သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) (အပိုင်း တစ်)

ဘုရားသခင်အား ယုံကြည်မှုနှင့် ပတ်သက်လာလျှင် သမ္မာကျမ်းစာကို မည်သို့ ချဉ်းကပ် ရမည်နည်း။ ၎င်းသည် အခြေခံကျသည့် မေးခွန်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့ ထိုမေးခွန်းကို ဆွေးနွေးနေကြရသည်မှာ မည်သည့် အကြောင်းကြောင့်နည်း။ အနာဂတ်တွင် သင်တို့သည် ဧဝံဂေလိတရားကို ဖြန့်ကြက်ပေးရင်း ဘုရားသခင်၏ နိုင်ငံတော်ခေတ်ကို တိုးချဲ့ပေးရမည်ဖြစ်၍၊ ဘုရားသခင်၏ ယနေ့အမှုတော်အကြောင်းကို ပြောကြားမှု သက်သက်သည် မလုံလောက်တော့၍ ဖြစ်သည်။ ဘုရားသခင်၏ အမှုကို တိုးချဲ့ပေးရန်အတွက်၊ သင်တို့သည် လူတို့၏ ဘာသာရေး အယူအဆဟောင်းများနှင့် ယုံကြည်မှု နည်းဟောင်းများကို ဖြေရှင်းပေးပြီး သူတို့ကို လုံးဝ လက်ခံယုံကြည်လျက် ကျန်ရစ်စေရန် ပိုအရေးကြီးသည်— ထိုအဆင့် ရောက်ရန် သမ္မာကျမ်းစာ ပါဝင်လာသည်။ နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖေါ်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့က သခင်ကို ယုံကြည်သည်နှင့် တစ်ပြိုင်နက် သမ္မာကျမ်းစာကို စတင်ဖတ်ကြားပြီး၊ သမ္မာကျမ်းစာကို အာဂုံဆောင်ကြသည်၊ ပြီးလျှင် သမ္မာကျမ်းစာကို အာဂုံဆောင်လာနိုင်လေလေ၊ သူတို့သည် သခင်ကို ချစ်ကြကြောင်းနှင့် ဧရာမယုံကြည်သူများ ဖြစ်ကြကြောင်း သက်သေပြနိုင်လေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြပေးနိုင်သူအားလုံးတို့သည် သူကောင်း ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ ဤနှစ်များအားလုံးအတွင်း၊ လူတို့၏ သခင်အပေါ် ယုံကြည်မှုနှင့် သစ္စာရှိမှုကို သူတို့ သမ္မာကျမ်းစာကို သိရှိ နားလည်မှု ပမာဏဖြင့် တိုင်းတာခဲ့ကြသည်။ လူအများစုက သူတို့ မည်သည့် အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်သင့်သည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း နားမလည်ကြဘဲ၊ သမ္မာကျမ်းစာ၏ အခန်းကြီးများကို အဓိပ္ပာယ်ဖွင့်ပေးရန် သဲလွန်စများကို မမြင်မကန်း ရှာသည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ ဦးတည်ရာလမ်းကြောင်းကို မည်သည့်အခါကမျှ မလိုက်ခဲ့ကြပေ၊ ကာလတစ်လျှောက်လုံး၌ ထိုသူတို့သည် သမ္မာကျမ်းစာကို အသည်းအသန် လေ့လာစူးစမ်းမှု မှလွဲပြီး မည်သည့်အရာမျှ မပြုခဲ့ပေ၊ ထို့အပြင်၊ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍သစ်သော လုပ်ဆောင်ချက်ကို မည်သူမျှ မည်သည့်အခါကမျှ ရှာမတွေ့ခဲ့ပေ၊ မည်သူမျှ သမ္မာကျမ်းစာမှ မသွေဖည်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာမှ သွေဖည်ဝံ့ခြင်းလည်း မရှိခဲ့ပေ။ လူတို့သည် ထိုနှစ်များအတွင်း သမ္မာကျမ်းစာကို လေ့လာခဲ့ကြသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို စိတ်ကူးခဲ့ကြလျက် များစွာ ကြိုးစား အားထုတ်ခဲ့ကြသည်။ သမ္မာကျမ်းစာနှင့် ပတ်သက်၍ သဘောထား ကွဲလွဲချက်များလည်း အများအပြားရှိကြပြီး၊ ၎င်းတို့ကို မဆုံးနိုင်အောင် ငြင်းခုံနေကြသည်မှာ ယနေ့တွင် ဘာသာရေး ဂိုဏ်းဂဏပေါင်း နှစ်ထောင်ကျော်ပင် ဖွဲ့စည်းထူထောင် ထားခဲ့ပြီးသည်အထိ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူး ရှင်းလင်းချက်အချို့ကို သို့မဟုတ် ပို၍ နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ဆန်းကြယ်သည့် အချက်များကို ရှာကြံလိုကြပြီး၊ ၎င်းကို စူးစမ်းလေ့လာလိုကာ၊ ၎င်းအထဲတွင် ယေဟောဝါ၏ ဣသရေလနိုင်ငံထဲက လုပ်ဆောင်ချက်၊ သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၊ သို့မဟုတ် အခြား မည်သူမျှ မသိသေးသည့် လျှို့ဝှက်ဆန်းကြယ်သည့် နောက်ထပ်အချက်များကို