အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄)

ယနေ့ အထူးအကြောင်းအရာတစ်ခုအပေါ် ငါတို့ ပြောဆိုကြမည်။ ယုံကြည်သူအယောက်ချင်းစီတိုင်းအတွက် သိသင့်၊ တွေ့ကြုံခံစားသင့်၍ နားလည်သင့်သည့်အဓိကအရာ နှစ်ခုသာရှိပြီး ထိုအရာနှစ်ခုမှာ မည်သည်တို့နည်း။ ပထမမှာ လူတို့ကိုယ်တိုင်ကိုယ်ကျ အသက်တာ ဝင်ရောက်မှုဖြစ်၍ ဒုတိယမှာ ဘုရားသခင်ကိုသိခြင်းနှင့် သက်ဆိုင်၏။ လတ်တလော ငါတို့ပြောဆိုနေခဲ့သည့် ဘုရားသခင်ကိုသိခြင်းအကြောင်းမှာ ရယူနိုင်သည်ဟု သင်တို့ထင်သလော။ ၎င်းအား လူအများစု လက်လှမ်းမမီဟုပြော၍ ရနိုင်ပါသည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံယုံကြည်ကောင်း ယုံကြည်နိုင်မည်မဟုတ်။ ငါ ဤသို့ အဘယ်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါယခင်ကပြောနေခဲ့သည့်အရာကို သင်တို့နားထောင်နေစဉ်က ငါမည်သို့ပြောဆိုခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်စကားလုံးများဖြင့် ပြောဆိုခဲ့သည်ဖြစ်စေ၊ သင်တို့သည် ငါပြောနေခဲ့သည်များကို တစ်လုံးစီတိုက်ရိုက်နှင့် သဘောတရားအားဖြင့် သိနေခဲ့၏။ သို့သော် သင်တို့နှင့်ပတ်သက်၍ လွန်စွာလေးနက်သည့် ပြဿနာတစ်ရပ်မှာ ငါဤအရာများကို၊ ဤအကြောင်းအရာများကို အဘယ်ကြောင့်ပြောခဲ့သည်ကို သင်တို့နားမလည်ခဲ့ပေ။ ဤသည်မှာ ဤပြဿနာ၏ အခရာပင်ဖြစ်သည်။ ထို့ကြောင့် ဤအရာများကိုကြားခြင်းသည် ဘုရားသခင်နှင့် ၎င်း၏လုပ်ဆောင်ချက်များကို သင်တို့နားလည်မှု တိုး၍ ကြွယ်ဝစေခဲ့သော်လည်း သင်တို့သည် ဘုရားသခင်ကိုသိရာ၌ အခက်အခဲရှိနေဆဲဖြစ်သည်။ ငါပြောခဲ့သည့်အရာကို ကြားပြီးနောက် သင်တို့အများစုသည် ငါအဘယ်ကြောင့် ဤအရာကိုပြောခဲ့သည်နှင့် ၎င်းသည် ဘုရားသခင်ကိုသိခြင်းနှင့် မည်သို့ဆက်စပ်နေသည်ကို နားမလည်ကြပေ။ ဘုရားသခင်ကိုသိခြင်းနှင့် ၎င်း၏ဆက်စပ်မှုကို သင်တို့နားလည်နိုင်စွမ်းမရှိခြင်း အကြောင်းရင်းမှာ သင်တို့၏ဘဝအတွေ့အကြုံသည် အပေါ်ယံဆန်လွန်း၍ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် လူတို့၏သိခြင်းနှင့် လူတို့၏အတွေ့အကြုံသည် လွန်စွာပေါ့တန်သည့် အဆင့်တွင်ရှိနေပါက ဘုရားသခင်အပေါ်၎င်းတို့၏သိခြင်း အများစုသည် မသဲကွဲဘဲ စိတ်ကူးသက်သက်သာ ရှိမည်ဖြစ်၏။ ၎င်းသည် အခြေခံမျှသာဖြစ်ပြီး အယူဝါဒဆိုင်ရာနှင့် သဘောတရားဆိုင်ရာ ဖြစ်နေလိမ့်မည်။ သဘောတရားအရ ၎င်းသည် အကျိုးအကြောင်းဆီလျော်၍ ဆင်ခြင်တုံတရားနှင့် ကိုက်ညီပုံပေါက်သော်လည်း လူအများစု၏နှုတ်များမှ ထွက်လာသည့် ဘုရားသခင်ကို သိခြင်းသည် အနှစ်သာရကင်းမဲ့၏။ ၎င်းသည် အနှစ်သာရကင်းမဲ့သည်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် ဘုရားသခင်ကိုသိခြင်းအကြောင်း သင်၏နှုတ်မှလာသည့် စကားများသည် မှန်မမှန်၊ တိကျခြင်းရှိမရှိကို သင်၏နှလုံးသားများတွင် သင်မရှင်းလင်း၍ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ဘုရားသခင်ကိုသိခြင်းအကြောင်း အချက်အလက်များနှင့် အကြောင်းအရာများစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ဘုရားသခင်ကို ၎င်းတို့သိခြင်းသည် သဘောတရားနှင့် မသဲကွဲသော ယေဘုယျ အယူဝါဒထက် ကျော်လွန်ပြီးခြင်း မရှိသေးပေ။ ထို့ကြောင့် ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ဤအကြောင်း သင်တို့စဉ်းစားခဲ့ဖူးသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားလိုက်စားခြင်း မပြုပါက ၎င်းတွင် စစ်မှန်မှုရှိနိုင်မည်လော။ တစ်စုံတစ်ဦးသည် သမ္မာတရားလိုက်စားခြင်း မပြုပါက ထိုသူသည် စစ်မှန်မှု ရှိမည် မဟုတ်သည်မှာ မလွဲမသွေပင်ဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်း ရှိမည်မဟုတ်သည်မှာ သေချာ၏။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မသိသူများသည် ဘုရားသခင်အား သိကျွမ်းနိုင်မည်လော။ လုံးဝ မသိကျွမ်းနိုင်ပေ။ ၎င်းတို့နှစ်ခုသည် အချင်းချင်းဆက်စပ်နေကြ၏။ ထို့ကြောင့် လူအများစုက "ဘုရားသခင်ကိုသိခြင်းသည် အဘယ်ကြောင့် ဤမျှခက်ခဲနေရသနည်း။ မိမိကိုယ်ကိုယ် သိခြင်းအကြောင်း ပြောသည့်အခါ နာရီများစွာကြာအောင်ပြောနိုင်သော်လည်း ဘုရားသခင်ကို သိခြင်းအကြောင်း ပြောသည့်အခါ အဘယ်ကြောင့် ပြောစရာစကား ရှာမရဖြစ်ရသနည်း။ အနည်းငယ်ပြောနိုင်ပင်လျှင် ၎င်းမှာ မရမက ပြောရခြင်းဖြစ်ကာ ပျင်းစရာကောင်း၏။ မိမိပြောသည်ကို ကြားရသည့်အခါ အချိုးမကျပင်ဖြစ်နေ၏။" ဟုပြောကြခြင်းဖြစ်သည်။ ဤသည်မှာ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းသည် ခက်ခဲလွန်းသည်၊ ပင်ပန်းလွန်းသည်၊ ပြောစရာဘာမျှမရှိ၊ ပြောဆိုရန်နှင့် သူတပါးနှင့် သင့်ကိုယ်သင်အား ထောက်ပံ့ပေးရန် စစ်မှန်သည့်အရာ ဘာမျှမရှိဟု သင်ခံစားရပါက သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခဲ့ဖူးသူတစ်ဦး မဟုတ်သည်ကို ဤအရာမှ သက်သေပြ၏။ မည်သည်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြချက်ပင် မဟုတ်လော။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခဲ့ဖူးခြင်း မရှိပါက ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သင်သိနိုင်မည်လော။ မသိသည်မှာ သေချာ၏။ ဤအရာများအားလုံးသည် အချင်းချင်းဆက်စပ်နေကြ၏။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် တွေ့ကြုံခံစားခဲ့ဖူးခြင်း မရှိပါက သင်သည် ဘုရားသခင်၏အလိုတော်ကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ဘဲ သူ၏စိတ်သဘောထား၊ သူနှစ်သက်သည့်အရာ၊ သူစက်ဆုပ်သောအရာများ၊ လူသားအတွက်သူ၏ သတ်မှတ်ချက်များ၊ ကောင်းသောသူတို့နှင့် ဆိုးယုတ်သောသူတို့အပေါ် သူ၏သဘောထားကို သိမည်မဟုတ်ပေ။ ဤအရာအားလုံးသည် ဒွိဟဖြစ်စေပြီး သင့်အတွက် ရှင်းလင်းမှုမရှိမည်မှာ သေချာ၏။ ဤသို့သော မရှင်းလင်းမှုအလယ်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်သည် သမ္မာတရားလိုက်စား၍ ဘုရားသခင်နောက်လိုက်သူများထဲမှ တစ်ဦးဖြစ်သည်ဟု သင်ဆိုသည့်အခါ ၎င်းစကားများသည် လက်တွေ့ကျပါမည်လော။ လက်တွေ့မကျပါ။ ထို့ကြောင့် ဘုရားသခင်ကိုသိခြင်းအကြောင်း ငါတို့ ဆက်၍ပြောဆိုကြစို့။

ငါတို့ယနေ့ပြောဆိုမည့်အကြောင်းအရာကို ကြားရန် သင်တို့အားလုံး စိတ်ထက်သန်လျက်ရှိသည်မှာ မှန်သည်မဟုတ်လော။ ယနေ့ ငါတို့ပြောဆိုမည့်အကြောင်းအရာသည် လတ်တလော ငါတို့ပြောဆိုနေခဲ့ကြသည့် "ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်" ဟူသည့် အကြောင်းအရာနှင့်လည်း ဆက်စပ်နေ၏။ ဘုရားသခင်ဖန်ဆင်းခဲ့သော ဤဂြိုဟ်တွင် လူသားတို့ တည်ရှိနိုင်ရန် ဘုရားသခင်မှ အရာခပ်သိမ်းအပေါ် အုပ်စိုးပုံ၊ အရာခပ်သိမ်းအား မည်သည့်နည်းလမ်းဖြင့် အုပ်စိုးသည်နှင့် မည်သည့် အခြေခံသဘောတရားများဖြင့် အုပ်စိုးသည်တို့ကို လူတို့အားအသိပေးရေးအတွက် ကွဲပြားသော နည်းနာများနှင့် ရှုထောင့်များကို အသုံးပြုရန်ရည်ရွယ်ထားသည့် "ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်" အကြောင်းကို ငါတို့ များစွာ ပြောခဲ့ပြီးဖြစ်သည်။ ငါတို့သည် ဘုရားသခင်မှ လူသားမျိုးနွယ်အား ထောက်ပံ့ပေးပုံ၊ လူသားမျိုးနွယ်အား မည်သည့်နည်းလမ်းဖြင့် ထောက်ပံ့ပေးသည်၊ မည်သို့သော အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုးထောက်ပံ့ပေးသည်နှင့် လူသားအတွက် တည်ငြိမ်သည့် အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်အား မည်သည့် နည်းလမ်း၊ မည်သည့် တွန်းအားတို့ဖြင့် ထောက်ပံ့ပေးသည်ကိုလည်း များစွာပြောခဲ့ပြီးဖြစ်သည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု၊ အရာခပ်သိမ်းအပေါ်သူ၏စီမံအုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုတို့အကြား ဆက်စပ်မှုအကြောင်း ငါတိုက်ရိုက် မပြောခဲ့သော်လည်း သူသည် အရာခပ်သိမ်းအား အဘယ်ကြောင့် ဤနည်းဖြင့် စီမံအုပ်ချုပ်သည်နှင့် လူသားမျိုးနွယ်အား အဘယ်ကြောင့် ဤနည်းဖြင့် ထောက်ပံ့ပေး၍ အာဟာရဖြစ်စေသည်ကို ငါသွယ်ဝိုက်၍ ပြောခဲ့၏။ ၎င်းတို့အားလုံးမှာ ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်၏။ ငါတို့ပြောဆိုမှုတွင် ပါဝင်သည့်အကြောင်းအရာမှာ ပတ်ဝန်းကျင်ကြီးတစ်ရပ်လုံးမှ လူတို့၏အခြေခံလိုအပ်ချက်များနှင့် အစားအစာကဲ့သို့ သာ၍သေးငယ်သောအရာများအထိ၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်အုပ်ချုပ်၍ ၎င်းတို့အား စနစ်တကျပုံစံဖြင့် လည်ပတ်စေပုံမှစ၍ လူမျိုးတိုင်းမှ လူတိုင်းအတွက် သူဖန်ဆင်းခဲ့သော မှန်ကန်၍သင့်တော်သည့် အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်အထိစသည်ဖြင့် လွန်စွာကျယ်ပြန့်၏။ ဤကျယ်ပြန့်သည့်အကြောင်းအရာအားလုံးသည် ဇာတိပကတိ၌ လူသားနေထိုင်ပုံနှင့် ဆက်စပ်၏။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် ပကတိမျက်စိဖြင့်မြင်နိုင်၍ ဥပမာ တောင်များ၊ မြစ်များ၊ သမုဒ္ဒရာများ၊ လွင်ပြင်များစသည့် လူတို့ ခံစားနိုင်သည့် ရုပ်ဝတ္ထုလောက၏အရာများနှင့် ဆက်စပ်နေ၏။ ဤအရာအားလုံးသည် မြင်နိုင်၊ ကိုင်နိုင်သောအရာများ ဖြစ်ကြ၏။ ငါသည် လေနှင့် အပူချိန်အကြောင်း ပြောသောအခါ သင်တို့သည် လေ၏တည်ရှိမှုကို တိုက်ရိုက်ခံစားရန် သင်တို့၏ ထွက်သက်ဝင်သက်ကို အသုံးပြုနိုင်ကာ အပူချိန် မြင့်သည်၊ နိမ့်သည်ကို ခံစားရန် သင်၏ကိုယ်ခန္ဓာကို အသုံးပြုနိုင်၏။ သစ်ပင်များ၊ မြက်ပင်များနှင့် တောများထဲရှိ ငှက်များနှင့် သားရဲများ၊ ကောင်းကင်တွင် ပျံသည့်အရာများနှင့် မြေကြီးပေါ် လျှောက်သည့်အရာများနှင့် တိရစ္ဆာန်တွင်းများမှ ထွက်လာသည့် တိရစ္ဆာန်အကောင်ငယ်ကလေးအမျိုးမျိုးတို့ အားလုံးကို လူတို့၏ ကိုယ်ပိုင်မျက်လုံးများနှင့်မြင်နိုင်၍ ၎င်းတို့၏ ကိုယ်ပိုင်နားများနှင့် ကြားနိုင်ကြသည်။ ဤသို့သောအရာများ၏အတိုင်းအတာသည် ကျယ်ပြန့်သော်လည်း အရာခပ်သိမ်းအကြား ၎င်းတို့သည် ရုပ်ဝတ္ထုလောကကိုသာ ကိုယ်စားပြု၏။ ရုပ်ဝတ္ထုများသည် လူတို့မြင်နိုင်၍ ခံစားနိုင်သော အရာများဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့ကို သင်ကိုင်တွယ်ထိတွေ့သောအခါ သင်သည် ၎င်းတို့ကို ခံစားရမည်၊ ထို့အပြင် သင်၏မျက်လုံးများက ၎င်းတို့ကို မြင်သည့်အခါ သင်၏ဦးနှောက်သည် သင့်အား ပုံရိပ်တစ်ခု၊ ရုပ်ပုံတစ်ခု ပေးလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်၍ အမှန်တကယ်ရှိကြ၏၊ သင့်အတွက် ၎င်းတို့သည် စိတ်ကူးသက်သက် မဟုတ်ဘဲ ပုံသဏ္ဌာန်ရှိ၏၊ ၎င်းတို့သည် စတုရန်းပုံ သို့မဟုတ် အဝိုင်း၊ သို့မဟုတ် အမြင့် သို့မဟုတ် အနိမ့် ဖြစ်နိုင်ကြ၏၊ ထို့အပြင် ၎င်းတို့တစ်ခုစီသည် သင့်အား ကွဲပြားသည့်ထင်မြင်ချက် တစ်ခုပေး၏။ ဤအရာအားလုံးသည် အရာခပ်သိမ်း၏ ရုပ်ဝတ္ထုပိုင်းကို ကိုယ်စားပြုကြ၏။ ထို့ကြောင့် ဘုရားသခင်အတွက် "အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု" တွင် ပါဝင်သည့် "အရာခပ်သိမ်းများ" မှာ အဘယ်အရာများနည်း။ ၎င်းတို့တွင် လူတို့မြင်တွေ့၊ ထိတွေ့နိုင်သည့်အရာများ ပါဝင်သည်သာမက မမြင်တွေ့၊ မထိတွေ့နိုင်သော အရာများပါ ပါဝင်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု၏ စစ်မှန်သော အဓိပ္ပာယ်များအနက် တစ်ခုဖြစ်သည်။ လူတို့အဘို့ ဤအရာများကို မမြင်နိုင်၊ မကိုင်နိုင်ကြသော်လည်း ဘုရားသခင်အတွက်မူ ဤတို့ကို သူ၏မျက်လုံးများနှင့် ကြည့်ရှုနိုင်၍ သူ၏အချုပ်အခြာအာဏာ အတိုင်းအတာအတွင်း ရှိနေသမျှ ၎င်းတို့အမှန်တကယ်ပင် တည်ရှိကြသည်။ လူသားအတွက် ၎င်းတို့သည် စိတ်ကူးသက်သက်ဖြစ်၍ မတွေးတတ်အောင်ဖြစ်သည့်အပြင် ၎င်းတို့သည် မြင်၍၊ ကိုင်၍ မရသော်လည်း ဘုရားသခင်အတွက်မူ ၎င်းတို့သည် အကယ်စင်စစ်၊ အမှန်တကယ် တည်ရှိကြသည်။ ယင်းမှာ ဘုရားသခင် အုပ်စိုးသည့် အရာခပ်သိမ်း၏ အခြားသော လောကဖြစ်ပြီး၊ ဘုရားသခင် အုပ်ချုပ်သော အရာခပ်သိမ်းတို့အတိုင်းအတာ၏ အစိတ်အပိုင်း နောက်တစ်ခုဖြစ်၏။ ၎င်းသည် ငါတို့ယနေ့ ပြောဆိုမည့် အကြောင်းအရာ၊ ဘုရားသခင်မှ ဝိညာဉ်လောကကို အုပ်ချုပ်၍ စီမံအုပ်ချုပ်ပုံဖြစ်သည်။ ဤအကြောင်းအရာသည် ဘုရားသခင်မှ အရာခပ်သိမ်းကို အုပ်ချုပ်၍ စီမံခန့်ခွဲပုံနှင့် ပတ်သက်သဖြင့်၊ ၎င်းသည် ရုပ်ဝတ္ထုလောက၏ပြင်ပမှ လောကဖြစ်သည့် ဝိညာဉ်လောကနှင့် သက်ဆိုင်၏။ ထို့ကြောင့် ၎င်းကို ငါတို့ နားလည်ရန် အစွမ်းကုန်လိုအပ်၏။ ပါဝင်သော ဤအကြောင်းအရာကို ပြောဆိုကာ နားလည်ပြီး နောက်မှသာ "ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်" ဟူသော နှုတ်ကပတ်တော်၏ စစ်မှန်သောအဓိပ္ပာယ်ကို လူတို့ အမှန်တကယ်နားလည်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ငါတို့ ဤအကြောင်းအရာကို ပြောဆိုဆွေးနွေးကြမည့်အကြောင်းရင်းဖြစ်သည်။ ထို့အပြင် ဤအကြောင်းအရာ၏ရည်ရွယ်ချက်မှာ "ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုး၍ အရာခပ်သိမ်းကို စီမံခန့်ခွဲ၏" ဟူသော အဓိကဆိုလိုရင်းကို စုံလင်စေရန်ဖြစ်သည်။ သင်တို့သည် ဤအကြောင်းအရာကို ကြားသည့်အခါ သင်တို့အတွက် ထူးခြားသည်ဟုသော်လည်းကောင်း၊ ယုံနိုင်ဖွယ်မရှိဟုသော်လည်းကောင်း ခံစားကောင်း ခံစားနိုင်သည်။ သို့သော် သင်တို့မည်သို့ပင် ခံစားရသည်ဖြစ်စေ၊ ဝိညာဉ်လောကသည် ဘုရားသခင်အုပ်ချုပ်သည့် အရာခပ်သိမ်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သောကြောင့် သင်တို့သည် ဤအကြောင်းအရာအကြောင်း တစ်စုံတစ်ခုကို သင်ယူကြရမည်။ သင်တို့သင်ယူပြီးသည့်နောက် "ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်" ဟူသော နှုတ်ကပတ်တော်တို့အပေါ် သင်တို့ သာ၍နက်နဲသည့် သဘောပေါက်မှု၊ နားလည်မှုနှင့် အသိတို့ ရှိကြလိမ့်မည်။

ဝိညာဉ်လောကအပေါ် ဘုရားသခင်မှ အုပ်ချုပ်၍ စီမံခန့်ခွဲပုံ

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် သဘာဝဖြစ်စဉ်များကို နားမလည်ပါက သက်ဆိုင်ရာအချက်အလက်များကို ၎င်းတို့ ရှာဖွေနိုင်ကြသည်။ သို့မဟုတ်ပါက ၎င်းတို့၏မူရင်းဇစ်မြစ်နှင့် ၎င်းတို့၏နောက်ခံဇာတ်လမ်းကိုသိရန် လမ်းကြောင်းအမျိုးမျိုး အသုံးပြုနိုင်၏။ သို့သော် ငါတို့ယနေ့ပြောဆိုနေကြသည့် အခြားလောက၊ ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉ်လောကနှင့်ပတ်သက်၍မူ လူတို့သည် ၎င်းအကြောင်း တစ်စုံတစ်ရာသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏လောကတွင် ရုပ်ဝတ္ထုလောက၏အရာခပ်သိမ်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲခြား၍မရပေ။ ထို့အပြင် ရုပ်ဝတ္ထုလောကမှ အရာခပ်သိမ်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တို့မှ ခွဲခြား၍မရဟု လူတို့ထင်မြင်ကြသဖြင့် လူအများစုသည် ၎င်းတို့၏မျက်စိရှေ့မှောက်ရှိ အရာဝတ္ထုများ၊ ၎င်းတို့မြင်နိုင်သည့်အရာများကိုသာ သိကြ၊ မြင်ကြသည်။ သို့ရာတွင် ဝိညာဉ်လောကနှင့်၊ ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာခပ်သိမ်းနှင့် ပတ်သက်၍မူ လူအများစုသည် မယုံကြည်ဟုဆိုပါက မှန်ပေသည်။ ဤသည်မှာ လူတို့သည် ၎င်းကို မမြင်နိုင်သောကြောင့်ဖြစ်ကာ ၎င်းကို နားလည်ရန်မလို၊ ၎င်းအကြောင်း တစ်စုံတစ်ရာ သိရန်မလို၊ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကမှ လုံးဝကွဲပြားပုံကို ဘာမျှပြောရန်မလိုဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်။ ဘုရားသခင်အတွက် ၎င်းသည် ပွင့်လျက်ရှိသော်လည်း လူသားမျိုးနွယ်အတွက် ၎င်းသည် ကွယ်ဝှက်လျက်ရှိကာ ပွင့်လျက် မရှိပေ။ ထို့ကြောင့် လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်ရန် လမ်းကြောင်းတစ်ရပ် ရှာဖွေတွေ့ရှိရေးအတွက် အခက်အခဲရှိပေသည်။ ငါပြောမည့် ဝိညာဉ်လောကအကြောင်း ကွဲပြားသောလက္ခဏာများမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာပိုင်သမှုတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် နက်နဲသောအရာများကို ထုတ်ဖော်မည်မဟုတ်သကဲ့သို့ သင်တို့သိလိုသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သဖြင့် သင်တို့သိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမအနေနှင့် သင်တို့အား ငါမေးခွန်းတစ်ခု မေးမည်။ သင်တို့၏စိတ်တွင် ဝိညာဉ်လောကဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောက၊ လူတို့မမြင်နိုင်၊ မထိတွေ့နိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏စိတ်ကူးတွင် ဝိညာဉ်လောကသည် မည်သို့သော လောကမျိုး ဖြစ်သင့်သနည်း။ ၎င်းကို မမြင်နိုင်သည် အကျိုးဆက် အနေဖြင့် သင်တို့သည် ၎င်းကို စိတ်ကူးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် သင်တို့သည် ၎င်း၏ဒဏ္ဍာရီပုံပြင်များ ကြားသည့်အခါ သင်တို့သည် စဉ်းစားဆဲဖြစ်ကာ သင်တို့ကိုယ်သင်တို့ ရပ်တန့်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ငါသည် ဤသည်ကို အဘယ်ကြောင့်ပြောသနည်း။ များစွာသောလူတို့၌ ငယ်ရွယ်စဉ်က ၎င်းတို့အပေါ် ဖြစ်ပျက်သောအရာ တစ်စုံတစ်ခု ရှိသည်။ တစ်စုံတစ်ဦးမှ ၎င်းတို့အား တစ္ဆေများ၊ လိပ်ပြာများအကြောင်း ကြောက်ရွံ့ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပြောသည့်အခါ ထိုသူတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို မမြင်နိုင်သော်လည်း ထိုအရာများသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်တွင်ရှိကာ၊ တစ်နေရာရာတွင် သို့မဟုတ် မှောင်မိုက်တစ်နေရာတွင် ကွယ်ဝှက်လျက်ရှိသည်ဟု ခံစားရ၍ ၎င်းတို့သည် ကြောက်ရွံ့လွန်းသဖြင့် မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင် ၎င်းတို့သည် အခန်းထဲ၌ဖြစ်စေ၊ ခြံဝင်းထဲ၌ဖြစ်စေ တစ်ဦးတည်း မနေဝံ့ကြပေ။ ဤသည်မှာ သင်တို့၏စိတ်ကူးစိတ်သန်းရှိ ဝိညာဉ်လောကဖြစ်၍ ကြောက်ဖွယ်ရာဟု လူတို့ထင်ကြသည့် လောကဖြစ်သည်။ စင်စစ်တွင် လူတိုင်း၌စိတ်ကူးစိတ်သန်းအချို့ ရှိကာ လူတိုင်း တစ်စုံတစ်ရာကို ခံစားနိုင်ကြ၏။

ဝိညာဉ်လောကနှင့် စကြစို့။ ဝိညာဉ်လောကဟူသည် အဘယ်နည်း။ သင်တို့အား တို၍လွယ်ကူသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်။ ဝိညာဉ်လောကသည် အရေးကြီးသောနေရာ၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့်ပြောသနည်း။ ဤအကြောင်းကို ငါတို့အသေးစိတ်ပြောဆိုဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိမှုသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ၎င်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ လူ၏ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤသည်မှာ ၎င်း၏အခန်းကဏ္ဍဖြစ်ကာ ၎င်း၏တည်ရှိနေမှုအရေးကြီးရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၎င်းသည် အာရုံငါးပါးဖြင့် မသိနိုင်သောနေရာဖြစ်သောကြောင့် ၎င်းတည်ရှိခြင်း ရှိမရှိကို မည်သူကမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ဝိညာဉ်လောက၌ဖြစ်ပျက်နေသောအရာများသည် လူသားမျိုးနွယ်၏ တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေလျက် ၎င်း၏ရလဒ်အနေဖြင့် လူသားမျိုးနွယ် နေထိုင်ပုံသည်လည်း ဝိညာဉ်လောက၏ကြီးမားသောလွှမ်းမိုးမှု ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သလော။ ဆက်စပ်သည်။ ငါသည် ဤအရာကိုပြောသောအခါ ဤအကြောင်းအရာကို ငါအဘယ်ကြောင့်ပြောသည်ကို သင်တို့နားလည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏အချုပ်အခြာအာဏာ၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်၍ဖြစ်သည်။ လူတို့မမြင်နိုင်သည့် ဤကဲ့သို့သော လောကတစ်ရပ်တွင် ၎င်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောက၏ မည်သည့်နိုင်ငံမဆို ၏ ဥပဒေနှင့်စနစ်တိုင်းထက် များစွာသာလွန်၍ မြင့်မားကာ ဤလောက၌အသက်ရှင်နေသော မည်သည့်သတ္တဝါမျှ ၎င်းတို့ကို ဆန့်ကျင် သို့မဟုတ် ပိုင်စိုးပိုင်နင်း ပြုဝံ့မည်မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဤလောကတွင် ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ ရှိကြ၏။ ကွဲပြားသောအဆင့်များနှင့် ကွဲပြားသောနေရာများတွင် ဘီလစ်စာရေးကြီးများသည် ၎င်းတို့၏တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကြကာ စည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာကြ၏။ အကြောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကို ၎င်းတို့သိကြ၏၊ ဘုရားသခင်သည် ဆိုးယုတ်သူကို မည်သို့အပြစ်ပေး၍ ကောင်းသူကို မည်သို့ ထောမနာပြုသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည့်အပြင်၊ အရာခပ်သိမ်းကို သူမည်သို့စီမံခန့်ခွဲသည်၊ အရာခပ်သိမ်းကို သူမည်သို့အုပ်ချုပ်သည်ကိုလည်း ရှင်းလင်းစွာသိကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ လုပ်ဆောင်သည်ကိုလည်း ၎င်းတို့ရှင်းလင်းစွာ မြင်သောကြောင့် ဖြစ်၏။ ဤသည်တို့သည် လူသားမျိုးနွယ်တို့နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ကြီးမားစွာ ကွဲပြား၏။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသောလောကဖြစ်၏။ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များရှိသဖြင့် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုအပြင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်၏။ ဤသည်ကိုကြားခဲ့ပြီးဖြစ်သဖြင့် ငါသည် ဤအကြောင်းအရာကိုပြောရန် အလွန်လိုအပ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် အတွင်းထဲ၌ရှိသည့် လျှို့ဝှက်ချက်များကို သင်ယူလိုသည့်ဆန္ဒ ရှိသည် မဟုတ်လော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ယင်းမှာ ဝိညာဉ်လောက၏ အယူအဆဖြစ်သည်။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲရပ်တည်လျက်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း ဤလောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ ဝိညာဉ်လောကသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ အလုပ်အတွက် မည်သို့တာဝန်ရှိပုံနှင့် ငါတို့စတင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်သည် ဝိညာဉ်လောက၏ သတ္တဝါတို့၏ အလုပ်၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ဖြစ်သည်။

