ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ

ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။ ဘုရားသခင်၏လူများ ဖြစ်ရန်ဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ယနေ့ သင်တို့သည် နိုင်ငံတော်၏ သင်တန်းထဲသို့ တရားဝင် စတင်ဝင်ရောက်ပြီး သင်တို့၏ အနာဂတ်အသက်တာများထဲ၌ ယခင်ကကဲ့သို့ ပျင်းရိခြင်းနှင့် ပေါ့ပျက်ခြင်းများ ရပ်စဲသွားရမည်၊ ယင်းကဲ့သို့သော ယခင်က အသက်တာများသည် ဘုရားသခင် သတ်မှတ်ထားသော စံချိန်များကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ပါ။ အကယ်၍ သင်သည် အလျင်စလိုဖြစ်စရာ တစ်ခုမျှမရှိဟု ခံစားရပါက သင်သည် သင့်ကိုယ်သင် တိုးတက်အောင်လုပ်ရန် ဆန္ဒမရှိကြောင်း၊ သင်၏အသက်ရှင်လိုက်စားမှုမှာ ဇဝေဇဝါဖြစ်ပြီး ရှုပ်ထွေးနေကြောင်းသာမက သင်သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ကြောင်း ဤအရာက ပြသနေသည်။ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ လူများ၌ရှိသော အသက်တာ စတင်ခြင်းကို ဆိုလိုသည်၊ ထိုသို့သော သင်တန်းကို လက်ခံရန် သင်ဆန္ဒ ရှိသလော။ သင်၌ အလျင်စလိုဖြစ်သော အသိစိတ်ရှိရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင်ဆန္ဒရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ထံသို့ ရောက်လာ၍ သင့်အားစမ်းသပ်သည့်အခါ သင်မည်ကဲ့သို့ ပြုမည်နည်း။ ထို့နောက်အရာအားလုံးတို့အား အရှိကို အရှိအတိုင်း ကြုံတွေ့သည့်အခါ သင်ဘာလုပ်မည်နည်း။ အတိတ်က သင်၏အာရုံသည် အသက်တာအပေါ် မရှိခဲ့ပါ၊ ယနေ့ သင်သည် အသက်တာ၏ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ရမည်ဖြစ်ပြီး သင်၏ အသက်တာ စိတ်နေသဘောထားထဲ၌ အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာသည် နိုင်ငံတော်သားများ ရယူရမည့်အရာဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံး၌ အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ သင်တန်းကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်တာစိတ်နေသဘောထားအတွင်း အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်။ ဤအရာမှာ နိုင်ငံတော်သားများအား ဘုရားသခင် သတ်မှတ်သောအရာဖြစ်သည်။

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အလုပ်ထဲမှ ပြောသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂။ ၎င်းတို့သည် နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ရမည်။

၃။ ၎င်းတို့၌ ဘုရားသခင်၏ တို့ထိခြင်းကိုခံရသော စိတ်နှလုံးများရှိရန် ၎င်းတို့ လုပ်ဆောင်ရမည်။ သင်၏ စိတ်နှလုံးအား ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်ပြီး သင်၌ သာမန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါ သင်သည် လွတ်လပ်သော နယ်ပယ်ထဲတွင် အသက်ရှင်ရလိမ့်မည်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကာကွယ်မှုနှင့် စောင့်ရှောက်မှုအောက်တွင် အသက်ရှင်ရလိမ့်မည်။ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှုအောက်တွင် သင်အသက်ရှင်သည့် အခါမှသာ သင်သည် ဘုရားသခင်နှင့် စပ်ဆိုင်လိမ့်မည်။

၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်။

၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသူများ ဖြစ်ရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များဖြစ်သည်။ ငါ၏စကားများကို ဘုရားသခင်၏ လူတို့ထံပြောခဲ့ပြီးဖြစ်၍ အဆိုပါ တာဝန်ပေးစေခိုင်းချက်များကို အကယ်၍ သင်လက်မခံလိုပါက သင့်ကို ငါအတင်းအကျပ် လက်ခံခိုင်းမည်မဟုတ်၊ သို့ရာတွင် အကယ်၍ ထိုစကားများကို သင်အမှန်တကယ်လက်ခံပါက သင်သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်လိမ့်မည်။ ယနေ့ ဘုရားသခင်၏ တာဝန်ပေး စေခိုင်ချက်များကို သင်တို့ စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာရန်နှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံချိန်များနှင့် ပြည့်မီအောင် လုပ်ဆောင်ကြလော့။ ဤအရာသည် ဝင်ရောက်ရန် ပထမဆုံး ခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို လုံးလုံးလျားလျား ဆောင်ရွက်ရန် အလိုရှိပါက အဆိုပါတာဝန်ပေးစေခိုင်းချက်ငါးချက်ကို သင်လက်ခံရမည်၊ အကယ်၍ သင်သည် ထိုအချက်များနှင့် ပြည့်မီအောင် အသက်ရှင်နိုင်စွမ်းရှိပါက သင်သည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်ကာ ဘုရားသခင်၏ ကြီးမားစွာ အသုံးပြုခြင်းကို ဧကန်အမှန် ခံရလိမ့်မည်။ ယနေ့ အရေးပါသော အချက်မှာ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ရန်ဖြစ်သည်။ နိုင်ငံတော်၏ သင်တန်းထဲသို့ ဝင်ရောက်ခြင်းထဲတွင် ဝိညာဉ်ရေးရာ အသက်တာ ပါဝင်သည်။ ယခင်က ဝိညာဉ်ရေးရာ အသက်တာအကြောင်း မပြောဆိုခဲ့ကြသော်လည်း ယနေ့တွင် သင်သည် နိုင်ငံတော်၏ သင်တန်းထဲသို့ စတင်ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဝိညာဉ်ရေးရာ အသက်တာထဲသို့ တရားဝင် ဝင်ရောက်ခြင်း ဖြစ်သည်။

ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ မည်ကဲ့သို့သော အသက်တာ ဖြစ်သနည်း။ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လုံးလုံးလျားလျားလှည့်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်အောက်မေ့နိုင်စွမ်းရှိသော အသက်တာဖြစ်သည်။ ထိုအသက်တာထဲတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ပြီး သင်၏စိတ်နှလုံးအတွင်း အခြားမည်သည့်အရာကိုမျှ နေရာမပေးဘဲ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည်သာမက သင်၏တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် ယနေ့သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းအားဖြင့် လမ်းပြခြင်း ခံရသော အသက်တာ ဖြစ်သည်။ ထိုကဲ့သို့ လူနှင့် ဘုရားသခင် အကြား၌ရှိသော အသက်တာမှာ ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သည်။ အကယ်၍ သင်သည် ယနေ့ခေတ်၏အလင်းကို လိုက်လျှောက် နိုင်စွမ်းမရှိပါက သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးအကြားတွင် အကွာအဝေးတစ်ခု ခြားနေမည်ဖြစ်ပြီး၊ ယင်းဆက်ဆံရေးသည် ပြတ်တောက်ကောင်းပင် ပြတ်တောက်သွားနိုင်ပြီး၊ သင်၌ သာမန် ဝိညာဉ်ရေးရာအသက်တာ မရှိဘဲဖြစ်နေမည်။ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သင်၌ သာမန် ဝိညာဉ်ရေးရာ အသက်တာ ရှိသလော။ သင်နှင့် ဘုရားသခင်အကြားတွင် သာမန် ဆက်ဆံရေး ရှိသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လိုက်နာသောသူတစ်ဦး ဖြစ်သလော။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လိုက်လျှောက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်ကာ အဆိုပါ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါသောသူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါခြင်း မရှိပါက သင်သည် သမ္မာတရားကို ရှာဖွေသောသူတစ်ဦး မဟုတ်သည်မှာ သေချာပါသည်။ မိမိတို့ကိုယ်ကို တိုးတက်အောင် ပြုပြင်လိုစိတ် မရှိသူများ၏ အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အရေး မရှိပါ၊ ရလဒ်အနေဖြင့် ထိုကဲ့သို့သော လူများသည် ၎င်းတို့၏ ခွန်အားကို မည်သည့်အခါမျှ ထုတ်သုံးနိုင်မည် မဟုတ်ဘဲ အမြဲတမ်း မလှုပ်မယှက် ရှိနေမည်။ ယနေ့ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသလော။ မလှုပ်မယှက် ဖြစ်နေသော အခြေအနေထဲမှ သင် လွတ်မြောက်ပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောသူ၊ ဘုရားသခင်၏ အလုပ်ကို အုတ်မြစ်ကဲ့သို့ ခံယူသောသူနှင့် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လိုက်လျှောက်သောသူ အားလုံးတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသောသူများ ဖြစ်ကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စုံလင်သော သမ္မာတရားဖြစ်ကြောင်းနှင့် မှန်ကန်ကြောင်း သင်ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာမက ဘုရားသခင် ပြောသော အရာမှန်သမျှကို ယုံကြည်ပါက သင်သည် ဘုရားသခင်၏ အလုပ်ထဲ၌ ပါဝင်လုပ်ဆောင်သောသူတစ်ဦးဖြစ်သည်၊ ထို့အပြင် သင်သည် ဤနည်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေပါသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ ဝင်ရောက်ရန် သင်၌ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိရမည်ဖြစ်ပြီး သင်၏ မလှုပ်မယှက်ဖြစ်သော အနေအထားကို သင့်ကိုယ်သင် ပထမဦးဆုံး ဖယ်ရှင်းရမည်။ လူအချို့တို့သည် အများစုနောက်သို့ လိုက်မြဲလိုက်တတ် ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အလွန် လမ်းလွဲ ဝေးကွာနေတတ်ကြသည်၊ ထိုကဲ့သို့သော လူများသည် မိမိတို့ကိုယ်ကို တိုးတက်အောင် ပြုပြင်လိုစိတ် မရှိကြဘဲ ၎င်းတို့ စွဲကိုင်ထားသော စံချိန်များမှာ အလွန်နိမ့်ပါးကြသည်။ ချစ်ခြင်းမေတ္တာဖြစ်သော ဘုရားသခင်နောက်လိုက်ခြင်းနှင့် ဘုရားသခင်၏ရယူခြင်း ခံရခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် မိမိတို့၏ အသိတရားကိုသာ အသုံးပြုသောသူများရှိပါသည်၊ သို့သော် ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပါ၊ ပို၍မြင့်သော စံချိန်များကို သင်လက်ကိုင်ပြုအသက်ရှင်လေ၊ ထိုအရာသည် ဘုရားသခင်၏ အလိုတော်နှင့် ပို၍သဟဇာတဖြစ်လေဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်စွဲ အသက်ရှင်သော သာမန်လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ လူများထဲမှ တစ်ဦး ဖြစ်ရန်အတွက် နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်၏ မှန်သောအနာဂတ်ဖြစ်ပြီး ထိုအသက်တာသည် တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး အသက်တာ ဖြစ်သည်၊ မည်သူမျှ သင်တို့ထက် ပို၍ကောင်းချီးမင်္ဂလာ မခံရကြ။ အဘယ်ကြောင့် ဤအရာကို ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး ၎င်းတို့သည် စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် အသက်ရှင်ကြသည်။ ထိုအတွက်ကြောင့် သင်တို့၏ အသက်တာများသည် အဓိပ္ပာယ် အရှိဆုံးသော အသက်တာဖြစ်သည်ဟု ငါပြောခြင်းဖြစ်သည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းခံရသော ဤလူအုပ်စုသာ အဓိပ္ပာယ်အရှိဆုံး အသက်တာဖြင့် အသက်ရှင်နိုင်ကြသည်၊ ကမ္ဘာပေါ်ရှိ အခြားမည်သူမျှ ထိုကဲ့သို့ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်မရှင်နိုင်ကြ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံထားရခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင် ချီးမြှောက်ခြင်းကို