သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သိမ်းပိုက်ခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သိမ်းပိုက်ခြင်း ခံရဖို့အတွက် လူတစ်ယောက်သည် မည်သို့သော စံချိန်စံနှုန်းများနှင့် ပြည့်မီနေဖို့ လိုသနည်း။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရဖို့အတွက် လူတစ်ယောက်သည် မည်သို့သော စံချိန်စံနှုန်းများနှင့် ပြည့်မီနေဖို့ လိုသနည်း။ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အလုပ်၏ ရည်ရွယ်ချက်မှာ လူ၌ အလုပ်လုပ်ဖို့အတွက် ဖြစ်သည်။ လူကို မူလသဏ္ဌာန်နှင့် ပြန်တူနိုင်စေရန် အတွက်၊ ယိုယွင်းပျက်စီးပြီး စာတန်နှင့်တူသော စိတ်သဘောထားထံမှသာမက စာတန်၏ လွှမ်းမိုးမှုမှ လူလွတ်မြောက်နိုင်စေဖို့အတွက် ဖြစ်သည်။ လူ၌ အလုပ်လုပ်သည့် ဖြစ်စဉ်တွင် ဤသိမ်းပိုက်ခြင်းသည် အစပိုင်းတွင် လုပ်ဆောင်သော အလုပ်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် အလုပ်၏ ပထမဦးဆုံး အဆင့် ဖြစ်သည်။ စုံလင်စေခြင်းသည် ဒုတိယအဆင့် သို့မဟုတ် အပြီးသတ်သည့်အလုပ် ဖြစ်သည်။ လူသားတိုင်းသည် သိမ်းပိုက်ခြင်းခံရမည်။ မခံလျှင် ဘုရားသခင်ကို သိကျွမ်းနိုင်မည် မဟုတ်ပေ။ ဘုရားသခင် ရှိသည်ကိုလည်း သိမည် မဟုတ်၊ တစ်နည်းအားဖြင့် လူသည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်စွမ်း ရှိမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်ကို အသိအမှတ်မပြုလျှင် သူ့ကို ဘုရားသခင်က စုံလင်အောင်လုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံနိုင်ဖို့အတွက် သူသည် စံမီမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အသိအမှတ်ပင် မပြုလျှင် ဘုရားသခင်ကို မည်သို့ သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်ကို မည်သို့ ကြိုးစားရှာဖွေနိုင် မည်နည်း။ သင်သည် သူ၏ အကြောင်းကိုလည်း သက်သေခံနိုင်မည် မဟုတ်ပေ၊ သူ့အား ကျေနပ်စေရန် ယုံကြည်ခြင်းရှိဖို့ ဆိုလျှင် သာ၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူ မည်သူမဆို လုပ်ဆောင်ရမည့် ပထမဦးဆုံးအလုပ်မှာ သိမ်းပိုက်ခြင်းခံဖို့ ဖြစ်သည်။ ယင်းသည် ပထမဦးဆုံး လုပ်ဖို့လိုသည့် အရာဖြစ်သည်။ သို့သော် သိမ်းပိုက်ခြင်းဖြစ်စေ၊ စုံလင်အောင် ပြုလုပ်ခြင်းဖြစ်စေ အလုပ်တစ်ခုစီတိုင်း၏ ပန်းတိုင်သည် လူ၌ အလုပ်လုပ်ပြီး လူကို ပြောင်းလဲဖို့ ဖြစ်သည်။ ထိုအလုပ်တစ်ခုစီတိုင်းသည် လူကို စီမံခန့်ခွဲသည့် အလုပ်၌ ပါသောအရာ ဖြစ်သည်။ အဆိုပါအဆင့် နှစ်ဆင့်သည် လူတစ်ယောက်ကို ပြည့်စုံသော သူအဖြစ် ပြောင်းလဲရန် လိုအပ်သော အဆင့်နှစ်ဆင့်ဖြစ်သည်။ မည်သည့် အဆင့်ကိုမျှ ကျော်၍ မရပါ။ မှန်ပါသည်၊ “သိမ်းပိုက်ခြင်း ခံရသည်” ဟူသည့် စကားသည် ကြားရသည်မှာ နားဝင်ချိုလှသော စကား မဟုတ်ပါ။ သို့သော် လက်တွေ့တွင် တစ်စုံတစ်ယောက်ကို သိမ်းပိုက်သည့် နည်းလမ်းသည် သူ့ကို ပြောင်းလဲသည့် နည်းလမ်းဖြစ်သည်။ သိမ်းပိုက်ခြင်းခံရပြီးနောက် သင်သည် သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ပြီး ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် ထိုအချိန်၌ သင့်မှာ ထိုစိတ်သဘောထား ရှိကြောင်းကို သင်သိနေပြီး ဖြစ်နေလိမ့်မည်။ သိမ်းပိုက်ခြင်း အလုပ်အားဖြင့် သင်သည် သင်၏ နိမ့်ကျသော လူ့သဘောသဘာဝနှင့် သင်၏ မနာခံမှုများစွာကို သိလာပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုအရာများကို သိမ်းပိုက်ခြင်း အလုပ်၏ တိုတောင်းသော အချိန်ကာလအတွင်းတွင် စွန့်ပစ်နိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်သော်လည်း ထိုအရာများကို သင်သိလာလိမ့်မည်။ ထိုသို့သိလာခြင်းသည် သင်၏စုံလင်မှုအတွက် လိုအပ်သော အခြေခံအုတ်မြစ်ကို ချထားခြင်း ဖြစ်သည်။ သိမ်းပိုက် အောင်မြင်ခြင်းနှင့် စုံလင်အောင် ပြုလုပ်ပေးခြင်း