ထာဝရ ဝေဒနာ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-“စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်၊ ယင်းမှာ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ဖြည့်ဆည်းကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကြုံနေကြရပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ အုပ်စိုးမှုဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင်တို့ရှေ့တွင် ချထားသည့် ပြဿနာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)”) ကျွန်တော်လည်း ထင်ခဲ့ဖူးပါတယ်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်လာတာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီ၊ ဘုရားနောက် လိုက်လျှောက်ဖို့ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်၊ ကိုယ့်တာဝန်အတွက် ဆင်းရဲဒုက္ခခံနိုင်တယ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်တာတွေကို ကြုံရတော့လည်း နောက်မတွန့်ခဲ့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘုရားအတွက် မြှုပ်နှံထားတယ်၊ ကိုယ်တော့်ကို လုံးဝ သစ္စာမဖောက်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော် လုံးဝ မထင်ခဲ့မိတာတစ်ခု ဖြစ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲတွေက ကျွန်တော့်ကို ဖမ်းပြီး၊ ရက်ရက်စက်စက် နှိပ်စက်တဲ့အချိန်မှာ၊ ကျွန်တော်က ဂုဏ်သိက္ခာမဲ့ပြီး၊ စာတန်ကို အရှုံးပေးခဲ့မိတာပါ။ ဘုရားကို သစ္စာဖောက်တတ်တဲ့ ကျွန်တော့်သဘာဝက လုံးလုံး ပေါ်လာတော့တာပဲ။ အဲဒီလို ဆိုးဆိုးဝါးဝါး အရှုံးပေးခဲ့မိတာကို ပြန်တွေးကြည့်ရင်၊ တော်တော်ကို နာကျင်ပါတယ်။ တစ်သက်လုံးစာ နောင်တပါပဲ။

အဲဒီတုန်းက ၂ဝဝ၈ ခုနှစ်ပေါ့။ စီစီပီက ခရစ်ယာန်တွေကို အကြီးအကျယ် ဖမ်းဆီး ဖိနှိပ်တာတွေကို၊ တစ်နိုင်ငံလုံးအနှံ့ နောက်တစ်ကြိမ် ပြန်စလာတဲ့အချိန်။ ဩဂုတ်လ ရက်တစ်ရက်ဆိုတာတော့ ကျွန်တော် မှတ်မိတယ်။ နေရာတော်တော်များများက အသင်းတော်ခေါင်းဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံလိုက်ရပြီဆိုတာ သတင်းကြားတယ်။ နောက်ဆက်တွဲကိစ္စတွေ ရှင်းဖို့နဲ့ အသင်းတော်ရဲ့ပိုင်ဆိုင်မှုတွေ ရွှေ့ဖို့ဆိုပြီး၊ ကျွန်တော်လည်း တချို့ညီအစ်ကိုမောင်နှမတွေကို ကမန်းကတန်း ဆက်သွယ်ရတယ်။ အသင်းတော်ကိစ္စတွေအားလုံး အဆင်ပြေအောင် ပြန်လုပ်ရတာ နှစ်ပတ်ကျော် ကြာသွားတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော် ကျေနပ်နေမိတယ်။ စီစီပီက လူတွေကို အသည်းအသန် ဖမ်းနေတဲ့အချိန်မှာ၊ ကျွန်တော်က သတ္တိရှိရှိ ရင်ဆိုင်ပြီးတော့၊ အသင်းတော်ရဲ့အလုပ်ကို ထိန်းပေးနိုင်တယ်ပေါ့။ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အမြှုပ်နှံဆုံး၊ သူ့အလိုကို အလေးထားဆုံးက ကျွန်တော်ပဲဆိုပြီး ထင်နေတာ။ အဖမ်းခံရသူတချို့က ယုဒအမျိုးတွေပဲ၊ ဘုရားသခင်နဲ့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်သွားတယ်ဆိုတာမျိုး ကြားမိတော့လည်း၊ ကျွန်တော် သူတို့ကို တော်တော် အထင်သေးခဲ့တယ်။ ပြီးတော့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်တယ်၊ “ငါ အဖမ်းခံရတဲ့နေ့ ရောက်လာရင်တော့၊ ယုဒတစ်ယောက် အဖြစ်ခံမဲ့အစား အသေခံပစ်မယ်” ပေါ့။ ကျွန်တော့်မှာ ယုံကြည်ခြင်း ကြီးကြီးမားမား ရှိတယ်လို့ပဲ ထင်ခဲ့တာ။ ၂ဝဝ၉ နှစ်သစ်ကူး ပြီးပြီးချင်းမှာ ကျွန်တော် အံ့ဩခဲ့ရတယ်။ စီစီပီက နောက်ထပ် တစ်နိုင်ငံလုံးအနှံ့ ဖမ်းဆီးတာတွေ ပြန်စတယ်လေ။ “မိုးကြိုး ၃” စစ်ဆင်ရေးဆိုပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ပစ်မှတ်ထားတယ်။ တစ်ရက်မှာ ကျွန်တော်က ညီအစ်ကိုမောင်နှမနည်းနည်းလောက်နဲ့ စည်းဝေးနေတုန်း၊ ရဲတွေ အယောက်သုံးဆယ်ကျော်လောက်က ရုတ်တရက် ဝင်ဖမ်းတယ်။ ကျွန်တော်တို့ကို ဆိုင်ရာရဲစခန်းကို ခေါ်သွားပြီးတော့၊ စစ်ကြောရေးလုပ်ဖို့ လူခွဲထားလိုက်တယ်။ သူတို့ သိချင်တာက နှစ်ခု၊ ခေါင်းဆောင်တွေနဲ့ တွဲဖက်အကျိုးဆောင်တွေရဲ့ နာမည်တွေနဲ့ လိပ်စာတွေ၊ ပြီးတော့ အသင်းတော်က ပိုင်တဲ့ငွေ ဘယ်လောက်ရှိလဲ၊ အဲဒါကို ဘယ်သူ့အိမ်မှာ ဝှက်ထားလဲပေါ့။ “မင်းတို့ မပြောဘူးဆိုရင်တော့၊ သေပြီသာမှတ်” ဆိုပြီး ခြိမ်းခြောက်ကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အများကြီး မကြောက်ခဲ့မိဘူး။ ကလေးဘဝကတည်းက ကိုယ့်ကျရာတာဝန်ကို ထမ်းခဲ့ပြီးပြီ၊ ဒါကြောင့် သူတို့က နှိပ်စက်မယ်ဆိုလည်း၊ ကျွန်တော် ခံနိုင်မှာပါဆိုပြီး ထင်ခဲ့တယ်။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ကိုယ့်တာဝန်ကိုယ်လုပ်ပြီး၊ ဘုရားကို သစ္စာရှိတယ်ဆိုတော့၊ ကိုယ်တော်က ကျွန်တော့်ကို သေချာပေါက် ကွယ်ကာမှာပါပေါ့။ ကျွန်တော်က ဘာမှထုတ်မပြောဘူးဆိုတာကို မြင်တော့၊ ဧည့်ခံရေးအိမ်တွေထဲ ကျွန်တော် ဝင်ထွက်နေတဲ့ ပုံတွေနဲ့ ထောက်လှမ်းရေးဗီဒီယိုဖိုင်ကို ရဲတွေက ထုတ်ပြတယ်။ ပြီးခဲ့တဲ့ တစ်လနှစ်လအတွင်း ကျွန်တော် သွားခဲ့တဲ့နေရာတွေ အားလုံးကိုလည်း စာရင်းနဲ့ပြတယ်။ ပြီးတော့ ဝန်ခံခိုင်းတယ်။ အဲဒီလောက် ပြည့်စုံတဲ့အထောက်အထားတွေကို မြင်ရတော့ ကျွန်တော်လည်း စိုးရိမ်တာပေါ့။ ကျွန်တော်က ဒါကို ငြင်းမယ်ဆိုရင်တောင်၊ သူတို့က ယုံကြဦးမှာမဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ဒါနဲ့ ဘုရားဆီ ဆုတောင်းတယ်။ ကျွန်တော့်ကို ယုဒလို ဖြစ်မလာအောင် တားဆီးပေးဖို့ တောင်းလျှောက်တယ်။ ကျွန်တော် ဘာမှမပြောသေးဘူးဆိုတာကို မြင်တော့၊ အရာရှိတစ်ယောက်က ဒေါသထွက်ပြီး၊ “မင်းက ငါတို့ကို မကြမ်းကြမ်းအောင် လုပ်ခိုင်းနေတာနဲ့တူတယ်” ဆိုပြီး ပြောတယ်။ ကျွန်တော့်ကို ချည်ထားတဲ့ သံကုလားထိုင်ကို သူက တွန်းချလိုက်တော့၊ ကျွန်တော်လည်း ပက်လက်လန်သွားရော။ နောက်တော့ ဆေးထိုးပြွန်တစ်ခုထဲမှာ မုန်ညင်းဆီနဲ့ သင်္ဘောဒန့်သလွန်ရည်ကို ရောပြီးတော့၊ ကျွန်တော့်နှာခေါင်းထဲ ထိုးသွင်းကြတယ်။ မျက်လုံးတွေပေါ်မှာလည်း ပွတ်တယ်။ အနံ့က တော်တော်ကို ပြင်းတာ။ အသက်ရှူလို့ မရသလို ခံစားရတယ်။ မျက်လုံးတွေက စပ်လွန်းတော့ ဖွင့်လို့မရဘူး။ ဗိုက်မှာလည်း မီးတောက်နေသလိုမျိုးပဲ။ နောက်တော့ ကျွန်တော့်ကိုယ်အပေါ်ပိုင်းက အင်္ကျီတွေ ချွတ်ပစ်ကြတယ်။ လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ပြီး၊ ဆောင့်ဆွဲကြတယ်။ သူတို့ ပင်ပန်းသွားပြီဆိုရင်၊ ကျွန်တော့်ကို ခုံတစ်လုံးနဲ့ ပင့်ပေးထားလိုက်တယ်။ ကျွန်တော်ကတော့ နာတာတွေကို တောင့်ခံပြီး၊ တစ်ခွန်းမှကို မပြောပါဘူး။ သူတို့နည်းလမ်းက မအောင်မြင်မှန်းသိတော့၊ နောက်ထပ် ရက်ရက်စက်စက် နည်းတစ်ခုကို သုံးတယ်ဗျ။ ကျွန်တော့်ကို သံကုလားထိုင်မှာ လက်ထိတ်ပြန်ခတ်ပြီးတော့၊ ဝိုင်ယာကြိုးတွေ ယူလာကြတယ်။ ဝိုင်ယာကြိုးစတစ်ဖက်ကို ကျွန်တော့်ခြေမနှစ်ချောင်းမှာ ချည်တယ်။ ကျန်တဲ့ကြိုးစကို ကျင်စက်နဲ့ ချိတ်တယ်။ ပြီးတော့ ကျွန်တော့်ကို ရှော့ခ်တိုက်ထားရင်း၊ ရေခဲရေတွေနဲ့ လောင်းတော့တာပဲ။ ကျွန်တော့်တစ်ကိုယ်လုံး အကြောတွေ ဆွဲကုန်တာပေါ့။ ကိုယ့်နှလုံးခုန်သံကိုတောင် တဒုန်းဒုန်းနဲ့ ကြားရတယ်။ ကျွန်တော် သေတော့မယ်လို့ပဲ ထင်လိုက်တာ။ ကျွန်တော့်ကို မနက် ၂ နာရီအထိ ဆက်ပြီး နှိပ်စက်ကြတယ်။

နောက်နေ့ကျတော့ ရဲတွေက ကျွန်တော့်ကို လျှို့ဝှက်စစ်ကြောရေးနေရာတစ်ခုဆီ ခေါ်သွားတယ်။ အထဲကို ဝင်လိုက်တာနဲ့ နေရာတိုင်းမှာ သွေးကွက်တွေချည်းပဲ မြင်ရတယ်။ ကြောက်စရာကြီးပါ။ ကျွန်တော့်ကို အဲဒီနေရာမှာ သေအောင်လုပ်ကြတော့မလားဆိုပြီး တွေးရင်းနဲ့၊ တကယ်ကို ကြောက်သွားတယ်။ အဲဒီအချိန်မှာတင် ရဲတစ်ယောက်က ဘာမပြောညာမပြောနဲ့၊ ကျွန်တော့်လက်နှစ်ဖက်ကို ဆွဲပြီး၊ သံကုလားထိုင်တစ်ခုမှာ ဖက်ထားခိုင်းတယ်။ ပြီးတော့ ကျွန်တော့်ကိုရော ခုံကိုရော ကြမ်းပြင်ပေါ် တွန်းချလိုက်တယ်။ လက်ထိတ်ခတ်ထားတဲ့ လက်ကောက်ဝတ်တွေမှာက ဟက်တက်ကွဲနေတဲ့ ဒဏ်ရာတွေ ရှိနေပြီးသား။ အဲဒီကနေ သွေးက တစိမ့်စိမ့်ထွက်နေတာ။ လက်နှစ်ဖက်ကလည်း ပူဖောင်းတွေလို ဖောင်းကားနေတာ။ ကြမ်းပြင်ပေါ် ဆောင့်တွန်းခံရတဲ့အချိန်မှာ သေမတတ်နာတာပါ။ ကျွန်တော် တတ်နိုင်တာဆိုလို့ ဘုရားသခင်ဆီ အကြိမ်ကြိမ် ဆုတောင်းတာပဲရှိတယ်။ နောက်တော့ ရဲတွေက အသင်းတော်ကို လုပ်ကြံပြောထားတဲ့ အလိမ်အညာတွေကို တောက်လျှောက်ရွတ်ပြတယ်။ ဒီအလိမ်အညာတွေကို ကြားရတော့၊ ကျွန်တော်လည်း မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်လာတာပေါ့။ ကျွန်တော် ထုတ်ပြောဦးမှာမဟုတ်ဘူးဆိုတာကို မြင်တော့၊ ရဲတစ်ယောက်က စိတ်တိုပြီး ကျင်စက်ကို ယူလိုက်တယ်။ ပြီးတော့ ကျွန်တော့်တစ်ကိုယ်လုံးကို၊ မျက်နှာရော ပါးစပ်ပါမကျန် လိုက်တို့တော့တာပဲ။ အပြာရောင် မီးက တဖျပ်ဖျပ်နဲ့ ကျွန်တော် မျက်လုံးကို မဖွင့်ရဲဘူး။ ဒါပေမဲ့ ကျင်စက်က တဖြောက်ဖြောက်မြည်သံကို ကြားတယ်၊ ကျွန်တော့်အသား မီးကျွမ်းတဲ့အနံ့ကို ရတယ်။ အဲဒီအချိန်မှာတင် ရဲတစ်ယောက်က စိတ်လွတ်သလို ဖြစ်သွားပုံရတယ်။ သူက ပလတ်စတစ်အိတ်တစ်လုံး ယူပြီး၊ ကျွန်တော့်ခေါင်းကို စွပ်လိုက်တာဗျ။ ကျွန်တော် အသက်ရှူကျပ်သလို ဖြစ်တော့မှပဲ ပြန်ချွတ်ပေးတယ်။ နောက်တစ်ယောက်ကျတော့ ကျွန်တော့်ခန္ဓာကိုယ်အောက်ပိုင်းကို ရက်ရက်စက်စက် ကန်လာတယ်။ အဲဒီအချိန်မှာ နောက်တစ်ယောက်ကလည်း တစ်လက်မခွဲလောက်ရှိတဲ့ သစ်သားတုတ် တစ်ချောင်းနဲ့၊ ကျွန်တော့်ကို စရိုက်ရော။ အဲဒီတစ်ချိန်လုံးလည်း ဒေါသတွေနဲ့ အော်ဟစ်နေကြတာ၊ “ငါတို့ဆီမှာ နှိပ်စက်တဲ့ပစ္စည်းပေါင်း တစ်ရာကျော်ရှိတယ်။ မင်းကို တစ်ခုချင်း နှိပ်စက်ပြမယ်။ ဒီမှာ သေတဲ့လူတိုင်းကို တွင်းထဲ ပစ်ချလိုက်တာပဲ။ ဘာပြဿနာမှမရှိဘူး။ မင်းက လုံးဝ ထုတ်မပြောဘူးဆိုရင်၊ ထောင်ရှစ်နှစ်ကနေ ဆယ်နှစ်အထိ ကျမှာပဲ။ အရိုက်ခံရလို့ မသန်စွမ်းဖြစ်သွားရင်တောင်၊ ထောင်ကတော့ ကျဦးမှာပဲ။ ထောင်က လွတ်တယ်ဆိုလည်း၊ ကျန်တဲ့တစ်ဘဝလုံး နေပျော်တော့မှာ မဟုတ်ဘူးနော်” ဆိုတာမျိုးတွေပေါ့။ ဒါကို ကြားတော့ ကျွန်တော်လည်း တော်တော် စိုးရိမ်ပြီး၊ စဉ်းစားတယ်၊ “သေကောင်ပေါင်းလဲ အရိုက်ခံရလို့ မသန်စွမ်းဖြစ်သွားရင်၊ ငါ့ဘဝကို ဘယ်လိုရှေ့ဆက်မလဲ။ ငါ့ကွန်ပျူတာထဲက အချက်အလက်တွေအားလုံး ရထားပြီလို့ အဲဒီရဲတွေက ပြောတယ်။ ဒီတော့ ငါ မပြောဘူးဆိုလည်း၊ သူတို့က တခြားသူတွေကို သွားဖမ်းတဲ့အခါ၊ ငါက ဖော်ကောင်လုပ်တာလို့ ပြောမှာပဲ။ အသင်းတော်ထဲက အယောက်တိုင်းလည်း ငါ့ကို မုန်းကုန်ကြမှာပဲ။ ငါ့မျက်နှာလည်း ပြနိုင်တော့မှာမဟုတ်ဘူး” ပေါ့။ ရဲတွေ ခဏနားတဲ့အချိန်ရောက်တော့၊ ကျွန်တော့်မျက်နှာတစ်ခုလုံး ဆိုးဆိုးဝါးဝါး ဖူးရောင်နေတာကို ခံစားမိတယ်။ မျက်လုံးတွေလည်း ရောင်ကိုင်းပြီး ပိတ်သလိုဖြစ်နေတော့၊ ဘာမှ မမြင်ရသလောက်ပဲ။ လက်ကောက်ဝတ်တွေမှာ သွေးက စိမ့်ထွက်နေတယ်။ တစ်ကိုယ်လုံးမှာလည်း မီးကျွမ်းထားတာချည်းပဲ။ နှလုံးခုန်သံ နှေးလာတဲ့အပြင်၊ အသက်ကို မနည်းရှူနေရမှန်းလည်း သိတယ်။ ကျွန်တော် သေရတော့မယ်ပေါ့။ အဲဒီအချိန်မှာပဲ အရာရှိတစ်ယောက်က ပြောတယ်၊ ကွန်ပျူတာကျွမ်းကျင်သူ ရောက်လာလို့၊ ကျွန်တော့်ကွန်ပျူတာထဲကဟာတွေအားလုံးကို ဝင်လို့ရသွားပြီပေါ့။ ကျွန်တော်လည်း ရုတ်တရက် ကြောက်စိတ်တွေ ဖြစ်လာတယ်။ စိတ်ထဲမှာလည်း၊ “သွားပြီ။ အဲဒီကွန်ပျူတာထဲမှာ ခေါင်းဆောင်တွေနဲ့ အကျိုးဆောင်တွေရဲ့ အချက်အလက်တွေ ရှိတယ်။ အသင်းတော်အဖွဲ့ဝင်စာရင်းနဲ့ အသင်းတော်ငွေစာရင်းလည်း ပါတယ်” ဆိုပြီး တွေးလိုက်တယ်။ ကျွန်တော်လည်း ချောက်ချားသလိုဖြစ်ပြီး၊ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အဲဒီညနေမှာ ရဲတွေက အခန်းထဲမှာ သုံးချောင်းထောက်တစ်ခု ထောင်တယ်၊ ကျွန်တော့်ကိုလည်း လက်ပြန်ကြိုး တင်းတင်းတုပ်ပြီး၊ အဲဒီသုံးချောင်းထောက်မှာ တန်းလန်းဆွဲထားကြတယ်။ ကျွန်တော်က ကြမ်းပြင်နဲ့ နှစ်ပေလောက်အကွာမှာ တွဲလောင်းဖြစ်နေတာပေါ့။ သူတို့က ကျွန်တော့်ကို ဟိုဘက်ဒီဘက် လွှဲနေကြသေးတာ။ သူတို့တစ်ခါလွှဲလိုက်တိုင်း ကျွန်တော့်လက်တွေက သေမတတ်နာတယ်၊ ချွေးသီးကြီးတွေက မျက်နှာကနေ တလိမ့်လိမ့်ကျလာတာ။ အဲဒီအချိန်မှာပဲ ဟိုရဲတစ်ယောက် ပြောဖူးတာကို စဉ်းစားမိတယ်၊ ကျွန်တော့်ကို ရိုက်လို့ သေသွားလည်း ပြဿနာမရှိဘူး၊ မသန်စွမ်း ဖြစ်သွားရင်တောင် ထောင်ကျဦးမှာပဲဆိုတာလေ။ အဲဒီလို အဖြစ်မခံနိုင်ဘူးလို့ ခံစားမိလာတယ်။ စဉ်းလည်း စဉ်းစားတယ်၊ “ငါ ဒီမှာ သေသွားရင်ကော၊ ငါ့အသက် ၃ဝ ပဲရှိသေးတယ်။ အရိုက်ခံရပြီး သေသွားရင်၊ အလကားပဲ။ မသန်စွမ်းဖြစ်သွားလို့ အလုပ်မလုပ်နိုင်ဘူးဆိုရင်လည်း၊ ငါ ဘယ်လို အသက်ဆက်မလဲ။ သူတို့က ငါ့ကွန်ပျူတာကနေ အကုန်လုံးရသွားပြီဆိုတော့၊ ငါ ဝန်ခံခံ မခံခံ ဘာမှမထူးဘူး။ ငါ သူတို့ကို နည်းနည်းလေး ပြောပြလိုက်ရင်၊ ငါ့ကို သေအောင် လုပ်ချင်မှ လုပ်လိမ့်မယ်” ပေါ့။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိပြန်ရော၊ “ငါ အဲဒီလို လုပ်လို့မဖြစ်ဘူး။ ယုဒလို ဖြစ်သွားမှာပေါ့” စိတ်ထဲမှာ ဒီအတိုင်း ဆက်ပြီးအငြင်းအခုံဖြစ်နေတယ်။ ယုဒလို ဖြစ်မယ့်အစား အသေခံလိုက်မယ်ဆိုပြီး ဘုရားဆီ ဆုတောင်းဖူးပေမဲ့၊ အချိန်ကြာလာလေ နာကျင်တာတွေက ပိုဆိုးလာလေပဲ။ အဲဒီနေ့ မနက် ၂ နာရီ၊ ၃ နာရီလောက်ကျတော့၊ ရဲတွေ နှိပ်စက်တာကို ကျွန်တော် တကယ် ဆက်မခံနိုင်တော့ဘူး။ လူက လုံးဝ ပြိုဆင်းသွားတယ်။ အသင်းတော်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပေးမယ်လို့ သဘောတူလိုက်တယ်။ အဲဒီတော့မှ ကျွန်တော့်ကို အောက်ပြန်ချပေးတယ်။ ကြမ်းပြင်ပေါ် ပြန်ရောက်တော့၊ လုံးဝ မလှုပ်နိုင်ဘူး၊ အဲဒီအတိုင်းပဲ လဲနေတာ။ လက်တွေက ထိလို့ထိမှန်း မသိတော့ဘူး။ ဧည့်ခံရေးအိမ် နှစ်အိမ်ရဲ့ တိုက်ခန်းနံပါတ်တွေ၊ အလွှာတွေကို ရဲတွေက အတည်ပြုခိုင်းတယ်။ ကျွန်တော်လည်း ဟုတ်ကြောင်း ဝန်ခံရတာပေါ့။ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်မိတဲ့ အဲဒီအချိန်မှာ ကျွန်တော့်စိတ်က ဘာမှကို မသိတော့ဘူး။ အယောင်ယောင်အမှားမှားတွေ ဖြစ်နေတာ။ ဆိုးဆိုးဝါးဝါးတွေ ဖြစ်တော့မယ်လို့ပဲ ထင်မိတယ်။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေက ခေါင်းထဲ ဝင်လာတယ်၊ “ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည်မဟုတ်၊” ဘုရားကို ကျွန်တော် သစ္စာဖောက်မိပြီ၊ သူ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီဆိုတာကို အရှင်းဆုံး သိလိုက်တယ်။ ကိုယ်တော်က ကျွန်တော့်ကို ထပ်ပြီး ခွင့်လွှတ်တော့မှာ မဟုတ်ဘူးပေါ့။ ရင်ထဲမှာ တကယ်ကို နာကျင်တဲ့အပြင်၊ ကိုယ့်ကိုယ်ကိုယ်လည်း လုံးလုံး မုန်းမိတယ်။ “ငါ ဘာလို့ သူတို့ကို သစ္စာဖောက်မိတာလဲ၊ ငါသာ အားတင်းပြီးတော့ နည်းနည်းပိုပြီး တောင့်ခံလိုက်မယ်ဆိုရင်၊ အဆင်ပြေချင် ပြေသွားမှာ” ဆိုပြီး တွေးမိတယ်။ ကျွန်တော်လည်း အပြစ်စိတ်ရော နောင်တရော ရလို့မဆုံးတော့ဘူး။ အဲဒီနောက်ပိုင်း ရဲတွေက ဘယ်လိုပဲကြိုးစားကြိုးစား၊ ကျွန်တော် ဘာမှမပြောတော့ဘူး။ ဘုရားနဲ့ ကိုယ့်ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်မိတာ၊ ယုဒလို အဖြစ်မျိုးရောက်တာ၊ ခွင့်မလွှတ်နိုင်စရာမျိုး လုပ်မိတာတွေကို နောက်ပိုင်းမှာ စဉ်းစားမိတိုင်း၊ တော်တော်ကို စိတ်ဒုက္ခရောက်ရပါတယ်။ ကျွန်တော့်ယုံကြည်ခြင်းလမ်းကြောင်းက အဆုံးသတ်သွားပြီလို့ပဲ ခံစားခဲ့ရတယ်။ သေမိန့်ကျသွားသလိုမျိုးပဲ။ ကျွန်တော့်အနေနဲ့ ထောင်ထဲမှာပဲ အချိန်မရွေး သေသွားနိုင်တယ်ပေါ့။

နောက်တော့ မမျှော်လင့်တာတစ်ခု ဖြစ်လာတယ်။ ကျွန်တော် အဖမ်းခံရပြီး လေးရက်မြောက်နေ့၊ မနက် ၅ နာရီကျော်ကျော်လောက်ပေါ့။ စောင့်နေတဲ့ ရဲတွေလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတယ်။ ကျွန်တော်က ချည်ထားတဲ့ကြိုးကို တိတ်တိတ်လေး ဖြေပြီး၊ ပြတင်းပေါက်ကနေ ခုန်ချလိုက်တယ်။ တော်တော် ခက်ခက်ခဲခဲကြိုးစားပြီးတော့မှ၊ ညီအစ်ကိုတစ်ယောက်ရဲ့အိမ်ကို ရောက်သွားတယ်။ အသင်းတော်ခေါင်းဆောင်ဆီကိုလည်း ချက်ချင်း စာရေးပြီး ပြောတယ်၊ အိမ်ရှင်နှစ်ယောက်အကြောင်း ကျွန်တော် သတင်းပေးလိုက်တာတွေ၊ သူတို့အနေနဲ့ ချက်ချင်း သတိထားဖို့လိုတာကို ပြောပေးဖို့တွေပေါ့။ နောက်တော့ ခေါင်းဆောင်က ကျွန်တော့်ကို လုံခြုံတဲ့နေရာတစ်ခုမှာ တည်းဖို့ စီစဉ်ပေးတယ်။ ကိုယ့်ကို စွန့်စားပြီး လက်ခံချင်တဲ့ နောက်ထပ် အသင်းတော်ဝင်တစ်ယောက်ကို မြင်ရတော့၊ ကျွန်တော့်ရင်ထဲမှာ မကောင်းဘူး။ ကျွန်တော်က ဘုရားသခင်နဲ့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ထားတာလေ။ ကျွန်တော်က ယုဒလို ဖြစ်နေပြီ။ ကျွန်တော့်ကို ဘယ်သူကမှ လက်မခံသင့်တော့ဘူး။ ကိုယ့်မျက်နှာကို တခြားညီအစ်ကိုမောင်နှမတွေဆီ ပြလို့မရတော့ဘူးလေ။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်၊ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှုမရှိခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာမှုပေးတော့မည်မဟုတ်၊ ငါ၏ သနားကြင်နာမှုသည် ယခုအထိသာ အကျုံးဝင်ကြောင်းကို ငါရှင်းလင်းစေမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ သူတို့မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် သာ၍ပင် ငါပတ်သက်ဆက်နွှယ်လိုခြင်းမရှိ။ သူသည် မည်သူဖြစ်စေ ဤသည်မှာ ငါ၏စိတ်နေသဘောထားပင် ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည်မဟုတ်၊ ထို့ပြင် ငါ့အပေါ်သစ္စာရှိလာသောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရတည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဒီစကားတွေက ကျွန်တော့်ကို အရင်းကနေ ကိုင်လှုပ်လိုက်သလိုမျိုးပဲ။ စကားလုံးတိုင်းက နာကျင်လောက်အောင် ထိုးနှက်တာပါ။ ဆင်းရဲဒုက္ခတွေအတွင်းမှာ ဘုရားကို သစ္စာမဲ့တဲ့ အဲဒီလိုလူဟာ ကျွန်တော်ပဲလေ။ ဘုရားကို သစ္စာဖောက်ပြီး ကိုယ့်မိတ်ဆွေတွေရဲ့အကျိုးကို မျက်နှာလွှဲခဲပစ်လုပ်ခဲ့တဲ့ အဲဒီလိုလူဟာ ကျွန်တော်ပဲ။ ဘုရားရဲ့စိတ်နှလုံးကို ကွဲကျေစေတဲ့ အဲဒီလိုလူဟာ ကျွန်တော်ပဲ။ ကျွန်တော်က သတ္တိမရှိခဲ့တဲ့ကောင်ပါ။ ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း သစ္စာဖောက်ခဲ့တယ်။ ဘုရားရဲ့စိတ်သဘောထားကိုလည်း ပြင်းပြင်းထန်ထန် ပုန်ကန်ပြစ်မှားခဲ့တယ်။ ကျွန်တော်က ဘုရားရဲ့သက်ညှာမှုကို လုံးဝ ထပ်ရတော့မှာမဟုတ်ဘူး။ ဘုရားရဲ့ အပြစ်ဒဏ်ပေးမှုကိုပဲ သေချာပေါက် ရတော့မယ်။ အဲဒါကို တွေးမိလေလေ ပိုပြီး ဝမ်းနည်းမိလေပါပဲ။ မျက်ရည်တွေလည်း မထိန်းနိုင်တော့ဘူး။

တစ်ရက်နှစ်ရက်လောက်ကြာတော့၊ ကျွန်တော် သတင်းပေးလိုက်မိတဲ့ အိမ်တစ်အိမ်က အစ်မကြီးတစ်ယောက် အဖမ်းခံရပြီး၊ သူ့အိမ်လည်း ရှာဖွေခံရတယ်လို့ ကြားတယ်။ သူက ကျွန်တော့်ကို စွန့်စွန့်စားစားနဲ့ လက်ခံပြီး စောင့်ရှောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ကို သစ္စာဖောက်မိပြီလေ။ စီစီပီက ခရစ်ယာန်တွေအပေါ် ဘယ်လောက်ရက်စက်မှန်း ကျွန်တော် ကောင်းကောင်း သိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အနှိပ်စက်ခံခဲ့ရပြီးပြီ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်အသက် မသေအောင်၊ အဲဒီအစ်မကို နတ်ဆိုးတွေလက်ထဲ အပ်လိုက်တာပဲ။ တကယ်ကို ယုတ်မာတဲ့လုပ်ရပ်ပါ။ ကိုယ့်မျက်နှာကိုယ် လေးငါးချက်လောက် ခပ်ပြင်းပြင်း ရိုက်လိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘုရားရှေ့ ဝပ်စင်းပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကိုရော ညီအစ်ကိုမောင်နှမတွေကိုရော ကျွန်တော် သစ္စာဖောက်မိပါပြီ။ ကျွန်တော်က လူသားတောင် မဟုတ်တော့ပါဘူး။ မရှင်သန်ထိုက်ပါဘူး။ ကျိန်ဆဲခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရသင့်ပါတယ်။ ကျွန်တော် သေဆုံးရရင်တောင် ကိုယ်တော့်ဖြောင့်မတ်ခြင်းပဲ ဖြစ်ပါလိမ့်မယ်” ပေါ့။ ကျွန်တော့်အတွက် ငြိမ်းချမ်းမှုဆိုတာ လုံးဝ ရှာမတွေ့နိုင်ခဲ့ဘူး။ အမြဲတမ်း စိတ်ဆင်းရဲခဲ့ရတယ်။ ညဆို အိပ်မက်ဆိုးတွေနဲ့ မကြာမကြာ လန့်နိုးလာတယ်။ အမြဲတမ်းလည်း စဉ်းစားမိနေတယ်၊ “ငါက ဘယ်လိုလုပ် ဘုရားကို သစ္စာဖောက်ပြီး၊ ယုဒတစ်ယောက် ဖြစ်လာတာလဲ။ ယုံကြည်လာတဲ့နှစ်တွေတစ်လျှောက်လုံး ငါက ဘုရားအတွက် ကိုယ့်မိသားစုရော အလုပ်ကိုပါ စွန့်လွှတ်ခဲ့တာပါ။ ငါ့တာဝန်က ဘယ်လောက် အန္တရာယ်များများ၊ လုံးဝ အရှုံးပေးခဲ့တာမဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီး ငါက ညတွင်းချင်းပဲ ဘုရားကို သစ္စာဖောက်ပြီး ယုဒတစ်ယောက် ဖြစ်သွားတာလဲ။ ငါ ဘာလို့ အဲဒီလိုလုပ်ခဲ့တာလဲ” ပေါ့။ အဖမ်းခံရပြီးပြီးချင်းတော့ ကျွန်တော်က သက်သေရပ်တည်ချင်သေးတယ်။ ဒါပေမဲ့ ရက်ရက်စက်စက် နှိပ်စက်ခံရပြီး အသက်အန္တရာယ် ရှိလာချိန်မှာ၊ ကြောက်စိတ်နဲ့ နောက်တွန့်သွားတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်သူတွေကို သတ်ပစ်လည်း သူတို့က အပြစ်ပေးမခံရဘူး၊ ကျွန်တော် မသန်စွမ်းဖြစ်သွားရင်တောင်၊ ထောင်ကျဦးမှာပဲဆိုပြီး ရဲတွေ ပြောတာကို ကြားမိတော့လည်း၊ မသန်စွမ်းဖြစ်သွားရင် ကိုယ့်ဘဝကို ဘယ်လိုနေထိုင်မလဲဆိုပြီး၊ ကျွန်တော် ပူပန်ခဲ့တာပါ။ ကိုယ့်အသက်က ၃ဝ ပဲရှိသေးတော့၊ သေသွားခဲ့ရင် အလကားဖြစ်မယ်ပေါ့။ သူတို့က ကျွန်တော့်ကွန်ပျူတာရဲ့စကားဝှက်ကို ဖော်လို့ရပြီတို့၊ အသင်းတော်ရဲ့အချက်အလက် အားလုံးကို အဲဒီကနေ ရလိုက်ပြီတို့ ပြောလာတော့လည်း၊ စိတ်ထဲမှာ အရှုံးပေးလိုက်တယ်။ ကျွန်တော်က ဝန်ခံခံ မခံခံ၊ ဘာမှမထူးဘူးလို့ ထင်မိတယ်။ သူတို့ကို နည်းနည်းလောက် ပြောလိုက်တာကမှ ကိုယ့်အသက်ကို ကယ်နိုင်မယ်ပေါ့။ ကျွန်တော်က ဂုဏ်သိက္ခာမဲ့ပြီး၊ ယုဒတစ်ယောက် ဖြစ်လာခဲ့တာပါ။ ဘုရားသခင်ကို ကျွန်တော် သစ္စာဖောက်မိတဲ့ အဓိကအကြောင်းရင်းက၊ ကိုယ့်အသက်ကိုပဲ ကယ်ချင်လွန်းတာ၊ ကိုယ့်ဘဝကိုပဲ တန်ဖိုးထားလွန်းတာတွေကြောင့်ဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော်က ဒုက္ခဆင်းရဲခံနိုင်တယ်၊ ဘုရားအတွက် မြှုပ်နှံထားတယ်ဆိုပြီး ထင်ခဲ့ဖူးတယ်လေ။ ကျွန်တော့်လိုလူမျိုးက ဘုရားကို ဘယ်တော့မှ သစ္စာမဖောက်ဘူးပေါ့။ ဒါပေမဲ့ အဖမ်းခံရ၊ နှိပ်စက်ခံရချိန်လည်း ရောက်ရော၊ ကျွန်တော့်အခြေအနေအမှန်က ပေါ်သွားတယ်။ ကျွန်တော့်မှာ သမ္မာတရားရဲ့စစ်မှန်မှုရော၊ ဘုရားကို အစစ်အမှန်ယုံကြည်ခြင်းရော လုံးဝ မရှိဘူးဆိုတာ၊ အဲဒီအချိန်မှာ မြင်သွားတယ်။ စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခကို ကြုံရပြီ၊ ကိုယ့်အသက်အန္တရာယ် ဖြစ်ပြီဆိုရင်၊ ကျွန်တော်က ဘုရားကို အချိန်မရွေး ခုခံပြီး သစ္စာဖောက်တတ်နေတယ်။ ကျွန်တော်လည်း သေမှာကိုကြောက်တတ်တဲ့ ကိုယ့်ပြဿနာကို ဖြေရှင်းဖို့ဆိုပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို လိုက်ဖတ်ကြည့်တယ်။ ဒါကို ကျွန်တော် ဖတ်မိပါတယ်၊ “လူသားတစ်ရပ်လုံးတွင် အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူသည် မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်မှ ကြိုတင်ပြဋ္ဌာန်းထားခြင်းအလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်နှင့်သေခြင်းသည် သူကိုယ်တိုင်၏ရွေးချယ်ချက်ဖြင့် ဖြစ်ပေါ်သလော။ လူသားသည် သူကိုယ်တိုင်၏ကံကြမ္မာကို ချုပ်ကိုင်ထားသလော။ များစွာသောလူတို့သည် သေမင်းကို အော်ခေါ်ကြသော်လည်း ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် သန်စွမ်း၍ သေခြင်းကို ကြောက်ရွံ့သူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေမင်း၏ အသူတစ်ရာနက်သော ချောက်အတွင်းသို့ တွန်းချနေလျက် ၎င်းတို့၏သေခြင်းသည် ၎င်းတို့မသိဘဲ ချဉ်းကပ်လာနေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) “လူတို့သည် ၎င်းတို့၏ဘဝကို ဆက်ကပ်ပူဇော်ရန် အဆင်သင့်ရှိသည့်အခါ အရာခပ်သိမ်းသည် မပြောပလောက်သော အရာများဖြစ်သွား၍ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရနိုင်ပေ။ မည်သည့်အရာသည် အသက်ထက် သာ၍အရေးကြီးနိုင်သနည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် သာ၍လုပ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းသည် လူသားနှင့် မည်သည့်အရာမျှ လုပ်၍ မရနိုင်ပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် ဇာတိပကတိသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်ဟု ဆိုထားသော်လည်း လူတို့သည် မိမိတို့ကိုယ်ကိုယ် စစ်မှန်စွာပေးဆပ်၍ စာတန်၏တွန်းအားပေးခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရပေ။...