လူသားမျိုးနွယ်အကြားတွင် ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများမရှိသည့် မယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့ကို မယုံကြည်သူများဟု ခေါ်ကြ၏။ မယုံကြည်သူများအနက် အလွန့်အလွန်များပြားသော လူများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ကြ၏၊ ၎င်းတို့၏ကိုယ်ကျိုးစီးပွားနောက်ကိုသာ လိုက်ကြ၍ ၎င်းတို့သည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကိုသာ အဓိကထားကြကာ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြလျက် ရှင်ခြင်းနှင့် သေခြင်း သံသရာ၊ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ဆိုရိုးများကို မယုံကြည်ကြပေ။ ငါသည် ထိုသူတို့အား မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားကာ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ မယုံကြည်သူများမှလွဲ၍ ယုံကြည်သူအမျိုးမျိုးဖြစ်၏။ လူသားမျိုးနွယ်အကြားတွင် ငါသည် ထိုယုံကြည်သူတို့ကို အဓိကအမျိုးအစား အချို့ခွဲခြား၏။ ပထမမှာ ယုဒအမျိုး၊ ဒုတိယမှာ ဘုရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြ၍ ငါးမျိုးရှိ၏။ ၎င်းတို့သည် ယုံကြည်သူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားမှာ ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသည်။ ဤသည်မှာ သင်တို့နှင့် သက်ဆိုင်သည်။ ထိုကဲ့သို့သော ယုံကြည်သူတို့သည် ယနေ့ ဘုရားသခင်နောက်လိုက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့အား ဘုရားသခင်မှ ရွေးချယ်ထားသူများနှင့် အစေခံသူများဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်ထဲတွင် သင်တို့သည် လူအမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ မှန်သလော။ ပထမသည် မယုံကြည်သူများဖြစ်သည်။ မယုံကြည်သူများမှာ မည်သည်ဆိုသည်ကို ငါပြောခဲ့ပြီးဖြစ်သည်။ ကောင်းကင်ရှိအဖိုးအိုကို ယုံကြည်သူများကို မယုံကြည်သူများဟု ယူဆရသလော။ မယုံကြည်သူအများအပြားသည် ကောင်းကင်ရှိအဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုးနှင့် မိုးခြိမ်းသံတို့အားလုံးသည် ဤကောင်းကင်ရှိအဖိုးအို၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ရှိအဖိုးအိုကို ၎င်းတို့သည် ကောက်ပဲသီးနှံများ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေးတို့အတွက် အားထားကြ၏။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောသည်နှင့် ၎င်းတို့သည် စိတ်မပါဖြစ်သွားကြ၏။ ဤသည်ကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆို၍ရနိုင်သလော။ မယုံကြည်သူများတွင် ထိုကဲ့သို့သောလူတို့ ပါဝင်သည်။ ဤသည်ကို သင်နားလည်သည် မဟုတ်လော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားမှာ ယုံကြည်သူများဖြစ်၏။ တတိယအမျိုးအစားမှာ ယနေ့ ဘုရားသခင်နောက် လိုက်သောသူများဖြစ်၏။ ငါသည် လူအားလုံးအား ဤအမျိုးအစားများအဖြစ် အဘယ်ကြောင့် ခွဲခြားခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် ကွဲပြားသော အဆုံးသတ်နှင့် ခရီးပန်းတိုင် ရှိ၍ဖြစ်၏။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကွဲပြားသော လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉ်လောကသို့ ပြန်သွားကြသည့်အခါ ၎င်းတို့တစ်ဦးစီသည် ကွဲပြားသော သွားစရာနေရာ ရှိမည်ဖြစ်သည်၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ ကွဲပြားသောနိယာမများကို ခံစားရမည်ဖြစ်ကာ ဤသည်မှာ လူတို့အား ဤအဓိကအမျိုးအစားများအဖြစ် ငါအမျိုးအစားခွဲခြားရခြင်း၏ အကြောင်းရင်းဖြစ်၏။

၁။ မယုံကြည်သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာနှင့် စကြစို့။ လူတစ်ဦးသေဆုံးပြီးနောက် ၎င်းတို့ကို ဝိညာဉ်လောကမှ ဘိလစ်စာရေးမှ ခေါ်သွား၏။ ၎င်းတို့၏ မည်သည့်အရာကို ယူသွားခြင်းခံသနည်း။ ၎င်းတို့၏ ဇာတိခန္ဓာမဟုတ်ဘဲ ၎င်းတို့၏လိပ်ပြာဖြစ်၏။ ၎င်းတို့၏လိပ်ပြာကို ယူသွားခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ဝိညာဉ်လောက၏ ကိုယ်စားလှယ်လုပ်ငန်းတစ်နေရာသို့ ရောက်ရှိသွားကြသည်။ ထိုနေရာသည် မကြာသေးမီကမှ သေဆုံးသွားသူများ၏ လိပ်ပြာများကို အထူးလက်ခံသည့် နေရာဖြစ်၏။ (မှတ်ချက်- တစ်စုံတစ်ဦး သေဆုံးပြီးနောက် ၎င်းတို့သွားရောက်သည့် ပထမဆုံးနေရာမှာ ဝိညာဉ်လိပ်ပြာအတွက် ထူးခြားနေ၏။) ထိုနေရာသို့ ၎င်းတို့ကို ခေါ်သွားသောအခါ၊ အရာရှိတစ်ဦးသည် ပထမဆုံးစစ်ဆေးမှုများကို ပြုလုပ်၏၊ ၎င်းတို့၏အမည်၊ လိပ်စာနှင့် အသက်တို့ကို အတည်ပြု၏။ ၎င်းတို့၏ဘဝနှင့် ၎င်းတို့ ပြုလုပ်သည့်အရာ၊ ၎င်းတို့၏ဘဝတွင် ၎င်းတို့ပြုလုပ်သည့် အရာခပ်သိမ်းကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားကာ တိကျမှုအတွက် အတည်ပြုရန် စစ်ဆေး၏။ အားလုံးကို စစ်ဆေးပြီးနောက် ၎င်းကို အပြစ်ဒဏ်ပေးရမည်လော သို့မဟုတ် ဆက်လက်၍လူဝင်စားရမည်လောဟူသည်ကို ဆုံးဖြတ်ရန် ထိုသူ၏ဘဝတစ်လျှောက်လုံး အပြုအမူနှင့် လုပ်ဆောင်ချက်များကို အသုံးပြု၏။ ဤသည်မှာ ပထမအဆင့်ဖြစ်သည်။ ဤပထမအဆင့်သည် ထိတ်လန့်ဖွယ်ဖြစ်သလော။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မကောင်းလွန်းပေ၊ အဘယ်ကြောင့်ဆိုသော် တစ်ခုတည်းသော ဖြစ်ပျက်သွားသည့်အရာမှာ ထိုသူသည် မှောင်မိုက်၍ အကျွမ်းတဝင်မရှိသော နေရာသို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်၏။

ဒုတိယအဆင့်တွင် ဤသူသည် ၎င်း၏ဘဝတစ်လျှောက်လုံး ဆိုးရွားသည့်အရာများစွာ ပြုလုပ်ခဲ့ပါက၊ များစွာသော စဉ်းလဲသည့်လုပ်ရပ်များ ကျူးလွန်ခဲ့ပါက၊ ၎င်းသည် အပြစ်ဒဏ်ပေးခြင်းခံရရန် အပြစ်ဒဏ်ပေးသည့်နေရာ တစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပေမည်။ ထိုနေရာသည် လူတို့အား အပြစ်ဒဏ်ပေးခြင်းကို ဖော်ညွှန်းသည့်နေရာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အပြစ်ဒဏ်ပေးပုံ အသေးစိတ် မှာ ၎င်းတို့ကျူးလွန်ခဲ့သည့် အပြစ်များအပေါ်တွင် မူတည်၍ ၎င်းတို့ မသေဆုံးမီ ကောက်ကျစ်စဉ်းလဲသည့် အရာများ မည်မျှပြုလုပ်ခဲ့သည်ဟူသည့်အပေါ် မူတည်သည်။ ဤသည်မှာ ဒုတိယအဆင့်တွင် ဖြစ်ပေါ်သည့် ပထမအခြေအနေဖြစ်၏။ ၎င်းတို့မသေဆုံးမီပြုလုပ်ခဲ့သည့်အရာများနှင့် ကျူးလွန်ခဲ့သည့် မကောင်းမှုတို့ကြောင့် ၎င်းတို့၏အပြစ်ဒဏ်နောက်ပိုင်း ၎င်းတို့ဝင်စားသည့်အခါ၊ ၎င်းတို့ ရုပ်ဝတ္ထုလောကအတွင်း နောက်တစ်ကြိမ်မွေးဖွားသောအခါ၊ လူအချို့သည် ဆက်လက်၍ လူဖြစ်ကာ၊ အချို့သည် တိရစ္ဆာန်များ ဖြစ်သွားကြမည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဝိညာဉ်လောကသို့ ပြန်သွားပြီးနောက် ၎င်းကျူးလွန်ခဲ့သည့် မကောင်းမှုကြောင့် ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရ၏။ ထို့အပြင် ၎င်းတို့ပြုလုပ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲမှုများကြောင့် နောက်တစ်ဖန် ဝင်စားသောအခါ ၎င်းတို့သည် လူမဖြစ်ဘဲ တိရစ္ဆာန်တစ်ကောင် ဖြစ်သွားမည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့ဖြစ်နိုင်သည့် တိရစ္ဆာန်များတွင် နွားများ၊ မြင်းများ၊ ဝက်များနှင့် ခွေးများ ပါဝင်သည်။ အချို့လူများသည် ကောင်းကင်ရှိငှက် တစ်ကောင် သို့မဟုတ် ဘဲတစ်ကောင် သို့မဟုတ် ဘဲငန်းတစ်ကောင် ဖြစ်သွားနိုင်သည်။ ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားခဲ့ပြီးနောက်၊ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ယခင်ကဲ့သို့ပင် ၎င်းတို့ မသေဆုံးမီ ၎င်းတို့၏အပြုအမူအပေါ် အခြေပြု၍ ၎င်းတို့လူဝင်စားခြင်းရှိမရှိကို ဝိညာဉ်လောကမှ ဆုံးဖြတ်လိမ့်မည်။ လူအများစုသည် မကောင်းမှုများစွာကို ကျူးလွန်ကြ၏၊ ၎င်းတို့၏အပြစ်များသည် ဆိုးရွားလွန်းလှ၏၊ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်အဖြစ် ဝင်စားကြ၏။ ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်၊ ဤသည်မှာ ကြောက်မက်ဖွယ်ဖြစ်သလော။ (ကြောက်မက်ဖွယ်ဖြစ်၏။) မည်သည့်အရာသည် သင်တို့အတွက် ထိတ်လန့်ဖွယ်ဖြစ်သနည်း။ လူတစ်ဦးမှ တိရစ္ဆာန်ဖြစ်သွားခြင်းသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ထို့အပြင် လူတစ်ဦးအတွက်၊တိရစ္ဆာန်တစ်ဦးဖြစ်သွားခြင်းတွင် အနာကျင်ဆုံးမှာ မည်သည့်အရာနည်း။ ဘာသာစကား မရှိခြင်း၊ ထုံနသောအတွေးများသာရှိခြင်း၊ တိရစ္ဆာန်များပြုလုပ်သည့် အရာများသာ ပြုလုပ်နိုင်၍ တိရစ္ဆာန်များ စားသည့်အစာများသာ စားနိုင်ခြင်း၊ တိရစ္ဆာန်တစ်ကောင်၏ ထုံအသောစိတ်ဓာတ်နှင့် ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ ရှိခြင်း၊ လမ်းမတ်မတ်မလျှောက်နိုင်ခြင်း၊ လူတို့နှင့် ပြောဆိုဆက်ဆံမှုမပြုနိုင်ခြင်းနှင့် တိရစ္ဆာန်တို့နှင့် လုံးဝဆက်စပ်မှုမရှိသည့် လူတို့၏အပြုအမူနှင့် လုပ်ဆောင်မှုများဖြစ်၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအကြားတွင် တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် သက်ရှိအားလုံးအနက် သင့်အား အနိမ့်ဆုံးဖြစ်စေ၍ လူတစ်ဦးဖြစ်ခြင်းထက် သာ၍နာကျင်၏။ ဤသည်မှာ မကောင်းမှုများစွာပြုလုပ်ခဲ့၍ ကြီးမားသော အပြစ်များ ကျူးလွန်ခဲ့သောသူများအပေါ် ဝိညာဉ်လောက၏ အပြစ်ဒဏ်၏ လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ အပြစ်ဒဏ်၏ပြင်းထန်မှုနှင့်ပတ်သက်၍ ၎င်းကို ထိုသူတို့ ဖြစ်သွားသည့် တိရစ္ဆာန် အမျိုးအစားအရ ဆုံးဖြတ်သည်။ ဥပမာ ဝက်တစ်ကောင်ဖြစ်ခြင်းသည် ခွေးတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းသလော။ ဝက်တစ်ကောင်သည် ခွေးတစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်သလော။ သာ၍ဆိုးရွားသည် မဟုတ်လော။ လူတို့သည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်သွားပါက ၎င်းတို့သည် ဝက်တစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်မည်လော။ (သာ၍ကောင်းမွန်စွာ နေထိုင်မည်။) တစ်စုံတစ်ဦးသည် ကြောင်တစ်ကောင်ဖြစ်သွားပါက သာ၍ သက်သောင့်သက်သာ ရှိမည်လော။ တိရစ္ဆာန်များအကြား သင့်တွင်ရွေးချယ်ချက်တစ်ရပ်ရှိခဲ့ပါက သင်သည် ကြောင်တစ်ကောင် ဖြစ်သွားရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ မြင်း သို့မဟုတ် နွားတစ်ကောင်ဖြစ်သွားသည်ထက် သာ၍သက်သောင့်သက်သာ ရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အချိန်အများစုကို အိပ်လျက် ပျင်းရိပျင်းတွဲနေနိုင်၍ဖြစ်သည်။ နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်သွားခြင်းမှာ သာ၍ ပင်ပန်းခက်ခဲသဖြင့် လူတို့သည် နွား သို့မဟုတ် မြင်းအဖြစ် ဝင်စားပါက ၎င်းတို့သည် ကြိုးစားအားထုတ်ရသည်ဖြစ်၍ ဤသည်မှာ ပြင်းထန်သည့် အပြစ်ဒဏ်တစ်ရပ်ဟု ထင်ရသည်။ ခွေးတစ်ကောင်ဖြစ်သွားရသည်မှာ နွား သို့မဟုတ် မြင်းတစ်ကောင်ထက် အနည်းငယ် သာသည်။ အဘယ်ကြောင့်ဆိုသော် ခွေးတစ်ကောင်သည် ၎င်း၏သခင်နှင့် သာ၍ရင်းနှီးသော ဆက်ဆံရေးရှိ၍ဖြစ်သည်။ ထိုထက်ပို၍၊ ယနေ့တွင် များစွာသောလူတို့သည် ခွေးမွေးထားကြပြီး သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ၎င်းသည် ထိုသူတို့ပြောနေသည့်အရာ အများစုကို နားလည်ရန် သင်ယူခဲ့ပြီးဖြစ်၏။ ခွေးတစ်ကောင်သည် ၎င်း၏သခင်၏စကားလုံးများစွာကို နားလည်နိုင်သည့်အတွက် ၎င်းသည် ၎င်း၏သခင်အား ကောင်းစွာနားလည်ကာ တစ်ခါတစ်ရံတွင် ၎င်း၏သခင်၏ စိတ်နေစိတ်ထား၊ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်နိုင်၏။ ထို့ကြောင့် သခင်သည် ထိုခွေးကို သာ၍ကောင်းမွန်စွာ ဆက်ဆံ၍ ထိုခွေးသည် သာ၍ကောင်းမွန်စွာ စားသောက်ကာ၊ ၎င်းနာကျင်နေသည့်အခါ သာ၍ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရ၏။ ထိုကြောင့် ဤခွေးသည် ပျော်ရွှင်ဖွယ်ရာဘဝတစ်ခုကို မွေ့လျော်ခြင်း မရှိပေဘူးလော။ သို့ဖြစ်၍ ခွေးတစ်ကောင်ဖြစ်ခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းပေ၏။ ဤအရာတွင် လူတစ်ဦး၏အပြစ်ဒဏ်၏ပြင်းထန်မှုသည် ၎င်းတို့ တိရစ္ဆာန်တစ်ကောင်အဖြစ် အကြိမ်ရေမည်မျှ ဝင်စားမည်နှင့် မည်သည့်တိရစ္ဆာန်အမျိုးအစားအဖြစ် ၎င်းတို့ ဝင်စားမည်ကို ဆုံးဖြတ်၏။ သင်နားလည်သည် မဟုတ်လော။

၎င်းတို့အသက်ရှင်စဉ်တွင် ၎င်းတို့သည် အပြစ်များစွာကျူးလွန်ခဲ့သဖြင့် အချို့သောလူများသည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ် ဝင်စားခြင်းဖြင့် အပြစ်ပေးခြင်း ခံရပေမည်။ အကြိမ်ရေအတော်အတန် အပြစ်ပေးခံရပြီးနောက် ၎င်းတို့ဝိညာဉ်လောကသို့ ပြန်သည့်အခါ ၎င်းတို့သည် အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခံရ၏။ ဤနေရာရှိ ဝိညာဉ်လိပ်ပြာ အမျိုးမျိုးသည် အပြစ်ဒဏ်ခံရပြီးဖြစ်ပြီး လူဝင်စားရန် ပြင်ဆင်လျက်ရှိသည့် အမျိုးအစားဖြစ်သည်။ ဤနေရာသည် ဝိညာဉ် လိပ်ပြာတစ်ခုစီကို ၎င်းတို့မွေးဖွားမည့်မိသားစု၊ ၎င်းတို့လူဝင်စားသည်နှင့် ၎င်းတို့ပါဝင်မည့်အခန်းကဏ္ဍ စသည်ဖြင့်အရ အမျိုးအစားခွဲခြား၏။ ဥပမာ အချို့သူတို့သည် ဤလောကသို့ လာသည့်အခါ အဆိုတော်များဖြစ်လာမည် ဖြစ်သဖြင့် ၎င်းတို့သည် အဆိုတော်များအကြား ထားပေးခံရ၏။ အချို့သောသူများမှာ ဤလောကသို့ လာသည့်အခါ စီပွားရေးသမားများ ဖြစ်လာမည်ဖြစ်သဖြင့် ၎င်းတို့သည် စီးပွားရေးသမားများအကြား ထားပေးခံရ၏။ ထို့အပြင် တစ်စုံတစ်ဦးသည် လူဖြစ်သည့်အခါ သိပ္ပံပညာဆိုင်ရာ သုတေသီတစ်ဦးဖြစ်ရန်ဆိုပါက ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ သုတေသီများအကြား ထားပေးခံရသည်။ ၎င်းတို့ကို အုပ်စုအလိုက်ခွဲပြီးနောက် တစ်ဦးစီကို ကွဲပြားသည့်အချိန်နှင့် သတ်မှတ်ထားသည့် ရက်စွဲအရ၊ ယနေ့ လူတို့ အီးမေးပို့သည့်အတိုင်း၊ ပို့လိုက်၏။ ဤအရာတွင် ရှင်ခြင်းနှင့်သေခြင်း သံသရာတစ်ခု ပြီးဆုံးလိမ့်မည်။ လူတစ်ဦး ဝိညာဉ်လောကသို့ရောက်သည့်ရက်မှ ၎င်း၏အပြစ်ဒဏ် အဆုံးသတ်သည်အထိ ၎င်းသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ကြိမ်ဖန်များစွာ ဝင်စားနိုင်ပြီးနောက် ၎င်းသည် လူဝင်စားရန်ပြင်ဆင်၏။ ဤသည်မှာ ပြည့်စုံသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၏။

အပြစ်ဒဏ်ပေးခြင်းခံရပြီးကာ တိရစ္ဆာန်အဖြစ် ဝင်စားခြင်းမရှိသူများသည် လူဖြစ်ရန် ရုပ်ဝတ္ထုလောကသို့ လျင်မြန်စွာ အပို့ခံရမည်လော။ သို့မဟုတ် ၎င်းတို့ လူသားအကြားမလာနိုင်မီ မည်မျှကြာမည်နည်း။ ဤလူများ လူဖြစ်သည့် ကြိမ်နှုန်းမှာ မည်မျှနည်း။[က] ဤအတွက် အချိန်ကန့်သတ်ချက်များရှိသည်။ ဝိညာဉ်လောကတွင်ဖြစ်သည့် အရာခပ်သိမ်းသည် သင့်တော်သည့် အချိန်ကန့်သတ်ချက်များနှင့် စည်းကမ်းများ လိုက်နာရသည်။ ဤသည်ကို ငါသည် ကိန်းဂဏန်းများနှင့်ရှင်းပြပါက သင်တို့ နားလည်လိမ့်မည်။ အချိန်ကာလတိုအတွင်း ဝင်စားသူများအတွက် ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့အား လူအဖြစ် ပြန်လည်မွေးဖွားရန်အတွက် ပြင်ဆင်ပြီးဖြစ်လိမ့်မည်။ အတိုဆုံးအချိန်မှာ သုံးရက်ဖြစ်သည်။ အချို့သောသူများအတွက် ဤသည်မှာ သုံးလဖြစ်၏၊ အချို့အတွက် ဤသည်မှာ သုံးနှစ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးဆယ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးရာဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးထောင်ပင်ဖြစ်၏ စသည်ဖြင့် ဖြစ်၏။ ထို့ကြောင့် ဤအချိန်စည်းကမ်းများအကြောင်း မည်သည့်အရာများပြောနိုင်မည်နည်း။ ထို့အပြင် အသေးစိတ်အချက်အလက်များမှာ မည်သည်တို့နည်း။ ၎င်းတို့ကို လူ့လောကဖြစ်သည့် ရုပ်ဝတ္ထုလောကအနေဖြင့် ဝိညာဉ်တစ်ခုထံမှ လိုအပ်သည့်အရာအပေါ်နှင့် ဤလောကတွင် ဤဝိညာဉ်ပါဝင်ရမည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထား၏။ လူတို့သည် သာမန်လူတစ်ဦးအဖြစ် ဝင်စားသည့်အခါ ၎င်းတို့အများစုသည် များမကြာမီ လူဝင်စားကြ၏။ အဘယ်ကြောင့်ဆိုသော် လူသား၏လောကသည် ထိုကဲ့သို့သော သာမန်လူတို့ကို အရေးတကြီးလိုအပ်နေသည့်အတွက် ဖြစ်၏။ ထို့ကြောင့် သုံးရက်ကြာပြီးနောက် ၎င်းတို့အား ၎င်းတို့မသေဆုံးမီရှိခဲ့သည့် မိသားစုနှင့် လုံးဝကွဲပြားသည့် မိသားတစ်စုထံသို့ ထပ်မံပို့လိုက်၏။ သို့သော် ဤလောကတွင် အထူးအခန်းကဏ္ဍမှပါဝင်သောသူအချို့ ရှိ၏။ "အထူး"ဆိုသည်မှာ လူသား၏လောကတွင် ထိုသူများအတွက် ကြီးမားသည့်လိုအပ်ချက် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့သောအခန်းကဏ္ဍတွင် ပါဝင်ရန် လူများစွာ မလိုပေ။ ထို့ကြောင့် ၎င်းတို့မဝင်စားမီ အနှစ်သုံးရာ ကြာနိုင်သည်။[ခ] ဤလိပ်ပြာသည် အနှစ်သုံးရာကြာမှ တစ်ကြိမ်လာမည် သို့မဟုတ် အနှစ်သုံးထောင်ကြာမှပင် တစ်ကြိမ် လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခန်းကဏ္ဍကို လူသား၏လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် မလိုအပ်၍ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဝိညာဉ်လောက၏ တစ်နေရာရာတွင် ထား၏။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်ကို ကြည့်လော့။ သူသည် တရုတ်ရိုးရာယဉ်ကျေးမှုအပေါ် အလွန်လေးနက်သော အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သူ၏ရောက်ရှိလာမှုသည် ထိုခေတ်ကာလလူတို့၏ ယဉ်ကျေးမှု၊ အသိပညာ၊ ရိုးရာနှင့် တွေးခေါ်မှုတို့အပေါ် နက်ရှိုင်းသည့် သက်ရောက်မှုရှိခဲ့သည်။ သို့သော် ဤကဲ့သို့သောလူတစ်ဦးသည် ခေတ်တိုင်းတွင် မလိုအပ်ပေ။ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းမတိုင်မီ ဝိညာဉ်လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် စောင့်နေလျက် နေရသည်။ လူသား၏လောကသည် ဤသို့သောတစ်စုံတစ်ဦးကို မလိုအပ်သည့်အတွက် ၎င်းသည် အချည်းနှီး စောင့်ခဲ့ရ၏။ ၎င်း၏အခန်းကဏ္ဍကဲ့သို့ အခန်းကဏ္ဍများ အလွန် နည်းပါးသည့်အတွက် သူ့အတွက် လုပ်ရာအနည်းငယ်သာရှိသဖြင့် သူ့အား လူသား၏လောက အလိုရှိသည့်အခါ ပို့လိုက်ရန် များသောအားဖြင့် ဝိညာဉ်လောက တစ်နေရာတွင် အချည်းနှီးထားခဲ့ရ၏။ ဤသည်တို့မှာ လူအများစု ပြန်လည်ဝင်စားသည့် အကြိမ်နှုန်းအတွက် ဝိညာဉ်နယ်ပယ်၏ အချိန်စည်းကမ်းများ ဖြစ်၏။ ၎င်းတို့သည် သာမန်လူတစ်စုံတစ်ဦးဖြစ်စေ၊ ထူးခြားသည့် လူတစ်စုံတစ်ဦးဖြစ်စေ၊ လူတို့ပြန်လည်ဝင်စားခြင်းအတွက် ဝိညာဉ်လောကသည် သင့်တော်သည့် စည်းကမ်းများနှင့် မှန်ကန်သည့် အလေ့အကျင့်များရှိကာ၊ ဤစည်းကမ်းများနှင့် အလေ့အကျင့်များကို ဘုရားသခင်မှချပေးလိုက်ခြင်းဖြစ်ကာ မည်သည့်ဘိလစ် သို့မဟုတ် ဝိညာဉ်လောကရှိ မည်သည့်သတ္တဝါကမျှ ဆုံးဖြတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မရှိပေ။ သင်ယခုနားလည်ပြီ မဟုတ်လော။

