ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၃

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို ကြည့်ရှုစစ်ဆေးသည်၊ အရာအားလုံးကို အမိန့်ပေးသည်၊ ထို့ပြင် လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် သူ၏အစီအစဉ်နှင့်အညီ ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ပြုလုပ်သည်၊ သို့တိုင်အောင် သူ၏ခြေလှမ်းများသည် တစ်လှမ်းပြီးတစ်လှမ်း လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိပြီး သူ၏တရားစီရင်ရာပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ နေရာချထားသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းပါတကား၊ ခန့်ညားပြီး လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတကား။ ချိုးငှက်ကဲ့သို့သာမက ဟောက်သော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာဖြစ်၏၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းတန်ခိုးကြီးခြင်းဖြစ်၏၊ ထို့ပြင် သြဇာအာဏာကို စွဲကိုင်လျက်၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့်ပြည့်လျက် ငါတို့အလယ်သို့ တိတ်ဆိတ်စွာ ကြွလာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော်လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏အသက်တာသည် ပြောင်းလဲခြင်း မရှိပေ၊ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်သွားသည်။ ဘုရားသခင်သည် ငါတို့အကြား၌ အခြားလူများကဲ့သို့သော လူသားတစ်ဦးအနေနှင့်၊ ထင်ရှားမှုမရှိဆုံး နောက်လိုက်တစ်ဦးအနေနှင့်သာမက သာမန်ယုံကြည်သူတစ်ဦးအနေနှင့် နေထိုင်လျက်ရှိသည်။ သူ၌ ကိုယ်ပိုင်ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင်ပန်းတိုင်များ ရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရားသဘောသဘာဝလည်း ရှိသည်။ သူ့မှာ ဘုရားသဘောသဘာဝများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိပေ၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်ပေ။ ငါတို့၏အမြင်၌ သူသည် မထင်ရှားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သောကြောင့် ငါတို့သည် ချုပ်တည်းခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိဘဲ သူနှင့်အတူ နေထိုင်လျက်ရှိသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများသည်လည်း သူ့ရှေ့တွင် လှစ်ဟထုတ်ဖော်ခြင်း ခံထားရသည်။ သူ၏တည်ရှိမှုကို မည်သူမျှစိတ်မဝင်စားကြ၊ သူ၏အလုပ်အကြောင်းကို မည်သူမျှ စိတ်မကူးကြည့်ကြပေ၊ ထို့အပြင် သူမည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မည်သူမျှ လုံးဝသံသယမဝင်ကြပေ။ သူသည် ငါတို့နှင့် ဘာမျှမပတ်သက်သည့်အလား ငါတို့သည် ကိုယ်တိုင်ရှာဖွေနေသည့် အရာများနောက်သို့ ဆက်လိုက်၍သာ နေကြသည်...

မရည်ရွယ်ပါဘဲလျက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ “မှတစ်ဆင့်” စာတစ်ပိုဒ်ကို ဖော်ပြသည်၊ လုံးဝမျှော်လင့်မထားဟု ခံစားရသော်လည်း ၎င်းသည် ဘုရားသခင်ထံမှလာသော မိန့်မြွက်ချက်ဖြစ်ကြောင်းကို ငါတို့ အသိအမှတ်ပြုကြပြီး ဘုရားသခင်ထံမှ ထိုအရာကို အဆင်သင့်လက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသော နှုတ်ကပတ်တော်များဖြစ်နေသရွေ့ ငါတို့အနေဖြင့် လက်ခံသင့်ပြီး မငြင်းပယ်သင့်သောကြောင့် ဖြစ်သည်။ နောက်လာမည့် မိန့်မြွက်ချက်သည် ငါမှတစ်ဆင့်ဖြစ်နိုင်သကဲ့သို့ သင်မှတစ်ဆင့်သော်လည်းကောင်း ထိုသူမှတစ်ဆင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ မည်သူမှတစ်ဆင့် ပြောသည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့သော်လည်း ထိုသူမှာ မည်သူဖြစ်နေပါစေ၊ ထိုပုဂ္ဂိုလ်ကို ငါတို့အနေဖြင့် မကိုးကွယ်သင့်ပေ၊ အကြောင်းမှာ မည်သို့ပင်ဖြစ်နေပါစေ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်မဖြစ်နိုင်သကဲ့သို့ ငါတို့သည်လည်း ဤကဲ့သို့သော သာမန်ပုဂ္ဂိုလ်တစ်ယောက်ကို ငါတို့၏ဘုရားသခင်အဖြစ် မည်သည့်နည်းနှင့်မျှ ရွေးချယ်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ငါတို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်သူဖြစ်သည်၊ ထိုကဲ့သို့ အလွန်မထင်ရှားသောသူတစ်ဦးက ဘုရားသခင်ကို မည်သို့ကိုယ်စားပြုနိုင်မည်နည်း။ ထို့အပြင် ဘုရားသခင် ပြန်ရောက်လာပြီး ကောင်းကင်နိုင်ငံသို့ ငါတို့အား ပြန်ခေါ်သွားမည်ကို ငါတို့အားလုံး စောင့်မျှော်နေကြသည်၊ ထို့ကြောင့် အလွန်မထင်ရှားသောသူတစ်ဦးက ထိုသို့အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသော လုပ်ငန်းတာဝန်ကို မည်သို့လျှင် ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ နောက်တစ်ကြိမ် သခင်ပြန်လာလျှင် လူအားလုံးမြင်ရသည့် ဖြူသောမိုးတိမ်ပေါ်၌ ဖြစ်ရပေမည်။ ဘုန်းအသရေနှင့် ပြည့်စုံလိုက်မည့်ဖြစ်ခြင်း။ သာမန်လူတစ်စုအကြားတွင် သူသည် တိတ်ဆိတ်စွာ ပုန်းနေနိုင်သည်ဆိုခြင်းမှာ မည်သို့ဖြစ်နိုင်သနည်း။

