သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈) အပိုင်း လေး
သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း
မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း
၁။ ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း- ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း
စ။ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ပင်ကိုအခြေအနေများကို မပြောင်းလဲပေ- ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်
လူတို့က ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်သည့် အတိုင်းအတာသည် ၎င်းတို့၏ အစွမ်းအစ ကောင်းမွန်ခြင်း သို့မဟုတ် ဆိုးရွားခြင်းနှင့် သက်ဆိုင်မှု ရှိသလော၊ ငါ့ကို ပြောလော့။ လူတို့သည် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ကြသလော။ ဤမေးခွန်းကို သင်တို့ စဉ်းစားဖူးသလော။ ဤသည်မှာ စဉ်းစားထိုက်သော မေးခွန်းတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အချို့လူများက “ကျွန်ုပ်တို့ အစွမ်းအစ ညံ့ဖျင်းသောကြောင့်၊ ဘုရားသခင် ကျွန်ုပ်တို့ကို ပေးထားသော အစွမ်းအစ မကောင်းသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပြင်းထန်စွာ အတိုက်အခံလုပ်ပြီး ပုန်ကန်ကြသည်” ဟု ပြောဆိုကြသည်။ ဤပြောဆိုချက် မှန်ကန်သလော။ (မမှန်ကန်ပါ။) ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ကွာခြားချက်များနှင့်ပတ်သက်သည့် ငါတို့၏ ယခင် မိတ်သဟာယအပေါ် အခြေခံလျှင် အစွမ်းအစသည် မည်သည့်အမျိုးအစားတွင် ပါဝင်သနည်း။ (ပင်ကိုအခြေအနေများတွင် ပါဝင်ပါသည်။) ယင်းသည် ပင်ကိုအခြေအနေများတွင် ပါဝင်သည်။ သို့ဆိုလျှင် ပင်ကိုအခြေအနေများ၏ ကဏ္ဍအသီးသီးသည် လူတို့၏ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်စပ်မှု ရှိမရှိဟူသည်ကို သင် သိသလော။ အစွမ်းအစဖြင့် စတင်ကြစို့။ လူတစ်ဦးသည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်သည့် အတိုင်းအတာကို အစွမ်းအစက အဆုံးအဖြတ်ပေးသလော။ (အဆုံးအဖြတ်မပေးပါ။) ယင်းက အဆုံးအဖြတ်မပေးဟု ငါတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ဤသည်မှာ လူတို့ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ရသည့် အကြောင်းရင်းနှင့် သက်ဆိုင်သည်။ လူတို့သည် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်ကြသလော။ (မဟုတ်ပါ၊ ကျွန်ုပ်တို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ဤသည်မှာ လက်တွေ့အရှိတရားနှင့် ကိုက်ညီသည်။ ဘုရားသခင်ကို သင်၏ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်း၊ သမ္မာတရားကို သင် ကျိုးနွံနာခံနိုင်စွမ်းမရှိခြင်းတို့သည် အစွမ်းအစ ညံ့ဖျင်းခြင်းကြောင့် မဟုတ်ဘဲ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်သည်ဟူသော အကြောင်းပြချက်သက်သက်ဖြင့် ဘုရားသခင်က သင့်ကို အစွမ်းအစ ညံ့ဖျင်းအောင် ပေးထားသည်ဟု အပြစ်တင်၍ မရနိုင်ပေ။ အစွမ်းအစဖြစ်စေ၊ သင်၏ ပင်ကိုအခြေအနေများ၏ အခြားကဏ္ဍတစ်ခုခုဖြစ်စေ ပင်ကိုအားဖြင့် သင်ကိုယ်တိုင် ပိုင်ဆိုင်သော အခြေအနေတစ်ခုဖြစ်သည်။ ယင်းသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်ပိုင်ဆိုင်သော မွေးရာပါ၊ ပင်ကိုအခြေအနေတစ်ခု ဖြစ်၏။ ပင်ကိုအခြေအနေများ၏ မည်သည့်ကဏ္ဍပင် ဖြစ်ပါစေ၊ ယင်းက ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်း မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ ဥပမာအားဖြင့် အရပ်ရှည်ခြင်းက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ နည်းပါးသည်ဟု မဆိုလိုပေ။ လှပခြင်း သို့မဟုတ် အသားအရေ ဖြူဝင်းခြင်းက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဟု မဆိုလိုပေ။ လူတို့ အထင်ကြီးပြီး လေးစားအားကျသော လူမျိုးနွယ်စုတစ်ခုတွင် မွေးဖွားလာခြင်းက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဟု မဆိုလိုပေ။ တစ်နည်းအားဖြင့် ဘုရားသခင်က လူတစ်ဦးကို မည်သည့် ပင်ကိုအခြေအနေများ ပေးထားသည်ဖြစ်စေ၊ လူတစ်ဦး၏ ပင်ကိုအခြေအနေများက မည်သို့ပင် ရှိပါစေ၊ ယင်းတို့သည် ထိုသူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ ဥပမာအားဖြင့် လူတစ်ဦး၏ ရုပ်ရည်သွင်ပြင် ကိုယ်၌သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိပေ။ သို့ရာတွင် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် တစ်စုံတစ်ဦးသည် ရုပ်ရည်ချောမောသောအခါ “ငါက လှသည်၊ သို့ဖြစ်၍ ငါ့ထံတွင် အဆင့်အတန်းရှိပြီး လေးစားခြင်းခံရသင့်သည်” ဟု ၎င်းတို့ တွေးကောင်းတွေးနိုင်သည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြသမှုများ ဖြစ်သည်။ အချို့လူများသည် မိမိတို့၏ အားသာချက်များကို အသုံးချရန် မိမိတို့၏ ရုပ်ရည်ချောမောမှုကို အသုံးပြုကြပြီး ထိုသို့ဖြင့် မှားယွင်းသော ပြောဆိုချက်များနှင့် လုပ်ရပ်များစွာကို ထုတ်ဖော်ကြသည်။ ဤပြောဆိုချက်များနှင့် လုပ်ရပ်များအားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြီး ၎င်းတို့၏ ပင်ကိုအခြေအနေများကြောင့် ဖြစ်ပေါ်ရခြင်း မဟုတ်ပေ။ သင့်၌ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ အစွမ်းအစ ကိုယ်တိုင်က ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိပေ။ သင့်၌ အစွမ်းအစကောင်း ရှိသော်လည်း သမ္မာတရားကို နားမလည်ပါက သို့မဟုတ် လက်မခံပါက သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သင်သည် ဘုရားသခင်ကို အတိုက်အခံ လုပ်ပြီး ပုန်ကန်နေဦးမည် ဖြစ်သည်။ သင့်၌ အစွမ်းအစ ညံ့ဖျင်းသော်လည်း သမ္မာတရားကို သင် လက်ခံနိုင်ပါက၊ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် သို့မဟုတ် မလုပ်ဆောင်ရန် ပြောဆိုသည့်အရာကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင် လိုက်နာနိုင်ပါက၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ မပြုမူဘဲ နေနိုင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်လိမ့်မည် မဟုတ်သကဲ့သို့ ကောက်ကျစ်စဉ်းလဲခြင်းဖြစ်စေ၊ ခိုကပ်ခြင်းဖြစ်စေ၊ ဝတ်ကျေတမ်းကျေလုပ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ခြင်းဖြစ်စေ၊ ထင်ရာစိုင်းခြင်းတို့ဖြစ်စေ ရှိလိမ့်မည် မဟုတ်ပေ။ သင့်၌ အစွမ်းအစ ညံ့ဖျင်းသည်ဖြစ်စေ၊ မညံ့ဖျင်းသည်ဖြစ်စေ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသရွေ့ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်လျှင်ပင် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေဦးမည် ဖြစ်သည်။ အကြောင်းမှာ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အသက်အဖြစ် ရှိနေသောကြောင့် သင်သည် အမျိုးမျိုးသော စာတန်ဆန်သည့် အတွေးများနှင့် အမြင်ရှုထောင့်များ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သည့် အတွေးအခေါ်များအပြင် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံ၏ အခြေခံဖြစ်သော စာတန်ဆန်သည့် အမြင်ရှုထောင့်များကို သဘာဝအလျောက် ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ကိုယ်ရည်သွေးမည်၊ မိမိကိုယ်ကို ခုခံကာကွယ်မည်ဖြစ်ကာ အခြားသူများထက် ထင်ပေါ်ကျော်ကြားရန်နှင့် သူတစ်ပါးအပေါ် ဗိုလ်ကျရန်၊ အခြားသူများကို ထိန်းချုပ်ရန်နှင့် အုပ်စိုးရန်ကိုပင် အမြဲတစေ အလိုရှိလိမ့်မည်။ ဤသရုပ်သကန်များ အားလုံးသည် လူတို့၏ စာတန်ဆန်သော သဘာဝမှ မြစ်ဖျားခံသည်။ သင်သည် သင်၏ စာတန်ဆန်သော သဘာဝနှင့် စာတန်ဆန်သော အသက်အပေါ် အခြေခံ၍ အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပါက သင့်၌ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို အတိုက်အခံ လုပ်လိမ့်မည်။ အစွမ်းအစ ကိုယ်တိုင်က ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဆီသို့ ဦးတည်စေခြင်း မရှိပေ။ သင့်၌ အစွမ်းအစ ညံ့ဖျင်းသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်သရွေ့ ယင်းတို့အတိုင်း သင် ပြုမူနိုင်သလော။ သင့်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိပါက သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်မရှင်ပါက သင်သည် ဤအရာကို လုံးဝ အောင်မြင်နိုင်သည်။ သီးခြား အားသာချက်တစ်ခု ပိုင်ဆိုင်ထားခြင်းကို ဥပမာအနေဖြင့် ကြည့်ကြစို့၊ “ငါ့ထံတွင် ဤအားသာချက် ရှိသည့်အတွက် ငါသည် အခြားသူများထက် သာသည်၊ ဘုရားသခင်၏ အိမ်တော်၌ ငါသည် အဆင့်အတန်း ရှိသင့်သည်၊ ငါသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် ဘုရားအိမ်တော်၏ ထောက်တိုင် ဖြစ်သင့်သည်” ဟု လူတို့ မကြာခဏ တွေးတောကြသည်။ ဤအတွေးအခေါ်များသည် အားသာချက်တစ်ခု ရှိခြင်းကြောင့် ဖြစ်ပေါ်ရခြင်း မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ အသက်အဖြစ် ရှိနေသောကြောင့် ၎င်းတို့ ထုတ်ဖော်သည့်၊ အသက်ရှင်နေထိုင်သည့်၊ ပြသသည့် အရာအားလုံးအပြင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ရာတွင် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ ရပ်တည်ချက်များနှင့် စည်းမျဉ်းများ အားလုံးသည် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့၏အသက်အဖြစ် ရှိနေခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ဤအရာများသည် ဘုရားသခင် ၎င်းတို့ကို ပေးထားသော မည်သည့် ပင်ကိုအခြေအနေကြောင့်မျှ ဖြစ်ပေါ်ရခြင်း မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဤစကားများကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤမိတ်သဟာယ၏ ရည်ရွယ်ချက်မှာ သင်တို့၏ အမှန်တကယ်ဖြစ်သော အခြေအနေကို ပို၍ ရှင်းလင်းစွာ နားလည်ပြီး သဘောပေါက်စေရန်နှင့် သင်တို့၏ အစွမ်းအစ မည်သို့ရှိသည်ကို သဘောပေါက်စေရန် ဖြစ်သည်။ ဆင်ခြင်တုံတရားမဲ့သော လူတစ်ဦး မဖြစ်နှင့်၊ အစွမ်းအစ သာမန်ရှိခြင်း သို့မဟုတ် ညံ့ဖျင်းခြင်းနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသော ရုန်းကန်မှုများ မပြုလုပ်နှင့်၊ သို့မဟုတ် သင်၏ အစွမ်းအစ မညံ့ဖျင်းကြောင်း ပြသရန် အဓိပ္ပာယ်မရှိသော ဆင်ခြေများကိုပင် မပေးနှင့်။ ဤလုပ်ရပ်များသည် မည်သည့်တန်ဖိုးမျှ မရှိပေ။ ဤမိတ်သဟာယသည် သင့်အား သင်၏ အစွမ်းအစနှင့် သင်၏ စွမ်းရည်အမျိုးမျိုးကို တိကျစွာ နားလည်စေရန်နှင့် ထို့နောက် သင်၏ သင့်လျော်သော နေရာကို ရှာဖွေပြီး သင်၏ သင့်လျော်သော အဆင့်အတန်းနှင့်အညီ ကျင့်ကြံပြုမူစေရန် ရည်ရွယ်သည်။ ဤသည်က သင့်အား သင့်လျော်သော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်၊ ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ နေရာတွင် သင့်လျော်စွာ ရပ်တည်ရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပို၍ အထောက်အကူပြုလိမ့်မည်။ သေချာသည်မှာ ယင်းက သင့်အား သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပစ်ရန်လည်း အတိုင်းအတာတစ်ခုအထိ ပို၍ အထောက်အကူ ဖြစ်လိမ့်မည်။ သင်၏ အစွမ်းအစ သို့မဟုတ် စွမ်းရည်အမျိုးမျိုးသည် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ ယင်းတို့သည် သင် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်သည့် အတိုင်းအတာကို မဆုံးဖြတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အစွမ်းအစ အဆင့်အတန်းအပေါ် မူမတည်ဘဲ သင်၏ ပင်ကိုအခြေအနေများ မည်သို့ရှိသည်ဟူသည်အပေါ်တွင်မူ သာ၍ပင် မမူတည်ဟု ပြောဆိုနိုင်သည်။ လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ မွေးရာပါ၊ ပင်ကို ဇာတိပကတိအတွင်း၌ ဖြစ်ပေါ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ အတွင်းပိုင်း အသက် ဖြစ်လာခဲ့သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မဖယ်ရှားပစ်ရသေးသောအခါ သင်သည် ဤစာတန်ဆန်သော အသက်အပေါ် အခြေခံ၍ ပြောဆိုပြီး ပြုမူရန် သင်၏ ပင်ကိုအခြေအနေများကို အခွင့်ကောင်းယူသည်။ ဆိုလိုသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မဖယ်ရှားပစ်မီတွင် သင်သည် မိမိ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ဖြစ်မြောက်အောင်မြင်မှုအတွက် အစေခံရန် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေအမျိုးမျိုးကို အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။ ထို့ကြောင့် ငါတို့ ဤသို့ ပြောဆိုနိုင်သည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားပစ်ပါက သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေအမျိုးမျိုးကို အခွင့်ကောင်းယူနေခြင်း သို့မဟုတ် ဖျက်ဆီးနေခြင်း ဖြစ်သည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပစ်ရန် သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တွင် ရှိနေပါက သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေအမျိုးမျိုးကို သင့်လျော်စွာနှင့် ထိရောက်စွာ အသုံးချနေခြင်း ဖြစ်သည်၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင့်အသက်အဖြစ် ထားရှိခြင်းမှ သမ္မာတရားကို သင့်အသက်အဖြစ် ထားရှိခြင်းဆီသို့ ပြောင်းလဲသောအခါ သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေများကို သင့်လျော်စွာနှင့် မှန်ကန်စွာ အသုံးပြုနေခြင်း ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ပို၍ အဓိပ္ပာယ်ရှိသော နည်းလမ်းဖြင့် အသုံးပြုနေခြင်း ဖြစ်သည်။ ယခု သင် နားလည်ပြီလော။ ပင်ကိုအခြေအနေများ ကိုယ်တိုင်က လူသားမျိုးနွယ် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ မူလအကြောင်းရင်း မဟုတ်ပေ။ ထိုအစား လူတို့၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတို့အတွင်း၌ စာတန် ထည့်သွင်းထားသော အသက်သည်သာလျှင် လူသားမျိုးနွယ် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့၏ မူလအကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤကိစ္စရပ်သည် ယခု သင့်အတွက် အခြေခံအားဖြင့် ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)
၆။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်အမျိုးမျိုး
အစွမ်းအစဟူသော ခေါင်းစဉ်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယမဖွဲ့မီတွင် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟူသည့် ကဏ္ဍသုံးရပ်ရှိ အချို့သော သရုပ်သကန်များအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပြီးခဲ့သည့်အကြိမ်က မည်သည့် သရုပ်သကန်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ (ပြီးခဲ့သည့်အကြိမ်က မိတ်သဟာယဖွဲ့ခဲ့သည့် သရုပ်သကန်များမှာ အမှုအရာများကို လုပ်ဆောင်ရာတွင် လုံ့လဝီရိယရှိခြင်း၊ အမှုအရာများကို စနစ်ကျစွာ လုပ်ဆောင်ခြင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် အစကောင်းသော်လည်း အနှောင်းမသေချာခြင်းနှင့် သတိထား၍ လုပ်ဆောင်ခြင်းတို့ ဖြစ်သည့်အပြင် လေကြီးမိုးကြီးပြောခြင်းနှင့် ကြွားဝါခြင်း၊ ပေါ့ဆခြင်း၊ မိမိကိုယ်ကို ဂုဏ်တင်လိုခြင်း၊ ဆင်းရဲသားကို အထင်သေး၍ ချမ်းသာသူကို မျက်နှာလိုက်လုပ်ခြင်း၊ အာဏာရှိသူများကို မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ ထူးကဲသော မှတ်ဉာဏ်ရှိခြင်း စသည်တို့ ဖြစ်ပါသည်။) ဤအရာများနှင့်ပတ်သက်၍ ငါတို့ နောက်ထပ် မိတ်သဟာယဖွဲ့တော့မည် မဟုတ်။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝအပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှုများ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ငါတို့ ဆက်လက် မိတ်သဟာယဖွဲ့ကြမည်။ ဤသရုပ်သကန်များ ဖြစ်ပေါ်လာသည့်အခါ ယင်းတို့သည် မည်သည့် သရုပ်သကန်အမျိုးအစားတွင် ပါဝင်သည်ကို သင် သိရမည်ဖြစ်ပြီး ယင်းတို့ကို သင် ခွဲခြားနိုင်ရမည်ဖြစ်၍ ပိုင်းခြားသိမြင်နိုင်ရမည်။ သို့မှသာ ယင်းတို့ကို သင် တိကျမှန်ကန်စွာ ချဉ်းကပ်နိုင်မည် ဖြစ်သည်။ သရုပ်သကန်အချို့သည် ပြောင်းလဲ၍မရနိုင်သော ပင်ကိုအခြေအနေများနှင့် သက်ဆိုင်ပါက ယင်းနှင့်ပတ်သက်၍ သင် ဂရုစိုက်နေရန် မလိုအပ်ပေ။ ယင်းက ကျော်လွှားနိုင်သော၊ ပြုပြင်နိုင်သော သို့မဟုတ် ပြောင်းလဲနိုင်သော လူ့သဘာဝ၏ အချို့သော ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများတွင် ပါဝင်ပါက ယင်းတို့ကို ပြုပြင်ရန်နှင့် ပြောင်းလဲရန် သင် ကြိုးစားသင့်သည်။ ယင်းတို့ကို ကျော်လွှားရန် မလိုအပ်ဘဲ သင်၏ တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် သမ္မာတရားကို