သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖော်ပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။ ယေဟောဝါက သူတို့အထဲတွင် အဘယ်ကြောင့် အလုပ် လုပ်ခဲ့ပါသနည်း။ အဘယ်ကြောင့်နည်းဟုဆိုလျှင် အစ္စရေးလူမျိုးများသည် ဘုရားသခင် ရွေးချယ်သည့် လူများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်များ၏ အလုပ်သည် ထိုသူတို့အကြား၌ လုပ်ဆောင်ရန်ဖြစ်ပြီး ၎င်းတို့သည် ထိုသို့သော ဗျာဒိတ်များကို လက်ခံနိုင်သည့် အရည်အချင်းများ ရှိခဲ့ကြသောကြောင့် ဖြစ်သည်။ အမှန်တွင် သူတို့ကိုယ်တိုင်ကိုက သူတို့အားဖော်ပြခဲ့သည့် ဘုရားသခင်၏ ဗျာဒိတ်များကို နားမလည်ခဲ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ နှုတ်မှတဆင့် ထိုဗျာဒိတ်များကို ပြောကြားခဲ့သည်မှာ အနာဂတ်တွင် ထိုဗျာဒိတ်များကို လူတို့ နားလည်နိုင်စေရန်၊ ထိုအရာများသည် အမှန်တကယ်ပင် ဘုရား ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်းကို မြင်နိုင်စေရန်၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်ကြောင်း၊ လူထံမှလာသော အရာများမဟုတ်ကြောင်းကို မြင်နိုင်စေရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သော အတည်ပြုချက်ကို ၎င်းတို့အားပေးရန် ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်း၌မူ၊ ယေရှု ကိုယ်တိုင် သူတို့ကိုယ်စား ဤအမှုအားလုံးကို လုပ်ပေးခဲ့သောကြောင့် လူတို့သည် အနာဂတ်ဟောကြားချက်များကို မဟောကြတော့ပေ။ သို့ဖြစ်လျှင် ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့ပါသလော။ ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်သူသည် တမန်တော်များ၏ အလုပ်ကိုပါ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ယေရှုသည် အနာဂတ်ကို ဟောကြားခြင်းနှင့် တရားဟောခြင်း နှစ်မျိုးစလုံးကို လုပ်နိုင်ခဲ့ပြီး တိုင်းပြည်အနှံ့တွင် လူများကို သွန်သင်ပေးနိုင်ခဲ့သည်။ သို့သော် ယေရှု လုပ်ဆောင်ခဲ့သည့် အမှုနှင့် ယေရှု ကိုယ်စားပြုခဲ့သည့် ပင်ကိုယ်လက္ခဏာမှာ မတူခဲ့ပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ကယ်တင်ရန်၊ လူကို အပြစ်မှ ကယ်တင်ရန် လာခဲ့သည်၊ သူသည် ပရောဖက် တစ်ဦး ဖြစ်ခဲ့သကဲ့သို့ တမန်တော် တစ်ဦးလည်း ဖြစ်သည်၊ ထို့ထက်ပိုသည်မှာ သူသည် ခရစ်တော် ဖြစ်ပေသည်။ ပရောဖက် တစ်ဦးသည် အနာဂတ်ကို ဟောကြားနိုင်သော်လည်း၊ ထိုသို့သော ပရောဖက်ကို ခရစ်တော်ဟု ဆို၍မရပေ။ ထိုစဉ်အချိန်က ယေရှုသည် ပရောဖက်ပြုချက် အများအပြား ပြောဆိုခဲ့သောကြောင့် ယေရှုကို ပရောဖက်တစ်ဦးဟု ခေါ်နိုင်သော်လည်း သူသည် ပရောဖက်တစ်ဦး ဖြစ်သောကြောင့် ခရစ်တော် မဟုတ်ဟု ပြော၍ မရပါ။ အကြောင်းမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုကာ အမှု၏ အဆင့် တစ်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး ယေရှု၏ ကိုယ်ပိုင်လက္ခဏာသည် ဟေရှာယနှင့် တခြားစီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ရွေးနုတ်ကယ်တင်သည့်အမှုကို