ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အပိုင်း နှစ်

ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကိုနားလည်ဖို့ သင်တို့သည် အင်မတန် သေးငယ်သောအရာနှင့် အစပြုရမည်ဖြစ်သည်။ သို့သော်လည်း မည်သို့သော သေးငယ်သည့်အရာဖြင့် စတင်ရမည်နည်း။ ပထမဦးဆုံးအနေဖြင့် သမ္မာကျမ်းစာထဲမှ အခန်းကြီးအချို့ကို ငါထုတ်ထားသည်။ အောက်တွင်ပေးထားသည့် အချက်အလက် များထဲ၌ ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့၏ အကြောင်းအရာ နှင့် ဆက်စပ်သည့် ကျမ်းပိုဒ်အချို့ပါဝင်သည်။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့ကို သင်တို့သိကျွမ်းစေရန် အထောက်အကူ ဖြစ်စေမည့် ရည်ညွှန်းအကြောင်းအရာများအဖြစ် ထိုရွေးနှုတ်ဖော်ပြချက်များကို အထူးသဖြင့် ငါရှာဖွေထားခြင်း ဖြစ်သည်။ လူများမသိရှိသော်လည်း၊ အတိတ်မှ ဘုရားသခင်၏ အမှုတော်များဖြင့် မည်သို့သော ဘုရားသခင်၏ စိတ်သဘောထား နှင့် အနှစ်သာရများကို ထုတ်ဖော်ခဲ့သည်ကို သင်တို့မြင်ရအောင် ငါဝေငှသွားမည်။ ဤအခန်းကြီးများသည် ဟောင်းကောင်း ဟောင်းပေလိမ့်မည်။ သို့ရာတွင် ငါတို့ပြောပြနေသည့် ခေါင်းစဉ်သည် လူများအနေဖြင့် တစ်ခါမျှ မကြားသိဖူးသည့်၊ မရရှိဖူးသည့် ခေါင်းစဉ်အသစ်တစ်ခုဖြစ်သည်။ သင်တို့ထဲက အချို့မှာ ထိုအရာကို မယုံကြည်နိုင်လောက်သည့်အရာအဖြစ် မြင်ကောင်းမြင်လိမ့်မည်။ အာဒံနှင့်ဧဝအကြောင်းကို ပြန်ပြောပြီး နောဧအထိ ပြန်လည်ဆွေးနွေးခြင်းသည် တူညီသော အဆင့်များကို ခြေရာပြန်ကောက်ခြင်းပင် မဟုတ်လော။ သင်တို့မည်သို့ပင် တွေးထင်ပါစေ၊ ထိုအခန်းကြီးများသည် ယခုအကြောင်းအရာကို ဆွေးနွေးရာတွင် အလွန်ပင် အကျိုးအမြတ်ရှိသည့်အပြင်၊ ယနေ့မိတ်သဟာယအတွက်လည်း သင်ကြားပို့ချချက် စာပေများအဖြစ်လည်းကောင်း၊ ကိုယ်တွေ့ အကြောင်းအရာများအဖြစ်လည်းကောင်း အထောက်အကူ ဖြစ်စေပါလိမ့်မည်။ ယခုမိတ်သဟာယ ပြီးဆုံးသည်နှင့် ထိုအပိုင်းများကို ငါရွေးချယ်ခြင်း၏နောက်ကွယ်မှ ရည်ရွယ်ချက်များကို သင်တို့နားလည်လာလိမ့်မည်။ သမ္မာကျမ်းစာကို ဖတ်ခဲ့သူများအနေဖြင့်မူ ဤကျမ်းပိုဒ်အချို့ကို မြင်ဖူးကြမည်ဖြစ်သော်လည်း အမှန်တကယ်နားလည်ချင်မှ နားလည်ပေလိမ့်မည်။ ထိုကျမ်းပိုဒ်များကို တစ်ခုပြီးတစ်ခု အသေးစိတ် မလေ့လာမီ အကြမ်းဖျင်း လေ့လာကြစို့။

