းသာမှုတွေကို စိတ်ပူတယ်။ စိတ်ပူနေခြင်းအားဖြင့် ဒုက္ခခံစားရတာတွေနဲ့ သေခြင်းက သယ်ဆောင်လာတဲ့ စိုးရိမ်ပူပန်မှုတွေကို ဖျက်ပစ်လို့ ရမယ့်အတိုင်း၊ သက်ရှိတွေနဲ့ ရင်းနှီးမှုကို ထိန်းသိမ်းခြင်းအားဖြင့် သူတို့ဟာ သေခြင်းမှာပါဝင်လာတဲ့ အကူအညီမဲ့ခြင်းနဲ့ အထီးကျန်ဆန်ခြင်းတို့ကနေ သူတို့ လွတ်မြောက်နိုင်သလိုမျိုး စိုးရိမ်နေကြတယ်။ လူသားရဲ့နှလုံးသားရဲ့ အနက်ပိုင်းမှာ မပီပြင်သေးတဲ့ ကြောက်ရွံ့မှုတွေ၊ ချစ်ရသူနဲ့ ခွဲခွာရမယ့် ကြောက်ရွံ့မှု၊ အပြာရောင်ကောင်းကင်ကို ဘယ်တော့မှ မကြည့်ရတော့မယ့်၊ ရုပ်ဝတ္ထုကမ္ဘာကို ဘယ်တော့မှ နောက်တစ်ခါ မကြည့်ရတော့မယ့် ကြောက်ရွံ့မှုမျိုး တည်ရှိပါတယ်။ သူချစ်ရတဲ့သူနဲ့ အဖော်လုပ်လေ့ရှိတဲ့ အထီးကျန်တဲ့ ဝိညာဉ်ဟာ သူ့ရဲ့ဆုပ်ကိုင်မှုကို ဖယ်ခွာပြီး မသိမမြင်ရတဲ့ မနီးစပ်တဲ့ ကမ္ဘာကို တစ်ယောက်တည်း သွားဖို့ ဆန္ဒမရှိကြဘူး။

၃။ အောင်မြင်မှုနဲ့ စည်းစိမ်တို့ကို ရှာဖွေရင်းနဲ့ ကုန်ဆုံးတဲ့ဘဝဟာ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဆုံးရှုံးရလိမ့်မယ်

ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်ခြင်းတို့ကြောင့် သူ့နာမည်မှာ ဘာမှ မရှိခြင်းကနေ စတင်လာတဲ့ အထီးကျန်နေတဲ့ ဝိညာဉ်ဟာ မိဘနဲ့ မိသားစုကို ရရှိလာတယ်။ လူသားမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ရဖို့နဲ့ ကမ္ဘာကိုကြည့်ဖို့ အခွင့်အရေးတွေကို ရရှိလာပြီး ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်အားဖြင့် ဖန်ဆင်းခြင်းရဲ့ ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ အားလုံးထဲမှာမှ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို သိပြီး သက်ရောက်မှု ရှိလာစေဖို့ အခွင့်အရေးတွေကို ရရှိပါတယ်။ ဒါပေမဲ့ လူအများစုက ဒီလို ရှားပါးပြီး ခဏတဖြုတ်ဖြစ်တဲ့ အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြဘူး။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနဲ့တန်တဲ့ စွမ်းအင်တွေကို သုံးပစ်ကြတယ်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနဲ့ အဆင့်အတန်း အကြားမှာ အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်တွေအားလုံး ကုန်ဆုံးရတယ်။ လူတွေ တန်ဖိုးထားတဲ့ အရာတွေဟာ မိသားစု၊ ပိုက်ဆံနဲ့ ကျော်ကြားမှုတွေ ဖြစ်တယ်။ ဒီအရာတွေကို ဘဝမှာ တန်ဖိုးအရှိဆုံး အရာတွေအဖြစ် မြင်ကြတယ်။ လူအားလုံးက သူတို့ရဲ့ကံကြမ္မာနဲ့ ပတ်သက်ပြီး ညည်းညူကြတယ်။ ဒါပေမဲ့ စမ်းသပ်ကြည့်ရှုပြီး နားလည်ဖို့အတွက် သိပ်အရေးကြီးတဲ့ မေးခွန်းကို သူတို့ လျစ်လျူရှုထားကြဆဲပဲ။ လူသားက ဘာကြောင့်အသက်ရှင်တယ်၊ ဘယ်လိုအသက်ရှင်ရမယ်၊ ဘဝရဲ့တန်ဖိုးနဲ့ အဓိပ္ပါယ်က ဘာဆိုတာတွေ ဖြစ်တယ်။ သူတို့ရဲ့ဘဝတစ်လျှောက်လုံး နှစ်တွေဘယ်လောက်ပဲကြာပါစေ၊ သူတို့ရဲ့ ငယ်ရွယ်နုပျိုခြင်း ကုန်ဆုံးသွားတဲ့အထိ၊ ဆံပင်တွေဖြူပြီး အသားရေတွေ တွန့်လိပ်လာတဲ့အထိ၊ အောင်မြင်မှုနဲ့ စည်းစိမ်က အသက်ကြီးပြီးဖြစ်တဲ့ ရောဂါတွေကို မရပ်တန့်နိုင်ဘူးဆိုတာ၊ ပိုက်ဆံက နှလုံးသားရဲ့ ဟာလာဟင်းလင်းဖြစ်မှုကို မဖြည့်ဆည်း ပေးနိုင်ဘူးဆိုတာကို သူတို့မြင်တဲ့အထိ၊ မွေးဖွားခြင်း နိယာမ၊ အသက်အရွယ်ကြီးခြင်း၊ ဖျားနာခြင်း၊ သေခြင်းတို့ကနေ ဘယ်သူမှ မကင်းလွတ်နိုင်ဘူးဆိုတာ၊ ကံကြမ္မာရဲ့ စီရင်မှုကနေ ဘယ်သူမှ မလွတ်မြောက် နိုင်ဘူးဆိုတာ သူတို့နားလည်တဲ့အထိ အောင်မြင်မှုနဲ့ စည်းစိမ်တို့ကို သူတို့ အပြေးအလွှား ကြိုးစားရှာဖွေ ကြတယ်။ ဘဝရဲ့ နောက်ဆုံးဆုံမှတ်ကို သူတို့ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါကျမှသာ သူတို့ဟာ လူတစ်ယောက်က ပိုင်ဆိုင်မှုပစ္စည်းတွေ သန်းချီပြီး ပိုင်ဆိုင်ရင်တောင်၊ အထူးအခွင့်အရေးတွေရပြီး အဆင့်မြင့်နေရင်တောင်၊ ဘယ်သူမှ သေခြင်းကနေ မလွတ်မြောက်နိုင်ဘူးဆိုတာကို သူတို့အမှန်တကယ် နားလည်ကြတယ်။ လူတိုင်းက သူ့ရဲ့ သို့မဟုတ် သူမရဲ့ နဂိုနေရာကို ပြန်သွားရလိမ့်မယ်။ ဘာမှမရှိတဲ့ တစ်ခုတည်းသော ဝိညာဉ်ပါ။ လူတစ်ယောက်က မိဘတွေ ရှိတဲ့အခါ သူ့မိဘတွေက သူ့အတွက် ဘဝပါပဲ။ လူတစ်ယောက်က ပိုင်ဆိုင်မှုတွေ ရှိတဲ့အခါမှာ ပိုက်ဆံဟာ အဓိကအစိတ်အပိုင်းပဲ၊ ဘဝမှာ တန်ဖိုးရှိတဲ့ပစ္စည်းပဲလို့ ထင်မြင်ကြတယ်။ လူတွေက အဆင့်အတန်းရှိတဲ့အခါမှာ အဲဒီအရာအပေါ်မှာ စွဲမြဲစွာ တွယ်ကပ်နေပြီး ဒီအရာတွေအတွက် သူတို့ဘဝကို စွန့်ကြတယ်။ လူတွေက ဒီကမ္ဘာကို စွန့်ခွာရတော့မယ့် အချိန်ကျမှသာ သူတို့ဘဝရဲ့ အချိန်တွေကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့တဲ့ ဒီအရာတွေဟာ တစ်ခဏပဲရှိတဲ့တိမ်တွေလို၊ သူတို့စွဲကိုင်ထားနိုင်တာ ဘယ်အရာမှ မရှိဘူး ဆိုတာ၊ သူတို့နဲ့အတူ ယူသွားလို့ရတဲ့အရာ ဘာမှမရှိဘူးဆိုတာ၊ ဘယ်အရာကမှ သူတို့ကို သေခြင်းကနေ ကင်းလွတ်အောင် မလုပ်နိုင်ဘူးဆိုတာ၊ အထီးကျန်တဲ့ ဝိညာဉ်ကို သူ့အပြန်လမ်းမှာ ဘယ်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ဘူးဆိုတာ သိမြင်ပြီး၊ အဆိုးဆုံးက ဘယ်အရာကမှ လူတစ်ယောက်ကို ကယ်တင်ခြင်းပေးပြီး သေခြင်းကို ကျော်လွန်နိုင်ဖို့ မလုပ်ပေးနိုင်ဘူးဆိုတာကို သိမြင်လိုက်ရတယ်။ ဒီရုပ်ဝတ္ထုလောကမှာ လူတစ်ယောက်ရတဲ့ အောင်မြင်မှုနဲ့ စည်းစိမ်တို့ဟာ ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး သူ့ကို လမ်းပျောက်စေပါတယ်။ ဒါကြောင့် လူတွေဟာ ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ နှလုံးငြိမ်းချမ်းမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်ရဲ့ ကျယ်ပြန့်တဲ့ ပင်လယ်ကြီးထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးတွေအောက်မှာ ကြိမ်ဖန်များစွာ နစ်မြုပ်ကြရတယ်။ သူတို့ဘယ်ကလာတယ်၊ ဘာကြောင့်အသက်ရှင်နေတယ်၊ ဘယ်ကိုသွားမယ် စတဲ့ နားလည်ဖို့ သိပ်အရေးကြီးတဲ့ မေးခွန်းတွေကို လူတွေ အဖြေမထုတ်နိုင်ခင်မှာ သူတို့ဟာ အောင်မြင်မှုနဲ့ စည်းစိမ်တို့အားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရပြီး၊ ဒီအရာတွေနဲ့ ထိန်းချုပ်ခံရပြီး ပြောင်းလဲလို့မရဘဲ ဆုံးရှုံးကြရတယ်။ အချိန်က သိပ်အကုန်မြန်တယ်။ မျက်စိတစ်မှိတ် အတွင်းမှာ နှစ်တွေကုန်ဆုံးသွားတယ်။ သတိမပြုလိုက်မိခင်မှာပဲ သူ့ဘဝရဲ့ အကောင်းဆုံး နှစ်တွေကို နှုတ်ဆက်လိုက်ရတယ်။ လူတစ်ယောက်ဟာ မကြာခင်မှာ လောကကြီးကနေ ထွက်ခွာရတော့မယ့်အချိန်မှာ၊ လောကကြီးမှာရှိတဲ့ အရာအားလုံးဟာ အဝေးကို ရွေ့သွားနေတယ်ဆိုတာကို တဖြည်းဖြည်း သတိပြုမိတဲ့အချိန် ရောက်လာတဲ့အခါ၊ သူပိုင်ဆိုင်ခဲ့တဲ့ အရာတွေကို ထပ်ပြီး ကိုင်စွဲမထားနိုင် တော့တဲ့အခါမှာ၊ လောကထဲမှာ အခုလေးတင် ထွက်ပေါ်လာတဲ့ အော်ဟစ်ငိုယိုနေတဲ့ မွေးကင်းစကလေး တစ်ယောက်လို ဘာမှ မပိုင်ဆိုင်သေးဘူးဆိုတာကို အမှန်တကယ် ခံစားလိုက်ရတယ်။ ဒီအချိန်မှာ သူဟာ ဘဝမှာ ဘာတွေလုပ်ခဲ့လဲ၊ အသက်ရှင်ရတာ ဘယ်လိုတန်ဖိုးရှိသလဲ၊ ဘဝက ဘာအဓိပ္ပါယ်လဲ၊ လောကထဲကို ဘာကြောင့် ရောက်လာသလဲဆိုတာတွေကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရတယ်။ ဒီအချိန်မှာ နောက်ဘဝ တကယ်ရှိသလား ဆိုတာ၊ ကောင်းကင်ဘုံက တကယ်ပဲ တည်ရှိသလားဆိုတာ၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိသလား ဆိုတာတွေကို ပိုပြီးသိချင်လာတယ်။ သေခြင်းနဲ့ နီးကပ်လာလေလေ၊ ဘဝဆိုတာ တကယ်တော့ ဘာလဲဆိုတာကို ပိုပြီး နားလည်ချင်လာလေလေ၊ သေခြင်းနဲ့ နီးကပ်လာလေလေ၊ နှလုံးသားက ဘာမှမရှိသလို ဖြစ်လာလေလေ၊ သေခြင်းနဲ့ နီးကပ်လာလေလေ၊ အကူအညီမဲ့သလို ပိုပြီး ခံစားရလေလေ ဖြစ်လာတယ်။ ဒီလိုနဲ့ သေခြင်းကို ကြောက်ရွံ့မှုဟာ တဖြည်းဖြည်း ပုံမှန်ကြီးထွားလာတယ်။ လူတွေက သေခြင်းနဲ့ နီးကပ်လာတဲ့အခါမှာ ဘာကြောင့် ဒီလိုတွေ ပြုမူကြသလဲဆိုတဲ့ အကြောင်းရင်းနှစ်ချက်ရှိတယ်။ ပထမအချက်က သူတို့ဟာ သူတို့ဘဝမှာ အမှီပြုခဲ့တဲ့ ကျော်ကြားခြင်းနဲ့ ချမ်းသာခြင်းတို့ကို ဆုံးရှုံးရတော့မယ်။ လောကမှာ မြင်နိုင်တဲ့ အရာတွေအားလုံးကို ထားခဲ့ရတော့မယ်။ ဒုတိယအချက်က သူတို့ ကြောက်ရွံ့တဲ့ သူတို့ရောက်လာမယ့်နေရာ၊ ချစ်ခင်ရတဲ့သူတွေနဲ့ ကူညီထောက်ပံ့ပေးမယ့်သူတွေ မရှိတဲ့နေရာဖြစ်တဲ့ သူတို့နဲ့ မရင်းနှီးတဲ့ကမ္ဘာ၊ ဆန်းကြယ်ပြီး မသိမြင်နိုင်တဲ့ နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မယ်။ ဒီအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင်ရတဲ့သူတိုင်းဟာ စိတ်မသက်သာမှုကို ခံစားရတယ်။ အရင်က တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ထိတ်လန့်မှုနဲ့ အကူအညီမဲ့တဲ့ ခံစားမှုကို ကြုံတွေ့ကြရတယ်။ လူတွေက ဒီနေရာကို အမှန်တကယ် ရောက်လာတဲ့ အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ အခြေချတဲ့အခါမှာ သူနားလည်ရမယ့် ပထမဆုံးအရာက လူသားက ဘယ်ကနေလာသလဲဆိုတာ၊ လူတွေ ဘာကြောင့် အသက်ရှင်နေသလဲဆိုတာ၊ လူသားကံကြမ္မာကို ဘယ်သူ အုပ်ချုပ်သလဲဆိုတာ၊ လူသားတို့ ဖြစ်တည်မှုအပေါ်မှာ ဘယ်သူက အချုပ်အခြာအာဏာရှိပြီး ပံ့ပိုးပေးသလဲ ဆိုတာတွေဖြစ်တယ်ဆိုတာကို သိမြင်လာတယ်။ လူသား ရှင်သန်ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံ အချက်အလက်တွေဖြစ်တဲ့ ဒီအချက်တွေက ဘဝမှာ စစ်မှန်တဲ့ တန်ဖိုးရှိတဲ့ အရာတွေ ဖြစ်ပါတယ်။ မိသားစုကို ဘယ်လိုထောက်ပံ့ရမယ် သို့မဟုတ် ကျော်ကြားမှုနဲ့ ချမ်းသာမှုကို ဘယ်လို ရယူရမယ် ဆိုတာတွေကို သင်ယူခြင်းမဟုတ်ပါဘူး။ အားလုံးထက်သာအောင် ဘယ်လိုလုပ်ရမယ် သို့မဟုတ် ပိုပြီး ချမ်းသာတဲ့ ဘဝကို ဘယ်လိုနေထိုင်ရမယ် ဆိုတာတွေကို သင်ယူခြင်းမဟုတ်ပါဘူး။ ဘယ်လိုထူးချွန်အောင်နဲ့ တစ်ခြားလူတွေထက် အောင်မြင်စွာပြီးမြောက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သင်ယူခြင်းက ပိုပြီးတော့ မဟုတ်ပါဘူး။ လူတွေ သူတို့ရဲ့ ဘဝအချိန်တွေကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့တဲ့ ရှင်သန်ရပ်တည်ရေး ပညာအမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ စိတ်သက်သာရာရခြင်းတွေ အများကြီး ပေးအပ်နိုင်ပေမဲ့ နှလုံးသားအတွက် နှစ်သိမ့်မှုနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းမှုတို့ကို ဘယ်တော့မှ သယ်ဆောင်မလာပါဘူး။ ဒီလိုမဟုတ်ဘဲ လူတွေကို သူတို့ရဲ့ ဦးတည်ချက်တွေ အမြဲတမ်း ဆုံးရှုံးစေတယ်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ ခက်ခဲစေတယ်။ ဘဝရဲ့အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေတယ်။ နောက်ပြီး ဒီအရာတွေက သေခြင်းကို ဘယ်လို သင့်လျော်စွာ ရင်ဆိုင်ရမယ်ဆိုတာရဲ့ အောက်မှာရှိတဲ့ ပြဿနာတွေကို ဖန်တီးတယ်။ ဒီလိုနည်းလမ်းနဲ့ လူတွရဲ့ ဘဝတွေက ပျက်စီးရတယ်။ ဖန်ဆင်းရှင်က သူ့ရဲ့ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့အတွက် လူတိုင်းကို တစ်ဘဝလုံးအတွက် ထိုက်တန်တဲ့ အခွင့်အလမ်းတွေကို ပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံပါတယ်။ ဒါပေမဲ့ သေခြင်းက နီးကပ်လာတဲ့ အခါမှသာ၊ သေခြင်းရဲ့ ခြောက်လှန့်မှုက နီးကပ်လာတဲ့ အခါမှသာ အလင်းကို စတင်မြင်လာတယ်။ အဲဒီနောက်မှာတော့ သိပ်နောက်ကျသွားပါပြီ။

