၂၆) ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံသဘောတရားများ

(၁) သမ္မာတရားနှင့်သက်ဆိုင်သည့် မိမိတို့၏ သိနားလည်မှု မည်မျှ ပေါ့တန်သည်ဖြစ်စေ၊ နက်ရှိုင်းသည်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သင့်သည်။ တစ်ဦးတစ်ယောက်သည် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေသည်နှင့်အမျှ၊ ၎င်းသည် ဘုရား နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အလိုအလျောက် အသက်ရှင်နေထိုင်လာကြလေသည်။

(၂) တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံများတွင် သမ္မာတရားကို နားလည်ပြီးသည့်အချိန်တွင်၊ လူသားအား ဘုရားသခင် တောင်းဆိုသည့်အရာအားလုံးမှာ လက်တွေ့ကျသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ အလိုအလျောက် နှစ်သက်လာကြသည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့မှတစ်ဆင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုတို့ကို ရရှိနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ မိမိတို့၏ ဝိညာဉ်ထဲတွင် ငြိမ်သက်ခြင်းနှင့် လွတ်မြောက်မှုကို ခံစားကြရသည်။

(၄) သမ္မာတရားကို မကြာခဏ လက်တွေ့လုပ်ဆောင်ကြသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်ကြသည့်အခါ၊ ၎င်းတို့ လုပ်ဆောင်ကြသည့်အရာကို ၎င်းတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းစွာ သိကြပြီး၊ သမ္မာတရားကို နားလည်သောသူတို့သည်လည်း ၎င်းတို့ လုပ်ဆောင်သည့်အရာကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်- သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ လက်တွေ့အရှိတရားသည် အချက်အချာ ဖြစ်၏- လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့အရှိတရားကို သိရှိပုံ” မှ

လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာ သိနားလည်ကြသူများ အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် မယုံကြည်သူများ ဖြစ်ကြ၏။ လူတို့က မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် မယုံကြည်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။ လူသားသိရှိထားသည့် စစ်မှန်မှုမှာ အပေါ်ယံဆန်လွန်းသည်။ ယင်းသည် တန်ဖိုးမရှိဘဲ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ ယင်းသည် နိမ့်ပါးလွန်းပြီး ဖော်ပြရန်ပင် မထိုက်တန်။ ယင်းသည် များစွာ ချို့တဲ့နေပြီး ဘုရားသခင်၏သတ်မှတ်ချက်များ၏ စံနှုန်းများမှ လွန်စွာဝေးကွာလွန်းနေသည်။ သင်တို့အထဲ၌ မည်သူသည် လမ်းကြောင်းကို ညွှန်ပြနိုင်စွမ်း မရှိဘဲ၊ မိမိ၏သိနားလည်ခြင်း အကြောင်းကို ပြောတတ်ရုံမျှသာ ရှိသည်ကို မြင်တွေ့ရန်နှင့် သင်တို့အထဲ၌ မည်သူသည် အသုံးမဝင်သော အမှိုက်စများ ဖြစ်သည်ကို ဖော်ထုတ်ရန်အလို့ငှာလည်း၊ သင်တို့ အယောက်စီတိုင်းသည် ကြီးမားသော စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ယင်းကို ယခုမှစ အမှတ်ရလော့။ အနှစ်သာရမဲ့သော သိနားလည်ခြင်း အကြောင်းကို မပြောလေနှင့်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်းနှင့် စစ်မှန်မှုအကြောင်းကိုသာ ပြောလော့။ စစ်မှန်သောသိခြင်းမှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသို့ ကူးပြောင်းလော့၊ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်းမှ စစ်မှန်သော အသက်ရှင်နေထိုင်ခြင်းသို့ ကူးပြောင်းလော့။ အခြားသူများအား သြဝါဒမပေးလေနှင့်၊ ပြီးလျှင် စစ်မှန်သောသိခြင်းအကြောင်း မပြောလေနှင့်။ အကယ်၍ သင်၏ သိနားလည်ခြင်းသည် လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ ထိုအရာအပေါ် သင် လွတ်လပ်စွာ ပြောဆိုလော့။ အကယ်၍ ထိုသို့မဟုတ်ပါက ကျေးဇူးပြုပြီး သင့်ပါးစပ်ကို ပိတ်ထား၍ စကားပြောခြင်းကို ရပ်လော့။ သင် ပြောသောအရာသည် အသုံးမဝင်ပေ။ ဘုရားသခင်ကို