အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

လူငယ်ဘဝ၏ အရွယ်ကောင်းသောအချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခြင်း

ချန်ရှီ၊ ဟေဘေးပြည်နယ်

ကျွန်မတို့ လူငယ်ဘဝ၏ အရွယ်ကောင်းသော အချိန်သည် ဘဝ၏ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးအချိန်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။ လူများစွာအတွက် ဤနှစ်များသည် လှပသော အမှတ်တရများဖြင့် ပြည့်ကောင်း ပြည့်နေနိုင်ပါသည်။ သို့သော်လည်း ကျွန်မ လုံးဝ မျှော်လင့်ထားမိမည် မဟုတ်သည့်အရာမှာ ကျွန်မ၏ ကိုယ်ပိုင်လူငယ်ဘဝ အရွယ်ကောင်းသောအချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခဲ့ရခြင်းဖြစ်သည်။ ဤအတွက် ကျွန်မသည် ထူးဆန်းသည်ဟု သင် ထင်ကောင်းထင်နိုင်သည်။ သို့သော်လည်း ဤအရာကို ကျွန်မ နောင်တမရပါ။ သံတိုင်များနောက်ကွယ်ရှိ ထိုအချိန်ကာလသည် ခါးသီးမှုနှင့် မျက်ရည်တို့ဖြင့် ပြည့်နေခဲ့သော်လည်း၊ ယင်းသည် ကျွန်မဘဝ၏ အဖိုးတန်ဆုံးသော ဆုကျေးဇူးဖြစ်ပြီး ယင်းအဖြစ်မှ များစွာရရှိခဲ့သည်။

ကျွန်မသည် ပျော်ရွှင်သော မိသားစုတစ်စုတွင် မွေးဖွားခဲ့ပြီး၊ ကလေးတစ်ယောက်အနေဖြင့် ကျွန်မ အမေနှင့်အတူ ယေရှုအား ယုံကြည်ကိုးကွယ်ခဲ့သည်။ ကျွန်မ အသက် ဆယ့်ငါးနှစ်အရွယ်တွင် ကျွန်မ၏မိသားစုနှင့် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်အား ပြန်လည်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်း လက်ခံယုံကြည်ခဲ့ပြီး၊ နောက်ဆုံးသောကာလ ကိုယ်တော်၏ အမှုတော်ကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။

၂ဝဝ၂ ခုနှစ်၊ ဧပြီလ၏ နေ့တစ်နေ့၊ ကျွန်မ အသက် ဆယ့်ခုနစ်နှစ်အရွယ်တွင် အစ်မတစ်ယောက်နှင့် ကျွန်မသည် အပြင်ထွက်၍ ကျွန်မတို့တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ မနက်တစ်နာရီတွင်၊ ကျွန်မတို့သည် ကျွန်မတို့၏ ဧည့်ခံအိမ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီး၊ တံခါးမကြီးတွင် ကျယ်ကျယ်လောင်လောင် အလောတကြီး ထုရိုက်သံတို့ကြောင့် ရုတ်တရက် နိုးလာခဲ့ကြသည်။ အပြင်၌ တစ်စုံတစ်ယောက်က “တံခါးဖွင့်စမ်း။ တံခါးဖွင့်စမ်း” ဟု အော်ဟစ်သံကို ကျွန်မတို့ ကြားရသည်။ ကျွန်မတို့၏ အိမ်ရှင်ဖြစ်သော အစ်မက တံခါးကို ဖွင့်လိုက်စဉ်မှာပင်၊ ရဲအရာရှိအချို့က တံခါးအား ရုတ်ခြည်း တွန်းတိုက်၍ အတွင်းသို့ အစုလိုက်ဝင်လာကြကာ “ငါတို့က ပြည်သူ့လုံခြုံရေးဗျူရိုကပဲ” ဟု ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။ “ပြည်သူ့လုံခြုံရေးဗျူရို” ဆိုသည့် ဤစကားတို့ကို ကြားရသည်မှာ ကျွန်မအား ချက်ချင်းပင် စိုးရိမ်ကြောက်ရွံ့လာစေခဲ့သည်။ ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်ခြင်းကြောင့် ကျွန်မတို့ကို ဖမ်းဆီးဖို့ သူတို့ ဒီကို ရောက်လာကြတာလား။ အချို့ ညီအစ်ကိုမောင်နှမများသည် သူတို့၏ ယုံကြည်ခြင်းကြောင့် ဖမ်းဆီးခံရပြီး နှိပ်စက် ညှဉ်းပန်းခံရသည့် အကြောင်းများကို ကျွန်မ ကြားဖူးခဲ့သည်။ ထိုသို့သော အဖြစ်သည် ယခု ကျွန်မတွင် ဖြစ်ပျက်လာခြင်း ဟုတ်နိုင်ပါသလား။ ထိုအချိန် အခိုက်အတန့်တွင် ကျွန်မ၏ နှလုံးမှာ ကြမ်းရမ်းစွာ ခုန်လာခဲ့ပြီး၊ ထိတ်လန့်တကြားဖြင့် ဘာလုပ်ရမည်ကို ကျွန်မ မသိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ အလျင်အမြန် ဆုတောင်းခဲ့သည်။ “ဘုရားသခင်၊ ကိုယ်တော် ကျွန်မနှင့်အတူရှိဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ရဲရင့်မှု ပေးတော်မူပါ။ ဘာပဲဖြစ်ပါစေ၊ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ အစဉ်အမြဲ လိုလားလျက်ရှိပါတယ်။ ကျွန်မကို ကိုယ်တော်ရဲ့ ဉာဏ်ပညာပေးပြီး၊ ကျွန်မ ပြောသင့်တဲ့စကားတွေကို ပေးအပ်ဖို့ ကိုယ်တော့်ထံ အသနားခံ တောင်းလျှောက်ပါတယ်။ ပြီးတော့ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ရောင်းစားခြင်း မပြုစေဖို့ ကျွန်မအား ကွယ်ကာတော်မူပါ။” ဆုတောင်းပြီးနောက်တွင် ကျွန်မ၏ နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ မနှစ်မြို့စရာကောင်းသော ရဲသား လေး၊ ငါးယောက်မှာ အိပ်ရာခင်းများ၊ ဗီရိုများ၊ သေတ္တာများနှင့် ခုတင်အောက်၌ ရှိသည်တို့ကိုပါမချန် လှန်လှော၍ ဓားပြများကဲ့သို့ မွှေနှောက် ရှာဖွေကြသည်ကို ကျွန်မ မြင်ရသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်အချို့နှင့် ဓမ္မတေးသီချင်း စီဒီခွေအချို့ကိုပါ သူတို့ ရှာတွေ့လာခဲ့ကြသည်။ ခေါင်းဆောင်က ခံစားချက်ကင်းမဲ့သည့် အသံဖြင့် ကျွန်မကို ပြောသည်။ “ဒါတွေကို မင်း ပိုင်ဆိုင်တာက မင်းက ဘုရားကို ယုံကြည်တယ်ဆိုတဲ့ သက်သေပဲ။ ငါတို့နဲ့ လိုက်ခဲ့ပြီးရင်၊ မင်း ထွက်ဆိုချက် တင်ပြလို့ရတယ်။” ကျွန်မက အံ့သြတုန်လှုပ်လျက်ဖြင့် “ပြောစရာတစ်ခုခုရှိရင် ဒီမှာပဲ ကျွန်မ ပြောလို့ရတယ်။ ကျွန်မ ရှင်တို့နဲ့ မလိုက်ချင်ဘူး” ဟု ပြောလိုက်သည်။ သူက ချက်ချင်းပင် တစ်ချက်ပြုံးလိုက်ပြီး “မကြောက်ပါနဲ့။ ထွက်ဆိုချက် တင်ပြဖို့ ခရီးတိုလေးပဲ သွားလိုက်ရအောင်။ သိပ်မကြာခင်မှာ ငါ မင်းကို ဒီကို ပြန်ပို့ပေးမယ်” ဟု ပြန်ပြောသည်။ သူ့စကားကို ကျွန်မ ယုံလိုက်ပြီး၊ သူတို့နှင့်အတူ လိုက်ကာ ရဲကားပေါ်သို့ ကျွန်မ တက်ခဲ့သည်။

ထို ခရီးတိုလေးသည် အကျဉ်းထောင်၌ ကျွန်မ၏ ဘဝ စတင်ခြင်းဖြစ်လိမ့်မည်ကို ကျွန်မ လုံးဝ မစဉ်းစားမိခဲ့ပါ။

