မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်
ယနေ့တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ အနှစ်သာရနှင့် စိတ်သဘောထားတို့၏ အရေးကိစ္စကို ငါပြောမည်။ သဘာဝဆိုသည်မှာ အဘယ်နည်း။ သဘာဝဆိုသည်မှာ လူသား၏ မွေးရာပါ အနှစ်သာရ၊ လူသား၏ အတွင်းတွင်ရှိသော ထိန်းချုပ်ပြီး ညွှန်ကြားသော သက်ရောက်မှုကို ဖြစ်စေသည့်အရာဖြစ်သည်။ လူတစ်ယောက်က မုန်းတီးသော၊ ရွံရှာသော သို့မဟုတ် နှစ်သက်သောအရာအားလုံးသည် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ သဘာဝ အနှစ်သာရနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။ အမှန်တကယ်တွင် သဘာဝသည် အနှစ်သာရဖြစ်သည်။ လူတစ်ယောက်၏ သဘာဝသည် သူ၏ အနှစ်သာရကို ဆုံးဖြတ်ပေးသည်။ စိတ်သဘောထားဆိုသည်မှာ လူတစ်ယောက်၏ အနှစ်သာရနှင့် သဘာဝထံမှ ထုတ်ဖော်ပြသောအရာဖြစ်သည်။ လူတို့က ၎င်းတို့၏ အပြော၊ အလုပ်နှင့် ပြုမူဆောင်ရွက်မှုများတွင် ဖွင့်ပြသော စိတ်သဘောထားသည် ၎င်းတို့၏ အနှစ်သာရဖြစ်သော ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုသည်။ ဤသည်မှာ သဘာဝ၏ အယူအဆဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က နှစ်သက်သော၊ မုန်းတီးသော၊ ရွံရှာသောအရာအားလုံးနှင့် လူတစ်ယောက်က လိုက်စားသော အရာအားလုံးသည် သူ၏ သဘာဝကို ကိုယ်စားပြုသည်။ လူတစ်ယောက်၏ သဘာဝအနှစ်သာရသည် အဆုံးတွင် ကောင်းသည်၊ မကောင်းသည်ကို ကြည့်ရန် ဤအရာများက အဓိကအချက်များဖြစ်သည်။ ဥပမာ လူတစ်ယောက်က မကောင်းမှုလုပ်လိုလျှင် ထိုသူ၏ သဘာဝအနှစ်သာရသည် အလွန်ဆိုးသည်။ သူသည် ကောင်းမှုလုပ်ပြီး ဖြောင့်မတ်စွာ ပြုမူဆောင်ရွက်လိုလျှင် ထိုသူ၏ သဘာဝအနှစ်သာရသည် ကောင်းသည်။ ဤအရာကို ပြောပြီးသည့်နောက်တွင် သဘာဝ၏ အယူအဆကို သင်တို့အားလုံး နားလည်သလော။ သဘာဝသည် အနှစ်သာရဖြစ်သည်။ ယခင်က လူတို့သည် ၎င်းတို့၏ ဝိညာဉ်နှင့် တူညီသောအနှစ်သာရရှိသည်ဟု ဆိုခဲ့သည်။ ၎င်းတို့တွင် မည်သည့်ဝိညာဉ်ရှိပါစေ၊ မည်သည့်ဝိညာဉ်အမျိုးအစားဖြစ်ပါစေ ယင်းသည် ၎င်းတို့တွင်ရှိသော သဘာဝအမျိုးအစားဖြစ်သည်။ ထိုအရာသည် မမှန်ကန်ခြင်း မဟုတ်ဆိုသည်မှာ ပြောစရာမလိုပေ။ သို့သော် ယခုတွင် ဝိညာဉ်က သဘာဝကို ဆုံးဖြတ်ပေးသည်ဟု ဆိုခြင်းသည် အနည်းငယ် မရေမရာဖြစ်ပြီး လက်တွေ့မကျပေ။ ယခုတွင် ယင်းကို ရှင်းပြရန် မည်သည့်အရာကို ငါအသုံးပြုရမည်နည်း။ လူသား၏ သဘာဝနှင့် အနှစ်သာရကို ရှင်းပြရန်အတွက် စိတ်သဘောထားကို ငါအသုံးပြုမည်။ စိတ်သဘောထားသည် ထုတ်ဖော်ပြသည့်အရာ၊ လူတို့ မြင်နိုင်၊ ထိနိုင်ပြီး ထိတွေ့ဆက်သွယ်နိုင်သည့်အရာ ဖြစ်သောကြောင့် ယင်းသည် ပို၍ ခိုင်လုံမှုရှိပြီး အရှိအတိုင်းဖြစ်သည်။ ဝိညာဉ်နှင့်ပတ်သက်လျှင် လူတို့က ယင်းတွင် မရေမရာဖြစ်သော အရည်အသွေးရှိသည်၊ နက်နဲသည်၊ အတော်အတန် အနှစ်ကင်းမဲ့သည်ဟု ထင်ကြသည်။ ဤသည်မှာ ၎င်းတို့က ယင်းကို စိတ်ကူးမကြည့်နိုင်သကဲ့သို့ မမြင်နိုင်၊ မထိတွေ့နိုင်သောကြောင့်၊ ဖော်ပြရန် နည်းလမ်းမရှိသောကြောင့်သာ ဖြစ်သည်။ စိတ်နှင့် ဝိညာဉ်အကြောင်းကို အစဉ်ပြောခြင်းသည် မသင့်လျော်သကဲ့သို့ လိုအပ်ခြင်းလည်းမရှိပေ။ သဘာဝနှင့်သက်ဆိုင်သော ကိစ္စကို ငါတို့ ရှင်းပြဖို့မလိုပေ။ ထိုအရာများက မမြင်နိုင်သောကြောင့်၊ မခိုင်လုံသောကြောင့်ဖြစ်သည်။ ယခု ငါတို့ဆွေးနွေးသည့်အရာသည် အခိုင်လုံဆုံး၊ အစစ်မှန်ဆုံးဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးမှု ပြဿနာကို ဖြေရှင်းပေးနိုင်သည်။ ဤပြဿနာကို ဖော်ပြပြီး ရှင်းပြရန် ဤဘာသာစကားမျိုးကို အသုံးပြုခြင်းအားဖြင့် ရလဒ်များ ရရှိနိုင်သည်။
ငါတို့သည် သဘာဝ၏ အယူအဆအကြောင်းကိုသာ ယခု ပြောခဲ့သည်။ သို့သော် လူသား၏ သဘာဝသည် အမှန်တကယ်တွင် အဘယ်နည်း။ သင်တို့ သိသလော။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသောကြောင့် ၎င်းတို့၏ အနှစ်သာရလည်းဖြစ်သော ၎င်းတို့၏ သဘာဝသည် ပြောင်းလဲသွားသည်။ ဤသို့ဆိုလျှင် လူသား၏ အနှစ်သာရမှာ အဘယ်နည်း။ ယခုငါပြောသည့်အရာသည် လူအားလုံး၏ အနှစ်သာရနှင့် သဘာဝဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ဦးတည်ပြောဆိုခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ လူများ၏သဘာဝသည် တဖြည်းဖြည်း ပိုဆိုးရွားလာပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ဘဲ၊ ပြင်းပြသောဆန္ဒများဖြင့် ပြည့်လျက်ရှိသည်။ ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ပြီးကြသော်လည်း— သာ၍မြင့်မားဖို့ တမ်းတနေကြဆဲ ဖြစ်သည်။ ဤ “ပို၍မြင့်မားသော” အရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့သည် ဤသို့သော စိတ်သဘောထားများကို အဘယ်ကြောင့် ထုတ်ဖော်ရသည်ဆိုသည့် အရင်းခံအကြောင်းရင်းတွင် မည်သည့်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ “မာနထောင်လွှားခြင်း” ဟူသော စကား၏ အဓိပ္ပာယ်ကို လူအများစုက နားလည်ကြသည်။ ယင်းသည် ရှုတ်ချချိုးနှိမ်သော ဝေါဟာရတစ်ခုဖြစ်သည်။ လူတစ်ယောက်က မာနထောင်လွှားခြင်းကို ထုတ်ဖော်ပြလျှင် အခြားလူများက ထိုသူသည် လူကောင်းတစ်ယောက်မဟုတ်ဟု ထင်ကြသည်။ လူတစ်ယောက်က အလွန်အမင်း မာနထောင်လွှားသည့် အချိန်တိုင်းတွင် အခြားလူများက ထိုသူသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သည်ဟု အစဉ် ယူဆကြသည်။ မည်သူကမျှ ဤဝေါဟာရကို ၎င်းတို့နှင့် တွဲဖက်မထားလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က “ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။” ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ ပုန်ကန်ပြီး အာခံနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ပြုပြင်ခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့- ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် နာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ စိတ်ကြီးဝင်ကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့ မာနထောင်လွှားသောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ကိုသာ သက်သေပြသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။ သင်၌ ဤသို့ ဆိုးယုတ်သည့် မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်သည် သင့်အား အသိအမှတ်ပြုတော့မည်မဟုတ်ဘဲ သင့်အား ဆိုးယုတ်သောသူတစ်ဦးအဖြစ် ရှုမြင်ပြီး ဖယ်ရှားလိမ့်မည်။
ငါတို့သည် ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ ခေါင်းဆောင်များစွာအား ဧဝံဂေလိတရားတော်ကို ကြိမ်ဖန်တလဲလဲ ဟောကြားခဲ့ပြီးသော်လည်း သမ္မာတရားအပေါ် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့လက်မခံကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားမှုသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေကာ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် နေရာမရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ လူအချို့က “ဘာသာရေးလောကရှိ သင်းအုပ်ဆရာအချို့၏ ဦးဆောင်မှုအောက်တွင် လူတို့သည် အလွန်ပင် စိတ်ဓာတ်ခွန်အား တက်ကြွကြ၏။ ၎င်းတို့အကြားတွင် ဘုရားသခင် ရှိနေသကဲ့သို့ဖြစ်၏” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် စိတ်ထက်သန်မှုရှိခြင်းကို စိတ်ဓာတ်ခွန်အား တက်ကြွခြင်းအဖြစ် မှတ်ယူသလော။ ထိုသင်းအုပ်ဆရာတို့၏ သီအိုရီများသည် မည်မျှပင် မြင့်မြတ်သည့် ပုံစံရှိနိုင်ပါစေ ဘုရားသခင်ကို ၎င်းတို့သိကြသလော။ ၎င်းတို့သည် ၎င်းတို့၏ စိတ်အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ်ကြောက်ရွံ့ပါက လူတို့အား ၎င်းတို့နောက်သို့ လိုက်စေ၍ ၎င်းတို့အား ချီးမြှောက်စေကြလိမ့်မည်လော။ ၎င်းတို့သည် အခြားသူများအား ထိန်းချုပ်နိုင်မည်လော။ သမ္မာတရားကို ရှာဖွေ၍ စစ်မှန်သောလမ်းခရီးကို စုံစမ်းနေသော အခြားသူများကို တားဆီးရဲမည်လော။ ဘုရားသခင်၏သိုးတို့သည် အကယ်စင်စစ်အားဖြင့် ၎င်းတို့၏သိုးများဖြစ်၍ ထိုသိုးများအားလုံးက ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ကယုံကြည်လျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားအဖြစ် မှတ်ယူနေခြင်းဖြစ်သည် မဟုတ်ပေလော။ ထိုသို့သောလူတို့သည် ဖာရိရှဲများထက်ပင် သာ၍ ဆိုးရွား၏၊ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များပင် မဟုတ်ကြသလော။ ထို့ကြောင့် ၎င်းတို့၏ မာနထောင်လွှားမှုသည် သေစေတတ်သည်။ သစ္စာဖောက်သောအရာများကို လုပ်စေနိုင်သည်။ ဤသို့သောအရာများသည် သင်တို့အတွင်းတွင် မဖြစ်ပျက်သလော။ သင်တို့သည် လူတို့အား ဤသို့ ထောင်ဖမ်းနိုင်သလော။ ဖမ်းနိုင်သည်။ အခွင့်အရေးမရသောကြောင့်သာဖြစ်သည်။ ပြီးလျှင် မရပ်မနား ပြုပြင်ခံရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင် လုပ်ရဲမည်မဟုတ်ပေ။ လူအချို့သည် မိမိတို့ကိုယ်ကို သွယ်ဝိုက်ပြီး ဂုဏ်တင်သည်။ သို့သော် ၎င်းတို့သည် အလွန်ပါးနပ်စွာ ပြောဆိုသောကြောင့် သာမန်လူများက ပိုင်းခြားသိမြင်ခြင်းမရှိနိုင်ပေ။ လူအချို့သည် အလွန် မာနထောင်လွှားပြီး “အခြားလူတစ်ယောက်က ဤအသင်းတော်ကို ဦးဆောင်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားသခင်က ဤနေရာကို ရောက်ဖို့ရန်အတွက် ငါ့ထံမှတစ်ဆင့် သွားဖို့လိုသည်။ ဤအသင်းတော်၏ အခြေအနေကို သူ့အား ငါရှင်းပြပြီးသည့်နောက်တွင်မှ သင်တို့အား သူတရားဟောနိုင်သည်။ ငါမှလွဲ၍ အခြားမည်သူကမျှ ဤနေရာသို့လာပြီး သင်တို့အား ရေမလောင်းနိုင်ပေ” ဟုပင် ဆိုကြသည်။ ဤသို့ပြောခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မည်သည့် စိတ်သဘောထားမျိုးကို ဖွင့်ပြသနည်း။ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့က ဤသို့ လုပ်ဆောင်သောအခါ ၎င်းတို့၏ ပြုမူဆောင်ရွက်မှုသည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်သည်။ ထို့ကြောင့် လူတို့၏ မာနထောင်လွှားသော သဘာဝက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်တင်မည်၊ ဘုရားကို ပုန်ကန်ပြီး သစ္စာဖောက်မည်၊ သူတစ်ပါးတို့ကို ထောင်ဖမ်းမည်၊ သူတစ်ပါးတို့ကို ဖျက်ဆီးပြီး မိမိတို့ကိုယ်ကို ဖျက်ဆီးမည်ဟု ဆုံးဖြတ်ကြသည်။ ၎င်းတို့သည် နောင်တမရဘဲ သေလျှင် အဆုံး၌ ဖယ်ရှားခြင်းခံရမည်။ လူတစ်ယောက်အနေဖြင့် မာနထောင်လွှားသော စိတ်သဘောထားရှိခြင်းသည် အန္တရာယ်မရှိသလော။ ထိုသူသည် မာနထောင်လွှားသော စိတ်သဘောထား ရှိသော်လည်း သမ္မာတရားကို လက်ခံနိုင်လျှင် သူ့အား ကယ်တင်ရန် အခွင့်အရေးရှိသေးသည်။ သူသည် စစ်မှန်သော ကယ်တင်ခြင်းကို ရရှိရန်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရမည်။
