သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅) အပိုင်း သုံး
အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်း
အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် မည်သည့်ပြဿနာ အမျိုးအစားအောက်တွင် သက်ရောက်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ လူအချို့သည် လုပ်ငန်းတစ်ခုကို စတင်သည့်အခါ အတော်အတန် ကောင်းမွန်စွာ အစီအစဉ်ဆွဲသည်၊ ကြီးကျယ်သော လှုပ်ရှားမှုအချို့ကို အစပြုသည်၊ လူတစ်စုကို စုစည်းသည်၊ အစီရင်ခံစာများ ပြုလုပ်သည်၊ တာဝန်များ ခွဲဝေပေးသည်၊ ခိုင်မာသော သန္နိဋ္ဌာန်နှင့်ဆိုင်သည့် စကားကြီးစကားကျယ်များပင် ပြောဆိုသော်လည်း ၎င်းတို့ ဆက်လက် လုပ်ဆောင်သည့်အခါ ဤအရာအားလုံးသည် ပျောက်ကွယ်သွားပြီး ဖြစ်ပျက်နေသည့်အရာကို ၎င်းတို့က နောက်ဆက်တွဲမလုပ်၊ မကြီးကြပ်၊ သို့မဟုတ် မစစ်ဆေးကြပေ။ ကြီးကြပ်မှုနှင့် လမ်းပြမှုပေးရန် သမ္မာတရားကို နားလည်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပါက ထိုလုပ်ငန်းသည် လုံးဝ ပျက်ပြယ်သွားနိုင်သည် သို့မဟုတ် မလိုလားအပ်သော အကျိုးဆက်များပင် ဖြစ်ပေါ်လာနိုင်ပြီး အလုပ်ကို လုံးဝ ဖရိုဖရဲ ဖြစ်ကျန်ရစ်စေသည်။ အယူဝါဒများကို အတော်အတန် ရှင်းလင်းစွာနှင့် ပြတ်သားစွာ ပြောဆိုနိုင်သော်လည်း လက်တွေ့ အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်မူ မည်သို့ဆက်လုပ်ရမည်ကို မသိသည့်အပြင် ခိုင်မာသော အစီအစဉ်လည်း မရှိသည့် လူများလည်း ရှိသေးသည်။ အထူးအခြေအနေများ သို့မဟုတ် မမျှော်လင့်ထားသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် မည်သို့ကိုင်တွယ်ရမည်ကို မသိကြသကဲ့သို့ အခြားသူများနှင့်လည်း မိတ်သဟာယမဖွဲ့ကြပေ၊ သို့မဟုတ် ၎င်းတို့အထက်ရှိသူများထံမှလည်း မရှာဖွေ၊ မတိုင်ပင်ကြပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို စတင်လုပ်ဆောင်သည့်အခါ ယုံကြည်မှုရှိပုံရပြီး သိသာထင်ရှားသော တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်တော့မည့်အလား ကြီးကျယ်ခမ်းနားသော အစပြုမှုတစ်ခုကို ပြုလုပ်သော်လည်း၊ ၎င်းတို့ ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ စိတ်အားထက်သန်မှု ပျောက်ဆုံးပြီး ထွက်ပြေးသွားကြသည်မှာ ၎င်းတို့သည် လေထဲတွင် ပျောက်ကွယ်သွားသည့်အလားပင် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် ယခု မည်သည့်အလုပ်လုပ်နေသနည်း။ ထိုလုပ်ငန်းဆောင်တာသည် မည်သို့ရှိနေပြီနည်း” ဟု မေးသည့်အခါ ၎င်းတို့က “ယင်းက ပြီးမြောက်တော့မည် မဟုတ်ပါ” ဟု ပြန်ဖြေသည်။ သို့တိုင် ၎င်းတို့သည် အမှုအရာများကို မပြီးမြောက်နိုင်ကြောင်း အချိန်မီ သတင်းပို့ရန် ပျက်ကွက်ပြီး အမှုအရာများကို ရလဒ်မရှိဘဲ နှစ်လ သို့မဟုတ် သုံးလကြာ နှောင့်နှေးစေသည်။ ဤသည်မှာ ဒေါသထွက်စရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများသည် အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းလှပါတကား။ ဤလူစားမျိုးတွင် အစကောင်းပြီး အနှောင်းမသေချာသည့် နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းအပြင် နောက်ထပ်ပြဿနာတစ်ခု ရှိသည်၊ ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းသည် ဆက်လုပ်လေ ပို၍ ဖရိုဖရဲဖြစ်လာလေ ဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့၌ အကြမ်းဖျင်းစိတ်ကူးတစ်ခု၊ အတွေးအခေါ်အချို့နှင့် ဖွဲ့စည်းပုံအနည်းငယ် ရှိနိုင်သော်လည်း ၎င်းတို့ ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ ၎င်းတို့၏ အတွေးများသည် ရှုပ်ထွေးလာသည်။ ၎င်းတို့သည် ထိုလုပ်ငန်းဆောင်တာကို အဘယ်ကြောင့် စတင်ခဲ့သည် သို့မဟုတ် မည်သည့်ရလဒ်များကို ၎င်းတို့ ရရှိရန် ရည်ရွယ်သည်ကို မျက်ခြည်ပြတ်သွားသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ရှာဖွေမှုအချို့ပြုလုပ်ရန် အကြံပေးသည့်အခါ ၎င်းတို့က “မည်သည့်အရာကိုမျှ ရှာဖွေရန် မလိုပါ။ ဤနည်းအတိုင်းသာ ဆက်၍ လုပ်ဆောင်ကြစို့၊ မည်သို့ပင်ဖြစ်စေ မည်သူမျှလည်း အလေလိုက်နေခြင်း မဟုတ်ပါ” ဟု ပြောသည်။ သင်မြင်သလော၊ ၎င်းတို့သည် မိုးခြိမ်းသံကဲ့သို့ ကြီးမားသော အရှိန်အဟုန်ဖြင့် အမှုအရာများကို စတင်လုပ်ဆောင်သည်။ သို့သော် ၎င်းတို့ ဆက်လက် လုပ်ဆောင်သည်နှင့်အမျှ အမှုအရာများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယင်းမှာ မိုးခြိမ်းသံချည်းသာဖြစ်ပြီး မိုးမရွာခြင်းပင် ဖြစ်သည်၊ လုံးဝ ရလဒ်မရှိပေ။ သင်သည် ထိုတာဝန်နှင့်ပတ်သက်၍ မမေးမြန်း၊ နောက်ဆက်တွဲမလုပ်၊ မစစ်ဆေးပါက ၎င်းတို့သည် အစီရင်ခံစာတစ်ခုပင် မပေးဘဲ မပြီးမပြတ် ပျက်ပြယ်သွားစေလိမ့်မည်။ အစပိုင်းတွင် ၎င်းတို့ ထုတ်ဖော်ပြောဆိုခဲ့သော သန္နိဋ္ဌာန်သည် အဘယ်ကိုရောက်သွားသနည်း။ ယင်းမှာ မေ့ပျောက်သွားပြီ ဖြစ်သည်။ ၎င်းတို့ရေးသားခဲ့သော ကနဦးအစီအစဉ်မှာရော အဘယ်သို့နည်း။ အရိပ်အယောင်မရှိ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့၌ ရှိခဲ့သော ထိုအတွေးအခေါ်များမှာရော အဘယ်သို့နည်း။ ယင်းတို့သည် ပျောက်ကွယ်သွားခဲ့ပြီ၊ ယင်းတို့ကို မေ့ပျောက်သွားပြီ ဖြစ်သည်။ ဤသည်မှာ ထိုသို့သော သတ္တဝါမျိုးပင်တည်း။ သင်သည် ဤလူစားမျိုး၏ ကနဦးစိတ်အားထက်သန်မှုကို မြင်သည့်အခါ ၎င်းတို့သည် အမှန်တကယ် လုပ်ဆောင်သူတစ်ဦးဟု ထင်ရသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် လုံးဝ အသုံးမကျပေ၊ ၎င်းတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်သောသူ လုံးဝမဟုတ်ပေ၊ ၎င်းတို့သည် ဂနာမငြိမ်သောသူ ဖြစ်သည်။ ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှုကိုသာ နှစ်သက်သော်လည်း ဒုက္ခဆင်းရဲကို ခါးစည်းခံလိုခြင်း မရှိဘဲ တာဝန်ယူရန် ကြောက်ရွံ့ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းသည် မပြီးမပြတ် ကျန်ရစ်သည်။ ထိုသို့သော လူများတွင် မည်သို့သော လူ့သဘာဝမျိုး ရှိသနည်း။ (ညံ့ဖျင်းသော လူ့သဘာဝ ဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ဤလူစားမျိုးသည် တစ်စုံတစ်ရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် အစဉ်သဖြင့် အစကောင်းသော်လည်း အနှောင်းမသေချာဘဲ လုံးဝ ဖရိုဖရဲဖြစ်နေသည်၊ ဤသည်မှာ ၎င်းတို့၏ ပုံစံဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေသည်ဖြစ်စေ ဂီတကို နားထောင်ပြီး သီချင်းတအေးအေး ညည်းလျက် အတော်အတန် စိတ်အားထက်သန်စွာဖြင့် အစပြုကြသည်။ သို့သော် အတန်ကြာတွင် ၎င်းတို့သည် စိတ်ဝင်စားမှု ပျောက်ဆုံးပြီး အလုပ်ကို ရပ်လိုက်ကြသည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါအမျိုးအစားများ ဖြစ်ကြသနည်း။ ထိုသို့သော လူများသည် စက်ဆုပ်ဖွယ် မကောင်းသလော။ (ကောင်းပါသည်။) ၎င်းတို့သည် မိမိတို့ ပြီးမြောက်နိုင်စွမ်း မရှိမှန်း သိသော လုပ်ငန်းဆောင်တာများကို မိမိတို့၏ အရည်အချင်းကို ပြသရန် ကြိုးစားလျက်၊ ကြွားဝါပြီး စကားကြီးစကားကျယ်များ ပြောလျက် မဆင်မခြင် တာဝန်ယူကြသည်၊ ၎င်းတို့သည် ကိုယ့်လုပ်နိုင်စွမ်းကိုယ် မသိကြသလော။ ၎င်းတို့သည် အလုပ်ကို မလုပ်နိုင်လျှင် သို့မဟုတ် ရလဒ်များ မပေးနိုင်လျှင် အဘယ်ကြောင့် ထိုအတိုင်း မပြောကြသနည်း။ ၎င်းတို့သည် အမှုအရာများကို မနှောင့်နှေးစေသင့်။ ထိုအစား ၎င်းတို့သည် သင့်အလုပ်ကို တန့်နေစေပြီး သင့်ကို လှည့်ဖြားရန် ကြိုးစားလျက် တိတ်ဆိတ်စွာ နေကြသည်။ ၎င်းတို့သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်အမင်း နိမ့်ကျလှပါတကား။ ထိုသို့သော လူများကို အမှုအရာများ ကိုင်တွယ်ရန် ယုံကြည်စွာ အပ်နှံနိုင်သလော။ (မအပ်နှံနိုင်ပါ။) ၎င်းတို့သည် ယုံကြည်ထိုက်သလော။ (မယုံကြည်ထိုက်ပါ။) ထိုသို့သော လူများသည် မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် သင့်အား ကတိပေးပါက သင်သည် ၎င်းတို့ကို ယုံရဲမည်လော။ (မယုံရဲပါ။) ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သင့်ကို ငွေကြေးအကျိုးအမြတ်အတွက် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် မလှည့်ဖြားသော်လည်း ၎င်းတို့၏ ကျင့်ကြံပြုမူပုံနှင့် အမှုအရာများကို ကိုင်တွယ်ပုံသည် အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ကောင်းလှသည်။ သို့ဆိုလျှင် ဤလူများ အဘယ်ကြောင့် ဤမျှ ရွံရှာဖွယ်ကောင်းရသည်ဟူသည့် အရင်းခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိကြသည်၊ မိမိတို့၏ ကျင့်ကြံပြုမူခြင်းတွင် ကိုယ့်နေရာကိုယ် မသိကြပေ၊ စကားကြီးစကားကျယ် ပြောခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၌ ရှိသည်ဟု ၎င်းတို့ ယုံကြည်သည့် မည်သည့်အရည်အချင်းကိုမဆို ပြသခြင်းကို နှစ်သက်ကြသည်၊ ထင်ပေါ်ကျော်ကြားမှုကို ရယူရန် နှစ်သက်ကြပြီး မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ တစ်ခါမျှ စွဲစွဲမြဲမြဲ မလုပ်ကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးကြပြီး မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်ရင့်ကျက်မှုကိုလည်းကောင်း၊ မည်သို့သော လုပ်ငန်းဆောင်တာမျိုးကို ၎င်းတို့ ကိုင်တွယ်နိုင်သည်ကိုလည်းကောင်း မသိနားမလည်ကြပေ။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ အရည်အချင်းကို ပြသရန် ကြိုးစားနေဆဲဖြစ်ပြီး မည်သည့်အရေးကြီးသော အလုပ်မျိုးကိုမဆို ရဲတင်းစွာ တာဝန်ယူကြသည်။ တာဝန်ယူပြီးနောက် ၎င်းတို့သည် ကောင်းမွန်စွာ မလုပ်ဆောင်သည့်အခါနှင့် အဓိကကိစ္စရပ်များကို နှောင့်နှေးစေသည့်အခါတွင်ပင် ၎င်းတို့သည် စိတ်မဝင်စားကြချေ၊ ၎င်းတို့ ထင်ပေါ်ကျော်ကြားမှု ရနေသမျှကာလပတ်လုံး ၎င်းတို့အတွက် အဆင်ပြေနေသည်။ ၎င်းတို့သည် ယုတ်ညံ့ပြီး အောက်တန်းကျသောလူများ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤလူများတွင် အလွန်ညံ့ဖျင်းသော လူ့သဘာဝ မရှိသလော။ (ရှိပါသည်။) သင်တို့သည် ထိုသို့သော လူတစ်ဦးကို ကြုံတွေ့ရပါက အဓိကကျသော သို့မဟုတ် အရေးကြီးသော အမှုအရာများကို ၎င်းအား ယုံကြည်စွာ အပ်နှင်းရဲမည်လော။ (မအပ်နှင်းရဲပါ။) ဥပမာအားဖြင့် သင်သည် ဧဝံဂေလိတရားကို ဟောပြောရန် အပြင်ထွက်ရမည်ဖြစ်ပြီး သင်၏ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်ရန် တစ်စုံတစ်ဦး လိုအပ်ပါက သင်သည် မည်သို့သော လူစားမျိုးကို အကူအညီတောင်းရန် ရှာဖွေသင့်သနည်း။ တာဝန်ယူစိတ်မရှိ၊ အဆုံးတိုင် မလုပ်ဆောင်နိုင်ဘဲ မယုံကြည်ထိုက်သော ဤသို့သော လူတစ်ဦးကို သင် ရွေးချယ်ရဲမည်လော။ (မရွေးချယ်ရဲပါ။) အဘယ်ကြောင့် မရွေးချယ်ရဲသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင့်ကလေးကို ပျောက်သွားစေနိုင်သောကြောင့် ဖြစ်သည်။ သင့်ကလေး မည်သို့ ပျောက်သွားသည်ကို သင်က ၎င်းတို့အား မေးမြန်းပါက ၎င်းတို့က “ကျွန်ုပ် မသိပါ။ ကျွန်ုပ် ခဏလေး မှေးကနဲဖြစ်သွားပြီး ကလေးက ပျောက်သွားသည်။ ထိုအတွက် ကျွန်ုပ်ကို သင် မည်သို့ အပြစ်တင်နိုင်မည်နည်း။ ကလေးမှာ ခြေထောက်များပါသည်၊ သူ့ဘာသာသူ လမ်းလျှောက်နိုင်သည်၊ သူနှင့် ကျွန်ုပ်ကို ကြိုးချည်ထားခြင်း မဟုတ်။ သင် ကျွန်ုပ်ကို အပြစ်တင်၍မရပါ” ဟု ပြောလိမ့်မည်။ ၎င်းတို့သည် တာဝန်ကိုပင် ရှောင်လွှဲသေးပါတကား။ ဤသည်မှာ အရှက်မရှိသော လူယုတ်မာတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) သေရေးရှင်ရေး ကိစ္စများကို ထိုသို့သော လူများအား လုံးဝ ယုံကြည်စွာ အပ်နှံ၍မရပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းတွင် ၎င်းတို့သည် ဂနာမငြိမ်ကြဘဲ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာလည်း မရှိကြပေ။ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် အရှက်မဲ့စွာပြုမူပြီး အမှုအရာများကို ငြင်းပယ်ရဲကြသည်။ အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သော်လည်း ဤတိကျသော ချို့ယွင်းချက်သည် အလွန်အမင်း ပြင်းထန်သော ပြဿနာတစ်ခုဖြစ်သည်၊ ယင်းမှာ တည်ကြည်မှု၏ ပြဿနာတစ်ရပ် ဖြစ်သည်။ အချို့လူများသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ကြပြီး လုပ်ငန်းဆောင်တာများကို စိတ်အားထက်သန်စွာ တာဝန်ယူကြသော်လည်း တာဝန်မယူဝံ့ကြပေ။ အခက်အခဲများနှင့် ကြုံတွေ့ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် တာဝန်ကို ချက်ချင်း ရှောင်လွှဲပြီး အခြေအနေမှ မိမိတို့ကိုယ်ကို ခပ်ဝေးဝေး ထားကြသည်။ ၎င်းတို့သည် လုံးဝ တာဝန်မဲ့ကြသည်။ ၎င်းတို့သည် အထူးသဖြင့်လည်း ဂနာမငြိမ်ဘဲ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ စွဲစွဲမြဲမြဲ မလုပ်နိုင်ကြပေ။ ဤမျှ ဆိုးရွားလာသည့်အခါတွင် ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ အမှန်တကယ် နိမ့်ကျသော ကိုယ်ကျင့်စရိုက်နှင့် ညံ့ဖျင်းသော လူ့သဘာဝရှိခြင်း၏ ကိစ္စရပ်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့သော လူများတွင် ညံ့ဖျင်းသော လူ့သဘာဝရှိသည်ဟု ငါ ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မယုံကြည်ထိုက်သောကြောင့် ဖြစ်သည်၊ သင်သည် ၎င်းတို့အား မည်သည့်အရာကိုမျှ ယုံကြည်စွာ အပ်နှံရဲမည် မဟုတ်ပေ။ သင်သည် ၎င်းတို့အား မည်သည့်လုပ်ငန်းဆောင်တာကို ယုံကြည်စွာ အပ်နှင်းသည်ဖြစ်စေ ၎င်းတို့သည် အလွယ်တကူ သဘောတူသော်လည်း သင် လှည့်ထွက်သွားသည်နှင့် ၎င်းတို့သည် ပျောက်ကွယ်သွားပြီး ၎င်းတို့ မည်သည့်အရာ လုပ်နေသည်ကို သင် လုံးဝ မသိနိုင်ပေ။ သင်သည် ၎င်းတို့ကို ရက်အတန်ကြာ တွေ့ရကောင်း တွေ့ရမည်မဟုတ်။ သင်သည် ၎င်းတို့အား ထိုလုပ်ငန်းဆောင်တာ မည်သို့ တိုးတက်နေသည်ကို မမေးမြန်းပါက ၎င်းတို့သည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပြုမူလျက် သင့်ထံ ပြန်လည် သတင်းပို့မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သို့သော သတ္တဝါမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လုံးဝ တာဝန်မဲ့ကြပါတကား။ ၎င်းတို့သည် ဤသို့သော သေးငယ်သည့်အရာနှင့် ပတ်သက်လာလျှင်ပင် စမ်းသပ်မှုကို ကျရှုံးပြီး ယုံကြည်ခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် အခြားမည်သည့်အရာကို ဖြစ်နိုင်ချေရှိရှိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သင် ထင်သနည်း။ (တစ်ခုမျှ မရှိပါ။) သင်သည် ၎င်းတို့အား ကလေးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်ရန် ယုံကြည်စွာ အပ်နှံပါက ပြဿနာများသည် မည်သည့်အချိန်မဆို ပေါ်ပေါက်လာနိုင်သည်။ ကလေးသည် ချော်လဲပြီး ဒဏ်ရာရသွားနိုင်သည်၊ မစားသင့်သည့်အရာတစ်ခုခုကို စားမိနိုင်သည်၊ သို့မဟုတ် အပြင်ထွက်ကစားသည့်အခါ လမ်းပျောက်သွားနိုင်သည် သို့မဟုတ် လူဆိုးများ၏ ပြန်ပေးဆွဲခြင်းကို ခံရနိုင်သည်၊ ဤအရာအားလုံးသည် ဖြစ်နိုင်ချေရှိသော