ရဲစခန်းဝင်းထဲသို့ ကျွန်မတို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ထို ဆိုးယုတ်သော ရဲအရာရှိများသည် ကျွန်မအား ကားထဲမှ ထွက်ဖို့ စတင်အော်ဟစ်လေသည်။ သူတို့၏ မျက်နှာအမူအရာတို့သည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး၊ ယခင်က ပုံစံများနှင့် ရုတ်တရက်ပင် လုံးဝ ကွဲပြားသွားသလို ဖြစ်သည်။ ရုံးသို့ ကျွန်မတို့ ရောက်သောအခါတွင် ကြီးထွားသန်မာသော ရဲသားအချို့သည် ကျွန်မတို့နောက်မှ ဝင်လာပြီး၊ ကျွန်မ၏ ဘယ်ညာနှစ်ဖက်တွင် ရပ်လိုက်ကြသည်။ ကျွန်မအပေါ်တွင် သူတို့၏ အင်အား ခိုင်မာတောင့်တင်းသွားပြီဖြစ်၍၊ ဆိုးဝါးသော ရဲအုပ်စု၏ ခေါင်းဆောင်က ကျွန်မအား အော်ဟစ်ပြောဆိုသည်။ “မင်းကို ဘယ်လိုခေါ်လဲ။ မင်းက ဘယ်ကလဲ။ အဲဒီနေရာမှာ မင်းတို့ အားလုံး ဘယ်နှယောက်ရှိလဲ။” ကျွန်မသည် ပါးစပ်ကို ဟ၍ ပြန်ပြောဖို့ ပြုနေစဉ်တွင်ပင်၊ သူက ကျွန်မဆီသို့ ရုတ်တရက် ရောက်လာပြီး၊ မျက်နှာအား ဖြန်းခနဲမြည်အောင် နှစ်ချက်ရိုက်လိုက်သည်။ ကျွန်မ ကြက်သေသေလျက် ငြိမ်သက်သွားခဲ့သည်။ ကျွန်မဘာသာ စဉ်းစားလိုက်မိသည်။ “ရှင် ဘာကြောင့် ကျွန်မကို ရိုက်တာလဲ။ ကျွန်မ ဖြေတာတောင် မဆုံးသေးဘူး။ ရှင် ဘာကြောင့် ဒီလောက် ကြမ်းတမ်းပြီး ယဉ်ကျေးမှု မရှိရတာလဲ။ ကျွန်မ ထင်ထားတဲ့ ပြည်သူ့ရဲတွေဆိုတာနဲ့တော့ လုံးဝ တခြားစီပဲ။” နောက်တစ်ခါတွင် သူသည် ကျွန်မ အသက် ဘယ်လောက်ရှိသည်ကို ဆက်လက် မေးမြန်းခဲ့ပြီး၊ ကျွန်မက ဆယ့်ခုနစ်နှစ်ရှိပြီ ဖြစ်ကြောင်း ရိုးသားစွာ ဖြေသည့်အခါ၊ သူက ကျွန်မ မျက်နှာကို နောက်တစ်ကြိမ် နှစ်ချက်ရိုက်လိုက်ပြီး၊ ကျွန်မက လိမ်ပြောသည်ဟုဆိုကာ ဆူပူကြိမ်းမောင်းသည်။ ထို့နောက်တွင် ကျွန်မ ဘာပဲပြောပြော၊ ကျွန်မမျက်နှာအား ထပ်ခါထပ်ခါ အရမ်းမဲ့စွာ ရိုက်နှက်သောကြောင့် ကျွန်မသည် မူးဝေကာ၊ ခေါင်းတွင် ချာချာလည်နေခဲ့သည်အထိ ဖြစ်ခဲ့သည်။ ကျွန်မ၏ နားများ အူနေခဲ့ကာ၊ ကျွန်မမျက်နှာကလည်း နာကျင်မှုဖြင့် ပူလောင်နေခဲ့သည်။ ထိုအချိန်တွင် ကျွန်မ နောက်ဆုံး၌ နားလည်သွားခဲ့ရသည်။ ဤ ဆိုးဝါးသော ရဲတို့သည် ကျွန်မအား ထိုနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းမှာ မည်သည့် မေးခွန်းကိုမျှ မေးရန်မဟုတ်ပေ။ ကျွန်မက နာခံအောက်ကျို့စေဖို့ အတင်းအဓမ္မပြုလုပ်ရန် အကြမ်းဖက်ချင်ကြခြင်းသာဖြစ်သည်။ ဤ ရက်စက်သော ရဲတို့အား အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ ကြိုးစားခြင်းက အလုပ်ဖြစ်မည် မဟုတ်ဘဲ၊ မဆုံးနိုင်အောင်သာ ဒုက္ခရောက်လိမ့်မည်ဟု ညီအစ်ကိုမောင်နှမများက ပြောသည်ကို ကျွန်မ ကြားခဲ့ဖူးမှန်း အမှတ်ရမိသည်။ ယခုအခါ ထိုအဖြစ်ကို ကျွန်မကိုယ်တိုင် ကြုံတွေ့နေပြီဖြစ်၍၊ သူတို့က မည်သည့်အရာပဲ မေးမေး၊ ကျွန်မ တစ်ခွန်းမှ မဟတော့ပါ။ ကျွန်မ စကားမပြောသည်ကို သူတို့ မြင်ရသည့်အခါ ကျွန်မကို အော်ဟစ်တော့သည်။ “ခွေးမ၊ နင့်ကို ငါ စဉ်းစားစရာတစ်ခု ပေးမယ်။ မဟုတ်ရင် ငါတို့ကို နင် အမှန်အတိုင်း ပြောပြမှာမဟုတ်ဘူး။” ဤသို့ပြောလျက်ဖြင့် သူတို့ထဲမှ တစ်ယောက်က ကျွန်မအား ရင်ဘတ်သို့ နှစ်ကြိမ်တိတိ ပြင်းပြင်းထန်ထန် ထိုးလိုက်ရာ၊ ကျွန်မသည် ယိမ်းထိုး၍ ကြမ်းပြင်သို့ ပြင်းထန်စွာ လဲကျသွားသည်။ ထို့နောက်တွင် သူသည် ကျွန်မအား တစ်ချက်နှစ်ချက်ခန့် ခပ်ပြင်းပြင်း ကန်လိုက်ပြီး၊ ကျွန်မအား ကြမ်းပြင်မှ ပြန်ဆွဲထူကာ ဒူးထောက်ဖို့ အော်ပြောသည်။ ကျွန်မ မလိုက်နာခဲ့ပါ။ ထို့ကြောင့် ကျွန်မ၏ ဒူးများအား လေးငါးချက်မျှ ထပ်ကန်ပါသည်။ ကျွန်မအပေါ် ကျရောက်လာသော ပြင်းထန်သည့် နာကျင်မှုများကြောင့် ကျွန်မသည် ကြမ်းပြင်ပေါ်သို့ ဗုန်းခနဲမြည်ကာ ဒူးထောက်ကျသွားခဲ့သည်။ သူက ကျွန်မ၏ ဆံပင်ကို ဖမ်းဆုပ်ပြီး အောက်သို့ အတင်း ဆွဲချပြီးနောက်၊ ရုတ်တရက် ကျွန်မ၏ ခေါင်းကို နောက်သို့ ဆွဲလှန်ကာ မော့ကြည့်စေပြန်သည်။ သူသည် ကျွန်မ၏ မျက်နှာအား တစ်ချက်နှစ်ချက် ထပ်ရိုက်ရင်း၊ ကျွန်မအား ဆဲဆိုသည်။ ကျွန်မ ခံစားရသည်မှာ ကမ္ဘာကြီး ချာချာလည်နေခြင်းသာ ဖြစ်သည်။ မကြာခင်တွင် ကျွန်မ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ယုတ်မာသောရဲတို့၏ ခေါင်းဆောင်က ရုတ်တရက် ကျွန်မလက်မှ နာရီကို သတိပြုမိလိုက်သည်။ ထိုနာရီကို လိုချင်တပ်မက်စွာ ကြည့်လျက်ဖြင့် “အဲဒီမှာ မင်းက ဘာဝတ်ထားတာလဲ” ဟု သူက အော်ပြောသည်။ ချက်ချင်းပင် ရဲတစ်ယောက်က ကျွန်မ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး၊ နာရီကို လက်ကောက်ဝတ်မှ အတင်းဆွဲချွတ်ပြီးနောက် သူ၏ “ဆရာကြီး” ထံသို့ ပေးလိုက်သည်။ ဤကဲ့သို့သော စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူကို မြင်ရ၍၊ ကျွန်မသည် သူတို့အပေါ် မုန်းတီးမှုများ ပြည့်လာခဲ့သည်။ ထို့နောက် ကျွန်မအား နောက်ထပ် မေးခွန်းများ မေးသည့်အခါ၌ ကျွန်မသည် သူတို့အား တိတ်ဆိတ်စွာဖြင့် စူးစူးဝါးဝါး စိုက်ကြည့်၍သာနေခဲ့သည်။ ဤအခြင်းအရာက သူတို့အား ပို၍ပင် စိတ်တိုစေခဲ့သည်။ ရက်စက်သော ရဲများထဲမှ တစ်ယောက်က ကျွန်မအား ကြက်ကလေးတစ်ကောင်ကို ကောက်ယူသကဲ့သို့ အင်္ကျီကော်လာမှ ဆုပ်ကိုင်၍ ကြမ်းပြင်မှ ဆွဲမကာ၊ ကျွန်မအား ဟိန်းဟောက်သည်။ “အိုး မင်းက မာတယ်၊ ခံနိုင်ရည်ရှိတယ်ပေါ့၊ ဟုတ်လား။ ဒါက တိတ်တိတ်နေတဲ့အတွက် မင်း ရတဲ့ဟာပဲ။” ဤသို့ ပြောဆိုကာ သူသည် ကျွန်မအား နောက်ထပ် လေးငါးချက် ထိုးနှက်သဖြင့်၊ ကျွန်မသည် နောက်တစ်ဖန် ကြမ်းပြင်ပေါ်သို့ လဲကျခဲ့ပြန်သည်။ ထိုအချိန်တွင် ကျွန်မ တစ်ကိုယ်လုံးမှာ မခံနိုင်လောက်အောင် ကိုက်ခဲနေပြီး ရုန်းကန်ဖို့ မည်သည့်အားအင်မှ မရှိတော့ပါ။ ကျွန်မသည် လှုပ်ရှားမှုမရှိဘဲ၊ မျက်လုံးကို မှိတ်လျက် ကြမ်းပြင်ပေါ်တွင်သာ လဲနေခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးတွင်မူ ကျွန်မသည် ဘုရားသခင်ထံ အလောတကြီး အသနားခံ တောင်းလျှောက်ခဲ့သည်။ “အို ဘုရားသခင်၊ ဒီဆိုးယုတ်တဲ့ ရဲတွေဟာ ကျွန်မအပေါ် နောက်ထပ် ဘယ်လို ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေ လုပ်ဦးမလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မဟာ ဝိညာဉ်အသက်တာမှာ နုနယ်မှန်း ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းမှန်း ကိုယ်တော် သိပါတယ်။ ကျွန်မကို ကာကွယ်ဖို့ ကိုယ်တော်ကို အနူးအညွတ်တောင်းပန်ပါတယ်။ ယုဒတစ်ယောက်အဖြစ် ကိုယ်တော်ကို သစ္စာဖောက်ဖို့ထက် သေသာ သေလိုက်ပါမယ်။” ကျွန်မ၏ ဆုတောင်းချက်ကို အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် ကျွန်မအား ယုံကြည်ခြင်းနှင့် အားအင်ကို ပေးအပ်ခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်ပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမတို့ကို ရောင်းစားခြင်းဖြင့် ယုဒတစ်ယောက် ဖြစ်ရခြင်းထက် ကျွန်မက သေသာ သေလိုက်မည်ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်အတွက် ပြတ်သားစွာ သက်သေရပ်တည်မည် ဖြစ်သည်။ ထိုအချိန်၌ ကျွန်မဘေးမှ လူတစ်ယောက်က “သူ ဘယ်လိုဖြစ်ပြီး မလှုပ်တော့တာလဲ။ သေပြီလား” ဟု ပြောသည်ကို ကျွန်မ ကြားလိုက်ရသည်။ ထို့နောက်တွင် လူတစ်ယောက်က ကျွန်မလက်ပေါ်သို့ ခြေဖြင့် တမင်နင်းလိုက်ပြီး၊ သူ၏ခြေထောက်ဖြင့် အတင်း ဖိကာ ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုသည်။ “ထစမ်း။ ငါတို့ နင့်ကို တခြားနေရာကို ခေါ်သွားမလို့။ ငါတို့ အဲဒီကိုရောက်တော့မှ နင် စကားမပြောသေးဘူးဆိုရင် နင့်ထိုက်နဲ့ နင့်ကံပဲပေါ့။” ဘုရားသခင်က ကျွန်မအား ယုံကြည်ခြင်းနှင့် အားအင်ကို ပေးအပ် ထားသောကြောင့် သူတို့၏ ခြိမ်းခြောက်မှုအား ကျွန်မ လုံးဝ မကြောက်ရွံ့ခဲ့ပါ။ ကျွန်မ၏ နှလုံးသားတွင် စာတန်နှင့် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မအား ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုသို့ လိုက်ပါပို့ဆောင်ခဲ့သည်။ စစ်ဆေးမေးမြန်းသည့် အခန်းသို့ ကျွန်မတို့ ရောက်ရှိသည့်အခါတွင် ထိုဆိုးဝါးသော ရဲများ၏ ခေါင်းဆောင်နှင့် အခြားနှစ်ယောက်တို့သည် ကျွန်မရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်၊ ကျွန်မ အသင်းတော်၏ ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများ အကြောင်းကို ထုတ်ပြောလာစေရန် အတင်းအဓမ္မကြိုးစားကာ၊ ကျွန်မအား ဝိုင်း၍ ထပ်ခါထပ်ခါ မေးခွန်းထုတ်ခဲ့သည်။ ကျွန်မက သူတို့ ကြားချင်သည့် အဖြေများ ပေးဦးမည်မဟုတ်သည်ကို သုူတို့ မြင်သည့်အခါ၊ သုံးယောက်လုံးက ကျွန်မအား အလှည့်ကျ ထပ်ခါထပ်ခါ ပါးရိုက်ခဲ့သည်။ ကျွန်မ ဘယ်နှကြိမ်ရိုက်ခံရသည်ကို မသိပါ။ ကျွန်မ ကြားခဲ့ရသည်မှာ ကျွန်မ မျက်နှာကို တဖြန်းဖြန်းဖြင့်ရိုက်သည့် အသံသာ ဖြစ်သည်။ ညသန်းခေါင်၏ တိတ်ဆိတ်မှုတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံတစ်ခု ဖြစ်သည်။ သုူတို့၏ လက်များ နာကျင်လာသောကြောင့် ယုတ်မာသော ရဲတို့သည် ကျွန်မအား စာအုပ်များဖြင့် စတင် ရိုက်နှက်ခဲ့သည်။ သူတို့ ရိုက်နှက်ကြသည်မှာ ကျွန်မ နောက်ဆုံး၌ နာကျင်မှုကို မခံစားမိတော့သည်အထိပင် ဖြစ်သည်။ ကျွန်မ၏ မျက်နှာသည် ဖူးရောင်၍ ထုံနေခြင်းကိုသာ ခံစားရသည်။ အဆုံးတွင် ကျွန်မထံမှ မည်သည့် တန်ဖိုးရှိသည့် သတင်းအချက်အလက်မျှ ရမည်မဟုတ်သည်ကို မြင်၍၊ ယုတ်မာသော ရဲများသည် လိပ်စာစာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး၊ သူတို့ကိုယ်သူတို့ ကျေနပ်လျက်ဖြင့် “ဒါကို မင်းအိတ်ထဲမှာ ငါတို့ တွေ့တယ်။ မင်း ငါတို့ကို ဘာမှ မပြောရင်တောင် ငါတို့မှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိပါသေးတယ်” ဟု ပြောသည်။ ရုတ်တရက်ပင် ကျွန်မ အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက်က ဖုန်းကိုင်လိုက်လျှင်၊ သူတို့တွေ အဖမ်းခံရခြင်းအဖြစ်သို့ ရောက်သွားနိုင်သည်။ အသင်းတော်ဆီသို့လည်း သူတို့ ဆက်စပ်သွားနိုင်ပြီး၊ အကျိုးဆက်များမှာ အလွန်ပင် ဆိုးဝါးသွားနိုင်သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရမိခဲ့သည်။ “စကြဝဠာတစ်ခုလုံးတွင် ဖြစ်ပျက်နေသော အရာအားလုံးတို့တွင် ငါမဆုံးဖြတ်ဘဲ ပြီးမြောက်သွားမည့်အရာ တစ်ခုမျှပင်မရှိချေ။ ငါ၏ လက်ထဲတွင်မဟုတ်ပဲ တည်ရှိနေသော အရာများမှာ အဘယ်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) “မှန်တယ်” ကျွန်မလည်း မိမိဘာသာ တွေးလိုက်မိသည်။ “အရာအားလုံးနဲ့ အဖြစ်အပျက်အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ စီစဉ်ညွှန်ကြားပြီး စီမံထားတာပဲ။ ဖုန်း ခေါ်လို့ရတယ်၊ မရဘူးဆိုတာတောင် ဘုရားသခင် ဆုံးဖြတ်တဲ့အပေါ်မှာ လုံးဝ မူတည်တယ်။ ငါက ဘုရားသခင်ကို ကြည်ညိုလေးစားပြီး၊ မှီခိုချင်စိတ် ရှိတယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံချင်တာပဲလေ” ထို့ကြောင့် ကျွန်မသည် ဤ ညီအစ်ကိုမောင်နှမများအား ကွယ်ကာပေးဖို့ ဘုရားသခင်အား အနူးအညွတ်တောင်းပန်လျက်၊ ဘုရားသခင်ထံ ထပ်ခါထပ်ခါ ဆုတောင်းခဲ့သည်။ ဤအကျိုးဆက်အဖြစ် သူတို့သည် ထိုဖုန်းနံပါတ်များအားလုံးကို ဆက်ကြည့်သော်လည်း၊ အချို့ခေါ်ဆိုမှုများမှာ မည်သူမျှ ဖြေကြားခြင်းမရှိဘဲ အသံသာ မြည်နေခဲ့ပြီး၊ တခြားဖုန်းနံပါတ်များမှာ လုံးဝ ခေါ်ဆို၍ပင် မရနိုင်ခဲ့ပါ။ အဆုံးတွင် ယုတ်မာသောရဲတို့သည် အားမလိုအားမရဖြစ်ကာ ဆဲဆို၍၊ လိပ်စာစာအုပ်ကို စားပွဲပေါ် လွှင့်ပစ်ကာ ဆက်မကြိုးစားကြတော့ပေ။ ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်၏ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်မှုများ၏ နမူနာတစ်ခု ဖြစ်ပါသည်။ ကျွန်မ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြပြီး ဘုရားသခင်ကို ချီးမွမ်းခြင်းမပြုဘဲ မနေနိုင်ခဲ့ပါ။

