အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ယနေ့ ငါတို့သည် အရေးကြီးသည့်ခေါင်းစဉ်တစ်ခုကို ပြောဆိုနေခြင်းကြဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အမှုစတင်ချိန်မှစပြီး ယနေ့အထိ ဆွေးနွေးပြောဆိုခဲ့သည့် အကြောင်းအရာဖြစ်ပြီး လူတစ်ဦးစီတိုင်းအတွက် အလွန်တရာအရေးပါသည့် အကြာင်းအရာဖြစ်သည်။ တစ်နည်းပြောရလျှင် ၎င်းသည် လူသားတိုင်း ဘုရားသခင်အပေါ် မိမိတို့၏ယုံကြည်ခြင်း ဖြစ်စဉ်တလျှောက်တွင် တွေ့ဆုံရမည့်အကြောင်းအရာနှင့် ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ၎င်းသည် လူသားများ ခွဲခွာ၍မရသည့် အရေးပါပြီး ရှောင်လွှဲ၍မရသော အကြောင်းအရာဖြစ်သည်။ အရေးပါသည်ဟုဆိုရာတွင် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက်စီတိုင်းအတွက် မည်သည့်အရာသည် အရေးပါဆုံးဖြစ်သနည်း။ လူအချို့က အရေးကြီးဆုံးသောအရာမှာ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းဖြစ်သည်ဟု ထင်ကြသည်၊ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှာ အရေးကြီးဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်၊ လူအချို့က အရေးကြီးဆုံးမှာ မိမိတို့ကိုယ်ကို သိရှိခြင်းဟု မှတ်ယူကြသည်။ အခြားလူများကမူ အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို မည်သို့ရှာရမည်၊ ဘုရားသခင်နောက် မည်သို့လိုက်ရမည်နှင့် ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ဖြည့်ဆည်းရမည်တို့ကို သိရှိခြင်းသည် အရေးအကြီးဆုံးသောအရာဖြစ်သည်ဟု ထင်မြင်ချက်ရှိကြသည်။ ယနေ့အဖို့ ဤအကြောင်းအရာအားလုံးကို ငါတို့မေ့ထားကြမည်။ ထိုသို့ဆိုလျှင် မည်သည့်အကြောင်းအရာကို ငါတို့ဆွေးနွေးနေကြသနည်း။ ဘုရားသခင်နှင့်ဆိုင်သည့် အကြောင်းအရာကို ငါတို့ဆွေးနွေးနေကြခြင်းဖြစ်သည်။ ထိုအကြောင်းအရာသည် အယောက်စီတိုင်းအတွက် အရေးပါဆုံးဖြစ်သည် မဟုတ်လော။ ဘုရားသခင်နှင့်ဆိုင်သည့် အကြောင်းအရာထဲတွင် မည်သည့်အရာပါဝင်သနည်း။ မှန်ပါသည်၊ ဤအကြောင်းအရာကို ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အနှစ်သာရနှင့် ဘုရားသခင်၏ အမှုတော်တို့နှင့် လုံးဝခွဲခြား၍မရပေ။ ထို့ကြောင့် ယနေ့တွင် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” အကြောင်းအရာကို ဆွေးနွေးကြစို့။

လူသားတို့သည် ဘုရားသခင်ကို စတင်ယုံကြည်လာသည့်အချိန်မှစပြီး သူတို့သည် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် စသည့်အကြောင်းအရာများနှင့် ထိတွေ့ခဲ့ကြသည်။ ဘုရားသခင်၏အမှုတော်နှင့် ပတ်သက်လာသောအခါ လူတချို့က “ဘုရားသခင်၏ အမှုတော်သည် ကျွန်ုပ်တို့အပေါ်၌ လုပ်ဆောင်ပြီးပြီ။ ဤသည်ကို ကျွန်ုပ်တို့နေ့တိုင်း ကြုံတွေ့ခံစားရ၏။ ထို့ကြောင့် ထိုအရာနှင့် ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်ပါသည်” ဟုဆိုကြလိမ့်မည်။ ဘုရားသခင်၏စိတ်သဘောထားနှင့် ပတ်သက်၍ လူတချို့က “ဘုရားသခင်၏စိတ်သဘောထားဆိုသည်မှာ ကျွန်ုပ်တို့ သင်ယူလေ့လာသည့် အကြောင်းအရာ၊ ကျွန်ုပ်တို့ဘဝတစ်လျှောက်လုံး အားရုံစိုက်ခဲ့သည့်အရာဖြစ်ပါသည်။ ထို့ကြောင့် ထိုအရာကို ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်သင့်သည်” ဟုဆိုကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင်အတွက်မူ “ဘုရားသခင် ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့လိုက်သောသူ၊ ကျွန်ုပ်တို့ယုံကြည်သောသူ၊ ကျွန်ုပ်တို့လေ့လာလိုက်စားသောသူဖြစ်၍ သူ့အကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့မသိတဲ့သူမဟုတ်ပါ” ဟုပြောဆိုကြလိမ့်မည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း အစပြုကတည်းက သူ့အမှုတော်ကို မည်သည့်အခါမျှ မရပ်နားခဲ့ပေ။ ကာလအချိန်တစ်လျှောက်လုံး သူ၏စိတ်သဘောထားကို အစဉ်ဖော်ပြပြီး သူ၏နှုတ်ကပတ်တော်ကို ဖော်ပြရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် လူသားများထံသို့ သူ့ကိုယ်သူနှင့် သူ၏အနှစ်သာရတို့ကို ဖော်ပြခြင်းနှင့် လူသားများထံမှ သူတောင်းဆိုသောအရာနှင့် လူသားများအပေါ်၌ သူ၏အလိုတော်ကို ဖော်ပြခြင်းတို့ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် တိုက်ရိုက်ရှုထောင့်အရ ဤအကြောင်းအရာများသည် အားလုံးနှင့် သက်ဆိုင်သော အကြောင်းအရာဖြစ်သင့်သည်။ ယနေ့ ဘုရားသခင်နောက်လိုက်သူများအဖို့ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် စသည့်အရာတို့ကို သူတို့အမှန်တကယ်မသိရှိကြပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ လူသားသည် ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ခံစားရသည့်အညီ သူတို့သည် ဘုရားသခင်နှင့် ထိတွေ့လာပြီး ဘုရားသခင်၏စိတ်သဘောထားကို သူတို့နားလည်ဘိသည့်အလား သို့မဟုတ် ၎င်းသည် အဘယ်အရာနှင့်တူသည်ဆိုခြင်း၏ တစ်စိတ်တစ်ပိုင်းကို သိဘိသည့်အလား သူတို့ကို ခံစားရစေသည်။ သို့ဖြစ်သောကြောင့် လူသားသည် မိမိမှာ ဘုရားသခင်၏အမှုတော် သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်စပ်လျဉ်း၍ သူစိမ်းမဆန်လှပေဟူ၍ စဉ်းစားတတ်သည်။ ထိုအစား လူသားက မိမိသည် ဘုရားသခင်နှင့်အလွန်ရင်းနှီးပြီး ဘုရားသခင်အကြောင်းကို များစွာနားလည်ထားသည်ဟု စဉ်းစားတတ်သည်။ သို့သော် လက်ရှိအခြေအနေအရ ဘုရားသခင်ကို လူအများ၏ နားလည်သဘောပေါက်မှုသည် စာအုပ်များ၌ သူတို့ဖတ်ရှုလေ့လာထားသည့်အရာများနှင့် ကန့်သတ်ခံထားရပြီး သူတို့၏ကိုယ်ပိုင်အတွေ့အကြုံနယ်ပယ်နှင့်လည်း ကန့်သတ်ခံထားရကာ သူတို့၏စိတ်ကူးများနှင့်လည်း ကန့်သတ်ခံထားရကြသည်။ ထိုအရာများအပြင် သူတို့၏ပကတိမျက်စိနှင့် မြင်ရသည့်အကြောင်းအရာများနှင့်လည်း ကန့်သတ်ခံထားရသည်။ ထိုအရာအားလုံးတို့သည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်နှင့် များစွာ အလှမ်းဝေးလွန်းလှသည်။ သို့ဆိုလျှင် ထို”အလှမ်းဝေးခြင်း” သည် မည်မျှကွာဝေးသနည်း။ လူသားသည် မိမိကိုယ်ကို ယုံကြည်မှုမရှိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် အနည်းငယ်သိကောင်းသိမည် သို့မဟုတ် အရိပ်အမြွက် သိကောင်းသိလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကိုယ်တော်တိုင်နှင့် သက်ဆိုင်လာလျှင် ဘုရားသခင်အပေါ် လူသား၏နားလည်ခြင်းသည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် များစွာအလှမ်းဝေးနေသည်။ ဤအကြောင်းကြောင့် ဤအချက်အလက်ကို စနစ်တကျနှင့် ဂဃနဏပြောဆိုဖို့အတွက် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” ဟူသောခေါင်းစဉ်ကို ငါတို့ သေချာပေါက် အသုံးပြုရခြင်း ဖြစ်သည်။

အမှန်မှာ ဘုရားသခင်၏စိတ်သဘောထားသည် လူတိုင်းအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိကို လူများက သိရှိနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း မရှိရမည်အကြောင်း မည်သည့်အခါမျှ တစ်စုံတစ်ဦးကို သိသိကြီးရှောင်ဖယ်ခြင်းမရှိသကဲ့သို့ မိမိကိုယ်ကို ဖုံးကွယ်ရန် မည်သည့်အခါမျှ သိသိကြီး မရှာကြံဖူးပေ။ ဘုရားသခင်၏စိတ်သဘောထားသည် အစဉ်အမြဲပွင့်လင်းပြီး လူသား တစ်ယောက်စီတိုင်းကို ပွင့်ပွင့်လင်းလင်း မျက်နှာမူလျက်နေသည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အတောအတွင်းတွင် ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ပြီး လူသားတိုင်းကို မျက်နှာမူလျက်နေတော်မူ၏။ ထို့ပြင် သူ၏အမှုကို လူသားတိုင်းအပေါ်၌ လုပ်ဆောင်ခဲ့သည်။ ထိုအမှုကို သူလုပ်ဆောင်နေစဉ်တွင် သူ၏စိတ်သဘောထားကို အစဉ်မပြတ်ဖော်ပြနေပြီး အယောက်စီတိုင်းကို မစ၍ လမ်းပြဖို့ရန် သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အစဉ်အမြဲအသုံးချလျက်နေတော်မူ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားသည် တစ်ယောက်စီတိုင်းအတွက် အစဉ်အမြဲပွင့်လင်းမှုရှိပြီး သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည်လည်း အယောက်စီတိုင်းအတွက် အစဉ်အမြဲ ပွင့်လင်းမှုရှိတော်မူ၏။ ထိုနည်းတူစွာ ဘုရားသခင်၏အသက်သည်လည်း ရပ်တန့်ခြင်းအလျှင်းမရှိဘဲ လူသားတိုင်းကို ကြည့်ရှုစောင့်ရှောက်လျက် ကူညီဖေးမလျက်နေတော်မူ၏။ သို့သော်လည်း ဘုရားသခင်၏ စိတ်သဘောထားသည် လူတချို့အဖို့ ဖုံးကွယ်ခြင်းခံရသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်၏အမှုတော်ထဲတွင် ရှင်သန်ပြီး ဘုရားသခင်နောက် လိုက်ကြသော်လည်း ဘုရားသခင်နှင့် သာ၍နီးစပ်ဖို့နေနေသာသာ ဘုရားသခင်ကို နားလည်သဘောပေါက်ရန် ကြိုးစားခြင်း သို့မဟုတ် ဘုရားသခင်ကိုသိရှိရန် လိုလားခြင်းတို့ မည်သည့်အခါမျှ မပြုခဲ့ကြပေ။ ထိုလူတို့အဖို့ ဘုရားသခင်၏စိတ်သဘောထားကို နားလည်ခြင်းသည် သူတို့၏အဆုံးသတ်ချိန်မှာ ရောက်လုနေပြီဖြစ်ကြောင်းကို ဆိုလိုသည်။ ထိုအရာက သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် တရားစီရင်ခံရမည့်ဆဲဆဲနှင့် စီရင်ချက်ချခံရမည့်ဆဲဆဲဖြစ်ကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤလူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်ဖို့ သို့မဟုတ် သူ၏စိတ်သဘောထားကို နားလည်ဖို့ လိုလားသောစိတ် မည်သည့်အခါမျှ မရှိဖူးကြပေ။ ဘုရားသခင်၏အလိုတော်ကို သာ၍နက်ရှိုင်းစွာ သဘောပေါက်ရန် သို့မဟုတ် သိရှိရန် မည်သည့်အခါမျှ မတပ်မက်ကြပေ။ သူတို့သည် သတိရှိရှိ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်ကို နားလည်ဖို့ မရည်ရွယ်ကြပေ။ သူတို့သည် အမြဲပျော်ရွှင်ပြီး သူတို့လုပ်ချင်သောအရာများကို လုပ်ဆောင်ရာတွင် မည်သည့်အခါမျှ မောပန်းခြင်းမရှိကြပေ။ သူတို့ယုံကြည်ချင်သော ဘုရားကို သူတို့ယုံကြည်ကြ၏။ သူတို့၏ စိတ်ကူးများ၌သာ တည်ရှိသည့် ဘုရား၊ သူတို့၏ အယူအဆများထဲ၌သာ တည်ရှိသည့် ဘုရားကို ယုံကြည်ကြပြီး သူတို့၏နေ့စဉ်အသက်တာထဲမှ ခွဲခြား၍မရသော ဘုရားကို ယုံကြည်ကြသည်။ စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်အတွက်ဆိုလျှင် သူတို့သည် လုံးဝအထင်အမြင်သေးပြီး သူ့ကိုနားလည်ဖို့ဆန္ဒမရှိ၊ သူ့ကိုဂရုမစိုက်၊ သူနှင့် သာ၍နီးစပ်လိုသော ရည်ရွယ်ချက် သာ၍မရှိကြပေ။ သူတို့သည် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကို ဂုဏ်တင်ဖို့နှင့် ပြရုပ်တင်ဖို့အတွက်သာ အသုံးပြုနေကြသည်။ သူတို့အတွက် ထိုသို့ပြုခြင်းသည် အောင်မြင်သောယုံကြည်သူများနှင့် သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်စေပြီဟု ခံယူကြသည်။ သူတို့၏စိတ်နှလုံးထဲတွင် သူတို့သည် သူတို့၏စိတ်ကူးများ၊ သူတို့၏အယူအဆများနှင့် ဘုရားသခင်နှင့်စပ်လျဉ်း၍ သူတို့၏ကိုယ်ပိုင် ဖွင့်ဆိုချက်များဖြင့်ပင် လမ်းပြခြင်းခံရသည်။ သို့သော်ငြားလည်း စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကမူ သူတို့နှင့် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို သူတို့နားလည်ပြီး ဘုရားသခင်၏စိတ်သဘောထားအမှန်ကို နားလည်ကာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို နားလည်သည်နှင့် သူတို့၏လုပ်ဆောင်ချက်များ၊ သူတို့၏ယုံကြည်ခြင်းနှင့် သူတို့၏အားထုတ်မှုတို့သည် ရှုတ်ချခြင်းကိုခံရမည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့သည် ဘုရားသခင်၏အနှစ်သာရကို နားလည်ခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို သာ၍ ကောင်းမွန်စွာ နားလည်ဖို့ ဆုတောင်းခြင်းငှာလည်းကောင်း သို့မဟုတ် စိတ်အားထက်သန်စွာ ရှာဖွေခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏အလိုတော်ကို သာ၍ကောင်းမွန်စွာ သိရှိခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ကောင်းမွန်စွာ နားလည်ခြင်းငှာလည်းကောင်း မလိုလားခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို လုပ်ကြံဖန်တီးထားပြီး ဖော်ပြရန်ခက်ခဲကာ အနှစ်သာရမဲ့သော တစ်စုံတစ်ရာ ဖြစ်စေလိုကြသည်။ ဘုရားသခင်ကို သူတို့တွေးထင်ထားသည့်အတိုင်းနှင့် သူတို့ခေါ်တိုင်း သူတို့၏အလိုကျဆောင်ရွက် ပေးမည့်သူအဖြစ် ရှိစေလိုကြပြီး သူတို့အတွက် အမြဲမောပန်းနွမ်းနယ်ခြင်းမရှိဘဲ ဖြည့်ဆည်းပေးမည့်သူ ဖြစ်စေလိုကြသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့ခံစားလိုသောအခါ ထိုကျေးဇူးတော်ဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူတို့လိုချင်သောအခါ ထိုကောင်းချီးမင်္ဂလာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ အခက်အခဲကို ရင်ဆိုင်ကြသောအခါ သူတို့ကို ရဲဆေးတင်ပေးရန်နှင့် သူတို့ခြေချော်လက်ချော်ဖြစ်လျှင် ကယ်ပေးမည့်အားကိုးစရာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုတတ်ကြသည်။ ဤလူတို့၏ ဘုရားသခင်ကို သိရှိခြင်းသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ဘောင်အတွင်း၌သာ စွဲကပ်နေသည်။ ဘုရားသခင်အမှုတော်အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားအပေါ်၌လည်းကောင်း၊ ဘုရားသခင်အပေါ်၌လည်းကောင်း သူတို့၏ သဘောပေါက်နားလည်ခြင်းသည် သူတို့၏စိတ်ကူးများထဲတွင် ကန့်သတ်ထားခြင်းခံရပြီး စာလုံးများနှင့် အယူဝါဒမျှသာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏စိတ်သဘောထားကို နားလည်ဖို့ အလွန်စိတ်ထက်သန်သူများ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ်တွေ့မြင်လိုသူများ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို စစ်မှန်စွာနားလည်လိုသော လူတချို့ရှိကြသည်။ ဤလူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ကယ်တင်ခြင်းတရား၏ စစ်မှန်မှုကို လိုက်လံစူးစမ်းပြီး ဘုရားသခင်၏သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိရန် ရှာဖွေကြသည်။ ဤလူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုရန် သူတို့၏စိတ်နှလုံးကို အသုံးပြုပြီး သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးသည့်အရာများ သို့မဟုတ် ဖြစ်ပျက်သမျှသောအရာများ၊ လူတိုင်းနှင့် အခြေအနေတိုင်းကို ကျေးဇူးတင်တတ်ရန် သူတို့၏စိတ်နှလုံးကို အသုံးပြုကြသည်။ ထို့ပြင် သူတို့သည် စိတ်ရင်းအမှန်နှင့် ဆုတောင်းလျက် ရှာဖွေစူးစမ်းကြသည်။ သူတို့အလိုချင်ဆုံးအရာမှာ ဘုရားသခင်၏အလိုတော်ကို သိရှိရန်နှင့် ဘုရားသခင်၏ စစ်မှန်သောစိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏အနှစ်သာရကို သိရှိရန်ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် ဘုရားသခင်ကို နောက်ထပ်တစ်ခါ မပြစ်မှားတော့ဘဲ သူတို့၏အတွေ့အကြုံများအားဖြင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သူ၏စစ်မှန်သည့်ဘက်ကို သာ၍မြင်တွေ့နိုင်ရန်ဖြစ်သည်။ စစ်မှန်သော ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲတွင် တည်ရှိရန်နှင့် ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာ ရှိရန်လည်းဖြစ်ပြီး သူတို့သည် နောက်ထပ်တစ်ခါ စိတ်ကူးများ၊ အယူအဆများ သို့မဟုတ် ဖော်ပြရန်ခက်ခဲမှုတို့ထဲတွင် မကျင်လည်ကြတော့ရန် ဖြစ်သည်။ ဤလူများအတွက် သူတို့၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အနှစ်သာရတို့ကို နားလည်ဖို့ရန်ဟူသည့် အပူတပြင်းဆန္ဒရှိကြခြင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် လူသားမျိုးနွယ်တို့၏ အတွေ့အကြုံများထဲ၌ အချိန်မရွေး လိုအပ်လာနိုင်သော အရာများဖြစ်ပြီး သူတို့၏ အသက်တာတစ်လျှောက်တွင် အသက်ကို ထောက်ပံ့ပေးနိုင်သော အရာများဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စိတ်သဘောထားကို နားလည်သောအခါ ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ ရိုသေလေးမြတ်နိုင်ကြမည်ဖြစ်ပြီး ဘုရားသခင်၏အမှုတော်၌ သာ၍ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို သာ၍အရေးထားနိုင်၍ သူတို့၏ တာဝန်ကို မိမိတို့အစွမ်းရှိသမျှ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားအပေါ် သူတို့၏စိတ်နေသဘောထားနှင့်သက်ဆိုင်သည့် လူနှစ်မျိုးနှစ်စားဖြစ်သည်။ ပထမလူစားမှာ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မလိုလားပေ။ ဘုရားသခင်၏စိတ်သဘောထားကို သူတို့နားလည်လိုသည်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို သူတို့သိရှိလိုသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို မြင်တွေ့လိုသည်၊ ဘုရားသခင်၏အလိုတော်ကို အမှန်တကယ်နားလည်လိုသည်ဟု သူတို့ပြောဆိုကြသော်လည်း အတွင်းထဲတွင်မူ ဘုရားသခင်မတည်ရှိစေရန် ပိုမိုလိုလားကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဤသို့သောလူမျိုးတို့သည် ဘုရားသခင်ကို အဆက်မပြတ် နာခံခြင်းမရှိဘဲ ပုန်ကန်သူများဖြစ်ကာ သူတို့၏စိတ်နှလုံးထဲမှ နေရာအတွက် ဘုရားသခင်ကို တိုက်ခိုက်ကြကာ ဘုရားသခင်၏တည်ရှိခြင်းကို မကြာခဏသံသယဝင်ခြင်း သို့မဟုတ် ငြင်းပင်ငြင်းပယ်ခြင်း တို့ကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စိတ်သဘောထား သို့မဟုတ် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ နေရာယူရန် အခွင့်မပေးလိုကြပေ။ သူတို့သည် မိမိတို့၏ လိုအင်ဆန္ဒများ၊ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကိုသာ ဖြည့်ဆည်းလိုကြသည်။ သို့ဖြစ်၍ ဤသို့သော လူတို့သည် ဘုရားကို ယုံကောင်းယုံမည်။ ဘုရားသခင်နောက် လိုက်ကောင်းလိုက်မည်။ ထို့ပြင် ဘုရားသခင်အတွက် သူတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကောင်းစွန့်လွှတ်လိမ့်မည်ဖြစ်သော်လည်း သူတို့၏ ဆိုးယုတ်သောလမ်းစဉ်ကို အဆုံးမသတ်လိုကြပေ။ အခြားသူများသည် မိမိတို့၏ရာထူးများကိုအသုံးပြုပြီး ထပ်တလဲလဲ သူတို့ကိုယ်သူတို့ သက်သေခံကာ မိမိတို့၏သြဇာအာဏာကို ချဲ့ကားပြီး လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်နေစဉ်တွင် အချို့မှာ အလှူများကို ခိုးယူခြင်း သို့မဟုတ် ဖြုန်းတီးခြင်းပင်ပြုကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်ကို တိတ်တဆိတ် ကျိန်ဆဲကြသည်။ သူတို့ကို လူများကိုးကွယ်လာစေရန် နည်းလမ်းအမျိုးမျိုးနှင့် စီမံချက်အမျိုးမျိုးကို အသုံးပြုကြသည်။ လူတို့ကို အစဉ်ဆက်မပြတ်သိမ်းသွင်းရန်နှင့် ထိန်းချူပ်ရန် အားထုတ်လျက်နေကြသည်။ လူအချို့သည် ဘုရားအဖြစ် ဆက်ဆံခြင်းခံရစိမ့်သောငှာ မိမိတို့မှာ ဘုရားဖြစ်သည်ဟု ထင်မှတ်ကြစေရန် လူတို့ကိုရည်ရွယ်ချက်ရှိရှိ လှည့်စားကြသည်။ သူတို့သည် ဖျက်ဆီးခြင်းခံခဲ့ရဖူးကြောင်း၊ သူတို့သည်လည်း ပျက်စီးယိုယွင်းပြီး မောက်မာသောသူများဖြစ်ကြောင်းကို မည်သည့်အခါမျှ ပြောမည်မဟုတ်ပေ၊ သူတို့ကို မကိုးကွယ်ဖို့လည်း ပြောမည်မဟုတ်သည့်အပြင် သူတို့မည်မျှကောင်းအောင်လုပ်သည်ဖြစ်စေ ယင်းတို့အားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်သည့်အပြင် သူတို့လုပ်ဆောင်သင့်သည့်အရာလည်း ဖြစ်သည်ဟု ပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့် ထိုသူတို့သည် ထိုအရာများကို မပြောကြသနည်း။ အကြောင်းမှာ လူတို့၏စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို သူတို့ကြောက်ရွံ့စိုးရိမ်သောကြောင့်ဖြစ်သည်။ ဤအကြောင်းကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သဘောပေါက်နားလည်ရန် မည်သည့်အခါမျှ ကြိုးစားအားထုတ်မှုမရှိသည်နှင့်အညီ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်၍ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းဖြစ်သည်။ ဘုရားသခင်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ သူတို့သည် ဘုရာသခင်ကို သိရှိနိုင်ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” ဟူသောစကားလုံးတို့သည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း ၎င်းတို့၏အနက်အဓိပ္ပာယ်ကား လူတိုင်းအတွက် ခြားနားနိုင်သည်။ ဘုရားသခင်ကို မကြာခဏမနာခံသောသူ၊ ဘုရားသခင်ကို ဆန့်ကျင်သောသူနှင့် ဘုရားသခင်အပေါ် ရန်လိုသောသူအဖို့ ၎င်းသည် ပြစ်တင်ရှုတ်ချခြင်းဟု ဆိုလိုသည်။ သမ္မာတရား၏ စစ်မှန်မှုကို လိုက်စားသောသူ၊ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့တော်မှောက်သို့ မကြာခဏ လာသောသူအဖို့မူ ၎င်းသည် မုချပင် လွယ်ကူပေသည်။ ထို့ကြောင့် သင်တို့အထဲတွင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏အမှုတော်အကြောင်း ပြောဆိုသည်ကို အချို့က ကြားသောအခါ သူတို့ခေါင်းစကိုက်လာပြီး သူတို့၏စိတ်နှလုံးသည် ဆန့်ကျင်မှုနှင့် ပြည့်နှက်လာကာ အလွန်ပင် မနေတတ်မထိုင်ဖြစ်လာကြသည်။ သို့သော် သင်တို့အထဲ၌ ဤသို့တွေးသော အခြားသူများရှိသည်၊ ဤအကြောင်းအရာသည် ငါအမှန်တကယ်လိုအပ်သော အကြောင်းအရာဖြစ်သည်၊ အကြောင်းမှာ ဤအကြောင်းအရာသည် ငါ့အဖို့ အလွန်အကျိုးကျေးဇူးရှိသည်။ ၎င်းသည် ငါ့ဘဝအတွေ့အကြုံ၌ လစ်ဟာ၍မရနိုင်သည့်အပိုင်းဖြစ်ပြီး အထူးအခရာကျကာ ဘုရားသခင်ကို ယုံကြည်ခြင်း၏အုတ်မြစ်ဖြစ်လျက် လူသားများက မစွန့်လွှတ်နိုင်သည့်အရာဖြစ်သည်။ သင်တို့အားလုံးအတွက် ဤအကြောင်းအရာသည် နီးသည်ဟု ထင်ရသလို ဝေးသည်ဟုလည်း ထင်ကောင်းထင်နိုင်သည်။ မသိသော်လည်း ရင်းနှီးသည်ဟု ထင်ကောင်း ထင်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤအကြောင်းအရာသည် ဤနေရာ၌ လူတိုင်းက နားထောင်ရမည့်အရာ၊ သိရှိကာ သဘောပေါက်နားလည်ရမည့်အရာဖြစ်သည်။ ဤအကြောင်းအရာကို သင်မည်သို့ ကိုင်တွယ်သည်ဖြစ်စေ၊ မည်သို့မြင်သည်ဖြစ်စေ သို့မဟုတ် သင်မည်သို့လက်ခံသည်ဖြစ်စေ ဤအကြောင်းအရာ၏ အရေးပါမှုကို လျစ်လျူရှု၍မရနိုင်ပေ။

ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီးကတည်းက သူ့အမှုတော်ကို သူလုပ်လျက်နေတော်မူ၏။ အစပိုင်းမှာ အမှုသည် အလွန်ရိုးရှင်းခဲ့သော်လည်း ထိုအမှု၌ ဘုရားသခင်၏အနှစ်သာရနှင့် စိတ်သဘောထားတို့၏ ဖော်ပြမှုများ ပါဝင်နေဆဲဖြစ်ခဲ့သည်။ ဘုရားသခင်၏အမှုတော်မှာ ယခုမြှင့်တင်ခြင်းခံရသောအခါ သူ့နောက်ကိုလိုက်သော လူတိုင်းအပေါ် ပမာဏကြီးမားလှသည့် ခိုင်မာသောအမှုကိုပြုလျက် သူ၏နှုတ်ကပတ်တော်ကို ဖော်ပြလျက်နေ၏၊ အစအဦးမှစ၍ ယနေ့ချိန်ခါထိ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားများထံမှ ဖုံးကွယ်ထားသည်။ ကိုယ်တော်သည် သမ္မာကျမ်းစာအချိန်မှစပြီး ယနေ့ချိန်ခါထိ လူ့ဇာတိကိုနှစ်ကြိမ်ခံယူခဲ့ပြီးသော်လည်း ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မည်သူတွေ့ဖူးသနည်း။ သင်တို့၏နားလည်မှုအရ ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို တစ်စုံတစ်ယောက်တွေ့ဖူးသလော။ မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ ပင်ကိုအမှန်ကို မတွေ့ဖူးကြဟု ဆိုလိုသည်။ ဤသည်မှာ လူတိုင်းသဘောတူသည့်အရာပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန် သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်သည် သူဖန်ဆင်းခဲ့သည့် အာဒံနှင့်ဧဝ၊ သူလက်ခံခဲ့သော ဖြောင့်မတ်သည့်ယောဘအပါအဝင် လူသားမျိုးနွယ်အားလုံးထံမှ ဖုံးကွယ်ထားခဲ့သည်။ ထိုသူတို့သည်ပင် ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မတွေ့မြင်ခဲ့ကြပေ။ သို့သော် ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်အမှန်ကို တမင်တကာ အဘယ့်ကြောင့် ဖုံးကွယ်ထားသနည်း။ အချို့က “ဘုရားသခင်သည် လူများအထိတ်တလန့် ဖြစ်သွားမည်ကို စိုးရွံ့သည်” ဟူ၍ဆိုကြသည်။ အခြားသူများကလည်း “လူသားသည် အလွန်သေးငယ်ပြီး ဘုရားသခင်မှာ အလွန်ကြီးမားသောကြောင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်အမှန်ကို ဖုံးကွယ်ထားသည်။ လူများသည် ဘုရားသခင်ကို တွေ့မြင်ခွင့်မရှိပါ၊ တွေ့မြင်မိလျှင် သေသွားနိုင်ပါသည်” ဟူ၍ ဆိုကြပြန်သည်။ “ဘုရားသခင်သည် နေ့စဉ် သူ့အမှုတော်ကို စီမံခန့်ခွဲလျက် အလုပ်များနေ၏၊ လူများကို အတွေ့ခံဖို့ ပေါ်ထွန်းလာရန် သူ၌ အချိန်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်” ဟူ၍ဆိုကြသော လူအချို့ရှိသေးသည်။ သင်တို့ မည်သို့ပင်ယုံကြည်ကြပါစေ၊ အရေးမကြီးပေ၊ ငါ၌သုံးသပ်ချက်တစ်ခုရှိသည်။ ထိုသုံးသပ်ချက်ကား အဘယ်သို့နည်း။ ယင်းမှာ ဘုရားသခင်သည် မိမိ၏ ဇာတိအဖြစ်တော်အမှန်ကို လူသားများ တွေ့မြင်ရန်ပင် အလိုမရှိခြင်းဖြစ်သည်။ လူသားများထံမှ ပုန်းကွယ်နေခြင်းသည် ဘုရားသခင် တမင်တကာလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိ၏ဇာတိအဖြစ်တော်အမှန်ကို လူသားများ မတွေ့မြင်ရန်မှာ ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ်သည်။ ယခုမူ အားလုံးရှင်းလင်းသွားသင့်ပေပြီ။ အကယ်၍ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို မည်သူ့ကိုမျှ မဖော်ပြဖူးလျှင် ဘုရားသခင်၏ ဇာတိအဖြစ်တော်တည်ရှိခြင်းကို သင်တို့ ယုံကြည်မည်လော။ (ကိုယ်တော်သည် အမှန်တကယ်တည်ရှိပါသည်။) မှန်ပေသည်၊ ကိုယ်တော်တည်ရှိသည်။ ဘုရားသခင်၏ဇာတိအဖြစ်တော် တည်ရှိခြင်းသည် ငြင်းပယ်၍မရသောအရာဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ဇာတိအဖြစ်တော်မှာ အဘယ်မျှလောက်ကြီးသည် သို့မဟုတ် မည်သည့်အရာနှင့်တူသည် စသည့်မေးခွန်းများကို လူသားများက စုံစမ်း မေးမြန်းသင့်သလော။ မမေးမြန်းသင့်ပေ။ အဖြေမှာ ဆန့်ကျင်သောသဘောရှိသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် ငါတို့စူးစမ်းသင့်သည့် အကြောင်းအရာမဟုတ်လျှင် ငါတို့စူးစမ်းသင့်သည့်မေးခွန်းကား အဘယ်အရာနည်း။ (ဘုရားသခင်၏စိတ်သဘောထားဖြစ်ပါသည်။) (ဘုရားသခင်၏အမှုတော် ဖြစ်ပါသည်။) တကယ့်အကြောင်းအရာကို စတင်ပြောဆိုခြင်းမပြုမီ ခုနက ငါတို့ဆွေးနွေးခဲ့သောအရာဆီသို့ ပြန်သွားကြစို့။ ဘုရားသခင်သည် မိမိ၏ ဇာတိအဖြစ်တော်ကို အဘယ့်ကြောင့် လူသားများအား မည်သည့်အခါမျှ မပြဖူးသနည်း။ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ အဘယ့်ကြောင့် တမင်တကာဖုံးကွယ်ထားသနည်း။ အကြောင်းပြချက် တစ်ခုသာရှိသည်။ ၎င်းမှာ ဖန်ဆင်းခံလူသားသည် ဘုရားသခင်၏အမှု နှစ်ပေါင်းထောင်ချီကို ဖြတ်သန်းခဲ့ရသော်လည်း ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရကို သိရှိသူတစ်ယောက်မျှ မရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမြင်၌ ထိုသို့သောသူများသည် သူ့ကိုဆန့်ကျင်နေကြသူများသာဖြစ်ပြီး ဘုရားသခင်သည် မိမိအပေါ် ရန်လိုနေသူများထံသို့ သူ့ကိုယ်ကိုပြလိမ့်မည် မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်က သူ၏ဇာတိအဖြစ်တော်ကို လူသားများအား မည်သည့်အခါမျှ မပြသသည့် တစ်ခုတည်းသော အကြောင်းရင်းနှင့် လူသားများထံမှ သူ၏ဇာတိအဖြစ်တော်ကို တမင်တကာ ကွယ်ထားခြင်း၏ အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်၏စိတ်သဘောထားကို သိရှိခြင်း၏အရေးပါပုံကို ယခုသင်တို့ ရှင်းကြပြီလော။

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက သူ့အမှုကို အကောင်အထည်ဖော်ရန် အစဉ်အမြဲ အပြည့်အဝ အချိန်ပေးမြှုပ်နှံနေခဲ့သည်။ ကိုယ်တော်သည် လူသားများထံမှ သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း လူတို့အပေါ်တွင် အမှုပြုလျက်၊ သူ၏စိတ်သဘောထားကို ဖော်ပြလျက်၊ လူသားမျိုးနွယ်များကို သူ၏အနှစ်သာရနှင့် လမ်းပြပေးလျက် လူသားဘေးတွင် အမြဲရှိနေခဲ့သည်။ ထို့ပြင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏အခွင့်အာဏာတို့အားဖြင့် တစ်ယောက်ချင်းစီအပေါ်တွင် သူ၏အမှုကို ပြုနေခဲ့သည်။ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ်ဟူ၍ ရှိလာရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထားသော်လည်း သူ၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးတို့အပြင် လူသားများအတွက် သူ၏အလိုတော်ကိုမူ လူသားများမြင်တွေ့ပြီး တွေ့ကြုံနိုင်ရန် မခြွင်းမချန် ဖော်ပြတော်မူ၏။ တစ်နည်းအားဖြင့် လူသားများသည် ဘုရားသခင်ကိုမမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း လူသားမျိုးနွယ်မှ ထိတွေ့ဆက်ဆံနေခဲ့သည့် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဧကန်ပင်ဖြစ်သည်။ ၎င်းသည် သမ္မာတရား မဟုတ်ပေလော။ မည်သို့သောနည်းလမ်း၊ သို့မဟုတ် မည်သို့သောရှုထောင့်ဖြင့် ဘုရားသခင်သည် မိမိအမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်သည် သူပြုသင့်သည့်အရာကိုပြုလျက် သူပြောသင့်သည့်အရာကိုပြောကာ လူသားတို့ကို မိမိ၏စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာဖြင့် အမြဲဆက်ဆံ၏။ ဘုရားသခင်သည် တတိယကောင်းကင်တွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် ဇာတိခန္ဓာထဲတွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် သာမန်လူသားအဖြစ်ပင် ဖြစ်နေနိုင်သည်၊ မည်သည့်အနေအထားမှ ဘုရားသခင်ပြောဆိုသည်ဖြစ်စေ၊ သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ မိမိ၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် လူသားတို့ကို အစဉ်အမြဲ ပြောဆို၏။ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်သောအခါ မိမိ၏နှုတ်ကပတ်တော်နှင့် စိတ်သဘောထားကို ဖော်ပြပြီး မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို မည်သည့်အရာမျှ ခြွင်းချန်ထားခြင်းမရှိဘဲ ဖော်ပြ၏။ လူသားမျိုးနွယ်ကို မိမိ၏အသက်၊ မိမိ၏ဖြစ်ခြင်းနှင့် အရာအားလုံးတို့ဖြင့် သူလမ်းပြ၏။ ဤသည်ကား လူသားမျိုးနွယ်၏ အစပျိုးရာခေတ်ဖြစ်သည့် ပညတ်တရားခေတ်၌ မြင်တွေ့၍မရ၊ ထိတွေ့၍မရသော ဘုရားသခင်၏ လမ်းပြခြင်းဖြင့် လူသားများ မည်ကဲ့သို့အသက်ရှင်ခဲ့သည့်အကြောင်းဖြစ်သည်။

ဘုရားသခင်သည် ပညတ်တော်ခေတ်ပြီးနောက် ပထမဆုံးအကြိမ် လူ့ဇာတိကိုခံယူခဲ့သည်။ ထိုသို့လူ့ဇာတိ ခံယူခြင်းသည် သုံးဆယ်သုံးနှစ်ခွဲကြာခဲ့သည်။ လူသားတစ်ယောက်အတွက် သုံးဆယ့်သုံးနှစ်ခွဲသည် ရှည်ကြာသော အချိန်ဟုတ်သလော။ (မရှည်ကြာပါ။) လူသားများ၏ပျှမ်းမျှသက်တမ်းသည် နှစ်ပေါင်းသုံးဆယ်ထက် များစွာရှည်လျားသည်နှင့်အညီ ထိုသက်တမ်းမှာ လူသားတစ်ဦးအတွက် အလွန်ရှည်လျားသည့် အချိန်ကာလ မဟုတ်ပေ။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သုံးဆယ့်သုံးနှစ်ခွဲသည် အလွန်ကြာသည်။ သူသည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီး ဘုရားသခင်၏ အမှုတော်နှင့် တာဝန်ပေးစေခိုင်းချက်ကို ထမ်းဆောင်ခဲ့သော သာမန်လူတစ်ယောက်ပင်ဖြစ်သည်။ ထိုသို့ဆိုရာတွင် သာမန်လူတစ်ဦးမခံရပ်နိုင်သော ဆင်းရဲဒုက္ခကို သည်းခံလျက် သာမန်လူတစ်ဦး မနိုင်နင်းသည့် အမှုကို တာဝန်ယူခဲ့သည်ဟု ဆိုလိုသည်။ သူ၏အမှုတော်အစမှ ကားတိုင်ပေါ် သံမှိုစွဲနှက်ခြင်းခံရသည်အထိ ကျေးဇူးတော်ခေတ်အတွင်း သခင်ယေရှုခံစားခဲ့ရသည့် နာကျင်မှုပမာဏ၊ ယနေ့လူသားများက မျက်မြင်တွေ့နိုင်မည့်အရာမျိုး မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသည့် အကြောင်းအရာများအားဖြင့် ၎င်းကို အနည်းလောက်မျှ သင်တို့နားလည်နိုင်သလော။ ထိုမှတ်တမ်းတင်ထားသည့် အချက်အလက်များတွင် အသေးစိတ်အချက်များ မည်မျှရှိသည်ဖြစ်စေ၊ ခြုံကြည့်သော် ဤကာလအတွင်း ဘုရားသခင်၏အမှုသည် ခက်ခဲမှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့သည်။ ပျက်စီးနေသည့် လူသားတစ်ယောက်အတွက်ဆိုလျှင် သုံးဆယ့်သုံးနှစ်ခွဲဟူသောအချိန်မှာ ကြာလှသည်မဟုတ်ပေ။ အနည်းငယ်သော ဆင်းရဲဒုက္ခသည် မပြောပလောက်ပေ။ သို့ရာတွင် လူသားအပေါင်းတို့၏ အပြစ်များကို ထမ်းသွားရသောသူ၊ အပြစ်သားများနှင့် အသက်ရှင်နေထိုင်စားသောက်သည့် သန့်ရှင်းပြီး ပြစ်မျိုးမှဲ့မထင်သော ဘုရားသခင်အတွက်မူ ဤဆင်းရဲဒုက္ခသည် အလွန်ကြီးလေးလှသည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ အရာအားလုံး၏သခင်နှင့် အရာအားလုံးကို အုပ်စိုးသူဖြစ်သော်လည်း လောကသို့ သူဆင်းကြွလာသောအခါ ပျက်စီးနေသော လူသားများ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် နှိပ်စက်မှုကို ခံခဲ့ရသည်။ ကိုယ်တော်သည် သူ၏အမှုကို ပြီးမြောက်ဖို့နှင့် လူသားများကို ဝေဒနာထဲမှ ကယ်လွတ်ဖို့ရန်အလို့ငှာ လူသားများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး လူအပေါင်းတို့၏ အပြစ်များကို ထမ်းခဲ့ရသည်။ သူကြုံတွေ့ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခပမာဏကို သာမန်လူသားများက ဉာဏ်မီနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်းမရှိပေ။ ဤဆင်းရဲဒုက္ခသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ၎င်းသည် လူသားများအပေါ်၌ ဘုရားသခင်၏ ကြီးမားသောသံယောဇဉ်ကို ကိုယ်စားပြုသည်။ ၎င်းသည် လူသားများကို အပြစ်ထဲမှ ရွေးနုတ်ရန်နှင့် သူ့အမှု၏ဤအဆင့်ကို ပြီးမြောက်ရန် သူခံစားခဲ့ရသည့် အရှက်ကွဲခြင်းနှင့် လူသားတို့၏ ကယ်တင်ခြင်းအတွက် သူပေးဆပ်ခဲ့ရသည့် အဖိုးအခဖြစ်ဖြစ်သည်။ လူသားသည် ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနုတ်ခြင်းခံရလိမ့်မည်ဟုလည်း ဆိုလိုသည်။ ၎င်းသည် အသွေးဖြင့်၊ အသက်ဖြင့် ပေးချေရသော အဖိုးအခဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ မတတ်နိုင်သောအရာဖြစ်သည်။ သူ၌ ဘုရားသခင်၏အနှစ်သာရရှိပြီး သူသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ဤသို့သောဆင်းရဲဒုက္ခနှင့် ဤသို့သောအမှုကို သူထမ်းဆောင်နိုင်ခြင်းဖြစ်သည်။ ဤအရာသည် သူ့ကိုယ်စား မည်သည့်ဖန်းဆင်းခံသတ္တဝါမျှ မလုပ်နိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏အမှုဖြစ်ပြီး သူ၏စိတ်သဘောထားကို ဖော်ပြခြင်းလည်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအကြောင်း တစ်စုံတစ်ရာကို ဖော်ပြသလော။ ၎င်းကို လူသားများသိထိုက်သလော။

ထိုကာလ၌ လူသားတို့သည် ဘုရားသခင်၏ဇာတိအဖြစ်တော်ကို မမြင်ရသော်လည်း သူတို့သည် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်ကို ရရှိခဲ့ကြပြီး ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနုတ်ခြင်းခံခဲ့ကြ၏။ လူသားတို့သည် ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှုနှင့် ရင်းနှီးမှုမရှိခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့ရာတွင် ထိုကာလအတွင်း၌ ဘုရားသခင်ဖော်ပြခဲ့သည့် စိတ်သဘောထားနှင့် အလိုတော်နှင့် ရင်းနှီးသည့်သူ တစ်စုံတစ်ယောက်ရှိသလော။ လူသားသည် မတူညီသည့်ခေတ်ကာလများတစ်လျှောက်တွင် အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် ဘုရားသခင်အမှု၏ အသေးစိတ်အကြောင်းအရာများကို သိရုံမျှသာရှိသည်၊ သို့မဟုတ် ဘုရားသခင်သည် သူ့အမှုကို လုပ်ဆောင်နေသည့်တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည့် ဘုရားသခင်နှင့်ဆက်စပ်သည့် အကြောင်းအရာများကိုသာ သိရှိသည်။ ဤအသေးစိတ်အချက်အလက်များနှင့် အဖြစ်အပျက်များသည် ဘုရားသခင်နှင့်ပတ်သက်သည့် သတင်းအချက်အလက် သို့မဟုတ် ထုံးဟောင်းပုံပြင်များသာဖြစ်ပြီး ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် ဘာမျှပတ်သက်မှု မရှိပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့်အကြောင်းအရာ မည်မျှပင်သိနေပါစေ ထိုသို့သိရှိခြင်းက သူတို့သည် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရကို နက်နဲသော နားလည်သဘောပေါက်မှုရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ပညတ်တော်ခေတ်နည်းတူ ကျေးဇူးတော်ခေတ်မှလူများသည် လူ့ဇာတိရှိ ဘုရားသခင်ကို နီးနီးကပ်ကပ်နှင့် ရင်းနှီးသော ဆက်ဆံမှုကို တွေ့ကြုံခဲ့ကြသော်လည်း ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရအပေါ် သူတို့၏သိကျွမ်းခြင်းသည် အမှန်တကယ် မတည်ရှိခဲ့ပေ။

နိုင်ငံတော်ခေတ်တွင် ပထမအကြိမ်ပြုခဲ့သကဲ့သို့ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို နောက်ထပ်တစ်ခါ ခံယူခဲ့သည်။ ဤအမှုကာလတွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်းဖော်ပြလျက် သူလုပ်သင့်သောအမှုကို လုပ်ဆောင်ကာ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ဖော်ပြဆဲရှိ၏။ တစ်ချိန်တည်းမှာပင် လူသားတို့၏မနာခံမှုနှင့် မသိနားမလည်မှုကို သူဆက်လက်အောင့်အည်းသည်းခံခဲ့သည်။ ဘုရားသခင်သည် ဤအမှုကာလ၌ သူ၏စိတ်သဘောထားကို စဉ်ဆက်မပြတ်ဖော်ပြပြီး သူ၏အလိုတော်ကို ဖော်ပြသည်မဟုတ်လော။ ထို့ကြောင့် လူသားကို ဖန်ဆင်းသည့်အချိန်မှစ၍ယနေ့ထိ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် အရာအားလုံး၊ သူ၏အလိုတော်တို့ကို လူအယောက်တိုင်းထံ အစဉ်ဖွင့်ပြထား၏။ ဘုရားသခင်သည် သူ၏ အနှစ်သာရ၊ သူ၏စိတ်သဘောထားနှင့် သူ၏အလိုတော်တို့ကို မည်သည့်အခါမျှ တမင်တကာ ဖုံးကွယ်မထားဖူးပေ။ လူသားများကသာ ဘုရားသခင်လုပ်ဆောင်နေသည့်အရာနှင့် ဘုရားသခင်၏အလိုတော်ကို အလေးမထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ လူသား၏နားလည်ခြင်းသည် အလွန်သိမ်ဖျင်းလှခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားစဉ် သူ၏အလိုတော်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများကို ထင်ရှားစွာဖော်ပြလျက် သူသည် အချိန်တိုင်း၌ လူသားတို့၏ အနားမှာ ရပ်လျက်နေတော်မူ၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဇာတိအဖြစ်တော်ကို လူတို့ထံဖွင့်ပြသော်လည်း လူသားတို့၏မျက်ကန်းမှုနှင့် မနာခံမှုတို့ကြောင့် သူတို့သည် ဘုရားသခင်၏ပုံပန်းသဏ္ဌာန်ကို အစဉ်အမြဲ မမြင်တွေ့နိုင်ကြပေ။ ဤသို့ဆိုလျှင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို နားလည်ခြင်းသည် လူတိုင်းအတွက် လွယ်ကူသင့်သည်မဟုတ်လော။ ၎င်းသည် ဖြေဆိုရန် အလွန်ခက်ခဲသော မေးခွန်းဖြစ်၏၊ မှန်သလော။ ၎င်းသည် လွယ်ကူသည်ဟု သင်တို့ဆိုနိုင်သည်။ သို့သော် လူအချို့ ဘုရားသခင်ကို သိကျွမ်းဖို့ ရှာဖွေကြသောအခါ သူတို့သည် ဘုရားသခင်ကို အမှန်တကယ်မသိရှိနိင်ကြ သို့မဟုတ် ဘုရားသခင်ကို ရှင်းလင်းစွာ နားမလည်နိုင်ကြပေ။ အမြဲမထင်မရှား၊ မရေရာသာဖြစ်သည်။ အကယ်၍ သင်တို့က ၎င်းသည် မလွယ်ကူဟုပြောလျှင်လည်း မမှန်ပြန်ပေ။ ဘုရားသခင်၏ အမှုပြုခြင်းခံရသည့်အရာအဖြစ် ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်၍ အယောက်စီတိုင်းသည် မိမိတို့၏အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော အဆက်အသွယ်ရှိသင့်ပြီဖြစ်သည်။ သူတို့သည် အနည်းဆုံး မိမိတို့၏နှလုံးသားထဲတွင် ဘုရားသခင်ကို အထိုက်အလျောက်သိသင့်သည်၊ သို့မဟုတ် ယခင်က ဝိညာဉ်ရေးရာအဆင့်၌ ဘုရားသခင်နှင့် ဆုံမိခဲ့သင့်သည်။ ထို့ကြောင့် သူတို့၌ ဘုရားသခင်၏စိတ်သဘောထားအပေါ် နားလည်သဘောပေါက်သည့် အမြင်အချို့ အနည်းဆုံး ရှိသင့်သည် သို့မဟုတ် ဘုရားသခင်နှင့်စပ်လျဉ်း၍ နားလည်ခြင်းအချို့ ရှိသင့်သည်။ လူသားသည် ဘုရားသခင်နောက်ကိုလိုက်သည့်အချိန်မှစ၍ ယခုထိ လူသားတို့သည် များစွာရရှိပြီးဖြစ်သည်။ သို့သော် လူသား၏ အရည်အချင်း ညံ့ဖျင်းခြင်း၊ မသိနားမလည်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ရည်ရွယ်ချက် အမျိုးမျိုးတို့ဖြစ်သည့် အကြောင်းရင်းအမျိုးမျိုးကြောင့် လူသားတို့သည် ထိုအရာများစွာကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်သည် လူသားတို့ကို လုံလုံလောက်လောက် ပေးအပ်ခဲ့ပြီမဟုတ်လော။ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထားသော်လည်း မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့အပြင် မိမိ၏အသက်ဖြင့်ပင် သူတို့ကို ကူညီဖေးမ၏။ ဘုရားသခင်အပေါ် လူသားတို့၏အသိပညာသည် ယခုဖြစ်သည့်အတိုင်းအတာသာ မဖြစ်သင့်ပေ။ ထိုအကြောင်းကြောင့် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ဟူသည့် အကြောင်းအရာတို့နှင့်ပတ်သက်၍ သင်တို့နှင့် ဆက်လက်မိတ်သဟာယဖွဲ့ရန် လိုအပ်သည်ဟု ငါယူဆခြင်း ဖြစ်သည်။ ရည်မှန်းချက်မှာ လူသားများအပေါ် ဘုရားသခင်သွန်းလောင်းပေးခဲ့သည့် နှစ်ပေါင်းထောင်နှင့်ချီသည့် ဂရုစိုက်မှုနှင့် အတွေးတို့သည် အချည်းနှီးအဆုံးသတ်မသွားရန်ဖြစ်ပြီး လူသားတို့သည် မိမိတို့အပေါ်ထားသည့် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ်နားလည်ကာ သဘောပေါက်နိုင်ရန်ဖြစ်သည်။ ဤသည်မှာ လူသားတို့သည် ဘုရားသခင်ကို သူတို့၏သိကျွမ်းမှု၌ အဆင့်သစ်ဆီသို့ ရှေ့တိုးနိုင်ရန်ဖြစ်သည်။ ၎င်းသည် လူသားတို့၏နှလုံးသားထဲ၌ ဘုရားသခင်ကို သူ၏နေရာမှန်သို့ ပြန်ပို့ပေးမည်ဖြစ်သည်၊ ဆိုလိုသည်မှာ သူ့ကို တရားမျှတစွာ ဆက်ဆံရန်ဖြစ်သည်။

ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်ကိုနားလည်ဖို့ သင်တို့သည် အင်မတန် သေးငယ်သောအရာနှင့် အစပြုရမည်ဖြစ်သည်။ သို့သော်လည်း မည်သို့သော သေးငယ်သည့်အရာဖြင့် စတင်ရမည်နည်း။ ပထမဦးဆုံးအနေဖြင့် သမ္မာကျမ်းစာထဲမှ အခန်းကြီးအချို့ကို ငါထုတ်ထားသည်။ အောက်တွင်ပေးထားသည့် အချက်အလက်များထဲ၌ ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့၏ အကြောင်းအရာနှင့် ဆက်စပ်သည့် ကျမ်းပိုဒ်အချို့ပါဝင်သည်။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့ကို သင်တို့သိကျွမ်းစေရန် အထောက်အကူ ဖြစ်စေမည့် ရည်ညွှန်းအကြောင်းအရာများအဖြစ် ထိုရွေးနုတ်ဖော်ပြချက်များကို အထူးသဖြင့် ငါရှာဖွေထားခြင်းဖြစ်သည်။ လူများမသိရှိသော်လည်း၊ အတိတ်မှ ဘုရားသခင်၏ အမှုတော်များဖြင့် မည်သို့သော ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရများကို ထုတ်ဖော်ခဲ့သည်ကို သင်တို့မြင်ရအောင် ငါဝေငှသွားမည်။ ဤအခန်းကြီးများသည် ဟောင်းကောင်း ဟောင်းပေလိမ့်မည်။ သို့ရာတွင် ငါတို့ပြောပြနေသည့် ခေါင်းစဉ်သည် လူများအနေဖြင့် တစ်ခါမျှ မကြားသိဖူးသည့်၊ မရရှိဖူးသည့် ခေါင်းစဉ်အသစ်တစ်ခုဖြစ်သည်။ သင်တို့ထဲက အချို့မှာ ထိုအရာကို မယုံကြည်နိုင်လောက်သည့်အရာအဖြစ် မြင်ကောင်းမြင်လိမ့်မည်။ အာဒံနှင့်ဧဝအကြောင်းကို ပြန်ပြောပြီး နောဧအထိ ပြန်လည်ဆွေးနွေးခြင်းသည် တူညီသော အဆင့်များကို ခြေရာပြန်ကောက်ခြင်းပင် မဟုတ်လော။ သင်တို့မည်သို့ပင် တွေးထင်ပါစေ၊ ထိုအခန်းကြီးများသည် ယခုအကြောင်းအရာကို ဆွေးနွေးရာတွင် အလွန်ပင် အကျိုးအမြတ်ရှိသည့်အပြင်၊ ယနေ့မိတ်သဟာယအတွက်လည်း သင်ကြားပို့ချချက် စာပေများအဖြစ်လည်းကောင်း၊ ကိုယ်တွေ့အကြောင်းအရာများအဖြစ်လည်းကောင်း အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ယခုမိတ်သဟာယ ပြီးဆုံးသည်နှင့် ထိုအပိုင်းများကို ငါရွေးချယ်ခြင်း၏နောက်ကွယ်မှ ရည်ရွယ်ချက်များကို သင်တို့နားလည်လာလိမ့်မည်။ သမ္မာကျမ်းစာကို ဖတ်ခဲ့သူများအနေဖြင့်မူ ဤကျမ်းပိုဒ်အချို့ကို မြင်ဖူးကြမည်ဖြစ်သော်လည်း အမှန်တကယ်နားလည်ချင်မှ နားလည်ပေလိမ့်မည်။ ထိုကျမ်းပိုဒ်များကို တစ်ခုပြီးတစ်ခု အသေးစိတ် မလေ့လာမီ အကြမ်းဖျင်း လေ့လာကြစို့။

