ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇) အခန်း တစ်
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ယခင်က ငါတို့သည် တစ်ဆယ့်လေးချက်မြောက် တာဝန်အထိ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဤတာဝန်အောက်တွင် မိတ်သဟာယမဖွဲ့ရသေးသော ခေါင်းစဉ်ငယ် အချို့ ရှိနေဆဲဖြစ်သည်။ ငါတို့ မိတ်သဟာယမဖွဲ့မီ ဦးစွာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မည်မျှရှိသည်ကို ပြန်လည်သုံးသပ်ကြည့်ကြပါ။ (၁၅ချက် ရှိပါသည်။) ဖတ်ကြလော့။
(ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ
၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့။
၂။ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့။
၃။ တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့။
၄။ မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို အချိန်မီ ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။
၅။ အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လမ်းလွဲမှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို အချိန်မီ ပြုလုပ်နိုင်ရမည်။
၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို မြှင့်တင်ပေး၍ ပျိုးထောင်လော့။
၇။ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့။
၈။ အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေလော့။
၉။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲ လိုက်လုပ်လော့။
၁၀။ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ကျိုးကြောင်းဆီလျော်စွာ ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့။
၁၁။ ယုံကြည်စိတ်ချရပြီး လူ့သဘာဝ စံနှုန်းပြည့်မီသော အထူးတာဝန်ခံအား ရွေးချယ်ခန့်အပ်၍ ပူဇော်သက္ကာများကို စနစ်တကျ စာရင်းသွင်းခြင်း၊ စာရင်းအင်းပြုစုခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်စေလော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို အချိန်မီ ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို တားဆီးပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို မခံရအောင် မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့။
၁၂။ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီး၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။
၁၃။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့။
၁၄။ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။
၁၅။ အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက အစီအစဉ်တကျဖြစ်သောပုံစံဖြင့် ရှေ့ဆက်စေနိုင်သည်ကို သေချာစေဖို့အတွက် ၎င်းတို့ကို လုံခြုံအောင်ထားလော့။)
ဤတာဝန် ၁၅ချက်လုံးကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားကြသလော။ (ကြားပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ၁၄ မှာ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို သင်တို့ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ပထမ စံသတ်မှတ်ချက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်အပေါ် အခြေခံသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတို့၏ ရည်ရွယ်ချက်များကို အချက်မည်မျှအဖြစ် ငါတို့ ခွဲခြားခဲ့သနည်း။ ယင်းတို့ကို အချက်ကိုးချက်အဖြစ် ငါတို့ ခွဲခြားခဲ့သည်။ တစ်အချက်မှာ အရာရှိတစ်ဦးဖြစ်လိုသည့် မိမိ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်၊ နှစ်အချက်မှာ လိင်မတူသူကို ရှာဖွေရန်၊ သုံးအချက်မှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန်၊ လေးအချက်မှာ အခွင့်ကောင်းယူရန်၊ ငါးအချက်မှာ အသင်းတော်ကို မှီခိုကပ်ရပ်ရန်၊ ခြောက်အချက်မှာ ခိုလှုံရာ ရှာဖွေရန်၊ ခုနစ်အချက်မှာ အားကိုးရာ ရှာဖွေရန်၊ ရှစ်အချက်မှာ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားရန်၊ ကိုးအချက်မှာ အသင်းတော်ကို စောင့်ကြည့်စစ်ဆေးရန် ဟူ၍ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ စိတ်သဘောထားများနှင့် ရည်ရွယ်ချက်များအပေါ် အခြေခံ၍ အမျိုးမျိုးသော လူတို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်း ဖြစ်သည်။ ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် လိုအပ်သော အမျိုးမျိုးသော လူတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် ဒုတိယ စံသတ်မှတ်ချက်မှာ ကဏ္ဍအမျိုးမျိုးရှိ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရ၏ သရုပ်သကန်များအပေါ် အခြေခံသည်။ ဤစံသတ်မှတ်ချက်တွင် သရုပ်သကန် မည်မျှ ပါဝင်သနည်း။ တစ်အချက်မှာ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရသည်ကို နှစ်သက်ခြင်း၊ နှစ်အချက်မှာ အချောင်ယူရသည်ကို နှစ်သက်ခြင်း၊ သုံးအချက်မှာ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမရှိခြင်း၊ လေးအချက်မှာ လက်စားချေလိုစိတ်ရှိခြင်း၊ ငါးအချက်မှာ မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်း၊ ခြောက်အချက်မှာ ဆင်ခြင်တုံတရားမဲ့စွာနှင့် တစ်ဇွတ်ထိုးဆန်စွာ ဒုက္ခပေးသဖြင့် မည်သူမျှ ရန်မစရဲခြင်း၊ ခုနစ်အချက်မှာ တစ်သမတ်တည်း ဖောက်ပြန်ခြင်း၊ ရှစ်အချက်မှာ အချိန်မရွေး သစ္စာဖောက်နိုင်ခြင်း၊ ကိုးအချက်မှာ အချိန်မရွေး ထွက်ခွါနိုင်စွမ်းရှိခြင်း၊ တစ်ဆယ်အချက်မှာ ယိမ်းယိုင်ခြင်း၊ တစ်ဆယ့်တစ်အချက်မှာ ကြောက်တတ်ခြင်းနှင့် သံသယဖြစ်ခြင်း၊ တစ်ဆယ့်နှစ်အချက်မှာ ပြဿနာရှာတတ်ခြင်း၊ တစ်ဆယ့်သုံးအချက်မှာ နောက်ကြောင်းရာဇဝင် ရှုပ်ထွေးခြင်းဟူ၍ စုစုပေါင်း သရုပ်သကန် ၁၃ချက် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ၁၄ မှာ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ ဟူ၍ ဖြစ်သည်။ ပထမ စံသတ်မှတ်ချက်ဖြစ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဒုတိယ စံသတ်မှတ်ချက်ဖြစ်သည့် ၎င်းတို့၏ လူ့သဘာဝ၏ ပထမ ကိစ္စရပ် ခုနစ်ခုကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ယနေ့တွင် ငါတို့သည် ၎င်းတို့၏ လူ့သဘာဝ၏ ရှစ်ချက်မြောက် သရုပ်သကန်ဖြစ်သည့် “အချိန်မရွေး သစ္စာဖောက်နိုင်ခြင်း” မှစ၍ မိတ်သဟာယဖွဲ့ကြမည်။
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၆)
ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
၂။ လူ့သဘာဝကို အခြေခံ၍
ဇ။ အချိန်မရွေး သစ္စာဖောက်နိုင်ခြင်း
အချိန်မရွေး အသင်းတော်ကို သစ္စာဖောက်နိုင်စွမ်း ရှိကြောင်း သိသာစွာ ဖော်ပြသော ဤသို့သော လူစားမျိုးကို သင်တို့ သတိပြုမိနိုင်ကြသည် မဟုတ်လော။ ဤလူတို့နှင့်ဆိုင်သော ပြဿနာသည် အလွန်ဆိုးရွားသလော။ (ဆိုးရွားပါသည်။) အချို့လူများသည် ၎င်းတို့ ကြောက်တတ်သောကြောင့် အသင်းတော်ကို သစ္စာဖောက်ကြပြီး အချို့မှာမူ ၎င်းတို့၏ ဆိုးယုတ်သော လူ့သဘာဝ သို့မဟုတ် အခြားကိစ္စများကြောင့် ထိုသို့ပြုကြသည်။ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ ဤသို့သော လူစားမျိုးသည် အချိန်မရွေး ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်ဟူသောအချက်က ၎င်းတို့သည် အားကိုးမရသောသူများဖြစ်ကြောင်း ပြသနေသည်။ ညီအစ်ကိုမောင်နှမများ နေထိုင်သည့်နေရာ၊ အသင်းတော်ခေါင်းဆောင်များ မည်သူဖြစ်သည်၊ အသင်းတော် မည်သည့်အလုပ်တွင် ပါဝင်ပတ်သက်နေသည် သို့မဟုတ် မည်သူက မည်သည့်အရေးကြီးသော အလုပ်များနှင့် တာဝန်များကို ထမ်းဆောင်သည်ဟူသည့် အသင်းတော်နှင့်ပတ်သက်သော အရေးကြီးသည့် အချက်အလက်အချို့ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်အချို့ကို ၎င်းတို့ သိရှိထားပါက အန္တရာယ်ပေါ်ပေါက်လာသည့်အခါ သို့မဟုတ် အချို့သော အထူးအခြေအနေများတွင် ဤအချက်အလက်ကို ပေါက်ကြားစေနိုင်ပြီး အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်သည်။ ၎င်းတို့ ဤသို့ပြုလုပ်ရသည့် အကြောင်းရင်းတစ်ခုမှာ မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် မိမိတို့၏ လုံခြုံရေးကို အာမခံချက်ရှိစေရန် ဖြစ်နိုင်သည်။ တစ်ဖက်တွင်လည်း ၎င်းတို့သည် ဤအချက်အလက်ကို အလေးအနက် မထားဘဲ ကိုယ်ကျိုးအတွက် အလဲအလှယ်လုပ်ကာ အချိန်မရွေး ဖွင့်ပြောနိုင်ပြီး သစ္စာဖောက်နိုင်စွမ်းရှိလျက် ဤနည်းလမ်းဖြင့် တမင်တကာ ပြုမူခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အချို့လူများသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီး စစ်ကြောမေးမြန်းနေစဉ်အတွင်း အဆင်းနီသော နဂါးကြီးက ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း သို့မဟုတ် ဝန်ခံထွက်ဆိုစေရန် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် အသုံးပြုကာ ၎င်းတို့ စကားပြောဆိုပါက လွှတ်ပေးမည်ဖြစ်ကြောင်း ဤလူတို့ကို ပြောဆိုသောကြောင့် ၎င်းတို့သည် မိမိတို့၏ လွတ်လပ်မှုအတွက် အလဲအလှယ်အနေဖြင့် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်အကြောင်း ၎င်းတို့သိသမျှ အချက်အလက်အားလုံးကို သစ္စာဖောက်၍ ဖွင့်ပြောကြသည်။ ဤသို့သော လူစားမျိုးသည် စံပြ ယုဒများ ဖြစ်ကြသည်။ ငါ့ကို ပြောလော့၊ စံပြ ယုဒများဖြစ်သည့် လူစားမျိုးကို မည်သို့ ဆက်ဆံပြီး ကိုင်တွယ်သင့်သနည်း။ (ဤသို့သော လူစားမျိုးကို ချက်ချင်း