(ခ) လူသားအပေါ် ဘုရားသခင်၏ တိုက်တွန်းချက်များ၊ နှစ်သိမ့်မှုများ
(၆၂၃) ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ ပြစ်တင်၊ တရားစီရင်၊ ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ ပုန်ကန်တတ်ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အမှုအရာများကို တွေ့ကြုံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်၊ လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန် သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် အရှုံးပေးအပ်နှံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ အရှုံးပေးအပ်နှံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ သနားကရုဏာ သို့မဟုတ် မေတ္တာကျေးဇူးတော် မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့။ ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အပြစ်တင်ဝေဖန်သည့် နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ ခံစားချက်မဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ခေတ်တွင် အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမည်ဖြစ်စေ၊ လူအမျိုးစုံသည် ထုတ်ဖော်ခြင်းခံရမည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့် အလုပ်အားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူတို့ကို ကယ်တင်ရန်ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်သည် အတိတ်၏ နည်းစနစ်နှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှတစ်ဆင့် သင်တို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ကြဉ်းခြင်း ဖြစ်ပြီး၊ ဤသည်မှာ သင်တို့ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်းအတွက် ကောင်းမွန်သော တန်ဆာပလာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သော ပြစ်တင်ဆုံးမခြင်းသည် သင်တို့၏ အဆုံးစွန် ကယ်တင်ခြင်းအဖြစ် အသုံးတော်ခံပြီး ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သင်တို့သည် အဘယ်ပြောစရာ ရှိသနည်း။ သင်တို့သည် ကယ်တင်ခြင်းကို အစမှ အဆုံးတိုင် အမြဲ မွေ့လျော်ခံစားကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို မြင်ကြပြီး ဖြစ်သကဲ့သို့ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထို့အပြင်၊ ထပ်တလဲလဲ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့ တွေ့ကြုံကြရပြီး ဖြစ်သည်။ သို့သော် သင်တို့သည် အမြင့်ဆုံးသော ကျေးဇူးတော်ကိုလည်း ရရှိကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့၏ ကောင်းချီးမင်္ဂလာများသည် အခြားမည်သူမဆို၏ ကောင်းချီးမင်္ဂလာများထက် ပို၍ ကြီးမားသည် မဟုတ်သလော။ သင်တို့၏ ကျေးဇူးတော်များသည် ရှောလမုန်မင်းကြီး စံစားခဲ့ရသည့် ဘုန်းအသရေနှင့် ကြွယ်ဝမှုများထက် ပို၍ အလျှံပယ်ဖြစ်သည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့။ ကြွလာရာတွင် ငါ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ဖို့ထက် ရှုတ်ချရန်နှင့် အပြစ်ပေးရန်ဖြစ်ပါက၊ သင်တို့၏နေ့ရက်များသည် အလွန် ကြာရှည်နိုင်ခဲ့မည်လော။ အသွေးအသား ရှိသည့် အပြစ်နှင့်ပြည့်သော သင်တို့သည် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့မည်လော။ အကယ်၍ ငါ၏ ရည်မှန်းချက်သည် သင်တို့ကို အပြစ်ပေးရုံမျှ ပေးရန်သာဖြစ်ခဲ့ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ထိုသို့သော ကြီးမားသည့် လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ စတင်ခဲ့မည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့အား အပြစ်ပေးခြင်းသည် စကားတစ်ခွန်းကို မြွက်ဆိုခြင်းမျှအားဖြင့် လုပ်ဆောင်နိုင်သည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် ရှုတ်ချပြီးနောက် သင်တို့ကို ဖျက်ဆီးရန် လိုလိမ့်ဦးမည်လော။ ငါ၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မယုံကြည်ကြသေးသလော။ ငါသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့မှတစ်ဆင့်သာ လူကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ငါ အသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားသည် လူကို လုံးဝ ကျိုးနွံနာခံလာစေရန် ပို၍ ထောက်ကူသည် မဟုတ်လော။ ယင်းသည် လူကို သာ၍ ကယ်တင်နိုင်စွမ်း ရှိသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏
(၆၂၄) သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အနက်ရှိုင်းဆုံးသော ဤကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ဤကယ်တင်ခြင်းသည် ယခင်ကထက် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ ပုန်ကန်ကြသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် သင်တို့၏ အသက်တာကို မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ယင်းမှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ဖော်ထုတ်မှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။ ဤအမှု၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင် သဘောမပေါက်နိုင်ပါက၊ သင့်အနေဖြင့် ဆက်လက် တွေ့ကြုံခံစားဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကယ်တင်ခြင်းသည် သင့်ကို ကိုယ်စိတ်ချမ်းသာခြင်း ဆောင်ကြဉ်းပေးသင့်ပေသည်။ အသိစိတ် ဝင်လာဖို့ မငြင်းနှင့်။ ဤအထိ ရောက်ရှိပြီးဖြစ်သဖြင့်၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါမှုသည် သင့်အဖို့ သိသာထင်ရှားသင့်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ ထင်မြင်ချက်များကို တစ်နည်းနည်းဖြင့် သင် မစွဲကိုင်သင့်တော့ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၄)
