အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်များ ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ သို့သော် ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့အနေနှင့် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် မည်သည့် ဇာတိခန္ဓာဖြစ်စေ သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ယူတင်နိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင် ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယခုလက်ရှိ အမှု၏အဆင့်သည် အမျိုးသားအားဖြင့် ပြီးမြောက်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည် ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ရည်ရွယ်ချက် အတူတူပင် ဖြစ်သည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်နေသည့် အချိန်တွင် သူ့အား တစ်ပါးတည်းသောသားဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် "သား" ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားသည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏ လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်နေစဉ်တွင် သူ့တွင် မည်သည့် ချုပ်နှောင်ကန့်သတ်ထားမှုမျှ မရှိပေ၊ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ လုပ်ဆောင်မှု အဆင့်တိုင်းတို့တွင် ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူ ခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်ရမည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ဖြစ်သည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ သူတို့ယုံကြည်ထားသည့် အရာမှာ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ဖြစ်သည်။ ထိုမျှမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ပြီး သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ လွန်ခဲ့သောအချိန်တုန်းက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို တိုက်ရိုက်ပြောခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါ ဖန်ဆင်းတော်မူခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါမှ ချမှတ်ထားသည့် စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို "ကိုယ်ခင်ပွန်း အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်" ဟုပြောသည်။ ထိုကဲ့သို့ပြောဆိုသည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် ရိုးရှင်းသော အသက်တာဖြင့် အသက်ရှင်ရန်ဖြစ်ပြီး ထိုမှသာလျှင် လူသားမျိုးနွယ်၏ အသက်တာများသည် ပုံစံတစ်ခုအတွင်း ရှိနေမည်ဖြစ်ပြီး သူတို့၏ သင့်လျော်ကောင်းမွန်သည့် အသက်တာမှ ကျဆင်းမသွားမည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ လိုက်လျှောက်လုပ်ဆောင်ရန်အတွက် သင့်လျှော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ထားပေးသည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာ ဖြစ်ပြီး ဘုရားသခင် ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တစ်တန်းတည်း တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းတော်မူခဲ့သည့် ဖန်ဆင်းခံလူသတ္တဝါများ အတွက်သာလျှင် ဖြစ်သည်၊ ထိုအရာများသည် လူသားမျိုးနွယ် ယောက်ျားမိန်းမတို့ကို ဘုရားသခင် ချမှတ်ထားပေးသည့် ဥပဒေသအတိုင်း ရိုးရှင်းစွာ အသက်ရှင်အတွက်ပင် ဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူ၏လူ့ဇာတိခံယူမှုသည်လည်း အမျိုးသား၊ အမျိုးသမီး ဆိုသည့် အသွေးအသားနှစ်မျိုးဖြင့် ကွဲပြားခဲ့သည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်အပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းမျိုး မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် သူမှ လူသားမျိုးနွယ်ကို ရှေးဦးစွာ ဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့် လုံးဝ ကိုက်ညီစွာပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်သည် သူ၏ နှစ်ကြိမ် လူ့ဇာတိခံယူသည့် အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ယိုယွင်းဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝ ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်သင့်သည့်အတိုင်း သူ၏ ဇနီးမယားကို ချစ်ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည် ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူသည်မှာ မှားယွင်းသည်ဆိုလျှင် လူမိန်းမကို ဖန်ဆင်းတော်မူခဲ့သည့် ဘုရားသခင်သည် မဟာအမှားကြီး မှားသွားပြီလော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းသည် မှားယွင်းသည်ဟု ယုံကြည်ထားလျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားကို တိုင်းထွာမည်ဆိုလျှင် ကျေးဇူးတော်ကာလတွင် လူ့ဇာတိကို ခံယူခဲ့သည့် သခင်ယေရှုကို ယေဟောဝါသည် အာဒံအား ပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ စီရင်ဆုံးဖြတ်ရမည်ပင် ဖြစ်သည်။ ထိုအရာနှစ်ခုတို့သည် မတူညီသလော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် ယနေ့တွင် သင့်အနေဖြင့် လူ့ဇာတိကိုခံယူခြင်း၏ သမ္မာတရားကို မြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် မျှတမှုရှိမည် မဟုတ်ပေ။ ထိုကဲ့သို့ သင်ဆုံးဖြတ်သည်ဆိုလျှင် သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သွားသော သူသာဖြစ်ကြောင်း သက်သေပြနေပေလိမ့်မည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ ထိုအရာသည် သူ၏ လူ့ဇာတိနှစ်ကြိမ်ခံယူခြင်းနှင့် မြွေ၏ လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့် သဘောတူညီနေလျက် ရှိကြောင်း ဖော်ပြနေသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ ယေရှုနှင့် အာဒံတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် ယောက်ျားများဖြစ်သော်လည်း လုံးဝခြားနားသည့် သဘာဝနှစ်ခုပင်ဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းသာမဟုတ်ဘဲ အမျိုးသားများအားလုံး၏ ဦးခေါင်းလည်း ဖြစ်သည် မဟုတ်သည်မှာ သေချာသလော။ သူသည် ယုဒလူမျိုး အားလုံးတို့၏ ရှင်ဘုရင်မဟုတ်လော (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်)။ သူကိုယ်တိုင်ပင် ဘုရားသခင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းခံရသည့် သတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများ အားလုံးတို့၏ ဦးခေါင်းလည်း ဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် မဟုတ်ပါလား။ ယေရှုသည် ယိုယွင်းဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင် ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ယိုယွင်းဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်မည်နည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းသွားပြီ မဟုတ်လော။ ယေဟောဝါသည် လှည့်ဖြားခြင်းခံရသည့် အာဒံ၏ ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏ အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လား။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် ယောက်ျားဖြစ်မှု၊ မိန်းမဖြစ်မှု ကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့် တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံရသည့်သူဖြစ်သောကြောင့် ဖြစ်သည်ဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ယိုယွင်းပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ သင့်အနေဖြင့် "မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်း နာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ" ဟုဆိုနေခြင်းကို သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားမည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိပကတိကို ပြစ်မှားမည်လော။ အကယ်၍ သင်သည် ဤအချက်ကို လုံးလုံးလျားလျား ရှင်းလင်းစွာ မမြင်နိုင်ဘဲ ရှိနေမည်ဆိုလျှင် သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏ရူးမိုက်မှုနှင့် သင်၏ ဂရုမစိုက်မှုသည် ပြသခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျဉ်းတန်မှုသည်လည်း ဖော်ထုတ်ခြင်း