အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လူသားနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု လူတို့ထင်မြင်ကြသဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထူးဆန်းသည်ဟု လူတိုင်းက ထင်မြင်ယူဆကြသည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင် တစ်ဦးတည်း၏အလုပ်၊ ဘုရားသခင်၏ ကိုယ်ပိုင်လုပ်ငန်းဟု ယူဆသဖြင့် လူသားတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် စိတ်မဝင်စားပါ။ ဤနည်းအားဖြင့် လူသားတို့၏ကယ်တင်ခြင်းမှာ မရေမရာ၊ မပြတ်မသား ဖြစ်လာကာ ယခုတွင် အဓိပ္ပာယ်ကင်းမဲ့သော လေလုံးထွားခြင်းသာ ဖြစ်နေပါတော့သည်။ လူသားသည် ရွေးနုတ်ကယ်တင်ခံရကာ သာယာလှပသော ခရီးလမ်းဆုံးပန်းတိုင်သို့ ဝင်ရောက်ရေးအတွက် ဘုရားသခင်နောက်သို့ လိုက်သော်လည်း ဘုရားသခင်သည် ၎င်း၏အမှုတော်အား မည်သို့ထမ်းဆောင်သည်ကို လူသားသည် လုံးဝ စိတ်မဝင်စားပါ။ လူသားသည် ဘုရားသခင်ဆောင်ရွက်ရန် စီစဉ်ထားသည့်အရာနှင့် ကယ်တင်ခြင်းရရှိရန် ၎င်းပါဝင်ရမည့် အခန်းကဏ္ဍကို ဂရုမစိုက်ပါ။ မည်မျှဝမ်းနည်းစရာ ကောင်းလိုက်ပါသနည်း။ လူသား၏ကယ်တင်ခြင်းသည် ဘုရားသခင်၏စီမံခန့်ခွဲမှုမှ ကင်းကွာ၍မရပါ။ ဘုရားသခင်၏ အစီအစဉ်မှ ကွဲကွာရန် ပို၍ပင် မဖြစ်နိုင်ပါ။ သို့သော်လည်း လူသားသည် ဘုရားသခင်၏စီမံခန့်ခွဲမှုကို အရေးကြီးသည်ဟု မထင်ပါ။ ထို့ကြောင့် ဘုရားသခင်ထံမှ ပို၍ဝေးကွာလာသည်။ အကျိုးဆက်အနေဖြင့် တိုးပွားလာသော လူအများအပြားသည် ဖန်ဆင်းခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဘုရားသခင်ကိုကိုးကွယ်ခြင်းစသည်ဖြင့် လူသား၏ကယ်တင်ခြင်းနှင့် အနီးကပ်ဆက်စပ်နေသည့် အရာများကိုမသိဘဲ ဘုရားသခင်နောက်တော်သို့ လိုက်ပါသူများ ဖြစ်လာနေကြသည်။ ဤသို့ဖြစ်ပါက ယခုအချိန်တွင် ဘုရားသခင်နောက်တော်သို့ လိုက်ပါသူ တစ်ဦးစီသည် ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ့ကိုယုံကြည်ခြင်း၏ အရေးပါပုံကို ရှင်းလင်းစွာ သိရှိနိုင်ရန် ငါတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောရပါမည်။ ကောင်ချီးမင်္ဂလာများ ခံစားရန်၊ ကပ်ဘေးမှ ရှောင်ရှားရန် သို့မဟုတ် အောင်မြင်ရန်အတွက်သာ ဘုရားသခင်၏နောက်တော်သို့ လိုက်မည့်အစား ၎င်းတို့ လျှောက်လှမ်းရမည့် လမ်းကိုလည်း ၎င်းတို့ ပိုမိုတိကျစွာ ရွေးချယ်နိုင်ပါမည်။

ဘုရားသခင်၏စီမံခန့်ခွဲမှုသည် လူသားအတွက် လေးနက်ပုံရနိုင်သော်လည်း လူသားအနေဖြင့် နားမလည်နိုင်စရာ အကြောင်းမရှိပါ။ ဘုရားသခင်၏ အမှုတော်အားလုံးသည် လူသား၏ကယ်တင်ခြင်းနှင့် ဆက်စပ်နေကာ ဘဝ၊ အသက်ရှင်ခြင်း၊ လူသားတို့၏ ခရီးလမ်းဆုံးပန်းတိုင် စသည်တို့နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့အကြားနှင့် လူသားတို့အပေါ် ဆောင်ရွက်သည့်အမှုမှာ လွန်စွာလက်တွေ့ကျ၍ အဓိပ္ပာယ်ရှိသည်ဟု ဆိုနိုင်သည်။ ဤသည်ကို လူသားသည် မြင်နိုင်ခဲ့၊ တွေ့ကြုံနိုင်ခဲ့ပြီး ဤသည်မှာ လက်ဆုပ်လက်ကိုင်မဲ့သော စိတ်ကူးသက်သက်သာ မဟုတ်ပါ။ ဘုရားသခင်၏ပြုသော အမှုအားလုံးကို လူသားကလက်မခံနိုင်ပါက ဤအမှုမှာ မည်သို့ အဓိပ္ပာယ် ရှိနိုင်မည်နည်း။ ထို့အပြင် လူသားသည် ဤစီမံခန့်ခွဲမှုမှ ကယ်တင်ခြင်း မည်သို့ရနိုင်မည်နည်း။ ဘုရားသခင်၏ နောက်တော်လိုက်သော လူအများအပြားသည် ကောင်းချီးမင်္ဂလာများ မည်သို့ရနိုင်ပုံ သို့မဟုတ် ကပ်ဘေးမှ မည်သို့ရှောင်ရှားနိုင်ပုံတို့ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏အမှုတော်နှင့် စီမံခန့်ခွဲမှုဟု ဆိုလိုက်သည်နှင့် ၎င်းတို့ အသံတိတ်သွားကြပြီး စိတ်ဝင်စားမှုအားလုံး ကုန်ဆုံးသွားသည်။ ဤသို့ ငြီးငွေ့ဖွယ်ကောင်းသော မေးခွန်းများကို သိခြင်းသည် ၎င်းတို့၏အသက်တာကို ကြီးထွားနိုင်စေခြင်းလည်းမရှိ၊ အကျိုးလည်း မရှိသောကြောင့် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း ၎င်းတို့ကြားဖူးသော်လည်း ပေါ့ပေါ့တန်တန်ပင် သဘောထားကြသည်။ ထို့အပြင် ၎င်းတို့ဘဝ၏ အစိတ်အပိုင်းတစ်ရပ်ဟု လက်ခံဖို့မဆိုထားနှင့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ် လက်ခံရမည်ဟု မမြင်ကြပါ။ ထိုသူတို့တွင် ဘုရားသခင် နောက်တော်သို့လိုက်သည်မှာ ကောင်းချီးမင်္ဂလာ ရရန်ဟူသော အလွန်ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုရှိပြီး ၎င်းတို့သည် ဤရည်မှန်းချက်နှင့် မသက်ဆိုင်သော အရာများဆောင်ရွက်ရန် အလွန်ပျင်းရိကြသည်။ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အသင့်တော်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ယုံကြည်ချက်၏ တန်ဖိုးပင်ဖြစ်သည်။ ဤရည်မှန်းချက် မရရှိနိုင်သည့်အရာများမှာ ၎င်းတို့အပေါ် မည်သို့မျှ သက်ရောက်မှုမရှိပါ။ ယနေ့ ဘုရားသခင်ကို ယုံကြည်သူအများစုမှာ ဤသို့ဖြစ်နေသည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်အတူ ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးခံကာ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့် ၎င်းတို့၏ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းရင်းတို့မှာ လက်ခံနိုင်ဖွယ် ရှိပုံပေါက်သည်။ ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကာ မိသားစုနှင့်အလုပ်တို့ကို စွန့်၍ အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် အလုပ်များနေကြသည်။ ၎င်းတို့၏ လမ်းဆုံးပန်းတိုင်အတွက် ၎င်းတို့၏စိတ်ဝင်စားမှုများကို ပြောင်းလဲကာ ဘဝအပေါ်ရှုမြင်ပုံကို ပြောင်းလဲ၍ ၎င်းတို့ရှာဖွေရာ ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်အပေါ် ၎င်းတို့ယုံကြည်ရခြင်း၏ ရည်ရွယ်ချက်ကိုမူ မပြောင်းလဲနိုင်ကြပါ။ ၎င်းတို့ကြိုက်နှစ်သက်ဆုံးအရာများကို စီမံခန့်ခွဲရန် အလုပ်ရှုပ်နေကြပါသည်။ လမ်းခရီးမည်မျှပင်ဝေးပါစေ၊ လမ်းခရီးတွင် အခက်အခဲများနှင့် အတားအဆီးများ မည်မျှပင်ရှိပါစေ၊ စွဲစွဲမြဲမြဲလုပ်ဆောင်ပြီး သေခြင်းကိုမကြောက်ကြပါ။ မည်သည့်တန်ခိုးကြောင့် ၎င်းတို့ ဤသို့ ဆက်လက်ဆက်ကပ်နိုင်ကြသနည်း။ ၎င်းတို့၏ အသိတရားလား။ ၎င်းတို့၏ကောင်းမွန်လွန်း၍ မြင့်မြတ်သော အကျင့်စာရိတ္တကြောင့်လား။ အဆုံးတိုင်အောင် မကောင်းမှုစွမ်းအားများကို တိုက်ထုတ်ရန် ကြံ့ခိုင်သည့် စိတ်ဓာတ်ကြောင့်လား။ ဆုရရန်မဟုတ်ဘဲ ဘုရားသခင်ကိုသက်သေခံသည့် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့်လား။ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် အရာအားလုံးကို စွန့်လွှတ်လိုသော ၎င်းတို့၏သစ္စာရှိမှုလား။ သို့မဟုတ် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာလိုအပ်ချက်များကို အမြဲစွန့်လွှတ်စေခဲ့သည့် ၎င်းတို့၏ ဆက်ကပ်မှုစိတ်ဓာတ်ကြောင့်လား။ ရှင်းရှင်းပြောရပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို တစ်ခါမျှမသိခဲ့သူများအတွက် ဤမျှပေးဆပ်ခြင်းမှာ ကြီးမားသောအံ့သြဖွယ်ရာ တစ်ရပ်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ထိုသူတို့ မည်မျှပေးဆပ်ခဲ့ကြောင်းကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ လွန်စွာသုံးသပ်ထိုက်ပေသည်။ ၎င်းတို့နှင့် လွန်စွာအနီးကပ် ဆက်စပ်လျက်ရှိသည့် အကျိုးကျေးဇူးများမှလွဲ၍ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်သော ထိုသူတို့တွင် သူ့ကို ဤမျှပေးဆပ်စေသည့် အခြားအကြောင်းရင်းများ ရှိနိုင်ပါသလား။ ၎င်းတွင် ယခင်က မတွေ့ခဲ့သောပြဿနာတစ်ရပ် ငါတို့ တွေ့ရှိရသည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်၏ ဆက်ဆံရေးမှာ မိမိကိုယ်ကျိုးတစ်ခုတည်းကြောင့်သာဖြစ်သည် ဆိုခြင်းဖြစ်သည်။ ဤဆက်ဆံရေးမှာ ကောင်းချီးမင်္ဂလာ လက်ခံရရှိသူနှင့် ပေးဆပ်သူတို့အကြားဖြစ်သည်။ ရှင်းရှင်းပြောပါက အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးကဲ့သို့ဖြစ်သည်။ အလုပ်သမားသည် အလုပ်ရှင်မှ ချပေးသောဆုများကို လက်ခံရရှိရေးအတွက်သာ အလုပ်လုပ်သည်။ ဤသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခြင်းမေတ္တာမရှိ၊ အပေးအယူတစ်ရပ်သာ ရှိသည်။ ချစ်ခြင်းနှင့် အချစ်ခံရခြင်းမရှိ။ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားညှာတာမှုသာ ရှိသည်။ နားလည်မှုမရှိခြင်း၊ ကြိတ်မှိတ်သည်းခံခြင်းနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ပေါင်းကူးခင်း၍မရနိုင်သော ကွာဟချက်သာ ရှိသည်။ ဤအနေအထားသို့ ရောက်ပြီဆိုပါက ဤသို့သောလမ်းကြောင်းကို မည်သူက ပြန်ပြောင်း၍ လှည့်လိုက်နိုင်မည်နည်း။ ဤဆက်ဆံရေး မည်မျှဆိုးရွားသွားပြီဖြစ်ကြောင်း လူဘယ်နှစ်ဦးသည် အမှန်တကယ် နားလည်နိုင်စွမ်း ရှိကြသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကို နှစ်မြုပ်ထားသည့်အခါ ဘုရားသခင်နှင့် ဤသို့သောဆက်ဆံရေးသည် မည်မျှ ရှက်ဖွယ်ကောင်းပြီး အမြင်မတော်သည်ကို မည်သူမျှစိတ်ကူးနိုင်မည် မဟုတ်ဟု ငါယုံကြည်သည်။

ဘုရားသခင်၏ အမှုအကြားတွင် လူသားသည် မိမိဘာသာစီမံခန့်ခွဲနေပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နာခံခြင်းမရှိခြင်းမှာ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်သည်။ ဘုရားသခင်ကိုနာခံ၍ ကိုးကွယ်ရန်ဆောင်ရွက်နေစဉ် တစ်ပြိုင်နက်တည်း လူသားသည် မိမိအကြိုက်နှစ်သက်ဆုံး ခရီးလမ်းဆုံးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ရရှိအောင်နှင့် အကောင်းဆုံး ခရီးလမ်းဆုံးပန်းတိုင်သို့ ရောက်ရှိအောင် မည်သို့ လုပ်ဆောင်ရမည်ကို တွက်ချက်နေခြင်းသည် လူသား၏အကြီးမားဆုံးသော ကျရှုံးမှုဖြစ်သည်။ လူတို့သည် ၎င်းတို့မည်မျှ သနားဖွယ်ကောင်းကြောင်း၊ မုန်းဖွယ်ကောင်းကြောင်းနှင့် ကရုဏာသက်ဖွယ် ကောင်းကြောင်းကို နားလည်သော်လည်း ၎င်းတို့ အကြိုက်ဆုံးအရာများနှင့် မျှော်လင့်ချက်များကို အလွယ်တကူ စွန့်လွှတ်နိုင်ကြသူ မည်မျှရှိသနည်း။ ထို့အပြင် မည်သူက ၎င်း၏ခြေလှမ်းများကို ရပ်တန့်ကာ မိမိအကြောင်းကိုသာ စဉ်းစားခြင်းကို ရပ်စဲနိုင်မည်နည်း။ ဘုရားသခင်သည် သူနှင့်အနီးကပ် ပူးပေါင်းလုပ်ကိုင်ကာ သူ၏စီမံခန့်ခွဲမှုကို ပြီးဆုံးအောင် ဆောင်ရွက်မည့်သူများ လိုအပ်သည်။ သူ့ကို နာခံရေးအတွက် သူ၏စီမံခန့်ခွဲမှု လုပ်ငန်းတွင် စိတ်ရောကိုယ်ပါ အပ်နှံမည့်သူများ လိုအပ်သည်။ နေ့စဉ်လက်ဖြန့်တောင်းသူများ မလိုပါ။ အနည်းငယ်သာပေး၍ ဤကျေးဇူးပြုမှုအတွက် ပြန်လည်ပေးဆပ်မှု ရယူရန် စောင့်နေသူများကို သာ၍ပင် မလိုပါ။ အနည်းငယ်သာ ပါဝင်လုပ်ကိုင်၍ မိမိတို့၏အောင်မြင်မှုများကို ကျေနပ်ကာ ဘာမျှဆက်မလုပ်တော့သည့်သူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲမှုလုပ်ငန်းအပေါ် မကျေမချမ်းဖြစ်ကာ ကောင်းကင်ဘုံရောက်ရေးနှင့် ကောင်းချီးမင်္ဂလာများ ရရှိရေး အကြောင်းကိုသာ ပြောလိုကြသည့် သွေးအေးသူများကို သူမုန်းတီးသည်။ လူသားတို့ကို ကယ်တင်ရေးအတွက် သူဆောင်ရွက်သည့်အလုပ်အပေါ် အခွင့်ကောင်းယူသူများကို ပို၍ပင် သူရွံမုန်းသည်။ ထိုသူတို့မှာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုမှနေ၍ မည်သည့်အရာတို့ကို အောင်မြင်လိုပြီး မည်သည်တို့ကို ရရှိလိုကြောင်း မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့သည့်အတွက် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာရရှိရေးအတွက် ဘုရားသခင်၏အမှုတော်မှ ရရှိသည့်အခွင့်အရေးများကို မည်သို့ အသုံးချနိုင်မည်ဆိုသည်ကိုသာ ဂရုစိုက်ကြသည်။ ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့နှင့် ဖိစီးနေသည့်အတွက် ဘုရားသခင်၏စိတ်နှလုံးကို ဂရုမစိုက်ကြပါ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုလုပ်ငန်းအပေါ် မကျေမချမ်းဖြစ်ကာ ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ပုံအကြောင်းနှင့် သူ၏ အလိုတော်တို့ကို အနည်းငယ်မျှ စိတ်မဝင်စားသူတို့သည် ၎င်းတို့နှစ်သက်ရာကိုသာ ဘုရားသခင်၏ စီမံခန့်ခွဲမှုမှ သီးခြားလုပ်ကိုင်နေကြသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က အထိန်းအမှတ်အဖြစ် ဂုဏ်ပြုခြင်းမရှိ။ သဘောတူ ခွင့်ပြုခြင်းမရှိ။ ဘုရားသခင်၏ မျက်နှာသာပေးခံရခြင်း သာ၍ပင်မရှိပါ။

ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်း တစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားသည် မိမိကိုယ်ကို ကျွန်ုပ်တို့မည်သည့်အတွက် အသက်ရှင်သနည်း၊ အဘယ်ကြောင့် သေရသနည်း၊ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလောဟု မမေးဘဲ မနေနိုင်တော့ပါ။ … နှစ်ပေါင်းထောင်ပေါင်းများစွာ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို ထပ်တလဲလဲ မေးခဲ့သည်။ လူသားသည် ဤမေးခွန်းများကို စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ငတ်မွတ်လာလေလေ ဖြစ်သည်မှာ ဆိုးလှသည်။ သိပ္ပံပညာသည် ခဏတာဆန္ဒပြည့်စေပြီး အသွေးအသားကို ယာယီပျော်ရွှင်မှု ပေးသော်လည်း လူသားကို တစ်ဦးတည်းဖြစ်နေခြင်း၊ အထီးကျန်နေခြင်းနှင့် မိမိစိတ်ဝိညာဉ်၏ နက်ရှိုင်းရာအတွင်းရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်ကင်းစေသည်အထိ လုံလောက်ရန် ဝေးပါသေးသည်။ ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး ဦးနှောက်ဖြင့်နားလည်နိုင်သည့် သိပ္ပံပညာကို မိမိ၏နှလုံးသား ခံစားမှု ကင်းမဲ့စေရုံမျှသာ လူသားတို့က အသုံးပြုခြင်းဖြစ်သည်။ သို့ရာတွင် နက်နဲရာများကို စူးစမ်း လေ့လာမှုမပြုရန် ၎င်းသိပ္ပံပညာသည် လူသားတို့ကို တားမြစ်နိုင်ခြင်း မရှိပါ။ လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူ ဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ဤသည်မှ လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘွားများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်ချုပ်သူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်တော်မူ၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်တော်မူသော သူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ညကိုခေါ်ဆောင်လာသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်အမြော်အမြင်သည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ၏ အမှုကို ရုပ်လုံးပေါ်စေကာ ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ ဉာဏ်အမြော်အမြင်နှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏ အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏ အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်မည်နည်း။ အလုံးစုံသောအရာတို့သည် သူ၏ စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏ အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် အာဏာတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားများကို စဉ်ဆက်မပြတ် စောင့်ရှောက်နိုင်ရန်မဆိုထားနှင့် စကြဝဠာကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိပါ။ သင်သည် ဘုရားသခင်၏အမှုကို သိနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ရှိကြောင်း ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ခန့်ထားတော်မူခြင်းအတွင်း သင်၏ကံကြမ္မာသည် ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ ၎င်းအပြင် ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ အစဉ် ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ သူရှိကြောင်းနှင့် သူ၏အာဏာတို့မှာ လူသားတို့၏ အသိအမှတ် ပြုခံရနိုင်ခြင်း ရှိမရှိ၊ နားလည်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်နေသည် မဟုတ်ပါ။ လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သူသာလျှင်သိပြီး သူသာလျှင် လူသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားသည် မိမိ၏မျက်စိဖြင့် မြင်မည့်အချိန်မှာ မကြာမြင့်တော့ပါ။ ထို့အပြင် ဘုရားသခင်သည် ဤအချက်ကို မကြာမီ အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားတို့ အသက်ရှင်၍ သေဆုံးကြသည်။ လူသားတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်သည်ဖြစ်ပြီး နောက်ဆုံးအကြိမ် မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ဖြစ်သည်။ လူသားသည် ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ထပ်ခါတလဲလဲ လုပ်သည်။ ဤသည်တို့အားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအမံတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲ ရှေ့သို့တက်လှမ်းနေပြီး မည်သည့်အခါမျှ ရပ်စဲမသွားပါ။ လူသားများ သူရှိကြောင်းသိရှိရန်၊ သူ၏ အချုပ်အခြာအာဏာအပေါ် ယုံကြည်စိတ်ချရန်၊ သူ၏အမှုကိုမြင်ရန်နှင့် သူ၏နိုင်ငံတော်သို့ ပြန်လာရန် သူပြုလုပ်မည် ဖြစ်သည်။ ဤသည်မှာ သူ၏ အစီအစဉ်ဖြစ်ပြီး နှစ်ပေါင်းထောင်ပေါင်းများစွာ သူလုပ်ကိုင်နေခဲ့သည် ဤအမှုဖြစ်သည်။

ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်သည် ကမ္ဘာကိုဖန်ဆင်းချိန်က စတင်ခဲ့ပြီး လူသားသည် ဤအလုပ်၏ ဗဟိုအချက်အချာတွင်ရှိသည်။ ဘုရားသခင်၏ အရာအားလုံးကို ဖန်ဆင်းမှုသည် လူသားအတွက်ဟုပြောနိုင်သည်။ သူ၏ စီမံခန့်ခွဲမှုအလုပ်သည် နှစ်ပေါင်းများစွာ ရှည်ကြာပြီး မိနစ် သို့မဟုတ် စက္ကန့် အနည်းငယ်အတွင်း၊ မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်သဖြင့် သူသည် လူသားများ အသက်ရှင်နေနိုင်ရေးအတွက် လိုအပ်သည့် နေ၊ လ၊ သတ္တဝါအမျိုးမျိုး၊ အစာနှင့် သက်ရှိပတ်ဝန်းကျင် အစရှိသည်တို့ကို လူသားတို့အတွက် ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်စီမံခန့်ခွဲမှု အစ ဖြစ်သည်။

၎င်းနောက် ဘုရားသခင်သည် လူသားကို စာတန်လက်ထဲအပ်နှံခဲ့ရပြီး လူသားသည် စာတန်၏ ပိုင်နက်တွင်နေခဲ့ကာ ဤမှသည် ဘုရားသခင်အမှု၏ ပထမဆုံးခေတ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသည် - ပညတ်တော်ခေတ်၏ ဇာတ်လမ်း။ …. ပညတ်တော်ခေတ်၏ နှစ်ထောင်ပေါင်း အချို့ကာလတွင် လူသားတို့သည် ပညတ်တော်ခေတ်၏ လမ်းညွှန်မှုနှင့် ယဉ်ပါးသွားကာ ၎င်းကို ပေါ့ပေါ့တန်တန် စတင်သဘောထားလာကြပြီး တဖြည်းဖြည်းနှင့် ဘုရားသခင်၏စောင့်ရှောက်မှုမှ ခွဲခွာလာခဲ့ကြသည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်နာနေစဉ်တွင် ၎င်းတို့သည် ရုပ်ဝတ္ထုများကို ကိုးကွယ်ကြကာ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ အကာအကွယ် မရှိတော့ဘဲ ဗိမာန်တော်၏ ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်နေရုံမျှသာ နေထိုင်သွားကြသည်။ အကယ်စင်စစ် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့ကို ထားခဲ့သည်မှာ ကာလကြာမြင့်ခဲ့သည်ဖြစ်ပြီး ဣသရေလတို့က ပညတ်တော်များကို ဆက်လက်နာခံနေခြင်း၊ ယေဟောဝါ၏ အမည်ကို ပြောဆိုနေခြင်းများ ပြုလုပ်၍ ၎င်းတို့သာလျှင် ယေဟောဝါ၏ ရွေးချယ်ခံရသူများဟု ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း ဘုရားသခင်၏ ဘုန်းတော်သည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီဖြစ်သည်။ …

