၈။ ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၁)

ဘုရားသခင်နှင့်လူသားကို တန်းတူပြောဆို၍မရပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏အမှုသည် လူတို့အဖို့ ဉာဏ်မမီနိုင်ဆုံးသော အရာနှင့် နားမလည်နိုင်ဆုံးသော အရာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုပါက၊ လူသားသည် ဘုရားသခင်၏အလိုကို မည်သည့်အခါတွင်မျှ နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံကြပြီးဖြစ်သည့် သူတို့ပင်လျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အကြံအစည်များသည် လူသား၏ စိတ်ကူးအကြံအစည်များထက် အမြဲမြင့်မားနေမည်ဖြစ်ကာ ဘုရားသခင်၏ ဉာဏ်ပညာသည် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်သောကြောင့်၊ လူသားသည် မည်မျှကောင်းစွာ လုပ်ဆောင်သည် ဖြစ်စေ၊ ဘုရားသခင်သည် အားကြိုးမာန်တက် အမှုမပြုပါက၊ အားလုံး အချည်းနှီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို “အပြည့်အဝ သိသည်” ဟု အခိုင်အမာဆိုသူများမှာ အသုံးမကျသည့် လူတစ်သိုက်ဖြစ်သည်ဟု ငါဆိုပေသည်။ ၎င်းတို့အားလုံးသည် ထောင်လွှားကာ မသိနားမလည်သူများဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် လူသားသည် ပုရွက်ဆိတ် တစ်ကောင်မျှပင် အရေးမပါပေ။ သို့ဖြစ်လျှင် လူသားသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဤသို့မလုပ်ပါ၊ ဒါမှမဟုတ် ထိုသို့မလုပ်ပါ။” သို့မဟုတ် “ဘုရားသခင်သည် ဤကဲ့သို့ သို့မဟုတ် ထိုကဲ့သို့ ဖြစ်သည်။” ဟု လေကြောရှည်ရန် နှစ်သက်သူများ- ၎င်းတို့သည် မာနထောင်လွှားစွာ စကားပြောနေကြသည် မဟုတ်လော။ ဇာတိပကတိနှင့် သက်ဆိုင်သော လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ငါတို့အားလုံး သိသင့်သည်။ လူသားမျိုးနွယ်၏ တကယ့် သဘာဝမှာ ဘုရားသခင်ကို ဆန့်ကျင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် တန်းတူ မဖြစ်နိုင်ပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုကို အကြံပေးရန် မျှော်လင့်ဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ လူသားကို ဘုရားသခင်က မည်သို့လမ်းပြသည် ဆိုသည့်အတွက်မူ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ် ဖြစ်ပေသည်။ လူသားသည် ဖုန်မှုန့်သာ ဖြစ်သည့်အတွက်၊ ဟိုဟိုသည်သည် အမြင် ဖွင့်ဟခြင်းမရှိဘဲ၊ ကျိုးနွံနာခံသင့်သည်မှာ သင့်တော်ပေသည်။ ဘုရားသခင်ကို ရှာဖွေရန်မှာ ငါတို့၏ ရည်ရွယ်ချက်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ငါတို့၏ အယူအဆများကို ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုအတွက် ထပ်မဆင့်သင့်ပေ၊ ဘုရားသခင်၏အမှုကို တမင်တကာ အစွမ်းကုန် ဆန့်ကျင်ရန် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါတို့ အသုံးပြုဖို့ သာ၍ပင်မသင့်တော်ပေ။ ယင်းက ငါတို့ကို အန္တိခရစ်များ ဖြစ်စေမည် မဟုတ်လော။ ထိုသို့သောလူများသည် ဘုရားသခင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်သည့် အတွက်၊ ပြီးလျှင် သူ၏အလိုကို ဖြည့်ဆည်းကာ သူ့ကို ငါတို့ တွေ့မြင်လိုသည့်အတွက်၊ သမ္မာတရား၏ လမ်းခရီးကို ငါတို့ ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ နည်းလမ်း တစ်ခုကို ရှာဖွေသင့်ပေသည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် မရပ်တည်သင့်ပေ။ ထိုသို့သော လုပ်ရပ်များမှ မည်သည့်ကောင်းကျိုး ရလဒ်ဖြစ်ပေါ်နိုင်မည်နည်း။

ယနေ့တွင် ဘုရားသခင်သည် အမှုသစ်လုပ်ဆောင်ပြီးပြီ ဖြစ်သည်။ ဤစကားများကို သင်လက်ခံကောင်း လက်ခံနိုင်မည် မဟုတ်သကဲ့သို့၊ သင့်အဖို့ ထူးဆန်းပုံပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့တွင် ဖြောင့်မတ်ခြင်းတရားအတွက် အမှန်တကယ် ဆာငတ်သောသူတို့သာ သမ္မာတရားကို ရရှိနိုင်ပြီး၊ အမှန်တကယ် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော သူတို့သည်သာ သူ၏ ဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကို ခံရနိုင်သည့်အတွက်၊ သင်၏ သဘာဝကျခြင်းကို မဖော်ထုတ်ရန် ငါအကြံပြုသည်။ အကျိုးရလဒ်များကို စကားများခြင်းနှင့် ယှဉ်ပြိုင်မှုဖြင့် မဟုတ်ဘဲ၊ တည်ကြည်သော ဆိတ်ငြိမ်မှုအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းမှ ရရှိနိုင်ပေသည်။ “ယနေ့ ဘုရားသခင်သည် အမှုသစ် လုပ်ဆောင်ပြီးပြီ ဖြစ်သည်။” ဟု ငါပြောသောအခါ၊ ဘုရားသခင် လူ့ဇာတိအဖြစ်သို့ ပြန်လည် ကြွလာခြင်းကို ငါ ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤစကားများက သင့်ကို စိတ်အနှောင့်အယှက် ပေးကောင်းပေးမည် မဟုတ်။ သင်သည် ယင်းတို့ကို စက်ဆုပ်ကောင်း စက်ဆုပ်မည်၊ သို့မဟုတ် ယင်းတို့သည် သင့်ဖို့ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပေါ်ထွန်းသည်ကို အမှန်တကယ် တမ်းတသူတို့အားလုံးသည် ယင်းနှင့် ပတ်သက်၍ ချက်ချင်းရမ်းသန်း ကောက်ချက်ချသည်ထက်၊ ဤအမှန်တရားကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးနိုင်မည်ဟု ငါ မျှော်လင့်သည်။ ယင်းမှာ အမြော်အမြင်ရှိသည့် လူတစ်ဦး လုပ်ဆောင် သင့်သည့်အရာတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၂)

ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို မည်သို့ သိရှိသင့်သနည်း။ လူတစ်ဦးသည် သွေဖည်မှု သို့မဟုတ် အတွေးမှားခြင်း မရှိဘဲ၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို အခြေခံ၍ ဘုရားသခင်ကို သိရှိလာသင့်ပြီး၊ အဓိကအားဖြင့်၊ ဘုရားသခင်၏အမှုကို သိကျွမ်းသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော သိနားလည်မှုမရှိသည့် အတွေးမှားခြင်း မျိုးစုံတို့သည် ဘာသာရေးအယူအဆများ ဖြစ်ကြ၏။ ထိုအရာများသည် သွေဖည်ပြီး မှားယွင်းသော သိနားလည်မှုများ ဖြစ်သည်။ ဘာသာရေးပုဂ္ဂိုလ်တို့၏ အကြီးမားဆုံးသော စွမ်းရည်မှာ အတိတ်က နားလည်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ထိုအရာများနှင့်ယှဉ်၍ စဉ်းစားချင့်ချိန်ခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံနေချိန်တွင်၊ အတိတ်က သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေအားဖြင့် ထုတ်ဖော်ပြခဲ့သည့်အရာများကို ဖက်တွယ်ထားပါက၊ သင်၏ အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေလိမ့်မည် ဖြစ်ပြီး၊ သင်၏လက်တွေ့လုပ်ဆောင်ခြင်းသည် ဘာသာရေး ဟိတ်ဟန်များထက် ဘာမျှမပိုဘဲ၊ ခေတ်နောက်ကျနေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အခြားအရည်အချင်းများကြားတွင်၊ အပြင်ပန်းအားဖြင့် နှိမ့်ချကာ သည်းခံရမည်ဟု သင်ယုံကြည်ပါက၊ ပြီးလျှင် သင်သည် ထိုအသိမျိုးကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ထိုသို့သော အသိသည် ဘာသာရေး အယူအဆတစ်ခု ဖြစ်ပေသည်။ ထိုလက်တွေ့လုပ်ဆောင်ခြင်းသည် သူတော်ကောင်းယောင်ဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ “ဘာသာရေးအယူအဆများ” ဟူသော စကားရပ်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ပြခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့သကဲ့သို့ အသုံးမဝင်တော့သည့် အရာများကို ရည်ညွှန်းပြီး ထိုအရာများကို ယနေ့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို နှောင့်ယှက်ကာ လူသားအား အကျိုးမပြုပေ။ လူတို့သည် ဘာသာရေး အယူအဆများနှင့်သက်ဆိုင်သည့် အရာများကို မိမိတို့ကိုယ်ကိုယ်မှ မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့၏ အစေခံခြင်းတွင် ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ အဆင့်များကို အမီလိုက်ရန် မည်သို့မျှမဖြစ်နိုင်ပေ- ၎င်းတို့ ခြေတစ်လှမ်း နောက်ကျ ကျန်ရစ်ပြီးနောက်၊ ခြေနှစ်လှမ်း နောက်ကျကျန်ရစ်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤဘာသာရေး အယူအဆများသည် လူသားအား မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု အလွန့်အလွန် မှတ်ယူစေပြီး မာနထောင်လွှားစေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်က သူပြောဆိုခဲ့ပြီး လုပ်ဆောင်ခဲ့သည့် အရာများကို တသလွမ်းဆွတ်ခြင်း မခံစားရပေ၊ တစ်စုံတစ်ခုသည် ခေတ်မမီတော့ပါက၊ ယင်းကို သူဖယ်ရှားလိုက်လေသည်။ သင်သည် သင်၏အယူအဆများကို အမှန်တကယ် လက်မလွှတ်နိုင်သလော။ သင်သည် အတိတ်က ဘုရားသခင် ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက၊ ဘုရားသခင်၏အမှုကို သင်သိသည်ဟု ဤအရာက သက်သေပြသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ၊ ယင်းအစား အတိတ်က အလင်းကို ဖက်တွယ်ထားပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်လျှောက်သည်ဟု သက်သေပြသလော။ ဘာသာရေး အယူအဆများကို သင် လက်မလွှတ်နိုင်ဘဲ ရှိသေးသလော။ ထိုသို့ဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်သွားလိမ့်မည်။

လူတို့သည် ဘာသာရေး အယူအဆများကို လက်လွှတ်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များနှင့် အမှုကို စဉ်းစားချင့်ချိန်ဖို့ မိမိတို့၏ ဉာဏ်များကို အသုံးပြုလိမ့်မည်မဟုတ်ဘဲ၊ ယင်းအစား တိုက်ရိုက်နာခံကြလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့် သိသိသာသာကို မတူညီသော်လည်း၊ သင်သည် အတိတ်၏ အမြင်များကို လက်လွှတ်ကာ ဘုရားသခင်၏ ယနေ့ အမှုကို တိုက်ရိုက် မနာခံနိုင်သေးပေ။ အတိတ်၌ ဘုရားသခင် မည်သို့ အမှုပြုခဲ့စေကာမူ၊ ဘုရားသခင်၏ ယနေ့ အမှုကို သင် အသားပေးထားရမည်ဟူသော သိနားလည်နိုင်စွမ်းရှိပါက၊ သင်သည် မိမိ၏အယူအဆများကို လက်လွှတ်ပြီးသူ၊ ဘုရားသခင်ကို နာခံသူနှင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို နာခံနိုင်ကာ သူ၏ ခြေလှမ်းများနောက် လိုက်သောသူတစ်ဦး ဖြစ်ပေသည်။ ဤအရာတွင်၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံသူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို မစိစစ် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုပေ။ ယင်းမှာ ဘုရားသခင်သည် သူ၏ယခင်အမှုကို မေ့လျော့ပြီးဖြစ်ကာ သင်သည်လည်း ထိုအရာကို မေ့လျော့ပြီးဖြစ်သည့်အလား ဖြစ်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်က သူပြုခဲ့သည့်အမှုကို ဘေးဖယ်ထားပြီးဖြစ်သည့်အတွက်၊ သင်သည် ထိုအရာကို တဝဲလည်လည် မတွေးသင့်ပေ။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို လုံးဝ နာခံကာ ၎င်းတို့၏ဘာသာရေး အယူအဆများကို လုံးဝ လက်လွှတ်ပြီးသူတစ်ဦး ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၃)

ဘုရားသခင်၏အမှုတွင် အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့်၊ အမှုသစ် ထွက်ပေါ်လာသကဲ့သို့ ခေတ်ကုန်သွားပြီး ဟောင်းသွားသောအမှု ရှိပေသည်။ အဟောင်းနှင့် အသစ် ဤကွဲပြားသော အမှုအမျိုးမျိုးသည် ဆန့်ကျင်ဘက် မဟုတ်ဘ၊ အပြန်အလှန် ဖြည့်ဆည်းလေသည်။ အဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်နောက်မှ လိုက်လာပေသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများသည် အမှန်ပင် ဖယ်ရှားခံရပေမည်။ ဥပမာအားဖြင့် လူသား၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့နှင့် တွဲဖက်လျက်၊ လူသား၏ ကာလကြာရှည် တည်မြဲသော အလေ့အထများနှင့် ပြောနေကျ စကားပုံ အချို့သည် လူသား၏စိတ်ထဲတွင် အယူအဆများ နည်းဟန်မျိုးစုံ၊ ပုံစံမျိုးစုံ ဖြစ်ပေါ်ပြီးဖြစ်သည်။ နှစ်များစွာတစ်လျှောက် ရှေးခေတ်ကာလများမှ အစဉ်အလာရှိသည့် သဘောတရားများ ပျံ့နှံ့မှုနှင့်အတူ ဘုရားသခင်သည် သူ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကို စိတ်သဘောထားတို့ကို လူသားထံ အပြည့်အဝ ထုတ်ဖော်ပြဖို့ ရှိသေးသည်မှာ လူသား၏ ထိုသို့သော အယူအဆများ ဖြစ်ပေါ်ခြင်းအဖို့ သာ၍ အခါအခွင့်သင့်ပေသေး၏။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင်၊ အယူအဆ အမျိုးမျိုး၏ လွှမ်းမိုးမှုက လူများတွင် ဘုရားသခင်အပေါ် အထင်အရ သိနားလည်မှုမျိုးစုံ အဆက်မပြတ် ဖြစ်ပေါ်မှုနှင့် ဆင့်ကဲပြောင်းလဲမှု ဆီသို့ ဆိုက်ရောက်စေပြီးဖြစ်လေသည်၊ ယင်းက ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမားများစွာကို ဘုရားသခင်၏ ရန်သူများ ဖြစ်စေခဲ့သည်ဟု ပြောကောင်း ပြောနိုင်ပေသည်။ ထို့ကြောင့်၊ လူတို့၏ ဘာသာရေး အယူအဆများ အားကောင်းလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုသည် အမြဲအသစ်ဖြစ်ကာ မည်သည့်အခါတွင်မျှ ဟောင်းနွမ်းခြင်းမရှိပေ။ ယင်းသည် မည်သည့်အခါမျှ အယူဝါဒ မဖြစ်ပေါ်စေဘဲ၊ ယင်းအစား သာ၍ကြီးမားသော အတိုင်းအတာအထိ သို့မဟုတ် သာ၍ လျော့နည်းသော အတိုင်းအတာအထိ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်ခံရလျက် ရှိသည်။ ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်အမှု၏ ပင်ကို အခြေခံသဘောတရားလည်းဖြစ်ကာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုကို ပြီးမြောက်စေသည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤနည်းဖြင့် အမှုမပြုခဲ့ပါက၊ လူသားသည် ပြောင်းလဲမည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်သည် ရှုံးနိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သူ၏အမှုတွင် တစ်သမတ်တည်း မဟုတ်သည့်ပုံရသော်လည်း၊ အမှန်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်လေသည်။ သို့သော် လူသားက ဘုရားသခင်ကို ယုံကြည်သည့် နည်းလမ်းမှာ အတော်အတန် ကွာခြားသည်။ သူသည် ဟောင်းနွမ်းကာ၊ ရင်းနှီးကျွမ်းဝင်သော အယူဝါဒများနှင့် စနစ်များကို ဖက်တွယ်ပြီး ထိုအရာများ ဟောင်းလေလေ၊ သူ့အဖို့ နှစ်လိုဖွယ်ရှိလေလေ ဖြစ်သည်။ လူသား၏မိုက်မဲသော စိတ၊ ကျောက်တုံးကဲ့သို့ ခေါင်းမာသော စိတ်သည် အလွန်များပြားလှသော မတွေးတတ်အောင် ခက်ခဲနက်နဲသည့် ဘုရားသခင်၏ အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသားသည် အမြဲအသစ်ဖြစ်ကာ လုံးဝ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ရွံမုန်း၏။ သူသည် သွားရှည်လျားကာ၊ ဆံပင်ဖြူပြီး နေရာတစ်ခုတွင် ကပ်နေသည့် အိုမင်းသောဘုရားသခင်ကိုသာ နှစ်သက်သည်။ ထိုသို့ဖြင့်၊ လူသားနှင့် ဘုရားသခင်သည် မိမိတို့ကိုယ်ပိုင် အကြိုက်များ ရှိကြသောကြောင့် လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်နေခဲ့သည်မှာ နှစ်ပေါင်းခြောက်ထောင်နီးပါး ကြာပြီဖြစ်သည့် အချိန်ကာလ တစ်ခုဖြစ်သော ယနေ့တွင်ပင် တည်ရှိဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ကုစား၍မရနိုင်ပေ။ ယင်းမှာ လူသား၏ခေါင်းမာခြင်း သို့မဟုတ် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သည့်လူသားကမျှ မချိုးဖောက်နိုင်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်ပေမည်- သို့သော် ဘုရားသခင်က သူ့ကိုပံ့ပိုးမည့်သူ မည်သူမျှ မရှိသည့်အလား၊ သူ၏ မပြီးစီးသေးသည့် စီမံခန့်ခွဲခြင်းအမှုကို ဆက်လက် ဆောင်ရွက်နေစဉ်တွင် ထိုခရစ်ယာန်ဓမ္မဆရာများနှင့် ဓမ္မဆရာမများသည် မှိုတက်၍ အိုဟောင်းသော စာအုပ်များနှင့် စာရွက်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ ဤဆန့်ကျင်ကွဲလွဲချက်များသည် လူသားနှင့် ဘုရားသခင်ကို ရန်သူများဖြစ်စေပြီး ပြေလည်ရန် မဖြစ်နိုင်သော်လည်း၊ ဘုရားသခင်သည် ၎င်းတို့ကို တစ်ချိန်တည်းတွင် ထိုနေရာ၌ရှိပြီး ထိုနေရာ၌မရှိသည့်အလား အရေးမစိုက်ပေ။ သို့ရာတွင် လူသားသည် မိမိ၏ ယုံကြည်ချက်များနှင့် အယူအဆများကို ဆက်လက် စွဲကိုင်ထားဆဲဖြစ်ပြီး၊ ထိုအရာများကို လုံးဝ လက်မလွှတ်ပေ။ သို့တိုင် တစ်ခုသောအရာသည် ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်- လူသားသည် မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း၊ ဘုရားသခင်၏ခြေများသည် အမြဲ ရွေ့လျားနေပြီး ပတ်ဝန်းကျင်နှင့်အညီ သူ၏ ရပ်တည်ချက်ကို သူ အမြဲပြောင်းလဲနေပေသည်။ အဆုံးတွင်၊ မတိုက်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူသားဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဘုရားသခင်သည် ရှုံးနိမ့်သွားသည့် သူ၏ရန်သူအားလုံး၏ အကြီးမားဆုံးသော ရန်သူဖြစ်သကဲ့သို့၊ ရှုံးနိမ့်သွားသည့် လူသားမျိုးနွယ်ရော မရှုံးနိမ့်သည့် လူသားမျိုးနွယ်တို့အတွက်ပါ ရပ်တည်ကာကွယ်သူလည်း ဖြစ်သည်။ မည်သူသည် ဘုရားသခင်နှင့် ယှဉ်ပြိုင်ပြီး အောင်နိုင်မည်နည်း။ လူသား၏ အယူအဆများစွာတို့သည် ဘုရားသခင်၏အမှု နောက်ပိုင်းတွင် ပေါက်ဖွားခဲ့ကြသောကြောင့်၊ ထိုအယူအဆများသည် ဘုရားသခင်ထံမှ လာပုံရလေသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားကို ဤအရာကြောင့် ခွင့်လွှတ်ခြင်း မရှိသကဲ့သို့၊ ထို့ပြင် ဘုရားသခင်၏ အမှုနောက်ပိုင်းတွင် သူ၏အမှုပြင်ပ၌ ရှိသည့် “ဘုရားသခင် အတွက်” အကျိုးများကို တစ်သုတ်ပြီး တစ်သုတ် ဖြစ်ပေါ်စေခြင်းအတွက် လူသားအပေါ် ဘုရားသခင် ချီးမွမ်းခြင်းလည်း မရှိပေ။ ယင်းအစား၊ သူသည် လူသား၏ အယူအဆများနှင့် ဟောင်းနွမ်းကာ၊ ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်မှုများကို အလွန့်အလွန် ရွံ့မုန်းပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်ခဲ့သည့် နေ့စွဲများကို အသိအမှတ်ပြုလိုစိတ်ပင် မရှိချေ။ လူသား၏ အယူအဆများကို လူသားက ပျံ့နှံ့စေသည့်အတွက်၊ ထိုအယူအဆများသည် မိမိ၏အမှုမှ ထွက်ပေါ်လာသည်ဟု ဘုရားသခင် လုံးဝလက်မခံပေ။ ထိုအရာများ၏ အရင်းအမြစ်သည် လူသား၏အတွေးများနှင့် စိတ်တို့ဖြစ်၏- ဘုရားသခင်မဟုတ်ဘဲ၊ စာတန် ဖြစ်ပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏အမှုကို ဟောင်းနွမ်းကာ မသေဆုံးစေဘဲ၊ အသစ်ဖြစ်စေကာ ရှင်သန်စေဖို့အတွက် အမြဲ ဖြစ်ခဲ့ပြီး၊ လူသားကို သူ လိုက်နာစောင့်ထိန်းစေသည့်အရာမှာ ခေတ်ကာလအလိုက် ပြောင်းလဲပြီး ထာဝရမတည်သကဲ့သို့ မပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် လူသားကို သေဆုံးစေကာ အိုမင်းစေသော နတ်ဆိုးတစ်ပါးဖြစ်သည်ထက်၊ လူသားကို အသက်ရှင်စေကာ အသစ်ဖြစ်စေသော ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ နားမလည်ကြသေးသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများရှိပြီး ထိုအယူအဆများကို သင် လက်လွှတ်နိုင်စွမ်း မရှိပေ။ ယင်းမှာ ဘုရားသခင်၏ အမှုအတွင်းတွင် အဓိပ္ပာယ် အလွန်နည်းပါးလွန်းသောကြောင့် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အမှုသည် လူသား၏ ဆန္ဒများနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်သည့်အပြင်၊ ယင်းသည် ဘုရားသခင်က မိမိ၏တာဝန်များကို အမြဲ ပေါ့ဆသောကြောင့်လည်း မဟုတ်ပေ။ သင်သည် နာခံမှု ကင်းမဲ့လွန်းသောကြောင့်နှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သဏ္ဌာန် အနည်းငယ်မျှ မရှိသောကြောင့်၊ သင်သည် သင်၏အယူအဆများကို လက်မလွှတ်နိုင်ပေ။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်းကြောင့် မဟုတ်ပေ။ ဤအရာအလုံးစုံတို့ကို သင်က ဖြစ်စေခဲ့ခြင်း ဖြစ်ပြီး၊ ဘုရားသခင်နှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းအားလုံးကို လူသားက ဖန်တီးခြင်း ဖြစ်၏။ ဘုရားသခင်၏ အကြံအစည်များသည် အမြဲ ကောင်းမြတ်၏- သူသည် သင့်ကို အယူအဆများ ဖြစ်ပေါ်စေဖို့ ဆန္ဒမရှိဘဲ၊ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲကာ အသစ်ပြုပြင်ခံရစေလိုသည်။ သို့သော် သင့်အတွက် မည်သည့်အရာ ကောင်းမြတ်သည်ကို သင် မသိသကဲ့သို့၊ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်း တစ်ခုမဟုတ်လျှင်တစ်ခု လုပ်ဆောင်နေလေသည်။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်ကို ကြည်ညိုမှု မရှိသကဲ့သို့၊ သင်၏မနာခံခြင်းသည် အလွန်ကြီးမားနေခြင်း ဖြစ်ပေသည်။ ဘုရားသခင် ယခင်ကပေးထားသည့်အရာ၏ အရေးမပါလှသော အစိတ်အပိုင်းအချို့ကို ယူဆောင်ပြီးနောက်၊ လှည့်ကာ ဘုရားသခင်ကို တိုက်ခိုက်ရန် ယင်းကို အသုံးပြုဝံ့သည့် အဖန်ဆင်းခံ သတ္တဝါငယ်လေးတစ်ဦး- ဤသည်မှာ လူသား၏မနာခံခြင်း မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ရှေ့၌ မိမိတို့၏အမြင်များကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိသကဲ့သို့၊ ထိုမှိုတက်သည့် အယူအဆများကို မဆိုထားနှင့်- ၎င်းတို့၏ သုံးစားမရသည့်၊ နံဟောင်နေကာ ပုပ်သိုးနေသည့်၊ ကွန့်လွန်းသော စကားအသုံးအနှုန်းကို ၎င်းတို့သည် ဆန္ဒရှိသည်အတိုင်း ဟိုဟိုသည်သည် ပြစားဝင့်ဝါဖို့ အရည်အချင်း သာ၍ပင်မရှိဟု ဆိုထိုက်ပေသည်။ ၎င်းတို့သည် သာ၍ပင် အသုံးမကျဖြစ်ကြသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၄)