ခံရပေလိမ့်မည်။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ ထို့ကြောင့် ငါပြောသည့်အရာမှာ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများ အားလုံးတို့သည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ သင့်အတွက် လုံလောက်မှုမရှိပေ။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်နေသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် အနည်းဆုံးသော အသိပညာတို့သည် ယေရှုအတွက် သူ၏အမှုတွင် အသုံးပြုရန်မှာ တစ်စက္ကန့်စာခန့်အတွက်မျှ လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်း မပြုလျှင် အကောင်းဆုံး ဖြစ်မည်။ သင်အနေဖြင့် မည်မျှပင် မာနထောင်လွှားနေပါစေ၊ သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင် သယ်ထားသည့် အရာထက်ပင် နည်းနေသေးသည်။ အတွေ့အကြုံနှင့် ဝါရင့်ခြင်းကြောင့် သင်သည် လက်ဟန်ခြေဟန်ပါပါနှင့် ကြီးကျယ်သည့် စကားများကို ပြောဆိုနိုင်သည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါဖွင့်ပြပေးသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏ လုပ်ဆောင်မှု ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ သင်သည် ငါလူ့ဇာတိကို ခံယူခဲ့ကြောင်းကို တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်သည် ထိုကဲ့သို့သော အယူအဆများစွာဖြင့် ပြည့်ဝခဲ့သည်၊ ထိုအရာများမှ သင်သည်မရေတွက်နိုင်သည့် အတွေးအမြင် သဘောထားများကို ရိတ်သိမ်းခဲ့ရသည်။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမှု၊ သင့်အနေဖြင့် အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အတွေးအမြင်များကို ရရှိလာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် လူ့ဇာတိကို ပထမအကြိမ်တွင် မခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို စီရင်ဆုံးဖြတ်ချက် ချရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင့်အထဲတွင်ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းမှ သင့်ကို အသိတရားများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက် ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ ထိုအရာများကို လေ့လာနိုင်ဖို့ရန် သူသည်သင့်ကို အခွင့်အရေးများပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်များကို လေ့လာသင်ကြားခြင်းသည် သင့်အတွက် ပြဿနာမရှိပါ၊ သို့သော်လည်း သင်အနေဖြင့် ဘုရားသခင်၏ မိသားစုရာဇဝင်ကို လေ့လာရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင်သည် ထိုအရာများကို လေ့လာရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင့်ကိုယ်သင် အထင်အမြင်သေးမှုများ သင့်ဘာသာသင် ယူဆောင်လာနေသည် မဟုတ်လော။

အကယ်၍ ယေရှု၏အမှုသည် နောက်ဆုံးသာကာလ ဤအမှုအဆင့်၏ ဖြည့်စွက်ပေးမှု မပါဘဲနှင့် လုပ်ဆောင်ပြီးစီးခဲ့သည်ဆိုလျှင်၊ လူသားများသည် ယေရှုတစ်ပါးတည်းသာလျှင် ဘုရားသခင်၏ သားတော်ပင်ဖြစ်ကြောင်း ကိုင်စွဲထားကြမည် ဖြစ်ပြီး၊ ဆိုလိုသည်မှာ ဘုရားသခင်တွင် သားတော်တစ်ပါးတည်းရှိသည်၊ ထို့ပြင် ၎င်းနောက်မှ အခြားအမည်နာမတစ်ခုနှင့် ကြွလာသည့် မည်သူမဆိုသည် ဘုရားသခင်၏ သားတော် မဖြစ်နိုင်ကြောင်းနှင့် ဘုရားသခင် ကိုယ်တိုင်ဆိုလျှင် သာ၍ မဖြစ်နိုင်ကြောင်း ဖြစ်သည်။ လူသားများတွင် ရှိနေသည့် အယူအဆတစ်ခုမှာ အပြစ်ဖြေရာယဇ်အဖြစ် အစေခံသောသူ မည်သူမဆို၊ သို့မဟုတ် ဘုရားသခင်၏ကိုယ်စား တန်ခိုးကို တင်ဆောင်ထားသောသူနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်သောသူသည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည် ဟူ၍ပင်ဖြစ်သည်။ ကြွလာသောသူသည် လူယောက်ျားဖြစ်နေသရွေ့ သူသည် ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်နှင့် ဘုရားသခင်၏ ကိုယ်စားပြုသူအဖြစ် မှတ်ယူရမည်ဟု ယုံကြည်ကြသော လူအချို့ရှိသည်၊ ပြီးလျှင် ယေရှုသည် ယေဟောဝါ၏ သားတော်ဖြစ်ပြီး တစ်ပါးတည်းသော သားတော်ဖြစ်သည် ဟူ၍ပင် ပြောကြသော လူအချို့ရှိသည်။ ဤသည်မှာ လူသား၏ ဧကန်အမှန် လွန်ကဲသော အယူအဆတစ်ခုပင် မဟုတ်ပေလော။ အကယ်၍သာ ဤလုပ်ဆောင်မှုအဆင့်သည့် နောက်ဆုံးသောခေတ်တွင်မှ ဆောင်ရွက်၍ မပြီးလျှင် ဘုရားသခင်အတွက်ဆိုပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် အမှောင်ထုအရိပ်၏ ဖုံးကွယ်ထားမှုကို ခံနေရမည် ဖြစ်သည်။ ဤကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ယောက်ျားသည် မိမိကိုယ်မိမိ မိန်းမထက် မြင့်မြတ်သည်ဟု တွေးထင်လိမ့်မည် ဖြစ်ပြီး မိန်းမသည်လည်း မည်သည့်အခါမျှ ခေါင်းဖော်ဝံ့လိမ့်မည် မဟုတ်ချေ၊ ထိုသို့ဆိုလျှင် မိန်းမတစ်ယောက်တစ်လေမျှ ကယ်တင်ခြင်း ခံရလိမ့်မည်လည်း မဟုတ်ခဲ့ပေ။ လူအများ အမြဲတမ်း ယုံကြည်ခဲ့သည့်အရာမှာ ဘုရားသခင်သည် ယောက်ျားတစ်ဦးဖြစ်သည်ဟူ၍ဖြစ်ပြီး ထို့အပြင် ဘုရားသခင်သည် မိန်းမများကို အစဉ်စက်ဆုပ်ပြီး သူတို့အား ကယ်တင်ခြင်းကို ပေးသနားခြင်း မပြုဟူ၍ ဖြစ်သည်။ အကယ်၍သာ ထိုအရာသည် အမှန်ဖြစ်မည်ဆိုလျှင် ဘုရားသခင် ဖန်ဆင်းတော်မူခဲ့ပြီး ယိုယွင်းဖျက်ဆီးခြင်း ခံခဲ့ရသည့် လူမိန်းမများအနေဖြင့် ကယ်တင်ခံရမည့် အခွင့်အရေးကို ဘယ်သောအခါမျှ မရရှိနိုင်တော့ပြီလော။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် လူမိန်းမကိုဖန်ဆင်းခြင်း၊ ဧဝကို ဖန်ဆင်းခြင်းတို့သည် အဓိပ္ပာယ်မရှိ အကြောင်းမဲ့သက်သက် ဖြစ်မနေသလော။ ထိုသို့ဆိုလျှင် မိန်းမများသည် ထာဝရပျက်စီးခြင်းထဲသို့ ကျရောက်သွားမည် မဟုတ်လော။ ထိုအကြောင်းကြောင့် နောက်ဆုံးသောကာလရှိ အမှု၏ အဆင့်ကို လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်၊ လူမိန်းမများကိုသာ မဟုတ်ဘဲ လူသားမျိုးနွယ် အားလုံးကို ကယ်တင်နိုင်ရန်အတွက် လုပ်ဆောင်ရမည်ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအလို့ငှာ လုပ်ဆောင်သည့် ဤလုပ်ငန်းသည် မိန်းမများအတွက်သာ လုပ်ဆောင်ခဲ့သည် မဟုတ်ပါ။ အကယ်၍ တစ်ဦးဦးသည် တစ်မျိုးတစ်ဖုံ တွေးထင်ပါလျှင် ထိုသူတို့သည် သာ၍ မိုက်မဲသောသူများ ဖြစ်ပေသည်။

ယခုလက်ရှိတွင် လုပ်ဆောင်ပြီးစီးသော အမှုသည် ကျေးဇူးတော်ခေတ်၏ အမှုကို ရှေ့သို့ တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်လုံး အောက်၌ရှိသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားသော်လည်း ဘုရားသခင်၏ အမှုသည် တိုးတက်လာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့ အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည် ဆိုခြင်းအား အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောရသနည်း။ ဆိုလိုသည်မှာ ယနေ့၏ အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏ အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သည်။ ထိုလုပ်ဆောင်မှုအဆင့် သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက် ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေလျက်ရှိသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံမထားလျှင် ဤအဆင့်တွင် သူသည် နောက်တစ်ကြိမ် ကားတိုင်ပေါ်တွင် စတေးခံရလိမ့်ဦးမည် ဖြစ်ကာ၊ ပြီးခဲ့သော အဆင့်၏ ရွေးနုတ်ခြင်းအမှုသည်လည်း တစ်ခါပြန်၍ လုပ်ဆောင်ရဦးမည် ဖြစ်သည်။ ထိုကဲ့သို့ဖြစ်လျှင် မည်သည့် အဓိပ္ပာယ်မျှရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝ ပြီးဆုံးသွားခြင်းမျိုး မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏ အဆင့်အတန်းသည် ယခင်ကထက် သာ၍ပင် မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဤအမှုသည် တစ်ဆင့်ပြီးတစ်ဆင့် တည်ထောင်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည်လည်း အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် နှစ်ပေါင်းခြောက်ထာင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုသည် ကျေးဇူးတော်ခေတ် အမှု၏ အုတ်မြစ်ပေါ်တွင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ ထိုလုပ်ဆောင်မှုအဆင့် နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် အဘယ်ကြောင့် ကားတိုင်ပေါ်မှာ အသေခံခြင်းသည် ယခုအဆင့်တွင် ပြန်လည်၍ မဖြစ်လာသနည်း။ အဘယ်ကြောင့် ငါသည် လူသားတို့၏ အပြစ်များကို ထမ်းပိုးမထားသနည်း။ ငါသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းအားဖြင့် ကြွဆင်းလာသည်မဟုတ်၊ ထို့ပြင် လူသားတို့၏ အပြစ်များကို လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် ယူတင်မည်လည်း မဟုတ်ပေ၊ ယခုငါလာခြင်း၏ ရည်ရွယ်ချက်မှာ လူသားများကို တိုက်ရိုက် ပြစ်တင်ဆုံးမရန် အတွက်ပင်ဖြစ်သည်။ အကယ်၍ ငါ၏လူသားများအား ပြစ်တင်ဆုံးမခြင်းနှင့် ယခု ငါ၏ ကြွလာခြင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းအားဖြင့် မဟုတ်လျှင်၊ ကားတိုင်ပေါ်တွင် အသေမခံလျှင် ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်း ဖြစ်ခြင်းကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ တိုက်ရိုက် ကြွလာခြင်းပင်ဖြစ်သည်။ ဤအဆင့်၏ အမှုသည် ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံး တည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤလုပ်ဆောင်မှု တစ်ခုတည်းသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်လှမ်းခြင်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှ လာခြင်းဖြစ်သည်။ ငါတို့နှစ်ဦးသည် အသွေးအသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်သည် တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့အမှု၏ ပါဝင်သည့် အကြောင်းအရာနှင့် ငါတို့ ယူတင်လုပ်ဆောင်သော အရာများသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ အသွေးအသားတို့သည် ခြားနားသော ပုံသဏ္ဌာန်ကို ယူတင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ ပြောင်းလဲခြင်းနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့သည် မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ သာသနာပြု လုပ်ငန်းများသည် တူညီမှုမရှိပေ၊ ထို့ကြောင့်လည်း ငါတို့ထုတ်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထင်ရှားပြသသော စိတ်သဘောထားသည် ခြားနားနေခြင်းပင်ဖြစ်သည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများ၏ အမြင်နှင့် နားလည်မှုများသည် ယခင်ကအချိန်နှင့် မတူညီရခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလ ပြောင်းလဲသွားခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသူတို့၏ ယောက်ျားဖြစ်မှုနှင့် မိန်းမဖြစ်မှုတို့သည် ကွဲပြားနေ၍ သူတို့၏ အသွေးအသား ဖွဲ့စည်းဖြစ်တည်မှုတို့သည် ကွာခြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်သည်သာမက အချိန်အခါအားဖြင့်လည်း ကွာခြားလျက် ရှိနေလင့်ကစား သူတို့၏ ဝိညာဉ်များသည် တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ သူတို့၏ အသွေးအသားများသည် ရုပ်ပိုင်းဆိုင်ရာအရ သွေးသားတော်စပ်မှု မရှိနေလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောမျိုးရိုးမှ မဟုတ်ဘဲ ဘုံလူ့ဘာသာစကား တစ်ခုတည်းကို အတူပြောခြင်း မဟုတ်သော်လည်း (တစ်ဦးသည် ယောက်ျားဖြစ်ပြီး ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည်၊ နောက်တစ်ဦးသည် မိန်းမဖြစ်ပြီး တရုတ်ဘာသာစကားကို အထူးသီးသန့် ပြောဆိုသည့်သူ ဖြစ်သည်)၊ သူတို့သည် ဘုရားသခင် ခံယူထားသည့် အသွေးအသားဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် သမ္မာတရားပင်ဖြစ်သည်။ ဤအကြောင်းအရာများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် လုပ်ဆောင်မှုများကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်နှင့် အနှစ်သာရတို့သည် တူညီနေသော်ငြားလည်း သူတို့၏ အပြင်ပန်းသဏ္ဌာန် ရုပ်ပိုင်းဆိုင်ရာတို့သည် လုံးဝကိုမတူညီဘဲ ခြားနားနေလျက်ရှိသည်။ သူတို့အတူတကွ ခံယူသည့်အရာမှာ တူညီသော လူ့သဘောသဘာဝသာ ဖြစ်သည်၊ သို့သော်လည်း သူတို့၏ အပြင်ရုပ် သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာ လုပ်ဆောင်မှုများ သို့မဟုတ် သူတို့နှင့် ပတ်သက်၍ လူသား၏ အသိပညာအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ အချုပ်ဆိုရသော် သူတို့သည် တူညီသောဝိညာဉ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို ခွဲခြား၍ရမည် မဟုတ်ပေ။ သူတို့သည် အသွေးအားဖြင့် ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ ဝိညာဉ်တော်များ၏ အုပ်စိုးတော်မူခြင်းအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသော အချိန်တွင် မတူညီသော အမှုကို ခွဲခန့်မှတ်သားတော်မူပြီး သူတို့၏ အသွေးအသားများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်မှတ်သားခဲ့သည်။ ထိုနည်းတူစွာပင်၊ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့အားလုံးတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသော ဝိညာဉ်တော်ပင် ဖြစ်သည်။ ယနေ့၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် အသွေးအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် လူသားတို့အား ပြစ်တင်ဆုံးမခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။ ထို့ပြင် လူသားများကို ဓိဋ္ဌာန်ပြု၍ ကျိန်ဆိုနိုင်ပါသည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများအား အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးပင် မဟုတ်သလော။ ဘုရားသခင်သည် လူသားအတွက် နည်းဥပေဒသကို ပြဌာန်းထားခြင်းနှင့် လူသားအတွက် ပညတ်တော်များ ထုတ်ပြန်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်သည်။ ထို့ပြင်သာမက သူသည် အစောပိုင်း ဣသရေလလူမျိုးများကို ကမ္ဘာကြီးပေါ်တွင် အသက်ရှင် နေထိုင်နိင်ဖို့ရန်နှင့် သူ၏အုပ်စိုးမှုအောက်တွင် ဣသရေလလူမျိုးများကို ထိန်းသိမ်းထားပြီး ဗိမာန်တော်နှင့် ယစ်ပလ္လင်များ တည်ဆောက်ဖို့ရန်အတွက် လမ်းပြမှုများလည်း လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏ အခွင့်အာဏာတော်ကို အမှီပြု၍ သူသည် ဣသရေလလူမျိုးများနှင့် ကမ္ဘာပေါ်တွင် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် နေထိုင်ခဲ့သည်။ ဣသရေလ လူမျိုးများသည် သူ့ကို မပုန်ကန်ရဲခဲ့ပေ၊ ထိုသူအားလုံးတို့သည် ယေဟောဝါကို ရိုသေကိုင်းရှိုင်းပြီး သူ၏ပညတ်တော်များကို နာခံလိုက်လျှောက်ခဲ့ကြသည်။ ထိုအရာများမှာ သူ၏အခွင့်အာဏာနှင့် အနန္တတန်ခိုးတော်ကို အမှီပြု၍ လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်အားလုံး (ဣသရေလ လူမျိုးတစ်မျိုးတည်းမဟုတ်) ကိုရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေပြီး လူသားများအားလုံးကို အစဉ်အမြဲ ချစ်သောသူဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့် ဖြစ်သည်။ သူ၏ ကားတိုင်တွင် အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်း၊ ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ပေါက်လာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယစ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အတွက် သူတို့၏ အပြစ်အတွက်နှင့် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာများ ပြည့်ဝခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ နောက်တော်သို့ လိုက်လျှောက်သောသူများသည် ထိုနည်းလည်းကောင်းပင် အရာအားလုံးကို သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ သူတို့ကို ခဲနှင့်ပေါက်ခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ပြန်လည်တိုက်ခိုက်ခြင်းမျိုး မလုပ်ဆောင်ခဲ့ပေ။ သို့သော်လည်း နောက်ဆုံးသော အဆင့်တွင် ဤကဲ့သို့ မဟုတ်နိုင်တော့ပေ။ အလားတူပင် ယေရှုနှင့် ယေဟောဝါသည် ဝိညာဉ်အားဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်သော်လည်း သူတို့နှစ်ဦးသည်လည်း အလုံးစုံ တူညီနေသည်မျိုး မဟုတ်ပေ။ ယေဟောဝါ၏အမှုမှာ ခေတ်ကာလကို အဆုံးသတ်ရန်အတွက် မဟုတ်ဘဲ၊ ယင်းကို လမ်းပြရန်နှင့် ကမ္ဘာပေါ်တွင်ရှိသည့် လူသားမျိုးနွယ်၏ အသက်တာကို ပို့ဆောင်ရန်အတွက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမှု ယခုဆက်လက် လုပ်ဆောင်ရန်ရှိသည့်အမှုမှာ နက်ရှိုင်းစွာ ယိုယွင်းပျက်စီးနေသည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို သိမ်းပိုက်ရန်အတွက်ဖြစ်ပြီး တရုတ်လူမျိုးစု မိသားစုဝင်များကိုသာ ဦးဆောင်လမ်းပြခြင်းမျိုး မဟုတ်ဘဲ စကြဝဠာကြီး တစ်ခုလုံးကို လမ်းပြဖို့ရန်အတွက်ပင် ဖြစ်သည်။ သင့်အတွက် ဤအမှုသည် တရုတ်နိုင်ငံ တစ်ခုထဲတွင်သာ လုပ်ဆောင်ပြီးစီးသည်ဟု ထင်ကောင်း