သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)
မကြာသေးမီက ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာသည် အတော်လေး ထူးခြားလေပြီ။ ယင်းတွင် လူတို့၏ ဇာစ်မြစ်များ၊ ၎င်းတို့၏ အနှစ်သာရများနှင့် ၎င်းတို့၏ အမျိုးအစားများ ပါဝင်ခဲ့သည်။ ငါတို့သည် တိရစ္ဆာန်များမှ လူဝင်စားခြင်း၊ နတ်ဆိုးများမှ လူဝင်စားခြင်းနှင့် လူသားများမှ လူဝင်စားခြင်းဟူသည့် မတူကွဲပြားသော အမျိုးအစားခွဲခြားခြင်းတစ်ခုစီဖြင့် လူအမျိုးအစားသုံးမျိုး၏ သရုပ်သကန်များကို ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ လူအများစုအတွက် ဤအရာက ၎င်းတို့၏ စိတ်အခြေအနေအပေါ် သက်ရောက်မှုတစ်ခုခု ရှိပြီးဖြစ်သည်။ ဤကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက် သင်တို့အများစုသည် မည်သို့ ခံစားရသနည်း။ သင်တို့ထဲတွင် ဤအကြောင်းအရာကို ကြားလိုစိတ်မရှိသည့်အပြင်၊ “ဤကိစ္စရပ်များသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိပုံမပေါ်ပါ။ ဤအရာများအကြောင်း သိရှိခြင်း၌ အသုံးဝင်မှု တစ်ခုတလေ ရှိပါသလော”ဟု ဆိုသူ တစ်ဦးတလေရှိသလော။ ယုံကြည်သူအသစ်များသည် ဤစကားများကို ကြားသောအခါ အယူအဆများ ဖြစ်ပေါ်လာဖွယ်ရှိသလော။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာဖွယ်ရှိသလော။ လူတို့သည် ဤစကားများကို ကြားပြီးနောက် မည်သို့ ခံစားရသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အယူအဆများ ဖြစ်ပေါ်သည်ဖြစ်စေ သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ ဤစကားများကို မိတ်သဟာယဖွဲ့ခြင်းသည် လူတို့အတွက် အကျိုးရှိသည်။ ထိုအရာက လူတို့အား အနည်းဆုံးအားဖြင့် ထိုးထွင်းအမြင်နှင့် ပိုင်းခြားသိမြင်မှုအချို့ကို ရရှိနိုင်စေသည်၊ ကျင့်ကြံပြုမူခြင်းအတွက် မှန်ကန်သော အတွေးများနှင့် အမြင်များကို နားလည်နိုင်စေပြီး မည်သို့ ကျင့်ကြံပြုမူရမည်ဟူသည်နှင့်ဆိုင်သည့် အခြေခံကျသော စည်းမျဉ်းများကို နားလည်နိုင်စေသည်။ ယင်းက လူတို့အား မည်သို့ ကျင့်ကြံပြုမူရမည်ဟူသည်နှင့် မည်သို့ အသက်ရှင်ရမည်ဟူသည်တို့အရ အလွန်အမင်း အကျိုးပြုသည်။ အထူးသဖြင့်၊ ယင်းက လူတို့အား အခြားသူများကို စည်းမျဉ်းများအတိုင်း မည်သို့ ဆက်ဆံရမည်ဟူသည်ကို သိရှိရန် ကူညီပေးသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိုက်မဲသောအရာများစွာ လုပ်ဆောင်ခြင်းအား လျှော့ချနိုင်လိမ့်မည်ဖြစ်ပြီး လမ်းလွဲမှုများ ပိုနည်းအောင် လုပ်နိုင်လိမ့်မည် ဖြစ်သည်။ လတ်တလော ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာသည် လူတို့၏ ဇာစ်မြစ်များနှင့် ၎င်းတို့၏ အတွင်းစိတ် အနှစ်သာရတို့ ပါဝင်ခဲ့ပြီး စစ်မှန်သော လူသားများထံမှ လူဝင်စားသူများ ပိုင်ဆိုင်သော သရုပ်သကန်များအကြောင်း ပြောဆိုခြင်းဖြင့် ငါတို့ နိဂုံးချုပ်ခဲ့သည်။ စစ်မှန်သော လူသားများထံမှ လူဝင်စားသူများသည် အဓိကအားဖြင့် ထူးခြားသော လက္ခဏာရပ်နှစ်ခုကို ပိုင်ဆိုင်ကြသည်။ ယင်းတို့မှာ အဘယ်အရာများ ဖြစ်သနည်း။ (အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းနှင့် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိရှိခြင်းတို့ဖြစ်သည်။) ဤသည်တို့မှာ လူတစ်ဦး၏ လူ့သဘာဝက ပိုင်ဆိုင်သင့်သော အဓိကကျသည့် သရုပ်သကန်များနှင့် ထူးခြားသော လက္ခဏာရပ်နှစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ယင်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအဖြစ် ငါတို့ မကြာခဏ ရည်ညွှန်းလေ့ရှိသည့်အရာများ ဖြစ်သည်။ သို့ရာတွင် လူတို့သည် တစ်စုံတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိ၊ သို့မဟုတ် လူတစ်ဦးတွင် တစ်ခု သို့မဟုတ် အခြားတစ်ခု အမှန်တကယ် ရှိမရှိ၊ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ပုံမှန်ဖြစ်မဖြစ်၊ သို့မဟုတ် ယင်းတို့က ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရား ဟုတ်မဟုတ်ဟူသည်တို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မကြာခဏ မသိကြပေ။ လူတို့သည် ပုံမှန် လူ့သဘာဝနှင့်ပတ်သက်သည့် ဤအဖြစ်မှန်များကို နားမလည်သောအခါ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် ၎င်းတို့၏ အမြင်များ သို့မဟုတ် သိနားလည်မှုတို့သည် အလွန် ယေဘုယျကျနေသဖြင့် လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ကို ရှင်းပြရန်နှင့် လူတစ်ဦးတွင် လူ့သဘာဝ ရှိမရှိဟူသည်ကို အတည်ပြုရန် တိကျသော သရုပ်သကန်များနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာနှစ်ခုကို ငါတို့ အသုံးပြုခဲ့သည်။ ပထမတစ်ခုမှာ အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိရှိခြင်း ဖြစ်သည်။ ငါတို့သည် ဤသွင်ပြင်လက္ခဏာနှစ်ခုနှင့်ပတ်သက်၍ နှစ်ကြိမ် မိတ်သဟာယဖွဲ့ပြီးသားဖြစ်သည်။ အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းနှင့် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိရှိခြင်းတို့သည် လူသားတို့ ပိုင်ဆိုင်သော လူ့သဘာဝ၏ အရည်အသွေးများ၊ လူ့သဘာဝ၏ အသက်ရှင်နေထိုင်သည့် သွင်ပြင်လက္ခဏာများအပြင်၊ လူ့သဘာဝ၏ တိကျသော ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များ ဖြစ်ကြသည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုဖြစ်သည့် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းနှင့် အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မမှန်ကန်သည်ကို သိရှိခြင်းတို့အတွက် ငါသည် သင့်တော်သလို စစ်မှန်သော ဥပမာအချို့ကို စာရင်းပြုစုခဲ့ပြီး ဤသွင်ပြင်လက္ခဏာနှစ်ခုအတွင်းရှိ လူတို့၏ တိကျသော သရုပ်သကန်အချို့ကို ဆွေးနွေးခဲ့သည့်အပြင်၊ ယင်းတို့က လူ့သဘာဝရှိခြင်း၏ သရုပ်သကန်များ ဟုတ်မဟုတ်ဟူသည်နှင့် ယင်းတို့ကို ပိုင်ဆိုင်သူများသည် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်ပြီး အဘယ်အရာက မှန်ကန်၍ အဘယ်အရာက မမှန်ကန်သည်ကို သိရှိနိုင်သော လူများ ဟုတ်၊ မဟုတ်ဟူသည်တို့ကို သင်တို့အား ပိုင်းခြားသိမြင်စေခဲ့သည်။ အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ခြင်းနှင့်စပ်လျဉ်း၍ လူတို့က အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများအား မည်သို့ သဘောထားသည်ကို စိတ်ဖြာလေ့လာဆွေးနွေးရန် ကိစ္စအချို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး အပျက်သဘောဆောင်သော အရာများနှင့် လူသား သရုပ်သကန်များ မဟုတ်သော အရာများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အပြုသဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာဖြစ်ပြီး အပျက်သဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့အား ပြောပြရန် ပို၍ တိကျသော ဥပမာများကို ငါမပေးခဲ့သော်လည်း၊ လူတို့၏ နေ့စဉ်ဘဝများတွင် အပြုသဘောဆောင်သော အရာများအပေါ်ထားရှိသည့် ၎င်းတို့၏ သရုပ်သကန်အချို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်ခြင်းအားဖြင့် လူတစ်ဦးက အပြုသဘောဆောင်သော အရာများအား မည်သို့ သဘောထားသင့်သည်ဟူသည်နှင့် ယင်းတို့အပေါ် ထားရှိသင့်သော သဘောထားများက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ငါပြသခဲ့သည်။ သင်တို့အနဖြင့် ဤအပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၏ သဘောထားများနှင့် သရုပ်သကန်များ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝက စစ်မှန်သော လူ့သဘာဝ ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း၊ ၎င်းတို့ လူ့သဘာဝ၏ အနှစ်သာရက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်တတ်ဖို့ သင်ယူနိုင်ရန်အလို့ငှာ အပျက်သဘောဆောင်သော အရာများအပေါ် လူတို့၏ သဘောထားများနှင့် သရုပ်သကန်များကို ဖော်ထုတ်ဖို့အတွက် ဥပမာအချို့ကိုလည်း ငါပေးခဲ့သည်။ ငါတို့၏ နောက်ဆုံး မိတ်သဟာယနှစ်ခုတွင်၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများက အဘယ်အရာများဖြစ်သည်ကို ငါတို့ တိတိကျကျ မရှင်းပြခဲ့သော်လည်း ဖော်ထုတ်ထားသော အဖြစ်မှန်များမှ အကဲဖြတ်ကြည့်လျှင် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို သင်တို့ ယခု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သင့်သည် မဟုတ်လော။ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးသည့်နောက်တွင် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများက အတိအကျအားဖြင့် အဘယ်အရာများဖြစ်သည်ကို သင်တို့ အကျဉ်းချုပ်ဖော်ပြကြပြီးပြီလော။ မိတ်သဟာယဖွဲ့ခြင်း၏ ဤတိကျသော အကြောင်းအရာကို နားထောင်ပြီးသည့်နောက်တွင် အပြုသဘောဆောင်သော အရာများဟူသည် အဘယ်အရာဖြစ်ပြီး အပျက်သဘောဆောင်သော အရာများဟူသည် အဘယ်အရာဖြစ်သည်ကို သိရှိလျက် သင်၏ စိတ်နှလုံးထဲ၌ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရှိနေပြီး၊ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ သမ္မာတရားကို နားလည်ပါက၊ သင်သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများအား မည်သို့ ပိုင်းခြားသိမြင်ပြီး သဘောထားရမည်ကို သိရှိလိမ့်မည်၊ မှန်သလော။ (မှန်ပါသည်။)
အပြုသဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာများ ဖြစ်သနည်း။ ဤသည်မှာ နားလည်သင့်သော ကိစ္စတစ်ခု မဟုတ်လော။ သင်တို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း၊ ဘုရားသခင်၏ အမှု၊ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်ချက်များအပြင် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖော်ပြပြီးဖြစ်သော သမ္မာတရားအားလုံး၊ သမ္မာတရားအတွင်း၌ ပါရှိသော အသေးစိတ်ကျပြီး တိကျသည့် သမ္မာတရား စည်းမျဉ်းတိုင်းဟူသကဲ့သို့သော အပြုသဘောဆောင်သည့် အရာများနှင့်ဆိုင်သည့် ဥပမာအချို့ကို ပေးကောင်းပေးနိုင်သည်။ ဤသည်တို့မှာ အပြုသဘောဆောင်သော အရာများချည်းသာ ဖြစ်ကြသည်။ သင်တို့သည် အပြုသဘောဆောင်သော အရာများနှင့်နှင့်ဆိုင်သည့် တိကျသော ဥပမာအချို့ကို ပေးနိုင်သည်၊ သို့ဆိုလျှင် အပျက်သဘောဆောင်သော အရာများနှင့်သက်ဆိုင်သည့် တိကျသော ဥပမာအချို့ကို သင်တို့ ပေးနိုင်သလော။ ရိုးရာယဉ်ကျေးမှုသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများသည် အပျက်သဘောဆောင်သော အရာများ ဖြစ်သလော။ (ဟုတ်ပါသည်။) အရာရှိအလုပ်အကိုင်တစ်ခုကို လိုက်စားခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ကြီးမားသော ဓနဥစ္စာကို လိုက်စားခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ အပျက်သဘောဆောင်သော အရာများချည်းသာ ဖြစ်ကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ် တွေးနိုင်သည်မှာ ထိုမျှသာ ဖြစ်ပါသည်။) သင်တို့သည် ဤအရာများကို သင်တို့၏ စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ မတွေးဆကြပေ။ အမြဲတစေ သင်တို့ စိတ်ပျံ့လွင့်နေကြသည်။ သို့တိုင် သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး နှစ်ပေါင်းများစွာ သင်တို့၏ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို စားသောက်ပြီးသည့်နောက်တွင် သမ္မာတရားများစွာကို နားလည်လာပြီးဖြစ်သည်ဟု သင်တို့ ပုံမှန်အားဖြင့် ခံစားရကြသည်။ သို့ဆိုလျှင် တိကျသော ကိစ္စရပ်များနှင့်ပတ်သက်လာသောအခါ အဘယ်ကြောင့် သင့်တွင် ရှုထောင့်မရှိရသနည်း။ သင်နားလည်ခဲ့သော အရာအားလုံး မည်သည့်နေရာသို့ ရောက်သွားလေပြီနည်း။ လူတို့အနေဖြင့် အပျက်သဘောဆောင်သော အရာများကို ပိုင်းခြားသိမြင်သည်သာမက ပါဝင်ပတ်သက်သော အပြုသဘောဆောင်သည့် အရာများနှင့် သမ္မာတရား စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကိုလည်း သိရှိနိုင်ရန်အလို့ငှာ၊ ပြဿနာတစ်ခု၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ယင်း၏ အနှစ်သာရကို ရှင်းလင်းစွာ ရှင်းပြကာ ထိုသို့ဖြင့် ပါဝင်ပတ်သက်သော သမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လူတို့အား နားလည်စေရန် ကူညီဖို့အတွက် သင်နားလည်သော သမ္မာတရားများအား အသုံးပြုရန် သင့်ကို စေခိုင်းခြင်းခံရပါက၊ သင်သည် မည်သည့်အရာကို ပြောရမည်ကို မသိဘဲ မည်သည့်အရာကိုမျှ စိတ်ကူးမရဖြစ်နေသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင် ပုံမှန်အားဖြင့် ပြောဆိုလေ့ရှိသော ထိုသိနားလည်မှုများအားလုံးမှာ အဘယ်အရာများ ဖြစ်သနည်း။ (စကားလုံးများနှင့် အယူဝါဒများဖြစ်ပါသည်။) ယင်းတို့သည် စကားလုံးများနှင့် အယူဝါဒများချည်းသာ ဖြစ်ကြသည်။ အချို့လူများသည် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများကို ရေးသားသောအခါ ၎င်းတို့၏ အတွေးများက စမ်းရေကဲ့သို့ စီးဆင်းသည်ကို တွေ့ရှိရပြီး ၎င်းတို့သည် ဘုရားသခင်၏ လမ်းညွှန်မှုခံရသည့်အလား ရေးသားကြသည်။ ၎င်းတို့သည် အလွန် စနစ်ကျသော ပုံစံဖြင့် ရေးသားကြပြီး ၎င်းတို့၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာကာ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည့် အဆင့်အထိ မိမိတို့ကိုယ်ကို စိတ်လှုပ်ရှားစေကြသည်။ သို့ရာတွင် လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ရန်၊ အမှုအရာအမျိုးမျိုးကို ထွင်းဖောက်သိမြင်ပြီး ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် ၎င်းတို့ ရေးသားခဲ့သည့်အရာကို လက်တွေ့ဘဝတွင် အသုံးပြုရန် တောင်းဆိုခံရသောအခါ ၎င်းတို့သည် မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့သည် အယူဝါဒများစွာကို နားလည်ကြသော်လည်း သမ္မာတရားကိုမူ နားမလည်ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ ကြုံတွေ့ရသော မည်သည့်ကိစ္စရပ်ကိုမျှ ထွင်းဖောက်မမြင်နိုင်သည့်အပြင်၊ ၎င်းတို့ ရှာဖွေတွေ့ရှိသော မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြပေ။ အယူဝါဒများစွာကို ၎င်းတို့ နားလည်ခြင်းက အဘယ်အသုံးဝင်မှု ရှိသနည်း။ သမ္မာတရားကို နားမလည်သော လူတို့သည် အလွန် သနားစရာကောင်းလှသည်တကား။ ထိုမာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော လူတို့သည် အယူဝါဒများစွာကို နားလည်ကြသည့်တိုင် မည်သည့်စစ်မှန်သော ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အလွန် သနားစရာကောင်းလှသည်။ အကြောင်းအရာမှန်သို့ ပြန်သွားရလျှင်၊ အပြုသဘောဆောင်သော အရာများဟူသည် အဘယ်အရာဖြစ်သည်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဆက်ကြစို့။ သမ္မာတရား၏ ဤကဏ္ဍကို ရှင်းလင်းစေမှ ဖြစ်မည်။ အကယ်၍ ငါတို့သည် ယေဘုယျ ပြောဆိုချက်တစ်ခုကို ပြုလုပ်ပြီး “ဘုရားသခင်ထံမှ လာသမျှသော အရာတိုင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်”ဟု ဆိုပါက ဤစကားများသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) “ဘုရားသခင်ထံမှ လာသမျှသော အရာတိုင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်”ဟူသည်မှာ သမ္မာတရားဖြစ်သော်လည်း ဤပြောဆိုချက်က အတိအကျအားဖြင့် မည်သည့်အရာအား ရည်ညွှန်းသည် သို့မဟုတ် ယင်းအတွင်းရှိ သမ္မာတရားက မည်သည့်အရာအား ရည်ညွှန်းသည်ကို သင်နားမလည်ပါက၊ သင်နားလည်သည့်အရာမှာ အယူဝါဒ ဖြစ်သည်။ အကယ်၍ သင်သည် ကိစ္စရပ်များစွာတွင် ဤပြောဆိုချက်အပေါ် တန်ဖိုးထားခြင်းနှင့် စစ်မှန်သော သိနားလည်မှုတစ်ခု ရှိပြီး သင်၏ ရှုထောင့်အမြင်ကို အခိုင်အမာထောက်ခံရန် အသေးစိတ်အချက်အချို့ကိုလည်း ဆက်သွယ်ပြောဆိုနိုင်ပါက၊ သင်၏ ရှုထောင့်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်း၏ အခြေခံအဖြစ် ရှိနေပြီး ဤအရာက သင်သည် သမ္မာတရားအချို့ကို နားလည်ကြောင်း သက်သေပြသည်။ လူများစွာတို့က “ဘုရားသခင်ထံမှ လာသမျှသော အရာတိုင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်”ဟု ဆိုကြသည်။ သဘောတရားအရ၊ ဤပြောဆိုချက်သည် မှန်ကန်ပြီး သမ္မာတရား၏ ရှုထောင့်တစ်ခုလည်း ဖြစ်သည်။ သို့ဆိုလျှင် အတိအကျအားဖြင့် အပြုသဘောဆောင်သော အရာများဟူသည် အဘယ်အရာများ ဖြစ်သနည်း။ “ဘုရားသခင်ထံမှ လာသမျှသော အရာတိုင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်”ဟူသည့်အရာအတွက် တိကျသော ရှင်းပြချက်တစ်ခု ရှိသင့်သည်။ သို့ဆိုလျှင် မည်သည့်အရာများက အပြုသဘောဆောင်သော အရာများ ဖြစ်ကြသနည်း။ ဘုရားသခင်ထံမှ လာသမျှသော အရာတိုင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်၊ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာအားလုံး သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဤရှင်းပြချက်သည် မှန်ကန်သလော။ ဤအရာက ယင်းကို တိကျစေသလော။ (တိကျစေပါသည်။) ဤနည်းအားဖြင့် “ဘုရားသခင်ထံမှ လာသမျှသော အရာတိုင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်”ဟူသော ပြောဆိုချက်သည် သဘောတရားအဆင့်တွင်သာ ရှိမနေတော့ဘဲ သမ္မာတရား စည်းမျဉ်းတစ်ခု ဖြစ်လာပေသည်။ ဤသို့ ပြောဆိုခြင်းသည် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သို့ဆိုလျှင် အပြုသဘောဆောင်သော အရာများကို အဓိပ္ပာယ်ဖွင့်ဆိုသည့် ဤဝါကျကို ဖတ်လော့။ (ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာအားလုံး သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။) ဤဝါကျကို ဖတ်ပြီးနောက် သင် မည်သို့ ခံစားရသနည်း။ အပြုသဘောဆောင်သော အရာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် နယ်ပယ်သည် သင်တို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းလာစပြုပြီလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းကို တစ်ဖန်ပြန်ဖတ်လော့။ (ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာအားလုံး သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။) သင်တို့သည် သမ္မာတရား၏ နှုတ်ကပတ်တော်များကို ဖတ်သောအခါ၊ ယင်းတို့ကို ဖြည်းဖြည်းချင်း ဖတ်ရန်နှင့် သေချာစွာ အရသာခံရန် သင်ယူရမည်။ သင်တို့သည် ဖြေးဖြေးနှင့်မှန်မှန် လှုပ်ရှားသော စည်းချက်ဖြင့် ဖတ်ရန်၊ နားလည်နိုင်သော အရှိန်ဖြင့် လေးနက်စွာနှင့် တည်ကြည်စွာ ဖတ်ရန် သင်ယူရမည်။ သို့မှသာ လူတိုင်း ကြားပြီးသည့်နောက်တွင် စကားလုံးနှင့် ဝါကျတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စွဲထင်ကျန်ရစ်ပြီး နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ချန်ထားခဲ့မည်ဖြစ်ကာ၊ ထိုအချိန်မှစ၍ ဤပြောဆိုချက်သည် ၎င်းတို့က အမှုအရာအမျိုးအစားတစ်ခုခုကို စိတ်ထဲတွင် တိုင်းတာသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အခြေခံနှင့် စံသတ်မှတ်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား။ ယင်းကို တစ်ဖန်ပြန်ဖတ်လော့။ (ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာအားလုံး သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။) ယင်းမှာ အနည်းငယ် မြန်နေသေးသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သောအခါ သင်တို့သည် အလေးအနက်ထားရမည်ဖြစ်ပြီး ကြည်ညိုကိုင်းရှိုင်းသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘာသာတရားမရှိသူတစ်ဦးက ဆောင်းပါးတစ်ပုဒ်ကို ဖတ်သကဲ့သို့ ပေါ့ပေါ့တန်တန်နှင့် လျင်မြန်စွာ ဖတ်ပါက နားထောင်သူတို့သည် မည်သို့ ခံစားရမည်နည်း။ (၎င်းတို့သည် မည်သည့် ကြည်ညိုကိုင်းရှိုင်းမှုကိုမျှ ခံစားရမည် မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည်ညိုကိုင်းရှိုင်းမှုဖြင့် ဖတ်ရန် သင်တို့သည် မည်သို့ ဖတ်သင့်သနည်း။ အရှိန်မှာ မည်သို့ ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် ၎င်းတို့ကို လေးနက်စွာနှင့် စိတ်အားထက်သန်စွာ၊ တစ်လုံးချင်း၊ ကျယ်လောင်ပြတ်သားပြီး အားကောင်းသောပုံစံဖြင့် ဖတ်သင့်ပါသည်။) မှန်ပေသည်။ သို့ဆိုလျှင် ယင်းကို တစ်ဖန် ပြန်ဖတ်လော့၊ ကျယ်လောင်ပြတ်သားပြီး အားကောင်းစေရန် ကြိုးစားလော့။ (ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာအားလုံး သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။) ယခု ဤဝါကျကို အကြိမ်အချို့ ဖတ်ပြီးဖြစ်သဖြင့် သင်တို့ ယင်းကို အလွတ်ရပြီးဖြစ်ရပေမည်၊ မှန်သလော။ (မှန်ပါသည်။) ဤဝါကျသည် အမှုအရာသုံးခုကို အလေးပေးသည်။ ပထမဆုံးတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ (ဘုရားသခင် ဖန်ဆင်းခဲ့သော အရာဖြစ်ပါသည်။) ဒုတိယတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ (ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာဖြစ်သည်။) တတိယတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ (ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာဖြစ်သည်။) ဤအရာအားလုံးမှာ အဘယ်အရာများ ဖြစ်ကြသနည်း။ (ယင်းတို့သည် အပြုသဘောဆောင်သော အရာများချည်းသာ ဖြစ်ကြသည်။) သင်တို့ ယင်းကို အလွတ်ရပြီးဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) သမ္မာတရားကို အလွတ်ကျက်မှတ်ပြီး လူတစ်ဦး၏ စိတ်နှလုံးထဲတွင် စွဲထင်စေခြင်းသည် သမ္မာတရား စည်းမျဉ်းအားလုံးကို နားလည်ရန်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံကို ပိုင်းခြားသိမြင်ရန်၊ ယင်းတို့အပေါ် မှန်ကန်သော ရပ်တည်ချက်နှင့် ရှုထောင့် ရှိရန်အပြင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် မယုံနိုင်လောက်အောင် အကျိုးရှိပေသည်။
အပြုသဘောဆောင်သော အရာများက အဘယ်အရာဖြစ်သည်ကို ယခုလေးတင် ငါတို့ ပြောဆိုခဲ့ကြသည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာဟူသည့် နယ်ပယ်အတွင်းရှိ အရာအားလုံးနှင့် ဖြစ်ရပ်အားလုံးတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ထိုသို့ဆိုလျှင် အလွန်များပြားသော အပြုသဘောဆောင်သည့် အရာများ ရှိနေသည်။ ပထမဦးစွာ၊ ဘုရားသခင် ဖန်ဆင်းခဲ့သော သက်ရှိနှင့် သက်မဲ့အရာမျိုးစုံက အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ သက်ရှိအရာများဆိုသည်မှာ လှုပ်ရှားနိုင်စွမ်းရှိသော၊ အသက်ရှူနိုင်ပြီး အသက်ပါခြင်းတို့ကို ပိုင်ဆိုင်သော သက်ရှိပုံစံများ ဖြစ်ကြသည်။ ၎င်းတို့၏ အသက်တည်ဆောက်ပုံမှာ မည်သို့ပင်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသက်နှင့်ဆိုင်သော နိယာမများနှင့် စည်းမျဉ်းများက မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရသရွေ့၊ ဘုရားသခင်ထံမှ လာသရွေ့၊ အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို မကြိုက်လျှင်ပင်၊ ၎င်းတို့သည် သင်၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ပြီးလျှင် ၎င်းတို့သည် လူတို့အတွက် အကျိုးမရှိလျှင် သို့မဟုတ် ၎င်းတို့ကို ထိခိုက်နစ်နာစေနိုင်လျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရပြီး သူ၏ သတ်မှတ်ပြဋ္ဌာန်းခြင်းခံရသရွေ့ အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ သို့သော် အချို့လူများက ဤအရာနှင့်ပတ်သက်၍ အယူအဆများ ရှိကြသည်။ ၎င်းတို့က မကောင်းသော တိရစ္ဆာန်များနှင့် မြေခွေးများ၊ ဝံပုလွေများ သို့မဟုတ် လူစားသော သားရဲများကဲ့သို့သော လူတို့ကို ထိခိုက်စေနိုင်သော တိရစ္ဆာန်များသည် အပြုသဘောဆောင်သော အရာများမဟုတ်ဘဲ အပျက်သဘောဆောင်သော အရာများဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤရှုထောင့်သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကို ဆန့်ကျင်ပြီး လုံးဝနှင့် အကြွင်းမဲ့ မှားယွင်းသည်။ အမှန်တွင်၊ ဘုရားသခင်က ပြစ်တင်ရှုတ်ချခြင်း မပြုသရွေ့၊ သူ ဖန်ဆင်းခဲ့သော မည်သည့်အရာမဆိုသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ယင်းကို ခွဲခြားဆက်ဆံခြင်း မပြုသင့်သည့်အပြင်၊ ယင်းကို ရွံရှာဖွယ်အဖြစ် မြင်သောကြောင့် ပြစ်တင်ရှုတ်ချပြီး သတ်ဖြတ်ခြင်း သို့မဟုတ် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် အခြား ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခုခုကို အသုံးမပြုသင့်ပေ။ လူတို့သည် ၎င်းကို သဘာဝအတိုင်းသာ နေခွင့်ပေးသင့်သည်။ သင်သည် ၎င်းကို မကာကွယ်လျှင်ပင်၊ ရှင်သန်ရန်အတွက် နေရာတစ်ခုကို ချန်ထားပေးသင့်သေးသည့်အပြင်၊ ၎င်းသည် ဘုရားသခင်ထံမှ လာသောကြောင့် သင်သည် ၎င်းကို မထိခိုက်စေသင့်ပေ။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အမျိုးမျိုးသော ဖန်ဆင်းခံအားလုံးအပေါ် လူတို့ ထားရှိသင့်သော သဘောထား ဖြစ်သည်။ တစ်စုံတစ်ခုသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရသရွေ့၊ သင်သည် ၎င်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ၎င်းသည် လှပသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ၊ ၎င်းသည် သင့်အပေါ် ဖော်ရွေသည်ဖြစ်စေ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည်ဖြစ်စေ၊ ၎င်းကို ပကတိမျက်စိဖြင့် မမြင်နိုင်သည်ဖြစ်စေ သို့မဟုတ် သင် မြင်နိုင်သည်ဖြစ်စေ၊ ၎င်းသည် သင်၏ အသက်အပေါ် သက်ရောက်မှုတစ်ခု ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူသားတို့ ရှင်သန်ရေးနှင့် မည်သည့် ဆက်နွှယ်မှု ရှိသည်ဖြစ်စေ၊ သင်သည် ၎င်းနှင့် ထိုသို့သောအရာအားလုံးကို တန်းတူ အလေးထားသင့်သည်၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံသင့်ပြီး လေးစားသင့်သည်။ ၎င်းတို့ကို ရှင်သန်ရန် နေရာပေးသင့်သည်၊ ၎င်းတို့၏ ရှင်သန်ရေး နည်းလမ်းများနှင့် ရှင်သန်ရေး နိယာမများကို လေးစားသင့်သည့်အပြင် ၎င်းတို့၏ လှုပ်ရှားမှုအားလုံးကိုလည်း လေးစားသင့်သည်။ သင်သည် ၎င်းတို့ကို ထိခိုက်စေခြင်း မပြုသင့်ပေ။ အနိမ့်ဆုံးအနေဖြင့် သင်သည် ဤဖန်ဆင်းခံများနှင့် အတူတကွ ရှင်သန်နိုင်စွမ်းရှိသင့်ပြီး သင်တို့သည် အချင်းချင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပေ။ ဤသည်မှာ လူတို့ နားလည်ပြီး သဘောပေါက်သင့်သော အရာတစ်ခုဖြစ်သည့်အပြင်၊ ယင်းမှာ ဖန်ဆင်းခံအမျိုးမျိုးကို ဆက်ဆံပုံ၌ လိုက်နာသင့်သော စည်းမျဉ်းတစ်ခု ပို၍ပင် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူ့အလိုဆန္ဒမှ ဖြစ်လာသော အယူအဆများဖြင့် သို့မဟုတ် စိတ်လိုက်မာန်ပါပြုခြင်းဖြင့်ပင် ၎င်းတို့ကို လုံးဝ မချဉ်းကပ်သင့်ပေ။ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤမျှဖြင့် နိဂုံးချုပ်သည်။
