အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး ယနေ့၊ လူ့ဇာတိခံယူတော်မူခဲ့သော ဘုရားသခင်မှ ကိုယ်တိုင် သူ၏အမှုတော်ကို လုပ်ဆောင်နေသည့် ကာလအတွင်းသည်၊ ဘုရားသခင်ကို အထူးသဖြင့်သိရန် ကောင်းသောအချိန် ဖြစ်ပါသည်။ ဘုရားသခင်အား စိတ်ကျေနပ်စေခြင်းကို ဘုရားသခင့် အလိုတော်အား နားလည်မှုအပေါ် အခြေခံ၍ရရှိပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်အတွက် ဘုရားသခင်ကိုသိရန်လိုအပ်ပါသည်။ ဘုရားသခင်နှင့် ပတ်သက်သော ဤအသိတရားသည် ယုံကြည်သူတစ်ဦးအနေဖြင့် ရှိသင့်သောရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်အပေါ်တွင်ရှိသောယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ အကယ်၍လူသားသည် ဤအသိဉာဏ် မရှိပါက၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် မရေမရာဖြစ်ကာ၊ ထိုယုံကြည်မှုသည် အနစ်သာရမဲ့သော အယူအဆပေါ်တွင် တည်ရှိနေပါလိမ့်မည်။ ဤသို့သောသူများ၏ဆုံးဖြတ်ချက်မှာ ဘုရားသခင်နောက် လိုက်လျှောက်ရန်ဖြစ်သော်လည်း၊ သူတို့သည် တစ်စုံတစ်ရာကိုမျှ ရကြမည်မဟုတ်ပေ။ ဘာတစ်စုံတစ်ခုကိုမျှ မရရှိသော ဤရေစီးကြောင်းထဲတွင် ရှိသောသူအားလုံးတို့သည် သုတ်သင်ရှင်းလင်းခြင်း ခံရမည့် သူများဖြစ်သည်၊ ထိုသူတို့မှာ ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင့်လုပ်ငန်း၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ သင်နှင့်အတူ ကြီးမြတ်သော ရူပါရံတစ်ခု လိုက်ပါနေသင့်ပါသည်။ ထိုသို့သောရူပါရုံမရှိပါက လုပ်ငန်းစဉ်သစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ လူသားသည် ဘုရားသခင်၏ အသစ်သော လုပ်ငန်းကို စိတ်ကူးနိုင်စွမ်းမရှိကြပေ။ ယင်းသည်လူသားတို့ အတွေးအမြင်ထက် ကျော်လွန်နေပါသည်။ ထို့ကြောင့် လူသားကို စောင့်ရှောက်ရန်နှင့် ရူပါရုံများနှင့်ပတ်သက်၍ နှီးနှောမည့် သိုးထိန်းတစ်ဦးမရှိလျှင် လူသားတို့သည် ဤအမှုတော်အသစ်ကို လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ အကယ်၍လူသားသည် ဤ ရူပါရုံများကို လက်မခံနိုင်ပါက ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ လူသားသည် ဘုရားသခင်၏အမှုတော်အသစ်ကို မနာခံနိုင်ပါက ဘုရားသခင်၏ အလိုတော်ကိုနားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိဉာဏ်သည် အလဟဿသာ ဖြစ်မည်။ လူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမပြုမီတွင် ထို နှုတ်ကပတ်တော်များကို သိသင့်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အလိုတော်ကို နားလည်ရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိကျစွာလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏စိတ်နှလုံးနှင့်အညီဖြစ် ပါလိမ့်မည်။ ဤအချက်ကိုသမ္မာတရားကို ရှာဖွေသောသူတိုင်းပိုင်ဆိုင်သင့်ပြီး၊ ဘုရားသခင်ကို သိရန်ကြိုးစားသော လူတိုင်းမှ တွေ့ကြုံသင့်သည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် များကိုသိခြင်းဖြစ်စဉ် သည် ဘုရားသခင်ကိုသိသည့် ဖြစ်စဉ်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုတော်ကို သိသည့်ဖြစ်စဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိခြင်းသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ သာမန်လူ့ဘဝကိုသာ ရည်ညွန်းခြင်းမဟုတ်ဘဲ၊ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ လုပ်ငန်းစဉ်များကို သိခြင်းတို့လည်း ပါဝင်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှတဆင့် ဘုရားသခင်၏အလိုတော်များကို လူတို့ နားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုတော်မှတဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်မည်သူဖြစ်သည်ကို သူတို့သိလာကြသည်။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် ဘုရားသခင်ကို သိခြင်းအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်ကို အလေးနက်ဆုံးယုံကြည်သည့်အဆင့်ထိ တိုးတက်လာသည့်ဖြစ်စဉ်သည် ဘုရားသခင်ကို