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ကျွန်တော်တို့ရဲ့ သေခြင်းရှင်ခြင်းအပါအဝင် အရာခပ်သိမ်းက ကိုယ်တော့်လက်ထဲမှာ ရှိတယ်ဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်တော် နားလည်မိတယ်။ ရိုက်နှက်ခံရပြီး မသန်စွမ်းပဲဖြစ်ဖြစ် ကျွန်တော် သေပြီဆိုရင်၊ ကျွန်တော့်အသက်တာက ဘယ်လိုပဲရှိရှိ၊ အားလုံးကို ဘုရားက ကြိုတင်ပြဋ္ဌာန်းတာပါ။ အရာအားလုံးက ဘုရားဆီကပဲ လာတယ်။ ကျွန်တော့်အနေနဲ့ သေသေရှင်ရှင်၊ ဘုရားရဲ့အစီအစဉ်တွေကိုပဲ နာခံသင့်တယ်။ ကျွန်တော်က စာတန်ကြောင့် သေဒဏ်စီရင်ခံရတယ်ဆိုရင်တောင်၊ ဘုရားအတွက် သက်သေရပ်တည်နိုင်တယ်ဆိုရင် အကျိုးရှိတဲ့ အဓိပ္ပာယ်ရှိတဲ့ သေခြင်းမျိုး ဖြစ်မှာပါ။ သခင်ယေရှု ပြောခဲ့တာကို ကျွန်တော် သတိရလိုက်တယ်၊ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၉:၂၄) သခင်ယေရှုရဲ့ တမန်တော်တွေ၊ တပည့်တော်တွေအကြောင်း ကျွန်တော် စဉ်းစားကြည့်တယ်။ သူတို့တွေတော်တော်များများက ဘုရားရဲ့ဧဝံဂေလိကို ဖြန့်ဝေဖို့၊ ဘုရားအလိုတော်ကို လုပ်ဆောင်ဖို့အတွက် အသက်သေခံခဲ့ကြတယ်။ သူတို့ရဲ့သေခြင်းတွေကို ဘုရားသခင်က အမှတ်ရတယ် သူတို့က ခန္ဓာကိုယ်အရ သေဆုံးပေမဲ့၊ သူတို့ဝိညာဉ်တွေက မသေဆုံးခဲ့ဘူး။ ဒါပေမဲ့ ဘုရားကို ကျွန်တော် သစ္စာဖောက်တာ၊ တခြားသူတွေကို ဖော်ကောင်လုပ်တာ၊ ယုဒလို ဖြစ်လာတာကျတော့ ထာဝရ အရှက်ရစရာပါ။ ကျွန်တော်က ရှင်လျက်နဲ့ သေနေသလိုမျိုးပဲ၊ ဝိညာဉ်မရှိတဲ့ အလောင်းကောင် လမ်းလျှောက်နေသလိုမျိုးပဲ။ ရဲတွေက အသင်းတော်ရဲ့အချက်အလက်တွေကို ရသွားပြီလို့ ယုံမိပြီး၊ ကိုယ့်ဝန်ခံချက်က ဘာမှမထူးတော့ဘူးလို့ ထင်ခဲ့မိတာကို ကျွန်တော် စဉ်းစားကြည့်တယ်။ ဒါပေမဲ့ ကျွန်တော် လုံးဝ မှားခဲ့တာပဲ။ အဆင်းနီတဲ့နဂါးကြီးက နှိပ်စက်တာကို ကျွန်တော် ခံနေရတဲ့အချိန်မှာ၊ ဘုရားသခင် ကြည့်ရှုတာက ကျွန်တော့်ရဲ့သဘောထားနဲ့ ကျွန်တော်က စာတန်ရှေ့မှာ သက်သေခံသလားဆိုတာတွေပဲ။ ရဲတွေက အချက်အလက်တွေကို တကယ် ရရ မရရ၊ ကျွန်တော့်အနေနဲ့ မပြောခဲ့သင့်ဘူး။ ကျွန်တော်က ရဲတွေကို ပြောလိုက်တယ်ဆိုတာ စာတန်ကို အလျှော့ပေးလိုက်တာပဲ။ ရှက်စရာကောင်းတဲ့ အစွန်းအထင်းတစ်ခုပဲ။ ကျွန်တော့်အနေနဲ့ သမ္မာတရားကို အားမထုတ်ခဲ့မိတာတွေ၊ ဘုရားအပေါ် စစ်မှန်တဲ့ယုံကြည်ခြင်း မရှိခဲ့တာတွေကို မုန်းမိတယ်။ ကိုယ့်အသက်ကို တပ်မက်လွန်းတာ၊ သိက္ခာသမာဓိ မဲ့ခဲ့တာတွေကို မုန်းမိတယ်။ အဲဒီနတ်ဆိုး၊ အဆင်းနီတဲ့နဂါးကြီးဆိုရင် ပိုပြီးတော့ မုန်းတီးမိတယ်။ သူက ဘုရားနဲ့ သမ္မာတရားကို အဆုံးစွန်ထိ မုန်းတော့၊ ကိုယ်တော် ရွေးကောက်ထားတဲ့သူတွေကို အသည်းအသန် လိုက်ဖမ်းပြီး နှိပ်စက်နေတာ။ ဘုရားကို ငြင်းပယ်ပြီး သစ္စာဖောက်အောင် လူတွေကို ဖိအားပေးတယ်။ လူတွေ ကယ်တင်ခံရမဲ့ အခွင့်အရေးတွေကိုလည်း ဖျက်ဆီးတယ်။ ကျွန်တော်က အဆင်းနီတဲ့နဂါးကြီးနဲ့ပတ်သက်သမျှကို လုံးဝ အဆက်ဖြတ်ဖို့၊ ဘုရားနောက် လိုက်လျှောက်ခြင်းမှာပဲ ကိုယ့်အသက်ကို စတေးခံဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ခါတော့ အောင်မြင်သူတွေရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်တဲ့ သက်သေခံချက်ဆောင်းပါးတွေကို ကျွန်တော် ဖတ်မိတယ်။ အဆင်းနီတဲ့နဂါးကြီး နှိပ်စက်တာတွေကို ခံနေရတဲ့အချိန်မှာ၊ သူတို့အားလုံးက စာတန်ကို အနိုင်ယူပြီး သက်သေရပ်တည်ဖို့အတွက်၊ ဘုရားနှုတ်ကပတ်တော်တွေကို အားကိုးခဲ့ကြတာပါ။ ကျွန်တော်လည်း ပိုပြီးတော့ ရှက်မိတယ်။ သူတို့လည်း ကျွန်တော့်လို နှိပ်စက်ခံယုံကြည်သူတွေပဲလေ။ ဒါဆို သူတို့က နာကျင်တာတွေကို ကြံ့ကြံ့ခံပြီး၊ ဘယ်လိုများ သက်သေရပ်တည်နိုင်ခဲ့တာလဲ။ ကျွန်တော်က သစ္စာဖောက်ယုဒတစ်ယောက် ဖြစ်လောက်အောင်၊ ဘာဖြစ်လို့ တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းလွန်းခဲ့တာလဲ။ ဘာလို့ အသက်ကို တပ်မက်လွန်းခဲ့တာလဲ။ ကျွန်တော် သစ္စာဖောက်ခဲ့တာက စာတန်အတွက် ပျော်စရာဖြစ်သွားတယ်ဆိုတာကို တွေးမိလိုက်ရင်၊ ရင်ကို ဓားနဲ့ထိုးခံရသလိုပါပဲ။ အရမ်းကို နာကျင်ခဲ့ရတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်မလွှတ်နိုင်ခဲ့ဘူး။ တကယ်ကို အပျက်သဘော ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ဘုရားရဲ့ ဒီ နှုတ်ကပတ်တော်တွေကို ဖတ်မိတာပါ၊ “လူအများစုသည် အပြစ်များ ကျူးလွန်ခဲ့ကြလေပြီ၊ ဥပမာအားဖြင့်၊ အချို့သည် ဘုရားသခင်ကို အစဉ် ခုခံခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်၍ စောဒကတက်သည့် စကားများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အခြားသူများသည် အသင်းတော်ကို