အပြုသဘောဆောင်သော အရာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်စပ်လျဉ်းသော အခြားရှုထောင့်တစ်ခုမှာ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာနှင့် ဆက်စပ်မှုရှိပြီး ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာ၏ နယ်ပယ်က အတော်လေး ကြီးမားပေသည်။ ယေဘုယျအားဖြင့်ဆိုသော်၊ ဥပမာအားဖြင့်၊ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားသည့် သက်ရှိသတ္တဝါအမျိုးမျိုး၏ သက်တမ်း၊ ပုံပန်းသဏ္ဌာန်၊ ပင်ကိုသဘာဝနှင့် မျိုးဗီဇများအပြင် ၎င်းတို့၏ ရှင်သန်ရေးနည်းလမ်းများ၊ ၎င်းတို့၏ လှုပ်ရှားမှုပုံစံများ၊ အစာရှာဖွေခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ ၎င်းတို့၏ နည်းလမ်းများ၊ ပြီးလျှင် ရာသီဥတုလေးခုနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းဆိုင်ရာ ၎င်းတို့၏ နေထိုင်မှုပုံစံများ၊ ယင်းတို့တွင် ၎င်းတို့၏ ရွှေ့ပြောင်းသွားလာရာ လားရာများနှင့် လှုပ်ရှားမှုနယ်ပယ်များ ပါဝင်သည်။ ထို့အပြင် ရာသီဥတုလေးခု၊ တောင်များ၊ မြစ်များနှင့် ရေကန်များ၏ တည်နေရာများအပြင်၊ ကမ္ဘာပေါ်ရှိ သက်ရှိ သို့မဟုတ် သက်မဲ့အရာအမျိုးမျိုး၏ တည်ရှိမှုပုံစံများ စသည့်၊ ဤနယ်ပယ်အတွင်းတွင် အကျုံးဝင်သော ဤအရာများကိုလည်း လူတို့ လေးစားသင့်သည်၊ ၎င်းတို့ကို ရှင်သန်ရန် နေရာပေးသင့်ပြီး ၎င်းတို့ကို သုတ်သင်ရှင်းလင်းရန်၊ ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် ပျက်စီးစေရန် လူ့အလိုဆန္ဒ သို့မဟုတ် လူဖန်တီးထားသော နည်းလမ်းများကို အသုံးမပြုသင့်ပေ။ ဥပမာအားဖြင့် ကျားများသည် အပင်စားသတ္တဝါများကို စားရန် မွေးဖွားလာကြသည်၊ မြင်းကျားများ၊ ဒရယ်များ၊ ဆတ်နှင့် အချို့သော တိရစ္ဆာန်ငယ်များသည် ကျားများအတွက် သားကောင်များ ဖြစ်ကြသည်။ ဤသည်မှာ သတ္တဝါတစ်ကောင်၏ အစာရှာဖွေသည့် နည်းလမ်းနှင့် ထိုသို့ပြုလုပ်သည့် နယ်ပယ်ဖြစ်သည်။ ဤသည်မှာ ၎င်း၏ ရှင်သန်ရေး စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤရှင်သန်ရေး စည်းမျဉ်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်း ပါဝင်သည်။ ယင်းကို ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားသောကြောင့် လူတို့သည် ယင်းကို အယူအဆပိုင်းဆိုင်ရာ ရှုထောင့်အမြင်မှ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ၊ ၎င်းတို့က ယင်းကို အံ့ဩဖွယ်အဖြစ် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် သွေးထွက်သံယိုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောအရာအဖြစ် ရှုမြင်သည်ဖြစ်စေ၊ ယင်းသည် သေချာပေါက် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သည်။ ဤသည်မှာ လုံးဝ သေချာပြီး သင် ငြင်းပယ်၍မရနိုင်ပေ။ သင်၏ စိတ်နှလုံးထဲတွင် ကျားတစ်ကောင်က တိရစ္ဆာန်များကို အမဲလိုက်ခြင်းသည် အလွန် သွေးထွက်သံယိုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည်ဟု သင်ခံစားရလျှင်ပင်၊ ထိုသို့သော ဝမ်းနည်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်ကို သင် မမြင်ရက်နိုင်လျှင်ပင်၊ တိရစ္ဆာန်လောကတွင်ရှိသည့် ရှင်သန်ရေးနည်းလမ်းကို သင် လေးစားသင့်သည်။ သင်သည် ၎င်းကို တားဆီးခြင်း သို့မဟုတ် ကန့်သတ်ခြင်း မပြုသင့်ပေ။ ထို့ထက်မက ဤဂေဟစနစ် ပတ်ဝန်းကျင်ကို လူဖန်တီးသည့်နည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်းတို့ကို လုံးဝမပြုသင့်ပေ။ ထိုအစား သင်သည် အရာရာကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးသင့်ပြီး တိရစ္ဆာန်လောက၏ ရှင်သန်ရေး ပတ်ဝန်းကျင်ကို ကာကွယ်သင့်သည်။ သင်သည် တိရစ္ဆာန်အမျိုးမျိုးမှ ၎င်းတို့၏ ရှင်သန်ခွင့်ကို မလုယူသင့်ပေ။ အသားစားသတ္တဝါများက အပင်စားသတ္တဝါများ သို့မဟုတ် အခြားတိရစ္ဆာန်များကို အမဲလိုက်ပြီး ဝါးမျိုခြင်းသည် ၎င်းတို့၏ ရှင်သန်ရေး စည်းမျဉ်းတစ်ခုဖြစ်ပြီး ဤရှင်သန်ရေး စည်းမျဉ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်ကာ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုအရာကို ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုသင့်ဘဲ အရာရာကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးသင့်သည်။ သို့ဆိုလျှင် အရာရာကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ကျားတစ်ကောင် သို့မဟုတ် အခြား မည်သည့် အသားစားသတ္တဝါမဆိုက ဒရယ်တစ်ကောင် သို့မဟုတ် အခြားသားကောင်အား အမဲလိုက်နေသည်ကို မြင်သောအခါ၊ အကယ်၍ သင့်တွင် သတ္တိအလုံအလောက်ရှိပါက သင်သည် အဝေးမှ ကြည့်ရှုနိုင်ပြီး ဝင်ရောက်မစွက်ဖက်ဘဲ နေ၍ရသည်။ အကယ်၍ သင်သည် ကြောက်တတ်ပြီး ဤသွေးထွက်သံယိုဖြစ်သည့်၊ သေစေနိုင်သော တိုက်ပွဲနှင့်ဆိုင်သည့် မြင်ကွင်းကို မကြည့်နိုင်ပါက မကြည့်နှင့်။ သို့သော် သင်သည် သွေးထွက်သံယို မြင်ကွင်းကို မမြင်ရက်နိုင်သောကြောင့် ဘုရားသခင်က ဤအသားစားသတ္တဝါများကို ဖန်ဆင်းခဲ့ခြင်းမှာ အမှားတစ်ခုဖြစ်သည်ဟု သင် ညည်းညူသင့်ရန် မဆိုထားနှင့်၊ ဤအသားစားသတ္တဝါများ၏ အမဲလိုက်သည့် အပြုအမူကို ပြစ်တင်ရှုတ်ချခြင်း မပြုသင့်ပေ။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့သော လုပ်ရပ်တစ်ခု ဖြစ်သည်။ သင်သည် ဤအရာကို နားမလည်ခြင်းမှာ ပုံမှန်ဖြစ်သော်လည်း သင်သည် အသားစားသတ္တဝါများထံမှ ၎င်းတို့၏ ရှင်သန်ခွင့်ကို မလုယူသင့်ပေ။ အချို့လူများက “သို့ဆိုလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို လူဖန်တီးသောနည်းလမ်းဖြင့် ကာကွယ်သင့်သလော”ဟု မေးကြသည်။ ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် ပျက်စီးမှုဖြစ်စေရန် မည်သည့်အရာမျှ မလုပ်ဆောင်ခြင်းအားဖြင့် သင်သည် လူသားတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းပြီးသားဖြစ်သည်။ ၎င်းတို့ကို လူလုပ်နည်းလမ်းဖြင့် ကာကွယ်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များသည်လည်း ဘုရားသခင် ဖန်ဆင်းခဲ့သော ဖန်ဆင်းခံများဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ထောက်ရှုလျှင် ဘုရားသခင်သည် ရှင်သန်နိုင်စွမ်းကို ၎င်းတို့အား ပေးအပ်ထားပြီးဖြစ်သည်။ သင် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် ကူညီရန် ၎င်းတို့ မလိုအပ်ပေ။ ထို့အပြင် သင်သည် ၎င်းတို့ကို ကူညီနိုင်သလော။ ၎င်းတို့၏ သားကောင်ကို အမဲလိုက်သည့် ကြမ်းတမ်းခက်ထန်မှုကို သင် ပုံတူကူးနိုင်သလော။ လူတို့တွင် ထိုသို့ပြုလုပ်ရန် အရည်အချင်းမရှိပေ။ အလွန်ဆုံးအနေဖြင့်၊ လူတို့သည် သားကောင်အနည်းငယ်ကို သတ်ရန် လက်နက်များကိုသာ အသုံးပြုနိုင်သည်။ ယင်းမှာ တိရစ္ဆာန်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် အလွန်ကွာခြားသည်။ ထို့အပြင် အချို့တိရစ္ဆာန်များသည် သေနေသော သားကောင်ကို မစားကြပေ၊ အရှင်လတ်လတ်၊ လတ်ဆတ်သော အသားကိုသာ ၎င်းတို့ စားကြသည်။ သင်သည် အသားစားသတ္တဝါများ၏ ရှင်သန်ခွင့်ကို ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုသင့်သည့်အပြင်၊ အပင်စားသတ္တဝါများကိုလည်း ထိခိုက်မှုမရှိအောင် မကာကွယ်သင့်ပေ။ ၎င်းတို့ကို သင် မထိခိုက်စေခြင်း သို့မဟုတ် အမဲမလိုက်ခြင်းသည် လုံလောက်ပေသည်။ တိရစ္ဆာန်မျိုးစုံ၏ ရှင်သန်ရေးတွင် ၎င်း၏ နိယာမများ ရှိပြီး ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော စည်းမျဉ်းများနှင့် ဘုရားသခင် ချမှတ်သော နိယာမများအတိုင်း မျိုးပွားကာ အသက်ရှင်နေထိုင်သွားကြလိမ့်မည်။ ၎င်းတို့တွင် ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်ရေး နိယာမများနှင့် ရှင်သန်နိုင်စွမ်းများ ရှိကြပြီး နည်းလမ်းများစွာတွင် ၎င်းတို့၏ ရှင်သန်နိုင်စွမ်းများသည် လူသားများထက်ပင် သာလွန်သည်။ ၎င်းတို့သည် လက်နက်များနှင့် ကိရိယာများကို မပြုလုပ်နိုင် သို့မဟုတ် အသုံးမပြုနိုင်သော်လည်း၊ ၎င်းတို့၏ အမှီအခိုကင်းကင်းဖြင့် ရှင်သန်နိုင်စွမ်းသည် တစ်နည်းနည်းဖြင့် လူသားများထက် သာလွန်နေဆဲ ဖြစ်သည်။ အကယ်၍ လူသားများသည် တောရိုင်းမြေရိုင်းထဲတွင် နေထိုင်ရမည်ဆိုပါက ၎င်းတို့အတွက် ရှင်သန်ရန် ခက်ခဲမည်ဖြစ်သည်။ အချို့သည် ရေငတ်ခြင်း၊ အစာငတ်မွတ်ခြင်း သို့မဟုတ် အေးခဲခြင်းတို့ကြောင့် သေဆုံးမည် သို့မဟုတ် သားရဲများ၏ စားသောက်ခြင်းကို ခံရမည်ဖြစ်သည်။ တောရိုင်းမြေရိုင်းထဲတွင် အမှီအခိုကင်းကင်းဖြင့် ရှင်သန်နိုင်သည့် လူသားများ၏ စွမ်းရည်သည် တိရစ္ဆာန်များထက် နိမ့်ကျသည်မှာ သိသာထင်ရှားသည်။ ဤသည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤသည်မှာလည်း ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် ဆက်စပ်ပေသည်။
ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသော အရာနှင့်စပ်လျဉ်း၍ လူတို့ လိုက်နာသင့်သော စည်းမျဉ်းမှာ ၎င်းကို လူလုပ်နည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုရန် ဖြစ်သည်။ ဥပမာအားဖြင့် တိရစ္ဆာန်များ၏ ပြုမူခြင်းကို ကြည့်လော့၊ လူတို့သည် ၎င်းတို့ကို ကြင်နာစိတ်ဖြင့် ကာကွယ်ရန် မလိုအပ်ပေ။ သင်သည် ၎င်းတို့ကို မနှောင့်ယှက်သရွေ့၊ ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်ကို မပျက်စီးစေသရွေ့ သို့မဟုတ် ၎င်းတို့၏ ရှင်သန်ရေး စည်းမျဉ်းများနှင့် နိယာမများကို မလျော့ပါးစေသရွေ့ သင်သည် လူသားတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ အကယ်၍ တိရစ္ဆာန်တစ်ကောင်သည် ဒဏ်ရာရလျှင် သို့မဟုတ် အခက်အခဲတစ်ခုခု ကြုံတွေ့ပြီး လူသားများထံမှ အကူအညီ ရှာဖွေပါက လူတို့သည် ၎င်းတို့ကို ကူညီသင့်သလော။ (ကူညီသင့်ပါသည်။) ဤအကူအညီကို လူလုပ် ဝင်ရောက်စွက်ဖက်ခြင်းဟု မယူဆဘဲ ထို့ထက် လူတို့ ဖြည့်ဆည်းသင့်သော တာဝန်တစ်ခုအဖြစ်သာ ယူဆရပေသည်။ ဤသည်မှာ အဘယ်ကြောင့် လူတို့ ဖြည့်ဆည်းသင့်သော တာဝန်တစ်ခု ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသားများ လုပ်ဆောင်နိုင်စွမ်းရှိသော အရာတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအခြေအနေတွင် လူတို့သည် မေတ္တာပြသင့်ပြီး ကူညီရန် အကောင်းဆုံး လုပ်ဆောင်သင့်သည်၊ အကြောင်းမှာ လူသားများနှင့် တိရစ္ဆာန်များ နှစ်မျိုးလုံးသည် ဖန်ဆင်းခံများ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် လူသားမျိုးနွယ်သည် သူ၏ ကယ်တင်ခြင်း ပစ်မှတ်၊ အခြား ဖန်ဆင်းခံများနှင့် ကွဲပြားသည့် အဆင့်မြင့်သော ဖန်ဆင်းခံတစ်ခုသာ ဖြစ်သည်။ အားလုံးက ဤရုပ်ဝတ္ထုလောကတွင်၊ ဤနေရာလပ်တွင် အတူတကွ နေထိုင်ကြသောကြောင့် လိုအပ်ချိန်များတွင် အချင်းချင်း ကူညီခြင်းက မည်သည့်စည်းမျဉ်းကိုမျှ မချိုးဖောက်ပေ။ ဤသည်မှာ လူသားများက အနည်းဆုံးအားဖြင့် ပိုင်ဆိုင်သင့်သော စရိုက်တစ်ခုဖြစ်ပြီး ၎င်းတို့ စွမ်းဆောင်ရရှိသင့်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင့်ထံ အကူအညီတောင်းရန် ရောက်လာသော ဒဏ်ရာရနေသည့် တိရစ္ဆာန်တစ်ကောင်ကောင် အမှန်တကယ် ရှိပါက၊ ၎င်းသည် သင့်ကို အလွန်အလေးထားပြီး ယုံကြည်သောကြောင့်သာ ထိုသို့ ပြုလုပ်ခြင်း ဖြစ်သည်။ ၎င်းသည် သင်၏ အကူအညီကို ရှာဖွေနိုင်သည်ဟူသောအချက်က ၎င်းသည် မမိုက်မဲကြောင်း သက်သေပြသည်။ ၎င်းသည် တွေးခေါ်နိုင်စွမ်းရှိပြီး လူသားများသည် ၎င်းတို့နှင့် ကွဲပြားသော်လည်း ၎င်းကို ရှင်သန်အောင် ကူညီရန် နည်းလမ်းများရှိသည်ကို ၎င်းက သိပေသည်။ အခြားသက်ရှိအရာများက လူသားများကို ထိုသို့သော မြင့်မားသည့် အလေးထားမှုရှိသည့်အတွက်၊ လူသားများသည် အရာခပ်သိမ်း၏ အရှင်သခင်ဟူသော အခန်းကဏ္ဍကို ကောင်းစွာ ဆောင်ရွက်ပြီး ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည် မဟုတ်လော။ (ဖြည့်ဆည်းသင့်ပါသည်။) ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်း ဖြစ်သည်။ အရာခပ်သိမ်း၏ အရှင်သခင်ဟူသော အခန်းကဏ္ဍကို ကောင်းစွာ ဆောင်ရွက်ရန် ဤဆန္ဒရှိရုံမျှက မလုံလောက်ပေ။ လက်တွေ့ကျသော လုပ်ဆောင်ချက် လိုအပ်သည်။ အခြားသက်ရှိသတ္တဝါများက အခက်အခဲများ ရင်ဆိုင်ရသောအခါ သို့မဟုတ် လိုအပ်ချက်များ ရှိသောအခါ သင်သည် ၎င်းတို့ကို ကူညီရန် ကူညီသောလက်တစ်စုံကို ဆန့်တန်းပေးရမည်။ အကယ်၍ ၎င်းတို့သည် သေဆုံးရန် သို့မဟုတ် ကြီးမားသော ဘေးဒုက္ခ တစ်ခုခုကို ရင်ဆိုင်ရန် ကံကြမ္မာပါလာပြီး သင်က မကူညီနိုင်ပါက လုပ်ဆောင်ရမည့်အရာ မည်သည့်အရာမျှ မရှိသည့်အပြင်၊ သင်သည် အရာရာကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးသင့်သည်။ သင်သည် အကောင်းဆုံး လုပ်ဆောင်ရန်သာ လိုအပ်သည်။ အကယ်၍ သင်သည် ၎င်းတို့ အခက်အခဲများ သို့မဟုတ် အန္တရာယ် ကြုံတွေ့နေသည်ကို မြင်ပါက ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းသင့်သော အချိန် ဖြစ်သည်။ အကယ်၍ သင်သည် ထိုအရာကို မမြင်ပါက ရှာဖွေရန် ပင်ပန်းခံဖို့ မလိုအပ်ပေ။ ယင်းမှာ သင်၏ တာဝန် မဟုတ်ပေ။ ၎င်းတို့တွင် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာရှိပြီး ဤအရာနှင့်စပ်လျဉ်း၍ သင့်အနေဖြင့် တက်ကြွစွာ ကြိုးစားအားထုတ်ရန် မလိုအပ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် အကယ်၍ ၎င်းတို့သည် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး သင်၏ အကူအညီကို ရှာဖွေပါက ကူညီသောလက်တစ်စုံကို ဆန့်တန်းရန်မှာ သင်၏ မလွှဲမရှောင်သာလုပ်ရမည့် တာဝန်ဖြစ်သည်။ သင် မငြင်းဆန်လျှင် ပိုကောင်းမည်။ ဥပမာအားဖြင့် သင်သည် လမ်းပေါ်တွင် သင်၏ လမ်းကြောင်းကို ပိတ်ဆို့ပြီး သင့်ကို ထွက်မသွားအောင် တားဆီးရန် ကြိုးစားနေသော တောငန်းတစ်ကောင်ကို ကြုံတွေ့ရပါက၊ သင့်တွင် ချစ်ခင်တတ်သော စိတ်နှလုံးရှိလျှင် တောငန်းသည် ဒုက္ခရောက်နေပြီး သင့်ထံ အကူအညီတောင်းရန် ရောက်လာသည်ကို သင် သဘောပေါက်သင့်သည်။ ဤအချိန်တွင် သင်သည် အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ (အဘယ်အရာ မှားယွင်းနေသည်ကို ကြည့်ရန် တောငန်းနောက်သို့ လိုက်ပြီး အကယ်၍ ကျွန်ုပ်တို့ ကူညီနိုင်ပါက ကူညီရမည်။) မှန်ပေသည်။ တောငန်းနောက်သို့ လိုက်လော့၊ ၎င်းက သင့်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သည်ကို ကြည့်လော့၊ လူသားတို့၏ အကူအညီ လိုအပ်သော မည်သည့်အခက်အခဲ သို့မဟုတ် အန္တရာယ်အား ၎င်းက ကြုံတွေ့ခဲ့ရသည်ကို ကြည့်လော့။ သင်သည် ၎င်းကို ကူညီရန် အတတ်နိုင်ဆုံး လုပ်ဆောင်သင့်သည်၊ သင်သည် ၎င်းကို ဒုက္ခရောက်နေချိန်တွင် ပစ်ထား၍မရပေ။ ဤသည်မှာ လူသားများ ရှိသင့်သော တာဝန်သိစိတ် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော သက်ရှိသတ္တဝါအမျိုးမျိုးကို တန်ဖိုးထားရန်၊ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာခပ်သိမ်းကို တန်ဖိုးထားရန်၊ ဤသည်မှာ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်းနှင့်ဆိုင်သော လူတို့ ပိုင်ဆိုင်သင့်သည့် စရိုက်ဖြစ်သည်။ အချို့လူများက “ဤသည်မှာ ကုသိုလ်စုဆောင်းခြင်းနှင့် ကောင်းမှုပြုခြင်း ဖြစ်သလော”ဟု မေးကြသည်။ မဟုတ်ပေ။ “ကုသိုလ်စုဆောင်းခြင်းနှင့် ကောင်းမှုပြုခြင်း”ဟူသော ဆိုစကားသည် ခိုင်လုံမှုမရှိပေ။ ထိုသို့သော အဆင့်မြင့်ပုံရသည့် စကားများကို ပြောဆိုရေရွတ်ရန် မလိုအပ်ပေ။ တဲ့တိုးပြောရလျှင် ကုသိုလ်စုဆောင်းခြင်းနှင့် ကောင်းမှုပြုခြင်းဟူသော အတွေးအခေါ်တစ်ခုလုံးသည် အဓိပ္ပာယ်မရှိသောစကား ဖြစ်သည်။ ဤသည်မှာ လူသားတစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းဖြစ်သည်။ လူတို့ ပိုင်ဆိုင်သင့်သော အခြေခံအကျဆုံး တာဝန်သိစိတ် ဖြစ်သည်။ သင်သည် တောငန်းကို ကူညီပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၏ တာဝန် ကျေပွန်ပြီ ဖြစ်သည်။ သင်သည် ၎င်းကို သင့်အား ကျေးဇူးတင်ရန် မလိုအပ်သည့်အပြင်၊ သင်၏ ကြင်နာမှုကို ပြန်ဆပ်ရန်လည်း မလိုအပ်ပေ။ သင်လုပ်ခဲ့သည့်အရာမှာ လူသားများ လုပ်ဆောင်ရန် တာဝန်ရှိသော အရာတစ်ခု ဖြစ်သည်။ ဤတာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းနှင့် ဤတာဝန်သိစိတ် ရှိခြင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ခြင်းဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းသော အရာခပ်သိမ်းသည် အပြုသဘောဆောင်သော အရာများဖြစ်ပြီး ၎င်းတို့ကို ငါတို့ တန်ဖိုးထားသင့်သည်။ ဘုရားသခင်၏ တာဝန်ပေးချက်မှာ သူဖန်ဆင်းခဲ့သော အရာခပ်သိမ်းကို တန်ဖိုးထားရန် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်း၏ အရှင်သခင်များအနေဖြင့် လူသားများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သော လူ့သဘာဝ၏ ဘဝပေးအသိနှင့်ဆိုင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တိတိကျကျဆိုသော် ဤသည်မှာ ၎င်းတို့ အနည်းဆုံးအားဖြင့် ပိုင်ဆိုင်သင့်သော တာဝန်သိစိတ် ဖြစ်သည်။ အခြားသက်ရှိသတ္တဝါများကို ဝင်ရောက်မစွက်ဖက်နှင့်၊ ၎င်းတို့၏ ရှင်သန်ရေး စည်းမျဉ်းများကို မလျော့ပါးစေနှင့်၊ ပြီးလျှင် ၎င်းတို့ထံမှ ၎င်းတို့၏ ရှင်သန်ခွင့်ကို မလုယူနှင့်။ ထို့အပြင် ၎င်းတို့ကို နည်းလမ်းတစ်ခုခုဖြင့် နေထိုင်ရန် သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ရှင်သန်ဖို့ လမ်းညွှန်ပြီး ထိန်းညှိပေးရန် လူလုပ်နည်းလမ်းဖြင့် ကူညီရန် မလိုအပ်ပေ။ ထိုအစား ၎င်းတို့၏ ရှင်သန်ရေး နိယာမများနှင့် ၎င်းတို့၏ ရှင်သန်ရေး စည်းမျဉ်းများကို လေးစားလော့။ ၎င်းတို့ အကူအညီ လိုအပ်သောအခါ၊ သင် မြင်ပါက ၎င်းတို့ကို မရှောင်ရှားသင့် သို့မဟုတ် ၎င်းတို့ ထိခိုက်ခံရပြီး သေဆုံးသည်ကို ကြည့်ရုံသာကြည့်ရှုလျက် မသိကျိုးကျွံမပြုသင့်ဘဲ လူသားများ ဖြည့်ဆည်းသင့်သော တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းရန် ကူညီသောလက်တစ်စုံကို ဆန့်တန်းသင့်သည်။ ၎င်းတို့ကို ကူညီခြင်းအားဖြင့် သင်သည် ၎င်းတို့ကို ကယ်တင်ခြင်းဖြစ်သည်။ ၎င်းတို့ကို ကာကွယ်ရန် သင်၏ အသက်ကို စတေးဖို့ မဆိုထားနှင့်၊ ဤအရာက သင့်ကို ခြေကုန်လက်ပန်းကျစေမည် မဟုတ်သည့်အပြင် ကြီးမားသော အဖိုးအခကို ပေးရန် သို့မဟုတ် အားအင်များစွာကို သုံးစွဲရန်လည်း သင့်ကို လိုအပ်စေမည် မဟုတ်။ ယင်းက သင့်ကို မထိခိုက်ပေ။ ယင်းမှာ လူသားတစ်ဦးအနေဖြင့် သင် လုပ်ဆောင်သင့်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်၏ အစွမ်းခွန်အားရှိသမျှဖြင့် ၎င်းတို့ကို ကာကွယ်ရန် သင် တောင်းဆိုခြင်းခံရပါက ယင်းမှာ စွမ်းဆောင်ရရှိရန်လွယ်ကူမည်မဟုတ်သော်လည်း သင်သည် ၎င်းတို့ကို ဝင်ရောက်မစွက်ဖက်ဘဲ၊ ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ သို့မဟုတ် ၎င်းတို့၏ ရှင်သန်ရေး စည်းမျဉ်းများကို မထိခိုက်စေသည့်အပြင် ၎င်းတို့ထံမှ ၎င်းတို့၏ ရှင်သန်ခွင့်ကို မလုယူဘဲ အရာရာကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်ခွင့်ပေးနိုင်သင့်ပေသည်။ အကယ်၍ သင်သည် ဤအရာကိုပင် မလုပ်ဆောင်နိုင်ပါက သင်သည် လူသားမဟုတ်သောသူ ဖြစ်သည်၊ သင်သည် လူသားတစ်ဦး၏ လူဝင်စားခြင်း မဟုတ်သည့်အပြင် သင့်တွင် လူ့သဘာဝ မရှိပေ။ လူ့သဘာဝမရှိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် တိရစ္ဆာန်များကို ကာကွယ်ရန်၊ ၎င်းတို့ကို ဂရုစိုက်ရန်နှင့် ဘုရားသခင် ဖန်ဆင်းခဲ့သော သက်ရှိအရာများကို လေးစားရန် အသိစိတ်နှင့် ဆင်ခြင်တုံတရားပင် ကင်းမဲ့သည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ထိခိုက်စေရန်၊ စားသောက်ရန်နှင့် ၎င်းတို့၏ ရှင်သန်ခွင့်ကို လုယူရန် အမြဲ တွေးတောနေပါက သင်သည် လူသားတစ်ဦးမဟုတ်ဘဲ သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ ဤသည်မှာ ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။)
ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာနှင့်စပ်လျဉ်း၍ အခြားသောအခြေအနေအချို့ ရှိသည်။ ဥပမာအားဖြင့် အချို့သော တိရစ္ဆာန်များ၏ ရှင်သန်ခြင်းဆိုင်ရာ စည်းမျဉ်းများသည် နေ့အခါတွင် အိပ်ပြီး ညအခါတွင် နိုးကြားဖျတ်လတ်ကြသည့် ရှင်သန်ခြင်းဆိုင်ရာ စည်းမျဉ်းရှိသော ဇီးကွက်များ၊ လင်းနို့များနှင့် အခြားတိရစ္ဆာန်အချို့ကဲ့သို့သော အခြား သက်ရှိအရာများ၏ စည်းမျဉ်းများနှင့် အနည်းငယ် ကွဲပြားသည် သို့မဟုတ် ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။ ဤအရာကို ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အထူးအခြေအနေများက ဤတိရစ္ဆာန်များအား ဤလုပ်ရိုးလုပ်စဉ်ကို ရံဖန်ရံခါ ယာယီပြောင်းလဲစေလျှင်ပင်၊ ပုံမှန်အခြေအနေများအောက်တွင် ၎င်းတို့၏ ရှင်သန်ခြင်းဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများသည် အခြေခံအားဖြင့် မပြောင်းလဲပေ။ လူတို့သည် ဤတိရစ္ဆာန်များ၏ စည်းမျဉ်းများကို ပြောင်းလဲရန်၊ ၎င်းတို့ကို လူသားများကဲ့သို့ နေ့အခါ ကျက်စားသောသူဖြစ်စေရန် အမြဲ စဉ်းစားနေကြသည်။ ၎င်းတို့သည် ဤတိရစ္ဆာန်များ၏ ရှင်သန်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် လှုပ်ရှားမှုပုံစံများကို ပြောင်းလဲရန်နှင့် ပျက်စီးစေရန် နည်းလမ်းမျိုးစုံကို စဉ်းစားရင်း၊ ယင်းတို့၏ မျိုးဗီဇများနှင့် သွေးရည်ကြည်များ၊ ၎င်းတို့၏ လှုပ်ရှားမှုပုံစံများ၊ စသည်တို့ကို သုတေသနပြုလုပ်ကြသည်။ ဤသည်မှာ ကောင်းသလော။ (မကောင်းပါ။) ဤအပြုအမူမျိုး၊ ဤအတွေးအခေါ်မျိုးသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ပြီး လူသားမဟုတ်သောသူများ လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ သိပ္ပံဆိုင်ရာ သုတေသနပြုခြင်းမှတစ်ဆင့် ဤသက်ရှိသတ္တဝါများသည် အတော်အတန် ပြောင်းလဲသွားကြသည်မှာမှန်သော်လည်း ၎င်းတို့သည် အလွန်အမင်း နာကျင်စွာနှင့် ထူးထူးကဲကဲအသက်ရှင်နေရသည့်အဖြစ်သို့ ရောက်သွားကြသည်။ ပုံမှန်လူတို့သည် ဤအရာကို မကြည့်ရက်နိုင်ကြပေ။ “ယခု ကြွက်များ အလွန်များပြားလှသည်၊ ခွေးများသာ ကြွက်များကိုဖမ်းနိုင်လျှင် ကောင်းမည်။ ခွေးများက အိမ်စောင့်ပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့က ကြွက်များကို စားမည်ဖြစ်သောကြောင့် ခွေးစာဖိုး သက်သာနိုင်သည့်အပြင် ကြောင်မွေးရန်လည်း လိုတော့မည်မဟုတ်ပါ။ တစ်ချက်ခုတ် သုံးချက်ပြတ် ဖြစ်ပေမည်။ ယင်းမှာ ကောင်းမည် မဟုတ်လော”ဟု ပြောဆိုကြသော လူအချို့လည်း ရှိသည်။ ထို့နောက် ခွေးများတွင် ခွေးမျိုးဗီဇနှင့် ကြောင်မျိုးဗီဇ နှစ်မျိုးလုံးရှိပြီး အိမ်စောင့်ခြင်းနှင့် ကြွက်ဖမ်းခြင်း နှစ်မျိုးလုံးကို လုပ်နိုင်သော ခွေး-ကြောင်စပ် မျိုးစပ်တစ်မျိုး ဖြစ်လာစေရန် ကြောင်နှင့်ခွေးတို့၏ မျိုးဗီဇများကို မည်သို့ ပေါင်းစပ်ရမည်ကို ၎င်းတို့ သုတေသနပြုကြသည်။ ဤစိတ်ကူးသည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အရာကို အမြဲ ဖျက်ဆီးလိုပြီး ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများကို ချိုးဖောက်လိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်အရာနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လုပ်ဆောင်သည့်အရာ အတိအကျ ဖြစ်ပါသည်။) ထိုသို့သော စိတ်ကူးများက ကောက်ကျစ်ဆိုးယုတ်ပေသည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် စာတန်နှင့် ဝိညာဉ်ဆိုးများထံမှ လုံးလုံးလျားလျား လာပေသည်။ သို့ဖြစ်၍ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့်လူများသည် လူသားများမဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အပြုသဘောဆောင်သည့်အရာများကို အမြဲ ပြောင်းလဲလိုကြပြီး ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် အမျိုးမျိုးသော သက်ရှိသတ္တဝါများ၏ မူလလုပ်ငန်းဆောင်တာများ၊ လှုပ်ရှားမှုပုံစံများနှင့် ရှင်သန်ခြင်းဆိုင်ရာ နိယာမများကို ပြောင်းလဲလိုကြသည်။ ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော သက်ရှိသတ္တဝါများ၏ ရှင်သန်ခြင်းပုံစံများကို အမြဲ ဖျက်ဆီးလိုကြသည်၊ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး မတန်တဆ ပုန်ကန်တတ်သော စိတ်ကူးများ၊ အတွေးများနှင့် ရှုထောင့်အချို့ကို အမြဲ ဖြစ်ပေါ်ကြကာ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် အမျိုးမျိုးသောအရာများကို အမြဲ ဖျက်ဆီးလိုကြသည်။ ထိုသို့သောလူများသည် လူသားမဟုတ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့တွင် လူ့သဘာဝ မရှိပေ။ ၎င်းတို့၏ တွေးခေါ်မှု သို့မဟုတ် လုပ်ရပ်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်း၌ မည်သည့်အခါမျှ မရှိဘဲ ထို့ထက်၊ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်ကို အမြဲ ကျော်လွန်လိုကြသည်၊ ဤသည်မှာ လူသားမဟုတ်သောသူဖြစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်း၌ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော အရာခပ်သိမ်း၏ ရှင်သန်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် တည်ရှိခြင်းပုံစံများကို လေးစားခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော ရှင်သန်ခြင်းဆိုင်ရာ စည်းမျဉ်းများကို အမြဲ ဖျက်ဆီးရန်၊ နှောင့်ယှက်ရန်နှင့် ပြောင်းလဲရန်၊ အခြားသော သက်ရှိသတ္တဝါများ၏ နေထိုင်မှုပုံစံများကို ပြောင်းလဲရန် လိုလားကြသည်။ ၎င်းတို့သည် ကြောင်များကို ကြောင်မဖြစ်စေတော့ရန်နှင့် ခွေးများကို ခွေးမဖြစ်စေတော့ရန် အလိုရှိကြပြီး ၎င်းတို့အားလုံးကို ကောက်ကျစ်ဆိုးယုတ်သော ဦးတည်ချက်တစ်ခုဖြင့် ဖွံ့ဖြိုးတိုးတက်စေလျက်၊ ပုံပျက်ပန်းပျက်များ၊ ကောက်ကျစ်ဆိုးယုတ်သော အရာများအဖြစ်သို့ ပြောင်းလဲစေကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများ၏ တည်ရှိမှုကို အမြဲ ဖျက်ဆီးလိုကြပြီး အပြုသဘောဆောင်သော အရာများ၏ ရှင်သန်ခြင်းပုံစံများကို အမြဲ ဖျက်ဆီးလိုကြသည်။ ၎င်းတို့သည် လူသားမဟုတ်သောသူများဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမဟုတ်သောသူများ ထုတ်ဖော်ပြီး ပိုင်ဆိုင်သော အတွေးများနှင့် ရှုထောင့်များသည် အပျက်သဘောဆောင်သော အရာများဖြစ်ကြပြီး အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်ဘက်ပြုကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်ဘက်ပြုကြသည့်အတွက်၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ၎င်းတို့ ထုတ်လုပ်သော ပစ္စည်းများနှင့် ၎င်းတို့ ဖြစ်ပေါ်စေသော ရလဒ်များသည် အပျက်သဘောဆောင်သော အရာများဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ အချို့အရာများသည် လူသားမျိုးနွယ်အပေါ် မည်သည့်ဆိုးကျိုးသက်ရောက်မှု သို့မဟုတ် မည်သည့်ထိခိုက်နစ်နာမှုကိုမျှ တိုက်ရိုက် မဖြစ်ပေါ်စေသော်လည်း ယင်းတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းပြီးသည့်အရာကို ဆန့်ကျင်ဘက်ပြုနေသမျှ ကာလပတ်လုံး၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများနှင့် စည်းမျဉ်းများကို ချိုးဖောက်နေသမျှ ကာလပတ်လုံး၊ ပြီးလျှင် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများနှင့် စည်းမျဉ်းများကို အခြေခံ၍ လူ၏ လူလုပ် ဝင်ရောက်စွက်ဖက်ခြင်း၊ စီမံပြုပြင်ခြင်းနှင့် ပျက်စီးစေခြင်းတို့၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာခဲ့သော ကွဲပြားသည့် ရှင်သန်မှုပုံစံတစ်ခု သို့မဟုတ် ကွဲပြားသည့် နိယာမနှင့် စည်းမျဉ်းတစ်ခု ၎င်းတို့တွင် ရှိနေသမျှ ကာလပတ်လုံး ထိုအရာများသည် အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ ထိုသို့သောအရာတစ်ခု၏ တည်ရှိမှုကို လူမည်မျှက လက်ခံပြီး အသိအမှတ်ပြုသည်ဖြစ်စေ၊ သို့မဟုတ် လူမည်မျှ၏ ဘဝများ သို့မဟုတ် ရှင်သန်မှုအတွက် ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုကို ထိုအရာက ဆောင်ကြဉ်းပေးသည်ဖြစ်စေ၊ အကယ်၍ ယင်းသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော မူလပုံစံဖြင့် မဟုတ်သည့်အပြင်၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော မူလအခြေအနေဖြင့် မဟုတ်ဘဲ၊ ထိုအစား သတ်မှတ်ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ၊ ပုံစံ သို့မဟုတ် ယင်း၏ ရှင်သန်ခြင်းဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများက ပြောင်းလဲခြင်းနှင့် ဖျက်ဆီးခြင်းခံခဲ့ရပါက ယင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယင်းသည် စာတန်၏ စီမံပြုပြင်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ပြောင်းလဲစေခြင်းတို့ကို ခံခဲ့ရပြီး စာတန်ထံမှလာသော အယူအဆများ၊ အတွေးများနှင့် ရှုထောင့်များအပြင်၊ စာတန်၏ အဆိပ်အတောက်အချို့ သို့မဟုတ် စာတန်၏ အကြံအစည်အချို့ပင် ထည့်သွင်းခြင်း ခံခဲ့ရသောကြောင့် ဖြစ်သည်။ လူတို့သည် ဤအရာကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိလျှင်ပင် ယင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။ တိုတိုပြောရလျှင်၊ ယင်းသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော မူလအရာကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်နေသမျှ ကာလပတ်လုံး၊ သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်းဖြစ်သော ၎င်း၏ မူလပုံစံ၊ ဖွဲ့စည်းပုံ သို့မဟုတ် ရှင်သန်ခြင်းဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများသည် ဖျက်ဆီးခြင်းနှင့် ပြောင်းလဲစေခြင်း ခံခဲ့ရပြီး တစ်ချိန်တည်းမှာပင် စာတန်ထံမှ အမျိုးမျိုးသော အပိုထပ်ဆောင်းအရာများ ထည့်သွင်းခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း ခံခဲ့ရသည့်အရာတစ်ခု ဖြစ်နေသမျှကာလပတ်လုံး ထိုအရာသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်ပြီး၊ ယင်း၏ သဘောသဘာဝသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်၏ ဇာတိပကတိဆိုင်ရာ ဘဝ သို့မဟုတ် ရှင်သန်မှုအပေါ် အရေအတွက်အရ မည်သည့် သက်ရောက်မှုမျိုး ရှိသည်ဖြစ်စေ၊ ယင်းက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ယင်း၏ အရည်အသွေး ပြောင်းလဲသွားခဲ့သမျှ ကာလပတ်လုံး ထိုအရာသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်ပြီး လုံးဝ မမှားယွင်းပေ။ တစ်စုံတစ်ခုသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်နေသမျှ ကာလပတ်လုံး၊ ဤလောကတွင် မည်မျှကြာအောင် တည်ရှိပြီးသည်ဖြစ်စေ သို့မဟုတ် လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်း၏ လက်ခံခြင်းကို မည်မျှကြာအောင် ခံရပြီးသည်ဖြစ်စေ၊ အကယ်၍ ယင်းသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော မူလအရာ မဟုတ်ပါက ယင်းသည်သူ၏ အသိအမှတ်ပြုခြင်းကို မခံရပေ။ ပြီးလျှင် ယင်းသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံရပါက အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်ပေသည်။
