အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖြစ်မြောက်အောင်မြင်သည်
ဘုရားသခင်သည် မတူညီသော ခေတ်များနှင့်အညီ၊ သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏ အမှုကို လုပ်ဆောင်သည်၊ ပြီးလျှင် မတူညီသော ခေတ်များတွင် မတူညီသော နှုတ်ကပတ်တော်များကို ပြောဆိုလေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာပေ၊ သို့မဟုတ် အမှုတစ်ခုတည်းကို ထပ်မလုပ်ဆောင်ပေ၊ သို့မဟုတ် အတိတ်၏ အမှုအရာများကို တသသ လွမ်းဆွတ်မနေပေ။ သူသည် အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင်ဖြစ်သကဲ့သို့၊ နေ့စဉ် နှုတ်ကပတ်တော်သစ်များကို သူပြောဆိုလေသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့်အရာကို လိုက်နာသင့်သည်။ ဤသည်မှာ လူ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ မျက်မှောက်ခေတ်တွင် လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် နှုတ်ကပတ်တော်ကို ဗဟိုပြုရန်မှာ အရေးကြီးပေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသကဲ့သို့၊ သူ၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ပေါ်လွင်စေဖို့ မတူကွဲပြားသော ရှုထောင့်များစွာမှ စကားပြောနိုင်လေသည်။ သူသည် ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ဦး၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ သူ စကားပြောဆိုသည့် လူ၏ရှုထောင့်ကြောင့် သူသည် ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရနိုင်ပေ။ ဘုရားသခင် စကားပြောဆိုသည့် မတူညီသော ရှုထောင့်များ၏ အကျိုးဆက်အနေဖြင့် လူအချို့ကြားတွင် အယူအဆများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့သော လူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာမရှိသကဲ့သို့၊ သူ၏ အမှုနှင့်ဆိုင်သည့် အသိပညာမရှိပေ။ ဘုရားသခင်သည် ရှုထောင့်တစ်ခုမှ အမြဲစကားပြောပါက၊ လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်မည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့ပြုမူဖို့ ခွင့်ပြုနိုင်မည်လော။ မည်သည့် ရှုထောင့်မှ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် သူသည် ရည်ရွယ်ချက်ရှိ၏။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှ အမြဲစကားပြောခဲ့မည်ဆိုပါက၊ သင်သည် သူနှင့် ထိတွေ့နိုင်မည်လော။ ထို့ကြောင့် သင့်ကို သူ၏ နှုတ်ကပတ်တော်များ ထောက်ပံ့ပေးဖို့နှင့် လက်တွေ့အရှိတရားထဲသို့ သင့်ကို လမ်းပြဖို့ရန် သူသည် တစ်ခါတစ်ရံတွင် ဘေးလူတစ်ဦး၏ ရှုထောင့်မှ သင့်ကို စကားပြောပေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်တင့်လျောက်ပတ်သည်။ အတိုချုပ် ပြောရလျှင်၊ ထိုအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤအရာကို သင် သံသယမထားသင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် အမြဲ ဘုရားသခင် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ မပြောင်းနိုင်သော အမှန်တရားဖြစ်သည်။ သူ မည်ကဲ့သို့ အမှုပြုသည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူတစ်ဦး ဖြစ်ခဲ့သော်လည်း၊ ဖြစ်တည်မှု၏ အနှစ်သာရသည် ဖြစ်သည့်အတိုင်းရှိပြီး လုံးဝ မပြောင်းလဲနိုင်သည့်အတွက်၊ ဘုရားသခင်သည် ပေတရုကို သခင် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ သူ၏ အမှုတွင်၊ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသော်လည်း၊ သူ၏ အမှုကို ထိရောက်စေရန်နှင့် သူနှင့်ဆိုင်သည့် လူသား၏ အသိပညာကို နက်နဲလာစေရန် မတူညီသော နည်းစနစ်များကို အသုံးပြုလေသည်။ သူ၏ အမှုပြုခြင်း နည်းစနစ်တိုင်းက လူသားအား သူ့ကို သိဖို့ ကူညီသကဲ့သို့၊ လူကို စုံလင်စေဖို့အလို့ငှာ ဖြစ်ပေသည်။ မည်သည့် အမှုပြုခြင်း နည်းစနစ်ကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ၊ အသီးသီးသည် လူသားကို တည်ဆောက်ပေးဖို့နှင့် စုံလင်စေဖို့အလို့ငှာ ဖြစ်သည်။ သူ၏ အမှုပြုခြင်း နည်းစနစ်များထဲမှတစ်ခုသည် အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခု ကြာရှည်ခံကောင်း ခံနိုင်သော်လည်း၊ ဤသည်မှာ ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဖေးမဖို့အလို့ငှာ ဖြစ်ပေသည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၌ သံသယမရှိသင့်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အမှု၏ အဆင့်များ ဖြစ်ပြီး ယင်းတို့ကို သင်တို့ ကျိုးနွံနာခံရမည်။
ယနေ့ ပြောဆိုထားသည့် အရာသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု ဖြစ်သည်။ ကောင်းကင်နိုင်ငံသို့ တက်ရောက်ခြင်း သို့မဟုတ် ရှင်ဘုရင်များအဖြစ် အုပ်စိုးခြင်း မဟုတ်ပေ။ ပြောဆိုထားသော အရာအားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားခြင်း ဖြစ်သည်။ ဤအရာထက် သာ၍လက်တွေ့ကျသော လိုက်စားခြင်း မရှိသကဲ့သို့၊ ရှင်ဘုရင်များကဲ့သို့ အုပ်စိုးခြင်း အကြောင်း ပြောဆိုခြင်းသည် လက်တွေ့မကျပေ။ လူသားသည် အလွန် သိချင်စိတ်ပြင်းပြခြင်းကို ပိုင်ဆိုင်ပြီး၊ သူသည် ဘုရားသခင်၏ ယနေ့အမှုကို သူ၏ ဘာသာရေး အယူအဆများဖြင့် တိုင်းတာနေဆဲဖြစ်သည်။ ဘုရားသခင်၏ အလွန်များသည့် အမှုပြုခြင်း နည်းစနစ်များစွာကို ကြုံတွေ့ပြီးလျက်၊ လူသားသည် ဘုရားသခင်၏ အမှုကို မသိရှိသေးပေ၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီးခြင်း ရှိ မရှိဆိုသည်ကို ကြည့်နေဆဲဖြစ်သည်။ ဤသည်မှာ ကြောက်ခမန်းလိလိ မသိနားမလည်မှု ဖြစ်သည်မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိသေးဘဲနှင့်၊ သူသည် ဘုရားသခင်ဖြစ်သည်ဟု သင် ယုံကြည်ဦးမည်လော။ ယနေ့တွင် အသင်းတော်ထဲရှိ ထိုသို့သော လူများစွာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ဖို့ စောင့်ဆိုင်းနေကြ၏။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြောကြလေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံမှုကြောင့် ယုံကြည်သလော