သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇) အပိုင်း သုံး
အချက် ၁၁- ဆန်းသစ်တီထွင်နိုင်စွမ်း
လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန်အတွက် တစ်ဆယ့်တစ်ခုမြောက် စံသတ်မှတ်ချက်မှာ ဆန်းသစ်တီထွင်နိုင်စွမ်း ဖြစ်သည်။ ဆန်းသစ်တီထွင်နိုင်စွမ်းဆိုသည်မှာ သင်သည် တစ်စုံတစ်ခု၏ အခြေခံသဘောတရားများ၊ စည်းမျဉ်းများနှင့် နိယာမများကို သိရှိပြီးနောက် သင်၌ရှိသော နားလည်မှုကို အခြေခံ၍ သင်ပိုင်ဆိုင်သည့် တီထွင်နိုင်စွမ်း ဖြစ်သည်။ ဤဖန်တီးနိုင်စွမ်းသည် ဤအရာကို ၎င်း၏ မူလအခြေခံအုတ်မြစ်ပေါ်တွင် တိုးတက်ကောင်းမွန်စေခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ယင်း၏ လွှမ်းမိုးမှုအတိုင်းအတာကို ချဲ့ထွင်ခြင်း သို့မဟုတ် အချို့သောအရာ၏ မျိုးဆက်သစ်တစ်ခုအဖြစ်သို့ ပြောင်းလဲခြင်းကို ရည်ညွှန်းသည်၊ ဤသည်ကို ဆန်းသစ်တီထွင်နိုင်စွမ်းဟု ခေါ်သည်။ အတိအကျဆိုရလျှင် အချို့သောအရာ၏ ဓမ္မဓိဋ္ဌာန်ကျသော နိယာမများကို တိကျမှန်ကန်စွာ သဘောပေါက်နားလည်ခြင်းဟူသော အချက်ကို အခြေခံ၍ သင်သည် ယင်းတို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ပြီး ယင်းတို့၏ အသုံးချမှုအတိုင်းအတာကို ချဲ့ထွင်ကာ ကျယ်ပြန့်စေနိုင်သည့်အပြင် အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများနှင့် ကိုက်ညီသော ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို ပို၍များသော လူများအား အကျိုးဆောင်စေနိုင်သည်၊ ထိုသို့ဖြင့် လူအများက ယင်းထံမှ အကျိုးကျေးဇူးနှင့် အကူအညီကို ရရှိကြမည်ကို ဆိုလိုသည်။ တစ်ဖက်တွင် သင်သည် ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို ထိန်းသိမ်းထားလျက် ယင်းတို့၏ လွှမ်းမိုးမှုအတိုင်းအတာနှင့် ယင်းတို့မှ လက်ခံရရှိသူများကို အစဉ်မပြတ် ချဲ့ထွင်နေသည်။ ထို့အပြင် သင်သည် ပို၍ လက်တွေ့ကျသော နည်းလမ်းဖြင့်လည်းကောင်း၊ နောက်တစ်ဆင့် တက်ခြင်းဖြင့်လည်းကောင်း ယင်းတို့ကို စာသားအတိုင်း တင်ပြခြင်းမှ လူတို့က စစ်မှန်သော အကျိုးကျေးဇူးကို ရရှိနိုင်သည့် လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲနေခြင်း ဖြစ်သည်။ ဤသည်မှာ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် ၎င်းတို့၌ရှိသော မိသားစုပတ်ဝန်းကျင်နှင့် ကြီးပြင်းလာသည့် နောက်ခံအခြေအနေဟူသည့် အခြေခံအုတ်မြစ်ပေါ်၌လည်းကောင်း၊ ၎င်းတို့ ဆည်းပူးထားသော အသိပညာအပေါ်၌လည်းကောင်း တစ်စုံတစ်ခု၏ အခြေခံသဘောတရားများ၊ စည်းမျဉ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများကို တိကျစွာ သဘောပေါက်နားလည်နိုင်လျှင်၊ ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို မည်သို့ အသုံးချရမည်ကို သိရှိလျှင်၊ ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို သဘောတရားမှ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရာများအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်ကို သိရှိလျှင် စကားလုံးများနှင့် အယူဝါဒများ အဆင့်တွင် မရပ်တန့်ဘဲ ယင်းတို့ကို လက်တွေ့ဘဝတွင် အသုံးချကာ လူတို့၏ ဘဝတွင် အစိတ်အပိုင်းတစ်ခု ဖြစ်လာစေပြီး လူတို့ကို အကျိုးဆောင်သည့် ရလဒ်များအဖြစ်သို့ ပြောင်းလဲသည့်အပြင် လူတို့အား ယင်းတို့ထံမှ အကျိုးကျေးဇူးနှင့် အကူအညီကို ရရှိစေပြီး လူတို့၏ ဘဝများကို ပို၍ လွယ်ကူချောမွေ့စေကာ အဆင်ပြေစေလျှင် တစ်စုံတစ်ဦးက ဤအဆင့်သို့ ရောက်ရှိနိုင်ပါက ၎င်းသည် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူနှင့် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများ၏ အခြေခံသဘောတရားများနှင့် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းအပေါ် အခြေခံ၍ အရာတစ်ခုကို မြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် အသစ်ပြုပြင်ခြင်းကို အကောင်အထည် ဖော်နိုင်လျှင်၊ သင်သည် ဤစွမ်းရည်ကို ပိုင်ဆိုင်ပါက သို့မဟုတ် ဤအရာများထဲမှ တစ်ခုခုကို ပြီးမြောက်အောင်မြင်နိုင်ပါက၊ အပြုသဘောဆောင်သော အရာတစ်ခု၏ အခြေခံသဘောတရားများနှင့် နိယာမများကို သို့မဟုတ် သမ္မာတရား၏ စည်းမျဉ်းများကို လူတို့အကြားတွင် အကောင်အထည်ဖော်စေနိုင်ကာ လက်တွေ့အကောင်အထည်ဖြစ်စေနိုင်ပြီး တိုးချဲ့စေနိုင်ပါက ဤသည်မှာ သင်၏ အစွမ်းအစ ကောင်းမွန်ကြောင်း သက်သေပြသည်။ သင်သည် ယင်းကို ပို၍ နက်ရှိုင်းသောအဆင့်သို့ မဆောင်ကြဉ်းနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ယင်းကို ထိန်းသိမ်းနိုင်၊ တိုးချဲ့နိုင်၊ လက်တွေ့အကောင်အထည်ဖြစ်စေနိုင်ပြီး ယင်း၏ အပြုသဘောဆောင်သော လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ပါက ဤသည်မှာ သင်သည် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူတစ်ဦးဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဤစွမ်းရည်ကို မပိုင်ဆိုင်ဘဲ အပြုသဘောဆောင်သော အရာများ၏ နိယာမများကို နားလည်သဘောပေါက်နိုင်စွမ်းသာ သင့်၌ ရှိသော်လည်း ဤနားလည်သဘောပေါက်နိုင်စွမ်းသည် စာသားအတိုင်းနှင့် သဘောတရားပိုင်းဆိုင်ရာ နားလည်မှုအဆင့်တွင်သာ ရှိနေပြီး သင်သည် ယင်းတို့ကို လူတို့အလယ်တွင် အကောင်အထည်မဖော်နိုင် သို့မဟုတ် လက်တွေ့အကောင်အထည်မဖြစ်စေနိုင်သကဲ့သို့ ယင်းတို့ကို လူတို့အား အကျိုးဆောင်စေပြီး အကျိုးပြုစေနိုင်ခြင်းလည်း မရှိပါက သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်း မရှိပေ။ သင်သည် အခြေခံသဘောတရားများ၊ စည်းမျဉ်းများ၊ နိယာမများနှင့် စည်းကမ်းများကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပြီး အသုံးချနိုင်ရမည်၊ ထိုသို့ဖြင့် သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ဤစွမ်းရည်ကို ပိုင်ဆိုင်သောသူများသာလျှင် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ပြဋ္ဌာန်းချက်များကို ၎င်းတို့ နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် အကောင်အထည် ဖော်နိုင်သည်။ ၎င်းတို့သည် အလုပ်တစ်ခုချင်းစီ၏ သမ္မာတရား စည်းမျဉ်းများကို ဘုရားသခင် ရွေးချယ်ထားသော လူများအလယ်တွင် အကောင်အထည်ဖော်ကာ ပို၍များသော လူများ သမ္မာတရားကို နားလည်လာစေရန် ကူညီပေးပြီး အသင်းတော်၏ အလုပ်ကို စနစ်တကျပုံစံဖြင့် ဆက်လက် လုပ်ဆောင်သွားစေသည်၊ ဆိုလိုသည်မှာ သွေဖည်ခြင်း မရှိဘဲ အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်ကာ ရှေ့သို့ချီတက်လျက်၊ စည်းမျဉ်းများ၏ အတိုင်းအတာအတွင်း၌ အပြုသဘောဆောင်စွာ လည်ပတ်စေခြင်းဖြစ်သည်။ ဤအရာမှ လူတို့ မည်သည့်ရလဒ်ကို မြင်တွေ့ရသနည်း။ လူတိုင်းသည် ဤအလုပ်၏ အတိုင်းအတာအတွင်း၌ မိမိတို့ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ကြသည်၊ လူတိုင်းသည် စည်းမျဉ်းများကို နားလည်ပြီး စည်းမျဉ်းများအတိုင်း ပြုမူကြသည်၊ အလုပ်သည် သွေဖည်ခြင်းများ မရှိ၊ ဤအလုပ်သည် ရလဒ်အသစ်များ သို့မဟုတ် ဖန်တီးမှုအသစ်များကို အစဉ်မပြတ် ဖြစ်ပေါ်စေသည်။ လုပ်ငန်းစဉ်အတွင်း အထူးအခြေအနေများ ပေါ်ပေါက်လာလျှင်ပင် ကြီးကြပ်ရေးမှူးများသည် အလုပ်၏ အခြေခံသဘောတရားများ၊ ပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းများအတိုင်း ယင်းတို့ကို လိုက်လျောညီထွေဖြစ်စွာ မည်သို့ ကိုင်တွယ်ရမည်ကို သိရှိကြလိမ့်မည်။ ၎င်းတို့၏ ဦးဆောင်မှုအောက်တွင် ဤအလုပ်သည် အစဉ်မပြတ် စနစ်တကျပုံစံဖြင့် ဆက်လက်လုပ်ဆောင်သွားပြီး အခြေခံအားဖြင့် မရပ်တန့်ပေ။ ဆိုလိုသည်မှာ မည်သို့သောအခြေအနေ ပေါ်ပေါက်လာသည်ဖြစ်စေ၊ မည်သူက နှောင့်ယှက်ရန် သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အယူအဆတစ်ခုခုကို ဖြန့်ဝေရန် လာသည်ဖြစ်စေ ယင်းသည် အလုပ်၏ စနစ်တကျပုံစံဖြင့် တိုးတက်မှုကို သက်ရောက်မည် မဟုတ်ပေ၊ အလုပ်သည် အစဉ်မပြတ် ရှေ့သို့ တိုးတက်နေသည်။ ဤအလုပ်၏ အခြေခံသဘောတရားများနှင့် ဤကိစ္စရပ်ရှိ သမ္မာတရား စည်းမျဉ်းများကို အစဉ်မပြတ် ထိန်းသိမ်းထားသည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤအလုပ်၏ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် တိုးတက်စေခြင်းတို့မှတစ်ဆင့် ဤအလုပ်သည် ပြတ်တောက်ခြင်းမရှိခဲ့ပေ၊ ယင်းကို အစဉ်မပြတ် စနစ်တကျပုံစံဖြင့် အကောင်အထည် ဖော်ကာ ထိန်းသိမ်းနေပြီး တစ်ချိန်တည်းမှာပင် မတူညီသော ကာလများ၌ ကောင်းမွန်သော အလုပ်ရလဒ်များ ပေါ်ထွက်လာသည်။ ဤအလုပ်ရလဒ်များ၏ လွှမ်းမိုးမှုသည် အစဉ်မပြတ် ကျယ်ပြန့်လာနေပြီး ပို၍ ပို၍များသော လူများသည် ယင်းတို့ထံမှ အကျိုးကျေးဇူး ရရှိနေကြသည်။ အကျိုးကျေးဇူး ရရှိသူများသည် အမှန်တွင် ဤကြီးကြပ်ရေးမှူးများ သဘောပေါက်နားလည်နိုင်ပြီး လက်ခံနိုင်သည့် အလုပ်အစီအစဉ်များ၏ အမျိုးမျိုးသော စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် တင်းကျပ်သော ပြဋ္ဌာန်းချက်များမှပင် အကျိုးကျေးဇူး ရရှိနေကြခြင်း ဖြစ်သည်။ ဤသည်မှာ ဆန်းသစ်တီထွင်နိုင်စွမ်းရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ အစွမ်းအစ ကောင်းသူတစ်ဦးသည် ၎င်းတို့ သဘောပေါက်နားလည်ပြီး လက်ခံသည့် အလုပ်စည်းမျဉ်းများနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ တာဝန်ယူသည့်အလုပ်ထဲသို့ အစဉ်မပြတ် အကောင်အထည်ဖော်နိုင်ပြီး လူတိုင်းအလယ်တွင် ယင်းတို့ကို အကောင်အထည်ဖော်ကာ အလုပ်ကို စနစ်တကျပုံစံဖြင့် ဆက်လက်လုပ်ဆောင်သွားရန် သို့မဟုတ် ရှေ့သို့ တိုးတက်ရန် ဖြစ်နိုင်စေသည်။ တစ်ချိန်တည်းမှာပင် အလုပ်ရလဒ်များသည် ပုံမှန် သို့မဟုတ် ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာလိမ့်မည်၊ ဘာသာတရား မရှိသူများက ဤသည်ကို “ဖန်တီးချက်များကို ထုတ်လုပ်ခြင်း” ဟု ခေါ်သည်၊ ဆိုလိုသည်မှာ အလုပ်ရလဒ်များသည် အစဉ်မပြတ် ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး ဤအလုပ်ရလဒ်များ ပေါ်ထွက်လာခြင်းသည် နောက်ဆက်တွဲအနေဖြင့် ပိုကြီးမားသော လွှမ်းမိုးမှုကို ဆောင်ကြဉ်းလာမည်ဖြစ်ကာ ပို၍များသော လူများကို လက်လှမ်းမီလိမ့်မည်။ ဤစွမ်းရည်ကို ပိုင်ဆိုင်သောသူများသည် နောက်ဆုံးတွင် အလုပ်၏ ရလဒ်များကို အစဉ်မပြတ် ချဲ့ထွင်နိုင်ပြီး ထိုသို့ဖြင့် ပို၍ ပို၍ များသော လူများ အကျိုးကျေးဇူး ရရှိကြမည်ဖြစ်သည်။ ထိုသို့သောလူများသည် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ သင်၏ အစွမ်းအစကို သင်၏ ဆန်းသစ်တီထွင်နိုင်စွမ်းဖြင့် အကဲဖြတ်ရန်၊ အလုပ်စည်းမျဉ်းများ၊ အလုပ်ပြဋ္ဌာန်းချက်များနှင့် သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နားလည်ပြီးနောက် သင်၏ အကောင်အထည်ဖော်နိုင်စွမ်း၊ ရှေ့ဆက်တိုးစေနိုင်စွမ်းနှင့် တိုးချဲ့နိုင်စွမ်းသည် မည်သို့ရှိသည်ကို ကြည့်ရှုရန် လိုအပ်သည်၊ ဆိုလိုသည်မှာ ဤအလုပ်ကို ထိန်းသိမ်းရန် သင်၏ စွမ်းရည်သည် မည်သို့ရှိသည်ကို ကြည့်ရှုရန် လိုအပ်သည်။ ဒုတိယအနေဖြင့် သင်လုပ်ဆောင်သည့်အလုပ်က လူမည်မျှကို လက်လှမ်းမီသည်၊ အကျိုးခံစားရသူများ၏ အတိုင်းအတာ မည်မျှကြီးမားသည်၊ လွှမ်းမိုးမှုအတိုင်းအတာ မည်မျှကြီးမားသည်၊ သင်၏ အလုပ်၏ စွမ်းဆောင်ရည်နှင့် ရလဒ်များသည် မည်သို့ရှိသည်တို့ကို ကြည့်ရှုရန် လိုအပ်သည်။ သင်၏ အလုပ်စွမ်းဆောင်ရည် မြင့်မားလျှင်၊ သင်၏ အလုပ်ရလဒ်များ ကောင်းမွန်လျှင်၊ လက်လှမ်းမီသူများ၏ အတိုင်းအတာ အစဉ်မပြတ် ကျယ်ပြန့်လာလျှင် သင်၏ အစွမ်းအစသည် ကောင်းမွန်သည်။ လက်လှမ်းမီသူအရေအတွက် နည်းပါးလျှင်၊ အလုပ်စွမ်းဆောင်ရည် နိမ့်ကျလျှင်၊ ရလဒ်များ ညံ့ဖျင်းလျှင်၊ အစဉ်မပြတ် ပြန်လည်လုပ်ဆောင်ရခြင်း၊ ရပ်တန့်ခြင်းနှင့် လစ်ဟာမှုများကို ဖာထေးခြင်းတို့ ရှိနေလျှင် သင်၏ အစွမ်းအစသည် သာမန်ဖြစ်သည်။ လူတစ်ဦးသည် အလုပ်စည်းမျဉ်းများ၊ အလုပ်အစီအစဉ်များနှင့် အခြားကဏ္ဍများကို အတော်အတန် ကောင်းမွန်စွာနှင့် လျင်မြန်စွာ သဘောပေါက်နားလည်သော်လည်း အကောင်အထည်ဖော်ရာတွင် ၎င်းတို့၏ တိုးတက်မှုသည် အလွန်နှေးကွေးပြီး ၎င်းတို့၏ စွမ်းဆောင်ရည်သည် အလွန်နိမ့်ကျလျှင် ပုံမှန်အခြေအနေများအောက်တွင် ရလဒ်များကို တစ်လအတွင်း ထုတ်လုပ်နိုင်သော်လည်း ၎င်းတို့က သုံးလ သို့မဟုတ် ခြောက်လပင် အချိန်ယူပြီး ဖြစ်ပေါ်လာသော ရလဒ်များသည် အလွန်သာမန် ဖြစ်နေဆဲဖြစ်ကာ လက်လှမ်းမီသူအရေအတွက် နည်းပါးပြီး လူတို့အတွက် အကျိုးကျေးဇူးသည် သိသာထင်ရှားခြင်း မရှိပါက ထိုသို့သောလူသည် သာမန်အစွမ်းအစရှိသူ ဖြစ်သည်။
