အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁၀

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄) (အပိုင်း တစ်၏ အဆက်)

ဝိညာဉ်လောကအပေါ် ဘုရားသခင်မှ အုပ်ချုပ်၍ စီမံခန့်ခွဲပုံ

၁။ မယုံကြည်သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

မည်သည့်ဝိညာဉ်လိပ်ပြာအတွက်မဆို ၎င်းတို့ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်းတို့၏ အခန်းကဏ္ဍ၊ ၎င်းတို့မွေးဖွားသည့် မိသားစုနှင့် ၎င်းတို့၏ဘဝ မည်သို့မည်ပုံရှိသည်မှာ ၎င်းတို့၏ အတိတ်ဘဝနှင့် နီးစပ်စွာသက်ဆိုင်၏။ လူအမျိုးမျိုး လူသား၏လောကအတွင်း လာရောက်ကြကာ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍသည် ၎င်းတို့ထမ်းဆောင်သည့်တာဝန်များကဲ့သို့ ကွဲပြားကြ၏။ ၎င်းတာဝန်တို့မှာ မည်သည်တို့နည်း။ အချို့သောသူတို့သည် အကြွေးပြန်ဆပ်ရန် လာကြ၏။ ၎င်းတို့သည် ယခင်ဘဝက အခြားသူများအား ပိုက်ဆံအကြွေးများစွာ တင်ရှိခဲ့ပါက ဤဘဝတွင် အကြွေးဆပ်ရန် လာကြ၏။ ထိုအတောအတွင်း အချို့လူများသည် အကြွေးကောက်ခံရန် လာကြ၏။ ၎င်းတို့သည် ယခင်ဘဝက အရာများနှင့် ငွေကြေးများ လိမ်ညာခံရသည်မှာ များလွန်းသောကြောင့် ဝိညာဉ်လောကသို့ ရောက်ပြီးနောက် ဝိညာဉ်လောကသည် ၎င်းတို့အား ဤဘဝတွင် တရားမျှတမှုပေး၍ အကြွေးကောက်ခံခွင့် ပေးမည်ဖြစ်သည်။ အချို့သူများသည် ကျေးဇူးကြွေးဆပ်ရန် လာကြ၏။ ယခင်ဘဝအတွင်း ၎င်းတို့မသေဆုံးမီ တစ်စုံတစ်ဦးသည် ၎င်းတို့အပေါ် ကြင်နာခဲ့ကာ ဤဘဝတွင် လူဝင်စားရန် ကြီးမားသည့် အခွင့်အရေးတစ်ရပ် ရရှိခဲ့သဖြင့် ၎င်းတို့သည် ကျေးဇူးကြွေးဆပ်ရန် ပြန်လည်မွေးဖွားကြ၏။ ထိုအတောအတွင်း အခြားသူများသည် အသက်တစ်ခု အလျော်တောင်း ရန် ပြန်လည်မွေးဖွားခဲ့ကြ၏။ မည်သူ၏အသက်ကို ၎င်းတို့တောင်းဆိုသနည်း။ ယခင်ဘဝက ၎င်းတို့ကိုသတ်ခဲ့သူဖြစ်၏။ အတိုချုပ်အားဖြင့်၊ လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝနှင့် ခိုင်မာစွာဆက်စပ်နေကြ၏။ ခွဲခြား၍မရအောင် ဆက်စပ်နေ၏။ ဆိုလိုသည်မှာ လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝ၏ သက်ရောက်မှုကို ကြီးမားစွာခံရသည်။ ဥပမာ ဇန်သည် မသေဆုံးမီက လီအား ငွေကြေးမြောက်များစွာ လိမ်လည်ခဲ့၏။ ထို့ကြောင့် ဇန်သည် လီအပေါ် အကြွေးတင်နေသလော။ ၎င်းသည် အကြွေးတင်နေသည့်အတွက် လီသည် ဇန်ထံမှ အကြွေးကောက်ခံသည်မှာ သဘာဝကျသလော။ ထို့ကြောင့် ၎င်းတို့သေဆုံးပြီးနောက် ၎င်းတို့နှစ်ဦးအကြား ကျေအေးရန် အကြွေးရှိနေသည်။ ၎င်းတို့ပြန်လည်ဝင်စား၍ ဇန်သည် လူဖြစ်သည့်အခါ လီသည် ၎င်းထံမှအကြွေးကို မည်သို့ကောက်ခံသနည်း။ တစ်နည်းမှာ လီသည် ဇန်၏သားအဖြစ် ပြန်လည်မွေးဖွားခြင်းဖြင့် လီသည် သူ၏အကြွေးကောက်ခံ၏၊ ဇန်သည် ဝင်ငွေမြောက်မြားစွာရ၍ ၎င်းကို လီမှ ဖြုန်းတီး၏။ ဇန်သည် ဝင်ငွေမည်မျှပင်ရသည်ဖြစ်စေ သူ့သားလီမှ ၎င်းကိုသုံးခြင်းအားဖြင့် သူ့အား “ကူညီ”၏။ ဇန်သည် ဝင်ငွေမည်မျှပင်ရသည်ဖြစ်စေ မည်သည့်အခါမျှ လုံလောက်ခြင်းမရှိပေ။ ထိုအတောအတွင်း ၎င်း၏သားမှာ အကြောင်းရင်း တစ်ခုမဟုတ်တစ်ခုကြောင့် ကွဲပြားသောနည်းနာများအားဖြင့် ၎င်းဖခင်၏ပိုက်ဆံများကို အဆုံးတွင် အသုံးပြုသည်ချည်းဖြစ်၏။ ဇန်သည် “ငါ့သားသည် အဘယ်ကြောင့် ဂြိုဟ်ကောင် အမြဲဖြစ်နေခဲ့သနည်း။ အခြားသူများ၏သားများသည် အဘယ်ကြောင့် အလွန်ကောင်းမွန်သနည်း။ ငါ၏သားသည် အဘယ်ကြောင့် ရည်မှန်းချက်မရှိရသနည်း။ သူသည် အဘယ်ကြောင့် လွန်စွာအသုံးမကျကာ ဝင်ငွေတစ်စုံတစ်ရာရှာ နိုင်စွမ်း မရှိသနည်း။ ငါသည် အဘယ်ကြောင့် သူ့အားအမြဲပံ့ပိုးနေရသနည်း။ ငါသည် သူ့အားပံ့ပိုးရမည်ဖြစ် သဖြင့် ငါသည် ပံ့ပိုးမည်ဖြစ်သော်လည်း ငါသည် သူ့အား ပိုက်ဆံမည်မျှပင်ပေးစေကာမူ သူသည် အဘယ်ကြောင့် အမြဲပင် ထပ်မံလိုအပ်နေသနည်း။ သူသည် အဘယ်ကြောင့် အလုပ်ကိုမူမကြိုးစားနိုင်ဘဲ လတ်လျားလတ်လျားနေခြင်း၊ စားခြင်း၊ သောက်ခြင်း၊ မတရားမေထုန်ပြုကျင့်ခြင်းနှင့် လောင်းကစားခြင်းများကို လုပ်သနည်း။ ဘာတွေများ ဖြစ်နေသနည်း” ဟု နားဝေတိမ်တောင်ဖြစ်နေ၏။ ထို့နောက် ဇန်သည် “အတိတ်ဘဝက ငါသည် သူ့အပေါ်အကြွေးတင်ခဲ့၍ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ငါသည် အပြည့်အဝဆပ်လိုက်မည်။ ငါအပြည့်အဝ မဆပ်မချင်း ဤအရာအဆုံးသတ်မည် မဟုတ်ပေ” ဟု ခေတ္တခဏ စဉ်းစား၏။ လီသည် သူ၏အကြွေးကို အမှန်တကယ် ပြန်ရခဲ့သည့်နေ့ ရောက်လာချင် ရောက်လာမည်ဖြစ်ကာ၊ သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ရှိသည့်အခါ၊ သူသည် ရုတ်တရက် ဆင်ခြင်တုံတရား ပေါ်လာမည်ဖြစ်သည်။ “ငါ့ဘဝ၏ ပထမတစ်ပိုင်းတွင် ငါသည် ကောင်းတာတစ်ခုမျှ မလုပ်ခဲ့ပေ။ ငါ့အဖေ လုပ်ကိုင်ရာမှရသည့်ပိုက်ဆံအားလုံး ငါဖြုန်းတီးခဲ့၏။ ငါသည် လူကောင်းတစ်ယောက်ဖြစ်သင့်သည်။ ငါ့ကိုယ်ငါ စိတ်တင်းထားမည်။ ငါသည် ရိုးသား သူတစ်ဦး ဖြစ်၍ သင့်တော်စွာနေကာ ငါ့အဖေအား မည်သည့်အခါမျှ ထပ်မံ၍ သောက မဖြစ်စေတော့။” သူသည် အဘယ်ကြောင့် ဤသို့စဉ်းစားသနည်း။ သူသည် အဘယ်ကြောင့် ပိုမိုကောင်းမွန်ရန်အတွက်ရုတ်တရက် ပြောင်းလဲသွားသနည်း။ ဤအတွက် အကြောင်းရင်းတစ်ရပ် ရှိသလော။ မည်သည့်အကြောင်းရင်းနည်း။ (အဘယ်ကြောင့်ဆိုသော် လီသည် သူ၏အကြွေးကို ကောက်ခံခဲ့ပြီးဖြစ်၍ ဖြစ်သည်။ ဇန်သည် သူ၏အကြွေးကို ဆပ်ခဲ့ပြီးဖြစ်သည်။) ဤအရာတွင် အကြောင်းနှင့် အကျိုးရှိသည်။ ဤဇာတ်လမ်းမှာ ၎င်းတို့နှစ်ဦး မမွေးဖွားမီ ကာလကြာမြင့်သည့်အချိန်ကတည်းက စတင်ကာ ၎င်းတို့၏ ဤအတိတ်ဘဝဇာတ်လမ်းသည် ၎င်းတို့၏ လက်ရှိဘဝသို့ ပါလာခဲ့ပြီး ၎င်းတို့နှစ်ဦး မည်သူကမျှ မည်သူကိုမျှ အပြစ်မတင်နိုင်ပေ။ ဇန်သည် ၎င်း၏သားအား မည်သည့်အရာကို သင်ကြားပေးခဲ့သည်ဖြစ်စေ၊ သူ၏သားသည် မည်သည့်အခါကမျှ နားထောင်ခဲ့ခြင်းမရှိဘဲ မည်သည့်အခါကမျှ အလုပ်ကြိုးစားခဲ့ခြင်း မရှိပေ။ သို့သော် အကြွေးကျေသည့်နေ့တွင် ၎င်းအား သင်ပေးစရာမလိုပေ။ သူ၏သားသည် အလိုအလျောက် နားလည်သွားခဲ့၏။ ဤသည်မှာ လွယ်ကူသော နမူနာတစ်ခုဖြစ်၍ ထိုကဲ့သို့သော အခြားနမူနာများ များစွာရှိသည်ကို သံသယ မရှိပေ။ ထို့အပြင် ယင်း က လူတို့အား မည်သည့်အရာ ပြောပြသနည်း။ (၎င်းတို့ ကောင်းကောင်းနေသင့်ပြီး မကောင်းမှု မပြုသင့်ပါ) ၎င်းတို့ မကောင်းမှုမပြုသင့်ဘဲ ပြုလုပ်သည့် မကောင်းမှုများအတွက် ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း ပြော၏။ မယုံကြည်သူ အများစုသည် မကောင်းမှုများစွာ ကျူးလွန်ကြကာ ၎င်းတို့ပြုလုပ်သည့် မကောင်းမှုများသည် ဒဏ်ခတ်ခံရခြင်းနှင့် ကြုံခဲ့ရသည် မဟုတ်လော။ သို့သော် ဤဒဏ်ခတ်မှုမှာ ထင်ရာပြုခြင်းလော။ ဒဏ်ခတ်ခံရခြင်းနှင့် ကြုံရသည့်အရာအားလုံးတွင် နောက်ကြောင်းရာဇဝင်နှင့် အကြောင်းရင်းတစ်ရပ်ရှိကြ၏။ သင်သည် သူတစ်စုံတစ်ဦးအား ငွေများလိမ်လည်ပြီးနောက် သင့်ကို မည်သည့်အရာမျှ မဖြစ်ဟု ထင်သလော။ သင်သည် ၎င်းတို့အား လှည့်ဖျား၍၎င်းတို့၏ငွေကို ယူပြီးနောက် သင့်အတွက် အကျိုးဆက်များ မရှိဟု သင်ထင်သလော။ ဤသည်မှာ မဖြစ်နိုင်ဘဲ၊ အကျိုးဆက်များ ရှိလိမ့်မည်။ ၎င်းတို့သည် မည်သူတို့ပင် ဖြစ်စေကာမူ၊ သို့မဟုတ် ဘုရားသခင်ရှိသည်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်းသည် မိမိတို့၏အပြုအမူအတွက် တာဝန်ယူရမည်ဖြစ်၍ ၎င်းတို့၏လုပ်ဆောင်မှုများအတွက် အကျိုးဆက်များကို ခံရမည်ဖြစ်သည်။ ဤရိုးရှင်းသော နမူနာနှင့်ပတ်သက်၍၊ ဇန်သည် အပြစ်ဒဏ်ခံရ၍ လီသည် ပြန်လည် ဆပ်ပေးခြင်းခံရသည်မှာ တရားသည် မဟုတ်လော။ လူတို့သည် ဤသို့အရာများ ပြုလုပ်သည့်အခါ ထိုကဲ့သို့သော ရလဒ်ရှိ၏။ ၎င်းသည် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုမှ ခွဲခြား၍မရပေ။ မယုံကြည်သူများ ဖြစ်နေသော်လည်း၊ ဘုရားသခင်ကို မယုံကြည်သူများ၏တည်ရှိမှုသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များ၏ အုပ်စိုးမှုကို ခံရကာ၊ ၎င်းမှ မည်သူမျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဤ လက်တွေ့အရှိတရား ကို မည်သူမျှရှောင်ရှားနိုင်ခြင်း မရှိပေ။