ဘုရားသခင်၏အမှုသည် အစဉ် ရှေ့ဆက်လျက်ရှိပြီး၊ သူ၏အမှု ရည်ရွယ်ချက် မပြောင်းလဲသော်လည်း၊ သူအမှုပြုသည့် နည်းစနစ်များ စဉ်ဆက်မပြတ် ပြောင်းလဲလျက်ရှိသည်၊ ယင်းမှာ ဘုရားသခင်နောက် လိုက်လျှောက်သူများသည်လည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိသည်ဟု ဆိုလိုပေသည်။ ဘုရားသခင် အမှုပြုလေလေ၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူသား၏ အသိပညာသည် စေ့စပ်သေချာလေလေဖြစ်သည်။ ဘုရားသခင်၏ အမှုနောက်ပိုင်းတွင် လူ၏ စိတ်သဘောထားထဲ၌လည်း အလားတူ လိုက်လျောညီထွေသော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသောသူများနှင့် သမ္မာတရားကို မသိသော အဓိပ္ပာယ်မရှိသည့် လူတို့သည် ဘုရားသခင်ကို စတင်ခုခံကြသည်မှာ ဘုရားသခင်၏ အမှုက အစဉ်ပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းမသွားသကဲ့သို့၊ အမှုဟောင်းကို မည်သည့်အခါတွင်မျှ သူ ထပ်မံမလုပ်ဆောင်ဘဲ၊ ယင်းထက် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို တစ်ဟုန်ထိုး လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ လူသား၏ အယူအဆများနှင့် မကိုက်ညီပေ။ ဘုရားသခင်သည် သူ၏အမှုကို ထပ်၍ မလုပ်ဆောင်သကဲ့သို့၊ လူသားသည် ဘုရားသခင်၏ လက်ရှိအမှုကို သူ၏ အတိတ်က အမှုဖြင့် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်သည်နှင့်အမျှ၊ ဘုရားသခင်အတွက် ခေတ်သစ်နှင့်ဆိုင်သည့် အမှု၏ အဆင့်အသီးသီးကို ဆောင်ရွက်ဖို့ အလွန့်အလွန် ခက်ခဲလာပြီဖြစ်သည်။ လူသားသည် အလွန်အကျွံ များလှသော အခက်အခဲများ ရှိပေသည်။ သူသည် မိမိ၏ တွေးခေါ်မှုတွင် အလွန် ရှေးရိုးစွဲလွန်းလှသည်။ ဘုရားသခင်၏အမှုကို မည်သူမျှ မသိသော်လည်း၊ အယောက်တိုင်းက ယင်းကို ဘောင်ခတ်လေသည်။ လူသားသည် ဘုရားသခင်ကို စွန့်ခွာသည့်အခါ၊ အသက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးရ၏၊ သို့သော် သူသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားသည့် သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရန် မဆိုထားနှင့်၊ အသက်ကို လက်မခံသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံပေ။ လူသားအားလုံးသည် ဘုရားသခင်အား ရရှိလိုကြသော်လည်း၊ ဘုရားသခင်၏ အမှုရှိ မည်သည့်အပြောင်းအလဲကိုမျှ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏ အမှုသည် မပြောင်းလဲနိုင်၊ အစဉ်ထာဝရ လုံးဝဥဿုံ ရပ်လျက်ရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ ယုံကြည်မှုတွင်၊ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သော အရာမှာ ပညတ်တော်ကို လိုက်နာခြင်းသာဖြစ်ပြီး၊ ၎င်းတို့ နောင်တရပြီး မိမိတို့၏ အပြစ်များကို ဝန်ခံသရွေ့၊ ဘုရားသခင်၏ အလိုသည် အမြဲကျေနပ်ခြင်း ရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ရှိသော ဘုရားသခင်နှင့် လူသားအတွက် ကားတိုင်ပေါ် သံမှိုရိုက်နှက်ခံခဲ့ရသည့် ဘုရားသခင်သာ ဖြစ်နိုင်သည်ဆိုသည့် အယူအဆရှိကြသည်။ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်သင့်သကဲ့သို့၊ မကျော်လွန်နိုင် ဆိုသည်မှာလည်း ၎င်းတို့၏ အယူအဆဖြစ်သည်။ ၎င်းတို့အား ပညတ်တရားဟောင်းများနှင့် ခိုင်မာစွာ ချုပ်နှောင်ပြီး စည်းမျဉ်းသေများဖြင့် ချုပ်နှောင်ထားသည်မှာ အတိအကျအားဖြင့် ဤအယူအဆများ ဖြစ်သည်။ ဘုရားသခင်၏ အမှုသစ်သည် မည်သည့်အရာပင် ဖြစ်ပါစေ၊ ၎င်းကို ဗျာဒိတ်များဖြင့် ခိုင်လုံစွာ တင်ပြနိုင်ရမည်ဖြစ်ပြီး၊ ထိုသို့သောအမှု၏ အဆင့်တစ်ခုစီတွင် “စစ်မှန်သော” နှလုံးသားဖြင့် သူ့နောက်လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များ ပြသကြရမည်၊ သို့မဟုတ်ပါက ထိုသို့သောအမှုသည် ဘုရားသခင်၏ အမှုမဖြစ်နိုင်ဟု ယုံကြည်ကြသူ သာ၍ပင် ရှိလေသည်။ လူသားအတွက် ဘုရားသခင်ကို သိရှိလာရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်နှင့်လေပြီဖြစ်သည်။ လူသား၏ အဓိပ္ပာယ်မရှိသည့် စိတ်နှလုံးနှင့် သူ၏ မိမိဘာသာ ကြီးကျယ်ကာ စိတ်ကြီးဝင်ခြင်း နှင့်ဆိုင်သည့် ပုန်ကန်တတ်သော သဘာဝတို့ အပြင် ယင်းကို ကြည့်ပါက၊ ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် သူ့အတွက် သာ၍ပင် ခက်ခဲလာပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို စေ့စပ်သေချာသော စဉ်းစားဆင်ခြင်ခြင်း မပြုသကဲ့သို့၊ ယင်းကို နှိမ့်ချခြင်းဖြင့်လည်း လက်မခံပေ။ ထိုအစား၊ ဘုရားသခင်ထံမှ ဗျာဒိတ်များနှင့် လမ်းပြမှုတို့ကို စောင့်ဆိုင်းနေစဉ် အထင်သေးသော သဘောထားကို သူ ထားရှိခံယူလေ၏။ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ကာ ခုခံသောသူတို့၏ အပြုအမူဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။

ယေရှု၏ အမှုသည် နောက်ကျကျန်ရစ်ပြီးဖြစ်သည်ဟု ယနေ့ ငါ ပြောသကဲ့သို့၊ ယေဟောဝါ၏အမှုသည် ကျေးဇူးတော်ခေတ်တွင် နောက်ကျကျန်ရစ်ခဲ့ပြီးဖြစ်သည်ဟု ယေရှု ပြောခဲ့သည်။ အကယ်၍ ပညတ်တော်ခေတ်သာရှိခဲ့ပြီး ကျေးဇူးတော်ခေတ်မရှိခဲ့ပါက၊ ယေရှုသည် ကားစင်တင်ခံခဲ့ရမည် မဟုတ်သကဲ့သို့ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ပညတ်တော်ခေတ်တစ်ခုတည်းသာ ရှိခဲ့ပါက၊ လူသားမျိုးနွယ်သည် ယနေ့အကွာအဝေးအထိ တစ်ကြိမ်တစ်ခါမျှ ရောက်ရှိနိုင်ခဲ့မည်လော။ သမိုင်းသည် ရှေ့ဆက်လျက်ရှိပြီး၊ သမိုင်းသည် ဘုရားသခင်၏အမှု၏ သဘာဝနိယာမ မဟုတ်သလော။ ဤသည်မှာ စကြဝဠာ တစ်လျှောက်လုံး လူသားကို သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် ပုံဖော်ချက်တစ်ခု ဖြစ်သည် မဟုတ်လော။ သမိုင်းသည် ရှေ့ဆက်လျက်ရှိပြီး၊ ဘုရားသခင်၏အမှုသည်လည်း ထိုသို့ ရှေ့ဆက်လျက်ရှိသည်။ ဘုရားသခင်၏ အလိုသည် စဉ်ဆက်မပြတ် ပြောင်းလဲနေ၏။ ဘုရားသခင်သည် အမှု၏အဆင့်တစ်ခုတည်းတွင် အနှစ်ခြောက်ထောင်ကြာ မနေရစ်နိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် အယောက်တိုင်း သိသည့်အတိုင်း၊ ဘုရားသခင်သည် အမြဲ သစ်လွင်ပြီး ဘယ်သောအခါမျှ အိုဟောင်းခြင်းမရှိသည့်အတွက်ကြောင့် ဖြစ်ပြီး၊ သူသည် ကားစင်တင်ခံရခြင်း၊ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရခြင်းကဲ့သို့သော အမှုကို တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် လုပ်ဆောင်ပြီးရင်း လုပ်ဆောင်ခြင်းငှာ မဖြစ်နိုင်ပေ။...ထိုသို့ တွေးဖို့မှာ ရယ်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် အမှုတစ်ခုတည်းကို လုပ်ဆောင်ပြီးရင်း လုပ်ဆောင်ခြင်း မရှိပေ။ ငါသည် နေ့စဉ် သင်တို့ကို အသစ်သော နှုတ်ကပတ်တော်များကို ပြောဆိုပြီး အမှုသစ်များကို လုပ်ဆောင်သမျှပင်၊ သူ၏အမှုသည် အစဉ်သဖြင့် ပြောင်းလဲနေပြီး အမြဲသစ်လွင်ပေသည်။ ဤသည်မှာ ငါလုပ်ဆောင်သော အမှုဖြစ်ပြီး၊ အဓိကသော့ချက်များမှာ “အသစ်” နှင့် “အံ့သြဖွယ်ရာ” ဟူသော စကားများ ဖြစ်သည်။ “ဘုရားသခင်သည် မပြောင်းလဲနိုင်သကဲ့သို့၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင် ဖြစ်လိမ့်မည်”- ဤစကားပုံသည် ဧကန်အမှန် မှန်ကန်ပေသည်။ ဘုရားသခင်၏ အနှစ်သာရသည် မပြောင်းလဲပေ၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး၊ သူသည် မည်သည့်အခါမျှ စာတန် ဖြစ်မလာနိုင်ပေ၊ သို့ရာတွင် ဤအရာက ဘုရားသခင်၏အမှုသည် သူ၏အနှစ်သာရကဲ့သို့ ခိုင်မြဲကာ မပြောင်းလဲသည်ကို သက်သေမပြပေ။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု သင် ကြေငြာသည်၊ သို့ရာတွင် ထိုသို့ဖြစ်လျှင် ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည်ကို သင်မည်သို့ ရှင်းပြနိုင်မည်နည်း။ ဘုရားသခင်၏အမှုသည် မရပ်မနား ပျံ့နှံ့ပြီး စဉ်ဆက်မပြတ် ပြောင်းလဲကာ၊ သူ၏အလိုတော်ကို လူသားထံ အလျဉ်မပြတ် ထင်ရှားပြီး သိရှိစေပေသည်။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်နှင့်အမျှ၊ ၎င်း၏ စိတ်သဘောထားသည် ၎င်း၏ အသိပညာကဲ့သို့ မရပ်မနား ပြောင်းလဲလေသည်။ သို့ဖြစ်လျှင် ဤပြောင်းလဲမှုသည် မည်သည့်နေရာက ဖြစ်ပေါ်သနည်း။ ယင်းသည် အစဉ်ပြောင်းလဲနေသည့် ဘုရားသခင်၏ အမှုမှ မဟုတ်လော။ အကယ်၍ လူသား၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ပါက၊ ငါ၏အမှုနှင့် ငါ၏နှုတ်ကပတ်တော်များကိုလည်း စဉ်ဆက်မပြတ် ပြောင်းလဲစေရန် အဘယ်ကြောင့် လူသားသည် ခွင့်မပြုနိုင်ရသနည်း။ ငါသည် လူသား၏ ကန့်သတ်ချက်များကို ခံရမည်လော။ ဤတွင်၊ အတင်းငြင်းခုံခြင်းနှင့် ကတ်သီးကတ်သတ်နိုင်သော ဆင်ခြင်တွေးခေါ်မှုစနစ်ကို သင် အသုံးပြုနေသည်မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၅)

ယုဒလူအားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော ဟေရှာယ၏ ပရောဖက်ပြုချက်ကို သိခဲ့ကြသည်။ သို့ဆိုလျှင်၊ ဤပရောဖက်ပြုချက်ကို အပြည့်အဝ သိရှိသော်လည်း၊ ၎င်းတို့သည် အဘယ်ကြောင့် ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသေးသနည်း။ ယင်းမှာ ၎င်းတို့၏ ပုန်ကန်တတ်သော သဘာဝနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိနားမလည်မှုကြောင့် ဖြစ်ခဲ့သည် မဟုတ်လော။ ထိုအချိန်က၊ ဖာရိရှဲများသည် ယေရှု၏အမှုမှာ ပရောဖက်ပြုထားသော သားယောက်ျားတစ်ဦးနှင့် ပတ်သက်၍ ၎င်းတို့ သိခဲ့သည့်အရာနှင့် ကွဲပြားသည်ဟု ယုံကြည်ခဲ့ကြပြီး၊ ယနေ့ လူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုက သမ္မာကျမ်းစာနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၏ အနှစ်သာရသည် တူညီသည် မဟုတ်လော။ သင်သည် သံသယမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားလုံးကို လက်ခံနိုင်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ပါက၊ မှန်ကန်သော ရေစီးကြောင်းဖြစ်ကြီး၊ မည်သည့် ဒွိဟမျှမရှိဘဲ သင် လက်ခံသင့်၏။ မည်သည့်အရာ လက်ခံရမည်ကို သင် မရွေးသင့်ပေ။ ဘုရားသခင်ထံမှ ထိုးသွင်းသိမြင်မှု သင် သာ၍ရရှိပြီး၊ သူ့အပေါ် သာ၍ သတိထားပါက၊ ယင်းသည် မဆီမဆိုင် ဖြစ်သည် မဟုတ်လော။ သင်သည် သမ္မာကျမ်းစာမှ နောက်ထပ်သက်သေပြမှုကို ရှာဖွေဖို့ မလိုအပ်ပေ။ သင်သည် ဘုရားသခင်နောက်လိုက်ဖို့ ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ပါက သင် လက်ခံရမည်ဖြစ်ပြီး၊ သူ့ကို မစုံစမ်းမစစ်ဆေးသင့်ပေ။ ငါသည် သင်၏ဘုရားသခင်ဖြစ်သည်ကို သက်သေပြရန် ငါနှင့်သက်ဆိုင်သည့် နောက်ထပ် သက်သေ အထောက်အထားကို သင် မရှာဖွေသင့်ဘဲ၊ ထိုအစား ငါသည် သင့်အဖို့ အကျိုးဖြစ်သည်၊ မဖြစ်သည်ကို သင်သိမြင်သင့်သည်- ဤသည်မှာ အရေးအပါဆုံးသော အရာဖြစ်သည်။ သင်သည် သမ္မာကျမ်းစာ အတွင်း၌ များစွာ ငြင်းမရနိုင်သော သက်သေကို တွေ့ရှိခဲ့လျှင်ပင်၊ ယင်းက သင့်ကို ငါ့ရှေ့သို့ အပြည့်အဝ မဆောင်ကြဉ်းနိုင်ပေ။ သင်သည် သမ္မာကျမ်းစာ၏ ဘောင်ခတ်မှုများအတွင်းတွင် အသက်ရှင်ရုံမျှရှင်ပြီး ငါ၏ ရှေ့မှောက်တွင် အသက်မရှင်ပေ။ သမ္မာကျမ်းစာသည် ငါ့ကိုသိဖို့ရန် သင့်ကို မကူညီနိုင်သကဲ့သို့၊ ငါ့အတွက် သင်၏ချစ်ခြင်းမေတ္တာကို နက်သည်ထက်နက်မလာစေနိုင်ပေ။ သမ္မာကျမ်းစာက သားယောက်ျားတစ်ဦး မွေးဖွားမည်ဟု ပရောဖက် ပြုခဲ့သော်လည်း၊ လူသားသည် ဘုရားသခင်၏ အမှုကို မသိခဲ့သည့်အတွက်၊ မည်သူ့အပေါ် ထိုပရောဖက်ပြုချက် ဖြစ်လာမည်ကို မည်သူမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ၊ ထို့အပြင် ဤသည်မှာ ဖာရိရှဲများအား ယေရှုကို ဆန့်ကျင်ရပ်တည်စေခဲ့သည့်အရာဖြစ်သည်။ ငါ၏အမှုသည် လူသားတို့ အကျိုးစီးပွားများအတွက် ဖြစ်သည်ကို အချို့က သိရှိကြသည်၊ သို့သော် ယေရှုနှင့် ငါသည် အပြန်အလှန် သဟဇာတမဖြစ်နိုင်သော လုံးဝကွဲပြားသည့်သူ နှစ်ဦးဖြစ်သည်ဟု ၎င်းတို့က ဆက်လက် ယုံကြည်ကြသည်။ ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ယေဟောဝါသည် ပညတ်တော်ခေတ်တွင် ဓမ္မဟောင်း ပညတ်တရားကို ချမှတ်ခဲ့ချိန်တွင်၊ ကျေးဇူးတော်ခေတ်၏အမှုကို အဘယ်ကြောင့် သူ မလုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ကျေးဇူးတော်ခေတ်၏အမှုကို ကြိုတင်၍ ရှင်းသွားစေဖို့ မပြုခဲ့သနည်း။ ဤအရာက ယင်းကို လူသား လက်ခံရန် အထောက်အကူ ပြုခဲ့မည်မဟုတ်လော။ သားယောက်ျားလေးတစ်ဦး မွေးဖွားကာ တန်ခိုးအာဏာ ရှိလာလိမ့်မည်ဟုသာ သူက ပရောဖက် ပြုခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၆)

ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက်၏ သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၇)

သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် ဉာဏ်နှင့်သာဆိုင်ပြီး အယူအဆနှင့်သာဆိုင်၏၊ သင်တို့၏ အားထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင်၊ သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြည်ညိုရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏လှည့်ဖြားမှုများကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အတွက် သင်၏ကြည်ညိုမှုသည် အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၈)

ထိုစဉ်က ယေရှု၏အမှုတော်၏ တစ်စိတ်တစ်ပိုင်းမှာ ဓမ္မဟောင်းကျမ်းနှင့်အညီ ဖြစ်ပြီး၊ ပညတ်တော်ခေတ် အတွင်းက မောရှေ၏ ပညတ်တရားများနှင့် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့်အညီလည်း ဖြစ်ခဲ့သည်။ ယေရှုသည် ၎င်းတို့ အားလုံးကို သူ၏အမှုတော်ဆိုင်ရာ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့သည်။ သူသည် တရားစရပ်များ၌ လူများအား တရားဟောကြားခဲ့ပြီး သွန်သင်ပေးခဲ့ကာ သူ့အပေါ် ရန်လိုနေခဲ့ကြသည့် ဖာရိရှဲများကို ပြစ်တင်ရန် ဓမ္မဟောင်းကျမ်းမှ ပရောဖက်များ၏ ကြိုတင်ဟောကြေားချက်များကို အသုံးချခဲ့ပြီး၊ သူတို့၏ မနာခံမှုကို ထုတ်ဖော်ရန်နှင့် သူတို့ကို ရှုတ်ချရန် အတွက် ကျမ်းစာထဲက နှုတ်ကပတ်တော်များကို အသုံးချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည်ကို စက်ဆုပ်ခဲ့ကြသည့်အတွက်၊ အထူးသဖြင့်၊ ယေရှု၏အမှုတော် အများအပြားတို့မှာ သမ္မာကျမ်းထဲက ပညတ်တရားများ နှင့် အညီ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြဘဲ၊ ထို့အပြင် သူ သွန်သင်ခဲ့သည့်အရာက သူတို့၏ ကိုယ်ပိုင် စကားလုံးများထက် ပိုမြင့်မြတ်ခဲ့ပြီး သမ္မာကျမ်းထဲက ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များထက်ပင် ပိုမြင့်မားခဲ့သည့်အတွက် ဖြစ်သည်။ ယေရှု၏ အမှုတော်မှာ လူသား၏ ရွေးနှုတ်ခြင်းနှင့် ကားစင်တင်ခံရခြင်းအတွက်သာ ဖြစ်သည်၊ သို့ဖြစ်၍၊ လူသားတစ်ဦးဦးကို သိမ်းပိုက်ရန် သူသည် နောက်ထပ် နှုတ်ကပတ်တော်များကို ဟောကြားရန် မလိုအပ်ခဲ့ပေ။ လူသားကို သူသွန်သင်ပေးခဲ့သည့် အရာအထဲက အများအပြားသည် သမ္မာကျမ်းစာလာ နှုတ်ကပတ်တော်များမှ ဖြစ်ပြီး၊ သူ့အမှုတော်က သမ္မာကျမ်းစာများကို မကျော်လွန်ခဲ့သော်မှ၊ သူသည် ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့သည်။ သူ့အမှုတော်မှာ နှုတ်ကပတ်တော်၏ အမှုတော် မဟုတ်ခဲ့ပေ၊ လူသားမျိုးနွယ်အား သိမ်းပိုက်ဖို့အလို့ငှာလည်း မဟုတ်ခဲ့ဘဲ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ်သာ ပြုမူခဲ့ပြီး လူသားမျိုးနွယ်အတွက် နှုတ်ကပတ်တော်၏ အရင်းအမြစ်အဖြစ် မပြုမူခဲ့ပေ။ လူသားကို သိမ်းပိုက်ခြင်းအမှုဖြစ်သည့် တစ်ပါးအမျိုးသားများ၏ အလုပ်ကို သူမလုပ်ဆောင်ခဲ့ဘဲ ဘုရားသခင် ရှိကြောင်းကို ယုံကြည်ကြသည့် လူများအကြားမှာ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ကားစင်တင်အသတ်ခံရခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူ၏ အမှုကို သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် သူသည် ဖာရိရှဲများကို ရှုတ်ချရန် ပရောဖက်ဟောင်းများ၏ ဟောကြားချက်များကို အသုံးချခဲ့သော်လည်း၊ ၎င်းမှာ ကားစင်တင် အသတ်ခံရခြင်းအမှုတော်ကို ပြီးမြောက်စေရန်အတွက် လုံလောက်ခဲ့သည်။ အကယ်၍ ယနေ့အမှုကို သမ္မာကျမ်းစာထဲရှိ ပရောဖက်ဟောင်းများ၏ ဟောကြားချက်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ကြဦးမည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းထဲတွင် သင်တို့ တရုတ်လူမျိုးများ၏ မနာခံမှုနှင့် အပြစ်များအကြောင်း မှတ်တမ်းများ မပါဝင်သည့်အတွက်နှင့် ၎င်းထဲတွင် သင်တို့ အပြစ်များ၏သမိုင်းဟူ၍ မရှိသည့်အတွက်၊ သင်တို့ကို သိမ်းပိုက်ဖို့ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤအမှုသည် သမ္မာကျမ်းထဲတွင် စွဲကျန်နေဆဲဖြစ်ပါက၊ သင်တို့သည် မည်သည့်အခါမျှ အလျှော့ပေးမည် မဟုတ်ပေ။ သမ္မာကျမ်းထဲတွင် ဣသရေလအမျိုးသားများ၏ သမိုင်းအနည်းအကျဉ်းသာ မှတ်တမ်းတင်ပေးခဲ့ပြီး၊ ထိုသမိုင်းသည် သင်တို့ ဆိုးသည် သို့မဟုတ် ကောင်းသည်ကို ၎င်းက သတ်မှတ် ပေးနိုင်စွမ်း မရှိသကဲ့သို့၊ သင်တို့ကို စီရင်နိုင်စွမ်းလည်း မရှိပေ။ ငါသည် သင်တို့ကို ဣသရေလအမျိုးသားတို့၏ သမိုင်းကို အခြေခံပြီး စီရင်ရန်ဖြစ်သည်ဟု စိတ်ကူးကြည့်ကြလော့—သင်တို့သည် ယနေ့ကဲ့သို့ပင် ငါ့နောက် လိုက်နေကြဦးမည်လော။ သင်တို့သည် မည်မျှခက်ခဲကြသည်ကို သင်တို့ သိကြသလော။ ဤအဆင့်၌ မည်သည့် နှုတ်ကပတ်တော်ကိုမျှ မပြောဆိုဘဲ နေပါက၊ သိမ်းပိုက်ခြင်းအမှုကို ပြီးမြောက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ငါလာခဲ့သည်မှာ လက်ဝါးစင်ပေါ် သံမှိုရိုက်ခံရန် မဟုတ်သောကြောင့်၊ သင်တို့သိမ်းပိုက်ခြင်းခံရနိုင်ရန် ငါသည် သမ္မာကျမ်းစာနှင့် ကွဲပြားသည့် စကားလုံးများကို ပြောဆိုရမည်။ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့သည်၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့် ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ “ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သို့ရာတွင် သူ၏အမှုတော်ထဲ၌ ဓမ္မဟောင်းကျမ်း၏ ဣသရေလအမျိုးသားများ လက်တွေ့ကျင့်သုံးခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်တော်များနှင့် ကွဲပြားမှုများ များပြားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ဘဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ကျသည့် အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပို၍လက်တွေ့ကျကာ ပို၍စစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ သာ၍ အသက်ရှင်ပြီး၊ စည်းကမ်းများကို မစဉ်းစား မဆင်ခြင်ဘဲ လိုက်နာခြင်းလည်း မဟုတ်ပေ။ ဣသရေလ အမျိုးသားများတို့က ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ကြသည် မဟုတ်လော။ ယေရှု ရောက်လာချိန်၌ သူသည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ခြင်း မရှိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့ကို အစိုးရပြီး၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်လိမ့်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သူသည် ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက် ကြွလာခြင်း ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးခဲ့သည့် အရာအားလုံးမှာ ပစ္စုပ္ပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းအတိုင်းအတာကို မကျော်လွန်ပေ။ ဥပမာ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရန်ဟူသည်တို့မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့ထံမှ တောင်းဆိုနေသည်များမှာ ပညတ်တော်ဆယ်ပါးသာ မကဘဲ၊ ယခင်က ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တော်များထက် ပို၍မြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင်၏ အမှုတော်၏ အဆင့်တစ်ခုစီကို ယခင်ကအဆင့်၏ အခြေခံအုတ်မြစ်အပေါ်၌ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပေ။ ယဇ်ပူဇော်ရန်၊ မိဘများကို ရိုသေစွာပြုရန်၊ ရုပ်တုများကို မကိုးကွယ်ရန်၊ အခြားသူတို့အား မစော်ကားရန်၊ သူတစ်ပါးကို မတိုက်ခိုက်ရန် သို့မဟုတ် မကျိန်ဆဲရန်၊ သူများ သားမယားကို မပြစ်မှားရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရန်၊ သွေးကို မသောက်ရန် လူတို့အပေါ်သတ်မှတ်ထားခြင်းကဲ့သို့ ဣသရေလ အမျိုးသားများအား ယေဟောဝါက မိတ်ဆက်ပေးခဲ့သည့် အရာတို့မှာ ယနေ့တွင်ပင် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ် ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အတိတ်ကပညတ်ချက်များကို မဖေါ်ပြတော့ဘဲ သင့်အား တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း၊ ဤပညတ်ချက်များကို မပယ်ဖျက်ခဲ့ဘဲ ၎င်းတို့ကို ပို၍မြင့်မားသော အနေအထားသို့ မြှင့်တင်ခဲ့သည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုလျှင် ယခင်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် ထာ၀ရ လိုက်နာရမည့် ပညတ်တော် အချို့ ရှိနေဆဲ ဖြစ်သည်။ အတိတ်က ပညတ်တော်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ထို့အပြင် “ဆေးလိပ် မသောက်ရ၊” “အရက်မသောက်ရ၊” စသဖြင့် ပညတ်တော်များကို အထူးအလေးပေးရန် မလိုတော့ပေ။ ဤအခြေခံအုတ်မြစ် အပေါ်၌၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်အသက်တာနှင့်အညီ၊ ယနေ့၏အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟု မဆိုလိုဘဲ၊ လူသား၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် လက်တွေ့နှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစ်သည်။ အကယ်၍၊ ယနေ့တွင် သင်တို့သည် ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ အမျိုးသားများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန်သာ လိုအပ်ခဲ့မည်၊ ထို့အပြင် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပင် သင်တို့အပေါ် သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာ မရှိနိုင်ပေ။ သင်တို့သည် ထိုကဲ့သို့သော ပညတ်ချက်အနည်းငယ်ကိုသာ စောင့်ထိန်းရန် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန်သာ သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့၏ သဘာဝဗီဇအဟောင်းသည် နက်ရှိုင်းစွာ နှစ်မြုပ်လျက် ရှိနေမည် ဖြစ်ပြီး ၎င်းကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့သည် အကျင့်စာရိတ္တ တိုး၍ ပျက်ပြားလာမည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံလာမည် မဟုတ်ပေ။ ယင်းမှာ ရိုးရှင်းသည့် ပညတ်တော် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်ချက်များသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သင်တို့ သိနားလည်အောင် လုပ်နိုင်စွမ်း မရှိဟု ဆိုလိုသည်။ သင်တို့သည် ဣသရေလအမျိုးသားများနှင့် မတူကြပေ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်တော်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ခဲ့ကြပြီး ကိုယ်တော်တစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်နိုင်ခဲ့ကြသည်။ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပေ၊ ထို့အပြင် ဓမ္မဟောင်းခေတ်မှ အချို့ပညတ်တော်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင်တို့ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြဘဲ၊ ထိုသို့ပြုမည့်အစား သင်တို့ကို စည်းကမ်းလျော့ရဲလာစေပြီး သင်တို့ကို မရဏနိုင်ငံအတွင်းသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် သဘာဝဗီဇဟောင်းကို ချိန်ရွယ်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ ကြင်နာသည့် နှုတ်ကပတ်တော်များမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မီရန် များစွာ လိုပေသည်။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ်ပေါင်းထောင်ချီ၍ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော 'ပါရဂူ'များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်တော်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏စီရင်ချက်မှာ ပညတ်ချက်အဟောင်းများနှင့် စာလျှင် များစွာပို၍ အစွမ်းရှိပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ၊ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသားမျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက်သာ ဖြစ်သည်။ ယခု လူသားအနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပ္ပန်လူသား၏ အရည်အချင်းနှင့် လူသား၏ တကယ့် ဝိညာဉ်အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပေ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ သဘာဝဗီဇ အဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ အယူအဆများကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈၉)

သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။ အခိုက်အတန့် တစ်ခုမှ တစ်ခုသို့၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နည်းလမ်းဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို မည်သည့်အခါတွင်မျှ မဖက်တွယ်ထားဘဲ၊ အမှုသစ်ကို လုပ်ဆောင်နေသည်။ သူ၏အမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ခဲ့ဘဲ၊ ကုန်လွန်သည့် အခိုက်အတန့်တစ်ခုစီနှင့်အတူ ဖြစ်ပျက်လာနေလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲခြင်း မရှိဟု သင်ပြောလျှင်၊ ယေဟောဝါက ယဇ်ပရောဟိတ်များကို ဗိမာန်တော်ထဲတွင် သူ့အား အစေခံရန် စေခိုင်းခဲ့သော်လည်း၊ ယေရှုက သူကြွလာခဲ့ချိန်တွင် လူတို့ကို သူ့ကို ယဇ်ပရောဟိတ် အကြီးအကဲ ဖြစ်သည်၊ ပြီးလျှင် သူသည် ဒါဝိဒ်၏ အိမ်တော်မှဖြစ်ပြီး ယဇ်ပရောဟိတ် အကြီးအကဲနှင့် ကြီးမြတ်သည့် ရှင်ဘုရင်လည်း ဖြစ်သည်ကို လူများက ပြောဆိုခဲ့ကြသည့် အချက်ရှိသော်လည်း၊ သူသည် ဗိမာန်တော်ထဲသို့ အဘယ်ကြောင့် မဝင်ရောက်ခဲ့ပါသနည်း။ ပြီးလျှင် သူသည် အဘယ်ကြောင့် ယဇ်များကို မပူဇော်ခဲ့ပါသနည်း။ ဗိမာန်တော်ကို ဝင်ရောက်ခြင်း သို့မဟုတ် ဗိမာန်တော်ကို မဝင်ရောက်ခြင်း— ဤအရာ အားလုံးသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်များ ဖြစ်သည် မဟုတ်လော။ လူတွေးထင်သကဲ့သို့ ယေရှုသည် တစ်ဖန်ကြွလာမည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ကာ လူများအလယ်တွင် ယေရှု၏ ပုံဏ္ဍာန်ဖြင့် ဆင်းသက်ကြွရင်း၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာဆဲဖြစ်ပါက- ယင်းသည် သူ၏အမှုကို ပြန်ကျော့ခြင်း ဖြစ်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဟောင်းကို တွယ်ဖက်နိုင်စွမ်း ရှိပါသလော။ လူ ယုံကြည်သည့်အရာအားလုံးမှာ အယူအဆများဖြစ်ပြီး၊ လူ နားလည်သည့် အရာအားလုံးသည် တိုက်ရိုက်အဓိပ္ပာယ်အရနှင့် သူ၏ စိတ်ကူးစိတ်သန်းအရလည်း ဖြစ်ပေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် သဘောကွဲလွဲသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီပေ။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် အလွန် မမိုက်မဲသကဲ့သို့ မတုံးအပေ၊ ပြီးလျှင် သူ၏အမှုသည် သင်တွေးထင်သကဲ့သို့ သိပ်မရိုးစင်းလှပေ။ လူ စိတ်ကူးသည့် အရာတိုင်းပေါ် အခြေခံပါက၊ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ် ဆင်းကြွလာပေလိမ့်မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက် သူသည် ယေရှုဖြစ်သည်ဟု ပြောသောသူကို ရှုမြင်ရကြလိမ့်မည်။ သင်တို့သည် သူ၏လက်များမှ သံမှိုစွဲရာများကိုလည်း ရှုမြင်ရမည်ဖြစ်ပြီး၊ သူသည် ယေရှု ဖြစ်ကြောင်းကို သိကြရပေမည်။ ပြီးလျှင် သူက သင်တို့ကို တစ်ဖန် ကယ်တင်လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပေမည်။ သူသည် သင်တို့ကို ကယ်တင်မည်၊ သင်တို့အပေါ် နာမအသစ် အပ်နှင်းမည်ဖြစ်ပြီး၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူတစ်ခု ပေးမည်၊ ထို့နောက်တွင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး၊ ပရဒိသုဘုံသို့ ကြိုဆိုခံရလိမ့်မည်။ ထိုသို့သော ယုံကြည်မှုများသည် လူသား၏ အယူအဆများ ဖြစ်သည် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ အယူအဆများအတိုင်း အမှုပြုသလော သို့မဟုတ် လူသား၏ အယူအဆများကို ဆန့်ကျင်လျက် အမှုပြုသလော။ လူသား၏ အယူအဆများအားလုံးသည် စာတန်ထံမှ ဆင်းသက်လာသည် မဟုတ်သလော။ လူသားအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို လူသား၏ အယူအဆများအတိုင်း လုပ်ဆောင်ခဲ့ပါက၊ သူသည် စာတန်ဖြစ်လာမည် မဟုတ်လော။ သူသည် သူ၏ ဖန်ဆင်းခြင်းများနှင့် တစ်မျိုးတစ်စားတည်း ဖြစ်လာမည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများသည် ယခုတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်သည် စာတန်၏ အမှုအရာများအတိုင်း အမှုပြုခဲ့မည်ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်ပေမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် လူ၏ အယူအဆများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည်မဟုတ်သကဲ့သို့၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်က သူသည် မိုးတိမ်စီးပြီး ကြွလာမည်ဟု ပြောခဲ့ကြောင်း ပြောသည့်သူများရှိသည်။ ဘုရားသခင်က မိမိကိုယ်ကိုယ် ထိုသို့ ပြောခဲ့သည်မှာ မှန်ပေသည်၊ သို့သော် ဘုရားသခင်၏ နက်နဲမှုများကို မည်သည့်လူသားကမျှ နားမလည်နိုင်သည်ကို သင်မသိသလော။ မည်သည့်လူသားကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်သည်ကို သင်မသိသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရပြီး အလင်းပေးခံရသည်ဟု သံသယစိုးစဉ်းမျှမရှိဘဲ သေချာပါသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံဖြင့် ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သင့်ကို ညွှန်ကြားခဲ့သူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော သို့မဟုတ် သင်၏ကိုယ်ပိုင် အယူအဆများက သင့်ကို ထိုသို့ တွေးတောဖို့ ဆိုက်ရောက်စေသလော။ သင်က၊ “ဤအရာကို ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည်။” ဟု ဆိုခဲ့သည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန် ငါတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ဉာဏ်များကို အသုံးပြု၍မရပေ။ ဟေရှာယ ပြောခဲ့သည့် နှုတ်ကပတ်တော်များမှာမူ၊ သူ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သေချာမှုဖြင့် သင်ရှင်းပြနိုင်သလော။ သူ၏ နှုတ်ကပတ်တော်များကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ နှုတ်ကပတ်တော်များကို သင့်အနေဖြင့် မရှင်းပြဝံ့သည့်နောက်တွင်၊ ယေရှု၏ စကားများကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက်၊ အဘယ်ကြောင့် ယေရှုက ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် အဘယ်ကြောင့် ရှင်းပြရသနည်း။ ဘုရားသခင်သည် သူ၏အမှုကို သင့်အား ကြိုတင်၍ ပြောပြမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးမျှ မသိနိုင်၊ ကောင်းကင်မှ စေတမန်များပင် မသိနိုင်သကဲ့သို့၊ လူသားလည်း မသိနိုင်ပေ၊ သို့ဆိုလျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။ လူသည် ချို့တဲ့လွန်းလှသည်။ ယခု သင်တို့အတွက် အရေးကြီးသည်မှာ အမှု၏ အဆင့် သုံးဆင့်ကို သိရန်ဖြစ်သည်။ ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၀)