အချို့သောလူများသည် အချို့သော စည်းမျဉ်းများ သို့မဟုတ် အခြေခံသဘောတရားများကို နားလည်ပြီးနောက် ထိုအချိန်တွင် စာသားအတိုင်း အဓိပ္ပာယ်ကိုသာ သဘောပေါက်ကြပြီး ဤစည်းမျဉ်းများ သို့မဟုတ် အခြေခံသဘောတရားများနှင့် သက်ဆိုင်သော ၎င်းတို့၏ အလုပ်ထဲရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများနှင့် လုံးဝ မဆက်စပ်နိုင်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အယူဝါဒများအဖြစ်သာ နားထောင်ကြပြီး ယင်းတို့ကို ကြားပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အစီအစဉ်မျှ မချမှတ်ကြသည့်အပြင် ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို သို့မဟုတ် ၎င်းတို့ နားလည်သည့် အလုပ်အစီအစဉ်များနှင့် အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများကို လက်တွေ့ဘဝတွင် မည်သို့ အသုံးချရမည်ကို မသိကြပေ။ ၎င်းတို့သည် လက်တွေ့ဘဝနှင့် ဤအခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများအကြား မည်သည့်ဆက်စပ်မှုကိုမျှ လုံးဝ မပြုလုပ်နိုင်ကြပေ။ လက်တွေ့ဘဝ သို့မဟုတ် အလုပ်နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများကို ဘေးဖယ်ထားကြပြီး ယင်းတို့ကို အသုံးမချနိုင်ဘဲ မိမိတို့ လုပ်ချင်ရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ လူ့သဘာဝ ကောင်းသည် မကောင်းသည်ကိုဖြစ်စေ၊ ၎င်းတို့၏ စရိုက် မည်သို့ရှိသည်ကိုဖြစ်စေ၊ ၎င်းတို့က တစ်စုံတစ်ခုကို တမင်တကာ မလုပ်ဆောင်ခြင်း ရှိမရှိကိုဖြစ်စေ၊ သို့မဟုတ် ၎င်းတို့က တစ်စုံတစ်ခုကို မလုပ်ဆောင်လိုခြင်း ရှိမရှိကိုဖြစ်စေ ယခု လောလောလတ်လတ် မပြောကြစို့နှင့်။ အစွမ်းအစအရဆိုလျှင် ထိုသို့သောလူများသည် အစွမ်းအစ ညံ့ဖျင်းကြသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ အယူဝါဒများစွာကို ပြောနိုင်သည်၊ အချို့သော အခြေခံသဘောတရားများအကြောင်း ပြောနိုင်သည်၊ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများဟုခေါ်သော အချို့အရာများကို အခြားသူများနှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့သည် အတော်အတန် မြင့်မားသော အတွေးအခေါ်အဆင့်နှင့် သဘောပေါက်နားလည်နိုင်စွမ်း ရှိပုံရပြီး အစွမ်းအစအတန်အသင့် ရှိပုံပေါ်သည်။ သို့သော် ၎င်းတို့အား အလုပ်တစ်ခုကို တာဝန်ပေးအပ်သောအခါ တစ်လ သို့မဟုတ် နှစ်လ ကြာသွားသော်လည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်လာဘဲ ၎င်းတို့ထံမှ မည်သည့် သတင်းအသစ်မျှ မကြားရပေ။ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည့်အချိန်တွင် ၎င်းတို့သည် အလွန်ကောင်းမွန်စွာ ပြောဆိုခဲ့ကြသော်လည်း အမှန်စင်စစ် လုပ်ဆောင်ရမည့်အချိန်သို့ ရောက်သောအခါတွင်မူ မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ “အထက်က စည်းမျဉ်းများကို အသေအချာ ရှင်းပြခဲ့သည်၊ သို့ဆိုလျှင် ယခု ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မည်သူ့ကို ကြီးကြပ်ရေးမှူးအဖြစ် ခန့်သင့်သနည်း၊ မည်သူ့ကို တရားဟောဆရာအဖြစ် ခန့်သင့်သနည်း၊ မည်သူက ပြင်ပရေးရာများကို ကိုင်တွယ်သင့်သနည်း။ ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိပါ။ သို့ရာတွင် ကျွန်ုပ် ရဲတင်းစွာ ပြောဆိုခဲ့ပြီး ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြခဲ့သည်၊ ထို့ကြောင့် ကျွန်ုပ် လုပ်ဆောင်ရမည်သာဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန်စိုးရိမ်သောကရောက်ကြသဖြင့် အတွင်းအပူများ ဖြစ်ပေါ်လာပြီး ပါးစပ်တွင် အနာများပေါက်ကာ မစားနိုင် မအိပ်နိုင်ဖြစ်သည့်အပြင် နောက်ဆုံးတွင် ဖရိုဖရဲဖြစ်ကာ မနိုင်ဝန်ထမ်းရသည့် အခြေအနေသို့ ရောက်သွားသည့်တိုင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသောသူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ၎င်းတို့အား အလုပ်တစ်ခုကို စီစဉ်ပေးသောအခါ ၎င်းတို့က မည်သို့ပင် တည်ကြည်လေးနက်သော ကတိသစ္စာများ ပြုသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည်ဖြစ်စေ၊ ထိုသို့သော စိတ်ဓာတ်ဖြင့် ရဲတင်းပြီး ကြီးကျယ်ခမ်းနားသော စကားများကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့က အလုပ်ကို လုပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့၌ အဆင့်များနှင့် အစီအစဉ်များ ရှိမရှိ၊ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည် ဖော်ရမည်ကိုလည်းကောင်း၊ စည်းမျဉ်းများအတိုင်း မည်သို့ ပြုမူရမည်ကိုလည်းကောင်း နားလည်ခြင်း ရှိမရှိတို့ကို ကြည့်ရှုရမည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို နားမလည်လျှင် သို့မဟုတ် မလုပ်နိုင်လျှင် ၎င်းတို့၏ အစွမ်းအစမှာ ညံ့ဖျင်းသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ နားလည်ပြီး စည်းမျဉ်းများကို အသုံးမချနိုင်ဘဲ ကြောင်းကျိုးမမြင် မဆင်မခြင် ပြုမူလျှင် ဤသည်မှာလည်း အစွမ်းအစ ညံ့ဖျင်းကြောင်း ပြသည်။ သင်သည် စည်းမျဉ်းများ၊ အခြေခံသဘောတရားများ သို့မဟုတ် အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများကို လက်တွေ့ဘဝတွင် ထိရောက်စွာ အကောင်အထည်မဖော်နိုင်သရွေ့၊ သင်သည် စိုးရိမ်သောကရောက်ပြီး ပျာယာခတ်နေသည်ဖြစ်စေ သို့မဟုတ် မဆင်မခြင် မှားယွင်းသော အမှုများကို ကျူးလွန်သည်ဖြစ်စေ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤစကားများသည် မှန်ကန်တိကျသလော။ (မှန်ကန်တိကျပါသည်။) အချို့လူများသည် ကြောင်းကျိုးမမြင်ဘဲ ပြုမူကြပြီး အချို့မှာမူ မည်သို့လုပ်ဆောင်ရမည်ကို မသိသည့်အပြင် လုပ်ဆောင်ရန် မရဲကြပေ၊ ၎င်းတို့သည် မည်သည့်နေရာမှ စတင်ရမည်ကိုပင် မသိကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများ၏ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် ပတ်သက်သည့် တိကျသော သရုပ်သကန်များမှာ ၎င်းတို့သည် အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို တိကျသော၊ စစ်မှန်သော အလုပ်တွင် မည်သို့ အသုံးချရမည်ကို မသိခြင်း ဖြစ်သည်၊ ၎င်းတို့သည် စကားလုံးများကို သံယောင်လိုက်ပြောရန်၊ အယူဝါဒများကို သင်ယူရန်နှင့် စည်းမျဉ်းစည်းကမ်းများကို အလွတ်ကျက်မှတ်ရန်သာ တတ်နိုင်သည်။ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို အလွတ်ကျက်မှတ်ရုံမျှဖြင့် အသုံးမဝင်သည့်အပြင် သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်းရှိကြောင်းကိုလည်း မညွှန်ပြပေ။ သင်၌ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိမရှိဟူသည်မှာ သင်သည် ဤအခြေခံသဘောတရားများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို လက်တွေ့ဘဝထဲသို့ အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိ၊ ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများနှင့် သက်ဆိုင်သော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ဖြင့် သိသာထင်ရှားသည်၊ ထိုသို့ဖြင့် ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများသည် စကားလုံးများနှင့် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပုံသေနည်းများအဖြစ် ဆက်လက်တည်ရှိနေမည်မဟုတ်ဘဲ လူတို့၏ ဘဝများတွင် အကောင်အထည်ဖော်ခြင်းခံရပြီး လူတို့နှင့်ပတ်သက်၍ အသုံးပြုကာ လူတို့အား ယင်းတို့ကို အသုံးပြုစေပြီး ယင်းတို့ထံမှ အကျိုးကျေးဇူးနှင့် အကူအညီကို ရယူစေကာ ယင်းတို့ကို ဘဝတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု သို့မဟုတ် အသက်ရှင်နေထိုင်ရန်အတွက် လမ်းညွှန်မှု၊ ဦးတည်ချက်နှင့် ပန်းတိုင်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။ လူတစ်ဦးသည် ဤဆန်းသစ်တီထွင်နိုင်စွမ်း ကင်းမဲ့ပြီး စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ် ပြောရန်နှင့် ကြွေးကြော်သံများကို ဟစ်ကြွေးရန်သာ သိရှိကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အချိန်သို့ ရောက်သောအခါ ဤစည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို အသုံးမချနိုင်ပါက ထိုသို့သော ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူး နောက်သို့ လိုက်သောသူများသည် သမ္မာတရား၏ ဤကဏ္ဍနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရရှိကြမည်မဟုတ်ပေ။ ထိုသို့သော ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများသည် အစွမ်းအစ ညံ့ဖျင်းသူများ၊ အလုပ်ကို လုပ်နိုင်စွမ်း မရှိသူများဖြစ်ကြပြီး ဖော်ထုတ်တွေ့ရှိသည်နှင့် တစ်ပြိုင်နက် တိုင်ကြားပြီး ဖယ်ရှားခြင်းခံရသင့်သည်။ တစ်စုံတစ်ဦးသည် အလုပ်တစ်ခုကို ထမ်းဆောင်နိုင်ခြင်း ရှိမရှိကို အကဲဖြတ်ရန် သင်သည် ပထမဦးစွာ ၎င်းတို့က အလုပ်အစီအစဉ်များကို ဖတ်ရှုပြီး သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီးနောက် ၎င်းတို့က ယင်းတို့ကို စီစဉ်ပြီး အကောင်အထည်ဖော်ကာ အလုပ်ကို စတင်လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကြည့်ရှုရမည်။ အသင်းတော်တစ်ခုတွင် လူမည်မျှပင် ရှိသည်ဖြစ်စေ၊ ၎င်းတို့က အသင်းတော်၏ အလုပ်အားလုံးကို စတင်လုပ်ဆောင်စေပြီး လူမည်မျှ၏ အလုပ်ကို ၎င်းတို့ တာဝန်ယူရသည်ဖြစ်စေ၊ ငါးဆယ်ဖြစ်စေ တစ်ရာဖြစ်စေ၊ ၎င်းတို့သည် အလုပ်ကို ကြီးပွားတိုးတက်စေနိုင်ပြီး လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်နေရာရှိကြောင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း အလုပ်လုပ်နိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြောင်း သေချာစေပါက ထိုသို့သောလူကို ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ရန် စဉ်းစားနိုင်သည်။ မှန်ပေသည်၊ သင်သည် ၎င်း၏ စရိုက် မည်သို့ရှိသည်၊ ၎င်းသည် မှန်ကန်သောသူတစ်ဦး ဟုတ်မဟုတ်၊ ၎င်းသည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်မဟုတ်တို့ကိုလည်း ကြည့်ရှုရမည်၊ ဤအရာများကို သိရှိခြင်းသည် မရှိမဖြစ် လိုအပ်သည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန်နှင့် လူတိုင်းက အလုပ်အစီအစဉ်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း အလုပ်လုပ်နိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ အနည်းဆုံးအနေဖြင့် ဤကဏ္ဍများတွင် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ရမည်၊ ဤနည်းဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် ၎င်းထံမှ အကျိုးကျေးဇူး ရရှိနိုင်သည်။ ၎င်းသည် ဤစွမ်းရည်ကို မပိုင်ဆိုင်ပါက ၎င်းကို ရွေးကောက်တင်မြှောက်၍ မရနိုင်ပေ။ သင်သည် ထိုသို့သောလူကို ရွေးချယ်ပါက၊ ၎င်းတို့နောက်သို့ လိုက်နေစဉ် နေ့စဉ် မည်သည့်အလုပ်မျှ မလုပ်ဘဲ အားနေခြင်းက သင်၏ ဇာတိပကတိကို သက်သောင့်သက်သာ ဖြစ်စေနိုင်သော်လည်း သင်၏ ဝိညာဉ်၌ ပြည့်စုံမှုကို ခံစားရမည်လော။ သင်သည် နေ့စဉ် နာရီအနည်းငယ်ကို စုဝေးပွဲများတွင် ၎င်းတို့ ဟောပြောသည့် အယူဝါဒများကို နားထောင်ရင်း ကုန်ဆုံးသော်လည်း လက်တွေ့အလုပ် မလုပ်ပါက ဤသည်မှာ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းသည် သင့်အား နေ့စဉ် အယူဝါဒများကို ဟောပြောပြီး နားရည်ဝလာနိုင်သော်လည်း သင်သည် မိမိ၏ တာဝန်ကို မထမ်းဆောင်ဘဲ ၎င်းနောက်သို့ ဦးတည်ချက်မဲ့စွာ အိုးနင်းခွက်နင်း လိုက်နေခြင်းသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သင်သည် ၎င်း၏ အထင်အမြင်မှားစေခြင်းနှင့် ဟန့်တားခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ သင်သည် ၎င်း ပြောဆိုသည့် ထိုငြီးငွေ့ဖွယ် စကားလုံးများနှင့် အယူဝါဒများကို ဆက်လက်နားထောင်နေပြီး နောက်ဆုံးတွင် သင်၏ တာဝန်ကို မထမ်းဆောင်ဘဲ သို့မဟုတ် သစ္စာစောင့်သိမှုကို မပြဘဲ သမ္မာတရား၌ စစ်မှန်သော အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာတွင် သစ္စာစောင့်သိမှုကို မဆက်ကပ်ဘဲ အလုပ်ကို စတင်လုပ်ဆောင်ခြင်း သို့မဟုတ် မည်သည့်ရလဒ်မျှ မရရှိဘဲနေပါက ဘုရားသခင်က လူတို့ထံမှ ရလဒ်များကို တောင်းသောအခါ သင်၌ တင်ပြစရာ တစ်ခုမျှမရှိလျှင် သင်သည် ဆုံးရှုံးမှုကို ခံစားခဲ့ရမည် မဟုတ်လော။ ထို့ကြောင့် သင်သည် ယခင်က ထိုသို့သောလူများကို ခေါင်းဆောင်လောင်းများအဖြစ် တွေးထင်ခဲ့ပါက ယခု သင်၏ ရှုမြင်ပုံကို လျင်မြန်စွာ ပြောင်းလဲပြီး ထိုသို့သောလူများကို သင်၏ ခေါင်းဆောင်လောင်းများစာရင်းမှ ပယ်ဖျက်လော့။ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မပြုရ။ အစွမ်းအစ ညံ့ဖျင်းပြီး ဆန်းသစ်တီထွင်နိုင်စွမ်းမရှိသောသူများသည် မည်သည့်နေရာတွင် လိုအပ်ချက်ရှိသနည်း။ ၎င်းတို့သည် လက်တွေ့မလုပ်ဘဲ အပြောသာရှိသော ဗိုလ်ချုပ်ကြီးများကဲ့သို့ ပြုမူရန်သာ သိရှိပြီး ၎င်းတို့၏ စိတ်ကူးများကို လက်တွေ့ဘဝအလုပ်တွင် မည်သို့ အသုံးချရမည်ကို မည်သည့်အခါမျှ မသိခြင်း၌လည်းကောင်း၊ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်နိုင်ခြင်း၌လည်းကောင်း လိုအပ်ချက်ရှိသည်။ ထိုသို့သောလူများ ခေါင်းဆောင်များ ဖြစ်လာပါက မည်သို့သော အကျိုးဆက်များ ရှိမည်နည်း။ ၎င်းတို့သည် အလုပ်ကို လုံးဝ ရှုပ်ထွေးပွေလီသွားစေမည်သာ ဖြစ်သည်။ ၎င်းတို့သည် တရုတ်ပြည်မကြီးတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ပါက အသင်းတော်တစ်ခုလုံးကို ပျက်စီးခြင်းသို့ ဦးဆောင်သွားလိမ့်မည်။ ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို မရရှိနိုင်ရုံသာမက ၎င်းတို့ ဦးဆောင်သောသူများ၏ အသက်တာသည်လည်း ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ သင်သည် ထိုသို့သောလူများကို အချိန်မီ ဖော်ထုတ်နိုင်ပြီး ဖယ်ရှားနိုင်ပါက အချို့သော ဘေးအန္တရာယ်များကို ကာကွယ်နိုင်မည်ဖြစ်ပြီး အသင်းတော်အလုပ်သည် ဆုံးရှုံးမှုများကို တွေ့ကြုံရမည်မဟုတ်ပေ။ သို့သော် သင်သည် ထိုသို့သောလူများအောက်တွင် နောက်လိုက်တစ်ဦးအဖြစ် ဆက်လက်ရှိနေပြီး ၎င်းတို့၏ ဦးဆောင်မှုကို လက်ခံပါက သင်၏ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် ၎င်းတို့၏လက်ထဲတွင် ပျက်စီးသွားနိုင်ဖွယ်ရှိပြီး သင်၏ ကယ်တင်ခြင်းအတွက် အခွင့်အရေးသည် ထိုအခါ ပျောက်ဆုံးသွားလိမ့်မည်။ ထို့ကြောင့် ဆန်းသစ်တီထွင်နိုင်စွမ်းသည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးအတွက် အရေးပါသော စွမ်းရည်တစ်ခု ဖြစ်သည်။ သင်သည် အလုပ်လုပ်ရန် အခြေခံကျသော အစွမ်းအစနှင့် စွမ်းရည်ကင်းမဲ့လျှင် သင်သည် လုံးဝ သတိထားရမည်ဖြစ်ကာ စိတ်ထက်သန်မှုဖြင့်သာ ရှေ့မဆက်ရဘဲ အစဉ်သဖြင့် ထင်ပေါ်လိုခြင်းနှင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး အစဉ်သဖြင့် ဖြစ်လိုခြင်း မရှိရ။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို နှောင့်နှေးစေသည်သာမက အခြားသူများ ကယ်တင်ခြင်း ရရှိခြင်းမှလည်း နှောင့်နှေးစေသည်။ သင့်ကိုယ်သင်သာ ဟန့်တားလျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သော်လည်း ညီအစ်ကို မောင်နှမများကို သင် ဟန့်တားလျှင် လူများစွာကို သင် ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ သင်ကိုယ်တိုင်၏ အသက်ကို သင် အရေးမစိုက်ဘဲ ရှိကောင်းရှိမည်ဖြစ်သော်လည်း အခြားသူများက ၎င်းတို့၏ အသက်များကို အရေးစိုက်ကြ၏။ ထို့အပြင် သင်၏ နေ့စဉ်ဘဝ သို့မဟုတ် ငွေကြေးအောင်မြင်မှုကို ဟန့်တားခြင်းက အရေးမကြီးသော်လည်း အသင်းတော်၏ အလုပ်ကို ဟန့်တားခြင်းက အသေးအမွှားကိစ္စ မဟုတ်ပေ။ ထိုသို့သော တာဝန်တစ်ခုကို သင် ခံယူနိုင်သလော။ သင်သည် အသိတရားရှိသည့် တစ်စုံတစ်ဦး အမှန်တကယ်ဖြစ်ကာ ဤကိစ္စသည် အရေးပါသော တာဝန်ယူမှု ပါရှိကြောင်း၊ အသင်းတော် အလုပ်ကို ဟန့်တားခြင်းသည် သင် တာဝန်ယူနိုင်သည့်အရာတစ်ခု မဟုတ်ကြောင်းကို ခံစားရလျှင် ခေါင်းဆောင်မှုအတွက် ကြွားဝါကာ ပြိုင်ဆိုင်ရန် မည်သည့်နည်းလမ်းကိုမျှ လုံးဝ သင် မသုံးစွဲရချေ။ သင်သည် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့လျှင် ထင်ပေါ်ရန် အစဉ်သဖြင့် မကြိုးပမ်းနှင့်။ ဩဇာအာဏာအပေါ် သင်၏ မက်မောတောင့်တမှုကို ဖြည့်ဆည်းရန်သက်သက်အတွက် အသင်းတော်အလုပ်အား မဟန့်တားနှင့် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းနှင့် ကောင်းမွန်သည့် ခရီးဆုံးပန်းတိုင်ရရှိခြင်းတို့အား မဟန့်တားနှင့်။ ဤသည်မှာ ဆိုးယုတ်မှုတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သတိပြုမိခြင်းတစ်ခုခု ရှိသင့်သည်။ သင် လုပ်နိုင်စွမ်းရှိသည့်အရာကို လုပ်ဆောင်လော့၊ ပြီးလျှင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစဉ်သဖြင့် ဆန္ဒမပြင်းပြနှင့်။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအပြင် သင် ထမ်းဆောင်နိုင်သည့် တာဝန်များစွာ ရှိသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် သင်၏ သီးသန့် လုပ်ပိုင်ခွင့် မဟုတ်သကဲ့သို့ သင်၏ လိုက်စားမှုလည်း မဖြစ်သင့်ပေ။ သင့်ထံတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုရှိကာ ဝန်တာထမ်းလိုစိတ် တစ်ခုလည်း ရှိလျှင် အခြားသူများက သင့်ကို ရွေးကောက်သည်ကို အခွင့်ပေးခြင်းက ပို၍ကောင်းပေသည်။ ဤလက်တွေ့လုပ်ဆောင်မှုက အသင်းတော်အလုပ်နှင့် ပါဝင်သည့်လူတိုင်းကို အကျိုးပြုသည်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစကင်းမဲ့လျှင် အခြားသူများ၏ အနာဂတ်အတွက် သင် စေတနာအနည်းငယ်ကို ဖော်ပြကာ တာဝန်အချို့ ယူသင့်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစဉ်သဖြင့် မပြိုင်ဆိုင်နှင့်၊ ပြီးလျှင် အခြားသူများကို မဟန့်တားနှင့်။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်လိုကာ အသင်းတော်အလုပ်ကို ကြီးကြပ်လိုခြင်းသည် ဆင်ခြင်တုံတရားကင်းမဲ့ခြင်းကို ပြသည်။ သင်သည် အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုကင်းမဲ့လျှင် သင်၏ ကိုယ်ပိုင် တာဝန်များကိုသာ ကောင်းစွာ ထမ်းဆောင်လော့။ သင်၏ တာဝန်များကို အမှန်တကယ် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် သင့်တွင် ဆင်ခြင်တုံတရားအချို့ရှိသည်ကို ပြသည်။ သင်၏ စွမ်းရည်အတိုင်း သင် လုပ်ဆောင်နိုင်သော အလုပ်ကို လုပ်လော့၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မထားရှိနှင့်။ အသင်းတော်၏ အလုပ်ကို လျစ်လျူရှုနေစဉ် သင်၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်သာ မကြိုးစားနှင့်။ ဤအရာက သင်ကိုယ်တိုင်ကိုရော၊ အသင်းတော်ကိုပါ ထိခိုက်စေသည်။ ဤသည်မှာ ဆန်းသစ်တီထွင်နိုင်စွမ်းအရ အစွမ်းအစညံ့ဖျင်းသူများ၏ သရုပ်သကန်ဖြစ်သည်။
