သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း ခြောက်

အချို့သောလူများသည် ဘုရားသခင်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်သုံးဆယ်ကျော် ယုံကြည်ခဲ့ကြသော်လည်း ဤနှစ်များအားလုံး ကုန်လွန်ပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ အပြင်ပန်း အပြုအမူ၌ အနည်းငယ် ပြောင်းလဲခဲ့ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် အနည်းငယ် နိုးကြားမှုကို တွေ့ကြုံခံစားခဲ့ရုံမျှသာဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် အခြေခံကျသော ပြောင်းလဲမှုတစ်ခု မရှိခဲ့ကြောင်းကို ယခုမှသာ သဘောပေါက်ကြသည်။ အချို့က မိမိတို့ကိုယ်၌ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို မြင်တွေ့သောအခါ ဤသည်မှာ အသက်စိတ်သဘောထား ပြောင်းလဲခြင်းဖြစ်သည်ဟု ထင်ကြပြီး “ကြည့်ပါ၊ ကျွန်ုပ်၏ အသက်စိတ်သဘောထား ပြောင်းလဲသွားပြီ မဟုတ်လော” ဟု အခြားသူများကို ကြွားဝါကြသည်။ အမှန်တွင် သင်သည် အပြုအမူ၌သာ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်၊ သင်၌ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော သရုပ်သကန်များ မရှိသကဲ့သို့ ပုံမှန်လူ့သဘာဝကိုလည်း အသက်ရှင်နေထိုင်ခြင်း မရှိသေးပေ။ သို့ဆိုလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိမရှိကို မည်သို့ သိနိုင်မည်နည်း။ ဤသည်မှာ မျက်နှာဖတ်ခြင်းပညာ မဟုတ်ပေ။ သင်၏ အပြင်ပန်းပုံပန်းသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့်ဖြစ်စေ၊ သင်ပြောသည့်အရာကို နားထောင်ခြင်းအားဖြင့်ဖြစ်စေ မသိနိုင်ပေ၊ သင်၏ သန္နိဋ္ဌာန်များနှင့် ဆန္ဒများကို သင်ထုတ်ပြောပြသည်ကို ကြားရုံမျှဖြင့် သာ၍ပင် မသိနိုင်ပေ၊ သန္နိဋ္ဌာန်များနှင့် ဆန္ဒများသည် အနှစ်မရှိဆုံးသောအရာများ ဖြစ်သည်။ သို့ဆိုလျှင် မည်သို့ သိနိုင်မည်နည်း။ မည်သူမျှ သင့်ကို တိုက်တွန်းခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် ထောက်ပံ့ခြင်းနှင့် ကူညီခြင်းပင် မရှိဘဲ သင်သည် အမှုအရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ပြီး ကိုင်တွယ်ရန် လမ်းကြောင်းနှင့် စွမ်းရည်ရှိမရှိကိုလည်းကောင်း၊ သင်ပြုလုပ်သည့် အရာတိုင်းတွင် သင့်ကို ချုပ်တည်းရန် သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အသက်အဖြစ် ရှိမရှိကိုလည်းကောင်း ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ သင်သည် ဤအဆင့်သို့ မရောက်သေးပါက ပိုနိမ့်သည့်အဆင့်တစ်ခုအကြောင်းကို ငါတို့ ပြောကြစို့။ သင်ပြုလုပ်ပြောဆိုသည့် အရာအားလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စည်းမျဉ်းအဖြစ် အသုံးပြုရန် သတိရှိမရှိပင် ဖြစ်သည်။ သင်သည် ဤအရာကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိပါက ဝမ်းနည်းစရာပင်ဖြစ်သည်မှာ သင်၌ အသက်အဖြစ် သမ္မာတရား မရှိသေးပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက် ဖြစ်နေဆဲဖြစ်သည်၊ ယင်းတို့သည် သင်၏ အသိစိတ်နှင့် သင်၏ အတွေးအခေါ်အမြင်များကို စိုးမိုးလျက် သင့်ကို အချိန်မရွေး၊ နေရာမရွေး ထိန်းချုပ်နိုင်နေဆဲ ဖြစ်သည်။ သင်သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကိုမဆို သင်၏ ကိုယ်ပိုင်စိတ်ခံစားချက်များ၊ စိတ်အခြေအနေ၊ လိုအင်များ၊ သုံးသပ်ဆုံးဖြတ်မှု၊ ရှုထောင့်အမြင်နှင့် နှစ်သက်မှုများကို အခြေခံ၍ အချိန်မရွေး၊ နေရာမရွေး သဘောထားပြုမူပြီး ကိုင်တွယ်လိမ့်မည်။ သင်သည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိနေဆဲဖြစ်သည်၊ သင်သည် သင်၏တာဝန်ကို အမှီအခိုကင်းစွာ မဖြည့်ဆည်းနိုင်သေးသကဲ့သို့ အမှီအခိုကင်းစွာလည်း အသက်မရှင်နိုင်သေးပေ၊ သင်သည် အခြားသူများကို အမြဲတစေ မှီခိုအားထားရပြီး အခြားသူများ၏ ထောက်ပံ့မှုမရှိပါက သင်သည် လဲကျသွားလိမ့်မည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သည်ကို ဆိုလိုသည်၊ ယင်းက သင်သည် သမ္မာတရားကို သင်၏အသက်အဖြစ် မရရှိသေးကြောင်း သက်သေပြသည်။ သမ္မာတရားကို အသက်အဖြစ် မရရှိသေးဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင့်ကို မကောင်းမှုများပြုလုပ်ခြင်း သို့မဟုတ် ကြီးမားသော အမှားများပြုလုပ်ခြင်းမှ ချုပ်တည်းပေးသည့် စည်းမျဉ်း တစ်ခု သို့မဟုတ် နှစ်ခုသာ သင့်ထံတွင် ရှိသည်ကို ဆိုလိုသည်။ ဆိုလိုသည်မှာ သင်၏ ဆင်ခြင်တုံတရား ပုံမှန်ဖြစ်နေချိန်နှင့် သင့်ကို မည်သူမျှ သွေးထိုးလှုံ့ဆော်ခြင်း သို့မဟုတ် မြှောက်ထိုးပင့်ကော်လုပ်ခြင်း မရှိသည့်အခါတွင် သင်သည် ဘုရားသခင်ကို တမင်တကာ ပြစ်မှားစော်ကားခြင်း၊ ဘုရားသခင်ကို ကျိန်ဆဲခြင်း သို့မဟုတ် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်းတို့ကို လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် သင်သည် ထိုသို့ တမင်တကာ ပြုလုပ်မည်မဟုတ်ဟူသောအချက်က သင်သည် ထိုသို့ပြုလုပ်ရန် မတတ်နိုင်ဟု မဆိုလိုပေ၊ သင်သည် ယင်းကို တက်ကြွစွာ ပြုလုပ်ခြင်း မရှိသော်လည်း မတက်မကြွ ပြုလုပ်မိနိုင်သေးသည်။ ဤနေရာတွင် မတက်မကြွ ပြုလုပ်မိခြင်း ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်ကို ထိန်းချုပ်ရန်နှင့် သင့်အား မည်သည့်အရာကိုမဆို ပြောဆိုစေရန်နှင့် ပြုလုပ်စေရန် အချိန်မရွေး ထွက်ပေါ်လာနိုင်သည်ကိုလည်းကောင်း၊ လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုကို မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်ရှုထောင့်များဖြင့် အချိန်မရွေး ရှုမြင်စေနိုင်သည်ကိုလည်းကောင်း၊ ထို့နောက်တွင် အမှုအရာတစ်ခုကို ကိုင်တွယ်ရန် သို့မဟုတ် လူအမျိုးအစားတစ်ရပ်ကို ဆက်ဆံရန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးပြုစေနိုင်သည်ကိုလည်းကောင်း ဆိုလိုသည်။ ဥပမာ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အထက်၊ ခေါင်းဆောင်များ သို့မဟုတ် အခြားမည်သူ့ကိုမျှ ယင်းကို အသိပေးခွင့်မပြုနိုင်ဟု ထင်သည် ဆိုပါစို့။ ဤအရာနောက်ကွယ်ရှိ အကြောင်းပြချက် မည်သို့ပင်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ သင်၌ သင်၏ကိုယ်ပိုင် နတ်ဆိုးဆန်သော စိတ်ကူးများ ရှိနေသဖြင့် သင်သည် ယင်းကို ဖုံးကွယ်ထားပြီး မည်သည့်အရာမျှ မပြောဆိုပေ။ ဤနေရာတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲနေသလော သို့မဟုတ် သမ္မာတရားက ကြီးကြပ်ကွပ်ကဲနေသလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲနေသည်မှာ သိသာထင်ရှားပေ၏။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်ကို စိုးမိုးလျက်၊ သင့်အား ယင်းကို ဖုံးကွယ်စေပြီး မည်သည့်အရာမျှ မပြောဆိုစေဘဲ သင်သည် ရုန်းမထွက်နိုင်ပေ။ ရုန်းမထွက်နိုင်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်နားလည်သော သမ္မာတရားများကို သင်လက်တွေ့လုပ်ဆောင်လိုသော်လည်း ထိုသို့ပြုလုပ်ရန် ခွန်အားမရှိခြင်းကို ဆိုလိုသည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးဝ မကျော်လွှားနိုင်ပေ။ ဤသည်မှာ သင်သည် ဒုက္ခရောက်နေကြောင်း ဆိုလိုသည်၊ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်သည် အမှုအရာများကို ဖုံးကွယ်ပြီး အခြားသူများကို လှည့်စားလိုပါက အထူးသဖြင့် အထက်အား သတင်းကောင်းကိုသာ တင်ပြပြီး သတင်းဆိုးကိုမူ မတင်ပြဘဲ အထက်လူကြီးများကိုပင် လှည့်စားကာ အောက်လူများထံမှ အမှုအရာများကို ဖုံးကွယ်ခြင်းဖြစ်သည့် ဖုံးကွယ်ခြင်းနှင့် လှည့်စားခြင်း လုပ်ရပ်များကို သင်လုံးဝ ကျူးလွန်နိုင်စွမ်းရှိသည်။ သင်က “ကျွန်ုပ်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ဦး ဖြစ်ပါသည်။ ဘုရားသခင်ပြောသည့် သမ္မာတရားတိုင်းကို ကျွန်ုပ်သည် ဂရုတစိုက် မှတ်သား၊ တွေးဆပြီး ပေါင်းရုံးသုံးသပ်ကာ လက်တွေ့ဘဝတွင် လက်တွေ့လုပ်ဆောင်ပါသည်” ဟု ပြောသည်။ သင်သည် ဤသို့ တွေးထင်သည်၊ သင့်၌ ဤဆန္ဒရှိသည်၊ သို့သော် ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်၏ စိတ်နှလုံးကို သိမ်းပိုက်ပြီးဖြစ်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များစွာ သင်၏အတွင်း၌ ရှိသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက် ဖြစ်လာခဲ့ပြီးဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲလျက် သင်၏ အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကို စိုးမိုးခြယ်လှယ်နေသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုလျှင်ပင် အသုံးမဝင်ပေ၊ သင်သည် မိမိကိုယ်ကိုမိမိ မနိုင်ပေ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေလျှင်ပင် စည်းမျဉ်းများအတိုင်း ပြုမူရန် မဖြစ်နိုင်ပေ၊ သင်သည် ဘုရားသခင်ကို တက်ကြွစွာနှင့် ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ခြင်း၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်းတို့မှ ရှောင်ကြဉ်နိုင်လျှင်ပင် အတော်ကောင်းနေပြီဖြစ်သည်။ သို့သော် သင်၏ စိတ်နှလုံးထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အုပ်စိုးနေသဖြင့် သင်သည် ဘုရားသခင်ကို မပုန်ကန်ဘဲ မနေနိုင်၊ မဆန့်ကျင်ဘဲ မနေနိုင် ဖြစ်သည်။ သင်သည် မတက်မကြွဖြစ်နေချိန် သို့မဟုတ် အလွန်အမင်း ကြံရာမရဖြစ်ချိန်များတွင်သာ အထက်ကို လှည့်စားပြီး အမှုအရာများကို ဖုံးကွယ်ရန် ကြိုးစားကာ ဘုရားသခင်ကို လှည့်စားသည်ဟုလည်းကောင်း၊ အလွန်အမင်း ကြံရာမရဖြစ်ချိန်များတွင်သာ လူတို့ကို ဖိနှိပ်ခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါ ဖြစ်ခြင်းကို ထုတ်ဖော်သည်ဟုလည်းကောင်း သင်ထင်ကောင်းထင်ပေမည်။ ယင်းမှာ ယာယီ ကြံရာမရဖြစ်ချိန်များကြောင့် အမှန်တကယ် ဖြစ်သလော။ မဟုတ်ပေ၊ ယင်းမှာ သင်၏ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲနေခြင်း၏ အကျိုးဆက် ဖြစ်သည်။ ယင်းမှာ ရှောင်လွှဲ၍မရပေ။ အဘယ်ကြောင့် ရှောင်လွှဲ၍မရသနည်း။ အကြောင်းမှာ သင်နားလည်သော သမ္မာတရားများသည် သင့်အတွက် ဆန္ဒတစ်မျိုး၊ ယုံကြည်ချက်တစ်မျိုးမျှသာ ဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သင်၏အသက် ဖြစ်မလာသေးပေ။ သင်၌ အသိပညာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် သင်၏ အစွမ်းအစသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သမ္မာတရားသည် သင်၏အသက် ဖြစ်မလာသေးပေ။ ဆိုလိုသည်မှာ သင်၏အတွင်း၌ သမ္မာတရားက မကြီးကြပ်ပေ၊ သင်၏အတွင်း၌ ကြီးကြပ်နေသည့်အရာမှာ စာတန်ဆန်သော စိတ်သဘောထားများနှင့် စာတန်၏ အတွေးအခေါ်များ ဖြစ်သည်။ သင်သည် စာတန်ဆန်သော စိတ်သဘောထားများ၏ စိုးမိုးခြင်းကို ခံရသောအခါ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်နေဆဲ ဖြစ်သည်။ သင်၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာ ထိခိုက်ခြင်းမရှိသည့်အခါ၊ သင်၏ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ မပါဝင်သည့်အခါတွင် သင်သည် သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်လိုစိတ် ရှိသည်။ သို့သော် သင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း သို့မဟုတ် ပန်းတိုင်တို့ ပါဝင်လာသည်နှင့်တစ်ပြိုင်နက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်ကို ခိုင်မြဲစွာနှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထိန်းချုပ်ထားသည်။ သင်၌ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း မရှိသေးပေ၊ သင်သည် ဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်ရန် ရာနှုန်းပြည့် ဖြစ်နိုင်ချေရှိနေဆဲ ဖြစ်သည်။ ဤဖြစ်စဉ်များမှ အကဲဖြတ်ကြည့်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးပြီလော။ ၎င်းတို့ကို ဖယ်ရှားပြီးပြီလော။ သမ္မာတရားသည် သင်၏အသက် ဖြစ်လာပြီလော။ အမှုအရာတစ်ခု ဖြစ်ပျက်သောအခါ သင်နားလည်သော သမ္မာတရားများက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကျော်လွှားနိုင်ပါက၊ သင်၏ ရွေးချယ်မှုများနှင့် လိုအင်များကို မကျော်လွှားနိုင်ပါက၊ သင်၏ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မကျော်လွှားနိုင်ပါက သင်နားလည်သော သမ္မာတရားများသည် သင်၏အသက် မဟုတ်ပေ။ သမ္မာတရားသည် သင်၏အသက် ဖြစ်လာသောအခါ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလိုအလျောက် ကျော်လွှားနိုင်ပေမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကျော်လွှားနိုင်ပါက ယင်းက သင်၏အတွင်း၌ သမ္မာတရားသည် မအုပ်စိုးသေးကြောင်းနှင့် သင်၏အသက် ဖြစ်မလာသေးကြောင်းကို ပြသသည်။ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ပြောသော်လည်း ဤသည်မှာ သင်၏ တောင့်တခြင်းနှင့် သင်၏ ဆန္ဒမျှသာ ဖြစ်သည်၊ ယင်းက သင်၏အသက်ကို ကိုယ်စားမပြုပေ။ ပုံမှန်လူ့သဘာဝရှိသော လူအားလုံး၌ အပြုသဘောဆောင်သော တောင့်တခြင်းများ ရှိကြသည်။ လူကောင်းတစ်ဦးဖြစ်ရန် တောင့်တခြင်းက သင်သည် လူကောင်းတစ်ဦးဖြစ်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သမ္မာတရား၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးခြင်းက သင်သည် သမ္မာတရား၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပေ၊ သင်သည် ဤအရာများကို မပိုင်ဆိုင်ပေ၊ သင်သည် ၎င်းတို့အတွက် တောင့်တရုံသာ ဖြစ်သည်။ တောင့်တခြင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ (လူတစ်ဦး၏ အံ့ဩဖွယ်ကောင်းသော ဆန္ဒတစ်ခု ဖြစ်ပါသည်။) မှန်သည်၊ ယင်းမှာ ဆန္ဒတစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ သင်အမှန်တကယ် မည်သို့ ကျင့်ကြံပြုမူသည်နှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

သင်တို့၌ ယခု သမ္မာတရားကို သင်တို့၏အသက်အဖြစ် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် ရှိမရှိ မည်သို့ သိမြင်နိုင်မည်နည်း။ သင်၏ အကျိုးစီးပွားသည် သမ္မာတရားနှင့် ပဋိပက္ခဖြစ်သည့်အခါ၊ သင်၏ အကျိုးစီးပွားသည် နစ်နာဆုံးရှုံးတော့မည် သို့မဟုတ် ခြိမ်းခြောက်ခံရတော့မည် ဖြစ်သည့်အခါတွင် သင်နားလည်သော သမ္မာတရားများက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျော်လွှားနိုင်ခြင်း ရှိမရှိကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ ကျော်လွှားနိုင်ပါက သင်သည် သမ္မာတရားကို သင်၏အသက်အဖြစ် ရှိသူတစ်ဦး ဖြစ်သည်။ မကျော်လွှားနိုင်ပါက ယင်းက သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ကြောင်း သက်သေပြသည်။ မည်မျှ သေးငယ်သနည်း။ သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် မရှိပေ။ ဤသည်မှာ လက်တွေ့ကျမှု ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့၌ သမ္မာတရားကို ကျွန်ုပ်တို့၏အသက်အဖြစ် မရှိပါက ဘုရားအိမ်တော်၌ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် အရာအားလုံးကို အဘယ်ကြောင့် စွန့်လွှတ်နိုင်သေးသနည်း။ အဘယ်ကြောင့် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သေးသနည်း” ဟု ပြောကြသည်။ အချို့ကပင် “ကျွန်ုပ်၌ သစ္စာစောင့်သိခြင်း အချို့ရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် အောင်နိုင်သူတစ်ဦးအဖြစ် ပြုလုပ်ခြင်းခံရပြီးဖြစ်သည်” ဟု ပြောကြသည်။ အမှန်တွင် ထိုသို့သော ပြောဆိုချက်များသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ရောနှောနေသည်။ လူတို့၌ သန္နိဋ္ဌာန်များနှင့် ရည်မှန်းချက်များ ရှိခြင်းမှာ မမှားပေ။ လူတို့၏ အလင်းကို တောင့်တခြင်း၊ တရားမျှတမှုကို တောင့်တခြင်းနှင့် သမ္မာတရားကို လိုက်စားရန်၊ ကယ်တင်ခြင်းကို ရရှိရန် စသည်တို့ကို တောင့်တခြင်းတို့ဖြစ်သည့် ဤအံ့ဩဖွယ်ကောင်းသော ဆန္ဒများသည် ၎င်းတို့၏ အသိစိတ်အချို့ကိုလည်းကောင်း၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၏ ဦးတည်ချက်ကိုလည်းကောင်း၊ ၎င်းတို့၏ အပြုအမူအချို့ကိုလည်းကောင်း၊ အပြင်ပန်းအားဖြင့် ၎င်းတို့၏ အမူအကျင့်နှင့် အသက်ရှင်နေထိုင်ပုံ နည်းလမ်းတို့၏ သွင်ပြင်အချို့ကိုလည်းကောင်း ပြောင်းလဲစေနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ ဤနေရာတွင် ပြောင်းလဲခြင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ဥပမာအနေဖြင့် သင်သည် လက်ရှိတွင် ယုံကြည်ခြင်းရှိသည်၊ သင်၏ အခြေအနေသည် အလွန်ကောင်းသည်၊ သင်သည် အပျက်သဘောမဆောင်ဘဲ သင်၏ တာဝန်သည်လည်း အထူးသဖြင့် ချောမွေ့နေသည် ဆိုပါစို့။ အကျိုးဆက်အနေဖြင့် သင်သည် အထူးသဖြင့် သစ္စာစောင့်သိသည်ဟုလည်းကောင်း၊ ကယ်တင်ခြင်းကို ရရှိရန် သင်၏ဆန္ဒကို အမှန်တကယ်ဖြစ်လာစေဖို့ မျှော်လင့်ချက်ရှိသည်ဟုလည်းကောင်း သင်ခံစားရပြီး မည်သည့်အခက်အခဲကိုမဆို ကြံ့ကြံ့ခံရန် အဆင်ပြေနေသည်။ သို့သော် ကောင်းသောအချိန်များသည် ကြာရှည်မခံပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် သင်သည် အခက်အခဲများ၊ အတားအဆီးများနှင့် ကျရှုံးမှုအချို့ကို ကြုံတွေ့ရသည်၊ ပြုပြင်ခြင်းခံရသည်၊ လမ်းလွဲများစွာကို လျှောက်လှမ်းမိသည်၊ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ဖိနှိပ်ခြင်းကိုပင် ခံရကာ နစ်နာမှုများစွာကို ခံစားရသည်။ ထို့နောက် သင်၏ စိတ်နှလုံးထဲတွင် မသက်မသာ ခံစားရသည်။ သင်သည် သမ္မာတရားကို နားမလည်ပေ၊ ဤအမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သည်ကို သင်မသိသကဲ့သို့ ဘုရားသခင်ထံ ဆုတောင်းခြင်းမှ မည်သည့်အဖြေကိုမျှ မရရှိသောကြောင့် သင်သည် စိတ်ဆင်းရဲမှုကို ခံစားရသည်။ ကြီးမားသော အတိုင်းအတာတစ်ခုအထိ ဤအမှုအရာများ ဖြစ်ပျက်ခြင်းက သင်၏ သမ္မာတရားနှင့် အလင်းကို တောင့်တသည့် သန္နိဋ္ဌာန်အပေါ် အတိုင်းအတာတစ်ခုအထိ ထိုးနှက်မှုနှင့် ပျက်စီးမှုကို သက်ရောက်စေသည်။ ဤပျက်စီးမှုကို ခံစားရပြီးနောက်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရလျက် သင်သည် သင်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်လိုတော့မည် မဟုတ်ပေ။ ဤနေရာတွင် မည်သို့ ဖြစ်ပျက်နေသနည်း။ သင်သည် အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သနည်း။ သင်သည် အဘယ်ကြောင့် ယခင်ကနှင့် လုံးဝကွဲပြားသော လူတစ်ဦးကဲ့သို့ ဖြစ်နေသနည်း။ သင်၌ ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို သင်၏အသက်အဖြစ် ရှိပါက သင်၏ သစ္စာစောင့်သိခြင်းသည် ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် မရှိသောကြောင့် သင်၏ အတွင်းပိုင်းအခြေအနေ၊ စိတ်နေသဘောထားနှင့် ဘုရားသခင်ကို ယုံကြည်ပြီး မိမိကိုယ်ကို အသုံးခံရန် သင်၏ စိတ်အားထက်သန်မှုတို့သည် အစဉ်သဖြင့် မတည်ငြိမ်ဘဲ ပူလိုက်အေးလိုက်ဖြင့် ပြောင်းလဲနေသည်။ အရာအားလုံး ချောမွေ့ပြီး သင်စိတ်အခြေအနေ ကောင်းမွန်နေသည့် ကာလများအတွင်းတွင် သင်၌ စိတ်အားထက်သန်မှု ရှိသည်၊ ဆုတောင်းချိန်တွင် ပြောစရာများစွာရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ်ရှိသည်၊ သင်၏ တာဝန်တွင် အလွန်ကြိုးစားလုပ်ဆောင်ပြီး အလုပ်များခြင်းနှင့်ဖြစ်စေ၊ မောပန်းခြင်းနှင့်ဖြစ်စေ၊ မည်သည့်အခက်အခဲကိုမဆို ကြံ့ကြံ့ခံခြင်းဖြင့်ဖြစ်စေ အဆင်ပြေနေသည်။ သို့သော် အမှုအရာများ အနည်းငယ် အဆင်မပြေ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် အပျက်သဘောဆောင်ပြီး အားနည်းလာကာ သင်၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားသည်။ သင်သည် အစာတစ်နပ်လွတ်သွားသည့်အခါ သို့မဟုတ် အနည်းငယ် အိပ်ရေးပျက်သည့်အခါတွင် ယင်းကို ကြီးမားသော အခက်အခဲတစ်ခုဟု သင်ခံစားရပြီး “အဘယ်ကြောင့် ငါ ဆင်းရဲဒုက္ခခံသင့်သနည်း။ ငါ့တာဝန်ကို ထမ်းဆောင်ခြင်းမှ ငွေကြေးပင်မရ၊ ယင်းမှာ မတန်ပေ” ဟူ၍ သင်၏ စိတ်နှလုံးထဲတွင် ညည်းညူခြင်းများ ပေါ်ပေါက်လာသည်။ ကြည့်လော့၊ သင်၏ စိတ်နေသဘောထားသည် လုံးဝ ကွဲပြားသွားသည်။ အဘယ်ကြောင့် ဤမျှ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သနည်း။ ယင်းမှာ သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် မရှိဘဲ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အတွင်း၌ ရှိနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် စိတ်အားထက်သန်နေသည့်အခါတွင် ၎င်းတို့၌ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများ၊ သို့မဟုတ် ဘုရားသခင်အပေါ် တောင်းဆိုမှုများ မရှိဟု ခံစားရသည်။ အမှန်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏အတွင်း၌ ကြီးကြပ်နေဆဲဖြစ်သည်၊ ဤအရာများသည် မပြောင်းလဲဘဲ ရှိနေသည်။ လူတို့သည် အပြုသဘောဆောင်သည့်အခါတွင် ၎င်းတို့သည် အလွန်တရာ စိတ်အားထက်သန်ပြီး အထူးပင် တက်ကြွကြကာ မည်သူမျှ ၎င်းတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။ ၎င်းတို့ အပျက်သဘောဆောင်သည့်အခါတွင် ၎င်းတို့သည် မည်သူမျှ ဆွဲမထူနိုင်သည့် ရွှံ့ဗွက်အိုင်များကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် အမြဲတစေ အစွန်းရောက်ကြပြီး လုံးဝ မတည်ငြိမ်ကြပေ။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ပုံမှန်လူ့သဘာဝတွင် တစ်စုံတစ်ခု ချို့တဲ့နေကြောင်း ပြသသည်။ ၎င်းတို့ မည်သည့်အရာ ချို့တဲ့နေသနည်း။ ၎င်းတို့သည် သမ္မာတရားကို ၎င်းတို့၏အသက်အဖြစ် ချို့တဲ့နေခြင်းဖြစ်သည်၊ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။ သင်၏ အခြေအနေသည် အပူအအေးကြားတွင် ပြောင်းလဲနေသည်၊ တစ်ခဏတွင် အပျက်သဘောဆောင်ပြီး နောက်တစ်ခဏတွင် အပြုသဘောဆောင်သည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းမှာ ဒုက္ခပေးနေသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ယနေ့ ၎င်းတို့က သင့်ကို တစ်မျိုးတွေးစေပြီး မနက်ဖြန်တွင် နောက်တစ်မျိုး တွေးစေသည်၊ မည်သို့ပင်ဖြစ်စေ ဤအတွေးများသည် သင်၏ လိုအင်များ၊ သင်၏ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် သင်၏ လက်ရှိအခြေအနေ၊ စိတ်အခြေအနေ၊ စိတ်ခံစားချက်များနှင့် အမြဲတစေ ကိုက်ညီနေသည်။ သို့သော် လူတို့၏အတွင်း၌ သမ္မာတရားရှိသည့်အခါတွင်မူ ကွဲပြားသည်။ သမ္မာတရားသည် သင်၏အသက် ဖြစ်လာပါက ယင်းက သင်ပြုလုပ်သည့်အရာအတွက် တိကျမှန်ကန်ပြီး စစ်မှန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို သင့်အား အစဉ်သဖြင့် ရရှိစေမည်ဖြစ်ပြီး ဤသည်မှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သင်သည် အပူအအေးကြားတွင် ပြောင်းလဲနေမည်မဟုတ်သကဲ့သို့ ကျရှုံးမှုတစ်ခုနှင့် လဲကျမှုတစ်ခုကြောင့်ဖြစ်စေ၊ ပြုပြင်ခြင်းအနည်းငယ် သို့မဟုတ် အခက်အခဲ အနည်းငယ်ကြောင့်ဖြစ်စေ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျမည်မဟုတ်ပေ။ သင်သည် သုံးရက်သုံးည မအိပ်ဘဲ နေသည့် စိတ်အားထက်သန်နေသော လူငယ်တစ်ဦးကဲ့သို့ အလွန်အမင်း အပြုသဘောဆောင်နေမည်လည်း မဟုတ်ပေ။ ထိုအစား သင်၌ ပုံမှန် ဆင်ခြင်တုံတရား ရှိလိမ့်မည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရူပါရုံများအပေါ် ရှင်းလင်းလာကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်နောက်သို့ လိုက်ရန်လိုအပ်သည်ကိုလည်းကောင်း၊ အဘယ်ကြောင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်ရလဒ်များကို ၎င်းတို့ ရရှိသင့်သည်ကိုလည်းကောင်း၊ ဤအခက်အခဲများကို ကြံ့ကြံ့ခံခြင်း၏ ရည်ရွယ်ချက်၊ အရေးပါမှုနှင့် တန်ဖိုးမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း သိကြသည်။ ၎င်းတို့သည် ဤသမ္မာတရားစည်းမျဉ်းအားလုံးကို ရှုပ်ထွေးခြင်း သို့မဟုတ် နောက်ကျိခြင်းမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝ နားလည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဆန္ဒအလျောက်နှင့် စောဒကတက်ခြင်းမရှိဘဲ ဆင်းရဲဒုက္ခခံကြသည်၊ ၎င်းတို့ပြုလုပ်သည့် အရာတိုင်းတွင် စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိကြပြီး ဘုရားသခင်အပေါ် မည်သည့်အခါမျှ ယုံကြည်ခြင်း မပျောက်ဆုံးကြပေ၊ ၎င်းတို့ အပျက်သဘောဆောင်သည်ဟု ခံစားရသည့်အခါတွင် ဘုရားသခင်အပေါ် စောဒကတက်ခြင်း သို့မဟုတ် သူ့ကို စွန့်ပစ်ခြင်း မပြုကြသကဲ့သို့ ၎င်းတို့ အပြုသဘောဆောင်သည်ဟု ခံစားရသည့်အခါတွင်လည်း ဘုရားသခင်အပေါ် အပိုတောင်းဆိုမှုများ မရှိကြဘဲ ၎င်းတို့၏ အခြေအနေသည် အလွန်ပုံမှန်ဖြစ်သည်။ သင်တို့သည် ယခု ဤကဲ့သို့ ဖြစ်နေသလော။ (မဖြစ်ပါ။) သို့ဆိုလျှင် မည်သို့ ပြုလုပ်သင့်သနည်း။ (ယခုမှစ၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်သင့်ပါသည်၊ အခြားလမ်းကြောင်းမရှိပါ။) သမ္မာတရားကို လိုက်စားခြင်းမှလွဲ၍ အခြားလမ်းကြောင်းမရှိပေ။ ငါ သင့်ကို ပြောမည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက်အဖြစ် အစဉ်သဖြင့် ကြီးကြပ်နေပါက သင်သည် ကောင်းသောပန်းတိုင်တစ်ခု ရှိမည်မဟုတ်ပေ၊ အများဆုံးအနေဖြင့် သင်သည် အစေခံသူတစ်ဦးအဖြစ် အဆုံးသတ်လိမ့်မည်။ သို့သော် သင်သည် သမ္မာတရားကို လိုက်စားပါက သင်၏ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် ကြီးမားလိမ့်မည်ဖြစ်ပြီး သင်နောက်ဆုံးတွင် ရရှိမည့် ကောင်းချီးများသည်လည်း ကြီးမားလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားပါက သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချည်နှောင်ခြင်းမှ လွတ်မြောက်လိမ့်မည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက် ဖြစ်တော့မည်မဟုတ်ဘဲ အကျိုးဆက်အနေဖြင့် သင်သည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ကို