မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ် (အပိုင်း တစ်)

အမှုပြုသည့် ဤနှစ်နှစ်၊ သုံးနှစ်တာ ကာလတွင် သင်တို့အပေါ် ပြုခဲ့သည့် တရားစီရင်ခြင်းအမှုတွင် ရရှိပြီးသင့်သော အရာကို အခြေခံအားဖြင့် ရရှိပြီး ဖြစ်သည်။ လူအများစုသည် ၎င်းတို့၏ အနာဂတ် အလားအလာအချို့နှင့် ကံကြမ္မာကို လက်လွှတ်လိုက်ကြပြီးဖြစ်သည်။ သို့သော်လည်း သင်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြောင်း ဆိုသည့်အခါ သင်တို့ထဲမှ များစွာတို့သည် မခံရပ်နိုင်ကြပေ- သင်တို့၏ မျက်နှာပေါက် ရှုံ့မဲ့သည်။ သင်တို့၏ ပါးစပ်များက ရွဲ့စောင်းပြီး သင်တို့၏ မျက်လုံးများမှာ စူးစိုက်ကြည့်ကြသည်။ သင်တို့သည် မောဘ၏ သားစဉ်မြေးဆက်များဖြစ်သည်ကို သင်တို့ တကယ်ကို မယုံကြည်နိုင်ကြပေ။ မောဘသည် ကျိန်ဆဲခြင်း ခံခဲ့ရပြီးနောက် ဤတိုင်းပြည်သို့ ပြည်နှင်ဒဏ်ခံခဲ့ရသည်။ သူ၏ သားသမီးများသည် ယနေ့တိုင်အောင် သူ၏မျိုးရိုးကို လက်ဆင့်ကမ်း အမွေပေးခဲ့ပြီး သင်တို့အားလုံးသည် သူ၏သားစဉ်မျိုးဆက်များ ဖြစ်ကြသည်။ ငါလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှမရှိ- မည်သူသည် သင့်ကို မောဘ၏အိမ်တွင် မွေးဖွားရန် ပြောခဲ့သနည်း။ သင့်ကို ငါသနားပြီး ထိုသို့သောအရာ သင့်အပေါ် မဖြစ်စေလိုသော်လည်း၊ မည်သူမျှ ဤအမှန်တရားကို မပြောင်းနိုင်ပေ။ သင်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်ကာ၊ သင်သည် ဒါဝိဒ်၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်သည်ဟု ငါမဆိုနိုင်ပေ။ သင်သည် မည်သူ၏ သားစဉ်မြေးဆက်ဖြစ်ပါစေ၊ သင်သည် အဆင့်အတန်း နိမ့်ကျသော သတ္တဝါတစ်ဦး၊ အရေးမပါသော မျိုးရိုးထဲမှ ဖန်ဆင်းခံသက်ရှိတစ်ဦး ဖြစ်သော်လည်း၊ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ဖန်ဆင်းခံသတ္တဝါ အားလုံးသည် ဘုရားသခင်၏ အမှုအလုံးစုံကို ကြုံတွေ့ကြရမည်။ ၎င်းတို့အားလုံးသည် သူ၏ သိမ်းပိုက်ခြင်းကို ခံရသည့်အရာများ ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့ကြရမည် ဖြစ်ကာ၊ သူ၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ကြုံတွေ့ကြရမည် ဖြစ်သည်။ ယနေ့တွင် သင်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး ဖြစ်ပြီး သင်သည် ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ သင်သည် မောဘ၏ သားစဉ်မြေးဆက်တစ်ဦး မဟုတ်ခဲ့ပါက၊ သင်သည်လည်း ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် လိုအပ်မည် မဟုတ်လော။ ဤအရာကို သိမှတ်လော့။ အမှန်အားဖြင့်၊ မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယနေ့ အမှုပြုခြင်းသည် တန်ဖိုးအရှိဆုံးနှင့် အရေးပါဆုံး ဖြစ်သည်။ သင်တို့အပေါ် အမှုပြုခဲ့ပြီး ဖြစ်သည့်အတွက် ယင်းသည် အလွန်ကြီးမားသော အရေးပါမှုရှိသည်။ အကယ်၍ ဟာမ၏ သားစဉ်မြေးဆက်တို့အပေါ် အမှုပြုခဲ့ပါက၊ ၎င်းတို့သည် မောဘနှင့်မတူ၊ အရေးမပါသောမျိုးရိုး မဟုတ်သောကြောင့်၊ ယင်းသည် အရာရောက်လိမ့်မည် မဟုတ်ပေ။ နောဧ၏ဒုတိယသား ဟာမ၏ သားစဉ်မြေးဆက်များသည် ကျိန်ဆဲခြင်းကိုသာ ခံရကြ၏- ၎င်းတို့သည် မှောက်မှားခြင်းမှ ဖြစ်လာခဲ့ကြခြင်း မဟုတ်ပေ။ နောဧက ၎င်းတို့ကို အစေခံများ၏ အစေခံများ ဖြစ်စေဖို့ ကျိန်ဆဲခဲ့သောကြောင့် ၎င်းတို့ နိမ့်ကျသည့် အဆင့်အတန်းကသာ ဖြစ်သည်။ ၎င်းတို့သည် နိမ့်ကျသော အဆင့်အတန်းတစ်ခု ရှိသော်လည်း၊ ၎င်းတို့၏ မူလတန်ဖိုးမှာ မနိမ့်ကျခဲ့ပေ။ မောဘနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက၊ သူသည် မှောက်မှားခြင်းမှ မွေးဖွားလာခဲ့သောကြောင့် သူ၏ မူလ အဆင့်အတန်းက နိမ့်ကျခဲ့သည်ကို လူတို့ သိကြသည်။ လောတ၏ အဆင့်အတန်းက အလွန်မြင့်မားခဲ့သော်လည်း၊ မောဘသည် လောတနှင့် သူ၏သမီးဖြစ်သူထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ လောတသည် ဖြောင့်မတ်သောသူဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ မောဘသည် ကျိန်ဆဲခံရဆဲ ဖြစ်ခဲ့သည်။ မောဘသည် တန်ဖိုး နည်းပါးပြီး နိမ့်ကျသော အဆင့်အတန်းတစ်ခု ရှိခဲ့ကာ၊ သူသည် ကျိန်ဆဲခြင်းမခံခဲ့ရလျှင်ပင် သူသည် ညစ်ညူးဆဲ ဖြစ်ခဲ့ပေမည်၊ ထို့ကြောင့် သူသည် ဟာမနှင့် ကွဲပြားခဲ့သည်။ သူသည် ယေဟောဝါကို အသိအမှတ်မပြုခဲ့ဘဲ၊ ယင်းအစား ယေဟောဝါကို ခုခံကာ ဆန့်ကျင်ပုန်ကန်ခဲ့သည်- ထို့ကြောင့် သူသည် နေရာများထဲမှ အမှောင်မိုက်ဆုံးနေရာထဲသို့ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့အားလုံးသည် အစကတည်းက မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိခဲ့ကြသည့် လူများဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းအသရေကိုရရန် လိုလားလျက်ရှိသည်။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိသောသူတို့ကို သူ့အား နာခံစေပြီး ချစ်စေခြင်းသည်သာ စစ်မှန်သော သိမ်းပိုက်ခြင်း ဖြစ်ကာ၊ ထိုသို့သော အမှု၏အသီးအပွင့်သည် တန်ဖိုးအရှိဆုံးနှင့် ယုံကြည်လက်ခံနိုင်ဖွယ် အဖြစ်ဆုံး ဖြစ်သည်။ ဤအရာသည်သာ ဘုန်းအသရေ ရရှိခြင်းဖြစ်သည်- ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် ရရှိလိုသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း၊ ၎င်းတို့ ယခုအခါ ထိုသို့ ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်မှာ အမှန်တကယ် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအမှုသည် အလွန် အဓိပ္ပာယ်ရှိပြီး ဤလူတို့ကို သူ ရယူခြင်းမှာ တရားစီရင်ခြင်း မှတစ်ဆင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဤလူတို့ကို အပြစ်ပေးဖို့မဟုတ်ဘဲ၊ ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလ အတွင်းတွင် သူသည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါက၊ ယင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ယင်းက အကျိုးအမြတ် ဖြစ်ထွန်းခဲ့လျှင်ပင်၊ ယင်းသည် တန်ဖိုး သို့မဟုတ် ကြီးမားသော အရေးပါမှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုန်းအသရေအားလုံးကို သူရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အမှောက်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သူများ၊ နောက်ကျကျန်ရစ်ဆုံးသောသူများ ဖြစ်သည့် သင်တို့အပေါ် အမှုပြုနေသည်။ ဤလူတို့သည် ဘုရားသခင်တစ်ဆူ ရှိသည်ကို အသိအမှတ်ပြုခြင်း မရှိသကဲ့သို့၊ ဘုရားသခင် တစ်ဆူရှိသည်ကို မည်သည့်အခါမျှ မသိခဲ့ကြပေ။ ဤဖန်ဆင်းခံ သတ္တဝါများသည် ဘုရားသခင်ကို မေ့လျာ့ကြပြီးဖြစ်သည်အထိ စာတန်၏အလွန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် စာတန်၏ မျက်စိကန်းစေခြင်းကို ခံရပြီးဖြစ်ကာ၊ ကောင်းကင်ဘုံ၌ ဘုရားသခင်တစ်ဆူရှိသည်ကို လုံးဝမသိကြပေ။ သင်တို့၏ စိတ်နှလုံးများထဲတွင်၊ သင်တို့အားလုံးသည် ရုပ်တုဆင်းတုများကို ကိုးကွယ်ကြပြီး၊ စာတန်ကို ကိုးကွယ်ကြသည်- သင်တို့သည် အနိမ့်ကျဆုံး၊ ခေတ်နောက်ကျ အကျန်ရစ်ဆုံးသောလူများ မဟုတ်သလော။ သင်တို့သည် မည်သည့်ကိုယ်ပိုင်လွတ်လပ်မှုမျှ မရှိဘဲ၊ ဇာတိပကတိထဲတွင် အနိမ့်ကျဆုံးဖြစ်ပြီး၊ အခက်အခဲများကိုလည်း သင်တို့ ခံစားကြရ၏။ သင်တို့သည် လွတ်လပ်စွာ ယုံကြည်ခွင့်ပင် မရှိဘဲ၊ ဤလူ့အဖွဲ့အစည်းထဲက