အာဒံနှင့်ဧဝတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများဖြစ်သည်။ ငါတို့အနေဖြင့် သမ္မာကျမ်းစာထဲမှ ဇာတ်ကောင်များအကြောင်း ဖော်ပြဆွေးနွေးမည်ဆိုပါက၊ ထိုနှစ်ယောက်ဖြင့် စတင်ရမည်ဖြစ်သည်။ နောက်တစ်ဦးမှာ လူသားမျိုးနွယ်၏ ဒုတိယဘိုးဘေးဖြစ်သူ နောဧပင်ဖြစ်သည်။ သင်တို့ ထိုအချက်ကို မြင်သလော။ တတိယဇာတ်ကောင်က မည်သူနည်း။ (အာဗြဟံ ဖြစ်ပါသည်။) အာဗြဟံ၏အကြောင်းအရာကို သင်တို့အားလုံး သိကြသလော။ သင်တို့ထဲမှ အချို့ကတော့ သိနိုင်သည်။ သို့ရာတွင် အခြားသော သူများအတွက်မူ ထိုအကြောင်းအရာက သိပ်ရှင်းလင်းလောက်မည် မဟုတ်ပေ။ စတုတ္ထဇာတ်ကောင်က မည်သူနည်း။ သောဒုံမြို့ ဖျက်ဆီးခံရခြင်းအဖြစ်အပျက်၌ မည်သူ့ကိုဖော်ပြထားသနည်း။ (လောတကို ဖော်ပြထားပါသည်။) သို့ရာတွင် လောတကို ဤနေရာတွင်ညွှန်းမထားပါ။ မည်သူကို ညွှန်းဆိုထားသနည်း။ (အာဗြဟံကို ညွှန်းဆိုထားပါသည်။) အာဗြဟံ၏အဖြစ်အပျက်တွင် အဓိကပါဝင်သည်မှာ ယေဟောဝါ ဘုရားသခင် မိန့်တော်မူသည့် အရာပင်ဖြစ်သည်။ သင်တို့မြင်သလော။ ပဉ္စမဇာတ်ကောင်သည် မည်သူနည်း။ (ယောဘ ဖြစ်ပါသည်။) ဘုရားသခင်၏ အမှုတော် ဤအဆင့်တွင် ဘုရားသခင်သည် ယောဘ၏ဇာတ်ကြောင်းများစွာကို ဖော်ပြခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဤဇာတ်ကြောင်းကို အလွန်ပင် အရေးတစိုက်ရှိသလော။ သင်တို့အလွန်ပင် အရေးစိုက်သည်ဆိုလျှင်၊ သမ္မာကျမ်းစာထဲမှ ယောဘ၏ ဇာတ်ကြောင်းကို သေချာစွာ ဖတ်ရှုပြီးပြီလော။ ယောဘ ပြောခဲ့သည့်အရာများနှင့် လုပ်ခဲ့သည့် အရာများကို သင်တို့သိသလော။ အများဆုံး ဖတ်ရှုဖူးသူများအနေဖြင့်၊ သင်တို့သည် ထိုဇာတ်ကြောင်းကို အကြိမ်ရေမည်မျှ ဖတ်ရှုပြီးဖြစ်သနည်း။ မကြာခဏ ဖတ်သလော။ ဟောင်ကောင်မှ ညီအစ်မတို့ ငါတို့ကို ပြောပြကြပါ။ (ယခင်က ကျွန်ုပ်တို့ ကျေးဇူးတော်ခေတ်၌ ရှိစဉ်တွင် နှစ်ကြိမ် သုံးကြိမ်မျှ ဖတ်ဖြစ်ခဲ့ပါသည်။) ထိုအချိန်ကတည်းက သင်တို့ ထိုဇာတ်ကြောင်းကို မဖတ်ဖြစ်တော့သလော။ သို့ဆိုပါက အလွန်စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ဘုရားသခင်၏ အမှုတော် ဤအဆင့်တွင် ဘုရားသခင်သည် ယောဘဇာတ်ကြောင်း များစွာကို ဖော်ပြခဲ့ပြီး ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထင်ဟပ်ခြင်းတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်သည် ယောဘအကြောင်းကို အကြိမ်များစွာ ပြောဆိုခဲ့သော်လည်း သင်တို့ကို မနှိုးထစေခဲ့ခြင်းမှာ ဘုရားသခင်ကိုကြောက်ရွံ့၍ မကောင်းမှုကိုရှောင်ကြဉ်သည့်သူများနှင့် ဖြောင့်မတ်သည့်သူများဖြစ်ရန် သင်တို့သည် စိတ်ဝင်စားခြင်းမရှိဟူသည့် အချက်၏ သက်သေတစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ဖော်ပြထားသည့် ယောဘ၏အဖြစ်အပျက်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်မှုနှင့်သာ ကျေနပ်နေခဲ့ကြသည့်အတွက်ဖြစ်သည်။ အဖြစ်အပျက်ကိုယ်၌ကို နားလည်ရုံလောက်နှင့်သာ သင်တို့ကျေနပ်နေကြသည်။ သို့ရာတွင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယောဘသည် မည်သူဖြစ်သည်ဟူသည့် အသေးစိတ် အချက်အလက်များကိုလည်းကောင်း၊ ဘုရားသခင်သည် ယောဘကို ဖြစ်ရပ်များစွာတွင် ညွှန်းဆိုခဲ့ရသည့် အကြောင်းအရင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကိုလည်းကောင်း သိရှိနားလည်အောင် မကြိုးစားကြ၊ အရေးမထားကြပေ။ ဘုရားသခင် ချီးမွမ်းခဲ့သည့် ထိုသို့သောပုဂ္ဂိုလ်မျိုးကိုပင် သင်တို့စိတ်မဝင်စားလျှင် သင်တို့သည် မည်သည့်အရာကို အာရုံစိုက်နေကြသနည်း။ ဘုရားသခင်ပြောဆိုခဲ့သည့် ထိုသို့အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်ကို နားလည်ရန်လည်း မကြိုးစား၊ ဂရုလည်းမစိုက်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်တွင်ထားရှိသည့် သင်တို့၏သဘောထားနှင့်ပတ်သက်၍ မည်သို့အဓိပ္ပာယ်ထွက်မည်နည်း။ ဤသည်မှာ မနှစ်မြို့ဖွယ်ကောင်းသည့်အရာပင် မဟုတ်ပေလော။ သင်တို့အများစုသည် လက်တွေ့ကျသည့် အရာများကို လုပ်ဆောင်ခြင်းမရှိသည့်အပြင်၊ သမ္မာတရားကိုလည်း လေ့လာလိုက်စားခြင်းမရှိဟု ထိုအရာက သက်သေပြနေသည် မဟုတ်လော။ သင်သည် သမ္မာတရားကို မီအောင်လိုက်သည်ဆိုလျှင် ဘုရားသခင်ပြောသည့် ဇာတ်ကောင်များ၏ အဖြစ်အပျက်များနှင့် ဘုရားသခင် အတည်ပြုသည့်သူများအပေါ်တွင် လိုအပ်သည့် အာရုံစိုက်မှု ရှိနေမည် ဖြစ်သည်။ သင့်အနေဖြင့် ထိုအရာကို နားလည်သဘောပေါက်နိုင်ခြင်း သို့မဟုတ် ထင်ရှားမြင်သာသည်ဟု သိမြင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ထိုကျမ်းပိုဒ်များကို အလျင်အမြန်သွား၍ ဖတ်ရှုကာ၊ နားလည်သဘောပေါက်ရန် ကြိုးစားပြီး၊ ထိုနမူနာအတိုင်း လိုက်လျှောက်ရန် နည်းလမ်းများကိုရှာကာ သင်လုပ်နိုင်သည့်အရာကို သင်အစွမ်းရှိသမျှ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို တောင့်တသောသူတို့၏ အပြုအမူပင် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ဤနေရာတွင် ထိုင်နေကြသည့် သင်တို့ထဲမှ အများစုသည် ယောဘဇာတ်ကြောင်းကို တစ်ခါမျှ မဖတ်ရှုဖူးကြပေ။ ထိုအရာက တစ်စုံတစ်ခုကို ညွှန်ပြနေခြင်း ဖြစ်သည်။

ယခုပင် ငါဆွေးနွေးသွားသည့် ခေါင်းစဉ်ကို ပြန်သွားကြစို့။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် သက်ဆိုင်သည့် ကျမ်းစာ၏ ဤအပိုင်းသည် အဓိကအားဖြင့် ငါရွေးနုတ်ဖော်ပြခဲ့သည့် ဇာတ်ကောင်များ၏ ဇာတ်ကြောင်းများဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်သည့် လူအများစု ရင်းနှီးပြီးသား အဖြစ်အပျက်များဖြစ်သည်။ ဤဇာတ်ကောင်များသည် သဘောထားကို အလွန်ပင် ထင်ဟပ်စေနိုင်သူများဖြစ်သည်။ ထိုသူတို့၏ ဇာတ်ကြောင်းများကို ဖတ်ရှုဖူးသူများသည် ၎င်းတို့အပေါ်တွင် ဘုရားသခင်ပြုတော်မူခဲ့သည့် အမှုတော်များနှင့် ၎င်းတို့ကို ဘုရားသခင်ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များသည် ယနေ့ခေတ်လူများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး၊ နားလည်ရန်လွယ်သည်ကို ခံစားရနိုင်မည်ဖြစ်သည်။ သင့်အနေဖြင့် သမ္မာကျမ်းစာထဲမှ ထိုဇာတ်ကြောင်းများနှင့် မှတ်တမ်းများကို ဖတ်ရှုသည့်အခါတွင် ထိုအချိန်က ဘုရားသခင်သည် အမှုတော်ကို မည်သို့ပြုကြောင်း၊ လူများကို မည်သို့ ဆက်ဆံခဲ့ကြောင်း ပိုမိုနားလည်နိုင်လာမည် ဖြစ်သည်။ သို့ရာတွင် ယနေ့ ဤအခန်းကြီးများကို ငါရှာဖွေရခြင်းအကြောင်းက ဤအဖြစ်အပျက်များနှင့် ပုဂ္ဂိုလ်များအကြောင်းကို သင်သိရန် မဟုတ်ပေ။ ထိုသို့ဖြစ်ရမည့်အစား ဤဇာတ်ကောင်များ၏ အဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် သူ၏စိတ်သဘောထားကို သင်တို့တွေ့မြင်နိုင်ရန်ဖြစ်ပြီး ထိုအကြောင်းကြောင့် ဘုရားသခင်ကို သိရှိနားလည်ရန်၊ ဘုရားသခင်၏ အစစ်အမှန်ဘက်ခြမ်းကို တွေ့မြင်ရန်၊ သင်၏စိတ်ကူးယဉ်ခြင်းများ ရပ်တန့်ရန်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အယူအဆများကို ရပ်စဲရန်၊ မရေရာမှုများကြားမှ သင်၏ယုံကြည်ခြင်းကို အဆုံးသတ်ရန် စသည်တို့ကို ပိုမိုလွယ်ကူအောင်ပြုရန်ဖြစ်သည်။ အခြေခံအုတ်မြစ်မရှိဘဲ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို နားလည်ပြီး သိကျွမ်းရန် ကြိုးစားခြင်းသည် အကူအညီမဲ့ခြင်း၊ အစွမ်းအစမရှိခြင်းတို့ကို သင့်အားခံစားရစေပြီး၊ မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲဖြစ်စေတတ်သည်။ ထို့ကြောင့်ပင် သင့်အနေဖြင့် ဘုရားသခင်ကို ပိုမိုနားလည်သဘောပေါက်စေရန်၊ ဘုရားသခင်၏ အလိုတော်ကို ပိုမိုစစ်မှန်စွာ နားလည်စေရန်၊ ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိကျွမ်းစေရန်၊ ဘုရားသခင်၏ ဖြစ်တည်မှုကို အမှန်တကယ် သိရှိခံစားစေရန်၊ လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန် စသည်တို့အတွက် ယခုကဲ့သို့သော နည်းစနစ်နှင့် ချဉ်းကပ်နည်းတို့ကို အသုံးပြုရန်ဟူသည့် အကြံဉာဏ်ကို ငါတွေးမိခြင်းဖြစ်သည်။ ထိုအရာသည် သင်တို့အတွက် အကျိုးရှိသည်မဟုတ်လော။ ယခု ဤကျမ်းစာများနှင့် အဖြစ်အပျက်များကို သင်ထပ်မံကြည့်ရှုသည့်အခါ သင့်နှလုံးသားထဲတွင် မည်သို့ခံစားရသနည်း။ ငါကောက်နုတ်ထားသည့် ဤကျမ်းစာများသည် လိုအပ်သည်ထက် ပိုလျှံနေသည်ဟု သင်ထင်မြင်သလော။ ယခု ငါသင်တို့ကို ပြသွားသည့် အရာများကို ထပ်မံအလေးထားပြောကြားလိုသည်။ ယခုဇာတ်ကောင်များ၏ ဇာတ်ကြောင်းများကို သင်တို့အား ဖတ်ရှုစေခြင်း၏ ရည်ရွယ်ချက်မှာ လူများအပေါ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ပြုပုံနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ သဘောထားတို့ကို သင်တို့နားလည်ခြင်းငှာ ကူညီရန်ဖြစ်သည်။ ဤသည်ကို မည်သည့်အရာမှတစ်ဆင့် သင်တို့နားလည်နိုင်သနည်း။ ယခင်က ဘုရားသခင်ပြုခဲ့သည့်အမှုနှင့် ဘုရားသခင်၏ အကြောင်းအရာအမျိုးမျိုးတို့ကို သင်တို့နားလည်အောင်ကူညီပေးရန် ဘုရားသခင် လက်ရှိပြုနေသည့် အမှုတို့ကို ပေါင်းစပ်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ဤအကြောင်းအမျိုးမျိုးတို့သည် စစ်မှန်ပြီး ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသူများက နားလည်သဘောပေါက်ကာ သိရှိရမည့်အရာဖြစ်သည်။

ယခုအခါ အာဒံနှင့် ဧဝတို့ ဇာတ်ကြောင်းဖြင့် ငါတို့စတင်ကြမည်။ ပထမဦးစွာ ကျမ်းစာကို ဖတ်ရှုကြစို့။

က။ အာဒံနှင့်ဧဝ

၁။ အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းပိုဒ်များမှ သင်တို့ မည်သည့်အရာကို ရလိုက်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ “အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား” ကို မည်သည့်အတွက်ကြောင့် ကျမ်းစာထဲမှ ကောက်နုတ်ထားသနည်း။ ယခုတွင် သင်တို့တစ်ယောက်ချင်းစီသည် မိမိတို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ပုံစံကို မြင်သလော။ သင်တို့ ကြိုးစားစိတ်ကူးကြည့်နိုင်သည်။ သင်တို့သည် ထိုအဖြစ်အပျက်တွင် ပါဝင်နေပါက သင်တို့နှလုံးသားထဲမှ ဘုရားသခင်သည် မည်သည့်အရာနှင့် တူမည်နည်း။ ဤပုံသဏ္ဌာန်က သင်တို့ကို မည်သည့်စိတ်ခံစားမှုများကို ခံစားရစေမည်နည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ပုံတစ်ပုံဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူတို့သာ ပါရှိသော်လည်း၊ သူတို့အကြားမှ ရင်းနှီးကျွမ်းဝင်မှုသည် အလွန်မနာလိုစရာကောင်းသည်။ ဘုရားသခင်၏ များပြားလှသည့် ချစ်ခြင်းမေတ္တာကို လူသားကို အခမဲ့ပေးအပ်ပြီး ထိုလူသားကို ဝန်းရံစေသည်။ လူသားသည် နုံအပြီး အပြစ်ကင်းသည်။ တာဝန်ကင်းကာ ပူပင်ကြောင့်ကြမဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်အောက်တွင် အလွန်ပျော်ရွှင်စွာ နေထိုင်သည်။ လူသားသည် ဘုရားသခင်၏ကောင်းချီးနှင့် အကာအကွယ်အောက်တွင် နေထိုင်နေစဉ် ဘုရားသခင်သည် လူသားအတွက် ပူပန်ပေးသည်။ လူသားပြုလုပ်ပြောဆိုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့်နီးကပ်စွာ ဆက်စပ်နေပြီး ဘုရားသခင်နှင့် ခွဲခြား၍မရပေ။

ဤသည်မှာ အာဒံကိုဖန်ဆင်းပြီးကတည်းက သူ့ကို ဘုရားသခင်ပထမဆုံးချမှတ်ခဲ့သည့် ပညတ်တရားဟု သင်တို့ ဆိုနိုင်သည်။ ဤပညတ်တရားတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ထိုအထဲတွင် ဘုရားသခင်၏ အလိုတော် ပါဝင်သည်။ သို့ရာတွင် လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများလည်း ပါဝင်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးပညတ်တရားဖြစ်ပြီး လူသားအတွက် ဘုရားသခင်၏ ပထမဆုံး စိုးရိမ်ပူပန်ခြင်းလည်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကိုဖန်ဆင်းလိုက်သည့် အချိန်မှစပြီး သူ့ထံတွင် လူသားနှင့်ပတ်သက်သည့် တာဝန်တစ်ခုရှိလာခဲ့သည်။ သူ၏ထိုတာဝန်က အဘယ်အရာနည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ပြီး နာခံဖို့ ဘုရားသခင်မျှော်လင့်သည်။ ဤသည်မှာ လူသားအပေါ်တွင် ဘုရား၏ ပထမဆုံးသော မျှော်လင့်ချက်လည်းဖြစ်သည်။ ဤမျှော်လင့်ချက်နှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင်ဆိုခဲ့ခြင်းဖြစ်သည်။ “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏နှလုံးသားသည် လူသားအတွက် စတင်စိုးရိမ်ပူပန်လာခဲ့ပြီဖြစ်သည်ကိုလည်း ဖော်ပြသည်။ အားလုံးသောအရာများထဲတွင် အာဒံတစ်ဦးတည်းကိုသာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ကိုရထားသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်။ စကားစမြည်ပြောဆိုနိုင်သည်။ ထို့ကြောင့် ထိုသို့သော ပညတ်တော်ကို အာဒံအတွက် ဘုရားသခင်က ချမှတ်တော်မူခဲ့ခြင်းဖြစ်သည်။ ဤပညတ်တွင် လူသားလုပ်ဆောင်နိုင်သည့်အရာအပါအဝင် မလုပ်ဆောင်နိုင်သည့် အရာကိုလည်း ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သို့သောနှလုံးသားမျိုးကို ငါတို့မြင်တွေ့ရသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ ထိုအထဲတွင် စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းပိုဒ်များထဲတွင်ရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို လူသားများက နားလည်နိုင်ရုံတင်မကဘဲ အမှန်တကယ် ကောင်းစွာ ခံစားရနိုင်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ဤအရာများကို ငါပြောပြီးနောက် ၎င်းတို့မှာ ရိုးရှင်းသည့် နှုတ်ကပတ်တော်အချို့သာ ဖြစ်သည်ဟု သင်တို့ထင်သေးသလော။ ထိုမျှလောက် မရိုးရှင်းပေ၊ မှန်သလော။ ယခင်က ထိုအချက်ကို သင်တို့မြင်နိုင်ခဲ့သလော။ ဘုရားသခင်ကိုယ်တိုင်က သင့်ကို ဤနှုတ်ကပတ်တော်များကို ပြောဆိုလာခဲ့လျှင် သင့်စိတ်ထဲတွင် မည်သို့ခံစားရမည်နည်း။ သင်သည် အကြင်နာတရားရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောနေပါက သင်သည် မည်သည့်အရာကိုမျှ ခံစားရမည် မဟုတ်ပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည်မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏နှလုံးသားကို နားလည်ဖို့ ကြိုးစားမည်မဟုတ်ပေ။ သို့ရာတွင် သင်သည် အသိစိတ်ရှိသည့် စာနာတတ်သည့် လူတစ်ယောက်ဆိုလျှင် သင့်အနေဖြင့် ကွဲပြားစွာ ခံစားရလိမ့်မည်။ သင်သည် နွေးထွေးမှုကိုခံစားရမည်။ သင်သည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံစားရမည်။ ထို့ပြင် သင်သည် ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါ ဘုရားသခင်ကို သင်မည်သို့ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ်တွယ်သွားမည်လော။ သင့်ရင်ထဲမှ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအတွက် မည်မျှအရေးကြီးကြောင်းကို ဤအချက်မှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် ပိုပြီးအရေးကြီးသည်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအပေါ်တွင် လူသား၏အသိအမှတ်ပြုမှုနှင့် သိရှိနားလည်မှုပင်ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် သူ့အမှုတော်၏ ဤအဆင့်တွင် အလားတူသော အရာများကို များစွာပြောခဲ့သည် မဟုတ်လော။ သို့ရာတွင် ယနေ့ခေတ်လူသားများသည် ဘုရားသခင်၏နှလုံးသားကို နားလည်ကြသလော။ ယခုပင် ငါပြောသွားသည့် ဘုရားသခင်၏အလိုတော်ကို သင်တို့နားလည်နိုင်သလာ။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ လက်တွေ့ကျသည့် ဘုရားသခင်၏အလိုတော်ကိုပင် သင်တို့သည် သတိမပြုမိနိုင်ကြပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သည့်အသိနှင့် နားလည်ခြင်းမရှိဟု ငါပြောရခြင်းဖြစ်သည်။ ဤသည်မှာ မမှန်သလော။ ဤကဏ္ဍအပေါ် ဤမျှသာ ငါတို့ဆွေးနွေးကြမည်။

၂။ ဘုရားသခင် ဧဝကို ဖန်ဆင်းသည်

ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။ ယေဟောဝါ ဘုရားသခင်သည် မြေထဲမှ မြေသားရဲတိရစ္ဆာန်တိုင်းနှင့် မိုးကောင်းကင် ငှက်အားလုံးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ကို အာဒံ အဘယ်သို့ သတ်မှတ်ခေါ်ဝေါ်လိမ့်မည်ကို သိရန်အတွက် သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။ အာဒံသည် ကျွဲနွားတိရစ္ဆာန်အပေါင်း၊ မိုးကောင်းကင်ငှက်များနှင့် မြေသားရဲတိရစ္ဆာန်တိုင်းကို အမည်များပေးလေသည်။ သို့သော်လည်း အာဒံအတွက် သူနှင့် သင့်တော်သော အထောက်အမ မတွေ့ရသေးပေ။

ကမ္ဘာဦးကျမ်း ၂:၂၂-၂၃ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။

ကျမ်းစာ၏ဤအပိုင်း၌ အဓိကကျသည့် စာစုအချို့ရှိသည်။ ၎င်းတို့ကို မျဉ်းတားကြလော့။ “လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည့်အတိုင်း နာမည်အသီးအသီး ရှိကြ၏။” သက်ရှိသတ္တဝါအားလုံးကို မည်သူက နာမည်ပေးခဲ့သနည်း။ အာဒံဖြစ်သည်။ ဘုရားသခင်မဟုတ်ပေ။ ဤစာစုက လူသားမျိုးနွယ်အား အောက်ပါအချက်ကိုပြောသည်။ လူသားကို ဖန်ဆင်းစဉ်က ဘုရားသခင်သည် သူ့ကို အသိဉာဏ်ပေးခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသိဉာဏ်က ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။ ဤသည်မှာ ကျိန်းသေပင်ဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်းပြီးနောက် အာဒံသည် ကျောင်းတက်ခဲ့သလော။ သူစာဖတ်တတ်သလော။ ဘုရားသခင်သည် သတ္တဝါအမျိုးမျိုးကို ဖန်ဆင်းပြီးနောက်တွင် ဤသတ္တဝါအားလုံးကို အာဒံမှတ်မိခဲ့သလော။ ၎င်းတို့၏နာမည်များက မည်သို့ဖြစ်သည်ကို ဘုရားသခင်က အာဒံကို ပြောခဲ့သလော။ သေချာပေသည်၊ ဤသတ္တဝါများကို မည်သို့နာမည်ပေးရမည်ဆိုသည်ကို ဘုရားသခင်က သူ့ကို သင်မပေးခဲ့ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါများ၏ နာမည်များကို မည်သည့်နာမည်မျိုးပေးရမည်ဆိုသည်ကို သူမည်သို့သိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့စဉ်တွင် သူ့ကို အဘယ်အရာထည့်ပေးလိုက်သနည်းဆိုသည့် မေးခွန်းနှင့်ဆိုင်သည်။ ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့စဉ်က သူ၏အသိဉာဏ်ကို လူသားထံ ထည့်သွင်းပေးလိုက်သည်ကို အချက်အလက်များက သက်သေပြုသည်။ ဤသည်မှာ အဓိကကျသည့် အချက်ဖြစ်သည်။ သင်တို့အားလုံး ဂရုတစိုက် နားထောင်ခဲ့ကြသလော။ သင်တို့သေချာနားလည်ထားရမည့် နောက်ထပ် အဓိကကျသည့်အချက်တစ်ခု ရှိသေးသည်။ ဤသက်ရှိသတ္တဝါများကို အာဒံက ၎င်းတို့၏နာမည်များ ပေးပြီးသည့်အခါတွင် သူတို့နာမည်များသည် ဘုရားသခင်၏ ဝေါဟာရထဲတွင် ပြဋ္ဌာန်းခြင်းခံရသည်။ ငါအဘယ်ကြောင့် ထိုအရာကို ပြောသနည်း။ ဤအချက်၌လည်း ဘုရားသခင်၏စိတ်သဘောထား ပါဝင်သည်။ ငါရှင်းပြမှဖြစ်မည်။

ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့ပြီး လူအတွင်းသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ကာ သူ၏အသိဉာဏ်၊ သူ၏အစွမ်းများနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း လူကိုပေးခဲ့သည်။ ဘုရားသခင်က လူကို ဤအရာအားလုံးပေးပြီးနောက်တွင် လူသားသည် အချို့အရာများကို တသီးတခြားလုပ်လာနိုင်ပြီး သူ့ဘာသာ တွေးခေါ်နိုင်လာသည်။ လူသားက ကြံစည်တွေးတောပြီး ပြုလုပ်သည့်အရာများက ဘုရားသခင်၏အမြင်၌ ကောင်းမွန်သည်ဆိုလျှင် ဘုရားသခင်သည် လက်သင့်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ လူသားပြုသည့်အရာက မှန်ကန်သည်ဆိုလျှင် ဘုရားသခင်သည် ဤအတိုင်းသာ လွှတ်ထားမည်ဖြစ်သည်။ ဤသို့ဆိုလျှင် “လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည့်အတိုင်း နာမည်အသီးအသီးရှိကြ၏” ဟူသည့်စာစုက အဘယ်အရာကို ညွှန်ပြသနည်း။ သတ္တဝါအမျိုးမျိုးတို့၏ နာမည်များကို ဘုရားသခင်သည် ပြန်လည်ပြင်ဆင်ခြင်း မရှိခြင်းကို ဖော်ပြသည်။ အာဒံက မည်သည့်နာမည်ကို ပေးခဲ့သည်ဖြစ်စေ ဘုရားသခင်က “ကောင်းပြီ” ဟုပြောပြီး ထိုနာမည်အတိုင်း စာရင်းသွင်းလိုက်မည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ထင်မြင်ချက်များကို ပြောပြခဲ့သလော။ မပြောပေ၊ ဤသည်မှာ သေချာသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် သင်တို့ အဘယ်အချက်ကိုမြင်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် ဘုရားသခင်ပေးထားသည့် သူ၏အသိဉာဏ်ကို အမှုအရာများ လုပ်ဆောင်ရာ၌ အသုံးချခဲ့သည်။ လူသားလုပ်သည့်အရာက ဘုရားသခင်၏အမြင်တွင် အပြုသဘောဆောင်လျှင် မည်သည့်အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် အတည်ပြု အသိအမှတ်ပြုပြီး လက်ခံသည်။ ဤသည်မှာ လူပုဂ္ဂိုလ်၊ သို့မဟုတ် ဝိညာဉ်ဆိုး သို့မဟုတ် စာတန်တို့က ပြုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ဤနေရာတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားတစ်ဦး သို့မဟုတ် စာတန်သည် မိမိရှေ့တည့်တည့်တွင် သူတို့ကိုကိုယ်စားပြုပြီး အမှုအရာများ ပြုလုပ်နေခြင်းကို လက်ခံပါ့မည်လော။ လုံးဝလက်ခံမည် မဟုတ်ပေ။ သူတို့နှင့်မတူညီသည့် ထိုအဖွဲ့ သို့မဟုတ် ထိုလူပုဂ္ဂိုလ်ကို ရာထူးနေရာအတွက်နှင့် သူတို့တိုက်ခိုက်မည်လော။ တိုက်ခိုက်မည်မှာ အသေအချာပင်တည်း။ ထိုအချိန်၌ အာဒံနှင့်အတူရှိနေခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက် သို့မဟုတ် စာတန်သာဆိုလျှင် အာဒံလုပ်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ကြမည် ဖြစ်သည်။ သူတို့၌ တသီးတခြားတွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ပိုင် အသိဉာဏ်ရှိသည်ကို သက်သေပြဖို့ရန် အာဒံလုပ်သည့်အရာမှန်သမျှကို လုံးဝငြင်းပယ်ခဲ့ကြမည်ဖြစ်သည်။ “၎င်းကို ဤသို့သင်ခေါ်ချင်သလော။ ၎င်းကို ထိုသို့ ငါခေါ်မည်မဟုတ်။ ဤသို့သာ ငါခေါ်မည်။ ၎င်းကို သင်က တွမ်ဟုခေါ်သည်။ သို့သော် ငါမူကား ၎င်းကို ဟယ်ရီဟုခေါ်မည်။ ငါ၏ ဉာဏ်ထက်မြက်ခြင်းကို ငါကြွားရမည်။” ဤသည်မှာ မည်သို့သော သဘောသဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ အလွန်အမင်း မာနထောင်လွှားနေခြင်း မဟုတ်လော။ သို့ရာတွင် ဘုရားသခင်ထံ၌ ဤသို့သော စိတ်သဘောထားမျိုးရှိသလော။ အာဒံလုပ်သည့်အရာအပေါ်တွင် ထူးထူးခြားခြား ကန့်ကွက်ခြင်းမျိုး ဘုရားသခင်၌ ရှိခဲ့သလော။ မရှိဟု အတိအလင်းဖြေရပေမည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထား၌ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း သို့မဟုတ် မိမိသာမှန်ကန်သည်ဟူသည့်သဘောတို့ နည်းနည်းမျှ မပါဝင်ပေ။ ဤအချက်မှာ လုံးဝရှင်းသည်။ ဤသည်မှာ အသေးအဖွဲလေးသာ ရှိသေးသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကို သင်နားမလည်ပါက၊ သင့်နှလုံးသားသည် ဘုရားသခင်၏သဘောထားနှင့် ဘုရားသခင်ပြုမူပုံကို နားလည်ဖို့ မကြိုးစားပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ စိတ်သဘောထား ဖွင့်ပြချက်နှင့် ဖော်ပြချက်တို့ကို သင်သိမည် မဟုတ်ပေ။ ထိုသို့ဖြစ်သည်မဟုတ်လော။ သင့်ကိုငါ ယခုရှင်းပြခဲ့သည့်အရာကို သင်သဘောတူသလော။ အာဒံ၏လုပ်ရပ်များအပေါ်တွင် ဘုရားသခင်က “ကောင်းမွန်စွာ သင်ပြုခဲ့ပေသည်။ မှန်ကန်စွာ သင်ပြုခဲ့ပြီ။ ငါထောက်ခံသည်” ဟူ၍ ကျယ်လောင်စွာ မကြွေးကြော်ပေ။ သို့ရာတွင် သူ့နှလုံးသားတွင်း၌မူ အာဒံလုပ်ခဲ့သည့်အရာကို အတည်ပြုခြင်း၊ အသိအမှတ်ပြု တန်ဖိုးထားခြင်းနှင့် အတည်ပြုခြင်းတို့ ပြုခဲ့သည်။ ဤသည်မှာ ဖန်ဆင်းမှုပြီးကတည်းက ဘုရားသခင်၏ ညွှန်ကြားချက်အတိုင်း လူသားလုပ်ဆောင်သည့် ပထမဆုံးသောအရာဖြစ်သည်။ ဤသည်မှာ လူသားက ဘုရားသခင်၏ကိုယ်စား ဘုရားသခင်ကိုအစားပြုပြီး လုပ်ခဲ့သည့်အရာဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ဤသည်မှာ လူသားကို သူပေးသနားခဲ့သည့် အသိဉာဏ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် ၎င်းကို ကောင်းသောအရာ၊ အပြုသဘောဆောင်သောအရာအနေနှင့် မြင်ခဲ့သည်။ ထိုအချိန်က အာဒံပြုခဲ့သည့်အရာမှာ လူသားအပေါ်၌ ဘုရားသခင့် အသိဉာဏ်၏ ပထမဆုံးသော သရုပ်သကန်ပင်ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏အမြင်အရ ကောင်းမွန်သည့် သရုပ်သကန်တစ်ခုဖြစ်ခဲ့သည်။ ဤအရာ၌ သင်တို့ကို ငါပြောချင်သည့် အရာမှာ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ့အသိဉာဏ်၏ အစိတ်အပိုင်းတစ်ခုအား လူသားကို ထည့်ပေးခြင်းက လူသားသည် ဘုရားသခင်ကို ပေါ်လွင်ထင်ရှားစေသည့် သက်ရှိသတ္တဝါဖြစ်နိုင်ရန်ဖြစ်သည်။ ထိုသက်ရှိသတ္တဝါများသည် သူ့ကိုယ်စား အမှုအရာများကို ပြုလုပ်ခြင်းမှာ ဘုရားသခင်မြင်ချင်နေခဲ့သည့်အရာတစ်ခု ဖြစ်သည့်အတွက်ဖြစ်သည်။