လူအချို့က “ပန်းသီးနှင့် သစ်တော်သီးနှစ်မျိုးလုံးကဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော မူလအသီးအနှံများ ဖြစ်ကြသည်။ အကယ်၍ ထိုနှစ်မျိုးကို ကိုင်းဆက်ကူးစေလျက် ပန်းသီး-သစ်တော်သီးတစ်မျိုး ဖြစ်အောင်လုပ်လျှင် ယင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သလော။ ကျွန်ုပ်တို့ စားသင့်သလော၊ မစားသင့်သလော”ဟု မေးကြသည်။ ဤသည်မှာ နေ့စဉ်ဘဝတွင် ကြုံတွေ့ရနိုင်သည့်အရာတစ်ခု ဖြစ်သည်၊ မဟုတ်လော။ ငါ့ကို ပြောလော့၊ သင်တို့ စားသင့်သလော၊ မစားသင့်သလော။ သင်တို့ စားလျှင် အဆိပ်သင့်မည်လော။ သင်တို့၏ ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မည်လော။ သင်တို့၏ သက်တမ်းကို သက်ရောက်မှုရှိလိမ့်မည်လော။ ဘုရားသခင်က သင်တို့အပေါ် ရှုမြင်ပုံအား သက်ရောက်မှုရှိလိမ့်မည်လော။ သင်တို့၏ အဆုံးသတ်ကို သက်ရောက်မှုရှိမည်လော။ ဤကိစ္စရပ်ကို မည်သို့ ရှုမြင်သင့်သနည်း။ ဤသည်မှာ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်း ရှိမရှိဟူသည်နှင့် အစောပိုင်းက ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို သင်နားလည်ခြင်း ရှိမရှိဟူသည်တို့ကို စမ်းသပ်ပေသည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ပြီးဖြစ်ပါက လက်တွေ့ဘဝတွင် အမှုအရာများကို သင်ကြုံတွေ့ရသောအခါ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်၊ မည်သည့်လုပ်ရပ်များက သမ္မာတရားအား ချိုးဖောက်ပြီး မည်သည့်လုပ်ရပ်များက သမ္မာတရားအား ထိန်းသိမ်းကာ သမ္မာတရား စည်းမျဉ်းများ၏ ဘောင်အတွင်း၌ ရှိသည်ကို သင်သိလိမ့်မည်။ ပန်းသီး-သစ်တော်သီးများကို သင်တို့ စားသင့်သလော။ (မစားသင့်ပါ။) သင်တို့ မစားဝံ့ခြင်းဖြစ်သလော သို့မဟုတ် မစားသင့်ခြင်းဖြစ်သလော။ (ကျွန်ုပ်တို့ စားဝံ့မည် မဟုတ်ပါ။) သင်တို့က စားဝံ့မည်မဟုတ်ဟု ဆိုကြသော်လည်း သင်တို့၏ နေ့စဉ်ဘဝများတွင် အတော်များများကို သင်တို့ စားကြပြီးဖြစ်သည် မဟုတ်လော။ ပြီးလျှင် သင်တို့ စားပြီးနောက် အဘယ်အရာ ဖြစ်ခဲ့သနည်း။ ရုပ်ပိုင်းဆိုင်ရာအရ သင်တို့ ထိခိုက်ခဲ့ကြသလော။ ဦးစွာ ပန်းသီး-သစ်တော်သီးတစ်လုံးသည် အပြုသဘောဆောင်သော အရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာ ဟုတ်မဟုတ်ဟူသည်ကို ဆုံးဖြတ်ကြစို့။ သင်တို့က ယင်းကို မစားသင့်ဟု ဆိုခဲ့သည်။ ဤပြောဆိုချက်၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ ပန်းသီး-သစ်တော်သီးသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သောကြောင့် မစားသင့်ဟူ၍ ဖြစ်သည်။ သင်တို့ ဆိုလိုသည်မှာ ထိုသို့ဖြစ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤသိနားလည်မှုသည် မှန်ကန်သလော။ ပန်းသီး-သစ်တော်သီးများနှင့်ဆိုင်သည့် ကိစ္စရပ်ကို ဤနည်းလမ်းဖြင့် မြင်သင့်သလော။ အကယ်၍ ငါသည် သင်တို့ကို မိတ်သဟာယဖွဲ့ရန် ဥပမာ မပေးခဲ့ပါက သင်တို့သည် ပန်းသီး-သစ်တော်သီးများကို မစားသင့်ကြောင်း၊ ယင်းတို့ကို စားခြင်းက သင်တို့အား အဆိပ်သင့်စေမည်ဖြစ်ကြောင်း တွေးထင်ကြပေမည်။ ဧဝသည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ပြီး ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို စားခဲ့စဉ်က စာတန်၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံရကာ အပြစ်တရားထဲသို့ ကျရောက်ပြီး ရုန်းမထွက်နိုင်အောင် စာတန်၏ လက်ထဲသို့ ကျရောက်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အထူးသဖြင့် ယခုသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အခိုက်အတန့်ဖြစ်ပြီး အချိန်က တိုတောင်းနေပြီဖြစ်သောကြောင့် သင်တို့သည် သတိထားရမည်ဖြစ်ပြီး အမှုအရာများကို လက်လွတ်စပယ် မစားရ၊ အကယ်၍ စားမိပါက သင်တို့သည် ကယ်တင်ခြင်းခံရရန် အခွင့်အရေးမရှိဖြစ်လျက် စည်းမျဉ်းများကို ချိုးဖောက်မိနိုင်ပြီး စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကျူးလွန်မိနိုင်ကာ၊ ထိုအခါတွင် နောင်တရခြင်းက အသုံးဝင်မည်မဟုတ်ဟု သင်တို့ တွေးထင်ကြပေမည်။ သင်တို့သည် ဤကိစ္စရပ်ကို ထိုးဖောက်သိမြင်နိုင်ခြင်း မရှိပေ၊ သင်တို့သည် ထိုသို့သော သေးငယ်သည့်အရာတစ်ခုကြောင့် အကြပ်ရိုက်နေကြရပြီးဖြစ်သည်။ ပန်းသီး-သစ်တော်သီးများကို မစားသင့်ဟု သင်တို့ ထင်ကြပြီး မစားဝံ့ကြပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများကို ချိုးဖောက်ခြင်းနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကျူးလွန်ခြင်းဖြစ်မည်ဖြစ်ပြီး ယင်းမှာ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်ကြသည်။ ဤသည်မှာ သင်တို့အားလုံး တွေးထင်သည့်အရာ မဟုတ်လော။ သို့ဆိုလျှင် ပန်းသီး-သစ်တော်သီးများကို သင်တို့ စားသင့်သလော၊ မစားသင့်သလော။ (ဘုရားသခင်၊ ကျွန်ုပ်တို့ ဤအကြောင်းကို ယခုလေးတင် ဆွေးနွေးခဲ့ပြီး ပန်းသီး-သစ်တော်သီးများကို စား၍ရသည်ဟု ထင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ပန်းသီးနှင့် သစ်တော်သီးများကို တိုးတက်ကောင်းမွန်အောင်သာ ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့အတွက် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများကို ပြောင်းလဲစေခဲ့ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ပန်းသီး-သစ်တော်သီးများ စားခြင်းတွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကျူးလွန်ခြင်း မပါဝင်ပါ။) သင်တို့၏ မိတ်သဟာယဖွဲ့ခြင်းပြီးနောက် ရှင်းလင်းမှုအချို့ကို သင်တို့ ရရှိပြီးဖြစ်ကာ ယခုအခါ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများသည် ပန်းသီး-သစ်တော်သီးနှင့်ဆက်စပ်၍ အခြေခံအားဖြင့် မပြောင်းလဲဘဲ ရှိနေသောကြောင့် သင်တို့ စား၍ရသည်ကို နားလည်ကြသည်။ သင်တို့ ယခုလေးတင် ပြောခဲ့သည့်အရာသည် မှန်ကန်တိကျပေသည်။ ယင်းကို သင်တို့ ရှင်းလင်းစွာ မရှင်းပြခဲ့ခြင်းသာ ဖြစ်သည်။ ပန်းသီး-သစ်တော်သီးများကို စား၍ရခြင်း ရှိမရှိဟူသည့် မေးခွန်းကို ယခုလောလောဆယ် မဆွေးနွေးကြစို့နှင့်။ ယင်းတို့က ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများကို အဘယ်ကြောင့် မချိုးဖောက်သည်ကို ဦးစွာ ပြောကြစို့။ ပန်းသီးပင်များနှင့် သစ်တော်ပင်များ နှစ်မျိုးလုံးသည် ဘုရားသခင် ဖန်ဆင်းခဲ့သော အပင်များဖြစ်ကြပြီး လူတို့သည် ထိုအပင်များက သီးသော အသီးကို စား၍ရသည်။ ဤအပင်နှစ်မျိုးကို ကိုင်းဆက်စေသောအခါ သို့မဟုတ် ဝတ်မှုန်ကူးသောအခါ အခြားအသီးတစ်မျိုး ဖြစ်လာသည်။ ဤသည်မှာ လူလုပ်ဖြစ်စေ၊ သဘာဝအတိုင်းဖြစ်စေ၊ အခြေခံအားဖြင့် ဤအသီး၏ မူလအစ၊ ယင်း၏ ရှင်သန်ခြင်းပုံစံအပြင်၊ ယင်း၏ ရှင်သန်ခြင်းဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများသည် ဘုရားသခင် မူလက သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အရာမှ မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။ လူသည် ပန်းသီးပင်နှင့် သစ်တော်ပင်တို့၏ အကိုင်းများကို လူလုပ် ကိုင်းဆက်စပ်လျှင်ပင် ၎င်းတို့၏ မူလ ရှင်သန်ခြင်းဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများအရ၊ ၎င်းတို့၏ မူလ အသက်ပုံစံများအရ၊ နှစ်မျိုးလုံး၏ မျှဝေခံစားသည့် အသက်လက္ခဏာများပါရှိသော အသီးတစ်မျိုး ထွက်လာခြင်း ဖြစ်သည်။ ဤအသီးကို ပန်းသီး-သစ်တော်သီးဟု ခေါ်သည်။ လူသည် အခြားအသီးတစ်မျိုး ထွက်လာစေရန် အပင်နှစ်မျိုးကို ကိုင်းဆက်စပ်ဖို့အတွက် သူ၏ ရှင်သန်နိုင်စွမ်းနှင့် သူ၏ တွေးခေါ်ပုံ၊ သူ၏ အသိဉာဏ်နှင့် လိမ္မာပါးနပ်မှုတို့ကို အသုံးပြုခြင်းမျှသာ ဖြစ်သော်လည်း ဤအသီး၊ ပန်းသီး-သစ်တော်သီးသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ၏ ဘောင်ကို မကျော်လွန်ပေ။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ တစ်ဖက်တွင်မူ၊ လူ၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲနှင့်ပင် အကယ်၍ ပန်းသီးပင်နှင့် သစ်တော်ပင်တို့သည် တောတစ်ခုတည်းတွင် အတူတကွ ပေါက်ရောက်ပါက ဝတ်မှုန်ကူးခြင်းကို ၎င်းတို့ ရှောင်ရှားနိုင်သလော။ အလွန် သဘာဝကျသော အခြေအနေများတွင် ပန်းများပွင့်သော ရာသီ ရောက်ရှိသောအခါ ၎င်းတို့သည် ဝတ်မှုန်ကူးကြလိမ့်မည်ဖြစ်ပြီး မြေအောက်ရှိ ၎င်းတို့၏ အမြစ်စနစ်များသည်လည်း လိမ်ယှက်နေကြလိမ့်မည်။ ဝတ်မှုန်ကို ပျားများက ဖြန့်ဝေသည်ဖြစ်စေ သို့မဟုတ် လေနှင့် လေထုလည်ပတ်မှုမှတစ်ဆင့် ပျံ့သွားသည်ဖြစ်စေ ပန်းသီးနှင့် သစ်တော်သီးတို့သည် တစ်ဦး၏ အာဟာရများကို တစ်ဦးက လက်ခံရရှိကြလိမ့်မည်ဖြစ်ပြီး ပန်းသီး-သစ်တော်သီးက အလွန် သဘာဝကျကျ ဖြစ်ပေါ်လာလိမ့်မည်။ သို့ဆိုလျှင် ဤပန်းသီး-သစ်တော်သီးသည် လူလုပ်ဖြစ်သည်ဟု သင် ပြောနိုင်သေးသလော။ (မပြောနိုင်ပါ။) ယင်းသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော သဘာဝပတ်ဝန်းကျင်တွင် သဘာဝအတိုင်း ပေါက်ရောက်သော သက်ရှိအရာတစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင် ခွင့်ပြုထားသော ဘောင်အတွင်းရှိသည့် အရာတစ်ခုဖြစ်သောကြောင့် ဤပန်းသီး-သစ်တော်သီးသည် မည်သည့်နိယာမကိုမျှ မချိုးဖောက်ပေ။ ၎င်းတွင် ပန်းသီး၏ လက္ခဏာများရှိသည်ဖြစ်စေ၊ သစ်တော်သီး၏ လက္ခဏာများ ရှိသည်ဖြစ်စေ၊ တိုတိုပြောရလျှင် ၎င်းသည် အပျက်သဘောဆောင်သော အရာတစ်ခု မဟုတ်။လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးပြီးဖြစ်သော အသီးအနှံတစ်မျိုး ဖြစ်နေဆဲဖြစ်သည်။ သင်သည် သင်၏ စိုးရိမ်မှုများကို ဘေးဖယ်ထားပြီး စိတ်ချလက်ချ စားသုံးနိုင်သည်၊ ယင်းက သင့်ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုမျှ ဧကန်မုချ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် လူက ပန်းသီးနှင့် သစ်တော်သီးအကိုင်းများကို လူလုပ် ကိုင်းဆက်စပ်ခြင်းအကြောင်း ငါ ယခုလေးတင် ဖော်ပြခဲ့ချိန်တွင်၊ သင်တို့သည် ပန်းသီး-သစ်တော်သီးတစ်လုံးက အပြုသဘောဆောင်သော အရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာ ဟုတ်မဟုတ်ဟူသည်ကို မသေချာနိုင်ခဲ့ကြသည့်အပြင်၊ “သစ်တော်သီး၏ မျိုးဗီဇမပါသော ပန်းသီးကသာ ပန်းသီးဖြစ်ပြီး ပန်းသီး၏ အစိတ်အပိုင်းများမပါသော သစ်တော်သီးကသာ သစ်တော်သီးဖြစ်သည်၊ ဤအရာများကိုသာ ဧကန်မုချ စား၍ရသည်” ဟု တွေးထင်လျက် ၎င်းကို မစားဝံ့ခဲ့ကြပေ။ ဤသို့ သဘောပေါက်နားလည်ခြင်းသည် လွဲချော်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) လွဲချော်နေပေသည်။ အမျိုးမျိုးသော သက်ရှိအရာများသည် ဘုံနေရာတစ်ခုတွင် အတူတကွ တည်ရှိကြသည်။ မိမိတို့၏ ကိုယ်ပိုင်အားနည်းချက်များကို ထေမိစေဖို့အတွက် အချင်းချင်း၏ အားသာချက်ကိုယူလျက် အချင်းချင်း လွှမ်းမိုးကာ ဖြည့်ဆည်းကြသည်မှာ ရှောင်လွှဲ၍မရပေ။ ဤအရာအတွင်းတွင် အသေးစိတ်အချက်များစွာ ရှိပြီး နက်နဲမှုများ ရှိသည်။ တိုတိုပြောရလျှင် ဤအရာအားလုံး၏ ပေါ်ပေါက်လာခြင်း၊ တည်ရှိခြင်းနှင့် အကျိုးသက်ရောက်မှုသည် ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သော လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာများ တည်ရှိခြင်း၏ တန်ဖိုးနှင့် အရေးပါမှုဖြစ်သည်။ နောက်ဆုံးတွင်၊ ယင်းမှာ လူသားမျိုးနွယ်၏ ပုံမှန်ရှင်သန်မှုအပြင်၊ လူသားမျိုးနွယ်၏ မျိုးပွားခြင်းနှင့် ဆက်လက်တည်ရှိခြင်းကို ထိန်းသိမ်းရန် ဖြစ်သည်။ ဤကိစ္စရပ်သည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)
ဆက်လက်၍၊ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် လူတို့ မကြာခဏ ကြုံတွေ့ရသည့် နောက်ထပ်ကိစ္စရပ်တစ်ခုကို ဆွေးနွေးကြစို့။ ယင်းကို မည်သို့ ပိုင်းခြားသိမြင်ပြီး ချဉ်းကပ်သင့်သည်ကို ကြည့်ရှုကာ ဆင်ခြင်စဉ်းစားလော့။ လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းရန် လူတို့သည် အမျိုးမျိုးသော မျိုးစေ့များနှင့် အသီးအနှံများ၏ မျိုးဗီဇများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် အထွက်နှုန်းကို တိုးစေလျက် သဘာဝမဟုတ်သော ကောက်နှံများကို တီထွင်ခဲ့ကြသည်။ အစပိုင်းတွင် ရည်မှန်းချက်မှာ အမှန်တကယ်တွင် ပိုးမွှားများနှင့် ရောဂါများကို လျှော့ချရန်၊ ပိုးသတ်ဆေးများ ပိုမိုအသုံးပြုခြင်းကို ရှောင်ရှားရန်၊ ထိုသို့ဖြင့် လုပ်အားကို လျှော့ချပြီး ပိုးမွှားများနှင့် ရောဂါများ၏ နှောင့်ယှက်မှုကို ရှောင်ရှားရင်း လူသားမျိုးနွယ် လိုအပ်သော အပင်အမျိုးမျိုးကို စိုက်ပျိုးရန်အပြင်၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အထွက်နှုန်းကို တိုးစေရန်ဖြစ်ပြီး ယင်းက ထိုသို့သော ထုတ်ကုန်တစ်ခုကို ဖြစ်စေခဲ့သည်။ ဤထုတ်ကုန်ကို အဘယ်အရာဟု ခေါ်သနည်း။ သဘာဝမဟုတ်သော အစားအစာဟု ခေါ်သည်။ သဘာဝမဟုတ်သော အစားအစာ ပေါ်ပေါက်လာမှုသည် လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်ကို အလွန် ဖြည့်ဆည်းပေးခဲ့သည်။ လူတို့သည် သဘာဝအစားအစာ၏ အထွက်နှုန်းက အတော်အတန် နည်းပါးပြီး လူသားမျိုးနွယ်၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ဟု ယုံကြည်ကြသည်။ သဘာဝမဟုတ်သော ကောက်နှံများ ပေါ်ပေါက်လာသည့်အချိန်မှစ၍ ကောက်နှံများ၏ အထွက်နှုန်းက အလွန် တိုးလာပြီးဖြစ်သည်၊ လူတို့၏ ဝင်ငွေသည်လည်း တိုးပွားပြီးဖြစ်ကာ လူများစွာအတွက် ငတ်မွတ်မှုပြဿနာကို ဖြေရှင်းပြီးဖြစ်သည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် သဘာဝမဟုတ်သော အစားအစာကို “ကံကောင်းထောက်မ၍” စားသုံးနိုင်ကြပြီးဖြစ်သည်။ သို့ဆိုလျှင် သဘာဝမဟုတ်သော အစားအစာသည် အပြုသဘောဆောင်သော အရာတစ်ခုလော သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုလော။ ၎င်းသည် “ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ”နှင့်ဆိုင်သည့် စည်းမျဉ်းကို ချိုးဖောက်သလော၊ မချိုးဖောက်သလော။ သဘာဝမဟုတ်သော အစားအစာကို စားသင့်သလော။ သဘာဝမဟုတ်သော အစားအစာအပေါ် သင်တို့၏ရှုထောင့်များနှင့် ထင်မြင်ချက်များမှာ အဘယ်နည်း။ သင်တို့သည် သဘာဝအစားအစာနှင့် သဘာဝမဟုတ်သော အစားအစာတို့၏ အပြုသဘောဆောင်မှုနှင့် အပျက်သဘောဆောင်မှုတို့ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသနည်း။ (သဘာဝအစားအစာသည် သဘာဝအတိုင်းဖြစ်ပြီး ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ၎င်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ သဘာဝမဟုတ်သော အစားအစာသည် သိပ္ပံဆိုင်ရာ စီမံပြုပြင်ခြင်းနှင့် မျိုးဗီဇပြုပြင်ပြောင်းလဲခြင်းတို့မှတစ်ဆင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သော မူလနိယာမများကို ဆန့်ကျင်သည်။ ထို့ကြောင့် သဘာဝမဟုတ်သော အစားအစာသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်ပါသည်။) (သဘာဝမဟုတ်သော အစားအစာရှိ မူလမျိုးဗီဇများသည် ပျက်စီးသွားသည့်အပြင်၊ ၎င်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သော နိယာမများကို ဆန့်ကျင်ပါသည်။ ထို့အပြင် အစားအစာ၏ မူလအာဟာရတန်ဖိုးက သဘာဝမဟုတ်သော အစားအစာတွင် လျော့ပါးသွားပြီး ဖြစ်သည်၊ ၎င်းကို စားသုံးခြင်းသည် လူတို့၏ ကျန်းမာရေးအတွက် မည်သည့်အကျိုးကျေးဇူးမျှ မပေးပါ။ ယနေ့ခေတ်တွင် ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာခြင်းသည် နှစ်ပေါင်းများစွာ သဘာဝမဟုတ်သော အစားအစာကို စားသုံးနေကြပြီးဖြစ်သည့် လူများစွာတို့တွင် ပျံ့နှံ့နေသည်။ ထို့ကြောင့် အခြေအနေပေးပါက၊ ကျွန်ုပ်အနေဖြင့် ၎င်းကို မစားသုံးရန် အကောင်းဆုံး ကြိုးစားသင့်သည်ဟု ထင်ပါသည်။ သို့သော် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အစားအစာအများစုမှာ သဘာဝမဟုတ်သော အစားအစာဖြစ်သောကြောင့် အသက်ရှင်သန်ရန်အလို့ငှာ ကျွန်ုပ်တို့သည် သဘာဝမဟုတ်သော အစားအစာကို ဧကန်မုချ စားသုံးရမည် ဖြစ်ပါသည်။) သင်တို့ ပြောခဲ့သည့်အရာအားလုံးသည် စည်းမျဉ်းများနှင့် ကိုက်ညီပြီး အဓိကအချက်များက မှန်ကန်သော်လည်း အလွန် ရိုးရှင်းလွန်းသည့်အပြင် ရှင်းလင်းစွာ မရှင်းပြရသေးသော အသေးစိတ်အချက်အချို့ ရှိနေသည်။ လူအချို့က “သဘာဝမဟုတ်သော အစားအစာနှင့် သဘာဝအစားအစာတို့သည် အပြင်ပန်းတွင် ဆင်တူပုံရပြီး အရသာမှာလည်း အနည်းနှင့်အများ တူညီကြသည်။ သဘာဝမဟုတ်သော အစားအစာသည် အခြေခံအားဖြင့် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော အစားအစာ၏ မူလပုံစံများနှင့် မည်သည့်ကွာခြားမှုမျှ မရှိပါ။ အချို့သော သဘာဝမဟုတ်သည့် အစားအစာသည် သဘာဝအစားအစာထက်ပင် ပို၍ ကြည့်ကောင်းပြီး အထွက်နှုန်း ပိုမြင့်သည့်အပြင်၊ အရသာမှာလည်း သဘာဝအစားအစာထက် သေချာပေါက် သိပ်မဆိုးပါ။ သို့ဆိုလျှင် အဘယ်ကြောင့် သဘာဝအစားအစာက အပြုသဘောဆောင်သော အရာဖြစ်ပြီး သဘာဝမဟုတ်သော အစားအစာက အပျက်သဘောဆောင်သော အရာ ဖြစ်ရသနည်း”ဟု ဆိုကြသည်။ သဘာဝအစားအစာမှာ အပြုသဘောဆောင်သော အရာဖြစ်ပြီး သဘာဝမဟုတ်သော အစားအစာမှာ အပျက်သဘောဆောင်သော အရာဖြစ်ကြောင်း သင်တို့ သေချာသည်ဟု ယခုလေးတင် သင်တို့ ပြောခဲ့သော်လည်း ဤနည်းလမ်းဖြင့် ယင်းတို့အား အဘယ်ကြောင့် ခွဲခြားရသည်ကို သင်တို့ နားမလည်ကြပေ။ ဤနေရာရှိ အသေးစိတ်အချက်များကို သင်တို့ နားမလည်ကြသေးပေ။ သင် သိရမည့် အဓိကအချက်တစ်ချက် ရှိသည်။ အပြင်ပန်းတွင် တူညီပုံရသော အရာနှစ်ခုအနေဖြင့်၊ အဘယ်ကြောင့် တစ်ခုက အပြုသဘောဆောင်သော အရာဖြစ်ပြီး အခြားတစ်ခုက အပျက်သဘောဆောင်သော အရာ ဖြစ်ရသနည်း။ လူအချို့က “ယင်းမှာ သဘာဝမဟုတ်သော အစားအစာသည် သိပ္ပံနည်းကျ စီမံပြုပြင်ထားခြင်းဖြစ်ပြီး သိပ္ပံပညာကြောင့် ပျက်စီးသွားပြီးဖြစ်သောကြောင့် ဖြစ်သည်”ဟု ဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ အယူဝါဒအရ မှန်ကန်သည်။ ထိုသို့ဖြစ်ပုံရသည်။ သို့သော် လူတို့သည် ယင်းကို ကြားပြီးသည့်နောက်တွင် နားမလည်ကြသေးပေ။ သို့ဆိုလျှင် ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့ကို အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများအဖြစ် အသီးသီး သတ်မှတ်ခံရစေရန် သဘာဝအစားအစာနှင့် သဘာဝမဟုတ်သော အစားအစာတို့ကြားတွင် ခြားနားချက် အဘယ်အရာ အတိအကျဖြစ်သနည်း။ ဤသတ်မှတ်ချက်သည် အဘယ်အရာကို အခြေခံသနည်း။ ဘုရားသခင်က ၎င်းကို မည်သို့ ရှုမြင်သနည်း။ ဤတွင် သမ္မာတရားမှာ အဘယ်နည်း။ ဤအရာက ပြဿနာ၏ အနှစ်သာရသို့ ရောက်ရှိသွားစေသည်။
သဘာဝအရာများသည် ဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့်အရာများဖြစ်ပြီး လူက ၎င်းတို့ကို “သဘာဝ” ဟု အမည်ပေးထားပြီးဖြစ်သည်။ “သဘာဝ” ဟူသော စကားလုံး၏ မူလအစ သို့မဟုတ် အရင်းအမြစ်ကိုဖြစ်စေ၊ လူတို့က အဘယ်ကြောင့် ထိုသို့ အမည်ပေးခဲ့သည်ကိုဖြစ်စေ ယခုလောလောဆယ် ငါတို့ စိတ်မဝင်စားဘဲနေကြစို့။ ငါတို့သည် ဤအရာကို ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းခြင်း ရှုထောင့်အမြင်မှ ကြည့်ရှုရန် လိုအပ်နေဆဲဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းခြင်းအတွင်း၌ ဘုရားသခင်သည် မျိုးစေ့တစ်စေ့ကို ဖန်ဆင်းခဲ့ချိန်တွင် ထိုမျိုးစေ့၌ ရှိသင့်သော အာဟာရများနှင့် အစိတ်အပိုင်းအားလုံးအပြင် ၎င်း၏ လုပ်ဆောင်ချက်များကိုပါ သူက ထည့်သွင်းခဲ့သည်ဟူသော သိမ်မွေ့သော်လည်း အရေးပါသည့် အချက်တစ်ချက် ရှိနေသည်။ မျိုးစေ့ထဲသို့ မည်သည့်အရာများအား ထည့်သွင်းခဲ့သည်ကို ဆုံးဖြတ်ခြင်းနှင့်ဆိုင်သော စည်းမျဉ်းများအတွက် အခြေခံမှာ အဘယ်နည်း။ ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ လိုအပ်ချက်များအပေါ်၊ လူ့ခန္ဓာကိုယ် အတွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သည့် လက်ခံနိုင်စွမ်းနှင့် ဤအင်္ဂါများ လိုအပ်သော အာဟာရဆိုင်ရာ အစိတ်အပိုင်းများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။ ထိုသို့သော မျိုးစေ့တစ်စေ့မှ ကြီးထွားလာသော အစားအစာသည် လူသားစားသုံးရန်အတွက် ဖြစ်သည့်အတွက်၊ ဤအစားအစာကို စားသုံးပြီးနောက် လူ့ခန္ဓာကိုယ်အပေါ် ၎င်းက ရှိလိမ့်မည့် အကျိုးတရားများနှင့် လူသားတို့က ၎င်းတို့၏ ပုံမှန်ကာယပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် ရှင်သန်မှုတို့ကို ထိန်းသိမ်းရန်အပြင်၊ ၎င်းတို့၏ ခန္ဓာကိုယ်သက်တမ်းကို ရှည်စေရန် ယင်းတို့မှ စုပ်ယူနိုင်သော အာဟာရများသည် ဘုရားသခင်က မျိုးစေ့တစ်စေ့ သို့မဟုတ် အစားအစာတစ်မျိုးကို ဖန်ဆင်းသောအခါ ထည့်သွင်းစဉ်းစားရမည့် အရာအားလုံး ဖြစ်သည်။ ယင်းမှာ မြေကြီးထဲတွင် ကြီးထွားနိုင်သော မျိုးစေ့တစ်စေ့ကို သာမန်ကာလျှံကာ ဖန်ဆင်းပြီး ထိုမျှဖြင့် ထားလိုက်ခြင်းမဟုတ်၊ ထိုသို့မဟုတ်ပေ၊ ဘုရားသခင်သည် ထိုအရာကို စဉ်းစားတွေးတောခဲ့ပေသည်။ ဤမျိုးစေ့အမျိုးအစား၏ အခွံ၊ အစေ့အဆံနှင့် အပင်လောင်းတို့သည် လူ့ခန္ဓာကိုယ်အပေါ် မည်သည့် အကျိုးတရားများ ရှိလိမ့်မည်ဖြစ်ကြောင်း၊ ဤအရာများက မည်သည့် ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကြောင်း၊ လူ့ခန္ဓာကိုယ်က မည်သည့်အရာကို လိုအပ်ကြောင်းနှင့် ဤအစားအစာအမျိုးအစားကို စားသုံးပြီးနောက် လူသားတို့က ယင်းထံမှ မည်သည့်အာဟာရများအား စုပ်ယူသင့်ကြောင်းတို့နှင့်ပတ်သက်၍မူ၊ ဤအရာအားလုံးသည် ဘုရားသခင် ထည့်သွင်းစဉ်းစားရမည့်အရာများ ဖြစ်သည်။ ဘုရားသခင်တွင် ထိုသို့သော ထည့်သွင်းစဉ်းစားမှုများ ရှိသည့်အတွက်၊ သူသည် ဤမျိုးစေ့အမျိုးအစားကို ဖန်ဆင်းသောအခါ လူသားတို့ လိုအပ်သော အာဟာရအချိုးအစားများအတိုင်း ဖန်ဆင်းရမည်ဖြစ်ပြီး ထိုသို့ဖြင့် ဤမျိုးစေ့သည် ဘုရားသခင်၏ အတွေးများထဲတွင် ဖြစ်ပေါ်လာခဲ့ပေသည်။ ဤသည်မှာ မျိုးစေ့တစ်စေ့၏ အာဟာရဆိုင်ရာ အစိတ်အပိုင်းများနှင့် ဖွဲ့စည်းပုံ ရှုထောင့်မှနေ၍ လူသားများအပေါ် ၎င်း၏ သက်ရောက်မှုကို ကြည့်ရှုခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ဤမျိုးစေ့ကို ဖန်ဆင်းသောအခါ ထည့်သွင်းစဉ်းစားသည့် ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ဤမျိုးစေ့ သို့မဟုတ် အသီးအနှံအမျိုးအစား၏ အရွယ်အစားနှင့် ပုံသဏ္ဌာန်၊ ၎င်း၏ မျိုးစေ့အပင်ပေါက်ဖို့ ရှည်ကြာချိန်၊ ၎င်း၏ ရှင်သန်ခြင်းပုံစံ၊ စိုက်ပျိုးရန် သင့်တော်သော မြေအမျိုးအစား၊ မည်သည့်မြေအမျိုးအစားတွင် အာဟာရမည်မျှ စုပ်ယူကြောင်း၊ လူတို့စားသုံးသောအခါ ၎င်းထံမှ အာဟာရမည်မျှ စုပ်ယူ၍ရကြောင်း စသည်တို့ကို ထည့်သွင်းစဉ်းစားသည်။ ဤအသေးစိတ်အချက်များအားလုံးသည် ဘုရားသခင် ထည့်သွင်းစဉ်းစားရမည့်အရာများ ဖြစ်သည်။ ဘုရားသခင်က မျိုးစေ့တစ်စေ့ကို ဖန်ဆင်းသောအခါ ထည့်သွင်းစဉ်းစားသည့် အမျိုးမျိုးသောအချက်များက နောက်ဆုံးတွင် လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ လူသားမျိုးနွယ်၏ ပုံမှန်ကာယပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် ရှင်သန်မှုကို စွမ်းဆောင်ရရှိစေရန်ဟူသော အချက်တစ်ချက်တည်း ဖြစ်နေပေသည်။ ဤသည်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။ အရေးပါသည့် နောက်ထပ်အချက်တစ်ချက်လည်း ရှိသေးသည်။ အကယ်၍ မျိုးစေ့တစ်စေ့တွင် အသက်စွမ်းအားမရှိဘဲ သဲတစ်ပွင့် သို့မဟုတ် ကျောက်တုံးတစ်တုံးကဲ့သို့ သက်မဲ့အရာတစ်ခုဖြစ်ပြီး မြေကြီးထဲတွင် စိုက်ပျိုးသောအခါ အပင်မပေါက်နိုင်ပါက ဤသည်မှာ လူတို့က ဤအစားအစာကို ဤတစ်ကြိမ် စားသုံးပြီးနောက် နောက်တစ်ကြိမ် ရရှိနိုင်တော့မည်မဟုတ်ဟု ဆိုလိုပေသည်။ ထိုသို့သော မျိုးစေ့တစ်စေ့သည် လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် အလွန် အလှမ်းဝေးပေသည်။ ထို့ကြောင့် ၎င်း၏ အခွံနှင့် အစေ့အဆံကဲ့သို့ ၎င်းတွင် ရှိသင့်သော အစိတ်အပိုင်းများအပြင် ဤမျိုးစေ့တွင် အပင်လောင်းတစ်ခု ရှိရမည်ဖြစ်သည်။ ဤအပင်လောင်းသည် မျိုးစေ့အားလုံးတွင် ရှိသော အသက်၏ ထူးခြားသော လက္ခဏာတစ်ရပ် မဟုတ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ တိုတိုပြောရလျှင်၊ ၎င်း၏ အခွံနှင့် အစေ့အဆံအပြင် ဤမျိုးစေ့တွင် အသက်စွမ်းအား ရှိရမည်။ လူ့ဘာသာစကားတွင် ၎င်းကို အသက်စွမ်းအားဟု ခေါ်သော်လည်း ဘုရားသခင်၏ ဝေါဟာရအရ ဤမျိုးစေ့တွင် အသက်ရှိရမည်ဟု ဆိုလိုသည်။ “အသက်ရှိခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ဆက်လက်၍ မျိုးပွားနိုင်သည်ဟု ဆိုလိုသည်။ အစို့အညှောက်ထွက်ခြင်းနှင့် ကြီးထွားခြင်းမှတစ်ဆင့် ယင်းက အသီး သီးနိုင်ရမည်ဖြစ်သည်။ မျိုးစေ့တစ်စေ့သည် အစို့အညှောက်ထွက်ခြင်း၊ ကြီးထွားခြင်းနှင့် ပန်းပွင့်ခြင်းမှတစ်ဆင့် အသီးများ ပိုမိုဖြစ်ထွန်းနိုင်ရမည်ဖြစ်ပြီး မျိုးစေ့ကိုယ်တိုင်ကဲ့သို့ပင် ၎င်း၏ အသီးများတွင်လည်း အသက်စွမ်းအား ရှိရမည်ဖြစ်ကာ မျိုးပွားနိုင်ပြီး အသီးများ ပိုမိုသီးနိုင်ရမည်။ ဤနည်းလမ်းဖြင့်သာ ၎င်းသည် လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်ကို အဆုံးမရှိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ မျိုးစေ့တစ်စေ့ကို ဖန်ဆင်းခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းခြင်းတွင် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးသောအရာနှစ်ခု ဖြစ်သည်။ တစ်ခုမှာ ၎င်းတွင် ပါဝင်သည့် အမျိုးမျိုးသော အာဟာရများနှင့် ၎င်း၏ လုပ်ဆောင်ချက်များဖြစ်ပြီး အခြားတစ်ခုမှာ ဤမျိုးစေ့တွင် အသက်စွမ်းအား ရှိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤမျိုးစေ့သည် အသက်ရှင်နေရမည် ဖြစ်သည်။ လူ့အသုံးအနှုန်းအရ အမှုအရာတစ်ခုသည် “အသက်ရှင်နေပါက” ၎င်းကို “သဘာဝ” ဟု ခေါ်သည်။ ဤသဘာဝအစားအစာသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့်အချိန်မှစ၍ အမှန်တကယ် အသက်ရှိသည်။ သင်သည် ၎င်းကို မြေကြီးထဲတွင် မြှုပ်နှံပြီး ရေလောင်းကာ မြေသြဇာကျွေးပါက အစို့အညှောက်ထွက်မည်၊ ကြီးထွားမည်၊ ပန်းပွင့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် အသီးသီးမည်ဖြစ်ကာ ၎င်း၏ အသီးတစ်ခုစီတွင် ၎င်း၌ရှိသော တူညီသည့် လုပ်ငန်းဆောင်တာရှိလေသည်။ ဤတူညီသော လုပ်ဆောင်နိုင်စွမ်းသည် လူသားမျိုးနွယ်၏ အစားအစာလိုအပ်ချက်၊ လူသားမျိုးနွယ်၏ ကာယပိုင်းဆိုင်ရာ ရှင်သန်မှုအပြင်၊ လူသားမျိုးနွယ်၏ မျိုးပွားခြင်းနှင့် ဆက်လက်တည်ရှိခြင်းအတွက် မရပ်မနား ထောက်ပံ့ပေးသည်။ ထို့အပြင် ဤမျိုးစေ့သည် မြေကြီးနှင့် ပေါင်းစပ်ပြီး အသီးများ သီးသည်၊ ပြီးလျှင် ဤအသီးများသည် မျိုးစေ့ကိုယ်တိုင်ကဲ့သို့ပင် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးရန် အသီးများ ပိုမိုသီးကြပြီး မျိုးဆက်တစ်ခုပြီးတစ်ခု တူညီသော မျိုးပွားခြင်းနှင့် ရှင်သန်ကြီးထွားခြင်းဖြစ်စဉ်ကို ဖြတ်သန်းကြသည်။ ဤနည်းလမ်းဖြင့် လူသားမျိုးနွယ်တွင် မကုန်မခန်းနိုင်သော အစားအစာထောက်ပံ့မှု ရှိပေသည်။ အစားအစာထောက်ပံ့မှုဖြင့်၊ အစားအစာ၏ အရင်းအမြစ်ဖြင့် လူသားမျိုးနွယ်၏ ကာယပိုင်းဆိုင်ရာ ဘဝနှင့် ရှင်သန်မှုသည် အဆုံးမရှိ ဆက်လက်ဖြစ်ပေါ်ပြီး၊ ၎င်းတို့သည် မည်သည့်အခါမျှ အစားအစာမရှိဘဲ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်မှနေ၍၊ လူသားမျိုးနွယ်အနေဖြင့် ယနေ့အထိ ရှင်သန်နိုင်ခဲ့ခြင်းအတွက် ဘုရားသခင် ဖန်ဆင်းခဲ့သော မျိုးစေ့အမျိုးမျိုး၏ ပံ့ပိုးမှုကို လျစ်လျူရှု၍မရနိုင်သည်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ထိုသို့သော ပံ့ပိုးမှုကို ပြုလုပ်နိုင်ခြင်း၏ အရင်းခံမှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်း ဖြစ်သည်။ သို့သော် ဘုရားသခင်က မျိုးစေ့တစ်စေ့အတွက် သတ်မှတ်ပြဋ္ဌာန်းခဲ့သော အရေးကြီးဆုံးအရာနှစ်ခုဖြစ်သည့် မျိုးစေ့၏ အာဟာရများနှင့် လုပ်ငန်းဆောင်တာများတည်းဟူသော အရာတစ်ခုနှင့် ၎င်း၏ မူလအသက်စွမ်းအားဟူသော အခြားအရာတစ်ခုတို့ ပျက်စီးသွားပါက၊ ဤအရာနှစ်ခု မရှိတော့ပါက မျိုးစေ့သည် မြေကြီးထဲသို့ ကျသွားသောအခါ အစို့အညှောက်ထွက်တော့မည်မဟုတ်၊ ကြီးထွားတော့မည်မဟုတ်၊ ပန်းပွင့်တော့မည် သို့မဟုတ် အသီးသီးတော့မည် မဟုတ်ပေ။ ၎င်းသည် မြေကြီးထဲတွင် ပျောက်ကွယ်သွားရုံသာရှိနိုင်ပြီး လူသားမျိုးနွယ်၏ အစားအစာ အရင်းအမြစ်သည် ထိုအချိန်မှစ၍ ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။ ထိုအခါ လူသားမျိုးနွယ်သည် အဘယ်အရာကို ရင်ဆိုင်ရလိမ့်မည်နည်း။ (သေခြင်းကိုရင်ဆိုင်ရလိမ့်မည်။) ၎င်းတို့သည် ငတ်မွတ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ထို့နောက် သေခြင်းတို့ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး မျိုးပွားကာ ဆက်လက်တည်ရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်ပြီး အလွန်ဆိုးရွားသည်။ နောက်ထပ်ကဏ္ဍတစ်ခုမှာ မျိုးစေ့တစ်စေ့ကို လူလုပ် စီမံပြုပြင်သောအခါ ၎င်း၏ အာဟာရများသည် မူလက အာဟာရအမျိုးအစားများစွာ ပါဝင်ရာမှ ပမာဏအနည်းငယ်မျှသာ ဖြစ်သွားသည်အထိ အလွန် လျော့နည်းသွားသည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းဆောင်တာများသည်လည်း ပြောင်းလဲသွားသည်။ ဥပမာအားဖြင့် အစားအစာတစ်မျိုးသည် ဦးနှောက်ကို အာဟာရဖြည့်ပေးနိုင်လေ့ရှိသည်၊ ကာယခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်လေ့ရှိပြီး လူတို့ကို လန်းဆန်းတက်ကြွမှု ပေးနိုင်လေ့ရှိသော်လည်း ယခုအခါတွင် လူလုပ် စီမံပြုပြင်ခြင်းကို ခံရပြီးနောက် ဤလုပ်ငန်းဆောင်တာများက အလွန် လျော့နည်းသွားသည် သို့မဟုတ် ပျောက်ဆုံးပင်ပျောက်ဆုံးသွားလေသည်။ တစ်စုံတစ်ဦးက ဤအစားအစာအမျိုးအစားကို များစွာ စားသုံးလျှင်ပင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရသည်၊ ၎င်းတို့၏ တွေးခေါ်မှုက နှေးကွေးလာပြီး ၎င်းတို့၏ မှတ်ဉာဏ် ကျဆင်းလာသည်။ ၎င်းတို့ အသက်မကြီးသော်လည်း သက်ကြီးရွယ်အိုတစ်ဦးကဲ့သို့ ဖြစ်လာကြသည်။ ၎င်းတို့၏ ခြေထောက်များက လေးလံသည်ဟု ခံစားရသည်၊ ၎င်းတို့၏ ခန္ဓာကိုယ်က တောင့်တင်းလာပြီး ၎င်းတို့၏ အရေပြားက အိုမင်းရင့်ရော်လာသည်။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာအရ ပိုကြီးထွားလာပုံရသော်လည်း သဘာဝအစားအစာ စားသုံးသူများနှင့် မတူဟု အတွင်းကျိတ် ခံစားရကြသည်။ အကယ်၍ အစားအစာတစ်မျိုး၏ မူလလုပ်ငန်းဆောင်တာများ အားနည်းသွားလျှင် သို့မဟုတ် ဆုံးရှုံးပင်ဆုံးရှုံးသွားလျှင်ပင် လူတို့ စားသုံးပြီးနောက် ထိုအရာက ၎င်းတို့၏ ခန္ဓာကိုယ်ကို အပြုသဘောဆောင်သည့် အကူအညီ သို့မဟုတ် အကျိုးကျေးဇူး မပေးသည်သာမက ၎င်းတို့အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများစွာလည်း ရှိသည်။ ခန္ဓာကိုယ်က လိုအပ်သည့် အမျိုးမျိုးသော အာဟာရများကို အချိန်မီ မဖြည့်တင်းနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများစွာတို့သည် တဖြည်းဖြည်း ယိုယွင်းလာပြီး ပျောက်ဆုံးသွားသည်။ သဘာဝအကျိုးဆက်အနေဖြင့် ဤရုန်းမထွက်နိုင်သည့် ဝဲဩဃအရ၊ လူတို့၏ တွေးခေါ်ပုံသည် နှေးကွေးလေးလံလာပြီး၊ ၎င်းတို့သည် အစွန်းရောက်သော အပြုအမူအချို့ သို့မဟုတ် စိတ်ကူးအချို့ပင် ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့သော သရုပ်သကန်များသည် သဘာဝမဟုတ်သော အစားအစာများက လူတို့အပေါ် ဆောင်ကြဉ်းပေးသော အပျက်သဘောဆောင်သည့် သက်ရောက်မှုများနှင့် အကျိုးဆက်အချို့ ဖြစ်ကြသည်။ သဘာဝမဟုတ်သော အစားအစာများသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့်အတိုင်း ၎င်းတို့တွင် ရှိသင့်သော အစိတ်အပိုင်းများကို ဆုံးရှုံးသွားပြီးဖြစ်ကာ ၎င်းတို့၏ မူလလုပ်ငန်းဆောင်တာများကိုလည်း ဆုံးရှုံးပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းခဲ့သော မူလအရာများနှင့် ကွဲပြားသွားသည်။ ၎င်းတို့အားလုံးသည် လူလုပ် စီမံပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ခံကြရပြီးဖြစ်သည်။
လူတို့သည် လူသားမျိုးနွယ်၏ အစားအစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် သဘာဝမဟုတ်သော အစားအစာကို ဖန်တီးကြသော်လည်း ထိုသို့သော အစားအစာသည် လူ့ကျန်းမာရေးနှင့် မျိုးပွားခြင်းအတွက် ဆိုးကျိုးအမျိုးမျိုးကို အစပျိုးစေပြီး ယင်းက လူသားမျိုးနွယ်၏ မျိုးဆက်ပွားခြင်းနှင့် ရှင်သန်ခြင်းကို ထိခိုက်စေသည်။ ထို့ကြောင့် သင်သည် သဘာဝမဟုတ်သော အစားအစာနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှု ရှိရမည်။ နှစ်ပေါင်းထောင်ချီ၊ လူသားမျိုးနွယ်သည် သဘာဝအစားအစာကို မွေ့လျော်ခံစားနေပြီး ဖြစ်သည်။ အဘယ်ကြောင့် သဘာဝအစားအစာသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး သဘာဝမဟုတ်သော အစားအစာမှာမူ အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်ဟု ငါတို့ ဆိုရသနည်း။ အကြီးမားဆုံးသော ခြားနားချက်မှာ အဘယ်အရာဖြစ်သနည်း။ ကိစ္စရပ်၏ အခရာမှာ အဘယ်အရာဖြစ်သနည်း။ အခရာကျသည့်အချက်မှာ သဘာဝအစားအစာကို လူသားမျိုးနွယ်အတွက် ဘုရားသခင်က ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ယင်းကို ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင် ဖန်ဆင်းခဲ့သော မူလပါဝင်ပစ္စည်းများနှင့် လုပ်ငန်းဆောင်တာများ ပါရှိသည့်အပြင်၊ အရေးကြီးဆုံးမှာ ယင်းတွင် ဘုရားသခင် ပေးခဲ့သော အသက်စွမ်းအား ရှိသည်။ တစ်ဖက်တွင်မူ သဘာဝမဟုတ်သော အစားအစာသည် ထိုမူလပါဝင်ပစ္စည်းများနှင့် လုပ်ငန်းဆောင်တာများကို ဆုံးရှုံးခဲ့ပြီးဖြစ်သည့်အပြင် ဘုရားသခင် ပေးခဲ့သော အသက်လည်း ကင်းမဲ့နေသည်။ ယင်းသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော ဤအရေးကြီးဆုံးသောအရာနှစ်ခု ကင်းမဲ့သောကြောင့် ဘုရားသခင် ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းခဲ့သော အပြုသဘောဆောင်သည့်အရာများနှင့်ဆိုင်သည့် စည်းမျဉ်းများကို ချိုးဖောက်သည်။ သဘာဝမဟုတ်သော အစားအစာသည် လူ့သိပ္ပံပညာ၏ စီမံပြုပြင်ခြင်း၊ ပျက်စီးစေခြင်းနှင့် ပြောင်းလဲစေခြင်းတို့ကို ခံခဲ့ရပြီး အပြုသဘောဆောင်သော အရာတစ်ခု၏ ထူးခြားသောလက္ခဏာရပ်များကို မပိုင်ဆိုင်တော့သည့် အရာအမျိုးအစားတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင် ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းခဲ့သော အပြုသဘောဆောင်သည့်အရာများ၏ ပါဝင်ပစ္စည်းများနှင့် အနှစ်သာရတို့ ကင်းမဲ့သည့်အပြင်၊ ထိုအစား ဘုရားသခင် ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းခဲ့သော အပြုသဘောဆောင်သည့်အရာများ၏ လုပ်ငန်းဆောင်တာများနှင့် အနှစ်သာရတို့ကို ဆန့်ကျင်သောကြောင့် ဖြစ်သည်။ အပြုသဘောဆောင်သော အရာများ၏ လုပ်ငန်းဆောင်တာများနှင့် အနှစ်သာရတို့ကို ဆန့်ကျင်သည်ဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် မျိုးစေ့တစ်ခုကို ဖန်ဆင်းခဲ့ချိန်တွင်၊ ထိုမျိုးစေ့၏ လုပ်ငန်းဆောင်တာမှာ လူသားမျိုးနွယ်အတွက် ဖြစ်သည်၊ လူသားမျိုးနွယ်ကို အလုပ်အကျွေးပြုရန်နှင့် အကျိုးပြုရန်အပြင် လူသားမျိုးနွယ်၏ ပုံမှန်ရုပ်ပိုင်းပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရှင်သန်မှုကို ထိန်းသိမ်းရန် ဖြစ်ပြီး၊ သဘာဝမဟုတ်သော အစားအစာကမူ လူသားမျိုးနွယ်၏ ပုံမှန်ရှင်သန်မှုကို ပျက်စီးစေပြီး နှောင့်ယှက်သည့်အပြင်၊ တစ်ချိန်တည်းမှာပင် လူတို့၏ ပုံမှန်အသက်တာများနှင့် ရှင်သန်မှုအတွက် ပြန်ပြင်၍မရနိုင်သည့် အပျက်သဘောဆောင်သော သက်ရောက်မှုများနှင့် အကျိုးဆက်များ တသီတတန်းကို ဆောင်ကြဉ်းပေးသည်ဟု ဆိုလိုပေသည်။ သို့ဖြစ်၍ သဘာဝမဟုတ်သော အစားအစာကို အပျက်သဘောဆောင်သော အရာတစ်ခုဟု ခေါ်ဆိုခြင်းသည် လုံးဝ တရားပေသည်။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြဿနာသည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။) အဘယ်ကြောင့် သဘာဝအစားအစာသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး သဘာဝမဟုတ်သော အစားအစာမှာမူ အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်ရသနည်း။ ယေဘုယျအားဖြင့် ပြောရလျှင် သဘာဝအစားအစာသည် ဘုရားသခင်ထံမှ လာသည်၊ လူသားမျိုးနွယ်ကို အကျိုးပြုပြီး အလုပ်အကျွေးပြုကာ လူ့အသက်နှင့် ရှင်သန်မှုအတွက် ပံ့ပိုးပေးသည်။ ယင်းသည် လူ၏ အသက်နှင့် ရှင်သန်မှုတွင် အစားထိုး၍မရသော လုပ်ငန်းဆောင်တာတစ်ခုကို ဆောင်ရွက်သည်။ ယင်းက ဆောင်ရွက်သော အခန်းကဏ္ဍကို မည်သည့်အရာကမျှ အစားမထိုးနိုင်ပေ။ သို့သော် သဘာဝမဟုတ်သော အစားအစာသည် လူ့ကျန်းမာရေးအတွက် အကျိုးရှိသလော။ (အကျိုးမရှိပါ။) အတော်လေး ဆန့်ကျင်ဘက်ဖြစ်သည်။ ယင်းသည် လူ့ကျန်းမာရေးအတွက် အကျိုးမရှိပေ။ ထို့ထက်၊ လူ့ကျန်းမာရေးကို ထိခိုက်စေပြီး လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများနှင့် ရှင်သန်မှုအတွက် နာကျင်မှုနှင့် ဒုက္ခများစွာကို ဆောင်ကြဉ်းပေးသည်။ ဥပမာအားဖြင့် ယင်းသည် သွေးလှည့်ပတ်မှု နှေးကွေးခြင်း၊ ခြေလက်များ တောင့်တင်းခြင်း၊ ခြေထောက်များ လေးလံခြင်းနှင့် ခေါင်းမူးဝေခြင်းကဲ့သို့သော ခန္ဓာကိုယ်အတွင်း အမျိုးမျိုးသော မအီမသာဖြစ်မှုများကို ဖြစ်စေသည့်အပြင်၊ ရောဂါများစွာကို အရွယ်မတိုင်မီ ဖြစ်ပွားစေပြီး ရောဂါထကြွစေသည်။ လူတို့၏ ဓာတ်မတည့်သည့် တုံ့ပြန်မှုများသည်လည်း တိုး၍ပင် ဆိုးရွားလာနေသည်။ အတိုင်းအတာအမျိုးမျိုးရှိသော ဆိုးကျိုးသက်ရောက်မှုများသည် အရေပြားမှစ၍ အတွင်းပိုင်း ကိုယ်တွင်းအင်္ဂါများအထိ အင်္ဂါအမျိုးမျိုးကို ထိခိုက်စေသည်။ ဤသည်တို့မှာ သဘာဝမဟုတ်သော အစားအစာက လူသားမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ဘဝနှင့် ရှင်သန်မှုအတွက် ဆောင်ကြဉ်းပေးသည့် အမျိုးမျိုးသော ဒုက္ခများနှင့် နာကျင်မှုများ ဖြစ်ကြသည်။ လူ့ခန္ဓာကိုယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ဘုရားသခင်တစ်ပါးတည်းသာ ယင်း၏ ဖွဲ့စည်းပုံနှင့် လိုအပ်ချက်များကို အကောင်းဆုံး နားလည်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံနှင့် လိုအပ်ချက်များအပေါ် အခြေခံ၍ လူသားမျိုးနွယ်အတွက် အစားအစာမျိုးစုံကို ဖန်ဆင်းခဲ့သည်။ တောင်ဘက်မှ မြောက်ဘက်၊ အရှေ့မှ အနောက်သို့ ဘုရားသခင်သည် ဒေသခံလူများ၏ အသက်နှင့် ရှင်သန်မှုအတွက် အထောက်အကူပြုသော အစားအစာအမျိုးမျိုးကို ဖန်ဆင်းခဲ့သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အစားအစာအားလုံး၏ မူလပုံစံများသည် လူ့အသက်နှင့် ရှင်သန်မှုအတွက် လိုအပ်သော အစားအစာရင်းမြစ်များကို ထောက်ပံ့ပေးရန် ရည်ရွယ်သည်။ ယင်းတို့အားလုံးသည် လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများနှင့် ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ ဆိုလိုသည်မှာ လူတစ်ဦး၏ ခန္ဓာကိုယ် အသက်ရှင်ပြီး ထိန်းသိမ်းခြင်းခံရနိုင်ရန်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သော ဤအပင်များမရှိဘဲ မဖြစ်နိုင်ပေ။ ဤအပင်များနှင့် မျိုးစေ့များသည် ဘုရားသခင်ထံမှ ဖြစ်လာသရွေ့၊ မိမိတို့၏ မူလအခြေအနေများအတိုင်း ရှိနေကြပြီး ဘုရားသခင် ဖန်ဆင်းခဲ့သော လိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့် ပါဝင်ပစ္စည်းများအပြင် ဘုရားသခင် ပေးခဲ့သော အသက်စွမ်းအားကိုလည်း ပိုင်ဆိုင်ကြသည်။ မျိုးစေ့တစ်စေ့သည် မည်သည့်နေရာတွင် ရှိနေပါစေ၊ မြေဆီလွှာမရှိသော ကျောက်တုံးများ၏ အက်ကြောင်းများထဲသို့ ကျသွားလျှင်ပင်၊ ၎င်းတွင် အသက်စွမ်းအား ရှိသမျှ ကာလပတ်လုံး အစို့အညှောက်ထွက်သည်၊ ပုံမှန် ကြီးထွားပြီး ရင့်သန်နိုင်ကာ မျိုးစေ့များ ပို၍ ဖြစ်ထွန်းနိုင်သည်။ အရာခပ်သိမ်း မျိုးပွားပြီး ရှင်သန်သော ဤပိုမိုကျယ်ပြန့်သည့် ပတ်ဝန်းကျင်မျိုးတွင်သာ လူတို့သည် မိမိတို့၏ ခန္ဓာကိုယ်များအတွက် အစားအစာ ရင်းမြစ်တစ်ခုကို ရရှိနိုင်သည်။ အမျိုးမျိုးသော လှုပ်ရှားမှုများတွင် စဉ်ဆက်မပြတ် ပါဝင်ပြီး ဆက်လက်၍ မျိုးပွားကာ အသက်ရှင်နေထိုင်နိုင်သည်။ အပင်အမျိုးမျိုးနှင့် မျိုးစေ့အမျိုးမျိုးသည် ဘုရားသခင် ဖန်ဆင်းခဲ့သော မူလလုပ်ငန်းဆောင်တာများကို ဆုံးရှုံးသွားပါက ယင်းသည် လူသားမျိုးနွယ်က အစားအစာ ပိတ်ပင်ခံရခြင်းနှင့် ညီမျှပြီး၊ လူသားမျိုးနွယ်၏ အစားအစာ ရင်းမြစ် သိမ်းယူခြင်းခံရခြင်းနှင့် ညီမျှသည်။ လူတို့သည် ၎င်းတို့၏ ဆာလောင်မှုကို ယာယီ ဖြည့်ဆည်းပေးနိုင်သော မိမိတို့၏ မူလအခြေအနေများအတိုင်း မဟုတ်သည့် အစားအစာအချို့ကို ဖန်တီးပြီး ထုတ်လုပ်လျှင်ပင်၊ အစားအစာများ၏ မူလပုံစံများသည် စီမံပြုပြင်ခြင်းကို ကြုံတွေ့ပြီးနောက် ပြောင်းလဲသွားကာ ၎င်းတို့၏ မူလလုပ်ငန်းဆောင်တာများကို ဆုံးရှုံးသွားသောကြောင့် လူတို့က ထိုအစားအစာများကိုစားသုံးပြီးနောက်တွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် ခံစားမှုများသည်လည်း လျော်ညီစွာ ပြောင်းလဲသွားလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ လူတို့၏ ခန္ဓာကိုယ်များသည်လည်း ဆိုးကျိုးသက်ရောက်မှုအချို့ကို တွေ့ကြုံခံစားရလိမ့်မည်။ ၎င်းတို့သည် နာမကျန်းမှုများနှင့် နာကျင်မှုအချို့ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး အချို့သော ဆိုးရွားသည့် အကျိုးဆက်များပင် ရှိလာနိုင်ပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အစားအစာကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်ကို ဆန့်ကျင်သည့်အပြင် လူသားမျိုးနွယ်အတွက် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော ရှင်သန်မှု၏ နိယာမများနှင့် စည်းမျဉ်းများကိုလည်း ဆန့်ကျင်ပေသည်။ သို့ဖြစ်၍ သင် မည်သို့ပင် ကြည့်သည်ဖြစ်စေ၊ တစ်စုံတစ်ခုသည် သက်ရှိတစ်ခုကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော နိယာမများ၊ စည်းမျဉ်းများကို ဆန့်ကျင်သရွေ့၊ ယင်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သော လုပ်ငန်းဆောင်တာနှင့် ယင်းက ဆောင်ရွက်သင့်သော အခန်းကဏ္ဍအပြင် ဘုရားသခင် ပေးသနားခဲ့သော အသက်စွမ်းအားကိုပါ ဆုံးရှုံးပြီးဖြစ်သဖြင့် ယင်း၏ အနှစ်သာရက ပြောင်းလဲသွားပြီး ဖြစ်သည်။ သဘာဝမဟုတ်သော အစားအစာ ပေါ်ပေါက်လာခြင်းသည် အစားအစာကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်ကို ဆန့်ကျင်သည်။ သိပ္ပံပညာရှင်များသည် အစားအစာ၏ မျိုးစေ့များကို သိပ္ပံနည်းကျ စီမံပြုပြင်ပြီး ပြောင်းလဲသောအခါ ထိုအရကြ အစားအစာ၏ အနှစ်သာရကို ပြောင်းလဲသွားစေသည်။ ထို့ကြောင့် သဘာဝမဟုတ်သော အစားအစာသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ယင်း၏ အသွင်အပြင်သည် ပို၍ စိုစိုလွင်လွင်ဖြစ်ပြီး လှပလာသည်ဖြစ်စေ၊ ပို၍ ကြီးမားလာသည်ဖြစ်စေ၊ သို့မဟုတ် ယင်၏ အရေအတွက် တိုးပွားလာသည်ဖြစ်စေ၊ မည်သို့ပင် ပြောင်းလဲပါစေ၊ ယင်းကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်ကို ဆန့်ကျင်ပြီး ဘုရားသခင်ပေးသနားသော လုပ်ငန်းဆောင်တာများနှင့် အသက်စွမ်းအားကို ဆုံးရှုံးသမျှ ကာလပတ်လုံး ထိုအရာသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လုံးဝ သေချာသည်။ မည်သည့်အရာပင် ဖြစ်စေ၊ ယင်းက မည်သည့်ကာလတွင် ပေါ်ပေါက်သည်ဖြစ်စေ သို့မဟုတ် မည်သူ၏ လုပ်ဆောင်မှုဖြင့် ပေါ်ပေါက်လာသည်ဖြစ်စေ၊ ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း သို့မဟုတ် သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ဘဲ၊ ထို့ထက် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းခြင်းကို ဆန့်ကျင်သမျှ ကာလပတ်လုံး ထိုအရာသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ဤကိစ္စရပ်သည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)
သဘာဝမဟုတ်သော အစားအစာသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သဖြင့်၊ မိတ်သဟာယဖွဲ့ရန် လိုအပ်သော နောက်ထပ်ကိစ္စတစ်ခု ရှိနေသည်။ အချို့လူများက “သဘာဝမဟုတ်သော အစားအစာသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းခြင်းကို ဆန့်ကျင်သော အပျက်သဘောဆောင်သည့် အရာတစ်ခုဖြစ်သောကြောင့် ကျွန်ုပ်တို့ မည်သို့ သဘောထားသင့်သနည်း။ ကျွန်ုပ်တို့ စားသုံးသင့်သလော။ ကျွန်ုပ်တို့ မစားသုံးဘဲနေသင့်သလော သို့မဟုတ် အနည်းငယ်မျှသာ စားသုံးသင့်သလော။ လက်တွေ့လုပ်ဆောင်ရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်အရာဖြစ်သနည်း” ဟု မေးကြသည်။ သင်တို့ထဲမှ အချို့က ယခုလေးတင် “ယနေ့ လူ့အဖွဲ့အစည်းရှိ အစားအစာအများစုမှာ သဘာဝမဟုတ်သော အစားအစာဖြစ်ပြီး သင်က ဘာဝအစားအစာ အချို့ကို ဝယ်လိုလျှင်ပင် ရှာရန် မလွယ်ကူပါ။ အချို့နိုင်ငံများနှင့် ဒေသများတွင် သင်သည် ဈေးကြီးပေး၍ပင် ဝယ်၍မရနိုင်ပါ။ သဘာဝအစားအစာ၏ အကျိုးကျေးဇူးများနှင့် သဘာဝမဟုတ်သော အစားအစာ၏ အန္တရာယ်ကို ကျွန်ုပ်တို့ သိလျှင်ပင် ကျွန်ုပ်တို့ ဘာများတတ်နိုင်မည်နည်း”ဟု ထောက်ပြခဲ့ကြသည်။ ဤသည်မှာ ပတ်ဝန်းကျင်က ပိုမိုကျယ်ပြန့်ပုံသာ ဖြစ်ပေသည်။ ဤသည်မှာ စာတန်၏ လောကဖြစ်ပြီး ၎င်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်စွမ်းအားနှင့် ပြည့်စုံသည့် အစားအစာကို လူတို့အား မစားသုံးနိုင်ရန် တားဆီးသည်။ အချို့လူများက “သဘာဝမဟုတ်သော အစားအစာကို စားသုံးခြင်းသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များအတွက် အန္တရာယ်ရှိကြောင်း ကျွန်ုပ်တို့ သိပါသည်၊ သို့သော် ကျွန်ုပ်တို့တွင် သဘာဝအစားအစာကို စားသုံးရန် နည်းလမ်းမရှိပါ။ ကျွန်ုပ်တို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ်တို့သည် ဤအတိုင်းသာ ငတ်၍သေရမည်လော” ဟု ဆိုကြသည်။ သင်တို့ ငတ်မသေနိုင်ပေ။ အသက်ရှင်နေထိုင်ရေးအတွက် သင်တို့သည် သဘာဝမဟုတ်သော အစားအစာကို စားသုံးနေရဦးမည် ဖြစ်သည်။ ယင်းကို စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလျှင်ပင် ငတ်၍သေခြင်းထက်မူ ပိုကောင်းနေဆဲဖြစ်သည်။ သင်သည် ထိုသို့သော အခက်အခဲဖြင့် ဆက်လက်အသက်ရှင်နေလျှင်ပင်၊ သင်မသေဘဲ သင်၏ တာဝန်ကို ဖြည့်ဆည်းနိုင်သမျှ ကာလပတ်လုံး၊ နောက်ဆုံးအခိုက်အတန့်အထိ ကြံ့ကြံ့ခံပြီး နာမကျန်းဖြစ်နေလျှင်ပင် ကယ်တင်ခြင်းကို ရရှိပါက သင်သည် ဤလောကကို အောင်နိုင်ပြီးဖြစ်ကာ စာတန်ကို နိုင်ပြီး ဖြစ်သည်။ အခြားသူများက “သဘာဝမဟုတ်သော အစားအစာသည် လူတို့အတွက် အလွန်အန္တရာယ်များပြီး အကျိုးသက်ရောက်မှုများက ပြန်ပြင်၍မရနိုင်သောကြောင့် ကျွန်ုပ် လုံးဝ စားသုံးမည်မဟုတ်ပါ။ ကျွန်ုပ်၏ ကိုယ်ပိုင်ခြံဝင်းထဲတွင် သဘာဝအစားအစာအချို့ကို စိုက်ပျိုးရန် နည်းလမ်းရှာမည်”ဟု ဆိုကြသည်။ အကယ်၍ သင်၌ နည်းလမ်းများ ရှိပါက အဆင်ပြေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သင်၏ နေအိမ်တွင် ခြံဝင်းမရှိသည့်အပြင် ဟင်းသီးဟင်းရွက်များနှင့် ကောက်နှံများကို သင် မစိုက်ပျိုးနိုင်ဘဲ သင်သည် သဘာဝအစားအစာကို မတတ်နိုင်သော သာမန်လူတစ်ဦးဖြစ်လျှင်ကော မည်သို့နည်း။ သို့ဆိုလျှင် သင်လုပ်နိုင်သမျှမှာ သဘာဝမဟုတ်သော အစားအစာကို စားသုံးရန်သာ ဖြစ်သည်။ အချို့လူများက “သဘာဝမဟုတ်သော အစားအစာကို ကျွန်ုပ် စားသုံးလျှင် ယင်းက အနည်းဆုံး ကျွန်ုပ်ကို နှစ်အနည်းငယ်ကြာ အသက်ဆက်ရှင်စေနိုင်ပြီး အချိန်တိုတိုအတွင်း ကျွန်ုပ် သေဆုံးမည်မဟုတ်ပေ။ ယင်းတို့မှ ထူးဆန်းသော ရောဂါအချို့ ရရှိလျှင်ပင် ထိုအရာနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အရာ မရှိပါ”ဟု ဆိုကြသည်။ သင်တို့သည် ထူးဆန်းသော ရောဂါအမျိုးမျိုး ရရှိပြီး သင်တို့၏ သက်တမ်းများ တိုသွားမည်ကို ကြောက်ရွံ့ကြသလော။ (ကြောက်ရွံ့ပါသည်။) ဤအရာနှင့်ပတ်သက်၍ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ အချို့လူများက “သို့ဆိုလျှင် ကျွန်ုပ်တို့သည် နောက်ဆုံးရွေးချယ်မှုကိုသာ မတတ်သာ၍ အားကိုးနိုင်သည်၊ ရနိုင်သည့်အရာနှင့်သာ ကျေနပ်ရမည်ဖြစ်သည်။ ရှင်သန်ရန်အလို့ငှာ ကျွန်ုပ်တို့တွင် သဘာဝမဟုတ်သော အစားအစာကို စားသုံးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပါ”ဟု ဆိုကြသည်။ ဤစည်းမျဉ်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဟုတ်သလော။ သင်တို့သည် ထိုအရာ မှန်ကန်သလော သို့မဟုတ် မမှန်ကန်သလောဟူသည်ကို မပိုင်းခြားနိုင်ကြပေ။ ဤသို့လုပ်ဆောင်ခြင်းသည် ရနိုင်သည့်အရာနှင့် ကျေနပ်ခြင်းနှင့် အခြားရွေးချယ်စရာမရှိခြင်း ဖြစ်သလော။ ယင်းသည် ရနိုင်သည့်အရာနှင့် ကျေနပ်ခြင်းမဟုတ်သည့်အပြင်၊ အခြားရွေးချယ်စရာမရှိခြင်းလည်း မဟုတ်ပေ။ ထို့ထက်၊ ဤသည်မှာ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စာတစ်ကြောင်း ရှိသည် မဟုတ်လော။ “သင်၌ အသက်တစ်ချက်ရှူစာမျှ ရှိနေသရွေ့ ဘုရားသခင်သည် သင့်ကို သေခွင့်ပြုမည် မဟုတ်ပေ။” လူတို့၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ လူတစ်ဦး အသက်မည်မျှရှည်မည်ဟူသည်နှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် ၎င်းတို့ စားသုံးသည့်အရာအပေါ် မဟုတ်ဘဲ ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်းအပေါ် မူတည်သည်။ သဘာဝမဟုတ်သော အစားအစာနှင့်ပတ်သက်၍ မှန်ကန်သော အတွေးများနှင့် ရှုထောင့်များ ရှိခြင်းအပြင်၊ ယင်းကို ပိုင်းခြားသိမြင်မှု ရှိခြင်းက လူတို့အတွက် လုံလောက်ပေသည်။ သို့ရာတွင် လူတို့သည် တည်ရှိနေသော ဓမ္မဓိဋ္ဌာန်ကျသည့် ပတ်ဝန်းကျင်ကို မှန်ကန်စွာ သဘောထားသင့်သည်။ အကယ်၍ သင်သည် ငွေကြေးဆိုင်ရာ ရင်းမြစ်များ သို့မဟုတ် သင်၏ ကိုယ်ပိုင်အစားအစာကို စိုက်ပျိုးရန် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ ကင်းမဲ့ပါက ရရှိနိုင်သည့် မည်သည့်အရာကိုမဆို စားသုံးလော့။ သို့ဆိုလျှင် သင်သည် နာမကျန်းဖြစ်မည်ကိုဖြစ်စေ၊ သေဆုံးမည်ကိုဖြစ်စေ စိုးရိမ်လိမ့်မည်လော။ စိုးရိမ်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်နည်း။ ငါတို့၏ စိတ်နှလုံးများထဲတွင် ငါတို့၏ ထောက်မမှုနှင့် အခြေခံအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရား ရှိသည်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်၊ ဘုရားသခင်၏ နှုတ်တော်ထွက် စကားရှိသမျှအားဖြင့် အသက်ကိုမွေးရမည်၊” ဟူသည်နှင့် “သင်၌ အသက်တစ်ချက်ရှူစာမျှ ရှိနေသရွေ့ ဘုရားသခင်သည် သင့်ကို သေခွင့်ပြုမည် မဟုတ်ပေ” ဟူသည်တို့ ဖြစ်သည်။ လူတစ်ဦး၏ အသက်၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် သက်တမ်းအားလုံးကို ဘုရားသခင်၏ လက်ထဲ၌ ကိုင်စွဲထားသည်။ လူတစ်ဦး နာမကျန်းဖြစ်ခြင်း ရှိမရှိ၊ ၎င်းတို့ နာမကျန်းဖြစ်သည့်အချိန်နှင့် သေဆုံးချိန်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ စိုးရိမ်ရန် သို့မဟုတ် ကြောက်ရွံ့ရန် မလိုအပ်ပေ။ အကယ်၍ သင်သည် သဘာဝအစားအစာကို မရနိုင်သည့်အပြင်၊ သဘာဝမဟုတ်သော အစားအစာကိုသာ စားသုံးနိုင်ပါက စိတ်ချလက်ချ စားသုံးလော့။ ရရှိနိုင်သည့် မည်သည့်အရာကိုမဆို စားသုံးလော့။ အချို့လူများက “ကိုယ်တော်က သဘာဝမဟုတ်သော အစားအစာသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်ဟု ဆိုခဲ့လျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ကို စိတ်ချလက်ချ စားသုံးရန် ပြောနေရသနည်း”ဟု ဆိုကြသည်။ အကယ်၍ သင် မစားသုံးပါက သင် မည်သို့ အသက်ရှင်နိုင်မည်နည်း။ အကယ်၍ သင်သည် အလွန်နည်းပါးစွာ စားသုံးပါက သင်၏ ခန္ဓာကိုယ်သည် လိုအပ်သည့်အရာကို အမှန်တကယ် ရရှိနိုင်မည်လော။ ယခုအခါ ဘာသာတရားမရှိသူများသည်လည်း သဘာဝမဟုတ်သော အစားအစာက သဘာဝအစားအစာထက် အာဟာရ အလွန်နည်းပါးကြောင်း၊ သင် များစွာ စားသုံးသော်လည်း ယင်းက အာဟာရများစွာ မထောက်ပံ့ပေးကြောင်း ဆိုကြသည်။ ဤသည်မှာလည်း အမှန်တရားတစ်ခု ဖြစ်သည်။ ၎င်းတို့မသိသော နောက်ထပ်အချက်တစ်ခု ရှိသည်။ သဘာဝအစားအစာရှိ အာဟာရဓာတ်များ၏ အချိုးအစားသည် သင့်လျော်ပေသည်။ ယင်းကို သင် စားသုံးပြီးနောက် သင်၏ ခန္ဓာကိုယ်အား အာဟာရဓာတ်များစွာ ထုတ်လုပ်ရန် ယင်းက ကူညီပေးလိမ့်မည်၊ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ပြီး ကောင်းမွန်သော ကျန်းမာရေးကို သေချာစေရန် ယင်း၏ မူလလုပ်ငန်းဆောင်တာများကို သင့်အထဲတွင် ဆောင်ရွက်ပေးလိမ့်မည်။ သို့ရာတွင် သဘာဝမဟုတ်သော အစားအစာသည် အာဟာရဓာတ်များ ကင်းမဲ့သောကြောင့် သင်၏ ခန္ဓာကိုယ်သည် ၎င်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အာဟာရဓာတ်များကို ပေါင်းစပ်ဖန်တီးဖို့အတွက် ထိုသဘာဝမဟုတ်သော အစားအစာကို အသုံးပြု၍မရပေ။ အရေးကြီးဆုံးမှာ သဘာဝမဟုတ်သော အစားအစာသည် အသက်စွမ်းအား မပိုင်ဆိုင်သည့်အပြင် အာဟာရဓာတ်များစွာ ကင်းမဲ့သည်။ ယင်းက သင့်ကို မကျန်းမာစေနိုင်ပေ။ ယင်းကို ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာ စားသုံးပြီးနောက် လူတို့သည် နာမကျန်းမှုများနှင့် ထူးဆန်းသော ရောဂါမျိုးစုံ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ အချို့သည် မျိုးပွားနိုင်စွမ်းကိုပင် ဆုံးရှုံးကြလိမ့်မည်။ ထိုသို့သော အကျိုးဆက်များသည် အလွန်ဆိုးရွားလှသည်။ ထိုအကြောင်းကြောင့် အချို့လူများက “ကျွန်ုပ်သည် အစားအစာနှင့် ဟင်းသီးဟင်းရွက်များ လုံလောက်စွာ စားသုံးပြီးဖြစ်သောကြောင့် အာဟာရဓာတ် ကင်းမဲ့ခြင်း မရှိသင့်ပါ။ သို့သော် အဘယ်ကြောင့် ကျွန်ုပ် တစ်ကိုယ်လုံး အားနည်းသည်ဟု ခံစားနေရသနည်း”ဟု ခံစားကြရသည်။ ဤသည်မှာ သဘာဝနှင့် သဘာဝမဟုတ်သော အစားအစာတို့ကြား ခြားနားချက်ဖြစ်သည်။ အမှန်တွင်၊ သင်သည် ယင်းကို ခံစားရနှင့်ပြီးဖြစ်သည်။ အဘယ်ကြောင့် သင်သည် ဤသို့ ခံစားရသနည်း။ သဘာဝမဟုတ်သော အစားအစာတွင် အသက်စွမ်းအားမရှိသောကြောင့် ဖြစ်သည်။ သင်သည် ယင်းကို များစွာ စားသုံးသော်လည်း ယင်းက အာဟာရများစွာ မဆောင်ကြဉ်းပေးသောကြောင့် သင်သည် ရုပ်ပိုင်းဆိုင်ရာ အားနည်းပြီး တက်ကြွမှုကင်းမဲ့သည်ဟု ခံစားရသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သင် စားသုံးနေရဦးမည် ဖြစ်သည်။ အကယ်၍ သင်မစားသုံးပါက သင် ဗိုက်ဆာလိမ့်မည်ဖြစ်ပြီး အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။ လူတို့သည် မိုက်မဲသောအရာများကို မလုပ်ဆောင်ရသည့်အပြင် အစွန်းမရောက်သင့်ပေ။ ၎င်းတို့သည် အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ချဉ်းကပ်သင့်ပြီး အမှုအရာအားလုံးတွင် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ လူတို့ ရှင်းလင်းစွာ သိရှိပြီး နားလည်သင့်သည့်အရာ ဖြစ်သည်။ တိုတိုပြောရလျှင် အရာအားလုံးသည် လူတို့က သဘာဝမဟုတ်သော အစားအစာအား မည်သို့ သဘောထားသင့်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ သဘာဝမဟုတ်သော အစားအစာက ဆောင်ကြဉ်းပေးသော အပျက်သဘောဆောင်သည့် အကျိုးဆက်များနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို နားလည်ပြီးနောက် လူတို့သည် ယင်း၏ ဘောင်ခတ်ခြင်းကို မခံသင့်သည့်အပြင် စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းလည်း မဖြစ်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့် ဖြစ်သည်။ လူတို့၏ အသက်များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲတွင် စွဲကိုင်ထားသည်ချည်းဖြစ်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ဝန်ခံကြရသည်ချည်း ဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) အကယ်၍ သင်သည် ယင်းကို ဤနည်းလမ်းဖြင့် နားလည်သဘောပေါက်ပါက သင်၏ အတွေးများနှင့် ရှုထောင့်များ မှန်ကန်ပေသည်။ ဤအရာအားလုံးကို ကြားပြီးသည့်နောက် သင်တို့၏ စိတ်နှလုံးများသည် အားတက်ပြီး လွတ်မြောက်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤသည်မှာ လူတို့ မြင်တွေ့သင့်သော လက်တွေ့ဘဝ ကိစ္စရပ်တစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် ဤကိစ္စရပ်ကို ထိုးထွင်းမမြင်နိုင်ပါက အလွန်မိုက်မဲပေသည်။ သဘာဝမဟုတ်သော အစားအစာကို စားသုံးရမည်လော၊ မစားဘဲနရမည်လောဟူသည်နှင့် စပ်လျဉ်း၍၊ ငါတို့သည် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများစွာကို ယခုလေးတင် ဆွေးနွေးခဲ့ကြသည်။ သင်သည် သင်၏ ဓမ္မဓိဋ္ဌာန်ကျသော ပတ်ဝန်းကျင်နှင့် လက်တွေ့အခြေအနေများအပေါ် အခြေခံ၍ ထိုအတိုင်း သဘောထားသင့်သည်။ တိုတိုပြောရလျှင် သင်သည် အမှုအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ရှုမြင်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လည်း လုပ်ဆောင်သင့်သည်။ သင်၏ ရည်ရွယ်ချက်သည် သင့်အနေဖြင့် သင်၏ တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်ရန်အလို့ငှာ၊ ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းပေါ်တွင် သွေဖည်ခြင်းမရှိဘဲ သင်၏ တာဝန်ကို ဖြည့်ဆည်းကာ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ရန်အလို့ငှာ သင်၏ ပုံမှန်ရုပ်ပိုင်းဆိုင်ရာ ရှင်သန်မှုနှင့် လုပ်ငန်းဆောင်တာကို သေချာစေရန်ုဖြစ်သရွေ့၊ သင်လုပ်ဆောင်နေသည့်အရာ မှန်ကန်ပေသည်။ ဤသည်မှာ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာနှင့်ဆိုင်သည့် ကဏ္ဍနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာ ဖြစ်သည်။
ငါတို့သည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာနှင့်ဆိုင်သည့် ကဏ္ဍနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် ဥပမာနှစ်ခုကို အသုံးပြုကြပြီး ဖြစ်သည်။ ယင်းကို အခြေခံအားဖြင့် ရှင်းလင်းစွာ ရှင်းပြပြီးပြီလော။ (ရှင်းပြပြီးပါပြီ။) သို့ဆိုလျှင် သင်တို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကြား ပိုင်းခြားနိုင်ပြီလော။ သင် ကြုံတွေ့ရသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အကဲဖြတ်ရန် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင် အသုံးချနိုင်ပြီလော။ အကယ်၍ ငါတို့သည် ဤဥပမာနှစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့ခဲ့လျှင် ယင်းတို့အား တိုင်းတာရန် ယနေ့ ငါတို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သော အပြုသဘောဆောင်သည့်အရာများနှင့်စပ်လျဉ်းသည့် သမ္မာတရား၏ ဤကဏ္ဍကို သင်တို့ အသုံးပြုနိုင်ခဲ့မည်လော။ (ကျွန်ုပ်သည် ပိုမိုရိုးရှင်းသော အရာများကို ပိုင်းခြားနိုင်ကောင်း ပိုင်းခြားနိုင်မည်ဖြစ်သော်လည်း ဘုရားသခင် ပြောခဲ့သော အတော်အတန် ရှုပ်ထွေးသည့် ဥပမာနှစ်ခုကိုမူ ပိုင်းခြားနိုင်ခဲ့မည် မဟုတ်ပါ။) ဤအရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ခြင်းသည် ကောင်းပေသည်၊ သို့မဟုတ်လျှင် သင်တို့သည် ပန်းသစ်တော်သီးကဲ့သို့သော အရသာရှိသည့် အစားအစာကို စားသုံးခြင်းအား လက်လွှတ်ကောင်း လက်လွှတ်ခဲ့ပေမည်၊ မှန်သလော။ (မှန်ပါသည်။) စည်းမျဉ်းများကို လိုက်နာရန် ပို၍ စိတ်တိမ်းညွှတ်သော အချို့လူများသည် ပန်းသစ်တော်သီးတစ်လုံးကို ကြည့်ပြီး စားသုံးချင်သော်လည်း မစားသုံးဝံ့ကြပေ။ ၎င်းကို စားသုံးခြင်းသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သော စည်းမျဉ်းများကို ချိုးဖောက်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်မည်ဟု တွေးထင်လျက်၊ မိမိတို့ကိုယ်ကို ချုပ်တည်းပြီး မစားသုံးကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဤအရသာရှိသော အစားအစာကို စားသုံးရန် အခွင့်အရေးများစွာကို လက်လွှတ်ကြရသည်။ သို့ရာတွင် အချို့သော သိသာထင်ရှားသည့် အပျက်သဘောဆောင်သော အရာများအတွက်မူ လူတို့သည် ပိုင်းခြားသိမြင်မှု ကင်းမဲ့သောကြောင့် ထိုအရာများကို မိမိတို့၏ စိတ်နှလုံးများထဲတွင် အလွန် ချီးမွမ်းကြပြီး အလွန်အမင်း အသိအမှတ်ပြုကာ လက်ခံကြသည်။ သဘာဝမဟုတ်သော အစားအစာနှင့်ပတ်သက်၍ ၎င်းတို့က “သဘာဝမဟုတ်သော အစားအစာသည် လူသားမျိုးနွယ်၏ အစားအစာ လိုအပ်ချက်ကို အလွန် ဖြည့်ဆည်းပေးသည့်အပြင် တစ်ချိန်တည်းမှာပင် ငတ်မွတ်ခြင်းကြောင့် သေဆုံးမှုများကို လျှော့ချရန် ကူညီပေးနိုင်သည်။ ဤသည်မှာ လူ့ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် လူသားမျိုးနွယ်အတွက် သိပ္ပံပညာ၏ ကြီးမားသော ပံ့ပိုးမှုတစ်ခု အမှန်ပင် ဖြစ်သည်တကား။ ဤအရာကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို အားပေးထောက်ခံခဲ့သူမှာ ဘုရားသခင် ဖြစ်သည်”ဟုပင် တွေးထင်ကြသည်။ ထိုသို့သော ရိုးရှင်းသည့် ပြောဆိုချက်တစ်ခုက အမှန်တရားတစ်ခုကို ဖော်ထုတ်သည်။ မည်သည့်အမှန်တရားနည်း။ သမ္မာတရားကို သင် နားမလည်ခြင်း ဖြစ်သည်။ ဤသည်မှာ အဓိကမဟုတ်သောအရာ ဖြစ်သည်။ ဤနေရာတွင် သာ၍ပင် ဆိုးရွားသော ပြဿနာတစ်ခု ရှိနေသေးသည်၊ ယင်းမှာ သင်သည် ဘုရားသခင်ကို မဖွယ်မရာ ပုန်ကန်ပြီး ပြစ်မှားစော်ကားသော စကားများကို ပြောဆိုပြီးဖြစ်ကာ ဤအရာက ဘုရားသခင်အား ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ခံစားရစေသည်။ အကယ်၍ ထိုသို့သော ပြဿနာတစ်ခုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် ဆန့်ကျင်ပြီး ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ကာ ပြစ်မှားစော်ကားလောက်သည်အထိ အလွန်ပြင်းထန်လာပါက သင်သည် သင်၏ ကယ်တင်ခြင်း မျှော်လင့်ချက်ကို ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပြီး ယင်းက သင်၏ ပန်းတိုင်ကို ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို နားလည်ခြင်းသည် အလွန်အရေးကြီးသည်။ အကယ်၍ ငါတို့၏ မိတ်သဟာယတွင် ဥပမာများကို ငါတို့ အသုံးမပြုခဲ့လျှင် သင်တို့ထဲမှ အချို့က “သဘာဝမဟုတ်သော အစားအစာသည် သိပ္ပံဆိုင်ရာ သုတေသန၏ ရလဒ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ပံ့ပိုးသည့် သိပ္ပံပညာ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ပံ့ပိုးမှုတစ်ခုသည် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်။ ယင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့ခြင်း ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်”ဟု တွေးထင်ကြပြီး ဖြစ်ကောင်းဖြစ်ပေမည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ယခု ရှင်းလင်းပြီလော။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) လူတစ်ဦးသည် အမှုအရာများကို ဤနည်းလမ်းဖြင့် နားလည်သင့်သလော။ (နားမလည်သင့်ပါ။) အကယ်၍ လူတစ်ဦးသည် ဤသို့ ပြောဆိုပါက ၎င်းတို့ ဒုက္ခရောက်ပေသည်။ ဤသည်မှာ မဖွယ်မရာ ပုန်ကန်ခြင်း ဖြစ်သည်တကား။ အမှုအရာများက အမှန်တကယ် မည်သည့်အရာဖြစ်သည်ဟူသည်နှင့် ယင်းတို့၏ အနှစ်သာရကို သင် ရှင်းလင်းစွာ နားမလည်မီတွင်၊ ယင်းတို့ကို မဆင်မခြင် အဓိပ္ပာယ်မဖွင့်ဆိုနှင့်။ သိပ္ပံနည်းကျ စီမံပြုပြင်ခြင်း ခံခဲ့ရသော အရာများကို အလွယ်တကူ လက်မခံနှင့် သို့မဟုတ် မနှစ်သက်နှင့်။ အထူးသဖြင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများတွင် အလေးအမြတ်ပြုခံရပြီး ရေပန်းစားကာ လူအများစု နှစ်သက်သော အရာများအတွက် သင်သည် တင်းကြပ်စွာ သတိထားရမည်။ ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး လုံးဝ လက်မခံရပေ။ အချို့လူများက “ကျွန်ုပ်တို့၏ အစွမ်းအစမှာ ညံ့ဖျင်းပါသည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသော သတင်းအချက်အလက်အမျိုးမျိုးကို ကျွန်ုပ်တို့ မြင်သောအခါ ယင်းသည် လူမှုရေးရာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်ပြီး မမှားနိုင်ဟု ကျွန်ုပ်တို့ တွေးထင်ကြသည်။ ထိုအရာကို ကြည့်ရှုပြီးနောက် ကျွန်ုပ်တို့၏ စိတ်နှလုံးများအပေါ် သက်ရောက်မှုတစ်ခု ရှိလာသည်။ အကယ်၍ ကျွန်ုပ်တို့သည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်နေထိုင်ခဲ့ပါက ကျွန်ုပ်တို့ အထင်အမြင်မှားစေခြင်း ခံရမည်မဟုတ်ပါ”ဟု ဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သင်သည် လက်တွေ့လောက၊ လက်ရှိလူ့အဖွဲ့အစည်းတွင် အသက်ရှင်နေထိုင်ပြီး ထူးဆန်းသော အသံများစွာနှင့် ထူးဆန်းသော ပြောဆိုချက်များ၊ သီအိုရီများကို မလွဲမသွေ ကြားရလိမ့်မည်။ ဤအကြောင်းပြချက်များသည် သင်၏ အတွေးများကို ပြောင်းလဲစေလျက်၊ သက်ရောက်မှုတစ်ခု ရှိမည့် သင်၏ စိတ်နှလုံးထဲသို့ မလွဲမသွေ ဝင်ရောက်လာလိမ့်မည်။ လူတို့သည် ဤလူ့အဖွဲ့အစည်းတွင် အသက်ရှင်နေသရွေ့၊ လူတို့ကြားတွင် အသက်ရှင်နေသရွေ့၊ ၎င်းတို့သည် မိမိတို့ဆန္ဒမပါဘဲ လွှမ်းမိုးခြင်းခံရလိမ့်မည်ဟု တွေးထင်ကြသည်၊ ၎င်းတို့သည် တောင်နက်ကြီးများနှင့် တောနက်ကြီးများထဲတွင် အသက်မရှင်နေလျှင် သို့မဟုတ် အခန်းငယ်လေးတစ်ခန်းထဲတွင် မိမိတို့ကိုယ်ကို ပိတ်လှောင်မထားလျှင်၊ ဤအရာများကို နားမထောင်ခြင်း၊ မကြည့်ရှုခြင်း၊ မစဉ်းစားခြင်းတို့ကို မပြုလုပ်လျှင်၊ ထိုသို့သောအခြေအနေတွင် ၎င်းတို့၏ စိတ်နှလုံးများက ကြည်လင်နေလိမ့်မည် ဖြစ်သည်။ ဤအမြင်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သိသာထင်ရှားစွာပင် မမှန်ကန်ပေ။ သို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်း၍ရနိုင်သနည်း။ သင်သည် သမ္မာတရားကို လိုက်စားရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်ရမည်။ အကယ်၍ သင်သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို ရှင်းလင်းသော နားလည်မှုတစ်ခုရှိပါက ဤအရာများကို သင်ကြုံတွေ့ရသောအခါ ယင်းတို့၏ ငုပ်နေသော အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို သင်သိလိမ့်မည်။ သင်သည် ယင်းတို့ကို အပြုသဘောဆောင်သောအရာများ သို့မဟုတ် အပျက်သဘောဆောင်သော အရာများအဖြစ် လျင်မြန်စွာ ပိုင်းခြားသိမြင်ပြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်လိမ့်မည်ဖြစ်သည့်အပြင်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းအပေါ် အခြေခံ၍ သင်သည် အပြုသဘောဆောင်သော အရာများကို လျင်မြန်စွာ လက်ခံလိမ့်မည်ဖြစ်ပြီး၊ အပျက်သဘောဆောင်သော အရာများကိုမူ ဆန့်ကျင်လိမ့်မည်၊ ငြင်းပယ်လိမ့်မည်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ကာကွယ်ခြင်းခံရလိမ့်မည်ဖြစ်ပြီး ကူကယ်ရာမဲ့သည်ဟု ခံစားရလိမ့်မည်မဟုတ်သည့်အပြင်၊ အလွန် စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းလည်း ဖြစ်ရန်လိုအပ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အခြေခံအဖြစ်ရှိလျက်၊၊ သင်သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ပိုင်းခြားသိမြင်ရန် အခြေခံစွမ်းရည် ရှိလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ အမျိုးမျိုးသော အပြုသဘောဆောင်သည့်အရာများနှင့် အပျက်သဘောဆောင်သည့်အရာများနှင့်ပတ်သက်သည့် သင်၏ အမြင်များနှင့် ထင်မြင်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံလိမ့်မည်ဖြစ်ပြီး ယင်းတို့က အပြုသဘောဆောင်သောအရာများ သို့မဟုတ် အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်ဟူသည်ကို သင် ဆုံးဖြတ်နိုင်လိမ့်မည်။ ထို့ကြောင့် သင်လုပ်ဆောင်သင့်သည့်အရာနှင့်ဆိုင်သည့် ကိစ္စရပ်သည် အလွန်လွယ်ကူသော အရာတစ်ခု ဖြစ်လိမ့်မည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို သင်တို့ နားလည်ကြသလော။ အကယ်၍ ငါတို့သည် ယင်းကို ဤနည်းလမ်းဖြင့် မိတ်သဟာယမဖွဲ့ခဲ့လျှင် သင်တို့ နားလည်နိုင်မည်လော။ (နားလည်နိုင်မည် မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့ နောက်ထပ် နှစ်အနည်းငယ်ကြာ တွေ့ကြုံခံစားပါက အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ပိုင်းခြားနိုင်မည်လော။ ( ကျွန်ုပ်တို့သည် ဤအရာများကို သမ္မာတရားမရှိဘဲ မပိုင်းခြားနိုင်ပါ။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် အပျက်သဘောဆောင်သော အရာများကိုပင် အထင်ကြီးလေးစားပြီး ထောက်ခံအားပေးကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာသော အတွေ့အကြုံရှိရုံမျှဖြင့် ပိုင်းခြားနိုင်လာသည်မျိုး မဟုတ်ပါ။) ဤကိစ္စရပ်များတွင် နက်နဲသောအရာများပါဝင်သလော။ (မပါဝင်ပါ။) ယင်းတို့တွင် နက်နဲသောအရာများ မပါဝင်ပါက၊ လူတို့က အဘယ်ကြောင့် နားမလည်ကြသနည်း။ ဤသည်တို့မှာ ပြင်ပကိစ္စရပ်များဖြစ်သလော။ (ဟုတ်ပါသည်။) အကယ်၍ ပြင်ပကိစ္စရပ်များမျှသာ ဖြစ်ခဲ့ပါက နားလည်ရန် လွယ်ကူသင့်သည်။ သို့သော်၊ အမှန်တွင် ဤကိစ္စရပ်များတွင် သမ္မာတရားအချို့အပြင်၊ အမျိုးမျိုးသော အမှုအရာများအပေါ် လူတို့၏ ရှုထောင့်များ ပါဝင်ပေသည်။ တစ်စုံတစ်ခုသည် အမှုအရာများအပေါ် ရှုထောင့်များနှင့် ပြဿနာများ၏ အနှစ်သာရ၊ သဘောသဘာဝတို့နှင့် သက်ဆိုင်လာသည်နှင့်တစ်ပြိုင်နက် ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်လာသည်။ ယင်းက သမ္မာတရားနှင့် သက်ဆိုင်လာသောအခါ သင်တို့သည် ယင်းကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ စိတ်ရှုပ်ထွေးလာကြသည်။ သို့ဆိုလျှင် ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) မျှော်လင့်ရသည်မှာ သင်တို့သည် ဤမိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက် သင်တို့၏ အာရုံစိုက်မှုကို ကိစ္စရပ်များကိုယ်၌အပေါ် မထားရှိဘဲ သို့မဟုတ် စည်းမျဉ်းများကို လိုက်နာရန် သင်တို့ မသင်ယူဘဲ၊ ထို့ထက် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာပြီး၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများက အဘယ်အရာများဖြစ်သည်ကို ပိုင်းခြားနိုင်လိမ့်မည့်ဖြစ်ကာ၊ သမ္မာတရားနှင့်ပတ်သက်၍ တိုးတက်မှု ရရှိလျက် အမှုအရာများကို ပိုင်းခြားနိုင်စွမ်းလည်း တိုးတက်လာလိမ့်မည်ဖြစ်သည်။ ဤအရာက သင်တို့သည် တစ်စုံတစ်ခုကို ရရှိပြီးဖြစ်သည်ဟု ဆိုလိုပေလိမ့်မည်။ ဘုရားသခင် ဖန်ဆင်းသောအရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသောအရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသောအရာ၏ ဘောင်အတွင်း ကျရောက်သော အရာခပ်သိမ်းဖြစ်သည့် အပြုသဘောဆောင်သော အရာများနှင့် စပ်လျဉ်း၍၊ အစောပိုင်းတွင် အထူးဥပမာနှစ်ခုကို ငါတို့ စာရင်းပြုစုပြီးနောက် သင်တို့အားလုံး ယခု ပိုင်းခြားနိုင်ပြီလော။ သို့မဟုတ် သင်တို့သည် အမျိုးအစားတူ အရာများကိုသာ ပိုင်းခြားနိုင်ပြီး ဤဥပမာနှစ်ခုနှင့် မတူညီသော အရာများကိုမူ ပိုင်းခြားနိုင်ခြင်း မရှိသေးခြင်း ဖြစ်သလော။ (ကျွန်ုပ်သည် အမျိုးအစားတူ အရာများကို အတိုင်းအတာတစ်ခုအထိ ပိုင်းခြားနိုင်ကောင်း ပိုင်းခြားနိုင်မည်ဖြစ်ပြီး အတော်လေး ရိုးရှင်းသော မတူညီသည့် အရာများကိုလည်း ပိုင်းခြားနိုင်မည်ဖြစ်သော်လည်း အလွန်ရှုပ်ထွေးသော အရာများကိုမူ ရှင်းလင်းစွာ ပိုင်းခြားနိုင်ခြင်း မရှိသေးပါ။) ဤသည်မှာ ဖြစ်ရပ်မှန်တစ်ခုဖြစ်သည်၊ မဟုတ်လော။ အကယ်၍ သင်တို့သည် ပိုင်းခြားနိုင်ခြင်း မရှိသေးပါက စည်းမျဉ်းတစ်ခုကို သင်တို့ သဘောပေါက်သင့်သည်။ ပထမဦးစွာ အမှုအရာတစ်ခုခုသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့်အတိုင်း ရှိသင့်သော လုပ်ငန်းဆောင်တာကို ဆန့်ကျင်ခြင်း ရှိမရှိ သို့မဟုတ် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့်အတိုင်း ၎င်းတည်ရှိခြင်း၏ အရေးပါမှုကို ဆန့်ကျင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ ယင်းက ဤကဏ္ဍကို ဆန့်ကျင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ အကယ်၍ ဆန့်ကျင်ပါက ယင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းခြင်းကို မဆန့်ကျင်သော်လည်း ယင်း၏ တည်ရှိမှုပုံစံနှင့် တည်ရှိခြင်း၏ တန်ဖိုးက လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိသည် သို့မဟုတ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိသည်ဟု မဆိုနိုင်လျှင်၊ ယင်းသည် လူတို့၏ ဘဝများတွင် အကျိုးကျေးဇူးအနည်းငယ်ရှိပြီး အန္တရာယ်မရှိဘဲ ရည်ရွယ်ချက်အချို့ကို ဆောင်ရွက်ပေးပြီး အဆင်ပြေမှုတစ်ခုခုကိုသာ ထောက်ပံ့ပေးလျှင်၊ ဆိုလိုသည်မှာ ယင်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်၏ ရှင်သန်မှုပုံစံနှင့် ပုံမှန်အသက်တာကို မလျော့ပါးစေသည့်အပြင် သို့မဟုတ် မနှောင့်ယှက်သည့်အပြင် မည်သည့်ဆိုးကျိုးများကိုမျှ မဆောင်ကြဉ်းပေးလျှင်၊ ပြီးလျှင် ယင်း၏ တည်ရှိမှုက လူသားမျိုးနွယ်အတွက် အဓိပ္ပာယ်ရှိသည်ဟု မှတ်ယူ၍မရနိုင်သည့်အပြင်၊ လူတို့သည် ထိုအရာမရှိဘဲ ကောင်းမွန်စွာ အသက်ရှင်နေနိုင်သေးလျှင်၊ ထိုအရာကို အပြုသဘောဆောင်သောအရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုဟု မှတ်ယူ၍မရနိုင်ပေ။ ယင်းသည် ထိုအမျိုးအစားထဲတွင် အကျုံးမဝင်ပေ။ ယင်းသည် အမှုအရာအမျိုးအစားတစ်ခု သို့မဟုတ် အရာဝတ္ထုတစ်ခုမျှသာဖြစ်သောကြောင့် ငါတို့သည် ယင်းကို အပြုသဘောဆောင်သောအရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာအဖြစ် သတ်မှတ်မည် မဟုတ်ပေ။ ဥပမာအားဖြင့် မြင်းရထားသည် သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းကို မြင်းတစ်ကောင်က ဆွဲသည်၊ မြင်းသည် ဘုရားသခင် ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းခဲ့သော သက်ရှိတစ်ခု ဖြစ်သည်။ မြင်းဆွဲသော ရထားသည် လူလုပ်ဖြစ်ပြီး ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ ၎င်းသည် ဘုရားသခင် ပေးခဲ့သော ရှင်သန်နိုင်စွမ်းဖြင့် လူက ပြုလုပ်ခဲ့သော ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းသည် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်နိုင်ပြီး လူတို့ကို မတူညီသော နေရာများသို့ သယ်ဆောင်နိုင်ကာ လူတို့၏ ဘဝများနှင့် ခရီးသွားလာမှုကို ပို၍ အဆင်ပြေစေသည်။ သို့ဆိုလျှင် လူလုပ်မြင်းရထားသည် အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည် သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်ဟု သင်တို့ ထင်သလော။ မြင်းဆွဲသော ရထားသည် စွမ်းအင်ကို သုံးစွဲသလော။ ၎င်းသည် အိတ်ဇောငွေ့များကို ထုတ်လွှတ်ပြီး လေထုကို ညစ်ညမ်းစေသလော။ (မညစ်ညမ်းစေပါ။) မြင်းရထားသည် လူတို့၏ ဘဝများနှင့် ရှင်သန်မှုအပေါ် မည်သည့်ဆိုးကျိုးသက်ရောက်မှုမျှ မဖြစ်စေသည့်အပြင် လူတို့၏ ဘဝများကို အနည်းငယ် ပို၍ အဆင်ပြေစေသည်။ သို့ရာတွင် ၎င်းမရှိခဲ့ပါက လူတို့သည် ခြေကျင်ဖြင့်လည်း ခရီးသွားနိုင်သည်၊ ယင်းမှာ အနည်းငယ် ပို၍ နှေးကွေးရုံသာ ဖြစ်မည်။ ၎င်းမရှိဘဲ လူတို့ ရှင်သန်နိုင်မည်မဟုတ်သည်မျိုး မဟုတ်ပေ။ ၎င်းသည် မရှိမဖြစ်လိုအပ်သော အရာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ဤအရာသည် အပြုသဘောဆောင်သောအရာတစ်ခုလော သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုလော။ (ကျွန်ုပ်၏ နားလည်မှုမှာ ၎င်းသည် အပျက်သဘောဆောင်သော အရာတစ်ခု မဟုတ်သော်လည်း အပြုသဘောဆောင်သော အရာတစ်ခုလည်း မဟုတ်ပါ။ ၎င်းကို အပြုသဘောဆောင်သောအရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာဟု မဆိုနိုင်ခြင်းသာ ဖြစ်ပါသည်။) ၎င်းသည် လူ၏ လက်မှ ဖြစ်လာပြီး ၎င်းကို အပြုသဘောဆောင်သောအရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာဟု မဆိုနိုင်ပေ။ အကယ်၍ မြင်းရထားတစ်စီးက အပြုသဘောဆောင်သောအရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလောဟူသည်ကို ဆွေးနွေးမည်ဆိုလျှင် ယင်းမှာ အတော်ပင် တစ်စိတ်ကို တစ်အိတ်လုပ်ခြင်း၊ ချစ်တီးခေါင်းသန်းရှာခြင်း ဖြစ်ပေမည်။
