သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉) အပိုင်း တစ်
သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း
မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း
၁။ ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း- ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း
စ။ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ပင်ကိုအခြေအနေများကို မပြောင်းလဲပေ- ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်
ဤကာလအတောအတွင်းတွင် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာသည် အတော်အတန် ကျယ်ပြန့်သော နယ်ပယ်တစ်ခု ပါဝင်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတွင် လူ့သဘာဝနှင့်ဆိုင်သော ပို၍ တိကျသည့် ကိစ္စရပ်အချို့ ပါဝင်ခဲ့ပြီး လူတို့၏ ဘဝနှင့်ဆိုင်သော ကိစ္စရပ်အချို့လည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့်စုဝေးပွဲတွင် ငါတို့သည် အစွမ်းအစနှင့် သက်ဆိုင်သော အကြောင်းအရာများကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး ထို့နောက်တွင် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အစွမ်းအစနှင့်ဆိုင်သော အကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ယခုမှစ၍ ဤအကြောင်းအရာကို အခြေခံ၍ လူတစ်ဦး၏ အစွမ်းအစ မည်သို့ရှိသည်ကို အတိအကျ သုံးသပ်ဆုံးဖြတ်နိုင်ပေသည်။ ဤကဏ္ဍသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်းကို မိတ်သဟာယဖွဲ့သောအခါ ဤအရာများက ၎င်းတို့၏ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမျိုးအစားတွင် အကျုံးဝင်ခြင်း ရှိမရှိကို သုံးသပ်ဆုံးဖြတ်ရန် နေ့စဉ်အသက်တာထဲရှိ လူတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်မှုအချို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ကဏ္ဍသုံးရပ်အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဖန်ဆင်းခံများအနေဖြင့် လူသားတို့၏ အခြေခံဖွဲ့စည်းပုံကို သင်တို့ ယခုအခါ တိကျသော နားလည်မှုတစ်ခု ရှိပြီလော။ (ကျွန်ုပ်တို့ ယခင်ကထက် အနည်းငယ် ပို၍ နားလည်နိုင်ပါသည်။) လူတို့၏ အသက်တာတွင် ထုတ်ဖော်ထားသော သရုပ်သကန်များနှင့်ဆိုင်သည့် ကဏ္ဍသုံးရပ်ကို ငါတို့ မိတ်သဟာယဖွဲ့ရသည့် အကြောင်းရင်းမှာ ဖန်ဆင်းခံ လူသားမျိုးနွယ်သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူအိုဖြစ်စေ၊ မည်သည့်လူမျိုးကြားတွင် သို့မဟုတ် မည်သည့်နိုင်ငံ၌ နေထိုင်သည်ဖြစ်စေ၊ မည်သည့်ကာလတွင် နေထိုင်သည်ဖြစ်စေ၊ မည်သို့သော လူမှုပတ်ဝန်းကျင်နှင့် နောက်ခံတွင် နေထိုင်သည်ဖြစ်စေ၊ အတိုချုပ်ဆိုရလျှင် သင်၏ အပြင်ပန်းပုံပန်းသဏ္ဌာန် မည်သို့ပင်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်နေသမျှကာလပတ်လုံး သင်သည် ဤကဏ္ဍသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်ဖြစ်သည့် လူတိုင်းသည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသက်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်ဖန်ဆင်းခံလူသားမဆို ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ကြသည်။ လူတစ်ဦး၏ ပင်ကိုအခြေအနေများကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားသည်မှာ အမှန်ပင်ဖြစ်သည်။ လူ့သဘာဝသည် ပင်ကိုအခြေအနေများ၏ လွှမ်းမိုးမှုကို တစ်စိတ်တစ်ပိုင်း ခံရပြီး မိသားစု၏ ပြုစုပျိုးထောင်မှု၊ လူမှုပတ်ဝန်းကျင်နှင့် စာတန်၏ သွန်သင်လေ့ကျင့်ပေးမှုတို့၏ ပုံသွင်းခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို တစ်စိတ်တစ်ပိုင်း ခံရသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာမူ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော လူတစ်ဦး၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် စာတန်ဆန်သော သဘာဝတို့ ဖြစ်ကြသည်။ ဤဖောက်ပြန်ပျက်စီးသော သဘာဝသည် လူတစ်ဦး၏ မိသားစုမှ တစ်စိတ်တစ်ပိုင်း၊ လူ့အဖွဲ့အစည်းမှ တစ်စိတ်တစ်ပိုင်းနှင့် လူတစ်ဦးက အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် တွေ့ကြုံခံစားရသည့် လွှမ်းမိုးမှုများနှင့် ပုံသွင်းမှုများမှ တစ်စိတ်တစ်ပိုင်း လာသည်။ ဤရှုထောင့်မှကြည့်လျှင် မည်သည့်ဖန်ဆင်းခံလူမဆိုသည် အမှန်တကယ်တွင် မည်သည့်လျှို့ဝှက်ဆန်းကြယ်မှုမျိုးမျှ မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့သည် ဤကဏ္ဍသုံးရပ်ဖြစ်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက မည်သို့သောလူစားမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ခြင်းသည် အမှန်တကယ်တွင် လွယ်ကူသင့်သည်။ ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းပြီး ချပေးထားသည့် ပင်ကိုအခြေအနေများကို ဘေးဖယ်ထားလျက် ကျန်ရှိသည့်အရာမှာ လူတစ်ဦး၏ လူ့သဘာဝ မည်သို့ရှိသည်နှင့် ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်၊ ဤအရာများက ဤလူ၏ အနှစ်သာရ မည်သို့ရှိသည်ကို ဆုံးဖြတ်ပေးသည်။ ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်ခြင်းသည် အမှုအရာများကို အလွန်ရှင်းလင်းစေသည်။ ဤအရာများကို အခြေခံ၍ လူတစ်ဦး၏ အနှစ်သာရ မည်သည်ဖြစ်သည်ကို ပိုင်းခြားသိမြင်ခြင်းသည် ခက်ခဲသောကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်ခြင်းတွင် အခြေပြုစရာတစ်ခု ရှိသည့်အပြင် အကဲဖြတ်စရာ စံနှုန်းတစ်ခုလည်း ရှိသည်။
၆။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်အမျိုးမျိုး
ယခင်က ငါတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပါဝင်သည့် ပင်ကိုအခြေအနေများ၏ တိကျသော သရုပ်သကန်အချို့ကို စာရင်းပြုစုခဲ့ကြသည်။ ပင်ကိုအခြေအနေများသည် လူတို့ ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ဖန်ဆင်းခံ လူသားမျိုးနွယ်က ပိုင်ဆိုင်သင့်သည့် အခြေအနေများ ဖြစ်ကြသည်။ မွေးဖွားချိန်၊ မွေးဖွားသည့် ပတ်ဝန်းကျင်နှင့် မွေးဖွားရာနေရာကဲ့သို့သော လူတစ်ဦး၏ မွေးဖွားခြင်းနှင့် သက်ဆိုင်သည့် အခြေအနေများဖြစ်စေ၊ သို့မဟုတ် လူတစ်ဦး၏ ရုပ်ရည်၊ အစွမ်းအစ၊ အားသာချက်များ၊ ပင်ကိုသဘာဝများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၊ ပင်ကိုစရိုက်ကဲ့သို့သော ကဏ္ဍများဖြစ်စေ၊ ဤအရာအားလုံးသည် လူတစ်ဦး၏ ပင်ကိုအခြေအနေများတွင် ပါဝင်၏။ သေချာသည်မှာ ဤပင်ကိုအခြေအနေများသည်လည်း မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည့် အရာများ တစ်ခုမျှ မပါဝင်ပေ။ ယေဘုယျအားဖြင့်ဆိုသော် ပင်ကိုအခြေအနေများသည် ဖန်ဆင်းခံလူသားတစ်ဦး ရှင်သန်နေထိုင်နိုင်ရန်အတွက် ပိုင်ဆိုင်ရမည့် အခြေခံအခြေအနေအချို့ ဖြစ်ကြသည်။ လူ့သဘာဝဟူသည်မှာ ပင်ကိုအခြေအနေများကို ပိုင်ဆိုင်သော ခန္ဓာကိုယ်တစ်ခုမှ ထုတ်ဖော်ပြသသည့် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည့် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍မူ ဤသည်မှာ ရှင်းလင်းပါသည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပင်ကိုအခြေအနေများနှင့် လူ့သဘာဝကို ပိုင်ဆိုင်သော ဤခန္ဓာကိုယ်၏ အသက်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း၏ ရလဒ်ဖြစ်သည်။ ဤသည်မှာ အနည်းငယ် နားလည်ရခက်သလော။ အလုံးစုံခြုံငုံကြည့်လျှင် ဖန်ဆင်းခံလူသားများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ စိုးမိုးခြင်းကို ခံရပြီး လူ့သဘာဝ၏ အခြေခံ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဤဖန်ဆင်းခံများသည် ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းထားသော အမျိုးမျိုးသော ပင်ကိုအခြေအနေများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်၏ အခြေခံဖွဲ့စည်းပုံ ဖြစ်သည်။ ဤအထဲတွင် ပင်ကိုအခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ရန် ပို၍လွယ်ကူသော်လည်း လူ့သဘာဝမှာမူ အတော်အတန် နားလည်ရခက်နိုင်သည်။ ရိုးရှင်းစွာဆိုရလျှင် လူ့သဘာဝသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို အခြားသက်ရှိသတ္တဝါများနှင့် ကွဲပြားစေသော ထူးခြားသည့် သဘာဝလက္ခဏာတစ်ခု ဖြစ်သည်။ ဤထူးခြားသော သဘာဝလက္ခဏာရှိသည့် ဖန်ဆင်းခံများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်စရိုက်နှင့် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းတို့ကိုလည်း ပိုင်ဆိုင်ကြသည်။ လူသားမျိုးနွယ်ကို အခြားသက်ရှိသတ္တဝါများနှင့် ကွဲပြားစေသော ဤထူးခြားသည့် သဘာဝလက္ခဏာများသည် လူ့သဘာဝကို ဖွဲ့စည်းထားသည်။ ဤလူ့သဘာဝတွင် ဘာသာစကားကို အသုံးပြု၍ ဖော်ပြနိုင်စွမ်း၊ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ အသစ်သောအရာများကို လက်ခံနိုင်စွမ်း၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်နိုင်စွမ်းတို့ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ ဖြစ်သည်။ လူ့သဘာဝကို အလွယ်ကူဆုံး နားလည်နိုင်ပုံမှာ ယင်းသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို အခြားသက်ရှိသတ္တဝါများနှင့် ကွဲပြားစေသော ရှိရင်းစွဲ သဘာဝလက္ခဏာတစ်ခု ဖြစ်သည်။ ဤသဘာဝလက္ခဏာ၏ အခြေခံအကျဆုံးသော လက္ခဏာများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်ကြသည်။ ဤသည်မှာ ယင်းကို နားလည်ရန် အရှင်းဆုံးသော နည်းလမ်းဖြစ်သည်။ ဤအထဲတွင် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် တည်ကြည်မှုနှင့် ကိုယ်ကျင့်စရိုက်၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားသိမြင်ခြင်း၊ အပြုသဘောဆောင်သော အရာများကို ရွေးချယ်ပြီး လုပ်ဆောင်ခြင်းကဲ့သို့သော အသေးစိတ်အချက်အချို့ ရှိနေသည်။ အခြေခံအားဖြင့် ဤအရာများသည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ကဏ္ဍသုံးရပ်အကြောင်း လူတို့ နားလည်သိရှိသင့်သည့်အရာများ ဖြစ်ကြသည်။ ဤကိစ္စရပ်များကို သင်တို့ ယခင်က စဉ်းစားဖူးသလော။ (ကျွန်ုပ်တို့ ယခင်က မစဉ်းစားဖူးပါ။) ဤကိစ္စရပ်များကို ပထမဆုံးအကြိမ် ကြုံတွေ့ရရာတွင် သင်တို့ နားလည်နိုင်သလော။ သင်တို့ သဘောပေါက်နိုင်သလော။ (ကျွန်ုပ်တို့ အတော်အသင့် နားလည်နိုင်ပါသည်။) ငါတို့ ပြောဆိုနေသည့် ဤအကြောင်းအရာသည် အလွန်နက်နဲပြီး အတော်အတန် နားလည်ရခက်ကာ ဒဿနိကဗေဒကို ဆွေးနွေးနေသကဲ့သို့ အနည်းငယ် နားလည်ရခက်သည်ဟု တစ်စုံတစ်ဦး ခံစားရသလော။ ဤနေ့ရက်များအတွင်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ဤကဏ္ဍသုံးရပ်၏ တိကျသော သရုပ်သကန်များကို အခြေခံ၍ ယခုလေးတင် ပြောဆိုခဲ့သည့်အရာသည် သင်တို့အတွက် နားလည်ရခက်သော အရာမဖြစ်သင့်ပေ။ ဤကဏ္ဍသုံးရပ်၏ တိကျသော သရုပ်သကန်များကို သင်တို့ နားလည်နိုင်သင့်သည်။ ထို့အပြင် ဤကဏ္ဍသုံးရပ်ကြားရှိ ဆက်နွှယ်မှုများသည်လည်း ရှင်းလင်းသင့်သည် မဟုတ်လော။ လူ့သဘာဝသည် လူတစ်ဦးက အခြေခံ ပင်ကိုအခြေအနေများ ရှိခြင်းဟူသည့် အခြေခံအုတ်မြစ်ကို အခြေပြု၍ ထုတ်ဖော်ပြသသည့် တည်ကြည်မှု၊ ကိုယ်ကျင့်စရိုက်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပင်ကိုအခြေအနေများမှတစ်ဆင့် လူ့သဘာဝအတွင်း၌ အသက်ရှင်နေထိုင်သည့်အရာဖြစ်ပြီး ယင်းတို့သည် စာတန်က လူတို့ထဲသို့ သွတ်သွင်းသည့် အသက်၏ စိုးမိုးခြင်းကို ခံရသောလူများ အသက်ရှင်နေထိုင်သည့် အမျိုးမျိုးသော စိတ်သဘောထားများ ဖြစ်ကြသည်။ ဤနည်းအားဖြင့် လူတစ်ဦးသည် မည်သည့် ပင်ကိုအခြေအနေများကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့သည် အခြေခံအကျဆုံးသော အပြင်ပန်း အခွံမျှသာဖြစ်ပြီး လူတစ်ဦး၏ အသက်ရှင်နေထိုင်ပုံကို အမှန်တကယ် စိုးမိုးနိုင်သည့်အရာမှာမူ အသက်နှင့်သက်ဆိုင်သော အရာများဖြစ်၏၊ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့၏အထဲတွင် ကြာမြင့်သောအချိန်ကတည်းက စာတန်ထည့်သွင်းထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ အသက်ဖြစ်လာလေသည်။ ဆိုလိုသည်မှာ လူတစ်ဦး၏ အနှစ်သာရ မည်သည်ဖြစ်သည်ကို ပိုင်းခြားသိမြင်ရန်၊ ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများကို ကြည့်လော့။ ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများသည် မာနထောင်လွှားခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းဟူသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်နေပါက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ကြင်နာသည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ၊ ဤလူသည် အနှစ်သာရအားဖြင့် စာတန်နှင့် သက်ဆိုင်သည်၊ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ အသက်အဖြစ် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ လူတစ်ဦး၏ သဘာဝလက္ခဏာသည် ၎င်းတို့၏ ပင်ကိုအခြေအနေများ မည်သို့ရှိသည်အပေါ်၌ မဟုတ်ဘဲ ၎င်းတို့အတွင်း၌ ပိုင်ဆိုင်သော အသက်အပေါ်တွင် မူတည်သည်။ ၎င်းတို့သည် မိမိတို့၏ အသက်အဖြစ် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို ပိုင်ဆိုင်ထားပါက ၎င်းတို့၏ ပင်ကိုအခြေအနေများသည် အပြင်ပန်း၌ မည်မျှပင် မြင့်မြတ်သည် သို့မဟုတ် ကြီးမြတ်သည်ဟု ထင်ရစေကာမူ ၎င်းတို့သည် အနှစ်သာရအားဖြင့် စာတန်နှင့် သက်ဆိုင်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်သည်။ လူတစ်ဦး၏ အသက်တာသည် သမ္မာတရားက သူ၏အသက်ဖြစ်သည့် အသက်တာတစ်ခု ဖြစ်နေပါက ၎င်းတို့၏ ပင်ကိုအခြေအနေများသည် အပြင်ပန်း၌ မည်မျှပင် သာမန်ဖြစ်သည်၊ ပုံမှန်ဖြစ်သည် သို့မဟုတ် အထင်သေးခံရသည်ဟု ထင်ရစေကာမူ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အားနည်းချက်များ၊ ဟာကွက်များနှင့် ချို့ယွင်းချက်အချို့ကို အပြင်ပန်း၌ ပြသလျှင်ပင် ၎င်းတို့သည် ကယ်တင်ခြင်း ခံခဲ့ရပြီးဖြစ်သော လူသားမျိုးနွယ်၏ အစိတ်အပိုင်း ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် အနှစ်သာရအားဖြင့် ဘုရားသခင်နှင့် သက်ဆိုင်ပြီး စာတန်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့၏ အနှစ်သာရ ပြောင်းလဲသွားသည်။ ၎င်းတို့၏ အနှစ်သာရ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သက်ဆိုင်ရာသည်လည်း ပြောင်းလဲသွားသည်၊ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်နှင့် သက်ဆိုင်သွားသည်။ သို့ဖြစ်၍ လူတစ်ဦး၏ သက်ဆိုင်ရာ၊ အနှစ်သာရနှင့် နောက်ဆုံးအဆုံးသတ်တို့တွင် ဆုံးဖြတ်ပေးသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ပင်ကိုအခြေအနေများ မဟုတ်သည့်အပြင် ၎င်းတို့၏ လူ့သဘာဝ လုံးလုံးလည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်၊ သို့ရာတွင် ၎င်းတို့၏ အသက် မည်သည်ဖြစ်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ အစမှအဆုံးတိုင် လူတစ်ဦး၏အသက်တာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သူ၏အသက်ဖြစ်သည့် အသက်တာတစ်ခုဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပါက ၎င်းတို့၏ သက်ဆိုင်ရာသည် စာတန်နှင့်အတူ ရှိလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် ခံယူကာ လက်တွေ့ကျင့်သုံးနေပါက ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဤသို့ဖြင့် ၎င်းတို့၏ သက်ဆိုင်ရာသည် ဘုရားသခင်နှင့်အတူ၊ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ပြင်ဆင်ထားသည့် လှပသော ခရီးဆုံးပန်းတိုင်၌ ရှိလိမ့်မည်။ ကဏ္ဍအားလုံးရှိ လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရကို အခြေခံ၍ လူတို့၏ လက်ရှိ သက်ဆိုင်ရာသည် မည်သည်ဖြစ်သနည်း။ လူတစ်ဦး၏ အသက်တာသည် သမ္မာတရားကို မိမိ၏အသက်အဖြစ် ခံယူကာ လက်တွေ့ကျင့်သုံးနေသော အသက်တာတစ်ခု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် လူတစ်ဦး၏ အနှစ်သာရသည် အတိအကျ မည်သည့်အရာအပေါ်တွင် မူတည်သနည်း။ (၎င်းတို့ အသက်အဖြစ် ရှိသည့်အရာအပေါ်တွင် ဖြစ်ပါသည်။) မှန်ပေသည်၊ သင်၏ အတွင်း၌ရှိသော သင်၏ အသက်သည် မည်သည့်အရာဖြစ်စေ၊ ယင်းမှာ သင်၏ အနှစ်သာရ ဖြစ်သည်။ သင်၏ အတွင်း၌ရှိသော အသက်သည် ပြောင်းလဲသွားပြီး သင်၏ အသက်ဖြစ်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်တော့ဘဲ သမ္မာတရား ဖြစ်နေပါက သင်၏ အနှစ်သာရအရ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် သက်ဆိုင်သည်။ လူသားဖြစ်ခြင်းဟူသည့် လူတို့၏ သဘာဝလက္ခဏာသည် မပြောင်းလဲသည်မှာ အမှန်ပင်ဖြစ်သည်၊ လူတို့သည် လူများသာဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ သဘာဝလက္ခဏာအရ ၎င်းတို့သည် ဖန်ဆင်းခံလူသားများသာ ဖြစ်နေဆဲဖြစ်သည်။ သို့သော် သင်၏ အသက်သည် ပြောင်းလဲသွားသောကြောင့် သင်၏ သက်ဆိုင်ရာသည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ပင်ကိုအခြေအနေများသည် ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖွဲ့စည်းထားသည့် အခြေခံအခြေအနေများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဟု ခေါ်တွင်နေသမျှ ကာလပတ်လုံး ဤပင်ကိုအခြေအနေများသည် သင့်အထဲ၌ ရှိရမည်၊ ယင်းတို့သည် အခြေခံအခြေအနေများ ဖြစ်ကြသည်။ လူ့သဘာဝသည် လူတစ်ဦးက သူ၏ ပင်ကိုအခြေအနေများအောက်တွင် နေထိုင်နေစဉ် သူ၏ ပုံမှန်လူ့သဘာဝမှ ထုတ်ဖော်ပြသပြီး အသက်ရှင်နေထိုင်သည့်အရာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပင်ကိုအခြေအနေများနှင့် လူ့သဘာဝ၏ အခွံအောက်တွင် ဖုံးကွယ်နေသော၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ ရှိရင်းစွဲ အသက်ဖြစ်သည်။ ဤကဏ္ဍသုံးရပ်ကြားရှိ ဆက်နွှယ်မှုများနှင့် ကွဲပြားမှုများအပြင် ဖန်ဆင်းခံ လူသားမျိုးနွယ်တွင် ၎င်းတို့တစ်ခုချင်းစီက ပါဝင်သည့် အခန်းကဏ္ဍများ သို့မဟုတ် ဆောင်ရွက်သည့် လုပ်ငန်းဆောင်တာများသည် ဖော်ပြခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ယခင်က ငါတို့သည် လူတို့ ထုတ်ဖော်သည့် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ဤကဏ္ဍသုံးရပ်နှင့် သက်ဆိုင်သော သရုပ်သကန်အချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သို့သော် ဤကဏ္ဍသုံးရပ် ပါဝင်သော အကြောင်းအရာသည် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာထက် များစွာ ကျော်လွန်သွားသောကြောင့် ငါတို့သည် ယနေ့ ဤအကြောင်းအရာအပေါ် ဆက်လက်၍ မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။
စကားထစ်ခြင်းနှင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခြင်း
ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော ထုတ်ဖော်မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့်အကြိမ်က ငါတို့ မည်သည့်နေရာတွင် အဆုံးသတ်ခဲ့ကြသနည်း။ ကြောက်တတ်ခြင်းနှင့် ရဲတင်းခြင်းတို့ ဖြစ်သည်၊ မှန်သလား။ (ဟုတ်ပါသည်။) ထိုမိတ်သဟာယဖွဲ့ခြင်းသည် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ ယခု စကားပြောသည့်အခါ စကားထစ်ခြင်းနှင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခြင်းတို့ကို ကြည့်ကြစို့၊ ဤသည်မှာ မည်သည့်ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ပင်ကိုအခြေအနေတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်သည်။ စကားထစ်ခြင်း၏ ပုံစံများ ကွဲပြားသည်မှာ အမှန်ပင်ဖြစ်သည်။ အချို့ စကားထစ်သူများသည် စကားလုံးတစ်လုံးကို ဆွဲဆန့်ပြောဆိုကြပြီး အချို့မှာမူ စကားလုံးတစ်လုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြကာ ပြည့်စုံသော ဝါကျတစ်ကြောင်းကို ပြောဆိုနိုင်ဖို့ကို တစ်နေကုန် အချိန်ယူကြသည်။ အတိုချုပ်ဆိုရလျှင် ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်ပြီး ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မသက်ဆိုင်ပေ။ တစ်စုံတစ်ဦးက “သင် စကားပြောသည့်အခါ ထစ်သည်၊ သင် အတော် စဉ်းလဲပါတကား” သို့မဟုတ် “သင် စကားပြောသည့်အခါ စကားပင်ထစ်သေးသည်၊ သင်မည်သို့ ထိုမျှလောက် မာနထောင်လွှားနိုင်ရသနည်း” ဟု ပြောဆိုပါက ထိုသို့သော ပြောဆိုချက်များသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) စကားထစ်ခြင်းသည် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုအနေဖြင့် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ မည်သည့်ကဏ္ဍနှင့်မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ စကားထစ်ခြင်းသည် ပင်ကိုအခြေအနေတစ်ခုနှင့် ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်မျိုး ဖြစ်သည်။ သိသာထင်ရှားသည်မှာ ယင်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မသက်ဆိုင်သည့်အပြင် ၎င်းတို့နှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ စကားထစ်ခြင်းနှင့်ပတ်သက်သော အခြားအခြေအနေတစ်ခု ရှိသည်၊ အချို့လူများသည် ပုံမှန်အားဖြင့် စကားပြောသည့်အခါ မထစ်ကြသော်လည်း သင်က ၎င်းတို့ကို မေးခွန်းတစ်ခု မေးသည့်အခါ ၎င်းတို့သည် တွေဝေပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကြသည်၊ ၎င်းတို့သည် ဝါကျတစ်ကြောင်းတည်းကို ပြောရန် တစ်နေကုန် အချိန်ယူကြပြီး ၎င်းတို့ မည်သည့်အရာကို ပြောရန် ကြိုးစားနေသည်ကို သင် နားမလည်နိုင်သေးပေ။ ၎င်းတို့၏ စကားသည် မည်သည့်အခါမျှ လုံလောက်အောင် တိကျခြင်းမရှိဘဲ ၎င်းတို့၏ အဓိပ္ပာယ်ဆိုလိုရင်းကို သင့်အား အစဉ်သဖြင့် ခန့်မှန်းစေသည်၊ သင် မည်သို့ပင် ခန့်မှန်းသည်ဖြစ်စေ၊ ယင်းမှာ ၎င်းတို့၏ အဓိပ္ပာယ်ဆိုလိုရင်း ဖြစ်လာသည်။ သို့မဟုတ်ပါက ၎င်းတို့သည် အဓိပ္ပာယ်အစား အပြုံးကို အသုံးပြုကြသည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့သည် သင်၏ မေးခွန်းကို တိုက်ရိုက် မဖြေဆိုကြခြင်းသာ ဖြစ်သည်။ ဥပမာအားဖြင့် သင်က ၎င်းတို့ကို “သင် မည်သည့်နေရာမှ လာသနည်း” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်...