မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

အခြားမည်သည့်အရာမျှမတိုင်မီ၊ လူသားအထဲက သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းနှင့်ဆိုင်သည့် ပထမအဆင့်မှာ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ လူ၏ စိတ်နှလုံးကို ဆွဲထုတ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သံသယဖြစ်စရာ လုံးဝမရှိဘဲ လုံးဝမှန်ကန်သည်ဟု လူသား၏ စိတ်နှလုံးအား ယုံကြည်စေရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဆွဲခေါ်ရန်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ရမည်။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော် လျှောက်သည့် လမ်းကြောင်းကို မသိမြဲရှိပါက၊ သင်သည် အမှန်တကယ် ယုံကြည်သူတစ်ဦး ဟုတ်ပါ၏လော။ ပုံမှန်လူသားအသက်တာ- ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသော ပုံမှန်လူသားအသက်တာကို ရရှိရန် သင်သည် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ရမည်။ သင်သည် လူတို့အထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပထမခြေလှမ်းကို မရရှိသေးပါက၊ သင်သည် အခြေခံအုတ်မြစ်မရှိပေ။ အခြေခံသဘောတရားများထဲမှ အသေးငယ်ဆုံးသော အရာကိုပင် သင် နားမလည်နိုင်ပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို သင် အဘယ်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင်က လူသားကို စုံလင်စေသည့် လမ်းကြောင်းမှန်ပေါ် ခြေချခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလုပ်နှင့်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းကို ဆိုလို၏။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် ခြေချခြင်းကို ဆိုလိုပေသည်။ ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပေါ် ခြေချမည်ဆိုပါက၊ ၎င်းတို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံကာ စားသောက် ရမည်ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုသည် နှုတ်ကပတ်တော်များ၏အမှုဖြစ်သည်။ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုပြီး၊ အားလုံးကို သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ မျက်မှောက်နှုတ်ကပတ်တော်များပေါ်တွင် တည်ဆောက် ထားပေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်၍ သေချာခြင်းဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းဖြစ်စေ၊ အသီးသီးသည် သူ၏နှုတ်ကပတ်တော်အပေါ် သာ၍ အားထုတ်ကြိုးပမ်းခြင်း လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက၊ လူတို့သည် မည်သည့် အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့၊ လူတို့၌ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းနှင့် ထိုသို့အားဖြင့် သူ့အား သိကျွမ်းလာကာ သူ့ကို ကျေနပ်စေခြင်းအားဖြင့်သာ၊ လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်ပေသည်။ လူသားအတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်သော ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏လူများနှင့်ဆိုင်သည့် ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ အကောင်းဆုံးရပ်တည်နိုင်ပေသည်။ လူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သိနားလည်ပြီး နာခံနိုင်ပါက၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြနေသည့် လမ်းကြောင်းပေါ်တွင် အသက်ရှင်ကြကာ၊ ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း