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ” ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ့ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်းမရှိပေ။ ထို့အတူ သူ့အလုပ် စီမံခန့်ခွဲမှု ပြီးဆုံးခြင်း မတိုင်မီတွင်၊ သူသည် အစဉ်အမြဲ အလုပ်ရှုပ်နေပြီး၊ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိချေ။ သို့သော် လူသားက ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းသော အလုပ်ကိုသာ ရရှိသော်လည်း၊ ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ သဘောထားသည်။ အသိပညာ အနည်းငယ်သာရရှိသော်လည်း၊ ဘုရားသခင်၏ ပို၍သစ်သော အလုပ်ခြေလှမ်းများကို သူရှေ့တိုးပြီး နောက်ထပ်မလိုက်လျှောက်ပေ။ ဘုရားသခင်၏ အလုပ် အနည်းငယ်ကိုသာ သူမြင်ခဲ့သည်ဖြစ်သော်လည်း၊ ဘုရားသခင်ကို တစ်စုံတစ်ရာသော သစ်သားပုံတော်တစ်ခုအဖြစ် သူချက်ချင်း သရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်သည့် ပုံသဏ္ဌာန်အတိုင်း ဘုရားသခင်က အစဉ်အမြဲ တည်ရှိနေလိမ့်မည်ဟု သူယုံကြည်သည်။ ယင်းမှာ ယခင်က ထိုသို့ ဖြစ်နေသည့်အတွက် အနာဂတ်တွင်လည်း ထိုကဲ့သို့ အမြဲ ဖြစ်နေလိမ့်မည်ဟု ယုံကြည်သည်။ အပေါ်ယံ အသိပညာကို ရရှိယုံမျှဖြင့်၊ လူသည် အလွန်ထောင်လွှားသဖြင့် သူ့ကိုယ်သူ မေ့လျော့ပြီး အကယ်ပင် တည်ရှိမှု မရှိသည့် ဘုရားသခင်၏ သဘောထားနှင့် ဖြစ်ခြင်းကို လက်လွတ်စပယ် စတင်ကြေညာသည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုအပေါ် သေချာသွားပြီးဖြစ်ရာ ဘုရားသခင်၏ အလုပ်သစ်ကို ကြေညာသည့် မည်သို့သော လူပုဂ္ဂိုလ်မျိုးပင် ဖြစ်စေကာမူ လူသည် ယင်းကို လက်မခံပေ။ ဤသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ သူတို့သည် အလွန် ရှေးရိုးစွဲသူများဖြစ်ကြပြီး၊ အသစ်သော အရာများကို လက်မခံနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ငြင်းပယ်ကြသူများဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါ ကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည့်အတွက် မှားယွင်းနေသည်ဟု လူကယုံကြည်သည်။ သို့သော် လူအများစုတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်သည်” နှင့် “မေရှိယ ပြန်ကြွလာခြင်းကို တောင့်တသည်၊ သို့သော် ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည်” ဟူသည့် ဇာတ်ထုပ်ကို ကနေကြသည်။ သို့ဖြစ်၍ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ကို လက်ခံပြီးသည့်နောက် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နေဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို မရရှိဆဲဖြစ် သည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသားပုန်ကန်မှု၏ ရလဒ်ပင် မဟုတ်ပေလော။ ယနေ့၏ အလုပ်သစ်ကို လိုက်မမီသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များသည် သူတို့၏ ဆန္ဒတစ်ခုချင်းစီကို ဘုရားသခင်က ဖြည့်ဆည်းပေးသည့်အတွက် သူတို့က ကံကောင်းသူများ ဖြစ်ကြသည်ဟူသော ယုံကြည်မှုကို ဆုပ်ကိုင်ထားကြသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာ မလာကို သူတို့သည် မုချသေချာမှုနှင့် ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က သူတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို သူတို့ သေချာ မပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးပြီး သူတို့ကို မည်သို့ လာရောက်ကောက်ယူမည့် အကြောင်းနှင့် ပတ်သက်၍လည်း သူတို့မသေချာပေ။ သူတို့အားလုံးတို့သည် သောကရောက်နေပြီး အဘယ်အရာ လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်က ဂိုဏ်းဂဏတစ်ခုစီမှ ကွဲပြားသည့် သေးငယ်သော လူလက်တစ်ဆုပ်စာ ဖြစ်သည့် သူတို့တစ်ယောက်စီကို ခေါ်မည် မခေါ်မည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြပေ။ လက်ရှိခေတ်တွင် ဘုရားသခင်ပြုသည့် အမှုမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်၊ သူတို့သည် ယင်းတို့၏ တစ်စုံတစ်ရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိ၊ ဘာကိုမျှ မလုပ်နိုင်ဘဲ၊ သူတို့၏လက်ချောင်းများကို ချိုးကာ နေ့ရက်များကိုသာ ရေတွက်နေကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။ ထိုစဉ် အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း သူတို့ အလုံးစုံကို ရရှိပြီးပြီဟု ယုံကြည်ကြသည့် ထို “လူတော်များ” သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေမခံနိုင်ကြပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု သူတို့အားလုံးက ယုံကြည်နေကြပြီး၊ အဘယ် အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အလုပ်၏ ဆက်လက်၍ဖွံ့ဖြိုးမှုကို သူတို့က ဖြတ်တောက်လိုက်သည်။ ပြီးလျှင် သူတို့သည် “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် သူတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ချီဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်နေပုံပေါက်သည်။ သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာရှိ” သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသော အလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားကရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။ ပညတ်ဟောင်းကို ပယ်ဖျက်ပြီး အလုပ်သစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဟုပင် များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြသည့် ဤလူတို့သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဘဲ၊ သူတို့ကိုယ်တိုင်၏ အသိစိတ်များဖြင့်သာ သူတို့၏ မျှော်လင့်ချက်များ တိုတောင်းသွား ပါလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိ၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သော်ငြားလည်း သူသည် ယင်းကို ဖက်တွယ်ထားခြင်း မရှိပေ။ ငြင်းပယ်သင့်သည့်အရာကို ငြင်းပယ်ပြီး၊ ဖယ်ထုတ်သင့်သည့်အရာကို ဖယ်ထုတ်ရမည်။ လူသားသည် ဘုရားသခင်စီမံခန့်ခွဲမှု အလုပ်၏ အစိတ်အပိုင်း အသေးလေး တစ်ခုကိုသာ ဆုပ်ကိုင်ပြီး၊ သူ့ကိုယ်သူ ဘုရားသခင်အား ရန်လိုသည့် နေရာကို ယူထားသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်း တစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးများ မရရှိမည်ကို ကြောက်ရွံ့သည့်အတွက် သူတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိနေလေ၊ သူတို့သည် နောက်ဆုံးသော ကောင်းချီးနှင့် သာ၍ ကြီးမားသည့် ကောင်းချီးများကို ပိုမိုမရရှိနိုင်လေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် ထိုသူများ အားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာရှိပြကြသည်။ သူတို့သည် ပညတ်တော်အပေါ် ထိုသို့ပိုပြီး သစ္စာရှိပြလေ၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ ပိုဖြစ်လေပင် ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်ပြီး ပညတ်တော်ခေတ် မဟုတ်ပေ၊ ယနေ့အလုပ်နှင့် ယခင်ကအလုပ်ကို တစ်ချိန်တည်းတွင် ဖော်ပြ၍ မရသည့်အပြင်၊ ယခင်ကအလုပ်ကိုလည်း ယနေ့အလုပ်နှင့် နှိုင်းယှဉ်၍ မရပေ။ ဘုရားသခင်၏ အလုပ်သည် ပြောင်းလဲခဲ့ပြီး၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည်လည်း ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပါ။ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်ကို လူတို့၏ သစ္စာရှိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၁)

ယနေ့ သင့်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်သကဲ့သို့၊ အခြားသူတို့၏ဘုရားသခင်လည်း ဖြစ်ကာ၊ အရေးကြီးဆုံးအနေဖြင့် သူသည် သူ့ကိုချစ်သောသူအားလုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းခြင်းအားလုံးတို့၏ဘုရားသခင် ဖြစ်သည်ကို သင့်အား အသိအမှတ်ပြုစေရန်ဖြစ်သည်။ သူသည် ဣသရေလအမျိုးများ၏ ဘုရားသခင်ဖြစ်ပြီး အဲဂုတ္တုလူမျိုးများ၏ ဘုရားသခင် ဖြစ်သည်။ သူသည် ဗြိတိသျှလူမျိုးတို့၏ ဘုရားသခင်ဖြစ်ပြီး အမေရိကန်လူမျိုးများ၏ ဘုရားသခင် ဖြစ်သည်။ သူသည် အာဒံနှင့်ဧဝတို့၏ ဘုရားသခင်ဖြစ်ရုံသာ မဟုတ်ဘဲ၊ ၎င်းတို့၏ သားစဉ်မြေးဆက်များ အားလုံး၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် ကောင်းကင်၌ ရှိသော အရာအားလုံးနှင့် မြေကြီးပေါ်၌ရှိသော အရာအားလုံးတို့၏ ဘုရားသခင် ဖြစ်သည်။ ဣသရေလလူမျိုးများဖြစ်စေ တစ်ပါးအမျိုးသားများဖြစ်စေ၊ မိသားစု အားလုံးသည် တစ်ဆူတည်းသော ဘုရားသခင်၏ လက်တွင် ရှိကြသည်။ သူသည် ဣသရေလတွင် နှစ်ထောင်ပေါင်းအချို့ကြာ အမှုပြုခဲ့ပြီး ယုဒပြည်တွင် တစ်ချိန်က မွေးဖွားခဲ့သည်သာမက၊ ယနေ့တွင် သူသည် အဆင်းနီသော နဂါးကြီး ရစ်ခွေလဲလျောင်းသော နေရာဖြစ်သည့် တရုတ်ပြည်တွင် ဆင်းသက်လေသည်။ ယုဒပြည်တွင် မွေးဖွားခြင်းက သူ့ကို ယုဒလူမျိုးတို့၏ရှင်ဘုရင် ဖြစ်စေပါက၊ သင်တို့အားလုံးအလယ်တွင် ယနေ့ ဆင်းသက်ခြင်းသည် သူ့ကို သင်တို့အားလုံး၏ ဘုရားသခင် ဖြစ်စေသည် မဟုတ်လော။ သူသည် ဣသရေလအမျိုးများကို ဦးဆောင်ခဲ့ပြီး ယုဒပြည်တွင် မွေးဖွားခဲ့သကဲ့သို့၊ သူသည် တစ်ပါးအမျိုးသားပြည် တစ်ခုတွင်လည်း မွေးဖွားလေပြီဖြစ်သည်။ သူ၏အမှုအားလုံးကို သူဖန်ဆင်းသည့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် လုပ်ဆောင်သည် မဟုတ်လော။ သူသည် ဣသရေလအမျိုးတို့ကို အဆတစ်ရာချစ်ပြီး တစ်ပါးအမျိုးသားတို့ကို အဆတစ်ထောင် စက်ဆုပ်ရွံရှာသလော။ ယင်းမှာ သင်တို့၏အယူအဆ မဟုတ်လော။ ဘုရားသခင်သည် သင်တို့၏ ဘုရားသခင် မည်သည့်အခါမျှ မဖြစ်ခဲ့သည်မှာ မမှန်ကန်ဘဲ၊ ယင်းထက် သင်တို့သည် သူ့ကို အသိအမှတ်မပြုခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သင်တို့၏ ဘုရားဖြစ်ရန် လိုလားခြင်းမရှိသည်မှာ မမှန်ကန်ဘဲ၊ ယင်းထက် သင်တို့သည် သူ့ကို ငြင်းပယ်ခြင်းသာ ဖြစ်သည်။ အဖန်ဆင်းခံများထဲတွင် မည်သူသည် အနန္တတန်ခိုးရှင်၏ လက်တွင် မရှိသနည်း။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်းတွင် ရည်မှန်းချက်မှာ ဘုရားသခင်သည် သင်တို့၏ ဘုရားသခင်သာဖြစ်သည်ကို သင်တို့အား အသိအမှတ်ပြုစေဖို့သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ ဘုရားသခင်သာ ဖြစ်သည်ဟု သင်တို့ ခံယူထားဆဲဖြစ်ပြီး၊ ဣသရေလရှိ ဒါဝိဒ်၏အိမ်တော်သည် ဘုရားသခင်၏မွေးဖွားခြင်း ဇာစ်မြစ်ဖြစ်သည်ဟု ခံယူထားဆဲဖြစ်ပါက၊ ပြီးလျှင် မည်သည့်တစ်ပါးအမျိုးသားမိသားစုကမျှ ယေဟောဝါ၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ ရရှိနိုင်ဖို့မဆိုထားနှင့်၊ ဣသရေလမှအပ မည်သည့်နိုင်ငံမျှ ဘုရားသခင်ကို “မွေးဖွားရန်” အရည်အချင်းမပြည့်မီဟု ခံယူထားဆဲဖြစ်ပါက- ဤသို့ သင် တွေးထင်ဆဲဖြစ်ပါက၊ ယင်းက သင့်ကို ခေါင်းမာသော ခုခံသူတစ်ဦးဖြစ်စေသည် မဟုတ်လော။ ဣသရေလအပေါ် အမြဲ အစွဲအလမ်းမကြီးနှင့်။ ဘုရားသခင်သည် သင်တို့ကြားတွင် ယနေ့ ရှိ၏။ မိုးပေါ်သို့လည်း သင် ကြည့်ပြီးရင်း ကြည့်မနေသင့်ပေ။ ကောင်းကင်ရှိ သင်၏ဘုရားသခင်ကို တမ်းတနေခြင်းကို ရပ်လော့။ ဘုရားသခင်သည် သင်တို့အလယ် ကြွလာပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် အဘယ်သို့ ကောင်းကင်တွင် ရှိနိုင်မည်နည်း။ သင်သည် ဘုရားသခင်ကို ကာလကြာမြင့်စွာ မယုံကြည်ကြသေးသော်လည်း၊ သူနှင့်ပတ်သက်၍ သင်၌ အယူအဆများစွာရှိသည်မှာ ဣသရေလအမျိုးများ၏ ဘုရားသခင်သည် သင်တို့ကို သူ၏ မျက်မှောက်ဖြင့် ကျေးဇူးပြုဖို့ အရေးတယူလုပ်မည်ဟု တစ်ခဏမျှ သင်မတွေးဝံ့သည်အထိ ဖြစ်သည်။ သင်တို့သည် မခံနိုင်လောက်အောင် ညစ်ညူးကြပုံကို ထောက်ဆလျှင်၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင် မည်သို့ မြင်နိုင်မည်အကြောင်းအား သင်တို့ သာ၍ပင် မတွေးဝံ့ကြချေ။ ဘုရားသခင်သည် တစ်ပါးအမျိုးသားမြေတွင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ဆင်းသက်နိုင်မည်ကိုလည်း သင်တို့ မတွေးဖူးကြပေ။ သူသည် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် ဆင်းသက်ပြီး ဣသရေလလူမျိုးများထံ ပေါ်ထွန်းသင့်ပေသည်။ တစ်ပါးအမျိုးသားများ (ဆိုလိုသည်မှာ ဣသရေလပြင်ပရှိ လူမျိုးများ) သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းခံရသူများ ဖြစ်သည် မဟုတ်လော။ သူတို့ကြားတွင် သူသည် မည်သို့ ကိုယ်တိုင်ကိုယ်ကျ အမှုပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာအတွင်း သင်တို့ ထားရှိကြပြီးဖြစ်သည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် အယူအဆများ ဖြစ်သည်။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ဤအယူအဆများကို အစိတ်စိတ်အမြွှာမြွှာ ခွဲရန် ဖြစ်သည်။ ထိုကြောင့်၊ သိနာတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် မဟုတ်ဘဲ ယခင်က သူဦးဆောင်ခဲ့ဖူးခြင်း မရှိသည့် လူများကြားဖြစ်သည့်- သင်တို့ကြားတွင် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းကို သင်တို့ ရှုမြင်ကြရပေသည်။ ဘုရားသခင်သည် ဣသရေလတွင် သူ၏အမှု အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဣသရေလလူမျိုးများနှင့် တစ်ပါးအမျိုးသား အားလုံးတို့က ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်မှာ မှန်ကန်သော်လည်း၊ သူသည် တစ်ပါးအမျိုးသားများ၏ ဘုရားဖြစ်ရန် မဟုတ်ဘဲ၊ ဣသရေလလူမျိုးများ၏ ဘုရားဖြစ်ရန်သာ လိုလားလျက်ရှိသည်ဟူသော အယူအဆကို ထပ်တူထပ်မျှ သိုထားလာခဲ့ကြသည်။ ဣသရေလအမျိုးများက အောက်ပါအတိုင်း ယုံကြည်ကြ၏- ဘုရားသခင်သည် တစ်ပါးအမျိုးသားများ ဖြစ်သော သင်တို့၏ ဘုရားသခင် မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ဘုရားသခင်သာ ဖြစ်နိုင်သည်၊ ပြီးလျှင် သင်တို့သည် ယေဟောဝါကို မကြည်ညိုကြပေ၊ ထို့ကြောင့်- ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သော- ယေဟောဝါသည် သင်တို့ကို စက်ဆုပ်ရွံရှာသည်ဟု ဖြစ်ပေသည်။ ယုဒလူမျိုးများသည်လည်း အောက်ပါအတိုင်း ယုံကြည်ကြ၏- သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးတို့၏ အသွင်ကိုဆောင်ပြီး ယုဒလူမျိုးတို့၏ အမှတ်အသားကို ဆောင်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် အမှုပြုသည်မှာ ကျွန်ုပ်တို့အလယ်တွင် ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ကျွန်ုပ်တို့၏ပုံသဏ္ဌာန်သည် ဆင်တူသည်။ ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် နီးစပ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးများ၏ ရှင်ဘုရင်ဖြစ်သည်။ တစ်ပါးအမျိုးသားတို့သည် ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိရန် အရည်အချင်း မပြည့်မီကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ ဣသရေလအမျိုးများနှင့် ယုဒလူမျိုးများက ဤအယူအဆများအားလုံး ထားရှိခဲ့ကြသည်မှာ အမှု၏ ထိုအဆင့်နှစ်ဆင့်အရသာ ဖြစ်ခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တစ်ပါးအမျိုးသားတို့၏ ဘုရားသခင်လည်း ဖြစ်ခွင့် မပေးဘဲလျက်၊ ဗိုလ်ကျလျက် ဘုရားသခင်ကို မိမိတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုကြလေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်သည် တစ်ပါးအမျိုးသားများ၏ နှလုံးသားများတွင် ကွက်လပ်တစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် တစ်ပါးအမျိုးသားများ၏ ဘုရားသခင် မဖြစ်ချင်သကဲ့သို့၊ သူသည် ဣသရေလလူမျိုးများ- သူ၏ ရွေးချယ်ခြင်းခံရသောလူများ- နှင့် ယုဒလူမျိုးများ၊ အထူးသဖြင့် သူ့နောက်လိုက်ခဲ့သည့် တပည့်တော်များကိုသာ နှစ်သက်သည်ဟု အယောက်တိုင်း ယုံကြည်လာခဲ့ကြသောကြောင့် ဖြစ်သည်။ ယေဟောဝါနှင့် ယေရှု ပြုခဲ့သည့်အမှုသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ခြင်းအတွက် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်သည် ဣသရေလပြင်ပတွင် မွေးဖွားသော သင်တို့အားလုံး၏ ဘုရားသခင် ဖြစ်သည်ကို ယခု သင်တို့ အသိအမှတ်ပြုကြသလော။ ယနေ့တွင် ဘုရားသခင်သည် သင်တို့အလယ် ဤနေရာ၌ ရှိသည် မဟုတ်လော။ ဤအရာသည် အိပ်မက်မဖြစ်နိုင်ပေ၊ ဖြစ်နိုင်သလော။ ဤလက်တွေ့အရှိတရားကို သင်တို့လက်မခံကြသလော။ သင်တို့သည် ထိုအရာကို မယုံကြည်ရဲကြ သို့မဟုတ် မစဉ်းစားရဲကြပေ။ ထိုအရာကို သင်တို့ မည်သို့မြင်ကြသည်ဖြစ်စေ၊ ဘုရားသခင်သည် သင်တို့အလယ် ဤနေရာတွင် ရှိသည် မဟုတ်လော။ ဤနှုတ်ကပတ်တော်များကို ယုံကြည်ရန် သင်တို့ စိုးရွံ့နေသေးသလော။ ဤနေ့မှစ၍၊ သိမ်းပိုက်ခြင်းခံသော လူများအားလုံးနှင့် ဘုရားသခင်၏ နောက်လိုက်များဖြစ်ရန် ဆန္ဒရှိသူများအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသောလူများ ဖြစ်ကြသည် မဟုတ်လော။ ယနေ့ နောက်လိုက်များဖြစ်သော သင်တို့ အားလုံးသည် ဣသရေလပြင်ပရှိ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ အဆင့်အတန်းသည် ဣသရေလအမျိုးများကဲ့သို့ အလားတူ ဖြစ်ကြသည် မဟုတ်လော။ ဤအရာအားလုံးသည် သင်တို့ သတိပြုသင့်သည့်အရာများ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင်တို့ကို သိမ်းပိုက်ခြင်းအမှု၏ ရည်မှန်းချက် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ကြသည့်အတွက်၊ သူသည် အစအဦးမှ အနာဂတ်ထဲထိ သင်တို့၏ဘုရားသခင် ထာဝရဖြစ်လိမ့်မည်။ သင်တို့အားလုံးသည် သူ၏နောက်သို့ လိုက်ရန်နှင့် သူ၏သစ္စာစောင့်သိပြီး နာခံသော ဖန်ဆင်းခံများဖြစ်ရန် လိုလားလျက်ရှိနေကြသရွေ့၊ သူသည် သင်တို့ကို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၂)