အစွမ်းအစ ညံ့ဖျင်းသောသူများအားလုံးသည် ဆန်းသစ်တီထွင်နိုင်စွမ်း မရှိကြပေ၊ သို့ဆိုလျှင် အစွမ်းအစ လုံးဝမရှိသောသူများမှာမူ ယင်းကို ပို၍ပင် မပိုင်ဆိုင်ကြပေ။ ထိုသို့သောလူများသည် အမှုအရာများ၏ အခြေခံသဘောတရားများ၊ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ကြားရသောအခါ လုံးဝ နားမလည်နိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ဤသည်တို့မှာ သမ္မာတရား စည်းမျဉ်းများဖြစ်ကြောင်း ၎င်းတို့ မြင်နိုင်လျှင်ပင် ၎င်းတို့သည် စည်းမျဉ်းများကို ၎င်းတို့၏ အသုံးချမှုအတိုင်းအတာ သို့မဟုတ် ၎င်းတို့နှင့် သက်ဆိုင်သော လူများ၊ ကိစ္စရပ်များနှင့် မဆက်စပ်နိုင်ကြပေ။ ၎င်းတို့က “သမ္မာတရားနှင့်ပတ်သက်သည့် ဤမိတ်သဟာယဖွဲ့ခြင်းသည် အလွန်အသေးစိတ်ကျပြီး အလွန်များပြားလှသည်။ ဤစကားများကို ကြားရလျှင် ယင်းတို့သည် စည်းမျဉ်းများဖြစ်ကြောင်း ကျွန်ုပ် နားလည်နိုင်သော်လည်း စည်းမျဉ်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စည်းမျဉ်းများက မည်သည့်အတိုင်းအတာကို ဘောင်ခတ်ထားသည်ကို ကျွန်ုပ် မသိပါ” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပင် မသိပါက ၎င်းတို့သည် ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ရမည်ကိုဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ရမည်ကိုဖြစ်စေ သေချာပေါက် မသိကြပေ။ ဥပမာအားဖြင့် ကိုင်တွယ်ရန် လိုအပ်သော တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အခြားသူများက ၎င်းတို့အား “သင်သည် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်” ဟု ပြောကြသည်။ ၎င်းတို့က “စည်းမျဉ်းများအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုပင် ကျွန်ုပ် မသိပါ။ ဤကိစ္စက မည်သည့်စည်းမျဉ်းနှင့် သက်ဆိုင်ကြောင်းကို ကျွန်ုပ် မသိပါ” ဟု ဆိုသည်။ အခြားသူများက ဤကိစ္စကို ကိုင်တွယ်ရာတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းကို ရှင်းပြပြီးသည့်နောက်မှာပင် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြသေးပေ။ ထိုသို့သောလူများသည် အလွန်အမင်း အစွမ်းအစ ညံ့ဖျင်းကြသည်၊ ၎င်းတို့သည် လူ၏ဘာသာစကားကိုပင် နားမလည်နိုင်ကြသည့်အပြင် အသုံးပြုရန် ပို၍ပင် မသင့်တော်ကြပေ။ ဤသည်မှာ ထိုသို့သောလူများသည် စွမ်းဆောင်ရည် မရှိလွန်းသဖြင့် ကူညီ၍ပင် မရနိုင်ကြောင်းကို မပြသလော။ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်လောက်အောင် စွမ်းဆောင်ရည်မဲ့သော လူများသည် ယုတ္တိရှိရှိ တွေးခေါ်ရန် မဆိုထားနှင့်၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် အမှုအရာများကို နားလည်နိုင်စွမ်းကို မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် အမျိုးမျိုးသော အခြေခံသဘောတရားများနှင့် စည်းကမ်းများကို နားလည်သောသူများသည် အစွမ်းအစ ကင်းမဲ့သောသူများနှင့် ဆက်ဆံဆွေးနွေးရန် နည်းလမ်းမရှိပေ၊ ၎င်းတို့သည် သဘောတူညီချက်တစ်ခုကို မရရှိနိုင်ကြသည့်အပြင် စိတ်တူကိုယ်တူ ဖြစ်ခြင်း မရှိသည်မှာလည်း အမှန်ပင်။ အဘယ်ကြောင့် ၎င်းတို့ ဆက်ဆံဆွေးနွေး၍ မရနိုင်သနည်း။ ပဓာနကျသော ပြဿနာတစ်ခု ရှိသည်၊ ယင်းမှာ အမျိုးမျိုးသော အရာများကို သိမြင်နားလည်ရန်၊ ပိုင်းခြားသိမြင်ရန်၊ သုံးသပ်ဆုံးဖြတ်ရန်၊ နားလည်ရန်နှင့် လက်ခံရန် ဤလူအမျိုးအစားနှစ်ခု၏ စွမ်းရည်များသည် တူညီသောအဆင့် သို့မဟုတ် တူညီသော လမ်းကြောင်းပေါ်တွင် မရှိခြင်း ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အခါမျှ ဆုံတွေ့မည်မဟုတ်သော မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ ဖြစ်ကြသည်။ ဤသည်မှာ အတော်အတန် စိတ်ကူးသက်သက်ဖြစ်သော အသုံးအနှုန်းများဖြင့် ပြောဆိုခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် ဤလူအမျိုးအစားနှစ်ခု၏ အစွမ်းအစသည် ကမ္ဘာခြားနေပြီး တူညီသောအဆင့်တွင် မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် တူညီသောကိစ္စရပ်နှင့်ပတ်သက်၍ တူညီသော သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် သိမြင်နားလည်နိုင်စွမ်းကို မည်သည့်အခါမျှ ရှိကြမည် မဟုတ်ပေ။ ဆိုလိုသည်မှာ အစွမ်းအစကောင်းသူများ သို့မဟုတ် သာမန်အစွမ်းအစရှိသူများ သိမြင်နိုင်သည့်အရာကို အစွမ်းအစ လုံးဝမရှိသောသူများ လုံးဝ သိမြင်နိုင်ခြင်းမရှိပေ၊ ၎င်းတို့သည် ဤအရာကို ပို၍ပင် အလှမ်းကွာကြသည့်အပြင် ၎င်းတို့၌ ထိုလုပ်ဆောင်နိုင်စွမ်း ကင်းမဲ့နေသည့်အလား မည်သည့်အခါမျှ အမီလိုက်နိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ကြက်မတစ်ကောင် ကြီးပြင်းလာသောအခါ ၎င်းသည် အလိုအလျောက် ဥဥသည်။ ၎င်း၏ ဥဥမှု နည်းပါးလျှင်ပင် ၎င်း၌ ထိုလုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ဥဥနေဦးမည် ဖြစ်သည်။ သို့သော် ကြက်ဖတစ်ကောင်ကို မည်မျှပင် ကောင်းမွန်စွာ ကျွေးမွေးသည်ဖြစ်စေ ၎င်း၌ ထိုလုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့် ဥမဥနိုင်ပေ။ ကြက်ဖက “ကျွန်ုပ်မှာ ဥဥသည့် လုပ်ဆောင်နိုင်စွမ်း မရှိသော်လည်း မနက်ခင်းတွင် တွန်နိုင်သည်” ဟု