ဆန့်ကျင်ပြုမူခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ကို ဆုံးရှုံးမှုဖြစ်စေသည့် အရာများ လုပ်ဆောင်ခဲ့ကြလေသည်။ ဤလူတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့၏ ရလဒ်များကို ၎င်းတို၏ သဘာဝဗီဇနှင့် မရမကလုပ်ဆောင်သော အပြုအမူအရ အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။... ဘုရားသခင်သည် လူအသီးသီးကို ထိုအချိန်က ပတ်ဝန်းကျင်နှင့် ဆက်စပ်အကြောင်းအရာ၊ တကယ့် အခြေအနေ၊ လူတို့၏ လုပ်ရပ်များ၊ ပြီးလျှင် ၎င်းတို့၏ အပြုအမူနှင့် ထုတ်ဖော်ပြသမှုများအရ ကိုင်တွယ်ဖြေရှင်း၏။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားအပေါ် ဘုရားသခင်၏ ဆက်ဆံခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်း”) အဲဒီနောက်မှာ တရားဟောချက်တစ်ခုကနေ ဒါကိုလည်း ဖတ်မိတယ်၊ “ဖမ်းဆီးခံရပြီးနောက်မှာ အားနည်းပျော့ညံ့မှုကြောင့် အနည်းငယ် သစ္စာဖောက်တတ်တဲ့ လူတချို့ ရှိတယ်။ သူတို့တွေက စာတန်အတွက် အစေခံတာတော့ မဟုတ်ဘူး။ သူတို့စိတ်နှလုံးတွေမှာ ဘုရားကို ယုံကြည်နေတုန်းဖြစ်သလို၊ ဘုရားဆီမှာလည်း ဆုတောင်းနေကြတုန်းပဲ။ သူတို့တွေ နည်းနည်း သစ္စာဖောက်တတ်တဲ့ အကြောင်းရင်းက၊ သူတို့ဟာ ဝိညာဉ်အသက်တာမှာ သိပ်ပြီး မရင့်ကျက်သေးသလို၊ သူတို့ရဲ့ဇာတိပကတိကလည်း ပျော့ညံ့လွန်းတယ်။ ဒါပေမဲ့ သူတို့က လုံးလုံး သစ္စာဖောက်တာမျိုး၊ စာတန်အတွက် အစေခံတာမျိုးတော့ မဟုတ်ဘူး။ ဒါဟာ သူတို့တွေ သက်သေရပ်တည်ထားတဲ့ ပမာဏနဲ့ ညီမျှတယ်။ ဖမ်းဆီးခံရတာနဲ့တစ်ပြိုင်နက်၊ အသင်းတော်နဲ့ ညီအစ်ကိုမောင်နှမတွေကို လုံးလုံး သစ္စာဖောက်သူတွေ၊ ညီအစ်ကိုမောင်နှမတွေကို စောင့်ကြည့်ဖမ်းဆီးဖို့အတွက်၊ အဆင်းနီတဲ့နဂါးကြီးနဲ့ ပူးပေါင်းဆောင်ရွက်သူတွေ၊ ဘုရားသခင်ကို နောက်ထပ် မယုံကြည်တော့ပါဆိုတဲ့ ဝန်ခံကတိတွေကိုတောင် လက်မှတ်ထိုးသူတွေ၊ ဒီလိုလူတွေကတော့ လုံးလုံး ဖယ်ရှင်းခံရမှာဖြစ်တဲ့အပြင်၊ ဘုရားရဲ့ ကျိန်ဆဲခြင်းကို မုချ ခံကြရတယ်။... ဟိုအရင်ကတော့ ထောင်ကျခံရစဉ်မှာ၊ အားနည်းပျော့ညံ့မှုကြောင့် အနည်းငယ် သစ္စာဖောက်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတချို့ ရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာ တဒင်္ဂအသိတရားကြောင့် သူတို့လည်း နောင်တကြီးစွာ ရခဲ့ကြတယ်။ ဝမ်းနည်းငိုကြွေးပြီး၊ ကိုယ့်ကိုယ်ကိုယ် ရွံရှာသွားကြတယ်။ သူတို့ကို အပြစ်ဒဏ်ပေးဖို့ ဘုရားသခင်ရှေ့မှောက် သစ္စာကတိ ပြုခဲ့ကြတယ်။ ဘုရား ကျေနပ်စေမဲ့ ကောင်းမွန်တဲ့သက်သေခံချက်ကို ခံယူခွင့် ရနိုင်ကြအောင်ဆိုပြီး၊ သူတို့ကို အခြေအနေဆိုးတွေနဲ့ နောက်တစ်ခါ ကြုံခွင့်ပေးဖို့၊ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့ကြတယ်။ သူတို့တွေဟာ ဘုရားသခင်ကို အဲဒီလိုပုံစံအတိုင်း မကြာခဏ ဆုတောင်းခဲ့ကြတော့၊ နောက်ဆုံးမှာ သမ္မာတရားကို အားထုတ်နိုင်လာကြသလို၊ သူတို့တာဝန်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ဆောင်နိုင်လာခဲ့ကြတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကိုတောင် ပိုင်ဆိုင်လာခဲ့ကြတယ်။ အဲဒီလိုလူတွေဟာ အမှန်တကယ် နောင်တရခဲ့ကြတာ ဖြစ်သလို၊ ရိုးသားသူတွေ ဖြစ်တယ်။ ဘုရားက သူတို့အပေါ် သနားကရုဏာရှိပါလိမ့်မယ်။” (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ) ဒီစကားတွေကြောင့် ကျွန်တော် တကယ် စိတ်လှုပ်ရှားသွားတယ်။ ငိုနေတာကိုလည်း မရပ်နိုင်ခဲ့ဘူး။ လူတစ်ယောက်အပေါ် ဘုရားရဲ့ စိစစ်သတ်မှတ်မှုဆိုတာ၊ အဲဒီလူ ပြုတဲ့ ပြစ်မှားမှုတွေရဲ့အတိုင်းအတာနဲ့ နောက်ခံအကြောင်းရင်း၊ ပြီးတော့ သူဟာ အမှန်တကယ် နောင်တရရဲ့လားဆိုတာတွေကို အခြေခံတာပါ။ ကိုယ်တော်က ပြစ်မှားမှုတစ်ခုတည်းအပေါ် အခြေခံပြီး၊ လူတွေရဲ့အဆုံးသတ်ကို မဆုံးဖြတ်ပါဘူး။ ဘုရားရဲ့စိတ်သဘောထားက ဘယ်လောက် ဖြောင့်မတ်တယ် ဆိုတာကို မြင်ခဲ့ရတယ်။ သူ့ရဲ့ဖြောင့်မတ်ခြင်းဆိုတာ လူတွေအတွက် တရားစီရင်မှုရော သနားကရုဏာရော ပါဝင်မှန်း၊ ကျွန်တော် မြင်ခဲ့တယ်။ ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ခြင်းဆိုတဲ့ ကြီးလေးတဲ့ ပြစ်မှားခြင်းတစ်ခုကို ကျွန်တော်က ကျူးလွန်ခဲ့တာပါ။ ဒါပေမဲ့ ဘုရားက ကျွန်တော့်ကို မဖယ်ရှားပစ်ခဲ့ဘူး။ နောင်တရခွင့်ကို ပေးခဲ့တယ်။ ကျွန်တော့်ကို အသိဉာဏ်ပေး လမ်းပြခဲ့တဲ့အပြင်၊ သူ့အလိုတော်ကိုလည်း နားလည်ခွင့်ပေးခဲ့တယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ဦးချင်း တစ်ယောက်ချင်းစီအတွက်၊ အကြီးမားဆုံး ကယ်တင်ခြင်းကို ယူဆောင်ပေးတယ်၊ စေတနာကြီးမားလွန်းတယ်ဆိုတာတွေကို၊ ကျွန်တော် အမှန်တကယ် သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်နောင်တနဲ့ အပြစ်စိတ်ကတော့ ကြီးသွားတယ်။ ဘုရားကို အများကြီး ပြန်ပေးဆပ်ရမယ်လို့ ခံစားမိတယ်။ ရင်ထဲမှာလည်း ဆုံးဖြတ်လိုက်တယ်၊ “စီစီပီကြောင့် ငါ ထပ်ပြီး အဖမ်းခံရမယ်ဆိုရင်၊ ငါ့အသက်ကို စတေးဖို့အသင့်ပဲ။ ရဲတွေက သေတဲ့အထိ နှိပ်စက်ရင်တောင်၊ ငါက သက်သေရပ်တည်သွားမယ်။ စာတန်လည်း အရှက်ကွဲစေရမယ်” ပေါ့။

