လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃) (ကောက်နုတ်ချက်များ)

၁။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူတို့၏အမှုနှင့် မတူညီပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုကို လုပ်ဆောင်ရန်ကြွလာသည့်အခါ၊ သူ၏အမှုတော် ကျေပွန်စေရန်အတွက်သာ သူအလေးထား၏။ သူ၏အမှုတော်နှင့်မသက်ဆိုင်သည့် အခြားသောကိစ္စအားလုံးတို့၌ သူသည် ပါဝင်ပတ်သက်ခြင်း မရှိသလောက်ပင်ဖြစ်ကာ၊ မသိကျိုးကျွန် ပြုသည်အထိဖြစ်၏။ သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရုံမျှသာဖြစ်ပြီး၊ လူတို့ပြုသင့်သောအမှုနှင့်ပတ်သက်၍ သူသည် ပူပန်မှုမရှိဆုံးဖြစ်၏။ သူပြုသောအမှုသည် သူရှိနေသော ခေတ်ကာလ၊ သူကျေပွန်အောင်လုပ်ဆောင်သင့်သော အမှုတော်နှင့်သာ လုံးလုံးသက်ဆိုင်ပြီး၊ အခြားသောကိစ္စမှန်သမျှမှာ သူ၏အာဏာစက်ပြင်ပ၌ ရှိသကဲ့သို့ဖြစ်သည်။ သူသည် လူသားတစ်ဦးအဖြစ် အသက်ရှင်ရာ၌ ပို၍အခြေခံကျသော အသိဖြင့် မိမိကိုယ်ကို ဖြည့်ဆည်းခြင်းမရှိသကဲ့သို့၊ နောက်ထပ်လူမှုရေးရာကျွမ်းကျင်မှုများကို သင်ယူခြင်းသော်လည်းကောင်း၊ လူတို့နားလည်သော အခြားအရာတစ်စုံတစ်ခုဖြင့် မိမိကိုယ်ကို ပြည့်စုံစေခြင်းသော်လည်းကောင်း သူမပြုချေ။ လူသားတို့ ပိုင်ဆိုင်သင့်သောအရာမှန်သမျှကို စိတ်ဝင်စားခြင်း လုံးဝမရှိဘဲ၊ သူသည် သူ၏တာဝန်ဖြစ်သောအမှုကို ပြုရုံမျှသာဖြစ်သည်။ ထို့ကြောင် လူ့ဇာတိခံယူသောဘုရားသခင်သည် အကြောင်းခြင်းရာအများအပြား၌ မပြည့်စုံလွန်းသည့်အတွက် သူသည် လူတို့၌ရှိသင့်သော အရာများစွာကိုပင် အလေးဂရုမပြုသည်သာမက ယင်းသို့သောအရာများအပေါ် နားလည်မှုဟူသည်လည်း မရှိဟု လူတို့က မြင်ကြလေသည်။ တစ်ကိုယ်ရေအပြုအမူနှင့် အခြားသူများနှင့် တုံ့လှယ်မှုအပေါ် ထိန်းချုပ်သော စည်းမျဉ်းများအပြင်၊ ဘဝနှင့်သက်ဆိုင်သည့် ဘုံအသိကဲ့သို့သော အကြောင်းအရာများသည် သူနှင့်သက်ဆိုင်မှုမရှိဟု ထင်ရ၏။ သို့သော်လည်း သင်သည် လူ့ဇာတိခံယူသောဘုရားသခင်ထံမှ ပုံမှန်မဟုတ်ခြင်း၏ အရိပ်အမြွက်အနည်းငယ်ကိုမျှ သတိပြုမိနိုင်မည်မဟုတ်ပေ။ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် သာမန်လူသားတစ်ဦးဖြစ်သော သူ၏အသက်တာနှင့် သာမန်တွေးခေါ်ဆင်ခြင်မှုရှိသော သူ၏ဦးနှောက်ကို ထိန်းသိမ်းခြင်းသာဖြစ်ပြီး၊ သူ့အား အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းပေးလေသည်။ သို့သော်လည်း သူသည် လူတို့ (ဖန်ဆင်းခံသတ္တဝါများ) သာ ပိုင်ဆိုင်သင့်သော အရာများဖြစ်သည့် အခြားသောအရာအားလုံးဖြင့် ဖြည့်ဆည်းထားခြင်းကား မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို ကျေပွန်အောင်လုပ်ဆောင်ရန်သာ လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်ကာလတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် နေရာတစ်ခုမျှကိုသာ မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။ ဤသည်မှာ သူ၏အမှုတော် ရည်မှန်းချက်ဖြစ်ပြီး၊ သူအမှုပြုသော အခြေခံသဘောတရားဖြစ်သည်။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍မရသည့်အပြင်၊ လူသားသည် ယင်းအရာ၌ ပါဝင်ပတ်သက်လာရန်အကြောင်းလည်း မရှိပေ။ ဘုရားသခင် လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင် ထိုခေတ်ကာလ၏အမှုကို သူနှင့်အတူ ဆောင်ယူလာ၏၊ ထို့ပြင် လူသားသည် သူ့အား ပို၍နားလည်ကာ ထိုးထွင်းသိမြင်နိုင်စေရန်အလို့ငှာ လူတို့နှင့်အတူ အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် သို့မဟုတ် အနှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်မျှပင် နေထိုင်မည်ဟူသော ရည်ရွယ်ချက် သူ့မှာမရှိပေ။ ထိုအရာသည် မလိုအပ်ချေ။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထားအပေါ် လူသား၏အသိကို မည်သို့မျှ နက်ရှိုင်းစေလိမ့်မည် မဟုတ်၊ ယင်းအစား လူသား၏အယူအဆများကိုသာ တိုးလာစေမည်ဖြစ်ပြီး၊ လူသား၏အယူအဆများနှင့် အတွေးများကို ခိုင်မြဲလာစေရန်သာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သင်တို့အားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုမှာ အဘယ်အရာဖြစ်သည်ကို အတိအကျနားလည်အပ်ပေသည်။ “ငါလာခဲ့သည်မှာ သာမန်လူသားတစ်ဦး၏ အသက်တာကို တွေ့ကြုံရန်အတွက်မဟုတ်” ဟူ၍ သင်တို့အား ငါပြောခဲ့ပြီးသော နှုတ်ကပတ်တော်များကို၊ သင်တို့အနေဖြင့် နားမလည်ထား၍ မရပေ။ “ဘုရားသခင်သည် ကမ္ဘာလောကသို့ ကြွလာခြင်းမှာ သာမန်လူသားတစ်ဦး၏အသက်တာဖြင့် နေထိုင်ရန်မဟုတ်” ဟူသော နှုတ်ကပတ်တော်တို့ကို သင်တို့မေ့လျော့ကြပြီလော။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်တို့နားမလည်ကြသည့်အပြင်၊ “ဘုရားသခင်သည် ဖန်ဆင်းခံလူသားတစ်ဦး၏ဘဝကို တွေ့ကြုံခံစားရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ အဘယ်ကြောင့် ကြွလာခဲ့မည်နည်း” ဟူသော အဓိပ္ပာယ်ကိုလည်း သင်တို့မသိကြပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမှာ သူ၏အမှုကို အပြီးသတ်ရန်အတွက်သာဖြစ်သဖြင့်၊ ကမ္ဘာမြေကြီးပေါ်မှ သူ၏အမှုသည် သက်တမ်းတိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အနေဖြင့် သူ၏လူ့ဇာတိခန္ဓာကိုယ်အား အသင်းတော်ကို ဦးဆောင်မည့် ကြီးမြတ်သောလူတစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာသောအခါ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူခြင်းဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူ၏အမှုကို မသိကြဘဲ၊ အကြောင်းအရာများကို သူနှင့် အတင်းအကျပ် ပတ်သက်စပ်ဆိုင်စေကြ၏။ သို့သော် ဘုရားသခင်သည် “လူ့ဇာတိခံယူသော နှုတ်ကပတ်တော်” ဖြစ်၍၊ ဘုရားသခင်၏အခန်းကဏ္ဍကို ယာယီအားဖြင့် တာဝန်ယူရန်အလို့ငှာ ဘုရားသခင်ဝိညာဉ်တော်၏ ပျိုးထောင်ခြင်းခံထားရသော လူ့ဇာတိခန္ဓာကိုယ်တစ်ခု မဟုတ်ကြောင်းကို သင်တို့အားလုံး သဘောပေါက်သင့်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ပျိုးထောင်ခြင်း၏ ရလဒ်မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်သာဖြစ်ပြီး၊ ယနေ့ သင်တို့အားလုံးအလယ်၌ သူ၏အမှုကို သူတရားဝင်လုပ်ဆောင်နေသည်။