သို့သော်လည်း သူတို့သည် လက်မလျှော့ခဲ့ဘဲ၊ အသင်းတော်၏ အကြောင်းအရာများကို ကျွန်မအား ဆက်လက် စစ်ဆေးမေးမြန်းခဲ့သည်။ ကျွန်မ မဖြေခဲ့ပါ။ သူတို့သည် ပျာယာခတ်ကာ အလွန် စိတ်အနှောင့်အယှက် ဖြစ်လာကြပြီး၊ ကျွန်မအား ဒုက္ခခံစားရစေရန်အတွက် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသည့် နည်းတစ်ခုကို စဉ်းစားခဲ့ကြသည်။ ယုတ်မာသော ရဲများထဲမှ တစ်ယောက်က ကျွန်မအား တစ်ဝက်တစ်ပျက် ဆောင့်ကြောင့်ထိုင်သည့်ပုံစံဖြင့် နေခိုင်းကာ၊ ကျွန်မ၏ လက်များကို ပခုံးနှင့်အညီ ဆန့်ထားစေ၍ လုံးဝ လှုပ်ရှားခွင့်မပြုပေ။ မကြာခင်တွင် ကျွန်မ၏ ခြေထောက်များသည် တုန်လာပြီး၊ လက်များကို ဆန့်မထားနိုင်တော့ပါ၊ ပြီးလျှင် ကျွန်မ ခန္ဓာကိုယ်သည် တမင်ပြုလုပ်ခြင်းမဟုတ်ဘဲ ပြန်ပြီး မတ်တတ်ရပ်လာမိသည်။ ရဲက သံတုတ်တစ်ချောင်းကို ယူကာ၊ ကျားတစ်ကောင်က သားကောင်ကို ချောင်းသကဲ့သို့ ကျွန်မအား စူးစူးဝါးဝါး စိုက်ကြည့်သည်။ ကျွန်မ မတ်တတ်ရပ်မိချိန်တွင်ပင် သူသည် ကျွန်မ ခြေထောက်အား ကြမ်းတမ်းစွာ ရိုက်နှက်ရာ၊ အလွန် နာကျင်လှသောကြောင့် ဒူးထောက်လဲကျမတတ် ဖြစ်သွားခဲ့ရသည်။ နောက်ထပ် နာရီဝက်လုံးလုံးတွင် ကျွန်မ၏ ခြေထောက်ဖြစ်စေ လက်ဖြစ်စေ အနည်းငယ်မျှပင် လှုပ်မိသည်နှင့် သူသည် ကျွန်မအား တုတ်ဖြင့် ချက်ချင်း ရိုက်နှက်သည်။ ကျွန်မအား သူ ဘယ်နှကြိမ် ရိုက်ခဲ့သည်ကို ကျွန်မ မသိပါ။ ဤသို့ တစ်ဝက်တစ်ပျက်ထိုင်သည့် ပုံစံကို အချိန်အကြာကြီး ထိန်းထားရသောကြောင့်၊ ကျွန်မ၏ ခြေထောက်နှစ်ဖက်လုံးက အလွန်အမင်း ရောင်လာသည်။ ပြီးလျှင် အရိုးများ ကျိုးအက်သွားသကဲ့သို့ မခံနိုင်အောင် နာကျင်သည်။ အချိန်ကုန်လာသည်နှင့်အမျှ ကျွန်မ၏ ခြေထောက်များသည် ပို၍ပင် တုန်ခါလာပြီး၊ အဆက်မပြတ် သွားချင်းရိုက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ အားအင်တို့ ကုန်ဆုံးကာ သတိလစ်သွားတော့မည်ဟု ခံစားလိုက်ရသည်။ သို့ရာတွင် ယုတ်မာသော ရဲတို့သည် တစ်ဖက်မှနေ၍ မျောက်တစ်ကောင်အား ပြကွက်များ ပြုလုပ်ရန် ရက်ရက်စက်စက် ခိုင်းစေနေသကဲ့သို့ ကျွန်မအား အဆက်မပြတ် လှောင်ပြောင်ရယ်မောကာ၊ သရော်ခဲ့ကြသည်။ သူတို့၏ ဆိုးရွားသော၊ စက်ဆုပ်ဖွယ်ကောင်းသော မျက်နှာများကို ကျွန်မ ကြည့်မိလေလေ၊ ဤယုတ်မာသည့် ရဲများအပေါ် မုန်းတီးမှုကို ပို၍ ခံစားရလေလေဖြစ်သည်။ ကျွန်မသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး၊ သူတို့အား အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကျွန်မ ဆက်ပြီး မထိုင်တော့ဘူး။ ကျွန်မကို သေမိန့်သာ ချလိုက်တော့။ ဒီနေ့ ကျွန်မမှာ ဘာမှ ဆုံးရှုံးစရာမရှိဘူး။ ကျွန်မ သေရမှာတောင် မကြောက်ဘူး။ ဒီတော့ ရှင်တို့ကို ဘာဖြစ်လို့ ကြောက်ရမှာလဲ။ ရှင်တို့က ဒီလောက် ယောက်ျားရင့်မာကြီးတွေ ဖြစ်တာတောင် ရှင်တို့ လုပ်တတ်တာက ကျွန်မလို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ပဲ ထင်တယ်။” အံ့သြစရာကောင်းသည်မှာ ဤသို့ ကျွန်မ ပြောပြီးနောက်တွင်၊ ယုတ်မာသော ရဲအုပ်စုသည် ဆဲဆိုသည့် စကားအချို့ကို ထပ်မံ အော်ဟစ်ပြီးနောက် ကျွန်မအား စစ်ဆေးမေးမြန်းခြင်းကို ရပ်တန့်ခဲ့သည်။ ထိုအချိန်တွင် ကျွန်မ အလွန်ပင် စိတ်လှုပ်ရှားခဲ့သည်။ ပြီးလျှင် အကြောင်းအရာနှင့် အဖြစ်အပျက်အားလုံးတို့သည် ဘုရားသခင်၏ လက်ထဲတွင် စီစဉ်ညွှန်ကြားခြင်း ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ကျွန်မ၏ ကြောက်ရွံ့ခြင်း စိတ်နှလုံးကို ဖယ်ရှင်းပြီးသည်နှင့် ကျွန်မ၏ အခြေအနေက လိုက်လျောညီထွေစွာ ပြောင်းလဲသွားခဲ့သည်။ ကျွန်မ စိတ်နှလုံးအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကို အမှန်တကယ် နားလည် သဘောပေါက်လာခဲ့သည်။ “‘ရှင်ဘုရင်၏ နှလုံးသားသည် မြစ်ရေကဲ့သို့ ယေဟောဝါ၏ လက်တော်တွင် ရှိ၏။ ယင်းကို သူ အလိုရှိသည့်နေရာတိုင်းသို့ လှည့်တော်မူသည်။’ ဟု ပြောထားသည့်အတိုင်းပင် ဖြစ်သည်၊ သို့ဆိုလျှင် ထိုအညတြများနှင့် မည်မျှသာ၍ ဖြစ်မည်နည်း။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ယနေ့တွင် ဘုရားသခင်သည် စာတန်၏ နှိပ်စက်ညှဉ်းပန်းမှုအား ကျွန်မအပေါ်သို့ ကျရောက်စေခဲ့ခြင်းမှာ ကျွန်မကို တမင်သက်သက် ဒုက္ခခံစေရန် မဟုတ်ဘဲ၊ တကယ်တမ်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တန်ခိုးကို ကျွန်မအနေဖြင့် နားလည် သဘောပေါက်စေရန်၊ စာတန်၏ အမှောင်စွမ်းအား ထိန်းချုပ်မှုမှ လွတ်မြောက်အောင် ကျွန်မအား ဦးဆောင်လမ်းပြရန်တို့အတွက် ဤအဖြစ်ကို အသုံးပြုခြင်း ဖြစ်သည်။ ထို့အပြင် ဤသို့ အန္တရာယ်များသော အခြေအနေတွင် ကျွန်မအနေဖြင့် ဘုရားသခင်ကို အမှီပြုပြီး ကြည်ညိုလေးစားတတ်ရန် သင်ယူစေခြင်း ဖြစ်ကြောင်းတို့ကို ကျွန်မ နားလည်ခဲ့သည်။