အနိမ့်ကျဆုံးအဆင့်၌ ရှိကြသည့် လူများလည်း ဖြစ်ကြသည်။ ဤတွင် သင်တို့အပေါ် အမှုပြုခြင်း၏ ရည်ရွယ်ချက် တည်ရှိ၏။ မောဘ၏သားစဉ်မြေးဆက်များဖြစ်သည့် သင်တို့အပေါ်၌ ယနေ့အမှုပြုခြင်းသည် သင်တို့ကိုအရှက်ရစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အမှု၏ အဓိပ္ပာယ်ကို ထုတ်ဖော်ပြရန် ဖြစ်သည်။ သင်တို့အတွက် ယင်းမှာ ကြီးမားသော ချီးမြှောက်မှုတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် ထိုးထွင်းသိမြင်မှု ရှိပါက၊ ၎င်းတို့က၊ “ကျွန်ုပ်သည် မောဘ၏သားစဉ်မြေးဆက်တစ်ဦး ဖြစ်သည်၊ ယနေ့ ထိုသို့သော ဘုရားသခင်၏ ကြီးမားသည့် ချီးမြှောက်ခြင်း သို့မဟုတ် ထိုသို့ကြီးမားသည့် ကောင်းချီးမင်္ဂလာများကို ရရှိခြင်းငှာ အမှန်တကယ် မထိုက်တန်ပါ။ ကျွန်ုပ် လုပ်ဆောင်ကာ ပြောဆိုသည့် အရာအားလုံး၌၊ ပြီးလျှင် ကျွန်ုပ်၏ အဆင့်အတန်းနှင့် တန်ဖိုးအရ၊ ကျွန်ုပ်သည် ဘုရားသခင်ထံမှ ထိုသို့ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် လုံးဝ မထိုက်တန်ပါ။ ဣသရေလလူမျိုးများသည် ဘုရားသခင်အတွက် ကြီးမားသော ချစ်ခြင်းမေတ္တာရှိကြပြီး၊ ၎င်းတို့ မွေ့လျော် ခံစားသော ကျေးဇူးတော်မှာ ၎င်းတို့အပေါ် ဘုရားသခင် အပ်နှင်းထားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့၏ အဆင့်အတန်းသည် ကျွန်ုပ်တို့ထက် များစွာမြင့်မားသည်။ အာဗြဟံသည် ယေဟောဝါကို အလွန်ဆက်ကပ်ခဲ့ပြီး၊ ပေတရုသည် ယေရှုကို အလွန်ဆက်ကပ်ခဲ့ပါသည်- ၎င်းတို့၏ ဆက်ကပ်မှုမှာ ကျွန်ုပ်တို့ထက် အဆတစ်ရာ ကြီးမားခဲ့သည်။ ကျွန်ုပ်တို့၏ လုပ်ရပ်များပေါ်အခြေခံ၍၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော် ခံစားခြင်းငှာ လုံးဝထိုက်တန်ခြင်း မရှိပါ” ဟု ဆိုကြလိမ့်မည်။ တရုတ်နိုင်ငံရှိ ဤလူတို့၏ အစေခံမှုကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်၍ လုံးဝ မရနိုင်ပေ။ ယင်းသည် လုံးဝ ကမောက်ကမတစ်ခု ဖြစ်၏။ သင်တို့သည် ယခု ဘုရားသခင်၏ ကျေးဇူးတော်ကို အလွန်များစွာ ခံစားရသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း သက်သက် ဖြစ်သည်။ သင်တို့သည် မည်သည့်အချိန်က ဘုရားသခင်၏အမှုကို ရှာဖွေဖူးသနည်း။ သင်တို့သည် မည်သည့်အချိန်က သင်တို့၏အသက်ကို ဘုရားသခင်အတွက် စတေးဖူးသနည်း။ သင်တို့သည် မည်သည့်အချိန်က သင်တို့၏ မိသားစု၊ သင်တို့၏ မိဘများနှင့် သင်တို့၏ သားသမီးများကို လိုလိုလားလား စွန့်လွှတ်ဖူးသနည်း။ သင်တို့ တစ်ဦးတစ်ယောက်မျှ ကြီးမားသော အဖိုးအခတစ်ခုကို မပေးသေးပေ။ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော် ခေါ်ထုတ်ခဲ့ခြင်း မပြုခဲ့ပါက၊ သင်တို့ထဲမှ မည်မျှသည် အရာရာကို စတေးနိုင်ခဲ့ကြလိမ့်မည်နည်း။ သင်တို့သည် ဖိအားပေးကာ အနိုင်အထက်ပြုခံရခြင်းဖြင့်သာ ယနေ့ထိ နောက်လိုက်ခဲ့ကြခြင်း ဖြစ်သည်။ သင်တို့၏ ဆက်ကပ်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ နာခံမှုမှာ အဘယ်မှာနည်း။ သင်တို့၏ လုပ်ရပ်များပေါ် အခြေခံ၍၊ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက ဖျက်ဆီးခြင်း ခံရပြီး ဖြစ်သင့်သည်- သင်တို့အားလုံး ရှင်းရှင်း ပယ်ရှင်းခံခဲ့ရသင့်သည်။ ထိုသို့ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ခံစားရရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းပြည့်မီစေသနည်း။ သင်တို့သည် အနည်းငယ်မျှ မထိုက်တန်ပေ။ သင်တို့ထဲမှ မည်သူသည် မိမိတို့ကိုယ်တိုင်၏ လမ်းကြောင်းကို အားထုတ်ကာ ဖန်တီးဖူးသနည်း။ သင်တို့ထဲမှ မည်သူသည် မှန်သောလမ်းခရီးကို ကိုယ်တိုင် ရှာတွေ့ပြီနည်း။ သင်တို့ အားလုံးသည် ပျင်းရိကြသည်၊ အစားကျူးကြသည်၊ သက်သောင့်သက်သာရှိမှုကို ရှာဖွေသော လူဆိုးလူယုတ်များ ဖြစ်သည်။ သင်တို့ အလွန်ကြီးမြတ်ကြသည်ဟု ထင်သလော။ သင်တို့၌ ကြွားစရာ မည်သည့်အရာ ရှိသနည်း။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို မသိကျိုးကျွန်ပြုလျက်ပင်၊ သင်တို့၏သဘာဝဗီဇ၊ သို့မဟုတ် သင်တို့၏ မွေးရပ်မြေသည် အမြင့်မြတ်ဆုံး အမျိုးအစားလော။ သင်တို့သည် သူ၏သားစဉ်မြေးဆက်များ ဖြစ်ကြသည်ကို မသိကျိုးကျွန်ပြုလျက်ပင်၊ သင်တို့အားလုံးသည် မောဘ၏ သားစဉ်မြေးဆက်များ စစ်စစ် ဖြစ်ကြသည် မဟုတ်လော။ အချက်အလက်များနှင့်ဆိုင်သည့် အမှန်တရားသည် ပြောင်းလဲနိုင်သလော။ သင်တို့၏ သဘာဝကို ယခု ဖော်ထုတ်ခြင်းသည် အချက်အလက်များနှင့်ဆိုင်သော အမှန်တရားကို မှားယွင်းစွာဖော်ပြသလော။ သင်တို့၏ ခယဝယလုပ်ခြင်း၊ သင်တို့၏အသက်တာများနှင့် သင်တို့၏ အကျင့်စရိုက်များကို ကြည့်လော့- သင်တို့သည် လူသားမျိုးနွယ်ကြား နိမ့်ကျသူများထဲမှ အနိမ့်ကျဆုံး ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် ကြွားစရာ မည်သည့်အရာ ရှိသနည်း။ လူ့အဖွဲ့အစည်းထဲရှိ သင်တို့၏ အဆင့်အတန်းကို ကြည့်လော့။ သင်တို့သည် အနိမ့်ကျဆုံး အဆင့်၌ ရှိသည် မဟုတ်လော။ ငါသည် မမှန်မကန် ပြောလေပြီဟု သင်တို့ ထင်သလော။ အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်။- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။ နှိုင်းယှဉ်ခြင်းအရ၊ သင်တို့သည် ထိုသို့ ကြီးမားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် အရည်အချင်း လုံးဝ မပြည့်မီကြပေ။ သင်တို့သည် မောဘ၏သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ယနေ့ဆိုခြင်းသည် မတရားသလော။ သင်တို့ကိုယ်သင်တို့ အထင်မကြီးကြလွန်းနှင့်။ သင်၌ ဝါကြွားစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်း၊ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့အား အခမဲ့ပေးထားခြင်းဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိသော်လည်း၊ ကျေးဇူးတော်ကို အခမဲ့ မွေ့လျော်ခံစားကြသည်။ သင်တို့ မရှက်ကြသလော။ ဤမှန်သော လမ်းခရီးသည် သင်တို့ဘာသာ ရှာဖွေကာ တွေ့ရှိခဲ့သည့် အရာတစ်စုံတစ်ခု ဖြစ်သလော။ ထိုလမ်းခရီးကို လက်ခံရန် သင်တို့ကို လှုံ့ဆော်ခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်လော။ သင်တို့သည် သမ္မာတရားကို ရှာဖွေကာ တောင့်တသော စိတ်နှလုံးများ ရှိဖို့မပြောနှင့်၊ ရှာဖွေသော စိတ်နှလုံးများပင် မည်သည့်အခါမျှ မရှိခဲ့ပေ။ သင်တို့သည် အခံ့သားထိုင်နေခဲ့ကာ ထိုအရာကို မွေ့လျော်ခံစားနေခဲ့သည်။ သင်တို့သည် အနည်းငယ်မျှ အားထုတ်ခြင်းမရှိဘဲ ဤသမ္မာတရားကို ရရှိထားကြသည်။ သင်တို့သည် စောဒကတက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။ သင်သည် အထိုက်တန်ဆုံးသောသူ ဖြစ်သည်ဟု ထင်သလော။ မိမိတို့၏ အသက်များကို စွန့်ခဲ့ပြီး မိမိတို့၏ အသွေးကိုသွန်းခဲ့သော သူများနှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့ကို ယခု ဖျက်ဆီးခြင်းသည် မှန်ကန်ပြီး သဘာဝကျသည့်အရာ ဖြစ်ပေမည်။ သင်တို့သည် နာခံကာ လိုက်လျှောက်ဖို့မှအပ ရွေးချယ်စရာမရှိပေ။ သင်တို့သည် တကယ်ကို ထိုက်တန်ခြင်း မရှိကြပေ။ သင်တို့ထဲမှ အများစုတို့သည် ခေါ်ခြင်းခံခဲ့ရသော်လည်း၊ သင်၏ ပတ်ဝန်းကျင်သည် သင်တို့ကို အတင်းအကျပ်မခိုင်းပါက၊ သို့မဟုတ် သင်တို့သည် ခေါ်ခြင်းမခံခဲ့ရပါက၊ သင်တို့သည် ထွက်လာရန် လုံးဝ လိုလားလျက် ရှိခဲ့ကြမည် မဟုတ်ပေ။ မည်သူသည် ထိုသို့စွန့်လွှတ်ခြင်းကို