သင်၏ လိုက်စားခြင်းအား ယင်းတို့က မထိခိုက်စေပါက ယင်းတို့ကို သင် အာရုံစိုက်ရန် မလိုအပ်ပေ။ သရုပ်သကန်တစ်ခုသည် ပင်ကိုအခြေအနေများနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်သကဲ့သို့ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုလည်း မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်ပတ်သက်နေပါက ယင်းကို မဖြစ်မနေ ပြောင်းလဲရမည်။ သင်သည် ယင်းကို အသွင်ပြောင်းလဲခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်းခံရသည့် အသက်ပုံသဏ္ဌာန်တစ်ခုသည် သင့်အတွင်း၌ အမြစ်တွယ်ပြီး အာဏာကိုင်စွဲထားသဖြင့် သင် အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သည့်အရာမှာ အခြားသူများနှင့် မသင့်မြတ်နိုင်ခြင်း သို့မဟုတ် အခြားသူများအတွက် မနှစ်မြို့ဖွယ်ဖြစ်ပြီး ၎င်းတို့ကို မတည်ဆောက်ပေးနိုင်ခြင်းကဲ့သို့သော အသေးစား ပြဿနာများမျှသာ မဟုတ်တော့ပေ။ ထိုအစား သင် အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သည့်အရာသည် သမ္မာတရားကို ချိုးဖောက်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို ရန်လိုခြင်းအဆင့်သို့ ရောက်ရှိပြီး ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဤသဘောသဘာဝ ရှိသည်မှာ အတိအကျ ဖြစ်သောကြောင့် ဤသရုပ်သကန်များတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပါဝင်ပတ်သက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိလာရမည်ဖြစ်ပြီး ထို့နောက် သမ္မာတရားကို ရှာဖွေကာ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို နားလည်ပြီး သဘောပေါက်ရမည်။ ပြီးလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အစားထိုးရန် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ သို့မှသာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသက်ကို လွှမ်းမိုးတော့မည် မဟုတ်ဘဲ ယင်းတို့၏ နေရာတွင် သမ္မာတရားသည် သင်၏ အသက်ဖြစ်လာပြီး သင်၏ နေ့စဉ်အသက်တာနှင့် သင် အသက်ရှင်နေထိုင်သည့် အရာကို လွှမ်းမိုးမည်ဖြစ်သည်။
မေ့လျော့တတ်ခြင်း
ငါတို့သည် ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ဆက်လက် မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် နောက်ဆုံး သရုပ်သကန်မှာ မှတ်ဉာဏ်ကောင်းခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မေ့လျော့တတ်ခြင်းသည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။ (ပင်ကိုအခြေအနေများ ဖြစ်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု ဖြစ်ပြီး လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုလည်း ဖြစ်သည်၊ ဤကဏ္ဍနှစ်ခုသာ ဖြစ်သည်။ မေ့လျော့တတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) မဟုတ်သည်မှာ သိသာထင်ရှား၏။ အချို့လူများသည် သဘာဝအလျောက် မှတ်ဉာဏ်ညံ့ဖျင်းသောကြောင့် မေ့လျော့တတ်ကြပြီး အခြားသူများမှာမူ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အိုမင်းလာကာ မှတ်ဉာဏ်ကျဆင်းလာခြင်းကြောင့် မေ့လျော့တတ်လာကြသည်။ မေ့လျော့တတ်ခြင်းသည် မွေးရာပါဖြစ်ပါက ယင်းမှာ ပင်ကိုအခြေအနေများတွင် ပါဝင်သည်။ ယင်းက နောက်မှရရှိလာသော အရာဖြစ်ပါက လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သဘာဝအလျောက် မေ့လျော့တတ်ခြင်းကိုလည်း ချို့ယွင်းချက်တစ်ခုအဖြစ် မှတ်ယူသည်မှာ အမှန်ပင်ဖြစ်သည်၊ မှန်သလော။ (ဟုတ်ပါသည်။)
အမှုအရာများကို မလုပ်ဆောင်မီ ကြိုတင်စီစဉ်တတ်ခြင်းနှင့် အထူးသဖြင့် တွက်ကတ်ခြင်း
အမှုအရာများကို မလုပ်ဆောင်မီ ကြိုတင်စီစဉ်တတ်ခြင်းသည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။ (လူ့သဘာဝ၏ အားသာချက်တစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ အားသာချက်တစ်ခု ဖြစ်သည်။ ကြိုတင်စီစဉ်ရာတွင် ကျွမ်းကျင်သူများသည် တစ်စုံတစ်ရာကို မလုပ်ဆောင်မီ ကြိုတင်စီစဉ်ကြပြီးနောက် စိတ်လိုက်မာန်ပါလုပ်ခြင်း၊ မဆင်မခြင်လုပ်ခြင်း သို့မဟုတ် တဇောက်ကန်းလုပ်ခြင်း မရှိဘဲ အဆင့်များအတိုင်း လိုက်နာလုပ်ဆောင်ကြသည်။ ၎င်းတို့သည် တည်ငြိမ်သော နည်းလမ်းဖြင့် ပြုမူကြပြီး စိတ်ကူးပေါက်ရာ အမှုအရာများကို လုပ်ဆောင်ရန် အလျင်စလိုသွားခြင်းမရှိဘဲ မည်သို့သွားသင့်သည်၊ မည်သူနှင့် သွားသင့်သည်၊ အထူးအခြေအနေများတွင် မည်သို့လုပ်ဆောင်သင့်သည်၊ မည်သည့် စာရွက်စာတမ်းများ သို့မဟုတ် ပစ္စည်းများ ယူဆောင်သွားရန် လိုအပ်သည်၊ ပတ်ဝန်းကျင်အပေါ် မူတည်၍ မရှိမဖြစ်လိုအပ်သော နေ့စဉ်သုံးပစ္စည်းအချို့ကို ယူဆောင်သွားသင့်မသင့် စသည်တို့ကို ကြိုတင်စဉ်းစားကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားနိုင်ကြသည်။ အမှုအရာများကို မလုပ်ဆောင်မီ ၎င်းတို့သည် အချက်အလက်များကို ပိုမို ထည့်သွင်းစဉ်းစားလျက်၊ ၎င်းတို့၏ စဉ်းစားဆင်ခြင်မှုများတွင် ပိုမို စေ့စပ်သေချာလျက် စုံလင်သော ပြင်ဆင်မှုများကို ပြုလုပ်ကြသည်။ ၎င်းတို့သည် အဆင်ပြေသော အခြေအနေများနှင့် အဆင်မပြေသော အခြေအနေများအကြား ကွာခြားချက်ကို ကြိုတင်အကဲဖြတ်ကြလိမ့်မည်ဖြစ်ပြီး အကောင်းဆုံး ဖြစ်လာနိုင်သည့် အခြေအနေနှင့် အဆိုးရွားဆုံး ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ခွဲခြားကြလိမ့်မည်။ ၎င်းတို့သည် အကောင်းဆုံး ရလဒ်များကို ရရှိရန် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် ကြိုတင်စီစဉ်ခြင်းနှင့် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများ ပြုလုပ်ခြင်း၌ ကျွမ်းကျင်ကြသောကြောင့် ကိစ္စရပ်များကို ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းခြင်းမှာ ယေဘုယျအားဖြင့် ပို၍ စေ့စပ်သေချာသည်။ ၎င်းတို့ စီစဉ်သော အမှုအရာများနှင့် ခရီးစဉ်များတွင် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်မှု အကြိမ်ရေ နည်းပါးလာပြီး ၎င်းတို့၏ အလုပ်ရလဒ်များမှာ ပိုမို ကောင်းမွန်လေ့ရှိသည်။ ၎င်းတို့နှင့်အတူ အလုပ်လုပ်သောသူများသည် စိုးရိမ်ပူပန်မှု ခံစားရမည့်အစား ပို၍ စိတ်အေးချမ်းမှု ရရှိကြသည်။ ထို့ကြောင့် ကြိုတင်စီစဉ်ရာ၌ ကျွမ်းကျင်ခြင်းသည် နှိုင်းယှဉ်ချက်အားဖြင့် လူ့သဘာဝ၏ အားသာချက်တစ်ခုဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ယင်းမှာ ကြိုတင်စီစဉ်တတ်ခြင်းအကြောင်း ဖြစ်သည်။ သို့ဆိုလျှင် တွက်ကတ်ခြင်းသည် ကောင်းသလော သို့မဟုတ် မကောင်းသလော။ (မကောင်းပါ။ ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ကြိုတင်စီစဉ်တတ်ခြင်းသည် လူ့သဘာဝ၏ အားသာချက်နှင့် ကောင်းကွက်တစ်ခုဖြစ်ပြီး အပြုသဘောဆောင်သော်လည်း တွက်ကတ်ခြင်းမှာမူ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် လူနှစ်ဦးသည် စုစုပေါင်း ဆယ်ယွမ်ကျသင့်သော အစားအစာတစ်နပ်ကို စားကြပြီး ငွေရှင်းသောအခါ တွက်ကတ်တတ်သူက ငါးယွမ်ခွဲ ပေးရပြီး အခြားတစ်ဦးက လေးယွမ်ခွဲ ပေးရပါက “ဤသည်မှာ မမှန်ပါ၊ သူက ပြားငါးဆယ် လျှော့ပေးလိုက်ရသည်။ တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိစေရန် လူတစ်ဦးစီက ငါးယွမ် ပေးသင့်သည်” ဟု ၎င်း ခံစားရလေသည်။ ၎င်းတို့သည် ထိုမျှလောက် သေးငယ်သော ပမာဏကိုပင် တွက်ချက်ကြသည်။ ၎င်းတို့ နစ်နာသွားသည်ဟု ခံစားရပါက ၎င်းတို့ နေမထိထိုင်မသာ ဖြစ်လာပြီး ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများမှတစ်ဆင့် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ရယူရန် အခွင့်အရေးကို အစဉ်သဖြင့် ရှာဖွေကြသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်မရယူနိုင်ပါက ၎င်းတို့ စားမဝင်အိပ်မပျော် ဖြစ်ကြသည်။ တွက်ကတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤအရာက ဆိုးရွားလာပြီး ကြီးမားသော ကိစ္စရပ်များတွင်ပင် ၎င်းတို့ တွက်ကတ်လာကာ အခြားသူများထံမှ အချောင်ယူရန် သို့မဟုတ် ၎င်းတို့ကို အခွင့်ကောင်းယူရန် အစဉ်သဖြင့် ကြိုးစားလာပါက သို့မဟုတ် ၎င်းတို့၏ တွက်ကတ်မှုများအတွက် ကောက်ကျစ်စဉ်းလဲသော အကြံအစည်များကို မကြာခဏ အသုံးပြုလာပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်လေသည်။ လူတစ်ဦး၏ တွက်ကတ်ခြင်းသည် အခြားသူများကို မထိခိုက်စေပါက သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများကို မနစ်နာစေဘဲ နေ့စဉ်ဘဝ၏ အသေးအဖွဲ ကိစ္စရပ်များတွင်သာ ရှိနေပြီး နောက်ဆုံးတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ မကြာခဏ ကျရှုံးမှုများ သို့မဟုတ် ရလဒ်ဆိုးများကို ဖြစ်ပေါ်စေပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။
ကပ်စေးနှဲခြင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်၏။) ကပ်စေးနှဲခြင်းတွင် မည်သည့် သရုပ်သကန်များ ပါဝင်သနည်း။ ဥပမာအားဖြင့် ကပ်စေးနှဲသောသူတစ်ဦးသည် တစ်နေရာရာသို့ ကားမောင်းသွားခါနီးတွင် တစ်စုံတစ်ယောက်က “သွားမည့်လမ်းကြုံနေ၍ ကျွန်ုပ်ကို တစ်ခါတည်း ကားကြုံခေါ်သွားနိုင်မည်လော။ ငါးမိနစ်ခန့်သာ ကြာမည်ဖြစ်ပြီး သင့်အား ဆီဖိုး အနည်းငယ် ပေးပါမည်” ဟု ပြောဆိုလျှင် သူတို့သည် ထိုသူက ကားစီးပြီးနောက် ငွေမရှင်းမည်ကို စိုးရိမ်၍ အကြောင်းပြချက် တစ်ခုခုရှာကာ လိုက်ခွင့်မပေးဘဲ ငြင်းပယ်လိုက်၏။ ဤသည်မှာ ကပ်စေးနှဲခြင်း ဖြစ်၏။ တစ်စုံတစ်ယောက်က သူတို့ထံမှ တစ်စုံတစ်ခုကို ငှားရန် တောင်းဆိုလာပြီး သူတို့က မငှားလိုသောအခါ “ကျွန်ုပ် ယခု သုံးနေသည်။ သင့်ကို ငှားပေးရန် အဆင်မပြေပါ။ တခြားသူကို မေးကြည့်သင့်သည်” ဟု ပြောတတ်သူများလည်း ရှိသေး၏။ သူတို့သည် အလွန် နှမြောတွန့်တို၍ သိမ်ဖျင်း၏။ သူတို့၌ ပုံမှန် လူအချင်းချင်း အပြန်အလှန်ဆက်ဆံမှုများ မရှိဘဲ သူတစ်ပါး၏ အခွင့်ကောင်းယူခြင်းကို ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့ကြပြီး မိမိတို့ကမူ သူတစ်ပါးအပေါ် အချောင်ယူရန် အမြဲ မျှော်လင့်နေကြ၏။ ဤသည်ကို ကပ်စေးနှဲခြင်းဟု ခေါ်၏။ သင်က ထမင်းတစ်နပ်နှင့် အခြားအရာများ ဝယ်ရန် ယွမ်ငွေတစ်ဆယ် ချေးရန် တောင်းဆိုသောအခါ “ကျွန်ုပ်သည် သင့်အား ငါးယွမ်သာ ချေးနိုင်သည်၊ ထိုထက် တစ်ပြားမျှပင်ပို၍ မချေးနိုင်ပါ” ဟု အကောက်ကြံသူများလည်း ရှိသေး၏။ နောက်တစ်နေ့ သင့်ကို တွေ့သောအခါ သူတို့က “ဟင်းလျာက မည်သို့နေသနည်း။ ငါးယွမ်လုံးလုံး သင်သုံးပစ်လိုက်သလား” ဟုပင် မေးတတ်ကြ၏။ သူတို့၏ စကားများက “ငွေမြန်မြန်ပြန်ပေးပါ။ သင်သည် ကျွန်ုပ်ကို ထိုထမင်းဖိုး ပေးစရာရှိသေးသည်။ ငွေပြန်မပေးလျှင် သင်သည် ကျွန်ုပ်ကို တစ်နပ်စာ ပြန်ကျွေးရမည်” ဟူသော အထာနှင့်ပြော၏။ ဤသို့သော လူစားမျိုးတို့သည် မိမိတို့၏ ကျင့်ကြံပြုမူမှုတွင် အလွန် သဘောထားသေးသိမ်ပြီး တွက်ကတ်ရာ၌ ကျွမ်းကျင်လိမ္မာကြ၏။ သူတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သက်လျှင်သာ တွက်ချက်ရာ၌ ကျွမ်းကျင်သည် မဟုတ်ဘဲ လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးများတွင် တွက်ကတ်ရာ၌လည်း အထူးပင် ကျွမ်းကျင်ကြ၏။ တစ်စုံတစ်ယောက်က သူတို့ကို