ကျွန်ုပ်...လျှောက်သွားရင်းဖြင့်...” ဟု ပြောသည်။ ဤသည်ကို ကြားပြီးနောက် ၎င်းတို့ မည်သည့်နေရာမှ လာသည်ကို သင် မသိသေးပေ။ သို့မဟုတ် သင်က ၎င်းတို့ကို “ထိုလူ၏ အစွမ်းအစကို သင် မည်သို့ အကဲဖြတ်သနည်း” ဟု မေးသည်။ ၎င်းတို့က “သူတို့၏...အစွမ်းအစမှာ...လူတိုင်း...သိသည်မဟုတ်လား...ကျွန်ုပ်တို့အားလုံး...အင်း...တကယ်တော့...မရှင်းလင်းဘူး” ဟု ပြောသည်။ အဘယ်ကြောင့် ၎င်းတို့သည် ထိုသို့သော တုံ့ဆိုင်းပြီး တစ်စစီ နည်းလမ်းဖြင့် စကားပြောဆိုကြသနည်း။ ဤသည်မှာ စကားထစ်ခြင်းလော။ ထိုသို့ မထင်ရပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဤသို့ စကားပြောဆိုကြသနည်း။ ဤသည်မှာ စကားထစ်ခြင်းကြောင့် မဟုတ်လျှင် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ (၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ စိုးမိုးခြင်းကို ခံနေရပါသည်။) ဤသည်မှာ စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်မှုဖြစ်သည်မှာ ရှင်းလင်းသည်။ ဆိုလိုသည်မှာ ၎င်းတို့ တစ်စုံတစ်ခုကို ဖော်ပြသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ အသက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော စိတ်သဘောထားတစ်ခု၏ စိုးမိုးခြင်းကို ခံကြရပြီး ယင်းက ၎င်းတို့ကို တိကျသော ရည်ရွယ်ချက်တစ်ခုကို အောင်မြင်စေရန် စကားပြောဆိုပြုမူဖို့ တွန်းအားပေးနေခြင်း ဖြစ်သည်။ ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အမှန်တရားများကို ဖုံးကွယ်ရန်၊ သင့်အား အမှန်တရားများကို မပြောပြဘဲ ရှောင်ရှားရန် ဖြစ်သည်၊ ၎င်းတို့သည် အမှုအရာများကို ထိုမျှ ရှင်းလင်းစွာ ရှင်းပြလိုခြင်း မရှိပေ။ အဘယ်ကြောင့် ၎င်းတို့ ဤနည်းလမ်းအတိုင်း ပြုမူကြသနည်း။ အကြောင်းမှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို ရှင်းပြပါက အကျိုးဆက်များကို ၎င်းတို့ ခံရမည်ဟု ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်၊ တစ်စုံတစ်ဦးကို ပြစ်မှားမိခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို အကျိုးယုတ်စေခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ဤအကျိုးဆက်များကို မခံလိုကြပေ၊ ၎င်းတို့သည် အမှန်တရားများကို သင် သိရှိစေလိုခြင်း မရှိပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ စိုးမိုးမှုအောက်တွင် စကားပြောဆိုပြုမူသည့် နည်းလမ်းနှင့် ပုံစံတစ်ခု ဖြစ်သည်။ ဤသို့ပြုမူရန် ၎င်းတို့ကို စိုးမိုးသည့် အသက်သည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ဤသို့ပြုမူခြင်းက ၎င်းတို့တွင် မည်သည့်သမ္မာတရားမျှ လုံးဝမရှိကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း စကားမပြောဆိုကြပေ။ သို့ဆိုလျှင် သမ္မာတရား စည်းမျဉ်းများအတိုင်း စကားပြောဆိုရန် မည်သို့ ပြောဆိုသင့်သနည်း။ ဤသို့ပြုလုပ်ရန် လူတစ်ဦးသည် ဘုရားသခင်က “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဟု မိန့်တော်မူသည့်အတိုင်း ရိုးသားသောသူတစ်ဦး ဖြစ်သင့်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့ စကားပြောကြသနည်း။ ၎င်းတို့သည် “ဟုတ်သည်” သို့မဟုတ် “မဟုတ်ပါ” ဟု ပြောကြသလော။ ၎င်းတို့သည် မရေမရာ ပြောဆိုကြပြီး ၎င်းတို့ ဆိုလိုသည့်အရာကို မည်သူမျှ ရှင်းလင်းစွာ မသိကြပေ။ မိမိတို့ကိုယ်ကို ကာကွယ်ရန်ဟူသော ၎င်းတို့၏ ပန်းတိုင် ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ ၎င်းတို့၏ ဆိုလိုရင်းကို ဖော်ပြဖို့ လှည့်ဖြားတတ်သော နည်းလမ်းများကို ကျင့်သုံးကြပြီး စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြလေသည်။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထား၏ ကြီးစိုးမှုအောက်တွင် စကားပြောပြီး ပြုမူကြလေသည်။
စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်း