ရလဒ်များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တာဝန်မဲ့ပြီး အလွန်အမင်း နိမ့်ကျသော ကိုယ်ကျင့်စရိုက် ရှိကြသည့်အပြင် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် အသိတရား ကင်းမဲ့စွာ ပြုမူပြီး မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို ဖြည့်ဆည်းရန်အတွက်သာ သီးသန့် ပြုမူကာ အခြားအရာအားလုံးကို လျစ်လျူရှုသောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့အား လုပ်ငန်းဆောင်တာတစ်ခုကို ယုံကြည်စွာ အပ်နှံသည့်အခါ ငြင်းပယ်လိုက်ပါက သင့်ကို သိက္ခာကျစေနိုင်သည်ဟု ၎င်းတို့ ခံစားရသည်၊ မိမိတို့၏ ဂုဏ်သိက္ခာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့၏ အချည်းနှီးသောဂုဏ်ကို ဖြည့်ဆည်းရန်လည်းကောင်း ၎င်းတို့သည် သဘောတူလိုက်သော်လည်း နောက်ပိုင်းတွင်မူ မည်သို့သော တာဝန်ကိုမျှ လုံးဝ မယူကြပေ။ ၎င်းတို့သည် တာဝန်ကို ကောင်းမွန်စွာ မဆောင်ရွက်ဘဲ စကားကြီးစကားကျယ် ပြောကြသည်။ မယုံကြည်ထိုက်ခြင်းဆိုသည်မှာ ဤအရာပင်ဖြစ်၏။ ထိုသို့သော လူများသည် ကောင်းသလော။ (မကောင်းပါ။) အစကောင်းသော်လည်း အနှောင်းမသေချာသောနည်းဖြင့် အမှုအရာများကို လုပ်ဆောင်သောလူများကို ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်နိုင်သလော။ (မတင်မြှောက်နိုင်ပါ။) အဘယ်ကြောင့် မတင်မြှောက်နိုင်သနည်း။ (၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အလုပ်ကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ ၎င်းတို့ စကားပြောပြီး ကတိများပေးသည့်အခါ ၎င်းတို့တွင် အရည်အချင်းရှိပုံရပြီး လူတို့သည် စကားကြီးစကားကျယ် ပြောနိုင်သူများကို ယုံကြည်လိုကြသည်။ သို့သော် လက်တွေ့ အမှုအရာများကို လုပ်ဆောင်သည့်အခါတွင်မူ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။ ၎င်းတို့ ရှုပ်ပွသွားစေလျှင်ပင် သင့်ကို အသိပေးမည် မဟုတ်ပေ၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါကလည်း ဖြစ်ပျက်ခဲ့သည့်အရာနှင့် ပတ်သက်၍ သင့်ကို ရှင်းပြချက်ပေးမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ အမှုအရာများကို ကောင်းမွန်စွာ ကိုင်တွယ်ပေးမည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်နေသော်လည်း ၎င်းတို့သည် အဆုံးတွင် အရာရာကို ဖရိုဖရဲဖြစ်သွားစေပြီး ဤအပေါ်တွင် လုံးဝပင် ဂရုမစိုက်ဘဲ သင် ၎င်းတို့အား ယုံကြည်စွာ အပ်နှံခဲ့သည့်အရာကို လုံးဝ အလေးအနက် ထားသည့်ကိစ္စတစ်ခုအဖြစ် မမှတ်ယူကြပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ၎င်းတို့သည် ဂနာမငြိမ်ကြချေ။ ၎င်းတို့ထဲမှ အချို့သည် မိမိတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် စူးစမ်းလိုစိတ်တို့ကို အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်ကြသည်၊ ၎င်းတို့ထဲမှ အချို့သည် အာရုံစိုက်ခံရခြင်းကို နှစ်သက်ကြပြီး အာရုံစိုက်ခံရရန်နှင့် မြင်တွေ့ခံရရန်အတွက်သာ အမှုအရာများကို လုပ်ဆောင်ကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဂနာမငြိမ်သောလူများ၊ တာဝန်မယူသော လူများနှင့် လက်တွေ့ကျသော နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း မရှိသော လူများဖြစ်၏။ ဤသည်မှာ အတော်အတန် ဒုက္ခပေးသောအရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ ကျိုးနွံနာခံမှု ရှိမရှိ၊ သို့မဟုတ် သမ္မာတရားကို လိုက်စားသောလူများ ဟုတ်မဟုတ်ဟူသည့်အရာကိုပင် ထည့်မပြောရသေးပေ၊ ဤသည်မှာ ဤသွင်ပြင်လက္ခဏာများကို ထည့်မပြောရသေးပေ။ ၎င်းတို့၏ လူ့သဘာဝသက်သက်အားဖြင့် ဆိုရလျှင် ထိုသို့သော လူများသည် မယုံကြည်ထိုက်ပေ။ ထိုသို့သော လူများကို ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်နိုင်သလော။ (မတင်မြှောက်နိုင်ပါ။) လူ့သဘာဝ စံမမီသောလူများသည် ပျိုးထောင်ရန် တန်ဖိုးပင် မရှိကြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်နိမ့်ကျသည်၊ ၎င်းတို့တွင် အခြေခံ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာပင် ကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် သို့မဟုတ် ခေါင်းဆောင်များအဖြစ် ပျိုးထောင်ခံရရန် အရည်အချင်းမပြည့်မီကြပေ။
အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်း
ဆက်လက်၍ အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်းအကြောင်း ဆွေးနွေးကြစို့။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ (ယင်းမှာ လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခု ဖြစ်ပါသည်။) အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်း၊ မဆင်မခြင် မဖြစ်ခြင်း၊ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို တည်ငြိမ်စွာ ချဉ်းကပ်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ ဤသည်မှာ လူ့သဘာဝ၏ ကောင်းမြတ်သောအရည်အသွေးတစ်ခု ဖြစ်သည်။ ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းတွင်၊ ရှုပ်ထွေးသော နောက်ခံများရှိသည့် အမျိုးမျိုးသော လူအုပ်စုများကြားတွင် သင်သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ပေါ်ပေါက်လာခြင်းကို သတိဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ သင်သည် ဘုရားသခင်၏ အိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေသည့်အခါတွင်ပင် သင်ကြုံတွေ့ရသော အမျိုးမျိုးသော အမှုအရာများကြားတွင် ရှုပ်ထွေးသော အခြေအနေအချို့ ရှိနေပြီး သင်သည် ယင်းတို့ကို သတိဖြင့် ချဉ်းကပ်သင့်သည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် အနှောင့်အယှက်ပေးနေသော ဆိုးယုတ်သည့်လူများကို သင် ကြုံတွေ့ရသည့်အခါ သင်သည် ပထမဦးစွာ ပိုင်းခြားသိမြင်တတ်ရန် သင်ယူသင့်ပြီး ထို့နောက် ထိုအခြေအနေကို သမ္မာတရား စည်းမျဉ်းများအတိုင်း ချဉ်းကပ်သင့်သည်။ ဤသည်မှာ သင်၏ တာဝန်အပေါ် သင်ထားရှိသင့်သော သဘောထားတစ်ခု ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် သတိရှိခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် လူတစ်ဦး၏ ဆင်ခြင်တုံတရား ပါဝင်သည်။ သင်သည် ထိုးထွင်းသိမြင်နိုင်ခြင်းမရှိသော ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ သင် သတိရှိရန် လိုအပ်သည်။ သင်သည် အချို့သော သမ္မာတရားများကို နားလည်လျှင်ပင် အချို့သော အထူးကိစ္စရပ်များ၏ နောက်ခံ အနှစ်သာရနှင့် အရင်းခံအကြောင်းရင်းကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည့်အခါ သင် သတိရှိရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထိုသို့သော အခြေအနေများသည် သင့်အား သတိရှိရန် သာ၍ပင် လိုအပ်စေသည်။ သတိရှိခြင်းသည် ရှေးရိုးစွဲဖြစ်ခြင်း သို့မဟုတ် ခြေလှမ်းငယ်များ လှမ်းခြင်းမဟုတ်သကဲ့သို့ ပြုမူရန် မရဲဝံ့ခြင်း သို့မဟုတ် တာဝန်ယူရန် ကြောက်ရွံ့ခြင်းလည်း မဟုတ်ပေ၊ ယင်းသည် ဤအရာများကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ဤနေရာတွင် ပြောဆိုသော သတိရှိခြင်းသည် အပြုသဘောဆောင်ကာ ယင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သင်သည်။ သတိရှိခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ယင်းမှာ တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ် သင်သည် ပထမဦးစွာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး ထို့နောက် ထိုတာဝန် သို့မဟုတ် ထိုအလုပ်အတွက် တိကျသော လက်တွေ့လုပ်ဆောင်မှု အဆင့်များ၊ တိကျသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့် လိုလားသော ရလဒ်များကို ရှာဖွေသည့်အခါ ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် အရေးကြီးသော ကိစ္စရပ်များနှင့် သင်၏ တာဝန်ကို ဂရုတစိုက်နှင့် သတိရှိသော စိတ်နှလုံးဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ အမှန်ပင် အချို့လူများသည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများကို ချဉ်းကပ်သည့်အခါတွင်လည်း အထူးသတိရှိကြသည်၊ ၎င်းတို့သည် မပေါ့ဆပေ၊ ထိုအစား မယုံနိုင်လောက်အောင် သတိရှိကြသည်။ ဤသည်မှာ မကောင်းသောအရာ မဟုတ်ပေ၊ ယင်းကို ချို့ယွင်းချက်တစ်ခုမဟုတ်ဘဲ လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။ သတိရှိခြင်းကို လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုဟု ဆိုနိုင်သည်၊ သတိရှိသော သဘောထားရှိခြင်းသည် လူတို့အား အကျိုးကျေးဇူးကိုသာ ဆောင်ကြဉ်းပေးနိုင်ပြီး လူတို့ကို မည်သည့်နည်းနှင့်မျှ လုံးဝ ဘောင်ခတ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်း ပြုမည်မဟုတ်ပေ။ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ သင် စကားပြောရန် မရဲဝံ့ပါက၊ သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် သို့မဟုတ် မည်သူနှင့်မျှ ဆက်ဆံရန် မရဲဝံ့ပါက၊ သစ်ရွက်ကြွေကျလာလျှင် သင့်ခေါင်းကို ထိမည်ကို သင် ကြောက်ရွံ့နေပါက ဤသည်မှာ အလွန်အကျွံ သတိထားခြင်း ဖြစ်သည်။ အချိန်ပြည့် သင်၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် နေထိုင်ပြီး သင်၏ နေ့ရက်များကို အလွန်အကျွံ စိုးရိမ်ပူပန်သော ပုံစံဖြင့် ကုန်ဆုံးခြင်းဟူသည်မှာ သတိရှိခြင်းလော။ (မဟုတ်ပါ။) ဈေးဝယ်ထွက်ပါက လှည့်စားခံရမည်ကို ကြောက်ရွံ့ခြင်း၊ စတိုးဆိုင်ဖွင့်ပါက ငွေရှုံးမည်ကို ကြောက်ရွံ့ခြင်း၊ အိမ်ဝယ်ပါက မကောင်းသတင်းရှိသော အိမ်တစ်လုံး ဖြစ်သွားမည်ကို ကြောက်ရွံ့ခြင်း၊ ကွန်ပျူတာဝယ်ပါက ဗိုင်းရပ်စ်များ ပါလာမည်ကို ကြောက်ရွံ့ခြင်း၊ အလွန်အကျွံ ကြောက်ရွံ့မှုကြောင့် သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မရဲဝံ့ဘဲ ခြေတစ်လှမ်းမျှ လှမ်းရန် ခက်ခဲနေသည်အထိ ချည်နှောင်ခံရခြင်း၊ ဤအရာများသည် ငါတို့ ဤနေရာတွင် ပြောဆိုနေသော သတိရှိခြင်းမျိုး၏ သရုပ်သကန်များ လုံးဝမဟုတ်ပေ။ ဤသရုပ်သကန်များက လူတစ်ဦးသည် မသိနားမလည်၊ အသုံးမကျဘဲ ကြောက်တတ်ကာ မရင့်ကျက်သည့်အပြင် လွတ်လပ်စွာ နေထိုင်နိုင်စွမ်း ကင်းမဲ့ကြောင်းကို ညွှန်ပြသည်။ ယင်းတို့သည် ညံ့ဖျင်းသော အစွမ်းအစ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းနှင့် ရှုပ်ထွေးသော လူအုပ်စုများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် မည်သို့သော တန်ပြန်ဆောင်ရွက်ချက်မျှ လုံးဝမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့ကာ နောက်တွန့်ဆုတ်ပြီး ရှေ့ဆက်ရန် မရဲဝံ့သည်အထိ အလွန် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် လှည့်ဖြားခံရမည်ကိုဖြစ်စေ၊ အန္တရာယ်ပြုခံရမည်ကိုဖြစ်စေ၊ အသတ်ခံရမည်ကိုဖြစ်စေ ကြောက်ရွံ့သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ဆက်ဆံရန် သို့မဟုတ် မည်သည့်ကိစ္စကိုမျှ ကိုင်တွယ်ရန် မရဲဝံ့ကြပေ။ ၎င်းတို့ အလုပ်သွားသည့်အခါ ၎င်းတို့၏ လစာငွေ မရရှိမည်ကို ကြောက်ရွံ့ကြသည်။ အချို့အမျိုးသမီးများသည် မတော်မတရား ပြုကျင့်ခံရမည်ကို ကြောက်ရွံ့၍ အလုပ်လုပ်ရန်ပင် မရဲဝံ့ကြပေ။ အချို့လူများသည် လူဆိုးများနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့၍ အိမ်မှပင် ထွက်ခွာရန် မဝံ့ရဲကြသကဲ့သို့ ပစ္စည်းများ ဝယ်ပါက လုယက်ခံရမည်ကို ကြောက်ရွံ့ကြသည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့သည် အရာအားလုံးကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ အလွန်အကျွံ သတိထားခြင်း မဟုတ်လော။ ဤသည်မှာ အလွန်အကျွံ စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရူးသွပ်နေကြသည် မဟုတ်လော။ အချို့လူများတွင် ဤသို့သော စိတ်နေသဘောထားမျိုး ရှိကြသည်၊ ၎င်းတို့သည် တစ်နေ့လုံး ဤအရာထိုအရာကို စိုးရိမ်ပူပန်ကြပြီး ရလဒ်မှာ ၎င်းတို့သည် မည်သည့်ကိစ္စကိုမျှ ကိုင်တွယ်ရန်ဖြစ်စေ၊ အပြင်ထွက်၍ လူများနှင့် တွေ့ဆုံရန်ဖြစ်စေ မရဲဝံ့ဘဲ အိမ်တွင်သာ နေနိုင်ကြသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုး ဖြစ်ကြသနည်း။ (ရူးသွပ်သောသူတစ်ဦး ဖြစ်ပါသည်။) ၎င်းတို့သည် ရူးသွပ်နေကြသည်၊ ၎င်းတို့သည် ပုံမှန်မဟုတ်၊ ၎င်းတို့သည် လူမပီသသူများ ဖြစ်ကြသည်။ မည်သည့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းမဆို ကင်းမဲ့လျက် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စည်းမျဉ်းများ သို့မဟုတ် အနိမ့်ဆုံး စံနှုန်းများ မရှိဘဲ ဤလူစားမျိုးသည် တိရစ္ဆာန်ဝင်စားခြင်းဖြစ်သည်၊ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝမရှိသကဲ့သို့ ၎င်းတို့၏ အလွန်အကျွံ သတိထားခြင်းသည် သတိရှိခြင်း မဟုတ်ပေ။ သတိရှိခြင်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ သတိရှိခြင်းဟူသည်မှာ အတိုင်းအတာတစ်ခုဖြင့်၊ စနစ်တကျ၊ စည်းကမ်းလိုက်နာသော နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းကို ဆိုလိုပြီး ဤစည်းမျဉ်း၏ အခြေခံအုတ်မြစ်ပေါ်တွင် စေ့စပ်သေချာစွာ ပြုမူကာ၊ အမှုအရာများ ဖြစ်ပျက်သည့်အခါ တည်ငြိမ်ခြင်း၊ အလျင်စလိုမဖြစ်ခြင်း၊ မဆင်မခြင်မဖြစ်ခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါမဖြစ်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေနိုင်ပြီး ပညာရှိသော နည်းလမ်းများကို ရှာဖွေနိုင်ခြင်းကို ဆိုလိုသည်။ ဤသည်ကို သတိရှိခြင်းဟု ခေါ်ပြီး ဤသတိရှိခြင်းသာလျှင် လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခု ဖြစ်သည်။
စကားကြီးစကားကျယ်ပြောပြီး ကြွားဝါရသည်ကို နှစ်သက်ခြင်း
စကားကြီးစကားကျယ်ပြောခြင်းနှင့် ကြွားဝါခြင်းကို နှစ်သက်သည့် လူစားမျိုးများစွာ ရှိသည်။ ဤသည်မှာ ဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုတစ်ခုလည်း ဖြစ်သည်။ လူများစွာသည် ချဲ့ကားပြောဆိုခြင်း၊ အမှုအရာများကို ပေါ့ပေါ့တန်တန် လုပ်ကြံပြောဆိုခြင်း၊ ပေါက်ကရပြောဆိုခြင်းတို့ဖြင့် စကားပြောကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် အချက်အလက်များနှင့် လုံးဝမကိုက်ညီဘဲ ၎င်းတို့သည် လေလုံးထွားကြသည်။ ၎င်းတို့သည် မည်သည့် ရှက်စိတ်မျှ မရှိဘဲ မိမိတို့ကိုယ်ကို အရည်အချင်းရှိသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ ထိုသို့သော လူများသည် ယုံကြည်ထိုက်သလော။ (မထိုက်ပါ။) ထိုသို့သော လူများတွင် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ ရှိသလော။ (မရှိပါ။) ထိုသို့သော လူများတွင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာမရှိပေ၊ လေးစားထိုက်ခြင်း မရှိသည့်အပြင် မယုံကြည်ထိုက်ပေ။ သို့ဆိုလျှင် အရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ်ရန် ၎င်းတို့ကို