မည်သို့ပင် ပြောစေကာမူ သူတို့သည် ၎င်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို အစဉ်သဖြင့် စေ့ငုံ၍ စဉ်းစားကြံဆကြသည်။ ထိုစကားများက သူတို့ကို ထိခိုက်နစ်နာစေလျှင် သို့မဟုတ် သူတို့၏ အကျိုးစီးပွားကို ထိပါးလျှင် သူတို့သည် ချက်ချင်း လက်တုံ့ပြန်ကြ၏။ စကားစမြည်ပြောဆိုရာ၌ပင် သူတို့သည် အချောင်ယူရန် ကြိုးပမ်းကြပြီး တစ်စက်မျှပင် အနစ်နာမခံဘဲ ခေါင်းမာစွာ ငြင်းဆန်ကြ၏။ ဤသည်မှာ သဘောထားသေးသိမ်ခြင်း သို့မဟုတ် ကပ်စေးနှဲခြင်းမျှသာ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်နေလေပြီ။ ၎င်းတွင် နေ့စဉ် ရုပ်ဝတ္ထုနှင့် ငွေကြေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ၌ အစဉ်သဖြင့် အချောင်ယူရန်နှင့် နစ်နာမှုများကို ရှောင်ရှားရန် ကြိုးပမ်းခြင်းသာ ပါဝင်ပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဆင့်သို့ မရောက်သေးပေ။ သို့သော်လည်း ယင်းတွင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများ ပါဝင်လာပါက ၎င်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဆင့်သို့ တက်သွားလေ၏။ သို့ဖြစ်လျှင် ရက်ရောခြင်းသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ (လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးနှင့် သက်ဆိုင်၏။) ဤသည်ကို လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခုအဖြစ် အမျိုးအစားခွဲခြားနိုင်၏။ သူတစ်ပါးနှင့် ဆက်ဆံရာတွင် ရက်ရောသောသူတို့သည် အကျိုးအမြတ်နှင့် နစ်နာဆုံးရှုံးမှုများကို များစွာ အလေးမထားကြပေ။ သူတစ်ပါးက အနည်းငယ် အခွင့်အရေး ယူသွားသည့်အခါ သို့မဟုတ် သူတို့ထံမှ တစ်စုံတစ်ခုကို အနည်းငယ် ယူသွားသည့်အခါ သို့မဟုတ် တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က ချေးထားသောငွေကို ပြန်မဆပ်သည့်အခါမျိုးတွင် သူတို့သည် ထိုသို့သော အရာများနှင့်ပတ်သက်၍ အမှန်တကယ် တွက်ကတ်ခြင်း မပြုကြပေ။ သူတို့သည် သူတစ်ပါးအပေါ် အတော်အတန် ရက်ရော၍ သည်းခံခွင့်လွှတ်တတ်ကြ၏။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းမြတ်သော အရည်အသွေးတစ်ခု ဖြစ်၏။
စိတ်သဘောထား သေးသိမ်ခြင်း
စိတ်သဘောထား သေးသိမ်ခြင်းသည် မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စိတ်သဘောထား သေးသိမ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ (အသေးအဖွဲ ကိစ္စရပ်များကို ချစ်တီးခေါင်းသန်းရှာခြင်း ဖြစ်ပါသည်။) ဥပမာအားဖြင့် အစားစားနေစဉ်တွင် သင်က စိတ်သဘောထား သေးသိမ်သူတစ်ဦးကို “သင်က အမှန်တကယ် အစားကြီးသည်၊ လူအများစုထက် ပိုစားသည်” ဟု ပြောလျှင် ၎င်းက “သင်က ကျွန်ုပ်ကို အစားပုတ်ဟု ခေါ်နေခြင်းလော” ဟု ဒေါသထွက်သည်။ သင်က မရည်ရွယ်ဘဲ ၎င်းတို့ကို နာကျင်စေသည့် သို့မဟုတ် စိတ်ဆိုးစေသည့် မှတ်ချက်တစ်ခုကို ပေးမိလိုက်ရာ ၎င်းတို့က ယင်းကို အသည်းစွဲမှတ်ထားပြီး လက်လွှတ်မည် မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို လဝက်ခန့် စိတ်ဆိုးနေနိုင်ပြီး စကားပြောရန် ငြင်းဆန်နိုင်သဖြင့် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ လက်တွေ့တွင် သင်က ၎င်းတို့ကို လှောင်ပြောင်လိုစိတ်မရှိဘဲ ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သော်လည်း ၎င်းတို့က ဤမှတ်ချက်ကို မမျှော်လင့်ဘဲ ပုံကြီးချဲ့ကာ ၎င်းတို့ ရယ်မောခံနေရသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကိစ္စအသေးအဖွဲလေးကိုပင် အသည်းစွဲမှတ်ထားပြီး အဆုံးမရှိ ပုံကြီးချဲ့ကာ အမှုအရာများကို ချစ်တီးခေါင်းသန်းရှာလျက် လုံးဝ သည်းခံခြင်းမရှိပေ။ ဤသည်မှာ စိတ်သဘောထား သေးသိမ်ခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် မည်မျှ စိတ်သဘောထား သေးသိမ်နိုင်သနည်း။ ၎င်းတို့သည် ကလေးများကဲ့သို့ တစ်ဇွတ်ထိုးနိုင်သဖြင့် မည်သူမျှ ၎င်းတို့ကို မထိရဲကြပေ။ ၎င်းတို့နှင့် ဆက်ဆံသောအခါ သင်သည် ၎င်းတို့ကို ပုံမှန်အတိုင်း စကားမပြောရဲဘဲ အစဉ်သဖြင့် သတိထားရသည်၊ အကြောင်းမှာ သင် ထိုသို့ပြုလုပ်ပါက သင်ပြောသည့် မည်သည့်အရာမဆိုသည် ၎င်းတို့ကို စော်ကားစေနိုင်သည် သို့မဟုတ် နာကျင်စေနိုင်ပြီး ယင်းက အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်တစ်ကြိမ် သင် တွေ့ဆုံသောအခါ ၎င်းတို့က သင့်ကို မျက်နှာထားတင်းတင်းဖြင့် ဆက်ဆံမည်၊ မျက်လုံးချင်းဆုံခြင်းကို ရှောင်ကြဉ်မည်ဖြစ်ပြီး ပစ္စည်းများကို ပစ်ပေါက်ရိုက်ခွဲခြင်းပင် ပြုလုပ်လိမ့်မည်။ သင်က ၎င်းတို့ကို စကားပြောရန် ကြိုးစားပါက ၎င်းတို့က သင့်ကို လျစ်လျူရှုလိမ့်မည်။ ၎င်းတို့နှင့် အမှုအရာများကို ဆွေးနွေးခြင်းကဖြစ်စေ၊ ၎င်းတို့ကို ချော့မော့ရန် ကြိုးစားခြင်းကဖြစ်စေ အလုပ်ဖြစ်မည် မဟုတ်ပေ။ သင်က ၎င်းတို့အနီးတွင် ထိုင်ပါက ၎င်းတို့က သင့်ကို ရှောင်ဖယ်ပြီး လျစ်လျူရှုလိမ့်မည်။ ၎င်းတို့၏ အသက်အရွယ်က မည်သို့ပင်ရှိစေကာမူ ၎င်းတို့သည် ကလေးဆန်သော စိတ်ကောက်ခြင်းများကို အစဉ်သဖြင့် လုပ်ဆောင်နေပြီး တစ်ဇွတ်ထိုး ပြုမူနေကြသည်။ ဤသည်မှာ စိတ်သဘောထား သေးသိမ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤကဲ့သို့သော လူများသည် အဆင်ပြေအောင် ပေါင်းသင်းရန် အလွန်ခက်ခဲသည်။ ညီအစ်ကိုမောင်နှမများက တစ်ဦး၏ ချို့ယွင်းချက်များကို တစ်ဦးက ထောက်ပြလျက် အတူတကွ ရင်ဖွင့်ကာ မိတ်သဟာယဖွဲ့ကြသောအခါ မည်သူမျှ ဤလူစားမျိုးကို တစ်စုံတစ်ရာ ထောက်ပြရဲခြင်း မရှိကြပေ။ သို့သော် ၎င်းတို့သည် မိတ်သဟာယဖွဲ့ခြင်းတွင် မပါဝင်ရပါက ၎င်းတို့ မကျေမနပ်ဖြစ်လာပြီး “သင်တို့အားလုံးက အချင်းချင်း ကူညီလျက် အတူတကွ ရင်ဖွင့်ကာ မိတ်သဟာယ ဖွဲ့ကြသော်လည်း ကျွန်ုပ်ကို ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မဆက်ဆံကြပါ” ဟူသော အတွေးအချို့ စတင်ရှိလာကြသည်။ ၎င်းတို့ကို တစ်စုံတစ်ရာမျှ မပြောဘဲနေခြင်းက မကောင်းပေ။ သင်သည် ၎င်းတို့ကို “သင်က လူကောင်းတစ်ယောက်ပါ၊ သို့သော် တစ်ခါတစ်ရံတွင် သင်က စိတ်ဆတ်သည်။ သို့ရာတွင် ကျွန်ုပ်တို့၌လည်း အမှားများ ရှိပြီး မကြာခဏဆိုသလို ကျွန်ုပ်တို့ ပြောဆိုနေသည့်အရာကို သတိမထားမိတတ်ကြပါ” ဟု တစ်စုံတစ်ရာ အနည်းငယ် ပြောရသည်။ သင်က ထိုနည်းလမ်းအတိုင်း မပြောဘဲ ၎င်းတို့တွင် စိတ်ဆတ်ပြီး စိတ်သဘောထား သေးသိမ်သည်ဟုသာ ပြောပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ၎င်းတို့နှင့် ဆက်ဆံသောအခါ သင်သည် အထူးသတိထားရမည်ဖြစ်ပြီး ဂရုတစိုက် ပြောဆိုရမည်။ သင်က မသင့်လျော်သော စကားတစ်ခွန်း ပြောမိပါက အကျိုးဆက်များကို သင် ခံရလိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှင့် ဆက်ဆံရခြင်းမှာ အထူးပင်ပန်းလှသည်။ ဘာသာတရား မရှိသူများတွင် ဤအရာအတွက် ဝေါဟာရတစ်ခု ရှိသည်။ ၎င်းတို့က ဤလူစားမျိုးတွင် “ဖန်ကဲ့သို့ ကျိုးပဲ့လွယ်သော စိတ်နှလုံးများ” ရှိသည်ဟု ပြောကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အထူးသဖြင့် အလွယ်တကူ နာကျင်တတ်ကြသည်။ အနည်းငယ်မျှသော အကြောင်းအရာလေးဖြင့် ဤကဲ့သို့သော လူများသည် နာကျင်ရသည်ဟု ခံစားရကာ ငိုကြွေးကြသည်၊ အစာမစားဘဲ နေကြသည်၊ အိပ်မပျော်ဘဲ ဖြစ်ကြပြီး အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့က “သင်တို့အားလုံးက ကျွန်ုပ်ကို လူကောင်းမဟုတ်ဟု ပြောကြသည်။ သင်တို့ထဲမှ မည်သူမျှ ကျွန်ုပ်ကို မကြိုက်ကြပါ၊ သင်တို့ထဲမှ မည်သူမျှ ကျွန်ုပ်ကို စကားမပြောကြပါ၊ သင်တို့အားလုံး ကျွန်ုပ်ကို ရှောင်ဖယ်ကြပြီး ကျွန်ုပ်အနားတွင် မနေချင်ကြပါ” ဟု ပြောဆိုကြသည်။ ဤသည်မှာ ကလေးဆန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက “သင်၏ စိတ်နှလုံးသည် ဖန်ကဲ့သို့ အလွန် ကျိုးပဲ့လွယ်သည်၊ အနည်းငယ် နာကျင်ရုံမျှဖြင့် ယင်းက ကျိုးပဲ့သွားသည်။ သင့်ကို မည်သူက ဖော်ထုတ်ရဲမည်နည်း။ သင့်ကို မည်သူက ဆက်ဆံရဲမည်နည်း။ လူတိုင်းက ထိုသို့ပြုလုပ်ရန် ကြောက်ရွံ့ကြသည်” ဟု ပြောလေသည်။ ဤလူစားမျိုးတွင် လူ့သဘာဝ ဆိုးယုတ်သည်ဟု ပြောဆိုခြင်းက ဓမ္မဓိဋ္ဌာန်ကျမည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့် ဒုစရိုက်အမှုကိုမျှ အမှန်တကယ် မကျူးလွန်ကြပေ။ ၎င်းတို့သည် အထူးသဖြင့် စိတ်ကောက်တတ်ကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် တစ်ဇွတ်ထိုးနိုင်ပြီး ဇီဇာကြောင်ကာ ကလေးကဲ့သို့ စိတ်ဆတ်ကြသည်။ သင်သည် ၎င်းတို့နှင့် ထိပ်တိုက်တွေ့၍မရ သို့မဟုတ် ၎င်းတို့ကို ရန်စ၍ မရပေ။ သင်က ၎င်းတို့အပေါ် သည်းခံပါက သင်သည် ၎င်းတို့ကို အထင်သေးပြီး အလေးအနက်မထားဟု ၎င်းတို့က ပြောကြသည်။ သင်က ၎င်းတို့နှင့် အလေးအနက်ထား ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် ဇီဇာကြောင်သည်ဟု ၎င်းတို့က ပြောကြသည်။ သင် မည်သို့လုပ်ဆောင်သည်ဖြစ်စေ မှားယွင်းနေသည်။ ဤလူစားမျိုးနှင့် ဆက်ဆံသောအခါ သင်၏ ချဉ်းကပ်ပုံက သင့်လျော်ပြီး ၎င်းတို့ကို သင် ကျေနပ်အောင် လုပ်ဆောင်နိုင်ပါက ၎င်းတို့၏ အစွမ်းအစ အနည်းငယ် ညံ့ဖျင်းလျှင်ပင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ သို့သော် သင်၏ ချဉ်းကပ်ပုံက မသင့်လျော်ဘဲ တစ်စုံတစ်ရာက ၎င်းတို့ကို စိတ်ဆိုးစေပါက ၎င်းတို့ အပျက်သဘောဆောင်လာကြပြီး ၎င်းတို့ကို ချော့မော့ရန် နည်းလမ်းများကို သင် ဦးနှောက်ခြောက်အောင် စဉ်းစားရသည်။ စိတ်သဘောထား သေးသိမ်သူများသည် အလွန် ဒုက္ခပေးတတ်ကြသည်။ အသေးအဖွဲ ကိစ္စရပ်တစ်ခုအပေါ် ၎င်းတို့သည် မျက်လုံးများ နီရဲလာသည်အထိ အချိန်ကြာမြင့်စွာ ငိုကြွေးနိုင်ကြသည်။ အသေးအဖွဲ ကိစ္စရပ်တစ်ခုက ၎င်းတို့ အလိုရှိသည့်အတိုင်း မဖြစ်ပါက ၎င်းတို့သည် နာရီပေါင်းများစွာ စူပုတ်နေတတ်ကြသည်။ ၎င်းတို့ စိတ်ဆိုးနေချိန်တွင် အခြားသူများကို ဂရုမစိုက်ဘဲ သို့မဟုတ် စကားမပြောဘဲ လဝက်ခန့် နေနိုင်ကြသည်။ ဤလူစားမျိုးသည် စိတ်ဆတ်ပြီး စိတ်သဘောထား သေးသိမ်ကြသော်လည်း ၎င်းတို့ လုပ်ဆောင်ရမည့် အလုပ်ကို လုပ်ဆောင်ကြဆဲဖြစ်သည်။ ၎င်းတို့က ဒေါသဖြင့် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်အခြေအနေ ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကောင်းစွာ ပြန်လည်လုပ်ကိုင်နိုင်ကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ဤချို့ယွင်းချက်နှင့် ပြဿနာသည် ဆိုးရွားသည်။ ၎င်းတို့သည် တင်းမာသော အငွေ့အသက်တစ်ခုကို ဖန်တီးနိုင်ဖွယ်ရှိပြီး မိမိတို့ကိုယ်တိုင်နှင့် အခြားသူများအတွက်ပါ ဒုက္ခရောက်စေကာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတတ်သည်။ ဤလူစားမျိုးတွင် လူကြီးများ၏ သဘောထားကြီးမှု သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူကြီးများ၏ သဘောထား မရှိကြပေ။ ၎င်းတို့သည် အသက်ဆယ်နှစ်အရွယ် ကလေးများနှင့် အနည်းငယ် တူသည်။ ၎င်းတို့သည် အမှန်တကယ် လိမ္မာရေးခြား မရှိသောကြောင့် ၎င်းတို့ကို လိမ္မာရေးခြားရှိသည်ဟု သင် မပြောနိုင်သော်လည်း ၎င်းတို့သည် လူကြီးများကဲ့သို့ အစဉ်သဖြင့် ပြောဆိုတတ်သောကြောင့် ၎င်းတို့ကို