သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄) အပိုင်း နှစ်

ဥပမာ ၃- စကားနည်းပုံပေါက်ခြင်း

လူအချို့သည် ပင်ကိုသဘာဝအားဖြင့် စကားနည်းကြသည်၊ ငယ်စဉ်ကတည်းက ၎င်းတို့သည် စကားများများပြောရခြင်းကို မနှစ်သက်ကြပေ။ အခြားသူများနှင့် ပြောဆိုဆက်ဆံသည့်အခါ ၎င်းတို့သည် ရိုးရှင်းပြီး မများပြားသော စကားလုံးများဖြင့် ပြောဆိုကြကာ ၎င်းတို့အပေါ် အမှုအရာများစွာ ဖြစ်ပျက်သည့်အခါတွင်လည်း ၎င်းတို့တွင် အတွေးအခေါ်များစွာ မရှိသကဲ့သို့ ယင်းတို့ကို ဖော်ပြရန် စကားလုံးများစွာလည်း မရှိကြပေ။ ၎င်းတို့ မိမိတို့၏ စိတ်ထဲရှိသည်ကို ဖော်ပြလျှင်ပင် ယင်းမှာ အလွန် ရိုးရှင်းလှသည်။ ဤသည်မှာ မည်သည့်ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက်နှင့်ပတ်သက်သော ပြဿနာတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ ပင်ကိုအခြေအနေများတွင် ပါဝင်သည်။ ၎င်းတို့၏ ပင်ကိုစရိုက်သည် ပင်ကိုသဘာဝအားဖြင့် စကားနည်းတတ်သည်။ ၎င်းတို့သည် ရိုးရှင်းသောစကားကို အသုံးပြုသည်၊ အလွန်ရှုပ်ထွေးသော အတွေးအခေါ်များ မရှိကြသကဲ့သို့ အခြားသူများနှင့် ပြောဆိုဆက်ဆံသည့်အခါ စကားပြောရန် မလိုလားကြပေ။ စုဝေးပွဲများအတွင်း သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် အခြားသူများ ပြောဆိုသည်ကိုသာ နားထောင်ကြပြီး အခြားသူများ ပြောဆိုပြီးသည့်နောက် ရိုးရှင်းသော တုံ့ပြန်မှုတစ်ခု ပေးနိုင်လျှင်ပင် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ သင်က ၎င်းတို့ကို “ဤအရာနှင့်ပတ်သက်၍ သင်၏ နားလည်မှုမှာ အဘယ်နည်း” ဟု မေးလျှင် ၎င်းတို့က “ကျွန်ုပ်၏ နားလည်မှုသည် သင်၏ နားလည်မှုနှင့် ဆင်တူပါသည်” ဟု ပြောပေမည်။ သင်က ၎င်းတို့ကို တိတိကျကျပြောရန် တောင်းဆိုလျှင် ၎င်းတို့က “ကျွန်ုပ်သည် သင်နှင့် အတွေးတူပါသည်” ဟု ပြောမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၌ နောက်ထပ်ပြောစရာ တစ်စုံတစ်ရာ မရှိတော့ပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက်မျှသာ ဖြစ်သည်၊ သင်က ၎င်းတို့ကို ပို၍ပြောရန် တောင်းဆိုလျှင် ၎င်းတို့၌ ပြောစရာမရှိတော့ပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေများတွင် ပါဝင်သည်။ အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသေးသည်၊ ၎င်းတို့သည် အပြင်ပန်းအားဖြင့် ပြောစရာများများစားစားမရှိဟု ထင်ရပြီး မကြာခဏ စကားနည်းတတ်သော်လည်း “ညီအစ်ကိုညီအစ်မ မည်သူမည်ဝါသည် မည်သည့် သင်းအုပ်နယ်မြေမှ ဖြစ်သနည်း။ ကျွန်ုပ်ကြားသည်မှာ ၎င်းသည် ဘုရားသခင်ကို ရှစ်နှစ်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ ၎င်းသည် ခေါင်းဆောင်တစ်ဦး ဖြစ်ဖူးသလော။ အသက်ဘယ်လောက်ရှိပြီနည်း။ ၎င်းသည် ကွာရှင်းခဲ့ပြီး ကလေးတစ်ဦးရှိသည်ဆိုသည်မှာ မှန်သလော” ဟု ပြောဆိုလျက် နှစ်ကိုယ်ကြား အတင်းအဖျင်းများအကြောင်း မေးမြန်းရခြင်းကို နှစ်သက်လေသည်။ ဤသည်မှာ မည်သည့်သရုပ်သကန်အမျိုးအစား ဖြစ်သနည်း။ အပေါ်ယံအားဖြင့် ၎င်းတို့သည် စကားများများ မပြောတတ်ကြသကဲ့သို့ လူအများကြားတွင်လည်း စကားပြောရခြင်းကို မနှစ်သက်ကြပေ။ ၎င်းတို့၏ စကားအသုံးအနှုန်းသည် ကြွယ်ဝခြင်းမရှိသကဲ့သို့ အခြားသူများနှင့် ပုံမှန်ဆက်ဆံပြောဆိုရန် စကားလုံးများလည်း မရှိကြပေ။ သို့သော် အခြားကိစ္စရပ်များတွင်မူ ၎င်းတို့၌ ပြောစရာများစွာရှိပြီး အခြားသူများအကြောင်းကို စုံစမ်းမေးမြန်းရခြင်းကို အစဉ်သဖြင့် နှစ်သက်ကာ ဤသို့ ပြောဆိုကြသည်၊ “ထိုလူက မျက်ခွံခွဲစိတ်ထားသလော။ သူ့အသားအရေက ဖြူဖွေးနေသည်၊ သူက အလှပြင်ဆိုင်များကို မကြာခဏ သွားသလော။” သို့မဟုတ် “မည်သူမည်ဝါက နောက်ဆုံးပေါ်ကွန်ပျူတာ အစဉ်သဖြင့် အသုံးပြုသည်ကို ကျွန်ုပ်တွေ့သည်၊ ပြီးလျှင် ၎င်း၏ အဝတ်အထည်များသည် နာမည်ကြီးတံဆိပ်များသာဖြစ်ပြီး အတော်အတန် ဈေးကြီးသည်။ သူ၏ မိသားစုသည် ချမ်းသာကြွယ်ဝသလော။ သူ၏ မိသားစုက မည်သည့်စီးပွားရေးလုပ်ငန်းမျိုး လုပ်ကိုင်သနည်း။ သူ၏ ဖခင်သည် အရာရှိတစ်ဦးဖြစ်သလော” ဟူ၍ ဖြစ်လေသည်။ ဤသရုပ်သကန်များတွင် မည်သည့်ပြဿနာများ ပါဝင်သနည်း။ (၎င်းတို့တွင် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများ ပါဝင်ပါသည်။) အတင်းအဖျင်းများအကြောင်း မေးမြန်းရခြင်းကို နှစ်သက်ခြင်း၊ အသေးအဖွဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း သတင်းအချက်အလက် စုဆောင်းခြင်းနှင့် အခြားသူများ၏ အရေးကိစ္စများအကြောင်း ပြောဆိုရခြင်းကို နှစ်သက်ခြင်းဟူသည့် ဤအရာတို့မှာ လူတစ်ဦး၏ လူ့သဘာဝနှင့် သက်ဆိုင်သော သရုပ်သကန်များ ဖြစ်ကြသည်။ ဤသရုပ်သကန်များသည် ကောင်းသလော။ (မကောင်းပါ။) မည်သည့်ပုံစံဖြင့် မကောင်းခြင်းဖြစ်သနည်း။ ယင်းတို့တွင် လူ့သဘာဝ၏ မည်သည့်ပြဿနာများ ပါဝင်သနည်း။ ၎င်းတို့သည် မည်သူ့ကိုမျှ အန္တရာယ်မပြုခဲ့ သို့မဟုတ် ညှဉ်းပန်းခြင်း မရှိခဲ့သကဲ့သို့ အခြားသူများ၏ အကျိုးစီးပွားကိုလည်း မထိခိုက်ခဲ့ပေ၊ သို့ဖြစ်လျှင် အဘယ်ကြောင့် ဤသရုပ်သကန်များကို မကောင်းဟု သတ်မှတ်ရသနည်း။ (၎င်းတို့သည် အခြားသူများ၏ အရေးကိစ္စများကို အစဉ်သဖြင့် သိချင်နေကြပြီး ၎င်းတို့၏ နောက်ကွယ်တွင် အခြားသူများ၏ လုပ်ငန်းဆောင်တာများကို အဆက်မပြတ် စပ်စုနေကြသည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ဆင်ခြင်တုံတရားတွင် ပြဿနာတစ်ခု