မည်သည့်ဝိညာဉ်လိပ်ပြာအတွက်မဆို ၎င်းတို့ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်းတို့၏ အခန်းကဏ္ဍ၊ ၎င်းတို့မွေးဖွားသည့် မိသားစုနှင့် ၎င်းတို့၏ဘဝ မည်သို့မည်ပုံရှိသည်မှာ ၎င်းတို့၏ အတိတ်ဘဝနှင့် နီးစပ်စွာသက်ဆိုင်၏။ လူအမျိုးမျိုး လူသား၏လောကအတွင် လာရောက်ကြကာ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍသည် ၎င်းတို့ထမ်းဆောင်သည့်တာဝန်များကဲ့သို့ ကွဲပြားကြ၏။ ၎င်းတာဝန်တို့မှာ မည်သည်တို့နည်း။ အချို့သောသူတို့သည် အကြွေးပြန်ဆပ်ရန် လာကြ၏။ ၎င်းတို့သည် ယခင်ဘဝက အခြားသူများအား ပိုက်ဆံအကြွေးများစွာ တင်ရှိခဲ့ပါက ဤဘဝတွင် အကြွေးဆပ်ရန် လာကြ၏။ ထိုအတောအတွင်း အချို့လူများသည် အကြွေးကောက်ခံရန် လာကြ၏။ ၎င်းတို့သည် ယခင်ဘဝက အရာများနှင့် ငွေကြေးများ လိမ်ညာခံရသည်မှာ များလွန်းသောကြောင့် ဝိညာဉ်လောကသို့ ရောက်ပြီးနောက် ဝိညာဉ်လောကသည် ၎င်းတို့အား ဤဘဝတွင် တရားမျှတမှုပေး၍ အကြွေးကောက်ခံခွင့် ပေးမည်ဖြစ်သည်။ အချို့သူများသည် ကျေးဇူးကြွေးဆပ်ရန် လာကြ၏။ ယခင်ဘဝအတွင်း ၎င်းတို့မသေဆုံးမီ တစ်စုံတစ်ဦးသည် ၎င်းတို့အပေါ် ကြင်နာခဲ့ကာ ဤဘဝတွင် လူဝင်စားရန် ကြီးမားသည့် အခွင့်အရေးတစ်ရပ် ရရှိခဲ့သဖြင့် ၎င်းတို့သည် ကျေးဇူးကြွေးဆပ်ရန် ပြန်လည်မွေးဖွားကြ၏။ ထိုအတောအတွင်း အခြားသူများသည် အသက်တစ်ခု အလျော်တောင်း ရန် ပြန်လည်မွေးဖွားခဲ့ကြ၏။ မည်သူ၏အသက်ကို ၎င်းတို့တောင်းဆိုသနည်း။ ယခင်ဘဝက ၎င်းတို့ကိုသတ်ခဲ့သူဖြစ်၏။ အတိုချုပ်အားဖြင့်၊ လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝနှင့် ခိုင်မာစွာဆက်စပ်နေကြ၏။ ခွဲခြား၍မရအောင် ဆက်စပ်နေ၏။ ဆိုလိုသည်မှာ လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝ၏ သက်ရောက်မှုကို ကြီးမားစွာခံရသည်။ ဥပမာ ဇန်သည် မသေဆုံးမီက လီအား ငွေကြေးမြောက်များစွာ လိမ်လည်ခဲ့၏။ ထို့ကြောင့် ဇန်သည် လီအပေါ် အကြွေးတင်နေသလော။ ၎င်းသည် အကြွေးတင်နေသည့်အတွက် လီသည် ဇန်ထံမှ အကြွေးကောက်ခံသည်မှာ သဘာဝကျသလော။ ထို့ကြောင့် ၎င်းတို့သေဆုံးပြီးနောက် ၎င်းတို့နှစ်ဦးအကြား ကျေအေးရန် အကြွေးရှိနေသည်။ ၎င်းတို့ပြန်လည်ဝင်စား၍ ဇန်သည် လူဖြစ်သည့်အခါ လီသည် ၎င်းထံမှအကြွေးကို မည်သို့ကောက်ခံသနည်း။ တစ်နည်းမှာ လီသည် ဇန်၏သားအဖြစ် ပြန်လည်မွေးဖွားခြင်းဖြင့် လီသည် သူ၏အကြွေးကောက်ခံ၏၊ ဇန်သည် ဝင်ငွေမြောက်မြားစွာရ၍ ၎င်းကို လီမှ ဖြုန်းတီး၏။ ဇန်သည် ဝင်ငွေမည်မျှပင်ရသည်ဖြစ်စေ သူ့သားလီမှ ၎င်းကိုသုံးခြင်းအားဖြင့် သူ့အား "ကူညီ"၏။ ဇန်သည် ဝင်ငွေမည်မျှပင်ရသည်ဖြစ်စေ မည်သည့်အခါမျှ လုံလောက်ခြင်းမရှိပေ။ ထိုအတောအတွင်း ၎င်း၏သားမှာ အကြောင်းရင်း တစ်ခုမဟုတ်တစ်ခုကြောင့် ကွဲပြားသောနည်းနာများအားဖြင့် ၎င်းဖခင်၏ပိုက်ဆံများကို အဆုံးတွင် အသုံးပြုသည်ချည့်ဖြစ်၏။ ဇန်သည် "ငါ့သားသည် အဘယ်ကြောင့် ဂြိုဟ်ကောင် အမြဲဖြစ်နေခဲ့သနည်း။ အခြားသူများ၏သားများသည် အဘယ်ကြောင့် အလွန်ကောင်းမွန်သနည်း။ ငါ၏သားသည် အဘယ်ကြောင့် ရည်မှန်းချက်မရှိရသနည်း။ သူသည် အဘယ်ကြောင့် လွန်စွာအသုံးမကျကာ ဝင်ငွေတစ်စုံတစ်ရာရှာ နိုင်စွမ်း မရှိသနည်း။ ငါသည် အဘယ်ကြောင့် သူ့အားအမြဲပံ့ပိုးနေရသနည်း။ ငါသည် သူ့အားပံ့ပိုးရမည်ဖြစ် သဖြင့် ငါသည် ပံ့ပိုးမည်ဖြစ်သော်လည်း ငါသည် သူ့အား ပိုက်ဆံမည်မျှပင်ပေးစေကာမူ သူသည် အဘယ်ကြောင့် အမြဲပင် ထပ်မံလိုအပ်နေသနည်း။ သူသည် အဘယ်ကြောင့် အလုပ်ကိုမူမကြိုစားနိုင်ဘဲ လတ်လျားလတ်လျားနေခြင်း၊ စားခြင်း၊ သောက်ခြင်း၊ မတရားမေထုန်ပြုကျင့်ခြင်းနှင့် လောင်းကစားခြင်းများကို လုပ်သနည်း။ ဘာတွေများ ဖြစ်နေသနည်း" ဟု နားဝေတိမ်တောင်ဖြစ်နေ၏။ ထို့နောက် ဇန်သည် "အတိတ်ဘဝက ငါသည် သူ့အပေါ်အကြွေးတင်ခဲ့၍ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ငါသည် အပြည့်အဝဆပ်လိုက်မည်။ ငါအပြည့်အဝ မဆပ်မချင်း ဤအရာအဆုံးသတ်မည် မဟုတ်ပေ" ဟု ခေတ္တခဏ စဉ်းစား၏။ လီသည် သူ၏အကြွေးကို အမှန်တကယ် ပြန်ရခဲ့သည့်နေ့ ရောက်လာချင် ရောက်လာမည်ဖြစ်ကာ၊ သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ရှိသည့်အခါ၊ သူသည် ရုတ်တရက် ဆင်ခြင်တုံတရား ပေါ်လာမည်ဖြစ်သည်။ "ငါ့ဘဝ၏ ပထမတစ်ပိုင်းတွင် ငါသည် ကောင်းတာတစ်ခုမျှ မလုပ်ခဲ့ပေ။ ငါ့အဖေ လုပ်ကိုင်ရာမှရသည့်ပိုက်ဆံအားလုံး ငါဖြုန်းတီးခဲ့၏။ ငါသည် လူကောင်းတစ်ယောက်ဖြစ်သင့်သည်။ ငါ့ကိုယ်ငါ စိတ်တင်းထားမည်။ ငါသည် ရိုးသား သတစ်ဦး ဖြစ်၍ သင့်တော်စွာနေကာ ငါ့အဖေအား မည်သည့်အခါမျှ ထပ်မံ၍ သောက မဖြစ်စေတော။" သူသည် အဘယ်ကြောင့် ဤသို့စဉ်းစားသနည်း။ သူသည် အဘယ်ကြောင့် ပိုမိုကောင်းမွန်ရန်အတွက်ရုတ်တရက် ပြောင်းလဲသွားသနည်း။ ဤအတွက် အကြောင်းရင်းတစ်ရပ် ရှိသလော။ မည်သည့်အကြောင်းရင်းနည်း။ (အဘယ်ကြောင့်ဆိုသော် လီသည် သူ၏အကြွေးကို ကောက်ခံခဲ့ပြီးဖြစ်၍ ဖြစ်သည်။ ဇန်သည် သူ၏အကြွေးကို ဆပ်ခဲ့ပြီးဖြစ်သည်။) ဤအရာတွင် အကြောင်းနှင့် အကျိုးရှိသည်။ ဤဇာတ်လမ်းမှာ ၎င်းတို့နှစ်ဦး မမွေးဖွားမီ ကာလကြာမြင့်သည့်အချိန်ကတည်းက စတင်ကာ ၎င်းတို့၏ ဤအတိတ်ဘဝဇာတ်လမ်းသည် ၎င်းတို့၏ လက်ရှိဘဝသို့ ပါလာခဲ့ပြီး ၎င်းတို့နှစ်ဦး မည်သူကမျှ မည်သူကိုမျှ အပြစ်မတင်နိုင်ပေ။ ဇန်သည် ၎င်း၏သားအား မည်သည့်အရာကို သင်ကြားပေးခဲ့သည်ဖြစ်စေ၊ သူ၏သားသည် မည်သည့်အခါကမျှ နားထောင်ခဲ့ခြင်းမရှိဘဲ မည်သည့်အခါကမျှ အလုပ်ကြိုးစားခဲ့ခြင်း မရှိပေ။ သို့သော် အကြွေးကျေသည့်နေ့တွင် ၎င်းအား သင်ပေးစရာမလိုပေ။ သူ၏သားသည် အလိုအလျောက် နားလည်သွားခဲ့၏။ ဤသည်မှာ လွယ်ကူသော နမူနာတစ်ခုဖြစ်၍ ထိုကဲ့သို့သော အခြားနမူနာများ များစွာရှိသည်ကို သံသယ မရှိပေ။ ထို့အပြင် ယင်း က လူတို့အား မည်သည့်အရာ ပြောပြသနည်း။ (၎င်းတို့ ကောင်းကောင်းနေသင့်ပြီး မကောင်းမှု မပြုသင့်ပါ) ၎င်းတို့ မကောင်းမှုမပြုသင့်ဘဲ ပြုလုပ်သည့် မကောင်းမှုများအတွက် ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း ပြော၏။ မယုံကြည်သူ အများစုသည် မကောင်းမှုများစွာ ကျူးလွန်ကြကာ ၎င်းတို့ပြုလုပ်သည့် မကောင်းမှုများသည် ဒဏ်ခတ်ခံရခြင်းနှင့် ကြုံခဲ့ရသည် မဟုတ်လော။ သို့သော် ဤဒဏ်ခတ်မှုမှာ ထင်ရာပြုခြင်းလော။ ဒဏ်ခတ်ခံရခြင်းနှင့် ကြုံရသည့်အရာအားလုံးတွင် နောက်ကြောင်းရာဇဝင်နှင့် အကြောင်းရင်းတစ်ရပ်ရှိကြ၏။ သင်သည် သူတစ်စုံတစ်ဦးအား ငွေများလိမ်လည်ပြီးနောက် သင့်ကို မည်သည့်အရာမျှ မဖြစ်ဟု ထင်သလော။ သင်သည် ၎င်းတို့အား လှည့်ဖျား၍၎င်းတို့၏ငွေကို ယူပြီးနောက် သင့်အတွက် အကျိုးဆက်များ မရှိဟု သင်ထင်သလော။ ဤသည်မှာ မဖြစ်နိုင်ဘဲ၊ အကျိုးဆက်များ ရှိလိမ့်မည်။ ၎င်းတို့သည် မည်သူတို့ပင် ဖြစ်စေကာမူ၊ သို့မဟုတ် ဘုရားသခင်ရှိသည်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်းသည် မိမိတို့၏အပြုအမူအတွက် တာဝန်ယူရမည်ဖြစ်၍ ၎င်းတို့၏လုပ်ဆောင်မှုများအတွက် အကျိုးဆက်များကို ခံရမည်ဖြစ်သည်။ ဤရိုးရှင်းသော နမူနာနှင့်ပတ်သက်၍၊ ဇန်သည် အပြစ်ဒဏ်ခံရ၍ လီသည် ပြန်လည် ဆပ်ပေးခြင်းခံရသည်မှာ တရားသည် မဟုတ်လော။ လူတို့သည် ဤသို့အရာများ ပြုလုပ်သည့်အခါ ထိုကဲ့သို့သော ရလဒ်ရှိ၏။ ၎င်းသည် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုမှ ခွဲခြား၍မရပေ။ မယုံကြည်သူများ ဖြစ်နေသော်လည်း၊ ဘုရားသခင်ကို မယုံကြည်သူများ၏တည်ရှိမှုသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များ၏ အုပ်စိုးမှုကို ခံရကာ၊ ၎င်းမှ မည်သူမျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဤ လက်တွေ့အရှိတရား ကို မည်သူမျှရှောင်ရှားနိုင်ခြင်း မရှိပေ။

ယုံကြည်ခြင်း လုံးဝမရှိသူများသည် မြင်နိုင်သည့်အရာအားလုံးသည် တည်ရှိ၍ မမြင်နိုင်သည့်အရာ သို့မဟုတ် လူတို့မှ အလွန်ဝေးကွာသောအရာ အားလုံးသည် မတည်ရှိဟု ယုံကြည်လေ့ရှိသည်။ ၎င်းတို့သည် "ရှင်ခြင်းနှင့် သေခြင်းသံသရာ" မရှိ၊ "အပြစ်ဒဏ်" မရှိဟု ယုံကြည်ခြင်းကို နှစ်သက်သဖြင့် ထိုသူတို့သည် လိပ်ပြာမလုံမဖြစ်ဘဲ အပြစ်ကျူးလွန်ကာ မကောင်းမှု ကျူးလွန်ကြ၏။ ထိုသို့ကျူးလွန်ပြီးနောက် ၎င်းတို့သည် အပြစ်ပေးခံရ၏။ သို့မဟုတ် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားကြ၏။ မယုံကြည်သူများအကြား လူအမျိုးမျိုး၏ အများစုသည် ဤအဆိုးသံသရာအတွင်း ကျရောက်ကြသည်။ ဤသည်မှာ ဝိညာဉ်လောကသည် သက်ရှိသတ္တဝါအားလုံးအပေါ် ၎င်း၏စီမံအုပ်ချုပ်မှုတွင် တင်းကျပ်ကြောင်းကို ၎င်းတို့ မသိသောကြောင့်ဖြစ်သည်။ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဤအမှန်တရား ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျက်လုံးများဖြင့် လေ့လာဆန်းစစ်သည့် နယ်ပယ် မှ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ၊ ဘုရားသခင်၏ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် အမိန့်များမှ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်း အပြစ်ကျူးလွန်ခြင်းနှင့် မကောင်းမှုကျူးလွန်ခြင်းသည် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်းနှင့် အကျိုးဆက်များရှိကြောင်း ဤရိုးရှင်းသည့် နမူနာက ပြောသည်။ အခြားသူတစ်ဦးအား ပိုက်ဆံလိမ်လည်ခဲ့သူ တစ်စုံတစ်ဦးသည် ဤသို့အပြစ်ပေးခံရသောအခါ ထိုအပြစ်ဒဏ်သည် တရားမျှတ၏။ အများအပြားမြင်တွေ့ရသည့် ဤကဲ့သို့သော အပြုအမူသည် ဝိညာဉ်လောက၏ အပြစ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အမိန့်များနှင့် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများအားဖြင့် အပြစ်ပေးခံရ၏။ ထို့ကြောင့် ဆိုးရွားစွာ ပြစ်မှုကျူးလွန်သည့်အပြုအမူနှင့် ကောက်ကျစ်စဉ်းလဲသော အပြုအမူ၊ မုဒိမ်းကျင့်ခြင်းနှင့် တိုက်ခိုက်လုယူခြင်း၊ လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်း၊ ခိုးမှုနှင့် လုယက်မှု၊ လူသတ်မှုနှင့် မီးရှို့မှု စသည်တို့သည် ပြင်းထန်မှုကွဲပြားသည့် အပြစ်ဒဏ်အမျိုးမျိုးကို သာ၍ပင်ခံရသည်။ ပြင်းထန်မှုကွဲပြားသည့် ဤအပြစ်ဒဏ်များတွင် မည်သည်တို့ ပါဝင်သနည်း။ ၎င်းတို့အချို့မှာ ပြင်းထန်မှုအဆင့်ကို သတ်မှတ်ရန် အချိန်ကို အသုံးပြု၏၊ အချို့မှာ ကွဲပြားသောနည်းစနစ်အားဖြင့် ထိုသို့ပြုလုပ်ကာ အခြားသူများသည် လူတို့ ပြန်ဝင်စားသည့်အခါ သွားသောနေရာအားဖြင့် ထိုသို့ပြုလုပ်၏။ ဥပမာ အချို့သူများသည် အပြောအဆို ညစ်ညမ်းသည်။ "အပြောအဆို ညစ်ညမ်းသည်" ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ၎င်းသည် အခြားသူများအား မကြာခဏဆဲဆိုခြင်းနှင့် မလိုမုန်းထားသော စကား၊ လူတို့အား ဆဲဆိုသည့်စကားတို့ မကြာခဏ အသုံးပြုခြင်းကို ဆိုလိုသည်။ မလိုမုန်းထားသော စကားမှာ မည်သည့်လက္ခဏာ ပြသနည်း။ တစ်စုံတစ်ဦးတွင် ဆိုးယုတ်သော နှလုံးသားရှိသည်ဟူသော လက္ခဏာပြသည်။ လူတို့အား ဆဲဆိုသော မလိုမုန်းထားသော စကားသည် ထိုကဲ့သို့သောသူတို့၏ ပါးစပ်များမှ လာလေ့ရှိကာ၊ ထိုသို့သော မလိုမုန်းထားသော စကားနှင့်အတူ ပြင်းထန်သည့် အကျိုးဆက်များ အတူပါလာသည်။ ထိုသူများသေဆုံးပြီး သင့်တော်သည့် အပြစ်ဒဏ်ရရှိပြီးနောက်၊ ထိုသူတို့သည် ဆွံ့အသူများအဖြစ် ပြန်လည်မွေးဖွားနိုင်သည်။ အချို့သောသူများသည် ၎င်းတို့အသက်ရှင်နေစဉ်တွင် လွန်စွာ အပိုင်ကြံတတ်သည်။ ထိုသူတို့သည် သူတပါးအပေါ် အခွင့်ကောင်းယူလေ့ရှိသည်။ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများသည် အထူးသဖြင့် ကောင်းမွန်စွာ စီစဉ်ထားကြကာ အခြားသူများအပေါ် ထိခိုက်နစ်နာစေသည့်အရာ များစွာပြုလုပ်ကြ၏။ ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ ကျပ်မပြည့်သူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဒုက္ခိတအဖြစ် ဖြစ်နိုင်သည်။ အချို့သူများသည် သူတပါးကိုယ်ရေးကိုယ်တာကိစ္စများကို မကြာခဏချောင်းကြည့်လေ့ရှိသည်။ ၎င်းတို့၏မျက်လုံးများသည် ၎င်းတို့သိခွင့်မရှိသည့်အရာများစွာကို တွေ့ကြကာ ၎င်းတို့ သိခွင့်မရှိသည့် အရာများစွာကို သိကြ၏။ ထို့ကြောင့် ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ မျက်မမြင်များ ဖြစ်နိုင်သည်။ အချို့သူများသည် ၎င်းတို့အသက်ရှင်စဉ်က လွန်စွာ လျင်မြန်ထက်မြက်၏။ ၎င်းတို့သည် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကာ မကောင်းမှုများစွာ လုပ်ကြ၏။ ထို့ကြောင့် ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ ၎င်းတို့သည် ဒုက္ခိတများ ဖြစ်နိုင်၏။ ခြေကျိုးနေနိုင်၏။ သို့မဟုတ် လက်တစ်ဘက် မရှိ ဖြစ်နိုင်၏။ သို့မဟုတ် ကျောတွင်ဘုကြီးရှိနေနိုင်၏။ ခြေထော့ကျိုးဖြင့် လမ်းလျှောက်နိုင်၏။ သို့မဟုတ် ခြေတစ်ဘက်မှာ အခြားတစ်ဘက်ထက် သာ၍တိုခြင်း စသည်တို့ဖြစ်နိုင်၏။ ဤအရာတွင် ၎င်းတို့သည် အသက်ရှင်စဉ် ၎င်းတို့ကျူးလွန်ခဲ့သည့် မကောင်းမှုအဆင့်အပေါ်မူတည်၍ ကွဲပြားသော အပြစ်ဒဏ်များ ခံရခြင်းဖြစ်၏။ ထို့ကြောင့် သင်တို့ အဘယ်သို့ပြောမည်နည်း။ လူတို့သည် အဘယ်ကြောင့် မျက်လုံးများစွေနေကြသနည်း။ ထိုကဲ့သို့သောသူများ များစွာရှိသလော။ ယနေ့ အနီးအနားတွင် ထိုသူတို့ များစွာရှိကြ၏။ အချို့သောသူများသည် ၎င်းတို့၏အတိတ်ဘဝတွင် ၎င်းတို့၏မျက်လုံးများကို လွန်စွာအသုံးပြုခဲ့သောကြောင့် မျက်လုံးများစွေနေခြင်း ဖြစ်၏။ ၎င်းတို့သည် မကောင်းသည့်အရာ များစွာကို ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့် ဤဘဝအတွင်း ၎င်းတို့မွေးဖွားသည့်အခါ ၎င်းတို့၏မျက်လုံးများ စွေနေကြကာ ကြီးလေးသောကိစ္စများတွင် ၎င်းတို့သည် မျက်မမြင်များပင် ဖြစ်ကြ၏။ မျက်လုံးစွေသူများမှာ ကြည့်၍ကောင်းသည်ဟု သင်ထင်သလော။ ၎င်းတို့သည် ကောင်းမွန်စွာ ထင်မြင်စေသလော။ ၎င်းတို့၏မျက်နှာ ကောင်းမွန်စွာတည်ဆောက်ထားပုံကို ကြည့်လော့။ ၎င်းတို့၏အသားသည် ကြည်လင်၍ဖြူနေ၏။ ၎င်းတို့၏မျက်လုံးများသည် ကြီး၍ မျက်ရစ်နှစ်ထပ် ရှိကြ၏။ သို့ရာတွင် ကံအကြောင်းမလှစွာပင် ၎င်းတို့၏မျက်လုံး စွေနေခြင်းဖြစ်၏။ ၎င်းတို့ မည်သည်နှင့်တူသနည်း။ ဤသည်မှာ ထိုသူ၏ကိုယ်နှုတ်အမူအရာအပေါ် လုံးဝသက်ရောက်မှုမရှိပြီလော။ ဤသက်ရောက်မှုဖြင့် ၎င်းတို့တွင် မည်သို့သောအသက်တာရှိမည်နည်း။ ၎င်းတို့သည် အခြားသူများနှင့်တွေ့သည့်အခါ ၎င်းတို့ဘာသာ "ငါသည် မျက်စိစွေနေ၏။ လူတို့ငါ၏မျက်လုံးများကို မတွေ့နိုင်စေရန် ငါခေါင်းငုံ့လျက် စကားပြောသင့်ပြီး ငါသည် လူများကို မျက်နှာချင်းဆိုင် မကြည့်နိုင်။" ဟု စဉ်းစားသလော။ ၎င်းတို့၏ စွေနေသောမျက်လုံးများသည် အမှု အရာများအပေါ် ၎င်းတို့ကြည့်ရှုပုံနှင့် လူတို့အား မျက်နှာချင်းဆိုင် ကြည့်နိုင်ပုံကို လွှမ်းမိုး၏။ ဤအရာတွင် ၎င်းတို့သည် ၎င်းတို့၏မျက်လုံးများကို အသုံးပြုခြင်း ဆုံးရှုံးသွားခဲ့ပြီ မဟုတ်သလော။ ထို့ကြောင့် ၎င်းတို့၏အတိတ်ဘဝမှ လွန်ကဲမှုများအတွက် အလျော်ပေးခဲ့ပြီး မဟုတ်သလော။ သို့ဖြစ်၍ နောက်ဘဝတွင် ၎င်းတို့သည် ဤမျှဆိုးသွမ်းသော မည်သည့်အရာကိုမျှ လုပ်ဝံ့မည် မဟုတ်ပေ။ ဤသည်မှာ ဝဋ်လည်ခြင်းပင်ဖြစ်၏။ အချို့သူများသည် ၎င်းတို့မသေဆုံးမီ အခြားသူများနှင့် ကောင်းစွာ အဆင်ပြေကြသည်၊ ၎င်းတို့ချစ်ခင်သူများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သူများအတွက် ကောင်းသောအရာ များစွာ လုပ်ပေး၏။ ၎င်းတို့သည် သူတပါးအပေါ် ပေးကမ်းစွန့်ကြဲမှုများ၊ စောင့်ရှောက်မှုများပေးခြင်း သို့မဟုတ် ငွေကြေးအရ အထောက်အကူပေးခြင်းများပြုလုပ်ကာ အခြားသူများသည် ၎င်းတို့အား လွန်စွာ အထင်ကြီးကြ၍ ထိုကဲ့သို့သောသူများသည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ အပြစ်ပေးခြင်း မခံရပေ။ မယုံကြည်သူ တစ်ဦးအနေဖြင့် မည်သည့်နည်းနှင့်မျှ အပြစ်ပေးမခံရခြင်းမှာ ထိုသူသည် လွန်စွာကောင်းမွန်သူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုလို၏။ ဘုရားသခင်ရှိခြင်းကို ယုံကြည်မည့်အစား ထိုသူတို့သည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏အထက်တွင် ဝိညာဉ်တစ်ပါးသည် ၎င်းတို့လုပ်သမျှကို ကြည့်နေသည်ဟုသာ ယုံကြည်၏။ ဤသည်ကိုသာ ၎င်းတို့ယုံကြည်ကြ၏။ ရလဒ်မှာ ၎င်းတို့သည် များစွာသာ၍ လိမ္မာကြခြင်းဖြစ်၏။ ထိုသူတို့သည် ကြင်နာသောစိတ်နှလုံးရှိ၍ စေတနာရှိကြ၏။ အဆုံးတွင် ထိုသူတို့ ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ ဝိညာဉ်လောကသည် ၎င်းတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်၍ ၎င်းတို့သည် မကြာမီ လူဝင်စားကြလိမ့်မည်။ ၎င်းတို့သည် ပြန်လည်မွေးဖွားလာကြသောအခါ မည်သို့သော မိသားစုတွင် ၎င်းတို့ရောက်ရှိကြမည်နည်း။ ဤမိသားစုသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း ငြိမ်းချမ်းလိမ့်မည်။ မိသားစုဝင်များအကြား သဟဇာတရှိကာ ၎င်းတို့သည် တည်ငြိမ်အေးချမ်း၍ ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို ကျော်လွန်ကြမည်ဖြစ်သည်။ လူတိုင်းသည် ဝမ်းမြောက်ကြလျက်၊ ၎င်းတို့သည် ကောင်းမွန်သော အသက်တာကို ရကြလိမ့်မည်။ ထိုသူသည် အရွယ်ရောက်သောအခါ ကြီးမားသော ဆွေမျိုးမိသားစုကြီး ရှိလိမ့်မည်။ ၎င်းတို့၏သားသမီးများသည် ပါရမီရှိသူများဖြစ်ကာ အောင်မြင်မှုပျော်မွေ့ရလိမ့်မည်။ ထို့အပြင် ၎င်းတို့၏မိသားစုများသည် ကောင်းမွန်သောအခွင့်အလမ်းများ ပျော်မွေ့ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောရလဒ်သည် ထိုသူ၏အတိတ်ဘဝနှင့် ကြီးမားစွာ ဆက်စပ်နေသည်။ လူတစ်ဦးသေဆုံးပြီးနောက် ပြန်ဝင်စားသည့်အခါ ၎င်းသွားသည့်နေရာနှင့်၊ အမျိုးသားများဖြစ်စေ အမျိုးသမီးများဖြစ်စေ၊ ၎င်း၏လုပ်ငန်းတာဝန်မှာ မည်သည့်အရာဖြစ်ခြင်း၊ ၎င်း၏အသက်တာတွင် ကြုံရမည့်အရာ၊ ၎င်းအပေါ်နှောင့်နှေးစေသည့် အခက်အခဲများ၊ ၎င်းခံစားရမည့် ကောင်းချီးမင်္ဂလာများ၊ ၎င်းကြုံတွေ့မည့်သူများ၊ ၎င်းအပေါ် ဖြစ်ပေါ်သည့်အရာများကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိ၊ ရှောင်ရှားနိုင်ခြင်းမရှိ၊ သို့မဟုတ် ဖုံးကွယ်နိုင်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ သင်၏ဘဝသတ်မှတ်ခံရပြီးနောက် သင်၌ဖြစ်ပေါ်သည့်အရာကို သင် မည်သို့ ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ မည်သည့်နည်းလမ်းဖြင့် ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ ဝိညာဉ်လောကရှိ ဘုရားသခင်က သင့်အတွက် သတ်မှတ်ထားသည့် ဘဝလမ်းကြောင်းကို ချိုးဖောက်ရန် လမ်း သင့်တွင် လုံးဝမရှိဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ပြန်ဝင်စားသည့်အခါ သင့်ဘဝ၏ကံကြမ္မာသည် သတ်မှတ်ပြီးသားဖြစ်၍ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လူတိုင်းဤအရာကို ရင်ဆိုင်သင့်ပြီး ရှေ့ဆက်သွားသင့်သည်။ ဤသည်မှာ ဤလောကတွင်နေထိုင်သော မည်သူတစ်ဦးမျှ ရှောင်ရှားနိုင်ခြင်းမရှိသော ကိစ္စတစ်ရပ်ဖြစ်၍ ဤကိစ္စထက်သာ၍ စစ်မှန်သောကိစ္စမရှိပေ။ မှန်ပေသည်။ သင်ဤအရာအားလုံးကို နားလည်ပြီးဖြစ်သည် မဟုတ်လော။

