၁၁၃) အမျိုးမျိုးသော နတ်ဆိုးများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) နတ်ဆိုးစွဲခြင်းခံရသည့်သူများ သို့မဟုတ် ၎င်းတို့ထဲတွင် မကြာခဏ အလုပ်လုပ်သည့် နတ်ဆိုးများ ရှိသူများအားလုံးသည် ၎င်းတို့ကိုယ်နှိုက်က နတ်ဆိုးများ ဖြစ်သည်။ သမ္မာတရားကို မုန်းတီးပြီး သမ္မာတရားကို ကြမ်းကြုတ်ရက်စက်စွာ ခုခံသည့် မကောင်းဆိုးဝါးအားလုံးသည် နတ်ဆိုးများ ဖြစ်ကြသည်။

(၂) ဘုရားသခင်၏ သားဦးများ သို့မဟုတ် ကောင်းကင်တမန်များကဲ့သို့ ဟန်ဆောင်သောသူ၊ စစ်မှန်သော ဘုရားသခင်အတွက် သက်သေမခံဘဲ မိမိတို့ကိုယ်ကိုယ်အတွက် သက်သေခံသောသူနှင့် မိမိကိုယ်ကိုယ် ပျိုးထောင်ခြင်းမှတစ်ဆင့် ဘုရားများဖြစ်လာရန် ဆန္ဒရှိသောသူအားလုံးသည် နတ်ဆိုးများ ဖြစ်သည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြူစင်စွာ နားမလည်နိုင်သော်လည်း သူ၏ နှုတ်ကပတ်တော်များကို စဉ်ဆက်မပြတ် နားလည်မှုလွဲကာ အတွေးမှားများ လေရှည်ရင်း၊ အထူးသဖြင့် မှားယွင်းကာ အဓိပ္ပယ်မဲ့သောသူ မည်သူမဆိုသည် ဧကန်မုချ နတ်ဆိုးများ ဖြစ်သည်။

(၄) ဘုရားသခင်ကို ငြင်းပယ်၊ တိုက်ခိုက်ကာ ပြစ်မှားစော်ကားသောသူ မည်သူမဆို၊ သမ္မာတရားအတွက်၊ အပြုသဘောဆောင်သော အရာများနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် အထူး မုန်းတီးမှုတစ်ခုကို သိုထားသောသူ မည်သူဆိုသည်၊ ဧကန်မုချ နတ်ဆိုးများ ဖြစ်ကြသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ငါ့အား မကြာခဏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ငါ၏စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အတွက် အကြံအစည်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ ဖြစ်ကြသည်။ စာတန်အား အောက်ပါအတိုင်း သိသာထင်ရှားစေသည်- အာဏာအတွက် ငါနှင့် အားထုတ်ယှဉ်ပြိုင်ခြင်း၊ ငါရွေးချယ်ထားသည့် လူတို့ကို ပိုင်ဆိုင်လိုခြင်းနှင့် ငါ၏လူတို့ကို လှည့်စားရန်အတွက် အပျက်သဘောဆောင်သော စကားလုံးများကို ထုတ်ပြန်ခြင်းတို့ ဖြစ်သည်။ မာရ်နတ်၏ သိသာထင်ရှားချက်များမှာ (ငါ၏ နာမကို လက်မခံသောသူများ၊ မယုံကြည်သူများ အားလုံးသည် မာရ်နတ်များ ဖြစ်ကြသည်။) အောက်ပါအတိုင်းဖြစ်သည်- ဇာတိပကတိ၏ သာယာမှုများကို အငမ်းမရလိုချင်ခြင်း၊ မကောင်းသော တပ်မက်မှုများ၌ မွေ့လျော်ခြင်း၊ စာတန်၏ ချည်နှောင်မှု၌ နေထိုင်ခြင်း၊ အချို့က ငါ့ကို အာခံခြင်းနှင့် အချို့က ငါ့ကို ပံ့ပိုးခြင်း တို့ရှိသည် (သို့သော် သူတို့သည် ငါချစ်မြတ်နိုးသော သားများဖြစ်ကြောင်း သက်သေမပြကြပေ)။ ကောင်းကင်တမန်မင်း၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်- စော်ကားမော်ကား ပြောဆိုခြင်း၊ ဘုရားတရား မကြည်ညိုခြင်း၊ လူတို့ကို ဩဝါဒပေးရန် မကြာခဏ ငါ၏လေသံကို တုပခြင်း၊ အပြင်ပန်းအရ ငါအား အတုခိုးရန်ကိုသာ အာရုံစိုက်ခြင်း၊ ငါစားသည့်အရာကို စား၍ ငါသုံးသည့်အရာကို သုံးခြင်းတို့ ဖြစ်ကြသည်။ အတိုချုပ်ရသော် ငါနှင့်အဆင့်အတန်း တူရန် လိုလားပြီး ရည်မှန်းချက်ကြီးသော်လည်း၊ ငါ၏အစွမ်းအစနှင့် ငါ၏အသက်ကင်းမဲ့ကာ၊ စွန့်ပစ်ပစ္စည်း အပိုင်းအစသက်သက် ဖြစ်ခြင်းတို့ ဖြစ်ကြသည်။ စာတန်၊ မာရ်နတ်နှင့် ကောင်းကင်တမန်မင်းတို့ အားလုံးသည် အဆင်းနီသော နဂါးကြီး၏ သာဓကများ စစ်စစ်ဖြစ်ကြသောကြောင့် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးချယ်ခြင်းကို မခံရသောသူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြသည်- ဤသည်မှာ ၎င်းဖြစ်သည့်ပုံစံ တကယ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ရန်သူများ ဖြစ်ကြသည်။ (သို့သော်လည်း စာတန်၏ နှောင့်ယှက်ဖျက်ဆီးခြင်းများကို ဖယ်ထုတ်ထားသည်။ သင်၏ သဘာဝသည် ငါ၏ အရည်အသွေးဖြစ်လျှင် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုတွင် သင်တို့သည် ဇာတိပကတိ၌ အသက်ရှင်လျက် ရှိနေသေးသောကြောင့် မကြာခဏဆိုသလိုပင် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ရမည်- ဤသည်မှာ မလွဲမသွေဖြစ်သည်- သို့သော် သင်တို့သည် အမြဲသတိရှိရမည်။) ထို့ကြောင့် ငါသည် ငါ၏ သားဦးများမှလွဲ၍ အဆင်းနီသော နဂါးကြီး၏ သားသမီးများ အားလုံးကို စွန့်ပစ်မည်။ သူတို့၏ဗီဇသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ၊ ယင်းသည် စာတန်၏ အရည်အသွေးဖြစ်သည်။ ယင်းသည် သူတို့ ထင်ရှားစေသည်မှာ မာရ်နတ်ဖြစ်ပြီး ယင်းသည်သူတို့ အသက်ရှင်လိုက်လျှောက်သည့် ကောင်းကင်တမန်မင်း ဖြစ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ ငါပြောသည့် အဆင်းနီသော နဂါးကြီးသည် ကြီးမားသော အနီရောင် နဂါးကြီးမဟုတ်ပေ။ ထို့ထက် ၎င်းသည် ငါ့အား ဆန့်ကျင်ပြုသော ဝိညာဉ်ဆိုးပင်ဖြစ်ပြီး “အဆင်းနီသော နဂါးကြီး” ဟူသည်မှာ ပမာပြုသုံးနှုန်းထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မှလွဲ၍ ဝိညာဉ်များအားလုံးသည် ဝိညာဉ်ဆိုးများဖြစ်ကြပြီး အဆင်းနီးသော နဂါးကြီး၏ သားသမီးများဖြစ်သည်ဟုလည်း ဆိုနိုင်လေသည်။ ဤအရာအားလုံးမှာ လူတိုင်းအတွက် ရှင်းလင်းပြတ်သားသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း” မှ