သိမြင်သည့်ဖြစ်စဉ်နှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားရသည့်ဖြစ်စဉ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်ရန်အတွက်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို သိမြင်ရန်အတွက် ဘုရားသခင်ကိုယုံကြည်ခြင်းမဟုတ်ပါက သင့်ယုံကြည်ခြင်းတွင် စစ်မှန်မှုမရှိဘဲ စင်ကြယ်လာနိုင်မည် မဟုတ်ပေ၊ ဤအချက်ကို သံသယဖြစ်စရာမလိုပေ။ ဘုရားသခင်ကို သိမြင်တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင် အကယ်၍ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်းသိမြင်လာပါက သူ၏စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာကာ သူ၏ယုံကြည်မှုသည် သာ၍ စစ်မှန်လာပါလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကိုယုံကြည်ခြင်းအမှုတွင် လူသားသည် အောင်မြင်သွားပါက သူသည် ဘုရားသခင်ကို အပြည့်အဝရရှိသွားပါလိမ့်မည်။ ဘုရားသခင်သည် ဒုတိယအကြိမ်လူ့ဇာတိခံယူရန် ဤမျှ ကြီးမားစွာကြိုးပမ်းခဲ့ပြီး၊ သူ၏အမှုတော်ကို ကိုယ်တိုင်လုပ်ဆောင်နေခြင်းမှာ လူသားသည် သူ့ကိုသိရှိ လာစေရန်နှင့် သူ့အားတွေ့မြင်လာ စေရန် ဖြစ်ပါသည်။ ဘုရားသခင်ကို သိရှိခြင်း[က]သည် ဘုရားသခင့် အမှုတော်၏အဆုံးတွင် ရရှိရမည့် နောက်ဆုံးသော ရလဒ်ဖြစ်ပါသည်။ ယင်းသည် ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်တို့ထံမှ လိုအပ်သည့် နောက်ဆုံး လိုအပ်ချက်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏နောက်ဆုံး သက်သေခံချက်အတွက် ဤသို့ပြုလုပ်ခြင်း ဖြစ်ကာ၊ ထိုနည်းအားဖြင့် လူသားတို့သည် နောက်ဆုံး၌ သူ့ထံသို့ လုံးဝပြန်လှည့်လာနိုင်စေရန်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိခြင်းအားဖြင့်သာ ဘုရားသခင်ကိုချစ်နိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ရန်အတွက် သူသည် ဘုရားသခင်ကိုသိသင့်ပါသည်။ သူသည်မည်သို့ရှာဖွေသည် သို့မဟုတ် မည်သည့်အရာကိုရရှိရန်ရှာဖွေသည်ဖြစ်စေ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိထားသင့်ပါသည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကိုသိခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကိုစစ်မှန်စွာယုံကြည်နိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုသိခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို လေးစားကြည်ညို၍နာခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမသိသော သူတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မှ စစ်မှန်စွာနာခံ၍ ကြည်ညိုနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းတွင် ဘုရားသခင်၏စိတ်သဘောထားကိုသိခြင်း၊ ဘုရားသခင်၏ အလိုတော်ကိုသိခြင်းနှင့် ဘုရားသခင်မည်သူမည်ဝါဖြစ်သည်ကို သိခြင်းတို့ပါဝင်ပါသည်။ သို့သော်လည်း ဘုရားသခင်ကိုသိခြင်း၏ မည်သည့်ရှုထောင့်ဖြစ်စေကာမူ ထိုရှုထောင့်တစ်ခုစီအတွက် လူတို့အနေဖြင့် အဖိုးအခပေးရန်နှင့် နာခံရန်စိတ်ဆန္ဒကိုလိုအပ်ကာ ထိုသို့မပြုလုပ်ပါက မည်သူမျှ အဆုံးထိလိုက်လျှောက်နိုင် လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏အမှုတော်သည် လူသားတို့၏ စိတ်ကူးကြံဆမှုနှင့် သဟဇာတဖြစ်လွန်းပြီး၊ ဘုရားသခင်၏ သဘောထားနှင့် ဘုရားသခင်မည်သူမည်ဝါဖြစ်မှုတို့ကို လူသားအနေဖြင့်သိရန်အလွန်ခက်ခဲကာ၊ ဘုရားသခင်မြွက်ဆို လုပ်ဆောင်သောအရာအားလုံးသည် လူသားအလွန်နားမလည်နိုင်စွမ်းလှသောအရာ ဖြစ်နေပါသည်။ အကယ်၍ လူသားသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ရန်ဆန္ဒရှိသော်လည်း၊ ဘုရားသခင်ကို နာခံရန်စိတ်ဆန္ဒမရှိပါက လူသားသည် မည်သည့်အရာကိုမျှ ရရှိနိုင်မည်မဟုတ်ပေ။ ကမ္ဘာကြီးကို ဖန်ဆင်းချိန်မှယနေ့အထိ ဘုရားသခင်သည် လူတို့နားမလည်နိုင်သော၊ လူတို့လက်ခံရန် ခက်ခဲသော အမှုများစွာကိုလုပ်ဆောင်ခဲ့ကာ၊ လူတို့၏စိတ်ကူးစိတ်သန်းများဖြင့်လက်ခံရန် ခက်ခဲသောအရာများစွာကို မြွက်ဆိုခဲ့သည်။ သို့ရာတွင် လူတို့၌ ဤအခက်အခဲများစွာရှိခြင်းကြောင့် ဘုရားသခင်သည် သူ၏အမှုတော်ကို