ဤအရာကို နားလည်ခဲ့ပြီးနောက် ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန်ပင် အမှားမခံဘဲ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို သင်တို့ တွေ့ကြသလော။ ပထမအနေဖြင့် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ချမှတ်ခဲ့၏။ ထို့အပြင် ကောင်းကင်နှင့်သက်ဆိုင်သော ဤအမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များကို ကြေညာပြီးနောက် ဘုရားသခင်မှ သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ အရာရှိရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါအမျိုးမျိုးသည် တစ်သဝေမတိမ်း ထမ်းဆောင်ကြသည့်အပြင် ၎င်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ့၏ လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာစက်ကွင်း၌ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်မျိုးစလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများမှာ ဘုရားသခင်ထံမှလာသောကြောင့် မည်သူမျှ ချိုးဖောက်ဝံ့ခြင်း မရှိသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာနှင့် ဤကဲ့သို့သော ဥပဒေများရှိနေသည့်အတွက်ကြောင့် လူတို့မြင်သည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်၍ စနစ်တကျရှိနေခြင်း ဖြစ်၏။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာ လူသားမျိုးနွယ်သည် လူသားတို့လုံးဝ မမြင်နိုင်သည့် အခြားလောကနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်၍ ၎င်းနှင့် သဟဇာတရှိစွာ နေထိုင်နိုင်ခြင်းဖြစ်၏။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရပေ။ လူတစ်ဦး၏ဇာတိဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်လိပ်ပြာသည် အသက်ရှိနေသေးသောကြောင့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုသာ မရှိပါက မည်သည့်အရာ ဖြစ်မည်နည်း။ ထိုလိပ်ပြာသည် နေရာအနှံ့ ဟိုဟိုသည်သည် လျှောက်သွားနေ၍၊ နေရာအနှံ့ ကျူးကျော်ဝင်ရောက်ကာ လူသားမျိုးနွယ်၏လောကရှိ သက်ရှိများကိုပင် အန္တရာယ်ပြုလိမ့်မည်။ ထိုအန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမဟုတ်ဘဲ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်၏။ သို့သော် ပထမဦးစွာ အန္တရာယ်ပြုခံရမည်မှာ လူတို့ဖြစ်၏။ ဤသည်သာဖြစ်ပါက၊ ထိုကဲ့သို့သော ဝိညာဉ်လိပ်ပြာသည် စီမံအုပ်ချုပ်မှု မရှိဘဲ လူတို့အပေါ် အမှန်တကယ်ပင် အန္တရာယ်ပြုကာ ဆိုးယုတ်သည့်အရာများ အမှန်တကယ်ပင် ပြုလုပ်ပါက ဝိညာဉ်လောကတွင်လည်း ဤလိပ်ပြာကို သင့်တော်စွာ ကိုင်တွယ်လိမ့်မည်။ အမှုအရာများသည် ကြီးလေးပါက ထိုလိပ်ပြာသည် မကြာမီ တည်ရှိတော့မည် မဟုတ်ဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြစ်နိုင်ပါက ၎င်းကို တစ်နေရာရာတွင်ထားပြီးနောက် ပြန်ဝင်စားစေလိမ့်မည်။ ဝိညာဉ်လိပ်ပြာအမျိုးမျိုးအပေါ် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်ကာ အဆင့်များနှင့် စည်းကမ်းများအတိုင်း ထမ်းဆောင်၏ဟု ဆိုလိုခြင်းဖြစ်၏။ ထိုကဲ့သို့သော စီမံအုပ်ချုပ်မှုကြောင့်သာ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာမဖြစ်ခဲ့ဘဲ၊ ရုပ်ဝတ္ထုလောက၏ လူသားမျိုးနွယ်သည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော ဇာတိဘဝ ပိုင်ဆိုင်ခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော သာမန်ဘဝကို ရရှိပြီးနောက်မှသာ ဇာတိပကတိ၌နေသူတို့သည် ဆက်လက်၍ ရှင်သန်နိုင်ကာ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်မည် ဖြစ်သည်။

သင်ခုတင်ကြားခဲ့ရသည့် နှုတ်ကပတ်တော်များကို မည်သို့သဘောရသနည်း။ ၎င်းတို့သည် အသင့်အတွက် အသစ်အဆန်းဖြစ်နေသလော။ ယနေ့ ငါသည် ဤနှုတ်ကပတ်တော်တို့ကို ရင်းနှီးစွာ ပြောဆိုဆွေးနွေးပြီးနောက် သင်တို့မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ဆန်းသစ်သည်ဟူသည်မှ လွဲ၍ သင်အခြားတစ်စုံတစ်ရာ ခံစားရသလော။ (လူတို့သည် ကောင်းကောင်း ပြုမူသင့်ကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကြီးမြတ်၍ ကြောက်မက်ဖွယ်ကောင်းသည်ဟု ကျွန်ုပ်မြင်၏။) (လူအမျိုးအစား အမျိုးမျိုး၏အဆုံးသတ်ကို ဘုရားသခင်မည်သို့ကိုင်တွယ်ကြောင်း ဘုရားသခင်၏ ဆွေးနွေးမှုကို ယခုတင် ကြားပြီးနောက်၊ တစ်ဘက်တွင် ဘုရားသခင်၏စိတ်သဘောထားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြု၊ ထို့အပြင် ကျွန်ုပ်သည် ကိုယ်တော်အား ရိုသေလေးမြတ်သင့်သည်ဟု ကျွန်ုပ်ခံစားရ၏။ အခြားတစ်ဘက်တွင် မည်သည့်လူအမျိုးအစားကို ဘုရားသခင် ကြိုက်သည်ဟူသည်နှင့် မည်သည့်အမျိုးအစားကို ကိုယ်တော်မကြိုက်ဟူသည်ကို ကျွန်ုပ်သိ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင်ကြိုက်သည့်လူတစ်ဦး ဖြစ်လို၏။) ဤနယ်ပယ်တွင် ဘုရားသခင်သည်မူအတိုင်း လုပ်ဆောင်သည်ကို သင်တို့တွေ့သလော။ ကိုယ်တော်သည် မည်သည့်အခြေခံမူများအရ လုပ်ဆောင်သနည်း။ (ကိုယ်တော်သည် လူတို့၏အဆုံးကို ၎င်းတို့လုပ်ဆောင်သည့်အရာအားလုံးအရ သတ်မှတ်၏။) ဤသည်မှာ ငါတို့ခုတင်ပြောခဲ့သည့် မယုံကြည်သူများ၏ အဆုံးသတ်မှုအမျိုးမျိုးအကြောင်း ဖြစ်၏။ မယုံကြည်သူများနှင့်ပတ်သက်၍ ဘုရားသခင်၏လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းသည် ကောင်းသူများကို ဆုချ၍ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းလော။ ခြွင်းချက်များ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏လုပ်ဆောင်ချက်များတွင် အခြေခံစည်းမျဉ်းတစ်ရပ်ရှိသည်ဟု သင်တို့မြင်သလော။ မယုံကြည်သူများသည် ဘုရားသခင်အား အကယ်စင်စစ် မယုံကြည်ပေ၊ ထိုသူတို့သည် ဘုရားသခင်၏ အစီအမံကို လိုက်နာခြင်းမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိပေ။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုရန်မှာ သာ၍ပင်နည်းသေး၏။ ပို၍ကြီးလေးသည်မှာ ထိုသူတို့သည် ဘုရားသခင်အပေါ် မထီမဲ့မြင်ပြုကာ သူ့အားကျိန်ဆဲကာ ဘုရားသခင်ကို ယုံကြည်သူများအပေါ် ရန်လိုကြ၏။ ထိုသူတို့သည် ဘုရားသခင်အပေါ် ဤသို့သော သဘောထား ရှိသော်လည်း ၎င်းတို့ကို ဘုရားသခင်၏စီမံအုပ်ချုပ်မှုမှာ သူ၏အခြေခံသဘောတရားများမှ သွေဖီခြင်း မရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အား သူ၏အခြေခံသဘောတရားများ၊ သူ၏စိတ်သဘောထားတို့နှင့်အညီ စနစ်တကျနည်းဖြင့် စီမံအုပ်ချုပ်၏။ ဘုရားသခင်သည် ၎င်းတို့၏ရန်လိုမှုအပေါ် မည်သို့သဘောထားသနည်း။ မသိနားမလည်မှုဟု သဘောထား၏။ ထို့ကြောင့် သူသည် မယုံကြည်သူအများစုဖြစ်သော ဤသူတို့ကို တိရစ္ဆာန်များအဖြစ် တစ်ကြိမ်ပြန်ဝင်စားစေခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏မျက်လုံးများထဲတွင် မယုံကြည်သူများသည် မည်သည်တို့ဖြစ်သနည်း။ ၎င်းတို့သည် ခြံမွေးတိရစ္ဆာန်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ခြံမွေးတိရစ္ဆာန်များကို စီမံအုပ်ချုပ်ကာ သူသည် လူသားမျိုးနွယ်ကို စီမံအုပ်ချုပ်၏။ ထို့အပြင် သူသည် ဤကဲ့သို့သောလူအမျိုးအစားအတွက် တူညီသောအခြေခံသဘောတရားများ ရှိ၏။ ဤသူတို့အပေါ် ဘုရားသခင်၏စီမံအုပ်ချုပ်မှုနှင့် ၎င်းတို့အပေါ် သူ၏ပြုမူဆောင်ရွက်ချက်များ၌ပင် ဘုရားသခင်၏စိတ်သဘောထားနှင့် အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုအတွက် ဥပဒေများကို မြင်နိုင်သေး၏။ ထို့ကြောင့် ငါခုတင်ပြောသည့် မယုံကြည်သူများကို သူစီမံအုပ်ချုပ်သည့် အခြေခံသဘောတရားများတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့မြင်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့တွေ့သလော။ (ကျွန်ုပ်တို့ တွေ့ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်း၏ မည်သည့်အရာကို ကိုင်တွယ်သည်ဖြစ်စေ သူသည် သူ၏ကိုယ်ပိုင် အခြေခံ သဘောတရားများနှင့် စိတ်သဘောထားနှင့်အညီ ပြုမူလုပ်ကိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ သူသည် ဤကဲ့သို့သောလူစားမျိုးကို ခြံမွေးတိရစ္ဆာန်ဟု ယူဆသဖြင့် သူသည် အမိန့်များ သို့မဟုတ် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများကို သာမန်ကာလျှံကာ ချိုးဖောက် လိုက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စိုးစဉ်းမျှပင် အစီအစဉ်ပျက်စေခြင်းမရှိဘဲ အခြေခံ သဘောတရားများနှင့်အညီ ပြုမူလုပ်ကိုင်၏။ သူ၏ပြုမူဆောင်ရွက်ချက်များသည် မည်သည့်အချက်မျှ၏ သက်ရောက်မှု လုံးဝမရှိဘဲ သူသည် မည်သည်ကိုပြုလုပ်သည်ဖြစ်စေ ၎င်းသည် သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများကို လုံးဝလိုက်နာ၏။ ဤသည်မှာ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရရှိ၍ဖြစ်သည်။ ဤအနှစ်သာရမှာ မည်သည့်ဖန်ဆင်းထားသည့်သတ္တဝါမျှ မပိုင်ဆိုင်သော သူ၏အနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်၏။ ဘုရားသခင်သည် သူဖန်ဆင်းသည့်အရာ အားလုံးအကြား အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ရာတွင်နှင့် အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိ၏။ ထို့အပြင် သူသည် ၎င်းအရာ၌ မည်သည့်အခါကမျှ ပေါ့လျော့ခဲ့ခြင်း မရှိပေ။ ကောင်းသောသူများအပေါ် သူသည် သနားခြင်းကရုဏာတော်ရှိ၍ ကြင်နာ၏။ ဆိုးယုတ်သောသူများအပေါ် သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေ၏။ ထို့အပြင် သက်ရှိသတ္တဝါအမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူသားမျိုးနွယ်၏လောက၏ ကွဲပြားသောသတ်မှတ်ချက်များနှင့်အညီ အချိန်မီ၊ ပုံမှန်နည်းဖြင့် သင့်တော်သော စီမံမှုများကိုပြုလုပ်ရာ ဤသက်ရှိသတ္တဝါအမျိုးမျိုးသည် စနစ်ကျသောနည်းဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများနှင့်အညီ ပြန်ဝင်စားကြကာ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉ်လောကအကြား စနစ်ကျသောနည်းဖြင့် ရွေ့လျားသွားလာကြ၏။

သက်ရှိသတ္တဝါတစ်ခု၏သေဆုံးခြင်း၊ ရုပ်ခန္ဓာအသက်အဆုံးသတ်ခြင်းသည် ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉ်လောကအတွင်း ရောက်ရှိသွားကြောင်း လက္ခဏာဖြစ်၍၊ ရုပ်ခန္ဓာအသက်အသစ် မွေးဖွားခြင်းသည် သက်ရှိသတ္တဝါတစ်ခု ဝိညာဉ်လောကမှ ရုပ်ဝတ္ထုလောကသို့ လာကာ ၎င်း၏အခန်းကဏ္ဍကို စတင်လက်ခံ၍ ၎င်း၏အခန်းကဏ္ဍတွင် စတင်ပါဝင်ကြောင်း လက္ခဏာဖြစ်၏။ သတ္တဝါတစ်ခု ထွက်ခွာသည်ဖြစ်စေ၊ ရောက်ရှိသည်ဖြစ်စေ၊ နှစ်ခုစလုံးသည် ဝိညာဉ်လောက၏အလုပ်မှ ခွဲခြား၍မရပေ။ လူတစ်ဦးသည် ရုပ်ဝတ္ထုလောကအတွင်း ရောက်လာသည့်အခါ၌ ၎င်းတို့သွားရောက်သည့် မိသားစု၊ ၎င်းတို့ဆိုက်ရောက်သည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်သည့်အချိန်နှင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍတို့အတွက် ဝိညာဉ်လောကရှိ ဘုရားသခင်မှ သင့်တော်သည့်အစီအမံများနှင့် ချမှတ်ချက်များ ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤသူ၏အသက်တာတစ်ခုလုံး၊ ၎င်းပြုလုပ်သည့် အရာများ၊ ၎င်းလိုက်လျှောက်သည့်လမ်းကြောင်းများသည် အမှားအယွင်း စိုးစဉ်းမျှမရှိဘဲ ဝိညာဉ်လောက၏ အစီအမံများအတိုင်းရှေ့ဆက်လေသည်။ ထိုအတောအတွင်း အသက်ခန္ဓာအဆုံးသတ်သည့်အခါနှင့် အဆုံးသတ်ပုံသတ်နည်းနှင့် အဆုံးသတ်သည့်နေရာတို့ကို ဝိညာဉ်လောကအတွက် ရှင်းလင်း၍ ထိုးထွင်းသိမြင်နိုင်၏။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်ချုပ်၍ ဝိညာဉ်လောကကို အုပ်ချုပ်ကာ သူသည် ဝိညာဉ်လိပ်ပြာတစ်ပါး၏ သာမန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့ လိပ်ပြာတစ်ပါး၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၏ အစီအမံများတွင်လည်း အမှားများ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လောက၏တရားဝင်ရာထူးများ၌ရှိသည့် ဘိလစ်စာရေးတစ်ဦးစီသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းကမ်းများတို့နှင့်အညီ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်၍ လုပ်သင့်သော အရာများကို လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင် လူသားမြင်တွေ့သည့် ရုပ်ဝတ္ထုအဖြစ်အပျက် တိုင်းသည် စနစ်တကျရှိ၍ ပရမ်းပတာများ လုံးဝမပါဝင်ပေ။ ဤသည်အားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင် ဘုရားသခင်၏သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်သည့်အတွက်ကြောင့်ဖြစ်ကာ၊ သူအုပ်ချုပ်သည့်အရာအားလုံးတွင် လူသားတို့နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်ရုံသာမက လူသားမျိုးနွယ်၏နောက်ကွယ်မှ မမြင်နိုင်သော ဝိညာဉ်လောကလည်း ပါဝင်၏။ ထို့ကြောင့် လူသားမျိုးနွယ်သည် ကောင်းမွန်သောအသက်တာ ရရှိလို၍ ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်လိုပါက လူသားအား မြင်တွေ့နိုင်သော ရုပ်ဝတ္ထုလောက တစ်ရပ်လုံး ပေးရမည့်အပြင် မည်သူမျှ မမြင်နိုင်ဘဲ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသော ဝိညာဉ်လောကကိုပါ ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ်ဖြစ်သည်ဟု ပြောသောအခါ ငါတို့သည် "အရာခပ်သိမ်း" အပေါ် ငါတို့၏ အသိရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ဖြည့်ခဲ့ပြီမဟုတ်လော။ (ဟုတ်ကဲ့။)

၂။ ယုံကြည်ခြင်းရှိသော လူအမျိုးမျိုး၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

ပထမအမျိုးအစားဖြစ်သော မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ယခု ဒုတိယအမျိုးအစားဖြစ်သော ယုံကြည်ခြင်းရှိသောလူအမျိုးမျိုးကို ဆွေးနွေးကြစို့။ "ယုံကြည်ခြင်းရှိသောလူအမျိုးမျိုး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ" သည်လည်း လွန်စွာအရေးကြီးသည့် အကြောင်းအရာဖြစ်ကာ၊ ၎င်းကို သင်တို့ နားလည်မှုအချို့ရှိရန်မှာ သင့်တော်လျော်ကန်၏။ ပထမအနေနှင့် "ယုံကြည်ခြင်းရှိသောလူများ" တွင် ရှိသည့် "ယုံကြည်မှု"သည် မည်သည့်ယုံကြည်မှုများကို ရည်ညွှန်းသည်ကို ငါတို့ ပြောဆိုဆွေးနွေးကြစို့။ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗရင်ဂျီဘာသာ၊ အစ္စလမ်ဘာသာနှင့် ဗုဒ္ဓဘာသာ၊ ဤအဓိက ဘာသာငါးမျိုးကို ဆိုလိုသည်။ မယုံကြည်သူများအပြင် ဤအဓိကဘာသာ ငါးမျိုးကို ယုံကြည်သောသူများသည် ကမ္ဘာ့လူဦးရေ၏ ကြီးမားသောပမာဏတစ်ရပ် ဖြစ်သည်။ ဤဘာသာ ငါးမျိုးအကြား ၎င်းတို့၏ယုံကြည်ခြင်းကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် ပြုလုပ်ခဲ့သူများမှာ နည်းပါးသော်လည်း ဤဘာသာများတွင် ယုံကြည်သူများစွာရှိ၏။ ၎င်းတို့၏ယုံကြည်သူများသည် သေဆုံးသောအခါ ကွဲပြားသည့်အရပ်တစ်ခုသို့ သွားကြ၏။ မည်သူနှင့် "ကွဲပြားသနည်း"။ ငါတို့ခုတင်ပြောနေသည့် မယုံကြည်သူများ၊ ယုံကြည်ခြင်းမရှိသူများဖြစ်၏။ ၎င်းတို့သေဆုံးပြီးနောက် ဤဘာသာငါးမျိုးတို့ကို ယုံကြည်သူများသည် အခြားနေရာတစ်ခုသို့၊ မယုံကြည်သူများမှ ကွဲပြားသည့် နေရာတစ်ခုသို့ သွားကြ၏။ သို့သော် လုပ်ငန်းစဉ်မှာမူ အတူတူပင်ဖြစ်၏။ ဝိညာဉ်လောကသည်လည်း ၎င်းတို့မသေဆုံးမီ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအပေါ် အခြေပြု၍ တရားစီရင် ခြင်းတစ်ခု လုပ်ဆောင် မည်ဖြစ်သည်။ ထို့နောက်တွင် ထိုသူတို့သည် လျော်ညီစွာ အရေးယူဆောင်ရွက်ခြင်း ခံရမည်။ သို့ရာတွင် ထိုသူတို့အား အရေးယူဆောင်ရွက်ရန် အခြားတစ်နေရာတွင် အဘယ်ကြောင့် ထားသနည်း။ ဤသည်အတွက် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိပေ၏။ ထိုအကြောင်းရင်းမှာ မည်သည်နည်း။ သင်တို့အား ဥပမာတစ်ခုသုံး၍ ငါပြောပြမည်။ သို့ရာတွင် ငါမပြောပြမီ သင်တို့သည် သင်တို့ကိုယ်သင်တို့ "၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း အနည်းငယ်သာရှိ၍ ဖြစ်နိုင်သည်။ ၎င်းတို့သည် အပြည့်အဝ မယုံကြည်သူများ မဟုတ်ပေ။" ဟု စဉ်းစားနေနိုင်သည်။ ဤသည်မှာ အကြောင်းရင်း မဟုတ်ပေ။ ၎င်းတို့အား အခြားတစ်နေရာတွင် ထားရခြင်းအတွက် အလွန်အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိ၏။

ဗုဒ္ဓဘာသာကို ကြည့်လော့။ သင်တို့ကို ငါအမှန်တရားတစ်ရပ် ပြောပြမည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပထမအနေနှင့် ဗုဒ္ဓဘာသာသို့ ပြောင်းလဲသက်ဝင်သွားသူတစ်ဦးဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သိသူတစ်စုံတစ်ဦးဖြစ်၏။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ၎င်း၏ဆံပင်ညှပ်၍ ဘုန်းကြီး သို့မဟုတ် သီလရှင်တစ်ပါးဖြစ်သည့်အခါ ၎င်းသည် မိမိကိုယ်ကိုယ် လောကီ ကမ္ဘာမှ ခွဲထွက်ကာ လူ့လောက၏ ပွက်ပွက်ညံသံကို ဝေးကွာစွာ ချန်ရစ်ထားခဲ့သည်ဟု ဆိုလိုခြင်းဖြစ်၏။ ၎င်းတို့သည် နေ့စဉ် သုတ်များကို သံပြိုင်ရွတ်ဆိုကာ သက်သတ်လွတ်အစာကိုသာ စားကြ၏။ တပသီဘဝ၌ နေထိုင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏နေ့ရက်များကို ဆီမီးခွက်၏ အေး၍အားနည်းသော အလင်းရောင်ကို အဖော်ပြုရင်း ဖြတ်သန်းကြ၏။ ၎င်းတို့သည် ၎င်းတို့၏ဘဝတစ်ခုလုံးကို ဤနည်းဖြင့် ကုန်ဆုံးကြသည်။ ၎င်းတို့၏ခန္ဓာအသက် ပြီးဆုံးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏ဘဝ အကျဉ်းချုပ်တစ်ရပ် ပြုလုပ်၏။ သို့သော် ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် သေဆုံးပြီးနောက် မည်သည့်နေရာသို့ သွားမည်၊ မည်သူနှင့်တွေ့မည်၊ မည်သို့အဆုံးသတ်မည်ကို မသိကြပေ။ ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် ဤအရာများအပေါ် မရှင်းလင်းကြပေ။ ၎င်းတို့၏ဘဝတစ်လျှောက်လုံးကို ယုံကြည်ချက်တစ်ရပ်ကို အဖော်ပြုရင်း ဆင်ကန်းတောတိုး ကုန်ဆုံးကြခြင်းထက် ပို၍ မည်သည့်အရာမျှ မပြုခဲ့ကြပေ။ ၎င်းနောက် ထိုသူတို့သည် ဆင်ကန်းတောတိုးဆန္ဒများနှင့် စိတ်ကူးယဉ်စံများလိုက်ပါ၍ လောကမှ ထွက်ခွာကြ၏။ ၎င်းတို့ သက်ရှိလောကမှ ထွက်ခွာသည့်အခါ ဤသည်မှာ ၎င်းတို့၏ခန္ဓာအသက် အဆုံးသတ်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ဝိညာဉ်လောကရှိ ၎င်းတို့၏မူရင်းနေရာသို့ ပြန်သွားကြသည်။ ဤသူသည် မြေကြီးသို့ပြန်သွားရန် ဝင်စား၍ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းကို ဆက်လက်ပြုလုပ်ခြင်း ရှိမရှိမှာ ၎င်းတို့မသေဆုံးမီ ၎င်းတို့၏အပြုအမူနှင့် ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းအပေါ်တွင် မူတည်သည်။ ၎င်းတို့၏အသက်တာကာလအတွင်း မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပါက ၎င်းတို့သည် လျင်မြန်စွာ ပြန်လည်ဝင်စားကြကာ ဘုန်းကြီး သို့မဟုတ် သီလရှင် တဖန်ပြန်ဖြစ်မည့် မြေကြီးပေါ်သို့ တဖန်ပြန်ပို့ခြင်း ခံရလိမ့်မည်ဖြစ်သည်။ ပထမဆုံးအကြိမ်၏ လုပ်ငန်းစဉ်အတိုင်း ၎င်းတို့၏ ရုပ်ခန္ဓာသည် ၎င်းတို့ဘာသာ ၎င်းတို့ ပျိုးထောင်ပြီးနောက် ၎င်းတို့သေဆုံးကြကာ ၎င်းတို့ စစ်ဆေးခြင်းခံရသည့် ဝိညာဉ်လောကသို့ ပြန်သွားကြသည်။ ၎င်းနောက် ပြဿနာများမရှိပါက ၎င်းတို့သည် လူ့လောကသို့ တစ်ဖန်ပြန်လာနိုင်ကြပြီး ဗုဒ္ဓဘာသာသို့ နောက်တစ်ဖန်ကူးပြောင်း၍ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းကို ဆက်လက်ပြုလုပ်ကြ၏။ သုံးကြိမ်မှ ခုနစ်ကြိမ် ပြန်ဝင်စားပြီးနောက် ၎င်းတို့သည် ၎င်းတို့၏ ခန္ဓာအသက်ပြီးဆုံးတိုင်း သွားသည့် ဝိညာဉ်လောကသို့ တစ်ဖန်ပြန်ကြလိမ့်မည်။ လူ့လောကရှိ ၎င်းတို့၏ အရည်အချင်းအမျိုးမျိုးနှင့် အပြုအမူသည် ဝိညာဉ်လောက၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့်အညီ ဖြစ်ပါက ယခုအချိန်မှစ၍ ၎င်းတို့သည် ထိုနေရာတွင် ရှိကြလိမ့်မည်။ ၎င်းတို့သည် လူအဖြစ် ပြန်ဝင်စားခြင်း မရှိတော့ဘဲ မြေကြီးပေါ်တွင် မကောင်းမှုပြုလုပ်ခြင်းအတွက် အပြစ်ပေးခံရမည့် အန္တရာယ်လည်း ရှိမည်မဟုတ်ပေ။ ထိုသူတို့သည် ဤဖြစ်စဉ်ကို မည်သည့်အခါမျှ ထပ်မံ တွေ့ကြုံရတော့မည် မဟုတ်ပေ။ ယင်းအစား ၎င်းတို့၏အခြေအနေများအရ ၎င်းတို့သည် ဝိညာဉ်နယ်ပယ်တွင် ရာထူးတစ်ခုကို ယူလိမ့်မည်။ ဤသည်မှာ မသေသည့်အဖြစ်ကို ရယူနိုင်ခြင်းဟု ဗုဒ္ဓဘာသာဝင်များ ရည်ညွှန်းသည့်အရာဖြစ်၏။ မသေသည့်အဖြစ်ကိုရယူနိုင်ခြင်းမှာ အဓိကအားဖြင့် ဝိညာဉ်လောက၏ အရာရှိတစ်ဦး ဖြစ်သွားခြင်းဟု ဆိုလိုပြီး၊ ပြန်ဝင်စားခြင်း သို့မဟုတ် အပြစ်ဒဏ်ရရှိရန် ရှေ့ဆက်အလားအလာ မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ထက်ပို၍၊ ပြန်လည်ဝင်စားပြီးနောက် လူသားဖြစ်ခြင်း၏ အနှောင့်အယှက် ခံစားရခြင်း မရှိတော့ဟု ဆိုလိုသည်။ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားရန် အလားအလာတစ်စုံတစ်ရာ ရှိသေးသလော။ (မရှိပါ။) ဤသည်မှာ ထိုသူတို့သည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ် ရယူရန်ကျန်ရှိနေကာ ပြန်လည်ဝင်စားခြင်း ရှိတော့မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ထာဝရရှင်သန်မှုကို ရရှိခြင်း၏ နမူနာတစ်ရပ်ဖြစ်သည်။ ထာဝရရှင်သန်မှုကို မရရှိသူများအတွက်မူ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ သက်ဆိုင်ရာ ဘိလစ်စာရေး၏ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းခံရကာ၊ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ရာတွင် လုံ့လဝီရိယမရှိ သို့မဟုတ် ဗုဒ္ဓဘာသာမှ ပြဋ္ဌာန်းသည့်အတိုင်း သုတ်များကို သံပြိုင်ရွတ်ဆိုရာတွင် တာဝန်သိစွာ လုပ်ဆောင်ခြင်းမရှိဟု တွေ့ခဲ့၏။ ယင်းအစား ၎င်းတို့သည် မကောင်းမှုများစွာကျူးလွန်ကြကာ ဆိုးယုတ်မှုများစွာ ကျူးလွန်ခဲ့ကြ၏။ ထို့နောက် ဝိညာဉ်လောကတွင် ၎င်းတို့မကောင်းမှုပြုလုပ်ခြင်းအပေါ် တရားစီရင်ချက်ချမှတ်ပြီးနောက် ၎င်းတို့အပြစ်ပေးခြင်းခံရမည်မှာ သေချာ၏။ ဤအရာ၌ ခြွင်းချက်လုံးဝ မရှိပေ။ ထို့ကြောင့် ဤကဲ့သို့သောလူသည် ထာဝရရှင်သန်မှုကို မည်သည့်အခါ၌ ရရှိမည်နည်း။ ၎င်းတို့ မကောင်းမှုပြုလုပ်ခြင်းမရှိသည့် အသက်တာ၌၊ ဝိညာဉ်လောကသို့ ပြန်ရောက်လာပြီးနောက် ၎င်းတို့မသေဆုံးမီ ၎င်းတို့သည် မည်သည့်မှားယွင်းသည့်အရာမျှ မပြုလုပ်ခဲ့ကြောင်း တွေ့ကြ၏။ ၎င်းတို့သည် ဆက်၍ ပြန်ဝင်စားကြကာ၊ သုတ်များကို ဆက်လက်ရွတ်ဆိုကြရင်း ၎င်းတို့၏နေ့ရက်များကို ဆီမီး၏ အေး၍အားနည်းသော အလင်းရောင်ဖြင့် ကျော်လွန်ကြ၏။ ၎င်းတို့သည် မည်သည့်သက်ရှိကိုမျှ မသတ်၊ အသားမစားဘဲ လူ့လောက ဒုက္ခများကို ချန်ထားခဲ့ကာ အခြားသူများနှင့် အငြင်းပွားခြင်းမရှိလျက် လူ့လောကတွင် ပါဝင်ခြင်းမရှိကြပေ။ ဤလုပ်ငန်းစဉ်အတွင်း ၎င်းတို့သည် မကောင်းမှု မလုပ်ကြပေ။ ၎င်းနောက် ထိုသူတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် အပြုအမူများ အားလုံး စစ်ဆေးခံရပြီးနောက်၊ ၎င်းတို့သည် လူ့လောကအတွင်း နောက်တစ်ကြိမ်ပို့ခြင်း ခံရကာ ဤသံသရာတွင် သုံးကြိမ်မှ ခုနစ်ကြိမ်လည်နေ၏။ ဤကာလအတွင်း ကမောက်ကမဖြစ်ခြင်းများ မရှိလျှင် ၎င်းတို့၏ ထာဝရရှင်သန်မှု ရယူခြင်းသည် သက်ရောက်ခံရမှုမရှိဘဲ နှောင့်နှေးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်သူအားလုံး၏ ရှင်ခြင်း နှင့် သေခြင်းသံသရာ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းတို့သည် ထာဝရရှင်သန်မှုကို ရယူနိုင်၍ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ် ရယူနိုင်ကြ၏။ ဤသည်မှာ မယုံကြည်သူများမှ ၎င်းတို့ကွဲပြားသည့်အချက်ဖြစ်၏။ ပထမအနေဖြင့် ၎င်းတို့သည် မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိစဉ် ဝိညာဉ်လောကတွင် ရာထူးတစ်ရပ်ယူနိုင်သောသူများ၏ အမူအကျင့်သည် မည်သို့နည်း။ ၎င်းတို့သည် မကောင်းမှု လုံးဝမပြုရပေ။ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု သို့မဟုတ် တိုက်ခိုက်လုယက်မှု မကျူးလွန်ရပေ။ ၎င်းတို့ လိမ်လည်မှု၊ လှည့်ဖြားမှု၊ ခိုးမှု သို့မဟုတ် လုယက်မှု ကျူးလွန်ပါက ၎င်းတို့သည် ထာဝရရှင်သန်မှု မရရှိနိုင်ပေ။ ၎င်းတို့သည် မကောင်းမှုပြုလုပ်ခြင်းနှင့် ဆက်စပ်မှု သို့မဟုတ် နှီးနွှယ်မှု တစ်စုံတစ်ရာရှိပါက ဝိညာဉ်လောက၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ထာဝရရှင်သန်မှု ရရှိသော ဗုဒ္ဓဘာသာဝင်များအတွက် ဝိညာဉ်လောကသည် သင့်တော်သော အစီအမံများ ပြုလုပ်ပေးသည်။ ဗုဒ္ဓဘာသာနှင့် ကောင်းကင်ရှိ အဖိုးအိုတို့ကို ယုံကြည်ပုံရသူများကို စီမံအုပ်ချုပ်ရန် ၎င်းတို့ တာဝန်ပေးခံရနိုင်သည်။ ဗုဒ္ဓဘာသာဝင်များသည် အုပ်ချုပ်စီရင်ပိုင်ခွင့် အာဏာတစ်ရပ် ရရှိကာ ၎င်းတို့သည် မယုံကြည်သူများကိုသာ စီမံအုပ်ချုပ်နိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် အလွန်အရေးမပါသော ဘိလစ်စာရေး ဖြစ်နိုင်သည်။ ဤကဲ့သို့ ခွဲဝေချထားပေးခြင်းသည် ဤဝိညာဉ်လိပ်ပြာတို့၏ သဘာဝနှင့်အညီဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ဥပမာတစ်ရပ်ဖြစ်သည်။