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

မည်သည့် ပြဿနာမျှ မပေါ်ပေါက်ချိန်တွင် အတော်အတန် ပုံမှန်ဖြစ်ကာ၊ အတော်အတန် ပုံမှန်အားဖြင့် စကားပြောဆိုပြီး ဆွေးနွေးသည့်၊ ပုံမှန်ဟု ထင်ရပြီး၊ ဆိုးရွားသောအရာ တစ်စုံတစ်ခုမျှ မလုပ်ဆောင်သည့် လူအချို့ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝတ်ပြုစည်းဝေးပွဲတွင် ဖတ်ရှုသည့်အခါ၊ သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့သည် ရုတ်ခြည်း ထူးထူးကဲကဲ စတင် ပြုမူလာသည်။ အချို့သည် နားထောင်ဖို့ သည်းမခံနိုင်ပေ၊ အချို့သည် ငိုက်မျဉ်းလာပြီး အချို့က ၎င်းတို့သည် စိတ်ညစ်ပြီး နောက်ထပ် နားထောင်ဖို့ ဆန္ဒမရှိဟု ပြောလျက်၊ ပျို့အန်ချင်သလိုဖြစ်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် နားလည်သဘောပေါက်မှု လုံးလုံးမရှိပေ၊ ဤနေရာတွင် မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် နတ်ဆိုးစွဲခံရပြီးဖြစ်သည်။ ၎င်းတို့ နတ်ဆိုးစွဲခံပြီးသည့်အချိန်တွင်၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဟု ၎င်းတို့က အဘယ့်ကြောင့် ဆက်ပြောနေကြသနည်း။ တစ်ခါတစ်ရံတွင် လူများသည် ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသည်ကို နားမလည်နိုင်ကြဘဲ၊ နတ်ဆိုးအတွက်မူ ယင်းမှာ သိသာရှင်းလင်းလှပေသည်။ ဤသည်မှာ အန္တိခရစ်များအတွင်းရှိ ဝိညာဉ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအပေါ် အဘယ်ကြောင့် အလွန်ရန်လိုသည်ကို သင်က ၎င်းတို့အား မေးပြီး ၎င်းတို့က ရန်မလိုပါဟု ပြောသည်၊ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အသိအမှတ်ပြုဖို့ စွဲစွဲမြဲမြဲ ငြင်းဆန်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် သမ္မာတရားအား မချစ်သည်ကို ၎င်းတို့ သိကြပေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မဖတ်သည့်အခါ၊ ၎င်းတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံလျှင် ပုံမှန်ဖြစ်ပုံရသည်။ ၎င်းတို့အတွင်း၌ မည်သည့်အရာရှိသည်ကို သင်သိမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြိုးစားပြီး ဖတ်ရှုသည့်အခါ၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဆိုသည့် စကားများ ထွက်လာသည်။ ၎င်းတို့၏ သဘာဝသည် ဖော်ထုတ်ခြင်းခံရပြီးဖြစ်ကာ၊ ဤသည်မှာ ၎င်းတို့ဖြစ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့အား ဆွပေးလိုက်သလော၊ သို့မဟုတ် ၎င်းတို့အား ထုတ်ဖော်လိုက်သလော သို့မဟုတ် ၎င်းတို့၏ အရှိုက်ကို ထိုးနှက်လိုက်သလော။ အထက်မှ အရာထဲမှ တစ်ခုမျှ မဟုတ်ပေ။ ဖြစ်လိုက်သည့်အရာမှာ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေသည့်အခါတွင်၊ ၎င်းတို့က ယင်းကို ၎င်းတို့ မကြားလိုဟု ပြောကြသည်။ ၎င်းတို့သည် မဆိုးညစ်သလော။ ဆိုးညစ်သည်ဆိုသည်မှာ အဘယ်ကို ဆိုလိုသနည်း။ ယင်းမှာ သိသာမြင်သာသော အကြောင်းပြချက် လုံးဝမရှိဘဲ၊ အကြောင်းအရင်းကိုပင် မသိဘဲ တစ်စုံတစ်ခုအပေါ်နှင့် အပြုသဘောဆောင်သည့် အမှုအရာများအပေါ် အလွန်ရန်လိုခြင်းကို ဆိုလိုသည်။ ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ကြားသည်နှင့် တစ်ပြိုင်နက်၊ ယင်းတို့ကို ကျွန်ုပ် နားမထောင်လိုပေ။ ဘုရားသခင်ကို သက်သေခံချက်ကို ကျွန်ုပ် ကြားလျှင်ကြားချင်း၊ ကျွန်ုပ်သည် မနှစ်သက်ခြင်းကို ခံစားရပြီး၊ အဘယ်ကြောင့်ဟူသည်ကိုပင် ကျွန်ုပ် မသိပေ။ သမ္မာတရားကို ရှာဖွေသည့်သူ သို့မဟုတ် သမ္မာတရားကို ချစ်သည့်သူ တစ်စုံတစ်ယောက်ကို ကျွန်ုပ် တွေ့သည့်အခါ၊ ၎င်းတို့အား ကျွန်ုပ် စိန်ခေါ်လိုသည်၊ ၎င်းတို့အား ကျွန်ုပ် အမြဲ ဆူလိုသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို ထိခိုက်စေမည့် အရာတစ်ခု လုပ်ဆောင်လိုသည်၊ ကျွန်ုပ်သည် ၎င်းတို့ကို သတ်ဖြတ်လိုသည်။” ဟု ပြောလိုကြသည်။ ဤသည်ကို ပြောခြင်းအားဖြင့် ၎င်းတို့သည် ဆိုးညစ်ကြသည်။ အမှန်တွင် ကနဦးအစကတည်းက အန္တိခရစ်များသည် ပုံမှန်လူတစ်ယောက်၏ ဝိညာဉ် မည်သည့်အခါမျှ မရှိဖူးသကဲ့သို့၊ သာမန်လူ့သဘာဝလည်း မည်သည့်အခါမျှ မရှိဖူးပေ၊ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၁)” မှ