၂။ ဘုရားသခင် လူ့ဇာတိခံယူခြင်းမှာ ခေတ်ကာလကို ဦးဆောင်ရန်နှင့် အမှုသစ်ကို စတင်လှုပ်ရှားစေရန်သာဖြစ်သည်။ ဤအချက်ကို သင်တို့အနေဖြင့် နားလည်ရန် လိုအပ်သည်။ ဤအရာသည် လူသား၏အလုပ်နှင့် များစွာကွာခြားပြီး၊ ထိုနှစ်ခုကို တစ်ချိန်တည်းတွင်ဖော်ပြရန် မဖြစ်နိုင်ချေ။ လူသားအား အမှုတော်ကို လုပ်ဆောင်စေရန်အတွက် အသုံးမပြုနိုင်သေးခင်တွင်၊ သူ့အား အချိန်ကာလကြာမြင့်စွာ ပျိုးထောင်ရန်နှင့် စုံလင်အောင်ပြုလုပ်ပေးရန် လိုအပ်ပြီး၊ အလိုရှိသော လူ့သဘာဝမှာလည်း အထူးသဖြင့် အဆင့်အတန်းမြင့်သည်မျိုးဖြစ်၏။ လူသားသည် သူ၏သာမန် လူသားစွမ်းရည်ဖြစ်သော ဆင်ခြင်ခြင်းကို ထိန်းသိမ်းနိုင်စွမ်း ရှိရမည်သာမက၊ အခြားသူများနှင့်ပတ်သက်သော သူ၏အပြုအမူအား ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများစွာကိုလည်း ထပ်မံ၍ နားလည်ရမည်ဖြစ်သည်၊ ထို့အပြင် သူသည် ဉာဏ်ပညာနှင့် လူသား၏ကျင့်ဝတ်ဆိုင်ရာအသိ အကြောင်းကို ပို၍ပင် လေ့လာသင်ယူရန် စိတ်ပိုင်းဖြတ်ရမည်ဖြစ်သည်။ ဤသည်မှာ လူသားအနေဖြင့် ဖြည့်ဆည်းသင့်သော အရာများဖြစ်၏။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ ဤသို့မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့ လူသား၏အမှုလည်း မဟုတ်ချေ။ ယင်းသည် သူ၏ဖြစ်ခြင်းကို တိုက်ရိုက်ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ သူပြုသင့်သောအမှုကို တိုက်ရိုက်အကောင်အထည်ဖော်မှုတစ်ခုသာ ဖြစ်သည်။ (သဘာဝအားဖြင့် သူ၏အမှုသည် သင့်လျော်သောအချိန်တွင် လုပ်ဆောင်ခြင်းဖြစ်၍၊ သာမန်ကာလျှံကာနှင့် ကြုံရာကျပန်း မဟုတ်သည့်အပြင်၊ သူ၏အမှုတော်ကို ဖြည့်စွမ်းရန် အချိန်ရောက်မှသာ အစပြုခြင်းဖြစ်၏။) သူသည် လူသား၏အသက်တာ သို့တည်းမဟုတ် လူသား၏အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိ၊ တစ်နည်းဆိုသော် သူ၏လူ့သဘာဝသည် ဤအရာတစ်စုံတစ်ခုဖြင့် ဖြည့်ဆည်းထားခြင်းမရှိပေ (သို့သော်လည်း ဤသည်မှာ သူ၏အမှုကို ထိခိုက်စေခြင်းမရှိချေ)။ သူသည် သူ၏အမှုတော်ကို ပြုရန်အချိန်ကျသည့်အခါ၊ ယင်းအား ဖြည့်စွမ်းခြင်းသာ ဖြစ်သည်။ သူ၏အဆင့်အတန်း မည်သို့ရှိသည်ဖြစ်စေ၊ သူသည် သူပြုသင့်သောအမှုဖြင့် ရှေ့သို့သာ ဆက်တိုး၏။ လူသားသည် သူ့အပေါ် မည်သို့သိသည်ဖြစ်စေ၊ သူ့အပေါ် မည်သို့ထင်မြင်ယူဆသည်ဖြစ်စေ၊ သူ၏အမှုမှာ အလျှင်းထိခိုက်ခြင်းမရှိပေ။ ဥပမာအားဖြင့် ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ခဲ့သည့်အချိန်၌ သူသည် မည်သူဖြစ်ကြောင်းကို အဘယ်သူမျှ တိတိကျကျ သိခဲ့ခြင်းမရှိသော်လည်း၊ သူသည် သူ၏အမှုဖြင့် ရှေ့သို့သာ ဆက်တိုးခဲ့၏။ ဤအရာတို့သည် သူပြုသင့်သောအမှုကို လုပ်ဆောင်ရာ၌ အဟန့်အတား မဖြစ်ခဲ့ပေ။ ထို့ကြောင့် သူသည် သူမည်သူမည်ဝါဖြစ်ကြောင်းကို ကနဦးတွင် ဝန်ခံခြင်း သို့မဟုတ် ကြေညာခြင်း မရှိခဲ့ဘဲ၊ လူတို့အား သူ၏နောက်သို့သာ လိုက်စေခဲ့၏။ ပင်ကိုအားဖြင့် ဤသည်မှာ ဘုရားသခင်၏နှိမ့်ချမှု ဖြစ်ခဲ့ရုံမကဘဲ၊ ယင်းသည် ဘုရားသခင်အနေဖြင့် လူ့ဇာတိ၌ အမှုပြုခဲ့သော နည်းလမ်းလည်း ဖြစ်ခဲ့၏။ သူသည် ဤနည်းဖြင့်သာ အမှုကို ပြုနိုင်ခဲ့၏၊ အကြောင်းမှာ လူသားသည် သာမန်မျက်စိဖြင့် သူ့အား မှတ်မိသိရှိနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် အကယ်၍ လူသားသည် သူ့အား မှတ်မိသိရှိခဲ့လျှင်ပင်၊ သူ၏အမှုအတွက် လူသားသည် ကူညီနိုင်စွမ်း ရှိခဲ့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူသည် လူတို့အနေဖြင့် သူ၏လူ့ဇာတိကို သိလာစေရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ၊ သူ၏အမှုတော်ကို ဆောင်ရွက်ကာ ဖြည့်စွမ်းရန်ပင်ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် သူမည်သူမည်ဝါဖြစ်ကြောင်းကို လူအများသိခြင်းငှာ ပြုလုပ်ခြင်းကို သူအလေးမပေးခဲ့ခြင်းဖြစ်သည်။ သူပြုသင့်သောအမှုအားလုံးကို ပြီးစီးခဲ့သည့်အချိန်၌မူ၊ သူမည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏ဂုဏ်ဒြပ်တို့သည် လူသားတို့အတွက် အလိုလိုပင် ရှင်းလင်းသွားခဲ့၏။ လူ့ဇာတိခံယူသော ဘုရားသခင်သည် နှုတ်ဆိတ်လျက်နေပြီး၊ ထုတ်ဖော်ချက်တစ်စုံတစ်ရာကို မည်သည့်အခါမျှ မပြုပေ။ သူသည် လူသားကိုသော်လည်းကောင်း၊ လူသားအနေဖြင့် သူ၏နောက်သို့လိုက်ရာတွင် မည်သို့ရှိသည်ကိုသော်လည်းကောင်း အရေးစိုက်ခြင်းမရှိဘဲ၊ သူ၏အမှုတော်ကို ဖြည့်စွမ်းရင်း၊ သူပြုသင့်သော အမှုကို လုပ်ဆောင်ရင်းဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူ၏အမှုတော်လမ်းကြောင်း၌ မည်သူမျှ ပိတ်ဆို့နိုင်စွမ်းမရှိပေ။ သူ၏အမှုကို နိဂုံးချုပ်ရန် အချိန်ကျရောက်သည့်အခါ၊ ယင်းအမှုသည် သေချာပေါက် နိဂုံးချုပ်၍ အဆုံးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ မည်သူကမျှ အခြားသောတစ်နည်းဖြင့် ဆုံးဖြတ်ပေးနိုင်မည်မဟုတ်ချေ။ သူ၏အမှုပြီးဆုံး၍ လူသားထံမှ သူထွက်ခွာသွားပြီးမှသာ လူသားသည် အပြည့်အဝ မရှင်းလင်းသေးသော်လည်း၊ သူပြုသောအမှုကို နားလည်လာမည်ဖြစ်သည်။ ထို့အပြင် လူသားအနေဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်က သူ၏အမှုကို စတင်ကာ လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်ကို အပြည့်အဝနားလည်ဖို့ရန် အချိန်ကြာမြင့်ပေလိမ့်မည်။ တစ်နည်းဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ခေတ်ကာလအမှုကို