အာဒံနှင့်ဧဝတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ ဖြစ်သည်။ ငါတို့အနေဖြင့် သမ္မာကျမ်းစာထဲမှ ဇာတ်ကောင်များ အကြောင်း ဖော်ပြဆွေးနွေးမည်ဆိုပါက၊ ထိုနှစ်ယောက်ဖြင့် စတင်ရမည်ဖြစ်သည်။ နောက်တစ်ဦးမှာ လူသားမျိုးနွယ်၏ ဒုတိယဘိုးဘေးဖြစ်သူ နောဧပင်ဖြစ်သည်။ သင်တို့ ထိုအချက်ကို မြင်သလော။ တတိယဇာတ်ကောင်က မည်သူနည်း။ (အာဗြဟံ ဖြစ်ပါသည်။) အာဗြဟံ၏အကြောင်းအရာကို သင်တို့အားလုံး သိကြသလော။ သင်တို့ထဲမှ အချို့ကတော့ သိနိုင်သည်။ သို့ရာတွင် အခြားသော သူများအတွက်မူ ထိုအကြောင်းအရာက သိပ်ရှင်းလင်းလောက်မည် မဟုတ်ပေ။ စတုတ္ထဇာတ်ကောင်က မည်သူနည်း။ သောဒုံမြို့ ဖျက်ဆီးခံရခြင်းအဖြစ်အပျက်၌ မည်သူ့ကိုဖော်ပြထားသနည်း။ (လောတကို ဖော်ပြထားပါသည်။) သို့ရာတွင် လောတကို ဤနေရာတွင်ညွှန်းမထားပါ။ မည်သူကို ညွှန်းဆိုထားသနည်း။ (အာဗြဟံကို ညွှန်းဆိုထားပါသည်။) အာဗြဟံ၏အဖြစ်အပျက်တွင် အဓိကပါဝင်သည်မှာ ယေဟောဝါ ဘုရားသခင် မိန့်တော်မူသည့် အရာပင်ဖြစ်သည်။ သင်တို့မြင် သလော။ ပဉ္စမဇာတ်ကောင်သည် မည်သူနည်း။ (ယောဘ ဖြစ်ပါသည်။) ဘုရားသခင်၏ အမှုတော် ဤအဆင့်တွင် ဘုရားသခင်သည် ယောဘ၏ဇာတ်ကြောင်းများစွာကို ဖော်ပြခဲ့ သည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဤဇာတ်ကြောင်းကို အလွန်ပင် အရေးတစိုက်ရှိသလော။ သင်တို့အလွန်ပင် အရေးစိုက် သည်ဆိုလျှင်၊ သမ္မာကျမ်းစာထဲမှ ယောဘ၏ ဇာတ်ကြောင်းကို သေချာစွာ ဖတ်ရှုပြီးပြီလော။ ယောဘ ပြောခဲ့သည့်အရာများနှင့် လုပ်ခဲ့သည့် အရာများကို သင်တို့သိသလော။ အများဆုံး ဖတ်ရှုဖူးသူများအနေဖြင့်၊ သင်တို့သည် ထိုဇာတ်ကြောင်းကို အကြိမ်ရေမည်မျှ ဖတ်ရှုပြီးဖြစ်သနည်း။ မကြာခဏ ဖတ်သလော။ ဟောင်ကောင်မှ ညီအစ်မတို့ ငါတို့ကို ပြောပြကြပါ။ (ယခင်က ကျွန်ုပ်တို့ ကျေးဇူးတော်ခေတ်၌ ရှိစဉ်တွင် နှစ်ကြိမ် သုံးကြိမ်မျှ ဖတ်ဖြစ်ခဲ့ပါသည်။) ထိုအချိန်ကတည်းက သင်တို့ ထိုဇာတ်ကြောင်းကို မဖတ်ဖြစ်တော့သလော။ သို့ဆိုပါက အလွန်စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ဘုရားသခင်၏ အမှုတော် ဤအဆင့်တွင် ဘုရားသခင်သည် ယောဘဇာတ်ကြောင်း များစွာကို ဖော်ပြခဲ့ပြီး ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထင်ဟပ်ခြင်းတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်သည် ယောဘအကြောင်းကို အကြိမ်များစွာ ပြောဆိုခဲ့သော်လည်း သင်တို့ကို မနိုးထစေခဲ့ခြင်းမှာ ဘုရားသခင်ကိုကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သည့်သူများနှင့် ဖြောင့်မတ်သည့်သူများဖြစ်ရန် သင်တို့သည် စိတ်ဝင်စားခြင်းမရှိဟူသည့် အချက်၏ သက်သေ တစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ဖော်ပြထားသည့် ယောဘ၏အဖြစ်အပျက်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်မှုနှင့်သာ ကျေနပ်နေခဲ့ကြသည့်အတွက်ဖြစ်သည်။ အဖြစ်အပျက်ကိုယ်၌ကို နားလည်ရုံလောက်နှင့်သာ သင်တို့ကျေနပ်နေကြသည်။ သို့ရာတွင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယောဘသည် မည်သူ ဖြစ်သည်ဟူသည့် အသေးစိတ် အချက်အလက်များကို လည်းကောင်း၊ ဘုရားသခင်သည် ယောဘကို ဖြစ်ရပ်များစွာတွင် ညွှန်းဆိုခဲ့ရသည့် အကြောင်းအရင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကိုလည်းကောင်း သိရှိနားလည်အောင် မကြိုးစား ကြ၊ အရေးမထားကြပေ။ ဘုရားသခင် ချီးမွမ်းခဲ့သည့် ထိုသို့သော ပုဂ္ဂိုလ်မျိုးကိုပင် သင်တို့စိတ်မဝင်စားလျှင် သင်တို့သည် မည်သည့်အရာကို အာရုံစိုက်နေကြသနည်း။ ဘုရားသခင် ပြောဆိုခဲ့သည့် ထိုသို့အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်ကို နားလည်ရန်လည်း မကြိုးစား၊ ဂရုလည်းမစိုက်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်တွင်ထားရှိသည့် သင်တို့၏သဘောထားနှင့်ပတ်သက်၍ မည်သို့အဓိပ္ပာယ်ထွက် မည်နည်း။ ဤသည်မှာ မနှစ်မြို့ဖွယ်ကောင်းသည့်အရာပင် မဟုတ်ပေလော။ သင်တို့အများစုသည် လက်တွေ့ကျသည့် အရာများကို လုပ်ဆောင်ခြင်းမရှိသည့်အပြင်၊ သမ္မာတရား ကိုလည်း လေ့လာလိုက်စားခြင်းမရှိဟု ထိုအရာက သက်သေပြနေ သည် မဟုတ်လော။ သင်သည် သမ္မာတရားကို မီအောင်လိုက်သည်ဆိုလျှင် ဘုရားသခင်ပြောသည့် ဇာတ်ကောင်များ၏ အဖြစ်အပျက်များနှင့် ဘုရားသခင် အတည်ပြုသည့်သူများအပေါ်တွင် လိုအပ်သည့် အာရုံစိုက်မှု ရှိနေမည် ဖြစ်သည်။ သင့်အနေဖြင့် ၎င်းတို့အတိုင်း လျော်ညီအောင် နေနိုင်ခြင်း သို့မဟုတ် သူတို့၏ ဇာတ်လမ်းများကို ထင်ရှားမြင်သာသည်ဟု သိမြင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ထိုကျမ်းပိုဒ်များကို အလျင်အမြန် သွား၍ ဖတ်ရှုကာ၊ နားလည်သဘောပေါက်ရန် ကြိုးစားပြီး၊ ထိုနမူနာအတိုင်း လိုက်လျှောက်ရန် နည်းလမ်းများကိုရှာကာ သင်လုပ်နိုင်သည့်အရာကို သင်အစွမ်းရှိသမျှ လုပ်ဆောင် လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို တောင့်တသောသူတို့၏ အပြုအမူပင် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ဤနေရာတွင် ထိုင်နေကြသည့် သင်တို့ထဲမှ အများစုသည် ယောဘဇာတ်ကြောင်းကို တစ်ခါမျှ မဖတ်ရှုဖူးကြပေ။ ထိုအရာက တစ်စုံတစ်ခုကို ညွှန်ပြနေခြင်း ဖြစ်သည်။

ယခုပင် ငါဆွေးနွေးသွားသည့် ခေါင်းစဉ်ကို ပြန်သွားကြစို့။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် သက်ဆိုင်သည့် ကျမ်းစာ၏ ဤအပိုင်းသည် အဓိကအားဖြင့် ငါရွေးနုတ်ဖော်ပြ ခဲ့သည့် ဇာတ်ကောင်များ၏ ဇာတ်ကြောင်းများဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်သည့် လူအများစု ရင်းနှီးပြီးသား အဖြစ်အပျက်များဖြစ်သည်။ ဤဇာတ်ကောင်များသည် သဘောထားကို အလွန်ပင် ထင်ဟပ်စေနိုင်သူများဖြစ်သည်။ ထိုသူတို့၏ ဇာတ်ကြောင်းများကို ဖတ်ရှုဖူးသူများသည် ၎င်းတို့ အပေါ်တွင် ဘုရားသခင်ပြုတော်မူခဲ့သည့် အမှုတော်များနှင့် ၎င်းတို့ကို ဘုရားသခင်ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များသည် ယနေ့ခေတ်လူများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး၊ နားလည်ရန် လွယ်သည်ကို ခံစားရနိုင်မည်ဖြစ်သည်။ သင့်အနေဖြင့် သမ္မာကျမ်းစာထဲမှ ထိုဇာတ်ကြောင်းများနှင့် မှတ်တမ်းများကို ဖတ်ရှုသည့်အခါတွင် ထိုအချိန်က ဘုရားသခင်သည် အမှုတော်ကို မည်သို့ပြုကြောင်း၊ လူများကို မည်သို့ ဆက်ဆံခဲ့ကြောင်း ပိုမိုနားလည်နိုင်လာမည် ဖြစ်သည်။ သို့ရာတွင် ယနေ့ ဤအခန်းကြီးများကို ငါရှာဖွေရခြင်း အကြောင်းက ဤအဖြစ်အပျက်များနှင့် ပုဂ္ဂိုလ်များအကြောင်းကို သင်သိရန် မဟုတ်ပေ။ ထိုသို့ဖြစ်ရမည့်အစား ဤဇာတ်ကောင်များ၏ အဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် သူ၏စိတ်သဘောထားကို သင်တို့တွေ့မြင်နိုင်ရန်ဖြစ်ပြီး ထိုအကြောင်းကြောင့် ဘုရားသခင်ကို သိရှိနားလည်ရန်၊ ဘုရားသခင်၏ အစစ်အမှန် ဘက်ခြမ်းကို တွေ့မြင်ရန်၊ သင်၏စိတ်ကူးယဉ်ခြင်းများ ရပ်တန့်ရန်၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများကို ရပ်စဲရန်၊ မရေရာမှုများကြားမှ သင်၏ ယုံကြည်ခြင်းကို အဆုံးသတ်ရန် စသည်တို့ကို ပိုမိုလွယ်ကူအောင်ပြုရန်ဖြစ်သည်။ အခြေခံအုတ်မြစ်မရှိဘဲ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို နားလည်ပြီး သိကျွမ်းရန် ကြိုးစားခြင်းသည် အကူအညီမဲ့ခြင်း၊ အစွမ်းအစမရှိခြင်းတို့ကို သင့်အားခံစားရစေပြီး၊ မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲဖြစ်စေတတ်သည်။ ထို့ကြောင့်ပင် သင့်အနေဖြင့် ဘုရားသခင်ကို ပိုမိုနားလည်သဘောပေါက်စေရန်၊ ဘုရားသခင် ၏ အလိုတော်ကို ပိုမိုစစ်မှန်စွာ နားလည်စေရန်၊ ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိကျွမ်းစေရန်၊ ဘုရားသခင်၏ ဖြစ်တည်မှုကို အမှန်တကယ် သိရှိခံစားစေရန်၊ လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင် ၏ အလိုတော်ကို နားလည်နိုင်ရန် စသည်တို့အတွက် ယခု ကဲ့သို့သော နည်းစနစ်နှင့် ချဉ်းကပ်နည်းတို့ကို အသုံးပြုရန် ဟူသည့် အကြံဉာဏ်ကို ငါတွေးမိခြင်းဖြစ်သည်။ ထိုအရာသည် သင်တို့အတွက် အကျိုးရှိသည်မဟုတ်လော။ ယခု ဤကျမ်းစာများနှင့် အဖြစ်အပျက်များကို သင်ထပ်မံ ကြည့်ရှုသည့်အခါ သင့်နှလုံးသားထဲတွင် မည်သို့ခံစားရသနည်း။ ငါကောက်နုတ်ထားသည့် ဤကျမ်းစာများသည် လိုအပ်သည် ထက် ပိုလျှံနေသည်ဟု သင်ထင်မြင်သလော။ ယခု ငါသင်တို့ကို ပြသွားသည့် အရာများကို ထပ်မံအလေးထားပြောကြားလိုသည်။ ယခုဇာတ်ကောင်များ၏ ဇာတ်ကြောင်းများကို သင်တို့အား ဖတ်ရှုစေခြင်း၏ ရည်ရွယ်ချက်မှာ လူများအပေါ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ပြုပုံနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ သဘောထား တို့ကို သင်တို့နားလည်ခြင်းငှာ ကူညီရန်ဖြစ်သည်။ ဤသည်ကို မည်သည့်အရာမှတစ်ဆင့် သင်တို့နားလည်နိုင်သနည်း။ ယခင်က ဘုရားသခင်ပြုခဲ့သည့်အမှုနှင့် ဘုရားသခင်၏ အကြောင်းအရာ အမျိုးမျိုးတို့ကို သင်တို့နားလည်အောင်ကူညီပေးရန် ဘုရားသခင် လက်ရှိပြုနေသည့် အမှုတို့ကို ပေါင်းစပ်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ဤအကြောင်းအမျိုးမျိုးတို့သည် စစ်မှန်ပြီး ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသူများက နားလည်သဘောပေါက်ကာ သိရှိရမည့်အရာဖြစ်သည်။