ရှိပါသည်။) ယင်းသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ဆင်ခြင်တုံတရားနှင့် သက်ဆိုင်သည်။ ၎င်းတို့က ပွင့်ပွင့်လင်းလင်းနှင့် တည့်တည့်မတ်မတ် မေးခဲ့ပါက ဥပမာအားဖြင့် “ညီအစ်ကို မည်သူမည်ဝါ၊ သင် အသက်ဘယ်လောက်ရှိပြီနည်း” ဟု မေးလျှင် ဤသည်မှာ လူ့သဘာဝ၏ ပုံမှန်သရုပ်သကန်တစ်ခု ဖြစ်မည်လော။ (ဟုတ်ပါသည်။) ဤနည်းဖြင့် မေးမြန်းခြင်းသည် ပွင့်လင်းပြီး ရိုးသားသည် မဟုတ်လော။ ယင်းမှာ သင့်လျော်သည် မဟုတ်လော။ (သင့်လျော်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် လူအချို့သည် သက်ဆိုင်သူများကို တိုက်ရိုက်မေးခွန်းများမေးခြင်း သို့မဟုတ် စကားပြောဆိုခြင်း မပြုကြသနည်း။ ၎င်းတို့သည် အခြားသူများ၏ နောက်ကွယ်၌ မသမာသည့်အပြုအမူများ ပြုလုပ်ခြင်းကို အဘယ်ကြောင့် အသုံးပြုကြသနည်း။ အကြောင်းအရာတစ်ခုကို လူကိုယ်တိုင် မေးမြန်းနိုင်ပါက သို့မဟုတ် ဆွေးနွေးနိုင်ပါက ယင်းကို ပွင့်ပွင့်လင်းလင်း ပြောသင့်သည်။ အဘယ်ကြောင့် အခြားသူများ၏ နောက်ကွယ်တွင် တီးတိုးပြောဆိုနေရမည်နည်း။ ဤအရာတွင် ကျင့်ကြံပြုမူခြင်းဆိုင်ရာ၊ အမှုအရာများကို ကိုင်တွယ်ခြင်းဆိုင်ရာ သဘောထားနှင့် နည်းလမ်းတစ်ခု ပါဝင်သည် မဟုတ်လော။ ဤသဘောထားနှင့် နည်းလမ်းသည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် ဤသဘောထားနှင့် နည်းလမ်းကို မကောင်းဟု သတ်မှတ်ရသနည်း။ အမှုကိစ္စများကို တိတ်တဆိတ် စုံစမ်းမေးမြန်းရခြင်းကို နှစ်သက်သော ဤလူများသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းရခြင်းနှင့် လူများကို ၎င်းတို့၏ နောက်ကွယ်တွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရခြင်းကို နှစ်သက်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ၎င်းတို့သည် လူများကို ၎င်းတို့၏ နောက်ကွယ်တွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရခြင်းကို နှစ်သက်ကြသနည်း။ ၎င်းတို့တွင် မေးခွန်းများရှိပါက အဘယ်ကြောင့် တိုက်ရိုက်မမေးကြသနည်း။ မျက်နှာချင်းဆိုင် မေးမြန်းရာတွင် အခက်အခဲတစ်ခု ရှိနေသလော။ ၎င်းတို့သည် တိုက်ရိုက်မေးမြန်းရန် မလွယ်ကူ သို့မဟုတ် မဖြစ်နိုင်ဟု ခံစားရသောကြောင့် အခြားသူများ၏ နောက်ကွယ်တွင် စုံစမ်းမေးမြန်းကြသည်။ ၎င်းတို့ ဤနည်းအတိုင်း ပြုမူကြသည်မှာ ဤအကြောင်းကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် အချို့အရာများကို တိုက်ရိုက်မေးမြန်းနိုင်သည်၊ ဥပမာအားဖြင့် တစ်စုံတစ်ဦးကို ဤသို့သော မေးခွန်းများ မေးမြန်းခြင်းဖြစ်သည်။ “သင် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှရှိပြီနည်း။ သင် ကောလိပ်တက်ဖူးသလော။ သင်၏ ပညာအရည်အချင်း အဆင့်မှာ အဘယ်နည်း။ သင် အသက်မည်မျှရှိပြီနည်း” ဟူ၍ဖြစ်သည်။ ဤအရာအားလုံးကို မျက်နှာချင်းဆိုင် မေးမြန်းနိုင်သည်။ လူအချို့က သင့်ကို ပြောပြရန် မလိုလားပါက မမေးနှင့်၊ ၎င်းတို့၏ နောက်ကွယ်တွင်လည်း မစုံစမ်းနှင့်။ ၎င်းတို့သည် အချို့အရာများကို သင်နှင့် ဝေမျှလိုမည်ဟု သင်ထင်ပါက သို့မဟုတ် သင်တို့နှစ်ဦး ရင်းနှီးပြီး ၎င်းတို့က သင့်ကို အတော်အတန် ယုံကြည်၍ ပြောဆိုပါက ၎င်းတို့ကို တိုက်ရိုက်မေးမြန်းနိုင်သည်။ အဘယ်ကြောင့် ၎င်းတို့၏ နောက်ကွယ်တွင် မရမက လျှောက်စုံစမ်းနေမည်နည်း။ ယင်းမှာ အမှန်တကယ် လိုအပ်သလော။ ယင်းမှာ အတော်ပင် ယုတ်ညံ့ပုံမပေါ်ပေလော။ ဤလူများသည် အခြားသူက ၎င်းတို့ကို ပြောမည်မဟုတ်ဟု ကြောက်ရွံ့သောကြောင့် တိုက်ရိုက်မမေးဝံ့ကြပေ။ သို့သော် ၎င်းတို့သည် ဤအရာများအကြောင်းကို အလွန်အမင်း သိရှိနားလည်လိုကြသည်။ ၎င်းတို့ မသိရှိရပါက စိတ်မသက်မသာ ခံစားရမည်ဖြစ်ပြီး သတင်းအချက်အလက်ကို ရရှိသည်နှင့်တစ်ပြိုင်နက် အဖိုးတန်ရတနာတစ်ခုကို ရရှိခဲ့သည့်အလား စိတ်ထဲတွင် သက်သောင့်သက်သာ ခံစားရသည်။ ၎င်းတို့သည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မေးမြန်းစုံစမ်းခြင်းနှင့် သိရှိနားလည်ခြင်းတို့၌ ပျော်မွေ့သော ထိုသို့သောလူများသည် အတင်းအဖျင်း ပြောတတ်ပြီး အခြားသူများကို ဝေဖန်သုံးသပ်တတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူက သင်၏ မေးခွန်းများကို ဖြေလိုမည်ဟု သင်ယုံကြည်ပါက ၎င်းကို တိုက်ရိုက်မေးမြန်းပြီး ဤအရာများအကြောင်းကို သိရှိအောင် လုပ်နိုင်သည်။ အခြားသူက သင်၏ မေးခွန်းအချို့သည် လွန်ကျူးပြီး သင်မေးသင့်သည့်အရာကို ကျော်လွန်သည်ဟု ခံစားရကာ သင့်ကို ဖြေဆိုရန် ငြင်းပယ်ပါက အဆင်ပြေပါသည်။ ၎င်းတို့က သင့်ကို မဖြေလိုပါက သို့မဟုတ် အချို့အရာများကို သင်သိရှိရန် မလိုလားပါက ၎င်းတို့၏ နောက်ကွယ်တွင်လည်း မစုံစမ်းနှင့်။ သင်က အခြားတစ်စုံတစ်ဦး၏ သတင်းအချက်အလက် သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စများကို မရမက သိရှိအောင်လုပ်ပါက တစ်ချက်အနေဖြင့် ၎င်းတို့သည် သင့်ကို သံသယဖြင့် သဘောထားလာလိမ့်မည်၊ “အဘယ်ကြောင့် သင်က ဤအရာများကို သိလိုရသနည်း။ အဘယ်ကြောင့် သင်က ကျွန်ုပ်၏ နောက်ကွယ်တွင် ကျွန်ုပ်အကြောင်းကို သိရှိရန် ကြိုးစားနေရသနည်း။ သင်က ကျွန်ုပ်ကို ထိန်းချုပ်ရန်၊ ညှဉ်းပန်းရန် သို့မဟုတ် သစ္စာဖောက်ရန် ကြံစည်နေသလော” ဟူ၍ဖြစ်သည်။ ယင်းမှာ ကဏ္ဍတစ်ခု ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် အခြားသူများအကြောင်းကို