အချို့လူများက “သစ်ပင်များကို ဘုရားသခင်က ဖန်ဆင်းပြီး သတ်မှတ်ပြဋ္ဌာန်းထားသည့်အပြင်၊ ၎င်းတို့၏ ရှင်သန်မှု နိယာမများနှင့် တည်ရှိခြင်း ပုံစံများသည် ဘုရားသခင်ထံမှ လာသောကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် သစ်ပင်တစ်ပင်ကို ခုတ်လှဲပြီး သစ်အဖြစ် စီမံပြုပြင်လိုက်လျှင် ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သလော သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်သလော”ဟု ဆိုကြသည်။ သစ်သည် စားပွဲများ၊ ကုလားထိုင်များကဲ့သို့သော ပရိဘောဂအမျိုးမျိုးကို ပြုလုပ်ဖို့ အသုံးပြုခြင်းကဲ့သို့သော လူသားမျိုးနွယ်၏ နေ့စဉ်လိုအပ်ချက်များအတွက် အဆင်ပြေမှုတစ်ခုခုကို ပေးသည့်အပြင် ချက်ပြုတ်ရန်အတွက်လည်း မီးမွှေး၍ရသည်။ ယင်းသည် အပင်တစ်ပင်မှ အရာဝတ္ထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းမှာ အပြုသဘောဆောင်သော အရာတစ်ခုလော သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုလော။ (အပြုသဘောဆောင်သည် သို့မဟုတ် အပျက်သဘောဆောင်သည်ဟု ပြော၍မရပါ။) မှန်သည်၊ ယခု သင်တို့ နားလည်ပေပြီ၊ သင်တို့ သဘောပေါက်သွားပေပြီ။ ဘုရားသခင် ဖန်ဆင်းသည့်အရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာဟူသည့် ဤစည်းမျဉ်း၏ အတိုင်းအတာအတွင်းရှိ အရာများသာလျှင် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဤစည်းမျဉ်းကို ချိုးဖောက်သည့် မည်သည့်အရာမဆိုသည် အပျက်သဘောဆောင်သော အရာ ဖြစ်သည်။ ဤအမျိုးအစားနှစ်ခု၏ ပြင်ပရှိ အမှုအရာများအတွက်မူ ယင်းတို့က အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိဟူသည်ကို သင် ဆွေးနွေးမည်ဆိုလျှင် ယင်းမှာ အခြေခံအားဖြင့် သင်သည် ချစ်တီးခေါင်းသန်းရှာခြင်း၊ တစ်စိတ်ကို တစ်အိတ်လုပ်ခြင်းဖြစ်ပြီး သင်၏ သင့်လျော်သောအလုပ်ကို အာရုံစိုက် မလုပ်ဆောင်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများက “လူလုပ် ခန်းဆီးများသည် အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော”ဟု မေးကြသည်။ အချို့လူများက “ယင်းမှာ အထည်၏ ရင်းမြစ်အပေါ် မူတည်သည်။ အကယ်၍ ခန်းဆီးများကို စီမံပြုပြင်ထားသော ဝါဂွမ်းအကြမ်းထည်မှ ပြုလုပ်ထားပြီး ဆိုးဆေးဆိုးခြင်း သို့မဟုတ် ချွတ်ခြင်းမရှိဘဲ ဓာတုပစ္စည်းများလည်း မထည့်ထားပါက ယင်းတို့သည် အပြုသဘောဆောင်သော အရာ ဖြစ်သည်။ အကယ်၍ ယင်းတို့ကို ဆိုးဆေးဆိုးခြင်း၊ ချွတ်ခြင်းနှင့် ပုံနှိပ်ခြင်းတို့ ပြုလုပ်ထားပါက သို့မဟုတ် ဓာတုပစ္စည်းအချို့ ထည့်ထားပါက ယင်းတို့သည် အပျက်သဘောဆောင်သော အရာ ဖြစ်သည်။ အပျက်သဘောဆောင်သော အရာများသည် ငါတို့ ဖယ်ရှားပြီး စွန့်ပစ်သင့်သည့်အရာဖြစ်သောကြောင့် ယင်းတို့ကို ငါတို့ အသုံးပြု၍မရပေ။ ဤနည်းလမ်းဖြင့်သာ ငါတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို ချစ်သောလူများ ဖြစ်ကြပေမည်။ ထို့ကြောင့် ငါတို့သည် ဝါဂွမ်းထည် မဟုတ်သည့် အရာအားလုံးကို ပြစ်တင်ရှုတ်ချပြီး သဘာဝရင်းမြစ်မှ မလာသည့် အရာအားလုံးကိုလည်း ပြစ်တင်ရှုတ်ချသည်”ဟု ဆိုကြသည်။ သဘာဝရင်းမြစ်မှ လာသော အရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဝါဂွမ်း၊ ပိုးထည်နှင့် ပိတ်ချောတို့ ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်များ၏ အမြင်အရ ဤအရာအနည်းငယ်မှလွဲ၍ လူတို့ ဝတ်ဆင်နိုင်သည့် အခြားမည်သည့်အရာမျှ မရှိပေ။ အကယ်၍ သင်သည် စည်းမျဉ်းများကို ချိုးဖောက်ခြင်းအား ရှောင်ရှားလိုပြီး အပြုသဘောဆောင်သော အရာများကို ချစ်ခင်ကာ အပျက်သဘောဆောင်သော အရာများကို ငြင်းပယ်နိုင်ခြင်းအား စွမ်းဆောင်ရရှိလိုပါက ဤအရာများကို သင် ဝတ်ဆင်ရမည်ဖြစ်သည်။ အကြောင်းမှာ ဤအရာများသာလျှင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ၎င်းတို့၏ မူလပုံစံများဖြင့် ရှိကြသောကြောင့် ဖြစ်သည်။ ဤအမြင်သည် မှန်ကန်သလော။ (မမှန်ပါ။) အချို့လူများက “ဤအမြင်အရဆိုလျှင် သိပ္ပံနည်းကျ စီမံပြုပြင်ထားသော အထည်အလိပ်များကို ဝတ်ဆင်သည့် မည်သူမဆိုသည် အပြုသဘောဆောင်သော အရာများကို ချစ်သောသူ မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူ မဟုတ်ဘဲ ပိုင်းခြားသိမြင်မှုမရှိသည့်အပြင်၊ စည်းမျဉ်းများမရှိသောသူ၊ အလွန် ပုန်ကန်တတ်ပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာသောသူဖြစ်ကာ ထိုသို့သောလူသည် ကိစ္စပြတ်လေပြီတကား”ဟု ဆိုကြလိမ့်မည်။ ဤပြောဆိုချက်သည် သင့်လျော်သလော။ (မသင့်လျော်ပါ၊ ယင်းမှာ တစ်စိတ်ကို တစ်အိတ်လုပ်ခြင်း ဖြစ်ပါသည်။) ထိုသို့သော လူတို့သည် ၎င်းတို့၏ စကားများတွင် မသမာသော ရည်ရွယ်ချက်များ ရှိကြပြီး အမှုအရာများကို အလွန်အကျွံပြောလျက် အခြားသူများကိုပင် ပြစ်တင်ရှုတ်ချနိုင်ကြပေသည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ (စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသူများ ဖြစ်ပါသည်။) ၎င်းတို့သည် အဓိပ္ပာယ်မဲ့သော လူများ၊ အဓိပ္ပာယ်မဲ့သော အမျိုးအစားများ ဖြစ်ကြသည်။ ဤမိစ္ဆာအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသောအယူများကို ဖော်ပြရာတွင် ၎င်းတို့သည် တစ်စိတ်ကို တစ်အိတ်လုပ်ကြပြီး လက်ရှိအကြောင်းအရာများကို အသုံးပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ထုတ်ဖော်ပြောဆိုကြသည်။ ၎င်းတို့၏ စိတ်များသည် ဤမိစ္ဆာအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသောအရာများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ထိုအရာများကို အဆုံးမရှိ ပြောဆိုနိုင်သော်လည်း သမ္မာတရားနှင့် ဆက်စပ်သောအရာ တစ်စုံတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် သင်က ၎င်းတို့ကို တောင်းဆိုသောအခါ ၎င်းတို့တွင် ပြောစရာမည်သည့်အရာမျှ မရှိပေ။ အပြုသဘောဆောင်သော အရာများဟူသည် အဘယ်အရာဖြစ်သည်ကို မိတ်သဟာယဖွဲ့ရန် သင်က ၎င်းတို့ကို တောင်းဆိုသောအခါ ၎င်းတို့သည် ဤမိစ္ဆာအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသောအရာများကို ပြောဆိုကြသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ အမှုအရာများစွာသည် ဘုရားသခင် ဖန်ဆင်းသောအရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသောအရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသော အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိပေ။ တိတိကျကျ ပြောရလျှင် ယင်းတို့သည် ဘုရားသခင် ဖန်ဆင်းသည့်အရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာဟူသော စည်းမျဉ်းကို မချိုးဖောက်သည့်အပြင် ယင်းတို့၏ တည်ရှိခြင်း ပုံစံများသည် လူသားမျိုးနွယ်၏ အသက်မွေးဝမ်းကျောင်းမှုနှင့် ရှင်သန်မှုအပေါ် ဆိုးရွားသော သက်ရောက်မှုများ သို့မဟုတ် ထိခိုက်မှု တစ်ခုတလေကိုမျှ မဖြစ်စေပေ။ ထို့ကြောင့် သင်စကားပြောသောအခါ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပြီး တစ်စိတ်ကို တစ်အိတ်မလုပ်ဘဲ သို့မဟုတ် သဘောရှိ ပြစ်တင်ရှုတ်ချခြင်းများ မပြုလုပ်ဘဲ နေခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းသည့်အရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာဟူသော နယ်ပယ်အတွင်းရှိ အမှုအရာများကို ငါတို့မိတ်သဟာယဖွဲ့ထိုက်ပြီး ငါတို့ လက်ခံထိုက်သည်၊၊ နားလည်ထိုက်သည်၊ လိုက်နာစောင့်ထိန်းထိုက်သည်၊ တန်ဖိုးထားပြီး ကာကွယ်ထိုက်ပေသည်။ ဤအရာများမှလွဲ၍ ဤနယ်ပယ်အတွင်း မကျရောက်သော အမှုအရာများအတွက်မူ တစ်စိတ်ကို တစ်အိတ်မလုပ်ဘဲ ယင်းတို့ကို မိတ်သဟာယဖွဲ့ရန် အဓိကကျသော ကိစ္စရပ်များအဖြစ် သဘောမထားခြင်း၊ ယင်းတို့အကြောင်းကို ကြီးမားသော စိတ်အားထက်သန်မှုဖြင့် မိတ်သဟာယမဖွဲ့ခြင်း၊ စည်းဝေးပွဲအများအပြားတွင် ၎င်းတို့အကြောင်းကို အလွန်အလေးအနက်ထား၍ပင် မိတ်သဟာယမဖွဲ့ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဤသို့ မလုပ်ဆောင်သင့်ပေ။ မကြာခဏဆိုသလို အဓိပ္ပာယ်မဲ့သော လူများ၊ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော လူများ၊ ဆိုးယုတ်သော လူများ၊ အန္တိခရစ်များနှင့် နတ်ဆိုးများသည် ကြွားဝါရန်၊ ၎င်းတို့ မည်မျှ လိမ္မာပါးနပ်သည်ကို လူတို့အား မြင်တွေ့စေရန် ဤအရာများကို လုပ်ဆောင်လိုကြသည်။ ပိုင်းခြားသိမြင်မှုမရှိသော လူတို့သည် ဤအရာက သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နေခြင်းဖြစ်သည်ဟု ထင်ကြပြီး မည်သည့်တည်ဆောက်မှုကိုမျှ မရရှိသော်လည်း သည်းခံပြီး နားထောင်ရန် အနိုင်အထက် သွေးဆောင်ခြင်း ခံစားရကြသည်။ အမှန်တွင်၊ ထိုလူတို့၏ စကားများသည် မိစ္ဆာအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသောအရာများသာဖြစ်ပြီး ငါပြောနေသော အပြုသဘောဆောင်သည့် အရာများဟူသော အကြောင်းအရာနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ထို့ကြောင့် အကယ်၍ ဤလူစားမျိုးက အပြုသဘောဆောင်သော အရာများနှင့် ဆက်စပ်မှုမရှိသည့် ဤအကြောင်းအရာများနှင့် အကြောင်းပြချက်များအား ထုတ်ပြောကြသည်ကို သင်ကြားပါက သင်သည် နားမထောင်ဘဲ နေ၍ရသည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်မှုရှိပါက ၎င်းတို့ကို သင်ချေပနိုင်ပြီး တားဆီးနိုင်သည်။ ၎င်းတို့ကို မည်သို့ သင် တားဆီးမည်နည်း။ သင်က “ကောင်းပြီ၊ တိတ်တိတ်နေပါ။ သင်ပြောနေသည့်အရာများသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည့်အပြင်၊ အပြုသဘောဆောင်သော အရာများနှင့်လည်း ဆက်စပ်မှုမရှိပါ။ သင်ပြောနေသည့်အရာမှာ နတ်ဆိုးဆန်သော စကားများဖြစ်ပြီး မည်သူမျှ မကြားချင်ပါ။ ဤနေရာတွင် လူတိုင်းကို မနှောင့်ယှက်နှင့်၊ လူတိုင်း တာဝန်ထမ်းဆောင်နေသည်ကိုလည်း ဝင်မစွက်ဖက်နှင့်”ဟု ဆိုလော့။ အကယ်၍ ၎င်းတို့၏ စကားများတွင် မသမာသော ရည်ရွယ်ချက်များ ရှိပြီး ၎င်းတို့က သဘောရှိ ပြစ်တင်ရှုတ်ချခြင်းများ ပြုလုပ်ကာ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု မရှိပါက သင်တို့သည် ထရပ်ပြီး ၎င်းတို့အား နှောင့်ယှက်ခြင်းမှ တားဆီးရင်း၊ လူတိုင်းကို ပိုင်းခြားသိမြင်မှု ရရှိစေရန် ၎င်းတို့အား ဖော်ထုတ်သင့်သည်။ နားထောင်ပြီးနောက်တွင် ၎င်းတို့၏ စကားများက မိစ္ဆာအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသောအရာများသာဖြစ်ကာ သမ္မာတရားနှင့် မည်သည့် ဆက်စပ်မှုမျှမရှိကြောင်း၊ ၎င်းတို့သည် အပြစ်မရှိအပြစ်ရှာခြင်း၊ ချစ်တီးခေါင်း သန်းရှာခြင်း၊ လူတို့ကို အထင်အမြင်မှားစေခြင်း၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ရေရွတ်ခြင်းတို့ဖြစ်ကြောင်း၊ ယင်းတို့တွင် မသမာသော ရည်ရွယ်ချက်များရှိပြီး ပြဿနာဖြစ်စေလိုကာ ထိုသို့ဖြင့် ၎င်းတို့ကို ကန့်သတ်ပြီး နှုတ်ဆိတ်စေသင့်ကြောင်း နားလည်သွားကြလိမ့်မည်။ ထိုအချိန်တွင် ရှိနေသော လူအများစုသည် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများအပေါ် ပိုင်းခြားသိမြင်မှုမရှိသော၊ ထိုသူတို့က မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေကာ လူတို့အား အထင်အမြင်မှားစေနေသည်ကို မခွဲခြားနိုင်သော နားဝေတိမ်တောင်ဖြစ်သည့် လူများဖြစ်သည်ဟု ဆိုကြပါစို့။ ဤနားဝေတိမ်တောင်ဖြစ်သည့် ပုဂ္ဂိုလ်များနှင့် ထိုဆိုးယုတ်သော လူများ၊ နတ်ဆိုးများ အတူတကွ စုဝေးကြသောအခါ ၎င်းတို့အားလုံးသည် ဤပုပ်ထဲမှဤပဲဖြစ်သည့်အလား အဆင်ပြေနေကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားကို လက်မခံသည်သာမက ဟိတ်ဟန်ကြီးသော စကားလုံးများနှင့် အဆင့်မြင့်ပုံရသော်လည်း အနှစ်သာရမရှိသော စကားများဖြင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆအချို့ကိုလည်း ဖြန့်ဝေကြသည်။ ထိုသို့သောအခြေအနေတွင် သင်သည် မည်သည့်အမြင်ကိုမျှ ဖော်ပြရန်မလိုအပ်ဘဲ ထရပ်ကာ တိတ်တဆိတ် ထွက်သွားနိုင်သည်။ နတ်ဆိုးများက ကြွားဝါပြီး ပြစားကြပါစေ။ သင်၏ စိတ်ကို မနှောင့်ယှက်မိစေရန်နှင့် သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်စေရန် ၎င်းတို့နှင့် အငြင်းမပွားနှင့်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နတ်ဆိုးသည် အစဉ်အမြဲ နတ်ဆိုးသာဖြစ်သောကြောင့်ဖြစ်သည်၊ တိရစ္ဆာန်သည် အစဉ်အမြဲ တိရစ္ဆာန်သာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန်ကို မခွဲခြားနိုင်ကြသည့်အပြင်၊ မှန်သည့်အရာနှင့် မမှန်သည့်အရာကို မသိကြပေ။ သင်သည် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် မဖြစ်နိုင်ပေ။ နတ်ဆိုးများသည် စကားလုံးများနှင့် အယူဝါဒများကို အစဉ်အမြဲ ပြောဆိုလိမ့်မည်၊ ဆောင်ပုဒ်များကို ဟစ်ကြွေးမည်၊ အဆင့်မြင့်ပုံရသော်လည်း အနှစ်သာရမရှိသော စကားများကို ရေရွတ်မည်ဖြစ်စဉ်တွင် တိရစ္ဆာန်ဘဝမှ ဝင်စားလာသူများဖြစ်သည့် ဝိညာဉ်မရှိသော လူများမှာမူ မည်သည့် ပိုင်းခြားသိမြင်မှုမျှ လုံးဝမရှိကြပေ။ စာတန်များနှင့် နတ်ဆိုးများ၏ နှောင့်ယှက်မှုရှိသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့သည် နောက်လိုက်ကာ ကမောက်ကမ အခြေအနေတွင်ပါဝင်ပတ်သက်ကြလိမ့်မည်။ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သွန်သင်ပါက၊ ၎င်းတို့သည် သင်ယူနိုင်ခြင်း မရှိပေ။ သမ္မာတရားကို နားလည်သောသူများသာလျှင် လိမ္မာပါးနပ်မှုနှင့် ဉာဏ်ပညာကို ပိုင်ဆိုင်ကြပြီး ဒုက္ခပြဿနာကို မြင်သည့်အခါ ပုန်းရှောင်ကြလိမ့်မည်။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်က နှောင့်ယှက်မှုဖြစ်စေသည်ကို မြင်သောအခါ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး မကောင်းမှုမှ ဝေးဝေးနေရန် သိရှိလျက် ကမောက်ကမအခြေအနေတွင် ပါဝင်ပတ်သက်ကြလိမ့်မည် မဟုတ်ပေ။ နတ်ဆိုးများက ပြစားကြသည့် မည်သည့်နေရာမဆို၊ တိရစ္ဆာန်များ စုဝေးသည့် မည်သည့်နေရာမဆို ထိုနေရာသည် ညှီနံ့ထွက်ပြီး ကမောက်ကမဖြစ်နေလိမ့်မည်။ ၎င်းတို့သည် ဤပုပ်ထဲမှဤပဲသာဖြစ်ကြပြီး အတူတကွ စုရုံးခြင်းကို နှစ်သက်ကြသည်။ မည်သူက အဓိပ္ပာယ်မဲ့ပြီး ယုတ်မာသော စကားအချို့ကို ပြောသည်ဖြစ်စေ ၎င်းတို့သည် နားထောင်ရန် နှစ်သက်ကြပြီး ကြီးစွာသော နှစ်သက်မှုဖြင့်ပင် သံယောင်လိုက်ကြသည်။ ဤသည်မှာ နတ်ဆိုးများ၏ စုဝေးခြင်း မဟုတ်လော။ အကယ်၍ သင်သည် လိမ္မာပါးနပ်သော လူတစ်ဦးဖြစ်ပါက ထိုသို့သောအခြေအနေကို မြင်သောအခါ လျင်မြန်စွာ ရှောင်ရှားသင့်ပြီး ၎င်းတို့နှင့် ရောနှောခြင်း မပြုသင့်ပေ။ အဘယ်ကြောင့် သင်သည် ၎င်းတို့နှင့် မရောနှောသင့်သနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့နှင့် အငြင်းမပွားသင့်သနည်း။ အကြောင်းမှာ သင်သည် သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ လက်ခံကြမည်မဟုတ်သောကြောင့် ဖြစ်သည်။ သင်စကားမည်မျှ ပြောသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်လိမ့်မည်။ စာတန်၊ နတ်ဆိုးများနှင့်ဆိုင်သောသူတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည်လည်း သမ္မာတရားကို နားမလည်နိုင်သောကြောင့် သင်မည်မျှ ပြောသည်ဖြစ်စေ အသုံးမဝင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ကြသလော။ သမ္မာတရားကို ၎င်းတို့ ရှာဖူးကြသလော။ ၎င်းတို့သည် ငါပြောသော စကားများကိုပင် လက်မခံကြပေ၊ သို့ဆိုလျှင် သင် စိတ်ကူးရသည့် စကားအနည်းငယ်က ၎င်းတို့ကို ချေပနိုင်မည်လော။ ၎င်းတို့၏ စိတ်ကို ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင်၏ စကားများကို လက်ခံနိုင်ကြသလော။ ထို့ကြောင့် မိုက်မဲသောအရာများကို မလုပ်ဆောင်နှင့်။ တိတ်တဆိတ် ထွက်သွားခြင်းသည် အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်သည်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ကို “အဘယ်ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သနည်း။ အဘယ်ကြောင့် သင်သည် အစဉ်အမြဲ လိမ်လည်ပြီး လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်နေရသနည်း”ဟု မေးခွန်းထုတ်ပါက နတ်ဆိုးသည် သင့်ကို မျက်နှာပြောင်တိုက်၍ ချေပလိမ့်မည်။ ၎င်းတို့သည် အငြင်းအခုံပြုကာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုဖြင့် ခုခံချေပကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လိမ်လည်ကာ လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်နေကြောင်းကို လုံးဝ ဝန်ခံကြလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် တိရစ္ဆာန်များမှ လူဝင်စားသောသူများအား အဘယ်ကြောင့် ၎င်းတို့က စည်းမျဉ်းစည်းကမ်းများကို အစဉ်အမြဲ လိုက်နာစောင့်ထိန်းရသနည်းဟု မေးပါက ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလျက် မိမိတို့ကိုယ်ကို ကာကွယ်ရန် မူမမှန်သော ကျိုးကြောင်းဆင်ခြင်မှုကိုလည်း အသုံးပြုလိမ့်မည်။ သင်သည် ဤသို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ နတ်ဆိုးများနှင့် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် သမ္မာတရားကို လုံးဝ လက်မခံကြောင်းကို ရှင်းလင်းစွာ မြင်နိုင်သင့်သည်။ ထို့ကြောင့် သင်သည် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရပ်တန့်ပြီး မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းကို ရပ်လိုက်သင့်သည်။ သင်သည် စကားမည်မျှ ပြောသည်ဖြစ်စေ သို့မဟုတ် အမှုအရာမည်မျှ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ သဘာဝ အနှစ်သာရကို သင်မပြောင်းလဲနိုင်သောကြောင့် မည်သည့်စကားပမာဏ ပြောဆိုခြင်းကမျှ အထောက်အကူပြုမည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို လက်ခံနိုင်သောသူတို့အား သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သင့်သည်။ ထိုသို့သော လူများသာလျှင် သမ္မာတရားကို အလွယ်တကူ လက်ခံကြသည်၊ ၎င်းတို့နှင့်သာလျှင် သင်သည် ပုံမှန် စကားစမြည်ပြောဆိုခြင်း ရှိနိုင်သည်။ နတ်ဆိုးများနှင့် တိရစ္ဆာန်များမှ လူဝင်စားသော လူများအတွက်မူ သင် သမ္မာတရား မည်မျှ မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် အလုပ်မည်မျှ လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သင်သည် ၎င်းတို့ကို စကားမပြောနိုင်သည့်အဆင့်အထိ ချေပနိုင်ကောင်း ချေပနိုင်ပြီး ၎င်းတို့က သင်ပြောခဲ့သည့်အရာ မှန်ကန်သည်ဟု ခံစားရကောင်း ခံစားရနိုင်သော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် စိတ်နှလုံးပြောင်းသွားလိမ့်မည်ဖြစ်ကာ သင့်ကို ချေပရန်နှင့် သင့်ကို ရှက်ရွံ့စေရန် စကားအချို့ကိုပင် ပြင်ဆင်ထားလိမ့်မည်။ သင်တို့ မြင်သည် မဟုတ်လော၊ နတ်ဆိုးဖြစ်သူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ကြပါ။) လုံးဝ လက်မခံနိုင်ပေ။ နတ်ဆိုးဖြစ်သူများနှင့် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် အချိန်အခိုက်အတန့်တစ်ခုတွင် လက်ခံလျှင်ပင် ယင်းမှာ ပါးစပ်ပြောမျှသာဖြစ်ပြီး နောက်ပိုင်းတွင် မိမိတို့ပြောခဲ့သောစကားကို ပြန်ဖျက်ကြလိမ့်မည်။ သို့ဆိုလျှင် သင်သည် ၎င်းတို့အား သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် ရလဒ်များ တစ်ခုတလေကို စွမ်းဆောင်ရရှိနိုင်သလော။ သင်သည် ၎င်းတို့အား အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိလာစေရန်နှင့် ၎င်းတို့ သမ္မာတရားကို နားမလည်ကြောင်း၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်သင့်ကြောင်း သိရှိလာစေရန် ပြောင်းလဲလိုသည်၊ ဤစိတ်ကူးနှင့် ဤရည်ရွယ်ချက်ကိုယ်၌က မှားယွင်းနေပေသည်။ သင်၌ ယင်းကို မည်သည့်အခါမျှ မရှိသင့်ပေ။ ယခု သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။)
အပြုသဘောဆောင်သော အရာများနှင့်ဆိုင်သည့် အကြောင်းအရာသို့ ငါတို့ ပြန်သွားကြစို့။ အပြုသဘောဆောင်သော အရာများ၏ နယ်ပယ်ကို ဘုရားသခင် ဖန်ဆင်းသည့်အရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာဟူသော အမျိုးအစားအတွင်း၌ ရှိခြင်းအဖြစ် သတ်မှတ်ထားသည်။ ငါတို့သည် မည်သည့်အရာကို ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ “ဤအရာကို ဘုရားသခင် ဖန်ဆင်းခဲ့သလော။ ဤအရာသည် ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် မည်သို့ ဆက်စပ်သနည်း”ဟု ငါတို့ စဉ်းစားသင့်သည်။ အကယ်၍ ၎င်းကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းမဟုတ်သည့်အပြင်၊ ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါက၊ ငါတို့သည် ၎င်းကို သတိဖြင့် သဘောထားသင့်သည်။ အကယ်၍ ငါတို့သည် လောက၏ ခေတ်ရေစီးကြောင်းများကို လိုက်နေဆဲဖြစ်ပြီး ထိုအရာအပေါ် ချီးမွမ်းထောမနာပြုနေဆဲဖြစ်လျှင်၊ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ခုသည် ဘုရားသခင် ဖန်ဆင်းသည့်အရာ၊ ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာ၏ နယ်ပယ်အတွင်းတွင် မရှိပါက ယင်းကို အပြုသဘောဆောင်သော အရာ သို့မဟုတ် အပျက်သဘောဆောင်သော အရာဟု ခေါ်ဆို၍မရနိုင်ပေ၊ ထို့ကြောင့် ထိုအရာကို ဆွေးနွေးခြင်းက အဓိပ္ပာယ်မရှိပေ။ အကယ်၍ သင်သည် ထိုအရာကို ဆွေးနွေးလျှင် သင်သည် ယင်းကို အပြုသဘောဆောင်သော အရာအဖြစ် လက်ခံလိုသောကြောင့် ဖြစ်သလော။ သို့မဟုတ် သင်သည် ယင်းကို အပျက်သဘောဆောင်သော အရာအဖြစ် သတ်မှတ်ပြီး ငြင်းပယ်လိုသောကြောင့်ဖြစ်သလော။ ယင်းကို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းသည် သင်၏ အသက်တာနှင့် သင်၏ ကျင့်ကြံပြုမူခြင်းအတွက် အဘယ်အကျိုးကျေးဇူး ရှိသနည်း။ ယင်းသည် သင်၏ သမ္မာတရား လက်ခံခြင်းအတွက် အကျိုးရှိသလော။ အကျိုးကျေးဇူးမရှိပါက ယင်းကို မိတ်သဟာယဖွဲ့ရန်နှင့် ဆွေးနွေးရန် အကြောင်းအရာတစ်ခုအဖြစ် သဘောထားခြင်းက အဓိပ္ပာယ်မရှိပေ။ ယင်းမှာ မိုက်မဲခြင်းနှင့် မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းသာ ဖြစ်ပေမည်၊ မှန်သလော။ (မှန်ပါသည်။) ဥပမာအားဖြင့် ငါတို့ ယခုတင် ပြောခဲ့သော မြင်းဆွဲလှည်းများ၊ အထည်အလိပ်များ၊ ကုတင်များနှင့် ကုလားထိုင်များကို သင်သည် အစဉ်အမြဲ တစ်စိတ်ကို တစ်အိတ်လုပ်လျက် “ဤသည်မှာ အပြုသဘောဆောင်သော အရာဖြစ်သလော သို့မဟုတ် အပျက်သဘောဆောင်သော အရာဖြစ်သလော။ ငါတို့သည် ယင်းကို လက်ခံသင့်သလော သို့မဟုတ် ငြင်းပယ်သင့်သလော။ ငါတို့သည် ယင်းကို တန်ဖိုးထားသင့်သလော သို့မဟုတ် စက်ဆုပ်ရွံရှာသင့်သလော။ ၎င်းကို သဘောထားရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်နည်း”ဟု ဆွေးနွေးလိုပါက ဤသည်မှာ လွဲချော်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လွဲချော်နေတတ်သည့် လူတို့သည် အဓိကအချက်များကို သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့သည် ပုံစံများ၊ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို အစဉ်အမြဲ အားထုတ်ကြပြီး သမ္မာတရားအား မည်သို့ အားထုတ်ရမည်ကို လုံးဝ နားမလည်ကြပေ။ အမှုအရာများစွာသည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာများဟူသော ကိစ္စနှင့် မသက်ဆိုင်သည့်အတွက်၊ ထိုအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် မလိုအပ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် အပြုသဘောဆောင်သော အရာများလည်း မဟုတ်သည့်အပြင်၊ အပျက်သဘောဆောင်သော အရာများလည်း မဟုတ်ဘဲ၊ သင်၏ အသက် ဝင်ရောက်မှုနှင့် သင်လျှောက်လှမ်းသော ဘဝလမ်းကြောင်းအပေါ် သက်ရောက်မှုများစွာ မရှိသောကြောင့်ဖြစ်ပြီး ထို့ကြောင့် သင်သည် ယင်းတို့အကြောင်းကို စူးစမ်းလေ့လာရန် မလိုအပ်ပေ။ သင်တတ်နိုင်လျှင် ယင်းတို့ကို အသုံးပြုလော့၊ အသုံးမပြုလျှင်လည်း အဆင်ပြေသည်။ အကယ်၍ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေသော ဓာတုဗေဒအခြေပြု ထုတ်ကုန်အချို့ရှိပြီး ၎င်းတို့၏ အနံ့ သို့မဟုတ် ဓာတုပါဝင်ပစ္စည်းများသည် လူတို့၏ ခန္ဓာကိုယ်ကို ထိခိုက်မှုတစ်ခုခု ဖြစ်စေမည်ဆိုလျှင် သင်သည် ၎င်းတို့နှင့် ဝေးဝေးနေရန် နည်းလမ်းရှာသင့်ပြီး ထိုသို့သော နေ့စဉ်သုံးပစ္စည်းများကို တတ်နိုင်သမျှ အနည်းငယ်သာ အသုံးပြုသင့်ပေ သို့မဟုတ် လုံးဝ အသုံးမပြုသင့်ပေ။ ဤနည်းလမ်းဖြင့် သင်သည် ၎င်းတို့ ဖြစ်စေသော ထိခိုက်မှုကို ဖယ်ရှားနိုင်သည် သို့မဟုတ် လျော့နည်းစေနိုင်သည်။ ဤထိခိုက်မှုများကို လုံးဝ ရှောင်ရှားရန်မှာ ဖြစ်နိုင်မည် မဟုတ်သော်လည်း၊ ၎င်းတို့သည် လောလောဆယ်တွင် သင်တို့၏ ဘဝများကို မထိခိုက်သရွေ့၊ ရေတိုတွင် သင်တို့ကို နာမကျန်းမဖြစ်စေသည့်အပြင်၊ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်ခြင်း သို့မဟုတ် သင်တို့၏ တာဝန်ထမ်းဆောင်မှုနှင့် သမ္မာတရား လိုက်စားခြင်းတို့ကို မထိခိုက်သရွေ့ ယင်းမှာ လုံလောက်ပေသည်။ အကြောင်းမှာ လက်တွေ့ပတ်ဝန်းကျင်က ထိုသို့သာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤစည်းမျဉ်းသည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)