ယုံကြည်ခြင်း လုံးဝမရှိသူများသည် မြင်နိုင်သည့်အရာအားလုံးသည် တည်ရှိ၍ မမြင်နိုင်သည့်အရာ သို့မဟုတ် လူတို့မှ အလွန်ဝေးကွာသောအရာ အားလုံးသည် မတည်ရှိဟု ယုံကြည်လေ့ရှိသည်။ ၎င်းတို့သည် “ရှင်ခြင်းနှင့် သေခြင်းသံသရာ” မရှိ၊ “အပြစ်ဒဏ်” မရှိဟု ယုံကြည်ခြင်းကို နှစ်သက်သဖြင့် ထိုသူတို့သည် လိပ်ပြာမလုံမဖြစ်ဘဲ အပြစ်ကျူးလွန်ကာ မကောင်းမှု ကျူးလွန်ကြ၏။ ထိုသို့ကျူးလွန်ပြီးနောက် ၎င်းတို့သည် အပြစ်ပေးခံရ၏။ သို့မဟုတ် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားကြ၏။ မယုံကြည်သူများအကြား လူအမျိုးမျိုး၏ အများစုသည် ဤအဆိုးသံသရာအတွင်း ကျရောက်ကြသည်။ ဤသည်မှာ ဝိညာဉ်လောကသည် သက်ရှိသတ္တဝါအားလုံးအပေါ် ၎င်း၏စီမံအုပ်ချုပ်မှုတွင် တင်းကျပ်ကြောင်းကို ၎င်းတို့ မသိသောကြောင့်ဖြစ်သည်။ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဤအမှန်တရား ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျက်လုံးများဖြင့် လေ့လာဆန်းစစ်သည့် နယ်ပယ် မှ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ၊ ဘုရားသခင်၏ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် အမိန့်များမှ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်း အပြစ်ကျူးလွန်ခြင်းနှင့် မကောင်းမှုကျူးလွန်ခြင်းသည် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်းနှင့် အကျိုးဆက်များရှိကြောင်း ဤရိုးရှင်းသည့် နမူနာက ပြောသည်။ အခြားသူတစ်ဦးအား ပိုက်ဆံလိမ်လည်ခဲ့သူ တစ်စုံတစ်ဦးသည် ဤသို့အပြစ်ပေးခံရသောအခါ ထိုအပြစ်ဒဏ်သည် တရားမျှတ၏။ အများအပြားမြင်တွေ့ရသည့် ဤကဲ့သို့သော အပြုအမူသည် ဝိညာဉ်လောက၏ အပြစ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အမိန့်များနှင့် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများအားဖြင့် အပြစ်ပေးခံရ၏။ ထို့ကြောင့် ဆိုးရွားစွာ ပြစ်မှုကျူးလွန်သည့်အပြုအမူနှင့် ကောက်ကျစ်စဉ်းလဲသော အပြုအမူ၊ မုဒိမ်းကျင့်ခြင်းနှင့် တိုက်ခိုက်လုယူခြင်း၊ လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်း၊ ခိုးမှုနှင့် လုယက်မှု၊ လူသတ်မှုနှင့် မီးရှို့မှု စသည်တို့သည် ပြင်းထန်မှုကွဲပြားသည့် အပြစ်ဒဏ်အမျိုးမျိုးကို သာ၍ပင်ခံရသည်။ ပြင်းထန်မှုကွဲပြားသည့် ဤအပြစ်ဒဏ်များတွင် မည်သည်တို့ ပါဝင်သနည်း။ ၎င်းတို့အချို့မှာ ပြင်းထန်မှုအဆင့်ကို သတ်မှတ်ရန် အချိန်ကို အသုံးပြု၏၊ အချို့မှာ ကွဲပြားသောနည်းစနစ်အားဖြင့် ထိုသို့ပြုလုပ်ကာ အခြားသူများသည် လူတို့ ပြန်ဝင်စားသည့်အခါ သွားသောနေရာအားဖြင့် ထိုသို့ပြုလုပ်၏။ ဥပမာ အချို့သူများသည် အပြောအဆို ညစ်ညမ်းသည်။ “အပြောအဆို ညစ်ညမ်းသည်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ၎င်းသည် အခြားသူများအား မကြာခဏဆဲဆိုခြင်းနှင့် မလိုမုန်းထားသော စကား၊ လူတို့အား ဆဲဆိုသည့်စကားတို့ မကြာခဏ အသုံးပြုခြင်းကို ဆိုလိုသည်။ မလိုမုန်းထားသော စကားမှာ မည်သည့်လက္ခဏာ ပြသနည်း။ တစ်စုံတစ်ဦးတွင် ဆိုးယုတ်သော နှလုံးသားရှိသည်ဟူသော လက္ခဏာပြသည်။ လူတို့အား ဆဲဆိုသော မလိုမုန်းထားသော စကားသည် ထိုကဲ့သို့သောသူတို့၏ ပါးစပ်များမှ လာလေ့ရှိကာ၊ ထိုသို့သော မလိုမုန်းထားသော စကားနှင့်အတူ ပြင်းထန်သည့် အကျိုးဆက်များ အတူပါလာသည်။ ထိုသူများသေဆုံးပြီး သင့်တော်သည့် အပြစ်ဒဏ်ရရှိပြီးနောက်၊ ထိုသူတို့သည် ဆွံ့အသူများအဖြစ် ပြန်လည်မွေးဖွားနိုင်သည်။ အချို့သောသူများသည် ၎င်းတို့အသက်ရှင်နေစဉ်တွင် လွန်စွာ အပိုင်ကြံတတ်သည်။ ထိုသူတို့သည် သူတပါးအပေါ် အခွင့်ကောင်းယူလေ့ရှိသည်။ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများသည် အထူးသဖြင့် ကောင်းမွန်စွာ စီစဉ်ထားကြကာ အခြားသူများအပေါ် ထိခိုက်နစ်နာစေသည့်အရာ များစွာပြုလုပ်ကြ၏။ ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ ကျပ်မပြည့်သူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဒုက္ခိတအဖြစ် ဖြစ်နိုင်သည်။ အချို့သူများသည် သူတပါးကိုယ်ရေးကိုယ်တာကိစ္စများကို မကြာခဏချောင်းကြည့်လေ့ရှိသည်။ ၎င်းတို့၏မျက်လုံးများသည် ၎င်းတို့သိခွင့်မရှိသည့်အရာများစွာကို တွေ့ကြကာ ၎င်းတို့ သိခွင့်မရှိသည့် အရာများစွာကို သိကြ၏။ ထို့ကြောင့် ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ မျက်မမြင်များ ဖြစ်နိုင်သည်။ အချို့သူများသည် ၎င်းတို့အသက်ရှင်စဉ်က လွန်စွာ လျင်မြန်ထက်မြက်၏။ ၎င်းတို့သည် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကာ မကောင်းမှုများစွာ လုပ်ကြ၏။ ထို့ကြောင့် ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ ၎င်းတို့သည် ဒုက္ခိတများ ဖြစ်နိုင်၏။ ခြေကျိုးနေနိုင်၏။ သို့မဟုတ် လက်တစ်ဘက် မရှိ ဖြစ်နိုင်၏။ သို့မဟုတ် ကျောတွင်ဘုကြီးရှိနေနိုင်၏။ ခြေထော့ကျိုးဖြင့် လမ်းလျှောက်နိုင်၏။ သို့မဟုတ် ခြေတစ်ဘက်မှာ အခြားတစ်ဘက်ထက် သာ၍တိုခြင်း စသည်တို့ဖြစ်နိုင်၏။ ဤအရာတွင် ၎င်းတို့သည် အသက်ရှင်စဉ် ၎င်းတို့ကျူးလွန်ခဲ့သည့် မကောင်းမှုအဆင့်အပေါ်မူတည်၍ ကွဲပြားသော အပြစ်ဒဏ်များ ခံရခြင်းဖြစ်၏။ ထို့ကြောင့် သင်တို့ အဘယ်သို့ပြောမည်နည်း။ လူတို့သည် အဘယ်ကြောင့် မျက်လုံးများစွေနေကြသနည်း။ ထိုကဲ့သို့သောသူများ များစွာရှိသလော။ ယနေ့ အနီးအနားတွင် ထိုသူတို့ များစွာရှိကြ၏။ အချို့သောသူများသည် ၎င်းတို့၏အတိတ်ဘဝတွင် ၎င်းတို့၏မျက်လုံးများကို လွန်စွာအသုံးပြုခဲ့သောကြောင့် မျက်လုံးများစွေနေခြင်း ဖြစ်၏။ ၎င်းတို့သည် မကောင်းသည့်အရာ များစွာကို ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့် ဤဘဝအတွင်း ၎င်းတို့မွေးဖွားသည့်အခါ ၎င်းတို့၏မျက်လုံးများ စွေနေကြကာ ကြီးလေးသောကိစ္စများတွင် ၎င်းတို့သည် မျက်မမြင်များပင် ဖြစ်ကြ၏။ ဤသည်မှာ ဝဋ်လည်ခြင်းပင်ဖြစ်၏။ အချို့သူများသည် ၎င်းတို့မသေဆုံးမီ အခြားသူများနှင့် ကောင်းစွာ အဆင်ပြေကြသည်၊ ၎င်းတို့ချစ်ခင်သူများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သူများအတွက် ကောင်းသောအရာ များစွာ လုပ်ပေး၏။ ၎င်းတို့သည် သူတပါးအပေါ် ပေးကမ်းစွန့်ကြဲမှုများ၊ စောင့်ရှောက်မှုများပေးခြင်း သို့မဟုတ် ငွေကြေးအရ အထောက်အကူပေးခြင်းများပြုလုပ်ကာ အခြားသူများသည် ၎င်းတို့အား လွန်စွာ အထင်ကြီးကြ၍ ထိုကဲ့သို့သောသူများသည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ အပြစ်ပေးခြင်း မခံရပေ။ မယုံကြည်သူ တစ်ဦးအနေဖြင့် မည်သည့်နည်းနှင့်မျှ အပြစ်ပေးမခံရခြင်းမှာ ထိုသူသည် လွန်စွာကောင်းမွန်သူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုလို၏။ ဘုရားသခင်ရှိခြင်းကို ယုံကြည်မည့်အစား ထိုသူတို့သည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏အထက်တွင် ဝိညာဉ်တစ်ပါးသည် ၎င်းတို့လုပ်သမျှကို ကြည့်နေသည်ဟုသာ ယုံကြည်၏။ ဤသည်ကိုသာ ၎င်းတို့ယုံကြည်ကြ၏။ ရလဒ်မှာ ၎င်းတို့သည် များစွာသာ၍ လိမ္မာကြခြင်းဖြစ်၏။ ထိုသူတို့သည် ကြင်နာသောစိတ်နှလုံးရှိ၍ စေတနာရှိကြ၏။ အဆုံးတွင် ထိုသူတို့ ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ ဝိညာဉ်လောကသည် ၎င်းတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်၍ ၎င်းတို့သည် မကြာမီ လူဝင်စားကြလိမ့်မည်။ ၎င်းတို့သည် ပြန်လည်မွေးဖွားလာကြသောအခါ မည်သို့သော မိသားစုတွင် ၎င်းတို့ရောက်ရှိကြမည်နည်း။ ဤမိသားစုသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း ငြိမ်းချမ်းလိမ့်မည်။ မိသားစုဝင်များအကြား သဟဇာတရှိကာ ၎င်းတို့သည် တည်ငြိမ်အေးချမ်း၍ ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို ကျော်လွန်ကြမည်ဖြစ်သည်။ လူတိုင်းသည် ဝမ်းမြောက်ကြလျက်၊ ၎င်းတို့သည် ကောင်းမွန်သော အသက်တာကို ရကြလိမ့်မည်။ ထိုသူသည် အရွယ်ရောက်သောအခါ ကြီးမားသော ဆွေမျိုးမိသားစုကြီး ရှိလိမ့်မည်။ ၎င်းတို့၏သားသမီးများသည် ပါရမီရှိသူများဖြစ်ကာ အောင်မြင်မှုပျော်မွေ့ရလိမ့်မည်။ ထို့အပြင် ၎င်းတို့၏မိသားစုများသည် ကောင်းမွန်သောအခွင့်အလမ်းများ ပျော်မွေ့ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောရလဒ်သည် ထိုသူ၏အတိတ်ဘဝနှင့် ကြီးမားစွာ ဆက်စပ်နေသည်။ လူတစ်ဦးသေဆုံးပြီးနောက် ပြန်ဝင်စားသည့်အခါ ၎င်းသွားသည့်နေရာနှင့်၊ အမျိုးသားများဖြစ်စေ အမျိုးသမီးများဖြစ်စေ၊ ၎င်း၏လုပ်ငန်းတာဝန်မှာ မည်သည့်အရာဖြစ်ခြင်း၊ ၎င်း၏အသက်တာတွင် ကြုံရမည့်အရာ၊ ၎င်းအပေါ်နှောင့်နှေးစေသည့် အခက်အခဲများ၊ ၎င်းခံစားရမည့် ကောင်းချီးမင်္ဂလာများ၊ ၎င်းကြုံတွေ့မည့်သူများ၊ ၎င်းအပေါ် ဖြစ်ပေါ်သည့်အရာများကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိ၊ ရှောင်ရှားနိုင်ခြင်းမရှိ၊ သို့မဟုတ် ဖုံးကွယ်နိုင်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ သင်၏ဘဝသတ်မှတ်ခံရပြီးနောက် သင်၌ဖြစ်ပေါ်သည့်အရာကို သင် မည်သို့ ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ မည်သည့်နည်းလမ်းဖြင့် ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ ဝိညာဉ်လောကရှိ ဘုရားသခင်က သင့်အတွက် သတ်မှတ်ထားသည့် ဘဝလမ်းကြောင်းကို ချိုးဖောက်ရန် လမ်း သင့်တွင် လုံးဝမရှိဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ပြန်ဝင်စားသည့်အခါ သင့်ဘဝ၏ကံကြမ္မာသည် သတ်မှတ်ပြီးသားဖြစ်၍ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လူတိုင်းဤအရာကို ရင်ဆိုင်သင့်ပြီး ရှေ့ဆက်သွားသင့်သည်။ ဤသည်မှာ ဤလောကတွင်နေထိုင်သော မည်သူတစ်ဦးမျှ ရှောင်ရှားနိုင်ခြင်းမရှိသော ကိစ္စတစ်ရပ်ဖြစ်၍ ဤကိစ္စထက်သာ၍ စစ်မှန်သောကိစ္စမရှိပေ။ မှန်ပေသည်။ သင်ဤအရာအားလုံးကို နားလည်ပြီးဖြစ်သည် မဟုတ်လော။

ဤအရာကို နားလည်ခဲ့ပြီးနောက် ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန်ပင် အမှားမခံဘဲ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို သင်တို့ တွေ့ကြသလော။ ပထမအနေဖြင့် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ချမှတ်ခဲ့၏။ ထို့အပြင် ကောင်းကင်နှင့်သက်ဆိုင်သော ဤအမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များကို ကြေညာပြီးနောက် ဘုရားသခင်မှ သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ အရာရှိရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါအမျိုးမျိုးသည် တစ်သဝေမတိမ်း ထမ်းဆောင်ကြသည့်အပြင် ၎င်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ၏ လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာစက်ကွင်း၌ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်မျိုးစလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများမှာ ဘုရားသခင်ထံမှလာသောကြောင့် မည်သူမျှ ချိုးဖောက်ဝံ့ခြင်း မရှိသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာနှင့် ဤကဲ့သို့သော ဥပဒေများရှိနေသည့်အတွက်ကြောင့် လူတို့မြင်သည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်၍ စနစ်တကျရှိနေခြင်း ဖြစ်၏။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာ လူသားမျိုးနွယ်သည် လူသားတို့လုံးဝ မမြင်နိုင်သည့် အခြားလောကနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်၍ ၎င်းနှင့် သဟဇာတရှိစွာ နေထိုင်နိုင်ခြင်းဖြစ်၏။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရပေ။ လူတစ်ဦး၏ဇာတိဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်လိပ်ပြာသည် အသက်ရှိနေသေးသောကြောင့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုသာ မရှိပါက မည်သည့်အရာ ဖြစ်မည်နည်း။ ထိုလိပ်ပြာသည် နေရာအနှံ့ ဟိုဟိုသည်သည် လျှောက်သွားနေ၍၊ နေရာအနှံ့ ကျူးကျော်ဝင်ရောက်ကာ လူသားမျိုးနွယ်၏လောကရှိ သက်ရှိများကိုပင် အန္တရာယ်ပြုလိမ့်မည်။ ထိုအန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမဟုတ်ဘဲ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်၏။ သို့သော် ပထမဦးစွာ အန္တရာယ်ပြုခံရမည်မှာ လူတို့ဖြစ်၏။ ဤသည်သာဖြစ်ပါက၊ ထိုကဲ့သို့သော ဝိညာဉ်လိပ်ပြာသည် စီမံအုပ်ချုပ်မှု မရှိဘဲ လူတို့အပေါ် အမှန်တကယ်ပင် အန္တရာယ်ပြုကာ ဆိုးယုတ်သည့်အရာများ အမှန်တကယ်ပင် ပြုလုပ်ပါက ဝိညာဉ်လောကတွင်လည်း ဤလိပ်ပြာကို သင့်တော်စွာ ကိုင်တွယ်လိမ့်မည်။ အမှုအရာများသည် ကြီးလေးပါက ထိုလိပ်ပြာသည် မကြာမီ တည်ရှိတော့မည် မဟုတ်ဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြစ်နိုင်ပါက ၎င်းကို တစ်နေရာရာတွင်ထားပြီးနောက် ပြန်ဝင်စားစေလိမ့်မည်။ ဝိညာဉ်လိပ်ပြာအမျိုးမျိုးအပေါ် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်ကာ အဆင့်များနှင့် စည်းကမ်းများအတိုင်း ထမ်းဆောင်၏ဟု ဆိုလိုခြင်းဖြစ်၏။ ထိုကဲ့သို့သော စီမံအုပ်ချုပ်မှုကြောင့်သာ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာမဖြစ်ခဲ့ဘဲ၊ ရုပ်ဝတ္ထုလောက၏ လူသားမျိုးနွယ်သည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော ဇာတိဘဝ ပိုင်ဆိုင်ခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော သာမန်ဘဝကို ရရှိပြီးနောက်မှသာ ဇာတိပကတိ၌နေသူတို့သည် ဆက်လက်၍ ရှင်သန်နိုင်ကာ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်မည် ဖြစ်သည်။

သင်ခုတင်ကြားခဲ့ရသည့် နှုတ်ကပတ်တော်များကို မည်သို့သဘောရသနည်း။ ၎င်းတို့သည် အသင့်အတွက် အသစ်အဆန်းဖြစ်နေသလော။ ယနေ့ ငါသည် ဤနှုတ်ကပတ်တော်တို့ကို ရင်းနှီးစွာ ပြောဆိုဆွေးနွေးပြီးနောက် သင်တို့မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ဆန်းသစ်သည်ဟူသည်မှ လွဲ၍ သင်အခြားတစ်စုံတစ်ရာ ခံစားရသလော။ (လူတို့သည် ကောင်းကောင်း ပြုမူသင့်ကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကြီးမြတ်၍ ကြောက်မက်ဖွယ်ကောင်းသည်ဟု ကျွန်ုပ်မြင်၏။) (လူအမျိုးအစား အမျိုးမျိုး၏အဆုံးသတ်ကို ဘုရားသခင်မည်သို့ကိုင်တွယ်ကြောင်း ဘုရားသခင်၏ ဆွေးနွေးမှုကို ယခုတင် ကြားပြီးနောက်၊ တစ်ဘက်တွင် ဘုရားသခင်၏စိတ်သဘောထားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြု၊ ထို့အပြင် ကျွန်ုပ်သည် ကိုယ်တော်အား ရိုသေလေးမြတ်သင့်သည်ဟု ကျွန်ုပ်ခံစားရ၏။ အခြားတစ်ဘက်တွင် မည်သည့်လူအမျိုးအစားကို ဘုရားသခင် ကြိုက်သည်ဟူသည်နှင့် မည်သည့်အမျိုးအစားကို ကိုယ်တော်မကြိုက်ဟူသည်ကို ကျွန်ုပ်သိ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင်ကြိုက်သည့်လူတစ်ဦး ဖြစ်လို၏။) ဤနယ်ပယ်တွင် ဘုရားသခင်သည်မူအတိုင်း လုပ်ဆောင်သည်ကို သင်တို့တွေ့သလော။ ကိုယ်တော်သည် မည်သည့်အခြေခံမူများအရ လုပ်ဆောင်သနည်း။ (ကိုယ်တော်သည် လူတို့၏အဆုံးကို ၎င်းတို့လုပ်ဆောင်သည့်အရာအားလုံးအရ သတ်မှတ်၏။) ဤသည်မှာ ငါတို့ခုတင်ပြောခဲ့သည့် မယုံကြည်သူများ၏ အဆုံးသတ်မှုအမျိုးမျိုးအကြောင်း ဖြစ်၏။ မယုံကြည်သူများနှင့်ပတ်သက်၍ ဘုရားသခင်၏လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းသည် ကောင်းသူများကို ဆုချ၍ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းလော။ ခြွင်းချက်များ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏လုပ်ဆောင်ချက်များတွင် အခြေခံစည်းမျဉ်းတစ်ရပ်ရှိသည်ဟု