ဘုရားသခင်သည် အမှုတော်ဆောင်ရွက်သည့်အခါ တစ်နေရာကို အမြဲတိတ်တဆိတ် စွန့်ခွာလျက် နောက်တစ်နေရာတွင် အမှုတော်သစ်ကို ညင်သာစွာ စတင်ဆောင်ရွက်ပါသည်။ ဤသည်မှာ ထုံနေသော လူသားတို့အတွက် မယုံကြည်နိုင်စရာဖြစ်နေသည်။ လူတို့သည် ဟောင်းသောအရာများကို အမြဲ တန်ဖိုးထား၍ ရင်းနှီးမှုမရှိသော အရာသစ်များအပေါ် ရန်လိုစိတ်ရှိကြသည်။ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်စရာဟု မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် မည်သည့်အမှုတော်သစ်ကို ဆောင်ရွက်သည်ဖြစ်စေ အစမှအဆုံး လူသားသည် အရာအားလုံးအနက် နောက်ဆုံးမှ သိရခြင်းဖြစ်သည်။

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း ပညတ်တော်ခေတ်တွင် ယေဟောဝါ၏အမှုတော်ပြီးနောက် ဘုရားသခင်သည် သူ့အမှုတော်၏ ဒုတိယအဆင့်ကို စတင်သည် - လူ့ဇာတိကိုခံယူကာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် လူသားအသွင် ခံယူပြီး ယုံကြည်သူများအကြား စကားပြောခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ မည်သူမျှမသိခဲ့ပါ။ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် သံမှိုအရိုက်ခံရကာ ရှင်ပြန်ထမြောက်ပြီး နောက်တွင် လူအနည်းငယ်သာလျှင် သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ပေါလုဟုခေါ်သူ၊ ဘုရားသခင်အား အသေအကြေမုန်းသူအဖြစ် သတ်မှတ်ထားသူ တစ်ဦး ပေါ်ထွက်လာခြင်းမှာ ပြဿနာဖြစ်သည်။ ဒဏ်ခတ်ခံရပြီး တမန်တော်ဖြစ်လာပြီးသည့်နောက်ပင် ပေါလု၏စရိုက်ဟောင်းမှာ ပြောင်းလဲခြင်းမရှိပါ။ ထို့အပြင် သူသည် သြဝါဒစာ အများအပြားရေးခဲ့သည်။ နောင်မျိုးဆက်များသည် သူ၏သြဝါဒများကို မွေ့လျော်စရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် ဓမ္မသစ်ကျမ်းတွင်ထည့်သွင်းပြီး ဘုရားသခင်ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များဟု ထင်မှတ်သည်အထိ ဖြစ်သွားသည်မှာ ဆိုးလှသည်။ ဤသည်မှာ သမ္မာကျမ်းစာ ပေါ်ထွန်းလာစဉ်မှစ၍ အမှန်တကယ်ပင် အရှက်ရစရာကြီးတစ်ခု ဖြစ်သည်။ ဤအမှားမှာ လူသား၏မိုက်မဲမှုကြောင့် ဖြစ်ခဲ့သည် မဟုတ်ပါလော။ ကျေးဇူးတော်ခေတ် ဘုရားသခင်၏မှတ်တမ်းများတွင် သြဝါဒစာများ သို့မဟုတ် လူသား၏ ဝိညာဉ်ရေးဆိုင်ရာ အရေးအသားများသည် ဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော် အယောင်ဆောင်ရန်အတွက် ရှိမနေသင့်ကြောင်း သူတို့မသိပါ။ သို့ရာတွင် ဤသည်မှာ မသက်ဆိုင်သဖြင့် ငါတို့၏ မူလ အကြောင်းအရာသို့ ပြန်သွားကြပါစို့။ ကားစင်တင်ခံရပြီးနောက် ဘုရားသခင်၏အမှုတော် ဒုတိယအဆင့် ပြီးဆုံးသွားသည်နှင့် လူသားကို အပြစ်မှကယ်ယူသည့် ဘုရားသခင်၏အမှုတော် (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်း) ပြီးမြောက်သွားသည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးမှုခံရပြီးနောက် လူသားသည် ဘုရားသခင်ရှေ့တော်တွင် ကယ်တင်ခြင်းလက်ခံရရှိရန် ခြေတစ်လှမ်း ပိုနီးကပ်လာသည်။ အမှုတော်၏ ဤအဆင့်မှာ ပညတ်တော်ခေတ်မှ ရှေ့တစ်ဆင့်လှမ်းသော ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်ပြီး ပညတ်တော်ခေတ်ထက် ပို၍လေးနက်သည့် အဆင့်တွင် ရှိသည်မှာ မှန်ပေသည်။

ဘုရားသခင်ဟူသည်ကိုမသိသော၊ ဖန်ဆင်းရှင်ဟူသည်ကို မသိသော၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်ရမည်ကို မသိသော၊ ဘုရားသခင်ကို အဘယ်ကြောင့် ကျိုးနွံနာခံရန်လိုအပ်သည်ကို မသိသော လူသားတို့ကို စာတန်လက်ထဲ လွှဲအပ်ပြီး စာတန်၏အကျင့်ပျက်မှုကို လွှတ်ထားပေးရန်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ထို့နောက် လူသားသည် ဘုရားသခင်ကို လုံးဝကိုးကွယ်၍ စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ကယ်နုတ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်တို့အားလုံးမှာ ဒဏ္ဍာရီပုံပြင်ဆန်ပြီး စိတ်ရှုပ်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် ဤစကြဝဠာအနှံ့တွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ခဲ့သည်ကို