သင်သိရှိရန် အဘယ်လိုအပ်ချက် ရှိသနည်း။ ၎င်းတို့အကြောင်း အရာများကို သိရှိရန် သင့်တွင် အဘယ်အခွင့်အရေး ရှိသနည်း။ သင်က လူတိုင်းအပေါ် သတင်းအချက်အလက် စုဆောင်းလိုသလော။ သင်က အရာအားလုံးအကြောင်းကို သိရှိရမှဖြစ်မည်၊ သင်သည် သတင်းအချက်အလက် စုဆောင်းရာတွင် အထူးပြုလေ့လာထားသူလော။ ဤသည်မှာ သင်၏ အလုပ်လော။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ ထိုသို့သော တာဝန်ပေးစေခိုင်းချက်ကို မပေးခဲ့ပေ။ သင်က အခြားသူများ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများအကြောင်းကို အဆက်မပြတ် စုံစမ်းရန် ကြိုးစားနေပါက ၎င်းတို့က သင်သိရှိရန် မလိုလားသော အရာများအကြောင်းကို စုံစမ်းနေပါက ယင်းက ၎င်းတို့ကို သင့်အား အလွန် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသည်ဟု ထင်မြင်စေသည်။ အခြားသူများက စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသည်ဟု ထင်မြင်ခံရသူတစ်ဦး၏ လူ့သဘာဝသည် မည်သို့ရှိသနည်း။ အနည်းဆုံးအနေဖြင့် ဤလူသည် အရှက်မရှိပေ။ ဘာသာတရား မရှိသူများက ထိုသို့သောလူတစ်ဦးကို အဘယ်သို့ခေါ်သနည်း။ အတင့်ရဲသော လူယုတ်မာတစ်ဦးဟု ခေါ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် ယုတ်ညံ့သည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ ကင်းမဲ့ပြီး အရာခပ်သိမ်းကို စုံစမ်းလိုကြကာ မလျော်မကန် ကျင့်ကြံပြုမူကြသည်။ ၎င်းတို့သည် ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူအမျိုးအစား၏ လူ့သဘာဝသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (၎င်းတို့၏ လူ့သဘာဝသည် မကောင်းပါ။) အနည်းဆုံးအနေဖြင့် ၎င်းတို့၏ လူ့သဘာဝသည် မကောင်းပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝမရှိခြင်းဟူသည့် အမျိုးအစားအတွင်းမှ သရုပ်သကန်တစ်ခုဖြစ်သည်၊ မလျော်မကန် ပြုမူခြင်းနှင့် အစဉ်သဖြင့် မသမာသည့်အပြုအမူများ ပြုလုပ်ခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးပျူငှာပြီး လေးစားကာ ရည်မွန်ပုံရပြီး ကျင့်ကြံပြုမူရာတွင် အမူအကျင့်ကောင်းမွန်ပြီး သင့်လျော်ပုံရသည်။ သို့သော် သင်၏ နောက်ကွယ်တွင်မူ ၎င်းတို့သည် သင်၏ အသက်၊ မျိုးရိုးနောက်ခံနှင့် သင်၏ အခြားသော ကဏ္ဍများအကြောင်းကို စုံစမ်းလျက် သင့်ကို တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း သို့မဟုတ် မေးမြန်းခြင်းမရှိဘဲ မသမာသည့်အပြုအမူများ ပြုလုပ်ကြသည်။ အခြားသူများနှင့် ပြောဆိုဆက်ဆံပြီး စကားစမြည်ပြောသည့်အခါ ၎င်းတို့သည် ပွင့်လင်းခြင်းဖြစ်စေ၊ ဘွင်းဘွင်းရှင်းရှင်းဖြစ်စေ မရှိပေ၊ ထိုအစား ၎င်းတို့သည် လူများ၏ နောက်ကွယ်တွင် မသမာသည့်အပြုအမူများ အစဉ်သဖြင့် ပြုလုပ်ကြပြီး လူရှေ့မထွက်ဝံ့သော အရာများကို ပြုလုပ်ကြသည်။ ၎င်းတို့သည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများနှင့် အခြားသူများ မည်သို့စဉ်းစားနေသည်ကို အဆက်မပြတ် စဉ်းစားသုံးသပ်ကြပြီး ထိုသို့သောကိစ္စရပ်များဖြင့် အစဉ်သဖြင့်အလုပ်ရှုပ်နေကြသည်။ ဤလူအမျိုးအစား၏ လူ့သဘာဝသည် မကောင်းပေ၊ မည်သည့်အုပ်စုတွင်မဆို ထိုသို့သောလူများကို လူတိုင်းက မနှစ်သက်ကြပေ။ လူများက သင့်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အရာများကို မသိစေချင်၍ သို့မဟုတ် ၎င်းတို့က သင့်ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ထား၍ မဟုတ်ပေ၊ သင်၏ လူ့သဘာဝ၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို ကိုင်တွယ်ခြင်းနည်းလမ်းကြောင့် အခြားသူများက သင့်ကို မနှစ်သက်ကြခြင်း ဖြစ်သည်။ လူများက သင့်ကို မနှစ်သက်ရသည့်အကြောင်းရင်းမှာ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို ကိုင်တွယ်ခြင်းနည်းလမ်းသည် သင့်လျော်ပြီး ဘွင်းဘွင်းရှင်းရှင်း ဖြစ်မည့်အစား အနည်းငယ် မသမာသောကြောင့် ဖြစ်သည်၊ သင်အသုံးပြုသည့် နည်းဗျူဟာများသည် ယုတ်ညံ့ပြီး ညစ်ညမ်းသောကြောင့် ဖြစ်သည်။ အချို့လူများသည် အခြားသူများနှင့် မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံသည့်အခါ ပြဿနာမရှိဟု ထင်ရသော်လည်း ၎င်းတို့၏ နောက်ကွယ်တွင်မူ ၎င်းတို့သည် အမှုကိစ္စများကို ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် အစဉ်သဖြင့် လုပ်ဆောင်ကြသည်။ အခြားသူများ ထွက်သွားသည့်အခါ ၎င်းတို့သည် အခြားသူတို့ မည်သူနှင့် စကားပြောခဲ့သည်၊ မည်သည့်အကြောင်း ပြောဆိုခဲ့သည်၊ ၎င်းတို့၏ နေ့စဉ်မှတ်တမ်းများတွင် မည်သည့်အရာများ ရေးသားခဲ့သည်၊ မည်သည့်အတွင်းကျကျ သိမြင်မှုများ ရှိသည်တို့ကို ကြည့်ရှုရန် ၎င်းတို့၏ ကွန်ပျူတာများကို လျင်မြန်စွာ ဖွင့်ကြသည်။ တစ်ခါတစ်ရံ တစ်စုံတစ်ဦး၏ ကွန်ပျူတာတွင် စကားဝှက်တစ်ခုရှိသည့်အခါ ၎င်းတို့က ဤသို့ပြောဆိုခြင်းဖြင့် ယင်းကို ချော့မော့တောင်းယူရန် ကြိုးစားကြသည်၊ “သင်၏ ကွန်ပျူတာစကားဝှက်ကို ပြောင်းလိုက်သလော။ ကျွန်ုပ်၏ စကားဝှက်ကို ၁၂၃၄၅၆၇ အဖြစ်သာ ပြောင်းလိုက်သည်၊ သင်၏ စကားဝှက်ကိုလည်း သင် ပြောင်းသင့်ပေသည်” ဟူ၍ ဖြစ်သည်။ ဤသို့ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ “ကျွန်ုပ်က သင့်ကို ကျွန်ုပ်၏ စကားဝှက်ကို ပြောပြနေသည်၊ သင်လည်း ကျွန်ုပ်ကို သင်၏ စကားဝှက်ကို ပြောပြသင့်သည်၊ သို့မှသာ ကျွန်ုပ် သင်၏ ကွန်ပျူတာကို စစ်ဆေးရန် အခွင့်အရေးရမည်” ဟူ၍ဖြစ်သည်။ အချို့လူများသည် အခြားသူများ မရှိသည့်အခါ ၎င်းတို့၏ အိတ်များနှင့် ပစ္စည်းများကိုပင် မွှေနှောက်ရှာဖွေဝံ့ကြသည်။ ဥပမာအားဖြင့် ၎င်းတို့က တစ်စုံတစ်ဦး နားကြပ်အသစ်တစ်စုံ တပ်ထားသည်ကို မြင်ပြီး အသံအရည်အသွေး မည်သို့ရှိသည်ကို သိလိုပါက ထိုလူမရှိသည့်အခါ နားကြပ်များကို ယူပြီး နားထောင်ဝံ့ကြပေမည်။ သင်က ထိုလူ၏ နားကြပ်များကို ငှားရန် ပွင့်ပွင့်လင်းလင်း တောင်းဆိုပြီး ၎င်းတို့က သဘောတူပါက သင်သည် ယင်းတို့ကို တရားဝင် စမ်းသပ်နိုင်သည်။ ၎င်းတို့က သဘောမတူပါက သင်မစမ်းသပ်သင့်ပေ။ ယင်းမှာ ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်း မဟုတ်လော။ အခြားသူများ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သင်သည် အမှုအရာများကို ၎င်းတို့၏ နောက်ကွယ်တွင်မဟုတ်ဘဲ ၎င်းတို့၏ ရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်း ကိုင်တွယ်သင့်သည်။ ဤလူအမျိုးအစားသည် ထိုသို့မလုပ်နိုင်ပေ၊ ၎င်းတို့သည် အစဉ်သဖြင့် မသမာသည့်အပြုအမူများ ပြုလုပ်ကြသည်။ မည်သည့်အတိုင်းအတာအထိ ပြုလုပ်ကြသနည်း။ သင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင်၏ ပစ္စည်းများကို ချက်ချင်း မွှေနှောက်ရှာဖွေကြကာ သင်၏ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများတွင် သင်ရေးသားထားသည်ကို စစ်ဆေးပြီး တစ်စုံတစ်ရာ လွတ်သွားမည်ကို ကြောက်ရွံ့လျက် ယင်းကို လျင်မြန်စွာ ကူးယူကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် သမ္မာတရားကို တောင့်တပုံရသော်လည်း နောက်ကွယ်မှ ၎င်းတို့၏ လုပ်ရပ်များသည် ညစ်ညမ်းလှသည်။ ၎င်းတို့က သင် ကွန်ပျူတာအသစ်တစ်လုံး ဝယ်သည်ကို မြင်သည့်အခါ မနာလိုဖြစ်ကြသည်။ အပြင်ပန်းတွင် ၎င်းတို့က ကွန်ပျူတာအသစ်သည် ကောင်းမွန်ပြီး မြန်သည်ဟု ပြောသော်လည်း စိတ်ထဲတွင်မူ ၎င်းတို့က “မြန်သည်ဟု ဆိုသလော။ တစ်နေ့နေ့တွင် ပျက်သွားပါစေဟု ကျွန်ုပ် မျှော်လင့်သည်” ဟု တွေးတောကြသည်။ တစ်နေ့တွင် သင်က ကွန်ပျူတာအသစ်သည် ကောင်းစွာအလုပ်မလုပ်ဘဲ နှေးကွေးနေသည်ဟု စကားထဲထည့်ပြောသည့်အခါ ၎င်းတို့က “အသစ်သုံးသည့်အတွက် ခံရသည်မှာ နည်းပင်နည်းသေးသည်။ ငါဆိုလျှင် တစ်လုံးပင် သုံးခွင့်မရသေး၊ သို့ဖြစ်၍ သင် မသုံးနိုင်လျှင် ပို၍ ကောင်းလေသည်” ဟု တိတ်တဆိတ် ဝမ်းမြောက်ဝမ်းသာ ခံစားရသည်။ ၎င်းတို့၏ စိတ်သည် လူရှေ့သူရှေ့ ထုတ်မပြဝံ့သော ယုတ်ညံ့ပြီး ညစ်ညမ်းသည့် အတွေးအခေါ်များဖြင့် ပြည့်နေသည်။ အချို့လူများက တစ်စုံတစ်ဦးတွင် လှပသော အဝတ်အစားတစ်ထည်ရှိသည်ကို မြင်ပြီး ၎င်းတို့လည်း ဝတ်ဆင်ကြည့်ချင်ကြသည်။ သို့သော် တိုက်ရိုက်တောင်းဆိုမည့်အစား ထိုလူမရှိသည့်အခါ ခိုး၍ဝတ်ဆင်ရန် အခွင့်အရေးကို စောင့်ဆိုင်းရုံသာ စောင့်ဆိုင်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ထဲတွင် ကြည့်ကာ အလွန်လှသည်ဟု တွေးထင်ကြသော်လည်း ထိုလူပြန်လာသည့် ခြေသံကို ကြားသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ချွတ်ချပြီး နေရာတကျ ပြန်ထားလိုက်ကြသည်။ ဤလူအမျိုးအစား၏ မသမာသည့်အပြုအမူများနှင့် ၎င်းတို့၏ အမှုအရာများကို ကိုင်တွယ်ပုံနည်းလမ်းများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မပါဝင်နိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကဲ့သို့ မဆိုးရွားနိုင်သော်လည်း ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို ကိုင်တွယ်ခြင်းဆိုင်ရာ သဘောထားနှင့် လူများကို ၎င်းတို့ဆက်ဆံပုံနည်းလမ်းသည် အတော်ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ဖြစ်ကာ ဤသည်မှာ အခြားသူများ၏ ပုံမှန်အသက်တာများကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိသည်။ ထို့ကြောင့် ဤလူအမျိုးအစားသည် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ဆိုးရွားသော ပြဿနာများရှိသည်ဟု ဆိုနိုင်သည်။ မည်မျှဆိုးရွားသနည်း။ ၎င်းတို့သည် ကျင့်ကြံပြုမူရာတွင် မလျော်ကန်ပေ၊ နောက်ကွယ်တွင် မသမာသည့် အပြုအမူများစွာ ပြုလုပ်ကြပြီး ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ပုံနည်းလမ်းသည် မသမာသည့်အပြင် ညစ်ညမ်းလှသည်။ ၎င်းတို့သည် အစဉ်သဖြင့် လျှို့ဝှက်တတ်ကြသည်၊ ၎င်းတို့သည် အမှုအရာများကို မည်သည့်အခါမျှ ပွင့်ပွင့်လင်းလင်း မလုပ်ဆောင်ဘဲ လူများ၏ နောက်ကွယ်တွင် အစဉ်သဖြင့် လုပ်ဆောင်ကြသည်။ အခြားသူများ မရှိသည့်အခါတွင်ဖြစ်စေ၊ အာရုံမစိုက်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့လုပ်ဆောင်နေသည့်အရာကို မည်သူမျှ မမြင်နိုင်သည့်အခါတွင်ဖြစ်စေ၊ မတွေ့ရှိနိုင်သည့်အခါတွင်ဖြစ်စေ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက်ဖြင့် အရာများကို လုပ်ဆောင်ကြသည်။ ဤလူအမျိုးအစား၏ လူ့သဘာဝသည် မကောင်းပေ။ ၎င်းတို့သည် အလင်းရောင် သို့မဟုတ် အခြားလူများကို ရင်မဆိုင်နိုင်ဘဲ အမှောင်ထု၏ လေထုထဲတွင် နစ်မြုပ်လျက် မှောင်သောချောင်များတွင် အစဉ်သဖြင့် နေထိုင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝသည် ယုတ်ညံ့ပြီး ညစ်ညမ်းလှသည်။ ၎င်းတို့၏ ယုတ်ညံ့သော လူ့သဘာဝနှင့်ဆိုင်သော ဤသရုပ်သကန်များသည် ပင်ကိုသဘာဝလော။ (မဟုတ်ပါ။) ၎င်းတို့သည် အခြားသူများရှေ့တွင် အမှုအရာများကို