ငါတို့သည် “ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ”နှင့်ဆိုင်သည့် ကဏ္ဍနှင့်ပတ်သက်၍ အနည်းငယ် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် “ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာ” နှင့်စပ်လျဉ်းသည့် သမ္မာတရားကိုလည်း ငါတို့ မိတ်သဟာယဖွဲ့သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) “ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာ” နှင့် “ဘုရားသခင် ဖန်ဆင်းသည့်အရာနှင့် ဘုရားသခင် သတ်မှတ်ပြဋ္ဌာန်းသည့်အရာ” တို့အကြားတွင် သိမ်မွေ့သော ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) ဘုရားသခင်၏ အချုပ်အခြာအာဏာတွင် အဘယ်အရာ ပါဝင်သနည်း။ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာပိုင်သည်ဟု မကြာခဏ ပြောဆိုကြသည်။ လူတို့တွင် မည်သည့် ကံကြမ္မာမျိုး ရှိသည်ဖြစ်စေ ကံကြမ္မာဟူသော ကိစ္စကိုယ်၌က အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) လူတစ်ဦး၏ ကံကြမ္မာသည် မည်သည့်အရာပင်ဖြစ်စေ၊ အပြင်ပန်းတွင် ကောင်းသည့်ပုံပေါ်သည်ဖြစ်စေ ဆိုးသည့်ပုံပေါ်သည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်ထံမှ လာသရွေ့၊ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားသရွေ့ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသရွေ့ အပြုသဘောဆောင်သော အရာ ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ ကံကြမ္မာများသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ဟု မည်သို့ ဆုံးဖြတ်၍ရနိုင်သနည်း။ လူတို့တွင် ကံကြမ္မာမျိုးစုံ ရှိကြသည်။ အပြင်ပန်းအားဖြင့် အချို့သည် ကောင်းချီးမင်္ဂလာရှိသော ဘဝများတွင် နေထိုင်ပုံရကြစဉ်တွင် အချို့မှာမူ ဆင်းရဲဒုက္ခခံစားကြရသည်။ အချို့လူများသည် ၎င်းတို့၏ ဘဝများတစ်လျှောက်လုံး ကြီးပွားချမ်းသာကြစဉ်တွင်၊ အချို့အတွက်မူ အမှုအရာများက အဆင်ပြေချောမွေ့ခြင်း လုံးဝမရှိပေ။ အချို့လူများသည် ကြွယ်ဝခြင်းဖြင့် နေထိုင်ကြစဉ်တွင် အချို့မှာမူ အလွန်အမင်း ဆင်းရဲကြသည်၊ အချို့လူများတွင် ပျော်ရွှင်ချမ်းမြေ့သော မိသားစုများ ရှိကြစဉ်တွင် အချို့မှာမူ မပျော်ရွှင်သော အိမ်ထောင်ရေးများနှင့် သားသမီးဝတ်မကျေသော သားသမီးများ ရှိကြသည်။ အချို့လူများသည် ၎င်းတို့၏ တစ်ဘဝလုံး တစ်ကိုယ်တည်း နေထိုင်ကြစဉ်တွင်၊ အချို့မှာမူ ၎င်းတို့၏ သားသမီး၊ မြေးမြစ်များ ဝန်းရံခြင်းကို မွေ့လျော်ခံစားကြသည်။ အချို့လူများသည် ၎င်းတို့၏ ဘဝများတစ်လျှောက်လုံး ကြီးစွာသော ပူဆွေးသောကဖြင့် အသက်ရှင်လျက် နာမကျန်းမှုနှင့် ဝေဒနာတို့ဖြင့် ဖီစီးခံရစဉ်တွင်၊ အချို့မှာမူ သန်မာကျန်းမာပြီး သက်သောင့်သက်သာရှိကာ လွတ်လပ်သော ဘဝတွင် နေထိုင်ကြကာ နောက်ဆုံးတွင် အသက်အရွယ်ကြီးရင့်ချိန်၌ ငြိမ်းချမ်းစွာ သေဆုံးကြသည်။ ဤသည်တို့မှာ မတူကွဲပြားသော လူစားမျိုးတို့၏ ကံကြမ္မာများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသလော။ (ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပါသည်။) လူတို့၏ အယူအဆများထဲတွင် ၎င်းတို့က “ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသောကြောင့် လူတို့၏ ကံကြမ္မာများသည် အားလုံး ကောင်းမွန်သင့်သည်။ အဘယ်ကြောင့် မကောင်းသော ကံကြမ္မာများစွာ ရှိနေရသနည်း”ဟု တွေးကြသည်။ ပို၍ပင် နားလည်ရခက်သော အဖြစ်မှန်တစ်ခု ရှိသေးသည်၊ ယင်းမှာ လူအများစု၏ ကံကြမ္မာများသည် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း မဟုတ်ခြင်း ဖြစ်သည်။ ကြည့်လော့၊ ၎င်းတို့၏ ဘဝတစ်ခုလုံး မည်သည့်ဆင်းရဲဒုက္ခကိုမျှ မခံစားရဘဲ ချမ်းသာမှုနှင့် အဆင့်အတန်းရှိခြင်းအဖြစ်သို့ မွေးဖွားလာကာ အဘက်ဘက်မှ ချစ်ခင်မြတ်နိုးခြင်းခံရသောသူ မည်မျှ ရှိသနည်း။ ထိုသို့သော လူ မည်မျှ ရှိသနည်း။ မြင့်မြတ်သော မိသားစုများတွင် မွေးဖွားလာသူများသာလျှင် ထိုသို့သော ကံကြမ္မာမျိုး ရှိကြသည်။ အခြားလူအများစုမှာမူ ၎င်းတို့၏ ဘဝများတစ်လျှောက် ဆင်းရဲဒုက္ခခံစားကြရပြီး ရေတွက်မကုန်နိုင်သော အခက်အခဲဒုက္ခများကို ခံကြရကာ ခြေတစ်လှမ်းတိုင်းတွင် အတားအဆီးများနှင့် ကြုံတွေ့ရသည်။ ၎င်းတို့အတွက် အမှုအရာများက အလွန့်အလွန် ခက်ခဲပြီး လုံးဝ အဆင်ပြေချောမွေ့ခြင်း မရှိပေ။ သီအိုရီအရ သင်သည် လူတို့၏ ကံကြမ္မာများအားလုံး ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြောင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်ကြောင်းကို ဝန်ခံသော်လည်း သင်၏ စိတ်နှလုံးထဲတွင် သင်နားမလည်သေးပေ။ “မယုံနိုင်လောက်သော အခွင့်ထူးများရရှိခြင်းအဖြစ်သို့ မွေးဖွားလာသူများအတွက် ကောင်းသော ကံကြမ္မာများ ရှိခြင်းသည် အပြုသဘောဆောင်သော အရာဖြစ်သည်ဟု ဆိုထားပါက အယူဝါဒအရ ဤသည်မှာ လက်ခံနိုင်ဖွယ်ရှိသည်။ သို့သော် လူဦးရေ၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းအတွက်မူ အမှုအရာများက အဆင်ပြေချောမွေ့ခြင်းမရှိသည့်အပြင်၊ ၎င်းတို့၏ ဘဝတစ်ခုလုံး ဆင်းရဲဒုက္ခခံစားကြရသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုသို့သော ကံကြမ္မာများသည်လည်း အပြုသဘောဆောင်သော အရာများဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိနေရသနည်း။ ဤသည်မှာ အနည်းငယ် လက်မခံနိုင်ဖွယ်ဖြစ်သည်ဟု ခံစားရသည်။ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှု အသိစိတ်ကြောင့်ဖြစ်စေ သို့မဟုတ် စာနာမှုကြောင့်ဖြစ်စေ ဤသို့သော ကံကြမ္မာများကို အပြုသဘောဆောင်သော အရာများအဖြစ် အမျိုးအစားခွဲခြား၍မရနိုင်ပေ။ ယင်းမှာ ယုတ္တိမတန်ပေ။ ဤသတ်မှတ်ချက်ချက်သည် မှားယွင်းနိုင်မည်လော။ အကယ်၍ ယင်းသည် အမှန်တကယ် မှားယွင်းနေပါက ဘုရားသခင် အချုပ်အခြာအာဏာရှိသည့်အရာမှ လူတို့၏ ကံကြမ္မာများနှင့်ဆိုင်သော အပိုင်းကို ဖယ်ရှားသင့်သည်။ သို့သော် ယင်းကို ဖယ်ရှားလိုက်ပါက ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အဖြစ်မှန်ကို ငြင်းပယ်ခြင်း ဖြစ်ပေမည်။ ယင်းမှာ မဖွယ်မရာ ပုန်ကန်ခြင်း ဖြစ်မည် မဟုတ်လော။ သို့သော် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်ပြီး မကောင်းသော ကံကြမ္မာများသည်လည်း အပြုသဘောဆောင်သော အရာများဖြစ်သည်ဟူသော အဖြစ်မှန်ကို ငါတို့ မည်သို့ နားလည်သင့်သနည်း” ဟူ၍ ဖြစ်သည်။ လူတို့သည် အနည်းငယ် စိတ်ရှုပ်ထွေးလာကြသည်။ ဤသည်မှာ သင်တို့အတွက် ခက်ခဲသော မေးခွန်းတစ်ခုကို ဖော်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့ ငါ့ကို ပြောပြလော့။ ဤကိစ္စအား မည်သူက ရှင်းလင်းစွာ ရှင်းပြနိုင်သည်ကို ကြည့်ကြစို့။ (ကျွန်ုပ်ထင်သည်မှာ လူတို့က ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရခြင်းကို မကောင်းသောအရာအဖြစ် မှတ်ယူခြင်းသည် မှားယွင်းပါသည်။ အမှန်တွင် ဘုရားသခင်က လူတစ်ဦးအတွက် သတ်မှတ်ပြဋ္ဌာန်းပေးသော ကံကြမ္မာသည် ဆင်းရဲဒုက္ခဖြစ်စေ၊ သက်သောင့်သက်သာဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အတွက် အကျိုးအရှိဆုံး ဖြစ်ပါသည်။ အထူးသဖြင့် ဆင်းရဲဒုက္ခသည် လူတို့ကို ပို၍ပင် ပုံသွင်းနိုင်စွမ်း ရှိပါသည်။ ထို့အပြင် ဤအရာများသည် လူတို့၏ ဝိညာဉ်များ လူဝင်စားခြင်းနှင့် ဆက်စပ်ပါသည်။ ယခင်ဘဝက မကောင်းမှုပြုခဲ့ခြင်းကြောင့် သို့မဟုတ် ယခင်ဘဝက အကြွေးအချို့တင်ခဲ့ခြင်းကြောင့်၊ ဤဘဝတွင် ပြန်လည်ပေးဆပ်ရန် ဒုက္ခခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် အစီအစဉ်အောက်တွင် ရှိပါသည်။) သို့ဆိုလျှင် ဤအရာတွင် အပြုသဘောဆောင်သော အရာမှာ အဘယ်နည်း။ သင် ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ (မရှင်းပြနိုင်ပါ။) သင်မြင်သည် မဟုတ်လော၊ အကယ်၍ တစ်စုံတစ်ဦးက ဤအရာနှင့်ပတ်သက်၍ သင့်ကို အမှန်တကယ် မေးမြန်းခဲ့မည်ဆိုလျှင် သင်သည် ရှင်းလင်းစွာ ရှင်းပြနိုင်မည်မဟုတ်ပေ။ သင်သည် ဤနေရာတွင်ပင် တစ်ဆို့နေပေမည်။ အကယ်၍ သင်သည် ၎င်းကို အလေးအနက်မထားခဲ့ပါက သင်သည် ထိုအရာကို ကျော်သွားလိမ့်မည်ဖြစ်သော်လည်း ဤသည်မှာ “ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်သည်” ဟူသော သမ္မာတရားကို သင်လက်ခံခြင်းအပေါ် သက်ရောက်မှုရှိမည်၊ ယင်းသည် မည်သည့်အရာများက အပြုသဘောဆောင်သည်ကို သတ်မှတ်ရန် ဤသမ္မာတရားအား သင်အသုံးပြုခြင်းအပေါ် သက်ရောက်မှုရှိမည်၊ မည်သည့် အပြုသဘောဆောင်သော အရာကိုမဆို သင်လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ယင်းက “ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည့်အရာ” ဟူသော နယ်ပယ်အတွင်းရှိ အမှုအရာအားလုံးအပေါ် သင်၏ သဘောထားကိုလည်း သက်ရောက်မှုရှိမည်ဖြစ်ကာ၊ ဧကန်ပင် ထိုသဘောထားတွင် သင်သည် ယင်းတို့ကို လက်ခံခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ရှိမရှိဟူသည့်အရာ ပါဝင်သည်။ ဤပြဿနာ အလွန်ဆိုးရွားပေသည်။ အကယ်၍ သင်သည် ကံကြမ္မာဟူသော ကိစ္စ၏ အတွင်းသဘောကို ထွင်းဖောက် မမြင်နိုင်ပါက ယင်းကို အပျက်သဘောဆောင်သော အရာအဖြစ် မှတ်ယူကာ ထိုသို့ သတ်မှတ်ဖွယ်ရှိသည်။ သို့သော် လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားပေသည်။ အကယ်၍ သင်သည် ဘုရားသခင် အချုပ်အခြာအာဏာရှိပြီး သတ်မှတ်ပြဋ္ဌာန်းထားသော လူတို့၏ ကံကြမ္မာများကို အပျက်သဘောဆောင်သော အရာများအဖြစ် သတ်မှတ်မည်ဆိုလျှင် ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ လူ့အသုံးအနှုန်းအရ၊ “သင်သည် ကြီးစွာသော အပြစ်ကို ကျူးလွန်ပြီးဖြစ်သည်၊ ထို့ကြောင့် ချက်ချင်း သွား၍ အပြစ်ဝန်ချလော့” ဟု အဓိပ္ပာယ်ရသည်။ ဤအကြောင်းကို ငါတို့ နောက်ထပ် သိပ်ပြောမည် မဟုတ်။
ငါတို့သည် “ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာအားလုံးသည် အပြုသဘောဆောင်သော အရာများဖြစ်သည်” ဟူသောအရာနှင့်ပတ်သက်၍ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ပြီး လူတို့၏ ကံကြမ္မာများကို ဖော်ပြခဲ့သည်။ ဤအကြောင်းအရာ၏ နယ်ပယ်သည် ကျယ်ပြန့်သော်လည်း အလွန်လည်း တိကျသည်။ ယင်းသည် လူတစ်ဦးချင်းစီ၏ ဘဝနှင့် လူသားမျိုးနွယ်အားလုံးနှင့် ဆက်စပ်သည်။ လူတို့၏ ကံကြမ္မာများသည် မတူကွဲပြားသော အမျိုးအစားအမျိုးမျိုးဖြင့် လာကြသော်လည်း လူအများစု၏ ကံကြမ္မာများကို လူတို့မြင်သည့်အတိုင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် တွေ့ကြုံရသည့်အတိုင်း စကားလုံးတစ်လုံးဖြင့် ဖော်ပြ၍ရသည်၊ ယင်းမှာ ကံမကောင်းခြင်း ဖြစ်သည်။ “ကံမကောင်းခြင်း” ဟူသည်မှာ လူတစ်ဦး၏ ကံကြမ္မာသည် အခက်အခဲများ၊ စိတ်ပျက်စရာများနှင့် ပြည့်နှက်နေသည်ဟု ဆိုလိုသည်။ ထိုသို့သော လူတစ်ဦးသည် အထူးသဖြင့် ခက်ခဲသော ဘဝတွင် နေထိုင်ရပြီး အချိန်အများစုတွင် အမှုအရာများသည် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း မဖြစ်ပေ။ လူတစ်ဦးသည် ချောမွေ့သော သို့မဟုတ် ကြမ်းတမ်းသော အတွေ့အကြုံများကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့ မည်သည့်အရာကို မြင်တွေ့သည် သို့မဟုတ် သဘောပေါက်လာသည်ဖြစ်စေ၊ ငြင်းဆို၍မရသော အချက်တစ်ချက်မှာ လူအများစုသည် ၎င်းတို့၏ ကံကြမ္မာများကို ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း မဟုတ်ကြောင်း တွေ့ရှိကြသော်လည်း လူတိုင်း၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိနေခြင်း ဖြစ်သည်။ ဤအရာကို မည်သည့်အခါမျှ မငြင်းပယ်သင့်ပေ။ လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် လူတို့အတွက် လက်ခံရန် ခက်ခဲသည့် ထိုသို့သော လက်တွေ့အရှိတရားကို ဖြစ်ပေါ်စေခဲ့သည့်အတွက်၊ လူတို့ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် ရင်းမြစ်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က အဘယ်အရာဖြစ်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ ဆိုလိုသည်မှာ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများအပေါ် ဤနည်းလမ်းဖြင့် အချုပ်အခြာအာဏာ ကိုင်စွဲရသည်ဟူသည်နှင့် အဘယ်ကြောင့် သူသည် လူတို့အတွက် ထိုသို့သော ကံကြမ္မာများကို စီစဉ်ပေးသည်ဟူသည်တို့ ဖြစ်သည်။ ပထမဦးစွာ လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာကိုင်စွဲရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က အဘယ်အရာဖြစ်သည်ကို ကြည့်ကြစို့။ လူတို့သည် ဖြစ်သလိုနေရန် သို့မဟုတ် ၎င်းတို့၏ အချိန်ကို ဖြုန်းတီးရန် ဤလောကသို့ လာကြသလော။ (နှစ်ခုလုံး မဟုတ်ပါ။) လူတို့၏ ကံကြမ္မာများကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်အရ၊ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ လောကသို့ ခဏတာ လျှောက်သွားပြီး ပြီးဆုံးသွားရန်အတွက် မဟုတ်ပေ။ ထို့ထက် လူတို့သည် ခန္ဓာဖြင့် အသက်ရှင်ပြီး ဘဝကို တွေ့ကြုံခံစားရန်၊ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုးစုံအပြင် အချိန်ကာလအမျိုးမျိုးရှိ မတူညီသော အခြေအနေများကို ဖြတ်သန်းရန်အတွက် ဖြစ်သည်။ ဘဝကို တွေ့ကြုံခံစားခြင်းအကြောင်း ပြောရလျှင် လူ၏ ဇာတိပကတိတွင် ဂုဏ်အင်္ဂါတစ်ခု ရှိသည်။ အကယ်၍ လူတစ်ဦးသည် မည်သည့်အခက်အခဲ၊ ဒုက္ခ၊ ဆုတ်ဆိုင်းမှု သို့မဟုတ် ကျရှုံးမှုများကိုမျှ မဖြတ်သန်းဘဲ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါက ၎င်းတို့အတွက် ကြီးပြင်းပြီး ရင့်ကျက်လာရန် မလွယ်ကူပေ။ ယင်းမှာ လေနှင့် နေရောင်ခြည်ဒဏ်ကို မခံရဘဲ ဖန်လုံအိမ်ထဲတွင် ကြီးထွားနေသော အပင်တစ်ပင်နှင့် တူသည်။ ၎င်း၏ အသက်က အလွန် နုနယ်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝတရားမှ အာဟာရအမျိုးမျိုးကို စုပ်ယူရန် ၎င်းအတွက် မလွယ်ကူသောကြောင့် ဖြစ်သည်။ ၎င်းသည် ပူပြင်းသော နေရောင်ခြည်နှင့် ပြင်းထန်သော လေဒဏ်ကို ခံရသည်နှင့်တစ်ပြိုင်နက် ကျိုးပဲ့ပြီး အချိန်မတိုင်မီ သေဆုံးရန် အလွန်လွယ်ကူကာ ထို့နောက် ၎င်း၏ အသက်သည် ဆက်လက်မတည်ရှိနိုင်ပေ။ ထို့ကြောင့် လူ့ဇာတိခန္ဓာ၏ သဘာဝနှင့် ပင်ကိုအသိစိတ်အရ လူသားမျိုးနွယ်သည် လေနှင့် မိုးဒဏ်ကို မခံစားရသော ဖန်လုံအိမ်ထဲမှ ပန်းများကဲ့သို့ မဖြစ်သင့်ဘဲ လူ့လောကမှ အမျိုးမျိုးသော ဆုတ်ဆိုင်းမှုများ၊ အခက်အခဲများနှင့် စိတ်ပျက်စရာများကို ကြံ့ကြံ့ခံသင့်သည်။ ထိုသို့သော နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုတွင် လူသားမျိုးနွယ်သည် ဘုရားပေးထားသော ၎င်းတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် အတွေးများကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့်၊ တသီးတခြား၊ ဇွဲနဘဲကြီးစွာ၊ မည်သည့်အခက်အခဲကိုမျှ မကြောက်ရွံ့ဘဲ ဆက်လက်လျှောက်လှမ်းကာ ဆက်လက်အသက်ရှင်ကြလိမ့်မည်။ ဤအရာက လူတို့၏ အသက်နှင့် ရှင်သန်မှုအတွက် အမျိုးမျိုးသော ပင်ကိုအသိစိတ်များကို လှုံ့ဆော်ပေးလိမ့်မည်ဖြစ်ပြီး လူတို့သည် တသီးတခြား အသက်ရှင်ရန်၊ ပတ်ဝန်းကျင်တိုင်းကို ရင်ဆိုင်ရန်အပြင် ၎င်းတို့ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအားလုံးကို ရင်ဆိုင်ရန် ၎င်းတို့၏ ဘုရားပေး ရှင်သန်မှုဆိုင်ရာ ပင်ကိုအသိစိတ်ကို အသုံးပြုနိုင်ကြလိမ့်မည်။ တစ်ချက်အနေဖြင့်၊ လူ့ဇာတိခန္ဓာ၏ ဓမ္မဓိဋ္ဌာန်ကျသော ပင်ကိုအသိစိတ် ရှုထောင့်မှကြည့်လျှင် လူတို့သည် ခံနိုင်ရည်ဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ရှင်သန်လိုသော ဆန္ဒကို ဖြစ်ပေါ်စေဖို့ ဤပတ်ဝန်းကျင်၏ လှုံ့ဆော်မှုနှင့် တွန်းအားကို လိုအပ်သည်။ အပေါ်ယံအားဖြင့် ဤသို့ အသက်ရှင်ခြင်းသည် ခက်ခဲပုံရသော်လည်း ဤပတ်ဝန်းကျင်၏ လှုံ့ဆော်မှုနှင့် ထိုးနှက်မှုများကြားတွင် လူတို့သည် ရှင်သန်ရန် ပိုမိုအားကောင်းသော ဆန္ဒ ဖြစ်ပေါ်လာကြပြီး ထို့ကြောင့် ၎င်းတို့သည် ဆက်လက်လျှောက်လှမ်းကြလိမ့်မည်ဖြစ်ကာ တဖြည်းဖြည်း ရင့်ကျက်လာကြလိမ့်မည်၊ အခြားသူများနှင့်အတူ နေထိုင်ရန် တဖြည်းဖြည်း အသားကျလာကြလိမ့်မည်ဖြစ်ပြီး ပို၍ မခိုင်ခံ့မှုလျော့နည်းလာလိမ့်မည်၊ ထိုအစား ဇွဲလုံ့လ၊ ခံနိုင်ရည်နှင့် ဇွဲတို့ ရှိလာလိမ့်မည်ဖြစ်ကာ မည်သည့်အခက်အခဲကိုမျှ မကြောက်ရွံ့ဘဲ နေနိုင်ကြလိမ့်မည်။ ဤသည်မှာ လူတို့၏ ကံကြမ္မာများကို စီစဉ်ရာတွင် ဘုရားသခင်၏ ကနဦး ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ဇာတိခန္ဓာ၏ ပင်ကိုအသိစိတ် မူလပုံစံအပေါ် အခြေခံ၍ စီစဉ်ထားသော လူတို့ကံကြမ္မာ၏ အခြေခံ အယူအဆ ဖြစ်သည်။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားတစ်ခုမှာ ဤအခြေခံ အယူအဆအပေါ် တည်ဆောက်လျက် လူတို့သည် ဤလောကကို ဖြတ်သန်းသွားလာကြသောအခါ ကလေးဘဝမှ အသက်ကြီးရွယ်အိုအထိ တဖြည်းဖြည်း အသက်ကြီးလာသည့် ဖြစ်စဉ်တွင် ၎င်းတို့သည် ဘဝဖြစ်ရပ်များကို တွေ့ကြုံခံစားရသည်၊ ဘဝအတွေ့အကြုံကို ရရှိကြပြီး ဘဝတွင် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရန်အတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းအချို့ကို ရရှိကြသည်။ ဤနည်းလမ်းဖြင့် လူတို့သည် တဖြည်းဖြည်း ရင့်ကျက်လာကြပြီး ကောင်းကင်နှင့် မြေကြီးအကြား၊ အခြားသူများအကြားတွင် တသီးတခြား တိုး၍အသက်ရှင်နိုင်စွမ်းရှိလာကြသည်။ ၎င်းတို့သည် အလွန်နုနယ်ကြတော့မည်မဟုတ်ဘဲ ဆုတ်ဆိုင်းမှု သို့မဟုတ် ကျရှုံးမှု အနည်းငယ်နှင့် ကြုံတွေ့ရသောအခါ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ပျက်ခြင်း သို့မဟုတ် အသက်ရှင်ရန် မျှော်လင့်ချက်မရှိဟုပင် ခံစားရလိမ့်မည်မဟုတ်ပေ။ ထို့ထက်၊ ခက်ခဲကြမ်းတမ်းသော အခြေအနေအမျိုးမျိုးကို တွေ့ကြုံခံစားပြီးနောက် ၎င်းတို့သည် အသက်နှင့် သေခြင်းကို တိုး၍ မှန်ကန်စွာ ရှုမြင်နိုင်စွမ်းရှိလာကြလိမ့်မည်ဖြစ်ပြီး ဘဝတွင် ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်များနှင့် ၎င်းတို့ အလိုအပ်ဆုံးအရာများမှာ အဘယ်အရာဖြစ်သည်ကို တိုး၍ သဘောပေါက်နိုင်စွမ်းရှိလာကြလိမ့်မည်ဖြစ်ကာ ဤနည်းလမ်းဖြင့် ၎င်းတို့သည် ဘဝတွင် တိုး၍ စိတ်အေးလက်အေးဖြစ်သည်ဟု ခံစားရကြလိမ့်မည်။ ဤဖြစ်စဉ်တွင် လူတို့သည် တဖြည်းဖြည်း ရင့်ကျက်လာကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဆင်းရဲဒုက္ခများနှင့် ဘေးအန္တရာယ်များကို မကြောက်ရွံ့ခြင်း၊ သေခြင်းကို မကြောက်ရွံ့ခြင်းနှင့် မည်သည့်အခက်အခဲကိုမျှ မကြောက်ရွံ့ခြင်းတည်းဟူသော အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။ အစတွင် လူတို့ ငယ်ရွယ်ချိန်တွင်၊ မနှစ်မြို့ဖွယ်ဖြစ်ပြီး ရင်ကိုစူးရှစေသော စကားအချို့ကို ကြားရသောအခါ သို့မဟုတ် အခက်အခဲ သို့မဟုတ် ဆုတ်ဆိုင်းမှု အနည်းငယ်နှင့် ကြုံတွေ့ရသောအခါ ငိုကြွေးပြီး အိပ်မပျော်နိုင်ကြသည့်အပြင်၊ အသက်ရှင်ရန် မျှော်လင့်ချက်မရှိဟု ခံစားရကြသည်။ တဖြည်းဖြည်းဖြင့် ၎င်းတို့သည် ရင်ကိုစူးရှစေသော စကားများကို ကြားရပြီး အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခုခံကာကွယ်နိုင်စွမ်းနှင့် တွန်းလှန်နိုင်စွမ်း ပမာဏတစ်ခု ရှိလာသည့်အဆင့်သို့ ရောက်ရှိလာကြပြီး အသက်ရှင်ရန် အဓိပ္ပာယ်မရှိဟု မခံစားရတော့သည့်အပြင် သေခြင်းကိုလည်း မစဉ်းစားကြတော့ပေ။ နောက်ပိုင်းတွင် ၎င်းတို့သည် ပို၍ပင် ရင်ကိုစူးရှစေသော စကားများကို ကြားရပြီး ဆုတ်ဆိုင်းမှုများ၊ ကျရှုံးမှုများနှင့် ကြုံတွေ့ရသောအခါ ကြီးမားစွာ ထိခိုက်ခြင်းမခံရဘဲ ၎င်းတို့ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခံနိုင်ရည်ရှိလာနိုင်ကြပြီး လူတို့အတွက် ဘဝတွင် ဤအရာများကို တွေ့ကြုံခံစားရခြင်းသည် အလွန် ပုံမှန်ဖြစ်သည်ဟု ခံစားရကာ ၎င်းတို့၏ ဘဝများကို ဆက်လက်ရှင်သန်ရန်အတွက် အခြားသူများ၏ နှစ်သိမ့်မှု၊ အားပေးမှု သို့မဟုတ် အကူအညီကို မလိုအပ်တော့ပေ။ ဤနည်းလမ်းဖြင့် လူတို့သည် တိုး၍ တိုး၍ ခံနိုင်ရည်ကို ရရှိလာကြသည် မဟုတ်လော။ လူတို့သည် တသီးတခြား ရှင်သန်နိုင်စွမ်း ရှိလာကြပြီး လွတ်လပ်စွာ ရှင်သန်ရန် စိတ်ဓာတ်လှုံ့ဆော်မှုလည်း ရှိလာကြသည်။ လူတိုင်းသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိနုနယ်သော အဆင့်ကို ဖြတ်သန်းရမည်ဖြစ်သည်။ အသက်လေးဆယ် သို့မဟုတ် ငါးဆယ် နောက်ပိုင်းမှသာ ၎င်းတို့သည် ရင့်ကျက်သောအခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိပြီး အရွယ်ရောက်သောသူများ ဖြစ်လာကြသည်။ တစ်စုံတစ်ဦးသည် မိသားစုတစ်ခုကို အစမပြုရသေးသည်ဖြစ်စေ၊ အသက်မွေးဝမ်းအလုပ်တစ်ခု မတည်ဆောက်ရသေးသည်ဖြစ်စေ သို့မဟုတ် မိဘဖြစ်မလာသေးသည်ဖြစ်စေ၊ ဘဝတွင် ၎င်းတို့ ဖြတ်သန်းခဲ့သည့်အရာများ၊ ၎င်းတို့ ပြောဆိုသော စကားများနှင့် ၎င်းတို့၏ ဘဝအပေါ်၊ အသက်ရှင်ခြင်းအပေါ်၊ ၎င်းတို့ ရင်ဆိုင်ရသော အခက်အခဲများအပေါ်၊ ၎င်းတို့ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖြစ်ပျက်လာသော အမှုအရာများအပေါ် ၎င်းတို့ ရရှိသော သဘောပေါက်နားလည်မှုများ၊ သိနားလည်မှုနှင့် သဘောထားတို့ကို ကြည့်ခြင်းအားဖြင့် ဤလူသည် ကြီးပြင်းလာပြီးဖြစ်ကာ ရင့်ကျက်လာပြီဖြစ်ကြောင်း သင်တွေ့ရှိရလိမ့်မည်။ ဤအရာအားလုံးသည် အဘယ်အရာကြောင့် ဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း လူတို့၏ ကံကြမ္မာများတွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော အခက်အခဲများ၊ စိတ်ပျက်စရာများနှင့် ဆုတ်ဆိုင်းမှုများ၊ ကျရှုံးမှုများကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဤရှုထောင့်မှကြည့်လျှင် လူတို့ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းသည် အပြုသဘောဆောင်သော အရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိသည့်အပြင် လူတို့သည် ဤသမ္မာတရားကို အပြည့်အဝ လက်ခံသင့်ပေသည်။ လူတို့ကံကြမ္မာအပေါ် သူ၏ အချုပ်အခြာအာဏာရှိခြင်းတွင် ဘုရားသခင်က အမှန်တကယ်ပင် အပင်ပန်းခံရသော ရည်ရွယ်ချက်များရှိသည်ဟု ဤနေရာတွင် ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ၊ လူတို့သည် ၎င်းတို့၏ မွေးဖွားချိန်မှစ၍ ရင့်ကျက်ခြင်းအဖြစ်သို့ ကြီးထွားလာသည်နှင့်အမျှ အစွမ်းအစကောင်းရှိသူများသည် ၎င်းတို့သည် ကံကြမ္မာကို တွေ့ကြုံခံစားရကြောင်းနှင့် ဘုရားသခင်ကို ရှာဖွေသင့်ကြောင်း နားလည်သည့်အဆင့်သို့ပင် ရောက်ရှိနိုင်သည်။ ဤအဖြစ်မှန်မှ အကဲဖြတ်သည့်အခါ၊ လူတို့ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာရှိခြင်း၏ မူလရည်ရွယ်ချက်သည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်မြင်သည် မဟုတ်လော၊ ငါဤသို့ ပြောသောအခါ သင်တို့အားလုံး ခေါင်းညိတ်ပြီး ထိုအရာကအပြုသဘောဆောင်သော အရာဖြစ်ကြောင်း ဝန်ခံကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ငါပြောနေသည့်အရာသည် အဖြစ်မှန်တစ်ခုဖြစ်ပြီး ဤကိစ္စ၏ အနှစ်သာရကို ငါရှင်းလင်းစွာ ရှင်းပြပြီးဖြစ်ကာ သင်တို့လည်း ထိုအရာကို တွေ့ကြုံခံစားရပြီးဖြစ်သောကြောင့် ဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) လူသားမျိုးနွယ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသော ကံကြမ္မာမှ အမှန်တကယ်ပင် အကျိုးကျေးဇူး ရရှိပြီးဖြစ်သည်။ သင်၏ နောက်ခံသမိုင်း မည်သို့ပင်ဖြစ်စေ၊ သင်သည် မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ ဤလူ့အဖွဲ့အစည်းတွင် သင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်စေ၊ တိုတိုပြောရလျှင် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေသရွေ့ ဘုရားသခင်ထံမှ အကျိုးကျေးဇူးများကို သင် ရရှိပြီးဖြစ်သည်။ အချို့လူများက “ယင်းမှာ မမှန်ပါ။ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ ကံကြမ္မာများအပေါ်၊ လူသားများ၏ ကံကြမ္မာများအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာရျိရမည်။ ဘုရားသခင်သည် နတ်ဆိုးများ သို့မဟုတ် တိရစ္ဆာန်များမှ လူဝင်စားသောသူများ၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ မရှိပါ”ဟု ဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဖန်ဆင်းခံဖြစ်သော မည်သည့်အရာမဆိုသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်။ ဖန်ဆင်းခံဖြစ်သရွေ့ ယင်းတွင် ကံကြမ္မာတစ်ခု ရှိသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင့်တွင် သင်၏ ကံကြမ္မာ ရှိသည်။ ဘုရားသခင်သည် သင့်အတွက် ကံကြမ္မာတစ်ခုကို စီစဉ်ပေးပြီးဖြစ်သည်၊ ထို့ကြောင့် သင်၏ ကံကြမ္မာသည် သင်ရွေးချယ်ခဲ့သောအရာ မဟုတ်သည့်အပြင်၊ သင်ဖန်တီးခဲ့သောအရာလည်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာမှ လာပေသည်။ ထို့ကြောင့် သင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်စေ၊ သင်သည် လူ၊ တိရစ္ဆာန် သို့မဟုတ် နတ်ဆိုးမှ လူဝင်စားသူဖြစ်သည်ဖြစ်စေ၊ သင်သည် ယခု လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ် ပေါ်ထွန်းနေသည့်အတွက်၊ သင့်တွင် ကံကြမ္မာတစ်ခု ဧကန်မုချ ရှိပြီး သင်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် မုချ ရှိနေသည်။ ဤအချက်ကို အခြေခံ၍ လူတို့ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းက အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းသည် အပြုသဘောဆောင်သော အရာဖြစ်သည်ဟု အဘယ်ကြောင့် ငါတို့ ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မည်သည့်ဖန်ဆင်းခံအတွက်မဆို သူစီစဉ်ပေးသော ကံကြမ္မာ၏ နောက်ကွယ်တွင် အပင်ပန်းခံရသော ရည်ရွယ်ချက်များ ရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်က ဘုရားသခင် ပေးသနားထားသော မွေးရာပါ အခြေအနေအမျိုးမျိုးဖြင့် ဤလောကတွင် ပုံမှန်၊ စနစ်ကျသော ပုံစံတစ်ခုဖြင့် အသက်ရှင်နေထိုင်နိုင်ရန်အတွက်ချည်းသာ ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်လူကိုမျှ မျက်နှာမလိုက်ပေ။ နေမင်းသည် လူကောင်းများအပေါ်တွင်သာမက လူဆိုးများအပေါ်တွင်ပါ ထွန်းလင်းသည်ဟု ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ သို့မဟုတ်လျှင် ဘုရားသခင်တစ်ပါးတည်းသာလျှင် လူသားမျိုးနွယ်၏ ဖန်ဆင်းရှင်ဖြစ်ပြီး ဘုရားသခင်တစ်ပါးတည်းသာလျှင် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာရှိသည်ဟု ငါတို့ အဘယ်ကြောင့် ဆိုရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့်အရာဖြစ်သောကြောင့် ဖြစ်သည်၊ ဘုရားသခင်တွင် ဤစွမ်းရည်ရှိပြီး သူသည် ဤအနှစ်သာရနှင့် ဤသြဇာအာဏာ ရှိသောကြောင့် ဖြစ်သည်။ ဤအချက်က ရှင်းလင်းသွားစေသည်မှာ လူတို့ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး ဤအရာကို ငြင်းပယ်၍လည်းမရသည့်အပြင် သံသယဖြစ်၍လည်းမရနိုင်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဇာတိပကတိဆိုင်ရာ အသက်၏ နိယာမများကို အခြေခံ၍ ဘုရားသခင်က လူတို့အတွက် စီစဉ်ပေးသော ဆင်းရဲဒုက္ခများနှင့် အခက်အခဲများ၏ ကံကြမ္မာများသည် ၎င်းတို့ကို တဖြည်းဖြည်း ရင့်ကျက်လာစေရန်နှင့် ဤဘဝတစ်လျှောက် ၎င်းတို့၏ ခရီးကို ချောမွေ့စွာ အဆုံးသတ်နိုင်စေရန် ကူညီနိုင်သောကြောင့် ဖြစ်သည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။