လူအချို့က “ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူတို့ကို ကယ်တင်ရန်အတွက် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုသနည်း။ တရားစီရင်သည့် စကားများက အဘယ်ကြောင့် အလွန်ပြင်းထန်သနည်း” ဟု အစဉ်ပြောဆိုကြသည်။ သင်တို့ သိကောင်းသိနိုင်သည့် ဆိုရိုးစကားတစ်ခုရှိသည်။ “ဘုရားသခင်၏ လုပ်ဆောင်မှုသည် တစ်ဦးချင်းစီတွင် ကွဲပြားသည်။ ပြောင်းလွယ်ပြင်လွယ်သည်။ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းခြင်းမရှိ” ဟူ၍ ဖြစ်သည်။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုသည် လူတို့၏ မာနထောင်လွှားသော သဘာဝကို အဓိကအားဖြင့် ဦးတည်သည်။ မာနထောင်လွှားခြင်းတွင် အကြောင်းအရာများစွာ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ အကျုံးဝင်သည်။ လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ ဖယ်ရှားရန်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် “မာနထောင်လွှားခြင်း” ဆိုသည့် ဤစကားဆီသို့ တိုက်ရိုက်ဦးတည်သည်။ အဆုံးတွင် လူတို့သည် ဘုရားသခင်ကို ပုန်ကန်မည်မဟုတ်သကဲ့သို့ အာခံမည်လည်းမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နိုင်ငံတော်များကို တည်ထောင်ရန်အတွက် ကြိုးပမ်းအားထုတ်မည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းလည်း ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် ယုတ်မာစွာ ပြုမူလုပ်ဆောင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်အား အလွန်အကျူး တောင်းဆိုမှုများလည်း ရှိမည်မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်သည်။ မာနထောင်လွှားခြင်း၏ သရုပ်သကန်များစွာရှိသည်။ ဥပမာ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်က ဘုရားသခင်၏ ကျေးဇူးတော်ကို တောင်းဆိုသည် ဆိုပါစို့။ မည်သည့်အရာကို အခြေခံပြီး သင်တောင်းဆိုနိုင်သနည်း။ သင်သည် စာတန်က ဖျက်ဆီးခြင်းခံရသောသူ၊ ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။ သင် အသက်ရှင်နေသည့်အချက်က ဘုရားသခင်၏ အကြီးမြတ်ဆုံး ကျေးဇူးတော်ဖြစ်နေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သောအရာအားလုံးကို သင် ခံစားနိုင်သည်။ ဘုရားသခင်က သင့်အား လုံလောက်စွာ ပေးခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သူ့အား အဘယ်ကြောင့်ပို၍ တောင်းဆိုမည်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့ ရရှိထားသော အခြေအနေကို မည်သည့်အခါမျှ မရောင့်ရဲသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အခြားလူများထက် သာသည်၊ ပို၍ ရသင့်သည်ဟု အစဉ် ထင်မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ဆီမှ အစဉ်တောင်းဆိုကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ကိုယ်စားပြုခြင်းဖြစ်သည်။ ၎င်းတို့နှုတ်က ထိုအရာကို ပြောကောင်းပြောမည် မဟုတ်သော်လည်း ဘုရားသခင်ကို လူတို့ ဦးစွာ စတင်ယုံကြည်သောအခါ ၎င်းတို့၏စိတ်နှလုံးထဲ၌ “ကျွန်ုပ်သည် ကောင်းကင်ဘုံသို့ သွားချင်သည်၊ ငရဲမသွားချင်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်သာမက ကျွန်ုပ်၏ တစ်မိသားစုလုံးကို ကောင်းချီးခံစားစေချင်သည်။ ကျွန်ုပ်သည် အစာကောင်းကောင်း စားချင်သည်၊ အဝတ်အစားကောင်းကောင်း ဝတ်ချင်သည်၊ ကောင်းသောအရာများကို မွေ့လျော်ခံစားချင်သည်။ ကျွန်ုပ်သည် မိသားစုကောင်း၊ ခင်ပွန်းကောင်း (သို့မဟုတ် ဇနီးသည်ကောင်း) နှင့် သားသမီးကောင်းများကို လိုချင်သည်။ နောက်ဆုံး ကျွန်ုပ်သည် ရှင်ဘုရင်အဖြစ် စိုးစံချင်သည်” ဟု စဉ်းစားကောင်း စဉ်းစားဖွယ်ရှိသည်။ ယင်းမှ ၎င်းတို့၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် သက်ဆိုင်သောအရာများသာ ဖြစ်သည်။ ၎င်းတို့၏ ဤစိတ်သဘောထား၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ စဉ်းစားသော ဤအရာများ၊ လွန်ကဲသော ဤဆန္ဒများ— ထိုအရာအားလုံးက လူသား၏ မာနထောင်လွှားသော သဘာဝကို ကိုယ်စားပြုသည်။ ငါ့ကို မည်သည့်အရာက ဤသို့ပြောစေသနည်း။ ယင်းက လူတို့၏ အဆင့်အတန်းပေါ် မူတည်သည်။ လူသည် မြေမှုန့်မှလာသော ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ ဘုရားသခင်သည် လူကို ရွှံ့စေးဖြင့် ပုံဖော်ခဲ့ပြီး သူ့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့သည်။ လူ၏ နိမ့်ကျသော အဆင့်အတန်းက ထိုသို့ဖြစ်စေကာမူ လူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ဟိုဟာသည်ဟာ လိုချင်လျက် ရောက်လာသည်။ လူ၏အဆင့်အတန်းက အလွန်ယုတ်ညံ့သည်၊ သူ၏ပါးစပ်ကိုဟပြီး ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုသင့်ပေ။ သို့ဆိုလျှင် လူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ ၎င်းတို့သည် ဝေဖန်မှုက မည်သို့ရှိသည်ဖြစ်စေ အလုပ်ကြိုးစားသင့်သည်။ အားစိုက်ထုတ်သင့်သည်။ ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံသင့်သည်။ ယင်းသည် နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံခြင်းနှင့်ဆိုင်သော ပြဿနာမဟုတ်ပေ။ နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်မခံနှင့်။ ဤသည်မှာ လူတို့နှင့်အတူ မွေးဖွားလာသော အဆင့်အတန်းဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက အညတရဖြစ်သည့်အတွက် ၎င်းတို့သည် ပင်ကိုအားဖြင့် ကျိုးနွံနာခံပြီး နှိမ့်ချမှုရှိသင့်သည်၊ ထို့ကြောင့် ဘုရားသခင်ထံမှ အရာများကို မတောင်းဆိုသင့်သကဲ့သို့ ဘုရားသခင်အပေါ် လွန်ကဲသော ဆန္ဒများလည်း မရှိသင့်ပေ။ ဤသို့သောအရာများကို ၎င်းတို့၌ မတွေ့ရပေ။ ရိုးရှင်းသော ဥပမာတစ်ခုပြမည်။ ချမ်းသာသော အိမ်ထောင်စုတစ်စုက အစေခံတစ်ယောက် ငှားသည်။ ချမ်းသာသော အိမ်ထောင်စုတွင် ဤအစေခံ၏ နေရာသည် အထူးပင် နိမ့်ကျသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် အိမ်၏ အရှင်သခင်အား “ကျွန်ုပ်သည် သခင့်၏ သား၏ ဦးထုပ်ကို ဝတ်လိုသည်။ သခင့်၏ ဆန်ကို စားလိုသည်။ သခင့်၏ အဝတ်အစားများကို ဝတ်လိုသည်။ သခင့်၏ အိပ်ရာတွင် အိပ်လိုသည်။ မည်သည့်အရာများကို သခင်အသုံးပြုသည်ဖြစ်စေ၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ ကျွန်ုပ်အလိုရှိသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အလုပ်တွင် များစွာ ပံ့ပိုးသည်။ သခင့်၏ အိမ်တွင် ကျွန်ုပ်နေသည်။ ထို့ကြောင့် ထိုအရာများကို ကျွန်ုပ်အလိုရှိသည်” ဟု ပြောသည်။ အရှင်သခင်က ထိုသူအား မည်သို့ ဆက်ဆံသင့်သနည်း။ အရှင်သခင်က “သင်သည် မည်သည့်အစားဖြစ်သည်၊ သင်၏ နေရာက မည်သည့်နေရာဖြစ်သည်ကို သိသင့်သည်။ သင်သည် အစေခံတစ်ယောက်ဖြစ်သည်။ ငါ၏သား အလိုရှိသည့်အရာကို ငါပေးသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ အဆင့်အတန်းဖြစ်သည်။ သင်၏ အဆင့်အတန်းက အဘယ်နည်း။ သင်သည် မည်သူမည်ဝါ ဖြစ်သနည်း။ သင်သည် ဤအရာများကို တောင်းဆိုဖို့ အရည်အချင်းမပြည့်မီပေ။ သင်သည် သင်လုပ်သင့်သည့်အရာကို သွားရောက်လုပ်ဆောင်သင့်သည်။ သင်၏ အဆင့်အတန်းနှင့်အညီ၊ သင်၏အနေအထားနှင့်အညီ သင်၏ ဝတ္တရားများကို သွားရောက်ဆောင်ရွက်သင့်သည်” ဟု ပြောမည်ဖြစ်သည်။ ဤသို့သောသူသည် အသိစိတ်တစ်ခုခုရှိသလော။ ဘုရားသခင်ကို ယုံကြည်သူများတွင် ထိုမျှ အသိစိတ်မရှိသော သူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိပြီး ထို့နောက်တွင် ဘုရားသခင်ထံ တောင်းဆိုမှုများ မရပ်မနား ပြုလုပ်ကြသည်။ “ကျွန်ုပ် ဧဝံဂေလိ ဖြန့်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုက ကျွန်ုပ်၏ နောက်သို့ လိုက်ရန် လိုအပ်သည်။ မကောင်းသောအရာများကို ကျွန်ုပ်လုပ်ဆောင်သောအခါတွင်လည်း ကျွန်ုပ်ကို ခွင့်လွှတ်ပြီး သည်းခံရမည်။ ကျွန်ုပ်သည် အလုပ်များစွာ လုပ်လျှင် ကျွန်ုပ်အား ဆုချီးမြှင့်ရမည်” ဟူ၍ ဖြစ်သည်။ အတိုချုပ်အားဖြင့် လူတို့သည် ဘုရားသခင်ထံမှအရာများကို အစဉ်သဖြင့် အလိုရှိကြသည်။ အစဉ်သဖြင့် လောဘကြီးကြသည်။ အလုပ်အနည်းငယ်လုပ်ပြီး အသင်းတော်ကို အလွန်ကောင်းစွာ ဦးဆောင်ခဲ့သောသူအချို့က ၎င်းတို့သည် အခြားလူများထက် သာလွန်သည်ဟု ထင်ကြသည်။ “ဘုရားသခင်က ငါ့အား အဘယ်ကြောင့် အရေးကြီးသော နေရာတွင်ထားသနည်း။ အဘယ်ကြောင့် ငါ၏ နာမည်ကို သူ အမြဲပြောသနည်း။ အဘယ်ကြောင့် ငါ့ကိုသူအမြဲ စကားပြောလျက်ရှိသနည်း။ ငါ့တွင် အစွမ်းအစရှိသောကြောင့်၊ သာမန်လူများ၏ အထက်တွင်ရှိသောကြောင့် ဘုရားသခင်က ငါ့ကို အထင်ကြီးသည်။ ဘုရားသခင်က ငါ့အား ပို၍ကောင်းစွာဆက်ဆံသည်ကိုပင် သင်တို့ မနာလိုဖြစ်ကြသည်။ သင်တို့သည် မနာလိုဖြစ်စရာ မည်သည့်အရာရှိသနည်း။ ငါသည် မည်မျှအလုပ်လုပ်သည်၊ မည်မျှအနစ်နာခံသည်ဆိုသည်ကို သင်တို့ မမြင်နိုင်သလော။ ဘုရားသခင်က မည်သည့်ကောင်းသောအရာများကို ငါ့အား ပေးသည်ဖြစ်စေ သင်တို့ မနာလိုမဖြစ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရာများနှင့် ထိုက်တန်သောကြောင့်ဖြစ်သည်။ ငါသည် နှစ်များစွာ အလုပ်လုပ်ခဲ့ပြီး များစွာ ဒုက္ခခံခဲ့သည်။ ငါသည် နာမည်ရဖို့ ထိုက်တန်ပြီး အရည်အချင်းပြည့်မီသည်” ဆိုသကဲ့သို့သော စကားများကို မကြာခဏ ဖြန့်သည်။ “ဘုရားသခင်က ငါ့အား တွဲဖက်အမှုဆောင်အစည်းအဝေးကို ပါဝင်ခွင့်ပြုပြီး သူ၏ မိတ်သဟာယကို နားထောင်ခွင့်ပြုသည်။ ငါ့တွင် ဤအရည်အချင်းရှိသည်။ သင်တို့တွင် ရှိသလော။ ရှေးဦးစွာ ငါ့တွင် မြင့်မားသော အစွမ်းအစရှိသည်။ သင်တို့ထက်ပို၍ သမ္မာတရားကို လိုက်စားသည်။ ထို့အပြင် ငါသည် သင်တို့ထက်ပို၍ အသုံးခံသည်။ အသင်းတော်အလုပ်ကို ပြီးအောင်လုပ်နိုင်သည်။ သင်တို့ လုပ်နိုင်သလော” ဟု ပြောသော အခြားလူများရှိသည်။ ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ၎င်းတို့၏ အလုပ်၏ ရလဒ်သည် မတူညီပေ။ အချို့မှာ ရလဒ်ကောင်းများရပြီး အခြားလူများကမူ မကောင်းသောရလဒ်များရှိသည်။ လူအချို့မှာ မွေးရာပါ အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန်များ၏ ရလဒ်သည် လျင်မြန်စွာ တိုးတက်လာသည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းသော အစွမ်းအစကြောင့်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ သို့သော် တာဝန်ထမ်းဆောင်ခြင်းတွင် မကောင်းသောရလဒ်ပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။ သင်သည် သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေပြီး အလုပ်ကြိုးစားရမည်။ ဤသို့ဆိုလျှင် သင်သည်လည်း တဖြည်းဖြည်းချင်းဖြင့် ရလဒ်ကောင်းများ ရရှိနိုင်သည်။ သမ္မာတရားအတွက် ကြိုးပမ်းသရွေ့၊ သင်၏ အရည်အချင်းရှိသမျှ စွမ်းဆောင်ရရှိသရွေ့ ဘုရားသခင်က လက်ခံလိမ့်မည်။ သို့သော် သင်၏ အလုပ်ရလဒ်များက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မှားယွင်းသော အယူအဆများမရှိသင့်ပေ။ “ငါသည် ဘုရားသခင်နှင့် တန်းတူရည်တူသည်အထိ အရည်အချင်းပြည့်မီသည်”၊ “ငါသည် ဘုရားသခင်က ပေးသောအရာကို ခံစားဖို့ အရည်အချင်းပြည့်မီသည်”၊ “ငါသည် ဘုရားသခင်က ငါ့အား ချီးမွမ်းစေရန်အတွက် အရည်အချင်းပြည့်မီသည်”၊ “ငါသည် အခြားလူများကို ဦးဆောင်ဖို့ အရည်အချင်းပြည့်မီသည်”၊ သို့မဟုတ် “ငါသည် အခြားလူများကို ဩဝါဒခြွေဖို့ အရည်အချင်းပြည့်မီသည်” ဟူ၍ မစဉ်းစားနှင့်။ သင်သည် အရည်အချင်းပြည့်မီသည်ဟု မပြောနှင့်။ လူတို့တွင် ဤအတွေးများမရှိသင့်ပေ။ သင့်တွင် ဤအတွေးများရှိနေလျှင်မူ သင်သည် သင်နှင့် ထိုက်တန်သောနေရာတွင်မရှိ၊ လူသားတစ်ယောက် ပိုင်ဆိုင်သင့်သည့် အခြေခံအသိတရားပင် သင့်တွင်မရှိဆိုသည်ကို သက်သေပြသည်။ ဤသို့ဆိုလျှင် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ စွန့်ပစ်နိုင်မည်နည်း။ သင်မစွန့်ပစ်နိုင်ပေ။