ငါတို့ပြောဆိုခဲ့သည့်ဘာသာငါးခုအကြား ခရစ်ယာန်ဘာသာသည် အနည်းငယ်ထူးခြားသည်။ ခရစ်ယာန်ဘာသာသည် မည်သို့ထူးခြားသနည်း။ ဤသူတို့သည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကြသူများ ဖြစ်၏။ စစ်မှန်သောဘုရားသခင်ကို ယုံကြည်သောသူများကို ဤနေရာတွင် မည်သို့ စာရင်းဝင်နိုင်သနည်း။ ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်းတစ်မျိုးဖြစ်သည့်အတွက် ၎င်းသည် ယုံကြည်ခြင်းနှင့်သာ သက်ဆိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ၎င်းသည် အခမ်းအနားတစ်မျိုး၊ ဘာသာတရားတစ်မျိုးနှင့် ဘုရားသခင်နောက် စစ်မှန်စွာ လိုက်လျှောက်သူများ၏ ယုံကြည်ခြင်းမှ ကွဲပြားသည့် အရာတစ်မျိုးဖြစ်၏။ ငါသည် ၎င်းကို အဓိကဘာသာ ငါးမျိုးအကြား စာရင်းဝင်စေခဲ့ခြင်း အကြောင်းရင်းမှာ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့၏အဆင့်သို့ လျှော့ချခံရသည့်အတွက်ဖြစ်၏။ ခရစ်ယာန်အများစုသည် ဘုရားသခင်ရှိကြောင်း သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မယုံဘဲ သူ၏တည်ရှိမှုကို သာ၍ပင် မယုံကြည်ပေ။ ယင်းအစား ဓမ္မပညာအကြောင်းပြောရန် ၎င်းတို့သည် ကျမ်းပိုဒ်များကို အသုံးပြုရုံမျှသာရှိကာ၊ လူတို့အား ကြင်နာရန်၊ ဒုက္ခခံရန်နှင့် ကောင်းသောအရာများကို ပြုလုပ်ရန် သင်ကြားရေးအတွက် ဓမ္မပညာကို အသုံးပြုကြ၏။ ၎င်းမှာ ခရစ်ယာန်ဘာသာသည် မည်သို့သောဘာသာဟူသည် ဖြစ်၏။ ၎င်းသည် ဓမ္မပညာနှင့်သက်ဆိုင်သော အယူဝါဒများကိုသာ အာရုံစိုက်လျက် ဘုရားသခင်၏ လူသားကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းအမှုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင်မှ အသိအမှတ်မပြုသော ဘုရားသခင်နောက်လိုက်သူများ၏ ဘာသာတစ်ရပ်ဖြစ်၏။ သို့သော် ၎င်းတို့အပေါ် ချဉ်းကပ်ရာတွင်လည်း ဘုရားသခင်၌ အခြေခံသဘောတရားတစ်ရပ် ရှိ၏။ သူသည် ၎င်းတို့အား မယုံကြည်များကို ဆက်ဆံကိုင်တွယ်သကဲ့သို့ပင် စိတ်ဆန္ဒရှိသည်အတိုင်း ပေါ့တန်စွာ ဆက်ဆံကိုင်တွယ်ခြင်း မပြုပေ။ ၎င်းတို့အား သူ၏ချဉ်းကပ်နည်းသည် ဗုဒ္ဓဘာသာဝင်များကို ချဉ်းကပ်နည်းအတိုင်းဖြစ်၏။ ၎င်းတို့အသက်ရှင်နေစဉ်တွင် ခရစ်ယာန်တစ်ဦးသည် ကိုယ့်စည်းကမ်းနှင့်ကိုယ် နေပါက၊ မိမိတို့ကိုယ်တိုင်၏ အပြုအမူအပေါ် တောင်းဆိုချက်များပြုလုပ်ရာတွင် ပညတ်တော်ဆယ်ပါးကို အတိအကျလိုက်နာကာ ဥပဒေများနှင့် ပညတ်ချက်များကို လိုက်နာပါက၊ ထို့အပြင် ဤသည်ကို ၎င်းတို့၏အသက်တာ တစ်လျှောက်လုံး ပြုလုပ်နိုင်ပါက၊ ၎င်းတို့သည်လည်း ချီဆောင်ခြင်းဟုခေါ်သည့်အရာကို စစ်မှန်စွာမရယူနိုင်မီ ရှင်ခြင်းနှင့်သေခြင်းသံသရာများကို ဖြတ်ကျော်ရာတွင် တူညီသောအချိန်ပမာဏ ကုန်ဆုံးမည်ဖြစ်သည်။ ဤချီဆောင်ခြင်း အထမြောက်ပြီးနောက် ထိုသူတို့သည် ဝိညာဉ်လောကအတွင်း ဆက်လက်တည်ရှိကာ ထိုနေရာတွင် ရာထူးတစ်ရပ် ရယူလျက် ၎င်း၏ဘိလစ်စာရေးများအနက် တစ်ဦးဖြစ်လာ၏။ အလားတူပင် ထိုသူတို့သည် မြေကြီးပေါ်တွင် မကောင်းမှုကျူးလွန်ပါက၊ ဆိုးယုတ်၍ အပြစ်ကျူးလွန်မှု များလွန်းသောအခါ ၎င်းတို့သည် ကွဲပြားသောပြင်းထန်မှုဖြင့် အပြစ်ပေးခံရလျက် ဆုံးမပဲ့ပြင်ခြင်းခံရမည်မှာ ရှောင်လွှဲ၍ မရပေ။ ဗုဒ္ဓဘာသာတွင် ထာဝရရှင်သန်မှုရယူခြင်းဆိုသည်မှာ သုခဘုံသို့ ဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရသော်လည်း ခရစ်ယာန်ဘာသာတွင် ၎င်းကို မည်သို့ခေါ်ကြသနည်း။ ၎င်းကို "ကောင်းကင်နိုင်ငံ ဝင်ရောက်ခြင်း" နှင့် "ချီဆောင်ခံရခြင်း" ဟုခေါ်၏။ စစ်မှန်စွာချီဆောင်ခံရသူတို့သည်လည်း ရှင်ခြင်းနှင့်သေခြင်းသံသရာ သုံးကြိမ်မှ ခုနစ်ကြိမ်ဖြတ်သန်းပြီးနောက် သေဆုံးကာ အိပ်ပျော်သွားသည့်အတိုင်း ဝိညာဉ်လောကသို့ ရောက်လာကြ၏။ ၎င်းတို့သည် စံချိန်မီပါက အခန်းကဏ္ဍတစ်ရပ် ရယူရန် ဆက်၍တည်ရှိနိုင်ပြီး မြေကြီးပေါ်ရှိလူတို့နှင့် မတူဘဲ ရိုးရှင်းသောနည်းလမ်းတစ်ရပ် သို့မဟုတ် အစဉ်အလာနှင့်အညီ ပြန်ဝင်စားကြမည် မဟုတ်ပေ။

ဤဘာသာအားလုံးအကြား ပြောဆို၍ ကြိုးပမ်းအားထုတ်ကြသော အဆုံးသည် ဗုဒ္ဓဘာသာတွင် ထာဝရရှင်သန်မှု ရရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ကွဲပြားသောနည်းများဖြင့် အထမြောက်ကြခြင်းသာဖြစ်၏။ ၎င်းတို့အားလုံးသည် တစ်မျိုးတစ်စားတည်းပင်ဖြစ်ကြ၏။ ၎င်းတို့၏အပြုအမူတွင် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော ဤဘာသာများမှလူတို့၏ ဤအစိတ်အပိုင်းအတွက် ဘုရားသခင်သည် ၎င်းတို့နှင့်သင့်တော်သော ခရီးပန်းတိုင်၊ သင့်တော်သော သွားစရာနေရာ ပေး၍ ၎င်းတို့ကို သင့်တော်စွာ ကိုင်တွယ်၏။ ဤအရာအားလုံးသည် ကျိုးကြောင်းဆီလျော်သော်လည်း လူတို့စိတ်ကူးသကဲ့သို့ မဟုတ်ပေ၊ မှန်သည် မဟုတ်လော။ ခရစ်ယာန်များ မည်သို့ဖြစ်သည်ကို ယခုကြားပြီးနောက် သင်တို့ မည်သို့ခံစားရသနည်း။ ထိုသူတို့အတွက် သင်တို့ စိတ်ထိခိုက်သလော။ ၎င်းတို့ကို စာနာသလော။ (အနည်းငယ် စာနာပါသည်။) ၎င်းတို့ ဆောင်ရွက်နိုင်စရာ ဘာမျှမရှိပေ။ ၎င်းတို့သည် မိမိကိုယ်ကိုယ်မိမိ အပြစ်တင်ရန်သာ ရှိတော့သည်။ ငါဤသို့ အဘယ်ကြောင့်ပြောသနည်း။ ဘုရားသခင်၏ အမှုသည် စစ်မှန်၏။ ဘုရားသခင်သည် အသက်ရှင်ကာ အမှန်ရှိ၏။ ထို့အပြင် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် လူတိုင်းကို ရည်ရွယ်ထားခြင်းဖြစ်၏။ ထိုသို့ဖြစ်လျှင် ခရစ်ယာန်တို့သည် ဤသည်ကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင်အား အဘယ်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလျက် ဆန့်ကျင်ကာ ညှဉ်းပန်းနှိပ်စက်သနည်း။ ဤကဲ့သို့သော အဆုံးသတ်ခြင်းကို ရရှိခြင်းသည်ပင် ဤသူတို့အတွက် ကံကောင်းခြင်းဖြစ်သဖြင့် သင်တို့သည် ၎င်းတို့အတွက် အဘယ်ကြောင့် စိတ်မကောင်းဖြစ်ကြသနည်း။ ၎င်းတို့ ဤသို့ကိုင်တွယ်ခံရသည်မှာ ကြီးမားသော သည်းခံမှုကိုပြ၏။ ဘုရားသခင်ကို ၎င်းတို့ဆန့်ကျင်သည့်အတိုင်းအတာကို အခြေပြု၍ ၎င်းတို့သည် ဖျက်ဆီးခံရသင့်သည်။ သို့သော် ဘုရားသခင်သည် ဤသို့မပြုဘဲ ခရစ်ယာန်ဘာသာအား သာမန်ဘာသာတစ်ရပ်ကို ကိုင်တွယ်သည့်နည်းတူသာ ကိုင်တွယ်၏။ ထို့ကြောင့် အခြားဘာသာများအကြောင်း အသေးစိတ်ပြောရန် လိုသလော။ ဤဘာသာအားလုံး၏ လက္ခဏာမှာ လူတို့ သာ၍ခက်ခဲမှုကို ခံစားရန်၊ မကောင်းမှု မပြုရန်၊ ကောင်းသောအရာများကို ပြောရန်၊ ကောင်းမှုပြုရန်၊ သူတပါးအား ဆဲရေးခြင်း မပြုရန်၊ သူတပါးအပေါ် အလွယ်တကူ ဆုံးဖြတ်ချက်မချရန်၊ အငြင်းပွားမှုများမှ ဝေးရာတွင်နေရန်၊ ကောင်းသောအရာများကို ပြုလုပ်ရန်၊ လူကောင်းတစ်ဦးဖြစ်ရန် ဖြစ်၏။ ဘာသာရေးအများစု၏ သင်ကြားပို့ချချက်များမှာ ဤကဲ့သို့ဖြစ်၏။ ထို့ကြောင့် ဤယုံကြည်သူများ၊ ဘာသာအမျိုးမျိုးနှင့် ဘာသာရေးဂိုဏ်းခွဲအမျိုးမျိုးမှ ဤလူတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်ပါက ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေသောအချိန်အတွင်း ကြီးမားသော အမှားများ သို့မဟုတ် အပြစ်များ ကျူးလွန်မည်မဟုတ်ဘဲ သုံးကြိမ်မှ ခုနစ်ကြိမ် ပြန်ဝင်စားပြီးနောက် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော ဤလူတို့ အနည်းနှင့်အများသည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို ရယူရန် ဆက်လက်တည်ရှိကြမည်။ ထိုကဲ့သို့သောလူတို့ အများပြားရှိသလော။ (အများအပြားမရှိပါ။) သင်၏အဖြေကို မည်သည့်အရာအပေါ် အခြေခံထားသနည်း။ ကောင်းမှုပြုခြင်း၊ ဘာသာရေးစည်းကမ်းများနှင့် ဥပဒေများကို လိုက်နာခြင်းတို့သည် မလွယ်ကူပေ။ ဗုဒ္ဓဘာသာသည် လူတို့အား အသားစားခွင့်မပြုပေ။ သင် ဤသို့ပြုနိုင်သလော။ သင်သည် မီးခိုးရောင် ဝတ်ရုံများဝတ်ရလျက် ဗုဒ္ဓဘာသာဘုရားများတွင် သုတ်များ တစ်နေကုန် ရွတ်ဆိုနိုင်မည်လော။ လွယ်ကူမည်မဟုတ်ပေ။ ခရစ်ယာန်တို့တွင် ပညတ်တော်ဆယ်ပါးရှိ၏။ ပညတ်ချက်များနှင့် ပညတ်တရား များသည် လိုက်နာရန် လွယ်ကူသလော။ မလွယ်ကူပေ။ သူတပါးကို ဆဲရေးတိုင်းထွာခြင်းမပြုရဟူသည်ကို ကြည့်ကြစို့။ လူတို့သည် ဤစည်းကမ်းကို လိုက်နာနိုင်စွမ်း မရှိပေ။ မိမိကိုယ်ကိုယ် တားဆီးနိုင်စွမ်းမရှိသည့်အတွက် ၎င်းတို့သည် ဆဲရေးတိုင်းထွာကြ၏။ ဆဲရေးတိုင်းထွာပြီးနောက် ၎င်းတို့သည် ပြန်ပြောင်း၍ မရတော့ပေ။ ထိုအခါ ၎င်းတို့ မည်သည့်အရာ ပြုလုပ်သနည်း။ ညတွင် ၎င်းတို့သည် ၎င်းတို့၏အပြစ်များကို ဝန်ခံကြ၏။ တစ်ခါတစ်ရံတွင် သူတပါးအား ဆဲရေးတိုင်းထွာပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် အမုန်းတရား ရှိနေသေးကာ၊ ၎င်းတို့သည် ထိုသူတို့အား မည်သည့်အချိန်တွင် အန္တရာယ်ပြုမည်ကို အစီအစဉ်ပြုလုပ်သည့် အတိုင်းအတာအထိပင် သွားကြ၏။ အတိုချုပ်အားဖြင့်၊ သေဆုံးနေသောဤတရားသေဝါဒအကြားတွင် နေထိုင်သူတို့အတွက် အပြစ်မပြုလုပ်ရန် သို့မဟုတ် မကောင်းမှုမကျူးလွန်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် ဘာသာရေးတိုင်းတွင် အနည်းငယ်သောလူတို့သာလျှင် ထာဝရရှင်သန်မှုကို ရယူနိုင်ကြ၏။ ဤဘာသာများနောက် လိုက်ကြသူအများအပြားရှိသည့်အတွက် အများအပြားသည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို ရယူရန် ဆက်လက်တည်ရှိနိုင်ကြမည်ဟု သင်ထင်၏။ သို့ရာတွင် ဤမျှမများပြားကြပေ။ အနည်းငယ်သာလျှင် ဤသည်ကို အထမြောက်နိုင်ကြ၏။ ယုံကြည်ခြင်းရှိသောလူများအတွက် ရှင်ခြင်းနှင့်သေခြင်းသံသရာမှာ ယေဘုယျအားဖြင့် ဤမျှသာဖြစ်၏။ အခြားအရာများမှ ၎င်းတို့ ကွဲပြားသည့်အချက်မှာ ၎င်းတို့သည် ထာဝရရှင်သန်မှုကို ရယူနိုင်ခြင်းဖြစ်ပြီး ဤသည်မှာ မယုံကြည်သူများနှင့် ၎င်းတို့၏ ခြားနားချက်ဖြစ်၏။

၃။ ဘုရားသခင်နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

နောက်၊ ဘုရားသခင်နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်းသံသရာအကြောင်း ပြောကြစို့။ ဤအရာသည် သင်တို့နှင့်သက်ဆိုင်သည့်အတွက် အာရုံစိုက်လော့။ ပထမအနေဖြင့်၊ ဘုရားသခင်နောက်လိုက်သောသူများကို မည်သည့်အမျိုးအစားများ ခွဲခြားနိုင်သည်ကို စဉ်းစားလော့။ (ဘုရားသခင်မှ ရွေးချယ်သူများနှင့် အစေခံသူများ။) ဘုရားသခင်မှ ရွေးချယ်သူများနှင့် အစေခံသူများဟူ၍ နှစ်ခုရှိ၏။ ပထမ ငါတို့ ဘုရားသခင်ရွေးချယ်သူများအကြောင်းကို ပြောမည်။ ၎င်းတို့ အနည်းငယ်သာရှိသည်။ "ဘုရားသခင်၏ရွေးချယ်သောသူများ" ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက် လူသားဖြစ်ပေါ်သည့်အခါ ဘုရားသခင်သည် သူ့နောက်လိုက်သူတစ်စုကို ရွေးချယ်ခဲ့ကာ ၎င်းတို့ကို "ဘုရားသခင်၏ရွေးချယ်သောသူများ" ဟု ရိုးရှင်းစွာ ခေါ်ကြ၏။ ဤသူများကို ဘုရားသခင်ရွေးချယ်ခြင်းတွင် အထူးအတိုင်းအတာနှင့် အရေးပါမှုရှိ၏။ ထိုအတိုင်းအတာမှာ ဘုရားသခင်သည် အရေးပါသောအမှုကိုပြုတိုင်း ၎င်းတို့လာရမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အား ထူးခြားစေသည့် အရာများအနက် ပထမဆုံးအရာဖြစ်၏။ ၎င်းတို့၏ အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်မှ ၎င်းတို့အား ရွေးချယ်ခြင်းသည် ၎င်းတို့တွင် ကြီးမားသောအရေးပါမှုရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဤသူတို့အား ပြည့်စုံစေပြီး စုံလင်စေလိုသည့် ဆန္ဒရှိကာ သူ၏စီမံအုပ်ချုပ်သော အမှုပြီးဆုံးသွားသည့်အခါ သူသည် ဤလူတို့ကို ရယူလိမ့်မည်ဟု ဆိုလိုသည်။ ဤအရေးပါမှုမှာ ကြီးမားသည်မဟုတ်လော။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် ဘုရားသခင်အတွက် ကြီးမားစွာအရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်မှ ရယူရန် ရည်ရွယ်သူများဖြစ်ကြ၍ ဖြစ်သည်။ အစေခံသူများအတွက်မူ၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းမှ ခွဲထွက်၍၊ ၎င်းတို့၏ဇာစ်မြစ်များအကြောင်း ဦးစွာပြောကြစို့။ "အစေခံသူ" ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ အစေခံသောသူဖြစ်၏။ အစေခံသောသူများသည် ယာယီဖြစ်၏။ ၎င်းတို့သည် ထိုသို့ ရေရှည် သို့မဟုတ် ထာဝရ မပြုလုပ်ဘဲ ယာယီ ခန့်အပ် သို့မဟုတ် စုဆောင်းခံရသူများဖြစ်၏။ ၎င်းတို့အများစုမှာ မယုံကြည်သူများ အကြားမှ ရွေးချယ်ထားသူများ ဖြစ်ကြ၏။ ၎င်းတို့ ကမ္ဘာမြေကြီးသို့ လာသည့်အချိန်သည် ဘုရားသခင်၏ အမှုတွင် အစေခံသူများ အခန်းကဏ္ဍကို ၎င်းတို့ တာဝန်ယူရန် အမိန့်ချမှတ်သော အချိန်ဖြစ်၏။ ၎င်းတို့သည် အရင်ဘဝက တိရစ္ဆာန်တစ်ကောင် ဖြစ်ခဲ့နိုင်သော်လည်း ၎င်းတို့သည် မယုံကြည်သူများအထဲမှ တစ်ဦးလည်း ဖြစ်နိုင်၏။ ယင်းမှာ အစေခံသူများ၏ ဇာစ်မြစ်များဖြစ်ကြ၏။

ဘုရားသခင်၏ ရွေးချယ်ခံရသူများထံ ပြန်သွားကြစို့။ ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ၎င်းတို့သေဆုံးသည့်အခါ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူ အမျိုးမျိုးတို့နှင့် လုံးဝကွဲပြားသောနေရာသို့သွားကြ၏။ ထိုနေရာတွင် ၎င်းတို့သည် ကောင်းကင်တမန်များနှင့် ဘုရားသခင်၏တမန်များ လိုက်ပါလျက် ဘုရားသခင် ကိုယ်တော်တိုင် စီမံအုပ်ချုပ်သည့် နေရာဖြစ်၏။ ဤနေရာတွင် ဘုရားသခင်ရွေးချယ်ခံရသောသူတို့သည် ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ဘုရားသခင်ကို မမြင်နိုင်ကြသော်လည်း ဝိညာဉ်လောက၏ အခြားမည်သည့်နေရာနှင့်မျှ မတူပေ။ ၎င်းသည် ဤအစိတ်အပိုင်းမှလူတို့ သေဆုံးပြီးနောက် သွားသည့်နေရာဖြစ်၏။ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည်လည်း ဘုရားသခင်၏တမန်များ၏ မညှာမတာ စုံစမ်းစစ်ဆေးခြင်းကို ခံရ၏။ မည်သည့်အရာကို စုံစမ်းစစ်ဆေးသနည်း။ ဘုရားသခင်၏တမန်များသည် ဤသူတို့ ဘုရားသခင်ကိုယုံကြည်ခြင်း၌ ၎င်းတို့၏ဘဝတစ်လျှောက်လုံး လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းများ၊ ၎င်းအချိန်အတွင်း ထိုသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ဖူးခြင်း ရှိမရှိ၊ ကျိန်ဆဲခဲ့ဖူးခြင်း ရှိမရှိနှင့် ကြီးလေးသည့်အပြစ်များ သို့မဟုတ် မကောင်းမှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးကြ၏။ ဤစုံစမ်းစစ်ဆေးမှုတွင် ထိုသူသည် ထွက်ခွာမည် သို့မဟုတ် နေမည်ဟူသည့်မေးခွန်းကို ဖြေရှင်း၏။ "ထွက်ခွာသည်" ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ "နေသည်" ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ "ထွက်ခွာသည်" ဟူသည်မှာ ၎င်းတို့၏အပြုအမူအပေါ် အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏အဆင့်အကြား ဆက်လက်တည်ရှိခြင်း ရှိမရှိကို ရည်ညွှန်း၏။ "နေသည်" ဟူသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ ပြည့်စုံစေခြင်း ခံရသူများအကြား ဆက်လက်တည်ရှိနိုင်ခြင်း ရှိမရှိကို ရည်ညွှန်း၏။ နေသူများအတွက် ဘုရားသခင်သည် အထူးအစီအမံများ ရှိသည်။ သူ၏အမှုကာလတစ်ခုစီတိုင်းအတွင်း ဘုရားသခင်သည် ထိုသို့သောလူတို့ကို တမန်တော်များ အဖြစ်ဆောင်ရွက်ရန် သို့မဟုတ် အသင်းတော်များကို ပြန်လည်နိုးထစေသည့်အမှု ပြုလုပ်ရန် သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ရန် စေလွှတ်လိမ့်မည်။ သို့သော် ထိုကဲ့သို့သောအမှုကို ဆောင်ရွက်နိုင်စွမ်းရှိသူများ၏ ပြန်ဝင်စားသည့် အကြိမ်ရေနှုန်းမှာ ကြိမ်ဖန်တလဲ ပြန်လည်မွေးဖွားသော မယုံကြည်သူများလောက် မများပေ။ ယင်းအစား ထိုသူတို့သည် ဘုရားသခင်၏ အမှု၏ လိုအပ်ချက်များနှင့် အဆင့်များတို့နှင့်အညီ ကမ္ဘာမြေကြီးပေါ်သို့ ပြန်ပို့ခံရကာ၊ မကြာခဏ ဝင်စားသူများ မဟုတ်ကြပေ။ ထို့ကြောင့် ၎င်းတို့မည်သည့်အချိန်တွင် ပြန်ဝင်စားသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသလော။ ၎င်းတို့သည် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ် လာကြသလော။ ထိုသူတို့သည် ဤကဲ့သို့သော အကြိမ်ရေနှုန်းဖြင့် လာကြသလော။ မလာကြပါ။ ဤအရာကို ဘုရားသခင်၏အမှု၊ သူ့အမှု၏အဆင့်များနှင့် သူ၏လိုအပ်ချက်များအပေါ်တွင် အခြေခံထားပြီး စည်းမျဉ်းစည်းကမ်းများ မရှိပေ။ တစ်ခုတည်းသောစည်းမျဉ်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်း သူ့အမှု၏နောက်ဆုံးအဆင့်ကို လုပ်ဆောင်သည့်အခါ၊ ဤရွေးချယ်ထားသောသူများ အားလုံး လာကြလိမ့်မည်။ သူတို့အားလုံး လာကြသည့်အခါ ဤသည်မှာ ထိုသူတို့ နောက်ဆုံးအကြိမ် ပြန်ဝင်စားခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်အတွင်း အထမြောက်ရမည့်ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အမှု၏နောက်ဆုံးသောအဆင့်တွင် ဘုရားသခင်သည် ဤရွေးချယ်ထားသောလူတို့ကို လုံးဝပြည့်စုံ စေလိမ့်မည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနောက်ဆုံးသောအဆင့်တွင် ဤသူတို့သည် ပြည့်စုံစေခြင်းခံရ၍ စုံလင် စေခြင်း ခံရပါက ထိုသူတို့သည် ယခင်ကကဲ့သို့ ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။ လူသားဖြစ်ခြင်းလုပ်ငန်းစဉ်သည် လုံးဝပြီးဆုံး သွားမည်ဖြစ်သကဲ့သို့ ပြန်ဝင်စားသည့် လုပ်ငန်းစဉ်သည်လည်း လုံးဝပြီးဆုံးသွားပေမည်။ ဤသည်မှာ နေမည့်လူများနှင့် သက်ဆိုင်၏။ ထို့ကြောင့် မနေနိုင်သောသူများသည် မည်သည့်နေရာသို့ သွားကြသနည်း။ မနေနိုင်သောသူများ သွားစရာ သင့်တော်သောနေရာတစ်ခု ရှိ၏။ ပထမအနေဖြင့်၊ ၎င်းတို့၏ မကောင်းမှုပြုခြင်း၊ ၎င်းတို့ပြုလုပ်ခဲ့သည့်အမှားများနှင့် ၎င်းတို့ကျူးလွန်ခဲ့သည့်အပြစ်များ၏ ရလဒ်အနေဖြင့် ၎င်းတို့သည်လည်း အပြစ်ပေးခံရ၏။ ၎င်းတို့အပြစ်ပေးခံရပြီးနောက်၊ ဘုရားသခင်သည် ၎င်းတို့ကို မယုံကြည်သူများအကြားသို့ ပို့လိုက်၏။ အခြေအနေများနှင့် ဆီလျော်စွာ သူသည် ၎င်းတို့အား မယုံကြည်သူများ သို့မဟုတ် ယုံကြည်ခြင်းရှိသောလူအမျိုးမျိုးအကြား ရှိရန် စီမံမည်။ ဤသည်မှာ ၎င်းတို့အတွက် ဖြစ်နိုင်ခြေရှိသော အခြေအနေနှစ်ခုရှိသည်၊ တစ်ခုမှာ အပြစ်ဒဏ်ပေးခံရပြီးနောက် ၎င်းတို့ပြန်ဝင်စားသောအခါ ဘာသာတစ်ချို့မှ လူတို့အကြား နေရန်နှင့် အခြားတစ်ခုမှာ မယုံကြည်သူတစ်ဦးဖြစ်သွားရန် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်သွားပါက အခွင့်အလမ်းအားလုံး ဆုံးရှုံးသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ယုံကြည်ခြင်းရှိသော လူတစ်ဦး၊ ဥပမာ ခရစ်ယာန်တစ်ဦး ဖြစ်သွားပါက၊ ၎င်းတို့တွင် ဘုရားသခင်၏ ရွေးချယ်ခံရသူများ၏ အဆင့်များအကြားသို့ ပြန်သွားရန် အခွင့်အလမ်း ရှိသေး၏။ ဤအရာ၌ လွန်စွာရှုပ်ထွေးသော ဆက်နွယ်မှုများရှိ၏။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူများသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသော တစ်စုံတစ်ရာပြုလုပ်သည့်အခါ ၎င်းတို့သည် အခြားသူများအားလုံးကဲ့သို့ပင် အပြစ်ပေးခံရလိမ့်မည်။ ဥပမာ ယခင်က ငါတို့ဆွေးနွေးခဲ့ကြသည့် ပေါလုကို ကြည့်လော့။ ပေါလုသည် အပြစ်ပေးခံရသူများ၏ ဥပမာတစ်ရပ်ဖြစ်သည်။ ငါပြောနေသည့်အကြောင်းအရာကို သင်တို့ သဘောပေါက်သလော။ ဘုရားသခင်၏ ရွေးချယ်ခံရသူများ၏ နယ်ပယ်မှာ တရားသေ သတ်မှတ်ထားသည်လော။ (၎င်း၏အများစုမှာ တရားသေသတ်မှတ်ထားသည်။) ၎င်း၏အများစုမှာ တရားသေသတ်မှတ်ထားသော်လည်း သေးငယ်သောအစိတ်အပိုင်းမှာ တရားသေသတ်မှတ်ထားခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာ၌ ငါသည် အထင်ရှားဆုံးအကြောင်းရင်းဖြစ်သည့် မကောင်းမှု ကျူးလွန်ခြင်းကို ရည်ညွှန်းခဲ့ပြီးဖြစ်သည်။ ထိုသူတို့သည် မကောင်းမှုကျူးလွန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်ပေ။ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သည့်အခါ သူသည် ၎င်းတို့အား လူမျိုးအမျိုးမျိုးနှင့် လူအမျိုးအစား အမျိုးမျိုးတို့အကြား ပစ်လိုက်သဖြင့် ၎င်းတို့တွင် မျှော်လင့်ချက် မရှိဘဲ ၎င်းတို့ ပြန်သွားရန် ခက်ခဲစေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခံရသောလူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာနှင့် ဆက်စပ်နေ၏။

