သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း ငါး

ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးထားသည့် ပတ်ဝန်းကျင်များတွင် သမ္မာတရားကို ရရှိသည့်နည်းလမ်း

လူတို့သည် ဘုရားသခင် လူတို့ကို ကယ်တင်ခြင်းနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းတို့၏ စည်းမျဉ်းများနှင့် ရည်ရွယ်ချက်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပြီးဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ လူတို့ အဘယ်အရာကို နားလည်သင့်သနည်း။ ယင်းမှာ ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲထားသော အမှုအရာအမျိုးမျိုးတွင်ဖြစ်စေ၊ တိကျသောအမှုအရာတစ်ခုတွင်ဖြစ်စေ လူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ၈၀ ရာခိုင်နှုန်း သို့မဟုတ် ၉၀ ရာခိုင်နှုန်းပင် ရှိပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ချက်များ၊ အဆိုပါအမှုအရာအပေါ် ၎င်းတို့၏ သဘောထားများသည် ဘုရားသခင်၏အမြင်တွင် အလွန်အရေးကြီးသည်ဟူ၍ ဖြစ်သည်။ အမှုအရာများ သင့်အပေါ် ဖြစ်ပျက်သည့်အခါတွင် သင်သည် မည်သည့်အရာမျှမပြောဘဲ သင်၏ရပ်တည်ချက်ကို မပြပါက ဘုရားသခင်သည် သင့်အား ဂရုစိုက်မည်မဟုတ်ဘဲ သင့်အား လျစ်လျူရှုလိမ့်မည်ဟု မထင်နှင့်။ သင်သည် ဘုရားသခင်က သင့်အား လျစ်လျူရှုစေလိုပါက သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲနေခြင်းက ပိုကောင်းလိမ့်မည်။ သင်သည် ဘုရားသခင်၏အိမ်တော်၌ ရှိနေသောကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သင့်အား ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း ဘုရားသခင်သည် သင့်အား လုံးဝ လျစ်လျူရှုမည် မဟုတ်ပေ။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အမြင်တွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းခံရသည်၊ သင့်ကဲ့သို့ သေးနုပ်သောလူတစ်ဦးသည် သာ၍ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရပေသည်။ သင်သည် ပုရွက်ဆိတ်တစ်ကောင်ဖြစ်လျှင်ပင် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရပါက ဘုရားသခင်သည် သင့်အား အဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သင့်အား ဦးဆောင်နေဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် သင်သည် မိမိအပေါ် ဖြစ်ပျက်သည့် အမှုအရာများအား လက်ခံရုံသာ ရှိသည်။ ယင်းတို့ကို မရှောင်ရှားနှင့်၊ ရှောင်ရှားခြင်းသည် ပညာရှိသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သင်သည် ယင်းတို့ကို ရင်ဆိုင်ရမည်။ သင်သည် ယင်းတို့ကို ရင်ဆိုင်ပြီး ရှင်းလင်းသော သဘောထားတစ်ခုရှိမှသာလျှင် သူက သင့်အတွက် စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များတွင် ဘုရားသခင်က သင့်အား နားလည်စေသော သမ္မာတရားများကို ရရှိရန် အခွင့်အရေး ရရှိလိမ့်မည် ဖြစ်သော်လည်း ယင်းတို့ကို ရှောင်ရှားခြင်းကမူ သင်၏ တိတ်ဆိတ်နေမှုထဲတွင် သမ္မာတရားများကို နားလည်စေနိုင်မည် မဟုတ်ပေ။ ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများမှလွဲ၍ အခြားသောသမ္မာတရားများ၊ ဆိုလိုသည်မှာ လူ့အသက်တာနှင့် ဖြစ်တည်မှုနှင့်သက်ဆိုင်သော သမ္မာတရားအမျိုးမျိုးတို့သည် ပတ်ဝန်းကျင်တစ်ခုမှတစ်ဆင့် သို့မဟုတ် ဖြစ်ပေါ်နေသော လူအမျိုးအစားတစ်ရပ်၏ အပြုအမူနှင့်ဆိုင်သော ဆက်စပ်အခြေအနေမှတစ်ဆင့် ဖော်ပြခြင်းခံရသည်။ လူတို့သည် စစ်မှန်သော အတွေ့အကြုံနှင့် နားလည်မှုကို ရရှိပြီးမှသာလျှင် ဤသမ္မာတရားများ၏ လက်တွေ့ကျမှုများကို အမှန်တကယ် နားလည်သဘောပေါက်နိုင်သည်။ လူအများစုသည် ဤအချက်ကို ရှင်းလင်းစွာ မမြင်နိုင်ဘဲ သမ္မာတရားအမျိုးမျိုးအပေါ် ၎င်းတို့၏ သဘောထားသည် မပူမအေးသော သဘောထားဖြစ်ကာ ၎င်းတို့သည် ဤပတ်ဝန်းကျင်များကိုလည်း အဆက်မပြတ် ရှောင်ရှားလိုကြပြီး လက်တွေ့ပြဿနာများနှင့် ပတ်သက်၍ သမ္မာတရားကို ရှာဖွေရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် သမ္မာတရားကိုအခြေခံ၍ လူအမျိုးအစားအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ပိုင်းခြားသိမြင်တတ်ရန် မသင်ယူသကဲ့သို့ ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် သမ္မာတရားကို အသုံးချရာ၌လည်း လေ့ကျင့်ခြင်းမရှိပေ။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့တွင် သဘောထား သို့မဟုတ် ရှုမြင်ချက်များ မရှိသကဲ့သို့ ၎င်းတို့သည် မိတ်သဟာယဖွဲ့ခြင်းများနှင့် ဆွေးနွေးမှုများတွင်လည်း မပါဝင်ကြပေ။ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်ထံ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဓမ္မသီချင်းများ သင်ယူခြင်းနှင့် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းတို့ဖြင့်သာ ကျေနပ်နေကြပြီး ထိုမျှသာဖြစ်၏။ ငါသည် သင့်အား အရာတစ်ခုကို ပြောမည်၊ ယင်းက အလုပ်လုပ်ပေးသူတစ်ဦး၏ လက္ခဏာများမှာ ၎င်းတို့သည် အားထုတ်ရန်သာ ဆန္ဒရှိပြီး သမ္မာတရား၏ မည်သည့်ရှုထောင့်ကိုမျှ စိတ်မဝင်စား သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့်ပတ်သက်၍မျှ စိတ်ထက်သန်ရန် ဆန္ဒမရှိဘဲ ထိုသို့လုပ်ဆောင်ခြင်းကို စိတ်အနှောင့်အယှက် ဖြစ်သည်ဟု မြင်ခြင်းဖြစ်သည်၊ ဤသည်မှာ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်၏ အစေခံတစ်ဦး သို့မဟုတ် ဆိုးယုတ်သောလူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး မဟုတ်ပါက အကောင်းဆုံးအနေဖြင့် သင်သည် အလုပ်လုပ်ပေးသူတစ်ဦးသာ ဖြစ်နိုင်သည်။ သို့သော် ကယ်တင်ခြင်းကို ရရှိနိုင်သော ဘုရားသခင်၏ လူများအတွက်မူ ကွဲပြားသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးပြီး အားအနည်းငယ်ထုတ်ရုံမျှဖြင့် မကျေနပ်ကြဘဲ လူ၊ ဖြစ်ရပ်နှင့် အမှုအရာအမျိုးမျိုးတို့တွင် သမ္မာတရားအမျိုးမျိုးကို သင်ယူပြီး နားလည်ကာ ထို့နောက် ဤသမ္မာတရားများကို အခြေခံ၍ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ရှုမြင်ပြီး ကိုင်တွယ်ကြသည်။ ဤနည်းလမ်းဖြင့် သမ္မာတရားအမျိုးမျိုးသည် ၎င်းတို့ထဲသို့ တဖြည်းဖြည်း အလုပ်လုပ်သွင်းခြင်းခံရပြီး ၎င်းတို့၏အသက်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ တဖြည်းဖြည်း ဖြစ်လာသည်။ သမ္မာတရားက သင်၏အသက် ဖြစ်လာမှသာလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဤအကျိုးသက်ရောက်မှုကို ရရှိနိုင်မည်မဟုတ်ပေ။ အမှုအရာများကို တွေ့ကြုံခံစားရန် မကြောက်နှင့်၊ လူတို့ကို ပိုင်းခြားသိမြင်ရန် မကြောက်နှင့်။ အမှုအရာအမျိုးမျိုး ဖြစ်ပေါ်ခြင်းသည် မကောင်းသည့်အရာ မဟုတ်ဘဲ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားသည်။ ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲထားပြီး စီစဉ်မှုများ ပြုလုပ်နေသဖြင့် သင်သည် အဘယ်အရာကို ကြောက်ရွံ့စရာရှိသနည်း။ ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး စီစဉ်မှုများ ပြုလုပ်နေသောကြောင့် သင့်အတွက်မူ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခြင်းသည် အနည်းဆုံးအနေဖြင့် မလိုမုန်းထားခြင်း သို့မဟုတ် စုံစမ်းသွေးဆောင်ခြင်း မဟုတ်ပေ။ ထိုအစား ယင်းသည် သင့်အနေဖြင့် သင်ခန်းစာများ သင်ယူရန်၊ တည်ဆောက်ပေးခြင်းခံရရန်၊ အကျိုးခံစားရရန်နှင့် သင့်အား စုံလင်အောင်ပြုလုပ်ရန်အလို့ငှာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်လျှင်၊ သင့်အပေါ် ဖြစ်ပျက်သည့်အရာကို အပြုသဘောဆောင်သော သင်ခန်းစာများအဖြစ် ချဉ်းကပ်နိုင်လျှင်၊ သမ္မာတရားကို ရှာဖွေပြီး မိမိ သင်ယူသင့်သော သင်ခန်းစာများကို သင်ယူနိုင်လျှင် သမ္မာတရားသည် သဘာဝအတိုင်းနှင့် မသိမသာ သင်၏အထဲသို့ အလုပ်လုပ်သွင်းခြင်းခံရမည်ဖြစ်ပြီး သင်၏အသက် ဖြစ်လာလိမ့်မည်။ ထို့ကြောင့် လူအများစုသည် အမှုအရာအမျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ လျစ်လျူရှုခြင်း၊ ရှောင်ရှားခြင်း၊ မပါဝင်ခြင်းနှင့် စိတ်မဝင်စားခြင်းဟူသော သဘောထားကို ခံယူပြီး အမြင်များ မဖော်ပြခြင်း သို့မဟုတ် မိတ်သဟာယမဖွဲ့ခြင်းတို့မှာ မှားယွင်းသည်၊ ဤသည်မှာ မသင့်လျော်ပေ။ အဘယ်ကြောင့် ယင်းသည် မှားယွင်းပြီး မသင့်လျော်ဟု ငါပြောရသနည်း။ ဤသဘောထားမှာ သင်သည် သူ၏ကယ်တင်ခြင်း သို့မဟုတ် သူ၏ ရည်ရွယ်ချက်ကောင်းများကို စိတ်မဝင်စားကြောင်းနှင့် သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခြင်းကို ခံရရန် စိတ်မဝင်စားဘဲ ယင်းကို အရေးမစိုက်ကာ ငြင်းပယ်ကြောင်းကို ဘုရားသခင်အား ပြသသည်။ ဤသည်မှာ သင်၏ သဘောထားဖြစ်သည်ကို ဘုရားသခင် မြင်တွေ့သည့်အခါ သူသည် သင့်အား ကယ်တင်လိုဦးမည်လော။ ဘုရားသခင်သည် သင့်အား ကယ်တင်လိုလျှင်ပင် သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက သူသည် သင့်အား မည်သို့ ကယ်တင်နိုင်မည်နည်း။ “ရွှံ့ပျော့ကို နံရံတွင်ကပ်၍မရ” ဟူသော ဆိုရိုးစကားရှိသည့်အတိုင်းပင် ဤဆိုရိုးစကားသည် ဤသို့သောလူစားမျိုးကို အတိအကျ ရည်ညွှန်းသည်။

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးအတွင်း၊ အထူးသဖြင့် သူ၏အမှုတော်၏ ဤနောက်ဆုံးအဆင့်အတွင်းတွင် သူသည် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီးဖြစ်ကာ သင်သည် ထိုအရာအားလုံးကို ကြားခဲ့ပြီးဖြစ်သည်။ သင်သည် ထိုသမ္မာတရားများထဲမှ မည်မျှကို တွေ့ကြုံခံစားခဲ့သည်ဖြစ်စေ၊ နားလည်ခဲ့သည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် ထိုအရာများကို သင် သိရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် မည်သည့် ထပ်ဆောင်း ဝင်ရောက်စွက်ဖက်ခြင်းနှင့် လွယ်ကူချောမောစေသည့် အလုပ်ကိုမျှ လုပ်ဆောင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းတွင် သင်၏ သဘောထားနှင့် သင်၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ စောင့်မျှော်နေသည်။ သူသည် သင်၏ သဘောထား၊ သင်၏ ရှုထောင့်အမြင်များ၊ သင်၏ လိုက်စားမှုများနှင့် သင်လျှောက်လှမ်းသော လမ်းကြောင်းကို မြင်တွေ့လိုသည်။ သင်သည် လူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများကို ရင်ဆိုင်ရသည့်အခါတိုင်း ဘုရားသခင်က သင်၌ သဘောထားမရှိ၊ ရှုထောင့်အမြင်များမရှိဘဲ အစဉ်သဖြင့် ပြောစရာမရှိကြောင်း မှတ်တမ်းတင်လျှင် ငါ့ကို ပြောလော့၊ သင်သည် လူအတစ်ဦး မဟုတ်လော။ မည်သည့်လူစားမျိုးက အစဉ်သဖြင့် ပြောစရာမရှိသနည်း။ နားမကြားသူများ၊ စကားမပြောနိုင်သူများ၊ ဉာဏ်ထိုင်းသူများ၊ သို့မဟုတ် လူပေါများ မဟုတ်လော။ ဘုရားသခင် မှတ်တမ်းတင်သည့်အရာမှာ သင်၌ သဘောထားမရှိဟူ၍ ဖြစ်သည်၊ သို့ဖြစ်၍ သူက သင့်ကို နောက်ဆုံးတွင် အမှတ်ပေးသည့်အခါ သင်ရရှိမည့်အရာမှာ အမှတ် သုည ဖြစ်လိမ့်မည်။ သင့်ထံ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ဘုရားသခင်က “သင်သည် အဖိုးအခပေးလိုစိတ် ရှိသလော” ဟု မေးပြီး သင်က “ဟုတ်ကဲ့၊ ရှိပါသည်” ဟု ဆိုကာ ဘုရားသခင်က “သင်၌ စိတ်ပိုင်းဖြတ်မှု ရှိသလော။ သင် သစ္စာဆိုပြီးပြီလော” ဟု မေး၍ သင်က “ဟုတ်ကဲ့” ဟု ပြန်ဖြေသည်။ သင်၌ ဤစိတ်ပိုင်းဖြတ်မှုသာ ရှိသော်လည်း ဤပတ်ဝန်းကျင်ကို တွေ့ကြုံခံစားခြင်းမှ သင် အဘယ်အရာ ရရှိခဲ့သည်ကို မေးသည့်အခါ သင်၌ ပြောစရာမရှိဘဲ သင်တွေ့ကြုံခံစားခဲ့ရသည့် ပတ်ဝန်းကျင်တိုင်းမှ မည်သည့်အရာမျှ မရရှိခဲ့လျှင် အဆုံးတွင် ဘုရားသခင်က သင့်ကို အမှတ်ပေးသည့်အခါ ယင်းမှာ နှစ်မှတ်သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့် နှစ်မှတ်ဖြစ်သနည်း။ သင်၏ ထိုစိတ်ပိုင်းဖြတ်မှု အနည်းငယ်ကြောင့် သင်သည် နှစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ သို့ဆိုလျှင် သင်သည် ပျက်စီးရတော့မည် မဟုတ်လော။ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိနေဦးမည်လော။ ကယ်တင်ခြင်း မျှော်လင့်ချက်ကို သင်ကိုယ်တိုင် ကြိုးစားခြင်းမှတစ်ဆင့် ရရှိခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းရန် ရွေးချယ်ခြင်းအတွက် သင်ပြန်လည်ရရှိသော အသီးအပွင့် ဖြစ်သည်။ သို့ဖြစ်၍ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ယင်းကို မကြောက်ရွံ့နှင့်၊ သို့မဟုတ် မရှောင်ကြဉ်နှင့်၊ ကိုယ့်ခေါင်းကိုယ် လက်နှင့်ကာပြီး လိပ်ကဲ့သို့ အခွံထဲသို့ မဝင်နှင့်။ ထိုအစား ယင်းကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ရင်ဆိုင်လော့။ သင်သည် အမှုအရာများကို ကြောက်တတ်ပြီး ကြောက်ရွံ့ကာ သင်စကားမှားပြောမိလျှင် ဖော်ထုတ်ခံရပြီး အခြားသူများ၏ ထွင်းဖောက်မြင်ခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့် မည်သူနှင့် သက်ဆိုင်သည်ဖြစ်စေ မည်သည့်အရာကိုမျှ အကဲဖြတ်ရန် မရဲလျှင်၊ သင်သည် အစဉ်သဖြင့်ကြောက်ရွံ့ပြီး မည်သည့်အခါမျှ မပါဝင်လျှင် ဤသည်မှာ သင်သည် သင်၏အခွင့်အရေးကို စွန့်လွှတ်နေခြင်းဟု ဆိုလိုသည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းအင်များစွာ အသုံးပြုခဲ့ကောင်း ပြုခဲ့နိုင်သော်လည်း အမှန်တရားမှာ သင်သည် သင်၏ကိုယ်ပိုင်အဆုံးသတ်ကို လွန်ခဲ့သော အချိန်ကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ဟူ၍ ဖြစ်သည်။ အဆုံးတွင် သင်သည် နှစ်မှတ်သာ ရရှိမည်ဖြစ်ရာ သင်သည် နှစ်မှတ်တန် လူအတစ်ဦး မဟုတ်လော။ နှစ်မှတ်ရခြင်းသည် နှစ်မှတ်တန် လူအတစ်ဦးဖြစ်ခြင်းနှင့် အတူတူပင် မဟုတ်လော။ သင်သည် နှစ်မှတ်သာ ရရှိမည်ဖြစ်သဖြင့် ဤတစ်သက်တာအတွင်း သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ခဲ့ရမည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သည်၊ ဤတစ်ကြိမ်တွင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်ခဲ့လျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားများကို ကယ်တင်သည့်အမှုကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ပေ။ ဤသည်မှာ နောက်ဆုံးအခွင့်အရေး ဖြစ်သည်။ သင်သည် ယင်းအတွက် ယခုတိုင် မကြိုးစားဘဲ လွတ်သွားစေလျှင်၊ သင်သည် ကယ်တင်ခြင်းကို မရရှိနိုင်လျှင် ယင်းမှာ အလွန်ပင် ဝမ်းနည်းစရာ ဖြစ်ပေလိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို နှစ်ပေါင်းမည်မျှ တွေ့ကြုံခံစားခဲ့သည်ဖြစ်စေ သင်သည် အနည်းဆုံး အောင်မှတ်တစ်ခု ရရှိရမည်၊ သို့မှသာ သင်ရှင်သန်ရန် မျှော်လင့်ချက် ရှိနေဦးမည် ဖြစ်သည်။ သင်၏ အလုပ်လုပ်ပေးခြင်းသည်ပင် စံမမီလျှင်၊ သင်သည် များစွာသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကိုလည်း ဖြစ်ပေါ်စေခဲ့လျှင် သင်သည် မည်သည့်အသီးအပွင့်ကိုမျှ လုံးဝ ရိတ်သိမ်းခဲ့ရမည် မဟုတ်ဘဲ ကယ်တင်ခြင်းရရှိရန် သင်၏မျှော်လင့်ချက်သည်လည်း သုည ဖြစ်သွားပေလိမ့်မည်။ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်တိုင်းတွင် ပွဲကြည့်ပရိတ်သတ် မလုပ်နှင့်။ ပါဝင်သူတစ်ဦး ဖြစ်လော့၊ ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လော့။ သို့သော် သင်အနိမ့်ဆုံး လိုက်နာရမည့် စည်းမျဉ်းတစ်ခု ရှိသည်။ နှောင့်ယှက်မှုများကို မဖြစ်ပေါ်စေနှင့်။ သင်သည် ပါဝင်နိုင်ပြီး သင်၏ ကိုယ်ပိုင်ထင်မြင်ချက်များနှင့် အကဲဖြတ်မှုများကို ဖော်ပြနိုင်သည်၊ သင်သည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆိုပြီး စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုလျှင်ပင် အရေးမကြီးပေ။ သို့ရာတွင် သင်သည် အမှုအရာတိုင်းတွင် သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို ကျိုးနွံနာခံခြင်းဟူသည့် စည်းမျဉ်းနှင့် ရည်ရွယ်ချက်ဖြင့် ပါဝင်ရမည်။ သို့မှသာ သင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိပေမည်။ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ကို မည်သည့် အခြေခံအချက်အလက်ပေါ်တွင် ထူထောင်ထားသနည်း။ ကိစ္စရပ်အသီးသီး ဖြစ်ပေါ်သည့်အခါ သမ္မာတရားအတွက် ကြိုးပမ်းရန်၊ သမ္မာတရားနှင့်ပတ်သက်၍ တွေးဆကာ သမ္မာတရားကို အားထုတ်ရန် သင်စွမ်းဆောင်နိုင်သည့် အခြေခံအချက်အလက်ပေါ်တွင် ထူထောင်ထားခြင်း ဖြစ်သည်။ ဤအခြေခံအချက်အလက်ပေါ်တွင်သာ သင်သည် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ သို့သော် ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ သင်သည် မည်သည့် အကဲဖြတ်ချက်မျှ သို့မဟုတ် မည်သည့် သတ်မှတ်ချက်များနှင့် မည်သည့် ကိုယ်ပိုင်အယူအဆမျှ မပေးဘဲ အစဉ်သဖြင့် ပွဲကြည့်ပရိတ်သတ်တစ်ဦးဖြစ်နေပြီး မည်သည့်အရာအပေါ်တွင်မျှ အမြင် တစ်စက်မျှမရှိလျှင် သို့မဟုတ် သင့်ထံတွင် အမြင်များ အမှန်တကယ်ရှိလျှင်ပင် သင် မဖော်ပြသည့်အပြင် ယင်းတို့က မှန်သည်ကိုဖြစ်စေ၊ မှားသည်ကိုဖြစ်စေ မသိဘဲ သင်၏ စိတ်ထဲတွင်သာ ပိတ်လှောင်ထားပြီး ယင်းတို့အကြောင်းကို စဉ်းစားလျှင် သင်သည် သမ္မာတရားကို ရရှိခြင်းမရှိဘဲ အဆုံးသတ်သွားရလိမ့်မည်။ ထိုအကြောင်းကို တွေးလော့။ ဤသည်မှာ ကြီးကျယ်ခမ်းနားသော စားပွဲတော်၌ ထိုင်နေပြီး ငတ်မွတ်နေသကဲ့သို့ပင် ဖြစ်သည်။ သင်သည် သနားစဖွယ် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်တွင် သင်သည် ဆယ်နှစ်ကြာ ယုံကြည်ပြီး ထိုတစ်ချိန်လုံး ပွဲကြည့်ပရိတ်သတ်တစ်ဦး ဖြစ်နေခဲ့လျှင် သို့မဟုတ် သင်သည် အနှစ် ၂၀၊ ၃၀ ကြာ ယုံကြည်ပြီးဖြစ်ကာ ထိုတစ်ချိန်လုံး ပွဲကြည့်ပရိတ်သတ်တစ်ဦး ဖြစ်နေခဲ့လျှင် အဆုံး၌ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်ရမည့်အချိန် ရောက်သည့်အခါ ဘုရားသခင်က သင်၏ မှတ်တမ်းအား ပေးအပ်သော အဆင့်သတ်မှတ်ချက်မှာ နှစ်မှတ်သာ ရှိသည်ဖြစ်၍ သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးသာ ဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိရန် သင်၏ အခွင့်အလမ်းနှင့် ကယ်တင်ခြင်း ရရှိရန် မျှော်လင့်ချက်တို့မှာလည်း သင်ကိုယ်တိုင်ကြောင့် လုံးဝ ပျက်စီးပြီး ဖြစ်လိမ့်မည်။ တကယ့်အဆုံးတွင် သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးအဖြစ် အမည်တပ်ခံရလိမ့်မည်ဖြစ်ပြီး ထိုအရာသည် သင့်ထိုက်နှင့်သင့်ကံ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) နှစ်ပြားမတန်သော လူနုံလူအတစ်ဦး မဖြစ်ခြင်းအတွက် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ (လျှို့ဝှက်ချက်မှာ ပွဲကြည့်ပရိတ်သတ်တစ်ဦး မဖြစ်ရန်ဖြစ်သည်။) ပွဲကြည့်ပရိတ်သတ်တစ်ဦး မဖြစ်နှင့်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားကို ရရှိရန်အလို့ငှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရမည်ဖြစ်သည်။ အချို့က “သို့ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်အား အရာရာတိုင်း၌ ကိုယ်တိုင် ပါဝင်ပတ်သက် ခိုင်းချင်သလော။ သို့သော် လူတို့က ‘မဆိုင်လျှင် ဝင်မရှုပ်နှင့်’ဟု ပြောကြသည်”ဟု ဆိုကောင်းဆိုနိုင်သည်။ သင့်အား ပါဝင်ပတ်သက်ရန် စေခိုင်းခြင်းသည် သမ္မာတရားကို ရှာဖွေကာ သင် ကြုံရသည့် အမှုအရာများမှ သင်ခန်းစာများယူရန် သင့်ကို စေခိုင်းခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ဥပမာအနေဖြင့် လူတစ်မျိုးမျိုးကို