၈၇၆ လူသား၏ နာကျင်မှုကို ဘုရားသခင် တွေ့ကြုံခြင်းသည် နက်ရှိုင်းစွာ အဓိပ္ပါယ်ရှိသည်
၁ ရားသခင်၏လူ့ဇာတိခံယူခြင်းများ၏ အမှုတော် အဆင့်နှစ်ဆင့်ကို ဤပုံစံဖြင့် ပြီးမြောက်သည်မှာ စုံလင်ပေသည်။ ယင်းမှာ၊ ပထမ လူ့ဇာတိခံယူခြင်းမှသည် ဤလူ့ဇာတိခံယူခြင်းဟူသော ဤအဆင့်နှစ်ဆင့်၌ ပြီးမြောက်ခဲ့သည့် အမှုသည် လူသားမျိုးနွယ်၏ ဘဝထဲက ဆင်းရဲဒုက္ခအားလုံးကို ဖြေရှင်းပေးပြီးဖြစ်သည်။ လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရသည့်အချိန်က၊ သူတို့တွင် ထိုအရာများ မရှိခဲ့ကြပေ။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ ၎င်းတို့ကို စာတန်၏လက်မှ ပြန်လည်ယူဆောင်ဖို့နှင့် နှစ်သက်ပျော်ရွှင်ဖွယ် ပန်းတိုင်တစ်ခုကို ၎င်းတို့အား ပေးအပ်ဖို့အလို့ငှာ ဘုရားသခင်သည် ဤဒုက္ခဆင်းရဲကို ကိုယ်တိုင်တွေ့ကြုံဖို့ လိုအပ်ခဲ့သည်။
၂ သခင်ယေရှုက လူ့ဇာတိခံယူပြီး ကျေးဇူးတော်ခေတ်ကို ဖြစ်ပေါ်စေခဲ့သည့် ထိုအချိန်တွင် သူသည် လူသားမျိုးနွယ်ထံ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ဆောင်ကြဉ်းပေးခဲ့သည်။ ထိုစဉ်က သူသည် ကားစင်တင်ခံခဲ့ရသည်၊ ထိုသို့ဖြင့် လူသားတို့ကို ၎င်းတို့၏ အပြစ်များအားလုံးမှ လွှတ်ပေးခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ပေးခဲ့သည်။ လူသားတို့သည် ၎င်းတို့၏အပြစ်များမှ လွှတ်ခြင်းခံရသော်လည်း၊ ၎င်းတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကို ခံထားရပြီး အပြစ်ရှိသော သဘာဝကို ပိုင်ဆိုင်ထားကြ၏၊ ၎င်းတို့သည် အပြစ်ကျူးလွန်ပြီး ဘုရားသခင်ကို ခုခံနိုင်ကြဆဲ ဖြစ်လေသည်။ လူတို့အတွင်း၌ စာတန်က ထိန်းချုပ်နိုင်ပြီး ကြိုးကိုင်ခြယ်လှယ်နိုင်သော စိတ် သို့မဟုတ် ဝိညာဉ်နှင့်ဆိုင်သည့် အရာများ ရှိနေသေး၏။ ဤသည်မှာ သင်သည် နာမကျန်းဖြစ်ပြီး သောကရောက်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် သင့်အတွက် ဖြစ်နိုင်ကာ ရံဖန်ရံခါ လောကကြီးသည် တိတ်ဆိတ်ခြောက်ကပ်သည် သို့မဟုတ် ဘဝက အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင် ခံစားရလေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤလူသား ဆင်းရဲဒုက္ခများသည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေး၏၊ ၎င်းတို့သည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုအဖြစ် ပါဝင်သည်။
၃ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားမျိုးနွယ်ကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။ ထို့ကြောင့်၊ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ နောက်ဆုံးသော ကာလတွင် ဘုရားသခင် လူ့ဇာတိ တဖန်ခံယူပြီးဖြစ်ကာ၊ သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်စဉ်တွင် လူသားမျိုးနွယ်ကိုယ်စား ဆင်းရဲဒုက္ခခံခဲ့ရလေသည်။ ဆင်းရဲဒုက္ခခံခြင်း အဖိုးအခ ပေးခြင်းအားဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သေစေနိုင်သော အားနည်းချက်ကို ဖြေရှင်းလိမ့်မည်ဖြစ်သည်။ လူသားမျိုးနွယ်၏ ဆင်းရဲဒုက္ခကို မြည်းစမ်းခြင်းဖြင့် လူသားမျိုးနွယ်ကို သူ ပြန်ဆောင်ယူလာပြီးနောက်တွင်၊ စာတန်သည် ၎င်းတို့ကို ဆန့်ကျင်အသုံးပြုနိုင်သည့်အရာ တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ၊ ထို့အပြင် လူသားမျိုးနွယ်သည် ဘုရားသခင်ထံ လုံးဝ ပြန်သွားကြလိမ့်မည်။ ထို့နောက်တွင်မှ လူသားမျိုးနွယ်ကို ဘုရားသခင်နှင့် အပြည့်အဝ သက်ဆိုင်သည်ဟု ယူဆနိုင်လိမ့်မည်။ ထိုသို့ဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လောက၏ နာကျင်မှုကို တွေ့ကြုံနေရပြီး လူသားမျိုးနွယ်ကိုယ်စား ဤနာကျင်မှုကို သည်းခံရခြင်းသည် မရှိလျှင်လည်းဖြစ်သော ကိစ္စရပ် မဟုတ်ပေ။ ယင်းမှာ လုံးဝ မရှိမဖြစ်လိုအပ်ပေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်