လမ်းကြောင်းအမှန်ပေါ်တွင် ခြေချကြပြီးဖြစ်သည်။ ယခင်က၊ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရှာဖွေခြင်းအားဖြင့် သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာဖွေခြင်း သက်သက်အားဖြင့် ဘုရားသခင်၏ အမှုကို ရရှိနိုင်ခဲ့ကြသော်လည်း၊ ယခုတွင် အမှုအရာများ ကွဲပြားလေ၏။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော စစ်မှန်မှု မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်သကဲ့သို့၊ ဘုရားသခင်၏ ဖယ်ရှားသုတ်သင်ခြင်းကို ခံရမည်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိရန်၊ လူတို့အနေဖြင့် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်သင့်ကာ၊ ထို့နောက် ဤအခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တည်ထောင် သင့်ပေသည်။ သင်သည် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်သနည်း။ ဘုရားသခင်၏ လူများနှင့်ဆိုင်သော သက်သေခံချက်တွင် သင် မည်သို့ ခိုင်မာစွာ ရပ်တည်သနည်း။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို သင်မည်ကဲ့သို့ တည်ဆောက်သနည်း။

သင်၏နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ၊ မရှိဆိုသည်ကို သိရမည့် နည်းလမ်း-

၁။ ဘုရားသခင်ကိုယ်တိုင်၏သက်သေခံချက်ကို သင်ယုံကြည်သလော။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် စစ်မှန်ကာ မမှားယွင်းနိုင်ဟု သင်၏နှလုံးသား၌ သင်ယုံကြည်ပါသလော။

၃။ သင်သည် ကိုယ်တော်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သော သူတစ်ဦးလော။

၄။ သူစေခိုင်းသည့်တာဝန်ကို သင်သစ္စာရှိပါသလော။ သူ၏စေခိုင်းသည့်တာဝန်ကို သစ္စာရှိဖို့အလို့ငှာ သင် မည်သည့်အရာ လုပ်ဆောင်ပါသနည်း။

၅။ သင်လုပ်ဆောင်သည့်အရာရာတိုင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် သူ့ကို သစ္စာရှိခြင်းအတွက်လော။

အထက်တွင် စာရင်းပြုစုထားသည့် အချက်များအရ၊ သင်သည် လက်ရှိအဆင့်တွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသည်၊ မရှိသည်ကို ဆင်ခြင်သုံးသပ်နိုင်ပေသည်။

သင်သည် ဘုရားသခင်စေခိုင်းသည့်တာဝန်ကို လက်ခံနိုင်ပါက၊ ဘုရားသခင်၏ ကတိတော်ကို လက်ခံနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏အလိုကို သင် လိုက်လျှောက်နေခြင်း ဖြစ်ပေသည်။ အတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းသည် သင့်အဖို့ ရှင်းလင်းပါသလော။ ယခု၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းနှင့်အညီ ပြုမူသလော။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်သလော။ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော အလင်းကို သင် အမီလိုက်ဖို့ ဆန္ဒရှိသလော။ ဘုရားသခင်၏ ရယူခြင်းခံရရန် သင် ဆန္ဒရှိသလော။ သင်သည် ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော သရုပ်သကန်တစ်ခု ဖြစ်လာဖို့ ဆန္ဒရှိသလော။ သင့်ကို ဘုရားသခင် တောင်းဆိုသည့်အရာကို ရယူဖို့ စိတ်ဆုံးဖြတ်ချက် သင်၌ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသည့်အချိန်တွင်၊ သင့်အတွင်း၌ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် စိတ်ဆုံးဖြတ်ချက် ရှိပါက- ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲ၌ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဆိုလိုပေသည်။ သင်သည် ထိုသို့သော စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ပါက၊ သင်ရရှိအောင် အားထုတ်သည့် ရည်မှန်းချက်များ မရှိပါက၊ ယင်းမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်း မခံရသေးဟု ဆိုလိုပေသည်။