တစ်ခါမျှရပ်တန့်ခဲ့ခြင်းမရှိပေ။ သူသည် ဆက်လက်၍အမှုတော်ကိုလုပ်ဆောင်ခြင်းနှင့် စကားမြွက်ဆိုခြင်းတို့ကို ပြုလုပ်နေသည်။ မြောက်မြားလှစွာသော "ရဲမက်များ"သည်လမ်းဘေးသို့ လဲကျခဲ့ကြသော်လည်း၊ သူသည် သူ၏အမှုကိုလုပ်မြဲလုပ်ကာ၊ သူ၏အမှုတော်သစ်ကို နာခံရန်ဆန္ဒရှိသူ အုပ်စုတစ်စုပြီးတစ်စုကို ဆက်လက်ရွေးချယ်နေဆဲဖြစ်သည်။ သူသည် ကျရှုံးသွားသော "သူရဲကောင်းများ" ကိုမသနားပေ။ ထိုသို့ပြုလုပ်မည့်အစား သူ၏အသစ်သောအမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်ခံသော သူများကိုတန်ဖိုးထားလေသည်။ သို့ရာတွင်သူသည် ဤနည်းအားဖြင့် သူ၏အမှုကို မည်သည့်အဆုံးအထိလုပ်ဆောင်သနည်း။ တဆင့်ပြီးတဆင့်လား။ အဘယ်ကြောင့် သူသည် အမြဲတမ်း လူတို့ကို ဖယ်ရှားသုတ်သင်လိုက်၊ ရွေးချယ်လိုက်လုပ်နေသနည်း။ အဘယ်ကြောင့်သူသည် ထိုသို့သော နည်းလမ်းကိုအမြဲတမ်းအသုံးပြုသနည်း။ သူ့အမှုတော်၏ရည်ရွယ်ချက်မှာ လူသားတို့အနေဖြင့် သူ့ကိုသိရှိစေရန်နှင့် ဤနည်းအားဖြင့်လူတို့ကို သူရရှိ လာစေရန်ဖြစ်သည်။ သူ့အမှုတော် ၏အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို နာခံပေးနိုင်သော သူများအပေါ်တွင် လုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ ယခင်က လုပ်ဆောင်ခဲ့သော သူ့အမှုကို နာခံနိုင်သော်လည်း ယနေ့သူ၏အမှုတော်များကို လက်မခံနိုင်သော သူများအတွက် လုပ်ဆောင်ရန်မဟုတ်ပေ။ ဤကား မြောက်မြားစွာ သောသူများကို သူသုတ်သင်ရှင်းလင်း ခဲ့သည့် အကြောင်းရင်း အစစ်အမှန်ဖြစ်သည်။

ဘုရားသခင်ကိုသိခြင်းအတွက်သင်ခန်းစာ၏ ရလဒ်များကို တစ်ရက် သို့မဟုတ် နှစ်ရက်တည်းဖြင့် မရရှိနိုင်ပေ။ လူသားတို့အနေဖြင့် အတွေ့အကြုံများကို စုစည်းဆည်းပူးကာ၊ ဆင်းရဲဒုက္ခများကိုဖြတ်သန်း၍၊ စစ်မှန်သောနာခံမှုရှိရပါမည်။ ပထမဆုံးအနေဖြင့် ဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှ စတင်ရပါမည်။ ဘုရားသခင်ကိုသိခြင်းတွင် မည်သည့်အရာပါဝင်သည်၊ ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်ကို မည်သို့ရရှိနိုင်မည် နှင့် သင့်အတွေ့အကြုံများထဲတွင် ဘုရားသခင်ကို မည်သို့တွေ့နိုင်မည်တို့ကို သင့်အနေဖြင့် နားလည်သင့်ပါသည်။ ဤအရာသည်ဘုရားသခင်ကို မသိသေးခင်တွင် လူတိုင်းလုပ်ဆောင်သင့်သောအရာဖြစ်ပါသည်။ မည်သူမျှဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော်များကို ချက်ချင်းနားလည်သဘောပေါက်နိုင်စွမ်းမရှိပေ။ အချိန်တိုအတွင်းတွင် ဘုရားသခင်နှင့်ပတ်သက်သော အလုံးစုံသော အသိတရားကို မည်သူမျှရရှိနိုင်မည် မဟုတ်ပေ။ လိုအပ်ချက်မှာ လိုအပ်သည့် အတွေ့အကြုံဖြစ်စဉ်ဖြစ်ပြီး၊ ထိုဖြစ်စဉ်မရှိပါက မည်သူမျှဘုရားသခင်ကိုသိခြင်း သို့မဟုတ် ဘုရားသခင်နောက်သို့ စစ်မှန်စွာလိုက်ခြင်းပြုနိုင်မည် မဟုတ်ပေ။ ဘုရားသခင်အမှုတော်ကို လုပ်ဆောင်လေ၊ လူသားမှသူ့ကိုပိုသိလေဖြစ်သည်။ ဘုရားသခင်၏အမှုတော်သည်လူတို့ တွေးတောကြံစည်မှုနှင့် ကွဲလွဲမှုရှိလေ၊ ဘုရားသခင်နှင့် ပတ်သက်သော လူသားတို့၏ အသိဉာဏ်သည် ပြန်လည်အသစ် ဖြစ်လေ၊ ပိုမိုလေးနက်လာလေဖြစ်သည်။ အကယ်၍ဘုရားသခင်၏ အမှုတော်သည်အစဉ်အမြဲပြောင်းလဲမှုမရှိပါက၊ လူသားတို့သည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ် အနည်းငယ်သာရှိမည်ဖြစ်သည်။ ဖန်ဆင်းခြင်းနှင့် မျက်မှောက်ကာလကြားတွင် သင်တို့သည် ပညတ်တော်ခေတ်အတွင်းမှ ဘုရားသခင်ပြုခဲ့သော ရူပါရုံများနှင့်၊ ကျေးဇူးတော်ခေတ်အတွင်းမှ သူပြုလုပ်ခဲ့သောအရာများနှင့် နိုင်ငံတော်ခေတ်တွင် သူပြုလုပ်သည့်အရာတို့ကို ရှင်းလင်းစွာ သိရမည်၊ သင်တို့သည် ဤရူပါရုံများနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားနေရမည်။ သင်တို့သည်ဘုရားသခင်၏ အမှုတော်ကို သိသင့်ပါသည်။ ယေရှု နောက်သို့လိုက်ပြီး သည့်အခါမှသာ ပေတရုသည်ယေရှု အတွင်းမှ ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များစွာကိုတဖြည်းဖြည်းသိမြင်လာခဲ့ပါသည်။ သူက "လူတို့၏အတွေ့အကြုံများပေါ်တွင် မှီခိုအားထားခြင်းသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်အပြည့်အဝကိုရရှိရန်မလုံလောက်ပေ၊ ဘုရားသခင်ကိုသိရှိနိုင်ရန် ကူညီပေးမည့် ဘုရားသခင်၏အမှုတော်အတွင်းတွင် အသစ်သောအရာများစွာ ရှိနိုင်ပါသည်။" ဟုပြောခဲ့ပါသည်။ ကနဦးတွင် ပေတရုက ယေရှုကို ဘုရားသခင်မှလွှတ်လိုက်သော တမန်တော်တစ်ဦးဟုယုံကြည်ခဲ့ပြီး၊ ယေရှုကိုခရစ်တော်အဖြစ်မမြင်ခဲ့ပေ။ ပေတရုကို ယေရှုနောက်သို့လိုက်ရန်[ခ] ခေါ်စဉ်တွင်၊ ယေရှုကသူ့အား"ရှိမုန်၊ ယောနသား။ သင်ငါ့နောက်သို့လိုက်မလား။" ဟုမေးခဲ့သည်။ ပေတရုက "ကောင်းကင်ဘုံရှင်ခမည်းတော်မှပို့တော်မူသော သူနောက်သို့ငါလိုက်မည်။ သန့်ရှင်းသောဝိညာဉ်တော်မှ ရွေးချယ်ထားသောသူကို ငါအသိအမှတ်ပြုရမည်။ ကိုယ်တော်နောက်သို့ ငါလိုက်မည်" ဟုဖြေကြားခဲ့သည်။ သူ၏ပြောစကားများကိုကြည့်ခြင်းအားဖြင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ သိထားသည့်အရာများမရှိသည်ကိုတွေ့နိုင်ပါသည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြားသိခဲ့ရပြီး၊ ကိုယ်တော်ကိုယ်တိုင် ဆက်ဆံပေါင်းဖော်ခဲ့ကာ၊ ဘုရားသခင်အတွက် အခက်အခဲများကို ခံစားခဲ့ဖူးသည်။ သို့တိုင်အောင် သူသည် ဘုရားသခင်၏အမှုတော်ကိုမသိရှိခဲ့ပေ။ တွေ့ကြုံမှုကာလတစ်ခုကြာမြင့်ပြီးနောက်တွင် ပေတရုသည် ယေရှုတွင် ဘုရားသခင်၏အမှုတော်များစွာ တို့တွင်မြင်တွေ့ကာ၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ပြီး၊ ယေရှုအထဲ၌ ဘုရားသခင်၏ဖြစ်တည်မှုကို များစွာ မြင်တွေ့ခဲ့ပါသည်။ ယေရှု၏ နှုတ်ကပတ်တော်များကို လူသားအနေဖြင့် ပြောကြားနိုင်မည်မဟုတ်ကြောင်းနှင့် ယေရှု၏ လုပ်ဆောင်ချက်များကို လူသားအနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ပေတရုတွေ့မြင်ခဲ့ပါသည်။ ထို့အပြင် ယေရှု၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအတွင်းတွင် ပေတရုသည် ဘုရားသခင်၏ဉာဏ်ပညာများစွာနှင့် ဘုရားသဘောသဘာဝနှင့်ဆိုင်သော အမှုများစွာတို့ကို တွေ့မြင်ခဲ့သည်။ သူ၏အတွေ့အကြုံများထဲတွင် ပေတရုသည် မိမိကိုယ်ကို ပြန်လည်သိရှိလာခဲ့ရုံသာမက ယေရှု၏လုပ်ဆောင်ချက်များကို လေ့လာခြင်း အပေါ်တွင်လည်း ဦးတည်ခဲ့ကာ ထိုမှတဆင့် များစွာသော အသစ်သောအရာများကို သူရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုအရာတို့မှာ ယေရှုအားဖြင့် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတော်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်၏ ထုတ်ဖော်မှုများ၊ ယေရှု၏နှုတ်ထွက်စကားများ၊ လုပ်ဆောင်ချက်များ၊ အသင်းတော်များကို သူအုပ်ထိန်းခဲ့သည့် နည်းလမ်းများနှင့် သာမန်လူသားများနှင့် သူ၏လုပ်ဆောင်ချက်များ ကွာခြားပုံအစရှိ သည်တို့ဖြစ်သည်။ ထို့ကြောင့် ယေရှုထံမှ သူသည် သင်ယူသင့်သော သင်ခန်းစာများစွာကိုသင်ယူခဲ့ရပြီး၊ ယေရှု ကားတိုင်ပေါ်တွင် သံမှိုဖြင့်ရိုက်ခြင်းခံရခါနီး အချိန်၌ သူသည်ယေရှုနှင့်ပတ်သက်သော အသိဉာဏ်အချို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုသိရှိမှုသည် သူ၏ ယေရှုအပေါ် ရာသက်ပန်သစ္စာရှိသွားရန်နှင့် ယေရှုအတွက် ကားတိုင်ပေါ်တွင် ပြောင်းပြန်ကားစင်တင် အသေခံရန်အတွက်အခြေခံဖြစ်သွားခဲ့သည်။ သူသည်အစတွင် အတွေးအခေါ်အချို့တို့၏ ချုပ်ကိုင်မှုကို ခံခဲ့ရပြီး ယေရှုနှင့် ပတ်သက်သော အသိဉာဏ်ရှင်းရှင်းလင်းလင်းမရှိခဲ့ပေ။ သို့ရာတွင် ထိုသို့သော အတွေးအခေါ်များကို ပျက်စီးယိုယွင်းနေသော လူသားထံတွင် မလွဲဧကန်တွေ့နိုင်ပါသည်။ ခွဲခွာခါနီး အချိန်တွင် ယေရှုကပေတရုအား ကားတိုင်ပေါ်တွင် သူအသေခံခြင်းသည် သူလာရောက်လုပ်ဆောင်ရ သည့်အမှုဖြစ်ကြောင်းပြောခဲ့သည်။ သူသည် ထိုခေတ်ကာလမှလူတို့၏ စွန့်ပယ်ခြင်းကို ခံရလိမ့်မည်။ ဤမသန့်ရှင်းသော ကာလဟောင်းမှလူတို့သည် ယေရှုကို ကားတိုင်တွင် သံမှိုရိုက်၍တင်ကြသည်။ ယေရှုသည် ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေရန်လာခဲ့ခြင်းဖြစ်ပြီး၊ ဤအမှုပြီးမြောက်သည်နှင့် သူ၏သာသနာသည် အဆုံးသတ်မည်ဖြစ်သည်။ ဤအကြောင်းကို ကြားသိရပြီးနောက်တွင် ပေတရုသည်ဝမ်းနည်းပူဆွေးပြီး ယေရှုနှင့် သာ၍ဆက်စပ်သည်ဟု ခံစားခဲ့ရသည်။ ခရစ်တော်ကိုကားတိုင်တွင်သံမှိုစွဲတင်နေချိန်တွင် ပေတရုသည် လူအများရှေ့၌ ပြင်းထန်စွာငိုယိုခဲ့သည်။ ဤမတိုင်မှီက ပေတရုသည် ယေရှုအား "ကျွန်ုပ်၏သခင်၊ ကိုယ်တော် ကားတိုင်မှာ အသေခံတော်မူမယ်လို့ကိုယ်တော်ပြောသည်။ ကိုယ်တော်သွားပြီးတဲ့နောက် ဘယ်အချိန်မှာများ ကိုယ်တော် ကိုထပ်မံတွေ့နိုင်ပါဦးမလဲ" မေးခဲ့သည်။ သူပြောခဲ့သောစကားလုံးများထဲတွင် ရောနှောမှုများ ရှိနေသည်မဟုတ်ပါလား။ သူ၏ထင်မြင်ချက်များပါဝင်နေသည်မဟုတ်ပါလား။ သူ၏နှလုံးသားထဲတွင် ယေရှုသည် ဘုရားသခင်၏အမှုအပိုင်းတစ်ပိုင်းကိုပြီးမြောက်စေရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး၊ ယေရှု ကားတိုင်ပေါ်တွင် အသက်အသေခံကာ ကောင်းကင်သို့ ပြန်လည်ကြွချီသွားပြီး နောက်တွင် ဘုရားသခင်၏ဝိညာဉ်တော်သည်သူနှင့်အတူရှိနေမည်ကိုသိထားပါသည်။ ထိုအချိန်တွင် သူ၌ယေရှုနှင့် ပတ်သက်သော အသိဉာဏ်အချို့ရှိနှင့်နေပြီး၊ ယေရှုကို ဘုရားသခင်၏ဝိညာဉ်တော်မှ ပို့လွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်သူ သူ့အတွင်း၌ရှိနေကြောင်းနှင့် ယေရှုကိုယ်တော် တိုင်သည်ဘုရားသခင်ဖြစ်ကြောင်းနှင့် ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း သူသိထားပြီးဖြစ်သည်။ သို့ရာတွင် ယေရှုအပေါ်ထားသော သူ၏ချစ်ခြင်းမေတ္တာနှင့် လူသားတို့၏ အားနည်းမှုတို့ကြောင့် ပေတရုသည် ထိုသို့သော စကားများကိုပြောကြားခဲ့ခြင်းဖြစ်သည်။ အကယ်၍သင်သည် ဘုရားသခင်၏အမှုတော် အဆင့်တိုင်းတွင် အသေးစိတ်ကျသော အတွေ့အကြုံများကို လေ့လာကာ ဖြတ်သန်းသွားနိုင်မည်ဆိုပါက သင့်အနေဖြင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာနိုင်မည် ဖြစ်သည်။ ပေါလု၏ ရူပါရုံမှာအဘယ်နည်း။ ယေရှုသူ့ထံပေါ်လာစဉ်ကပေါလုသည် "သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း" ဟုမေးလျှောက်လျှင်ယေရှုက "ငါကားသင်ညှင်းဆဲသောယေရှုဖြစ်သတည်း။" ဟုဖြေကြားခဲ့ပါသည်။ ဤသည်မှာပေါလု၏ရူပါရုံဖြစ်သည်။ ပေတရုသည် ယေရှုရှင်ပြန်ထမြောက်ခြင်း၊ ရက်ပေါင်း၄၀ ကိုယ်ထင်ပြခြင်းနှင့် ယေရှု၏ဘဝတစ်လျှောက် သွန်သင်ချက်များကို သူ၏ရူပါရုံသဖွယ် သူ့ဘဝခရီးအဆုံးအထိ အသုံးပြုခဲ့ပါသည်။

လူသားသည် ဘုရားသခင်ကိုကြုံတွေ့ခံစားပြီး၊ ကိုယ်တိုင်သိရှိကာ၊ သူ၏ပျက်စီးနေသော ပင်ကိုယ်သဘောထားများကို ကိုယ်တိုင်ခွာထုတ်လိုက်၍၊ အသက်တာကြီးထွားတိုးပွားလာ စေရန် လုပ်ဆောင်ခြင်းတို့ အားလုံးမှာ ဘုရားသခင်ကိုသိရှိနိုင်ရန်အတွက် သာဖြစ်သည်။ သင်သည် သင့်ကိုယ်သင်သာသိရှိရန်နှင့် သင်၏ပျက်စီးယိုယွင်း နေသောစိတ်သဘောထားများကို ဖြေရှင်းရန်သာ ကိုယ်တိုင်ရှာဖွေပြီး၊ ဘုရားသခင် လူသားအတွက်လုပ်ဆောင်ပေးသောအမှုတော်အကြောင်း၊ သူ၏ ကယ်တင်ခြင်းသည်မည်မျှကြီးမြတ်ကြောင်း သို့မဟုတ် ဘုရားသခင်ကိုသင် မည်ကဲ့သို့ တွေ့ကြုံခံစားရပုံ နှင့် ဘုရားသခင်၏လုပ်ရပ်များကို ကိုယ်တိုင် တွေ့မြင်ခဲ့ရပုံတို့နှင့် ပတ်သက်၍ အသိဉာဏ်မရှိလျှင် သင်၏အတွေ့အကြုံသည် မိုက်မဲမှုသာဖြစ်ပါသည်။ အကယ်၍ သမ္မာတရားကိုလက်တွေ့ကျင့်သုံးနိုင်ခြင်းနှင့် ဒုက္ခကိုသည်းခံနိုင်ခြင်းတို့သည် လူတစ်ယောက်ဘဝကို ကြီးထွားလာစေနိုင်သည်ဟုထင်မြင်ပါက ဘဝ၏စစ်မှန်သော အဓိပ္ပါယ်ကို သင်နားမလည်သေး၊ လူသားအတွက် အမှုတော်လုပ်ဆောင်ပေးသော ဘုရားသခင်၏ ရည်ရွယ်ချက်ကို ယခုတိုင်အောင် နားမလည်နိုင်သေးဟု အဓိပ္ပါယ်ရပါသည်။ တစ်နေ့သင်သည် ဘာသာရေးအသင်း အဖွဲ့များထဲသို့ရောက်ရှိချိန်၊ နောင်တရသောအသင်းတော် သို့မဟုတ် အသက်တာအသင်းတော်မှ အသင်းဝင်များကြားရောက်ရှိချိန်တွင် ဆုတောင်းချက်များ အတွင်းတွင် "ရူပါရုံ"ပါသော ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများနှင့် မိမိတို့ လိုက်လျှောက်ရာဘဝတွင် လမ်းညွှန်ရန်နှုတ်ကပတ်တော်များရှိပြီး ထိုစကားလုံးများ၏ထိတွေ့မှုကို ခံစားရသော သူများကို တွေ့ကြုံလာမည်ဖြစ်သည်။ ထို့အပြင် သူတို့သည်မြောက်မြားစွာသောကိစ္စများတွင် သည်းခံနိုင်မှုရှိကြပြီး၊ လူ့ဇာတိ၏ဦးဆောင်မှုကိုမခံပဲ မိမိကိုယ်ကိုစွန့်လွှတ်နိုင်ကြသည်။ ထိုအချိန်တွင် သင်သည် ထူးခြားမှုကိုပြောနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့လုပ်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအတိုင်း ဖြစ်သည်ဟု သင်ယုံကြည်လာလိမ့်မည်။ သူတို့ယုံကြည်သော နာမသည်မှား ယွင်းနေသည်မှာ သနားစရာ ကောင်းလွန်းလှပါသည်။ ထိုသို့သော ယုံကြည်မှုများသည် ရူးသွပ်မှုပင်မဟုတ်ပါလား။ အဘယ်ကြောင့် များစွာသောလူတို့သည် အသက်တာမရှိဟု ပြောရသနည်း။ အကြောင်းမှာသူတို့သည် ဘုရားသခင်ကို မသိသောကြောင့် သူတို့ထံတွင်ဘုရားသခင်နှင့် အသက်တာမရှိဟုပြောရခြင်းဖြစ်သည်။ အကယ်၍သင်၏ ဘုရားသခင်အပေါ်တွင်ယုံကြည်မှုသည် ဘုရားသခင်၏အမှုတော်များ၊ ဘုရားသခင်၏စစ်မှန်မှု နှင့် ဘုရားသခင်၏အမှုတော်၏အဆင့်တိုင်းကို စေ့စပ်စွာသိရှိနိုင်စွမ်းရှိသည့်အဆင့်တစ်ခုသို့ရောက်ရှိ သွားချိန်တွင် သင့်ကို ယုံကြည်ခြင်းက အနိုင်ယူ ပိုင်ဆိုင်သွားပြီဖြစ်သည်။ အကယ်၍သင်သည် ဘုရားသခင်၏အမှုတော်နှင့် စိတ်သဘောထား ကိုမသိပါက သင်သည် အတွေ့အကြုံမဲ့ နေဆဲဖြစ်သည်။ ယေရှုသည်သူ၏ထိုအမှုတော် အဆင့်ကိုမည်ကဲ့သို့ လုပ်ဆောင်ခဲ့လဲ၊ ဤအဆင့်ကို ဘယ်လိုလုပ်ဆောင်ခဲ့လဲ၊ ကျေးဇူးတော်ခေတ်တွင် သူ၏အမှုတော်ကိုဘယ်လို လုပ်ဆောင်ခဲ့လဲ၊ မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့လဲ၊ ဤအဆင့်တွင် မည်သည့်လုပ်ငန်းကို လုပ်ဆောင်ခဲ့လဲ။ အကယ်၍ ဤအရာများနှင့်ပတ်သက်၍ သင့်ထံ၌ စေ့စပ်သေချာသော အသိဉာဏ်မရှိလျှင် သင့်အနေဖြင့် လုံခြုံမှုနှင့်ယုံကြည်စိတ်ချရမှုတို့ကို မည်သည့်အခါမျှခံစားရလိမ့်မည်မဟုတ်ပေ။ အကယ်၍ တွေ့ကြုံရသည့်ကာလတစ်ခုပြီးနောက်တွင် သင်သည် ဘုရားသခင်လုပ်ဆောင်သောအမှုနှင့် ဘုရားသခင်၏အမှုတော်၏အဆင့်တိုင်းကို သိနိုင်လာပြီး ဘုရားသခင်၏ နှုတ်ထွက်စကားတော်များ၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍နှံ့စပ်သောအသိဉာဏ်ရှိ ကာ သူပြောခဲ့သောနှုတ်ထွက်စကားတော်များစွာသည် ပြည့်စုံခြင်းမရှိသေးသည့် အကြောင်းရင်း ကိုသိရှိလာပါက သင်သည် ရှေ့ဆက်လမ်းကိုအလွယ်တကူနှင့် ရဲရင့်စွာလျှောက်လှမ်းနိုင်ကာစိုးရိမ်ပူပန်မှု သို့မဟုတ် စစ်ဆေးမှုတို့နှင့် ကင်းလွတ်နိုင်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်မှ သူ၏အမှုတော်များစွာကို လုပ်ဆောင်နိုင်ရန် မည်သည့်အရာတို့ကို အသုံးပြုသည်ကို မြင်တွေ့သင့်ပါသည်။ သူမိန့်မြွက်သော စကားတော်များကိုအသုံးပြုကာ အမျိုးမျိုးသော နှုတ်ထွက်စကားတော်များအားဖြင့် လူသားတို့၏ အတွေးအမြင်များကို ပြန်လည်စစ်ဆေးကာ ပြုပြင်ပြောင်းလဲခဲ့ပါသည်။ သင်တို့သည်းခံ ခဲ့သောဒုက္ခများ၊ သင်တို့တွေ့ကြုံခဲ့သောဆေးကြောစီရင်မှုများ၊ သင်တို့အတွင်း၌သင်တို့လက်ခံခဲ့သော ဆက်ဆံရေး၊ သင်တို့ ကြုံတွေ့ခဲ့ရသောအသိဉာဏ်အလင်း၊ ဤအရာအားလုံးကို ဘုရားသခင်မှပြောကြားခဲ့ သောနှုတ်ထွက်စကားတော်များကိုအသုံးပြု၍ရရှိလာခဲ့ပါသည်။ မည်သည့် အကြောင်းရင်းကြောင့် လူသားသည် ဘုရားသခင်နောက်ကိုလိုက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လျို့ဝှက်ဆန်းကြယ်နက်ရှိုင်းလှပြီး၊ လူသားတို့၏နှလုံးသားကို ထိတွေ့နိုင်ကာ လူသား၏နှလုံးသားအတွင်းနက်ရှိုင်းစွာ ရှိနေသောအရာများကို ဖော်ပြနိုင်၍၊ သူ့ကိုယခင်ကဖြစ်ပျက်ခဲ့သောအရာအားလုံး သိရှိစေနိုင်ပြီး၊ သူ့အားအနာဂတ်ကိုလည်း တွေ့မြင်ခွင့်ကိုပေးသည်။ ထို့ကြောင့်လူသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကြောင့် ဒုက္ခဆင်းရဲကို သည်းခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စုံလင်စေသည်။ သို့မှသာ လူသားသည် ဘုရားသခင်နောက်တော်သို့ လိုက်ခြင်းဖြစ်သည်။ ဤအဆင့်တွင်လူသားအနေဖြင့် ပြုလုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကိုလက်ခံရန်ဖြစ်ပြီး၊ သူ့အားစုံလင်စေခြင်း၊ စစ်ဆေးခြင်း လုပ်ခဲ့ပြီးသည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အဓိကသော့ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် များပင်ဖြစ်သည်။ ဤအရာသည်ဘုရားသခင်၏အမှုတော်ဖြစ်ပြီး ယနေ့လူသားသိသင့်သည်ရူပါရုံဖြစ်သည်။