ဆိုသည်။ သင်သည် အကြိမ်မည်မျှ တွန်သည်ဖြစ်စေ သို့မဟုတ် သင်၏ အသံ မည်မျှ ကျယ်လောင်သည်ဖြစ်စေ ယင်းက သင် ဥဥနိုင်သည်ဟု မဆိုလိုပေ။ ကြက်မသည် မတွန်သော်လည်း ၎င်း၌ ဥဥသည့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အဘယ်ကြောင့် ငါသည် သင်တို့အား ဤဥပမာကို ပေးနေသနည်း။ အကြောင်းမှာ အစွမ်းအစ လုံးဝမရှိသောသူများသည် ထိုသို့သော လွဲချော်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ ယုတ္တိမရှိသော ကျိုးကြောင်းဆင်ခြင်မှုကို ပြောဆိုကြလိမ့်မည်၊ ဤသည်ကို အစွမ်းအစမရှိခြင်းဟု ခေါ်သည်။ ထို့ကြောင့် အစွမ်းအစကောင်းသူများ၊ သာမန်အစွမ်းအစရှိသူများ သို့မဟုတ် အစွမ်းအစ ညံ့ဖျင်းသောသူများပင်လျှင် အစွမ်းအစမရှိသောသူများနှင့် ကိစ္စရပ်များကို ဆက်ဆံဆွေးနွေးပြီး ပြောဆိုကြသောအခါ အနေရခက်ကြသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများနှင့်မူ သင်သည် အချို့သော ရိုးရှင်းပြီး လွယ်ကူစွာ နားလည်နိုင်သော ကိစ္စရပ်များတွင် ဆက်ဆံဆွေးနွေးနိုင်သေးသည်။ သို့သော် အစွမ်းအစ လုံးဝမရှိသောသူများနှင့်မူ မည်သူမျှ ၎င်းတို့နှင့် ဆက်ဆံဆွေးနွေး၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ နားလည်သဘောပေါက်နိုင်စွမ်းမရှိသည့်အပြင် မည်သည့်အရာနှင့်ပတ်သက်၍မျှ အတွေးအခေါ်များ သို့မဟုတ် အမြင်ရှုထောင့်များ မရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ အစွမ်းအစ လုံးဝမရှိသောသူများ၏ ဖော်ပြချက် သို့မဟုတ် ရှင်းပြချက် ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် တစ်စုံတစ်ခုကို ဆက်ဆံဆွေးနွေးသောအခါ သင်သည် ယင်းကို စေ့စေ့စပ်စပ်နှင့် အသေအချာ ရှင်းပြလျှင်ပင် ၎င်းတို့က နားလည်သည်ဟု ပြောနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ထိုအရာမျိုး နောက်တစ်ကြိမ် ဖြစ်ပျက်သောအခါ ၎င်းတို့သည် နားမလည်ကြသေးဘဲ လွဲချော်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ ကျိုးကြောင်းမဆီလျော်သော ကျိုးကြောင်းဆင်ခြင်မှုကို တစ်ဖန် ပြောဆိုကြလိမ့်ဦးမည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် သမ္မာတရားကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ၎င်းတို့၌ အရာများကို ပိုင်းခြားသိမြင်ရန် သို့မဟုတ် သိမြင်နားလည်ရန် စွမ်းရည်မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်နိုင်မည်နည်း။ ၎င်းတို့ သမ္မာတရားကို နားလည်နိုင်သည်ဟု ပြောဆိုခြင်းသည် အဓိပ္ပာယ်မရှိသောစကားသာ ဖြစ်ပေမည်။ အစွမ်းအစ လုံးဝမရှိသောသူများသည် ဆန်းသစ်တီထွင်နိုင်စွမ်း ကင်းမဲ့ကြသည်၊ ထို့ကြောင့် ဤကိစ္စရပ်တွင် ၎င်းတို့၏ သရုပ်သကန်များသည် ဤသို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မည်သည့် အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများကိုမျှ နားမလည်သောကြောင့် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ အစီအစဉ်မရှိကြပေ။ ၎င်းတို့၏ စိတ်ထဲတွင် အစီအစဉ် သို့မဟုတ် အဆင့်များ မရှိသည့်အပြင် ၎င်းတို့သည် မည်သည့် အခြေခံသဘောတရားများ သို့မဟုတ် စည်းမျဉ်းများကိုမျှ အကောင်အထည်မဖော်နိုင်ကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှသည် လုံးဝ ရှုပ်ထွေးပွေလီပြီး လုံးဝ အိုးနင်းခွက်နင်းဖြစ်နေသည်။ ထိုသို့သောလူများသည် ကာယအားစိုက်ထုတ်ပြီး ကာယလုပ်အားသုံးရသော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ရိုးရှင်းပြီး တစ်ခုတည်းသော အလုပ်တစ်ခုကို အနိုင်နိုင် လုပ်နိုင်သည်၊ အမှန်တွင် ၎င်းတို့သည် သာမန်လူများဖြစ်ကြပြီး တစ်ခုတည်းသော လုပ်ငန်းဆောင်တာတစ်ခုတွင် ပါဝင်လုပ်ဆောင်နိုင်သော်လည်း အခြေအနေက အလုပ်တစ်ခုကို တာဝန်ယူရသည့်အဆင့်သို့ မြင့်တက်သွားသောအခါ ၎င်းတို့သည် ယင်းအတွက် အရည်အချင်းမပြည့်မီတော့ပေ။ ထိုသို့သောလူများသည် တန်ဖိုးရှိသော သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုရှိသော မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ကာယလုပ်အား၊ လယ်ယာလုပ်ငန်း သို့မဟုတ် တိရစ္ဆာန် မွေးမြူရေးကဲ့သို့သော အသေးအဖွဲအလုပ်အချို့ကိုသာ လုပ်ဆောင်နိုင်ပြီး ထိုသို့လုပ်ဆောင်သည့်အခါတွင်ပင် ၎င်းတို့အား ကြီးကြပ်ရန်နှင့် ပံ့ပိုးရန် ၎င်းတို့အနီးတွင် ကြီးကြပ်ရေးမှူးတစ်ဦး လိုအပ်သည်။ တစ်ခါတစ်ရံ ၎င်းတို့ စိတ်မကြည်သောအခါ တစ်စုံတစ်ဦးက ၎င်းတို့အား လမ်းမှန်သို့ ပြန်ရောက်အောင် ပို့ဆောင်ပေးရန် လိုအပ်သည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် လွဲချော်မှုများတွင် နစ်မွန်းသွားသောအခါ သို့မဟုတ် အပျက်သဘောဆောင်လာသောအခါ တစ်စုံတစ်ဦးက ၎င်းတို့၏ တွေးခေါ်ပုံနည်းလမ်းများနှင့်ပတ်သက်၍ အကြံပေးလမ်းညွှန်ရသည်။ အသေးအဖွဲ အလုပ်များအတွက်ပင် တစ်စုံတစ်ဦးက ၎င်းတို့လုပ်ဆောင်သည့်အရာကို စိစစ်ပေးရန် လိုအပ်သည်၊ သို့မဟုတ်ပါက ပြဿနာများနှင့် အမှားများ ပေါ်ပေါက်လာမည်ဖြစ်ပြီး အလုပ်ကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ပစ္စည်းများကို ဖြုန်းတီးခြင်းမရှိလျှင် စွမ်းအင်ကို ဖြုန်းတီးကြသည်၊ သို့မဟုတ် ရေ၊ လျှပ်စစ်နှင့် ဓာတ်ငွေ့ကို ဖြုန်းတီးကြသည်။ အနောက်နိုင်ငံများတွင် ၎င်းတို့သည် အခြားသူများ၏ တိုင်ကြားခြင်းကို အစဉ်မပြတ်ခံရပြီး ရဲများ၏ ဒဏ်ငွေရိုက်ခြင်းကို ခံရသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား စောင့်ကြည့်မနေဘဲ ၎င်းတို့သည် အသေးအဖွဲအလုပ်များကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် ဤမျှ ပြဿနာများပြီး ဤမျှ သနားစရာကောင်းကြသည်။ ဤသည်တို့မှာ အစွမ်းအစ လုံးဝမရှိသောသူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ထိုသို့သောလူများသည် အသုံးမကျသူများနှင့် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်သည်မဟုတ်လော။ ၎င်းတို့ကို လူများအဖြစ် ဆက်လက်အသုံးပြုနိုင်သေးသလော။ အမှန်တွင် ဘုရားအိမ်တော်၌ ထိုသို့သောလူများသည် ကာယအားစိုက်ထုတ်မှု