အမှန်တကယ် မြင်တွေ့လိမ့်မည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မဖြေရှင်းဘဲ ကျန်ရှိနေကာ ကောင်းမှုများပြုလုပ်ရန်နှင့် မကောင်းမှုမကျူးလွန်ရန် မိမိကိုယ်ကို ချုပ်တည်းခြင်းနှင့် စိတ်ဓာတ်ခွန်အားအပေါ်တွင်သာ မှီခိုလိုပါက သင်သည် လမ်းကြောင်း အဆုံးတိုင်အောင်ပင် လျှောက်လှမ်းနိုင်မနိုင် ပြောရန် ခက်သည်။ နားလည်ပြီလော။ (နားလည်ပါသည်။) ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့ ဖြေရှင်းရန်လိုအပ်သည့် အကြီးမားဆုံးသော ပြဿနာမှာ အဘယ်အရာနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ယခု ဘုရားအိမ်တော်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည်၊ အချိန်ပြည့် မိမိကိုယ်ကို အသုံးခံနေသည်၊ ထို့ကြောင့် ကျွန်ုပ်သည် အောင်နိုင်သူတစ်ဦး ဖြစ်သည်” ဟု မထင်နှင့်။ ဘုရားသခင်သည် အောင်နိုင်သူတစ်စုကို ပြုလုပ်ခြင်းအကြောင်း ပြောသည်၊ အောင်နိုင်သူများဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄) ဤသည်တို့မှာ ရိုးရှင်းသောအားဖြင့် အောင်နိုင်သူများ ဖြစ်ကြသည်။ လူတစ်ဦးသည် အောင်နိုင်သူတစ်ဦး ဖြစ်ရုံမျှဖြင့် ကျေနပ်နေ၍မရပေ။ ဤရိုးရှင်းသော အဓိပ္ပာယ်အားဖြင့် အောင်နိုင်သူတစ်ဦးဖြစ်ခြင်းက လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖယ်ရှားပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ လူတစ်ဦး၌ သမ္မာတရားကို သူ၏အသက်အဖြစ် ရှိသည်ဟုလည်း မဆိုလိုပေ။ နောက်ဆုံးတွင် ကယ်တင်ခြင်းခံရသူများသည် အောင်နိုင်သူများမျှသာ မဟုတ်ပေ၊ ယင်းမှာ ထိုမျှ မရိုးရှင်းပေ။ အောင်နိုင်သူများသည် လောကီကမ္ဘာ၊ စာတန်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ဆိုးယုတ်သော အစိုးရစနစ်များကို ကျော်လွှားသူများမျှသာ ဖြစ်သည်၊ ဤသည်မှာ အောင်နိုင်သူများ ဖြစ်ကြသည်။ သင်သည် သမ္မာတရားစည်းမျဉ်းအချို့ကို နားလည်ရုံမျှသာဖြစ်ပြီး ဇာတိပကတိနှင့် ခံစားချက်များကို ယာယီ ကျော်လွှားနိုင်ပါက သို့မဟုတ် အမျိုးမျိုးသော အခြေအမြစ်မရှိသည့် ကောလာဟလများ၏ ဘောင်ခတ်ခြင်းကို မခံရပါက သို့မဟုတ် ဆိုးယုတ်သောလူများ သို့မဟုတ် မယုံကြည်သူများ၏ နှောင့်ယှက်ခြင်းကို မခံရပါက ဤသည်မှာ အောင်နိုင်သူတစ်ဦး၏ စံနှုန်းကို အပြည့်အဝ မပြည့်မီသေးပေ။ ဤသေးငယ်သော အတွေ့အကြုံအနည်းငယ်မျှသာ ရှိခြင်းသည် တန်ဖိုးကြီးမားခြင်း မရှိပေ။ မည်သည့်အရာက တန်ဖိုးရှိသနည်း။ သမ္မာတရားကို လူတစ်ဦး၏ အသက်အဖြစ် ရှိခြင်းသည် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို သူ၏အသက်ဖြစ်လာစေရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။ လမ်းကြောင်းတစ်ခုတည်းသာ ရှိသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရမည်။ ဤနည်းလမ်းဖြင့်သာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားကို သင်၏အသက်အဖြစ် ရရှိလာနိုင်သည်။ သင်သည် သင်၏ ဘဝတစ်ခုလုံးကိုလည်းကောင်း၊ သင်၏ နေ့စဉ်အသက်တာကိုလည်းကောင်း၊ သင်ဆောင်ရွက်ပြီး ပြုမူကျင့်ကြံသည့် စည်းမျဉ်းများကိုလည်းကောင်း လမ်းညွှန်ရန် သမ္မာတရားကို အသုံးပြုပါက၊ သင်သည် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ပါက သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိလိမ့်မည်။ သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည့်အခါ သင်၏ ယခင် စာတန်ဆန်သော စိတ်သဘောထားများသည် နေရာဖယ်ပေးရလိမ့်မည်။ သင်သည် မည်သို့ပြုမူရမည်ကို မဆုံးဖြတ်မီ ဦးစွာ “ငါထင်သည့်အရာက သမ္မာတရားစည်းမျဉ်းများကို ကိုယ်စားမပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ပြောဆိုသည်ကို ငါကြည့်ရမည်” ဟု စဉ်းစားသုံးသပ်လော့။ သင်သည် အကြိမ်တိုင်း ဤသို့ စဉ်းစားသုံးသပ်ပြီး အကြိမ်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြောဆိုကာ လက်တွေ့လုပ်ဆောင်ပါက သမ္မာတရားသည် သင်၏အသက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာမည် မဟုတ်လော။ ရေစက်ငယ်များစွာသည် သမုဒ္ဒရာကို ဖြစ်စေသည်။ သင်၏ နေ့စဉ်အသက်တာ၊ သင်၏ အမြင်ရှုထောင့်များ၊ သင်၏ လက်ရှိတည်ရှိမှု အခြေအနေနှင့် သင်၏ အခြေအနေတို့ကို ပြောင်းလဲရန် သမ္မာတရားကို သင်၏ စိတ်နှလုံးထဲသို့ တဖြည်းဖြည်း ဝင်ရောက်ခွင့်ပြုလော့။ သင်၏ အခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲပြီး ကောင်းသောဦးတည်ချက်သို့ တိုးတက်လာသည်နှင့်အမျှ သင်မကောင်းမှုပြုလုပ်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ပြုနိုင်ချေသည် ဆက်လက်လျော့နည်းသွားလိမ့်မည်၊ သင့်ကိုယ်သင် ထုတ်ဖော်ပြသနိုင်ချေသည် ဆက်လက် လျော့နည်းသွားလိမ့်မည်၊ တစ်ချိန်တည်းတွင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ သင်၏ သက်သေခံချက်များသည် ဆက်လက်၍ တိုးပွားလာလိမ့်မည်။ အမှားအမှန်ဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါတွင် သမ္မာတရား စည်းမျဉ်းများသည် သင်၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်များ၊ နှစ်သက်မှုများနှင့် အစီအစဉ်များကို ကျော်လွှားသည်။ ထိုအခါမှသာ သင်သည် စစ်မှန်သော အောင်နိုင်သူတစ်ဦး၊ သမ္မာတရားကို သူ၏အသက်အဖြစ် ရှိသူတစ်ဦးနှင့် ကယ်တင်ခြင်းကို ရရှိနိုင်သူတစ်ဦး ဖြစ်လိမ့်မည်။ သို့တည်းမဟုတ်ပါက သင်က “ဤသို့ပြုမူခြင်းသည် ကောင်းသည်၊ ငါသည် ဤအရာများကို လိုလိုလားလားနှင့် ဆန္ဒရှိရှိ ပြုလုပ်ပြီး ငါ၌ ညည်းညူမှုများ မရှိ” ဟု တွေးထင်လျက် သင်၏ နှစ်သက်မှုများအပေါ် အခြေခံ၍ ပြုမူရုံမျှသာဖြစ်ပါက အဘယ်အသုံးဝင်မည်နည်း။ သင်၌ ညည်းညူမှုများ မရှိပေ၊ သို့သော် သင်၏ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နှစ်သက်မှုများ၊ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ၊ ခံစားချက်များနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းတို့မှ လုံးလုံးလျားလျား လာခြင်းဖြစ်သည်၊ ယင်းကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လုံးဝ လမ်းညွှန်ထားသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့် အသက်ဖြစ်ပြီး သမ္မာတရားကို ထုတ်ဖော်သည့် အသက်မဟုတ်ပေ။ ဘုရားသခင်သည် ယင်းကို အမှတ်ရမည် မဟုတ်သည်သာမက သူသည် ယင်းကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သင်အသက်ရှင်နေထိုင်သည့်အရာ၊ သင်ပြောဆိုသည့် စကားများ၊ ပြုလုပ်သည့် အမှုအရာများ၊ သင်ထုတ်ဖော်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအားလုံး သမ္မာတရားနှင့် ကိုက်ညီစေရန်လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထုတ်လုပ်လိုက်သည့် ထိုမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် သင်၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း နည်းပါးလာစေရန်လည်းကောင်း၊ သင်၏ စိတ်နှလုံးထဲတွင် သင်တွေးထင်သည့်အရာနှင့် အမှုအရာများအပေါ် သင်၏ အမြင်ရှုထောင့်များသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် ကိုက်ညီစေရန်လည်းကောင်း သင်တတ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားရမည်။ သင်သည် ဤကဏ္ဍကို လိုက်စားပြီး အာရုံစိုက်ရမည်၊ သို့မှသာ သင်၏အတွင်း၌ တဖြည်းဖြည်း ပြောင်းလဲမှုများ ပိုမိုရှိလာပြီး သင်၏ အခြေအနေသည် တဖြည်းဖြည်း ပိုကောင်းလာလိမ့်မည်။ ယနေ့ခေတ်တွင် လူများစွာသည် စကားလုံးများနှင့် အယူဝါဒများကို ရှင်းလင်းစွာနှင့် ယုတ္တိကျကျ ပြောဆိုနိုင်ကြသော်လည်း သမ္မာတရား လက်တွေ့ကျမှုအကြောင်း ပြောဆိုသည့်အခါတွင်မူ ၎င်းတို့၌ ပြောစရာမရှိတော့ဘဲ လက်တွေ့ကျသော နားလည်သဘောပေါက်မှု အနည်းငယ်ကိုပင် မဖော်ပြနိုင်ကြပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (ကျွန်ုပ်တို့၌ သမ္မာတရား မရှိပါ။) သင်၏အသက်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသက်၊ စာတန်၏အသက် ဖြစ်နေဆဲဖြစ်ပြီး သမ္မာတရား၏အသက် မဟုတ်ပေ။

ငါတို့ မကြာမီက မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို သင်နားလည်ပြီလော။ သင်တို့သည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဖယ်ရှားရသေးကြောင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေဆဲ ဖြစ်ကြောင်းကို အမှန်တကယ် အသိအမှတ်ပြုပါက သင်တို့ အပျက်သဘောဆောင်လာမည်လော။ (ယခုလေးတင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပြောင်းလဲသေးကြောင်း ဘုရားသခင်ပြောသည်ကို ကျွန်မကြားရသည့်အခါ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကြီးမားသော ကွာဟချက်ကို ခံစားခဲ့ရပြီး ဤနှစ်များတစ်လျှောက်လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ် စားသောက်ခဲ့ပြီး အထူးအခြေအနေများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်ခဲ့သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပြောင်းလဲသေးသနည်းဟု တွေးမိပါသည်။ ကျွန်မသည် အနည်းငယ် စိတ်ပျက်ပြီး အပျက်သဘောဆောင်ခဲ့ပါသည်။ သို့သော် ဘုရားသခင်က လမ်းညွှန်မှုပေးပြီး တဖြည်းဖြည်း မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ကျွန်မသည် အပြင်ပန်း ကောင်းသောအပြုအမူအချို့ကိုသာ ပြသပြီး ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ကျွန်မ၏အတွင်း၌ အုပ်စိုးနေဆဲဖြစ်ကြောင်း၊ အမှန်တကယ်ပင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ကြောင်းကို ကျွန်မနားလည်ခဲ့ပါသည်။ အမှုအရာများကို ပြုလုပ်သည့်အခါတွင် လူတို့သည် ဦးစွာ စဉ်းစားသုံးသပ်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စိတ်ကူးများ မည်မျှပင်ကောင်းမွန်စေကာမူ သမ္မာတရားစည်းမျဉ်းများကို ကိုယ်စားမပြုကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားက မည်သို့ဆိုသည်ကို ၎င်းတို့ ကြည့်ရှုရမည်ဖြစ်ကြောင်း၊ အမှုအရာတစ်ခုကို ပြုလုပ်သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရန် လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ၎င်းတို့၏ အခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲလာမည်ဖြစ်ကြောင်း