၆) ဘုရားသခင်နှင့်အတူ မိတ်သဟာယပြုခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်ထံ သူ၏ နှုတ်ကပတ်တော်များဖြင့် ဆုတောင်းလော့၊ သမ္မာတရားကို ရှာဖွေပြီး သူ၏ အလိုတော်ကို သဘောပေါက်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် ကြိုးပမ်းလော့။ ဤသည်မှာ ဘုရားသခင်နှင့်အတူ အစစ်အမှန် မိတ်သဟာယပြုခြင်း ဖြစ်သည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့တွင်၊ သမ္မာတရားကို ရှာဖွေလျက် ယင်းတို့ကို ဆုတောင်းဖတ်ရှုဖို့ သင်ယူရမည်။ ဤနည်းဖြင့် ဆုတောင်းခြင်းအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့ကို အလွယ်တကူ ရရှိပေသည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်၏။ ဘုရားသခင်ထံ သူ၏ နှုတ်ကပတ်တော်များဖြင့် မကြာခဏ ဆုတောင်းခြင်းအားဖြင့်သာ သူ၏ အလိုတော်ကို သိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို စွမ်းဆောင်ရရှိနိုင်ပေသည်။

(၄) စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းအလယ်တွင် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သူ၏ အလိုတော်ကို သဘောပေါက်ခြင်း၊ ပြီးလျှင် သူနှင့်အတူ စစ်မှန်သော မိတ်သဟာယကို စွမ်းဆောင်ရရှိခြင်းအားဖြင့်၊ ဘုရားသခင်နှင့်အတူ ထိတွေ့မှုရှိနေချိန်တွင် ဘုရားသခင်ကို အလွယ်တကူ သိကျွမ်းနိုင်ပြီး သူ့ထံ ကျိုးနွံနာခံနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းနိုင်သနည်း။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ဖို့ မည်သည့်အရာကို မှီခိုသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ခြင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုခြင်းတို့အပေါ်တွင် မှီခိုသင့်သည်။ ဤသို့သော ဆက်ဆံရေးတစ်ခု၌၊ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်ကြပြီး၊ ထိုသို့သော လူတို့သည် အလွန် ငြိမ်းချမ်းကြသည်။ လူအချို့က အပြင်ပန်း အလုပ်တာဝန်များဖြင့် မိမိတို့ကိုယ်ကိုယ် အလုပ်ရှုပ်စေလျက်၊ အပြင်ပန်း လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ အချိန်တစ်ခုလုံးကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အသက်တာ မရှိဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ပြီးနောက်တွင် မည်သည့်အရာကိုမျှ မခံစားရပေ၊ သုံးလေးရက်ပြီးနောက် သို့မဟုတ် တစ်လ နှစ်လ ပြီးနောက်တွင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရသေးပေ။ ၎င်းတို့သည် ဆုမတောင်းရသေးသကဲ့သို့၊ အသနားခံ တောင်းလျှောက်ခြင်းလည်း မပြုရသေးဘဲ သို့မဟုတ် ဝိညာဉ်ရေးရာ မိတ်သဟာယ မပြုရသေးပေ။ အသနားခံတောင်းလျှောက်ခြင်းသည် သင်၌ တစ်စုံတစ်ရာ ဖြစ်ပြီး၊ သင့်ကို ကူညီဖို့၊ လမ်းညွှန်ဖို့၊ ထောက်ပံ့ဖို့၊ ဉာဏ်အလင်းပေးဖို့နှင့် သူ၏အလိုတော်ကို သင့်အား နားလည်ခွင့်ပေးဖို့နှင့် သမ္မာတရားနှင့်အညီ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင့်အား