၂။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ
(၅၁) ခေတ်ကို အဆုံးသတ်ခြင်းဖြစ်သည့် သူ၏ နောက်ဆုံး အမှုတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းတွင် သူသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်စွာ ချစ်သောသူတို့ကို စုံလင်အောင်ပြုရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို ထုတ်ဖော်ပြသည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ အရာခပ်သိမ်းသည် ယင်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရပြီး ယင်းတို့၏ မတူညီသော အရည်အသွေးများအရ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရသည်။ ဤသည်မှာ ဘုရားသခင်က လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အတိအကျပင် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံတွေ့ကြရပါက ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်၍မရနိုင်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခြင်းခံရနိုင်ပေသည်။ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ ၎င်းတို့၏ စရိုက်အမှန်ကို ပြသသည်။ ဆိုးယုတ်သောသူများကို ဆိုးယုတ်သောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး လူများအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးမှုကို အရှုံးပေးအပ်နှံကြဖို့အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်မြောက်အောင်မြင်ရမည်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ ပုန်ကန်ခြင်းသည် အလွန့်အလွန် ဆိုးရွားလာသောကြောင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပါဝင်သော ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြကာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး စုံလင်စေနိုင်သည်၊ မကောင်းမှုကို ထုတ်ဖော်နိုင်ပြီး ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးသည် ပြင်းထန်စွာ အပြစ်ပေးခြင်းခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုရှိလေသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ထုတ်ဖော်ပြပြီး ဖွင့်ပြလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြခြင်း မဟုတ်ပေ။ လူတို့၏ အဆုံးသတ်များကို ထုတ်ဖော်သည့် နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဖြောင့်မတ်သော တရားစီရင်မှု စိုးစဉ်းမျှမရှိဘဲ လူတို့အား မရေမတွက်နိုင်သော ညှာတာမှု၊ ချစ်ခင်ကြင်နာမှုဖြင့် ချစ်ပြီး လူတို့အပေါ် ဆက်လက်၍ ချစ်ခင်ဆဲဖြစ်သည်ဟုလည်းကောင်း၊ လူတို့အား ဖြောင့်မတ်သော တရားစီရင်ခြင်းကို မခံစေဘဲ ထိုထက် လူတို့ကို သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ ပြကာ လူတို့၏ အပြစ်များက မည်မျှ ကြီးလေးပါစေ လူတို့အား ခွင့်လွှတ်သည်ဟုလည်းကောင်းဆိုကြပါစို့။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင် ဦးဆောင်နိုင်မည်နည်း။ ဥပမာအားဖြင့် လူတို့အပေါ် အစဉ်အမြဲ ချစ်ခင်ကြင်နာတတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် ချစ်ခင်ကြင်နာတတ်သော တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံလေသည်။ သို့ဖြစ်၍ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှုသည်သာ လူများကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
(၅၂) လူသည် ရွေးနုတ်ခြင်း မခံရမီတွင် စာတန်၏ အဆိပ်အတောက် အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင် ယင်းသည် ရွေးနုတ်ခြင်းကိစ္စထက် မပိုပေ။ ဆိုလိုသည်မှာ လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားခြင်း ဖြစ်သော်လည်း သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ ဖယ်ရှားရှင်းလင်းခြင်း မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့် လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ကာ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်၍သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင် စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက် ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်သည့်အမှု အဆင့်လည်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲမှ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ ပြစ်မှားခြင်းများကို အမှတ်မရခြင်းနှင့် လူသားကို သူ၏ ပြစ်မှားခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ သူသည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက် အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် နေ့တွင် အပြစ်ပြုပြီး ညများတွင် အပြစ်ဝန်ချကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက် ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့် လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ ကျိုးနွံနာခံနိုင်ခြင်း မရှိဆဲဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင် သင်၏ လက်များသည် အခြားသူများထက်၊ ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို ပုန်ကန်ကြ။ အဆင်းနီသော နဂါးကြီးကို ပုန်ကန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက် ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
(၅၃) ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ ပြစ်တင်၊ တရားစီရင်၊ ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ ပုန်ကန်တတ်ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အမှုအရာများကို တွေ့ကြုံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်၊ လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန် သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် အရှုံးပေးအပ်နှံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ အရှုံးပေးအပ်နှံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ သနားကရုဏာ သို့မဟုတ် မေတ္တာကျေးဇူးတော် မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့။ ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အပြစ်တင်ဝေဖန်သည့် နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ ခံစားချက်မဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ခေတ်တွင် အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမည်ဖြစ်စေ၊ လူအမျိုးစုံသည် ထုတ်ဖော်ခြင်းခံရမည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့် အလုပ်အားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူတို့ကို ကယ်တင်ရန်ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏
(၅၄) ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို ကျိုးနွံနာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို ၎င်းတို့က သက်သေခံရန် သူတောင်းဆိုလေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး လက်တွေ့ကျကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်
(၅၅) နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အခြေအမြစ်ကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အခြေအမြစ်နှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှလုံးအကြွင်းမဲ့ လက်ခံလာစေနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို နားလည်ကာ သိရှိခွင့်ပေးသည့်အပြင် သူ၏ အကျည်းတန်သော မျက်နှာကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ သင်တို့သည် ဤသမ္မာတရားများကို အရေးကြီးသည်ဟု မမှတ်ယူလျှင်၊ ယင်းတို့ကို အစဉ်အမြဲ ရှောင်တိမ်းရန် ကြိုးစားနေလျှင်၊ သို့မဟုတ် ယင်းတို့၏ အပြင်ဘက်၌ ထွက်မြောက်ရာ လမ်းသစ်တစ်ခုကို ရှာဖွေနေလျှင် သင်တို့သည် ကြီးလေးသော အပြစ်သားများ ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
(၅၆) တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။ လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက် များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ ကသိကအောက်ဖြစ် ကြရသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော “ထောက်ပံ့မှု” ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ငြင်းဆန်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ဖြစ်မြောက်စေခဲ့သည့် အဖြစ်မှန် ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်ဟု ငါပြောသည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားကရုဏာ ပြမည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
အောက်ခြေမှတ်စု(များ)-
က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။
(၅၇) ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း၊ ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် ကြောက်ရွံ့မှု ကင်းမဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။ မျက်မှောက်ခေတ် လူ့ဇာတိခံ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင် ဖြစ်သည်။ ဤဇာတိပကတိ၊ ဤဇာတိပကတိ၏ အလုပ်၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားတစ်ခုလုံးသည် သူ၏ အလုံးစုံဖြစ်၏။ ဤဇာတိပကတိ၏ အလုပ်နှင့်သက်ဆိုင်သော နယ်ပယ်သည် အကန့်အသတ်ရှိပြီး စကြဝဠာတစ်ခုလုံး တိုက်ရိုက် ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အတွက်သာ မဟုတ်သကဲ့သို့၊ လူအရေအတွက် အနည်းငယ်အတွက်လည်း မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်
(၅၈) ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ ပုန်ကန်ခြင်းကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် လှည့်စားမှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ ပုန်ကန်ခြင်းအားလုံးကို အပြစ်အဖြစ် စွပ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ကျိန်ဆဲခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ လက်တွေ့ကျသော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ အလွန်ကြီးမားသည်ကို တွေ့သော်လည်း၊ သင့်ကို စကားမပြော သို့မဟုတ် သင့်ကို တရားမစီရင်သကဲ့သို့ သင်၏ မဖြောင့်မတ်မှုအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်း မပြုပါက၊ သူသည် အပြစ်ကို မုန်းတီးမှု ရှိလိမ့်မည် မဟုတ်သောကြောင့် သူသည် ဘုရားသခင်မဟုတ်သည်ကို ဤအရာက သက်သေပြ ပေလိမ့်မည်။ သူသည် လူသားတမျှ ညစ်ညူးသောသူသာ ဖြစ်ပေလိမ့်မည်။ ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် ညစ်ပတ်သောနေရာများတွင်နေသော ဝက်များကဲ့သို့ သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည့်သင်တို့၏ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ သူ၏ ဖြောင့်မတ်သောစိတ်သဘောထားကို ထုတ်ဖော်ပြသည်မှာ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို သူမြင်သောကြောင့်သက်သက်ပင်ဖြစ်သည်။ လူသားမျိုးနွယ်၏ အညစ်အကြေးနှင့် ဖောက်ပြန်ပျက်စီးမှုသည် သူ၏ သန့်ရှင်းမှုကို ဖော်ပြစေသည်။ ဤသည်မှာ သူသည် သန့်ရှင်းပြီး အပြစ်ဆိုစရာမရှိသော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ ဘုရားသခင်သည် လူတို့အား တရားစီရင်ရန် ပြောဆိုသည်မှာ လူတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြသောကြောင့်ဖြစ်ပြီး ထိုအခါမှသာ လူတို့က သူသည် သန့်ရှင်းသောဘုရားသခင်တစ်ပါးဖြစ်သည်ကို မြင်နိုင်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ
(၅၉) လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “ဘုရားသခင်သည် လူသားကို ကျိန်ဆဲလျှင် လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ ဘုရားသခင်သည် လူသားကို တရားစီရင်လျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင် ကျိန်ဆဲသည့်အရာမှာ လူသား၏ ပုန်ကန်ခြင်းကို ဖြစ်ပြီး သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် လူ၏ခံစားချက်များကို လုံးဝမငဲ့ကွက်ဘဲ ပြင်းထန်စွာ မိန့်တော်မူသော်လည်း ကိုယ်တော်သည် လူ၏အတွင်း၌ရှိသော အရာခပ်သိမ်းကို ဖော်ထုတ်တော်မူ၏၊ ပြင်းထန်သော နှုတ်ကပတ်တော်အချို့အားဖြင့် လူ၏အတွင်း၌ရှိသော အခြေအမြစ်ကျသည့်အရာကို ဖော်ထုတ်တော်မူသည့် ဤသို့သော တရားစီရင်မှုအားဖြင့် ကိုယ်တော်သည် လူအား ဇာတိပကတိ၏ အခြေအမြစ်ကို နက်ရှိုင်းစွာ သိရှိနားလည်စေတော်မူပြီး သို့ဖြစ်၍ လူသည် ဘုရားသခင်၏ ရှေ့တော်၌ ကျိုးနွံနာခံလေသည်။ လူသား၏ ဇာတိပကတိသည် အပြစ်နှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း ဆိုင်၍ ပုန်ကန်တတ်ကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
(၆၀) ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ ဇာတိပကတိ၏အခြေအမြစ်မှာ စာတန်၏အခြေအမြစ် ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အခြေအမြစ်ကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
(၆၁) ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရား၏ ရယူမှုကို ခံထားရခြင်းအဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ပြုပြင်ခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်အမှန်တကယ်နားလည်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
(၆၂) ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို ပုန်ကန်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုက ဤသို့ဖြစ်လေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်
(၆၃) ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် သမ္မာတရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည် (လူသားသည် အပြစ်မဲ့သည့်အတွက် ဖြစ်၏)။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ယင်းသည် ပုံမှန်အသိစိတ် ကင်းမဲ့နေသည့်အလား လူသားက ယင်းကို စာနာမှု မရှိခြင်း အဖြစ် သတ်မှတ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော “လူသားအပေါ် စာနာမှုမဲ့ခြင်း”ဖြစ်သည့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်
(၆၄) မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ အကြံပြု၏၊ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရရန် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ဆောင်ကြဉ်းခြင်းကို ခံရရန် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ပစ်ပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သူများဖြစ်သည့်အတွက် ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာ၍ ဆိုးရွားကာ သာလွန်များပြားလေသည်။ အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့သောသူတို့သည် ဝိညာဉ်၊ စိတ်နှင့် ကိုယ်တို့အား ဒဏ်ခတ်ခြင်းတည်းဟူသော လက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည် မဟုတ်လော။ တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဒုစရိုက်အမှုမျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ ဘုရားသခင် လွှဲအပ်ပြီး ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင် ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် သင့်တော်သောအချိန်ကျသောအခါတွင် သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်နွမ်းစေခွင့် ပြုလျက် ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်အောင် ပြုလုပ်သည်။ ဘုရားသခင်သည် အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း အဆုံးတိုင် သစ္စာစောင့်သိမြဲ စောင့်သိခြင်း မရှိကြသည့် ထိုကြောင်သူတော်များကို ဆိုးယုတ်သူတို့အထဲတွင် စာရင်းသွင်း၏။ ၎င်းတို့အား ဆိုးယုတ်သူတို့နှင့်အတူ ဒုစရိုက်အမှုထဲတွင် မွေ့လျော်နေထိုင်ပြီး ၎င်းတို့နှင့်အတူ သောင်းပြောင်းထွေလာဖြစ်သော ကိုယ်ကျင့်တရားပျက်သူတစ်သိုက် ဖွဲ့စည်းခွင့်ပေးကာ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကို ရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ ရိုးသားစစ်မှန်မှု မရှိခဲ့ကြဘဲ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရုံမျှလွဲ၍ အခြားရွေးချယ်စရာမရှိသူတို့သည် ဘုရားသခင်၏ လူတို့အတွက် အစေခံသောသူတို့အထဲတွင် စာရင်းသွင်းခြင်း ခံကြရ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်ကာ အများစုမှာမူ စံနှုန်းမပြည့်မီသော အလုပ်လုပ်ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်သူများ၊ ဘုရားသခင်၏ လူများနှင့် သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း ထားပြီးဖြစ်သော သူများအားလုံးကို ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားအမှု၏ ပုံဆောင်ခဲဖြစ်သည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတလေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ ဘာသာတရားမရှိသူများအထဲတွင် စာရင်းသွင်းလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏အဆုံးသတ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏။ ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားကရုဏာ မထားပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