သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၂)

သမ္မာကျမ်းစာကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းဟူ၍လည်း ခေါ်ပေသည်။ “ဓမ္မသတ်ကျမ်း” ဟူသည့်အရာက မည်သည့်အရာ ရည်ညွှန်းသည်ကို သင် သိပါသလော။ ဓမ္မဟောင်းကျမ်းထဲရှိ “ဓမ္မသတ်ကျမ်း”သည် ယေဟောဝါက အဲဂုတ္တုလူတို့ကို သတ်ဖြတ်ပြီး ဣသရေလအမျိုးသားတို့ကို ဖာရောမင်းထံမှ ကယ်တင်သောအချိန် ဣသရေလအမျိုးသားတို့နှင့် သူပြုသည့် ပဋိညာဉ်မှ လာခြင်းဖြစ်သည်။ ဟုတ်ပေ၏၊ ဤပဋိညာဉ်၏ သက်သေမှာ တံခါးထုပ်ပေါ် လိမ်းကျံထားသည့် သိုးသငယ်၏ အသွေးဖြစ်ပြီး၊ ယင်းမှတဆင့် တံခါးဘောင်၏ ထိပ်နှင့် နံဘေးများပေါ်တွင် သိုးသငယ်၏ သွေးများ ရှိသောသူအားလုံးသည် ဣသရေလအမျိုးသားများဖြစ်ကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူများဖြစ်ပြီး ၎င်းတို့သည် ယေဟောဝါ၏ အသက်ချမ်းသာပေးခံရလိမ့်မည်ဖြစ်ကြောင်း ဆိုထားသည့် ပဋိညာဉ်တစ်ခုကို ဘုရားသခင်သည် လူနှင့်အတူ တည်ထောင်ခဲ့ပေသည် (အကြောင်းမူကား ထိုအချိန်က ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် သိုးနွားတိရစ္ဆာန်တို့၏ သားဦးများကို သတ်ဖြတ်တော့မည်ဖြစ်သောကြောင့်ပေတည်း)။ ဤပဋိညာဉ်တွင် အဓိပ္ပါယ် အဆင့်နှစ်ဆင့် ရှိလေသည်။ အဲဂုတ္တု၏ လူများ သို့မဟုတ် ခြံမွေးတိရစ္ဆာန်များထဲမှ အဘယ်သူမျှ ယေဟောဝါအားဖြင့် ကယ်ဆယ်ခံရလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ သားဦးများနှင့် သိုးများနှင့် ကျွဲနွားတိရစ္ဆာန်တို့၏ သားဦးများ အားလုံးကို သတ်ဖြတ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ အနာဂတ္တိ ကျမ်းများစွာတွင် အဲဂုတ္တုလူတို့သည် ယေဟောဝါ၏ ပဋိညာဉ် အကျိုးဆက်တစ်ခုအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခံရလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပေသည်။ ဤသည်မှာ ပဋိညာဉ်၏ ပထမအဆင့် အဓိပ္ပါယ်ဖြစ်သည်။ ယေဟောဝါသည် အဲဂုတ္တု၏ သားဦးများနှင့် ယင်း၏ ကျွဲနွားတိရစ္ဆာန် သားဦးများအားလုံးကို သတ်ဖြတ်ခဲ့ပြီး ဣသရေလအမျိုးသားအားလုံးကို ချမ်းသာပေးခဲ့သည်၊ ဆိုလိုသည်မှာ ဣသရေလ တိုင်းပြည်နှင့် ဆိုင်သော သူအားလုံးသည် ယေဟောဝါ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရပြီး အားလုံး အသက်ချမ်းသာပေးခံခဲ့ရပေသည်။ သူသည် ၎င်းတို့နှင့်အတူ ရေရှည်အလုပ်လုပ်ရန် ဆန္ဒရှိခဲ့ပြီး သိုးသငယ်၏ အသွေးကို အသုံးပြုလျက် ၎င်းတို့နှင့် ပဋိညာဉ်တစ်ခု တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍၊ ယေဟောဝါသည် ဣသရေအမျိုးသားတို့ကို မသတ်ခဲ့သကဲ့သို့ ၎င်းတို့သည် အစဉ်ထာဝရ သူ၏ ရွေးချယ်ခြင်းခံရသောသူများ ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ဣသရေလအမျိုးသား ဆယ့်နှစ်မျိုးကြားတွင် သူသည် ပညတ်တော်ခေတ် တစ်ခုလုံးအတွက် သူ၏ အမှုကို စတင်ခဲ့သည်၊ ဣသရေလအမျိုးသားတို့ထံ သူ၏ ပညတ်တရားအားလုံးကို ဖွင့်ဟခဲ့ပြီး ၎င်းတို့ထဲမှ ပရောဖက်များနှင့် တရားသူကြီးများကို ရွေးချယ်ခဲ့ကာ ၎င်းတို့သည် သူ့အမှု၏ အဓိကကျသောနေရာတွင် ရှိခဲ့ကြသည်။ ယေဟောဝါသည် ၎င်းတို့နှင့်အတူ ပဋိညာဉ်တစ်ခု ပြုလုပ်ခဲ့သည်- ခေတ်မပြောင်းလဲခဲ့သော်၊ သူသည် ရွေးချယ်ထားသော သူတို့အလယ်တွင်သာ အမှုပြုလိမ့်မည်ဖြစ်သည်။ ယောဟောဝါ၏ ပဋိညာဉ်မှာ မပြောင်းလဲနိုင်သောအရာဖြစ်သည်၊ အကြောင်းမူကား ယင်းသည် အသွေးဖြင့် ပြုလုပ်ထားပြီး သူ၏ ရွေးချယ်ထားသော လူတို့နှင့်အတူ တည်ထောင်ထားသောကြောင့် ဖြစ်ပေသည်။ သာ၍ အရေးကြီးသည်မှာ၊ ခေတ်တစ်ခုလုံးအတွက် သူ၏ အမှုကို အစပြုဖို့ အသုံးပြုရန် သင့်လျော်သော နယ်ပယ်နှင့် ရည်မှန်းချက်တို့ကို သူ ရွေးချယ်ခဲ့ပြီး ဖြစ်သည်၊ ထို့ကြောင့် လူတို့သည် ပဋိညာဉ်ကို အထူးသဖြင့် အရေးကြီးသည်ဟု မြင်ခဲ့ကြလေသည်။ ဤသည်မှာ ပဋိညာဉ်၏ အဓိပ္ပါယ် ဒုတိယအဆင့် ဖြစ်သည်။ ပဋိညာဉ် တည်ထောင်ခြင်း မတိုင်မီ ရှိခဲ့သည့် ကမ္ဘာဦးကျမ်းကို ခြွင်းချက်ထားလျက်၊ ဓမ္မဟောင်းကျမ်းထဲရှိ အခြားကျမ်းအုပ်များအားလုံးသည် ပဋိညာဉ် တည်ထောင်ပြီးနောက်ပိုင်း ဣသရေလအမျိုးသားတို့ကြား ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်လေသည်။ အခါအားလျော်စွာ တပါးအမျိုးသားတို့၏ အဖြစ်အပျက်များ ရှိသည်မှာ မှန်ပေ၏၊ သို့သော် ခြုံငုံကြည့်လျှင်၊ ဓမ္မဟောင်းကျမ်းက ဣသရေလထဲ၌ ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဣသရေလအမျိုးသားတို့နှင့် ယေဟောဝါ၏ ပဋိညာဉ်ကြောင့်၊ ပညတ်တော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များကို ဓမ္မဟောင်းကျမ်းဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဣသရေလအမျိုးသားတို့နှင့်အတူ ပြုသည့် ယေဟောဝါ၏ ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်း ဖြစ်သည်။