(၆၂၅) လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းကို ခံကြရသည်။ ဘုရားသခင်သည် လူ့ဇာတိ မခံယူပြီးခဲ့ပါက၊ လူသားမျိုးနွယ်သည် ဤစစ်ဆေးခြင်းမှတစ်ဆင့် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာ ရှိခဲ့လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများကို လက်ခံနိုင်သော သူများအားလုံးသည် ကောင်းချီးခံစားရပေသည်။ လူများ၏ ပင်ကိုအရည်အသွေး၊ ၎င်းတို့၏ အပြုအမူနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့သည် ဤကဲ့သို့သော စစ်ဆေးခြင်းမျိုးကို ရရှိခြင်းငှာ မထိုက်တန်ကြပေ။ ၎င်းတို့အနေဖြင့် ဤကောင်းချီးမင်္ဂလာကို မွေ့လျော်ခဲ့သည်မှာ ဘုရားသခင်က ၎င်းတို့ကို မြှင့်တင်ခဲ့သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်ခြင်းငှာ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို ကြားခြင်းငှာ မထိုက်တန်ဟု ပြောလေ့ရှိကြသည်။ ယနေ့တွင်၊ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို ရရှိကြသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် သူ၏ ကရုဏာကြောင့် လုံးလုံးလျားလျားဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ မွေးဖွားကြသည့် လူတစ်ဦးချင်းစီတိုင်း၏ ကောင်းချီးမင်္ဂလာဖြစ်သည်- ဤသည်ကို သင်တို့ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးပြီလော။ မည်သည့်ရှုထောင့်များဖြင့် ဆင်းရဲဒုက္ခနှင့် အနှောင့်အယှက်တို့ကို လူတို့ တွေ့ကြုံသင့်သည်ကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်ထားခြင်းဖြစ်၏- ယင်းသည် လူတို့ကိုယ်တိုင်၏ သတ်မှတ်ချက်များပေါ် အခြေမခံပေ။ ဤအချက်က ပြတ်သားသည့် သမ္မာတရားဖြစ်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများကို လက်ခံနိုင်စွမ်းနှင့် သူ့နှုတ်ကပတ်တော်အတွင်း ဆင်းရဲဒုက္ခခံစားနိုင်စွမ်းကို ပိုင်ဆိုင်သင့်သည်။ ဤသည်မှာ သင်တို့အဖို့ ရှင်းလင်းပါသလော။ ထို့ကြောင့် သင်ကြုံတွေ့ပြီးဖြစ်သည့် ဆင်းရဲဒုက္ခများအတွက် အလဲအလှယ်အနေဖြင့်၊ သင်သည် ယနေ့၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် ဒုက္ခမခံပါက သူ၏ချီးမွမ်းမှုကို မရရှိနိုင်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်
(၆၂၆) ယနေ့တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံနိုင်ပြီး၊ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံနိုင်သည်၊ ခေတ်ကာလများမတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ရပြီး၊ ထို့ကြောင့် သင်သည် ပြစ်တင်ဆုံးမခံရသည့်အခါ လွန်စွာစိတ်သောကမရောက်ရ။ သင်တို့အထဲ၌ ပြုပြီးသော အမှုနှင့် သင်တို့အပေါ် အပ်နှင်းပြီးသည့် ကောင်းချီးမင်္ဂလာများကို မည်သူမျှ ယူဆောင်မသွားနိုင်သကဲ့သို့၊ သင်တို့အား ပေးထားပြီးဖြစ်သော အရာအားလုံးကို မည်သူမျှ ယူဆောင်မသွားနိုင်ပေ။ ဘာသာတရားနှင့်ဆိုင်သည့် လူများသည် သင်တို့နှင့် ယှဉ်ခွင့်မရှိကြပေ။ သင်တို့သည် သမ္မာကျမ်းစာ အလွန် နှံ့စပ်ကျွမ်းကျင်မှုကို မပိုင်ဆိုင်ကြသကဲ့သို့၊ ဘာသာရေး အယူအဆများဖြင့် မပြင်ဆင်ထားကြသော်လည်း၊ ဘုရားသခင်သည် သင်တို့အတွင်း၌ အမှုပြုပြီးဖြစ်သောကြောင့်၊ သင်တို့သည် ခေတ်ကာလတစ်လျှောက် မည်သူမဆိုထက် သာ၍ ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ သင်တို့၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဤအရာကြောင့် သင်တို့သည် ဘုရားသခင်ကို သာ၍ပင် ဆက်ကပ်ရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို သာ၍ပင် သစ္စာစောင့်သိကြရမည်။ ဘုရားသခင်သည် သင့်ကို ချီးမြှောက်သောကြောင့်၊ သင်၏ အားထုတ်မှုများကို သင် တိုးမြှင့်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် သင်၏ဝိညာဉ်ရင့်ကျက်မှုကို အသင့်ပြင်ဆင်ထားရမည်။ သင့်အား ဘုရားသခင် ပေးထားပြီးသောနေရာ၌ သင် မြဲမြံစွာရပ်တည်ရမည်၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ အားထုတ်ရမည်၊ နိုင်ငံတော်၏လေ့ကျင့်မှုကို လက်ခံရမည်၊ ဘုရားသခင်၏ ရယူခြင်းခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် ဘုရားသခင်အဖို့ မွန်မြတ်သော သက်သေခံချက်တစ်ခု ဖြစ်လာရမည်။ သင်သည် ဤစိတ်ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားသလော။ အကယ်၍ သင်သည် ထိုသို့သော စိတ်ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်မှာ သေချာပြီး ဘုရားသခင်အဖို့ မွန်မြတ်သော သက်သေခံတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ အဓိက တာဝန်ပေးစေခိုင်းချက်မှာ ဘုရားသခင်၏ ရယူခြင်းကို ခံရခြင်းနှင့် ဘုရားသခင်အဖို့ မွန်မြတ်သော သက်သေခံတစ်ခု ဖြစ်လာခြင်းဖြစ်သည်ကို သင်နားလည်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့
(၆၂၇) ငါ့အသံကို ကြားကြပြီဖြစ်သော ညီအစ်ကိုမောင်နှမ အပေါင်းတို့- သင်တို့သည် ငါ၏ပြင်းထန်သော တရားစီရင်သံကို ကြားကြပြီးဖြစ်ကာ ကြီးစွာသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ဖြစ်သည်။ သို့ရာတွင် ငါ၏ ခက်ထန်သောအသံ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ငါ၏ ရည်ရွယ်ချက်တို့ ရှိကြောင်း သင်တို့ သိသင့်ပေတကား။ သင်တို့ ကယ်တင်ခြင်း ခံရနိုင်ဖို့ရန်အလို့ငှာ သင်တို့ကို ငါ ဆုံးမပဲ့ပြင်၏။ ငါချစ်သောသားတို့အတွက်၊ သင်တို့ကို ငါ ဧကန်မုချ ဆုံးမပဲ့ပြင်ပြီး ပြုပြင်ကာ မကြာမီ စုံလင်စေမည် ဖြစ်ကြောင်းကို သင်တို့ သိသင့်၏။ ငါ့စိတ်နှလုံးသည် အလွန် စိတ်အားထက်သန်သော်လည်း၊ သင်တို့သည် ငါ့စိတ်နှလုံးကို နားမလည်၊ ငါ့နှုတ်ကပတ်တော်နှင့်အညီလည်း လုပ်ဆောင်ခြင်း မရှိကြ။ ယနေ့တွင် ငါ့နှုတ်ကပတ်တော်တို့သည် သင်တို့အပေါ်သို့ ကျရောက်ပြီး ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော ဘုရားသခင် ဖြစ်ကြောင်းကို သင်တို့အား အမှန်တကယ် သတိပြုမိစေကာ ဘုရားသခင်၏ စစ်မှန်သောမေတ္တာကို သင်တို့အားလုံးကို တွေ့ကြုံခံစားစေသည်။ သို့သော် ဟန်ဆောင်နေကြသော လူ အရေအတွက် အနည်းငယ်လည်း ရှိသည်။ ၎င်းတို့သည် အခြားလူများ၏ ဝမ်းနည်းမှုကို မြင်တွေ့ရချိန်တွင်၊ ၎င်းတို့သည်လည်း ၎င်းတို့၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်စေလျက်၊ ထိုသူတို့ကို အတုခိုးသည်။ အပေါ်ယံအားဖြင့်- ဘုရားသခင်၏ အကြွေးတင်ရှိပုံပေါ်ပြီး ၎င်းတို့သည် နောင်တရနေသည်ဟု ထင်ရသော်လည်း၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ် နားလည်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်အကြောင်းကိုလည်း မသေချာဘဲ၊ အမှန်မှာ အပြင်ပန်း ဟန်ပြရုံသာဖြစ်သော အခြားသူများ ရှိကြပေ၏။ ဤလူတို့ကို ငါသည် စက်ဆုပ်အရွံရှာဆုံးပင် ဖြစ်လေတကား။ ဤလူတို့သည် ငါ့မြို့နှင့် အနှေးနှင့်အမြန် အဆက်အသွယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ ငါ၏ရည်ရွယ်ချက်မှာ- ငါ့အား ပြင်းပြစွာ အလိုရှိသောသူများကို ငါအလိုရှိပြီး၊ စစ်မှန်သော နှလုံးသားဖြင့် ငါ့နောက်သို့ လိုက်သူများသည်သာ ငါ့ကို ကျေနပ်စေနိုင်သည်။ ထိုသူတို့သည် ငါ့လက်တော်များဖြင့် ငါအသေအချာ ထောက်ပံ့ပေးမည့်သူများ ဖြစ်ပြီး၊ သူတို့ ဘေးဒုက္ခနှင့် မတွေ့ကြုံရစေရန် ငါသေချာစေမည်။ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားရန် လိုလားနေကြပြီး၊ ငါ့အလိုတော်ကို လိုက်လျှောက်ကြသည်။ ထို့ကြောင့် သင်တို့သည် မကြာမီ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီး ငါ့နှုတ်ကပတ်တော်ကို သင်တို့၏အသက်အဖြစ် လက်ခံသင့်ကြ၏။ ဤသည်မှာ ငါ၏အကြီးလေးဆုံးသောဝန်ထုပ် ဖြစ်၏။ အကယ်၍ အသင်းတော်များနှင့် သန့်ရှင်းသူများအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြပြီး၊ ငါနှင့်တိုက်ရိုက် မိတ်သဟာယဖွဲ့နိုင်ကာ ငါနှင့်မျက်နှာချင်းဆိုင်ပြီး သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြမှသာလျှင်၊ ထိုသူတို့သည် ငါ၏ ချစ်သားများ၊ ငါ နှစ်သက်မြတ်နိုးသောသူများ ဖြစ်ကြပေမည်။ ထိုသူတို့အပေါ်သို့ ငါသည် ကြီးစွာသော ကောင်းချီးမင်္ဂလာ အလုံးစုံကို အပ်နှင်းမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၃)
