၁၉) ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်ထံ မိမိတို့၏ စိတ်နှလုံးကို လွှဲအပ်သင့်ပြီး သူ့ကို ယင်း၏ ဆရာသခင် ဖြစ်ခွင့်ပေးသင့်သည်။ ကိစ္စရပ်များအားလုံးတွင်၊ ဘုရားသခင်ထံ ဆုတောင်းသင့်ပြီး မိမိတို့၏ နှလုံးသားများကို သူ့ထံ ဖွင့်ဟသင့်ကာ သူနှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ကာကွယ်နိုင်သင့်ပေသည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ဖို့၊ သမ္မာတရားအပေါ် အခြားသူများနှင့် မကြာခဏ မိတ်သဟာယပြုဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ဖို့နှင့် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ဖို့ လိုအပ်သည်။

(၃) သင်သည် ဘုရားသခင်၏ စိစစ်မှုကို အချိန်တိုင်း လက်ခံရမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအတွက် မကြံရွယ်ဘဲ၊ ဘုရားသခင် စီစဉ်သည့်အရာအားလုံးကို ကျိုးနွံနာခံလော့။

(၄) ကိစ္စရပ်များအားလုံးတွင် သမ္မာတရား အခြေခံသဘောတရားကို ရှာဖွေလော့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လော့၊ ဘုရားသခင်ကို သိရှိဖို့ ကြိုးစားပြီး သူ့ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်လော့။ ဤနည်းဖြင့်၊ သင်သည် အလိုအလျောက် သူ့ထံမှ ကွဲကွာလိမ့်မည် မဟုတ်ပေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ယုံကြည်ရာတွင်၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၏ အဓိပ္ပာယ် ပျောက်ဆုံးသွားသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းကို ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်သောစိတ်နှလုံးဖြင့် လုံးဝ ရရှိနိုင်ပေသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား နာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ ဘုရားသခင်၏အလိုသည် သင့်ထံ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက်၊ ဆောင်ရွက်လော့၊ ယင်းသည် နောက်ကျလွန်းလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ထို့နောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်လော့၊ သင်၏အမြင်များကို အမှန်ပြင်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းအား ရှောင်ရှားလော့။ သင်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာများကို အကျိုးမပြုသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်၊ အခြားသူများကို အထောက်အကူမပြုသည့် မည်သည့်အရာကိုမျှ မပြောနှင့်၊ ပြီးလျှင် ရှက်ဖွက်ကောင်းသော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် လောဘမကြီးဘဲ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်ပြီး၊ တရားသဖြင့် လုပ်ဆောင်နိုင်ရမည်။ ဤနည်းလမ်းဖြင့် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ သေးငယ်သောအရာများက လူတစ်ဦး၏ ရည်ရွယ်ချက်များနှင့် ဝိညာဉ်အသက်တာတို့ကို ထုတ်ဖော်ပြနိုင်သောကြောင့်၊ တစ်ဦးတစ်ယောက်အတွက် ဘုရားသခင်၏ စုံလင်စေခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို ဦးစွာ ပြုပြင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်၏။ ထိုအခါမှသာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့ ရည်ရွယ်သည့် အကျိုးတရားကို သင်၌ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို (ဇာတိပကတိ အသိဖြင့်) တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြပါက- ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ပန်းတိုင်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် မနာခံသည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်- သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းရှိ သင်၏အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်မဖြစ်သကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ လွဲချော်နေပါက အခြားအရာအားလုံး အချည်းနှီးဖြစ်ကာ မည်မျှ သင် ကြိုးစားယုံကြည်ပါစေ၊ အဘယ်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင်သာ၊ ဇာတိပကတိကို သင် စွန့်လွှတ်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ ဆင်းရဲဒုက္ခခံသည့်အခါ၊ သည်းခံသည့်အခါ၊ နာခံသည့်အခါနှင့် သင်၏ညီအစ်ကိုမောင်နှမများကို ကူညီသည့်အခါ၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံသည့်အခါ စသည့်အခါတို့တွင် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို သင် ရရှိလိမ့်မည်။ သင်လုပ်သောအရာသည် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိဆိုသည်မှာ သင်၏ ရည်ရွယ်ချက်များ မှန်ပြီး သင်၏ အမြင်များ မှန်ကန်မှု ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ ယနေ့ခေတ်တွင် လူများစွာသည် မိမိတို့၏ဦးခေါင်းများကိုစောင်းငဲ့ပြီး နာရီကြည့် နေကြသည့်အလား ဘုရားသခင်ကို ယုံကြည်ကြ၏- ၎င်းတို့၏ အမြင်များ လွဲချော်နေပြီး အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ရပ်ဖြင့် ၎င်းတို့အား ပြန်လည် တည့်မတ်စေရမည် ဖြစ်သည်။ ဤပြဿနာ ပြေလည်သွားပါက အရာရာသည် အဆင်ပြေလိမ့်မည်။ သို့မဟုတ်ပါက၊ အရာရာသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ အချို့သောလူတို့သည် ငါ၏ရှေ့မှောက်တွင် ကောင်းစွာ ပြုမူကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ၎င်းတို့သည် ငါ့ကို အာခံခြင်းသာ လုပ်ကြ၏။ ဤအရာသည် မရိုးဖြောင့်ခြင်းနှင့် လှည့်ဖြားခြင်း သရုပ်သကန်တစ်ခု ဖြစ်ပြီး ဤလူစားမျိုးသည် စာတန်၏ အစေခံတစ်ဦးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ရန် လာသည့် စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်သည်။ သင်သည် ငါ၏အမှုနှင့် ငါ၏နှုတ်ကပတ်တော်များကို နာခံနိုင်မှသာလျှင် မှန်ကန်သော လူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သမျှ ကာလပတ်လုံး၊ သင်လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်ရှေ့မှောက်တွင် တင့်တယ်ပြီး လုပ်ဆောင်သမျှ၌ သင်သည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသမျှ ကာလပတ်လုံး၊ ရှက်ဖွယ်ကောင်းသော အရာများ သို့မဟုတ် အခြားသူများ၏ အသက်တာများကို ထိခိုက်မည့်အရာများ သင်မလုပ်ဆောင်သမျှ ကာလပတ်လုံး၊ ပြီးလျှင် အလင်းတွင် သင်အသက်ရှင်ပြီး စာတန်၏ အမြတ်ထုတ်ခြင်းကို ခွင့်မပြုသမျှ ကာလပတ်လုံး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်စွာ စနစ်တကျ ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

ပုံမှန်လူသားအသက်တာ- ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသော ပုံမှန်လူသားအသက်တာကို ရရှိရန် သင်သည် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ရမည်။ သင်သည် လူတို့အထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပထမခြေလှမ်းကို မရရှိသေးပါက၊ သင်သည် အခြေခံအုတ်မြစ်မရှိပေ။ အခြေခံသဘောတရားများထဲမှ အသေးငယ်ဆုံးသော အရာကိုပင် သင် နားမလည်နိုင်ပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို သင် အဘယ်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင်က လူသားကို စုံလင်စေသည့် လမ်းကြောင်းမှန်ပေါ် ခြေချခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလုပ်နှင့်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းကို ဆိုလို၏။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် ခြေချခြင်းကို ဆိုလိုပေသည်။ ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပေါ် ခြေချမည်ဆိုပါက၊ ၎င်းတို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံကာ စားသောက် ရမည်ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုသည် နှုတ်ကပတ်တော်များ၏အမှုဖြစ်သည်။ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုပြီး၊ အားလုံးကို သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ မျက်မှောက်နှုတ်ကပတ်တော်များပေါ်တွင် တည်ဆောက် ထားပေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်၍ သေချာခြင်းဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းဖြစ်စေ၊ အသီးသီးသည် သူ၏နှုတ်ကပတ်တော်အပေါ် သာ၍ အားထုတ်ကြိုးပမ်းခြင်း လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက၊ လူတို့သည် မည်သည့် အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့၊ လူတို့၌ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းနှင့် ထိုသို့အားဖြင့် သူ့အား သိကျွမ်းလာကာ သူ့ကို ကျေနပ်စေခြင်းအားဖြင့်သာ၊ လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်ပေသည်။ လူသားအတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်သော ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏လူများနှင့်ဆိုင်သည့် ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ အကောင်းဆုံးရပ်တည်နိုင်ပေသည်။ လူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သိနားလည်ပြီး နာခံနိုင်ပါက၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြနေသည့် လမ်းကြောင်းပေါ်တွင် အသက်ရှင်ကြကာ၊ ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း လမ်းကြောင်းအမှန်ပေါ်တွင် ခြေချကြပြီးဖြစ်သည်။ ယခင်က၊ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရှာဖွေခြင်းအားဖြင့် သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာဖွေခြင်း သက်သက်အားဖြင့် ဘုရားသခင်၏ အမှုကို ရရှိနိုင်ခဲ့ကြသော်လည်း၊ ယခုတွင် အမှုအရာများ ကွဲပြားလေ၏။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော စစ်မှန်မှု မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်သကဲ့သို့၊ ဘုရားသခင်၏ ဖယ်ရှားသုတ်သင်ခြင်းကို ခံရမည်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိရန်၊ လူတို့အနေဖြင့် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်သင့်ကာ၊ ထို့နောက် ဤအခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တည်ထောင် သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤလူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤလူမျိုးသည် ဘုရားသခင်၏အမှုအဖို့ အဖြည့်ခံတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်ထဲက