သို့မဟုတ် သူကိုယ်တိုင် ဘုရားသခင် ဖြစ်သောကြောင့် ယုံကြည်သလော။ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆိုင်သည့် လူသား၏ အမြင်ကို တည့်မတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း မရှိသည်ကို သင် တွေ့သောအခါ၊ သင်သည် အဝေးသို့ အမြန်ထွက်ပြေးသွားသည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းမှုလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင်၊ အရာရာတိုင်းကို ဘုရားသခင်ထံ ဝကွက်အပ်ရမည် ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးကို ကျိုးနွံနာခံရမည်။ ဘုရားသခင် ဓမ္မဟောင်းကျမ်း၌ နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်။ ယင်းတို့ထဲမှ မည်သည့်အရာ ပြည့်စုံသည်ကို သင်၏ ကိုယ်ပိုင်မျက်စိနှင့် သင် မြင်ခဲ့ပါသလော။ သင်မမြင်ခဲ့သောကြောင့် ယေဟောဝါသည် စစ်မှန်သော ဘုရားသခင်မဟုတ်ဟု သင်ပြော၍ရပါသလော။ နှုတ်ကပတ်တော်များစွာ ပြည့်စုံပြီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူသည် သမ္မာတရား မရှိသကဲ့သို့ မည်သည့်အရာကိုမျှ နားမလည်သောကြောင့် ယင်းကို ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းမရှိဟု ခံစားရသည့်အခါ၊ အချို့က ထွက်ပြေးသွားလိုကြသည်။ စမ်းကြည့်လော့။ သင် ထွက်ပြေးနိုင်ခြင်း ရှိ မရှိကို ကြည့်လော့။ ထွက်ပြေးသွားလျက်ဖြင့်၊ သင် ပြန်လာလိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို သူ၏နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်ပြီး၊ သင်သည် အသင်းတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာပါက၊ ဆက်လက်အသက်ရှင်နိုင်မည် မဟုတ်။ ဤအရာကို သင်မယုံကြည်ပါက၊ ကိုယ်တိုင် စမ်းကြည့်လော့။ သင်သည် ဤအတိုင်း စွန့်ခွာသွား နိုင်သည်ဟု ထင်သလော။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို ထိန်းချုပ်၏။ သင်သည် စွန့်ခွာ၍ မရနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခု ဖြစ်သည်။ လူအချို့က စမ်းကြည့်လိုပါက၊ စမ်းကြည့်နိုင်သည်။ ဤလူသည် ဘုရားသခင်မဟုတ်ဟု သင်တို့ပြောကြသည်၊ သို့ဆိုလျှင် သူ့ကိုဆန့်ကျင်၍ အပြစ်ကျူးလွန်လော့၊ ပြီးလျှင်သူ မည်သည့်အရာ လုပ်ဆောင်သည်ကို ကြည့်လော့။ သင်၏ ခန္ဓာသည် သေဆုံးမည်မဟုတ်သကဲ့သို့၊ သင်သည် မိမိကိုယ်ကိုယ် ကျွေးမွေးကာ ဝတ်ဆင်နိုင်ဆဲ ဖြစ်နိုင်သော်လည်း၊ စိတ်ပိုင်းဆိုင်ရာအရ ယင်းသည် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ သင်သည် စိတ်သောကရောက်ပြီး အလွန်အမင်း စိတ်ဆင်းရဲလိမ့်မည်။ မည်သည့်အရာမျှ သာ၍ နာကျင်စရာ မကောင်းပေ။ လူသည် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း စိတ်ဆင်းရဲခြင်းနှင့် ဝမ်းနည်းပက်လက်ဖြစ်ခြင်းကို မခံနိုင်ပေ။ သင်သည် ခန္ဓာ၏ ဆင်းရဲဒုက္ခကို သင် သည်းခံနိုင်ကောင်း သည်းခံနိုင်မည် ဖြစ်သော်လည်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် ရေရှည အလွန်အမင်း စိတ်ဆင်းရဲခြင်းကို ခံနိုင်စွမ်း လုံးဝမရှိပေ။ ယနေ့တွင် လူအချို့သည် မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုမျှ မမြင်နိုင်သေးသောကြောင့်၊ အပျက်သဘောဆောင် လာကြ၏၊ သို့သော် ဘုရားသခင်သည် လူကို သူ၏ နှုတ်ကပတ်တော်ဖြင့် ထိန်းချုပ်သောကြောင့်၊ ၎င်းတို့ မည်မျှ အပျက်သဘောဆောင်ကြသည် ဖြစ်စေ၊ မည်သူမျှ ထွက်မပြေးဝံ့ကြချေ။ အမှန်တရားများ ပေါ်ထွန်းခြင်း မရှိသော်လည်း၊ မည်သူမျှ ထွက်မပြေးနိုင်သေးပေ။ ဤအရာများသည် ဘုရားသခင်၏ လုပ်ရပ်များ ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် လူသားကို အသက်နှင့် ထောက်ပံ့ပေးရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်။ သူသည် လူတို့ တွေးထင်သကဲ့သို့ ဘုရားသခင်နှင့် လူကြားက ငြိမ်းချမ်းသော ဆက်ဆံရေး တစ်ခုကို သေချာစေဖို့အလို့ငှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြသခြင်းအားဖြင့် သင့်ကို မချော့မော့ပေ။ ၎င်းတို့၏ အာရုံစိုက်မှုသည် အသက်ပေါ်၌ မရှိဘဲ၊ ယင်းအစား ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခြင်းအပေါ် အာရုံစိုက်သူအားလုံးသည် ဖာရိရှဲများ ဖြစ်သည်။ ယေရှုကို ကားတိုင်ပေါ်၌ သံမှိုရိုက်ခဲ့ကြသူများမှာ ဖာရိရှဲများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက သူ့ကို ယုံကြည်ရင်းနှင့်၊ မပြည့်စုံပါက ဘုရားသခင်ကို သံသယထားကာ ပြစ်မှားပင် ပြစ်မှားစော်ကားရင်း၊ ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆိုင်သည့် သင်၏ကိုယ်ပိုင် အမြင်အတိုင်း ဘုရားသခင်ကို အကဲဖြတ်ပါက၊ သင်သည် သူ့ကို ကားတိုင်၌ သံမှိုရိုက်သည် မဟုတ်လော။ ဤသို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ပေါ့ဆပြီး၊ သက်သောင့်သက်သာရှိခြင်း၌ လောဘတကြီး သောက်စားမြူးထူးကြပေသည်။
လူသား ရင်ဆိုင်နေရသော အကြီးမားဆုံး အခက်အခဲ၏ ကဏ္ဍတစ်ခုမှာ သူသည် ဘုရားသခင်၏ အလုပ်ကို မသိခြင်း ဖြစ်သည်။ လူ၏ သဘောထားသည် ငြင်းပယ်ခြင်း မဟုတ်သော်လည်း ယင်းမှာ သံသယရှိခြင်း ဖြစ်သည်။ လူသားသည် ငြင်းပယ်ခြင်း မရှိသော်လည်း အပြည့်အဝ အသိအမှတ်ပြုခြင်းလည်း မရှိပေ။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို စေ့စပ်သေချာစွာ သိရှိပါက ၎င်းတို့သည် ထွက်ပြေးကြမည် မဟုတ်ပေ။ အခြားကဏ္ဍတစ်ခုမှာ လူသားသည် လက်တွေ့ကျမှုကို မသိခြင်း ဖြစ်သည်။ ယနေ့တွင် လူတစ်ဦးစီ ထိတွေ့ဆက်ဆံလာခဲ့ရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် အနာဂတ်တွင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို သင် မြင်တွေ့နိုင်လိမ့်မည်ဟု မထင်နှင့်။ သင့်အား ငါ ရှင်းလင်းစွာ ပြောမည်။ လက်ရှိ အဆင့်အတောအတွင်းတွင် သင် မြင်တွေ့နိုင်စွမ်းရှိသမျှမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်ပြီး အဖြစ်မှန်များ မရှိသော်လည်း ဘုရားသခင်၏ အသက်သည် လူသားထဲသို့ သွတ်သွင်းခံရနိုင်ဆဲ ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်၏ အဓိက