(၆၂၈) ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်း ကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ သင့်အရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့လျှောက်သင့်သည်ကိုလည်း စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ သန္နိဋ္ဌာန်နှင့် ရဲရင့်ခြင်းရှိရမည်ဖြစ်ပြီး သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်ပါ။ သမ္မာတရားသည် မျက်နှာသာလိုက်ခြင်းကို ပြသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ ယင်းမှာ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင့်အပေါ် ခွဲခြားသိမြင်စိတ် မရှိ၍မဟုတ်ဘဲ သင်က အသက်တာအပေါ် ခွဲခြားသိမြင်စိတ်မရှိဘဲ အသက်ကို မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းမထွန်းတောက်နိုင် သောကြောင့် မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်ထား သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခြင်းသာဖြစ်သည်။ သင် ကြိုးပမ်းအားထုတ်ခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်း ပါတကား။ သင့်ကိုဝိုင်းထားသော စာတန်၏စွမ်းအားမှ လွတ်မြောက် နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသည့်ဘဝကို နေထိုင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်းခံရဖို့ ကြိုးပမ်းအားထုတ်ရန် ဖြစ်သည်၊ ဤသည်မှာ သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။ သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
(၆၂၉) ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ ပြင်ပအရာတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။
(၆၃၀) ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်။ ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။ ဤလမ်းပေါ်တွင် လူများစွာက သိနားလည်မှုအကြောင်း များစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့သေသည့်အချိန် ရောက်သောအခါ၊ ၎င်းတို့၏ မျက်လုံးများသည် မျက်ရည်များလျှံလျက်၊ တစ်သက်တာလုံး အချိန်ဖြုန်းခဲ့ပြီး အရွယ်လွန်သည်အထိ အချည်းနှီး အသက်ရှင်ခဲ့သည့် အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းနေကြသည်။ သူတို့သည် အယူဝါဒများကိုသာ သဘောပေါက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်းကို မလုပ်နိုင်ပေ၊ သူတို့သည် အပြင်ပန်းတွင် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲ အချိန်ရောက်မှသာ သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်လော။ အချိန်ကို မလွတ်တမ်း အသုံးချကာ သင်ချစ်မြတ်နိုးသော သမ္မာတရား လိုက်စားခြင်းကို အဘယ်ကြောင့် သင် မပြုသနည်း။ မနက်ဖြန်အထိ အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံလျှင် သို့မဟုတ် သမ္မာတရားကို ရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလို၍များ ဖြစ်နိုင်သလော။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။ လက်တွေ့တွင် လူတို့သည် အနည်းငယ်မျှသာ အားထုတ်လိုက်ပါက၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး၍ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သော အမှုအရာများစွာ ရှိသည်။ လူတို့၏ စိတ်တို့သည် အစဉ်သဖြင့် တွေဝေနေသောကြောင့်သာ သူတို့သည် ဘုရားသခင်အဖို့ မလုပ်ဆောင်နိုင်ကြဘဲ မိမိတို့၏ ဇာတိပကတိအတွက်သာ အစဉ်မပြတ် ပြေးလွှားနေကြပြီး အဆုံး၌ တစ်ခုမျှ အရာမထင်ဘဲ ဖြစ်ကြရသည်။ ဤအကြောင်းကြောင့် လူတို့သည် စဉ်ဆက်မပြတ် ဒုက္ခများ၊ အခက်အခဲများ၏ဒဏ် ခံစားနေရခြင်း ဖြစ်၏။ ၎င်းတို့သည် စာတန်၏ ညှဉ်းပန်းခြင်းများပင် မဟုတ်ပေလော။ ယင်းသည် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်ဖြင့် မလှည့်စားသင့်ပေ။ ယင်းအစား သင်သည် လက်ဆုပ်လက်ကိုင် ပြနိုင်သော အရာကို လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားလေနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ပြီး အကျိုးအမြတ်နှင့် ကျော်ကြားမှုအတွက် ရုန်းကန်ခြင်းဖြင့် သင်သည် အဘယ်အရာကို ရရှိနိုင်သနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်
(၆၃၁) အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။ သင်၏ လိုက်စားခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို ရှာဖွေရန် မဟုတ်ပါက သင်သည် ဤအခွင့်အရေးကို အသုံးချပြီး လောကထဲသို့ ပြန်သွားပြီး အောင်မြင်အောင် လုပ်သင့်သည်။ ဤပုံစံဖြင့် သင်၏အချိန်ကို ဖြုန်းတီးခြင်းမှာ အမှန်တကယ် မတန်ပေ၊ အဘယ်ကြောင့် သင့်ကိုယ်သင် နှိပ်စက်ရသနည်း။ လှပသော အပြင်လောကကြီးထဲတွင် အမျိုးမျိုးသော အရာတို့ကို သင်မွေ့လျော်ခံစားနိုင်သည်မှာ မမှန်သလော။ ငွေ၊ လှပသော အမျိုးသမီးများ၊ အဆင့်အတန်း၊ ပကာသန၊ မိသားစု၊ သားသမီးစသည်ဖြင့် လောက၏ ဤထုတ်ကုန်များမှာ သင်မွေ့လျော် ခံစားနိုင်သည့် အကောင်းဆုံးသောအရာများ ဖြစ်သည် မဟုတ်လော။ သင်ပျော်ရွင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေလျက် ဤနေရာတွင် တဝဲလည်လည်လုပ်နေခြင်းမှာ အဘယ် အသုံးဝင်သနည်း။ လူသား၌ ခေါင်းချရာမျှ မရှိ၊ ထို့ကြောင့် သင်၌ သောကကင်းဝေးသော နေရာတစ်ခု အဘယ်သို့ ရှိနိုင်မည်နည်း။ သူသည် သင့်အတွက် သောကကင်းဝေးပြီး လှပသောနေရာ တစ်ခုကို အဘယ်သို့ ဖန်တီးပေးနိုင်မည်နည်း။ ၎င်းမှာ ဖြစ်နိုင်ပါသလော။ ငါ၏တရားစီရင်ခြင်းအပြင် သမ္မာတရားနှင့် ပတ်သက်သည့် သွန်သင်ချက်များကိုသာ ယနေ့ သင်ရရှိနိုင်သည်။ ငါ့ထံမှ နှစ်သိမ့်မှုကို သင်မရနိုင်သကဲ့သို့ နေ့ရောညပါ သင် တောင့်တသည့် ပန်းခင်းလမ်းကို သင်ရနိုင်မည် မဟုတ်ပေ။ သင့်အပေါ်သို့ လောက၏ ကြွယ်ဝချမ်းသာမှုများကို ငါအပ်နှင်းမည်မဟုတ်။ အကယ်၍ သင်စစ်မှန်စွာ လိုက်စားပါက ငါသည် သင့်အား အသက်လမ်းကို အလုံးစုံပေးလိုပြီး သင့်အား ရေထဲသို့ ပြန်လွှတ်ပေးသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်စေရန် ငါသည် လိုလားလျက်ရှိသည်။ အကယ်၍ သင်စစ်မှန်စွာ မလိုက်စားပါက အရာခပ်သိမ်းကို ငါပြန်ယူမည်။ သက်သောင့်သက်သာဖြစ်ခြင်းကို လောဘကြီးသောသူများနှင့် ဝက်များနှင့် ခွေးများကဲ့သို့သောသူများကို ငါ နှုတ်မှလာသော နှုတ်ကပတ်တော်များကို ပေးရန် ငါအလိုမရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း