သိရန်မဆိုထားနှင့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အချို့အတွင်း လူသားအပေါ် မည်မျှဖြစ်ခဲ့သည်ကို လုံးဝမသိသဖြင့် ဤသည်ကို ဒဏ္ဍာရီကဲ့သို့ ထင်ရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏တာရှည်မခံသော မျက်လုံးများမှ မမြင်နိုင်အောင် တားဆီးထားသည့်အတွက် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာလောကထက် ကျော်လွန်၍တည်ရှိပြီး ပို၍ပင်အံ့သြစရာကောင်းကာ ပို၍ကြောက်စရာကောင်းသည့် ကမ္ဘာလောကကို ပြည့်စုံစွာ နားမလည်နိုင်ခြင်း ကြောင့်ဖြစ်သည်။ လူသားအတွက် ဤသည်မှာ နားမလည်နိုင်စရာဟု ထင်ရသည်။ ဤသည်မှာလည်း လူသားသည် လူသားတို့ကို ဘုရားသခင်ကယ်တင်ခြင်း၏ အရေးပါပုံနှင့် ဘုရားသခင်စီမံခန့်ခွဲမှုအမှုတော်၏ အရေးပါပုံတို့ကို နားမလည်ခြင်း၊ ဘုရားသခင်သည် လူသားတို့ကို အဆုံးတွင် မည်သို့ဖြစ်စေချင်သည်ကို နားမလည်ခြင်းတို့ကြောင့်ဖြစ်သည်။ လူသားတို့သည် အာဒံနှင့် ဧဝတို့နှင့် အမျိုးတော်ကာ စာတန်၏ ဖျက်ဆီးမှု မခံရသူများလား။ မဟုတ်ပါ။ ဘုရားသခင်၏စီမံခန့်ခွဲမှုသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျိုးနွံနာခံသည့်လူတစ်စု ရရှိရန်အတွက်ဖြစ်သည်။ ဤလူသားတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသော်လည်း စာတန်ကို ၎င်း၏ဖခင်ဟု မမြင်တော့ပါ။ စာတန်၏ အကျည်းတန်သည့် မျက်နှာကိုသိကာ ၎င်းကိုငြင်းပယ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရန် ဘုရားသခင်၏ ရှေ့တော်သို့ လာရောက်သည်။ မည်သည်က အကျည်းတန်ကြောင်း၊ ၎င်းသည် သန့်ရှင်းသည့် အရာနှင့် မည်သို့ကွာကြောင်းကို သူသိပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ဆိုးသွမ်းမှုတို့ကို သူသိသည်။ ဤသို့သော လူသားတို့သည် စာတန်အတွက် အလုပ်မလုပ်တော့ပါ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်တော့ပါ၊ သို့တည်းမဟုတ် စာတန်ကို အမြတ်တနိုး တန်ဖိုးမထားတော့ပါ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရရှိလိုက်သည့် လူတစ်စုဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လူသားများကို စီမံခန့်ခွဲမှု၏ အရေးပါသည့်အချက်ဖြစ်သည်။ ထိုအချိန် ဘုရားသခင်၏စီမံခန့်ခွဲမှု အမှုတော်ကာလတွင် လူသားသည် စာတန်၏ ဖျက်ဆီးခြင်းခံရာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာဖြစ်သကဲ့သို့ ဘုရားသခင်၏ ထုတ်ကုန်ဖြစ်ပြီး စာတန်က ရယူရေးအတွက် တိုက်ပွဲဝင်ရာလည်းဖြစ်၏။ အမှုတော်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် လူသားကို စာတန်လက်မှ တဖြည်းဖြည်း ကယ်နုတ်သည့်အတွက် လူသားသည် ဘုရားသခင်နှင့် ပို၍ပင်နီးကပ်လာသည် …

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာပါသည်။ ဤခေတ်မှာ အမှုတော်၏ပို၍ လက်တွေ့ကျသောအဆင့်နှင့် လူသားများအနေဖြင့် လက်ခံရန်အခက်ခဲဆုံး အဆင့်ဖြစ်သည်။ ဤသည်မှာ လူသားသည် ဘုရားသခင်နှင့်နီးကပ်လေလေ၊ ဘုရားသခင်၏ တောင်ဝှေးတော်သည် လူသားအနားကို ပိုမို ချဉ်းကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏မျက်နှာတော်မှာ လူသားရှေ့တွင် ပိုမိုရှင်းလင်းစွာ ပေါ်လာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားတို့သည် ရွေးနုတ်ခံရပြီးနောက် ဘုရားသခင်၏မိသားစုထံ တရားဝင် ပြန်သွားလေသည်။ ဤသည်မှာ ပျော်ရွှင်စရာအချိန်ဟု လူသားကယူဆသော်လည်း မည်သူကမျှ ကြိုတင် မမြင်ခဲ့သော ဘုရားသခင်၏ တိုက်ရိုက်တိုက်ခိုက်မှုကို ၎င်းခံရသည်။ အကယ်စင်စစ် ဤသည်မှာ ဘုရားသခင်၏လူတို့ “ပျော်မွေ့ရန်” ဗတ္တိဇံတစ်ရပ်ဖြစ်သည်။ ဤသို့သော ဆက်ဆံမှုအောက်တွင် လူသားတို့သည် အခြားလမ်းမရှိဘဲ ငါသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်ပြီး ဘုရားသခင်က အကုန်အကျများစွာဖြင့် ပြန်လည်ဝယ်ယူထားသူဖြစ်သည်၊ သို့ဖြစ်လျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း၊ ဘုရားသခင် ငါ့ကို လှောင်ပြောင်ရယ်မောနေသလော၊ ငါ့ကို ထုတ်ဖော်နေသလောဟုသာ ရပ်၍စဉ်းစားရန်ရှိတော့သည်။… နှစ်ကာလများ ကျော်လွန်ပြီးနောက် လူသားသည် သန့်စင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း အခက်အခဲများကို ခံရပြီးနောက် ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။ အတိတ်က “ဘုန်းတန်ခိုး”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ”တို့ ပျောက်ဆုံးသွားပြီ ဖြစ်သော်လည်း မသိစိတ်ကမူ လူသားတစ်ဦး ဖြစ်ရခြင်း၏ သမ္မာတရားကို နားလည်လာပြီး လူသားတို့ကို ကယ်တင်ရေးအတွက် ဘုရားသခင်၏ နှစ်ပေါင်းများစွာ ပေးအပ်လုပ်ဆောင်မှုကို ကျေးဇူးတင်လာသည်။ တဖြည်းဖြည်းနှင့် လူသားသည် ၎င်းကိုယ်တိုင်၏ ရိုင်းပျကြမ်းတမ်းမှုကို ရွံရှာစက်ဆုပ်လာသည်။ သူမည်မျှရိုင်းစိုင်းသည်ကို စတင်မုန်းတီးလာသည်။ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများအားလုံး၊ ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလာသည်။ အချိန်ကို နောက်ကြောင်းပြန်လှည့်၍မရပါ။ အတိတ်မှ အဖြစ်အပျက်များသည် လူသားအတွက် နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မေတ္တာတို့သည် လူသား၏ဘဝသစ်အတွက် တွန်းအားများဖြစ်လာသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းလာသည်၊ ခွန်အားပြန်ရှိလာပြီး မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာတော်ကို ဖူးမျှော်သည် … ထိုအခါ သူသည် မိမိ၏အနားတွင် အစဉ်ရှိကြောင်းနှင့် သူ၏အပြုံးနှင့် လှပသောမျက်နှာတို့သည် စိတ်နှလုံးကို လှုပ်ရှားစေနိုင်ဆဲဖြစ်ကြောင်းတို့ကိုသာ တွေ့လိုက်ရသည်။ သူ၏စိတ်နှလုံးသည် သူဖန်ဆင်းခဲ့သော လူသားတို့အတွက် စိုးရိမ်စိတ်ရှိနေဆဲဖြစ်ပြီး လက်များသည် အစအဦးကကဲ့သို့ နွေးထွေးဆဲ၊ တန်ခိုးရှိဆဲဖြစ်သည်။ လူသားသည် ဧဒင်ဥယျာဉ်သို့ ပြန်ရောက်နေသည့်အလားဖြစ်သည်။ သို့သော် ဤအကြိမ်တွင် မြွေ၏ဖြားယောင်းသွေးဆောင်မှုများကို လူသား နားမထောင်တော့ပါ။ ယေဟောဝါ၏ မျက်နှာမှ လှည့်မသွားတော့ပါ။ ဘုရားသခင်ရှေ့မှောက် လူသား ဒူးထောက်ကာ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည် - အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

ဘုရားသခင်၏မေတ္တာနှင့် ကရုဏာသည် သူ၏စီမံခန့်ခွဲမှုအမှုတော်၏ အသေးစိတ် တစ်ခုစီအတွင်း စိမ့်ဝင်ပျံ့နှံ့သွားပြီး လူသားများ ဘုရားသခင်၏စေတနာကို နားလည်နိုင်ခြင်းရှိမရှိကို အမှုမပြုဘဲ သူသည် ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုတော်ကို မမောမပန်း ဆောင်ရွက်နေဆဲ ဖြစ်သည်။ ဘုရားသခင်၏အစီအမံကို လူသားတို့မည်မျှနားလည်သည်နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်အမှုတော်၏ အကျိုးကျေးဇူးများနှင့် အကူအညီကို လူတိုင်းနားလည်နိုင်ပါသည်။ ယနေ့ သင်သည် ဘုရားသခင်ကပေးသော မေတ္တာကိုသော်လည်းကောင်း၊ ဘုရားသခင်ကပေးသော အသက်ကိုသော်လည်းကောင်း၊ မခံစားရဘဲ ရှိကောင်းရှိနေပါမည်။ သို့သော် ဘုရားသခင်ကို သင်မစွန့်လွှတ်သရွေ့ သမ္မာတရားကို ရှာဖွေရန် သင်၏ဆုံးဖြတ်ချက်အပေါ် အရှုံးမပေးသရွေ့ ဘုရားသခင်၏အပြုံး သင့်အပေါ်ထင်ရှားသည့်တစ်နေ့ အမြဲ ရှိနေပါမည်။ အကြောင်းမှာ ဘုရားသခင်အမှုတော်စီမံခန့်ခွဲမှု၏ ရည်မှန်းချက်မှာ စာတန်၏ ပိုင်နက်အတွင်း ရောက်နေသောလူသားတို့ကို ကယ်တင်ရန်၊ စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ဘုရားသခင်ကိုဆန့်ကျင်သော လူသားတို့ကို ပစ်မထားရန်ဖြစ်သည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်

ယခင်က:အနန္တတန်ခိုးရှင်၏ သက်ပြင်းချညည်းညူသံ

နောက်တစ်ခုသို့:ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

သင်နှစ်သက်နိုင်သည့် အရာများ