ဘုရားသခင်သည်လူသားကိုစုံလင်အောင် မည်သို့လုပ်ဆောင်သနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည်မည်သို့ဖြစ်သနည်း။ သူ၏စိတ်သဘောထားထဲတွင်မည်သည်တို့ ပါဝင်နေသနည်း။ ဤအရာအားလုံးတို့ကို နားလည်ထားသင့်ပါသည်။ ဤအရာသည် ဘုရားသခင်၏ နာမတော်ကို ပျံ့နှံ့စေခြင်းဖြစ်သည်။ ဘုရားသခင်အကြောင်းသက်သေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ဦးထိပ်ထားခြင်းနှင့် ဘုရားသခင်ကို သိခြင်းအခြေခံအပေါ်တွင် လူသားသည် သူ၏အသက်တာ အနေအထားပြောင်းလဲမှုကို နောက်ဆုံး၌ ရရှိသွားပါမည်။ ဆက်ဆံမှုနှင့် စစ်ဆေးမှုကိုလူတို့ဖြတ်ကျော်သွားရလေ၊ သူ၏အင်အားကြီးမားလာလေ၊ ဘုရားသခင်၏ အမှုတော်အဆင့်ပို၍ များပြားလာလေ၊ လူသားကိုစုံလင်လာစေလေ ဖြစ်သည်။ ယနေ့ လူသား၏ အတွေ့အကြုံတွင် ဘုရားသခင်၏ အမှုတော်အဆင့်တစ်ခုစီသည် လူသားတို့၏အတွေးအထင်များကို တန်ပြန်တိုက်ခိုက်ပြီး၊ အဆင့်တိုင်းသည် လူသား၏ဉာဏ်ရည်ဖြင့် စဉ်းစားမှီနိုင်စွမ်းမရှိဘဲ၊ သူ၏မျှော်လင့်ထားသည်ထက် သာလွန်နေပါသည်။ ဘုရားသခင်သည် လူသားတို့လိုအပ်သော အရာအားလုံးကို ထောက်ပံ့ထားပြီး လူသားတို့၏ တွေးထင်ယူဆချက်များတို့နှင့် အဖက်ဖက်မှ ကွဲလွဲနေပါသည်။ သင်အားနည်းနေချိန်တွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်တော်မူသည်။ ဤနည်းအားဖြင့်သာ သူသည် သင့်အသက်တာကို အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။ သင်၏ စိတ်ကူးထင်မြင်ချက်များကို တန်ပြန်တိုက်ခိုက်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်နှင့်ဆက်ဆံရေးကို လက်ခံလာနိုင်ပြီး ဤနည်းတစ်ခုတည်းအားဖြင့် သင်၏ပျက်စီးယိုယွင်းနေမှုကို ဖယ်ရှားလိုက်နိုင်မည်ဖြစ်သည်။ ယနေ့၊ တစ်ဖက်တွင် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် အံ့သြဖွယ်အမှုတော်များကို လုပ်ကိုင်နေပြီး၊ အခြားတစ်ဖက်တွင် သူသည် လူ့သဘာဝအားဖြင့် အမှုတော်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။ ဘုရားသခင်၏ မည်သည့်အလုပ်ကိုမဆို ငြင်းဆိုနိုင်စွမ်း သင်၌မရှိတော့သောအခါ၊ သာမန်လူ့သဘာဝ အခြေအနေအတွင်း၌ ဘုရားသခင်သည် အဘယ်အရာကို ပြုသည်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ သင်နာခံနိုင်သောအခါ၊ မည်သို့သော သာမန်ဖြစ်မှုကို သူပေါ်လွင်စေသည်ဖြစ်ပါစေ သင်သည် နာခံနိုင်၍ နားလည်နိုင်သောအခါ၊ အတွေ့အကြုံအမှန်ကို သင်ရပြီးသွားသောအခါ၊ ထိုအခါမှသာလျှင် သူသည် ဘုရားသခင်ဖြစ်ကြောင်းသင်စိတ်ချနိုင်ပြီး ထိုအခါမှသာလျှင် သင်သည် အယူအဆများ ထုတ်လုပ်ခြင်းကို ရပ်တန့်ကာ အဆုံးတိုင်အောင် သူ့နောက်လိုက်နိုင်မည် ဖြစ်သည်။ ဘုရားသခင် ၏အမှုတော်တွင်အသိဉာဏ်ပညာပါဝင်ပြီး၊ လူသားမှ သူ့အတွက် သက်သေခံအဖြစ်မည်သို့ ရပ်တည်နိုင်မည်ဆိုသည်ကို သူသိပါသည်။ လူသား၏ အဓိကအားနည်းချက် မည်သည့်နေရာတွင်ရှိသည်ကို သူသိပြီး၊ သူမိန့်ကြားခဲ့သော နှုတ်ကပတ်တော်များသည် သင့်အဓိကအားနည်းချက်ကို တန်ပြန်တိုက်ခိုက် နိုင်ပါသည်။ သူ့အတွက် သက်သေအဖြစ် သင့်အားရပ်တည်နေနိုင်စေရန်အတွက် သူသည်ကြီးမြတ်ပြီး ပညာရှိသော စကားလုံးများကိုလည်း အသုံးပြုပါသေးသည်။ ဤသည်မှာ ဘုရားသခင်၏ အံ့အားဖွယ် အမှုတစ်ရပ်ဖြစ်ပါသည်။ လူသားတို့သည် ၎င်းတို့၏အသိဉာဏ်ဖြင့် ဘုရားသခင်၏အမှုတော်ကို စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏စီရင်ချက်သည် လူ့ဇာတိနှင့်ဖြစ်တည်သောလူသား တို့ကို ထိန်းချုပ်ထားသည့် ပျက်စီးယိုယွင်းမှုပုံစံများနှင့် မည်သည့်အရာတို့သည် လူသားတို့၏ အနှစ်သာရဖြစ်သည်ကိုဖော်ပြပြီး၊ လူသားတို့ကို အရှက်တရားကိုဖုံးကွယ်ရန်နေရာမရှိအောင် ချန်ထားနိုင်ပါ သည်။