(၆၃၂) ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို အဘယ်မျှလောက် ယုံကြည်သည်ဖြစ်စေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေခံမထားသော အနှစ်မဲ့စကားများသာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျား ကျိုးနွံနာခံစေသော အလုပ်ဖြစ်သည့် ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ “ယုံကြည်ခြင်း” ဟူသော စကားလုံးကြောင့် သင်သည် ကြီးမားသော တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရလျှင်ပင်၊ သင့်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံးနှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိခြင်း ဖြစ်ပေသည်။ ဤသို့ဖြစ်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဘုရားသခင်၏ ဖန်ဆင်းခံများ၏ နောက်ဆုံးပန်းတိုင်ကို သင်မြင်ရသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထိုသို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး “လူသား” ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇာစ်မြစ်ကို သိပြီး လူသားမျိုးနွယ်အားလုံး၏ “ထာဝရရှင်သန်သော သမိုင်း” ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇာစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်းသာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်အား အပြစ်တင်သည့် နှုတ်ကပတ်တော်များကို သင်လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်ကောင်းချီးမင်္ဂလာများအပြင် လူသားရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။...ဤအရာအားလုံးသည် သင်၏ ယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ သင်သည် ကြီးမားသည့် ပမာဏတစ်ခု ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ဘုရားသခင်၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက သူ့အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိခဲ့လျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းကိုလည်း သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို လူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည် မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို သင် သာ၍ပင် သိမည်မဟုတ်ပေ။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် မသိနားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ ဤသို့လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုသလော။ သင်သည် ယနေ့ပြစ်တင်ဆုံးမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခွာမည်ဆိုပါက၊ သင်မည့်သည့်အရာနှင့် တွေ့ဆုံမည်နည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ “ဤအရပ်” ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ နတ်ဆိုးများပေးသည့် နာကျင်သောညှဉ်းဆဲခြင်း သို့မဟုတ် ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းမှ သင်လွတ်မြောက်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သော ရှန်ဂရီလာ အမှန်ပင် ဖြစ်နိုင်သလော။ သင်သည် ယခုသင်ပြုနေသကဲ့သို့ လက်တွေ့ဘဝမှ အဝေးသို့ ပြေးရုံဖြင့်သာ နောက်နောင် ထာဝရ ပြစ်တင်ဆုံးမမှုမှ သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းချီးမင်္ဂလာမျိုး နောက်တဖန် သင်ရှာတွေ့နိုင်လိမ့်ဦးမည်လော။ သင့်အပေါ် ဘေးဥပဒ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇာတဖြစ်သော သင့်မိသားစုငယ်လေးဟူသည့် ၎င်းတို့က သင်၏အနာဂတ် ထာဝရ ပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည် အဖန်ဆင်းခံ သတ္တဝါတစ်ခုဖြစ်သော သင်ရရှိသင့်သည့် အရာဖြစ်ပြီး ကနဦးကတည်းက သင်၌ ရှိခဲ့သင့်သော အရာလည်း ဖြစ်သည်။ သင်၏ယုံကြည်ခြင်းနှင့်ဘဝအတွက် မည်သည့်အရာမျှ ဤသိမ်းပိုက်ခြင်းမျိုးထက် သာ၍အကျိုးမပြုပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၁)
(၆၃၃) မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာခဲ့သည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း ၎င်းတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ထိုသို့ပြုခဲ့ကြသည် မဟုတ်လော။ ငါ့ကိုယုံကြည်သော်လည်း အခက်အခဲများ မခံစားရသေးသူများ၊ ၎င်းတို့သည်လည်း လောကကြီး၏ ငြင်းပယ်ခြင်းကိုလည်း ခံကြရပြီးဖြစ်သည် မဟုတ်လော။ စမ်းသပ်မှု၏ ဆင်းရဲဒုက္ခမှ ထွက်ပြေးရင်း ငါ့နှုတ်ကပတ်တော် ပြင်ပတွင် အသက်ရှင်ကြသူများ၊ ၎င်းတို့အားလုံးသည် လောကတွင် ဖြတ်သန်းလွင့်မျောနေကြသည် မဟုတ်လော။ ၎င်းတို့သည် ငါ၏ ဖြေသိမ့်ခြင်း နှုတ်ကပတ်တော်များ မဆိုထားနှင့်၊ အနားယူစရာ နေရာမရှိဘဲလျက်၊ ဟိုဟိုသည်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသည့် ဆောင်းဦးသစ်ရွက်ကြွေများနှင့် ဆင်တူကြလေသည်။ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့နောက်သို့ မလိုက်သော်ငြားလည်း၊ ၎င်းတို့သည် ကောင်းကင် နိုင်ငံတော်၏ အပြင်ဘက် လမ်းမများ၌ ဟိုဟိုသည်သည် လှည့်လည်သွားလာလျက် တစ်နေရာပြီး တစ်နေရာ လွင့်မျောနေကြသည့် သူတောင်းစားများ ဖြစ်ကြသည် မဟုတ်လော။ ကမ္ဘာလောကသည် အမှန်တကယ် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းဖြင့် ကမ္ဘာလောကကြီးထံမှ အားရကျေနပ်ခြင်းနှင့်ဆိုင်သည့် အမှေးမှိန်ဆုံး အပြုံးတစ်ခု သင် အမှန်တကယ် ရရှိနိုင်သလော။ ဖုံးကွယ်၍ မရသည့် အနှစ်မဲ့ခြင်း၊ သင့်နှလုံးသားထဲက အနှစ်မဲ့ခြင်းကို ဖုံးကွယ်ထားဖို့ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရနိုင်သလော။ သင်သည် သင်၏ မိသားစုထဲမှ အယောက်တိုင်းကို လှည့်စား၍ရနိုင်သော်လည်း၊ ငါ့ကိုကား မည်သည့်အခါမျှ လှည့်စား၍ မရနိုင်။ သင်၏ယုံကြည်ခြင်းသည် အလွန် အားနည်းလှသောကြောင့်၊ သင်သည် ယနေ့အထိ အသက်ရှင်ခြင်းက ပေးရန်ရှိသော ဝမ်းမြောက်မှုများကို ရှာဖွေဖို့ရန် အစွမ်းမဲ့ဖြစ်နေဆဲ ဖြစ်သည်။ သင့်ကို ငါ တိုက်တွန်းသည်။ လူတစ်ယောက် မခံနိုင်သော ဆင်းရဲဒုက္ခကို သင် ကြံ့ကြံ့ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမညောင်ည အဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝ ထက်ဝက်ကို ငါ့အတွက် စစ်မှန်ရိုးသားစွာ ကုန်လွန်စေသင့်သည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းသည် အဘယ်အကျိုးရှိသနည်း။ ထာဝရ အကျပ်အတည်းတစ်ခု၊ ထာဝရ ပြစ်တင်ဆုံးမခြင်း တစ်ခုကို ရိတ်သိမ်းဖို့ရန်သာ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ခြင်းသည် အဘယ် အကျိုးရှိသနည်း။ အမှန်တွင် မည်သူ့အပေါ်ကိုမျှ ငါ၏ သတ်မှတ်ချက်များကို အတင်းအဓမ္မ ငါမချမှတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ငါ၏ အစီအစဉ်များကို အမှန်တကယ် ကျိုးနွံနာခံရန် လိုလားနေပါက၊ ၎င်းတို့ကို ငါဆိုးရွားစွာ ဆက်ဆံမည် မဟုတ်။ သို့သော် ယောဘသည် ယေဟောဝါဖြစ်သော ငါ့ကို ယုံကြည်ခဲ့သကဲ့သို့ပင် လူအားလုံးသည် ငါ့ကို ယုံကြည်ကြရန် ငါ တောင်းဆိုသည်။ အကယ်၍ သင်တို့၏ ယုံကြည်ခြင်းသည် သောမ၏ ယုံကြည်ခြင်းထက် ပိုလွန်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ငါ၏ ချီးကျူးခြင်းကို ရရှိလိမ့်မည်၊ သင်တို့၏ သစ္စာစောင့်သိမှုတွင် ငါ၏ ချမ်းမြေ့ပျော်ရွှင်မှုကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ နေ့ရက်များတွင် ငါ၏ ဘုန်းအသရေကို ဧကန်မုချ သင်တို့ ရှာတွေ့ကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ
(၆၃၄) အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်က လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ယောက်ျားနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် ကြိတ်မှိတ်သည်းခံခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်းသို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို ကျိုးနွံနာခံမည်လော၊ သို့တည်းမဟုတ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်မည်လော။ ငါ၏နေ့ရက်ကို သင်တို့၏ ရှေ့မှောက်၌ ချခင်းထားပြီးပြီဖြစ်ကာ သင်တို့ရင်ဆိုင်ရသောအရာမှာ ဘဝသစ်နှင့် အစပြုမှတ်အသစ် ဖြစ်သည်။ သို့သော် ဤအစပြုမှတ်အသစ်ဆိုသည်မှာ အတိတ်က အလုပ်သစ်တစ်ခု၏ အစမဟုတ်ဘဲ အလုပ်ဟောင်း၏ အဆုံးသတ်ဖြစ်သည်။ တစ်နည်းအားဖြင့် ဤသည်မှာ နောက်ဆုံးအလုပ်ဖြစ်၏။ ဤအစပြုမှတ်နှင့်ပတ်သက်၍ အဘယ် အရာက တစ်မူထူးခြားသည်ကို သင်တို့အားလုံး နားလည်ကြ မည်ဟု ငါယုံကြည်၏။ သို့သော် မကြာမီတစ်နေ့တွင် သင်တို့သည် ဤအစပြုမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာမည် ဖြစ်သည့်အတွက် ၎င်းကို အတူတကွ ဖြတ်ကျော်ပြီး လာမည့်ဇာတ်သိမ်းပိုင်းကို ကြိုဆိုကြစို့။ သို့သော် ငါစိတ်မသက်မသာဖြစ်နေဆဲ အကြောင်းမှာ အဓမ္မနှင့် ဓမ္မကို ရင်ဆိုင်ရသောအခါ သင်တို့သည် အဓမ္မကို အမြဲ ရွေးချယ်နေကြဆဲ ဖြစ်သည့်အကြောင်းပင်။ သို့သော် ထိုအရာအားလုံးသည် သင်တို့အတိတ်ကဖြစ်သည်။ သင်တို့၏ အတိတ်က အရာအားလုံးကို ငါသည်လည်း မေ့ပစ်ချင်၏၊ သို့သော် ဤအရာ ပြုလုပ်ရန်မှာ ခက်ကားခက်လှ၏။ သို့ဖြစ်စေကာမူ ဤသည်ကို လုပ်နိုင်မည့် အလွန် ကောင်းသောနည်းလမ်းတစ်ခု ငါ၌ရှိ၏။ အနာဂတ်သည် အတိတ်ကို အစားထိုးပါစေ၊ သင်တို့၏ ယနေ့ သရုပ်မှန်အတွက် အတိတ်က အရိပ်များကို လွင့်ပြယ်သွားခွင့်ပေးလော့။ ထို့ကြောင့် နောက်ထပ်တစ်ခါ ရွေးချယ်မှုပြုရန် ငါသည် သင်တို့ကို ဒုက္ခပေးရပေဦးမည်။ သင်တို့အနေဖြင့် မည်သူ့ကို အတိအကျ သစ္စာစောင့်သိကြသနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း
အောက်ခြေမှတ်စု(များ)-
က။ ကမ်းခြေသို့ ပြန်ဆိုက်- ဤသည်မှာ တရုတ်ဓလေ့သုံးစကားဖြစ်ပြီး “ဒုစရိုက်လမ်းများကို ကျောခိုင်းသည်” ဟု အဓိပ္ပာယ်ရ၏။
(၆၃၅) လူငယ်တို့သည် ရည်သန်မျှော်မှန်းချက် မရှိဘဲ မနေအပ်သကဲ့သို့ ဇွဲသတ္တိနှင့် လန်းဆန်းတက်ကြွ၍ ရှေ့သို့ တိုးတက်လိုသော စိတ်ဓာတ်လည်း မရှိဘဲ မနေအပ်။ လူငယ်တို့သည် မိမိတို့၏ ရှေ့ရေးအပေါ် စိတ်ပျက်အားငယ်ခြင်း မရှိအပ်သကဲ့သို့ အသက်တာအပေါ် မျှော်လင့်ချက် ကင်းမဲ့ခြင်းလည်း မရှိအပ်၊ အနာဂတ်အပေါ် ယုံကြည်ကိုးစားမှု ကင်းမဲ့ခြင်းလည်း မရှိအပ်။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံရန် စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ လူငယ်များသည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မတရားခြင်းတို့ကိုလည်း မသိုထားသင့်ပေ။ မိမိတို့၏ မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ လူငယ်များသည် မျောပါမသွားသင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရဲသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဆင်းရဲဒုက္ခအား မိမိတို့ဘာသာ ကျိတ်မှိတ်လက်မခံသင့်ဘဲ ထိုထက်ပို၍ပင် ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ပွင့်လင်းသော၊ ဘွင်းဘွင်းရှင်းရှင်းဖြစ်သော၊ ခွင့်လွှတ်သော စိတ်ဓာတ်ထားရှိသင့်သည်။ မှန်ပေသည်၊ ဤအရာများသည် လူတိုင်းအပေါ် ငါ၏သတ်မှတ်ချက်များနှင့် လူတိုင်းအတွက် ငါ၏အကြံပြုချက်ဖြစ်သည်။ သို့သော် ထို့ထက်ပင်ပို၍၊ ဤအရာများသည် လူငယ်အားလုံးအတွက် ငါ၏ နှစ်သိမ့်မှုပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် လူငယ်တို့သည် အမှုအရာများ၏ ပုံစံများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရန် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ ထို့အပြင် သင်တို့ အသက်တာအတွက် သင်တို့ တာဝန်ယူသင့်ပြီး ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။ လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တစ်ကြိမ်တစ်ခါမျှပင် တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင်တို့သည် အစဉ်သဖြင့် သမ္မာတရားနှင့် တရားမျှတခြင်းအပေါ် အလွန်အထင်အမြင်သေးကြသနည်း။ လူတို့ကို ကစားသည့် မဖြောင့်မတ်မှုနှင့် ညစ်ညူးခြင်းတို့ အတွက် သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် နင်းချေပြီး ဖျက်ဆီးနေကြသနည်း။ မတရားသောသူ လုပ်ဆောင်သည့်အရာ၌ ပါဝင်သည့် လူအိုများကဲ့သို့ သင်တို့သည် အဘယ်ကြောင့် ပြုမူကြသနည်း။ သင်တို့သည် အဘယ်ကြောင့် အိုဟောင်းသောအရာတို့၏ နည်းလမ်းဟောင်းများကို တုပကြသနည်း။ သင်တို့၏ အသက်တာများသည် တရားမျှတခြင်း၊ သမ္မာတရားနှင့် သန့်ရှင်းခြင်းတို့ဖြင့် ပြည့်ဝနေသင့်သည်၊ သင်တို့၏ အသက်တာများသည် မရဏာနိုင်ငံသို့ သင့်ကို ကျဆင်းစေလျက် ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်တွင် အလွန်အကျင့် မပျက်သင့်ပေ။ ဤသည်မှာ အလွန်တရာကံဆိုးခြင်း ဖြစ်သည်ဟု သင်တို့ မခံစားရသလော။ ဤသည်မှာ သင်တို့အတွက် အလွန်အမင်း မတရားမှုဖြစ်သည်ဟု သင်တို့ မခံစားကြရသလော။