ဓမ္မသစ်ကျမ်းကို ကားတိုင်ထက် သွန်းခဲ့သည့် ယေရှု၏ အသွေးနှင့် သူ့ကို ယုံကြည်သူအပေါင်းတို့နှင့်အတူပြုခဲ့သည့် သူ၏ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားခြင်းဖြစ်သည်။ ယေရှု၏ ပဋိညာဉ်မှာ ဤသို့ဖြစ်သည်- သူသွန်းခဲ့သည့် အသွေးကြောင့် သူတို့အပြစ်ဖြေလွှတ်ခြင်းခံရရန်အတွက် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ကယ်တင်ခံရလိမ့်မည်ဖြစ်ကာ သူ့အားဖြင့် တဖန်ပြန်မွေးဖွားမည်ဖြစ်ပြီး အပြစ်သားများ ဖြစ်ကြတော့မည်မဟုတ်ပေ။ သူ၏ ကျေးဇူးတော်ကို ရရှိဖို့ရန် လူတို့သည် သူ့ကို ယုံကြည်ဖို့သာ ရှိပြီး ၎င်းတို့ သေဆုံးပြီးနောက် ငရဲတွင် ဆင်းရဲဒုက္ခခံရလိမ့်မည်မဟုတ်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ရေးသားခဲ့သည့် ကျမ်းအုပ်များအားလုံးသည် ဤပဋိညာဉ်နောက်ပိုင်းတွင် ဖြစ်လာခဲ့ခြင်းဖြစ်ပြီး အထဲ၌ ပါရှိသည့် အမှုနှင့် မိန့်မြွက်ချက်များအားလုံးကို ၎င်းတို့အားလုံး မှတ်တမ်းတင်ထားလေသည်။ ၎င်းတို့သည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း သို့မဟုတ် ပဋိညာဉ် နှင့်ဆိုင်သော ကယ်တင်ခြင်းထက် ပိုမဖော်ပြပေ။ ၎င်းတို့အားလုံးသည် အတွေ့အကြုံများရှိကြသည့် သခင်၌ ညီအစ်ကိုများ ရေးသားထားသည့် ကျမ်းအုပ်များ ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းအုပ်များကိုလည်း ပဋိညာဉ်ကို အစွဲပြု၍ အမည်မှည့်ထားလေသည်။ ၎င်းတို့ကို ဓမ္မသစ်ကျမ်းဟု ခေါ်ဆိုပေသည်။ ဤကျမ်းနှစ်ကျမ်းတွင် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်သာ ပါဝင်ပြီး နောက်ဆုံးသော ခေတ်နှင့် ဆက်နွှယ်မှုမရှိပေ။ ထို့ကြောင့် သမ္မာကျမ်းစာသည် ယနေ့ နောက်ဆုံးသော ကာလ လူတို့အတွက် ကြီးကြီးမားမား အသုံးမဝင်လှပေ။ အလွန်ဆုံးအနေဖြင့်၊ ယင်းက ယာယီ ညွှန်းချက်တစ်ခုအနေဖြင့် အသုံးတော်ခံ၏၊ သို့သော် အခြေခံအားဖြင့် ယင်းသည် အသုံးဝင်သည့် တန်ဖိုး အနည်းငယ်သာ ရှိလေသည်။ သို့တိုင် ဘာသာရေးသမားများက ယင်းကို တန်ဖိုးအထားဆုံး ဖြစ်နေကြဆဲဖြစ်သည်။ ကျမ်းစာကို ၎င်းတို့ မသိကြ။ ကျမ်းစာကို မည်သို့ ရှင်းပြရမည်ကိုသာ သိကြပြီး ယင်း၏ မူလဇာစ်မြစ်ကို အခြေခံအားဖြင့် မသိကြချေ။ သမ္မာကျမ်းစာအပေါ် ၎င်းတို့၏ သဘောထားမှာ- ကျမ်းစာထဲရှိသမျှအရာတိုင်းသည် မှန်ကန်၏၊ ယင်းတွင် ချွတ်ယွင်းချက်များ သို့မဟုတ် အမှားများ မပါရှိပေဟူ၍ဖြစ်သည်။ ပထမဦးစွာ ကျမ်းစာသည် မှန်ကန်ပြီး အမှားကင်းမဲ့သည်ဟု ၎င်းတို့ ဆုံးဖြတ်လိုက်သောကြောင့်၊ ယင်းကို ကြီးမားသော စိတ်ပါဝင်စားမှုဖြင့် ၎င်းတို့ လေ့လာကာ ဆန်းစစ်ကြလေသည်။ ယနေ့ အမှု၏ အဆင့်ကို ကျမ်းစာထဲတွင် ကြိုတင်ဟောကိန်းထုတ်ထားခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသော အမှုဖြစ်သည့်အတွက်၊ နေရာများအားလုံးထဲမှ အမှောင်မိုက်ဆုံး နေရာ၌ သိမ်းပိုက်သည့် အမှုကို ဖော်ပြချက်တစ်ခုတစ်လေ လုံးဝမရှိပေ။ အမှု၏ ခေတ်ကာလသည် ကွဲပြားသောကြောင့်၊ ဤအမှု၏ အဆင့်သည် နောက်ဆုံးသော ကာလအတွင်း ပြီးစီးလိမ့်မည်ကို ယေရှုကိုယ်တိုင်ပင် မသိခဲ့ချေ- ထို့ကြောင့် နောက်ဆုံးသော ကာလ၏ လူတို့သည် ကျမ်းစာကို ဆန်းစစ်ခြင်းအားဖြင့် ဤအမှု၏ အဆင့်ကို ကျမ်းစာထဲတွင် အဘယ်သို့ ရှာတွေ့နိုင်မည်နည်း။

ကျမ်းစာကို ရှင်းပြကြသူ အများစုသည် ယုတ္တိတန်သော ကောက်ချက်ကို အသုံးပြုကြပြီး တကယ့် နောက်ခံ မရှိကြချေ။ ၎င်းတို့သည် အမှုအရာများစွာကို ကောက်ချက်ချဖို့ ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးချရုံမျှသာ ပြုလေသည်။ တစ်နှစ်ထက်တစ်နှစ်၊ အဘယ်သူမျှ ကျမ်းစာကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ သို့မဟုတ် ကျမ်းစာကို ငြင်းပယ်ဖို့ မဝံ့ရဲခဲ့ကြ၊ အဘယ်ကြောင့်ဆိုသော် ဤစာအုပ်သည် “သန့်ရှင်းသော စာအုပ်” ဖြစ်ပြီး ယင်းကို ဘုရားသခင်ကဲ့သို့ လူတို့ ကိုးကွယ်ကြသောကြောင့် ဖြစ်သည်။ ဤအရာက ထောင်စုနှစ်အချို့ကြာ ဖြစ်နေခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် အရေးမစိုက်ခဲ့သကဲ့သို့ မည်သူမျှ ကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ချေ။ ကျမ်းစာကို တန်ဖိုးထားခြင်းက ရုပ်တုဆင်းတု ကိုးကွယ်ခြင်းဖြစ်သည်ဟု ငါတို့ ပြောကြသော်လည်း ဤဘုရားတရားကိုင်းရှုင်းသော ယုံကြည်သူများထဲမှ မည်သူမျှက ဤသို့ မမြင်ဝံ့ကြချေ၊ ပြီးလျှင် ၎င်းတို့က သင့်ကို ၊ “ညီအစ်ကို၊ ထိုသို့ မပြောနှင့်၊ ထိုသို့ပြောခြင်းသည် အလွန်ဆိုး၏၊ သင်သည် ဘုရားသခင်ကို ပြစ်မှားလိုက်လေခြင်း"ဟု ပြောလိမ့်မည်။ ထို့နောက်၊ နာကျင်သည့် အမူအယာ သူတို့ ပြုကြလိမ့်မည်- “အို သနားကရုဏာနှင့် ပြည့်စုံသော ကယ်တင်ခြင်း၏ အရှင် ယေရှု၊ သူ၏ အပြစ်များကို ခွင့်လွှတ်ပေးတော်မူပါ၊ ကိုယ်တော်သည် လူကို