တစ်လနှစ်လလောက်ကြာတော့၊ အသင်းတော်က ကျွန်တော့်ကို နောက်ထပ်တာဝန်တစ်ခု ယူဖို့ စီစဉ်ပေးပါတယ်။ ကျွန်တော် တော်တော်ကို စိတ်လှုပ်ရှားသွားတယ်။ ဘုရားကို ကျွန်တော် သစ္စာဖောက်ခဲ့တာက သူ့အတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ကြီးလွန်းတဲ့ သည်းခံခြင်းတွေ၊ သနားကရုဏာတွေနဲ့၊ ကိုယ်တော်က ကျွန်တော့်ကို နောင်တရခွင့်ပေးတာပဲ။ ကိုယ်တော့်ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက်၊ အဲဒီအခွင့်အရေးကို တန်ဖိုးထားပြီးတော့၊ ကိုယ့်တာဝန်မှာ အစွမ်းကုန် လုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။

၂ဝ၁၂ ဒီဇင်ဘာလက ဘာမှမကြာလိုက်ပဲ ရောက်လာတယ်။ စီစီပီကလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖမ်းဆီးဖိနှိပ်ဖို့ နောက်ထပ် စစ်ဆင်ရေးကြီးတစ်ခု စတယ်။ သူတို့က ညီအစ်ကိုမောင်နှမတွေအများကြီးကို ဖမ်းဖို့၊ ဖုန်းကတစ်ဆင့် စောင့်ကြည့်တာတွေ၊ နောက်ယောင်ခံလိုက်တာတွေကို သုံးလာတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာပေါ့။ ကျွန်တော်နဲ့အတူ တာဝန်ယူတဲ့ ညီမနှစ်ယောက်က သူတို့ဖုန်းတွေ ကြားဖြတ်နားထောင်ခံရပြီး အဖမ်းခံလိုက်ရတယ်။ နောက် သိပ်မကြာခင်မှာ ခေါင်းဆောင်နှစ်ယောက် အဖမ်းခံရတယ်။ အဲဒါတွေကို ကြားရတော့၊ ကျွန်တော်လည်း တကယ် ကြောက်လန့်လာတယ်။ ကျွန်တော်လည်း စီစီပီရဲ့စောင့်ကြည့်မှုအောက်မှာ ရောက်နေဖို့များပြီ၊ အချိန်မရွေး အဖမ်းခံရနိုင်ပြီဆိုတာကို သိတယ်။ ထပ်အဖမ်းခံရတယ်ဆိုရင် ကျွန်တော် အသက်ရှင်ပါဦးမလားဆိုတာ၊ ဘယ်လိုမှ မသိနိုင်ဘူး။ အဲဒီအတွေးနဲ့ပဲ ကျွန်တော် တကယ် ကြောက်နေမိတယ်။ ဒါပေမဲ့ အရာအားလုံးက ဘုရားရဲ့ခွင့်ပြုချက်နဲ့ ဖြစ်ပျက်မှန်းလည်း၊ ကျွန်တော် သိတယ်။ ကျွန်တော်လည်း ဘုရားဆီ ဆုတောင်းတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်အပေါ် ကျရောက်မဲ့ဘေးကို မစဉ်းစားချင်တော့ပါဘူး၊ ကြုံလာတဲ့အရေးကို ဖြေရှင်းပြီး၊ ကိုယ့်တာဝန်ကိုပဲ အကောင်းဆုံး လုပ်ဆောင်ချင်ပါတယ်၊ ကျွန်တော် အဖမ်းခံရရင်တောင်၊ ကိုယ့်အသက် ဆုံးရှုံးချင် ဆုံးရှုံးပါစေ၊ စာတန် အရှက်ရအောင် သက်သေရပ်တည်ပါ့မယ်ပေါ့။ အဲဒီလိုဆုတောင်းပြီးတော့၊ ကျွန်တော် ပိုပြီး တည်ငြိမ်လာတယ်။ ပိုပြီး ငြိမ်းအေးသွားတယ်။ ပြီးတော့ အသင်းတော်ရဲ့အလုပ်ကိုလည်း သေသေချာချာ စီစဉ်လာတယ်။ ဘုရားကျေးဇူးတော်ပါပဲ။ နောက်တစ်လကျော်ကျော်လောက် ကြာတော့၊ အသင်းတော်ရဲ့အလုပ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ဒီအတွေ့အကြုံကနေ ကျွန်တော် သိလိုက်တာက၊ လူတွေဟာ ကိုယ့်အကျိုးအတွက် အသက်မရှင်ဘဲ၊ ကိုယ့်တာဝန်ကိုပဲ လုပ်ဆောင်နိုင်တယ်ဆိုရင်၊ သူတို့ကိုယ်တွင်းမှာ ငြိမ်းချမ်းမှု၊ ငြိမ်းအေးမှုကို တကယ် ခံစားရတယ်။ သူတို့ရဲ့ အသိစိတ်တွေလည်း ငြိမ်းချမ်းနိုင်ပါတယ်။

ဘုရားကို သစ္စာဖောက်ပြီး၊ ရှက်ဖို့ကောင်းတဲ့ ယုဒတစ်ယောက် ဖြစ်ရတာကို စဉ်းစားမိတိုင်း၊ ကျွန်တော် တကယ်ကို ခံရခက်လွန်းပါတယ်။ ဒါပေမဲ့ အဲဒီလို ကျရှုံးပြီး ဖော်ထုတ်ခံရတာကြောင့်၊ ကျွန်တော်က ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နည်းနည်း နားလည်လာပြီး၊ ဘုရားကို ကြောက်ရွံ့ခြင်းနည်းနည်း ရှိလာခဲ့တာပါ။ ဘုရားက ဘယ်လောက် အမြော်အမြင်ရှိမှန်း၊ ကျွန်တော် မြင်ခဲ့တယ်။ ဘုရားက ကျွန်တော့်အမှားတွေကို ဖော်ထုတ်ပြဖို့၊ အဆင်းနီတဲ့နဂါးကြီးရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို အသုံးချခဲ့မှန်း၊ ကျွန်တော် မြင်ခဲ့တယ်။ အဲဒီအချိန်ကျမှ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိပြီး၊ မုန်းတီးတတ်ခဲ့တာပါ။ ပြီးတော့မှ သမ္မာတရားကို အမှန်တကယ် အားထုတ်လာတာပါ။ လူတွေကို ကယ်တင်တဲ့ ဘုရားရဲ့အမှုတော်က တကယ်ကို လက်တွေ့ကျမှန်းလည်း ကျွန်တော် သဘောပေါက်သွားပါတယ်။ ဘုရားကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- လမ်းမှန်သို့ ပြန်ရောက်ခြင်း

နောက်တစ်ခုသို့- ဘုရားသခင်၏ ကယ်တင်ခြင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း...

လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

ဆင်းရဲဒုက္ခကြီးစွာ ခံစားရခြင်းသည် ဘုရားသခင်အတွက် ကျွန်တော့်၏ချစ်ခြင်းမေတ္တာကို လှုံ့ဆော်ပေးခဲ့သည်

မွန့်ယုံ၊ ရှန်ဇီ စီရင်စုကျွန်တော်သည် ပင်ကိုယ်သဘာဝအားဖြင့် လူကောင်းတစ်ယောက်ဖြစ်သည်။ မှောင်မိုက်ဆိုးညစ်သည့် ဤလူ့အဖွဲ့အစည်းတွင် ကျွန်တော်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်