ဤဆိုးယုတ်သော ရဲတစ်သိုက်သည် ကျွန်မကို တစ်ညလုံးနီးပါး ညှဉ်းပန်းခဲ့ခြင်းဖြစ်ပြီး၊ သူတို့ ရပ်တန့်သည့်အချိန်တွင် နေရောင်ပင် ထွက်နေပါပြီ။ သူတို့သည် ကျွန်မ နာမည်ကို လက်မှတ်ထိုးခိုင်းခဲ့ပြီး၊ ကျွန်မအား ထိန်းသိမ်းထားမည်ဟု ပြောသည်။ ထို့နောက်တွင် အသက်ကြီးကြီး ရဲတစ်ယောက်က ကြင်နာယောင်ဆောင်လျက် ကျွန်မအား ပြောသည်။ “မိန်းကလေး၊ ဒီမှာ မင်းက အတော်ငယ်သေးတယ်။ အရွယ်ကောင်းတဲ့အချိန်ပဲ။ ဒီတော့ မင်း သိသမျှအားလုံးကို ငါတို့ကို မြန်မြန်ပြောပြတာ အကောင်းဆုံးပဲ။ သူတို့က မင်းကို လွတ်ပေးစေရမယ်လို့ ငါ အာမခံတယ်။ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို ပြောပြဖို့ တွန့်ဆုတ်မနေနဲ့။ ကြည့်စမ်း၊ မင်းမျက်နှာက ပေါင်မုန့်တစ်လုံးလို ရောင်ကိုင်းနေပြီ။ မင်း ဒုက္ခခံရတာ တော်သင့်ပြီမဟုတ်လား။” ဤပုံစံဖြင့် သူ ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မဘက်က ဖြောင့်ချက်တစ်မျိုးမျိုး ပေးလာအောင် သွေးဆောင်ဖို့ ကြိုးစားနေခြင်းသာဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ အစည်းအဝေးများ ပြုလုပ်စဉ်က ကျွန်မ၏ ညီအစ်ကိုမောင်နှမများ ပြောခဲ့သည့် အရာတစ်ခုကိုလည်း ကျွန်မ သတိရမိခဲ့သည်။ သူတို့ လိုချင်တာကို ရဖို့အတွက် ယုတ်မာတဲ့ ရဲတွေက ချော့တစ်လှည့်၊ ခြောက်တစ်လှည့်နည်းကို သုံးလိမ့်မယ်။ လူတွေကို လှည့်စားဖို့ လှည့်ကွက်ပေါင်းစုံကို ကျင့်သုံးလိမ့်မယ်တဲ့လေ။ ဤအကြောင်းကို စဉ်းစားမိ၍၊ အသက်ကြီးကြီးရဲသားအား ကျွန်မက ပြန်ပြောလိုက်သည်။ “ရှင်က လူကောင်းတစ်ယောက်လို လုပ်မနေပါနဲ့။ ရှင်တို့အားလုံးက ဒီအုပ်စုထဲကပဲ။ ရှင်က ကျွန်မကို ဘာကို ဖြောင့်ချက်ပေးစေချင်လို့လဲ။ ရှင်တို့လုပ်နေတာက ခြိမ်းခြောက်ပြီး ဖြောင့်ချက်ပေးခိုင်းတယ်လို့ ခေါ်တယ်။ ဒါက ဥပဒေကို ဆန့်ကျင်တဲ့ ပြစ်ဒဏ်ပဲ။” ဤစကားကို ကြားသည့်အခါ သူက အပြစ်ကင်းသည့် အမူအရာမျိုးလုပ်၍ ငြင်းသည်။ “ဒါပေမဲ့ ငါ မင်းကို တစ်ကြိမ်တောင် မရိုက်ဖူးဘူး။ မင်းကို ရိုက်တာက သူတို့တွေလေ။” ကျွန်မသည် စာတန်၏ သွေးဆောင်ဖြားယောင်းမှုကို နောက်တစ်ကြိမ် အောင်နိုင်ရသည့် အခွင့်ကိုပေးသော ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအတွက် ကျေးဇူးတင်မိခဲ့သည်။

ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုမှ ထွက်ခွာပြီးနောက်၊ သူတို့သည် ချက်ချင်းပင် ကျွန်မအား ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထားခဲ့သည်။ အရှေ့ဂိတ်ပေါက်မှ လျှောက်ဝင်မိသည်နှင့်တစ်ပြိုင်နက်၊ ထိပ်ပိုင်းတွင် လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးများပါရှိသည့် အလွန် မြင့်မားသော နံရံများဖြင့် ဤနေရာအား ပတ်လည်ကာရံထားသည်ကို တွေ့ရသည်။ ပြီးလျှင် ထောင့်လေးထောင့်၌ ကင်းမျှော်စင်နှင့်တူသော မျှော်စင်တစ်ခုစီ ရှိပြီး၊ အတွင်း၌ လက်နက်ကိုင်ရဲများ စောင့်ကြပ်နေသည်။ ထိုအရာအားလုံးက အလွန်စိတ်လေးစရာ၊ ကြောက်စရာကောင်းလှသည်ဟု ခံစားမိသည်။ သံတံခါးပေါက် တစ်ခုပြီး တစ်ခုကို ကျော်ဖြတ်ပြီးနောက်တွင် အကျဉ်းခန်းသို့ ကျွန်မ ရောက်ရှိခဲ့သည်။ မဲညစ်နေသော အေးစက်စက် အုတ်ခုတင်နှင့် အပေါ်တွင် တင်ထားသော စုတ်ပြတ်ညစ်ပတ်သည့် စောင်တို့ကို မြင်ရပြီး၊ ယင်းတို့ဆီမှ ဆိုးရွားသော အနံ့စူးစူးကိုပါ ရလိုက်သောကြောင့်၊ ကျွန်မသည် တလိပ်လိပ်ဖြစ်လာသော ရွံရှာစိတ်ကို မထိန်းနိုင်တော့ဘဲ၊ ဝမ်းနည်းခြင်းကလည်း လျင်မြန်စွာ တလိပ်လိပ်တက်လာခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးမိသည်။ “ဒီမှာ လူတွေ ဘယ်လိုလုပ် နေနိုင်မှာလဲ။ ဒါက ဝက်ခြံတစ်ခုသာသာပဲ။” အစာစားချိန်တွင် အကျဉ်းသားတစ်ယောက်စီတိုင်းအား ချဉ်ပြီး မကျက်တကျက် ဖြစ်နေသည့် ပေါက်စီလေးတစ်လုံးကိုသာ ပေးသည်။ ကျွန်မမှာ တစ်နေကုန် ဘာမှ မစားရသေးသည့်တိုင် ဤအစားအစာကို မြင်ရခြင်းက ကျွန်မကို အမှန်တကယ်ပင် စားချင်စိတ် ပျောက်စေသည်။ ထို့အပြင် ကျွန်မ မျက်နှာသည် ရဲများ၏ ရိုက်နှက်ခြင်းကြောင့် အလွန် ရောင်ကိုင်းနေပြီး၊ တိပ်ဖြင့် ပတ်စည်းထားသကဲ့သို့ တင်းကျပ်နေသလို ခံစားရသည်။ စားဖို့နေနေသာသာ စကားပြောရန် ပါးစပ်ကို ဟရာတွင်ပင် နာကျင်သည်။ ဤအခြေအနေများအောက်တွင် ကျွန်မ၏စိတ်သည် အလွန် ဝမ်းနည်းအားငယ်ခဲ့ရပြီး၊ မတရားသဖြင့်ခံရသည်ဟု များစွာခံစားခဲ့ရသည်။ ကျွန်မသည် အမှန်တကယ်ပင် ဤနေရာ၌ နေ၍ လူမဆန်သည့် ရှင်သန်ရပ်တည်မှုကို ကြံ့ကြံ့ခံရတော့မည်ဆိုသည့် အတွေးက ကျွန်မအား အလွန်ပင် စိတ်ထိခိုက်ခံစားစေသည်ဖြစ်ရာ၊ မိမိကိုယ်တိုင်မသိလိုက်ဘဲ မျက်ရည်အချို့ ကျလာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အမှတ်ရမိခဲ့သည်။ “သင့်သဘောထားများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင်ဘေးဖယ်ထားရန် တောင်းဆိုသည့်အရာများကို သင်ကြုံတွေ့ရသောအခါတိုင်းတွင် ဤအရာများကို သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်ထုတ်ဖော်ခံရခြင်း မတိုင်မီတွင် လူသားအယောက်တိုင်းအတွက် ပြင်းထန်သောစစ်ဆေးမှုတစ်ခု၊ အယောက်တိုင်းအတွက် အလွန်ကြီးမားသော စမ်းသပ်မှုတစ်ခု ရှိသည်၊ ဤအကြောင်းအရာကို သင် ရှင်းလင်းစွာမြင်နိုင်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဆင်ခြင်စဉ်းစားကြည့်သည့်အခါ ဘုရား၏အလိုတော်ကို ကျွန်မ နားလည်ခဲ့သည်။ ဤ ပတ်ဝန်းကျင်ကို ကျွန်မထံ ကျရောက်ဖို့ ကိုယ်တော်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဤအရာမှာ ကျွန်မက ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ခြင်း ရှိမရှိ ကြည့်ရန်အတွက် ကိုယ်တော်က စမ်းသပ် စစ်ဆေးနေခြင်းဖြစ်သည်။ ဤဆိုးယုတ်သော၊ မှောင်မိုက်သော အချိန်ကာလတွင် ကျွန်မသည် ကိုယ်တော့်နောက်သို့ လိုက်နိုင်ရန် ဘုရားသခင်၏ ချီမခြင်းကို ခံရသည်အထိ ကံမကောင်းခဲ့ဘူးဆိုလျှင်၊ ကျွန်မအနေဖြင့် ဘယ်လိုအခြေအနေမျိုးတွင် ရောက်ရှိနေခဲ့မည်လဲ သို့မဟုတ် အသက်ပင် ဆက်၍ ရှင်သန်နိုင်ခဲ့ပါ့မည်လား ဆိုသည်ကို မသိနိုင်ပါ။ ကျွန်မသည် ဤမဆိုစလောက်သော ဆင်းရဲဒုက္ခကို မတရားသဖြင့် ခံရသလို ဝမ်းနည်းမိ၍ လက်ခံချင်စိတ် မရှိခဲ့ခြင်းမှာ ကျွန်မတွင် အမှန်တကယ်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိခဲ့ကြောင်းကို ပြသသည်။ ဤအရာကို နားလည်သဘောပေါက်လျက် မတရားသဖြင့် ခံရသလို ခံစားနေခြင်းကို ကျွန်မ ရပ်လိုက်ပြီး၊ ကျွန်မ၏ အခက်အခဲကို တောင့်ခံရန် ကျွန်မ၏စိတ်အတွင်း၌ မိမိဘာသာ စတင် စိတ်ပိုင်းဖြတ်ခဲ့သည်။

