ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၂

လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သော အရာမှတစ်ဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်ခြင်း (လက်ရွေးစင် ကျမ်းပိုဒ်)

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည် ကံဆိုးမှုများဖြင့် ပတ်ချာဝိုင်း ခံရသည့်အလား လူတိုင်းကို ခံစားရစေသည်။ သို့ရာတွင် ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် လူသားအပေါ် သူ ဆောင်ရွက်သော အမှုတော်အကြောင်းကို ငါပြောဆိုနေသည့်အချိန်တွင်၊ ယင်းက သင်တို့ကို မည်သို့ခံစားရစေသနည်း (အလွန်ပျော်ပါသည်။) ဘုရားသခင် လုပ်ဆောင်သော အရာအားလုံး၊ လူသားအတွက် ပင်ပန်းကြီးစွာ သူ စီစဉ်သမျှအားလုံးသည် အပြစ်ဆိုစရာမရှိသည်ကို ငါတို့ ယခု မြင်နိုင်သည်။ ဘုရားသခင် ပြုလုပ်သမျှ အရာတိုင်းသည် အမှားအယွင်း ကင်းကာ၊ အပြစ်အနာအဆာ ကင်းသည့်သဘောဖြစ်ပြီး၊ မည်သူကမျှ ပြုပြင်ပေးရန်၊ အကြံပေးရန် သို့မဟုတ် ပြောင်းလဲမှုများ တစ်ခုတစ်လေ ပြုလုပ်ရန် မလိုအပ်ပေ။ တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် သံသယရှိစရာ မလိုအပ်ပေ။ သူသည် လူတိုင်းကို လက်ဆွဲခေါ်ကာ ဦးဆောင်ပြီး၊ သင့်အား ကုန်လွန်သွားသည့် အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးနှင့် ဤကဲ့သို့သော နောက်ခံမျိုးတွင် ကြီးပြင်းသည်နှင့်အမျှ၊ လူတို့သည် အမှန်တွင် ဘုရားသခင်၏ လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဆုံးရှုံးခြင်း အသိစိတ်တစ်ခုကို ယခုတွင် ခံစားနေကြ ရသေးသလော။ တစ်ဦးတစ်ယောက်သည် စိတ်ပျက် အားငယ်မိသေးသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စွန့်ပစ်သွားပြီဟု တစ်ယောက်ယောက်က ခံစားရသလော (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို အတိအကျ လုပ်ဆောင်ပြီးဖြစ်သနည်း။ (လူသားမျိုးနွယ်ကို ဆက်လက် ဂရုစိုက်ပြီးဖြစ်သည်။) ဘုရားသခင် လုပ်ဆောင်သော အရာရာထဲတွင် ဘုရားသခင်ထားသည့် ကြီးစွာသော အတွေးနှင့် ဂရုစိုက်မှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ ထို့အပြင် သူ၏ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် အစဉ်အမြဲ အကြွင်းမဲ့ လုပ်ဆောင် လေသည်။ သင့်အနေဖြင့် သူ့အား နက်နက်နဲနဲ ကျေးဇူးတင်မိစေရန်အလို့ငှာ သင့်အတွက် သူ ပေးဆပ်ခဲ့သော အဖိုးအခကို သင်တို့ထဲမှ မည်သူကမျှသိဖို့ သူ လုံးဝ မတောင်းဆိုဖူးပေ။ ဘုရားသခင်သည် ဤအရာကို သင့်အား တောင်းဆိုဖူးပါသလော။ (မတောင်းဆိုဖူးပါ။) လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မပြတ် စူးစိုက်ကြည့် နေသောကြောင့် ဖြစ်သည်။ သင့်ကို ဘေးဒုက္ခရိုက်ခတ်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ဤအရာ၌ စာတန် အကြိုက်တွေ့ လေသည်။ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်၏ ကွန်ယက်တွင် သင် ငြိတွယ်ခံရသည့်အခါတွင်၊ ဤအရာများမှ ကြီးစွာသော ပျော်ရွှင်မှုကို စာတန်က ရယူလေသည်။ ဘုရားသခင် လုပ်ဆောင်နေသည့် အရာအတွက်မူ၊ သူသည် သင့်အား ကုန်လွန်သည့်အချိန်တိုင်းတွင် ကာကွယ် ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီး တစ်ခုမှ လည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီး တစ်ခုမှ လည်းကောင်း သင့်ကို ထိန်းကျောင်းပေးနေ၏။ ဤသည်မှာ လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် အမှန်တွင် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်ဟု ငါက ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြကာ ဆုံးဖြတ်ပေး၏။ သို့ရာတွင် ဘုရားသခင်သည် အချို့သောလူတို့ ပြောသကဲ့သို့ သူ၏ အနေအထားအပေါ် ကြီးကျယ်သော အယူအဆတစ်ခု ရှိပါသလော။ “ငါသည် အရာအားလုံး၏ အကြီးမြတ်ဆုံး ဖြစ်သည်။ သင်တို့ကို ကွပ်ကဲသည်မှာ ငါဖြစ်၏။ သင်တို့အားလုံးသည် သက်ညှာမှုအတွက် ငါ့ကို တောင်းခံကြရမည်ဖြစ်ပြီး၊ မနာခံမှုသည် သေခြင်းဖြင့် ပြစ်ဒဏ်ပေးခံရမည်” ဟူ၍ သင့်အား ဘုရားသခင် ထုတ်ဖော်ပြောဆို ပါသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤနည်းလမ်းမျိုးဖြင့် ခြိမ်းခြောက်ဖူးပါသလော (မခြိမ်းခြောက်ဖူးပါ။) “လူသားမျိုးနွယ်သည် ပျက်စီး နေသောကြောင့်၊ ၎င်းတို့ကို ငါမည်သို့ဆက်ဆံသည်မှာ အရေးမကြီးသကဲ့သို့၊ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ ဆက်ဆံခံရနိုင်၏။ ငါသည် ၎င်းတို့အတွက် ကောင်းမွန်သော စီစဉ်မှုများ ပြုလုပ်ရန် မလိုအပ်။” ဟု သူပြောဖူးပါသလော။ ဘုရားသခင်သည် ဤသို့စဉ်းစား ပါသလော။ ဘုရားသခင်သည် ဤနည်းဖြင့် ပြုမူဖူးပါသလော (မပြုမူဖူးပါ။) ဆန့်ကျင်ဖက် အနေဖြင့်၊ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် ဘုရားသခင်၏ ဆက်ဆံမှုသည် လေးနက်၍ တာဝန်ယူမှုရှိ၏။ သင့်ကိုယ်သင် သဘောထားသည် ထက်ပင် ဘုရားသခင်က သင့်ကို သာ၍ တာဝန်ယူမှုရှိစွာ ဆက်ဆံ၏။ ဤသို့မဟုတ်ပေသလော။ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ပြောဆိုခြင်း မရှိသလို၊ သူ၏ ချီးမြှောက်ခံရသည့် အနေအထားကို ဟန်မထုတ်ပေ သို့မဟုတ် လူတို့ကို ပေါ့ပေါ့ဆဆ မလှည့်ဖြားပေ။ ယင်းအစား သူကိုယ်တိုင် ပြုရန် လိုအပ်သောအရာတို့ကို ရိုးသားစွာနှင့် တိတ်ဆိတ်စွာ လုပ်ဆောင်လေသည်။ ဤအရာတို့သည် လူသားထံသို့ ကောင်းချီးများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ဆောင်ကြဉ်း၏၊ ၎င်းတို့သည် လူသားကို ဘုရားသခင်၏ မြင်ကွင်းနှင့် သူ၏မိသားစုထဲသို့ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ပို့ဆောင်ပေး၏။ ထို့နောက် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ပြီး ပုံမှန် ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏အမှုတွင် လူသားနှင့်ပတ်သက်၍ တမင်လှည့်စားဖူးပါသလော။ သူသည် လူသားအား ပထမဦးစွာ စကားအနည်းငယ်ဖြင့် အရူးလုပ်ပြီး၊ ထို့နောက် သူ့ကို ကျောခိုင်းကာ အတုအယောင် ကြင်နာမှုကို ပြသဖူးသလော (မပြသဖူးပါ။) ဘုရားသခင်သည် ပြောတော့တစ်မျိုး၊ လုပ်တော့ တခြားဖြစ်ဖူးသလော။ ဘုရားသခင်သည် အနှစ်မရှိသော ကတိတို့ကို ပေးကာ၊ သူသည် ၎င်းတို့အတွက် ဤအရာအား လုပ်ပေးနိုင်သည် သို့မဟုတ် ထိုအရာအား ၎င်းတို့အတွက် ကူညီပေး နိုင်သည်ဟု ပြောလျက် ကြွားဝါသော်လည်း၊ ယင်းနောက်တွင် ပျောက်ကွယ်သွားဖူးသလော (မပျောက်ကွယ်ဖူးပါ။) ဘုရားသခင်ထံ၌ မည်သည့် လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်း၌ စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ သူသည် လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့ရှိသမျှ အရာတိုင်းကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ ဘုရားသခင်၌ မည်သည့်လှည့်စားမှုမျှ မရှိသည့်အတွက်၊ ဘုရားသခင်သည် အစစ်မှန်ဆုံးဖြစ်သည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) ငါတို့ဆိုနိုင်သည်မှာ ဟုတ်ပေ၏။ “စစ်မှန်သော” ဟူသည့် စကားသည် အလွန်အားနည်းသော်လည်း၊ ဘုရားသခင်အဖို့ သုံးသည့်အခါ အလွန်လူသားဆန်သော်လည်း၊ ငါတို့ သုံးဖို့အတွက် မည်သည့် အခြားသော စကားလုံး ရှိသနည်း။ လူသားဘာသာစကား၏ ကန့်သတ်ချက်မှာ ထိုသို့ဖြစ်၏။ ဘုရားသခင်ကို “စစ်မှန်သည်” ဟု ခေါ်ဆိုခြင်းသည် အတော်အတန် မသင့်လျော်သော်လည်း၊ လောလောဆယ်တွင်မူ ဤစကားလုံးကို ငါတို့ အသုံးပြုသွားမည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံကာ၊ စစ်မှန်၏။ သို့ဆိုလျှင် ငါတို့သည် ဤသွင်ပြင်လက္ခဏာတို့ကို ပြောဆိုသည့်အခါ မည်သည့်အရာကို ငါတို့ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ငါတို့သည် ဘုရားသခင်နှင့် လူသားကြား၊ ဘုရားသခင်နှင့် စာတန်ကြား ခြားနားမှုများကို ရည်ညွှန်းနေခြင်း ဖြစ်သလော။ ဟုတ်ပေ၏၊ ထိုသို့ ငါတို့ဆိုနိုင်၏။ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှ မမြင်ရသောကြောင့် ဖြစ်လေသည်။ ငါသည် ဤသို့ ပြောရာ၌ မှန်ကန်ပါ၏လော။ အာမင်။ (အာမင်။) ငါတို့သည် ဘုရားသခင်၌ စာတန်၏ ဆိုးယုတ်မှုတစ်ခုမျှ ထုတ်ဖော်ပြသည်ကို မမြင်ရပေ။ ဘုရားသခင် လုပ်ဆောင်ကာ ထုတ်ဖော်ပြသမျှအားလုံးသည် လုံးလုံးအကျိုးပြုပြီး လူကို ကူညီမစ၏၊ လူသားကို ထောက်ပံ့ပေးရန် လုံးလုံးလျားလျား လုပ်ဆောင်ထားခြင်း ဖြစ်သည်၊ အသက်နှင့် ပြည့်ဝပြီး လူသားအတွက် လိုက်လျှောက်ရန် လမ်းတစ်ခုနှင့် လျှောက်လှမ်းရမည့် ဦးတည်ချက်တစ်ခုကို ပေး၏။ ဘုရားသခင်သည် ပျက်စီးခြင်းမရှိသည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်သော အရာရာတိုင်းကို ယခု ကြည့်သောအခါ၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သလော (ဆိုနိုင်ပါသည်။) ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပျက်စီးခြင်း တစ်ခုမျှ မရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သို့မဟုတ် စာတန်၏အနှစ်သာရနှင့် ဆင်တူသောအရာတစ်ခုမျှ မရှိသလို၊ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ဤအရာများနှင့် တူညီမှုတစ်ခုတစ်လေ မပါရှိသည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကိုမျှ ထုတ်ဖော် မပြသကဲ့သို့၊ သူ၏ အမှုတော်၌ရှိသည့် သူ၏ကိုယ်ပိုင် အနှစ်သာရကို ထုတ်ဖော်ခြင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သန့်ရှင်းကြောင်းကို အတည်ပြုခြင်း သက်သက်ဖြစ်သည်။ ဤအရာကို သင်တို့ မြင်ကြသလော။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို သိရန်၊ ယခု ဤလက္ခဏာနှစ်ရပ်ကို ကြည့်ကြပါစို့- ၁) ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှမရှိ။ ၂) လူသားအပေါ်ပြုသော ဘုရားသခင် အမှုတော်၏ အနှစ်သာရသည် လူသားအား ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရကို မြင်ခွင့်ပေးပြီး၊ ဤအနှစ်သာရသည် လုံးလုံးလျားလျား အပြုသဘောဆောင်၏။ ဘုရားသခင် အမှုတော်၏ အစိတ်အပိုင်းတိုင်းက လူသားထံ ယူဆောင်ပေးသည်များမှာ အပြုသဘောဆောင် ကြသည်သာ ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် လူသားကို ရိုးသားရန် တောင်းဆိုသည်- ဤသည်မှာ အပြုသဘောဆောင်သည့်အရာ မဟုတ်သလော။ ဘုရားသခင်သည် လူသားကို ဉာဏ်ပညာပေး၏- ဤသည်မှာ အပြုသဘောမဆောင်သလော။ ဘုရားသခင်သည် လူသားအား အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်စေသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူ့ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို နားလည်ခွင့်ပေးသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ အနှစ်သာရကို သမ္မာတရား နှင့်အညီ ထွင်းဖောက်သိစေ၏— ဤသည်မှာ အပြုသဘော မဆောင်သလော (အပြုသဘောဆောင်ပါသည်။) ဤအရာအားလုံး၏ အကျိုးရလဒ်မှာ လူသားသည် စာတန်၏ လှည့်စားခြင်းကို မခံရတော့၊ စာတန်၏ အန္တရာယ်ပြုခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆက်၍ မခံရတော့ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဤအရာတို့သည် လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ မိမိတို့ကိုယ်ကိုယ် လုံးလုံး လွတ်မြောက်ခွင့်ပေး၏၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းလမ်းကို တဖြည်းဖြည်း လျှောက်လှမ်းကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၅

ထိုအချိန်က ယုဒအမျိုးသား အားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး ဟေရှာယ၏ သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၈

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၄

ရူပါရုံများတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများ များစွာပါဝင်သည်။ လူသားတောင်းဆိုသော လက်တွေ့ကျသည့် တောင်းဆိုချက်များသည် လူသားသိသင့်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၇

လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြီးလျှင် သူ ပြုလုပ်ခဲ့သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။