သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း တစ်

သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း

မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း

၁။ ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း- ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း

ယခုတလော ငါတို့သည် သမ္မာတရားကို လိုက်စားရန်နည်းလမ်း ဟူသည့် လက်တွေ့လုပ်ဆောင်ခြင်းတွင် ပထမဆုံး အဓိကအချက်ဖြစ်သည့် “လက်လွှတ်ခြင်း” ကို ဆွေးနွေးနေခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် “လက်လွှတ်ခြင်း” နှင့်ပတ်သက်သည့် တတိယအချက်ဖြစ်သော မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုတို့ကို လက်လွှတ်ခြင်းဟူသည့် လုံးဝအသစ်ဖြစ်သော အကြောင်းအရာတစ်ခုကို မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအကြောင်းအရာတွင် ရှုထောင့်တစ်မျိုးတည်းသာ မဟုတ်ဘဲ အချက်အလက်များနှင့် အကြောင်းအရာများစွာ ပါဝင်သည်။ ဤအကြောင်းအရာများသည် လူတို့က ဘုရားသခင်၏ အလုပ်ဖြစ်စဉ်တွင် တွေ့ကြုံခံစားရသည့်အရာများ ဖြစ်ပြီး ၎င်းတို့သည် လူတို့၏ အသက်တာများ၊ လိုက်စားမှုများနှင့် တိုက်ရိုက်သက်ဆိုင်သည်၊ ထို့ကြောင့် ငါတို့ အမှန်တကယ် မိတ်သဟာယဖွဲ့ရမည့် ပထမဆုံးရှုထောင့်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းသည့် ဖြစ်စဉ်တွင် လူတို့ မရှောင်လွှဲနိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဤအကြောင်းအရာ၏ အစိတ်အပိုင်းတစ်ခုကို ငါ မိတ်သဟာယဖွဲ့ခဲ့သည်။ ငါ အတိအကျ မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့သည်ကို သင်တို့ ပြောကြည့်လော့။ (ပြီးခဲ့သည့်တစ်ကြိမ်က ဘုရားသခင်သည် မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုတို့ကို လက်လွှတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ဘုရားသခင်သည် ရှေးဦးစွာ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖော်ထုတ်ခဲ့ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့တွင် ဘုရားသခင်၏ နေ့ရက်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ရှိကြသည့်အပြင် ဘုရားသခင်၏ အလုပ်သည် အလွန် သဘာဝလွန်ပြီး သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ကာ လူတို့ကို တို့ထိနေသမျှကာလပတ်လုံး လူတို့သည် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပြောင်းလဲသွားလိမ့်မည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ဤအယူအဆများနှင့် စိတ်ကူးများကို ဖော်ထုတ်နေစဉ်တွင် ဘုရားသခင်သည် သူ၏အလုပ်၌ သူရည်ရွယ်ထားသည့် ရလဒ်မှာ သူ၏နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ထဲသို့ ထည့်သွင်းရန်ဖြစ်ကြောင်း၊ သို့မှသာ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာများတွင် အမှုအရာများ ကျွန်ုပ်တို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းကို ကျွန်ုပ်တို့အား ပြောပြခဲ့ပါသည်၊ ဤသည်မှာ ကျွန်ုပ်တို့တစ်ဦးချင်းစီအပေါ် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်ပါသည်။) အခြားမည်သူ ထပ်ဖြည့်စွက်နိုင်သေးသနည်း။ (ပြီးခဲ့သည့်တစ်ကြိမ်က ဘုရားသခင်သည် လူတို့က ၎င်းတို့၏ ယာယီသရုပ်သကန်များကို အခြေခံ၍ ဘုရားသခင်က ၎င်းတို့ကို ဆုံးဖြတ်သတ်မှတ်သည်ဟု ယုံကြည်ကြသည့်အချက်နှင့်ပတ်သက်၍လည်းကောင်း၊ အပြင်ပန်း စည်းမျဉ်းစည်းကမ်းများနှင့် အပြင်ပန်း ကောင်းမွန်သောအပြုအမူများကို လိုက်နာခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည်ဟု ထင်မြင်ကြသည့်အချက်နှင့်ပတ်သက်၍လည်းကောင်း မိတ်သဟာယဖွဲ့ခဲ့ပါသည်၊ ဤအရာအားလုံးသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်ကြပါသည်။ ထို့ပြင် လူတို့ အားနည်းနေချိန်တွင်ဖြစ်စေ၊ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည့်အချိန်တွင်ဖြစ်စေ ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြပါသည်၊ ဤသည်မှာလည်း အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်ပါသည်။ လူတို့၏ ဤအယူအဆများနှင့် စိတ်ကူးများကို ဘုရားသခင် ဖော်ထုတ်ခြင်းမှတစ်ဆင့် ဘုရားသခင် အလိုရှိသောအရာမှာ ကျွန်ုပ်တို့၏ အပြင်ပန်း ကောင်းမွန်သောအပြုအမူများ မဟုတ်သကဲ့သို့ အချို့သော အပြင်ပန်း ကျင့်ကြံမှုများနှင့် စည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်တို့ ပုံသေစောင့်ထိန်းရန်ကိုလည်း သူအလိုမရှိကြောင်း ကျွန်ုပ်တို့ နားလည်ခဲ့ကြပါသည်။ ထိုအစား အမှုအရာများ ကျွန်ုပ်တို့ထံ ဖြစ်ပျက်သည့်အခါတွင် သမ္မာတရား စည်းမျဉ်းများကို ကျွန်ုပ်တို့ ရှာဖွေနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန်ကို သူမျှော်လင့်ပါသည်။) လူတိုင်းတွင် ဤအယူအဆများနှင့် စိတ်ကူးများ အနည်းနှင့်အများ ရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့ သမ္မာတရားကို စတင်၍ မလိုက်စားမီတွင်ဖြစ်စေ၊ ၎င်းတို့ သမ္မာတရားကို နားမလည်ဘဲ သမ္မာတရားကို မရရှိသေးသည့်အခါတွင်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းနှင့်ပတ်သက်၍ ထင်ကြေးပေးရန် သို့မဟုတ် ဘုရားသခင် အလုပ်လုပ်မည့်နည်းလမ်းနှင့်ပတ်သက်၍ ကောက်ချက်အလျင်အမြန်ချရန် ဤအယူအဆများနှင့် စိတ်ကူးများကို