ဤကဲ့သို့ ဝရုန်းသုန်းကားနိုင်သည့် အန္တိခရစ်တစ်အုပ်ကို သင်တို့တွေ့ဖူးသလော။ သင်သည် ၎င်းတို့အကြားတွင် ရှိနေသည့်အခါ အဘယ်အရာကို ခံစားရသနည်း။ အပြင်ပန်းတွင် ၎င်းတို့သည် လုံးလုံးနူးညံ့သိမ်မွေ့ခြင်း ရှိပုံရသည်— သို့သော်လည်း သမ္မာတရားနှင့် ဘုရားသခင်၏အလိုတော်တို့ကို ၎င်းတို့နှင့် သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့ပြသသည့် သဘောထားသည် ၎င်းတို့၏အပြင်ပန်း နူးညံ့သိမ်မွေ့ခြင်းနှင့် လုံးလုံးဆန့်ကျင်နေသည်၊ တစ်နည်းဆိုရလျှင် ၎င်းတို့သည် အလွန်အမင်း ပစ်ပစ်ခါခါငြင်းပယ်ပြီး လုံးလုံးစိတ်မဝင်စားကြ။ ၎င်းတို့နှင့် သမ္မာတရားကို သင်မိတ်သဟာယ ပြုသည့်အခါ ၎င်းတို့က သင့်ကို အပြင်လူတစ်ဦးအဖြစ် ခံစားကြရသည်၊ ပြီးလျှင် အသင်းတော်၏အလုပ်ကို သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က သာ၍ပင် ထိုသို့ခံစားရလေသည်။ အသင်းတော်၏ အလုပ်နှင့်သက်ဆိုင်သည့် အထူးအသေးစိတ်အချက်အလက်များ လုပ်ဆောင်ပြီးခြင်း ရှိမရှိနှင့် ယင်းတို့ကို မည်မျှကောင်းစွာ လုပ်ဆောင်ထားကြောင်းကို သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က စတင်ငိုက်မျဉ်းလာနိုင်ပြီး မကောင်းဆိုးဝါး ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြလာနိုင်သည်၊ ၎င်းတို့က မိမိတို့၏ဦးခေါင်းများကို ကုတ်ပြီး နားကလော်ကြသည်၊ သန်းဝေကြသည်၊ မျက်ရည်ဝဲကြသည်၊ နှာပင်ချေကောင်း ချေနိုင်ပေသည်။ ဤသည်မှာ နတ်ဆိုးစွဲခြင်း မဟုတ်လော။ သမ္မာတရားကို သင်မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကောင်းဆိုးဝါး ပုံသဏ္ဌာန်သည် အဘယ့်ကြောင့် ပေါ်ထွက်လာသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၌ ၎င်းတို့၏စိတ်နှလုံးများတွင် မေတ္တာများများစားစား မရှိသလော။ သမ္မာတရားအကြောင်းကို သင်စတင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က အဘယ်သို့များ စိတ်ပါဝင်စားခြင်း မရှိတော့သနည်း။ ထိုနည်းအားဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ အပြင်ပန်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၌ ကြီးစွာသော စိတ်ထက်သန်မှုနှင့် သန္နိဋ္ဌာန်တို့ မရှိသလော။ ၎င်းတို့၌ သန္နိဋ္ဌာန်ရှိပါက ၎င်းတို့သည် စစ်မှန်မှုကို မပိုင်ဆိုင်သလော။ ၎င်းတို့၌ စစ်မှန်မှုရှိပါက သမ္မာတရားကို လူတို့မိတ်သဟာယပြုသည်ကို ကြားသည့်အခါ ၎င်းတို့ပျော်သင့်သည်၊ ယင်းကို ၎င်းတို့ တမ်းတသင့်သည်။ သို့ဆိုလျှင် နတ်ဆိုးစွဲသည့် ဖြစ်ရပ်က အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်း။ ဤအရာက ၎င်းတို့၏ ပုံမှန်နူးညံ့သိမ်မွေ့ခြင်းသည် လုံးလုံး အတုအယောင်ဖြစ်သည်ကို သက်သေပြသည်— သမ္မာတရားက ၎င်းတို့ကို ဖော်ထုတ်လိုက်လေပြီ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏” မှ