နောက်တစ်ခုမှာ အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြစ်၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ပြောဆိုခဲ့ကြပြီ၊ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏အတိတ်ဘဝများက မယုံကြည်သူများနှင့် တိရစ္ဆာန်များမှ ပြန်ဝင်စားကြခြင်းဖြစ်သည်။ အမှု၏နောက်ဆုံးအဆင့် ရောက်ရှိခြင်းနှင့်အတူ ဘုရားသခင်သည် မယုံကြည်သူများမှ ထိုကဲ့သို့သော လူတစ်စုကို ရွေးချယ်ခဲ့ကာ ဤအုပ်စုမှာ အထူးအုပ်စုဖြစ်၏။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် သူ၏အမှုကို အစေခံရန်ဖြစ်၏။ "အစေခံခြင်း" ဟူသည် ကြားရသည်မှာ ရည်မွန်လှသော စကားလုံးမဟုတ်ပေ။ တစ်စုံတစ်ဦးမှ နှစ်သက်မည့် စကားလုံးလည်း မဟုတ်ပေ။ သို့သော် ၎င်းသည် မည်သူ့ကို ရည်ရွယ်ထားသည်ကို ငါတို့ကြည့်သင့်သည်။ ဘုရားသခင်၏ အစေခံသူများ တည်ရှိနေခြင်းတွင် အထူး အရေးပါမှုတစ်ရပ် ရှိ၏။ ၎င်းတို့ကို ဘုရားသခင်မှ ရွေးချယ်ထားသည့်အတွက် အခြားမည်သူမျှ ၎င်းတို့၏အခန်းကဏ္ဍတွင် မပါဝင်နိုင်ပေ။ ထို့အပြင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ မည်သည်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏အမှုတွင် အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘုရားသခင်မှ သူရွေးချယ်ထားသူများကို စုံလင်စေခြင်းအမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်၏။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းနေကြသည်ဖြစ်စေ၊ အမှုအချို့ကို ထမ်းဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် အချို့သော အလုပ်များကို တာဝန်ယူသည်ဖြစ်စေ ထည့်သွင်းမစဉ်းစားဘဲ ထိုသူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များမှာ အလွန်မညှာမတာဖြစ်သလော။ (မဟုတ်ပါ။ ဘုရားသခင်သည် ၎င်းတို့ သစ္စာစောင့်သိရန် တောင်းဆို၏။) အစေခံသူများသည်လည်း သစ္စာစောင့်သိရ၏။ သင်၏ ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သနည်းဟူသည်ကို ထည့်သွင်းမစဉ်းစာဘဲ သင်သည် ဘုရားသခင်၏အပေါ်၊ သင့်ကို ဘုရားသခင် အပ်နှံသည့်တာဝန်အပြင် သင့်တွင် တာဝန်ရှိသည့် အလုပ်နှင့် သင်ဆောင်ရွက်သည့် တာဝန်အပေါ်တွင်လည်း သစ္စာစောင့်သိရမည်။ အစေခံသူများသည် သစ္စာစောင့်သိနိုင်ကြ၍ ဘုရားသခင်အား ကျေနပ်စေနိုင်ပါက ၎င်းတို့၏အဆုံးမှာ မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဆက်လက်၍ တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိနေသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ရပ်ဖြစ်သလော။ ဆက်လက်တည်ရှိနေခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဤကောင်းချီးမင်္ဂလာမှာ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ အဆင့်အတန်းအရ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ အကယ်စင်စစ်မူ ၎င်းတို့ ဤဘဝတွင်ခံစားသည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ ခံစားသည့်အရာနှင့် အတူတူပင် မဟုတ်သလော။ အနည်းဆုံးအနေဖြင့် ဤဘဝတွင် ၎င်းသည် အတူတူပင်ဖြစ်၏။ သင်တို့ ဤအရာကို မငြင်းပယ်ကြ၊ ဟုတ်သည်မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ထောက်ပံ့ပေးမှု၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ဤအရာများကို မည်သူသည် မမွေ့လျော်ဘဲ နေသနည်း။ လူတိုင်း ယင်း ကြွယ်ဝမှု၌ မွေ့လျော်ကြ၏။ အစေခံသူတစ်ဦး၏ ကိုယ်ပိုင်အမှတ်အသားသည် အစေခံသူဖြစ်သော်လည်း ဘုရားသခင်အတွက်မူ ၎င်းတို့သည် သူဖန်ဆင်းခဲ့သော အရာအားလုံးအနက် တစ်ခုဖြစ်၏။ ၎င်းတို့၏အခန်းကဏ္ဍသည် အစေခံသူဖြစ်သည်ဟူ၍သာ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ခုအနေဖြင့် အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံလူတို့အကြား ကွဲပြားချက်တစ်ရပ် ရှိသလော။ လက်တွေ့တွင် မရှိပေ။ အမည်နာမအားဖြင့် ကွာခြားချက်ရှိ၏၊ အနှစ်သာရအားဖြင့် ကွာခြားချက်ရှိ၏၊ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏၊ သို့ရာတွင် ဘုရားသခင်သည် ဤသူများအပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် ဤသူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံရသနည်း။ သင်တို့ ဤအရာကို နားလည်သင့်သည်။ အစေခံသူများသည် မယုံကြည်သူများအကြားမှ လာကြ၏။ မယုံကြည်သူများကို ဖော်ပြခြင်းမှာ ၎င်းတို့၏အတိတ်သည် မကောင်းကြောင်းကို ပြောခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြ၏။ ၎င်းတို့၏အတိတ်တွင် ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြဘဲ ဘုရားသခင်အပေါ်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာတို့အပေါ် ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်ရှိကြောင်းကိုလည်း မယုံကြည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့အများအပြားသည် နားလည်နိုင်စွမ်းမရှိဟု ပြော၍ရသည်။ တိရစ္ဆာန်များသည် လူတို့၏စကားများကို နားလည်နိုင်စွမ်းမရှိသကဲ့သို့ အစေခံသူများသည် ဘုရားသခင်ပြောနေသည့်အရာများ၊ သူ၏သတ်မှတ်ချက်များ၊ အဘယ်ကြောင့် သူသည် ဤသတ်မှတ်ချက်များ ပြုသနည်းဟူသည်တို့ကို နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နားမလည်ပေ၊ ၎င်းတို့အဘို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာဖြစ်သည်။ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိကြ၏။ ထိုအကြောင်းရင်းကြောင့် ဤလူတို့သည် ငါတို့ပြောသည့် အသက်ကို မပိုင်ဆိုင်ကြပေ။ လူတို့သည် အသက်မရှိဘဲ သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့တွင် သမ္မာတရား တပ်ဆင်ထားသလော။ ၎င်းတို့တွင် ဘုရားသခင်နှုတ်ကပတ်တော်၏ အတွေ့အကြုံနှင့် အသိပညာတို့ တပ်ဆင်ထားသလော။ (မတပ်ဆင်ထားပါ။) အစေခံသူတို့၏ ဇာစ်မြစ်များသည် ယင်းသို့ဖြစ်၏။ သို့သော် ဤအစေခံသူများကို ဘုရားသခင် ပြုလုပ်ခဲ့သည့်အတွက် ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များအတွက် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အပေါ် အထင်အမြင်သေးခြင်း မရှိဘဲ ၎င်းတို့အပေါ် ဝတ်ကျေတမ်းကျေ ပြုမူခြင်းလည်း မရှိပေ။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို နားမလည်ဘဲ အသက်မရှိကြသော်လည်း ဘုရားသခင်သည် ၎င်းတို့အပေါ် ကြင်နာကာ ထိုသူတို့နှင့် သက်ဆိုင်သော သူ၏သတ်မှတ်ချက်များတွင် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သင်တို့သည် ယခုတင် ဤအဆင့်အတန်းများ ဖြစ်သည့် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် သူပြောသည့်အရာကို ပြုလုပ်ခြင်းအကြောင်း ပြောခဲ့၏။ သင်၏အစေခံမှုတွင် သင်သည် လိုအပ်သည့်နေရာတွင် အစေခံရမည်ဖြစ်ကာ၊ အဆုံးတိုင်အောင် အစေခံရမည်ဖြစ်၏။ သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်၍ ဘုရားသခင်မှ သင့်ကိုပေးအပ်သည့်တာဝန်ကို စုံလင်စွာ ပြီးဆုံးအောင် ပြုလုပ်နိုင်ပါက သင်သည် တန်ဖိုးရှိသော အသက်တာကို ရှင်သန်လိမ့်မည်ဖြစ်သောကြောင့် သင်သည် ဆက်လက်တည်ရှိ နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ သင်သည် သာ၍ကြိုးစားပါက၊ သင်၏အားထုတ်မှုများကို နှစ်ဆပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောနိုင်ပါက၊ ဘုရားသခင်အတွက် သက်သေခံနိုင်ပါက၊ ထိုထက်မက သင်သည် ဘုရားသခင်၏အလိုတော် တစ်စုံတစ်ရာကို နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို အတော်အတန် ဂရုပြုမိပါက ဤအစေခံသူဖြစ်သော သင်သည် အခြေအနေပြောင်းလဲလိမ့်မည်။ ထိုအခြေအနေပြောင်းလဲမှုသည် မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသာ မဖြစ်နိုင်တော့ပေ။ သင်၏အပြုအမူနှင့် သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုအပေါ် အခြေခံ၍ ဘုရားသခင်သည် သင်အား ရွေးချယ်ခံရသူတစ်ဦးဖြစ်စေမည်။ ဤသည်မှာ သင်၏အခြေအနေ ပြောင်းလဲခြင်းဖြစ်လိမ့်မည်။ အစေခံသူများအတွက် ဤအရာတွင် မည်သည်မှာ အကောင်းဆုံးနည်း။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံလူတို့မှ တစ်ဦးဖြစ်နိုင်ခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပါက၊ ဤသည်မှာ ၎င်းတို့သည် မယုံကြည်သူတစ်ဦးကဲ့သို့ တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားရန်မလိုတော့ဟု အဓိပ္ပာယ်ရ၏။ ဤသည်မှာ ကောင်းသလော။ ကောင်းသည့်အပြင် သတင်းကောင်းလည်း ဖြစ်၏။ အစေခံသူများကို ပုံသွင်း၍ရသည်ဟု ဆိုလိုခြင်းဖြစ်၏။ ဘုရားသခင်သည် အစေခံသူတစ်ဦးအား အစေခံရန် ခွဲခန့်မှတ်သားသည့်အခါ ထိုသူသည် ထာဝရအစေခံမည်ဟူသော သဘောဖြစ်၏။ ဤသို့ သေချာပေါက် မဟုတ်ပေ။ ထိုသူ၏ တစ်ဦးခြင်း အပြုအမူအရ ဘုရားသခင်သည် ၎င်းအား ကွဲပြားစွာ ကိုင်တွယ်၍ သူ့အား ကွဲပြားစွာ ဖြေကြားမည် ဖြစ်သည်။

သို့ရာတွင် အဆုံးတိုင်အောင် အစေမခံနိုင်သောသူများ ရှိကြ၏။ ၎င်းတို့အစေခံစဉ်အတွင်း လမ်းတစ်ဝက်တွင် အရှုံးပေးကာ ဘုရားသခင်အား စွန့်ခွာသူများရှိကြ၏။ မကောင်းသောအရာများစွာ ပြုလုပ်သူများရှိကြကာ ဘုရားသခင်၏ အမှုကို ကြီးမားစွာအန္တရာယ်ပြု၍ ကြီးမားစွာ ထိခိုက်စေသူများပင် ရှိ၏။ ဘုရားသခင်အား ကျိန်ဆဲသည့် အစေခံသူများပင် စသည်ဖြင့် ရှိ၏။ ထို့ကြောင့် ဤသို့ ပြုပြင်၍ မရသောအကျိုးဆက်များသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဤကဲ့သို့သော မကောင်းသည့် အပြုအမူတစ်ရပ်သည် ၎င်းတို့၏အစေခံမှု အဆုံးသတ်ခြင်းဟု အဓိပ္ပာယ်ရလိမ့်မည်။ သင်အစေခံစဉ်အတွင်း သင်၏အပြုအမူသည် ညံ့ဖျင်းလွန်းသဖြင့်၊ သင်သည် သင့်ကိုယ်သင် လက်ခံနိုင်သည်ထက် ကျော်လွန်သဖြင့်၊ သင်၏အစေခံမှုသည် သတ်မှတ်ထားသည့် အဆင့်အတန်း မပြည့်မီကြောင်း ဘုရားသခင်တွေ့သည့်အခါ သူသည် သင်အစေခံရန် အရည်အချင်းပြည့်မီမှုကို ဖယ်ရှား၍ သင့်ကို အစေခံခွင့်ပြုမည်မဟုတ်ပေ။ သူသည် သင့်အား သူ၏မျက်လုံးများ ရှေ့မှောက်နှင့် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားလိမ့်မည်ဖြစ်သည်။ ယင်းမှာ သင်သည် အစေမခံလိုခြင်းဖြစ်သည် မဟုတ်သလော။ သင်သည် မကောင်းမှု အစဉ်ပြုလုပ်လိုသည် မဟုတ်လော။ သင်သည် အစဉ်ပင် သစ္စာမဲ့သည် မဟုတ်လော။ ထိုသို့ဖြစ်ပါက လွယ်ကူသည့်ဖြေရှင်းချက်တစ်ရပ် ရှိသည်။ သင်၏ အစေခံရန်အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရမည်။ ဘုရားသခင်အတွက် အစေခံတစ်ဦးထံမှ ၎င်း၏ အစေခံရန်အရည်အချင်းပြည့်မီမှု ဖယ်ရှားခြင်းသည် ဤအစေခံသူ၏အဆုံးကို ကြေညာလိုက်ပြီဟု အဓိပ္ပာယ်ရပြီး ထိုသူတို့သည် ဘုရားသခင်အတွက် အစေခံရန် အရည်အချင်းမီတော့မည် မဟုတ်၊ ဘုရားသခင်သည် ၎င်း၏အစေခံမှုကို မလိုအပ်တော့၊ မည်မျှကောင်းမွန်သော ပြောဆိုမှုများပြုလုပ်သည်ဖြစ်စေ ထိုစကားများသည် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဤအခြေအနေထိရောက်သည့်အခါ ပြန်လည်ပြုပြင်၍ မရတော့ပေ။ ဤကဲ့သို့သော အစေခံသူသည် ပြန်လမ်းရှိလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော အစေခံသူများကို ဘုရားသခင်သည် မည်သို့ကိုင်တွယ်သနည်း။ သူသည် ၎င်းတို့အား အစေခံမှုမှ ရပ်စဲရုံသာပြုသလော။ မဟုတ်ပေ။ သူသည် ၎င်းတို့အား ဆက်လက်တည်ရှိနေခြင်းမှ တားဆီးရုံသာ ပြုသလော။ သို့မဟုတ် သူသည် ၎င်းတို့အား တစ်ဘက်သို့ဖယ်၍ ၎င်းတို့ပြန်လှည့်လာရန် စောင့်သလော။ သူသည် ထိုသို့မပြုပေ။ ဘုရားသခင်သည် အစေခံသူများကို လွန်စွာချစ်လှသည် မဟုတ်သည်မှာ မှန်ပေ၏။ လူတစ်ဦးသည် ဘုရားသခင်ကို အစေခံရာ၌ ဤသို့သော သဘောထားရှိပါက၊ ဤသဘောထား၏ ရလဒ်အနေဖြင့် ဘုရားသခင်သည် ၎င်း၏ အစေခံရန်အရည်အချင်းပြည့်မီမှုကို ဖယ်ရှား၍ မယုံကြည်သူများကြားထဲ နောက်တစ်ကြိမ် ပြန်၍စွန့်ပစ်လိုက်လိမ့်မည်။ မယုံကြည်သူများအကြား ပြန်၍စွန့်ပစ်ခြင်းခံရသော အစေခံသူ၏ ကံကြမ္မာမှာ အဘယ်နည်း။ မယုံကြည်သူများ၏ ကံကြမ္မာနှင့် အတူတူပင်ဖြစ်၏။ တိရစ္ဆာန်အဖြစ် ပြန်ဝင်စားကာ ဝိညာဉ်လောကတွင် မယုံကြည်သူများ၏ အပြစ်ဒဏ်ကို ရရှိခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့၏အပြစ်ဒဏ်တွင် ကိုယ်တိုင်စိတ်ဝင်စားခြင်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏အမှုနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိတော့မည် မဟုတ်၍ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည့် ၎င်းတို့၏ဘဝ အဆုံးဖြစ်ရုံသာမက ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာ၏ အဆုံး၊ ၎င်းတို့ကံကြမ္မာ၏ ကြေညာချက်လည်းဖြစ်သည်။ ထို့ကြောင့် အစေခံသူများသည် ညံ့ဖျင်းစွာ အစေခံပါက၊ ထိုသူတို့သည် အကျိုးသက်ရောက်မှုများကို ၎င်းတို့ကိုယ်တိုင် ခံစားရမည်ဖြစ်သည်။ အစေခံသူတစ်ဦးသည် အဆုံးတိုင်အောင် အစေခံနိုင်စွမ်းမရှိပါက သို့မဟုတ် လမ်းတစ်ဝက်တွင် ၎င်းတို့၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရလျှင် ထိုသူသည် မယုံကြည်သူများအကြားသို့ ပစ်ထည့်ခြင်း ခံရမည်ဖြစ်ပြီး ထိုသို့ မယုံကြည်သူများအကြားသို့ ပစ်ထည့်ခြင်း ခံရပါက ၎င်းသည် ခြံမွေးတိရစ္ဆာန်များ၊ အသိဉာဏ် သို့မဟုတ် ဆင်ခြင်ဉာဏ်မရှိသော လူများနည်းတူ ကိုင်တွယ်ခံရမည်။ ငါဤသို့ပြောသည့်အခါ သင်တို့နားလည်သည် မဟုတ်လော။

အထက်ပါအရာမှာ ဘုရားသခင်မှ သူရွေးချယ်ထားသူများနှင့် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာကို ကိုင်တွယ်ခြင်းဖြစ်၏။ ဤသည်ကို ကြားပြီးနောက် သင်တို့မည်သို့ခံစားရသနည်း။ ငါခုတင်ပြောခဲ့သည့် အကြောင်းအရာ၊ ဘုရားသခင်၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအကြောင်းကို ငါပြောခဲ့ဖူးသလော။ အကယ်စင်စစ်အားဖြင့် ငါပြောခဲ့ဖူးသည်။ သို့သော် သင်တို့ မမှတ်မိပေ။ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်း ခံရသူများနှင့် အစေခံသူများအပေါ် ဖြောင့်မတ်၏။ အရာခပ်သိမ်း၌ သူသည် ဖြောင့်မတ်သည် မဟုတ်လော။ သင် တစ်စုံတစ်ရာ အပြစ်ရှာနိုင်သည့်နေရာ ရှိသလော။ "ဘုရားသခင်သည် ရွေးချယ်ခံရသူများအပေါ် အဘယ်ကြောင့် သည်းခံလွန်းသနည်း။ ထို့အပြင် သူသည် အစေခံသူများအပေါ် အဘယ်ကြောင့် အနည်းငယ်သာ သည်းခံသနည်း။" ဟု ပြောသူများ ရှိသလော။ တစ်ဦးတစ်ယောက်သည် အစေခံသူများအတွက် ရပ်တည်ပေးရန် ဆန္ဒရှိသလော။ "ဘုရားသခင်သည် အစေခံသူများအား အချိန်ပို၍ပေးနိုင်သလော။ ၎င်းတို့အပေါ် သာ၍ စိတ်ရှည်ရှည်နှင့် သည်းခံနိုင်မည်လော။" ဤစကားများ မှန်သလော။ (မမှန်ပေ။) ၎င်းတို့အဘယ်ကြောင့် မမှန်သနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အစေခံသူများဖြစ်စေခြင်းဖြင့် အမှန်တကယ် အခွင့်အရေးပေးခံရခဲ့ပြီးဖြစ်သည်။) အကယ်စင်စစ် အစေခံသူများသည် အစေခံခွင့်ရရှိရုံဖြင့် အခွင့်အရေးပေးခံရပြီးဖြစ်သည်။ "အစေခံသူများ" ဟူသည့် အခေါ်အဝေါ် မရှိဘဲ၊ အစေခံသူများ၏ အလုပ်မရှိဘဲ ဤအစေခံသူများသည် အဘယ်အရပ်တွင် ရှိမည်နည်း။ မယုံကြည်သူများအကြား ခြံမွေးတိရစ္ဆာန်များနှင့် ရှင်လျက်၊ သေလျက်ရှိမည်။ ယနေ့ ၎င်းတို့သည် ကြီးမားလှသော မည်သည့် ကျေးဇူးတော်များ ခံစားကြရသနည်း။ ဘုရားသခင်၏ရှေ့မှောက် လာရောက်ခွင့်ရလျက်၊ ဘုရားသခင်၏အိမ်တော်သို့ လာရောက်ခွင့်ရကြခြင်း ဖြစ်သည်။ ဤသည်မှာ ကြီးမားလွန်းလှသော ကျေးဇူးတော်ပင်ဖြစ်၏။ ဘုရားသခင်သည် သင့်အား အစေခံရန် ဤအခွင့်အရေးကို မပေးပါက သင်သည် ဘုရားသခင်ရှေ့မှောက် လာရောက်ရန် အခွင့်အရေး မည်သည့်အခါမျှ ရခဲ့မည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်ပြောရလျှင် သင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကာ ထာဝရရှင်သန်ခြင်း ရရှိခဲ့ပြီးဖြစ်ပင်လျှင် သင်သည် ဝိညာဉ်လောကတွင် အများဆုံးအနေနှင့် လက်တိုလက်တောင်းလုပ်ရသူ တစ်ဦးသာဖြစ်၏။ သင်သည် ဘုရားသခင်အား မည်သည့်အခါမျှ တွေ့မည်မဟုတ်၊ သူ့အသံ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ ကြားမည်မဟုတ်၊ သင့်အပေါ် သူ၏ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများ ခံစားရမည်မဟုတ်ဘဲ သင်သည် သူနှင့် မျက်နှာချင်းဆိုင်ရန် မည်သည့်အခါမျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်များ ရှေ့မှောက်တွင် ရှိသည့်တစ်ခုတည်းသောအရာမှာ ရိုးရှင်းသည့် အလုပ်တာဝန်များသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အားသိရန် မဖြစ်နိုင်ဘဲ ဆင်ကန်းတောတိုး လိုက်နာ၍ နာခံရုံသာ ဖြစ်နိုင်သည်။ အစေခံသူများမှာမူ အမှု၏ဤအဆင့်အတွင်း များစွာရရှိကြ၏။ ပထမအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏အသံကို ကြားရန်၊ သူ၏နှုတ်ကပတ်တော်များကို ကြားရန်နှင့် လူတို့အား သူပေးသည့် ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ရန် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် နိုင်ကြပေသည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်မှပေးသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မွေ့လျော်နိုင်ကြ၏။ ၎င်းတို့သည် အကယ်စင်စစ်ပင် မြောက်မြားစွာရရှိကြ၏။ ထို့ကြောင့် အစေခံသူတစ်ဦးအနေဖြင့် သင်သည် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုပင် မပြုနိုင်ပါက ဘုရားသခင်သည် သင့်ကို ဆက်လက်ထားရှိမည်လော။ သူသည် သင့်ကို မထားရှိနိုင်ပေ။ သင့်အပေါ် များစွာသောတောင်းဆိုမှု မပြုသော်လည်း သင်သည် သူတောင်းဆိုသည့် မည်သည့်အရာကိုမျှ သင့်တော်စွာ မပြုလုပ်ပေ၊ သင်သည် သင်၏တာဝန်ကို စောင့်ထိန်းခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို မထားနိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ အလိုမလိုက်သော်လည်း သူသည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ဤသည်မှာ ဘုရားသခင် ပြုမူမှုများ၏ အခြေခံသဘောတရားများဖြစ်၏။ ဘုရားသခင်သည် လူများနှင့် သတ္တဝါများအားလုံးအပေါ် ဤသို့ပြုမူ၏။