နောက်ထပ် သရုပ်သကန်တစ်ခုဖြင့် ဆက်ကြစို့၊ စိတ်လှုပ်ရှားမှုများကို နှစ်သက်ပြီး ငြီးငွေ့ဖွယ်ရာကို မကြိုက်ခြင်း၊ အမှုအရာအားလုံးကို လုပ်ဆောင်ပြီး နေထိုင်မှုပုံစံ ရွေးချယ်မှုတိုင်းကို စိတ်လှုပ်ရှားမှုများအတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ဦးစွာ ဤသည်မှာ ပင်ကိုအခြေအနေများအတွင်းရှိ စိတ်ဝင်စားမှုများနှင့် ဝါသနာများထဲတွင် ပါဝင်သလော။ (ပါဝင်ပါသည်။) ပါဝင်သလော။ သေချာစဉ်းစားကြည့်လော့၊ ယင်းသည် ထိုအထဲတွင် အမှန်တကယ် ပါဝင်သလော။ လူတစ်ဦး၏ ဆင်ခြင်တုံတရားတွင် စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ။) သို့ဆိုလျှင် ယင်းကို ပင်ကိုအခြေအနေများအောက်တွင် အမျိုးအစားခွဲခြားခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ယင်းမှာ မသင့်လျော်ပေ။ ဤသရုပ်သကန်သည် မည်သို့သော ပြဿနာမျိုးအောက်တွင် သက်ရောက်သနည်း။ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု ငါတို့ ဆိုလျှင် ယင်းသည် မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားခြင်းလော၊ လှည့်ဖြားတတ်ခြင်းလော သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းလော။ (ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပါ။) ယင်းသည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားနှင့်မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် ယင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းသည် လူ့သဘာဝ၏ ပြဿနာတစ်ခု ဖြစ်ပါသည်။) ယင်းသည် လူ့သဘာဝ၏ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ယင်းသည် အနည်းငယ် စည်းလွတ်ဘောင်လွတ်နိုင်ခြင်းလော။ (ဟုတ်ပါသည်။) ယင်းသည် မိမိကိုယ်ကို မလျော်ကန်စွာနှင့် စည်းလွတ်ဘောင်လွတ်နိုင်သည့် နည်းလမ်းဖြင့် ကျင့်ကြံပြုမူခြင်း၊ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းနှင့် မငြိမ်မသက်ဖြစ်ခြင်းတို့ ဖြစ်သည်။ မငြိမ်မသက် ဖြစ်ခြင်းသည် ပုံမှန်လူ့သဘာဝ ကင်းမဲ့ခြင်းကို ညွှန်ပြသည်။ ဤသည်မှာ အသိစိတ်နှင့် မသက်ဆိုင်ဘဲ အဓိကအားဖြင့် ပုံမှန်လူ့သဘာဝရှိ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို ထင်ဟပ်စေသည်။ ထိုသို့သောလူများသည် တာဝန်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ဆောင်နိုင် သို့မဟုတ် စည်းကမ်းလိုက်နာပြီး တာဝန်သိတတ်သည့် နည်းလမ်းဖြင့် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် လူကြီးများကဲ့သို့ အမှုအရာများကို မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့တွင် ရင့်ကျက်သော အတွေးအခေါ်၊ ရင့်ကျက်သော တစ်ကိုယ်ရေ ကျင့်ကြံပြုမူခြင်းပုံစံနှင့် ရင့်ကျက်သော အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့ ကင်းမဲ့နေသည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စရိုက်ဆိုင်ရာ ပြဿနာအဆင့်အထိ မမြင့်တက်သည်မှာ အမှန်ပင်ဖြစ်သော်လည်း မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းဆိုင်ရာ သဘောထားတစ်ခုနှင့် သက်ဆိုင်သည်။ အသစ်အဆန်းဖြစ်မှုနှင့် စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်း၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မတည်မြဲခြင်း၊ ဇွဲမရှိနိုင်ခြင်း၊ မငြိမ်မသက်ဖြစ်ပြီး မလျော်ကန်ခြင်း၊ စိတ်လှုပ်ရှားမှုများကို အစဉ်သဖြင့် ရှာဖွေလိုပြီး ဆန်းပြားသော အရာသစ်များကို စမ်းသပ်ကြည့်လိုခြင်း၊ ဤအမျိုးအစား၏ ကိစ္စရပ်များသည် လူ့သဘာဝ၏ ချို့ယွင်းချက်များအောက်တွင် သက်ရောက်သည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်သောလူများသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်၊ လူကြီးများက ထမ်းဆောင်သင့်သည့် တာဝန်များနှင့် အလုပ်ကို ၎င်းတို့အတွက် ထမ်းဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီး ယင်းက အသစ်အဆန်းဖြစ်မှုကို ဆုံးရှုံးသွားသည်နှင့် ၎င်းတို့သည် ယင်းကို ငြီးငွေ့ဖွယ်ရာဟု မြင်ကြပြီး ယင်းကို လုပ်ဆောင်ရန် စိတ်ဝင်စားမှု ကင်းမဲ့ကာ အသစ်အဆန်းဖြစ်မှုနှင့် စိတ်လှုပ်ရှားမှု ခံစားချက်ကို ရှာဖွေလိုကြသည်။ စိတ်လှုပ်ရှားမှုများမရှိဘဲ ၎င်းတို့သည် အမှုအရာများကို ငြီးငွေ့ဖွယ်ရာဟု ခံစားကြရပြီး ဝိညာဉ်ရေးရာ လစ်ဟာမှု ခံစားချက်ကိုပင် တွေ့ကြုံခံစားရနိုင်သည်။ ၎င်းတို့ ဤသို့ ခံစားရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် မငြိမ်မသက်ဖြစ်လာပြီး ၎င်းတို့သည် စိတ်လှုပ်ရှားမှုများ သို့မဟုတ် ၎င်းတို့ကို စိတ်ဝင်စားစေသည့်အရာများကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် ထူးထူးခြားခြား တစ်စုံတစ်ခုကို အဆက်မပြတ် လုပ်ဆောင်လိုကြသည်။ ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ် သို့မဟုတ် ကိုင်တွယ်နေသည့် ကိစ္စရပ်များကို ငြီးငွေ့ဖွယ်ရာ သို့မဟုတ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေ့ရှိသည့်အခါတိုင်း၊ ၎င်းတို့သည် ဆက်လက်လုပ်ဆောင်လိုသည့် လိုအင်ဆန္ဒကို ဆုံးရှုံးသွားကြသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အလုပ် သို့မဟုတ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည့်အလုပ် ဖြစ်နေလျှင်ပင် ၎င်းတို့ ဇွဲမရှိနိုင်ကြပေ။ ဘာသာတရားမရှိသူများကြားတွင် မူးယစ်ဆေးဝါးကို မကြာခဏ သုံးစွဲသူများစွာ ရှိပုံကို ကြည့်လော့။ ဤနောက်ကွယ်ရှိ အကြောင်းရင်းများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် စိတ်လှုပ်ရှားမှု ခံစားချက်ကို ရှာဖွေရန်နှင့် ပုံမှန်လူများ ပိုင်ဆိုင်သည့်အရာထက် ကျော်လွန်သော ဆင်ခြင်တုံတရားမဲ့သည့် ခံစားမှုများကို ရှာဖွေရန် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို နှစ်သက်ကြသည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်သောလူများသည် စိတ်လှုပ်ရှားမှုအတွက် မူးယစ်ဆေးဝါးကို မှီခိုအားထားသူများနှင့် ဆင်တူသည်။ ၎င်းတို့၏ ကျင့်ကြံပြုမူသည့် နည်းလမ်းတွင် ပုံမှန်လူများ၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြပြီး ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံကို ရွေးချယ်သည့်အခါ လက်တွေ့မကျဘဲ ထူးကဲသာလွန်သော ခံစားမှုများကို အစဉ်သဖြင့် လိုက်စားလိုကြသည်။ ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဤလူစားမျိုးတို့သည် အပြင်ပန်း၌ ကြီးမားသော ပြဿနာများမရှိဟု မကြာခဏဆိုသလို ထင်ရသည်။ သင်သည် ထိုသို့သောလူများကို မပိုင်းခြားနိုင်လျှင် သို့မဟုတ် ၎င်းတို့၏ အနှစ်သာရ သို့မဟုတ် ဤပြဿနာမျိုး၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်နိုင်လျှင် သင်က “ဤလူများသည် မတည်ငြိမ်သော စိတ်သဘောထားများသာ ရှိကြသည်၊ ၎င်းတို့သည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်တွင် ရှိနေကြသော်လည်း ကလေးများကဲ့သို့ မရင့်ကျက်သေးပေ” ဟု တွေးထင်ကောင်း တွေးထင်လိမ့်မည်။ အမှန်တကယ်တွင် အတွင်းပိုင်းနက်ရှိုင်းရာ၌ ဤလူစားမျိုးသည် စိတ်လှုပ်ရှားမှုများကို အဆက်မပြတ် ရှာဖွေကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့တွင် လူကြီးများ၏ အတွေးများနှင့် အသိတရားများအပြင် လူကြီးများက ကိစ္စရပ်များကို ကိုင်တွယ်သည့် ချဉ်းကပ်နည်းနှင့် သဘောထားတို့ ကင်းမဲ့နေသည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အလွန် ပြဿနာရှိသည်။ ၎င်းတို့၏ လူ့သဘာဝသည် မဆိုးကောင်း မဆိုးနိုင်သကဲ့သို့ ၎င်းတို့၏ စရိုက်သည်လည်း အထူးတလည် ယုတ်ညံ့ခြင်း မရှိနိုင်ပေ၊ သို့သော် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဤချို့ယွင်းချက်ကြောင့်၊ ၎င်းတို့အတွက် အရေးပါသောအလုပ်၊ အထူးသဖြင့် အချို့သော အရေးကြီးသည့် အလုပ်ကိစ္စများကို နိုင်နင်းစွာထမ်းဆောင်နိုင်ရန် အလွန်ခက်ခဲသည်။ သင်က ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့က “ကျွန်ုပ် အရာအားလုံးကို နားလည်ပါသည်၊ ကျွန်ုပ် မလုပ်နိုင်ခြင်းသာ ဖြစ်သည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ပုံမှန်လူများ၏ အတွေးအခေါ်များနှင့် သဘောထားများဖြင့် ကောင်းမွန်စွာနှင့် တာဝန်သိစွာ နေထိုင်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းတို့ကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အစဉ်သဖြင့် မငြိမ်မသက် ဖြစ်နေသည်။ ထိုသို့သော သရုပ်သကန်များရှိသည့် လူများသည်လည်း အလွန် ပြဿနာရှိသည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းဟူသည့် သရုပ်သကန်အပေါ် ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်ပါသည်။