မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ် (အပိုင်း နှစ်)

သင်သည် မိမိကိုယ်ကိုယ် အနည်းငယ် သိရှိရန် သင်ယူသင့်သည်။ သင့်ကိုယ်သင် အလွန် အထင်မကြီးလေနှင့်၊ ပြီးလျှင် ကောင်းကင်ဘုံသို့ သွားခြင်းငှာ စိတ်ကူးမယဉ်လေနှင့်- ကမ္ဘာမြေပေါ်တွင် သိမ်းပိုက်ခံရရန်သာ တာဝန်ကျေစွာ ကြိုးစားလော့။ မတည်ရှိသည့် လက်တွေ့မကျသော ဤစိတ်ကူးများကို မစဉ်းစားလေနှင့်။ တစ်စုံတစ်ဦးက အောက်ပါအတိုင်း ပြောပါက၊ ဤသည်တို့မှာ ဆုံးဖြတ်ချက်နှင့် အားမာန်ပါရှိသော လူတစ်ဦး၏ စကားလုံးများ ဖြစ်သည်- “ကျွန်ုပ်သည် မောဘ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်အတွက် ကြိုးပမ်းရန် လိုလားနေပါသည်။ ကျွန်ုပ်၏ ယခင် ဘိုးဘေးအဟောင်းကို ကျွန်ုပ်ကျောခိုင်းမည်။ သူသည် ကျွန်ုပ်ကို မွေးဖွားခဲ့ပြီး ကျွန်ုပ်အပေါ် နင်းခြေခဲ့သကဲ့သို့၊ ယခုထိတိုင် မှောင်မိုက်ထဲ၌ ကျွန်ုပ် အသက်ရှင်နေခဲ့သည်။ ယနေ့တွင် ဘုရားသခင်သည် ကျွန်ုပ်ကို လွတ်မြောက်စေခဲ့ပြီး ကျွန်ုပ်သည် နောက်ဆုံးတွင် ကောင်းကင်နေမင်းကို မြင်တွေ့ရလေပြီ။ ဘုရားသခင်၏ ဖော်ထုတ်ခံရခြင်းမှတစ်ဆင့်၊ ကျွန်ုပ်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး ဖြစ်သည်ကို နောက်ဆုံးတွင် တွေ့မြင်ရလေပြီ။ ယခင်က ကျွန်ုပ်သည် သတိမမူဘဲ ရှိခဲ့ပြီး၊ ကျွန်ုပ်သည် အိုမင်းသော စာတန်၏ မျက်စိကန်းစေခြင်းကို ခံခဲ့ရသည့်အတွက် မြောက်မြားလှစွာသော အမှုတို့ကို ဘုရားသခင် ပြုပြီးဖြစ်သည်ကို ကျွန်ုပ်မသိခဲ့ပေ။ ကျွန်ုပ်သည် ယင်းကို ကျောခိုင်းကာ လုံးဝ အရှက်ခွဲလိုက်မည်။” ထို့ကြောင့် သင်တို့သည် ထိုသို့သော စိတ်ဆုံးဖြတ်ချက် ရှိကြသလော။ သင်တို့အသီးသီးသည် လူသားတစ်ဦးနှင့် တူသော်လည်း၊ မည်သူမဆိုထက် ပို၍လျင်မြန်စွာ တစ်စစီပြိုလဲတတ်ကြပြီး သင်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ စိတ်ထိခိုက်အလွယ်ဆုံးသော သူများဖြစ်သည်။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုလျှင်ဆိုချင်း၊ သင်တို့၏ နှုတ်ခမ်းစူလျက် ပါးစပ်များမဲ့ရွဲ့ကြသည်။ ဤသည်မှာ ဝက်တစ်ကောင်၏ စိတ်သဘောထားဖြစ်သည် မဟုတ်လော။ သင်တို့သည် အသုံးမကျကြပေ။ သင်တို့သည် သင်တို့၏ အသက်များကို ကျော်ကြားမှုနှင့် ဥစ္စာဓနအတွက် စွန့်လွှတ်ကြပေမည်။ သင်သည် မောဘ၏သားစဉ်မြေးဆက် တစ်ဦး မဖြစ်ရန် ဆန္ဒရှိသော်လည်း၊ ယင်းသည် သင် ဖြစ်နေသေအရာ မဟုတ်လော။ သင် ဖြစ်နေသည်ဟု ယနေ့ ငါပြောနေခြင်းဖြစ်ပြီး၊ ထိုအရာကို သင် လက်ခံရမည် ဖြစ်သည်။ ငါသည် အမှန်တရားကို ဆန့်ကျင်ကာ မပြောဆိုပေ။ လူအချို့သည် ဤအရာကြောင့် အပျက်သဘောဆောင်ကြသော်လည်း၊ အပျက်သဘောဆောင်ဖို့ မည်သည့်အရာ ရှိသနည်း။ သင်သည် အဆင်းနီသောနဂါးကြီး၏ သားသမီးတစ်ဦးလည်း ဖြစ်သည် မဟုတ်လော။ သင်သည် မောဘ၏သားစဉ်မြေးဆက် တစ်ဦးဖြစ်သည်ဟု ဆိုရန်မှာ မတရားသလော။ သင်အသက်ရှင် နေထိုင်နေသည့် အရာကို နှံ့နှံ့စပ်စပ် တစ်ချက်ကြည့်လော့။ သင်၏ဦးခေါင်းမှ ခြေအထိ ချီးကျူးထိုက်သောအရာ တစ်ခုမျှ မရှိပေ။ ကာမဂုဏ်လွန်ကျူးခြင်း၊ ညစ်ညူးခြင်း၊ ကျိုးကြောင်း မမြင်ခြင်း၊ ခုခံခြင်း၊ ပုန်ကန်ခြင်း- ဤအရာများအားလုံးသည် သင်၏ စိတ်သဘောထား၏ အစိတ်အပိုင်းများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ကာမဂုဏ် လွန်ကျူးသော တိုင်းပြည် တစ်ပြည်တွင် အစဉ်အမြဲ အသက်ရှင်ပြီး၊ သင်မပြုခဲ့သော မကောင်းမှုဟူ၍ မရှိပေ။ သင်သည် မယုံနိုင်လောက်အောင် သန့်ရှင်းသည်ဟု သင်ထင်သည်။ သင် လုပ်ဆောင်ခဲ့သောအရာတို့ကို ကြည့်လော့၊ ပြီးလျှင် သင်သည် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရနေဆဲ ဖြစ်သည်။ ချီးကျူးထိုက်သည့် မည်သည့်အရာကို သင် လုပ်ဆောင်ပြီးပြီနည်း။ သင်တို့သည် သားရဲများကဲ့သို့ ဖြစ်ကြ၏။ သင်၌ လူ့သဘာဝ မရှိ။ သင်တို့သည် တိရစ္ဆာန်များဖြင့် ပေါင်းဖော်ကြပြီး၊ ဆိုးယုတ်မှု၊ ကာမဂုဏ်လွန်ကျူးသော စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ အသင်လူတို့သည် မည်မျှချို့တဲ့ကြသနည်း။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများဖြစ်သည်ကို သင်တို့ သဘောတူလက်ခံကြပြီး၊ အစေခံခြင်းကို လုပ်ဆောင်ဖို့ သင်တို့ လိုလားနေကြသော်လည်း၊ နောက်ပိုင်းတွင် သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုသည့်အခါ သင်တို့ အပျက်သဘောဆောင်လာကြသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည် မဟုတ်သလော။ ယင်းမှာ သင်သည် သင်၏ မိခင်နှင့် ဖခင်တို့မှ မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်- ၎င်းတို့ မည်မျှပင် ဆိုးကြပါစေ၊ သင်သည် ၎င်းတို့မှ မွေးဖွားသူ ဖြစ်နေဆဲဖြစ်သည်။ သင်သည် မွေးစားမိခင်တစ်ဦးကို ရှာတွေ့ပြီး သင်၏ အိမ်ကို စွန့်ခွာလျှင်ပင်၊ သင်သည် သင်၏ မူလမိဘများ၏ သားသမီး ဖြစ်နေဆဲ မဟုတ်သော။ ယင်းအချက်ကို ပြောင်းလဲနိုင်သလော။ ငါသည် သင့်ကို မောဘ၏ သားစဉ်မြေးဆက်တစ်ဦးအဖြစ် အကြောင်းရင်းမရှိဘဲ နာမည်တပ်ဖူးသလော။ လူအချို့က၊ “ကျွန်ုပ်ကို အခြားတစ်စုံတစ်ရာ ခေါ်ဆို၍မရနိုင်သလော” ဟု ဆိုကြသည်။ ငါပြောမည်- “သင့်ကို အဖြည့်ခံဟု ခေါ်လျှင်ကော။” ၎င်းတို့သည် အဖြည့်ခံများလည်း မဖြစ်လိုကြချေ။ ထိုသို့ဆိုပါက သင်သည် မည်သည့်အရာဖြစ်ဖို့ လိုလားလျက်ရှိသနည်း။ အဖြည့်ခံများ၊ အစေခံသူများ- ဤသည်တို့မှာ သင်တို့၏ ဖြစ်နေသည့်အရာ မဟုတ်သလော။ အခြားမည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ သင်သည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် မွေးဖွားသည့် လူတစ်ဦး ဖြစ်သည် မဟုတ်သလော။ သင်သည် ဒါဝိဒ်၏ သားသမီးတစ်ဦး ဖြစ်သည်ဟု မည်သို့ဆိုပါစေ၊ ယင်းသည် အမှန်တရားများနှင့် ကိုက်ညီခြင်း မရှိပေ။ ဤသည်မှာ သင်ကိုယ်တိုင်အတွက် သင်ရွေးချယ်သော အရာတစ်စုံတစ်ခု ဖြစ်သလော။ သင်သည် မိမိကိုယ်ကိုယ်အတွက် သင်ကြိုက်နှစ်သက်သည့် လှပသော နာမည်တစ်ခုခုကို ရွေးချယ်နိုင်သလော။ ဆိုခဲ့သည့် အဆင်းနီသောနဂါးကြီး၏ သားသမီးများမှာ ဖောက်ပြန်ပျက်စီးသော လူများဖြစ်သည့် သင်တို့ဖြစ်သည် မဟုတ်လော။ အစေခံများအနေနှင့်မူ- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော လူများဖြစ်သည့် သင်တို့ဖြစ်သည် မဟုတ်သလော။ ဖော်ပြခဲ့သည့် သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သော နမူနာများနှင့် စံပြများ- ၎င်းတို့သည်လည်း အသင်လူများ ဖြစ်သည်မဟုတ်လော။ စုံလင်စေခြင်း လမ်းကြောင်းမှာ သင်တို့အတွက် ပြောဆိုထားခြင်းဖြစ်သည် မဟုတ်သလော။ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခြင်း ခံခဲ့ရသူတို့မှာ အသင်လူတို့ဖြစ်ကြသည်။ နောက်ပိုင်းတွင် စုံလင်စေခြင်း ခံရမည့်သူတို့မှာ သင်တို့အထဲမှ အချို့ဖြစ်ကြလိမ့်မည် မဟုတ်လော။ ဤအမည်နာမသည် အရေးပါသေးသလော။ သင်တို့သည် အလွန် အသိစိတ် ကင်းမဲ့ကြ၏။ ထိုသို့ အရေးမပါသောအရာတစ်ခုကိုပင် သင်တို့ ရှင်းလင်းစွာ မမြင်နိုင်ကြသလော။ မည်သူသည် မည်သူမှ ဆင်းသက်သည်ကို သင် မသိသော်လည်း၊ ငါ့အဖို့ ထိုအရာသည် ရှင်းလင်းပြီး၊ ငါသည် သင်တို့ကို ပြောနေ၏။ ယနေ့ ထိုအရာကို သတိပြုနိုင်ခြင်းသည် ကောင်းပေ၏။ အလွန်နိမ့်ကျသည်ဟု အမြဲ မခံစားလေနှင့်။ သင် အပျက်သဘောဆောင်ပြီး နောက်ပြန်ဆုတ်လေလေ၊ သင်သည် စာတန်၏ကလေး ဖြစ်သည်ကို သက်သေပြလေလေ ဖြစ်သည်။ ဓမ္မသီချင်းများကို သင် ၎င်းတို့အား နားထောင်စေသည့်အခါ၊ “မောဘ၏ သားစဉ်မြေးဆက်များသည် ဓမ္မသီချင်းများကို နားထောင်၍ ရသလော။ ကျွန်ုပ် နားမထောင်ပါ။ ကျွန်ုပ် အရည်အချင်း မပြည့်မီပါ” ဟု ဆိုသောသူအချို့ ရှိလေသည်။ သင်သည် ၎င်းတို့ကို သီဆိုစေပါက၊ ၎င်းတို့က၊ “မောဘ၏သားစဉ်မြေးဆက်များ သီချင်းဆိုပါက၊ ဘုရားသခင်က နားထောင်ရန် လိုလားလျက် ရှိပါသလော။ ဘုရားသခင်သည် ကျွန်ုပ်ကို အလွန် မုန်းတီးတော်မူ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်သို့သွားရန် အလွန်ရှက်မိပြီး သူ့အတွက် သက်သေမခံနိုင်ပါ။ ကျွန်ုပ်သည် တကယ်ကို သီချင်းဆိုမည် မဟုတ်ပါ၊ ဘုရားသခင်က ကြားသည့်အခါ အမျက်ထွက်မည်စိုး၍ ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ ထိုအရာကို ကိုင်တွယ်ဖြေရှင်းဖို့ အပျက်သဘောဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ သင်သည် ကာမဂုဏ်လွန်ကျူးသော တိုင်းပြည်တစ်ပြည်၌ မွေးဖွားခဲ့ပြီး၊ သင်သည် အဆင်းနီသောနဂါးကြီး၏ သားသမီးတစ်ဦး၊ မောဘ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သည်။ သင်၏ ယခင် ဘိုးဘေးအဟောင်းနှင့် အိုမင်းသော စာတန်ကို သင် ကျောခိုင်းသင့်သည်။ ထိုသို့လုပ်ဆောင်သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတစ်ဦး ဖြစ်၏။

အစအဦး၌ ငါသည် သင်တို့ကို ဘုရားသခင်၏ လူမျိုးနေရာ ပေးခဲ့ချိန်တွင်၊ သင်တို့သည် အခြားမည်သူမဆိုထက် သာ၍ ကြီးမားသော ဝမ်းမြောက်မှုဖြင့် မြူးထူးခုန်ပေါက်ခဲ့ကြသည်။ သို့သော် သင်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ငါပြောလျှင်ပြောချင်း၊ သင်တို့ မည်ကဲ့သို့ ဖြစ်ခဲ့ကြသနည်း။ သင်တို့အားလုံး တစ်စစီ ပြိုလဲကုန်သည်။ သင်တို့၏ ဝိညာဉ်အသက်တာမှာ အဘယ်မှာနည်း။ သင်တို့၏ နေရာနှင့်ဆိုင်သော အမြင်မှာ အလွန် အားကောင်းလွန်းသည်။ လူအများစုသည် မိမိတို့ကိုယ်ကိုယ် မထူမနိုင်ကြချေ။ အချို့တို့သည် စီးပွားရေးလုပ်ဖို့ သွားကြပြီး၊ အချို့တို့သည် အလုပ်သွားကြ၏။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ဟု ငါပြောလျှင်ပြောချင်း သင်တို့အားလုံး အဝေးသို့ ထွက်ပြေးလိုကြသည်။ ဤသည်မှာ သင်တို့ တစ်နေ့လုံး ဟစ်ကြွေးသည့် ဘုရားသခင်အတွက် သင်တို့၏ သက်သေခံချက်လော။ စာတန်သည် ဤနည်းဖြင့် ယုံကြည် လက်ခံလိမ့်မည်လော။ ဤသည်မှာ ရှက်စိတ်၏ အမှတ်အသား တစ်ခု မဟုတ်လော။ သင်တို့ကို ပိုင်ဆိုင်ခြင်းသည် အဘယ် အသုံးဝင်သနည်း။ သင်တို့အားလုံးသည် အမှိုက်သရိုက် ဖြစ်ကြ၏။ အလွန် မတရားခံခဲ့ရသည်ဟု သင်တို့ ခံစားရဖို့ မည်သည့် ဒုက္ခဆင်းရဲမျိုးကို သင်တို့ ခံရပ်ခဲ့ကြရပြီးပြီနည်း။ ဘုရားသခင်က သင်တို့ကို အတိုင်းအတာတစ်ခုအထိ ညှဉ်းပန်း ပြီးသည်နှင့်တစ်ပြိုင်နက်၊ သူသည် သင့်ကို ရှုတ်ချဖို့ ရည်ရွယ်လျက် လာခဲ့သည့်အလား သူ ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး၊ သင့်ကို ရှုတ်ချကာ ဖျက်ဆီးပြီးနောက်၊ သူ၏ အမှုပြီးဆုံးမည်ဟု သင်တို့ ထင်ကြသည်။ ယင်းမှာ ငါပြောခဲ့သောအရာလော။ သင်တို့၏ မျက်စိကန်းခြင်းကြောင့် ထိုသို့ သင်တို့တွေးထင်ကြသည် မဟုတ်လော။ ယင်းမှာ သင်တို့ကိုယ်တိုင်သည် ကောင်းစွာ လုပ်ဆောင်ရန် မကြိုးပမ်းခြင်းလော၊ သို့မဟုတ် သင်တို့ကို ငါတမင်တကာ ရှုတ်ချခြင်းလော။ ငါသည် ထိုအရာကို မည်သည့်အခါမျှ မလုပ်ဆောင်ဖူးပေ- ယင်းသည် သင်တို့ကိုယ်တိုင် ကြံဆခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် ဘယ်သောအခါမျှ ငါ အမှုပြုသည့်ပုံ လုံးဝ မဟုတ်သကဲ့သို့ ငါသည် ထိုရည်ရွယ်ချက်လည်း မရှိပေ။ သင်တို့ကို ငါ အမှန်တကယ် ဖျက်ဆီးလိုခဲ့ပါက၊ ထိုသို့သော ဆင်းရဲဒုက္ခခံရန် လိုအပ်မည်လော။ သင်တို့ကို ငါတကယ်ဖျက်ဆီး လိုခဲ့ပါက၊ သင်တို့ကို ငါအလွန်လေးနက်စွာ စကားပြောရန် လိုအပ်မည်လော။ ငါ၏ အလိုမှာ ဤသို့ဖြစ်သည်- သင်တို့ကို ငါကယ်တင်ပြီးသည့် အချိန်သည်၊ ငါအနားယူနိုင်သည့် အချိန် ဖြစ်လိမ့်မည်။ လူတစ်ဦးသည် နိမ့်ကျလေလေ၊ ၎င်းတို့သည် ငါ၏ကယ်တင်ခြင်း ခံရသည့်အရာ ဖြစ်လေလေ ဖြစ်သည်။ သင်တို့သည် ပို၍ တက်ကြွစွာ ဝင်ရောက်နိုင်လေလေ ငါသည် သာ၍ပျော်လေလေ ဖြစ်မည်။ သင်တို့ တစ်စစီပြိုလဲလေလေ ငါ ဝမ်းနည်းလေလေ ဖြစ်သည်။ သင်တို့သည် အမြဲ ဟန်ပါပါလျှောက်ပြီး ပလ္လင်ကို အရယူလိုကြသည်- ငါ သင်တို့ကို ပြောမည်- ယင်းသည် သင်တို့ကို ညစ်ညူးခြင်းမှ ကယ်တင်သော လမ်းကြောင်း မဟုတ်။ ပလ္လင်ပေါ်တွင် ထိုင်ခြင်းတည်းဟူသော စိတ်ကူးသည် သင်တို့ကို မစုံလင်စေနိုင်။ ယင်းမှာ လက်တွေ့မကျပေ။ သင်သည် မောဘ၏ သားစဉ်မြေးဆက် တစ်ဦး ဖြစ်သည်ဟု ငါဆို၏၊ ထို့ကြောင့် သင် မပျော်ရွှင်ပေ။ သင်က၊ “ကိုယ်တော်သည် ကျွန်ုပ်ကို အနက်ဆုံးသောတွင်းထဲသို့ သွားစေပါက၊ ကိုယ်တော့်အတွက် ကျွန်ုပ် သက်သေခံမည် မဟုတ်ပါ၊ သို့မဟုတ် ကိုယ်တော့်အတွက် ဒုက္ခဆင်းရဲခံမည် မဟုတ်ပါ” ဟု ဆိုသည်။ ထိုသို့ သင်၏ လုပ်ဆောင်ခြင်းသည် ငါ့ကို ဆန့်ကျင်နေခြင်းတွင် ရှိသည် မဟုတ်လော။ ဤအရာကို လုပ်ဆောင်ခြင်းက သင့်ကို အကျိုးပြုမည်လော။ ငါသည် သင့်ကို အလွန်များလှသော ကျေးဇူးတော်ကို ပေးပြီးလေပြီ- သင်မေ့လျော့လေပြီလော။ ချစ်တတ်သော မိခင်တစ်ဦး၏ စိတ်နှလုံးနှင့်တူသော ဘုရားသခင်၏ စိတ်နှလုံးကို သင်သည် ပစ်ပယ်ကာ အရှက်ရစေခဲ့သည်။ သင့်တို့အတွက် မည်သည့် အကျိုးဆက်များ ဖြစ်လိမ့်မည်နည်း။ သင်သည် ငါ့အတွက် သက်သေမခံပါက ငါသည် သင့်ကို အတင်းအကျပ် ပြုစေမည် မဟုတ်- သို့သော်လည်း နောက်ဆုံးတွင် သင်သည် ပျက်စီးခြင်း၏ ပစ်မှတ်တစ်ခု ဖြစ်လိမ့်မည်ကို သင်သိသင့်၏။ သင့်အထဲ၌ သက်သေခံချက်ကို ငါမရနိုင်ပါက၊ အခြားသူများထဲတွင် ငါရယူမည်။ ယင်းမှာ ငါ့အတွက် အကြောင်းမဟုတ်ချေ၊ သို့သော် နောက်ဆုံးတွင် သင်သည် နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှောင်မိုက်ထဲသို့ ကျဆင်းခဲ့သည်မှာ ကြာမြင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ သင့်ကို မည်သူ ကယ်တင်နိုင်မည်နည်း။ သင်မပါဘဲ အမှုကို ပြုနိုင်မည် မဟုတ်ဟု မထင်လေနှင့်- သင့်ကိုရှိခြင်းသည် များစွာရှိခြင်း မဟုတ်သကဲ့သို့ သင်မရှိခြင်းသည် များစွာကင်းမဲ့ခြင်း မဟုတ်။ သင့်ကိုယ်သင် ဂုဏ်သိက္ခာရှိလွန်းသည်ဟု မမှတ်ယူနှင့်။ သင်သည် ငါ့နောက်သို့လိုက်ရန် လိုလားခြင်းမရှိပါက၊ သင်သည် ပုန်ကန်တတ်သောသူ ဖြစ်သည်ကို သက်သေပြ နေပြီး သင့်အထဲ၌ နှစ်လိုဖွယ်ကောင်းသော မည်သည့်အရာမျှ မရှိပေ။ အကယ်၍ သင်သည် အပြောကောင်းသူတစ်ဦး ဖြစ်ပါက၊ ယင်းသည် ငါ၏အမှုမှတစ်ဆင့် သင့်ထံသို့ ငါယူဆောင်လာခဲ့သည့် နှုတ်ကပတ်တော်များဖြင့် သင့်ကိုယ်သင် ပြင်ဆင် ထားခြင်းကြောင့်သာ ဖြစ်သည် မဟုတ်လော။ သင်၌ ချီးကျူးလောက်စရာ မည်သည့်အရာ ရှိသနည်း။ သင့်ကို သင်၏စိတ်ကူးစိတ်သန်းက လုံးဝဥဿုံ မလွှမ်းမိုးလိုက်စေနှင့်။ မောဘ၏ သားစဉ်မြေးဆက်များဖြစ်သော သင်တို့ထံမှ ဘုန်းအသရေကို ငါမရနိုင်ပါက၊ ဘုန်းအသရေကို ဧကန် ငါရသည်အထိ မောဘ၏ သားစဉ်မြေးဆက်များထဲမှ ဒုတိယနှင့် တတိယအုပ်စုတစ်စုကို ငါ၏ အမှုအတွက် ငါရွေးချယ်မည်။ သင်သည် ငါ့အတွက် သက်သေခံရန် လိုလားခြင်းမရှိပါက၊ ထွက်သွားလော့။ သင့်ကို ငါအတင်းအကျပ်ပြုမည် မဟုတ်။ သင်တို့မပါဘဲ ခြေလှမ်းတစ်လှမ်းကိုမျှ ငါရွေ့နိုင်လိမ့်မည်မဟုတ်ဟု မထင်ကြလေနှင့်။ ဤတရုတ်ပြည်တွင် ငါ၏အမှုအတွက် သင့်လျော်သောသူများကို ရှာဖွေရန်မှာ မပင်ပန်းပေ။ ဤတိုင်းပြည်တွင် အခြားမည်သည့်အရာမျှ ရှာမတွေ့နိုင်- ညစ်ညူးသော၊ ဖောက်ပြန်ပျက်စီးသောလူများသည် နေရာတကာတွင် သေချာပေါက် ရှိနေပြီး၊ ငါ၏အမှုကို နေရာတိုင်းတွင် ပြုနိုင်ပေသည်။ အလွန်မာနမကြီးလေနှင့်။ သင်မည်သို့ပင် မာနကြီးပါစေ၊ သင်သည် မှောက်မှားခြင်းမှ မွေးဖွားသော ကလေးတစ်ဦး ဖြစ်နေဆဲ မဟုတ်လော။ သင်၏တန်ဖိုးကို ကြည့်လော့- သင်သည် အခြားမည်သည့် ရွေးချယ်စရာ ရှိသနည်း။ သင့်ကို အသက်ရှင်ခွင့် ပေးထားခြင်းမျှသည် ကြီးစွာသော ချီးမြှောက်ခြင်း ဖြစ်၏၊ ထို့ကြောင့် သင်သည် မာနထောင်လွှားစရာ မည်သည့်အရာ ရှိသနည်း။ ခေတ်ကို အဆုံးသတ်ရန်ဖြစ်သည့် ငါ၏အမှုကြောင့် မဟုတ်ခဲ့ပါက၊ အချိန်ကြာမြင့်စွာက သင်သည် သဘာဝနှင့် လူလုပ် ကပ်ဘေးများ အလယ်တွင် ကျရောက်ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သင်သည် အလွန် သက်သောင့်သက်သာရှိစွာဖြင့် အသက်ရှင်နိုင်သေးသလော။ ဤကိစ္စအပေါ် သင်သည် စဉ်ဆက်မပြတ် ငြင်းခုန်သေးသည်။ သင်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်သည်ဟု ငါပြောခဲ့ကတည်းက၊ သင်သည် တစ်ချိန်လုံး နှုတ်ခမ်းစူနေခဲ့သည်။ သင်သည် မိမိကိုယ်ကိုယ် ပညာပေးခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း မရှိသကဲ့သို့၊ သည်လူ ဟိုလူကို ကြည့်၍ မရပေ။ အခြားသူများ ပညာတတ်လာကြသည်ကို သင်မြင်သည့်အခါ၊ ၎င်းတို့ကို သင်အနှောင့်အယှက်ပေးပြီး ၎င်းတို့ကို စိတ်ပျက်စရာ အကြောင်းအရာများကို ပြောသည်။ သင်သည် ရဲတင်းလိုက်လေတကား။ သင်က၊ “မောဘ၏ သားစဉ်မြေးဆက်များသည် မည်သည့်ပညာရေး ရှိနိုင်သနည်း။ ကျွန်ုပ် ဂရုမစိုက်ပါ” ဟု ဆိုသည်။ ဤသည်မှာ သားရဲ တစ်ကောင်ပြောမည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် လူသားတစ်ဦးအဖြစ်ပင် အရေးပါသလော။ ငါသည် အလွန်များစွာ ပြောဆိုပြီးဖြစ်သော်လည်း၊ သင့်အထဲတွင် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း မရှိလေပြီ။ ဤအမှုအားလုံးကို ငါအချည်းနှီး ပြုလေပြီလော။ ဤနှုတ်ကပတ်တော်အားလုံးကို ငါအချည်းနှီး ပြောလေပြီလော။ ခွေးတစ်ကောင်ပင် သူ၏ အမြီးကို လှုပ်ယမ်းလိမ့်မည်- ထိုသို့သောလူသည် ခွေးတစ်ကောင်လောက်ပင် မကောင်းပေ။ သင်သည် လူသားဟု ခေါ်ဆိုထိုက်သလော။ မောဘ၏ သားစဉ်မြေးဆက်များ အကြောင်းကို ငါပြောဆိုသည့်အခါ၊ လူအချို့သည် မိမိတို့ကိုယ်ကိုယ် တမင်သက်သက် ဆုတ်ယုတ် စေကြသည်။ ၎င်းတို့သည် ယခင်ထက် ကွဲပြားစွာ ဝတ်ဆင်ကြပြီး အလွန် ဖိုသီဖတ်သီ နေကြသည်မှာ ၎င်းတို့သည် လူသားများနှင့် မတူကြပေ၊ ပြီးလျှင် ၎င်းတို့က “ကျွန်ုပ်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး ဖြစ်သည်။ ကျွန်ုပ်သည် မကောင်းသောသူ ဖြစ်သည်။ ကောင်းချီးမင်္ဂလာ တစ်ခုတစ်လေ ရရှိဖို့ စဉ်းစားခြင်းသည် စိတ်ကူးယဉ် အိပ်မက်မက်နေခြင်း ဖြစ်သည်။ မောဘ၏ သားစဉ်မြေးဆက်များသည် စုံလင်စေခြင်း ခံရနိုင်သလော” ဟု ရေရွတ်တတ်ကြသည်။ မောဘ၏ သားစဉ်မြေးဆက်များ အကြောင်းကို ငါ ပြောလျှင်ပြောချင်း၊ လူအများစုသည် မျှော်လင့်ချက် မရှိကြတော့ပေ။ ၎င်းတို့က၊ “ဘုရားသခင်က ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုသည်- ယင်းက မည်သည့်အရာကို ဖော်ပြသနည်း။ သူပြောဆိုသည့် လေသံကို ကြည့်လော့- ယင်းသည် ယတိပြတ် ဖြစ်၏။ သူ၏ နှုတ်ကပတ်တော်များထဲတွင် ချစ်ခြင်းမေတ္တာ မရှိ။ ကျွန်ုပ်တို့သည် ပျက်စီးခြင်း၏ ပစ်မှတ်များ ဖြစ်ကြသည် မဟုတ်ပါလား” ဟူ၍ ဆိုကြသည်။ ယခင်က ပြောထားခဲ့သည့် အရာကို သင်မေ့လျော့ပြီလော။ “မောဘ၏ သားစဉ်မြေးဆက်များ” ဟူသည့် ဝေါဟာရသည် ယခု သင်မှတ်မိသည့် တစ်ခုတည်းသောအရာ ဖြစ်သလော။ အမှန်တွင်၊ နှုတ်ကပတ်တော်များစွာသည် အကျိုးတရားတစ်ခုကို ရရှိဖို့ ရည်ရွယ်ခြင်း ဖြစ်သော်လည်း၊ ၎င်းတို့သည် အချက်အလက်များ၏ အမှန်တရားကိုလည်း ထုတ်ဖော်ပြပေသည်။ ထိုအရာကို လူအများစုက မယုံကြည်ကြပေ။ သင်သည် ငါ့အတွက် ထိုသို့ ဒုက္ခဆင်းရဲခံရန် လိုလားခြင်းမရှိပေ။ သင်သည် သေခြင်းကို ကြောက်ရွံ့ပြီး အမြဲရှောင်ရှားချင်သည်။ သင်သွားလိုပါက၊ ငါသည် သင့်ကို အတင်းအကျပ် နေစေမည်မဟုတ်၊ သို့သော် ဤအရာကို သင့်အား ရှင်းလင်းစွာ ငါ ပြောရမည်- ဘဝတစ်ခုလုံးကို အချည်းနှီး အသက်မရှင်လေနှင့်၊ ပြီးလျှင် အတိတ်တွင် သင့်ကို ငါပြောခဲ့သော အရာများကို မမေ့လေနှင့်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ ဖန်ဆင်းခံ တစ်ဦး၏ တာဝန်ကို သင်ထမ်းဆောင်သင့်သည်။ သင်၏ အသိစိတ်ကို ဆန့်ကျင်၍ မပြုမူလေနှင့်။ သင်ပြုသင့်သောအရာမှာ ဖန်ဆင်းခြင်း၏ အရှင်ထံ မိမိကိုယ်ကိုယ် ဆက်ကပ်ဖို့ဖြစ်သည်။ မောဘ၏ သားစဉ်မြေးဆက်များသည်လည်း အဖန်ဆင်းခံ သတ္တဝါများ ဖြစ်ကြ၏၊ ၎င်းတို့သည် အဖြည့်ခံများဖြစ်ပြီး ကျိန်ခြင်းခံရခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သင်က၊ “ကျွန်ုပ်သည် မောဘ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သော်လည်း၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော် မြောက်မြားစွာကို ခံစားရပြီးဖြစ်သောကြောင့် ကျွန်ုပ်သည် အသိတရားအနည်းငယ် ရှိရမည်ဖြစ်သည်။ ယင်းကို ကျွန်ုပ် အသိအမှတ်သာ ပြုမည် ဖြစ်ပြီး၊ ယင်းအကြောင်းကို ကျွန်ုပ် တဝဲလည်လည် တွေးမည် မဟုတ်ပါ။ ဤရေစီးကြောင်းအတွင်း ကျွန်ုပ်ဒုက္ခဆင်းရဲခံရလျှင်ပင်၊ အဆုံးတိုင်အောင် ဒုက္ခဆင်းရဲခံပါမည်၊ ပြီးလျှင် ကျွန်ုပ်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး ဖြစ်လျှင်၊ ဖြစ်ပါစေ။ အဆုံးတိုင်အောင် ကျွန်ုပ် လိုက်လျှောက်ဦးမည် ဖြစ်သည်” ဟု ပြောပါက သင်သည် အမှန်တရားနှင့် နီးစပ်လာပြီဖြစ်သည်။ အဆုံးတိုင်အောင် သင်လိုက်လျှောက်ရမည်။ အကယ်၍ သင်ထွက်ပြေးပါက၊ သင်သည် မည်သည့်အလားအလာမျှ အမှန်တကယ်ရှိမည် မဟုတ်- ပျက်စီးခြင်း လမ်းပေါ်သို့ သင်ခြေချမိပြီး ဖြစ်လိမ့်မည်။

သင်တို့၏ ဇာစ်မြစ်ကို သင်တို့အား နားလည်စေရာတွင် ကောင်းမွန်သောအရာရှိပြီး၊ အဖြစ်မှန်နှင့်ဆိုင်သော အမှန်တရားကို သင်တို့အား နားလည်စေခြင်းက အမှုကို အကျိုးပြုပေသည်။ ထိုသို့လုပ်ဆောင်ခြင်းမရှိဘဲ၊ လိုချင်သော ရလဒ်ကို ရရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ယင်းသည် အမှုထဲတွင် မရှိမဖြစ်လိုအပ်သော အဆင့်တစ်ခု ဖြစ်သည်။ ယင်းမှာ အမှန်တရားတစ်ခု ဖြစ်၏။ ဤအမှုသည် လူတို့၏ စိတ်ဝိညာဉ်များကို နိုးကြားစေရန်၊ ၎င်းတို့၏အသိစိတ် ခံစားချက်များ နိုးကြားစေရန်နှင့် ဤကြီးမားသော ကယ်တင်ခြင်းကို ၎င်းတို့အား ရရှိခွင့်ပေးရန် ရည်ရွယ်ပေသည်။ အကယ်၍ လူတစ်ယောက်၌ အသိတရားရှိပါက ၎င်းနိမ့်ကျသော အဆင့်အတန်း ရှိသည်ကို မြင်သည့်အခါ ဘုရားသခင်ကို ၎င်းက သာ၍ပင် ကျေးဇူးတင်ရပေမည်။ ၎င်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မိမိလက်တွင် စွဲကိုင်ထားရမည်၊ ၎င်းကို သူပေးထားသည့် ကျေးဇူးတော်အား မြဲမြံစွာ စွဲကိုင်ရမည်ဖြစ်ပြီး၊ အသည်းအသန်ပင် ငိုကြွေးကာ၊ “ကျွန်ုပ်တို့၏ အဆင့်အတန်းသည် နိမ့်ကျပြီး လောကတွင် ကျွန်ုပ်တို့ မည်သည့်အရာကိုမျှ မရသေးပေ။ နိမ့်ကျသော လူများဖြစ်သည့် ကျွန်ုပ်တို့ကို မည်သူမျှ မလေးစားကြပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နေအိမ် ပတ်ဝန်းကျင်တွင် နှိပ်စက်ညှဉ်းပန်းခြင်း ခံရကြပါ၏၊ ကျွန်ုပ်တို့၏ ခင်ပွန်းသည်များက ကျွန်ုပ်တို့ကို ငြင်းပယ်ကြသည်၊ ကျွန်ုပ်တို့၏ ဇနီးသည်များက ကျွန်ုပ်တို့ကို ပုတ်ခတ်ဝေဖန်ကြသည်၊ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ကို အထင်အမြင် သေးကြပြီး၊ ကျွန်ုပ်တို့ အသက်အရွယ်အိုမင်းသည့်အခါ ကျွန်ုပ်တို့၏ ချွေးမများက ကျွန်ုပ်တို့ကို နှိပ်စက်ကြပါသည်။ ကျွန်ုပ်တို့သည် အသေးအဖွဲ မဟုတ်သည့် အတိုင်းအတာဖြင့် အမှန်တကယ် ဒုက္ခခံစားခဲ့ရပြီး၊ ယခု ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ မွေ့လျော်ကြရသည်မှာ အင်မတန် ကောင်းမွန်သော အခွင့်အလမ်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ဘုရားသခင် မကယ်တင်ခဲ့ပါက၊ ကျွန်ုပ်တို့သည် လူသား၏ ဒုက္ခဆင်းရဲကို မည်ကဲ့သို့ ထင်ရှားစွာ မြင်နိုင်ကြပါမည်နည်း။ ကျွန်ုပ်တို့သည် ဤအပြစ်ထဲတွင် ကျဆင်းနေဆဲဖြစ်မည် မဟုတ်လော။ ဤသည်မှာ ကျွန်ုပ်တို့ကို ဘုရားသခင်၏ ချီးမြှောက်ခြင်း မဟုတ်လော။ ကျွန်ုပ်သည် အနိမ့်ကျဆုံးသော လူများထဲမှ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်က ကျွန်ုပ်ကို အလွန်မြင့်မားစွာ ချီမလေပြီ။ အကယ်၍ ကျွန်ုပ်သည် ဖျက်ဆီးခြင်း ခံရလျှင်ပင်၊ သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရဦးမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလွန်အထင်ကြီးပြီး အင်မတန်နိမ့်ကျသော လူများဖြစ်သည့် ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင် စကားပြောလေသည်။ ကျွန်ုပ်ကို သင်ပေးရန် ကျွန်ုပ်၏လက်ကို ယူလေသည်။ သူ၏ နှုတ်ဖြင့် ကျွန်ုပ်ကို ကျွေးမွေးသည်။ သူသည် ကျွန်ုပ်နှင့်အတူ အသက်ရှင်ကာ ကျွန်ုပ်နှင့်အတူ ဆင်းရဲဒုက္ခခံပေသည်။ ကျွန်ုပ်ကို သူပြစ်တင် ဆုံးမခဲ့လျှင်ပင်- ကျွန်ုပ်အဘယ်အရာကို ပြောနိုင်မည်နည်း။ ပြစ်တင်ဆုံးမခံရခြင်းသည် ဘုရားသခင်၏ ချီးမြှောက်မှု ခံရခြင်းလည်း ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်သည် ပြစ်တင်ဆုံးမခြင်းကို ခံရသော်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ် မြင်နိုင်သည်- ကျွန်ုပ်သည် အသိတရား မရှိဘဲ မနေနိုင်ပေ- ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်ပေးဆပ်ရပါမည်။ ဘုရားသခင်ကို ကျွန်ုပ် ပုန်ကန်၍ မရတော့ပါ” ဟု ပြောကြသည်။ ဘုရားသခင်၏ အနေအထားနှင့် သူ၏ အဆင့်အတန်းမှာ လူတို့၏ အနေအထား၊ အဆင့်အတန်းများ နှင့် မတူပေ- သူ၏ဒုက္ခဆင်းရဲခံခြင်းမှာ တူညီပြီး သူ၏ အစားအစာနှင့် အဝတ်အစားတို့မှာ တူညီကြသော်လည်း၊ လူအားလုံးသည် သူ့ကို ရိုသေလေးစားကြပြီး၊ ဤသည်မှာ တစ်ခုတည်းသော ကွဲပြားခြားနားမှု ဖြစ်သည်။ သူမွေ့လျော် ခံစားသည့် အခြားအရာ အားလုံးမှာ လူနှင့် တူညီသည် မဟုတ်လော။ ထို့ကြောင့် သင့်ကို နည်းလမ်းတစ်ခုခုဖြင့် ဆက်ဆံဖို့ ဘုရားသခင်ကို တောင်းဆိုရန် သင်တို့၌ အဘယ် အခွင့် ရှိသနည်း။ ဘုရားသခင်သည် ကြီးလှစွာသော ဒုက္ခဆင်းရဲကို ခံရပ်ခဲ့ပြီးဖြစ်ကာ ကြီးလှစွာသော အမှုကို ပြုခဲ့ပြီးဖြစ်သကဲ့သို့၊ ပုရွက်ဆိတ်များ၊ ပိုးကောင်များထက် နိမ့်ကျသော သင်တို့သည် အလွန်မြင့်မားစွာ ယနေ့ ချီးမြှောက် ခံရခဲ့လေပြီ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင် မပေးဆပ်နိုင်ပါက၊ သင်၏ အသိတရားမှာ အဘယ်မှာနည်း။ လူအချို့တို့က၊ “ဘုရားသခင်ကို စွန့်ခွာဖို့ ကျွန်ုပ် စဉ်းစားသည့်အခါတိုင်း၊ ကျွန်ုပ်၏မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်ကာ ကျွန်ုပ် အပြစ်ရှိသည်ဟု ခံစားရ၏။ ကျွန်ုပ်သည် ဘုရားသခင်အပေါ် အကြွေးတင်လျက်ရှိသည်။ ဤအရာကို ကျွန်ုပ် မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်သည် သူ့ကို ဤသို့ မဆက်ဆံနိုင်ပါ။ အကယ်၍ ကျွန်ုပ်သည် အသက်သေဆုံးကာ သေဆုံးခြင်းဖြင့် ကိုယ်တော်၏ အမှုတော်ကို ဘုန်းအသရေ ပေးမည်ဆိုပါက၊ ကျွန်ုပ်သည် အတိုင်းထက်အလွန် ကျေနပ်မည် ဖြစ်သည်။ သို့မဟုတ်ပါက ကျွန်ုပ် အသက်ရှင်လျှင်ပင်၊ ငြိမ်သက်ခြင်း ခံစားရမည် မဟုတ်ပါ” ဟူ၍ ၎င်းတို့၏ စိတ်နှလုံးထဲမှ ပြောဆိုကြသည်။ ဤစကားလုံးများကို နားထောင်လော့- ၎င်းတို့သည် ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သည့် တာဝန်ကို ဖော်ပြနေခြင်းဖြစ်ပေသည်။ လူတစ်ဦးသည် ၎င်း၏ အတွင်းတွင် အမြဲတစေ ဤရူပါရုံရှိပါက၊ ၎င်းတို့သည် အတွင်း၌ ကြည်လင်ကာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာများနှင့် ပတ်သက်၍ သေချာကြပေလိမ့်မည်။ သင်က၊ “ဘုရားသခင်သည် ကျွန်ုပ်ကို ထိခိုက်နစ်နာနေစေသည် မဟုတ်သကဲ့သို့၊ သူသည် တမင်တကာ ကျွန်ုပ်ကို ရယ်သွမ်းသွေးနေခြင်း သို့မဟုတ် ကျွန်ုပ်ကို အရှက်ရနေစေခြင်း မဟုတ်ပါ။ ကိုယ်တော်သည် အတော်အတန် ပြင်းထန်စွာ ပြောပြီး ယင်းက စိတ်နှလုံးကို ထိခိုက်သော်လည်း၊ ထိုအရာသည် ကျွန်ုပ်ကိုယ်တိုင်အတွက် ဖြစ်သည်။ ကိုယ်တော်သည် အလွန်ပြင်းထန်စွာ ပြောဆိုသော်လည်း၊ သူသည် ကျွန်ုပ်ကို ကယ်တင်နေဆဲဖြစ်ပြီး၊ ကျွန်ုပ်၏ အားနည်းချက်များကို အရေးထားနေဆဲဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်ကို အပြစ်ပေးဖို့ အမှန်တရားများကို အသုံးပြုနေခြင်း မဟုတ်ပါ။ ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်သည်ကို ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလိမ့်မည်။ သင်၌ ဤရူပါရုံ အမှန်တကယ်ရှိပါက၊ ထွက်ပြေးဖို့ အလားအလာ မရှိပေ။ သင်၏အသိတရားက သင့်ကို လက်သင့်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ ယင်း၏ ရှုတ်ချမှုက သင်သည် ဘုရားသခင်ကို ထိုသို့ မဆက်ဆံသင့်သည်ကို ပြောပြလိမ့်မည်။ သင်သည် ရရှိပြီးဖြစ်သော ကျေးဇူးတော် အားလုံးကို တွေးကြည့်သည်။ သင်သည် ငါ၏ နှုတ်ကပတ်တော် များစွာကို ကြားပြီးဖြစ်၏- သင်သည် ၎င်းတို့ကို အချည်းနှီး နားထောင်ခဲ့သည်များ ဖြစ်နိုင်သလော။ မည်သူ ထွက်ပြေးသည် ဖြစ်စေ၊ သင်ထွက်ပြေး၍ မဖြစ်။ အခြားလူများ မယုံကြည်ကြ သော်လည်း၊ သင်ယုံကြည်ရမည်။ အခြားလူများ ဘုရားသခင်ကို စွန့်ပစ်ကြသော်လည်း၊ သင်သည် ဘုရားသခင်ကို ထောက်ခံကာ သူ့ကို သက်သေခံရမည်။ အခြားသူများက ဘုရားသခင်ကို အသရေဖျက်ကြသော်လည်း၊ သင် အသရေဖျက်၍ မဖြစ်။ ဘုရားသခင်သည် သင့်အပေါ် မည်မျှရက်စက်ပါစေ၊ သင်သည် သူ့ကို မျှတစွာ ဆက်ဆံဆဲ ဖြစ်ရမည်။ ဘုရားသခင်သည် အပြစ်ကင်းသောကြောင့် သူ၏ ချစ်ခြင်းမေတ္တာကို သင် ပြန်ပေးဆပ်ရမည်ဖြစ်ပြီး၊ သင်သည် အသိတရားရှိရမည်။ သူသည် လူသားမျိုးနွယ်ကြားတွင် အမှုပြုရန် ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ကြွလာခြင်းဖြင့် ကြီးစွာသော အရှက်ရခြင်းကို ခံစားနှင့်ပြီး ဖြစ်သည်။ သူသည် ညစ်ညူးခြင်း အနည်းငယ်မျှမရှိဘဲ၊ သန့်ရှင်းသည်။ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာရာတွင်၊ မည်မျှ များစွာသော အရှက်ရခြင်းကို သူသည်းခံပြီးဖြစ်သနည်း။ သင့်အဖို့အလို့ငှာ သူသည် သင့်အပေါ် အမှုပြု၏။ အကယ်၍ သင်သည် သူ့အပေါ် အသိတရားမရှိဘဲ ဆက်ဆံပါက၊ စောစီးစွာ သေဆုံးခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။

လက်ရှိအချိန်တွင်၊ လူအများစုသည် ဤရူပါရုံ၏ရှုထောင့် ကင်းမဲ့နေကြ၏။ ဤအမှုကို ၎င်းတို့ လုံးဝ နားလည် သဘောပေါက်နိုင်ကြခြင်း မရှိကြသကဲ့သို့၊ ထိုအမှုဖြင့် ဘုရားသခင်က နောက်ဆုံးတွင် မည်သည့်အရာ ရရှိရန် ရည်ရွယ်သည်ကိုလည်း မသိကြချေ။ အထူးသဖြင့် ကြောင်တောင်တောင် ဖြစ်နေသော သူများသည်၊ ဝင်္ကပါတစ်ခုထဲသို့ ၎င်းတို့ ဝင်ရောက်သွားပြီး အနည်းငယ် ချိုးကွေ့ပြီးနောက် လမ်းပျောက်သွားကြသည့်အလား ဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်မှန်းချက်ကို ၎င်းတို့အား စေ့စေ့စပ်စပ် သင် ရှင်းပြပါက၊ ၎င်းတို့ ကြောင်တောင်တောင် ဖြစ်သွားကြလိမ့်မည် မဟုတ်ပေ။ လူများစွာတို့သည် ထိုအရာကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြသကဲ့သို့၊ ဘုရားသခင်၏ အမှုမှာ လူတို့ကို ညှဉ်းဆဲရန်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် သူ့အမှု၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့ကို နားမလည်ကြသကဲ့သို့၊ သူ၏အမှုမှာ သူ၏ ကြီးမြတ်သော တန်ခိုးကို ထုတ်ဖော်ပြရန်နှင့် ထို့ထက်ပို၍ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် ထိုအရာအားလုံးကို မမြင်ကြပေ။ ၎င်းတို့အနေဖြင့် အလားအလာများ တစ်ခုတစ်လေ ရှိမရှိ၊ ကောင်းကင်ဘုံသို့ ၎င်းတို့ ဝင်ရောက်နိုင်ခြင်း ရှိမည် မရှိမည်ကိုသာ မြင်ကြသည်။ ၎င်းတို့က၊ “ဘုရားသခင်၏ အမှုတော်သည် အမြဲတစေ အလွန်ဝေ့ဝိုက်၏။ ကိုယ်တော်၏ ဉာဏ်ပညာတော်ကို ကျွန်ုပ်တို့အား တိုက်ရိုက်မြင်ခွင့်ပေးခြင်းက အလုပ်ဖြစ်ပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဤနည်းဖြင့် မညှဉ်းဆဲသင့်ပါ။ ကျွန်ုပ်တို့သည် အရည်အချင်း အလွန်ကင်းမဲ့ကြပြီး ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်တို့ နားမလည်ကြပါ။ ကိုယ်တော်သည် တိုက်ရိုက် စကားပြောကာ ဆောင်ရွက်လျှင် အလွန် ကောင်းပါလိမ့်မည်။ ကျွန်ုပ်တို့ကို ကိုယ်တော်သည် ခန့်မှန်းစေချင်သော်လည်း၊ ကျွန်ုပ်တို့ မခန့်မှန်းနိုင်ကြပါ။ ကိုယ်တော်သည် အလျင်အမြန်ပြုပြီး ကျွန်ုပ်တို့အား ကိုယ်တော်၏ ဘုန်းအသရေတော်ကို မြင်တွေ့ခွင့်ပေးမည် ဆိုပါက၊ အလွန် ကောင်းပါမည်။ အမှုအရာတို့ကို ထိုသို့ ဝေ့ဝိုက်သည့်နည်းဖြင့် လုပ်ဆောင်ရန် အဘယ်လိုအပ်သနည်း” ဟု ဆိုကြသည်။ ယခု သင်တို့၌ အကင်းမဲ့ဆုံးသောအရာမှာ အသိတရား ဖြစ်သည်။ အသိတရား သာ၍ ရှိလော့။ မည်သူသည် ဤအမှု၏ အဆင့်များကို အမှန်တကယ် လုပ်ဆောင်နေသည်ကို မြင်ရန် သင်၏ မျက်လုံးများကို ကျယ်ကျယ်ဖွင့်လော့။ အလျင်အမြန် ကောက်ချက် မချနှင့်။ ယခုတွင်၊ အကောင်းဆုံးအနေဖြင့်၊ သင်တွေ့ကြုံ ခံစားသင့်သော အသက်လမ်း၏ အပေါ်ယံ သွင်ပြင်လက္ခဏာ နှင့်ဆိုင်သည့် အရာတစ်ခုကို သင် နားလည်ပြီဖြစ်သည်။ သင် တွေ့ကြုံခံစားဖို့အတွက် သမ္မာတရားမြောက်မြားစွာ ရှိသေးပြီး၊ ထိုအရာကို သင်အပြည့်အဝ နားလည်နိုင်သည့် နေ့ရက်ရောက် လာသည့်အခါ၊ သင်သည် ဤသို့သော နည်းလမ်းဖြင့် စကားပြောဆိုတော့မည် မဟုတ်သကဲ့သို့၊ စောဒကတက်တော့မည်လည်း မဟုတ်ပေ။ အမှုအရာများကိုလည်း အလွန်မြန်ဆန်စွာ သင် အနက်ဖွင့် လိမ့်မည် မဟုတ်တော့ပေ။ သင်က၊ “ဘုရားသခင်သည် အလွန် ဉာဏ်ပညာရှိတော်မူ၏၊ ဘုရားသခင်သည် အလွန် သန့်ရှင်းတော်မူ၏၊ ဘုရားသခင်သည် အလွန် တန်ခိုးကြီးတော်မူ၏” ဟု ဆိုပေလိမ့်မည်။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။