အလှဆင်မှုတစ်ခုပမာ၊ မလိုလားအပ်သကဲ့သို့ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အသုံးမပြုပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ ဤလူစားမျိုးသည် အမှန်တွင် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုနိုင်သည့်အရာ ဘာမျှမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံးသည် စာတန်၏ အပိုင်စီးခြင်း ခံရကာ အလွန်အမင်း ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို သုတ်သင်ဖယ်ရှားလိမ့်မည်။ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်သည်ဟု ယူဆပါစို့၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ချီးမွမ်းမှုကို သင် ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိ မရှိ ဆိုသည်အတွက် အဓိကသော့ချက်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိ မရှိဆိုသည့်အရာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ဦးကို ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို အသုံးပြုသောအခါ ယင်းက ၎င်းတို့အား ဘယ်သောအခါမျှ အပျက်သဘော မဆောင်စေဘဲ အမြဲတစေ တက်တက်ကြွကြွ တိုးတက်စေသည်။ ဤလူသည် အားနည်းချက်များ ရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ဘဝများကို အသက်ရှင် နေထိုင်ပုံအား ထိုအားနည်းချက်များအပေါ် အခြေခံခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏အသက်တာ၌ ကြီးထွားမှုနှောင့်နှေးခြင်းကို ရှောင်ရှားနိုင်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့ ဆက်လက် ကြိုးစားနိုင်ပေသည်။ ဤသည်မှာ စံနှုန်းတစ်ခုပေတည်း။ ဤအရာကို သင် ရယူနိုင်ပါက ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင်ရရှိပြီးဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ လူတစ်ဦးသည် အမြဲတစေ အပျက်သဘောဆောင်ပါက၊ ပြီးလျှင် ဉာဏ်အလင်းပေးမှုကို ရရှိပြီး မိမိတို့ကိုယ်ကိုယ် သိရှိလာပြီးနောက်တွင်ပင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ မတုန်မလှုပ် ဖြစ်မြဲဖြစ်ပြီး၊ ထရပ်ကာ ဘုရားသခင်နှင့်အတူ ပူးပေါင်းလျက် မလုပ်ဆောင်နိုင်ပါက၊ ဤလူစားမျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိပေ။ လူတစ်ဦး အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မလှည့်သေးသကဲ့သို့၊ ၎င်းတို့၏ စိတ်ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိမခံရသေးဟု ဆိုလိုပေသည်။ ဤအရာကို လူအားလုံး နားလည်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အကြွင်းမဲ့ပေးခြင်းနှင့် ဘုရားသခင်နှုတ်ကပတ်တော်မှ ဉာဏ်ပွင့်မှုနှင့် အလင်းပေးမှုကို ရရှိခြင်း ဖြစ်စဉ်ပေတည်း။ ဘုရားသခင်၏ အလုပ်သည် လူတစ်ဦးအား တက်ကြွစွာ ဝင်ရောက်လာစေနိုင်သကဲ့သို့ အပျက်သဘောဆောင်သော ကဏ္ဍများအကြောင်း သိရှိလာပြီးနောက် ၎င်းတို့ကို ထုတ်ပယ်နိုင်စွမ်း ရှိစေသည်။ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ပေးသော အဆင့်ကို သင်ရောက်လာချိန်တွင် သင့်ဝိညာဉ်အတွင်းမှ သိမ်မွေ့သော ရွေ့လျားမှုတိုင်းကို သင်သတိမူနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ လက်ခံရရှိသော ဉာဏ်ပွင့်မှုတိုင်းနှင့် အလင်းရမှုတိုင်းကို သင်သိလိမ့်မည်။ ဤအရာကို ထိန်းထားလော့၊ သို့ဖြစ်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို ခံရသောလမ်းကြောင်းအတွင်း တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်နိုင်လေလေ၊ သင့်ဝိညာဉ်သည် သိမ်မွေ့လာလေလေနှင့် ပိုနူးညံ့လာလေဖြစ်မည်၊ ပြီးလျှင် သင့်ဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို သတိမူနိုင်စွမ်း ရှိလာလေလေဖြစ်ပြီး၊ ထိုအခါ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ပို၍ ပုံမှန် ဖြစ်လာလေလေ ဖြစ်မည်။ လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် လျော်ကန်သလော။ ၎င်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ ၎င်းတို့ကို စွန့်ပယ်ပြီးပြီလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးနိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှလာပြီး၊ အဆုံးတွင် သင့်ကို စာတန်ထံပြန်ပို့လိမ့်မည်။ သင်သည် ဘုရားသခင်၏ လူထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤအရာအားလုံးသည် သင်၏ အသေအချာ စဉ်းစားသုံးသပ်မှု လိုအပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