၃။ ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို လုပ်ပေး၏

ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။

အာဒံက ဧဝကို နာမည်ပေးခြင်း၏နောက်ကွယ်၌ အဓိပ္ပာယ်တစ်ခုရှိနေခြင်းကို ဖော်ပြသည့် ဤတတိယ ကျမ်းပိုဒ်ကို ကြည့်ကြစို့။ ဟုတ်ပြီလော။ ဖန်ဆင်းခြင်းခံရပြီးနောက် အာဒံ၌ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုရှိခဲ့ပြီး အမှုအရာများကို သူနားလည်ခဲ့သည်ကို ဤအချက်က ပြသည်။ သို့ရာတွင် အာဒံသည် အဘယ်အရာများကို နားလည်ခဲ့သည် သို့မဟုတ် မည်မျှနားလည်ခဲ့သည်ကို ရှာဖွေလေ့လာမည်မဟုတ်ပေ။ အကြောင်းမှာ ထိုအရာသည် ဤတတိယကျမ်းပိုဒ်၌ ငါဆွေးနွေးလိုသည့် အဓိက အချက်မဟုတ်၍ဖြစ်သည်။ ဤသို့ဆိုလျှင် တတိယကျမ်းပိုဒ်၏ အဓိကအချက်က အဘယ်အရာနည်း။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့်စာကြောင်းကို ကြည့်ကြစို့။ ယနေ့ ကျမ်းစာ၏ ဤစာသားကို ငါတို့မိတ်သဟာယဖွဲ့ခြင်းမပြုလျှင် ဤစာလုံးများ၏နောက်ကွယ်က ဂယက်အနက်ကို သင်တို့ဘယ်တော့မျှ နားလည်သိရှိမည် မဟုတ်ပေ။ ပထမဆုံး သဲလွန်စအချို့ ငါပေးမည်။ သင်တို့စိတ်ကူးကိုဖြန့်လျက် အာဒံနှင့်ဧဝ နေထိုင်သည့် ဧဒင်ဥယျာဉ်ကို ပုံဖော်ကြည့်ကြလော့။ ဘုရားသခင်က သူတို့ဆီကို လာရောက်လည်ပတ်သည်။ သို့ရာတွင် သူတို့က ကိုယ်လုံးတီးဖြစ်နေသည့်အတွက် ပုန်းနေကြသည်။ ဘုရားသခင်သည် သူတို့ကို မမြင်နိုင်ပေ။ ဘုရားသခင်က သူတို့ကို ခေါ်လိုက်သည့်အခါ “ကျွန်ုပ်တို့သည် ကိုယ်လုံးတီးဖြစ်နေသည့်အတွက် ကိုယ်တော်နှင့် မတွေ့ရဲပါ” ဟု သူတို့ပြောကြသည်။ သူတို့သည် ကိုယ်လုံးတီးဖြစ်နေ၍ ဘုရားသခင်နှင့်မတွေ့ရဲပေ။ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်က သူတို့အတွက် အဘယ်အရာကို လုပ်ပေးသနည်း။ မူရင်းစာသားက ဤသို့ဆိုသည်။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” သူတို့ကို အဝတ်လုပ်ပေးဖို့အတွက် အဘယ်အရာကို ဘုရားသခင်အသုံးပြုသည်ကို သင်တို့ ယခုသိကြသလော။ ဘုရားသခင်သည် သူတို့ကိုအဝတ်လုပ်ပေးရန်အတွက် တိရစ္ဆာန်သားရေကို အသုံးပြုခဲ့သည်။ တစ်နည်းအားဖြင့် လူသားအတွက် ဘုရားသခင်လုပ်ပေးသည့် အဝတ်အစားမှာ သားရေဝတ်လုံဖြစ်သည်။ ဤသည်မှာ လူသားအတွက် ဘုရားသခင်လုပ်ပေးခဲ့သည့် ပထမဆုံးသော အဝတ်အစားဖြစ်သည်။ ယနေ့စံနှုန်းများအရ သားရေဝတ်လုံသည် အထက်တန်းစား အဝတ်အစားဖြစ်သည်။ လူတိုင်းမဝယ်နိုင်သည့် ပစ္စည်းဖြစ်သည်။ လူသားမျိုးနွယ်၏ဘိုးဘေးများ ဝတ်ခဲ့သည့် ပထမဆုံးအဝတ်အစားက အဘယ်အရာနည်းဟု တစ်ယောက်ယောက်က သင့်ကိုမေးလျှင် သားရေဝတ်လုံဟု သင်ဖြေနိုင်သည်။ ဤဝတ်လုံကို မည်သူလုပ်ခဲ့သနည်း။ ဘုရားသခင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်ထပ်ပြီးဖြေနိုင်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ အဝတ်ကို ဘုရားသခင်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သတိပြုစရာအချက်တစ်ခု မဟုတ်လော။ ယခု ငါရှင်းပြီးသွားသည့်အတွက် သင်တို့စိတ်ထဲ၌ ပုံစံတစ်ခု ပေါ်ထွက်မလာသလော။ အနည်းဆုံး အကြမ်းဖျင်း ပုံရိပ်အပြိန်းတော့ ရှိသင့်သည်။ ယနေ့ သင်တို့ကို ဤအရာ ပြောနေခြင်းမှာ လူသား၏ ပထမဆုံးအဝတ်က အဘယ်အရာဖြစ်သည်ကို သင်တို့ သိစေရန် မဟုတ်ပေ။ သို့ဆိုလျှင် ဆိုလိုရင်းက မည်သို့ဖြစ်သနည်း။ ဆိုလိုရင်းက သားရေဝတ်လုံမဟုတ်ပေ၊ ဘုရားသခင်က ဤအမှုအရာကို ပြုနေခဲ့သည့်အခါ သူဖော်ပြသည့် စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို မည်သို့သိနိုင်ပုံပင် ဖြစ်သည်။

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့် ဤရုပ်လွှာတွင် အာဒံနှင့်ဧဝတို့နှင့်အတူရှိနေစဉ်၌ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုးမှာ ပါဝင်လှုပ်ရှားသနည်း။ လူနှစ်ယောက်သာရှိသည့် ကမ္ဘာတွင် ဘုရားသခင်က မည်သို့အခန်းကဏ္ဍတွင် ပေါ်ထွန်းလာသနည်း။ ဘုရားသခင်၏ နေရာအနေနှင့်။ ဟောင်ကောင်မှ ညီအစ်ကိုမောင်နှမများ ကျေးဇူးပြု၍ ဖြေကြပါ။ (မိဘတစ်ဦး၏ အခန်းကဏ္ဍတွင်ဖြစ်ပါသည်။) တောင်ကိုရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားသည်ဟု သင်တို့ထင်သနည်း။ (မိသားစု၏ ဦးစီးအခန်းကဏ္ဍမှ ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်အကို မောင်နှမတို့၊ သင်တို့ကော မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုထဲရှိ သူတစ်ယောက်၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ယောက်၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်အဖြစ် ပေါ်ထွန်းသည်ဟုထင်ပြီး အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အချို့က မိဘအနေနှင့်ဟု ပြောသည်။ ဤအချက်အားလုံးသည် အင်မတန်မှ ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုချင်သည်မှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ့၏အဖော်များအနေနှင့် ဆက်ဆံခဲ့သည်။ သူတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် သူတို့ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကြည့်ရှုစောင့်ရှောက်ပြီး သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ ဤနေရာတွင် ဘုရားသခင်က အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဘုရားသခင်က ဤသို့ပြုနေသည့်အခါတွင် ဘုရားသခင်သည် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု သူ၏လျှို့ဝှက်နက်နဲမှု အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏သောကနှင့် လူသားအပေါ် သူ၏တာဝန်နှင့် ဂရုစိုက်မှုတို့ကိုသာ လူက မြင်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဆက်ဆံသည့်နည်းလမ်းနှင့် သဘောထားသည် လူသားမိဘများက သူတို့သားသမီးအပေါ် အလေးထားမှုနှင့် ဆင်တူသည်။ ဤသည်မှာ လူသားမိဘများသည် သူတို့၏ကိုယ်ပိုင် သားများနှင့် သမီးများကို ချစ်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ဂရုစိုက်သည့်ပုံစံနှင့်လည်း ဆင်တူသည်။ စစ်မှန်၍ မြင်နိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်၏။ သူ့ကိုယ်သူ မြင့်မားပြီးအစွမ်းထက်သည့် နေရာတွင်ထားမည့်အစား ဘုရားသခင်သည် လူသားအတွက် အဝတ်ပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားရေဝတ်လုံက သူတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ သူတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အတိုပြောရလျှင် လူ့ကိုယ်ခန္ဓာကို ပတ်ခြုံဖို့အသုံးပြုသည့် ဤအဝတ်အစားသည် ဘုရားသခင် ကိုယ်တိုင် သူ၏လက်နှင့်လုပ်ထားခြင်းဖြစ်သည်။ လူများ စိတ်ကူးထင်မြင်သကဲ့သို့ အတွေးနှင့် သို့မဟုတ် ထူးဆန်းသည့် နည်းလမ်းများနှင့် ဖန်ဆင်းလိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် မလုပ်နိုင်သည့်အရာ၊ မလုပ်သင့်သည့်အရာဟု ထင်ထားသည့်အရာတစ်ခုကို အမှန်တကယ် လုပ်ခဲ့သည်။ ဤသည်မှာ ပြောရန်ပင် မထိုက်တန်ဟု အချို့က ထင်ကောင်းထင်နိုင်သည့် ရိုးရှင်းသောအရာ ဖြစ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်နောက်လိုက်သော်လည်း ယခင်က ဘုရားသခင်နှင့်ပတ်သက်ပြီး မပြတ်သားသည့် အယူအဆရှိနေသူများအားလုံးကို သူ၏စစ်မှန်ခြင်းနှင့် ချစ်ခြင်းနှင့်ပတ်သက်၍ ထိုးထွင်းအမြင် ရစေရန်၊ သူ၏ သစ္စာရှိပြီး နှိမ့်ချသောသဘောကို တွေ့မြင်စေရန်ဖြစ်သည်။ မိမိတို့ကိုယ်မိမိ မြင့်မားပြီး အစွမ်းရှိသည်ဟု ထင်နေကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့်လူများကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့၌ အရှက်ရလျက် သူတို့၏ထောင်လွှားသော ခေါင်းများကို ကိုင်းညွှတ်စေသည်။ ဘုရားသခင်သည် မည်မျှချစ်ဖွယ်ဖြစ်သည်ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းက လူတို့ကို ပိုပြီး မြင်လာစေသည်။ ဆန့်ကျင်ဖက်အနေနှင့် လူသားများ၏နှလုံးသားထဲတွင်ရှိသည့် အလွန့်အလွန် ကြီးမားသည့် ဘုရားသခင်၊ ချစ်ဖွယ်ကောင်းသည့် ဘုရားသခင်နှင့် အတိုင်းအဆမဲ့ တန်ခိုးကြီးသည့် ဘုရားသခင်သည် အလွန်သေးငယ်ကာ စိတ်ဝင်စားစရာမကောင်းဖြစ်ပြီး ထိုးနှက်မှု တစ်ချက်ကိုပင် မခံရပ်နိုင်ပေ။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ ဘုရားသခင်သည် ဤအရာမျိုးကိုလုပ်သည့်အတွက် သူ့ကို အထင်သေးသလော။ အချို့လူများက ဤသို့ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အခြားလူများအတွက်မူ လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု သူတို့ထင်မြင်ကြလိမ့်မည်။ သူတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှုပင် အတိအကျဖြစ်သည်။ ဘုရားသခင်၏ တကယ့်ပုံစံကို သူတို့မြင်လေလေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏အရေးကြီးမှုနှင့် အချိန်တိုင်း၌ ဘုရားသခင်သည် သူတို့အနားမှာ ရှိနေပုံတို့ကို သူတို့ နားလည်လာလေလေဖြစ်သည်။

ဤနေရာတွင် ငါတို့၏ဆွေးနွေးမှုကို လက်ရှိအချိန်နှင့် ဆက်သွယ်သင့်သည်။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် အမျိုးမျိုးသော ဤအသေးအဖွဲလေးများကို၊ အချို့လူများအနေဖြင့် တွေးပင်မတွေးဝံ့သည့် သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကို ဘုရားသခင်သည် လုပ်ပေးနိုင်လျှင် ယနေ့ခေတ်လူများအတွက် ဤသို့သောအရာမျိုးကို ဘုရားသခင် လုပ်ပေးနိုင်သလော။ အချို့လူများက “လုပ်နိုင်သည်” လို့ပြောကြမည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ အနှစ်သာရသည် အတုမဟုတ်၍ဖြစ်သည်၊ သူ၏ချစ်ခြင်းမေတ္တာက အတုမဟုတ်၍ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ထည့်သွင်းထားသည့်အရာတစ်ခု မဟုတ်ဘဲ အချိန်၊ နေရာနှင့် ခေတ်ကာလများပြောင်းလဲမှုနှင့်အညီ ပြောင်းလဲသည့် အရာတစ်ခု လုံးဝမဟုတ်ပေ။ မထူးခြားသည့်အရာနှင့် အရေးမပါသည့်အရာဟုလူများထင်ကြသည့် အရာတစ်ခုကို ပြုလုပ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏စစ်မှန်ခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို အမှန်တကယ် ထင်ရှားပေါ်လွင်စေနိုင်သည်။ ဘုရားသခင်သည် ဟန်ပန်မများတတ်ပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရမှာ ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ မာန သို့မဟုတ် ထောင်လွှားခြင်းတို့ မပါဝင်ပေ။ သူသည် ဘယ်တော့မျှ မကြွားဝါဘဲ ကြွားဝါမည့်အစား သူဖန်ဆင်းခဲ့သည့် လူသားများကို ယုံကြည်မှုနှင့် စိတ်ရင်းအမှန်နှင့် ချစ်ခင်၍ အလေးထားကာ စောင့်ရှောက်ပြီး ဦးဆောင်သည်။ လူများက ထိုအရာ၏ မည်မျှကိုသာ နားလည်နိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဤအရာများကို အကယ်ပင် လုပ်နေသည်။ ဘုရားသခင်၌ ဤသို့သောအနှစ်သာရရှိသည်ကို သိခြင်းက သူ့အပေါ်ထားသည့် လူသားများ၏ ချစ်ခြင်းမေတ္တာကို ထိခိုက်စေနိုင်သလော။ ဘုရားသခင်အား သူတို့ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏ပုံစံအစစ်ကို နားလည်သောအခါ သူ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်ပြီး လူသားများပေါ်တွင်ထားသည့် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍စစ်မှန်စွာ နားလည်နိုင်မည်ဟု ငါမျှော်လင့်သည်။ တစ်ချိန်တည်းမှာပင် သင့်နှလုံးသားကို ဘုရားသခင်ကိုပေးအပ်ပြီး သူ့အပေါ်တွင် ယုံမှားသံသယများ မရှိတော့ဖို့ ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် တိတ်ဆိတ်စွာနှင့် အရာအားလုံးကို ပြုလုပ်ပေးနေသည်။ သူ၏စိတ်ရင်းအမှန်၊ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာတို့နှင့် တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည်။ သို့သော် ဘုရားသခင်သည် သူလုပ်သည့် အရာများအားလုံးအပေါ်တွင် ပူပန်ကြောင့်ကြခြင်း သို့မဟုတ် နောင်တရခြင်းတို့ မည်သည့်အခါမျှ မရှိသကဲ့သို့ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်ခုခုရဖို့ ရည်ရွယ်ချက်များလည်း မရှိခဲ့ပေ။ သူလုပ်ခဲ့သည့်အရာများအားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် သစ္စာနှင့် ချစ်ခြင်းမေတ္တာကို သူလက်ခံရယူနိုင်ရန်ဖြစ်သည်။ ပထမခေါင်းစဉ်ကို ဤနေရာတွင် အဆုံးသတ်လိုက်ကြစို့။

ဤဆွေးနွေးမှုများက သင်တို့ကို အထောက်အကူဖြစ်စေသလော။ မည်မျှထိ အထောက်အကူ ဖြစ်စေသနည်း။ (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ ပိုနားလည်ကာ သိရှိလာပါသည်။) (အနာဂတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာ၍ နားလည်ရန်၊ ဘုရားသခင်၌ ရှိခဲ့သည့် စိတ်ခံစားမှုများနှင့် အမှုအရာများကို သူပြောခဲ့သည့်အခါ ထိုအရာများ၏ နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်ရန်နှင့် ထိုအချိန်က သူမည်သည့်အရာကို ခံစားခဲ့ရသည်ဆိုသည်ကိုသိရန် ဤကဲ့သို့ ဆွေးနွေးပုံ ဆွေးနွေးနည်းက ကျွန်ုပ်တို့ကို ကူညီပေးပါသည်။) ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက် ဘုရားသခင်၏ အမှန်တကယ် တည်ရှိမှုကို သင်တို့အထဲမှ တစ်ဦးဦးကများ သာ၍ခံစားသိရှိသလော။ ဘုရားသခင်၏တည်ရှိမှုသည် အနှစ်မဲ့ခြင်း သို့မဟုတ် မရေရာခြင်း မရှိတော့ဟု ခံစားရသလော။ သင်တို့၌ ဤခံစားချက်များ ရှိလာသည်နှင့် ဘုရားသခင်သည် သင်တို့၏ဘေး၌ ရှိနေသည်ကို သင်တို့ ခံစားရသလော။ ခံစားနားလည်မှုက ယခုအချိန်၌ သိသာမှု မရှိနိုင်သေးခြင်း သို့မဟုတ် ထိုအရာကို မခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တစ်နေ့တွင် သင့်နှလုံးသား၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို နက်ရှိုင်းစွာ သဘောပေါက်ပြီး စစ်မှန်သည့် အသိရှိလာသည့်အခါ ဘုရားသခင်သည် သင့်ဘေးနား၌သာ ရှိနေသည်ကို သင်ခံစားရလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်ကို သင့်နှလုံးသားထဲတွင် စစ်မှန်စွာလက်မခံသေးခြင်းသာဖြစ်သည်။ ဤသည်မှာ ဧကန်အမှန်ပင် ဖြစ်၏။

ဤဆွေးနွေးခြင်း နည်းလမ်းကို သင်တို့ မည်သို့ထင်သနည်း။ သင်တို့ အမီလိုက်နိုင်သလော။ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ စိတ်သဘောထားအကြောင်းအရာအပေါ် ဤမိသဟာယဖွဲ့ဆွေးနွေးသည့်ပုံစံက အလွန် လေးလံနေသည်ဟု ထင်သလော။ သင်မည်သို့ခံစားခဲ့ရသနည်း။ (အင်မတန် ကောင်းပါသည်။ စိတ်လှုပ်ရှားပါ၏။) မည်သည့်အရာက သင်တို့ကို ကောင်းသည်ဟု ခံစားရသနည်း။ အဘယ်ကြောင့် စိတ်လှုပ်ရှားခဲ့ကြသနည်း။ (ဧဒင်ဥယျာဉ်ထဲသို့ ပြန်သွားရသကဲ့သို့၊ ဘုရားသခင်၏ထံပါးသို့ ပြန်ရောက်နေသကဲ့သို့ ဖြစ်ပါ၏။) “ဘုရားသခင်၏ စိတ်သဘောထား” သည် စင်စစ်အားဖြင့် အယောက်တိုင်းအတွက် အလွန်ပင် မရင်းနှီးသည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုလျှင် သင်စိတ်ကူးနေကျအရာ၊ စာအုပ်များ၌ သင်ဖတ်နေကျအရာ၊ သို့မဟုတ် မိတ်သဟာယဖွဲ့ပွဲများ၌ သင်ကြားနေကျအရာများက သင့်အား ဆင်တစ်ကောင်ကို ထိတွေ့နေသည့် မျက်ကန်းတစ်ယောက်ကဲ့သို့ ခံစားရသောကြောင့်ဖြစ်သည်။ သင်သည် သင့်လက်နှင့်သာ လိုက်စမ်းနေခြင်း ဖြစ်ပြီး သင့်မျက်စိနှင့် မည်သည့်အရာကိုမျှ အမှန်တကယ် မမြင်ရပေ။ “လက်နှင့်ထိတွေ့ခြင်း” က ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံ ပုံကြမ်းကို သင့်အား မပေးနိုင်ပေ။ ရှင်းလင်းသည့် အယူအဆဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို သင့်အနေဖြင့် တိတိကျကျ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ရန် သင့်ထံသို့ ၎င်းသာ၍ယူဆောင်လာသည်မှာ စိတ်ကူးစိတ်သန်းသာဖြစ်သည်။ ထိုအစား သင်၏ စိတ်ကူးစိတ်သန်းမှ ထွက်ပေါ်လာသည့် ဤမသေချာသည့်အချက်များက သင်၏နှလုံးသားကို သံသယများနှင့် ပြည့်နေစေပုံရသည်။ သင့်အနေဖြင့် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး မသေချာသော်လည်း နားလည်အောင် ကြိုးစားနေဆဲဆိုလျှင် သင်၏နှလုံးသားထဲတွင် ကွဲလွဲခြားနားခြင်းများနှင့် ဝိရောဓိတို့ အမြဲရှိနေမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ယင်းက သင့်ကို ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်စေကာ အနှောင့်အယှက်တစ်ခုအဖြစ်သို့ပင် ဖြစ်သွားနိုင်သည်။ ဘုရားသခင်ကို သင်ရှာဖွေချင်သည့်အခါ၊ ဘုရားသခင်ကို သိလိုသည့်အခါ၊ သူ့ကို ရှင်းလင်းစွာ မြင်လိုသည့်အခါများတွင် အဖြေများကို အမြဲရှာမတွေ့နိုင် ဖြစ်နေသည်မှာ အင်မတန် ခဲကတ်လှသည် မဟုတ်လော။ မှန်ပေသည်၊ ဤနှုတ်ကပတ်တော်များက ဘုရားသခင်ကို ရိုသေလေးမြတ်ရန် ကြိုးစားခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေရန် ဆန္ဒရှိသည့်သူများကိုသာ ရှေးရှုထားခြင်းဖြစ်သည်။ ဤသို့သောအရာများအပေါ် လုံးဝ အလေးမထားသည့်သူများအတွက်မူ ဤအရာသည် စင်စစ်အားဖြင့် အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စစ်မှန်မှုနှင့် တည်ရှိမှုက ယုံတမ်းစကားတစ်ခု သို့မဟုတ် စိတ်ကူးယဉ်သက်သက်သာဖြစ်လျှင် အကောင်းဆုံးဖြစ်သည်ဟု သူတို့ မျှော်လင့်နေကြသည့်အတွက်ဖြစ်သည်။ ထိုသို့အားဖြင့် သူတို့လုပ်ချင်တာ လုပ်နိုင်ရန်၊ သူတို့သည် အကြီးမားဆုံးနှင့် အရေးကြီးဆုံးဖြစ်ရန်၊ အကျိုးဆက်များကို အလေးမထားဘဲ မကောင်းမှုများကို ကျူးလွန်နိုင်ရန်၊ သူတို့ အပြစ်ဒဏ်ပေးခြင်းကို မရင်ဆိုင်ရရန် သို့မဟုတ် တာဝန်ယူစရာမလိုရန်၊ မကောင်းမှုပြုသူများနှင့်ပတ်သက်၍ ဘုရားသခင်ပြောသည့်အရာများပင်လျှင် သူတို့နှင့် သက်ဆိုင်ခြင်းမရှိတော့ရန် ဖြစ်သည်။ ဤလူများသည် ဘုရားသခင်၏စိတ်သဘောထားကို နားလည်ဖို့ ဆန္ဒမရှိကြပေ။ သူတို့သည် ဘုရားသခင်နှင့် သူနှင့်သက်ဆိုင်သည့်အရာအားလုံးကို သိဖို့ရန်ကြိုးစားခြင်းကို မောပန်းစိတ်ကုန်နေကြသည်။ ဘုရားသခင် မတည်ရှိခြင်းကိုသာ သူတို့ပိုပြီးနှစ်သက်ကြသည်။ ဤလူများသည် ဘုရားသခင်ကိုဆန့်ကျင်ကြပြီး သုတ်သင်ဖယ်ရှင်းခံရမည့်သူများက သူတို့သာဖြစ်သည်။

ဆက်လက်၍ နောဧ၏အဖြစ်အပျက်နှင့် ထိုအရာက ဘုရားသခင်၏အမှုတော် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်ဟူသည့် ခေါင်းစဉ်နှင့် မည်သို့ဆက်နွှယ်မှုရှိသည်ကို ငါတို့ ဆွေးနွေးသွားမည်။

ကျမ်းစာ၏ ဤအပိုင်း၌ နောဧအပေါ် ဘုရားသခင်အဘယ်အရာပြုနေသည်ဟု သင်တို့မြင်သနည်း။ ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ဤမှာထိုင်နေသည့်သူအားလုံးက ကျမ်းစာကိုဖတ်ရှုခြင်းမှ သိချင်သိမည် ဖြစ်သည်။ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ခိုင်းသည်၊ ထို့နောက်တွင် ဘုရားသခင်သည် ကမ္ဘာကို ဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို အသုံးပြုခဲ့သည်။ လူသားမျိုးနွယ်၏ နောက်မျိုးဆက်အတွက် ဘိုးဘေးများ ဖြစ်လာရန်၊ အသက်ရှင်ကျန်ရစ်စေရန်၊ နောဧတို့ မိသားစုရှစ်ယောက်ကို ကယ်တင်ခြင်းငှာ ဘုရားသခင်က နောဧကို သင်္ဘောဆောက်စေခဲ့သည်။ ကျမ်းစာကို ဖတ်ကြည့်ကြစို့။

ခ။ နောဧ

၁။ ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

ကမ္ဘာဦး ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။

ဤကျမ်းပိုဒ်များကိုဖတ်ပြီးသည့်နောက် နောဧက မည်သူဖြစ်သည်ကို သင်တို့အနေဖြင့် အကြမ်းဖျင်း နားလည်လာသလော။ နောဧက မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ မူရင်းစာသား၌ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏” ဟုဆိုထားသည်။ ယခုခေတ်လူများ၏ နားလည်မှုအရ ထိုအချိန်အခါက ဖြောင့်မတ်သောသူဆိုသည်မှာ မည်သို့သောလူမျိုးနည်း။ ဖြောင့်မတ်သောသူဆိုသည်မှာ စုံလင်သည့်သူ ဖြစ်ရမည်။ ဤစုံလင်သည့်လူသည် လူ့အမြင်၌စုံလင်ခြင်းလော၊ သို့တည်းမဟုတ် ဘုရားသခင်၏အမြင်၌ စုံလင်ခြင်းလော ဆိုသည်ကို သင်တို့သိသလော။ ဤစုံလင်သည့်လူသည် ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူဖြစ်ပြီး လူ့အမြင်၌ မဟုတ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤအချက်မှာ သေချာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် မျက်စိကန်းပြီး မမြင်နိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင်သာလျှင် ကမ္ဘာတစ်ခုလုံးနှင့် လူအယောက်ချင်းစီတိုင်းကို ကြည့်ရှုကာ နောဧမှာ စုံလင်သည့်သူဖြစ်သည်ကို ဘုရားသခင်သာလျှင် သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏အစီအစဉ်သည် နောဧကို သူခေါ်သည့် အခိုက်အတန့်မှ စတင်ခဲ့သည်။