သင်တို့အားလုံးသည် လုံးဝ ပြည့်စုံသော သင်တို့၏ အမှုကို လုပ်ဆောင်သင့်ကြပြီး၊ ယင်းကို သင်တို့ ငါ့ကို ပေးသည့် အဆုံးစွန် အတုမရှိသော ယဇ်ပူဇော်ခြင်းဖြစ်စေရင်း ငါ၏ယဇ်ပလ္လင်ပေါ် ယဇ်ပူဇော်သင့်ကြသည်။ သင်တို့ အားလုံးသည် မိမိတို့၏ ကိုယ်ပိုင်ရပ်တည်ချက်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်သင့်ကြပြီး မိုးကောင်းကင်မှ တိမ်တိုက်များကဲ့သို့ လေပြေလေညင်း တိုက်ခတ်သွားတိုင်း လွင့်မသွားသင့်ကြပေ။ သင်တို့သည် ဘဝထက်ဝက်အချိန်မျှ ကြိုးစားလုပ်ဆောင်ကြသည်၊ သို့ဖြစ်သောကြောင့် သင်တို့ ရှိသင့်သော ပန်းတိုင်ကို အဘယ်ကြောင့် မရှာဖွေကြသနည်း။ သင်တို့သည် တစ်သက်တာ၏ ထက်ဝက်အချိန်မျှ ပင်ပန်းကြီးစွာ အလုပ်လုပ်ကြသည်၊ သို့တိုင် သင်တို့သည် ဝက်နှင့်ခွေးကဲ့သို့သော သင်တို့မိဘများကို သမ္မာတရားနှင့် သင်တို့ကိုယ်ပိုင် ဖြစ်တည်မှု၏ အဓိပ္ပါယ်တို့ကို သင်္ချိုင်းဂူထဲသို့ ဆွဲခေါ်သွားရန် ခွင့်ပြုနေကြဆဲ ဖြစ်သည်။ ဤအရာသည် သင့်ကို ဆန့်ကျင်သည့် ကြီးမားသော မတရားမှုတစ်ခုဟု သင်မခံစားရသလော။ ဤနည်းဖြင့် အသက်ရှင်ခြင်းသည် လုံးလုံးလျားလျား အဓိပ္ပာယ်မဲ့သည်ဟု သင်မခံစားရသလော။ သမ္မာတရားနှင့် လမ်းကြောင်းမှန်ကို ဤနည်းဖြင့် ဖွေရှာခြင်းသည် အိမ်နီးချင်းများ ဘဝင်မကျကြသကဲ့သို့ မိသားစုတစ်ခုလုံး ပျော်ရွှင်ခြင်း မရှိကြဖို့အလို့ငှာ ပြဿနာများ ဖြစ်စေခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဖြစ်ပြီး သေစေနိုင်သော ဘေးအန္တရာယ်များ ဆိုက်ရောက် စေလိမ့်မည်။ ဤကဲ့သို့ သင် အသက်ရှင်ပါက၊ အဓိပ္ပာယ် အကင်းမဲ့ဆုံးသော ဘဝတစ်ခုနှင့် ညီမျှသည် မဟုတ်လော။ အဘယ်သူ၏ ဘဝအသက်တာသည် သင့်၏ အသက်တာ ထက်ပို၍ ကံကောင်းနိုင်မည်နည်း၊ ပြီးလျှင် အဘယ်သူ၏ ဘဝအသက်တာသည် သင့်အသက်တာထက် သာ၍ အဓိပ္ပာယ်မဲ့နိုင်မည်နည်း။ သင့်အတွက် ငါ၏ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ရာ နှုတ်ကပတ်တော်များ ရရှိရန်အလို့ငှာ သင်သည် ငါ့ကို ရှာဖွေသည် မဟုတ်လော။ သို့သော်လည်း သင်သည် သင်၏ ဘဝသက်တမ်း ကာလတစ်ဝက် အလွန်အလုပ်များပြီးနောက် ငါသည် အမျက်ဒေါသနှင့်ပြည့်ပြီး သင့်ကို အရေးမစိုက် သို့မဟုတ် သင့်ကို မချီးမွမ်းသည်အထိ သင်သည် ငါ့ကို ရန်စ၏။ ဤသည်မှာ သင့်ဘဝတစ်ခုလုံး အချည်းနှီးဖြစ်လေပြီဟု ဆိုလိုသည်မဟုတ်လော။ ငရဲငယ်မှ လွတ်မြောက်ကြပြီး ဖြစ်သော ခေတ်အဆက်ဆက်က သန့်ရှင်းသူများ၏ ဝိညာဉ်များကို သွားတွေ့ဖို့ရန် ဂုဏ် သင် အဘယ်သို့ ရှိနိုင်မည်နည်း။ သင်သည် ငါ့အပေါ်တွင် စိတ်မဝင်စားသကဲ့သို့ အဆုံးတွင် သေစေနိုင်သော ဘေးအန္တရာယ်တစ်ခုကို နှိုးဆွ၏။ ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ ကျယ်ပြောလှသော သမုဒ္ဒရာတစ်လျှောက် ဝမ်းမြောက်ဖွယ် ခရီးတစ်ခု သွားပြီးနောက် ငါ၏ “တာဝန်ပေးအပ်ခြင်း”ကို နာခံဖို့က သာ၍ကောင်းပေလိမ့်မည်။ စွန့်ခွာရန် စိတ်မပါသေးသည်နှင့်အမျှ စိတ်မဝင်စားသော ယနေ့သင်သည် အဆုံးတွင် ငါဖန်ဆင်းသော လှိုင်းတံပိုးများဖြင့် အောက်သို့ရောက်သွားပြီး ဝါးမြို ခံရလိမ့်မည်ကို ငါသည် ကြာမြင့်စွာကတည်းက သင်တို့ကို ပြောပြီးဖြစ်သည်။ သင်တို့သည် မိမိကိုယ်မိမိ အမှန်တကယ် ကာကွယ်နိုင်သလော။ သင် စုံလင်ခံရပြီးဖြစ်ကြောင်း သင်၏ လက်ရှိ လိုက်စားခြင်း နည်းလမ်းက သေချာစေလိမ့်မည်ဟု သင် အမှန်တကယ် စိတ်ချယုံကြည်သလော။ သင်၏ စိတ်နှလုံးသည် အလွန်မာကျောသည် မဟုတ်လော။ ဤကဲ့သို့သော လိုက်လျှောက်ခြင်း၊ ဤကဲ့သို့သော လိုက်စားခြင်း၊ ဤကဲ့သို့သော အသက်တာမျိုးနှင့် ဤကဲ့သို့သော အကျင့်စရိုက်မျိုးက ငါ၏ အသိအမှတ်ပြုခြင်းကို အဘယ်သို့ရနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ
(၆၃၆) ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် လူတို့ကို မသိမ်းပိုက်ချင်ပေ၊ လူတို့ကို အမြဲ နဖားကြိုးမတပ်ချင်ပေ။ သူသည် လူတို့ကို သူ၏ နှုတ်ကပတ်တော်များအား ကျိုးနွံနာခံစေချင်ပြီး စည်းကမ်းရှိသည့် ပုံစံဖြင့် အလုပ်လုပ်စေချင်ကာ၊ ဤနည်းအားဖြင့် သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းစေချင်လေသည်။ သို့သော် လူတို့သည် အရှက်မရှိကြသကဲ့သို့ သူ့ကို စဉ်ဆက်မပြတ် ပုန်ကန်ကြလေသည်။ ငါတို့သည် သူ့ကို စိတ်ကျေနပ်စေဖို့ အရိုးရှင်းဆုံးသော နည်းလမ်းကို ရှာလျှင် အကောင်းဆုံးဖြစ်သည်ဟု ငါ ယုံကြည်၏၊ ယင်းမှာ သူ၏ အစီအစဉ်များအားလုံးကို ကျိုးနွံနာခံဖို့ ဖြစ်သည်။ ဤအရာကို သင် အမှန်တကယ် စွမ်းဆောင်နိုင်ပါက၊ သင်သည် စုံလင်စေခြင်းခံရလိမ့်မည်။ ဤသည်မှာ လွယ်ကူပြီး ဝမ်းမြောက်ဖွယ် ကောင်းသည့်အရာ ဖြစ်သည် မဟုတ်လော။ သင် လျှောက်သင့်သည့် လမ်းကြောင်းကို လျှောက်လော့။ အခြားသူများ ပြောသည့်အရာကို အာရုံမစိုက်နှင့်၊ ပြီးလျှင် သိပ်မတွေးလွန်းလေနှင့်။ သင်၏ အနာဂတ်နှင့် သင်၏ ကံကြမ္မာတို့သည် သင့် လက်ထဲတွင် ရှိကြသလော။ လောကီဆန်သည့် လမ်းကြောင်းကို လျှောက်ဖို့ ဆန္ဒရှိလျက် သင်သည် လွတ်မြောက်ဖို့ အမြဲကြိုးစား၏။ သို့သော် အဘယ်ကြောင့် သင် ထွက်မသွားနိုင်သနည်း။ လမ်းဆုံလမ်းခွတွင် သင် နှစ်ပေါင်းများစွာ ချီတုံချတုံဖြစ်ပြီးနောက် အဆုံး၌ ဤလမ်းကြောင်းကို နောက်တစ်ဖန် ရွေးချယ်ရသည်မှာ အဘယ်ကြောင့်နည်း။ နှစ်များစွာ လှည့်လည်သွားလာပြီးနောက်၊ မရည်ရွယ်ဘဲနှင့် ဤအိမ်သို့ သင် ယခု ပြန်သွားသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ သင့်သဘောအတိုင်း ဖြစ်သလော။ သင်တို့အနက် ဤရေစီးကြောင်းတွင် ရှိသူတို့အတွက်၊ ဤအရာကို ကြားပြီးနောက် ငါ့ကို သင်တို့ မယုံကြည်ပါက၊ သင် ထွက်သွားဖို့ စီစဉ်ပါက၊ ဘုရားသခင် သင့်ကို ခွင့်ပြု မပြု ကြည့်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို မည်သို့ တို့ထိသည်ကို ကြည့်လော့။ ယင်းကို မိမိကိုယ်ကိုယ်အတွက် တွေ့ကြုံခံစားလော့။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက၊ သင် ကံဆိုးခြင်းခံစားရလျှင်ပင်၊ ဤရေစီးကြောင်းထဲတွင် ခံစားရမည်၊ ပြီးလျှင် ဒုက္ခခံစားရခြင်း ရှိပါက၊ ယနေ့ ဤနေရာတွင် သင် ဒုက္ခခံရမည်။ အခြား မည်သည့်နေရာကိုမျှ သင် သွား၍မရ။ သင့်အဖို့ ဤအရာ ရှင်းလင်းသလော။ မည်သည့်နေရာသို့ သင် သွားမည်နည်း။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲရေး အမိန့်ဖြစ်သည်။ ဤလူစုကို ဘုရားသခင် ရွေးချယ်ခြင်းက အဓိပ္ပါယ်မရှိဟု သင် ထင်သလော။ ယနေ့ သူ၏ အမှုတွင်၊ ဘုရားသခင်သည် အလွယ်တကူ အမျက်ဒေါသ မထွက်ပေ။ သို့သော် သူ၏ အစီအစဉ်ကို လူတို့ နှောင့်ယှက်ဖို့ ကြိုးစားပါက၊ သူ၏ မျက်နှာသည် ကြည်လင်ရွှင်ပျရာမှ အုံ့မှိုင်းခြင်းသို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့ကြောင့်၊ ငြိမ်ငြိမ်နေပြီး ဘုရားသခင်က သင့်အား စီစဉ်ညွှန်ကြားသည်ကို ခွင့်ပြုကာ သင့်ကို စုံလင်စေဖို့ သူ့အား အခွင့်ပေးရန် ငါ သင့်ကို အကြံပြု၏။ ဤအရာကို လုပ်ဆောင်သော လူတို့သာ တော်ကြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၇)
(၆၃၇) သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏။ ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားသွန်ခွန်စိုက်လုပ်သူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ။ ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။ ယခု၊ သင်တို့နှင့် ပတ်သက်၍ ငါမနှစ်သက်သည့်အရာ မည်မျှရှိပါသနည်း။ သင်တို့နှင့် ပတ်သက်၍ ငါနှစ်သက်သည့်အရာ မည်မျှရှိသနည်း။ သင်တို့၏ ခရီးပန်းတိုင်အတွက် သင်တို့ ပြုလုပ်ပြီးဖြစ်သည့် အကျည်းတန်မှု၏ သရုပ်သကန်မျိုးစုံကို သင်တို့ထဲမှ မည်သူမျှ နားမလည်သေးသည်မှာ ဖြစ်နိုင်သလော။
