ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၈) အခန်း လေး

ဍ။ နောက်ကြောင်းရာဇဝင် ရှုပ်ထွေးခြင်း

နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် နောက်ကြောင်းရာဇဝင် ရှုပ်ထွေးခြင်းကို ကြည့်ကြစို့။ သင်တို့သည် မည်သည့်လူစားမျိုးများတွင် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိသည်ဟု ထင်သနည်း။ (အချို့လူများသည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးတွင် ပါဝင်ပတ်သက်ကြပြီး ၎င်းတို့၏ လူမှုရေး နောက်ကြောင်းရာဇဝင်များသည် အတော်အတန် ရှုပ်ထွေးပါသည်၊ ၎င်းတို့သည် ဤအမျိုးအစားထဲတွင် အကျုံးဝင်ပါသလော။) ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များအကြောင်းကို ငါတို့ ပြောဆိုသည့်အခါ အတွေ့အကြုံများ၍ လိမ္မာပါးနပ်သောသူများကို ငါတို့ သေချာပေါက် ရည်ညွှန်းနေခြင်း ဖြစ်သည်။ အတွေ့အကြုံများ၍ လိမ္မာပါးနပ်သောသူများ၏ ပုံမှန်ဟန်ပန်မှာ အဘယ်နည်း။ ၎င်းတို့သည် ထိုင်ချလိုက်ပြီး ခြေထောက်ချိတ်ထိုင်ကာ မရပ်မနား စကားစပြောခြင်း ဖြစ်သည်၊ ၎င်းတို့သည် တွေ့ရာမြင်ရာ အကြောင်းအရာအားလုံးကို တောင်စဉ်ရေမရ ပြောကြပြီး ပြည်တွင်းနှင့် နိုင်ငံတကာရေးရာ နှစ်ခုလုံးအကြောင်းကို ခဏလောက် အာဘောင်အာရင်းသန်သန်ဖြင့် ပြောဆိုနိုင်ကြသော်လည်း ၎င်းတို့ပြောဆိုသည့် စကားတစ်ခွန်းမျှ မမှန်ပေ၊ ယင်းတို့အားလုံးသည် လုပ်ကြံဖန်တီးထားသော သို့မဟုတ် စိတ်ကူးယဉ်ထားသော စကားကြီးစကားကျယ်များသာ ဖြစ်သည်။ လေလုံးထွားတတ်သူများသည် ရှုပ်ထွေးသော လူမှုရေးနောက်ကြောင်းရာဇဝင်များ ရှိသောသူများ ဖြစ်ရမည်ဟု မဆိုလိုပေ။ လေလုံးထွားတတ်သူများသည် အလေဏတောများ သို့မဟုတ် သာမန်လူများသာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ၎င်းတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူတို့ကို အထင်အမြင်မှားစေရန်နှင့် အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်အတွက် ကြီးကျယ်ခမ်းနားပြီး လက်တွေ့မကျသော အရာများအကြောင်း ပြောဆိုလျက် စကားကြီးစကားကျယ် ပြောတတ်ကြပြီး မကြာမီပင် ၎င်းတို့၏ ဂုဏ်သတင်းများ ပျက်စီးသွားလေသည်။ မည်သည့်လူစားမျိုးများတွင် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိသနည်း။ ဥပမာအားဖြင့် အချို့လူများသည် လူ့အဖွဲ့အစည်းရှိ နိုင်ငံရေးပါတီတစ်ခုသို့ ဝင်ရောက်ကြသော်လည်း နှစ်အတန်ကြာ ကြိုးစားပြီးနောက်တွင် မည်သည့်အဆင့်အတန်းမျှ မရရှိကြပေ။ ထို့နောက် ၎င်းတို့သည် အခြားပါတီတစ်ခုသို့ ဝင်ရောက်ကြပြီး နောက်ဆုံးတွင် ခေါင်းဆောင်ငယ် သို့မဟုတ် အရာရှိငယ်ရာထူးတစ်ခုကို ရရှိရန် စီမံနိုင်ခဲ့ကြသည်။ ၎င်းတို့တွင် အထူးရှုပ်ထွေးသော လူမှုရေးဆက်ဆံမှုများ ရှိကြသည်။ ၎င်းတို့ ပေါင်းသင်းဆက်ဆံသောလူများသည် ၎င်းတို့၏ မိတ်ဆွေများဖြစ်သည်ကို သို့မဟုတ် ရန်သူများဖြစ်သည်ကို မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ပေ၊ ၎င်းတို့၏ မိသားစုပင် မသိဘဲ ၎င်းတို့ကိုယ်တိုင်သာ သိကြသည်။ ထိုသို့သောလူတို့သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူတို့တွင် နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြသည်။ ယနေ့ ၎င်းတို့သည် ဤပါတီကို ထောက်ခံပြီး နက်ဖြန်တွင်မူ ထိုပါတီကို ထောက်ခံကြသည်၊ ယနေ့ ၎င်းတို့သည် ရွေးကောက်ပွဲအတွက် လူတစ်ဦးကို ကျောထောက်နောက်ခံပြုပြီး မနက်ဖြန်တွင်မူ အခြားတစ်ဦးကို ကျောထောက်နောက်ခံပြုကြသည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့ အမှန်တကယ် မည်သို့တွေးထင်သည်ကို မည်သူမျှ မသိပေ။ ၎င်းတို့သည် မည်သူ့ကို အတိအကျ ထောက်ခံသည်ကိုဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက် သို့မဟုတ် နိုင်ငံရေးရည်မှန်းချက်များမှာ အတိအကျ အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ သာမန်လူများကို မပြောကြပေ၊ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ အထူးလျှို့ဝှက်ကြပြီး သာမန်လူများ၊ ၎င်းတို့၏ မိသားစုများပင်လျှင် ၎င်းတို့နှင့်ပတ်သက်၍ ဤအရာများကို မသိကြပေ။ သို့သော် ၎င်းတို့သည် နိုင်ငံရေးကို အထူးပင် စိတ်အားထက်သန်ကြပြီး ၎င်းတို့တွင် အသိအကျွမ်းအချို့ရှိကာ နိုင်ငံရေးနယ်ပယ်မှ လူအချို့ကို သိကျွမ်းကြသည်၊ လောလောဆယ်တွင် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည် မဖော်နိုင်သေးခြင်းသာ ဖြစ်သည်။ ဤလူစားမျိုးသည် အသင်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက် ညီအစ်ကိုမောင်နှမများသည် နိုင်ငံရေးကို နားမလည်သော သို့မဟုတ် မပါဝင်သော သာမန်လူများသာဖြစ်ကြောင်း ၎င်းတို့ မြင်တွေ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့ကို မထီမဲ့မြင်ပြုကြသည်။ သို့ဖြစ်လင့်ကစား ၎င်းတို့သည် ဘာသာရေးလောကနှင့် လူ့အဖွဲ့အစည်းရှိ အသင်းတော်၏ ကျော်ကြားမှုကို အမြတ်ထုတ်လိုကြသည် သို့မဟုတ် ၎င်းတို့အလိုရှိရာကို လုပ်ဆောင်ရန်၊ ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် သို့မဟုတ် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အစွမ်းကုန် အကောင်အထည်ဖော်ရန် အသင်းတော်၏ ဩဇာအာဏာကို အခွင့်ကောင်း ယူလိုကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် အသင်းတော်အသိုင်းအဝိုင်း သို့မဟုတ် အသင်းတော်အတွင်းရှိ အချို့သောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အသုံးပြု၍ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များ ဖြည့်ဆည်းရန် အသင်းတော်အတွင်း၌ ပုန်းအောင်းကာ အခွင့်အခါကောင်းကို စောင့်ဆိုင်းလိုကြခြင်း ဖြစ်သည်။ ဤလူစားမျိုးကို ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု မှတ်ယူနိုင်သလော။ (ဟုတ်ပါသည်။) နိုင်ငံရေးတွင် ပါဝင်ပတ်သက်သောသူတို့ အသုံးပြုသည့် အတွေးအခေါ်များ၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ၊ အမျိုးမျိုးသော နည်းဗျူဟာများ၊ စကားပြောဆိုခြင်းအတွက် ပရိယာယ်များနှင့် နည်းလမ်းများသည် သာမန်လူများ ထိုးထွင်းမမြင်နိုင်သော အရာများ ဖြစ်ကြသည်။ အထူးသဖြင့် လူငယ်များ သို့မဟုတ် လူမှုရေးအတွေ့အကြုံ မရှိသောသူများသည် ၎င်းတို့ကို လုံးဝ ထိုးထွင်းမမြင်နိုင်ကြပေ။ နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤလူတို့အတွက် နိုင်ငံရေးအတွေးအမြင် မရှိသောသူတို့သည် ၎င်းတို့၏ လက်ထဲမှ ကစားစရာများဖြစ်ကြပြီး ၎င်းတို့သည် ထိုသို့သောလူတို့ကို လုံးဝ အထင်သေးကြသည်။ တိကျမှုမရှိသော ဥပမာတစ်ခုကို ပေးရလျှင် တိရစ္ဆာန်လောကတွင် အစဉ်းလဲဆုံးသော သတ္တဝါများမှာ မြွေများ၊ မြေခွေးများနှင့် ကျားများ ဖြစ်ကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်မှကြည့်လျှင် သိုးများ၊ ယုန်များ၊ သမင်များနှင့် ခွေးများကဲ့သို့သော တိရစ္ဆာန်များသည် မိုက်မဲကြသည်။ နိုင်ငံရေး နောက်ကြောင်းရာဇဝင်များ ရှိသောလူများသည် ညီအစ်ကိုမောင်နှမအများစုကို မြေခွေးများနှင့် မြွေများကဲ့သို့သော စဉ်းလဲသည့် တိရစ္ဆာန်များက သိုးများ၊ သမင်များနှင့် ခွေးများကဲ့သို့သော ဖြူစင်ရိုးသားသည့် တိရစ္ဆာန်များကို ရှုမြင်သည့်ပုံစံအတိုင်း ရှုမြင်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ရှင်းလင်းစွာ မြင်နိုင်ကြသော်လည်း ညီအစ်ကိုမောင်နှမများကမူ ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဆိုလျှင် နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိသည့်လူများကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သောသူတို့သည် နိုင်ငံရေးနှင့် အာဏာအပေါ်၌ အားတက်သရော စိတ်နှစ်ထားလျက်ရှိကြသည်။ ၎င်းတို့သည် အာဏာနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းကို နှစ်သက်နေသမျှ အနှေးနှင့်အမြန်ဆိုသလို နိုင်ငံရေး၌ ပါဝင်ကြလိမ့်မည်၊ ၎င်းတို့သည် အသင်းတော်၌ ထာဝရ ပုန်းကွယ်နေနိုင်မည် မဟုတ်ပေ။ ၎င်းတို့ မိမိတို့ကိုယ်ကို ဖော်ထုတ်သည့်အခါတွင် သင် နားလည်သွားလိမ့်မည်၊ “ဪ၊ ဖြစ်ချင်တော့ ၎င်းတို့က ဘုရားသခင်ကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ယုံကြည်ကြခြင်းပါတကား။ ၎င်းတို့တွင် နိုင်ငံရေးနောက်ကြောင်းရာဇဝင်ရှိပြီး ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်ကြ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေပါတကား” ဟူ၍ ဖြစ်သည်။ ထိုလူတို့သည် အသင်းတော်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့်အခါ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်လျက် မိမိတို့ကိုယ်ကို အထူးကောင်းမွန်စွာ ဖုံးကွယ်ထားကြသည်။ သို့သော် အချိန်အခါ သင့်သည့်အခါတွင် ၎င်းတို့သည် မိမိတို့အလိုရှိရာကို လုပ်ဆောင်ရန် အသင်းတော်ကို အသုံးပြုဖို့ ကြိုးစားကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများနှင့် စရိုက်မှန်များသည် အလိုအလျောက် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ ထိုအခါမှသာ ညီအစ်ကိုမောင်နှမများက ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြောင်း မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည့်အခါ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် အလွန်လွယ်ကူသွားသည်။ ဥပမာအားဖြင့် ဝံပုလွေတစ်ကောင်သည် သိုးရေခြုံထားပြီး သိုးအုပ်ထဲတွင် ရောနှောနေသည့်အခါ သင်သည် ယင်းမှာ ဝံပုလွေဖြစ်သည်ကို သို့မဟုတ် သိုးဖြစ်သည်ကို ပိုင်းခြားနိုင်ခြင်း ရှိချင်မှ ရှိပေမည်။ သို့သော် ယင်းက သိုးကို စတင်စားသည့်အခါတွင်မူ သင်သည် ယင်းကို ဝံပုလွေအဖြစ် ပိုင်းခြားသိမြင်သွားလိမ့်မည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သောသူတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသော မယုံကြည်သူများအားလုံး ဖြစ်ကြသည်။ ဤလူတို့သည် ညီအစ်ကိုမောင်နှမများကို နိုင်ငံရေးပါတီတစ်ခုခုသို့ ဝင်ရောက်ရန်နှင့် ၎င်းတို့နှင့်အတူ နိုင်ငံရေးတွင် ပါဝင်ရန်အတွက် အထင်အမြင်မှားစေပြီး ဆွဲဆောင်ဖို့ ကြိုးစားသည့်အခါ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အတုအယောင်ဖြစ်ပြီး ၎င်းတို့၏ စစ်မှန်သော ရည်မှန်းချက်မှာ နိုင်ငံရေးတွင် ပါဝင်ရန်ဖြစ်ကြောင်း သင် မြင်တွေ့ရလိမ့်မည်၊ ၎င်းတို့၏ နောက်ကြောင်းရာဇဝင်သည် မည်မျှပင် ရှုပ်ထွေးစေကာမူ ယင်းသည် ပေါ်လွင်လာပြီး ဖော်ထုတ်ခြင်းခံခဲ့ရပြီး ဖြစ်လိမ့်မည်။ ဤအချိန်တွင် လူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ ဤသည်မှာ နောက်ကြောင်းရာဇဝင် ရှုပ်ထွေးသူများထဲမှ နိုင်ငံရေးအရ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် လူအမျိုးအစားတစ်မျိုး ဖြစ်သည်။

နောက်ကြောင်းရာဇဝင် ရှုပ်ထွေးသောသူများ အမျိုးအစားတွင် ပါဝင်သော အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်။ လူ့အဖွဲ့အစည်းရှိ အချို့လူများသည် ကိုယ့်နေရာကိုယ် သိပြီး သင့်တင့်လျောက်ပတ်သောဘဝများကို ရှင်သန်နေထိုင်ခြင်းမရှိဘဲ မသမာသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို နှစ်သက်ကြသည်။ ဤပုဂ္ဂိုလ်များတွင် ဥပမာအားဖြင့် အတုလုပ်ခြင်းနှင့် လိမ်လည်ခြင်းကို ကျူးလွန်သောသူများ သို့မဟုတ် ရာဇဝတ်မှုလောကမှ အဖွဲ့ဝင်များ၊ အပေါ်ယံအားဖြင့် အစိုးရအရာရှိများ သို့မဟုတ် စီးပွားရေးသမားများ ဖြစ်ကြသော်လည်း အချို့သောအရာရှိများ သို့မဟုတ် ရာဇဝတ်မှုလောကမှ အဖွဲ့ဝင်များနှင့် ပူးပေါင်းကြံစည်ကာ နိုင်ငံတော်မှ တားမြစ်ထားသော သေနတ်များ၊ မူးယစ်ဆေးဝါးများ သို့မဟုတ် အခြားကုန်ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားလျက် နောက်ကွယ်တွင် တရားမဝင် ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အစဉ်ပြုလုပ်သော လူ့အဖွဲ့အစည်း၌ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာရှိသူများ၊ ထို့အပြင် အကြိမ်များစွာ ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ကျခဲ့ဖူးသည့်အပြင် သင်္ချိုင်းဂူတူးဖော်ကာ အဖိုးတန်ပစ္စည်းများယူခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းကဲ့သို့သော ဒုစရိုက်အမှုအချို့ကို ပြုလုပ်ခဲ့ဖူးသောသူများ သို့မဟုတ် လူကုန်ကူးသူများ သို့မဟုတ် လူမှောင်ခိုသမားများပင် ဖြစ်သောသူများ ပါဝင်သည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤသို့သောလူများသည် ဤသို့သော ပုဂ္ဂိုလ်များနှင့် ပေါင်းသင်းဆက်ဆံကြပြီး ၎င်းတို့သည် ထိုသူတို့နှင့် အထူး ရင်းနှီးသောဆက်ဆံရေးများလည်း ရှိကြသည်၊ ၎င်းတို့သည် အချင်းချင်း “ညီအစ်ကိုများ” ဟု ခေါ်ဝေါ်ကြပြီး အချင်းချင်း အသုံးချကာ အပြန်အလှန် အမှုအရာများ လုပ်ဆောင်ပေးကြသည်။ အပေါ်ယံအားဖြင့် ဤလူတို့သည် မည်သည့်သိသာထင်ရှားသော ဒုစရိုက်အမှုများကိုမျှ မပြုလုပ်ကြသကဲ့သို့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု သို့မဟုတ် မီးရှို့မှုတို့ကိုလည်း မကျူးလွန်ကြပေ၊ သို့သော် ၎င်းတို့ ပေါင်းသင်းဆက်ဆံသော အုပ်စုများနှင့် ၎င်းတို့ သွားလာလှုပ်ရှားသော အသိုင်းအဝိုင်းများအားလုံးသည် ဤအကျင့်မကောင်းသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။ ဤလူစားမျိုးသည်လည်း အတော်ပင် ကြောက်စရာကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤပုဂ္ဂိုလ်များနှင့် စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန် ပူးပေါင်းကြပြီး ၎င်းတို့၏ အပေါင်းအဖော်များက တရားမဝင်သော အရာတစ်ခုခုကို လုပ်ဆောင်၍ ၎င်းတို့၏ အကူအညီ လိုအပ်သည့်အခါတွင် ၎င်းတို့က အကူအညီပေးကြသည်။ ၎င်းတို့သည် အဓိကတရားခံ မဟုတ်နိုင်သော်လည်း ပြစ်မှုကျူးလွန်ရာတွင် အပေါင်းအပါ ဖြစ်ကြသည်။ ဤလူစားမျိုးသည် ဥပဒေ၏ဘောင်ကို မကြာခဏ လက်တစ်လုံးခြား လုပ်နေသည်ဟု သင် ပြောနိုင်သည်။ “ဥပဒေ၏ဘောင်ကို လက်တစ်လုံးခြား လုပ်နေသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (ဆိုလိုသည်မှာ ၎င်းတို့သည် ဥပဒေကို ချိုးဖောက်နိုင်ချေရှိသော လုပ်ဆောင်ချက်များတွင် မကြာခဏ ပါဝင်ပတ်သက်ခြင်း ဖြစ်ပါသည်။) ယင်းမှာ ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဥပဒေ၏ ဟာကွက်များကို မကြာခဏ အမြတ်ထုတ်ကြပြီး ၎င်းတို့ ပါဝင်ပတ်သက်သော အမှုအရာများအားလုံးသည် ကြီးမားသောကိစ္စရပ်များ ဖြစ်ကြသည်။ ၎င်းတို့ အဖမ်းခံရပါက ပြစ်မှုကျူးလွန်ရာတွင် အပေါင်းအပါအဖြစ်ပင်လျှင် ၎င်းတို့သည် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ထောင်ဒဏ် ချမှတ်ခံရနိုင်သည် သို့မဟုတ် ကြီးမားသော ဒဏ်ငွေများကို ရင်ဆိုင်ရနိုင်သည်။ ဤလူစားမျိုးသည် ဒုက္ခပေးတတ်သူ ဖြစ်သည်ဟု သင် ပြောမည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့ သိသာထင်ရှားသော ဒုစရိုက်အမှုကို ကျူးလွန်သည်ကို မည်သည့်အခါမျှ မမြင်ဖူးသကဲ့သို့ ၎င်းတို့ လူသတ်ခြင်း၊ မီးရှို့ခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို လိမ်လည်ခြင်း သို့မဟုတ် အမှုဆင်ခြင်းတို့ကိုလည်း မမြင်ဖူးပေ၊ သို့သော် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးတွင် တရားမဝင် ကိုယ်ကျိုးရှာပြီး ဥပဒေကို ချိုးဖောက်သောသူတို့သည် ကြီးမားသော အကျိုးအမြတ်များ ရရှိရန် တရားမဝင်သော လုပ်ဆောင်ချက်များတွင် ပါဝင်သည့်အခါ ဤလူစားမျိုးသည်လည်း အကျိုးအမြတ်များထဲမှ ဝေစုတစ်ခု ရရှိသည်။ ဤလူစားမျိုးသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု သင်တို့ သတ်မှတ်မည်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများ ဘုရားအိမ်တော်၌ ဆက်လက်ရှိနေခြင်းသည် ကောင်းသောအရာ ဖြစ်မည်လော။ (မဟုတ်ပါ။) ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးနှင့် ပေါင်းသင်းဆက်ဆံသည့်အပြင် တရားမဝင်သော လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ကြခြင်းသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင် ဖြစ်သည်။ ၎င်းတို့သည် အချို့သော အစိုးရအရာရှိများနှင့် ပေါင်းသင်းဆက်ဆံပြီး ၎င်းတို့နှင့် ပုံမှန်နည်းလမ်းဖြင့် ပေါင်းသင်းဆက်ဆံကာ အပြန်အလှန်ဆက်သွယ်ပါက ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသည်။ သို့သော် ၎င်းတို့ ပေါင်းသင်းဆက်ဆံသောလူများသည် အမျိုးမျိုးသော တရားမဝင် ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်သော အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်များဖြစ်ပါက ယင်းမှာ အလွန် ပြဿနာများပြီး အနှေးနှင့်အမြန်ဆိုသလို ပြဿနာတက်သွားလိမ့်မည်။ ဤလူစားမျိုးသည် ထိုလူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို နှစ်သက်သည်၊ ၎င်းတို့သည် ငွေရှာရန်၊ ချမ်းသာရန်နှင့် ကောင်းမွန်သောဘဝဖြင့် နေထိုင်ရန် ၎င်းတို့၏ ဩဇာအာဏာကို အားကိုးလျက် ၎င်းတို့၏ ကျောကို မှီကြသည်။ သို့ဆိုလျှင် ၎င်းတို့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) လူတို့သည် “အမျိုးတူရာ စုပေါင်းတတ်ကြသည်” ဟု မကြာခဏ ပြောဆိုကြသည်၊ ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးမှ အဖွဲ့ဝင်များနှင့် ပေါင်းသင်းဆက်ဆံနိုင်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ သင့်တော်သောနေရာတွင် နေထိုင်သော ရည်မွန်သည့်လူတစ်ဦးဖြစ်သည်ဟု သင် ထင်သလော။ (မထင်ပါ။) လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ထိုပုဂ္ဂိုလ်များနှင့် ပေါင်းသင်းဆက်ဆံကြသည်မှာ တစ်ဖက်တွင် ၎င်းတို့သည် ထိုလူတို့အတွက် အသုံးဝင်သောကြောင့် ဖြစ်နိုင်သည်၊ ၎င်းတို့သည် မိမိတို့ ပေါင်းသင်းဆက်ဆံသောသူတို့အတွက် အချို့သော ကိစ္စရပ်များကို ကိုင်တွယ်ပေးနိုင်သည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးမှ မိမိတို့ ပေါင်းသင်းဆက်ဆံသောလူများကို နှစ်သက်သောကြောင့် ဖြစ်သည်၊ ထိုလူတို့၏ ကျွမ်းကျင်မှုများ၊ စွမ်းရည်များနှင့် ဩဇာအာဏာအပြင် ၎င်းတို့ထံသို့ ယူဆောင်လာပေးသော အကျိုးအမြတ်များသည် ၎င်းတို့ လိုအပ်သောအရာများနှင့် ၎င်းတို့ နှစ်သက်သောအရာများအားလုံး ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့သောလူစားမျိုး အတိအကျ ဖြစ်သနည်း။ (၎င်းတို့သည် ရည်မွန်သော လူတစ်ဦး မဟုတ်ပါ။) ဤသို့သာ ဆိုနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ ပေါင်းသင်းဆက်ဆံသောသူတို့နှင့် အမျိုးအစားတူပင် ဖြစ်သည်၊ ၎င်းတို့အားလုံးသည် အချင်းချင်း အသုံးချကြသည်။ ဤလောကတွင် သင့်အတွက် ကိစ္စများ ဆောင်ရွက်ပေးနိုင်သော သို့မဟုတ် သင့်ကို လုံးဝ ယုံကြည်စိတ်ချပြီး သင်၏ မိတ်ဆွေများ ဖြစ်လာနိုင်သောလူများစွာ မရှိပေ၊ သို့သော် ၎င်းတို့ တည်ရှိသည်၊ ထိုသို့သောလူစားမျိုးများနှင့် ပေါင်းသင်းဆက်ဆံရန် မလိုအပ်ပေ။ ဤလူစားမျိုးသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံသည်မှာ တစ်ဖက်တွင် ၎င်းတို့၏ တူညီသော ယုတ်ညံ့သည့် အရည်အသွေးများကြောင့် အချင်းချင်း သဘောတူညီကြပြီး အမျိုးတူရာ စုပေါင်းတတ်ကြသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ဤလူသည် လောကီတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် ရှင်သန်မှုအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်ပြီး လူများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် လုံးဝ စည်းမျဉ်းများ မရှိသကဲ့သို့ မည်သည့်အရာကို လုပ်ဆောင်ရာတွင်မျှလည်း စည်းမျဉ်းများ မရှိသောကြောင့် ဖြစ်သည်။ ဘာသာတရား မရှိသူများပင်လျှင် “လူကြီးလူကောင်းတစ်ဦးသည် ဥစ္စာဓနကို နှစ်သက်သော်လည်း သင့်တော်မှန်ကန်သော နည်းလမ်းဖြင့်သာ ရယူသည်” ဟု ပြောဆိုကြပြီး ဤအရာကို အနိမ့်ဆုံးစံနှုန်းအဖြစ် စောင့်ထိန်းကြသည်။ ၎င်းတို့သည် ဤအနိမ့်ဆုံးစံနှုန်းအတိုင်း နေထိုင်နိုင်သည်ဖြစ်စေ၊ မနေထိုင်နိုင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ဤသည်မှာ လူသားမျိုးနွယ်ကြားတွင် အတော်အတန် မြင့်မြတ်သော ရှင်သန်မှုဆိုင်ရာ အတွေးအခေါ်တစ်ခုအဖြစ် သတ်မှတ်သည်။ သို့သော် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤသို့သောလူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် အကျိုးအမြတ် ရရှိခြင်းအတွက် လူများနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့်ပတ်သက်လာလျှင် နည်းလမ်းမရွေး၊ လူမရွေး ဖြစ်ကြသည်၊ ယင်းမှ အကျိုးအမြတ်များ ရရှိနိုင်သမျှ ကာလပတ်လုံး ၎င်းတို့သည် မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံကြလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ထိုလူများနှင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်းကို အလွန် ဂုဏ်ယူကြပြီး လူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မိမိတို့ကိုယ်တိုင် အသုံးပြုသော နည်းလမ်းများသည် ကောင်းမွန်သည်ဟု ထင်မှတ်ကြသည်။ သို့ဆိုလျှင် ဤလူစားမျိုးကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ ၎င်းတို့သည် ရာဇဝတ်မှုလောကနှင့် တရားဝင်အသိုင်းအဝိုင်း နှစ်ခုလုံးတွင် ပါဝင်ပတ်သက်ကြသည်၊ ဤသည်မှာ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင် ဖြစ်သည်။ ဤသို့သော လူစားမျိုးသည် အလွန် ကြောက်စရာကောင်းလှသည်။ ၎င်းတို့ ပြသသော မျက်နှာသည် အစစ်အမှန်လော။ မဟုတ်ပေ၊ ၎င်းတို့သည် အစဉ်သဖြင့် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားကြသည်။ သင်သည် ၎င်းတို့ကို မည်သည့်အခါမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ ၎င်းတို့ စိတ်ထဲတွင် မည်သည့်အရာကို တွေးတောနေသည်ကိုလည်း မသိနိုင်ပေ။ သင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ကြပြီး ဘုရားသခင်ကို ယုံကြည်သောသူများကြားတွင်ပင် ခိုးဝင်နေကြသည်။ ယင်းမှာ လူအုပ်ထဲသို့ ရောနှောဝင်ရောက်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ သို့မဟုတ် သိုးအုပ်ထဲသို့ ခိုးဝင်လာသော မြေခွေးတစ်ကောင် သို့မဟုတ် ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ယင်းက သင့်ကို လုံခြုံသည်ဟု ခံစားရစေသလော။ (မခံစားရစေပါ။) အဘယ်ကြောင့် ထိုသို့ ပြောဆိုရသနည်း။ ယင်းမှာ ၎င်းတို့၏ စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်ကာ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို အခြေခံခြင်း ဖြစ်သည်၊ ၎င်းတို့သည် သင့်ကို အစဉ်မပြတ် အကောက်ကြံနေကြသည်၊ သင့်နောက်တွင် သင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော ကလိမ်ကျပြီး ကောက်ကျစ်ဆိုးယုတ်သော မျက်လုံးတစ်စုံ အစဉ်ရှိနေသကဲ့သို့ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် သင့်ကို ဖျက်ဆီးရန်နှင့် ဝါးမျိုရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။ ယင်းမှာ ကြောက်စရာမကောင်းပေလော။ (ကောင်းပါသည်။) ဤလူစားမျိုးက သင့်ကို ပေးသော ခံစားချက်သည် မည်သည့်အခါမျှ လုံခြုံမှုတစ်ခု မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့၏ သဘာဝနှင့် နောက်ကြောင်းရာဇဝင်သည် ၎င်းတို့အနေဖြင့် သင့်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သင့်ကို အစဉ် ခံစားရစေသောကြောင့် ဖြစ်သည်။ မည်သို့သော ခြိမ်းခြောက်မှုမျိုးနည်း။ ၎င်းတို့ အနီးအနားတွင် ရှိနေလျှင် သင်သည် ၎င်းတို့က သင့်ကို အချိန်မရွေး၊ နေရာမရွေး အကောက်ကြံနိုင်သည်၊ ကစားစရာကဲ့သို့ သဘောထားနိုင်သည်၊ ထောင်ချောက်ဆင်နိုင်သည်ဟု အစဉ်မပြတ် ခံစားရပြီး သင်သည် ၎င်းတို့၏ အသုံးချခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းကို မည်သည့်အချိန်တွင် ခံရနိုင်သည်ကို မည်သည့်အခါမျှ မသိနိုင်ဘဲ ၎င်းတို့၏ လက်ထဲတွင် အသက်ဆုံးရှုံးရခြင်း သို့မဟုတ် ၎င်းတို့ကြောင့် ပျက်စီးခြင်းသို့ ရောက်ရှိရခြင်းဖြင့် အဆုံးသတ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူများကို အနီးတွင် လုံးဝ မထားသင့်ပေ။ ငါ့ကို ပြောလော့၊ အခြေအနေများမှာ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် ဝံပုလွေတစ်ကောင်ကို သိုးအုပ်ထဲသို့ ထည့်ခြင်းသည် သိုးများကို ကာကွယ်မည်လော သို့မဟုတ် ပျက်စီးခြင်းသို့ ရောက်စေမည်လော။ (ပျက်စီးခြင်းသို့ ရောက်စေမည်။) ဝံပုလွေတစ်ကောင်၏ သဘာဝအရ ယင်းသည် သိုးများ၏ ဘေးတွင် နေ၍ ၎င်းတို့၏ လုံခြုံရေးကို မည်သည့်အခါမျှ ကာကွယ်ပေးမည် မဟုတ်ပေ၊ အကြောင်းမှာ ယင်း၏ စိတ်ထဲတွင် သိုးများသည် ၎င်း၏ အစာဖြစ်ပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဗိုက်ဆာသည်ဖြစ်စေ ယင်းသည် သိုးများကို စားမည်ဖြစ်သည်၊ ယင်းသည် သိုးများကို သနားခြင်းမရှိသကဲ့သို့ သိုးများကို ချမ်းသာပေးမည်လည်း မဟုတ်ပေ။ ဝံပုလွေတစ်ကောင်တွင် ခွေးတစ်ကောင်၏ စွမ်းရည်များ မရှိပေ။ ခွေးတစ်ကောင်သည် သိုးများနှင့်အတူ ကြီးပြင်းလာပါက ယင်းသည် သိုးများကို ကာကွယ်ရန် အရာတစ်ခုအဖြစ် မှတ်ယူပြီး ဝံပုလွေတစ်ကောင်က သိုးများကို တိုက်ခိုက်ရန် သို့မဟုတ် စားရန် လာသည့်အခါ ခွေးသည် ရှေ့သို့ထွက်၍ တိုက်ခိုက်ကာ သိုးများကို ကာကွယ်ခြင်း တာဝန်ကို မိမိ၏ မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်အဖြစ် ထမ်းဆောင်လိမ့်မည်၊ ခွေးများတွင် ဤပင်ကိုအရည်အသွေး ရှိကြသည်။ သို့သော် ဝံပုလွေများမှာမူ ကွဲပြားသည်၊ သိုးများကို စားလိုခြင်းသည် ဝံပုလွေများ၏ ပင်ကိုအရည်အသွေး ဖြစ်သည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤသို့သောလူတစ်ဦးသည် အသင်းတော်ထဲသို့ ခိုးဝင်လာသည့်အခါ ယင်းမှာ ဝံပုလွေတစ်ကောင် သိုးအုပ်ထဲသို့ ခိုးဝင်လာခြင်းနှင့် တူညီသည်၊ ဝံပုလွေသည် ဗိုက်မဆာသည့်အခါ ယင်းသည် သိုးများအတွက် အန္တရာယ် မဖြစ်စေနိုင်ပေ၊ သို့သော် ယင်း ဗိုက်ဆာလာသည့်အခါတွင်မူ သိုးများသည် ၎င်းစားမည့်အစာ ဖြစ်လာရန် သေချာပြီး ဤအဖြစ်မှန်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ၎င်း၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ဝံပုလွေက သိုးများကို စားခြင်း ပြဿနာကို ဖြေရှင်းရန် သင်သည် ဝံပုလွေကို အမြန် ဖော်ထုတ်ရမည်။ သိုးရေခြုံထားသော ဝံပုလွေမှာ မည်သူဖြစ်သည်ကို သင် ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းကို ချက်ချင်း ဖယ်ရှားပစ်ရမည်၊ မတွေဝေနှင့်၊ ၎င်းကို သနားညှာတာမှု တစ်စုံတစ်ရာ မပြရ။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များရှိသည့် ဤသို့သောလူများကို သတိဖြင့် ဆက်ဆံရမည်။ ၎င်းတို့သည် ဆိုးယုတ်မှုကို ပြုလုပ်ပြီး အသင်းတော်ကို နှောင့်ယှက်နေကြောင်း သင် တွေ့ရှိပါက ၎င်းတို့ကို လုံးဝ မည်သည့်မျက်နှာသာမျှ မပေးရပေ။ သင်သည် ၎င်းတို့ကို ဤသို့ ပြောရမည်၊ “သင်သည် အတွေ့အကြုံများ၍ လိမ္မာပါးနပ်သောသူဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရန် မသင့်တော်ပေ။ ဘုရားအိမ်တော်သို့ လာခြင်းဖြင့် သင်သည် နေရာမှား ရွေးချယ်မိပြီ၊ ဤနေရာသည် သင့်အတွက် မသင့်တော်ပေ။ သင်သည် လူ့အဖွဲ့အစည်း၌ သင်၏ ကိုယ်ပိုင်အလားအလာများကို လိုက်စားသင့်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဖတ်ရှုကြသည်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ကြပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်၊ ၎င်းတို့သည် အကြံအစည်များနှင့် ပရိယာယ်များတွင် မပါဝင်သကဲ့သို့ နိုင်ငံရေးတွင်လည်း မပါဝင်ကြပေ။ ဤနေရာတွင် သင်သည် ရာထူးတက်ခြင်း သို့မဟုတ် ချမ်းသာခြင်းတို့ကို မရနိုင်သကဲ့သို့ အခြားသူများထက် သာလွန်သောဘဝဖြင့်လည်း နေထိုင်နိုင်မည် မဟုတ်ပေ။ သင် ဤနေရာတွင် မည်မျှကြာအောင် နေသည်ဖြစ်စေ အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ထွက်ခွာသွားရန် ဖျောင်းဖျခြင်းခံရလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ရှုပ်ထွေးသော လူမှုရေးဆက်ဆံမှုများရှိသော အချို့လူများသည် ဆိုးယုတ်သောလူများ ဖြစ်ရမည်ဟု မဆိုလိုသကဲ့သို့ ကြီးမားသော ဆိုးယုတ်မှုကိုလည်း မပြုလုပ်ခဲ့ကြပေ၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ မယုံကြည်သူများ အမျိုးအစားတွင် အမှန်တကယ် အကျုံးဝင်ကြသည်။ ထိုသို့သောလူများကို ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်စေရန်နှင့် သမ္မာတရားကို လိုက်စားစေရန် ကြိုးပမ်းခြင်းသည် ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းခြင်းနှင့် တူညီသည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ ဝံပုလွေတစ်ကောင်သည် သိုးရေကို မည်မျှကြာအောင် ခြုံထားသည်ဖြစ်စေ ယင်းသည် ဝံပုလွေအဖြစ်သာ ရှိနေမည်၊ ယင်းသည် သိုးတစ်ကောင်အဖြစ်သို့ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ အခြေအနေများမှာ ဤသို့ပင် ဖြစ်သည်။ သို့ဖြစ်၍ ဤကဲ့သို့သောလူများ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရယ်စရာတစ်ခုသာ ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် လုံးလုံး တလွဲတချော်ဖြစ်နေသည်။

ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် အခြားလူတစ်မျိုး ရှိသေးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဂိုဏ်းဂဏအသီးသီးမှ အချို့သော ဘာသာရေးခေါင်းဆောင်များ၊ အရာရှိများ သို့မဟုတ် အဆင့်အတန်းရှိသူအချို့နှင့် ရင်းနှီးသောဆက်ဆံရေးများ ရှိကြသည်။ ၎င်းတို့သည် ဤလူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို နှစ်သက်ပြီး ဂိုဏ်းဂဏအမျိုးမျိုး၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို မကြာခဏ တက်ရောက်ကြသည်၊ ၎င်းတို့သည် ဤလူများနှင့် ဆက်သွယ်မှုများ၊ ပေါင်းသင်းဆက်ဆံရေးများကို တည်ဆောက်ကြပြီး အချင်းချင်း အသုံးချကြကာ တစ်ဦးအတွက်တစ်ဦး အမှုကိစ္စများ ဆောင်ရွက်ပေးကြသည်။ အခါအားလျော်စွာ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မရှိဘဲဖြစ်စေ ၎င်းတို့သည် အသင်းတော်အတွင်းရေးဖြစ်သော အချို့သော အထွေထွေကိစ္စရပ်ဆိုင်ရာအလုပ်ကိုပင် သို့မဟုတ် လူပုဂ္ဂိုလ်ဆိုင်ရာအလုပ်ကိုပင် ဤပုဂ္ဂိုလ်များထံ ထုတ်ဖော်ပြောကြားကြသေးသည်။ ဤသည်မှာ အလွန် ဒုက္ခပေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် ဘာသာရေးမှ လူများနှင့် ပေါင်းသင်းဆက်ဆံရုံမျှသာ သို့မဟုတ် ထိုဘာသာရေးဆိုင်ရာ နေရာများနှင့် သင်ကိုယ်တိုင် ကင်းကွာ၍မရနိုင်ဟု တွေ့ရှိပြီး အမျိုးမျိုးသော ဘာသာရေးဆိုင်ရာ ပွဲတော်လှုပ်ရှားမှုများနှင့် အမျိုးမျိုးသော ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် ပါဝင်ခြင်းကိုလည်း နှစ်သက်ပါက ယင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် သင်သည် အဆိုပါဖြစ်ရပ်များတွင် အသင်းတော်၏အလုပ် သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်ကို မထုတ်ဖော်သင့်ပေ။ ဥပမာအားဖြင့် သင်သည် မည်သူမည်ဝါက “အရှေ့အရပ်မှ လျှပ်ပြက်ခြင်း” ကို လက်ခံခဲ့ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၌ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ကြောင်း၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်ကြောင်းနှင့် ၎င်းတို့ ပုံမှန်အားဖြင့် မည်သူနှင့် ပေါင်းသင်းဆက်ဆံကြောင်း စသည့်ကိစ္စရပ်များကို မထုတ်ဖော်သင့်ပေ၊ သင်သည် ဤအရာများကို ထုတ်ဖော်ပြောကြားပါက သင်သည် အလွန် ကိုယ်ကျင့်တရားပျက်ကြောင်း ပြသနေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက ဤသတင်းအချက်အလက်ကို အစိုးရထံ တိုင်ကြားပါက အကျိုးဆက်များမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ သင်သည် ဘာသာရေးမှ လူများနှင့် အလွန်ရင်းနှီးပါက သို့မဟုတ် ၎င်းတို့နှင့် အကျိုးစီးပွားအချို့ ရောယှက်နေပါက သို့မဟုတ် ၎င်းတို့နှင့် မျက်နှာသာပေးခြင်းများ အပြန်အလှန် ပြုလုပ်ခဲ့ပါက အများဆုံးအနေဖြင့် ဤသည်ကို သင်သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု မှတ်ယူနိုင်ပေသည်။ သို့သော် သင်သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အတွင်းရေးကိစ္စများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းကဲ့သို့သော အခြားအရာအချို့ကို တိတ်တဆိတ် လုပ်ဆောင်ပါက ဤအရာ၏ သဘောသဘာဝသည် သစ္စာဖောက်ခြင်း ဖြစ်လာပြီး ယင်းမှာ အပြစ်စီရင်ခြင်း ခံရသည်။ အထူးသဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ယခင်က အဖမ်းခံခဲ့ရသောကြောင့် သို့မဟုတ် လက်ရှိတွင် အလိုရှိစာရင်း၌ ပါဝင်နေသောကြောင့် အခြားသူများက ၎င်းတို့၏ အခြေအနေကို သိရှိသွားမည်ကို သို့မဟုတ် ထုတ်ဖော်ပြောကြားခံရမည်ကို မလိုလားကြပေ၊ သို့ဖြစ်လျက်နှင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူစားမျိုးသည် ဤသတင်းအချက်အလက်ကို အချို့သော အကျိုးအမြတ်များအတွက် ဖလှယ်ရန်အရာတစ်ခုအဖြစ် ရှုမြင်သည် သို့မဟုတ် ယင်းကို အရေးမကြီးဟုသာ ရှုမြင်ကာ ထုတ်ဖော်ပြောကြားလျက် ထိုညီအစ်ကိုမောင်နှမများအတွက် ဒုက္ခဖြစ်စေသည်။ ဘုရားအိမ်တော်သည် ထိုသို့သော ကိစ္စရပ်များကို တွေ့ရှိပါက ထိုသူကို လုံးဝ လျှော့ပေါ့ပေးမည်မဟုတ်ပေ၊ ထိုသို့သောလူများကို ချက်ချင်း ဖယ်ရှားသင့်သည်။ လူများ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် လူမှုပတ်ဝန်းကျင်တွင် ယုံကြည်သူများအတွက် တာဝန်တစ်ခု ထမ်းဆောင်ရန် အခွင့်အရေးရဖို့ပင် ခက်ခဲပြီး လူတစ်ဦးချင်းစီသည် ယင်းကို အမှန်တကယ် တန်ဖိုးထားကြသည်။ မည်သူမျှ အခြားသူများကြောင့်ဖြစ်စေ၊ မိမိတို့၏ ကိုယ်ပိုင်မိုက်မဲမှုကြောင့်ဖြစ်စေ မိမိတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည်ကို မလိုလားကြပေ။ ထို့ကြောင့် မည်သူမဆို ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအပေါ် ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေပါက သို့မဟုတ် မည်သူမဆို အခြားသူများ၏ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းခရီးပေါ်တွင် အတားအဆီးများ ဖြစ်စေပါက ဘုရားအိမ်တော်သည် ၎င်းတို့ကို လျှော့ပေါ့ပေးမည်မဟုတ်ပေ။ ဘုရားအိမ်တော်သည် ၎င်းတို့ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရှင်းလင်းပစ်မည် သို့မဟုတ် နှင်ထုတ်မည်ဖြစ်ပြီး လုံးဝ ညှာတာမည် မဟုတ်ပေ။ ၎င်းတို့က “ကျွန်တော်က အာရုံမစိုက်ဘဲ နေခဲ့မိလို့ ပါးစပ်က ခဏတဖြုတ် လွှတ်ခနဲထွက်သွားတာပါ” ဟု ပြောဆိုလျက် မိမိတို့ကိုယ်ကို ကာကွယ်ကာ ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများ ပေးပါက သင်သည် ဤအရာကို လုံးဝ မယုံကြည်ရ၊ ထိုသို့သော ဆင်ခြေများသည် အခြေအမြစ်မရှိပေ။ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့၏ ကိုယ်ပိုင်မိသားစုကိစ္စများအကြောင်းကို လူများအား မပြောပြခဲ့သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများ၏ ကိစ္စရပ်များကိုသာ ပြောဆိုခဲ့သနည်း။ ၎င်းတို့သည် မကောင်းသော ရည်ရွယ်ချက်များ ထားရှိသည်မှာ ရှင်းလင်းပေသည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်ကို ထုတ်ဖော်ပြောကြားခဲ့သည်၊ ဤသည်က ညီအစ်ကိုမောင်နှမများအတွက် ဒုက္ခဖြစ်စေပါက ၎င်းတို့သည် ကျိန်ဆဲခြင်းခံသင့်သည်။ ဤကဲ့သို့သောလူများသည် ကျိန်ဆဲခြင်းခံသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်က ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းဖြစ်စဉ်တစ်လျှောက်တွင် ဤကဲ့သို့သောလူအချို့ အသင်းတော်သို့ ဝင်ရောက်လာမည်မှာ ရှောင်လွှဲ၍မရပေ။ ၎င်းတို့သည် အသင်းတော်ကို သစ္စာဖောက်ခြင်း၊ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် သစ္စာဖောက်ရန် မည်သို့မျှ ဝန်လေးတွန့်ဆုတ်ခြင်း မရှိပေ။ ၎င်းတို့သည် လူအမျိုးမျိုးနှင့် တိတ်တဆိတ် ပေါင်းသင်းဆက်ဆံကြပြီး ထိုလူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် မစင်ကြယ်ပေ။ ထိုလူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ၎င်းတို့သည် မိမိတို့သိသမျှ အသင်းတော် အတွင်းရေး သတင်းအချက်အလက်အားလုံးကို ပြောဆိုလျက်၊ တစ်ခုမျှ မချန်ထားဘဲ စကားကို ချုပ်တည်းမှုမရှိဘဲ ပြောဆိုကြပြီး ဤသည်က နောက်ဆုံးတွင် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်အတွက် ဒုက္ခဖြစ်စေသည်။ ဤအတွက် စကားကို ချုပ်တည်းမှုမရှိဘဲ ပြောဆိုကြသည့် ဤလူများအပေါ် အပြစ်တင်သင့်သည်။ ၎င်းတို့ထဲမှ အချို့က ဤအရာကို ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင်ခဲ့ဟု ပြောကောင်းပြောနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ မဟုတ်လျှင်ပင် ယင်းမှာ လက်ခံနိုင်ဖွယ်မရှိပေ။ ရည်ရွယ်ချက်ရှိရှိ မဟုတ်ပါက သင်သည် အဘယ်ကြောင့် ထိုလူတို့အစား သင့်ကိုယ်သင် ထိခိုက်အောင် မလုပ်ခဲ့သနည်း။ အဘယ်ကြောင့် အခြားသူများကိုသာ သီးသန့် ထိခိုက်စေခဲ့သနည်း။ သင်သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအတွက် ဒုက္ခဖြစ်စေခဲ့သည်၊ ဤသည်မှာ အခိုင်အမာ သက်သေရှိသော အမှန်တရားတစ်ခု ဖြစ်သည်။ ထို့ကြောင့် အပြစ်သည် သင့်အပေါ် ကျရောက်သင့်သည်။ သင်သည် တစ်စုံတစ်ဦးကို သတ်ပြီးနောက် “ကျွန်ုပ်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်။ ၎င်းတို့ကို သတ်ရန် ကျွန်ုပ် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ပါ။ ကျွန်ုပ်၏ စိတ်ထဲတွင် ထိုသို့သော အတွေးမျိုး မရှိပါ” ဟု ပြောဆိုပါက ဥပဒေက ထိုပြောဆိုချက်ကြောင့် သင့်ကို အပြစ်မရှိဟု ဆုံးဖြတ်မည်လော။ (မဆုံးဖြတ်ပါ။) သင်သည် အမှန်တရားကို ပြောနေလျှင်ပင် အသုံးဝင်မည်မဟုတ်ပေ။ အမှန်တရားမှာ သင်သည် တစ်စုံတစ်ဦးကို သတ်ခဲ့ပြီးဖြစ်သည်၊ ဥပဒေအရ ဤအရာနှင့်ပတ်သက်၍ ခိုင်လုံသော သက်သေအထောက်အထား ရှိနေသည်၊ သို့ဖြစ်၍ သင့်ကို အချက်အလက်များအပေါ် အခြေခံ၍ အပြစ်ရှိကြောင်း ကြေညာရမည် ဖြစ်သည်။ သင်သည် လူသတ်မှု ကျူးလွန်ခဲ့သည်၊ သို့ဖြစ်၍ သင်သည် လူသတ်သမားတစ်ဦးဖြစ်ပြီး မည်မျှပင် မိမိက မှန်ကြောင်း ရှင်းချက်ထုတ်စေကာမူ သင့်အတွက် အထောက်အကူ ဖြစ်မည်မဟုတ်ပေ။ အချို့လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် အသင်းတော်အတွက် ဒုက္ခကို မကြာခဏ ဖြစ်ပေါ်စေပြီး တစ်ခါတစ်ရံတွင် ဤဒုက္ခသည် ကြီးမားကာ ညီအစ်ကိုမောင်နှမများ အဖမ်းခံရခြင်းနှင့် ထောင်ကျခြင်းတို့ကို ဖြစ်ပေါ်စေရုံသာမက အသင်းတော်၏အလုပ်ကိုလည်း ဆိုးရွားစွာ ထိခိုက်စေသည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို လုံးဝ အလွတ်ပေးမည်မဟုတ်၊ မိသည့်သူတိုင်းကို နှင်ထုတ်မည်ဖြစ်ပြီး ၎င်းတို့ကို ကျိန်ဆဲမည်ဖြစ်သည်၊ ဘုရားအိမ်တော်သည် လုံးဝ ညှာတာမည် မဟုတ်ပေ။ ဤအရာများသာ ပညတ်တော်ခေတ်၌ ဖြစ်ပွားခဲ့ပါက မကောင်းမှုပြုသူများသည် ဆွဲထုတ်ပြီး တုတ်များဖြင့် ရိုက်သတ်ခြင်း သို့မဟုတ် ခဲများဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်၊ ထိုသို့သော ကိစ္စရပ်များကို ထိုသို့ ကိုင်တွယ်ခဲ့ရသည်။ ယခုမူ ဤသည်မှာ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် မပါဝင်သောကြောင့် ၎င်းတို့ကို နှင်ထုတ်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို စုပေါင်း၍ ကျိန်ဆဲကြလိမ့်မည်။ ၎င်းတို့အတွက် ကောင်းချီးမင်္ဂလာများ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိရန် မဖြစ်နိုင်ပေ၊ ၎င်းတို့ကို ငရဲသို့ ပို့ပြီး အပြစ်ဒဏ်ပေးရမည်ဖြစ်သည်။

ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် အခြားလူတစ်မျိုး ရှိသေးသည်၊ ၎င်းတို့သည် အထူးတာဝန်များ ထမ်းဆောင်ရန် အသင်းတော်သို့ လာကြသည်။ ဤသို့သော ပုဂ္ဂိုလ်အချို့ကို အစိုးရများက စေလွှတ်ခြင်းဖြစ်ပြီး အချို့ကိုမူ အချို့သော ဘာသာရေး သို့မဟုတ် လူမှုရေးအဖွဲ့များက တာဝန်များ ပေးအပ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဤတာဝန်များတွင် ညီအစ်ကိုမောင်နှမများကို စောင့်ကြည့်ခြင်း၊ အသင်းတော်ကို စောင့်ကြည့်ခြင်း သို့မဟုတ် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကဏ္ဍများနှင့် ကာလအသီးသီးမှ ၎င်း၏ အလုပ်အစီအစဉ်များကို စုံစမ်းထောက်လှမ်းခြင်းတို့ ပါဝင်နိုင်သည်။ ၎င်းတို့၏ တာဝန်သည် မည်သည့်အရာပင်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ငါတို့၏ ရှုထောင့်မှကြည့်လျှင် ဤလူစားမျိုးသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူအများစုသည် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ယုံကြည်ခြင်းအနည်းငယ်သာရှိသူများ၊ အစွမ်းအစ ညံ့ဖျင်းသူများ သို့မဟုတ် အယူအဆများစွာရှိသူများနှင့် ကွဲပြားသည်၊ ထိုလူများသည် ရိုးသားစစ်မှန်စွာ ယုံကြည်ကြသော်လည်း ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူများတွင်မူ ဆိုးရွားသော ပြဿနာတစ်ခု ရှိနေသည်။ ဦးစွာ စဉ်းစားကြည့်ကြစို့၊ ထိုသို့သောလူများသည် မည်သို့သော လူ့သဘာဝမျိုး ရှိသနည်း။ (၎င်းတို့သည် မကောင်းသော လူ့သဘာဝရှိသည်၊ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး စာတန်၏ အုပ်စုဝင်များ ဖြစ်ကြပါသည်။) သို့ဆိုလျှင် ထိုသူတို့သည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြပါသည်။) မှန်ပေသည်၊ သင်သည် ချက်ကျလက်ကျ ပြောဆိုလိုက်ခြင်းပင်၊ ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသော နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော အကြံအစည်များနှင့် ရည်ရွယ်ချက်များကို ထားရှိလျက် အသင်းတော်ထဲသို့ ခိုးဝင်လာပြီး အရိပ်ထဲတွင် နေထိုင်ကြသောလူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် နတ်ဆိုးများ ဖြစ်ကြသည်။ ဤလူများ အသင်းတော်သို့ ဝင်ရောက်သည့် အစကတည်းက ၎င်းတို့သည် ကောင်းသော ရည်ရွယ်ချက်များ မထားရှိကြပေ။ ၎င်းတို့ကို မည်သူက တာဝန်ပေးသည်ဖြစ်စေ၊ အချို့ကို အစိုးရများ သို့မဟုတ် အချို့သောအဖွဲ့များက တာဝန်ပေးအပ်ခြင်း ဖြစ်နိုင်ပြီး အချို့ကိုမူ မည်သူကမျှ လုံးဝ တာဝန်မပေးဘဲ မိမိတို့ဘာသာ အသင်းတော်ထဲသို့ ခိုးဝင်ရန်သာ ဆန္ဒရှိခြင်း ဖြစ်နိုင်သော်လည်း ထိုသို့သောလူများသည် အတွေ့အကြုံများ၍ လိမ္မာပါးနပ်သော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် များပြားစုံလင်လှသော လူအများနှင့် ပေါင်းသင်းဆက်ဆံကြပြီး ရှုပ်ထွေးသော လူအချင်းချင်းဆက်ဆံရေးများနှင့် လူမှုရေးဆိုင်ရာ အဆက်အသွယ်များ ရှိကြသည်၊ ၎င်းတို့သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြသည်။ “ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ” ဆိုသည်မှာ ၎င်းတို့၏ လူမှုရေးဆိုင်ရာ အဆက်အသွယ်များ၊ လူအချင်းချင်း ဆက်ဆံရေးများနှင့် နေထိုင်မှုပတ်ဝန်းကျင်များသည် အထူးသဖြင့် မစင်ကြယ်ဘဲ ရိုးရှင်းခြင်းနှင့် အလွန်ကွာဝေးသည်ကို ဆိုလိုသည်၊ ၎င်းတို့သည် ငွေရှာပြီး ကောင်းမွန်သောဘဝဖြင့် နေထိုင်ရန် ကြိုးစားနေသည့် သာမန်လူများနှင့် မတူပေ။ လူ့အဖွဲ့အစည်း၌ ဤလူများသည် အမျိုးမျိုးသော အသိုင်းအဝိုင်းများနှင့် အဖွဲ့များအတွင်းမှ ထူးချွန်သူများ၊ ခေါင်းဆောင်များ သို့မဟုတ် အတော်အတန် ထူးကဲသော ပုဂ္ဂိုလ်များအဖြစ် အခန်းကဏ္ဍအမျိုးမျိုးမှ ပါဝင်ကြသည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူများက “စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ” သို့မဟုတ် “ဆရာကြီးများ” ဟု ရည်ညွှန်းသည့် လူစားမျိုးများ ဖြစ်ကြသည်။ ၎င်းတို့ မည်သည့်နေရာတွင်မဆို ရှိနေပါစေ၊ ၎င်းတို့သည် မိမိတို့၏ သင့်တော်သောနေရာ၌ နေသူများမဟုတ်သကဲ့သို့ ရည်မွန်သော လူများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသောအဖွဲ့များနှင့် အသိုင်းအဝိုင်းများအတွင်း၌ ကိုယ်ကျိုးရှာရန်၊ သို့မဟုတ် အာဏာရရန်၊ သို့မဟုတ် အခြားသူများကို ထိန်းချုပ်ရန် အခွင့်အရေးများကို ရှာဖွေသည်ဖြစ်စေ ယင်းမှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်ပြီး ၎င်းတို့၏ ဖြစ်တည်မှု၏ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့ မည်သည့်အသင်းတော်၌ ရှိနေသည်ဖြစ်စေ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အခြေအနေများကို ထိန်းချုပ်ရန်၊ လူများကို ထိန်းချုပ်ရန်၊ ငွေကြေးကို ထိန်းချုပ်ရန်၊ သြဇာလွှမ်းမိုးမှု ကိုင်စွဲရန်နှင့် အာဏာကို ကိုင်စွဲရန် လိုလားလျက် လှုပ်ရှားရန် တရွရွဖြစ်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ဤသည်တို့မှာ ဤလူစားမျိုး၏ သရုပ်သကန်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သောလူများတွင် တာဝန်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့ကို အစိုးရ သို့မဟုတ် မည်သည့်လူမှုရေးအဖွဲ့ကမဆို တာဝန်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်သို့ ရောက်လာပြီးနောက် မိမိတို့၏ သင့်တော်သောနေရာ၌ နေနိုင်မည်မဟုတ်ပေ။ ၎င်းတို့တွင် တာဝန်မရှိလျှင်ပင်၊ အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အမြတ်ထုတ်ခြင်းခံရသည့် ပစ်မှတ်များ မဟုတ်လျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်လိုသောသူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်သောသူများလည်း သေချာပေါက် မဟုတ်ကြပေ။ အသင်းတော်သို့ ဝင်ရောက်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် လုံးဝ မစင်ကြယ်ပေ၊ အနည်းဆုံးအားဖြင့် ၎င်းတို့အတွက် အလွန် လက်တွေ့ကျသောအရာတစ်ခုမှာ “သစ်ပင်ကြီးအောက်တွင် ခိုလှုံခြင်း” နှင့် မိမိတို့၏ ဖုံးကွယ်ထားသော ရည်မှန်းချက်များကို ဆောင်ရွက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်များကို မအောင်မြင်ဘဲ ၎င်းတို့၏ လိုအင်ဆန္ဒများ ပျက်ပြားသွားပါက အချိန်မရွေး အသင်းတော်မှ ထွက်ခွာသွားနိုင်ဖွယ်ရှိသည်။ ၎င်းတို့သည် လှုပ်ရှားရန် သင့်တော်သော အခိုက်အတန့်ကို စောင့်ဆိုင်းခြင်းဖြင့် အခွင့်အရေးများကို ရှာဖွေကြသည်၊ ၎င်းတို့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ သို့မဟုတ် မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်စေမည့် အသုံးချနိုင်သော တစ်စုံတစ်ဦး သို့မဟုတ် သင့်တော်သော အခိုက်အတန့်တစ်ခု ရှိပါက ထိုသူ သို့မဟုတ် ထိုအခိုက်အတန့်ကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခွင့်အရေးတစ်ခုကို