သင်တို့မြင်သလော။ မယုံကြည်သူများသည် ဘုရားသခင်အား အကယ်စင်စစ် မယုံကြည်ပေ၊ ထိုသူတို့သည် ဘုရားသခင်၏ အစီအမံကို လိုက်နာခြင်းမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိပေ။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုရန်မှာ သာ၍ပင်နည်းသေး၏။ ပို၍ကြီးလေးသည်မှာ ထိုသူတို့သည် ဘုရားသခင်အပေါ် မထီမဲ့မြင်ပြုကာ သူ့အားကျိန်ဆဲကာ ဘုရားသခင်ကို ယုံကြည်သူများအပေါ် ရန်လိုကြ၏။ ထိုသူတို့သည် ဘုရားသခင်အပေါ် ဤသို့သော သဘောထား ရှိသော်လည်း ၎င်းတို့ကို ဘုရားသခင်၏စီမံအုပ်ချုပ်မှုမှာ သူ၏အခြေခံသဘောတရားများမှ သွေဖီခြင်း မရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အား သူ၏အခြေခံသဘောတရားများ၊ သူ၏စိတ်သဘောထားတို့နှင့်အညီ စနစ်တကျနည်းဖြင့် စီမံအုပ်ချုပ်၏။ ဘုရားသခင်သည် ၎င်းတို့၏ရန်လိုမှုအပေါ် မည်သို့သဘောထားသနည်း။ မသိနားမလည်မှုဟု သဘောထား၏။ ထို့ကြောင့် သူသည် မယုံကြည်သူအများစုဖြစ်သော ဤသူတို့ကို တိရစ္ဆာန်များအဖြစ် တစ်ကြိမ်ပြန်ဝင်စားစေခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏မျက်လုံးများထဲတွင် မယုံကြည်သူများသည် မည်သည်တို့ဖြစ်သနည်း။ ၎င်းတို့သည် ခြံမွေးတိရစ္ဆာန်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ခြံမွေးတိရစ္ဆာန်များကို စီမံအုပ်ချုပ်ကာ သူသည် လူသားမျိုးနွယ်ကို စီမံအုပ်ချုပ်၏။ ထို့အပြင် သူသည် ဤကဲ့သို့သောလူအမျိုးအစားအတွက် တူညီသောအခြေခံသဘောတရားများ ရှိ၏။ ဤသူတို့အပေါ် ဘုရားသခင်၏စီမံအုပ်ချုပ်မှုနှင့် ၎င်းတို့အပေါ် သူ၏ပြုမူဆောင်ရွက်ချက်များ၌ပင် ဘုရားသခင်၏စိတ်သဘောထားနှင့် အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုအတွက် ဥပဒေများကို မြင်နိုင်သေး၏။ ထို့ကြောင့် ငါခုတင်ပြောသည့် မယုံကြည်သူများကို သူစီမံအုပ်ချုပ်သည့် အခြေခံသဘောတရားများတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့မြင်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့တွေ့သလော။ (ကျွန်ုပ်တို့ တွေ့ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်း၏ မည်သည့်အရာကို ကိုင်တွယ်သည်ဖြစ်စေ သူသည် သူ၏ကိုယ်ပိုင် အခြေခံ သဘောတရားများနှင့် စိတ်သဘောထားနှင့်အညီ ပြုမူလုပ်ကိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ သူသည် ဤကဲ့သို့သောလူစားမျိုးကို ခြံမွေးတိရစ္ဆာန်ဟု ယူဆသဖြင့် သူသည် အမိန့်များ သို့မဟုတ် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများကို သာမန်ကာလျှံကာ ချိုးဖောက် လိုက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စိုးစဉ်းမျှပင် အစီအစဉ်ပျက်စေခြင်းမရှိဘဲ အခြေခံ သဘောတရားများနှင့်အညီ ပြုမူလုပ်ကိုင်၏။ သူ၏ပြုမူဆောင်ရွက်ချက်များသည် မည်သည့်အချက်မျှ၏ သက်ရောက်မှု လုံးဝမရှိဘဲ သူသည် မည်သည်ကိုပြုလုပ်သည်ဖြစ်စေ ၎င်းသည် သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများကို လုံးဝလိုက်နာ၏။ ဤသည်မှာ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရရှိ၍ဖြစ်သည်။ ဤအနှစ်သာရမှာ မည်သည့်ဖန်ဆင်းထားသည့်သတ္တဝါမျှ မပိုင်ဆိုင်သော သူ၏အနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်၏။ ဘုရားသခင်သည် သူဖန်ဆင်းသည့်အရာ အားလုံးအကြား အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ရာတွင်နှင့် အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိ၏။ ထို့အပြင် သူသည် ၎င်းအရာ၌ မည်သည့်အခါကမျှ ပေါ့လျော့ခဲ့ခြင်း မရှိပေ။ ကောင်းသောသူများအပေါ် သူသည် သနားခြင်းကရုဏာတော်ရှိ၍ ကြင်နာ၏။ ဆိုးယုတ်သောသူများအပေါ် သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေ၏။ ထို့အပြင် သက်ရှိသတ္တဝါအမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူသားမျိုးနွယ်၏လောက၏ ကွဲပြားသောသတ်မှတ်ချက်များနှင့်အညီ အချိန်မီ၊ ပုံမှန်နည်းဖြင့် သင့်တော်သော စီမံမှုများကိုပြုလုပ်ရာ ဤသက်ရှိသတ္တဝါအမျိုးမျိုးသည် စနစ်ကျသောနည်းဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများနှင့်အညီ ပြန်ဝင်စားကြကာ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉ်လောကအကြား စနစ်ကျသောနည်းဖြင့် ရွေ့လျားသွားလာကြ၏။