သင်၏ နေ့စဉ်အသက်တာတွင်၊ သင် ပြောဆိုသည့် မည်သည့်စကားများ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မူမမှန်ခြင်း ဖြစ်ကောင်းဖြစ်စေလိမ့်မည် ဆိုသည်ကို သင်နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် မှန်ကန်သည့် ပုံစံအတွင်း ဝင်ရောက်ဖို့ သင့်ကိုယ်သင် ပြုပြင်ရမည်။ တစ်ချိန်လုံး၊ သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏လှုပ်ရှားမှုတစ်ခုစီတိုင်း၊ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေနှင့်ဆိုင်သည် မှန်ကန်သော သိနားလည်မှုကို ရရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ‌ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်ခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်လာနိုင်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ သဘာဝအနှစ်သာရကို နားလည်လာနိုင်လိမ့်မည်ဖြစ်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လာမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၍၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ရည်ရွယ်ချက်ဖြင့် နာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်များကို သင်တွေ့ကြုံသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရမည့် အခွင့်အရေးများကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အခြေအနေများစွာကို သဘောပေါက်လာနိုင်လိမ့်မည်။ စာတန်၏ လှည့်စားမှုများစွာ ကိုလည်း သင် ရိပ်စားနိုင်လိမ့်မည်ဖြစ်ပြီး၊ ယင်း၏ လျှို့ဝှက်ကြံစည်မှုများကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်။ ဤနည်းလမ်းသည်သာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းသို့ ဦးတည်ပေသည်။ သူ၏ အစီအမံများကို အလုံးစုံ သင် နာခံနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် စစ်မှန်သည့် အတွေ့အကြုံများထဲသို့ သာ၍ပင် နက်နဲစွာ သင်ဝင်ရောက်ရန်အလို့ငှာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိဖို့အလို့ငှာ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စေလော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိခြင်းကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ၊ အကြောင်းကိစ္စအများစုတွင်၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအားဖြင့်နှင့် ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းလုပ်ဆောင်ခြင်း တို့မှတစ်ဆင့် အောင်မြင်မှုကို ရရှိလိမ့်မည်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်သည့် စိတ်နှလုံးမရှိဘဲနှင့်၊ ဘုရားသခင်၏ အမှုကို ရရှိရန် ခက်ခဲသည်။ ဇာတိပကတိသည် ဆင်းရဲဒုက္ခမခံစားရပါက၊ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများလည်း ရှိလိမ့်မည်မဟုတ်။ စိတ်ဝိညာဉ်က ရုန်းကန်ခြင်း မရှိပါက၊ စာတန်သည် အရှက်ရမည်မဟုတ်” ဆိုသည်ကို သင်တို့နားလည်သင့်သည်။ သင်သည် ဤအခြေခံသဘောတရားများကို လက်တွေ့လုပ်ဆောင်ပြီး အကုန်အစင် နားလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များသည်လည်း မှန်ကန်လိမ့်မည်။ သင်တို့၏လက်ရှိ လက်တွေ့လုပ်ဆောင်မှုတွင်၊ “အဆာပြေရန်အတွက် ပေါင်မုန့်ကို ရှာဖွေခြင်း” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ “သန့်ရှင်းသော အရာရာတိုင်းကို ဝိညာဉ်တော်က လုပ်ဆောင်ပြီး လူတို့သည် ကြားဝင်နှောင့်ယှက်၍ မရနိုင်” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ ထိုသို့ပြောသည့် လူတိုင်းက၊ “လူတို့သည် သူတို့လုပ်လိုသည့် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး၊ အချိန်တန်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ် သူလုပ်လိမ့်မည်။ လူတို့သည် ဇာတိပကတိကို ချုပ်တည်းစရာမလို သို့မဟုတ် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ပေ။ အရေးကြီးသည့် တစ်ခုတည်းသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရဖို့ဖြစ်သည်” ဟု တွေးကြသည်။ ဤအယူအဆအားလုံးက အဓိပ္ပာယ်မရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်မလုပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကြီးစွာ ဟန့်တားသည်မှာ ဤသို့သောအမြင်မျိုး ဖြစ်သည်။ မကြာခဏပင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှတစ်ဆင့် ရရှိပေသည်။ ပူးပေါင်းလုပ်ဆောင်မှုမရှိသည့် သူများနှင့် သန္နိဋ္ဌာန်မချထားသည့်သူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုကို ရရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိဖို့ဆန္ဒရှိကြပြီး၊ လွန်ကဲသည့် အတွေးများ ဧကန်အမှန် ရှိကြလေသည်။ ဤသည်ကို “မိမိကိုယ်ကို အလိုလိုက်ခြင်းနှင့် စာတန်ကို ချမ်းသာပေးခြင်း” ဟု ခေါ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိကြပေ။ သင်သည် မိမိအတွင်း၌ စာတန်ဆန်သော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များစွာတို့ကို ရှာဖွေသင့်ပြီး၊ ယခု ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်သည့် သင်၌ရှိသော လက်တွေ့လုပ်ဆောင်မှုများကို ရှာဖွေသင့်သည်။ သင်သည် စာတန်ကို ယခု စွန့်လွှတ်နိုင်လိမ့်မည်လော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရရှိသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ပြီးလျှင် အသစ်သော အသက်တာနှင့်အတူ လူသစ်တစ်ဦး ဖြစ်လာသင့်သည်။ အတိတ်က အပြစ်များပေါ်တွင် အချိန်ကုန်ခံ မစဉ်းစားနှင့်။ လွန်လွန်ကဲကဲ နောင်တမရနှင့်။ ရပ်တည်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းရှိလော့၊ ပြီးလျှင် သင်၏ ဖြည့်ဆည်းရမည့် တာဝန်များကို ဖြည့်ဆည်းလော့။ ဤနည်းလမ်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာလိမ့်မည်။