ငါ၏ စိတ်နှလုံးထဲတွင်၊ မိမိ၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသူ မည်သူမဆို၏ အားအင်ကို လျော့စေလိုသည့်ဆန္ဒ ရှိဖို့မဆိုထားနှင့်၊ အပြုသဘောဆောင်ပြီး ရည်ရွယ်ချက်မြင့်မားသော မည်သည့်စိတ်နှလုံးကိုမဆို ထိခိုက်နာကျင်စေလိုသောဆန္ဒ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့၏ မစုံလင်မှုများနှင့် သင်တို့ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော နေရာများတွင် တည်ရှိသည့် ညစ်ညူးသော ဝိညာဉ်နှင့်သက်ဆိုင်၍ သင်တို့အသီးသီးကို ငါ သတိပေးရပေမည်။ ငါ အမုန်းတီးဆုံးသော အရာမှာ ငါ့အပေါ် လူတို့၏ လှည့်ဖြားမှုဖြစ်သောကြောင့်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင်လာရာတွင် သင်တို့၏ စစ်မှန်သော စိတ်နှလုံးကို သင်တို့ ပူဇော်ပေးအပ်နိုင်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ငါသည် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍
(၆၃၈) ယနေ့ သင်တို့လုပ်ဆောင်သည့် လုပ်ရပ်များနှင့် အပြုအမူများ အပေါ် အခြေခံကာ သင်သည် အနာဂတ်တွင် ကောင်းချီး ပေးခံရမည် သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည် ဟူသည်ကို အဆုံးအဖြတ် ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည်ဆိုပါက၊ ယင်းမှာ ဤလက်ရှိခေတ်တွင် ဖြစ်ရမည်၊ အနာဂတ်တွင် အခြားအခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ယခုလက်ရှိအချိန်တွင် ဘုရားသခင်သည် သင်တို့ကို အမှန်တကယ် စုံလင်စေလိုပြီး၊ ဤအရာသည် အပြောသက်သက် မဟုတ်ပေ။ အနာဂတ်တွင် မည်ကဲ့သို့သော စမ်းသပ်မှုများ သင်တို့ အပေါ် ကျရောက်သည်ဖြစ်စေ၊ မည်သည့်ဖြစ်ရပ်များ ရှိလာသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ဘေးဒုက္ခများ သင်တို့ကြုံတွေ့ရသည် ဖြစ်စေ၊ ဘုရားသခင်သည် သင်တို့ကို စုံလင်စေလိုသည်၊ ဤအရာသည် တိကျသေချာပြီး မငြင်းနိုင်သည့် အချက်တစ်ခုပင် ဖြစ်သည်။ ဤအရာကို အဘယ်နေရာတွင် မြင်နိုင်ပါသနည်း။ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ခေတ်ကာလပေါင်းများစွာနှင့် မျိုးဆက်ပေါင်း များစွာတို့ တစ်လျှောက်တွင် ယနေ့ရရှိခဲ့သကဲ့သို့ ကြီးမြတ်သည့်အထွတ်အထိပ်ကို မရရှိခဲ့ဖူးဟူသည့် အချက်တွင် မြင်နိုင်သည်။ ၎င်းသည် အမြင့်ဆုံးသော လောကထဲ ဝင်ရောက်ပြီး ဖြစ်ပြီး၊ ယနေ့တွင် လူသားမျိုးနွယ် အားလုံး အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် မကြုံစဖူးအောင်ပင် ဖြစ်သည်။ အတိတ်ကာလ မျိုးဆက်များထဲမှ မည်သူမျှ ဤကဲ့သို့သော အတွေ့အကြုံကို မရရှိခဲ့သလောက်ဖြစ်သည်။ ယေရှု၏ ခေတ်ကာလ အချိန်တွင်ပင်လျှင်၊ မျက်မှောက်ကာလ၏ ဗျာဒိတ်တော်များ မရှိခဲ့ပေ။ သင်တို့အား ပြောခဲ့သည့် နှုတ်ကပတ်တော်များ၊ သင်တို့ နားလည်သည့် အရာများနှင့် သင်တို့၏ အတွေ့အကြုံတို့ အားလုံးတို့သည် အထွတ်အထိပ် အသစ်တစ်ခုသို့ ရောက်ရှိပြီးဖြစ်သည်။ စမ်းသပ်မှုများနှင့် ပြစ်တင်ဆုံးမမှုများ အလယ်တွင် အသင်လူတို့သည် ထွက်ခွာမသွားကြပေ၊ ပြီးလျှင် ဤကား ဘုရားသခင်၏ အမှုတော်သည် မကြုံစဖူး ခမ်းနားထည်ဝါမှုကို ရရှိပြီးဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ဤအရာသည် လူသားက ပြုလုပ်နိုင်သည့် အရာတစ်စုံတစ်ရာ မဟုတ်သကဲ့သို့၊ လူသားက ထိန်းသိမ်းထားသည့် အရာ တစ်စုံတစ်ခုလည်း မဟုတ်ပေ၊ ယင်းအစား ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုဖြစ်သည်။ ထို့ကြောင့် ဘုရားအမှုတော်၏ အဖြစ်မှန်များစွာမှ ဘုရားသခင်သည် လူသားကို စုံလင်စေဖို ဆန္ဒရှိကြောင်း မြင်တွေ့နိုင်ပြီး၊ ကိုယ်တော်သည် ဧကန်အမှန်ပင် သင်တို့ကို စုံလင်စေနိုင်သည်။ သင်တို့တွင် ဤထိုထွင်းသိမြင်ခြင်း ရှိပြီး ဤရှာဖွေတွေ့ရှိချက် အသစ်ကို ရရှိနိုင်ပါက၊ သင်တို့သည် ယေရှု ဒုတိယအကြိမ် ကြွလာမည်ကို စောင့်နေမည် မဟုတ်၊ ယင်းအစား မျက်မှောက်ခေတ်တွင်ပင် ဘုရားသခင်သည် သင်တို့ကို စုံလင်စေရန် သင်တို့ ခွင့်ပြုလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်တို့အယောက်စီတိုင်းသည် ဘုရားသခင်၏ စုံလင်စေခြင်းကို ရရှိနိုင်ရန် မည်သည့် အားထုတ်မှုကိုမျှ ချန်လှပ်မထားဘဲ၊ အစွမ်းကုန် လုပ်ဆောင်သင့်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍
(၆၃၉) ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏။ သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်းသည် သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိပြီး၊ စုံလင်စေခြင်းခံရနိုင်စွမ်း ရှိကာ၊ ဤသည်မှာ မှန်ကန်ကြောင်းကို ငါပြောပြီးဖြစ်သော်လည်း၊ သင်သည် သင်၏ လိုက်စားရှာဖွေမှုတွင် သာ၍ ကောင်းမွန်ရန် မကြိုးစားပေ။ အကယ်၍ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရပေမည်။ ဤသည်မှာ သင်တို့ အသီးသီး ဆောင်ရွက်သင့်သည့် တာဝန်ဖြစ်သောကြောင့်၊ ငါသည် အယောက်တိုင်းကို အမီလိုက်စေလိုသည်၊ အယောက်တိုင်းကို အမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုပြီး၊ တကယ့်အဆုံးထိတိုင် ကျိုးနွံနာခံနိုင်စေလိုသည်။ သင်တို့ အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင်၊ သင်တို့အားလုံး စုံလင်စေခြင်း ခံရပြီး ဖြစ်လိမ့်မည်၊ ထူးကဲလှသော သက်သေခံချက်လည်း သင်တို့ ရှိကြလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ် အောင်နိုင်ပြီးသူများနှင့် ဘုရားသခင်၏ကတိကို ရရှိပြီးသူများဖြစ်ကာ ၎င်းတို့သည် အံ့သြဖွယ်ကောင်းသော ပန်းတိုင်တွင် အသက်ရှင်ရန် ကျန်ရစ်ကြမည့်သူများ ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