လူအချို့က သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြောင်း၊ သူတို့သည် မာနမထောင်လွှားကြောင်း ဆိုကြသည်။ ဤသူတို့မှာ မည်သို့သောလူများ ဖြစ်သနည်း။ သူတို့သည် အသိစိတ်မရှိသည့် လူများဖြစ်ကြပြီး ၎င်းတို့သည် အားလုံးထဲတွင် အမိုက်မဲဆုံးနှင့် မာနအထောင်လွှားဆုံး ဖြစ်ကြသည်။ အမှန်ဆိုလျှင် သူတို့သည် လူတိုင်းထက် ပို၍မာနထောင်လွှားပြီး ပုန်ကန်တတ်ကြ၏။ တစ်စုံတစ်ယောက်က သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိပါဟု ပြောလေလေ၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လေလေပင် ဖြစ်သည်။ အခြားသူများက သူတို့ကိုယ်သူတို့ သိနိုင်ပြီး ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံနိုင်ကြသော်လည်း သင်ကမူ အဘယ့်ကြောင့် မလုပ်နိုင်ရသနည်း။ သင်သည် ခြွင်းချက်ဖြစ်သလော။ သင်သည် သူတော်စင်တစ်ဦး ဖြစ်သလော။ သင်သည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်သလော။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ခံထားရကြောင်း၊ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြောင်းကို သင်အသိအမှတ်မပြုပေ။ ဤအရာက သင်သည် သမ္မာတရားကို လုံးဝ နားမလည်သလို အားလုံးထဲတွင် အပုန်ကန်ဆုံး၊ မသိနားမလည်ဆုံးနှင့် မာနအထောင်လွှားဆုံးဖြစ်၏။ သင့်အဆိုအရ ကမ္ဘာပေါ်တွင် လူကောင်းများစွာရှိကြပြီး မကောင်းသောသူအနည်းငယ်သာရှိသည်ဆိုလျှင် ကမ္ဘာကြီးသည် အဘယ့်ကြောင့် မှောင်မိုက်အတိ၊ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းအတိ၊ ကွဲပြားဆန့်ကျင်ခြင်းအတိ ဖြစ်နေရသနည်း။ လူ့ကမ္ဘာတွင် အဘယ့်ကြောင့် လူတိုင်းက အချင်းချင်းထံမှ လုယက်ယူငင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူများပင်လျှင် မကျန်ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ရုန်းကန်တိုက်ခိုက်နေကြသည်။ သို့ဆိုလျှင် ဤပဋိပက္ခမှာ မည်သည့်နေရာမှ အရင်းခံသနည်း။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝ၏ ရလဒ်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းပင် ဖြစ်သည်မှာ မှန်သည်။ ဖောက်ပြန်ပျက်စီးသော သဘာဝရှိသောသူများထံမှ မာနထောင်လွှားခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ၎င်းတို့တွင် ထုတ်ဖော်ပြကြသည်။ ဆိုးယုတ်သောစိတ်သဘောထားဖြင့် အသက်ရှင်သူတို့သည် ရန်လိုပြီး တိုက်ခိုက်တတ်သည်။ ရန်လိုပြီး တိုက်ခိုက်တတ်သောသူများသည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးသောသူများဖြစ်ပြီး မည်သူ့ကိုမျှ မနာခံပေ။ လူတို့သည် ၎င်းတို့၏ အပြစ်များကို မကြာခဏ ဝန်ချသော်လည်း နောင်တမရသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း သူ၏ အလိုတော်နှင့် ကိုက်ညီခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာအားလုံးသည် လူတို့၏ မာနထောင်လွှားသော သဘာဝကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို အစဉ်ပုန်ကန်ပြီး အာခံခဲ့သည်။ သမ္မာတရားအား လုံးဝ လက်ခံလိုစိတ်မရှိပေ။ သမ္မာတရားကိုပင် မုန်းတီးပြီး ငြင်းပယ်ခဲ့သည်။ ဤသည်မှာ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မြင့်မားလွန်းသောကြောင့်မဟုတ်ဘဲ လူတို့သည် ဘုရားသခင်အား ပြင်းထန်စွာ၊ ရက်စက်စွာ အာခံသောကြောင့်ဖြစ်သည်။ ဘုရားသခင်အား ၎င်းတို့၏ ရန်သူအဖြစ် ပြုလုပ်ကာ ကားစင်တင်သည်အထိပင်ဖြစ်သည်။ ဤသို့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အလွန်ပင် ကြမ်းကြုတ်ခြင်း၊ မာနထောင်လွှားခြင်း၊ ကျိုးကြောင်းမသင့်ခြင်း မရှိသလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြသည်။ သူသည် သနားကရုဏာရှိပြီး လူတို့ကို ကယ်တင်သည်။ လူတို့၏ အပြစ်များကို ခွင့်လွှတ်သည်။ သို့သော် လူသားမျိုးနွယ်သည် သမ္မာတရားကို လုံးဝ လက်မခံပေ။ ၎င်းတို့သည် ဘုရားသခင်ကို အစဉ်ရှုတ်ချပြီး အာခံသည်။ မိမိတို့ကိုယ်ကို ဘုရားသခင်နှင့် စေ့စပ်၍မရအောင် ပြုလုပ်ကြသည်။ ယခုအခါတွင် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ဆက်ဆံရေးသည် မည်သည့်အဆင့်တွင် ရှိသနည်း။ လူသားသည် ဘုရားသခင်၏ ရန်သူ၊ ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်လာသည်။ ဘုရားသခင်သည် လူတို့ကို ဖော်ထုတ်ရန်၊ တရားစီရင်ရန်၊ ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည်။ လူတို့က လက်မခံပေ၊ သို့မဟုတ် သူ့အား လုံးဝ အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်က တောင်းဆိုသောအရာများကို မလုပ်ဆောင်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် မုန်းတီးပြီး ရွံရှာသောအရာများကို သွား၍ လုပ်ဆောင်ကြသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြသည်။ သို့သော် လူတို့က သမ္မာတရားကို ဘေးဖယ်ထားသည်။ ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်။ လူတို့က သမ္မာတရားကို လက်မခံရုံသာမကဘဲ ဘုရားသခင်နှင့် ငြင်းခုံပြီး ထကြွပုန်ကန်ကြသည်။ လူတို့သည် မည်မျှ မာနထောင်လွှားလိုက်သနည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်အား ပြောင်ပြောင်တင်းတင်း ငြင်းဆန်ပြီး အာခံသည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်လျှင်ပင် ကြီးမားသော စည်းစိမ်၊ ဆုလာဘ်နှင့် ကောင်းကင်နိုင်ငံတော်အတွင်း ဝင်ရောက်ဖို့ကို အစဉ်လိုက်စားကြသည်။ အုပ်ချုပ်သူများလည်း ဖြစ်လိုပြီး အာဏာကိုင်စွဲလိုကြသည်။ ဤသည်မှာ မာနထောင်လွှားမှုကို ကိုယ်စားပြုသည့် စံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားစစ်စစ်ဖြစ်သည်။
ဘုရားသခင်သည် လူသားကို ကယ်တင်ရန်အတွက် လူ့ဇာတိခံခဲ့သည်။ သို့သော် လူတို့သည် ဘုရားသခင်အား လက်ခံခြင်းအတွက် အပြန်အလှန်အနေဖြင့် စားဝတ်နေရေး အသုံးစရိတ်များ၊ ဆုလာဘ်များ၊ ကောင်းချီးပေးရန် တောင်းဆိုချက်များကို တောင်းဆိုကြပြီး အခြားလူများက ၎င်းတို့အား အထင်ကြီးစေရန်အတွက် ၎င်းတို့သည် ဘုရားသခင်ကို ကြိုဆိုလက်ခံခဲ့သည်ဟု ကြွားဝါပြောဆိုကြကာ ၎င်းတို့ကို ဘုရားသခင်က ချစ်မြတ်နိုးသည်ဟု ဆိုကြသည်။ ၎င်းတို့ ကြိုဆိုလက်ခံခဲ့သည်မှာ ဘုရားသခင်ဖြစ်သည်ကို လူအချို့တစ်ဝက်က ရှင်းလင်းစွာ သိရှိထားသည့်တိုင် အပြန်အလှန်အနေဖြင့် အသင်းတော်ထံမှ ငွေကို တောင်းဆိုကြသည်။ ဤသို့သော မာနထောင်လွှားသည့်လူများက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟူ၍လည်းကောင်း၊ ၎င်းတို့၏ ယုံကြည်မှုသည် အခြားမည်သူမဆိုထက် သာလွန်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့သည် အခြားမည်သူမဆိုထက် ပို၍ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း ရှိသည်ဟူ၍လည်းကောင်း ပြောဆိုပြီး အခြားမည်သူထက်မဆို ပို၍ သာသည့်ပုံစံဖြင့် ပြုမူလုပ်ဆောင်ကြသည်။ လူအချို့က မိမိတို့ကိုယ်ကို ကြွားဝါကြသည်။ “ငါသည် ဘုရားသခင်အား နှစ်နှစ်ဆယ်ကြာ ယုံကြည်ခဲ့သည်။ ငါ ပထမဆုံး ပြောင်းလဲသောအချိန်တွင် အသင်းတော်ဟူ၍ မရှိပေ။ ငါသွားသည့်နေရာတိုင်းတွင် ဧဝံဂေလိဖြန့်ဝေသည်” ဟူ၍ ဖြစ်သည်။ သင်သည် အဘယ်ကြောင့် သင့်အကြောင်းကို ကြွားဝါနေသနည်း။ သင်သည် ကြွားဝါစရာ မည်သည့်အရာမျှ မရှိပေ။ သင်၏ လက်ရှိအပြုအမူကို အခြေခံကြည့်လျှင် သင့်ပါးကို သင်ရိုက်သင့်သည်။ သင့်ကိုယ်သင် ကျိန်ဆဲသင့်သည်။ သင့်ကိုယ်သင် ရွံရှာသင့်သည်။ သင့်ကိုယ်သင် မုန်းတီးသင့်သည်။ ထို့ကြောင့် အဘယ်ကြောင့် သင့်ကိုယ်သင် ကြွားဝါနေသနည်း။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် အလွန်ပြင်းထန်ဆိုးရွားလွန်းသည်။ သင်သည် အထွတ်အထိပ်သို့၊ အဆုံးစွန်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူတို့သည် များစွာပြောဆိုသည်ဖြစ်စေ၊ အနည်းငယ်ပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ လေသံ၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ စကားများအားလုံးတွင် မာနထောင်လွှားသည့် သဘောနှင့် အနှစ်သာရပါဝင်သည်။ ရိုးရှင်းသော ဥပမာတစ်ခုကို ငါပြမည်။ အသင်းတော်တွင် စတင်၍ ယုံကြည်ခါစဖြစ်သော၊ အတော်အတန် အားကိုးနိုင်သော၊ ရိုးသားစစ်မှန်စွာ လိုက်စားသောသူတစ်ယောက်ရှိသည် ဆိုပါစို့။ လူအချို့သည် သူ့အား အထင်သေးနိုင်ပြီး “သင် ယုံကြည်သူဖြစ်သည်မှာ နှစ်မည်မျှကြာပြီဖြစ်သနည်း။ သင် မည်သည့်နေရာမှ လာသနည်း။ သင့်တွင် အယူအဆအချို့ရှိသလော။ မည်သည့်သမ္မာတရားများကို သင်ရှင်းလင်းစွာ မသိသေးသနည်း။ ဤအခြေခံ သမ္မာတရားများဖြင့် သင်ပြင်ဆင်ထားသလော။ ပြင်ဆင်ပြီးနောက်တွင် သွား၍ ဧဝံဂေလိ ဖြန့်ဝေသင့်သည်” ဟူ၍ မောက်မာစွာ ပြောဆိုနိုင်သည်။ ဤသို့သောသူကို ဩဝါဒပေးရန် သင့်၌ မည်သည့်အရည်အချင်း ရှိသနည်း။ သင်သည်လည်း လူသားဖြစ်သည်။ သင်က အနည်းငယ်စော၍ လက်ခံခဲ့ခြင်းသာရှိသည်။ မည်သို့ပင်ဖြစ်စေ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရတွင်ရှိသော မာနထောင်လွှားခြင်းကို မဖယ်ရှားရသေးပေ။ အခြားလူများကို ဩဝါဒပေးရန် သင့်တွင် မည်သည့်အရည်အချင်းရှိသနည်း။ သင်သည် ထိုသူနှင့် မိတ်သဟာယဖွဲ့နိုင်သည်မှာ မှန်သည်။ သို့သော် သင်၏ အမြင်ရှုထောင့်နှင့် ရည်ရွယ်ချက်များက မမှန်ကန်ပေ။ သင်၏ သဘောထားက မှားသည်။ သင်၏ စရိုက်လက္ခဏာက စက်ဆုပ်ဖွယ်ဖြစ်သည်။ လူအချို့အား ဧဝံဂေလိအလုပ်အခြေအနေကို