လူ့ဇာတိခံယူခြင်း၏ နက်နဲမှု (၁) (အပိုင်း နှစ်)

သူ၏ အမှုကို မဆောင်ရွက်မီတွင်၊ ယေရှုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သမျှနှင့်အညီ ပြုမူခဲ့သည့် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ ထိုအချိန်က သူသည် သူ၏ ကိုယ်ပိုင်လက္ခဏာကို သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ ဘုရားသခင်ထံမှ လာသမျှအားလုံးကို သူနာခံခဲ့သည်။ သူ၏ အမှုကို မစတင်မီတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ ကိုယ်ပိုင်လက္ခဏာကို ဘယ်သောအခါမျှ မထုတ်ဖော်ခဲ့ပေ။ ထိုစည်းမျဉ်းများနှင့် ထိုပညတ်တော်များကို သူပယ်ဖျက်ခဲ့သည်မှာ သူ၏သာသနာ စတင်ပြီးနောက်မှသာ ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များက ဩဇာအာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်လျှမ်းလာသည်မှာ သူ၏သာသနာကို တရားဝင်စတင် ဆောင်ရွက်လာသည့် အချိန်မှသာ ဖြစ်သည်။ သူသည် သူ၏သာသနာကို စတင်ပြီးမှသာ ခေတ်သစ်ကို ဆောင်ယူဖို့ဖြစ်သည့် သူ၏ အမှု စတင်ခဲ့လေသည်။ ဤဖြစ်ရပ်မတိုင်မီတွင်၊ သူ၏အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ၂၉ နှစ်မျှ ကွယ်ဝှက်နေခဲ့သည်၊ ထိုအတောအတွင်းတွင် သူသည် လူသားတစ်ဦးကိုသာ ကိုယ်စားပြုခဲ့ပြီး ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိခဲ့ပေ။ ဘုရားသခင်၏အမှုသည် သူ၏သာသနာလုပ်ငန်းအား လုပ်ဆောင်ခြင်းနှင့် ဆောင်ရွက်ခြင်းဖြင့် စတင်ခဲ့သည်၊ လူသားက သူ့ကို အဘယ်မျှသိသည် ဆိုသည်နှင့် သက်ဆိုင်ခြင်းမရှိဘဲ သူ၏ အတွင်းစိတ် အစီအစဉ်အတိုင်း သူ၏ အမှုကို လုပ်ဆောင်ခဲ့ပြီး၊ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ဘုရားသခင်ကိုယ်တော်တိုင်ကို တိုက်ရိုက် ကိုယ်စားပြုခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယေရှုသည် သူ၏အနားပတ်ဝန်းကျင်မှ လူများကို “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုမေးခဲ့သည်။ “ကိုယ်တော်သည် ပရောဖက်များထဲမှ အကြီးမြတ်ဆုံးဖြစ်ပြီး ကျွန်ုပ်တို့၏ ကောင်းမြတ်သည့် သမားတော်ဖြစ်သည်” ဟု သူတို့ဖြေကြားခဲ့သည်။ အချို့က “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ယဇ်ပရောဟိတ်မင်း ဖြစ်သည်” စသည်ဖြင့်၊ ဖြေဆိုခဲ့ကြသည်။ အမျိုးမျိုးသော အဖြေများကို ပေးခဲ့ကြသည်၊ အချို့က သူသည် ယောဟန်ဖြစ်သည်၊ သူသည် ဧလိယဖြစ်သည်ဟုပင် ဆိုကြသည်။ ထို့နောက် ယေရှုသည် ရှိမုန်ပေတရုဆီသို့ လှည့်၍ “သင်သည် ငါ့ကို အဘယ်သူဖြစ်သည် ဆိုသနည်း” ဟုမေးခဲ့ရာ၊ ပေတရုက၊ “ကိုယ်တော် သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်” ဟု ဖြေကြားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို လူတို့ သတိပြုမိ လာကြသည်။ ယေရှု၏ ပင်ကိုယ်လက္ခဏာ ထင်ရှားလာခဲ့ချိန်တွင်၊ ဤအရာကို ပထမဦးဆုံး သိလာခဲ့သူမှာ ပေတရုဖြစ်ပြီး၊ သူ၏နှုတ်ဖျားမှ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်၊ ယေရှုက၊ “သင်ပြောသမျှတို့သည် အသွေးအသားအားဖြင့် ထုတ်ဖော်ခဲ့ခြင်း မဟုတ်၊ သို့သော် ငါ့ခမည်းတော်က ထုတ်ဖော်ခြင်းဖြစ်သည်။” ဟု ယေရှုက ထွက်ဆိုခဲ့သည်။ သူသည် ဗတ္တိဇံခံပြီးနောက်၊ ဤအရာကို အခြားသူများ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်မှာ ဘုရားသခင်၏ ကိုယ်စားဖြစ်သည်။ သူသည် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ကြွလာခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ပင်ကိုယ်လက္ခဏာကို ထုတ်ဖော်ရန်မဟုတ်ခဲ့ပေ။ ပေတရုက ထိုစကားများကို ပြောဆိုပြီးမှသာလျှင် လူများက သူ၏ ပင်ကိုယ်လက္ခဏာကို ပွင့်လင်းစွာ သိရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို သင့်အနေဖြင့် သတိထားမိခဲ့သည်ဖြစ်စေ၊ သတိမထားမိခဲ့သည်ဖြစ်စေ၊ အချိန်တန်သည့်အခါ သူက သူ၏အမှုကို စတင်ခဲ့သည်။ သင့်အနေဖြင့် ယင်းကို သိခဲ့သည်ဖြစ်စေ၊ မသိခဲ့သည်ဖြစ်စေ၊ သူသည် ယခင်အတိုင်း သူ၏အမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ သင်က ထိုအရာကို ငြင်းပယ်ခဲ့မည်ဆိုလျှင်ပင်၊ သူသည် မိမိ၏အမှုကို ဆောင်ရွက်လိမ့်ဦးမည်ဖြစ်ပြီး၊ ထိုသို့ လုပ်ရမည့် အချိန်ရောက်သည့်အခါ သူလုပ်ဆောင်လိမ့်မည် ဖြစ်သည်။ သူသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန်နှင့် မိမိ၏ အမှုတော်ကို ဆောင်ရွက်ရန် ကြွလာခဲ့သည်ဖြစ်ပြီး၊ လူသားက သူ၏ဇာတိပကတိကို သိနိုင်ဖို့ရန်မဟုတ်ဘဲ၊ လူ့အနေဖြင့် သူ၏အမှုကို ရရှိဖို့ ဖြစ်သည်။ ယနေ့အမှု၏အဆင့်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်သည်ကို သင် သတိပြုရန် ပျက်ကွက်ခဲ့ပါက၊ ယင်းမှာ သင်သည် ရူပါရုံကင်းမဲ့သောကြောင့် ဖြစ်သည်။ သို့ဖြစ်စေကာမူ၊ ဤအမှုအဆင့်ကို သင်သည် ငြင်းပယ်၍ မရနိုင်ပေ။ ထိုအရာကို သင် သတိပြုရန် ပျက်ကွက်ခြင်းက သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်မနေ၊ သို့မဟုတ် သူ၏အလုပ်က မှားယွင်းနေသည်ဟူသည်ကို သက်သေမပြပေ။ လက်ရှိအမှုကို သမ္မာကျမ်းစာထဲမှ ယေရှု၏အမှုနှင့်ယှဉ်၍ စစ်ဆေးပြီး ဤအမှု အဆင့်ကို ငြင်းပယ်ရန်အတွက် မည်သည့်ကွဲလွဲမှုမျိုးများကိုမဆို အသုံးပြုကြသည့်သူများပင် ရှိလေသည်။ ဤသည်မှာ မျက်ကန်းများ၏ လုပ်ရပ်မဟုတ်လော။ သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။

ယေရှု ကမ္ဘာမြေကြီးပေါ်တွင် ရှိခဲ့သည့်ကာလမှာ သုံးဆယ့်သုံးနှစ်ခွဲ ဖြစ်သည်။ ယင်းမှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သုံးဆယ့်သုံးနှစ်ခွဲ နေထိုင်ခဲ့ခြင်းဖြစ်သည်။ ဤအချိန်ကာလ၏သုံးနှစ်ခွဲသာ သူ၏ အမှုတော်ကို ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည်၊ ကျန်သည့်အချိန်များတွင် သူသည် သာမန်လူသား အသက်တာဖြင့်သာ နေထိုင်ခဲ့သည်။ အစတွင်၊ သူသည် တရားဇရပ်၌ ဝတ်ပြုစည်းဝေးများကို တက်ရောက်ခဲ့ပြီး၊ ထိုနေရာ၌ ယဇ်ပရောဟိတ်များ၏ ကျမ်းစာ ရှင်းလင်းဖော်ပြခြင်းနှင့် အခြားသူများ၏ တရားဟောချက်များကို နားထောင်ခဲ့သည်။ သူသည် ကျမ်းစာနှင့် ဆိုင်သည့် အသိပညာများစွာ ရရှိခဲ့သည်။ သူသည် ထိုသို့သော အသိပညာဖြင့် မွေးဖွားလာခဲ့ခြင်း မဟုတ်ခဲ့ပေ၊ ယင်းကို ဖတ်ရှုခြင်းနှင့် နားထောင်ခြင်းမှတစ်ဆင့်သာ ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် တစ်ဆယ့်နှစ်နှစ် အရွယ်တွင် တရားဇရပ်၌ သွန်သင်သူများကို မေးခွန်းများမေးခဲ့သည်ကို သမ္မာကျမ်းစာထဲတွင် ရှင်းလင်းစွာ ရေးမှတ်ထားသည်။ ရှေးခေတ်ပရောဖက်များ၏ ပရောဖက်ပြုချက်များမှာ အဘယ်နည်း။ မောရှေ၏ ပညတ်တော်များနှင့် သက်ဆိုင်သည့်အရာမှာ အဘယ်နည်း။ ဓမ္မဟောင်းကျမ်းမှာ အဘယ်နည်း။ ဗိမာန်တော်ထဲတွင် ယဇ်ပရောဟိတ် ဝတ်ရုံများဝတ်ဆင်ထားသည့် ဘုရားသခင်ကို အစေခံနေသည့် လူသားမှာ အဘယ်အရာဖြစ်သနည်း။...သူသည် အသိပညာ သို့မဟုတ် သိနားလည်ခြင်း မရှိခဲ့သည့်အတွက် မေးခွန်းများစွာ မေးခဲ့သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူသည် လုံးဝသာမန်လူသား တစ်ဦးကဲ့သို့ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ထူးခြားသည့် သွင်ပြင်လက္ခဏာ အချို့ရှိသော်လည်း၊ သူသည် သာမန်လူသားတစ်ဦးပင် ဖြစ်နေသေး၏။ သူ၏ ၀ိညာဉ်အသက်တာနှင့် အသက်အရွယ် အချိုးအစားအတိုင်း သူ၏အသိဉာဏ် အဆက်မပြတ် ကြီးထွားခဲ့ပြီး၊ သာမန်လူသားတစ်ဦး၏ဘဝ အဆင့်များကို သူ ဖြတ်သန်းခဲ့သည်။ လူတို့၏စိတ်ကူးထဲတွင်၊ ယေရှုသည် ကလေးဘဝနှင့် ဆယ်ကျော်သက်ဘဝတို့ကို မတွေ့ကြုံခဲ့ရပေ။ မွေးသည်နှင့်တစ်ပြိုင်နက် သူသည် အသက်သုံးဆယ်အရွယ် လူသားတစ်ဦး၏ ဘဝကို စတင်အသက်ရှင်ခဲ့ရပြီး သူ၏အမှု ပြီးပြည့်စုံသည်နှင့် ကားစင်တင်သတ်ခံခဲ့ရသည်ဟု လူတို့ယူဆထားသည်။ သာမန်လူသားတစ်ဦး၏ ဘဝတွက်ရှိသည့် အဆင့်များကို မဖြတ်သန်းခဲ့ရသည်မှာ သေချာသလောက် ဖြစ်သည်။ သူသည် အခြားလူတို့နှင့် အစာလည်းမစား၊ ပေါင်းသင်းခြင်းလည်း မရှိသကဲ့သို့ လူတို့အနေဖြင့် သူ့ကို ဖျတ်ခနဲ မြင်ဖို့မှာ မလွယ်ကူခဲ့ပေ။ သူသည် ဘုရားသခင် ဖြစ်သောကြောင့်၊ သူ့ကို မြင်ခဲ့သူများအား ကြောက်လန့်စေမည့် လူထူးဆန်းတစ်ဦး ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သာမန်လူသားတစ်ဦး နေထိုင်သကဲ့သို့ လုံးဝ မနေထိုင်ဟု လူတို့က ယုံကြည်ကြသည်။ သူသည် သန့်ရှင်းသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် သူသည် သူ၏ သွားတိုက်စရာမလို သို့မဟုတ် သူ၏ မျက်နှာသစ်စရာမလိုဘဲ သန့်ရှင်းနေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအရာများသည် လူသား၏ အယူအဆများသက်သက် မဟုတ်ပါသလော။ သမ္မာကျမ်းစာသည် ယေရှု၏ အသက်တာကို လူသားတစ်ဦးအဖြစ် မှတ်တမ်းတင်ထားခြင်း မရှိဘဲ၊ သူ၏ အမှုကိုသာ မှတ်တမ်း တင်ခဲ့သည်၊ သို့ရာတွင် ဤအရာက သူသည် ပုံမှန်လူ့သဘောသဘာဝ မရှိခဲ့၊ သို့မဟုတ် အသက် သုံးဆယ် မတိုင်မီတွင် သူသည် လူသား၏ သာမန်လူသားသဘာဝ မရှိ သို့မဟုတ် အသက်သုံးဆယ် မတိုင်မီ သာမန် လူသားဘဝကို အသက်မရှင်ခဲ့ဟု သက်သေမပြပေ။ သူသည် အသက် ၂၉ နှစ်တွင် သူ၏အမှုကို တရားဝင် စတင်ခဲ့သော်လည်း၊ ထိုအသက်အရွယ်မတိုင်မီ လူသားတစ်ဦးအဖြစ် သူ၏ အသက်တာတစ်ခုလုံးကို သင် မဖယ်ရှားပစ်နိုင်ချေ။ သမ္မာကျမ်းစာသည် ၎င်း၏မှတ်တမ်းများမှ ထိုကာလကို ချန်လှပ်ထားရုံမျှသာ ဖြစ်သည်။ ယင်းသည် သူ၏ သာမန်လူသားဘဝဖြစ်ပြီး သူ၏ ဘုရားသဘာဝနှင့်ဆိုင်သော အမှုကာလမဟုတ်သည်နှင့်အမျှ၊ ထိုအရာကို ရေးချထားရန် မလိုအပ်ခဲ့ပေ။ ယေရှု၏ဗတ္တိဇံ မတိုင်မီတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်မလုပ်ခဲ့ဘဲ ယေရှုက သူ၏အမှုကို ထမ်းဆောင်ရန် အချိန်စေ့သည့် နေ့ရက်အထိ ယေရှု၏ အသက်တာတွင် သာမန်လူသား တစ်ဦးအဖြစ် သူ့ကို ထိန်းသိမ်းမျှရုံ ထိန်းသိမ်းခဲ့သည်။ သူသည် လူ့ဇာတိခံဘုရားသခင် ဖြစ်သော်လည်း၊ ရင့်ကျက်ခြင်းဖြစ်စဉ်ကို သာမန်လူသားတစ်ဦးကဲ့သို့ ကြုံခဲ့ရသည်။ ဤရင့်ကျက်ခြင်းဖြစ်စဉ်ကို သမ္မာကျမ်းစာမှ ချန်လှပ်ထားသည်။ ယင်းက ဘဝတွင် လူသား၏ ဖွံ့ဖြိုးမှုကို ကြီးမားသော အထောက်အပံ့ မပေးနိုင်သောကြောင့် ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဗတ္တိဇံခံယူခြင်း မတိုင်မီ ကာလသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို သူ မလုပ်ဆောင်ခဲ့သည့် ကွယ်ဝှက်ထားသော ကာလတစ်ခု ဖြစ်ခဲ့သည်။ ယေရှု၏ ဗတ္တိဇံခံခြင်း နောက်မှသာ သူသည် ကျေးဇူးတော်၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ အလျှံပယ်ဖြစ်ကာ ပြည့်ဝစွာပါဝင်သည့် အမှုဖြစ်သော လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနှင့်ဆိုင်သည့် အမှုအားလုံးကို စတင်ခဲ့လေသည်။ ဤအမှု၏အစသည် အတိအကျအားဖြင့် ကျေးဇူးတော်ခေတ်၏ အစလည်း ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ယင်းကို ရေးမှတ်ထားပြီး မျက်မှောက်ကာလသို့ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ကျေးဇူးတော်ခေတ်ထဲတွင် ရှိသူတို့ ကျေးဇူးတော်ခေတ်၏ လမ်းကြောင်းနှင့် ကားတိုင်လမ်းကြောင်းတို့ကို နင်းလျှောက်ရန်အတွက် ထွက်လမ်းတစ်ခုကို ဖွင့်ပေးဖို့နှင့် အားလုံးကို အောင်မြင်စေဖို့ ဖြစ်သည်။ ယင်းသည် လူသား ရေးမှတ်ထားသည့် မှတ်တမ်းများမှ လာသော်လည်း၊ နေရာအနှံ့ သေးငယ်သော အမှားများ ရှာတွေ့ရသည်မှအပ အားလုံးမှာ အမှန်တရား ဖြစ်ပေသည်။ သို့သော်လည်း၊ ဤမှတ်တမ်းများကို မှန်ကန်မှုမရှိဟု ပြော၍ မရနိုင်ပေ။ မှတ်သားထားသည့် ကိစ္စရပ်များမှာ လုံးဝ အဖြစ်မှန်ဖြစ်၏၊ ယင်းတို့ကို ရေးမှတ်ရာတွင်သာ လူတို့ အမှားများ လုပ်မိကြခြင်း ဖြစ်သည်။ ယေရှုသည် ရိုးရိုးသာမန်လူ့သဘာဝရှိသူတစ်ဦး ဖြစ်ခဲ့ပါက၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မည်ကဲ့သို့ လုပ်နိုင်ခဲ့မည်နည်းဟု ပြောမည့်သူအချို့ရှိသည်။ ယေရှုကြုံခဲ့ရသည့် ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် အံ့သြဖွယ်ကောင်းသည့် နိမိတ်လက္ခဏာ တစ်ခု၊ သာမန်လူသားတစ်ဦးက ရရှိနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သည့် အရာတစ်ခု ဖြစ်သည်။ သူ၏ ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု သဘောသဘာဝတွင် ရှိခဲ့သည်။ သို့ဆိုလျှင် သူ၏ အထဲတွင် သဘာဝလွန်သည့်အရာ နည်းနည်းမျှ မရှိခဲ့ဟု အဘယ်သို့ ပြောနိုင်မည်နည်း။ သူ၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်သည့် အစွမ်းအစက သူသည် ထူးကဲသာလွန်သော လူတစ်ဦးဖြစ်ပြီး သာမန်လူသားတစ်ဦး မဟုတ်သည်ကို သက်သေမပြပေ။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သူကဲ့သို့သော သာမန်လူသားတစ်ဦးထဲတွင် အလုပ်လုပ်ပြီး၊ ထိုသို့ဖြင့် သူ့အား နိမိတ်လက္ခဏာများကို ဆောင်ရွက်ပြီး သာ၍ကြီးမြတ်သည့် အမှုကို လုပ်ဆောင်စေနိုင်ခဲ့ခြင်းမျှသာ ဖြစ်သည်။ ယေရှုသည် သူ၏အမှုတော်ကို မဆောင်ရွက်မီတွင်၊ သို့မဟုတ် သမ္မာကျမ်းစာထဲတွင် ပြောသည့်အတိုင်း၊ သူ့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် မဆင်းသက်မီတွင် ယေရှုသည် သာမန်လူသားတစ်ဦးသာ ဖြစ်ခဲ့ပြီး ဘယ်လိုမှ သဘာဝလွန် မဖြစ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော် သူ့အပေါ် ဆင်းသက်သည့်အခါ၊ ဆိုလိုသည်မှာ၊ သူသည် သူ၏သာသနာလုပ်ငန်း ဆောင်ရွက်ခြင်း စတင်သည့်အခါ၊ သူသည် တန်ခိုးနှင့် ပြည့်ဝသွားခဲ့သည်။ ဤသို့ဖြင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ခန္ဓာသည် သာမန်လူ့သဘာဝ မရှိဟု လူသားက ယုံကြည်လာခဲ့၏၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝသာ ရှိပြီး လူ့သဘောသဘာဝ မရှိဟု သူက တလွဲထင်လေသည်။ သေချာသည်မှာ ဘုရားသခင်သည် သူ၏ အမှုကို ပြုဖို့ ကမ္ဘာမြေသို့ ကြွလာချိန်တွင်၊ လူသား မြင်သမျှမှာ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ နားမလည်နိုင်စရာနှင့် မရနိုင်သည့်အရာဖြစ်သည်အတွက် မိမိတို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် မိမိတို့၏နားများဖြင့် ကြားသည့်အရာတို့သည် အားလုံး သဘာဝလွန်များ ဖြစ်ကြလေသည်။ ကောင်းကင်မှ တစ်စုံတစ်ရာကို မြေကြီးပေါ်သို့ ဆောင်ယူလာပါက၊ ယင်းမှာ သဘာဝလွန်သည့်အရာမှလွဲ၍ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ လူသားအဖို့ နားမလည်နိုင်သကဲ့သို့ ဉာဏ်မမီနိုင်သည့် နက်နဲမှုများဖြစ်သော၊ အလွန်တရာမှ ၎င်းတို့သည် အလွန် အံ့ဖွယ်ရာနှင့် ဉာဏ်အမြော်အမြင်ရှိလှသော၊ ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများကို ကမ္ဘာမြေသို့ ဆောင်ယူခဲ့သည့်အခါ- ၎င်းတို့အားလုံးသည် သဘာဝလွန်အရာများ ဖြစ်ကြသည် မဟုတ်လော။ သို့သော်၊ ထိုအရာသည် မည်မျှ သဘာဝလွန်ဖြစ်နေပါစေ အရာခပ်သိမ်းကို သူ၏ သာမန်လူ့သဘာဝအတွင်းတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သင်သိသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ခန္ဓာသည် လူ့သဘာဝနှင့် ပြည့်ဝနေသည်၊ သို့မဟုတ်ပါက၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံယူထားသည့်ခန္ဓာ ဖြစ်မည်မဟုတ်ပေ။ ယေရှုသည် သူ၏ အချိန်ကာလတွင် ကြီးမြတ်သည့် နိမိတ်လက္ခဏာများစွာကို ဆောင်ရွက်ခဲ့သည်။ ထိုအချိန်က ဣသရေလအမျိုးသားများ တွေ့ရသည်မှာ သဘာဝလွန် အမှုအရာများဖြင့် ပြည့်ခဲ့သည်။ သူတို့သည် ကောင်းကင်တမန်များနှင့် တမန်များကို ရှုမြင်ရပြီး၊ ယေဟောဝါ၏ အသံကို ကြားခဲ့ရသည်။ ဤအရာများ အားလုံးသည် သဘာဝလွန်များ မဟုတ်ခဲ့ပါသလော။ သေချာသည်မှာ ယနေ့တွင် လူသားကို သဘာဝလွန်သည့် အမှုအရာများဖြင့် လှည့်ဖြားသည့် ဆိုးညစ်သော ဝိညာဉ်အချို့ ရှိပေသည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိ လုပ်ဆောင်ခြင်းမရှိသည့် အလုပ်မှတစ်ဆင့် လူကို လှည့်ဖြားဖို့ သူတို့အပိုင်းမှ တုပခြင်းသာ ဖြစ်သည်။ လူများစွာတို့သည် နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြပြီး နာမကျန်းဖြစ်သူများကို အနာရောဂါပျောက်ကင်းစေကာ နတ်ဆိုးများကို နှင်ထုတ်ကြသည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ဤအရာများသည် နတ်ဆိုးများ၏ လုပ်ဆောင်ချက်သာ ဖြစ်သည်၊ ပြီးလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံတုပကြသူများ အားလုံးသည် ဧကန်စင်စစ် ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသို့သော ပုံစံဖြင့် မလုပ်ဆောင်သော်လည်း ထိုအချိန်က ဣသရေလတွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်သည့် သဘာဝတစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခုတွင် ထိုသို့သော လုပ်ဆောင်ချက် တစ်ခုသည် စာတန်၏ တုပခြင်းနှင့် အယောင်ဆောင်ခြင်းဖြစ်ကာ သူ၏ နှောင့်ယှက်မှုဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ် ဟူသမျှက ဆိုးညစ်သော ဝိညာဉ်များထံမှ လာသည်ဟု ပြော၍မရနိုင်ပေ- ဤကား ဘုရားသခင်၏အမှု၏ ခေတ်အပေါ်တွင် မူတည်ပေမည်။ မျက်မှောက်ခေတ်တွင် လူ့ဇာတိခံဘုရားသခင်မှ လုပ်ဆောင်သည့် အမှုကို စဉ်းစားကြည့်လော့။ ယင်း၏ မည်သည့်ရှုထောင့်သည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သနည်း။ သူ၏ နှုတ်ကပတ်တော်များသည် သင့်အဖို့ နားမလည်နိုင်စရာဖြစ်ပြီး မရရှိနိုင်သည့်အရာဖြစ်ကာ သူ လုပ်ဆောင်သည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်ပေ။ သူ နားလည်သည့် အရာကို လူသားက နားမလည်နိုင်သကဲ့သို့၊ သူ၏ အသိပညာအနေနှင့် အဘယ်ကလာသည်ကို လူသားက မသိပေ။ “ကျွန်ုပ်သည်လည်း ကိုယ်တော်ကဲ့သို့ပင် သာမန်လူသား ဖြစ်၏၊ သို့သော် ကိုယ်တော် သိသည့်အရာကို ကျွန်ုပ်မသိသည်မှာ အဘယ်ကြောင့်နည်း။ ကျွန်ုပ်သည် အသက်ပိုကြီးရင့်၍ အတွေ့အကြုံလည်း သာ၍ ကြွယ်ဝ၏၊ သို့တိုင် ကျွန်ုပ်မသိသောအရာကို ကိုယ်တော်က အဘယ်သို့ သိနိုင်သနည်း။” ဟု ဆိုသော သူအချို့ ရှိ၏။ လူသားနှင့် ပတ်သက်သရွေ့ ဤအရာအားလုံးသည် လူသားမှ မရရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထို့နောက်၊ “ဣသရေလတွင် ဆောင်ရွက်ခဲ့သည့် အလုပ်ကို မည်သူကမျှ မသိကြပါ၊ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများကပင် ရှင်းပြချက် မပေးနိုင်ပါ။ ကိုယ်တော်က အဘယ်ကြောင့် သိပါသနည်း” ဟူ၍ ဆိုသည့် သူများရှိပေသည်။ ဤအရာအားလုံးသည် သဘာဝလွန်ကိစ္စရပ်များ မဟုတ်ပါသလော။ အံ့ဖွယ်အရာများနှင့်ဆိုင်သည့် အတွေ့အကြုံ သူ၌ မရှိသော်လည်း အရာအားလုံးကို သူသိ၏။ သူသည် သမ္မာတရားကို အဆုံးစွန် အခက်အခဲမရှိ ပြောဆို၊ ဖော်ပြသည်။ ဤသည်မှာ သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ သူ၏ အမှုသည် လူ့ဇာတိက ကြိုးပမ်းရရှိနိုင်သည်ထက် ပိုလွန်ပေသည်။ ယင်းသည် အသွေးအသား ခန္ဓာရှိသည့် လူသားတိုင်း၏ အတွေးက ကြိုးပမ်း၍မရရှိနိုင်သကဲ့သို့ လူ့စိတ်၏ ဆင်ခြင်တုံတရားအဖို့ လုံးဝ စိတ်ကူးကြံစည်၍ ရနိုင်သောအရာ မဟုတ်ပေ။ သူသည် ဘယ်သောအခါမျှ ကျမ်းစာကို မဖတ်ဖူးသော်လည်း၊ ဣသရေလ၌ ဘုရားသခင်၏ အမှုကို သူနားလည်သည်။ သူသည် မြေကြီးပေါ်တွင် ရပ်၍ စကားပြောသော်လည်း၊ တတိယကောင်းကင်နှင့်ဆိုင်သည့် နက်နဲမှုများကို သူ ပြောဆိုလေသည်။ လူသားသည် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ “ဤသည်မှာ တတိယကောင်းကင်ဘုံ၏ ဘာသာစကား မဟုတ်လော” ဟူသည့် ခံစားချက်က သူ့ကို လွှမ်းမိုးပေလိမ့်မည်။ ဤအရာအားလုံးသည် သာမန်လူသားတစ်ဦး ရရှိနိုင်စွမ်းရှိသည့်အရာထက် ကျော်လွန်နေသည့်ကိစ္စများ ဖြစ်သည် မဟုတ်လော။ ထိုအချိန်၌ အရက်လေးဆယ် အစာရှောင်ခြင်းကို ယေရှု ကျော်ဖြတ်ခဲ့ရသည့်အချိန်တွင် ယင်းသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ အရက်လေးဆယ် အစာရှောင်ခြင်းက လုံးဝ သဘာလွန်ဖြစ်ရပ်၊ နတ်ဆိုးများ၏ လုပ်ရပ်တစ်ခုဟု သင်ပြောပါက၊ သင်သည် ယေရှုကို ရှုတ်ချမိပြီး ဖြစ်သည် မဟုတ်လော။ သူ၏အမှုတော်ကို မဆောင်ရွက်မီတွင်၊ ယေရှုသည် သာမန်လူသားတစ်ဦးကဲ့သို့ ဖြစ်ခဲ့သည်။ သူသည်လည်း ကျောင်းတက်ခဲ့သည်။ သူသည် စာဖတ်၊ စာရေးနိုင်ရန် အခြားမည်သို့လျှင် သင်ယူနိုင်ခဲ့မည်နည်း။ ဘုရားသခင် လူ့ဇာတိခံသည့် အချိန်တွင်၊ ဇာတိပကတိထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် ကွယ်ဝှက်နေခဲ့သည်။ သို့သော်လည်း၊ သာမန်လူသားတစ်ဦး ဖြစ်သည့်အတွက်၊ ကြီးထွားမှုနှင့် ရင့်ကျက်မှု ဖြစ်စဉ်ကို ကြုံရဖို့ သူ့အတွက် လိုအပ်ခဲ့ပြီး၊ သူ၏ သိမြင်တတ်သော စွမ်းရည်သည် ရင့်ကျက်ကာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိမချင်း သူ့ကို သာမန်လူတစ်ဦး အဖြစ် မမှတ်ယူနိုင်ပေ။ သူ၏လူ့သဘောသဘာဝ ရင့်ကျက်လာခဲ့သည့်နောက်မှသာ၊ သူသည် မိမိ၏ အမှုတော်ကို ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ သူ၏ သာမန်လူ့သဘောသဘာဝက မရင့်ကျက်သေးသကဲ့သို့ သူ၏ဆင်ခြင်တုံတရားက စိတ်မချသေးစဉ်တွင် မည်သို့လျှင် သူသည် မိမိ၏သာသနာလုပ်ငန်းကို ဆောင်ရွက်နိုင်မည်နည်း။ သေချာသည်မှာ၊ သူ့အသက် ခြောက်နှစ် သို့မဟုတ် ခုနှစ်နှစ် အရွယ်တွင် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် သူ့ကိုမျှော်လင့်၍ မရနိုင်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် လူ့ဇာတိခံယူသည့်အချိန်တွင် မိမိကိုယ်ကိုယ် အဘယ့်ကြောင့် ပွင့်ပွင့်လင်းလင်း မထင်ရှားစေခဲ့သနည်း။ ယင်းမှာ သူ့ဇာတိပကတိ၏ လူ့သဘောသဘာဝသည် မရင့်ကျက်သေးသောကြောင့်၊ သူ၏ ဇာတိပကတိနှင့်ဆိုင်သော