သင်၏အယူအဆအဟောင်းတို့ကို ဘေးဖယ်ထားမှသာလျှင် သင်သည် အသိဉာဏ်အသစ်ကို ရရှိမည်ဖြစ်၏။ သို့သော် အသိဉာဏ်အဟောင်းဟူသည် အယူအဆအဟောင်းများ ဖြစ်စရာမလိုပါ။ “အယူအဆများ” ဆိုသည်မှာ လူသားစိတ်ကူးသည့် လက်တွေ့ အရှိတရားနှင့် မကိုက်ညီသော အရာများကို ရည်ညွှန်းသည်။ အသိဉာဏ်အဟောင်းသည် ခေတ်ဟောင်းတွင် ခေတ်နောက်ကျ ပြီးသားဖြစ်ပြီး လူသားကို အမှုသစ်အတွင်း ဝင်ရောက်ရာတွင် တားဆီးခဲ့ပါက ထိုသို့သော အသိဉာဏ်သည်လည်း အယူအဆတစ်ရပ် ဖြစ်၏။ ဤသို့သော အသိဉာဏ်အပေါ် လူသားက မှန်ကန်သည့် ချဉ်းကပ်မှု ပြုလုပ်နိုင်၍၊ အဟောင်းနှင့် အသစ်ပေါင်းကာ ဘုရားသခင်ကို ကွဲပြားသောရှုထောင့်အချို့မှ သိလာနိုင်ပါက အသိဉာဏ်အဟောင်းသည် လူသားအတွက် အထောက်အကူတစ်ရပ်ဖြစ်လာပြီး ခေတ်သစ်အတွင်း လူသားဝင်ရောက်သည့် အခြေခံဖြစ်လာ၏။ ဘုရားသခင်ကိုသိခြင်း သင်ခန်းစာအတွက် သင်သည် ဘုရားသခင်ကိုသိသည့် လမ်းကြောင်း ပေါ်သို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကိုသိရန် မည်သည့် သမ္မာတရားများကို နားလည်ရမည်နှင့် ဘုရားသခင်၏ အမှုသစ်ဆိုင်ရာ စီမံမှုအားလုံးကို သင်နာခံနိုင်ရန်အလို့ငှာ သင်၏အယူအဆများနှင့် သဘာဝဗီဇအဟောင်းကို မည်သို့ဖယ်ရှားရမည်ဟူသည့် အခြေခံ သဘောတရားများစွာတို့ကို ပိုင်နိုင်ရန်လိုအပ်၏။ သင်သည် ဤအခြေခံ သဘောတရားများကို ဘုရားသခင်ကိုသိခြင်း သင်ခန်းစာအတွင်းသို့ ဝင်ရောက်ရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပါက သင်၏အသိဉာဏ်သည် သာ၍သာ၍ နက်ရှိုင်းလာလိမ့်မည် ဖြစ်သည်။ သင်သည် အမှုအဆင့်သုံးဆင့်ကို၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးကို ရှင်းလင်းစွာ သိသည့်အပြင်၊ သင်သည် ဘုရားသခင့်အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို လက်ရှိအဆင့်နှင့် အပြည့်အဝ အပြန်အလှန် ဆက်စပ်နိုင်ကာ ဤသည်မှာ ဘုရားသခင် တစ်ဆူတည်းမှ ဆောင်ရွက်သည့် အမှုဖြစ်ကြောင်းကို မြင်နိုင်ပါက ဤထက်သာ၍ခိုင်မာသော အခြေခံအုတ်မြစ် သင့်တွင်ရှိမည်မဟုတ်ပါ။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းကသာ ဆောင်ရွက်ခဲ့၏။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်၍ ဘုရားသခင်ကို သိရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှုအဆင့် သုံးဆင့်ကို ဘုရားသခင် ကိုယ်တိုင်သာလျှင် ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍ မည်သည့်လူသားမျှ သူ့ကိုယ်စား ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သာလျှင် သူ၏အမှုကို အစမှ ယနေ့တိုင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလိုသည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို ကွဲပြားသည့်ခေတ်များ၊ ကွဲပြားသည့် တည်နေရာများတွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် တစ်ခုစီ၏ အမှုသည် ကွဲပြားသော်လည်း၊ ဤသည်မှာ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့သည့် အမှုအားလုံးဖြစ်၏။ ရူပါရုံ အားလုံးတွင် ဤသည်မှာ လူသားအနေဖြင့် သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံဖြစ်ကာ၊ လူသားအနေနှင့် ဤသည်ကို လုံးဝနားလည်နိုင်ပါက သူသည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်၏။ ယနေ့ အမျိုးမျိုးသောဘာသာတရားများနှင့် အမျိုးမျိုးသောဂိုဏ်းဂဏတို့ ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာမှာ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မသိကြခြင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမဟုတ်သည့် အရာတို့အကြား မခွဲခြားနိုင်ကြခြင်းဖြစ်၏၊ ထို့ကြောင့် အမှု၏ လွန်ခဲ့သော အဆင့်နှစ်ဆင့်ကဲ့သို့ အမှု၏ ဤအဆင့်ကိုလည်း ယေဟောဝါဘုရားသခင်က ဆောင်ရွက်ခဲ့သည်ကို ထိုသူတို့ မပြောနိုင်ကြပေ။ လူတို့သည် ဘုရားသခင်နောက် လိုက်ကြသော်လည်း ဤသည်မှာ လမ်းမှန်ဟုတ်၊ မဟုတ်ကို အများစုက မပြောနိုင်ဘဲ ရှိနေကြသေးသည်။ ဤလမ်းသည် ဘုရားသခင်ကိုယ်တိုင်က လမ်းပြသည့်လမ်း ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်ကို လူသားက စိုးရိမ်၍၊ လူအများစုသည် ဤကဲ့သို့သော အရာများနှင့် ပတ်သက်လာပါက မည်သို့ထိုးထွင်းသိမြင်ရမည်ကို လုံးဝမသိသေးပေ။ ဘုရားသခင်၏ နောက်ကို လိုက်ကြသောသူတို့သည် လမ်းကို မဆုံးဖြတ်နိုင်ကြ သောကြောင့် ပြောဆိုလိုက်သည့် သတင်းစကားများသည် ထိုသူတို့အကြားတွင် တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှုရှိကာ၊ အပြည့်အဝ သက်ရောက်နိုင်စွမ်း မရှိပေ၊ ထို့ကြောင့် ဤသည်မှာ ထိုကဲ့သို့သောသူတို့၏ ဘဝဝင်ရောက်ခြင်းအပေါ် သက်ရောက်လေသည်။ အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်ကိုယ်တိုင် ကွဲပြားသောအချိန်များ၊ ကွဲပြားသောနေရာများနှင့် ကွဲပြားသောလူများတွင် လုပ်ဆောင်သည့် အမှုဟု လူသားအနေဖြင့် မြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း တစ်ဆူတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့် အမှုအားလုံးဖြစ် သည်ကို လူသားအနေဖြင့် မြင်နိုင်ပါက၊ တစ်ဆူတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည် ဖြစ်၍ အမှားကင်းစင်ကာ၊ လူသား၏ အယူအဆများနှင့် မကိုက်ညီ သော်လည်း တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လုံးဝမငြင်းဆိုနိုင်ဟု လူသားအနေဖြင့် မြင်နိုင်ပါက၊ ဤသည်မှာ တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်းကို လူသားအနေဖြင့် အသေအချာပြောနိုင်ပါက လူသား၏ အယူအဆများသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်းမရှိသော အရာများမျှသာ ဖြစ်သွားလိမ့်မည်။ လူသား၏ ရူပါရုံများ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကို ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သာသိ၍ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်အကြောင်း စိတ်နှစ်မျိုးဖြစ်နေသဖြင့် များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုအပေါ် ဆက်လက်ဆက်ကပ်လျက်ရှိ၍၊ ယနေ့အမှု အကြောင်း အယူအဆများနှင့် အဘက်ဘက်မှ ဝန်းရံတိုက်ခိုက် ခံရကာ၊ လူအများစုမှာ အစဉ်သံသယရှိလျက် ယနေ့၏အမှုကို အလေးအနက် ခံယူခြင်း မရှိကြပေ။ မြင်နိုင်ခြင်းမရှိသည့် ပြီးခဲ့သော အဆင့်နှစ်ဆင့်အပေါ် လူသားသည် အယူအဆများ လုံးဝမရှိပေ။ ဤသည်မှာ လူသားသည် ပြီးခဲ့သောအဆင့် နှစ်ဆင့်၏ လက်တွေ့ အရှိတရားကို နားမလည်ခြင်း ကြောင့်နှင့် ၎င်းတို့ကို ကိုယ်တိုင် မြင်တွေ့ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားသည် ၎င်းတို့ကို မမြင်နိုင်ခြင်းကြောင့် သူသဘောကျသည့်အတိုင်း စိတ်ကူးခြင်းဖြစ်၏။ သူသည် မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ၎င်းကို သက်သေပြရန် အချက်အလက်များ မရှိဘဲ ပြုပြင်မည့်သူလည်း မရှိပေ။ ၎င်းကို အတည်ပြုရန် အချက်အလက်များ မရှိသဖြင့် လူသားသည် သူ၏သဘာဝ ပင်ကိုစရိုက်ကို အထိန်းအကွပ်မဲ့ လွှတ်ထားပေး၍၊ မည်သည့်အရာကိုမျှ သတိမမူတော့ဘဲ၊ စိတ်ကူးချင်တိုင်း စိတ်ကူးတော့သည်။ ထို့ကြောင့် လူ၏စိတ်ကူးများသည် သက်သေပြချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ “အမှန်တရား” ဖြစ်သွား၏။ ထို့ကြောင့် လူသားသည် သူ့စိတ်ထဲရှိ သူကိုယ်တိုင်စိတ်ကူးထားသော ဘုရားသခင်ကို ယုံကြည်၍ လက်တွေ့ အရှိတရား၏ ဘုရားသခင်ကို မရှာဖွေပါ။ လူတစ်ဦးတွင် ယုံကြည်ခြင်း တစ်မျိုး ရှိပါက လူတစ်ရာအကြားတွင် ယုံကြည်ခြင်း အမျိုးတစ်ရာရှိ၏။ လူသား၌ ဤသို့သော ယုံကြည်ချက်များ ရှိခြင်းမှာ သူသည် ဘုရားသခင့်အမှု၏ လက်တွေ့အရှိတရားကို မတွေ့ရသေးသောကြောင့်၊ ထိုအမှုကို သူ၏နားများဖြင့်သာ ကြားရသေး၍ သူ၏မျက်စိများဖြင့် မမြင်ရသေးသောကြောင့်ဖြစ်၏။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကို ကြားခဲ့ရသော်လည်း ဘုရားသခင့်အမှု၏ အချက်အလက်များဆိုင်ရာ အသိပညာကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများဖြစ်လာသည်မှာ တစ်နှစ်သာရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများမှ တစ်ဆင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်၍၊ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများအတွက်လည်း ထိုသို့ပင်ဖြစ်သည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်အပေါ် အယူအဆများရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ခြင်း ရှိကြမည် မဟုတ်ပေ။ လူသားသည် သူ့အယူအဆအဟောင်းများ၏ အချုပ်အနှောင်များမှ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ခဲ့ပြီးဖြစ်ကာ နယ်မြေသစ်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိဉာဏ်သည် အယူအဆများနှင့် တစ်ဆင့်စကားများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားသည် သူ၏အယူအဆများမှာ မှန်ကန်၍ အမှားကင်းသည်ဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှလာသည်ဟု ထင်၏။ ယနေ့၊ လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါ နှစ်ပေါင်းများစွာ စုစည်းလာသော အယူအဆများကို လွှတ်ပေးလိုက်၏။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုတွင် အတားအဆီး ဖြစ်လာခဲ့ပြီး လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုကဲ့သို့သော အကြံများကို ချေပရန် ခက်ခဲလာသည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူ အများအပြား၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ်ထားသော အယူအဆများသည် ပို၍ဆိုးရွားလာပြီး ဤလူတို့သည် လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ခေါင်းမာသော ရန်လိုမှုအဖြစ် ဖွဲ့စည်းလာခဲ့သည်၊ ဤမုန်းတီးမှု၏ အရင်းအမြစ်မှာ လူသား၏ အယူအဆများနှင့် စိတ်ကူးများဖြစ်သည်။ ဤသည်မှာ အတိအကျ အားဖြင့် အမှန်တရားသည် လူသားကို အထိန်းအချုပ်မရှိ စိတ်ကူးခွင့် မပေးသောကြောင့် ဖြစ်သည့်အပြင် လူသားအနေနှင့် အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးယဉ်မှုများသည် အမှန်တရား၏ အချက်အလက်များ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ ၏ သင့်တော်မှုနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်း မရှိဘဲ၊ သူ့အယူအဆများကို တဇောက်ထိုး လွှတ်ပေးရုံသာ လွှတ်ပေး၍ သူ၏ကိုယ်ပိုင် စိတ်ကူးကို အသုံးပြုသောကြောင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် လူသား၏အယူအဆများနှင့် မကိုက်ညီသော ယနေ့အမှု၏ ရန်သူဖြစ်သွားခဲ့သည်။ ဤသည်မှာ လူသားအယူအဆများ၏ အပြစ်ဟုသာပြောနိုင်၍ ဘုရားသခင့်အမှု၏ အပြစ်ဟု မပြောနိုင်ပေ။ လူသားသည် သူဆန္ဒရှိသည့်အတိုင်း စိတ်ကူးနိုင်သော်လည်း ဘုရားသခင်အမှု၏ မည်သည့်အဆင့်ကိုမျှ၊ သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင့်အမှု၏ အမှန်တရားကို လူသားအနေနှင့် ချိုးဖောက်နိုင်ခြင်း မရှိပေ။ သင်သည် သင်၏စိတ်ကူးကို အထိန်းအချုပ်မရှိ လွတ်လပ်ခွင့် ပေးချင်ပေး၍ ယေဟောဝါနှင့် ယေရှုတို့အကြောင်း ပုံပြင်ကောင်းများကိုပင် စုဆောင်းချင် စုဆောင်းနိုင်သော်လည်း ယေဟောဝါနှင့် ယေရှုတို့၏အမှု အဆင့်တစ်ဆင့်စီ၏ အမှန်တရားကိုမူ သင်ချေပနိုင်ခြင်း မရှိပေ။ ဤသည်မှာ အခြေခံသဘောတရား တစ်ရပ်ဖြစ်၍ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်လည်းဖြစ်ကာ သင်တို့သည် ဤကိစ္စရပ်များ၏ အရေးပါပုံကို နားလည်သင့်သည်။ အမှု၏ ဤအဆင့်သည် လူသား၏အယူအဆများနှင့် မကိုက်ညီဟု လူသားက ယုံကြည်၍ အမှု၏ယခင်အဆင့် နှစ်ဆင့်အတွက် ဤသို့မဟုတ်ဟု ယုံကြည်သည်။ သူ၏စိတ်ကူးတွင် ယခင်အဆင့်နှစ်ဆင့်၏ အမှုသည် ယနေ့အမှုနှင့် မတူကြောင်း သေချာသည်ဟု လူသားယုံကြည်သည်၊ သို့သော် ဘုရားသခင်အမှု၏ အခြေခံ သဘောတရားများသည် အားလုံး အတူတူပင်ဖြစ်ကြောင်း၊ သူ၏အမှုသည် အစဉ်လက်တွေ့ကျကြောင်း၊ ထို့ပြင် မည်သည့်ခေတ်ပင်ဖြစ်စေ သူ့အမှု၏ အမှန်တရားကို ခုခံ၍ဆန့်ကျင်သူ မြောက်မြားစွာ အစဉ်ရှိမည်ဆိုကြောင်းကို သင်စဉ်းစားဖူးသလော။ ဤအမှုအဆင့်ကို ယနေ့ခုခံ၍ဆန့်ကျင်သူ အားလုံးတို့သည် အတိတ်ကာလများကလည်း ဘုရားသခင်ကို ဆန့်ကျင်ခဲ့မည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ရန်သူများ အစဉ်ဖြစ်လိမ့်မည် ဖြစ်၍ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အမှန်တရားကို သိသူများသည် ဤအမှု၏အဆင့် သုံးဆင့်ကို တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဟုမြင်၍ ၎င်းတို့၏ အယူအဆများကို လက်လွှတ်ကြလိမ့်မည်။ ဤသူတို့သည် ဘုရားသခင်ကို သိကြသူများဖြစ်၍ ထိုကဲ့သို့သော သူများသည် ဘုရားသခင်နောက်ကို စစ်မှန်စွာ လိုက်သူများဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး ပြီးဆုံးခါနီးအချိန်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားမည်။ လူသားကို ဖန်ဆင်းရှင်၏ လက်တော်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆုံးတွင် သူသည် လူသားကို သူ၏ အုပ်စိုးမှုအောက် လုံးဝပြန်ပို့ရမည်ဖြစ်သည်။ ဤသည်မှာ အမှုအဆင့်သုံးဆင့်၏ အဆုံးဖြစ်သည်။ နောက်ဆုံးသောကာလအမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒနယ်တို့ရှိ ယခင်အမှုအဆင့် နှစ်ဆင့်တို့သည် စကြဝဠာတစ်ခုလုံးရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ပင်ဖြစ်သည်။ ဤသည်ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။ ထို့အပြင် ဤသည်မှာ ဘုရားသခင့်အမှု၏ အမှန်တရားဖြစ်သည်။ လူတို့သည် ဤအမှုကို အတော်များများ တွေ့ကြုံခြင်း၊ သို့မဟုတ် မျက်မြင်တွေ့ခြင်း မရှိသော်လည်း၊ အမှန်တရားတို့သည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ကာ ဤသည်ကို မည်သည့်လူသားကမျှ ငြင်းဆိုနိုင်ခြင်းမရှိပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်း၌ရှိကြကုန်သော ဘုရားသခင်ကို ယုံကြည်သူအားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြ လိမ့်မည်။ သင်သည် အမှု၏သီးခြားအဆင့် တစ်ဆင့်ကိုသာသိ၍ အမှု၏အခြားအဆင့်နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်များက ဘုရားသခင်၏အမှုကို နားမလည်ပါက၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်းမရှိပါ။ ထို့အပြင် ဘုရားသခင်အပေါ် သင်၏သိခြင်း သည်လည်း တစ်ဖက်သတ်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင်ယုံကြည်ရာတွင် သင်သည် သူ့ကိုမသိ၊ သို့မဟုတ် သူ့ကို နားမလည်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်အတွက် သက်သေခံရန် မသင့်တော်ပေ။ ဤအရာများအပေါ် သင်၏လက်ရှိသိရှိခြင်းသည် လေးနက်သည်ဖြစ်စေ၊ ပေါ့တန်သည် ဖြစ်စေ၊ အဆုံးတွင် သင်တို့၌ အသိဉာဏ်ရှိရမည်ဖြစ်၍ သင်တို့အနေဖြင့် မခြွင်းမချန် အခိုင်အမာ ယုံကြည်ရမည်ဖြစ်ကာ လူအားလုံးတို့သည် ဘုရားသခင်၏အမှုတစ်ရပ်လုံးကို မြင်တွေ့၍ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံကြလိမ့်မည်။ ဤအမှုအဆုံးတွင် ဘာသာတရား အားလုံးသည် တစ်ခုတည်းဖြစ်လာ၍ သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်၍ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် အချည်းနှီးဖြစ်ကာ မည်သည့်အခါတွင်မျှ တစ်ဖန်ပြန်ပေါ်လာတော့မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၃)