ညီအစ်ကိုမောင်နှမတို့ ပိုင်းခြားသိမြင်မှုရရှိပြီး လက်တွေ့ကျသော သင်ခန်းစာကို သင်ယူရရှိရန်အတွက် နတ်ဆိုးပူးနေသောသူတစ်ယောက်ကို ၎င်းတို့ကြား၌ နေစေရန် ဘုရားသခင်က စီစဉ်ခဲ့သည်။ အစတွင် ဤလူ၏ပြောဆိုပုံ၊ လုပ်ကိုင်ပုံတို့သည် ပုံမှန်ဖြစ်ပြီး ကျိုးကြောင်းဆင်ခြင်ပုံမှာလည်း ထို့အတူပင်ဖြစ်သည်။ ပြဿနာပြုတတ်သည့်ပုံစံ လုံးဝမရှိပေ။ သို့သော် ထိတွေ့ဆက်ဆံသောအချိန်ကာလတစ်ခုအထိ ကြာပြီးနောက်တွင် သူပြောသမျှက အဓိကအချက်နှင့် သက်ဆိုင်ပုံမရသည်ကို ညီအစ်ကိုမောင်နှမများက ရှာဖွေတွေ့ရှိလိုက်ရသည်။ သူပြောသမျှက တောင်မကျ မြောက်မကျဖြစ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် “သဘာဝလွန်” အကြောင်းအရာအချို့ ဖြစ်ပေါ်လာသည်။ သူသည် ဤအရာ၊ ထိုအရာကို မြင်ခဲ့ရသည် သို့မဟုတ် ဘုရားသခင်က ဤအရာကို သူ့ထံ ဖွင့်ပြသည်ဟု ညီအစ်ကိုမောင်နှမများအား အစဉ်သဖြင့် ပြောပြသည်။ ဥပမာ တစ်ရက်တွင် ပေါက်စီလုပ်ရမည်ဟု ဘုရားသခင်က သူ့ကို ဖွင့်ပြသည်၊ သူလုပ်ကို လုပ်ခဲ့ရသည်၊ ဤသို့ဖြင့် နောက်တစ်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူအပြင်သွားဖို့ လိုလာသည်၊ ထို့ကြောင့် ပေါက်စီများကို သူယူသွားပြီး တခြားမည်သည့်အစားအစာကိုမျှ လုပ်ဖို့ရန် မလိုအပ်တော့ပေ။ နောက်တစ်နေ့တွင် တောင်ဘက်သို့ သွားရမည်၊ ခြောက်မိုင်အကွာတွင် လူတစ်ယောက်က သူ့ကို စောင့်နေသည်ဟု ဘုရားသခင်က သူ့ကို အိပ်မက်ထဲတွင် ဖွင့်ပြသည်။ သူ ထွက်ရှာခဲ့သည်။ ထိုနေရာတွင် လမ်းပျောက်နေသော ယေရှုကို ယုံကြည်သူတစ်ယောက် ရှိနေလေသည်။ ထိုယုံကြည်သူအား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူသက်သေခံပြီး ထိုသူကလည်း လက်ခံ၏။ သူသည် ဖွင့်ပြမှုများကို အစဉ်သဖြင့် ရရှိနေသည်။ အသံတစ်သံကို အမြဲကြားနေရသည်။ သဘာဝလွန်အရာများက အစဉ်ဖြစ်ပျက်နေသည်။ နေ့စဉ် မည်သည့်အရာကို စားမည်၊ ဘယ်ကိုသွားမည်၊ ဘာလုပ်မည်၊ ဘယ်သူနှင့် ဆက်ဆံမည်တို့နှင့် ပတ်သက်လျှင် သာမန်လူသားဘဝ၏ နိယာမများကို သူမလိုက်လျှောက်သကဲ့သို့ အခြေခံအဖြစ် သို့မဟုတ် စည်းမျဉ်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မရှာဖွေပေ။ မိတ်သဟာယပြုရန်အတွက် လူတို့ကိုလည်း မရှာဖွေပေ။ ယင်းအစား အသံတစ်ခု သို့မဟုတ် ဖွင့်ပြခြင်း သို့မဟုတ် အိပ်မက်တစ်ခုကိုသာ အစဉ်စောင့်နေခဲ့သည်။ ဤလူပုဂ္ဂိုလ်မှာ ပုံမှန်ဟုတ်ပါသလား။ (မဟုတ်ပါ။) အချို့လူတို့သည် သူ့အား ထိုးထွင်းမြင်နိုင်ပြီး “ဤလူသည် အဝတ်အစားမပါ၊ ဖိုသီဖတ်သီနှင့် လမ်းပေါ်၌ လျှောက်ပြေးနေခြင်းမျိုး မရှိကောင်း မရှိနိုင်သော်ငြားလည်း ဤအရာများက ဝိညာဉ်ဆိုး၏ လက္ခဏာများဖြစ်သည်” ဟု ပြောကြသည်။ သူ၏ပြဿနာ ပေါ်ပေါက်လာပြီး ရူးနှမ်းနှမ်းပြောဆိုလျှက်ဖြင့် အမှန်တကယ်ပင် လမ်းပေါ်တွင် အဝတ်အစားမပါ၊ ဖိုသီဖတ်သီနှင့် ပြေးသည့်နေ့မတိုင်ခင်တွင် ညီအစ်ကို မောင်နှမတို့က တဖြည်းဖြည်းချင်း သူ့အကြောင်းကို အသေအချာ စတင် သိမြင်လာကြသည်။ နတ်ဆိုးက ပေါ်လာခဲ့ပြီဖြစ်သည်။ အကြောင်းအရာများက နောက်ဆုံးတွင် ပေါ်လွင်လာပြီဖြစ်သည်။ ဤသို့ဆိုလျှင် ဤအချိန်ကာလတွင် ညီအစ်ကိုမောင်နှမတို့က သူ့ကို ထိုးထွင်းမြင်နိုင်ပါသလား။ ဝိညာဉ်ဆိုးဆိုသည်မှာ အဘယ်နည်း၊ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုဆိုသည်မှာ အဘယ်နည်း၊ လူတို့အပေါ် ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှု လက္ခဏာများမှာ အဘယ်နည်း ဆိုသည်တို့ကို ၎င်းတို့ သိမြင်မှု ရခဲ့ကြသလော။ (ရခဲ့ကြပါသည်။) အချို့လူတို့ကတော့ ထိုးထွင်းသိမြင်မှုကို ရရှိမည်မှာ သေချာသည်။ အချို့လူတို့မှာ သူ၏ လှည့်စားမှုကို ခံရနိုင်ခြေရှိပြီး သူ ပွင့်ထွက်လာသောအခါမှသာ သူ၏သရုပ်မှန်ကို မြင်ကြသည်။ သို့သော် သူတို့သည် လှည့်စားခံရသည်ဖြစ်စေ၊ သူ့ကို ထိုးထွင်းမြင်နိုင်သည်ဖြစ်စေ ဘုရားသခင်က ဤ ပတ်ဝန်းကျင်ကို မစီစဉ်ခဲ့လျှင် ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုက မည်သည့်အရာဖြစ်သည်ကို လူတွေ ရှင်းလင်းစွာ သိနိုင်ပါမည်လား။ (မသိနိုင်ပါ။) ဤသို့ဆိုလျှင် ဘုရားသခင်က ဤပတ်ဝန်းကျင်ကို စီစဉ်ပြီး ဤအရာတို့ကို လုပ်ဆောင်ခြင်း၏ အရေးပါမှုနှင့် ရည်ရွယ်ချက်သည် အဘယ်နည်း။ လူတို့သည် လက်တွေ့ကျသော ပိုင်းခြားသိမြင်မှု ရှိလာပြီး သင်ခန်းစာတစ်ခုကို သင်ယူရရှိစေရန်၊ ဤသို့သော လူအမျိုးအစားကို ခွဲခြားဖော်ထုတ်နိုင်ရန် ဖြစ်သည်။ ဆရာတစ်ယောက်က သင်ခန်းစာတစ်ခုကို သင်သကဲ့သို့ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်ဆိုသည်ကို ဧကန်အမှန် လေ့ကျင့်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ မပါဘဲ လူတို့အား ပြောပြရုံသာဖြစ်ပါက လူတို့သည် သီအိုရီနှင့် စကားလုံးများကိုသာ ရရှိလိမ့်မည်။ မျက်စိဖြင့် တပ်အပ်မြင်လျက်၊ နားနှင့် ဆတ်ဆတ်ကြားလျက် သင် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ရသောအခါမှသာ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်၊ အသေးစိတ်လက္ခဏာများက အဘယ်သို့ဖြစ်သည်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်သည်။ ထို့နောက်တွင် ထိုသို့သော လူတို့ကို ထပ်မံ ကြုံတွေ့သောအခါ ၎င်းတို့ကို သင် ခွဲခြားသိရှိနိုင်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို သင် သင့်လျော်စွာ ကိုင်တွယ်နိုင်လိမ့်မည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အဖြစ်အနေကို ငြင်းပယ်ကြ၏ (အပိုင်း ၁)” မှ

အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သည့် အသိသာဆုံး သွင်ပြင်လက္ခဏာမှာ သဘာဝလွန်ဖြစ်ခြင်း၊ နတ်ဆိုးများပြောသော စကားလုံးများ၊ သို့မဟုတ် လူများကိုလုပ်ရန်စေခိုင်းသော အရာများသည် ပုံမှန်မဟုတ်၊ ယုတ္တိမရှိသည့်အပြင် လူသားဆက်ဆံရေး၏ အခြေခံ ကိုယ်ကျင့်တရားများနှင့် သာမန်လူ့သဘာဝ၏ လူ့ကျင့်ဝတ်တို့ကိုပင် အယုံအကြည်မဲ့စေခြင်းဖြစ်သည်၊ ထို့ပြင် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များ၏ သဘာဝသည် လူများကို လှည့်ဖြားခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းသာဖြစ်သည်။ ယင်းက ၎င်းတို့ကို လူများအား အန္တရာယ်ပြုနိုင်စွမ်း၊ နှိပ်စက်နိုင်စွမ်းနှင့် ဝါးမျိုးနိုင်စွမ်းသာ ဖြစ်စေပြီး ၎င်းတို့သည် လူများအတွက် မည်သည့်အခါမျှ အကျိုးမဖြစ်သကဲ့သို့၊ အထောက်အကူလည်း မဖြစ်သည်ကို ဆိုလိုသည်။ လူတို့ကို နတ်ဆိုးစွဲသည့်အခါ ၎င်းတို့သည် စိုးရိမ်ကြောင့်ကြပြီး စိတ်မအေးဖြစ်ကြသည်။ အချို့မှာ ပုံမှန်ပင်မဟုတ်ဘဲ ဖြစ်လာသည်၊ သို့သော်လည်း အခြားသူများမှာမူ မိန်းမောတွေဝေကြပြီး၊ အခြားသောသူများမှာ ၎င်းတို့ကို အလွန်စိုးရိမ်ကြောင့်ကြနေပြီး ငြိမ်ငြိမ်ထိုင်၍မရဖြစ်သည်ကို တွေ့ကြရသည်။ မည်သည့်နှုန်းဖြင့်မဆို လူများကို နတ်ဆိုးစွဲသည့်အခါ ထိုလူများ လူသားလည်းမဟုတ် မကောင်းဆိုးဝါးလည်း မဟုတ်သော အနေအထားသို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ သာမန်လူ့သဘာဝနှင့် အသိစိတ် ပျောက်ဆုံးသွားသည်။ ဤသည်မှာ နတ်ဆိုးများ၏ အနှစ်သာရသည် ဆိုးယုတ်မှုနှင့် အကျည်းတန်ခြင်းတို့ ဖြစ်ကြောင်း၊ ယင်းသည် စာတန်၏ အနှစ်သာရ အတိအကျပင်ဖြစ်ကြောင်း လုံလောက်သည့် သက်သေဖြစ်သည်။

မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့်သူများ၏ (နတ်ဆိုးစွဲသောသူများ) အဓိက သရုပ်သကန်များမှာ-

၁။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် အခြားလူများကို ဤအရာ ထိုအရာများ လုပ်ရန်ပြောသကဲ့သို့၊ တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု ပြောသည်၊ သို့မဟုတ် မမှန်ကန်သော ပရောဖက်ပြုချက်များကို ပြောလေသည်။

၂။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် ဆုတောင်းရာတွင် မည်သူမျှ နားမလည်သော၊ ပြောသောသူများ ကိုယ်တိုင်ပင်လျှင် နားမလည်သော “အခြားသော ဘာသာစကားများ” ဟူသည်ကို ပြောဆိုသည်။ ထိုသို့ပြောဆိုသောသူအချို့သည် ၎င်းတို့ကိုယ်တိုင် “အခြားသော ဘာသာစကားများကို ဘာသာပင်ပြန်” နိုင်ကြသည်။

၃။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် ဗျာဒိတ်တော်များကို မကြာခဏ၊ ကြိမ်ဖန်များစွာ အစဉ် ရရှိသည်။ နတ်ဆိုးများသည် ဤလူများကို အစဉ်မပြတ် စိုးရိမ်ကြောင့်ကြသည့် အခြေအနေတစ်ခုတွင် ရှိစေလျက်၊ တစ်မိနစ်တွင် ၎င်းတို့အား ဦးတည်ချက်တစ်ခုသို့ စေလွှတ်ကာ၊ နောက်တစ်မိနစ်တွင် ၎င်းတို့အား နောက်ထပ် ဦးတည်ချက် တစ်ခုကို စေလွှတ်လေသည်။

၄။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် ဤအရာ၊ သို့မဟုတ် ထိုအရာကို အစဉ် အရေးတကြီး လုပ်လိုကြခြင်း၊ စောင့်စားရန် နည်းနည်းမျှ စိတ်မရှည်ဖြစ်ကြခြင်း ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အခြေအနေက ခွင့်ပြုမပြုကို ထည့်သွင်းစဉ်းစားခြင်း မရှိ၊ ၎င်းတို့သည် အထူးသဖြင့် ပုံမှန်မဟုတ်သော အပြုအမူကို ပြလျက်၊ ညသန်းခေါင်တွင်ပင် အပြင်သို့ ထွက်ပြေးကြသည်။

၅။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် လွန်ကဲစွာ မာနထောင်လွှားကြသည်၊ ၎င်းတို့သည် ဆင်ခြင်တုံတရားမဲ့ကြပြီး ၎င်းတို့၏ စကားများအားလုံးသည် အထက်စီးဆန်လေ့ရှိကာ ၎င်းတို့က အခြားသူများကို ဆရာလုပ်သည်။ ၎င်းတို့သည် အခြားသူများကို မည်သည့်အရာ လုပ်ရမှန်းမသိဖြစ်စေပြီး၊ မကောင်းဆိုးဝါးများကဲ့သို့ ၎င်းတို့အား အမှုကိစ္စများကို အတင်းအကြပ် စေခိုင်းတတ်သည်။

၆။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် ဘုရားသခင်၏အမှုကို အာရုံစိုက်တတ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယ ဖွဲ့ရမည်ကို မသိကြပေ။ ၎င်းတို့သည် သူ့ကို အရေးထားမှု လုံးဝမရှိဘဲ အစဉ် ထင်ရာစိုင်းဖို့ ကြိုးစားကြသည်၊ ပြီးလျှင် အသင်းတော်၏ ပုံမှန်စနစ်ကျနမှုကို နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ရမ်းကားမှုအမျိုးအစားအားလုံးကို ကျူးလွန်နိုင်စွမ်း ရှိသောသူများ ဖြစ်ကြသည်။

၇။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် တစ်စုံတစ်ဦး၏ဝိညာဉ်အဖြစ် သို့မဟုတ် သူ့ကို တစ်စုံတစ်ယောက်က စေလွှတ်သည်ဟုလည်းကောင်း၊ ၎င်းတို့အား လူများက နားထောင်သင့်သည်ဟုလည်းကောင်း အခိုင်အမာဆိုလျက်၊ မိမိတို့ကိုယ်ကို အခြားသူတစ်ယောက်အဖြစ် ထူးထူးခြားခြား ဟန်ဆောင်သည်။

၈။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် ပုံမှန်အားဖြင့် သာမန်အသိစိတ် မရှိ။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ နားမလည်နိုင်ကြချေ။ ၎င်းတို့သည် နားလည်ခြင်းအတွက် မည်သည့်တတ်နိုင်စွမ်းမျှ လုံးဝ မပိုင်ဆိုင်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း ပေးခြင်းကိုလည်း မရရှိသည့်အပြင်၊ ၎င်းတို့၏ အတွေးအခေါ်များသည် ပရမ်းပတာဖြစ်သည်။ အမှုကိစ္စများကို နားလည်သည့်အခါ၊ ဤလူများသည် ထူးခြားစွာ အဓိပ္ပာယ်မဲ့လေသည်။

၉။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် အလုပ်လုပ်နေစဉ် အခြားသူများကို ဩဝါဒပေးရန် အထူးသဖြင့် အာရုံစိုက်ကြသည်။ ၎င်းတို့လုပ်သမျှ၊ ပြောသမျှသည် အခြားသူများကို တိုက်ခိုက်ခြင်း၊ ချည်နှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ဖြစ်ပြီး ၎င်းတို့သည် လူများအနေဖြင့် မိမိတို့ဘာသာ ပြန်လည်ဦးမော့လာငှာ မတတ်နိုင်တော့စေရန်အထိ လူတို့၏ဆုံးဖြတ်ချက်ကို ချိုးဖျက်ပြီး အပျက်သဘောဆောင်စေသည့်အထိ ပြုတတ်ကြသည်။ ထို့နောက်မှသာ ၎င်းတို့က အနားယူကြလေသည်။ ၎င်းတို့၏ လုပ်ရပ်များသည် အနှောင့်အယှက်များနှင့် အလျဉ်ပြတ်စေခြင်းများ ဖြစ်စေခြင်းနှင့်၊ ရက်စက်ရမ်းကားမှု ကျူးလွန်ခြင်းတို့သာ ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို ထိခိုက်စေကာ၊ ကစားပြီး ဝါးမျိုကြသည့် မကောင်းဆိုးဝါးများသက်သက်သာ ဖြစ်ကြပြီး ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း ပြုပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ ပျော်ရွှင်ကြသည်။ ဤသည်မှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော ပင်မရည်ရွယ်ချက် ဖြစ်သည်။