အနည်းငယ်ကိုသာ ပြုလုပ်နိုင်သည်။ အသင်းတော်အလုပ်နှင့် ပတ်သက်လာလျှင် ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များမှာပင် ၎င်းတို့သည် ယင်းတို့ကို ကိုယ်တိုင်ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြဘဲ အခြားသူများက ၎င်းတို့လုပ်ဆောင်သည့်အရာကို ညွှန်ကြားရန်၊ ကြီးကြပ်ရန်နှင့် စိစစ်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကို လုပ်ဆောင်သောအခါ ယင်းသည် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟုလည်းကောင်း၊ မိမိတို့နှင့် မတန်ဟုလည်းကောင်း ခံစားရနေဆဲဖြစ်ပြီး ၎င်းတို့သည် အာခံလာကာ စောဒကပင် တက်လာကာ “နည်းပညာဆိုင်ရာ ကွန်ပျူတာအလုပ်လုပ်သည့်သူများ၊ ဆောင်းပါးများ ရေးသည့်သူများ၊ သီချင်းဆိုကာ ကခုန်သည့်သူများ၊ သို့မဟုတ် သရုပ်ဆောင်သည့်သူများကို ကြည့်ပါ။ သူတို့သည် စွဲမက်ဖွယ်ကောင်းလိုက်လေခြင်း။ သို့ရာတွင် ကျွန်ုပ်မှာမူ ဧည့်ခံဝတ်ပြုခြင်းနှင့် ချက်ပြုတ်ခြင်းကိုသာ ကိုင်တွယ်နိုင်သည်၊ တစ်နေကုန် ဆီ၊ မီးခိုးငွေ့တို့ဖြင့် လုံးပန်းနေရသည်။ နှစ်အနည်းငယ်အတွင်းတွင် ကျွန်ုပ်သည် နွမ်းနွမ်းဖတ်ဖတ်ဖြင့် မိန်းမတစ်ဦး ဖြစ်လာတော့မည်။ ကျွန်ုပ် မည်မျှ သနားစရာကောင်းသည်ကို ကြည့်ပါ” ဟုပင် ညည်းညူကြသည်။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ဆောင်ရသည်မှာ အတော်ပင် သနားစရာ ကောင်းသည်ဟု အစဉ်သဖြင့် ခံစားကြရသော်လည်း အဘယ်ကြောင့် ၎င်းတို့သည် ဤအလုပ်မျိုးကိုသာ လုပ်ဆောင်နိုင်သည်ကို မည်သည့်အခါမျှ ခဏတဖြုတ် မစဉ်းစားကြပေ။ ၎င်းတို့သည် အခြားအလုပ်ကို ကိုင်တွယ်ရန် အမှန်တကယ် အစွမ်းအစရှိမရှိကို အကဲမဖြတ်ကြပေ။ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် ၎င်းတို့သည် ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်အချို့ကို လုပ်ဆောင်သောအခါ အစဉ်သဖြင့် စိတ်ညစ်ကြရသည်။ ၎င်းတို့၏ အစွမ်းအစ အမှန်တကယ် ကောင်းမွန်ပါက ၎င်းတို့ စိတ်ညစ်ကြမည်မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းနေပြီဖြစ်သောကြောင့် ကာယလုပ်အားသုံးရသော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည့်တိုင် ယင်းသည် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟု ခံစားနေကြဆဲဖြစ်သည်။ ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်သည်မဟုတ်လော။ ထိုသို့သောလူများသည် အမှန်တကယ် စဉ်းစားဉာဏ်မဲ့ကြသည်။ ဤလူစားမျိုးသည် ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ။ ချက်ပြုတ်သောအခါ ၎င်းတို့ ချက်သည်မှာ များလွန်းလျှင်များ၊ မများလျှင်နည်းလွန်းကြပြီး မည်မျှပင် ကြာမြင့်စွာ ချက်ပြုတ်ပါစေ ထိုသို့လုပ်ဆောင်ရာတွင် မည်သည့်ပုံစံကို လိုက်နာသင့်သည်ကို မသိကြသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် ထိုသို့သောအလုပ်များသည် မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟုလည်းကောင်း၊ မိမိတို့နှင့်မတန်ဟုလည်းကောင်း ခံစားနေကြဆဲဖြစ်ပြီး ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကို မလုပ်ဆောင်သင့်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ရုံးခန်းတွင် အတွင်းရေးမှူးအဖြစ် အလုပ်လုပ်သင့်သည်၊ ဘုရားအိမ်တော်တွင် အလုပ်တစ်ခုခုကို ထမ်းဆောင်သင့်သည် သို့မဟုတ် အနည်းဆုံး အသင်းတော်ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ ငါ့ကို ပြောလော့၊ သင်သည် မည်သည့်အလုပ်အတွက် အရည်အချင်းပြည့်မီသနည်း။ သင်သည် မည်သည့်အလုပ်အမျိုးအစားအတွက်မျှ အရည်အချင်းမပြည့်မီဘဲ ဘုရားအိမ်တော်က သင့်အား ထောက်ပံ့နေဆဲဖြစ်ချိန်တွင် သင့်အား ကာယအားစိုက်ထုတ်မှု လိုအပ်သော အလုပ်များကို လုပ်ဆောင်ရန် ပေးအပ်ခံရပါက ဤသည်မှာ သင့်အား ချီးမြှောက်ခြင်း မဟုတ်လော။ သို့တိုင် သင်သည် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ သင်၏ ဆင်ခြင်တုံတရားသည် အလွန်အမင်း ညံ့ဖျင်းနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရားနှင့် အစွမ်းအစအကြား ဆက်စပ်မှု ရှိသလော။ (ဟုတ်ပါသည်။) မိမိကိုယ်ကို မသိခြင်း၊ မိမိ၏ အစွမ်းအစ မည်သည့်အဆင့်တွင် ရှိသည်ကို မသိခြင်း၊ မိမိ၏ အစွမ်းအစ မြင့်မားသည်ဟု အစဉ်သဖြင့် တွေးထင်နေခြင်း၊ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) အစွမ်းအစကောင်းသူများသည် မိမိတို့ကိုယ်ကို မည်သို့ အကဲဖြတ်ရမည်ကို သိရှိကြလိမ့်မည်ဖြစ်ပြီး အကဲဖြတ်ပြီးနောက် ၎င်းတို့သည် မိမိတို့၏ အစွမ်းအစအဆင့်ကို သိရှိကြလိမ့်မည်။ ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိသည်ကို ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ နေရာကို ရှာဖွေနိုင်ကြလိမ့်မည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ စိတ်အေးချမ်းမှုကို ခံစားရမည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့် တာဝန်ကို ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်ကြလိမ့်မည်။ ၎င်းတို့အား ကာယအားစိုက်ထုတ်မှု လိုအပ်သော လုပ်ငန်းဆောင်တာများကို တာဝန်ပေးအပ်လျှင်ပင် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် ငြိမ်းချမ်းမှုကို ခံစားရပြီး ကျိုးကြောင်းခိုင်လုံသည်ဟု ခံစားရမည်၊ ၎င်းတို့သည် ဤအလုပ်နှင့် ဤတာဝန်ကို လက်ခံလျက် မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ ကျိုးနွံနာခံပြီး သဘောတူကြလိမ့်မည်။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်းဟု ခေါ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်သောအခါ မည်သည့်အခါမျှ စိတ်မအေးချမ်းဘဲ အစဉ်သဖြင့် မကျေမချမ်းဖြစ်သည်ဟု ခံစားရပြီး ၎င်းတို့အား လုပ်ဆောင်ရန် တောင်းဆိုသည့် မည်သည့်အလုပ်မဆို မိမိတို့၏ ပင်ကိုစွမ်းရည်များနှင့်ယှဉ်လျှင် ဂုဏ်ငယ်ရသည်ဟု တွေးထင်နေပါက ၎င်းတို့၌ ဆင်ခြင်တုံတရား ကင်းမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။)