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်၊ လူသား၌ သူ၏အမှု စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ မည်သည့်အရာဖြစ်သည်တို့ကို သဘောပေါက်ရန်- ဤသည်မှာ ဘုရားသခင်၏ နောက်သို့ လိုက်သောလူတိုင်း ရရှိသင့်သောအရာ ဖြစ်သည်။ ယနေ့ခေတ်တွင်၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အသိပညာမှာ လူအားလုံး ကင်းမဲ့လျက်ရှိသည့်အရာ ဖြစ်သည်။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမှသည် မျက်မှောက်ကာလအထိ၊ လူတို့အပေါ် ဘုရားသခင် ပြုပြီးသော လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ အမှုအလုံးစုံနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ မည်သည့်အရာဖြစ်သည်- ဤအရာများသည် လူသားက မသိသကဲ့သို့ သဘောမပေါက်သော အရာများ ဖြစ်သည်။ ဤသည်မှာ ဘာသာရေးလောက တစ်လျှောက်လုံးတွင် မြင်ရသည့် အားနည်းချက်ဖြစ်သည်သာမက၊ ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရပေသည်။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ရှုမြင်ရသည့်အချိန် ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဉာဏ်ပညာကို အမှန်တကယ် နားလည်သဘောပေါက်သည့်အခါ၊ ဘုရားသခင် ပြုပြီးသည့် လုပ်ဆောင်ချက်များအားလုံးကို သင် ရှုမြင်ရသည့်အချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သင် သတိပြုမိသည့်အချိန်- သူ၏ ရက်ရောမှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူတို့အပေါ် သူပြုပြီးသော အရာအားလုံးကို သင် မြင်ပြီးသည့်အခါ၊ ထိုအခါတွင် သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် အောင်မြင်မှု ရှိပြီးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံကာ အလုံးစုံ အလျှံပယ်ဖြစ်သည်ဟု ဆိုရာတွင်၊ မည်သည့်ပုံစံဖြင့် သူသည် အလုံးစုံ လွှမ်းခြုံပြီး၊ မည်သည့်ပုံစံဖြင့် အလုံးစုံ အလျှံပယ် ဖြစ်သနည်း။ ဤအရာကို သင်နားမလည်ပါက၊ သင်သည် ဘုရားသခင်၌ ယုံကြည်သည်ဟု ယူဆ၍မရနိုင်ပေ။ ဘာသာရေး လောက၌ ရှိသူများသည် ဘုရားသခင်၌ ယုံကြည်သူများ မဟုတ်ဘဲ၊ မတရားသဖြင့်ပြုသောသူများ၊ နတ်ဆိုးနှင့် တူသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ၎င်းတို့သည် မတရားသဖြင့်ပြုသောသူများ ဖြစ်သည်ဟု ငါပြောသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ သူ၏ ဉာဏ်ပညာကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ၎င်းတို့အား မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် မျက်မမြင်များ ဖြစ်ကြလေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ မမြင်နိုင်ကြချေ၊ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရကြပြီးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုတို့ လုံးဝ ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ အမှု မရှိကြသူများသည် အားလုံး မတရားသဖြင့်ပြုသောသူများ ဖြစ်ကြပြီး ဘုရားသခင်၏ ရန်ဘက်များ ဖြစ်သည်။ ငါပြောသော ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသော်လည်း၊ သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သော်လည်း၊ သူ့ကို မနာခံကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အကြိုက်တွေ့သော်လည်း၊ ဘုရားသခင်အဖို့ သက်သေမရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ၊ သူသည် ဘုရားသခင်၏အလိုနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး၊ အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏အလိုကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ၊ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော ဆန့်ကျင်မှု တည်ရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင်၊ လူတစ်ဦးက ဘုရားသခင်ကို ဆန့်ကျင်မှုပြုသည်၊ မပြုသည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့်၊ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို ဆန့်ကျင်သောသူ မည်သူမဆိုသည် ဘုရားသခင်အား ဆန့်ကျင်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူကို ဆန့်ကျင်နေကြသကဲ့သို့ မှတ်ယူခံခဲ့ရသည်။ ယေရှုကို ဆန့်ကျင်သူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနာခံသောသူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် ရည်ရွယ်ချက်ရှိရှိ နာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက၊ ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက၊ အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး၊ ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း၊ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့်၊ ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏- ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက်၊ အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားခံကြရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၄)

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ အလိုကို နားမလည်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြ၏။ လူဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်ဘက် ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ တိုက်တွန်းသည်- သင်တို့သည် ဤလမ်းကြောင်းကို လျှောက်နိုင်သည်ဟု ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ဆက်လက် လိုက်လျှောက်လော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား မရှောင်ကြဉ်နိုင်ပါက၊ အချိန် အလွန်မနှောင်းမီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေမည်။ သို့မဟုတ်ပါက၊ သင်တို့၏ သဘာဝသည် တကယ်ကို ဖောက်ပြန်ပျက်စီးလွန်းလှသောကြောင့်၊ သင်တို့အတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားဖို့ အခွင့်အရေး အလွန့်အလွန် မြင့်မားပေသည်။ သစ္စာစောင့်သိမှု သို့မဟုတ် နာခံမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံးတစ်ခု သို့မဟုတ် ဘုရားသခင်ကို ချစ်ခြင်းတို့နှင့် ပတ်သက်၍၊ သင်တို့ စိုးစဉ်းမျှ၊ တစ်စက်မျှ မရှိပေ။ ဘုရားသခင်ရှေ့တွင် သင်တို့၏ အခြေအနေသည် လုံးလုံး ပရမ်းပတာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် လိုက်နာသင့်သည့်အရာကို မလိုက်နာနိုင်ကြသကဲ့သို့၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာကို၊ သင်တို့ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြလေပြီ။ ပြီးလျှင် သင်တို့ ဖြည့်ဆည်းသင့်သည့် လုပ်ငန်းတာဝန်ကို၊ သင်တို့ မဖြည့်ဆည်းနိုင်ကြလေပြီ။ သင်တို့ရှိသင့်သည့် သစ္စာစောင့်ခြင်း၊ အသိတရား၊ နာခံမှု၊ သို့မဟုတ် စိတ်ဆုံးဖြတ်ချက် သင်တို့ မရှိကြချေ။ သင်တို့ ခံရပ်အပ်သည့် ဆင်းရဲဒုက္ခကို သင်တို့ ခံရပ်ခြင်း မရှိကြလေပြီ၊ ပြီးလျှင် သင်တို့ ရှိသင့်သော ယုံကြည်ခြင်း သင်တို့၌ မရှိကြပေ။ အတော်ကို သိသိသာသာပင်၊ သင်တို့သည် မည်သည့်ကောင်းမြတ်ခြင်းမျှ လုံးဝ မရှိကြချေ- သင်တို့သည် ဆက်လက်အသက်ရှင်ရန် မရှက်ကြသလော။ ထာဝရ ငြိမ်သက်ခြင်း ချမ်းသာတွင် သင်တို့၏ မျက်လုံးများကို မှိတ်ထားပြီး၊ ထိုသို့ဖြင့် သင်တို့၏ ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံခြင်းမှ ဘုရားသခင်ကို လွတ်စေခြင်းသည် သာ၍ ကောင်းမည်ဟု သင်တို့ကို ငါဖျောင်းဖျဦးမည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ၏အလိုကို မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်သော်လည်း၊ လူသားကို ဘုရားသခင် တောင်းဆိုသည့်အရာအား မလိုက်နာနိုင်ကြချေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ့ကို မသိကြသည့်အပြင်၊ ကြိုးပမ်းရမည့် ရည်မှန်းချက်တစ်ခု မရှိဘဲ၊ မည်သည့်တန်ဖိုးမျှမရှိဘဲ၊ မည်သည့်အဓိပ္ပါယ်မျှ မရှိဘဲ၊ အသက်ရှင်မြဲရှင်ကြလေသည်။ သင်တို့သည် လူသားအဖြစ် အသက်ရှင်သော်လည်း၊ အသိတရား၊ ဂုဏ်သိက္ခာ သို့မဟုတ် ယုံကြည်လက်ခံမှုနိုင် အတိုင်းအတာ စိုးစဉ်းမျှမရှိကြချေ- သင်တို့သည် မိမိတို့ကိုယ်ကိုယ် လူသားများအဖြစ် ခေါ်ဆိုနိုင်သေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံသော်လည်း၊ သူ့ကို လှည့်ဖြားကြသည်။ ထို့အပြင်၊ ဘုရားသခင်၏ ငွေကို သင်တို့ ယူပြီး၊ ဘုရားသခင်ထံပြုသော ပူဇော်သက္ကာများကိုလည်း စားပစ်လိုက်ကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်၏ ခံစားချက်များကို စာနာထောက်ထားမှု အနည်းငယ်မျှပြရန် သို့မဟုတ် ဘုရားသခင်အပေါ် အသိတရား ရေးရေးမျှပြရန် ပျက်ကွက်ဆဲ ဖြစ်သည်။ ဘုရားသခင်၏ အသေးအဖွဲအဖြစ်ဆုံးသော တောင်းဆိုချက်များကိုပင် သင်တို့ မဖြည့်ဆည်းနိုင်ကြ။ သင်တို့ကိုယ်သင်တို့ လူသားများဟု ခေါ်ဆိုနိုင်သေးသလော။ သင့်ကို ဘုရားသခင်ပေးသော အစာကို စားရင်းနှင့် သင့်ကို သူ ပေးသည့် အောက်ဆီဂျင်ကို ရှုရှိုက်ရင်း၊ သူ၏ ကျေးဇူးတော်ကို မွေ့လျော်ရင်းဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်တို့ မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အသုံးမကျသူများ ဖြစ်လာကြလေပြီ။ ယင်းသည် သင်တို့ကို ခွေးထက်ပင် နိမ့်ကျသည့် သားရဲတစ်ကောင် ဖြစ်စေသည် မဟုတ်လော။ တိရစ္ဆာန်များ ကြားတွင်၊ သင်တို့ထက် သာ၍ မလိုမုန်းထားသောသူ တစ်ဦးတစ်လေ ရှိသလော။

တရားဟော စင်မြင့်တွင်ရပ်၍ အခြားသူများကို သွန်သင်နေသည့် သင်းအုပ်များနှင့် အကြီးအကဲများသည် ဘုရားသခင်၏ ရန်ဘက်များနှင့် စာတန်နှင့် မဟာမိတ်များ ဖြစ်သည်။ သင်တို့အထဲမှ တရားဟော စင်မြင့်တွင် ရပ်၍ အခြားသူတို့ကို သွန်သင်ခြင်းမပြုသူတို့သည် ဘုရားသခင်၏ သာ၍ပင် ကြီးမားသော ရန်ဘက်များ ဖြစ်မည်မဟုတ်လော။ သင်တို့သည် ၎င်းတို့ထက်ပင် စာတန်နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်၏အလိုနှင့် မည်သို့ကိုက်ညီရမည်ကို မသိကြချေ။ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို နားလည်သော သူတို့သည် ဘုရားသခင်၏ အလိုနှင့် မည်သို့ကိုက်ညီရမည်ကို မသိမည်မှာ ဧကန်မုချ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ မမှားယွင်းပေ။ ယင်းထက်၊ အပြစ်အနာပါသည်မှာ လူသား၏လိုက်စားရှာဖွေမှု ဖြစ်သည်။ ဘုရားသခင်ကို တမင်ဆန့်ကျင်သော ကိုယ်ကျင့်တရားပျက်သူများသည် ထိုသင်းအုပ်ဆရာနှင့် အကြီးအကဲများထက် သာ၍ ဆိုးယုတ်ပြီး မလိုမုန်းထားသည် မဟုတ်လော။ များစွာသောသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်သည့် မတူကွဲပြားသော နည်းလမ်းများစွာ ရှိလေသည်။ ယုံကြည်သူမျိုးစုံ ရှိသည်နှင့်အမျှ၊ တစ်ဦးနှင့်တစ်ဦးမတူသည့် ဘုရားသခင်ကို ဆန့်ကျင်သူ မျိုးစုံရှိလေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် ပျက်ကွက်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ကယ်တင်မခံရနိုင်ပေ။ အတိတ်ကာလတွင် လူသည် ဘုရားသခင်ကို မည်သို့ ဆန့်ကျင်ကောင်းဆန့်ကျင်နိုင်သည်ကို ပဓာနမထားဘဲ၊ လူသားသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းငှာ သူ၏ အားထုတ်မှုများကို ဆက်ကပ်သည့်အခါ၊ သူ၏ ယခင်အပြစ်များအားလုံးကို ဘုရားသခင် သန့်စင်ဖယ်ရှားမည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့၊ သူလုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင် အမှတ်ထားမည်မဟုတ်ပေ။ ထို့အပြင်၊ လူသားကို ဘုရားသခင် ဖြောင့်မတ်စေသည်မှာ သမ္မာတရားကို လူသား၏ လက်တွေ့လုပ်ဆောင်ခြင်းအရ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်ဖူးမီ သို့မဟုတ် သူ၏အမှုကို မတွေ့ကြုံဖူးမီတွင်၊ ဘုရားသခင်အပေါ် လူသားက မည်သို့ပြုမူစေကာမူ၊ ယင်းကို ဘုရားသခင် အမှတ်မထားပေ။ သို့သော်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ပြီး သူ၏အမှုကို တွေ့ကြုံဖူးသည်နှင့် တစ်ပြိုင်နက်၊ လူသားသည် ဘုရားသခင်ကို မြင်ရပြီးဖြစ်ကာ သူ၏ အမှုအလယ်တွင် အသက်ရှင်ရပြီးဖြစ်သည့်အတွက်၊ လူသား၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်သည် “နှစ်အလိုက်မှတ်တမ်း” ထဲတွင် ရေးသွင်းလိမ့်မည်ဖြစ်သည်။

လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် တွေ့မြင်ပြီးသည့်အခါ၊ ဘုရားသခင်၏ ကြီးစိုးမှုကို သူ တွေ့မြင်ပြီးသည့်အခါနှင့် ဘုရားသခင်၏အမှုကို အမှန်တကယ် သိရှိလာကြပြီးသည့်အခါ၊ ထို့အပြင် လူသား၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲသည့်အခါတွင်၊ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့် သူ၏ ပုန်ကန်တတ်သော စိတ်သဘောထားကို လုံးဝ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ဆန့်ကျင်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူဇာတိခံ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်ဖို့ဆိုသည်မှာ လူသား၏သဘာဝတွင် ရှိသော်လည်း၊ သူ၏ သဘာဝကို ပြောင်းလဲခြင်းသည် ကျော်လွှားမရနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့်မျှဖြင့် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် “လျှို့ဝှက်ချက်” ကို တမင်တကာ ရှာဖွေရမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက၊ အနာဂတ်တွင် သင်၏ ပြစ်တင်ဆုံးမှု သာ၍ ပြင်းထန်လာမည်စိုးသဖြင့်၊ ပြီးလျှင် နောက်ဆုံးတွင် သင်၏ သွေးသားခနွာကို ဘုရားသခင် အဆုံးသတ်ရသည်အထိ၊ သင်၏ကြမ်းကြုတ်သော သဘာဝ ပွင့်ထွက်ပြီး ထိန်းမရနိုင်ဖြစ်လာမည် စိုးသဖြင့်၊ အလွန်နောက်မကျမီ သင်ထွက်သွားသည်က ပိုကောင်းပေမည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဘုရားသခင်ကို ယုံကြည်၏။ သို့သော် နောက်ဆုံးတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်သာ သင့်အပေါ် ကျရောက်ပါက၊ ယင်းသည် အရှက်ရစရာ ဖြစ်မည်မဟုတ်လော။ သင်တို့အနေဖြင့် အခြားအစီအစဉ် ပြုလုပ်သည်က ပိုကောင်းပေလိမ့်မည်ဟု သင်တို့ကို ငါ တိုက်တွန်း၏။ သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ကောင်းပေမည်- ဤလမ်းကြောင်းတစ်ခုသာ ရှိသည်မှာ ဧကန်မုချ မဖြစ်နိုင်။ သမ္မာတရားကို သင်တို့ မရှာဖွေခဲ့ပါက၊ သင်တို့ ဆက်လက်ရှင်သန်ခဲ့ကြမည် မဟုတ်လော။ အဘယ်ကြောင့် သင်သည် ဤနည်းဖြင့် ဘုရားသခင်နှင့် သဘောကွဲလွဲရမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၅)

ငါသည် လူသားအကြား များစွာသောအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ၊ ဤကာလအတွင်း ငါထုတ်ဖော်ခဲ့သော နှုတ်ကပတ်တော် တို့သည် အမြောက်အမြားဖြစ်၏။ ဤနှုတ်ကပတ်တော်တို့သည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၍၊ လူသားသည် ငါနှင့်သဟဇာတ ရှိလာနိုင်ရန် ထုတ်ဖော်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ငါသည် ကမ္ဘာမြေကြီးပေါ်တွင် ငါနှင့်သဟဇာတဖြစ်သော လူအနည်းငယ် ကိုသာ ရရှိခဲ့သဖြင့်၊ လူသားသည် ငါနှင့်သဟဇာတမဖြစ်သောကြောင့် ငါ၏နှုတ်ကပတ်တော်တို့ကို တန်ဖိုးမထားဟု ငါဆို၏။ ဤနည်းအားဖြင့်၊ ငါလုပ်ဆောင်သောအမှုသည် လူသားမှ ငါ့အား ကိုးကွယ်နိုင်ရုံအတွက်သာ မဟုတ်ဘဲ၊ ဤသည်မှာ သာ၍အရေးကြီး စွာဖြင့် လူသားမှ ငါနှင့် သဟဇာတ ဖြစ်နိုင်ရေးအတွက် ဖြစ်၏။ ဖျက်ဆီးခြင်းခံရသော လူတို့အားလုံးသည် စာတန်၏ ထောင်ချောက်တွင် နေကြ၏။ ၎င်းတို့သည် ဇာတိပကတိ၌ နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် နေကြကာ ၎င်းတို့အကြားတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးမျှ မရှိပေ။ ငါနှင့် သဟဇာတ ဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏ စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတ မဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ် ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့် မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့် အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေ နေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီကို စွဲစွဲလမ်းလမ်း အထအနကောက်ခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒနှင့် ငါ့အမှု၏ အဆင့်နှင့် နည်းနာများကိုမူ လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရား ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည် ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည် ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် ဤသည်ကို သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်သာနှင့် လူတို့၏ နှလုံးသားရှိ သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန် ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံအတွင်း ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရေးအတွက် သူ့အား လူသားအကြားမှ မောင်းနှင်ထုတ်ရန် သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန် သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိနေရေး သေချာအောင် ပြုလုပ်ရန် လူ့ဇာတိခံ၍ တဖန်ပြန်ကြွလာသော ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ပြန်၍ရိုက်ထားရန် သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားသည် မလိုမုန်းထားမှု ရှိလွန်းသည့်အခါနှင့် သူ၏သဘာဝသည် ငါ့အပေါ် ဆန့်ကျင်လွန်း သောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့ လက်ခံရရှိ နိုင်မည်နည်း။ ငါသည် လူသားအကြား နေသော်လည်း လူသားသည် ငါရှိကြောင်းကို မသိပေ။ ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါ၏တည်ရှိခြင်းကို မသိဘဲရှိ နေဆဲဖြစ်၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့် အခါ သူသည် ငါ၏တည်ရှိခြင်းကို သာ၍ကြီးမားသော အားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများနှင့်၊ သမ္မာကျမ်းစာနှင့် သဟဇာတဖြစ်မှု လမ်းခရီးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကိုရှာဖွေရန် ငါ့ရှေ့မှောက် လာရောက်သူ တစ်ဦးမျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါ၏တည်ရှိမှုအတွက် အထူးစိုးရိမ်သော်လည်း ဇာတိပကတိ၌ရှိသောငါ့အကြောင်း မည်သူမျှ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားနေသော ငါသည် အရေးမပါလွန်း၍သာဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် မရေရာသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ဖော်မပြသေးသောရတနာများ ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏ ကရုဏာအပေါ် လုံးဝအားထားနေရသော ဘုရားသခင်ဖြစ်ကာ၊ မတည်ရှိသော အရာဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာ ရရှိနိုင်မည်နည်း။ လူသားသည် စကားလုံးများအတွက် နိမ့်ကျလွန်း၏။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့အပေါ် အကန့်အသတ်မရှိတောင်းဆိုမှုများ ပြုသူများ၊ သမ္မာတရားကိုမချစ်သူများ၊ ငါ့အပေါ်ပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