လက်ခံရန် လိုလားလျက် ရှိသနည်း။ မည်သူသည် ဇာတိပကတိ၏ သာယာမှုများကို လက်လွှတ်ရန် လိုလားလျက်ရှိသနည်း။ သင်တို့အားလုံးသည် သက်သောင့်သက်သာရှိမှုကို လောဘတကြီး အကြိုက်တွေ့ကာ၊ ဇိမ်ခံသော အသက်တာတစ်ခုကို ရှာဖွေကြသည့်လူများ ဖြစ်သည်။ သင်တို့သည် ထိုသို့ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိကြပြီးဖြစ်သည်- သင်တို့၌ အခြားမည်သည့်အရာ ပြောစရာ ရှိသနည်း။ မည်သည့် မကျေနပ်ရခြင်းအကြောင်းများ သင်တို့၌ ရှိကြသနည်း။ သင်တို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများနှင့် ကောင်းကင်ဘုံ၌ အကြီးမားဆုံးသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခွင့် ရကြပြီးဖြစ်ကာ၊ မြေကြီးပေါ်တွင် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို ယနေ့တွင် သင်တို့အား ထုတ်ဖော်ပြပြီး ဖြစ်သည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို ခုခံကာ ပုန်ကန်ကြခဲ့သောကြောင့်၊ ယနေ့တွင် ထိုသို့ ပြစ်တင်ဆုံးမခြင်းကို ခံကြရခြင်း ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခြင်းမေတ္တာကို မြင်တွေ့ကြပြီး ဖြစ်ကာ၊ ထိုမျှမက ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ကြရပြီး ဖြစ်သည်။ ဤပြစ်တင်ဆုံးမမှုနှင့် လူသားမျိုးနွယ်တို့၏ ညစ်ညူးခြင်းတို့ကြောင့်၊ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို မြင်တွေ့ကြရပြီးဖြစ်ကာ၊ သူ၏ သန့်ရှင်းခြင်းနှင့် ကြီးမြတ်ခြင်းကို မြင်တွေ့ကြရပြီး ဖြစ်သည်။ ဤသည်မှာ အရှားပါးဆုံးသော သမ္မာတရားများ မဟုတ်သလော။ ဤသည်မှာ အဓိပ္ပာယ်ရှိသော အသက်တာတစ်ခု မဟုတ်သလော။ ဘုရားသခင် ပြုသောအမှုသည် အဓိပ္ပာယ် ပြည့်ဝ၏။ ထို့ကြောင့် သင်တို့၏ အဆင့်အတန်း နိမ့်ကျလေလေ၊ ဘုရားသခင်၏ ချီးမြှောက်ခြင်း သင်တို့ ခံရသည်ကို သက်သေပြလေလေဖြစ်ပြီး သင်တို့အပေါ် ယနေ့ပြုသော သူ့အမှု၏ ကြီးမားသော တန်ဖိုးကို သက်သေပြလေလေ ဖြစ်သည်။ ယင်းသည် အခြား မည်သည့်နေရာတွင်မျှ မရရှိနိုင်သည့် တကယ်ကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်သည်။ ခေတ်များတစ်လျှောက်တွင်၊ မည်သူမျှ ထိုသို့ ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ခံစားရခြင်း မရှိလေပြီ။ သင်တို့၏ အဆင့်အတန်း နိမ့်ကျသည့်အချက်က ဘုရားသခင်၏ ကယ်တင်ခြင်း မည်မျှကြီးမားသည်ကို ပြသပြီး၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား သစ္စာရှိသည်ကို ပြသပေသည်- သူသည် ကယ်တင်၏၊ မဖျက်ဆီးပေ။

တရုတ်လူမျိုးများသည် ဘုရားသခင်ကို မည်သည့်အခါကမျှ မယုံကြည်ခဲ့ပေ။ ၎င်းတို့သည် ယေဟောဝါကို မည်သည့်အခါကမျှ အစေမခံဖူးကြသကဲ့သို့၊ ယေရှုကို မည်သည့်အခါကမျှ အစေမခံဖူးကြပေ။ ၎င်းတို့သည် ဒူးထောက်ဦးချကြသည်၊ အမွှေးနံ့သာပေါင်းကိုသာ မီးရှို့သည်၊ အမွှေးစက္ကူကိုသာ မီးရှို့ကြပြီး၊ ဗုဒ္ဓကိုသာ ကိုးကွယ်ကြလေသည်။ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုသာ ကိုးကွယ်ကြသည်- ၎င်းတို့အားလုံးသည် အစွန်းရောက်သည်အထိ ပုန်ကန်တတ်ကြ၏။ ထို့ကြောင့် လူတို့၏ အဆင့်အတန်း နိမ့်ကျလေလေ၊ သင်တို့ထံမှ ဘုရားသခင် ရရှိသောအရာမှာ ဘုန်းအသရေ ဖြစ်လေလေဟူသည်ကို ပို၍ပင် ပြသပေသည်။ အချို့က မိမိတို့၏အမြင်ရှုထောင့်မှ “ဘုရားသခင်၊ ကိုယ်တော် ပြုသောအမှုမှာ အဘယ်နည်း။ ကိုယ်တော်ကဲ့သို့ အင်မတန် မြင့်မြတ်သော ဘုရားသခင်တစ်ဆူ၊ အင်မတန် သန့်ရှင်းသော ဘုရားသခင်တစ်ဆူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာသလော။ ကိုယ်တော်သည် မိမိကိုယ်ကိုယ် အလွန်သေးနုပ်သည်ဟု