လုပ်ဆောင်ရန် ရှက်ရွံ့သည်ဟု ခံစားရသည်၊ ၎င်းတို့သည် အခြားသူများ၏ နောက်ကွယ်တွင် လုပ်ဆောင်ရသည်ကို ပိုနှစ်သက်ကြပြီး အခြားသူများ၏ နောက်ကွယ်တွင် ပြုမူသည့်အခါ လုံးဝ ချုပ်တည်းမှုမရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက်နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) သင်က ဤမသမာသည့်အပြုအမူများ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝတွင် ၎င်းတို့ထုတ်ဖော်ပြီး အသက်ရှင်နေထိုင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကဏ္ဍတစ်ခုနှင့် သက်ဆိုင်သည်ဟု ဆိုပါက ယင်းမှာ တိကျမှန်ကန်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့၏ မသမာသည့်အပြုအမူများသည် အဆက်မပြတ် ဖြစ်နေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် မည်သည့်အမှားကြီးကြီးမားမားကိုမျှ မကျူးလွန်ခဲ့ဟု ထင်ရပြီး အသင်းတော်က ၎င်းတို့ကို တာဝန်တစ်ခု ခန့်အပ်သည့်အခါ အများအားဖြင့် ၎င်းတို့သည် စိတ်နှစ်ထားပြီး နာခံကြသည်၊ ၎င်းတို့သည် အပြင်ပန်းအားဖြင့် အတော်လေး ရည်မွန်ပုံပင် ရလေသည်။ သို့သော် နောက်ကွယ်တွင်မူ အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်သွားသည်၊ မည်သူမျှ မကြည့်နေသည်နှင့်တစ်ပြိုင်နက် ကြွက်တစ်ကောင်ကဲ့သို့ ၎င်းတို့သည် မသမာသည့်အပြုအမူများ ပြုလုပ်ပြီး ကိစ္စရပ်များကို စတင်လုပ်ဆောင်ကြသည်။ ဤလူများသည် ကြွက်များနှင့်တူသည် မဟုတ်လော။ စဉ်းစားကြည့်လော့၊ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့် အခြားသူများနှင့် ပြောဆိုဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်ပုံနည်းလမ်းဖြစ်ပါက၊ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ကိုယ်ကျင့်တရား စရိုက်လက္ခဏာသည် ဤအမျိုးအစားဖြစ်ပြီး ၎င်းတို့တွင် ဤသို့သော လူ့သဘာဝ အနှစ်သာရရှိပါက ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို မည်သို့သဘောထားဆက်ဆံကြမည်နည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို လူများကို သဘောထားဆက်ဆံသည့်နည်းလမ်းအတိုင်း သဘောထားဆက်ဆံကြသလော။ (သဘောထားဆက်ဆံပါသည်။) ၎င်းတို့သည် နောက်ကွယ်တွင်လည်း မသမာသည့်အပြုအမူများ ပြုလုပ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကြီးကြပ်မှုကို ရှောင်ရှားရန် တတ်နိုင်သမျှ ကြိုးစားကြပြီး ထိုလူတို့၏ ရှေ့တွင် တစ်မျိုး၊ ထိုလူတို့၏ နောက်ကွယ်တွင် တစ်မျိုး ပြုမူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်မခံကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် သမ္မာတရားကိုလည်း လက်မခံကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ချဉ်းကပ်ကြပြီး မသမာသည့်အပြုအမူအချို့ ပြုလုပ်ကာ အချို့အရာများကို အပေါ်ယံပြသရန် လုပ်ဆောင်ကြသည်၊ ထိုသို့ဖြင့် အပြင်ပန်းအားဖြင့် မည်သူမျှ မည်သည့်ပြဿနာ သို့မဟုတ် မှားယွင်းမှုများကိုမျှ မမြင်နိုင်ပေ။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မည်သည့်အမှားမျှ မလုပ်ဆောင်သည့်ပုံပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပုံရသော်လည်း နောက်ကွယ်တွင်မူ ၎င်းတို့သည် မိမိတို့၏ မသမာသည့်အပြုအမူများကို လုပ်ဆောင်ပြီးဖြစ်ကာ အမှားများကို မည်သူမျှမသိဘဲ တိတ်တဆိတ် ကျူးလွန်ပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မယုံကြည် သို့မဟုတ် လက်မခံကြပေ၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ ဤသည်မှာ အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၊ သမ္မာတရားနှင့် ၎င်းတို့၏ တာဝန်ကို ဤသို့သော လူ့သဘာဝနှင့်လည်းကောင်း၊ ဤသို့သော အခြားသူများနှင့် ပြောဆိုဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်ပုံနည်းလမ်းဖြင့်လည်းကောင်း ဆက်ဆံသည့်အခါ ၎င်းတို့ထုတ်ဖော်သည့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော တိကျသည့်သရုပ်သကန်များတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် အဘယ်အရာများ ပါဝင်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် လှည့်ဖြားတတ်ခြင်း ပါဝင်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် ပို၍ပင် လျှို့ဝှက်ပြီး လှည့်ဖြားတတ်ပါက အဘယ်အရာနှင့် သက်ဆိုင်သနည်း။ (ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှုသို့ တိုးမြင့်သွားပါသည်။) ယင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းရှိ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်မှုတို့နှင့် သက်ဆိုင်သည်။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအပေါ် သံသယများကို အစဉ်သဖြင့် ထားရှိကြသည်။ ဤသည်မှာ ၎င်းတို့တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ၎င်းတို့က “ငါ နောက်ကွယ်တွင် လုပ်သည့်အရာကို မည်သူမျှ မသိပေ၊ ငါ ဘုရားသခင်ကို မည်သည့်နေရာတွင်မျှ မမြင်ဖူးပေ၊ ထို့ကြောင့် ဘုရားသခင်လည်း သေချာပေါက် သိမည်မဟုတ်ပေ၊ ငါတစ်ယောက်တည်းသာလျှင် သိသည်” ဟု တွေးထင်ကြသည်။ ဤသည်မှာလည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သည် မဟုတ်လော။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ယင်းသည် စိတ်နှလုံးမာကျောခြင်း