ငါ့ကိုဆန့်ကျင်သူများသည် ငါနှင့် သဟဇာတ မဖြစ်သူများ ဖြစ်ကြ၏။ သမ္မာတရားကို မချစ်သောသူများသည်လည်း ထိုသို့ပင်ဖြစ်ကာ၊ ငါ့အပေါ်ပုန်ကန်သူများသည် ငါ့ကို သာ၍ပင် ဆန့်ကျင်ကာ ငါနှင့်သာ၍ပင် သဟဇာတ မဖြစ်ကြပေ။ ငါနှင့်သဟဇာတ မဖြစ်သူအားလုံးကို ငါသည် မာရ်နတ်၏လက်ထဲသို့ ပို့၏။ ၎င်းတို့အား ငါသည် မာရ်နတ်၏ပျက်စီးခြင်းသို့ စွန့်လွှတ်၏။ ၎င်းတို့၏မကောင်းမှုများကို ထုတ်ဖော်ရန် ၎င်းတို့ဆန္ဒရှိသည်အတိုင်း လုပ်စေလျက် အဆုံးတွင် ဝါးမျိုခြင်းခံရရန် ၎င်းတို့အား မာရ်နတ်၏ လက်ထဲသို့ အပ်လိုက်၏။ လူဘယ်နှစ်ဦး ငါ့အားကိုးကွယ်သည်ကို ငါသည် ဂရုမစိုက်။ လူဘယ်နှစ်ဦး ငါ့အားယုံကြည်သည်ကို ငါဂရုမစိုက်ဟု ဆိုလိုခြင်းဖြစ်သည်။ လူဘယ်နှစ်ဦး ငါနှင့်သဟဇာတ ဖြစ်သည်ကိုသာ ငါပူပန်၏။ အဘယ်ကြောင့်ဆိုသော် ငါနှင့်သဟဇာတ မဖြစ်သူအားလုံးသည် ငါ့အပေါ် သစ္စာဖောက်သည့် မာရ်နတ်များဖြစ်၍ ဖြစ်သည်။ ထိုသူတို့သည် ငါ၏ရန်သူများဖြစ်ကြကာ၊ ငါ၏ရန်သူများကို ငါ့အိမ်တွင် ငါသည် “အမြတ်တနိုးထား” မည်မဟုတ်။ ငါနှင့်သဟဇာတ ဖြစ်သူများသည် ငါ့အိမ်တွင် ငါ့အား ထာဝရအစေခံလျက်၊ ငါနှင့် မသင့်မြတ်သူများသည် ငါ၏အပြစ်ဒဏ်ကို ထာဝရခံစားရမည်။ ကျမ်းစာ၏စကားလုံးများအကြောင်းသာ ဂရုစိုက်သူများ၊ သမ္မာတရား အကြောင်း သို့မဟုတ် ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမစိုက်သူများ— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာနှင့်အညီ ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်း ငါ့ကို ဘောင်ခတ်ထား ကြသဖြင့် ငါ့ကို လွန်ကဲစွာ ပြစ်မှားကြ၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက် မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများ အပေါ်သာ ပူပန်ကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၆)

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည်ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တစ်ပါးရှိသည်- သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးပေါင်း တစ်ဆူဟူသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည်- ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း၊ အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြသည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် ဘာသာရေး ယုံကြည်သူများအားလုံးနှင့် သင်တို့အထဲမှ နောက်လိုက်အသီးသီးတို့ပင်လျှင် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုးမှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူများစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားခြားနားပြီး နဂိုပကတိဖြစ်သော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ဘဲ လူအားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင် လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့် ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူ ဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်း ထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်းရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ အမှန်တရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ အမှန်တရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ဘဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ဤအရာအားလုံးအတွက် ယေဟောဝါကို အပြစ်တင်၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါဘဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ မိုးချုန်းသံများကိုသာ ကြားရမည်ဆိုပါက၊ ဤကဲ့သို့သော အလုပ်မျိုးသည် လူသား မျိုးနွယ်အတွက် သာ၍ အကျိုးဖြစ်ထွန်းစေခဲ့မည် မဟုတ်လော။ ယခု၌မူ မည်သည်ကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ မြောက်မြားလှပုံမှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ ယနေ့ကာလ ဘုရားသခင်မှပင် သည်းမခံနိုင်တော့သည့် အတိုင်းအတာထိ ရောက်နေပြီး အကြွင်းမဲ့ လမ်းစ ပျောက်နေ၏။ ယေဟောဝါ၊ ယေရှုနှင့် ထိုနှစ်ပါးကြား သန့်ရှင်းသော ဝိညာဉ်တော်သာ ရှိသော အတိတ်ကာလ တွင်ပင်၊ လူသည် မည်သို့ရင်ဆိုင် နားလည်ရမည်ဆိုသည်အား လမ်းစပျောက်နေပြီးသား ဖြစ်၏၊ ယခုတွင်မူ ထပ်တိုးအနေနှင့် မိမိကိုယ်ကို ဘုရားသခင်၏ တစ်ဌာနဖြစ်သည်ဟူသော အနန္တတန်ခိုးရှင်ပါ ရှိလာသည်။ သူသည် မည်သူဖြစ်သည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်အပါးထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရောယှက် နေခဲ့သည် သို့မဟုတ် သိုဝှက်နေခဲ့သည်ကို မည်သူသိမည်နည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင် မည်နည်း။ သုံးပါးတစ်ဆူ တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်ဘဝစာ အချိန်ယူခဲ့ရသည်၊ ယခုတွင်မူ “လေးပါးတစ်ဆူ” ရှိလာပေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုကဲ့သို့သော ဘုရားသခင်ကို သင်တို့ ယနေ့အချိန်ထိ မည်ကဲ့သို့ ယုံကြည်ခဲ့ကြသနည်း။ ငါသင်တို့ကို ချီးကျူးပါသည်။ သုံးပါးတစ်ဆူ ဘုရားသခင်ကိုပင် မနည်းခံယူခဲ့ရသည်၊ သင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး အဘယ်သို့ ဆက်လက်ထားရှိနိုင်မည်နည်း။ သင်တို့အား ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ပင် မရနိုင်လောက် အောင်ပင်တည်း။ သင်တို့သည် အကယ်ပင် တစ်မူထူးသော သူများဖြစ်ကြ၏။ လူတစ်ဦးသည် ဘုရားလေးပါး အထိပင် ယုံကြည်နိုင်သော်လည်း ထိုအရာအား ဂရုမစိုက်ပေ၊ ဤအချက်သည် နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် ယင်းကဲ့သို့သော နိမိတ်လက္ခဏာကြီးကို ပြုနိုင်စွမ်းရှိသည် ဆိုခြင်းကို ငါနားမလည်ခဲ့။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ခမည်းတော်နှင့် သားတော်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို တန်ဆာပလာတစ်ခုအဖြစ် ပူးပေါင်း အသုံးပြုသည်ဆိုသည့် အယူအဆတစ်ခု ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်ဟူ၍ မရှိပေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ် ကောင်းသည်မှာ ဤအတွေးအခေါ်များ အားလုံးသည် ယုတ္တိအမှားများသာ ဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် တကယ့် အမှန်တရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် မှန်းဆခြင်းများနှင့် စိတ်ကူးများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းစိတ်ကူးများ အားလုံးကို ဇာတ်လမ်းတစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်တို့၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲတင်းတင်းနှင့် မည်မျှ ကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ကို သင်တို့၏ ဘိုးဘေးအဖြစ် အသိအမှတ်ပြုပြီး သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် သင်တို့၏ စားပွဲများအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက်ကိုပင်ဖြစ်သည်။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၇)

အကယ်၍သာ အလုပ်၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူ၏ ဤအယူအဆနှင့်အညီ အကဲဖြတ် ရမည်ဆိုပါက၊ အသီးသီးလုပ်ဆောင်ခဲ့သော အလုပ်များမှာ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရ ပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူသည် အမှန်ပင် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ဘုရားသခင်တစ်ဆူထဲတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်သုံးပါး ရှိနေသည်ကို အတိအကျ ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည်နည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အလုပ်အား ဆောင်ရွက် ခဲ့သည့် ဝိညာဉ်တော်မှာ ယေရှုတုန်းကနှင့် အတူတူပင် မဟုတ်လော။ ဘုရားသခင်တွင် ဝိညာဉ်တော်များ မည်မျှရှိနိုင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဉ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏” ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။ ဘုရားသခင်သည် ဝိညာဉ်တော် တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်၏၊ ယင်းသည်ပင် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ဆိုကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်သည်ဆိုပါက၊ ယင်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်အခြား တစ်ပါး ဖြစ်နေမည်။ ၎င်းတို့၏ ဇာတိအဖြစ်တော်များသည် ကွဲပြားပြီး ၎င်းတို့၏ ဂုဏ်ဒြပ်များ ကွဲပြားပေသည်။ သို့ကြောင့် ထိုသူအသီးသီးတို့သည် အဘယ်နည်းနှင့် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ ဖြစ်နိုင် မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော်ပင်ဖြစ်သည်၊ ဤအချက်မှာမူ လူအတွက် နားလည်ရန် လွယ်ကူသည်။ ထိုသို့ဆိုလျှင်၊ ခမည်းတော်သည် ဝိညာဉ်တော် သာ၍ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းကြွခဲ့သည်သာမက မည်သည့်အခါမျှ လူ့ဇာတိလည်း မခံယူခဲ့ပေ။ လူ၏ နှလုံးသားထဲတွင် သူသည် ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သူသည်လည်း ဝိညာဉ်တော် အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူတူပင် ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ အသုံးခံတန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ ရနိုင်မည်နည်း။ ပြီးနောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော် တစ်ပါးအကြားရှိ ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် ရှင်းပြချက် ဘာမျှမရှိသော အရာများပင်ဖြစ်သည်။ အကယ်၍ ထိုသူတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း ဆိုပါက၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြောနေ၍မရနိုင်ပါ၊ အကြောင်းမှာ ထိုသူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းကိုသာ ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ အကယ်၍သာ သူတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဆိုပါက သူတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားအရ ကွဲပြားနေလိမ့်မည် ဖြစ်ပြီး၊ သူတို့သည် အမှန်ပင် ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်၍မနေနိုင်ပါ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ် မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါး အဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော် တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဆိုသည်မှာ မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ပင် မဟုတ်လော။ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော်ပင် မဟုတ်လော။ အကယ်၍ အလုပ်အား သန့်ရှင်းသော ဝိညာဉ်တော်မှ (ဘုရားသခင်၏ ဝိညာဉ်တော်ဟု ဆိုလိုသည်) ဆောင်ရွက်ခဲ့ခြင်း မရှိလျှင်၊ သူ၏ အလုပ်သည် ဘုရားသခင်ကိုယ်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။ ယေရှုသည် သူဆုတောင်းခဲ့စဉ်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်ဖြင့် ခေါ်ဆိုခဲ့သောအခါ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုသို့ခေါ်ခဲ့ခြင်းဖြစ်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရိုးရိုး သာမန်ဇာတိခန္ဓာကို ယူတင်ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ သူ၏အထဲမှာမူ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်နေခဲ့သော်လည်း၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသားတစ်ယောက် အတိုင်းသာ ရှိခဲ့သည်၊ တစ်နည်းဆိုရလျှင်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့သည်။ သူသည် လူသား၏သားဟု ခေါ်ဆိုခံရခြင်းကို ထည့်တွက်ပါက၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (လူယောက်ျား ဖြစ်စေ၊ သို့မဟုတ် လူမိန်းမဖြစ်စေ၊ မည်သည့် အနေအထားတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အခွံနှင့်ပင် ဖြစ်သည်) ပင်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆို ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိ သေးလား။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော် (အဖ) ဟူသည့် အမည်နှင့်ပင် ခေါ်ဆိုရန် သင်ကြားပေးခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းမှာ၊ သင်တို့အားလုံးနှင့် တန်းတူနေရာတွင် ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟူသော အမည်နှင့် ခေါ်ဆိုသည့်အတွက်၊ ယေရှုသည် ဘုရားသခင်၏ ရွေးချယ် ခံရသည့် ကမ္ဘာပေါ်မှ လူသားတစ်ဦးအနေနှင့် (ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားတော် အနေနှင့်) သူ့ကိုယ်သူ သင်တို့နှင့် တန်းတူ ဖြစ်သည်ဟု ရှုမြင်ခဲ့ခြင်းကို ဤအရာက ပြသည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟူ၍ ခေါ်ဆိုလျှင်၊ ယင်းက သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေ၍ပင် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှပင် ကြီးမားစေကာမူ၊ ကားတိုင်ပေါ်တွင် အသေမခံမီ၊ သူသည် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ (ဘုရားသခင်ဟု ဆိုလိုသည်) အုပ်စိုးခြင်း ခံရသော၊ ကမ္ဘာကြီးရှိ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် သူ၏ အလုပ်အား ပြီးစီးရန် လိုနေခဲ့သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟု သူခေါ်ဆိုခြင်းသည် သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း လုံးလုံးကြောင့်သာ ဖြစ်သည်။ သူ၏ ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) ထိုကဲ့သို့သော ခေါ်ဆိုခြင်းသည်၊ မည်သို့ ဆိုစေကာမူ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ ထိုအစား သူ၏ ရှုထောင့်သာ ပြောင်းသွားခြင်း ကွဲပြားခြားနားနေခြင်း ဖြစ်ပြီး၊ သူသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေခြင်း မဟုတ်ပါ။ ကွဲပြားသော ပုဂ္ဂိုလ်များ အပါးပါး တည်ရှိသည် ဆိုခြင်းမှာ ယုတ္တိအမှားသာလျှင် ဖြစ်သည်။ ကားတိုင်ပေါ်၌ အသေမခံမီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင်ထားခံရသည့် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို သူသည် အပြည့်အဝ မပိုင်ဆိုင်ခဲ့ပါ။ ဤအကြောင်းကြောင့် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍သာ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါတိုင် သူဆုတောင်းခဲ့သည့် အတိုင်းပင် ဖြစ်သည်၊ “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။” သူသည် ကားတိုင်ပေါ်တွင် အတင် မခံရမီ၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်၊ သူသည် ခရစ်တော်၊ လူသား၏သားဖြစ်ခဲ့ပြီး၊ ဘုန်းနှင့် ပြည့်စုံသော ကိုယ်မဟုတ်ခဲ့။ ထို့ကြောင့်ပင် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှနေ၍ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ယခု၊ ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူများအား သားတော်ဟု သင်ပြော၍ မရနိုင်ပါ။ ဤအတိုင်းသာ ခေါ်ရမည် ဆိုပါက၊ တစ်ခါက ယေရှုမှ သင်တို့ကို ပဌနာတော် သင်ပေး ခဲ့သည့်အတွက် သင်တို့ အားလုံးသည်လည်း သားတော်ပင် ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေလော။ သင်တို့သည် မယုံကြည်သေးဘူး ဆိုပါက၊ ငါ့ကိုပြောပါ၊ သင်တို့ ခမည်းတော် (အဖ) ဟု ခေါ်ဆိုသော သူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ညွှန်းဆိုနေခြင်း ဖြစ်သည်ဆိုပါက၊ သင်တို့အဖို့ ယေရှု၏ ခမည်းတော်မှာ မည်သူနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်ပိုင်းတွင်မူ၊ ဤခမည်းတော်နှင့် သားတော်ဟူသော စိတ်ကူးအကြံသည် မရှိတော့ပါ။ ဤစိတ်ကူးအကြံသည် ယေရှုမှ လူ့ဇာတိခံယူသည့် နှစ်များအတွက်သာ သင့်လျော်ခဲ့သည်၊ အခြား မည်သည့် အခြေအနေ အမျိုးမျိုး အောက်တွင်မဆို၊ သင်သည် ဘုရားသခင်အား ခမည်းတော် (အဖ) ဟု ခေါ်ဆိုသောအခါ ဖန်ဆင်းခြင်းသခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့ အကြားရှိ ဆက်နွှယ်မှုကြောင့်ပင် ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ စိတ်ကူးအကြံ ရပ်တည် နိုင်သည့် အချိန်ကာလ မရှိပါ၊ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော ယုတ္တိအမှားသာဖြစ်ပြီး တည်ရှိမနေပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၈)

ဤအရာသည် လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရစေပေမည်၊ “ငါတို့ ပုံသဏ္ဌာန်နှင့်အညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့”။ ဘုရားသခင်သည် “ငါတို့” ပုံသဏ္ဌာန်နှင့် အညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့ဟု ပြောသည်ကို ထည့်တွက်ရလျှင်၊ “ငါတို့” သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုနေခြင်းကို ညွှန်ပြနေသည်၊ သူသည် “ငါတို့” ဟု ပြောဆိုခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ မဟုတ်တော့ပေ။ ဤနည်းလမ်းအားဖြင့်၊ လူသည် အကောင်အထည်မဲ့သော ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင်တွေးခေါ်လာခဲ့ပြီး၊ ဤနှုတ်ကပတ်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် စိတ်ကူးအကြံ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ခမည်းတော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ သားတော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ ယနေ့ခေတ် လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဌာန် တစ်ခုတည်းနှင့်အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်နိုင်ခဲ့သလော။ ဤသို့ဆိုလျှင် လူ၏ ပုံသဏ္ဌာန်သည် ခမည်းတော်၏ ပုံသဏ္ဌာန်လော၊ သားတော်၏ ပုံသဏ္ဌာန်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံသဏ္ဌာန်လော။ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တစ်ပါးနှင့် လူသား၏ ပုံသဏ္ဌာန် ညီနေသနည်း။ လူသား၏ ဤစိတ်ကူးအကြံမှာ တကယ်ပင် မှန်ကန်မှုမရှိဘဲ၊ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါးတည်းအား ဘုရားသခင် အပါးပါးအဖြစ်သာ ခွဲခွာနိုင်သည်။ မောရှေ ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်သည်၊ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လိုက်လာသည့် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်း မှ ဖြစ်သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပါ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ပြောသည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သူမည်ကဲ့သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးအား မည်ကဲ့သို့ ဖန်ဆင်းခဲ့ပုံနှင့် ပတ်သက်၍ သူ့တွင် အရိပ်အမြွက်မျှပင် မရှိခဲ့။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလ ပြည်တွင် သူ၏ အလုပ်အား ဆောင်ရွက်ပုံကိုသာ ဖော်ပြထားသည်။ ခေတ်ကာလများ ပြောင်းသွားသည်နှင့် သူသည်လည်း ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဆိုခံသည်၊ သို့သော် ဤအချက်က အမည် တစ်ခုချင်းစီတိုင်းသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပါ။ ဤသို့သာဆိုပါက၊ ဘုရားသခင်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ အပါးပါး ရှိနေလိမ့်မည် မဟုတ်ပေလော။ ဓမ္မဟောင်း ကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အလုပ်အကြောင်း၊ ပညတ်တော်ခေတ်၌ စတင်ခဲ့သည့် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်အဆင့် အကြောင်းပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလုပ်ဖြစ်ခဲ့ပြီး သူပြောသည့် နေရာတွင် ၎င်းရှိခဲ့ကာ၊ သူမိန့်မှာသည့်နေရာတွင် ၎င်းရပ်တည်ခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါမှာ သူသည် အလုပ်လုပ်ဆောင်ရန် ကြွဆင်းလာသော ခမည်းတော်ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် သားတော်ကြွလာမည့် အကြောင်းကိုလည်း ပရောဖက်မပြုခဲ့ပါ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်မူ၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ခြင်းဟုသာ ပြောခဲ့ပြီး၊ ကြွဆင်းလာသူမှာ သားတော်ဖြစ်ကြောင်း မပြောခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြဘဲ၊ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သော အလုပ်သည်လည်း ကွဲပြားသည့် အတွက်၊ သူသည် သူ၏ အလုပ်အား ကွဲပြားခြားနားသော နယ်ပယ်များအတွင်း လုပ်ဆောင်ရန်လိုသည်။ ဤနည်းလမ်းအားဖြင့်၊ သူကိုယ်စားပြုသော သွင်ပြင်လက္ခဏာမှာလည်း ကွဲပြားသွားသည်။ လူသည် ယေဟောဝါမှာ ယေရှု၏ ခမည်းတော်ဟု ယုံကြည်သည်၊ သို့သော် အမှန်တွင်မူ ယေရှုမှာ ဤအရာအား အသိအမှတ် မပြုခဲ့ပါ။ သူသည်၊ “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ၊ ငါနှင့် ကောင်းကင်ဘုံမှ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ခမည်းတော်ကို မြင်၏” ဟုပြောဆိုခဲ့သည်။ အရာအားလုံး ပြောပြီးသွားသောအခါတွင်၊ ခမည်းတော်ပင်ဖြစ်စေ၊ သားတော်ပင်ဖြစ်စေ၊ သူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်၍ ခြားနားသော ပုဂ္ဂိုလ်နှစ်ပါးအဖြစ်သို့ ခွဲခွာမနေပါ။ လူမှ ရှင်းပြရန် ကြိုးစားသည်နှင့် ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးဟူသည့် စိတ်ကူးအကြံ၊ ထို့အတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု စသည်တို့နှင့် ရှုပ်ထွေးကုန်၏။ လူသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါး အကြောင်းပြောသောအခါတွင်၊ ဤအရာသည် ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်ခြင်းပင် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်အပါးပါးအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် ခွဲကြသည်၊ ဤအရာ အားလုံးသည် လူ၏ စိတ်ကူးများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းဖော်ပြရန်ပင် မထိုက်တန်၊ လုံးဝ လက်တွေ့ မကျသောအရာပင် ဖြစ်သည်။ သင်သည် အကယ်၍သာ ထိုသူအား “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း” ဟု မေးမည်ဆိုပါက၊ ထိုသူက ဘုရားသခင်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူဖြစ်ကြောင်း၊ စစ်မှန်သော ဘုရားတစ်ဆူဖြစ်ကြောင်း ပြောပေလိမ့်မည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း” ဟု ထပ်၍ မေးမည်ဆိုလျှင်၊ ထိုသူက “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် အရာအားလုံး၏ တာဝန်ခံဦးစီးဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ အရှင်သခင်လည်း ဖြစ်သည်” ဟုပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေဟောဝါသည် ဝိညာဉ်တော် ဖြစ်သလော” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း” ဟု ထိုသူအား မေးမည်ဆိုပါက၊ ယေရှုမှာ သားတော်ပင်ဖြစ်သည်ဟု ထိုသူက ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေရှု၏ အကြောင်းကား မည်သို့ရှိသနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိမှ မွေးဖွားခဲ့သည်” ဟု ပြန်ပြောပေလိမ့်မည်။ ဤသို့ဆိုလျှင် သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည်ပင် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကိုယ်စားပြုခြင်းပင် ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်သည်၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ ဝိညာဉ်တော် အလုပ်လုပ်နေသေးသည်မှာ ပြောစရာပင်မလိုပေ၊ ထိုသူတို့သည် မည်သည့်နည်းနှင့် ကွဲပြားခြားနားသော ပုဂ္ဂိုလ်အပါးပါး ဖြစ်နိုင်မည်နည်း။ ယင်းသည် ကွဲပြားခြားနားသော ရှုထောင့်ပေါင်းစုံမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည့် ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့လျှင်၊ ပုဂ္ဂိုလ်အပါးပါး အကြားတွင် ကွဲပြားချက် မရှိပါ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ ထို့ကြောင့် မလွဲဧကန်ပင်၊ သူ၏ အလုပ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျပင် ဖြစ်သည်။ ယေဟောဝါမှ ဆောင်ရွက်ခဲ့သည့် အလုပ်၏ ပထမအဆင့်တွင် သူသည် လူ့ဇာတိ မခံယူခဲ့သလို လူ့ထံသို့လည်း မပေါ်လာခဲ့ပါ။ ထို့ကြောင့် လူသည် သူ၏ ရုပ်သွင်အား မည်သည့်အခါမျှ မတွေ့ခဲ့ချေ။ သူသည် မည်မျှပင် မြင့်မြတ်၍၊ မည်မျှပင် ကြီးမား နေသော်လည်း၊ သူသည် ဝိညာဉ်တော် ဖြစ်နေခဲ့တုန်းပင် ဖြစ်ပြီး၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေတုန်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များ အကြားမှ လူအား စကားပြောခဲ့သောအခါ သူသည် ဝိညာဉ်တော်မျှသာ ဖြစ်သည်။ သူ၏ ရုပ်သွင်အား မည်သူကမျှ မျက်မြင် မတွေ့ခဲ့ကြရပေ၊ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ အထဲသို့ ကြွဆင်းလာပြီး၊ ယုဒနယ်တွင် လူ့ဇာတိခံယူခဲ့သည့် အခါတွင်မှ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ရုပ်သွင်ကို ယုဒလူမျိုး တစ်ယောက်အဖြစ် တွေ့မြင် ခဲ့ကြခြင်းဖြစ်သည်။ ယေဟောဝါ၏ ခံစားချက်အား အာရုံခံ၍ မရနိုင်ခဲ့ပါ။ သို့သော်ငြားလည်း၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တိုင်၏ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ ပြယုဂ်အဖြစ် မွေးဖွား လာခဲ့သည်။ လူသည် အဦးဆုံးတွင် မြင်ခဲ့ရသော အရာမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ ယေရှု၏ သီးသန့်ဝိညာဉ်တော် မဟုတ်သော်လည်း၊ တကယ်တမ်းတော့ သန့်ရှင်းသော ဝိညာဉ်တော်သာ ဖြစ်သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲခွာ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်သာ ဖြစ်မည်ဆိုပါက သူတို့သည် မည်ကဲ့သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သာ ဆိုပါက၊ အလုပ်သည် ပြီးမြောက်ခဲ့မည်ပင် မဟုတ်ပါ။ ယေရှု အထဲရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆောင်၍မရနိုင်ပါ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဉ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဉ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဉ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ် အားလုံးမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနုတ်ခြင်းမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉၉)