သက်ရှိသတ္တဝါတစ်ခု၏သေဆုံးခြင်း၊ ရုပ်ခန္ဓာအသက်အဆုံးသတ်ခြင်းသည် ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉ်လောကအတွင်း ရောက်ရှိသွားကြောင်း လက္ခဏာဖြစ်၍၊ ရုပ်ခန္ဓာအသက်အသစ် မွေးဖွားခြင်းသည် သက်ရှိသတ္တဝါတစ်ခု ဝိညာဉ်လောကမှ ရုပ်ဝတ္ထုလောကသို့ လာကာ ၎င်း၏အခန်းကဏ္ဍကို စတင်လက်ခံ၍ ၎င်း၏အခန်းကဏ္ဍတွင် စတင်ပါဝင်ကြောင်း လက္ခဏာဖြစ်၏။ သတ္တဝါတစ်ခု ထွက်ခွာသည်ဖြစ်စေ၊ ရောက်ရှိသည်ဖြစ်စေ၊ နှစ်ခုစလုံးသည် ဝိညာဉ်လောက၏အလုပ်မှ ခွဲခြား၍မရပေ။ လူတစ်ဦးသည် ရုပ်ဝတ္ထုလောကအတွင်း ရောက်လာသည့်အခါ၌ ၎င်းတို့သွားရောက်သည့် မိသားစု၊ ၎င်းတို့ဆိုက်ရောက်သည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်သည့်အချိန်နှင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍတို့အတွက် ဝိညာဉ်လောကရှိ ဘုရားသခင်မှ သင့်တော်သည့်အစီအမံများနှင့် ချမှတ်ချက်များ ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤသူ၏အသက်တာတစ်ခုလုံး၊ ၎င်းပြုလုပ်သည့် အရာများ၊ ၎င်းလိုက်လျှောက်သည့်လမ်းကြောင်းများသည် အမှားအယွင်း စိုးစဉ်းမျှမရှိဘဲ ဝိညာဉ်လောက၏ အစီအမံများအတိုင်းရှေ့ဆက်လေသည်။ ထိုအတောအတွင်း အသက်ခန္ဓာအဆုံးသတ်သည့်အခါနှင့် အဆုံးသတ်ပုံသတ်နည်းနှင့် အဆုံးသတ်သည့်နေရာတို့ကို ဝိညာဉ်လောကအတွက် ရှင်းလင်း၍ ထိုးထွင်းသိမြင်နိုင်၏။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်ချုပ်၍ ဝိညာဉ်လောကကို အုပ်ချုပ်ကာ သူသည် ဝိညာဉ်လိပ်ပြာတစ်ပါး၏ သာမန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့ လိပ်ပြာတစ်ပါး၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၏ အစီအမံများတွင်လည်း အမှားများ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လောက၏တရားဝင်ရာထူးများ၌ရှိသည့် ဘိလစ်စာရေးတစ်ဦးစီသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းကမ်းများတို့နှင့်အညီ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်၍ လုပ်သင့်သော အရာများကို လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင် လူသားမြင်တွေ့သည့် ရုပ်ဝတ္ထုအဖြစ်အပျက် တိုင်းသည် စနစ်တကျရှိ၍ ပရမ်းပတာများ လုံးဝမပါဝင်ပေ။ ဤသည်အားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင် ဘုရားသခင်၏သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်သည့်အတွက်ကြောင့်ဖြစ်ကာ၊ သူအုပ်ချုပ်သည့်အရာအားလုံးတွင် လူသားတို့နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်ရုံသာမက လူသားမျိုးနွယ်၏နောက်ကွယ်မှ မမြင်နိုင်သော ဝိညာဉ်လောကလည်း ပါဝင်၏။ ထို့ကြောင့် လူသားမျိုးနွယ်သည် ကောင်းမွန်သောအသက်တာ ရရှိလို၍ ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်လိုပါက လူသားအား မြင်တွေ့နိုင်သော ရုပ်ဝတ္ထုလောက တစ်ရပ်လုံး ပေးရမည့်အပြင် မည်သူမျှ မမြင်နိုင်ဘဲ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသော ဝိညာဉ်လောကကိုပါ ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းမြစ်ဖြစ်သည်ဟု ပြောသောအခါ ငါတို့သည် “အရာခပ်သိမ်း” အပေါ် ငါတို့၏ အသိရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ဖြည့်ခဲ့ပြီမဟုတ်လော။ (ဟုတ်ကဲ့။)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။