ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

ရှင်းလင်းတိကျစွာပြောရလျှင် မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘောသဘာဝ၊ အနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အမှုအတွက် ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း သူမြင်တွေ့ခဲ့သည်။ သူသည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ သူသည် အချည်းနှီး ခံစားခဲ့ရခြင်း မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် အထူးတလည် ဂရုပြုခြင်းဖြင့် သူအာရုံစိုက်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့် အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြုခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သရွေ့ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးသည့်နောက်တွင် သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ၎င်းတို့အတွက် လုံးလုံး ထိရောက်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြောင်းကို ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်မှသာ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ် သူ၏ ဖွင့်ပြခြင်းများနှင့် သတ်မှတ်ချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် လူသားအသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း လူတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရု ရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ဤသည်မှာ စုံလင်စေခြင်းခံရသည့် လမ်းကြောင်း ဖြစ်၏။ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရပြီး သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ကိုရ၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက် ဖြစ်လာပြီး သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာခဲ့၏။ ကောင်းကင်ဘုံသို့ ယေရှု တက်လှမ်းသွားသည့် အချိန်ကာလဝန်းကျင်တွင် ပေတရု၌ အယူအဆများ၊ မနာခံခြင်းများနှင့် အားနည်းချက်များစွာ ရှိသည်ကို ငါတို့အားလုံး သိကြသည်။ ဤအရာများသည် နောက်ပိုင်းတွင် အဘယ်ကြောင့် လုံးဝ ပြောင်းလဲသွားသနည်း။ ဤသည်မှာ သမ္မာတရားကို သူလိုက်စားခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။ အသက်ကို လိုက်စားရာတွင် သမ္မာတရားအား လိုက်စားခြင်းကို အာရုံစူးစိုက်ရမည်။ အယူဝါဒကိုသာ နားလည်ခြင်းသည် အသုံးမတည့်သကဲ့သို့ အကြင်သူတစ်ဦး ပြောဆိုနိုင်သည့် အယူဝါဒ ပမာဏသည်လည်း အသုံးမတည့်ပေ။ ဤအရာများသည် လူတစ်ဦး၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုကို မဖြစ်စေနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်းမျှသည် သမ္မာတရားကို နားလည်ခြင်းနှင့် မညီမျှပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ရှင်းလင်းဖော်ပြထားသည့် အနှစ်သာရ၊ စည်းမျဉ်တို့နှင့်သက်ဆိုင်သည့် ကိစ္စများသည် သမ္မာတရားဖြစ်သည်။ လူများက သေချာပေါက် နားလည်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း သူ၏မိန့်မြွက်ချက် တစ်ကြောင်းချင်းစီတွင် သမ္မာတရားပါဝင်သည်။ ဥပမာအားဖြင့် ဘုရားသခင်က “သင်တို့သည် ရိုးသားသော လူများ ဖြစ်ရမည်” ဟု ပြောသည့်အခါ ဤထုတ်ပြန်ချက်တွင် သမ္မာတရား ပါဝင်သည်။ “သင်တို့သည် ဘုရားသခင်ရှေ့မှောက်တွင် ကျိုးနွံနာခံသည့် လူများ၊ ဘုရားသခင်ကို ချစ်သည့်လူများနှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူများ ဖြစ်လာရမည်။ သင်တို့သည် လူသားများအနေဖြင့် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းရမည်” ကဲ့သို့သော သူ့ထံမှ ထုတ်ပြန်ချက်များ၌ သမ္မာတရားများ သာ၍ပင် ပါရှိသည်။ ဘုရားနှုတ်ကပတ်တော် တစ်ကြောင်းချင်းစီသည် သမ္မာတရား၏ ရှုထောင့်တစ်ခုကို အသေးစိတ်ရှင်းပြသည်။ ဤသမ္မာတရားတစ်ခုစီသည် အခြားသမ္မာတရားများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူပြောသမျှတိုင်းတွင် သမ္မာတရားကို ဖော်ပြသည်။ ပြီးလျှင် ဘုရားသခင်သည် သမ္မာတရားတစ်ခုစီနှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာ ပြောဆိုသည်။ ဤအရာ၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရား၏ အနှစ်သာရကို နားလည်စေရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဤအတိုင်းအတာထိ နားလည်သောသူများသာ ဘုရားနှုတ်ကပတ်တော်ကို နားလည်သည်ဟု ဆိုနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်အတိုင်းသာ နားလည်ပြီး ရှင်းပြကာ အနှစ်မဲ့သော အယူဝါဒများကို ပြောဆိုပါက သင်၏နားလည်မှုသည် သမ္မာတရားနှင့်သက်ဆိုင်သည့် နားလည်မှု တစ်ခု မဟုတ်ပေ။ သင်သည် အပြောသက်သက်သာ ရှိပြီး လက်တွေ့မလုပ်ဘဲ ကြွားဝါနေခြင်း၊ အယူဝါဒဖြင့် ဟိုစပ်စပ်သည်စပ်စပ် လုပ်နေခြင်းသာ ဖြစ်ပေသည်။

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ အာသာရမ္မက်၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် အာသာရမ္မက်တို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။ အမှန်တကယ်တွင် လူများစွာ၏ ဆောင်ပုဒ်များနှင့် ပြောရိုးစကားများသည် လူ့သဘာဝကို ကိုယ်စားပြုပြီး လူ့ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ထင်ဟပ်သည်။ လူတို့ရွေးချယ်သော အရာများသည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများဖြစ်သည်။ ယင်းတို့အားလုံးသည် လူတို့၏ စိတ်သဘောထားများနှင့် လိုက်စားမှုများကို ကိုယ်စားပြု၏။ လူတစ်ယောက်ပြောသည့် စကားတိုင်းတွင်၊ သူလုပ်သမျှတွင် မည်မျှပင် ဟန်ဆောင်ထားပါစေ သူ၏ သဘာဝကို မဖုံးကွယ်နိုင်ပေ။ ဥပမာအားဖြင့် ဖာရိရှဲများသည် ပုံမှန်အားဖြင့် အလွန်ကောင်းစွာ တရားဟောလေ့ရှိသည်။ သို့သော် ယေရှုဖော်ပြသော တရားဒေသနာများနှင့် သမ္မာတရားများကို ၎င်းတို့ ကြားသောအခါ လက်ခံမည့်အစား ယင်းတို့ကို ရှုတ်ချကြသည်။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည့် ဖာရိရှဲတို့၏ သဘာဝနှင့် အနှစ်သာရကို ဖော်ထုတ်ပြ၏။ လူအချို့သည် အလွန်ပင် လှပစွာ စကားပြောဆိုပြီး မိမိတို့ကိုယ်ကို အယောင်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်။ သို့သော် အခြားလူတို့သည် ၎င်းတို့နှင့် အချိန်ခဏကြာ ပတ်သက်ပြီးနောက် ၎င်းတို့၏သဘာဝက အလွန်ပင် ကောက်ကျစ်ပြီး မရိုးသားကြောင်းကို တွေ့ရှိရလေသည်။ ၎င်းတို့နှင့် ကြာမြင့်စွာ ပတ်သက်ပြီးနောက်တွင် အခြားလူတိုင်းက ၎င်းတို့၏ အနှစ်သာရနှင့် သဘာဝကို ရှာဖွေတွေ့ရှိရသည်။ အဆုံးတွင် အခြားလူများက အောက်ပါအတိုင်း ကောက်ချက်ချကြတော့၏။ ထိုသူတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်စားတတ်ကြသည်ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်က ဤသို့သောလူ၏ သဘာဝကို ကိုယ်စားပြုသည်။ ပြီးလျှင် ယင်းသည် ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ရှင်သန်ခြင်းဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင် မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဆိုးယုတ်သောအတွေးအခေါ် နှင့်အဆိပ်များ အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းတို့ကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းတို့အပေါ် အခြေခံလေသည်။ ထို့အပြင် ဤအရာများမှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်များသည် လူတို့၏ သဘာဝ ဖြစ်လာကြောင်း၊ လူတို့သည် ထိုအရာများအတိုင်း လုံးဝ အသက်ရှင်နေထိုင်ပြီး ဤအသက်ရှင်နေထိုင်နည်းက ကောင်းသည်ဟု ထင်မြင်ကြကြောင်း၊ နောင်တရသည့်စိတ် လုံးဝ မရှိကြကြောင်းတို့ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များအားဖြင့် မပြတ် အသက်ရှင်နေကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ သဘာဝက မည်သည့်အရာဖြစ်သည်ဆိုသည်ကို နှုတ်ဖြင့် အနှစ်ချုပ်ပြောဆိုခြင်းအားဖြင့် အပြည့်အဝ ဖော်ပြနိုင်သည်။ လူ့သဘာဝတွင် မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ ထူးချွန်ရန် ဆန္ဒရှိခြင်းတို့ရှိသည်။ အကျိုးအမြတ်ကို အရာရာတိုင်းထက် ရှေ့တန်းတင်သော ကြေးစားဆန်သည့် လောဘလည်း ပါဝင်ပြီး ဘဝကို အရေးစိုက်ခြင်းမရှိပေ။ လူ့သဘာဝထဲတွင် လှည့်စားခြင်း၊ ကလိမ်ကျခြင်း၊ အချိန်တိုင်းတွင် လူတို့အား လိမ်ညာတတ်ခြင်းတို့အပြင် မခံနိုင်လောက်ဖွယ်ဖြစ်သော ကောက်ကျစ်မှုနှင့် ညစ်ညမ်းမှုတို့လည်း ရှိသည်။ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ သင်သည် သင်၏ သဘာဝအတွင်းတွင် ဖွင့်ပြလာသော လက္ခဏာများစွာကို ပိုင်းခြားသိမြင်နိုင်လျှင် သင်၏ သဘာဝကို နားလည်ပြီးဖြစ်သည်။ သို့ရာတွင် သင်သည် သင်၏ သဘာဝအတွင်းတွင် ဖွင့်ပြသော အရာများကို လုံးဝ နားမလည်လျှင် သင်ကိုယ်တိုင်၏ သဘာဝအပေါ် မည်သည့်နားလည်မှုမျှမရှိပေ။ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို မြင်လာဖို့ရန် ကြိုးစားခဲ့သည်။ မိမိကိုယ်ကိုယ် အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ များစွာတွေ့ကြုံပြီးနောက်တွင် နောက်ဆုံးတွင် ပေတရုသည်၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ သူသည် အသက်ရှင်ဖို့ မထိုက်သကဲ့သို့ တိရစ္ဆာန်များနှင့်အတူတူပင်ဖြစ်သည်၊ အသက်မရှိပါ” ဟု ခံစားလာရသည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို သိလာပြီး ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှုကိုလည်း သူ ရရှိခဲ့ပြီးဖြစ်သည်။ လူတို့ ယနေ့ခေတ်တွင် ရှင်းပြနိုင်မည်ဖြစ်သကဲ့သို့ ယင်းကို ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ခြင်းနှင့် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်းသည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိနားလည်ခြင်းကို လိုအပ်သည့်အပြင် စကားလုံးများဖြင့် ရှင်းလင်းစွာနှင့် ရိုးရှင်းစွာ ပြောရင်း မိမိသဘာဝ၏ ရှုထောင့်အမျိုးမျိုးကို သဘောပေါက်ခြင်းနှင့် ယင်းကို တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဤသည်သာလျှင် သင့်ကိုယ်သင် အမှန်တကယ် သိခြင်းဖြစ်ပြီး ဤနည်းအားဖြင့်သာ သင်သည် ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို ကြိုးပမ်းရရှိလိမ့်မည် ဖြစ်သည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင် မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်းအပေါ် သူ အာရုံစိုက်ခဲ့ပြီး ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့သည်။ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရပြီးဖြစ်လိမ့်မည်။ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ထိုအစား ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၊ အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းတွင် မည်သည့်လမ်းကြောင်းကို