သိခွင့်ပေးဖို့ သင်က ဘုရားသခင်ကို တောင်းလျှောက်သည့်အခါ ဖြစ်သည်။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် သာ၍ ကျယ်ပြန့်သည်- တစ်ခါတစ်ရံတွင် သင်သည် သင်၏ အခက်အခဲများ သို့မဟုတ် အပျက်သဘောဆောင်ခြင်းနှင့် အားနည်ချက်ကို ဘုရားသခင်အား ပြောပြလျက်၊ သင်၏စိတ်နှလုံးထဲတွင် စကားများပြောသည်။ ထိုနည်းတူ သင် ပုန်ကန်လိုတတ်သောအခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းသည်၊ သို့မဟုတ်ပါက သင်၌ နေ့စဉ် ဖြစ်ပျက်နေသည့် အမှုအရာများသည် သင့်အတွက် ရှင်းလင်းသည်ဖြစ်စေ မရှင်းလင်းသည်ဖြစ်စေ ယင်းတို့အကြောင်းကို သင်သည် ဘုရားသခင်အား ပြောပြသည်။ ဤသည်မှာ ဆုတောင်းခြင်း ဖြစ်ပေ၏။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် အခြေခံအားဖြင့် ဘုရားသခင်ကို စကားပြောဆိုခြင်းနှင့် ရင်ဖွင့်ခြင်းတို့ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းကို ပုံမှန်အချိန်များတွင် လုပ်ဆောင်သည်၊ တစ်ခါတစ်ရံတွင် မလုပ်ဆောင်ပေ။ သင်ဆန္ဒရှိသည့်အခါတိုင်းနှင့် နေရာတိုင်းတွင် သင်ဆုတောင်းနိုင်သည်။ ဝိညာဉ်ရေးရာ ဆွေးနွေးမှုသည် လွန်ကဲစွာ ခမ်းကြီးနားကြီး မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းမှာ သင်၌ ပြဿနာတစ်ခုရှိသောကြောင့် ဖြစ်သည်၊ တစ်ခါတစ်ရံတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းသည် စကားလုံးများ ပါဝင်သည်၊ တစ်ခါတစ်ရံတွင် မပါဝင်ပေ။ သင်၌ ပြဿနာတစ်ခုရှိသည့်အခါ၊ ယင်းအကြောင်းကို ဘုရားသခင်နှင့် ပြောပြီး ဆုတောင်းသည်။ သင်၌ ပြဿနာမရှိသည့်အခါ၊ ဘုရားသခင်သည် လူတို့ကို မည်သို့ချစ်သည်၊ သူသည် လူတို့နှင့်ပတ်သက်၍ မည်သို့ စိုးရိမ်ပူပန်သည်၊ သူသည် လူတို့ကို မည်သို့ ပြစ်တင်မောင်းမဲသည်တို့အကြောင်း သင်တွေးသည်။ သင်သည် ဘုရားသခင်နှင့် အချိန်မရွေး သို့မဟုတ် နေရာမရွေး ဆွေးနွေးပြောဆိုနိုင်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှုဆိုသည့်အရာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် လှည့်ပတ် သွားလာစဉ် သင့်ကို စိတ်မကောင်းဖြစ်စေသည့် တစ်စုံတစ်ခုအကြောင်း သင်တွေးမိသည့်အခါ၊ သင်သည် ဒူးထောက်ဖို့ သို့မဟုတ် မျက်စိမှိတ်ဖို့ မလိုအပ်ပေ။ သင်၏စိတ်နှလုံးထဲတွင်- “အိုဘုရားသခင်၊ ဤအရာတွင် ကျွန်ုပ်ကို ကျေးဇူးပြု၍ လမ်းညွှန်တော်မူပါ။ ကျွန်ုပ်သည် အားနည်းပါသည်၊ ယင်းကို ကျွန်ုပ် မကျော်လွှားနိုင်ပါ” ဟု ဘုရားသခင်ကို ပြောဖို့သာ လိုအပ်သည်။ သင်၏စိတ်နှလုံးသည် တို့ထံခံရသည်။ သင်သည် ရိုးရှင်းသော စကားလုံးအနည်းငယ်ကိုသာ ပြောသည်၊ ပြီးလျှင် ဘုရားသခင် သိလေ၏။ တစ်ခါတစ်ရံတွင် သင် အိမ်ကိုလွမ်းပြီး၊ “အိုဘုရားသခင်။ ကျွန်ုပ် အိမ်ကို အရမ်းလွမ်းပါသည်...” ဟု ပြောသည်။ သင် အတိအကျအားဖြင့် မည်သူ့ကို လွမ်းသည်ကို သင်မပြောပေ။ သင်သည် စိတ်အားညှိုးငယ်ပြီး ဤအကြောင်းကို ဘုရားသခင်ကို ပြောသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏စိတ်နှလုံးတွင် ရှိသည့်အရာကို ပြောသည့်အခါမှသာ၊ ပြဿနာများသည် ပြေလည်နိုင်သည်။ အခြားသူများကို စကားပြောခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားကို နားလည်သည့် တစ်စုံတစ်ဦးကို သင်ကြုံရပါက အဆင်ပြေသည်၊ သို့ရာတွင် ၎င်းတို့က နားမလည်ပါက၊ သင်သည် အပျက်သဘောဆောင်ပြီး ပျော့ညံ့သည့် တစ်စုံတစ်ဦးကို ကြုံပါက၊ ၎င်းတို့အပေါ် သင်သည် သက်ရောက်မှု တစ်ခုရှိနိုင်သည်။ သင်သည် ဘုရားသခင်ကို စကားပြောပါက၊ ဘုရားသခင်က သင့်ကို နှစ်သိမ့်လိမ့်မည်၊ ပြီးလျှင် သင့်ကို တို့ထိလိမ့်မည်။ ဘုရားသခင် ရှေ့မှောက်တွင် ဘုရားနှုတ်ကပတ်တော်များကို သင် ဆိတ်ငြိမ်စွာ ဖတ်နိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအခက်အခဲလေးကို ကျော်လွှားဖို့၊ ဖြတ်ကျော်ရန် နည်းလမ်းတစ်ခုကို သင့်အား ရှာတွေ့ခွင့်ပေးလိမ့်မည်။ အခက်အခဲသည် သင့်အား အမှားလုပ်မိစေမည်မဟုတ်၊ ယင်းသည် သင့်ကို ချုပ်ထိန်းထားမည် မဟုတ်သကဲ့သို့ သင်၏တာဝန်ကို သင်၏ဖြည့်ဆည်းခြင်းတွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သင်သည် ရုတ်ခြည်း အနည်းငယ် စိတ်အားညှိုးငယ်ခြင်း သို့မဟုတ် အတွင်း၌ စိတ်မအေးခြင်း ခံစားရသည့်အချိန်များ ရှိသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ထံ ဆုတောင်းဖို့ ချီတုံချတုံမဖြစ်နှင့်။ ယင်းက သင်သည် ဘုရားသခင်ထံ အသနားခံတောင်းလျှောက်ခြင်း မပြုခြင်း ဖြစ်နိုင်သည်၊ သင်သည် ဘုရားသခင်ကို မည်သည့်အရာမျှ လုပ်ဆောင်စေဖို့ ဆန္ဒမရှိခြင်း သို့မဟုတ် သင့်အား မည်သည့်အရာနှင့်မျှ ဉာဏ်အလင်းပေးစေဖို့ ဆန္ဒမရှိခြင်း ဖြစ်နိုင်သည်၊ သင်သည် မည်သည့်နေရာတွင် ရှိနေပါစေ၊ အချိန်မရွေး ဘုရားသခင်ကို စကားသာပြောပြီး ရင်ဖွင့်လော့။ သင်သည် တစ်ချိန်လုံး မည်သည့်အရာကို ခံစားရမည်နည်း။ ယင်းမှာ “ဘုရားသခင်သည် ကျွန်ုပ်နှင့် အမြဲရှိသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားဖူးပါ၊ ယင်းကို ကျွန်ုပ် ခံစား၍ရပါသည်။ ကျွန်ုပ်သည် အနားယူနေနိုင်သည်၊ စုရုံးပွဲတစ်ခုတွင် ရှိနေနိုင်သည်၊ သို့မဟုတ် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သည်၊ ကျွန်ုပ် မည်သည့်နေရာကို ရောက်နေပါစေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေပါစေ၊ ကျွန်ုပ်၏ လက်ကို ဘုရားသခင်က ဦးဆောင်လမ်းပြသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားသည်ကို ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်သိပါသည်။” တစ်ခါတစ်ရံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက် နေ့စဉ်နေ့တိုင်း သင်မည်သို့ ကျော်ဖြတ်ပြီးဖြစ်သည်ကို ပြန်ပြောင်း တွေးလျက်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာပြီး ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လမ်းညွှန်ခြင်း