အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄) (အပိုင်း တစ်)

ယနေ့ အထူးအကြောင်းအရာတစ်ခုအပေါ် ငါတို့ ပြောဆိုကြမည်။ ယုံကြည်သူအယောက်ချင်းစီတိုင်းအတွက် သိသင့်၊ တွေ့ကြုံခံစားသင့်၍ နားလည်သင့်သည့်အဓိကအရာ နှစ်ခုသာရှိပြီး ထိုအရာနှစ်ခုမှာ မည်သည်တို့နည်း။ ပထမမှာ လူတို့ကိုယ်တိုင်ကိုယ်ကျ အသက်တာ ဝင်ရောက်မှုဖြစ်၍ ဒုတိယမှာ ဘုရားသခင်ကိုသိခြင်းနှင့် သက်ဆိုင်၏။ လတ်တလော ငါတို့ပြောဆိုနေခဲ့သည့် ဘုရားသခင်ကိုသိခြင်းအကြောင်းမှာ ရယူနိုင်သည်ဟု သင်တို့ထင်သလော။ ၎င်းအား လူအများစု လက်လှမ်းမမီဟုပြော၍ ရနိုင်ပါသည်။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံယုံကြည်ကောင်း ယုံကြည်နိုင်မည်မဟုတ်။ ငါ ဤသို့ အဘယ်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါယခင်ကပြောနေခဲ့သည့်အရာကို သင်တို့နားထောင်နေစဉ်က ငါမည်သို့ပြောဆိုခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်စကားလုံးများဖြင့် ပြောဆိုခဲ့သည်ဖြစ်စေ၊ သင်တို့သည် ငါပြောနေခဲ့သည်များကို တစ်လုံးစီတိုက်ရိုက်နှင့် သဘောတရားအားဖြင့် သိနေခဲ့၏။ သို့သော် သင်တို့နှင့်ပတ်သက်၍ လွန်စွာလေးနက်သည့် ပြဿနာတစ်ရပ်မှာ ငါဤအရာများကို၊ ဤအကြောင်းအရာများကို အဘယ်ကြောင့်ပြောခဲ့သည်ကို သင်တို့နားမလည်ခဲ့ပေ။ ဤသည်မှာ ဤပြဿနာ၏ အခရာပင်ဖြစ်သည်။ ထို့ကြောင့် ဤအရာများကိုကြားခြင်းသည် ဘုရားသခင်နှင့် ၎င်း၏လုပ်ဆောင်ချက်များကို သင်တို့နားလည်မှု တိုး၍ ကြွယ်ဝစေခဲ့သော်လည်း သင်တို့သည် ဘုရားသခင်ကိုသိရာ၌ အခက်အခဲရှိနေဆဲဖြစ်သည်။ ငါပြောခဲ့သည့်အရာကို ကြားပြီးနောက် သင်တို့အများစုသည် ငါအဘယ်ကြောင့် ဤအရာကိုပြောခဲ့သည်နှင့် ၎င်းသည် ဘုရားသခင်ကိုသိခြင်းနှင့် မည်သို့ဆက်စပ်နေသည်ကို နားမလည်ကြပေ။ ဘုရားသခင်ကိုသိခြင်းနှင့် ၎င်း၏ဆက်စပ်မှုကို သင်တို့နားလည်နိုင်စွမ်းမရှိခြင်း အကြောင်းရင်းမှာ သင်တို့၏ဘဝအတွေ့အကြုံသည် အပေါ်ယံဆန်လွန်း၍ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် လူတို့၏သိခြင်းနှင့် လူတို့၏အတွေ့အကြုံသည် လွန်စွာပေါ့တန်သည့် အဆင့်တွင်ရှိနေပါက ဘုရားသခင်အပေါ်၎င်းတို့၏သိခြင်း အများစုသည် မသဲကွဲဘဲ စိတ်ကူးသက်သက်သာ ရှိမည်ဖြစ်၏။ ၎င်းသည် အခြေခံမျှသာဖြစ်ပြီး အယူဝါဒဆိုင်ရာနှင့် သဘောတရားဆိုင်ရာ ဖြစ်နေလိမ့်မည်။ သဘောတရားအရ ၎င်းသည် အကျိုးအကြောင်းဆီလျော်၍ ဆင်ခြင်တုံတရားနှင့် ကိုက်ညီပုံပေါက်သော်လည်း လူအများစု၏နှုတ်များမှ ထွက်လာသည့် ဘုရားသခင်ကို သိခြင်းသည် အနှစ်သာရကင်းမဲ့၏။ ၎င်းသည် အနှစ်သာရကင်းမဲ့သည်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် ဘုရားသခင်ကိုသိခြင်းအကြောင်း သင်၏နှုတ်မှလာသည့် စကားများသည် မှန်မမှန်၊ တိကျခြင်းရှိမရှိကို သင်၏နှလုံးသားများတွင် သင်မရှင်းလင်း၍ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ဘုရားသခင်ကိုသိခြင်းအကြောင်း အချက်အလက်များနှင့် အကြောင်းအရာများစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ဘုရားသခင်ကို ၎င်းတို့သိခြင်းသည် သဘောတရားနှင့် မသဲကွဲသော ယေဘုယျ အယူဝါဒထက် ကျော်လွန်ပြီးခြင်း မရှိသေးပေ။ ထို့ကြောင့် ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်မည်နည်း။ ဤအကြောင်း သင်တို့စဉ်းစားခဲ့ဖူးသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားလိုက်စားခြင်း မပြုပါက ၎င်းတွင် စစ်မှန်မှုရှိနိုင်မည်လော။ တစ်စုံတစ်ဦးသည် သမ္မာတရားလိုက်စားခြင်း မပြုပါက ထိုသူသည် စစ်မှန်မှု ရှိမည် မဟုတ်သည်မှာ မလွဲမသွေပင်ဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်း ရှိမည်မဟုတ်သည်မှာ သေချာ၏။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မသိသူများသည် ဘုရားသခင်အား သိကျွမ်းနိုင်မည်လော။ လုံးဝ မသိကျွမ်းနိုင်ပေ။ ၎င်းတို့နှစ်ခုသည် အချင်းချင်းဆက်စပ်နေကြ၏။ ထို့ကြောင့် လူအများစုက “ဘုရားသခင်ကိုသိခြင်းသည် အဘယ်ကြောင့် ဤမျှခက်ခဲနေရသနည်း။ မိမိကိုယ်ကိုယ် သိခြင်းအကြောင်း ပြောသည့်အခါ နာရီများစွာကြာအောင်ပြောနိုင်သော်လည်း ဘုရားသခင်ကို သိခြင်းအကြောင်း ပြောသည့်အခါ အဘယ်ကြောင့် ပြောစရာစကား ရှာမရဖြစ်ရသနည်း။ အနည်းငယ်ပြောနိုင်ပင်လျှင် ၎င်းမှာ မရမက ပြောရခြင်းဖြစ်ကာ ပျင်းစရာကောင်း၏။ မိမိပြောသည်ကို ကြားရသည့်အခါ အချိုးမကျပင်ဖြစ်နေ၏။” ဟုပြောကြခြင်းဖြစ်သည်။ ဤသည်မှာ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းသည် ခက်ခဲလွန်းသည်၊ ပင်ပန်းလွန်းသည်၊ ပြောစရာဘာမျှမရှိ၊ ပြောဆိုရန်နှင့် သူတပါးနှင့် သင့်ကိုယ်သင်အား ထောက်ပံ့ပေးရန် စစ်မှန်သည့်အရာ ဘာမျှမရှိဟု သင်ခံစားရပါက သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခဲ့ဖူးသူတစ်ဦး မဟုတ်သည်ကို ဤအရာမှ သက်သေပြ၏။ မည်သည်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြချက်ပင် မဟုတ်လော။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခဲ့ဖူးခြင်း မရှိပါက ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို သင်သိနိုင်မည်လော။ မသိသည်မှာ သေချာ၏။ ဤအရာများအားလုံးသည် အချင်းချင်းဆက်စပ်နေကြ၏။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် တွေ့ကြုံခံစားခဲ့ဖူးခြင်း မရှိပါက သင်သည် ဘုရားသခင်၏အလိုတော်ကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ဘဲ သူ၏စိတ်သဘောထား၊ သူနှစ်သက်သည့်အရာ၊ သူစက်ဆုပ်သောအရာများ၊ လူသားအတွက်သူ၏ သတ်မှတ်ချက်များ၊ ကောင်းသောသူတို့နှင့် ဆိုးယုတ်သောသူတို့အပေါ် သူ၏သဘောထားကို သိမည်မဟုတ်ပေ။ ဤအရာအားလုံးသည် ဒွိဟဖြစ်စေပြီး သင့်အတွက် ရှင်းလင်းမှုမရှိမည်မှာ သေချာ၏။ ဤသို့သော မရှင်းလင်းမှုအလယ်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်သည် သမ္မာတရားလိုက်စား၍ ဘုရားသခင်နောက်လိုက်သူများထဲမှ တစ်ဦးဖြစ်သည်ဟု သင်ဆိုသည့်အခါ ၎င်းစကားများသည် လက်တွေ့ကျပါမည်လော။ လက်တွေ့မကျပါ။ ထို့ကြောင့် ဘုရားသခင်ကိုသိခြင်းအကြောင်း ငါတို့ ဆက်၍ပြောဆိုကြစို့။

ငါတို့ယနေ့ပြောဆိုမည့်အကြောင်းအရာကို ကြားရန် သင်တို့အားလုံး စိတ်ထက်သန်လျက်ရှိသည်မှာ မှန်သည်မဟုတ်လော။ ယနေ့ ငါတို့ပြောဆိုမည့်အကြောင်းအရာသည် လတ်တလော ငါတို့ပြောဆိုနေခဲ့ကြသည့် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်” ဟူသည့် အကြောင်းအရာနှင့်လည်း ဆက်စပ်နေ၏။ ဘုရားသခင်ဖန်ဆင်းခဲ့သော ဤဂြိုဟ်တွင် လူသားတို့ တည်ရှိနိုင်ရန် ဘုရားသခင်မှ အရာခပ်သိမ်းအပေါ် အုပ်စိုးပုံ၊ အရာခပ်သိမ်းအား မည်သည့်နည်းလမ်းဖြင့် အုပ်စိုးသည်နှင့် မည်သည့် အခြေခံသဘောတရားများဖြင့် အုပ်စိုးသည်တို့ကို လူတို့အားအသိပေးရေးအတွက် ကွဲပြားသော နည်းနာများနှင့် ရှုထောင့်များကို အသုံးပြုရန်ရည်ရွယ်ထားသည့် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်” အကြောင်းကို ငါတို့ များစွာ ပြောခဲ့ပြီးဖြစ်သည်။ ငါတို့သည် ဘုရားသခင်မှ လူသားမျိုးနွယ်အား ထောက်ပံ့ပေးပုံ၊ လူသားမျိုးနွယ်အား မည်သည့်နည်းလမ်းဖြင့် ထောက်ပံ့ပေးသည်၊ မည်သို့သော အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုးထောက်ပံ့ပေးသည်နှင့် လူသားအတွက် တည်ငြိမ်သည့် အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်အား မည်သည့် နည်းလမ်း၊ မည်သည့် တွန်းအားတို့ဖြင့် ထောက်ပံ့ပေးသည်ကိုလည်း များစွာပြောခဲ့ပြီးဖြစ်သည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု၊ အရာခပ်သိမ်းအပေါ်သူ၏စီမံအုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုတို့အကြား ဆက်စပ်မှုအကြောင်း ငါတိုက်ရိုက် မပြောခဲ့သော်လည်း သူသည် အရာခပ်သိမ်းအား အဘယ်ကြောင့် ဤနည်းဖြင့် စီမံအုပ်ချုပ်သည်နှင့် လူသားမျိုးနွယ်အား အဘယ်ကြောင့် ဤနည်းဖြင့် ထောက်ပံ့ပေး၍ အာဟာရဖြစ်စေသည်ကို ငါသွယ်ဝိုက်၍ ပြောခဲ့၏။ ၎င်းတို့အားလုံးမှာ ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်၏။ ငါတို့ပြောဆိုမှုတွင် ပါဝင်သည့်အကြောင်းအရာမှာ ပတ်ဝန်းကျင်ကြီးတစ်ရပ်လုံးမှ လူတို့၏အခြေခံလိုအပ်ချက်များနှင့် အစားအစာကဲ့သို့ သာ၍သေးငယ်သောအရာများအထိ၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်အုပ်ချုပ်၍ ၎င်းတို့အား စနစ်တကျပုံစံဖြင့် လည်ပတ်စေပုံမှစ၍ လူမျိုးတိုင်းမှ လူတိုင်းအတွက် သူဖန်ဆင်းခဲ့သော မှန်ကန်၍သင့်တော်သည့် အသက်ရှင်နေထိုင်မှုပတ်ဝန်းကျင်အထိစသည်ဖြင့် လွန်စွာကျယ်ပြန့်၏။ ဤကျယ်ပြန့်သည့်အကြောင်းအရာအားလုံးသည် ဇာတိပကတိ၌ လူသားနေထိုင်ပုံနှင့် ဆက်စပ်၏။ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် ပကတိမျက်စိဖြင့်မြင်နိုင်၍ ဥပမာ တောင်များ၊ မြစ်များ၊ သမုဒ္ဒရာများ၊ လွင်ပြင်များစသည့် လူတို့ ခံစားနိုင်သည့် ရုပ်ဝတ္ထုလောက၏အရာများနှင့် ဆက်စပ်နေ၏။ ဤအရာအားလုံးသည် မြင်နိုင်၊ ကိုင်နိုင်သောအရာများ ဖြစ်ကြ၏။ ငါသည် လေနှင့် အပူချိန်အကြောင်း ပြောသောအခါ သင်တို့သည် လေ၏တည်ရှိမှုကို တိုက်ရိုက်ခံစားရန် သင်တို့၏ ထွက်သက်ဝင်သက်ကို အသုံးပြုနိုင်ကာ အပူချိန် မြင့်သည်၊ နိမ့်သည်ကို ခံစားရန် သင်၏ကိုယ်ခန္ဓာကို အသုံးပြုနိုင်၏။ သစ်ပင်များ၊ မြက်ပင်များနှင့် တောများထဲရှိ ငှက်များနှင့် သားရဲများ၊ ကောင်းကင်တွင် ပျံသည့်အရာများနှင့် မြေကြီးပေါ် လျှောက်သည့်အရာများနှင့် တိရစ္ဆာန်တွင်းများမှ ထွက်လာသည့် တိရစ္ဆာန်အကောင်ငယ်ကလေးအမျိုးမျိုးတို့ အားလုံးကို လူတို့၏ ကိုယ်ပိုင်မျက်လုံးများနှင့်မြင်နိုင်၍ ၎င်းတို့၏ ကိုယ်ပိုင်နားများနှင့် ကြားနိုင်ကြသည်။ ဤသို့သောအရာများ၏အတိုင်းအတာသည် ကျယ်ပြန့်သော်လည်း အရာခပ်သိမ်းအကြား ၎င်းတို့သည် ရုပ်ဝတ္ထုလောကကိုသာ ကိုယ်စားပြု၏။ ရုပ်ဝတ္ထုများသည် လူတို့မြင်နိုင်၍ ခံစားနိုင်သော အရာများဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့ကို သင်ကိုင်တွယ်ထိတွေ့သောအခါ သင်သည် ၎င်းတို့ကို ခံစားရမည်၊ ထို့အပြင် သင်၏မျက်လုံးများက ၎င်းတို့ကို မြင်သည့်အခါ သင်၏ဦးနှောက်သည် သင့်အား ပုံရိပ်တစ်ခု၊ ရုပ်ပုံတစ်ခု ပေးလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်၍ အမှန်တကယ်ရှိကြ၏၊ သင့်အတွက် ၎င်းတို့သည် စိတ်ကူးသက်သက် မဟုတ်ဘဲ ပုံသဏ္ဌာန်ရှိ၏၊ ၎င်းတို့သည် စတုရန်းပုံ သို့မဟုတ် အဝိုင်း၊ သို့မဟုတ် အမြင့် သို့မဟုတ် အနိမ့် ဖြစ်နိုင်ကြ၏၊ ထို့အပြင် ၎င်းတို့တစ်ခုစီသည် သင့်အား ကွဲပြားသည့်ထင်မြင်ချက် တစ်ခုပေး၏။ ဤအရာအားလုံးသည် အရာခပ်သိမ်း၏ ရုပ်ဝတ္ထုပိုင်းကို ကိုယ်စားပြုကြ၏။ ထို့ကြောင့် ဘုရားသခင်အတွက် “အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု” တွင် ပါဝင်သည့် “အရာခပ်သိမ်းများ” မှာ အဘယ်အရာများနည်း။ ၎င်းတို့တွင် လူတို့မြင်တွေ့၊ ထိတွေ့နိုင်သည့်အရာများ ပါဝင်သည်သာမက မမြင်တွေ့၊ မထိတွေ့နိုင်သော အရာများပါ ပါဝင်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အုပ်စိုးမှု၏ စစ်မှန်သော အဓိပ္ပာယ်များအနက် တစ်ခုဖြစ်သည်။ လူတို့အဘို့ ဤအရာများကို မမြင်နိုင်၊ မကိုင်နိုင်ကြသော်လည်း ဘုရားသခင်အတွက်မူ ဤတို့ကို သူ၏မျက်လုံးများနှင့် ကြည့်ရှုနိုင်၍ သူ၏အချုပ်အခြာအာဏာ အတိုင်းအတာအတွင်း ရှိနေသမျှ ၎င်းတို့အမှန်တကယ်ပင် တည်ရှိကြသည်။ လူသားအတွက် ၎င်းတို့သည် စိတ်ကူးသက်သက်ဖြစ်၍ မတွေးတတ်အောင်ဖြစ်သည့်အပြင် ၎င်းတို့သည် မြင်၍၊ ကိုင်၍ မရသော်လည်း ဘုရားသခင်အတွက်မူ ၎င်းတို့သည် အကယ်စင်စစ်၊ အမှန်တကယ် တည်ရှိကြသည်။ ယင်းမှာ ဘုရားသခင် အုပ်စိုးသည့် အရာခပ်သိမ်း၏ အခြားသော လောကဖြစ်ပြီး၊ ဘုရားသခင် အုပ်ချုပ်သော အရာခပ်သိမ်းတို့အတိုင်းအတာ၏ အစိတ်အပိုင်း နောက်တစ်ခုဖြစ်၏။ ၎င်းသည် ငါတို့ယနေ့ ပြောဆိုမည့် အကြောင်းအရာ၊ ဘုရားသခင်မှ ဝိညာဉ်လောကကို အုပ်ချုပ်၍ စီမံအုပ်ချုပ်ပုံဖြစ်သည်။ ဤအကြောင်းအရာသည် ဘုရားသခင်မှ အရာခပ်သိမ်းကို အုပ်ချုပ်၍ စီမံခန့်ခွဲပုံနှင့် ပတ်သက်သဖြင့်၊ ၎င်းသည် ရုပ်ဝတ္ထုလောက၏ပြင်ပမှ လောကဖြစ်သည့် ဝိညာဉ်လောကနှင့် သက်ဆိုင်၏။ ထို့ကြောင့် ၎င်းကို ငါတို့ နားလည်ရန် အစွမ်းကုန်လိုအပ်၏။ ပါဝင်သော ဤအကြောင်းအရာကို ပြောဆိုကာ နားလည်ပြီး နောက်မှသာ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်” ဟူသော နှုတ်ကပတ်တော်၏ စစ်မှန်သောအဓိပ္ပာယ်ကို လူတို့ အမှန်တကယ်နားလည်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ငါတို့ ဤအကြောင်းအရာကို ပြောဆိုဆွေးနွေးကြမည့်အကြောင်းရင်းဖြစ်သည်။ ထို့အပြင် ဤအကြောင်းအရာ၏ရည်ရွယ်ချက်မှာ “ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုး၍ အရာခပ်သိမ်းကို စီမံခန့်ခွဲ၏” ဟူသော အဓိကဆိုလိုရင်းကို စုံလင်စေရန်ဖြစ်သည်။ သင်တို့သည် ဤအကြောင်းအရာကို ကြားသည့်အခါ သင်တို့အတွက် ထူးခြားသည်ဟုသော်လည်းကောင်း၊ ယုံနိုင်ဖွယ်မရှိဟုသော်လည်းကောင်း ခံစားကောင်း ခံစားနိုင်သည်။ သို့သော် သင်တို့မည်သို့ပင် ခံစားရသည်ဖြစ်စေ၊ ဝိညာဉ်လောကသည် ဘုရားသခင်အုပ်ချုပ်သည့် အရာခပ်သိမ်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သောကြောင့် သင်တို့သည် ဤအကြောင်းအရာအကြောင်း တစ်စုံတစ်ခုကို သင်ယူကြရမည်။ သင်တို့သင်ယူပြီးသည့်နောက် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်သည်” ဟူသော နှုတ်ကပတ်တော်တို့အပေါ် သင်တို့ သာ၍နက်နဲသည့် သဘောပေါက်မှု၊ နားလည်မှုနှင့် အသိတို့ ရှိကြလိမ့်မည်။

ဝိညာဉ်လောကအပေါ် ဘုရားသခင်မှ အုပ်ချုပ်၍ စီမံခန့်ခွဲပုံ

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် သဘာဝဖြစ်စဉ်များကို နားမလည်ပါက သက်ဆိုင်ရာအချက်အလက်များကို ၎င်းတို့ ရှာဖွေနိုင်ကြသည်။ သို့မဟုတ်ပါက ၎င်းတို့၏မူရင်းဇစ်မြစ်နှင့် ၎င်းတို့၏နောက်ခံဇာတ်လမ်းကိုသိရန် လမ်းကြောင်းအမျိုးမျိုး အသုံးပြုနိုင်၏။ သို့သော် ငါတို့ယနေ့ပြောဆိုနေကြသည့် အခြားလောက၊ ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉ်လောကနှင့်ပတ်သက်၍မူ လူတို့သည် ၎င်းအကြောင်း တစ်စုံတစ်ရာသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏လောကတွင် ရုပ်ဝတ္ထုလောက၏အရာခပ်သိမ်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲခြား၍မရပေ။ ထို့အပြင် ရုပ်ဝတ္ထုလောကမှ အရာခပ်သိမ်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တို့မှ ခွဲခြား၍မရဟု လူတို့ထင်မြင်ကြသဖြင့် လူအများစုသည် ၎င်းတို့၏မျက်စိရှေ့မှောက်ရှိ အရာဝတ္ထုများ၊ ၎င်းတို့မြင်နိုင်သည့်အရာများကိုသာ သိကြ၊ မြင်ကြသည်။ သို့ရာတွင် ဝိညာဉ်လောကနှင့်၊ ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာခပ်သိမ်းနှင့် ပတ်သက်၍မူ လူအများစုသည် မယုံကြည်ဟုဆိုပါက မှန်ပေသည်။ ဤသည်မှာ လူတို့သည် ၎င်းကို မမြင်နိုင်သောကြောင့်ဖြစ်ကာ ၎င်းကို နားလည်ရန်မလို၊ ၎င်းအကြောင်း တစ်စုံတစ်ရာ သိရန်မလို၊ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကမှ လုံးဝကွဲပြားပုံကို ဘာမျှပြောရန်မလိုဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်။ ဘုရားသခင်အတွက် ၎င်းသည် ပွင့်လျက်ရှိသော်လည်း လူသားမျိုးနွယ်အတွက် ၎င်းသည် ကွယ်ဝှက်လျက်ရှိကာ ပွင့်လျက် မရှိပေ။ ထို့ကြောင့် လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်ရန် လမ်းကြောင်းတစ်ရပ် ရှာဖွေတွေ့ရှိရေးအတွက် အခက်အခဲရှိပေသည်။ ငါပြောမည့် ဝိညာဉ်လောကအကြောင်း ကွဲပြားသောလက္ခဏာများမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာပိုင်သမှုတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် နက်နဲသောအရာများကို ထုတ်ဖော်မည်မဟုတ်သကဲ့သို့ သင်တို့သိလိုသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သဖြင့် သင်တို့သိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမအနေနှင့် သင်တို့အား ငါမေးခွန်းတစ်ခု မေးမည်။ သင်တို့၏စိတ်တွင် ဝိညာဉ်လောကဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောက၊ လူတို့မမြင်နိုင်၊ မထိတွေ့နိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏စိတ်ကူးတွင် ဝိညာဉ်လောကသည် မည်သို့သော လောကမျိုး ဖြစ်သင့်သနည်း။ ၎င်းကို မမြင်နိုင်သည် အကျိုးဆက် အနေဖြင့် သင်တို့သည် ၎င်းကို စိတ်ကူးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် သင်တို့သည် ၎င်း၏ဒဏ္ဍာရီပုံပြင်များ ကြားသည့်အခါ သင်တို့သည် စဉ်းစားဆဲဖြစ်ကာ သင်တို့ကိုယ်သင်တို့ ရပ်တန့်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ငါသည် ဤသည်ကို အဘယ်ကြောင့်ပြောသနည်း။ များစွာသောလူတို့၌ ငယ်ရွယ်စဉ်က ၎င်းတို့အပေါ် ဖြစ်ပျက်သောအရာ တစ်စုံတစ်ခု ရှိသည်။ တစ်စုံတစ်ဦးမှ ၎င်းတို့အား တစ္ဆေများ၊ လိပ်ပြာများအကြောင်း ကြောက်ရွံ့ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပြောသည့်အခါ ထိုသူတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို မမြင်နိုင်သော်လည်း ထိုအရာများသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်တွင်ရှိကာ၊ တစ်နေရာရာတွင် သို့မဟုတ် မှောင်မိုက်တစ်နေရာတွင် ကွယ်ဝှက်လျက်ရှိသည်ဟု ခံစားရ၍ ၎င်းတို့သည် ကြောက်ရွံ့လွန်းသဖြင့် မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင် ၎င်းတို့သည် အခန်းထဲ၌ဖြစ်စေ၊ ခြံဝင်းထဲ၌ဖြစ်စေ တစ်ဦးတည်း မနေဝံ့ကြပေ။ ဤသည်မှာ သင်တို့၏စိတ်ကူးစိတ်သန်းရှိ ဝိညာဉ်လောကဖြစ်၍ ကြောက်ဖွယ်ရာဟု လူတို့ထင်ကြသည့် လောကဖြစ်သည်။ စင်စစ်တွင် လူတိုင်း၌စိတ်ကူးစိတ်သန်းအချို့ ရှိကာ လူတိုင်း တစ်စုံတစ်ရာကို ခံစားနိုင်ကြ၏။

ဝိညာဉ်လောကနှင့် စကြစို့။ ဝိညာဉ်လောကဟူသည် အဘယ်နည်း။ သင်တို့အား တို၍လွယ်ကူသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်။ ဝိညာဉ်လောကသည် အရေးကြီးသောနေရာ၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့်ပြောသနည်း။ ဤအကြောင်းကို ငါတို့အသေးစိတ်ပြောဆိုဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိမှုသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ၎င်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ လူ၏ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤသည်မှာ ၎င်း၏အခန်းကဏ္ဍဖြစ်ကာ ၎င်း၏တည်ရှိနေမှုအရေးကြီးရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၎င်းသည် အာရုံငါးပါးဖြင့် မသိနိုင်သောနေရာဖြစ်သောကြောင့် ၎င်းတည်ရှိခြင်း ရှိမရှိကို မည်သူကမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ဝိညာဉ်လောက၌ဖြစ်ပျက်နေသောအရာများသည် လူသားမျိုးနွယ်၏ တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေလျက် ၎င်း၏ရလဒ်အနေဖြင့် လူသားမျိုးနွယ် နေထိုင်ပုံသည်လည်း ဝိညာဉ်လောက၏ကြီးမားသောလွှမ်းမိုးမှု ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သလော။ ဆက်စပ်သည်။ ငါသည် ဤအရာကိုပြောသောအခါ ဤအကြောင်းအရာကို ငါအဘယ်ကြောင့်ပြောသည်ကို သင်တို့နားလည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏အချုပ်အခြာအာဏာ၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်၍ဖြစ်သည်။ လူတို့မမြင်နိုင်သည့် ဤကဲ့သို့သော လောကတစ်ရပ်တွင် ၎င်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောက၏ မည်သည့်နိုင်ငံမဆို ၏ ဥပဒေနှင့်စနစ်တိုင်းထက် များစွာသာလွန်၍ မြင့်မားကာ ဤလောက၌အသက်ရှင်နေသော မည်သည့်သတ္တဝါမျှ ၎င်းတို့ကို ဆန့်ကျင် သို့မဟုတ် ပိုင်စိုးပိုင်နင်း ပြုဝံ့မည်မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဤလောကတွင် ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ ရှိကြ၏။ ကွဲပြားသောအဆင့်များနှင့် ကွဲပြားသောနေရာများတွင် ဘီလစ်စာရေးကြီးများသည် ၎င်းတို့၏တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကြကာ စည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာကြ၏။ အကြောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကို ၎င်းတို့သိကြ၏၊ ဘုရားသခင်သည် ဆိုးယုတ်သူကို မည်သို့အပြစ်ပေး၍ ကောင်းသူကို မည်သို့ ထောမနာပြုသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည့်အပြင်၊ အရာခပ်သိမ်းကို သူမည်သို့စီမံခန့်ခွဲသည်၊ အရာခပ်သိမ်းကို သူမည်သို့အုပ်ချုပ်သည်ကိုလည်း ရှင်းလင်းစွာသိကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ လုပ်ဆောင်သည်ကိုလည်း ၎င်းတို့ရှင်းလင်းစွာ မြင်သောကြောင့် ဖြစ်၏။ ဤသည်တို့သည် လူသားမျိုးနွယ်တို့နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ကြီးမားစွာ ကွဲပြား၏။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသောလောကဖြစ်၏။ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များရှိသဖြင့် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုအပြင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်၏။ ဤသည်ကိုကြားခဲ့ပြီးဖြစ်သဖြင့် ငါသည် ဤအကြောင်းအရာကိုပြောရန် အလွန်လိုအပ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် အတွင်းထဲ၌ရှိသည့် လျှို့ဝှက်ချက်များကို သင်ယူလိုသည့်ဆန္ဒ ရှိသည် မဟုတ်လော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ယင်းမှာ ဝိညာဉ်လောက၏ အယူအဆဖြစ်သည်။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲရပ်တည်လျက်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း ဤလောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ ဝိညာဉ်လောကသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ အလုပ်အတွက် မည်သို့တာဝန်ရှိပုံနှင့် ငါတို့စတင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်သည် ဝိညာဉ်လောက၏ သတ္တဝါတို့၏ အလုပ်၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ဖြစ်သည်။

လူသားမျိုးနွယ်အကြားတွင် ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများမရှိသည့် မယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့ကို မယုံကြည်သူများဟု ခေါ်ကြ၏။ မယုံကြည်သူများအနက် အလွန့်အလွန်များပြားသော လူများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ကြ၏၊ ၎င်းတို့၏ကိုယ်ကျိုးစီးပွားနောက်ကိုသာ လိုက်ကြ၍ ၎င်းတို့သည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကိုသာ အဓိကထားကြကာ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြလျက် ရှင်ခြင်းနှင့် သေခြင်း သံသရာ၊ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ဆိုရိုးများကို မယုံကြည်ကြပေ။ ငါသည် ထိုသူတို့အား မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားကာ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ မယုံကြည်သူများမှလွဲ၍ ယုံကြည်သူအမျိုးမျိုးဖြစ်၏။ လူသားမျိုးနွယ်အကြားတွင် ငါသည် ထိုယုံကြည်သူတို့ကို အဓိကအမျိုးအစား အချို့ခွဲခြား၏။ ပထမမှာ ယုဒအမျိုး၊ ဒုတိယမှာ ဘုရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြ၍ ငါးမျိုးရှိ၏။ ၎င်းတို့သည် ယုံကြည်သူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားမှာ ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသည်။ ဤသည်မှာ သင်တို့နှင့် သက်ဆိုင်သည်။ ထိုကဲ့သို့သော ယုံကြည်သူတို့သည် ယနေ့ ဘုရားသခင်နောက်လိုက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့အား ဘုရားသခင်မှ ရွေးချယ်ထားသူများနှင့် အစေခံသူများဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်ထဲတွင် သင်တို့သည် လူအမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ မှန်သလော။ ပထမသည် မယုံကြည်သူများဖြစ်သည်။ မယုံကြည်သူများမှာ မည်သည်ဆိုသည်ကို ငါပြောခဲ့ပြီးဖြစ်သည်။ ကောင်းကင်ရှိအဖိုးအိုကို ယုံကြည်သူများကို မယုံကြည်သူများဟု ယူဆရသလော။ မယုံကြည်သူအများအပြားသည် ကောင်းကင်ရှိအဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုးနှင့် မိုးခြိမ်းသံတို့အားလုံးသည် ဤကောင်းကင်ရှိအဖိုးအို၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ရှိအဖိုးအိုကို ၎င်းတို့သည် ကောက်ပဲသီးနှံများ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေးတို့အတွက် အားထားကြ၏။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောသည်နှင့် ၎င်းတို့သည် စိတ်မပါဖြစ်သွားကြ၏။ ဤသည်ကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆို၍ရနိုင်သလော။ မယုံကြည်သူများတွင် ထိုကဲ့သို့သောလူတို့ ပါဝင်သည်။ ဤသည်ကို သင်နားလည်သည် မဟုတ်လော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားမှာ ယုံကြည်သူများဖြစ်၏။ တတိယအမျိုးအစားမှာ ယနေ့ ဘုရားသခင်နောက် လိုက်သောသူများဖြစ်၏။ ငါသည် လူအားလုံးအား ဤအမျိုးအစားများအဖြစ် အဘယ်ကြောင့် ခွဲခြားခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် ကွဲပြားသော အဆုံးသတ်နှင့် ခရီးပန်းတိုင် ရှိ၍ဖြစ်၏။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကွဲပြားသော လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉ်လောကသို့ ပြန်သွားကြသည့်အခါ ၎င်းတို့တစ်ဦးစီသည် ကွဲပြားသော သွားစရာနေရာ ရှိမည်ဖြစ်သည်၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ ကွဲပြားသောနိယာမများကို ခံစားရမည်ဖြစ်ကာ ဤသည်မှာ လူတို့အား ဤအဓိကအမျိုးအစားများအဖြစ် ငါအမျိုးအစားခွဲခြားရခြင်း၏ အကြောင်းရင်းဖြစ်၏။