ချစ်သော သခင်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံး အပြစ်ပြုမိသည့်အတွက် ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ကြီးမားသည့်သနားခြင်းကရုဏာပြတော်မူပါ၊ အာမင်။” ဤသည်မှာ ၎င်းတို့ “ဘာသာတရားကိုင်းရှိုင်း”လိုက်ပုံ ဖြစ်သည်။ သမ္မာတရားကို လက်ခံဖို့ ၎င်းတို့အတွက် အဘယ်ကြောင့် လွယ်ကူနိုင်မည်နည်း။ သင်၏ ပြောဆိုချက်က ၎င်းတို့ကို အလွန်အမင်း ထိတ်လန့်စေလိမ့်မည်။ ကျမ်းစာသည် လူသား စိတ်ကူးများနှင့် အယူအဆများဖြင့် စွန်းထင်းနိုင်သည်ကို အဘယ်သူမျှ တွေးဝံ့လိမ့်မည်မဟုတ်သကဲ့သို့၊ ဤအပြစ်အနာအဆာကို အဘယ်သူမျှ မြင်နိုင်မည် မဟုတ်ချေ။ ကျမ်းစာထဲရှိ အချို့သောအရာသည် လူပုဂ္ဂိုလ်တို့၏ အတွေ့အကြုံများနှင့် အသိပညာ ဖြစ်သည်၊ အချို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းဖြစ်ကာ၊ လူသား အသိဉာဏ်နှင့် အတွေးတို့ဖြင့် ရောနှောခြင်းလည်း ရှိပေသည်။ ဤအရာများတွင် ဘုရားသခင်သည် လုံးဝ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ၊ သို့ရာတွင် အကန့်အသတ်တစ်ရပ်တော့ ရှိလေသည်- ဤအရာများသည် သာမန်လူတို့၏ အတွေးများထက် မပိုလွန်နိုင်သကဲ့သို့၊ ၎င်းတို့ ပိုလွန်မည်ဆိုလျှင်၊ ဘုရားသခင်၏ အမှုကို ၎င်းတို့ ဝင်ရောက်စွက်ဖက်ခြင်းနှင့် နှောင့်ယှက်နေခြင်း ဖြစ်ပေသည်။ သာမန်လူတို့၏ အတွေးထက် ပိုလွန်သည့်အရာသည် စာတန်၏ လုပ်ဆောင်ချက်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းက လူတို့ကို ၎င်းတို့၏ တာဝန်မှ ဖြုတ်ချသည့်အတွက် ယင်းသည် စာတန်၏ အလုပ်ဖြစ်ပြီး စာတန်မှ ညွှန်ကြားထားခြင်း ဖြစ်ကာ၊ ဤအခိုက်အတန့်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့ပြုမူဖို့ သင့်ကို ခွင့်ပြုလိမ့်မည်မဟုတ်သောကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင်၊ အချို့သော ညီအစ်ကို မောင်နှမတို့က၊ “ကျွန်ုပ် ထိုကဲ့သို့သော နည်းလမ်းဖြင့် အလုပ်လုပ်သည်မှာ အဆင်ပြေပါသလား”ဟု မေးကြသည်။ ၎င်းတို့၏ ဝိညာဉ်အသက်တာကို ငါ ကြည့်ကာ၊ “ အဆင်ပြေသည်”ဟု ငါ ပြော၏။ “ထိုကဲ့သို့သော နည်းလမ်းဖြင့် ကျွန်ုပ် အလုပ်လုပ်လျှင်၊ ကျွန်ုပ်၏ အခြေအနေသည် ပုံမှန်ဖြစ်ပါသလား” ဟု မေးသောသူအချို့လည်း ရှိ၏။ ပြီးလျှင် ငါက၊ “ဟုတ်ပေသည်၊ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်သည်၊ အထူး