နှစ်ပိုင်းခွဲခြားထား၏။ တစ်ပိုင်းတွင် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် ပြုသည့်အမှုနှင့် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် မိန့်ဆိုသည့် နှုတ်ကပတ်တော်များ ပါဝင်၏။ သူ့လူ့ဇာတိ၏ အမှုတော် လုံးလုံးပြီးမြောက်သည့်အခါ၊ အမှု၏ကျန်အပိုင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသောသူများအားဖြင့် လုပ်ဆောင်ရန် ကျန်ရှိသေး၏။ လူသားအနေဖြင့် သူ၏အလုပ်ကို ကျေပွန်အောင်လုပ်ဆောင်သင့်သည်မှာ ဤအချိန်ပင်ဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လမ်းဖွင့်ပေးနှင့်ပြီဖြစ်ပြီး၊ ယင်းအား လူသားကိုယ်တိုင် လျှောက်လှမ်းရန်သာ လိုအပ်တော့သည်။ တစ်နည်းဆိုရသော် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမှု၏ကနဦးအပိုင်းကို လုပ်ဆောင်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော် သာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသူများသည် ဤအမှုကို ဆက်ခံကြမည်ဖြစ်၏။ ထို့ကြောင့် လူသားသည် ဤအဆင့်၌ လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အရင်းခံအမှုအကြောင်းကို သိသင့်သည်။ ထို့ပြင် လူသားအပေါ်ပြုထားသော တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်ထံ တောင်းဆိုနေမည့်အစား၊ ဘုရားသခင်လူ့ဇာတိခံခြင်း၏ အဓိပ္ပာယ်မှာ မည်သို့ဖြစ်ကြောင်းနှင့် သူပြုသင့်သောအမှုမှာ အဘယ်အရာဖြစ်သည်တို့ကို အတိအကျ နားလည်ရပေမည်။ ဤနေရာတွင် လူသား၏အမှား၊ သူ၏အယူအဆနှင့် ထိုမျှမက သူ၏မနာခံခြင်းတို့ ရှိနေ၏။

၃။ ဘုရားသခင်၏လူ့ဇာတိကို လူတို့သိစေရန် သို့တည်းမဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို လူတို့ခွဲခြားတတ်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးရန် လူ့ဇာတိခံယူခြင်းလည်းမဟုတ်၊ ထို့အပြင် ကြီးစွာသော ဘုန်းထင်ရှားခြင်း ဖြစ်စေရန်အလို့ငှာ၊ လူတို့အား လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရည်ရွယ်ချက်ဖြင့်လည်း ထိုကဲ့သို့ ပြုသည်မဟုတ်ချေ။ ဤအရာတို့သည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချရန်သော်လည်းကောင်း၊ လူသားကို တမင်ရည်ရွယ်ကာ ထုတ်ဖော်ရန်သော်လည်းကောင်း၊ လူသားကို အခက်ကြုံစေရန်သော်လည်းကောင်း လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ကြချေ။ ဘုရားသခင် လူ့ဇာတိခံသည့်အကြိမ်တိုင်းသည် ရှောင်လွှဲ၍မရသော အမှုပုံစံတစ်မျိုးသာ ဖြစ်သည်။ သူ၏ သာ၍ကြီးမားသော အမှုနှင့် သာ၍ကြီးမားသော စီမံခန့်ခွဲမှုအတွက် သူပြုသည့်အတိုင်း သူလုပ်ဆောင်ခြင်းဖြစ်၏၊ လူသားစိတ်ကူးသော အကြောင်းပြချက်များအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သူ့အမှုတော် တောင်းဆိုသည့်အခါမှသာ ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြစ်ပြီး၊ လိုအပ်မှသာ လာခြင်းဖြစ်သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်လည်သွားလာရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမဟုတ်၊ သူပြုသင့်သောအမှုကို လုပ်ဆောင်ရန်အတွက်သာဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ဤအမှုကို လုပ်ဆောင်ရန်အတွက် ထိုမျှလေးလံသောဝန်တစ်ခုကို အဘယ်ကြောင့် လက်ခံ၍၊ အဘယ်ကြောင့် ထိုမျှကြီးမားစွာ အရဲစွန့်မည်နည်း။ ဘုရားသခင်သည် မဖြစ်မနေ ပြုရမည့်အချိန်တွင်သာ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ ထူးခြားသော အဓိပ္ပာယ်သည် အမြဲတွဲလျက်ပါ၏။ အကယ်၍ လူတို့အနေဖြင့် သူ့အားမြင်စေရန်၊ ၎င်းတို့၏အမြင်များကို ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်ခဲ့ပါမူ၊ သူသည် လူတို့ကြားသို့ မည်သည့်အခါမျှ အလွန်ပေါ့တန်စွာဖြင့် ကြွလာမည်မဟုတ်သည်မှာ မုချသေချာလှသည်။ သူသည် သူ၏စီမံခန့်ခွဲမှုနှင့် ပို၍ကြီးမားသော သူ၏အမှုအတွက် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းဖြစ်ကာ၊ ပို၍များသောလူတို့ကို ရရှိနိုင်ရန်အတွက်လည်း ဖြစ်သည်။ သူသည် ခေတ်ကာလကို ကိုယ်စားပြုရန် လာ၏၊ စာတန်ကို အနိုင်ယူရန် လာ၏၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် လူ့ဇာတိဖြင့်လွှမ်းခြုံ၏။ ထိုမျှမက သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ၎င်းတို့၏အသက်တာများအား ရှင်သန်ရာ၌ လမ်းပြရန်အလို့ငှာ ကြွလာခြင်းဖြစ်သည်။ ဤအရာအားလုံးသည် သူ၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ပြီး၊ ယင်းသည်လည်း စကြဝဠာတစ်ခုလုံး၏အမှုနှင့် သက်ဆိုင်၏။ အကယ်၍ ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူတို့မြင်စေရန်နှင့် ၎င်းတို့၏မျက်လုံးများကို ဖွင့်ပေးရုံအတွက်မျှသာ လူ့ဇာတိခံယူခဲ့သည်ဆိုလျှင်၊ သူသည် အဘယ်ကြောင့် တိုင်းနိုင်ငံအားလုံးသို့ မလှည့်လည်ဘဲနေမည်နည်း။ ဤသည်မှာ အလွန့်အလွန် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်သလော။ သို့သော်လည်း သူသည် ထိုကဲ့သို့ မပြုခဲ့ပေ၊ ယင်းအစား အခြေချရန်နှင့် သူပြုသင့်သောအမှုကို စတင်ရန်အတွက် သင့်လျော်သောနေရာတစ်ခုကို ရွေးချယ်ခဲ့၏။ ဤလူ့ဇာတိတစ်ခုတည်းပင်လျှင် လွန်စွာအရေးပါလှ၏။ သူသည် ခေတ်ကာလတစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့၊ ခေတ်ကာလတစ်ခုလုံး၏ အမှုကိုလည်း လုပ်ဆောင်လေသည်။ သူသည် ယခင်ခေတ်ကာလကို အဆုံးသတ်စေသကဲ့သို့၊ ခေတ်ကာလအသစ်ကိုလည်း ဖွင့်လှစ်ပေး၏။ ဤအရာအားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်၏၊ ထို့ပြင် ဘုရားသခင်က ကမ္ဘာမြေကြီးပေါ် လာရောက်၍ လုပ်ဆောင်သော အမှုတော်အဆင့်တစ်ခု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။