ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) (အပိုင်း နှစ်)

အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ အသစ်သော မွေးဖွားမှု ဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ် ရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရန် နားလည်ခြင်း မရှိကြပေ။ ပြောရမည်ဆိုလျှင် ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်း ခဲ့သည်။ သို့သော်လည်း ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏ ပညတ်တော်များကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်သော ပါရမီကို ကိုယ်တော်သည် သူတို့ကို မပေးခဲ့ပေ။ အစဦးတွင် လူသည် ယင်းသို့သော ပါရမီ ပိုင်ဆိုင်ခြင်းမရှိသည့် အတွက် ယေဟောဝါ၏ တိုက်ရိုက်လမ်းပြမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူမှာယေဟောဝါ သည် ဘုရားသခင်ဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ သူ့ကို ရိုသေလေးမြတ်ခြင်း ဆိုသည်မှာ မည်သို့သော လုပ်ရပ်ကို ခေါ်သည်၊ သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သို့ သော စိတ်ထား ထားရှိရမည် သို့မဟုတ် သူ့ကို ရိုသေလေးမြတ်သည့် အနေဖြင့် အဘယ်အရာအား ပေးလှူ ရမည်ကို မသိခဲ့ပေ။ လူသည် လုံးဝသိရှိခြင်း မရှိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများ အားလုံး အကြားတွင် ပျော်ပါးနိုင်သော အရာကို မည်သို့ပျော်ပါးရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကဲ့သို့သော အသက်တာသည် ထိုက်တန်သည် ဆိုခြင်းနှင့် ပတ်သက်၍မူ သူသည် ဘာဆိုဘာမျှပင် မသိခဲ့ချေ။ သူတို့ကို တစ်စုံတစ်ယောက်က ညွှန်ကြားမှုမရှိပါက၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ယောက်က လမ်းပြခြင်းမရှိပါက၊ ဤလူသားမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် မှန်ကန်ကိုက်ညီသော အသက်တာကို မည်သည့်အခါမျှ နေထိုင်နိုင်ခဲ့မည် မဟုတ်ဘဲ စာတန်၏ လျှို့ဝှက်စွာ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်ဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် နောက်ထပ်မည်သည့်ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကိုမျှ မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူ၌ သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီး ပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံ အသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ ကင်းမဲ့နေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည် ဆိုခြင်းကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှပင် သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ၏အလုပ်မှာ ပြီးဆုံးရန် များစွာလိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ရှေ့မှောက် ရောက်လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းညွှန်ပေးရန် လိုအပ်နေဆဲဖြစ်သည်၊ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ နာမတော် အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ဤနည်းလမ်း အားဖြင့်သာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်း အလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်သည် သူ၏အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် ဤအလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ ယာကုပ်၏ ခေတ်ရောက်သည်အထိ ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ ထိုအချိန်တွင် သူသည် ယာကုပ်၏သား တစ်ဆယ့်နှစ်ယောက်ကို ဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် ဣသရေလလူမျိုးအားလုံးတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏တရားဝင်လမ်းပြမှုကို ခံခဲ့ရသည့် လူသားမျိုးနွယ်စု ဖြစ်လာပြီး၊ ဣသရေလသည် သူ၏အလုပ်များကို လုပ်ဆောင်သည့် ကမ္ဘာမြေကြီးပေါ်ရှိ အထူးနေရာ ဖြစ်လာခဲ့သည်။ ထိုသူတို့ကို ယေဟောဝါသည် ကမ္ဘာပေါ်တွင် ပထမဆုံး သူ၏အလုပ်များကို တရားဝင် လုပ်ဆောင်သော လူအုပ်စုဖြစ်လာစေခဲ့ပြီး၊ ဣသရေလနယ်မြေ တစ်ခုလုံးကို သူ့အလုပ်၏ မူလအမှတ်အဖြစ် ပြုလုပ်ခဲ့သည်၊ ပိုမိုကြီးမြတ်သော အလုပ်၏ အစအဦးအဖြစ် သူတို့ကို အသုံးပြုခဲ့ခြင်းအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင် သူမှ မွေးဖွားလာသော လူအားလုံးတို့သည် သူကို မည်သို့ရိုသေလေးမြတ်ရမည်နှင့် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့နေထိုင်ရမည်ကို သိစေသည်။ သို့ဖြင့် ဣသရေလလူတို့၏ လုပ်ဆောင်ချက်များသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက လိုက်လျှောက်ရသော နမူနာဖြစ်လာခဲ့ပြီး၊ ဣသရေလလူများအကြား ပြောကြားချက်တို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက နားထောင်ရသော စကားလုံးများ ဖြစ်လာခဲ့သည်။ သူတို့သည် ယေဟောဝါ၏ ဥပဒေသများနှင့် ပညတ်တော်များကို ပထမဆုံးရရှိသူများဖြစ်ရာ သူတို့သည် ယေဟောဝါကို ရိုသေလေးမြတ်ရမည့် နည်းလမ်းများကို ပထမဆုံး သိသူများလည်း ဖြစ်ခဲ့သည်။ သူတို့သည် ယေဟောဝါ၏ နည်းလမ်းများကိုသိသော လူသားမျိုးနွယ်စု၏ ဘိုးဘေးဘီဘင်များ ဖြစ်ခဲ့ရုံသာမက ယေဟောဝါက ရွေးချယ်သော လူသားမျိုးနွယ်၏ ကိုယ်စားလှယ်များလည်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သို့ ရောက်သောအခါ ယေဟောဝါသည် လူကို ဤနည်းဖြင့် လမ်းမပြတော့ပေ။ လူသည် အပြစ်ရှိခဲ့ပြီးဖြစ်ပြီး ကိုယ့်ကိုယ်ကို အပြစ်တွင် စွန့်ပစ်ထားသည် ဖြစ်ရာ၊ သူသည် လူကို အပြစ်မှ ကယ်ထုတ် ရန် စတင်လုပ်ဆောင်သည်။ ဤနည်းအားဖြင့် လူသည် အပြစ်မှ သေချာစွာ ဖယ်ရှားပြီးသည်အထိ သူသည် လူကို အပြစ်တင်သည်။ နောက်ဆုံးသောကာလတွင် လူသည် ယင်းကဲ့သို့သော အကျင့်ပျက်ခြင်း အတိုင်းအတာအထိ နစ်မြုပ်နေသည်ဖြစ်ရာ ဤအဆင့်၏ အလုပ်ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့်သာ လုပ်ဆောင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ အလုပ်ပြီးမြောက် အောင်မြင်နိုင်ပေသည်။ ယင်းသည် ခေတ်အချို့၏ အလုပ်ဖြစ်လာခဲ့ပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သူ၏နာမတော်၊ သူ၏အလုပ်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန် အမျိုးမျိုးတို့ကို ခေတ်တစ်ခေတ်မှ တစ်ခေတ်ကို ပိုင်းခြားရန်အတွက်နှင့် ယင်းတို့အကြား အပြောင်းအလဲ လုပ်ရန်အတွက် အသုံးပြုရာတွင် ဘုရားသခင်၏ နာမတော်နှင့် သူ၏ အလုပ်သည် သူ၏ ခေတ်ကို ကိုယ်စားပြုပြီး၊ ခေတ်တိုင်းတွင် သူ၏ အလုပ်ကို ကိုယ်စားပြုသည်။ ခေတ်တိုင်းတွင် ဘုရားသခင်၏ အလုပ်သည် တူညီသည်ဟု ဆိုပါက၊ သူ့ကို နာမည်တစ်ခုတည်းသာ ခေါ်ကြမည်ဖြစ်ရာ လူသည် သူ့ကို မည်သို့လျှင် သိနိုင်မည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ကြရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားအမည်ဖြင့်ခေါ်ဆိုသော မည်သူမျှ ဘုရားဖြစ်မည် မဟုတ်ပေ။ သို့မဟုတ်ပါကလည်း ဘုရားသခင်သည် ယေရှုသာလျှင် ဖြစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ယေရှုဟုခေါ်သော နာမတော်မှလွဲ၍ သူ့ကို အခြားမည်သည့် အမည်နှင့်မျှ ခေါ်ဆိုခြင်းမရှိနိုင်ဘဲ ဖြစ်လိမ့်မည်။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ဘဲ ဖြစ်လိမ့်မည်။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု ယုံကြည်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိခြင်းကြောင့် သူ့ကို ယေရှုဟု ခေါ်ရလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် အယူဝါဒများကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို တစ်စုံတစ်ရာ နယ်ပယ်အတွင်း ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်သော အလုပ်၊ သူ့ကို ခေါ်သော နာမတော်နှင့် သူဆောင်ယူသော အဆင်းသဏ္ဌာန်တို့သည်၊ ခေတ်တိုင်းတွင် ယနေ့အထိတိုင်အောင် သူလုပ်ဆောင်သော အလုပ်၊ ယင်းတို့သည် တစ်ခုတည်းသော လုပ်ထုံးလုပ်နည်းကို မလိုက်နာသလို မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ် ခံထားရခြင်း မရှိပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သူသည် ယေရှုလည်း ဖြစ်သည်သာမက မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ သူ၏အလုပ်သည် သူ၏နာမတော် ပြောင်းလဲလာသည်နှင့်အညီ တဖြည်းဖြည်း ပြောင်းလဲနိုင်သည်။ မည်သည့်နာမတော် တစ်ခုတည်းကမျှ သူ့ကိုပြည့်စုံစွာ ကိုယ်စားပြုနိုင်ခြင်း မရှိသော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမတော်အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်သော အလုပ်သည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလသို့ ရောက်လာကာ သင်သိမြင်ထားသော ဘုရားသခင်သည် ယေရှုဖြစ်နေဆဲ ဖြစ်ရုံသာမက သူသည် ဖြူသော မိုးတိမ်ကို စီးလာပြီး ယေရှု၏ ပုံစံရှိနေဆဲဖြစ်ကာ၊ သူပြောသော စကားများသည် ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်သည့် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ သင်သည် အစာ ရှောင်ပြီး ဆုတောင်းလော့၊ ကိုယ်၏ အသက်တာကို ချစ်ခင်မြတ်နိုးသကဲ့သို့ သင်၏ရန်သူများကို ချစ်လော့၊ အခြားသူများကို သည်းခံလော့၊ စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းရှိကြလော့။ သင်တို့သည် ငါ၏တပည့်တော်များမဖြစ်မီ ဤအရာများအားလုံးကို လုပ်ဆောင်ရမည်။ ထို့ပြင် ယင်းအရာများအားလုံးကို လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ငါ၏နိုင်ငံတော်ကို ဝင်ရောက်လိမ့်မည်” ဟူသည့် နှုတ်ကပတ်တော်များကို ပြောဆိုသည် ဆိုကြပါစို့။ ဤအရာမှာ ကျေးဇူးတော်ခေတ်၏ အလုပ်နှင့် သက်ဆိုင်သွားလိမ့်မည် မဟုတ်ပါလော။ သူပြောသောအရာသည် ကျေးဇူးတော်ခေတ်၏ပုံစံ ဖြစ်လိမ့်မည် မဟုတ်သလော။ သင်တို့သည် ဤ နှုတ်ကပတ်တော်များကို ကြားသောအခါ အဘယ်သို့ ခံစားရမည်နည်း။ ယင်းသည် ယေရှု၏ အလုပ်ပင် ဖြစ်နေဆဲဟု ခံစားရလိမ့်မည် မဟုတ်ပါလော။ ယင်းသည် နောက်တစ်ကြိမ် ထပ်ကျော့နေခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလော။ လူသည် ယင်းတွင် ကျေနပ်မှုကို ရှာတွေ့နိုင်သလော။ ဘုရားသခင်၏ အလုပ်သည် ယခုကဲ့သို့သာ ဆက်လက်ရှိနေပြီး ရှေ့သို့ မဆက်တော့ဟု သင်တို့ ခံစားရလိမ့်မည်။ သူ့တွင် တန်ခိုးများစွာ ရှိလျက် အသစ်သော အလုပ်လုပ်ရန် မရှိတော့ကာ၊ သူသည် သူ၏ တန်ခိုးကို အကန့်အသတ် ဖြစ်စေလိုက် သည်။ ယခုမတိုင်မီ နှစ်ပေါင်း နှစ်ထောင်က