သင်တို့ ယခု လျှောက်လှမ်းနေသနည်း။ သင်သည် ပေတရုကဲ့သို့မပြုလုပ်လျှင်၊ အသက်ကိုမရှာဖွေလျှင်၊ မိမိကိုယ်ကို နားမလည်လျှင်၊ ဘုရားကို မသိမြင်လျှင် သင်သည် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းမရှိပေ။ ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ကောင်းစွာ ဆောင်ရွက်ရမည်ဟူ၍ ဖြစ်သည်။ ဤအခြေအနေကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက်အလို့ငှာ သူ့အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ပါရှိသည်မှာ သေချာပေ၏။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ၎င်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများဖြစ်ပြီး ၎င်းတို့သည် သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ဤသည်မှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင် လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်း ရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် မိသားစု နေထိုင်မှုစနစ်တို့ကို ကြီးပွားသော အဆင့်တစ်ခုသို့ မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့က ထင်ကြသည်။ မယုံကြည်သူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- ၎င်းတို့က တွေးကြသည်။ “ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငါ သစ္စာရှိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ဆုလာဘ်များနှင့် ကြီးမြတ်သော သရဖူများကို ရရှိလိမ့်မည်။” ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ၎င်းတို့ ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ ပညာ၊ ဂုဏ်အဆင့်အတန်းတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ကြီးမားသော သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။ သမ္မာတရားကို မလိုက်စားသည့်လူများ လျှောက်သည့်လမ်းကြောင်းသည် ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်တို့အားလုံးသည် လက်ရှိအချိန်တွင် မည်သည့်လမ်းကြောင်းပေါ်၌ ရှိနေကြသနည်း။ ပေါလု၏လမ်းကြောင်းကို လျှောက်ရန် သင်မစီစဉ်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း ဤလမ်းကိုလျှောက်ရန် သင်၏ သဘာဝက သတ်မှတ်ထားပြီးဖြစ်သည်။ သင်ဆန္ဒမရှိသော်လည်း ထိုဦးတည်ရာသို့ သင်သွားနေ၏။ သင်သည် ပေတရု၏ လမ်းကြောင်းပေါ်သို့ ခြေချလိုသော်လည်း မည်သို့ပြုရမည်ကို ရှင်းလင်းစွာ မသိလျှင် ပေါလု၏ လမ်းကြောင်းကို မိမိဆန္ဒမပါဘဲ လျှောက်လှမ်းမိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ ယခုအချိန်ကာလများတွင် ပေတရု၏ လမ်းကြောင်းကို အတိအကျ မည်သို့လျှောက်သင့်သနည်း။ သင်သည် ပေတရုနှင့် ပေါလု၏ လမ်းကြောင်းကို ခွဲခြားသိမြင်နိုင်ခြင်း မရှိလျှင်၊ သို့မဟုတ် ယင်းတို့ကို လုံးဝ မရင်းနှီးလျှင် ပေတရု၏ လမ်းကြောင်းကို လျှောက်နေပါသည်ဟု မည်မျှပင် အခိုင်အမာဆိုနေပါစေ သင်၏ ထိုစကားများသည် အနှစ်မဲ့လေ၏။ ပထမဦးစွာ ပေတရု၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်၊ ပေါလု၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်ကို သင်ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။ ပေတရု၏ လမ်းကြောင်းက အသက်ကို လိုက်စားခြင်းလမ်းကြောင်းဖြစ်သည်၊ စုံလင်ခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်ကို သင်အမှန်တကယ် နားလည်သည့်အခါမှသာ သူလိုက်စားသည့်အတိုင်း လိုက်စားပြီး သူလက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်လျက် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းနိုင်လိမ့်မည်။ သင်သည် ပေတရု၏ လမ်းကြောင်းကို နားမလည်လျှင် သင်လျှောက်သော လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်လိမ့်မည်မှာ သေချာပေ၏။ သင့်အတွက် အခြားလမ်းကြောင်း မရှိသောကြောင့်ဖြစ်၏။ ထိုကိစ္စ၌ သင့်တွင် ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ သမ္မာတရားကို နားမလည်သောလူတို့နှင့် မလိုက်စားနိုင်သော လူတို့သည် စိတ်ခိုင်မာလျှင်ပင် ပေတရု၏ လမ်းကြောင်းကို လျှောက်ရန် ခက်ခဲလိမ့်မည်။ ဘုရားသခင်က ယခုအခါတွင် ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းသို့ရောက်ရာ လမ်းကြောင်းကို သင်တို့အား ဖွင့်ပြပြီးဖြစ်သည်မှာ သူ၏ ကျေးဇူးတော်နှင့် မြှင့်တင်ပေးခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ သင်တို့အား ပေတရု၏ လမ်းကြောင်းပေါ်သို့ လမ်းပြပေးသောသူသည် သူပင်ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုမပါဘဲ မည်သူကမျှ ပေတရု၏ လမ်းကြောင်းကို လျှောက်နိုင်မည် မဟုတ်ပေ။ ပြီးလျှင် တစ်ခုတည်းသော ရွေးချယ်မှုမှာ ပျက်စီးခြင်းသို့ ဦးတည်သော ပေါလု၏ ခြေလှမ်းများနောက် လိုက်လျက် ပေါလု၏ လမ်းကြောင်းအတိုင်း လျှောက်သွားဖို့ပင် ဖြစ်လိမ့်မည်။ ထိုအချိန်က ပေါလုသည် ထိုလမ်းကြောင်းကို လျှောက်ခြင်းက မှားယွင်းသည်ဟု မခံစားရခဲ့ပေ။ ယင်းမှာ မှန်ကန်သည်ဟု သူအပြည့်အဝ ယုံကြည်ခဲ့၏။ သမ္မာတရားကို သူမရရှိခဲ့၊ အထူးသဖြင့် သူသည် စိတ်သဘောထားတွင် ပြောင်းလဲမှုကို မကြုံခဲ့ပေ။ သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်ခဲ့သည်။ ဤသို့ ယုံကြည်ခြင်းတွင် ပြဿနာအနည်းငယ်မျှမရှိဟု သူခံစားခဲ့ရ၏။ သူသည် ယုံကြည်မှုအပြည့်နှင့်၊ အဆုံးစွန် မိမိကိုယ်ကို စိတ်ချမှုနှင့် ရှေ့ဆက်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် လုံးဝ အသိတရား မဝင်ခဲ့ပေ။ သူ့အတွက် အသက်ရှင်ရန်မှာ ခရစ်တော်ဖြစ်သည်ဟု ထင်ဆဲဖြစ်သည်။ ဤသို့ဖြင့် ပေါလုသည် အဆုံးတိုင်အောင် ထိုလမ်းကြောင်းအတိုင်း ဆက်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် အပြစ်ဒဏ်ပေးခံရသောအခါ သူ့အတွက် အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ပေါလု၏ လမ်းကြောင်း၌ စိတ်သဘောထား ပြောင်းလဲမှုကို ရှာဖွေခြင်း ပါဝင်ဖို့ မဆိုထားနှင့်၊ သူ့ကိုယ်သူသိခြင်းပင် မပါဝင်ပေ။ သူသည် သူ၏ ကိုယ်ပိုင်သဘာဝကို လုံးဝ မစိစစ်သကဲ့သို့ သူအဘယ်သို့ ဖြစ်သည်ကိုလည်း လုံးဝ မသိမြင်ခဲ့ပေ။ သူသည် ယေရှုကို ဖိနှိပ်ရာတွင် အဓိကတရားခံ ဖြစ်သည်ကိုသာ သူသိခဲ့သည်။ သို့သော် သူသည် သူ၏ ကိုယ်ပိုင်သဘာဝကို အနည်းငယ်မျှ နားလည်ခြင်း မရှိခဲ့ပေ။ သူ၏အမှု ပြီးဆုံးပြီးနောက်တွင် ပေါလုက သူသည် ခရစ်တော်ကဲ့သို့ အသက်ရှင်ခဲ့ပြီး ဆုချီးမြှင့်ခြင်းခံရသင့်သည်ဟု ခံစားခဲ့ရသည်။ ပေါလုလုပ်ခဲ့သော အလုပ်သည် ဘုရားသခင်အတွက် ပေးသော အစေခံခြင်းမျှသာ ဖြစ်၏။ ပေါလုသည် သူကိုယ်တိုင်အတွက်မူ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖွင့်ပြခြင်းအချို့ကို ရရှိခဲ့သော်လည်း သမ္မာတရား၊ သို့မဟုတ် အသက်ကို လုံးဝ မရရှိခဲ့ပေ။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရပေ။ ထိုအစား ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရသည်။ ပေတရု၏ လမ်းကြောင်းသည် စုံလင်ခြင်းသို့ရောက်ရာ လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ပေတရု၏ လက်တွေ့လုပ်ဆောင်မှုတွင် သူသည် အသက်အပေါ်၊ ဘုရားသခင်ကို သိကျွမ်းရန် ရှာဖွေခြင်းအပေါ်၊ သူ့ကိုယ်သူသိမြင်ခြင်းအပေါ် အထူးအလေးပေးခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အပေါ် သူ၏ ကြုံတွေ့ခြင်းမှတစ်ဆင့် သူ့ကိုယ်သူ သိလာသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအပေါ် နားလည်မှုရလာသည်။ သူ၏ ကိုယ်ပိုင်ချို့ယွင်းချက်များကို သိလာသည်။ လူတို့လိုက်စားသင့်သည့် တန်ဖိုးအရှိဆုံးအရာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ခဲ့သည်။ ဘုရားသခင်အား မည်သို့ပြန်လည်ပေးဆပ်ရမည်ကို သင်ယူခဲ့သည်။ သမ္မာတရားအချို့ကို ရရှိခဲ့သည်။ ဘုရားသခင်တောင်းဆိုသည့် စစ်မှန်မှုကို ပိုင်ဆိုင်ခဲ့သည်။ ပေတရုသည် အမှန်တကယ်ပင် ဘုရားသခင်အား နားအလည်ဆုံးသောသူ ဖြစ်ကြောင်းကို စမ်းသပ်ခံရသည့် အချိန်ကာလများတွင် သူပြောဆိုခဲ့သော အရာအားလုံး၌ မြင်နိုင်သည်။ သူသည် ဘုရားနှုတ်ကပတ်တော်များမှ သမ္မာတရားများစွာကို နားလည်လာသောကြောင့် သူ၏လမ်းကြောင်းသည် ပိုပို၍ တောက်ပလာသည်။ ဘုရားသခင်၏အလိုတော်နှင့် ပိုပို၍ ကိုက်ညီလာသည်။ ပေတရုသာ ဤသမ္မာတရားကို မပိုင်ဆိုင်ခဲ့လျှင် သူလျှောက်သည့်လမ်းကြောင်းသည် အလွန်မှန်ကန်ခြင်း မရှိနိုင်ပေ။

ယခုအချိန်တွင် မေးခွန်းက ရှိနေဆဲဖြစ်သည်။ ပေတရု၏လမ်းကြောင်းက မည်သည့်အရာဖြစ်သည်ကို သင်သိလျှင် ထိုလမ်းကြောင်းတစ်လျှောက်သို့ လျှောက်သွားနိုင်သလော။ ဤသည်မှာ လက်တွေ့ကျသော မေးခွန်းဖြစ်သည်။ မည်သို့သောသူမျိုးက ပေတရု၏ လမ်းကြောင်းကို လျှောက်သွားနိုင်ပြီး မည်သို့သောသူမျိုးက လျှောက်မသွားနိုင်သည်ကို သင် ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ရမည်။ ပေတရု၏ လမ်းကြောင်းကို သွားသောသူတို့သည် မှန်သောသူအမျိုးအစားဖြစ်ရမည်။ သင်သည် မှန်သောသူအမျိုးအစားဖြစ်မှသာလျှင် စုံလင်ခြင်းခံရနိုင်သည်။ လူတို့သည် မှန်သောသူအမျိုးအစား မဖြစ်သောအခါ စုံလင်ခြင်းမခံရနိုငပေ။ ပေါလုကဲ့သို့သောသူများသည် ပေတရု၏ လမ်းကို မလျှောက်သွားနိုင်ပေ။ လူအမျိုးအစားတစ်ခုခုသည် လမ်းကြောင်းအမျိုးအစားတစ်ခုခုသို့ လျှောက်သွားလိမ့်မည်။ ဤသည်မှာ သူ၏ သဘာဝဖြင့်သာ လုံးဝ ဆုံးဖြတ်သည်။ သင်သည် ပေတရု၏လမ်းကြောင်းကို စာတန်အား မည်မျှရှင်းလင်းစွာ ရှင်းပြသည်ဖြစ်စေ စာတန်က မလျှောက်နိုင်ပေ။ လျှောက်လိုလျှင်ပင် ထိုလမ်းပေါ်သို့ တက်နိုင်မည်မဟုတ်ပေ။ စာတန်၏သဘာဝသည် ပေတရု၏ လမ်းကြောင်းကို မလျှောက်နိုင်ဟု ဆုံးဖြတ်ပြီးဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ ပေတရု၏ လမ်းကို လျှောက်နိုင်သည်။ “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်” ဆိုသည်မှာ မှန်သည်။ သင်၏ သဘာဝအတွင်းတွင် သမ္မာတရားကို ချစ်သည့် အရိပ်အယောင်မရှိလျှင် ပေတရု၏လမ်းကို သင်မလျှောက်လှမ်းနိုင်ပေ။ သင်သည် သမ္မာတရားကို ချစ်သောသူဖြစ်လျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိနေသော်လည်း သမ္မာတရားကို လက်ခံနိုင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို လက်ခံရရှိပြီး ဘုရားအလိုတော်ကို နားလည်နိုင်လျှင် ဤနည်းအားဖြင့် သင်သည် ဇာတိပကတိကို စွန့်ပစ်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို နာခံနိုင်သည်။ သင်သည် စမ်းသပ်မှုအချို့ကို ကြုံပြီးနောက်တွင် သင်၏ စိတ်သဘောထား၌ အပြောင်းအလဲများရှိလျှင် သင်သည် စုံလင်ခံရခြင်းဖြစ်သည့် ပေတရု၏လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းချင်း ခြေလှမ်းလှမ်းနေခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။

ဆောင်းရာသီ၊ ၁၉၉၈

အရှေ့သို့- ဆုတောင်းခြင်းနှင့် ယင်း၏အလေ့အထတို့၏ အရေးပါမှု

နောက်တစ်ခုသို့- မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။