လူတွေဟာ ပိုက်ဆံနဲ့ ကျော်ကြားမှုနောက်ကို လိုက်ရင်း သူတို့ရဲ့ဘဝတွေကို ကုန်ဆုံးကြတယ်။ သူတို့ဟာ ဒီအရာတွေရှိ နေခြင်းကြောင့် သူတို့ဆက်ပြီးရှင်သန်နိုင်မလိုလို၊ သေခြင်းကနေ လွတ်ကင်းနိုင်သလိုလိုနဲ့ ဒီအရာတွေက သူတို့ရဲ့ အဓိက အထောက်အပံ့တွေပဲလို့ တွေးထင်ရင်းနဲ့ ဒီကောက်ရိုးမျှင်တွေကို ဆုပ်ကိုင် ကြတယ်။ ဒါပေမဲ့ သူတို့ဟာ သေခြင်းနဲ့ နီးကပ်လာတဲ့အခါမှသာ ဒီအရာတွေနဲ့ သူတို့ ဘယ်လောက်ဝေးကွာသလဲ ဆိုတာ၊ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ဘယ်လောက် အားနည်းတယ်ဆိုတာ၊ သူတို့ဘယ်လောက် လွယ်လွယ် ကျိုးပဲ့ကြေမွသလဲဆိုတာ၊ ဘယ်ကိုမှ သွားစရာမရှိဘဲ သူတို့ဘယ်လောက် အထီးကျန်ပြီး အကူအညီမဲ့ ဖြစ်နေတယ်ဆိုတာတွေကို သိမြင်ကြတယ်။ ဘဝဟာ ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုနဲ့ ဝယ်လို့မရဘူးဆိုတာ၊ လူတစ်ယောက်က ဘယ်လောက်ချမ်းသာပါစေ၊ သူသို့မဟုတ် သူမရဲ့ အဆင့်နေရာက ဘယ်လောက် မြင့်မြတ်ပါစေ၊ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူအားလုံးဟာ ညီတူညီမျှ နိမ့်ကျပြီး အရေးမပါဘူးဆိုတာတွေကို သူတို့ သိမြင်ကြတယ်။ ပိုက်ဆံက ဘဝကို မဝယ်ယူနိုင်ဘူးဆိုတာ၊ ကျော်ကြားမှုက သေခြင်းကို မဖျက်ပစ်နိုင်ဘူးဆိုတာ၊ ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုက လူတစ်ယောက်ရဲ့ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်တောင် ဆွဲဆန့်မပေးနိုင်ဘူးဆိုတာကို သူတို့ သိမြင်ကြတယ်။ လူတွေက ဒီလိုခံစားရလေလေ၊ ဆက်လက်ရှင်သန်ရဖို့ တောင့်တလေလေဖြစ်တယ်။ လူတွေက ဒီလိုခံစားရလေလေ၊ သေခြင်းနီးကပ် လာတာကိုပိုပြီး စိုးရိမ်ပူပန်လေလေ ဖြစ်ကြတယ်။ ဒီအချိန်မှသာ သူတို့ရဲ့ဘဝတွေကို သူတို့မပိုင်ဆိုင်ဘူးဆိုတာ၊ သူတို့မထိန်းချုပ်နိုင်ဘူးဆိုတာ၊ သေခြင်း၊ ရှင်ခြင်းနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုတာ၊ ဒီအရာတွေ အားလုံးကို သူမထိန်းချုပ်နိုင်ဘူးဆိုတာကို အမှန်တကယ် သိမြင်လာကြတယ်။

၄။ ဖန်ဆင်းရှင်ရဲ့ အုပ်စိုးမှုအောက်ကို လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ပါ

လူတစ်ယောက် မွေးဖွားတဲ့ အချိန်ခဏမှာ အထီးကျန်တဲ့ ဝိညာဉ်တစ်ခုဟာ ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် သူ့အတွက် စီစဉ်ပေးထားတဲ့ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို ကြုံတွေ့ရမှုတို့ စတင်ပါတယ်။ ပြောစရာမလိုပါဘူး။ ဒါဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို ရရှိဖို့၊ သူ့ရဲ့ အခွင့်အာဏာကို သိဖို့နဲ့ ကိုယ်တိုင် တွေ့ကြုံရဖို့၊ ဒီလူအတွက်၊ ဝိညာဉ်အတွက်၊ သိပ်ကောင်းတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ လူတွေဟာ ဖန်ဆင်းရှင်က သူတို့အတွက် ချမှတ်ပေးခဲ့တဲ့ ကံကြမ္မာရဲ့ နိယာမအောက်မှာ နေထိုင်ကြပြီး အသိစိတ်ရှိတဲ့ အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်တဲ့ သူတွေအတွက် ကမ္ဘာပေါ်မှာ သူတို့ရဲ့ ဆယ်စုနှစ်များစွာရဲ့ လမ်းကြောင်းတွေပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကိုသိပြီး သူ့ရဲ့ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် လူသားရဲ့ ကံကြမ္မာအားလုံးဟာ ကြိုတင်သတ်မှတ် ထားတယ်ဆိုတာ၊ အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့၊ ခြုံငုံသိမြင်နိုင်ဖို့ သူသို့မဟုတ် သူမရဲ့ ဆယ်စုနှစ်များစွာရှိတဲ့ ဘဝအတွေ့အကြုံတွေ ကနေတစ်ဆင့် လူတိုင်းသိမြင်နိုင်ဖို့ သိပ်လွယ်ကူမှာပါ။ တစ်ချိန်တည်းမှာပဲ ဒီဘဝသင်ခန်းစာတွေကို လက်ခံပြီး ဘဝက ဘယ်ကနေလာတယ်ဆိုတာ၊ နှလုံးသားက ဘာကို အမှန်တကယ် လိုအပ်တယ်ဆိုတာ၊ ဘယ်အရာက မှန်ကန်တဲ့ ဘဝလမ်းကြောင်းကို လမ်းညွှန်ပေးမလဲ ဆိုတာ၊ လူသားရဲ့ဘဝရဲ့ တာဝန်နဲ့ ပန်းတိုင်က ဘာတွေဖြစ်ရမယ်ဆိုတာကို တဖြည်းဖြည်း နားလည်လာပါ လိမ့်မယ်။ ဖန်ဆင်းရှင်ကို မကိုးကွယ်ရင်၊ သူ့ရဲ့အုပ်စိုးမှုအောက်ကို မလာရင်၊ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မယ့် အခါမှာ၊ သူ့နှလုံးသားဟာ အကန့်အသတ်မရှိတဲ့ စိုးရိမ်မှုတွေ၊ စိတ်မသက်မသာမှုတွေ ပြည့်နေမယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သိမြင်လာပါလိမ့်မယ်။ လူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ဆယ်စုနှစ်များစွာ တည်ရှိခဲ့ပြီး လူသားဘဝက ဘယ်ကလာတယ်ဆိုတာကို မသိသေးရင်၊ လူသားကံကြမ္မာက ဘယ်သူ့လက်ထဲမှာ ရှိတယ်ဆိုတာကို သတိမပြုမိသေးရင်၊ သူသို့မဟုတ် သူမဟာ သေခြင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်မဆိုင်နိုင်ဖြစ်မှာ မဆန်းပါဘူး။ ဘဝမှာ ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိမြင်မှုကို ရရှိခဲ့တဲ့ လူဟာ ဘဝရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးအပေါ်မှာ မှန်ကန်တဲ့ အသိအမှတ်ပြု တန်ဖိုးထားမှု ရှိတဲ့သူ၊ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာအပေါ် အမှန်တကယ် အတွေ့ကြုံရှိ၊ နားလည်မှုရှိပြီး ဘဝအပေါ် လေးနက်တဲ့အသိပညာရှိတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပြီး ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို လိုက်လျှောက်နိုင်တဲ့သူ ဖြစ်ပါတယ်။ ဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်တယ်။ လူသားဟာ ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်တယ်ဆိုတာ၊ လူသားပိုင်ဆိုင်တဲ့ အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှတဲ့ အနာဂတ်နေ့တစ်နေ့မှာ သူ့ဆီကို ပြန်သွားလိမ့်မယ်ဆိုတာကို နားလည်တယ်။ ဒီလိုလူမျိုးဟာ ဖန်ဆင်းရှင်က လူသားရဲ့ မွေးဖွားမှုကို စီစဉ်ပြီး လူသားရဲ့ သေဆုံးမှုအပေါ်မှာ အချုပ်အခြာအာဏာ ရှိတယ်ဆိုတာ၊ ရှင်ခြင်းနဲ့ သေခြင်းနှစ်ခုလုံးဟာ ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာအားဖြင့် ကြိုတင်သတ်မှတ် ထားတယ်ဆိုတာကို နားလည်တယ်။ ဒါကြောင့် ဒီအရာတွေကို အမှန်တကယ် နားလည်သိမြင်လာတဲ့အခါမှာ သေခြင်းကို မျက်စိ စုံမှိတ်ပြီး စိုးရိမ်ပူပန်ပြီး ဆန့်ကျင်ရုန်းကန်နေမယ့်အစား သေခြင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်လာတယ်၊ ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဘေးဖယ်ထားနိုင်တယ်။ ဖြစ်လာတဲ့အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာ လိုက်လျှောက်နိုင်တယ်။ ဖန်ဆင်းရှင်က စီစဉ်ထားတဲ့ နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်တယ်။ ဘဝဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး သူ့ရဲ့ အခွင့်အာဏာကို သိမြင်လာရဖို့ အခွင့်အလမ်းတစ်ရပ်လို့ ထင်မြင်ရင်၊ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနဲ့ သူ့တာဝန်ကို လုပ်ဆောင်ပြီး သူ့ရဲ့အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးတဲ့ အခွင့်ရေးအနေနဲ့ သူ့ဘဝကို မြင်ရင် သူဟာ ဘဝအပေါ်မှာ သေချာပေါက် မှန်ကန်တဲ့အမြင် ရှိပါတယ်။ ဖန်ဆင်းရှင်က ကောင်းကြီးပေးပြီး လမ်းညွှန်တဲ့ ဘဝကို နေထိုင်ပါလိမ့်မယ်၊ ဖန်ဆင်းရှင်ရဲ့ အလင်းထဲမှာ လျှောက်လှမ်းပါလိမ့်မယ်။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကိုသိပြီး သူ့အုပ်စိုးမှုအောက်ကို လာလိမ့်မယ်။ သူ့ရဲ့ ထူးခြားတဲ့လုပ်ဆောင်မှုနဲ့ သူ့ရဲ့ အခွင့်အာဏာအတွက် မျက်မြင်သက်သေ ဖြစ်လာပါမယ်။ ပြောစရာမလိုပါဘူး။ ဒီလိုလူမျိုးကို ဖန်ဆင်းရှင်က သေချာပေါက် ချစ်ပြီး လက်ခံလိမ့်မယ်။ နောက်ပြီး ဒီလိုလူမျိုးကသာ သေခြင်းနဲ့ပတ်သက်ပြီး တည်ငြိမ်တဲ့ စိတ်သဘောကို စွဲကိုင်ထားနိုင်မယ်။ ဘဝရဲ့ နောက်ဆုံးဆုံမှတ်ကို ပျော်ရွှင်စွာနဲ့ ကြိုဆိုနိုင်ပါမယ်။ ယောဘက သေခြင်းနဲ့ပတ်သက်လို့ ဒီလို သဘောထားမျိုးကို ကိုင်ဆောင်ခဲ့တာ သိသာပါတယ်။ သူဟာ ဘဝရဲ့ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်ပါတယ်။ သူ့ဘဝခရီးကို ချောမွေ့တဲ့ နိဂုံးချုပ်ကို သယ်ဆောင်လာပြီးနောက်၊ ဘဝမှာ သူ့ရဲ့တာဝန်ကို ပြီးပြည့်စုံစေခဲ့ပြီးနောက်မှာ ဖန်ဆင်းရှင်ဆီကို သူပြန်သွားခဲ့တယ်။

၅။ ယောဘရဲ့ ဘဝမှာ ကြိုးစားအားထုတ်မှုတွေနဲ့ အကျိုးအမြတ်ရရှိမှုတွေကြောင့် သေခြင်းကို သူ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တယ်