အချိန်နှစ်ပတ် ကုန်ဆုံးသွားခဲ့ပြီး၊ ထို ယုတ်မာသော ရဲများ၏ ခေါင်းဆောင်သည် ကျွန်မအား စစ်ဆေးမေးမြန်းရန်အတွက် နောက်တစ်ဖန် လာခဲ့သည်။ ကျွန်မသည် မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ ငြိမ်သက် တည်ငြိမ်နေသည်ကို မြင်ရလျှင်၊ သူသည် ကျွန်မနာမည်အား အော်ခေါ်ကာ ပြောဆိုသည်။ “ငါ့ကို အမှန်အတိုင်းပြောပါ။ မင်း အရင်က တခြားဘယ်နေရာမှာ အဖမ်းခံရဖူးလဲ။ အခုက မင်း ဒီအထဲကို ရောက်တာ ပထမအကြိမ် မဟုတ်မှန်း သေချာတယ်။ အဲဒီလိုမဟုတ်ရင် အခုလို နည်းနည်းမှ မကြောက်သလို ပုံစံမျိုးနဲ့ ဒီလောက် တည်ငြိမ်ပြီး အသားကျနေတာမျိုး ဘယ်နေနိုင်မှာလဲ။” သူက ဤသို့ပြောသည်ကို ကျွန်မ ကြားရသည့်အခါတွင်၊ ကျွန်မသည် မိမိစိတ်နှလုံးတွင် ဘုရားသခင်အား ကျေးဇူးတင်ပြီး မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်က ကျွန်မအား ကွယ်ကာပြီး ရဲရင့်မှုကို ပေးခဲ့ခြင်းဖြစ်၍၊ ဤဆိုးယုတ်သော ရဲများအား လုံးဝကြောက်ရွံ့မှုမရှိဘဲ ရင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဒေါသက ကျွန်မ၏ စိတ်နှလုံးအတွင်းမှ လျှံထွက်လာခဲ့သည်။ ရှင်တို့က လူတွေကို သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်တွေအတွက် နှိပ်စက်ညှဉ်းပန်းပြီး ရှင်တို့ရဲ့ အာဏာကို အလွဲသုံးစားလုပ်နေကြတာပဲ။ ပြီးတော့ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ရှင်တို့က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတယ်၊ အနိုင်ကျင့်တယ်၊ အနာတရဖြစ်စေတယ်။ ရှင်တို့က မြေကြီးပေါ်က ဥပဒေဖြစ်ဖြစ် ကောင်းကင်ဘုံက ဥပဒေဖြစ်ဖြစ် ဘာကိုမှ မလိုက်နာဘူး။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး၊ မှန်ကန်တဲ့ လမ်းကြောင်းကို လိုက်လျှောက်တာလေ။ ကျွန်မက ဥပဒေကို မချိုးဖောက်ထားဘူး။ ရှင်တို့ကို ကျွန်မ ဘာကြောင့် ကြောက်ရမှာလဲ။ ရှင်တို့အုပ်စုရဲ့ ဆိုးယုတ်တဲ့ အင်အားတွေကို ကျွန်မ အရှုံးပေးမှာ မဟုတ်ဘူး။ ထို့နောက်တွင် ကျွန်မ ပြန်ပြောပစ်လိုက်သည်။ “တခြားနေရာတိုင်းက တော်တော် ပျင်းစရာကောင်းလို့ ကျွန်မက ဒီကို တကယ် လာချင်တာလို့များ ထင်နေလား။ ရှင်တို့က ကျွန်မအပေါ် မတရားသဖြင့် လုပ်ပြီး အနိုင်ကျင့်ခဲ့တာလေ။ ဖြောင့်ချက်တစ်ခု ရအောင် ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် ကျွန်မကို အကွက်ဆင်ဖို့ နောက်ထပ် ဘယ်လိုပဲကြိုးစားကြိုးစား အလကားပဲ။” ဤ စကားတို့ကို ကြားပြီးနောက် သူ့နားထဲမှ မီးခိုးများ အူထွက်တော့မည့်အလား အလွန် စိတ်ဆိုးသွားခဲ့သည်။ “မင်းက ငါတို့ကို ဘာမှ မပြောဘူးဆိုတဲ့အထိ အတော်ခေါင်းမာလွန်းတာကိုး။ မင်းက မပြောဘူးပေါ့လေ။ ငါ မင်းကို သုံးနှစ် ပြစ်ဒဏ်ချမယ်။ ပြီးရင် မင်း လိမ္မာလာမလား ကြည့်တာပေါ့။ မင်း ဆက်ပြီး ခေါင်းမာရဲရင် လုပ်ပေါ့” ဟု သူက အော်ဟစ်ပြောဆိုသည်။ ထိုအချိန်တွင် ကျွန်မသည် မခံမရပ်နိုင်ဖြစ်သည်ထက် ကျော်လွန်သွားခဲ့သည်။ ကျွန်မက အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လိုက်သည်။ “ကျွန်မက ငယ်သေးတယ်။ ဒီတော့ သုံးနှစ်က ကျွန်မအတွက် ဘာအရေးလဲ။ မျက်စိတစ်မှိတ်အတွင်းမှာ ကျွန်မ ထောင်က လွတ်သွားမှာပဲ။” ဆိုးရွားသောရဲသည် စိတ်ဆိုးလျက်ဖြင့် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး၊ သူ၏ လက်ပါးစေတို့အား စိတ်ဆိုးမာန်ဆိုးဖြင့်ပြောသည်။ “ငါ တော်ပြီ။ မင်းတို့ ဆက်ပြီး သူ့ကို စစ်မေးကြ။” ထို့နောက် တံခါးကို ဆောင့်ပိတ်ခဲ့ကာ သူ ထွက်ခွာသွားသည်။ ဖြစ်ပျက်ခဲ့သည်တို့ကို မြင်လိုက်ရ၍ ရဲနှစ်ယောက်က ကျွန်မကို ဆက်ပြီး မေးခွန်း မထုတ်တော့ပေ။ ကျွန်မ လက်မှတ်ထိုးရန်အတွက် ထွက်ဆိုချက်တစ်ခုကို ပြီးအောင်ရေးပြီးနောက် ထွက်သွားကြတော့သည်။ ယုတ်မာသောရဲတို့ ကျရှုံးသလိုဖြစ်နေသည်ကို မြင်ရခြင်းက ကျွန်မကို အလွန်ပျော်ရွှင်စေပြီး၊ ကျွန်မ စိတ်နှလုံးတွင် စာတန်အပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းကို ချီးမွမ်းမိခဲ့သည်။