၁။ မယုံကြည်သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာနှင့် စကြစို့။ လူတစ်ဦးသေဆုံးပြီးနောက် ၎င်းတို့ကို ဝိညာဉ်လောကမှ ဘိလစ်စာရေးမှ ခေါ်သွား၏။ ၎င်းတို့၏ မည်သည့်အရာကို ယူသွားခြင်းခံသနည်း။ ၎င်းတို့၏ ဇာတိခန္ဓာမဟုတ်ဘဲ ၎င်းတို့၏လိပ်ပြာဖြစ်၏။ ၎င်းတို့၏လိပ်ပြာကို ယူသွားခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ဝိညာဉ်လောက၏ ကိုယ်စားလှယ်လုပ်ငန်းတစ်နေရာသို့ ရောက်ရှိသွားကြသည်။ ထိုနေရာသည် မကြာသေးမီကမှ သေဆုံးသွားသူများ၏ လိပ်ပြာများကို အထူးလက်ခံသည့် နေရာဖြစ်၏။ (မှတ်ချက်- တစ်စုံတစ်ဦး သေဆုံးပြီးနောက် ၎င်းတို့သွားရောက်သည့် ပထမဆုံးနေရာမှာ ဝိညာဉ်လိပ်ပြာအတွက် ထူးခြားနေ၏။) ထိုနေရာသို့ ၎င်းတို့ကို ခေါ်သွားသောအခါ၊ အရာရှိတစ်ဦးသည် ပထမဆုံးစစ်ဆေးမှုများကို ပြုလုပ်၏၊ ၎င်းတို့၏အမည်၊ လိပ်စာနှင့် အသက်တို့ကို အတည်ပြု၏။ ၎င်းတို့၏ဘဝနှင့် ၎င်းတို့ ပြုလုပ်သည့်အရာ၊ ၎င်းတို့၏ဘဝတွင် ၎င်းတို့ပြုလုပ်သည့် အရာခပ်သိမ်းကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားကာ တိကျမှုအတွက် အတည်ပြုရန် စစ်ဆေး၏။ အားလုံးကို စစ်ဆေးပြီးနောက် ၎င်းကို အပြစ်ဒဏ်ပေးရမည်လော သို့မဟုတ် ဆက်လက်၍လူဝင်စားရမည်လောဟူသည်ကို ဆုံးဖြတ်ရန် ထိုသူ၏ဘဝတစ်လျှောက်လုံး အပြုအမူနှင့် လုပ်ဆောင်ချက်များကို အသုံးပြု၏။ ဤသည်မှာ ပထမအဆင့်ဖြစ်သည်။ ဤပထမအဆင့်သည် ထိတ်လန့်ဖွယ်ဖြစ်သလော။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မကောင်းလွန်းပေ၊ အဘယ်ကြောင့်ဆိုသော် တစ်ခုတည်းသော ဖြစ်ပျက်သွားသည့်အရာမှာ ထိုသူသည် မှောင်မိုက်၍ အကျွမ်းတဝင်မရှိသော နေရာသို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်၏။

ဒုတိယအဆင့်တွင် ဤသူသည် ၎င်း၏ဘဝတစ်လျှောက်လုံး ဆိုးရွားသည့်အရာများစွာ ပြုလုပ်ခဲ့ပါက၊ များစွာသော စဉ်းလဲသည့်လုပ်ရပ်များ ကျူးလွန်ခဲ့ပါက၊ ၎င်းသည် အပြစ်ဒဏ်ပေးခြင်းခံရရန် အပြစ်ဒဏ်ပေးသည့်နေရာ တစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပေမည်။ ထိုနေရာသည် လူတို့အား အပြစ်ဒဏ်ပေးခြင်းကို ဖော်ညွှန်းသည့်နေရာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အပြစ်ဒဏ်ပေးပုံ အသေးစိတ် မှာ ၎င်းတို့ကျူးလွန်ခဲ့သည့် အပြစ်များအပေါ်တွင် မူတည်၍ ၎င်းတို့ မသေဆုံးမီ ကောက်ကျစ်စဉ်းလဲသည့် အရာများ မည်မျှပြုလုပ်ခဲ့သည်ဟူသည့်အပေါ် မူတည်သည်။ ဤသည်မှာ ဒုတိယအဆင့်တွင် ဖြစ်ပေါ်သည့် ပထမအခြေအနေဖြစ်၏။ ၎င်းတို့မသေဆုံးမီပြုလုပ်ခဲ့သည့်အရာများနှင့် ကျူးလွန်ခဲ့သည့် မကောင်းမှုတို့ကြောင့် ၎င်းတို့၏အပြစ်ဒဏ်နောက်ပိုင်း ၎င်းတို့ဝင်စားသည့်အခါ၊ ၎င်းတို့ ရုပ်ဝတ္ထုလောကအတွင်း နောက်တစ်ကြိမ်မွေးဖွားသောအခါ၊ လူအချို့သည် ဆက်လက်၍ လူဖြစ်ကာ၊ အချို့သည် တိရစ္ဆာန်များ ဖြစ်သွားကြမည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဝိညာဉ်လောကသို့ ပြန်သွားပြီးနောက် ၎င်းကျူးလွန်ခဲ့သည့် မကောင်းမှုကြောင့် ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရ၏။ ထို့အပြင် ၎င်းတို့ပြုလုပ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲမှုများကြောင့် နောက်တစ်ဖန် ဝင်စားသောအခါ ၎င်းတို့သည် လူမဖြစ်ဘဲ တိရစ္ဆာန်တစ်ကောင် ဖြစ်သွားမည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့ဖြစ်နိုင်သည့် တိရစ္ဆာန်များတွင် နွားများ၊ မြင်းများ၊ ဝက်များနှင့် ခွေးများ ပါဝင်သည်။ အချို့လူများသည် ကောင်းကင်ရှိငှက် တစ်ကောင် သို့မဟုတ် ဘဲတစ်ကောင် သို့မဟုတ် ဘဲငန်းတစ်ကောင် ဖြစ်သွားနိုင်သည်။ ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားခဲ့ပြီးနောက်၊ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ယခင်ကဲ့သို့ပင် ၎င်းတို့ မသေဆုံးမီ ၎င်းတို့၏အပြုအမူအပေါ် အခြေပြု၍ ၎င်းတို့လူဝင်စားခြင်းရှိမရှိကို ဝိညာဉ်လောကမှ ဆုံးဖြတ်လိမ့်မည်။ လူအများစုသည် မကောင်းမှုများစွာကို ကျူးလွန်ကြ၏၊ ၎င်းတို့၏အပြစ်များသည် ဆိုးရွားလွန်းလှ၏၊ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်အဖြစ် ဝင်စားကြ၏။ ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်၊ ဤသည်မှာ ကြောက်မက်ဖွယ်ဖြစ်သလော။ (ကြောက်မက်ဖွယ်ဖြစ်၏။) မည်သည့်အရာသည် သင်တို့အတွက် ထိတ်လန့်ဖွယ်ဖြစ်သနည်း။ လူတစ်ဦးမှ တိရစ္ဆာန်ဖြစ်သွားခြင်းသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ထို့အပြင် လူတစ်ဦးအတွက်၊ တိရစ္ဆာန်တစ်ဦးဖြစ်သွားခြင်းတွင် အနာကျင်ဆုံးမှာ မည်သည့်အရာနည်း။ ဘာသာစကား မရှိခြင်း၊ ထုံနသောအတွေးများသာရှိခြင်း၊ တိရစ္ဆာန်များပြုလုပ်သည့် အရာများသာ ပြုလုပ်နိုင်၍ တိရစ္ဆာန်များ စားသည့်အစာများသာ စားနိုင်ခြင်း၊ တိရစ္ဆာန်တစ်ကောင်၏ ထုံအသောစိတ်ဓာတ်နှင့် ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ ရှိခြင်း၊ လမ်းမတ်မတ်မလျှောက်နိုင်ခြင်း၊ လူတို့နှင့် ပြောဆိုဆက်ဆံမှုမပြုနိုင်ခြင်းနှင့် တိရစ္ဆာန်တို့နှင့် လုံးဝဆက်စပ်မှုမရှိသည့် လူတို့၏အပြုအမူနှင့် လုပ်ဆောင်မှုများဖြစ်၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအကြားတွင် တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် သက်ရှိအားလုံးအနက် သင့်အား အနိမ့်ဆုံးဖြစ်စေ၍ လူတစ်ဦးဖြစ်ခြင်းထက် သာ၍နာကျင်၏။ ဤသည်မှာ မကောင်းမှုများစွာပြုလုပ်ခဲ့၍ ကြီးမားသော အပြစ်များ ကျူးလွန်ခဲ့သောသူများအပေါ် ဝိညာဉ်လောက၏ အပြစ်ဒဏ်၏ လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ အပြစ်ဒဏ်၏ပြင်းထန်မှုနှင့်ပတ်သက်၍ ၎င်းကို ထိုသူတို့ ဖြစ်သွားသည့် တိရစ္ဆာန် အမျိုးအစားအရ ဆုံးဖြတ်သည်။ ဥပမာ ဝက်တစ်ကောင်ဖြစ်ခြင်းသည် ခွေးတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းသလော။ ဝက်တစ်ကောင်သည် ခွေးတစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်သလော။ သာ၍ဆိုးရွားသည် မဟုတ်လော။ လူတို့သည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်သွားပါက ၎င်းတို့သည် ဝက်တစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်မည်လော။ (သာ၍ကောင်းမွန်စွာ နေထိုင်မည်။) တစ်စုံတစ်ဦးသည် ကြောင်တစ်ကောင်ဖြစ်သွားပါက သာ၍ သက်သောင့်သက်သာ ရှိမည်လော။ တိရစ္ဆာန်များအကြား သင့်တွင်ရွေးချယ်ချက်တစ်ရပ်ရှိခဲ့ပါက သင်သည် ကြောင်တစ်ကောင် ဖြစ်သွားရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ မြင်း သို့မဟုတ် နွားတစ်ကောင်ဖြစ်သွားသည်ထက် သာ၍သက်သောင့်သက်သာ ရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အချိန်အများစုကို အိပ်လျက် ပျင်းရိပျင်းတွဲနေနိုင်၍ဖြစ်သည်။ နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်သွားခြင်းမှာ သာ၍ ပင်ပန်းခက်ခဲသဖြင့် လူတို့သည် နွား သို့မဟုတ် မြင်းအဖြစ် ဝင်စားပါက ၎င်းတို့သည် ကြိုးစားအားထုတ်ရသည်ဖြစ်၍ ဤသည်မှာ ပြင်းထန်သည့် အပြစ်ဒဏ်တစ်ရပ်ဟု ထင်ရသည်။ ခွေးတစ်ကောင်ဖြစ်သွားရသည်မှာ နွား သို့မဟုတ် မြင်းတစ်ကောင်ထက် အနည်းငယ် သာသည်။ အဘယ်ကြောင့်ဆိုသော် ခွေးတစ်ကောင်သည် ၎င်း၏သခင်နှင့် သာ၍ရင်းနှီးသော ဆက်ဆံရေးရှိ၍ဖြစ်သည်။ ထိုထက်ပို၍၊ ယနေ့တွင် များစွာသောလူတို့သည် ခွေးမွေးထားကြပြီး သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ၎င်းသည် ထိုသူတို့ပြောနေသည့်အရာ အများစုကို နားလည်ရန် သင်ယူခဲ့ပြီးဖြစ်၏။ ခွေးတစ်ကောင်သည် ၎င်း၏သခင်၏စကားလုံးများစွာကို နားလည်နိုင်သည့်အတွက် ၎င်းသည် ၎င်း၏သခင်အား ကောင်းစွာနားလည်ကာ တစ်ခါတစ်ရံတွင် ၎င်း၏သခင်၏ စိတ်နေစိတ်ထား၊ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်နိုင်၏။ ထို့ကြောင့် သခင်သည် ထိုခွေးကို သာ၍ကောင်းမွန်စွာ ဆက်ဆံ၍ ထိုခွေးသည် သာ၍ကောင်းမွန်စွာ စားသောက်ကာ၊ ၎င်းနာကျင်နေသည့်အခါ သာ၍ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရ၏။ ထို့ကြောင့် ဤခွေးသည် ပျော်ရွှင်ဖွယ်ရာဘဝတစ်ခုကို မွေ့လျော်ခြင်း မရှိပေဘူးလော။ သို့ဖြစ်၍ ခွေးတစ်ကောင်ဖြစ်ခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းပေ၏။ ဤအရာတွင် လူတစ်ဦး၏အပြစ်ဒဏ်၏ပြင်းထန်မှုသည် ၎င်းတို့ တိရစ္ဆာန်တစ်ကောင်အဖြစ် အကြိမ်ရေမည်မျှ ဝင်စားမည်နှင့် မည်သည့်တိရစ္ဆာန်အမျိုးအစားအဖြစ် ၎င်းတို့ ဝင်စားမည်ကို ဆုံးဖြတ်၏။ သင်နားလည်သည် မဟုတ်လော။

၎င်းတို့အသက်ရှင်စဉ်တွင် ၎င်းတို့သည် အပြစ်များစွာကျူးလွန်ခဲ့သဖြင့် အချို့သောလူများသည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ် ဝင်စားခြင်းဖြင့် အပြစ်ပေးခြင်း ခံရပေမည်။ အကြိမ်ရေအတော်အတန် အပြစ်ပေးခံရပြီးနောက် ၎င်းတို့ဝိညာဉ်လောကသို့ ပြန်သည့်အခါ ၎င်းတို့သည် အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခံရ၏။ ဤနေရာရှိ ဝိညာဉ်လိပ်ပြာ အမျိုးမျိုးသည် အပြစ်ဒဏ်ခံရပြီးဖြစ်ပြီး လူဝင်စားရန် ပြင်ဆင်လျက်ရှိသည့် အမျိုးအစားဖြစ်သည်။ ဤနေရာသည် ဝိညာဉ် လိပ်ပြာတစ်ခုစီကို ၎င်းတို့မွေးဖွားမည့်မိသားစု၊ ၎င်းတို့လူဝင်စားသည်နှင့် ၎င်းတို့ပါဝင်မည့်အခန်းကဏ္ဍ စသည်ဖြင့်အရ အမျိုးအစားခွဲခြား၏။ ဥပမာ အချို့သူတို့သည် ဤလောကသို့ လာသည့်အခါ အဆိုတော်များဖြစ်လာမည် ဖြစ်သဖြင့် ၎င်းတို့သည် အဆိုတော်များအကြား ထားပေးခံရ၏။ အချို့သောသူများမှာ ဤလောကသို့ လာသည့်အခါ စီးပွားရေးသမားများ ဖြစ်လာမည်ဖြစ်သဖြင့် ၎င်းတို့သည် စီးပွားရေးသမားများအကြား ထားပေးခံရ၏။ ထို့အပြင် တစ်စုံတစ်ဦးသည် လူဖြစ်သည့်အခါ သိပ္ပံပညာဆိုင်ရာ သုတေသီတစ်ဦးဖြစ်ရန်ဆိုပါက ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ သုတေသီများအကြား ထားပေးခံရသည်။ ၎င်းတို့ကို အုပ်စုအလိုက်ခွဲပြီးနောက် တစ်ဦးစီကို ကွဲပြားသည့်အချိန်နှင့် သတ်မှတ်ထားသည့် ရက်စွဲအရ၊ ယနေ့ လူတို့ အီးမေးပို့သည့်အတိုင်း၊ ပို့လိုက်၏။ ဤအရာတွင် ရှင်ခြင်းနှင့်သေခြင်း သံသရာတစ်ခု ပြီးဆုံးလိမ့်မည်။ လူတစ်ဦး ဝိညာဉ်လောကသို့ရောက်သည့်ရက်မှ ၎င်း၏အပြစ်ဒဏ် အဆုံးသတ်သည်အထိ ၎င်းသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ကြိမ်ဖန်များစွာ ဝင်စားနိုင်ပြီးနောက် ၎င်းသည် လူဝင်စားရန်ပြင်ဆင်၏။ ဤသည်မှာ ပြည့်စုံသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၏။