လှည့်ဖြားရန်နှင့် အခြားသူများ သင့်အပေါ် မနာလို ဖြစ်စေရန်အလို့ငှာ သင်သည် သိနားလည်ခြင်း အကြောင်းကို ပြော၏။ ယင်းသည် သင်၏ရည်မှန်းချက် မဟုတ်သလော။ သင်သည် အခြားသူများအား တမင်သက်သက် ကစားနေခြင်း မဟုတ်သလော။ ယင်း၌ တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ သိနားလည်ခြင်းကို သင်တွေ့ကြုံပြီးနောက် ထိုအကြောင်းကို ပြောလျှင် သင်သည် ကြွားဝါနေသည်ဟု အမြင်ခံရလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက သင်သည် စိတ်ကြီးဝင်သောစကားလုံးများကို တဗျစ်တောက်တောက် ပြောသူတစ်ဦး ဖြစ်သည်။ သင်၏တကယ့်အတွေ့အကြုံထဲတွင် သင် မကျော်လွှားနိုင်သော အမူအရာများစွာ ရှိပြီး သင်သည် သင်ကိုယ်တိုင်၏ ဇာတိပကတိကို မဖီဆန်နိုင်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမှ မဖြည့်ဆည်းဘဲ သင် လုပ်လိုသမျှကို အမြဲတစေ လုပ်နေသော်လည်း၊ သင်သည် အယူအဆဆိုင်ရာ သိနားလည်ခြင်းကိုပြောဆိုရန် ရိုင်းစိုင်းအတင့်ရဲနေသေးသည်။ သင်သည် အရှက်ကင်းမဲ့သည်တကား။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သိနားလည်ခြင်းအကြောင်း ပြောနိုင်အောင် အတင့်ရဲနေသေးသည်။ သင်သည် လွန်စွာ အရှက်ကင်းမဲ့လိုက်လေတကား။ ဟောပြောခြင်းနှင့် ကြွားဝါခြင်းသည် သင်၏ ဗီဇသဘောစင်စစ် ဖြစ်လာပြီး သင်သည် ထိုလုပ်ဆောင်ခြင်းကို ကျင့်သားရလာပြီဖြစ်သည်။ သင်ပြောလိုသော အချိန်တိုင်းတွင် သင်သည် လွယ်လင့်တကူ ပြောဆိုသော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက် လာသည့်အခါတွင်မူ အဆင်တန်ဆာ၌ သင် မွေ့လျော်လေသည်။ ယင်းသည် အခြားသူများအား အရူးလုပ်ရန် နည်းလမ်းတစ်ခု မဟုတ်သလော။ သင်သည် လူသားများအား အရူးလုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို လှည့်စား၍ မရပေ။ လူသားများသည် သတိမမူကြ၊ ထိုးထွင်းသိမြင်မှု မရှိကြသော်လည်း ဘုရားသခင်က ထိုကဲ့သို့သောအကြောင်းအရာများကို အလေးအနက် ထားသဖြင့် ကိုယ်တော်သည် သင့်ကို သက်ညှာမည်မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ သိနားလည်ခြင်းကို ချီးမွမ်းပြီး သင့်ကို ကြည်ညိုလေးစားကာ ထောက်ခံကောင်း ထောက်ခံနိုင်သော်လည်း၊ သင့်တွင် စစ်မှန်မှု လက်ဝယ်မရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသောဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများအား မရှာဖွေဘဲ နေကောင်းနေလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို လျစ်လျူရှုလိမ့်မည်ဖြစ်ကာ ယင်းသည် သင့်အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည်။ ယင်းကို သင်ယုံကြည်သလော။ လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုအကြောင်း သာ၍ပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းများအကြောင်း ထပ်မံပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ “မြင့်မြတ်သော အယူအဆများ သို့မဟုတ် တန်ဖိုးမဲ့ပြီး ချဲ့ကားထားသော အဟောအပြောကို လျှော့လော့၊ ယခုမှစ၍ လက်တွေ့ စတင်လုပ်ဆောင်ရန် အကောင်းဆုံးဖြစ်သည်။” ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့နေပြီလော။ သင်လုံးဝနားမလည်သလော။ ဘုရားသခင်၏အလိုတော်အား သိနားလည်ခြင်း သင့်တွင် မရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏ နှုတ်ကပတ်တော်ကြောင့် ပြီးမြောက်သည်ဟု ဆိုခဲ့သော်လည်း၊ ဤအမှန်တရားကို မည်သူမျှ မမြင်ခဲ့ကြပေ။ မျက်မှောက်အဆင့်ကို တွေ့ကြုံခြင်းထဲသို့ သင် ဝင်ရောက်ပါက၊ သင့်အဖို့ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး၊ သင်သည် အနာဂတ် စမ်းသပ်မှုများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို တည်ဆောက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်က သူသည် လူတို့ကို စတင်ပြစ်တင်ဆုံးမမည်ဟုပြောသည့်အခါ သူ၏ ပြစ်တင်ဆုံးမခြင်းကို လက်ခံလော့။ ဘုရားသခင်က လူတို့ကို သေဖို့စေခိုင်းသည့်အခါ၊ ထိုစမ်းသပ်မှုကို လက်ခံလော့။ သင်သည် သူ၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များအတွင်းတွင် အမြဲ အသက်ရှင်နေပါက၊ အဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို စုံလင်စေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲသို့ သင် ဝင်ရောက်လေလေ၊ သင်သည် လျင်မြန်စွာ စုံလင်ခံရလေလေ ဖြစ်လိမ့်မည်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ သင်တို့ကို ငါ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင် ရှာဖွေလိုက်စားပြီး တွေ့ကြုံကာ၊ သူ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိပေသည်။ ထို့ကြောင့် သင်တို့အားလုံးသည် ဘုရားသခင် အမှုပြုသည့် နည်းလမ်းတိုင်းတွင် ပါဝင်သောသူများ ဖြစ်ပြီး၊ သင်တို့၏ ဆင်းရဲဒုက္ခ မည်သည့်အတိုင်းအတာ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် “အမှတ်တရ လက်ဆောင်” ကို သင်တို့အားလုံး ရရှိလိမ့်မည်။ သင်တို့၏ နောက်ဆုံးစုံလင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းသည် တစ်ဖက်သတ်မဟုတ်ပေ။ သူသည် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်၊ အယောက်တိုင်း သတိရှိစွာ သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ လိုအပ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့— ဤအရာသည် သင်တို့၏အသက်တာအတွက် သာ၍အကျိုးရှိလိမ့်မည်။ အရာရာသည် သင်တို့၏စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိခြင်းအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏စိတ်နှလုံးသည် သူ၏တို့ထိခြင်း ခံရမည်ဖြစ်ပြီး သူ၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်တွင် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် အရာတိုင်းကို သင် သိရှိနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအရာကို ရရှိဖို့ စိတ်ဆုံးဖြတ်ချက် ရှိလိမ့်မည် ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း ကာလအတွင်းတွင်၊ ဤသည်မှာ အမှု၏နည်းစနစ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသူများ ရှိခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသကဲ့သို့၊ မည်သည့်အရာကိုမျှ ရရှိခြင်း သို့မဟုတ် သိနားလည်ခြင်းမရှိဘဲ ပြစ်တင်ဆုံးမခြင်းကာလမှ ပေါ်ထွက်လာခဲ့ကြလေသည်။ သံသယ စိုးစဉ်းမျှမရှိဘဲ ဤနှုတ်ကပတ်တော်များထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ကြသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မမှားယွင်းနိုင်သော သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်သည် ပြစ်တင်ဆုံးမခံရသင့်သည်ဟု ပြောဆိုခဲ့သူ အချို့ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အနာဂတ်နှင့် ကံကြမ္မာကို လက်လွှတ်ရင်း ယင်း၌ အချိန်အတိုင်းအတာ တစ်ခုကြာ ရုန်းကန်ခဲ့ကြပြီး၊ ၎င်းတို့ ပေါ်ထွက်လာသည်အခါ ၎င်းတို့၏ စိတ်သဘောထားများသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍နက်ရှိုင်းသည့် သိနားလည်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းမှ ပေါ်ထွက်လာခဲ့ကြသူ အားလုံးသည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ခံစားရကာ ဤအမှုအဆင့်သည် ၎င်းတို့ထဲသို့ ဆင်းသက်လျက်ရှိသည့် ဘုရားသခင်၏ကြီးမားသောချစ်ခြင်းမေတ္တာအား ပုံဖော်သည်၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အောင်နိုင်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်ဆိုသည်တို့ကို နားလည်ခဲ့ကြလေသည်။ ၎င်းတို့က ဘုရားသခင်၏ အတွေးများသည် အစဉ်အမြဲကောင်းမြတ်ကာ၊ လူသား၌ ဘုရားသခင်ပြုသည့် အရာတိုင်းသည် မုန်းတီးခြင်းမဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာမှ လာသည်ဟုလည်း ပြောဆိုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မယုံကြည်ခဲ့သူများ၊ သူ၏နှုတ်ကပတ်တော်များကို အားမထားခဲ့သူတို့သည် ပြစ်တင်ဆုံးမသော ကာလအတွင်းတွင် စစ်ဆေးခြင်းကို မကြုံခဲ့ရပေ၊ ထို့ကြောင့် အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိခဲ့ဘဲ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိခဲ့ကြချေ။ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ ဝင်ရောက်ခဲ့ကြသူများအတွက်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် လျှို့ဝှက်စွာ အမှုပြုနေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက်တာ စိတ်သဘောထားက ပြောင်းလဲခဲ့ပေသည်။ အချို့သည် အပြင်ပန်းကြည့်ရသည်မှာ၊ တစ်နေ့လုံး ကောင်းသောပျော်ရွင်ခြင်းနှင့် ပြည့်လျက်၊ အလွန် အပြုသဘောဆောင်သည့်ပုံရသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း အခြေအနေထဲသို့ မဝင်ရောက်ခဲ့ကြသောကြောင့် လုံးဝ မပြောင်းလဲခဲ့ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ယုံကြည်မှုမရှိခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်သောသူ အားလုံးထံ ပေါ်ထွန်းပြီး၊ သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ကာ လက်ခံသောသူများသည် သူ၏ချစ်ခြင်းမေတ္တာကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်၏အမှုကို မခြွင်းမချန် သိနားလည်ခြင်းအား ရရှိခြင်း- ဤအရာနှစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များတွင် တွေ့ရပြီး၊ အသိဉာဏ်ပွင့်လင်းခြင်းကို သင် ရရှိနိုင်သည်မှာ ဤမိန့်မြွက်ချက်များမှတစ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ဖို့ သာ၍ လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သည့် သင်၏သိနားလည်မှုကို မိတ်သဟာယ၌ ပြောပြလော့၊ ဤနည်းဖြင့် သင်သည် အခြားသူများကို အသိဉာဏ်ပွင့်လင်းစေနိုင်ပြီး ထွက်ပေါက်တစ်ခု ပေးနိုင်ပေသည်- ဤသည်မှာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တခုကို မစီစဉ်မီတွင်၊ သင်တို့ အသီးသီးသည် မိမိကိုယ်ကိုယ် သူ၏နှုတ်ကပတ်တော်များဖြင့် ဦးစွာ ပြင်ဆင်ရမည်။ ဤသည်မှာ အယောက်တိုင်း လုပ်ဆောင်သင့်သော အရာတစ်ခု ဖြစ်သည်။ ယင်းသည် အရေးတကြီး ဦးစားပေးအရာတစ်ခု ဖြစ်သည်။ ပထမဦးစွာ ဘုရားသခင်၏နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင်သိရှိသည့်အဆင့်တစ်ခုသို့ ရောက်လော့။ သင် မလုပ်ဆောင်နိုင်သော အရာမှန်သမျှအတွက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း တစ်ခုကို သူ၏နှုတ်ကပတ်တော်များ၌ ရှာဖွေပြီး၊ သင် နားမလည်သော မည်သည့်ကိစ္စရပ်မဆိုအတွက် သို့မဟုတ် သင်၌ ရှိကောင်းရှိမည့် မည်သည့်အခက်အခဲများမဆိုအတွက် ဤမိန့်မြွက်ချက်များကို စေ့စေ့ကြည့်လော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များအား သင်၏ အထောက်အပံ့ဖြစ်စေပြီး၊ သင်၏ လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီမစခွင့်ပေးလော့။ သူ၏ နှုတ်ကပတ်တော်များကို ဘဝတွင် သင်၏ အကူအညီဖြစ်လာခွင့်လည်း ပေးလော့။ ဤအရာများသည် သင် လုပ်ဆောင်ရသည့်အပိုင်းတွင် ကြိုးပမ်းအားထုတ်မှု လိုအပ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ရာတွင်၊ ရလဒ်များကို သင်ရရှိရမည်။ သင်သည် သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင်ရမည်ဖြစ်ပြီး၊ ပြဿနာများတစ်ခုတလေကို သင် ကြုံရသည့် မည်သည့်အချိန်တွင်မဆို သူ၏ မိန့်မြွက်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် မည်သည့်ပြဿနာများကိုမျှ တွေ့ကြုံရခြင်း မရှိသေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ သင် စိတ်ဝင်စားသင့်သည်။ တစ်ခါတစ်ရံ သင်သည် ဆုတောင်းပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်ကောင်း ဆင်ခြင်နိုင်သည်၊ သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ သိနားလည်ခြင်းကို မိတ်သဟာယ၌ဝေမျှနိုင်ပြီး၊ မိမိကိုယ်ကိုယ်အတွင်း သင် တွေ့ကြုံရသည့် အသိဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်း၊ ပြီးလျှင် ဤမိန့်မြွက်ချက်များကို ဖတ်ရှုနေစဉ်တွင် သင်ရှိထားသော တုံ့ပြန်မှုများနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးပြုနိုင်သည်။ ထို့အပြင် သင်သည် လူတို့ကို ထွက်ပေါက်တစ်ခု ပေးနိုင်သည်။ ဤသည်သာလျှင် လက်တွေ့ကျ၏။ ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ကျသော အထောက်အပံ့ ဖြစ်လာခွင့်ပေးရန် ဖြစ်သည်။

တစ်နေ့လုံးတွင် သင်သည် ဘုရားသခင့်ရှေ့၌ အမှန်တကယ် ရှိခြင်း၌ နာရီပေါင်းမည်မျှ အချိန်ကုန်ဆုံးသနည်း။ သင့်နေ့ရက်၏မည်မျှကို ဘုရားသခင်အား အမှန်တကယ် ပေးထားသနည်း။ ဇာတိပကတိကို မည်မျှ ပေးထားသနည်း။ မိမိ၏နှလုံးသားကို ဘုရားသခင်ဆီသို့ စိတ်သန်စေခြင်းသည် သူ၏ စုံလင်စေခြင်း လမ်းကြောင်းမှန်ပေါ် ရှိခြင်းအဖို့ ပထမခြေလှမ်း ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ နာခံနိုင်ပြီး သူ၏အလိုကို လုံးဝ ထောက်ထားနိုင်ပါက- ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက်- ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် သစ္စာဖာက်ပြီး အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ၏ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ခင်းကျင်းထားသည်။ ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များအားလုံးကို အမှန်တကယ် ကျိုးနွံနာခံပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်စေပြီး မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။ သင်လုပ်ဆောင်သောအရာသည် သင့်ဘဝအတွက် အကျိုးရှိပြီး၊ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲရန်အလို့ငှာ၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်၏ အတွင်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သင် ဖြည့်ဆည်း နိုင်ပါက၊ ဤအရာက ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပါက၊ ပြီးလျှင် သင်သည် ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို ကျေနပ်စေပါက၊ ဤအရာတွင် သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို သာ၍ လက်တွေ့ကျကျ ပြောဆိုဆွေးနွေးသည့်အခါတွင်၊ ယင်းမှာ သင်သည် သင်၏ တာဝန်ကို ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်သည်ကို ဆိုလိုပေသည်။ ဤသို့သော လက်တွေ့ကျသည့် လုပ်ဆောင်မှုများကိုသာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ဤလက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်နိုင်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု စတင်ခြင်း ဖြစ်သည်။ သင်သည် ဤလေ့ကျင့်မှုကို ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ထို့နောက်တွင်မှ သင်သည် သာ၍ပင် နက်ရှိုင်းသော လက်တွေ့အရှိတရားများထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည်။ ပညတ်ချက်များကို မည်သို့ ထိန်းသိမ်းရမည်ဆိုသည်နှင့် ဘုရားသခင်ရှေ့တွင် မည်သို့ သစ္စာစောင့်သိရမည်ဆိုသည်တို့ကို ဆင်ခြင်လော့။ နိုင်ငံတော်ထဲသို့ မည်သည့်အချိန်တွင် သင် ဝင်ရောက်နိုင်မည်ဆိုသည်ကို စဉ်ဆက်မပြတ် မစဉ်းစားနှင့်။ သင်၏ စိတ်သဘောထား မပြောင်းလဲပါက၊ သင်စဉ်းစားသော အရာတိုင်းသည် အချည်းနှီးဖြစ်လိမ့်မည်။ ဘုရား နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် သင်၏ စိတ်ကူးများနှင့် အတွေးများအားလုံး ဘုရားသခင်အတွက် ဖြစ်သည့်နေရာသို့ ပထမဦးစွာ သင် ရောက်ရှိရမည်- ဤသည်မှာ အခြေခံကျဆုံးသော လိုအပ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