အသုံးပြုလေ့ရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို၊ မိမိတို့၏ အဆုံးသတ်ကို၊ နောင်တွင် ၎င်းတို့ ကောင်းချီးခံစားရမည် သို့မဟုတ် ကံဆိုးမိုးမှောင်ကျမည်ကို ဆုံးဖြတ်သတ်မှတ်ပေးရန် ဤထင်ကြေးများကို အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် လူတို့၏ သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်တွင် ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့၏ ဘုရားသခင်၏အလုပ်ကို လက်ခံခြင်းအတွက်၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းအတွက်နှင့် ၎င်းတို့၏ သမ္မာတရားကို ရရှိခြင်းအတွက် ကြီးမားသော အတိုင်းအတာအထိ အတားအဆီးများ ဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ လူတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို လက်မလွှတ်နိုင်ဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်ခြင်းအတွက် ၎င်းတို့၏ လှုံ့ဆော်မှုနှင့် အခြေခံအကြောင်းရင်းအဖြစ် အမြဲမှတ်ယူနေမည်ဆိုလျှင် ဤအယူအဆများနှင့် စိတ်ကူးများသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်းမှ ၎င်းတို့ကို ကြီးမားသော အတိုင်းအတာအထိ တားဆီးလိမ့်မည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်၌ မိမိတို့၏ ကိုယ်ပိုင်တန်ဖိုး၊ အမှတ်သညာနှင့် အဆင့်အတန်းကို ဆုံးဖြတ်သတ်မှတ်ရန်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သို့သော ဆက်ဆံမှုကို ၎င်းတို့ ရရှိနိုင်မည်ကို ဆုံးဖြတ်ရန်၊ နောင်တွင် ၎င်းတို့၏ ပန်းတိုင်သည် မည်သည့်အရာဖြစ်မည်နှင့် မည်သည့်ကောင်းချီးမင်္ဂလာများကို ရရှိမည်ကို ဆုံးဖြတ်ရန်၊ ၎င်းတို့တွင် အခွင့်အာဏာ မည်မျှရှိမည်နှင့် မြို့မည်မျှကို အုပ်ချုပ်ရမည်ကို ဆုံးဖြတ်ရန်၊ ကောင်းကင်ဘုံ၌ ၎င်းတို့သည် တိုင်တစ်တိုင် သို့မဟုတ် ဒေါက်တိုင်တစ်ခု ဖြစ်မည် မဖြစ်မည်ကို ဆုံးဖြတ်ရန်၊ သို့မဟုတ် ဤဘဝတွင် မည်မျှရရှိနိုင်ပြီး နောင်ဘဝတွင် မည်မျှရရှိနိုင်သည်ကို ဆုံးဖြတ်သတ်မှတ်ရန် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အသုံးပြုနိုင်ကြလိမ့်မည်။ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့၏ အသက်တာများ၊ လိုက်စားမှုများနှင့် ဆက်နွှယ်သောကြောင့် ၎င်းတို့သည် လူတို့ လျှောက်လှမ်းသော လမ်းကြောင်းများကို လွှမ်းမိုးပြီး ပြောစရာမလိုသည်မှာ ၎င်းတို့သည် လူတို့၏ နောက်ဆုံး အဆုံးသတ်နှင့် ပန်းတိုင်ကိုလည်း လွှမ်းမိုးသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ပြီး လိုက်စားသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအယူအဆများ၊ စိတ်ကူးများကို အခြေခံပြီး မလွှဲမရှောင်သာဖြင့် အရာရာတိုင်းနှင့်ပတ်သက်၍ ရှုမြင်ကာ အရာရာတိုင်းကို ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်သတ်မှတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရားကို မည်သို့ပံ့ပိုးပေးပြီး လူတို့အား မည်သည့်အမြင်များကို ကိုင်စွဲသင့်ကာ မည်သည့်လမ်းကြောင်းအား လျှောက်သင့်သည်ကို ပြောသည်ဖြစ်စေ လူတို့က ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်မလွှတ်သရွေ့ ယင်းတို့ဖြင့် ဆက်လက်၍ အသက်ရှင်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် သဘာဝအလျောက် လူတို့၏ အသက်နှင့် ၎င်းတို့ ရှင်သန်သည့် နိယာမများ ဖြစ်လာမည်။ ပြီးလျှင် ယင်းတို့သည် ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံတို့ကို လူတို့ကိုင်တွယ်ဖြေရှင်းသည့် လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများ မလွဲမသွေ ဖြစ်လာလိမ့်မည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ မည်သို့ယုံကြည်ပါစေ၊ မည်သို့လိုက်စားပါစေ၊ ဆင်းရဲဒုက္ခ မည်မျှကို ခံရပါစေ၊ အဖိုးအခ မည်မျှပေးဆပ်ရပါစေ အားလုံးက အချည်းနှီးဖြစ်လိမ့်မည်။ လူတစ်ဦးက သူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အသက်ရှင်သရွေ့ ဤသူသည် ဘုရားသခင်ကို အတိုက်အခံပြုနေပြီး ဘုရားသခင်ကို ရန်မူဆန့်ကျင်သည်။ သူသည် ဘုရားသခင်က စီစဉ်ဖွဲ့စည်းသော ပတ်ဝန်းကျင်များအပေါ်၊ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် စစ်မှန်သော ကျိုးနွံနာခံမှုမရှိ။ ထို့နောက် အဆုံးတွင် သူ၏ အဆုံးသတ်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်။ သင်က ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ဖြစ်သော်လည်း ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခဲ့ပြီး လှည့်လည်သွားလာကာ အဖိုးအခကြီးစွာပေးဆပ်သော်လည်း သင်လုပ်ဆောင်သော အရာတိုင်း၏ စမှတ်နှင့် အရင်းအမြစ်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများဖြစ်လျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပေ။ ဤအယူအဆများနှင့် စိတ်ကူးများသည် စာအုပ်များမှလာသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းမှလာသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများနှင့် စိတ်ဝင်စားမှုများမှလာသည်ဖြစ်စေ အတိုချုပ်အားဖြင့် ယင်းတို့သည် အယူအဆများနှင့် စိတ်ကူးများ ဖြစ်နေသရွေ့ ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ ပြီးလျှင် ယင်းတို့သည် သမ္မာတရား မဟုတ်သရွေ့ ယင်းတို့သည် သမ္မာတရားကို ဆန့်ကျင်ဘက်ပြုသည်၊ လူတို့၏ သမ္မာတရားကို လက်ခံခြင်းအတွက် ခလုတ်တံသင်းဖြစ်ပြီး ဘုရားသခင်နှင့် သမ္မာတရား၏ ရန်သူဖြစ်၏။ ထို့ကြောင့် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အသက်ရှင်နေထိုင်သရွေ့ သင်သည် ဤအယူအဆများနှင့် စိတ်ကူးများအတိုင်း အရာရာတိုင်းကို အကဲဖြတ်ပြီး ရှုမြင်လိမ့်မည်ဖြစ်ကာ ၎င်းတို့ကြောင့် သင်သည် အဆုံးတွင် ဘုရားသခင်က သင့်အတွက် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များကို ပုန်ကန်မည်ဖြစ်ပြီး ဘုရားသခင်၏ လမ်းညွှန်မှု သို့မဟုတ် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ပုန်ကန်မည်မှာ သေချာပေသည်။ အတိုချုပ်အားဖြင့် ဤနေရာတွင် စစ်မှန်သော လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ဆင်းရဲဒုက္ခ မည်မျှခံရသည်ဖြစ်စေ၊ အဖိုးအခ မည်မျှပေးဆပ်သည်ဖြစ်စေ၊ သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အသက်ရှင်နေထိုင်နေသရွေ့ သင်ခံစားရသော ဆင်းရဲဒုက္ခများနှင့် သင်ပေးဆပ်သော အဖိုးအခသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီဘဲ သမ္မာတရားနှင့်လည်း မည်သို့မျှ မသက်ဆိုင်သောကြောင့် ဖြစ်သည်။ သင်ခံစားရသော ဆင်းရဲဒုက္ခများနှင့် သင်ပေးဆပ်သော အဖိုးအခသည် လူ့အယူအဆများနှင့် စိတ်ကူးများကိုလည်းကောင်း၊ သင်၏ နှစ်သက်မှုများကိုလည်းကောင်း အခြေခံပြီး သင်၏ ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်နှင့် သင်၏ အချို့သော ရည်မှန်းချက်များကို ပြည့်ဝစေရန်အတွက်ဖြစ်သည်ဟု ပြောဆိုနိုင်ပေသည်။ ပေါလုက ပြသခဲ့သောအရာ ကဲ့သို့ဖြစ်သည်။ သူသည် အလုပ်များစွာ လုပ်ခဲ့ပြီး များစွာလှည့်လည်သွားလာခဲ့သည်။ ဥရောပ၏ နေရာဒေသအများစုတွင် ဧဝံဂေလိတရားဟောခဲ့သည်။ သို့သော် ဆင်းရဲဒုက္ခမည်မျှကို သူခံစားရပါစေ၊ အဖိုးအခမည်မျှပေးဆပ်ပါစေ၊ မည်မျှ လှည့်လည်သွားလာပါစေ သူ့တွင် သမ္မာတရားနှင့် ကိုက်ညီသည့် အတွေးများနှင့် အမြင်များ လုံးဝမရှိခဲ့ပေ။ သမ္မာတရားကို လုံးဝ လက်မခံခဲ့သည့်အပြင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သော သဘောထားနှင့် စစ်မှန်သော အတွေ့အကြုံ လုံးဝမရှိခဲ့။ သူသည် သူ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတွင်း၌ အစဉ် အသက်ရှင်ခဲ့သည်။ သူ၏ သတ်သတ်မှတ်မှတ်ဖြစ်သော အယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ ယင်းမှာ သူသည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီး ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုသောအခါတွင် သူ့အတွက် ဓမ္မသရဖူကို သိုထားခြင်းဖြစ်သည်။ ဤသည်မှာ ပေါလု၏ အယူအဆနှင့် စိတ်ကူးဖြစ်သည်။ သူ့အယူအဆနှင့် စိတ်ကူး၏ သတ်သတ်မှတ်မှတ်ဖြစ်သော သဘောတရားဆိုင်ရာ အခြေပြုချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူတစ်ဦး ပြုလုပ်ခဲ့သည့် လှည့်လည်သွားလာမှုပမာဏကိုလည်းကောင်း၊ သူပေးဆပ်ခဲ့သည့် အဖိုးအခကိုလည်းကောင်း၊ ဆင်းရဲဒုက္ခမည်မျှကို သူခံစားခဲ့သည်ကိုလည်းကောင်း အခြေခံ၍ သူ၏ အဆုံးသတ်ကို သတ်မှတ်ပေးမည်ဟူ၍ ဖြစ်သည်။ သူ၏ အယူအဆ၊ စိတ်ကူးတို့နှင့်ပတ်သက်သည့် ထိုသို့သော သဘောတရားဆိုင်ရာ အခြေခံအရ ပေါလုသည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ အမှုမဲ့အမှတ်မဲ့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် လမ်းဆုံးသို့ ရောက်ရှိသောအခါ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မိမိ၏ အပြုအမူ၊ သရုပ်သကန်များနှင့် ပတ်သက်၍ဖြစ်စေ၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မိမိ၏ အနှစ်သာရနှင့် ပတ်သက်၍ဖြစ်စေ မည်သို့မျှ နားလည်သဘောပေါက်ခြင်း မရှိခဲ့ဘဲ နောင်တရ၍ပြုပြင်ခြင်း ပို၍ပင် မရှိခဲ့ပေ။ သူသည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် သူ၏ နဂိုအယူအဆနှင့် စိတ်ကူးကို ကိုင်စွဲထားဆဲ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှု အနည်းငယ်မျှ မရှိရုံမကဘဲ ပြောင်းပြန်ပင်ဖြစ်ကာ သူသည် အပြန်အလှန်အနေဖြင့် ဘုရားသခင်ထံမှ ကောင်းသောအဆုံးသတ်နှင့် ခရီးဆုံးပန်းတိုင်ကို ပို၍ပင် ရခွင့်ရှိသည်ဟု ယုံကြည်ခဲ့သည်။ “အပြန်အလှန်” ဆိုသည်မှာ ကြားကောင်းသော၊ ယဉ်ကျေးမှုရှိသော ပြောဆိုနည်း ဖြစ်သည်။ သို့သော် အမှန်တွင် ယင်းသည် အပြန်အလှန်တစ်ခုမဟုတ်၊ သို့မဟုတ် အပေးအယူတစ်ခုပင် မဟုတ်။ သူသည် ဤအရာများကို ဘုရားသခင်ထံမှ တိုက်ရိုက်တောင်းနေခြင်း၊ ယင်းတို့ကို ဘုရားသခင်ထံမှ ပွင့်ပွင့်လင်းလင်း တောင်းဆိုနေခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်ထံမှ မည်သို့ တောင်းဆိုသနည်း။ “ငါသည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီး ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုခဲ့ပြီ။ ဂုဏ်ကျက်သရေသရဖူသည် ယခုတွင် ငါ၏အရာဖြစ်သည်။ ဤသည်မှာ ငါနှင့် ထိုက်တန်သောအရာ ဖြစ်ပြီး ဘုရားသခင်က ငါ့အား ထိုက်တန်စွာ ပေးသင့်သောအရာဖြစ်သည်” ဟူ၍ သူပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းသည် ဘုရားသခင်ကို အတိုက်အခံ ပြုသည့် လမ်းကြောင်းဖြစ်သည်။ ဤသို့ဖြင့် သူသည် ပျက်စီးခြင်းသို့ရောက်ခဲ့ပြီး သူ့အပေါ် ကျရောက်သော နောက်ဆုံးအဆုံးသတ်မှာ အပြစ်ဒဏ်ပေးခံရခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ အယူအဆနှင့် စိတ်ကူးတို့နှင့် ခွဲခြား၍မရနိုင်ပေ။ သူသည် သူ၏ ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးကို အစဉ် ခေါင်းမာစွာ ဆက်လက်ကိုင်စွဲထားခဲ့သည်၊ သူသည် ဘုရားသခင် ပြောခဲ့သည့်အရာ၊ ဘုရားသခင်က လူတို့ကို ပံ့ပိုးပေးခဲ့သည့် သမ္မာတရားများတည်းဟူသော အသက်၏ လမ်းခရီးကို ဘေးဖယ်ထားပြီး လျစ်လျူရှုခဲ့ကာ မထီမဲ့မြင်ပြုခြင်းနှင့် အထင်အမြင်သေးခြင်း သဘောထားကိုပင် ခံယူခဲ့သည့်အပြင် ယေရှုခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံခြင်း ဖြစ်သည်ဟူသော အချက်ကိုပင် သူအသိအမှတ်မပြု သို့မဟုတ် လက်မခံခဲ့ပေ။ သူသည် လမ်းဆုံးသို့ ရောက်သွားသောအခါတွင် သူ၏ အယူအဆနှင့် စိတ်ကူးကို ယခင်ကအတိုင်း ခေါင်းမာစွာ မလျှော့တမ်း စွဲကိုင်ထားဆဲဖြစ်ပြီး ဘုရားသခင်ကို ဆက်လက်ယှဉ်ပြိုင်ကာ အဆုံးတွင် မလွှဲမရှောင်သာသော ပျက်စီးခြင်း၏ အဆုံးသတ်ဆီသို့ ဦးတည်သွားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်တွင် လူတို့သည် ၎င်းတို့၏ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုအားလုံးကို လက်လွှတ်နိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းမှ ၎င်းတို့ကို တားဆီးသည့် လက်တွေ့ဘဝမှ အချို့အရာများကို လက်လွှတ်နိုင်သည့်တိုင် မိမိတို့နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများ သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမုန်းတီးမှုကို လက်မလွှတ်နိုင်ပါက ဤသည်မှာ အလွန်ပင် စိတ်မကောင်းဖွယ်ရာနှင့် ဝမ်းနည်းဖွယ်ရာ အရာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကာ အဆုံးတွင် လူတို့သည် ပေါလုကဲ့သို့ အပြစ်ဒဏ်ပေးခံရခြင်းတည်းဟူသော တူညီသည့်အဆုံးသတ်ကို ရိတ်သိမ်းကြလိမ့်မည်။ ယင်းမှာ လုံးဝ သံသယဖြစ်ဖွယ်မရှိသည်မှာ သေချာသည်။ ထို့ကြောင့် “လက်လွှတ်ခြင်း” ၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ဟူသောအချက်သည် အလွန်အရေးကြီးပြီး အရေးပါဆုံးဖြစ်ကာ လျစ်လျူရှု၍မရနိုင်ပေ။ ဤသည်မှာ သင် မကြာခဏ ဆန်းစစ်ရမည့်အရာ ဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင်လည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားခြင်း ဖြစ်စဉ်တွင်လည်းကောင်း၊ သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်ဖြစ်စေ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဖြစ်စေ မကိုက်ညီဘဲ သင်နှင့် ဘုရားသခင်ကြားတွင် တည်ရှိနေသော မည်သည့်အယူအဆများနှင့် စိတ်ကူးများ သင်၌ ရှိနေသေးသနည်း။ သင်သည် ဤအရာများကို ဆန်းစစ်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကာ ထို့နောက် ယင်းတို့ကို လက်လွှတ်သင့်သည်။ လက်လွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းရန်မဟုတ်ဘဲ သမ္မာတရားကို လက်ခံရန်၊ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်က လူတို့အား တင်ပြခဲ့သည့် သမ္မာတရား စည်းမျဉ်းများကို လက်ခံရန်နှင့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အစားထိုးဖို့ ဤသမ္မာတရား စည်းမျဉ်းများကို အသုံးပြုရန်၊ သင်၏ လိုက်စားမှုနောက်ကွယ်မှ အမြင်ရှုထောင့်နှင့် သင်၏ လိုက်စားမှု ဦးတည်ချက်ကို ပြောင်းလဲရန်ဖြစ်သည်၊ သို့မှသာ သင်သည် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် သဟဇာတဖြစ်မည့်အစား သင်၏ အသက်တာတွင်လည်းကောင်း၊ ဘုရားသခင်နောက်သို့ လိုက်သည့် ဖြစ်စဉ်တွင်လည်းကောင်း ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန်ဖြစ်ပြီး သူသည် လူတို့အား ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကိုလည်း ပံ့ပိုးပေးသည်။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းခြင်းအားဖြင့် ဘုရားသခင်သည် သူ စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်တိုင်းကို ချဉ်းကပ်ရန်နှင့် ၎င်းတို့ အသက်တာတွင် ရင်ဆိုင်ရသော ကိစ္စရပ်တိုင်းကို ချဉ်းကပ်ရန်အတွက် မှန်ကန်သော အတွေးအခေါ်များ၊ အမြင်များ၊ ရပ်တည်ချက်များနှင့် ရှုထောင့်များကို လူတို့အား ရှိစေသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ပြီး သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့အား သမ္မာတရားကို ပံ့ပိုးပေးခြင်းမှာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြည့်ဆည်းပေးရန်အလို့ငှာ မဟုတ်ဘဲ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို တန်ပြန်တိုက်ခိုက်ရန်နှင့် အဆုံးတွင် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်စေပြီး ဘုရားသခင်ကို သိကျွမ်းနားလည်မှုကို ရရှိစေရန် ဖြစ်သည်။

ဃ။ ဘုရားသခင်၏ အမှုတော်သည် မိမိတို့၏ အစွမ်းအစ၊ ပင်ကိုသဘာဝများ၊ ပင်ကိုစရိုက်များ စသည်တို့ကို ပြောင်းလဲနိုင်သည်ဟူသည့် လူတို့၏ ယုံကြည်ခြင်း

ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများအချို့ကို ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤအယူအဆများနှင့် စိတ်ကူးများအပြင် လူတို့တွင် သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်၌ ၎င်းတို့ လက်လွှတ်သင့်သော ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အခြားသော အယူအဆများနှင့် စိတ်ကူးအချို့လည်း ရှိကြသေးသည်။ ဥပမာအားဖြင့် လူတို့သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီးနောက် ၎င်းတို့ သမ္မာတရားကို လိုက်စားနိုင်မည်ဆိုလျှင် ၎င်းတို့သည် လုံးဝ အသစ်ပြုပြင်ခြင်းခံရမည်ဖြစ်ပြီး ၎င်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လုံးဝအသစ်သော အသက်တာတစ်ခုကို ရရှိမည်ဖြစ်ကာ လူသစ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ အစွမ်းအစသည် တိုးတက်လာမည်ဖြစ်ပြီး ၎င်းတို့၏ ပင်ကိုသဘာဝများမှာလည်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားမည်ဖြစ်ရာ ၎င်းတို့ လုံးဝမမျှော်လင့်ထားသည့် အမှုအရာများ ၎င်းတို့အပေါ် မကြာခဏ ဖြစ်ပျက်လာလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ပင်ကိုသဘာဝများထက် ကျော်လွန်သော အမှုအရာများကို လုပ်ဆောင်နိုင်မည်သာမက ယင်းတို့ကို အလွန်အမင်း လွယ်ကူစွာနှင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ကြလိမ့်မည်။ ထို့ထက်မက ဘုရားသခင်ကို ယုံကြည်သည့် ဖြစ်စဉ်တွင် အချို့သောလူတို့သည် သမ္မာတရားကို စတင်လိုက်စားသည့်အချိန်မှစ၍ ၎င်းတို့၏ ပင်ကိုစရိုက်နှင့် စိတ်ထားတို့ တိုးတက်လာခဲ့ကြောင်း၊ ၎င်းတို့၏ မျက်စိများသည် ယခင်ကထက် ပို၍တောက်ပလာကြောင်းနှင့် ၎င်းတို့၏ အကြားအာရုံသည် ယခင်ကထက် ပိုကောင်းလာကြောင်းကိုပင် မကြာခဏ ခံစားကြရသည်။ အခါအားလျော်စွာ ၎င်းတို့သည် မှန်ထဲတွင် ကြည့်ရှုပြီး ၎င်းတို့သည် ကောင်းကင်တမန်များနှင့် တဖြည်းဖြည်း ပို၍တူလာသည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် ပို၍ပို၍ လှပလာသည်ဟု ခံစားကြရပြီး ယခင်ကထက် များစွာ ပို၍ တက်ကြွလန်းဆန်းနေသည်ဟု ခံစားကြရသည်။ အချို့သောလူတို့သည် ၎င်းတို့၏ အသက်တာဆိုင်ရာ အလေ့အကျင့်အချို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ နေထိုင်မှုပုံစံများ ကွဲပြားသွားသည်ဟုပင် ခံစားကြရသည်၊ ယခင်က ၎င်းတို့ အိပ်ရာဝင်နောက်ကျပါက အဆက်မပြတ် သမ်းဝေနေတတ်သည်၊ သို့သော် ၎င်းတို့ သမ္မာတရားကို စတင်လိုက်စားသည့်အချိန်မှစ၍ ဤတုံ့ပြန်မှုများ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့သည် ဤအရာကို အထူးပင် အံ့ဩဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ၎င်းတို့ သမ္မာတရားကို စတင် လိုက်စားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် ၎င်းတို့အပေါ် အလုပ်အချို့ကို လုပ်ဆောင်မည်ဖြစ်ရာ ၎င်းတို့သည် မမျှော်လင့်ထားသော ပြောင်းလဲခြင်းများကို ကြုံတွေ့ရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာတွင် ၎င်းတို့၏ အစွမ်းအစသည် တစ်ညအတွင်း တိုးတက်လာခြင်း ပါဝင်သည်၊ ၎င်းတို့သည် သာမန် သို့မဟုတ် အလွန်ညံ့ဖျင်းသော အစွမ်းအစ ရှိသည့်အခြေအနေမှ အလွန် ထက်မြက်သော၊ အရည်အချင်းရှိသော၊ အတွေ့အကြုံရှိသော အခြေအနေသို့ ရောက်ရှိသွားပြီး အစွမ်းအစနှင့် ဉာဏ်ပညာရှိသော လူတစ်ဦး ဖြစ်လာကာ ၎င်းတို့၏ တွေးခေါ်မှုနယ်ပယ်သည်လည်း မြင့်မားလာလိမ့်မည်။ လူတို့ ဘုရားသခင်ကို ပထမဆုံး စတင်ယုံကြည်ပြီး သမ္မာတရားကို လိုက်စားရန် ဆုံးဖြတ်သည့်အခါ ၎င်းတို့တွင် သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်၍ အလွန်အကျွံ ချဲ့ကားပြီး လက်တွေ့မကျသော စိတ်ကူးများ ရှိကြသည်၊ အတိုချုပ်အားဖြင့် ၎င်းတို့ထဲမှ တစ်ခုမျှ လက်တွေ့အရှိတရားနှင့် အမှန်တကယ် မကိုက်ညီပေ။ လူတို့သည် ၎င်းတို့ သမ္မာတရားကို လိုက်စားနေသမျှကာလပတ်လုံး ၎င်းတို့နှင့်ပတ်သက်သည့် ကဏ္ဍများစွာသည် မြင့်တက်လာပြီး ရှေ့သို့ ခုန်တက်သွားမည်ဖြစ်ကာ အချို့သောနယ်ပယ်များတွင် ၎င်းတို့သည် သာမန်လူများကိုပင် ကျော်လွန်သွားလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် အချို့သောလူတို့သည် မိမိတို့ကိုယ်ကို “မြည်းထက်သာ”၊ အချို့က “မြင်းထက်သာ”၊ အချို့ကမူ “နွားထက်သာ” ဟု အမည်ပေးကြသည်။ ဤအမည်များသည် မြည်းများ၊ မြင်းများနှင့် နွားများကို ကျော်လွန်ခြင်းဟု အသီးသီး အဓိပ္ပာယ်ရသည်၊ ဆိုလိုသည်မှာ မြင်းတစ်ကောင်ထက် ပိုမြန်အောင် ပြေးနိုင်ခြင်းနှင့် မြည်းတစ်ကောင် သို့မဟုတ် နွားတစ်ကောင်ထက် ပို၍အားရှိခြင်း ဖြစ်သည်။ မြည်းများသည် ယေဘုယျအားဖြင့် ပစ္စည်းများကို ဆွဲရာတွင် အလွန်အားကောင်းသည်၊ မြင်းများတွင် အလွန်အားကောင်းသော ခြေထောက်များရှိပြီး နွားများတွင် ကြီးမားသော ခံနိုင်ရည်ရှိသည်၊ ထို့ကြောင့် ဤလူတို့သည် မိမိတို့ကိုယ်ကို “မြည်းထက်သာ”၊ “မြင်းထက်သာ” နှင့် “နွားထက်သာ” ဟု ခေါ်ကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် ၎င်းတို့ရွေးချယ်သော အမည်များကို အထူးပင် စဉ်းစားသုံးသပ်ကြသည်။ လူတို့ မိမိတို့အတွက် ရွေးချယ်သော အမည်များမှတစ်ဆင့် လူတို့တွင် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုရှိကြောင်း တွေ့မြင်နိုင်သည်၊ ဝမ်းနည်းစရာမှာ ဤနားလည်မှုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ အပြုသဘောမဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ လူတို့၏ အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည်။ ဤအယူအဆနှင့် စိတ်ကူးသည် လွဲချော်သည်ဖြစ်စေ၊ အစွန်းရောက်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် ယင်းသည် အချက်အလက်များနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း မကိုက်ညီပေ၊ ယင်းသည် အလွန်အနှစ်မဲ့ပြီး သဘာဝလွန်အမှုအရာများနှင့် သက်ဆိုင်သည်။ လူတို့အပေါ် ဘုရားသခင် အလုပ်လုပ်သည့် စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ လူတို့တွင် မည်သို့သော အစွမ်းအစမျိုးရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သို့သော အလုပ်လုပ်နိုင်စွမ်း သို့မဟုတ် အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းရှိသည်ဖြစ်စေ၊ ၎င်းတို့၏ မွေးရာပါ ပင်ကိုသဘာဝများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ နေထိုင်မှုပုံစံများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ လိင်အမျိုးအစား မည်သို့ပင်ဖြစ်စေ၊ အတိုချုပ်အနေဖြင့် ဘုရားသခင်၏ အလုပ်မှာ လူတို့အား ၎င်းတို့၏ မွေးရာပါ အစွမ်းအစ၊ ပင်ကိုသဘာဝများ၊ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ ၎င်းတို့၏ မှန်ကန်သော နေထိုင်မှုပုံစံများနှင့် လျော်ကန်သင့်မြတ်သော စိတ်ဝင်စားမှုများနှင့် ဝါသနာများ စသည်တို့ကို အခြေခံ၍ သမ္မာတရားကို နားလည်စေခြင်း၊ သမ္မာတရားကို လက်ခံစေခြင်း၊ သမ္မာတရားကို ကျိုးနွံနာခံစေခြင်း၊ ထို့နောက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေခြင်းဟူသည့် ရလဒ်ကို ရရှိစေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤရလဒ်ကို မည်သည့်အရာပေါ် အခြေခံ၍ ရရှိသနည်း။ ယင်းကို လူတို့တွင် သမ္မာတရားကို သိမြင်ပြီး သဘောပေါက်နားလည်နိုင်စွမ်း ရှိခြင်းအပေါ် အခြေခံ၍လည်းကောင်း၊ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝရှိခြင်းအပေါ် အခြေခံ၍လည်းကောင်း ရရှိခြင်းဖြစ်သည်။ ယင်းကို မြင့်မားသော လူ့သဘာဝဟု ခေါ်သည့်အရာပေါ် အခြေခံ၍ ရရှိခြင်းမဟုတ်သကဲ့သို့ သဘာဝလွန် လူ့သဘာဝတစ်ခုပေါ် အခြေခံ၍ ရရှိခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ငါတို့သည် သမ္မာတရား၏ မည်သည့်ရှုထောင့်များကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သင်သည် ပုံမှန်လူ့သဘာဝနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ပိုင်ဆိုင်ထားသည်ဟူသော အခြေခံအပေါ်၌ ယင်းတို့ထဲသို့ ဝင်ရောက်နိုင်စေရန်သာ ဖြစ်သည်။ သို့ရာတွင် လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့် သူ၏ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူတို့၌ ရရှိသောရလဒ်သည် ၎င်းတို့၏ မွေးရာပါ အစွမ်းအစနှင့် ပင်ကိုသဘာဝများကို ဆန့်ကျင်သည်၊ ၎င်းတို့၏ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများကိုလည်း ဆန့်ကျင်သည်ဟု လူတို့က ယုံကြည်ကြသည်။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျသော နည်းလမ်းဖြင့် ရှာဖွေရန် ကြိုးစားအားထုတ်မည့်အစား အံ့ဖွယ်ရာတစ်ခုခု ၎င်းတို့အပေါ် ဖြစ်ပျက်လာရန်၊ သဘာဝလွန်သည့်အရာ သို့မဟုတ် မမျှော်လင့်ထားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ပင်ကိုသဘာဝများထက် ကျော်လွန်သည့်အရာတစ်ခုခု ၎င်းတို့အပေါ် ဖြစ်ပျက်လာရန် မကြာခဏ မျှော်လင့်ကြသည်။ ဤအချက်က အဘယ်အရာကို သက်သေပြသနည်း။ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းအား အထူးပင် သဘာဝလွန်ပြီး အနှစ်မဲ့သည့်အရာတစ်ခုအဖြစ် ရှုမြင်ကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင် လူတို့အပေါ် အလုပ်လုပ်သည့် နည်းလမ်းများကို အထူးပင် သဘာဝလွန်ပြီး အနှစ်မဲ့သည်ဟု ရှုမြင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ၎င်းတို့ သမ္မာတရားကို ပို၍လိုက်စားလေ၊ ၎င်းတို့၏ အစွမ်းအစ ပို၍မြင့်မားလာလေဖြစ်ရန်၊ သို့မဟုတ် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရားများစွာကို လက်ခံနားလည်ပြီးနောက် ၎င်းတို့၏ အစွမ်းအစသည် ယခင်ကထက် ပို၍မြင့်မားလာရန် မကြာခဏ မျှော်လင့်ကြသည်။ ဤသည်မှာ အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအနေဖြင့် အတတ်ပညာတစ်ခုကို သင်ယူခြင်းကို ကြည့်လော့။ သင်သည် ကျောင်းတွင် ပညာသင်ကြားနေစဉ်က လုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင်လိုပါက သင်သည် ဤလုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာနှင့်ပတ်သက်သော အသိပညာကို အလွတ်ကျက်မှတ်ခဲ့ရပြီး မိုးလင်းမှ မိုးချုပ်ထိ စာသင်ခဲ့ရကာ သင်၏အားလပ်ချိန်များကို အသုံးပြု၍ ယင်းကိုသင်ယူရန် ကြိုးစားအားထုတ်ခဲ့ရသည်။ သင် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်နေသမျှ ကာလပတ်လုံး၊ လူတို့၏ အစွမ်းအစသည် တိုးတက်လာမည်၊ ၎င်းတို့ ပြောင်းလဲသွားမည်၊ ၎င်းတို့သည် ယခင်ကနှင့် မတူတော့ဟု သင်ထင်သည်။ သို့ဖြစ်၍ ဘုရားသခင် မည်သို့ပင်အလုပ်လုပ်ပါစေ၊ လူတစ်ဦးသည် ပူးပေါင်းဆောင်ရွက်ရန်သာ လိုအပ်ပြီး၊ သမ္မာတရားကို လိုက်စားရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာနှင့်ဆိုင်သော အသိပညာကို သင်ယူရန် ကြိုးစားအားထုတ်ဖို့ မလိုအပ်ဟု သင် ဆုံးဖြတ်သတ်မှတ်သည်၊ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမှာ လုံလောက်သည်၊ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လူတစ်ဦးသည် တိုးတက်မှုရှိနေဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ လူတို့ စိတ်ကူးပုံဖော်သည့် နည်းလမ်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ ဤသည်မှာ လိုက်စားရန် မှန်ကန်သော နည်းလမ်းလော။ ဤနည်းလမ်းဖြင့် လိုက်စားခြင်းသည် စစ်မှန်သော ပြောင်းလဲခြင်းဆီသို့ ဦးတည်နိုင်သလော။ (မဟုတ်ပါ၊ မဦးတည်နိုင်ပါ။) ပြောင်းလဲခြင်းတစ်ခု ဖြစ်နိုင်ချေ လုံးဝမရှိပေ။ ဥပမာအားဖြင့် အချို့သောလူတို့သည် ကောင်းစွာသီချင်းဆိုနိုင်ရန် မိုးလင်းမှ မိုးချုပ်ထိ လေ့ကျင့်ရမည်၊ အခြားသူများ၏ နည်းစနစ်များကို ခိုးယူရမည်၊ အခြားလူများ၏ အားသာချက်များမှ သင်ယူရန် သီချင်းအမျိုးမျိုးကို နားထောင်ရမည်၊ ဤနည်းလမ်းဖြင့်သာ ၎င်းတို့ အောင်မြင်မှုများ ရရှိနိုင်မည်ဟု ထင်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် အချို့သောလူတို့က သီချင်းဆိုခြင်းသည် ပါရမီအပေါ် မူတည်သည်ဟု ယုံကြည်ကြသည်၊ လူတစ်ဦးသည် သီချင်းဆိုခြင်းအတွက် ဆုကျေးဇူးရှိပြီး သီချင်းဆိုခြင်းကို နှစ်သက်ပါက ၎င်းတို့ ကောင်းစွာသီချင်းဆိုနိုင်လိမ့်မည်ဖြစ်ပြီး တစ်စုံတစ်ဦးသည် သီချင်းဆိုခြင်းအတွက် ဆုကျေးဇူးမရှိပါက သို့မဟုတ် သီချင်းဆိုခြင်းကို မနှစ်သက်ပါက ကောင်းစွာသီချင်းဆိုနိုင်ရန်၊ စိတ်ခံစားမှုဖြင့် သီချင်းဆိုနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို အားကိုးရမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့ သီချင်းဆိုသည်ကို ကြားရခြင်းက အခြားသူများကို ပျော်ရွှင်မှု ဆောင်ကြဉ်းပေးလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုသည် ဤသို့သော အထင်အမြင်မှားခြင်းမျိုးကို အစဉ်သဖြင့် ထားရှိကြသည်၊ ၎င်းတို့သည် ၎င်းတို့ကို တို့ထိရန် သန့်ရှင်းသောဝိညာဉ်တော်ကို အားကိုးကြသည်၊ သို့မဟုတ်ပါက ၎င်းတို့ သီချင်းဆိုရန် ပါးစပ်ကို ဖွင့်ကြမည်မဟုတ်ပေ။ ဤသည်မှာ အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည် မဟုတ်လော။ အချို့သောလူတို့သည် လုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာနှင့်ဆိုင်သော အသိပညာကို သင်ယူရာတွင် ထိုမျှလောက် ကြိုးစားအားထုတ်ရန် မလိုအပ်ဟု ထင်ကြပြီး လူတို့ သမ္မာတရားကို လိုက်စားနေသမျှ ကာလပတ်လုံး ဘုရားသခင် အလုပ်လုပ်မည်ဖြစ်ကာ လူတို့ ထိုအချည်းနှီးဖြစ်သော စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ခြင်းသည် အသုံးမဝင်ဘဲ အချည်းနှီးဖြစ်သည်ဟု ထင်ကြသည်။ ဘုရားသခင် အလုပ်လုပ်သည်နှင့်တစ်ပြိုင်နက် ယင်းသည် လူတို့ ကြိုးစားအားထုတ်ခြင်း၏ မည်သည့်ပမာဏထက်မဆို ပို၍အသုံးဝင်သည်ဟု ၎င်းတို့ ထင်ကြသည်၊ ထို့ကြောင့် လူတို့သည် မိမိတို့၏ တာဝန်များကို ရိုးသားစွာထမ်းဆောင်ပြီး မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလားနေသမျှကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်လုပ်မည်ဖြစ်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် အရည်အချင်းများသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာကို ကျော်လွန်၍ ချက်ချင်း မြင့်တက်သွားလိမ့်မည်၊ ၎င်းတို့သည် ယခင်က နားမလည်ခဲ့သော အရာများကို နားလည်နိုင်လိမ့်မည်ဖြစ်ပြီး ယခင်က စာနှစ်ကြောင်းကိုပင် တစ်ကြိမ်တည်း မဖတ်နိုင်ခဲ့သော်လည်း ဘုရားသခင်ကို စတင် ယုံကြည်ပြီးနောက် စာဆယ်ကြောင်းကို တစ်ကြိမ်တည်း ဖတ်နိုင်ပြီး ယင်းတို့အားလုံးကို အလွတ်ကျက်မှတ်နိုင်လိမ့်မည်။ သို့သော် ၎င်းတို့ မည်မျှပင် လေ့ကျင့်ပါစေ ဤအရာကို ၎င်းတို့ မအောင်မြင်နိုင်သေးပေ၊ ထို့ကြောင့် ၎င်းတို့က “ဘုရားသခင်က ငါ့ကို ကျေးဇူးမပြုနေဘူးလား။ ငါ့တာဝန်ကို ထမ်းဆောင်ရာမှာ ငါက လုံလောက်အောင် အလုပ်မကြိုးစားဘူးလား၊ လုံလောက်အောင် ရိုးသားမှုမရှိဘူးလား” ဟု စဉ်းစားကြသည်။ ဤသည်မှာ အမှန်ပင်လော။ (မဟုတ်ပါ။) သင်က သင်၏ ကိုယ်ပိုင်အစွမ်းအစနှင့် စွမ်းရည်များ၏ အတိုင်းအတာကို ကျော်လွန်သော သဘာဝလွန်သည့်အရာကို သင် ပို၍ ရရှိနိုင်စွမ်းရှိခြင်းသည် ဘုရားသခင်၏ အမှုတော် ဖြစ်ကြောင်း သက်သေပြခြင်း ဖြစ်သည်ဟုလည်းကောင်း၊ သင်၏ ရိုးသားဖြောင့်မတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်တို့သည် တစ်နေ့တခြား ကြီးမားလာလျှင်၊ ဘုရားသခင်သည် သင့်ထံ၌ ပို၍ပို၍ အမှုပြုမည်ဖြစ်ကာ သင်၏ အစွမ်းအစနှင့် စွမ်းရည်များသည်လည်း တစ်နေ့တခြား ကြီးမားလာလိမ့်မည်ဟုလည်းကောင်း တွေးထင်ကြ၏။ ဤသည်မှာ လူတို့တွင် ရှိသည့် အယူအဆနှင့် စိတ်ကူးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် အထူးသဖြင့် ဤသို့ တွေးလေ့ရှိကြသလော။ (ရှိကြပါသည်။) ဤသို့ စဉ်းစားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ အစဉ်သဖြင့် ကျရှုံးခြင်းနှင့် အမှန်တကယ် ဖြစ်ပေါ်လာမှု မရှိခြင်း မဟုတ်လော။ အချို့သောသူတို့က “ကျွန်ုပ်သည် ဘုရားသခင်အား မိမိ၏ အစွမ်းကုန် ရိုးသားဖြောင့်မတ်ခြင်းကို ပေးအပ်ခဲ့လင့်ကစား ဘုရားသခင်သည် ကျွန်ုပ်အား အဘယ်ကြောင့် ကောင်းသော အစွမ်းအစကို ပေးမသနားသနည်း။ ဘုရားသခင်သည် ကျွန်ုပ်အား အဘယ်ကြောင့် သဘာဝလွန်သော စွမ်းရည်များကို မပေးသနည်း။ ကျွန်ုပ် အဘယ်ကြောင့် အမြဲအားနည်းနေသေးသနည်း။ ကျွန်ုပ်၏ အစွမ်းအစ မတိုးတက်သေးပေ။ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ ကျွန်ုပ် မမြင်နိုင်သကဲ့သို့ ခက်ခဲရှုပ်ထွေးသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ် စိတ်ရှုပ်ထွေးလာသည်။ ယခင်က ဤကဲ့သို့ ဖြစ်ခဲ့သည်။ အဘယ်ကြောင့် ယခုတွင် တစ်ပုံစံတည်း ဖြစ်နေသေးသနည်း။ ထို့အပြင် ကျွန်ုပ်၏ တာဝန်ထမ်းဆောင်မှုနှင့် ပြဿနာများကို ကျွန်ုပ်၏ ကိုင်တွယ်မှုတို့တွင် ကျွန်ုပ်၏ ဇာတိပကတိကို အဘယ်ကြောင့် ကျွန်ုပ် လုံးဝ မကျော်လွန်နိုင်သနည်း။ အယူဝါဒအချို့ကို ကျွန်ုပ် နားလည်သော်လည်း အမှုအရာများကို ရှင်းလင်းစွာ မမြင်နိုင်သေးသကဲ့သို့ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ် မပြတ်မသားဖြစ်နေပြီး အစွမ်းအစကောင်းရှိသူတို့ကို မမီသေးပါ။ ကျွန်ုပ်၏ အလုပ်လုပ်နိုင်စွမ်းသည်လည်း ညံ့ဖျင်းပြီး ကျွန်ုပ်၏ တာဝန် ထမ်းဆောင်မှုသည် အရည်အသွေးညံ့သည်။ ကျွန်ုပ်၏ အစွမ်းအစသည် လုံးဝ မတိုးတက်သေးပါ။ မည်သည့်အရာ ဖြစ်နေသနည်း။ ဘုရားသခင်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုက မလုံလောက်ခြင်းများ ဖြစ်နိုင်မည်လော။ သို့မဟုတ် ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်လေသလော။ မည်သည့်နေရာတွင် ကျွန်ုပ် ချို့တဲ့နေသနည်း”ဟုဆိုလျက် အပျက်သဘောပင် ဆောင်လာကြသည်။ လူအချို့သည် အမျိုးမျိုးသော အကြောင်းပြချက်များကို ရှာကြပြီး ဤအချက်ကို ပြောင်းလဲရန် တရားဒေသနာများကို ပိုမိုနားထောင်ခြင်း၊ ပိုမိုများပြားသော ဘုရားနှုတ်ကပတ်တော်များကို အလွတ်ကျက်ခြင်း၊ ပိုမိုများပြားသော ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း မှတ်စုများကို ရေးသားခြင်းအပြင် သမ္မာတရားကို လူတို့ မိတ်သဟာယပြုသည်ကို ပိုမိုနားထောင်ခြင်းနှင့် ပိုမိုရှာဖွေခြင်းတို့ကဲ့သို့သော လုပ်နည်းကိုင်နည်းများစွာကို ကြိုးစားကြည့်ကြပြီးဖြစ်သည်။ သို့သော် နောက်ဆုံးရလဒ်မှာ စိတ်ပျက်စရာဖြစ်နေဆဲဖြစ်သည်။ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့သည် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ပြီးနောက်တွင်ပင် မည်သည့် တိုးတက်မှုမျှမရှိဘဲ ယခင်ကဲ့သို့ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပင်ကိုစရိုက်ကို ကြည့်ရှုပြီး ယခင်ကကဲ့သို့ပင် သတ္တိမရှိသေးကြောင်း၊ အိုမင်းသော နွားတစ်ကောင်ကဲ့သို့ နှေးကွေးနေဆဲဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့တွင် စိတ်မရှည်သော ပင်ကိုစရိုက်ရှိနေဆဲဖြစ်ပြီး အရာရာတိုင်းကို ကမူးရှူးထိုးပုံစံဖြင့် ကိုင်တွယ်နေဆဲ ဖြစ်ကြောင်း တွေ့ရှိကြသည်၊ ပြောင်းလဲခြင်း လုံးဝမရှိပေ။ အခြားသူများကမူ မကြာသေးမီက ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများ မပြောင်းလဲသေးဟု ထင်ရကြောင်း၊ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အလေ့အကျင့်များနှင့် အပြစ်အနာအဆာအချို့လည်း မပြောင်းလဲသေးကြောင်း သတိပြုမိကြသည်။ အိပ်ရာဝင်နောက်ကျပြီး အိပ်ရာထနောက်ကျခြင်းကို နှစ်သက်သော အခြားသူများကမူ ဤအသက်တာဆိုင်ရာ အလေ့အကျင့်များလည်း မပြောင်းလဲသေးကြောင်း သတိပြုမိကြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးက “မည်သည့်အရာဖြစ်နေသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါ့အပေါ်တွင် အလုပ်မလုပ်နေခြင်းများ ဖြစ်သလား။ ဘုရားသခင်က ငါ့ကို စွန့်ပစ်လိုက်ပြီလား။ ဘုရားသခင်က ငါ့ကို မနှစ်သက်ဘူးလား။ ငါက လမ်းမှားကို လျှောက်နေခြင်း ဖြစ်သလား။ ငါက မှားယွင်းသည့်နည်းလမ်းဖြင့် လိုက်စားနေခြင်း ဖြစ်သလား။ ငါ့တာဝန်ကို ထမ်းဆောင်ရာတွင် ငါ့စိတ်နှလုံးကို လုံလောက်အောင် မထည့်ထားဘူးလား။ ငါက လုံလောက်သည့် အဖိုးအခကို မပေးဆပ်ခဲ့ဘူးလား” ဟု စူးစမ်းကြသည်။ ၎င်းတို့သည် အကြောင်းရင်းအမျိုးမျိုးကို ရှာဖွေကြသော်လည်း နောက်ဆုံးတွင် ရလဒ်မထွက်ဘဲ အဆုံးသတ်ကြသည်။ ၎င်းတို့ ရလဒ်မထွက်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ (အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတွင်း၌ အစဉ်အသက်ရှင်ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့သည် ကိုယ်တော့်အပေါ် ရိုးသားစစ်မှန်နေသမျှကာလပတ်လုံး ဘုရားသခင် အလုပ်လုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့ တိုးတက်လာလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်၊ ၎င်းတို့၏ ထိုသို့သော အတွေးအခေါ်များသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများမှ ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။) လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ၎င်းတို့ လိုက်စားမှု၏ ပန်းတိုင်များနှင့် နည်းလမ်းများကို ဆုံးဖြတ်သည်၊ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းများကို ဆုံးဖြတ်သည်၊ နောက်ဆုံးတွင် ၎င်းတို့၏ အကျိုးများနှင့် အဆုံးသတ်များကို ဆုံးဖြတ်သည်။ လူတို့တွင် ထိုသို့သော အယူအဆများနှင့် စိတ်ကူးများ ရှိပါက ၎င်းတို့ အဘယ်အရာကို ရရှိမည်နည်း။ ၎င်းတို့ သမ္မာတရားကို ရရှိမည်လော။ ၎င်းတို့ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိမည်လော။ ၎င်းတို့ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိမည်လော။ (မရရှိပါ။) ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ ရရှိမည်မဟုတ်ပေ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။