ယခုအခါ အာဒံနှင့် ဧဝတို့ ဇာတ်ကြောင်းဖြင့် ငါတို့စတင်ကြမည်။ ပထမဦးစွာ ကျမ်းစာကို ဖတ်ရှုကြစို့။

က။ အာဒံနှင့်ဧဝ

၁။ အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းပိုဒ်များမှ သင်တို့ မည်သည့်အရာကို ရလိုက်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ “အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား” ကို မည်သည့်အတွက်ကြောင့် ကျမ်းစာထဲမှ ကောက်နုတ်ထားသနည်း။ ယခုတွင် သင်တို့ တစ်ယောက်ချင်းစီသည် မိမိတို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ပုံစံကို မြင်သလော။ သင်တို့ ကြိုးစားစိတ်ကူး ကြည့်နိုင်သည်။ သင်တို့သည် ထိုအဖြစ်အပျက်တွင် ပါဝင်နေပါက သင်တို့နှလုံးသားထဲမှ ဘုရားသခင်သည် မည်သည့်အရာနှင့် တူမည်နည်း။ ဤပုံသဏ္ဌာန်က သင်တို့ကို မည်သည့် စိတ်ခံစားမှုများကို ခံစားရစေမည်နည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ပုံတစ်ပုံဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူတို့သာ ပါရှိသော်လည်း၊ သူတို့အကြားမှ ရင်းနှီးကျွမ်းဝင်မှုသည် အလွန်မနာလိုစရာကောင်းသည်။ ဘုရားသခင်၏ များပြားလှသည့် ချစ်ခြင်းမေတ္တာကို လူသားကို အခမဲ့ပေးအပ်ပြီး ထိုလူသားကို ဝန်းရံစေသည်။ လူသားသည် နုံအပြီး အပြစ်ကင်းသည်။ တာဝန်ကင်းကာ ပူပင် ကြောင့်ကြမဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်အောက်တွင် အလွန်ပျော်ရွှင်စွာ နေထိုင်သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးနှင့် အကာအကွယ်အောက်တွင် နေထိုင်နေစဉ် ဘုရားသခင်သည် လူသားအတွက် ပူပန်ပေးသည်။ လူသား ပြုလုပ်ပြောဆိုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ဘုရားသခင်နှင့် ခွဲခြား၍မရပေ။

ဤသည်မှာ အာဒံကိုဖန်ဆင်းပြီးကတည်းက သူ့ကို ဘုရားသခင်ပထမဆုံးချမှတ်ခဲ့သည့် ပညတ်တရားဟု သင်တို့ ဆိုနိုင်သည်။ ဤပညတ်တရားတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ထိုအထဲတွင် ဘုရားသခင်၏ အလိုတော် ပါဝင်သည်။ သို့ရာတွင် လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများလည်း ပါဝင်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးပညတ်တရားဖြစ်ပြီး လူသားအတွက် ဘုရားသခင်၏ ပထမဆုံး စိုးရိမ်ပူပန်ခြင်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အချိန်မှစပြီး သူ့ထံတွင် လူသားနှင့် ပတ်သက်သည့် တာဝန်တစ်ခုရှိလာခဲ့သည်။ သူ၏ထိုတာဝန်က အဘယ်အရာနည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။ ဤသည်မှာ လူသားအပေါ်တွင် ဘုရား၏ ပထမဆုံးသော မျှော်လင့်ချက်လည်းဖြစ်သည်။ ဤမျှော်လင့်ချက်နှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် ဆိုခဲ့ခြင်းဖြစ်သည်။ “ကောင်းမကောင်းကို သိကျွမ်းရာ အပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏နှလုံးသားသည် လူသားအတွက် စတင်စိုးရိမ်ပူပန်လာခဲ့ပြီဖြစ်သည်ကိုလည်း ဖော်ပြသည်။ အားလုံးသောအရာများထဲတွင် အာဒံတစ်ဦးတည်း ကိုသာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ကိုရထားသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်။ စကားစမြည်ပြောဆိုနိုင်သည်။ ထို့ကြောင့် ထိုသို့သော ပညတ်တော်ကို အာဒံအတွက် ဘုရားသခင်က ချမှတ်တော်မူခဲ့ခြင်းဖြစ်သည်။ ဤပညတ်တွင် လူသားလုပ်ဆောင်နိုင်သည့်အရာအပါအဝင် မလုပ်ဆောင်နိုင်သည့် အရာကိုလည်း ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သို့သောနှလုံးသားမျိုးကို ငါတို့မြင်တွေ့ရသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ ထိုအထဲတွင် စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းပိုဒ်များထဲတွင် ရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို လူသားများက နားလည်နိုင်ရုံတင်မကဘဲ အမှန်တကယ် ကောင်းစွာ ခံစားရနိုင်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ဤအရာများကို ငါပြောပြီးနောက် ၎င်းတို့မှာ ရိုးရှင်းသည့် နှုတ်ကပတ်တော်အချို့သာ ဖြစ်သည်ဟု သင်တို့ ထင်သေးသလော။ ထိုမျှလောက် မရိုးရှင်းပေ၊ မှန်သလော။ ယခင်က ထိုအချက်ကို သင်တို့မြင်နိုင်ခဲ့သလော။ ဘုရားသခင် ကိုယ်တိုင်က သင့်ကို ဤနှုတ်ကပတ်တော်များကို ပြောဆို လာခဲ့လျှင် သင့်စိတ်ထဲတွင် မည်သို့ခံစားရမည်နည်း။ သင်သည် အကြင်နာတရားရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောနေပါက သင်သည် မည်သည့်အရာကိုမျှ ခံစားရမည် မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည်မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏နှလုံးသားကို နားလည်ဖို့ ကြိုးစားမည်မဟုတ်ပေ။ သို့ရာတွင် သင်သည် အသိစိတ်ရှိသည့် စာနာတတ်သည့် လူတစ်ယောက်ဆိုလျှင် သင့်အနေဖြင့် ကွဲပြားစွာ ခံစားရလိမ့်မည်။ သင်သည် နွေးထွေးမှုကိုခံစားရမည်။ သင်သည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံစားရမည်။ ထို့ပြင် သင်သည် ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါ ဘုရားသခင်ကို သင်မည်သို့ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ်တွယ်သွား မည်လော။ သင့်ရင်ထဲမှ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအတွက် မည်မျှအရေးကြီးကြောင်းကို ဤအချက်မှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် ပိုပြီးအရေးကြီးသည်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအပေါ်တွင် လူသား၏ အသိအမှတ်ပြုမှုနှင့် သိရှိနားလည်မှုပင်ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် သူ့အမှုတော်၏ ဤအဆင့်တွင် အလားတူသော အရာများကို များစွာပြောခဲ့သည် မဟုတ်လော။ သို့ရာတွင် ယနေ့ခေတ်လူသားများသည် ဘုရားသခင်၏ နှလုံးသားကို နားလည်ကြသလော။ ယခုပင် ငါပြောသွားသည့် ဘုရားသခင်၏အလိုတော်ကို သင်တို့နားလည်နိုင်သလော။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ လက်တွေ့ကျသည့် ဘုရားသခင်၏အလိုတော်ကိုပင် သင်တို့သည် သတိမပြုမိနိုင် ကြပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သည့်အသိနှင့် နားလည်ခြင်းမရှိဟု ငါပြောရခြင်း ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ ဤကဏ္ဍအပေါ် ဤမျှသာ ငါတို့ဆွေးနွေးကြမည်။