သမ္မာတရား လက်တွေ့သရုပ်မှန်ထဲသို့ ဝင်ရောက်ခြင်းသည် လွယ်ကူရိုးစင်းသောကိစ္စမဟုတ်ပါ။ အဓိကသော့ချက်မှာ သမ္မာတရား ကိုကြိုးစားရှာဖွေခြင်းနှင့် သမ္မာတရားကိုလက်တွေ့ကျင့်သုံးခြင်း၌ အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤအရာများကို သင့်စိတ်နှလုံးထဲ၌ သင်နေ့စဉ် စွဲကိုင်ထားရမည်။ သင်သည် မည်သည့်ပြဿနာများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်ကို အမြဲတမ်းကာကွယ်ခြင်း မပြုလေနှင့်။ ယင်းအစား သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ လေ့လာသင်ယူလော့။ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးမှုများ ဖော်ပြနေသည်ဖြစ်စေ မစစ်ဆေးဘဲ မနေလေနှင့်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဆင်ခြင်သုံးသပ်ပြီး သိမှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ နေ့စဉ် အခြေအနေများတွင် သင်၏ အတွေးတို့သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြေခံသဘောတရားတို့သည် မည်သည်တို့ဖြစ်သည် ဆိုသည်တို့အပေါ်တွင် ရှိနေလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်အညီ သင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကို သင်ယူလေ့လာနိုင်စွမ်းရှိသည်။ ဤသို့ ပြုခြင်းအားဖြင့် သင်သည် လက်တွေ့အရှိတရားထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။ သင်၏စိတ်သည် ပိုမိုမြင့်မားသောအဆင့်ကို မည်သို့ရရှိရမည် သို့မဟုတ် သင့်ကို အခြားသူများက သဘောကျစေရန် သူတို့ရှေ့၌ မည်သည့်အရာ ပြုလုပ်ရမည်ဟူသည့် အတွေးများနှင့် ပြည့်နှက်နေပါက၊ သင်သည် လမ်းမှားပေါ် ရောက်နေသည်။ ယင်းက သင်သည် စာတန်အတွက် အမှုအရာများ လုပ်ဆောင်နေသည်၊ သင်သည် အစေခံနေသည်ကို ဆိုလိုသည်။ အကယ်၍ သင်၏ စိတ်က သင်သည် လူသားတစ်ဦးနှင့် သာ၍ သာ၍ တူလာဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့၊ သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်စွမ်းရှိဖို့၊ ပြီးလျှင် သင်ပြုလုပ်သမျှ အရာတိုင်း၌ ထိန်းချုပ်မှုကို ပြသပြီး သူ၏ စိစစ်ခြင်းကို လက်ခံနိုင်စွမ်းရှိဖို့အလို့ငှာ မည်သို့ ပြောင်းလဲရမည်ဆိုသည့် အတွေးများနှင့် ပြည့်ပါက၊ သင်၏အခြေအနေသည် ပို၍ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် လမ်းကြောင်းနှစ်ခုရှိလေသည်- တစ်ခုက လူတစ်ဦးကိုယ်တိုင်၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် အစီအစဥ်များကို ဖြည့်ဆည်းလျက် အပြုအမူကိုသာ အသားပေးသည်၊ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ၎င်း၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းဖြစ်သည်။ အခြားသောလမ်းကြောင်းက ဘုရားသခင်အား ကြောက်ရွံ့ပြီး မိမိ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အလို့ငှာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကို မည်သို့နာခံရမည်၊ သူ့အပေါ် နားလည်မှုလွဲမှားခြင်းများ သို့မဟုတ် မနာခံမှု မည်သို့မထားရှိရမည်ကို အလေးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

သမ္မာတရားတစ်ခုချင်းစီတွင် လူများသည် ထိုသမ္မာတရား၏ အတွင်းကျကျ အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရား၏ထိုရှုထောင့်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့် ယင်းထဲသို့ မည်သို့ ဝင်ရောက်ရမည်တို့ကို ရှာဖွေကာ စဉ်းစားဆင်ခြင်ပြီး လေ့လာစုံစမ်းသင့်သည်။ ဤသည်တို့မှာ လူများ လုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ သမ္မာတရား၏ ရှုထောင့်မျိုးစုံထဲမှ ယခု ပိုင်ဆိုင်သင့်သည့်အရာနှင့်ပတ်သက်ပါက သင်သည် တိုက်ရိုက် အဓိပ္ပာယ်များ၊ အယူဝါဒများနှင့် အပြင်ပန်း အသွင်အပြင်တို့ကိုသာ နားလည်သည်။ သင်သည် သမ္မာတရားကို မတွေ့ကြုံထားသည်နှင့်အညီ သမ္မာတရား၏ အနှစ်သာရကို