ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤလူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤလူမျိုးသည် ဘုရားသခင်၏အမှုအဖို့ အဖြည့်ခံတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်ထဲက အလှဆင်မှုတစ်ခုပမာ၊ မလိုလားအပ်သကဲ့သို့ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အသုံးမပြုပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ ဤလူစားမျိုးသည် အမှန်တွင် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုနိုင်သည့်အရာ ဘာမျှမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံးသည် စာတန်၏ အပိုင်စီးခြင်း ခံရကာ အလွန်အမင်း ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို သုတ်သင်ဖယ်ရှားလိမ့်မည်။ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်သည်ဟု ယူဆပါစို့၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ချီးမွမ်းမှုကို သင် ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိ မရှိ ဆိုသည်အတွက် အဓိကသော့ချက်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိ မရှိဆိုသည့်အရာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ဦးကို ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို အသုံးပြုသောအခါ ယင်းက ၎င်းတို့အား ဘယ်သောအခါမျှ အပျက်သဘော မဆောင်စေဘဲ အမြဲတစေ တက်တက်ကြွကြွ တိုးတက်စေသည်။ ဤလူသည် အားနည်းချက်များ ရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ဘဝများကို အသက်ရှင် နေထိုင်ပုံအား ထိုအားနည်းချက်များအပေါ် အခြေခံခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏အသက်တာ၌ ကြီးထွားမှုနှောင့်နှေးခြင်းကို ရှောင်ရှားနိုင်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့ ဆက်လက် ကြိုးစားနိုင်ပေသည်။ ဤသည်မှာ စံနှုန်းတစ်ခုပေတည်း။ ဤအရာကို သင် ရယူနိုင်ပါက ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင်ရရှိပြီးဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ လူတစ်ဦးသည် အမြဲတစေ အပျက်သဘောဆောင်ပါက၊ ပြီးလျှင် ဉာဏ်အလင်းပေးမှုကို ရရှိပြီး မိမိတို့ကိုယ်ကိုယ် သိရှိလာပြီးနောက်တွင်ပင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ မတုန်မလှုပ် ဖြစ်မြဲဖြစ်ပြီး၊ ထရပ်ကာ ဘုရားသခင်နှင့်အတူ ပူးပေါင်းလျက် မလုပ်ဆောင်နိုင်ပါက၊ ဤလူစားမျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိပေ။ လူတစ်ဦး အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မလှည့်သေးသကဲ့သို့၊ ၎င်းတို့၏ စိတ်ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိမခံရသေးဟု ဆိုလိုပေသည်။ ဤအရာကို လူအားလုံး နားလည်သင့်ပေသည်။

ဘုရားသခင်ရှေ့မှောက်တွင် မိမိ၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းသည် အရေးကြီးဆုံးသော ကိစ္စများထဲမှတစ်ခုဖြစ်ကြောင်း အတွေ့အကြုံမှ သိမြင်နိုင်သည်။ ဤကိစ္စသည် လူတို့၏ဝိညာဉ်ရေးအသက်တာနှင့် သက်ဆိုင်သောကိစ္စ၊ ထို့အပြင် ၎င်းတို့၏ အသက်တာများထဲ ကြီးထွားခြင်းနှင့်သက်ဆိုင်သော ကိစ္စဖြစ်သည်။ ဘုရားသခင် မျက်မှောက်တွင် သင့်စိတ်နှလုံးငြိမ်းချမ်းနေမှသာလျှင် သင်၏သမ္မာတရား လိုက်စားမှုနှင့် သင်၏စိတ်သဘောထားတွင်း၌ ပြောင်းလဲမှုများ သီးပွင့်ပေမည်။ သင်သည် ဝန်ထုပ်ကိုထမ်းလျက် ဘုရားသခင်ရှေ့မှောက်ကို ရောက်လာသောကြောင့်နှင့် သင်သည် နည်းလမ်းပေါင်းများစွာဖြင့် ချို့တဲ့နေသည်ဟု အမြဲတစေခံစားရလျက် ရှိသောကြောင့်၊ သင်သိရန်လိုသည့် သမ္မာတရားများစွာနှင့် သင်ကြုံတွေ့ရန်လိုသည့် လက်တွေ့တရား များစွာရှိနေပြီး၊ ဘုရားသခင်၏အလိုတော်ကို အလုံးစုံဂရုပြုရမည်ဟု သင်အမြဲခံစားရ သောကြောင့်- ဤအရာတို့သည် သင့်စိတ်ထဲ အမြဲတစေရှိနေသည်။ ယင်းသည် သင့်ကို အင်အားဖြင့် ဖိထားသကဲ့သို့ဖြစ်ရာ သင်သည် အသက်မရှူနိုင်ဘဲ ဖြစ်ကျန်ရစ်သဖြင့် (သင်သည်အပျက်သဘောဆောင်သည့် အနေအထား၌မရှိလင့်ကစား) သင်သည် စိတ်နှလုံး လေးလံမှုကို