ခံနေခဲ့ရသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်ကို တစ်လျှောက်လုံး ကွယ်ကာပြီးဖြစ်သည်ကို သင်ခံစားရသည်။ ဤအရာများကို တွေးလျက်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းလျက်၊ “အိုဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အလွန် နက်နဲစွာ ဖောက်ပြန်ပျက်စီးလျက် အလွန်အားနည်းပြီး ချည့်နဲ့ပါသည်။ ကျွန်ုပ်ကို ဤကဲ့သို့ လမ်းညွှန်ရန် ကိုယ်တော် မရှိဘဲ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မှီခိုလျက် ယနေ့အထိ ရောက်ရှိခဲ့လိမ့်မည် မဟုတ်ပေ။” ဟု ဆုတောင်းသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှု မဟုတ်လော။ လူတို့သည် ဤနည်းဖြင့် မကြာခဏ ဆွေးနွေးပြောဆိုနိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ပြောစရာ များစွာရှိလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ပြောစရာတစ်ခုမျှ မရှိဘဲ၊ ၎င်းတို့သည် ရက်များစွာ အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်ပြောစရာ တစ်ခုမျှ မရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် မရှိပေ။ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ ရှိသမျှအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အားအထားဆုံး၊ အားအကိုးဆုံး၊ အယုံကြည်ဆုံး၊ စိတ်ချအယုံကြည်ဆုံး သင်၏မိသားစုအဖြစ်၊ သင်နှင့်အရင်းနှီးဆုံးသူအဖြစ် ဆက်ဆံပါက၊ သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ အသက်ရှင်နိုင်ပါက၊ အခိုက်အတန့်တိုင်းတွင် ဘုရားသခင်က သင့်ကို မည်သို့ လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ သင့်ကို သူမည်သို့ ဉာဏ်အလင်းပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို သင်ခံစားရလိမ့်မည်။ ဤအရာအားလုံးသည် သင်၏စိတ်နှလုံးထဲတွင် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ မသိဘဲ၊ ဘုရားသခင်ကို ယုံကြည်သည်ဟုသာ ပြောရင်း၊ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အပြင်ပန်းအတွက်သာ စုဝေးပွဲများ တက်ရင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဆုတောင်းရင်း ဟန်ဆောင်နေရုံမျှ ဟန်ဆောင်ရင်း၊ နေ့စဉ်နေ့တိုင်းကို အိုးနင်းခွက်နင်း ပြီးမြောက်သွားလိမ့်မည် မဟုတ်ပေ၊ သင်၏နေ့စဉ်သည် ဤသို့သော အပြင်ပန်း ဘာသာရေး ဟိတ်ဟန်မျိုးမျှသာ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအစား သင်၏စိတ်နှလုံးထဲတွင် သင်သည် အခိုက်အတန့်တိုင်းတွင် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ကာ ဘုရားသခင် ရှေ့တွင် အသက်ရှင်နိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

လူတို့သည် ဆုတောင်းသည့် အလေ့အကျင့်ကို လုပ်ဆောင် နိုင်ကောင်း လုပ်ဆောင်နိုင်ပြီး ဆုတောင်းခြင်း၏ အရေးပါမှုကို နားလည်နိုင်ကောင်း နားလည်နိုင်သည်၊ သို့သော် ဆုတောင်းခြင်း ထိရောက်ဖို့မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” မှ