ဝိညာဉ်လောကနှင့်ပတ်သက်၍ ဝိညာဉ်လောကရှိ သတ္တဝါအမျိုးမျိုးသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်လျှင်၊ ၎င်းတို့၏အလုပ်ကို မှန်ကန်စွာ မလုပ်လျှင်၊ ဘုရားသခင်တွင်လည်း ၎င်းတို့ကို ကိုင်တွယ်ရန် အလားတူ လိုက်လျောညီထွေသော ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များရှိ၏။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ထောင်ပေါင်းများစွာသော စီမံခန့်ခွဲသည့်အမှုကာလအတွင်း အမှားပြုလုပ်ခဲ့သည့် အချို့သော ဘိလစ်စာရေးများ မျိုးဖြုတ်ခံရကာ၊ အချို့မှာ ယနေ့ ထိန်းသိမ်းခံရနေဆဲဖြစ်၍ အပြစ်ပေးခံရနေဆဲဖြစ်၏။ ဤသည်မှာ ဝိညာဉ်လောကရှိ သတ္တဝါတိုင်း ရင်ဆိုင်ရမည့်အရာဖြစ်၏။ ၎င်းတို့သည် အမှားအယွင်း တစ်စုံတစ်ရာပြုလုပ်လျှင်ဖြစ်စေ၊ မကောင်းမှု တစ်စုံတစ်ရာ ကျူးလွန်သည်ဖြစ်စေ အပြစ်ပေးခံရ၏။ ဤသည်မှာ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအပေါ် ချဉ်းကပ်နည်းနှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ဝိညာဉ်လောကတွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ၊ ဘုရားသခင်ပြုမူဆောင်ရွက်သည့် အခြေခံသဘောတရားများသည် မပြောင်းလဲပေ။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို မြင်နိုင်သည်ဖြစ်စေ၊ မြင်နိုင်ခြင်း မရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏အခြေခံသဘောတရားများမှာ ပြောင်းလဲခြင်းမရှိပေ။ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် သူ၏ချဉ်းကပ်မှုနှင့် အရာခပ်သိမ်းကို သူ၏ကိုင်တွယ်မှုတွင် တူညီသော အခြေခံသဘောတရားများ ရှိသည်။ ဤသည်မှာ ပြောင်းလဲ၍မရပေ။ ဘုရားသခင်သည် မယုံကြည်သူများအကြား၌ သင့်တော်စွာနေသောသူများအပေါ် ကြင်နာ၍ ဘာသာတစ်ရပ်စီတိုင်းရှိ လိမ္မာ၍ မကောင်းမှုမပြုသူများအတွက် အခွင့်အရေးများ ချန်ထားပေးကာ ဘုရားသခင်မှ စီမံခန့်ခွဲသည့် အရာခပ်သိမ်းရှိ ၎င်းတို့၏အခန်းကဏ္ဍတွင် ပါဝင်ခွင့်ပေး၍ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ခွင့်ပြုသည်။ အလားတူစွာပင် ဘုရားသခင်နောက်လိုက်သူများအကြား၊ သူရွေးချယ်ထားသောလူတို့အကြား၊ ဘုရားသခင်သည် သူ၏အခြေခံသဘောတရားများနှင့်အညီ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူသည် စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းအပေါ် ကြင်နာ၍ စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းကို ချစ်၏။ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူများစသည်ဖြင့် ထိုသူအမျိုးမျိုးတို့အတွက်သာ ဘုရားသခင်ချပေးသည့်အရာ ကွဲပြား၏။ မယုံကြည်သူများကို ကြည့်ကြစို့။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်သည် ၎င်းတို့အား ခြံမွေးတိရစ္ဆာန်များကဲ့သို့ မြင်သော်လည်း အရာခပ်သိမ်းအကြားတွင် ၎င်းတို့တစ်ဦးစီတိုင်းသည် စားစရာအစာရှိ၏၊ ကိုယ်ပိုင်နေရာရှိကာ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာရှိ၏။ မကောင်းမှုပြုသူတို့သည် အပြစ်ပေးခြင်းခံရကာ ကောင်းမှုပြုသူများသည် ကောင်းချီးခံစားရ၍ ဘုရားသခင်၏ အကြင်နာကို လက်ခံရရှိကြ၏။ ၎င်းမှာ ဤသို့ပင်မဟုတ်လော။ ယုံကြည်ခြင်းရှိသောလူ များအတွက် ပြန်လည်မွေးဖွားခြင်း တစ်ကြိမ်ပြီးနောက် တစ်ကြိမ်ဖြစ်တိုင်း ၎င်းတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို အတိအကျ လိုက်နာနိုင်ပါက၊ ၎င်းပြန်လည်မွေးဖွားခြင်းများအားလုံး၏နောက်ပိုင်းတွင် ဘုရားသခင်သည် အဆုံး၌ ၎င်းတို့အတွက် သူ၏ကြေညာချက် ပြုလုပ်လိမ့်မည်။ အလားတူစွာပင် ယနေ့ သင်သည် ဘုရားသခင်၏ ရွေးကောက်ခံရသူတစ်ဦးဖြစ်စေ၊ အစေခံသူတစ်ဦးဖြစ်စေ၊ သင်တို့ကိုလည်း အတန်းထဲသို့ ခေါ်သွင်းလိမ့်မည်ဖြစ်ပြီး သူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်မှုအမိန့်များနှင့်အညီ သင်တို့၏အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။ ဘာသာအမျိုးမျိုးနှင့်သက်ဆိုင်သော ယုံကြည်ခြင်းရှိသော လူအမျိုးအစားအမျိုးမျိုးဖြစ်သည့်၊ ဤလူအမျိုးအစား အမျိုးမျိုးအကြား ဘုရားသခင်သည် နေထိုင်စရာနေရာ ပေးခဲ့ပြီးပြီလော။ ယုဒဘာသာသည် မည်သည့်အရပ်တွင်ရှိသနည်း။ ဘုရားသခင်သည် ထိုသူတို့၏ယုံကြည်ခြင်းတွင် ဝင်ရောက်နှောင့်ယှက်ပြီလော။ မနှောင့်ယှက်ခဲ့ပြီ မဟုတ်လော။ ထို့အပြင် ခရစ်ယာန်ဘာသာ မှာ အဘယ်နည်း။ ၎င်းကိုလည်း သူမနှောင့်ယှက်ခဲ့ပေ။ သူသည် ၎င်းတို့အား ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာခွင့်ပြုကာ၊ ၎င်းတို့အား စကားလည်းမပြော၊ ဉာဏ်အလင်းလည်းမပေးသည့်အပြင်၊ ၎င်းတို့အား မည်သည့်အရာမှ ဖော်ပြခြင်း မရှိပေ။ "သင်မှ မှန်သည်ဟုထင်ပါက၊ ထိုနည်းအတိုင်း ယုံကြည်လော့။" ဗရင်ဂျီတို့သည် မာရိကိုယုံကြည်ကြ၍၊ မာရိအားဖြင့် ဤသတင်းသည် သခင်ယေရှုထံသို့ ရောက်သွားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ယုံကြည်မှုပုံစံ ဖြစ်သည်။ ဘုရားသခင်သည် ထိုသူတို့၏ယုံကြည်ခြင်းကို ပြုပြင်ခဲ့ဖူးသလော။ ဘုရားသခင်သည် ၎င်းတို့အား စိတ်ကြိုက်လုပ်ကိုင်ခွင့်ပေး၏။ ၎င်းတို့အား လုံးဝဂရုမပြုဘဲ နေထိုင်စရာနေရာတစ်ခုပေး၏။ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအပေါ်လည်း သူသည် ဤသို့ပင်လော။ ထိုသူတို့အတွက်လည်း သူသည် ကန့်သတ်ချက်များ သတ်မှတ်ခဲ့ကာ၊ ၎င်းတို့၏သက်ဆိုင်ရာယုံကြည်ခြင်းများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင်နေထိုင်ရာနေရာများ ရှိခွင့်ပြု၏။ အရာခပ်သိမ်းကို ကောင်းမွန်စွာ စနစ်တကျစီမံထား၏။ ထို့ကြောင့် ဤအရာအားလုံးတွင် သင်တို့မည်သည့်အရာတွေ့သနည်း။ ဘုရားသခင်သည် သြဇာအာဏာပိုင်ဆိုင်သော်လည်း သူသည် သူ၏သြဇာအာဏာကို အလွဲသုံးစားမပြုသည်ကို တွေ့၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို စုံလင်စွာ စနစ်တကျစီမံထား၏။ ဘုရားသခင်သည် နည်းစနစ်ကျနကာ ဤသည်တွင် သူ၏ဉာဏ်အမြော်အမြင်နှင့် အနန္တတန်ခိုး ပါရှိ၏။

ယနေ့ ငါတို့သည် ဝိညာဉ်လောကနှင့်သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာသစ်တစ်ခုအကြောင်း ပြောခဲ့သည်။ ၎င်းသည် ဝိညာဉ်လောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အုပ်စိုးမှု လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ ဤအရာများကို သင်တို့နားမလည်သည့်အခါ သင်တို့သည် "ဤအရာနှင့်ပတ်သက်သည့် အရာအားလုံးသည် နက်နဲမှုတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ အသက်တာအတွင်း ဝင်ရောက်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိ၊ ဤအရာတို့သည် လူတို့ အကယ်စင်စစ်နေထိုင်ပုံနှင့် ကင်းကွာနေကာ၊ ၎င်းတို့ကို ကျွန်ုပ်တို့ နားလည်ရန်မလို၊ ၎င်းတို့အကြောင်းကိုလည်း ကျွန်ုပ်တို့ မကြားလို။ ၎င်းတို့သည် ဘုရားသခင်ကို သိခြင်းနှင့် လုံးဝဆက်စပ်ခြင်းမရှိ။" ဟု ပြောကောင်းပြောခဲ့ကြလိမ့်မည်။ ယခု ဤကဲ့သို့သောအတွေးအခေါ်သည် ပြဿနာရှိသည်ဟု သင်တို့ထင်သလော။ ၎င်းမှာ မှန်ကန်ပါ၏လော။ (မမှန်ကန်ပါ။) ဤကဲ့သို့သောအတွေးအခေါ်သည် မမှန်ကန်ဘဲ ကြီးလေးသည့်ပြဿနာများစွာ ရှိ၏။ အဘယ်ကြောင့်ဆိုသော် သင်သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်မည်သို့အုပ်ချုပ်သည်ကို နားလည်လိုပါက သင်သည် သင်မြင်တွေ့နိုင်သည့်အရာနှင့် သင်၏တွေးခေါ်မှုမှ ရယူနိုင်သည့်အရာကိုသာ နားလည်၍မရပေ။ သင်သည် သင်မမြင်နိုင်သော အခြားလောက၏အရာအချို့ဖြစ်သော်လည်း သင်မြင်နိုင်သော ဤလောကနှင့်ခွဲခြား၍မရအောင် ချိတ်ဆက်နေသော အရာအချို့ကိုလည်း သင်နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အချုပ်အခြာအာဏာ၊ "ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ်ဖြစ်သည်" ဟူသော အကြောင်းအရာနှင့် ပတ်သက်၏။ ၎င်းသည် ယင်းအကြောင်း သတင်း အချက်အလက်ဖြစ်၏။ ဤသတင်းအချက်အလက် မရှိလျှင် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ် အဘယ်သို့ ဖြစ်သည်ဆိုသည်ကို လူတို့၏သိခြင်းတွင် အပြစ်အနာအဆာနှင့် ချို့တဲ့မှုများ ရှိနေလိမ့်မည်။ သို့ဖြစ်၍ ယနေ့ကျွန်ုပ်တို့ပြောခဲ့သည့်အရာသည် ကျွန်ုပ်တို့ယခင်ပြောခဲ့သည့်အကြောင်းအရာနှင့် "ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ်ဖြစ်သည်" တွင် ပါဝင်သည့် အကြောင်းအရာကို အဆုံးသတ်ခဲ့သည်ဟု ပြောနိုင်၏။ ဤသည်ကို နားလည်ခဲ့ပြီးနောက် ဤပါဝင်သည့် အကြောင်းအရာအားဖြင့် ယခု သင်တို့သည် ဘုရားသခင်ကို သိနိုင်ကြပြီလော။ ထို့အပြင် ထိုထက်သာ၍ အရေးကြီးသည်မှာ ယနေ့ ငါသည် အစေခံသူများနှင့်ပတ်သက်သည့် အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ရပ်ကို သင်တို့အား လက်ဆင့်ကမ်းခဲ့ပြီးဖြစ်၏။ သင်တို့သည် ဤကဲ့သို့သော အကြောင်းအရာများကို ကြားရခြင်းကို အလွန်ပင် ကြိုက်နှစ်သက်ကြောင်း၊ သင်တို့သည် ဤအရာများကို အမှန်တသက်ပင် ဂရုစိုက်ကြောင်း ငါသိသည်။ ထို့ကြောင့် ယနေ့ငါပြောခဲ့သည့်အရာကို သင်တို့ကျေနပ်သည်ဟု ခံစားရသလော။ (ဟုတ်ကဲ့။ ကျွန်ုပ်တို့ ခံစားရပါသည်။) သင်တို့သည် အခြားအရာများအပေါ် ခိုင်မာသည့် ယူဆချက်တစ်ရပ် ရှိချင်မှရှိမည် ဖြစ်သော်လည်း အစေခံသူများအကြောင်း ပြောဆိုမှုများအပေါ်တွင် အထူးခိုင်မာသည့် ယူဆချက်တစ်ရပ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာသည် သင်တို့တစ်ဦးစီတိုင်း၏စိတ်နှလုံးကို တို့ထိ၍ဖြစ်သည်။

လူသားနှင့်သက်ဆိုင်၍ ဘုရားသခင်၏ သတ်မှတ်ချက်များ

၁။ ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ဒြပ်

"ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ်ဖြစ်၏" နှင့်သက်ဆိုင်သော အကြောင်းအရာအပြင် "ဘုရားသခင်သည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်၏" နှင့်သက်ဆိုင်သော အကြောင်းအရာ၏ အဆုံးသို့ ငါတို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ပြီးမြောက်သည်နှင့်အညီ ငါတို့သည် အကျဉ်းချုပ်တစ်ရပ် ပြုလုပ်ရန် လိုသည်။ မည်သည့် အကျဉ်းချုပ်မျိုးနည်း။ ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းအရာတစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်း ဖြစ်သဖြင့် ၎င်းသည် ဘုရားသခင်၏ လက္ခဏာသွင်ပြင်တိုင်းနှင့်ရော ဘုရားသခင်ကို လူတို့ယုံကြည်သည့် ပုံစံနှင့်ပါ ဆက်စပ်နေရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် သင်တို့ကို အရင်မေးရမည်မှာ တရားဟောချက်ကို ကြားခဲ့ပြီးဖြစ်သဖြင့် သင်တို့၏စိတ်အမြင် ထဲတွင် ဘုရားသခင်သည် မည်သူနည်း။ (ဖန်ဆင်းရှင်ပါ။) သင်တို့၏ စိတ်အမြင် ထဲတွင်ရှိသော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်၏။ အခြားအရာများ ရှိသေးသလော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ သခင်ဖြစ်၏။ ဤစကားလုံးများသည် သင့်တော်သလော။ (သင့်တော်ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက် ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင် ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ တစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။ သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာ၍ ၎င်းတို့နှင့်အတူ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏။ တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၍ ရှိသမျှအရာခပ်သိမ်း၏ ကံကြမ္မာနှင့် ရွေ့လျားရာကို ဆုံးဖြတ်၏။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို လမ်းပြ၏။ ဤကဲ့သို့သောဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး၏ ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းနှင့် သိခြင်းတို့ ခံရသင့်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်၏ မည်သည့်အုပ်စု၊ မည်သည့်အမျိုးအစားတို့နှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် ဘုရားသခင်၏ အစီအမံများကို လက်ခံခြင်းသည်သာ မည်သူမဆို၊ မည်သည့်သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကာ လိုအပ်သော ရွေးချယ်စရာဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင် သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအတွက် သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံးသည် အတုမရှိကြောင်းကို လူတို့တွေ့ကြ၏။ သူ၏အတုမရှိမှုသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စစ်မှန်သောပင်ကိုယ်လက္ခဏာကို ဆုံးဖြတ်၍ သူ၏ဂုဏ်ဒြပ်ကို ဆုံးဖြတ်၏။ ထို့ကြောင့် သတ္တဝါတို့အားလုံးအကြားတွင် ဝိညာဉ်လောက သို့မဟုတ် လူသားမျိုးနွယ်အကြား ရှိသော မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်နေရာတွင် အစားဝင်ရောက်လိုပါက ဘုရားသခင်ကို တုပ ရန် ကြိုးစားသကဲ့သို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ၊ တန်ခိုးနှင့် ဂုဏ်ဒြပ်ကိုပိုင်ဆိုင်သည့် ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦးအပေါ် လူသား၏သတ်မှတ်ချက်များကား အဘယ်နည်း။ ဤသည်မှာ လူတိုင်းအတွက် ရှင်းလင်းသင့်ပြီး ၎င်းတို့ မှတ်မိသင့်ကြပြီး၊ ၎င်းသည် ဘုရားသခင်ရော လူသားအတွက်ပါ လွန်စွာ အရေးကြီး၏။

၂။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားအမျိုးမျိုး

ဘုရားသခင်အပေါ် လူတို့ပြုမူပုံသည် ၎င်းတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးကာ ၎င်းတို့အပေါ် ဘုရားသခင်၏ အပြုအမူနှင့် ၎င်းတို့ကို ကိုင်တွယ်ပုံကို ဆုံးဖြတ်၏။ ဤအချိန်တွင် ဘုရားသခင်အပေါ် လူတို့ပြုမူပုံ ဥပမာအချို့ ငါပေးမည်။ ဘုရားသခင်အပေါ် ၎င်းတို့ပြုမူသည့် အပြုအမူများနှင့် သဘောထားများသည် မှန်ကန်ခြင်း ရှိမရှိ တစ်စုံတစ်ရာ နားစွင့်ကြစို့။ အောက်ပါ လူခုနစ်မျိုးတို့၏ အပြုအမူကို စဉ်းစားကြစို့-

၁) ဘုရားသခင်အပေါ် ၎င်း၏သဘောထားက အထူးရယ်ဖွယ်ကောင်းသော လူတစ်မျိုးရှိ၏။ ဘုရားသခင်သည် ဘုရားလောင်းဖြစ်သည်၊ သို့မဟုတ် လူ့အစဉ်လာစကား၏ သန့်ရှင်းသူတစ်ဦးဖြစ်၍ လူတို့နှင့် ဆုံသည့်အခါ လူတို့မှ သုံးကြိမ်ဦးညွှတ်ကာ၊ ၎င်းတို့စားသောက်ပြီးနောက် အမွှေးတိုင်ထွန်းရန် လိုသည်ဟု ၎င်းတို့ထင်ကြ၏။ ထို့ကြောင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျေးဇူးတင်ကာ၊ ဘုရားသခင်အား ကျေးဇူးတင်သဖြင့် ၎င်းတို့သည် ဤကဲ့သို့သော စိတ်ဆန္ဒပေါ်ပေါက်လေ့ရှိသည်။ ယနေ့ ၎င်းတို့ယုံကြည်သော ဘုရားသခင်အနေဖြင့် ၎င်းတို့၏ နှလုံးသားများတွင်တောင့်တသော သန့်ရှင်းသူကဲ့သို့ ၎င်းတို့တွေ့ဆုံသည့်အခါ သုံးကြိမ်ဦးညွှတ်၍၊ စားသောက်ပြီးသည့်အခါ သူ့ထံသို့ အမွှေးတိုင်ထွန်းသော အပြုအမူကို လက်ခံနိုင်ရန် ၎င်းတို့ အလွန်မျှော်လင့်ကြ၏။

၂) အချို့သူများသည် ဘုရားသခင်အား သက်ရှိအားလုံးကို ဒုက္ခဝေဒနာမှ ဖယ်ရှားနိုင်ကာ ၎င်းတို့ကို ကယ်တင်သည့် သက်ရှိဗုဒ္ဓကဲ့သို့ မြင်ကြ၏။ ၎င်းတို့သည် ဘုရားသခင်အား ဒုက္ခပင်လယ်မှ ဝေးရာသို့ ခေါ်ဆောင်သွားနိုင်သော သက်ရှိဗုဒ္ဓကဲ့သို့ မြင်ကြ၏။ ဤလူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဘုရားသခင်အား ဗုဒ္ဓကဲ့သို့ ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။ ၎င်းတို့သည် အမွှေးတိုင် မထွန်း၊ မကန်တော့၊ မပူဇော်သော်လည်း ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်သည် ထိုကဲ့သို့သော ဗုဒ္ဓသာဖြစ်၍ ၎င်းတို့အား ကြင်နာကာ ညှာတာရန်၊ သက်ရှိသတ္တဝါကို လုံးဝမသတ်ရန်၊ သူတပါးအား ဆဲရေးတိုင်းထွာခြင်း မပြုရန်၊ ရိုးသားဖြောင့်မတ်ပုံရသည့် ဘဝတွင် နေထိုင်၍ မကောင်းမှုမပြုရန်၊ ဤအရာများသာ တောင်းဆို၏။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများရှိ ဘုရားသခင်ဖြစ်၏။

၃) အချို့သူများသည် ဘုရားသခင်အား ကြီးမြတ်သောသူ သို့မဟုတ် ကျော်ကြားသူတစ်ဦးအဖြစ် ဝတ်ပြုကိုးကွယ်ကြ၏။ ဥပမာ ဤကြီးမြတ်သောသူသည် မည်သည့်နည်းဖြင့် ပြောဆိုသည်ကို နှစ်သက်သည်၊ မည်သည့်အသံအတက်အကျဖြင့် ပြောသည်၊ မည်သည့်စကားလုံးများနှင့် ဝေါဟာရကို အသုံးပြုသည်၊ ၎င်း၏ အသံနေအသံထား၊ လက်ဟန်များ၊ အယူအဆများနှင့် အပြုအမူများ၊ ဟန်အမူအရာ၊ ၎င်းတို့အားလုံးကို ထိုသူတို့ အတုခိုးကာ၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်းလမ်းကြောင်းတွင် အပြည့်အဝ ပေါက်ဖွားလာစေရမည့်အရာများဖြစ်သည်။

၄) အချို့သူများသည် ဘုရားသခင်အား ဧကရာဇ်တစ်ပါးဟုမြင်ကာ၊ သူသည် အရာခပ်သိမ်း၏ အထက်တွင် ရှိသည်ဟု ခံစားရလျက် မည်သူမျှသူ့အား ပုန်ကန်ပြစ်မှားဝံ့ခြင်းမရှိ၊ ပြစ်မှားပါက အပြစ်ပေးခံရမည်ဟု ခံစားရ၏။ ၎င်းတို့သည် ဤကဲ့သို့သော ဧကရာဇ်ကို ဝတ်ပြုကိုးကွယ်ခြင်းမှာ ဧကရာဇ်များသည် ၎င်းတို့၏နှလုံးသားများတွင် သေချာနေရာတစ်ခုယူထား၍ဖြစ်သည်။ ဧကရာဇ်တို့၏ အတွေးများ၊ အပြုအမူ၊ သြဇာအာဏာနှင့် သဘောသဘာဝများ၊ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ကိုယ်ရေးကိုယ်တာဘဝသည်ပင် လူတို့နားလည်ရမည့်အရာများအားလုံး ဖြစ်သွားကာ၊ ၎င်းတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် ကိစ္စများဖြစ်သွားသဖြင့် ၎င်းတို့သည် ဘုရားသခင်အား ဧကရာဇ် တစ်ပါးကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤကဲ့သို့သော ယုံကြည်ခြင်းပုံစံသည် ရယ်ဖွယ်ရာဖြစ်၏။

၅) အချို့သောသူများသည် ဘုရားသခင်တည်ရှိခြင်းအပေါ် လေးနက်၍မဆုတ်မနစ်သော အထူးယုံကြည်ခြင်းတစ်ရပ် ရှိ၏။ ၎င်းတို့ဘုရားသခင်ကိုသိခြင်းသည် အပေါ်ယံဆန်လွန်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အတွေ့အကြုံ များစွာမရှိသဖြင့် ၎င်းတို့သည် ဘုရားသခင်အား ရုပ်ထုတစ်ခုကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤရုပ်တုသည် ၎င်းတို့၏နှလုံးသားများတွင်ရှိသော ဘုရားသခင်ဖြစ်၏။ ၎င်းသည် ထိုသူတို့ ကြောက်ရွံ့၍ ဦးညွှတ်ရမည့် အရာတစ်ခုဖြစ်ကာ၊ ၎င်းတို့လိုက်နာ၍ အတုခိုးရမည့် အရာတစ်ခုဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ဘဝတစ်လျှောက်လုံး လိုက်နာရမည့် ရုပ်တုတစ်ခုကဲ့သို့မြင်၏။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသော အသံနေအသံထားကို အတုခိုးကာ၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်နှစ်သက်သောသူများကို အတုခိုးကြ၏။ ၎င်းတို့သည် ရိုးစင်းပြီး၊ ဖြူစင် ဖြောင့်မတ်ပုံရသည့် အရာများကို လုပ်ကိုင်လေ့ရှိကာ ဤရုပ်တုနောက်ကို ၎င်းတို့မည်သည့်အခါမျှ မခွဲခွာနိုင်သည့် ကြင်ဖော်ကြင်ဖက် သို့မဟုတ် လက်တွဲဖော်ကဲ့သို့ပင် လိုက်ကြ၏။ ၎င်းတို့၏ယုံကြည်ခြင်းပုံစံမှာ ယင်းကဲ့သို့ဖြစ်၏။

၆) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီး၍ တရားဟောချက် များစွာကြားပြီးသော်လည်း ၎င်းတို့၏နှလုံးသားများတွင် ဘုရားသခင်အပေါ်၎င်းတို့၏အပြုအမူအတွက် တစ်ခုတည်းသော အခြေခံသဘောတရားမှာ ၎င်းတို့သည် အစဉ်ပင် မျက်နှာလိုမျက်နှာရ လုပ်နေရမည်၊ သို့မဟုတ် ဖော်လံဖားရမည်၊ သို့မဟုတ်ပါက ဘုရားသခင်အား ချီးမွမ်း၍ လက်တွေ့မကျသော နည်းလမ်းတစ်ရပ်ဖြင့် သူ့အားချီးကျူးရမည်ဟု ခံစားရသောသူ အချို့ရှိ၏။ ဘုရားသခင်သည် ၎င်းတို့အား ဤကဲ့သို့ပြုမူရမည်ဟု တောင်းဆိုသော ဘုရားသခင်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြကာ ထိုကဲ့သို့မပြုပါက ၎င်းတို့သည် သူ၏ဒေါသကို အချိန်မရွေး နှိုးဆွနိုင်သည်၊ သို့မဟုတ် သူ့အား ပြစ်မှားနိုင်ကာ၊ အပြစ်ပြုလုပ်ခြင်း၏ ရလဒ်အနေဖြင့် ဘုရားသခင်သည် ၎င်းတို့အား အပြစ်ပေးမည်ဟု ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများတွင် ရှိသည့် ဘုရားသခင်ဖြစ်၏။

၇) ထို့နောက် ဘုရားသခင်၌ ဝိညာဉ်ရေးအာဟာရ ရှာဖွေတွေ့ရှိသော လူအများစုရှိ၏။ ထိုသူတို့သည် ဤလောကတွင်နေသဖြင့် ငြိမ်သက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း မရှိဘဲ မည်သည့်နေရာတွင်မျှ သက်သာမှု ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေတွေ့ရှိပြီးနောက်၊ သူ၏နှုတ်ကပတ်တော်များကို မြင်ကာကြားပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် တိတ်တဆိတ် ဝမ်းမြောက်ကြလျက် ဘဝင်ခိုက်နေကြသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အဆုံး၌ ၎င်းတို့အား ပျော်ရွှင်မှုပေးမည့် တစ်နေရာတွေ့ခဲ့ပြီ၊ အဆုံး၌ ၎င်းတို့အား ဝိညာဉ်ရေး အာဟာရ ထောက်ပံ့ပေးမည့် ဘုရားသခင်ကို တွေ့ခဲ့ပြီဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်အား လက်ခံကာ သူ့နောက် စတင်လိုက်ပြီးနောက်တွင် ၎င်းတို့သည် ပျော်ရွှင်လာကာ ၎င်းတို့၏ဘဝများကို ကျေနပ်ကြလျက်၊ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ ဘဝကို အိပ်ပျော်နေစဉ် ယောင်ယမ်းလမ်းလျှောက်ကာ ဖြတ်သန်းကြသော မယုံကြည်သူများကဲ့သို့ မဖြစ်တော့ဘဲ ဘဝတွင် မျှော်လင့်စရာ တစ်စုံတစ်ရာရှိသည်ဟု ၎င်းတို့ခံစားကြရ၏။ ထို့ကြောင့် ဤဘုရားသခင်က ၎င်းတို့၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကာ စိတ်ရောဝိညာဉ်ပါ ကြီးမားသည့် ပျော်ရွှင်မှုပေးနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မသိဘဲနှင့် ၎င်းတို့သည် ၎င်းတို့ကို ဝိညာဉ်ရေးအာဟာရပေးသည့်၊ ၎င်းတို့၏ဝိညာဉ်နှင့် မိသားတစ်စုလုံးကို ပျော်ရွှင်မှုပေးသည့် ဤဘုရားသခင်ကို မထားရစ်နိုင်ဖြစ်သွားကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အား ဝိညာဉ်ရေး အာဟာရယူလာပေးရုံမှလွဲ၍ မည်သည့်အရာမျှ သာ၍လုပ်ရန်မလိုဟု ၎င်းတို့ယုံကြည်သည်။