နှင်ထုတ်သင့်ပြီး ကျိန်လည်း ကျိန်ဆဲသင့်ပါသည်။) အများအားဖြင့် ဤစံပြ ယုဒများသည် တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ အသင်းတော်နှင့်ပတ်သက်သည့် အခြေအနေအချို့ကို စုံစမ်းမေးမြန်းကာ သို့မဟုတ် သိရှိကာ ယင်းကို စိတ်ထဲ၌ မှတ်ထားကြသည်။ နောက်ပိုင်းတွင် အခြေအနေတစ်ရပ်ရပ် ၎င်းတို့အပေါ် ကျရောက်ပြီး ဖမ်းဆီးခြင်းခံရသည်နှင့်တစ်ပြိုင်နက် ဤအချက်အလက်ကို ၎င်းတို့ ဝန်ခံထွက်ဆိုကြသည်။ အပေါ်ယံအားဖြင့် ဤအသေးစိတ် အချက်အလက်များအကြောင်း ၎င်းတို့၏ စုံစမ်းမေးမြန်းခြင်းနှင့် သိရှိခြင်းသည် အဆင်းနီသော နဂါးကြီးထံ အချက်အလက်ကို တမင်တကာ ဝန်ခံထွက်ဆိုရန် ရည်ရွယ်ချက်အတွက် မဟုတ်ဟု ထင်ရနိုင်သော်လည်း ၎င်းတို့ ဖမ်းဆီးခြင်းခံရသည့်အခါ မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ ဝန်ခံထွက်ဆိုမှုသည် အသင်းတော်အတွက် ဆိုးကျိုးအချို့ကို သယ်ဆောင်လာသည်။ သို့ဖြစ်၍ ဤအသေးစိတ်အချက်အလက်များအကြောင်း ၎င်းတို့၏ သာမန်ကာလျှံကာ စုံစမ်းမေးမြန်းခြင်းနှင့် သိရှိခြင်းသည် သာမန် စကားစမြည်ပြောခြင်း သို့မဟုတ် အလဟဿ ဖြစ်သော စကားပြောဆိုခြင်း သဘောသဘာဝမျိုး မဟုတ်တော့ဘဲ တမင်တကာနှင့် ရည်ရွယ်ချက်ရှိရှိ ထိုသို့ပြုလုပ်နေခြင်း ဖြစ်သည်။ ဤအရာက ၎င်းတို့ နောက်ပိုင်းတွင် ယုဒများဖြစ်လာရန်အတွက် အခြေအနေများကို ပြင်ဆင်ပေးသည်။ အခြားသူများ၏ အချက်အလက်ကို သာမန်ကာလျှံကာ သစ္စာဖောက်၍ ဖွင့်ပြောသော လူတို့၏ ပြဿနာကို သမ္မာတရား မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ၎င်းတို့ကို သတိပေးခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း။ (ဤသို့သော လူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး သမ္မာတရားကို လက်ခံမည်မဟုတ်သဖြင့် ၎င်းတို့နှင့် သမ္မာတရား မိတ်သဟာယဖွဲ့ခြင်းသည် အချည်းနှီးဖြစ်သောကြောင့် ဖြစ်ပါသည်။) အခြားသူများကို သာမန်ကာလျှံကာ ဒုက္ခပေးနိုင်သော ဤသို့သော ဆိုးယုတ်သည့်လူကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ဖြေရှင်းနည်း တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရန် ဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာသည် ညီအစ်ကိုမောင်နှမများကို ဒုက္ခပေးရုံသာမက အသင်းတော်၏အလုပ်ကိုလည်း နှောင့်ယှက်သောကြောင့် ဖြစ်သည်။ ဤသို့သော အပြုအမူကို ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်းနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်းအဖြစ် သတ်မှတ်နိုင်သောကြောင့် ဤသို့သော လူစားမျိုးကို ရှင်းလင်းပစ်ရမည် သို့မဟုတ် နှင်ထုတ်ရမည် ဖြစ်သည်။ ဤသို့သော လူစားမျိုးကို အန္တိခရစ်များအဖြစ် မသတ်မှတ်နိုင်သော်လည်း အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ဆိုးယုတ်သည့်လူများအဖြစ် ၎င်းတို့ကို သတ်မှတ်ရန် လုံလောက်သော အခြေခံအကြောင်းများ ရှိသည်။ သို့ဖြစ်၍ ဤသို့သော လူစားမျိုးကို ရှင်းလင်းပစ်ခြင်းသည် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်။ ဤလူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အသေးစိတ် အချက်အလက်များအပြင် အချို့သော ညီအစ်ကိုမောင်နှမများ၏ အသေးစိတ် အချက်အလက်များကို နေရာအနှံ့ လိုက်လံ စုံစမ်းမေးမြန်းရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားများစွာကို နားမလည်ခဲ့ကြသည့်တိုင် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ညီအစ်ကိုမောင်နှမများ၏ မိသားစုများအကြောင်း အချက်အလက် အတော်များများကိုမူ စုဆောင်းထားပြီးဖြစ်သည်။ မည်သည့် ညီအစ်ကို သို့မဟုတ် ညီအစ်မကို စကားထဲထည့်ပြောသည်ဖြစ်စေ ၎င်းတို့သည် အခြားသူများကို အလွန်အံ့အားသင့်စေသည့် ထိုညီအစ်ကိုမောင်နှမတို့၏ အသေးစိတ်အချက်အလက်အချို့ကို မျှဝေနိုင်သည်။ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မဟုတ်သော်လည်း အုပ်ချုပ်ရေးဆိုင်ရာအလုပ်၊ ဌာနခွဲအမျိုးမျိုး၏ တာဝန်ခံများနှင့် ပြင်ပကိစ္စများနှင့် သက်ဆိုင်သော အလုပ်အချို့ကဲ့သို့သော အသင်းတော်၏ အချို့သော အတွင်းရေးကိစ္စများကို စုံစမ်းမေးမြန်းရန် အစဉ် စိတ်အားထက်သန်ကြသည်။ မည်သူက မည်သည့်နေရာများသို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် သွားခဲ့သည်၊ မည်သည့်အချိန်တွင် ထွက်ခွာခဲ့သည်၊ မည်သူ မြှင့်တင်ပေးခြင်းခံခဲ့ရသည်၊ မည်သူ ဖြုတ်ချခံခဲ့ရသည်၊ အသင်းတော်အလုပ်၏ အချို့သော ကဏ္ဍများ မည်သို့ တိုးတက်နေသည်တို့ကို ၎င်းတို့ မကြာခဏ မေးမြန်းကြသည်။ ဤအရာများအကြောင်း စုံစမ်းမေးမြန်းပြီးနောက် ၎င်းတို့သည် ထိုအချက်အလက်ကို နေရာအနှံ့ ဖြန့်ဝေကြသည်။ သာ၍ပင် ရွံရှာဖွယ်ကောင်းသည်မှာ အချို့လူများသည် ၎င်းတို့ မေးမြန်းပြီးနောက် စုဆောင်းရရှိခဲ့သော အချက်အလက်ကို ချရေးထားကြခြင်းပင် ဖြစ်သည်။ ဤအရာက ၎င်းတို့တွင် မသမာသော ရည်ရွယ်ချက်များ ရှိကြောင်း မပြသပေလော။ (ပြပါသည်။) အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် မိမိတို့၏ ကိုယ်ပိုင်ကိစ္စများကို မှတ်တမ်းတင်သည့်အခါ ၎င်းတို့သည် လျှို့ဝှက်သင်္ကေတ သို့မဟုတ် လျှို့ဝှက်ဘာသာစကားကို အသုံးပြုရန် သိကြသော်လည်း အခြားသူများ၏ အချက်အလက်ကို မှတ်တမ်းတင်သည့်အခါ ဉာဏ်ပညာ အနည်းငယ်မျှပင် ပြသသည့် နည်းလမ်းတစ်ခုကို အသုံးပြုရမည့်အစား ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အမည်အရင်း၊ ရုပ်ရည်၊ အသက်၊ ဖုန်းနံပါတ်များနှင့် အခြားအသေးစိတ်အချက်အလက် အစစ်အမှန်များကို ချရေးထားကြသည်။ ၎င်းတို့သည် သစ္စာဖောက်ရန် ရည်ရွယ်နေခြင်း မဟုတ်လော။ ၎င်းတို့တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိပြီး အမှန်ပင် သစ္စာဖောက်ရန် ရည်ရွယ်ကြသည်။ အန္တရာယ်ရှိသော တစ်စုံတစ်ရာ ဖြစ်ပွားပြီး ရဲက ၎င်းတို့ မှတ်တမ်းတင်ထားသော အချက်အလက်ကို သိမ်းဆည်းသွားသည်နှင့်တစ်ပြိုင်နက် ရဲသည် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် အသုံးမပြုဘဲ ၎င်းတို့ကို ခြိမ်းခြောက်၍ ခြောက်လှန့်ရုံမျှဖြင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ မထိမ်ချန်ထားဘဲ အရာအားလုံးကို အသေးစိတ် ချက်ချင်း ဝန်ခံထွက်ဆိုကြသည်။ ၎င်းတို့ မေ့နေသောအရာများအတွက်မူ မှတ်မိရန် ဦးနှောက်ခြောက်အောင်ပင် စဉ်းစားကြပြီး တစ်စုံတစ်ရာကို ပြန်အမှတ်ရသည်နှင့်တစ်ပြိုင်နက် ရဲကို ချက်ချင်း ပြောပြကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အိမ်များသို့၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အိမ်များသို့၊ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသူတို့၏ နေရာထိုင်ခင်းများသို့ပင် ရဲကို ဦးဆောင်ခေါ်သွားကာ ထိုလူတို့ကို ဖမ်းဆီးစေသည်။ ဤသို့သော လူစားမျိုးသည် အလွန်အမင်း ယုတ်မာသည်ဟု သင်တို့ မထင်သလော။ (ထင်ပါသည်။) ၎င်းတို့ အခြားသူများကို သစ္စာမဖောက်မီတွင် ၎င်းတို့၏ အပြုအမူသည် အန္တိခရစ်တစ်ဦးကဲ့သို့ ထင်ရရန် မဆိုထားနှင့်၊ ဆိုးယုတ်သောလူတစ်ဦးကဲ့သို့ မထင်ရပေ။ ယင်းမှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး၏ သရုပ်သကန်များသာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့ ဖမ်းဆီးခြင်းခံရသည်နှင့်တစ်ပြိုင်နက် မည်သည့် ညီအစ်ကိုမောင်နှမကိုမဆို အလွယ်တကူ သစ္စာဖောက်နိုင်စွမ်း ရှိကြသည်။ ဤသရုပ်သကန် တစ်ခုတည်းကပင် ၎င်းတို့ကို ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထက် သာ၍ပင် ယုတ်မာစေသည်။ ၎င်းတို့၏ ဇာတိပကတိသည် အလွန်အားနည်းပြီး နောက်ထပ် မခံနိုင်တော့သောကြောင့် ပြင်းထန်သော အကျပ်ကိုင်မှု၊ ညှဉ်းပန်းမှုနှင့် ဖိနှိပ်မှုတို့အောက်တွင် အရေးမပါသော အချက်အလက်အနည်းငယ်ကို ထုတ်မပြောဘဲ မနေနိုင်ခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ထောက်ထားရန် မဆိုထားနှင့်၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို မည်သို့မျှ မထောက်ထားဘဲ ၎င်းတို့သိသမျှ အချက်အလက်အားလုံးကို တက်တက်ကြွကြွနှင့် မဆင်မခြင် ထုတ်ပြောကြသည်။ ဤသည်မှာ အလွန်ပင် ယုတ်မာလှပါတကား။ ဤသည်မှာ ယုဒများဖြစ်သည့် လူစားမျိုး၏ သရုပ်သကန်များထဲမှ တစ်ခု ဖြစ်သည်။
နောက်ထပ် လူစားတစ်မျိုးရှိသေးသည်၊ ၎င်းတို့သည် အနည်းငယ်မျှ ထိပါးခံရသည်နှင့် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားရန် ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် သဘာဝဘေးအန္တရာယ်များ၊ နာမကျန်းမှု သို့မဟုတ် ခိုးမှုတို့ကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ကြပြီး ညီအစ်ကိုမောင်နှမများက မေတ္တာကင်းမဲ့ကာ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် မကူညီကြောင်းကိုလည်း စောဒကတက်ကြသည်။ ဤအရာက ၎င်းတို့ကို အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်လိုစိတ် ဖြစ်ပေါ်စေသည်။ အချို့လူများသည် မဆင်မခြင်သော အမှားများကို ကျူးလွန်ပြီး ပြုပြင်ခြင်းခံရကာ ညီအစ်ကိုမောင်နှမများကလည်း ၎င်းတို့နှင့် ခပ်ကင်းကင်းနေကြသည်၊ ဤအရာက ၎င်းတို့ကို ဘုရားအိမ်တော်သည် မေတ္တာကင်းမဲ့သည်ဟု ခံစားရစေသောကြောင့် ၎င်းတို့က “သင်တို့အားလုံး ကျွန်ုပ်ကို မနှစ်သက်ကြဘူး မဟုတ်လား။ သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြသည် မဟုတ်လား။ ဘုရားကို ယုံကြည်ခြင်းမှ ကောင်းချီးများကို