စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

အမှန်အားဖြင့် ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့အနေဖြင့် စာတန်ကို စွန့်လွှတ်ရန်၊ ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲဖြစ်သော အဆိုပါတရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ တရားစီရင်ခြင်းအားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက်အကြောင်း သိလာမည်၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကိုလည်း သိလာပြီး၊ စာတန်၏ ဖျက်စီးခြင်း ခံထားရသော ဤလူသားတို့အကြောင်း သိလာမည် ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး သာ၍များလေလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေဖြစ်ပြီး၊ သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်မှာ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များကို နိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ၊ သူ၏ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီ၊ သူသည် ကောင်းကင်ဘုံရှိကြောင်းကို မသိ၊ ဘုရားသခင်တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူမသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း မည်သို့သိမည်နည်း။ စာတန်ဖျက်ဆီးခြင်း ခံထားရသည့် သူ၏ပုပ်စပ်သော ဤအသေကောင်သည် သေမင်း၏ မရဏနိုင်ငံသို့ ကျရောက်နေကြောင်း သူမည်သို့သိမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်ကြောင်း သူမည်သို့သိမည်နည်း။ ထို့အပြင် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူမည်သို့သိမည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်ပင်၊ သူတို့၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး၊ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန်ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း၊ ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးပေးသည့်အရာဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ရှိလာမည် မဟုတ်ဘဲ၊ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်ခြေရှိမည် မဟုတ်ပါ။ အကယ်၍ ဤအမှုကြောင့်သာ မဟုတ်လျှင်၊ လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ်ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏာနိုင်ငံမှ ရုန်းထွက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန်အလို့ငှာ သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး၊ ထိုသို့ပြုသည့်အခါမှ သင်တို့၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နိုးထနိုင်ပါလိမ့်မည်။

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ ထိုအရာများသည် သင်တို့၏ စိတ်နှလုံးကို အမြဲတစေ အလွန်ထိန်းချုပ်ထားသဖြင့် သင်တို့သည် ပဒေသရာဇ်ဆန်ပြီး ကျဆင်းယိုယွင်းသော အဆိုပါ အတွေးအခေါ်များ၏ ထမ်းပိုးကို စွန့်ပစ်နိုင်စွမ်း မရှိကြ။ သင်တို့သည် သင်တို့၏ လက်ရှိအခြေအနေကို ပြောင်းလဲရန်နှင့် မှောင်မိုက်၏ လွှမ်းမိုးမှုထဲမှ လွတ်မြောက်ရန် မတမ်းတကြ။ သင်တို့သည် ထိုအရာများ၏ ချည်နှောင်ခြင်းကိုသာ ခံကြရသည်။ ယင်းကဲ့သို့သော အသက်တာသည် အလွန်နာကျင်ကြောင်းနှင့် ယင်းကဲ့သို့သော လောကသည် အလွန်မှောင်မိုက်ကြောင်းကို သင်တို့သိလျှင်ပင် ထိုအသက်တာမျိုးကို ပြောင်းလဲရန် ရဲစွမ်းသတ္တိရှိသူ တစ်ဦးတစ်ယောက်မျှ သင်တို့ထဲ၌ အလျှင်းမရှိ။ သင်တို့သည် ဤစစ်မှန်သည့်ဘဝမျိုးမှ လွတ်မြောက်ရန်၊ သင်တို့၏ စိတ်ဝိညာဉ်ကို တမလွန်၌ အပြစ်ကြွေး သန့်စင်ပေးရာဘုံမှ လွတ်ရန်နှင့် ကောင်းကင်ဘုံကဲ့သို့ ငြိမ်သက်ပျော်ရွင်ဖွယ် ပတ်ဝန်းကျင်တစ်ခုအတွင်း အသက်ရှင်ရန်သာ တောင့်တမျှော်လင့်နေကြသည်။ သင်တို့သည် သင်တို့၏ လက်ရှိအသက်တာကို ပြောင်းလဲရန်အတွက် ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန် ဆန္ဒမရှိကြ၊ ဤကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲမှ သင်တို့ဝင်ရောက်သင့်သော အသက်တာကို ရှာဖွေရန်လည်း သင်တို့ဆန္ဒမရှိကြ။ ထိုသို့ဆန္ဒရှိရမည့်အစား သင်တို့သည် လက်တွေ့မကျသော အိပ်မက်များထဲ၌ ဇာတိပကတိအလွန် လှပသည့် ကမ္ဘာအကြောင်းကိုသာ လုံးလုံးစိတ်ကူးယဉ် အိပ်မက်မက် နေကြသည်။ သင်တို့တောင့်တသော အသက်တာမှာ နာကျင်မှု တစ်စုံတစ်ခုကိုမျှ မခံစားရဘဲ မပင်မပန်း ရယူနိုင်သော အသက်တာ ဖြစ်သည်။ လုံးဝ လက်တွေ့မဆန်လိုက်လေစွ။ အဘယ်ကြောင့် ဆိုသော် သင်တို့မျှော်လင့်သည့်အရာမှာ အဓိပ္ပာယ်ရှိသောဘဝကို သွေးသား ခန္ဓာဖြင့် အသက်ရှင်နေထိုင်ရန်နှင့် ဘဝလမ်းခရီးထဲ လျှောက်လှမ်းစဉ် သမ္မာတရားကိုရရန်၊ တစ်နည်းအားဖြင့်ဆိုပါက သမ္မာတရားအတွက် အသက်ရှင်ရန်နှင့် တရားမျှတမှုအတွက် ရပ်တည်ရန် မဟုတ် သောကြောင့် ဖြစ်သည်။ ဤအသက်တာကို ထွန်းလင်း ပြောင်မြောက်သော အသက်တာဟူ၍ သင်တို့မှတ်ယူလိမ့်မည်မဟုတ်။ ဤအသက်တာသည် မက်မောဖွယ်ကောင်းသော အသက်တာ၊ သို့မဟုတ် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်လိမ့်မည်မဟုတ်ဟု သင်တို့ ထင်ကြသည်။ သင်တို့အမြင်တွင် ယင်းအသက်တာမျိုးကို