၁၆၆) ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူတစ်ဦးသည် ကျေးဇူးတော် မည်မျှ မွေ့လျော်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အာရုံစိုက်ဖို့ သင်ယူရမည်။ လူတစ်ဦးသည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့နှင့် ဘုရားသခင်၏ ချစ်ခြင်းကို တုံ့ပြန်ဖို့ အစွမ်းကုန် လုပ်ဆောင်သင့်သည်။

(၂) ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ရာတွင်၊ လူတစ်ဦးသည် လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို နားလည်သင့်သည်၊ သူ၏ ချစ်ခြင်းမေတ္တာကို သိရှိသင့်ပြီး၊ သူ့အတွက် သက်သေခံဖို့ သင်ယူသင့်ပေသည်။ ဤအရာတစ်ခုတည်းသာ သူ၏ အလိုတော်နှင့် ကိုက်ညီပေသည်။

(၃) လူသားအပေါ် ဘုရားသခင်၏ ကျေးဇူးတော် အပ်နှင်းခြင်းသည် သူ၏ ချစ်ခြင်းမေတ္တာ ဖော်ပြချက်တစ်ခု ဖြစ်သည်၊ သို့သော် သူ၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို စာတန်၏ စွမ်းအားမှ ကယ်တင်ဖို့နှင့် လူသား ပုံသဏ္ဌာန်အတိုင်း လူတို့အား အသက်ရှင်နေထိုင်စေဖို့ ဖြစ်သည်။

(၄) ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ရန် သက်သက်ဖြင့် စိတ်ကျေနပ်ခြင်းမရှိနှင့်။ သမ္မာတရားနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာကို သင် လိုက်စားသင့်သည်။ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရခြင်း အဆင့်ထိ ရောက်ရှိဖို့မှာ သူ့ကို အကျေနပ်စေဆုံးသော အရာ ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လူများကို သူ၏အသက်တာ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းဟူသမျှကို အခမဲ့ပေးအပ်ပြီဖြစ်သည်၊ သို့မှသာ ယင်းတို့ကို သူတို့ အသက်ရှင်နေထိုင်နိုင်မည်၊ သို့မှသာ သူတို့သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအပြင် သူတို့အပေါ် သူနှင်းအပ်သည့် သမ္မာတရားအား သူတို့၏ တကယ့်အသက်တာထဲ၌ သူတို့အသက်ရှင်နေထိုင်ရမည့် ဦးတည်ချက်နှင့် လမ်းကြောင်းအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်၊ သို့မှသာ ၎င်းတို့သည် ဤအသက်တာအားဖြင့် အသက်ရှင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားများအပေါ် သူ၏အသက်တာကို အခမဲ့ နှင်းအပ်ပြီဖြစ်ပြီး၊ ထို့သို့ ယင်းကို သူတို့၏အသက်တာ ဖြစ်စေသည်ဟု ကျွန်ုပ်တို့ ဆိုနိုင်မည်လော။ ထို့နောက် ဘုရားသခင်ထံမှ လူသားများ ရရှိပြီးဖြစ်သည့် အရာမှာ အဘယ်နည်း။ ဘုရားသခင်၏ မျှော်လင့်ချက်လော။ ဘုရားသခင်၏ ကတိတော်လော။ သို့မဟုတ် အဘယ်နည်း။ ဘုရားသခင်ထံမှ သူတို့ရရှိထားသည့်အရာမှာ အနှစ်သာရမဲ့သော စကားလုံးများမဟုတ်၊ ဘုရားသခင်၏ အသက်တာပင်တည်း။ လူသားများအပေါ် အသက်တာကို နှင်းအပ်ခြင်းအပြင် သင့်အတွက် သူထားရှိသည့် တစ်ခုတည်းသော တောင်းဆိုချက်မှာ ဘုရားသခင်၏ ဤအသက်တာကို သင် ရယူရန်၊ ယင်းကို သင်၏ ကိုယ်ပိုင်အသက်တာအဖြစ်သို့ ပြောင်းလဲရန်နှင့် ယင်းအတိုင်း အသက်ရှင်နေထိုင်ရန်အတွက်ပင် ဖြစ်သည်။ ဤအသက်တာအတိုင်း သင် အသက်ရှင်နေထိုင်သည်ကို ဘုရားသခင် မြင်တွေ့သောအခါ သူသည် ကျေနပ်မှုခံစားရသည်။ ဤသည်မှာ ဘုရားသခင်၏ တစ်ခုတည်းသော တောင်းဆိုချက်ပင် ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ထံမှ လူတို့ရရှိသည့်အရာမှာ အဖိုးအနဂ္ဃထိုက်တန်ကာ၊ ဘုရားသခင်အနေဖြင့် လူ့လောကအပေါ် ဤအဖိုးအထိုက်တန်ဆုံးသော အရာများကို နှင်းအပ်နေသည့်အခါ၌ ဘုရားသခင်က အဘယ်အရာမျှ မရရှိပါပေ၊ အကြီးမားဆုံးသော အကျိုးခံစားရသူမှာ လူသားမျိုးနွယ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အသက်တာကို သူတို့ကိုယ်ပိုင်အသက်တာအဖြစ် လက်ခံနေစဉ်၊ လူများသည် သမ္မာတရားကိုလည်း နားလည်လာသည်၊ လူဖြစ်ရခြင်း၏ အခြေခံသဘောတရားများကိုလည်း ရရှိလာသည်၊ လူဖြစ်ရန်လိုအပ်သည့် အရင်းအမြစ်များ ဖြစ်ထွန်းလာပြီးလျှင် လူဖြစ်ရန် သူတို့လျှောက်လှမ်းဖို့လိုသည့် ဦးတည်ချက်ကို ရရှိလာသည်။ သူတို့မှာ စာတန်၏ လှည့်စားခြင်းနှင့် ချည်နှောင်ခြင်းကို နောက်ထပ်မခံရတော့၊ ဆိုးယုတ်သောလူတို့၏ လှည့်စားခြင်းနှင့် အသုံးပြုခြင်းကို နောက်ထပ်မခံရတော့သည့်အပြင်၊ ဆိုးယုတ်သော ရေပန်းစားမှုများ၏ ဆိုးညစ်စေခြင်း၊ သို့မဟုတ် မြူဆွယ်ခြင်းတို့ကို နောက်ထပ် မခံရတော့ပေ။ လူသားတို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် လွတ်လပ်စွာ အသက်ရှင်ကြပြီး၊ သူတို့သည် လွတ်မြောက်စေခြင်း ခံရလေသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ စစ်မှန်စွာ အသက်ရှင်နေထိုင်နိုင်စွမ်း ရှိကြကာ၊ မည်သည့်ဆိုးယုတ်မှု သို့မဟုတ် အမှောင်စွမ်းအားတို့၏ အန္တရာယ်ကို နောက်ထပ်မခံစားရတော့ပေ။ တစ်နည်းအားဖြင့် သူတို့သည် ဤအသက်တာကို အသက်ရှင်နေထိုင်ကြစဉ်၊ မည်သည့်နာကျင်မှုကိုမျှ မတွေ့ကြုံရတော့ဘဲ၊ ထိုအစား ပျော်ရွှင်စွာနှင့် အခက်အခဲ မရှိတော့ဘဲ အသက်ရှင်ကြလေသည်၊ သူတို့သည် လွတ်လပ်စွာ အသက်ရှင်ကြကာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိကြသည်။ သူတို့သည် ဘုရားသခင်ကို ပုန်ကန်ခြင်း သို့မဟုတ် သူ့ကို ဆန့်ကျင်ခြင်း နောက်ထပ်မပြုနိုင်ကြတော့ချေ၊ ထို့ထက် သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် စစ်မှန်စွာ အသက်ရှင်နိုင်ကြသည်။ သူတို့သည် အတွင်းအပြင် မှန်ကန်ပြီး သင့်လျော်သော အသက်တာကို အသက်ရှင်ကြကာ၊ စစ်မှန်သောလူသားများ ဖြစ်လာကြလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်” မှ

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာများကို ပေးအပ်ခြင်း မပြုတော့ သကဲ့သို့၊ လူကို ရှေ့ဆက်ရန် စည်းရုံးခြင်းလည်း မပြုတော့ပေ။ ဤအမှုတော် အဆင့်အတွင်းတွင် လူသားသည် သူကြုံတွေ့ရပြီး ဖြစ်သည့် ဘုရားအမှုတော်၏ သွင်ပြင်လက္ခဏာ အားလုံးမှ မည်သည့်အရာကို မြင်ပြီးပြီနည်း။ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ လူသား၏ နုနယ်သော ဝိညာဉ်အသက်တာအနေဖြင့် ခွန်အား တဖြည်းဖြည်း တိုးပွားနိုင်စေဖို့အလို့ငှာ၊ အပြုသဘောဆောင်ခြင်းဖြင့် တဖြည်းဖြည်း ပေါ်ထွက်နိုင်ပြီး ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ရန် လိုလားလာစေဖို့အလို့ငှာ ဘုရားသခင်သည် လူသား အားနည်းသောအခါ၊ စိတ်ဓာတ်ကျသောအခါ၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါတွင်၊ လူကို နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်ကို မနာခံသည့်အခါ၊ သူ့ကို ဆန့်ကျင်သည့်အခါ၊ သို့မဟုတ် မိမိ၏ ပျက်စီးခြင်းကို လူက ထုတ်ဖော်ပြသည့်အခါတွင်၊ လူကို ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတွင် ဘုရားသခင်သည် မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့ အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် တဖြည်းဖြည်း အရွယ်ရောက်လာ၏၊ ကြီးပြင်းလာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ မည်သည့်အရာများက အပြုသဘောဆောင်သောအရာများဖြစ်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သော အရာများဖြစ်သည် ဆိုသည်ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းမှာ မည်သည့်အရာများ ဖြစ်သည်ကို သိလာ၏။ ဘုရားသခင်သည် လူသားကို အမြဲပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း နည်းလမ်းကို မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း တို့ကိုလည်း အမြဲမပြချေ။ ယင်းထက် လူတို့၏ မတူညီသောအဆင့်များတွင် လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများ နှင့်အညီ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် အမှုအရာများစွာ လုပ်ဆောင်ပေးကာ၊ အဖိုးအခ ကြီးမားလှ၏။ လူသားသည် ဤအရာများ သို့မဟုတ် ဤအဖိုးအခ နှင့်ပတ်သက်၍ ဘာကိုမျှ မသိမြင်သော်လည်း၊ လက်တွေ့၌ သူလုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဆောင်ရွက်ရန်၊ အဘယ်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ မည်သည့် ရလဒ်ကို သူရရှိချင် သနည်း။ တစ်နည်းအားဖြင့်၊ သူသည် လူ့အထဲတွင် မည်သည့်အရာကို မြင်ချင်သနည်း။ လူသားထံမှ မည်သည့်အရာကို သူရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိလာခဲ့သည်၊ မည်သူက မိမိကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူကို သူကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏ နှလုံးသားသည် နိုးထ လာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက် နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ဘုရားသခင်ကို အနည်းငယ်မျှ နာခံခြင်း မရှိသူများ၊ သူ၏နာမကို အသိအမှတ်ပြုရုံမျှ ပြုသူများနှင့် ဘုရားသခင်၏ သနားကြင်နာမှုနှင့် ချစ်ဖွယ်ကောင်းခြင်း နှင့်ဆိုင်သည့် အသိစိတ်အချို့ ရှိသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများကို အမီမလိုက်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် နှုတ်ကပတ်တော်များကို မနာခံသောသူများ- ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရကြမည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ နာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်း- ဤသည်မှာ ဘုရားသခင်ကို သတိရှိစွာ နာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို မွေ့လျော်သည်မှအပ မည်သည့်အရာမျှ မလုပ်ဆောင်သည့် လူများသည် စုံလင်စေခြင်း မခံရနိုင်၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ နာခံမှု၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းများ အားလုံးသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ သိသည့်အခါတွင်ပင်၊ ၎င်းတို့၏အသိပညာသည် အပေါ်ယံဖြစ်ပြီး၊ “ဘုရားသခင်က လူသားကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာရှိသည်” ဆိုသကဲ့သို့သော အရာများကို ၎င်းတို့ပြောကြ၏။ ဤသည်မှာ လူသား၏ အသက်တာကို ကိုယ်စားမပြုသကဲ့သို့၊ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိသည်ကိုလည်း မပြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” မှ

“အရှေ့အာရှ၏ နာမကျန်းသူ” ဟူသောသူများအထဲတွင် ဘုရားသခင် အမှုပြုနိုင်ခြင်းမှာ သူ၏ ကြီးမားသောစွမ်းအား ဖြစ်သည်။ ယင်းသည် သူ၏ နှိမ့်ချမှုနှင့် ဖုံးကွယ်နေမှု ဖြစ်သည်။ သူ၏ ရက်စက်ပြင်းထန်သော နှုတ်ကပတ်တော်များ သို့မဟုတ် ငါတို့အား ပြစ်တင်ဆုံးမခြင်းကို ပဓာနမထားဘဲ၊ သူ၏နှိမ့်ချမှုအတွက် သူ့အား ငါတို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသင့်ပြီး၊ ဤအရာအတွက် သူ့ကို အဆုံးတိုင်အောင် ချစ်မြတ်နိုးသင့်သည်။ စာတန်၏ ချည်နှောင်ခြင်းကို နှစ်ထောင်ပေါင်းအချို့ ခံခဲ့ရပြီဖြစ်သော လူတို့သည် ယင်း၏ စွမ်းအားအောက်တွင် ဆက်လက်အသက်ရှင်လာကြပြီး ယင်းကို မဖယ်ရှား ရသေးပေ။ ၎င်းတို့သည် ဆက်လက်၍ အသည်းအသန် စမ်းတဝါးဝါးပြုလျက် ရုန်းကန်လှုပ်ရှားလာကြသည်။ အတိတ်ကာလတွင် ၎င်းတို့သည် အမွှေးနံ့သာတို့ကို မီးရှို့ပူဇော်ခဲ့ကြကာ၊ စာတန်ကို ပျပ်ဝပ်ပြီး တည်ထားကိုးကွယ်ခဲ့ကြမည်ဖြစ်ပြီး၊ ၎င်းတို့သည် မိသားစုနှင့် လောကီရေးရာ အရှုပ်အယှက်များအပြင် လူမှုပေါင်းသင်း ဆက်ဆံရေးတို့ဖြင့် တင်းကျပ်စွာ ချည်နှောင်ခြင်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ထိုအရာများကို မဖယ်ရှားနိုင်ခဲ့ပေ။ ဤသို့ ဇာတ်တူသားစားသည့် လူ့အဖွဲ့အစည်းမျိုးထဲတွင် အဘယ်သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို မည်သည့်နေရာ၌ ရှာတွေ့နိုင်မည်နည်း။ လူတို့ ပြန်ပြောပြသည်မှာ ဒုက္ခဆင်းရဲခြင်း ဘဝတစ်ခုဖြစ်ပြီး၊ ကံကောင်းထောက်မစွာပင် ငါတို့၏ အသက်တာများသည် ဝမ်းမြောက်ဖွယ်ကောင်းပြီး ပူပန်စိုးရိမ်မှုများ ပြည့်နှက်မနေတော့စေရန်အလို့ငှာ ဘုရားသခင်သည် ငါတို့၏ အသက်တာများကို သူ၏ စောင့်ရှောက်ပြုစုခြင်းနှင့် အကာအကွယ်ပေးခြင်းတို့ အောက်၌ထားရှိကာ ဤအပြစ်မဲ့သူတို့ကို ကယ်တင်ခဲ့ပြီးဖြစ်သည်။ ငါတို့သည် သူ၏ ကျေးဇူးတော်အောက်တွင် လက်ရှိအချိန်အထိ ဆက်လက်နေထိုင်ခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မဟုတ်သလော။ အဘယ်သူသည် ဘုရားသခင်ထံမှ အဘယ်သို့ အလွန်အကျွံ တောင်းခံဝံ့သောသတ္တိ ရှိနိုင်မည်နည်း။ သူသည် ငါတို့ကို သေးငယ်နည်းပါးစွာ ပေးထားသလော။ သင်စိတ်မကျေနပ်သေးသလော။ ငါတို့အဖို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ရန် အချိန်ကျလာပြီဟု ငါထင်သည်။ ငါတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းကို လိုက်လျှောက်သောကြောင့်၊ မနည်းလှသော လှောင်ပြောင်သရော်မှု၊ လုပ်ကြံအသရေဖျက်မှုနှင့် ဖိစီးနှိပ်စက်မှုတို့ကို ငါတို့ ခံစားကောင်း ခံစားရပေမည်ဖြစ်သော်လည်း၊ ဤသည်မှာ အဓိပ္ပာယ်ရှိသော အရာဖြစ်သည်ဟု ကျွန်ပ်ယုံကြည်သည်။ ယင်းသည် အရှက်ရစရာ မဟုတ်ဘဲ၊ ဂုဏ်အသရေတစ်ခုဖြစ်ကာ မည်သို့ပင်ဆိုစေ ငါတို့ မွေ့လျော်သည့် ကောင်းချီးမင်္ဂလာများက များပြားလှပေသည်။ မရေမတွက်နိုင်သော စိတ်ပျက်ဖွယ်ရာအချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျေနပ်နှစ်သိမ့်မှုကို ယူဆောင်လာခဲ့ပြီး ငါတို့ မသိလိုက်ခင်မှာပင် ပူဆွေးသောကသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ မရေမတွက်နိုင်သော လိုအပ်ချိန်များတွင် ဘုရားသခင်သည် ကောင်းချီး မင်္ဂလာများကို ယူဆောင်လာခဲ့ပြီး ငါတို့သည် သူ၏နှုတ်ကပတ်တော်များအားဖြင့် ကြည့်ရှုစောင့်ရှောက်ခြင်း ခံခဲ့ရပြီဖြစ်သည်။ မရေမတွက်နိုင်သော နာမကျန်းချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသက်ကို ယူဆောင်လာခဲ့ပြီး ငါတို့ကို ဘေးအန္တရာယ်မှ လွတ်မြောက်စေကာ ဘေးအန္တရာယ်မှ လုံခြုံမှုအဖြစ်သို့ ပြောင်းလဲစေခဲ့ပြီးဖြစ်သည်။ သင်သည် ဤအရာများကဲ့သို့ များပြားလှသော အရာတို့ကို မသိလိုက်ဘဲနှင့် မွေ့လျော်ခဲ့ပြီးဖြစ်သည်။ ဤအရာတစ်ခုကိုမျှ သင် သတိမရသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၂)” မှ

လူသားက ကြီးပြင်းလာသည်နှင့်အမျှ၊ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် နာမကျန်း ဖြစ်ခြင်း စိတ်ပျက်ခြင်းများ ကဲ့သို့သော သင် မကြိုက်နှစ်သက်သည့် အရာများစွာ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသည့် အတွက်၊ သူသည် သင်၏အသက်တာ တစ်ခုလုံးကို တာရှည်ခံဖို့ စစ်မှန်သည့်အာမခံချက်တစ်ခုကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်း၏။ သင်သည် အကြောင်းအရာ အသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ လုပ်ဆောင်ရသည်ကို နှစ်သက်သည့် အရာအချို့ သင့်မှာ ရှိ၏။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်၏ ကိုယ်ပိုင်နေရာ၌ သင် နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင် စောင့်ကြည့်သကဲ့သို့၊ ရှေ့ဆက်သည့် ခြေလှမ်းတိုင်းကို သင်လှမ်းသည်နှင့်အမျှ သူသည် သင့်ကို စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အချိန် သို့မဟုတ် သိပ္ပံပညာကို လေ့လာနေသည့်အခါ၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ဖဝါးမျှ မခွာဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်းနှင့် ထိတွေ့လာရခြင်း ဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏၊ သင်သည် သင်၏ကိုယ်ပိုင် စံတို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင်သည် သင်၏ ကိုယ်ပိုင် ဝါသနာများ၊ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သိုထားသည်။ သင်သည် သင်၏အနာဂတ်ကို မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏ ဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သည့်အရာ ဖြစ်ပေါ်သည် ဖြစ်စေ၊ ဘုရားသခင်သည် ဖြစ်ပျက်နေသည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီ ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိပေ။ သင်သည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းအောက်တွင် အသက်ရှင်သည်၊ ကြီးပြင်းကာ အရွယ်ရောက်၏။ ဤကာလအတွင်းတွင်၊ ဘုရားသခင်၏ အရေးကြီးဆုံး အလုပ်သည်ကား မည်သူမျှ သတိမမူမိဖူးသောအရာ တစ်ခု၊ မည်သူမျှ မသိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအကြောင်းကို မည်သူကိုမျှ ဧကန်မုချ ပြောမည်မဟုတ်ပေ။ သို့ဆိုလျှင် ဤအရေးပါဆုံးသောအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်မည် ဆိုသည့် အာမခံချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ဘုရားသခင်က ဤလူကို ကယ်တင်ချင်ပါက၊ ဤအရာကို လုပ်ဆောင်ရမည်ဟု ဆိုလိုပေသည်။ ဤအလုပ်သည် လူသားနှင့် ဘုရားသခင် နှစ်ဦးလုံးအတွက် မရှိမဖြစ် အရေးကြီးပေသည်။ ထိုအရာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သိပါ၏လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ခံစားချက်တစ်ခုတစ်လေ သို့မဟုတ် အယူအဆတစ်ခုတစ်လေ ရှိကြပုံမရချေ၊ ထို့ကြောင့် သင်တို့ကို ငါပြောပြမည်။ သင့်ကို မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ တစ်လျှောက်လုံး၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ပြီးသော်လည်း၊ သူ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်း၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းတစ်ခုကို သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား ဤအရာကို သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားမျိုးနွယ် အတွက်၊ သူပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ ယင်းသည် သူလုပ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ ဤအရာများ တစ်ခုတစ်လေထက် သာလွန်သော သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခု ရှိသည်။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရမည် ဖြစ်သည်။ ဤစကားတို့ကို ကြားသည့်အချိန်တွင်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်၏။ “ဤဘေးကင်းရေးသည် အလွန် အရေးကြီးသလော” ဟူ၍ သင် မေးနိုင်သည်။ ကောင်းပေ၏၊ “ဘေးကင်းရေး” ၏ တိုက်ရိုက် အဓိပ္ပါယ်သည် အဘယ်နည်း။ ထိုအရာမှာ ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သကဲ့သို့၊ ထိုအရာမှာ ကောင်းစွာ နေထိုင်ရန်၊ သာမန်ဘဝကို ရှင်သန်ရန်အလို့ငှာ မည်သည့် ဘေးဒုက္ခနှင့် ကပ်ဘေးတို့ကိုမျှ လုံးဝ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သည်။ သို့ရာတွင် သင်တို့၏ စိတ်နှလုံးများထဲတွင် ယင်းမှာ သိပ်မရိုးရှင်းသည်ကို သိရမည်။ သို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟု၊ ငါ ပြောဆိုနေသည့် ဤအရာမှာ မည်သည့်အရာဖြစ်သနည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အဖို့ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် “ဘေးကင်းရေး” ၏ သာမန် အဓိပ္ပါယ်နှင့်ဆိုင်သည့် အာမခံချက် ဧကန်အမှန် ဖြစ်ပါသလော။ မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် ပြုသည့် ထိုအရာမှာ အဘယ်အရာနည်း။ ဤ “ဘေးကင်းရေး” ဟူသည်မှာ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ စာတန်၏ ဝါးမျိုမခံရခြင်း- ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ မှန်သည်၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ သာ၍အရေးကြီးသည့်အရာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝိညာဉ်နှင့် သင်၏ ခန္ဓာသည် ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် စာတန်၏ ဝါးမျိုခြင်းခံရသည့် ဝိညာဉ်များနှင့် လူတို့ကို စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်ဟု ငါ ပြော၏။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါလော။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်ပုံရ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ယခင်ဆယ်စုနှစ်အချို့တစ်လျှောက် ယောဘ၏ အသက်တာကာလအတွင်းတွင်၊ ယောဘသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ပြီးဖြစ်ကာ သူ့အတွက် ယေဟောဝါဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရခဲ့ပြီး ဖြစ်သည်။ သူသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း၊ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်းကို ခံခဲ့ရပြီး မြောက်မြားစွာသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည့်အတွက်၊ ယင်းတို့မှာ သူ့အား အလွန့်အလွန် နေမထိထိုင်မသာ ဖြစ်စေပြီး အကြွေးတင်ရှိကြောင်း ခံစားစေခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ခဲ့သည်။ ဤအကြောင်းကြောင့်၊ သူသည် ဘုရားသခင်အား ပြန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်ရင်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကြီးမြတ်ခြင်းတို့ကို သက်သေခံဖို့ အခွင့်အရေးရမည်ဟု မျှော်လင့်ရင်း၊ ပြီးလျှင် သူ၏နာခံခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိသည်အထိ ဘုရားသခင်သည် သူ၏နာခံမှုကို အစစ်ဆေးခံစေမည်ဖြစ်သည့်အပြင် သူ၏ ယုံကြည်ခြင်းသည် သန့်စင်ခံရနိုင်မည်ဟု မျှော်လင့်ရင်း၊ သူ၏စိတ်နှလုံးထဲတွင် မကြာခဏ သူ ဆုတောင်းခဲ့သည်။ ထိုသို့ဖြင့်၊ ယောဘအပေါ် စမ်းသပ်မှု ရောက်လာသောအခါ၊ ဘုရားသခင်သည် သူ၏ ဆုတောင်းချက်များကို နားညောင်းခဲ့ပြီဟု သူယုံကြည်ခဲ့သည်။ သူ၏ အကြီးမားဆုံးသော ရာသက်ပန်ဆန္ဒ တကယ်ဖြစ်ပေါ် လာနိုင်မည်ဖြစ်သည့်အတွက်၊ ယောဘသည် ဤအခွင့်အရေးကို အခြားမည်သည့်အရာမဆိုထက် ပို၍ မြတ်နိုးခဲ့သောကြောင့် သူသည် ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ပေ။ ဤအခွင့်အရေး ရောက်ရှိလာခြင်းမှာ ဘုရားသခင်အပေါ် သူ၏နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စမ်းသပ်၍ရနိုင်ပြီး သန့်စင်၍ရနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ ထို့အပြင်၊ ယင်းမှာ ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုကိုရပြီး၊ ထိုသို့ဖြင့် သူ့ကို ဘုရားသခင်ထံ သာ၍ နီးကပ်စေမည့် အခွင့်အရေးတစ်ခု ရှိခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ စမ်းသပ်မှု အတောအတွင်းတွင်၊ ထိုသို့သော ယုံကြည်ခြင်းနှင့် လိုက်စားခြင်းသည် သူ့အား သာ၍ စုံလင်လာစေခဲ့ပြီး ဘုရားသခင်၏ အလိုနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော သိနားလည်မှုတစ်ခုကို ရရှိစေခဲ့သည်။ ယောဘသည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များအတွက် သာ၍ ကျေးဇူးတင်ရှိခဲ့သည်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် သာ၍ကြီးစွာသော ချီးမွမ်းခြင်းကို သွန်းလောင်းခဲ့ပြီး သူသည် ဘုရားသခင်အား သာ၍ ကြောက်ရွံ့ကာ ကြည်ညိုခဲ့ပြီး၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို သာ၍ တောင့်တခဲ့သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော သူတစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း၊ သူ၏ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ယောဘ၏ ယုံကြည်ခြင်းနှင့် အသိပညာသည် ရုတ်ခြည်းဆိုသလို တိုးတက်သွားခဲ့ပြီးဖြစ်သည်- သူ၏ ယုံကြည်ခြင်း တိုးပွားခဲ့ပြီး ဖြစ်သည်၊ သူ၏ နာခံခြင်းသည် ခြေကုပ်တစ်ခု ရခဲ့ပြီးဖြစ်ကာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သာ၍ နက်နဲ လာခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘ၏ စိတ်ဝိညာဉ်နှင့် အသက်ကိုအသွင်ပြောင်းလဲစေခဲ့သော်လည်း၊ ထိုသို့သော အသွင်ပြောင်းလဲမှုတစ်ခုသည် ယောဘကို မကျေနပ်စေခဲ့သကဲ့သို့၊ သူ၏ ရှေ့ဆက် တိုးတက်မှုကို နှောင့်နှေးစေခဲ့ခြင်းလည်း မရှိပေ။ ဤစမ်းသပ်မှုမှ သူ ရရှိခဲ့ပြီးသည့်အရာကို တွက်ချက်နေပြီး သူ၏ ကိုယ်ပိုင် မပြည့်စုံမှုများကို ဆင်ခြင်သုံးသပ်နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုအတောအတွင်းတွင် မြှင်တင်ခံရဖို့အတွက် သူ တမ်းတခဲ့သောကြောင့်၊ မိမိအပေါ် ရောက်လာမည့် နောက်ထပ် စမ်းသပ်မှုကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ သူ ဆုတောင်းခဲ့လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ယောဘ၏ စိတ်နှလုံးထဲတွင်၊ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှု၏ ရလဒ် မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့ပေသည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများကို အရင်းအနှီးပြုရမည့် အရာတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် ယင်းအစား သူ ထိန်းသိမ်းသင့်သော လမ်းခရီးကို သူ၏ အစွမ်းရှိသမျှဖြင့် ထိန်းသိမ်းရာတွင် သူ၏ ရှင်သန်မှု အခြေခံသဘောတရားများကို အခြေပြုထားခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ယင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းခဲ့သည်၊ သို့သော် သူသည် ကောင်းချီးမင်္ဂလာများအပေါ် မစွဲမက်ခဲ့သကဲ့သို့၊ နောက်ထပ် ကောင်းချီမင်္ဂလာများကိုလည်း မရှာဖွေခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ် သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရခြင်းအလို့ငှာ မည်သည့်အရာကိုမျှ သူမလုပ်ဆောင်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းအားဖြင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွှင်ခဲ့ခြင်း မရှိသကဲ့သို့၊ သူမကြာခဏ မွေ့လျော်ခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ လမ်းခရီးကို လျစ်လျူရှုခြင်း မရှိခဲ့ပေ၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။ နှိုင်းယှဉ်ခြင်းအရ၊ သင်တို့သည် ထိုသို့ ကြီးမားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် အရည်အချင်း လုံးဝ မပြည့်မီကြပေ။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ယနေ့ဆိုခြင်းသည် မတရားသလော။ သင်တို့ကိုယ်သင်တို့ အထင်မကြီးကြလွန်းနှင့်။ သင်၌ ဝါကြွားစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်း၊ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့အား အခမဲ့ပေးထားခြင်းဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိသော်လည်း၊ ကျေးဇူးတော်ကို အခမဲ့ မွေ့လျော်ခံစားကြသည်။ သင်တို့ မရှက်ကြသလော။ ဤမှန်သော လမ်းခရီးသည် သင်တို့ဘာသာ ရှာဖွေကာ တွေ့ရှိခဲ့သည့် အရာတစ်စုံတစ်ခု ဖြစ်သလော။ ထိုလမ်းခရီးကို လက်ခံရန် သင်တို့ကို လှုံ့ဆော်ခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်လော။ သင်တို့သည် သမ္မာတရားကို ရှာဖွေကာ တောင့်တသော စိတ်နှလုံးများ ရှိဖို့မပြောနှင့်၊ ရှာဖွေသော စိတ်နှလုံးများပင် မည်သည့်အခါမျှ မရှိခဲ့ပေ။ သင်တို့သည် အခံ့သားထိုင်နေခဲ့ကာ ထိုအရာကို မွေ့လျော်ခံစားနေခဲ့သည်။ သင်တို့သည် အနည်းငယ်မျှ အားထုတ်ခြင်းမရှိဘဲ ဤသမ္မာတရားကို ရရှိထားကြသည်။ သင်တို့သည် စောဒကတက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။ သင်သည် အထိုက်တန်ဆုံးသောသူ ဖြစ်သည်ဟု ထင်သလော။ မိမိတို့၏ အသက်များကို စွန့်ခဲ့ပြီး မိမိတို့၏ အသွေးကိုသွန်းခဲ့သော သူများနှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့ကို ယခု ဖျက်ဆီးခြင်းသည် မှန်ကန်ပြီး သဘာဝကျသည့်အရာ ဖြစ်ပေမည်။ သင်တို့သည် နာခံကာ လိုက်လျှောက်ဖို့မှအပ ရွေးချယ်စရာမရှိပေ။ သင်တို့သည် တကယ်ကို ထိုက်တန်ခြင်း မရှိကြပေ။ သင်တို့ထဲမှ အများစုတို့သည် ခေါ်ခြင်းခံခဲ့ရသော်လည်း၊ သင်၏ ပတ်ဝန်းကျင်သည် သင်တို့ကို အတင်းအကျပ်မခိုင်းပါက၊ သို့မဟုတ် သင်တို့သည် ခေါ်ခြင်းမခံခဲ့ရပါက၊ သင်တို့သည် ထွက်လာရန် လုံးဝ လိုလားလျက် ရှိခဲ့ကြမည် မဟုတ်ပေ။ မည်သူသည် ထိုသို့စွန့်လွှတ်ခြင်းကို လက်ခံရန် လိုလားလျက် ရှိသနည်း။ မည်သူသည် ဇာတိပကတိ၏ သာယာမှုများကို လက်လွှတ်ရန် လိုလားလျက်ရှိသနည်း။ သင်တို့အားလုံးသည် သက်သောင့်သက်သာရှိမှုကို လောဘတကြီး အကြိုက်တွေ့ကာ၊ ဇိမ်ခံသော အသက်တာတစ်ခုကို ရှာဖွေကြသည့်လူများ ဖြစ်သည်။ သင်တို့သည် ထိုသို့ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိကြပြီးဖြစ်သည်- သင်တို့၌ အခြားမည်သည့်အရာ ပြောစရာ ရှိသနည်း။ မည်သည့် မကျေနပ်ရခြင်းအကြောင်းများ သင်တို့၌ ရှိကြသနည်း။ သင်တို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများနှင့် ကောင်းကင်ဘုံ၌ အကြီးမားဆုံးသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခွင့် ရကြပြီးဖြစ်ကာ၊ မြေကြီးပေါ်တွင် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို ယနေ့တွင် သင်တို့အား ထုတ်ဖော်ပြပြီး ဖြစ်သည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို ခုခံကာ ပုန်ကန်ကြခဲ့သောကြောင့်၊ ယနေ့တွင် ထိုသို့ ပြစ်တင်ဆုံးမခြင်းကို ခံကြရခြင်း ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာကို မြင်တွေ့ကြပြီး ဖြစ်ကာ၊ ထိုမျှမက ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ကြရပြီး ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုနှင့် လူသားမျိုးနွယ်တို့၏ ညစ်ညူးခြင်းတို့ကြောင့်၊ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မြင်တွေ့ကြရပြီးဖြစ်ကာ၊ သူ၏ သန့်ရှင်းခြင်းနှင့် ကြီးမြတ်ခြင်းကို မြင်တွေ့ကြရပြီး ဖြစ်သည်။ ဤသည်မှာ အရှားပါးဆုံးသော သမ္မာတရားများ မဟုတ်သလော။ ဤသည်မှာ အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု မဟုတ်သလော။ ဘုရားသခင် ပြုသောအမှုသည် အဓိပ္ပာယ် ပြည့်ဝ၏။ ထို့ကြောင့် သင်တို့၏ အဆင့်အတန်း နိမ့်ကျလေလေ၊ ဘုရားသခင်၏ ချီးမြှောက်ခြင်း သင်တို့ ခံရသည်ကို သက်သေပြလေလေဖြစ်ပြီး သင်တို့အပေါ် ယနေ့ပြုသော သူ့အမှု၏ ကြီးမားသော တန်ဖိုးကို သက်သေပြလေလေ ဖြစ်သည်။ ယင်းသည် အခြား မည်သည့်နေရာတွင်မျှ မရရှိနိုင်သည့် တကယ်ကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်သည်။ ခေတ်များတစ်လျှောက်တွင်၊ မည်သူမျှ ထိုသို့ ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ခံစားရခြင်း မရှိလေပြီ။ သင်တို့၏ အဆင့်အတန်း နိမ့်ကျသည့်အချက်က ဘုရားသခင်၏ ကယ်တင်ခြင်း မည်မျှကြီးမားသည်ကို ပြသပြီး၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား သစ္စာရှိသည်ကို ပြသပေသည်- သူသည် ကယ်တင်၏၊ မဖျက်ဆီးပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်” မှ

အရှေ့သို့- ၁၆၅) ဘုရားသခင်၏ ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၇) ဘုရားသခင်၏ အလိုတော်ကို အာရုံစိုက်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်