ကျေးဇူးတော်ခေတ်ဖြစ်ခဲ့ပြီး၊ နှစ်ပေါင်း နှစ်ထောင်ကြာသောအခါ သူသည် ကျေးဇူးတော်ခေတ်ကဲ့သို့ပင် ဟောကြားနေဆဲဖြစ်ပြီး လူများကို နောင်တရအောင် လုပ်ဆဲ ဖြစ်သည်။ လူများက ပြောလိမ့်မည် “ဘုရားသခင်၊ ကိုယ်တော့်တွင် တန်ခိုးများစွာ ရှိသည်။ ကိုယ်တော်သည် ဉာဏ်ပညာ နှင့် ပြည့်စုံသည်ဟု ကျွန်ုပ်ယုံကြည်ခဲ့သော်လည်း၊ ကိုယ်တော်သည် သည်းခံခြင်းကိုနှင့် စိတ်ရှည်ခြင်းကိုသာ သိသည်၊ ကိုယ်တော်သည် မိမိ၏ ရန်သူကို မည်သို့ ချစ်ရမည်ကိုသာ သိသည်၊ ထို့ထက်မပို”။ လူ၏ စိတ်ထဲတွင် ဘုရားသခင်သည် အစဉ်အမြဲ ကျေးဇူးတော်ခေတ်တွင် ရှိစဉ်က ကဲ့သို့ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ချစ်မြတ်နိုးပြီး စာနာသနားသည်ဟု လူသည် အစဉ်အမြဲ ယုံကြည်လိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ဟောင်းနွမ်းသော မြေတွင်သာ ခြေချမည်ဟု သင်ထင်ပါသလော။ သို့ဖြစ်ပါက ဤအဆင့်ရှိ သူ၏ အလုပ်တွင် သူသည် လက်ဝါးကပ်တိုင်တွင် အသေခံမည်မဟုတ်ဘဲ သင်တို့ မြင်သမျှနှင့် ထိတွေ့သမျှ အရာအားလုံးတို့သည် သင်တို့ မှန်းဆသည် သို့မဟုတ် ကြားဖူးသည်တို့နှင့် မတူဘဲ ရှိလိမ့်မည်။ ယနေ့တွင် ဘုရားသခင်သည် ဖာရိရှဲများနှင့် ပတ်သက်ခြင်းမရှိ၊ ကမ္ဘာကြီးကိုလည်း သိခွင့်မပေး၊ သူသည် နောက်တစ်ဖန် လက်ဝါးကပ်တိုင်တွင် အသေခံတော့မည် မဟုတ်တော့သည့်အတွက် သူ့ကိုသိသောသူများမှာ သူ့နောက်သို့ လိုက်သော သင်တို့သာဖြစ်သည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် သူ၏ ဧဝံဂေလိလုပ်ငန်းတွက် ကမ္ဘာမြေတလွှားတွင် ပွင့်လင်းစွာ တရားဟောကြားခဲ့သည်။ ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်အတွက် ဖာရိရှဲများနှင့် ထိတွေ့ခဲ့သည်။ အကယ်၍ သူသည် ဖာရိရှဲများနှင့် ထိတွေ့ခြင်း မရှိခဲ့ပါက အာဏာပိုင်များသည် သူ့ကို မည်သည့်အခါကမျှ သိခဲ့မည်မဟုတ်ဘဲ၊ သူသည် မည်သို့လျှင် ပြစ်တင်ရှုံ့ချမှုကို ခံရနိုင်မည်နည်း၊ ထို့နောက် သစ္စာဖောက်မှုနှင့် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် စွဲထားမှုကို ခံရနိုင်မည်နည်း။ သို့ဖြစ်ရာ သူသည် လက်ဝါးကပ်တိုင် အတင်ခံရမည့် ကိစ္စအတွက် ဖာရိရှဲများနှင့် ထိတွေ့ ခဲ့သည်။ ယနေ့တွင် ဖျားယောင်း သွေးဆောင်ခြင်းကို ရှောင်ရှားရန်အတွက် သူသည် သူ၏ အလုပ်များကို လျှို့ဝှက်လုပ်ဆောင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူသော နှစ်ကြိမ်တွင် အလုပ်နှင့် အရေးပါမှုမှာ ကွာခြားပြီး အနေအထားသည်လည်း ခြားနားသည်။ သို့ဖြစ်ရာ သူလုပ်ဆောင်သည့် အလုပ်သည် မည်သို့လျှင် အလုံးစုံ တူညီနိုင်မည်နည်း။

“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမတော်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည်ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှုနာမတော် တစ်ခုတည်းသာ သူ၏အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်သောနာမ တစ်ခုမျှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြားရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန်နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူတို့သိသမျှကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော၊ စသဖြင့်၊ အကန့်အသတ်ရှိသော ဝေါဟာရများသာ ရှိသည်။ စကားလုံးများ များပြားလှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမိုဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ ဘုရားသခင်သည် အလွန်အမင်း ချစ်မြတ်နိုးဖွယ်ဖြစ်သည်။ ယနေ့တွင် လူသား၏ ထိုကဲ့သို့သော ပြောဆိုမှုများသည် သူတို့၏ အဆုံးစွန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း လူသားသည် သူတို့ကိုယ်တိုင်ကိုပင် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်တွင် နာမတော်အများအပြား ရှိနေသော်လည်း ဘုရားသခင်၌မူ အမည်တစ်ခုမျှ မရှိပေ၊ ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုသည် ကြွယ်ဝလွန်းလှပြီး လူသား၏ ဘာသာစကားမှာ မွဲတေလွန်းလှသောကြောင့် ဖြစ်သည်။ စကားလုံးတစ်လုံး၊ သို့မဟုတ် နာမတော်တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည့် စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမတော်ကို တသမတ်တည်းထား၍ ဖြစ်နိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး သန့်ရှင်းလွန်းလှသော်လည်း သင်သည် ခေတ်သစ် တစ်ခုချင်းအတွက် သူ၏နာမတော်ကို ပြောင်းလဲရန် ခွင့်မပြု လိုသလော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့်နာမတော်ဖြစ်သော၊ ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်မြင်တွေ့ဖူးသော လူအများကမူ အမည်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံတွင် ကိုယ်စားပြုခြင်းမရှိနိုင်ဟု ခံစားကြရသည်၊ အလိုလေး၊ ကူကယ်ရာမဲ့နေသည်တကား၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမတော်နှင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ သူ့ကို “ဘုရားသခင်” ဟုသာခေါ်သည်။ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင်အောင် လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်ကြောင့် ဝိရောဓိများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်ကြွယ်ဝသည်ဖြစ်ရာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ပင်မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမတော် မရှိဘဲ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမတော်မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က ငါ့ကို “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း” ဟုမေးလာပါက “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်” ဟု သူတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမတော် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်သည် မဟုတ်လော။ သို့ဖြစ်သည့်အတွက် သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမတော်ကို ရှာဖွေရန် လုံ့လများစွာကို စိုက်ထုတ်နေကြသနည်း။ အမည်နာမတစ်ခုအတွက်နှင့် အစာမစား အိပ်လည်းမအိပ်ဘဲ ဦးနှောက်ခြောက်အောင် အဘယ်ကြောင့် တွေးတောနေကြသနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်၊ သူသည် ဖန်ဆင်းရှင်သက်သက်ပင်ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်သည် အဆုံးသတ်ပြီးနောက် သူ၏အမည်နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် အမည်နာမများ အားလုံးသည်လည်း အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာအားလုံးရောက်ရှိသည့်အခါ၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် အမည်နာမတစ်ခုကို သူသည် အဘယ်ကြောင့် လိုလိမ့်မည်နည်း။ သင်သည် ယခု ဘုရားသခင်၏ အမည်နာမကို ရှာဖွေနေဆဲပင်လော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့သေးလော။ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အပြစ်ကို သင်ခံနိုင်မည်လော။ ဘုရားသခင်တွင် မူလအစက အမည်နာမ မရှိကြောင်း သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရန် အလုပ်ရှိပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရသည့်အတွက် သူသည် အမည်နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် အမည်နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်အမည်နာမဖြင့် ခေါ်သည်ဖြစ်စေ၊ ဤအရာကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ သူ၏ဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည့် သင်က ဆုံးဖြတ်ပေးရန် သူသင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် အမည်နာမသည် လူသား၏ ဘာသာစကားဖြင့် လူကနားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ညီထွေအောင်ပေးသည့် အမည်ဖြစ်သော်လည်း၊ ဤအမည်နာမသည် လူက ခြုံငုံနိုင်သည့် အရာမဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပြီး ကြီးမြတ်သည့် တန်ခိုးရှိသည်၊ သူသည် အလွန်အမြော်အမြင်ကြီးသည်၊ အလွန်မြင့်မြတ်သည်၊ အလွန်အံ့သြဖွယ်ကောင်းသည်၊ အလွန်နက်နဲပြီး အနန္တတန်ခိုး အလွန်ရှိလှသည်ဟုသာ သင်ပြောနိုင်သည်၊ ဤထက်ပိုပြီး သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှ အကုန်သာဖြစ်သည်။ ဤကဲ့သို့ဖြစ်နေသဖြင့် ယေရှုဟူသည့်အမည်က ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုနိုင်သလော။ နောက်ဆုံးသောကာလ ရောက်လာသည့်အချိန်တွင် ဘုရားသခင် ကသာ သူ၏အလုပ်ကို လုပ်ဆောင်ခြင်းပင်ဖြစ်သော်လည်း မတူညီသည့် ခေတ်ဖြစ်သည့်အတွက် သူ၏အမည်နာမက ပြောင်းရလေသည်။

ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးနှင့် အထက်လောကတွင် အကြီးမြတ်ဆုံးဖြစ်ရာ၊ သူ၏ဇာတိပကတိ ပုံသဏ္ဌာန်ကို အသုံးပြုပြီး သူ့ကိုယ်ကိုယ် အပြည့်အဝ ရှင်းပြနိုင်မည်လော။ သူ့အလုပ်၏ အဆင့်တစ်ခုကို လုပ်ဆောင်ရန်အတွက် ဘုရားသခင်က ဤဇာတိပကတိကို ခံယူခြင်းဖြစ်သည်။ ဤဇာတိ ပကတိ ပုံသဏ္ဌာန်တွင် အထူး သိသာထင်ရှားမှုမရှိ၊ ပြီးခဲ့သည့် ခေတ်များနှင့် ဆက်နွှယ်မှုကို မပြ၊ ဘုရား သခင်၏ စိတ်သဘောထားနှင့်လည်း တစ်ခုမှ မသက်ဆိုင်ပေ။ ယေရှုသည် သူ၏ပုံသဏ္ဌာန်ကို ကျန်ရှိနေစေ ခဲ့ရန် အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ သူသည် လူသားအား သူ၏ပုံသဏ္ဌာန်ကို အဘယ်ကြောင့် ပန်းချီ မဆွဲစေဘဲ နောက်လာမည့် မျိုးဆက်များကို လက်ဆင့်ကမ်းရန် ခွင့်မပြုခဲ့သနည်း။ သူ၏ ပုံသဏ္ဌာန်က ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြစ်ကြောင်း လူတွေ အသိအမှတ်ပြုရန် ခွင့်မပြုခဲ့သနည်း။ လူသား၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သော်လည်း၊ လူသား၏ ရုပ်သွင်သည် မြင့်မြတ်သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြုရန် ဖြစ်နိုင်ပါ၏လော။ ဘုရားသခင် လူ့ဇာတိခံယူစဉ်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့်ဇာတိပကတိသို့ ကြွဆင်းလာရုံ မျှသာဖြစ်သည်။ ဇာတိပကတိထဲသို့ ကြွဆင်း လာခဲ့သည်မှာ သူ၏ဝိညာဉ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ ယင်းသည် ဇာတိပကတိထဲတွင် ဖော်ပြသော ဝိညာဉ်တော်ဖြစ်ပြီး ယင်းသည် ဇာတိပကတိအားဖြင့် သူ၏အလုပ်ကို လုပ်ဆောင်သည့် ဝိညာဉ်တော်ဖြစ်သည်။ ဇာတိပကတိထဲတွင် လုပ်ဆောင်သည့် အလုပ်သည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ ဇာတိပကတိသည် အလုပ်အတွက်ဖြစ်သည်၊ သို့ရာတွင် ဇာတိ ပကတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်၏ အစားထိုးခြင်းဟု မဆိုလိုပါ။ ယင်းသည် ဘုရားသခင် လူ့ဇာတိခံယူသည့် အမှတ်အသား သို့မဟုတ် ရည်ရွယ်ချက် မဟုတ်ပါ။ သူလူ့ဇာတိခံယူရခြင်းမှာ သူ၏အလုပ်ကို လုပ်ဆောင်ရန် သူ၏ဝိညာဉ်တော်က သင့်တော်သည့် နေရာ တစ်ခုတွင် တည်မှီနေရန် အတွက်သာဖြစ်သည်။ ဇာတိပကတိအားဖြင့် သူ၏အလုပ်ကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေရန်ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့သည် သူ၏အလုပ်ကို မြင်နိုင်မည်၊ သူ၏ စိတ်သဘောထားနှင့် တွေ့ထိနီးစပ်လာနိုင်မည်၊ သူ၏စကားများကို ကြားနိုင်ပြီး သူ့အလုပ်၏ အံ့သြဖွယ်များကို သိမည်။ သူ၏ အမည်နာမက သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်၊ သူ့အလုပ်က သူ၏သွင်ပြင် လက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ ဇာတိပကတိရုပ်သွင်က သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပါ။ ယင်းသည် လူသား၏ ယူဆချက်မျှသာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အရေးပါလှသည့် ကဏ္ဍများမှာ သူ့နာမ၊ သူ့အလုပ်၊ သူ့စိတ်သဘောထားနှင့် သူ၏ကျားမဖြစ်မှုတို့ ဖြစ်ကြပါ သည်။ ယခုခေတ် သူ၏စီမံခန့်ခွဲမှုကို ကိုယ်စားပြုရန် ယင်းတို့ကို အသုံးပြုသည်။ ဇာတိပကတိမှ သူ၏ ရုပ်သွင်သည် သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်မှုမရှိပါ၊ ထိုအချိန်က သူ၏ လုပ်ဆောင်မှုအတွက် ဖြစ်တည်မှုသာ ဖြစ်ပါသည်။ သို့သော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်အတွက် သီးခြားရုပ်သွင်ရှိရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် သူ၏ရုပ်သွင်ကို ဆုံးဖြတ်ရန်အတွက် သင့်တော်သည့် မိသားစုကို သူရွေးချယ်သည်။ ဘုရားသခင် ၏ ရုပ်သွင်သည် ထင်ရှားသည့် ကိုယ်စားပြုမှုများ ရှိခဲ့ရမည်ဆိုလျှင်၊ သူနှင့် မျက်နှာ အသွင်အပြင်များ တူသည့် လူများသည်လည်း ဘုရားသခင်ကို ကိုယ်စားပြုရပါလိမ့်မည်။ ယင်းသည် ကမ်းကုန်သည့် အမှားကြီးတစ်ခု ဖြစ်မနေဘူးလော။ ယေရှု၏ ပုံတူပန်းချီသည် လူကသူ့ကို ကိုးကွယ်ဆည်းကပ်ရန်အလို့ငှာ လူကရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်မှ အထူးတလှယ် လမ်းညွှန်မှုများ မပေးခဲ့ပေ၊ ဤသို့နှင့် လူမှ ပုံတူပန်းချီကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့သည်။ အမှန်အားဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်အရ၊ လူသားက ဤအရာကို မပြုလုပ်ခဲ့သင့်ပေ။ ယေရှု၏ ပုံတူပန်းချီကို ယနေ့တိုင် တည်ရှိနေစေခဲ့သည်မှာ လူသား၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး၊ လူသားသည် ဘယ်သောအခါမျှ သူ၏ပုံသဏ္ဌာန်ကို အတည်ပြု ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သူ၏ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားကပင် ကိုယ်စားပြုနိုင်ပါမည်။ သူ့နှာခေါင်း၊ သူ့ပါးစပ်၊ သူ့မျက်လုံး များနှင့် သူ၏ဆံပင် အသွင်တို့သည် သင်သိရှိနားလည်နိုင်စွမ်းထက် ကျော်လွန်နေပါသည်။ ဗျာဒိတ်တော်သည် ယောဟန်ထံသို့ လာစဉ်တွင်၊ လူသားတော်၏ ပုံသဏ္ဌာန်ကို သူမြင်ခဲ့သည်မှာ—ခံတွင်းတော်ထဲမှ ထက်သော သန်လျက်ထွက်၏၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏၊ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့ ဖြူ၏၊ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏၊ ရင်ဘတ်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ယောဟန်၏ စကားလုံးများက အလွန်ထင်ရှားသော်လည်း၊ သူဖော်ပြခဲ့သည့် ဘုရားသခင် ၏ ပုံသဏ္ဌာန်မှာ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပါ။ သူမြင်ခဲ့သည်မှာ ရူပါရုံတစ်ခုသာ ဖြစ်ပြီး၊ လောကီကမ္ဘာမှ လူတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ ယောဟန်က ရူပါရုံ မြင်တွေ့ခဲ့သော်လည်း၊ ဘုရားသခင် ၏ ရုပ်သွင်အမှန်ကို မျက်မြင်မတွေ့ခဲ့ရပေ။ ဘုရားသခင် ခံယူထားသည့် ဇာတိပကတိ၏ ပုံသဏ္ဌာန်၊ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန်၏ ဖြစ်တည်မှုသည် ဘုရားသခင် စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြု နိုင်ပေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့စဉ်က၊ သူ၏ပုံသဏ္ဌာန်နှင့်အညီ လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ ထိုအချိန်က သူသည် လူယောကျာ်းနှင့် လူမိန်းမကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ လူသား၏ ပုံသဏ္ဌာန်သည် ဘုရား သခင်၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း၊ ဤသည်ကို လူသား၏သွင်ပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် ဖြစ်သည့် အဓိပ္ပာယ်ဟု ဖန်တီး၍မရပါ။ ဘုရားသခင်သည် မြင့်မြတ်လွန်း၊ ကြီးမြတ်လွန်း၊ အံ့ဖွယ်ကောင်း လွန်းပြီး နက်နဲလွန်းသည့်အတွက် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူသားအသုံးပြုသည့် ဘာသာစကားဖြင့် ပြည့်စုံစွာ စံနမူနာ ယူ၍မရနိုင်ပါ။