ဒုတိယခေါက် စစ်ဆေးမေးမြန်းသည့်အခါတွင် သူတို့က နည်းဗျူဟာတို့ကို ပြောင်းလဲခဲ့သည်။ တံခါးမှ လျှောက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျွန်မအတွက် စိတ်ပူပေးဟန် ဆောင်ကြသည်။ “မင်း ဒီမှာ ရှိနေတာ တော်တော်ကြာနေပြီ။ ဘယ်လိုဖြစ်ပြီး မင်းရဲ့မိသားစုဝင်ထဲက တစ်ယောက်မှ မင်းကို လာမတွေ့ကြတာလဲ။ သူတို့ မင်းကို လက်လျှော့လိုက်ကြတာဖြစ်မယ်။ မင်းကိုယ်တိုင် သူတို့ကို ဖုန်းခေါ်ပြီး မင်းဆီကို လာတွေ့ဖို့ ပြောကြည့်ပါလား။” ဤစကားတို့ကို ကြားရခြင်းက ကျွန်မအား ဝမ်းနည်းစေကာ စိတ်မချမ်းမသာဖြစ်စေခဲ့သည်။ ပြီးလျှင် ကျွန်မ တွေးတောမိသည်။ “အမေနဲ့ အဖေက တကယ်ပဲ ငါ့ကို ဂရုမစိုက်တော့တာ ဖြစ်နိုင်သလား။ နှစ်ပတ်ရှိနေပြီ။ ငါ အဖမ်းခံရတာ သူတို့ သေချာပေါက် သိပါတယ်။ ငါ့ကို လာတောင်မတွေ့ကြဘဲ ဒီမှာ ဒုက္ခတွေ ခံစားစေရက်တာလား။” ဤအဖြစ်ကို ကျွန်မ တွေးကြည့်လေလေ၊ ပို၍ အထီးကျန်ပြီး အကူအညီမဲ့သလို ခံစားရလေလေဖြစ်သည်။ ကျွန်မသည် အိမ်ကို လွမ်းနေပြီး၊ ကျွန်မ မိဘတွေကို သတိရသည်။ ပြီးလျှင် လွတ်မြောက်လိုသည့် ကျွန်မ၏ဆန္ဒမှာ ပိုပိုပြီး ပြင်းထန်လာသည်။ ကျွန်မကိုယ်တိုင် မသိလိုက်ဘဲ ကျွန်မ မျက်လုံးများတွင် မျက်ရည်တို့ဖြင့် ပြည့်လျှံနေခဲ့သည်။ သို့သော် ဤ ဆိုးယုတ်သောရဲအုပ်စု၏ ရှေ့တွင် ကျွန်မ မငိုချင်ပါ။ တိတ်ဆိတ်စွာဖြင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းမိခဲ့သည်။ “အို ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ အလွန်ပင် စိတ်မသက်မသာဖြစ်ရပြီး နာကျင်လျက်ရှိပါတယ်။ ပြီးတော့ အရမ်းကို အကူအညီမဲ့သလို ခံစားရပါတယ်။ ကျွန်မရဲ့ မျက်ရည်တွေ ကျရတာကို ရပ်တန့်ပေးဖို့ ကိုယ်တော့်ကို အနူးအညွတ်တောင်းဆိုပါတယ်။ ကျွန်မရဲ့ အားနည်းချက်ကို စာတန်ကို မမြင်စေချင်လို့ပါ။ ဒါပေမဲ့ အခုအချိန်မှာ ကိုယ်တော်ရဲ့ အလိုတော်ကို ကျွန်မ သဘောမပေါက်နိုင်ပါဘူး။ ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြတော်မူပါ။” ဆုတောင်းပြီးနောက်တွင် ကျွန်မ စိတ်၌ ခံယူချက်တစ်ခု လျှပ်တစ်ပြက် ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ စာတန်၏ ဉာဏ်နီဉာဏ်နက်များသော လှည့်ကွက်ဖြစ်သည်။ ရဲတို့သည် ကျွန်မအား ဤထိုးနှက်ချက်ကို ခံနိုင်ရည်မရှိစေရန်၊ ထိုသို့အားဖြင့် ဘုရားသခင်အား သစ္စာဖောက်လာစေရန်အတွက်၊ ကျွန်မ မိဘများအပေါ် အမြင်လွဲစေပြီး သူတို့အပေါ် မုန်းတီးလာစေရန် ကြိုးပမ်းရင်းဖြင့် ပဋိပက္ခကို မျိုးစေ့ချပေးထားခြင်း ဖြစ်သည်။ ထို့အပြင် ကျွန်မအား ကျွန်မ၏မိသားစုထံ အဆက်အသွယ်ပြုလုပ်စေဖို့ သူတို့ ကြိုးစားခြင်းသည် ကျွန်မမိသားစုထံမှ ပြန်ရွေးငွေ တောင်းရန် လှည့်ကွက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ဤနည်းဖြင့် သူတို့၏ မသမာသော ငွေရှာခြင်း ရည်ရွယ်ချက်ကို အောင်မြင်စေမည်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ကျွန်မ၏ မိသားစုဝင်အားလုံးက ဘုရားသခင်အား ယုံကြည်သည်ကို သူတို့ သိပြီးဖြစ်၍ သူတို့ကို ဖမ်းဆီးရန်အတွက် ဤ အခွင့်အရေးကို အသုံးချလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤ ဆိုးယုတ်သော ရဲတို့သည် အမှန်တကယ်ပင် အကြံအစည်များဖြင့် ပြည့်နှက်နေသည်။ ဘုရားသခင်၏ အသိဉာဏ် ပွင့်လင်းစေခြင်းကြောင့်သာ မဟုတ်ခဲ့လျှင်၊ အိမ်ကို ကျွန်မ ဖုန်းခေါ်ကောင်း ခေါ်မိလိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်မသည် သွယ်ဝိုက်၍ ယုဒတစ်ယောက် ဖြစ်သွားမည် မဟုတ်ပါလား။ ထို့ကြောင့် စာတန်ဆီသို့ ကျွန်မ တိတ်တဆိတ် ကြေညာခဲ့သည်။ “ယုတ်မာတဲ့ မကောင်းဆိုးဝါး၊ မင်း လှည့်စားတာ အောင်မြင်ဖို့ ငါ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ အခုကနေ စပြီး ငါ့အပေါ် ကျရောက်တာက ကောင်းကြီးတွေပဲဖြစ်စေ၊ ဘေးဒုက္ခတွေပဲဖြစ်စေ ငါ တစ်ယောက်တည်းပဲ ခံယူမယ်။ ငါ့မိသားစုဝင်တွေကို မပတ်သက်စေဘူး။ ပြီးတော့ ငါ့မိဘတွေရဲ့ ယုံကြည်ခြင်း ဒါမှမဟုတ် သူတို့တာဝန်တွေကို ထမ်းဆောင်ခြင်းကို ငါ လုံးဝ နှောင့်ယှက်မှာ မဟုတ်ဘူး။” တစ်ချိန်တည်းမှာပင် ဤ ဆိုးယုတ်သော ရဲများ ဆင်ထားသော ထောင်ချောက်သို့ ကျွန်မ မိဘများ မကျရောက်စေရန်၊ ကျွန်မဆီသို့ သူတို့ လာရောက်ကြည့်ရှုခြင်းကို တားဆီးပေးဖို့အတွက်လည်း ဘုရားသခင်ထံ ကျွန်မ တိတ်တဆိတ် အသနားခံလျှောက်ထားခဲ့သည်။ ထို့နောက်တွင် ကျွန်မသည် အေးဆေးတည်ငြိမ်စွာဖြင့် ပြောခဲ့သည်။ “မိသားစုဝင်တွေ ကျွန်မကို ဘာလို့ လာမတွေ့တာလဲဆိုတာ ကျွန်မ မသိဘူး။ ရှင်တို့ ကျွန်မကို ဘာလုပ်လုပ် ကျွန်မ ဂရုမစိုက်ဘူး။” ယုတ်မာသော ရဲတို့သည် အသုံးချစရာ နောက်ထပ် ဘာအကြံမှ မရှိတော့ပေ။ အဲဒီနောက်တွင် သူတို့သည် ကျွန်မကို နောက်ထပ် မစစ်ဆေးတော့ပါ။