သိမြင်တတ်သည့် ဖြစ်စဉ်များအပြင် ဤဇာတိပကတိ၏ သာမန်လူ့သဘောသဘာဝကို သူအပြည့်အဝ မရရှိသေးသောကြောင့် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ သူသည် သူ၏ အမှုကို မစတင်နိုင်မီတွင် ဇာတိပကတိ၌ သူ၏ အမှုကို တာ၀န်ယူဆောင်ရွက်ဖို့ လုံလုံလောက်လောက် ပြင်ဆင်ထားသည်အထိ ပုံမှန် လူ့သဘောသဘာဝနှင့် ပုံမှန်လူတစ်ဦး၏ အခြေခံအသိဉာဏ်ကို ပိုင်ဆိုင်ထားဖို့မှာ သူ့အတွက် လုံးဝ မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ သူသည် ဤအလုပ်တာဝန်အဖို့ မသင့်တော်ပါက၊ သူ့အနေဖြင့် ဆက်လက်၍ ကြီးထွားကာ ရင့်ကျက်ဖို့ရန် လိုအပ်ပေသည်။ ယေရှုသည် အသက် ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ်တွင် သူ၏အမှုကို စတင်ခဲ့မည်ဆိုပါက၊ လူသားသည် သူ့ကို ပါရမီရှင်ကလေးအဖြစ် သတ်မှတ်ခဲ့မည် မဟုတ်လော။ လူအားလုံးက သူ့ကို ကလေးသူငယ်ဟု တွေးထင်ခဲ့မည် မဟုတ်လော။ မည်သူက သူ့ကို လက်ခံယုံကြည်နိုင်စရာဟု မြင်မည်နည်း။ အနောက်ကနေ၍ မိမိရပ်ခဲ့သည့် စင်မြင့်ထက် ပို၍အရပ်မမြင့်သည့် အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်— သူသည် တရားဟောပြောရန် သင့်တော်ခဲ့မည်လော။ သူ၏ သာမန်လူ့သဘာဝ မရင့်ကျက်မီတွင်၊ သူသည် တာဝန်ကို လုပ်နိုင်စွမ်း မရှိခဲ့ပေ။ မရင့်ကျက်သေးသည့် သူ၏လူ့သဘာဝနှင့် ပတ်သက်သရွေ့၊ အလုပ်၏ အစိတ်အပိုင်း တော်တော်များများကို တကယ်ပင် မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ဝိညာဉ်တော်၏ အမှုသည်လည်း ယင်း၏ ကိုယ်ပိုင်‌အခြေခံသဘောတရားများဖြင့် ထိန်းချုပ်ထားလေသည်။ သူသည် သာမန်လူ့သဘာဝနှင့် ပြည့်စုံသောအခါမှသာ အလုပ်ကို တာ၀န်ယူနိုင်ပြီး ခမည်းတော်၏ တာဝန်ကို လက်ခံနိုင်ပေသည်။ ထိုအခါမှသာ သူသည် မိမိ၏အမှုကို စတင်နိုင်ပေသည်။ သူ၏ကလေးဘဝတွင် ယေရှုသည် ရှေးယခင်အချိန်က ဖြစ်ပျက်ခဲ့သည့်အရာများစွာနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ တကယ့်ကို နားမလည်နိုင်ခဲ့ပေ၊ ပြီးလျှင် တရားဇရပ်တွင် သွန်သင်သူများအား မေးမြန်းခြင်းမှတစ်ဆင့်သာ သူနားလည်လာခဲ့ခြင်း ဖြစ်သည်။ စကားပြောဆိုတတ်သည်နှင့် တစ်ပြိုင်နက် သူ၏အမှုကို သူစတင်လုပ်ဆောင်ခဲ့ပါက၊ အမှားများ မလုပ်မိဖို့မှာ သူ့အတွက် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်သည် အမှားများ လုပ်ဖို့ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထို့ကြောင့်၊ သူသည် အလုပ်လုပ်နိုင်ပြီးမှသာ သူ၏အလုပ်ကို စတင်ခဲ့သည်။ အပြည့်အဝတာဝန်မယူနိုင်သရွေ့ မည်သည့်အလုပ်ကိုမျှ သူမစတင်ခဲ့ပေ။ အသက် ၂၉ နှစ်အရွယ်တွင် ယေရှုသည် အတော်ရင့်ကျက်နှင့်နေပြီ ဖြစ်ကာ၊ သူ၏လူ့သဘာဝသည် သူလုပ်ရမည့်အလုပ်ကို တာဝန်ယူရန် လုံလောက်နေပြီ ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲတွင် တရားဝင် စတင်အမှုပြုလေသည်။ ထိုအချိန်တွင် ယောဟန်သည် ကိုယ်တော်အတွက် လမ်းဖွင့်ပေးရန် ခုနစ်နှစ်ကြာ ပြင်ဆင်ခဲ့ပြီး၊ သူ၏အလုပ် အဆုံးသတ်သည်နှင့် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ယေရှုထံသို့ ဝန်ထုပ်ဝန်ပိုး တစ်ခုလုံးကျလာခဲ့သည်။ အကယ်၍ သူသည် အသက် ၂၁ သို့မဟုတ် ၂၂ အရွယ်၊ သူ၏လူ့သဘောသဘာဝ နည်းနေသေးပြီး လူငယ်ဘဝသို့ ချဉ်းနင်း ဝင်ရောက်လာခါစပင် ရှိကာ သူနားမလည်သည့် အရာများစွာ ရှိချိန်ဖြစ်သည့် ထိုအချိန်တွင် ဤအလုပ်ကို တာဝန်ယူခဲ့ပါက၊ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့မည် မဟုတ်ပေ။ ထိုအချိန်တွင် ယေရှုက သူ၏ အမှုကို မစတင်မီ ယောဟန်အနေဖြင့် အချိန်အနည်းငယ်ကြာ မိမိ၏ အလုပ်ကို ဆောင်ရွက်နှင့်ခဲ့ပြီးဖြစ်ကာ၊ ယင်းအချိန်တွင် ယေရှုသည် လူလတ်ပိုင်း ရောက်နှင့်ပြီး ဖြစ်လေသည်။ ထိုအသက်အရွယ်တွင် သူ၏ သာမန် လူ့သဘောသဘာဝသည် သူလုပ်ဆောင်ရမည့် အလုပ်ကို တာဝန်ယူရန် လုံလောက်နေပြီဖြစ်သည်။ ယခုတွင် လူ့ဇာတိခံယူသော ဘုရားသခင်၌လည်း သာမန် လူ့သဘောသဘာဝ ရှိပြီဖြစ်ကာ သင်တို့ထဲမှ သာ၍ အသက်ကြီးသူတို့နှင့် နှိုင်းယှဉ်လျှင် မရင့်ကျက်သေးသော်လည်း၊ ဤသာမန်လူ့သဘာဝသည် သူ၏ အလုပ်ကို တာဝန်ယူရန် လုံလောက်နေပြီဖြစ်သည်။ ယနေ့အမှု ဝန်းကျင် အခြေအနေများက ယေရှု၏ အချိန်ကာလက အခြေအနေများနှင့် အပြည့်အဝ မတူပေ။ ယေရှုသည် အဘယ်ကြောင့် တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ခဲ့ပါသနည်း။ ယင်းသည် သူ၏ အမှုကို ထောက်ပံ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သက်သက် ဖြစ်သည်။ တစ်ဖက်တွင်၊ ထိုအချိန်က သူ၏ အမှုအတွက် အခြေခံအုတ်မြစ်ကို ချရန်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ နောက်လာမည့် နေ့ရက်များထဲက သူ၏အမှုအတွက် အခြေခံအုတ်မြစ်ကို ချရန်ဖြစ်သည်။ ထိုအချိန်က အမှုနှင့်အညီ၊ တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ရန်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ လိုအင်ဆန္ဒဖြစ်သကဲ့သို့ ယေရှု၏ လိုအင်ဆန္ဒလည်း ဖြစ်ခဲ့ပေသည်။ တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ပြီးနောက် တရားဟောဖို့ နေရာတကာသို့ သူ ဦးဆောင်ခေါ်သွားသင့်သည်ဟု သူယုံကြည်ခဲ့သည်။ သို့သော် ယနေ့တွင် သင်တို့အကြား ဤအရာ မလိုအပ်တော့ပေ။ လူ့ဇာတိခံ ဘုရားသခင်သည် ဇာတိပကတိ၌ အလုပ်လုပ်သည့်အခါ၊ အခြေခံသဘောတရားများစွာ ရှိပြီး၊ လူသား တကယ်ကို နားမလည်နိုင်သည့် အရာများစွာ ရှိလေသည်။ လူသားသည် ဘုရားသခင်ကို အကဲဖြတ်ရန် သို့မဟုတ် ဘုရားသခင်ကို လွန်ကဲသည့် တောင်းဆိုမှုများပြုရန် မိမိ၏ကိုယ်ပိုင် အယူအဆများကို စဉ်ဆက်မပြတ် အသုံးပြုလေသည်။ သို့သော်လည်း ယနေ့ထိ၊ လူများစွာတို့သည် မိမိတို့၏ အသိပညာမှာ မိမိတို့၏ အယူအဆများဖြင့်သာ ဖွဲ့စည်းထားသည်ကို လုံးဝ မသိကြပေ။ မည်သည့်ခေတ် သို့မဟုတ် မည်သည့် နေရာတွင် ဘုရားသခင် လူ့ဇာတိခံယူသည်ဖြစ်စေ၊ ဇာတိပကတိ၌ သူ၏ အမှုအတွက် အခြေခံသဘောတရားများမှာ မပြောင်းလဲဘဲ ရှိ နေပါသည်။ သူသည် လူ့ဇာတိခံယူသော်လည်း ဇာတိပကတိကို ကျော်လွန်၍ အလုပ်လုပ်ရန်မှာ မရနိုင်ပေ။ သူသည် လူ့ဇာတိခံသော်လည်း ဇာတိပကတိ၏ သာမန်လူ့သဘာဝအတွင်းတွင် အလုပ်မလုပ်ရန်မှာ သာ၍ပင် မရနိုင်ပေ။ သို့မဟုတ်ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အဓိပ္ပာယ်သည် အချည်းနှီးအဖြစ်သို့ ပပျောက်သွားလိမ့်မည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် နှုတ်ကပတ်တော်သည် လုံးဝ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ ထို့ပြင်၊ ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော် (ဝိညာဉ်တော်) သာလျှင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို သိရှိပြီး၊ အခြားမည်သူမျှ၊ လူ့ဇာတိခံယူသူ ကိုယ်တိုင်ပင် သို့မဟုတ် ကောင်းကင်ဘုံ၏တမန်များပင် မသိရှိပေ။ ဤသို့ဖြစ်၍၊ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုသည် ပိုပြီးသာမန်ဖြစ်ကာ နှုတ်ကပတ်တော်သည် ဧကန်အမှန် လူ့ဇာတိ ခံယူပြီးဖြစ်သည်ကို ပိုပြီးထင်ရှားစေနိုင်ပြီး ဇာတိပကတိဆိုသည်မှာ ရိုးရိုးသာမန် လူသားတစ်ဦးဟု အဓိပ္ပါယ်ရပေသည်။

အချို့က၊ “ခေတ်ကာလကို ဘုရားသခင် ကိုယ်တော်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရမည်နည်း။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မရပ်တည်ပေးနိုင်သလော။” ဟု စဉ်းစားကောင်း စဉ်းစားမည်။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးခြင်း ရည်ရွယ်ချက်ကို ဖော်ပြရန်အတွက် လူ့ဇာတိခံယူလာခဲ့သည်ကို သင်တို့အားလုံး သတိပြုမိကြပြီး၊ ခေတ်သစ်ကို သူဖွင့်ပေးသည့်အချိန်တွင် သူသည် တစ်ချိန်တည်းတွင် ခေတ်ဟောင်းကို အဆုံးသတ်လိမ့်မည်မှာ မှန်ပေ၏။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ သူ၏ အမှုကို စတင်လှုပ်ရှားစေသည်မှာ သူကိုယ်တိုင်ဖြစ်ပြီး၊ ထို့ကြောင့် အရင်ခေတ်ကို အဆုံးသတ်သူမှာလည်း သူကိုယ်တိုင်ဖြစ်ရပေမည်။ ယင်းသည် စာတန်ကို သူ အောင်နိုင်ခြင်းနှင့် ကမ္ဘာမြေကြီးကို သူ၏သိမ်းပိုက်ခြင်း၏ သက်သေဖြစ်သည်။ အချိန်တိုင်းတွင် သူကိုယ်တိုင် လူသားအကြား အမှုပြုလေသည်၊ ယင်းသည် အသစ်သော စစ်ပွဲတစ်ခု၏ အစဖြစ်ပေသည်။ အသစ်သော အမှု၏အစ မရှိဘဲနှင့်၊ အမှုဟောင်း၏ နိဂုံးသည် အလိုအလျောက်ပင် ရှိလိမ့်မည် မဟုတ်ပေ။ အမှုဟောင်း၏ နိဂုံးမရှိသည့်အခါ၊ စာတန်နှင့် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်မလာသေးကြောင်း သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်လာပြီး