သို့ဖြစ်စေကာမူ ငါတို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ငါတို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ အဘယ်ကြောင့် ငါတို့ထံ သူလာခဲ့ကြောင်းကိုလည်း မပြောပြပါ၊ ထိုအစား သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်ထားသည့် အလုပ်ကိုသာ ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် လုပ်နေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များမှာ ပို၍ပင် အကြိမ်ရေစိပ်သည်ထက်စိပ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့၍ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းတန်ခိုးရှိသော နှုတ်ကပတ်တော်များအထိ အားလုံးသည် လူ့အပေါ် ကရုဏာတရားကို ပေးအပ်ပြီး လူ့အထဲ၌ စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအားလုံးသည် ငါတို့အထဲရှိ နက်ရှိုင်းသောနေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များအထိ ရောက်သည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများနှင့် ဝိညာဉ်တို့ကို စူးရှစေသည့်အပြင် ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို မသိလောက်အောင်ပင် မခံမရပ်နိုင်သော အရှက်ကွဲမှုနှင့် ငါတို့ကို ပြည့်စေသည်။ ထိုသူ၏နှလုံးသားထဲ၌ရှိသော ဘုရားသခင်သည် အမှန်တကယ် ငါတို့ကို ချစ်မချစ်ကိုသာမက အတိအကျအားဖြင့် အဘယ်အရာအား သူလုပ်နေသည်ကိုလည်း ငါတို့စတင်တွေးတောလာကြသည်။ ထိုဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီးမှသာလျှင် ငါတို့အနေဖြင့် ချီဆောင်ခြင်းခံရနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်လော။ ငါတို့၏ဦးခေါင်းများထဲ၌ ငါတို့သည် လာမည့်ပန်းတိုင်နှင့် ငါတို့၏ အနာဂတ်ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့ဖြစ်စေကာမူ ယခင်အတိုင်းပင် ငါတို့အလယ်၌ အလုပ်လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိကို အသွင်ဆောင်ခဲ့ပြီးသည်ကို ငါတို့အထဲတွင် မည်သူကမျှ မယုံကြည်ကြသေးပေ။ သူသည် ငါတို့နှင့်အတူရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်သာမက ငါတို့နှင့် မျက်နှာချင်းဆိုင်ပြီး စကားများစွာကို ပြောဆိုပြီးဖြစ်သော်လည်း ငါတို့သည် ထိုသို့သော သာမန်လူတစ်ယောက်ကို ငါတို့အနာဂတ်၏ ဘုရားသခင်အဖြစ် လက်ခံလိုခြင်း မရှိသေးပေ၊ ထို့ပြင် အလွန်ပင် မထင်ရှားသော ဤပုဂ္ဂိုလ်ထံ၌ ငါတို့၏ အနာဂတ်နှင့် ကံကြမ္မာအပေါ် အခွင့်အာဏာကို အပ်နှံလိုစိတ် သာ၍ပင် မရှိကြပေ။ ငါတို့သည် သူ့ထံမှ အသက်ရေကို အဆုံးမရှိသော အထောက်အပံ့အဖြစ်ရပြီး သူ့အားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြသည်၊ ဘုရားသဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမာန်ပုဂ္ဂိုလ်၏ ခံစားချက်များကိုမူ တစ်ခါမျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို မခံစားတတ်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးပြီး လူသား၏ သူ့အပေါ် မလေးစားသည့် သဘောထားကို သူသည် အစဉ်အမြဲပင် သည်းခံသည့်အလား၊ နှိမ့်ချစွာဖြင့် လူ့ဇာတိထဲ၌ ပုန်းကွယ်လျက်နေပြီး၊ သူ၏အတွင်းနှလုံးသားကို ဖော်ပြလျက်နေကာ ယခင်အတိုင်းပင် သူသည် သူ့အလုပ်ကို ဆက်လုပ်နေ၏။