ထိုခေတ်၌ အင်မတန်အရေးကြီးသည့်အရာကိုလုပ်ခြင်းငှာ နောဧကိုခေါ်ရန် ဘုရားသခင်ရည်ရွယ်ခဲ့သည်။ သူသည် အဘယ်ကြောင့် ၎င်းကို လုပ်ခဲ့ရခြင်းဖြစ်သနည်း။ ထိုအချိန်အခါက သူ့နှလုံးသားထဲတွင် ဘုရားသခင်သည် အစီအစဉ်တစ်ခုရှိခဲ့၍ဖြစ်သည်။ သူ၏အစီအစဉ်မှာ ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးရန်ဖြစ်သည်။ ကမ္ဘာကြီးကို အဘယ်ကြောင့် ဖျက်ဆီးသနည်း။ ဤစာစုတွင် ပြောပြထားသည်၊ “ထိုအခါ မြေကြီးသည် ဘုရားသခင်သခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဟူသည့်စာစုမှ သင်တို့ အဘယ်အရာကို မြင်သနည်း။ ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်က လူများသည် အဆုံးစွန်အထိ ပျက်စီးနေသည့်အချိန်တွင် ကမ္ဘာပေါ်ရှိ ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၎င်းမှာ “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဆိုသည့်အရာဖြစ်သည်။ ယခုခေတ်စကားနှင့်ဆိုလျှင် “အဓမ္မအမှုနှင့်ပြည့်စုံသည်” ဆိုသည်မှာ အရာအားလုံး ကမောက်ကမဖြစ်နေခြင်းကို ဆိုလိုသည်။ လူသားအတွက် သက်ရှိသတ္တဝါအားလုံးတွင် စနစ်ကျမှုမရှိဘဲ ပရမ်းပတာဖြစ်နေပြီး စီမံခန့်ခွဲဖို့ရန် ခက်ခဲသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏အမြင်တွင်မူ ကမ္ဘာပေါ်၌ လူသားများသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြသည်ဟု ဆိုလိုသည်။ မည်သည့်အတိုင်းအတာထိ ပျက်စီးကြသနည်း။ ဘုရားသခင်က မကြည့်ချင်လောက်တော့သည့်အထိ၊ သည်းမခံနိုင်လောက်တော့သည့်အထိ ပျက်စီးကြသည်။ ဘုရားသခင်က ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ရလောက်သည့်အထိ ဖောက်ပြန်ပျက်စီးနေကြခြင်း ဖြစ်သည်။ ကမ္ဘာကိုဖျက်ဆီးရန် ဆုံးဖြတ်ပြီးသည့်အခါ ဘုရားသခင်သည် သင်္ဘောဆောက်ခြင်းငှာ လူတစ်ဦးကိုရှာရန် စီစဉ်ခဲ့သည်။ ထို့နောက် ဘုရားသခင်က ဤအရာကို ပြုဖို့ရန် နောဧကို ရွေးချယ်ခဲ့သည်။ နောဧကို သင်္ဘောဆောက်စေရန်ဖြစ်သည်။ အဘယ်ကြောင့် နောဧကို ရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏အမြင်၌ နောဧသည် ဖြောင့်မတ်သည့်လူဖြစ်ပြီး ဘုရားသခင်က သူ့ကို မည်သည့်အရာပင် ညွှန်ကြားသည်ဖြစ်စေ ထိုအတိုင်း သူလုပ်ဆောင်လိမ့်မည်ဖြစ်သောကြောင့်တည်း။ သူ့ကို ဘုရားသခင်လုပ်ခိုင်းသည့်အရာမှန်သမျှကို သူလုပ်လိမ့်မည်ဟု ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ သူ၏အမှု ပြီးမြောက်စေဖို့၊ သူတာဝန်ပေးစေခိုင်းထားသည်ကို ပြီးမြောက်စေဖို့၊ မိမိနှင့်အတူ အလုပ်လုပ်စိမ့်သောငှာ ဘုရားသခင်သည် ဤသို့သောလူတစ်ယောက်ကို ရှာတွေ့လိုခဲ့ပေသည်။ ထိုအချိန်အခါက နောဧအပြင် ဤသို့သောအလုပ်မျိုးကို ပြီးဆုံးအောင်လုပ်နိုင်မည့် အခြားလူရှိသလော။ လုံးဝမရှိပေ။ ဘုရားသခင်တာဝန်ပေးစေခိုင်းထားသည်ကို ပြီးဆုံးအောင်လုပ်နိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ၊ တစ်ဦးတည်းသော သင့်တော်သည့်သူမှာ နောဧဖြစ်သောကြောင့် ဘုရားသခင်က သူ့ကိုရွေးချယ်ခဲ့သည်။ သို့ရာတွင် လူများကို ကယ်တင်ခြင်းနှင့်ပတ်သက်၍ ထိုအချိန်အခါက ဘုရားသခင်၏ နယ်ပယ်နှင့် စံသတ်မှတ်ချက်များက ယခုနှင့် အတူတူပင်ဖြစ်သလော။ ကွဲပြားခြားနားမှုတစ်ခု ဧကန်ပင်ရှိသည်ဟု ဖြေရပေလိမ့်မည်။ အဘယ်ကြောင့် ငါမေးသနည်း။ ထိုအချိန်အခါက ဘုရားသခင်၏အမြင်တွင် နောဧသာလျှင် ဖြောင့်မတ်သည့်လူဖြစ်သည်။ သွယ်ဝိုက်အနက်အရ သူ့မိန်းမ၊ သားနှင့်ချွေးမတို့အားလုံးသည် ဖြောင့်မတ်သည့်သူများ မဟုတ်ပေ။ သို့ရာတွင် နောဧကြောင့် ဤလူများကို ဘုရားသခင်က ကယ်တင်ခဲ့သည်။ ဘုရားသခင်သည် ယခုခေတ်လူများကို တောင်းဆိုသကဲ့သို့ သူတို့ကို မတောင်းဆိုခဲ့ဘဲ ထိုအစား နောဧ၏မိသားစုရှစ်ယောက်လုံးကို အသက်ရှင်စေခဲ့သည်။ နောဧ၏ ဖြောင့်မတ်မှုကြောင့် ဘုရားသခင်၏ကောင်းချီးကို သူတို့ရခဲ့ကြသည်။ နောဧသာမရှိလျှင် ဘုရားသခင်တာဝန်ပေးစေခိုင်းသည်ကို သူတို့ပြီးဆုံးအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုအချိန်က ကမ္ဘာ၏ပျက်စီးခြင်းမှ ရှင်သန်လွတ်မြောက်ရမည့်လူက နောဧသာဖြစ်ပြီး အခြားလူများက ဆွေမျိုးဆက်စပ်ပြီး အကျိုးခံစားရသည့်သူများသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏စီမံခန့်ခွဲသည့်အမှုကို တရားဝင် စတင် မလုပ်ဆောင်ခင်အချိန်က လူများကို သူဆက်ဆံသည့်၊ တောင်းဆိုသည့် စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များသည် အတော်အတန် သက်သာမှုရှိသည်ကို ပြသည်။ ယနေ့ခေတ်လူများအနေနှင့်ကြည့်လျှင် နောဧ၏မိသားစု ရှစ်ယောက် အပေါ်တွင် ဘုရားသခင်ဆက်ဆံခဲ့သည့်ပုံစံက တရားမျှတမှုကင်းမဲ့သည်ဟု ထင်မြင်ရသည်။ သို့ရာတွင် ယခုခေတ် လူများအပေါ်တွင် လုပ်ဆောင်သည့် အမှုပမာဏနှင့် သူဆက်သွယ်ပြောဆိုသည့် သူ၏နှုတ်ကပတ်တော် ပမာဏနှင့် ယှဉ်ကြည့်လျှင် နောဧ၏မိသားစုရှစ်ယောက်ကို ဘုရားသခင်ဆက်ဆံခဲ့သည့်ပုံစံသည် ထိုအချိန်အခါက သူ၏အမှုနောက်ကွယ်မှ အမှု၏အခြေခံသဘောတရားတစ်ခုသာ ဖြစ်သည်။ ယှဉ်ကြည့်လျှင် ဘုရားသခင်ထံမှ နောဧ၏ မိသားစု ရှစ်ယောက်သည် ပိုရရှိသလော သို့မဟုတ် ယနေ့ခေတ် လူများက ပိုရရှိသလော။

နောဧသည် ခေါ်တော်မူခြင်းခံရသည်မှာ ရိုးရှင်းသည့်အချက်တစ်ခုဖြစ်သည်။ သို့ရာတွင် ငါတို့ပြောနေသည့် အဓိကအချက်ဖြစ်သည့် ဤမှတ်တမ်းထဲမှ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရတို့မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန် အရင်ဦးဆုံး ဘုရားသခင်ခေါ်လိုရှိသည့် လူပုဂ္ဂိုလ်မျိုးကို ငါတို့နားလည်ရမည်။ ဤသည်မှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုတော်နှင့် အနှစ်သာရကို နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ အင်မတန်အရေးကြီးသည်။ သို့ဆိုလျှင် ဘုရားသခင်၏အမြင်၌ သူခေါ်ဆိုသည့်ဤသူက မည်သို့သောလူမျိုးနည်း။ ဤသူမှာ သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သည့်၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူဖြစ်ရမည်။ တစ်ချိန်တည်းမှာပင် တာဝန်ဝတ္တရားကို နားလည်သည့်သူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြီးမြောက်အောင်ပြုလုပ်ရမည့် တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်မည့်သူဖြစ်ရမည်။ ဤသို့ဆိုလျှင် ဤလူက ဘုရားသခင်ကို သိသည့်လူ ဖြစ်ဖို့ရန် လိုအပ်သလော။ မဟုတ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏အမှုကို ကြုံဖူးခြင်း သို့မဟုတ် ဘုရားသခင်၏သွန်သင်ချက်များကို ကြားဖူးခြင်းတို့ သိပ်မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ နောဧသိထားချက်မှာ အလွန်နည်းသည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင်ထားသော်လည်း ဘုရားသခင်ကို သူကိုယ်တိုင်မြင်ခဲ့ဖူးသလော။ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုလျှင် ထိုခေတ်၌ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများသာ လူတို့ထံ လာခြင်းဖြစ်သည်။ သူတို့သည် အကြောင်းကိစ္စများကို လုပ်ကိုင်ပြောဆိုရာတွင် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သော်လည်း သူတို့သည် ဘုရားသခင်၏အလိုတော်နှင့် ရည်မှန်းချက်များကို သယ်ဆောင်ပေးခြင်း သက်သက်သာဖြစ်သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားရှေ့၌ မျက်နှာချင်းဆိုင် ကိုယ်ထင်ပြခြင်း မရှိပေ။ ကျမ်းစာ၏ ဤအပိုင်း၌ နောဧဟူသည့် ဤပုဂ္ဂိုလ်က အဘယ်အရာကို ပြုလုပ်ခဲ့ရသည်နှင့် သူ့ကို ဘုရားသခင်ပေးသည့် ညွှန်ကြားချက်များကိုသာ ငါတို့မြင်ရသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရက မည်သို့ဖြစ်သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် သေသေချာချာ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အကြောင်းအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို မြင်သည့်အခါ၊ ထိုအရာကို တိုင်းတာသတ်မှတ်သည့် စံတစ်ခု သူ့အမြင်တွင် ရှိလိမ့်မည်။ ဤစံသတ်မှတ်ချက်က ဤအကြောင်းကိစ္စကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်မည်လော သို့မဟုတ် အခြေအနေနှင့် အကြောင်းအရာများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ သူသည် စိတ်မဝင်စားခြင်း သို့မဟုတ် အရာအားလုံးအပေါ်၌ ခံစားချက်မရှိခြင်း မဟုတ်ပေ။ စင်စစ်အားဖြင့် ထိုအချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောသည့် ကျမ်းပိုဒ်တစ်ခုရှိသည်။ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအကြိမ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် လူသားကိုသာ ဖျက်ဆီးမည်ဟု ပြောခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က အဘယ်ကြောင့် ဖျက်ဆီးလိုသနည်း။ ဤနေရာတွင် ဘုရားသခင်၏စိတ်သဘောထားနှင့်ပတ်သက်၍ နောက်ထပ် ဖွင့်ပြချက်တစ်ခုရှိသည်။ ဘုရားသခင်၏အမြင်တွင် လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် သတ္တဝါအားလုံးတို့၏ မနာခံမှုတို့အပေါ်တွင် သူ၏သည်းခံမှုနှင့်ပတ်သက်၍ အကန့်အသတ်တစ်ခုရှိသည်။ သူ၏ အကန့်အသတ်က မည်သို့ဖြစ်သနည်း။ ဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စာစုက အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်နောက် လိုက်ခဲ့ကြသည့်သူများအပါအဝင်၊ ဘုရားသခင်၏ အမည်နာမကို ခေါ်ဆိုခဲ့သည့်၊ ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသည့်၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသည့်၊ သက်ရှိအားလုံးကို ဆိုလိုသည်။ သူတို့၏အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဤသည်ကို ဘုရားသခင်မြင်သည့်အခါ ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကန့်အသတ်ဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားကို ဘုရားသခင်က မည်မျှအထိ သည်းခံသနည်း။ ဘုရားသခင်၏နောက်လိုက်များဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို မလျှောက်တော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးပြီး မကောင်းမှုနှင့်ပြည့်ရုံသာမကဘဲ ကမ္ဘာကို ဘုရားသခင်က အုပ်ချုပ်သည်၊ ဘုရားသခင်သည် လူသားများကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သည့်သူကို မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သူတစ်ယောက်မျှ မရှိတော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပြုသည့် အတိုင်းအတာထိဖြစ်သည်။ လူသား၏ ပျက်စီးမှုသည် ဤအခြေအနေကိုရောက်သည်နှင့် ဘုရားသခင်သည် ဆက်ပြီးသည်းခံတော့မည် မဟုတ်ပေ။ မည်သည့်အရာနှင့် အစားထိုးမည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်ခြင်းနှင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို တစ်ပိုင်းတစ်စ ဖွင့်ပြခြင်းတစ်ခု မဟုတ်သလော။ လက်ရှိခေတ်ကာလတွင် ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သူ ရှိသေးသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူရှိသေးသလော။ ဤခေတ်ကာလတွင် ကမ္ဘာပေါ်တွင်ရှိသည့် သတ္တဝါအားလုံး၏အပြုအမူသည် ဘုရားသခင်၏အမြင်၌ ပျက်စီးနေပြီလော။ ယနေ့ခေတ်ကာလတွင် ဘုရားသခင်မှ စုံလင်အောင် ပြုလိုသည့်သူများ၊ ဘုရားသခင်၏နောက်ကိုလိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍ အသွေးအသားနှင့် လူသားအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအတိုင်းအတာကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်နေသည့်အရာအားလုံး၊ သင်တို့၏နားနှင့် ကြားနေရသည့်အရာများ၊ သင်တို့၏ မျက်လုံးနှင့် မြင်တွေ့နေရသည့်အရာများနှင့် ဤကမ္ဘာ၌ နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသည့်အရာများသည် အဓမ္မအမှုနှင့် ပြည့်စုံနေသည် မဟုတ်လော။ ဘုရားသခင်၏ အမြင်၌ ဤသို့သောကမ္ဘာ၊ ဤသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧတုန်းကကာလ၏ နောက်ခံနှင့် လုံးဝ မတူညီသော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် ထိုအချိန်အခါကနှင့် လုံးဝ အတူတူပင် ရှိနေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း အခြေအနေအရပ်အရပ်ကိုကြည့်လျှင် ဘုရားသခင်၏အမြင်၌ ဤကမ္ဘာသည် ဖျက်ဆီးခြင်းခံရသင့်သည်မှာ ကြာလှချေပြီ။ ကမ္ဘာက ရေနှင့်လွှမ်းမိုးပြီး ဖျက်ဆီးခံရသည့်အချိန်နှင့်စာလျှင် ယခုအခြေအနေသည် လုံးဝမတူပေ။ သို့ရာတွင် ကွာခြားချက်က အဘယ်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏နှလုံးသားကို ဝမ်းအနည်းစေဆုံးသောအရာတစ်ခုလည်းဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ နားမလည်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ချင်ဖြစ်နေမည်ဖြစ်သည်။

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့စဉ်က သင်္ဘောဆောက်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ဘုရားသခင်သည် နောဧကို ခေါ်ခဲ့သည်။ ဘုရားသခင်က ဤအလုပ်များကို လုပ်ဆောင်ဖို့အတွက် နောဧဟူသည့် လူတစ်ယောက် ခေါ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် ယခုလက်ရှိခေတ်ကာလ၌ ဘုရားသခင် ခေါ်ဆိုရန် လူတစ်ယောက်မျှ မရှိပေ။ အဘယ်ကြောင့်နည်း။ ဤနေရာတွင်ထိုင်နေသည့် လူအယောက်ချင်းစီတိုင်းက အကြောင်းရင်းကို နားလည်ပြီး ကောင်းစွာသိချင်သိနေမည်ဖြစ်သည်။ ငါထုတ်ဖော်ပြောဆိုရန် လိုအပ်သလော။ ၎င်းကို ထုတ်ဖော်ပြောဆိုခြင်းက သင်တို့ကို အရှက်ရစေပြီး အားလုံးကို စိတ်ဆိုးသွားစေနိုင်သည်။ အချို့လူများက ဤသို့ ပြောကောင်းပြောနိုင်သည်။ “ဘုရားသခင်၏အမြင်၌ ကျွန်ုပ်တို့သည် ဖြောင့်မတ်သည့်လူများ၊ စုံလင်သည့် လူများ မဟုတ်သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်စုံတစ်ခုပြုလုပ်ရန် ညွှန်ကြားလာပါက ကျွန်ုပ်တို့သည် ထိုအရာကို လုပ်နိုင်ပါလိမ့်မည်။ ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ယခင်က ဘုရားသခင်ပြောခဲ့သောအခါ ကျွန်ုပ်တို့သည် ကပ်ဘေးကျရောက်လျှင် လိုအပ်မည့် ပစ္စည်းများ၊ အစားအစာများကို စတင်ပြင်ဆင်ခဲ့ကြပါသည်။ ဤအရာအားလုံးကို ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လုပ်ခဲ့ကြသည် မဟုတ်ပါလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုနှင့် အကယ်ပင် ပူးပေါင်းဆောင်ရွက်နေခဲ့ခြင်းဖြစ်သည် မဟုတ်ပါလော။ ကျွန်ုပ်တို့ပြုခဲ့သည့် ဤအရာများသည် နောဧပြုခဲ့သည့်အရာနှင့် ယှဉ်၍မရသလော။ ကျွန်ုပ်တို့ပြုခဲ့သည့်အရာမှာ စစ်မှန်သည့် နာခံမှုပင် မဟုတ်လော။ ဘုရားသခင်၏ ညွှန်ကြားချက်များကို ကျွန်ုပ်တို့လိုက်နာနေခဲ့ခြင်းဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ယုံကြည်သည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ပြောသည့်အတိုင်း လုပ်ခဲ့ကြသည်မဟုတ်လော။ သို့အတွက်နှင့် ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်းနေဆဲရှိသနည်း။ ဘုရားသခင်သည် သူခေါ်စရာ လူတစ်ယောက်မျှ မရှိဟု အဘယ်ကြောင့်ပြောသနည်း။” သင်တို့၏လုပ်ရပ်များနှင့် နောဧ၏လုပ်ရပ်ကြား၌ ကွာခြားချက်တစ်စုံတစ်ရာရှိသလော။ မည်သည့်ကွာခြားချက်နည်း။ (ကပ်ဘေးအတွက် အစားအစာပြင်ဆင်သည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်ဖြစ်ပါသည်။) (ဘုရားသခင်၏အမြင်၌ နောဧသည် ဖြောင့်မတ်သူဖြစ်သော်လည်း ကျွန်ုပ်တို့၏ လုပ်ရပ်များသည် “ဖြောင့်မတ်ခြင်း” ကို မရောက်နိုင်ပါ။) သင်တို့ပြောသည့်အရာများက သိပ်အလှမ်းမဝေးပေ။ နောဧလုပ်ခဲ့သည့်အရာမှာ ယခုခေတ်လူများလုပ်နေသည်နှင့် အခြေခံအားဖြင့် ကွဲပြားသည်။ ဘုရားသခင်ညွှန်ကြားခဲ့သသည့်အတိုင်း နောဧလုပ်ခဲ့သောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် အဘယ်အရာလုပ်ချင်သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်ခုခုလုပ်ဖို့ ညွှန်ကြားခဲ့သည်။ သို့ရာတွင် ရှင်းပြချက်များ မပါဘဲနှင့် သူထလုပ်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့ ဘုရားသခင်ကို ခုခံခြင်း သို့မဟုတ် စိတ်နှစ်ခွလည်း မရှိခဲ့ပေ။ သူသည် သန့်စင်ပြီး ရိုးရှင်းသည့် နှလုံးသားနှင့် သင့်လျော်သလို လုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က သူ့ကို လုပ်ခိုင်းသမျှကို သူလုပ်ခဲ့သည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် နားထောင်ခြင်းတို့က အလုပ်လုပ်သည့်နေရာတွင် သူ၏ခံယူချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာနှင့် ပတ်သက်ပြီး ရိုးရှင်းစွာနှင့် တည့်မတ်စွာ သူကိုင်တွယ်သည့် ပုံစံပင်ဖြစ်သည်။ သူ၏အပြုအမူများ၏ အနှစ်သာရဖြစ်သည့် သူ၏အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ ကြိုတွက်ခြင်းနှင့် ခုခံခြင်း မဟုတ်သည့်အပြင် မိမိ၏ ကိုယ်ပိုင်အကျိုးအမြတ်၊ မိမိ၏အမြတ်အစွန်းနှင့် ဆုံးရှုံးခြင်းတို့ကို တွေးခြင်းမဟုတ်ပေ။ ထို့အပြင် ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးမည်ဟုပြောသည့်အခါ မည်သည့်အချိန်တွင် ပြုမည်နည်းဟု သူမမေးခဲ့ပေ။ သို့မဟုတ် အကုန်သိဖို့ မကြိုးစားခဲ့ပေ။ ကမ္ဘာကို မည်သို့ ဖျက်ဆီးမည်နည်းဆိုသည်ကိုလည်း လုံးဝ မမေးခဲ့ပေ။ ဘုရားသခင်ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ထိုအရာကို မည်သို့ပင် လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ ဘုရားသခင်တောင်းဆိုသည့်အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားနှင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူလုပ်ဆောင်ခဲ့သည်။ ကပ်ဘေးမှ လွတ်မြောက်ဖို့ရန် သူလုပ်ခဲ့ခြင်းလော။ မဟုတ်ပေ။ ကမ္ဘာကြီးကို မည်မျှကြာကြာ ဖျက်ဆီးမည်ဆိုသည့်အကြောင်း ဘုရားသခင်ကို သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ မည်မျှကြာမည်ဆိုသည်ကို သိခဲ့သလော သို့မဟုတ် ဘုရားသခင်ကို မေးခဲ့သလော။ ထိုအရာကိုလည်း သူမသိခဲ့ပေ။ သူသည် နာခံ၍ နားထောင်ခဲ့ကာ သင့်လျော်သလို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ ယခုခေတ်လူများမှာ ထိုကဲ့သို့မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အချက်အလက်အနည်းငယ် ထွက်လာသည်နှင့်၊ အနှောင့်အယှက် သို့မဟုတ် ပြဿနာတစ်ခုခု၏ သင်္ကေတကို အာရုံခံမိသည်နှင့် ကပ်ဘေးအပြီးမှာ စားရမည့်အရာ၊ သောက်ရမည့်အရာကို ပြင်ဆင်ဖို့၊ ကပ်ဘေးကျရောက်လျှင် ထွက်ပြေးလွတ်မြောက်ရန် လမ်းများကိုပင် ပြင်ဆင်လျက် မည်သို့ပင်ဖြစ်ပါစေ၊ အဖိုးအခကို ဂရုမထားဘဲ သူတို့ချက်ချင်း စတင်လှုပ်ရှားကြလိမ့်မည်။ ပိုပြီးစိတ်ဝင်စားစရာကောင်းသည်မှာ ဤအရေးပါသည့် အခိုက်အတန့်တွင် လူ့ဦးနှောက်သည် အင်မတန်မှ “အသုံးဝင်” လာသည်။ ဘုရားသခင်သည် မည်သည့်ညွှန်ကြားချက်မျှ မပေးသည့်အခြေအနေအောက်တွင် လူသားသည် အရာအားလုံးကို ကောင်းကောင်းစီစဉ်နိုင်သည်။ ထိုအရာကို ဖော်ပြရန် “စုံလင်သည်” ဟူသည့် စကားကို သင်တို့အသုံးပြုနိုင်သည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားသခင်၏ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင် လိုလားသည့်အရာကိုမူ မည်သူမျှ ဂရုမစိုက်ကြဘဲ နားလည်ဖို့ရန် မည်သူမျှ မကြိုးစားကြပေ။ ဤသည်မှာ ယနေ့ခေတ် လူများနှင့် နောဧတို့၏ အကြီးဆုံးကွာခြားချက် မဟုတ်သလော။

နောဧအဖြစ်အပျက်၏ ဤမှတ်တမ်းတွင် ဘုရားသခင်၏စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်သလော။ လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ်တွင် ဘုရားသခင်၏ သည်းခံမှုမှာ အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ သူသည် ဆက်လက်သည်းခံမည် မဟုတ်တော့ဘဲ သူ၏စီမံခန့်ခွဲမှုအသစ်နှင့် အစီအစဉ်အသစ်တို့ကို အစပြုလိမ့်မည်။ သူလုပ်ရမည့်အရာကို စလုပ်မည်ဖြစ်ကာ သူ၏လုပ်ဆောင်ချက်များနှင့် သူ့စိတ်သဘော၏ အခြားတစ်ဖက်ကို ဖွင့်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသားအနေဖြင့် သူ့ကို ဘယ်တော့မျှ မစော်ကားရပေဆိုခြင်းကို ပြသရန် သို့မဟုတ် သူသည် အာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်နေသည်ကို ပြသရန်မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည်ကို ပြသဖို့ရန်လည်းမဟုတ်ပေ။ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်မျိုးကို သူ၏မျက်မှောက်တွင် ရှင်သန်ခွင့်ပြုရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပြုရန် ခွင့်မပြုနိုင်တော့ခြင်း၊ စိတ်ရှည်သည်းခံမှု မရှိတော့ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအားလုံးသည် သူ့ကိုဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ယောက်မျှ မရှိတော့သည့်အခါ၊ သူသည် ထိုသို့သော လူသားမျိုးနွယ်မျိုးကို ဆက်၍ သည်းခံတော့မည် မဟုတ်ဘဲ ဤသို့သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန်ဖြစ်သည့် သူ၏အစီအစဉ်ကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ ဤသို့သောလုပ်ရပ်ကို သူ့စိတ်သဘောထားနှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်၌ နေထိုင်သည့် ဖန်ဆင်းခံအရာအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤသည်က လက်ရှိခေတ်ကာလတွင် ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန်နှင့် သူကယ်တင်လိုသည့်လူများကို ကယ်တင်ရန် မစောင့်နိုင်ဖြစ်သည်ကို ပြသည်မဟုတ်လော။ ဤသို့သော အခြေအနေမျိုးအောက်တွင် ဘုရားသခင်သည် အဘယ်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်လျှောက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဘာပဲဖြစ်ဖြစ် ဆန့်ကျင်သည့်သူများ အနေဖြင့် သူ့ကို မည်ကဲ့သို့ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်ပေ၊ သို့တည်းမဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်းပြောဆိုကြပုံကို မဟုတ်ပေ။ သူ့နောက်ကို လိုက်လျှောက်သောသူများ၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် သူ၏ကယ်တင်ခြင်းခံရသည့် အရာများ၊ သူ့အားဖြင့် စုံလင်အောင်ပြုခြင်း ခံရသည့်သူများသည် သူ့ကိုကျေနပ်အားရစေခြင်း ရှိမရှိကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲပြီး အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် အပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကိုသာ ရံဖန်ရံခါ ပြုလုပ်သည်။ ဥပမာ ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ အစရှိသဖြင့်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကိုလိုက်ပြီး သူ့အားဖြင့် ကယ်တင်ခြင်းခံရဆဲဆဲရှိသည့် သူများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်။ တစ်ဖက်တွင် သူသည် စုံလင်အောင်ပြုပေးရန် သူရည်ရွယ်ထားသည့် လူများကို အဆုံးစွန်သော စိတ်ရှည်သည်းခံခြင်းကို ပေးနိုင်ပြီး ထိုသူတို့ကို သူတတ်နိုင်သမျှ ကြာကြာစောင့်နိုင်သည်။ အခြားတစ်ဖက်တွင်မူ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ကဲ့သို့သော လူများကို အလွန်အမင်း ရွံရှာမုန်းတီးသည်။ ဤစာတန်ကဲ့သို့သော လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် ကိုးကွယ်ခြင်းများ ပြုမပြုကို ဂရုမစိုက်သော်လည်း သူ့နှလုံးသားထဲတွင် သူတို့အတွက် သည်းခံပေးလျက် သူတို့ကို စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ကဲ့သို့သော လူများ၏အဆုံးသတ်ကို သူသတ်မှတ်သကဲ့သို့ပင် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များရောက်ရှိလာဖို့ကိုလည်း သူစောင့်နေသည်။

နောက်ကျမ်းပိုဒ်ကို ကြည့်ကြစို့။

၂။ ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီး

ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။

ဤကျမ်းပိုဒ်မှ မည်သည့်အရာကို သင်တို့တွေ့သနည်း။ ဤကျမ်းပိုဒ်ကို အဘယ်ကြောင့် ငါရွေးခဲ့ခြင်း ဖြစ်သနည်း။ သင်္ဘောပေါ်မှ နောဧနှင့်သူ့မိသားစု၏ဘဝကို အဘယ်ကြောင့် ငါမရွေးချယ် မကောက်နှုတ်သနည်း။ အကြောင်းမှာ ထိုအချက်အလက်သည် ယနေ့ ငါတို့ပြောဆိုနေသည့် အကြောင်းအရာနှင့် များစွာဆက်စပ်မှုမရှိ၍ ဖြစ်သည်။ ငါတို့အာရုံစိုက်နေသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို ဖြစ်သည်။ ထိုအသေးစိတ် အချက်အလက်များကို သင်တို့သိချင်သည်ဆိုလျှင် သမ္မာကျမ်းစာကို ယူ၍ သင်တို့ကိုယ်တိုင် ဖတ်ကြည့်နိုင်သည်။ ထိုအကြောင်းကို ဤနေရာတွင် ပြောသွားမည်မဟုတ်။ ယနေ့ ငါတို့ပြောနေသည့် အဓိကအရာမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သို့သိနိုင်ပုံဖြစ်သည်။

နောဧက ဘုရားသခင်၏ညွန်ကြားချက်များကို လက်ခံပြီး သင်္ဘောကိုတည်ဆောက်ကာ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းငှာ ရေလွှမ်းမိုးခြင်းကို ဘုရားသခင်အသုံးပြုသည့်နေ့များကို ဖြတ်သန်းကျော်လွှားခဲ့ပြီး သူ့မိသားစုဝင် ရှစ်ယောက်လုံး အသက်ရှင်ကျန်ရစ်ခဲ့သည်။ နောဧ၏ မိသားစု ရှစ်ယောက်မှလွဲ၍ လူသားမျိုးနွယ်အားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နောဧကိုမူ ဘုရားသခင်က ကောင်းချီးပေးပြီး သူ့သားနှင့်သူ့ကို အချို့အရာများပြောခဲ့သည်။ ဤအရာများက ဘုရားသခင်က သူ့ကို ပေးသနားသည့်အရာများဖြစ်ပြီး သူ့အတွက် ဘုရားသခင်၏ကောင်းချီးလည်းဖြစ်သည်။ ဤသည်မှာ သူ့ကို နားထောင်နိုင်ပြီး သူ၏ညွှန်ကြားချက်များကို လက်ခံသူနိုင်ကို ဘုရားသခင်ပေးသည့် ကောင်းချီးနှင့် ကတိတို့ဖြစ်ကာ ဘုရားသခင် လူသားများကို ဆုချီးမြှင့်သည့် ပုံစံလည်းဖြစ်သည်။ တစ်နည်းအားဖြင့် နောဧသည် ဘုရားသခင်အမြင်တွင် စုံလင်သောသူဖြစ်ခြင်း သို့မဟုတ် ဖြောင့်မတ်သည့်လူဖြစ်ခြင်းတို့နှင့် မသက်ဆိုင်ဘဲ၊ ဘုရားသခင်ကို သူမည်မျှသိသည်ဆိုသည်နှင့်မသက်ဆိုင်ဘဲ၊ အတိုချုပ်ပြောရလျှင် နောဧနှင့် သူ့သားသုံးယောက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး ဘုရားသခင်၏အမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ဘုရားသခင်၏ညွှန်ကြားချက်နှင့်များအညီ သူတို့လုပ်သင့်သည့်အရာကို လုပ်ခဲ့ကြသည်။ အကျိုးရလဒ်အနေနှင့် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကိုဖျက်ဆီးခဲ့ပြီးနောက် သက်ရှိသတ္တဝါအမျိုးမျိုးနှင့် လူသားများကို ထိန်းသိမ်းရာတွင် ဘုရားသခင်ကို ကူညီခဲ့ကြပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် နောက်တစ်ဆင့်အတွက် ကြီးမားသည့်အထောက်အပံ့ဖြစ်စေခဲ့သည်။ နောဧလုပ်ဆောင်ခဲ့သည့်အရာအားလုံးအတွက် ဘုရားသခင်က သူ့ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်လူများအတွက်မူ နောဧလုပ်ခဲ့သည့်အရာက ထုတ်ဖော်ပြောဆိုရန်ပင် မထိုက်တန်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့က ဤကဲ့သို့ပင် တွေးနိုင်သည်။ နောဧသည် ဘာမျှမလုပ်ခဲ့ပေ။ သူ့ကိုကယ်ဖို့ ဘုရားသခင်က စိတ်ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သေချာပေါက် ကယ်တင်ခြင်းခံရမှာဖြစ်သည်။ သူအသက်ရှင်ကျန်ရစ်သည်မှာ သူ့ကြောင့်မဟုတ်ပေ။ လူက အားနည်းသည့်အတွက် ဤအရာသည် ဘုရားသခင်က ဖြစ်စေချင်ခဲ့သည့်အရာဖြစ်သည် စသဖြင့်ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်စဉ်းစားနေခဲ့သည့်အရာ မဟုတ်ပေ။ ဘုရားသခင်အတွက်မူ လူတစ်ယောက်သည် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ သူ့နှုတ်ကပတ်တော်ကို နားထောင်နိုင်ကာ သူ၏ညွှန်ကြားချက်များနှင့် သူတာဝန်ပေးစေခိုင်းသည့်အရာကို နာခံနိုင်ပြီး သူ၏အလိုတော်နှင့် သူ၏အစီအစဉ်တို့က ချောမွေ့စွာပြီးမြောက်နိုင်ဖို့ သူ၏အမှုတော်၊ သူ၏အလိုတော်နှင့် သူ၏အစီအစဉ်တို့၌ ပူးပေါင်းဆောင်ရွက်နိုင်သရွေ့ ထိုသူသည် သူ၏အမှတ်ရခြင်းနှင့် ကောင်းချီးကို လက်ခံရရှိဖို့ ထိုက်တန်သည်။ ဘုရားသခင်သည် ဤသို့သောလူမျိုးများကို တန်ဖိုးထားပြီး သူတို့၏အပြုအမူ၊ ချစ်ခြင်းနှင့် သူ့အပေါ်တွင် ချစ်ခင်မှုများကို နှစ်သက်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် နောဧကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုလျှင် ဤသည်မှာ လူသား၏ထိုသို့သောလုပ်ရပ်များနှင့် နာခံခြင်းအပေါ်တွင် ဘုရားသခင် ပြုမူဆက်ဆံသည့် ပုံစံဖြစ်၍ဖြစ်သည်။

နောဧကို ဘုရားသခင်ကောင်းချီးပေးခြင်းနှင့်ပတ်သက်၍ အချို့လူများက ဤသို့ပြောလိမ့်မည်။ “လူသားက ဘုရားသခင်ကိုနားထောင်ပြီး ဘုရားသခင်ကို ကျေနပ်စေလျှင် ဘုရားသခင်အနေဖြင့် လူသားကို ကောင်းချီးပေးသင့်ပါသည်။ ဤအချက်က ပြောနေရန်ပင် မလိုသည့်အရာမဟုတ်လော။” ငါတို့ ထိုကဲ့သို့ ပြောနိုင်သလော။ “မပြောနိုင်ပါဘူး” ဟု အချို့ကပြောသည်။ အဘယ်ကြောင့် ထိုကဲ့သို့ ငါတို့မပြောနိုင်ရသနည်း။ အချို့လူများက “လူသားသည် ဘုရားသခင်၏ကောင်းချီးကို မွေ့လျော်ခြင်းငှာ မထိုက်တန်ပါ” ဟုပြောကြသည်။ ၎င်းက လုံးဝဥဿုံ မှန်နေခြင်းမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင်တာဝန်ပေးစေခိုင်းထားသည့် အရာကို လူတစ်ယောက်က လက်ခံလိုက်သည့်အခါ သူ၏လုပ်ရပ်များသည် ကောင်းသလော ဆိုးသလော၊ သူသည် နာခံမှုရှိသလော၊ ထိုသူသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေသလောနှင့် သူတို့၏လုပ်ဆောင်သည့် အရာသည် အဆင့်မီသလော စသည့်အရာတို့ကို စီရင်ဆုံးဖြတ်ရန် ဘုရားသခင်၌ စံသတ်မှတ်ချက်တစ်ခုရှိသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူသား၏နှလုံးသားဖြစ်ပြီး သူတို့၏ အပေါ်ယံလုပ်ရပ်များမဟုတ်ပေ။ လူများက မည်သို့လုပ်ဆောင်သည်နှင့် မဆိုင်ဘဲ သူတို့သည် လုပ်ဆောင်နေသရွေ့ ဘုရားသခင်က ထိုသူကို ကောင်းချီးပေးသင့်သည်ဆိုခြင်းမှာ မမှန်ကန်ပေ။ ဤသည်မှာ လူသားက ဘုရားသခင်ကို နားလည်မှုလွဲခြင်း ဖြစ်သည်။ ဘုရားသခင်သည် အဆုံးသတ်ရလဒ်ကိုသာ ကြည့်ရုံသက်သက်တင်မဟုတ်ဘဲ အကြောင်းကိစ္စများ တိုးတက်ပြောင်းလဲလာစဉ်အတွင်း၌ လူတစ်ဦး၏နှလုံးသားနှင့် ထိုသူ၏သဘောထားက မည်သို့ပုံစံရှိသည်ကို သာ၍အလေးပေးပြီး သူတို့နှလုံးသား၌ နာခံမှု၊ စာနာထောက်ထားမှု၊ ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် ဆန္ဒတို့ ရှိမရှိကိုလည်း ကြည့်ရှုသည်။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်ကို မည်မျှသိခဲ့သနည်း။ ယခု သင်တို့သိသည့် အယူဝါဒများလောက် များသလော။ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် အသိပညာကဲ့သို့သော သမ္မာတရား၏ အချက်အလက်များနှင့် ပတ်သက်လျှင် သူသည် သင်တို့ကဲ့သို့ ရေလောင်းပေးမှုနှင့် ထိန်းကျောင်းပေးမှုများကို ရရှိခဲ့သလော။ မရခဲ့ပေ။ သို့ရာတွင် ငြင်း၍မရသည့် အချက်တစ်ချက်ရှိသည်။ ယနေ့ခေတ်လူတို့၏ သိမှု၊ စိတ်နှင့် နှလုံးသားအတွင်းမှာပင်လျှင် ဘုရားသခင်အပေါ်တွင်ထားသည့် သူတို့၏ သဘောထားနှင့် အယူအဆများက ဝေဝါးပြီး ရှုပ်ထွေးနေသည်။ လူအချို့သည် ဘုရားသခင်၏တည်ရှိမှုအပေါ်တွင် အဆိုးမြင်သည့်သဘောထားကို ကိုင်စွဲထားသည်ဟူ၍ပင် ပြောနိုင်သည်။ သို့ရာတွင် နောဧ၏ နှလုံးသားနှင့် သူ၏အသိစိတ်ထဲတွင်မူ ဘုရားသခင်၏တည်ရှိမှုဟာ အကြွင်းမဲ့ဖြစ်ပြီး ယုံမှားဖွယ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်အပေါ် သူ၏နာခံမှုသည် အစစ်အမှန်ဖြစ်ပြီး စမ်းသပ်မှုကို ခံနိုင်ပေသည်။ ဘုရားသခင်အပေါ်တွင် သူ့နှလုံးသားသည် သန့်စင်ပြီး ပွင့်လင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းကို လိုက်လျှောက်စိမ့်သောငှာ သူ့ကိုယ်သူယုံကြည်လက်ခံအောင်ပြုရန် အယူဝါဒများနှင့်ဆိုင်သည့် အသိပညာများစွာကို သူမလိုအပ်ခဲ့သကဲ့သို့ ဘုရားသခင်တာဝန်ပေးစေခိုင်းသည့်အရာကို လက်ခံနိုင်ပြီး ဘုရားသခင်လုပ်ခိုင်းသည့် အရာများကို လုပ်ဆောင်နိုင်ရန်အလို့ငှာ ဘုရားသခင်၏တည်ရှိမှုကို သက်သေပြရန် အချက်အလက်များစွာကိုလည်း သူမလိုအပ်ခဲ့ပေ။ ဤသည်မှာ ယနေ့ခေတ်လူများနှင့် နောဧ၏အကြားမှ ပဓာနကျသည့် ကွာခြားချက်ဖြစ်ပြီး ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ၏ တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက်အမှန်ဖြစ်သည်။ ဘုရားသခင် အလိုရှိသည်မှာ နောဧကဲ့သို့သော လူမျိုးများဖြစ်သည်။ သူသည် ဘုရားသခင်ချီးမွမ်းသည့်လူစားမျိုးဖြစ်ပြီး ဘုရားသခင်ကောင်းချီးပေးသည့်လူစားမျိုး အတိအကျပင်ဖြစ်သည်။ ဤအချက်မှ ဉာဏ်အလင်းတစ်စုံတစ်ရာကို သင်တို့ရကြသလော။ လူများက အခြားလူများကို အပြင်ပန်းမှကြည့်ကြသော်လည်း ဘုရားသခင်ကြည့်သည့် အရာကမူ လူတို့၏နှလုံးသားနှင့် သူတို့၏အနှစ်သာရကိုဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးကို သူ့အပေါ်တွင် စိတ်မပါ့တပါဖြစ်ခြင်း သို့မဟုတ် သံသယများရှိခြင်းတို့ကို ခွင့်မပြုသကဲ့သို့ သူ့ကို လူများက သံသယရှိခြင်း သို့မဟုတ် စမ်းသပ်ခြင်းတို့ကို မည်သို့မျှ ခွင့်မပြုပေ။ ထို့ကြောင့် ယနေ့ခတ်လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျက်နှာချင်းဆိုင်မြင်နေရသော်လည်း သို့မဟုတ် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်၍ပင် စကားပြောဆိုနိုင်သော်လည်း သူတို့နှလုံးသားနက်ရှိုင်းရာထဲမှ တစ်စုံတစ်ခုကြောင့်၊ သူတို့၏ ပျက်စီးသည့် အနှစ်သာရ၏ တည်ရှိခြင်းနှင့် ဘုရားသခင်အပေါ်တွင် သူတို့၏ ရန်လိုသည့်သဘောထားတို့ကြောင့် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်းမှ ပိတ်ဆို့ခံထားရပြီး ဘုရားသခင်အပေါ်တွင် နာခံမှုမရှိစေရန် ပိတ်ကာထားခံရသည်။ ထိုအကြောင်းကြောင့် နောဧအပေါ် ဘုရားသခင်ပေးသနားခဲ့သည့် တူညီသည့်ကောင်းချီးကို လက်ခံရရှိဖို့ရန် သူတို့အတွက် အင်မတန်မှ ခက်ခဲသည်။

၃။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကတေအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည်

ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဆက်လက်၍ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် ဘုရားသခင်က သက်တံကို ပြုလုပ်ခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာ၏ ဤအပိုင်းကို ကြည့်ကြစို့။

သက်တံက အဘယ်အရာဖြစ်သည်ကို လူအများစုသိပြီး သက်တံနှင့်ပတ်သက်သည့် ဖြစ်ရပ်အချို့ကို ကြားဖူးခဲ့ကြသည်။ သမ္မာကျမ်းစာထဲတွင်ပါသည့် သက်တံနှင့်ပတ်သက်သည့် အဖြစ်အပျက်ကိုမူ အချို့က ယုံသည်။ အချို့ကလည်း ယုံတမ်းစကားကဲ့သို့ သဘောထားသည်။ အချို့ကမူ လုံးဝမယုံပေ။ မည်သို့ပင်ဖြစ်စေ သက်တံနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအားလုံးသည် တစ်ကြိမ်က ဘုရားသခင်လုပ်ခဲ့သည့်အရာအားလုံးဖြစ်ပြီး လူသားအပေါ် ဘုရားသခင်၏စီမံခန့်ခွဲမှု အမှုအတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာများ ဖြစ်သည်။ ဤအရာများကို သမ္မာကျမ်းစာထဲတွင် တိတိကျကျ မှတ်တမ်းတင်ထားခဲ့သည်။ ဤမှတ်တမ်းများက ဘုရားသခင်က ထိုအချိန်အခါက မည်သို့စိတ်နေစိတ်ထားရှိခဲ့သည် သို့မဟုတ် ဘုရားသခင်ပြောခဲ့သည့် နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်တို့ကို ငါတို့အား မပြောပေ။ ထို့အပြင် ဘုရားသခင်က ထိုအရာများကို ပြောခဲ့သည့်အခါ မည်ကဲ့သို့ခံစားနေခဲ့ရသည်ကိုလည်း မည်သူကမျှ နားမလည်နိုင်ပေ။ သို့ရာတွင် ဤအဖြစ်အပျက်တစ်ခုလုံးနှင့် ပတ်သက်ပြီး ဘုရားသခင်၏ စိတ်အခြေအနေကိုမူ စာကြောင်းများကြားထဲတွင် ဖွင့်ပြထားသည်။ ထိုအချိန်အခါက သူ၏အတွေးများသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ စာလုံးအသီးသီးနှင့် စာစုအသီးသီးမှတစ်ဆင့် စာမျက်နှာမှ ခုန်ထွက်လာဘိသည့်အလားဖြစ်သည်။

လူများအလေးထားသင့်သည့်အရာမှာ ဘုရားသခင်၏အတွေးများဖြစ်ပြီး သူတို့သိဖို့ရန် အလုပ်သင့်ဆုံး အရာတစ်ခုဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏အတွေးများသည် ဘုရားသခင်အပေါ် လူသား၏ နားလည်မှုနှင့် နီးကပ်စွာ ဆက်နွှယ်နေပြီး ဘုရားသခင်အပေါ် လူသား၏နားလည်မှုသည် အသက်တာထဲသို့ လူသား၏ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ မရှိမဖြစ်သည့် ကွင်းဆက်တစ်ခုဖြစ်သောကြောင့်တည်း။ ဤသို့ဆိုလျှင် ဤအရာများ ဖြစ်ပျက်ခဲ့သည့် ထိုအချိန်တွင် ဘုရားသခင်က အဘယ်အရာကို စဉ်းစားနေခဲ့သနည်း။

နဂိုမူလက ဘုရားသခင်သည် သူ့အမြင်၌ အလွန်ကောင်းမွန်ပြီး သူ့နှင့်နီးစပ်သည့် လူသားကို ဖန်ဆင်းခဲ့သည်။ သို့ရာတွင် သူ့ကို ပုန်ကန်ကြပြီးနောက် ထိုသူတို့သည် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ထိုကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားသည်မှာ ဘုရားသခင်ကို နာကျင်စေသလော။ နာကျင်စေသည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် ဤနာကျင်မှုကို သူမည်သို့ဖော်ပြသနည်း။ သမ္မာကျမ်းစာထဲ၌ ၎င်းကို မည်သို့ မှတ်တမ်းတင်ထားသနည်း။ သမ္မာကျမ်းစာ၌ ဤကဲ့သို့ မှတ်တမ်းတင်ထားသည်။ “သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊ သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။” ဤရိုးရှင်းသည့် စာကြောင်းသည် ဘုရားသခင်၏ အတွေးများကို ဖွင့်ပြနေသည်။ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းက သူ့ကို အင်မတန်မှ နာကျင်စေခဲ့သည်။ လူသား၏စကားနှင့်ပြောရလျှင် သူသည် အင်မတန်မှ ဝမ်းနည်းခဲ့၏။ ငါတို့ စိတ်ကူးကြည့်နိုင်ရသည်။ တစ်ချိန်က သက်ရှိသတ္တဝါများနှင့်ပြည့်နေခဲ့သည့် ကမ္ဘာသည် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရခြင်းအပြီးတွင် မည်သို့ပုံစံမျိုးဖြစ်နေမည်နည်း။ လူနေထိုင်မှုများမရှိ၊ သက်ရှိသတ္တဝါများမရှိ၊ နေရာတိုင်းတွင် ရေများနှင့် ရေမျက်နှာပြင်ပေါ်တွင် လုံးဝ ရှုပ်ပွနေသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ကမ္ဘာကို သူဖန်ဆင်းခဲ့စဉ်က ဘုရားသခင်၏ မူရင်း ရည်ရွယ်ချက်ဖြစ်သလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင်၏မူရင်း ရည်ရွယ်ချက်မှာ ကုန်းမြေတလျှောက်တွင် သက်ရှိသတ္တဝါများကို မြင်ရဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများက သူ့ကို ကိုးကွယ်နေကြသည်ကို မြင်ရဖို့ဖြစ်ပြီး နောဧသာလျှင် သူ့ကို ကိုးကွယ်နေသည့် တစ်ဦးတည်းသောသူဖြစ်ရန် သို့မဟုတ် သူတာဝန်ပေးစေခိုင်းသည့်အရာကို ပြီးမြောက်စိမ့်သောငှာ သူ၏ခေါ်ဆိုမှုကို တုံ့ပြန်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်ရန် မဟုတ်ပေ။ လူသားမျိုးနွယ် ပျောက်ကွယ်သွားသည့်အခါ ဘုရားသခင်သည် မူလက သူရည်ရွယ်ထားသည့်အရာကို မဟုတ်ဘဲ လုံးဝ ဆန့်ကျင်ဖက်ဖြစ်နေခြင်းကို မြင်ခဲ့သည်။ သူ့နှလုံးသားသည် မည်သို့မနာကျင်ဘဲ နေမည်နည်း။ ထို့ကြောင့် သူ၏သဘောထားနှင့် သူ၏စိတ်ခံစားချက်များကို ဖွင့်ပြသည့်အခါတွင် ဘုရားသခင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်မျိုးကို သူချမှတ်ခဲ့သနည်း။ ဘုရားသခင်သည် လူသားကို ရေလွှမ်းမိုးခြင်းနှင့် နောက်တစ်ကြိမ် မဖျက်ဆီးတော့ဟူသော ကတိတစ်ခုဖြစ်သည့် လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်အဖြစ် တိမ်ထဲတွင် လေးတစ်ခုပြုလုပ်ရန် (မှတ်ရန်၊ ငါတို့မြင်ရသည့် သက်တံ) ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤသည်မှာ ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် တစ်ကြိမ်ဖျက်ဆီးခဲ့သည်ကို ပြောရန်၊ ဤသို့သောအရာကို ဘုရားသခင်က အဘယ်ကြောင့် ပြုခဲ့သည်ကို လူသားတို့ ထာဝရသတိရနေစေရန်ဖြစ်သည်။

ဤအကြိမ်၌ ကမ္ဘာကြီးကို ဖျက်ဆီးခြင်းက ဘုရားသခင် လိုလားခဲ့သည့် အရာဖြစ်သလော။ ဘုရားသခင် လိုလားသည့်အရာ လုံးဝ မဟုတ်ပေ။ ကမ္ဘာပျက်စီးပြီးနောက် ကမ္ဘာ၏သနားစရာမြင်ကွင်း၏ သေးငယ်သည့် တစ်စိတ်တစ်ပိုင်းကို ငါတို့ စိတ်ကူးကြည့်၍ရနိုင်သည်။ သို့ရာတွင် ထိုအချိန်အခါက ဘုရားသခင်၏အမြင်၌ ဤမြင်ကွင်းသည် မည်သို့ဖြစ်ခဲ့မည်ဆိုသည်ကို ငါတို့နီးစပ်အောင် စိတ်ကူးကြည့်၍မရနိုင်ပေ။ ထိုအချိန်အခါမှ လူများဖြစ်ဖြစ် ယခုခေတ်မှ လူများဖြစ်ဖြစ် ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခံရပြီးနောက် ကမ္ဘာ၏ပုံရိပ်ဖြစ်သည့် ထိုမြင်ကွင်းကို ဘုရားသခင်မြင်သည့်အခါ သူမည်သို့ခံစားနေခဲ့ရမည်ကို မည်သူမျှ စိတ်ကူးကြည့်နိုင်မည် သို့မဟုတ် နားလည်နိုင်မည်မဟုတ်ဟု ငါတို့ဆိုနိုင်သည်။ လူသား၏မနာခံမှုကြောင့် ဘုရားသခင်သည် ထိုကဲ့သို့လုပ်ဖို့ရန် ဖြစ်လာရသည်။ သို့ရာတွင် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီး၏ ပျက်စီးခြင်းကြောင့် ဘုရားသခင်၏ နှလုံးသား၌ ခံစားရသည့် နာကျင်မှုသည် မည်သူမျှ ဉာဏ်မမီနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် လက်တွေ့အရှိတရားတစ်ခုဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် ထိုကဲ့သို့သောအရာကို တစ်ကြိမ်က လုပ်ခဲ့ဖူးသည်ကို လူများကိုပြဖို့ရန်ဖြစ်သည့်၊ ဤကဲ့သို့ပုံစံမျိုးနှင့် ဘုရားသခင်သည် ကမ္ဘာကို ထပ်၍ဖျက်ဆီးမည်မဟုတ်သည်ကို လူသားများအား ကျိန်ဆိုပြဖို့ရန်ဖြစ်သည့် ပဋိညာဉ်တစ်ခုကို လူသားမျိုးနွယ်နှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၌ ဘုရားသခင်၏ နှလုံးသားကို ငါတို့မြင်ရသည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါ ဘုရားသခင်၏ နှလုံးသားသည် နာကျင်ခံစားရသည်ကို ငါတို့မြင်တွေ့ရသည်။ လူ့ဘာသာစကားအရပြောရလျှင် လူသားမျိုးနွယ်ကို ဘုရားသခင်ဖျက်ဆီးပြီး လူသားအားလုံး ပျောက်သွားသည်ကို ဘုရားသခင် မြင်သည့်အခါ သူ့နှလုံးသားသည် ငိုကြွေးရင်း သွေးများယိုစီးနေခဲ့သည်။ ငါတို့ အကောင်းဆုံးဖော်ပြနိုင်သမျှမှာ ထိုမျှသာဖြစ်သည် မဟုတ်လော။ ဤစကားလုံးများကို လူသား၏စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် လူသားများက အသုံးပြုသည်။ သို့ရာတွင် လူ့ဘာသာစကားသည် ချို့တဲ့လှသည့်အတွက် ဘုရားသခင်၏ခံစားချက်များနှင့် စိတ်ခံစားမှုများကို ဖော်ပြဖို့ရန် ၎င်းတို့ကို အသုံးပြုခြင်းသည် ငါ့အတွက် အလွန်ဆိုးဝါးသည့်ပုံ မထင်ရသကဲ့သို့ ၎င်းတို့မှာ လွန်ကဲလှသည်ဟုလည်း မရှိပေ။ အနည်းဆုံးအနေဖြင့် ထိုအချိန်အခါက ဘုရားသခင်၏စိတ်အခြေအနေမှာ မည်သို့ဖြစ်နေခဲ့သည်ကို အလွန်ရှင်းလင်း၍ လျော်ကန်သည့်နားလည်မှုအား ထိုအရာက သင်တို့ကိုပေးသည်။ သက်တံကို နောက်တစ်ခါ မြင်ရသည့်အခါ သင်တို့မည်သို့စဉ်းစားကြမည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် တစ်ချိန်က ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းကို မည်ကဲ့သို့ ဝမ်းနည်းခဲ့ရသည်ကို သင်တို့ သတိရပေလိမ့်မည်။ ဘုရားသခင်က ဤလောကကိုမုန်းတီးခဲ့ပြီး လူသားများကို ရွံရှာခဲ့သော်လည်း သူ၏လက်များနှင့် သူကိုယ်တိုင် ဖန်ဆင်းခဲ့သည့် လူသားများကို သူဖျက်ဆီးခဲ့စဉ်က သူ့နှလုံးသားက မည်သို့နာကျင်ခဲ့ရသည်၊ ဖြေဖျောက်ဖို့ရန် မည်သို့ကြိုးစားခဲ့ရသည်၊ တွန့်ဆုတ်ခြင်းများ မည်သို့ခံစားခဲ့ရပြီး ခံယူနိုင်ဖို့ မည်သို့ခက်ခဲခဲ့သည်ကို သင်တို့အနေဖြင့် အမှတ်ရပေလိမ့်မည်။ သူ့ကိုသက်သာစေသည့် တစ်ခုတည်းသောအရာက နောဧ၏မိသားစုရှစ်ယောက်သာ ဖြစ်သည်။ ဖန်ဆင်းထားသည့်အရာအားလုံးအပေါ် ဘုရားသခင်၏အပတ်တကုတ် လုံ့လစိုက်ထုတ်ခဲ့ရမှုများကို အကျိုးရှိစေခဲ့သည်မှာ နောဧ၏ ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်သည် နာကျင်နေရသည့်အချိန်မှာ သူ့နာကျင်မှုကို သက်သာစေနိုင်သည်မှာ ထိုအရာသာဖြစ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်သည် နောဧမိသားစုသည် သူ၏ကျိန်ဆိုမှုအောက်၌မဟုတ်ဘဲ ကောင်းချီးမင်္ဂလာအောက်၌ နေထိုင်နိုင်ဖို့ မျှော်လင့်လျက်၊ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးသည်ကို သူတို့အနေဖြင့် မည်သည့်အခါမျှ ထပ်မမြင်ရစေဖို့ရန် မျှော်လင့်လျက်၊ ထို့ပြင် သူတို့သည်လည်း ဖျက်ဆီးခြင်းမခံရဖို့ မျှော်လင့်လျက် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သူ၏မျှော်လင့်ချက်များ အားလုံးကို နောဧ၏မိသားစုအပေါ်တွင် ပုံအပ်ထားခဲ့သည်။

ဤနေရာတွင် ဘုရားသခင့်စိတ်သဘောထား၏ မည်သည့်အပိုင်းကို ငါတို့နားလည်သင့်သနည်း။ လူသားသည် ဘုရားသခင်နှင့် ရန်သူကဲ့သို့ဖြစ်ခဲ့သည့်အတွက် ဘုရားသခင်သည် လူသားကို ရွံရှာခဲ့သည်။ သို့ရာတွင် သူ့နှလုံးသားထဲတွင်မူ လူသားမျိုးနွယ်အတွက် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် သနားညှာတာမှုတို့သည် မပြောင်းမလဲတည်ရှိခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့သည့်အခါပင်လျှင် သူ့နှလုံးသားသည် မပြောင်းမလဲ တည်ရှိခဲ့သည်။ လူသားတို့သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ပြီး ဘုရားသခင်ကို အတိုင်းအတာတစ်ခုအထိ မနာခံသည့်အခါ သူ၏စိတ်သဘောထားနှင့် အနှစ်သာရကြောင့် သူ၏စည်းမျဉ်းများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကြောင့် သူသည် လူသားမျိုးနွယ်ကို သနားကြင်နာဆဲဖြစ်ပြီး သူတို့ဆက်လက်ရှင်သန်နိုင်ရန်အတွက် လူသားမျိုးနွယ်ကိုရွေးနုတ်ရန် နည်းအမျိုးမျိုးပင် အသုံးပြုခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို မနာခံမှုတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို မည်သို့ပင် ခေါ်သည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ကူညီပေးသည်ဖြစ်စေ သို့မဟုတ် သူတို့ကို သည်းခံသည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ပေ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုအလယ်တွင် လူသားတို့ နောက်ပြန်လှည့်လာရန် စောင့်စားရင်း သူ၏သည်းခံမှုကို အဆုံးစွန်ထိပေးဖို့ကို ဘုရားသခင်သည် မမေ့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်သွားသည့်အခါတွင်မူ တွန့်ဆုတ်နှောင့်နှေးနေခြင်းမရှိဘဲ သူလုပ်စရာရှိတာကို လုပ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားကို ဖျက်ဆီးခြင်းအမှုမှာ ဘုရားသခင်သည် လူသားကိုဖျက်ဆီးဖို့ စပြီးစီစဉ်သည့်အချိန်မှ သူ့အမှုကို အမှန်တကယ် အစပြုခြင်းကာလအထိ တိကျသည့် အချိန်အပိုင်းအခြားနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ဤဖြစ်စဉ်သည် လူသားကို နောက်ပြန်လှည့်စေဖို့ဟူသည့် ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီ ဤအချိန်ကာလ၌ ဘုရားသခင်က မည်သည့်အရာကိုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်းတို့ကို များစွာပြုလုပ်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားမှာ မည်မျှပင် နာကျင်မှု၊ ဝမ်းနည်းမှုများ ရှိနေပါစေ လူသားမျိုးနွယ်အပေါ်တွင် သူ၏ဂရုစိုက်မှု၊ အလေးထားမှုနှင့် များပြားလှသည့် သနားကြင်နာမှုများကို ဆက်လက်ထားရှိခဲ့သည်။ ဤအချက်မှ ငါတို့ အဘယ်အရာကို တွေ့ရသနည်း။ လူသားတို့အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး အပြောသက်သက်မဟုတ်ခြင်းကို သံသယဖြစ်နေစရာမလိုဘဲ မြင်တွေ့ရသည်။ ဤသည်မှာ စစ်မှန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ကာ သိသာသည်။ အတုမဟုတ်ပေ၊ မသန့်ရှင်းခြင်း၊ လှည့်စားခြင်း သို့မဟုတ် အယောင်ဆောင်ခြင်းတို့ မရှိပေ။ လူများက သူ့ကိုချစ်ခင်ဖွယ်ကောင်းသူအဖြစ် မြင်စေရန် ပရိယာယ် သို့မဟုတ် ပုံရိပ်အတုအယောင်များ ဖန်တီးခြင်းတို့ကို ဘုရားသခင်သည် မည်သည့်အခါမျှ အသုံးမပြုပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို လူများမြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားဝါဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် ဤသွင်ပြင်လက္ခဏာများက လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ရန် မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ဖို့ရန် မထိုက်တန်သလော။ ဤနေရာတွင် ငါသင်တို့ကို မေးလိုသည်။ ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက် ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်မှ စကားလုံးများသက်သက်မျှသာဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာဖြစ်သလော။ မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း အစရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများ အားလုံးသည် သူအမှုပြုသည့်အခါတိုင်း အသုံးပြုခြင်းခံရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလိုတော်၌ သရုပ်ထင်ကာ လူတစ်ယောက်ချင်းစီအပေါ်တွင် ထင်ဟပ်၍ ဖြည့်ဆည်းထားသည်။ သင်သည် ယခင်က ဤအချက်ကို ခံစားဖူးခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ ဝိညာဉ်ကို နှိုးထစေရန် သူ၏ ရိုးသားသည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုလျက် လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ဂရုစိုက်နေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် ထိုင်နေသည့်သူများ မည်မျှများသည်ဖြစ်စေ လူအသီးသီးသည် ဘုရားသခင်၏ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအပေါ်တွင် မတူညီသည့်ခံစားချက်နှင့် အတွေ့အကြုံများ ရှိခဲ့ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ဤတွေ့ကြုံခံစားမှုများနှင့် သူ့အပေါ် ဤခံစားချက်များနှင့် ဝန်ခံမှုများသည် အတိုချုပ်ပြောရလျှင် ဤအပြုသဘောဆောင်သည့်အရာအားလုံးသည် ဘုရားသခင်ထံမှလာခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏ ဘုရားသခင်နှင့်ပတ်သက်သည့် အတွေ့အကြုံများနှင့် အသိပညာတို့ကို စုစည်းပြီး ဤအရာများကို ယနေ့ဤသမ္မာကျမ်းစာ၏ ကျမ်းပိုဒ်များကို ငါတို့ ဖတ်ရှုခြင်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ သင်တို့၌ ဘုရားသခင်နှင့်ပတ်သက်၍ ပိုပြီးစစ်မှန်ကာ သင့်တင့်လျောက်ပတ်သည့် နားလည်မှုကို ယခု ရှိကြပြီလော။