ဤအရာကို ဖတ်ရှုပြီးသည့်နောက်၊ ဤနှုတ်ကပတ်တော်များကို လက်ခံဖို့ သင် အခိုင်အမာ ပြောရုံမျှပြောဆိုသော်လည်း၊ သင့်စိတ်နှလုံးသည် တို့ထိခြင်းမခံရဘဲရှိကာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့ သင် မကြိုးစားပါက၊ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို အလေးမထားကြောင်း သက်သေပြနေသည်။ သင်၏အမြင်များသည် အမှန်မရှိသေး၊ သင်၏ရည်ရွယ်ချက်များသည် ဘုရားသခင်၏ ရယူခံရခြင်းခံရဖို့နှင့် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းပေးဖို့ ချမှတ်ထားခြင်း မရှိသေးဘဲ ယင်းအစား၊ စာတန်၏ အကြံများကို အောင်နိုင်ခွင့်ပေးခြင်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များကို ရရှိခြင်းသို့သာ ဦးတည်နေဆဲဖြစ်သည်။ ထိုသို့သောလူများသည် မှားယွင်းသည့် ရည်ရွယ်ချက်များနှင့် မမှန်ကန်သည့် အမြင်များရှိကြသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ သို့မဟုတ် မည်ကဲ့သို့ ပြောသည်ဖြစ်စေ၊ ထိုသို့သော လူတို့သည် လုံးဝ စိတ်ဝင်စားမှု မရှိမြဲဖြစ်ကာ နည်းနည်းမျှ မပြောင်းလဲကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်ရွံ့မှု မခံစားရ၊ ထို့အပြင် မရှက်ကြချေ။ ထိုသို့သောလူတစ်ဦးသည် ဝိညာဉ်ကင်းမဲ့သည့် ငတုံးတစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို ဖတ်ကြားပြီး ၎င်းတို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်လော့။ သင်၏ ဇာတိပကတိ အားနည်းသည့် အချိန်အခါများ၊ သို့မဟုတ် သင် ပုန်ကန်တတ်သည့် အချိန်အခါများ သို့မဟုတ် သင် ခုခံတတ်သည့် အချိန်အခါများ ရှိကောင်းရှိလိမ့်မည်။ ယခင်က သင်မည်သို့ပင် ပြုမူခဲ့ပါစေ၊ အနည်းငယ်သော အကျိုးဆက်သာ ရှိပြီး ယနေ့ သင်၏ အသက်တာကို ရင့်ကျက်ခြင်းမှ မဟန့်တားနိုင်ပေ။ ယနေ့တွင် သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိနိုင်သရွေ့ မျှော်လင့်ချက် ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်သည့်အချိန်တိုင်းတွင် သင့်အထဲ၌ ပြောင်းလဲမှုရှိပြီး၊ သင်၏အသက်တာသည် ပိုကောင်းဖို့အတွက် ပြောင်းလဲပြီဟု အခြားသူများ ပြောနိုင်ပါက၊ ယင်းသည် ယခုတွင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပြီဖြစ်ပြီး၊ မှန်ကန်စေပြီး ဖြစ်သည်ကို ပြပေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အပြစ်ကျူးလွန်မှုများအတိုင်း ဆက်ဆံခြင်းမပြုပေ။ သင်နားလည်ပြီး သတိပြုမိ လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ပုန်ကန်ခြင်း၊ ခုခံခြင်း ရပ်တန့်နိုင်သရွေ့၊ ဘုရားသခင်သည် သင့်အပေါ် သနားခြင်းကရုဏာ ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရခြင်းအဖြစ်ကို လိုက်စားဖို့ သိနားလည်မှု ရှိပြီး ဆုံးဖြတ်ချက် ရှိသည့်အခါတွင်၊ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏အခြေအနေက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်အဘယ်အရာကို လုပ်ဆောင်နေပါစေ၊ လုပ်ဆောင် နေသည့်အချိန်တွင် အောက်ပါတို့ကို စဉ်းစားဆင်ခြင်လော့- ဤအရာကို ငါလုပ်လျှင် ဘုရားသခင် မည်ကဲ့သို့ထင်မည်နည်း၊ ယင်းသည် ငါ၏ညီအစ်ကိုမောင်နှမများကို အကျိုးပြုမည်လော၊ ယင်းသည် ဘုရားသခင်၏ အိမ်တော်၌ရှိသည့် အလုပ်ကို အကျိုးပြုမည်လော။ ဆုတောင်းခြင်း၊ မိတ်သဟာယပြုခြင်း၊ စကားပြောဆိုခြင်း၊ အလုပ် သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ခြင်းတွင် သင်၏ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိဆိုသည်ကို စစ်ဆေးလော့။ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် အတွေးများကို သင်သည် မသိမြင်နိုင်ပါက၊ ဤအရာက သင်သည် ခွဲခြားနိုင်ခြင်း ကင်းမဲ့သည်ကို ဆိုလိုသည်၊ ယင်းမှာ သင်သည် သမ္မာတရားအား အလွန်နည်းပါးစွာ နားလည်သည်ကို သက်သေပြပေသည်။ ဘုရားသခင်လုပ်ဆောင်သမျှတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး ဘုရားသခင်ဘက်တွင် ရပ်တည်ရင်း ဘုရားနှုတ်ကပတ်တော်၏ ရှုထောင့်မှတစ်ဆင့် အမှုကိစ္စများကို သိမြင်နိုင်ပါက၊ သင်၏အမြင်များ မှန်ကန်လာပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ အယောက်တိုင်းသည် ယင်းကို ၎င်းတို့ဘဝတွင် ပဓာန အရေးကြီးသည့်တာဝန်တစ်ခုနှင့် အကြီးမားဆုံးသော ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းကို သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိမရှိဆိုသည့်အရာဖြင့် တိုင်းတာပေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး သင်၏ရည်ရွယ်ချက်များ မှန်ပါက၊ ဆောင်ရွက်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများ ဆုံးရှုံးခြင်း ခံစားရဖို့ မစိုးရွံ့နှင့်။ စာတန်ကို အနိုင်ယူခွင့် သင်ပေး၍မရ၊ စာတန်အား သင့်အပေါ် အခိုင်အမာတွယ်ခွင့် ပေး၍မရသကဲ့သို့၊ စာတန်က သင့်အား ရယ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။ ထိုသို့သော ရည်ရွယ်ချက်များရှိခြင်းသည် သင်နှင့် ဘုရားသခင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့် လက္ခဏာဖြစ်သည်- ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ အလိုကို ကျေနပ်စေခြင်းအတွက် ဖြစ်သည်။ မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်ရန်၊ သင့်အနေဖြင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သင်၏အမြင်ကို မှန်ကန်စေရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရရှိနိုင်ဖို့နှင့်၊ သူ၏နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် သူဖော်ထုတ်ပြနိုင်ဖို့နှင့် သင့်ကို သာ၍ပင် ဉာဏ်အလင်းပေးပြီး အလင်းပြနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်ခြင်းနည်းဟန်ထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ ယနေ့ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်လော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များကို မလိုက်နာနှင့်၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို မဖက်တွယ်နှင့်၊ ပြီးလျှင် ယနေ့ အလုပ်လုပ်ခြင်း နည်းဟန်ထဲသို့ ဖြစ်နိုင်သမျှမြန်မြန် ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် တက်လှမ်းပြီးဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

ဖန်ဆင်းရှင်က မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ယင်းသည် မှန်ကန်၏။ မည်သည့်အရာကို သူပြုလုပ်သည်ဖြစ်စေ သူ၏ဝိသေသလက္ခဏာနှင့် အဆင့်အတန်းမှာ ထပ်တူပင် ဆက်ရှိနေပြီး လူတို့က သူ့ကို ကိုးကွယ်သင့်ပေသည်။ သူသည် လူသားမျိုးနွယ်၏ ထာဝရသခင်နှင့် ထာဝရဘုရားဖြစ်ပြီး ဤအချက်က မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ ဘုရားသခင်က လူတို့ကို ပေးကမ်းသောအခါ သူသည် ဘုရားဖြစ်သည်ဟု သူတို့ဝန်ခံသော်လည်း သူက နုတ်ယူသောအခါ သူသည် ဘုရားမဟုတ်ဟူသည်မျိုး မဖြစ်သင့်ပေ။ ဤသည်မှာ ဖန်ဆင်းခံလူသားများတွင် တိကျမှန်ကန်သောအသိပညာ မရှိခြင်းကိစ္စဖြစ်ပြီး ဘုရားသခင်က အမှားပြုလုပ်ခြင်း မဟုတ်ပေ။ အကယ်၍ လူတို့၏ အတွေ့အကြုံများက သူတို့ကို ဤအကြောင်း သိနားလည်ခြင်းပေးပြီး ယင်းသည် သူတို့အတွက် ရှင်းလင်းနေလျှင်― အကယ်၍ သူတို့က ဤအရာသည် သမ္မာတရားဖြစ်သည်ဟု မိမိတို့၏စိတ်နှလုံးထဲ၌ ဝန်ခံနိုင်လျှင်― ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာမည်။ အကယ်၍ သင်သည် ဘုရားသခင်ပြုလုပ်သမျှက မှန်ကန်သည်ဟု စကားအားဖြင့်သာ ဝန်ခံလျှင် ဤအရာမှာ သင့်အတွက် သဘောတရားသာလျှင် အမြဲဖြစ်နေမည်ဖြစ်ကာ ပြဿနာတစ်ခုကို ကြုံတွေ့ရသောအခါ သင်သည် ဘုရားသခင်ကို ကျိုးကြောင်းဆင်ခြင်ပြရန် ကြိုးစားဦးမည်၊ ဘုရားသခင်က ဤအရာ၊ ထိုအရာကို မပြုလုပ်သင့်ဟု ယူဆဦးမည်ဖြစ်ပြီး ဤသို့ဖြစ်နေလျှင် သင်သည် မည်သည့်အခါမျှ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအဆင့်ကို လုံးဝမကျော်လွန်နိုင်ပါက၊ အကယ်၍ သင်သည် ဤသမ္မာတရားမျိုးတို့ကို အပြည့်အဝ လက်ခံနိုင်စွမ်းနှင့် ဝင်ရောက်နိုင်စွမ်း မရှိပါက ဘုရားသခင်ခိုင်းသောအရာကို မည်သည့်အခါမျှ ကျေပွန်အောင်ဆောင်ရွက်မည် မဟုတ်ဘဲ၊ ထိုသို့ဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို အပြည့်အဝ နာခံနိုင်စွမ်းရှိမည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကို အမြဲပင် ကြိုးစား၍ ကျိုးကြောင်းဆင်ခြင်ပြနေမည် ဖြစ်သည့်အပြင် သင်၏အကြောင်းပြချက်များက သမ္မာတရား၏ အထက်တွင်ရှိပြီး တရားဝင် ဆွေးနွေးအကြံပြုထိုက်ကြောင်း၊ များစွာသောလူတို့က သင့်ကို ထောက်ခံမည်ဖြစ်ကြောင်း အမြဲ ယူဆနေမည်ဖြစ်သည်။ အကယ်၍ အများက သင့်ကို ထောက်ခံကြလျှင်ပင် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ချည်းသာ ဖြစ်ကြပြီး သမ္မာတရား မဟုတ်ကြပေ။ အကယ်၍ လူသားမျိုးနွယ်အားလုံးက သင့်ကို ထောက်ခံပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ရာ၌ ပူးပေါင်းခဲ့ကြလျှင်ပင် ဘုရားသခင်သည် မှားဦးမည်မဟုတ်၊ မှားသည်မှာ လူသားမျိုးနွယ်ပင် ဖြစ်သည်။ ဤသည်မှာ ပုံသေနည်းတစ်ခု၊ စည်းမျဉ်းတစ်ခု၊ ဖော်ပြချက်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားဖြစ်သည်။ လူတို့သည် ဤသမ္မာတရားမျိုးတို့ကို မကြာခဏပင် ဆင်ခြင်ပြီး တွေ့ကြုံရမည်။ ဘုရားသခင်သည် အမှု၏ အဆင့်တချို့ကို လုပ်ဆောင်ထားပြီဖြစ်ပြီး အဆင့်အသီးသီး၌ သူ့ကို ဆန့်ကျင့်သောသူ များစွာရှိခဲ့ကြသည်။ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာခဲ့သောအခါ ဣသရေလတစ်မျိုးသားလုံးက သူ့ကို ဆန့်ကျင်ခဲ့ကြသည်― သို့ဖြစ်လင့်ကစား ယနေ့တွင် သန်းပေါင်းရာချီသော လူတို့က သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံကြသည်၊ ကမ္ဘာတစ်လွှားမှ လူတို့သည် သခင်ယေရှုကို ယုံကြည်ကြပြီးလျှင် သခင်ယေရှုက လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခဲ့ပြီးပြီ ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ မည်သည့်တိုင်းပြည်မှ လာသည်ဖြစ်စေ လူတို့သည် သခင်ယေရှု၏ ရွေးနုတ်ခြင်းကို ငြင်းဆိုရန် ကြိုးစားသောအခါ ယင်းက အကြောင်းမထူးပေ။ အကယ်၍ လူသားမျိုးနွယ်တစ်ရပ်လုံးထ၍ ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြလျှင်ပင် ဘုရားသခင်သည် မှားဦးမည်မဟုတ်ချေ။ အကယ်၍ လူသားမျိုးနွယ်တစ်ရပ်လုံးက သဘောတရားအမျိုးမျိုးကို စံပြုခဲ့ကြလျှင်ပင် ဘုရားသခင်ထံမှ စာကြောင်းတစ်ကြောင်း၊ သို့မဟုတ် သမ္မာတရားတစ်ခုကိုမျှ ချေပနိုင်ကြမည် မဟုတ်ချေ။ ဤနှုတ်ကပတ်တော်များက အယူဝါဒမဟုတ်၊ သမ္မာတရားဖြစ်သောကြောင့် လူတို့သည် ယင်းတို့ကို မရပ်မနား တွေ့ကြုံကြရမည်ဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့ကို တွေ့ကြုံရန်အတွက် အဆိုပြုချက်က အဘယ်နည်း။ သင်သည် ဤနှုတ်ကပတ်တော်များ၏ တိကျမှန်ကန်မှုကို ဦးစွာ အသိအမှတ်ပြုပြီး လက်ခံရမည်၊ ပြီးလျှင် ယင်းတို့ကို လက်တွေ့ကျင့်ကြံပြီး တန်ဖိုးထားရမည်ဖြစ်သည်။ သင်မသိလိုက်ဘဲ ဤနှုတ်ကပတ်တော်များမှာ မှန်ကန်ကြောင်း၊ ယင်းတို့သည် အမှန်ပင် သမ္မာတရားဖြစ်ကြောင်း သင်တွေ့ရှိမည်ဖြစ်ကာ ဤအခါတွင် သင်သည် ယင်းတို့ကို စတင်မြတ်နိုးလာမည် ဖြစ်သည်။ နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိထားခြင်း ရှိမရှိနှင့် သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို နာခံနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် အခြေခံသဘောတရား ဖြစ်သည်။ ဤ အခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ထို့ကြောင့် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

ဘုရားသခင်အနေဖြင့် လူသားတစ်ဦး ဖြစ်လာခြင်းလောက် ပို၍ နိမ့်ကျပြီး သိမ်ငယ်စေသောအရာ ဘာမျှမရှိဟူသည့် ထင်မြင်ချက်မရှိသောသူ ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်ထဲတွင် တစ်ဦးတစ်ယောက်မျှ မရှိပေ။ ယင်းသည် ဘုရားသခင်အနေဖြင့် လုံးဝမဆောင်ယူသင့်သည် ပုံသဏ္ဌာန်ဖြစ်ကာ အလွန်မြင့်မြတ်သော ဘုရားသခင်ကိုယ်တော်တိုင်က အလွန်ပင် သာမညောင်ည လူတစ်ဦးအဖြစ် လူ့ဇာတိခံယူခဲ့သည်မှာ ပို၍ပင် မသင့်တော်ချေ။ ဘုရားသခင်သည် ယနေ့ ထိုကဲ့သို့ သာမညောင်ည လူသားတစ်ဦး ဖြစ်လာသည့်အခိုက် ထိုဘုရားသခင်သည် သင်၏ ဘုရားဖြစ်ကြောင်း သင်တို့လက်ခံနိုင်ပြီး အသိအမှတ်ပြုနိုင်သည့် အချက်ကပင်လျှင် သက်သေခံခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်၍ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို မည်သည့်အရာက ထိခိုက်စေခြင်း၊ သို့မဟုတ် ဒုက္ခပေးခြင်း ရှိကောင်းရှိနိုင်မည်နည်။ ဘာမျှမရှိချေ။ ဤအရာကို မှတ်ထားလျက် ခရစ်တော်ကို သင်၏ဘုရားသခင်အဖြစ် အသိအမှတ်ပြုနိုင်ခြင်းသည် လူနှင့် ဘုရားကြားက ဆက်ဆံရေးကို တိုင်းတာခြင်းအတွက် အရေးကြီးဆုံးသော စံသတ်မှတ်ချက်တစ်ခုပင် ဖြစ်သည်။ လူများစွာက ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း ဝန်မခံကြပေ၊ သို့ဆိုလျှင် ဘုရားသခင်သည် သူတို့၏ဘုရားဖြစ်ကြောင်း သူတို့အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု အသိအမှတ်မပြုသော သူတို့သည် ဘုရားသခင်နှင့် အဘယ်ဆက်ဆံရေးရှိသနည်း။ သင်နှင့် ဘုရားသခင် နှစ်ဦးလုံး၌ လူ့ပုံသဏ္ဌာန်၊ လူ့အကြိုက်များ၊ လူ့ဘာသာစကား၊ လူ့ရုပ်သွင်တို့ ရှိကြပြီး သင်တို့နှစ်ဦးလုံး လူ့လောကထဲတွင် အသက်ရှင်နေထိုင်ကြသည်။ သို့သော် သင်သည် သင်၏အနေအထားကို ပြုပြင်နိုင်သည်၊ သင့်အဆင့်အတန်းနှင့် ဘုရားသခင်၏ အဆင့်အတန်းကြားက ခြားနားချက်ကို ပြောနိုင်သည်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ပြုပြင်နိုင်ကာ ဤဆက်ဆံရေးကို မည့်သည့်အခါမျှ ဘောင်ကျော်လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူတို့က ဤစံနှုန်းကို ရရှိနိုင်လျှင် ဘုရားသခင်အတွက် သူတို့သည် ပြည့်မီခြင်းရှိပြီး မည်သည့်စုံစမ်းသွေးဆောင်ခြင်း၊ သို့မဟုတ် မည်သည့်စွမ်းအားကမျှ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အခိုင်ခံ့ဆုံးသော ဆက်ဆံရေး ဖြစ်နိုင်ဖွယ်ရှိသည်။ ယင်းမှာ စံနှုန်းပင်ဖြစ်၏။ ဆိုလိုသည်မှာ- အကယ်၍ ဤသွေးသားခန္ဓာနှင့် သင်၏ဆက်စပ်မှုက လူနှင့် ဘုရားကြားက ဆက်ဆံရေးကို မရရှိနိုင်လျှင်၊ အကယ်၍ သင်သည် ထိုသို့သော ဆက်ဆံရေးကို မပိုင်ဆိုင်လျှင် သင်က “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ယင်းက အလွန်ပုံမှန်ကျသော ဆက်ဆံရေးဖြစ်သည်” ဟု ဆိုသည့်အခါ ဤသည်မှာ မှန်ကန်သလော။ မမှန်ကန်ပေ။ သင်ပြောဆိုသည့်အရာကို မည်သူက မြင်ဖူးသနည်း။ ယင်းကို မည်သည့်နေရာတွင် ပြသထားသနည်း။ ယင်း၌ အမှန်ဖြစ်သော အခြေခံအကြောင်းရင်း မရှိပေ။ ထို့ကြောင့် လတ်တလောတွင် သင်တို့သည် လူဇာတိခံယူထားသော ဘုရားသခင်နှင့် ဤဆက်ဆံရေးမျိုးကို ရယူနိုင်စွမ်း ရှိကြသလော။ (မရှိကြပါ။) အခက်အခဲက မည်သည့်နေရာတွင် ရှိနေသနည်း။ လောလောဆယ်တွင်၊ လူသား နားမလည်သည့် သမ္မာတရားများစွာ ရှိ၏။ လူသား နားမလည်ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကဏ္ဍများစွာတွင် လူ့ဇာတိခံ ဘုရားသခင်၏ အမြင်များ၊ အယူအဆများနှင့် မကိုက်ညီသည့် အမြင်များနှင့် အယူအဆများ ရှိသည်ဟု ဆိုလိုသည်။ အမှုအရာများစွာကို လူသား ကိုင်တွယ်ဖြေရှင်းသည့် အခြေခံသဘောတရားများနှင့် အခြေခံ အုတ်မြစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အခြေခံသဘောတရားများနှင့် အခြေခံအုတ်မြစ်တို့နှင့် မကိုက်ညီဟု ဆိုလိုသည်။ ဤပြဿနာ၏ အရင်းအမြစ်သည် မည်သည့်နေရာက လာပါသနည်း။ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား ဆက်နွှယ်မှုကို မည်သည့်အချက်က ထိခိုက်နေပါသနည်း။ ယင်းမှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် စာတန်ဘက်တွင် ရပ်တည်ဆဲဖြစ်၏။ လူသားသည် စာတန်၏ အဆိပ်အတောက်ကို မှီခိုလျက် အသက်ရှင်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့ အသက်ရှင်သည့်ပုံစံတွင် ပြသည်မှာ စာတန်၏ စိတ်သဘောထားနှင့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်၏၊ မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့် ကိုက်ညီဖို့ရန် ပြောင်းလဲရမည့်သူမှာ အဘယ်သူနည်း။ (လူသားမျိုးနွယ်ဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်မှာ ဟုတ်ပေ၏။ သို့ဆိုလျှင် လူသားမျိုးနွယ်သည် မည်သို့ ပြောင်းလဲရသနည်း။ ၎င်းတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သမ္မာတရားကို လက်ခံရမည်ဖြစ်သည်။ အမှုအရာများကို ဘုရားသခင် ရှုမြင်ပုံနှင့် သူပြုမူလုပ်ဆောင်ရာတွင် အသုံးပြုသည့် အခြေခံ သဘောတရားများတွင် သမ္မာတရားကို လက်ခံခြင်းသည် ဘုရားသခင်နှင့် ကိုက်ညီခြင်းသို့သွားရာ လူသား၏ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဤလမ်းကြောင်းပေါ် သင် ခြေချသည်နှင့်တပြိုင်နက်၊ အမှုအရာများကို သင်ရှုမြင်သည့် သဘောထားနှင့် ပုံစံ၊ သင် ပြုမူလုပ်ဆောင်သည့် အခြေခံသဘောတရားများနှင့် အခြားအရာ အားလုံးသည် ဘုရားသခင်နှင့် တဖြည်းဖြည်း စတင်ကိုက်ညီလိမ့်မည်။ ဤနည်းဖြင့်၊ သင်နှင့် ဘုရားသခင်ကြားက အဟန့်အတားများသည် နည်းသထက်နည်းလာလိမ့်မည်၊ နောက်ထပ် ဆန့်ကျင်ကွဲလွဲမှုများ ရှိလိမ့်မည် မဟုတ်တော့သကဲ့သို့ ဘုရားသခင်ကို ဦးတည်လေ့လာဖို့ သင်၏ ကြိုးပမ်းမှုတို့သည်လည်း နည်းသထက် နည်းလာလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူနှင့် ဘုရားသခင်ကြားက ဆက်နွှယ်မှုကို ပြုပြင်ဖို့ အရေးကြီး၏” မှ

ဖန်ဆင်းခြင်း၏သခင်၏ ဖန်ဆင်းခံ သတ္တဝါများကို ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး၊ ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများကို သူပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ၏ သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် ဖန်ဆင်းခြင်း၏အရှင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် ကိုက်ညီပေသည်။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့်၊ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကျိုးနွံနာခံရန်ဖြစ်သည်၊ အခြား ရွေးချယ်မှုတစ်ခုတစ်လေမျှ မရှိသင့်ပေ။ ဤအရာက ဘာကိုပြသနည်း။ ဖန်ဆင်းခြင်း၏ သခင်သည် အစဉ်အမြဲပင် ဖန်ဆင်းခြင်း၏ သခင်ဖြစ်လိမ့်မည်ကို ပြပေသည်။ သူသည် မည်သည့် ဖန်ဆင်းခံ သတ္တဝါအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အုပ်ချုပ်ဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဖန်ဆင်းခံ သတ္တဝါများဖြစ်သရွေ့၊ အဖန်ဆင်းခံ သတ္တဝါများကြားတွင် ဖန်ဆင်းရှင် မည်သို့ ပြုမူသင့်သည် သို့မဟုတ် သူပြုသည့်အရာ မှန်သည်မှားသည်ဆိုသည့်အပေါ် စီရင်ချက်ချရန် တန်ခိုးအာဏာရှိသူ သို့မဟုတ် အရည်အချင်းမပြည့်မီသူ တစ်ဦးမျှမရှိသကဲ့သို့ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းသခင်၏ အုပ်ချုပ်ခြင်းခံရရန်၊ စီစဉ်ညွှန်ကြားခြင်းခံရရန် သို့မဟုတ် နေရာချခံရရန် သင့်မသင့်ဟူသည်ကို ရွေးချယ်ရန် အရည်အချင်း မပြည့်မီပါပေ။ အလားတူပင် မည်သည့် ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းအရှင်၏ အုပ်ချုပ်ခြင်းခံရပုံနှင့် နေရာချခံရပုံတို့ကို ရွေးချယ်ရန် အရည်အချင်းများ မရှိပါချေ။ ဤသည်မှာ အမြင့်ဆုံး အမှန်တရားပင် ဖြစ်သည်။ ဖန်ဆင်းခြင်း၏သခင်က သူ၏ ဖန်ဆင်းခံသတ္တဝါများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏- ဖန်ဆင်းခြင်း၏သခင်က နေရာတကျ တည်ထားစေသည့် ဤအဖြစ်မှန်ကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်ပါသည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းခြင်း၏ သခင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူ၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏- ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် မည်မျှအရေးပေးခံရပါစေ၊ အဖန်ဆင်းခံ သတ္တဝါများ ဖြစ်မြဲဖြစ်ကြလေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကိုယ် မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ သူသည် ငါ့ကို ရန်မူမည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး ခွန်အားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားအဖန်ဆင်းခံ သတ္တဝါအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် အခန်းကဏ္ဍတိုင်းကို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမျှတဆုံးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိမ့်မည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်နိုင်ပြီး လက်ခံနိုင်ပါက၊ ၎င်းတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ကောင်းကောင်းမွန်မွန် ရှာဖွေဖော်ထုတ်လိမ့်မည်၊ မိမိတို့၏ နေရာကို လက်ခံလိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထိန်းသိမ်းလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

အရှေ့သို့- ၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၂၀) အသက်ဝင်ရောက်မှုတွင် လိုက်နာရမည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်