အစဉ်မပြတ် ရှာမတွေ့ပါက စိတ်ဓာတ်ကျပြီး စိတ်ပျက်လာကာ အသင်းတော်မှ ထွက်ခွာလိုကြသည်။ ထို့ကြောင့် ဤလူစားမျိုးသည် အသင်းတော်အတွင်း၌ အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်မျိုးလည်း ဖြစ်ပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်ကာ ခပ်ကင်းကင်းနေရမည် ဖြစ်သည်။ နောက်ထပ် ပို၍အရေးကြီးသော စည်းမျဉ်းတစ်ခုမှာ သင်သည် လူတစ်ဦး၏ နောက်ကြောင်းရာဇဝင်က မည်သို့ဖြစ်သည်ကို မသေချာပါက သို့မဟုတ် ၎င်းတို့၏ နောက်ကြောင်းရာဇဝင်သည် အလွန်ရှုပ်ထွေးသည်ဟု ဝိုးတဝါး ခံစားရပါက ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဤသူကို အရေးကြီးသော ရာထူးများတွင် တာဝန်ပေး၍မရကြောင်း သို့မဟုတ် အဆင့်အတန်း သို့မဟုတ် အာဏာရှိခွင့် မပြုသင့်ကြောင်း သို့မဟုတ် အသင်းတော်အတွင်း မည်သည့်အရေးကြီးသော အလုပ်ကိုမျှ ထမ်းဆောင်ခွင့် မပြုသင့်ကြောင်းကို အနည်းဆုံး သိသင့်သည်။ သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပါက ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်၊ သို့သော် သင်သည် လုံးဝ မဆင်မခြင် သို့မဟုတ် အလျင်အမြန် မပြုမူရပေ။ သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိမီ ၎င်းတို့အား အဆင့်အတန်းပေးပါက သို့မဟုတ် အရေးကြီးသော အလုပ်တစ်ခုအတွက် တာဝန်ခံဖြစ်စေပါက သင်သည် အလွန်အမင်း မိုက်မဲနေခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်မိနိုင်စွမ်း နည်းလေလေ၊ ၎င်းတို့အား အရေးကြီးသော အလုပ်ကို အပ်နှင်းခြင်း မပြုသင့်လေလေ ဖြစ်ပြီး သင်သည် ပို၍ သတိထားသင့်ကာ ၎င်းတို့ကို ပို၍ အနီးကပ် စောင့်ကြည့်ပြီး တင်းကျပ်စွာ စောင့်ကြပ်ကြည့်ရှုသင့်သည်။ အမှန်မှာ ၎င်းတို့တွင် တာဝန်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူစားမျိုးသည် နောက်ဆုံးတွင် အသင်းတော်၌ ကြာရှည်မနေကြပေ။ အကြောင်းမှာ ဤမယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရွံမုန်းသောကြောင့် ဖြစ်သည်။ ဘုရားမဲ့ဝါဒီများသည် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်ကြဘဲ ဘုရားသခင်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်နှင့်ဖြစ်စေ၊ ဘုရားသခင်၏ သမ္မာတရား ဖော်ပြခြင်းနှင့်ဖြစ်စေ သက်ဆိုင်သည့် မည်သည့်အရာကိုမျှ စိတ်မဝင်စားကြပေ။ ၎င်းတို့သည် “ဘုရားကို ယုံကြည်ခြင်း၌ အကျိုးအမြတ် ရစရာရှိသလော။ ငါသည် ငွေအများကြီးရှာပြီး ယင်းမှ ချမ်းသာနိုင်သလော။ လောက၌ ငါပြုသကဲ့သို့ ငါ၏ အကြံအစည်များနှင့် လှည့်ကွက်များကို ဤနေရာ၌ ငါအသုံးပြုနိုင်သလော” ဟု အစဉ်မပြတ် စုံစမ်းစစ်ဆေးကြသည်။ ဘုရားအိမ်တော်သည် ဤအရာများကို အားမပေးဘဲ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းအကြောင်းကိုသာ အစဉ် ပြောဆိုနေသည်ကိုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ သို့မဟုတ် စိတ်မပါ့တပါ ထမ်းဆောင်သူတိုင်းသည် မကြာခဏ ပြုပြင်ခြင်းခံရသည်ကိုလည်းကောင်း မြင်တွေ့ရသောအခါ ရွံမုန်းလာပြီး ဘုရားအိမ်တော်၌ မပျော်ရွှင်ဘဲ လွတ်လပ်မှုမရှိဟု ခံစားကြရကာ ထွက်ခွာရန် အခွင့်အရေးကို အစဉ် ရှာဖွေလိုကြသည်။ တစ်စုံတစ်ဦးသည် အမှန်တကယ် ဘုရားသခင်၏ သိုးတစ်ကောင်၊ ဘုရားသခင် ရွေးချယ်ထားသောသူများထဲမှ တစ်ဦးဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်တစ်လျှောက်တွင် မကြာခဏ ဆွေးနွေးလေ့ရှိသော သမ္မာတရားများကို အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာ ဆွေးနွေးလျှင်ပင် နားထောင်၍ မငြီးငွေ့နိုင်ပေ၊ ၎င်းတို့သည် ထိုအရာများကို တစ်သက်လုံး နားထောင်နိုင်ပြီး သစ်လွင်နေဆဲဟု ထင်မြင်ကြလိမ့်မည်။ ၎င်းတို့ နားထောင်လေလေ၊ ဤသမ္မာတရားများသည် ၎င်းတို့အတွက် ပို၍ ရှင်းလင်းလာလေလေ ဖြစ်သည်၊ ၎င်းတို့ နားထောင်လေလေ၊ ၎င်းတို့၏ စိတ်နှလုံးများသည် ပို၍ အာဟာရဖြစ်လေလေ ဖြစ်သည်၊ ၎င်းတို့ နားထောင်လေလေ၊ ၎င်းတို့သည် သမ္မာတရားကို ပို၍ တောင့်တလေလေ ဖြစ်သည်။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို နေ့စဉ် နားထောင်ရလျှင်ပင် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိကြလိမ့်မည်။ အထူးသဖြင့် ၎င်းတို့အတွက် အထောက်အကူဖြစ်စေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ကြားရသည့်အခါ ၎င်းတို့သည် ကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခုကို သုံးဆောင်ခဲ့ရသကဲ့သို့ ပျော်ရွှင်ပြီး ပြည့်စုံသည်ဟု ခံစားကြရသည်၊ ရွှေတစ်တုံး ကောက်ရသည်ထက်ပင် ပို၍ ပျော်ရွှင်ကြသည်။ ဤမယုံကြည်သူများ၊ ဤနတ်ဆိုးများအတွက်မူ၊ အထူးသဖြင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူများအတွက်မူ ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို ကြားရလေလေ၊ ပို၍ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရလေလေ ဖြစ်သည်၊ ၎င်းတို့ နားထောင်လေလေ၊ အတွင်း၌ ပို၍ ဂနာမငြိမ်ဖြစ်ပြီး ရွံမုန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ကြားရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို ခြောက်ကပ်ကာ ပျင်းရိဖွယ်နှင့် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု ထင်မြင်ကြသည်။ သင်သည် ၎င်းတို့ကို ထိုင်၍ တရားဒေသနာများ နားထောင်ခိုင်းပါက ၎င်းတို့အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က “သင်တို့အားလုံးသည် ကြီးကျယ်သော စားသောက်ပွဲကြီးတစ်ခုကို စားသုံးခဲ့ရသကဲ့သို့ ဤနှုတ်ကပတ်တော်များကို ကြားရသည်ကို အဘယ်ကြောင့် ဤမျှ နှစ်သက်ကြသနည်း။ ကျွန်ုပ် ကြားရသည့်အခါ အဘယ်ကြောင့် ဤမျှ ရွံမုန်းသည်ဟု ခံစားရသနည်း” ဟု ပြောဆိုကြသည်။ အချိန်ကြာမြင့်စွာ နားထောင်ပြီးနောက် ၎င်းတို့သည် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် သို့မဟုတ် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် ဆန္ဒမရှိကြဘဲ အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးကို အဓိပ္ပာယ်မဲ့သည်ဟု ထင်မြင်လာကြသည်၊ ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ရန် အတွေးများ ပေါ်ပေါက်လာတော့သည်။ ဤသို့ဖြင့် မယုံကြည်သူများသည် ထုတ်ဖော်ခြင်း ခံရသည်။ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤလူများနှင့်ပတ်သက်၍ သင်သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာနေစဉ်အတွင်း ၎င်းတို့တွင် မသင်္ကာဖွယ်ရာ ဇာစ်မြစ်များနှင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်များ ရှိကြောင်း တွေ့ရှိပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျဖို့ အခွင့်အရေးတစ်ခုကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားရှာဖွေလော့။ သမ္မာတရားကို လုံးဝလက်မခံသော ထိုသို့သောလူများအတွက် ပညာအချို့ကို ကျင့်သုံးရန် လိုအပ်သည်။ သင်သည် ၎င်းတို့အား “သင်သည် ချမ်းသာချင်သည်၊ အရာရှိတစ်ဦးဖြစ်ရန် အိပ်မက်မက်သည်၊ သင်သည် အရာရှိတစ်ဦးမဖြစ်လာဘဲ တစ်သက်လုံး နေသွားပါက တကယ်ကို အရှုံးကြီးရှုံးပေလိမ့်မည်။ သင်သည် အရာရှိတစ်ဦးဖြစ်လာသင့်သည်၊ ချမ်းသာသင့်သည်၊ လောကကို လိုက်စားသင့်သည်၊ ထိုနေရာ၌သာ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်များ ရှိသည်။ သင်သည် စီးပွားရေးအတွက် ဦးနှောက်ရှိပြီး အရာရှိတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီသည်၊ သင်သည် လောကီကို လိုက်စားပါက သေချာပေါက် ချမ်းသာပြီး အရာရှိဖြစ်လာနိုင်သည်” ဟု ပြောဆိုနိုင်သည်။ ၎င်းတို့သည် ဤအရာကို ကြားသည့်အခါ စိတ်တူသဘောတူ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရှိပြီဟု ထင်မှတ်ကာ “သင်ပြောသည်မှာ လုံးဝမှန်ပါသည်။ ဘုရားကို ယုံကြည်ရခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု ကျွန်ုပ် ခံစားနေခဲ့ရသည်၊ သင်ပြောသည့်စကားက ကျွန်ုပ်၏ ရင်ထဲ၌ တကယ်ကို စွဲသွား၏။ ယုံကြည်ခြင်းဆိုသည်မှာ အမှန်တွင် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခုသာ ဖြစ်သည်၊ ယင်းက ရှိရှိမရှိရှိ အမှန်တွင် အရေးမကြီးပါ။ ဘဝက တိုတောင်းလှသည်၊ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားသည့် ဆယ်စုနှစ်အနည်းငယ်လေးသာ ဖြစ်သည်။ ဘုရားကို ယုံကြည်သည့်လူများနှင့် ဤနေရာတွင် အစဉ်သဖြင့် အချိန်ဖြုန်းနေခြင်းက ကျွန်ုပ်အတွက် မည်သည့်အရာမျှ မရခဲ့ပါ၊ ပြီးလျှင် ကျွန်ုပ်သည် အစဉ်သဖြင့် မကျေမနပ်ဖြစ်နေသည်။ ဤသို့လုပ်ဆောင်သည်မှာ မိမိကိုယ်ကို ညှဉ်းဆဲနေခြင်းသာ ဖြစ်သည်မဟုတ်လော။ အပြင်ထွက်၍ ငွေများစွာ ရှာခြင်းကမှ တကယ်ကို အရေးကြီးလေသည်”ဟု ပြောဆိုလိမ့်မည်။ ၎င်းတို့သည် သင်ပြောဆိုခဲ့သည့်အရာကို သဘောတူလိမ့်မည်။ ၎င်းတို့ သဘောတူသည်နှင့်တစ်ပြိုင်နက် တစ်နေ့နေ့တွင် ၎င်းတို့က အသင်းတော်၌ နေခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရသောကြောင့်လည်းကောင်း၊ ထို့အပြင် ၎င်းတို့အတွက် အချို့အရာများက အဆင်မပြေမှုကြောင့် သို့မဟုတ် အချို့သော ကျရှုံးမှုများနှင့် အခက်အခဲများ၊ အချို့သော ပြုပြင်ခြင်းများကို တွေ့ကြုံရသောကြောင့် မိမိတို့ဘာသာ ထွက်ခွာသွားကောင်း သွားနိုင်သည်။ ယင်းမှာ ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။ ဤသည်မှာ ပညာရှိသော လုပ်နည်းကိုင်နည်းတစ်ခု ဖြစ်သည်။) နတ်ဆိုးများကို အသင်းတော်မှ ထွက်ခွာသွားအောင် လုပ်ရန် လွယ်ကူသည်၊ သင်သည် ၎င်းတို့၏ စိတ်နေစိတ်ထားကို သိရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့လိုချင်သောအရာတစ်ခုခု ရှိပါက ယင်းကို လိုက်စားရန် ၎င်းတို့ကို အားပေးလော့။ ဤနည်းအားဖြင့် သင်သည် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျနိုင်သည်။ အခြေအနေအရ အလိုက်သင့် လမ်းကြောင်းပေး၍ ၎င်းတို့ကို ထွက်သွားစေလော့။ ဤလူစားမျိုးဖြစ်သည့် မယုံကြည်သူကို ဤသို့ ကိုင်တွယ်ရသည်။

အသင်းတော်၌ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ထိုသို့သောလူများကို တွေ့ရှိပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည် သို့မဟုတ် ချက်ချင်း ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့ကို နေရန် တိုက်တွန်းခြင်း မပြုရ။ အဘယ်ကြောင့် မတိုက်တွန်းရသနည်း။ တစ်ချက်မှာ ၎င်းတို့သည် အသင်းတော်၌ ကောင်းသော အခန်းကဏ္ဍမှ မပါဝင်သောကြောင့် ဖြစ်သည်၊ နောက်တစ်ချက်မှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများထဲတွင် လုံးဝ မပါဝင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်လျှင်ပင် နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံပြီး ကယ်တင်ခြင်းကို ရရှိရန် မဖြစ်နိုင်သေးပေ။ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်ပါက အသင်းတော်၏အလုပ်အတွက် ထိခိုက်နစ်နာမှု ဖြစ်စေလိမ့်မည်ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှု နုနယ်သော ညီအစ်ကိုမောင်နှမအချို့ကို အထင်အမြင်မှားစေပြီး လွှမ်းမိုးနိုင်သည်။ ဘုရားအိမ်တော်ရှိ လူများသည် ၎င်းတို့ကို မနှစ်မြို့ဖွယ်ဟု ထင်မြင်ကြပြီး ၎င်းတို့ကလည်း ဘုရားအိမ်တော်ရှိ ညီအစ်ကိုမောင်နှမများကို အလားတူ မနှစ်မြို့ဖွယ်ဟု ရှုမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားအိမ်တော်၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အစဉ် ရန်လိုမုန်းတီးမှုဖြင့် သဘောထားကြသည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ အသင်းတော်၌ ထိုသို့သော ရန်သူ၊ ထိုသို့သော ပြိုင်ဘက်တစ်ဦး ရှိနေပါက သင်တို့ စိတ်အနှောင့်အယှက် ဖြစ်မည် မဟုတ်လော။ (ဟုတ်ကဲ့၊ ဖြစ်ပါသည်။) ထို့ကြောင့် ထိုသို့သောလူများကို နေရန် မတိုက်တွန်းခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ၎င်းတို့ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ထွက်ခွာသွားရန် ဖျောင်းဖျလော့၊ ရှင်းလင်းပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။ ဧဝံဂေလိတရား ဟောပြောခြင်းဖြစ်စဉ်တွင် ကြုံတွေ့ရပါက ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့နှင့်သာ ခပ်ကင်းကင်းနေပြီး လျစ်လျူရှုပါ။) သင်သည် ဤလူစားမျိုးကို ကြုံတွေ့ရသည့်အခါ ၎င်းတို့အား ဧဝံဂေလိတရားကို မဟောပြောသင့်ပေ။ ၎င်းတို့သည် ချဲ့ကားပြီး အခြေအမြစ်မရှိသော နည်းလမ်းဖြင့် ပြောဆိုကြပြီး အလွန် စကားများသော်လည်း အမှန်တကယ်တွင် မည်သည့်အရည်အချင်းမျှ လုံးဝမရှိပေ။ ဘုရားအိမ်တော်သည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် ဤသို့သောလူစားမျိုးကို မလိုအပ်ပေ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူများထဲတွင် မပါဝင်ပေ။ ၎င်းတို့သည် ယခု ယုံကြည်လက်ခံလာလျှင်ပင် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ကို ရှင်းလင်းဖယ်ရှားရန် လိုအပ်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိတရား ဟောပြောသူများသည် ထိုသို့သောလူများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့ကို လက်လျှော့လိုက်သင့်သည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အလိုမရှိသကဲ့သို့ ကြိုဆိုခြင်းလည်း မရှိပေ။ ဤသည်မှာ ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် လူများကို ကိုင်တွယ်ရန် နည်းလမ်းဖြစ်ပြီး ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ ဤကိစ္စကို ကိုင်တွယ်ရာတွင် ကိစ္စသေးသေးကို ကိစ္စကြီးလုပ်ရန် မလိုအပ်သည်မှာ ပြောစရာမလိုပေ၊ လူတစ်ဦးသည် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည့် လူများအမျိုးအစားထဲတွင် အကျုံးဝင်ခြင်း ရှိမရှိကို သင်သည် ရှင်းလင်းစွာ နားလည်ရမည်။ ၎င်းတို့၏ သရုပ်သကန်များသည် ဤလူစားမျိုး၏ သရုပ်သကန်များနှင့် ကိုက်ညီပါက ၎င်းတို့ကို ဤအုပ်စု၏ စာရင်းထဲတွင် ထည့်သွင်းသင့်သည်။ သို့သော် တစ်စုံတစ်ဦးသည် ရံဖန်ရံခါသာ ကြွားဝါခြင်း သို့မဟုတ် အဓိပ္ပာယ်မဲ့စကားများ ပြောဆိုပြီး ၎င်းတို့၏ အလွန်အကျွံ ကြွားဝါမှုကြောင့် ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်ရှိသည်ဟု မှားယွင်းစွာ ရှုမြင်ခံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စစ်မှန်ပြီး ဤအမျိုးအစားထဲတွင် မပါဝင်ပါက ဤအခြေအနေသည် လူကောင်းတစ်ဦးကို မှားယွင်းစွာ စွပ်စွဲခြင်းမှ ရှောင်ရှားရန် ကွဲပြားသော ကိုင်တွယ်မှု လိုအပ်သည်။

၃။ မိမိ၏ တာဝန်ထမ်းဆောင်စဉ် လူတစ်ဦးထားရှိသော သဘောထားအပေါ် အခြေခံခြင်း

ငါတို့သည် လူတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ခြင်း စံသတ်မှတ်ချက်အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းအား အတော်အတန် ပြီးစီးခဲ့ပြီ ဖြစ်သည်။ နောက်ထပ် စံသတ်မှတ်ချက်တစ်ခု ရှိသေးသည်၊ ယင်းမှာ လူတို့၏ တာဝန်များ ထမ်းဆောင်စဉ် ၎င်းတို့ထားရှိသော သဘောထားအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ခြင်း ဖြစ်သည်။ ငါတို့သည် ယခင် တရားဒေသနာများတွင် ဤစံသတ်မှတ်ချက်အကြောင်းကို အတော်များများ ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ဤအကြောင်းကို ထပ်မံ၍ ပြောဆိုရန် မလိုအပ်တော့ပေ။

ကောင်းပြီ။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤမျှဖြင့် နိဂုံးချုပ်ပါသည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။