ကျွန်ုပ် အမှန်တကယ် ရရှိနိုင်သေးသလော။ ကောင်းချီးများ မရရှိလျှင် သင်တို့အားလုံးကို ကျွန်ုပ် တိုင်ကြားမည်” ဟု ရှေ့နောက်မစဉ်းစားဘဲ ပြောထွက်ကြသည်။ ဤသည်မှာ ထိုသို့သောလူများထံမှ “ပုံစံတကျ”အဖြစ်ဆုံးသော စကားပင် ဖြစ်သည်။ “ကောင်းချီးများ မရရှိလျှင် သင်တို့အားလုံးကို ကျွန်ုပ် တိုင်ကြားမည်” ဟူသော ဤပြောစကားသည် ၎င်းတို့အတွက် “ပုံစံတကျ” ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်း။ အကြောင်းမှာ ဤပြောစကားသည် ၎င်းတို့၏ လူ့သဘာဝကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ ဤစကားစုသည် မကျေနပ်စရာ အခြေအနေများစွာကို ကြုံတွေ့ပြီးနောက် သို့မဟုတ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မကျေမချမ်း ဖြစ်ခြင်းကြောင့် ၎င်းတို့၏ အမုန်းတရားကို ထုတ်ဖော်ရန်သက်သက် ပြောဆိုသည့်အရာတစ်ခု မဟုတ်သကဲ့သို့ အခိုက်အတန့်အတွင်း ပေါက်ကွဲထွက်ခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပြည့်နှက်နေပြီး အချိန်မရွေး ထုတ်ဖော်နိုင်သည့်အရာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေပြီး မည်သည့်အခိုက်အတန့်တွင်မဆို ပေါက်ကွဲထွက်နိုင်သည့်အရာ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝကို ကိုယ်စားပြုသည်။ ၎င်းတို့၏ လူ့သဘာဝသည် ဤမျှ ယုတ်ညံ့သည်၊ မည်သူမဆို ၎င်းတို့ကို ရန်စပါက သို့မဟုတ် ထိခိုက်ပါက ထိုသူကို အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းတို့သည် အလုပ်အစီအစဉ်များ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အနည်းငယ် ပြုပြင်ပါက ၎င်းတို့သည် မကျေမချမ်းဖြစ်ကာ ဒေါသထွက်လာသည်၊ မကျေမနပ်ဖြစ်လာသည်၊ ထို့နောက် “သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်။ သင်နေထိုင်သည့်နေရာကို ကျွန်ုပ်သိသည်၊ သင်၏ အမည်နှင့် မျိုးရိုးနာမည်ကို ကျွန်ုပ်သိသည်” ကဲ့သို့သော စကားများကို ပြောဆိုကြသည်။ ဤသို့သော လူစားမျိုးကို သင်တို့ မဖျောင်းဖျပါက ၎င်းတို့သည် သင်တို့ကို အမှန်တကယ် သစ္စာဖောက်ကောင်း ဖောက်လိမ့်မည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ခြောက်လှန့်ရန် ကြိုးစားနေခြင်း မဟုတ်သကဲ့သို့ ဒေါသထွက်နေချိန်တွင် ပြောဆိုနေခြင်းလည်း မဟုတ်ပေ၊ တစ်စုံတစ်ဦးက ၎င်းတို့ကို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေပါက သို့မဟုတ် ဒေါသထွက်စေပါက ထိုသူကို သစ္စာဖောက်ရန် လုံးဝ စွမ်းဆောင်နိုင်ကြသည်။ အချို့လူများက “၎င်းတို့ကို အဘယ်ကြောင့် ကြောက်ရမည်နည်း” ဟု ပြောဆိုကြသည်။ ငါတို့က ၎င်းတို့ကို ကြောက်နေခြင်း မဟုတ်ပေ။ ဤအရာသည် ဒီမိုကရေစီနှင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပွားခဲ့ပါက ၎င်းတို့၏ သစ္စာဖောက်ခြင်းကို ငါတို့ ကြောက်မည်မဟုတ်ပေ။ သို့သော် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ၎င်းတို့ အမှန်တကယ် သစ္စာဖောက်ပါက ညီအစ်ကိုမောင်နှမများအတွက် ဒုက္ခရောက်စေနိုင်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်စေနိုင်သည်။ ညီအစ်ကိုမောင်နှမများ အမှန်တကယ် ဖမ်းဆီးခြင်းခံရပါက အဆင်းနီသော နဂါးကြီးသည် ယင်းကို တစ်ဆိတ်ကိုတစ်အိတ် လုပ်မည် ဖြစ်သည်။ ၎င်းတို့ အားနည်းချက်တစ်ခုကို တွေ့သည်နှင့်တစ်ပြိုင်နက် လူများကို အဆုံးမရှိ ဆက်လက်ဖမ်းဆီးကြလိမ့်မည်။ ထိုသို့သော အခြေအနေတွင် အလွန်များပြားသော လူတို့၏ အသင်းတော်အသက်တာသည် ထိခိုက်မည်ဖြစ်ပြီး အလွန်များပြားသော လူတို့၏ ပုံမှန်တာဝန်ထမ်းဆောင်မှုသည် ထိခိုက်မည် ဖြစ်သည်။ ဤသည်တို့မှာ အတော်ပင် ဆိုးရွားသော အကျိုးဆက်များ မဟုတ်လော။ သင်တို့ ဤအရာများကို ထည့်သွင်းစဉ်းစားရမည်။ ဤသို့သော လူစားမျိုးသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ အစဉ် ရန်စောင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို မပျော်ရွှင်စေသည့်အရာတစ်ခုကို ပြောဆိုပါက သို့မဟုတ် ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်ပြီး ဒေါသထွက်စေပါက ၎င်းတို့သည် ထိုသူအပေါ် စိတ်ဆိုးပြီး ရက်ပေါင်းများစွာ စကားမပြောဘဲပင် ရှိကောင်းရှိမည်ဖြစ်ကာ သင်က ၎င်းတို့ကို သွားရှာပြီး တာဝန်ထမ်းဆောင်ရန် တောင်းဆိုသည့်အခါ ထိုတောင်းဆိုချက်ကို ၎င်းတို့ လျစ်လျူရှုကြသည်။ ဤသို့သော လူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ လူတစ်စုထဲတွင် ဆိုးယုတ်သောလူများက “မည်သူမဆို ကျွန်ုပ်ကို ထိပါးလျှင် ကျွန်ုပ်သည် အလွတ်ပေးမည် မဟုတ်။ သင်တို့ အတိအကျ မည်သည့်နေရာတွင် နေသည်ကို ကျွန်ုပ်သိသည်၊ သင်တို့ပြတင်းပေါက် လိုက်ကာအရောင်ကိုပင် ကျွန်ုပ်သိသည်။ သင်တို့ စုဝေးသည့်နေရာနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များ နေသည့်နေရာတို့ကို ကျွန်ုပ် ကောင်းကောင်း သိသည်” ကဲ့သို့သော စကားများကို ပြောဆိုသည်ကို သင်တို့ မကြာခဏ ကြားရသည်။ ဤသို့သော လူစားမျိုးသည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များဖြစ်သည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) ၎င်းတို့သည် ပုံစံတကျယုဒများ ဖြစ်ကြသည်။ အရာအားလုံး ပုံမှန်ဖြစ်နေသည့်အခါ၌ပင် ၎င်းတို့သည် သစ္စာဖောက်ရန် မိမိတို့သဘောအတိုင်း ပြုလုပ်ကောင်း ပြုလုပ်ကြဦးမည်။ ပြီးလျှင် အန္တရာယ် တစ်စုံတစ်ရာ ရှိပါက ယုဒဖြစ်ရန် ပထမဆုံး ခုန်ထွက်လာမည့်သူများ ဖြစ်ကြလိမ့်မည်။ သို့ဖြစ်၍ ဤသို့သော လူစားမျိုးကို အသင်းတော်၌ တွေ့ရှိပါက ၎င်းတို့ကို တတ်နိုင်သမျှ အစောဆုံး ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်။ ဤသို့သော လူစားမျိုးတွင် အခြား မည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ဥပမာအားဖြင့် စုဝေးပွဲများအတွင်း ညီအစ်ကိုမောင်နှမများသည် ပုံမှန်တွေ့ဆုံကြသောကြောင့် အပြန်အလှန် နှုတ်ဆက်စကားပြောဆိုရန် မလိုအပ်ပေ။ အချိန်တန်သည့်အခါ ၎င်းတို့သည် စုဝေးပွဲကို စတင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ကြသည်။ သို့သော် ရန်စောင်တတ်သောသူတို့သည် မည်သူမျှ ၎င်းတို့ကို အာရုံမစိုက်ကြောင်း သို့မဟုတ် မနှုတ်ဆက်ကြောင်း မြင်သည့်အခါ ဒေါသထွက်ကြသည်။ ၎င်းတို့က “သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြသလော။ ဟွန်း၊ သင်တို့တစ်ယောက်မျှ ကျွန်ုပ်ကို မကြိုဆိုကြ၊ ကောင်းပြီလေ၊ ဤသည်မှာ အဆင်ပြေပါသည်၊ သင်တို့ကို ကိုင်တွယ်ရန် ကျွန်ုပ်တွင် နည်းလမ်းတစ်ခု ရှိသည်။ အသင်းတော်ခေါင်းဆောင်များ နေသည့်နေရာကို ကျွန်ုပ်သိသည်၊ သင်တို့ထဲမှ မည်သူသည် မိမိတို့၏ တာဝန်များကို မည်သည့်နေရာတွင် ထမ်းဆောင်ပြီး မည်သည့်အလုပ်ကို သင်တို့လုပ်ဆောင်နေသည်ကို ကျွန်ုပ်သိသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သူက ဧည့်ခံနေသည်၊ ပူဇော်သက္ကာများကို မည်သူက ကာကွယ်စောင့်ရှောက်သည်၊ စာအုပ်များ ပုံနှိပ်ခြင်းကို မည်သူက ကိုင်တွယ်သည်နှင့် ယင်းတို့ကို လိုက်လံပို့ဆောင်ရန် မည်သူက တာဝန်ရှိသည်တို့ကို ကျွန်ုပ်သိသည်၊ သင်တို့အားလုံးကို ကျွန်ုပ် တိုင်ကြားမည်။ အသင်းတော်အကြောင်း အရာအားလုံးကို ကျွန်ုပ် ရဲထံတိုင်ကြားမည်” ဟု မစဉ်းမစား ပြောထွက်ကြသည်။ လူများက ၎င်းတို့ကို အဆုံးစွန်သော လေးစားမှုဖြင့် ဆက်ဆံပါက အရာအားလုံး အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ဦးက ၎င်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည် သို့မဟုတ် ရန်စသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ပြဿနာတစ်ခု ဖြစ်လာသည်၊ ၎င်းတို့သည် လက်စားချေခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကို ကြိုးပမ်းကြလိမ့်မည်။ ၎င်းတို့ကို မပျော်ရွှင်စေသော သို့မဟုတ် မကျေမနပ်ဖြစ်စေသော တစ်စုံတစ်ရာကို ကြုံတွေ့ရသည့်အခါတိုင်း ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော် ခေါင်းဆောင်များကို ပြင်းထန်သော ခြိမ်းခြောက်မှုများ ပြုလုပ်ကြသည်။ ဤသို့သော လူစားမျိုးသည် ကြောက်စရာကောင်းပြီး အန္တရာယ်ရှိသည်ဟု သင်တို့ ပြောမည်လော။ (၎င်းတို့သည် အန္တရာယ်ရှိပါသည်။) ဤသို့သော လူစားမျိုးသည် အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိသော ယုဒများ ဖြစ်ကြသည်၊ ၎င်းတို့သည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အချိန်မရွေး သစ္စာဖောက်နိုင်စွမ်းရှိသော လူတို့၏ နောက်ထပ် သရုပ်သကန်တစ်ရပ် ရှိသေးသည်။ ဥပမာအားဖြင့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ပြည်နယ်နှင့် မြို့အသီးသီး၌ တည်ထောင်ထားသော အသင်းတော်အရေအတွက်၊ အသင်းတော်တစ်ခုစီတွင် လူမည်မျှရှိသည်၊ ခေါင်းဆောင်များ မည်သူဖြစ်သည်၊ အသင်းတော် မည်သည့်အလုပ်တွင် ပါဝင်ပတ်သက်နေသည် စသည့် ဤအရာများကို အထူးလျှို့ဝှက်ထားရမည် ဖြစ်သည်။ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ဆွေမျိုးများကိုပင် သတိထားရမည်ဖြစ်ပြီး အသင်းတော်အတွက် နောင်အနာဂတ် ပြဿနာများကို ကာကွယ်ရန် ဤအချက်အလက်ကို မည်သည့်အခါမျှ မပေါက်ကြားစေရ။ သို့သော် မသမာသော ရည်ရွယ်ချက်များ ရှိသော ဤအန္တရာယ်ရှိသည့် ပုဂ္ဂိုလ်များသည် ထိုသို့သောအရာများကို စုံစမ်းမေးမြန်းရန် အစဉ် ကြိုးပမ်းကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပြောပြရန် ငြင်းဆိုပါက ၎င်းတို့က “အဘယ်ကြောင့် သင်တို့အားလုံးက ဤအရာများကို သိနေပြီး ငါတစ်ယောက်တည်းသာ မည်သည့်အရာမျှ မသိဘဲ ကျန်ရစ်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို မပြောပြသနည်း။ သင်တို့သည် ကျွန်ုပ်ကို ညီအစ်ကိုမောင်နှမ တစ်ဦးအဖြစ် မဟုတ်ဘဲ အပြင်လူတစ်ဦးကဲ့သို့ သဘောထားနေကြသလော။ ကောင်းပြီလေ၊ သို့ဆိုလျှင် သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်” ဟု ခံစားကြသည်။ သင် မြင်သည့်အတိုင်း မည်သည့်အခြေအနေတွင်မဆို ၎င်းတို့သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားနိုင်စွမ်းရှိကြသည်။ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်မဖြစ်စေသော်လည်း အနည်းငယ်မျှသော မကျေနပ်မှုကပင် ၎င်းတို့အား အသင်းတော်ကို တိုင်ကြားလိုစိတ် ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေသည့်အခါ လူတိုင်းသည် စာအုပ်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် အခန်းမည်မျှရှိသည်၊ စာမျက်နှာမည်မျှရှိသည်၊ ပုံနှိပ်အရည်အသွေး မည်သို့ရှိသည်ကို စိတ်အားထက်သန်စွာ စတင်ကြည့်ရှုကြသည်။ ၎င်းတို့အားလုံးသည် စာအုပ်ကို လက်ထဲတွင် ကိုင်ထားရသည်ကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားကြသည်။ သို့သော် တစ်ဖက်တွင် ယုဒများဖြစ်သည့် လူစားမျိုးမှာမူ “ဤစာအုပ်ကို မည်သည့်နေရာတွင် ပုံနှိပ်ခဲ့သနည်း။ တစ်အုပ် ပုံနှိပ်လျှင် မည်မျှကုန်ကျသနည်း။ ပုံနှိပ်ခြင်းကို မည်သူ တာဝန်ယူသနည်း။ ပုံနှိပ်ပြီးနောက် မည်သူက သယ်ယူပို့ဆောင်ရေးကို ကိုင်တွယ်သနည်း။ ဤစာအုပ်များ ကျွန်ုပ်တို့၏ အသင်းတော်သို့ မည်သို့ ရောက်ရှိလာခဲ့သနည်း။ စာအုပ်များကို မည်သည့်နေရာတွင် သိုလှောင်ထားသနည်း။ ၎င်းတို့ကို စောင့်ရှောက်ထိန်းသိမ်းရန် မည်သူ တာဝန်ယူသနည်း” ဟု စဉ်းစားနေကြသည်။ ဤအကြောင်းအရာများသည် ပင်ကိုသဘာဝအားဖြင့် အကဲဆတ်သည်။ ယေဘုယျအားဖြင့် ဆင်ခြင်တုံတရားရှိသူများနှင့် လူ့သဘာဝရှိသူတို့သည် ထိုသို့သောကိစ္စများကို စုံစမ်းမေးမြန်းကြမည် မဟုတ်သော်လည်း သစ္စာဖောက်နိုင်စွမ်းရှိသော ဤအန္တရာယ်ရှိသည့် ပုဂ္ဂိုလ်များသည် ယင်းတို့အကြောင်းကို စုံစမ်းမေးမြန်းရန် စိတ်အားထက်သန်ကြသည်။ သို့ဆိုလျှင် သင် မည်သို့ထင်သနည်း၊ ၎င်းတို့က ဤအရာများအကြောင်း ဆက်လက်မေးမြန်းနေသည့်အခါ ၎င်းတို့ကို ပြောပြသင့်သလော၊ မပြောပြသင့်သလော။ (၎င်းတို့ကို မပြောပြသင့်ပါ။) သင်က ၎င်းတို့ကို ပြောပြပါက ၎င်းတို့သည် ဤအချက်အလက်ကို ဖွင့်ချပြီး သစ္စာဖောက်နိုင်စွမ်း ရှိကြလိမ့်မည်။ သင်က ၎င်းတို့ကို မပြောပြပါကလည်း ၎င်းတို့တွင် ပြောစရာစကား ရှိလိမ့်မည်။ “ဤအကြောင်းကို ကျွန်ုပ် အဘယ်ကြောင့် သိခွင့်မရရသနည်း။ ဘုရားအိမ်တော်သည် တရားမမျှတပေ။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်၊ မည်သည့်ကိစ္စရပ်မဆိုနှင့်ပတ်သက်၍ ကျွန်ုပ်တွင် သိပိုင်ခွင့်ရှိသည်။ သင်တို့က ကျွန်ုပ်ကို အပြင်လူတစ်ဦးကဲ့သို့ သဘောထားနေကြသည်။ ကောင်းပြီ၊ သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်” ဟူ၍ ဖြစ်သည်။ တစ်ဖန် ၎င်းတို့သည် အသင်းတော်ကို တိုင်ကြားလိုကြပြန်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ ၎င်းတို့ အသင်းတော်ကို ရဲထံ တိုင်ကြားခဲ့ပါက မည်သို့သော အကျိုးဆက်များကို သယ်ဆောင်လာမည်နည်း။ ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခြင်းခံရပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည် မဟုတ်လော။ ထို့အပြင် ရဲက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဤအရာသည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၏ အလုပ်အတွက် များစွာသော အခက်အခဲကို ဖြစ်စေလိမ့်မည်။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း အတိုင်းအတာအမျိုးမျိုးဖြင့် ထိခိုက်စေလိမ့်မည်၊ သမ္မာတရားကို မည်သို့ရှာဖွေရမည်ကို မသိသောသူများသည် အပျက်သဘောဆောင်လာနိုင်ပြီး စုဝေးပွဲများ တက်ရောက်ခြင်းကိုပင် လုံးဝ ရပ်တန့်သွားနိုင်သည်။ ၎င်းတို့သည် ဤအရာ တစ်ခုကိုမျှ လုံးဝ ထည့်မစဉ်းစားကြပေ။ သို့ဆိုလျှင် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ အသင်းတော် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့သည် ထိုအကြောင်းကို ဦးစွာ သိလိုကြသည်။ အသင်းတော်၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိရှိမှသာ ၎င်းတို့ ပျော်ရွှင်ကြသည်။ ၎င်းတို့ကို မပြောပြသည့်အရာ တစ်ခုတလေပင် ရှိပါက ၎င်းတို့သည် ထိုအရာကို လက်မလွှတ်နိုင်ဘဲ အသင်းတော်ကို သွားတိုင်ကြားလိုကြသည်၊ ယင်းက ကြီးမားသော ဒုက္ခကို ဖြစ်စေနိုင်သည်။ ဤသည်မှာ အဘယ်ကဲ့သို့သော အရာတစ်မျိုး ဖြစ်သနည်း။ ဤသည်မှာ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ နတ်ဆိုးတစ်ကောင်သည် အသင်းတော်၌ တစ်စုံတစ်ရာကို အစဉ် စိတ်ဝင်စားနေပါက ဒုက္ခဖြစ်ရန် သေချာသည်။ ဥပမာအားဖြင့် ချမ်းသာကြွယ်ဝပြီး များပြားသော ပူဇော်သက္ကာများ ပူဇော်ဆက်ကပ်သည့် ညီအစ်ကိုမောင်နှမအချို့ ရှိပါက ၎င်းတို့သည် ဤအကြောင်းကို မရပ်မနား တွေးတောပြီး “သင် ပူဇော်သက္ကာ မည်မျှ ပူဇော်ဆက်ကပ်ခဲ့သနည်း” ဟု ၎င်းတို့ကို မေးမြန်းကြသည်။ တစ်ဖက်လူက “ထိုအကြောင်းကို သင့်အား ကျွန်ုပ် မည်သို့ ပြောနိုင်မည်နည်း။ လက်ဝဲလက်ပြုသောအမှုကို လက်ယာလက်မသိစေနှင့်။ သင့်ကို ကျွန်ုပ် မပြောနိုင်ပါ၊ ယင်းမှာ လျှို့ဝှက်သည်” ဟု ပြန်ဖြေသည်။ ၎င်းတို့က “ထိုအရာကပင် လျှို့ဝှက်ရသလော။ သင် ကျွန်ုပ်ကို မယုံကြည်ဘူး။ သင် ကျွန်ုပ်ကို ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မဆက်ဆံဘူး” ဟု တုံ့ပြန်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တစ်ဖက်လူကို မကျေမနပ်ဖြစ်ပြီး “ဟွန်း၊ သင်က သင်၏ များပြားသော ပူဇော်သက္ကာများနှင့် အလွန်တော်နေသည်ဟု ထင်နေသည်။ သင် မည်မျှပူဇော်ခဲ့သည်ကို ကျွန်ုပ်အား မပြောပြ။ သင်၏ မိသားစုက စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်သည်ကို ကျွန်ုပ်သိသည်။ သင် ကျွန်ုပ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လျှင် ဘုရားကို ယုံကြည်သည့်အတွက် သင့်ကို ကျွန်ုပ် တိုင်ကြားမည်၊ ပြီးလျှင် သင်၏ စီးပွားရေးလုပ်ငန်းလည်း ပျက်စီးသွားမည်။ ထိုအခါ သင် တစ်ပြားတစ်ချပ်မျှ ပူဇော်ဆက်ကပ်နိုင်တော့မည်မဟုတ်” ဟု စဉ်းစားသည်။ သင် မြင်သည့်အတိုင်း ၎င်းတို့သည် လူများကို တစ်ဖန် သွားတိုင်ကြားလိုကြပြန်သည်။ ၎င်းတို့ကို မပြောပြသည့် သေးငယ်သောအရာတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို တိုင်ကြားလိုကြသည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသည့် အချို့သော ပုဂ္ဂိုလ်များ၏ နေရာထိုင်ခင်းများကို လူအနည်းငယ်သာ သိရှိကြသည်။ ဤသည်မှာ မည်သူ့ထံမှမဆို တမင်တကာ ဖုံးကွယ်ထားခြင်း သို့မဟုတ် အခြားသူများ၏ နောက်ကွယ်တွင် မသမာသော တစ်စုံတစ်ရာကို လုပ်ဆောင်နေခြင်းအကြောင်း မဟုတ်ပေ၊ ယင်းမှာ ပတ်ဝန်းကျင်သည် အလွန်အန္တရာယ်များသောကြောင့်ဖြစ်ပြီး လုံခြုံရေးအတွက် ထိုသို့သော အစီအစဉ်များကို ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသစ္စာဖောက်၊ ဤယုဒသည် အချို့သော ခရီးသွား ညီအစ်ကိုမောင်နှမများကို မိသားစုတစ်ခုက ဧည့်ခံနေသည်ဟု ကြားသည့်အခါ ဤအရာသည် တိုင်ကြားထိုက်သောအရာဖြစ်သည်၊ ရဲက ၎င်းတို့ကို ဆုချကောင်းပင် ချလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့သည် တံခါးနောက်တွင် ပုန်း၍ နားထောင်ကြပြီး တစ်စုံတစ်ရာကို ကြားပြီးနောက် ဒေါသထွက်ကြသည်။ “သင်တို့က ကျွန်ုပ်ကို မပြောပြဘဲ ကျွန်ုပ်၏ နောက်ကွယ်တွင် အသင်းတော်ကိစ္စများကို ဆွေးနွေးနေကြသည်။ သင်တို့က ကျွန်ုပ် သစ္စာဖောက်မည်ကို ကြောက်သောကြောင့် ကျွန်ုပ်ကို သတိထားနေပြီး အရာများကို ဖုံးကွယ်ထားကာ ကျွန်ုပ်ကို ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သဘောမထားကြဘူး။ ကောင်းပြီ၊ သင်တို့ကို ကျွန်ုပ် တိုင်ကြားမည်” ဟူ၍ ဖြစ်သည်။ တစ်ဖန် သင် မြင်သည့်အတိုင်း ၎င်းတို့သည် အခြားသူများကို တိုင်ကြားလိုကြပြန်သည်။ ဤသူသည် ပြဿနာကြီးတစ်ခု ဖြစ်သည်ဟု သင် ပြောမည်လော။ (ပြောပါမည်။) ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်နှင့် သက်ဆိုင်သော အခြေအနေအားလုံးကို လူတိုင်းအား အသိပေးသင့်သည်၊ လူတိုင်းတွင် သိပိုင်ခွင့်ရှိသည်၊ အထူးသဖြင့် ၎င်းတို့ကိုယ်တိုင်တွင် ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့ကို မပြောပြသည့်အရာ တစ်ခုတလေပင် ရှိပါက ၎င်းတို့သည် လူများကို တိုင်ကြားမည်ဟု ခြိမ်းခြောက်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော် ခေါင်းဆောင်များကို ခြိမ်းခြောက်ရန် တိုင်ကြားခြင်းဟူသော လုပ်ရပ်ကို အစဉ်အမြဲ အသုံးပြုပြီး မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်စေရန် ယင်းကို အစဉ် အသုံးပြုကြသည်။ ဤကဲ့သို့သော လူများသည် အသင်းတော်၌ ကြီးမားသော မမြင်နိုင်သည့် အန္တရာယ်တစ်ခု၊ အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံး ဖြစ်သည်။ မည်သည့်အခိုက်အတန့်တွင်မဆို ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၏အလုပ်အတွက် ဘေးအန္တရာယ်နှင့် ကပ်ဘေးကို သယ်ဆောင်လာနိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်များကို တွေ့ရှိသည့်အခါ ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့ကို လုံးဝ မျက်နှာသာမပေးရ။