ဤအဖြစ်အပျက်ကိုဖတ်ပြီး ဤအဖြစ်အပျက်မှတစ်ဆင့် ဖွင့်ပြသည့် ဘုရားသခင်၏စိတ်သဘောထား အချို့ကို နားလည်ပြီးနောက် ဘုရားသခင်အပေါ်တွင် မည်သို့သော နားလည်ချက် အသစ်စက်စက်များ သင်တို့၌ ရှိလာသနည်း။ ဘုရားသခင်နှင့် သူ့နှလုံးသားအပေါ် ပိုနက်ရှိုင်းစွာ သင်တို့ကို သိကျွမ်းခြင်းစေခဲ့ပြီလော။ နောဧ၏အဖြစ်အပျက်ကို ပြန်ကြည့်သည့်အခါတွင် ခြားနားသည့် ခံစားမှုကို ခံစားရသလော။ သင်တို့၏အမြင်အရ ဤကျမ်းပိုဒ်များကို ပြောဆိုဆွေးနွေးရန်မှာ မလိုအပ်ခြင်းမျိုး ဖြစ်နေခဲ့မည်မဟုတ်လော။ ယခု ဤကျမ်းပိုဒ်များကို ငါတို့ ပြောဆိုဆွေးနွေးပြီးသည့်အခါ ၎င်းမှာ မလိုအပ်ဟု သင်တို့ထင်သလော။ လိုအပ်ခဲ့သည် မဟုတ်လော။ ငါတို့ ဖတ်ခဲ့သည်မှာ အဖြစ်အပျက်ဇာတ်လမ်းတစ်ခုဖြစ်သော်လည်း တစ်ချိန်က ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှု၏ စစ်မှန်သည့် မှတ်တမ်းတစ်ခုဖြစ်သည်။ ငါ၏ ဦးတည်ချက်က ဤအဖြစ်အပျက်များ သို့မဟုတ် ဤဇာတ်ကောင်၏ အသေးစိတ်အချက်အလက်များကို သင်တို့ နားလည်စေရန်မဟုတ်သကဲ့သို့ ဤဇာတ်ကောင်ကို သင်တို့အနေဖြင့် သွားလေ့လာနိုင်ဖို့ရန်လည်း မဟုတ်သည့်အပြင် သမ္မာကျမ်းစာကို သင်တို့ နောက်တစ်ဖန် သွားလေ့လာရန်လည်း လုံးဝမဟုတ်ပေ။ သင်တို့ နားလည်သလော။ ဤသို့ဆိုလျှင် ဤအဖြစ်အပျက်များသည် ဘုရားသခင်အပေါ် သင်တို့၏သိမြင်မှုအတွက် အထောက်အပံ့ဖြစ်စေခဲ့သလော။ ဤအဖြစ်အပျက်က ဘုရားသခင်အပေါ် သင်တို့၏ နားလည်မှုထဲသို့ မည်သည့်အရာကို ထပ်ပြီးဖြည့်ဆည်းပေးခဲ့သနည်း။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့ ငါတို့ကို ပြောပြကြပါ။ (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ပျက်စီးနေသည့် လူသားများဖြစ်သည့် ကျွန်ုပ်တို့ထဲမှ မည်သူမျှ မပိုင်ဆိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်ဆိုခြင်းကို တွေ့ခဲ့ပါသည်။) တောင်ကိုရီးယားမှ ညီအစ်ကိုမောင်နှမတို့ ငါတို့ကို ပြောပြပါ။ (လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပါသည်။ လူသားအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် သူ၏စိတ်သဘောထားကို သယ်ဆောင်ပြီး သူ၏ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သာလွန်ခြင်းနှင့် သည်းခံခြင်းတို့ကို သယ်ဆောင်ပါသည်။ ထိုအရာကို ကျွန်ုပ်တို့အနေဖြင့် ပိုပြီးနားလည်အောင်ကြိုးစားဖို့ ထိုက်တန်ပါသည်။) (တစ်ဖက်တွင် ထိုအချိန်အခါက ပြောဆိုဆေးနွေးမှုမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်၍ သန့်ရှင်းသည့် စိတ်သဘောထားကို ကျွန်ုပ်မြင်နိုင်ပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင်ထားရှိသည့် စိုးရိမ်မှု၊ လူသားတို့အပေါ် ဘုရားသခင်၏ သနားကြင်နာမှုကိုလည်း ကျွန်ုပ်မြင်ရပါသည်၊ ဘုရားသခင် ပြုသည့်အရာတိုင်းနှင့် သူ့မှာရှိသည့် စိတ်ကူးနှင့် အကြံအစည်တိုင်းတို့သည် လူသားအားလုံးအတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် အလေးထားမှုကို ဖွင့်ပြနေသည်ကို မြင်နိုင်သည်။) (အတိတ်က ကျွန်ုပ်၏နားလည်မှုသည် လူသားများက အတိုင်းအတာတစ်ခုအထိ ဆိုးယုတ်လာသည့်အတွက် ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းကို အသုံးပြု၍ ကမ္ဘာကိုဖျက်ဆီးခဲ့တာဖြစ်ပြီး သူက လူသားများကို စက်ဆုပ်ရွံရှာ၍ ဤလူသားမျိုးနွယ်ကို ဘုရားသခင်က ဖျက်ဆီးခဲ့သည့်အလားဖြစ်သည်။ ဘုရားသခင်က နောဧ၏အဖြစ်အပျက်ကို ယနေ့ပြောပြပြီး ဘုရားသခင်၏နှလုံးသားက သွေးယိုစီးနေသည်ဟု ပြောပြီးသည့်အခါမှသာလျှင် ဘုရားသခင်သည် ဤလူသားအားလုံးကို စွန့်ပစ်ဖို့ အကယ်ပင် တွန့်ဆုတ်ခဲ့သည်ကို ကျွန်ုပ်သိလိုက်ရပါသည်။ လူသားမျိုးနွယ်သည် မနာခံလွန်းသည့်အတွက်သာ ဘုရားသခင်က ရွေးစရာလမ်းမရှိတော့ဘဲ သူတို့ကို ဖျက်ဆီးခဲ့ရခြင်းဖြစ်ပါသည်။ စင်စစ်အားဖြင့် ထိုအချိန်မှာ ဘုရားသခင်၏ နှလုံးသားသည် အင်မတန် ဝမ်းနည်းနေခဲ့ပါသည်။ ဤအချက်မှ လူသားအားလုံးအပေါ်တွင်ထားသည့် ဘုရားသခင်၏စိတ်သဘောထား၊ သူ၏ဂရုစိုက်မှုနှင့် အလေးထားမှုတို့ကို ကျွန်ုပ်မြင်နိုင်ပါ၏။ ဤသည်မှာ ယခင်က ကျွန်ုပ်မသိခဲ့သည့်အရာ ဖြစ်ပါသည်။ ) သိပ်ကောင်းသည်။ သင်တို့ နောက်တစ်ယောက် ဆက်ပြောပါ။ (နားထောင်ပြီးသည့်နောက် ကျွန်ုပ်သည် အလွန်စိတ်ထိခိုက်သွားခဲ့ပါသည်။ ယခင်က သမ္မာကျမ်းစာကို ကျွန်ုပ်ဖတ်ဖူးပါသည်။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို သိနိုင်ဖို့ ဘုရားသခင်က ဤအရာများကို တိုက်ရိုက်ခွဲခြမ်းစိတ်ဖြာပေးလိုက်သည့် ယနေ့ကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမျှ မရခဲ့ဖူးပါ။ ဘုရားသခင်အနေဖြင့် သမ္ဘာကျမ်းစာကို ကျွန်ုပ်တို့ နားလည်နိုင်ဖို့ရန် ကျွန်ုပ်တို့ကို ဤကဲ့သို့ရှင်းပြပေးခြင်းက လူသား၏ ဖောက်ပြန်ပျက်စီးမှုမတိုင်ခင်က ဘုရားသခင်၏အနှစ်သာရသည် လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုသာဖြစ်သည်ကို ကျွန်ုပ်အား သိစေပါသည်။ လူသားသည် ဖောက်ပြန်ပျက်စီးလာခဲ့သည့်အချိန်မှ ယခုအချိန် နောက်ဆုံးသောနေ့ရက်များအထိ ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သယ်ဆောင်လာသော်လည်း သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့က မပြောင်းမလဲ တည်ရှိနေခဲ့ပါသည်။ ဤသည်မှာ လူသားသည် ဖောက်ပြန်ပျက်စီးခြင်း ရှိမရှိနှင့်မသက်ဆိုင်ဘဲ ဖန်ဆင်းခြင်းမှ ယခုအထိ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအနှစ်သာရသည် မပြောင်းလဲခြင်းကို ပြပါသည်။) (ဘုရားသခင်၏ အနှစ်သာရသည် သူ၏အမှုနေရာ သို့မဟုတ် အချိန်ရှိ အပြောင်းအလဲတစ်ခုကြောင့် ပြောင်းလဲမည်မဟုတ်ခြင်းကို ယနေ့ ကျွန်ုပ်တွေ့မြင်ခဲ့ရပါသည်။ ဘုရားသခင်သည် ကမ္ဘာကို ဖန်ဆင်းနေသည်ဖြစ်စေ သို့မဟုတ် လူသားတို့ ဖောက်ပြန်ပျက်စီးလာသည့်နောက်တွင် ကမ္ဘာကို ဖျက်ဆီးသည်ဖြစ်စေ သူလုပ်သမျှတိုင်းက အဓိပ္ပာယ်ရှိပြီး သူ၏စိတ်သဘောထား ပါဝင်နေသည်ကိုလည်း ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဆုံးအစမရှိ တိုင်းတာ၍မရသည်ကို ကျွန်ုပ်တွေ့မြင်ခဲ့ရပြီး အခြားညီအစ်ကို မောင်နှမတို့ ပြောသွားသကဲ့သို့ပင်၊ ဘုရားသခင်က ကမ္ဘာကို ဖျက်ဆီးခဲ့သည့်အချိန်တွင် လူသားများအပေါ်တွင်ထားရှိသည့် သူ၏ဂရုစိုက်မှုနှင့် သနားကြင်နာမှုကိုလည်း ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။) (ဤအရာများမှာ ယခင်က ကျွန်ုပ်အနေဖြင့် အကယ်ပင် မသိခဲ့သည့်အရာများဖြစ်ပါသည်။ ယနေ့ နားထောင်ပြီးသည့်နောက် ဘုရားသခင်သည် အကယ်ပင် ယုံကြည်စိတ်ချရသည်၊ အကယ်ပင် ယုံကြည်အားကိုးရသည်၊ ယုံကြည်ဖို့ရန် ထိုက်တန်သည်၊ သူသည် အမှန်ပင် တည်ရှိသည် စသည်တို့ကို ခံစားခဲ့ရပါသည်။ ဘုရားသခင်၏စိတ်သဘောထားနှင့် ချစ်ခြင်းမေတ္တာသည် ဤမျှအထိ ခိုင်လုံသည်ကို ကျွန်ုပ်၏နှလုံးသားထဲမှ စစ်မှန်စွာ နားလည်နိုင်ပါသည်။ ဤသည်မှာ ယနေ့ ကျွန်ုပ်နားထောင်ပြီးနောက် ရရှိလိုက်သည့် ခံစားချက်ဖြစ်ပါ၏။) သိပ်ကောင်းသည်။ သင်တို့ကြားခဲ့သည့် အရာများကို နှလုံးသွင်းခဲ့ကြပုံရပေသည်။

ယနေ့ငါတို့ပြောဆိုဆွေးနွေးခဲ့ကြသည့် သမ္မာကျမ်းစာအဖြစ်အပျက်များ အားလုံးအပါအဝင် ကျမ်းပိုဒ် အားလုံးမှ အထူးအချက်တစ်ချက်ကို သင်တို့သတိထားမိကြသလော။ ဘုရားသခင်သည် သူ၏အတွေးများကို ဖော်ပြရန် သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို ရှင်းပြရန် သူ့ကိုယ်ပိုင် ဘာသာစကားကို သုံးခဲ့ဖူးသလော။ ဘုရားသခင်အနေဖြင့် လူသားများကို မည်မျှအလေးထားသည် သို့မဟုတ် မည်မျှချစ်သည်ကို ဖော်ပြဖို့ရန် သာမန်ဘာသာစကားကို သူသုံးခဲ့သည့် မှတ်တမ်းတစ်ခုတစ်လေများ ရှိသလော။ မရှိပေ။ မှန်သည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖတ်ဖူးသည့်သူများ သို့တည်းမဟုတ် သမ္မာကျမ်းစာအပြင် အခြားစာအုပ်များစွာကို ဖတ်ဖူးသည့်လူများ သင်တို့အထဲ၌ အမြောက်အမြားရှိကြသည်။ သင်တို့ထဲမှ တစ်ဦးတလေသည် ထိုကဲ့သို့စကားများကို မြင်ဖူးသလော။ လုံးဝ မမြင်ဖူးကြပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ့အမှုအကြောင်း မှတ်တမ်းမှတ်ရာများအပါအဝင် သမ္မာကျမ်းစာထဲမှ မှတ်တမ်းများထဲတွင် ဘုရားသခင်သည် သူ၏ခံစားချက်များကို ဖော်ပြရန်သို့မဟုတ် လူသားများအပေါ် သူ၏ချစ်ခြင်းနှင့် ဂရုစိုက်မှုများကို ဖွင့်ပြရန် သူ၏ကိုယ်ပိုင်နည်းလမ်းများကို မည်သည့်ခေတ် သို့မဟုတ် မည်သည့်ကာလတွင်မျှ လုံးဝမသုံးခဲ့သကဲ့သို့ သူ၏ခံစားချက်များနှင့် သူ့စိတ်ခံစားမှုများကို ညွှန်းဆိုဖို့ မိန့်ခွန်း သို့မဟုတ် မည်သည့်လုပ်ရပ်များကိုမျှ မသုံးခဲ့ဖူးပေ။ ဤသည်မှာ အချက်အလက်မှတ်တစ်ခုဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ငါထိုအရာကို ပြောသနည်း။ ဤအရာများကို အဘယ်ကြောင့် ငါပြောဆိုနေရသနည်း။ အဘယ်ကြောင့်ဆိုလျှင် ဤအရာများ၌လည်း ဘုရားသခင်၏ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏စိတ်သဘောထား ပါဝင်နေသည့်အတွက်ဖြစ်သည်။

ဘုရားသခင်သည် လူသားကိုဖန်ဆင်းခဲ့သည်။ သူတို့သည် ဖျက်ဆီးခြင်း ခံရပြီးသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်နောက်ကို လိုက်လျောက်ကြသည်ဖြစ်စေ ဘုရားသခင်သည် လူသားများကို သူ၏ကစားစရာများကဲ့သို့ မဟုတ်ဘဲ သူချစ်ရသည့်သူများအဖြစ်၊ သို့မဟုတ် လူသားများပြောသကဲ့သို့ သူ၏အချစ်မြတ်နိုးရဆုံးသော လူများအဖြစ် ဆက်ဆံသည်။ ဘုရားသခင်က သူသည်ဖန်ဆင်းရှင်ဖြစ်ပြီး လူသားသည် သူ၏ဖန်ဆင်းခြင်း ဖြစ်သည်ဟုပြောသော်လည်း ထိုစကားတွင် အဆင့်အတန်းကွာခြားမှု အနည်းငယ်ရှိမည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်က လူသားများအတွက်လုပ်ပေးခဲ့ပြီးသည့် အရာရာတိုင်းသည် ဤဆက်နွှယ်မှုသဘာဝကို များစွာကျော်လွန်နေသည်။ ဘုရားသခင်သည် လူများကိုချစ်၏၊ ဂရုစိုက်၏၊ လူသားများကို သူအရေးထားသည့်အပြင် စဉ်ဆက်မပြတ် ရပ်တန့်ခြင်းမရှိဘဲ လူသားတို့ကို ထောက်ပံ့ပေးသည်။ ဤကဲ့သို့လုပ်ရခြင်းမှာ အပိုအလုပ်ဖြစ်ပြီး နာမည်ကောင်းများစွာရထိုက်သည့်အရာဖြစ်သည်ဟု သူ့နှလုံးသားထဲ၌ ဘုရားသခင်သည် မည်သည့်အခါကမျှ မခံစားရပေ။ ထို့အပြင် လူသားများကို ကယ်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် အရာရာပေးအပ်ခြင်းသည် လူသားများကို ကြီးစွာကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သူမခံစားရချေ။ သူသည်လူသားများကို သူ၏နည်းလမ်း၊ သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့မှ တစ်ဆင့် တိတ်ဆိတ်ငြိမ်သက်စွာ ထောက်ပံ့နေခြင်းဖြစ်သည်။ လူသားများသည် သူ့ထံမှ မည်မျှထိ ထောက်ပံ့မှုနှင့် အကူအညီတို့ ရရှိနေသည်ဖြစ်စေ ဘုရားသခင်သည် နာမည်ကောင်းရဖို့ တွေးတောခြင်း သို့မဟုတ် ကြိုးစားခြင်း မည်သည့်အခါမျှ မရှိပေ။ ဤအချက်ကို ဘုရားသခင်၏အနှစ်သာရက သတ်မှတ်ပေးထားပြီး ဘုရားသခင့် စိတ်သဘောထား၏ စစ်မှန်သည့်ဖော်ပြမှု အတိအကျပင်ဖြစ်သည်။ ထို့ကြောင့်လည်း သမ္မာကျမ်းစာထဲတွင် သို့မဟုတ် အခြားမည်သည့်စာအုပ်ထဲတွင်ပင်ဖြစ်စေ ဘုရားသခင်အနေဖြင့် သူ၏အတွေးများကို ဖော်ပြထားခြင်းကို ငါတို့ မည်သည့်အခါမျှ မတွေ့ရခြင်းဖြစ်ပြီး လူသားများ သူ့ကိုကျေးဇူးတင်စိမ့်သောငှာ သို့မဟုတ် သူ့ကိုချီးမွမ်းစိမ့်သောငှာ သူသည် ဤအရာများကိုလုပ်ရခြင်းအကြောင်း သို့မဟုတ် လူသားများကို အင်မတန် ဂရုစိုက်ရခြင်းအကြောင်း ဖော်ပြထားခြင်း သို့မဟုတ် တရားဝင်ကြေညာထားခြင်းကို မည်သည့်အခါမျှ မတွေ့ရခြင်း ဖြစ်သည်။ သူစိတ်ထိခိုက်နေရလျှင်ပင်၊ သူ့နှလုံးသားသည် အပြင်းအထန် နာကျင်နေရလျှင်ပင်၊ လူသားများအပေါ် ထားရှိသည့် သူ၏ဝတ္တရား သို့မဟုတ် စိုးရိမ်စိတ်ကို မည်သည့်အခါမျှ မမေ့ဘဲ သူသည် ဤနာကျင်မှုများကို တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ခံစားနေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူလုပ်နေကျအတိုင်း လူသားများကို ဆက်လက်ထောက်ပံ့သည်။ လူသားများသည် တစ်ခါတစ်ရံ သူ့ကိုချီးမွမ်းပြီး သက်သေခံလျှင်ပင် ဤအပြုအမူသည် ဘုရားသခင်တောင်းဆိုသည့် အရာများမဟုတ်ပေ။ ဤသို့ရဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားများအတွက် သူလုပ်ပေးခဲ့သည့် ကောင်းသောအရာများအတွက် ကျေးဇူးတင်မှုနှင့် အလဲအလှယ်ပြုရန် သို့မဟုတ် ထိုအရာအတွက် ပြန်လည်ပေးဆပ်စေရန် မည်သည့်အခါမျှ မရည်ရွယ်ခဲ့ပေ။ တစ်ဖက်မှာလည်း ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရှားသူများ၊ ဘုရားသခင်နောက် အမှန်လိုက်လျှောက်ကာ သူ့စကားကိုနားထောင်ကာ သူ့အပေါ် သစ္စာစောင့်သိသူများနှင့် နာခံသူများဖြစ်သည့် ဤသို့သောလူများသည် ဘုရားသခင်၏ကောင်းချီးများကို မကြာခဏရရှိမည့်သူများဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သော ကောင်းချီးများကို မခြွင်းမချန် ချပေးသနားလိမ့်မည်။ ထို့အပြင် ဘုရားသခင်ထံမှ လူသားများရရှိသည့် ကောင်းချီးများသည် မကြာခဏပင် သူတို့၏စိတ်ကူးများထက်သာလွန်ကာ လူသားများပြလုပ်ခဲ့သည့်အရာ သို့မဟုတ် အဖိုးအခပေးကာ လဲလှယ်၍ရသည့်အရာများထက်လည်း သာလွန်နေသည်။ လူသားများသည် ဘုရားသခင်၏ကောင်းချီးများကို ခံစားရသောအခါ ဘုရားသခင်မည်သည့်အရာလုပ်နေသည်ကို ဂရုစိုက်သည့်သူရှိသလော။ ဘုရားသခင် မည်ကဲ့သို့ ခံစားနေရသည်ကို အရေးထားသည့်သူ ရှိသလော။ ဘုရားသခင်၏ နာကျင်မှုကို နားလည်ဖို့ရန် ကြိုးစားသည့်သူ ရှိသလော။ ဤမေးခွန်းသုံးခုလုံးအတွက် အဖြေမှာ မရှိပါဟူ၍ပင် ဖြစ်တော့သည်။ နောဧ အပါအဝင် လူသားတိုင်းက ထိုအခိုက်အတန့်တွင် ဘုရားသခင်ခံစားနေခဲ့ရသည့် ခံစားချက်ကို နားလည်နိုင်သလော။ ဘုရားသခင်သည် ထိုသို့သော ပဋိညာဉ်ကို တည်ထောင်ရခြင်းအကြောင်း မည်သူနားလည်နိုင်သနည်း။ နားမလည်နိုင်ကြပေ။ လူသားများသည် ဘုရားသခင်၏နာကျင်မှုကို အသိအမှတ်မပြုခြင်းမှာ သူတို့အနေဖြင့် ဘုရားသခင်၏နာကျင်မှုကို နားမလည်၍မဟုတ်သကဲ့သို့ လူသားနှင့် ဘုရားသခင်အကြားမှ ခြားနားချက်ကြောင့်လည်းမဟုတ် သို့မဟုတ် သူတို့၏ ဂုဏ်အဆင့်အတန်း ကွာခြားမှုကြောင်လည်း မဟုတ်ဘဲ လူသားသည် ဘုရားသခင်၏ခံစားချက်များကို အလေးမထား၍ဖြစ်သည်။ ဘုရားသခင်သည် အမှီအခိုကင်းသည်ဟု လူသားများထင်ကြသည်၊ ဘုရားသခင်သည် လူသားများ၏ ဂရုစိုက်မှုကို မလိုအပ်၊ သူ့ကိုနားလည်ရန်နှင့် သူ့ကို အရေးထားရန် မလိုအပ်ဟု ထင်ကြသည်။ ဘုရားသခင်သည် ဘုရားဖြစ်သည်၊ ထို့ကြောင့် သူ့ထံ၌ နာကျင်မှုမရှိ၊ စိတ်ခံစားမှုမရှိ၊ ဘုရားသခင်သည် ဝမ်းနည်းမည်မဟုတ်၊ သောကကို မခံစားရဘဲ ငိုပင်မငို။ ဘုရားသခင်သည် ဘုရားဖြစ်သည်၊ ထို့ကြောင့် သူသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်များကို မလိုအပ်၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုကို မလိုအပ်။ အကယ်၍ သူသည် အချို့သော အခြေအနေများ၌ ဤအရာများကို လိုအပ်ပါက သူသည် သူကိုယ်တိုင် ဖြေရှင်းလိမ့်မည်ဖြစ်ပြီး လူသားများထံမှ မည်သည့်အကူအညီမျှ လိုအပ်မည်မဟုတ်။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းနှင့် အချိန်တိုင်း၊ နေရာတိုင်းတွင်ပင် သူတို့၏ စိတ်ခံစားမှုများကို နှစ်သိမ့်ပေးရန် ဘုရားသခင်ကို လိုအပ်ကြသည်မှာ အားနည်းပြီး မရင့်ကျက်သည့် လူသားများဖြစ်သည်။ လူသားသည် အားနည်းသူ ဖြစ်သည်၊ သူတို့သည် ဘုရားသခင်၏ ဘက်ပေါင်းစုံမှ စောင်မကြည့်ရှုခြင်းကို လိုအပ်သည်၊ ဘုရားသခင်ထံမှ သူတို့လက်ခံရရှိသည့် ဂရုစိုက်မှုမှန်သမျှကို သူတို့ရထိုက်သည်၊ မိမိတို့ဥစ္စာဟု သူတို့ခံစားရသည့် ဘယ်အရာကိုမဆို ဘုရားသခင်ထံမှ တောင်းဆိုသင့်သည်ဟူသည့် ဤသို့သော အတွေးသည် လူသား၏နှလုံးသား နက်ရှိုင်းသောနေရာတွင် ပုန်းကွယ်နေ၏။ ဘုရားသခင်သည် သန်မာသူဖြစ်သည်၊ သူ့ထံ၌ အရာအားလုံးရှိပြီး သူသည် လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်သူနှင့် ကောင်းချီးများကို ချပေးသူဖြစ်သင့်သည်။ သူသည် ဘုရားသခင်ဖြစ်နေပြီး ဖြစ်သောကြောင့် သူသည် အတိုင်းအဆမဲ့ တန်ခိုးကြီးပြီး လူသားမျိုးနွယ်ထံမှ အဘယ်အရာမျှ မလိုအပ်ဟု ထင်တတ်ကြသည်။

လူသားသည် ဘုရားသခင်၏ဖွင့်ဟချက်များ တစ်ခုတလေကိုမျှ ဂရုမစိုက်သောကြောင့် လူသားသည် ဘုရားသခင်၏ပူဆွေးခြင်း၊ နာကျင်ခြင်းနှင့် ပျော်ရွင်ခြင်းများကို မည်သည့်အခါကမျှ မခံစားခဲ့ဖူးပေ။ သို့ရာတွင် အပြန်အလှန်အနေဖြင့် လူသား၏မျက်နှာအမူအရာများ အားလုံးကို ဘုရားသခင်သည် သူ၏လက်ဖမိုးကဲ့သို့ သိရှိလေသည်။ လူအယောက်စီတိုင်း၏ ပြောင်းလဲနေသည့် အတွေးများကို လေ့လာကာ ထိုသို့အားဖြင့် သူတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းပြီး သူတို့ကို လမ်းပြလျက် အလင်းပေးကာ လူတိုင်း၏ လိုအပ်ချက်များကို အချိန်တိုင်း နေရာတိုင်းတွင် ဘုရားသခင်အနေဖြင့် ဖြည့်ဆည်းပေးနေသည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်လုပ်ပေးခဲ့သည့် အရာအားလုံးနှင့် ထိုသူတို့ကြောင့် သူပေးဆပ်ခဲ့ရသည့် အဖိုးအခများနှင့်ဆိုရလျှင် ဘုရားသခင်သည် လူသားထံမှ တစ်စုံတစ်ခုကို တောင်းဆိုလိမ့်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် ကျမ်းပိုဒ်ကို ကျမ်းစာထဲတွင် သို့မဟုတ် ယနေ့အချိန်ထိ ဘုရားသခင်ပြောဆိုခဲ့သည့်အရာများထဲမှ လူသားများသည် ရှာတွေ့နိုင်သလော။ မရှာတွေ့နိုင်ပေ။ တစ်ခြားတစ်ဖက်မှာ လူသားများသည် ဘုရားသခင်၏တွေးတောခြင်းကို မည်မျှပင် လျစ်လျူရှုပါစေ ထိုသူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသည့် လှပသောပန်းတိုင်ကို သူတို့လက်ခံရရှိနိုင်ရန် ဘုရားသခင်၏ လမ်းခရီးကို သူတို့ကိုလိုက်လျှောက်ခွင့်ပြုခြင်းငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထပ်တလဲလဲ ဦးဆောင်ကာ၊ လူသားမျိုးနွယ်ကို ထပ်တလဲလဲ ထောက်ပံ့၍ ကူညီပေးသည်။ ဘုရားသခင်အတွက် ဆိုရလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏ကျေးဇူးတော်၊ သူ၏ကရုဏာ၊ သူ၏ကြင်နာခြင်းနှင့် သူ၏ဆုလာဒ်များအားလုံးသည် သူ့ကိုချစ်ကာ သူ့နောက်လိုက်လျှောက်သည့် သူများအပေါ် ခြွင်းချန်ထားခြင်းမရှိဘဲ ချပေးသနားခြင်းခံရမည့်အရာဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် သူခံစားရသည့် နာကျင်မှုနှင့် သူ၏ စိတ်အခြေအနေကို မည်သူတစ်ဦးတစ်ယောက်ထံသို့မျှ ဖွင့်ပြခြင်းမရှိဘဲ သူ့အပေါ် စာနာထောက်ထားမှု မရှိခြင်း သို့မဟုတ် သူ့အလိုတော်ကို မသိရှိခြင်းတို့အတွက် မည်သူ့ကိုမျှ စောဒကမတက်ခဲ့ပေ။ ဘုရားသခင်သည် ဤအရာများ အားလုံးကို တိတ်တဆိတ် ခံစားဖြစ်ပြီး လူသားများနားလည်လာမည့်နေ့ကို စောင့်မျှော်နေပေသည်။