အပြစ်ဒဏ်ပေးခြင်းခံရပြီးကာ တိရစ္ဆာန်အဖြစ် ဝင်စားခြင်းမရှိသူများသည် လူဖြစ်ရန် ရုပ်ဝတ္ထုလောကသို့ လျင်မြန်စွာ အပို့ခံရမည်လော။ သို့မဟုတ် ၎င်းတို့ လူသားအကြားမလာနိုင်မီ မည်မျှကြာမည်နည်း။ ဤလူများ လူဖြစ်သည့် ကြိမ်နှုန်းမှာ မည်မျှနည်း။က ဤအတွက် အချိန်ကန့်သတ်ချက်များရှိသည်။ ဝိညာဉ်လောကတွင်ဖြစ်သည့် အရာခပ်သိမ်းသည် သင့်တော်သည့် အချိန်ကန့်သတ်ချက်များနှင့် စည်းကမ်းများ လိုက်နာရသည်။ ဤသည်ကို ငါသည် ကိန်းဂဏန်းများနှင့်ရှင်းပြပါက သင်တို့ နားလည်လိမ့်မည်။ အချိန်ကာလတိုအတွင်း ဝင်စားသူများအတွက် ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့အား လူအဖြစ် ပြန်လည်မွေးဖွားရန်အတွက် ပြင်ဆင်ပြီးဖြစ်လိမ့်မည်။ အတိုဆုံးအချိန်မှာ သုံးရက်ဖြစ်သည်။ အချို့သောသူများအတွက် ဤသည်မှာ သုံးလဖြစ်၏၊ အချို့အတွက် ဤသည်မှာ သုံးနှစ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးဆယ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးရာဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးထောင်ပင်ဖြစ်၏ စသည်ဖြင့် ဖြစ်၏။ ထို့ကြောင့် ဤအချိန်စည်းကမ်းများအကြောင်း မည်သည့်အရာများပြောနိုင်မည်နည်း။ ထို့အပြင် အသေးစိတ်အချက်အလက်များမှာ မည်သည်တို့နည်း။ ၎င်းတို့ကို လူ့လောကဖြစ်သည့် ရုပ်ဝတ္ထုလောကအနေဖြင့် ဝိညာဉ်တစ်ခုထံမှ လိုအပ်သည့်အရာအပေါ်နှင့် ဤလောကတွင် ဤဝိညာဉ်ပါဝင်ရမည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထား၏။ လူတို့သည် သာမန်လူတစ်ဦးအဖြစ် ဝင်စားသည့်အခါ ၎င်းတို့အများစုသည် များမကြာမီ လူဝင်စားကြ၏။ အဘယ်ကြောင့်ဆိုသော် လူသား၏လောကသည် ထိုကဲ့သို့သော သာမန်လူတို့ကို အရေးတကြီးလိုအပ်နေသည့်အတွက် ဖြစ်၏။ ထို့ကြောင့် သုံးရက်ကြာပြီးနောက် ၎င်းတို့အား ၎င်းတို့မသေဆုံးမီရှိခဲ့သည့် မိသားစုနှင့် လုံးဝကွဲပြားသည့် မိသားတစ်စုထံသို့ ထပ်မံပို့လိုက်၏။ သို့သော် ဤလောကတွင် အထူးအခန်းကဏ္ဍမှပါဝင်သောသူအချို့ ရှိ၏။ “အထူး” ဆိုသည်မှာ လူသား၏လောကတွင် ထိုသူများအတွက် ကြီးမားသည့်လိုအပ်ချက် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့သောအခန်းကဏ္ဍတွင် ပါဝင်ရန် လူများစွာ မလိုပေ။ ထို့ကြောင့် ၎င်းတို့မဝင်စားမီ အနှစ်သုံးရာ ကြာနိုင်သည်။ ဤလိပ်ပြာသည် အနှစ်သုံးရာကြာမှ တစ်ကြိမ်လာမည် သို့မဟုတ် အနှစ်သုံးထောင်ကြာမှပင် တစ်ကြိမ် လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခန်းကဏ္ဍကို လူသား၏လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် မလိုအပ်၍ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဝိညာဉ်လောက၏ တစ်နေရာရာတွင် ထား၏။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်ကို ကြည့်လော့။ သူသည် တရုတ်ရိုးရာယဉ်ကျေးမှုအပေါ် အလွန်လေးနက်သော အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သူ၏ရောက်ရှိလာမှုသည် ထိုခေတ်ကာလလူတို့၏ ယဉ်ကျေးမှု၊ အသိပညာ၊ ရိုးရာနှင့် တွေးခေါ်မှုတို့အပေါ် နက်ရှိုင်းသည့် သက်ရောက်မှုရှိခဲ့သည်။ သို့သော် ဤကဲ့သို့သောလူတစ်ဦးသည် ခေတ်တိုင်းတွင် မလိုအပ်ပေ။ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းမတိုင်မီ ဝိညာဉ်လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် စောင့်နေလျက် နေရသည်။ လူသား၏လောကသည် ဤသို့သောတစ်စုံတစ်ဦးကို မလိုအပ်သည့်အတွက် ၎င်းသည် အချည်းနှီး စောင့်ခဲ့ရ၏။ ၎င်း၏အခန်းကဏ္ဍကဲ့သို့ အခန်းကဏ္ဍများ အလွန် နည်းပါးသည့်အတွက် သူ့အတွက် လုပ်ရာအနည်းငယ်သာရှိသဖြင့် သူ့အား လူသား၏လောက အလိုရှိသည့်အခါ ပို့လိုက်ရန် များသောအားဖြင့် ဝိညာဉ်လောက တစ်နေရာတွင် အချည်းနှီးထားခဲ့ရ၏။ ဤသည်တို့မှာ လူအများစု ပြန်လည်ဝင်စားသည့် အကြိမ်နှုန်းအတွက် ဝိညာဉ်နယ်ပယ်၏ အချိန်စည်းကမ်းများ ဖြစ်၏။ ၎င်းတို့သည် သာမန်လူတစ်စုံတစ်ဦးဖြစ်စေ၊ ထူးခြားသည့် လူတစ်စုံတစ်ဦးဖြစ်စေ၊ လူတို့ပြန်လည်ဝင်စားခြင်းအတွက် ဝိညာဉ်လောကသည် သင့်တော်သည့် စည်းကမ်းများနှင့် မှန်ကန်သည့် အလေ့အကျင့်များရှိကာ၊ ဤစည်းကမ်းများနှင့် အလေ့အကျင့်များကို ဘုရားသခင်မှချပေးလိုက်ခြင်းဖြစ်ကာ မည်သည့်ဘိလစ် သို့မဟုတ် ဝိညာဉ်လောကရှိ မည်သည့်သတ္တဝါကမျှ ဆုံးဖြတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မရှိပေ။ သင်ယခုနားလည်ပြီ မဟုတ်လော။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ယင်းနှင့်အတူ ဤလူများလူသားဖြစ်လာ” ဟူသည့်စကားစု မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် “၎င်းတို့မဝင်စားမီ” ဟူသည့်စကားစု မပါဝင်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။