စသည့် အလုပ်နှစ်ခုစလုံးသည် လူကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်သော အရာများ ဖြစ်သည်။ နှစ်ခုစလုံးသည် လူ၌ရှိသော ယိုယွင်းပျက်စီးပြီး စာတန်နှင့်တူသော စိတ်သဘောထားကို ဖယ်ရှားဖို့အတွက် လုပ်သောအလုပ်များ ဖြစ်သည်။ လူက မိမိကိုယ်ကို ဘုရားသခင်အား အပြည့်အဝ ပေးဆပ်နိုင်ဖို့အတွက် ဖြစ်သည်။ သိမ်းပိုက်ခြင်းခံခြင်းသည် လူ၏ စိတ်သဘောထားကို ပြောင်းလဲရာတွင် ပထမဦးဆုံးအဆင့် ဖြစ်သည်၊ လူက မိမိကိုယ်ကို ဘုရားသခင်အား အပြည့်အဝ ပေးဆပ်ရာတွင် ပထမဦးဆုံး လုပ်ဆောင်သောအဆင့်လည်း ဖြစ်ပြီး၊ စုံလင်အောင် ပြုလုပ်ပေးခြင်းထက် အဆင့်လျော့သော အဆင့် ဖြစ်သည်။ သိမ်းပိုက်ခြင်းခံရသည့် လူတစ်ယောက်၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှုများကို စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သည့် လူတစ်ယောက်၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှုနှင့် ယှဉ်လျှင် ပြောင်းလဲခြင်း အလွန်နည်းသည်။ သိမ်းပိုက်ခြင်းခံရခြင်းနှင့် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရခြင်းသည် သဘောတရားအရ တစ်ခုနှင့်တစ်ခု မတူပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် မတူညီသည့် အလုပ်အဆင့်နှစ်မျိုး ဖြစ်သောကြောင့်၊ ၄င်းတို့၌ လူတို့အတွက် သီးခြား စံသတ်မှတ်ချက်များ ရှိသောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရဖို့အတွက် လူတို့၌ ရှိရမည့် စံသတ်မှတ်ချက် များသည် ပိုနိမ့်ပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရဖို့အတွက် လူတို့၌ ရှိရမည့် စံသတ်မှတ်ချက်များမှာမူ ပိုမြင့်သည်။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သည့် လူများသည် ဖြောင့်မတ်သောသူများ ဖြစ်သည်။ သန့်ရှင်း စင်ကြယ်စေပြီးသော သူများ ဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အလုပ်၏ မြင်ရသော ရလဒ်များ သို့မဟုတ် နောက်ဆုံး ထုတ်ကုန်များ ဖြစ်သည်။ သူတို့သည် စုံလင်သော လူသားများ မဟုတ်သော်လည်း အဓိပ္ပာယ်ရှိသော အသက်တာကို ရှင်သန်နိုင်ရန် ကြိုးစားနေသူများ ဖြစ်သည်။ သိမ်းပိုက်ခြင်းခံရသည့် သူများမှာမူ ဘုရားသခင်ရှိသည်ဟု နှုတ်နှင့်သာ အသိအမှတ်ပြုကြသည်။ ဘုရားသခင် ကိုယ်တိုင် လူ့ဇာတိခံယူပြီး ဖြစ်သည်၊ နှုတ်ကပတ်တော် သည် လူ့ဇာတိ၌ ပေါ်လာသည်၊ ဘုရားသခင်သည် တရားစီရင်သည့် အလုပ်နှင့် ပြစ်တင်ဆုံးမသည့် အလုပ်ကို လုပ်ရန် လောကသို့ လာပြီးဖြစ်သည်ဟု သူတို့က အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဆုံးမပြစ်တင်မှု၊ ဘုရားသခင်၏ ထိုးနှက်မှုနှင့် စစ်ဆေးမှုတို့အားလုံးသည် လူအတွက် အကျိုးရှိသော အရာများ ဖြစ်သည်ဟုလည်း သူတို့က အသိအမှတ်ပြုကြသည်။ ဆိုလိုသည်မှာ သူတို့သည် ယခုမှ လူနှင့် စတင်၍ တူလာကြသူများဖြစ်သည်။ သူတို့သည် ဘဝနှင့် ပတ်သက်၍ အနည်းအကျဉ်း နားလည်သော်လည်း မှုန်ဝါးဝါး ဖြစ်နေကြသေးသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် ယခုမှ လူ့သဘောသဘာဝကို စတင်ပိုင်ဆိုင် လာကြသူများ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် သိမ်းပိုက်ခြင်းခံရခြင်း၏ ရလဒ်များ ဖြစ်သည်။ လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် လမ်းပေါ်သို့ စတင်လျှောက်လှမ်း သောအခါ သူတို့၏ စိတ်သဘောထား အဟောင်းသည် ပြောင်းလဲနိုင်သည်။ ထို့အပြင် သူတို့၏ အသက်တာသည် ဆက်လက်ကြီးထွားလာပြီး သမ္မာတရားသို့ တဖြည်းဖြည်း သာ၍နက်ရှိုင်းစွာ ဝင်ရောက် တတ်ကြသည်။ သူတို့သည် လောကကို စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်၊ သမ္မာတရားနောက်သို့ မလိုက်သောသူ အားလုံးကိုလည်း စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်။ သူတို့သည် အထူးသဖြင့် သူတို့ကိုယ်သူတို့ စက်ဆုပ် ရွံရှာကြသည်။ ထို့အပြင် သူတို့သည် သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်း သိကြသည်။ သမ္မာတရားအတိုင်း အသက်ရှင်လိုစိတ် ရှိကြသည်။ သမ္မာတရား နောက်သို့လိုက်ခြင်းကိုလည်း သူတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ကြသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ဦးနှောက်ထဲမှ ထွက်လာသော အတွေးများထဲ၌ အသက်ရှင်လိုစိတ် မရှိကြ။ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု လူက သတ်မှတ်ခြင်း၊ လူ၏ မောက်မာခြင်းနှင့် ကိုယ့်ကိုယ်ကို အလွန်အမင်း ဘဝင်မြင့်ခြင်းတို့ကို သူတို့သည် စက်ဆုပ်ရွံရှာကြသည်။ သူတို့ စကားပြောသည့်အခါ အလွန်သင့်တင့် လျောက်ပတ်စွာ ပြောတတ်ကြသည်။ အရေးကိစ္စများကို ထိုးထွင်းနားလည်နိုင်သောဉာဏ်၊ ဉာဏ်ပညာတို့ဖြင့် ကိုင်တွယ်တတ်ကြသည်။ ဘုရားသခင်ကို သစ္စာရှိပြီး နာခံကြသူများလည်း ဖြစ်သည်။ သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို တစ်ကြိမ် ကြုံတွေ့ ခံစားရလျှင် မလှုပ်မယှက် တုံ့ပြန်သူများ မဖြစ်လာတတ်ကြ၊ သို့မဟုတ် အားနည်းသူများလည်း ဖြစ်မလာတတ်ကြဘဲ၊ ဘုရားသခင်ထံမှ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုအတွက် ကျေးဇူးတင်တတ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု မပါဘဲ မလုပ်ဆောင်နိုင်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ ကာကွယ်မှုကို သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုမှ ရရှိနိုင်ကြသည်။ သူတို့သည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ပေးသည့် ယုံကြည်ခြင်းကို ရဖို့ မကြိုးစားပေ၊ သူတို့၏ ဆာလောင်မှုကို ဖြေသိမ့်ဖို့အတွက် ပေါင်မုန့်ကို ရှာသည့် ယုံကြည်ခြင်းမျိုးကိုလည်း ရဖို့မကြိုးစားပေ။ ဇာတိပကတိနှင့်ဆိုင်သော ယာယီသာယာမှုများ နောက်သို့လည်း မလိုက်ကြပေ။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သော သူများ၌ ထိုသို့သော အမူအကျင့်များ ရှိကြသည်။ လူတို့သည် သိမ်းပိုက်ခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ရှိကြောင်းကို အသိအမှတ် ပြုတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်ရှိကြောင်းကို အသိအမှတ်ပြုခြင်းသည် မည်သို့သော အပြုအမူများနှင့် ဒွန်တွဲနေပါစေ၊ ထိုအပြုအမူများသည် သူတို့၌ အကန့်အသတ်ဖြင့် ရှိလေ့ရှိသည်။ ဧကန်အမှန်အားဖြင့် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်ကို ရည်ညွှန်းသနည်း။ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူဇာတိခံယူထားသော ဘုရားသခင်သည် မည်သည့်အရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သနည်း။ သူ့အလုပ်၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ သူ၏ အလုပ်များစွာကို ကြုံတွေ့ခံစားရပြီးနောက်၊ ဇာတိပကတိထဲတွင် လုပ်ဆောင်ခဲ့သော သူ၏ လုပ်ရပ်များစွာကို ကြုံတွေ့ခံစားရပြီးနောက် သင်သည် မည်သည့်အရာကို ရရှိခဲ့သနည်း။ ဤအရာများအားလုံးကို သင်နားလည်ပြီးမှသာ သင်သည် သိမ်းပိုက်ခြင်းခံရသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင် ရှိသည်ကို သင်အသိအမှတ်ပြုကြောင်းသာ သင်က ပြောပြီး သင်စွန့်လွှတ်သင့်သည့် အရာကို မစွန့်လွှတ်လျှင်၊ သင်စွန့်လွှတ်သင့်သည့် ဇာတိပကတိနှင့်ဆိုင်သော သာယာမှုများကို မစွန့်လွှတ်လျှင်၊ သင်အမြဲတပ်မက်နေသည့် ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာများကို ဆက်လက် တပ်မက်နေလျှင်၊ ညီအစ်ကို မောင်နှမများအပေါ်၌ ထားရှိသော အကျိုးအကြောင်းအမှန် အပေါ် အခြေမခံသော သင်၏ အစွဲအလမ်းများကို မစွန့်လွှတ်နိုင်လျှင်၊ သင်လုပ်ရမည့် ရိုးရှင်းသော ကျင့်ဆောင်မှုများကို တာဝန်ကျေအောင် လုပ်နိုင်စွမ်းမရှိလျှင်၊ ထိုအရာများကို မလုပ်နိုင်ခြင်းက သင်သည် သိမ်းပိုက်ခြင်း မခံရသေးကြောင်းကို သက်သေပြနေသည်။ ထိုသို့ဖြစ်နေလျှင် သင်နားလည်သော