ယေရှုသည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လာခဲ့စဉ်အချိန်က၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလိုရှိသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး၊ ယင်းသည် ဓမ္မဟောင်း ပညတ်တော်ခေတ်အရ သို့မဟုတ် ယေဟောဝါ၏ အလုပ်အရ မဟုတ်ခဲ့ချေ။ ယေရှုလာရောက် လုပ်ဆောင်သည့် အလုပ်သည် ယေဟောဝါ၏ ဥပဒေသများ သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာခြင်း မဟုတ်သော်လည်း၊ သူတို့၏ ရင်းမြစ်မှာ တစ်ခုတည်း ဖြစ်ပြီး တူညီကြပါသည်။ ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်သည် ယေရှု၏အမည်နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ခဲ့သည့် အလုပ်မူကား ယေဟောဝါနှင့် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ သူတို့၏အလုပ်မှာ ဝိညာဉ်တော်တစ်ခုတည်း မှနေပြီး မတူညီသည့် ခေတ်နှစ်ခေတ်တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အလုပ်သည် ဓမ္မဟောင်း ပညတ်တော်ခေတ် ကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှ လူများနှင့် ဣသရေလတိုင်းပြည် တစ်ဝိုက်ရှိ တိုင်းနိုင်ငံများအားလုံးကိုသာ လမ်းညွှန်ခဲ့သည်။ ဓမ္မသစ်ကျမ်း ကျေးဇူးတော်ခေတ်အောက်မှ ယေရှု၏ အလုပ်သည် ယေရှု နာမတော်အောက်မှ ဘုရားသခင်၏ အလုပ်ဖြစ်သည်၊ သူကခေတ်ကို လမ်းညွှန် ပေးခဲ့သည့်အတွက် ဖြစ်သည်။ ယေရှု၏အလုပ်က ယေဟောဝါ၏ အလုပ်ကိုအခြေခံပြီး၊ သူသည် မည်သည့် အလုပ်သစ်ကိုမျှ စတင်ခဲ့ခြင်းမရှိဘဲ၊ သူလုပ်သမျှ အလုံးစုံတို့သည် ယေဟောဝါ၏ စကားများအတိုင်း၊ ယေဟောဝါ၏ အလုပ်နှင့် ဟေရှာယ၏ ပရောဖက်ပြုသည်များ အတိုင်းဖြစ်သည်ဟု သင်ပြောမည်ဆိုပါက၊ ယေရှုသည် ဘုရားသခင် လူ့ဇာတိခံယူသူ ဖြစ်တော့မည် မဟုတ်ပေ။ ဤနည်းလမ်းဖြင့် သူ၏အလုပ်ကို လုပ်ဆောင်နေခဲ့ပါက၊ သူသည် ပညတ်တော်ခေတ်၏ လုပ်ဆောင်သူတစ်ဦး သို့မဟုတ် တမန်တော်တစ်ဦး ဖြစ်ခဲ့ပါမည်။ သင်ပြောသလိုသာ ဖြစ်မည်ဆိုပါက၊ ယေရှုသည် ခေတ်တစ်ခေတ်ကို ဖွင့်ပေးနိုင်ခဲ့မည် မဟုတ် သကဲ့သို့ အခြားမည်သည့် အလုပ်ကိုမျှလည်း လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ထိုနည်းတူစွာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေဟောဝါမှတစ်ဆင့် အဓိကအားဖြင့် လုပ်ဆောင်ရပြီး ယေဟောဝါမှ တစ်ဆင့် လုပ်ဆောင်ခြင်းမှလွဲ၍ သန့်ရှင်းသော ဝိညာဥ်တော်သည် မည်သည့် အလုပ်သစ် တစ်ခုကိုမျှ လုပ်နိုင်မည် မဟုတ်ပေ။ ယေရှု၏ အလုပ်ကို ဤနည်းလမ်းဖြင့် လူတို့က နားလည်နေသည်မှာ မှားယွင်း ပါသည်။ ယေရှု လုပ်ခဲ့သည့် အလုပ်က ယေဟောဝါ၏ စကားများနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များအရ ဖြစ်သည်ဟု လူကယုံကြည်နေပါက၊ ယေရှုက ဘုရားသခင် လူ့ဇာတိခံယူခဲ့သူလော သို့မဟုတ် ပရောဖက်များ ထဲမှ တစ်ဦးလော။ ဤအမြင်အရဆိုလျှင်၊ ကျေးဇူးတော်ခေတ် ရှိလိမ့်မည်မဟုတ်၊ ထို့ပြင် ယေရှုသည်လည်း ဘုရားသခင် လူ့ဇာတိခံယူသည့်သူ ဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားမပြုနိုင်ဘဲ၊ ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စား ပြုသည့်အတွက် ဖြစ်သည်။ ယေရှု အလုပ်သစ် လုပ်ဆောင်ရန်၊ ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ ဣသရေလ တိုင်းပြည်တွင် အရင်ကလုပ်ခဲ့သည့်အလုပ်ကို ချိုးဖျက်ရန်နှင့် ဣသရေလတိုင်းပြည်တွင် ယေဟောဝါ လုပ်ခဲ့သည့် အလုပ်နှင့် မကိုက်ညီသည့် သို့မဟုတ် သူ၏ စည်းကမ်းဟောင်းများနှင့် မကိုက်ညီသည့် သို့မဟုတ် မည်သည့် စည်းမျဉ်းနှင့်မျှ မကိုက်ညီသော်လည်း၊ သူလုပ်သင့်သည့် အလုပ်သစ်ကိုသာ ဆောင်ရွက်ရန် လာခဲ့သည့်အချိန်တွင်၊ ခေတ်သစ်တစ်ခေတ်သာ ရှိနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင် ခေတ်တစ်ခုကို ဖွင့်ရန် ကြွလာသည်၊ ထို့နောက် ဘုရားသခင် ကိုယ်တော်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ယူသည်။ လူသည် ခေတ်ကိုအစပြုရန်နှင့် ခေတ်ကို အဆုံးသတ်ရန် လုပ်နိုင်သည့် အစွမ်းအစမရှိပေ။ ယေရှုသည် သူကြွလာပြီးနောက် ယေဟောဝါ၏အလုပ်ကို အဆုံးမသတ်ခဲ့ပါက၊ သူသည် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု သက်သေပြသကဲ့သို့ ဖြစ်နေမည်။ ယေရှုကြွလာခဲ့ပြီး ယေဟောဝါ၏အလုပ်ကို အဆုံးသတ်ခဲ့သည်၊ ယေဟောဝါ၏ အလုပ်ကို ဆက်လုပ်ခဲ့သည့်အပြင် သူ၏ကိုယ်ပိုင်အလုပ်၊ အလုပ်သစ်တစ်ခုကို ဆောင်ရွက်ခဲ့သည်မှာ အတိအကျပင် ဖြစ်သောကြောင့် ယင်းသည် ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ် ကြောင်း သက်သေပြနေသည်။ သူတို့သည် မတူညီဘဲ ကွဲပြားသည့် အလုပ်အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြ သည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်အတွင်း လုပ်ဆောင်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း လမ်းညွှန်ရန်ဖြစ်ပြီး၊ အခြားတစ်ခုက အပြစ်ဖြေရာယဇ်ကို ပေးလှူရန်ဖြစ်သည်။ ဤအလုပ်အဆင့် နှစ်ဆင့်မှာ သိသာစွာ ကွဲပြား ကြသည်။ ဤကား ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ မတူညီသည့် ခေတ်နှစ်ခေတ် ဟုပြောရန် လုံးဝမှန်ပါသည်။ သူတို့အလုပ်၏ တည်နေရာက ကွဲပြားပြီး၊ သူတို့အလုပ်၏ အကြောင်းအရာလည်း တူညီမှု မရှိသည့်အပြင်၊ သူတို့အလုပ်၏ ရည်မှန်းချက်ကလည်း ခြားနားကြသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ စသဖြင့် ခေတ်နှစ်ခေတ်အဖြစ် ခွဲခြားထားနိုင်သည်၊ ပြောရမည်ဆိုလျှင်၊ ခေတ်သစ်နှင့် ခေတ်ဟောင်းများ ဖြစ်ကြသည်။ ယေရှုလာစဉ်အချိန်က သူသည် ဗိမာန်တော်သို့ မသွားခဲ့ပေ၊ ယင်းသည် ယေဟောဝါ၏ခေတ် အဆုံးသတ်ကြောင်းကို သက်သေပြခြင်းဖြစ်သည်။ ဗိမာန်တော်အတွင်းမှ ယေဟောဝါ၏ လုပ်ဆောင်မှု ပြီးပြတ်ခဲ့ပြီး၊ တစ်ဖန်ပြန်လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ၊ ယင်းကို ထပ်မံဆောင်ရွက်ခြင်းက ယင်းကို ထပ်ကျော့ခြင်း ဖြစ်သည့်အတွက် သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်ခဲ့ပါ။ ဗိမာန်တော်ကို စွန့်ခွာမှသာ၊ ဗိမာန်တော် ပြင်ပတွင် လမ်းသစ်ကို ဖွင့်လှစ်ပြီး အသစ်သော အလုပ်ကိုစတင်ခြင်းအားဖြင့်၊ သူသည် ဘုရားသခင်၏ အလုပ်ကို အထွတ်အထိပ်သို့ ယူဆောင်သွားနိုင်ခဲ့သည် မဟုတ်လော။ သူ့အလုပ်ကို လုပ်ဆောင်ရန် သူသည် ဗိမာန်တော်မှ မထွက်ခွာခဲ့လျှင်၊ ဘုရားသခင်၏ အလုပ်သည် ဗိမာန်တော်၏ အခြေခံများမှ တိုးတက်လာလိမ့်မည် မဟုတ်ဘဲ၊ အသစ်သော ပြောင်းလဲမှု တစ်ခုမျှလည်း ရှိလာလိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ယေရှုကြွလာခဲ့စဉ်က ဗိမာန်တော်သို့ မဝင်ရောက်ဘဲ၊ သူ၏အလုပ်ကိုလည်း ဗိမာန်တော်အတွင်းတွင် မလုပ်ဆောင်ခဲ့ပေ။ သူ့အလုပ်ကို ဗိမာန်တော်ပြင်ပတွင် လုပ်ဆောင်ခဲ့ပြီး၊ တပည့် တော်များကို ဦးဆောင်ကာ သူ့အလုပ်အတွက် လွတ်လပ်စွာ လှည့်လည်သွားလာခဲ့သည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်ရန် ဗိမာန်တော်မှ ထွက်ခွာလာခြင်းက ဘုရားသခင်တွင် အသစ်သော လုပ်ငန်းစဉ် ရှိကြောင်းကို ဆိုလိုပါသည်။ သူ့အလုပ်က ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ရန်နှင့်၊ ယင်းကို အကောင် အထည် ဖော်ရာတွင် လွတ်လပ်သည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည့် အလုပ်သစ်မျိုးဖြစ်သည်။ ယေရှု စတင်ရောက်ရှိလာသည်နှင့် ဓမ္မဟောင်းခေတ်အတွင်းမှ ယေဟောဝါ၏ အလုပ်ကို အဆုံးသတ်စေခဲ့သည်။ သူတို့ကို မတူညီသည့် အမည်နှစ်မျိုးဖြင့် ခေါ်ဆိုပါသော်လည်း၊ အလုပ်နှစ်ဆင့်စလုံးကို ပြီးမြောက်စေသည်မှာ တူညီသည့် ဝိညာဉ်တော်ပင်ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အလုပ်သည်လည်း အလျဉ်မပြတ်သည့်အလုပ်ဖြစ်သည်။ အမည်က မတူညီသည့်အတွက်၊ ပါဝင်သည့် လုပ်ဆောင်မှုများကလည်း မတူညီ၊ ခေတ်လည်းမတူညီပေ။ ယေဟောဝါ လာခဲ့သည့်အချိန်သည် ယေဟောဝါ၏ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှုလာခဲ့သည့်အချိန်သည် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ သို့အတွက်ကြောင့်၊ တစ်ခါလာတိုင်း ဘုရားသခင်သည် အမည်နာမတစ်မျိုးဖြင့် အခေါ်ခံရပြီး၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုကာ၊ လမ်းသစ်တစ်ခုကို ဖွင့်ပေးသည်။ လမ်းသစ်တစ်ခုစီတိုင်းတွင် သူသည် အမည်အသစ်တစ်ခု ယူဆောင်သည်၊ ယင်းသည် ဘုရားသခင်က အမြဲအသစ်ဖြစ်ပြီး ဘယ်တော့မျှ အိုဟောင်းသွားခြင်း မရှိကြောင်းကို ပြသပြီး၊ ရှေ့သို့ဦးတည်သည့် သူ့အလုပ်၏ တိုးတက်မှုလည်း ဘယ်တော့မျှ ရပ်တန့်သွားခြင်း မရှိကြောင်းကို ပြသသည်။ သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းကို ရှေ့သို့ဦးတည်သည့် လမ်းကြောင်းဖြင့် ဆက်လက်ဆောင်ရွက်ရမည်။ နေ့ရက်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းသစ်များကိုဖွင့်ပြီး၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမြတ်သည့် အလုပ်သစ်ကို စတင်ရမည်၊ ယင်းတို့နှင့်အတူ အမည်အသစ်များနှင့် အလုပ်သစ်ကို ယူဆောင်လာရမည်။ နည်းလမ်း ဟောင်းများနှင့် စည်းမျဉ်းစည်းကမ်းဟောင်းများကို မဖက်တွယ်ထားဘဲ၊ တိုတောင်းသောကာလ တစ်ခုမှ တစ်ခုဆီသို့၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်သစ်ကို လုပ်ဆောင်သည်။ သူ၏အလုပ်သည် ဘယ်သောအခါမှ ရပ်တန့်မှုမရှိဘဲ၊ တိုတောင်းသော ကာလတစ်ခုစီကို လာရောက်ဖြတ်ကျော်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲခြင်း မရှိဟု သင်ပြောလျှင်၊ ယေရှုက ဗိမာန်တော်တွင်း မဝင်ရောက်သော်လည်း ယေဟောဝါက ယဇ်ပရောဟိတ်များကို ဗိမာန်တော်အတွင်း သူ့အား အဘယ်ကြောင့် အစေခံစေသနည်း—သို့သော်လည်း၊ ယေရှုရောက်လာခဲ့သည့်အခါ၊ သူသည် ယဇ်ပရောဟိတ် အကြီးအကဲ ဖြစ်ကြောင်း၊ ပြီးတော့ သူသည် ဒါဝိဒ်၏ အိမ်တော်ကဖြစ်ပြီး ယဇ်ပရောဟိတ် အကြီးအကဲနှင့် ကြီးမြတ်သည့် ဘုရင်ဖြစ်ကြောင်း လူများက ပြောဆိုခဲ့ကြသည်။ ပြီးလျှင် သူသည် အဘယ်ကြောင့် ယဇ်ပူဇော်မှုများ မပြုလုပ်သနည်း။ ဗိမာန်တော်ကို ဝင်ရောက်ခြင်း သို့မဟုတ် ဗိမာန်တော်ကို မဝင်ရောက်ခြင်း—ဤအရာ အားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်များ မဟုတ်သလော။ လူတွေးထင်သကဲ့သို့ ယေရှုက တစ်ဖန်ပြန်လာပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ပြီး၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာကာ၊ လူများအကြားတွင် ယေရှု၏ ပုံရိပ်အားဖြင့် ဆင်းသက်ကြွလာမည် ဆိုပါက—သူ၏အလုပ်ကို တစ်ကျော့ပြန်ခြင်းပင် မဟုတ်သလော။ သန့်ရှင်းသော ဝိညာဉ်တော်က အဟောင်းကို တွယ်ဖက်ဖို့ ဖြစ်နိုင်သလော။ လူ၏ယုံကြည်မှုများ အားလုံးက စိတ်ကူးစိတ်သန်းများဖြစ်ပြီး၊ လူသား၏ နားလည်သဘောပေါက်မှု အားလုံးကလည်း သူတို့၏ မူရင်းစာနှင့် တိကျစွာတူညီသော အဓိပ္ပာယ်ကို နားလည်ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးအရလည်း