ပြည့်စုံစေရန် လောကသို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် လူသား၏ အသက်အတွက်လည်း ထောက်ပံ့ပေးခဲ့ပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့ထံသို့ တိုက်ရိုက်လာခဲ့သည်။ သူလုပ်ဆောင်ခဲ့သည့် အမှု၌ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ လှုံ့ဆော်ချက်များ သို့မဟုတ် ယေဟောဝါထံမှ လမ်းညွှန်ချက်များ မရှိခဲ့ပါ။ ယင်းအစား၊ ဝိညာဉ်တော်က တိုက်ရိုက် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်— ယင်းက ယေရှုသည် ပရောဖက် တစ်ဦး မဟုတ်ကြောင်းကို သက်သေပြရန် လုံလောက်ပေသည်။ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ရွေးနုတ်ကယ်တင်သည့် အမှုဖြစ်သည်။ ယင်းနောက် ဒုတိယအလုပ်မှာ ပရောဖက်ပြုချက် ပြောဆိုခြင်းဖြစ်သည်။ သူသည် ပရောဖက် တစ်ဦး၊ တမန်တော်တစ်ဦး ဖြစ်၏၊ သို့သော် ယင်းထက် သူသည် ရွေးနုတ်ကယ်တင်သောသူ ဖြစ်သည်။ အနာဂတ်ကို ဟောကြားပေးခဲ့သူများသည် ပရောဖက်ပြုချက်ကိုသာ ပြောဆိုနိုင်ခဲ့ကြပြီး တခြား အလုပ်များကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က မည်သည့်ကမျှ မလုပ်ကိုင်ခဲ့ဘူးသည့် အလုပ် အများအပြားကို ယေရှု လုပ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်အား ရွေးနုတ်ကယ်တင်သည့် အလုပ်ကိုလည်း လုပ်ခဲ့သောကြောင့်၊ သူသည် ဟေရှာယကဲ့သို့သောသူများနှင့် မတူခဲ့ပါ။ လူတချို့တို့က ယနေ့ခေတ် ရေစီးကြောင်းကို လက်မခံကြသည်မှာ ယင်းသည် သူတို့အတွက် အတားအဆီးတစ်ခု ဖြစ်စေသောကြောင့် ဖြစ်သည်။ သူတို့က- “ဓမ္မဟောင်းကျမ်းခေတ်မှာလည်း ပရောဖက် အများအပြားက နှုတ်ကပတ်တော်တွေ အများကြီး ပြောခဲ့ကြတယ်— ဒီတော့ အဲဒီ ပရောဖက်တွေကကော ဘာကြောင့် လူဇာတိခံယူတဲ့ ဘုရားသခင် မဟုတ်ခဲ့တာလဲ။ ယနေ့ခေတ် ဘုရားသခင်လည်း နှုတ်ကပတ်တော်တွေ ပြောတယ်— အဲဒါက သူဟာ လူဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်လို့ သက်သေပြဖို့ လုံလောက်ပါသလား။ သင်က သမ္မာကျမ်းစာကို မချီးမြောက်သလို လေ့လည်း မလေ့လာဘူး— ဒါဆို သူက လူဇာတိခံယူတဲ့ ဘုရားသခင် ဖြစ်တယ်လို့ သင်ဘာကို အခြေခံပြီး ပြောရသလဲ။ သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းညွှန်ပေးခဲ့တယ်လို့ သင်က ပြောတယ်။ ပြီးတော့ ဒီအမှုအဆင့်ကို ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်နေတယ်လို့ သင်က ယုံကြည်တယ်— ဒါပေမဲ့ ဒီအရာအတွက် သင့်ရဲ့ အခြေပြုချက်က ဘာလဲ။ ယနေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအပေါ် သင် အာရုံစိုက်ထားပြီး သမ္မာကျမ်းစာကို ငြင်းပယ်လျက် ဘေးဖယ်ထားတယ်” ဟု ပြောကြသည်။ ထိုသို့လျှင် သင်သည် မိစ္ဆာဒိဋ္ဌိနှင့် အများနှင့်ကွဲလွဲဆန့်ကျင်မှုကို ယုံကြည်သည်ဟုလည်း ပြောကြလေသည်။