အရာမြောက်များစွာ ရှိသော်လည်း မည်သည့် အတွက်မှ အကျိုးရှိမည် မဟုတ်ပေ။ သိမ်းပိုက်ခြင်း ခံပြီးပြီ ဖြစ်သောသူများသည် အစပျိုးပြောင်းလဲမှုအချို့ ရှိထားပြီးသူများ၊ အစပျိုးဝင်ရောက်မှုကို လုပ်ဆောင်ပြီး သူများ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ကြုံတွေ့ခံစားရသောကြောင့် သူတို့၌ ဘုရားသခင်နှင့် ပတ်သက်သော အစပျိုးအသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အစပျိုးနားလည်မှု ရှိကြသည်။ သာ၍နက်နဲသော၊ သာ၍ အသေးစိတ်သော အမှန်တရား တော်တော်များများနှင့်ပတ်သက်လျှင် သင်သည် ယင်းတို့၏ လက်တွေ့ သဘောထဲသို့ အပြည့်အဝ ဝင်ရောက်နိုင်စွမ်း မရှိသော်လည်း၊ သင်၏ လက်တွေ့ အသက်တာ၌ အခြေခံ ဖြစ်သော အမှန်တရား တော်တော်များများကို သင်သည် လက်တွေ့ ကျင့်သုံးနိုင်စွမ်း ရှိသည်။ ထိုအမှန်တရားများမှာ ဇာတိပကတိနှင့်ဆိုင်သော သာယာမှုများ သို့မဟုတ် သင်၏ကိုယ်ပိုင် အဆင့်အတန်းနှင့် သက်ဆိုင်သော အကြောင်းအရာများ ကဲ့သို့သော အမှန်တရားများ ဖြစ်သည်။ မှန်ပါသည်၊ ဤအရာများ အားလုံးသည် သိမ်းပိုက် အောင်မြင်ခြင်းအဆင့်ကို ဖြတ်သန်း သွားနေသူများ လုပ်ဆောင်ပြီးဖြစ်သော အရာများဖြစ်သည်။ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သော သူတို့၏ အသက်တာ၌ စိတ်သဘောထား ပြောင်းလဲမှု အချို့ကိုလည်း မြင်နိုင်သည်။ ဥပမာအားဖြင့် သူတို့၏ အဝတ်အစား၊ သပ်သပ်ရပ်ရပ် နေတတ်သည့် အကျင့်နှင့် သူတို့၏အသက်တာ စသည့်အရာများသည် ပြောင်းလဲနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော သူတို့၏ အမြင်သည် ပြောင်းလဲသည်။ သူတို့ ကြိုးစားရှာဖွေနေသည့် အရာကိုလည်း ရှင်းရှင်းလင်းလင်း သိကြသည်။ သူတို့၏ ရည်မှန်းချက်များ လည်း မြင့်လာသည်။ သိမ်းပိုက်ခြင်း ခံနေရသည့် အချိန်ကာလ အတောအတွင်းတွင် သူတို့၏ အသက်တာ၌ စိတ်သဘောထားလည်း အလိုက်သင့် ပြောင်းလဲနိုင်သည်။ သူတို့ လုံးလုံး မပြောင်းလဲကြခြင်းကား မဟုတ်ပေ။ သူတို့၏ ပြောင်းလဲမှုသည် အပေါ်ယံသာ ဖြစ်ပြီး အစပိုင်းတွင်သာ ပြောင်းလဲခြင်း ဖြစ်ကာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးနောက် တစ်စုံတစ်ယောက်၏ အသက်တာ၌ မြင်ရမည်ဖြစ်သည့် ကြိုးစားရှာဖွေနေသည့် အရာ ပြောင်းလဲသွားခြင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းတို့နှင့် ယှဉ်လျှင် ၄င်းတို့၏ ပြောင်းလဲမှုသည် အလွန်နည်းလှခြင်းသာ ဖြစ်သည်။ သိမ်းပိုက်ခြင်းခံနေရသည့် အချိန်ကာလ အတောအတွင်းတွင် လူတစ်ယောက်၏ စိတ်သဘောထားသည် လုံးဝ မပြောင်းလဲဘဲနေလျှင်၊ သမ္မာတရားကိုလည်း အနည်းငယ်မျှပင် မရလျှင် ထိုသို့သောသူသည် စွန့်ပစ်ပစ္စည်းတစ်ခုသာ ဖြစ်လာပြီး လုံးလုံးလျားလျား အသုံးမဝင်ပေ။ သိမ်းပိုက်ခြင်း မခံရသေးသော သူများသည် စုံလင်အောင် ပြုလုပ်ပေးခြင်း မခံနိုင်ပေ။ လူတစ်ယောက်သည် သိမ်းပိုက်ခြင်း ခံရဖို့သာ ကြိုးစားနေလျှင် သိမ်းပိုက်ခြင်း အလုပ်ကို ခံနေသည့် အတောအတွင်းတွင် သူ့စိတ်သဘောထားမှာ အလိုက်သင့် ပြောင်းလဲမှုအချို့ကို ပြလျှင်ပင် သူ့အား စုံလင်အောင် အပြည့်အဝ မလုပ်နိုင်ပေ။ သူရရှိခဲ့သည့် ကနဦးအမှန်တရားများကိုလည်း သူဆုံးရှုံးလိမ့်မည်။ သိမ်းပိုက်ခြင်းခံပြီးသူ၏ စိတ်သဘောထား ပြောင်းလဲမှု ပမာဏနှင့် စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၏ စိတ်သဘောထား ပြောင်းလဲမှု ပမာဏသည် အလွန့်အလွန်ပင် ကွာခြားသည်။ သို့သော်လည်း သိမ်းပိုက်ခြင်း ခံရခြင်းသည် ပြောင်းလဲမှု၏ ပထမအဆင့် ဖြစ်သည်၊ အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။ ထိုသို့သော အစပျိုးပြောင်းလဲမှု မရှိခြင်းက လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ်ပင် လုံးလုံးလျားလျား မသိကြောင်းကို ပြသည့် သက်သေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အသိသည် တရားစီရင်မှုမှ ရရှိသော အသိဖြစ်ပြီး ထိုတရားစီရင်မှုသည် သိမ်းပိုက်ခြင်း အလုပ်၌ အရေးပါသောအရာ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံပြီးသူတိုင်းသည် သိမ်းပိုက်ခြင်းအဆင့်ကို ဖြတ်သန်းပြီးသူများ ဖြစ်သည်။ ထိုသို့ မဖြတ်သန်းလျှင် သူတို့သည် မည်သည့် နည်းနှင့်မျှ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီး ဖြစ်မည် မဟုတ်ပေ။