ခံရခြင်းကြောင့် လည်းကောင်း၊ ထို့အပြင် သင်တို့အတွက်ဖြစ်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့သည် မှန်သောအသက်တာကို နားလည်သဘောပေါက်ပြီး တန်ဖိုးအရှိဆုံးသော အသက်တာဖြင့် မည်ကဲ့သို့ အသက်ရှင်ရမည်ကို သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာမှာ သင်တို့၏ လုပ်ဆောင်မှု ကောင်းသောကြောင့်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်သော၊ သင်တို့၏ စိတ်နှလုံးကို တို့ထိသော ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်သာမက သူ့ထံသို့ လာရန် ကောင်းသောအရာတို့ကို ပေးလျက်နေသည်။ အကယ်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်း မဖွင့်ပေးပါက ဘုရားသခင်နှင့် ပတ်သက်သော မည်သည့်အရာများမှာ ချစ်ဖွယ်ဖြစ်ကြောင်း သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်သကဲ့သို့ သင့်အနေဖြင့် ဘုရားသခင်အား ချစ်တတ်ရန်လည်း ဖြစ်နိုင်ချေရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူတို့၏ စိတ်နှလုံးများကို တို့ထိခြင်းကြောင့် ထိုသူတို့၏စိတ်နှလုံးတို့သည် ဘုရားသခင်ထံသို့ လှည့်သွားခြင်း ရာနှုန်းပြည့် ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သင်ပျော်မွေ့နေသည့်အခါ သင်၏ဝိညာဉ်သည် တို့ထိခြင်းခံရကာ ဘုရားသခင်အား သင်မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အထဲ၌ ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင်ဘေးချိတ် မထားနိုင်သည့်အရာ တစ်စုံတစ်ခုမျှမရှိကြောင်း သင်ခံစားရမည်။ အကယ်၍ သင်ဤကဲ့သို့ခံစားရပါက သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီး သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်၍ သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ရှေးမဆွမီကတည်းက ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကို အမှန်တကယ် ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းတော်သည် ကျွန်ုပ်၏ ဂုဏ်ယူဖွယ် ဖြစ်ပြီး၊ ကျွန်ုပ်သည် ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါ၏။ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် မည်သည့်အရာအတွက်မဆိုသုံး၍ မည်သည့်အရာကိုမဆို ပေးပါမည်၊ ကျွန်ုပ်၏ နှစ်ကာလအလုံးစုံနှင့် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်” ဟု သင်ဆိုလိမ့်မည်။ သင်ဤကဲ့သို့ ဆုတောင်းပါက သင်၏စိတ်နှလုံးထဲတွင် အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် မှန်သောနာခံမှု ရှိလာမည်။ ဤကဲ့သို့သော ဖြစ်ရပ်တစ်ခုကို သင်ကြုံဖူးသလော။ အကယ်၍ လူအများသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိမှုကို မကြာခဏ ခံရပါက ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ကျွန်ုပ်မျှော်လင့်ပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ်အသက်ရှင်လိုပါ၏၊ ကိုယ်တော့်အတွက် အသက်ရှင်ခြင်းထက် ပို၍ထိုက်တန်သော သို့မဟုတ် အဓိပ္ပာယ်ရှိသောအရာ မရှိပါ၊ ထို့အပြင် ကျွန်ုပ်သည် စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်လိုစိတ် အနည်းငယ်မျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ အသက်ရှင်နိုင်ရန် အကျွန်ုပ်အား တတ်နိုင်စေခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ချီးမြှောက်တော်မူသည်” ဟူ၍ ထည့်သွင်းဆုတောင်းကာ မိမိတို့ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြမည် ဖြစ်သည်။ သင်ဤသို့ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို မရဘဲ မနေနိုင်ကြောင်း သာမက သင်အသက်ရှိစဉ် ဘုရားသခင်ကို မရဘဲ သင်သေဆုံး သွားမည်ကို မုန်းတီးသကဲ့သို့ သင်ခံစားရလိမ့်မည်။ ထိုကဲ့သို့ ဆုတောင်းချက်ကို နှုတ်ဖြင့်မြွက်ဆိုပြီးပါက သင့်အထဲ၌ မကုန်ခန်းနိုင်သောခွန်အား ရှိလာမည်ဖြစ်ပြီး ထိုခွန်အားသည် မည်သည့်နေရာမှ ရောက်လာကြောင်း သင်သိမည်မဟုတ်ပါ၊ သင့်စိတ်နှလုံးထဲ၌ အကန့်အသတ်မရှိသော တန်ခိုးရှိလာပြီး ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် အင်မတန်မှပင် ချစ်မြတ်နိုးရန် ထိုက်တန်ကြောင်းသိသည့် အသိစိတ် သင့်အထဲ၌ ရှိလာလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်သည့် အချိန်ပင်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ရပ်ကို ကြုံဖူးသောသူအားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများသည် ၎င်းတို့၏ အသက်တာများထဲ၌ အပြောင်းအလဲများ ဖြစ်လာသည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပြီး ဘုရားသခင်ကို အပြည့်အဝရရန် အလိုရှိကြသည်၊ ၎င်းတို့စိတ်နှလုံး အထဲ၌ရှိသော ဘုရားသခင်အား ချစ်မြတ်နိုးသည့် စိတ်သည် ပို၍ပြင်းပြလာသည်၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားကြသည်။ ၎င်းတို့သည် မိသားစု၊ လောကကြီး၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်အပေါ် အလေးမထားကြ၊ ထို့အပြင် ၎င်းတို့သည် တစ်ဘဝလုံး အားထုတ် ကြိုးပမ်းမှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အလိုရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် သမ္မာတရားနောက်သို့ အမီလိုက်သူများဖြစ်ကြပြီး စုံလင်ခြင်းသို့ ရောက်ရန်အတွက် ဘုရားသခင်ပြုမည်ကို တောင့်တသောသူများ ဖြစ်ကြသည်။