ငါတို့ သတိမထားမိလိုက်ဘဲနှင့် မထင်ရှားသော ထိုသူသည် ငါတို့ကို ဘုရားသခင်၏ အမှုတော်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင်ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ငါတို့ သင်ယူသိရှိကြသည်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကိုလည်း မျက်မြင်တွေ့ကြရသည်၊ လူသားကို ကယ်တင်လိုသော ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ နှုတ်ကပတ်တော်များအားဖြင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ထို့ပြင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး ထိုမှတစ်ဖန် ငါတို့ကို “အသစ်တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှုပေးသည်၊ သည့်အပြင် အပြစ်ရှိကြောင်း ခံစားချက်နှင့် သူ့အပေါ် အကြွေးတင်သည့် ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်၏၊ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူမြတ်နိုးရာ မျက်ရှုပမာများကဲ့သို့ဖြစ်ပြီး သူ၏ ယုယသော ချစ်ခြင်းမေတ္တာ၌ ပျော်မွေ့ကြသည်၊ တစ်ခါတစ်ရံတွင်မူ ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်မှုအောက်တွင် သူ၏အမျက်ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားကြ၏။ ငါတို့သည် သူ၏ကယ်တင်ခြင်းကို ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်၌ ငါတို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေနေသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ်၌ ကရုဏာထားသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ နှစ်သိမ့်ပေးသည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ ပဲ့ပြင်သည်၊ ထို့အပြင် ငါတို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရောညပါ ငါတို့အတွက် စိုးရိမ်သည်၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြရသည်။ ထိုသို့ဖြစ်သော်လည်း ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများအထဲ၌ ပြဿနာပေးဆဲဖြစ်ပြီး ထိုသို့သောပုဂ္ဂိုလ်ကို ငါတို့၏ ဘုရားသခင်အဖြစ် လိုလိုလားလား လက်ခံလိုစိတ် ငါတို့၌ မရှိသေးပေ။ သူသည် ငါတို့စားဖို့အတွက် မန္နမုန့် အမြောက်အမြား ပေးခဲ့ပြီးဖြစ်သော်လည်း မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများထဲရှိ သခင်၏နေရာကို မယူနိုင်ပါ။ ငါတို့သည် ထိုသူ၏ ထူးခြားသော ဖြစ်တည်မှုနှင့် အဆင့်အတန်းကို အလွန်ဝန်လေးစွာဖြင့်သာ လက်ခံကြသည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်း ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် သူ၏နှုတ်မှ ထုတ်မပြောသရွေ့ ငါတို့အလယ်တွင် အချိန်အကြာကြီး အလုပ်လုပ်လျက်နေပြီး မကြာမီ ရောက်လာမည့် ဘုရားသခင်အဖြစ် သူ့ကို ငါတို့သည် မိမိတို့သဘောနှင့်မိမိ မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်ပေ။

ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိုလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ သူသည် ငါတို့ကို နောက်တစ်ဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ငါတို့၏ နှလုံးသားများ ခြေဦးတည့်ရာ လျှောက်သွားမနေအောင် တားပေးသည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊ သူနှင့်မျက်နှာချင်းဆိုင် တွေ့နေရပြီဖြစ်သည်၊ သူ၏မျက်နှာတော်ကို ငါတို့ မြင်တွေ့ပြီးဖြစ်သည်၊ ငါတို့၏ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ငါတို့၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်၊ သူမည်သူဖြစ်ကြောင်းကို ငါတို့အနေဖြင့် သံသယမဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ငါတို့မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ငါတို့သည် ပျပ်ဝပ်နေ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လိုသည့်ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့်ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ ငါတို့အပေါ်၌ ထားသော သူ၏ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့်ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့်ဆန္ဒ၊ ထို့ပြင် ငါတို့အား သူတာဝန်ပေးစေခိုင်းထားသည့် အရာကို ပြီးမြောက်စေရန် ငါတို့လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ငါတို့၌ အခြားဘာဆန္ဒမျှ မရှိပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၆

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၈

နောက်ဆုံးသော ကာလ၏ လူများသည် ဘုရားသခင်၏ အမျက်ကို သူ၏ နှုတ်ကပတ်တော်ထဲတွင်သာ မြင်ရပြီး ဘုရားသခင်၏ အမျက်ကို အကယ်စင်စစ် ခံစားရခြင်း မရှိပေ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၂

နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အလုပ်အဆင့်သုံးဆင့် ခွဲခြားထားသည်။ တစ်ခုတည်းသော မည်သည့်အဆင့်ကမျှ ခေတ်သုံးခေတ်၏အလုပ်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၃

၄။ အလင်း စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် သက်ဆိုင်၏- ယင်းမှာ အလင်းဖြစ်သည်။ ဤအရာသည်လည်း အလွန် အရေးကြီး၏။ တောက်ပသော အလင်းတစ်ခုကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။