သင်သည် နောက်ဆုံးကာလအတွင်းတွင် ဘုရားသခင်၏ အမှုကို သက်သေခံလိုလျှင် သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်လမ်း၊ သမ္မာကျမ်းစာ၏ ဖွဲ့စည်းပုံနှင့် သမ္မာကျမ်းစာ၏ အနှစ်သာရတို့ကို သိနားလည်ရမည်။ ယနေ့ခေတ်တွင် လူတို့က 'သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်'ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးအတွက် ရေးသားခဲ့သော စာများ ဖြစ်သည်။ ထိုစဉ်အချိန်က အသင်းတော်များအားလုံးမှ ညီအစ်ကိုမောင်နှမများအား သူ၏ အကြံပေးချက်များအတိုင်း လုပ်ဆောင်ကြစေရန်နှင့် သခင်ယေရှု၏ နည်းလမ်းများ အားလုံးကို လိုက်နာကြဖို့အလို့ငှာ ရေးခဲ့သောစာများ ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့သကဲ့သို့ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများနှင့် ပတ်သက်၍ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေနှင့် အနေအထားများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများအတွက် ရေးပေးခဲ့ခြင်းဖြစ်ပြီး သခင့်ထဲက ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုထံမှ ကျေးဇူးတော်ကို ရရှိနိုင်စေရန်အလို့ငှါ ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သောစာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များအတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သည့်သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးအကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် သူ၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် သူ၏ ဘဝအတိုင်းအတာကို အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ— ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ကိုယ်စားပြုပေသည်။

ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဟုတ်ဟုသာ ပြောနိုင်ပါသည်။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူ နီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

ဓမ္မသစ်ကျမ်း၏ ရှင်မဿဲခရစ်၀င်ကျမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မှတ်တမ်းတင်ထားသည်။ အစပိုင်းတွင် ယေရှုသည် အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်တစ်ဦးဖြစ်သည်၊ ယောသပ်၏ သားဖြစ်သည်ဟု ဖော်ပြထားပြီး နောက်ပိုင်းတွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်မှ ပဋိသန္ဓေတည်စေခဲ့သော သားဖြစ်သည်၊ အပျိုကညာမှ မွေးသူ ဖြစ်သည်ဟု ဆိုထားသည်။ တစ်နည်းအားဖြင့် ယေရှုသည် ယောသပ်၏ သားမဟုတ်၊ အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်လည်းမဟုတ်ဟု ပြောလိုက်ခြင်း ဖြစ်နေသည်။ ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း၌ ယေရှုကို ယောသပ်နှင့် ဆက်စပ်ကြောင်း ခိုင်ခိုင်မာမာ ဖော်ပြသော်လည်း ထို့နောက်တွင်ဆွေစဉ်မျိုးဆက်စာရင်းက ယေရှု မွေးဖွားသည့် ဖြစ်စဉ်ကို အစပြု မှတ်တမ်းတင်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က မာရိ၌ ပဋိသန္ဓေတည်စေပြီး ယေရှုသည် အပျိုကညာမှ မွေးဖွားလာသူဖြစ်သည်၊ ယေရှုသည် ယောသပ်၏သား မဟုတ်ဟု ဖော်ပြထားသည်။ သို့သော်လည်း ဆွေစဉ်မျိုးဆက်စာရင်းတွင်မူ ယေရှုသည် ယောသပ်၏သားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသား ဖော်ပြထားသည်။ အဆိုပါ ဆွေစဉ်မျိုးဆက်စာရင်းသည် ယေရှုအတွက် ရေးထားသောကြောင့် မျိုးဆက် လေးဆယ့်နှစ်ဆက်ကို မှတ်တမ်းတင် ဖော်ပြထားသည်။ ယောသပ်၏ မျိုးဆက်ဆီသို့ ရောက်သောအခါ ယောသပ်သည် မာရိ၏ ယောက်ျားဖြစ်သည်ဟု ကမန်းကတန်း ဖော်ပြထားသည်။ ထိုစကားလုံးများမှာ ယေရှုသည် အာဗြံဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို သက်သေပြလိုသည့် စကားလုံးများ ဖြစ်နေသည်။ ထိုအချက်သည် ရှေ့နောက်မကိုက်ညီမှု မဟုတ်ပါလား။ ဆွေစဉ်မျိုးဆက်စာရင်းတွင် ယောသပ်၏ ဘိုးဘေးများကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး၊ ထိုမှတ်တမ်းသည် ယောသပ်၏ ဆွေစဉ်မျိုးဆက်စာရင်းဖြစ်သည်မှာ ထင်ရှားနေသည်။ သို့သော် မဿဲက ထိုစာရင်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း ဖြစ်သည်ဟု မရမကဆိုထားသည်။ ထိုအချက်က ယေရှု၏ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခြင်းကို ငြင်းပယ်နေခြင်းပင် မဟုတ်လော။ သို့ဖြစ်၍ မဿဲ၏ ဆွေစဉ်မျိုးဆက်စာရင်းသည် လူ၏ စိတ်ကူးမဟုတ်လော။ အဓိပ္ပာယ်မဲ့လှပေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဿဲ၏ကျမ်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးလုံးလျားလျား လာခဲ့ခြင်းမဟုတ်သည်ကို သင်သိနိုင်သည်။ ဘုရားသခင်သည် လောက၌ ဘိုးဘေးများမှတ်တမ်းရှိရမည်ဟု ယူဆသူတချို့ ရှိနိုင်ပါသည်။ အကျိုးဆက်အနေဖြင့် သူတို့သည် ယေရှုကို အာဗြံဟံ၏ လေးဆယ့်နှစ်ယောက်မြောက်မျိုးဆက် အဖြစ် သတ်မှတ်ကြသည်။ ဤသည်မှာ အမှန်တကယ်ပင် အဓိပ္ပါယ် မရှိလှပါ။ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီးနောက်တွင် ဘုရားသခင်၌ မည်သို့ ဘိုးဘေးများစာရင်း ရှိနိုင်ပါမည်နည်း။ ဘုရားသခင်၌ ဘိုးဘေးများစာရင်းရှိသည်ဟု သင်ကဆိုလျှင် သင်သည် ဘုရားသခင်ကို သူဖန်ဆင်းပေးခဲ့သူများနှင့် တပြေးညီ သတ်မှတ်လိုက်ခြင်းပင် မဟုတ်လော။ ဘုရားသခင်သည် ကမ္ဘာမြေနှင့် မသက်ဆိုင်သည့်အတွက် သူသည် ဖန်ဆင်းပေးသည့် အရှင်သခင် ဖြစ်သည်၊ သူသည် သွေးနှင့်သားနှင့် ဖြစ်သော်လည်း လူနှင့် ပင်ကိုယ်သဘာဝချင်း မတူပါ။ သင်သည် ဘုရားသခင်ကို သူဖန်ဆင်းခဲ့သော သတ္တဝါများနှင့် အမျိုးအစားခြင်း တူသူအဖြစ် အဘယ်သို့ သတ်မှတ်နိုင်သနည်း။ အာဗြံဟံသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ခဲ့ပါ၊ သူသည် တချိန်က ယေဟောဝါ၏ အလုပ်၌ ပါဝင်ခဲ့သူသာ ဖြစ်သည်။ သူသည် ယေဟောဝါ နှစ်သက်သည့် သစ္စာရှိသော အစေခံတစ်ဦးသာ ဖြစ်သည်၊ အစ္စရေးလူမျိုး တစ်ဦးဖြစ်သည်။ သူသည် မည်သည့်နည်းဖြင့် ယေရှု၏ ဘိုးဘေးတစ်ဦး ဖြစ်နိုင်ပါမည်နည်း။

ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မည်သူက ရေးခဲ့သနည်း။ ယေရှု ကိုယ်တိုင် ရေးခဲ့ပါသလော။ ယေရှုကိုယ်တိုင်က သူတို့ကို “ငါ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ရေးလော့”ဟု ခိုင်းခဲ့ပါသလော။ ယေရှုကို ကားတိုင်၌ သံမှိုရိုက်နှက်ပြီး နောက်ပိုင်းတွင် ထိုမှတ်တမ်းကို မဿဲက ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ယေရှုသည် သူ၏ တပည့်များ နားမလည်နိုင်ခဲ့ကြသည့် အမှုအများအပြားကို လုပ်ဆောင်ခဲ့ပြီး မည်သို့မှ ရှင်းမပြခဲ့ပေ။ ယေရှု စွန့်ခွာသွားသည့် နောက်ပိုင်းတွင် ယေရှု၏ တပည့်များသည် နေရာတိုင်း၌ တရားဟောခြင်း၊ အမှုဆောင်ခြင်းတိုကို စတင်လုပ်ဆောင်ခဲ့ကြပြီး ထိုအမှု၏ အဆင့်အဖို့အလို့ငှာ သူတို့သည် စာစောင်များနှင့် ခရစ်ဝင်ကျမ်းစာအုပ်များကို စတင်ရေးသားခဲ့ကြသည်။ ဓမ္မသစ်ကျမ်းထဲမှ ခရစ်ဝင်ကျမ်းများကို ယေရှု ကားစင်တင်ခံခဲ့ရသည့်နောက် အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ် အကြာတွင် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ ယင်းမှာ ကျေးဇူးတော်ခေတ်၏ အစပိုင်းမှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်ဟု ဆိုရပေမည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်အတွင်းတွင်သာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိခဲ့ပေ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု၏ အမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ထို့အပြင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်းတို့ ရှိခဲ့လေသည်။ ယေရှု ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်သွားချိန်မှာသာ၊ နောက်ပိုင်း မျိုးဆက်အသီးသီးတို့က သူတို့၏ မှတ်တမ်းများကို စုလိုက်သည့်အချိန်တွင် ဓမ္မသစ်ကျမ်း ရှိလာခဲ့ပါသည်။ မှတ်တမ်းများ စုစည်းသည့် အလုပ်ပြီးမှသာ ဓမ္မသစ်ကျမ်းဆိုပြီး ရှိလာခဲ့ခြင်း ဖြစ်သည်၊ ယခင်က ဓမ္မသစ်ကျမ်း မရှိခဲ့ပါ။ ဘုရားသခင်သည် ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ တမန်တော် ပေါလုက ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ နောက်ပိုင်းတွင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများကို ပေါင်းလိုက်ပြီး၊ ပတ်မုကျွန်း၌ ယောဟန် မှတ်တမ်းတင်ခဲ့သည့် အကြီးမားဆုံးသော ရူပါရုံကို ဓမ္မသစ်ကျမ်း၏ နောက်ဆုံးပိုင်းတွင် ထည့်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်း၌ နောက်ဆုံးသော ကာလ၏ အမှုကို ကြိုတင်ဟောထားသောကြောင့် ဖြစ်သည်။ ထိုအရာများအားလုံးသည် နောက်ပိုင်း မျိုးဆက်များ၏ အစီအစဉ်များ ဖြစ်ကြပြီး ယနေ့ခေတ် မိန့်မြွက်ချက်များနှင့် မတူပေ။ ယနေ့ခေတ်တွင် ရေးမှတ်ထားသော အရာများသည် ဘုရားအမှု၏ ခြေလှမ်းများနှင့်အညီ ဖြစ်သည်။ ယနေ့ လူများ ကြုံတွေ့နေကြသော အရာများသည် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အလုပ်၊ ဘုရားသခင် ကိုယ်တိုင် မိန့်မြွက်သောစကားများဖြစ်သည်။ လူသားမျိုးနွယ်ဖြစ်သော သင့်အနေနှင့် ဝင်စွက်ဖက်ရန် မလိုပေ။ တိုက်ရိုက်လာသည့် စကားများသည် တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ထားသည့် စကားများ ဖြစ်ပြီး လူ၏ မှတ်တမ်းများနှင့် စီစဉ်ထားပုံချင်း မတူပါ။ လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများဖြစ်ပြီး တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများနှင့်၊ သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို သင်အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင်၏ အမှုကသာလျှင် လူကို ကယ်တင်နိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ လူတို့သည် ယင်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ဖတ်ရှုနိုင်ခဲ့ကြသော်လည်း ယင်းတို့အထဲတွင် အပြောင်းအလဲ စိုးစဉ်းမျှရှိခဲ့မည် မဟုတ်ခဲ့ချေ။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်၏ လုပ်ဆောင်ချက်ကို ဘယ်တော့မှ ရမည် မဟုတ်ပါ။ အစ္စရေးနိုင်ငံ၌ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ အဆင့်နှစ်ဆင့်စလုံးကို သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် ဤမှတ်တမ်းများထဲမှ အမည်များ အားလုံးသည် အစ္စရေးလူမျိုးများ၏ အမည်များဖြစ်ပြီး အဖြစ်အပျက်များအားလုံးသည်လည်း အစ္စရေးနိုင်ငံ၌ ဖြစ်ခဲ့သည့် အဖြစ်အပျက်များ ဖြစ်နေရခြင်းဖြစ်သည်။ “ယေရှု”ဟူသည့် အမည်ပင်လျှင် အစ္စရေးအမည် ဖြစ်သည်။ ယနေ့ သင် သမ္မာကျမ်းစာကို ဆက်ဖတ်ရှုနေပါက၊ သင်သည် အစဉ်အလာကို လိုက်နာနေခြင်းပင် မဟုတ်လော။ သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်းထဲ၌ ရေးမှတ်ထားသော အရာများသည် ယုဒပြည်၏ အကြောင်းအရာများ ဖြစ်သည်။ မူရင်းစာများကို ဂရိဘာသာစကားနှင့် ဟေဗြဲဘာသာစကားဖြင့် ရေးထားပြီး ထိုစဉ်အချိန်က ယေရှုကို ခေါ်ဆိုခဲ့ကြသည့် အမည်နှင့် ယေရှု၏ နှုတ်ကပတ်တော်များအားလုံးသည် လူဘာသာစကားနှင့် သက်ဆိုင်ပေသည်။ ယေရှုကို လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခဲ့ကြစဉ်၊ ယေရှုက၊ “ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ” ဟု ပြောဆိုခဲ့သည်။ ဤသည်မှာ ဟေဗြဲစကား မဟုတ်လော။ ဤသည်မှာ ယေရှုသည် ယုဒပြည်၌ လူ့ဇာတိခံယူခဲ့သောကြောင့်ဖြစ်၏၊ သို့သော် ထိုအချက်က ဘုရားသခင်သည် ဂျူးလူမျိုးဖြစ်ကြောင်း သက်သေမပြပေ။ ယနေ့တွင် ဘုရားသခင်သည် တရုတ်နိုင်ငံတွင် လူဇာတိကို ခံယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူပြောဆိုသည့် အရာတိုင်းသည် တရုတ်ဘာသာစကားနှင့် ဖြစ်နေသည်မှာ သံသယဖြစ်စရာ မရှိပါ။ သို့သော် သူပြောသောစကားကို တရုတ်လို ဘာသာပြန်ထားသည့် သမ္မာကျမ်းစာနှင့် နှိုင်းယှဉ်ကြည့်၍ မရနိုင်ပေ။ အကြောင်းမူကား ဤနှုတ်ကပတ်တော်များ၏ ဇာစ်မြစ်ချင်း မတူသောကြောင့် ဖြစ်သည်။ တစ်ခုမှာ လူတို့ မှတ်တမ်းတင်ခဲ့ကြသည့် ဟေဗြဲဘာသာမှ ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဝိညာဉ်တော်၏ တိုက်ရိုက် ပြောကြားချက်များမှ ရရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။