ရှာဖွေလိုကြသည်။ သမ္မာကျမ်းစာအား လူတို့၏ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှုနှင့် ယုံကြည်မှုသာရှိပြီး၊ သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်း သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမျှ လုံးဝ ရှင်းလင်းစွာ မသိနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖေါ်ပြမရနိုင်အောင် အံ့သြရသည့် ခံစားချက်ရှိနေဆဲဖြစ်ပြီး သူတို့သည် သမ္မာကျမ်းစာကို ပို၍ပင် စွဲလမ်းနေကြပြီး ယုံကြည်နေကြသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသောကာလ အမှုတော်၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလအတွက် မည်သည့် နိမိတ်လက္ခဏာများ ရှိကြသည် ဆိုသည်ကို ၎င်းတို့က သိလိုကြသည်။ ဤနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ ပို၍ နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည့်အရာများကို အကျိုးအကြောင်းမဲ့စွာ ပို၍ လက်ခံယုံကြည်လာလေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုကဲ့သို့ အားကိုးခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မရှာဖွေလိုတော့ပေ။ လူတို့၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်၊ ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင်၏ အမှု၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့် ဘုရားသခင် အမှု အလုံးစုံကို ရှင်းလင်းပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ အမှုကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်သည်၊ ထို့အပြင် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤအယူအဆများကြောင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့်၊ အတိတ်ကာလများက လူတို့ကို သမ္မာကျမ်းစာက မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသောအမှုအတွက် အတားအဆီး တစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာ မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အခြားတစ်နေရာမှာ ရှာနိုင်ကြမည် ဖြစ်သော်လည်း၊ ယနေ့တွင် ဘုရားသခင်၏ ခြေလှမ်းများကို သမ္မာကျမ်းစာက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို တိုးချဲ့ခြင်းသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက်၊ လေထန်ရေဆန် ရုန်းကန်ရမှုတစ်ခု ဖြစ်တော့သည်။ အားလုံး ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။ သို့ဖြစ်၍ သင်တို့သည် သမ္မာကျမ်းစာထဲက အတွင်းဇာတ်လမ်းကို နားမလည်ပါက၊ သင်တို့သည် ဧဝံဂေလိတရားကို အောင်မြင်စွာ ဖြန့်ဝေနိုင်မည် မဟုတ်သကဲ့သို့၊ အမှုသစ်ကို သက်သေခံနိုင်စွမ်းလည်း ရှိမည် မဟုတ်ပေ။ ယနေ့တွင် သင်တို့သည် သမ္မာကျမ်းစာကို မဖတ်ရှုကြသော်လည်း၊ သင်တို့သည် ၎င်းကို လွန်စွာ ကြည်ကြည်သာသာ ရှိဆဲ ဖြစ်သည်၊ ဆိုလိုသည်မှာ၊ သမ္မာကျမ်းစာသည် သင်တို့ လက်ထဲမှာ ရှိချင်မှရှိနိုင်သော်လည်း၊ သင်တို့၏ အယူအဆ အများအပြားမှာမူ ၎င်းထဲမှနေပြီး လာခြင်း ဖြစ်သည်။ သင်တို့သည် သမ္မာကျမ်းစာ၏ ဇာစ်မြစ်ကို သို့မဟုတ် ဘုရားသခင်၏ ယခင် အမှုတော်အဆင့်နှစ်ခုနှင့် သက်ဆိုင်သည့် အတွင်းဇာတ်လမ်း အကြောင်းကို နားမလည်ကြပေ။ သင်တို့သည် သမ္မာကျမ်းစာကို မကြာခဏ မဖတ်သည့်တိုင်၊ သမ္မာကျမ်းစာကို နားလည်ကြရမည်၊ သင်တို့သည် သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာများကို ရယူရမည်၊ ဤနည်းလမ်းဖြင့်သာလျှင် သင်တို့သည် ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ဆိုသည်မှာ အဘယ်အရာ ဆိုသည်ကို သိနိုင်မည်ဖြစ်သည်။ သင်တို့သည် လူတို့ကို သိမ်းသွင်းစည်းရုံးရန် အတွက်၊ ဤရေစီးကြောင်းသည် စစ်မှန်သည့်လမ်းခရီး ဖြစ်ကြောင်းကို သူတို့ ဝန်ခံကြရေးအပြင်၊ ယနေ့ သင်လျှောက်နေသည့် လမ်းခရီးသည် သမ္မာတရား၏ လမ်းကြောင်း ဖြစ်လျက်၊ ၎င်းကို သန့်ရှင်းသော ဝိညာဉ်တော်မှ လမ်းညွှန်ပေးနေခြင်း ဖြစ်ပြီး မည်သည့်လူသားကမှ ၎င်းကို စတင်ခဲ့ခြင်း မရှိကြောင်းကို သူတို့ လက်ခံလာရေးအတွက်၊ ယင်းအချက်များကို သင်အသုံးပြုလိမ့်မည်။

ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့ကြသည်။ ယေရှု ကြွလာပြီးနောက် သူက ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ခဲ့ပြီး၊ သူ့တမန်တော်များက ဓမ္မသစ်ကျမ်းကို ရေးသားခဲ့ကြသည်။ ထိုသို့ဖြင့် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းတို့ ထွက်ပေါ်လာပြီး၊ ယနေ့တိုင်အောင်ပင် ဘုရားသခင်ကို ယုံကြည်သူများအားလုံးက သမ္မာကျမ်းစာကို ဖတ်နေခဲ့ကြသည်။ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ၎င်း၌ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုသို့သော ဟောကြားချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ပေ။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်သည်— ၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ ဩဝါဒစာများသာ ပါခဲ့သည် မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ အပိုင်းမည်မျှ ပါဝင်သည်ကို သင်တို့ သိရှိကြရမည်၊ ဓမ္မဟောင်းကျမ်းထဲ၌ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း … စသဖြင့် ပါဝင်ပြီး ပရောဖက်များက ရေးသားသည့် အနာဂတ္တိကျမ်းများလည်း ရှိသေးသည်။ အဆုံးတွင်၊ ဓမ္မဟောင်းကျမ်းကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားသည်။ ၎င်းသည် ယေဟောဝါမှ ဦးဆောင်ခဲ့သည့် ပညတ်တော်ခေတ်၏ အမှုကို မှတ်တမ်းတင်ထားသည်၊ ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ အမှုအားလုံး၏ ပြည့်စုံသော မှတ်တမ်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှုကို ခံယူခဲ့ကြသည့်လူများ ကြုံတွေ့ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်းတင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ—ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကာလက ပရောဖက်များသည် ယေဟောဝါ၏ စေ့ဆော်ပေးခြင်းခံခဲ့ရပြီး အချို့သော ပရောဖက်ပြုချက်များကို ပြောကြားခဲ့သည်၊ ၎င်းတို့သည် စကားအများအပြား ပြောကြားခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများအပြင် ယေဟောဝါမှ လုပ်ဆောင်ရန် စီမံထားသည့် နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ဖျက်ဆီးမှု အကြောင်းကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် ပြုခဲ့သည့်အမှုကို မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍၊ သင်တို့ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ၊ သင်တို့သည် ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည့်အရာများကို အဓိကအားဖြင့် ဖတ်နေခြင်း ဖြစ်၏၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းမှာ ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ အမှု၊ ဣသရေလ အမျိုးသားတို့ကို ဖါရောဘုရင်၏ သံခြေကျင်းများကို ဖယ်ရှားပေးလျက် တောထဲသို့ လမ်းပြရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်ပြည်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းနောက်အားလုံးက ခါနာန်ပြည်ရှိ သူတို့၏ ဘဝအကြောင်းကို