လူသားကြားတွင် အမှုသစ်ပြုမှသာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို လုံးဝချိုးဖောက်ပြီး အသက်တာသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ လူသားသည် ခေတ်ဟောင်းတွင် ထာဝရအသက်ရှင်နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုဟောင်း အောက်၌သာ ထာဝရနေရလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ဦးဆောင်ခဲ့သည့် ခေတ်ကာလတိုင်းနှင့်အတူ၊ လူသားအချို့က လွတ်မြောက်သွားပြီး ထိုသို့ဖြင့်၊ လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ အမှုနှင့်အတူ တက်လှမ်းလေသည်။ ဘုရားသခင်၏ အောင်မြင်မှုဟူသည်မှာ သူ့နောက် လိုက်လျှောက်သည့် သူအားလုံး၏ အောင်မြင်မှုဟု ဆိုလိုပေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အား ခေတ်ကာလကို အဆုံးသတ်ခြင်းတာဝန် ပေးမည်ဆိုလျှင်၊ လူသား၏ ရှုထောင့်အမြင်မှဖြစ်စေ သို့မဟုတ် စာတန်၏ ရှုထောင့်အမြင်မှ ဖြစ်စေ၊ ဤအရာသည် ဘုရားသခင်ကို နာခံသည့် လုပ်ရပ်တစ်ခု မဟုတ်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လုပ်ရပ် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်၊ ပြီးလျှင် လူသား၏ အလုပ်သည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်သွားပေလိမ့်မည်။ လူသားအနေဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်လှစ်သည့် ခေတ်တစ်ခုထဲတွင် ဘုရားသခင်ကို နာခံမှုရှိပြီး လိုက်လျှောက်မှသာ၊ စာတန်က အပြည့်အဝ ယုံကြည်လက်ခံနိုင်ပေမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် လိုက်လျှောက်ရန်နှင့် နာခံရန်သာ လိုအပ်ပြီး နောက်ထပ် ဘာကိုမျှ သင်တို့ကို တောင်းဆိုခြင်းမရှိဟု ငါဆိုခြင်း ဖြစ်၏။ ဤသည်မှာ အသီးသီးက မိမိ၏တာဝန်ကို ထိန်းသိမ်းထားခြင်းနှင့် အသီးသီးက မိမိ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ အလုပ်ကိုလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်သကဲ့သို့၊ ဖန်ဆင်းခံများ၏ အလုပ်တွင်လည်း သူပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် မိမိကိုယ်တိုင်၏ တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိ။ ဤအရာသည်သာ စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး၊ စာတန်ကို အနိုင်ယူခြင်းသက်သေ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်သစ်ကို ဖွင့်လှစ်ပေး ပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် အမှုပြုရန် ကြွဆင်းလာခြင်း မရှိတော့ချေ။ ထိုအခါမှသာ လူသားသည် မိမိ၏တာဝန်ကို ဆောင်ရွက်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ထမ်းရွက်ရန် ခေတ်သစ်ထဲသို့ တရားဝင် လှမ်းလာခြင်း ဖြစ်သည်။ ဤအရာများသည် မည်သူမျှ မချိုးဖောက်ရသော ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး လျော်ကန်ပေသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏အမှုကို စတင်လှုပ်ရှားစေသူမှာ သူဖြစ်ပြီး သူ၏ အမှုကို အဆုံးသတ်သူမှာ သူဖြစ်၏။ အမှုကို စီစဉ်သူမှာ သူဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသူမှာ သူ ဖြစ်သည်၊ ထို့ထက်မက အမှုကို အောင်မြင်စေသူမှာ သူပင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် “ငါသည်အစနှင့် အဆုံးဖြစ်သည်၊ ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် အမှုနှင့် ဆက်စပ်သမျှကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်လေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အုပ်ချုပ်သူဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်ထားသူမှာ သူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ၏အမှုကို မလုပ်ဆောင်နိုင်သကဲ့သို့ သူ၏ အမှုကို မည်သူမျှ အဆုံးမသတ်စေနိုင်ပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက်၊ သူသည် ကမ္ဘာလောကတစ်ခုလုံးကို သူ၏အလင်းထဲတွင် အသက်ရှင်ဖို့ ဦးဆောင်မည်ဖြစ်ပြီး၊ ခေတ်တစ်ခုလုံးကိုလည်း အဆုံးသတ်လိမ့်မည်၊ ထိုသို့ဖြင့် သူ၏ အစီအစဉ်တစ်ခုလုံးကို အောင်မြင်စေလိမ့်မည်ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။