နားလည်စေရန်အတွက် အထက်မှ ၎င်းတို့ကို ဆက်သွယ်ပြီး ဧဝံဂေလိဖြန့်ဝေရာတွင် အခက်အခဲများရှိမရှိ၊ သို့မဟုတ် ဧဝံဂေလိအလုပ်တွင် မည်သည့်ပြဿနာများကို ဖြေရှင်းရန်လိုသည်တို့ကို မေးသည်။ ၎င်းတို့က “အလုပ်က ပုံမှန်ဖြစ်သည်။ ပြဿနာများမရှိ” ဟု ပြောပြီး တမင်လျစ်လျူရှုသည့် သဘောထားကို ခံယူကြသည်။ ၎င်းတို့သည် အထက်မှ ဖြေရှင်းရန်လိုအပ်သည့် မည်သည့်ပြဿနာများရှိသည်ဆိုသည်ကို တင်ပြဖို့မဆိုထားနှင့်၊ ဧဝံဂေလိအလုပ်တွင် မည်သည့်ပြဿနာများတည်ရှိသည်၊ သို့မဟုတ် ထိုပြဿနာများကို မည်သို့ဖြေရှင်းသည်ကိုပင် တင်ပြခြင်း ရှားပါးသည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ မိမိတာဝန်ကို တာဝန်သိစွာ ထမ်းဆောင်ခြင်းအား ဖော်ပြခြင်းဖြစ်သလော။ ဘုရားသခင်အား သစ္စာရှိခြင်းကို ဖော်ပြခြင်းဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်အား နာခံပြီး လိုက်လျှောက်သည်ဟု အထပ်ထပ်အခါခါပြောသည်။ ၎င်းတို့သည် စစ်မှန်သော ဘုရားကို မြင်တွေ့ခဲ့ရသည်ဟုလည်းကောင်း၊ ၎င်းတို့သည် အမှန်တကယ် နာခံခြင်းရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံလိုစိတ် ရှိသည်ဟုလည်းကောင်း၊ အဖိုးအခ ပေးဆပ်လိုစိတ်ရှိသည်ဟုလည်းကောင်း ပြောသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် ထိုသို့သော စိတ်သဘောထားကို ပြသနိုင်ပြီး ထိုသို့သောစကားများကို ပြောဆိုနိုင်ကြသည်။ ဤသို့သောသူမျိုးသည် မည်သည့်အနှစ်သာရရှိသည်ဟု သင်တို့ ထင်ကြသနည်း။ ဤသို့သော လူတစ်ယောက်၏ ရလဒ်မှာ မည်သို့ဖြစ်နိုင်သနည်း။ ၎င်းတို့သည် မည်သည့်အရာနှင့် ထိုက်တန်သနည်း။ ငါသည် ဤစကားများကို မပြောလျှင်၊ ဤသို့သော အမှုကိစ္စများကို စိတ်ဝင်စားမှု လုံးဝ မပြလျှင် ဤသို့သောသူတို့သည် မည်သည့်အခြေအနေအထိ ရောက်ရှိနိုင်သည်ဟု သင်တို့ ဆိုမည်နည်း။ အကျိုးဆက်များမှာ ချင့်ချိန်စဉ်းစားကြည့်ဖို့ရန် အလွန်ပင် ဆိုးရွားလှသည်။ ငါသည် လူအချို့ကို သာမန်လေသံဖြင့် စကားပြောဆိုခြင်းပြုသောအခါ ၎င်းတို့သည် မာနထောင်လွှားပြီး ငါသည် သာမန်လူတစ်ယောက်ဖြစ်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် စိတ်မထိန်းနိုင်ဖြစ်ကြပြီး စတင်၍ ကြာရှည်စွာ ပြောဆိုကြသည်။ အရာရာကို ဝင်ရောက်စွက်ဖက်ပြီး အကဲဖြတ်လိုကြသည်။ အစဉ်သဖြင့် ကြွားဝါလိုကြသည်။ ၎င်းတို့သည် ဤသို့သောသူဖြစ်သည်ကို ငါမြင်သောအခါတွင် ငါသည် ၎င်းတို့ကို လုံးဝ အရေးမစိုက်ပေ။ သင်တို့အား မှန်မှန်ကန်ကန် ပြောရလျှင် လူအများစုသည် အတော်အတန် ရွံရှာဖွယ်ဖြစ်သည်ဟု ငါမြင်သည်။ ၎င်းတို့ကို တွေ့ပြီးနောက် ချက်ချင်းပင် ငါသည် စကားသုံးခွန်းပြော၍ မပြီးမီ ၎င်းတို့က စတင်၍ မျက်နှာချိုသွေးကြသည်။ ၎င်းတို့နှင့် တွေ့ပြီး တစ်ပတ်မကြာမီတွင် ၎င်းတို့သည် ဘုရားသခင်အား ဩဝါဒပေးရဲနေပြီဖြစ်သည်။ ထိုသို့သောသူကို အချိန်ကာလတစ်ခုကြာအောင် သိပြီးနောက်တွင် ငါသည် ထိုသူအား မနှစ်သက်ပေ။ ထိုသူအား အရေးမစိုက်ပေ။ နောက်ပိုင်းတွင် ထိုသူသည် မကောင်းသောအရာတစ်ခုကို ပြုလုပ်သည်၊ ဆိုးယုတ်သည်ဟူ၍ ငါကြားရသည်။ သင့်ကိုယ်သင် အခြားလူတစ်ယောက်၏ နေရာမှနေ၍ အချိန်ခဏမျှ စဉ်းစားကြည့်လော့။ သင်တို့သည် သင်တို့၏ သားသမီးများကို ပျိုးထောင်ပေးနေစဉ်တွင် ဤသို့အခြေအနေမျိုးကို ကြုံရလျှင် မည်သို့ခံစားရမည်နည်း။ လူတို့သည် ၎င်းတို့ အသက်ကြီးသောအခါတွင် သားသမီးများက ၎င်းတို့ကို စောင့်ရှောက်ပြီး ကောင်းမွန်စွာ သင်္ဂြုဟ်ပေးစေရန်အတွက် သားသမီးများကို ပြုစုပျိုးထောင်ပေးကြသည်။ ၎င်းတို့အသက်ကြီးသောအခါ ၎င်းတို့၏ သားသမီးများက ၎င်းတို့ကို အရေးမစိုက်ဘဲ အထက်စီးမှနေ ၎င်းတို့ကို ဩဝါဒပေးလျှင်၊ သို့မဟုတ် ၎င်းတို့ကို ကောင်းမွန်စွာ မဆက်ဆံဘဲ အခွင့်အရေးယူလျှင်၊ အနည်းငယ်မျှပင် သားသမီးဝတ်မကျေလျှင် ၎င်းတို့သည် မည်သို့ခံစားရမည်နည်း။ ၎င်းတို့သည် စိတ်ဆိုးခြင်းရော ဝမ်းနည်းခြင်းကိုပါ ခံစားရမည်မဟုတ်လော။ သင်တို့သည် ယခုအခါတွင် ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးသော အဆင့်ရှိသည်။ ဤအရာကို သင်တို့ တန်ဖိုးမထားနိုင်သေးပေ။ ငါသည် နေရာများစွာသို့ ရောက်ရှိခဲ့ပြီး လူများစွာနှင့် တွေ့ဆုံခဲ့သည်။ ထိုလူများထဲတွင်၊ ငါသည် တန်းတူညီစွာဖြင့် ထိုင်ပြီး မိတ်သဟာယပြုနိုင်သည့်၊ ဘဝအကြောင်းကို စကားစမြည်ပြောဆိုနိုင်သည့်သူများထဲတွင် မည်သည့်တစ်ဦးတစ်ယောက်ကမျှ “ဘုရားသခင်သည် ငါ့အပေါ် ကောင်းသည်။ ငါသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ် ရှိဖို့လိုသည်။ ငါ၏ ဆင်ခြင်တုံတရားကို ချိုးဖောက်သည့် မည်သည့်အရာကိုမျှ ငါလုပ်မည်မဟုတ်” ဟူ၍ မပြောခဲ့ပေ။ လူတို့သည် ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝဖြင့် သေးငယ်သောအရာတစ်ခုကိုပင် မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ရပ်တည်ချက်ဖြင့်ပင် စကားမပြောဆိုနိုင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို မထိန်းသိမ်းနိုင်ပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ထိုအရာကိုလည်း ၎င်းတို့ မလုပ်နိုင်ပေ။ လူတို့သည် အလွန် မာနထောင်လွှားလွန်းလျှင် ကောင်းကင်တမန်မင်းထက် ပို၍ ဆိုးဝါးမည်ဖြစ်ပြီး တစ်ဆင့်ပို၍ မြင့်သွားမည်ဖြစ်သည်။
လူအချို့သည် အနည်းငယ်ပို၍ ကောင်းမွန်သောအစွမ်းအစရှိသည်။ ၎င်းတို့သည် အနည်းငယ် အလုပ်လုပ်နိုင်ပြီး အသင်းတော်ခေါင်းဆောင်များ ဖြစ်ရန် ရွေးချယ်ခြင်းခံရသည်။ ခေါင်းဆောင်ဖြစ်လာပြီးနောက်တွင် မာနထောင်လွှားလာပြီး တကယ့်အလုပ်ကို သိပ်မလုပ်တော့ပေ။ လူတို့သည် ၎င်းတို့၏ အမှားများကို ပြုပြင်ခြင်းမပြုရဲပေ၊ သို့မဟုတ် ထောက်မပြရဲပေ။ ၎င်းတို့အား မာကျောစွာ ပြောဆိုလျှင်၊ သို့မဟုတ် အနည်းငယ်ပြင်းထန်စွာပြောလျှင် ၎င်းတို့က စိတ်ဆိုးပြီး “ငါလုပ်မည်မဟုတ်ပေ။ မည်သူ့ကို သင်လုပ်စေချင်သည်ဖြစ်စေ ထိုသူအား လုပ်ခိုင်းလော့။ အခြားမည်သူက ငါ့ထက်ပို၍ ကောင်းအောင်လုပ်နိုင်မည်ကို ငါကြည့်မည်။ သန့်ရှင်းသောဝိညာဉ်တော်အား ထိုသူတို့ကို ဖွင့်ပြစေလော့” ဟူ၍ ပြောသည်။ ဤစကားများသည် မည်မျှ မာနထောင်လွှားလိုက်လေခြင်း။ လူတို့သည် မည်မျှ ပုန်ကန်သနည်း။ ၎င်းတို့သည် ၎င်းတို့ပြောသည့်စကားများ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာများအပေါ် လုံးဝ ခံစားချက်မရှိပေ။ ၎င်းတို့သည် လုံးဝပင် သတိမပြုမိပေ။ ၎င်းတို့၏ မာနထောင်လွှားသောစကားများ၊ ၎င်းတို့၏ မာနထောင်လွှားသော လုပ်ရပ်များ၊ ၎င်းတို့၏ စိတ်နှလုံးတွင်ထားရှိသော အရင်းခံအကြောင်းရင်းများ၊ ၎င်းတို့ တဖြည်းဖြည်းချင်း ဖွင့်ပြသောအကျည်းတန်မှုတို့ကို ငါ ပိုင်းခြားစိစစ်သောအခါတွင် လူတို့သည် မိမိတို့ကိုယ်ကို နားလည်လာကြသည်။ ဤသည်မှာ လူတို့ ထုံထိုင်းသည့်ပုံစံပင်ဖြစ်သည်။ ဤသို့သော ပိုင်းခြားသိမြင်မှုနှင့် ရှင်းလင်းမှုမရှိလျှင် လူတို့သည် မိမိတို့ကိုယ်ကို သိမြင်နိုင်မည်လော။ ၎င်းတို့သည် လူသားဆန်သောအရာတစ်ခုခုကို လုပ်ဆောင်နိုင်မည်လော။ ငါသည် ၎င်းတို့ကို တုတ်တစ်ချောင်းဖြင့် အဆက်မပြတ်ရိုက်နေမှသာ ၎င်းတို့သည် အနည်းငယ်ပို၍ ကောင်းစွာ ပြုမူနေထိုင်မည်ဖြစ်သည်။ ယင်းမှာ လူတို့ မည်မျှအသုံးမကျပုံဖြစ်သည်။ လူတို့သည် ဤမာနထောင်လွှားခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပဲ့ပြင်ဆုံးမခြင်းသည် လုံးဝ အသုံးမဝင်ပေ။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားဖြစ်သည်၊ လူသားကို ဖော်ထုတ်သည့် သူ၏နှုတ်ကပတ်တော်များသည် မှန်သည်ဟု ငါ ခံစားရသည်။ သို့သော် ငါသည် ဘုရားသခင်အား နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ငါ့အား အဘယ်ကြောင့် ပဲ့ပြင်ဆုံးမခြင်းမရှိသနည်း” ဟူ၍ ဆိုကြသည်။ သင်တို့ မည်သို့ထင်သနည်း။ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို သစ္စာဖောက်သောအခါ ဘုရားသခင်က ၎င်းကို ရုတ်ချည်းပဲ့ပြင်ဆုံးမပြီး အပြစ်ဒဏ်ပေးခဲ့လျှင် ၎င်းက သစ္စာဖောက်နိုင်ဦးမည်လော။ ၎င်း၏ သစ္စာဖောက်သည့် သဘာဝက ပြေလည်မည်လော။ ၎င်း၏ မာနထောင်လွှားသော စိတ်သဘောထားက ဖယ်ရှားခြင်းခံရနိုင်မည်လော။ မခံရနိုင်ပေ။ ထို့ကြောင့် ယခုခေတ်လူတို့သည် ကောင်းကင်တမန်မင်းထက် ဆယ်ဆ၊ အဆနှစ်ဆယ်ပိုသောအဆင့်အထိ မာနထောင်လွှားကြသည်။ ပဲ့ပြင်ဆုံးမခြင်းသက်သက်က မလုံလောက်ပေ။ ၎င်းတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ သမ္မာတရားကို လက်ခံပြီး လိုက်စားရမည်။ ထိုအခါမှသာ ဘုရားသခင်က ၎င်းတို့အပေါ်တွင် အလုပ်လုပ်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်က ၎င်းတို့ကို ကြိုးစားပြီး သန့်စင်နိုင်သည်။ သင်သည် သမ္မာတရားကို လက်မခံနိုင်လျှင် နှစ်မည်မျှအထိ သင်ယုံကြည်ခဲ့သည်မှာ အရေးမပါပေ။ ဘုရားသခင်က သင့်အပေါ်တွင် အလုပ်လုပ်မည်မဟုတ်သောကြောင့်ဖြစ်သည်။ သင့်တွင် အသိစိတ်လည်းမရှိ၊ ဆင်ခြင်တုံတရားလည်းမရှိလျှင် သင်သည် သားရဲတစ်ကောင်ဖြစ်သည်။ ဘုရားသခင်က သင့်အား ပြောစရာမရှိပေ။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ပဲ့ပြင်ဆုံးမခြင်းမခံရပေ။ အသင်းတော်အား သင် နှောင့်ယှက်လျှင် ရှင်းလင်းပစ်ခြင်းခံရမည်။ သမ္မာတရားများစွာကို ပြောဆိုပြီးနောက်တွင် လူတို့က သမ္မာတရားအား လိုက်စားခြင်းရှိမရှိ ကြည့်လော့။ သင်က “ငါသည် လုံးဝ လိုက်စားလိုစိတ်မရှိ။ အကျင့်ပျက်မှုတွင် ပျော်မွေ့နေလိုသည်။ အကျင့်ပျက်သူ ဖြစ်လိုစိတ်ရှိသည်” ဟု ဆိုလျှင် သင်သည် အပြစ်ဒဏ်ခံရရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ငါသည် ယခုအချိန်တွင် မည်သူ့ကိုမျှ ပဲ့ပြင်ဆုံးမခြင်းမရှိပေ။ ၎င်းတို့ကို စကားပြောခြင်းသာရှိပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြီး တရားစီရင်သည်။ သင်သည် စိတ်နှလုံးထဲမှ လက်ခံလျှင် သင်သည် အထက်သို့ ဦးတည်ပြီး လိုက်စားနေခြင်းဖြစ်သည်။ သင်သည် စိတ်နှလုံးထဲမှ လက်မခံလျှင် သင်သည် နောင်တွင် ကျရောက်မည်ဖြစ်သော အပြစ်ဒဏ်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ယခုအချိန်တွင် သမ္မာတရားအား ပံ့ပိုးပေးခြင်းအပြင် ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့လည်းရှိပြီး အပြစ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းရှိသည်။ ဒဏ်ခတ်ခြင်းနှင့် အပြစ်ပေးခြင်းသည် အနှေးနှင့် အမြန်လာမည်မှာ ပြောစရာမလိုပေ။ သင်သည် မည်သည့်နေ့တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုကို ချိုးဖောက်နိုင်သည်ကို မည်သူသိမည်နည်း။ ထို့နောက်တွင် သင်သည် သေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင်တို့တစ်ဦးချင်းစီကို ငါ အလေးအနက် တိုက်တွန်းသည်။ နိုးထလာပြီး လိုက်စားဖို့ရန်အတွက် အပြစ်ပေးခြင်းကို မစောင့်နှင့်။ ထိုအချိန်တွင် နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ သင်သည် ကံဆိုးမိုးမှောင်ကျမည်ဖြစ်သည်။ နောင်တရရန် အခွင့်အလမ်းရှိမည်မဟုတ်ပေ။ ထိုအချိန်တွင် လိုက်စားရန် အလွန်နောက်ကျသွားမည်ဖြစ်ပြီး အသုံးဝင်မည် မဟုတ်ပေ။ သင်သည် စောစီးစွာ နိုးထရန်၊ လူသားဆန်သောအရာအချို့ကို လုပ်ဆောင်ရန်၊ အသိတရားရှိသောအရာအချို့ကို လုပ်ဆောင်ရန်အတွက် လက်ရှိအချိန်ကို အသုံးချလိုက်သည်က ကောင်းသည်။ မှားယွင်းသော လမ်းကြောင်းကို ခေါင်းမာစွာဖြင့် ဖက်တွယ်မထားနှင့်။
လူအချို့က ၎င်းတို့သည် လူ့သဘာဝကောင်းရှိသည့် အသွင်ဆောင်ကြသည်။ သို့သော် သင်သည် အမှန်တကယ် လူ့သဘာဝရှိလျှင် မာနထောင်လွှားသောအရာများကို အဘယ်ကြောင့် ပြုလုပ်မည်နည်း။ လူသားဆန်သောအရာ တစ်စုံတစ်ခုကို အဘယ်ကြောင့် မလုပ်နိုင်သနည်း။ အဘယ်ကြောင့် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်မျှပင် မရှိသနည်း။ လူတို့သည် အလွန်မာနထောင်လွှားပြီး ဘုရားသခင်ကလွဲ၍ အရာအားလုံးကို အလိုရှိကြသည်။ ၎င်းတို့သည် နာမည်ကျော်ကြားသူတိုင်းနှင့် နတ်ဆိုး၊ စာတန်တို့ကို ချစ်မြတ်နိုးကြသည်။ သို့သော် ဘုရားသခင်အား ကိုးကွယ်ခြင်းမရှိသကဲ့သို့ နာခံခြင်းလည်းမရှိပေ။ မကောင်းသောအရာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသည်။ ငါသည် နေရာများစွာသို့ ရောက်ဖူးပြီးဖြစ်သည်။ ငါ့အား ကြိုဆိုလက်ခံသူအချို့သည် အစားအစာနှင့် နေရာထိုင်ခင်းအတွက် ငွေကြေးများစွာတောင်းခံသည်။ ထို့အပြင် အစားအစာနှင့် နေ့စဉ်သုံးပစ္စည်းများကို အသင်းတော်က အကုန်အကျခံသည်။ ငါ သင်တို့အား မေးလိုက်ချင်သည်။ ဤလူတို့သည် အဘယ်သို့များ အသိတရားလုံးဝ မရှိရသနည်း။ ငါသည် ၎င်းတို့ပြင်ဆင်ထားသော အစားအစာကို စားရန် အရည်အချင်းမပြည့်မီသလော။ ၎င်းတို့သည် ငါ့အား ကြိုဆိုလက်ခံလိုစိတ်ရှိသည်ဟု ယခင်က ပြောခဲ့သော်လည်း ငါရောက်ရှိသောအခါ ဤသို့ ရှက်ဖွယ် ပြုမူကြသည်။ ၎င်းတို့သည် လူသား ဖြစ်သေးသလော။ လူ့သဘာဝရှိသေးသလော။ ရွှန်းရွှန်းဝေအောင် မပြောဆိုနှင့်။ သင်သည် ဤအရာကို မလုပ်နိုင်ပေ။ သင့်တွင် လူ့သဘာဝမရှိဘဲ သင်သည် သားရဲတစ်ကောင်ဖြစ်သည်။ သင်၏ သဘာဝနှင့် သင်၏ မာနထောင်လွှားမှုသည် သင့်အား ရှုတ်ချသည်။ လူတို့တွင် ယုံကြည်ခြင်းနည်းပါးလွန်းသည်။ ၎င်းတို့သည် အလွန်မာနထောင်လွှားပြီး ပုန်ကန်သည်မှာ ဘုရားသခင်အတွက် နေရာပင်မရှိတော့ပေ။ ဤအဆင့်အထိ ဖောက်ပြန်ပျက်စီးသောသူ တစ်ယောက်သည် လူသားဟု ခေါ်ထိုက်သလော။ ဤသည်မှာ နတ်ဆိုး၏၊ စာတန်၏ စံနမူနာစစ်စစ်ပင်ဖြစ်သည်။ လူတို့က “သင်သည် သမ္မာတရားရှိလျှင်ပင် လူတစ်ယောက်သာ ဖြစ်ဆဲဖြစ်သည်။ ထို့ကြောင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။ သင်သည် ငါ့အား မည်သည့်အရာနှင့် ကူညီနိုင်မည်နည်း။ ငါ့အား မည်သို့ ပြုလုပ်နိုင်သနည်း။ ငါ့အား မည်သည့်နေရာသို့ ခေါ်သွားနိုင်သနည်း။ ငါသည် သင့်အား အထင်သေးသည်။ သင်က ဘုရားဖြစ်စေ၊ မဖြစ်စေ ငါ ဂရုမစိုက်” ဟု တွေးကြသည်။ ၎င်းတို့သည် ဤအရာကို ဂရုမစိုက်ပေ။ သင်၏ ကုမ္ပဏီအကြီးအကဲက သင့်အိမ်သို့ သွားလျှင် သူက ပြန်ဖို့ကြိုးစားလျှင်ပင် သင်က ပြန်ခွင့်ပေးမည်မဟုတ်ဆိုသည်ကို ငါပြောရဲသည်။ သင်သည် ထိုသူအား သင်၏ အိမ်တွင် နှစ်ရက်ကြာနေစေမည်ဖြစ်သည်။ ပြီးလျှင် ထိုသူအား ကောင်းစွာဆက်ဆံလိမ့်မည်။ ထို့ကြောင့် လူတို့သည် အစဉ်သဖြင့် မာနထောင်လွှားစွာ မပြောဆိုသင့်ပေ။ အခြားလူတိုင်းထက် ၎င်းတို့က ဘုရားသခင်ကို ပို၍ အလိုရှိသည်ဟူ၍လည်းကောင်း၊ အခြားလူတိုင်းထက် ၎င်းတို့က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၌ ပို၍ တော်သည်ဟူ၍လည်းကောင်း၊ အခြားလူတိုင်းထက် ၎င်းတို့က မိမိတို့ကိုယ်ကို အသုံးခံရာ၌ ပို၍ တော်သည်ဟူ၍လည်းကောင်း၊ အခြားလူတိုင်းထက် ၎င်းတို့က ပို၍ ကြီးသော အဖိုးအခကိုပေးဆပ်ခဲ့သည်ဟူ၍လည်းကောင်း၊ အခြားလူတိုင်းထက် ၎င်းတို့က ပို၍ သစ္စာရှိသည်ဟူ၍လည်းကောင်း မပြောဆိုသင့်ပေ။ သင့်ကိုယ်သင် မကြွားဝါနှင့်။ သင်သည် ဤသို့လုပ်ဆောင်ရန် အရည်အချင်း မပြည့်မီသကဲ့သို့ ထိုအဖိုးအခကိုလည်း မပေးဆပ်ခဲ့ပေ။ တကယ့်အလုပ်များစွာကိုလည်း သင်မလုပ်ဆောင်ခဲ့ပေ။ သင်သည် အနည်းငယ် အလုပ်လုပ်သော်လည်း ယင်းသည် ဘုရားသခင်အပေါ် အပြည့်အဝ သစ္စာရှိခြင်း၊ သေသည်အထိ နာခံခြင်းနှင့် ညီမျှဖို့ရန်မဆိုထားနှင့်၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံခြင်းနှင့်ပင် မညီမျှပေ။ သင်သည် သုံးနှစ်မှ ငါးနှစ်အထိ ဆက်တိုက်လုပ်ဆောင်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆက်၍ လုပ်ဆောင်နိုင်မည်မဟုတ်တော့ပေ။ ထို့ကြောင့် သင်သည် ဝတ်ကျေတမ်းကျေဆန်လိမ့်မည်။ ညည်းညူလိမ့်မည်။ သင်သည် အခြားလူများထက်ပို၍ အဆင့်မြင့်သည်ဟု မထင်နှင့်။ အခြားလူများနှင့် ယှဉ်လျှင် သင်သည် မြင့်မားသော စံနှုန်းတွင်မရှိပေ။ သင်သည် ခေတ်ကာလများရှိ သန့်ရှင်းသူများနှင့် သင့်ကိုယ်သင် ယှဉ်နိုင်ဖို့ မဆိုထားနှင့်၊ အခြားလူများထက်ပင် သင်သည် အလွန်နိမ့်ကျသည်။ သင်သည် တစ်ခုတလေကို ကြွားဝါရန် အမှန်ပင် အရည်အချင်းပြည့်မီသလော။ သင်တို့အားလုံးက “ငါသည် နောက်ပိုင်းတွင် ဘုရားသခင်အား ဆက်သွယ်လျှင် သူ့အား လှည့်စားမည်မဟုတ်သည်ကို ငါ အာမခံသည်” ဟု ဆိုကြသည်။ သင်၏ အာမခံချက်ကို အချိန်တစ်ခုအထိ စမ်းသပ်ဖို့ လိုသည်။ ငါသည် နောက်ထပ်လူများကို ဆက်သွယ်လိုစိတ်မရှိပေ။ ၎င်းတို့ကို ဆက်သွယ်ခြင်း၊ ၎င်းတို့၏ ပြုမူဆောင်ရွက်မှုကို မြင်တွေ့ခြင်းသည် ငါ့အား အလွန်စိတ်ဆိုးစေသည်။ ဤအမှုကိစ္စကြောင့် သင့်တို့အထဲရှိလူအချို့သည် ငါမည်မျှစိတ်ဆိုးသည်ကို သိကောင်းသိနိုင်သည်။ သမ္မာတရားကို လုံးဝ မလိုက်စားသောသူများ၊ အခြားလူများကို ထိန်းချုပ်ရန်အတွက် အာဏာကို အစဉ်သဖြင့် အသုံးချလိုသူများကို ငါမြင်သောအခါတွင် အလွန်ပင် စိတ်ဆိုးသည်။ ၎င်းတို့အား ငါရွံရှာသည်။ သမ္မာတရားကို လုံးဝ မလိုက်စားသောသူတို့သည် အတော်အတန်ပင် ဆိုးသည်။ ၎င်းတို့သည် လူ့သဘာဝမရှိပေ။ ငါသည် တိကျပြတ်သားစွာဖြင့် ထိုသို့သောလူများကို ထိတွေ့ဆက်ဆံမည်မဟုတ်ပေ။ ထိုသို့သောလူများက ၎င်းတို့အား ငါ အရေးမစိုက်သည်ကို မြင်သောအခါ စောဒကတက်နိုင်သည်။ ဤလူတို့သည် အလွန်ပင် ကျိုးကြောင်းသင့်လျော်မှုမရှိပေ။ ယခုအချိန်တွင် လူအများစုသည် သမ္မာတရားအား မည်သို့လိုက်စားရမည်ကို မသိပေ။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်လွန်းသည်။ ၎င်းတို့ပိုင်ဆိုင်သည့် လူ့သဘာဝနှင့် အသိစိတ်အနည်းငယ်သည် ညံ့ဖျင်းလွန်းသည်။ ထို့ကြောင့် ငါသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရန် မဖြစ်နိုင်ပေ။ သင်သည် ထိုသို့သောသူနှင့် နှစ်ရက်ကြာ ထိတွေ့ဆက်ဆံလျှင် သူသည် သင့်အား အထင်သေးလိမ့်မည်။ မာနထောင်လွှားလာမည်။ အလွန့်အလွန်ပင် မာနထောင်လွှားမည်။ ပြီးလျှင် မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။
တစ်ကြိမ်တစ်ခါက ငါသည် အသင်းတော်များသို့ ဖြတ်သန်းသွားလာလေ့ရှိခဲ့ပြီး ဧည့်ခံမိသားစုမျိုးစုံနှင့် ဘုရားသခင်ကို ယုံကြည်သူမျိုးစုံကို မြင်တွေ့ခဲ့သည်။ ငါသည် အလွန်များပြားသောလူများနှင့် အဘယ်ကြောင့် ထိတွေ့ဆက်ဆံလိုစိတ်မရှိတော့သနည်း။ လူတို့သည် ဆိုးဝါးလွန်းသည်။ ၎င်းတို့အများစုသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားလည်းမရှိပေ။ ၎င်းတို့တွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အနီးတွင် အစဉ်သဖြင့် လျှို့ဝှက်ကြံစည်ကြသည်။ ထို့ကြောင့် လူတို့အား ရှောင်ရှားရန် ငါရွေးချယ်သည်။ ငါလုပ်ဆောင်သင့်သည့်အလုပ်ကိုသာ လုပ်သည်။ လူအချို့က “ဘုရားသခင်သည် လူသားများကြားတွင် မနေထိုင်သလော။” ဟု ပြောကြသည်။ ငါသည် လူသားများကြားတွင် နေထိုင်သည်။ မမှားပေ။ သို့သော် ငါသည် ဆိုးယုတ်သောသူများကြားတွင် နေထိုင်နေ၍မရပေ။ အလွန်အန္တရာယ်များလွန်းသည်။ ငါ့တွင် ဝိညာဉ်ခန္ဓာရှိလျှင် အဆင်ပြေလိမ့်မည်ဖြစ်သည်။ လူတို့ကြားတွင် မည်သည့်အရာကိုမဆို ငါလုပ်ဆောင်နိုင်သည်။ ယေရှုကဲ့သို့ ဝိညာဉ်ခန္ဓာဖြစ်လျှင် အဆင်ပြေလိမ့်မည်။ သူသည် သူနှစ်သက်သလို လုပ်ဆောင်နိုင်သည်။ လူတို့က ဖိနှိပ်ရဲမည်မဟုတ်ပေ။ သို့သော် ငါသည် ယခုတွင် သာမန် အသွေးအသားခန္ဓာရှိသည်။ အထူးပင် သာမန်ဖြစ်သောခန္ဓာဖြစ်သည်။ သဘာဝလွန်သည့်အရာ လုံးဝမရှိပေ။ ထို့ကြောင့် လူတို့က ဤအရာကို လက်မခံနိုင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် အယူအဆများရှိပြီး ဘုရားသခင်ကို ဆန်းစစ်လိုသည်။ ဤစိတ်သဘောထားမျိုးရှိသော ဤလူမျိုးကို ပဲ့ပြင်ဆုံးမမှုနှင့် အပြစ်ဒဏ်အနည်းငယ်ပေးလျှင်၊ တစ်လကြာသော ခေါင်းခြောက်စေသည့် အခက်အခဲများကို ပေးလျှင် ယင်းသည် အသုံးဝင်မည်ဟု သင်တို့ ထင်သလော။ အသုံးဝင်မည်မဟုတ်ပေ။ ၎င်းတို့သည် ထိုတစ်လကြာသော ခေါင်းခြောက်စေသည့် အခက်အခဲများပြီးနောက်တွင် ပြန်ထ၍ သင့်အား ဒေါသဖြင့် မဲလိမ့်မည်။ ပဲ့ပြင်ဆုံးမခြင်းသက်သက်က ပြောင်းလဲစေနိုင်သည်ဟု သင်တို့ ထင်သလော။ မပြောင်းလဲစေနိုင်ပေ။ ထို့ကြောင့် ယခင်က ငါထိတွေ့ဆက်ဆံသောသူများစွာရှိသည်။ သို့သော် အနည်းငယ်သာ သမ္မာတရားကို ချစ်သည်။ လူတို့သည် ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရရှိရန်အတွက် ဘုရားသခင်အား မယုံကြည်သင့်ဟုသာ ငါ သင်တို့ကို ဆိုနိုင်သည်။ သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ သင်၏ အားအင်အလုံးစုံကို အသုံးပြုခြင်းကိုသာ ဂရုစိုက်သင့်သည်။ သင်၏ အစွမ်းအစက နည်းပါးလွန်းလျှင်၊ အသုံးပြုဖို့အတွက် မသင့်တော်လျှင် သင်သည် လျင်မြန်စွာဖြင့် နောက်ဆုတ်သင့်သည်။ သင်သည် နာခံပြီး ကောင်းစွာပြုမူနေထိုင်သင့်သည်။ သင်လုပ်သင့်သည့်အရာကို လုပ်ဆောင်သင့်သည်။ သင်မလုပ်သင့်သည့်အရာကို မလုပ်ဆောင်သင့်ပေ။ ပြီးလျှင် ကျိုးကြောင်းသင့်လျော်မှုရှိသင့်သည်။ သင်သည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဘုရားသခင်က သင့်အား ဝင်သက်ထွက်သက်၊ အသက်နှင့် စွမ်းအင်ကို မပေးခဲ့လျှင် သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ လူတို့သည် မည်သည့်အရာကိုမျှ မတောင်းဆိုသင့်သကဲ့သို့ အရည်အချင်းများကိုလည်း ယှဉ်မကြည့်သင့်ပေ။ အရည်အချင်းများရှိခြင်းသည် သင့်အတွက် အသုံးမဝင်ပေ။ အသင်းတော်က သင့်အား ခေါင်းဆောင်အဖြစ် ခန့်အပ်လျှင် ယင်းသည် သင်၏ တာဝန်ဖြစ်သည်။ အခြားတစ်ယောက်ကို ခေါင်းဆောင်အဖြစ် ခန့်အပ်လျှင် ယင်းသည် သူ၏ တာဝန်ဖြစ်သည်။ အလုပ်နှင့်ပတ်သက်လျှင် သင် မိတ်သဟာယဖွဲ့သင့်သည်မှာ ပြောစရာမလိုပေ။ သို့သော် သင်သည် အရည်အချင်းများကို ယှဉ်ကြည့်ပြီး “ငါသည် ထိုအသင်းတော်တွင် အရည်အချင်းပြည့်မီသည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် ငါ့အား လေးစားသင့်သည်။ ငါသည် အကြီးဆုံးဖြစ်သည်။ သင်သည် ဒုတိယဖြစ်သည်” ဟူ၍ မတွေးသင့်ပေ။ ဤသို့သောအရာကို မပြောနှင့်။ ယင်းသည် အလွန်ပင် ကျိုးကြောင်းသင့်လျော်မှုမရှိပေ။ လူအချို့က “ငါသည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် ငါ၏ ကိုယ်ပိုင်အလုပ်ကို စွန့်လွှတ်ခဲ့သည်။ ငါ၏ မိသားစုကို စွန့်လွှတ်ခဲ့သည်။ ငါက မည်သည့်အရာကို ရရှိခဲ့သနည်း။ မည်သည့်အရာကိုမျှ မရရှိပေ။ ပြီးလျှင် ဘုရားသခင်က လူတို့အား ဩဝါဒပေးဆဲဖြစ်သည်” ဟူ၍လည်း ဆိုကြသည်။ ဤစကားများကို သင် မည်သို့ထင်မြင်သနည်း။ လူတို့သည် သင့်တော်သော နေရာတွင် ရပ်တည်သင့်ပြီး ၎င်းတို့က လူသားဖြစ်သည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ဖြစ်နေဆဲဖြစ်သည်ဆိုသည်ကို ဦးစွာ ရှင်းရှင်းလင်းလင်း သိသင့်သည်။ သင့်အား ခေါင်းဆောင်အဖြစ်ခန့်အပ်လျှင် ခေါင်းဆောင်အဖြစ် လုပ်ဆောင်လော့။ သင့်အား ခေါင်းဆောင်အဖြစ် မခန့်အပ်လျှင် သာမန်နောက်လိုက်တစ်ယောက်အဖြစ် လုပ်ဆောင်လော့။ သင့်အား လုပ်ဆောင်ရန် အလုပ်ပေးအပ်လျှင် သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် အခွင့်အရေးကို ရရှိသည်။ သင့်အား လုပ်ဆောင်ရန် အလုပ်မပေးအပ်လျှင် မည်သည့်အရာကိုမျှ သင်မလုပ်ဆောင်နိုင်ပေ။ မကြွားဝါနှင့်။ ကြွားဝါခြင်းသည် မကောင်းသော လက္ခဏာဖြစ်သည်။ သင်သည် အစွန်းရောက်ခြင်းဆီသို့၊ သေခြင်းဆီသို့ လျှောက်လှမ်းနေသည်ကို သက်သေပြသည်။ “ငါသည် တစ်နေရာတွင် လူတစ်စုကို ရရှိခဲ့သည်။ ၎င်းတို့သည် ငါ၏ အသီးအပွင့်များဖြစ်သည်။ ငါသာ မသွားခဲ့လျှင် အခြားမည်သူကမျှ ဤသို့ လုပ်ဆောင်နိုင်မည်မဟုတ်။ ငါသွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်” ဟူ၍ ဆိုပြီး မကြွားဝါနှင့်။ ဤပုံစံဖြင့် မကြွားဝါနှင့်။ ထိုထက် သင်သည် “ဤလူများကို ရရှိခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း၏ ရလဒ်ဖြစ်သည်။ လူတစ်ယောက်သည် အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်နိုင်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကို ငါတို့ ပြီးဆုံးသွားပြီး ဘုရားသခင်က ငါ့တို့ကို အိမ်သို့ ပြန်ပို့လျှင် အိမ်ပြန်ကြမည်” ဟူ၍ ပြောသင့်သည်။ “ကိုယ်တော်က ကျွန်ုပ်အား အိမ်သို့ ပြန်ပို့သည်မှာ မည်သည့်အရာကို ကျွန်ုပ်မှားယွင်းစွာ လုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သနည်း။ အကြောင်းရင်းကို မပြောနိုင်လျှင် ကျွန်ုပ်အိမ်ပြန်မည်မဟုတ်” ဟု မပြောနှင့်။ ဤတောင်းဆိုချက် မရှိစေနှင့်။ သင့်တွင် ဤတောင်းဆိုချက်ရှိလျှင် သင်၏ စိတ်သဘောထားက အထူးပင် မာနထောင်လွှားသည်ဆိုသည်ကို သက်သေပြသည်။ သင်သည် အမှားတစ်ခုမပြုလုပ်ထားလျှင် သင့်အား အိမ်သို့ပြန်ပို့၍ မရသလော။ သင်သည် မှန်မှန်ကန်ကန် လုပ်ဆောင်လျှင် သင့်အား အိမ်သို့ပြန်ပို့၍ မရသလော။ သင်သည် မှန်ကန်စွာ ပြုမူဆောင်ရွက်ပြီး ကောင်းစွာ လုပ်ဆောင်လျှင်ပင် သင့်အား အိမ်သို့ပြန်လွှတ်လျှင် သင်သည် အိမ်သို့ ပြန်ရမည်။ သင်သည် ပြုပြင်ခြင်းခံရလျှင် လက်ခံပြီး နာခံသင့်သည်။ ဤသည်မှာ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်တစ်ခုဖြစ်သည်။ သင့်ကိုယ်သင် မခုခံသင့်ပေ။ ယောဘသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်အား ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ ယောဘက မည်သည့်အရာကိုမျှ မတောင်းဆိုခဲ့ပေ။ ယေဟောဝါက သူ့အား ကောင်းချီးပေးခဲ့သည်။ လူအချို့က “ဤသည်မှာ ယောဘက ဘုရားသခင်အပေါ် ကောင်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား ကောင်းချီးပေးသည်မှာ ပြောစရာမလိုပေ။ ယင်းသည် ယောဘ၏ ယုံကြည်ခြင်းနှင့် ဖြောင့်မတ်သောအလုပ်အတွက် အပြန်အလှန်အနေဖြင့် ရရှိခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ ယင်းသည် အပြန်အလှန်အဖြစ် ရရှိခြင်းမဟုတ်ပေ။ ယေဟောဝါက သူ့အား ကောင်းချီးပေးလိုခြင်းဖြစ်သည်။ ယေဟာဝါက သူ့ထံမှ အရာအားလုံးကို ယူဆောင်သွားသောအခါ သူသည် အဘယ်ကြောင့် မညည်းညူသနည်း။ “ငါသည် ဖြောင့်မတ်စွာ ပြုမူဆောင်ရွက်သည်။ အလွန်ပင် အရည်အချင်းပြည့်မီသည်။ ထို့ကြောင့် ကိုယ်တော်သည် ငါ့အား ဤသို့ မဆက်ဆံသင့်ပေ” ဟူ၍ သူ အဘယ်ကြောင့် မဆိုသနည်း။ ဤသည်မှာ လုပ်ဆောင်သင့်ခြင်း၊ မလုပ်ဆောင်သင့်ခြင်းနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ပတ်သက်လျှင် လူတို့သည် အစဉ်သဖြင့် ကိုယ်ပိုင်ရွေးချယ်မှုရှိကြလျှင်၊ အစဉ်သဖြင့် လူသား၏အယူအဆများနှင့် အယူဝါဒများကို ပြောဆိုလျှင် ယင်းသည် မှန်ကန်မည်မဟုတ်ပေ။ ဤသည်မှာ လူသား၏ မာနထောင်လွှားမှု၊ လူသား၏ ပုန်ကန်မှုဖြစ်သည်။ လူသား၏ ရွေးချယ်မှုသည် လူသား၏ မစစ်မှန်မှုဖြစ်သည်။
သင်တို့သည် သင်တို့၏ ကိုယ်ပိုင်မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်ပြသောအခါ သတိပြုမိသလော။ လူအချို့က သတိမပြုမိဘဲ “ငါသည် မာနထောင်လွှားခြင်းမရှိ။ ယခင်က မာနထောင်လွှားသည့်အရာ တစ်ခုမျှ မပြောခဲ့” ဟူ၍ ဆိုကြသည်။ အမှန်တကယ်တွင် သင် သတိမပြုမိလျှင်ပင် သင့်၌ မာနထောင်လွှားသော စိတ်သဘောထားရှိဆဲဖြစ်သည်။ ထုတ်ဖော်ခြင်း မခံခြင်းသာ ဖြစ်သည်။ သင်သည် အပြင်ပန်းတွင် ဖွင့်ပြခြင်းမရှိဆိုသည့်အချက်က သင့်တွင် မာနထောင်လွှားသော စိတ်သဘောထားမရှိဟု သက်သေမပြပေ။ သင်၏ စိတ်နှလုံးက အခြားမည်သူမဆိုထက် ပို၍ မာနထောင်လွှားခြင်း ဖြစ်နိုင်ခြေရှိသည်။ သင်က မည်သို့ ဟန်ဆောင်ရမည်ကို သိခြင်းသာဖြစ်သည်။ ထို့ကြောင့် ယင်းသည် ထုတ်ဖော်ခြင်းမခံရပေ။ သို့သော် ချင့်ချိန်နိုင်စွမ်း ရှိသည့်သူများက မြင်နိုင်သည်။ ထို့ကြောင့် လူတိုင်းတွင် မာနထောင်လွှားသော စိတ်သဘောထားရှိသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ အတွေ့ရများသော သဘာဝဖြစ်သည်။ မာနထောင်လွှားသည့် သဘာဝရှိသောလူများသည် ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ခုခံခြင်း၊ ဘုရားကို ဝေဖန်အကဲဖြတ်သည့် အပြုအမူများကို ကျူးလွန်ခြင်းနှင့် ဘုရားကို သစ္စာဖောက်ခြင်းတို့ကို စွမ်းဆောင်နိုင်ပြီး၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် ၎င်းတို့၏ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေများကို တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်သည့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ဘုရားသခင်၏ အမှုကို လက်ခံသည့် နိုင်ငံတစ်ခုတွင် ထောင်သောင်းချီ လူအချို့ရှိပြီး ဘုရားသခင်၏အိမ်တော်က ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ကာ ထိန်းကျောင်းဖို့ ထိုနေရာသို့ သင့်အား စေလွှတ်သည် ဆိုကြပါစို့။ ပြီးလျှင် ဘုရားသခင်၏အိမ်တော်က သင့်အား ဩဇာအာဏာ လွှဲပြောင်းပေးခဲ့ပြီး ငါ၊ သို့မဟုတ် အခြားမည်သူမျှ၏ ကြီးကြပ်ခြင်းမျှ မရှိဘဲ၊ သင့်ကို မိမိဘာသာ အလုပ်လုပ်ခွင့်ပြုသည် ဆိုကြပါစို့။ လအချို့ကြာပြီးနောက် သင်သည် အချုပ်အခြာအာဏာ ပိုင်စိုးသူတစ်ယောက်ကဲ့သို့ ဖြစ်လာပြီးလိမ့်မည် ဖြစ်ပြီး၊ အာဏာဟူသမျှသည် သင်၏လက်ထဲတွင် ရှိကာ၊ သင် ဦးစီးဦးကိုင် လုပ်လိမ့်မည် ဖြစ်သည်၊ ရွေးချယ်ခံထားရသူများ အားလုံးသည် သင့်ကို ဘုရားသခင် ဖြစ်သည့်အလား မျှော်ကိုးကြမည်၊ ကြည်ညိုကြမည်၊ ကျိုးနွံနာခံကြလိမ့်မည်၊ ၎င်းတို့အားလုံးက စကားလုံးတိုင်းတွင် သင့်ကို ချီးမွမ်းခြင်း သီချင်းဆိုလျက်၊ သင်သည် ထိုးထွင်းအမြင်ရှိစွာ တရားဟောကြားသည်ဟု ပြောပြီး သင်၏ပြောဆိုချက်များသည် ၎င်းတို့လိုအပ်သည့် အရာဖြစ်ပြီး သင်သည် ၎င်းတို့အား ပံ့ပိုးပေးပြီး ဦးဆောင်နိုင်ကြောင်း မလျှော့တမ်း အခိုင်အမာဆိုကြမည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် နေရာရှိမည်မဟုတ်ပေ။ ဤသို့သောအမှုမျိုးသည် ပြဿနာမဖြစ်တတ်သလော။ သင်သည် ဤအမှုကို မည်သို့ ပြုပြီး ဖြစ်မည်နည်း။ ဤလူများအတွက် ထိုသို့သော တုံ့ပြန်မှုတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းက သင်လုပ်ဆောင်နေသည့် အလုပ်သည် ဘုရားသခင်ကို သက်သေခံခြင်း လုံးဝ မပါရှိသည်ကို သက်သေပြနေသည်။ ထို့ထက် သင့်ကိုယ်သင်သာ သက်သေခံပြီး၊ သင့်ကိုယ်သင်သာ ဝါကြွားခဲ့သည်။ သင်သည် ထိုသို့သော အကျိုးဆက်တစ်ခုကို မည်သို့ စွမ်းဆောင်ရရှိနိုင်ရသနည်း။ လူအချို့က “ကျွန်ုပ် မိတ်သဟာယပြုသည်မှာ သမ္မာတရား ဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ သေချာပေါက် သက်သေမခံဖူးပါ။” ဟု ပြောကြသည်။ သင်၏ထိုသဘောထား၊ ထိုဟန်ပန်သည် လူများကို ဘုရားသခင်၏နေရာမှ မိတ်သဟာယပြုဖို့ ကြိုးစားခြင်း ဖြစ်ပြီး၊ ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ယောက်၏ အနေအထားတွင် ရပ်တည်နေခြင်း မဟုတ်ပေ။ သင်ပြောသမျှသည် စကားကြီး စကားကျယ်နိုင်သည့် စကားများဖြစ်ပြီး အခြားသူများကို တောင်းဆိုမှုများ ပြုနေခြင်း ဖြစ်သည်။ ယင်းက သင်ကိုယ်တိုင်နှင့် လုံးဝမသက်ဆိုင်ပေ။ ထို့ကြောင့် သင်ရယူမည့် အကျိုးဆက်မှာ လူများက သင့်ကို ကြည်ညိုစေဖို့၊ အားကျစေဖို့နှင့် အဆုံး၌ ၎င်းတို့အားလုံးက သင့်ကို နာခံစေဖို့၊ သင့်ကို သက်သေခံဖို့ သင့်ကို ချီးမြှောက်ဖို့နှင့် သင့်ကို အလွန်ဆိုးရွားစွာ မြှောက်ပင့်ဖို့တို့ ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဆုံးခန်းတိုင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် ကျရှုံးပြီးဖြစ်လိမ့်မည်။ ဤသည်က သင်တို့အားလုံး ယခုရောက်နေသည့် လမ်းကြောင်း မဟုတ်လော။ သင်သည် လူထောင်ပေါင်းအနည်းငယ် သို့မဟုတ် သောင်းပေါင်းအနည်းငယ်ကို ဦးဆောင်ဖို့ တောင်းဆိုခြင်း ခံရပါက၊ သင်သည် ဘဝင်ခိုက်နေလိမ့်မည်။ ထို့နောက်တွင် သင်သည် မာနထောင်လွှားလာပြီး စကားပြောခြင်းနှင့် လက်ဟန်ခြေဟန်နှင့်ပြောဆိုခြင်းအပါအဝင် ဘုရားသခင်၏ အနေအထားကိုပါ စတင် နေရာယူဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး၊ မည်သည့်အရာကို ဝတ်ရမည်၊ မည်သည့်အရာကို စားရမည် သို့မဟုတ် မည်သို့လမ်းလျှောက်ရမည်တို့ကို သင်သိမည်မဟုတ်ပေ။ သင်သည် ဘဝ၏ ဇိမ်ခံစရာများ၌ ပျော်ပါးမြူးထူးပြီး သာမန် ညီအစ်ကိုမောင်နှမများဖြင့် တွေ့ဆုံဖို့ အရေးတယူ မလုပ်ဘဲနေလျက်၊ ဘဝင်လေဟပ်လိမ့်မည်။ သင်သည် လုံးလုံးအကျင့်ပျက်ကာ— ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားခြင်း ခံရလိမ့်မည်ဖြစ်ကာ ကောင်းကင်တမန်မင်းကဲ့သို့ပင် ဒဏ်ခတ်ခြင်း ခံရလိမ့်မည်။ သင်တို့အားလုံးသည် ဤသည်ကို လုပ်နိုင်စွမ်းရှိကြသည် မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်နေ့တွင် နိုင်ငံတိုင်းရှိ ဧဝံဂေလိအလုပ်အတွက် သင်တို့အား တာဝန်ယူခိုင်းရန် စီစဉ်ခဲ့ပြီး သင်တို့သည် အန္တိခရစ်တစ်ယောက်၏ လမ်းကြောင်းကို လျှောက်နိုင်စွမ်းရှိလျှင် ဤအမှုကို မည်သို့တိုးချဲ့နိုင်မည်နည်း။ ဤသည်မှာ ဒုက္ခပေးသည် မဟုတ်လော။ သို့ဆိုလျှင် မည်သူက သင်တို့ကို ထွက်သွားခွင့်ပြုဝံ့မည်နည်း။ အပြင်သို့ စေလွှတ်ပြီးနောက်တွင် သင်သည် လုံးဝ ပြန်လာလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ပြောသမျှကို မည်သည့်အာရုံမျှ စိုက်မည် မဟုတ်ဘဲ၊ သင်သည် ဤလူများကို ကယ်တင်ခြင်း ဆောင်ကြဉ်းပေးကာ၊ ဘုရားသခင်၏ အမှုကို ပြုနေသည့်အလား၊ ပြီးလျှင် ဘုရားသခင်သည် ပေါ်ထွန်းခဲ့ပြီး ဖြစ်ကာ၊ ဤနေရာတွင် အလုပ်လုပ် နေသည့်အလား လူများကို ခံစားစေလျက်၊ ဆက်လက် ကြွားဝါနေပြီး သင့်ကိုယ်သင် သက်သေခံနေလိမ့်မည်— ပြီးလျှင် လူများက သင့်ကို ကိုးကွယ်သည်နှင့်အညီ၊ သင်သည် ပီတိရွှန်းပြီး၊ ၎င်းတို့က သင့်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံပါက၊ သင်သည် သဘောပင်တူ နေလိမ့်မည်။ သင်သည် ဤအဆင့်ကို ရောက်သည်နှင့် တစ်ပြိုင်နက်၊ သင်ပွဲသိမ်းသွားပြီဖြစ်သည်။ သင်သည် တစ်စစီပျက်စီး သွားလိမ့်မည်။ သင် သတိမထားမိဘဲ၊ ဤမာနထောင်လွှားသည့် သဘာဝမျိုးသည် အဆုံး၌ သင်၏ပျက်စီးခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သည့် လူတစ်ဦး၏ နမူနာတစ်ခု ဖြစ်သည်။ ဤအခြေအနေသို့ ရောက်သောသူတို့သည် အသိစိတ်အားလုံး ကုန်ဆုံးသွားပြီဖြစ်သည်။ ၎င်းတို့၏ အသိစိတရားနှင့် အသိစိတ်သည် လုံးဝ အလုပ်မလုပ်ဘဲ ရပ်တန့်သွားသည်။ ပြီးလျှင် ၎င်းတို့သည် ဆုတောင်းရန်၊ သို့မဟုတ် ရှာဖွေရန်ပင် မသိကြပေ။ ထိုအချိန်အထိ စောင့်၍ “ငါသည် မိမိကိုယ်ကို အသေအချာ စောင့်ကြည့်ရမည်။ အလေးအနက် ဆုတောင်းရမည်” ဟူ၍ မစဉ်းစားနှင့်။ ထိုအချိန်ရောက်လျှင် အလွန်နောက်ကျသွားမည်ဖြစ်သည်။ သင်သည် ဤအကြောင်းအရာကို ကြိုတင်သိဖို့ လိုအပ်သည်။ ရှာဖွေဖို့ လိုအပ်သည်။ “မိမိကိုယ်ကို သက်သေခံခြင်းမရှိဘဲ ဘုရားသခင်အား သက်သေခံရန်၊ ငါ၏ အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန်၊ အခြားလူများအား ဦးဆောင်ရန် မည်သည့်နည်းလမ်းများကို ငါ အသုံးပြုရမည်နည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်ပြင်ဆင်ရမည့် ပုံစံဖြစ်သည်။ တစ်နေ့တွင် သင်တို့အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရန် အစီအစဉ်များကို အမှန်တကယ်ပြုလုပ်ခဲ့ပြီး သင်တို့က မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းကို လုပ်ဆောင်နိုင်ဆဲဖြစ်လျှင်၊ ဤသို့ဖြင့် သင်တို့၏ လက်ထဲတွင်ရှိသော လူများစွာတို့သည် ပျက်စီးခြင်းသို့ ရောက်လျှင် သင်တို့သည် ဒုက္ခရောက်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ခံရမည်။ ငါသည် ဤစကားများကို သင်တို့အား မပြော၍ ရသလော။ ငါမပြောခင်တွင် သင်တို့သည် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ငါပြောပြီးနောက်တွင် သင်တို့သည် လုပ်ဆောင်နိုင်ဆဲဖြစ်လျှင် သင်တို့သည် ဒုက္ခမရောက်သလော။ သင်တို့အားလုံးသည် သင်တို့၏ အလုပ်ကို မည်သို့လုပ်ရမည်၊ မိမိတို့ကိုယ်ကို အသင့်လျော်ဆုံးဖြစ်စွာ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို စဉ်းစားရမည်။ သင်ပြောသမျှ၊ လုပ်ဆောင်သမျှသည်လည်းကောင်း၊ ပြုမူဆောင်ရွက်မှုတိုင်းနှင့် လှုပ်ရှားမှုတိုင်းလည်းကောင်း၊ အပြောနှင့် အလုပ်တိုင်းလည်းကောင်း၊ သင့်စိတ်နှလုံးရှိ ရည်ရွယ်ချက်တိုင်းလည်းကောင်း အားလုံး စံနှုန်းဖြင့် ကိုက်ညီရမည်။ တစ်ခုမျှ ကျန်ခဲ့၍ မရပေ။ သင်သည် မည်သည့်ထွက်ပေါက်ကိုမျှ အသုံးချ၍ မရပေ။ မာနထောင်လွှားခြင်းသည် လူသား၏ သဘာဝဖြစ်သော်လည်း၊ ပြောင်းလဲရန် မလွယ်ကူသော်လည်း လူတို့သည် ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကိုသိရန်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိရန် လိုအပ်ဆဲဖြစ်သည်။ သင်သည် နားလည်ရမည်။ “ငါ့အား အသင်းတော်အချို့ကို အမှန်တကယ် ပေးအပ်လျှင် ဘုရားသခင်၏ နေရာကို မယူရန်အတွက် ငါသည် မည်သို့ပြုမူလုပ်ဆောင်ဖို့ လိုမည်နည်း။ မာနမထောင်လွှားဖို့ မည်သို့ပြုမူဆောင်ရွက်ဖို့ လိုအပ်မည်နည်း။ မည်သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူလုပ်ဆောင်ရမည်နည်း။ လူတို့အား ဘုရားရှေ့သို့ ခေါ်ဆောင်ရန်၊ ဘုရားသခင်အား သက်သေခံရန် မည်သို့ ပြုမူလုပ်ဆောင်ရမည်နည်း” ဟူ၍ ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းလင်းစွာ သိသွားသည်အထိ တွေးတောရမည်။ လူတစ်ယောက်က “သင်သည် အသင်းတော်များကို ကောင်းစွာ ဦးဆောင်နိုင်သလော” ဟု မေးပြီး သင်က “ဦးဆောင်နိုင်သည်” ဟု ဆိုသော်လည်း သင်သည် လူများအား ဦးဆောင်မည့်အစား သင်ကိုယ်တိုင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်သည်ဆိုပါစို့။ ၎င်းတို့က သင့်အား နာခံသော်လည်း ဘုရားသခင်အား မနာခံလျှင် ဤသည်မှာ ပြဿနာဖြစ်မည်မဟုတ်လော။ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် လူတို့အား ဘုရားရှေ့သို့ ခေါ်ဆောင်ခြင်းသည်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ ရှေ့သို့ ခေါ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သင် မသိလျှင် သင်သည် ဘုရားသခင်ကို အစေခံနိုင်သလော။ သင်သည် ဘုရားသခင် အသုံးပြုရန် သင့်တော်နိုင်သလော။ လုံးဝ မသင့်တော်နိုင်ပေ။ မိမိတို့ကိုယ်တိုင်၏ ရှေ့သို့ အခြားလူများကို ခေါ်ဆောင်နိုင်စွမ်းရှိသူများအားလုံးသည် အန္တိခရစ်များမဟုတ်သလော။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ စိတ်နှလုံး၌ ဘုရားသခင်အတွက် နေရာမရှိလျှင်၊ ဘုရားသခင်ကို မကြောက်လျှင်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးမရှိလျှင်၊ သို့မဟုတ် ဘုရားသခင်အား နာခံလိုသည့် စိတ်ဆန္ဒမရှိလျှင် ထိုသူသည် ဘုရားသခင်အား မယုံကြည်ပေ။ ဤသို့ဆိုလျှင် သူသည် အမှန်တကယ်တွင် မည်သူ့ကို ယုံကြည်သနည်း။ ဤအရာကို သင့်ဘာသာ စိစစ်လော့။ နောက်မှ “ငါသည် မာနထောင်လွှားခြင်းမရှိ။ လူကောင်းတစ်ယောက်ဖြစ်သည်။ ကောင်းသောအရာများကိုသာ လုပ်ဆောင်သည်” ဟူ၍ မပြောနှင့်။ ဤစကားများသည် အလွန် ကလေးဆန်သည်။ အခြားလူတိုင်းက မာနထောင်လွှားသော်လည်း သင်က မာနထောင်လွှားခြင်းမရှိသလော။ ဤသို့အားဖြင့် သင်သည် ဖော်ထုတ်ခြင်းခံရသော်လည်း သင့်ကိုယ်သင် မသိသေးပေ။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောဆိုဆဲဖြစ်သည်။ သင်သည် အလွန်ပင် အရှက်ကင်းမဲ့သည်။ သင်သည် အလွန်ထုံထိုင်းသည်မှာ သင် မည်သို့ဖော်ထုတ်ခံရသည်ဆိုသည်မှာ အရေးမပါပေ။ ဤစကားများကို ငါပြောသည့် ရည်ရွယ်ချက်ကို သင်တို့သိသလော။ ငါသည် အဘယ်ကြောင့် လူတို့အား ဤသို့ ဖော်ထုတ်သနည်း။ ငါသည် ဤသို့ မဖော်ထုတ်လျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သိလာမည်လော။ ငါသည် ဤသို့ မဖော်ထုတ်လျှင် လူတို့သည် ၎င်းတို့က အလွန်ကောင်းမြတ်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ အလုပ်ကို အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်သည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ထောက်ပြစရာ အမှားမရှိဟုလည်းကောင်း၊ ၎င်းတို့သည် အဘက်ဘက်မှ အဆင်ပြေသည်ဟုလည်းကောင်း ထင်ဆဲဖြစ်လိမ့်မည်။ ၎င်းတို့သည် အားလုံး အဆင်ပြေလျှင်ပင် မာနထောင်လွှားသော အခြေအနေတွင် မရှိသင့်သကဲ့သို့ ၎င်းတို့သည် အရည်အချင်း ပြည့်မီသည်ဟုလည်း မထင်သင့်ပေ။ မကြွားဝါသင့်ပေ။ ငါသည် လူတို့၏ အခြေအနေများကို ဤသို့ ဖော်ထုတ်သည်မှာ ၎င်းတို့အား သေဒဏ်စီရင်ရန် မဟုတ်သကဲ့သို့ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်ဟု ပြောရန်လည်း မဟုတ်ချေ။ ထိုအစား ၎င်းတို့အား မိမိတို့ကိုယ်ကို အမှန်တကယ် သိစေရန်၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ၎င်းတို့၏ သဘာဝကို နားလည်စေရန်၊ ဤသို့ဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်မှုကို ရရှိစေရန်အတွက်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့ ကြိုးစားသောအခါတွင် အကျိုးဖြစ်စေသည်။ သင်တို့သည် လူတို့ကို ဖော်ထုတ်ပြီး ပြုပြင်သော ငါ၏ စကားများကို မှန်ကန်သောနည်းဖြင့် မှတ်ယူနိုင်လျှင်လည်းကောင်း၊ အပျက်သဘောဆောင်ခြင်းလာကို ရှောင်ကြဉ်နိုင်လျှင်လည်းကောင်း၊ သင်တို့၏ တာဝန်ကို ပုံမှန်အားဖြင့် ထမ်းဆောင်နိုင်လျှင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အရေးကိစ္စများကို သင်၏ အရေးကိစ္စအဖြစ် မှတ်ယူနိုင်လျှင်လည်းကောင်း၊ ပြီးလျှင် သင်တို့သည် ဝတ်ကျေတမ်းကျေမဆန်ဘဲ တာဝန်ယူနိုင်လျှင်လည်းကောင်း၊ ဘုရားသခင်အပေါ် သစ္စာရှိနိုင်လျှင်လည်းကောင်း ဤသဘောထားသည် မှန်ကန်သည်။ သင်တို့သည် သင်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်။