အလုပ်မှာ ဤအလုပ်ပင် ဖြစ်ပြီး သင်သည် ဤအလုပ်ကို သဘောမပေါက်နိုင်ပါက အားနည်းလာပြီး လဲကျလိမ့်မည်။ သင်သည် စမ်းသပ်မှုများကြားတွင် ကျဆင်းသွားမည်ဖြစ်ပြီး ဆိုးရွားသော အခြေအနေများတွင် စာတန်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန် အဓိကအားဖြင့် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီးဖြစ်သည်။ သင် ထိတွေ့ဆက်ဆံနေရသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင် ဖတ်ရှုသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင် ကြားရသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင် စောင့်ထိန်းသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင် တွေ့ကြုံသည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူရာတွင် ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုလေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသသည့်အပြင် အထူးသဖြင့် အတိတ်မှ ယေရှု လုပ်ဆောင်ခဲ့သော အလုပ်ကို မလုပ်ဆောင်ပေ။ ၎င်းတို့သည် ဘုရားသခင် ဖြစ်ကြပြီး နှစ်ပါးစလုံးသည် လူ့ဇာတိ ဖြစ်ကြသော်လည်း ၎င်းတို့၏ အမှုတော်များသည် မတူညီကြပေ။ ယေရှု ကြွလာသောအခါ သူသည် ဘုရားသခင်၏ အလုပ် တစ်စိတ်တစ်ပိုင်းကိုလည်း လုပ်ဆောင်ခဲ့ပြီး နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့သည်။ သို့သော် သူ ပြီးမြောက်အောင်မြင်ခဲ့သော အဓိက အလုပ်မှာ အဘယ်အရာ ဖြစ်သနည်း။ သူ အဓိက ပြီးမြောက်အောင်မြင်ခဲ့သည့်အရာမှာ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း အလုပ် ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း အလုပ်ကို ပြီးစီးရန်နှင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရန် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန် ဖြစ်လာခဲ့ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး၏ အပြစ်များအတွက် အပြစ်ဖြေရာယဇ်အဖြစ် သူ အစေခံခဲ့သည်။ ဤသည်မှာ သူ ပြီးမြောက်အောင်မြင်ခဲ့သော အဓိက အလုပ် ဖြစ်သည်။ နောက်ဆုံးတွင် သူသည် နောက်မှ လာသောသူများကို လက်ဝါးကပ်တိုင် လမ်းကြောင်းကို ပြသခဲ့သည်။ ယေရှု ကြွလာသောအခါ ယင်းမှာ ရွေးနုတ်ခြင်း အမှုကို ပြီးစီးရန် အဓိကအားဖြင့် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခဲ့ပြီး ကောင်းကင်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လူသားထံသို့ ယူဆောင်လာခဲ့ကာ ထို့အပြင် ကောင်းကင်နိုင်ငံတော်သို့ သွားရာ လမ်းကြောင်းကို ယူဆောင်လာခဲ့သည်။ ရလဒ်အနေဖြင့် နောက်မှ လာသောသူ အားလုံးက “ငါတို့သည် လက်ဝါးကပ်တိုင် လမ်းကြောင်းကို လျှောက်လှမ်းသင့်ပြီး လက်ဝါးကပ်တိုင်အတွက် ငါတို့ကိုယ်ငါတို့ ပူဇော်ဆက်ကပ်သင့်သည်” ဟု ပြောဆိုခဲ့ကြသည်။ သေချာပေါက်ပင် အစအဦးတွင် ယေရှုသည် လူသားကို နောင်တရစေရန်နှင့် သူ၏ အပြစ်များကို ဝန်ခံစေရန် အခြားသော အလုပ်အချို့ကိုလည်း လုပ်ဆောင်ခဲ့ပြီး နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့သည်။ သို့သော် သူ၏ အမှုတော်မှာ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းပင် ဖြစ်နေဆဲဖြစ်ပြီး လမ်းခရီးကို တရားဟောလျက် သူ ကုန်ဆုံးခဲ့သော သုံးနှစ်ခွဲအချိန်သည် နောက်မှ လာသော လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအတွက် ပြင်ဆင်မှု ဖြစ်ခဲ့သည်။ ယေရှု ဆုတောင်းခဲ့သော အကြိမ်အချို့သည်လည်း လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအတွက် ဖြစ်ခဲ့သည်။ သူ ဦးဆောင်ခဲ့သော ပုံမှန် လူ့အသက်တာနှင့် မြေကြီးပေါ်တွင် သူ အသက်ရှင်ခဲ့သော သုံးဆယ့်သုံးနှစ်ခွဲ အချိန်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း အလုပ်ကို ပြီးစီးရန်အတွက် အဓိကအားဖြင့် ဖြစ်ခဲ့သည်။ ယင်းတို့သည် ဤအလုပ်ကို ထမ်းဆောင်ရန် သူအား ခွန်အားပေးဖို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း အလုပ်ကို သူအား အပ်နှံခဲ့သည်ဟု ဆိုခြင်း ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် မည်သည့်အလုပ်ကို ပြီးမြောက်အောင်မြင်မည်နည်း။ ယနေ့တွင် ဘုရားသခင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” ဟူသော အလုပ်ကို ပြီးစီးရန် အဓိကအားဖြင့် လူ့ဇာတိခံယူခဲ့ပြီး ဖြစ်သည်။ သူသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး နှုတ်ကပတ်တော်၏ ပြုပြင်ခြင်းနှင့် နှုတ်ကပတ်တော်၏ စစ်ဆေးခြင်းကို လူသားအား လက်ခံစေလေသည်။ သူ၏ နှုတ်ကပတ်တော်များတွင် သူသည် သင့်အား ထောက်ပံ့မှုကို ရရှိစေပြီး အသက်ကို ရရှိစေကာ သူ၏ အလုပ်နှင့် လုပ်ရပ်များကို သင့်အား မြင်တွေ့စေလေသည်။ ဘုရားသခင်သည် သင့်အား ပြစ်တင်ဆုံးမရန်နှင့် စစ်ဆေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး ထို့ကြောင့် သင်သည် နာကျင်မှုကို ခံစားရလျှင်ပင် ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်လည်း ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် အပြင်ပန်း အဖြစ်မှန်များဖြင့် အလုပ်မလုပ်ဘဲ နှုတ်ကပတ်တော်များဖြင့် အလုပ်လုပ်လေသည်။ သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ကျရောက်လာပြီးနောက်မှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နိုင်ပြီး သင့်အား နာကျင်မှုကို ခံစားရစေနိုင်သည် သို့မဟုတ် ချိုမြိန်မှုကို မြည်းစမ်းရစေနိုင်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် သင့်အား လက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်သွားနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် သင့်အား စုံလင်အောင် ပြုလုပ်ပေးနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် သင်သည် ဤအရာကို နားလည်ရမည်။ နောက်ဆုံးသော ကာလအတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အလုပ်မှာ အဓိကအားဖြင့် လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် လူသားကို