ရှင်သန်ရခြင်းကို မတရားမှုတစ်ခုအဖြစ် ခံစားရပေလိမ့်မည်။ ဤပြစ်တင်ဆုံးမခြင်းကို သင်တို့ယနေ့လက်ခံ သော်လည်း သင်တို့လေ့လာလိုက်စားနေသောအရာမှာမူ သမ္မာတရားကို ရရန်၊ သို့မဟုတ် ပစ္စုပ္ပန်တွင် သမ္မာတရားဖြင့် အသက်ရှင်ရန်မဟုတ်ဘဲ သွေးသားခန္ဓာ ပျက်စီးပြီးနောက်ပိုင်း ပျော်ရွှင်ဖွယ်ရာအသက်တာထဲ ဝင်ရောက်နိုင်ရန်သာဖြစ်သည်။ သင်တို့သည် သမ္မာတရားကို ရှာဖွေနေခြင်း မဟုတ်၊ သမ္မာတရားအတွက် ရပ်တည်နေခြင်းလည်း မဟုတ်သည့်အပြင် သင်တို့သည် သမ္မာတရားအတွက် ဖြစ်တည် နေခြင်းလည်း မဟုတ်။ ယနေ့ သင်တို့သည် ဝင်ရောက်ရန် လုပ်ဆောင်နေရမည့်အစား “နေ့ရက် တစ်ရက်” အကြောင်း အမြဲတွေးလျက်၊ ကောင်းကင်ပြာကြီးကို ငေးကြည့်လျက်၊ ခါးသီးသော မျက်ရည်များကျပြီး ကောင်းကင်ဘုံသို့ တစ်နေ့နေ့တွင် အခေါ်ဆောင် ခံရရန် မျှော်လင့်လျက်နေကြသည်။ ထိုသို့သော သင်တို့၏အတွေးသည် မတွေးခင်ကတည်းက လက်တွေ့ဘဝနှင့် မအပ်စပ်ကြောင်းကို သင်တို့မသိကြသလော။ မကုန်ဆုံးနိုင်သော သနားခြင်းကရုဏာနှင့် အကြင်နာမေတ္တာရှိသော ကယ်တင်ရှင်သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မလွဲမသွေ ကြွလာပြီး ဤလောက၏အခက်အခဲနှင့် ဒုက္ခဆင်းရဲတို့ကို သည်းခံခဲ့သော သင့်အား သူနှင့်အတူ ခေါ်ဆောင်သွားမည်၊ မတရားဖိနှိပ်ခံခဲ့ရပြီး ချုပ်ချယ်ခံခဲ့ရသော သင့်အတွက် မလွဲမသွေ လက်တုံ့ပြန်ပေးလိမ့်မည်ဟု သင်တွေးမြဲတွေးနေသည်။ သင်သည် အပြစ်တရားနှင့် ပြည့်နှက်နေသည် မဟုတ်လော။ ဤလောကထဲတွင် ဒုက္ခဆင်းရဲ ခံခဲ့ရသောသူမှာ သင်တစ်ယောက်တည်းသာ ရှိသလော။ သင်သည် စာတန်၏အုပ်စိုးမှုအောက်သို့ သင့်ကိုယ်သင် ကျရောက်စေခဲ့ပြီး ဒုက္ခဆင်းရဲ ခံနေရသည်၊ ဘုရားသခင်အနေဖြင့် သင့်ကို အပြစ်ဒဏ်ခတ်ရန်အတွက် အမှန်တကယ် လိုအပ်သလော။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိသောသူများ အားလုံးသည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို မယုံကြည်သော သူများသည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ သင်၏ ကောင်းသောအကျင့်များသည် မည်သည်အတွက် အရေးပါသနည်း။ ထိုအကျင့်များသည် ဘုရားသခင်အား ကိုးကွယ်သော စိတ်နှလုံး၏နေရာကို အစားထိုးနိုင်သလော။ ကောင်းသောအမှုများကို ပြုရုံသက်သက်ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်မရနိုင်၊ ထို့အပြင် သင့်အနေဖြင့် မတရားဖိနှိပ်ချုပ်ချယ်ခံခဲ့ရသည်ဆိုရုံမျှနှင့် သင့်အပေါ် ပြုခဲ့ကြသည့် မတရားမှုများအတွက် ဘုရားသခင်က လက်တုံ့ပြန်ပေးမည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိဘဲ ကောင်းသောအမှုများကို ပြုသောသူများ အားလုံးသည်လည်း ပြစ်တင်ဆုံးမခြင်းကို ခံကြရသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှသာ ယုံကြည်သည်၊ သင့်အပေါ် သူတစ်ပါးပြုခဲ့သော မတရားမှုများကို ဘုရားသခင်က တရားသဖြင့် ပြုပေးရန်နှင့် လက်တုံ့ပြန်ပေးရန်သာ သင်အလိုရှိသည်၊ ထို့အပြင် သင်၏ဒုက္ခဝေဒနာထဲမှ လွတ်မြောက်ရန်အတွက် ထွက်ပေါက်တစ်ခုကို ဘုရားသခင်ပြင်ဆင်ပေးရန် သင်အလိုရှိသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို အာရုံပြုရန် ငြင်းဆန်သည်သာမက သမ္မာတရားဖြင့် အသက်ရှင်ရန် ဆာငတ်ခြင်းလည်း သင်၌မရှိ။ ခက်ခဲပြီး ဗလာနတ္တိဖြစ်နေသော ဤအသက်တာထဲမှ လွတ်မြောက်နိုင်စွမ်း သင်၌သာ၍မရှိ။ ထိုအစား သင်၏အသက်တာကို သွေးသားဇာတိဖြင့် လည်းကောင်း၊ အပြစ်တရားနှင့်ပြည့်သော အသက်တာဖြင့် လည်းကောင်း အသက်ရှင်နေစဉ်ပင် သင်၏နစ်နာချက်များကို အမှန်ပြင် ကုစားပေးရန်နှင့် သင့်ဘဝထဲ အုံ့ဆိုင်းနေသော မြူမှိုင်းကို ခွင်းပေးရန် ဘုရားသခင်အား မျှော်လင့်တကြီး သင်ကြည့်သည်။ ဤအရာသည် မည်ကဲ့သို့ဖြစ်နိုင်ခြေရှိမည်နည်း။ အကယ်၍ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် သင်လိုက်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်၌ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်မှု ရှိပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပေါ်လွင်ထင်ရှားစေသောသူတစ်ဦး ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ပြုပေးမည်မှာ သေချာသည်၊ မိမိကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လိမ်လည်လှည့်ဖြားမှုများကိုခံရသည့် သားကောင်ဖြစ် သွားသော သူများကိုမူ တရားသဖြင့် မပြုပေးချေ။ သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် အကြင်နာတရား မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်းတရား မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းတရားနှင့် ကြင်နာခြင်း တရားတို့သည် သမ္မာတရားနှင့် နှီးနွှယ်နေကြသည် မဟုတ်လော။ ထိုတရားတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများ အတွက် သိုမှီးထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်မရှင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်သည် အဘယ်သို့သောသူ ဖြစ်သနည်း။