ယောဘအကြောင်း ရေးထားတဲ့ ကျမ်းပိုဒ်မှာ - “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။ (ယောဘ ၄၂း၁၇)” ဒါက ယောဘက သေဆုံးသွားတဲ့အခါမှာ နောင်တရခြင်းတွေ မရှိဘူး။ နာကျင်မှုမခံစားရဘဲ ဒီကမ္ဘာကနေ သဘာဝအလျောက် ထွက်ခွာသွားခဲ့တယ်လို့ ဆိုလိုပါတယ်။ ယောဘက သူအသက်ရှင်နေစဉ်အတွင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တယ်ဆိုတာ လူတိုင်း သိပါတယ်။ ဘုရားသခင်ရဲ့ သူ့ရဲ့ဖြောင့်မတ်တဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးတယ်။ လူတွေက ဒါတွေကို သတိရကြတယ်။ လူအားလုံးထက် သူ့ဘဝဟာ တန်ဖိုးရှိပြီး အရေးပါခဲ့တယ်။ ယောဘဟာ ဘုရားသခင်ရဲ့ ကောင်းကြီးတွေကို ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်မှာ ဖြောင့်မတ်သူလို့ ဘုရားသခင်ရဲ့ ခေါ်ဆိုခြင်းကို ခံခဲ့ရတယ်။ သူဟာ ဘုရားသခင်ရဲ့ စစ်ဆေးခြင်းနဲ့ စာတန်ရဲ့ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရတယ်။ သူဟာ ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဖြောင့်မတ်တဲ့သူလို့ ခေါ်ဖို့ ထိုက်တန်ပါတယ်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်အချိန်တွေအတွင်းမှာ သူဟာ အရင်ကထက် ပိုပြီး တန်ဖိုးရှိတဲ့၊ အဓိပ္ပါယ်ရှိတဲ့၊ ညီညွတ်မျှတတဲ့၊ ငြိမ်းချမ်းတဲ့ဘဝကို နေထိုင်ခဲ့တယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ဆောင်ချက်တွေကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့တယ်။ သူ့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘုရားသခင်က သူ့ကို ကိုယ်ထင်ပြပြီး သူ့နဲ့တိုက်ရိုက် စကားပြောခဲ့တယ်။ ဒါကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်တွေမှာ ယောဘဟာ ဘဝတန်ဖိုးကို ပိုပြီးစစ်မှန်တဲ့ နည်းလမ်းနဲ့ နားလည်ပြီး အသိအမှတ်ပြုခဲ့တယ်။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာအပေါ် လေးနက်တဲ့ နားလည်မှုကို ရယူနိုင်ခဲ့တယ်။ ဖန်ဆင်းရှင်က သူ့ကောင်းချီးတွေကို ဘယ်လိုပေးအပ်ပြီး ဘယ်လိုပြန်လည်ယူဆောင်တယ် ဆိုတဲ့အပေါ်မှာ ပိုပြီးတိကျ သေချာတဲ့ အသိပညာကို ရခဲ့တယ်။ ယောဟောဝါ ဘုရားသခင်ဟာ ယောဘကို ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိဖို့နဲ့ သေခြင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ ပိုကောင်းတဲ့ နေရာတစ်ခုကို ချပေးရင်း အရင်ကထက် ပိုကြီးမားတဲ့ ကောင်းချီးတွေကို ယောဘကို ချပေးသနားခဲ့တယ်လို့ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ စိတ်ပူပန်မှုမဖြစ်မှာ သေချာပါတယ်။ သူ့မှာ စိုးရိမ်ပူပန်မှုမရှိခဲ့ဘူး။ နောင်တရခြင်းတွေ မရှိဘူး။ သေခြင်းကိုလည်း မကြောက်တော့ဘူးပေါ့။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့၊ မကောင်းမှုကို ရှောင်ကြဉ်တဲ့ နည်းလမ်းတွေနဲ့ သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့တာကြောင့် သူ့ရဲ့အဆုံးသတ်အတွက် စိုးရိမ်ပူပန်စရာ အကြောင်းမရှိခဲ့ဘူး။ ယောဘက သူ့ရဲ့သေခြင်းကို ရင်ဆိုင်ရတဲ့အခါမှာ ပြုလုပ်ခဲ့တဲ့ နည်းလမ်းတွေအားလုံးနဲ့ ယနေ့ လူဘယ်လောက်က ပြုလုပ်နိုင်ပါသလဲ။ ဒီလိုရိုးရှင်းတဲ့ အပြင်ပန်း အပြုအမူမျိုးကို ဘာကြောင့် ဘယ်သူကမှ မထိန်းသိမ်းနိုင်တာလဲ။ အကြောင်းပြချက်က တစ်ခုပဲရှိတယ်။ ယောဘက ကိုယ်ပိုင် ကြိုးစား အားထုတ်တဲ့ ယုံကြည်မှု၊ အသိအမှတ်ပြုမှုနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို နာခံမှုတို့နဲ့ သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝမှာ အရေးကြီးတဲ့ ဆုံမှတ်တွေမှာ ဒီယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့နဲ့ ဖြတ်သန်းခဲ့တယ်၊ သူရဲ့ နောက်ဆုံးသော နှစ်တွေမှာ ရှင်သန်ခဲ့တယ်။ သူ့ဘဝရဲ့ နောက်ဆုံးဆုံမှတ်ကို တွေ့ဆုံခဲ့တယ်။ ယောဘက ဘာတွေကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပန်းတိုင်က ပျော်ရွှင်ခဲ့ပြီး မနာကျင်ခဲ့ရဘူး။ ဖန်ဆင်းရှင်က သူ့ကို ချပေးသနားခဲ့တဲ့ ကောင်းချီးနဲ့ ချီးမြှောက်ခြင်း တွေကြောင့်တင်မဟုတ်ဘဲ ပိုအရေးကြီးတဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဘဝပန်းတိုင်တွေကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနဲ့ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ကနေတစ်ဆင့် သူရယူခဲ့တဲ့ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို တဖြည်းဖြည်း အမှန်တကယ် နားလည်ခြင်းနဲ့ သိမြင်ခြင်းတို့ကြောင့် ဖြစ်တဲ့အပြင် ဖန်ဆင်းရှင်ရဲ့ သက်ရောက်မှုတစ်ခုအနေနဲ့ သူ့အချိန်ကာလအတွင်းမှာ ယောဘကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အံသြစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ လူသားနဲ့ ဘုရားသခင်ကြားမှာရှိတဲ့ အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့ရဲ့ နွေးထွေးပြီး မမေ့နိုင်တဲ့ အတွေ့အကြုံနဲ့ အမှတ်ရစရာ အချိန်တွေကြောင့်၊ ဖန်ဆင်းရှင်ရဲ့ အလိုကိုသိခြင်းကနေ လာတဲ့ စိတ်သက်သာရာရခြင်းနဲ့ ပျော်ရွှင်မှုတွေကြောင့်၊ ဘုရားသခင်ဟာ ကြီးမြတ်တယ်၊ အံသြစရာကောင်းတယ်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည်ဖြောင့်မတ်တယ် ဆိုတာတွေကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ကြည်ညိုမှုတွေကြောင့် ဖြစ်ပါတယ်။ ယောဘက ဘာဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ရတဲ့ အကြောင်းက သေပြီးတဲ့အခါမှာ သူဟာ ဖန်ဆင်းရှင်ရဲ့နေရာကို ပြန်ရမယ်ဆိုတာကို သိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့ရဲ့ အသက်ကို ပြန်ယူမယ့်အဖြစ်ကို ညီမျှတဲ့နှလုံးသားနဲ့ ရင်ဆိုင်ဖို့၊ ဒါ့အပြင် ဖန်ဆင်းရှင်ရဲ့ရှေ့မှာ အထောက်အပံ့ မလိုပဲ အပြစ်ကင်းစွာ ရပ်နိုင်ဖို့တွေကို ဖြစ်စေခဲ့တာက ဘဝမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ရရှိမှုတွေ ဖြစ်ပါတယ်။ ယောဘပိုင်ဆိုင်ခဲ့တဲ့ ပျော်ရွှင်မှုမျိုးကို ဒီနေ့ခေတ်လူတွေ ရယူနိုင်ပါ့မလား။ သင်တို့ ဒီလိုလုပ်နိုင် ပါသလား။ ဒီနေ့ခေတ်လူတွေမှာ ယောဘလိုမျိုး ဘာကြောင့်ပျော်ရွှင်စွာ မနေနိုင်ကြတာလဲ။ သေခြင်းကို ကြောက်ရွံ့ခြင်းရဲ့ ဒုက္ခကနေ ဘာလို့ မလွတ်မြောက်နိုင်တာလဲ။ သေခြင်းကို ရင်ဆိုင်ရတဲ့အခါမှာ တစ်ချို့ လူတွေက ကြောက်သေးတွေ ပါကုန်တယ်။ တစ်ချို့က တဆတ်ဆတ်တုန်ကြတယ်။ မူးမေ့ကြတယ်။ ကောင်းကင်ဘုံနဲ့ လူသားတို့နဲ့ ဆင်တူသမျှကို တိုက်ခိုက်တယ်။ ငိုကြွေးမြည်တမ်းခြင်းတောင် ပြုလုပ်ကြတယ်။ ဒါတွေက သေခြင်းနီးကပ်လာတဲ့အခါ ဖြစ်ပေါ်တဲ့ ရုတ်တရက် တုံ့ပြန်မှုတွေ မဟုတ်ပါဘူး။ လူတွေက ဒီလို အရှက်ရစေတဲ့ ပုံစံတွေပြုမူကြတာဟာ ဘာကြောင့်လဲဆိုရင် သူတို့နှလုံးသား အတွင်းပိုင်းထဲမှာ သေခြင်းကို ကြောက်ရွံ့တဲ့အတွက်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့ အစီအစဉ်တွေအပေါ် ရှင်းလင်းစွာသိမြင်မှု၊ အသိအမှတ်ပြုမှု မရှိတဲ့အတွက်၊ ဒီအရာတွေကို အမှန်တကယ် လိုက်လျှောက်ဖို့ဆိုတာ ပိုဝေးသွားပြီး လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာ၊ သူတို့ရဲ့ကိုယ်ပိုင် အသက်ရှင်ခြင်းနဲ့ သေခြင်းတို့ကို ထိန်းချုပ်ဖို့ အရာအားလုံးကို သူတို့ဖာသာ စီစဉ်အုပ်ချုပ်ဖို့ပဲ အလိုရှိကြတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လူတွေက သေခြင်းကို ကြောက်ရွံ့မှုကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တာဟာ မဆန်းပါဘူး။

၆။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ဆီကို ပြန်လာနိုင်တယ်

ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့အစီအစဉ်ကို ရှင်းလင်းတဲ့ သိမြင်မှုနဲ့ အတွေ့အကြုံမရှိတဲ့အခါ ကံကြမ္မာနဲ့ သေခြင်းအပေါ် သိမြင်မှုက သေချာပေါက် ရောထွေးနေပါလိမ့်မယ်။ လူတွေဟာ ဒီအရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူး။ သူတို့အပေါ်မှာ ဘုရားသခင်ဟာ အချုပ်အခြာအာဏာကို ကိုင်ဆောင်ပြီး ထိန်းချုပ်တယ်ဆိုတာကို သတိမပြုမိကြဘူး။ ဒီလို အချုပ်အခြာ အာဏာကို ဖယ်ထုတ်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားဟာ မတတ်နိုင်ဘူးဆိုတာကို သတိမပြုမိကြဘူး။ ဒါကြောင့် သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့ရဲ့ နောက်ဆုံးစကားတွေ၊ စိုးရိမ်မှုတွေနဲ့ နောင်တတွေက အဆုံးမရှိပါဘူး။ သူတို့ဟာ သိပ်များတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ အလိုမပြည့်မှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ လေးလံနေ ပါတယ်။ ဒီအရာအားလုံးက သူတို့ကို သေခြင်းကို ကြောက်ရွံ့စေပါတယ်။ ဒီကမ္ဘာမှာ မွေးဖွားလာတဲ့ လူတိုင်းအတွက် သူတို့ရဲ့ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဘယ်သူမှ ဒီအဖြစ်ကို မကျော်လွန်နိုင်ဘူး။ လူတစ်ယောက်က ဒီကမ္ဘာကနေ နာကျင်မှုမရှိဘဲနဲ့ ထွက်ခွာဖို့ ဆန္ဒရှိရင်၊ ဘဝရဲ့ နောက်ဆုံးဆုံမှတ်ကို အလိုမပြည့်မှုတွေ၊ စိုးရိမ်မှုတွေမပါဘဲနဲ့ ရင်ဆိုင်နိုင်ချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက နောင်တရခြင်းတွေ မဖြစ်ဖို့ပါ။ နောင်တတွေ မပါဝင်ဘဲ ထွက်ခွာဖို့ တစ်ခုတည်းသော နည်းလမ်းက ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိဖို့၊ သူ့ရဲ့အခွင့်အာဏာကိုသိဖို့၊ ဒီအရာတွေကို လိုက်လျှောက်ဖို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့သာ လူသားရဲ့ ပြဿနာတွေ၊ မကောင်းမှုတွေ၊ စာတန်ရဲ့ ချည်နှောင်မှုတွေကနေ အဝေးမှာ နေနိုင်ပါတယ်။ ဒီနည်းနဲ့သာ ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်မှုနဲ့ ကောင်းကြီးပေးမှုကို ခံရတဲ့ ယောဘရဲ့ဘဝလို အသက်ရှင်နိုင်ပါတယ်။ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ဘဝ၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိတဲ့ဘဝ၊ ရိုးသားပြီး ပွင့်လင်းတဲ့ဘဝအတိုင်း အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒီနည်းနဲ့သာ ဖန်ဆင်းရှင်ရဲ့ စမ်းသပ်ပိတ်ပင်မှုကိုခံရဖို့ ယောဘလိုမျိုး လိုက်လျှောက်ပြီး ဖန်ဆင်းရှင်ရဲ့ ကိုင်တွယ်ညွှန်ကြားမှုနဲ့ စီစဉ်မှုကို လိုက်လျှောက်နိုင်ပါတယ်။ ဒီနည်းနဲ့သာ သူ့ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ့ရဲ့ချီးမြှောက်ခြင်းကို ရရှိနိုင်ပါတယ်။ ယောဘလိုမျိုး သူ့ရဲ့အသံကိုကြားပြီး သူပေါ်ထွက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ ဒီနည်းနဲ့သာ ယောဘလိုမျိုး နာကျင်မှုမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ၊ နောင်တတွေမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံးနိုင်ပါတယ်။ ဒီနည်းနဲ့သာ ယောဘလို အလင်းထဲမှာ အသက်ရှင် နေထိုင်နိုင်ပါတယ်။ လူတိုင်းရဲ့ ဘဝဆုံမှတ်တွေကို အလင်းထဲမှာ ဖြတ်သန်းနိုင်ပါတယ်။ ခရီးကို ချောမွေ့စွာနဲ့ အလင်းထဲမှာ ပြီးဆုံးနိုင်ပါတယ်။ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပါတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နဲ့ သိမြင်လာဖို့ အသက်ရှင်နိုင်ပြီး အလင်းထဲမှာ သေဆုံးနိုင်ပါတယ်။ ဖန်ဆင်းခံလူသား အနေနဲ့ ဖန်ဆင်းရှင်ရဲ့ဘေးမှာ အမြဲတမ်းရပ်တည်ပြီး သူ့ရဲ့ချီးမြှောက်ခြင်းကို ခံနိုင်ပါတယ်။

ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကိုသိဖို့ အခွင့်အလမ်းကို မလွဲချော်ပါစေနဲ့

အထက်မှာဖော်ပြခဲ့တဲ့ ဆုံမှတ်ခြောက်ခုဟာ သာမန်လူတိုင်း သူသို့မဟုတ် သူမရဲ့ဘဝမှာ ဖြတ်သန်းရမယ့် ဖန်ဆင်းရှင်ချမှတ်ပေးခဲ့တဲ့ သိပ်အရေးကြီးတဲ့ အဆင့်တွေဖြစ်ပါတယ်။ ဒီဆုံမှတ်တိုင်းက အမှန်တကယ် ဖြစ်ပါတယ်။ ဘယ်အရာကိုမှ ရှောင်ကွင်းလို့မရနိုင်ပါဘူး။ အားလုံးက ဖန်ဆင်းရှင်ရဲ့ ကြိုတင်သတ်မှတ်ခြင်းနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ ဆက်နွယ်မှုရှိနေပါတယ်။ ဒါကြောင့် လူသားတစ်ယောက်အတွက် ဒီဆုံမှတ် တစ်ခုချင်းစီတိုင်းက အရေးကြီးတဲ့ အမှတ်ဖြစ်ပြီး ဒီတစ်ခုချင်းစီတိုင်းကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သင်တို့ အားလုံးရင်ဆိုင်ရမယ့် သိပ်အရေးကြီးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။

လူသားဘဝမှာ ဖြစ်ပေါ်တဲ့ ဆယ်စုနှစ်တစ်ချို့ဟာ ရှည်လည်းမရှည်သလို တိုလည်း မတိုဘူး။ မွေးဖွားခြင်းနဲ့ အရွယ်ရောက်ခြင်းကြားက အနှစ်နှစ်ဆယ် ပတ်ဝန်းကျင်က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားတယ်။ ဘဝမှာ ဒီနေရာမှာ လူတစ်ယောက်ကို အရွယ်ရောက်သူ တစ်ယောက်အဖြစ် သတ်မှတ်ပေမဲ့ ဒီအသက်အုပ်စုက လူတွေဟာ လူသားဘဝနဲ့ လူသားကံကြမ္မာနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူး။ သူတို့ အတွေ့အကြုံ ပိုရလာတာနဲ့အမျှ လူလတ်ပိုင်းကို ရောက်လာတယ်။ အသက် သုံးဆယ်နဲ့ လေးဆယ်အရွယ်ရှိတဲ့ လူတွေဟာ ဘဝနဲ့ ကံကြမ္မာအပေါ် တိုးတက်လာတဲ့ အတွေ့အကြုံတစ်ခု ရလာတယ်။ ဒါပေမဲ့ ဒီအရာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အယူအဆတွေက သိပ်ကို ဝေဝါးဆဲပါပဲ။ တစ်ချို့လူတွေက အသက်လေးဆယ်အရွယ် မရောက်ခင်အထိ ဖန်ဆင်းရှင် ဖန်ဆင်းထားတဲ့ လူသားမျိုးနွယ်နဲ့ စကြဝဠာကို စတင်နားလည်ဖို့၊ လူသားရဲ့ဘဝက ဘာလဲဆိုတာ၊ လူသားရဲ့ ကံကြမ္မာက ဘာလဲဆိုတာကို နားလည်ဖို့ ဖြစ်မလာကြဘူး။ တစ်ချို့လူတွေက ဘုရားသခင်ရဲ့ နောက်လိုက်တွေဖြစ်တာ အတော်ကြာပြီး လူလတ်ပိုင်းရောက်နေမဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာ အာဏာရဲ့ တိကျတဲ့ အသိပညာနဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကို မပိုင်ဆိုင်ကြသေးဘူး။ စစ်မှန်စွာ လိုက်လျှောက်ဖို့ဆိုတာ ပိုပြီး မဖြစ်သေးပါဘူး။ တစ်ချို့လူတွေက ကောင်းကြီးရဖို့က လွဲပြီး ဘယ်အရာကိုမှ မရှာဖွေကြဘူး။ သူတို့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး ဖြစ်ပေမဲ့ သူတို့ဟာ လူသားကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်ကို နည်းနည်းလေးမှ သိခြင်း သို့မဟုတ် နားလည်ခြင်း မရှိကြဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ ကိုင်တွယ်ညွှန်ကြားခြင်းနဲ့ စီစဉ်မှုကို လိုက်လျှောက်ခြင်းအတွက် လက်တွေ့သင်ခန်းစာ အနည်းအကျဉ်းထဲကို မဝင်ရောက်ရသေးပါဘူး။ ဒီလိုလူတွေဟာ သိပ်ကို နုံအပါတယ်။ ဒီလိုလူတွေဟာ သူတို့ရဲ့ ဘဝကို အလဟဿ အသက်ရှင်ကြတယ်။