သင် ကြုံရသည့်အခါ ၎င်းတို့၏ သရုပ်သကန်များနှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာများမှတစ်ဆင့် ချင့်ချိန်နိုင်စွမ်းကို သင် ရရှိရမည်ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို ချိုးဖောက်လျှင် သမ္မာတရားကို ချိုးဖောက်သည့် မည်သည့်အရာအား ၎င်းတို့ လုပ်ဆောင်မိခဲ့သည်ကို သင် ပိုင်းခြားသိမြင်ရမည်။ ဤလူက ဆိုးယုတ်သည့်သူတစ်ဦး ဖြစ်သည်ဟု အခြားသူတို့က ပြောလျှင် ၎င်းတို့က ထိုသူအား ဆိုးယုတ်သော သူတစ်ဦးအဖြစ် သရုပ်ဖော်ဖို့အတွက် မည်သည့်အရာကို ထိုသူ ပြောဆိုကာ လုပ်ဆောင်ခဲ့ပြီး မကောင်းမှုပြုခြင်းနှင့်ဆိုင်သည့် မည်သည့် သရုပ်သကန်များ ထိုသူတွင် ရှိသည်ဟူသည်ကို သင် ပိုင်းခြားသိမြင်ရမည်။ ဤလူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း မရှိသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးအနစ်နာခံလျက် အပြင်လူတို့အား ကူညီသည်ဟု အခြားသူတို့က ပြောလျှင် ဤလူလုပ်ဆောင်နေခဲ့သည့်အရာက မည်သည့်အရာဖြစ်သည်ကို သင် မေးမြန်းစုံစမ်းသင့်သည်။ ပြီးလျှင် မေးမြန်းစုံစမ်းပြီးနောက်တွင် ဤအရာများကို သိရုံမျှက မလုံလောက်ပေ။ သင့်အနေဖြင့် “ထိုသို့သောအရာများကို ငါ လုပ်များ လုပ်ဆောင်မိနိုင်သလော။ မည်သူကမျှ ငါ့ကို သတိပေးခြင်း မရှိလျှင် အလားတူအရာများကို ငါလည်း လုပ်ကောင်းလုပ်မိမည်ဖြစ်ပြီး ထိုအခါ ထိုလူကဲ့သို့ပင် ငါသည်လည်း အလားတူ အဆုံးသတ်ရှိမည် မဟုတ်လော။ ဤသည်မှာ အန္တရာယ်များမည် မဟုတ်လော။ ကံကောင်းထောက်မ၍ ဘုရားသခင်သည် ငါ့ကို သတိပေးချက်တစ်ခုပေးဖို့ ဤပတ်ဝန်းကျင်ကို စီစဉ်ဖွဲ့စည်းပေးခဲ့သည်။ ယင်းမှာ ငါ့အတွက် အကြီးမားဆုံး ကာကွယ်ပေးခြင်း ဖြစ်သည်”ဟူ၍လည်း တွေးဆရမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ တွေးဆပြီးနောက်တွင် သင်သည် အမှုအရာတစ်ခုကို သဘောပေါက်၏။ ထိုလူစားမျိုး လိုက်လျှောက်နေသည့် လမ်းကြောင်းကို သင် လိုက်လျှောက်၍မရဘဲ ထိုလူစားမျိုး သင် ဖြစ်၍မရ၊ သင့်ကိုယ်သင် ဆုံးမရမည်ဟူ၍ ဖြစ်သည်။ မည်သည့်အရာများကို သင် ကြုံရသည်ဖြစ်စေ ယင်းတို့မှ သင်ခန်းစာများကို သင်ယူရမည်ဖြစ်သည်။ သင် အပြည့်အဝ နားမလည်သည့်အပြင် သင်၏ စိတ်နှလုံးတွင် ထူးဆန်းသည်ဟု ခံစားရသည့် အရာများရှိလျှင် ယင်းတို့နှင့်ပတ်သက်၍ သင် မေးခွန်းများမေးပြီး ယင်းတို့အကြောင်းကို သိရှိအောင် လုပ်ကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် အရေးကိစ္စများ၏ စစ်မှန်သော အခြေအနေကို သေချာအောင် လေ့လာစိစစ်သင့်သည်။ ဤသည်မှာ စပ်စုခြင်း မဟုတ်၊ အလေးအနက်ထားခြင်း ဖြစ်သည်။ အလေးအနက်ထားခြင်းဟူသည်မှာ ဝတ်ကျေတမ်းကျေ လုပ်ခြင်း သို့မဟုတ် အများလုပ်သည့်အတိုင်းလိုက်လုပ်ခြင်း မဟုတ်ပေ။ တာဝန်ယူသည့် သဘောထားတစ်ခု ဖြစ်သည်။ ပြဿနာများနှင့်ပတ်သက်၍ ရှင်းလင်းမှုကို ရရှိခြင်းနှင့် ထို့နောက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းတို့အားဖြင့် ထို့နောက်တွင်သာ အနာဂတ်၌ အလားတူ အခြေအနေမျိုး ရင်ဆိုင်ရသည့်အခါ သင်သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု၊ မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် စိတ်အေးချမ်းကာ စိတ်အေးလက်အေးဖြစ်သည့် ခံစားချက်တစ်ခု ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ကိစ္စရပ်အားလုံးတွင် အခြားလူများနောက်လိုက်ခြင်းနှင့် အလိုက်သင့်လုပ်ဆောင်ခြင်းထက် အဖြစ်မှန်များ၏ စစ်မှန်သော အခြေအနေကို နားလည်ရန်နှင့် ထိုအရာများမှ သမ္မာတရားကို ရရှိပြီး လူများနှင့် အမှုအရာများအား မည်သို့ ရှုမြင်ရမည်ကို သင်ယူရန် ကြိုးစားခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းအပေါ် အခြေခံ၍ အလေးအနက် ထားနေခြင်း ဖြစ်သည်။ သင်၏ လုပ်ရပ်များတွင် အလေးအနက် ထားခြင်းအားဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပြီး စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူလာနိုင်ပေသည်။ အလေးအနက်ထားခြင်း မရှိသောသူတို့သည် အခြားလူများနောက်လိုက်ကာ အလိုက်သင့်လုပ်ဆောင်ဖွယ်ရှိပြီး ဤနည်းဖြင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ဖို့ အလားအလာရှိပေသည်။ ဥပမာအားဖြင့်ဆိုသော် တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်သောကြောင့် တာဝန်ထမ်းဆောင်ရာမှ အပယ်ခံရသည် ဆိုပါစို့။ သင်က “သူက အပြင်ပန်းတွင် ကောင်းပုံရသည်။ သူ ဝတ်ကျေတမ်းကျေ လုပ်နေသည်ကို ကျွန်ုပ် မည်သို့ဖြစ်၍များ သတိမပြုမိခဲ့သနည်း။ သူ၏ အထင်အမြင်မှားစေခြင်းကို ကျွန်ုပ် ခံလိုက်ရသလော။ သူသည် သူ၏ တာဝန်တွင် မည်သည့်နည်းလမ်းများဖြင့် ဖြစ်ကတတ်ဆန်း လုပ်နေခဲ့သနည်း။ မည်သည့်အရာများကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့် သူ လုပ်ဆောင်ခဲ့သနည်း” ဟု ဆိုသည်။ ထိုသူ ဝတ်ကျေတမ်းကျေလုပ်ခဲ့သည့် ပုံစံအချို့ကို အခြားတစ်စုံတစ်ဦးက သင့်အား ပြောပြသည့်အခါ သင်က “ထိုသူသည် အမှန်ပင် ဟန်ဆောင်ကောင်းလေစွ။ အပေါ်ယံတွင် သူသည် ကောင်းမွန်ပုံရပြီး သာယာနာပျော်ဖွယ်ဖြစ်သော စကားများကို ပြောဆိုခဲ့၏။ သူက ‘ဘုရားသခင်သည် ကျွန်ုပ်တို့အား ကျေးဇူးတော်များစွာ ပေးသနားခဲ့ပြီဖြစ်၍ ကျွန်ုပ်တို့သည် အသိစိတ်ကင်းမဲ့၍မဖြစ်၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ကြရမည်’ ဟု ဆိုခဲ့၏။ သူ ထိုသို့ပြောသည်ကို ကျွန်ုပ်ကြားရသောအခါ၊ သူသည် မိမိ၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသည်ဟု ထင်မှတ်ခဲ့၏။ သူသည် ဤမျှလောက် ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဟုမူ ကျွန်ုပ်သည် တစ်ခါမျှပင် စိတ်မကူးမိခဲ့ချေ။ ကျွန်ုပ်သည် အထင်အမြင်မှားစေခြင်းကို ခံလိုက်ရသည် မဟုတ်လော။ ကျွန်ုပ်၌ လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခဲ့၏။ လူပုဂ္ဂိုလ်များနှင့် အမှုအရာများကို ရှုမြင်ရာ၌ဖြစ်စေ၊ လူတို့ကို ဆက်ဆံရာ၌ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို အခြေမခံခဲ့ပေ။ ကျွန်ုပ်သည် သူ၏ တာဝန်၌ ရရှိသော အကျိုးသက်ရောက်မှုများကိုဖြစ်စေ၊ သူ၏ တိကျသော အပြုအမူနှင့် သရုပ်သကန်များကိုဖြစ်စေ၊ သို့တည်းမဟုတ် သူ၏ အနှစ်သာရကိုဖြစ်စေ မကြည့်ဘဲ ထိုသူ၏ စကားပြောကောင်းခြင်းကိုသာ ကြည့်ခဲ့မိ၏။ ဤအရေးကိစ္စ၌ ကျွန်ုပ် အမှား လုပ်ခဲ့လေပြီ။ အပြင်ပန်းတွင် ကောင်းဟန်ရှိသောလူတို့သည် အမှန်တကယ်တွင် ကောင်းချင်မှကောင်းကြပြီး နားထောင်၍ကောင်းသော စကားများ ပြောဆိုကြသော်လည်း သူတို့ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ချင်မှ လုပ်ဆောင်ကြကာ သူတို့သည် ဟီရိသြတ္တပ္ပနှင့် လူ့သဘာဝရှိသော လူများလည်း ဖြစ်ချင်မှ ဖြစ်ကြသည်ကို သိလာရ၏။ ယခုမှစ၍ ကျွန်ုပ်သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ရှုမြင်ရမည်ဖြစ်ပြီး လူတို့ကို ပိုင်းခြားသိမြင်တတ်ရန်လည်း သင်ယူရပေမည်။ ကျွန်ုပ်သည် နောက်တစ်ကြိမ် အရူးလုပ်ခံရ၍ မဖြစ်တော့ချေ” ဟု ဆိုသည်။ သင်မြင်သည် မဟုတ်လော၊ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်က အနည်းငယ် အလေးအနက်ထားပြီး သမ္မာတရားကို ရှာဖွေကာ ထို့နောက် ကောက်ချက်များချသရွေ့ သင်သည် တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ သင်သည် ဤအကျိုးကျေးဇူးများကို ရိတ်သိမ်းရလျှင် ယင်းမှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအမှုတွင် တစ်စုံတစ်ခု သင်ယူခဲ့ပြီး အနည်းငယ် အကျိုးကျေးဇူး ရရှိခဲ့လိမ့်မည်။ ဤသည်မှာ သမ္မာတရားနှင့်ပတ်သက်၍ အလေးအနက်ထားခြင်းနှင့် ကြိုးစားအားထုတ်ခြင်းမှ သင်ရရှိသည့်အရာ ဖြစ်သည်။ သင်သည် ဤနည်းလမ်းအတိုင်း အလေးအနက်မထားဟု ဆိုပါစို့။ တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ထမ်းဆောင်သောကြောင့် မောင်းထုတ်ခိုင်းခြင်း ခံရသည်ဟု ကြားသည့်အခါ သင်က “သူသည် အဘယ်ကြောင့် ဝတ်ကျေတမ်းကျေ လုပ်ရသနည်း။ သူသည် အဘယ်ကြောင့် မောင်းထုတ်ခြင်းခံရသနည်း” ဟု မမေးပေ။ ထိုအစား သင်က သင်၏စိတ်ထဲတွင် “ဝတ်ကျေတမ်းကျေလုပ်သည်မှာ မည်သည့်အရေးနည်း။ မည်သို့ပင်ဖြစ်စေ ငါ့ကိုမူ မောင်းမထုတ်သေးပေ၊ သို့ဖြစ်၍ အရာအားလုံး အဆင်ပြေသည်” ဟုသာ တွေးနေသည်။ ထိုသို့ဆိုလျှင် သင်သည် ဤအမှုအရာမှ သတိပေးချက် အနည်းငယ် ရရှိခဲ့ခြင်း၊ သင်ခန်းစာ အနည်းငယ် သင်ယူခဲ့ခြင်း၊ သို့မဟုတ် ပိုင်းခြားသိမြင်မှု အနည်းငယ် တိုးပွားခဲ့ခြင်း ရှိမည်လော။ မရှိပေ။ အဘယ်ကြောင့် သင်၌ ရှိမည်မဟုတ်သနည်း။ အကြောင်းမှာ သင်သည် ထိုသို့သောအရာများကို စိတ်မဝင်စား သို့မဟုတ် အလေးမထားသောကြောင့် ဖြစ်ပြီး သင်သည် သင်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားကို လိုက်စားမှုအတွက် မည်သည့်ဝန်ကိုမျှ လုံးဝ မထမ်းဆောင်ပေ၊ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် အသက်ဝင်ရောက်မှုဆိုင်ရာ အမှုအရာများအပေါ် အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကို စိတ်မဝင်စားသကဲ့သို့ ပါဝင်ခြင်းလည်း မရှိဘဲ အများဆုံးအနေဖြင့် သင်သည် သဘောတူညီသည့် စကားအချို့ကို ဝတ်ကျေတမ်းကျေ ပြောဆိုလိုက်ရုံသာ ဖြစ်သည်။ ဤသို့သော လူစားမျိုး များစွာရှိသလော။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အထူးသဖြင့် ဝတ်ကျေတမ်းကျေလုပ်ပြီး ဖြစ်သလို လုပ်ဆောင်ခြင်းကို နှစ်သက်ကြကာ ၎င်းတို့၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားကို လိုက်စားမှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝ မထမ်းဆောင်ကြပေ။ အခြားသူများနှင့် ဆက်ဆံသည့်အခါ အတင်းအဖျင်း အနည်းငယ် ပြောဆိုခြင်းကို နှစ်သက်ခြင်းမှလွဲ၍ အသက်ဝင်ရောက်မှု ပါဝင်ပတ်သက်သည့် အရာများ သို့မဟုတ် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များတွင် လူတို့ သင်ယူသင့်သည့် သင်ခန်းစာများကဲ့သို့သော အရာများကို ၎င်းတို့ လုံးဝ စိတ်ဝင်စားခြင်းမရှိပေ။ ၎င်းတို့၏ လက်ရှိ အလုပ်အနည်းငယ်ကို ပြီးစီးသွားပြီးနောက် ၎င်းတို့သည် ထိုနေရာတွင် ငေးမောတွေဝေစွာ ထိုင်နေကြပြီး ခဏတာ မှေးစက်ရန် သို့မဟုတ် အနားယူရန်သာ လိုလားကြကာ ၎င်းတို့၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝ မထမ်းဆောင်ကြပေ။ ၎င်းတို့၌ရှိသော စိတ်ပိုင်းဖြတ်မှု အနည်းငယ်နှင့် ဆန္ဒအနည်းငယ်မှလွဲ၍ ဤလူတို့သည် နောက်ဆုံး၌ မည်သည့်သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ဘဲ အဆုံးတွင် ၎င်းတို့၏ စုစုပေါင်းအမှတ်သည် နှစ်မှတ်သာ ဖြစ်နိုင်ပြီး ၎င်းတို့သည် ၎င်းတို့၏ နှစ်ပြားမတန်သော လူနုံလူအဖြစ်ခြင်းကို ဖယ်ရှားနိုင်မည်မဟုတ်ပေ၊ သို့ဖြစ်၍ ဤတစ်သက်တာတွင် ၎င်းတို့သည် ပြီးဆုံးသွားပေလိမ့်မည်။ သင်သည် ဤတစ်ကြိမ်တွင် ပြီးဆုံးသွားလျှင် သင်သည် အမှန်တကယ်ပင် ပြီးဆုံးသွားမည်ဖြစ်ပြီး သင်ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦး နောက်ဆုံး၌ ရရှိသည့်အမှတ်သည် သူ၏အဆုံးသတ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သင်သည် အောင်မှတ်တစ်ခု ရရှိလျှင် သင်၏အဆုံးသတ်မှာ သင်ကယ်တင်ခြင်းခံရခြင်း ဖြစ်လိမ့်မည်။ သင်သည် အောင်မှတ်တစ်ခု မရရှိလျှင် သင်၌ ကောင်းသော အဆုံးသတ်တစ်ခု ရှိမည်မဟုတ်ပေ။ ဤသည်မှာ လူတို့၏ အဆုံးသတ်များကို နောက်ဆုံးတွင် ဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး အဆုံးသတ်တစ်ခု သတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ထာဝရဖြစ်ပြီး ပြောင်းလဲတော့မည် မဟုတ်ပေ။ ကောင်းသော အဆုံးသတ်တစ်ခုအတွက် ကြိုးစားရန် နောက်ထပ်အခွင့်အရေး ရှိတော့မည်မဟုတ်သကဲ့သို့ ယင်းကို ပြောင်းလဲရန်လည်း မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ပေ။ သင်၏ကံကြမ္မာသည် အပြီးတိုင် သတ်မှတ်ပြီးဖြစ်လိမ့်မည်။ သင်နားလည်ပြီလော။ ဤသည်မှာ သင့်ကို ခြောက်လှန့်ရန် ရည်ရွယ်သလော။ (မဟုတ်ပါ။) စဉ်းစားကြည့်လော့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သည့်အမှုကို လုပ်ဆောင်နေကာ သူသည် လူတို့ ပိုင်ဆိုင်သင့်သည့် အမျိုးမျိုးသော သမ္မာတရားများကို ၎င်းတို့အား ပေးသနားနေသည်။ ဘုရားသခင်သည် ဤသို့သောအမှုကို အကြိမ်မည်မျှ လုပ်ဆောင်နိုင်သနည်း။ (ဤတစ်ကြိမ်တည်းသာ ဖြစ်ပါသည်။) ယင်းကို ယခင်က မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးသကဲ့သို့ နောင်တွင်လည်း မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ပေ။ ဤသည်မှာ တစ်ကြိမ်တည်းသာဖြစ်ပြီး ယင်းပြီးစီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ကြီးမြတ်သောအမှုသည် အပြည့်အဝ ပြီးမြောက်လိမ့်မည်။ “အပြည့်အဝ ပြီးမြောက်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် ယင်းကို ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ကြောင်းနှင့် လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လူတို့၏ နောက်ဆုံးသော အဆုံးသတ်များသည် မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အပြီးသတ်သတ်မှတ်ပြီးဖြစ်ကာ ပြောင်းလဲတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား နောက်တစ်ကြိမ် လုပ်ဆောင်ရန် သို့မဟုတ် ၎င်းတို့၏ဘဝများကို နောက်တစ်ကြိမ် အသက်ရှင်ရန် အခွင့်အရေး ပေးတော့မည်မဟုတ်ပေ။ ကုန်လွန်သွားသော အချိန်သည် မည်သည့်အခါမျှ ပြန်လာတော့မည် မဟုတ်သကဲ့သို့ မည်သည့်ပြောင်းလဲမှုမျှလည်း ရှိတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဤအခွင့်အရေးကို ဆုပ်ကိုင်မထားလျှင် သင်သည် ကယ်တင်ခြင်းခံရမည့် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည်။ သင်သည် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လျစ်လျူရှုလျှင်၊ ယင်းတို့နှင့်ပတ်သက်လာပါက ထုံထိုင်းပြီး ဉာဏ်မမီလျှင်၊ ယင်းတို့ကို ဂရုမစိုက်ဘဲ ဆက်ဆံလျှင် သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦး ဖြစ်သည်။ သင်ကိုယ်တိုင်ပင် သင်၏ကိုယ်ပိုင် အဆုံးသတ်နှင့် ပန်းတိုင်ကို အလေးမထားလျှင် သင့်ကို မည်သူက အရေးစိုက်မည်နည်း။ သင့်ကို ဤမျှအကြိမ်များစွာ ပြောခဲ့ပြီးဖြစ်သော်လည်း သင်က အလေးမထားပေ၊ သို့ဖြစ်ပါက သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးမဟုတ်လျှင် အဘယ်အရာဖြစ်မည်နည်း။ ကယ်တင်ခြင်းခံရခြင်းအမှုထက် ပိုအရေးကြီးသောအရာ မရှိပေ။ ထိုသို့မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေသည်၊ ငါ စောစောကပြောခဲ့သည့်အတိုင်း၊ လူတစ်ဦး၏ နောက်ဆုံးသော အဆုံးသတ်သည် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသော အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် ထိုသူ၏ ခြုံငုံသော သရုပ်သကန်များဖြင့် ဆုံးဖြတ်ခြင်းခံရသည်၊ သို့ဖြစ်၍ လူတို့သည် နေ့စဉ်ဘဝတွင် ၎င်းတို့၏ ခြုံငုံသော သရုပ်သကန်များကို အာရုံစိုက်သင့်သည်။ ဤနေရာရှိ ရည်ရွယ်ချက်မှာ သင့်အား အတင်းအဖျင်းပြောပြီး အငြင်းပွားမှုများတွင် ပါဝင်စေရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ သင်၏ လက်ရှိပတ်ဝန်းကျင်နှင့် အခြေအနေများကို အခြေခံ၍ ဖြစ်နိုင်သမျှ အတိုင်းအတာအထိ သမ္မာတရားကို နားလည်စေပြီး သမ္မာတရားထဲသို့ ဝင်ရောက်စေရန်၊ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစေရန်၊ ဘုရားသခင်၏အမှုတော် မပြီးဆုံးမီတွင် ငါတို့မိတ်သဟာယဖွဲ့ခဲ့သော “လက်လွှတ်ခြင်း” ၏ အချက်သုံးချက်ထဲသို့ အနည်းနှင့်အများဆိုသလို ဝင်ရောက်ဖို့ ကြိုးစားစေရန် ဖြစ်သည်။ သို့မှသာ သင်သည် အမှတ် ၆၀ သို့မဟုတ် ထို့ထက်ပို၍ အောင်မြင်မည်ဖြစ်ပြီး သင်သည် ကယ်တင်ခြင်းခံရသူတစ်ဦး ဖြစ်လိမ့်မည်။ သို့ရာတွင် သင်သည် ဤအချက်သုံးချက်ထဲမှ တစ်ခုနှင့်မျှ နီးပင်မနီးစပ်လျှင်၊ သို့မဟုတ် ယင်းတို့ထဲမှ တစ်ခုတွင်မျှ မအောင်မြင်လျှင်၊ ယင်းတို့ထဲမှ တစ်ခုတွင်မျှ အမှန်တကယ် ဝင်ရောက်မှုမရှိလျှင် သင်သည် အောင်မှတ်တစ်ခု ရရှိမည်မဟုတ်ဘဲ သင်သည် ကယ်တင်ခြင်း၏ ပစ်မှတ်တစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။ သင်နားလည်ပြီလော။ (ဟုတ်ပါသည်။)

ယခု သင်တို့အားလုံး အဘယ်အရာကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်သင့်သနည်း။ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သင်ခန်းစာများ သင်ယူခြင်း ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သင်သည် သမ္မာတရားကို လုံးဝ မလိုက်စားဘဲ အားထုတ်လုပ်ဆောင်ပြီး အလုပ်လုပ်ဆောင်ခြင်းကိုသာ ကျေနပ်နေလျှင် အလုပ်လုပ်ပေးသူတစ်ဦးသာ ဖြစ်သည်။ သင်သည် အားထုတ်လုပ်ဆောင်ခဲ့ပြီး ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံခံစားခဲ့ကာ သမ္မာတရားအချို့ကို နားလည်ခဲ့လျှင် သမ္မာတရားမည်မျှ ရရှိခဲ့သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ နောက်ဆုံးတွင် အကျိုးကျေးဇူးများ ရရှိခဲ့သည်၊ ပြီးလျှင် ဤအရာများကို ရရှိရန် သင့်အတွက် အလွန်ကြာမြင့်သော အချိန်ယူခဲ့ရပြီး သင်၏တိုးတက်မှုသည် နှေးကွေးခဲ့လျှင်ပင် သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်၏ ရေစီးကြောင်းထဲတွင် ရှိနေပြီး သင်သည် အကျိုးကျေးဇူးများ ရရှိခဲ့သူတစ်ဦး ဖြစ်သည်၊ သို့ဖြစ်လျှင် သင်သည် ကယ်တင်ခြင်းခံရမည့် အခွင့်အရေးတစ်ခု ရှိပေမည်။ ယခု သင်တို့လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ သင်တို့သည် အမျိုးမျိုးသော ရှုပ်ထွေးပြီး အဓိပ္ပာယ်မဲ့သည့် အရေးကိစ္စများအားလုံးမှ ဖယ်ထွက်လိုက်ပြီး သင်တို့၏ စိတ်နှလုံးကို သမ္မာတရားကို လိုက်စားခြင်းအပေါ်၌ ထားသင့်သည်၊ သင်တို့သည် အချိန်တိုအတွင်း သင်တို့၏ အမျိုးမျိုးသော အခြေအနေများကို နားလည်သဘောပေါက်နိုင်ရန်၊ သင်တို့၏ အသက်သေစေနိုင်သော အားနည်းချက်၊ သင်တို့၏ ပျော့ကွက်များနှင့် သင်တို့၏ ပြဿနာများကို သိရှိလာရန်၊ ထို့နောက် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရန် ကြိုးစားသင့်သည်၊ ထိုသို့ဖြင့် သင်တို့၌ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုနှင့် လိုက်စားရန် ပန်းတိုင်တစ်ခု ရှိမည်ဖြစ်ပြီး သင်တို့လုပ်ဆောင်သော တာဝန်တွင် လိုက်နာရန် ရှင်းလင်းသော သမ္မာတရား စည်းမျဉ်းများ ရှိမည်ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် ချို့တဲ့မှုများ၊ သင်၏ကိုယ်ပိုင် တာဝန်နှင့် သင်၏ကိုယ်ပိုင် ပတ်ဝန်းကျင်နှင့်ပတ်သက်၍ လိုက်စားရန် ရှင်းလင်းသော ပန်းတိုင်နှင့် ဦးတည်ချက်တစ်ခု ရှိသင့်သည်၊ ပျာယာခတ်ပြီး ဦးတည်ရာမဲ့ သွားနေခြင်းမျိုး မဖြစ်သင့်ပေ၊ ယင်းမှာ အန္တရာယ်ရှိသည်။ သင်သည် အားထုတ်လုပ်ဆောင်ရုံသာ လုပ်ပြီး သမ္မာတရားကို မရရှိသည့် အခြေအနေနှင့် သင်၏ဘဝ၏ လက်ရှိအခြေအနေကို ဖယ်ရှားပစ်ရမည်။ ပွဲကြည့်ပရိတ်သတ် မလုပ်နှင့်၊ အမျိုးမျိုးသော အငြင်းပွားမှုများထဲသို့ ရောယောင်ပါဝင်ခြင်း မပြုနှင့်။ သင်သည် ၎င်းတို့ထဲသို့ ရောယောင်ပါဝင်လိုစိတ်မရှိလျှင် သင်သည် သမ္မာတရား စည်းမျဉ်းများတွင် ကြိုးစားအားထုတ်တတ်ရန် သင်ယူရမည်။ သင်သည် သမ္မာတရား စည်းမျဉ်းတစ်ခုစီကို