အကယ်၍ သင်သည် အဆိုပါမှောင်မိုက်၏ လွှမ်းမိုးမှုများထဲမှ လွတ်မြောက်နိုင်ပြီး အဆိုပါမစင်ကြယ်သောအရာများနှင့် သင့်ကိုယ်သင် ကွာရှင်းနိုင်ပါက၊ အကယ်၍ သင်သည် သန့်ရှင်းသောသူ ဖြစ်လာနိုင်ပါက၊ ၎င်းသည် သင်၌ သမ္မာတရားရှိကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းသည် သင်၏သဘာဝဗီဇ ပြောင်းလဲသွားမည်ဟု မဆိုလိုဘဲ သင်သည် သမ္မာတရားဖြင့် လက်တွေ့အသက်ရှင်နိုင်စွမ်းရှိပြီး ဇာတိပကတိကို စွန့်လွှတ်နိုင်စွမ်း ရှိမည်ဟူ၍သာ ဆိုလိုသည်။ ဤအရာသည် သန့်ရှင်းစေခြင်းကို ခံရပြီးသောသူများ၌ ရှိသောအရာ ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်မှာ သမ္မာတရားကို လူသားတို့ ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ယခုအခါ သမ္မာတရားကို အလွန်အနည်းငယ်မျှသာ နားလည်ကြခြင်းကြောင့် ဖြစ်သည်။ ဤလူတို့အပေါ် သိမ်းပိုက်သော အလုပ်ကို လုပ်ရန်မှာ အလွန့်အလွန် အရေးပါသည်။ သင်တို့သည် မှောင်မိုက်၏ လွှမ်းမိုးမှုအောက်သို့ လုံးလုံးလျားလျား ကျရောက် လျက်နေပြီး အလွန့်အလွန် ထိခိုက်နစ်နာလျက် ရှိကြသည်။ ထို့ကြောင့် ဤအလုပ်၏ ရည်မှန်းချက်မှာ လူ့သဘာဝဗီဇကို သင်တို့သိစေရန် လုပ်ပေးခြင်းဖြစ်ပြီး ထိုသို့သိခြင်းအားဖြင့် သမ္မာတရားဖြင့် အသက်ရှင်နိုင်စေရန် ဖြစ်သည်။ စုံလင်အောင်ပြုခံရခြင်းအဖြစ်သည် ဖန်ဆင်းခံသတ္တဝါအားလုံး လက်ခံသင့်သော အရာတစ်ခုဖြစ်သည်။ အကယ်၍ ဤအဆင့်၏ အလုပ်တွင် လူတို့အား စုံလင်ခြင်းသို့ ရောက်စေခြင်းသာ ပါဝင်ပါက ၎င်းကို အင်္ဂလန်၊ သို့မဟုတ် အမေရိက၊ သို့မဟုတ် အစ္စရေးတွင် လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သည်၊ ၎င်းကို တိုင်းနိုင်ငံတစ်ခုခုရှိ လူတို့အပေါ်တွင် လုပ်ဆောင်နိုင်ခဲ့မည် ဖြစ်သည်။ သို့သော်လည်း သိမ်းပိုက်ခြင်းအလုပ်မှာ သီးသန့်ရွေးချယ်ပြီး လုပ်သောအလုပ်ဖြစ်သည်။ သိမ်းပိုက်သော အလုပ်၏ ပထမအဆင့်မှာ ရေတိုဖြစ်သည်၊ ထို့အပြင် စာတန်အား အရှက်ရစေရန်နှင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ရန် ၎င်းအဆင့်ကို အသုံးပြုသွားမည် ဖြစ်သည်။ ဤအရာသည် သိမ်းပိုက်ခြင်းအမှု၏ ကနဦးအလုပ် ဖြစ်သည်။ စုံလင်အောင် ပြုခံရခြင်းဆိုသည်မှာ ရေရှည်ပြောင်းလဲပြီးသည့်အခါမှသာ ရနိုင်သောအရာဖြစ်သောကြောင့် ဘုရားသခင်ကို ယုံကြည်သော ဖန်ဆင်းခံမည်သူမဆို စုံလင်ခြင်းသို့ ရောက်နိုင်သည်ဟု ဆိုနိုင်၏။ သို့သော်လည်း အသိမ်းပိုက်ခံရခြင်း ဆိုသည်မှာမူ ကွဲပြားသည်။ သိမ်းပိုက်ရန်အတွက် နမူနာနှင့် စံပြပုံစံဖြစ်သောသူမှာ အဝေးဆုံးတွင် နောက်ကျကျန်ရစ်နေသောသူ၊ အနက်ဆုံးသော မှောင်မိုက်ထဲတွင် အသက်ရှင်သောသူ၊ အဆင့်အတန်း အနိမ့်ကျဆုံးသောသူ၊ ဘုရားသခင်ကို လက်ခံရန် ဆန္ဒမရှိဆုံးသောသူနှင့် ဘုရားသခင်အား နာခံခြင်း မရှိဆုံးသောသူဖြစ်သည်။ ဤသို့သော လူသည် သိမ်းပိုက်ခံရကြောင်းကို သက်သေခံနိုင်သော လူအမျိုးအစားဖြစ်သည်။ သိမ်းပိုက်သော အလုပ်၏ အဓိကရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန် ဖြစ်သည်။ သို့သော်လည်း လူတို့ကို စုံလင်စေခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့ကို ရယူရန်ဖြစ်သည်။ ၎င်းမှာ အသိမ်းပိုက်ခံရပြီးသည့် နောက်ပိုင်းတွင် ထိုသိမ်းပိုက်သော အလုပ်ကို ဤနေရာ၊ သင်တို့ကဲ့သို့သော လူများအပေါ်၌ နေရာချထားပြီး ဖြစ်ကြောင်းကို လူတို့ သက်သေခံတတ်စေရန် ဖြစ်သည်။ ရည်မှန်းချက်မှာ အသိမ်းပိုက်ခံရပြီးသည့်နောက်တွင် လူတို့ကို သက်သေခံခိုင်းရန် ဖြစ်သည်။ အသိမ်းပိုက်ခံရသော အဆိုပါလူတို့ကို အသုံးပြုကာ စာတန်အား အရှက်ရစေမည့် ရည်ရွယ်ချက်ကို ပြည့်မြောက်စေမည်။ ထိုသို့ဖြစ်လျှင် အဓိကသိမ်းပိုက်သည့်နည်းလမ်းမှာ အဘယ်နည်း။ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ကျိန်ခြင်းအမင်္ဂလာများ ပယ်ရှားခြင်းနှင့် ထုတ်ဖော်ခြင်း- ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် လူတို့အကြွင်းမဲ့ လက်ခံယုံကြည်လာကြစေရန်အလို့ငှာ ၎င်းတို့ကို သိမ်းပိုက်ရန်အတွက် ဖြောင့်မတ်သော စိတ်သဘောထားကို အသုံးပြုခြင်းတို့ဖြစ်သည်။ လူတို့ကို သိမ်းပိုက်ရန်နှင့် ၎င်းတို့ကို အပြည့်အဝ သိမ်းသွင်းရန်အတွက် နှုတ်ကပတ်တော်၏ လက်တွေ့ဆန်ခြင်းကို အသုံးပြုခြင်းနှင့် နှုတ်ကပတ်တော်၏ အခွင့်အာဏာကို အသုံးပြုခြင်းသည် သိမ်းပိုက်ခံရခြင်းကို ဆိုလိုခြင်းဖြစ်၏။ စုံလင်အောင် ပြုခံရပြီးသောသူများသည် သိမ်းပိုက်ခံရပြီးနောက်တွင် နာခံခြင်း ရှိနိုင်ကြသည်သာမက တရားစီရင်ခြင်းအမှုကိုလည်း သိနိုင်ကြသည်၊ ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းလည်း ရှိကြ၍ ဘုရားသခင်ကိုလည်း သိနိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးသောလမ်းကို တွေ့ကြုံခံစားပြီး သမ္မာတရားဖြင့်လည်း ပြည့်ဝကြ၏။ ဘုရားသခင်၏အလုပ်ကို မည်ကဲ့သို့ ကိုယ်တွေ့ခံစားရ မည်ကို ၎င်းတို့သိကြပြီး ဘုရားသခင်အတွက် ဝေဒနာခံနိုင်စွမ်းရှိကာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိကြသည်။ စုံလင်အောင်ပြုခံရ ပြီးသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ခံစားခဲ့ကြရ သည့်အတွက် သမ္မာတရားကို အမှန်တကယ် သိနားလည်သောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို သိသော်လည်း သမ္မာတရား၏ အဓိပ္ပာယ်အစစ်အမှန်ကို လက်မခံကြ သေးသောသူများဖြစ်သည်။ သိမ်းပိုက်ခံရပြီးနောက်တွင် ၎င်းတို့နာခံ ကြသည်၊ သို့သော်လည်း ၎င်းတို့၏ နာခံခြင်းမှာ ၎င်းတို့ခံစားခဲ့ရသော တရားစီရင်ခြင်း၏ ရလဒ်ကြောင့်သာ လုံးလုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာ၏ အဓိပ္ပာယ်အစစ်အမှန်ကို လုံးဝသိနားလည်ခြင်း မရှိကြ။ ၎င်းတို့သည် သမ္မာတရားကို နှုတ်ဖြင့် ဝန်ခံကြသော်လည်း သမ္မာတရားထဲ ဝင်ရောက်ခြင်း မရှိကြသေး၊ ၎င်းတို့သည် သမ္မာတရားအကြောင်း နားလည်သဘောပေါက်သော်လည်း သမ္မာတရားကို အမှန်တကယ် မတွေ့ကြုံကြရသေးချေ။ စုံလင်အောင် ပြုခံရသောသူတို့အပေါ် ပြုသောအလုပ်တွင် ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်ခြင်းများနှင့်အတူ အသက်အထောက်အမတို့ ပါဝင်သည်။ သမ္မာတရားထဲ ဝင်ရောက်ခြင်းကို တန်ဖိုးထားသောသူတစ်ဦးသည် စုံလင်အောင်ပြုခြင်းကို ခံရမည့်သူတစ်ဦးဖြစ်သည်။ စုံလင်အောင်ပြုခြင်းကို ခံရမည့်သူနှင့် သိမ်းပိုက်ခံရသူတို့၏ ကွာခြားချက်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ သမ္မာတရားကို နားလည်သဘောပေါက်သောသူ၊ သမ္မာတရားထဲ ဝင်ရောက်ပြီးသောသူနှင့် သမ္မာတရားဖြင့် အသက်ရှင်သောသူများသည် စုံလင်အောင် ပြုခံရပြီးသောသူများ ဖြစ်ကြသည်၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်း မရှိသောသူ၊ သမ္မာတရားထဲ မဝင်ရောက်သောသူ၊ ဆိုလိုသည်မှာ သမ္မာတရားဖြင့် အသက်မရှင်သောသူများမှာ စုံလင်အောင်ပြုခြင်းကို မခံရနိုင်သော သူများဖြစ်ကြသည်။ အကယ်၍ ယင်းသို့သော လူများသည် ယခုအခါ အကြွင်းမဲ့ နာခံနိုင်စွမ်း ရှိပါက ၎င်းတို့သည် သိမ်းပိုက်ခြင်းကို ခံကြရမည် ဖြစ်သည်။ အကယ်၍ သိမ်းပိုက်ခံရသောသူများသည် သမ္မာတရားကို မရှာဖွေပါက၊ အကယ်၍ သူတို့သည် လိုက်လျှောက်သော်လည်း သမ္မာတရားဖြင့် အသက်မရှင်ပါက၊ အကယ်၍ သူတို့သည် သမ္မာတရားကို ရိပ်ခနဲမြင်ကာ ကြားသော်လည်း သမ္မာတရားဖြင့် အသက်ရှင်ခြင်းကို တန်ဖိုးမထားပါက ၎င်းတို့သည် စုံလင်အောင် ပြုပေးခြင်းကို မခံရနိုင်ပါ။ စုံလင်အောင် ပြုပေးခြင်းကို ခံရမည့်သူများသည် စုံလင်ခြင်းလမ်းကြောင်းအတိုင်း သမ္မာတရားကို လက်တွေ့ကျင့်သုံးကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် စုံလင်ခြင်း လမ်းကြောင်းပေါ်တွင် အခြေခံထားသော သမ္မာတရားကို လက်တွေ့ကျင့်သုံးကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေကြပြီး ၎င်းတို့သည် စုံလင်အောင်ပြုပေးခြင်းကို ခံကြရသည်။ သိမ်းပိုက်သောအလုပ် အဆုံးမသတ်မီ အဆုံးတိုင် လိုက်လျှောက်သောသူ မည်သူမဆိုသည် သိမ်းပိုက်ခံရသောသူ ဖြစ်သော်လည်း ထိုသူအား စုံလင်အောင် ပြုပေးခြင်းကို ခံရသောသူတစ်ဦးဟု မဆိုနိုင်ပါ။ စုံလင်အောင် ပြုပေးခြင်းကို ခံရသောသူများဟုဆိုရာ၌ သိမ်းပိုက်သောအလုပ် ပြီးဆုံးသည့်နောက်တွင် သမ္မာတရားအား လေ့လာလိုက်စားနိုင်ပြီး ဘုရားသခင်၏ရယူခြင်းကို ခံရသောသူများကို ရည်ညွှန်းသည်။ သိမ်းပိုက်သောအလုပ် ပြီးဆုံးသည့်နောက် ဘေးဒုက္ခထဲတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သမ္မာတရားဖြင့် အသက်ရှင်သော သူများကို ရည်ညွှန်းသည်။ အလုပ်လုပ်သည့် အဆင့်များ ကွာခြားမှုနှင့် လူအများ သမ္မာတရားကို နားလည်ပြီး ဝင်ရောက်သည့်အတိုင်းအတာ ကွာခြားမှုများသည် သိမ်းပိုက်ခံရခြင်းအဖြစ်နှင့် စုံလင်အောင် ပြုပေးခံရခြင်းအဖြစ်တို့ကို ခြားနားစေသောအချက်များဖြစ်သည်။ စုံလင်ခြင်းသို့ရောက်ခြင်း လမ်းကြောင်းပေါ် စတင်လျှောက်လမ်းခြင်း မရှိသောသူအားလုံး၊ ဆိုလိုသည်မှာ သမ္မာတရားကို မပိုင်ဆိုင်သော သူတို့သည် အဆုံးတွင် သုတ်သင်ဖယ်ရှားခြင်းကို ခံရဦးမည် ဖြစ်သည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် အသက်ရှင်သော သူများသာလျှင် ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ခံရနိုင်သည်။ ဆိုလိုသည်မှာ ပေတရု၏ အသက်တာ ပုံစံဖြင့် အသက်ရှင်နေထိုင်သော သူများသည် စုံလင်အောင်ပြုခံရသောသူများ ဖြစ်ကြပြီး အခြားသောသူအားလုံးမှာ သိမ်းပိုက်ခံရသောသူများ ဖြစ်ကြသည်။ သိမ်းပိုက်ခံရသောသူ အားလုံးအပေါ် ပြုခဲ့သောအလုပ်တွင် ကျိန်ခြင်းအမင်္ဂလာများ ချမှတ်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အမျက်တော်ပြခြင်းတို့ ပါဝင်ပြီး ၎င်းတို့ထံသို့ ရောက်လာသောအရာမှာ ဖြောင့်မတ်ခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာများသာ ဖြစ်သည်။ ထိုသို့သောလူအပေါ် အလုပ်လုပ်ရာတွင် ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်ရန်လိုသည်၊ ဆိုလိုသည်မှာ သူ့အနေဖြင့် မိမိကိုယ်ကို သိမြင်ပြီး အပြည့်အဝ လက်ခံယုံကြည်ဖို့ရန်အတွက် သူ၏အတွင်းမှ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ထုတ်ဖော်ရန် ဖြစ်သည်။ လူသားတို့သည် အကြွင်းမဲ့နာခံလာကြသည့်အခါ သိမ်းပိုက်သောအလုပ် အဆုံးသတ်သွားသည်။ လူအများစုသည် သမ္မာတရားကို နားလည်ရန် ရှာဖွေခြင်း မရှိကြသေးလျှင်ပင် သိမ်းပိုက်ခြင်းအလုပ်သည် ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည် ဖြစ်သည်။

သင် စုံလင်ခြင်းသို့ ရောက်ရန် ပြည့်မီရမည့် စံများ ရှိပါသည်။ သင်၏ ဆုံးဖြတ်ချက်၊ သင်၏ လုံ့လထုတ်မှု နှင့် သင်၏ အသိစိတ်အားဖြင့် လည်းကောင်း၊ သင်၏ လေ့လာလိုက်စားမှု အားဖြင့် လည်းကောင်း သင်သည် အသက်ကို ကိုယ်တွေ့ ခံစားနိုင်စွမ်း ရှိပြီး ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေနိုင်စွမ်း ရှိမည်။ ၎င်းတို့သည် သင်၏ ဝင်ရောက်မှု ဖြစ်ပြီးစုံလင်ခြင်းသို့ လမ်းကြောင်းပေါ်သို့ ရောက်ရန် လိုအပ်သော အရာများ ဖြစ်သည်။ စုံလင်ခြင်းသို့ ရောက်စေသော အလုပ်ကို လူ အားလုံးအပေါ်တွင် ပြုနိုင်ပါသည်။ ဘုရားသခင်ကို လေ့လာဆည်းပူးသူ မည်သူမဆို စုံလင်ခြင်းသို့ ရောက်နိုင်ပြီး စုံလင်ခြင်းသို့ ရောက်ရန် အခွင့်အရေး နှင့် အရည်အချင်းများ ရှိကြသည်။ ဤသို့ စုံလင်ခြင်းသို့ ရောက်ရန် တစ်သဝေမတိမ်း ပုံသေ လိုက်လျှောက်ရမည့် စည်းမျဉ်းစည်းကမ်းများ မရှိပါ။ လူတစ်ဦး စုံလင်ခြင်းသို့ ရောက်မည်၊ မရောက်မည်မှာ ထို လူ၏ လေ့လာလိုက်စားမှုအပေါ်တွင် အဓိက မူတည်ပါသည်။ သမ္မာတရားကို မြတ်နိုးသော လူများ နှင့် သမ္မာတရားဖြင့် အသက်ရှင်သော လူများသည် စုံလင်ခြင်းသို့ ဧကန်အမှန် ရောက်နိုင်စွမ်း ရှိကြသည်။ သမ္မာတရားကို မမြတ်နိုးသော လူများသည် ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရကြ။ သူတို့၌ ဘုရားသခင်တောင်းဆိုသော အသက်တာကို မပိုင်ဆိုင်ကြသည့်အပြင် သူတို့ကို စုံလင်ခြင်းသို့ ရောက်စေရန် ပြု၍မရ။ စုံလင်ခြင်းသို့ ရောက်အောင် လုပ်သည့် အလုပ်သည် လူတို့အား ရရန်အတွက်သာ လုပ်ခြင်း ဖြစ်ပြီး စာတန်အား ဆိုင်ပြိုင် တိုက်လှန်ရာတွင် လုပ်သော အဆင့် တစ်ခု မဟုတ်ပါ၊ သိမ်းပိုက်ခြင်း အလုပ်သည် စာတန်အား ဆိုင်ပြိုင်တိုက်လှန်ရန်အတွက်သာ လုပ်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသား၏ သိမ်းပိုက်ခြင်းကို အသုံးပြုကာ စာတန်အား အောင်နိုင်ရန် ဖြစ်သည်။ ရှေ့ဖော်ပြပါ ဒုတိယ အလုပ် ဖြစ်သည့် သိမ်းပိုက်ခြင်း အလုပ်သည် အဓိက အလုပ် ဖြစ်သည်၊ ထို အလုပ်သည် လွန်ခဲ့သော ခေတ်ကာလ အားလုံးတွင် မည်သည့်အခါမျှ မလုပ်ခဲ့ရသေးသော အလုပ် ဖြစ်သည်။ ဤ အလုပ် အဆင့်၏ ရည်မှန်းချက်မှာ လူ အားလုံးကို သိမ်းပိုက်ရန် နှင့် စာတန်အား အောင်နိုင်ရန် အဓိက ဖြစ်သည်ဟု တစ်စုံတစ်ဦးက ဆိုနိုင်ပါသည်။ လူတို့အား ပကတိပြည့်စုံခြင်းသို့ ရောက်စေရန် လုပ်သော အလုပ်မှာ အလုပ် အသစ် မဟုတ်ပါ။ ဘုရားသခင်သည် ဇာတိပကတိထဲတွင် အလုပ် လုပ်သော ကာလ အတောအတွင်း လုပ်သော အလုပ် အားလုံး၏ အဓိက ရည်မှန်းချက်မှာ လူတို့အား သိမ်းပိုက်ရန် ဖြစ်သည်။ ဤအရာသည် ကျေးဇူးတော်ခေတ်ကကဲ့သို့ ဖြစ်သည်။ ကားစင်တင်သတ်ခံခြင်းအားဖြင့် လူသား အားလုံးကို ရွေးနှုတ်ခြင်းမှာ အဓိက အလုပ် ဖြစ်ခဲ့သည်။ “လူတို့အား ရခြင်း” မှာ ဇာတိပကတိထဲတွင် လုပ်သော အပို အလုပ် ဖြစ်ပြီး ကားစင်တင်သတ်ခံခြင်း နောက်ပိုင်းမှသာ လုပ်ဆောင်ခဲ့သော အလုပ် ဖြစ်သည်။ ယေရှု ကြွလာခဲ့ပြီး သူ၏ အလုပ်ကို လုပ်ခဲ့သည့် အချိန်က သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ သူ၏ ကားစင်တင် သတ်ခံခြင်းကို အဓိက အသုံးပြုပြီး သေခြင်း နှင့် မရဏာနိုင်ငံ၏ အုပ်စိုးချည်နှောင်မှုအပေါ် အနိုင်ယူရန်၊ စာတန်၏ လွှမ်းမိုးမှုကို အောင်မြင်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်အား အောင်နိုင်ရန် ဖြစ်သည်။ ယေရှု ကားစင်တင်သတ်ခံရပြီးသည့် နောက်ပိုင်းမှာသာ ပေတရုသည် စုံလင်ခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရန် တစ်ကြိမ်တွင် တစ်ဆင့်ချင်း စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှု အလုပ် လုပ်နေခဲ့စဉ် အချိန်က ယေရှု နောက် လိုက်ခဲ့သူ တပည့်တော်များ အကြားထဲမှ တစ်ဦး အပါအဝင် အမှန် ဖြစ်ခဲ့သော်လည်း ထို အချိန်က သူသည် စုံလင်ခြင်းသို့ မရောက်သေးပါ။ အတိအကျ ဆိုပါက ယေရှုသည် သူ၏ အလုပ်ကို လုပ်ဆောင် ပြီးမြောက်ခဲ့သည့် အချိန် နောက်ပိုင်းမှသာ ပေတရုသည် သမ္မာတရားကို တစ်ဖြည်းဖြည်း နားလည်လာပြီးနောက် စုံလင်ခြင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အချိန်တို အတွင်း အဓိကကျပြီး အရေးကြီးသော အလုပ်၏ အဆင့် တစ်ဆင့်ကို လုပ်ဆောင် ပြီးစီးရန်သာ ကမ္ဘာမြေကြီးပေါ်သို့ လာရောက်ခြင်း ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် လူတို့အကြား ရေရှည် နေထိုင်ကာ ၎င်းတို့အား ရည်ရွယ်ချက်ဖြင့် စုံလင်ခြင်းသို့ ရောက်စေရန် မဟုတ်ပါ။ သူ သည် ပကတိပြည့်စုံခြင်းသို့ ရောက်စေသည့် ထို အလုပ်ကို မလုပ်ပါ။ သူသည် သူ၏ အလုပ်ကို လက်စသတ်ရန် လူသားတို့ စုံလင်ခြင်းသို့ လုံးလုံးလျားလျား ရောက်မည့် အချိန်အထိ မစောင့်ပါ။ ထို အရာသည် သူ ၏ လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်ပန်းတိုင် မဟုတ်သကဲ့သို့ ရည်ရွယ်ချက်လည်း မဟုတ်ပါ။ သူ သည် လူသားမျိုးနွယ်အား ကယ်တင်သော ရေတို အလုပ်ကို လုပ်ရန်သာ လာခြင်း ဖြစ်ပြီး လူသားမျိုးနွယ်အား ပကတိပြည့်စုံခြင်းသို့ ရောက်စေသော ရေရှည် အလုပ်ကို လုပ်ရန်အတွက် လာခြင်း မဟုတ်ပါ။ လူသားမျိုးနွယ်အား ကယ်တင်ခြင်း အလုပ်သည် ကိုယ်စားပြု လုပ်သော အလုပ်၊ ခေတ်ကာလ အသစ်ကို စတင်နိုင်စွမ်း ရှိသော အလုပ် ဖြစ်ပြီး ရေတို အချိန်အတွင်း လုပ်ဆောင် ပြီးစီးနိုင်သည့် အလုပ် ဖြစ်သည်။ သို့သော်လည်း လူသားမျိုးနွယ်အား စုံလင်ခြင်းသို့ ရောက်စေခြင်းမှာ လူသားတို့အား တိကျသော အဆင့်အတန်း တစ်ခုသို့ ရောက်စေရန် အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပြီး ကြာမြင့်စွာ အချိန် ပေး၍ လုပ်ရသော အလုပ် ဖြစ်သည်။ ဤ အလုပ်ကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ရမည် ဖြစ်သည်၊ သို့သော် ယင်းကို လူ့ဇာတိ၌လုပ်ဆောင်သည့် အချိန်အတောအတွင်း ပြောသော သမ္မာတရားအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်အား စုံလင်ခြင်းသို့ ရောက်စေခြင်း ဖြစ်သော သူ၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန်အတွက် ရေရှည် ဦးဆောင်လမ်းပြသည့် အလုပ်ကို လုပ်ရန် တမန်တော်များကိုလည်း ပေါ်ထွန်းစေပါသည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဤ အလုပ်ကို မလုပ်ပါ။ သူသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် အတွက် လူသားတို့ နှင့်အတူ အဆက်မပြတ် လိုက်ပါမနေဘဲ လူတို့ နားလည်စေရန် အသက် လမ်း အကြောင်းကိုသာ ပြောပြပြီး လူသားမျိုးနွယ်အား သမ္မာတရားကိုသာ ပေးသည်၊ အဘယ်ကြောင့် ဆိုသော် ထို အလုပ်သည် သူ၏ သာသနာထဲတွင် မပါဝင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် လူသားတို့ သမ္မာတရားကို အကြွင်းမဲ့ နားလည်ပြီး သမ္မာတရားကို အကြွင်းမဲ့ ရရှိသည့် နေ့ရက်အထိ လူသားတို့ နှင့်အတူ လိုက်ပါနေမည် မဟုတ်ပါ။ လူသားတို့သည် မှန်သော သမ္မာတရား အသက် လမ်းကြောင်းထဲသို့ စနစ်တကျ ဝင်ရောက်သည့်အခါ၊ လူတို့သည် ရောက်စေမည့် မှန်သော လမ်းကြောင်းပေါ်သို့ ခြေလှမ်း လှမ်းသည့်အခါ ဇာတိပကတိထဲတွင် သူ လုပ်သော အလုပ် နိဂုံးချုပ်သွားသည်။ ဤသည်မှာ သူသည် စာတန်အား လုံးလုံးလျားလျား အောင်နိုင်ပြီး လောကကြီးကို အောင်မြင်သော အချိန်လည်း အမှန် ဖြစ်သည်။ ထိုအချိန်တွင် လူသားတို့သည် သမ္မာတရားထဲသို့ အဆုံးစွန် ဝင်ရောက်ပြီးခြင်း ရှိ မရှိကို သူဂရုစိုက်မည် မဟုတ်သည့် အပြင် လူသားတို့၏ အသက် ကြီးသည် သို့မဟုတ် ငယ်သည်ကိုလည်း သူ ဂရုစိုက်မည် မဟုတ်ပါ။ ထို အရာများသည် ဇာတိပကတိထဲတွင် သူ စီမံခန့်ခွဲသင့်သည့် အရာ တစ်ခုမျှ မဟုတ်၊ ၎င်း အရာများသည် ဘုရားသခင်၏ လူ့ဇာတိခံယူပြီး လုပ်သော သာသနာအတွင်း တစ်ခုမျှ မပါဝင်ပါ။ သူ ရည်ရွယ်ထားသော အလုပ်ကို သူ လုပ်ဆောင်ပြီးစီးသည့်အခါ ဇာတိပကတိထဲတွင် လုပ်သော သူ၏ အလုပ်ကိုလည်း သူ နိဂုံးချုပ်မည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်သော အလုပ်သည် ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက် မလုပ်နိုင်သည့် တစ်ခုတည်းသော အလုပ် ဖြစ်သည်။ ထို့အပြင် ထိုအရာသည် ရေတို ကယ်တင်ခြင်း အလုပ် ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် ရေရှည် လုပ်မည့် အလုပ် မဟုတ်ပါ။

သင်တို့၏ အရည်အသွေးကို မြှင့်တင်ခြင်းသည် ငါ လုပ်သော အလုပ်၏ နယ်ပယ်အတွင်း မရှိ။ သင်တို့၏ အရည်အသွေးသည် အလွန် နိမ့်ကျနေခြင်းကြောင့်သာ ဤ အရာကို သင်တို့အား ငါလုပ်ခိုင်းခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဤ အရာသည် စုံလင်ခြင်းသို့ ရောက်စေသည့် အလုပ်၏ အစိတ်အပိုင်း မဟုတ်၊ ၎င်းသည် သင်တို့အား လုပ်ဆောင်ပေးနေသော အပို အလုပ်မျှသာ ဖြစ်သည်။ ယနေ့ သင်တို့အပေါ် လုပ်ဆောင် ပြီးစီးခဲ့သော အလုပ်သည် သင်တို့၌ လိုအပ်သော အရာ နှင့် အညီ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် တစ်ဦးချင်းအလိုက် လုပ်ပေးခြင်းဖြစ်ပြီး စုံလင်ခြင်းသို့ ရောက်သော သူ အယောက်တိုင်း ဝင်ရောက်သင့်သော လမ်းကြောင်း တစ်စုံတစ်ခု မဟုတ်ပါ။ သင်တို့၏ အရည်အသွေးသည် အတိတ်အချိန်က စုံလင်ခြင်းသို့ ရောက်ခဲ့သော သူ အယောက်တိုင်းထက် နိမ့်ကျသောကြောင့် ဤ အလုပ်သည် သင်တို့ထံ ရောက်လာသောအခါ ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် များလွန်းသော အတားအဆီးများကို ကြုံတွေ့နေရသည်။ ငါသည်လည်း ဤ အလုပ် အပိုကို သင်တို့ နှင့်အတူ လုပ်ဆောင်နေသည်၊ အဘယ်ကြောင့် ဆိုသော် စုံလင်ခြင်းသို့ ရောက်ခြင်း၏ သတ်မှတ်ချက်များမှာ မတူညီပါ။ သာမန်အားဖြင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ ကြွလာသည့်အခါ သူ၏ အလုပ်ကို လုပ်ဆောင်ရန် ကျဉ်းမြောင်းသော ဘောင်များအတွင်း သူ နေပြီး အခြားသော အမှုအရာများဖြင့် စိတ်အနှောင့်အယှက် မခံပါ။ သူ သည် မိသားစု ကိစ္စများတွင် ဝင်ရောက်ပတ်သက်ခြင်း သို့မဟုတ် လူတို့၏ အသက်တာထဲတွင် ပါဝင်ခြင်း မရှိ။ သူသည် ယင်းကဲ့သို့ အသေးအဖွဲများအပေါ် လုံးဝ စိတ်မဝင်စားပါ၊ ထို အသေးအဖွဲ အရာများသည် သူ၏ သာသနာထဲမှ အစိတ်အပိုင်းများ မဟုတ်ပါ။ သို့သော်လည်း သင်တို့၏ အရည်အသွေးသည် ငါ တောင်းဆိုခဲ့သော အရည်အသွေးထက် အလွန့်အလွန် နိမ့်ကျပြီး၊ အခြားအရာ နှင့် နှိုင်းယှဉ်စရာပင် လုံးဝမရှိ ဖြစ်နေသဖြင့် ယင်းက အလုပ်အတွက် အစွန်းရောက်သော အဟန့်အတားများကို ဖြစ်ပေါ်စေသည်။ ထို့အပြင် ဤ အလုပ်သည် တရုတ်နိုင်ငံ ဖြစ်သော ဤ မြေပေါ်ရှိ လူတို့ အကြား၌ မဖြစ်မနေ လုပ်ဆောင်ရမည်။ သင်တို့သည် အလွန် ပညာမတတ်သောကြောင့် ငါ၌ အခြား ရွေးချယ်စရာ မရှိဘဲ သင်တို့ ပညာတတ်စေရန် တောင်းဆိုရခြင်း ဖြစ်သည်။ ဤ အလုပ်သည် အလုပ်ပို ဖြစ်ကြောင်း သင်တို့အား