လမ်းပြရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း အလုပ် ဖြစ်သည်။ သူ လုပ်ဆောင်သော အလုပ်အားလုံးသည် နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ သူသည် သင့်အား ပြစ်တင်ဆုံးမရန် အပြင်ပန်း အဖြစ်မှန်များကို အသုံးမပြုပေ။ အချို့လူများက ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အချိန်များ ရှိသည်။ ဘုရားသခင်သည် သင့်အား ကြီးမားသော သက်သောင့်သက်သာမရှိမှုကို မဖြစ်စေပေ၊ သင်၏ ဇာတိပကတိသည် ပြစ်တင်ဆုံးမခြင်း မခံရသည့်အပြင် မည်သည့် နာကျင်မှုကိုမျှ မခံစားရပေ။ သို့သော် သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ကျရောက်လာပြီး သင့်အား စစ်ဆေးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ သင့်အတွက် မခံမရပ်နိုင်စရာ ဖြစ်လေသည်။ ထိုသို့ မဟုတ်လော။ အစေခံသူများ၏ အချိန်ကာလအတောအတွင်းတွင် ဘုရားသခင်က လူသားကို အနက်ဆုံးသောတွင်းထဲသို့ ပစ်ချရန် ပြောဆိုခဲ့သည်။ လူသားသည် အနက်ဆုံးသောတွင်းထဲတွင် အမှန်တကယ် အဆုံးသတ်သွားခဲ့သလော။ လူသားကို စစ်ဆေးရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းမှတစ်ဆင့်သာ လူသားသည် အနက်ဆုံးသောတွင်းထဲသို့ ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အရာအားလုံးကို ပြီးမြောက်အောင်မြင်ရန်နှင့် အရာအားလုံးကို ထုတ်ဖော်ရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုလေသည်။ သူ၏ နှုတ်ကပတ်တော်များတွင်သာ သူ၏ ဖြစ်ခြင်းကို သင် မြင်တွေ့နိုင်သည်၊ သူ၏ နှုတ်ကပတ်တော်များတွင်သာ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို သင် မြင်တွေ့နိုင်လေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာသောအခါ သူသည် နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြား မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပေ။ သို့ဖြစ်၍ အပြင်ပန်း အဖြစ်မှန်များအတွက် လိုအပ်ချက် မရှိပေ၊ နှုတ်ကပတ်တော်များချည်းသက်သက်က လုံလောက်လေသည်။ အကြောင်းမှာ သူသည် ဤအလုပ်ကို လုပ်ဆောင်ရန်၊ လူသားကို သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ ကြီးမားသော တန်ခိုးနှင့် အထွတ်အထိပ်ဖြစ်ခြင်းကို မြင်တွေ့ခွင့်ပေးရန်၊ လူသားကို သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို မြင်တွေ့ခွင့်ပေးရန်၊ ပြီးလျှင် လူသားကို သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ အလုံးစုံကို သိရှိခွင့်ပေးရန် အဓိကအားဖြင့် ကြွလာခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ ဖြစ်ခြင်းအားလုံးသည် သူ၏ နှုတ်ကပတ်တော်များတွင် ရှိလေသည်။ သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းခြင်းတို့သည် သူ၏ နှုတ်ကပတ်တော်များတွင် ရှိလေသည်။ ဤအရာတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းလမ်းများစွာကို သင် မြင်တွေ့နိုင်လေသည်။ ဘုရားသခင်သည် အလွန် ကြာရှည်သော အချိန်ကာလတစ်ခုအတွက် အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ သူသည် လူသားအတွက် ထောက်ပံ့ပေးခြင်း၊ လူသားကို ဖော်ထုတ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းကို အများအားဖြင့် လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦးကို ပေါ့ပေါ့တန်တန် ကျိန်ဆဲခြင်း မပြုသည့်အပြင် သူ ကျိန်ဆဲသည့်တိုင်အောင် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသော ဤခေတ်တွင် ဘုရားသခင်က ဖျားနာသူများကို ကုသပေးပြီး နတ်ဆိုးများကို နှင်ထုတ်သည်ကို တစ်ဖန် မြင်တွေ့ရရန် မမျှော်လင့်နှင့်၊ ပြီးလျှင် နိမိတ်လက္ခဏာများကို အမြဲတစေ ရှာဖွေနေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် အသုံးမဝင်ပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် မပြုလုပ်ပေးနိုင်ပေ။ ရှင်းလင်းစွာ ပြောရလျှင်၊ ယနေ့တွင် လူ့ဇာတိ၏ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တော်တိုင်သည် ပြုမူလုပ်ဆောင်ခြင်း မရှိပေ၊ သူသည် စကားပြောရုံသာ ပြောလေသည်။ ဤသည်မှာ သမ္မာတရား ဖြစ်သည်။ သူသည် သင့်အား စုံလင်အောင် ပြုလုပ်ပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီး သင့်အား ကျွေးမွေးရန်နှင့် ရေလောင်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ သူသည် အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကိုလည်း အသုံးပြုပြီး အဖြစ်မှန်များကို အစားထိုးရန်နှင့် သူ၏ လက်တွေ့ကျမှုကို သင့်အား သိရှိစေရန် နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ သင်သည် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော ဤနည်းလမ်းကို ရှင်းလင်းစွာ မြင်တွေ့ပါက အပျက်သဘောဆောင်လာဖွယ် မရှိပေ။ အပျက်သဘောဆောင်သော အရာများအပေါ် အာရုံစိုက်မည့်အစား သင်တို့သည် အပြုသဘောဆောင်သော အရာအပေါ်တွင်သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သို့မဟုတ် အပြင်ပန်း အဖြစ်မှန်များ ရောက်ရှိလာခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားကို သူ၏ နှုတ်ကပတ်တော်များမှ အသက်ကို ရရှိစေပြီး ဤသည်မှာ နိမိတ်လက္ခဏာများ အားလုံးထဲတွင် အကြီးမားဆုံး ဖြစ်သည်၊ ထို့ထက်မက ယင်းမှာ ငြင်းခုံ၍မရနိုင်သော အဖြစ်မှန်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရှိရန် အကောင်းဆုံးသော သက်သေအထောက်အထား ဖြစ်ပြီး နိမိတ်လက္ခဏာများထက် ပို၍ပင် ကြီးမားသော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်အောင် ပြုလုပ်ပေးနိုင်လေသည်။