နားမလည်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းနယ်ပယ်နှင့် ဘုရားသခင်ကို ချစ်ခြင်းနယ်ပယ်တို့တွင် သမ္မာတရားများစွာရှိသည်၊ ထို့ပြင် လူများက မိမိတို့ကိုယ်ကို သိဖို့ဆန္ဒရှိလျှင် သမ္မာတရားများစွာကို နားလည်ရမည် ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် နက်နဲမှုတို့၌ နားလည်ရမည့် သမ္မာတရားများစွာလည်း ရှိသည်။ ဥပမာအားဖြင့် လူများသည် မိမိတို့ကိုယ်ကို မည်သို့ပြုမူသင့်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ကိုးကွယ်သင့်သည်၊ ဘုရားသခင်ကို မည်သို့နာခံသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီအောင် မည်သည့်အရာကို လုပ်သင့်သည်၊ ဘုရားသခင်ကို မည်သို့အစေခံသင့်သည်— ဤအကြောင်းအချက် အားလုံး၌ သမ္မာတရားများစွာ ပါဝင်လေသည်။ သမ္မာတရား၏ ဤရှုထောင့်မျိုးစုံ၌ သင်သည် သမ္မာတရားကို မည်သို့ တွေးတောသနည်း၊ သို့မဟုတ် မည်သို့ဆင်ခြင်စဉ်းစားသနည်း။ ယင်းတို့တစ်ခုချင်းစီ၌ လူများတွေ့ကြုံရမည့် အလွန်နက်ရှိုင်းသော သမ္မာတရားရှိသည်။ သင်သည် အပေါ်ယံက စကားများကိုသာ ပြောသော်လည်း ဤအရာများကို စဉ်းစားဆင်ခြင်ဖို့နှင့် တွေ့ကြုံဖို့ ယင်းတို့၏ အတွင်းသို့ နက်နက်ရှိုင်းရှိုင်း မည်သည့်အခါမျှ မသွားရောက်ပါက သင်သည် စကားလုံးများ၏ အပေါ်ယံတွင်သာ ထာဝရ ရှင်သန်လိမ့်မည်ဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

လူအချို့က အခြားသူများကို ကူညီဖို့နှင့် ဘုရားသခင်ကို အစေခံဖို့၊ ပြီးလျှင် အသင်းတော်ကို သင့်တင့်လျောက်ပတ်စွာ ဦးဆောင်ဖို့ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြသည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်သလော။ သင်သည် သတင်းစကားမည်မျှကို ကြားပြီးဖြစ်ပါစေ၊ သို့မဟုတ် သင်၏အစီအစဉ်များသည် မည်သည့်အရာများ ဖြစ်ပါစေ၊ မည်သည့်အရာသည် အရေးအကြီးဆုံး ဖြစ်သည်နှင့် မည်သည့်အမြင်ရှုထောင့်သည် အမှန်ကန်ဆုံး ဖြစ်သည်ကို သင့်အား ငါပြောပြမည်။ သင်မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ပြီးလျှင် သင်သည် ခေါင်းဆောင်ဖြစ်သည်ဖြစ်စေ မဖြစ်သည် ဖြစ်စေ၊ သင်သည် သင့်ကိုယ်သင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဦးစွာ နှိုင်းယှဉ်စစ်ဆေးပြီး သင့်ကိုယ်သင် အတွင်း၌ ယင်းတို့ဖြင့် အထမြောက် စေရမည်။ ဤနှုတ်ကပတ်တော်များကို အလုပ်လုပ်ဖို့ တန်ဆာပလာ တစ်ခုအဖြစ် သို့မဟုတ် အလုပ်လုပ်စဉ်တွင်၊ စုဆောင်းပြီးဖြစ်သည့်အရာများ အဖြစ် သဘောမထားနှင့်။ သင်သည် ဤအရာအားလုံးတွင် သင်အောင်မြင်ပါက၊ သင်သည် သင်၏အလုပ်ကို ကောင်းစွာလုပ်နိုင်သည်မှာ သေချာမည် ဖြစ်သည်။ သင်သည် အခြားလူများကို ဤနှုတ်ကပတ်တော်များဖြင့် အမြဲ နှိုင်းယှဉ် အကဲဖြတ်လိုပါက၊ အခြားလူများနှင့်ပတ်သက်ပါက ယင်းတို့ကို အထမြောက်ဖို့ အမြဲဆန္ဒရှိပါက၊ သို့မဟုတ် ယင်းတို့ကို သင်၏ကိုယ်ပိုင် အလုပ်အတွက် အရင်းအနှီး အဖြစ် သဘောထားပါက၊ သင်သည် ပြဿနာရှိနေပြီ။ ယင်းက သင်သည် ပေါလု၏ လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ အကြွင်းမဲ့ သမ္မာတရား ဖြစ်သည်။ သင်၌ ဤအမြင်ရှုထောင့်ရှိသောကြောင့်၊ သင်သည် ဤနှုတ်ကပတ်တော်များကို အယူအဆနှင့် သဘောတရားအဖြစ် သေချာပေါက် သဘောထားပြီး၊ သင်သည် ယင်းတို့ကို ဖြန့်ဖြူးပြီး အလုပ် လုပ်လိုသည်- ဤသည်မှာ အလွန် အန္တရာယ်များသည် အရာတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်၍ သင့်ကိုယ်သင် အကဲဖြတ်ပြီး၊ ယင်းတို့ကို သင့်ကိုယ်သင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် စတင်ပါက၊ ပြောင်းလဲပြီး ဝင်ရောက်မှုကို ကြိုးပမ်းရရှိသည့် ပထမဆုံးလူမှာ သင်ဖြစ်သည်။ သင်ကိုယ်တိုင်က တစ်စုံတစ်ခုကို ရရှိမှသာလျှင်၊ သင်သည် သင်လုပ်ဆောင်ရမည့် အမှု၌ ကောင်းစွာ လုပ်ဆောင်ဖို့ ဝိညာဉ်ရင့်ကျက်မှု၊ အရည်အချင်း ပြည့်မီခြင်းများနှင့် စွမ်းရည်တို့ကို ရရှိလိမ့်မည် ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု မရှိဘဲ၊ အတွေ့အကြုံမရှိသည့်အပြင်၊ ဝင်ရောက်မှုကို မရရှိသေးပါက၊ သင်သည် ကျိုးကြောင်းမမြင်ဘဲ အလုပ်လုပ်နေကာ၊ ကျိုးကြောင်းမမြင်ဘဲ လျှောက်ပြေးနေပြီး ဤသည်တွင် စစ်မှန်သော ရလဒ် မရှိပေ။ သမ္မာတရား၏ လက်တွေ့ကျခြင်း၏ မည်သည့်ရှုထောင့်ကို သင်ကြားဖူးသည် ဖြစ်ပါစေ၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ၎င်းနှင့်နှိုင်းယှဉ်ပါက၊ သင်၏အသက်တာတွင် ဤနှုတ်ကပတ်တော်များကို ကျင့်သုံးပြီး သင်၏လက်တွေ့လုပ်ဆောင်မှုထဲ၌ ထည့်သွင်းပါက တစ်စုံတစ်ခုကို သေချာပေါက်ရပြီး သေချာပေါက် ပြောင်းလဲမည် ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို သင်၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းပြီး သင်၏ဦးနှောက်ထဲ၌ ၎င်းတို့ကို အလွတ်ကျက်မှတ်ပါက သင်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် ဤသို့ တွေးဆသင့်၏- “ဤစကားများသည် မည်သည့်အခြေအနေမျိုးကို ရည်ညွှန်းနေသနည်း။ ယင်းတို့သည် အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေကြသနည်း။ မည်သည့် ကိစ္စတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ အသုံးပြုသင့်သနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ဆက်နွှယ်သည့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့် အခါတိုင်း၊ ငါသည် ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ယင်းကို ငါ လက်တွေ့ လုပ်ဆောင်သည့်အခါ၊ ငါ၏ အခြေအနေသည် ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီနေခြင်းရှိသလော။ မကိုက်ညီပါက၊ ကျွန်ုပ် ရှာဖွေသင့်သလော၊ မိတ်သဟာယပြုသင့်သလော သို့မဟုတ် စောင့်ဆိုင်းသင့်သလော။” သင်တို့၏ အသက်တာများတွင် ဤပုံစံဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်ကြသလော။ သင်တို့ ဤပုံစံဖြင့် လက်တွေ့မလုပ်ဆောင်ပါက၊ သင်တို့၏ အသက်တာသည် ဘုရားသခင်မရှိသကဲ့သို့ သမ္မာတရားမရှိပေ။ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒများအတိုင်း သို့မဟုတ် သင်တို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ စိတ်ချယုံကြည်မှုနှင့် စိတ်အားထက်သန်မှုအတိုင်း အသက်ရှင်ပေသည်။ သမ္မာတရားကို လက်တွေ့အရှိတရားအဖြစ် မပိုင်ဆိုင်သောသူတို့သည် လက်တွေ့အရှိတရား မရှိသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် မရှိကြသည့် လူများသည် သူ၏ နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ကြသေးသည့် လူများ ဖြစ်သည်။ ငါ ပြောနေသည့်အရာကို သင်တို့ နားလည်ကြသလော။ သင်တို့ နားလည္ပါက အကောင်းဆုံးဖြစ်သော်လည်း၊ ယင်းတို့နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သင် ကြားပြီးသည့်အရာနှင့်ပတ်သက်၍ သင် မည်မျှ သဘောပေါက်ပြီးသည်ဖြစ်စေ၊ အရေးပါသော အရာမှာ သင်သည် သင် သဘောပေါက်ပြီးသည့်အရာကို သင့် အသက်တာထဲသို့ အစပျိုးနိုင်သကဲ့သို့ ယင်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားနိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း” မှ

အရှေ့သို့- ၂၅) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၂၇) ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၆ နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

၁ နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့နှုတ်ကပတ်တော်ကို အဓိက အသုံးပြုနှုတ်ကပတ်တော်၌သာ...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၈၀၈ ပေတရုဟာ ဘုရားကို အသိဆုံးသူ

၁ပေတရုက ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ချိန်ညည်းညူ တဲ့စိတ်တော့သူ၌ မရှိလေပါယောဘတောင်သူ့ ကိုမမှီခဲ့နိုင်ပါအခြားသူတော်စင်တွေဆို...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်