၂။ ဘုရားသခင် ဧဝကို ဖန်ဆင်းသည်

ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။ ယေဟောဝါ ဘုရားသခင်သည် မြေထဲမှ မြေသားရဲတိရစ္ဆာန်တိုင်းနှင့် မိုးကောင်းကင် ငှက်အားလုံးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ကို အာဒံ အဘယ်သို့ သတ်မှတ်ခေါ်ဝေါ်လိမ့်မည်ကို သိရန်အတွက် သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။ အာဒံသည် ကျွဲနွား တိရစ္ဆာန်အပေါင်း၊ မိုးကောင်းကင်ငှက်များနှင့် မြေသားရဲ တိရစ္ဆာန်တိုင်းကို အမည်များပေးလေသည်။ သို့သော်လည်း အာဒံအတွက် သူနှင့် သင့်တော်သော အထောက်အမ မတွေ့ရသေးပေ။

ကမ္ဘာဦးကျမ်း ၂:၂၂-၂၃ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။

ကျမ်းစာ၏ဤအပိုင်း၌ အဓိကကျသည့် စာစုအချို့ရှိသည်။ ၎င်းတို့ကို မျဉ်းတားကြလော့။ “လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည့်အတိုင်း နာမည်အသီးအသီး ရှိကြ၏။” သက်ရှိသတ္တဝါအားလုံးကို မည်သူက နာမည်ပေးခဲ့သနည်း။ အာဒံဖြစ်သည်။ ဘုရားသခင် မဟုတ်ပေ။ ဤစာစုက လူသားမျိုးနွယ်အား အောက်ပါအချက်ကို ပြောသည်။ လူသားကို ဖန်ဆင်းစဉ်က ဘုရားသခင်သည် သူ့ကို အသိဉာဏ်ပေးခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသိဉာဏ်က ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။ ဤသည်မှာ ကျိန်းသေပင်ဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်း ပြီးနောက် အာဒံသည် ကျောင်းတက်ခဲ့သလော။ သူစာဖတ်တတ် သလော။ ဘုရားသခင်သည် သတ္တဝါအမျိုးမျိုးကို ဖန်ဆင်းပြီးနောက်တွင် ဤသတ္တဝါအားလုံးကို အာဒံမှတ်မိခဲ့ သလော။ ၎င်းတို့၏နာမည်များက မည်သို့ဖြစ်သည်ကို ဘုရားသခင်က အာဒံကို ပြောခဲ့သလော။ သေချာပေသည်၊ ဤသတ္တဝါများကို မည်သို့နာမည်ပေးရမည်ဆိုသည်ကို ဘုရားသခင်က သူ့ကို သင်မပေးခဲ့ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါများ၏ နာမည်များကို မည်သည့်နာမည်မျိုးပေးရမည်ဆိုသည်ကို သူမည်သို့သိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့စဉ်တွင် သူ့ကို အဘယ်အရာထည့်ပေးလိုက်သနည်း ဆိုသည့် မေးခွန်းနှင့်ဆိုင်သည်။ ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့စဉ်က သူ၏အသိဉာဏ်ကို လူသားထံ ထည့်သွင်း ပေးလိုက်သည်ကို အချက်အလက်များက သက်သေပြုသည်။ ဤသည်မှာ အဓိကကျသည့် အချက်ဖြစ်သည်။ သင်တို့အားလုံး ဂရုတစိုက် နားထောင်ခဲ့ကြသလော။ သင်တို့သေချာ နားလည်ထားရမည့် နောက်ထပ် အဓိကကျသည့်အချက်တစ်ခု ရှိသေးသည်။ ဤသက်ရှိသတ္တဝါများကို အာဒံက ၎င်းတို့၏ နာမည်များ ပေးပြီးသည့်အခါတွင် သူတို့နာမည်များသည် ဘုရားသခင်၏ ဝေါဟာရထဲတွင် ပြဋ္ဌာန်းခြင်းခံရသည်။ ငါအဘယ်ကြောင့် ထိုအရာကို ပြောသနည်း။ ဤအချက်၌လည်း ဘုရားသခင်၏စိတ်သဘောထား ပါဝင်သည်။ ငါရှင်းပြမှ ဖြစ်မည်။

ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့ပြီး လူအတွင်းသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ကာ သူ၏အသိဉာဏ်၊ သူ၏ အစွမ်းများနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း လူကိုပေးခဲ့သည်။ ဘုရားသခင်က လူကို ဤအရာအားလုံးပေး ပြီးနောက်တွင် လူသားသည် အချို့အရာများကို တသီးတခြား လုပ်လာနိုင်ပြီး သူ့ဘာသာ တွေးခေါ်နိုင်လာသည်။ လူသားက ကြံစည်တွေးတောပြီး ပြုလုပ်သည့်အရာများက ဘုရားသခင်၏ အမြင်၌ ကောင်းမွန်သည်ဆိုလျှင် ဘုရားသခင်သည် လက်သင့်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ လူသားပြုသည့် အရာက မှန်ကန်သည်ဆိုလျှင် ဘုရားသခင်သည် ဤအတိုင်းသာ လွှတ်ထားမည်ဖြစ်သည်။ ဤသို့ဆိုလျှင် “လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ် သည့်အတိုင်း နာမည်အသီးအသီးရှိကြ၏” ဟူသည့်စာစုက အဘယ်အရာကို ညွှန်ပြသနည်း။ သတ္တဝါအမျိုးမျိုးတို့၏ နာမည်များကို ဘုရားသခင်သည် ပြန်လည်ပြင်ဆင်ခြင်း မရှိခြင်းကို ဖော်ပြသည်။ အာဒံက မည်သည့်နာမည်ကို ပေးခဲ့သည်ဖြစ်စေ ဘုရားသခင်က “ကောင်းပြီ” ဟုပြောပြီး ထိုနာမည်အတိုင်း စာရင်းသွင်းလိုက်မည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ထင်မြင်ချက်များကို ပြောပြခဲ့သလော။ မပြောပေ၊ ဤသည်မှာ သေချာသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် သင်တို့ အဘယ်အချက်ကိုမြင်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် ဘုရားသခင်ပေးထားသည့် သူ၏အသိဉာဏ်ကို အမှုအရာများ လုပ်ဆောင်ရာ၌ အသုံးချခဲ့သည်။ လူသားလုပ်သည့်အရာက ဘုရားသခင်၏အမြင်တွင် အပြုသဘောဆောင်လျှင် မည်သည့်အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် အတည်ပြု အသိအမှတ်ပြုပြီး လက်ခံသည်။ ဤသည်မှာ လူပုဂ္ဂိုလ်၊ သို့မဟုတ် ဝိညာဉ်ဆိုး သို့မဟုတ် စာတန်တို့က ပြုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ဤနေရာတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားတစ်ဦး သို့မဟုတ် စာတန်သည် မိမိရှေ့တည့်တည့်တွင် သူတို့ကို ကိုယ်စားပြုပြီး အမှုအရာများ ပြုလုပ်နေခြင်းကို လက်ခံပါ့ မည်လော။ လုံးဝလက်ခံမည် မဟုတ်ပေ။ သူတို့နှင့်မတူညီသည့် ထိုအဖွဲ့ သို့မဟုတ် ထိုလူပုဂ္ဂိုလ်ကို ရာထူးနေရာအတွက်နှင့် သူတို့တိုက်ခိုက်မည်လော။ တိုက်ခိုက်မည်မှာ အသေအချာ ပင်တည်း။ ထိုအချိန်၌ အာဒံနှင့်အတူရှိနေခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက် သို့မဟုတ် စာတန်သာဆိုလျှင် အာဒံလုပ်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ကြမည် ဖြစ်သည်။ သူတို့၌ တသီးတခြားတွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ပိုင် အသိဉာဏ်ရှိသည်ကို သက်သေပြဖို့ရန် အာဒံလုပ်သည့်အရာမှန်သမျှကို လုံးဝငြင်းပယ်ခဲ့ကြမည်ဖြစ်သည်။ “၎င်းကို ဤသို့သင်ခေါ်ချင်သလော။ ၎င်းကို ထိုသို့ ငါခေါ်မည်မဟုတ်။ ဤသို့သာ ငါခေါ်မည်။ ၎င်းကို သင်က တွမ်ဟုခေါ်သည်။ သို့သော် ငါမူကား ၎င်းကို ဟယ်ရီဟုခေါ်မည်။ ငါ၏ ဉာဏ်ထက်မြက်ခြင်းကို ငါကြွားရမည်။” ဤသည်မှာ မည်သို့သော သဘောသဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ အလွန်အမင်း မာနထောင်လွှားနေခြင်း မဟုတ်လော။ သို့ရာတွင် ဘုရားသခင်ထံ၌ ဤသို့သော စိတ်သဘောထားမျိုးရှိသလော။ အာဒံလုပ်သည့်အရာအပေါ်တွင် ထူးထူးခြားခြား ကန့်ကွက်ခြင်းမျိုး ဘုရားသခင်၌ ရှိခဲ့သလော။ မရှိဟု အတိအလင်းဖြေရပေမည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထား၌ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း သို့မဟုတ် မိမိသာမှန်ကန်သည်ဟူသည့်သဘောတို့ နည်းနည်းမျှ မပါဝင်ပေ။ ဤအချက်မှာ လုံးဝရှင်းသည်။ ဤသည်မှာ အသေးအဖွဲလေးသာ ရှိသေးသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကို သင်နားမလည်ပါက၊ သင့်နှလုံးသားသည် ဘုရားသခင်၏သဘောထားနှင့် ဘုရားသခင်ပြုမူပုံကို နားလည်ဖို့ မကြိုးစားပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ စိတ်သဘောထား ဖွင့်ပြချက်နှင့် ဖော်ပြချက်တို့ကို သင်သိမည် မဟုတ်ပေ။ ထိုသို့ဖြစ်သည်မဟုတ်လော။ သင့်ကိုငါ ယခုရှင်းပြခဲ့သည့်အရာကို သင်သဘောတူသလော။ အာဒံ၏လုပ်ရပ်များအပေါ်တွင် ဘုရားသခင်က “ကောင်းမွန်စွာ သင်ပြုခဲ့ပေသည်။ မှန်ကန်စွာ သင်ပြုခဲ့ပြီ။ ငါထောက်ခံသည်” ဟူ၍ ကျယ်လောင်စွာ မကြွေးကြော်ပေ။ သို့ရာတွင် သူ့နှလုံးသားတွင်း၌မူ အာဒံလုပ်ခဲ့သည့်အရာကို အတည်ပြုခြင်း၊ အသိအမှတ်ပြု တန်ဖိုးထားခြင်းနှင့် အတည်ပြုခြင်းတို့ ပြုခဲ့သည်။ ဤသည်မှာ ဖန်ဆင်းမှုပြီးကတည်းက ဘုရားသခင်၏ ညွှန်ကြားချက်အတိုင်း လူသားလုပ်ဆောင်သည့် ပထမဆုံးသောအရာဖြစ်သည်။ ဤသည်မှာ လူသားက ဘုရားသခင်၏ကိုယ်စား ဘုရားသခင်ကိုအစားပြုပြီး လုပ်ခဲ့သည့်အရာဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ဤသည်မှာ လူသားကို သူပေးသနားခဲ့သည့် အသိဉာဏ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် ၎င်းကို ကောင်းသောအရာ၊ အပြုသဘောဆောင်သောအရာအနေနှင့် မြင်ခဲ့သည်။ ထိုအချိန်က အာဒံပြုခဲ့သည့်အရာမှာ လူသားအပေါ်၌ ဘုရားသခင့် အသိဉာဏ်၏ ပထမဆုံးသော သရုပ်သကန်ပင်ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အမြင်အရ ကောင်းမွန်သည့် သရုပ်သကန်တစ်ခုဖြစ်ခဲ့သည်။ ဤအရာ၌ သင်တို့ကို ငါပြောချင်သည့် အရာမှာ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ့အသိဉာဏ်၏ အစိတ်အပိုင်းတစ်ခုအား လူသားကို ထည့်ပေးခြင်းက လူသားသည် ဘုရားသခင်ကို ပေါ်လွင်ထင်ရှား စေသည့် သက်ရှိသတ္တဝါဖြစ်နိုင်ရန်ဖြစ်သည်။ ထိုသက်ရှိ သတ္တဝါများသည် သူ့ကိုယ်စား အမှုအရာများကို ပြုလုပ်ခြင်းမှာ ဘုရားသခင်မြင်ချင်နေခဲ့သည့်အရာတစ်ခု ဖြစ်သည့်အတွက် ဖြစ်သည်။