ဖြစ်သည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘော တရားများနှင့် ကိုက်ညီမှုမရှိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း လိုက်လျောညီထွေမှု မရှိပေ။ ဘုရားသခင်သည် ထိုနည်းလမ်းအတိုင်း လုပ်ဆောင်မည်မဟုတ်ချေ။ ဘုရားသခင်သည် မမိုက်မဲ မထုံအပေ၊ ထို့အတူ သူ၏အလုပ်သည်လည်း သင်တွေးထင်သကဲ့သို့ မရိုးစင်းလှပေ။ လူတွေးထင်၍ လုပ်ဆောင်သည့် အရာခပ်သိမ်းကို အခြေခံလျှင် ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ်သို့ ဆင်းသက်လာပေ မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက်နေသော သူ့ကိုမြင်တွေ့ရလိမ့်မည်၊ သင်တို့ကို သူသည် ယေရှုဖြစ်ကြောင်း ပြောပေမည်။ သင်တို့သည် သူ၏လက်များမှ သံမှိုအမှတ်အသားများကိုလည်း မြင်ရပြီး၊ သူက ယေရှု ဖြစ်ကြောင်းကို သိရပေမည်။ ထို့နောက် သူကသင်တို့ကို နောက်ထပ် ကယ်တင်ရပြီး၊ သင်တို့၏ ကြီးမြတ်သည့် ဘုရားသခင် ဖြစ်ရပေမည်။ သူသည် သင်တို့ကို ကယ်တင်ရပြီး၊ သင်တို့ကို အမည်အသစ်ပေးကာ၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူလက်ဖွဲ့ တစ်ခုစီပေးပြီးနောက်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်အခွင့်ရပြီး ပရဒိသုဘုံက သင့်ကိုလက်ခံရပေမည်။ ဤယုံကြည်မှုများသည် လူသား၏ စိတ်ကူးစိတ်သန်းများပင် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်သလော၊ သို့မဟုတ် လူသား၏ စိတ်ကူးစိတ်သန်းများကို ဆန့်ကျင်လျက် လုပ်ဆောင်သလော။ လူသား၏ စိတ်ကူးစိတ်သန်းများ အားလုံးသည် စာတန်ထံမှ ဆင်းသက်လာခြင်း မဟုတ်သလော။ လူသားအားလုံးသည် စာတန်၏ ဖျက်ဆီးမှုကို မခံခဲ့ရသလော။ ဘုရားသခင်သည် သူ့အလုပ်ကို လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်ပါက၊ သူသည် စာတန်ဖြစ်လာလိမ့်မည် မဟုတ်လော။ သူ၏ ဖန်ဆင်းခံများနှင့် အမျိုးအစားအတူတူ ဖြစ်လာ လိမ့်မည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများက ယခုတွင် စာတန်၏ ဖျက်စီးခြင်းကို ခံခဲ့ရပြီး၊ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာခဲ့သောကြောင့် ဘုရားသခင်က စာတန်၏ အမှုအရာများအတိုင်း လုပ်ဆောင်သည် ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်လိမ့်မည် မဟုတ်လော။ လူက ဘုရားသခင်၏ အလုပ်ကို အဘယ်သို့လျှင် နားလည်သဘောပေါက် နိုင်မည်နည်း။ ထို့ကြောင့်၊ ဘုရားသခင်သည် လူ၏စိတ်ကူး စိတ်သန်းများအတိုင်း ဘယ်တော့မျှ မလုပ်ကိုင်ပါ၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း ဘယ်တော့မှ မလုပ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်က သူသည် မိုးတိမ်စီးပြီး ရောက်လာမည်ဟု ပြောကြောင်း ပြောသည့် သူများရှိသည်။ ဘုရားသခင်က သူ့ကိုယ်သူပြောကြောင်း မှန်ကန်ပါသည်၊ သို့သော်လည်း ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လူသားကမှ နားမလည်နိုင်သည်ကို သင်မသိသလော။ ဘယ်လူသားကမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်ကြောင်း သင်မသိသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုနှင့် အလင်းပေးမှုကို သင်ရရှိကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ ကျိန်းသေသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံကို ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ညွှန်ကြားခဲ့ခြင်းလော၊ သို့မဟုတ် သင်၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကပင် သင့်ကို ထိုကဲ့သို့ တွေးတောစေခြင်းလော။ “ဒါကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောခဲ့တာ” ဟုသင်ပြောသည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းထွာရန်အတွက် ငါတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် အတွေးအခေါ်များကို အသုံးပြု၍မရပါ။ ဟေရှာယက ပြောခဲ့သည့် စကားများနှင့် ပတ်သက်ပြီး၊ သူ၏စကားများကို အကြွင်းမဲ့ သေချာမှုနှင့် သင်ရှင်းပြနိုင်သလော။ သူ၏စကားများကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ စကားများကို သင့်အနေဖြင့် မရှင်းပြဝံ့လျှင်၊ ယေရှု၏ နှုတ်ကပတ်တော် များကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက် အဘယ်ကြောင့် ယေရှုမှ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် ရှင်းပြရသနည်း။ ဘုရားသခင်က သူ၏အလုပ်များကို သင့်အားကြိုတင်၍ ပြောမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ခုမျှ မသိနိုင်ပါ၊ ကောင်းကင်မှ တမန်တော်များပင် မသိနိုင်၊ လူသား၏ သားတော်လည်းမသိ၊ ဤသို့လျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။ လူသားသည် ချို့တဲ့လွန်းလှသည်။ ယခုသင့်အတွက် အရေးကြီးသည်မှာ အလုပ်အဆင့် သုံးဆင့်ကို သိရန်ဖြစ်သည်။ ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ ပထမအဆင့်မှ ယနေ့တိုင် လုပ်ကိုင်သည့် အလုပ်များအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အလုပ်၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်း နားလည်ရန် ယခုတွင် သင်၌ တာဝန်ရှိသည်။ ဤအရာနှင့် ပတ်သက်၍ သံသယ မရှိနိုင်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။