သင်တို့သည် ပို၍ မိတ်သဟာယဖွဲ့ကာ၊ သင်တို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာ ဆည်းကပ်ချိန်များအတွင်း တစ်ဦးချင်းစီ စားသောက်နိုင်ပြီး၊ အခရာကျသော သမ္မာတရားများကို နားလည်သဘောပေါက်နိုင်ကာ ယင်းတို့ကို ချက်ချင်းပင် လက်တွေ့လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်၏ စစ်မှန်မှုနှင့် အကျွမ်းတဝင်ရှိရမည်- ယင်း၏ တကယ့်အချက်အချာနှင့် ယင်း၏ အခြေခံသဘောတရားများကို ဖမ်းဆုပ်ပြီး သင်၏ ဆုပ်ကိုင်ထားမှုကို မလျှော့ပေးလေနှင့်။ အစဉ်အမြဲ တစိမ့်စိမ့်ချင့်ချိန်လျက်၊ ငါနှင့် အစဉ်အမြဲ မိတ်သဟာယဖွဲ့လော့၊ ထို့နောက် အမှုအရာများသည် တဖြည်းဖြည်း ထုတ်ဖော်ခြင်းခံရမည်။ သင်သည် ဘုရားသခင်နှင့် တစ်ခဏတာမျှ နီးကပ်လာပြီးနောက် သင်၏ နှလုံးသားကို သူ၏ ရှေ့မှောက်တွင် ငြိမ်ဝပ်လာအောင် စောင့်ဆိုင်းခြင်းမရှိဘဲ အခြားအရာတစ်ခုခု သင့်အပေါ် ဖြစ်ပျက်သည့်အခါ စိတ်အနှောင့်အယှက် ဖြစ်၍မရပေ။ သင်သည် အစဉ်အမြဲ ဇဝေဇဝါဖြစ်လျက် အမှုအရာများအပေါ် ရှင်းလင်းခြင်းမရှိသည့်အပြင် ငါ၏မျက်နှာကို မမြင်နိုင်ပေ။ ထိုသို့ဖြစ်၍ သင်သည် ငါ၏ စိတ်နှလုံးကို ရှင်းလင်းစွာ သဘောပေါက် နားလည်ခြင်းကို မရရှိနိုင်ပေ။ ထို့ပြင် သင်သည် ယင်းကို အနည်းငယ် နားလည်သဘောပေါက်နိုင်သော်လည်း သင်သည် မသေချာဘဲ သံသယဖြစ်သေးသည်။ သင်၏နှလုံးသားကို ငါသည် အပြည့်အဝ ပိုင်ဆိုင်ပြီး၊ သင်၏ စိတ်အာရုံသည် မည်သည့်လောကီအရာတို့၏ နှောက်ယှက်ခြင်းကိုမျှ မခံရတော့ဘဲ၊ သင်သည် ကြည်လင်ပြတ်သားပြီး ငြိမ်သက်သော စိတ်အာရုံဖြင့် စောင့်စားနိုင်သောအခါမှသာ ငါသည် သင်တို့အား ငါ၏ ရည်ရွယ်ချက်များနှင့်အညီ ထုတ်ဖော်ခြင်းများကို တစ်ခုပြီးတစ်ခု ပြုမည်ဖြစ်သည်။ သင်တို့သည် ငါနှင့် ဤရင်းနှီးကျွမ်းဝင်ခြင်းလမ်းကြောင်းကို နားလည်သင့်သည်။ သင့်အား မည်သူ ရိုက်နှက်သည် သို့မဟုတ် ဆဲဆိုသည်ဖြစ်စေ၊ သို့မဟုတ် သင့်အား လူတို့ ပေးသောအရာများ မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့သည် သင့်အား ဘုရားသခင်နှင့် နီးကပ်ခြင်းမှ တားဆီးထားပါက ယင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်၏စိတ်နှလုံးကို ငါ၏လက်ထဲ၌ ရှိစေလော့၊ ပြီးလျှင် ငါ့အပါးမှ လုံးဝ မထွက်ခွာလေနှင့်။ ဤကဲ့သို့သော ရင်းနှီးကျွမ်းဝင်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့်၊ သင်၏ မိဘများ၊ ခင်ပွန်း၊ သားသမီးများ၊ အခြားသော မိသားစုဆက်သွယ်မှုနှင့် လောကီရေးရာ အနှောင်အဖွဲ့များအားလုံး လွင့်ပါးသွားလိမ့်မည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် ဖော်ပြ၍ မရနိုင်လုနီးဖြစ်သော ချိုမြိန်မှုကို ခံစားရမည် ဖြစ်ပြီး၊ မွှေးကြိုင်ပြီး ကောင်းမွန်သော အရသာကို တွေ့ကြုံခံစားရမည် ဖြစ်သည်။ ထိုမျှမက သင်သည် အမှန်တကယ် ငါ့ထံမှ ခွဲခွာ၍ရနိုင်မည် မဟုတ်ပေ။ ဤပုံစံအတိုင်း ဆက်သွားပါက၊ သင်တို့သည် ငါ၏ စိတ်နှလုံးထဲတွင် ရှိသောအရာကို နားလည် သဘောပေါက်လိမ့်မည်။ ငါသည် သင်တို့၏ လမ်းခရီးဖြစ်ပြီး အရာခပ်သိမ်းသည် ငါ့ကြောင့် ဖြစ်တည်နေသောကြောင့် သင်တို့သည် ဆက်လက်၍ တိုးတက်လာသည်နှင့်အမျှ မည်သည့်အခါမျှ လမ်းပျောက်လိမ့်မည်မဟုတ်။ သင်၏အသက်တာ မည်မျှရင့်ကျက်သည်၊ သင်သည် မည်သည့်အချိန်၌ လောကီရေးရာများမှ ထွက်ပြေးလွတ်မြောက်နိုင်မည်၊ သင်၏ စိတ်လှုပ်ရှားမှုများကို မည်သည့်အချိန်၌ ဖယ်ရှားနိုင်မည်၊ သင်၏ ခင်ပွန်းနှင့် သားသမီးများကို မည်သည့်အချိန်၌ ချန်ထားခဲ့နိုင်မည်၊ သင်၏အသက်တာ မည်သည့်အချိန်၌ ရင့်ကျက်လာမည်...စသည့်အရာအားလုံးတို့သည် ငါ၏ အချိန်နာရီနှင့်အညီ ဖြစ်ပျက်လာလိမ့်မည်။ စိုးရိမ်ကြောင့်ကြရန် မလိုအပ်ပေ။

သင်သည် အပြုသဘောဆောင်သည့်ဘက်မှ ဝင်ရောက်မှုကို ရယူရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင် သင်သည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်သည်။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူရာ၌ လိုလားတက်ကြွနေရမည် ဖြစ်သည်။ လုံ့လဝီရိယရှိပြီး ဘယ်သောအခါမျှ မပျင်းရိလေနှင့်။ ငါနှင့် အမြဲတစေ မိတ်သဟာယဖွဲ့ပြီး၊ ငါနှင့် ပို၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်းကို ရယူလော့။ အကယ်၍ သင်နားမလည်ပါက၊ မြန်ဆန်သော ရလဒ်များ ရရှိရန် ဆန္ဒမစောလေနှင့်။ ငါသည် သင့်အား မပြောပြဘဲ နေမည် မဟုတ်။ သင်သည် ငါ့မျက်မှောက်တွင်ရှိစဥ် ငါ့အပေါ် အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ် သင်၏ မှီခိုအားထားမှုတွင် သင်သည် ယုံကြည်စိတ်ချခြင်း ရှိမရှိကို ငါမြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ ရှိနေပြီး၊ အမှုအရာခပ်သိမ်းကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့်မသွားနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ သတိမမူမိဘဲ ငါနှင့် နီးကပ်စွာရှိနေပြီးနောက်တွင် သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်လျှင် ငါနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဖြစ်ပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် အတွင်းထဲ၌ များစွာသော ရှင်းလင်းမှုနှင့် တည်ကြည်ခိုင်မာမှုကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကိုလည်း ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလိမ့်မည်ဖြစ်သည်။ အရာအားလုံးမှာ သင့်အတွက် လွယ်ကူပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်ကို သင် အားကိုးသည့်အခါ၊ ရှင်းလင်းသော မည်သည့် လမ်းညွှန်ချက်မျှ ပေးဖို့မပြောနှင့်၊ မည်သည့် ခံစားချက်မျှ သို့မဟုတ် ရှင်းလင်းသည့် မည်သည့် စိတ်ကူးမျှ သင့်ကို သူမပေးဖို့မှာ ဖြစ်နိုင်သော်လည်း၊ သင့်ကို နားလည်ခြင်းအချို့ သူ ခွင့်ပြုသည်။ သို့မဟုတ် ဤအချိန်တွင် သင် မည်သည့်အရာကိုမျှ နားမလည်ဘဲ ဖြစ်နေနိုင်သော်လည်း၊ ဘုရားသခင်ကို သင် အားကိုးသည်မှာ မှန်ပေသည်။ လူတို့ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းသည် စည်းမျဉ်းများကို လိုက်လျှောက်ဖို့ လုပ်ဆောင်ကြသည်မဟုတ်ဘဲ၊ ယင်းထက် ထိုအရာသည် ၎င်းတို့ စိတ်နှလုံးများ၏ လိုအပ်ချက်ဖြစ်ပြီး လူသားက လက်တွေ့လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို သင် အားကိုးပြီး ဘုရားသခင်ထံ အော်ခေါ်သည့်အခါတိုင်း ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုကို ရရှိနိုင်သည်မဟုတ်ပေ၊ လူ့အသက်တာထဲက ဤဝိညာဉ်ရေးအခြေအနေသည် ပုံမှန်နှင့် သဘာဝဖြစ်ပြီး၊ ဘုရားသခင်ကို အားကိုးခြင်းသည် လူတို့ စိတ်နှလုံးများ၌ ဘုရားသခင်နှင့် ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း ဖြစ်၏။

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊...” ဟူသော ဤသို့အတွေးရှိကြကာ ဤအတွေးများက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ခြင်းကို ဘုရားသခင်အပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ ဘုရားက သင့်ကို ကူညီမည်ဟု မျှော်လင့်ရင်း သူ့ကို သင့်အသက်အား ကယ်တင်မည့် နောက်ဆုံး ကောက်ရိုးတစ်မျှင်အလား သင် ယုံကြည်သည့်အခါတွင်သာ သင့်နှလုံးသား စစ်မှန်ပေသည်။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

လူတို့သည် ၎င်းတို့၏ အလုပ်တာဝန်များကို ဖြည့်ဆည်းရာ၌ အလျင်စလို ပြုသည်နှင့် တစ်ပြိုင်နက် သူတို့၌ မည်သို့တွေ့ကြုံခံစားရမည်ကို သိနားလည်ခြင်း ရပ်တန့်သွားသည်၊ အကြောင်းကိစ္စများနှင့် သူတို့ အလုပ်ရှုပ်လာ သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အခြေအနေများ ဒုက္ခတွေ့လာပြီးလျှင် ပုံမှန်အနေအထားကို ထိန်းသိမ်းနိုင်စွမ်း သူတို့ ဆုံးရှုံးကြသည်။ ဤအရာမှာ အဘယ်သို့ ဤသို့ဖြစ်နိုင်သနည်း။ သေးငယ်သောအလုပ်တစ်ခု လုပ်ရန် သင့်ကိုတောင်းဆိုသည့်အခါ၊ သင်သည် မထိန်းနိုင်မသိမ်းနိုင် ပြင်းပြခြင်း၊ အကန့်အသတ်မရှိတော့ခြင်း၊ ဘုရားသခင်ကို ချဉ်းကပ်ရန် လိုလိုလားလား မရှိခြင်းနှင့် ဘုရားသခင်ထံမှ ကင်းကွာခြင်းတို့ ဖြစ်လာသည်။ ဤအရာက လူတို့သည် မည်သို့ တွေ့ကြုံခံစားရမည်ကို မသိကြောင်း သက်သေပြသည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ဤအရာကို ကျွန်ုပ် မည်သို့ လုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင်ထံ သင် တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပုံ ဖြစ်သည်။ ယင်းတွင် ဘာသာရေး အခမ်းအနားတစ်ခု သို့မဟုတ် အပြင်ပန်း လုပ်ရပ်တစ်ခု ဆောင်ရွက်ခြင်း မပါဝင်ပေ၊ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ တစ်စုံတစ်ရာကို သင် လုပ်ဆောင်နေသောအခါ ယင်းကို သင် လိုချင်သည့်နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လျှင်၊ ဤသို့သော ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ ယင်းမှာ သင်လုပ်နေသည့် အရာမှတစ်ဆင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ဖို့ ဖြစ်သည်။ ပြီးလျှင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်၏ လုပ်ရပ်များနောက်ကွယ်က အခြေခံသဘောတရားများနှင့် သမ္မာတရားအပြင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သင် မည်သည့်အရာ လုပ်ဆောင် သည်ဖြစ်စေ ဘုရားသခင်ထံမှ လမ်းမလွဲဖို့ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏။ ယနေ့အချိန်တွင် လူတို့သည် အမှုအရာများကို ကြုံလာတိုင်း တကယ့်အခြေအနေ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ ဟိုဒင်း ဒီဒင်းကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသကဲ့သို့၊ ယင်းကို မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းက သင့်တော်သည် မသင့်တော်သည်၊ သို့မဟုတ် ယင်းက သမ္မာတရားနှင့် ကိုက်ညီသည် မကိုက်ညီသည်ကို ပဓာနမထားဘဲ၊ သူတို့သည် ခေါင်းမာစွာပင် ရှေ့ဆက်တတ်ပြီး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များအတိုင်း ပြုမူကြသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသည်ဟု ပုံမှန်အားဖြင့် ထင်ကောင်း ထင်ရနိုင်သော်လည်း၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည့်အချိန်တွင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ လူအချို့က၊ “ကျွန်ုပ် လုပ်ဆောင်သည့် အရာများတွင် ဘုရားသခင်ထံ ကျွန်ုပ် မချဉ်းကပ်နိုင်ပါ။ အတိတ်တွင်၊ ကျွန်ုပ်သည် ဘာသာရေး ဟိတ်ဟန်များကို ဆောင်ရွက်ခြင်းနှင့် နေသားကျခဲ့ပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ကျွန်ုပ် ကြိုးစားခဲ့သော်လည်း၊ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ သူ့ထံ ကျွန်ုပ် တိုးဝင်ချဉ်းကပ်၍ မရနိုင်ခဲ့ပါ။” ဟု ဆိုကြလေသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင် မရှိပေ၊ ၎င်းတို့၏ နှလုံးသားများထဲ၌ ၎င်းတို့ကိုယ်တိုင်သာ ရှိပြီး၊ သူတို့ပြုသည့်အရာတိုင်း၌ သမ္မာတရားအား တကယ့်ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ သမ္မာတရားနှင့်အညီ မပြုမူခြင်းမှာ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းကို ဆိုလိုပြီး၊ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းမှာ ဘုရားသခင်အား စွန့်ခွာခြင်းကို ဆိုလိုသည်၊ တစ်နည်းအားဖြင့် သူတို့သည် သူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်မရှိပေ။ လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

အရှေ့သို့- ၅) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သော နှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိ လာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာ ထိုသူတို့ ဘုရားကို...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်