၃။ ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို လုပ်ပေး၏

ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။

အာဒံက ဧဝကို နာမည်ပေးခြင်း၏နောက်ကွယ်၌ အဓိပ္ပာယ်တစ်ခုရှိနေခြင်းကို ဖော်ပြသည့် ဤတတိယ ကျမ်းပိုဒ်ကို ကြည့်ကြစို့။ ဟုတ်ပြီလော။ ဖန်ဆင်းခြင်းခံရပြီးနောက် အာဒံ၌ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှု ရှိခဲ့ပြီး အမှုအရာများကို သူနားလည်ခဲ့သည်ကို ဤအချက်က ပြသည်။ သို့ရာတွင် အာဒံသည် အဘယ်အရာများကို နားလည်ခဲ့သည် သို့မဟုတ် မည်မျှနားလည်ခဲ့သည်ကို ရှာဖွေလေ့လာမည်မဟုတ်ပေ။ အကြောင်းမှာ ထိုအရာသည် ဤတတိယကျမ်းပိုဒ်၌ ငါဆွေးနွေးလိုသည့် အဓိက အချက်မဟုတ်၍ဖြစ်သည်။ ဤသို့ဆိုလျှင် တတိယကျမ်းပိုဒ်၏ အဓိကအချက်က အဘယ်အရာနည်း။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့်စာကြောင်းကို ကြည့်ကြစို့။ ယနေ့ ကျမ်းစာ၏ ဤစာသားကို ငါတို့မိတ်သဟာယဖွဲ့ခြင်းမပြုလျှင် ဤစာလုံးများ၏နောက်ကွယ်က ဂယက်အနက်ကို သင်တို့ ဘယ်တော့မျှ နားလည်သိရှိမည် မဟုတ်ပေ။ ပထမဆုံး သဲလွန်စအချို့ ငါပေးမည်။ သင်တို့စိတ်ကူးကိုဖြန့်လျက် အာဒံနှင့်ဧဝ နေထိုင်သည့် ဧဒင်ဥယျာဉ်ကို ပုံဖော်ကြည့်ကြလော့။ ဘုရားသခင်က သူတို့ဆီကို လာရောက်လည်ပတ်သည်။ သို့ရာတွင် သူတို့က ကိုယ်လုံးတီးဖြစ်နေသည့်အတွက် ပုန်းနေကြသည်။ ဘုရားသခင်သည် သူတို့ကို မမြင်နိုင်ပေ။ ဘုရားသခင်က သူတို့ကို ခေါ်လိုက်သည့်အခါ “ကျွန်ုပ်တို့သည် ကိုယ်လုံးတီးဖြစ်နေသည့်အတွက် ကိုယ်တော်နှင့် မတွေ့ရဲပါ” ဟု သူတို့ပြောကြသည်။ သူတို့သည် ကိုယ်လုံးတီးဖြစ်နေ၍ ဘုရားသခင်နှင့်မတွေ့ရဲပေ။ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်က သူတို့အတွက် အဘယ်အရာကို လုပ်ပေးသနည်း။ မူရင်းစာသားက ဤသို့ဆိုသည်။ “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” သူတို့ကို အဝတ်လုပ်ပေးဖို့အတွက် အဘယ်အရာကို ဘုရားသခင်အသုံးပြုသည်ကို သင်တို့ ယခုသိကြသလော။ ဘုရားသခင်သည် သူတို့ကိုအဝတ်လုပ်ပေးရန်အတွက် တိရစ္ဆာန်သားရေကို အသုံးပြုခဲ့သည်။ တစ်နည်းအားဖြင့် လူသားအတွက် ဘုရားသခင်လုပ်ပေးသည့် အဝတ်အစားမှာ သားရေဝတ်လုံဖြစ်သည်။ ဤသည်မှာ လူသားအတွက် ဘုရားသခင်လုပ်ပေးခဲ့သည့် ပထမဆုံးသော အဝတ်အစား ဖြစ်သည်။ ယနေ့စံနှုန်းများအရ သားရေဝတ်လုံသည် အထက်တန်းစား အဝတ်အစားဖြစ်သည်။ လူတိုင်းမဝယ်နိုင်သည့် ပစ္စည်းဖြစ်သည်။ လူသားမျိုးနွယ်၏ဘိုးဘေးများ ဝတ်ခဲ့သည့် ပထမဆုံးအဝတ်အစားက အဘယ်အရာနည်းဟု တစ်ယောက်ယောက်က သင့်ကိုမေးလျှင် သားရေဝတ်လုံဟု သင်ဖြေနိုင်သည်။ ဤဝတ်လုံကို မည်သူလုပ်ခဲ့သနည်း။ ဘုရားသခင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု သင်ထပ်ပြီးဖြေနိုင်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ အဝတ်ကို ဘုရားသခင် လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သတိပြုစရာအချက်တစ်ခု မဟုတ်လော။ ယခု ငါရှင်းပြီးသွားသည့်အတွက် သင်တို့စိတ်ထဲ၌ ပုံစံတစ်ခု ပေါ်ထွက်မလာသလော။ အနည်းဆုံး အကြမ်းဖျင်း ပုံရိပ်အပြိန်းတော့ ရှိသင့်သည်။ ယနေ့ သင်တို့ကို ဤအရာ ပြောနေခြင်းမှာ လူသား၏ ပထမဆုံးအဝတ်က အဘယ်အရာဖြစ်သည်ကို သင်တို့ သိစေရန် မဟုတ်ပေ။ သို့ဆိုလျှင် ဆိုလိုရင်းက မည်သို့ဖြစ်သနည်း။ ဆိုလိုရင်းက သားရေဝတ်လုံမဟုတ်ပေ၊ ဘုရားသခင်က ဤအမှုအရာကို ပြုနေခဲ့သည့်အခါ သူဖော်ပြသည့် စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို မည်သို့သိနိုင်ပုံပင် ဖြစ်သည်။

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့် ဤရုပ်လွှာတွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိနေစဉ်၌ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုးမှာ ပါဝင်လှုပ်ရှားသနည်း။ လူသားနှစ်ဦးသာရှိသည့် ကမ္ဘာတွင် ဘုရားသခင်က မည်သည့်အခန်းကဏ္ဍတွင် ပေါ်ထွန်းလာသနည်း။ ဘုရားသခင်၏ အခန်းကဏ္ဍလော။ ဟောင်ကောင်မှ ညီအစ်ကိုမောင်နှမများ ကျေးဇူးပြု၍ ဖြေကြပါ။ (မိဘတစ်ဦး၏ အခန်းကဏ္ဍတွင်ဖြစ်ပါသည်။) တောင်ကိုရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမှ ပေါ်ထွန်းသည်ဟု သင်တို့ထင်သနည်း။ (မိသားစု၏ ဦးစီးအခန်းကဏ္ဍမှ ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုထဲရှိ သူတစ်ယောက်၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ယောက်၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်အဖြစ် ပေါ်ထွန်းသည်ဟုထင်ပြီး အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အချို့က မိဘအနေနှင့်ဟု ပြောသည်။ ဤအချက်အားလုံးသည် အင်မတန်မှ ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုချင်သည်မှာ အဘယ်အရာနည်း။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အဖော်များအဖြစ် ဆက်ဆံခဲ့သည်။ သူတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် သူတို့ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကြည့်ရှုစောင့်ရှောက်ပြီး သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ ဤနေရာတွင် ဘုရားသခင်က အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဘုရားသခင်က ဤသို့ပြုနေသည့်အခါတွင် ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏လျှို့ဝှက်နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏သောကနှင့် လူသားအပေါ် သူ၏တာဝန်နှင့် ဂရုစိုက်မှုတို့ကိုသာ လူက မြင်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံသည့်နည်းလမ်းနှင့် သဘောထားသည် လူသား မိဘများက သူတို့သားသမီးအပေါ် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ဤသည်မှာ လူသားမိဘများသည် သူတို့၏ကိုယ်ပိုင် သားများနှင့် သမီးများကို ချစ်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ဂရုစိုက်သည့်ပုံစံနှင့်လည်း ဆင်တူသည်။ စစ်မှန်၍ မြင်နိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်၏။ သူ့ကိုယ်သူ မြင့်မားပြီးအစွမ်းထက်သည့် နေရာတွင် ထားမည့်အစား ဘုရားသခင်သည် လူသားအတွက် အဝတ်ပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားရေဝတ်လုံက သူတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ သူတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အတိုပြောရလျှင် လူ့ကိုယ်ခန္ဓာကို ခြုံဖို့အသုံးပြုသည့် ဤအဝတ်အစားသည် ဘုရားသခင် ကိုယ်တိုင် သူ၏လက်နှင့်လုပ်ထားခြင်းဖြစ်သည်။ လူများ စိတ်ကူးထင်မြင်သကဲ့သို့ အတွေးနှင့် သို့မဟုတ် ထူးဆန်းသည့် နည်းလမ်းများနှင့် ဖန်ဆင်းလိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် မလုပ်နိုင်သည့်အရာ၊ မလုပ်သင့်သည့်အရာဟု ထင်ထားသည့်အရာတစ်ခုကို အမှန်တကယ် လုပ်ခဲ့သည်။ ဤသည်မှာ ပြောရန်ပင် မထိုက်ဟု အချို့က ထင်ကောင်းထင်နိုင်သည့် ရိုးရှင်းသောအရာ ဖြစ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်နောက်လိုက်သော်လည်း ယခင်က ဘုရားသခင်နှင့်ပတ်သက်ပြီး မပြတ်သားသည့် ယူဆချက်များနှင့်ပြည့်နေသူများ အားလုံးကို သူ၏စစ်မှန်ခြင်းနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းနှင့်ပတ်သက်၍ ထိုးထွင်းအမြင် ရစေသည့်အပြင်၊ သူ၏ သစ္စာရှိပြီး နှိမ့်ချသောသဘောကိုလည်း တွေ့မြင်စေသည်။ မိမိတို့ကိုယ်မိမိ မြင့်မားပြီး အစွမ်းရှိသည်ဟု ထင်နေကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့် လူများကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့၌ အရှက်ရလျက် သူတို့၏ထောင်လွှားသော ခေါင်းများကို ကိုင်းညွတ်စေသည်။ ဤနေရာတွင်၊ ဘုရားသခင်သည် မည်မျှချစ်ဖွယ်ဖြစ်သည်ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းက လူတို့ကို ပိုပြီးမြင်စေသည်။ ဆန့်ကျင်ဖက်အနေနှင့် လူသားများ၏နှလုံးသားထဲတွင်ရှိသည့် အလွန့်အလွန် ကြီးမားသည့် ဘုရားသခင်၊ ချစ်ဖွယ်ကောင်းသည့် ဘုရားသခင်နှင့် အနန္တတန်ခိုးကြီးသည့် ဘုရားသခင်သည် အလွန်သေးငယ်ကာ စိတ်ဝင်စားဖွယ်ရာမကောင်းဖြစ်ပြီး ထိုးနှက်မှု တစ်ချက်ကိုပင် မခံရပ်နိုင်ပေ။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ ဘုရားသခင်သည် ဤအရာမျိုးကိုလုပ်သည့်အတွက် သူ့ကို သင်အထင်သေးသလော။ အချို့လူများက အထင်သေးကောင်း အထင်သေးနိုင်သည်။ သို့ရာတွင် အခြားလူများအတွက်မူ လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု သူတို့ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှုပင် အတိအကျဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သောဘက်ကို သူတို့မြင်လေလေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏အရေးကြီးမှုနှင့် အချိန်တိုင်း၌ ဘုရားသခင်သည် သူတို့အနားမှာ ရှိနေပုံတို့ကို သူတို့ နားလည်လေလေဖြစ်သည်။