ထင်ရပေမည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ ထိုအရာသည် တိုင်းတစ်ပါးသို့ ပျံ့နှံ့လျက် ရှိနေပြီးဖြစ်သည်။ အဘယ်ကြောင့် နိုင်ငံခြားသားများသည် အထပ်ထပ်အခါခါပင် စစ်မှန်သော လမ်းခရီးကို ဖွေရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် အမှုလုပ်ရန်အတွက် ခွဲခန့်ထားပြီးသားဖြစ်ပြီး၊ ယခုပြောပြခဲ့ပြီးသော စကားများသည် စကြဝဠာတစ်ခုလုံးရှိ လူသားများထံသို့ တိုက်ရိုက်ရောက်ရှိရန် ဦးတည်ထားသောကြောင့်ဖြစ်သည်။ ဤသို့အားဖြင့် အမှု၏တစ်ဝက်ခန့်မျှ လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းခဲ့သည့်အချိန်မှစတင်ပြီး ယနေ့ခေတ်ကာလအချိန်အထိ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကြီးကို လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်၊ ထိုထက်မက ခြားနားသော ခေတ်ကာလများအတွင်း ကွဲပြားသော တိုင်းနိုင်ငံများအထဲတွင် ကွဲပြားခြားနားသော အမှုကို လုပ်ဆောင် ပြီးစီးခဲ့ပြီးဖြစ်သည်။ ခေတ်ကာလ အသီးသီး၏ လူသားများသည် ဘုရားသခင်၏ ကွဲပြားခြားနားသော စိတ်သဘောထားတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး ယင်းအရာသည် သူလုပ်ဆောင်သော ကွဲပြားခြားနားသည့် အမှုမှတစ်ဆင့် အလိုအလျောက် ဖွင့်ပြခြင်းခံရသည်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းကြီးလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင်ကျော် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ပြီး ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ လူသားများ သူ့ကို အပြည့်အဝ ဆက်ကပ်ရန်အလို့ငှာ သူတို့အားလုံးကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပြပ်ဝပ်စေခြင်းလည်း ပြုနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူသားမျိုးနွယ်တို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်သာပြည့်သော ဘုရားသခင်မဟုတ်၊ ဉာဏ်ပညာရှိပြီး အံသြဖွယ်ရာကောင်းသည့် ဘုရားသခင်သာ မဟုတ်၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်ဘဲ၊ ထိုထက်မက လူသားကို တရားစီရင်သော ဘုရားသခင်ဖြစ်ကြောင်းကို ပြသရန်အတွက် သူသည် စကြဝဠာတစ်လျှောက်ရှိ လူသားတို့အထဲတွင် ရှိနေသည့် မကောင်းမသင့်သည့် အရာများနှင့် မသန့်ရှင်းသည့်အရာများ အားလုံးတို့ကို မီးရှို့ဖျက်ဆီးလိုက်မည်ဖြစ်သည်။ လူသားမျိုးနွယ် အထဲတွင်ရှိသည့် ဆိုးသွမ်းသည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းဖြစ်ပြီး၊ စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းဖြစ်သည်၊ ထို့ပြင်သာမက သူသည် နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်း၊ ဆုံးမခြင်းနှင့် ပြုပြင်ခြင်းလည်း ဖြစ်သည်။ သုတ်သင်ရှင်းလင်းခြင်း ခံရသော ထိုသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းလည်း ဖြစ်သည်။ ငါ့ကိုပြောလော့၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် မဟုတ်သလော။ သင်တွေးထင်ခဲ့သကဲ့သို့ သူသည် ကားတိုင်ထက်တွင် အသေခံရုံသာ မဟုတ်ဘဲ သူသည် အမှုအားလုံးနှင့် မည်သည့်အမှုကိုမဆို တတ်စွမ်းနိုင်သည့် ဘုရားသခင်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နိမ့်ကျစွာ ထင်မှတ်ထားခဲ့သည်တကား။ သူတတ်နိုင်သည့် အရာအားလုံးမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းဖြင့် ရွေးနုတ်ခြင်းသာ ဖြစ်သည်ဟု သင်ယုံကြည်သလော။ ထိုအရာပြီးသည့်နောက်တွင် သင်သည် အသက်ပင်၏အသီးကိုစားပြီး အသက်စမ်းရေကို သောက်သုံးရန် သူ့နောက်သို့ ကောင်းကင်ဘုံထိ လိုက်မည်လော။ ထိုမျှလောက်အထိ ရိုးရှင်းမည်လော။ ငါ့ကို ပြောပြလော့၊ သင်သည် မည်သည့်အရာများကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးစီးခဲ့ပြီနည်း။ ယေရှု၏အသက် သင့်ထံတွင် ရှိနေပြီလော။ သင်သည် သူ့အားဖြင့် အမှန်ပင် ရွေးနုတ်ခြင်းခံရသည်၊ သို့သော်လည်း ကားတိုင်ပေါ်တွင် အသေခံခြင်းသည် ယေရှုကိုယ်တိုင်၏ အမှုပင်ဖြစ်သည်။ သင်သည် လူသားတစ်ဦးအနေဖြင့် မည်သည့် တာဝန် ဝတ္တရားများကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးခဲ့ပြီနည်း။ သင်သည် အပေါ်ယံတွင်သာ ဘာသာတရား ကိုင်းရှိုင်းပြီး သူ၏လမ်းခရီးကို နားမလည်ပေ။ ထိုအရာသည် ဘုရားသခင်ကို ဖော်ပြပေးသည့် သင်၏ လုပ်ဆောင်မှုလော။ အကယ်၍ သင်သည် ဘုရားသခင်၏အသက်ကို ပိုင်ဆိုင်မထားလျှင် သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင်သည် လုံးလုံးလျားလျား တွေ့မြင်မထားလျှင် သင့်အနေဖြင့် အသက်ကို ရရှိသော သူတစ်ဦးဖြစ်သည်ဟု ကြွေးကြော်၍ မရနိုင်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ ဂိတ်တံခါးဝကို ဖြတ်ကျော်သွားဖို့ရန်အတွက် သင်သည် ထိုက်တန်မှုရှိမည် မဟုတ်ပေ။

ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်သည်သာမက သူသည် လူ့ဇာတိလည်း ခံယူနိုင်သည်၊ ထိုထက်မက သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။ သင်တို့သည် ယေရှုကို မမြင်နိုင်ခဲ့သော်လည်း ဣသရေလလူမျိုးတို့မှ ဆိုလိုသည်မှာ ထိုခေတ်မှ ယုဒလူမျိုးတို့မှ သူ့ကို မျက်မြင်တွေ့ခဲ့ကြသည်။ အစအဦးတွင် သူသည် အသွေးအသားနှင့်ဆိုင်သော ခန္ဓာကိုယ် ရှိခဲ့သော်လည်း သူသည် ကားတိုင်ထက်တွင် အသေခံပြီးသည့်နောက် သူသည် ဘုန်းတော်၏ ခန္ဓာကိုယ်ဖြစ်လာခဲ့သည်။ သူသည် အလုံးစုံကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ပြီး နေရာတိုင်းတွင် အမှုကို လုပ်ဆောင်နိုင်သည်။ သူသည် ယေဟောဝါ သို့မဟုတ် ယေရှု သို့မဟုတ် မေရှိယဖြစ်နိုင်ပြီး၊ နောက်ဆုံးတွင် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်နိုင်သည်။ သူသည် ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးခြင်းဖြစ်သည်၊ ကျိန်ခြင်းနှင့် ဒေါသအမျက်လည်း ဖြစ်သည်၊ သို့သော်လည်း သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာလည်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် အမှုအားလုံးတို့သည် သူ့ကို ကိုယ်စားပြုရန် တတ်စွမ်းနိုင်သည်။ ဘုရားသခင်သည် မည်သည့် စိတ်နေသဘောထားမျိုး ရှိသည်ဟု သင်ပြောသနည်း။ သင်အနေဖြင့် ရှင်းပြနိုင်ခြင်း မရှိဘဲရှိမည်။ သင်ပြောနိုင်သည့် အရာအားလုံးမှာ "ဘုရားသခင်၏ စိတ်နေသဘောထား အမျိုးအစားကို ကျွန်ုပ်သည် ရှင်းမပြနိုင်ပါ" ဆိုသည့် အချက်ပင်ဖြစ်သည်။ ဘုရားသခင်သည် အဆင့်တစ်ခုတွင် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်နှင့် ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာဖြင့် ပြည့်ဝသော ဘုရားသခင် အစဉ်အမြဲဖြစ်သည်ဟု နိဂုံးချုပ်ကောက်ချက်မချနှင့်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာပြည့်ဝသည့် ဘုရားသခင်သာဖြစ်သည်ဟု သင်သည် သေချာပေါက် ပြောနိုင်သလော။ အကယ်၍ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာပြည့်ဝသည့် ဘုရားသခင်ဖြစ်သည်ဆိုလျှင် နောက်ဆုံးသောကာလတွင် ခေတ်ကို အဆုံးသတ်ရန် အဘယ်ကြောင့် သယ်ဆောင်လာပေးသနည်း။ အဘယ်ကြောင့် ဒုက္ခဆင်းရဲခြင်း အမြောက်အမြားကို ချပေးတော်မူရသနည်း။ အကယ်၍ သင်ထင်မှတ်ထားခဲ့သကဲ့သို့ သူသည် အဆုံးတိုင်အောင်၊ နောက်ဆုံးသော ကာလထိပင် လူသားများအတွက် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝသည့် ဘုရားသခင်ဖြစ်လျှင် အဘယ်ကြောင့် ကောင်းကင်မှ ဆင်းရဲဒုက္ခများကို ချပေးမည်နည်း။ အကယ်၍ သူသည် လူသားများကို သူ့ကိုယ်သူ ချစ်သကဲ့သို့ချစ်လျှင်၊ တစ်ပါးတည်းသော သားတော်ကို ချစ်သကဲ့သို့ချစ်လျှင် အဘယ်ကြောင့် ကောင်းကင်မှ ကပ်ရောဂါများနှင့် မိုးသီးများကို ချပေးမည်နည်း။ အဘယ်ကြောင့် လူသားများကို အစာငတ်မွတ် ခေါင်းပါးခြင်းများနှင့် ကာလနာကပ်ရောဂါများကို ခံစားစေသနည်း။ ထိုသို့သော ဆင်းရဲဒုက္ခများကို လူသားများ ခံစားရန်အတွက် အဘယ်ကြောင့် ခွင့်ပြုသနည်း။ ဘုရားသခင်၏ စိတ်နေသဘောထားမျိုးကို သင်တို့အထဲတွင် မည်သူမျှ မရှင်းပြနိုင်၊ မည်သူမျှ မပြောဝံ့။ သူသည် ဝိညာဉ်ဖြစ်သည်ဟု သင်သေချာသလော။ သူသည် ယေရှု၏ ခန္ဓာကိုယ်မှလွဲ၍ အခြားဘာမျှ မဖြစ်နိုင်ဟု သင်ပြောရဲသလော။ ထို့ပြင် သူသည် လူသားအတွက် ကားတိုင်ပေါ်တွင် ထာဝရ အသေခံပေးမည့် ဘုရားသခင်ဖြစ်သည်ဟု သင်ပြောရဲသလော။

ယခင်က:ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

နောက်တစ်ခုသို့:သုံးပါးတစ်ဆူ တည်ရှိပါသလော

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