ငါ ပြောခဲ့ပြီးသော်လည်း ၎င်းသည် သင်တို့၌ မဖြစ်မနေ လုပ်ရမည့် အရာ ဖြစ်ပြီး၊ သင်တို့ စုံလင်ခြင်းသို့ ရောက်စေရန်အတွက် အကျိုး ရှိသော အရာ တစ်စုံတစ်ခုလည်း ဖြစ်သည်။ အမှန်မှာ သင်တို့သည် ပညာ၊ မိမိကိုယ်ကို ထိန်းကျောင်းအသက်ရှင်ခြင်း အကြောင်း အခြေခံ အသိပညာ နှင့် အသက် အကြောင်း အခြေခံ အသိပညာ ကြိုတင်၍ ဆည်းပူးထားသင့်သည်၊ ထို အရာများ အကြောင်းကို သင်တို့အား ငါပြောရန် မလိုအပ်သင့်။ သို့သော် သူတို့၌ ထိုအရာများ မရှိခြင်းကြောင့် ငါ၌ ရွေးချယ်စရာ မရှိဘဲ သင်တို့ ကမ္ဘာလောကထဲသို့ မွေးဖွားလာပြီးနောက်တွင် သင်တို့ထဲသို့ ဤအရာများသွတ်သွင်းပေးသည့် အလုပ်ကို လုပ်ပေးရခြင်း ဖြစ်သည်။ သင်တို့သည် ငါ့ အကြောင်းနှင့် ပတ်သက်ပြီး အယူအဆများစွာကို လက်သင့်ခံထားလျှင်တောင်မှ ဤ အရာကို သင်တို့ထံမှ ငါ တောင်းဆိုဦးမည်၊ သင်တို့၏ အရည်အသွေးကို မြှင့်တင်ရန် ဆက်လက် တောင်းဆိုဦးမည်။ ငါ၏ ရည်ရွယ်ချက်မှာ ဤ အလုပ်ကို လာ၍ လုပ်ရန် မဟုတ်၊ အဘယ်ကြောင့် ဆိုသော် ငါ၏ အလုပ်မှာ သင်တို့အား သိမ်းပိုက်ရန်၊ သင်တို့အား တရားစီရင်ကာ သင်တို့၏ စုံလင်သော ခံယူချက်ကို ရယူရန်သာ ဖြစ်ပြီး သင်တို့ ဝင်ရောက်သင့်သော အသက် လမ်းကို ညွှန်ပြပေးရန် ဖြစ်သည်။ အခြား နည်းဖြင့် ဆိုပါက သင်တို့ မည်မျှ ပညာတတ်ပါစေ၊ အသက် အကြောင်း နှံ့စပ်သိကျွမ်းခြင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ငါ နှင့် လုံးဝ မသက်ဆိုင်၊ ထို အရာများသည် သင်တို့အား ငါ၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်ရန်အတွက် ငါ လိုအပ်သော အရာများလည်း မဟုတ်။ သိမ်းပိုက်သော အလုပ်မှ အကျိုးရလဒ်များ အမှန်တကယ် ရရှိစေရန် နှင့် နောက်ဆက်တွဲအနေဖြင့် သင်တို့ စုံလင်ခြင်းသို့ ရောက်စေရန်အတွက် ဤအရာအားလုံးကို ဖြည့်ထည့်ပေးခြင်း ဖြစ်သည်။ ၎င်းသည် သိမ်းပိုက်သော အလုပ်၏ အဆင့် တစ်ခု မဟုတ်။ သင်တို့၏ အရည်အသွေး နိမ့်ကျခြင်းကြောင့်၊ သင်တို့သည် ပျင်းရိပြီး ပေါ့ဆသောသူ၊ မိုက်မဲပြီး ဉာဏ်နည်းသောသူ၊ အသက်မပါသောသူ ဖြစ်ပြီး လူနုံလူအ ဖြစ်ခြင်းကြောင့်၊ သင်တို့သည် အလွန့်အလွန် ပုံမှန် မဟုတ်ခြင်းကြောင့်၊ သင်တို့၏ အရည်အသွေးကို ပထမဦးဆုံး မြှင့်တင်ရန် သင်တို့အား ငါတောင်းဆိုခြင်း ဖြစ်သည်။ စုံလင်ခြင်းသို့ ရောက်လိုသော သူ အယောက်တိုင်းသည် တိကျသော သတ်မှတ်ချက်များနှင့် ပြည့်မီရန် မဖြစ်မနေ လိုအပ်သည်။ စုံလင်ခြင်းသို့ ရောက်ရန် လူ တစ်ဦးထံတွင် ရှင်းလင်း တည်ကြည်သော စိတ် ရှိပြီး အဓိပ္ပါယ် ရှိသော အသက်တာဖြင့် အသက်ရှင်ရန် ဆန္ဒ ရှိရမည်။ အကယ်၍ သင်သည် အနှစ်သာရ မရှိသော အသက်တာဖြင့် မရှင်လိုသော သူ၊ သမ္မာတရားကို လေ့လာလိုက်စားသော သူ၊ မိမိ ပြုသော အရာခပ်သိမ်း၌ အလွန် အလေးအနက်ထားသော သူ ဖြစ်ပြီး သာမန် လူ့သဘောသဘာဝ ထူးထူးခြားခြား ရှိသော သူ ဖြစ်ပါက သင်သည် ရောက်ရန် အရည်အချင်း ပြည့်မီသည်။

သင်တို့အပေါ်၌ လုပ်ပေးသော ဤ အလုပ်သည် လုပ်ရန် လိုအပ်သော အလုပ် နှင့်အညီ သင်တို့ အကြားထဲ လုပ်ပေးနေခြင်း ဖြစ်သည်။ အဆိုပါ လူပုဂ္ဂိုလ်များကို သိမ်းပိုက်ပြီးနောက် လူ တစ်စုသည် စုံလင်ခြင်းသို့ ရောက်လိမ့်မည်။ ထို့ကြောင့် လက်တလော လုပ်နေသော အလုပ် များစွာသည် သင်တို့အား စုံလင်ခြင်းသို့ ရောက်ရန် ရည်မှန်းချက်အတွက် ပြင်ဆင်ပေးခြင်း ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် သမ္မာတရားကို ဆာငတ်နေသူ များစွာ ရှိပြီး ထို သူတို့သည် စုံလင်ခြင်းသို့ ရောက်နိုင်သော သူများ ဖြစ်သည်။ အကယ်၍ သင်တို့အပေါ်၌ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်ပြီးနောက်တွင် နောက်ထပ်လုပ်ပေးသောအလုပ် မရှိတော့ပါက သမ္မာတရားကိုတမ်းတသော လူအချို့တို့သည် သမ္မာတရားကို မရရန်အကြောင်း ဖြစ်မည်မဟုတ်လော။ လက်တလော အလုပ်သည် လူတို့အား နောက်ပိုင်းတွင် စုံလင်ခြင်းသို့ ရောက်စေရန်အတွက် လမ်းကြောင်း တစ်ခု ဖွင့်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ငါ၏အလုပ်သည် သိမ်းပိုက်ခြင်း အလုပ်မျှသာ ဖြစ်သော်လည်း ငါပြောသော အသက် လမ်းသည် လူတို့အား နောက်ပိုင်းတွင် စုံလင်ခြင်းသို့ ရောက်စေရန် ပြင်ဆင်ပေးသည်။ သိမ်းပိုက်ခြင်း ပြီးမှ လာသော အလုပ်သည် လူတို့အား စုံလင်ခြင်းသို့ ရောက်ခြင်းအပေါ် ဗဟိုပြုသောကြောင့် စုံလင်ခြင်းသို့ ရောက်စေရန်အတွက် သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ကာ အုတ်မြစ် တစ်ခု ချပေးခြင်း ဖြစ်သည်။ လူသားတို့သည် အသိမ်းပိုက် ခံရပြီးမှသာ စုံလင်ခြင်းသို့ရောက်နိုင်သည်။ ယခု အချိန်အခါတွင် အဓိကကျသော အလုပ်မှာ သိမ်းပိုက်ရန် အလုပ် ဖြစ်သည်၊ နောက်ပိုင်းတွင် သမ္မာတရားကို ရှာဖွေပြီး တောင့်တသော သူများသည် စုံလင်ခြင်းသို့ ရောက်ကြလိမ့်မည်။ စုံလင်ခြင်းသို့ ရောက်စေခြင်းသည် လူတို့၏ အပေါင်းလက္ခဏာ ဆောင်သော ဝင်ရောက်ခြင်း သွင်ပြင်များ ပါဝင်သည်၊ သင်၌ ဘုရားသခင်ကို ချစ်တတ်သော စိတ်နှလုံး ရှိသလား။ သင် ဤ လမ်းကြောင်းကို လျှောက်နေခဲ့စဉ် သင် ကြုံတွေ့ခဲ့သော အတွေ့အကြုံတို့၏ နက်နဲမှုမှာ မည်သည့် အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်အပေါ် ချစ်သော သင်၏ ချစ်ခြင်းသည် မည်မျှ ဖြူစင်သနည်း။ သမ္မာတရားကို သင် မည်မျှ တိတိကျကျ လက်တွေ့ ကျင့်သုံးသနည်း။ စုံလင်ခြင်းသို့ ရောက်ရန် လူ တစ်ဦး၌ လူ့သဘောသဘာဝ၏ သွင်ပြင် အားလုံး နှင့်သက်ဆိုင်သော အခြေခံ အသိပညာ မဖြစ်မနေ ရှိရန် လိုအပ်သည်။ ဤ အရာသည် အခြေခံ အကျဆုံး လိုအပ်ချက် တစ်ခု ဖြစ်သည်။ အသိမ်းပိုက် ခံရပြီးနောက် စုံလင်ခြင်းသို့ မရောက်နိုင်သော သူ အားလုံးသည် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲဘဲ ၎င်းတို့သည် စာတန်နှင့် ဆက်လက် သက်ဆိုင်သောကြောင့် အသုံးခံသော အရာဝတ္ထုများ ဖြစ်ကာ ကန့် မီးအိုင်ထဲသို့ နောက်ဆုံးတွင် အပစ်ချခံရမည် ဖြစ်ပြီး အဆုံး မရှိသော တွင်းထဲသို့ ကျလိမ့်မည်။ အကယ်၍ လူသား တစ်ဦးသည် စုံလင်ခြင်းသို့ ရောက်ရန် အရည်အချင်းများ မရှိပါက သူသည် အသုံးပြု၍ မရသော သူ ဖြစ်သည်၊ သူသည် မီးဖြင့် စစ်ဆေးစီရင်မှုကို ခံနိုင်ရည် မရှိသော အမှိုက်၊ တန်ဆာပလာ တစ်ခုသာ ဖြစ်လေစွ။ ယခုအခါ ဘုရားသခင်အပေါ် သင် ချစ်သော ချစ်ခြင်းသည် မည်မျှ ကြီးမားသနည်း။ သင့်ကိုယ်သင် သင် စက်ဆုပ်ရွံမုန်းခြင်းသည် မည်မျှ ကြီးသနည်း။ စာတန်ကို သင် မည်မျှ နက်နက်နဲနဲ အမှန်တကယ် သိသနည်း။ သင်တို့၏ ဆုံးဖြတ်ချက်ကို သင်တို့ ခိုင်ခံအောင် လုပ်ပြီးပြီလား။ လူ့သဘောသဘာဝထဲတွင် သင်တို့၏ အသက်တာသည် ကောင်းစွာ ထိန်းကျောင်း အသက်ရှင်နေပါသလား။ သင်တို့၏ အသက်တာ ပြောင်းလဲပြီးပြီလား။ အသစ်သော အသက်တာ တစ်ခုဖြင့် သင်တို့ အသက်ရှင်နေပါသလား။ သင်တို့၏ အသက်တာ အမြင် ပြောင်းလဲပြီးပြီလား။ အကယ်၍ ထို အရာများ မပြောင်းလဲသေးပါက သင် နောက်မဆုတ်လျှင်လည်း သင်သည် စုံလင်ခြင်းသို့ မရောက်နိုင်ပါ၊ သင်သည် သိမ်းပိုက်ခြင်းကိုသာ ခံရမည်။ သင့်ကို စမ်းသပ်သော အချိန် ရောက်သည့်အခါ သင်၌ သမ္မာတရား မရှိ၊ သင်၏ လူ့သဘောသဘာဝသည် ပုံမှန် မဟုတ်ဘဲ သင်သည် တိရစ္ဆာန် တစ်ကောင်ကဲ့သို့ နိမ့်ကျလျက် ရှိသည်။ သင်သည် အသိမ်းပိုက်ခြင်းကိုသာ ခံရသည်၊ ငါ၏ သိမ်းပိုက်ခြင်းကို ခံရသော သူ တစ်ဦးမျှသာ ဖြစ်သည်။ သင်သည် သခင်၏ ကျာပွတ်စာ မိဖူးပြီး သခင်ကို မြင်သည့်အခါမှ ကြောက်ရွံ့ပြီး အလုပ် လုပ်သော မြည်းကဲ့သို့ ဖြစ်သည်၊ သင်သည် ထိန်းချုပ်ခံရသော ဤမြည်း ဖြစ်သည်။ အကယ်၍ လူ တစ်ဦးသည် အပေါင်းလက္ခဏာ ဆောင်သော သွင်ပြင်များ ရှိရမည့် အစား မရှိဘဲ အရာ အားလုံး၌ မတုန်မလှုပ် ဖြစ်နေခြင်း၊ ကြောက်ရွံ့ခြင်း၊ တွန့်ဆုတ်ခြင်း နှင့် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေကာ မည်သည့် အရာကိုမျှ ရှင်းလင်းစွာ သိမြင်နိုင်စွမ်း မရှိ၊ သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိ၊ လက်တွေ့ ကျင့်သုံး လိုက်လျှောက်ရန် လမ်းကြောင်း မရှိ၊ ထိုမျှပင်မက ဘုရားသခင်ကို ချစ်တတ်သော စိတ်နှလုံးလည်း မရှိသည့် အပြင် အကယ်၍ လူ တစ်ဦးသည် ဘုရားသခင်ကို မည်သို့ ချစ်ရမည်ကို နားလည်ခြင်း မရှိ၊ အဓိပ္ပါယ် ရှိသော အသက်တာဖြင့် မည်သို့ အသက်ရှင်ရမည်ကို မသိ၊ သို့မဟုတ် စစ်မှန်သော လူ တစ်ဦး ဖြစ်ရန် မည်သို့ လုပ်ရမည်ကို မသိပါက ယင်းကဲ့သို့သော လူသည် ဘုရားသခင်အကြောင်း မည်ကဲ့သို့ သက်သေခံနိုင်မည်နည်း။ ဤ အရာမှာ သင်၏ အသက်တာသည် တန်ဖိုး အနည်းငယ်သာ ရှိပြီး သင်သည် ထိန်းချုပ်ခံရသော မြည်းတစ်ကောင်သာ ဖြစ်ကြောင်း ပြသနေသည်။ သင်သည် အသိမ်းပိုက် ခံရပြီးသော်လည်း ထို အရာသည် အဆင်းနီသော နဂါးကြီးကို သင် ကျောခိုင်းခဲ့ခြင်း နှင့် ၎င်း၏ အုပ်စိုးမှုကို ဝန်မခံခြင်း ဖြစ်ကြောင်းကိုသာ ဆိုလိုသည်၊ သင်သည် ဘုရားသခင် ရှိသည်ဟု ယုံကြည်ကြောင်း၊ ဘုရားသခင်၏ အစီအစဉ် အားလုံးကို နာခံလိုပြီး စောဒကတက်စရာ မရှိကြောင်း ဆိုလိုခြင်း ဖြစ်သည်။ သို့သော်လည်း အပြုသဘောဆောင်သော သွင်ပြင်များ၌ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်စွမ်း နှင့် ဘုရားသခင်ကို ထင်ရှားပေါ်လွင်စေနိုင်စွမ်း ရှိသလော။ အကယ်၍ သင်၌ ဤအရာတစ်စုံတစ်ခုမျှ မရှိပါက သင်သည် ဘုရားသခင်၏ ရခြင်းကို မခံရသေးဘဲ သင်သည် ထိန်းချုပ်ခံရသော မြည်းတစ်ကောင်သာ ဖြစ်ကြောင်း ဆိုလိုသည်။ သင့်အထဲ၌ နှစ်လိုဖွယ်ရာ တစ်စုံတစ်ရာမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌လည်း အလုပ် မလုပ်။ သင်၏ လူ့သဘောသဘာဝသည် အလွန် ချို့တဲ့နေပြီး သင့်အား ဘုရားသခင် အသုံးပြုရန် ဖြစ်နိုင်ခြေ မရှိ။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် လိုအပ်ပြီး မယုံကြည်သော လူ့တိရစ္ဆာန်များ နှင့် အသက်မရှိဘဲ လမ်းလျှောက်နေသော သူများထက် အဆ တစ်ရာ ပို၍ သာလွန်ရန် လိုအပ်သည်၊ ဤ အဆင့်သို့ ရောက်သော သူများသာ စုံလင်ခြင်းသို့ ရောက်ရန် အရည်အချင်း ပြည့်မီသည်။ လူ့သဘောသဘာဝ ရှိပြီး အသိစိတ် ရှိသော သူသာလျှင် ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရန် သင့်တော်သော သူ ဖြစ်သည်။ သင် စုံလင်ခြင်းသို့ ရောက်သည့်အခါမှသာ သင့်အား လူသား ဟူ၍ သတ်မှတ်နိုင်သည်။ စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ် ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်။ ယင်းသို့သော သူများသာ ဘုရားသခင်အား အပြတ်အသတ် ပို၍ပင် သက်သေခံနိုင်ကြသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။