သင်၏စိတ်နှလုံးကို ဘုရားသခင်ထံသို့ သင်လှည့်ပြီးပြီလော။ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံဖူးသလော။ အကယ်၍ သင်သည် ယင်းကဲ့သို့ဖြစ်ရပ်ကို တစ်ခါမျှမကြုံဖူးပါက၊ အကယ်၍ ထိုသို့ သင်တစ်ခါမျှ ဆုမတောင်းဖူးပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိကြောင်း ပြသနေပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော် လမ်းပြခြင်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် ဘုရားသခင်၏ အလုပ်ကိုသာ စွဲလမ်းကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့အထဲ၌ အမြစ်တည်နေကြောင်း ထိုအရာကပြသနေပါသည်။ လူအချို့တို့က “ကျွန်ုပ်သည် သင်ကဲ့သို့ ဆုတောင်းခြင်း၌ အားမကြီးသကဲ့သို့ ကျွန်ုပ်သည် ဘုရားသခင်၏ တို့ထိခြင်းကိုလည်း သိပ်မခံစားရပါ၊ တစ်ခါတစ်ရံ ကျွန်ုပ်ဆင်ခြင်ပြီး ဆုတောင်းသည့်အခါ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းကြောင်းနှင့် ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်း ခံရကြောင်း ကျွန်ုပ် ခံစားရသည်” ဟု ဆိုကြသည်။ လူ၏စိတ်နှလုံးထက် မည်သည့် အရာကမျှ ပို၍အရေးမကြီးပါ။ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်သောအခါ သင်၏ဖြစ်တည်သမျှသည် ဘုရားသခင်ထံသို့ လှည့်သွားမည်ဖြစ်ပြီး ထိုအချိန်၌ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးဖြစ်မည် ဖြစ်သည်။ သင်တို့အထဲမှ အများစုတို့သည် ယင်းကဲ့သို့ အတို့ထိခံရသော ဖြစ်ရပ်ကို ကြုံဖူးကြသည်၊ သင်တို့ကြုံဖူးသော ဖြစ်ရပ်များ၏ နက်နဲမှုများမှာ မတူညီကြခြင်းသာ ဖြစ်သည်။ လူအချို့တို့က “ကျွန်ုပ်စကားလုံးများစွာဖြင့် ဆုမတောင်းပါ၊ အခြားသူများ မိတ်သဟာယဖွဲ့ခြင်းကိုသာ နားထောင်ပြီး ကျွန်ုပ်အထဲ၌ ခွန်အားတိုးလာသည်” ဟု ဆိုကြသည်။ ဤအရာက သင်သည် အတွင်း၌ ဘုရားသခင်၏ တို့ထိခြင်းကို ခံနေရကြောင်း ပြသပါသည်။ အတွင်းထဲ၌ ဘုရားသခင်၏ တို့ထိခြင်းကို ခံရသောသူများသည် အခြားသူများ မိတ်သဟာယဖွဲ့ခြင်းကို ကြားသည့်အခါ နိုးထလာသည်၊ အကယ်၍ လူပုဂ္ဂိုလ်တစ်ဦး၏ စိတ်နှလုံးသည် နိုးထစေသော စကားလုံးများကို ၎င်းတို့ ကြားသည့်အခါ စိတ်လှုပ်ရှားခြင်း လုံးဝမရှိပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့နှင့်အတူမရှိကြောင်း ဤအရာက သက်သေပြနေပါသည်။ ၎င်းတို့အထဲ၌ တောင့်တမှု မရှိသည့်အပြင် ၎င်းတို့၌ ဆုံးဖြတ်ချက် မရှိကြောင်း သက်သေပြနေခြင်းကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ထံ၌ မရှိခြင်း ဖြစ်သည်။ အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပါက သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားကြသည့်အခါ သူတို့၌ တုံ့ပြန်မှုတစ်ခု ရှိလိမ့်မည်၊ အကယ်၍ သူတို့သည် ဘုရားသခင်၏ တို့ထိခြင်းကို မခံရသေးပါက သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ထိတွေ့ခြင်း မရှိသေးပါ၊ နှုတ်ကပတ်တော်သည် သူတို့နှင့် ဆက်စပ်မှုမရှိဘဲ သူတို့သည် ဉာဏ်အလင်းဖွင့်ပြခြင်းခံရရန် အစွမ်းမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားဖူး၍ တုံ့ပြန်မှုမရှိသောသူများသည် ဘုရားသခင်၏ တို့ထိခြင်းကို မခံရသေးသောသူများ ဖြစ်ကြသည်၊ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိကြသောသူများ ဖြစ်ကြသည်။ အသစ်သော အလင်းကို လက်ခံနိုင်စွမ်းရှိသောသူ အားလုံးသည် တို့ထိခြင်းခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အပေါ် စိတ်စွဲလမ်းမှုရှိကြသည်။