ဤအရာများကို ဤနေရာတွင် အဘယ်ကြောင့် ငါပြောနေရသနည်း။ ငါပြောခဲ့သည့်အရာများမှ သင်တို့အနေဖြင့် အဘယ်အရာကို မြင်တွေ့ခဲ့ပြီနည်း။ ဘုရားသခင်၏အနှစ်သာရနှင့် စိတ်သဘောထားထဲတွင် မျက်စိအလျှမ်းတတ်ကြဆုံး အရာတစ်စုံတစ်ခုရှိနေသည်၊ ကြီးမြတ်သည့်လူများအဖြစ်၊ လူကောင်းများအဖြစ်၊ သို့မဟုတ် မိမိတို့စိတ်ကူး၏ ဘုရားအဖြစ် လူများက မှတ်ယူကြသည့် သူများအပါအဝင် မည်သည့်လူပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်ဘဲ ဘုရားသခင်သာလျှင် ပိုင်ဆိုင်သည့်အရာတစ်စုံတစ်ခုရှိသည်။ ထိုအရာမှာ အဘယ်အရာနည်း။ ၎င်းမှာ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုဖြစ်သည်။ ကိုယ်ကျိုးမငဲ့မှုအကြောင်းပြောရလျှင် သင်၏သားသမီးများနှင့် ပတ်သက်လာလျှင် သင်သည် မည်သည့်အရာကိုမျှ မကတ်သတ်ဘဲ ရက်ရောတတ်သောကြောင့် သင်သည် မိမိမှာ အင်မတန်မှပင် ကိုယ်ကျိုးမငဲ့တတ်သည့်သူဖြစ်သည်ဟု သင်တွေးကောင်းတွေးနိုင်သည် သို့မဟုတ် သင်၏မိဘနှင့် ပတ်သက်လာပါကလည်း သင်သည်ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျိုးမငဲ့ဟုထင်တတ်သည်။ သင်မည်သို့တွေးသည်ဖြစ်စေ အနည်းဆုံးအနေနှင့် သင့်ထံတွင် “ကိုယ်ကျိုးမငဲ့ခြင်း” ဟူသည့်စကားလုံးနှင့်ပတ်သက်သည့် အယူအဆတစ်ခုရှိပြီး ထိုစကားလုံးကို အပြုသဘောဆန်သည့် အရာအဖြစ်မှတ်ယူကာ ကိုယ်ကျိုးမငဲ့သောသူတစ်ဦး ဖြစ်ခြင်းမှာ အင်မတန်မြင့်မြတ်သည်ဟု မှတ်ယူထားကြသည်။ သင်သည် ကိုယ်ကျိုးမငဲ့သည့်အချိန်၌ သင့်ကိုယ်သင် ကြီးမြတ်သည်ဟု ထင်သည်။ သို့ရာတွင် အရာများအားလုံးအကြား၊ လူများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများ အကြားနှင့် ဘုရားသခင်၏အမှုမှတစ်ဆင့် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းကို မြင်နိုင်သည့်သူ တစ်ယောက်မျှ မရှိပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ လူသားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်၍ဖြစ်သည်။ အဘယ်ကြောင့် ငါထိုသို့ပြောသနည်း။ လူသားမျိုးနွယ်သည် ရုပ်ဝတ္ထုလောကတွင်နေ၏။ သင်သည် ဘုရားသခင်နောက်ကို လိုက်လျှောက်ကောင်းလိုက်လျှောက်လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်သည် သင်တို့ကို မည်သို့ထောက်ပံ့ပေးနေသည်၊ မည်သို့ချစ်သည်နှင့် မည်သို့အရေးထားသည်ကို မည်သည့်အခါမျှ မတွေ့မြင်ပေ သို့မဟုတ် နားမလည်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်မြင်သနည်း။ သင့်ကို ချစ်မြတ်နိုးသည့် သို့မဟုတ် တုန်နေအာင်ချစ်ကြသည့် သွေးသားရင်းချာ ဆွေမျိုးများကို သင်မြင်သည်။ သင်၏ အသွေးအသားအတွက် အကျိုးရှိမည့်အရာများ၊ သင်တို့ဂရုစိုက်သည့်လူများနှင့် ချစ်မြတ်နိုးသည့်အရာများကို သင်မြင်သည်။ ဤသည်မှာ လူသားက ကိုယ်ကျိုးမငဲ့ခြင်းဟုပြောသည့်အရာပင် ဖြစ်တော့သည်။ သို့ရာတွင် ထို “ကိုယ်ကျိုးမငဲ့သော” လူများသည် သူတို့ကိုအသက်ပေးသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ အလေးမထားခဲ့ကြပေ။ ဘုရားသခင်နှင့်ဆန့်ကျင်စွာ လူသား၏ကိုယ်ကျိုးမငဲ့မှုသည် တစ်ကိုယ်ကောင်းဆန်လာပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းလာသည်။ လူသားများယုံကြည်သည့် ကိုယ်ကျိုးမငဲ့မှုသည် အနှစ်မဲ့ပြီး ယုတ္တိမတန်ကာ ညစ်ညူးနေလျက် ဘုရားသခင်နှင့် သဟဇာတမဖြစ်ဘဲ သက်ဆိုင်ခြင်းလည်းမရှိပေ။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ့အတွက်သာလျှင် ဖြစ်သည်၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းမှာမူ သူ့အနှစ်သာရ၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပေသည်။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုကြောင့် လူသားများသည် ဘုရားသခင်ထံမှ တည်ငြိမ်သည့် ထောက်ပံ့မှုကို ရရှိနေခြင်းဖြစ်သည်။ ယနေ့ငါပြောသည့် ခေါင်းစဉ်နှင့်ပတ်သက်ပြီး သင်တို့အနေဖြင့် နက်နက်ရှိုင်းရှိုင်း ထိရောက်ခြင်း မရှိကောင်းမရှိဘဲဖြစ်နိုင်ပြီး ထောက်ခံသည့်အနေဖြင့် ခေါင်းလေးညိတ်နေရုံသာ ဖြစ်ကောင်းဖြစ်မည်၊ သို့ရာတွင် သင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့ သင်ကြိုးစားသည့်အခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည်သာလျှင် အခြေအနေပေါ် မမူတည်၊ ပြစ်မျိုးမှဲ့မထင်ခြင်းကြောင့် ဤလောကကြီးထဲ၌ သင်ခံစားသိရှိနိုင်သော လူများ၊ အမှုအရာများနှင့် အရာဝတ္ထုများ အားလုံးအထဲတွင် ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့မှုသာလျှင် စစ်မှန်ပြီး ခိုင်မာသည်ကို သင်သည် အမှုမဲ့စွာ ရှာဖွေတွေ့ရှိလာလိမ့်မည်။ ဘုရားသခင်မှလွဲပြီး ကိုယ်ကျိုးမငဲ့မှုဟုခေါ်သော အခြားသူများ၏ ထိုအရာအားလုံးသည် မရိုးသားသည့် အပေါ်ယံ အတုယောင်သာဖြစ်သည်။ ထိုအထဲ၌ ရည်မှန်းချက်၊ ရည်ရွယ်ချက်အချို့နှင့် အပေးအယူသဘော ပါဝင်ကာ စမ်းသပ်ခြင်းကို မခံနိုင်ပေ။ ထိုအရာသည် ညစ်ညူးကာ စက်ဆုပ်ဖွယ် ဖြစ်သည်ဟုပင် သင်တို့ပြောနိုင်သည်။ သဘောတူကြသလော။

သင်တို့သည် ဤအကြောင်းအရာများနှင့် အလွန်မရင်းနှီးမှန်း၊ ဤအရာများကို သင်တို့အမှန်တကယ် နားလည်လာနိုင်ဖို့ အချိန်အနည်းငယ် လိုအပ်မှန်း ငါသိသည်။ ဤကိစ္စရပ်များနှင့် အကြောင်းအရာများကို သင်တို့သည် ပို၍မရင်းနှီးလေလေ ဤအကြောင်းအရာများကို သင်တို့နှလုံးသားထဲတွင် လိုအပ်နေသည်ကို ထိုအရာက ပို၍သက်သေပြလေလေဖြစ်သည်။ အကယ်၍ ဤအကြောင်းအရာများကို ငါမဖော်ပြခဲ့လျှင် သင်တို့ထဲတစ်ယောက်ယောက်က ဤအကြောင်းများကို နည်းနည်းပါးပါး သိလိမ့်မည်ဟု ထင်သလော။ သင်တို့သည် မည်သည့်အခါမျှ သိခွင့်ရမည်မဟုတ်ဟု ငါယုံကြည်သည်။ ထိုအရာမှာ သေချာပေါက်ပင်ဖြစ်သည်။ သင်တို့သည် မည်မျှပင် နားလည်နိုင်သည်ဖြစ်စေ သို့မဟုတ် သဘောပေါက်နိုင်သည်ဖြစ်စေ၊ အချုပ်အားဖြင့်ဆိုရလျှင် ငါပြောသည့် ဤအကြောင်းအရာများသည် လူအများစု လစ်ဟာနေသည့်အရာများဖြစ်ပြီး သူတို့အသိသင့်ဆုံး အရာများဖြစ်သည်။ ဤအကြောင်းအရာများသည် လူတိုင်းအတွက် အလွန်အရေးကြီးသည်၊ ၎င်းတို့သည် တန်ဖိုးရှိပြီး အသက်ဖြစ်၍ သင်တို့ရှေ့ဆက်သွားမည့်လမ်း၌ သင်တို့ပိုင်ဆိုင်ထားရမည့် အရာများဖြစ်သည်။ လမ်းညွှန်ချက်အဖြစ် ဤအရာများမရှိပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့အပေါ် နားလည်ခြင်း မရှိပါက၊ ဘုရားသခင်နှင့်ပတ်သက်လာလျှင် သင်၌ အစဉ်အမြဲ မေးစရာရှိနေမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားလည်ခြင်းပင် မရှိပါက သူ့ကို မည်သို့လျှင် ကျကျနန ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်၏စိတ်ခံစားမှုများ၊ သူ၏အလိုတော်၊ သူ၏စိတ်အခြေအနေ၊ သူတွေးနေသည့်အရာ၊ သူ့ကို ဝမ်းနည်းစေသည့်အရာနှင့် သူ့ကိုပျော်ရွှင်စေသည့်အရာတို့ကို သင်ဘာမျှမသိသောကြောင့် သင်သည် ဘုရားသခင်၏ နှလုံးသားကို မည်သို့လျှင် စာနာထောက်ထားနိုင်မည်နည်း။

ဘုရားသခင် စိတ်မကောင်းသည့်အချိန်တိုင်း သူသည် သူ့နောက်ကိုလိုက်ကာ သူ့ကိုချစ်ပါသည်ဟု ကြွေးကြော်ပြီး သူ့ခံစားချက်များကို လုံးဝလျစ်လျူရှုကြသည့်၊ သူ့ကို ဂရုမစိုက်ကြသည့် လူသားမျိုးနွယ်ကို ရင်ဆိုင်ရသည်။ သူ့နှလုံးသားသည် မည်သို့လျှင် မနာကျင်ဘဲနေမည်နည်း။ ဘုရားသခင်၏စီမံခန့်ခွဲမှု အမှုထဲတွင် ဘုရားသခင်သည် သူ့အမှုကို စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်ပြီး လူတိုင်းကို စကားပြောနေကာ ထိန်ချန်ထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းမရှိဘဲ သူတို့ကိုရင်ဆိုင်နေခြင်းဖြစ်သော်လည်း အပြန်အလှန်အားဖြင့် သူ့နောက်ကိုလိုက်သည့်လူတိုင်းသည် သူနှင့်ဝေးကွာနေပြီး ဘယ်သူကမှ သူ၏အထံတော်သို့ တက်ကြွစွာ တိုးဝင်ချဉ်းကပ်ဖို့ရန်၊ သူ့နှလုံးသားကိုနားလည်ဖို့ရန်၊ သူ့ခံစားချက်များကို ဂရုစိုက်ပေးဖို့ရန် မလိုလားကြပေ။ ဘုရားသခင်၏ အကျွမ်းဝင်သူများ ဖြစ်လာချင်ကြသည့်သူများပင်လျှင် ဘုရားသခင်အထံတော်သို့ မတိုးဝင်မချဉ်းကပ်လိုကြပေ၊ သူ့နှလုံးသားကို စာနာထောက်ထားရန် သို့မဟုတ် သူ့ကိုနားလည်ရန် မလိုချင်ကြပေ။ ဘုရားသခင်သည် ဝမ်းမြောက်ကာ ပျော်ရွင်နေသည့်အချိန်တွင် သူ၏ပျော်ရွင်မှုကို မျှဝေခံစားပေးဖို့ လူတစ်ယောက်မျှ ရှိမနေပေ။ ဘုရားသခင်သည် လူသားများ၏ အထင်မြင်လွဲမှားမှု ခံရချိန်တွင် သူ၏ နာကျင်နေသည့် နှလုံးသားကို နှစ်သိမ့်ပေးမည့်လူ ရှိမနေပြန်ပေ။ သူ၏နှလုံးသား နာကျင်နေချိန်မှာလည်း သူ့ကိုယုံကြည်ကာ နားထောင်ပေးရန် ဆန္ဒရှိသည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေပြန်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုနှစ်ထောင်ချီတစ်လျှောက်တွင် ဘုရားသခင်၏ ပျော်ရွင်မှုနှင့် ပူဆွေးမှုများကို ဘုရားသခင်နှင့်အတူ မျှဝေခံစားနိုင်သည့်သူကို မဆိုထားနှင့် ဘုရားသခင်၏စိတ်ခံစားမှုများကို နားလည်သည့်သူ၊ ဤအရာများကို နားလည်သည့်သူ သို့မဟုတ် သဘောပေါက်သည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဘုရားသခင်သည် အထီးကျန်နေသည်။ သူအထီးကျန်နေပေ၏။ သူ့ကိုဆန့်ကျင်သည့် ဖောက်ပြန်ပျက်စီးသည့် လူသားများကြောင့်သာ ဘုရားသခင်သည် အထီးကျန်နေခြင်းမဟုတ်ဘဲ ဝိညာဉ်ရေးရာကို လိုက်စားကြသူများ၊ ဘုရားသခင်ကို သိကျွမ်းရန်နှင့် နားလည်ဖို့ရန် ဖွေရှာသူများကြောင့် ပို၍အထီးကျန်ရပြီး သူတို့ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ အပ်နှံထားခြင်းငှာ လိုလားသောသူများပင်လျှင် သူ့အတွေးများကို မသိသကဲ့သို့ သူ၏စိတ်သဘောထားနှင့် စိတ်ခံစားမှုများကို နားမလည်ကြပေ။

နောဧအဖြစ်အပျက်၏အဆုံး၌ ဘုရားသခင်သည် ထိုအချိန်က သူ၏ခံစားချက်များကို ဖော်ပြဖို့ရန် သာမာန်မဟုတ်သည့် နည်းလမ်းတစ်ခုကို သုံးခဲ့သည်ကို ငါတို့မြင်ရသည်။ ဤနည်းလမ်းသည် အလွန်ထူးခြားသည်၊ ၎င်းနည်းလမ်းမှာ လူသားများနှင့် ပဋိညာဉ်ဖွဲ့ရန်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီးကို ဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို ဘုရားသခင်အသုံးပြုခြင်းသည် အဆုံးသတ်ကြောင်း ကြေညာခြင်းနည်းလည်းဖြစ်သည်။ ပြင်ပမှကြည့်လျှင် ပဋိညာဉ်ဖွဲ့ခြင်းသည် အင်မတန်မှပင် သာမန်ဖြစ်သည့် လုပ်ရပ်တစ်ခုဟုထင်ရသည်။ နှစ်ဦးနှစ်ဘက်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းဟူသည့် ရည်ရွယ်ချက် ဖြစ်မြောက်နိုင်ရန်အလို့ငှာ ကျူးလွန်ဖောက်ဖျက်သည့် လုပ်ရပ်များမပြုရန် နှစ်ဘက်စလုံးကို လိုက်နာဆောင်ရွက်စေရန် စကားလုံးများကို အသုံးပြုခြင်းထက် ဘာမျှမပိုပေ။ ပုံစံအရ ဤသည်မှာ အင်မတန်မှပင် သာမန်ဆန်သည်၊ သို့သော် နောက်ကွယ်မှ အရင်းခံအကြောင်းများနှင့် ဤအရာကို ဘုရားသခင်လုပ်ဆောင်ရခြင်း၏ အဓိပ္ပာယ်တို့အရ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားနှင့် စိတ်အခြေအနေတို့၏ မှန်ကန်သည့် ဖော်ပြခြင်းဖြစ်သည်။ သင်သည် ဤစကားများကို ဘေးဖယ်၍ လျစ်လျူရှုပါက၊ အကယ်၍ ငါသည် ဤအရာများ၏ သမ္မာတရားကို သင်တို့အား မပြောခဲ့ပါက၊ လူသားများသည် ဘုရားသခင်၏တွေးတောခြင်းကို အမှန်တကယ်ပင် မည်သည့်အခါမျှ သိရှိရမည် မဟုတ်ပေ။ ဤပဋိညာဉ်ကို ဖွဲ့နေစဉ်တွင် ဘုရားသခင်သည် ပြုံးနေခဲ့လိမ့်မည် သို့မဟုတ် သူ၏ မျက်နှာအမူအရာသည် လေးနက်ကောင်း လေးနက်နေလိမ့်မည်ဟု သင့်စိတ်ကူးထဲ၌ ထင်ကောင်းထင်လိမ့်မည်၊ သို့သော် လူများ၏စိတ်ကူးထဲတွင် ဘုရားသခင်သည် မည်သည့် အဖြစ်များဆုံးသော ဖော်ပြမှုပုံစံ ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏အထီးကျန်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၏နှလုံးသားနှင့် နာကျင်မှုကို မည်သူမျှ မမြင်နိုင်ပေ။ မိမိတို့ကို ဘုရားသခင်ယုံကြည်လာအောင် သို့မဟုတ် ဘုရားသခင်၏ယုံကြည်မှုနှင့် ထိုက်တန်လာအောင် မည်သူမျှ မလုပ်နိုင်ပေ သို့မဟုတ် ဘုရားသခင်အနေဖြင့် သူ၏အတွေးများကို ဖော်ပြပေးနိုင်သည့်သူ သို့မဟုတ် သူ၏နာကျင်မှုကို ပြောပြပေးနိုင်သည့် လူတစ်ယောက်ဖြစ်လာအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာကို လုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ခြင်းဖြစ်သည်။ အပေါ်ယံအားဖြင့် ဘုရားသခင်သည် အတိတ်ကို ပြီးပြတ်စေပြီး ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာကြီးကို သူဖျက်ဆီးခြင်းအတွက် ပြီးပြည့်စုံသည့် အဆုံးသတ်ကို ပြုလုပ်လျက် ယခင်လက်ဦးလူသားများကို နှုတ်ဆက်ဖို့ရန် လွယ်ကူသည့်အရာကို ပြုခဲ့သကဲသို့ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤအခိုက်အတန့်မှ နာကျင်မှုကို သူ၏ အတွင်းနှလုံးသားထဲတွင် မြှုပ်နှံခဲ့သည်။ ဘုရားသခင်သည် ပြောပြရမည့်လူတစ်ယောက်မျှ မရှိသည့်အချိန်က ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် မဖျက်ဆီးတော့ဟုပြောလျက် လူသားများနှင့် ပဋိညာဉ်ဖွဲ့ခဲ့သည်။ သက်တံပေါ်လာသောအခါ ဤသည်မှာ လူသားများကို ဤသို့သောကိစ္စများဖြစ်ခဲ့ဖူးမှန်း အသိပေးရန်ဖြစ်ပြီး ဆိုးယုတ်သောအရာများ မပြုကြရန် လူသားများကို သတိပေးရန်ဖြစ်သည်။ ထိုကဲ့သို့သော နာကျင်ရသည့် အခြေအနေ၌ပင်လျှင် ဘုရားသခင်သည် လူသားများကို မမေ့ဘဲ သူတို့ကို အလေးထားနေဆဲ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကိုယ်ကျိုးမငဲ့မှုတို့ မဟုတ်သလော။ သို့ရာတွင် လူသားများ ခံစားနေရသည့်အချိန်တွင် သူတို့သည် အဘယ်အရာကို တွေးကြသနည်း။ ဤသည်မှာ လူသားများ ဘုရားသခင်ကို အလိုအပ်ဆုံး အချိန်မဟုတ်သလော။ ဤသို့သောအချိန်များတွင် လူများသည် သူတို့ကိုနှစ်သိမ့်ပေးဖို့ရန် ဘုရားသခင်ကို အတင်းဆွဲခေါ်ကြသည်။ မည်သည့်အချိန်ပင်ဖြစ်ပါစေ ဘုရားသခင်သည် လူသားများကို စိတ်ပျက်စေမဟုတ်သည့်အပြင် ဘုရားသခင်သည် လူများကို သူတို့၏အကျပ်အတည်းများမှ အစဉ်အမြဲ လွတ်မြောက်စေပြီး အလင်းထဲတွင် နေစေမည်ဖြစ်သည်။ ဘုရားသခင်သည် လူများကို များစွာထောက်ပံ့ပေးသော်လည်း လူများ၏နှလုံးသားထဲတွင်မူ ဘုရားသခင်သည် နှစ်သိမ့်ရာအားဆေးဟူသည့် စိတ်ချသေချာစေခြင်း ဆေးလုံးထက်မပိုခဲ့ပေ။ ဘုရားသခင်သည် ခံစားနေရသည့်အခါ၊ သူ၏နှလုံးသားသည် ထိခိုက်သည့်အခါ၊ သူ့ကိုအဖော်ပြုနှစ်သိမ့်ပေးရန် ဖန်ဆင်းခံလူသားတစ်ယောက်ရှိခြင်းသည် သူ့အတွက်မူ လွန်ကဲလှသည့် ဆန္ဒဖြစ်သည်မှာ ယုံမှားဖွယ်ရာမဟုတ်ပေ။ လူသားသည် ဘုရားသခင်၏ ခံစားချက်များကို မည်သည့်အခါမျှ အလေးမပေးခဲ့ပေ၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကိုနှစ်သိမ့်ပေးနိုင်မည့် လူတစ်ယောက်ရှိနေဖို့ မည်သည့်အခါမျှ မတောင်းဆိုပေ သို့မဟုတ် မမျှော်လင့်ပေ။ သူ၏စိတ်နေစိတ်ထားကိုဖော်ပြဖို့ ဘုရားသခင်သည် သူ့ကိုယ်ပိုင်နည်းကိုသာ သုံးခဲ့သည်။ ဘုရားသခင်အနေဖြင့် ဆင်းရဲဒုက္ခအချို့ကို ခံစားရခြင်းမှာ ကြီးကျယ်သည့်ကိစ္စဖြစ်သည်ဟု လူသားများက မတွေးကြပေ၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် နားလည်သည့်အခါမှသာ၊ သူလုပ်သမျှအရာတိုင်း၌ ဘုရားသခင်၏ လေးနက်သည့် ရည်ရွယ်ချက်များကို စစ်မှန်စွာ သဘောပေါက်လာနိုင်သည့်အခါမှသာ၊ ဘုရားသခင်၏ကြီးမြတ်မှုနှင့် ကိုယ်ကျိုးမငဲ့မှုတို့ကို သင်ခံစားနိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် သက်တံကို အသုံးပြုပြီး လူသားနှင့် ပဋိညာဉ်ဖွဲ့ခဲ့သော်လည်း အဘယ်ကြောင့် ထိုအရာကို သူပြုခဲ့သည်၊ အဘယ်ကြောင့် ထိုပဋိညာဉ်ကို ဖွဲ့ဆိုခဲ့သည်ကို မည်သူ့ကိုမျှ လုံးဝ မပြောခဲ့ပေ၊ သူသည် သူ၏အတွေးမှန်များကို မည်သည့်ကိုမျှ မပြောခဲ့ဟု ဆိုလိုသည်။ ဤသို့ဖြစ်ရခြင်းမှာ သူကိုယ်တိုင် သူ့လက်နှင့် ဖန်ဆင်းခဲ့သည့် လူသားများအတွက် ထားရှိသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို နားလည်နိုင်သည့်သူ တစ်ယောက်မျှ မရှိ၍ဖြစ်ပြီး ဘုရားသခင် လူသားများကို ဖျက်ဆီးခဲ့သည့်အချိန်က သူ၏နှလုံးသားမှာ မည်မျှနာကျင်ခံစားခဲ့ရသည်ကို သဘောပေါက်နိုင်သည့်သူ တစ်ယောက်မျှ မရှိ၍ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူမည်သို့ခံစားရသည်အား လူများကို ပြောပြလျှင်ပင် သူတို့သည် ဤယုံကြည်မှုကို ခံယူနိုင်မည်မဟုတ်ပေ။ နာကျင်နေရသော်လည်း ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ဆင့်နှင့်အတူ ရှေ့ဆက်နေဆဲဖြစ်သည်။ ဆင်းရဲဒုက္ခကို သူကိုယ်တိုင် တိတ်တဆိတ် သည်းညည်းခံလျက် ဘုရားသခင်သည် သူ၏အကောင်းဆုံးအပိုင်းနှင့် အကောင်းဆုံးအရာများကို အစဉ်အမြဲ ပေးနေခဲ့သည်။ ဘုရားသခင်သည် ဆင်းရဲဒုက္ခများကို မည်သည့်အခါမျှ ပွင့်ပွင့်လင်းလင်း ဖွင့်ချမပြခဲ့ပေ။ ထိုအစား သူသည် ၎င်းတို့ကို ကြံ့ကြံ့ခံပြီး တိတ်တဆိတ် စောင့်နေသည်။ ဘုရားသခင်၏ ခံနိုင်ရည်သည် အေးစက်၊ ထုံထိုင်းကာ ကူကယ်ရာမဲ့နေခြင်း မဟုတ်ပေ သို့မဟုတ် အားနည်းမှု၏ လက္ခဏာတစ်ရပ်မဟုတ်ပေ။ ဘုရားသခင်၏ချစ်ခြင်းနှင့် အနှစ်သာရသည် အစဉ်အမြဲ ကိုယ်ကျိုးကိုမငဲ့ခြင်းသာဖြစ်သည်။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ သဘာဝအလျောက် ဖော်ပြခြင်းဖြစ်ပြီး စစ်မှန်သည့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်၏ ပင်ကိုလက္ခဏာ၏ စစ်မှန်သည့် သရုပ်သကန်လည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူအချို့သည် ငါဆိုလိုသည့်အရာများကို တလွဲအနက်ယူကောင်း ယူနိုင်သည်။ ဘုရားသခင်၏ခံစားချက်များကို သည်းထိတ်ရင်ဖိုစရာ ဖန်တီးမှုများစွာနှင့် ဤကဲ့သို့ အသေးစိတ်ဖော်ပြခြင်းသည် လူသားများကို ဘုရားသခင်အတွက် ဝမ်းနည်းစေချင်၍များလော။ ထိုသို့သော ရည်ရွယ်ချက်မျိုး ရှိသလော။ (မရှိပါ။) ငါ့အနေနှင့် ဤအရာများကို ပြောရခြင်း၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သင်တို့သိကျွမ်းလာစေရန်၊ သူ၏အစိတ်အပိုင်းတိုင်းကို နားလည်စေရန်၊ သူ၏ စိတ်ခံစားမှုများကို နားလည်စေရန်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် သူ၏အမှုမှတစ်ဆင့် အထင်အရှားနှင့် တဖြည်းဖြည်း ဖော်ပြခြင်းခံရပြီး လူသား၏ အနှစ်မဲ့သည့် စကားလုံးများ၊ သူတို့၏ စာများနှင့် အယူဝါဒများ၊ သို့မဟုတ် သူတို့၏ စိတ်ကူးများအားဖြင့် ပုံဖော်ခံထားရသည်နှင့် တခြားစီဖြစ်သည်ကို သင်တို့နားလည်စေရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အနှစ်သာရသည် ပန်းချီများ မဟုတ်၊ စိတ်ကူးထားသည့်အရာ၊ လူသားများတည်ဆောက်ကာ လုပ်ကြံဖန်တီးထားသည့်အရာ လုံးဝမဟုတ်ဘဲ အမှန်တကယ် တည်ရှိ၏။ ဤအရာများကို သင်တို့ ယခု သိသွားပြီလော။ သင်တို့ သိသွားပြီဆိုလျှင် ယနေ့ ငါ၏နှုတ်ကပတ်တော်များသည် ပန်းတိုင်ကို ရရှိခဲ့ချေပြီ။

ယနေ့ ငါတို့ ခေါင်းစဉ်သုံးခုကို ဆွေးနွေးခဲ့ကြသည်။ ဤခေါင်းစဉ်သုံးခုကို မိတ်သဟာယဖွဲ့ ဆွေးနွေးခြင်းမှ လူတိုင်းသည် များစွာသင်ယူရရှိခဲ့ကြလိမ့်မည်ဟု ငါယုံကြည်သည်။ ဤခေါင်းစဉ်သုံးခုမှ ငါဖော်ပြခဲ့သည့် ဘုရားသခင်၏အတွေးများ သို့မဟုတ် ငါဖော်ပြခဲ့သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရများသည် ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏သဘောပေါက်မှုများနှင့် နားလည်မှုတို့ကို ပြောင်းပြန်လှန်ပေးခဲ့ပြီး လူတိုင်း၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းများကိုပင် မှောက်လှန်ခဲ့သည့်အပြင် လူတိုင်း၏ နှလုံးသားထဲတွင် ကြည်ညိုကြသည့် ဘုရား၏ပုံရိပ်ကို မှောက်လှန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာ၏ ဤအခန်းသုံးခန်းမှ ဘုရားသခင်၏ စိတ်သဘောထားများအကြောင်း သင်တို့သင်ယူခဲ့ရသည့်အရာများသည် သင်တို့အတွက် အကျိုးရှိမည်ဟု ငါမျှော်လင့်သည်၊ ထို့ပြင် သင်တို့ပြန်သွားပြီးနောက် ထိုအကြောင်းကို သင်တို့အနေဖြင့် ပိုမို ကြိုးစားတွေးဆကြမည်ဟုလည်း ငါမျှော်လင့်သည်။ ယနေ့စည်းဝေးပွဲသည် ဤမှာပင် ပြီး၏။ နှုတ်ဆက်ပါသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

ယခင်က:ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