ခံစားရသည်အလားဖြစ်သည်။ ထိုသို့သော လူသားများသည်သာ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကို လက်ခံရန်နှင့် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိမှုကိုရရန်၊ သတ်မှတ်ချက်နှင့်ပြည့်မီသည်။ ၎င်းတို့၏ ဝန်ထုပ်ကြောင့်၊ ၎င်းတို့သည် စိတ်နှလုံးလေးလံလျက်ရှိကာ သူတို့ပေးချေခဲ့သည့် အဖိုးအခနှင့် ဘုရားသခင်မျက်မှောက်တွင် သူတို့ခံရသည့် ဒုက္ခကြောင့် သူတို့သည် ကိုယ်တော်၏ အသိဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိသည်ဟု ဆိုနိုင်သည်။ အကြောင်းမူကား ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အထူးအရေးပေးခြင်းမရှိ။ ကိုယ်တော်သည် လူများအပေါ်ဆက်ဆံရာတွင် အမြဲတစေ တရားမျှတသည်။ သို့သော် ကိုယ်တော်သည် လူများအား စိတ်ကူးပေါက်သလို၊ သို့မဟုတ် ခြွင်းချက်မရှိပေးသနားခြင်း မပြုပေ။ ဤသည်မှာ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်သည်။ လက်တွေ့ဘဝတွင် လူများစုသည် ယင်းနယ်ပယ်ကို မရသေးပေ။ အနည်းဆုံးအနေဖြင့် သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးသေးသဖြင့်၊ သူတို့၏အသက်တာစိတ်သဘောထားတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုတလေမျှ ဖြစ်မလာသေးပေ။ ယင်းမှာ သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ထဲ၌သာ နေထိုင်ခြင်းကြောင့်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုမရသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အသုံးပြုခြင်းခံရစေရန် လူတို့ ပြည့်မီရမည့် စံနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်- သူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ဝန်ကို ထမ်းဆောင်သည်၊ တမ်းတသောစိတ်နှလုံးရှိသည်၊ ထို့အပြင် သမ္မာတရားကို ရှာဖွေရန် သန္နိဌာန်ချထားသည်။ ထိုကဲ့သို့သောလူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိနိုင်ကာ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏရရှိကြသည်။ ဘုရားသခင် အသုံးပြုသော သူများသည် လျော်ကန်စွာ စကားဆိုပြီး၊ ပေါ့ပေါ့ဆဆပြောဆိုခြင်းမပြုသည့်အပြင်၊ ဘုရားသခင် ရှေ့မှောက်တွင် အမြဲတစေ ငြိမ်းချမ်းသော စိတ်နှလုံးထားရှိနိုင်သော်လည်း၊ အပြင်ပန်းတွင် ဆင်ခြင်တုံမရှိသူများ၊ အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိသူများဟု ထင်ရသည်။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုရန် စံနှုန်းမီသူမှာ ထိုသို့သောလူစားသာလျှင် အတိအကျဖြစ်သည်။ ဘုရားသခင် မြွက်ဟသည့် ယင်း “ဆင်ခြင်တုံမဲ့” သူများသည် အခြားသူများနှင့် ပုံမှန် ဆက်ဆံရေးမရှိဟု ထင်ရပြီး၊ သူတို့သည် အပြင်ပန်းချစ်ခင်မှု သို့မဟုတ် အပြင်ပန်းကျင့်ထုံးများအပေါ် ထိုက်သင့်သလောက် အလေးမထားပေ၊ သို့သော် ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရာတွင် သူတို့သည် သူတို့၏နှလုံးသားကို ဖွင့်နိုင်စွမ်းရှိပြီး ဘုရားသခင် ရှေ့မှောက် တကယ့်အတွေ့အကြုံများမှ ရရှိလာသော အလင်းပေးခံရခြင်းနှင့် အသိဉာဏ်ပွင့်ခြင်းကို သူတစ်ပါးအား ကိုယ်ကျိုးမငဲ့ဘဲ ပံ့ပိုးနိုင်စွမ်းရှိသည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ချစ်ကြောင်းဖော်ပြပုံဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပုံဖြစ်သည်။ အခြားသူများအားလုံးက သူတို့အား ကဲ့ရဲ့လှောင်ပြောင်နေကြစဉ်တွင် သူတို့သည် ပြင်ပမှလူများ၊ အကြောင်းကိစ္စများ၊ သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်မှုကို ရှောင်ရှားနိုင်ကြကာ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နိုင်ဆဲရှိကြသည်။ ထိုသို့သော လူတွင် ထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှု ရှိနေသည်ဟု ထင်မှတ်ရသည်။ အခြားသူများက မည်သည့်အရာပြုသည်ဖြစ်စေ၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဘယ်သောခါမျှ ခွဲခွာမသွားပေ။ အခြားသူများ ပျော်ရွှင်စွာနှင့် ရယ်မောဖွယ်ကောင်းစွာ စကားလက်ဆုံကျနေစဉ်၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် ရှိမြဲရှိနေကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင် နေကြသည်၊ သို့မဟုတ် နှလုံးသားတွင်းမှ ဘုရားသခင်ထံ အသံတိတ် ဆုတောင်းကာ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေနေကြသည်။ ထိုသူတို့သည် အခြားသူများနှင့် ပုံမှန်ဆက်ဆံရေး ထိန်းသိမ်းထားခြင်းကို မည်သည့်အခါကမျှ အရေးမထား။ ထိုကဲ့သို့သောသူသည် အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်မရှိဟု ထင်ရသည်။ အပြင်ပန်းတွင် ထိုသူသည် ရွှင်ရွှင်ပျပျနှင့် ချစ်ဖွယ်ဖြစ်သည်။ ဖြူစင်သည်။ သို့သော် စိတ်အေးချမ်းမှုကိုလည်း ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ဘုရားသခင် အသုံးပြုသောလူစား၏ ပုံစံပင်တည်း။ အသက်ရှင်ရေးအတွက် သဘောတရား ခံယူချက်ကဲ့သို့သော အရာများ၊ သို့မဟုတ် “သာမန်အကြောင်းရင်း” သည် ထိုလူစားမျိုးအတွက် လုံးဝအလုပ်မဖြစ်ပေ။ ယင်းသည် စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မြှုပ်နှံထားသော လူစားမျိုး ဖြစ်ပြီး သူတို့၏စိတ်နှလုံးတွင် ဘုရားသခင်သာ ရှိပုံရသည်။ ယင်းမှာ “အကြောင်းမဲ့သော” သူဟု ဘုရားသခင် ရည်ညွှန်းသော လူစားဖြစ်ပြီး ဤလူစားမှာ ဘုရားသခင် အသုံးပြုသည့် လူစား အတိအကျဖြစ်၏။ ဘုရားသခင် အသုံးပြုနေသောသူ၏ အမှတ်အသားမှာ- မည်သည့်အချိန် မည်သည့်နေရာတွင်မဆို သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့တွင် အစဉ်ရှိသည်၊ ထို့အပြင် အခြားလူများ မည်မျှပင် အကျင့်ပျက်သည်ဖြစ်စေ၊ သူတို့၏ ရာဂနှင့်ဇာတိကို မည်မျှပင် အလိုလိုက်ကြသည်ဖြစ်စေ၊ ထိုလူ၏စိတ်နှလုံးကမူ ဘုရားသခင်ထံမှမခွဲခွာ၊ ထိုလူတို့သည် လူအများ၏ နောက်ကိုမလိုက်ပေ။ ထိုလူစားသည်သာ ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်တော်သည်။ ထိုလူစားသည်သာ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရသည်။ အကယ်၍ သင်သည် ဤအရာများကို မရယူနိုင်ပါက ဘုရားသခင်၏ ရယူခြင်းကိုခံရရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းကိုခံရရန် သင်သည် အရည်အချင်း မပြည့်မီပေ။

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အကြွင်းမဲ့ပေးခြင်းနှင့် ဘုရားသခင်နှုတ်ကပတ်တော်မှ ဉာဏ်ပွင့်မှုနှင့် အလင်းပေးမှုကို ရရှိခြင်း ဖြစ်စဉ်ပေတည်း။ ဘုရားသခင်၏ အလုပ်သည် လူတစ်ဦးအား တက်ကြွစွာ ဝင်ရောက်လာစေနိုင်သကဲ့သို့ အပျက်သဘောဆောင်သော ကဏ္ဍများအကြောင်း သိရှိလာပြီးနောက် ၎င်းတို့ကို ထုတ်ပယ်နိုင်စွမ်း ရှိစေသည်။ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ပေးသော အဆင့်ကို သင်ရောက်လာချိန်တွင် သင့်ဝိညာဉ်အတွင်းမှ သိမ်မွေ့သော ရွေ့လျားမှုတိုင်းကို သင်သတိမူနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ လက်ခံရရှိသော ဉာဏ်ပွင့်မှုတိုင်းနှင့် အလင်းရမှုတိုင်းကို သင်သိလိမ့်မည်။ ဤအရာကို ထိန်းထားလော့၊ သို့ဖြစ်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို ခံရသောလမ်းကြောင်းအတွင်း တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်နိုင်လေလေ၊ သင့်ဝိညာဉ်သည် သိမ်မွေ့လာလေလေနှင့် ပိုနူးညံ့လာလေဖြစ်မည်၊ ပြီးလျှင် သင့်ဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို သတိမူနိုင်စွမ်း ရှိလာလေလေဖြစ်ပြီး၊ ထိုအခါ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ပို၍ ပုံမှန် ဖြစ်လာလေလေ ဖြစ်မည်။ လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် လျော်ကန်သလော။ ၎င်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ ၎င်းတို့ကို စွန့်ပယ်ပြီးပြီလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးနိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှလာပြီး၊ အဆုံးတွင် သင့်ကို စာတန်ထံပြန်ပို့လိမ့်မည်။ သင်သည် ဘုရားသခင်၏ လူထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤအရာအားလုံးသည် သင်၏ အသေအချာ စဉ်းစားသုံးသပ်မှု လိုအပ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။