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် နှစ်ပေါင်းခြောက်ထောင် ရှည်ကြာပြီး၊ သူ့အလုပ်၏ ကွဲပြား ခြားနားမှုများအပေါ် အခြေခံ၍ ခေတ်သုံးခေတ်အဖြစ်သို့ ခွဲခြားထားသည်။ ပထမခေတ်သည် ဓမ္မဟောင်း ကျမ်း၏ ပညတ်တော်ခေတ်ဖြစ်သည်၊ ဒုတိယခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်ပြီး၊ တတိယခေတ်မှာမူ နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သည့် နိုင်ငံတော်ခေတ်ဖြစ်သည်။ ခေတ်အသီးသီးတွင် ကွဲပြားခြားနားသော ကိုယ်ပိုင်လက္ခဏာ တစ်ခုကို ကိုယ်စားပြုသည်။ ဤသည်မှာ အလုပ်ထဲရှိ ကွဲပြားခြားနားမှု ကြောင့်သာဖြစ်သည်၊ ဆိုလိုသည်မှာ၊ အလုပ်၏ လိုအပ်ချက်များ အရသာဖြစ်သည်။ အလုပ်၏ ပထမအဆင့်ကို ပညတ်တော်ခေတ်အတောအတွင်း ဣသရေလပြည်တွင် ဆောင်ရွက်ခဲ့ပြီး၊ ရွေးနုတ်ခြင်းအလုပ်အား အဆုံးသတ်သည့် ဒုတိယ အဆင့်ကို ယုဒနယ်တွင် ဆောင်ရွက်ခဲ့သည်။ ရွေးနုတ်ခြင်း အလုပ်အတွက် ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ကာ တစ်ဦးတည်းသော သားတော်အဖြစ် မွေးဖွားခဲ့သည်။ ဤအရာ အားလုံးသည် အလုပ်၏ လိုအပ်ချက်များ အရသာလျှင် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏အလုပ်အား တစ်ပါးအမျိုးသား နိုင်ငံများထဲသို့ ချဲ့ထွင်ပြီး ထိုအထဲမှ လူများတို့အား သိမ်းပိုက်ရန် ဆန္ဒရှိသည်၊ ထိုသို့အားဖြင့် သူ၏ အမည်သည် ထိုသူတို့အကြားတွင် ကြီးမြတ်ခြင်း ရှိမည်ဖြစ်သည်။ သမ္မာတရားခပ်သိမ်းကို နားလည်ခြင်း၊ သမ္မာတရားခပ်သိမ်းအတွင်းသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ လူတို့ကို လမ်းပြပေးရန် သူဆန္ဒရှိသည်။ ဤအလုပ်အားလုံးကို ဝိညာဉ်တော် တစ်ပါးတည်းကသာလျှင် ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် ကွဲပြားခြားနားသော ရပ်တည်ချက်များမှ ထိုအရာများကို လုပ်ကောင်း လုပ်နိုင်သည် ဆိုသော်ငြားလည်း၊ အလုပ်၏ သဘာဝနှင့် နိယာမများမှာတော့ အတူတူပင် ဖြစ်သည်။ သူတို့ ဆောင်ရွက်ခဲ့သော အလုပ်၏သဘာဝနှင့် နိယာမများကို သင်ဂရုစိုက် လေ့လာမည်ဆိုသည်နှင့်၊ ဤအရာအားလုံးကို ဝိညာဉ်တော်တစ်ပါးတည်းက ဆောင်ရွက်ခဲ့ကြောင်းကို သင်သိလိမ့်မည်။ အချို့ကမူ “ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ပင်ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်ပြီး၊ အဆုံးတွင် ထိုသူတို့သည် တစ်ဆူတည်း ဖြစ်ကြလိမ့်မည်” ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ ဤသို့ဆိုပါက၊ သင်သည် ထိုသူတို့အား တစ်ဆူတည်းအဖြစ် မည်သို့ပြုမည်နည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဆူတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ သူတို့သည် ပင်ကိုဗီဇအားဖြင့် နှစ်ပါးဖြစ်နေခဲ့သည်ဆိုပါက၊ သူတို့အား မည်သို့ပင် ပေါင်းစပ်သော်ငြားလည်း၊ သူတို့သည် နှစ်ဌာနအဖြစ်သာ ကျန်ရစ် နေလိမ့်ဦးမည် မဟုတ်ပါလော။ သင်သည် သူတို့အား တစ်ဆူတည်း ဖြစ်သည်ဟု ပြောရာတွင်၊ ကွဲပြားသော နှစ်ဌာနကို တစ်လုံးတစ်ဝတည်း အဖြစ်သို့ပြုရန် ရိုးစင်းစွာ ပေါင်းဆက်ခြင်းပင် မဟုတ်လော။ သို့သော် သူတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်ခင်တွင် နှစ်ဌာနဖြစ်နေခဲ့သည်ပင် မဟုတ်လော။ ဝိညာဉ်တော် တစ်ပါးစီတွင် ကွဲပြားသော အနှစ်သာရ ရှိကြပြီး၊ ဝိညာဉ်တော် နှစ်ပါးအားလည်း တစ်ပါးတည်း အဖြစ်သို့ ပြုပြင်၍ မရနိုင်ပါ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်ဘဲ၊ ဤရုပ်ဝတ္ထု လောကကြီးထဲမှ မည်သည့်အရာနှင့်မျှပင် မတူပါ။ လူတို့ မြင်သည့်အရာမှာ၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် အခြားတစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အခြားတစ်ပါး ဖြစ်ပြီး၊ ဤဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ် ရောနှောလိုက်သည် ဟုပင်ဖြစ်သည်။ ဤအရာသည်ပင် သုံးပါးသည် တစ်ဆူဖြစ်၏ ဆိုခြင်း မဟုတ်လော။ ဤအရာသည် မှားယွင်းသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤအရာသည် ဘုရားသခင်အား ပိုင်းစိတ်ခြင်းပင် မဟုတ်ပေလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်နည်းနှင့် တစ်ဆူတည်းအဖြစ်သို့ ပြုပြင်နိုင်မည်နည်း။ သူတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် သုံးဌာန ဖြစ်၍နေသည် မဟုတ်လော။ “ဘုရားသခင်သည် ယေရှုကို သူ၏ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော” ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ ယေရှုသည် ဘုရားသခင် နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း ဟူသည်ကိုဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေခံနေခြင်းပင် ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလများ၏ အပြောင်းအလဲအရ၊ အလုပ်၏ လိုအပ်ချက်များအရနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များအရ သူ့အား လူမှခေါ်ဆိုသော အမည်သည်လည်း ကွဲပြားခြားနားသွားရခြင်း ဖြစ်သည်။ အလုပ်၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွဆင်းလာခဲ့သော အခါတွင်၊ သူ့အား ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်ဆိုနိုင်သည်။ ဒုတိယအဆင့်တွင်မူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အား သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆိုနိုင်သည်။ သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ “ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏” ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဉ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ လူတို့ အမြင်အရဆိုပါက၊ ထိုသူမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်လျှင် အဘယ်ကြောင့် ဆုတောင်းနေသေးသနည်းဟု အံ့သြကြသည်။ ဤအချက်မှာ အဘယ့်ကြောင့်ဆိုလျှင် သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင်ဖြစ်ကာ၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော် မဟုတ်သောကြောင့် ဖြစ်သည်။ လူတို့ အမြင်အရဆိုလျှင်၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးတို့သည် ဘုရားသခင်ဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသုံးပါးပေါင်း၍ တစ်ဆူတည်းအဖြစ် ပြုမှသာ စစ်မှန်သည့် တစ်ဆူ တည်းသော ဘုရားသခင်ဟု သတ်မှတ်နိုင် မည်ဖြစ်ပြီး၊ ဤနည်းအားဖြင့်၊ သူ၏ အစွမ်းတန်ခိုးမှာ ထူးခြားစွာ ကြီးမားသွားသည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် ခုနှစ်ဆပြင်းသော ဝိညာဉ်တော်ဖြစ်သည်ဟု ပြောဆို ကြသော သူအချို့ ရှိသေးသည်။ သူကြွဆင်းလာပြီးနောက် သားတော် ဆုတောင်းခဲ့သောအခါ၊ သူသည် ဝိညာဉ်တော်ထံ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ၊ သူသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ဇာတိခန္ဓာသည် မပြည့်စုံ၊ သူသည်လည်း ဇာတိခန္ဓာထဲသို့ ကြွဆင်းလာခဲ့သည့်အခါ ပြည့်စုံခြင်းမရှိခဲ့ဘဲ အားနည်းချက်များစွာ ရှိခဲ့ပြီး၊ ဇာတိခန္ဓာဖြင့် သူ၏အလုပ်အား ဆောင်ရွက်သည့်အချိန်တွင် သူသည် များစွာဒုက္ခခံခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် သူသည် သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်း မတိုင်မီတွင် ခမည်းတော် ဘုရားသခင်ထံ သုံးကြိမ်သုံးခါ ဆုတောင်းခဲ့ပြီး၊ ထိုအမှု မတိုင်မီ ကြိမ်ဖန်များစွာပင် ဆုတောင်းခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ တပည့်တော်များ အကြားတွင် ဆုတောင်းခဲ့သည်၊ တောင်ပေါ်တွင် တစ်ဦးတည်းလည်း သူ ဆုတောင်းခဲ့သည်၊ သူသည် ငါးဖမ်းလှေပေါ်တွင် ဆုတောင်းခဲ့သည်၊ မြောက်မြားလှစွာသော လူအုပ်ကြီး ကြားတွင်လည်း သူဆုတောင်းခဲ့သည်၊ မုန့်အား ချိုးဖဲ့သော အခါတွင်လည်း သူဆုတောင်းခဲ့သည်၊ အခြားသူများအား သူကောင်းချီးပေး နေစဉ် အခါတွင်လည်း ဆုတောင်းခဲ့သည်။ သူသည် အဘယ်ကြောင့် ဤသို့ ပြုခဲ့ရသနည်း။ သူဆုတောင်းခဲ့သည့်သူမှာ ဝိညာဉ်တော်ကိုဖြစ်သည်၊ သူသည် ဇာတိပကတိ၏ ရှုထောင့်မှ နေ၍ ကောင်းကင်ဘုံမှ ဘုရားသခင်ထံ၊ ဝိညာဉ်တော်ထံ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူ၏ ရပ်တည်ချက်မှ ဆိုပါက၊ အလုပ်၏ ယင်းအဆင့်တွင် ယေရှုသည် သားတော် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခု အဆင့်တွင်မူ၊ သူသည် ဆုမတောင်းပါ။ ဤအရာသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော သူထုတ်ဆောင်လာသည့် အရာမှာ နှုတ်ကပတ်တော်၏ အလုပ်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူသည် ဆုတောင်းခြင်းများ မလိုအပ်သကဲ့သို့ သူ၏ သာသနာသည် စကားများပြောရန် ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင် အပေါ်၌ အတင်မခံရသကဲ့သို့၊ အာဏာရှိသော သူများလက်ထဲသို့ လူ၏ လွှဲအပ်ပေးခြင်းလည်း မခံရပေ။ သူသည် သူ၏ အလုပ်အား ရိုးစင်းစွာပင် ထမ်းဆောင်ပြီး အရာအားလုံးသည် နေသားတကျပင် ဖြစ်၏။ ယေရှု ဆုတောင်းခဲ့သည့်အချိန်တွင်၊ သူသည် ခမည်းတော် ဘုရားသခင်အား ကောင်းကင်နိုင်ငံတော် ဆင်းသက်လာခြင်းအတွက်၊ ခမည်းတော်၏ အလို ပြည့်စုံနိုင်ရန်အတွက်နှင့် လာမည့် အလုပ်အတွက် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ဤအဆင့်တွင်၊ ကောင်းကင်နိုင်ငံတော်သည် ဆင်းသက်လာပြီး ဖြစ်သည်၊ ထို့ကြောင့် သူသည် ဆုတောင်းရန် လိုဦးမည်လော။ သူ၏ အလုပ်သည် ခေတ်အား အဆုံးသတ်ပေးရန်ပင် ဖြစ်ပြီး၊ ခေတ်အသစ်များလည်း မရှိတော့သည့် အတွက်၊ နောက်တစ်ဆင့်အဖို့ ဆုတောင်းရန် လိုသေးဦး မည်လော။ မလိုတော့ပေ။

လူ၏ ရှင်းပြချက်များတွင် ဆန့်ကျင်ကွဲလွဲမှုများ များစွာရှိသည်။ အမှန်တွင်မူ၊ ဤအရာအားလုံးသည် လူ၏ အယူအဆများသာ ဖြစ်သည်၊ ဆက်လက်၍ လေ့လာဆန်းစစ်ခြင်း မရှိဘဲနှင့် သင်တို့ အားလုံးသည် ယင်းတို့အား မှန်ကန်သည်ဟူ၍ ယုံကြည်ကြသည်။ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်သည်ဟူသော စိတ်ကူးအကြံသည် လူ၏ အယူအဆမှလွဲ၍ အခြားဘာမျှမဟုတ် ဆိုခြင်းအား သင်တို့ မသိသလော။ လူ၏ မည်သည့် အသိပညာမဆို ပြီးပြည့် စုံလင်နှံ့စပ်ခြင်း မရှိပေ။ ယင်းတို့တွင် အမြဲပင် မသန့်စင်သော အရာများ ပါဝင်နေပြီး၊ လူတွင် စိတ်ကူးအကြံများ များစွာပင်ရှိ၏၊ ဤအချက်မှာ ဖန်ဆင်းခံ သတ္တဝါသည် ဘုရားသခင်၏ အလုပ်အား အကယ်ပင် ရှင်းပြ၍ မရနိုင်ခြင်းကို ဖော်ပြနေသည်။ လူ၏ စိတ်ထဲတွင် အရာများ များစွာရှိနေပြီး ခပ်သိမ်းတို့သည် သမ္မာတရားနှင့် သဘောထား ကွဲလွဲသော ယုတ္တိဗေဒနှင့် အတွေးအခေါ်များမှ ပေါ်လာခြင်း ဖြစ်သည်။ သင်၏ ယုတ္တိဗေဒသည် ဘုရားသခင်၏အလုပ်ကို နှံ့စပ်စွာ ပိုင်းခြား စိတ်ဖြာနိုင်သလော။ သင်သည် ယေဟောဝါ၏ အလုပ်အားလုံးတို့ကို ထိုးထွင်းသိမြင်သော ဉာဏ်ကို ရရှိနိုင်သလော။ အရာအားလုံးကို ထွင်းဖောက်၍ မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့မဟုတ် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မြင်နိုင်စွမ်းရှိသော ဘုရားသခင် ကိုယ်တော်တိုင်ပင်လော။ ရှေးယခင် ထာဝရကာလမှ နောင်လာမည့် ထာဝရ ကာလတိုင်အောင် မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့တည်းမဟုတ် ထိုကဲ့သို့ ပြုနိုင်သောသူမှာ ဘုရားသခင်ပေလော။ သင်ဘာပြောမည်နည်း။ ဘုရားသခင်အကြောင်း ရှင်းပြရန် သင်သည် မည်သို့ထိုက်တန်သနည်း။ သင့်ရှင်းပြချက်မှာ မည်သည်အပေါ် အခြေခံထားသနည်း။ သင်သည် ဘုရားသခင်လော။ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာအားလုံးကို ဖန်ဆင်းထားသူမှာ ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ဤအရာကို ဖန်ဆင်းခဲ့သူမှာ သင်မဟုတ်၊ သို့ဆိုလျှင် သင်သည် အဘယ့်ကြောင့်နှင့် မမှန်ကန်သော ရှင်းပြချက်များကို ပေးနေရသနည်း။ ယခုတွင် သင်သည် သုံးပါးတစ်ဆူကို ဆက်ယုံကြည်သေးသလော။ ဤနည်းလမ်းသည် အလွန်ပင် ဝန်လေးလှသည်ဟု သင်မထင်သလော။ ဘုရားသခင် သုံးပါးမဟုတ်ဘဲ၊ တစ်ပါးတည်းကိုသာ ယုံကြည်ခြင်းမှာ သင့်အတွက် ပို၍ကောင်းပေလိမ့်မည်။ ပေါ့ပါးရသည်မှာ အကောင်းဆုံးပင် ဖြစ်သည်၊ အကြောင်းမှာ “သခင်၏ဝန်သည်ပေါ့၏” ဆိုသောကြောင့်ပင် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

အရှေ့သို့- ၇။ သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ

နောက်တစ်ခုသို့- ၉။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော...

စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၂၆)

ငါ၏ အိမ်ထဲတွင် မည်သူနေထိုင်ခဲ့သနည်း။ ငါ့အတွက် မည်သူသည် ရပ်တည်ပေးခဲ့သနည်း။ ငါ့ကိုယ်စား မည်သူသည် ဝေဒနာခံစားပေးခဲ့သနည်း။ ငါ့ရှေ့တွင် မည်သူသည်...

ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်း နှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။