နိုင်ငံတော်ခေတ် စတင်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို စတင် ဖွင့်ဟပြောဆိုခဲ့လေသည်။ အနာဂတ်တွင် ဤနှုတ်ကပတ်တော်များသည် တဖြည်းဖြည်း ပြည့်စုံလာမည်ဖြစ်ပြီး ထိုအချိန်တွင် လူသား၏ အသက်သည် ရင့်ကျက်နေပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ ဤသည်မှာ ပို၍ လက်တွေ့ကျပြီး ပို၍ လိုအပ်လေသည်။ သူသည် လူသား၏ ယုံကြည်ခြင်းကို စုံလင်အောင် ပြုလုပ်ပေးရန် သူ၏ အလုပ်ကို လုပ်ဆောင်ရာတွင် နှုတ်ကပတ်တော်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ အသုံးမပြုပေ၊ အကြောင်းမှာ ယနေ့သည် နှုတ်ကပတ်တော်ခေတ် ဖြစ်ပြီး ယင်းက လူသား၏ ယုံကြည်ခြင်း၊ စိတ်ပိုင်းဖြတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လိုအပ်သောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အလုပ်မှာ လူသားကို အစေခံရန်နှင့် ထောက်ပံ့ပေးရန် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း ဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးစီးပြီးနောက်မှသာ ယင်းတို့သည် စတင် ပြည့်စုံလာလိမ့်မည် ဖြစ်သည်။ ကိုယ်တော် စကားပြောဆိုနေသည့် အချိန်ကာလအတောအတွင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ပြည့်စုံခြင်း မရှိပေ၊ အကြောင်းမှာ သူသည် ဇာတိပကတိ၏ အဆင့်တွင် ရှိနေသောအခါ သူ၏ နှုတ်ကပတ်တော်များသည် မပြည့်စုံနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ဝိညာဉ်တော် မဟုတ်ဘဲ လူ့ဇာတိ ဖြစ်ကြောင်းကို လူသားက မြင်တွေ့နိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ လက်တွေ့ကျမှုကို လူသားက မျက်စိဖြင့် တပ်အပ်မြင်တွေ့နိုင်ရန်အလို့ငှာ ဖြစ်သည်။ သူ၏ အလုပ် ပြီးစီးသောနေ့တွင် မြေကြီးပေါ်၌ သူ ပြောဆိုသင့်သော နှုတ်ကပတ်တော်များ အားလုံးကို ပြောဆိုပြီးဖြစ်သောအခါ သူ၏ နှုတ်ကပတ်တော်များသည် စတင် ပြည့်စုံလာလိမ့်မည် ဖြစ်သည်။ ယခုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည့် ခေတ် မဟုတ်ပေ၊ အကြောင်းမှာ သူသည် သူ၏ နှုတ်ကပတ်တော်များကို ပြောဆို၍ မပြီးသေးသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် မြေကြီးပေါ်တွင် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုနေဆဲဖြစ်သည်ကို သင် မြင်တွေ့ရသောအခါ သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံလာမည့်အချိန်ကို မစောင့်ဆိုင်းနှင့်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုခြင်း ရပ်တန့်သွားသောအခါနှင့် မြေကြီးပေါ်ရှိ သူ၏ အလုပ် ပြီးစီးသွားသောအခါ ထိုအချိန်သည် သူ၏ နှုတ်ကပတ်တော်များ စတင် ပြည့်စုံလာမည့် အချိန် ဖြစ်လိမ့်မည်။ မြေကြီးပေါ်တွင် သူ ပြောဆိုသော နှုတ်ကပတ်တော်များ၌ ကဏ္ဍတစ်ခုအနေဖြင့် အသက်၏ ထောက်ပံ့မှု ရှိပြီး အခြားကဏ္ဍတစ်ခုအနေဖြင့် ပရောဖက်ပြုချက် ရှိလေသည်။ ယင်းမှာ လာမည့် အရာများ၊ လုပ်ဆောင်မည့် အရာများနှင့် ပြီးမြောက်အောင်မြင်ရန် ကျန်ရှိနေသေးသော အရာများနှင့်ဆိုင်သည့် ပရောဖက်ပြုချက် ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များတွင်လည်း ပရောဖက်ပြုချက် ရှိခဲ့လေသည်။ ကဏ္ဍတစ်ခုအနေဖြင့် သူသည် အသက်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားကဏ္ဍတစ်ခုအနေဖြင့် သူသည် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်။ ယနေ့တွင် နှုတ်ကပတ်တော်များနှင့် အဖြစ်မှန်များ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခြင်းအကြောင်း ပြောဆိုစရာ မရှိပေ၊ အကြောင်းမှာ လူသားက မျက်စိဖြင့် တပ်အပ်မြင်တွေ့နိုင်သည့်အရာနှင့် ဘုရားသခင် လုပ်ဆောင်သည့် အဖြစ်မှန်များအကြားတွင် ကြီးမားလွန်းသော ကွာခြားချက် ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အလုပ် ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ နှုတ်ကပတ်တော်များသည် ပြည့်စုံလာမည်ဖြစ်ပြီး အဖြစ်မှန်များသည် နှုတ်ကပတ်တော်များ၏ နောက်မှ လာလိမ့်မည်ဟုသာ ပြောဆို၍ ရနိုင်လေသည်။ နောက်ဆုံးသော ကာလအတောအတွင်းတွင် လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုတော်ကို ထမ်းဆောင်ရန် မြေကြီးပေါ်သို့ ကြွလာပြီး နှုတ်ကပတ်တော်၏ အမှုတော်ကို ထမ်းဆောင်ရာတွင် သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုကာ အခြားသော ကိစ္စရပ်များကို ဂရုမစိုက်ပေ။ ဘုရားသခင်၏ အလုပ် ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် သူ၏ နှုတ်ကပတ်တော်များသည် စတင် ပြည့်စုံလာလိမ့်မည်။ ယနေ့တွင် သင့်အား စုံလင်အောင် ပြုလုပ်ပေးရန် နှုတ်ကပတ်တော်များကို ဦးစွာ အသုံးပြုလေသည်။ စကြဝဠာ တစ်ခုလုံးတွင် သူ ဘုန်းအသရေ ရရှိသောအခါ သူ၏ အလုပ်သည် ပြီးစီးလိမ့်မည် ဖြစ်သည်။ ပြောဆိုသင့်သော နှုတ်ကပတ်တော်များ အားလုံးကို ပြောဆိုပြီးဖြစ်လိမ့်မည်ဖြစ်ကာ နှုတ်ကပတ်တော်များ အားလုံးသည် အဖြစ်မှန်များ ဖြစ်လာလိမ့်မည်။ လူသားမျိုးနွယ်က သူ့ကို သိကျွမ်းနိုင်ရန်အလို့ငှာ၊ ပြီးလျှင် လူသားမျိုးနွယ်က သူ၏ ဖြစ်ခြင်းအပြင် သူ၏ ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ရပ်များ အားလုံးကို သူ၏ နှုတ်ကပတ်တော်မှ မြင်တွေ့နိုင်ရန်အလို့ငှာ ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုတော်ကို ထမ်းဆောင်ရန် နောက်ဆုံးသော ကာလအတောအတွင်း မြေကြီးပေါ်သို့ ကြွလာခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော်ခေတ် အတောအတွင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုလေသည်။ အနာဂတ်တွင် သူ၏ နှုတ်ကပတ်တော်သည် ဘာသာတရား၊ နယ်ပယ်၊ နိုင်ငံနှင့် ဂိုဏ်းဂဏတိုင်းအပေါ်သို့လည်း ကျရောက်လာလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်သည် သြဇာအာဏာနှင့် တန်ခိုးကို ဆောင်ကြဉ်းကြောင်း လူအပေါင်းကို မြင်တွေ့စေရန် ဘုရားသခင်သည် သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သို့ဖြစ်၍ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ရင်ဆိုင်ရလေသည်။