ရင့်ကျက်မှုမရှိဟုလည်း သင် မပြောနိုင်ပေ။ သင်က ၎င်းတို့ကို လူကြီးများကဲ့သို့ ဆက်ဆံပါက သင်ပြောသည့် မည်သည့်အရာမဆိုသည် ၎င်းတို့ကို မကျေမနပ် ဖြစ်စေပြီး ၎င်းတို့အား ဘောင်ခတ်ခံရသည်ဟု ခံစားရစေကာ ကလေးတစ်ဦးကဲ့သို့ ရုတ်တရက် ဒေါသတကြီး ပေါက်ကွဲစေနိုင်ဖွယ် ရှိသည်။ သို့သော် သင်က ၎င်းတို့ကို ကလေးများကဲ့သို့ ဆက်ဆံပါက သင်သည် ၎င်းတို့ကို အထင်သေးသည်ဟု ၎င်းတို့ ခံစားကြရသည်။ အတိုချုပ်ပြောရလျှင် ၎င်းတို့သည် အလွန် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ဤပြဿနာမျိုး ရှိပါက ၎င်းတို့သည် ပြောင်းလဲသင့်ပြီး သည်းခံတတ်ရန်နှင့် ခွင့်လွှတ်တတ်ရန် သင်ယူဖို့ ကြိုးစားသင့်သည်။ ကိစ္စရပ်များကို မှန်ကန်သော နည်းလမ်းဖြင့်၊ မှန်ကန်သော သဘောထားဖြင့် ချဉ်းကပ်ကိုင်တွယ်ရန်နှင့် ပုံမှန်လူများ၏ ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် အခြားသူများနှင့် ဆက်ဆံရန် သင်ယူဖို့ ကြိုးစားသင့်သည်။ လူအများစုက သမ္မာတရားကို သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် မှန်ကန်သော နည်းလမ်းကို လက်မခံလျှင်ပင် သင်သည် ဤအရာ၏ ဘောင်ခတ်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံရသင့်သကဲ့သို့ ဤအရာ၏ ကန့်သတ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်းကိုလည်း မခံရသင့်ပေ။ သင်သည် အမှုအရာများကို မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်ရန် ဆက်လက်၍ ဇွဲရှိသင့်သည်။ သင် ခက်ခဲသည်ဟု ခံစားရလျှင်ပင် လက်မလျှော့ပါနှင့်။ ဤသည်မှာလည်း သင်ယူမှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တဖြည်းဖြည်းနှင့် သင်၏ လူ့သဘာဝ၊ အမြော်အမြင်နှင့် အခြားသော ကဏ္ဍများသည် ရင့်ကျက်လာမည်ဖြစ်ပြီး သင် ကြီးထွားတိုးတက်လာလိမ့်မည်။ ကြီးထွားတိုးတက်လာခြင်း၏ အမှတ်အသားမှာ အဘယ်နည်း။ ယင်းမှာ လူအများစုနှင့် သဟဇာတ ဖြစ်အောင် ပေါင်းသင်းနိုင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာကို ပြောဆိုသောအခါ၊ နောက်ပြောင်သောအခါ သို့မဟုတ် သင့်ကို နာကျင်စေသော တစ်စုံတစ်ရာကို ပြောဆိုသောအခါ ယင်းကို သည်းခံနိုင်ခြင်း၊ နားလည်ပေးနိုင်ခြင်းနှင့် မှန်ကန်စွာ ချဉ်းကပ်နိုင်ခြင်း ဖြစ်သည်။ အခြားသူများ ပြောဆိုသည့်အရာက နားထောင်ရဆိုးသော်လည်း သင်၏ လက်တွေ့အခြေအနေကို ထင်ဟပ်နေပါက သင်သည် ယင်းကို လက်ခံသင့်ပြီး အသိအမှတ်ပြုသင့်သည်။ တစ်စုံတစ်ဦးက သင့်ကို စော်ကားသည့် တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ ပြောဆိုမိပြီး ယင်းမှာ မရည်ရွယ်ဘဲ ဖြစ်သည်ကို သင် မြင်ပါက သင်သည် သည်းခံခြင်းကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သင့်သည်။ တစ်စုံတစ်ဦးက သင့်ကို တမင်ရည်ရွယ်ပြီး အလွန် နာကျင်စေသော စကားအချို့ကို ပြောဆိုပါက သင်သည် တည်ငြိမ်ရန်၊ ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ရှာဖွေရန် လိုအပ်သည်။ “၎င်းက ကျွန်ုပ်ကို အဘယ်ကြောင့် ဤကဲ့သို့ ပစ်မှတ်ထားသနည်း။ ၎င်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းသည် ဆိုးယုတ်သောသူလော၊ သို့မဟုတ် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းလော။ ၎င်းသည် ဆိုးယုတ်သောသူဖြစ်ပါက ကျွန်ုပ်သည် ၎င်းနှင့်ပတ်သက်၍ ပိုမို ပိုင်းခြားသိမြင်ရန်နှင့် သတိထားရန် လိုအပ်သည်။ ၎င်း ပြောဆိုသည့်အရာက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီပါက ကျွန်ုပ် လက်ခံမည်။ ယင်းက မမှန်ကန်ပါက ၎င်းနှင့် ငြင်းခုံနေရန်လည်း မလိုအပ်ပေ။ ၎င်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်နေခြင်းဖြစ်ပါက ၎င်းအနေဖြင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ ကျွန်ုပ် ကြည့်မည်။ ၎င်းက သမ္မာတရားကို လက်ခံနိုင်ပါက ကျွန်ုပ်သည် ၎င်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့မည်။ ၎င်းသည် သမ္မာတရားကို လက်မခံပါက ကျွန်ုပ်သည် သည်းခံခြင်းကိုသာ လက်တွေ့လုပ်ဆောင်နိုင်သည်” ဟူ၍ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ပြဿနာ ပြေလည်သွားသည် မဟုတ်လော။ ဤသို့ဖြင့် သင်သည် လူအမျိုးမျိုးနှင့် ဆက်ဆံသောအခါ အပြန်အလှန် သည်းခံခြင်း၊ အပြန်အလှန် ကူညီခြင်းတို့ဖြင့် ဆက်ဆံနိုင်ပြီး ၎င်းတို့နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းနိုင်သည်၊ ဤသည်မှာ စိတ်သဘောထား သေးသိမ်သူတစ်ဦး ဖြစ်ခြင်းထက် အစဉ်သဖြင့် ပိုကောင်းသည်။ စိတ်သဘောထား သေးသိမ်သောလူများသည် တစ်ဖက်တွင် အခြားသူများကို သိသာထင်ရှားသော အနေရခက်မှုကို ဖြစ်စေပြီး အခြားတစ်ဖက်တွင် ၎င်းတို့သည် မည်သည့်အုပ်စုနှင့်မဆို သင့်မြတ်ရန် ပျက်ကွက်ကာ အလွန် အထီးကျန်ပြီး မဝင်ဆံ့ဟု ထင်ရသည်။ ကြင်နာတတ်သော လူအချို့က သင့်ကို သနားကြလိမ့်မည်ဖြစ်ပြီး လူတိုင်းက သင့်ကို အမှန်တကယ် ကူညီချင်ကြလိမ့်မည်။ အကြောင်းမှာ သင်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ သို့သော် သင်သည် သင့်ကိုယ်သင် အစဉ်သဖြင့် သီးခြားနေပြီး ဤကဲ့သို့ တစ်ကိုယ်တည်း ကျန်ရှိနေသောအခါ သင်သည် အခြားသူများအတွက် အနေရခက်စေသည်ဟု မထင်မှတ်သလော။ (ထင်မှတ်ပါသည်။) သင် အဘယ်ကြောင့် မဝင်ဆံ့ရသနည်း။ အကြောင်းမှာ သင့်တွင် လူ့သဘာဝ၏ ဤချို့ယွင်းချက် ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ယင်းကို ကျော်လွှားရန် ကြိုးစားသင့်ပြီး တဖြည်းဖြည်း ပြောင်းလဲသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။)