၁၀။ မိမိတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်နေသည့် လူများသည် လုံးဝ ပုံမှန်မဟုတ်သော အသက်တာဖြင့် နေထိုင်ကြသည်။ ၎င်းတို့၏ မျက်လုံးသည် နိမိတ်မကောင်းသော တောက်ပမှုတစ်ခုရှိပြီး ၎င်းတို့ပြောသော စကားများသည်လည်း အလွန်အမင်း စက်ဆုပ်ဖွယ်ဖြစ်သည်မှာ မကောင်းဆိုးဝါး တစ်ကောင် ကမ္ဘာမြေပေါ် ဆင်းသက်လာသည့်အလား ဖြစ်သည်။ ဤသို့သော လူစားမျိုး၏ နေ့စဉ်ဘဝထဲတွင် ငြိမ်ဝပ်ခြင်းမရှိ၊ ၎င်းတို့သည် အလွန်မတည်မငြိမ်ဖြစ်ကာ ယဉ်ပါးအောင် မွေးမြူထားခြင်း မရှိသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ စိတ်မချရပေ။ ၎င်းတို့သည် အခြားသူများကို အလွန်အမင်းရွံ့ရှာပြီး မုန်းတီးသည်။ ဤသည်မှာ မကောင်းဆိုးဝါများ၏ ချည်နှောင်ခြင်းကို ခံထားရသောလူများ မိမိတို့ကိုယ်ကို ဖော်ထုတ်သည့်ပုံစံ အတိအကျ ဖြစ်သည်။

အထက်ပါဆယ်မျိုးမှာ နတ်ဆိုးများ၏ အလုပ်နှင့်ဆိုင်သော အဓိကဖော်ပြချက်များဖြစ်သည်။ ဤဖော်ပြချက်ဆယ်မျိုးထဲမှ တစ်ခုခုကို ဖော်ပြသည့် ပုဂ္ဂိုလ်တစ်စုံတစ်ဦးထံ၌ နတ်ဆိုးများ၏အလုပ် သေချာပေါက် ရှိသည်။ တိတိကျကျဆိုရလျှင်၊ အထက်ဖော်ပြပါ နတ်ဆိုးများ၏ အလုပ်ဖော်ပြချက်များ ရှိသောသူအားလုံးသည် ၎င်းတို့၌ မည်သည့်အမျိုးအစား ရှိသည်ဖြစ်စေ နတ်ဆိုးများ၏ အလုပ်ရှိသောလူများ ဖြစ်သည်။ နတ်ဆိုးများ၏ အလုပ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလျက်ရှိပြီး သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နိုင်သော လူများကို မုန်းတီးကာ ထိုသူများနှင့် ဝေးဝေးနေလေ့ရှိသည်။ မကြာခဏပင် တစ်ဦးတစ်ယောက်သည် ပိုကောင်းလေ၊ သူသည် ထိုသူများကို ပိုမို၍ တိုက်ခိုက်၊ ရှုတ်ချလိုလေ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပို၍ မိုက်မဲလေ၊ သူသည် မျက်နှာလိုမျက်နှာရလုပ်ကာ မြှောက်ပင့်ရန် ကြိုးပမ်းလေဖြစ်ပြီး အထူးသဖြင့် ၎င်းတို့နှင့် အဆက်အသွယ်ရလိုကြသည်။ နတ်ဆိုးများ အလုပ်လုပ်သောအခါ၊ ၎င်းတို့အနေဖြင့် အပြုသဘောဆောင်သောအရာသည် အပျက်သဘောဆောင်ပြီး၊ အပျက်သဘောဆောင်သောအရာသည် အပြုသဘောဆောင်သည်ဟု ပြောကြကာ၊ သမ္မာတရားကို အစဉ်အမြဲ မမှန်ကန်မှုဖြင့် ရှုပ်ထွေးစေသည်။ ဤသည်မှာ နတ်ဆိုးများ၏ လုပ်ရပ်များ ဧကန်အမှန်ပင် ဖြစ်သည်။ နတ်ဆိုးများ၏ အလုပ်များ ထင်ရှားသည့် နည်းလမ်းများစွာ ရှိသော်လည်း၊ ယင်းကို အလွယ်တကူ သတိပြုဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကို တိုင်းတာကာ ခွဲခြားရန် သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နတ်ဆိုးများ၏ အလုပ် နောက်ဆက်တွဲမှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ရလဒ်များနှင့် လုံးဝ ဆန့်ကျင်ကာ ရန်မူလိုသောကြောင့် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံပြီးဖြစ်ကာ သမ္မာတရားနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှုတစ်ခု ရှိသူအားလုံးသည် နတ်ဆိုးများ၏ အလုပ်ကို အလွယ်တကူ သတိပြုမိနိုင်သည်၊ လုံလောက်သော အတွေ့အကြုံ မရှိသည့်လူများမှာမူ ယင်းကို ခွဲခြားသိမြင်ဖို့ ခက်ခဲလေ့ ရှိကြသည်။