ဖြစ်သလော။) ၎င်းတို့၏ အတွင်း၌ စိတ်နှလုံးမာကျောသော စိတ်သဘောထားတစ်ခု ရှိကြသည်။ သို့ဆိုလျှင် ဤအတွေးအခေါ်များ၏ အနှစ်သာရသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် အတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်းတစ်ခု ဖြစ်သည်။ စိတ်နှလုံးမာကျောခြင်းအပြင် ၎င်းတို့သည် သမ္မာတရားကို အထူးသဖြင့် အလွန်အမင်း မနှစ်မြို့ကြပေ၊ ယင်းက ဤသည်မှာ ဆိုးရွားသောပြဿနာတစ်ခု ဖြစ်စေသည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သည်နှင့်တစ်ပြိုင်နက် ယင်းမှာ ညံ့ဖျင်းသော လူ့သဘာဝမျှထက် ပို၍ဆိုးရွားလေသည်။ ယင်းသည် ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို ဆန့်ကျင်ခြင်း၏ အနှစ်သာရတို့နှင့် သက်ဆိုင်သည်။ ယင်းသည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် သက်ဆိုင်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သည်နှင့်တစ်ပြိုင်နက် သမ္မာတရား စည်းမျဉ်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရားဖြင့် ဖြေရှင်းရန် လိုအပ်ချက်တို့နှင့် သက်ဆိုင်သည်။

ဥပမာ ၄- အပြင်ပန်း အသွင်အပြင်များကို ဂရုစိုက်ခြင်း

လူအချို့သည် ပင်ကိုသဘာဝအားဖြင့် အရပ်ရှည်ပြီး ကျော့ရှင်းသော ကိုယ်ဟန်အနေအထားရှိကြသည်၊ ထို့အပြင် ၎င်းတို့တွင် အခြားသူများ နှစ်သက်ဖွယ်တွေ့ရှိရသော အချိုးကျပြီး သန့်ရှင်းကာ ကျက်သရေရှိသော ရုပ်သွင်များလည်း ရှိကြသည်။ ၎င်းတို့ မည်သည့်အရာကို ဝတ်ဆင်သည်ဖြစ်စေ လူများက ၎င်းတို့ကို အထင်ကြီးလေးစားကြပြီး ဤသို့ပြောဆိုကြသည်၊ “သူတို့က လမ်းလျှောက်နေသော မဂ္ဂဇင်းကြော်ငြာတစ်ခုနှင့်ပင် တူသည်၊ အလွန် ခန့်ညားသည်၊ အလွန်လှပသည်၊ အလွန်ရင်သပ်ရှုမောဖွယ် ကောင်းသည်” ဟူ၍ဖြစ်လေသည်။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုအခြေအနေများ၊ ၎င်းတို့၏ လူ့သဘာဝ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအောက်တွင် ကျရောက်သလော။ (ဤသည်မှာ ၎င်းတို့၏ ပင်ကိုအသွင်အပြင် ဖြစ်ပါသည်။) ၎င်းတို့သည် ရုပ်ရည်ကောင်းမွန်စွာဖြင့် မွေးဖွားလာကြသည်။ ၎င်းတို့သည် ပင်ကိုသဘာဝအားဖြင့် ဆွဲဆောင်မှုရှိပြီး ကိုယ်ဟန်အနေအထား ကောင်းမွန်သောကြောင့် ငယ်စဉ်ကတည်းက ၎င်းတို့၏ အကြီးအကဲများက ၎င်းတို့ကို ချီးကျူးကြသည်၊ ၎င်းတို့၏ အတန်းဖော်များက ၎င်းတို့ကို မနာလိုဖြစ်ကြပြီး ၎င်းတို့၏ မိဘများက ၎င်းတို့ကို အထူးသဖြင့် အလွန်အမင်း ချစ်ခင်ကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့၏ မိဘများက ၎င်းတို့ကို အဝတ်အစားများ ဆင်ယင်ပေးကြပြီး ၎င်းတို့ အသက်သုံးနှစ် သို့မဟုတ် ငါးနှစ်မတိုင်မီ တစ်နေ့တွင် မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဝတ်ဆင်ပေးပြီး နောက်တစ်နေ့တွင် ယောက်ျားလေးငယ်တစ်ဦးကဲ့သို့ ဝတ်ဆင်ပေးကြပြန်သည်။ အတိုချုပ်အနေဖြင့် ၎င်းတို့သည် တန်ဖိုးထားရသော အရုပ်ကလေးတစ်ရုပ်ကဲ့သို့ ချစ်ခင်ခြင်းခံခဲ့ရသည်။ ၎င်းတို့ ကြီးပြင်းလာသည်နှင့်အမျှ ရုပ်ရည်ကောင်းမွန်ခြင်းကို အထူးသဖြင့် နှစ်သက်လာကြသည်။ ခေတ်မီပြီး အခွင့်ထူးခံ လူနေမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသောကြောင့် ၎င်းတို့တွင် အဝတ်အစားများ ဆင်ယင်ခြင်းအလေ့အထ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် အမျိုးမျိုးသော ဖက်ရှင်ဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ရရှိပြီးနောက် ၎င်းတို့သည် အရောင်များ၊ အနေတော်ကျမှုများနှင့် ဖက်ရှင်ပုံစံများကို တွဲဖက်ရခြင်းကို နှစ်သက်လာကြသည်၊ ၎င်းတို့သည် အထူးသဖြင့် မျက်စိပသာဒကျအောင် ဝတ်စားဆင်ယင်ကြပြီး ကျက်သရေရှိသော အမူအရာကို ထုတ်ဖော်ပြသကြသည်။ ရိုးရှင်းသော တီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ပင် ၎င်းတို့ဝတ်ဆင်ပါက မတူခြားနားနေပြီး လိုက်ဖက်သောအရောင်ရှိသည့် ဖိနပ်တစ်ရံနှင့် တွဲဖက်လိုက်သည့်အခါ ၎င်းတို့၏ ဖက်ရှင်ပုံစံသည် ပို၍ပင် အထင်ကြီးစရာဖြစ်လာသည်၊ ၎င်းတို့သည် လုံးဝရင်သပ်ရှုမောဖွယ်ကောင်းပြီး မယုံနိုင်လောက်အောင် ခန့်ညားလှသည်။ ၎င်းတို့ကို မြင်ရုံမျှဖြင့် မျက်စိပသာဒဖြစ်စေသည်။ ၎င်းတို့သည် လူမြင်ကွင်းတွင် သို့မဟုတ် လမ်းများပေါ်တွင် ပေါ်လာသည့်အခါတိုင်း လူအများ၏ အာရုံကို ဖမ်းစားနိုင်သည်မှာ သေချာသည်။ ၎င်းတို့သည် ရုပ်ရည်ကောင်းမွန်စွာဖြင့် မွေးဖွားလာပြီး ဤပင်ကိုအခြေအနေရှိသောကြောင့်လည်းကောင်း၊ မည်သို့ပင် ဝတ်စားဆင်ယင်သည်ဖြစ်စေ အထူးသဖြင့် ကျက်သရေရှိသော အမူအရာကို ထုတ်ဖော်ပြသလျက် ကောင်းမွန်စွာ ဝတ်စားဆင်ယင်တတ်သောကြောင့်လည်းကောင်း လိင်တူနှင့် လိင်ကွဲနှစ်မျိုးစလုံးက ၎င်းတို့နှင့် ပြောဆိုဆက်ဆံပေါင်းသင်းရခြင်းကို အထူးသဖြင့် နှစ်သက်ကြသည်။ လူများသည် ၎င်းတို့၏ အလှတရားက မိမိတို့အား ကြည်နူးမှု ဆောင်ကြဉ်းပေးနိုင်ရန်အလို့ငှာ ၎င်းတို့နှင့် နီးကပ်စွာထိုင်ပြီး စကားပြောဆိုခြင်း၊ စကားစမြည်ပြောခြင်းနှင့် ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်းတို့ကို ပြုလုပ်ရန် စိတ်အားထက်သန်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အမှားလော။ (မဟုတ်ပါ။) ၎င်းတို့၏ ကောင်းမွန်သော ပင်ကိုအခြေအနေကြောင့် လူများသည် ၎င်းတို့တွင်ရှိနိုင်သော မည်သည့်ပြဿနာ၊ ဟာကွက်များ သို့မဟုတ် ချို့ယွင်းချက်များကိုမဆို အစဉ်သဖြင့် သည်းခံကြသည်။ ထို့ကြောင့် ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အထူးသဖြင့် ကောင်းစွာ လက်ခံခြင်းခံရပြီး လူကြိုက်များကြသည်။ ၎င်းတို့က မနှစ်မြို့ဖွယ် တစ်စုံတစ်ခုကို ပြောဆိုသည့်တိုင် အခြားသူများက ကြားရသည်မှာ ပျော်စရာကောင်းသည်ဟု ထင်မြင်နေဆဲဖြစ်သည်။ ၎င်းတို့ ဒေါသထွက်သည့်အခါ သို့မဟုတ် မျက်နှာထား တင်းမာပြသည့်အခါ လူများက စိတ်ထဲမထား သို့မဟုတ် စိတ်မဆိုးကြပေ၊ ၎င်းတို့ထံမှ ဆုလာဘ်တစ်ခုကဲ့သို့ပင် ခံစားရသည်။ ဤအတွေ့အကြုံများ စုပုံလာသည်နှင့်အမျှ ၎င်းတို့၏ ပင်ကိုအခြေအနေက ၎င်းတို့ကို သာလွန်သည်ဟု ခံစားရသောစိတ်ကို ပေးသည်။ ၎င်းတို့က ဤသို့တွေးထင်လာကြသည်။ “ရုပ်ရည်ကောင်းမွန်ခြင်း၊ ကျက်သရေရှိသော အမူအရာရှိခြင်းနှင့် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ခြင်းတို့က ငါ့ကို မည်သည့်နေရာသို့သွားသွား လူကြိုက်များစေသည်၊ ဤသည်မှာ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည်။ ဤလူ့အဖွဲ့အစည်း၊ ဤလူသားမျိုးနွယ်က ဤအရာကို တကယ်တန်ဖိုးထားသည်။ ငါ့မိဘများက ငါ့ကိုပေးသည့် ဤပင်ကိုအခြေအနေက ငါ၏ အရင်းအနှီးပင် ဖြစ်ပုံရသည်။ အလုပ်ရှာရသည်မှာ ပိုလွယ်သည်၊ စာမေးပွဲများတွင် တစ်စုံတစ်ဦး၏ အဖြေလွှာကို ခိုးချလိုပါက သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက ငါ့ကို အလိုအလျောက် ကမ်းပေးလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဆန့်ကျင်ဘက်လိင်မှ လူများစွာက ၎င်းတို့ကို လိုက်ကြသည်၊ လိင်တူများထဲတွင်လည်း ၎င်းတို့ကို ကောင်းစွာဆက်ဆံပြီး ၎င်းတို့၏ အလှတရားနှင့် ရုပ်ရည်ကောင်းမွန်မှုကို အဆက်မပြတ် ချီးကျူးသောသူများစွာ ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤသည်မှာ ၎င်းတို့ကို ဤအားသာချက်ကို တိုး၍နှစ်သက်စေသည်။ ဤအားသာချက်သည် ၎င်းတို့အား အဆင်ပြေမှုများစွာ၊ အကျိုးကျေးဇူးများစွာနှင့် ဦးစားပေးဆက်ဆံမှုများစွာကို ဆောင်ကြဉ်းပေးပြီး အရာများစွာကို ခံစားစေသည်။ သို့ဖြစ်၍ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အချို့သော လိုအပ်ချက်များကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် မိတ်ကပ်မလိမ်းဘဲ အိမ်မှထွက်မည် မဟုတ်သကဲ့သို့ ဝက်ခြံတစ်လုံးလောက် ပေါက်လျှင်ပင် လူရှေ့မထွက်ဝံ့ကြပေ။ ၎င်းတို့သည် မိမိတို့၏ အစားအသောက်ကို သတိထားကြပြီး အစပ်နှင့် ပဲငံပြာရည်များကို ရှောင်ကြဉ်ကာ မိမိတို့ဘာသာ ဤသို့စိုးရိမ်ကြသည်၊ “ဤဝက်ခြံသည် မည်သည့်အခါမျှ ပျောက်မည်နည်း။ ငါညှစ်လို့မရပါ၊ အမာရွတ်ကျန်ခဲ့မည်ကို စိုးရွံ့သည်။ သို့သော်လည်း ငါမညှစ်လျှင် တစ်ချိန်က ငါ့ကို သဘောကျခဲ့သည့် ဆန့်ကျင်ဘက်လိင်များသည် ဤအရာကိုမြင်၍ ငါမလှတော့ဘူး၊ သူတို့၏ အိပ်မက်ထဲမှ လူမဟုတ်တော့ဘူးဟု ထင်သွားမလား။ သူတို့ ငါ့အပေါ်မှာ ခပ်စိမ်းစိမ်းဖြစ်သွားမလား။ ငါ မည်သည့်အရာကို လုပ်သင့်သနည်း။ ဝက်ခြံမပျောက်မီ အပြင်မထွက်ဘဲ စောင့်ရမည်ဟု ထင်သည်။ ငါ့ကို ဤပုံစံနှင့် လူများအား အမြင်ခံ၍ လုံးဝမဖြစ်ပါ၊ ဤသည်မှာ သူတို့၏ စိတ်ထဲတွင်ရှိသည့် ငါ၏ ပြီးပြည့်စုံသော ပုံရိပ်ကို ပျက်စီးစေလိမ့်မည်” ဟူ၍ဖြစ်လေသည်။ အချို့လူများက ၎င်းတို့၏ ဝတ်စုံများ၏ အရောင်များ၊ အနေတော်ကျမှုများနှင့် ဖက်ရှင်ပုံစံများကို စုံလင်စွာ တွဲဖက်ရသည်။ အပြင်မထွက်မီ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ထဲတွင် ရှုထောင့်ပေါင်းစုံမှ အကြိမ်များစွာ စစ်ဆေးရပြီး အချို့သည် နေရောင်အောက်တွင် သို့မဟုတ် မီးရောင်အောက်တွင် မိမိတို့ ပြီးပြည့်စုံနေသည်ကို သေချာစေရန် ဆယ်လ်ဖီများပင် ရိုက်ကြကာ ၎င်းတို့၏ အသားအရေ၊ အသားအရောင်၊ ဆံပင်ပုံစံ၊ အဝတ်အစားနှင့် အမူအရာကဲ့သို့သော ကဏ္ဍများသည် မျက်စိပသာဒ ဖြစ်စေပြီး အခြားသူများ၏ နှစ်သက်မှုကို ရရှိစေကြောင်း သေချာစေပြီးမှသာ အပြင်ထွက်ရန် အဆင်သင့် ဖြစ်သည်ဟု ခံစားရသည်။ တာဝန်ကို စတင်ထမ်းဆောင်ပြီးသည့်နောက်မှာပင် ၎င်းတို့သည် ဤလူနေမှုပုံစံကို ဆက်လက်ထိန်းသိမ်းကြသည်။ အထူးအခြေအနေများကြောင့် ၎င်းတို့သည် ထိုနေ့တွင် ရေမချိုးရဘဲ ဆန့်ကျင်ဘက်လိင်မှ တစ်စုံတစ်ဦး ချဉ်းကပ်လာပါက ၎င်းတို့သည် အလျင်အမြန် ရှောင်ရှားကြသည်။ ရေမချိုးရပါက လူမြင်မခံနိုင်ဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ အသွင်အပြင်နှင့် အမူအရာအပေါ် တောင်းဆိုမှုများစွာ ရှိသောကြောင့် ယင်းက ၎င်းတို့၏ နေ့စဉ်အသက်တာကို သက်ရောက်မှုရှိသည်။ ၎င်းတို့သည် ရေမချိုးနိုင်သော တစ်နေရာရာသို့ သွားပါက စိတ်ဆင်းရဲပြီး အလွန်အမင်း ဒုက္ခခံစားရကာ ကောင်းစွာ မစားနိုင် သို့မဟုတ် မအိပ်နိုင်ကြပေ။ ၎င်းတို့က “ငါ ရေမချိုးရလျှင် မည်သို့လုပ်ရမည်နည်း။ ငါ သုံးရက်ထက်ပို၍ ရေမချိုးဘဲ မည်သည့်အခါကမျှ မနေဖူးပါ။ ငါ့ကိုယ်က အနံ့ထွက်လာလျှင် လူများက ငါ့ကို အထင်သေးကြမလား။ ငါ့ပုံရိပ်က မပြည့်စုံတော့ဘူး မဟုတ်လား။ ငါက အခြားသူများ၏ အိပ်မက်ထဲမှလူ မဟုတ်တော့ဘူး မဟုတ်လား။ ငါမည်သို့ လုပ်ဆောင်ရမည်နည်း” ဟု တွေးတောကြသည်။ ၎င်းတို့သည် ညံ့ဖျင်းသော လူနေမှုအခြေအနေများနှင့် အာဟာရမပြည့်ဝသော သို့မဟုတ် မျှတမှုမရှိသော အစားအစာများရှိသည့် နေရာတစ်ခုတွင် ရောက်နေပါက ဤသို့စိုးရိမ်လာကြသည်၊ “ဤအရာက ငါ့အသားအရေကို သက်ရောက်မှုရှိမလား။ ငါ့အသားအရေက ကြမ်းတမ်းလာမလား သို့မဟုတ် အိုမင်းသွားမလား။ ငါ အရေးအကြောင်းများ ထွက်လာမလား။ ငါ ဤနေရာတွင် မနေနိုင်ပါ၊ ဤနေရာမှ ထွက်သွားမှဖြစ်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ပင်ကိုအခြေအနေက ဆောင်ကြဉ်းပေးသော သာလွန်သည်ဟု ခံစားရသောစိတ်သည် ၎င်းတို့၏ ဘဝကို အထူးသဖြင့် ရှုပ်ထွေးစေပြီး အထူးပင် ပင်ပန်းနွမ်းနယ်၍ ချုပ်တည်းသောနည်းလမ်းဖြင့် နေထိုင်စေသည်။ ၎င်းတို့သည် အခြားသူများ၏ ၎င်းတို့အပေါ်ထားရှိသော ထင်မြင်ချက်များ၊ အထူးသဖြင့် အခြားသူများက ၎င်းတို့၏ ဝတ်စားဆင်ယင်မှု၊ အမူအရာနှင့် ဟန်ပန်တို့ကို မည်သို့အကဲဖြတ်သည်ကို အလွန်အမင်း စိုးရိမ်ကြပြီး အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကို အလွန်ဂရုစိုက်ကြသည်၊ မည်သည့်အတိုင်းအတာအထိနည်း။ ၎င်းတို့၏ ပုံမှန်အသက်တာ၊ အလုပ်နှင့် တာဝန်ထမ်းဆောင်ခြင်းကို သက်ရောက်မှုရှိသည့် အတိုင်းအတာအထိ ဖြစ်သည်။ ၎င်းတို့၏ အသွင်အပြင်မှ လာသော သာလွန်စိတ်သည် ၎င်းတို့ကို အလွန် အပေါ်ယံဆန်စေသည်၊ ၎င်းတို့၏ ရုပ်ရည်ကို အလွန်စိုးရိမ်စေပြီး အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကို အလွန်စိုးရိမ်စေသည်။ ဤသည်မှာ မည်သည့်ပြဿနာအမျိုးအစား ဖြစ်သနည်း။ ဤသရုပ်သကန်အားလုံးသည် နေ့စဉ်အသက်တာတွင် ပြဿနာများကို ကိုင်တွယ်ရန် မှန်ကန်သော သဘောထားတစ်ခုလော။ (မဟုတ်ပါ။) ဤသည်တို့မှာ ၎င်းတို့၏ နေ့စဉ်အသက်တာတစ်လျှောက်လုံးတွင် ၎င်းတို့ဖြစ်ပေါ်လာခဲ့သော လွဲမှားသော အမြင်များလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤသရုပ်သကန်များသည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ (၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်ပါသည်။) ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ ယင်းသည် အပေါ်ယံဆန်ခြင်းလော။ (ဟုတ်ပါသည်။) အပေါ်ယံဆန်ခြင်းသည် ၎င်းတို့၏ လူ့သဘာဝအတွင်းမှ ပြဿနာတစ်ခု ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ ဂုဏ်ပကာသန မက်မောခြင်း၊ အခြားသူများက ၎င်းတို့ကို မည်သို့မြင်သည်ကို စိုးရိမ်ခြင်း၊ အခြားသူများ၏ မျက်စိတွင် အပြည့်စုံဆုံးသောလူ ဖြစ်လိုသည့်ဆန္ဒ၊ အထူးပျော့ညံ့ခြင်းနှင့် အခက်အခဲမခံနိုင်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် တစ်ကိုယ်ကောင်းဆန်ခြင်းလည်း ရှိသေးသည်။ မိမိတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန် ၎င်းတို့သည် အနည်းငယ်မျှသော အခက်အခဲကိုပင် ခါးစည်းခံရန် ငြင်းဆန်သော်လည်း လူတိုင်းကို မိမိတို့အား ပြုစုလုပ်ကျွေးစေသည်။ ၎င်းတို့၏ ပင်ကိုအသွင်အပြင်က ဆောင်ကြဉ်းပေးသော သာလွန်စိတ်သည် လူတိုင်းကို ၎င်းတို့ကို ဝန်းရံစေချင်သည်။ ၎င်းတို့၏ နေ့စဉ်အသက်တာ၏ အဓိကအာရုံစိုက်ရာနှင့် ၎င်းတို့အောင်မြင်ရန် ရည်မှန်းသည့်ပန်းတိုင်မှာ ၎င်းတို့၏ အပြင်ပန်းအသွင်အပြင်ကို ထိန်းသိမ်းရန် ဖြစ်သည်။ ဥပမာအားဖြင့် တစ်ခါက ဓာတ်ပုံရိုက်နေစဉ် တစ်စုံတစ်ဦးက ၎င်းတို့ ပြုံးလိုက်သည့်အခါ သွားတွင် ဆလတ်ရွက်တစ်စ ကပ်နေသည်ကို သတိပြုမိသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် အရွက်စိမ်းများကို စားသုံးခြင်းကို ရပ်တန့်လိုက်သည်။ ယင်းသည် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပြီး ယင်းကို စားရန်မှလွဲ၍ ရွေးချယ်စရာမရှိလျှင်ပင် ၎င်းတို့သည် စားပြီးနောက် ချက်ချင်း ပလုတ်ကျင်းပြီး အခြားသူများနှင့် တွေ့ဆုံရန် အပြင်မထွက်ဝံ့မီ သွားကြားတွင် တစ်စုံတစ်ရာ ကပ်မနေကြောင်း သေချာစေရန် မှန်ကို မဖြစ်မနေ ကြည့်ရသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝအတွင်းမှ ပြဿနာတစ်ခုလော။ (ဟုတ်ပါသည်။) နေ့စဉ်အသက်တာရှိ ဤသာမန်ပြဿနာများသည် လူ့သဘာဝ၏ နယ်ပယ်အတွင်း ကျရောက်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အဆင့်သို့ မမြင့်တက်သေးပေ။ ၎င်းတို့ကိုင်တွယ်သော ပြဿနာများသည် လူ့အသက်တာ၏ ကဏ္ဍများနှင့်သာ သက်ဆိုင်သည်၊ ၎င်းတို့သည် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နှင့် အတွင်းပိုင်းတောင်းဆိုမှုများအပေါ် အာရုံစိုက်ခြင်းဖြင့် မိမိတို့၏ အလှတရားနှင့် အခြားသူများထံမှ မြင့်မားသောအာရုံစိုက်မှုကို ထိန်းသိမ်းရန် ကြိုးစားကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ စားသုံးခြင်း၊ ဝတ်စားဆင်ယင်ခြင်း သို့မဟုတ် အခက်အခဲကို ခါးစည်းခံပြီး အဖိုးအခပေးခြင်းဖြစ်စေ၊ ဤပြဿနာများကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ ရှုမြင်ပုံများနှင့် သဘောထားအားလုံးသည် ၎င်းတို့၏ အပြင်ပန်းပုံရိပ်ကို ထိန်းသိမ်းရန် ဦးတည်သည်၊ သို့မှသာ ၎င်းတို့သည် အစဉ်သဖြင့် မျက်စိပသာဒဖြစ်စေပုံရပြီး အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန်နှင့် ၎င်းတို့က မြင့်မားသောအာရုံစိုက်မှုကို ရရှိစေရန် သေချာစေသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သလော။ (ဟုတ်ပါသည်။) ဤသရုပ်သကန်အားလုံးသည် ၎င်းတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သည်၊ ယင်းတို့၏ လူ့သဘာဝသည် အလွန်အမင်း အပေါ်ယံဆန်ကြောင်း ပြသသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။