ဤခေတ်၌ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှ ကွဲပြားခြားနားပြီး၊ ထိုနည်းတူ ၎င်းတို့သည် ကျေးဇူးတော်ခေတ် အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှလည်း ကွဲပြားပေသည်။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန် ကားစင်တင်ခံရခြင်း အမှုကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှု အဘယ်ကြောင့် ကားစင်တင်ခံရမည်ဆိုသည်နှင့် ကားတိုင်ပေါ်၌ သူခံခဲ့ရသည့် ဆင်းရဲဒုက္ခ၊ ပြီးလျှင် လူသားသည် ဘုရားသခင်အတွက် မည်သို့ ကားစင်တင်ခံခဲ့ရသင့်သည် ဆိုသည်တို့ကိုသာ ဖော်ပြခဲ့သည်။ ထိုခေတ်အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးသည် ကားစင်တင်ခံရခြင်းကို ဗဟိုပြုခဲ့သည်။ နိုင်ငံတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကိုယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဤသည်မှာ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း” ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် နောက်ဆုံးသောကာလ၌ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ စစ်မှန်သော အရေးပါမှုကို ပြီးမြောက်စေဖို့ ကြွလာပြီးဖြစ်ပေသည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အဖြစ်မှန်များ ပေါ်ထွန်းခြင်း ရှိခဲပေသည်။ ဤသည်မှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွလာခြင်းဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းအမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်မည့် အမှုဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ကြွလာရမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ ထင်ရှားစေရမည် ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်ဆောင်ပြီးမည့်အရာ၊ ဘုရားသခင်က ပြီးမြောက်စေမည့်အရာ၊ လူသား၏ နောက်ဆုံး ခရီးပန်းတိုင်၊ ကယ်တင်ခံရမည့်သူများ၊ ဖျက်ဆီးခံရမည့်သူများ၊ စသည်ဖြင့်- အဆုံးတွင် စွမ်းဆောင်ရရှိသင့်သည့် ဤအမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ကာ၊ အားလုံးသည် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေဖို့ အလို့ငှာ ဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် အခြေခံဥပဒေသများ၊ ဖျက်ဆီးခံရမည့်သူများ၊ ငြိမ်သက်ခြင်း ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ၊ ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတောအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က အဓိကအားဖြင့် ပြီးမြောက်သည့် အမှု ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သား ထားသောသူများသည် မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မခံရသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်လိမ့်မည်ဖြစ်ကြောင်း၊ ဣသရေလနိုင်ငံကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဲဂုတ္တုပြည်ကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းတို့ကို သူသည် လူတို့အား နားလည်စေလေသည်။ အနာဂတ်တွင်၊ ဤနှုတ်ကပတ်တော်များတစ်ခုစီတိုင်း ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ ခြေလှမ်းများသည် အရှိန်မြင့်လာနေ၏။ ခေတ်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်၊ နောက်ဆုံးသောကာလ အတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ရမည် ဆိုသည်နှင့်၊ ဆောင်ရွက်ရမည့် သူ၏အမှုတော်တို့ကို လူသားထံ ထုတ်ဖော်ပြရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေရန်အလို့ငှာ ဖြစ်သည်။
“နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းအပေါ် အာရုံစိုက်သူများအားလုံးသည် စွန့်ပစ်ခံရလိမ့်မည်။ ၎င်းတို့သည် စုံလင်စေခြင်း မခံရမည့်သူများ ဖြစ်သည်။” ဟု ယခင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောပြီးဖြစ်သော်လည်း၊ လူသည် ဤအမှုနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှမရှိသကဲ့သို့၊ ဤအခြေအနေအထိ ရောက်ရှိလျက်ဖြင့်၊ လူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုကြဆဲဖြစ်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လိုက်စားခြင်းထက် မည်သည့်အရာမျှ မပိုသလော သို့မဟုတ် ယင်းသည် အသက်ကို ရဖို့ရန်အလို့ငှာ ဖြစ်သလော။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး၊ ထိုနှုတ်ကပတ်တော်များထဲမှ အချို့သည် ပြည့်စုံခြင်း မရှိသေးပေ။ ယေရှုကို ဘုရားသခင် မဟုတ်ဟု သင် ဆိုနိုင်သလော။ သူသည် ခရစ်တော် ဖြစ်ပြီး ဘုရားသခင်၏ ချစ်လှစွာသောသား ဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ဤအရာကို သင် ငြင်းနိုင်သလော။ ယနေ့တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အကယ်၍ သင်သည် ဤအရာကို အကုန်အစင် နားမလည်ပါက၊ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ့ကို သင် ယုံကြည်သလော သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အပေါ် အခြေခံ၍ သူ့ကို သင် ယုံကြည်သလော။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ယုံကြည်သလော၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည်လော။ ယနေ့တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ အကယ်၍ သူပြောဆိုသည့် နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလော။ ဘုရားသခင်၏ အနှစ်သာရကို သူ ပြောဆိုသည့် နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိ မရှိဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပါသလော။ လူအချို့သည် ဘုရားသခင်ကို မယုံကြည်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို အဘယ်ကြောင့် အမြဲစောင့်ဆိုင်းနေကြသနည်း။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ မသိကြဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့သော အယူအဆများ ပိုင်ဆိုင်သူ အားလုံးသည် ဘုရားသခင်ကို ငြင်းပယ်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အကဲဖြတ်ဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပါက၊ သူ့ကို ၎င်းတို့ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ သူ့ကို ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ၎င်းတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲ လိုက်စားကြလေသည်။ ဤလူတို့သည် ခေတ်သစ် ဖာရိရှဲများဖြစ်သည် မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်မှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်တို့ သိ မသိ ဆိုသည့်အရာအပေါ် မူတည်သည်။ ဤသည်မှာ အလွန် အရေးကြီးပေသည်။ သင့်အထဲ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့ကျခြင်း သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် သင်၏ အသိပညာ သာ၍ ကြီးမားလေလေဖြစ်ပြီး စမ်းသပ်မှုများအတွင်းတွင် သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရခြင်းကို သင် သာ၍ အာရုံစိုက်လေလေ၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မှု လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှုများအလယ်တွင် သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံအုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့ကျခြင်းသည်သာ အသက်ဖြစ်သည်။ အချို့လူများသည် ဘုရားသခင်၏ အမှုက စွမ်းဆောင်ရရှိမည့် အကျိုးသက်ရောက်မှုများကို မသိကြချေ။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားခြင်းမရှိဘဲ၊ စိတ်ရှုပ်ထွေးမှုဖြင့် ကုန်လွန်စေကြသည်။ ၎င်းတို့၏ လိုက်စားမှု ရည်မှန်းချက်မှာ ၎င်းတို့၏ အလိုဆန္ဒများကို ဘုရားသခင်အား ဖြည့်ဆည်းစေဖို့သာ အမြဲဖြစ်ပြီး ထိုအခါမှသာ ၎င်းတို့၏ ယုံကြည်မှုတွင် အလေးအနက် ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပြည့်စုံပါက၊ အသက်ကို ၎င်းတို့ လိုက်စားမည်ဟု ပြောကြသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များ မပြည့်စုံပါက၊ အသက်ကို လိုက်စားခြင်းငှာ ၎င်းတို့ ဖြစ်နိုင်ချေမရှိချေ။ လူသားက ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ခြင်းငှာ အားထုတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံနှင့် တတိယ ကောင်းကင်သို့ တက်ခြင်းငှာ အားထုတ်ခြင်းဖြစ်သည်ဟု ထင်လေသည်။ ၎င်းတို့ထဲမှ မည်သူမျှက ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် လက်တွေ့အရှိတရားထဲသို့ ဝင်နိုင်ခြင်းငှာ အားထုတ်ခြင်း၊ အသက်ကို ရရှိအောင် အားထုတ်ခြင်းနှင့် ဘုရားသခင်၏ ရယူခံရခြင်းငှာ အားထုတ်ခြင်း ဖြစ်သည်ဟု မပြောကြချေ။ ဤကဲ့သို့သော လိုက်စားခြင်း၌ တန်ဖိုးမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအား မလိုက်စားသောသူတို့သည် ဘုရားသခင်ကို မယုံကြည်သောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားသောသူများ ဖြစ်ကြ၏။
ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်းတို့သည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ အသက် စစ်မှန်မှု အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဖြည့်ဆည်းသင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏တန်ခိုးအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံမှုနှင့် ဇာတိပကတိကို ကျိုးနွံနာခံခြင်း မရှိမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် သင်တို့၌ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဘုန်းအသရေကို ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုတော်ကို သင်လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ရန်အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်တွေ့ရန်အလို့ငှာ မဖြစ်သင့်ပေ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းကို လိုက်စားရန်၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ရန်၊ ပေတရုကဲ့သို့ပင် မိမိသေဆုံးသည်အထိ ကိုယ်တော့်ထံ ကျိုးနွံနာခံရန်အလို့ငှာ ဖြစ်သင့်၏။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို အစဉ်အမြဲ မြင်တွေ့လိုပါက ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဤအမြင်သည် မှားယွင်း၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်၏လက်တွေ့ကျမှုအဖြစ် လက်ခံခြင်း ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ နှုတ်မှထွက်သော နှုတ်ကပတ်တော်အားလုံးကို လက်တွေ့လုပ်ဆောင်၍ မိမိတို့အပေါ်၌ အကောင်အထည်ဖော်သောအခါ ဘုရားသခင်၏ ရည်မှန်းချက်သည် ပြည့်စုံ၏။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ လူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ရန်နှင့် ဘုရားသခင်ထံသို့ လုံးဝဥဿုံ ကျိုးနွံနာခံခြင်းကို ရရှိရန် လိုက်စားသင့်၏။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။
ဘုရားသခင်သည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးတွင် လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူအားလုံးသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်ဖြစ်သည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းဖြင့် ဘုရားသခင်၏ ရယူခြင်းကို မည်သူမျှ မခံရနိုင်ပေ။ ခေတ်ကာလများနှင့် မျိုးဆက်များတစ်လျှောက်တွင်၊ ဘုရားသခင်သည် လူကို စုံလင်အောင်ပြုလုပ်ရန် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုသည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မစိုက်သင့်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးပမ်းသင့်ပေသည်။ ဓမ္မဟောင်း ပညတ်တော်ခေတ်တွင် ဘုရားသခင်က နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့ပြီး၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်။ ယေရှုသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးနောက်တွင်၊ နောက်ပိုင်း တမန်တော်များနှင့် တပည့်တော်များသည် လူတို့အား ယေရှု ထုတ်ပြန်ခဲ့သည့် ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ဦးဆောင်ခဲ့ပြီး၊ ယေရှု ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် အခြေခံသဘောတရားများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏ ကြီးမားသော တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ လက်တွေ့ကျခြင်းကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ။ သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ချိန်တွင် လူသားကို ပြည့်စုံစေသောအခါ၊ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့ အရည်အချင်း ပြည့်မီပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာပြီး သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည့်အခါတွင်၊ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သင်သည် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်စွမ်းမရှိချေ။ ဤအခြေအနေတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရန် အရည်အချင်း ပြည့်မီသည်ဟု သင်ထင်ပါသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်တွင်၊ ယင်းမှာ လူကို ဘုရားသခင် အပြစ်ဒဏ်ပေးသည့်အချိန်ဖြစ်ပြီး၊ ခေတ်ပြောင်းလဲသည့် အချိန်လည်း ဖြစ်သည့်အပြင်၊ ဤထက်ပင်ပိုသည်မှာ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို ပုံမှန် ဆောင်ရွက်နေသည့်အချိန်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသခြင်းသည် သူ့အတွက် အလွန်အမင်း လွယ်ကူသော်လည်း ယင်းမှာ ဘုရားအမှုတော်၏ စည်းမျဉ်းမဟုတ်သည့်အပြင် လူကို ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်လည်း မဟုတ်ပေ။ လူက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်ပြီး ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည်လည်း လူထံ ပေါ်ထွန်းခဲ့ပါက လူအားလုံးသည် ဘုရားသခင်ကို “ယုံကြည်”ကြမည် မဟုတ်လော။ ကြီးစွာသော ဆင်းရဲဒုက္ခမှ ထွက်လာမည့် အောင်မြင်သောသူများဖြစ်သည့် လူတစ်စုကို အရှေ့အရပ်မှ ရယူမည်ဟု ယခင်က ငါပြောခဲ့သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ဆိုလိုသည်မှာ ရယူခြင်းခံရသော ဤလူတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်းမျိုးစုံကို ခံရပြီးမှသာ အမှန်တကယ် ကျိုးနွံနာခံကြခြင်း ဖြစ်သည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာမဟုတ်ဘဲ လက်တွေ့ကျသည်။ ၎င်းတို့သည် မည်သည့်နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများ၊ သို့မဟုတ် မည်သည့်အံ့ဖွယ်အမှုများကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် အဆင့်မြင့်သော စကားလုံးများနှင့် အယူဝါဒများကို မပြောဆိုနိုင်ပေ၊ သို့မဟုတ် လေးနက်သော အသိအမြင်များကို ထုတ်မပြောနိုင်ပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့ကျမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်အပေါ် လက်တွေ့ကျသော၊ စစ်မှန်သော အသိအမြင်တို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ ကြီးမားသော တန်ခိုးကို ထုတ်ဖော်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုသည် လက်တွေ့ကျသော အမှုဖြစ်သည်။ ယေရှု၏ ခေတ်အတောအတွင်းတွင်၊ ယေရှုသည် လူသားကို စုံလင်စေရန်မဟုတ်ဘဲ၊ လူသားကို ရွေးနုတ်ဖို့ ကြွလာခဲ့ပေသည်၊ ထို့ကြောင့် သူသည် လူတို့ သူ့နောက်ကိုလိုက်စေရန် နိမိတ်လက္ခဏာအချို့ကို ပြသခဲ့လေသည်။ သူသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည့်အတွက်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏အမှုတော်၏ အစိတ်အပိုင်း တစ်ခု မဟုတ်ခဲ့ပေ။ ထိုသို့သော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် သူ၏အမှုကို ထိရောက်စေရန် လုပ်ဆောင်သည့် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့သည် အပိုအလုပ်ဖြစ်ခဲ့ပြီး၊ ခေတ်တစ်ခေတ်လုံး၌ အမှုကို ကိုယ်စားမပြုခဲ့ပေ။ ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်။ သို့သော် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လက်တွေ့ကျသော အလုပ်ဖြစ်ပြီး ယခုတွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဧကန်မုချ ပြမည်မဟုတ်ပေ။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူပြခဲ့ပါက၊ သူ၏ လက်တွေ့ကျသော အမှုသည် ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး သူသည် နောက်ထပ် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အသုံးပြုဖို့ ပြောသော်လည်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်း ပြသခဲ့ပါက၊ ယင်းက လူသားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကို ရှင်းလင်းသွားစေနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ လူသား၏အတွင်းတွင် ဘာသာတရား အလွန်များလှ၏။ ဘုရားသခင်သည် လူသားအတွင်းရှိ ဘာသာရေး အယူအဆများအားလုံးနှင့် သဘာဝလွန် အမှုအရာများကို ထုတ်ပစ်ဖို့နှင့် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို လူသားအား သိစေဖို့၊ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ မရေမရာဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော၊ လုံးဝတည်ရှိခြင်းမရှိဟု ဆိုနိုင်သော ဘုရားတစ်ပါး၏ ပုံရိပ်ကို၊ ဖယ်ရှားရန် ဘုရားသခင် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် ယခု တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ သင့်အတွက် လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် အသိပညာတစ်ခု ရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို ကျော်လွန်၏။ ယနေ့တွင် သမ္မာတရား မည်မျှကို သင် ပိုင်ဆိုင်သနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဆိုးယုတ်သော ဝိညာဉ်များသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်၌ လူသား၏ ယုံကြည်မှုတွင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများထက် လူသားရှာဖွေသော အရာမှာ သမ္မာတရားဖြစ်ပြီး သူ လိုက်စားသောအရာမှာ အသက်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပေသည်။