နတ်ဆိုးများ ဝင်ပူးခံရသည့် လူများသည် ပုံမှန် အသိစိတ် တစ်ခုတစ်လေ မရှိကြချေ။ ၎င်းတို့၏ စကားများသည် ကယောင်ချောက်ချားဖြစ်ပြီး ယုတ္တိမရှိသကဲ့သို့၊ ဤသည်မှာ မကောင်းဆိုးဝါး ဝင်ပူးခြင်း၏ ထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ နတ်ဆိုးများ၏ ဝင်စားခြင်းများနှင့် နတ်ဆိုးမင်း၏ လူအသွင်ဆောင်ခြင်းနှင့် မတူပေ။ နတ်ဆိုးများ ဝင်စားသူများသည် ပုံမှန်ဖြစ်ပုံရသော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို အဆုံးစွန် မုန်းတီးကြပြီး၊ အခြေအနေတိုင်းတွင်၊ သမ္မာတရားကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ရန်လိုကြပြီး၊ ဘုရားသခင်၏ အမှုကို ထိတ်ထိတ်ပျာပျာ ခုခံနိုင်ကြသည်။ ဤအရာသည်လည်း နတ်ဆိုးများ၏ ဝင်ပူးခြင်း အမှုကိစ္စတစ်ခု ဖြစ်သည်၊ သို့သော် ယင်းသည် နတ်ဆိုးမင်း၏ မွေးရာပါ လူအသွင်ဆောင်ခြင်းတစ်ခု ဖြစ်ပြီး၊ ယင်းမှာ အပြင်ပန်းအားဖြင့် နတ်ဆိုးတစ်ကောငမှ ဝင်ပူးခြင်းတစ်ခုနှင့် ကွာခြားပုံရသော်လည်း၊ သဘာဝ အနှစ်သာရအားဖြင့်၊ နှစ်ခုလုံးသည် ကောက်ကျစ်စဉ်းလဲပြီး ဆိုးယုတ်သော သဘာဝ ပိုင်ဆိုင်ကာ နတ်ဆိုးများ ဖြစ်ကြပေသည်။ နတ်ဆိုးများ၏ ဝင်ပူးခြင်းကို သိသိသာသာ ခံရပြီးသူများကို ခွဲခြားရန် လွယ်ကူပေသည်။ သိပ်မသိသာသည့်အချိန်တွင်၊ ၎င်းတို့သည် အတော်အတန် ပုံမှန်ဖြစ်ပုံရကြသော်လည်း၊ သာ၍ သေချာစွာ စစ်ဆေးခြင်းက ၎င်းတို့ မူမမှန်သည်ကို ထုတ်ဖော်ပြလေသည်။ ဤလူတို့သည်လည်း မလွဲမသွေ နတ်ဆိုးများ၏ အလုပ် ရှိကြပေသည်။ ၎င်းတို့၏ အပြုအမူတွင် လုံးဝ ချုပ်ထိန်းမှုမရှိသော မူမမှန်သည့် စိတ်ရှိသူ မည်သူမဆိုသည် မလွဲမသွေ နတ်ဆိုးတစ်ကောင်၏ ဝင်ပူးခြင်း ခံရပေသည်။ တိတိကျကျ ပြောရလျှင်၊ “နတ်ဆိုးများ၏ အလုပ်နှင့်သက်ဆိုင်သော သရုပ်သကန် ဆယ်ခု”ထဲမှ တစ်ခုတစ်လေကို ပြသသောသူအားလုံးသည် နတ်ဆိုးများ၏ ဝင်ပူးခြင်း ခံရပြီးဖြစ်သည်။ နတ်ဆိုးများ၏ အလုပ်ရှိကြသည့် လူများသည် (ယင်းက မည်သည့်နည်းလမ်းဖြင့် သိသာထင်ရှားသည်ဖြစ်စေ)၊ ယင်းက လပေါင်းအချို့ကြာ သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်ကြာ ရှိမြဲရှိနေပါက၊ မကောင်းဆိုးဝါးများ၏ ဝင်ပူးခြင်း ခံရပြီး ဖြစ်သည်။ လူတစ်ဦးသည် အခါအားလျော်စွာ နတ်ဆိုးများ၏ အလုပ်ကို ရက်အနည်းငယ် သို့မဟုတ် အများဆုံး တစ်လ၊ နှစ်လ ရှိပြီး၊ ယင်းနောက်တွင် ထိုအရာ ပျောက်ကွယ်ပြီး၊ ၎င်းတို့ ပုံမှန်အဖြစ်သို့ ပြန်ရောက်ကာ ယင်း၏ လက္ခဏာရပ် နောက်ထပ်မရှိပါက၊ ၎င်းတို့ကို ယခင်က နတ်ဆိုးများ၏ အလုပ် ရှိခဲ့ကြသူအဖြစ် ယူဆရပြီး၊ နတ်ဆိုးများ၏ ဝင်ပူးခြင်း ခံရသူတစ်ဦးကဲ့သို့ အလားတူနည်းလမ်းဖြင့် မဆက်ဆံရပေ။ တစ်စုံတစ်ဦးကို နတ်ဆိုးများ၏ အလုပ်နှင့်သက်ဆိုင်သော သရုပ်သကန်တစ်ခုအဖြစ် ခွဲခြားသိမြင်ဖို့ရန်အတွက်၊ ယင်းသည် သရုပ်သကန် ဆယ်ခုအတွင်း အကျုံးဝင်ရမည်။ သရုပ်သကန်တစ်ခုသည် ဆယ်ခုထဲတွင် မရှိပါက၊ ယင်းသည် နတ်ဆိုးများ၏ အလုပ် သေချာပေါက် မဟုတ်ပေ။ ဥပမာအားဖြင့်၊ လူအချို့က အိပ်ပျော်စဉ် ယောင်၍လမ်းထလျှောက်ခြင်းသည် နတ်ဆိုးများ၏ အလုပ်ဖြစ်သည်ဟု ဆိုကြသည်။ ထိုပြင်းထန်သော ကာမရာဂစိတ်ဆန္ဒသည် နတ်ဆိုးများ၏ အလုပ် ဥပမာတစ်ခု ဖြစ်သည်။ သို့သော် ကွာခြားချက်များ ရှိ၏။ ဤအရာများသည် အကြွင်းမဲ့ မဟုတ်ပေ။ ဤသရုပ်သကန်တစ်ခုတည်းအပေါ်တွင် အခြေခံ၍ ယင်းမှာ နတ်ဆိုးများ၏ အလုပ်ဖြစ်သည်ဟု သင် မသေချာနိုင်ပေ။ တစ်စုံတစ်ခု၏ သရုပ်သကန်များက ယုတ္တိမတန်သည့် အတိုင်းအတာအထိ၊ အထူးသဖြင့် မူမမှန်သည့်အခါမှသာ နတ်ဆိုးများ၏ အလုပ် သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်က ဝင်ပူးခြင်းအဖြစ် ယူဆရပေသည်။ တစ်စုံတစ်ဦးသည် အနည်းငယ် ပုံမှန်မဟုတ်သည့် တစ်စုံတစ်ရာကို ရံဖန်ရံခါ ပေါ်လွင်စေပါက၊ သို့မဟုတ် တစ်စုံတစ်ရာကို မြင်ပါက၊ တစ်စုံတစ်ရာကို ကြားပါက၊ သို့မဟုတ် တစ်စုံတစ်ရာကို အိပ်မက်မက်ပါက၊ ဤအရာကို နတ်ဆိုးများ၏ အလုပ်အဖြစ် လုံးဝ အတန်းအစားခွဲ၍မရပေ။ ထို့ကြောင့်၊ နတ်ဆိုးများ၏ အလုပ်နှင့်သက်ဆိုင်သည့် အဓိက သရုပ်သကန်များမှာ စာရင်းမှတ်ထားသည့် ဆယ်ခု ဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့ကို ခွဲခြားခြင်းသည် အတော် ယုံကြည်စိတ်ချရပြီး မှန်ကန်တိကျပေသည်။ သိပ်မရှင်းလင်းသည့် အရာများတွင် သာ၍ အစွန်းမရောက်ရန် လိုအပ်၏၊ သို့မဟုတ်ပါက လူတို့သည် အလွယ်တကူ ထိခိုက်နိုင်ကာ မတရားခံရနိုင်ပေသည်။

ရိုးရှင်းစွာ ပြောရမည်ဆိုလျှင်၊ နတ်ဆိုးများ၏ အလုပ်ကို အောက်ပါ အခြေခံသဘောတရား ဆယ်ခုကို အသုံးပြုလျက် သိမြင်နိုင်ပေသည်-

၁။ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော်ကို တုပသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူ ဖြစ်သည်။

၂။ ကောင်းကင်တမန်တို့၏ ဝိညာဉ်များကို တုပသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူ ဖြစ်သည်။

၃။ ဘုရားသခင်၏ အခြားသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဟု အခိုင်အမာဆိုသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူ ဖြစ်သည်။

၄။ ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် အခိုင်အမာပြောဆိုသောသူ၊ သို့မဟုတ် အခြားသူများအား ၎င်းတို့၏ ကိုယ်ပိုင်စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားဖို့ စေခိုင်းသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူ ဖြစ်သည်။

၅။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသောလူကို တုပပြီး အခြားသူတို့အား မိမိတို့နောက်လိုက်ကာ နာခံဖို့ စေခိုင်းသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူဖြစ်သည်။

၆။ အခြားသော ဘာသာစကားဖြင့် မကြာခဏ ပြောဆိုပြီး အခြားသော ဘာသာစကားများကို အနက်ပြန်ကြသည့်၊ သဘာဝလွန် ရူပါရုံ အမျိုးအစားတစ်ခုခုကို မြင်နိုင်သောသူ၊ သို့မဟုတ် ဆောင်ရွက်ဖို့ ၎င်းတို့ကို အမိန့်ပေးသည့် အသံများကို မိမိတို့ ခေါင်းထဲတွင် မကြာခဏ ကြားရသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရသူ ဖြစ်သည်။

၇။ မိမိတို့ ခေါင်းထဲတွင် ဝိညာဉ်များ စကားပြောသည်ကို သဘာဝလွန် ကြားနိုင်သည်ဟု အခိုင်အမာဆိုသောသူများ၊ ဝိညာဉ်များ၏ အသံများကို မကြာခဏ ကြားရသူများ၊ သို့မဟုတ် သရဲတစ္ဆေများကို မြင်ရပြီး ဆင်ခြင်နိုင်စွမ်းများ သိသိသာသာ ပျောက်ဆုံးသောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်းကို ခံထားရပြီးဖြစ်သည်။