လူတို့သည် နိုင်ငံတော်၏ လေ့ကျင့်ရေးထဲသို့ တရားဝင် ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့အပေါ် ဘုရားသခင် ပြုသည့် တောင်းဆိုချက်များသည် သာ၍ မြင့်မားသော အဆင့်တစ်ခုသို့ တက်လေသည်။ ဤသာ၍ မြင့်မားသော တောင်းဆိုချက်များကို မည်သည့် အချက်တွင် မြင်နိုင်သနည်း။ ယခင်က၊ လူတို့သည် အသက်မရှိဟု ဆိုခဲ့သည်။ ယနေ့တွင်၊ ၎င်းတို့သည် အသက်ကို ရှာဖွေကြ၏၊ ဘုရားသခင်၏ လူများဖြစ်လာရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ၎င်းတို့ ကြိုးစားကြလေသည်။ ဤသည်မှာ သာ၍ မြင့်မားသော အဆင့်တစ်ခု မဟုတ်သလော။ အမှန်တွင်၊ လူတို့အပေါ် ဘုရားသခင် ပြုသည့် တောင်းဆိုချက်များသည် ဖြစ်လေ့ရှိသည်ထက် ပိုမိုရိုးရှင်းပေသည်။ လူတို့ကို အစေခံသူများဖြစ်ဖို့ သို့မဟုတ် သေဆုံးဖို့ တောင်းဆိုမထားပေ- ၎င်းတို့ကို တောင်းဆိုထားသည့် အရာမှာ ဘုရားသခင်၏လူများ ဖြစ်လာကြဖို့သာ ဖြစ်သည်။ ယင်းသည် သာ၍ရိုးရှင်းသည် မဟုတ်လော။ သင် လုပ်ဆောင်ရမည့် အရာမှာ ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ဆက်ကပ်ပြီး သူ၏လမ်းပြမှုကို နာခံဖို့သာ ဖြစ်ကာ၊ အရာရာသည် အကျိုးဖြစ်ထွန်းလာလိမ့်မည်ဖြစ်သည်။ ဤအရာ အလွန်ခက်ခဲသည်ဟု အဘယ့်ကြောင့် သင်ခံစားရသနည်း။ ယနေ့ပြောဆိုသည့် အသက်တာထဲ ဝင်ရောက်ခြင်းသည် ယခင်ထက် သာ၍ရှင်းလင်း၏။ အတိတ်တွင်၊ လူတို့သည် ရောထွေးခဲ့ကြပြီး သမ္မာတရား၏ စစ်မှန်မှုမှာ အဘယ်အရာဖြစ်သည်ကို မသိခဲ့ကြပေ။ အမှန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသောအခါ တုံ့ပြန်သောသူများ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို ခံရသောသူများနှင့် ဘုရားသခင်၏ရှေ့မှောက်တွင် သူ၏စုံလင်စေခြင်းကို ရရှိသောသူများနှင့် စိတ်သဘောထား၌ ပြောင်းလဲသူအားလုံး- ထိုသို့သောလူအားလုံး၌ အသက်ရှိ၏။ ဘုရားသခင်သည် သေသောအရာများ မဟုတ်ဘဲ၊ အသက်ရှင်သော သတ္တဝါများကို အလိုရှိပေသည်။ သင်သည် သေဆုံးနေပါက၊ အသက်မရှိသကဲ့သို့၊ ဘုရားသခင်သည် သူ၏ လူများထဲမှ တစ်ဦးအဖြစ် သင့်ကို မြှင့်တင်ဖို့မဆိုထားနှင့်၊ သင့်ကို စကားပင်ပြောမည်မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်အားဖြင် ချီမခံရပြီးဖြစ်ကာ၊ သူ့ထံမှ ကြီးမားလှသည့် ကောင်းချီးမင်္ဂလာတစ်ခုကို ရရှိပြီးဖြစ်သည့်အတွက်၊ ဤအရာက သင်တို့အားလုံးသည် အသက်ရှိသော လူများဖြစ်ကြောင်းပြပြီး၊ အသက်ရှိသော လူများသည် ဘုရားသခင်ထံမှ လာပေသည်။

မိမိ၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေရာတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ရိုးရှင်း၏။ သင်၏ လက်တွေ့ကျသည့် အတွေ့အကြုံ၌၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို လိုက်နာနိုင်ပြီး၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားနိုင်ပါက၊ သင်၏စိတ်သဘောထားသည် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ သန့်ရှင်းသောဝိညာဉ်တော် ပြောသည့်အရာဟူသမျှကို သင် လိုက်နာကာ၊ သန့်ရှင်းသောဝိညာဉ်တော် ပြောသည့်အရာ ဟူသမျှကို သင်ရရှိအောင် အားထုတ်ပါက၊ သင်သည် သူ့ကို နာခံသောသူတစ်ဦးဖြစ်ပြီး၊ သင်၏စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိပေလိမ့်မည်။ လူတို့၏ စိတ်သဘောထားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြင့် ပြောင်းလဲ၏။ သင်သည် အတိတ်က သင်၏ အတွေ့အကြုံဟောင်းများနှင့် စည်းမျဉ်းများကို အမြဲ ဖက်တွယ်ပါက၊ သင်၏စိတ် သဘောထား မပြောင်းလဲနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ နှုတ်ကပတ်တော်များက လူအားလုံးကို ပုံမှန်လူ့သဘာဝ၏ အသက်တာထဲသို့ ဝင်ရောက်ရန် စေခိုင်းသော်လည်း သင်က အပေါ်ယံ အရာများအပေါ် အစွဲအလမ်းကြီးမြဲ ကြီးနေပြီး၊ လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးကာ ယင်းကို အလေးအနက်မထားပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို အမှီမလိုက်နိုင်သူတစ်ဦး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှု လမ်းကြောင်းပေါ်သို့ မဝင်ရောက်ရသေးသူတစ်ဦး ဖြစ်ပေသည်။ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို သင် အမီလိုက်နိုင်ခြင်း ရှိမရှိနှင့် သင်သည် စစ်မှန်သော အသိပညာရှိမရှိ ဆိုသည်တို့အပေါ် မူတည်၏။ ဤသည်မှာ ယခင်က သင်တို့ နားလည်ခဲ့သည့် အရာနှင့်မတူပေ။ ယခင်က သင်နားလည်ခဲ့သည့် သင်၏ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ၊ အပေါ်ယံကြည့်ပြီး ဝေဖန်သုံးသပ်တတ်သည့် သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ရမ်းသန်းစကားပြောခြင်းကို ရပ်တန့်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယင်းသည် ပြောင်းလဲမှု၏ ကဏ္ဍတစ်ခုသာ ဖြစ်၏။ ယခု၊ အရေးအကြီးဆုံးအချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာခြင်းဖြစ်သည်- ဘုရားသခင်ပြောသည့် အရာဟူသမျှကို လိုက်နာလော့၊ ပြီးလျှင် သူပြောသည့်အရာဟူသမျှကို နာခံလော့။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကိုယ် မိမိစွန့်လွတ်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်- ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား နာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်- ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏ နှုတ်ကပတ်တော်ကြောင့် ပြီးမြောက်သည်ဟု ဆိုခဲ့သော်လည်း၊ ဤအမှန်တရားကို မည်သူမျှ မမြင်ခဲ့ကြပေ။ မျက်မှောက်အဆင့်ကို တွေ့ကြုံခြင်းထဲသို့ သင် ဝင်ရောက်ပါက၊ သင့်အဖို့ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး၊ သင်သည် အနာဂတ် စမ်းသပ်မှုများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို တည်ဆောက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်က သူသည် လူတို့ကို စတင်ပြစ်တင်ဆုံးမမည်ဟုပြောသည့်အခါ သူ၏ ပြစ်တင်ဆုံးမခြင်းကို လက်ခံလော့။ ဘုရားသခင်က လူတို့ကို သေဖို့စေခိုင်းသည့်အခါ၊ ထိုစမ်းသပ်မှုကို လက်ခံလော့။ သင်သည် သူ၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များအတွင်းတွင် အမြဲ အသက်ရှင်နေပါက၊ အဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို စုံလင်စေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲသို့ သင် ဝင်ရောက်လေလေ၊ သင်သည် လျင်မြန်စွာ စုံလင်ခံရလေလေ ဖြစ်လိမ့်မည်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ သင်တို့ကို ငါ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင် ရှာဖွေလိုက်စားပြီး တွေ့ကြုံကာ၊ သူ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိပေသည်။ ထို့ကြောင့် သင်တို့အားလုံးသည် ဘုရားသခင် အမှုပြုသည့် နည်းလမ်းတိုင်းတွင် ပါဝင်သောသူများ ဖြစ်ပြီး၊ သင်တို့၏ ဆင်းရဲဒုက္ခ မည်သည့်အတိုင်းအတာ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် “အမှတ်တရ လက်ဆောင်” ကို သင်တို့အားလုံး ရရှိလိမ့်မည်။ သင်တို့၏ နောက်ဆုံးစုံလင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းသည် တစ်ဖက်သတ်မဟုတ်ပေ။ သူသည် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်၊ အယောက်တိုင်း သတိရှိစွာ သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ လိုအပ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့ - ဤအရာသည် သင်တို့၏အသက်တာအတွက် သာ၍အကျိုးရှိလိမ့်မည်။ အရာရာသည် သင်တို့၏စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိခြင်းအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏စိတ်နှလုံးသည် သူ၏တို့ထိခြင်း ခံရမည်ဖြစ်ပြီး သူ၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်တွင် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် အရာတိုင်းကို သင် သိရှိနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအရာကို ရရှိဖို့ စိတ်ဆုံးဖြတ်ချက် ရှိလိမ့်မည် ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း ကာလအတွင်းတွင်၊ ဤသည်မှာ အမှု၏နည်းစနစ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသူများ ရှိခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသကဲ့သို့၊ မည်သည့်အရာကိုမျှ ရရှိခြင်း သို့မဟုတ် သိနားလည်ခြင်းမရှိဘဲ ပြစ်တင်ဆုံးမခြင်းကာလမှ ပေါ်ထွက်လာခဲ့ကြလေသည်။ သံသယ စိုးစဉ်းမျှမရှိဘဲ ဤနှုတ်ကပတ်တော်များထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ကြသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မမှားယွင်းနိုင်သော သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်သည် ပြစ်တင်ဆုံးမခံရသင့်သည်ဟု ပြောဆိုခဲ့သူ အချို့ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အနာဂတ်နှင့် ကံကြမ္မာကို လက်လွှတ်ရင်း ယင်း၌ အချိန်အတိုင်းအတာ တစ်ခုကြာ ရုန်းကန်ခဲ့ကြပြီး၊ ၎င်းတို့ ပေါ်ထွက်လာသည်အခါ ၎င်းတို့၏ စိတ်သဘောထားများသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍နက်ရှိုင်းသည့် သိနားလည်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းမှ ပေါ်ထွက်လာခဲ့ကြသူ အားလုံးသည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ခံစားရကာ ဤအမှုအဆင့်သည် ၎င်းတို့ထဲသို့ ဆင်းသက်လျက်ရှိသည့် ဘုရားသခင်၏ကြီးမားသောချစ်ခြင်းမေတ္တာအား ပုံဖော်သည်၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အောင်နိုင်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်ဆိုသည်တို့ကို နားလည်ခဲ့ကြလေသည်။ ၎င်းတို့က ဘုရားသခင်၏ အတွေးများသည် အစဉ်အမြဲကောင်းမြတ်ကာ၊ လူသား၌ ဘုရားသခင်ပြုသည့် အရာတိုင်းသည် မုန်းတီးခြင်းမဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာမှ လာသည်ဟုလည်း ပြောဆိုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မယုံကြည်ခဲ့သူများ၊ သူ၏နှုတ်ကပတ်တော်များကို အားမထားခဲ့သူတို့သည် ပြစ်တင်ဆုံးမသော ကာလအတွင်းတွင် စစ်ဆေးခြင်းကို မကြုံခဲ့ရပေ၊ ထို့ကြောင့် အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိခဲ့ဘဲ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိခဲ့ကြချေ။ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ ဝင်ရောက်ခဲ့ကြသူများအတွက်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် လျှို့ဝှက်စွာ အမှုပြုနေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက်တာ စိတ်သဘောထားက ပြောင်းလဲခဲ့ပေသည်။ အချို့သည် အပြင်ပန်းကြည့်ရသည်မှာ၊ တစ်နေ့လုံး ကောင်းသောပျော်ရွင်ခြင်းနှင့် ပြည့်လျက်၊ အလွန် အပြုသဘောဆောင်သည့်ပုံရသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း အခြေအနေထဲသို့ မဝင်ရောက်ခဲ့ကြသောကြောင့် လုံးဝ မပြောင်းလဲခဲ့ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ယုံကြည်မှုမရှိခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်သောသူ အားလုံးထံ ပေါ်ထွန်းပြီး၊ သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ကာ လက်ခံသောသူများသည် သူ၏ချစ်ခြင်းမေတ္တာကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ရန်၊ သင့်အနေဖြင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာသင့်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိသင့်သည်။ ထိုသို့ဖြင့်သာ သင်၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်ပြီး၊ ဤနည်းဖြင့် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီးသည့် လူတို့သာ သူ၏ အလိုနှင့် ကိုက်ညီနိုင်ပေသည်။ အလင်းသစ်ကို ရရှိဖို့၊ သင်သည် သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်ရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ကြိမ်တစ်ခါသာ ခံရခြင်းက လုံးဝ အလုပ်ဖြစ်လိမ့်မည်မဟုတ်- သင်သည် သာ၍ နက်ရှိုင်းစွာ လုပ်ဆောင်ရမည်။ တစ်ကြိမ်သာ တို့ထိခံရသူတို့အတွက်၊ ၎င်းတို့၏အတွင်းပိုင်း စိတ်အားထက်သန်မှုကို နှိုးဆော် ခံရပြီး၊ ၎င်းတို့သည် ရှာဖွေရန် ဆန္ဒရှိသော်လည်း၊ ဤအရာသည် ကြာရှည်မခံနိုင်ပေ။ ၎င်းတို့အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို စဉ်ဆက်မပြတ် ခံကြရမည်။ လူတို့အနေဖြင့် မိမိတို့၏ အသက်တာတွင် ပြောင်းလဲမှုများ ရရှိအောင် အားထုတ်နိုင်ကြဖို့အလို့ငှာနှင့် ဘုရားသခင်၏တို့ထိခြင်းခံရရန် အားထုတ်နေစဉ်တွင် မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကို ၎င်းတို့ နားလည်နိုင်ကာ၊ သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင်၊ မိမိတို့ကိုယ်၌ထဲက (မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ အယူအဆများ၊ စသဖြင့်) မစင်ကြယ်မှုများကို စွန့်ပစ်နိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့၏ စိတ်ဝိညာဉ်များကို တို့ထိကောင်းတို့ထိနိုင်မည်ဟူသော ငါ၏ မျှော်လင့်ချက်ကို အတိတ်တွင် အကြိမ်များစွာ ငါ ပြောဆိုပြီးဖြစ်သည်။ အလင်းသစ်ကို မိမိမှအစပြု၍ လက်ခံရရှိခြင်းမျှသည် အလုပ်ဖြစ်လိမ့်မည်ဟု မထင်လေနှင့်- အပျက်သဘောဆောင်သည့် အရာအားလုံးကိုလည်း သင် စွန့်ပစ်ရမည်။ တစ်ဖက်တွင်၊ သင်တို့သည် အပြုသဘောဆောင်သည့် ရှုထောင့်တစ်ခုမှ ဝင်ရောက်ဖို့ လိုအပ်ပြီး၊ အခြားတစ်ဖက်တွင် အပျက်သဘောဆောင်သည့် ရှုထောင့်တစ်ခုမှ မစင်ကြယ်သည့် အရာအားလုံးကို မိမိထံမှ ဖယ်ရှားဖို့ လိုအပ်သည်။ သင်တို့အနေဖြင့် မည်သည့် မစင်ကြယ်မှုများ သင်တို့အတွင်းတွင် တည်ရှိသေးသည်ကို တွေ့မြင်ဖို့ မိမိတို့ကိုယ်ကိုယ် စဉ်ဆက်မပြတ် ဆန်းစစ်ရမည်။ လူသားမျိုးနွယ်၏ ဘာသာရေးအယူအဆများ၊ ရည်ရွယ်ချက်များ၊ မျှော်လင့်ချက်များ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားမှုများ အားလုံးတို့သည် မသန့်ရှင်းသောအရာများ ဖြစ်ကြ၏။ မည်သည့် ဘာသာရေး အယူအဆများ သင်၌ရှိသည်ကို တွေ့မြင်ရဖို့ မိမိကိုယ်ကိုယ်အတွင်းသို့ ကြည့်ကာ ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးနှင့် မိမိကိုယ်မိမိ နှိုင်းယှဉ်လော့။ ထိုအရာများကို သင် အမှန်တကယ် သတိပြုမိသည့်အခါမှသာ၊ ၎င်းတို့ကို သင် စွန့်ပစ်နိုင်ပေသည်။ လူအချို့က- “သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအမှုနှင့်ဆိုင်သော အလင်းနောက်သို့ လိုက်ရုံမျှသည် ယခုလုံလောက်၏။ အခြား မည်သည့်အရာနှင့်မျှ အနှောင့်အယှက်ဖြစ်စရာ မလို”ဟု ပြောကြသည်။ သို့သော်၊ သင်၏ဘာသာရေး အယူအဆများ ထွက်ပေါ်လာသောအခါ ၎င်းတို့ကို သင် မည်ကဲ့သို့ ဖယ်ရှားမည်နည်း။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာခြင်းသည် လုပ်ဆောင်ရန် ရိုးရှင်းသော အရာဖြစ်သည်ဟု သင်ထင်သလော။ သင်သည် ဘာသာရေးနှင့် သက်ဆိုင်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဘာသာရေး ယူဆချက်များနှင့် သင်၏ စိတ်နှလုံးထဲက ရိုးရာဓမ္မပညာဆိုင်ရာ သဘောတရားများမှ အနှောင့်အယှက်များ ထွက်ပေါ်လာနိုင်ပြီး၊ ဤအရာများ ပေါ်ထွက်လာသည့်အခါ ယင်းက သင်၏ အသစ်သောအရာများကို လက်ခံခြင်းအား နှောင့်ယှက်လေသည်။ ဤအရာအားလုံးသည် အမှန်တကယ် ရှိသော ပြဿနာများ ဖြစ်သည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကိုသာ ရရှိအောင် အားထုတ်ပါက၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလင်း နောက်လိုက်သည့် တစ်ချိန်တည်းတွင်၊ မည်သည့် အယူအဆများနှင့် ရည်ရွယ်ချက်များ သင် သိုထားသည်၊ လူသား၏ မိမိကိုယ်ကိုယ် မှန်သည်ဟူသော မည်သည့်မှတ်ယူခြင်း သင်၌ရှိသည် ဆိုသည်နှင့်၊ မည်သည့် အပြုအမူများက ဘုရားသခင်ကို မနာခံခြင်းဖြစ်သည် ဆိုသည်တို့ကို သင်သတိပြုသင့်၏။ ဤအရာများအားလုံးကို သင် သတိပြုမိပြီးနောက်တွင်၊ ၎င်းတို့ကို သင် စွန့်ပစ်ရမည်။ သင်၏ယခင်က လုပ်ဆောင်ချက်များနှင့် အပြုအမူများကို သင့်အား စွန့်လွှတ်စေခြင်းသည် ယနေ့ သန့်ရှင်းသောဝိညာဉ်တော် ပြောဆိုသည့် နှုတ်ကပတ်တော်များကို သင့်အား လိုက်လျှောက်ခွင့်ပေးခြင်းအတွက်သာ ဖြစ်သည်။ တစ်ဖက်တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ရရှိခြင်းဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ယင်းသည် လူသားမျိုးနွယ်၏ အပိုင်းမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်၏။ ဘုရားသခင်၏အမှုရှိပြီး၊ ထို့နောက် လူသား၏ လက်တွေ့လုပ်ဆောင်မှုရှိကာ၊ နှစ်ခုလုံးသည် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသည်။

အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သို့ ပြည့်စုံစေနိုင်သနည်း။ အရေးကြီးသော အချက်တစ်ချက်မှာ အသက်တာထဲ ဝင်ရောက်မှု ရရှိရန် အားထုတ်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် အားထုတ်ဖို့နှင့် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ရရှိရန် အားထုတ်ဖို့ဖြစ်သည်- ဤသည်မှာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်းဆီသို့သွားရာ လမ်းကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိသူများ ဖြစ်ကြသော်လည်း၊ မည်သည့် စေခိုင်းချက်တာဝန်မျိုးနည်း။ ဤအရာသည် အမှု၏ နောက်တဆင့်နှင့် ဆက်နွှယ်နေ၏။ အမှု၏ နောက်တစ်ဆင့်သည် စကြဝဠာတစ်ခွင်လုံးအနှံ့ ဆောင်ရွက်သည့် သာ၍ကြီးမားသော အမှုဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်တို့အား သူ၏ အနာဂတ်အမှုအတွက် နမူနာများ ဖြစ်စေလျက်၊ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အမှုမှတစ်ဆင့် သူ၏ ဘုန်းအသရေကို ရရှိခြင်း၏ သက်သေ အမှန်တကယ် သင် ဖြစ်လာဖို့အလို့ငှာ သင်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ယနေ့ သင် ရရှိအောင် အားထုတ်သင့်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြု‌ခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာထဲရှိ အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းထင်ရှားခြင်းတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်- ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။