ယုံကြည်စွာ အပ်နှံနိုင်သလော။ (မအပ်နှံနိုင်ပါ။) သို့ဖြစ်လျှင် ကြွားဝါခြင်းကို နှစ်သက်ခြင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ယင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သော်လည်း သင်သည် ဤလူ၏ လူ့သဘာဝကိုလည်း ကြည့်ရမည်၊ ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လက်ခံနိုင်ခြင်း ရှိမရှိကို ကြည့်ရမည်။ ၎င်းတို့သည် ယုတ်ညံ့သော စိတ်သဘောထား ရှိသူ ဖြစ်ရုံမျှသာဖြစ်ပြီး နှစ်ပေါင်းများစွာ မိမိတို့၏ မိသားစုဘဝ သို့မဟုတ် လူမှုပတ်ဝန်းကျင်၏ လွှမ်းမိုးခြင်းခံရကာ ကြွားဝါခြင်းနှင့် စကားကြီးစကားကျယ်ပြောခြင်းကို နှစ်သက်သည့် အကျင့်ဆိုးတစ်ခု၊ တာဝန်မဲ့စွာနှင့် အကျိုးဆက်များကို ထည့်သွင်းမစဥ်းစားဘဲ ပြောဆိုသည့် အကျင့်ဆိုးတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့သည် မဆိုးရွားပေ။ ၎င်းတို့သည် အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်သည့် အဆင့်တွင်သာ ရှိနေခြင်းဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် ကြွားဝါခြင်းကို နှစ်သက်သည့်အပြင် အခြားသူများနှင့် ဆက်ဆံရာတွင် အတော်အတန် အနိုင်ကျင့်စိုးမိုးပြီး ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် ပြုမူကာ သူ၏ စကားကြီးစကားကျယ်ပြောခြင်းနှင့် ကြွားဝါခြင်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများကို ဖိနှိပ်ရန်နှင့် သူကြွားဝါပြီး ချဲ့ကားသည့် အရာများကို အခြားလူများ လုပ်ဆောင်ခဲ့ပြီး သို့မဟုတ် ပိုင်ဆိုင်သည့် အရာများထက် ပို၍ မြင့်မြတ်သော၊ ပို၍ ကောင်းသော၊ အထက်တွင် ရှိသော အရာများကဲ့သို့ ဖြစ်စေရန်ဖြစ်လျှင် ဤသည်မှာ ၎င်းတို့ ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်ခြင်း ပြဿနာ မဟုတ်တော့ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းမှာ ဆိုးယုတ်သော လူ့သဘာဝ၏ ပြဿနာ ဖြစ်ပါသည်။) ဤသည်မှာ ဆိုးယုတ်သော လူ့သဘာဝ၏ ပြဿနာ ဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်နေသလော။ (ပါဝင်ပါသည်။) မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) ၎င်းတို့တွင် မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိသည်။ အချို့လူများသည် အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထား ရှိသောကြောင့်သာ ကြွားဝါခြင်းကို နှစ်သက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ နေထိုင်မှုအလေ့အထများနှင့် နေထိုင်မှုပတ်ဝန်းကျင်ကြောင့် ဖြစ်ရသည်။ ၎င်းတို့သည် အမှန်အတိုင်းပြောဆိုခြင်း၊ စိတ်ရင်းအတိုင်းပြောဆိုခြင်း၊ တကယ့်အခြေအနေများကို ဆွေးနွေးခြင်း သို့မဟုတ် ဘဝနှင့် သင့်တော်သော ကိစ္စရပ်များအကြောင်း ပြောဆိုခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်ကြရုံသာ ဖြစ်သည်။ ၎င်းတို့တွင် ဤအသိတရား ကင်းမဲ့နေသည်။ ထိုသို့သော ပညာပေးမှုသည် ၎င်းတို့၏ မိသားစုနှင့် ကျောင်းပတ်ဝန်းကျင်များတွင် မရှိသည့်အပြင် လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ပို၍ပင် မရှိတော့ချေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ မွေးရာပါ ယုတ်ညံ့သော စိတ်သဘောထား ရှိခြင်းသည် အလွန် ဆိုးရွားလေသည်။ ၎င်းတို့သည် ပေါ့ပြက်ပြက်နိုင်ပြီး လျောက်ပတ်သော အမူအကျင့်မရှိဘဲ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်နှင့် အခြားသူများက ၎င်းတို့ကို အထင်ကြီးစေရန်အလို့ငှာ စကားကြီးစကားကျယ် ပြောခြင်းနှင့် ကြွားဝါခြင်းကို နှစ်သက်ကြရုံသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အခြားသော ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ သို့မဟုတ် လိုအပ်ချက်များ မရှိပေ။ ၎င်းတို့သည် ဤသရုပ်သကန်များကိုသာ ပြသလျှင် ဤသည်မှာ ယုတ်ညံ့သော စိတ်သဘောထားရှိခြင်းမျှသာ ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့၏ ကြွားဝါခြင်းတွင် ရည်ရွယ်ချက်တစ်ခုရှိပြီး ကြွားဝါခြင်းမှတစ်ဆင့် အလွန်အရည်အချင်းရှိသူများ အဖြစ်သာမက သာမန်လူများထက် သာလွန်သော၊ ကွဲပြားသော၊ အထက်တွင်ရှိသော သူများအဖြစ် မိမိတို့ကိုယ်ကို ဂုဏ်တင်လျှင် ဤသည်မှာ ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်ခြင်း၏ ပြဿနာ မဟုတ်တော့ပေ။ ၎င်းတို့ ကြွားဝါခြင်းကို နှစ်သက်ခြင်းသည် တိကျသော အတွေးအခေါ်၏ လမ်းညွှန်မှုကို ခံရပြီး အဆင့်အတန်းကို တောင့်တခြင်း၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ တွန်းအားပေးခြင်းကို ခံရသည်။ ၎င်းတို့သည် အခြားသူများကို ဖိနှိပ်ပြီး အထင်ကြီးစေရန်၊ အခြားသူများကို မိမိတို့ထက် နိမ့်ကျပြီး မသာကြောင်း ခံစားစေရန်နှင့် မိမိတို့ကို ရိုသေလေးစားပြီး နာခံစေရန် နည်းလမ်းတစ်ခုအဖြစ် ကြွားဝါခြင်းကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့ ကြွားဝါခြင်းကို နှစ်သက်ခြင်းမှာ အသာစီးရရန် ရည်ရွယ်သည်။ “သင်၌ ရှိသမျှ ငါ၌လည်း ရှိသည်။ သင်လုပ်နိုင်သမျှကို ငါလည်း လုပ်နိုင်သည်။ သင်သိသမျှကို ငါလည်း သိသည်။ သင်မြင်ဖူးသမျှကို ငါလည်း မြင်ဖူးသည်။ ငါသည် သင့်ထက် မနိမ့်ကျပေ” ဟူ၍ဖြစ်လေသည်။ သင်သည် အစားအစာတစ်ခုခုကို စားဖူးလျှင်ပင် ၎င်းတို့ မစားဖူးသည်မှာ သိသာထင်ရှားသော်လည်း စားဖူးသည်ဟု အခိုင်အမာ ပြောဆိုကြမည်ဖြစ်ပြီး ထိုမျှသာမက ယင်းကို ပို၍ စားဖူးကြောင်းနှင့် ၎င်းတို့စားခဲ့သော အစာသည် သင်စားခဲ့သော အစာထက် ပိုကောင်းကြောင်း ပြောဆိုကြလိမ့်မည်။ ၎င်းတို့သည် မဖြစ်ပျက်ခဲ့သော အရာများအကြောင်းကိုပင် ကြွားဝါကြလိမ့်မည်။ ၎င်းတို့၏ ကြွားဝါခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ သင့်ကို အနိုင်ယူရန်၊ သင်နှင့် ယှဉ်ပြိုင်ရန်နှင့် ၎င်းတို့သည် သင့်ထက် ပိုတော်ကြောင်း၊ သင့်လောက် တော်ကြောင်းကို သင့်အား ခံစားစေရန် ဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်ခု၏ တွန်းအားပေးခြင်းကို ခံနေရသည်။ သို့ဖြစ်လျှင် ထိုသို့သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ၏ တွန်းအားပေးခြင်းကို ခံရသော လူ့သဘာဝ၏ သရုပ်သကန်သည် ယုတ်ညံ့သော စိတ်သဘောထား ရှိခြင်းမျှသာလော၊ သို့မဟုတ် ဆိုးယုတ်သော လူ့သဘာဝလော။ (ယင်းမှာ ဆိုးယုတ်သော လူ့သဘာဝ ဖြစ်ပါသည်။) ဤနေရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်နေသလော။ (ဟုတ်ပါသည်။) ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ၏ တွန်းအားပေးခြင်းကို ခံရခြင်း၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ ဤနေရာတွင် မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်းဟူသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးအစားနှစ်ခု ရှိသည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှု အနည်းငယ်လည်း ရှိသေးသည်။ ဆိုလိုသည်မှာ သင်ပြောဆိုသည့် မည်သည့်အရာကိုမဆို ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အစဉ်သဖြင့် အချိန်ယူ စဉ်းစားသည်၊ ယင်းမှ တစ်စုံတစ်ခုကို လုပ်ကြံဖန်တီးရန် အစဉ်သဖြင့် ကြိုးစားပြီး ကောက်ကျစ်ဆိုးယုတ်သော အတွေးများနှင့် အစွန်းရောက်သော စိတ်ကူးများဖြင့် အစဉ်သဖြင့် ချဉ်းကပ်လေသည်။ ဥပမာအားဖြင့် သင်က “ကျွန်ုပ်မိသားစု၏ ကားသည် တိုယိုတာဖြစ်သည်၊ ယင်းမှာ ဂျပန်ကားဖြစ်သည်” ဟု ပြောလျှင် ၎င်းတို့က “ဂျပန်ကားများက မကောင်းပါ၊ ဂျာမန်ကားများက ပိုကောင်းပါသည်။ ကျွန်ုပ် ယခင်က မောင်းခဲ့သော ဂျာမန်ကားသည် စွမ်းဆောင်ရည် ကောင်းရုံမျှသာမက ဆယ်နှစ်ကျော်ကြာ မပျက်စီးပဲ မောင်း၍ရသည်။ ယင်းမှာ သင်၏ ကားထက် များစွာ သာလေသည်” ဟု ပြောသည်။ ၎င်းတို့သည် သင့်ကို လုံးဝ အနိုင်ယူကို ယူရမည်။ သင်က “ကျွန်ုပ် အထက်တန်းကျောင်းပင် မအောင်ခဲ့ပါ” ဟု ပြောလျှင် ၎င်းတို့က “ကျွန်ုပ်က အထက်တန်းကျောင်း အောင်ခဲ့သည်။ သင်သည် ကျွန်ုပ်ကို မနာလိုဖြစ်နေသည် မဟုတ်လော” ဟု ပြောသည်။ လက်တွေ့တွင် ၎င်းတို့သည် အလယ်တန်းကျောင်းပင် မအောင်ခဲ့သော်လည်း သင့်ကို အနိုင်ယူလိုနေဆဲ ဖြစ်သည်။ ၎င်းတို့သည် အခြားသူများက မိမိတို့ကို မနာလိုဖြစ်ခြင်း၊ အထင်ကြီးခြင်းနှင့် အားကျခြင်းဟူသော ခံစားချက်ကို နှစ်သက်ကြသည်။ သင်မြင်သလော၊ မည်သူ့ထံမှမဆို ၎င်းတို့ရရှိသော သတင်းအချက်အလက်အပေါ် ၎င်းတို့၏ တုံ့ပြန်မှုသည် အစဉ်သဖြင့် ကောက်ကျစ်ဆိုးယုတ်ပြီး အစွန်းရောက်လေသည်။ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝ၏ တွေးခေါ်မှု ကင်းမဲ့နေသည်။ ပုံမှန်လူတစ်ဦးသည် အခြားတစ်စုံတစ်ဦးတွင် ကောင်းသောအရာ တစ်ခုခုရှိကြောင်း ကြားသိရသောအခါ “သင့်ထံတွင် ထိုအရာ ရှိသည်မှာ ကောင်းပါသည်။ သင့်အနေဖြင့် ယင်း၏ အသေးစိတ် ထူးခြားချက်များနှင့် အားသာချက်များကို ကျွန်ုပ်အား ပြောပြနိုင်မည်လော။ ယင်းတို့နှင့် ပတ်သက်၍ ကျွန်ုပ် ပို၍ သိလိုသည်” ဟု ပြောကောင်းပြောပေမည်။ ပုံမှန် လူ့သဘာဝရှိသူတစ်ဦးသည် ဤနည်းလမ်းဖြင့် တုံ့ပြန်ပေလိမ့်မည်။ သို့သော် ကြွားဝါခြင်းကို နှစ်သက်သောလူများတွင် ပုံမှန် လူ့သဘာဝမရှိပေ။ ၎င်းတို့က “အဘယ်ကြောင့်များ သင်က ယင်းကို ပိုင်ဆိုင်ရပြီး ကျွန်ုပ်က မပိုင်ဆိုင်ရသနည်း။ ကျွန်ုပ်ထံတွင် မရှိလျှင်ပင် ကျွန်ုပ်တွင် ရှိသည်ဟု ပြောရန် လိုအပ်ဆဲဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်ပိုင်သည့်အရာသည် သင်ပိုင်သည့်အရာထက် ပို၍ကောင်းသည်ဟု ကျွန်ုပ်ပြောရန် လိုအပ်သည်” ဟု တွေးကြသည်။ သင်က ၎င်းတို့အား ထုတ်ပြရန် တောင်းဆိုလျှင် ၎င်းတို့က “သင့်ကို ကြည့်ခွင့်ပြုမည်မဟုတ်” ဟု ပြောလိမ့်မည်၊ စင်စစ်အားဖြင့် ၎င်းတို့တွင် လုံးဝမရှိပေ။ ဤသည်မှာ အစွန်းမရောက်သလော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့သည် သတင်းအချက်အလက်တစ်ခုခုကို မြင်တွေ့သည့်အခါတွင်ဖြစ်စေ၊ လက်ခံရရှိသည့်အခါတွင်ဖြစ်စေ ၎င်းတို့၏ တုံ့ပြန်မှုသည် အစဉ်သဖြင့် အစွန်းရောက်ပြီး လူ့သဘာဝနှင့် မကိုက်ညီသည့်အပြင် ကောက်ကျစ်ဆိုးယုတ်သောကြောင့် ၎င်းတို့၏ စိတ်သဘောထားတွင် ကောက်ကျစ်ဆိုးယုတ်မှု အချို့လည်း ရှိနေသည်။ တစ်မျိုးပြောရလျှင် သင်သည် ၎င်းတို့နှင့် ပုံမှန်အတိုင်း စကားစမြည်ပြောဆိုခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း ပြုလုပ်သည့်အခါ မမျှော်လင့်သော စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုကို ဖြစ်စေနိုင်သည့် မည်သည့်အရာကိုမျှ သင်မပြောခဲ့ဟု ခံစားရသော်လည်း ၎င်းတို့၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ပြည့်နှက်နေပြီးဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မနာလိုဖြစ်နေပြီး ပြောင်ပြောင်တင်းတင်း ရန်လိုကာ မုန်းတီးနေသည့်အပြင် သင့်ကို ဖိနှိပ်လိုနေပြီးသားဖြစ်သည်။ ၎င်းတို့၏ စိတ်သည် ဤအရာများဖြင့် လွှမ်းမိုးနေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်ဟု သင်မပြောမည်လော။ (ပြောပါမည်။) ကောက်ကျစ်ဆိုးယုတ်သော လူများသည် မရိုးအပေ။ ၎င်းတို့ ထုတ်ဖော်ပြသည့် အမူအရာ၊ စကားလုံးများနှင့် လုပ်ဆောင်ချက် အများစုသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့နှင့် မကိုက်ညီပေ။ ၎င်းတို့၏ စကားများတွင် ရန်လိုမှုအချို့ ပါဝင်နိုင်သည်၊ ရန်လိုမှု ပါဝင်သည့်အပြင် ၎င်းတို့၏ စကားအချို့သည် မမှန်မကန်ဖြစ်နိုင်ပြီး အချို့သည် ကြွားဝါမှုများ ဖြစ်နိုင်သည်။ အကြောင်းမှာ ၎င်းတို့အတွင်း၌ ကောက်ကျစ်ဆိုးယုတ်သော အတွေးများရှိပြီး ဤကောက်ကျစ်ဆိုးယုတ်သော အတွေးများ၏ တွန်းအားပေးမှုကြောင့် ၎င်းတို့ပြောဆိုသော စကားများသည် လိမ်ညာမှုများသာ ဖြစ်ကာ စာတန်နှင့် နတ်ဆိုးများထံမှ အရင်းခံသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများတွင် လူ့သဘာဝမရှိပေ၊ ၎င်းတို့သည် လူသားမဟုတ်ကြပေ။ ကြွားဝါခြင်းနှင့် စကားကြီးစကားကျယ်ပြောခြင်းကို နှစ်သက်သောလူများကို အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့ကို ၎င်းတို့၏ လူ့သဘာဝ၏ အနှစ်သာရကို အခြေခံ၍ သတ်မှတ်သင့်သည်။ ဆိုလိုသည်မှာ ၎င်းတို့တွင် မည်သို့သော ပြဿနာရှိသည်ကို အကဲဖြတ်ရန် ၎င်းတို့သည် ယုတ်ညံ့သော စိတ်သဘောထား ရှိသူ ဟုတ်မဟုတ်နှင့် ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်ခြင်း ရှိမရှိကို ကြည့်ရမည်ဖြစ်သည်။ ၎င်းတို့တွင် ဆိုးယုတ်သော လူ့သဘာဝရှိပြီး အလွန်အမင်း ယုတ်ညံ့သော စိတ်သဘောထား ရှိသူဖြစ်ကာ ဒုစရိုက်အမှုများစွာကို ကျူးလွန်နိုင်စွမ်းရှိလျှင် ၎င်းတို့သည် လူကောင်းများ မဟုတ်ဘဲ ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်သင့်သည်။ သို့ရာတွင် ၎င်းတို့သည် စကားကြီးစကားကျယ် အနည်းငယ်ပြောဆိုခြင်းနှင့် ယုတ်ညံ့သော စိတ်သဘောထား အနည်းငယ် ရှိရုံမျှသာ ဖြစ်သော်လည်း မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်နိုင်ဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား အချို့ရှိနေဆဲဖြစ်ကာ ကောင်းမှုအချို့ကိုလည်း လုပ်ဆောင်နိုင်လျှင် ၎င်းတို့ကို ကောင်းသော လူ့သဘာဝရှိသူများအဖြစ် မှတ်ယူနိုင်သေးသည်။ ဤသည်မှာ ကြီးမားသော ပြဿနာမဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစ ကောင်းမွန်လျှင် ၎င်းတို့ကို ကြီးကြပ်ရေးမှူးများ သို့မဟုတ် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် ရွေးကောက်တင်မြှောက်နိုင်ကောင်း တင်မြှောက်နိုင်သည်။ ဤလူအမျိုးအစားနှစ်မျိုးလုံးသည် စကားကြီးစကားကျယ် ပြောပြီး ကြွားဝါခြင်းကို နှစ်သက်ကြသော်လည်း အဓိကမှာ ၎င်းတို့၏ လူ့သဘာဝက ကောင်းခြင်း သို့မဟုတ် ဆိုးယုတ်ခြင်း ရှိမရှိအပေါ် မူတည်သည်။ ၎င်းတို့သည် ယုတ်ညံ့သော စိတ်သဘောထား ရှိရုံမျှသာဖြစ်လျှင် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မပတ်သက်ပေ။ သို့ရာတွင် ၎င်းတို့၏ ကြွားဝါခြင်းနောက်ကွယ်၌ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိလျှင် ယင်းက ဆိုးယုတ်သော လူ့သဘာဝကို ညွှန်ပြပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အမှန်တကယ် ပတ်သက်လေသည်။ ၎င်းတို့၏ လူ့သဘာဝအရ၊ ယင်းသည် ဆိုးယုတ်သည်၊ ယင်းနှင့် ပတ်သက်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ မာနထောင်လွှားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ဖြစ်သည်။ ယင်းသည် ညံ့ဖျင်းသော ကိုယ်ကျင့်စရိုက်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နှစ်မျိုးလုံးနှင့် ပတ်သက်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။)
ပေါ့ဆခြင်း
နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် ပေါ့ဆခြင်းအကြောင်းကို ဆွေးနွေးကြစို့။ လူတစ်ဦးလုပ်ဆောင်သမျှ အရာတိုင်းတွင် ပေါ့ဆခြင်း၊ ဤသည်မှာ မည်သည့်ကဏ္ဍနှင့်သက်ဆိုင်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ထိုသို့သော လူများသည် အရာခပ်သိမ်းကို အကြမ်းဖျင်းနှင့် ယေဘုယျနည်းလမ်းဖြင့် ရှုမြင်ကြပြီး အဓိကအချက်များကို နားလည်နိုင်စွမ်းမရှိကြပေ။ ၎င်းတို့လုပ်ဆောင်သမျှသည် ပေါ့ပေါ့ဆဆဖြစ်သည်။ ၎င်းတို့သည် စာနှင့်ပတ်သက်သောအလုပ် သို့မဟုတ် စာရွက်စာတမ်း စီမံခန့်ခွဲခြင်းကဲ့သို့သော အသေးစိတ် ကျသည့်အလုပ်ကို မလုပ်နိုင်ကြပေ။ ၎င်းတို့သည် တိကျမှုကို လိုအပ်သော တာဝန်များကိုလည်း မကိုင်တွယ်နိုင်ကြပေ။ အဝတ်အစားများချုပ်သည့်အခါ ၎င်းတို့သည် တစ်ခါတစ်ရံ ဘောင်းဘီခြေထောက်ကို အင်္ကျီလက်နေရာတွင် ချုပ်မိသည်၊ တစ်ခါတစ်ရံ လက်ရှည်ကို လက်တိုဖြစ်အောင် လုပ်သည်၊ သို့မဟုတ် ၂၆ လက်မ ခါးကို ၂၄ လက်မ ခါးဖြစ်အောင် လုပ်သည်။ ၎င်းတို့သည် အဝတ်အစားကို အလွန်ကြီးအောင် သို့မဟုတ် အလွန်သေးအောင် လုပ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် အလွန်ပေါ့ဆသည်၊ အလွန်မဆင်မခြင်နိုင်သည်၊ အလွန် ကိုးရိုးကားရား ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ကောင်းစွာ မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့သည် မည်မျှအထိပင် ပေါ့ဆနိုင်သနည်း။ တစ်စုံတစ်ခုကို ဆောင်ရွက်ရန် အပြင်ထွက်သည့်အခါ ယူသွားသင့်သည့် အရာများကိုပင် မေ့လျော့နိုင်သည်။ ဥပမာအားဖြင့် တရားစွဲဆိုမှုအတွက် ရှေ့နေတစ်ဦးနှင့် တွေ့ဆုံသည့်အခါ ၎င်းတို့သည် မိမိတို့၏ မှတ်ပုံတင်ကတ်အပြင် ရှေ့နေတောင်းဆိုသည့် သက်သေအထောက်အထားကိုပါ ယူဆောင်ရန် မေ့လျော့ကြသည်။ ၎င်းတို့သည် အရာများစွာကို ထားခဲ့ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ အရေးကြီးသော ပစ္စည်းများကို မည်သည့်နေရာတွင် ထားခဲ့သည်ကိုပင် မသိကြသကဲ့သို့ မှတ်မိရန်လည်း အားမထုတ်ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မကြာခဏ ပစ္စည်းများ ပျောက်ဆုံးပြီး မေ့လျော့တတ်ကာ ၎င်းတို့လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့၏ နေ့စဉ်ဘဝသည် လုံးဝ ကမောက်ကမဖြစ်နေသည်။ ထိုသို့သော လူများသည် မိမိတို့၏ အလုပ် သို့မဟုတ် တာဝန်ကို သဘောထားပြုမူရာတွင် မည်သည့်အခါမျှ အလေးအနက်မထားကြပေ။ ၎င်းတို့လုပ်ဆောင်သမျှသည် အစဉ်သဖြင့် ဖြစ်ကတတ်ဆန်းနှင့် ပေါ့ပေါ့ဆဆဖြစ်သည်၊ ၎င်းတို့သည် မိမိတို့စောင့်ကြည့်လေ့လာသည့် ကိစ္စရပ်များ၏ အကြမ်းဖျင်း သဘောတရားကိုသာ ရရှိသည်၊ မိမိတို့ကြားရသည့် စကားလုံးများ၏ အကြမ်းဖျင်း နားလည်မှုကိုသာ ရရှိသည်၊ အမှုအရာများကို အကြမ်းဖျင်းနှင့် ယေဘုယျ အသုံးအနှုန်းများဖြင့်သာ ပြောဆိုပြီး အမှုအရာများ၏ အကြမ်းဖျင်း စိတ်ကူးကိုသာ မှတ်ဉာဏ်ထဲတွင် ထိန်းသိမ်းထားသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အရေးကြီးသော သို့မဟုတ် လျှို့ဝှက်သော အလုပ်ကို မကိုင်တွယ်နိုင်ကြပေ၊ ၎င်းတို့သည် ထိုသို့သော တာဝန်များအတွက် မသင့်တော်ပေ။ ၎င်းတို့၏ ပေါ့ဆခြင်းသည် အခြားလူများ သို့မဟုတ် မည်သည့်အရေးကြီးသော ကိစ္စရပ်များကိုမျှ မထိခိုက်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဘဝ သို့မဟုတ် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်သာ သက်ဆိုင်လျှင် ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်၊ မည်သို့သော ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့ကိုယ်တိုင် တာဝန်ယူလိုက်ရုံဖြင့် ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော်လည်း ယင်းသည် တာဝန်၊ အရေးကြီးသောအလုပ်၊ တစ်စုံတစ်ဦး၏ ကံကြမ္မာနှင့် ရှေ့ရေး၊ တစ်စုံတစ်ဦး နေမည် သို့မဟုတ် ထွက်ခွာမည် စသည်တို့နှင့် ပတ်သက်နေလျှင် ထိုသို့သော လူများသည် ဤကိစ္စရပ်များကို ကိုင်တွယ်ရန် မသင့်တော်ပေ၊ အကြောင်းမှာ ၎င်းတို့သည် အလွန်ပေါ့ဆသောကြောင့် ဖြစ်သည်။ တစ်ချက်အနေဖြင့် ၎င်းတို့သည် ဤကိစ္စရပ်များတွင် စေ့စပ်သေချာခြင်း မရှိပေ၊ ၎င်းတို့သည် အကြမ်းဖျင်းသာ ကြည့်ပြီး ၎င်းတို့ကို ကိုင်တွယ်ဖို့ မိမိတို့၏ ဦးနှောက်ကို အသုံးပြုရန် သို့မဟုတ် သေချာ တွေးတောရန်နှင့် စွမ်းအင်ကို အသုံးချရန် အလွန်ပျင်းရိကြသည်။ နောက်တစ်ချက်အနေဖြင့် ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်သည့် ပုံစံနှင့် လုပ်နည်းကိုင်နည်းတို့သည် တစ်သမတ်တည်း ဖြစ်ကတတ်ဆန်းနှင့် ပေါ့ပေါ့ဆဆဖြစ်ပြီး ၎င်းတို့သည် မကြာခဏ ပစ္စည်းများ ပျောက်ဆုံးပြီး မေ့လျော့တတ်သည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ဘဝနှင့်သာ သက်ဆိုင်လျှင် ကြီးမားသော ပြဿနာမဟုတ်ပေ။ သို့သော်လည်း ယင်းသည် အရေးကြီးသောအလုပ် သို့မဟုတ် လျှို့ဝှက်သော ကိစ္စရပ်များနှင့် ပတ်သက်နေလျှင် ၎င်းတို့သည် အမှုအရာများကို ဖျက်ဆီးနိုင်သည် သို့မဟုတ် ကြီးမားသော ဘေးအန္တရာယ်တစ်ခုကိုပင် ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ပါရီမြို့သို့ အရေးတကြီး သွားရန်လိုအပ်သော်လည်း ၎င်း၏ ပေါ့ဆမှုကြောင့် ရောမမြို့သို့ လေယာဉ်လက်မှတ်ကို ဝယ်လိုက်သည်။ သူက “ယနေ့ ကျွန်ုပ် ဝယ်လိုက်သည့် လက်မှတ်က အလွန်ပင် ဈေးပေါပေသည်” ဟု ပြောဆိုလျက် အတော်ပင် ကျေနပ်နေသေးသည်။ အခြားသူများက ကြည့်ပြီး “ဈေးပေါပေသည်၊ သင်က ပါရီမြို့ကို သွားရမည့်အရေးကို အဘယ်ကြောင့် ရောမမြို့သို့သွားမည့် လက်မှတ်ကို ဝယ်လိုက်သနည်း” ဟု ပြောလေသည်။ ဤသည်မှာ အလွန်အမင်း ပေါ့ဆခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် အရာခပ်သိမ်းကို အထင်သေးပြီး ဝတ်ကျေတမ်းကျေလုပ်သော သဘောထားဖြင့် ရှုမြင်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို အကြမ်းဖျင်းသိရှိရန် တစ်ချက်သာ ကြည့်ပြီး ထိုမျှနှင့်ပင် ပြီးဆုံးသွားသည်။ ဤသည်မှာ ၎င်းတို့တွင်ရှိသော တာဝန်မဲ့သော သဘောထား အမျိုးအစား အတိအကျပင် ဖြစ်သည်။ ဤသဘောထားသည် မည်သည့်အရာတွင်မျှ စိတ်မနှစ်ထားခြင်းနှင့် ပျင်းရိခြင်းတို့ကိုလည်း ဖော်ပြနေသည်မှာ အမှန်ပင်ဖြစ်၏၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ စိတ်နှလုံးထဲထည့်ရန်၊ မိမိတို့၏ ဦးနှောက်ကို အသုံးပြုရန် သို့မဟုတ် မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ရာတွင် တွေးတောရန် အလွန်ပျင်းရိကြသည်။ ဤကဲ့သို့ ပေါ့ဆသောလူများသည် အရေးကြီးသောအလုပ်၊ အထူးသဖြင့် စာနှင့်ပတ်သက်သော အလုပ်၊ စာရွက်စာတမ်း စီမံခန့်ခွဲခြင်း သို့မဟုတ် လျှို့ဝှက်သော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပတ်သက်သော အလုပ်များအတွက် မသင့်တော်ပေ။ သို့ဆိုလျှင် ထိုသို့သော လူများ ခေါင်းဆောင်များဖြစ်လာလျှင် ၎င်းတို့သည် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိမည်လော။ (မရှိပါ။ ၎င်းတို့၏ အလုပ်သည် မည်သည့်အခါမျှ ကောင်းစွာမပြီးမြောက်ပေ၊ ယင်းကို အစဉ်သဖြင့် အကြမ်းဖျင်းနှင့် ယေဘုယျအားဖြင့်သာ လုပ်ဆောင်ပြီး အစဉ်သဖြင့် မပြည့်မစုံ ကျန်ရစ်သည်။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်နိုင်ကြပေ။) ထိုသို့သော လူများသည် မိမိတို့၏ အလုပ်တွင် အသေးစိတ်မရှိပေ၊ ၎င်းတို့သည် အစဉ်သဖြင့် ဖြစ်ကတတ်ဆန်းနှင့် ပေါ့ပေါ့ဆဆဖြစ်ပြီး အရာများကို အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ကိုင်တွယ်ကြသည်။ ၎င်းတို့၏ စကားများသည်လည်း