လူသားရဲ့ ဘဝတစ်ခုကို ဘဝအတွေ့အကြုံအဆင့်နဲ့ လူသားကံကြမ္မာ အပေါ်သိမြင်မှုနဲ့ ခွဲခြားရင် အကြမ်းဖျင်း အဆင့်သုံးခုအဖြစ် ကွဲသွားမယ်။ ပထမအဆင့်က လူငယ်ပိုင်း၊ မွေးဖွားခြင်းနဲ့ လူလတ်ပိုင်းကြားက နှစ်တွေ၊ သို့မဟုတ် မွေးဖွားခြင်းကနေ သုံးဆယ် အရွယ်အထိ။ ဒုတိယ အဆင့်က လူလတ်ပိုင်းကနေ သက်ကြီးပိုင်း သို့မဟုတ် အသက်သုံးဆယ်ကနေ ခြောက်ဆယ်အထိဖြစ်တဲ့ အရွယ်ရောက်ခြင်းဖြစ်တယ်။ တတိယအဆင့်က အသက်ခြောက်ဆယ်ကနေစတဲ့ သက်ကြီးပိုင်းကနေ လောကထဲက ထွက်ခွာသွားတဲ့ အချိန်အထိ အရွယ်ရောက်လာတဲ့ကာလ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မွေးဖွားခြင်းကနေ လူလတ်ပိုင်း အထိမှာ ကံကြမ္မာနဲ့ ဘဝအပေါ် လူအများစုရဲ့ အသိအမြင်က သူများတွေရဲ့ စိတ်ကူးတွေကိုပဲ သံယောင် လိုက်နေခြင်းနဲ့ပဲ ကန့်သတ်မိနေပါတယ်။ စစ်မှန်တဲ့၊ လက်တွေ့ကျတဲ့ အနှစ်သာရ မရှိသလောက်ပါပဲ။ ဒီအချိန်ကာလအတွင်းမှာ ဘဝအပေါ်အမြင်နဲ့ ဒီလောကမှာ သူ့လမ်းကို သူဘယ်လိုပြုလုပ်သလဲ ဆိုတာတွေ အားလုံးက သိပ်အပေါ်ယံဖြစ်ပြီး နုံအပါတယ်။ ဒါက လူငယ်အချိန်ကာလ ဖြစ်ပါတယ်။ ဘဝရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ အားလုံးကို မြည်းစမ်းပြီးနောက်မှသာ ကံကြမ္မာကို အမှန်တကယ်နားလည်မှု ရှိလာတယ်။ ကံကြမ္မာရဲ့ ပြောင်းလဲလို့မရခြင်းကို မသိစိတ်ကနေ နှလုံးသားအတွင်း နက်ရှိုင်းရာထဲမှာ တဖြည်းဖြည်းနဲ့ အသိအမှတ် ပြုလာတယ်။ လူသားရဲ့ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာဟာ အမှန်တကယ် တည်ရှိတယ်ဆိုတာကို တဖြည်းဖြည်းနဲ့ သိမြင်လာတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အရွယ်ရောက်ခြင်း အချိန်ကာလဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကံကြမ္မာကို ပြန်လည်တိုက်ခိုက်ခြင်းကို ရပ်လိုက်တဲ့အချိန်၊ ပြဿနာတွေထဲကို ဝင်ရောက်ဖို့ ဆန္ဒမရှိတော့ပေမဲ့ သူ့ရဲ့အခြေအနေကိုသိပြီး ကောင်းကင်ဘုံရဲ့ အလိုကို လိုက်လျှောက်တဲ့အခါ၊ ဘဝမှာ သူ့ရဲ့အောင်မြင်မှုတွေနဲ့ မှားယွင်းမှုတွေကို စုစည်းလိုက်တဲ့အချိန်၊ သူ့ဘဝအပေါ် ဖန်ဆင်းရှင်ရဲ့ တရားစီရင်မှုကို စောင့်နေတဲ့အချိန်၊ ဒါက အရွယ်ရောက်တဲ့ ကာလဖြစ်ပါတယ်။ ဒီအချိန်ကာလ သုံးခုမှာ လူတွေရရှိတဲ့ မတူညီတဲ့ အတွေ့အကြုံနဲ့ အကျိုးအမြတ် အမျိုးမျိုးကို ကြည့်ပြီး သာမန် အခြေအနေတွေမှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိဖို့ အခွင့်အလမ်းအပေါက်က သိပ်မကြီးပါဘူး။ လူတစ်ယောက်က အသက် ခြောက်ဆယ်အထိ အသက်ရှင်မယ်ဆိုရင် ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိဖို့ အနှစ်သုံးဆယ် ပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ပိုကြာတဲ့ အချိန်ကာလကို လိုချင်ရင် သူရဲ့အသက်က လုံလောက်တဲ့အထိ ရှည်မှသာ၊ ရာစုနှစ်တစ်ခုအထိ အသက်ရှင်နိုင်တယ်ဆိုမှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူသားဖြစ်တည်မှုရဲ့ သာမန်နိယာမတွေအရ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိခြင်း အကြောင်းကိစ္စကို ပထမဆုံး တွေ့ကြုံတဲ့အချိန်ကနေ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်ကို သိမြင်လာနိုင်တဲ့ အချိန်အထိ၊ အဲဒီအချိန်ကနေ ဒီအရာအပေါ်မှာ လိုက်လျှောက်နိုင်တဲ့ အချိန်အထိဟာ သိပ်ရှည်တဲ့ ဖြစ်စဉ် ဖြစ်ပေမဲ့ နှစ်တွေကို တကယ် ရေတွက်ကြည့်ရင် ဒီဆုလာဘ်တွေကိုရဖို့ သူ့မှာရှိတဲ့အခွင့်အရေးက နှစ်သုံးဆယ် သို့မဟုတ် လေးဆယ်ထက် မပိုပါဘူး။ နောက်ပြီး လူတွေဟာ ကောင်းချီးရဖို့ သူတို့ရဲ့ ဆန္ဒတွေနဲ့ ရည်ရွယ်ချက်တွေနောက်ကို မကြာခဏ ပါသွားတတ်ကြတယ်။ သူတို့ဟာ လူသားဘဝရဲ့ အနှစ်သာရက ဘယ်မှာ တည်ရှိတယ်ဆိုတာ ပိုင်းခြားမသိမြင်နိုင်ကြဘူး။ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို သိခြင်းရဲ့ အရေးကြီးမှုကို နားမလည်ကြဘူး။ ဒါကြောင့် သူတို့ဟာ လူသားဘဝကို ကြုံတွေ့ရဖို့၊ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို ကြုံတွေ့ရဖို့ လူသားကမ္ဘာထဲကို ဝင်ရဖို့ ဒီတန်ဖိုးရှိတဲ့ အခွင့်အလမ်းကို မမြတ်နိုးကြဘူး။ ဖန်ဆင်းခံ တစ်ယောက်က ဖန်ဆင်းရှင်ရဲ့ သီးသန့်လမ်းညွှန်မှုကို ရရှိဖို့ဆိုတာ ဘယ်လောက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်သလဲဆိုတာ သတိမပြုမိကြဘူး။ လူတွေက သူ့ရဲ့ ပုဂ္ဂိုလ်စစ်စစ်ကို ရုတ်တရက်မြင်နိုင်ပြီး မကြာခင်မှာ ကောင်းချီးရစေဖို့အတွက် ဘုရားသခင်ရဲ့လုပ်ဆောင်မှုကို အမြန်ပြီးစေချင်တဲ့သူတွေ၊ လူသားရဲ့အဆုံးကို ဘုရားသခင်က အမြန်ဆုံးစီစဉ်ဖို့ ဆန္ဒရှိတဲ့သူတွေဟာ အဆိုးဆုံး မနာခံခြင်းအမျိုးအစားနဲ့ အလွန့်အလွန် မိုက်မဲမှုအတွက် အပြစ်တွေရှိတယ်လို့ ပြောပါမယ်။ သူတို့ရဲ့ကန့်သတ်ချိန်အတွင်းမှာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာ အာဏာကို သိဖို့ ဒီထူးခြားတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့သူတွေဟာ အသိဉာဏ်ရှိတဲ့သူတွေ၊ တော်တဲ့သူတွေပါ။ ဒီမတူညီတဲ့ ဆန္ဒနှစ်ခုက သိပ်ကျယ်ပြန်တဲ့ နှစ်ခုဖြစ်တဲ့ မတူညီတဲ့ အမြင်တွေနဲ့ ကြိုးစား အားထုတ်မှုတွေကို ဖွင့်ပြပါတယ်။ ကောင်းချီးတွေကို ရှာဖွေတဲ့သူတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ပါတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ အလိုကို ထည့်သွင်းစဉ်းစားခြင်းမရှိဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာ အာဏာကို ဘယ်တော့မှ မရှာဖွေဘူး။ လိုက်လျှောက်ဖို့ ဘယ်တော့မှ ဆန္ဒမရှိဘဲ ရိုးရိုးပဲ သူတို့ကျေနပ်သလို အသက်ရှင် နေထိုင်ချင်ကြတယ်။ သူတို့ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်ပျက်သူတွေဖြစ်တယ်။ သူတို့ဟာ ဖျက်ဆီးခံရမယ့် အမျိုးအစားပဲဖြစ်ပါတယ်။ ဘုရားသခင်ကို သိဖို့ ကြိုးစားရှာဖွေသူတွေဟာ သူတို့ရဲ့ ဆန္ဒတွေကို ဘေးဖယ်ထားနိုင်ကြတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို လိုက်လျှောက်ဖို့ ဆန္ဒရှိသူတွေဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အခွင့်အာဏာကို လိုက်လျှောက်တဲ့လူတွေဖြစ်ဖို့၊ ဘုရားသခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားကြတယ်။ ဒီလူတွေဟာ အလင်းထဲမှာ အသက်ရှင်တယ်။ ဘုရားသခင်ရဲ့ ကောင်းချီးတွေထဲမှာ နေထိုင်တယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကို သေချာပေါက် ခံစားကြရမှာပါ။ ဘယ်လိုပဲဖြစ်ပါစေ လူသားရဲ့ရွေးချယ်မှုက အသုံးမဝင်ပါဘူး။ ဘုရားသခင်ရဲ့ အလုပ်ဟာ ဘယ်လောက်ကြာမယ်ဆိုတဲ့အပေါ်မှာ လူသားက ပြောပိုင်ခွင့်မရှိပါဘူး။ လူတွေအတွက် ဘုရားသခင်ရဲ့ ကရုဏာအပေါ်မှာ အပ်နှံဖို့၊ သူ့ရဲ့ အချုပ်အခြာအာဏာကို လိုက်လျှောက်ဖို့က ပိုပြီးကောင်းပါတယ်။ သင်က သူ့ရဲ့ ကရုဏာအပေါ်မှာ မအပ်နှံဘူးဆိုရင် သင်ဘာလုပ်နိုင်မလဲ။ ဘုရားသခင်က ဆုံးရှုံးရမှာလား။ သင်က သင့်ကိုယ်သင် သူ့ရဲ့ ကရုဏာမှာ မအပ်နှံဘူးဆိုရင်၊ သင်က ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားရင်၊ သင်ဟာ မိုက်မဲတဲ့ ရွေးချယ်မှုကို ပြုလုပ်နေခြင်းဖြစ်ပြီး အဆုံးမှာ ဆုံးရှုံးမှုကို ကြုံရမယ့်သူက သင်ပဲဖြစ်ပါတယ်။ လူတွေကသာ ဘုရားသခင်နဲ့ တတ်နိုင်သလောက် အမြန်ဆုံး လက်တွဲလုပ်ကိုင်ရင်၊ သူ့ရဲ့ ကိုင်တွယ်ညွှန်ကြားမှုကို လက်ခံရင်၊ သူ့ရဲ့ အခွင့်အာဏာကိုသိရင်၊ သူတို့အတွက် သူလုပ်တဲ့အရာအားလုံးကို နားလည်ရင်၊ သူတို့ဟာ မျှော်လင့်ခြင်း ရှိလိမ့်မှာ ဖြစ်ပြီး၊ သူတို့ရဲ့ ဘဝတွေဟာ အလဟဿမဖြစ်ဘဲ ကယ်တင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။

ဘုရားသခင်က လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်ဆောင်ထားတဲ့ အချက်ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး

အခုပြောခဲ့တဲ့ အရာတွေအားလုံးကို နားထောင်ပြီးနောက်မှာ သင်တို့ရဲ့ ကံကြမ္မာအပေါ် အယူအဆ ပြောင်းလဲသွားပါသလား။ လူသားကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်ကို သင်တို့ ဘယ်လို နားလည်ပါသလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် ဘုရားသခင်ရဲ့ အခွင့်အာဏာအောက်မှာ လူတိုင်းက သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့ စီစဉ်မှုကို တက်ကြွစွာ သို့မဟုတ် ငြိမ်သက်အေးဆေးစွာနဲ့ လက်ခံကြတယ်။ ဘဝလမ်းကြောင်းမှာ ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှားနေရပါစေ၊ ကွေ့ကောက်တဲ့လမ်းတွေကို ဘယ်လောက်ပဲ လျှောက်နေရပါစေ၊ အဆုံးမှာ သူ့အတွက် သို့မဟုတ် သူမအတွက် ဖန်ဆင်းရှင်က လမ်းကြောင်းချပေးခဲ့တဲ့ ကံကြမ္မာရဲ့ လမ်းကြောင်းထဲကို ပြန်ရပါတယ်။ ဒါက ဖန်ဆင်းရှင်ရဲ့ အခွင့်အာဏာကို မကျော်လွှားနိုင်ခြင်း ဖြစ်တယ်။ စကြဝဠာကို သူ့အခွင့်အာဏာက ထိန်းချုပ်ပြီး အုပ်စိုးတဲ့ ပုံစံဖြစ်ပါတယ်။ အရာအားလုံးရဲ့ သက်ရှိတွေကို အုပ်စိုးတဲ့၊ နှောင့်ယှက်ခြင်းတွေ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ရွှေ့ပြောင်းခွင့်ပေးတဲ့၊ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာကို ပုံမှန်လှည့်ပတ်ပြီး ရှေ့ဆက်စေတဲ့ နိယာမတွေအတွက် တာဝန်ရှိတဲ့ ဒီမကျော်လွှားနိုင်ခြင်း၊ ဒီထိန်းချုပ်မှုနဲ့ အုပ်စိုးမှုပုံစံတို့ပဲ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေ အားလုံးကို သင်တို့ မြင်တွေ့ခဲ့ရပြီး ဒါတွေကို အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ သင်တို့နားလည်တယ်။ သင့်ရဲ့ နားလည်မှု အတိမ်အနက်က သင့်ရဲ့အတွေ့အကြုံနဲ့ အမှန်တရားအပေါ် သိမြင်မှု၊ ဘုရားသခင်အပေါ် သင့်ရဲ့ သိမြင်မှုအပေါ် မူတည်ပါတယ်။ သမ္မာတရားရဲ့ စစ်မှန်မှုကို သင်ဘယ်လောက် ကောင်းကောင်းသိတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သင်ဘယ်လောက် တွေ့ကြုံခဲ့ရတယ်၊ ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ စိတ်သဘောထားကို သင်ဘယ်လောက် ကောင်းကောင်းသိတယ်ဆိုတဲ့ ဒီအချက်တွေက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအပေါ်မှာ သင့်ရဲ့ နားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပါတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တို့ ဖြစ်တည်မှုက လူတွေက ဒီအရာတွေအပေါ်မှာ လိုက်လျှောက်သလားဆိုတဲ့ အပေါ်မှာ မူတည်ပါသလား။ လူသားမျိုးနွယ်က လိုက်လျှောက်သလားဆိုတာ အားဖြင့် ပိုင်းခြားသတ်မှတ်တဲ့ ဒီအခွင့်အာဏာကို ဘုရားသခင်ပိုင်ဆိုင်တာ မှန်ကန်ပါသလား။ ဘုရားသခင်ရဲ့ အခွင့်အာဏာက အခြေအနေတွေနဲ့ မသက်ဆိုင်ပဲ ဖြစ်တည်နေပါတယ်။ အခြေအနေတွေ အားလုံးမှာ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနဲ့ အရာအားလုံးကို သူ့ရဲ့အတွေးတွေ၊ ဆန္ဒတွေနဲ့အညီ အုပ်စိုးပြီး စီစဉ်ပါတယ်။ ဒါဟာ လူသားက ပြောင်းလဲတာကြောင့် ပြောင်းလဲမှာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အခွင့်အာဏာဟာ သူ့ရဲ့ တကယ့်အနှစ်သာရ ဖြစ်တာကြောင့် လူသားရဲ့ အလိုဆန္ဒနဲ့ အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနဲ့ မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပါဘူး။ လူသားက ဘုရားရဲ့ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လူသားက ဒီအရာအပေါ်မှာ လိုက်လျှောက်နိုင်သည်ဖြစ်စေ၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်က နည်းနည်းလေးမှ မပြောင်းပါဘူး။ ဆိုလိုတာကတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအပေါ် လူသားက ဘယ်လို သဘောထားပဲ ရှိပါစေ၊ အရာအားလုံးအပေါ်နဲ့ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် ကိုင်ဆောင်တဲ့ အချက်ကို မပြောင်းလဲနိုင်ပါဘူး။ သင်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မလိုက်လျှောက်ဘူးဆိုရင်တောင် သင့်ရဲ့ကံကြမ္မာကို သူအုပ်ချုပ်ဆဲပါပဲ။ သူ့ရဲ့ အချုပ်အခြာအာဏာကို သင်မသိနိုင်ရင်တောင် သူ့ရဲ့အခွင့်အာဏာက တည်ရှိနေပါတယ်။ ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ လူသား ကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်တွေဟာ လူသားရဲ့ အလိုဆန္ဒနဲ့ ကင်းလွတ်ပြီး လူသားရဲ့ နှစ်သက်မှုနဲ့ ရွေးချယ်မှုအရ ပြောင်းလဲခြင်း မရှိပါဘူး။ ဘုရားသခင်ရဲ့ အခွင့်အာဏာက နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း မှာရှိပါတယ်။ ကောင်းကင်နဲ့ မြေကြီးက မတည်ပေမယ့်လည်း သူ့ရဲ့အခွင့်အာဏာက အစဥ် တည်ပါလိမ့်မယ်။ သူဟာ ဘုရားသခင်ကိုယ်တိုင် ဖြစ်တဲ့အတွက် အတုမရှိတဲ့ အခွင့်အာဏာကို ပိုင်ဆိုင်ပြီး သူ့ရဲ့အခွင့်အာဏာက လူတွေ၊ အဖြစ်အပျက်တွေ၊ သို့မဟုတ် အကြောင်းအရာတွေ အားဖြင့်၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်း သို့မဟုတ် စည်းခြားထားခြင်း မရှိပါဘူး။ အချိန်တိုင်းမှာ ဘုရားသခင်က သူ့ရဲ့အခွင့်အာဏာကို ကိုင်ဆောင်တယ်။ သူ့ရဲ့ တန်ခိုးအစွမ်းကို ပြတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်တွေကို အရင်တိုင်းလိုပဲ ဆက်လက်လုပ်ဆောင်ပါတယ်။ အချိန်တိုင်းမှာ သူအမြဲတမ်း လုပ်နေကျအတိုင်း အရာအားလုံးကို အုပ်ချုပ်တယ်။ အရာအားလုံးအတွက် ထောက်ပံ့တယ်။ အရာအားလုံးကို ကိုင်တွယ်ညွှန်ကြားပါတယ်။ ဒါကို ဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး။ ဒါ အမှန်တရားပါ။ ဒါဟာ ရှေးကတည်းက မပြောင်းလဲတဲ့ သမ္မာတရားဖြစ်ပါတယ်။

ဘုရားသခင်ရဲ့ အခွင့်အာဏာကို လိုက်လျှောက်ဖို့ ဆန္ဒရှိတဲ့သူအတွက် သင့်လျော်တဲ့ သဘောထားနဲ့ အလေ့အကျင့်

လူသားကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်ဖြစ်တဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာကို ဘယ်လို သဘောထားနဲ့ လူသားက သိရှိမှတ်ယူသင့်သလဲ။ ဒါဟာ လူတိုင်းကြုံတွေ့ရတဲ့ တကယ့်ပြဿနာဖြစ်ပါတယ်။ လက်တွေ့ဘဝ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ သူ့ရဲ့အချုပ်အခြာအာဏာကို သင် ဘယ်လိုသိပြီး နားလည်သင့်ပါသလဲ။ ဒီပြဿနာတွေကို ဘယ်လိုနားလည်ရမယ်၊ ကိုင်တွယ်ရမယ်၊ တွေ့ကြုံရမယ်ဆိုတာကို သင်မသိရင် သင့်ရဲ့ ရည်ရွယ်ချက်၊ ဆန္ဒနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို သင်အမှန်တကယ် လိုက်လျှောက်ခြင်းတို့ကို ပြဖို့ သင် ဘယ်လိုစိတ်သဘောထားမျိုး ခံယူသင့်သလဲ။ ပထမဆုံး စောင့်ဖို့အတွက် သင် သင်ယူရပါမယ်။ ပြီးနောက်မှာ ရှာဖွေဖို့ သင်ယူရမယ်။ ပြီးရင် လိုက်လျှောက်ဖို့ သင်ယူရမယ်။ “စောင့်ခြင်း” က ဘုရားသခင်ရဲ့ အချိန်ကို စောင့်ခြင်းကို ဆိုလိုတယ်။ ဘုရားသခင်က သင့်အတွက် စီစဉ်ထားတဲ့ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို စောင့်စားခြင်းဖြစ်တယ်။ သူ့ရဲ့အလိုကို သင့်ဆီကို ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်တယ်။ “ရှာဖွေခြင်း” က သူချပြပေးခဲ့တဲ့ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကတစ်ဆင့် သင့်အတွက် ထည့်သွင်းစဉ်းစားပေးတတ်တဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်ရှုခြင်းနဲ့ နားလည်ခြင်း၊ ဒီအရာတွေကနေတစ်ဆင့် အမှန်တရားကို နားလည်ခြင်း၊ လူသားက ဘာကို ပြီးမြောက်အောင် ပြုလုပ်ရမယ်ဆိုတာနဲ့ သူတို့ထိန်းသိမ်းရမယ့် နည်းလမ်းကို နားလည်ခြင်း၊ ဘုရားသခင်က လူသားတွေကနေ ရရှိဖို့ ဘာရလဒ်တွေကို လိုချင်သလဲဆိုတာနဲ့ လူသားတို့ဆီကနေ ရယူဖို့ ဘာပြီးမြောက်မှုတွေကို လိုချင်သလဲ ဆိုတာကို နားလည်ခြင်းတို့ကို ဆိုလိုတယ်။ “လိုက်လျှောက်ခြင်း” က ဘုရားသခင် ကိုင်တွယ်ညွှန်ကြားတဲ့ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို လက်ခံခြင်း၊ သူ့ရဲ့ အချုပ်အခြာအာဏာကို လက်ခံခြင်းနဲ့ ဒီအချက်ကနေတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို ဘယ်လို အုပ်ချုပ်တယ်ဆိုတာကို သိလာခြင်း၊ သူ့ရဲ့ဘဝနဲ့ လူသားတွေကို သူ ဘယ်လိုထောက်ပံ့တယ်ဆိုတာ၊ လူသားအတွက် သမ္မာတရားကို သူဘယ်လို လုပ်ဆောင်တယ်ဆိုတာ သိလာခြင်းတို့ကို ရည်ညွှန်းပါတယ်။ ဘုရားသခင်ရဲ့ စီစဉ်မှုနဲ့ အချုပ်အခြာအာဏာ အောက်က အရာအားလုံးဟာ သဘာဝနိယာမတွေကို နာခံတယ်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင်ကို စီစဉ်ပြီး အုပ်ချုပ်ခွင့်ပြုဖို့ စိတ်ပိုင်းဖြတ်ထားရင် သင်စောင့်တတ်ဖို့ သင်ယူရပါမယ်။ ရှာဖွေတတ်ဖို့ သင်ယူရမယ်။ လိုက်လျှောက်တတ်ဖို့ သင်ယူရမယ်။ ဒါဟာ ဘုရားသခင်ရဲ့ အခွင့်အာဏာကို လိုက်လျှောက်ချင်တဲ့ လူတိုင်း ခံယူရမယ့် သဘောထား၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတို့ကို လက်ခံချင်တဲ့ လူတိုင်း ပိုင်ဆိုင်ရမယ့် အခြေခံ အရည်အသွေးတို့ ဖြစ်ပါတယ်။ ဒီလိုသဘောထားကို ကိုင်ဆောင်ဖို့၊ ဒီလို အရည်အသွေး တစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရပါမယ်။ ဒီလိုလုပ်မှသာ စစ်မှန်တဲ့ အမှန်တရားကို သင်တို့ ဝင်ရောက်မှာ ဖြစ်ပါတယ်။

ဘုရားသခင်ကို သင့်ရဲ့ အတုမရှိတဲ့ အရှင်သခင်အဖြစ်လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်တယ်

ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့ပတ်သက်တဲ့ အမှန်တရားတွေက လူတိုင်း လေးနက်စွာ မှတ်ယူရမယ့်၊ သူတို့နှလုံးသားနဲ့ ကြုံတွေ့ပီး နားလည်ရမယ့် အမှန်တရားတွေဖြစ်ပါတယ်။ ဒီအမှန်တရားတွေဟာ လူတိုင်းရဲ့ ဘဝအပေါ်မှာ၊ လူတိုင်းရဲ့ အတိတ်၊ လက်ရှိနဲ့ အနာဂတ်အပေါ်မှာ၊ လူတိုင်းဘဝမှာ ဖြတ်သန်းရမယ့် သိပ်အရေးကြီးတဲ့ ဆုံမှတ်တွေ အပေါ်မှာ၊ ဘုရားသခင်ရဲ့ အခွင့်အာဏာနဲ့အတူ သူရင်ဆိုင်ရမယ့် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ သဘောထားအပေါ် လူသားရဲ့ သိမြင်မှုအပေါ်မှာ၊ သဘာဝအလျောက် လူတိုင်းရဲ့ နောက်ဆုံးပန်းတိုင်အပေါ်မှာ ဆက်နွယ်မှုရှိနေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဒီအရာတွေကို သိပြီး နားလည်ဖို့အတွက် ဘဝတစ်ခုလုံးနဲ့ ထိုက်တန်တဲ့ စွမ်းအင်တွေ လိုအပ်ပါတယ်။ သင်က ဘုရားသခင်ရဲ့ အခွင့်အာဏာကို လေးနက်စွာခံယူတဲ့အခါမှာ၊ ဘုရားရဲ့ အချုပ်အခြာအာဏာကို လက်ခံတဲ့အခါမှာ၊ ဘုရားသခင်ရဲ့ အခွင့်အာဏာဟာ အမှန်တကယ် တည်ရှိတယ်ဆိုတာ သင်တဖြည်းဖြည်းနဲ့ သိမြင်ပြီး နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အခွင့်အာဏာကို သင်လုံးဝ လက်မခံရင်၊ သူ့ရဲ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံရင်၊ သင်နှစ်တွေဘယ်လောက်များများ အသက်ရှင်ခဲ့ပါစေ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ အသိပညာကို နည်းနည်းလေးတောင် သင်ရရှိမှာမဟုတ်ပါဘူး။ သင်က ဘုရားသခင်ရဲ့ အခွင့်အာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိဘူးဆိုရင် သင်လမ်းဆုံးကို ရောက်တဲ့အခါမှာ သင်က ဘုရားသခင်ကို ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့ရင်တောင်မှ သင့်ဘဝအတွက် ဘာမှ ပြစရာရှိမှာမဟုတ်ဘူး။ လူသားကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သင်သိမြင်မှုဟာ မလွှဲမရှောင်သာနဲ့ သုညပဲဖြစ်နေမှာပါ။ ဒါဟာ သိပ်ဝမ်းနည်းစရာကောင်းတဲ့ အရာမဟုတ်ဘူးလား။ ဒါကြောင့် ဘဝမှာ သင်ဘယ်လောက်ဝေးဝေး လျှောက်လှမ်းခဲ့ပါစေ၊ သင်အခု ဘယ်လောက် အသက်ကြီးနေပါစေ၊ သင့်မှာ ကျန်ရှိတဲ့ ခရီးက ဘယ်လောက်ပဲ ရှည်နေပါစေ၊ ပထမဆုံး ဘုရားသခင်ရဲ့ အခွင့်အာဏာကို သတိပြုမိပြီး လေးနက်စွာ ခံယူရမယ်။ ဘုရားသခင်ဟာ သင့်ရဲ့ အတုမရှိတဲ့ အရှင်သခင်ဖြစ်တယ် ဆိုတဲ့အချက်ကို လက်ခံရမယ်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ဒီအမှန်တရားတွေအပေါ် ရှင်းလင်းတဲ့၊ တိကျတဲ့ သိမြင်မှုနဲ့ နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်တဲ့ သင်ခန်းစာတွေဖြစ်တယ်။ လူသားဘဝနဲ့ အမှန်တရားကို ရယူခြင်းကို သိရှိခြင်းအတွက် သော့ချက်ဖြစ်တယ်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရတဲ့၊ ဘယ်သူမှ မရှောင်နိုင်တဲ့ ဘုရားသခင်ကို သိခြင်းဘဝနဲ့ အခြေခံသင်ခန်းစာ ဖြစ်ပါတယ်။ သင်တို့ထဲက တစ်ချို့က ဒီပန်းတိုင်ကိုရောက်ဖို့ ဖြတ်လမ်းကနေ သွားချင်တယ်ဆိုရင် ဒါမဖြစ်နိုင်ဘူးလို့ ငါပြောပါမယ်။ သင်တို့ထဲက တစ်ချို့က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို လွတ်မြောက်ချင်တယ်ဆိုရင် ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ ဘုရားသခင်ဟာ လူသားရဲ့ တစ်ဦးတည်းသော သခင်ပါ။ ဘုရားသခင်ဟာ လူသားကံကြမ္မာရဲ့ တစ်ဦးတည်းသော အရှင်သခင်ပါ။ ဒါကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို အုပ်စိုးဖို့ မဖြစ်နိုင်ဘူး။ ဒီအရာကို ကျော်လွန်ဖို့ သူ့အတွက် မဖြစ်နိုင်ဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းက ဘယ်လောက်ပဲ ကြီးမားပါစေ၊ တစ်ခြားလူတွေရဲ့ ကံကြမ္မာကို မလွှမ်းမိုးနိုင်ဘူး၊ ကိုင်တွယ်ညွှန်ကြားဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ဘူး။ မစီစဉ်နိုင်၊ မထိန်းချုပ်နိုင်ဘူး။ သို့မဟုတ် မပြောင်းလဲနိုင်ပါဘူး။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိတဲ့ ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါတယ်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်တဲ့ အတုမရှိတဲ့ အခွင့်အာဏာကို သူသာလျှင် ပိုင်ဆိုင်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဖန်ဆင်းရှင်သာလျှင် လူသားရဲ့ အတုမရှိတဲ့ အရှင်သခင်ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အခွင့်အာဏာဟာ ဖန်ဆင်းခံ လူသားမျိုးနွယ်အပေါ်တင်မကဘဲ ဘယ်လူသားမှ မမြင်နိုင်တဲ့ ဖန်ဆင်းခံမဟုတ်တဲ့ အရာတွေအပေါ်မှာ၊ ကြယ်တွေအပေါ်၊ စကြဝဠာအပေါ်မှာ အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားပါတယ်။ ဒါက ငြင်းလို့မရတဲ့ အချက်တစ်ခုပါ။ ဘယ်လူသားသို့မဟုတ် အရာဝတ္ထုမှ ပြောင်းလဲလို့မရတဲ့ အမှန်တကယ် တည်ရှိတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ သင်တို့ထဲက တစ်ချို့က ထူးခြားတဲ့ ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းတွေရှိတယ်လို့ ယုံရင်းနဲ့၊ သင်ကံကောင်းပြီး သင့်ရဲ့လက်ရှိ အခြေအနေတွေကို ပြောင်းလဲနိုင်တယ် သို့မဟုတ် လွတ်မြောက်နိုင်တယ်လို့ ထင်မြင်ရင်း အကြောင်းအရာတွေ ကို သူတို့ပုံစံအတိုင်း မကျေမနပ်ဖြစ်နေသေးရင်၊ သင်ဟာ လူသားရဲ့ အားစိုက်ထုတ်မှုနဲ့ သင့်ရဲ့ ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲပြီး ဒီလိုနည်းနဲ့ တစ်ခြားလူတွေထက် သာလွန်ပြီး အောင်မြင်မှုနဲ့ စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားရင် သင်ဟာ ကိစ္စတွေကို သင့်အတွက် ခက်ခဲအောင်လုပ်နေတယ်လို့ ငါပြောမယ်။ သင်က ပြဿနာကိုပဲ ရှာနေတာပါ။ ကိုယ့်သင်္ချိုင်းကိုယ် တူးနေတာပါ။ တစ်နေ့မှာ အနှေးနဲ့ အမြန်ဆိုသလို သင်ဟာ မှားယွင်းတဲ့ ရွေးချယ်မှု လုပ်ခဲ့တယ်ဆိုတာ၊ သင့်ရဲ့ အားထုတ်မှုတွေကို ဖြုန်းတီးပစ်ခဲ့ပြီဆိုတာကို သင်တွေ့ရှိရလိမ့်မယ်။ သင့်ရဲ့ ရည်ရွယ်ချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့်ရဲ့ ဆန္ဒ၊ သင့်ရဲ့ ကိုယ်ပိုင် ပြောင်မြောက်လှတဲ့ လုပ်ဆောင်မှုတွေဟာ ပြန်လမ်းမရှိတဲ့ လမ်းကို ပို့ဆောင်ပေးပါလိမ့်မယ်။ ဒီအတွက် သင်ဟာ ဆိုးဝါးတဲ့ ပေးဆပ်မှုတစ်ခု ပြုရပါလိမ့်မယ်။ အခုအချိန်မှာ အကျိုးဆက် ပြင်းထန်မှုကို မမြင်ပေမဲ့ ဘုရားသခင်ဟာ လူသားကံကြမ္မာရဲ့ အရှင်သခင်ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာတဲ့အခါ ငါဒီနေ့ပြောနေတဲ့ အကြောင်းအရာနဲ့ သူ့ရဲ့ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာပါ လိမ့်မယ်။ သင်က နှလုံးသားတစ်ခုနဲ့ ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိဆိုတာ၊ သင်က သမ္မာတရားကို ချစ်တဲ့ လူဟုတ်၊ မဟုတ်ဆိုတာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ သမ္မာတရားအပေါ်မှာ ဘယ်လို သဘောထားမျိုး ခံယူတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီအချက်ဟာ သင်က ဘုရားသခင်ရဲ့ အခွင့်အာဏာကို အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုတာကို အလိုအလျောက် သတ်မှတ်ပါတယ်။ သင်က သင့်ဘဝမှာ ဘုရားသခင်ရဲ့ အခွင့်အာဏာကို သိမြင်ပြီး လက်ခံဖို့ဆိုတာ ပိုဆိုးပြီး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့ အစီအစဉ်တွေကို တစ်ခါမှ မခံစားဖူးရင် သင်ဟာ လုံးဝ တန်ဖိုးမရှိသူ ဖြစ်သွားပါလိမ့်မယ်။ သင်ဟာ သေချာပေါက် ဘုရားသခင်ရဲ့ မုန်းတီးခြင်းနဲ့ ငြင်းပယ်ခြင်းကို ခံရတဲ့သူ ဖြစ်ပါလိမ့်မယ်။ သင်ခံယူခဲ့တဲ့ လမ်းကြောင်းနဲ့ သင်ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုတို့ရဲ့ ရလဒ်ပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုမှာ သူ့ရဲ့ စမ်းသပ်မှုကို လက်ခံနိုင်တဲ့၊ သူ့ရဲ့ အချုပ်အခြာအာဏာကို လက်ခံတဲ့၊ သူ့ရဲ့ အခွင့်အာဏာကို လိုက်လျှောက်ပြီး သူ့နှုတ်ကပတ်တော်တွေကို တဖြည်းဖြည်းနဲ့ အမှန်တကယ် တွေ့ကြုံရရှိတဲ့သူတွေဟာ ဘုရားသခင်ရဲ့ အခွင့်အာဏာကို အမှန်တကယ် သိမြင်မှု၊ သူ့ရဲ့ အချုပ်အခြာအာဏာကို အမှန်တကယ် နားလည်မှုတို့ ရရှိမှာဖြစ်ပြီး ဖန်ဆင်းရှင်ရဲ့ လက်အောက်မှာ အမှန်တကယ် ရှိလာပါလိမ့်မယ်။ ဒီလိုလူတွေသာ အမှန်တကယ် ကယ်တင်ခြင်းခံရမှာပါ။ သူတို့ဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို သိတဲ့အတွက်ကြောင့်၊ ဒါကို လက်ခံတဲ့အတွက်ကြောင့်၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာရဲ့ အချက်အလက်ကို သူတို့ အသိအမှတ်ပြုခြင်းနဲ့ လိုက်လျှောက်ခြင်းတို့ဟာ မှန်ကန်ပြီး တိကျပါတယ်။ သူတို့ဟာ သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ယောဘလိုမျိုး ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ သေခြင်းကို မကြောက်ရွံ့တဲ့ စိတ်ရှိလာနိုင်မယ်။ အရာအားလုံးထဲမှာ ဘုရားသခင်ရဲ့ ကိုင်တွယ်ညွှန်ကြားခြင်းနဲ့ အစီအစဉ်တို့ကို လိုက်လျှောက်နိုင်လိမ့်မယ်။ ဒီလိုလူမျိုးကသာ စစ်မှန်တဲ့ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနဲ့ ဖန်ဆင်းရှင်ဆီကို ပြန်လာနိုင်ပါလိမ့်မယ်။

မတ် ၂၆၊ ၂၀၁၅

အောက်ခြေမှတ်စုများ -

(က) မူရင်းစာသားတွင် “အခြေအနေတွေ” ကို ဖြုတ်ထားသည်။

(ခ) မူရင်းစာသားတွင် “ဒီ” ကို ဖတ်သည်။

(ဂ) မူရင်းစာသားတွင် “ဒီအချိန်မှာ” ကို ဖြုတ်ထားသည်။

(ဃ) မူရင်းစာသားတွင် “မသိဘဲ” ကို ဖြုတ်ထားသည်။

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၂

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ၅

သင်နှစ်သက်နိုင်သည့် အရာများ