အထက်ဖော်ပြပါ လူအမျိုးအစားအမျိုးမျိုးတို့၏ ဘုရားသခင်အပေါ်ထားရှိသော သဘောထားများသည် သင်တို့အကြားတွင် တည်ရှိသလော။ (ရှိပါ၏။) ဘုရားသခင်ကို ယုံကြည်ခြင်း၌ တစ်စုံတစ်ဦး၏နှလုံးသားတွင် ဤသဘောထားတစ်ခုခုပါရှိပါက ထိုသူသည် ဘုရားသခင်ရှေ့မှောက် စစ်မှန်စွာ လာရောက်နိုင်မည်လော။ တစ်စုံတစ်ဦး၏နှလုံးသား၌ ဤသဘောထားတစ်ခုခုပါရှိပါက ထိုသူသည် ဘုရားသခင်ကို ယုံကြည်သလော။ ထိုသူသည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို ယုံကြည်သလော။ (မယုံကြည်ပါ။) သင်သည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို မယုံကြည်သည့်အတွက် မည်သူ့ကို ယုံကြည်သနည်း။ သင်ယုံကြည်သည်မှာ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်မဟုတ်လျှင် သင်သည် ရုပ်တုတစ်ခု သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး သို့မဟုတ် ဘုရားလောင်းကို ယုံကြည်သည်၊ သင်၏နှလုံးသားတွင် သင်သည် ဗုဒ္ဓကိုယုံကြည်သည်မှာ ဖြစ်နိုင်၏။ ထို့အပြင် သင်သည် သာမန်လူတစ်ဦးကို ယုံကြည်သည်မှာ ဖြစ်နိုင်၏။ အချုပ်အားဖြင့် ဘုရားသခင်အပေါ် လူတို့၏ယုံကြည်ခြင်းပုံစံအမျိုးမျိုးနှင့် သဘောထားများကြောင့် လူတို့သည် ၎င်းတို့ကိုယ်တိုင်ထင်ရှားစွာသိမြင်သည့် ဘုရားသခင်ကို ၎င်းတို့၏နှလုံးသားများတွင် ထားကြ၏။ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ဘုရားသခင်အပေါ်သတ်မှတ်ကြ၏။ ၎င်းတို့၏သဘောထားများနှင့် စိတ်ကူးစိတ်သန်းများကို အတုမရှိသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘေးချင်းယှဉ်လျက် ထားကြကာ ၎င်းတို့ကို ဂုဏ်ပြုဧည့်ခံခြင်းခံရရန် ဆွဲကိုင်ထားကြ၏။ လူတို့သည် ဘုရားသခင်အပေါ် ဤကဲ့သို့သော မသင့်တော်သည့် သဘောထားများရှိသောအခါ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို ငြင်းပယ်၍ ဘုရားသခင်အတုကို ဝတ်ပြုကိုးကွယ်ကြသည်ဟု အဓိပ္ပာယ် ရပြီး၊ ဘုရားသခင်ကို ယုံကြည်နေသည့်တစ်ချိန်တည်းမှာပင် ထိုသူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ သူ့ကိုဆန့်ကျင်၍ စစ်မှန်သောဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်သည်ဟု အဓိပ္ပာယ်ရ၏။ လူတို့သည် ဤကဲ့သို့သောယုံကြည်ခြင်းပုံစံများကို ဆက်၍စွဲကိုင်နေကြပါက ၎င်းတို့အတွက် မည်သည့်အကျိုးဆက် ရှိမည်နည်း။ ဤကဲ့သို့သော ယုံကြည်မှုပုံစံများဖြင့် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် တစ်ကြိမ်တစ်ခါမျှ ပိုမို နီးစပ်ခြင်း ရှိနိုင်မည်လော။ (၎င်းတို့နီးစပ်ခြင်း မရှိနိုင်ပါ) ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကြောင့် ဘုရားသခင်၏လမ်းမှ သာ၍ဝေးသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှာဖွေသည့်ဦးတည်ချက်သည် ဘုရားသခင်မှ ၎င်းတို့အပေါ် သတ်မှတ်ထားသည့် ဦးတည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သည်။ "နှစ်ဘီးတပ် စစ်ရထားကို မြောက်ဘက်သို့မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်း" ဟူသည့်ဇာတ်လမ်းကို သင်တို့ ကြားဖူးသလော။ ဤအရာသည် နှစ်ဘီးတပ် စစ်ရထားကို မြောက်ဘက်သို့မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်းကိစ္စတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတို့သည် ဘုရားသခင်ကို ဤကဲ့သို့ အဓိပ္ပါယ်မရှိသော နည်းလမ်းဖြင့် ယုံကြည်ပါက သင်သည် ပို၍ ကြိုးစားလေလေ၊ ဘုရားသခင်ထံမှ သာ၍ဝေးကွာလေလေဖြစ်၏။ ထို့ကြောင့် ငါသည် သင်တို့အား ဤသို့ဆုံးမ၏- သင်တို့စတင်ဆောင်ရွက်ခြင်း မပြုမီ သင်သည် မှန်ကန်သည့်လားရာဘက်သို့ သွား မသွားဆိုသည်ကို ဦးစွာသိမြင်ရမည်။ သင်၏အားထုတ်မှုများတွင် ပစ်မှတ်ထားဆောင်ရွက်ကာ သင်တို့ကိုယ်သင်တို့ "ငါယုံကြည်သည့်ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်သူလော။ ငါယုံကြည်သည့်ဤဘုရားသခင်သည် ငါ့အား ဝိညာဉ်ရေးအာဟာရပေးသည့် တစ်စုံတစ်ဦးသာလော။ သူသည် ငါ၏ ရုပ်တုလော။ ငါယုံကြည်သည့် ဤဘုရားသခင်သည် ငါ့အား အဘယ်အရာတောင်းဆိုသနည်း။ ဘုရားသခင်သည် ငါပြုသမျှအမှုကို ထောက်ခံသလော။ ငါပြုသမျှနှင့် ငါလိုက်စားသမျှသည် ဘုရားသခင်ကိုသိခြင်းအတွက် လိုက်စားခြင်းလော။ ၎င်းသည် ငါ့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ငါလိုက်လျှောက်သည့်လမ်းကြောင်းသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းကို ခံရသလော။ ဘုရားသခင်သည် ငါ၏ယုံကြည်ခြင်းအပေါ် ကျေနပ်သလော။" ဟု မေးဖြစ်အောင်မေးလော့။ သင်သည် သင့်ကိုယ်သင် ဤမေးခွန်းများကို မကြာခဏနှင့် ထပ်သလဲလဲ မေးသင့်သည်။ သင်သည် ဘုရားသခင်ကို သိခြင်းနောက် လိုက်လိုသည့်ဆန္ဒရှိပါက သင်သည် ဘုရားသခင်ကို ကျေနပ်စေခြင်းမပြုနိုင်မီ ရှင်းလင်းသည့် အသိနှင့် ရှင်းလင်းသည့် ရည်ရွယ်ချက်များ ရှိရမည်။

သူ၏သည်းခံနိုင်ခြင်းအကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ငါခုတင်ပြောခဲ့သည့် မသင့်တော်သော သဘောထားများကို မကျေမနပ်နှင့် လက်ခံမည်မှာ ဖြစ်နိုင်သလော။ ဤလူတို့၏သဘောထားများကို ဘုရားသခင်သည် ချီးကျူးနိုင်မည်လော။ (မချီးကျူးနိုင်ပါ။) လူသားမျိုးနွယ်နှင့် သူ၏နောက်သို့ လိုက်သောသူတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များမှာ အဘယ်နည်း။ သူသည် လူတို့အပေါ် မည်သည့်သဘောထား တောင်းဆိုထားသည်ကို သင်ရှင်းသလော။ ယနေ့ငါသည် များစွာပြောခဲ့၏။ ဘုရားသခင်ကိုယ်တော်တိုင် အပြင် ဘုရားသခင်၏လုပ်ဆောင်ချက်များနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့အကြောင်း များစွာ ပြောခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာကို ရယူလိုသည်ကို ယခုသင်တို့သိသလော။ ဘုရားသခင်သည် သင့်ထံမှ မည်သည့်အရာ လိုချင်ကြောင်းကို သင်သိသလော။ ကျယ်လောင်စွာ ပြောလော့။ အတွေ့အကြုံများနှင့် လက်တွေ့လုပ်ဆောင်မှုမှ သင်တို့၏အသိဉာဏ်သည် ချို့တဲ့ဆဲရှိသည်၊ သို့မဟုတ် လွန်စွာ အပေါ်ယံဆန်သည်ဆိုပါက ဤနှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်တို့၏ အသိပညာအကြောင်း သင်တို့ တစ်စုံတစ်ရာပြောနိုင်၏။ သင်တို့သည် အကျဉ်း ချုပ်သိကြသလော။ ဘုရားသခင်သည် လူသားအပေါ် မည်သည့်အရာ တောင်းဆိုသနည်း။ (ဤဆွေးနွေးမှုများ အချို့အတွင်း ကျွန်ုပ်တို့သည် ဘုရားသခင်အား သိရန်၊ သူ၏လုပ်ဆောင်ချက်များ သိရန်၊ သူသည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ်ဖြစ်ကြောင်း သိရန်နှင့် သူ၏ဂုဏ်ဒြပ်နှင့် သူ၏ကိုယ်ပိုင်လက္ခဏာကိုသိရန် သတ်မှတ်ချက်ကို ဘုရားသခင်မှ မပျက်မကွက် ပြုလုပ်ခဲ့၏။) ထို့အပြင် ဘုရားသခင်သည် လူတို့ သူ့အားသိရန် တောင်းဆိုသည့်အခါ နောက်ဆုံးရလဒ်မှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် လူတို့သည် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြောင်း ၎င်းတို့သိကြ၏။) ၎င်းတို့ ဤကဲ့သို့သော အသိဉာဏ်ကိုရရှိသည့်အခါ၊ ဘုရားသခင်အပေါ် လူတို့၏သဘောထား၊ ၎င်းတို့၏ အပြုအမူနှင့် အကောင်အထည်ဖော်နည်း သို့မဟုတ် ၎င်းတို့ဘဝ၏ အနေအထားတို့တွင် မည်သည့်အပြောင်းအလဲများ ရှိသနည်း၊ သင်တို့သည် ဤအကြောင်းကို စဉ်းစားဖူးကြသလော။ ဘုရားသခင်ကို သိပြီးနောက်နှင့် သူ့အား နားလည်ပြီးနောက် ၎င်းတို့သည် လူကောင်းဖြစ်သွားသည်ဟု ဆိုနိုင်မည်လော။ (ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူကောင်းတစ်ဦးဖြစ်ရန် လိုက်ခြင်းမဟုတ်ပါ။ ထိုအစား ယင်းမှာ ဘုရားသခင်၏ အရည်အချင်းပြည့်မီပြီး ရိုးသားဖြောင့်မတ်သည့်သူဖြစ်သော အဖန်ဆင်းခံသတ္တဝါဖြစ်လာရန် လိုက်စားခြင်းဖြစ်သည်။) အခြားအရာရှိသေးသလော။ (ဘုရားသခင်အား စစ်မှန်စွာနှင့် မှန်ကန်စွာ သိပြီးနောက် ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် ဘုရားသခင်အဖြစ် ပြုမူနိုင်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ဖန်ဆင်းခံသတ္တဝါများ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ကြောင်းနှင့် မှန်ကန်သည့် အနေအထား၌ ရပ်တည်သင့်ကြောင်း ကျွန်ုပ်တို့သိသည်။) အလွန်ကောင်း၏။ အခြားသူအချို့ထံမှ နားထောင်ကြစို့။ (ကျွန်ုပ်တို့သည် ဘုရားသခင်ကို သိ၍၊ အဆုံး၌ ဘုရားသခင်ကို စစ်မှန်စွာ နာခံကာ၊ ဘုရားသခင်ကို ရိုသေလေးမြတ်၍ မကောင်းမှုကို ရှောင်ရှားသောသူများ ဖြစ်နိုင်ကြ၏။) ၎င်းမှာ မှန်ပေ၏။

၃။ သူ့အပေါ် လူသားမျိုးနွယ်ထားရှိသင့်သည်ဟု ဘုရားသခင် သတ်မှတ်ထားသောသဘောထား

အကယ်စင်စစ် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် လွန်စွာတောင်းဆိုမှု မပြုပေ။ သို့မဟုတ် အနည်းဆုံးအနေဖြင့် သူသည် လူတို့စိတ်ကူးသလောက် မညှာမတာခိုင်းခြင်းမပြုပေ။ အကယ်၍ ဘုရားသခင်သည် မည်သည့်နှုတ်ကပတ်တော်ကိုမျှ မမိန့်မြွက်ခဲ့ပါက၊ သူ၏စိတ်နေသဘောထား၊ သို့မဟုတ် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မဖော်ပြခဲ့ပါက၊ ဘုရားသခင်ကိုသိခြင်းသည် သင်တို့အတွက် လွန်စွာ ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် သူ၏အလိုတော်ကို လူတို့သည် ကောက်ချက်ချရမည်ဖြစ်၍၊ ဤသည်မှာ ၎င်းတို့အတွက် လွန်စွာခက်ခဲ၏။ သို့သော် သူ၏အမှု နောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့၊ များစွာသောပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ကာ လူတို့အပေါ် သတ်မှတ်ချက်များစွာ ပြုလုပ်ခဲ့၏။ သူ၏နှုတ်ကပတ်တော်များနှင့် များစွာသောပမာဏရှိသည့် သူ၏အမှုတို့တွင် သူသည် လူတို့အား သူကြိုက်နှစ်သက်သည့်အရာ၊ သူစက်ဆုပ်သည့်အရာနှင့် မည်သို့သော လူများ ၎င်းတို့ဖြစ်သင့်သည်ကို သူအသိပေးခဲ့သည်။ ဤအရာများကို နားလည်ပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် လူတို့သည် ဘုရားသခင်၏သတ်မှတ်ချက်များနှင့်ဆိုင်သော တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် မရေရာသောဘုရားသခင်တွင် မယုံကြည်တော့ပေ။ သို့မဟုတ် မရေရာခြင်းနှင့် စိတ်ကူးသက်သက်သာဖြစ်ခြင်းနှင့် ဘာမျှမရှိခြင်းအကြားတွင် ဘုရားသခင်နောက် မလိုက်တော့ပေ။ ယင်းအစား လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ကြားနိုင်၍ ၎င်းတို့သည် သူ၏သတ်မှတ်ချက်များ၏စံနှုန်းများကို နားလည်နိုင်ကာ ၎င်းတို့ကို ရရှိနိုင်ကြ၏။ ထို့အပြင် ဘုရားသခင်သည် လူသားတို့အား ၎င်းတို့သိသင့်၍ နားလည်သင့်သည့်အရာအားလုံးကို ပြောပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြု၏။ ယနေ့ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များ၊ ဘုရားသခင်သည် မည်သည်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့အဘယ်ကြောင့်ယုံကြည်ရခြင်းနှင့် ဘုရားသခင်ကို ၎င်းတို့မည်သို့ယုံကြည်သင့်သည်၊ သူ့အပေါ် မည်သို့ပြုမူသင့်သည်ကို မသိဆဲရှိနေပါက ဤအရာ၌ ပြဿနာတစ်ရပ်ရှိနေ၏။ ခုတင် သင်တို့တစ်ဦးစီသည် အကြောင်းအရာတစ်ရပ်ကို ပြောခဲ့၏၊ သင်သည် အရာအချို့ကို တိကျစွာဖြစ်စေ၊ ယေဘုယျသဘောအားဖြင့်ဖြစ်စေ သိ၏။ သို့သော် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ မှန်ကန်၊ ပြည့်စုံကာ တိကျသည့် သတ်မှတ်ချက်များကို ငါသည် သင်တို့အား ပြောလို၏။ ၎င်းတို့သည် နှုတ်ကပတ်တော် အနည်းငယ်မျှသာဖြစ်၍ လွန်စွာရိုးရှင်း၏။ ဤနှုတ်ကပတ်တော်များကို သင်တို့သိပြီးဖြစ်နိုင်သည်။ လူသားမျိုးနွယ်နှင့် သူ့နောက်လိုက်သော သူများအပေါ် ဘုရား၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၏- ဘုရားသခင်သည် သူ့နောက်သို့လိုက်သောသူများထံမှ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသောနောက်လိုက်ခြင်း၊ အကြွင်းမဲ့နာခံခြင်း၊ စစ်မှန်စွာသိခြင်းနှင့် အူလှိုက်သည်းလှိုက်ရိုသေလေးမြတ်ခြင်းစသည့် အရာငါးခုကို တောင်းဆိုထား၏။

ဤအရာငါးခုတွင် လူတို့သည် ဘုရားသခင်အား မေးခွန်းမထုတ်တော့ရန်နှင့် ၎င်းတို့၏စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာဘဲ စိတ်ကူးသက်သက် သဘောထားများကို အသုံးပြု၍ သူ့နောက်မလိုက်ရန် တောင်းဆိုထား၏၊ ၎င်းတို့သည် ဘုရားသခင်နောက်သို့ စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများဖြင့် မလိုက်ရ။ သူ၏နောက်သို့လိုက်သောသူတိုင်းသည် သစ္စာရှိစွာလိုက်၍၊ စိတ်မပါ့တပါ သို့မဟုတ် သံန္နိဋ္ဌာန်မရှိဘဲ မလိုက်ရန် သတ်မှတ်ထား၏။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ ပြုလုပ်သည့်အခါ၊ သို့မဟုတ် သင့်ကိုစမ်းသပ်သည့်အခါ၊ တရားစီရင်သည့်အခါ၊ သင့်ကို ရိုက်နှက်ဆုံးမပြီး ပြုပြင်သည့်အခါ၊ သို့မဟုတ် ဆုံးမပဲ့ပြင်၍ ရိုက်နှက်သည့်အခါ သင်သည် သူ့ကို လုံးဝနာခံရမည်။ အကြောင်းတရားကို မမေးသင့်၊ သို့မဟုတ် သတ်မှတ်ချက်များ မပြုလုပ်ရဘဲ အကြောင်းပြချက်ကို သာ၍မပြောသင့်ပေ။ သင်၏နာခံမှုသည် လုံးဝဥဿုံနာခံမှုဖြစ်ရမည်။ ဘုရားသခင်ကိုသိခြင်းသည် လူတို့ အချို့တဲ့နေဆုံး နေရာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ ဤစကားများသည် ဘုရားသခင်ကိုသိခြင်းအတွက် အတိကျဆုံးသော အဓိပ္ပာယ် သတ်မှတ်ချက်များဖြစ်သည်ဟု ယုံကြည်လျက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ လူတို့၏စိတ်ကူးစိတ်သန်း၊ ၎င်းတို့ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိဉာဏ်တို့မှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည်ကို ၎င်းတို့ သိပ်မသိပေ။ ထို့ကြောင့် ဘုရားသခင်မှ နှစ်သက်သည့်သူများရှိ အသိဉာဏ်တွင် ဘုရားသခင်သည် သင့်ကို ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်တို့ကို သိရုံသာ တောင်းဆိုသည်မဟုတ်ဘဲ ဘုရားသခင်ကို သင်၏သိခြင်းသည် မှန်ကန်ရန်လည်း တောင်းဆိုကြောင်းကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်သည်ဖြစ်သော်လည်း၊ သို့မဟုတ် အနည်းငယ်သာ သိသော်လည်း၊ ဤအနည်းငယ်သည် မှန်ကန်၍ စစ်မှန်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ လက်တွေ့မကျဘဲ ပေါ့ပေါ့တန်တန် ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့်ဖြစ်သည်။ ထိုထက်ပို၍ လူတို့သူ့အား လေကဲ့သို့သဘောထားသောအခါ သူမုန်းတီး၏၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ဆွေးနွေးစဉ် လူတို့သည် ပေါ့တန်စွာပြောဆိုခြင်း၊ ဆန္ဒရှိသည်အတိုင်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် သင့်တော်သည်ဟုထင်တိုင်း ပြောဆိုခြင်းတို့ကို သူမုန်းတီး၏၊ ထို့အပြင် ဘုရားသခင်ကို သူတို့သိသည်ဟု ယုံကြည်သောသူများ၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ကန့်သတ်ချုပ်ချယ်မှု သို့မဟုတ် သံသယမရှိဘဲ ဆွေးနွေးကြသည့် ဘုရားသခင်ကို သိခြင်းအပေါ် ဝါကြွားသူများကို မုန်းတီး၏။ ၎င်းသတ်မှတ်ချက်ငါးခုအနက် နောက်ဆုံးမှာ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သူတို့အားလုံးအပေါ် သူ၏အဆုံးစွန်သော သတ်မှတ်ချက်ဖြစ်၏။ တစ်စုံတစ်ဦး၏ ဘုရားသခင်ကိုသိခြင်းသည် မှန်ကန်၍စစ်မှန်သည့်အခါ ထိုသူတို့သည် ဘုရားသခင်အား စစ်မှန်စွာ ရိုသေလေးမြတ်၍ မကောင်းမှုကို စစ်မှန်စွာရှောင်ရှားနိုင်၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသောနေရာမှလာ၍ လိုလိုလားလားရှိပြီး ဤသည်မှာ ဘုရားသခင်မှ ၎င်းတို့အပေါ် ဖိအားပေး၍ မဟုတ်ပေ။ ဘုရားသခင်သည် သူ့အပေါ် ကောင်းမွန်သည့်သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် ပြင်ပအပြုအမူ လက်ဆောင်ပေးရန် သင့်အား မတောင်းဆိုပေ။ ယင်းအစား သင်သည် သူ့အားရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာမှ သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ဤရိုသေလေးမြတ်မှုသည် သင့်ဘဝ အနေအထားပြောင်းလဲမှုများ၏ ရလဒ်အနေဖြင့် ရရှိခြင်းဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကိုသိခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို နားလည်ခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏အနှစ်သာရကို နားလည်ခြင်းကြောင့်နှင့် သင်သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခုဖြစ်ကြောင်း အမှန်တရားကို အသိအမှတ်ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် ရိုသေလေးမြတ်မှုကို အဓိပ္ပာယ်သတ်မှတ်ရန် "အူလှိုက်သည်းလှိုက်" ဟူသောစကားလုံးကို အသုံးပြုရခြင်းအတွက် ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်အတွက် လူတို့၏ရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသားများ၏ အရင်းခံနေရာမှ လာသင့်သည်ကို လူသားမျိုးနွယ်မှ နားလည်စေရန်ဖြစ်သည်။

ယခု ၎င်းသတ်မှတ်ချက်ငါးခုကို စဉ်းစားလော့။ သင်တို့အကြားတွင် ပထမသုံးခုကို ရယူနိုင်သူ တစ်စုံတစ်ဦး ရှိသလော။ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသော နောက်လိုက်ခြင်းနှင့် လုံးဝဥဿုံနာခံခြင်းတို့ကို ငါဆိုလိုခြင်းဖြစ်သည်။ သင်တို့အကြားတွင် ဤအရာများကို လုပ်နိုင်စွမ်းရှိသူ တစ်စုံတစ်ဦးရှိသလော။ ငါသည် ငါးခုစလုံးဟုပြောခဲ့ပါက သင်တို့အနက် တစ်စုံတစ်ဦးမျှ ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်သည်မှာ မလွဲမသွေဖြစ်မည်ကို ငါသိ၏။ သို့သော် ငါသည် သုံးခုသို့ လျှော့ချခဲ့သည်။ သင်တို့သည် ၎င်းအရာတို့ကို စွမ်းဆောင်ခဲ့ ခြင်း ရှိမရှိကို စဉ်းစားလော့။ "စစ်မှန်သောယုံကြည်ခြင်း" သည် ရယူရန်လွယ်ကူသလော။ (မလွယ်ကူပါ) မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်အား မကြာခဏ မေးခွန်းထုတ်၍ ဖြစ်သည်။ "သစ္စာရှိသော နောက်လိုက်ခြင်း" ရော။ ဤ "သစ္စာရှိသော" ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။) စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။ သင်ပြောလိုက်သည်မှာ ကွက်တိပင်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ဤသတ်မှတ်ချက်ကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ သင်သည် သာ၍ကြိုးစားရမည် မဟုတ်လော။ လက်ရှိအချိန်တွင် ဤသတ်မှတ်ချက်ကို သင်မစွမ်းဆောင်သေးပေ။ "လုံးဝဥဿုံ နာခံခြင်း" ရော။ စွမ်းဆောင်ပြီးပြီလော။ (မစွမ်းဆောင်သေးပါ။) ၎င်းကိုလည်းသင်စွမ်းဆောင်ခြင်း မရှိသေးပေ။ သင်သည် မကြာကခဏ နာခံမှုမရှိဘဲ ပုန်ကန်၏။ သင်သည် မကြာခဏ နားမထောင်၊ သို့မဟုတ် လိုက်နာလိုသည့်ဆန္ဒမရှိ၊ သို့မဟုတ် မကြားလိုပေ။ ဤသည်တို့သည် အသက်တာအတွင်း ဝင်ရောက်ခြင်း နောက်သို့လိုက်နေသောလူများ အထမြောက်ကြသည့် အခြေခံကျဆုံးသော သတ်မှတ်ချက် သုံးရပ်ဖြစ်ကာ၊ သင်တို့၌ ၎င်းတို့ကို စွမ်းဆောင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယခုအချိန်တွင် သင်တို့၌ ကြီးမားသော အလားအလာရှိသလော။ ယနေ့ ဤနှုတ်ကပတ်တော်တို့ကို ငါပြောကြားသည်ကို ကြားပြီးနောက် သင်တို့ လိုလားတောင့်တကြသလော။ (ဟုတ်ကဲ့။) သင်တို့လိုလားတောင့်တသင့်ပေသည်။ မလိုလားမတောင့်တဘဲ မရှိလေနှင့်။ သင်တို့ကိုယ်စား ငါလိုလားတောင့်တမိသည်။ အခြားသတ်မှတ်ချက်နှစ်ခုကို ငါဆွေးနွေးမည်မဟုတ်ပေ။ ၎င်းတို့ကို မည်သို့မျှ အထမြောက်နိုင်စွမ်း မရှိသည်မှာ သေချာ၏။ သင်တို့သည် လိုလားတောင့်တနေကြ၏။ ထို့ကြောင့် သင်တို့သည် သင်တို့၏ရည်မှန်းချက်များကို ဆုံးဖြတ်ပြီးပြီလော။ ၎င်းဦးတည်ချက်အတွက် မည်သည့်ရည်မှန်းချက်များနောက် သင်လိုက်၍ သင်၏အားထုတ်မှုများကို မြှုပ်နှံသင့်သနည်း။ သင့်တွင် ရည်မှန်းချက်တစ်ရပ် ရှိသလော။ ငါ ရှင်းရှင်းပြောမည်- သင်တို့ ဤသတ်မှတ်ချက်ငါးခုကို အထမြောက်သည့်အခါ သင်တို့သည် ဘုရားသခင်အား ကျေနပ်စေပြီးဖြစ်လိမ့်မည်။ ၎င်းတို့တစ်ခုစီသည် အညွှန်းတစ်ခုဖြစ်၏။ ၎င်းသည် လူတို့၏ အသက်တာအတွင်းဝင်ရောက်မှု ရင့်ကျက်ပြီဖြစ်ကြောင်းနှင့် ဤအရာ၏ နောက်ဆုံးရည်မှန်းချက်၏ အညွှန်းတစ်ခုဖြစ်သည်။ ငါသည် အသေးစိတ်ပြောကြားရန်နှင့် သင်တို့အပေါ်သတ်မှတ်ရန် ဤသတ်မှတ်ချက်များမှ တစ်ခုကိုသာရွေးချယ်လျှင်ပင် စွမ်းဆောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို ခံစားကာ အားထုတ်မှုအတိုင်းအတာတစ်ရပ် ထည့်ဝင်ရမည်ဖြစ်သည်။ ထို့အပြင် မည်သို့သော စိတ်ဓာတ်မျိုး သင်တို့၌ ရှိသင့်သနည်း။ ခွဲစိတ်သည့်စားပွဲပေါ်သို့တက်ရန် စောင့်နေသည့် ကင်ဆာဝေဒနာရှင်တစ်ဦးနှင့် အလားတူပင် ဖြစ်သင့်သည်။ ငါ အဘယ်ကြောင့် ဤသို့ပြောသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်လိုသောဆန္ဒ ရှိ၍ ဘုရားသခင်ကို ရရှိကာ သူ၏ကျေနပ်မှုကို ရရှိလိုသောဆန္ဒရှိပါက သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို မခံစား၊ သို့မဟုတ် အားထုတ်မှုအတိုင်းအတာတစ်ရပ်ကို ထည့်ဝင်ခြင်း မရှိလျှင် သင်သည် ဤအရာများကို စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် တရားဟောချက်များစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကြားဖူးခဲ့ခြင်းကြောင့် ထိုတရားဟောချက်သည် သင်၏တရားဟောချက် ဖြစ်သွားသည်ဟု မဆိုလိုပေ၊ သင်သည် ၎င်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်၊ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့ကို သင်နေထိုင်ပုံအတွက် လမ်းပြခွင့်ပြု၍ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်၏ဘဝအတွင်း ယူလာ၍ သင့်ဘဝအတွင်း တစ်သားတည်း ဖြစ်စေရမည်ဖြစ်ကာ၊ သင်၏တည်ရှိမှုအတွင်း ယူဆောင်လာရမည် ဖြစ်သည်။ ထို့နောက် ဤနှုတ်ကပတ်တော်များကို ကြားရသည်မှာ သင့်အဘို့ ထိုက်တန်လိမ့်မည်ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးတစ်စုံတစ်ရာမျှ မရှိစေပါက ၎င်းတို့ကို သင်နားထောင်ရာ၌ အကျိုးမရှိပေ။ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ ၎င်းကိုနားလည်ပြီးနောက် ကျန်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင် ကြရတော့မည်။ သင်တို့သည် အရာခပ်သိမ်း၌ လွန်စွာအလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန် ကုန်လွန်နေပြီဖြစ်သည်။ သင်တို့အကြား အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်လာခဲ့ပြီးဖြစ်သည်။ ဤဆယ်နှစ်ကြာ ယုံကြည်ခြင်းကို ပြန်ပြောင်းကြည့်ရှုလော့။ သင်တို့ မည်မျှရရှိခဲ့ပြီနည်း။ ထို့အပြင် သင်တို့၌ ဤအသက်တာ၏ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာ ပေ။ ဘုရားသခင်၏အမှု သင့်ကိုစောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်အတွက် အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ၊ သူသည် ဤအလုပ်ကို တဖန်ပြန်လုပ်မည် မလုပ်မည်ကို အမှတ်မထားလေနှင့်။ ဤအကြောင်း မပြောလေနှင့်။ သင်သည် သင်၏လွန်ခဲ့သောဆယ်နှစ်ကို နောက်ပြန်လှည့်နိုင်သလော။ ကျော်ဖြတ်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့် သင့်တွင်ရှိသည့် နေ့ရက်များသည် တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သည့်လူသားကိုမျှ မစောင့်ပေ။ သင်သည် ၎င်းကို သင့်ဘဝ၌ အကောင်းဆုံးသောအရာ၊ အစားအစာ၊ အဝတ်အစား သို့မဟုတ် မည်သည့်အရာမဆိုထက် သာ၍အရေးကြီးသောအရာအဖြစ် ချဉ်းကပ်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်သည် အကျိုးအမြတ် ရရှိခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်၍ သင်၏ ယုံကြည်ခြင်းအပေါ် သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ သင်သည် အစဉ်ပင် မရေရာမှု၌ နစ်မြုပ်နေလျှင် သင်သည် မည်သည့်အရာ မျှ ရရှိလိမ့်မည် မဟုတ်ပေ။ သင်တို့ ဤသည်ကို နားလည်သည် မဟုတ်လော။ ယနေ့ ဤနေရာ၌ ကျွန်ုပ်တို့ အဆုံးသတ်မည်။ နောက်တစ်ကြိမ် တွေ့ကြမည်။ (ဘုရားသခင်ကျေးဇူးတော် ချီးမွမ်းပါသည်။)

၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် "ယင်းနှင့်အတူ ဤလူများလူသားဖြစ်လာ" ဟူသည့်စကားစု မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် "၎င်းတို့မဝင်စားမီ" ဟူသည့်စကားစု မပါဝင်ပါ။

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