ပင် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပေသည်” ဟု ငါ ပြောသည်။ အခြားသူများက၊ “ကျွန်ုပ်ဤနည်းဖြင့် အလုပ်လုပ်လျှင် အဆင်ပြေပါသလား” ဟု ပြောသည်။ ပြီးလျှင် ငါက၊ “အဆင်မပြေပါ” ဟုပြောသည်။ ၎င်းတို့က၊ “သူ့အတွက် အဆင်ပြေပြီး အဘယ်ကြောင့် ကျွန်ုပ်အတွက် အဆင်မပြေသနည်း” ဟု ၎င်းတို့ ပြောကြသည်။ ပြီးလျှင် ငါက၊ “အဘယ့်ကြောင့်ဆိုသော် သင် လုပ်ဆောင်နေသောအရာသည် စာတန်ထံမှလာသောကြောင့်၊ ယင်းက အနှောင့်အယှက်တစ်ခု ဖြစ်ပြီး၊ သင်၏ စိတ်ဓါတ်လှုံ့ဆော်မှု အရင်းအမြစ်သည် မှားယွင်းသွားသောကြောင့်‌ ဖြစ်သည် ” ဟု ပြောသည်။ ကျေနပ်လောက်အောင် အလုပ် မဖြစ်သည့် အချိန်များစွာလည်းရှိပြီး ယင်းကို ညီအစ်ကို မောင်နှမများက မသိကြချေ။ နည်းလမ်းတစ်ရပ်ဖြင့် အလုပ်လုပ်ဖို့ အဆင်ပြေမပြေ အချို့က ငါ့ကို မေးကြပြီး၊ ၎င်းတို့၏ လုပ်ရပ်များက အနာဂတ် အမှုကို အနှောင့်အယှက် ဖြစ်စေမည်မဟုတ်သည်ကို ငါ မြင်သည့်အခါ၊ ကောင်းသည်ဟု ငါ ပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က လူတို့ကို နယ်ပယ်တစ်ခု ပေး၏။ လူတို့သည် သာမန်အတွေးနှင့် အားနည်းချက် ပိုင်ဆိုင်ပြီး ဇာတိအသွေးအသား လိုအပ်ချက်အချို့ ရှိကြသည့်အတွက်၊ ၎င်းတို့တွင် တကယ့်ပြဿနာများရှိကြပြီး ၎င်းတို့၏ ဦးနှောက်များထဲတွင် အခြေခံအားဖြင့် ထိန်းချုပ်ရမည့်နည်းလမ်းမရှိသည့် အတွေးများရှိသည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လိုအင်ဆန္ဒများကို လူတို့ အသေးစိတ် အတိအကျ လိုက်လျှောက်ဖို့မလိုချေ။ လူတို့ကို ငါ တောင်းဆိုသည့်အရာတိုင်းသည် အကန့်အသတ်တစ်ခုရှိ၏။ အချို့က ငါ၏ နှုတ်ကပတ်တော်များသည် ဒွိဟဖြစ်စေသည်၊ မည်သည့်နည်းလမ်းဖြင့်မဆို ပြုမူဖို့ ၎င်းတို့ကို ငါ ပြောနေသည်ဟု ယုံကြည်ကြသည်- ယင်းမှာ ငါ၏ သတ်မှတ်ချက်များတွင် သင့်လျော်သော အတိုင်းအတာတစ်ခုရှိသည်ကို သင် နားမလည်သောကြောင့် ဖြစ်သည်။ သင် စိတ်ကူးသကဲ့သို့ဖြစ်လျှင်- ခြွင်းချက်မရှိဘဲ လူအားလုံးကို တူညီသောတောင်းဆိုချက်ပြုပြီး ၎င်းတို့အားလုံး တူညီသော ဝိညာဉ်အသက်တာ ရရှိဖို့ ငါ တောင်းဆိုလျှင်- ဤသည်မှာ အလုပ်ဖြစ်လိမ့်မည်မဟုတ်။ ဤသည်မှာ မဖြစ်နိုင်သောအရာကို တောင်းဆိုနေခြင်း ဖြစ်ပြီး၊ ယင်းသည် လူသားအလုပ်၏ အခြေခံသဘောတရားဖြစ်သည်၊ ဘုရားသခင်၏အမှု၏ အခြေခံသဘောတရား မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူတို့၏ တကယ့် အခြေအနေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့၏ မွေးရာပါ အရည်အချင်းအပေါ် အခြေခံလေသည်။ ဤသည်မှာ ဧဝံဂေလိ ဖြန့်ဝေခြင်း၏ အခြေခံသဘောတရားလည်း ဖြစ်သည်- သင်သည် သဘာ၀အလျောက် ဖြစ်ခွင့်ပေးရင်း ဖြေးညင်းစွာ ရှေ့ဆက်ရမည်။ တစ်စုံတစ်ဦးကို သမ္မာတရားအား သင် ရှင်းရှင်းလင်းလင်း ပြောသည့်အခါမှသာ ၎င်းတို့ နားလည်ကြလိမ့်မည်ဖြစ်ပြီး ထိုအချိန်မှသာ ကျမ်းစာကို ၎င်းတို့ ဘေးဖယ်ထားနိုင်လိမ့်မည်။ ဘုရားသခင်သည် ဤအမှုအဆင့်ကို မလုပ်ဆောင်ပါက၊ အစဉ်အလာကို အဘယ်သူ စွန့်ပယ်နိုင်မည်နည်း။ အသစ်သော အမှုကို အဘယ်သူ လုပ်ဆောင်နိုင်မည်နည်း။ ကျမ်းစာ ပြင်ပတွင် အသစ်သော လမ်းကြောင်းကို အဘယ်သူ ရှာတွေ့နိုင်လိမ့်မည်နည်း။ လူတို့၏ ရိုးရာ အယူအဆများနှင့် ရှေးဆန်သော ကိုယ်ကျင့်တရားတို့က ဆိုးရွားလွန်းသောကြောင့်၊ ဤအရာများကို မိမိတို့ဘာသာ စွန့်လွှတ်ဖို့ ၎င်းတို့ အရည်အချင်း မရှိကြသကဲ့သို့၊ ထိုသို့လုပ်ဆောင်ရန် သတ္တိလည်းမရှိကြချေ။ ယင်းမှာ ယနေ့ လူတို့သည် ကျမ်းစာထဲက အသက်မရှိသော စကားများ၊ ၎င်းတို့၏ စိတ်နှလုံးများကို ပိုင်ဆိုင်ထားသည့် စကားများ အနည်းငယ်ဖြင့် ဖမ်းစားခံရပုံအကြောင်း ပင်မပါသေးပေ။ ကျမ်းစာကို ၎င်းတို့ အဘယ်သို့ စွန့်လွှတ်ဖို့ လိုလားနေနိုင်ကြသနည်း။ ကျမ်းစာပြင်ပရှိ နည်းလမ်းတစ်ခုကို ၎င်းတို့ အဘယ်သို့ အလွန်လွယ်ကူစွာ လက်ခံနိုင်ကြမည်နည်း။ ယင်းမှာ လူအားလုံး လုံးဝ ယုံကြည်လက်ခံကြဖို့အလို့ငှာ ကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘောတရားများကို သင် ရှင်းရှင်းလင်းလင်း မပြောနိုင်ပါက ဖြစ်ပေသည်- ယင်းသည် အဆုံးစွန် လိုအပ်သောအရာဖြစ်ပေသည်။ ဤသည်မှာ ဘာသာတရားအတွင်းရှိ အယောက်တိုင်းသည် ကျမ်းစာကို အမွန်အမြတ်ထားကြပြီး ဘုရားသခင်ကဲ့သို့ ကိုးကွယ်ကြသောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျမ်းစားအတွင်း ဘောင်ခတ်ဖို့လည်း ကြိုးစားကြပြီး၊ ဘုရားသခင်ကို ကားတိုင်ထက် နောက်ထပ်တစ်ကြိမ် သံမှိုရိုက်ပြီးသောအခါမှသာ ၎င်းတို့၏ ရည်မှန်းချက်များ ၎င်းတို့ ရရှိမည့် အခြေအနေပင်လျှင် ဖြစ်ပေသည်။

အရှေ့သို့- သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

နောက်တစ်ခုသို့- သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။