အဓိကအားဖြင့် မှတ်တမ်းတင်ထားလေသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံတစ်ဝန်းလုံးတွင် ယေဟောဝါ၏ အမှုများ၏ မှတ်တမ်းများ စုစည်းထားခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာအားလုံးသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှု၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည့် ပြည်ထဲက ယေဟောဝါ ပြုခဲ့သည့် အမှုဖြစ်သည်။ ဘုရားသခင်က နောဧနောက်ပိုင်း ကမ္ဘာပေါ်ရှိ လူများကို တရားဝင် စတင်ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလနိုင်ငံက အမှုဖြစ်သည်။ ဣသရေလနိုင်ငံပြင်ပက အမှုတစ်ခုကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဣသရေလပြည်သည် လူသားမျိုးနွယ် အစပျိုးရာအရပ် ဖြစ်၍ ဖြစ်သည်။ အစအဦးတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပေ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာတွင် အမှုမပြုခဲ့ပေ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ…သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် မရှိမီ ဖြစ်ပေါ်ခဲ့သော်လည်း၊ ကမ္ဘာဦးကျမ်းသည် လူသားမျိုးနွယ် ပေါ်လာခဲ့သည့် နောက်မှသာပေါ်လာခဲ့၏၊ ယင်းသည် မောရှေက ပညတ်တော်ခေတ်ထဲတွင် ရေးခဲ့သည့် ကျမ်းတစ်အုပ် ဖြစ်သည်။ ၎င်းမှာ သင်တို့အကြား ယနေ့ဖြစ်ပျက်သည့် အရာများနှင့် တူသည်- ၎င်းတို့ဖြစ်ပျက်သွားသည့် နောက်၊ အနာဂတ်တွင် လူများကို ပြသပေးရန် သင်တို့သည် ထိုအရာများကို ချရေးကြသည်၊ အနာဂတ်ထဲက လူများအတွက်မူ၊ သင် မှတ်တမ်းတင်ထားလိုက်သည့် အရာများက အတိတ်ကာလများတုန်းက ဖြစ်ပျက်ခဲ့သည့် အရာများ ဖြစ်သည်— ၎င်းတို့သည် သမိုင်းသက်သက်ပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ မှတ်တမ်းတင်ထားသည့် အရာများသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာမှာ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏အမှု ဖြစ်သည်၊ ၎င်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်၌ ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုကို မှတ်တမ်းတင်ထားကြ၏။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်၏၊ ထို့ကြောင့် ဓမ္မဟောင်းကျမ်းက သမိုင်းဝင်စာအုပ် ဖြစ်သော်လည်း၊ ဓမ္မသစ်ကျမ်းကမူ ကျေးဇူးတော်ခေတ် အမှု၏ ရလဒ်ဖြစ်သည်။ အမှုအသစ်ကို စတင်သည့်အခါ၊ ဓမ္မသစ်ကျမ်းသည်လည်း ခေတ်ဟောင်းသွားခဲ့၏— သို့ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်လည်း သမိုင်းဝင်စာအုပ်တစ်အုပ် ဖြစ်၏။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ စနစ်မကျသကဲ့သို့၊ အရာများစွာကိုလည်း ဓမ္မဟောင်းကျမ်းလောက် မှတ်တမ်းမတင်ထားသည်မှာ မှန်ပေသည်။ ယေဟောဝါ မိန့်ကြားခဲ့သည့် နှုတ်ကပတ်တော်များအားလုံးကို သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသော်လည်း၊ ယေရှု၏နှုတ်ကပတ်တော် အချို့တို့ကိုသာ ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားသည်။ ယေရှုသည်လည်း အမှုများစွာ လုပ်ဆောင်ခဲ့သည်မှာ မှန်၏၊ သို့သော်လည်း၊ ၎င်းတို့ကို အသေးစိတ် မှတ်တမ်းမတင်ထားခဲ့ပေ။ ဓမ္မသစ်ကျမ်းထဲတွင် ထိုသို့ မှတ်တမ်းတင်မှု နည်းနေခြင်းမှာ ယေရှုလုပ်ဆောင်ခဲ့သည့် အမှု၏ ပမာဏကြောင့် ဖြစ်သည်၊ သုံးနှစ်ခွဲကြာ ကာလအတွင်း ကမ္ဘာကြီးပေါ်မှာ ယေရှုလုပ်ခဲ့သည့် အမှုပမာဏနှင့် တမန်တော်များ လုပ်ခဲ့ကြသည့် အမှုပမာဏမှာ ယေဟောဝါ၏ အမှုထက် များစွာမှ နည်းပါးခဲ့သည်။ သို့ဖြစ်သောကြောင့်၊ ဓမ္မသစ်ကျမ်းတွင်ဓမ္မဟောင်းကျမ်းထက် ကျမ်းစာအုပ်များ ပိုနည်းခြင်း ဖြစ်သည်။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။