ဤနေရာတွင် ငါတို့၏ဆွေးနွေးမှုကို လက်ရှိအချိန်နှင့် ဆက်သွယ်သင့်သည်။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် အမျိုးမျိုးသော ဤအသေးအဖွဲအရာလေးများ၊ အချို့လူများအနေဖြင့် မတွေးဝံ့သည့် သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကိုပင် ဘုရားသခင်သည် လုပ်ပေးနိုင်လျှင်၊ ယနေ့ခေတ်လူများအတွက် ဤသို့သောအရာမျိုးကို ဘုရားသခင် လုပ်ပေးနိုင်သလော။ အချို့လူများက “လုပ်နိုင်သည်” ဟုပြောကြမည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ အနှစ်သာရသည် အတုမဟုတ်၍ဖြစ်သည်၊ သူ၏ချစ်ဖွယ်ကောင်းခြင်းက အတုမဟုတ်၍ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ဖြည့်စွက်ထားသည့်အရာ တစ်ခု မဟုတ်ဘဲ အချိန်၊ နေရာနှင့် ခေတ်ကာလများ ပြောင်းလဲမှုနှင့်အညီ ပြောင်းလဲသည့် အရာတစ်ခု လုံးဝမဟုတ်ပေ။ မထူးခြားသည့်အရာနှင့် အရေးမပါသည့်အရာဟု လူများထင်ကြသည့် အရာတစ်ခု၊ သေးငယ်လွန်းသဖြင့် ဘုရားသခင်မည်သည့်အခါမျှ ပြုလုပ်မည်ဟု လူတို့ထင်ပင် ထင်မထားသည့် အရာတစ်ခုကို ပြုလုပ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏စစ်မှန်ခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို အမှန်တကယ် ထင်ရှားပေါ်လွင် စေနိုင်သည်။ ဘုရားသခင်သည် ဟန်ပန်မများပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရမှာ ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ မာန သို့မဟုတ် ထောင်လွှားခြင်းတို့ မပါဝင်ပေ။ သူသည် မည်သည့်အခါမျှ မကြွားဝါဘဲ ကြွားဝါမည့်အစား၊ သစ္စာရှိခြင်း၊ စိတ်ရင်းအမှန်တို့ဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို ချစ်ခင်၍ စိုးရိမ်ပူပန်မှုပြကာ စောင့်ရှောက်ပြီး ဦးဆောင်လမ်းပြသည်။ လူများက ထိုအရာ၏မည်မျှကိုသာ နားလည်နိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဤအရာများကို တကယ်ပင် လုပ်နေသည်။ ဘုရားသခင်၌ ဤသို့သောအနှစ်သာရရှိသည်ကို သိခြင်းက သူ့အပေါ်ထားသည့် လူသားများ၏ ချစ်ခြင်းမေတ္တာ အပေါ် သက်ရောက်မှု ရှိနိုင်သလော။ ဘုရားသခင်အား သူတို့ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏ပုံစံအစစ်ကို နားလည်သောအခါ သူ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်ပြီး လူသားများပေါ်တွင်ထားသည့် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍စစ်မှန်စွာ နားလည်နိုင်မည်ဟု ငါမျှော်လင့်သည်။ တစ်ချိန်တည်းမှာပင် သင့်နှလုံးသားကို ဘုရားသခင်အား ပေးအပ်ပြီး သူ့အပေါ်တွင် ယုံမှားသံသယများ မရှိတော့ဖို့ ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် အရာအားလုံးကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည်။ အားလုံးကို သူ၏စိတ်ရင်းအမှန်၊ သစ္စာရှိမှု၊ ချစ်ခြင်းမေတ္တာတို့နှင့် တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည်။ သို့သော် ဘုရားသခင်သည် သူလုပ်သည့် အရာများအားလုံးအပေါ်တွင် ပူပန်ကြောင့်ကြခြင်း သို့မဟုတ် နောင်တရခြင်းတို့ မည်သည့်အခါမျှ မရှိသကဲ့သို့ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ မည်သည့်အခါမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်စုံတစ်ခုရဖို့ ရည်ရွယ်ချက်များလည်း မရှိခဲ့ပေ။ သူလုပ်ခဲ့သည့်အရာများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် သစ္စာနှင့် ချစ်ခြင်းမေတ္တာကို သူလက်ခံရရှိနိုင်ရန်ဖြစ်သည်။ ပထမခေါင်းစဉ်ကို ဤနေရာတွင် အဆုံးသတ်လိုက်ကြစို့။