ဘုရားသခင်သည် လူသားကသူ့အား သိကောင်းသိလာစေရန်အတွက်နှင့် သူ့အတွက်သက်သေခံချက်ဖြစ်ရန် တရားစီရင်ခြင်းနှင့် ဆုံးမခြင်းတို့ကို လုပ်ကိုင်ပါသည်။ လူသားတို့၏ ပျက်စီးယိုယွင်းသည့်စိတ်သဘောထားများအပေါ်ဘုရားသခင်၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို လက်မခံသည့် ဘုရားသခင်၏ဖြောင့်မတ်သောစိတ်သဘောထားကိုသိနိုင်မည်မဟုတ်ပဲ၊ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိတရားဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည်သူ၏သက်သေခံချက်နှင့် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏ အကြောင်းအရာ အလုံးစုံကို အများသိရှိအောင်ပြုလုပ်သည်။ သို့ဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သော အသိဉာဏ်ကိုရရှိစေပြီး၊ လူသားသည် မိမိစိတ်သဘောထားကို ပြောင်းလဲကာ ဘုရားသခင်၏ လူအများသိသည့်ပုံသဏ္ဍာန်မှတဆင့် ထူးကဲလှသောသက်သေခံချက်ကို သက်သေခံနိုင်စေမည်။ လူသားတို့၏စိတ်သဘောထားတွင် ပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့်လုပ်ငန်းပုံစံ အမျိုးမျိုးမှတဆင့်ရရှိသည်။ လူသား၏စိတ်သဘောထားတွင်ထိုသို့သော ပြောင်းလဲမှုမျိုးမရှိပဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံချက်မပေးနိုင်၊ ဘုရားသခင်၏ စိတ်နှလုံးတော်နောက်သို့မလိုက်နိုင်ပေ။ လူသား၏စိတ်သဘောထားအတွင်း ပြောင်းလဲမှုများ က လူသားသည် စာတန်၏ ချည်နှောင်ခြင်းမှလွတ်မြောက်ကာ၊ အမှောင်၏လွှမ်းမိုးမှု အောက်မှ မိမိကိုယ်ကို လွတ်မြောက်ခြင်းကို ဖော်ပြနေပြီး၊ ဘုရားသခင့်အမှုတော်၏စံပြနှင့် နမူနာအစစ်အမှန်၊ ဘုရားသခင်၏ စိတ်နှလုံးသားနောက်သို့ လိုက်နိုင်သောသူ တစ်စုံတစ်ယောက်၊ ဘုရားသခင်၏ သက်သေခံသူ အစစ်အမှန်ဖြစ်လာပါသည်။ ယနေ့လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် ကမ္ဘာကြီးပေါ်တွင် သူ၏အမှုတော်ကို လုပ်ကိုင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ လူသားအနေဖြင့် သူနှင့်ပတ်သက်သော အသိတရားကိုရရှိစေလာစေရန်၊ သူ့ကိုရိုသေစေရန်၊သူ့အတွက် သက်သေခံရန်ကို သူအလိုရှိပါသည်။ သူ၏လက်တွေ့နှင့် သာမန်အလုပ်ကိုသိရန်၊ သူ၏နှုတ်ကပတ်တော်များအားလုံးကို နာခံရန်နှင့် လူသားတို့ တွေးထင်မြင်ချက်နှင့်အညီ အလုပ်မလုပ်ကိုင်ရန်၊ လူသားကိုကယ်တင်ရန် သူ၏ လုပ်ဆောင်ချက်အားလုံးကို သက်သေခံနိုင်ရန်နှင့် လူသားကို အောင်နိုင်စေရန်အတွက် သူပြုလုပ်ခဲ့သော အမှုအားလုံးကို သိရှိစေရန် သူအလိုရှိပါသည်။ ဘုရားသခင်အတွက် သက်သေခံချက်ပေးသောသူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ရှိရပါသည်။ ဤကဲ့သို့သော သက်သေခံချက်သာလျှင် တိကျပြီးစစ်မှန်သည်။ ဤကဲ့သို့သော သက်သေခံချက်သာလျှင် စာတန်ကိုအရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏စီရင်ဆုံးဖြတ်မှုနှင့် ဆုံးမမှုတို့ကို ဖြတ်သန်းခဲ့ရပြီး၊ သူ့အတွက် သက်သေခံနိုင်ရန်အတွက် ပတ်သက်ဆက်ဆံခြင်းနှင့် စီစစ်ခြင်းတို့ကိုဖြတ်သန်းခဲ့ရပြီးနောက် သူ့ကိုသိရှိ လာသူများကို အသုံးပြုသည်။ ဘုရားသခင်သည်စာတန်မှ ဖျက်ဆီးခဲ့သောသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ မိမိ၏ ပင်ကိုယ်သဘာထားကို ပြုပြင်ပြောင်းလဲခဲ့သူများနှင့် သူ၏ ကောင်းချီးမင်္ဂလာများ ကို ရယူနိုင်ခဲ့သူများကိုလည်း သူ့အတွက် သက်သေခံပေးရန် အသုံးပြုသည်။ ဘုရားသခင်သည် လူသား၏စကားလုံးများဖြင့်သာ ချီးမွမ်းခြင်းကို မလိုအပ်သလို၊ သူကယ်တင်ခြင်းမပေးခဲ့သော စာတန်ပုံစံဖြင့် ချီးမွမ်းခြင်း နှင့် သက်သေခံခြင်းတို့ကို မလိုအပ်ပါ။ ဘုရားသခင်ကို သိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန်အရည်အချင်းရှိပြီး၊ စိတ် သဘောထား ပြောင်းလဲသွားသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန်အရည်အချင်း ရှိကာ၊ ဘုရားသခင်သည် လူသားမှ သူ၏နာမတော်ကို အရှက်ရစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။

အောက်ခြေမှတ်စုများ-

(က) မူလစာသားတွင် "ဘုရားသခင်ကိုသိရှိရန် လုပ်ငန်းတော်"ဟုဖတ်သည်။

(ခ) မူလစာသားတွင် "နောက်လိုက်နေသည်"ဟုဖတ်သည်။

ယခင်က:"နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်

နောက်တစ်ခုသို့:ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်။

သင်နှစ်သက်နိုင်သည့် အရာများ