တစ်လ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နေ့တွင် ကျွန်မ၏ ဦးလေးသည် ရုတ်တရက် ကျွန်မဆီသို့ လာရောက်ခဲ့ပြီး၊ သူသည် ကျွန်မ ထိုနေရာမှ လွတ်မြောက်စေရန် ကြိုးစားနေကာ ရက်အနည်းငယ်ပြီးနောက်တွင် ကျွန်မ လွတ်မြောက်မည်ဟု ပြောခဲ့သည်။ ကျွန်မ ဧည့်တွေ့ခန်းမှ ပြန်ထွက်လာသည့်အခါတွင် အလွန်အမင်း ပျော်ရွှင်ခဲ့သည်။ ကျွန်မသည် နောက်ဆုံးတွင် နေ့အလင်းရောင်ကို မြင်နိုင်တော့မည်ဖြစ်ပြီး၊ ကျွန်မ၏ အစ်ကို၊ အစ်မများနှင့် ချစ်ခင်ရင်းနှီးရသောသူတို့ကိုပါ မြင်တွေ့နိုင်တော့မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ကျွန်မသည် စတင် စိတ်ကူးယဉ်ခဲ့မိပြီး၊ ဦးလေးက ကျွန်မအား လာခေါ်မည်ကို စောင့်မျှော်နေခဲ့သည်။ ကျွန်မအား ထောင်က လွတ်ပြီဟု အစောင့်များက ခေါ်ပြောလာမည့် အသံကို ကျွန်မ နေ့စဉ် နားစွင့်နေခဲ့သည်။ တစ်ပတ်ကြာပြီးနောက် အစောင့်တစ်ယောက်က အမှန်တကယ်ပင် လာခေါ်ခဲ့သည်။ ဧည့်တွေ့ဆုံခန်းသို့ ကျွန်မ ဝမ်းသာအားရ ရောက်ရှိလာသည့်အခါတွင်၊ ကျွန်မ၏ နှလုံးသည် ရင်ဘတ်အပြင်သို့ ခုန်ထွက်တော့မည့်အလား ခံစားရသည်။ သို့ရာတွင် ကျွန်မ၏ ဦးလေးကို မြင်ရသည့်အခါ သူက ခေါင်းငိုက်စိုက်ကျလျက်ရှိသည်။ အချိန်အတော်ကြာပြီးနောက်မှ သူက စိတ်ဓာတ်ကျသည့်လေသံဖြင့် ပြောသည်။ “သူတို့က မင်းအမှုကို အပြီးသတ်ပြီးသွားပြီ။ မင်းကို သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီ။” ဤစကားကို ကြားလိုက်သည့်အခါတွင် ကျွန်မ ကြက်သေသေသွားခဲ့ပြီး၊ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်သွားခဲ့သည်။ မျက်ရည်များကို ကျွန်မ ထိန်းထားခဲ့ပြီး၊ မငိုမိအောင် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မ၏ဦးလေး ပြောသည့် မည်သည့်အရာကိုမျှ ကျွန်မ မကြားနိုင်သကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်မသည် အသိစိတ် မရှိတရှိဖြင့် ဧည့်တွေ့ဆုံခန်းမှ ဒယီးဒယိုင် ထွက်လာခဲ့သည်။ ကျွန်မ၏ ခြေထောက်များသည် ခဲဆွဲထားသည့်အလား၊ ခြေလှမ်းတစ်လှမ်းတိုင်းက ပိုမို၍ လေးလံလာသည်။ ကျွန်မ၏ အကျဉ်းခန်းသို့ မည်သို့ လမ်းလျှောက်ပြန်ခဲ့သည်ကို ကျွန်မ ပြန်လည် သတိမရတော့ပအကျဉ်းခန်းသို့ ရောက်သော် ကျွန်မ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးလိုက်သည်။ “ပြီးခဲ့တဲ့တစ်လလုံးလုံး ဒီလို လူမဆန်တဲ့ဘဝနဲ့ နေရတာ တစ်နှစ်လောက်ကြာသလို ခံစားခဲ့ရတယ်။ ဒီလိုမျိုး သုံးနှစ်ဆိုတဲ့အချိန်ကို ငါ ဘယ်လို ဖြတ်သန်းနိုင်ပါ့မလဲ။” ဒါကို ကျွန်မ ဆက်တွေးလေလေ၊ ကျွန်မ၏ မချိတင်ကဲဝေဒနာက တိုးလာလေလေဖြစ်ပြီး၊ ကျွန်မ၏ အနာဂတ်သည်လည်း ဝိုးတိုးဝါးတားဖြင့် စဉ်းစားကြည့်၍ မရလေလေ ဖြစ်လာခဲ့သည်။ မျက်ရည်များကို ဆက်လက် ထိန်းမထားနိုင်တော့ဘဲ ကျွန်မ ချုံးချုံးချ ငိုလေသည်။ သို့ရာတွင် မည်သူမျှ ကျွန်မအား ကူညီနိုင်တော့မည် မဟုတ်သည်ကို ကျွန်မ၏ စိတ်နှလုံး၌ လုံးဝ သံသယမရှိဘဲ သိခဲ့သည်။ ဘုရားသခင်ကိုသာ ကျွန်မ အမှီပြုနိုင်သည်။ ဝမ်းနည်းပူဆွေးလျက်ဖြင့် ဘုရားသခင်ရှေ့သို့ ကျွန်မ နောက်တစ်ဖန် ရောက်လာခဲ့ရသည်။ “အို ဘုရားသခင်၊ အရာအားလုံးနဲ့ အဖြစ်အပျက်အားလုံးက ကိုယ်တော်ရဲ့လက်ထဲမှာ ရှိတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မရဲ့ နှလုံးသားဟာ လုံးဝ ဆွဲဆုတ်ခံလိုက်ရသလို ခံစားရပါတယ်။ ကျွန်မဟာ တစ်စစီ ပြိုလဲသွားတော့မလို ခံစားရပါတယ်။ ထောင်မှာ သုံးနှစ် ဒုက္ခခံဖို့က ကျွန်မအတွက် အရမ်းခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ အို ဘုရားသခင်၊ ကိုယ်တော့်အလိုတော်ကို ကျွန်မထံ ဖွင့်ပြဖို့ တောင်းပန်ပါတယ်။ ပြီးတော့ ကိုယ်တော့်ကို ကျွန်မ အလုံးစုံ နာခံနိုင်ဖို့နဲ့ ကျွန်မအပေါ် ကျရောက်တဲ့အရာကို ရဲရင့်စွာ လက်ခံနိုင်ဖို့အတွက် ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးအပ်ဖို့ ကိုယ်တော့်ကို ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။” ဟု ကိုယ်တော့်ကို ကျွန်မ ရင်ဖွင့်လျက် ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ စဉ်းစားမိလိုက်သည်။ “လူများအားလုံးအတွက် စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်၊ သို့သော်လည်း ဘုရားသခင်သည် လူသားအတွက် သူ၏ဖြောင့်မတ်ခြင်း စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြားလုပ်ကာ၊ ပို၍ဉာဏ်အလင်းပွင့်ခြင်း၊ ပို၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဆုံးမခြင်းကို ထောက်ပံ့ပေးသည်မှာ စစ်ဆေးစဉ်အတွင်းဖြစ်ပေသည်။ ဖြစ်ရပ်မှန်အချက်များနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းအားဖြင့် သူသည် လူသားကို သူကိုယ်တိုင် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ လူသားကို ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ ပို၍ကြီးမားသော နားလည်ခြင်းကို ပေးသည်၊ ဤသို့ဖြင့် ဘုရားသခင်အပေါ် ပို၍စစ်မှန်ပြီး ပို၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် ခွင့်ပြုသည်။ ထိုအရာတို့မှာ စစ်ဆေးခြင်းကို ဆောက်ရွက်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်”) “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ဒုက္ခဝေဒနာ မည်မျှပင် ကြီးမားပါစေ၊ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ သင်တို့၏နောက်ဆုံးထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏ထိန်းချုပ်မှုအောက်၌ ရှိနေရမည်။ ဤအရာသည်သာ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးခြင်းဖြစ်ပြီး ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် လမ်းညွှန်ပြမှုတို့ကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် စတင် ဆင်ခြင်သုံးသပ်လာပြီး၊ ကျွန်မ၏ အားနည်းချက်များကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာခဲ့သည်။ ဘုရားသခင်အတွက် ကျွန်မ၏ ချစ်ခြင်းက မသန့်စင်သည်ကိုလည်းကောင်း၊ ကျွန်မ၏ အပြည့်အဝ နာခံခြင်းအား ဘုရားသခင်ထံ မပေးရသေးသည်ကိုလည်းကောင်း ကျွန်မ သိမြင်ခဲ့သည်။ ကျွန်မ အဖမ်းခံရသည့် အချိန်ကတည်းကနှင့် ထိုဆိုးယုတ်သော ရဲတို့ကို ဆန့်ကျင်ရုန်းကန်ရသည့် အချိန်များအတွင်းတွင် ကျွန်မသည် ရဲရင့်မှုနှင့် ကြောက်ရွံ့ခြင်းကင်းမဲ့မှုတို့ကို ပြသခဲ့ပြီး၊ ထိုညှဉ်းပန်းသည့် အချိန်ကာလများတစ်လျှောက် မျက်ရည်တစ်စက်မျှ မကျခဲ့ပါ။ သို့သော်လည်း ထိုအရာမှာ ကျွန်မ၏ အမှန်တကယ် ဝိညာဉ်အသက်တာ မဟုတ်ပါ။ စာတန်၏ သွေးဆောင်ဖြားယောင်းမှုနှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုတို့ကို ထပ်ခါထပ်ခါ အောင်မြင် ကျော်လွှားနိုင်စေခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ပေးအပ်ခဲ့သည့် ယုံကြည်ခြင်းနှင့် ရဲရင့်မှုတို့ပင်ဖြစ်သည်။ ကျွန်မသည် ဆိုးယုတ်သောရဲတို့၏ အနှစ်သာရကို သေသေချာချာ နားမလည်ခဲ့သည်ကိုလည်း မြင်ခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲတို့သည် ဥပဒေကို လိုက်နာကြပြီး၊ အရွယ်မရောက်သေးသူ ကျွန်မအား လုံးဝ ပြစ်ဒဏ်ချမှတ်လိမ့်မည် မဟုတ်၊ သို့မဟုတ် အများဆုံး လအနည်းငယ်လောက်သာ အကျဉ်းကျခံရလိမ့်မည်ဟု ကျွန်မ ထင်ခဲ့မိခြင်းဖြစ်သည်။ နောက်ထပ် ဆင်းရဲဒုက္ခနှင့် အခက်အခဲအနည်းငယ်ကို သည်းခံပြီး၊ အနည်းငယ်မျှ ဆက်၍ တောင့်ခံလိုက်လျှင် ပြီးဆုံးသွားလိမ့်မည်ဟု ထင်မြင်ခဲ့မိသည်။ ဤနေရာတွင် လူသားမဆန်သည့်ဘဝဖြင့် ရှင်သန်နေထိုင်လျက် သုံးနှစ်တိတိ အမှန်တကယ် ဖြတ်သန်းရလိမ့်မည်ဟု ကျွန်မ စဉ်းတောင်မစဉ်းစားမိခဲ့ပါ။ ထိုအချိန်တွင် ကျွန်မ ဆက်ပြီး ဒုက္ခမခံချင်ခဲ့ပါ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့ကို ဆက်မနာခံချင်ခဲ့ပါ။ ဤအကျိုးရလဒ်က ကျွန်မ စိတ်ကူးထင်မြင်ထားသလို မဟုတ်ခဲ့ပါ။ ပြီးလျှင် ယင်းအဖြစ်သည် ကျွန်မ၏ စစ်မှန်သည့် ဝိညာဉ်အသက်တာကိုလည်း အတိအကျ ထုတ်ဖော်ပြခဲ့သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများအတွင်းသို့ အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ကြည့်ရှုပြီး၊ သူ၏ ဉာဏ်ပညာသည် စာတန်၏ ဉာဏ်နီဉာဏ်နက်များသော အကြံအစည်တို့အပေါ်တွင် အခြေခံကာ အမှန်တကယ် အသုံးချခြင်းဖြစ်ကြောင်းကို ထိုအခါမှသာ ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ စာတန်သည် ကျွန်မအား ညှဉ်းပန်းလိုပြီး၊ ဤ ထောင်ဒဏ်ဖြင့် လုံးလုံးလျားလျား စွမ်းအင်ကုန်ခန်းစေလိုသည်။ သို့သော် ကျွန်မ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိပြီး ကျွန်မ၏ မလုံလောက်မှုတို့အား သတိပြုမိစေသော အခွင့်ကို ပေးရန်အတွက်၊ ဘုရားသခင်က ဤအခွင့်အရေးကို အသုံးပြုထားခြင်း ဖြစ်ကာ၊ ဤနည်းဖြင့် အမှန်တကယ် နာခံတတ်စေခြင်း၊ ကျွန်မ၏ အသက်တာအား ပိုမိုလျင်မြန်စွာ တိုးတက်စေခြင်းဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းသည် ကျွန်မ၏ အကျပ်အတည်းမှ လွတ်မြောက်အောင် လမ်းပြခဲ့ပြီး၊ အကန့်အသတ်မရှိသော ခွန်အားတို့ကို ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ စိတ်နှလုံးသည် ရုတ်တရက် ကြည်လင် ပြည့်ဝလာသလို ခံစားရပြီး၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်တို့ကို ကျွန်မ နားလည်ခဲ့သည်။ ပြီးလျှင် စိတ်မသက်မသာ ဖြစ်ခြင်းကို ကျွန်မ မခံစားရတော့ပေ။ တစ်ခွန်းမျှ ညည်းညူခြင်းမပြုဘဲ အရာအားလုံးအား ဘုရားသခင်ကသာ စီစဉ်ညွှန်ကြားစေခြင်းအားဖြင့် ပေတရု၏ နမူနာနောက်သို့ လိုက်ရန်၊ ထိုနေ့မှစ၍ မည်သည့်အရာကို ကြုံသည်ဖြစ်စေ တည်ငြိမ်စွာ ရင်ဆိုင်ရန်တို့ကို ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။

နှစ်လကြာပြီးနောက်တွင် ကျွန်မအား အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခဲ့သည်။ ကျွန်မအတွက် စီရင်ချက် စာရွက်စာတမ်းများကို လက်ခံရရှိပြီး လက်မှတ်ထိုးသည့်အခါတွင်၊ သုံးနှစ် ပြစ်ဒဏ်သည် တစ်နှစ်သို့ လျှော့ပေါ့ခံခဲ့ရသည်ကို ကျွန်မ တွေ့ရှိခဲ့ရသည်။ ကျွန်မ၏ စိတ်နှလုံးတွင် ဘုရားသခင်အား ထပ်ခါထပ်ခါ ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားနေခဲ့ပြီး၊ ဤအရာထဲတွင် ကျွန်မအတွက် ကိုယ်တော် ထားရှိသည့် ကြီးမားသော ချစ်ခြင်းနှင့် ကွယ်ကာမှုကို ကျွန်မ မြင်နိုင်ခဲ့သည်။