ပြုမူလုပ်ဆောင်သောအခါတွင် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်သောသူအချို့ရှိသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံပေ။ အခြားလူများပြောသည့်အရာများက သမ္မာတရားနှင့်ညီသည်ကို ၎င်းတို့၏ စိတ်နှလုံးတွင် သိသော်လည်း လက်မခံပေ။ ဤသို့သောလူများသည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ကြသည်။ ၎င်းတို့သည် မာနထောင်လွှားသည်ဟု အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံလျှင် ၎င်းတို့သည် နာခံခြင်းမရှိပေ။ မနာခံခြင်းသည် မာနထောင်လွှားခြင်းမဟုတ်သလော။ ၎င်းတို့သည် အဆင်ပြေနေကြသည်ဟု ထင်ကြသည်။ အမှားများလုပ်နေသည်ဟု မထင်ပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိဆိုသည့် သဘောဖြစ်သည်။ ယင်းသည် မာနထောင်လွှားခြင်းဖြစ်သည်။ ထို့ကြောင့် သင် အလေးအနက် စိစစ်ရန်၊ နည်းနည်းချင်း စူးစမ်းလေ့လာရန် လိုအပ်သည့်အရာအချို့ရှိသည်။ အသင်းတော်အလုပ်ကို သင် လုပ်ဆောင်သောအခါ အခြားလူများ၏ လေးစားမှုကို ရရှိလျှင်၊ ၎င်းတို့က သင့်အား အကြံပြုချက်များပေးလျှင်၊ ၎င်းတို့က မိတ်သဟာယတွင် သင့်အား မိမိတို့ကိုယ်ကို ဖွင့်ဟပြောဆိုလျှင် ဤသည်မှာ သင်သည် သင်၏အလုပ်ကို ကောင်းစွာလုပ်ခဲ့သည်ဆိုသည်ကို သက်သေပြသည်။ လူတို့သည် သင့်ကြောင့် စိတ်ကျဉ်းကျပ်လျှင် ၎င်းတို့သည် သင့်အား တဖြည်းဖြည်းချင်းဖြင့် ပိုင်းခြားသိမြင်လာပြီး သင်နှင့်ဝေးရာတွင် နေကြလိမ့်မည်။ ဤသည်မှာ သင်သည် သမ္မာတရား စစ်မှန်မှုမရှိသည်ကို သက်သေပြသည်။ ထို့ကြောင့် သင်ပြောသမျှသည် အသေအချာပင် စကားများနှင့် အယူဝါဒများသာဖြစ်သည်။ အခြားလူများကို ချုပ်ချယ်ရန် ရည်ရွယ်သည်။ အသင်းတော်ခေါင်းဆောင်အချို့သည် လူစားထိုးခံရသည်။ အဘယ်ကြောင့် ၎င်းတို့ လူစားထိုးခံရသနည်း။ စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး အစဉ်သဖြင့် ကြွားဝါကာ မိမိတို့ကိုယ်ကို သက်သေခံနေသောကြောင့်ဖြစ်သည်။ ၎င်းတို့က ၎င်းတို့ကို အာခံခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်၊ အခြေအနေများကို အထက်သို့ တင်ပြသူမည်သူမဆိုသည် အသင်းတော်အလုပ်ကို နှောင့်ယှက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤလူတို့သည် အလွန်ပင် မာနထောင်လွှားပြီးဖြစ်သည်မှာ အသိစိတ်ပင်မရှိတော့ပေ။ ဤသည်မှာ အန္တိခရစ်များဖြစ်သည့် ၎င်းတို့၏ သရုပ်မှန်ကို မပြသလော။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေများကို စတင်တည်ထောင်ခြင်းအဖြစ်သို့ ရောက်ရှိလာမည်မဟုတ်သလော။ စတင် ယုံကြည်ခါဖြစ်သောသူများသည် ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့အကြောင်း သက်သေခံလိမ့်မည်။ ဤအရာကို အလွန်ပျော်မွေ့ပြီး အလွန်ကျေနပ်အားရကြလိမ့်မည်။ ဤမျှ မာနထောင်လွှားသောသူ တစ်ယောက်သည် ပျက်စီးခြင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ “ငါ့အား အာခံခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်” ဟု ပြောဆိုနိုင်သောသူသည် ခေတ်သစ်ပေါလုဖြစ်နေပြီဖြစ်သည်။ ဤအရာနှင့် ပေါလုက “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏” ဟု ပြောသောအရာနှင့် ကွာခြားမှုမရှိပေ။ ဤသို့ပြောဆိုသောသူတို့သည် ကြီးမားသော အန္တရာယ်မကရောက်သလော။ ၎င်းတို့က အမှီအခိုကင်းသော နယ်မြေများကို မတည်ဆောက်လျှင်ပင် အန္တိခရစ်စစ်စစ်များဖြစ်ဆဲဖြစ်သည်။ ထိုသို့သောသူသည် အသင်းတော်ကို ဦးဆောင်လျှင် ထိုအသင်းတော်သည် လျင်မြန်စွာပင် အန္တိခရစ်များ၏ နယ်မြေဖြစ်လာမည်။ လူအချို့သည် အသင်းတော်ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် ကြီးကျယ်သော တရားဒေသနာများကို ဟောခြင်း၊ ကြွားဝါခြင်းတို့ကို အထူးအာရုံစိုက်ကြသည်။ လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားရန်အတွက် နက်နဲသောအရာများကို အထူးပြောဆိုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုဖြင့် ပိုပို၍ ဝေးကွာလာသည်။ ဤသို့ဖြင့် လူအများစုက ဝိညာဉ်ရေးဆိုင်ရာ သီအိုရီများကို ကိုးကွယ်ခြင်းဖြစ်ပေါ်လာသည်။ မည်သူကကြီးကျယ်စွာပြောသည်ဖြစ်စေ ထိုသူအား လူတို့က နားထောင်ကြသည်။ မည်သူက အသက်ဝင်ရောက်မှုကို ပြောသည်ဖြစ်စေ လူတို့က ၎င်းတို့ကို အရေးမစိုက်ပေ။ ဤသည်မှာ လူတို့အား လမ်းလွဲစေခြင်းမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရား စစ်မှန်မှုကို မိတ်သဟာယဖွဲ့လျှင် မည်သူကမျှ နားမထောင်ပေ။ ဤသည်မှာ ပြဿနာဖြစ်သည်။ ဤလူကလွဲ၍ အသင်းတော်ကို မည်သူမျှ ဦးမဆောင်နိုင်ပေ။ လူတိုင်းက ဝိညာဉ်ရေးဆိုင်ရာ သီအိုရီများကို ကိုးကွယ်နေကြသောကြောင့်ဖြစ်သည်။ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီများကို မပြောဆိုနိုင်သူများသည် ခိုင်မာစွာ မရပ်တည်နိုင်ကြပေ။ ဤသို့သော အသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သေးသလော။ လူတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်သလော။ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းနှင့် တကယ့်အတွေ့အကြုံများအကြောင်းပြောဆိုခြင်းကို ငြင်းပယ်ကြသည်မှာ သမ္မာတရားအကြောင်းအား ငါ မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ နားထောင်လိုစိတ်မရှိသည်အထိ ဖြစ်ရခြင်းသည် အဘယ်ကြောင့်နည်း။ ဤသည်မှာ ဤခေါင်းဆောင်များသည်၎င်းတို့သည် အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရပြီးဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နာခံရမည့်အစား ဤလူတို့ကို နားထောင်ပြီး နာခံသည်။ ၎င်းတို့သည် ဘုရားသခင်အစား ၎င်းတို့၏ ခေါင်းဆောင်များကို ကျိုးနွံနာခံသည့်သူမျိုးဖြစ်သည်မှာ သိသာထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားအား လိုက်စားသူတို့သည် လူကို ကိုးကွယ်သော၊ သို့မဟုတ် လူနောက်သို့ လိုက်သောသူမျိုးမဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ လူသား၏ ချုပ်ချယ်ခြင်းကို ခံရနိုင်မည်နည်း။ သမ္မာတရား စစ်မှန်မှုမရှိသော အယောင်ဆောင်ခေါင်းဆောင်ကို အဘယ်သို့ ကျိုးကျိုးနွံနွံ နာခံနိုင်မည်နည်း။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး အကြောက်ရွံ့ဆုံးအရာသည် သမ္မာတရား စစ်မှန်မှုရှိသောသူ၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်သည်။ လူတစ်ယောက်တွင် သမ္မာတရားမရှိသော်လည်း ထိုသူသည် အခြားလူများအား သူ့ကို နာခံရန် လုပ်ဆောင်လိုလျှင် ဤသည်မှာ ဖြစ်နိုင်သမျှ မာနအထောင်လွှားဆုံး နတ်ဆိုး၊ သို့မဟုတ် စာတန်မဟုတ်သလော။ သင်သည် အသင်းတော်ကို လက်ဝါးကြီးအုပ်လျှင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်လျှင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး သင့်ကိုယ်သင် ပျက်စီးစေပြီဖြစ်သည်။ သင်သည် နောင်တရရန် အခွင့်အရေးပင်မရှိနိုင်ပေ။ သင်တို့ တစ်ယောက်ချင်းစီတိုင်းသည် ဂရုစိုက်ရမည်။ ဤသည်မှာ အလွန်အန္တရာယ်ရှိသော အရေးကိစ္စဖြစ်သည်။ မည်သူမဆို အလွန်လွယ်ကူစွာ လုပ်ဆောင်နိုင်သောအရာတစ်ခုဖြစ်သည်။ “ငါသည် ဤသို့ လုပ်ဆောင်မည်ပင် မဟုတ်။ မိမိကိုယ်ကို သက်သေခံမည်ပင် မဟုတ်ပေ” ဟု ပြောသောသူအချို့ရှိနိုင်သည်။ ဤသည်မှာ သင်က အချိန်ခဏသာ အလုပ်လုပ်ခဲ့သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် သင်သည် လုပ်ဆောင်ရဲလိမ့်မည်။ သင်သည် တဖြည်းဖြည်းချင်းဖြင့် ပို၍ ရဲတင်းလာမည်။ သင် လုပ်ဆောင်လေလေ၊ ရဲတင်းလေလေဖြစ်မည်။ သင်ဦးဆောင်သည့်သူများသည် သင့်အကြောင်းကို ကြွားဝါပြောဆိုပြီး သင့်အား နားထောင်သည်ဆိုလျှင် သင်သည် အဆင့်မြင့်သောနေရာတွင်ရှိသည်၊ အလွန်တော်သည်ဟု သင် အလိုအလျောက် ခံစားရမည်ဖြစ်သည်။ “ငါ့အားကြည့်လော့။ ငါသည် အလွန်တော်သည်။ ဤလူများအားလုံးကို ဦးဆောင်နိုင်သည်။ ၎င်းတို့အားလုံး ငါ့အား နားထောင်ကြသည်။ ငါ့အား နားမထောင်သောသူများကို ငါ နှိမ်နင်းသည်။ ဤသည်မှာ ငါ့တွင် အလုပ်လုပ်ရန် အရည်အချင်းအချို့ရှိသည်၊ ငါ၏ အလုပ်တွင် စွမ်းဆောင်နိုင်စွမ်း ရှိသည်ကို သက်သေပြသည်” ဟူ၍ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင့်သဘာဝ၏ မာနထောင်လွှားသော အရိပ်အယောင်များသည် ၎င်းတို့ဘာသာ စတင်၍ ပေါ်လွင်လာလိမ့်မည်။ သင်သည် အလွန်မာနထောင်လွှားလာသည်မှာ သင်၏ အသိစိတ် ပျောက်ဆုံးလိမ့်မည်။ ပြီးလျှင် သင့်အတွက် အန္တရာယ်ရှိလိမ့်မည်။ ဤအရာကို သင် ရှင်းလင်းစွာ မြင်နိုင်သလော။ သင်၏ မာနထောင်လွှားသော၊ မနာခံသော စိတ်သဘောထားကို ဖွင့်ပြသည်နှင့် သင်ဒုက္ခရောက်ပြီဖြစ်သည်။ ငါစကားပြောသည့်အခါတွင်ပင် သင်နားမထောင်ပေ။ ဘုရားအိမ်တော်က သင့်အား လူစားထိုးသည်။ သင်က “သန့်ရှင်းသောဝိညာဉ်တော်အား ဖွင့်ပြစေလော့” ဟု ပြောရဲဆဲဖြစ်သည်။ ဤသို့ သင်ပြောဆိုသည့်အချက်က သင်သည် သမ္မာတရားကို လက်မခံကြောင်းကို သက်သေပြသည်။ သင်၏ ပုန်ကန်မှုသည် ကြီးမားလွန်းသည်။ သင်၏ သဘာဝ အနှစ်သာရကို ဖော်ပြသည်။ သင်သည် ဘုရားသခင်အား လုံးဝ မသိပေ။ ထို့ကြောင့် သင်တို့ကိုယ်သင်တို့ အသေအချာစောင့်ကြည့်ရန်အတွက် ဤအရာအားလုံးကို ယနေ့ သင်တို့အား ငါပြောသည်။ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်း မပြုနှင့်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေများကို ကြိုးစားပြီး တည်ဆောက်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ရာထူး၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်ကျက်သရေ၊ ဝင့်ဝါမှုတို့ကို နှစ်သက်ပြီး အဆင့်အတန်းမြင့်သော အစေခံဖြစ်လိုကြသည်။ အစွမ်းပြလိုကြသည်။ “ဤစကားများကို ငါ မည်သို့ ခက်ထန်စွာ ပြောသည်ကို ကြည့်လော့။ ငါက ခြိမ်းခြောက်သည့်ပုံစံ ပြုမူသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စိတ်မထိန်းနိုင်ဖြစ်ကြပြီး ကျိုးနွံလာကြသည်” ဟူ၍ ဖြစ်သည်။ ဤသို့သော အစွမ်းမျိုးကို မပြနှင့်။ အသုံးမဝင်ပေ။ မည်သည့်အရာကိုမျှ သက်သေမပြပေ။ သင်သည် အထူးပင် မာနထောင်လွှားသည်၊ ညံ့ဖျင်းသော စိတ်သဘောထားရှိသည်ဆိုသည်ကိုသာ သက်သေပြသည်။ သင့်တွင် သမ္မာတရား စစ်မှန်မှုရှိသည်ဆိုသည်ကို သက်သေပြဖို့မဆိုထားနှင့်၊ သင့်တွင် အရည်အချင်းတစ်ခုတလေ ရှိသည်ဆိုသည်ကိုပင် သက်သေမပြပေ။ သင်တို့အားလုံးသည် တရားဒေသနာများကို နှစ်အနည်းငယ် နားထောင်ပြီးနောက်တွင် မိမိတို့ကိုယ်ကို သိမြင်ကြသလော။ သင်တို့သည် အန္တရာယ်ရှိသော အခြေအနေများတွင် ရောက်ရှိနေသည်ဟု မခံစားရသလော။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန်အတွက် စကားပြောပြီး အလုပ်လုပ်ခြင်းမရှိလျှင် သင်တို့သည် အမှီအခိုကင်းသော နယ်မြေများကို တည်ထောင်မည်မဟုတ်သလော။ သင်တို့သည် သင်တို့၏ ထိန်းချုပ်မှုအောက်မှ မည်သူမျှ မလွတ်မြောက်နိုင်ရန်အတွက်၊ သင်တို့အား နားထောင်စေရန်အတွက် သင်တို့ တာဝန်ယူရသည့် အသင်းတော်များကို လက်ဝါးကြီး မအုပ်လိုသလော။ ဤလူများကို သင်တို့၏ လွှမ်းမိုးမှုအောက်သို့ မခေါ်ဆောင်လိုသလော။ သင်သည် ဤသို့ လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက် လူတို့ကို ထိန်းချုပ်လျှင် သင်သည် စာတန်နတ်ဆိုးဖြစ်သည်။ ဤသို့အတွေးများရှိခြင်းသည် သင့်အတွက် အလွန်အန္တရာယ်ရှိသည်။ သင်သည် အန္တိခရစ်၏ လမ်းကြောင်းပေါ်သို့ အခြေချပြီးဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိလျှင်၊ သင်၏ အပြစ်များကို ဘုရားသခင်ထံ ဝန်ချပြီး နောင်တရခြင်းမရှိနိုင်လျှင် သင်သည် အသေအချာပင် ဘေးဖယ်ခြင်းခံရမည်။ ဘုရားသခင်က သင့်အား လုံးဝ အာရုံစိုက်မည်မဟုတ်ပေ။ သင်သည် ဘုရားအလိုတော်နှင့် ကိုက်ညီဖို့အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းမရှိစေရန် အာမခံဖို့အတွက် မည်သို့ နောင်တရရမည်ကိုလည်းကောင်း၊ သင့်ကိုယ်သင် မည်သို့ပြောင်းလဲရမည်ကိုလည်းကောင်း သိသင့်သည်။ သင်သည် အန္တိခရစ်ဖြစ်သည်ဟု ဘုရားအိမ်တော်က ဆုံးဖြတ်ပြီး သင့်အား နှင်ထုတ်သည်အထိ မစောင့်နှင့်။ ထိုအချိန်တွင် အလွန်နောက်ကျသွားမည်ဖြစ်သည်။
ဆောင်းဦးရာသီ၊ ၁၉၉၇ ခုနှစ်