သင့်ကိုယ်သင် ဆန်းစစ်တိုင်းတာပါ-

၁။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်ထဲ၌ ရှိသလော။

၂။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ပြီးပြီလော။ ဘုရားသခင်၏ တို့ထိခြင်းကို သင် ခံရပြီလော။

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အထဲ၌ အမြစ်တွယ်ပြီလော။

၄။ သင်၏အကျင့်ကို ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သော အုတ်မြစ်အပေါ် အခြေခံ တည်ဆောက်ထားသလော။

၅။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလင်း၏ လမ်းပြမှုအောက်တွင် သင်အသက်ရှင်သလော။

၆။ သင်၏စိတ်နှလုံးကို အယူအဆ အဟောင်းများက အုပ်စိုးထားသလော၊ သို့မဟုတ် ယနေ့ဘုရားသခင်၏ နှုတ်ကပတ်တော်က အုပ်စိုးထားသလော။

ဤနှုတ်ကပတ်တော်ကို ကြားရသည့်အခါ သင်တို့အထဲ၌ရှိသော တုံ့ပြန်မှုမှာ အဘယ်နည်း။ လွန်ခဲ့သော နှစ်ကာလ တစ်လျှောက်လုံး ယုံကြည်ခဲ့ပြီးသည့်နောက် သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်အထဲ၌ အသက်အဖြစ် တည်ရှိနေသလော။ သင်၏ ယခင်က ယိုယွင်းသော စိတ်သဘောထားထဲ၌ အပြောင်းအလဲတစ်ခု ဖြစ်သလော။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ အသက်ရှိခြင်းနှင့် အသက်မရှိခြင်းမှာ မည်သို့ဖြစ်ကြောင်း သင်သိသလော။ ဤအရာသည် သင်တို့အတွက် ရှင်းသလော။ ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင်ရှာမှီးနေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းကို ရှာမှီးနေသည်ဖြစ်စေ၊ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုပြုထားခြင်း ဖြစ်သင့်သည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် လုပ်ဆောင်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုမပြုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားနေသော သူတစ်ဦးဖြစ်ပြီး၊ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝကင်းမဲ့နေမည်။ ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သော အရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက် နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က သူတို့ကို မည်သည့်နေရာသို့ ဦးဆောင်သည်ဖြစ်စေ လိုက်လျှောက်နိုင်သည့်အတိုင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသော အဆိုပါလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရသောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင် ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်း ရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်း နှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အလုပ်ကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကြောင့် သာမက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်၊ အကယ်၍ ဘုရားသခင်သည် စကားမပြောခဲ့ပါက၊ သူ၏နှုတ်ကပတ်တော်ကို မမြွက်ဆိုခဲ့ပါက သင်တို့၏ အခြေအနေများသည် ယနေ့ကဲ့သို့ အခြေအနေ၌ ရှိနိုင်ပါမည်လော။ ထို့ကြောင့် ဘုန်းကြီးခြင်းနှင့် ချီးမွမ်းခြင်း အလုံးစုံသည် ဘုရားသခင်အတွက်ဖြစ်ပါစေ၊ အဘယ်ကြောင့်ဆိုသော် ဤအရာခပ်သိမ်းသည် သင်တို့အား ဘုရားသခင် ချီးမြှောက်ခြင်းကြောင့် ဖြစ်သည်။ ထိုအရာအားလုံးကို စိတ်နှလုံးသွင်းပြီးပါက သင်တို့ မလှုပ်မယှက်ဘဲ ဆက်နေနိုင်ဦးမည်လော။ သင်၏ခွန်အားသည် မနိုးထဘဲ ဆက်နေနိုင်ဦးမည်လော။

သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စစ်ဆေးပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းရှိခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံနိုင်စွမ်း ရှိခြင်းကြောင့်လည်းကောင်း၊ အစဦးကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ရခြင်းကြောင့် လည်းကောင်း၊ သင့်အား ဆုံးမသည့်အခါ လွန်စွာစိတ်မပျက်ရ။ သင်တို့အထဲ၌ ပြုခဲ့ပြီးသော အလုပ်နှင့် သင်တို့၏အတွင်း၌ ပေးအပ်ထားသော ကောင်းချီးမင်္ဂလာများကို မည်သူမျှ မနှုတ်ယူနိုင်ပါ၊ ထို့အပြင် သင်တို့အား ပေးထားပြီးသော အရာအားလုံးကို မည်သူမျှ မနှုတ်ယူနိုင်ပါ။ ဘာသာရေးရေစီးကြောင်းမှလူများသည် သင်တို့နှင့် ယှဉ်နိုင်စရာ အကြောင်းမရှိ။ သင်တို့သည် သမ္မာကျမ်းစာ နှံ့စပ်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ခြင်းမရှိသည့်အပြင် ဘာသာရေးဆိုင်ရာ အယူအဆဖြင့် ပြည့်ဝခြင်း မရှိသော်လည်း ဘုရားသခင်သည် သင်တို့အတွင်း၌ အလုပ်လုပ်ခဲ့ပြီးသောကြောင့် သင်တို့သည် ခေတ်အဆက်ဆက်က လူများထက် ပို၍ရခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤအရာသည် သင်တို့၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဤအချက်ကြောင့် သင်တို့သည် ဘုရားသခင်ကို ပို၍ဆက်ကပ်ပြီး ဘုရားသခင်အပေါ် ပို၍ပင် သစ္စာရှိကြရမည်။ ဘုရားသခင်သည် သင့်အား ချီးမြှောက်သောကြောင့် သင်၏ ကြိုးပမ်းမှုများကို သင်တိုးမြှင့်ရပြီး ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို လက်ခံရန် သင်၏ဝိညာဉ်အသက်တာကို အသင့်ပြင်ဆင်ထားရမည်။ သင့်အား ဘုရားသခင် ပေးထားသောနေရာ၌ သင်မြဲမြံစွာရပ်တည်ရမည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာစေရန် လေ့လာလိုက်စားရမည်၊ နိုင်ငံတော်၏သင်တန်းကို လက်ခံရမည်၊ ဘုရားသခင်၏ ရယူခြင်းခံရမည်ဖြစ်ပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး အကြွင်းမဲ့ဖြစ်ရမည်။ သင်၌ ထိုဆုံးဖြတ်ချက်များ၏ စရိုက်လက္ခဏာရှိပါသနည်း။ အကယ်၍ သင်သည် ထိုဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ခံရမည်မှာ သေချာပြီး ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာမည်။ အဓိကကျသော တာဝန်ပေးစေခိုင်းချက်မှာ ဘုရားသခင်၏ ရယူခြင်းကို ခံရခြင်းနှင့် ဘုရားသခင်အတွက် မွန်မြတ်သော သက်သေခံတစ်ဦး ဖြစ်လာခြင်းဖြစ်ကြောင်း သင်နားလည်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်။

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားလုံးများသည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သော အလုပ်၏ ရှုထောင့်များဖြစ်ပြီး ဤခေတ်ကာလအတောအတွင်း လူသားတို့အား ဉာဏ်အလင်း ဆက်လက်၍ဖွင့်ပေးခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဦးတည်၍ လုပ်ဆောင်သော အလုပ်ဖြစ်သည်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် ဦးတည်၍ လုပ်ဆောင်သော အလုပ်မှာ အဘယ်နည်း။ ထိုအလုပ်မှာ လူတို့အား ယနေ့ ဘုရားသခင်၏ အလုပ်နှင့် သာမန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဦးဆောင်ခေါ်ခြင်း အလုပ်ဖြစ်သည်။ သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ရန် အဆင့်အချို့ ရှိပါသည်-

၁။ ပထမဦးဆုံး သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ သွန်းလောင်းရမည်။ သင်သည် အတိတ်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေလိုက်စားခြင်း၊ ဆည်းပူးလေ့လာခြင်းနှင့် ယနေ့ခေတ် နှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ခြင်း မပြုရ။ ထိုသို့မပြုဘဲ သင်၏စိတ်နှလုံးကို လက်ရှိဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ အပြည့်အဝ သွန်းလောင်းရမည်။ အကယ်၍ အတိတ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဝိညာဉ်ရေးရာ စာအုပ်များ သို့မဟုတ် အခြားသော တရားဟောချက် အကြောင်းအရာများကို ဆက်လက်၍ ဖတ်လိုသော ဆန္ဒရှိသူများ၊ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်နောက် မလိုက်လျှောက်သော သူများရှိပါက ၎င်းတို့သည် အမိုက်မဲဆုံးသော သူများပင်ဖြစ်ကြသည်၊ ဘုရားသခင်သည် ထိုသို့သောသူများကို ရွံမုန်းသည်။ အကယ်၍ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လက်ခံရန် ဆန္ဒရှိပါက သင်၏စိတ်နှလုံးကို ယနေ့ ဘုရားသခင်၏ ဖွင့်ဆိုချက်များထဲ အပြည့်အဝ သွန်းလောင်းပါ။ ဤအရာသည် သင်ပထမဆုံး စွမ်းဆောင်ရမည့်အရာဖြစ်သည်။

၂။ ယနေ့ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်၏ အုတ်မြစ်ပေါ် အခြေပြုကာ သင်ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ကာ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းပြုပြီး သင်၏ ဆုံးဖြတ်ချက်များကို ဘုရားသခင်ရှေ့တွင် ချမှတ်ကာ အောင်လံကို သင်မည်သည့်စံချိန်များဖြင့် ရယူလိုသည်ကို သက်သေပြရမည်။

၃။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်၏ အုတ်မြစ်အပေါ် အခြေပြုကာ သမ္မာတရားထဲသို့ အလွန်လေးနက်စွာဖြင့် သင်ဝင်ရောက်ရမည်။ ခေတ်ကုန်ပြီဖြစ်သော အတိတ်မှ ဖွင့်ဆိုချက်များနှင့် အယူဝါဒများကို စွဲကိုင်မထားပါနှင့်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကိုခံရရန် တောင်းခံရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ ဝင်ရောက်ရမည်။

၅။ သန့်ရှင်းသော ဝိညာဉ်တော် ယနေ့ လျှောက်သော လမ်းကြောင်းထဲ ဝင်ရောက်ရန် သင်အားထုတ်ရမည်။

ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင်မည်ကဲ့သို့ တောင်းခံမည်နည်း။ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက် အုတ်မြစ်ပေါ်တွင် အခြေပြုကာ ဆုတောင်းရန်မှာ အရေးကြီးသော အချက်ဖြစ်သည်။ ဤသို့ဆုတောင်းပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာပါသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောသော နှုတ်ကပတ်တော် အုတ်မြစ်အပေါ် အခြေပြုကာ မတောင်းခံပါက ဤအရာမှာ အသီးအပွင့် မရှိပါ။ သင်ဆုတောင်းသင့်ပြီး “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်ပုန်ကန်မိပါသည်၊ နောက်ပြီး ကျွန်ုပ်ကိုယ်တော့်အပေါ် များစွာကြွေးတင်ပါပြီ၊ ကျွန်ုပ်သည် အလွန်နာခံခြင်းမရှိသူ ဖြစ်ပြီး ကိုယ်တော့်ကို မည်သည့်အခါမျှ ကျေနပ်စေနိုင်မည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကယ်တင်ရန် ကိုယ်တော့်ထံ ကျွန်ုပ် ဆုတောင်းပါ၏၊ အဆုံးထိ ကိုယ်တော့်ထံ အစေခံရန် ကျွန်ုပ်အလိုရှိပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ် အသက်စွန့်လိုပါ၏။ ကိုယ်တော်ကျွန်ုပ်ကို တရားစီရင်ပြီး ကျွန်ုပ်ကို ပြစ်တင်ဆုံးမပါ၊ ကျွန်ုပ် မကျေမနပ်ဖြစ်စရာ အကြောင်း မရှိပါ၊ ကျွန်ုပ်ကိုယ်တော့်ကို ဆန့်ကျင်ပုန်ကန်မိပါပြီ၊ ကျွန်ုပ်သေထိုက်ပါသည်၊ ထိုသို့သေထိုက်သဖြင့် ကျွန်ုပ်၏ သေခြင်းအားဖြင့် လူအားလုံးသည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့စရာအကြောင်း ဖြစ်ပါစေ” ဟူ၍ ပြောသင့်ပါသည်။ ထိုသို့ သင်၏စိတ်နှလုံးအတွင်းထဲမှ သင်ဆုတောင်းပါက ဘုရားသခင်သည် သင်၏ ဆုတောင်းသံကိုကြားပြီး သင့်အား လမ်းပြလိမ့်မည်၊ အကယ်၍ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော် အုတ်မြစ်အပေါ် အခြေပြု၍ သင်ဆုမတောင်းပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိရန် အလားအလာ မရှိပါ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဘုရားသခင် ယနေ့လုပ်ရန် အလိုရှိသည့် အရာများနှင့်အညီ ဆုတောင်းပါက “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် သစ္စာစောင့်ရန် ကျွန်ုပ်အလိုရှိပါ၏။ ထို့အပြင် ကိုယ်တော်၏ ဘုန်းတော်အတွက် ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ထိုမှသာ ကျွန်ုပ်ပြုသမျှ အရာအားလုံးသည် ဘုရားသခင်၏ လူများ၌ရှိသော စံနှုန်းများနှင့် ကိုက်ညီပါမည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ဉာဏ်အလင်း ဖွင့်ပေးရန်နှင့် ကျွန်ုပ်လုပ်ဆောင်သမျှသည် စာတန်အား ရှက်ကြောက်စေရန်နှင့် ကျွန်ုပ်အား ကိုယ်တော်အကြွင်းမဲ့ရရှိရန် ကျွန်ုပ်အလိုရှိပါ၏” ဟု သင်ပြောလိမ့်မည်။ အကယ်၍ ထိုသို့ ဘုရားသခင်၏ အလိုတော်ကို ဗဟိုပြုကာ ဆုတောင်းပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ဧကန်မုချ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များတွင် စကားလုံး မည်မျှပါသည်၊ မပါသည်မှာ အကြောင်းမဟုတ်ပါ၊ အရေးကြီးသောအချက်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်သဘောပေါက်ခြင်း ရှိ၊ မရှိဖြစ်သည်။ သင်တို့အားလုံး ဆက်လက်ဖော်ပြပါဖြစ်ရပ်ကို ကြုံတွေ့ကောင်း ကြုံတွေ့ဖူးနိုင်ပါသည်၊ တစ်ခါတစ်ရံ ဝတ်ပြုအစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်၏တန်ခိုးများမှာ အထွတ်အထိပ်သို့ရောက်ကာ အယောက်တိုင်း၏ ခွန်အားကို မြင့်တက်စေသည်။ လူအချို့တို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းရင်း မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့တွင် နောင်တများဖြင့် ပြည့်နှက်နေပြီး လူအချို့တို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဖော်ပြကြပြီး ကတိသစ္စာများပြုကြသည်။ ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ရရှိခံစားရမည့် သက်ရောက်မှုဖြစ်သည်။ ယနေ့ အရေးကြီးသောအရာမှာ လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ လုံးလုံးလျားလျား သွန်းလောင်းရန်ဖြစ်သည်။ ယခင်က ပြောခဲ့သော နှုတ်ကပတ်တော်အပေါ် အာရုံမပြုပါနှင့်၊ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာတို့အပေါ် ဆက်လက် စွဲကိုင်ထားပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းထဲ၌ အလုပ်လုပ်မည် မဟုတ်ပါ။ ဤအချက်သည် မည်မျှ အရေးကြီးကြောင်း သင်မြင်သလော။

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လျှောက်ခဲ့သော လမ်းကြောင်းကို သင်တို့သိသလော။ အထက်ပါ အချက်အချို့သည် ယနေ့နှင့် အနာဂတ်တွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ပြီးမြောက်မည့် အချက်များဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်ခဲ့သော လမ်းကြောင်းဖြစ်ပြီး လူသားများ ရှာဖွေရမည့် အဝင်လမ်းလည်း ဖြစ်သည်။ အသက်ထဲသို့ သင်ဝင်ရောက်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ သွန်းလောင်း ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်စွမ်းရှိရမည်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်ကို တမ်းတရမည်၊ သင်သည် သမ္မာတရားနှင့် ဘုရားသခင်သတ်မှတ်ထားသော ရည်မှန်းချက်များထဲသို့ အလေးအနက် ဝင်ရောက်ရန် လုပ်ဆောင်ရမည်။ သင်၌ ဤခွန်အားရှိသည့်အခါ သင်သည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးကြောင်းနှင့် သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လှည့်ပြီးကြောင်း ပြသနေပါသည်။