ဤဆွေးနွေးမှုများက သင်တို့ကို အထောက်အကူ ဖြစ်စေသလော။ မည်မျှထိ အထောက်အကူ ဖြစ်စေသနည်း။ (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ ပိုနားလည်ကာ သိရှိလာပါသည်။) (အနာဂတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာ၍ နားလည်ရန်၊ ဘုရားသခင်၌ ရှိခဲ့သည့် စိတ်ခံစားမှုများနှင့် အမှုအရာများကို သူပြောခဲ့သည့်အခါ ထိုအရာများ၏ နောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်ရန်နှင့် ထိုအချိန်က သူမည်သည့်အရာကို ခံစားခဲ့ရသည်ဆိုသည်ကိုသိရန် ဤကဲ့သို့ ဆွေးနွေးပုံ ဆွေးနွေးနည်းက ကျွန်ုပ်တို့ကို ကူညီပေးပါသည်။) ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက် ဘုရားသခင်၏ အမှန်တကယ် တည်ရှိမှုကို သင်တို့အထဲမှ တစ်ဦးဦးကများ သာ၍ခံစားသိရှိသလော။ ဘုရားသခင်၏တည်ရှိမှုသည် အနှစ်မဲ့ခြင်း သို့မဟုတ် မရေရာခြင်း မရှိတော့ဟု ခံစားရသလော။ သင်တို့၌ ဤခံစားချက်များ ရှိလာသည်နှင့် ဘုရားသခင်သည် သင်တို့၏ဘေး၌ ရှိနေသည်ကို သင်တို့ ခံစားရသလော။ ခံစားနားလည်မှုက ယခုအချိန်၌ သိသာမှု မရှိနိုင်သေးခြင်း သို့မဟုတ် ထိုအရာကို မခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တစ်နေ့တွင် သင့်နှလုံးသား၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို နက်ရှိုင်းစွာ သဘောပေါက်ပြီး စစ်မှန်သည့် အသိရှိလာသည့်အခါ ဘုရားသခင်သည် သင့်ဘေးနား၌သာ ရှိနေသည်ကို သင်ခံစားရလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်ကို သင့်နှလုံးသားထဲတွင် စစ်မှန်စွာလက်မခံသေးခြင်းသာဖြစ်သည်။ ဤသည်မှာ ဧကန်အမှန်ပင် ဖြစ်၏။

ဤဆွေးနွေးခြင်း နည်းလမ်းကို သင်တို့ မည်သို့ထင်သနည်း။ သင်တို့ အမီလိုက်နိုင်သလော။ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ စိတ်သဘောထား အကြောင်းအရာအပေါ် ဤမိတ်သဟာယဖွဲ့ ဆွေးနွေးသည့်ပုံစံက အလွန် လေးလံနေသည်ဟု ထင်သလော။ သင်မည်သို့ခံစားခဲ့ရ သနည်း။ (အင်မတန် ကောင်းပါသည်။ စိတ်လှုပ်ရှားပါ၏။) မည်သည့်အရာက သင်တို့ကို ကောင်းသည်ဟု ခံစားရသနည်း။ အဘယ်ကြောင့် စိတ်လှုပ်ရှားခဲ့ကြသနည်း။ (ဧဒင်ဥယျာဉ်ထဲသို့ ပြန်သွားရသကဲ့သို့၊ ဘုရားသခင်၏ထံပါးသို့ ပြန်ရောက်နေ သကဲ့သို့ ဖြစ်ပါ၏။) “ဘုရားသခင်၏ စိတ်သဘောထား” သည် စင်စစ်အားဖြင့် အယောက်တိုင်းအတွက် အလွန်ပင် မရင်းနှီးသည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုလျှင် သင်စိတ်ကူးနေကျအရာ၊ စာအုပ်များ၌ သင်ဖတ်နေကျအရာ၊ သို့မဟုတ် မိတ်သဟာယဖွဲ့ပွဲများ၌ သင်ကြားနေကျအရာများက သင့်အား ဆင်တစ်ကောင်ကို ထိတွေ့နေသည့် မျက်ကန်း တစ်ယောက်ကဲ့သို့ ခံစားရသောကြောင့်ဖြစ်သည်။ သင်သည် သင့်လက်နှင့်သာ လိုက်စမ်းနေခြင်း ဖြစ်ပြီး သင့်မျက်စိနှင့် မည်သည့်အရာကိုမျှ အမှန်တကယ် မမြင်ရပေ။ “လက်နှင့်ထိတွေ့ခြင်း” က ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံ ပုံကြမ်းကို သင့်အား မပေးနိုင်ပေ။ ရှင်းလင်းသည့် အယူအဆဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို သင့်အနေဖြင့် တိတိကျကျ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ရန် သင့်ထံသို့ ၎င်းသာ၍ယူဆောင်လာသည်မှာ စိတ်ကူးစိတ်သန်းသာဖြစ်သည်။ ထိုအစား သင်၏ စိတ်ကူးစိတ်သန်းမှ ထွက်ပေါ်လာသည့် ဤမသေချာသည့်အချက်များက သင်၏နှလုံးသားကို သံသယများနှင့် ပြည့်နေစေပုံရသည်။ သင့်အနေဖြင့် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး မသေချာသော်လည်း နားလည်အောင် ကြိုးစားနေဆဲဆိုလျှင် သင်၏နှလုံးသားထဲတွင် ကွဲလွဲခြားနားခြင်းများနှင့် ဝိရောဓိတို့ အမြဲရှိနေမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ယင်းက သင့်ကို ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်စေကာ အနှောင့်အယှက်တစ်ခုအဖြစ်သို့ပင် ဖြစ်သွား နိုင်သည်။ ဘုရားသခင်ကို သင်ရှာဖွေချင်သည့်အခါ၊ ဘုရားသခင်ကို သိလိုသည့်အခါ၊ သူ့ကို ရှင်းလင်းစွာ မြင်လိုသည့်အခါများတွင် အဖြေများကို အမြဲရှာမတွေ့နိုင် ဖြစ်နေသည်မှာ အင်မတန် ခဲကတ်လှသည် မဟုတ်လော။ မှန်ပေသည်၊ ဤနှုတ်ကပတ်တော်များက ဘုရားသခင်ကို ရိုသေလေးမြတ်ရန် ကြိုးစားခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေရန် ဆန္ဒရှိသည့်သူများကိုသာ ရှေးရှုထားခြင်း ဖြစ်သည်။ ဤသို့သောအရာများအပေါ် လုံးဝ အလေးမထားသည့် သူများအတွက်မူ ဤအရာသည် စင်စစ်အားဖြင့် အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စစ်မှန်မှုနှင့် တည်ရှိမှုက ယုံတမ်းစကားတစ်ခု သို့မဟုတ် စိတ်ကူးယဉ်သက်သက်သာ ဖြစ်လျှင် အကောင်းဆုံးဖြစ်သည်ဟု သူတို့ မျှော်လင့် နေကြသည့်အတွက်ဖြစ်သည်။ ထိုသို့အားဖြင့် သူတို့လုပ်ချင်တာ လုပ်နိုင်ရန်၊ သူတို့သည် အကြီးမားဆုံးနှင့် အရေးကြီးဆုံးဖြစ်ရန်၊ အကျိုးဆက်များကို အလေးမထားဘဲ မကောင်းမှုများကို ကျူးလွန်နိုင်ရန်၊ သူတို့ အပြစ်ဒဏ်ပေးခြင်းကို မရင်ဆိုင်ရရန် သို့မဟုတ် တာဝန်ယူစရာမလိုရန်၊ မကောင်းမှုပြုသူများ နှင့်ပတ်သက်၍ ဘုရားသခင်ပြောသည့်အရာများပင်လျှင် သူတို့နှင့် သက်ဆိုင်ခြင်းမရှိတော့ရန် ဖြစ်သည်။ ဤလူများသည် ဘုရားသခင်၏စိတ်သဘောထားကို နားလည်ဖို့ ဆန္ဒမရှိကြပေ။ သူတို့သည် ဘုရားသခင်နှင့် သူနှင့်သက်ဆိုင်သည့်အရာ အားလုံးကို သိဖို့ရန်ကြိုးစားခြင်းကို မောပန်းစိတ်ကုန်နေ ကြသည်။ ဘုရားသခင် မတည်ရှိခြင်းကိုသာ သူတို့ပိုပြီးနှစ်သက် ကြသည်။ ဤလူများသည် ဘုရားသခင်ကိုဆန့်ကျင်ကြပြီး သုတ်သင်ဖယ်ရှင်းခံရမည့်သူများက သူတို့သာဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။