ထင်သလော။ ကျွန်ုပ်တို့သည် အလွန်ညစ်ညူးကြသော်လည်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိရန် လိုလားလျက်ရှိသလော။ ကိုယ်တော်သည် ကျွန်ုပ်တို့အလယ်တွင် အသက်ရှင်နေထိုင်ရန် လိုလားလျက် ရှိသလော။ ကျွန်ုပ်တို့သည် အလွန်အဆင့်အတန်း နိမ့်ကျသော်လည်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား စုံလင်စေရန် လိုလားလျက်ရှိသလော။ ပြီးလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား စံပြများနှင့် နမူနာများအဖြစ် အသုံးပြုမည်လော” ဟု ဆိုကောင်း ဆိုနိုင်သည်။ ငါပြောမည်- သင်သည် ငါ၏ အလိုကို မသိ။ ငါပြုလိုသောအမှုကို သင်နားမလည်သကဲ့သို့၊ ငါ၏ စိတ်သဘောထားကိုလည်း သင်နားမလည်ပေ။ ငါပြုမည့်အမှု၏ အရေးပါမှုသည် သင်တို့ ရရှိနိုင်စွမ်းထက် ကျော်လွန်၏။ ငါ၏အမှုသည် သင်၏ လူသား အယူအဆများနှင့် ကိုက်ညီနိုင်သလော။ လူသား အယူအဆများအရ၊ ငါသည် အဆင့်အတန်း မြင့်မားသည်ကို ပြရန်၊ အလွန်အဖိုးတန်သည်ကို ပြရန်နှင့် ငါ၏ဂုဏ်အသရေ၊ သန့်ရှင်းခြင်းနှင့် ကြီးမြတ်ခြင်းတို့ကို ပြရန် နိုင်ငံကောင်းတစ်ခုတွင် မွေးဖွားခဲ့ရမည် ဖြစ်သည်။ ငါ့ကို အသိအမှတ်ပြုသော နေရာတစ်ခု၊ အဆင့်အတန်း မြင့်မားသော မိသားစုတစ်ခုတွင် မွေးဖွားလာခဲ့ပါက၊ ငါသည် ရာထူးနှင့် အဆင့်အတန်း မြင့်မားသောသူ ဖြစ်ပါက၊ ငါသည် အလွန်ကောင်းစွာ ဆက်ဆံခံရမည်ဖြစ်သည်။ ယင်းသည် ငါ၏အမှုအတွက် အကျိုးပြုလိမ့်မည် မဟုတ်သကဲ့သို့၊ အင်မတန် ကြီးမားသော ကယ်တင်ခြင်းသည် ထိုအခါ ထုတ်ဖော်ပြနိုင်လိမ့်ဦးမည်လော။ ငါ့ကို မြင်သောသူအားလုံးသည် ငါ့အား နာခံကြလိမ့်မည်ဖြစ်ပြီး၊ အညစ်အကြေးများနှင့် ၎င်းတို့ ညစ်ညမ်းစေခြင်းခံရလိမ့်မည်မဟုတ်။ ငါသည် ဤသို့သော နေရာမျိုးတွင် မွေးဖွားလာခဲ့သင့်သည်။ ယင်းမှာ သင်တို့ ယုံကြည်သော အရာဖြစ်သည်။ သို့သော် စဉ်းစားကြည့်လော့- ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ် ပျော်ရွှင်မှုအတွက် ကြွလာခဲ့သလော၊ အလုပ်အတွက် ကြွလာခဲ့သလော။ ငါသည် ဤသို့ လွယ်ကူပြီး၊ သက်သောင့်သက်သာရှိသည့် နေရာတွင် အမှုပြုခဲ့ပါက၊ ငါ၏ ဘုန်းအသရေ အပြည့်အဝကို ငါရနိုင်မည်လော။ ငါ၏ဖန်ဆင်းခြင်း အားလုံးကို ငါ သိမ်းပိုက်နိုင်ဦးမည်လော။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက် သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။ ဘုရားသခင်သည် အလွန် စစ်မှန်၏- သူသည် မမှန်သောအမှုကို မပြုပေ။ အမှု၏ အဆင့်တိုင်းသည် အင်မတန် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသည် မဟုတ်လော။ လူအားလုံးက သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊ သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။ သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။ သင်တို့သည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ ရရှိကြပြီး ဖြစ်သည်။ သင်တို့သည် နတ်ဆိုးများ စုဝေးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း၊ ကြီးမားသော ကွယ်ကာမှုကို ရရှိကြပြီးဖြစ်သည်။ သင်တို့တွင် ရွေးချယ်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့တွင် မည်သည့် မကျေနပ်မှုများ ရှိသနည်း။ သူခံရပ်ခဲ့သည့် ဒုက္ခဆင်းရဲသည် သင်တို့ ခံရပ်ခဲ့သော ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူသည် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်ကာ၊ လူ့လောက၏ သာယာကြည်နူးဖွယ်ရာများကို လုံးဝ မမွေ့လျော်ခဲ့ပေ။ ထိုသို့သော အရာများကို သူရွံမုန်း၏။ ဘုရားသခင်သည် လူသားက