လူတို့၏ ကံကြမ္မာများနှင့်ဆိုင်သော နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှ ကြည့်သည့်အခါ၊ လူများစွာတို့သည် ခက်ခဲသည့်၊ စိတ်ပျက်ဖွယ်ကောင်းသော ဘဝများဖြင့် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမျှ လုပ်ဆောင်ခဲ့သည့်ပုံမပေါ်သော်လည်း၊ အပြစ်ပေးခံနေရသည်ဟု ထင်ရသည်။ ဥပမာအားဖြင့် အချို့လူများသည် ငယ်စဉ်တွင် ဖခင်ကို ဆုံးရှုံးခြင်း၊ သက်လတ်ပိုင်းတွင် ခင်ပွန်းကို ဆုံးရှုံးခြင်းနှင့် သက်ကြီးရွယ်အိုဖြစ်ချိန်တွင် သားများကို ဆုံးရှုံးကြရသည်။ ၎င်းတို့၏ မိသားစုများက သေကွဲကွဲကြရသည်။ အချို့သည် ကားတိုက်မှုများ သို့မဟုတ် လေယာဉ်ပျက်ကျမှုများကဲ့သို့သော မတော်တဆမှုများ ကြုံတွေ့ကြရသည်။ အချို့တွင် မသန်စွမ်းမှုများ ရှိကြသည်။ အချို့သည် မျက်မမြင်များဖြစ်ကြသည်၊ အချို့သည် နားမကြားကြသူများဖြစ်ကြပြီး အချို့သည် လက် သို့မဟုတ် ခြေထောက်များ ဆုံးရှုံးခဲ့ကြသည်။ အချို့သည် လိမ်လည်လှည့်ဖြားခံရခြင်းကြောင့် ဆိုးရွားသော ဆင်းရဲမွဲတေမှုအဖြစ်သို့ ကျရောက်သွားကြပြီး အခြားသူများမှာမူ ၎င်းတို့၏ ဘဝတစ်ခုလုံး အကြွေးများ ပြန်ဆပ်ရင်း အချိန်ကုန်ဆုံးကြရသည်။ ဤအမျိုးမျိုးသော ကံအကြောင်းမလှသည့်အရာများ လူတို့အပေါ် ကျရောက်သောအခါ လူများစွာတို့က “ကောင်းကင်ဘုံသည် မမျှတပါ။ ဤသည်မှာ ကောင်းကင်ဘုံက လုပ်ဆောင်သင့်သည့်အရာတစ်ခုနှင့် မတူပါ။ အကယ်၍ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာရှိပါက သူသည် ၎င်းတို့ကို အဘယ်သို့ဖြစ်ပြီး အလွန် စိတ်မချမ်းမြေ့ဖြစ်စေနိုင်မည်နည်း။ ကိုယ်တော်သည် အပြစ်မရှိသော လူတို့အား ထိုသို့သော ထိုးနှက်မှုများကို ခံစားရပြီး ထိုသို့သော ကံအကြောင်းမလှမှုနှင့် ကြုံတွေ့ရန် အဘယ်သို့ဖြစ်ပြီး ခွင့်ပြုနိုင်မည်နည်း”ဟု ဆိုကြသည်။ အကယ်၍ လူတို့၏ ကံကြမ္မာများကို သတ်မှတ်ပြဋ္ဌာန်းရာ၌ ဖန်ဆင်းရှင်၏ မူလရည်ရွယ်ချက်နှင့်ဆိုင်သော ရှုထောင့်မှ လူတို့ ကြည့်မည်ဆိုလျှင် လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များသည် အပတ်တကုတ်လုပ်ဆောင်ထားခြင်းဖြစ်ပြီး လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာက အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ သို့သော် လူ့သဘာဝ၏ အသိစိတ်နှင့်ဆိုင်သော ရှုထောင့်အမြင်မှ ဝမ်းနည်းစရာဖြစ်သည်ဟု ထင်ရသော အချို့သော အထူးအမှုအရာများက လူတို့၏ ကံကြမ္မာများတွင် ဖြစ်ပျက်သောအခါ လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်ရသည့်အကြောင်းရင်းကို လူတို့ သဘောမပေါက်နိုင်ကြသည့်အပြင်၊ အဘယ်အရာ ဖြစ်ပျက်နေသည်ကိုလည်း ၎င်းတို့ နားမလည်နိုင်ကြပေ။ လူများစွာတို့သည် လူတို့၏ ကံကြမ္မာများအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်တွင် မမျှတသော ကဏ္ဍများရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အရာခပ်သိမ်းသည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်ဟု ဆိုရန်မှာ အတော်လေး အဓိပ္ပာယ်မရှိဟု ခံစားရသည်။ ထို့ကြောင့် အချို့လူများက “တံတားဆောက်ပြီး လမ်းများကို ပြုပြင်သည့်သူများသည် အဆုံးသတ်၌ မျက်စိကန်းသွားကြသည်၊ မကောင်းမှုများစွာကို လုပ်ဆောင်သည့်သူများမှာမူ ကြီးမားသော မိသားစုများနှင့် ကောင်းချီးခံစားကြရသည်” ဟူသော ဘုံဆိုစကားတစ်ခုကို စိတ်ကူးရခဲ့ကြသည်။ အချို့လူများက “ဤသည်မှာ မမျှတပါ။ တံတားဆောက်ခြင်းနှင့် လမ်းများကို ပြုပြင်ခြင်းသည် ကုသိုလ်ကောင်းမှုများ စုဆောင်းခြင်းနှင့် ကောင်းမှုပြုခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်သော လူတို့သည် ကြီးမားသော မိသားစုများ ရှိသင့်ပြီး အလွန် ကြွယ်ဝချမ်းသာသင့်သည်။ ၎င်းတို့သည် အဘယ်သို့လျှင် အဆုံးသတ်၌ မျက်စိကန်းသွားနိုင်မည်နည်း။ ထိုသို့သော ကံကြမ္မာသည်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး အပြုသဘောဆောင်သော အရာတစ်ခုလည်း ဖြစ်နိုင်မည်လော။ ဤသည်မှာ အဓိပ္ပာယ်မရှိပါ”ဟု ဆိုကြသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ဘုရားသခင်အပေါ် သိကျွမ်းခြင်းမရှိပါက၊ဤအမှုအရာများကို ၎င်းတို့ အမှန်တကယ်ပင် နားမလည်နိုင် သို့မဟုတ် သဘောမပေါက်နိုင်ကြပေ။ ဘာသာတရားမရှိသူများက “ကောင်းကင်ဘုံသည် သက်ရှိအရာများကို ချစ်ခင်မြတ်နိုးသည်”ဟု အမြဲ ဆိုကြသည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အကယ်၍ ဘုရားသခင်တစ်ပါး ရှိပါက၊ ကောင်းကင်ဘုံတစ်ခု ရှိပါက၊ ဘုရားသခင်သည် သူ၏ လူထုကို ဂရုစိုက်သင့်သည်ဟု ဆိုလိုပေသည်။ အကယ်၍ သူသည် ဖန်ဆင်းရှင်ဖြစ်ပါက သူ၏ ဖန်ဆင်းခံများကို ဂရုစိုက်သင့်ပြီး ၎င်းတို့ကို ကြင်နာစွာ ဆက်ဆံသင့်သည်၊ ၎င်းတို့ကို ဤနာကျင်မှုများ ခံစားခွင့်မပေးသင့်ပေ။ လူတို့ မြင်သည့်အတိုင်းဆိုလျှင် အကယ်၍ လူသားမျိုးနွယ်သည် စာတန်နှင့် နတ်ဆိုးများ၏ တန်ခိုးအောက်၌ အသက်ရှင်နေထိုင်ခဲ့ပါက ၎င်းတို့သည် ဤနာကျင်မှုများကို ခံစားကောင်းခံစားရနိုင်သည်မှာ နားလည်နိုင်ဖွယ်ဖြစ်မည်ဖြစ်သော်လည်း လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ကြသည့်အတွက်၊ ၎င်းတို့သည် ထိုအရာများကို မခံစားသင့်ပေ။ အထူးသဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိခြင်းတည်းဟူသော ဤကံကြမ္မာမျိုးနှင့်ပတ်သက်လာသောအခါ အဘယ်အရာ ဖြစ်ပျက်နေသည်ကို လူတို့ ပို၍ပင် နားမလည်နိုင်ကြပေ။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်ပါက ဘုရားသခင် အချုပ်အခြာအာဏာ ကျင့်သုံးပြီး စီစဉ်သည့် အမှုအရာတစ်ခုချင်းစီ၏ နောက်ကွယ်တွင် အဓိပ္ပာယ်ရှိသည်ကို အသိအမှတ်ပြုရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ ၎င်းတို့သည် အမှုအရာအချို့ကို နားမလည်နိုင်ကြသည့်အပြင် ဤအထူးအခြေအနေများတွင် တစ်ဆို့နေကြသည်။ အကယ်၍ တစ်စုံတစ်ဦးတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိပါက ၎င်းတို့က “အကယ်၍ ကျွန်ုပ်တို့သည် ဤကိစ္စရပ်ကို မရှင်းပြနိုင်ပါက ယင်းအကြောင်းကို မပြောကြစို့နှင့်။ ထိုအရာကို ကျွန်ုပ်တို့ သဘောရှိ မဝေဖန်သင့်ပါ”ဟု ဆိုကြလိမ့်မည်။ ၎င်းတို့ကို ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူနိုင်သည်။ အချို့လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မဆိုထားနှင့်၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားပင် မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း မဖြစ်သည့် အမှုအရာများနှင့် ကြုံတွေ့ရသောအခါ ရဲတင်ပြီး “ဟင်း၊ကောင်းကင်ဘုံသည် သက်ရှိအရာများကို ချစ်ခင်မြတ်နိုးသည်ဟု လူတို့က ဆိုကြသည်၊ သို့ဆိုလျှင် အတော်လေး ကောင်းပုံရသော အချို့လူများသည် အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးကြရသနည်း။ ပြီးလျှင် သူတို့က ကလေးတစ်သိုက်ကို ထားရစ်ခဲ့လျက် အသေဆိုးဖြင့် သေကြသည်။ ယင်းမှာ အလွန် သနားစရာကောင်းသည်၊ အလွန် ဝမ်းနည်းဖွယ်ကောင်းလှသည်။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သည်ဟု လူတို့က အခိုင်အမာဆိုနေကြသေးသည်။ အကယ်၍ ထိုသို့သော ဝမ်းနည်းဖွယ် ကံကြမ္မာများရှိသည့် လူတို့သည် ဘုရား၏ အချုပ်အခြာအာဏာအောက်တွင် ရှိပါက ဘုရားသည် မဖြောင့်မတ်ပါ”ဟု လက်လွတ်စပယ် ဝေဖန်ရန်ပင် သတ္တိရှိကြသည်။ ဤလူတို့သည် ဘုရားသခင်ကို အလွန် လက်လွတ်စပယ် ဝေဖန်ကြသည်။ လူတို့၏ ကံကြမ္မာများသည် ဧကန် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်။ ဤအရာကို မည်သည့်အချိန်တွင်မျှ မေးခွန်းထုတ်၍မရ သို့မဟုတ် ငြင်းပယ်၍ မရနိုင်ပေ။ “လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်” ဟူသော ပြောဆိုချက်သည် အချိန်တိုင်းတွင် ခိုင်လုံပြီး အချိန်တိုင်းတွင် အမှန်တရားတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး ဤသည်မှာ မည်သည့်အချိန်တွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် အဘယ်ကြောင့် ထိုသို့သော ဝမ်းနည်းဖွယ် အခြေအနေများနှင့် ကြုံတွေ့ကြရသနည်း။ လူတို့ မသိသော အရာတစ်ခု ရှိသည်၊ သို့မဟုတ် ၎င်းတို့သည် ထိုအရာကို အယူဝါဒအရ နားလည်ကောင်းနားလည်နိုင်သော်လည်း ရှင်းလင်းစွာ မရှင်းပြနိုင်ပေ။ ယင်းမှာ လူတစ်ဦးချင်းစီ၏ ကံကြမ္မာတွင် အကြောင်းနှင့်အကျိုး ရှိခြင်းဖြစ်သည်။ သင်၌ မည်သည့် ကံကြမ္မာမျိုးရှိပြီး ဤဘဝတွင် သင် မည်သည့်အရာများ ခံစားရသည်မှာ သင်၏ ယခင်ဘဝ အကျိုးဆက်များ ဖြစ်နိုင်ပြီး ယင်းက သင်၏ နောင်ဘဝတွင် အကြောင်းတရားများလည်း ဖြစ်လာနိုင်သည်။ ယင်းမှာ ဘာသာတရားမရှိသူများက၊ “မိမိပြုသောကံ မိမိထံပြန်လာသည်”ဟု ပြောသည့်အတိုင်းပင် ဖြစ်သည်။ သင်၏ ယခင်ဘဝတွင် သင်သည် အချို့သော အကြောင်းနှင့်အကျိုးများကို စိုက်ပျိုးကောင်း စိုက်ပျိုးပြီး ဖြစ်နိုင်သည်။ အကယ်၍ ဘုရားသခင်က ဤဘဝတွင် လူသားတစ်ဦးအဖြစ် ဝင်စားပြီး လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် သင့်အတွက် စီစဉ်ပါက သင် စိုက်ပျိုးခဲ့သော အကြောင်းနှင့်အကျိုးများတွက် သင် အဖိုးအခပေးဆပ်ရမည်ဖြစ်သည်။ သင်သည် ထိုအရာများအတွက် အစားလျော်ပေးရမည်။ သင်သည် ထိုအရာများအတွက် အစားလျော်ပေးမည်လောဟူသည်နှင့် အစားလျော်ပေးသင့်ခြင်း ရှိမရှိဟူသည်တို့မှာ သင် ဆုံးဖြတ်ရမည့်အရာ မဟုတ်ပေ။ မကောင်းမှုပြုပြီးသောသူ မည်သူမျှ အပြစ်ဒဏ်ကို လက်ခံလိုစိတ်မရှိပေ။ ဖန်ဆင်းရှင်တစ်ပါးတည်းသာလျှင် ဤကိစ္စရပ်ကို စီစဉ်နိုင်သည်၊ ဤသို့ပြုရန် သြဇာအာဏာရှိပြီး၊ ဤသို့ပြုရန် တန်ခိုးလည်း အမှန်ပင် ရှိသည်။ သို့ဆိုလျှင် ဤသို့ပြုရာ၌ ဖန်ဆင်းရှင်၏ စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ကောင်းသောသူကို ဆုချပြီး မကောင်းသောသူကို အပြစ်ပေးခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သော်လည်း၊ ဘုရားသခင်ကို မသိသော်လည်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို နားမလည်သော်လည်း၊ ဘုရားသခင်အတွက်မူ သူသည် ဖြောင့်မတ်သော စိတ်သဘောထားရှိသောကြောင့်လည်းကောင်း၊ ဖန်ဆင်းရှင်အဖြစ် သူ၏ အဆင့်အတန်းကြောင့်လည်းကောင်း၊ သူသည် လူသားမျိုးနွယ်အတွက်နှင့် အရာခပ်သိမ်းအတွက် ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေသများကို ထူထောင်ထားပြီးဖြစ်သည်။ ဤကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေသများသည် အဘယ်အရာကို အခြေခံသနည်း။ ယင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပြင်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးအပေါ် အခြေခံသည်။ ဤကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေသများကို ထူထောင်ခြင်းသည် လူ့လောကရှိ ဖြစ်စဉ်တစ်ခုဖြင့် ထင်ဟပ်နေပြီး ယင်းမှာ လူသားများ၏ လူဝင်စားခြင်း ဖြစ်သည်။ လူသား လူဝင်စားခြင်း၏ ဖြစ်စဉ်သည် အကြောင်းအကျိုးနှင့် မကြာခဏ တိုက်ရိုက်ဆက်စပ်နေပြီး ဤကြောင်းကျိုးဆက်နွှယ်မှုသည် လူတို့၏ ကံကြမ္မာများရှိ အချို့သော အထူးအမှုအရာများတွင် ထင်ဟပ်ကာ ပေါ်လွင်ထင်ရှားနေသည်။ ထို့အပြင် လူသား လူဝင်စားခြင်း၏ ဖြစ်စဉ်တွင် လူတို့သည် ဘုရားသခင်၏ ဆုလာဘ်များအပြင် ဘုရားသခင်၏ အပြစ်ဒဏ်များကိုလည်း လက်ခံရရှိကြသည်။ ဘုရားသခင်သည် မကောင်းမှုပြုသူတို့ကို အပြစ်ပေးသည်၊ ဆိုလိုသည်မှာ သူသည် ၎င်းတို့အား ကံအကြောင်းမလှမှုများနှင့် မတော်တဆမှုမျိုးစုံ၊ လူတို့က မထိုက်သောအရာနှင့် ကျိုးကြောင်းဆီလျော်ခြင်းမရှိသောအရာဟု ရှုမြင်သည့် အပြစ်ဒဏ်မျိုးစုံတို့ကို ကြုံတွေ့စေခြင်း ဖြစ်သည်။ ဤအပြစ်ဒဏ်များထဲမှ အချို့သည် လူ၏အမြင်တွင် အထူးသဖြင့် ဝမ်းနည်းဖွယ်ဖြစ်သော်လည်း ဤဝမ်းနည်းဖွယ်အခြေအနေက ၎င်းတို့အပေါ် အဘယ်ကြောင့် ကျရောက်ရသည်ဟူသည်အတွက် နောက်ခံအကြောင်းအရင်းတစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်က ၎င်းတို့အပေါ် အကြောင်းပြချက်မရှိဘဲ သက်ရောက်စေခဲ့သည့်အရာတစ်ခုမဟုတ်ဘဲ ၎င်းတို့က မရေမတွက်နိုင်သော မကောင်းမှုများများကို ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့ ခံစားရမည့် အပြစ်ဒဏ်တစ်ခု ဖြစ်သည်။ လူတို့သည် ဤကိစ္စ၏ အကြောင်းစုံကို ထွင်းဖောက်မမြင်နိုင်ကြသောအခါ အဓိပ္ပာယ်မရှိသည့်အရာကို ပြောဆိုကြပြီး ကောင်းကင်ဘုံနှင့် ဘုရားသခင်အကြောင်း မကျေမနပ်ပြောဆိုကြသည်။ ယင်းမှာ အလွန် မိုက်မဲလှသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူတို့နှင့်ပတ်သက်၍ အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ယခင်ဘဝတွင် ကုသိုလ်ကောင်းမှုများ စုဆောင်းခဲ့ပြီး ကောင်းမှုများစွာကို ပြုလုပ်ခဲ့သောကြောင့်၊ လူသားမျိုးနွယ်ကို အကျိုးပြုခဲ့သော အမှုအရာများစွာနှင့် ဘုရားသခင်၏ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများအရ ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မဖြစ်စေဘဲ ဆုလာဘ်များ ရရှိစေခဲ့သော အမှုအရာများစွာကို ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့သည် ဤဘဝတွင် ကောင်းချီးများစွာကို ခံစားကြရသည်။ ငါသည် သင့်အား ဥပမာတစ်ခု ပေးမည်။ ပျော်ရွှင်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သော အမျိုးသမီးတစ်ဦးရှိသည် ဆိုပါစို့၊ ထိုမိသားစုသည် သိပ်မချမ်းသာသော်လည်း သားယောက်ျားလေးများစွာရှိပြီး သမီးမိန်းကလေး မရှိပေ။ ဘုရားသခင်က သူမကို ဤမိသားစုတွင် ရှိနေစေရန် စီစဉ်သည်။ ဤမိန်းကလေး မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် သူမသည် မိသားစု၏ အသည်းကျော် ဖြစ်လာသည်။ အလွန်အဖိုးတန်လှသဖြင့် သူမကို ထိခိုက်မည်စိုးသည့်အတွက် သူမအနီးတွင် အသက်ရှူရန်ပင် စိုးရွံ့ကြသည်။ ဤမိန်းကလေးသည် လှပသည်၊ ထက်မြက်ပြီး ချစ်စရာကောင်းကာ သူမ၏ မိဘများနှင့် လူကြီးသူမများအားလုံးက သူမကို နှစ်သက်ကြသည်။ သူမ၏ ဘဝတစ်ခုလုံး အဆင်ပြေချောမွေ့သည်။ သူမ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့်အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ သူမကို ကူညီရန် လူကောင်းများ အမြဲရှိနေပြီး သူမ၏ အခက်အခဲအားလုံးက လွယ်လင့်တကူ ပြေလည်သွားသည်။ သူမသည် စိုးရိမ်ပူပန်မှုများမရှိဘဲ ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်သော ဘဝဖြင့် အသက်ရှင်နေထိုင်သည်။ အမှန်ပင် သူမ ကောင်းချီးခံစားရသည်တကား။ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ဖန်ဆင်းရှင်သည် လူအချို့အပေါ် မျက်နှာလိုက်သလော။ (မလိုက်ပါ။) သို့ဆိုလျှင် အချို့လူများသည် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကောင်းချီးများကို ခံစားနိုင်ကြသနည်း။ လူသားမျိုးနွယ်အတွက် အကျိုးရှိသော အမှုအရာများကို လုပ်ဆောင်ခဲ့သည့် လူတစ်မျိုးကို ဆုချသင့်သည်ဟု ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများတွင် ပြဋ္ဌာန်းထားပြီး သူမသည် ထိုသို့သော လူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖန်ဆင်းရှင်ထံမှ ဆုလာဘ်ကို လက်ခံရရှိပြီးဖြစ်သောကြောင့် သူမသည် လူ့လောကတွင် ထိုသို့သော ကြီးမားသည့် ကောင်းချီးများကို ခံစားရသည်။ သူမသည် အစားအသောက်နှင့် အဝတ်အစားအတွက် မည်သည့်အခါမျှ စိုးရိမ်ပူပန်ရန်မလိုပေ။ သူမ သွားသည့်နေရာတိုင်းတွင်၊ သူမကို ကူညီရန် လူကောင်းများ ရှိနေပြီး သူမ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူတို့က သူမကို နှစ်သက်ကြသည်။ သူမ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ရောက်ပြီး သူမ၏ ကလေးများ အရွယ်ရောက်နေသည့်အခါတွင်ပင် သူမ၏ မိဘများက သူမကို အသည်းကျော်အဖြစ် သဘောထားနေဆဲဖြစ်သည်။ ၎င်းတို့ထံတွင် ကောင်းသောပစ္စည်းတစ်ခုခုရှိသည့်အခါတိုင်း သူမအတွက် ချန်ထားပေးကြသည်။ ထိုသို့သော ကောင်းချီးများအား သူမ ခံစားနေရသည်ကို အခြားသူများက မြင်သောအခါ မနာလိုဖြစ်ကြပြီး အချို့မှာမူ ၎င်းတို့က ထိုသို့သော ကောင်းချီးများကို မခံစားနိုင်သောကြောင့် မျှတခြင်းမရှိဟု ခံစားရကြသည်။ အကယ်၍ သင်သည်လည်း ဖန်ဆင်းရှင် စီစဉ်ပေးသည့် ထိုသို့သော ကံကြမ္မာကို ခံစားလိုပြီး ထိုသို့သော ကံကောင်းခြင်းနှင့် ကောင်းချီးများကို သူမကဲ့သို့ ခံစားလိုပါက သင်သည်လည်း ကုသိုလ်ကောင်းမှုများ ပိုမိုစုဆောင်းပြီး ကောင်းမှုများ ပိုမိုပြုလုပ်သင့်သည်။ သင်သည်လည်း ကောင်းကင်ဘုံက ကုသိုလ်ကောင်းမှုများ စုဆောင်းခြင်းနှင့် ကောင်းမှုပြုခြင်းအဖြစ် ပြဋ္ဌာန်းထားသော အမှုအရာများကို ပိုမိုလုပ်ဆောင်သင့်သည်။ သို့ဆိုလျှင် သင်သည်လည်း ထိုသို့သော ကောင်းချီးများကို ခံစားနိုင်ပေလိမ့်မည်။ ဤဖြစ်စဉ်၊ ဤအဖြစ်မှန်က လူတို့အား အဘယ်အရာကို ပြောပြသနည်း။ လူတစ်ဦးသည် လူ့လောကတွင် မည်သည့် ကံကြမ္မာမျိုး ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ကောင်းချီးများကို ခံစားရသည်ဖြစ်စေ သို့မဟုတ် ကံခေခြင်းများနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့၏ ဘဝတစ်ခုလုံး အဆင်ပြေချောမွေ့သည်ဖြစ်စေ သို့မဟုတ် ကံအကြောင်းမလှမှုများနှင့် ဘေးဒုက္ခများစွာကို ကြုံတွေ့ရသည်ဖြစ်စေ၊ ယင်းမှာ ၎င်းတို့၏ အတိတ်၊ ပစ္စုပ္ပန်ဘဝများနှင့် ဆက်စပ်မှုတစ်ခုခု ရှိပေသည်။ သို့ဆိုလျှင် နောက်ဆုံးတွင် ၎င်းတို့၏ ကံကြမ္မာသည် အဘယ်အရာဖြစ်သည်ဟူသည်မှာ ဘုရားသခင် သတ်မှတ်ထားသော ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများ၊ ဥပဒေသများနှင့် ဆက်စပ်နေပေသည်။ အကယ်၍ ၎င်းတို့၏ ယခင်ဘဝတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သမျှသည် ဆုချခြင်းခံရသည့်ရလဒ်ဖြစ်စေသော ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေသများ၏ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခဲ့ပါက ဤဘဝတွင် ၎င်းတို့၏ ကံကြမ္မာသည် လူတို့၏အမြင်တွင် စွဲမက်ဖွယ်ကောင်းပြီး၊ အဆင်ပြေချောမွေ့ကာ အလွန်ကောင်းမွန်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အကယ်၍ ၎င်းတို့၏ ယခင်ဘဝတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာသည် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသများစွာကို ချိုးဖောက်ခဲ့ပြီး အပြစ်ဒဏ်ကိုဖြစ်စေသော ဘုရားသခင် သတ်မှတ်သည့် ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများ၊ ဥပဒေသများ၏ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသွားပါက ဘုရားသခင် ၎င်းတို့အတွက် စီစဉ်ပေးသော ကံကြမ္မာမှာ လူတို့၏အမြင်တွင် ဤဘဝက ၎င်းတို့၏ ယခင်အကြွေးများကို ပြန်ဆပ်ရန် ဖြစ်လာရခြင်းမျှသာဖြစ်သည့်အလား ၎င်းတို့သည် အလွန် ဆင်းရဲဒုက္ခရောက်ပြီး သနားစရာကောင်းသော ဘဝကို ဖြတ်သန်းရလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အစားကောင်းအသောက်ကောင်း သို့မဟုတ် အဝတ်အစားကောင်းကိုမျှ လုံးဝ မွေ့လျော်ခံစားရခြင်းမရှိသည့်အပြင် မည်သူကမျှ ၎င်းတို့ကို မနှစ်သက် သို့မဟုတ် ဂရုမစိုက်ကြပေ။ ဤဘဝတွင် ၎င်းတို့ ဤမျှ ဒုက္ခခံစားရသည်ဟူသည်မှာ ၎င်းတို့၏ မကောင်းသော ကံကြမ္မာကြောင့်ဖြစ်သည်ဟု ၎င်းတို့ ခံစားရသည်။ ဘုရားသခင်ကို ယုံကြည်လာသည့်အချိန်အထိ လူတစ်ဦး၏ ဘဝတစ်ခုလုံးမှာ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို ၎င်းတို့ နားမလည်ကြပေ။ ဘုရားသခင်က အမှုအရာများအား သတ်မှတ်ပြဋ္ဌာန်းသည်ကို ၎င်းတို့ အသိအမှတ်ပြုသောအခါ ၎င်းတို့အတွက် ဘုရားသခင်ကို ကျိုးနွံနာခံရန် ပို၍ လွယ်ကူလာပြီး ၎င်းတို့ ပို၍ လိမ္မာလာကာ ၎င်းတို့၏ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုကြတော့ပေ။ ယခင်က ၎င်းတို့သည် စိတ်ထဲတွင်၊ “ကျွန်ုပ် မည်သည့်မကောင်းမှုများကို လုပ်ခဲ့သနည်း။ ဤဘဝတွင် ကျွန်ုပ် လိပ်ပြာလုံသည်။ ကျွန်ုပ် မည်သူ့ကိုမျှ မထိခိုက်စေခဲ့ဖူးပါ။ အဘယ်ကြောင့် ဤကံကြမ္မာမျိုးနှင့် ကျွန်ုပ် ကြုံရသနည်း။ ကောင်းကင်ဘုံက မမျှတပါ”ဟု မကျေမနပ်ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက် ၎င်းတို့က၊“ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုအရာများမှတစ်ဆင့် သူ၏ရှေ့မှောက်သို့ ရောက်လာရန် ကျွန်ုပ်ကို တွန်းအားပေးခဲ့သည်”ဟု နားလည်သွားကြသည်။ ဤသို့ တွေးခြင်းသည်လည်း မှန်ကန်ပြီး ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ သို့သော် လူတို့ လက်ခံရရှိသော အပြစ်ဒဏ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာမှ လာသည်မှာလည်း အမှန်တရားတစ်ခု ဖြစ်သည်။ ဤအရာအားလုံးဖြစ်သည့် အကြောင်းတရားများနှင့် အကျိုးတရားများ၏ သံသရာ၊ မကောင်းသောသူကို အပြစ်ပေးပြီး ကောင်းသောသူကို ဆုချခြင်းနှင့် ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများ၊ ဤအရာအားလုံးသည် အဘယ်အရာတွင် အကျုံးဝင်သနည်း။ ယင်းတို့အားလုံး၏ နောက်ကွယ်တွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ရှိသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ယင်းတို့အားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်။ ထို့ကြောင့် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများ သို့မဟုတ် ဆန္ဒများနှင့် မကိုက်ညီသည့် အမျိုးမျိုးသော အမှုအရာအားလုံးက ၎င်းတို့၏ ကံကြမ္မာများ၌ ပေါ်ပေါက်လာသည့်အခါတွင်ပင် လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းနှင့်ဆိုင်သော ကိစ္စရပ်သည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် ရှိမြဲရှိနေသည်။ ဤသည်မှာ ယုတ္တိတန်သည် မဟုတ်လော။ (ယုတ္တိတန်ပါသည်။) သင်၏ လူသားဆိုင်ရာ ကြင်နာမှုမှတစ်ဆင့် လူတို့ ဒုက္ခခံစားနေရသည်ကို သင် မြင်သောအခါ သင်က “ထိုလူက သနားစရာကောင်းလိုက်လေခြင်း။ တစ်ဦးတလေ ဒုက္ခခံစားရသည်ကို ကျွန်ုပ် မကြည့်ရက်နိုင်ပါ။ ပြီးလျှင် ဆိုးယုတ်သောလူများက အခြားသူများအား အနိုင်ကျင့်သည်ကိုဘာ်း ကျွန်ုပ် မကြည့်ရက်နိုင်ပါ”ဟု တွေးသည်။ အချို့လူများသည် ဤဘဝတွင် အမြဲ အနိုင်ကျင့်ခံကြရသည်။ ထိုအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ ယခင်ဘဝတွင် ၎င်းတို့သည် လူတို့ကို အမြဲ အနိုင်ကျင့်ခဲ့ပြီး လူအတော်များများကို ထိခိုက်စေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤဘဝတွင် ၎င်းတို့ကိုယ်တိုင် အနိုင်ကျင့်ခံကြရမည်ဖြစ်သည်။ အကယ်၍ သင်သည် လူတို့ကို အမြဲ အနိုင်ကျင့်ပါက အဆုံးတွင် သင် ရိတ်သိမ်းရသော အသီးအပွင့်မှာ သင်ကိုယ်တိုင် အနိုင်ကျင့်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းအတိုင်း သင်ကိုယ်သင် ကျင့်ကြံပြုမူခြင်းအားဖြင့် သင်သည် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခဲ့သောကြောင့်၊ သင်၏ ယခင်ဘဝတွင် သင်ပြုခဲ့သော မကောင်းမှုအတွက် အဖိုးအခပေးဆပ်သင့်ပြီး နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို ခံယူသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ယင်းကို သင် မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် လူတို့အတွက် အမျိုးမျိုးသော ကံကြမ္မာများ ရှိသည်ဟူသောအချက်က ဘုရားသခင် သတ်မှတ်ထားသော ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများကို မည်သည့်လူကမျှ မပြောင်းလဲနိုင်ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်မျှ ခြွင်းချက်မရှိကြောင်းကို တိုး၍ ရှင်းလင်းစေသည်။ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် လူ့ဇာတိဆိုင်ရာ ခံစားချက်များ မည်သည့်အခါမျှ မရှိခဲ့သည့်အပြင်၊ ဖန်ဆင်းရှင်၏ အနှစ်သာရမှာ လူ့ဇာတိဆိုင်ရာ ခံစားချက်များ မရှိခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သူသည် ဖြောင့်မတ်သော စိတ်သဘောထားသာ ရှိသည်။ ဘုရားသခင် ပြုလေသမျှသည် လူ့ဘာသာစကားအရ ကျိုးကြောင်းဆီလျော်ပြီး ဖြောင့်မတ်သည်။ သို့ဆိုလျှင် ယင်းကို သမ္မာတရား၏ ရှုထောင့်အမြင်မှ မည်သို့ ရှုမြင်သင့်သနည်း။ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်၊ ယင်းတို့သည် အပြုသဘောဆောင်သော အရာများချည်းသာ ဖြစ်ကြသည်။ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး လက်တွေ့နှင့်မကိုက်ညီသော သို့မဟုတ် သမ္မာတရားနှင့်မကိုက်ညီသော မည်သည့် ဝေဖန်မှုများ သို့မဟုတ် အကဲဖြတ်မှုများမျှ ဘုရားသခင်အပေါ် မရှိသင့်ပေ။ သင်သည် လူသားဆိုင်ရာ ရှုထောင့်မှနေ၍ အချို့လူများကို စာနာပြီး သနားလျှင်ပင်၊ သမ္မာတရားအချို့ကို နားလည်သော ဘုရားသခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ချီးမွမ်းသင့်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကိုလည်း ချီးမွမ်းသင့်သည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အချုပ်အခြာအာဏာရှိသည်မှာ အလွန်ကောင်းပေသည်တကား။ ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများအပေါ် ဤနည်းလမ်းဖြင့် အချုပ်အခြာအာဏာ ရှိသောကြောင့်သာလျှင် လူသားမျိုးနွယ်သည် ယနေ့တိုင် စနစ်တကျပုံစံဖြင့် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စာတန်သည် လူတို့၏ ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာရှိခဲ့ပါက လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကပင် ကမောက်ကမအခြေအနေတွင် ရှိနေပြီးဖြစ်မည်ဖြစ်ပြီး ၎င်းတို့အတွက် ယနေ့တိုင် အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်အောင်ဖြစ်ခဲ့ပေမည်။ နတ်ဆိုး၏ နယ်ပယ်က မည်သို့ရှိသည်ကို ကြည့်လော့။ ဘုရားသခင်၏ အချုပ်အခြာအာဏာမရှိဘဲ လူ့လောကသည် နတ်ဆိုး၏ နယ်ပယ်နှင့် အတူတူပင်ဖြစ်ပေမည်။ နတ်ဆိုး၏ နယ်ပယ်ဟူသည် အဘယ်နည်း။ အလက်တွေ့ကျဆုံး ဥပမာမှာ သွေးထွက်သံယိုမှုနှင့် လူသတ်လိုသော ရည်ရွယ်ချက်တို့ဖြင့် ပြည့်နှက်နေသော စီစီပီ၏ အာဏာရှင်အုပ်ချုပ်မှုအတွင်းရှိ အတွင်းပိုင်း ရုန်းကန်မှုများ၊ ပွင့်ပွင့်လင်းလင်းရော၊ တိတ်တဆိတ်ပါ ဆောင်ရွ့က်သည့် အတွင်းပိုင်း ရုန်းကန်မှုများ ဖြစ်သည်။ ယင်းမှာ နတ်ဆိုး၏ နယ်ပယ် ဖြစ်သည်။ စီစီပီ၏ အာဏာရှင်အုပ်ချုပ်မှု အတွင်းပိုင်း အခြေအနေသည် ကမောက်ကမဖြစ်နေသည် မဟုတ်လော။ လူတို့သည် မကြာခဏ ပျောက်ကွယ်သွားကြပြီး ၎င်းတို့ သိသာထင်ရှားစွာ လုပ်ကြံခံရသည့်အခါတွင်ပင် မည်သူမျှ ယင်းကို မကြေညာဝံ့ပေ။ ဤသည်မှာ နတ်ဆိုး နယ်ပယ်၏ ကမောက်ကမ အခြေအနေဖြစ်ပြီး ယနေ့ ဆိုးယုတ်သော လောက၏ ကမောက်ကမ အခြေအနေလည်း ဖြစ်သည်။
လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာက အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သည်မှာ ဧကန်မုချ အမှန်တရားတစ်ခု ဖြစ်သည်။ လူတို့၏ ကံကြမ္မာများကို စီစဉ်ရာတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့်ဆိုင်သော ရှုထောင့်အမြင်မှဖြစ်စေ၊ ဘုရားသခင် ပြဋ္ဌာန်းထားသော ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများက ဖြစ်ပေါ်စေသော လူတို့ ကံကြမ္မာများ၏ ရလဒ်များနှင့်ဆိုင်သော ရှုထောင့်အမြင်မှဖြစ်စေ၊ လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး အပျက်သဘောဆောင်သော အရာတစ်ခုမဟုတ်ဟု အကြွင်းမဲ့ သေချာမှုဖြင့် ပြောဆိုသင့်သည်။ အကယ်၍ သင်သည် ဤသမ္မာတရားနှင့်ပတ်သက်၍ အယူအဆများရှိပါက သင်၏ အယူအဆများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို သင် ရှာဖွေနိုင်သည်၊ သို့သော် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ “ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ လူတို့၏ ကံကြမ္မာများသည် ၎င်းတို့အတွက် ကောင်းမွန်ပြီး အကျိုးရှိသင့်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် အမှုအရာများက အချို့လူများအတွက် အဘယ်ကြောင့် ဤမျှ ဆိုးရွားစွာ ဖြစ်သွားရသနည်း။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ မဖြစ်သင့်ပါ၊ မှန်သလော”ဟု သင် ပြော၍မရပေ။ ထိုသို့သောအရာတစ်ခုကို သင် လုံးဝ မပြောရ။ ထိုသို့ မတန်တဆ ပုန်ကန်တတ်ပြီး ဘုရားသခင်ကို စော်ကားသောစကားမျိုးကို သင်၏နှုတ်မှ လုံးဝ ထွက်မလာရ။ ယနေ့မှစ၍ သင်သည် “လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်” ဟူသော သမ္မာတရားကို လက်ခံပြီး အတည်ပြုရမည်။ ဤအရာနှင့်ပတ်သက်၍ သံသယမဝင်နှင့်။ သင်၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်ရသော သို့မဟုတ် သင် ကြုံတွေ့ရသော လူတို့၏ ကံကြမ္မာများသည် သင်၏ အယူအဆများနှင့် မည်သို့ပင် ကွဲလွဲနေပါစေ၊ သို့မဟုတ် ၎င်းတို့သည် လူမဆန်ဟု သင် ထင်လျှင်ပင်၊ လူတို့၏ ကံကြမ္မာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာက စစ်မှန်ပြီး အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သည်ကို သင် ယုံကြည်ပြီး အတည်ပြုသင့်သည်။ ဤအချက်ကို သံသယဝင်၍မရပေ။ ဤသမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးပြီလော။ (ဖွဲ့ပြီးပါပြီ။) ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ အလွန် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်ပြီး ယင်းကို ဖြေရှင်းပြီးဖြစ်သည်၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်