အသက်ထဲသို့ ဝင်ရောက်ရန် ပထမခြေလှမ်းမှာ သင်၏စိတ်နှလုံးကို ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ လုံးလုံးလျားလျား သွန်းလောင်းရန် နှင့် ဒုတိယခြေလှမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို လက်ခံခြင်းဖြင့် ရရှိမည့် သက်ရောက်မှုမှာ အဘယ်နည်း။ ပို၍ လေးနက်သော သမ္မာတရားကို တမ်းတနိုင်ရန်၊ ရှာဖွေနိုင်ရန်နှင့် စူးစမ်းစစ်ဆေးနိုင်ရန်တို့အပြင် အပြုသဘောတို့ဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်၊ ယနေ့ ဘုရားသခင်နှင့် သင်ပူးပေါင်းဆောင်ရွက်ပါ၊ ဆိုလိုသည်မှာ သင်၏လေ့လာလိုက်စားခြင်း၊ သင်၏ဆုတောင်းချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်မိတ်သဟာယဖွဲ့ခြင်းတို့တွင် ရည်ရွယ်ချက်တစ်ခုရှိပြီး သင်၏တာဝန်ကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင်ဆောင်ရွက်ခြင်းဖြစ်သည်၊ ဤအရာသည်သာလျှင် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အကယ်၍ ဘုရားသခင်အား လုပ်ဆောင်ခွင့်ပေးခြင်းအကြောင်းကိုသာ ပြောပြီး ဆုတောင်းခြင်းလည်း မရှိ၊ တောင်းခံခြင်းလည်းမရှိဘဲ ဘာတစ်ခုမျှ မလုပ်ဆောင်ပါက ဤအရာကို ပူးပေါင်းဆောင်ရွက်ခြင်းဟု ခေါ်နိုင်သလော။ အကယ်၍ သင်သည် သင့်အထဲ၌ ပူးပေါင်းဆောင်ရွက်စရာ တစ်စုံတစ်ခုမျှမရှိဘဲ ရည်ရွယ်ချက်တစ်ခုရှိပြီး ဝင်ရောက်ရန်အတွက် လေ့ကျင့်ပေးဖို့ အရည်အသွေးမမီပါက သင်သည် ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်ပါ။ လူအချို့တို့က “အရာအားလုံးသည် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်း အပေါ် မူတည်သည်၊ ထိုအရာအားလုံးတို့ကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ခြင်းဖြစ်သည်၊ အကယ်၍ ဘုရားသခင် မလုပ်ဆောင်ခဲ့ပါက လူသားတို့အနေဖြင့် အဘယ်သို့ လုပ်ဆောင်နိုင်မည်နည်း” ဟု ဆိုကြသည်။ ဘုရားသခင်၏ အလုပ်မှာ ရိုးရှင်းသောအလုပ်ပင်ဖြစ်ပြီး သဘာဝလွန်အလုပ် အနည်းငယ်မျှမဟုတ်ဘဲ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ကြောင်းကို သင်၏ နိုးကြားတက်ကြွစွာ ရှာဖွေခြင်းအားဖြင့်သာ လုပ်ခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်မပြုပါ၊ သင်သည် ဘုရားသခင်အား အလုပ်လုပ်ရန် အခွင့်အရေး ပေးရမည် ဖြစ်ပြီး၊ အကယ်၍ သင်မလုပ်ဆောင်ပါက သို့မဟုတ် မဝင်ရောက်ဘဲ သင်၏စိတ်နှလုံးထဲ၌ တောင့်တမှု အနည်းငယ်မျှ မရှိပါက ဘုရားသခင် အလုပ်လုပ်ရန် အခွင့်အလမ်းရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ တို့ထိမှုကို ခံရရန် မည်သည့်လမ်းကြောင်းအားဖြင့် သင်ရှာဖွေနိုင်သနည်း။ ဆုတောင်းခြင်းအားဖြင့် သာမက ဘုရားသခင်၏အထံတော်သို့ တိုးဝင်လာခြင်းအားဖြင့်ဖြစ်သည်။ သို့သော်လည်း အရေးကြီးဆုံးမှာ ၎င်းသည် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်၏ အုတ်မြစ်ပေါ်၌ အခြေခံထားခြင်းဖြစ်ရမည်။ သင်သည် ဘုရားသခင်၏တို့ထိခြင်းကို မကြာခဏခံရသည့်အခါ သင်သည် ဇာတိပကတိ၏ ကျေးကျွန်ပြုခြင်းကို ခံရမည် မဟုတ်ပါ၊ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ငွေကြေးစသည့် အရာအားလုံးတို့သည် သင့်အား ချုပ်နှောင်ထားနိုင်မည် မဟုတ်ဘဲ သင်သည် သမ္မာတရားနောက်သို့သာ လိုက်လျှောက်ပြီး ဘုရားသခင် ရှေ့တော်၌ အသက်ရှင်ရန်သာ အလိုရှိလိမ့်မည်။ ဤအချိန်တွင် သင်သည် လွတ်လပ်သောနယ်ပယ်ထဲတွင် အသက်ရှင်သောသူ တစ်စုံတစ်ဦး ဖြစ်လာလိမ့်မည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။