ဘုရားသခင်က ပြောဆိုခဲ့သည်။ ဘုရားသခင်၏ မိတ်သဟာယကို ကျွန်မကြားပြီးနောက်တွင် မျှော်လင့်ချက်ကို တစ်ဖန်ပြန်မြင်ရသည်ဟု ထင်ရပြီး လမ်းခရီးတစ်ခုရှိသည်ဟု ကျွန်မခံစားခဲ့ရကာ အပျက်သဘောမဆောင်တော့ပါ။) အပျက်သဘောဆောင်ခြင်းသည် မှားသည်၊ သင်သည် မည်သည့်အခြေအနေအောက်တွင်မျှ အပျက်သဘောမဆောင်သင့်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းသည် ကယ်တင်ခြင်းကို ရရှိရန် အရေးကြီးသောကိစ္စရပ် ဖြစ်သည်။ အထူးသဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုမူ ဖြေရှင်းရန် ပို၍ အာရုံစိုက်ရမည်ဖြစ်သည်။ သင်သည် စိတ်ရောကိုယ်ပါ နှစ်ပြီး အစွမ်းကုန် ကြိုးစားရမည်။ သင်သည် အပျက်သဘောမဆောင်နိုင်သကဲ့သို့ လက်မလွှတ်နိုင်ပေ။ သင်တို့သည် ယခု သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်လာကြသော်လည်း တစ်ခါတစ်ရံတွင် သင်တို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ သင်တို့အား လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းအကြောင်း ယခု ပြောဆိုခြင်းသည် သင်တို့၏ အသက်ဝင်ရောက်မှုအတွက် ပို၍အကျိုးရှိပြီး တစ်ချိန်တည်းတွင် သင်တို့၌ ဘေးဖြစ်သော ခံစားချက်ကို ဖြစ်ပေါ်စေနိုင်ကာ သမ္မာတရားအပေါ် အာရုံစိုက်နိုင်စေပြီး သမ္မာတရားကို နားလည်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်နိုင်စေသည်။ မိမိကိုယ်ကို ကျေနပ်မနေနှင့်၊ သင်၏ လက်ရှိအခြေအနေနှင့်လည်း ကျေနပ်မနေနှင့်။ သင်တို့သည် နာခံတတ်ပြီး အမူအကျင့် ကောင်းမွန်လာရုံမျှသာဖြစ်ကာ ယခင်ကထက် အသိတရား အနည်းငယ် ပိုရှိလာသည်၊ သို့သော် သင်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် များစွာ ကွာဝေးနေသေးသည်။ အဖြစ်မှန်များကို ရှင်းလင်းစွာ မြင်နိုင်သည်၊ သို့ဖြစ်၍ အပျက်သဘောဆောင်နေခြင်းက အဘယ်အသုံးဝင်မည်နည်း။ အပျက်သဘောဆောင်ခြင်းသည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ သင်သည် ပြဿနာ အရင်းခံသည့်နေရာကို ရှာဖွေပြီး ထိုနေရာမှ စတင်ဖြေရှင်းရန် ကြိုးစားသင့်သည်။ ယခု စတင်ခြင်းက နောက်မကျသေးပေ။ မည်သည့်အချိန်တွင် နောက်ကျသွားမည်နည်း။ ဘုရားသခင်၏အလုပ် ပြီးဆုံးသည့်အခါတွင် နောက်ကျသွားလိမ့်မည်။ သင်တို့၌ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး သမ္မာတရားကို သင်တို့၏အသက်အဖြစ် ရရှိလာရန် သန္နိဋ္ဌာန် ရှိသလော။ (ကျွန်ုပ်တို့၌ ယခု ဤသန္နိဋ္ဌာန် ရှိပါသည်။) အမှန်တွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် မခက်ခဲပေ။ စဉ်းစားကြည့်လော့၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့သည့် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်ကာ ၎င်းတို့သည် အလွန်အသေးစိတ်ကျပြီး တိကျသည်။ အကြောင်းအရာများစွာ ရှိပုံရသော်လည်း စည်းမျဉ်းများသည် မပြောင်းလဲသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းသည်လည်း မပြောင်းလဲပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်သည့်အခါတွင် ထိုစိတ်ကူးကိုဖြစ်စေ၊ ထိုအတွေးကိုဖြစ်စေ သတိဖြင့် သိမှတ်ကာ သင်၏ စိတ်နှလုံးထဲတွင် “ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်၊ သို့ဆိုလျှင် ယင်းကို ငါမည်သို့ ဖြေရှင်းသင့်သနည်း။ ငါယခင်က ယင်းကို မဖြေရှင်းခဲ့ဖူးပေ။ ငါသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း အပေါ်ယံ လုပ်ဆောင်ချက်များနှင့် မိမိကိုယ်ကို ကိုယ်ရည်သွေးခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့ပြီး ငါ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေဆဲဖြစ်သည်ဟူသောအချက်ကို မည်သည့်အခါမျှ စဉ်းစားသုံးသပ်ခြင်း မရှိခဲ့ဖူးပေ။ ယနေ့ ငါ၏အတွင်း၌ ထိုသို့သော အတွေးတစ်ခုရှိကြောင်းကို ငါရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။ ဤအတွေးသည် အဘယ်မှ လာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမှ လာခဲ့သည်။ သို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းသင့်သနည်း” ဟု စဉ်းစားသုံးသပ်လော့။ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလော့၊ သင်၏ ပတ်ဝန်းကျင်ရှိ အတွေ့အကြုံရှိသူများကိုလည်း မေးမြန်းလော့၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို ဖြေရှင်းရန် သင့်ကို ဦးဆောင်လိမ့်မည်။ လူတိုင်း အတူတကွ ရှိသည့်အခါတွင် သင်တို့သည် အချင်းချင်း ထောက်ပံ့ကူညီရမည်ဖြစ်ပြီး အချင်းချင်း နားလည်ပေးရမည်။ လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုသည် တူညီကြပြီး မည်သူမျှ အခြားသူကို အထင်ကြီးခြင်း သို့မဟုတ် အထင်သေးခြင်း မပြုသင့်ပေ။ လူတိုင်း ဤသို့ အချင်းချင်း ကူညီထောက်ပံ့ပြီး လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုသည် ဖြည်းဖြည်းချင်း ကြီးထွားလာကာ နောက်ဆုံးတွင် သင်တို့အားလုံး အတူတကွ ကယ်တင်ခြင်းကို ရရှိပြီး နိုင်ငံတော်ထဲသို့ အတူတကွ ဝင်ရောက်ပါက ကောင်းမည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။