အလုပ်ကြမ်းစခန်းတွင် ယုတ်မာသော ရဲတို့၏ ပို၍ပင် ခက်ထန် ကြမ်းကြုတ်သော လက္ခဏာကို ကျွန်မ တွေ့ခဲ့ရသည်။ အလွန်စောလှသော မနက်ခင်းတွင် ကျွန်မတို့ ထပြီး အလုပ်သွားရသည်။ ပြီးလျှင် ကျွန်မတို့သည် နေ့တိုင်းတွင် အလုပ်တာဝန်များဖြင့် အလွန်အမင်း မနိုင်ဝန်ထမ်းရသည်။ ကျွန်မတို့သည် နေ့စဉ် အလွန် ကြာမြင့်သော နာရီများစွာ အလုပ်ကြမ်းလုပ်ရသည်။ တစ်ခါတစ်ရံတွင် သုံးလေးရက်အထိ တစ်ဆက်တည်း နေ့ရောညပါ အလုပ်လုပ်ရသည်။ အချို့အကျဉ်းသားများမှာ နာမကျန်းဖြစ်ပြီး ဆေးပုလင်း ချိတ်ပေးဖို့ လိုအပ်တာမျိုး ရှိခဲ့သည်။ ပြီးလျှင် ဆေးသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အလုပ်ရုံသို့ အမြန်ပြန်လာပြီး အလုပ်ပြန်လုပ်နိုင်စေရန်အတွက်၊ ဆေးပုလင်းမှ အစက်ကျသည့်နှုန်းကို အမြင့်ဆုံးအထိ တင်ထားရသည်။ ဤအဖြစ်ကြောင့် နောက်ပိုင်းတွင် အကျဉ်းသားအများစု၌ ကုသရန် အလွန်ခက်ခဲသည့် ရောဂါအချို့ ရရှိလာစေခဲ့သည်။ လူတချို့သည် ဖြည်းဖြည်းချင်း အလုပ်လုပ်သောကြောင့် ၎င်းတို့မှာ အစောင့်များ၏ ဆဲရေးတိုင်းထွာမှုကို မကြာခဏ ခံကြရသည်။ အစောင့်တို့၏ ရိုင်းစိုင်းသော စကားအသုံးအနှုန်းတို့မှာ မကြားဝံ့မနာဝံ့စရာ ဖြစ်သည်။ အချို့လူတို့သည် အလုပ်လုပ်စဉ်တွင် စည်းကမ်းများကို ချိုးဖောက်ကြသောကြောင့် အပြစ်ဒဏ်ပေးခံရသည်။ ဥပမာအားဖြင့် သူတို့ကို “ကြိုးပေးသည်” ဆိုတာမျိုး ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် မြေပေါ်တွင် ဒူးထောက်၍ လက်ပြန်ကြိုးတုပ်ခံရကာ၊ လက်နှစ်ဖက်ကို လည်ပင်း ရောက်သည်အထိ အတင်းအဓမ္မ နာကျင်စွာ ဆွဲမြှောက်ခံရခြင်း ဖြစ်သည်။ အချို့မှာ ခွေးများကဲ့သို့ သံကြိုးများဖြင့် သစ်ပင်တွင် ချည်ထားခံရပြီး ကျာပွတ်ဖြင့် သနားညှာတာမှုကင်းမဲ့စွာ အရိုက်ခံရသည်။ အချို့လူများမှာ ဤ လူမဆန်သည့် ညှဉ်းပန်းမှုကို တောင့်မခံနိုင်ဘဲ သူတို့ကိုယ်သူတို့ အဆာငတ်ခံပြီး သေအောင် ကြိုးစားကြတော့သည်။ သို့သော်လည်း ယုတ်မာသော အစောင့်များက သူတို့၏ ခြေလက်နှစ်ဖက်စလုံးကို လက်ထိတ်များ ခတ်ပြီး၊ သူတို့၏ကိုယ်ခန္ဓာကို တင်းကျပ်စွာ ဖိထားကာ အစာကျွေးပြွန်များ၊ အရည်ပြွန်များကို အတင်းထိုးသွင်းလေသည်။ ဤအကျဉ်းသားများ သေသွားမည်ကို သူတို့ ကြောက်ရွံ့ခြင်းမှာ အကျဉ်းသားတို့၏ အသက်ကို တန်ဖိုးထားသောကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ဆီမှ ရသော ဈေးချိုသည့် လုပ်အားကို ဆုံးရှုံးရမည်စိုးသောကြောင့် ဖြစ်သည်။ ထောင်စောင့်များမှ ကျူးလွန်သည့် ဆိုးယုတ်သော လုပ်ဆောင်မှုများမှာ အမှန်တကယ်ပင် ရေတွက်ရန် အလွန်များပြားလှသည်။ ဆိုးဆိုးရွားရွား ကြမ်းကြုတ် ရက်စက်သော ဖြစ်ရပ်များပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ဝိညာဉ်လောကတွင် နေထိုင်သည့် စာတန်၏ လောကီပြယုဂ် ဖြစ်ကြောင်းကို ဤအရာအားလုံးက ကျွန်မအား ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။ ၎င်းတို့သည် မကောင်းဆိုးဝါးအားလုံး၏ အထွတ်အထိပ် ဖြစ်ပြီး၊ ၎င်းတို့ အစိုးရလက်အောက်ရှိ အကျဉ်းထောင်များသည် ကမ္ဘာမြေပေါ်မှ ငရဲဖြစ်သည်။ ယင်းသည် အမည်ခံသက်သက်မဟုတ် အမှန်တကယ်ပင်ဖြစ်သည်။ ကျွန်မအား စစ်ဆေးမေးမြန်းခဲ့သည့် ရုံးနံရံပေါ်မှ စာသားတို့ကို ကျွန်မ သတိရမိသည်။ “လူတို့ကို စိတ်ထင်သလို ရိုက်နှက်ခြင်း သို့မဟုတ် တရားမဝင် ပြစ်ဒဏ်ခတ်ခြင်းကို တားမြစ်သည်။ ထို့အပြင် ညှဉ်းပန်းနှိပ်စက်၍ ဖြောင့်ချက်များ ရယူခြင်းကို ပို၍ပင် တားမြစ်သည်။” သို့သော်လည်း အမှန်တကယ်တွင် သူတို့၏ လုပ်ရပ်များသည် ဤစည်းကမ်းများကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေသည်။ သူတို့သည် အရွယ်မရောက်သေးသော မိန်းကလေးတစ်ယောက် ဖြစ်သည့် ကျွန်မအား အကြောင်းမဲ့သက်သက် ရိုက်နှက်ခဲ့ပြီး၊ ဥပဒေမဲ့ ပြစ်ဒဏ်ခတ်မှုကို ခံယူစေခဲ့သည်။ ထို့အပြင် ဘုရားသခင်အပေါ် ယုံကြည်ရုံမျှဖြင့် ကျွန်မအား ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ငြိမ်းချမ်းမှုနှင့် ချမ်းသာကြွယ်ဝခြင်းဟူသော အယောင်ဆောင် အသွင်အပြင်တစ်ခုကို ပြလျက် လူတို့အား လိမ်လည်ရန်၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ အသုံးပြုသည့် လှည့်ကွက်များကို ဤအရာအားလုံးက ကျွန်မအား ရှင်းရှင်းလင်းလင်း မြင်စေခဲ့ပါပြီ။ ဘုရားသခင် ပြောဆိုခဲ့သလိုပင် ဖြစ်သည်။ “မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုတ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်းနေခဲ့သည်။...ရှေးကာလ၏ ဘိုးဘေးများလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များ လော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့်အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ဆိုးယုတ်သောရဲတို့၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံပြီးနောက်တွင် ကျွန်မသည် ဘုရားသခင်မှ မိန့်ကြားခဲ့သည့် ဤ နှုတ်ကပတ်တော်စာပိုဒ်ကို လုံးဝ လက်ခံယုံကြည်ခဲ့သည်။ ယခုအခါတွင် ၎င်းနှင့်သက်ဆိုင်သည့် တကယ့် အသိအမြင်နှင့် အတွေ့အကြုံအချို့ကို ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ဘုရားသခင်အား မုန်းတီး ဆန့်ကျင်သော၊ မကောင်းမှုနှင့် အကြမ်းဖက်မှုအား ထောက်ခံသော မကောင်းဆိုးဝါးဆန်သည့် အုပ်စုတစ်ခု အမှန်ပင် ဖြစ်သည်။ ဆိုးယုတ်သော အစိုးရ၏ ဖိနှိပ်မှုအောက်တွင် အသက်ရှင်နေထိုင်ခြင်းသည် လူ့ငရဲတစ်ခုတွင် နေထိုင်ရခြင်းနှင့် ဘာမှမကွာခြားပါ။ တစ်ချိန်တည်းမှာပင် အလုပ်ကြမ်းစခန်း၌ လူပေါင်းစုံတို့၏ အကျည်းတန်မှုကို ကျွန်မသည် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါပြီ။ အစောင့်ခေါင်းဆောင်များအား မျက်နှာလိုမျက်နှာရလုပ်သော စကားချိုသော အခွင့်အရေးသမား လူလည်တို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မျက်နှာများ၊ အားနည်းသူတို့ကို အနိုင်ကျင့်လျက် ဒေါသတကြီး လျှောက်ရမ်းတတ်သော ရက်စက်ကြမ်းတမ်းသူတို့၏ မကောင်းဆိုးဝါးဆန်ဆန် မျက်နှာများ စသဖြင့် ဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်အဖြစ် ဘဝကို အစမပြုရသေးသော ကျွန်မအနေဖြင့်၊ အကျဉ်းထောင်ဘဝ၏ ဤနှစ်ကာလအချိန်အတွင်းတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို နောက်ဆုံး၌ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ လူတို့၏ စိတ်နှလုံးများထဲရှိ ဖောက်ပြန်မှုကို ကျွန်မ မျက်မြင် မြင်တွေ့ခဲ့ရပြီး၊ လူ့ကမ္ဘာသည် မည်မျှ အန္တရာယ်များနိုင်သည်ကို နားလည်သဘောပေါက်ခဲ့သည်။ ကျွန်မသည် အပြုသဘောနှင့် အဖျက်သဘော၊ အဖြူနှင့် အမည်း၊ အမှန်နှင့် အမှား၊ အကောင်းနှင့် အဆိုးတို့ကြား ခွဲခြားတတ်လာခဲ့သလို၊ ကြီးမြတ်သောအရာနှင့် စက်ဆုပ်ဖွယ်ကောင်းသောအရာတို့ကြား ခွဲခြားတတ်လာခဲ့သည်။ စာတန်သည် အကျည်းတန်၊ ဆိုးယုတ်၊ ကြမ်းကြုတ်ပြီး၊ ဘုရားသခင်သည်သာ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း၏ သင်္ကေတဖြစ်သည်ကို ကျွန်မ ရှင်းလင်းစွာ သိမြင်ခဲ့သည်။ ဘုရားသခင်သာလျှင် လှပခြင်းနှင့် ကောင်းမွန်ခြင်းအတွက် သင်္ကေတ ဖြစ်သည်။ ဘုရားသခင်သာလျှင် ချစ်ခြင်းမေတ္တာဖြစ်ပြီး ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်အားဖြင့် ကြည့်ရှုစောင့်ရှောက်ခံရပြီး ကွယ်ကာပေးခံရ၍ ထို မေ့မရနိုင်သောနှစ်မှာ ကျွန်မအတွက် အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ယခု ထိုအဖြစ်ကို ပြန်ကြည့်သောအခါတွင် ကျွန်မသည် ထိုအကျဉ်းထောင်ဘဝ၏ နှစ်ကာလအတွင်းတွင် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲခြင်းအချို့ ကြုံခဲ့ရသော်လည်း၊ ကျွန်မအား ဦးဆောင်ပြီး လမ်းပြရန်အတွက် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့ကာ၊ ဤနည်းဖြင့် ကျွန်မ၏ အသက်တာအား ရင့်ကျက်စေခဲ့သည်။ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ကျွန်မ ကျေးဇူးတင်မိသည်။ အသက်တာတွင် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ကျွန်မ ခြေချနိုင်ခြင်းသည် ဘုရားသခင်မှ ကျွန်မအပေါ် ပေးအပ်သည့် အကြီးမြတ်ဆုံးသော ကျေးဇူးတော်နှင့် ကောင်းကြီးပင်ဖြစ်ပြီး၊ ကျွန်မ၏ ကျန်သည့်ဘဝတစ်လျှောက်လုံးတွင် ကျွန်မသည် ကိုယ်တော့်နောက်လိုက်ကာ ကိုးကွယ်ပါတော့မည်။

ယခင်က:ဘုရားသခင်၏ နှုတ်ကပတ်တော်များက သက်သေခံဖို့ ကျွန်မကို ဦးဆောင်ခဲ့သည်

နောက်တစ်ခုသို့:တရုတ်ကွန်မြူနစ်ပါတီ၏ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းက ဘုရားသခင်အတွက် ကျွန်မ၏ ချစ်ခြင်းမေတ္တာကိုသာ အားကောင်းစေသည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