သူ့အား ရုပ်ဝတ္ထု ပစ္စည်းများကို ပေးစေရန် ကမ္ဘာမြေသို့ ကြွလာခဲ့ခြင်း မဟုတ်သကဲ့သို့၊ လူသား၏ အစားအစာ၊ အဝတ်အစားများနှင့် အဆင်တန်ဆာတို့ကို မွေ့လျော်ခံစားဖို့ ကြွလာခဲ့ခြင်း မဟုတ်ပေ။ ဤအရာများကို သူဂရုမစိုက်ချေ။ သူသည် လောကီ ဥစ္စာပစ္စည်းများကို မွေ့လျော်ဖို့မဟုတ်ဘဲ၊ လူသားအတွက် ဒုက္ခဆင်းရဲခံရန် ကမ္ဘာမြေသို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဒုက္ခဆင်းရဲခံရန်၊ အမှုပြုရန်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးပြည့်စုံစေရန် ကြွလာခဲ့သည်။ ကောင်းမွန်သော နေရာတစ်ခု၊ သံရုံးတစ်ရုံး သို့မဟုတ် ကြီးကျယ်သော ဟိုတယ်တစ်လုံးတွင် နေထိုင်ဖို့ သူ မရွေးချယ်ခဲ့သကဲ့သို့၊ သူ့ကို လိုလေသေးမရှိပြုစုရန် အစေခံများစွာလည်း သူ၌ မရှိပေ။ သင်တို့ မြင်တွေ့ပြီးဖြစ်သည့် အရာအပေါ် အခြေခံ၍၊ သူသည် အမှုပြုရန် ကြွလာခြင်းလော သို့မဟုတ် ပျော်ရွှင်မှုအတွက် ကြွလာခြင်းလော ဆိုသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ မျက်လုံးများက မမြင်ကြသလော။ သင်တို့ကို သူမည်မျှ ပေးပြီးပြီနည်း။ သက်သောင့်သက်သာရှိသော နေရာတစ်ခုတွင် သူမွေးဖွားခဲ့ပါက၊ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည်လော။ သူသည် အမှုပြုနိုင်ခဲ့လိမ့်မည်လော။ ထိုသို့ သူ၏ လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိခဲ့လိမ့်မည်လော။ သူသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်နိုင်ခဲ့လိမ့်မည်လော။ သူသည် ညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်နုတ်နိုင်ခဲ့လိမ့်မည်လော။ လူတို့သည် မိမိတို့၏ အယူအဆများအရ၊ “ဘုရားသခင်သည် သန့်ရှင်းတော်မူ သည့်အတွက်၊ အဘယ်ကြောင့် ကျွန်ုပ်တို့၏ ဤညစ်ညူးသော နေရာတွင် မွေးဖွားခဲ့သနည်း။ ကိုယ်တော်သည် ညစ်ညူးသော လူသားများ ဖြစ်သည့် ကျွန်ုပ်တို့ကို မုန်းတီးပြီး စက်ဆုပ်ပါသည်။ ကျွန်ုပ်တို့၏ အတိုက်အခံပြုခြင်းနှင့် ကျွန်ုပ်တို့ ပုန်ကန်ခြင်းတို့ကို ကိုယ်တော် စက်ဆုပ်တော်မူ၏၊ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ပါသနည်း။ ကိုယ်တော်သည် အမြင့်ဆုံးသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သည့်နေရာတွင်မဆို မွေးဖွားနိုင်ခဲ့ပေမည်၊ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ညစ်ညူးသော ဤတိုင်းပြည်တွင် ကိုယ်တော် မွေးဖွားဖို့ဖြစ်ခဲ့ရပါသနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နေ့စဉ် ပြစ်တင်ဆုံးမပြီး တရားစီရင်ကာ၊ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ကို ကိုယ်တော် ရှင်းလင်းစွာ သိပါ၏၊ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အလယ်တွင် အသက်ရှင် နေသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် မောဘ၏ သားစဉ်မြေးဆက်များ၏ မိသားစုတစ်စုထဲသို့ မွေးဖွားခဲ့သနည်း။ ကိုယ်တော် အဘယ်ကြောင့် ထိုသို့ ပြုခဲ့သနည်း” ဟု မေးကြ၏။ သင်တို့၏ ထိုသို့သော အတွေးများသည် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေသည်။ ထိုသို့သော အမှုသည်သာ သူ၏ ကြီးမြတ်ခြင်း၊ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ကို လူတို့အား မြင်တွေ့ခွင့်ပေးသည်။ သူသည် သူ၏အမှုအတွက် အရာရာကို စွန့်လွှတ်ရန် လိုလားနေပြီး၊ သူ၏အမှုအတွက် ဒုက္ခဆင်းရဲ အားလုံးကို သူ ခံရပ်ပြီးဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် ဆောင်ရွက်ပြီး၊ ထိုမျှမက စာတန်ကို အောင်နိုင်ဖို့၊ ဖန်ဆင်းခံသတ္တဝါများအားလုံး သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြစေရန် ဖြစ်သည်။ ဤအရာသည်သာ အဓိပ္ပာယ်ရှိပြီး၊ တန်ဖိုးရှိသောအမှု ဖြစ်သည်။ ယာကုပ်၏ သားစဉ်မြေးဆက်များသည် တရုတ်နိုင်ငံ၊ ဤမြေတစ်ကွက်တွင် မွေးဖွားခဲ့ပြီး၊ ၎င်းတို့မှာ သင်တို့အားလုံး ဖြစ်ခဲ့ပါက၊ သင်တို့အထဲ၌ လုပ်ဆောင်ခဲ့သော အမှု၏ အဓိပ္ပာယ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ စာတန်သည် အဘယ်အရာကို ဆိုလိမ့်မည်နည်း။ စာတန်က “သူတို့သည် ကိုယ်တော့်ကို ယခင်က ကြောက်ရွံ့ခဲ့ကြသည်၊ သူတို့သည် ကိုယ်တော့်ကို ကနဦး ကတည်းက နာခံခဲ့ကြပြီး၊ ကိုယ်တော့်ကို သစ္စာဖောက်သည့် ရာဇဝင် မရှိကြပါ။ သူတို့သည် လူသားမျိုးနွယ်များထဲတွင် အမှောင်မိုက်ဆုံး၊ အနိမ့်ကျဆုံး သို့မဟုတ် ခေတ်အနောက်ကျဆုံး သူများ မဟုတ်ကြပါ” ဟု ပြောလိမ့်မည်။ ဤနည်းဖြင့် ဧကန်အမှန် အမှုပြုခဲ့မည်ဆိုပါက၊ မည်သူသည် ဤအမှုအား လက်ခံ ယုံကြည်လိမ့်မည်နည်း။ စကြဝဠာ တစ်ခုလုံးတွင်၊ တရုတ်လူမျိုးများသည် ခေတ်အနောက်ကျဆုံး လူများဖြစ်၏။ ၎င်းတို့သည် နိမ့်ကျသည့် ဂုဏ်သိက္ခာဖြင့် အောက်တန်းကျစွာ မွေးဖွားလာကြသည်။ ၎င်းတို့သည် ဉာဏ်ထိုင်းပြီး ထုံကြသည်၊ ရိုင်းပျကာ အကျင့်စာရိတ္တ ပျက်ပြားကြသည်။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများ၊ ညစ်ညူးမှုနှင့် ကာမဂုဏ်လွန်ကျူးမှုတို့ဖြင့် ပြည့်ဝလျက်ရှိသည်။ သင်တို့သည် ဤဆိုးယုတ်သော စိတ်သဘောထားအားလုံးကို ပိုင်ဆိုင်ကြ၏။ ဤအမှု ပြီးပြည့်စုံသည့်နှင့်တစ်ပြိုင်နက်၊ လူတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ကာ၊ လုံးဝ နာခံနိုင်ကြလိမ့်မည်ဖြစ်ပြီး စုံလင်စေခြင်း ခံရကြလိမ့်မည် ဖြစ်သည်။ အမှု၏ ထိုသို့သော အကျိုးများသာ ဖန်ဆင်းခြင်းအတွင်းရှိ သက်သေခံချက် ဖြစ်သည်။ သက်သေခံချက်သည် မည်သည့်အရာ ဖြစ်သည်ကို သင်တို့ နားလည်ကြပါသလော။ မည်သို့ အမှန်တကယ် သက်သေခံသင့်သနည်း။ ဤကဲ့သို့ အမှုမျိုးသည် သင်တို့ကို အဖြည့်ခံများ ဖြစ်စေရုံသာမက အစေခံသော အရာများ ဖြစ်စေသည်၊ ထိုထက်ပင်ပို၍ ယင်းသည် သင်တို့အား ကယ်တင်ခြင်းခံရသည့် အရာများ ဖြစ်စေခဲ့သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လူများဖြစ်ကြသည်၊ နောက်ပိုင်းတွင် သင်တို့သည် စံပြများနှင့် နမူနာများ ဖြစ်ကြလိမ့်မည်။ ဤအမှုတွင် သင်တို့သည် အမျိုးမျိုးသော အခန်းကဏ္ဍများတွင် ပါဝင်ကြပြီး၊ နောက်ဆုံးတွင် သင်တို့သည် ကယ်တင်ခြင်းခံရသည့် အရာများ ဖြစ်ကြလိမ့်မည်။ လူများစွာတို့သည် ဤအရာကြောင့် အပျက်သဘောဆောင်ကြလေသည်။ ၎င်းတို့သည် လုံးဝ မျက်စိကန်းကြသည် မဟုတ်လော။ သင်သည် မည်သည့် အရာကိုမျှ ရှင်းလင်းစွာ မမြင်ချေ။ သင့်ကို ခေါ်ရုံမျှက သင့်ကို စိတ်ထိခိုက်စေသလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် နားလည်သလော။ ဘုရားသခင်၏ ကယ်တင်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို သင်နားလည်သလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို သင် နားလည်သလော။ သင်သည် ဂုဏ်သိက္ခာမရှိလေတကား။ ကောင်းစွာ ရည်ရွယ်ပြောဆို ခံရသည့်အခါ၊ သင်ပျော်ရွှင်သည်။ ဆိုးရွားစွာ ရည်ရွယ်ပြောဆို ခံရသည့်အခါ၊ သင် လိုလားခြင်း မရှိသကဲ့သို့၊ နောက်ဆုတ် လေသည်။ သင်သည် အဘယ်အရာ ဖြစ်သနည်း။ မှန်သောလမ်းခရီးကို သင် လိုက်စားခြင်းမရှိ။ ရှာဖွေနေခြင်းကို ချက်ချင်းရပ်လော့- ယင်းသည် ရှက်ဖွယ်ဖြစ်၏။ အလွန် အရေးမပါသော အရာတစ်စုံတစ်ရာသည် သင့်ကို စိတ်ထိခိုက်စေသည်မှာ အရှက်ရဖွယ်ရာ လက္ခဏာတစ်ခု ဖြစ်သည် မဟုတ်လော။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။