လူ့ဇာတိခံယူသည့် ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်ကိုလည်း အသိအမှတ်ပြုသည်ဟု သင်ပြောသော်လည်း သင်သည် သူ၏ နောက်ကွယ်၌ အချို့အရာများကို လုပ်သည်။ သူ၏ သတ်မှတ်ချက်များနှင့်အညီ သင်မပြုမူပေ၊ သူ့ကိုလည်း မကြောက်ပေ။ ယင်းသည် ဘုရားသခင်ကို အသိအမှတ်ပြုခြင်း ဖြစ်ပါသလား။ သူပြောသည့်အရာကို သင်က အသိအမှတ်ပြုသော်လည်း သင်လုပ်နိုင်စွမ်းရှိသည့် အရာများကိုပင် လက်တွေ့ လုပ်ဆောင်ဖို့ ငြင်းဆန်ပြီး သင်သည် သူ၏ နည်းလမ်း အတိုင်းလည်း မလုပ်ဆောင်ပေ။ ယင်းသည် အသိအမှတ်ပြုခြင်း ဖြစ်ပါသလား။ သင်သည် သူ့ကို အသိအမှတ် ပြုသော်လည်း သင်၏ တစ်ခုတည်းသော သဘောထားမှာ သူ့ကို သတိထားဖို့သာ ဖြစ်သည်၊ ဘယ်သောအခါမျှ သူ့အား ရိုသေလေးမြတ်ဖို့ မဟုတ်ပေ။ သင်သည် သူ၏အလုပ်ကို မြင်ပြီး အသိအမှတ်ပြုကာ သူသည် ဘုရားသခင်ဖြစ်ကြောင်း သိပြီး ဖြစ်သော်ငြားလည်း၊ ဆက်၍ နွေးရုံသာရှိနေပြီး ပြောင်းလဲခြင်း လုံးဝမရှိလျှင်၊ သင်သည် သိမ်းပိုက်ခြင်း မခံရသေးသူတစ်ဦး ဖြစ်နေသေးသည်။ သိမ်းပိုက်ခြင်း ခံပြီးသူ တစ်ဦးသည် သူလုပ်နိုင်သည့် အရာမှန်သမျှကို လုပ်ရမည်။ သူသည် မစွမ်းသေးသော်လည်း သာ၍မြင့်သော အမှန်တရားများသို့ ဝင်ရောက်လိုသည်၊ ရောက်ရှိလိုသည်။ သူသည် ခံယူနိုင်စွမ်း အကန့်အသတ်ဖြင့်သာ ရှိသောကြောင့် သူ၏ လက်တွေ့လုပ်ဆောင်မှုများသည် ဘောင်အတွင်း၌ ရှိနေခြင်း ဖြစ်သည်၊ အကန့်အသတ်ဖြင့် ရှိနေခြင်း ဖြစ်သည်။ သို့သော် သူသည် အနည်းဆုံးတော့ သူလုပ်နိုင်စွမ်းရှိသည့် အရာမှန်သမျှကို လုပ်ရမည်။ သင်သည် ဤအရာများကို လုပ်နိုင်လျှင် သိမ်းပိုက်ခြင်း အလုပ်ကြောင့် ထိုသို့ လုပ်နိုင်ခြင်း ဖြစ်လိမ့်မည်။ “ကိုယ်တော်က လူတွေ မပြောနိုင်တဲ့ စကားတွေ ပြောနိုင်တယ်၊ ဒါဆို ကိုယ်တော်က ဘုရားသခင်မဟုတ်ရင် ဘယ်သူလဲ” ဟု သင်ပြောသည် ဆိုပါစို့။ ထိုသို့သော အတွေးမျိုး သင့်မှာ ရှိခြင်းသည် ဘုရားသခင်ကို သင်အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ဘုရားသခင်ကို သင်အသိအမှတ်ပြုလျှင် သင်၏ အမှန်တကယ် လုပ်ဆောင်မှုများအားဖြင့် အသိအမှတ်ပြုကြောင်း ပြရမည်။ အသင်းတော် တစ်ခုကို ဦးဆောင်နေသော်လည်း ဖြောင့်မတ်စွာ မကျင့်နိုင်လျှင်၊ ငွေကို တပ်မက်နေလျှင်၊ အသင်းတော်ငွေကို အမြဲတမ်း ကိုယ့်အိတ်ကပ်ထဲ လျှို့ဝှက်စွာ ထည့်နေလျှင်၊ ယင်းသည် ဘုရားသခင်ရှိသည်ဟု အသိအမှတ် ပြုခြင်း ဖြစ်ပါသလား။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ကြောက်ရွံ့ရမည့်သူ ဖြစ်သည်။ ဘုရားသခင်ရှိသည်ဟု သင်အမှန်တကယ် အသိအမှတ်ပြုလျှင် သင်မည်သို့လျှင် သူ့ကို မကြောက်ရွံ့ဘဲ နေနိုင်သနည်း။ စက်ဆုပ်ဖွယ်ကောင်းသော ထိုအရာများကို သင်ပြုနိုင်လျှင် ယင်းသည် သူ့ကို အမှန်တကယ် အသိအမှတ်ပြုခြင်း ဖြစ်ပါသလား။ ဘုရားသခင်သည် သင်ယုံကြည်သောသူ ဖြစ်ပါသလား။ သင်ယုံကြည်သော သူသည် မရေရာသော ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် သင်က မကြောက်ရွံ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် အသိအမှတ်ပြုပြီး သိကျွမ်းသူများ အားလုံးသည် သူ့ကို ကြောက်ရွံ့ကြပြီး ဘုရားသခင်ကို ဆန့်ကျင်သော မည်သည့်အရာကိုမဆို လုပ်ရမှာ ကြောက်ကြသည်၊ သို့မဟုတ် သူတို့၏ အသိစိတ်ကို ဆန့်ကျင်ပြီး လုပ်ရမှာ ကြောက်ကြသည်။ အထူးသဖြင့် သူတို့သည် ဘုရားသခင်၏ အလိုနှင့် ဆန့်ကျင်ဖက်ဖြစ်သော အရာဟု သူတို့သိထားသည့် အရာမှန်သမျှကိုလည်း လုပ်ရမှာ ကြောက်ကြသည်။ ထိုသို့ဖြစ်ခြင်းကိုသာ ဘုရားသခင် ရှိကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ဘုရားသခင်ကို ယုံကြည်လိုသော သင့်ကို သင်၏ မိဘများက ဟန့်တားနေလျှင် သင်မည်သို့ ပြုသင့်သနည်း။ ဘုရားသခင်ကို မယုံသော သင်၏ လင်ယောက်ျားက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိလျှင် သင်မည်သို့ ဘုရားသခင်ကို ချစ်သင့်သနည်း။ ညီအစ်ကိုမောင်နှမများက သင့်ကို စက်ဆုပ်ရွံရှာလျှင် သင်မည်သို့ ဘုရားသခင်ကို ချစ်သင့်သနည်း။ သူ့ကို သင်အသိအမှတ်ပြုလျှင် သင်သည် သင့်လျော်စွာ ပြုမူပြီး အခြေအနေတိုင်းတွင် လက်တွေ့ကျကျ အသက်ရှင်လိမ့်မည်။ သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အပြုအမူကို မလုပ်နိုင်ဘဲ ဘုရားသခင်ရှိကြောင်းကို သင်အသိအမှတ်ပြုသည်ဟုသာ ပြောလျှင် သင်သည် အပြောသမားတစ်ဦးသာ ဖြစ်သည်။ သူ့ကို ယုံကြည်သည်၊ အသိအမှတ်ပြုသည်ဟု သင်က ပြောသည်။ သို့သော် မည်သည့် နည်းလမ်းဖြင့် သင်သည် သူ့ကို အသိအမှတ် ပြုသနည်း။ သင်သူ့ကို မည်သို့ ယုံသနည်း။ သင်သူ့ကို ကြောက်ရွံ့ပါသလား။ သင်သူ့ကို ရိုသေလေးမြတ်ပါသလား။ သင်သည် သူ့ကို နှလုံးသားထဲမှ နက်ရှိုင်းစွာ ချစ်ပါသလား။ သင်စိတ်သောက ရောက်နေပြီး မှီခိုစရာ တစ်ဦးမျှ မရှိသောအခါ ဘုရားသခင်သည် ချစ်ဖို့ဖြစ်သည်ဟု သင်ခံစားရသော်လည်း နောက်ပိုင်းတွင် ထိုအရာများအားလုံးကို မေ့လျော့သွားလေ့ရှိသည်။ ထိုသို့ဖြစ်ခြင်းသည် ဘုရားသခင်ကို ချစ်ခြင်းလည်း မဟုတ်၊ ဘုရားသခင်ကို ယုံကြည်ခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်သည် အဆုံးတွင် လူအား မည်သည့်အရာကို ထမြောက်အောင်မြင်အောင် လုပ်ဆောင်စေလို သနည်း။ သင့်ကိုယ်သင် အရေးပါသူတစ်ဦးဟု ထင်ခြင်း၊ ကိုယ့်ကိုယ်ကို သင်လွယ်၊ တတ်လွယ်သောသူတစ်ဦး ဖြစ်သည်ဟု ခံစားရခြင်း၊ အခြားသူများကို ထိန်းချုပ်ခြင်း၊ အခြားသူများကို အထင်သေးခြင်း၊ ရုပ်ရည်ကို ကြည့်ပြီး သူတစ်ပါးကို ဝေဖန်ခြင်း၊ ရိုးသားသူများကို အနိုင်ကျင့်ခြင်း၊ အသင်းတော်ငွေကို တပ်မက်ခြင်း စသည့် ငါဖော်ပြခဲ့သော အခြေအနေများ အားလုံးသည် အကျင့်ပျက်သော ဤစိတ်သဘောထားများအားလုံးသည် တစ်စိတ်တစ်ဒေသအားဖြင့် သင့်ထံမှ ဖယ်ရှားခံရပြီးသောအခါမှသာလျှင် သင်၏သိမ်းပိုက်ခြင်းကို သိသာထင်ရှားအောင် ပြုလုပ်လိမ့်မည်ဖြစ်သည်။

သင်တို့၌ပြုသော သိမ်းပိုက်ခြင်းအလုပ်သည် အရေးအပါဆုံးအလုပ် ဖြစ်သည်။ တစ်ဖက်၌ ထိုအလုပ်၏ ရည်ရွယ်ချက်မှာ လူတစ်စုကို စုံလင်အောင်ပြုလုပ်ပေးဖို့၊ တစ်နည်းအားဖြင့် သူတို့ကို အောင်မြင်သောလူစုအဖြစ် စုံလင်အောင်ပြုလုပ်ပေးဖို့၊ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသည့် ပထမဦးဆုံးလူစုအဖြစ်၊ တစ်နည်းအားဖြင့် အဦးသီးသော အသီးများအဖြစ် စုံလင်အောင်ပြုလုပ်ပေးဖို့ ဖြစ်သည်။ အခြားတစ်ဖက်၌မူ ထိုအလုပ်၏ ရည်ရွယ်ချက်မှာ ဖန်ဆင်းခံသတ္တဝါများအား ဘုရားသခင်၏ မေတ္တာကို ခံစားခွင့်ပေးဖို့၊ ဘုရားသခင်၏ အကြီးမြတ်ဆုံး ကယ်တင်ခြင်းကို လက်ခံခွင့်ပေးဖို့၊ ဘုရားသခင်၏ ပြည့်စုံသော ကယ်တင်ခြင်းကို လက်ခံခွင့်ပေးဖို့ဖြစ်ပြီး၊ မေတ္တာအကြင်နာသာမက အထူးသဖြင့် သာ၍အရေးကြီးသည့် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုတို့ကို လူအား မွေ့လျော်ခံစားခွင့်ပေးဖို့ဖြစ်သည်။ ကမ္ဘာကို ဖန်ဆင်းသည့်အချိန်မှ အစပြုပြီး ယနေ့ထက်ထိတိုင် ဘုရားသခင်၏ အလုပ်၌ သူလုပ်ဆောင်ခဲ့သမျှသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ လူကို မုန်းတီးသည့်စိတ် နည်းနည်းမျှ မရှိပေ။ သင်မြင်တွေ့ခဲ့သည့် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုပင်လျှင် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ သာ၍စစ်သော၊ မှန်သော မေတ္တာဖြစ်သည်၊ ဤချစ်ခြင်းမေတ္တာသည် လူ့အသက်တာ၏ မှန်သောလမ်းထဲသို့ လူတို့ကို လမ်းပြပေးသည်။ နောက်တစ်ဖက်၌ သင်တို့၌ပြုသော သိမ်းပိုက်ခြင်းအလုပ်သည် စာတန်၏ရှေ့၌ သက်သေခံဖို့ဖြစ်သည်။ တစ်ဖက်၌မူ ထိုအလုပ်သည် အနာဂတ်ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် အုတ်မြစ်ချရန်ဖြစ်သည်။ သူလုပ်ခဲ့သော အလုပ်အားလုံးသည် လူ့အသက်တာ၏ မှန်သောလမ်းထဲသို့ လူတို့ကို လမ်းပြရန်အတွက် ရည်ရွယ်ပြီးလုပ်သည့် အလုပ်များ ဖြစ်သည်၊ ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ ပုံမှန်ဘဝကို သူတို့ရရှိနိုင်ဖို့အတွက် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် မည်သို့အသက်ရှင်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ ထိုသို့ မည်သို့အသက်ရှင်ရမည်ကို မသိလျှင် သင်သည် အနှစ်မဲ့သော အသက်တာ၊ တန်ဖိုးမရှိသော၊ အဓိပ္ပာယ်ကင်းမဲ့သော အသက်တာကိုသာ ရှင်သန်နိုင်လိမ့်မည်ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦးဖြစ်အောင် မည်သို့လုပ်ရမည်ကို သင်လုံးဝသိမည် မဟုတ်ပေ။ ယင်းသည် လူကို သိမ်းပိုက်သည့် အလုပ်အတွက် အရေးအကြီးဆုံးအရာ ဖြစ်သည်။ သင်တို့အားလုံးသည် မောဘ၏ မျိုးဆက်များ ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ကို သင်တို့၌လုပ်ဖို့သည် သင်တို့အတွက် ကြီးမြတ်သော ကယ်တင်ခြင်းဖြစ်သည်။ သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နေရာတွင် အသက်ရှင်နေကြသည်၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးသော သူများ၊ အပြစ်ရှိသောသူများဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက သာ၍အရေးကြီးသည်မှာ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို လက်ခံရရှိခဲ့သည်၊ အနက်ရှိုင်းဆုံးဖြစ်သည့် ထိုသို့သော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ကြသည်၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ အကြီးမြတ်ဆုံးဖြစ်သော မေတ္တာကို လက်ခံရရှိခဲ့ကြသည်။ သူလုပ်သမျှသည် သင်တို့အတွက် စစ်မှန်သောမေတ္တာ ဖြစ်သည်၊ သူ၌ မကောင်းသော ရည်ရွယ်ချက် မရှိပေ။ သင်၏အပြစ်များကြောင့် သူက သင့်ကို တရားစီရင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးမည်ဖြစ်သည်၊ ထူးကဲလှသော ဤကယ်တင်ခြင်းကို လက်ခံရရှိမည် ဖြစ်သည်။ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် လူကိုပြုလုပ်ဖို့အတွက်ဖြစ်သည်။ အစမှ အဆုံးတိုင် ဘုရားသခင်သည် လူကိုကယ်တင်ဖို့အတွက် သူ၏အကောင်းဆုံးကို လုပ်ဆောင်လျက်ရှိသည်၊ ထို့ပြင် သူ့လက်ဖြင့် ဖန်ဆင်းခဲ့သောလူများကို လုံးလုံးလျားလျား ဖျက်ဆီးလိုစိတ် သူ၌မရှိသည်မှာ သေချာပါသည်။ ယခု သူသည် အလုပ်လုပ်ရန်အတွက် သင်တို့အကြားသို့ ရောက်လာပြီးဖြစ်သည်၊ ယင်းသည် သာ၍ကောင်းသော ကယ်တင်ခြင်း မဟုတ်လော။ သူက သင်တို့ကို မုန်းခဲ့လျှင် သူကိုယ်တိုင် သင်တို့ကို ဦးဆောင်လမ်းပြရန် ထိုမျှပမာဏရှိသော အလုပ်ကို သူဆက်လုပ်မည်လော။ အဘယ်ကြောင့် သူအလွန်အမင်း ဒုက္ခခံရမည်နည်း။ ဘုရားသခင်က သင့်ကို မမုန်းသကဲ့သို့ သင့်အတွက် မကောင်းသော ရည်ရွယ်ချက်လည်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းကို သင်သိသင့်သည်။ လူတို့၏ မနာခံမှုကြောင့်သာ သူသည် လူတို့ကို တရားစီရင်မှုအားဖြင့် ကယ်တင်ရခြင်း ဖြစ်သည်၊ ထိုသို့မပြုလျှင် သူတို့သည် ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ သင်သည် မည်သို့အသက်ရှင်ရမည် သို့မဟုတ် မည်သို့နေထိုင်ရမည်ကို မသိသောကြောင့်၊ ထို့ပြင် သင်သည် ကာမဂုဏ်လွန်ကျူး၍ အပြစ်တရားနှင့်ပြည့်နေသော နေရာတွင် ရှင်သန်နေသောကြောင့်၊ ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်သောကြောင့် ဘုရားသခင်သည် သင်တို့ကို သာ၍စာရိတ္တပျက်ပြားလာသူများ ဖြစ်လာခွင့် မပေးရက်ပေ၊ စာတန်စိတ်ရှိသလို နင်းခြေနေသည်ကို ခံရပြီး၊ ထိုသို့ညစ်ညူးသောနေရာ၌ အသက်ရှင်နေသည်ကိုလည်း မကြည့်ရက်ပေ၊ သို့မဟုတ် မရဏနိုင်ငံသို့ သင်တို့ ကျသွားမှာကိုလည်း မလိုလားပေ။ ဘုရားသခင်သည် သင်တို့အုပ်စုကို ရယူလိုစိတ်နှင့် သင့်ကို လုံးလုံးလျားလျား ကယ်တင်လိုစိတ်သာ ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်၌ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်သည့် အဓိကရည်ရွယ်ချက်ဖြစ်သည်၊ ယင်းမှာ ကယ်တင်ခြင်းအတွက်သာဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ပင် ဖြစ်သည်ဟု သင်မမြင်နိုင်လျှင်၊ ယင်းတို့သည် လူကိုနှိပ်စက်ဖို့ နည်းလမ်းတစ်ခုသာဖြစ်ပြီး မယုံကြည်ရသော အရာတစ်ခုဖြစ်သည်ဟု သင်ထင်လျှင် သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏ကမ္ဘာသို့ ပြန်သွားလိုက်ခြင်းကသာ ကောင်းသည်။ အကယ်၍ သင်သည် ဤရေစီးကြောင်းထဲ၌ ပါလိုစိတ်ရှိပြီး ဤတရားစီရင်မှုနှင့် အလွန့်အလွန်ကြီးမားလှသော ဤကယ်တင်ခြင်းကို ခံစားလိုစိတ်ရှိလျှင်၊ လူ့လောက၌ မည်သည့်နေရာ၌မျှ မတွေ့နိုင်သည့် ဤကောင်းချီးမင်္ဂလာများအားလုံးကို ခံစားလိုလျှင်၊ ဤချစ်ခြင်းမေတ္တာကို ခံစားလိုလျှင် သိမ်းပိုက်ခြင်းအလုပ်ကို လက်ခံဖို့အတွက် ဤရေစီးကြောင်းထဲ၌ ကျိုးနွံစွာနေလော့၊ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်ခံနိုင်ဖို့ဖြစ်သည်။ ယခု သင်သည် တရားစီရင်မှုကြောင့် နာကျင်မှုနှင့် စစ်ဆေးမှုအချို့ကို ခံနေရသော်လည်း၊ ထိုနာကျင်မှုသည် တန်ဖိုးရှိသည်၊ အဓိပ္ပာယ်လည်းရှိသည်။ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုသည် လူ၏အပြစ်အတွက် ဒဏ်ပေးရန်နှင့် လူ၏ ဇာတိပကတိကို ဒဏ်ပေးရန်အတွက်ဖြစ်သော စစ်ဆေးမှုများ၊ လူကို ကရုဏာမဲ့စွာ ထုတ်ဖော်ပြောဆိုမှုများ ဖြစ်သော်လည်း၊ ယင်းတို့အထဲတွင် လူကိုပြစ်တင်ရှုတ်ချရန်နှင့် လူ၏ဇာတိခန္ဓာကို ချုပ်ငြိမ်းစေရန်အတွက် ရည်ရွယ်ပြီးလုပ်သည့် အလုပ်တစ်ခုမျှ ထိုအလုပ်၌ မပါပေ။ နှုတ်ကပတ်တော်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုမှုများသည် သင့်ကို မှန်သောလမ်းသို့ ဦးဆောင်လမ်းပြရန်အတွက်သာ ဖြစ်သည်။ သင်တို့သည် ထိုအလုပ်နှင့် ပတ်သက်လျှင် မြောက်မြားစွာကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးဖြစ်သည်၊ သိသာသည့်အရာမှာ ထိုအလုပ်သည် သင်တို့ကို ဆိုးယုတ်သောလမ်းသို့ ဦးဆောင်လမ်းပြခြင်း မရှိပေ။ ထိုအရာများအားလုံးသည် သင့်ကို ပုံမှန် လူ့သဘောသဘာဝအတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိဖို့ဖြစ်သည်၊ အားလုံးသည် သင်၏ပုံမှန်လူ့သဘာဝက ထမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။ အလုပ်၏ အဆင့်တိုင်းသည် သင်၏လိုအပ်ချက်များ၊ သင်၏အားနည်းချက်များနှင့် သင်၏ဝိညာဉ်အသက်တာအမှန်အပေါ်၌ အခြေခံကာ လုပ်ခဲ့သောအဆင့်များဖြစ်ပြီး သင်တို့မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မတင်ပေ။ သင်သည် ယခု ထိုအချက်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိသော်လည်း၊ ငါက သင့်အပေါ်၌ ကြမ်းသလို သင်ခံစားရသော်လည်း၊ ငါသင့်ကို ပြစ်တင်ဆုံးမကာ နေ့တိုင်း တရားစီရင်ပြီး နေ့တိုင်းဝေဖန်သည်မှာ ငါသင့်ကို မုန်းသောကြောင့်ဖြစ်သည်ဟု သင်တွေးနေသော်လည်း၊ ထို့ပြင် သင်လက်ခံရရှိသောအရာသည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုဖြစ်သော်လည်း၊ လက်တွေ့တွင် အားလုံးသည် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်သည်၊ သင့်အတွက် ကြီးမားသော အကာအကွယ်လည်း ဖြစ်ပေသည်။ ထိုအလုပ်၏ သာ၍ နက်နဲသော အဓိပ္ပာယ်ကို သင်နားမလည်နိုင်ပါက သင်ဆက်လက် ကြုံတွေ့ခံစားဖို့ လုံးဝ မဖြစ်နိုင်ပါ။ ထိုကဲ့သို့သော ကယ်တင်ခြင်းအတွက် သင်သည် နှစ်သိမ့်ပေးခြင်း ခံရသင့်သည်။ အသိစိတ် မဝင်ဘဲ မနေနှင့်။ ဤအဆင့်အထိ ရောက်လာပြီးနောက် ဤသိမ်းပိုက်ခြင်းအလုပ်၏ အရေးပါမှုကို ရှင်းလင်းစွာ သင်မြင်သင့် သည်။ ဟိုဟိုဒီဒီအမြင်ကို သင်ကိုင်စွဲ မထားသင့်တော့ပေ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။