အစဉ်သဖြင့် မရေရာဘဲ “အကြမ်းဖျင်း”၊ “ဖြစ်နိုင်သည်”၊ “ဖြစ်တန်ရာသည်” သို့မဟုတ် “ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူသကဲ့သို့သော အသုံးအနှုန်းများကို သုံးလေ့ရှိသည်။ ထိုသို့သော လူများသည် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ဘုရားသခင်၏ အိမ်တော်ရှိ အလုပ်ကဏ္ဍများစွာဖြစ်သည့် စီမံအုပ်ချုပ်ရေးအလုပ်၊ ဝန်ထမ်းရေးရာအလုပ်၊ အသင်းတော်အသက်တာနှင့် သက်ဆိုင်သောအလုပ်၊ ဧဝံဂေလိအလုပ်တို့တွင် တိကျသော အသေးစိတ်အချက်များ ပါဝင်သည်။ အသေးစိတ်ကျသောအလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့သော ပေါ့ဆသည့်လူများသည် ခေါင်းကိုက်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ကျဉ်းကျပ်သည်ဟု ခံစားရသည်၊ ၎င်းတို့သည် ထိုသို့သော အသေးစိတ်ကျသည့်အလုပ်တွင် ပါဝင်ရန် မလိုလားကြပေ။ ၎င်းတို့တွင် ဤပျင်းရိသော သဘောထားရှိသောကြောင့် အလုပ်လုပ်ရသည့်အခါ ၎င်းတို့သည် “အကြမ်းဖျင်းလုပ်ဆောင်လိုက်လည်း အဆင်ပြေပါသည်၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အလုပ်အစီအစဉ်များတွင် ပြောထားသည့်အရာနှင့် အတော်ပင် နီးစပ်နေပြီဖြစ်သည်” ဟု အစဉ်သဖြင့် တွေးကြသည်။ ၎င်းတို့သည် ဤ “နီးစပ်လျှင် အဆင်ပြေပါသည်” ဟူသော သဘောထားကို အစဉ်သဖြင့် ထိန်းသိမ်းထားသည်၊ ဤသို့ဖြင့် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် လူများကို အကဲဖြတ်သည့်အခါတွင်လည်း အကြမ်းဖျင်းသာ လုပ်ဆောင်သည်၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အကြမ်းဖျင်း အကဲဖြတ်ပြီး အဖွဲ့တစ်ခုချင်းစီ၏ ကြီးကြပ်ရေးမှူးများကိုလည်း အကြမ်းဖျင်းသာ အကဲဖြတ်သည်။ တစ်စုံတစ်ဦးက “ထိုကြီးကြပ်ရေးမှူးက ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်မည်မျှ ကြာပြီနည်း” ဟု မေးသည့်အခါ ၎င်းတို့က “သုံးနှစ်ကျော်ပြီဟု ထင်သည်” ဟု ပြန်ဖြေသည်။ သို့သော် ဘုရားသခင်ကို သုံးနှစ်ကြာ ယုံကြည်ခဲ့သူတစ်ဦးသည် အခြေခံအုတ်မြစ်ကိုပင် မချရသေးသည်လည်း ဖြစ်နိုင်သည်၊ ထိုသို့သော လူတစ်ဦးသည် ကြီးကြပ်ရေးမှူးအဖြစ် ယုံကြည်စိတ်ချရနိုင်မည်လော။ ပေါ့ဆသောလူများသည် ဤအရာကို ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့၏ စကားသည် “အကြမ်းဖျင်း”၊ “ဖြစ်တန်ရာသည်”၊ “ဖြစ်နိုင်သည်”၊ “ဖြစ်ကောင်းဖြစ်နိုင်သည်” နှင့် “ထင်သည်” ကဲ့သို့သော အသုံးအနှုန်းများဖြင့် အစဉ်သဖြင့် ပြည့်နှက်နေသည်၊ ၎င်းတို့သည် တိကျသော စကားအသုံးအနှုန်းကို ဘယ်တော့မျှ မသုံးကြပေ။ တစ်စုံတစ်ဦးက “သူ ဘုရားသခင်ကို ယုံကြည်နေစဉ်အတွင်း ခေါင်းဆောင်အဖြစ် အမှုထမ်းခဲ့ဖူးသလား” ဟု မေးသည့်အခါ ၎င်းတို့က “သူ အမှုမထမ်းခဲ့ဖူးပုံရသည်၊ အကြောင်းမှာ သူပြောသည်ကို ကျွန်ုပ် မကြားဖူးသောကြောင့် ဖြစ်သည်” ဟု တုံ့ပြန်သည်။ သင်မြင်သလော၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ အလေးအနက် မစိစစ်ကြပေ။ သင်က ၎င်းတို့ကို အသေးစိတ်မေးမြန်းလျှင် ၎င်းတို့သည် ခံစားချက်များနှင့် စိတ်ထင်မြင်ချက်များကိုသာ အားကိုးသည်။ ၎င်းတို့က “ကျွန်ုပ် ချက်ချင်းသွားမေးပြီး အတည်ပြုလိုက်ပါ့မည်” ဟု မပြောပေ။ ၎င်းတို့သည် ယင်းကို အလေးအနက် မထားကြပေ။ အရာရာတိုင်းတွင် ၎င်းတို့သည် “အကြမ်းဖျင်းမှန်သည်” သို့မဟုတ် “နီးစပ်ပါသည်” ဆိုလျှင် ကိစ္စမရှိဟု မှတ်ယူကြသည်။ အချို့လူများက “လူတစ်ယောက်က အဘယ်ကြောင့် ဤမျှ အသေးစိတ်ကျကျ နေထိုင်ရန် လိုအပ်ရမည်နည်း” ဟု ပြောကြသည်။ ဤစကားတွင် မှန်ကန်သည့် တစ်ဖက်တစ်ချက် ရှိသော်လည်း ဇာတိပကတိဆိုင်ရာ ဘဝနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် သင်အနည်းငယ် အကြမ်းဖျင်းလုပ်နိုင်သော်လည်း အသင်းတော်အလုပ်နှင့် ပတ်သက်လာလျှင် သင်အကြမ်းဖျင်းလုပ်၍ မရပေ။ အလုပ်တွင် အကြမ်းဖျင်းလုပ်ခြင်းသည် ယင်း၏ရလဒ်များကို ထိခိုက်စေသည်။ မည်သည့်အလုပ်ကဏ္ဍတွင်မဆို ကောင်းမွန်သောရလဒ်များကို တိကျသော စီမံကိန်းချမှတ်ခြင်း၊ စီစဉ်မှုများ၊ နောက်ဆက်တွဲ လုပ်ဆောင်ခြင်းများ၊ ကြီးကြပ်ခြင်းနှင့် တိုက်တွန်းခြင်းတို့ကြောင့်သာ အစဉ်အမြဲ ရရှိခြင်းဖြစ်သည်။ တာဝန်များကို အကြမ်းဖျင်း၊ ဖြစ်ကတတ်ဆန်း ပုံစံဖြင့် လုပ်ဆောင်လျှင် မည်သည့်အလုပ်ကမျှ ရလဒ်များ ဖြစ်ထွန်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပေါ့ဆခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး ထိုသို့သော ပေါ့ဆသည့်လူများသည် အရေးကြီးသောအလုပ်ကို မစွမ်းဆောင်နိုင်ကြပေ၊ အထူးသဖြင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို မစွမ်းဆောင်နိုင်ကြပေ။ မည်သည့်ကိစ္စပင်ဖြစ်စေ ထိုသို့သော လူများသည် အကြမ်းဖျင်း ပုံကြမ်းကိုသာ ကြားပြီးနောက် ၎င်းတို့နားလည်ပြီဟု ယူဆကြသည်။ ဥပမာအားဖြင့် အသင်းတော်များ တည်ထောင်ခြင်း အလုပ်တွင်၊ အသင်းတော်တစ်ခုကို မည်သို့တည်ထောင်ရမည်၊ အသင်းတော်တစ်ခု တည်ထောင်ရန် လူမည်မျှလိုအပ်သည်၊ အသင်းတော်မည်မျှက ခရိုင်တစ်ခုဖွဲ့စည်းသည်၊ ခရိုင်မည်မျှက တိုင်းတစ်ခုဖွဲ့စည်းသည်၊ ဤအရာအားလုံးအတွက် ဘုရားသခင် အိမ်တော်၏ အလုပ်အစီအစဉ်များတွင် တိကျသော စည်းမျဉ်းများရှိပြီး အထူးအခြေအနေများအတွက်လည်း ထပ်လောင်းတိကျသော စည်းမျဉ်းများ ရှိသည်။ သို့သော်လည်း ပေါ့ဆသောလူများသည် ဤစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ လေ့လာရန်လည်း မကြိုးစားဘဲ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို သိသည်ဟု အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။ အသေးစိတ်ကို ပြောပြရန် တောင်းဆိုသည့်အခါ ၎င်းတို့က “ဤသည်မှာ အသင်းတော်များ တည်ထောင်ခြင်းဖြစ်သည်။ သတ်မှတ်ထားသော လူအရေအတွက် ရလျှင် အသင်းတော်တစ်ခု တည်ထောင်လိုက်သည်” ဟု တုံ့ပြန်သည်။ သို့သော် ယင်းကို တိတိကျကျ မည်သို့တည်ထောင်သင့်သနည်းဟု မေးသည့်အခါ ၎င်းတို့မသိဘဲ အသေးစိတ်ကို မပြောပြနိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်အသစ်ဖြစ်ပြီး အသင်းတော်တစ်ခုကို မည်သို့တည်ထောင်ရမည်ကို မသိသေးလျှင် နားလည်ပေးနိုင်သေးသည်။ ပြဿနာမှာ ၎င်းတို့မသိသော်လည်း ၎င်းနှင့်ပတ်သက်၍ အလေးအနက် မစိစစ်သကဲ့သို့ မလေ့လာ၊ မရှာဖွေခြင်းပင် ဖြစ်သည်။ ထိုသို့သော လူများသည် အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ထိုသို့သော လူများအတွက် ငါတို့တွင် စကားနှစ်လုံးသာ ရှိသည်၊ “နုတ်ထွက်သွားလော့” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို မစွမ်းဆောင်နိုင်ကြပေ။ မည်သည့်အလုပ်မျှ လူများနှင့်ပတ်သက်သောအလုပ်ထက် ပို၍ မရှုပ်ထွေးပေ။ သင်သည် သတိရှိပြီး တာဝန်ယူတတ်သော စိတ်နှလုံး ကင်းမဲ့ကာ သင်၏အလုပ်သည် အကြမ်းဖျင်းဖြစ်ပြီး စေ့စပ်သေချာစွာ မလုပ်ဆောင်လျှင် သင်၏ အစွမ်းအစ မည်မျှပင် ကောင်းမွန်စေကာမူ သင်သည် ထိုအခန်းကဏ္ဍအတွက် စွမ်းဆောင်နိုင်မည် မဟုတ်သေးပေ။ အလွန်ပေါ့ဆခြင်း၊ အရာရာကို အကြမ်းဖျင်းသာ လုပ်ဆောင်ခြင်း၊ ပုံကြမ်းကိုသာ အာရုံစိုက်ခြင်း၊ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ခြင်း၊ အသေးစိတ်ကို အာရုံမစိုက်ခြင်း၊ အရာများကို အလေးအနက် စိစစ်ရန် မသိခြင်း၊ ဤအရာအားလုံးက သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို လုံးဝမစွမ်းဆောင်နိုင်ကြောင်း ဆိုလိုသည်။ နားလည်သဘောပေါက်ပြီလော။ (နားလည်သဘောပေါက်ပါပြီ။)