(၆၄၀) အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီး သောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့သည် အကူအညီ သို့မဟုတ် အားကိုးရာမရှိကြသည့်တိုင် မျက်စိမှိတ်သွားရန် ဝန်လေးနေကြဆဲဖြစ်ကာ ဝိညာဉ်ရေးရာ ခံစားမှု တစ်စုံတစ်ရာ ကင်းမဲ့သော မိမိတို့၏ ဇာတိပကတိ ဝန်များကို ထောက်မထားရန် အားတင်းလျက် ဤလောက၌ ယုတ်ညံ့သော ဖြစ်တည်မှုဖြင့် ဆက်လက် ရှင်သန်နေကြ၏။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ထိုသို့သော ယုံကြည်လက်ခံမှုသည် အသိစိတ်မရှိသောသူတို့ထဲတွင် ဖြစ်မြောက်ခြင်းမရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် ယင်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် သတိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်စိတ်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ပျက်ဖွယ်ကောင်းခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု ခံစားရခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ ကိုယ်တော်သည် သင်တို့၏ ဘေးတွင် စောင့်ကြည့်လျက်၊ သင်တို့ ပြန်လှည့်လာရန်ကိုလည်းကောင်း၊ သင်တို့ ရုတ်တရက် သတိပြန်လည်လာမည့် နေ့ရက်ကိုလည်းကောင်း စောင့်မျှော်လျက် ရှိတော်မူ၏။ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် “အဖ” တစ်ဦးရရှိ ခဲ့ဖြစ်ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် စောင့်ကြပ်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ ကိုယ်တော်သည် ပြင်းပြစွာ တောင့်တလျက်၊ အဖြေမရသည့် တုံ့ပြန်မှုတစ်ခုကို စောင့်မျှော်လျက် ရှိ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အဘယ်တန်ဖိုးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ဘဲ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်အလို့ငှာ ဖြစ်ပေ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အကန့်အသတ်မဲ့လည်း ဖြစ်ကောင်းဖြစ်မည် သို့မဟုတ် အဆုံးတိုင်ခဲ့ပြီလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ အတိအကျ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် သိသင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း
(၆၄၁) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသည် သူ့စီမံခန့်ခွဲခြင်း အမှု၏ အသေးစိတ်တစ်ခုစီတိုင်းကို စိမ့်ဝင်ပျံ့နှံ့ပြီး လူတို့အနေဖြင့် ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များကို နားလည်နိုင်သည် ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ၊ သူသည် သူပြီးမြောက်အောင် ရည်ရွယ်သည့်အမှုကို မနားမနေသော ဇွဲလုံ့လဖြင့် လုပ်ဆောင်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှုကို လူတို့ မည်မျှနားလည်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုက လူသားထံ ဆောင်ကြဉ်းခဲ့သည့် အကူအညီနှင့် အကျိုးကျေးဇူးများကို အယောက်တိုင်း နားလည်သဘောပေါက်နိုင်ပေသည်။ ဤနေ့တွင်၊ သင်သည် ဘုရားသခင်ထံမှ မည်သည့် ချစ်ခြင်းမေတ္တာနှင့် အသက်ပံ့ပိုးမှုကိုမျှ ခံစားရကောင်း ခံစားရမည်မဟုတ်သော်လည်း၊ ဘုရားသခင်ကို သင် မစွန့်သကဲ့သို့ သမ္မာတရားကို လိုက်စားရန် သင်၏ ဆုံးဖြတ်ချက်အပေါ် လက်မလျှော့သရွေ့၊ ဘုရားသခင်၏ ပြုံးလျက်ရှိသောမျက်နှာက သင့်ထံ ပေါ်လာမည့် တစ်နေ့ ရှိလာလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ ရည်မှန်းချက်မှာ စာတန်၏ တန်ခိုးအောက်ရှိသည့် လူတို့ကို ပြန်သိမ်းယူရန်ဖြစ်ပြီး၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရပြီးဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူတို့ကို စွန့်ပစ်ဖို့ မဟုတ်သည့်အတွက် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်
(၆၄၂) ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင် ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်။ အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်ဖြစ်သည့် နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည် လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုသိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးနွံနာခံခြင်းမရှိမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြုပြင်ခြင်းကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြုပြင်ခြင်းကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို လက်ခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် အခွင့်အရေးအချို့ကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းတွင် သူသည် တတ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာအထိ သက်ညှာမှု ပေးလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သက်ညှာမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို ဒဏ်ခတ်ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို ဒဏ်ခတ်ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏
(၆၄၃) အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါ ဖြစ်ပျက်နေ၏။ အရာခပ်သိမ်းအလယ်တွင် အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲသော သူမှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်သကဲ့သို့ လမ်းမပြနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် “အင်အားကြီးသောသူ” တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် လူ့လောကကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ကြေကွဲဝမ်းနည်းသည်၊ လူသားတို့၏ ကျရှုံးမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့ လမ်းကြောင်းဆီသို့ တစ်လှမ်းချင်း ချီတက်သွားနေသဖြင့် နာကျင်လေသည်။ ဘုရားသခင်၏ စိတ်နှလုံးကို လုံးလုံးလျားလျား ကြေကွဲစေခဲ့ပြီး ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် ထိုသို့သော လူသားမျိုးနွယ်သည့် မည်သည့်နေရာသို့ ရှေးရှုသွားကောင်း သွားနိုင်သည်ကို မည်သူကမျှ ဆင်ခြင်စဉ်းစားခဲ့ဖူးခြင်း မရှိကြချေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ ခံစားမိရန် မကြိုးစားကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့် လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်မှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့် အတိအကျပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် ဆက်လက်လုပ်ဆောင်နေပြီး ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် မလျှော့တမ်း ခေါင်းမာနေခဲ့ပါက ဘုရားသခင်ကို လုံးလုံး ဥပေက္ခာပြုသည့် ဤလူသားမျိုးနွယ်ကို ဘုရားသခင်သည် မည်သို့ဆက်ဆံမည်ဟူသည်ကို မည်သူစဉ်းစားဖူးသနည်း။ လူသားအပေါ် ဘုရားသခင်၏ အကြိမ်ကြိမ် နှိုးဆော်ခြင်းနှင့် တိုက်တွန်းခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဇာတိပကတိအတွက် အပြစ်ဒဏ်ပေးခြင်းမျှသာ မဟုတ်ဘဲ လူသား၏ စိတ်ဝိညာဉ်ကိုလည်း ပစ်မှတ်ထားလေသည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး သူ၏နှိုးဆော်ချက်များနှင့် တိုက်တွန်းချက်များသည် တုံ့ပြန်မှုကို မရပါက သူ့အနေဖြင့် မည်သည့်ဒေါသအမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိရန် လိုအပ်သည်။ သူ၏ ဒေါသအမျက်သည် ဖန်ဆင်းခံတစ်ဦးတလေမျှ ကြုံတွေ့ဖူးသော သို့မဟုတ် သိဖူးသော အရာများနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်