၈။ သာမန်လူ့သဘာဝ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ ဆုံးရှုံးသူ၊ ဆိုးယုတ်သော စကားများကို မကြာခဏ ပြောဆိုသူ၊ မိမိတို့ကိုယ်ကိုယ် စကားပြောသူ၊ သို့မဟုတ် အလွန်မိုက်မဲသော ဝေါဟာရဖြင့် စကားပြောသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်း ခံရပေသည်။

၉။ တစ်ခါတစ်ရံ ရူးသွပ်သွားပုံရသူ၊ တစ်ခါတစ်ရံ မိန်းမောသွားသူ သို့မဟုတ် တစ်ခါတစ်ရံ စိတ်ကြွရူးသွပ်ပြီး အခြားသူများနှင့် ပုံမှန်ပြောဆိုဆက်ဆံနိုင်ခြင်းမရှိသော သူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်း ခံရပေသည်။

၁၀။ မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် ထုတ်ဖော်ပြောကြားလေ့ရှိသော်လည်း၊ လအနည်းငယ်တိုင်း သို့မဟုတ် နှစ်တိုင်း သို့မဟုတ် နှစ်နှစ်တာကာလတိုင်းတွင် ရူးသွပ်ခြင်းကို ပြင်းပြင်းထန်ထန်ခံစားရသည့်အချိန် ဖြစ်ပေါ်နိုင်ပြီး၊ နတ်ဆိုးဝင်ပူးခံရသူများနှင့် ချွတ်စွပ်တူပုံရကာ တစ်ခါတစ်ရံ ပုံမှန်ဖြစ်ဆဲရှိသူ မည်သူမဆိုသည် ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်း ခံရပေသည်။ (တစ်စုံတစ်ဦးသည် လွန်ခဲ့သည့် နှစ်များစွာက ရူးသွပ်သည့် ဖြစ်ရပ်များ ရှိခဲ့သော်လည်း၊ ထိုအချိန်ကတည်းက ထိုသို့သော ဖြစ်ရပ်တစ်ခုမှ လုံးဝ မရှိဖူးသေးပါက၊ ဤသည်မှာ ဝိညာဉ်ဆိုး၏ ဝင်ပူးခြင်း မခံရတော့သည့် သူတစ်ဦး ဖြစ်သည်။)

မိမိအထဲတွင် နတ်ဆိုးများ၏ အလုပ်က လပေါင်းအချို့ကြာ သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်ကြာပင် ရှိမြဲ ရှိနေသည့် မည်သူမဆိုသည် မကောင်းဆိုးဝါးများ၏ ဝင်ပူးခြင်း ခံရပြီးဖြစ်သည်ဟု ဆိုရန် မှန်ကန်တိကျပေသည်။ ထိုသို့သော လူတို့ကို နှင်ထုတ်ရမည်။ ၎င်းတို့အနေဖြင့် နတ်ဆိုးများ၏ အလုပ်ကို တိုတောင်းသော အချိန်ကာလကြာသာ ရှိကြပြီး၊ ဖြစ်ရပ်အနည်းငယ်ပြီးနောက်တွင် ယင်းက ပျောက်ကွယ်သွားကာ၊ နောက်ထပ် နဂိုအခြေအနေသို့ ပြန်ရောက်ခြင်းများ မရှိပါက၊ ၎င်းတို့အား စိတ်ဖိစီးမှု မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့ကို နတ်ဆိုးများ၏ အလုပ် ရှိကြသည့် လူများအဖြစ် အတန်းအစားမခွဲသင့်ပေ။ လူတို့သည် သမ္မာတရားကို လိုက်စားကာ နားလည်နိုင်ကြသရွေ့၊ တစ်ချိန်က ၎င်းတို့သည် နတ်ဆိုးများ၏ နှောင့်ယှက်မှု ရှိသည် သို့မဟုတ် အလုပ် ရှိသည်ဆိုသည့် ကိစ္စရပ်ကို ရုပ်သိမ်းသင့်ပြီး တစ်ဖန် မပြောသင့်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို ယခု နားလည်နိုင်ကြသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်း ခံရပြီးဖြစ်ပါက၊ ၎င်းတို့သည် သေချာပေါက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသည့် လူများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့် ကယ်တင်ခြင်း၏ ရည်မှန်းချက်များ ဖြစ်ကြပေသည်။ ထိုသို့သော လူတို့သည် ဧကန်မုချ နတ်ဆိုးများ၏ အလုပ် မရှိကြပေ။ ဤသည်မှာ အကြွင်းမဲ့ ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီးဖြစ်သော်လည်း၊ သန်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းကို မည်သည့်အခါတွင်မျှ မခံရသေးသကဲ့သို့၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြသည့်သူများကဲ့သို့သာ သမ္မာတရားကို နားလည်နိုင်စွမ်းမရှိပါက၊ ထိုသို့သော လူတို့ကို ဘုရားသခင် အလိုမရှိသကဲ့သို့၊ ၎င်းတို့သည် နတ်ဆိုးများ၏ အလုပ် ရှိကောင်းရှိပေမည်။ နှစ်များစွာကြာ ဘုရားသခင်ကို ယုံကြည်သော်ငြားလည်း၊ နတ်ဆိုးများ၏ အလုပ်ရှိကြသည့် လူများသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာတစ်ခုတစ်လေမျှ မရှိကြသကဲ့သို့၊ စစ်မှန်သော ယုံကြည်ခြင်းပင် ကင်းမဲ့ကြလေသည်။ ဤသည်မှာ ငြင်းမရနိုင်သော အချက်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသည့် လူတို့၏ အခြေအနေမှာ တိုး၍ ပုံမှန်ဖြစ်ကြပြီး၊ သမ္မာတရားနှင့် သက်ဆိုင်သော ၎င်းတို့၏ သိနားလည်မှုသည် တိုး၍ ရှင်းလင်းပြတ်သားလေသည်။ သာ၍ပင် ၎င်းတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခု ရှိကြပြီး၊ ၎င်းတို့၏ အသက် စိတ်သဘောထားက တိုး၍ ပြောင်းလဲသည်။ ဤအရာတို့သည်လည်း ငြင်းမရနိုင်သည့် အချက်များ ဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသည့် လူများသည် နတ်ဆိုးများ၏ အလုပ် လုံးဝ မပိုင်ဆိုင်ကြချေ။ ၎င်းတို့သည် နတ်ဆိုးများ၏ အလုပ် အမှန်တကယ် ရှိခဲ့ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိနိုင်ကြတော့မည် မဟုတ်ပေ။ ဤသည်မှာ ငြင်းမရနိုင်သော အချက်တစ်ချက်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပိုင်ဆိုင်သူများကို ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားလည်း ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၁၂) အဆင်းနီသော နဂါးကြီးနှင့် စာတန်တို့ကို ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၄) လူသားကို လှည့်ဖြားသည့် နတ်ဆိုးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၂၈ ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

၁ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကို သင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့်...

၅၇၇ ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့

၁လူသားမျိုးနွယ်ဝင်အနေဖြင့်ခရစ်တော်ရဲ့နောက်လိုက်အနေဖြင့်ကိုယ်တော် ရဲ့ မဟာစေခိုင်းချက်ကို ပြည့်စုံဘို့ရန်ကျွန်ုပ်တို့ စိတ်ခန္ဓာကို...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်