နားလည်လျှင် သင်သည် ဤသို့သော အငြင်းပွားမှုများမှ လွတ်မြောက်နိုင်လိမ့်မည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ သင်သည် အမျိုးမျိုးသော သမ္မာတရားများကို နားလည်ပြီးမှသာလျှင် ၎င်းတို့ထဲသို့ ဝင်ရောက်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မျှော်လင့်ချက် ရှိပေမည်။ ထို့နောက် သင်သည် အမျိုးမျိုးသော အမှုအရာများတွင် ပါဝင်သည့်အခါ သင်၌ စည်းမျဉ်းများ ရှိမည်ဖြစ်ပြီး ဤအရာများကို မည်သို့ရင်ဆိုင်ရမည်ကို သိရှိလိမ့်မည်။ အကယ်၍ သင်သည် ပွဲကြည့်ပရိတ်သတ်အဖြစ်မှ ရပ်တန့်လိုက်ရုံသာဖြစ်သော်လည်း သမ္မာတရားတိုင်းနှင့်ပတ်သက်၍ လုံးဝ ရှုပ်ထွေးနေပြီး မည်သည့်သမ္မာတရားကိုမျှ နားမလည်ဘဲ သင်နားလည်သမျှမှာ အယူဝါဒများနှင့် စကားလုံးအနည်းငယ်သာဖြစ်ကာ သင်သည် မတူညီသော အမျိုးအစားရှိ လူတို့ကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို မသိဘဲ သင်သည် ပြဿနာများနှင့် ကြုံတွေ့သည့်အခါ ဖြစ်ရပ်များ၏ အကြောင်းအရာကိုသာ ပြောဆိုသည့်အပြင် မည်သူမှန်သည်၊ မည်သူမှားသည်ကိုသာ ဆုံးဖြတ်ချက်ချကာ ထို့ထက်မပိုဘဲ အဆုံးတွင် သင်သည် သမ္မာတရားကို မရရှိလျှင် မည်သည့်အမှုအရာတွင်မဆို သင်၏ပါဝင်မှုသည် တန်ဖိုးမရှိပေ။ ဤသို့သော ပါဝင်မှုသည် အဘယ်အရာအဖြစ်သို့ ပြောင်းလဲသွားသနည်း။ ယင်းသည် အငြင်းပွားမှုများကို လှုံ့ဆော်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် သင်သည် သမ္မာတရား စည်းမျဉ်းများတွင် ကြိုးစားအားထုတ်တတ်ရန် သင်ယူရမည်ဖြစ်ပြီး ၎င်းတို့ကို အသုံးချခြင်းအပေါ် သင်ပို၍ပို၍ ရှင်းလင်းလာသည်နှင့်တစ်ပြိုင်နက် သင်သည် တိုး၍တိကျမှန်ကန်စွာ လုပ်ဆောင်သည်နှင့် သင်၌ သမ္မာတရားထဲသို့ ဝင်ရောက်ရန် မျှော်လင့်ချက် ရှိလိမ့်မည်ဖြစ်ပြီး ထို့နောက် သင်၌ ကယ်တင်ခြင်းခံရရန်လည်း မျှော်လင့်ချက် ရှိပေလိမ့်မည်။

ဘုရားသခင်က လူတို့အတွက် စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များတွင် ၎င်းတို့က သမ္မာတရားကို မည်သို့ရရှိနိုင်သည်နှင့်ပတ်သက်၍ ငါတို့သည် စုစုပေါင်း လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်း မည်မျှကို ခုနက မိတ်သဟာယဖွဲ့ခဲ့သနည်း။ ပွဲကြည့်ပရိတ်သတ် မလုပ်နှင့်၊ ဆက်လက်၍ မည်သည့်အရာရှိသေးသနည်း။ (အားထုတ်လုပ်ဆောင်ရုံသာ မလုပ်နှင့်။) သင်သည် အားထုတ်လုပ်ဆောင်ရုံခြင်းဖြင့်သာ ကျေနပ်နေသော်လည်း သမ္မာတရားကို လိုက်စားလိုစိတ် မရှိသည့် အခြေအနေမျိုးကို ဖယ်ရှားလော့။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အမျိုးမျိုးသော အငြင်းပွားမှုများထဲသို့ ပါဝင်ခြင်း မပြုနှင့်။) အမျိုးမျိုးသော အငြင်းပွားမှုများထဲသို့ ပါဝင်ခြင်း မပြုနှင့်၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် အရေးကိစ္စများတွင် နစ်မနေနှင့်။ ဤအရာများဖြင့် သမ္မာတရား စည်းမျဉ်းများကို လိုက်နာခြင်းအား အစားမထိုးနှင့်။ သင်တို့သည် ဤစည်းမျဉ်းအားလုံးကို လိုက်နာသင့်သည်။ သင်သည် ၎င်းတို့ကို စွဲကိုင်ထားလျှင် သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် မဝေးတော့ဘဲ မကြာမီ သမ္မာတရားကို လိုက်စားခြင်း၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤအရာသည် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ ငါသည် အသင်းတော်ရှိ လူတို့နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သော်လည်း အသက်ဝင်ရောက်မှုအကြောင်း သို့မဟုတ် သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် မေးခွန်းများကို မေးကြသူများမှာ အလွန်နည်းပါးပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အခြေအနေများအကြောင်း ပြောဆိုပြီးနောက် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများကို ရှာဖွေကြသူမှာလည်း အလွန်နည်းပေသည်။ ထိုအစား အချို့လူတို့က သမ္မာတရားနှင့် မည်သည့်အရာမျှ မဆိုင်သော မေးခွန်းများကို မေးကြပြီး ၎င်းတို့သည် “ရှာဖွေသည်” ကဲ့သို့သော စကားလုံးများကိုပင် အသုံးပြုကြသည်။ ငါသည် “ရှာဖွေသည်” ဟူသော စကားလုံးကို ကြားသည့်အခါ ငါသည် အလွန်ဂရုတစိုက်နှင့် အလေးအနက် နားထောင်ကာ ၎င်းတို့အား ငါ၏အာရုံကို အပြည့်အဝ ပေးသော်လည်း ၎င်းတို့သည် မပြောပလောက်သော အပြင်ပန်းကိစ္စတစ်ခုကို မေးနေခြင်းဖြစ်ကြောင်း ထင်ရှားလာသည့်အခါ ငါသည် စက်ဆုပ်ရွံရှာမိသည်။ ငါက “သင်မေးနေသည့် အမှုအရာသည် အသင်းတော်၏အလုပ် သို့မဟုတ် အသက်ဝင်ရောက်မှုနှင့် တစ်စက်မျှ မဆိုင်ပေ။ ‘ရှာဖွေသည်’ ဟူသော စကားလုံးကို မသုံးနှင့်။ သင်သည် ‘ရှာဖွေသည်’ ဟူသော စကားလုံးကို စော်ကားနေခြင်း ဖြစ်သည်” ဟု ဆိုသည်။ “ရှာဖွေသည်” ဟူသော စကားလုံးကို မလျော်ကန်စွာ အသုံးပြု၍ရနိုင်သလော။ (မသုံးနိုင်ပါ။) တစ်စုံတစ်ဦးက ငါ့ကို “ကျွန်ုပ်ကလေး၏ ကျောပေါ်တွင် မှဲ့တစ်လုံးရှိသည်။ အချို့လူများက ဤမှဲ့သည် သူကံမကောင်းကြောင်း ဆိုလိုသည်ဟု ပြောကြပြီး အခြားသူများက ထိုမှဲ့ပေါက်နေသည့်နေရာတွင် ဖျားနာမှုအန္တရာယ် ရှိနိုင်သည်ဟု ပြောကြသည်။ မည်သို့ပင်ဖြစ်စေ၊ သူကံကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်ုပ်ဂရုမစိုက်ပါ၊ သို့သော် ယင်းသည် သူ၏ကျန်းမာရေးအတွက် အမှန်တကယ် အန္တရာယ်ရှိလျှင် ဤမှဲ့ကို ဖယ်ရှားသင့်သည်ဟု ကိုယ်တော်ထင်ပါသလော” ဟုပင် မေးခဲ့သည်။ သင်တို့ကို ဤသို့မေးခဲ့လျှင် သင်တို့ မည်သို့ဖြေမည်နည်း။ ဤအရာသည် သမ္မာတရားနှင့် သက်ဆိုင်သည်ဟု သင်တို့ထင်သလော။ ဤအရာသည် အသင်းတော်၏အလုပ်နှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ယင်းသည် ဤအရာနှစ်ခုလုံးနှင့် မသက်ဆိုင်ပေ၊ သို့ဖြစ်၍ ငါသည် ဤအမှုအရာနှင့်ပတ်သက်၍ ပါဝင်ပတ်သက်ရန် တာဝန်ရှိသလော။ (မရှိပါ။) ငါ၌ ထိုသို့သော တာဝန်မရှိပေ။ သို့ဖြစ်၍ ငါက “သင်၏သား ကိုယ်ပေါ်တွင် မှဲ့တစ်လုံးရှိသည်ဟူသောအချက်သည် သမ္မာတရားနှင့် မည်သည့်အရာမျှ မဆိုင်ပေ။ ထိုအကြောင်း ငါ့ကိုမမေးနှင့်၊ ဆရာဝန်တစ်ဦးထံသွားပြီး မေးလော့။ ငါသည် သင်၏မိသားစုဆရာဝန် မဟုတ်ပေ” ဟု ဆိုခဲ့သည်။ ငါသည် ဤအမှုအရာနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သင့်သည်ဟု သင်တို့ထင်သလော။ (မလုပ်သင့်ပါ။) သင် မည်သူ့ကိုမေးသည်ဖြစ်စေ၊ မည်သူမျှ ဤအမှုအရာနှင့်ပတ်သက်၍ ပါဝင်ပတ်သက်လိုမည် မဟုတ်ပေ။ ၎င်းတို့က တာဝန်ယူရန် ကြောက်ရွံ့၍မဟုတ်ပေ။ ထိုအစား ၎င်းတို့၌ ထိုသို့သောအရာများနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အရေးတယူလုပ်ရန် တာဝန်မရှိသောကြောင့် ဖြစ်သည်။ သင့်သား၏မှဲ့ကို ဖယ်ရှားခြင်း သို့မဟုတ် မဖယ်ရှားခြင်းသည် အသင်းတော်၏အလုပ်ကို သက်ရောက်မှု ရှိမည်လော။ ယင်းသည် သင်၏ကိုယ်ပိုင် တာဝန်ထမ်းဆောင်မှုကို သက်ရောက်မှုရှိမည်လော။ ဤအမှုအရာသည် ငါနှင့် တစ်စက်မျှ မဆိုင်ပေ။ ထိုအကြောင်း ငါ့ကိုမမေးနှင့်၊ ဤသည်မှာ အဓိပ္ပာယ်မရှိသော ကိစ္စတစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် လုံးဝ တစ်စက်မျှ မသက်ဆိုင်ပေ၊ သို့သော်လည်း သင်သည် “ရှာဖွေသည်” ဟူသော စကားလုံးကို သုံးနေသေးသည်။ သင်သည် “ရှာဖွေသည်” ဟူသော စကားလုံးကို ညစ်ညူးစေသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ တစ်စုံတစ်ဦးကလည်း “လိပ်တစ်ကောင် ကျွန်ုပ်၏ခြံထဲသို့ ရောက်လာသည်၊ ကျွန်ုပ် သူ့ကို ဖမ်းသင့်သလော၊ မဖမ်းသင့်သလော။ ကိုယ်တော့်ထံမှ ကျွန်ုပ် ရှာဖွေလိုပါသည်” ဟု မေးခဲ့သည်။ သူသည် ငါ့ထံမှ အဖြေတစ်ခုကို ရှာဖွေရန် ဤမေးခွန်းကို တင်ပြခဲ့သည်။ ငါ သူ့ကို ဖြေသင့်သည်ဟု သင်ထင်သလော။ (မဖြေသင့်ပါ။) သူက “ကျွန်ုပ် သူ့ကို ဖမ်းခြင်းဖြင့် ဥပဒေချိုးဖောက်မိလျှင်ကော အဘယ်သို့နည်း။ ကျွန်ုပ် ဥပဒေချိုးဖောက်ပြီး ကိုယ်တော်က ကျွန်ုပ်ကို မတားလျှင် ကိုယ်တော်၌ တာဝန်ရှိလိမ့်မည်” ဟု ဆိုသည်။ သင်ဘာပြောမည်နည်း။ (သင်သည် သင်၏ကိုယ်ပိုင်သဘောဆန္ဒအလျောက် သူ့ကို ဖမ်းရန် ဆုံးဖြတ်ခဲ့သည်။ သင် ဥပဒေချိုးဖောက်ခြင်းသည် ကျွန်ုပ်နှင့် တစ်စက်မျှ မသက်ဆိုင်ပေ။) သင်ဥပဒေချိုးဖောက်သည်ဖြစ်စေ၊ မချိုးဖောက်သည်ဖြစ်စေ ယင်းမှာ သင်၏ကိစ္စဖြစ်ပြီး ငါနှင့် တစ်စက်မျှ မသက်ဆိုင်ပေ။ သင်သည် ငါ့ကို အသင်းတော်၏အလုပ်ဆိုင်ရာ စည်းမျဉ်းများနှင့် သမ္မာတရား စည်းမျဉ်းများကဲ့သို့သော အရာများအကြောင်း မေးခွန်းများ မေးနိုင်သည်၊ သို့သော် ဥပဒေရေးရာကိစ္စများနှင့်ပတ်သက်လာလျှင် ရှေ့နေတစ်ဦးကို သွားရှာလော့။ သင်နေထိုင်ရာ မည်သည့်နိုင်ငံတွင်မဆို ရှေ့နေတစ်ဦးနှင့် တိုင်ပင်လော့။ ငါသည် ရှေ့နေတစ်ဦးမဟုတ်ပေ၊ သို့ဖြစ်၍ ထိုသို့သောကိစ္စများအကြောင်း ငါ့ကိုမမေးနှင့်။ ငါသည် သမ္မာတရားကို ဖော်ပြရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်သည့်အမှုကို လုပ်ဆောင်ရန် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ ငါသည် သမ္မာတရားကိုသာ ပေးသနားပြီး စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့သည်။ သင်ကယ်တင်ခြင်းခံရနိုင်သည်ဖြစ်စေ၊ မခံရနိုင်သည်ဖြစ်စေ ယင်းမှာ ငါနှင့် တစ်စက်မျှ မသက်ဆိုင်ပေ။ ယင်းမှာ သင်၏ကိုယ်ပိုင်ကိစ္စ ဖြစ်သည်။ သင်၏ကိုယ်ပိုင်ဘဝရှိ သီးသန့်ကိစ္စများကို မဆိုထားနှင့်၊ သင်သည် ထိုအရာများအကြောင်း ငါ့ကို သာ၍ပင် မမေးသင့်ပေ၊ ငါ၌ သင့်ကို ဖြေရန် တာဝန်မရှိပေ။ ထိုသို့ပင်ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ဘုရားသခင်၏အမှုတော်နှင့် သက်ဆိုင်သော ဤအကြောင်းအရာသည် လူတို့၏ နောက်ဆုံးအဆုံးသတ်များနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး တွေ့ကြုံခံစားသည့်အခါ ၎င်းတို့နှင့်အတူ အယူအဆများနှင့် စိတ်ကူးများကို သယ်ဆောင်မသွားနိုင်ပေ၊ ၎င်းတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို အခြေအမြစ်မှ လက်လွှတ်သင့်ပြီး ၎င်းတို့ကို မိမိတို့ကိုယ်ကိုနှင့် ဘုရားသခင်ကြားတွင် တည်ရှိခွင့် မပြုသင့်ပေ။ မှန်ကန်သော အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် သဘောထားများဖြင့် ဘုရားသခင်၏အမှုတော်ကို ချဉ်းကပ်ခြင်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိရန် အခွင့်အရေး ရှိနိုင်မည်၊ မှန်ကန်သော သဘောထားများနှင့် မှန်ကန်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များဖြင့် ဘုရားသခင်၏ အမှုတော်ကို ချဉ်းကပ်ခြင်းအားဖြင့်သာလျှင် လူတို့သည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် နားလည်ပြီး တွေ့ကြုံခံစားနိုင်ကာ နောက်ဆုံး၌ ဘုရားသခင်၏အမှုတော်အတွင်းမှ ၎င်းတို့ ရရှိသင့်သည့် သမ္မာတရားများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင်မည်သည့်အရာကို လက်လွှတ်သည်ဖြစ်စေ အချုပ်အားဖြင့်ဆိုသော် ယင်းအားလုံးမှာ သင့်အား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်နှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစေရန်ဖြစ်ပြီး အဆုံးစွန်သော ရလဒ်နှင့် ရည်ရွယ်ချက်မှာ သင့်အား သမ္မာတရား စည်းမျဉ်းများကို နားလည်စေပြီး သမ္မာတရားကို ရရှိစေရန်မှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ ဤအကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံးသော ရည်ရွယ်ချက် ဖြစ်သည်။ ငါတို့မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့သည်ဖြစ်စေ နောက်ဆုံးသော ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး များစွာသော အမှုအရာများတွင် သင်၏အခြေခံအဖြစ် သမ္မာတရား စည်းမျဉ်းများ ရှိကာ အမှုအရာများကို လုပ်ဆောင်ရာတွင် လားရာမဲ့ခြင်း၊ ပန်းတိုင်မဲ့ခြင်း၊ သို့မဟုတ် ပျောက်ဆုံးခြင်း မရှိတော့လျှင် ဤသည်မှာ သင်၏အစွမ်းအစ တိုးတက်လာသည်ဟု မဆိုလိုဘဲ သင်၏လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်များအဖြစ် ဘုရားသခင်၏ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သင့်၌ရှိသည်ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ သင်၏ပင်ကို အစွမ်းအစ၊ စွမ်းရည်များနှင့် အရည်အချင်းများကို အခြေခံ၍ သင်သည် သမ္မာတရားကို နားလည်ခဲ့ပြီး သင်၏ ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်များ သင့်၌ရှိသည်၊ သို့ဖြစ်၍ သင်သည် ဤလောကနှင့် အရာခပ်သိမ်းတို့တွင် အမှီအခိုကင်းစွာ နေထိုင်နိုင်သော ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်သည်။ ထိုသို့သော လူသားတစ်ဦးသာလျှင် ဖန်ဆင်းခံ လူသားတစ်ဦးအဖြစ် အမှန်တကယ် စံမီသည်။ ဤသည်မှာ စံမီသော ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်သည်။ သင်နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤနေရာတွင် ပြီးဆုံးပြီ။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။